Thursday, August 27, 2009
Wednesday, August 26, 2009
0 “တပင်တည်း ရင်ထဲက ကြံဖွံ့”
ပိတောက်ရိပ်ဘလောက် မှကူးယူဖော်ပြပါသည်။
(ကြံဖွံ့အဖွဲ့ကြီးသို့ ၀င်လိုသူများ ကြံ့ဖွံ့အဖွဲ့သို့မ၀င်မီ ဒီစာကို အရင်ဖတ်ပါ။ အဟိ... အခုတလော... “ဒီစာကို အရင်ဖတ်ပါ” တွေ ရေးရတာ လက်တွေ့နေတယ်။ အဟမ်း...အဟမ်း... ထပ်ပြောဦးမယ်။ ကြံဖွံ့အဖွဲ့ကြီးသို့ ၀င်ရောက်ရန် စိတ်ကူးနေသူများသာ ဒီစာကို ဖတ်ပါရန်။ ကြံဖွံ့အဖွဲ့ဝင်ဖြစ်ပြီးသူများ မဖတ်ရ။ သတိပေးထားပါလျက်နှင့် ဖတ်ပြီး ကျိတ်မနိုင် ခဲမရ ဖြစ်ကြပါက မိမိတို့ တပ်မတော်အစိုးရအနေဖြင့်....အဲလေ... ဤဘလော့ဂါအနေဖြင့် တာဝန်မယူနိုင်ပါကြောင်း....အောင်း...အောင်း.....း-)
ကြံဖွံ့ဆိုလျှင် ပြည်သူတိုင်းက မုန်းကြပေသည်။ နအဖဗိုလ်ချုပ်များနှင့် အရိုးအရင်း ကိုက်ရသူ တချို့တလေက လွဲလျှင်ပေါ့လေ။
အဘယ်ကြောင့် မုန်းကြသနည်း။ ကြံဖွံ့အသင်းကြီးသည် ပြည်သူလူထု၏ အကျိုးစီးပွားကို ဆောင်ကြဉ်းရန် ဖွဲ့စည်းထားခြင်းမဟုတ်။ နအဖ အာဏာတည်မြဲရေးအတွက် ဒေါက်တိုင်သဖွယ် ကျားကန်ပေးရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းထားခြင်းကြောင့်ပင်တည်း။
ပြည်သူတိုင်းလိုလို မုန်းကြသော်လည်း အဆိုပါ ကြံဖွံ့အဖွဲ့ကြီးတွင် အဖွဲ့ဝင်ပေါင်း သန်းနှင့်ချီ၍ ရှိပေသည်။ အဘယ်ကြောင့်နည်း။
အများစုမှာ မ၀င်မနေရ….ဟု အာဏာပိုင်များက ဖိအားပေးသောကြောင့် ၀င်လိုက်ကြရသူများ ဖြစ်ပေသည်။ အသင်းဝင်မဟုတ်ပါက ရာထူးတက်လမ်းများ ပိတ်ကုန်မည် စိုးရိမ်သောကြောင့်သော်လည်းကောင်း၊ အများနည်းတူ တန်းတူရည်တူ အခွင့်အလမ်းများကို မရတော့မှာ စိုးရိမ်သောကြောင့်သော်လည်းကောင်း အောင့်သက်သက်နှင့် ၀င်လိုက်ကြရသူများဖြစ်သည်။ ဤနေရာတွင် အဖွဲ့ဝင်မဟုတ်သူများ၏ အခွင့်အရေးများကို လျှော့ချ ပိတ်ပင်ခြင်းဖြင့် အဖွဲ့ဝင်ဖြစ်လာစေရန် ကြံဆောင်အားထုတ်တတ်ကြကုန်သော အလားတူဖြစ်ရပ်များကို ရည်ရွယ်ရေးသားခြင်း မဟုတ်ပါ။ ကျွန်ုပ်တို့ မြန်မာနိုင်ငံသားများ၏ ပြည်တွင်းရေးသက်သက်ဖြစ်သော ကြံ့ဖွံ့အဖွဲ့ကြီးအကြောင်းကို ရေးပြနေခြင်းမျှသာ ဖြစ်ပါကြောင်း။
နောက်တမျိုးမှာ မိမိလုံးဝ မသိလိုက်ရဘဲ ဘုမသိဘမသိနှင့် အော်တိုမက်တစ် ကြံဖွံ့အဖွဲ့ဝင်ဖြစ်သွားကြရသူများပင်။ ကျေးဇူးရှင် ကိုရွှေကြံဖွံ့စည်းရုံးရေးမှူးများက စေတနာသဒ္ဓါပို၍ ရပ်ကွက်ထဲရှိလူမှန်သမျှကို ကြံ့ဖွံ့အဖွဲ့ထဲသို့ သူ့သဘောနှင့်သူ ဆွဲသွင်းလိုက်ခြင်းကြောင့်ပင်တည်း။ ကျွန်ုပ်ပင်လျှင် ဇာတိမြေ၌ ကြံဖွံ့အဖွဲ့ဝင်တယောက် ဖြစ်နေပြီလော မပြောတတ်။ မြန်မာပြည်တွင် ဤတနေရာ၌ ထူးထူးကဲကဲ ၀န်ဆောင်မှု ကောင်းလှချေသည်တကား။
နောက်ဆုံး အမျိုးအစားမှာ အခွင့်အလမ်းများကို နန့်နန့်တက် မက်မောသောကြောင့် ကြံ့ဖွံ့အဖွဲ့ဝင်အဖြစ် ခံယူသွားကြသူများဖြစ်သည်။ ကြံဖွံ့အဖွဲ့သို့ဝင်လိုက်လျှင် နိုင်ငံခြားသို့ လေ့လာရေးခရီး သွားရန်အခွင့်အရေးရခြင်း၊ နိုင်ငံခြားသို့ ထွက်ရန်လွယ်ကူခြင်း၊ ဟိုသင်တန်း ဒီသင်တန်းများတွင် အခမဲ့ တက်ရောက်ခွင့်ရခြင်း၊ ရပ်ထဲရွာထဲမှာ စွာကျယ်စွာကျယ် လုပ်ခွင့်ရခြင်း၊ သူများတကာ လက်လှမ်းမမှီသည့် စီးပွားရေးခွင်များကို ရရှိနိုင်ခြင်း၊ အနှိပ်ခန်းများ၊ ဘီယာဆိုင်များတွင် မိုက်ကြေးခွဲနိုင်ခြင်း၊ အကောင်ဗလောင်များဖြင့် ထိတွေ့သိကျွမ်းကာ ကပ်ဖားယပ်ဖားလုပ်ခွင့်ရခြင်း၊ အနာဂတ်ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီအဖြစ်ကူးပြောင်းကာ အမတ်လောင်းနေရာ ၀င်ရောက် ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်ခြင်း၊ မိမိသားသမီးများ ကြံဖွံ့ခံလိုက်ပါက ယင်းတို့၏ အနာဂတ်ပညာရေးအဆင်ပြေချောမွေ့စေခြင်း စသည့်... စသည့်... အခွင့်အရေးများကို မက်မော၍ ကူးပြောင်းကြခြင်းဖြစ်သည်။ ဤနေရာတွင်လည်း ကျွန်ုပ်တို့ ပြည်တွင်းရေးဖြစ်သော ကြံဖွံ့အဖွဲ့ဝင်များအကြောင်းသက်သက်ကိုသာ ရေးပြနေခြင်းဖြစ်ပါကြောင်း... အောင်း...အောင်း။
ထိုသို့လျှင် အခွင့်အရေးကို ဘန်းပြကာ စည်းရုံးခြင်းဖြစ်သဖြင့် အခွင့်အရေးသမားများနှင့်သာ ပြည့်နှက်နေပေတော့သည်။ ကြံ့ဖွံ့အဖွဲ့ကြီး ပြောပါတယ်။
ထိုအဖွဲ့မျိုးသည် သာမန်လူရိုးလူကောင်းများအတွက် အဖွဲ့ဝင်အဖြစ် အမြဲတစေ နေချင်စဖွယ်ကောင်းသော အဖွဲ့အစည်းမျိုးတော့ ဖြစ်မလာပါ။ အဘယ့်ကြောင့်ဟူမူ အဖွဲ့ဝင် အားလုံးသည် တယောက်နှင့် တယောက် မာန်စောင်ကာ အခွင့်အလမ်းကို ချောင်းမြောင်းနေကြသူ သူကောင့်သားတွေချည်း ဖြစ်နေသောကြောင့်ပင်တည်း။ မိမိတက်လမ်းအတွက် တဦးနှင့် တဦး နောက်ကျောကို ဓားနှင့် ထိုးရန် ၀န်မလေးသော၊ တာဝန်ကို ရှောင်လွှဲလိုသော၊ သစ္စာမရှိသော၊ မိမိကိုယ့်ကျိုးအတ္တကိုသာ ရှေ့တန်းတင်သော၊ အထက်ဖား အောက်ဖိ ဆီမီးခွက်ယိမ်းကနေသော.. လူတွင်ကျယ်လုပ်လိုသူ လူကြွားများနှင့်သာ ပြည့်နှက်နေသည့် လူ့အဖွဲ့အစည်းမျိုးသာ ဖြစ်လာနိုင်ပေသည်။ ကြံဖွံ့အဖွဲ့ကြီးကို ပြောတာနော်…အော်…အော်။ အံမယ်လေး… ဒီအချက်ကို ထည့်ထည့်ပြောနေရတာ မောလိုက်တာ။ သတ်သတ်မှတ်မှတ် မပြောပြန်လျှင်လည်း ကွန်မင့်ကဏ္ဍတွင် မဆိုင်သူများမှ သူတို့ဆုံးဖြတ်ချက် မှန်ကန်ကြောင်း လာရောက် သက်သေပြကြမည်ကို စိုးရွံ့လှပါသည်…အီ…အီ။
အခွင့်အရေးသမားများနှင့် ပြည့်နှက်နေသော အဖွဲ့ကြီးများသည် ရေရှည်မတည်တံ့နိုင်။ အသင်းဝင်အများစုသည် အဖွဲ့အပေါ်သစ္စာမရှိကြ။ အခက်အခဲကြုံသည်နှင့် အသင်းဝင်အဖြစ်မှ အဆောတလျှင် အူယားဖားယား နှုတ်ထွက်သွားကြမည်သာဖြစ်သည်။ ထင်ရှားအောင် ဥပမာပေးရလျှင် ရှစ်လေးလုံးအရေးတော်ပုံကာလ၌ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီမှ တင်းပြည့် ကျပ်ပြည့် ဇလားပြည့် ပါတီဝင်များ အလျှိုလျှို နှုတ်ထွက်ကြပုံနှင့် အလားသဏ္ဍာန်တူပေလိမ့်မည်။ ဒါလည်း ကြံ့ဖွံ့အဖွဲ့ကြီးအကြောင်း ပြောနေတာသက်သက်ပဲနော်။
ကြံဖွံ့အဖွဲ့ကြီးသည် မတော်မတရားသည့်နည်းမျိုးစုံဖြင့် ကြိုးပမ်းထား၍ လတ်တလောတွင် အင်အားကောင်းသယောင်၊ ပြည့်စုံကြွယ်ဝသယောင်၊ ဘဏ္ဍာငွေများ တောင့်တင်းသယောင် ထင်ရပေသည်။ သို့သော် အတွင်းက လှိုက်စားနေသော အဖွဲ့အစည်းကြီးမျှသာ ဖြစ်သည်ကို သတိပြုပါ။ မဆလပါတီကြီးကို သတိရကြပါ။ ထိုသို့သော အဖွဲ့ကြီးများ ပြိုပြီဟေ့ဆိုလျှင် နအဖလက်ထက် တည်ဆောက်ထားသော လမ်းမကြီးများ၊ တံတားကြီးများ၊ ဘုရားကြီးများ ရေတိုက်စားသည့်အခါ၊ ငလျှင်လှုပ်သည့်အခါ ပြိုသည်ထက်ပင် ပိုမိုမြန်ဆန်တတ်ပေသေးသည်။ ထို့ကြောင့် အခွင့်အရေးများကို နန့်နန့်တက် မက်မော၍ ကူးပြောင်းတတ်ကြသူများ ဤအချက်ကို သတိထားကြပါရန်။ ကြံဖွံ့အဖွဲ့ဝင် ဖြစ်ချင်နေသူများအား သတိပေးခြင်းမျှသာ ဖြစ်ပါကြောင်း။
အခွင့်အရေးကို မက်မော၍ ကူးပြောင်းတတ်သူများသည် သစ္စာမရှိသော သူများသာဖြစ်သဖြင့် အဖွဲ့အစည်းများ ပြိုပျက်သောအခါ ခေတ်ရေစီးကိုလိုက်၍ အခြား အင်အားတောင့်တင်းလာသည့် ဖက်သို့ သူ့လူကိုယ့်ဖက်သားလုပ်ကာ အမြန် ပြန်လည်ကူးပြောင်းလာတတ်ကြသေးသည်။ ဤအချက်ကို အခွင့်အရေးသမားမဟုတ်သူများက အထူးတလည် သတိထားကြရန်။ လိုအပ်လျှင် “သာကူးစောင့်ကြည့်ရေးအဖွဲ့”၊ “အခွင့်အရေးသမား စောင့်ကြည့်ရေးအဖွဲ့”၊ “ စနေမောင်မောင် နေရာချထားရေးအဖွဲ့” စသဖြင့် အဖွဲ့အစည်းများ ဖွဲ့တန်သင့်လျှင် ဖွဲ့ရချေမည်။
မည်သို့ပင်ဖြစ်စေ…. ယခု လောလောဆယ် အချိန်တွင်ကား ကြံဖွံ့အဖွဲ့ကြီးသည်… ချေးတောထဲတွင် ပေါက်သော ဘူးပင်အလား အညွန့်တလူလူဖြင့် ရှိနေချေသေးသည်။ ကျွန်ုပ်တို့ အနေနှင့် မည်မျှပင် အမြုတ်ထွက်မတတ် ရေးပြသော်လည်း ချေးကြိုက်သော လောက်ကောင်သည် ချေးတွင်သာ ပျော်မွေ့သကဲ့သို့ အခွင့်အရေးကို မက်မောသော အခွင့်အရေးသမားတို့သည်လည်း ကြံဖွံ့အဖွဲ့ကြီးသို့ ပျော်ပျော်ကြီးပင် နေ့စဉ်နှင့်အမျှ ကူးပြောင်းဝင်ရောက်နေကြမည်ဦးသာဖြစ်သည်။ ဤသည်ကို ယောနိသောမနသိကာရဖြင့် နှလုံးသွင်းလျက် ဖြေသိမ့်ကြပါကုန်လော့။
ပေါက်တိပေါက်ရှာ တွေးတောခြင်း၌ အထူးမွေ့လျော်သော ကျွန်ုပ်၏ နားထဲတွင်မူကား ချေးတောထဲတွင် ပျော်တတ်သော ကိုရွှေလောက်ကောင်များ အချင်းချင်း အုပ်စုဖွဲ့၍ “ကိုရွှေလောက်ကလေး ဘယ်လိုငယ်…. ဒီလို ကူးတတ်တယ်….ချေးပင်လယ်ကြီး ဘယ်လိုကျယ်… ကူးတတ်ပါတယ်….. လောက်ဇွဲ အံ့လောက်တယ်” ဟု ပျော်ပျော်ကြီး သံပြိုင်သီဆိုကြနေသည်ကို ကြားယောင်မိပါတော့သည်။
စာကြွင်း။..........။ ဘုရားစူး၊ မိုးကြိုးပစ် ကြံဖွံ့အဖွဲ့ကြီးအကြောင်းကို ရေးသားထားခြင်းသာလျှင် ဖြစ်ပါသည်။
0 ရဲချုပ်ကြီး ခင်ရီ ထိမ်းသိမ်းခံထားရ ကြောင်းသတင်းထွက်နေ
ရဲ လဒ်စားမှု့တွေအကြောင်း internet စာမျက်နှာပေါ် ရောက်ရှိခြင်းနှင့် ပတ်သက်လို့ စုံစမ်းရာမှ အထက်အရာရှိကြီးများ၏ ကတော်များ သည် beauty saloon ဖွင့်ပြီး မသမာမှု့များ လဒ်ယူမှု့များ ခြစားနေခြင်း နှင့်ပတ်သက်နေခြင်းကြောင့် ရဲချုပ်ကြီး ခင်ရီ ထိမ်းသိမ်းခံထားရကြောင်း ဒေါ်အောင်ဆန်းစုကြည် ၏ လုံခြုံရေး တာဝန်ထမ်းဆောင်နေသော ရဲမေ ၅၀ ဦး ထဲမှ တစ်ဦးက ပြောဆိုကြောင်း ပြည်တွင်းမှသတင်းပေးပို့လိုက်ပါသည်။
သတင်းမှန်ဟုတ်မဟုတ်အတည်မပြုနိုင်သေးသဖြင့် စုံစမ်းနေဆဲဖြစ်ပါသည်။
Tuesday, August 25, 2009
0 လျှို့ဝှက်စွာ လည်ပတ်ပေမယ့် ကြံ့ဖွံ့အတွင်းရေးမှူးဌေးဦး ခရီးစဉ် ဆန္ဒပြခံရ
မဇ္ဈိမ (ချင်းမိုင်)။ ။ ဂျပန်သို့ လျှို့ဝှက်စွာ သွားရောက် လည်ပတ်ခဲ့သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးကို မြန်မာ့ ဒီမိုကရေစီ လှုပ်ရှားသူများက တည်းခိုနေရာ ဟိုတယ်ရှေ့တွင် ယနေ့ နံနက်က ခွပ်ဒေါင်းအလံ လွှင့်တင်ကာ ဆန္ဒပြခဲ့ကြသည်။
ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ The New Otani ဟိုတယ်ရှေ့တွင် နံနက် ၅ နာရီခန့်က ခွပ်ဒေါင်းအလံ လွှင့်တင်လိုက်ရာ တရုတ်၊ ဂျပန်၊ မြန်မာ၊ ထိုင်း အလံများနှင့်အတူ ယှဉ်လျက် ခေတ္တ ဖြစ်သွားခဲ့သည်။
“ကျနော်တို့က မနက် ၅ နာရီလောက်က သွားတင်တာဆိုတော့ လုံခြုံရေးတွေ သတိမထားမိဘူး ခင်ဗျာ။ မနက် ၁၀ နာရီလောက်မှာ သတိထားမိပြီး ဖြုတ်ချလိုက်တယ် ခင်ဗျာ။ ဒါပေမဲ့ ကျနော်တို့ လွင့်တင်နိုင်ခဲ့တယ် ခင်ဗျာ။ အခု အဲဒီကိစ္စကို အသည်းအသန် လိုက်နေတယ် ခင်ဗျာ” ဟု ဆန္ဒပြသူတဦးက မဇ္ဈိမသို့ ပြောသည်။ ယခုအချိန်ထိတော့ ဆန္ဒပြမှုကြောင့် ဖမ်းဆီးခံရသူ မရှိသေးကြောင်း သိရသည်။
“ဒီလိုလုပ်ရခြင်းက နအဖအစိုးရကို ဒါ ခြိမ်းခြောက် လိုက်တယ်။ အရှက်ခွဲလိုက်တယ်။ နိုင်ငံရေးအရ ဂုဏ်သိက္ခာ ကျဆင်းသွားစေအောင် လူ့အခွင့်အရေးတွေ ချိုးဖောက်နေတာကို သတိပေးလိုက်တယ် ဆိုတဲ့သဘောနဲ့ လုပ်တဲ့သဘောပါပဲ” ဟု သူက ဆက်ပြောသည်။
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးလည်းဖြစ်သူ ဗိုလ်ချုပ်ဌေးဦး သို့မဟုတ် ဦးဌေးဦးသည် ဂျပန်နိုင်ငံသို့ ယခုလ ၂၀ ရက်နေ့က ရောက်ရှိနေခြင်း ဖြစ်သည်။ သူ၏ ခရီးစဉ်ကို လျို့ဝှက်ထားသော်လည်း မဇ္ဈိမက ကြိုတင်ဖွင့်ချနိုင်ခဲ့သည်။
နာမည်ဆိုးဖြင့် ကျော်ကြားသော စစ်အစိုးရ ထူထောင်ထားသည့် ကြံ့ဖွံ့အဖွဲ့ ခေါင်းဆောင်ကို လက်ခံမှုကြောင့် ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာန ရုံးရှေ့တွင်လည်း ဒီမိုကရေစီ လိုလားသူ မြန်မာအတိုက်အခံ ၈၀ ဦးခန့်က ယနေ့ ဆန္ဒပြကြသည်။ ဆန္ဒပြသူများက ဒေါ်အောင်ဆန်းစုကြည်ကို အမြန်လွှတ်ပေးရန် တောင်းဆိုခဲ့သည်။
လူထုအကျိုးပြု လုပ်ငန်းများ လုပ်ဆောင်ရန်ဆိုသော ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းထာသော ကြံ့ဖွံ အသင်းဝင်များကို စစ်အစိုးရက အသုံးချကာ အတိုက်အခံများကို ရိုက်နှက်စေခြင်း၊ ဖမ်းဆီးခြင်းများ ပြုလုပ်ခဲ့ခြင်းကြောင့် နာမည်ပျက်ထွက်ခဲ့သည်။
၂၀၀၇ ခုနှစ် စက်တင်ဘာလက ဖြစ်ပွားခဲ့သော သံဃာတော်များ ဦးဆောင်သည့် မေတ္တာသုတ်ရွတ်ဆိုကာ ငြိမ်းချမ်းစွာ စီတန်း လမ်းလျောက်ကာ အစိုးရကို ဆန့်ကျင်ဆန္ဒပြသူများကို ရိုက်နှက်ဖမ်းဆီးခြင်းနှင့် ၂၀၀၃ ခုနှစ် မေလအတွင်းက ဒီပဲယင်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်များကို ခြုံခို တိုက်ခိုက်ခဲ့မှုများတွင် ကြံ့ဖွံ့ အသင်းဝင်များ ပါဝင်ခဲ့သည်။
ကြံ့ဖွံ့အဖွဲ့၏ နာယကမှာ စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဖြစ်သည်။
Monday, August 24, 2009
0 ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရပိုင်ခွင့် အရင်ထက်ပိုပြီး ဆိုးရွားနိုင်
ဆိုင်းငံ့ပြစ်ဒါဏ်နဲ့ နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရပိုင်ခွင့်တွေနဲ့ ပတ်သက်ပြီး အရင် နေအိမ်အကျယ်ချုပ် ကျတုန်းကထက် အခွင့်အရေးတွေ ပိုရတယ်ထင်ရပေမယ့် ကန့်သတ်ချက်တွေဟာ ရှင်းရှင်းလင်းလင်း မရှိတာကြောင့် တကယ်တမ်းမှာ အရင်ထက်ပိုပြီး ဆိုးအောင် လုပ်လို့ရတဲ့ အခြေအနေ ဖြစ်နေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေက သုံးသပ်နေကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ဆိုင်းငံ့အပြစ်ဒဏ်နဲ့ အကျယ်ချုပ် ချလိုက်ချိန်မှာ ပုဒ်မ ၄၀၁ အရ နိုင်ငံတော် အကြီးအကဲရဲ့ ကန့်သတ်ချက်တွေအရ လိုက်နာဆောင်ရွက်ရမှာ ဖြစ်တယ်လို့ သိခဲ့ရပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်အပေါ် ကန့်သတ်ချက်တွေ ရပိုင်ခွင့်တွေနဲ့ ပတ်သက်ပြီး အချက် ရှစ်ချက် ချမှတ်ထားပေမယ့် ရှင်းရှင်းလင်းလင်း မသိရသေးတဲ့ အချက်တွေ ပါဝင်နေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေက ပြောနေတာပါ။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဧည့်သည်တွေ့ဆုံခွင့်နဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ဘက်က ခွင့်တောင်းရမှာလား၊ တွေ့ဆုံချင်သူက ခွင့်တောင်းရမှာလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ဦးကြည်ဝင်းက ပြောပါတယ်။
ရှေ့နေဦးကြည်ဝင်း။ ။“စည်းကမ်းထဲမှာတော့ ဧည့်သည်တွေ့မယ်ဆိုရင် တောင်းဆိုတင်ပြ ခွင့်ပြုချက်နဲ့မှ တွေ့ခွင့်ရှိမယ်။ အဲဒီသဘောမျိုးပဲ။ အဲဒီအချက်ကမရှင်းတော့ မေးမြန်းဖို့ရာ လုပ်ထားတယ်။ ဘယ်သူဘယ်ဝါ တွေ့ခွင့်ရှိမယ် ဘယ်သူဘယ်ဝါတော့ တွေ့ခွင့်မရှိဘူး၊ အဲဒါမျိုး မပါဘူး”
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို ခွင့်ပြုထားတဲ့ အချက် ရှစ်ချက်ထဲမှာ မြန်မာ့ရုပ်မြင်သံကြားနဲ့ မြဝတီက ထုတ်လွှင့်တဲ့ ရုပ်မြင်သံကြား အစီအစဉ်တွေ၊ နေ့စဉ်ထုတ် မြန်မာ့အလင်းနဲ့ ကြေးမုံသတင်းစာတွေ ဖတ်ရှုခွင့် ရှိတယ်လို့ဆိုပေမယ့် ရေဒီယို နားထောင်ခွင့်နဲ့ ပတ်သက်ပြီး ဖော်ပြထားတာ မတွေ့ရဘူးလို့ ဆိုပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး မိမိတို့ သေသေချာချာ မသိရသေးဘူးလို့လည်း ပြောပါတယ်။ ဒါကြောင့် သက်ဆိုင်ရာကို မေးမြန်းဘို့ ပြင်ဆင်နေရတာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ဦးဥာဏ်ဝင်းက ပြောပါတယ်။
ရှေ့နေဦးဥာဏ်ဝင်း။ ။“တွေ့ဖို့ စီစဉ်နေတယ်၊ မေးဖို့ စာတွေရေးနေတယ်။ ဒါလည်း ဒေါ်စုနဲ့ ပြန်ပြီး အတည်ပြုပြီးမှ ကျနော်တို့ ဆောင်ရွက်လို့ ရမယ်။ ဒီကြားထဲမှာတော့ ကျနော်တို့ တွေ့ခွင့်မရသေးဘူး။ ကျနော်ပြောနိုင်တာက အခု ကန့်သတ်ချက်တွေက သာမန်ကြည့်လို့ရှိရင်တော့ အရင်ကန့်သတ်ချက်ထက် အများကြီး လျှော့ထားတယ်လို့ ယူဆရတယ်။ ဒါပေမယ့် လက်တွေ့ ဒီကန့်သတ်ချက်ကို အကောင်အထည် ဖော်လို့ရှိရင် ပိုပြီးတော့ ဆိုးအောင်လည်း အကောင်အထည်ဖော်လို့ရတယ်။ အဲဒါကြောင့် ကန့်သတ်ချက်ကိုက သိပ်ပြီးတော့ မရှင်းလင်းဘူး။ အဲဒီအဓိပ္ပါယ်ရတယ်။ ဒါကြောင့် ဒီဟာကို ရှင်းလင်းအောင် ဦးစွာဆောင်ရွက်ဖို့ လိုတယ်လို့ ကျနော်တို့ ဆွေးနွေးကြတာ”
ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်နဲ့ ပတ်သက်ပြီး ရှေ့နေအဖွဲ့အနေနဲ့ စောင့်ဆိုင်းနေဆဲဖြစ်ပြီး လာမယ့်အပတ်အတွင်း တွေ့ဆုံခွင့် ရလိမ့်မယ်လို့ မျှော်လင့်ထားကြောင်းလည်း ဦးဥာဏ်ဝင်းက ပြောပါတယ်။
(RFA)
Sunday, August 23, 2009
0 ဂျပန်ရောက်ဒီမိုကရေစီလှုပ်ရှားသူများ၏ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ချီတက်ဆန္ဒပြပွဲ မှတ်တမ်းဓါတ်ပုံ (၂၃.၈.၂၀၀၉)
စစ်အုပ်စု၏ မတရားလုပ်ဆောင်ချက်နှင့်ပတ်သတ်၍ မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးမှု ကင်းမဲ့နေခြင်းများ ရပ်ဆိုင်းရေးနှင့် ဒေါ်အောင်ဆန်းစုကြည်နှင့်နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်ဆုံးချွင်းချက်မရှိ ပြန်လည်လွတ်မြောက်ရေးတို့အတွက် ဂျပန်အစိုးရနှင့် ဂျပန်ပြည်သူများအကြား၊ နိုင်ငံတကာအသိုင်းအ၀ိုင်းများကြားတွင် ပိုမိုသိရှိနားလည်နိုင်စေရန်၊ မြန်မာ့ဒီမိုကရေစီအရေးကိုပိုမိုထောက်ခံအားပေးကူညီလာစေရန် ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီလှုပ်ရှားသူများမှ ချီတက်ဆန္ဒပြပွဲအား ယနေ့ပြုလုပ်ခဲ့ကြပါသည်။ မြန်မာ့ဒီမိုကရေစီလှုပ်ရှားသူအင်အား ၂၆၀ခန့်sendagaya ဘူတာအနီးရှိ Mejiro Park တွင်စုဝေး၍ နေ့လည်(၃)နာရီခန့်တွင် လှည့်လည်စီတန်းချီတက်ဆန္ဒပြခဲ့ကြောင်း သတင်းရရှိပါသည်။
မှတ်တမ်းဓာတ်ပုံ။ ။ ဦးသန်းဝင်း
ှဗီဒီယို။ ၊ kopour
0 အမည်မသိ အလောင်း စရဖမှ ဖျောက်ဖျက်
အမည်မသိ အလောင်း စရဖမှ ဖျောက်ဖျက်
ရခိုင်ပြည်နယ် စစ်တွေတွင် ရေထဲမှ ဆယ်ယူရရှိသော အမည်မသိ အလောင်း တလောင်းအား စစ်ထောက်လှမ်းရေး စရဖမှ အစအန မပေါ်ရအောင် ဖျောက်ဖျက် ပစ်လိုက်သည်ဟု သတင်းရရှိသည်။
လူမူရေး လှုပ်ရှားသူ လူငယ် တဦးက " အလောင်းက သြဂတ်စ်လ ၉ ရက်နေ့က အောင်ဒိုင် တံငါရွာမှာ ပါးလာပါတယ်။ စစ်တွေရဲက အလောင်းကောင်ကို လှေနဲ့ ဆွဲယူလာပြီး စစ်တွေ အင်းပေါက်ဝ ဆိပ်ကမ်းကနေ တဆင့် စစ်တွေ ပြည်သူ့ ဆေးရုံကြီး ရင်ခွဲရုံကို ပို့ပါတယ်။ ရင်ခွဲရုံကို ပို့ပြီး သိပ်မကြာခင်ဘဲ စရဖက အလောင်းကို ယူသွားပြီး ဖျောက်ဖျက် ပစ်လိုက်ပါတယ်။ ဘာကြောင့် ဖျောက်ဖျက် ပစ်လိုက်တယ်ဆိုတာတော့ တိတိကျကျ မသိရပါဘူး။ ဒါပေမယ့်လို့ စစ်တွေမှာ သတင်းတွေ အမျိုးမျိုး ထွက်နေပါတယ်" ဟု ပြောသည်။
အဆိုပါ အလောင်းမှာ အမျိုးသမီး တဦး၏ အလောင်း ဖြစ်ကြောင်း သက်ဆိုင်ရာ သတင်း ထုတ်ပြန်ထားသည်ဟု သိရသည်။ ယခုကဲ့သို့ ထုတ်ပြန်မူမှာ လိမ်လည် ထုတ်ပြန်မူ ဖြစ်သည်ဟု အလောင်းကို မျက်မြင်တွေ့ခဲ့သူ လူငယ် တဦးက နိရဉ္စရာသို့ ယခုကဲ့သို့ ပြောသည်။
"ကျွန်တော်တို့ အဲဒီနေ့ နေ့လည်ပိုင်းမှာ အင်းပေါက်ဝ ဆိပ်ကမ်း အနီးက သဲပြင်မှာ ဘော်လုံးကစားနေကြပါတယ်။ အလောင်းတလောင်း ရဲက ယူလာတယ်ဆိုပြီး ကျနော်တို့အားလုံး သွားကြည့်ကြပါတယ်။ ရဲတွေက တားပေမယ့် လူငယ်တွေက အများကြီးဆိုတော့ တားနေတဲ့ ကြားထဲက အနီးကပ် သွားကြည့်ခွင့်ရပါတယ်။ သေဆုံးသွားသူဟာ အမျိုးသား တဦးဖြစ်ပြီး သူရဲ့လက်မောင်းမှာ ကင်းတကောင် ရုပ်ပုံကို မင်ထိုးထားပါတယ်။"
စစ်တွေရင်ခွဲရုံတွင် ရေမြုပ်သား အလောင်းတလောင်းရောက်နေကြောင်း သတင်းထွက်ပေါ်လာပြီးနောက် စစ်တွေမှ လူငယ်အများအပြား ကြည့်ရှု့ရန် သွားရောက်ကြရာ အဆိုပါ အလောင်းကို သက်ဆိုင်ရာမှ ကြည့်ခွင့် မပြုခဲ့ကြောင်းနှင့် နောက်ပိုင်းတွင် အမည်မသိ နေရာ တခုသို့ စရဖ တာဝန်ရှိသူများက အဆိုပါ အလောင်းကို ယူဆောင်သွားသည်ဟု သိရသည်။
အဆိုပါ အလောင်းကို စစ်တွေ စရဖမှ ယူဆောင်ပြီး ဖျောက်ဖျက် ပစ်လိုက်သည့်နောက်ပိုင်း အဆိုပါ အလောင်းကိစ္စနှင့် ပတ်သက်ပြီး သဲလွန်စများ ထွက်ပေါ်လာနေသည်ဟု လူမူရေး လှုပ်ရှားသူ လူငယ်က ယခုကဲ့သို့ ပြောသည်။
" သြဂတ်စ်လ ၆ ရက်နေ့ နံနက် ၉ နာရီမှာ စစ်တွေ အမှတ် (၁) ရဲစခန်းမှ ကျောက်တော် မြို့နယ်က ဖမ်းမိတဲ့ နိုင်ငံရေး သမား တဦးကို စရဖက ခေါ်ထုတ် သွားခဲ့တယ်ဆိုပြီး သတင်း ရပါတယ်။ အဲဒီနိုင်ငံရေးသမားဟာ ပြည်ပလက်နက်ကိုင် အဖွဲ့တခုနဲ့ ဆက်စပ်တာကြောင့် ဖမ်းဆီးခံရသူ ဖြစ်ပါတယ်။ အဲဒီနေ့ ည ၉ နာရီမှာဘဲ စစ်တွေ မိဇံရပ်ကွက်က ဆန်ဆိပ်ကနေ စက်တပ် သဗ္ဗာန်တစီးနဲ့ အဲဒီလူကို မျက်နာဖုံးစွပ်ပြီး အဖွဲ့ဝင် ၄ ဦးပါတဲ့ စရဖ အဖွဲ့က ကုလားတန် မြစ်ထဲကို ခေါ်ဆောင်သွားခဲ့တယ်လို့ သတင်းရရှိပါတယ်။ အများစု ပြည်သူတွေကတော့ ခု စရဖ ဖျောက်ပစ်လိုက်တဲ့ အလောင်းဟာ သူ့အလောင်းဆိုပြီး ထင်မြင် ယူဆနေကြပါတယ်။"
စစ်တွေ မိဇံရပ်ကွက်မှ စီးပွားရေး သမားတဦးကလည်း သြဂတ်စ်လ ၉ ရက်နေ့က အလောင်းတလောင်းကို စစ်တွေရဲက ယူဆောင်လာခြင်းကို အတည်ပြု ပြောကြားပြီး အဆိုပါ နေ့က သူ့မှာ အင်းပေါက်ဝ ဆိပ်ကမ်းအနီးရှိ မင်းကြီးကျောက်တန်းတွင် ထိုင်၍ ရှိနေသည်ဟု ပြောသည်။ သို့သော်လည်း အဆိုပါ အလောင်းမှာ မည်သူ့ အလောင်း ဖြစ်သည်ကို မသိရှိပါကြောင်း ပြောကြားသည်။
ရခိုင်ပြည်နယ်တွင် အခြေစိုက်ထားသော ထောက်လှမ်းရေး တပ်ဖွဲ့များသည် ပြည်ပ လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဆက်စပ်သူများကို တရား ဥပဒေအရ အရေးမယူဘဲ လူမြင်ကွင်းတွင် အသေ ရှင်းပစ်လေ့ရှိကြောင်း သိရသည်။
ထိုအထဲတွင် ရခိုင်ပြည်တပ်မတော်နှင့် ဆက်စပ်မူကြောင့် စစ်တွေမြို့ နေအိမ်ပေါ်မှ ထောက်လှမ်းရေး တပ်ဖွဲ့၏ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံရပြီး တရားစွဲဆိုမူ မရှိဘဲ ကျောက်တော်မြို့တွင် သတ်ဖြတ်ခံရသူ ရခိုင်ပြည်နယ် ဘော်လုံးအသင်းမှ နာမည်ကြီးဂိုးသမားဟောင်း ဦးစံကျော်လည်း ပါဝင်သည်။ ဦးစံကျော်မှာ မြန်မာ ဘော်လုံး အသင်း ပဏာမ လက်ရွှေးစင်ဟောင်း တဦးလည်း ဖြစ်သည်။
ဦးစံကျော်နှင့်အတူ သတ်ဖြတ်ခံရရာတွင် မင်းပြားမြို့မှ ဦးဇင်း ၀ဏ္ဍသာမိလည်း ပါဝင်သွားခဲ့သည်။ (နိရဉ္စရာ)
0 နအဖ ဒေါက်တိုင် ဂျာနယ်စာဆောင်များအား သပိတ်မှောက်ကြ
ရဲဘော်တို့
အောက်ပါ နအဖ အလိုတော်ရိ ဂျာနယ် စာဆောင်များကို သပိတ်မှောက်ကြပါ။
စစ်အာဏာရှင်များ အကြိုက်လိုက်၍ မိမိကိုယ်ကျိုးတခုထဲကိုသာကြည့်သောစာပေသမား အမည်ခံများ ဦးစီးထုတ်ဝေလျက်ရှိသည့် အောက်ပါ ဂျာနယ်များ...သတင်းစာများ နှင့် ဦးဆောင်ခိုင်းစေသူ ဗိုလ်မှုးချုပ် ကျော်ဆန်းပိုင်ဆိုင်သော ဆိုက်ဘာအင်တာနက် တို့ အား သပိတ်မှောက်လိုက်သည်။
၁။ မြေနီကုန်း ဆိုက်ဘာအင်တာနက် ( ဗိုလ်မှူးချုပ်ကျော်ဆန်း )
၂။ မြန်မာတိုင်း ဂျာနယ် ( ဒေါက်တာတင်ထွန်းဦး )
၃။ ပြည်မြန်မာဂျာနယ် ( ဒေါက်တာတင်ထွန်းဦး)
၎။ သုတစွယ်စုံမဂ္ဂဇင်း ( ဒေါက်တာတင်ထွန်းဦး )
၅။ သတင်းလွှာဂျာနယ် (ဒေါက်တာတင်ထွန်းဦး )
၆။ မဟာဂျာနယ် ( ဦးမြတ်ခိုင် )
၇။ အချစ်ဂျာနယ် (ဦးမြတ်ခိုင် )
၈။ လျှပ်တပြက်ဂျာနယ် ( ဦးမြတ်ခိုင် )
၉။ ကောင်းသတင်းဂျာနယ် ( ဦးမြတ်ခိုင် )
၁၀။ ကြီးပွားရေးမဂ္ဂဇင်း (ဦးမြတ်ခိုင် )
၁၁။ ဂီတဂျာနယ် ( ဦးမြတ်ခိုင် )
၁၂။ ပေါ်ပြူလာဂျာနယ် (ဦးဟိန်းလတ် )
၁၃။ မြန်မာ့အလင်း သတင်းစာ
၁၄။ ကြေးမုံ သတင်းစာ။
ပြည်သူလူထုအနေဖြင့် မိမိတို့ ၏ အထွေထွေ အကျပ်အတည်းများ အတွက် မိမိတို့ ကိုယ်တိုင်ပါဝင်ကာ ကိုယ်ကျိုးရှာ စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေအပါအ၀င် ကိုယ်ကျိုးတခုထဲကိုသာကြည့်သော စာပေသမားအမည်ခံကိုယ်ကျိုးရှာ စီးပွားရေး သမားများအား ပြင်းထန်စွာ ဆန့်ကျင်သပိတ်မှောက်ကြပါရန်နှင့် အထက်ပါ စာရင်းများအား ၀ယ်ယူသုံးစွဲမှုလုံးဝ မပြုကြပါရန် တိုက်တွန်းနှိုးဆော်လိုက်ပါသည်။
မိမိတို့နှင့်နီးစပ်ရာကို သတင်းဖြန့်ဝေပေးကြပါရန်လည်းတိုက်တွန်းနှိုးဆော်အပ်ပါသည်။
ကျောင်းသားတပ်မတော်ရဲဘော်ဟောင်းတဦး
