Monday, September 14, 2009
0 ဂျာနယ်အချို့မှာဖော်ပြခွင့်ရရှိနေတဲ့လတ်တလောမြန်မာ့နိုင်ငံရေးသုံးသပ်ချက်ဆောင်းပါးတွေအပေါ် ၀ါရင့်သတင်းစာဆရာကြီး ဆရာလူထုစိန်ဝင်း အမြင်
အံ့ဘုန်းမြတ်
လတ်တလော မြန်မာ့နိုင်ငံရေး သုံးသပ်ချက်ဆောင်းပါးတွေ ဂျာနယ်အချို့မှာ ဖော်ပြခွင့်ရရှိနေတာနဲ့ ပတ်သက်ပြီး ၀ါရင့်သတင်းစာဆရာကြီး လူထုစိန်ဝင်းရဲ့ သဘောထားအမြင်တွေ ဘယ်လိုရှိတယ်ဆိုတာကို ဒီဗွီဘီသတင်းဌာနအတွက် ဆက်သွယ် မေးမြန်းဖြစ်ထားတာတွေကို ပြန်လည် တင်ပြပေးလိုက်ရပါတယ်။
မေး။ ။ ဗွီုက်ဂျာနယ်တို့ဘာတို့မှာ ဦးသန့်မြင့်ဦးတို့ မစတာဂျင်ဝက်ဒ်တို့ ဆောင်းပါးမျိုးတွေကို ဘာသာပြန် ဖေါ်ပြလို့ရနေပါတယ်။ အဲဒီလိုမျိုး ဖေါ်ပြလို့ရနေတာနဲ့ ပတ်သက်ပြီးတော့ ဆရာ့အမြင်ဘယ်လိုရှိလဲ ဆိုတာ သိချင်ပါတယ်ဆရာ။
အဲဒါက အထူးအခွင့်အရေးအနေနဲ့ ရတာဗျ။ အဲဒါနဲ့မတူတဲ့ အယူအဆတွေကို ရေးခဲ့တာတွေကျတော့ လုံးဝကိုထည့် လို့မရဘူး။ ဒါကို ကျနော်တို့က ၀မ်းသာရတယ်လို့ ပြောလို့မရဘူးဗျ။ ဒါအထူးအခွင့်အရေးနဲ့ သူတို့ တစောင်ကိုပဲရတာပါ။ သူတို့ အယူအဆတွေကို ပြန်ချေပတဲ့ ဆောင်းပါးတွေ ၄ ပုဒ်လောက်ရေးခဲ့ပါတယ်။ ၄ ပုဒ်စ လုံး အပိတ်ခံခဲ့ရတာပဲ၊”
မေး။ ။ ဟုတ်ကဲ့ဆရာ ဆရာဘယ်ဂျာနယ်တွေမှာများ ရေးခဲ့တာလဲ။
ကျနော်ရေးခဲ့တာ Weekly မှာရေးတယ်၊ News Watch မှာရေးတယ်၊ True မှာရေးတယ်၊ Favorite မှာရေးတယ်၊ အယူအဆကိုအယူအဆချင်း ပြန်ချေပတာပေါ့ဗျာ အဲဒါမျိုးတွေ ရေးလို့မရဘူး၊ သူတို့ကတော့ အထူးအခွင့်အရေးအနေနဲ့ ရေးခွင့်ရတာပေါ့ဗျာ။
မေး။ ။ ဆရာဘယ်လိုပုံစံမျိုးနဲ့ ပြန်ရေးထားတာမျိုးတွေကို အပယ်ခံခဲ့ရတာပါလဲ။
ဥပမာ ကျနော်နမူနာလေးတခုပြောမယ်။ အတိတ်ကိုလည်းမကြည့်နဲ့ အနာဂတ် ကိုလည်းမကြည့်နဲ့ လက်တွေ့ကိုပဲကြည့် ဆိုတဲ့စကားလုံးပေါ့။ အဓိပ္ပါယ်မရှိဘူးလို့ ကျနော်က ချေပတယ်။ အတိတ်ရယ်၊ ပစ္စုပ္ပန်ရယ်၊ အနာဂတ်ဆိုတဲ့ ကွင်းဆက်ဟာ ဖြတ်ပစ်လို့မရဘူး။ အတိတ်ကို ပြန်မကြည့်ချင်တဲ့လူတွေက အတိတ်မလှတဲ့ လူတွေဖြစ်တယ်။ အနာဂတ်ကို မကြည့်တဲ့လူ တွေက အနာဂတ်မှာ သူတို့အတွက် နေရာမရှိတဲ့လူတွေဖြစ်တယ်လို့ ကျနော်ရေးခဲ့တယ်။ အဲဒါမျိုးတွေကျတော့ ရေးခွင့်မရဘူးလေ။
မေး။ ။ ဆောင်းပါးတွေမှာ သူတို့ပြောတဲ့ အမျိုးသားစီးပွားကို ရှေးရှုဖို့တို့ ပြီးတော့ သမိုင်းသင်ပုန်းချေဖို့ တို့ဘာ တို့ပေါ့ဗျာ။ အဲလိုစကားလုံးမျိုးတွေက လောလောဆယ် အတိုက်အခံအင်အားစုတွေကြားထဲမှာ သဘော ထားကွဲပြားစရာတွေနဲ့ အကြောင်းအရာမျိုးတွေလည်း ပါလာတက်ပါတယ်။ အဲဒီအပေါ်ကို ဆရာဘာများ ပြောချင်ပါလဲ။
အခုဟာက သဘောထားကွဲတယ်ဆိုတာက ပြည်သူလူထုကြားထဲမှာ ဘာမှသဘောထားကွဲမှု အငြင်းပွားမှု မရှိဘူးဗျ။ နိုင်ငံရေးအချောင်သမားတွေ ကြားထဲမှာတော့ သဘောထားကွဲတာရှိနိုင်တယ်။ ပြည်သူလူထုကတော့ သဘောထား မကွဲဘူး။ ပြည်သူလူထုကို ကျနော်ကောင်းကောင်းယုံတယ်။ နိုင်ငံရေးအချောင်သမားတွေ ကတော့ဗျာ သူတို့အကျိုးစီးပွား အတွက် နိုင်ငံရေးလုပ်ကြတာကိုးဗျ။ သူတို့အကျိုးစီးပွားကို မျှော်ကြည့်မှာပဲ။ အဲဒီလိုရေးသားနေတဲ့လူတွေ အတိတ်ကို မကြည့်နဲ့ အနာဂတ်ကိုမကြည့်နဲ့ ပစုပ္ပန်ပဲကြည့်ဆိုတဲ့ လူတွေကို ကျနော်တခုပဲပြောချင်တယ် ၇၄ ကို ပြန်ကြည့်ပါလို့ ကျနော်တခွန်းတည်းပဲ ပြောချင်တယ်။
မေး။ ။ အစိုးရကိုထောက်ခံစေမယ့် ဆောင်းပါးမျိုးတွေကို ဖော်ပြနေတဲ့အပေါ် သတင်းသမားတွေအမြင်နဲ့ ဆိုရင် ဆရာဘာများပြောချင်မလဲ။
ဒါကတော့ဗျာ ကျနော့်အနေနဲ့ အစိုးရကတော့ ဒီလိုလုပ်တာ ထုံးစံပဲ၊ လုပ်မှာပဲလေ။ ဘယ်အစိုးရ မဆိုပါ။ သူတို့အကြိက်ကို ဖော်ပြတဲ့ဟာတွေကို သူတို့ လွတ်လွတ်လပ်လပ် ရေးခွင့်ပေးမယ်။ သူတို့အကြိုက်ကို မဖော်ပြတဲ့လူတွေကို ရေးခွင့်မပေးဘူး။ ဒါကတော့ အစိုးရတွေရဲ့ လုပ်ရိုးလုပ်စဉ်ပဲ။ ကျနော်ကတော့ လုပ်တဲ့သူတွေကိုပဲ ပြောချင်တယ်။ တိုင်းပြည်နဲ့ ပြည်သူလူထုမျက်နှာကို မထောက်ပဲနဲ့ ကိုယ့်အကျိုးစီးပွား တခုထဲအတွက်နဲ့ ဒီလိုရေးနေတဲ့ လူတွေကိုပဲ အပြစ်ပြောချင်တယ်။ သတင်းစာသမားဆိုတာ ကျနော်ခဏ ခဏလည်းရေးတယ် ခဏခဏလည်းပြောတယ်ပေါ့ဗျာ။ သတင်းစာသမားဆိုတာဟာ အစိုးရရဲ့ လက်ကိုင်တုတ်လည်း မဖြစ်အောင်၊ နိုင်ငံရေးပါတီတခုရဲ့ လက်ကိုင်တုတ်လည်း မဖြစ်အောင်၊ သူကြည့်ရမှာက ပြည်သူလူထုရဲ့ မျက်နှာတခုထဲပဲဖြစ်ပါတယ်။ အစိုးရမျက်နှာ တခုထဲကို ကြည့်ပြီးတော့ ပြောနေမယ်။ ပြန်လည် ချေပခွင့်မရှိတဲ့အရာတွေကို တဖက်သပ်ဖိပြီးတော့ ရေးနေခြင်းဟာ သတင်းစာဆရာကောင်းတို့ရဲ့ ကျင့်ဝတ် မဟုတ်ပါဘူး။
မေး။ ။ သူတို့က အမျိုးသားအကျိုးစီးပွားတို့လို နိုင်ငံရေးစကားလုံးတွေ သုံးပြီးတော့ လုပ်နေပေမယ့် အောက်လမ်းနည်းနဲ့ ဒီမိုကရေစီအင်အားစုတွေကို ဖိနှိပ်တာမျိုးတွေ ရှိနေပြန်ပါတယ်။ မီးစာတဖက် ရေမှုတ်တဖက်လို မဟုတ်ပဲနဲ့ အပေါ်ကရေမှုတ် အောက်ကမီးစာပေါ့ဗျာ။ အဲလိုမျိုးတွေလုပ်နေတဲ့အပေါ်ကိုရော ဆရာ့အမြင်ဘယ်လိုရှိလဲ၊
အင်မတန်ဝမ်းနည်းစရာကောင်းတဲ့ ကိစ္စတခုပဲ။ ဒါတွေ ဒီမိုကရေစီလမ်းကြောင်းကို သွားနေပါတယ်ဆိုတဲ့ စကားလုံး အပေါ်မှာတော့ ကျနော်တို့အနေနဲ့ သံသယဖြစ်ရလိမ့်မယ်။
မူရင်း။ ။ အံ့ဘုန်းမြတ်
Sunday, September 13, 2009
0 ဂျပန်နိုင်ငံရေးဇာတ်ခုံပေါ်က ဆာရိုနားရားဇာတ်လမ်းတစ်ပုဒ် နှင့် လူရော၊ မူပါ ပြောင်းအောင်လုပ်သည့် ရွေးကောက်ပွဲ

ဖေခင် (ကလော)
မကြာသေးခင်ကပြီးဆုံးသွားသော ဂျပန်ရွေးကောက်ပွဲသည် နိုင်ငံတကာမှ သတင်းစာဆရာများ၊ နိုင်ငံရေးသမားများနှင့် ပညာရှင်တို့၏ စိတ်ကို အဖမ်းစားနိုင်ဆုံးဖြစ်သွားသည်။အကြောင်းမှာ နှစ်ပေါင်းများစွာ (နှစ် ၅၀ခန့်) အာဏာကြီးထွားခဲ့သော လစ်ဘရယ်ဒီမို ဒီမိုကရက်တစ်ပါတီ(LDP) မှာ အတိုက်အခံ ဂျပန်ဒီမို ကရက်တစ်ပါတီ (DPJ) အား ခွက်ခွက်လန်အောင် ရှုံးနိမ့်သွားသောကြောင့်ဖြစ် သည်။ ပြောရလျှင် ဤရွေးကောက်ပွဲက ဩဇာအာဏာကြီးမားလွန်းသော နိုင်ငံ ရေးပါတီကြီးတစ်ခုအား ကန်ထုတ်လိုက်ရုံတင်သာမက ဂျပန်နိုင်ငံရေးစနစ် တစ်ခုလုံးကို အမြစ်ကနေဆွဲလှန်လိုက်သလို ဖြစ်သွားစေသည်။ ဂျပန်စကားဖြင့် ရိုးရိုးလေးပြောပါက ဆာရိုနား ရား(နှုတ်ဆက်ပါသည်) LDP ၊ ကွန်နီချီးဝါး (မင်္ဂလာပါ) DPJ ဟုဆိုရပေမည်။
ဂျပန်ဟု ဆိုလိုက်လျှင် မာန်မာနနှင့် စိတ်ထားကြီးသော၊ ကတိတည်ပြီး အလုပ်မှအလုပ်ဖြစ်နေသော လူမျိုးများ နေထိုင်ရာနိုင်ငံတစ်ခုအဖြစ်လူ သိများပါသည်။ စီးပွားရေးအရပြောလျှင်လည်း အာရှအင်အားကြီးများ စာရင်း၌ ထိပ်ဆုံးပိုင်းက ပါဝင်သူဖြစ်သည်။ ဤသို့ ထိပ်ပိတ် စာရင်းဝင်ရခြင်းမှာလည်း ၁၉၅၅ ခုနှစ်ကတည်းက စတင်ထူထောင်ခဲ့သော LDP ပါတီကြောင့်ဟု ဂျပန်မျိုး ဆက်အတော်များများက လက်ခံယုံကြည်ခဲ့ကြသည်။ ထို့ကြောင့် LDP ပါတီမှာ နှစ်ပေါင်းများစွာ ဂျပန်နိုင်ငံရေး နှလုံးအိမ်ကို ဘောလုံးကွင်းတစ်ကွင်းအလား သဘောထားကာ စိတ်ကြိုက်ကန်ခွင့်ရခဲ့သည်။ သို့သော် ယခုဩဂုတ်လကုန်ရွေးကောက်ပွဲ နောက်ပိုင်းတွင် LDP တို့ ကြိုက်သလိုကန်ခွင့်ရတော့မည် မဟုတ်ပေ။ အနီကတ်ပြသူ၊ ဂိုးဖမ်းသူ ဂျပန်ပြည်သူများက LDP အ ပေါ် သူတို့မည်မျှအတိုင်းအတာအထိ စိတ်ကုန်နေကြောင်း၊ ယုံကြည်မှုလျော့ နည်းနေပြီဖြစ်ကြောင်းကို ထုတ်ပြလိုက်သည်။ ထို့ကြောင့်ပြိုင်ဘက် DPJ မှာ ဂျပန် ပြည်သူများကချီးမြှင့်သောပန်းကုံးကြီးကို စွပ်ကာ နိုင်ငံရေးဇာတ်ခုံပေါ်သို့ ရင်ကော့ပြီးတက်ခွင့်ရလိုက်သည်။
ရွေးကောက်ပွဲရလဒ်နှင့် သတင်းများကို ဖတ်ရှုရသည်မှာ ဂျပန်နိုင်ငံသားများ မဆိုထားနှင့်။ နိုင်ငံသား မဟုတ်သူများကိုပင် များစွာ အံ့အားသင့်စေပါလိမ့်မည်။ သေချာသည်မှာ ဤရွေးကောက်ပွဲသည် သာမန်မဟုတ်သော အပြောင်းအလဲကြီး တစ်ခုဖြစ်ပေါ်စေမည်ဟု ယုံကြည်ရပါသည်။ ယခုလို ယုံကြည်ရခြင်းအတွက်လည်း ခိုင်မာသောအကြောင်းပြချက် သုံးချက်ရှိသည်။ နံပါတ်-၁ အချက်မှာ DPJ ပါတီ၏ အောင်မြင်မှု အတိုင်းအတာဖြစ်သည်။ DPJ က ဥပဒေပြုလွှတ်တော် အမတ်နေရာ ၄၈၀ ရှိသည့် တွင် ၃၀၈ နေရာအထိရရှိလိုက်သည်။ LDP ပါတီက ၁၁၉ နေရာသာ ရရှိသည်။ နံပါတ်-၂ အချက်မှာ LDP ပါတီ၏အခန်းကဏ္ဍယခုလို ရုပ်ပျက်ဆင်းပျက်အဆုံးသတ်သွားမှုသည် ဂျပန် နိုင်ငံရေးယဉ်ကျေးမှုတွင် အပြောင်းအလဲကိစ္စများ အထွတ်အထိပ်သို့ရောက်ရှိသွား သောကြောင့်ဖြစ်သည်။ နံပါတ်-၃အချက်မှာ LDP ၏ ရှုံးနိမ့်မှုသည် ဂျပန်လူမျိုးများက ပါတီကိုသာမက နိုင်ငံရေးစနစ်တစ်ခုလုံးကိုပါ အိပ်သွန်ဖာမှောက်လုပ်စေလိုသည်ကို ပြသလိုက်ခြင်းဖြစ်သည်။ ဂျပန်နိုင်ငံရေး လေ့လာသူများ၏အဆိုအရ ပြည်သူအများစုသည် LDP ပါတီကို ယခုနှစ်များအ တွင်း ယုံကြည်ချက်နည်းလာကြသည်။ အလုပ်အကိုင်ဖူလုံရေး၊ လူမှုဖူလူံရေး၊ ပင်စင်အစရှိသော ပြဿနာများကို LDP ပါတီကကောင်း စွာမဖြေရှင်းနိုင်ဟု လက်ခံကြသည်။ ပြည်သူများ၏ ဆန္ဒကို LDP ပါတီအနေဖြင့်ဖြည့် ဆည်းပေးရန်ပျက်ကွက်ရခြင်းမှာ LDP သည် ပါတီ၊ ဗျူရိုကရေစီယန္တရား၊ ဘိဇနက်ကော်ပိုရိတ်များ အင်အားကြီးထွားနိုင်ရေးသာ အချိန်ပြည့် အာရုံစိုက်ခဲ့သောကြောင့်ဟု ဆိုသည်။ LDP ပါတီလက်ထက်တွင် အလုပ်အကိုင်အခွင့်အလမ်းများ၊ ဘိဇနက်လုပ်ငန်းကြီး များအတွက် အဆင်ပြေချောမွေ့သော ဘဏ္ဍာရေးစနစ်ကောင်းအချို့နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ထွက်ခဲ့သည်။ လယ်သမားများကို အစိုးရက စရိတ်စိုက်ထုတ်ပေးသည်။ ဤသို့သော နည်းဗျူဟာကို ထုတ်သုံးပြီး ရွေးကောက်ပွဲတွင်ပြန်လည်ရွေးကောက် တင်မြှောက်ခံရအောင် LDP ကလုပ် လေ့ရှိသည်။ သို့သော် ၁၉၈၀ပြည့်နှစ် နှောင်းပိုင်းသို့ ရောက်လာသောအခါ ဂျပန်စီးပွားရေးတိုးတက်မှု နှုန်းထားမှာ တစ်စထက်တစ်စ နှေးကွေးလာသည်။ ပြည်သူလူထုမှာ ဝင်ငွေနည်းသော အ လုပ်အကိုင်ဖြင့် ရောင့်ရဲတင့်တိမ်နိုင်မှု မရှိတော့ကြောင်း၊ အဆင့်အတန်းမြင့်မားသော လူမှုဘဝနှင့် အလုပ်အကိုင်များ ကို တောင့်တလာကြကြောင်း ဂျပန်နိုင် ငံရေးသိပ္ပံပညာရှင်များက သုံးသပ်ပါ သည်။
“ဂျပန်တွေက ဆရာဝန်တွေ၊ ပရဟိတ ဂေဟာကြီးတွေနဲ့ အသင်အပြကောင်းတဲ့ စာသင်ကျောင်းတွေကို ပိုမက်မောလာကြတယ်။ တောမှာနေတဲ့သူက မြို့တက်ချင်လာကြတယ်။ အိမ်ရာကောင်ကောင်း ထူထောင်ချင်လာကြတယ်” ဟု တိုကျို တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံပါမောက္ခ ယာမာဂူချီကပြောသည်။ အစိုးရအဖွဲ့မှ ဝန်ကြီးများသည် ဗျူရိုကရက်များနှင့် ပါတီထိပ်ပိုင်းအလွှာမှ ပုဂ္ဂိုလ်များ၏ ရုပ်သေးများဖြစ်လာကာ အာဏာတည်တံ့ရေး၊ လုပ်ပိုင်ခွင့်ရရှိရေးတို့ကိုသာ အာရုံ စိုက်လာကြကြောင်း ၄င်းကပြောပါ သည်။ ဤသို့သော အနေအထားမျိုးကို ဂျပန်လူမျိုးများဆက်၍ လက်သင့်မခံချင်ကြသောကြောင့် ယခုရွေးကောက်ပွဲတွင် LDP မျက်နှာပန်းမသာတော့ခြင်း ဖြစ်ဟန်ရှိသည်။ LDP ထက် ပိုမိုပွင့်လင်းပြီး တာဝန်ယူတတ်သော အစိုးရအဖွဲ့နှင့် နိုင်ငံရေးပါတီကို ရယူလိုခြင်းလည်းဖြစ်နိုင်သည်။ လေ့လာမှုစစ်တမ်းများအရ ဂျပန်နိုင်ငံသားများ DPJ ပါတီ အကြောင်းကို ဂဃနဏမသိသေးသော်လည်း LDP ပါတီဝင်များနှင့် မူဝါဒများကို စိတ်ပျက်ငြီးငွေ့လာသောကြောင့် DPJ ကိုမဲပေးလိုကြခြင်းဖြစ်သည်။
သတင်းများအရ DPJ ခေါင်းဆောင် ယူကိုဟာတိုယားမားမှာ စက်တင်ဘာ ၁၆ ရက်နေ့တွင် ဝန်ကြီးချုပ်အဖြစ် တရားဝင်တာဝန်ယူရတော့မည်ဖြစ်သည်။ မစ္စတာ ဟာတိုယားမားအတွက် ဝန်ကြီး ချုပ်ဖြစ်သည့်အတွက် အောင်ပွဲခံနေချိန် ပင်ရမည်မဟုတ်။ ၁၉၉၀ပြည့်နှစ်ဆန်း ပိုင်းလောက်ကတည်းက တအိအိကျဆင်းလာနေသော စီးပွားရေးကိုပြန်လည် ထောင်မတ်ရန် တာဝန်များကကြိုဆိုလျက်ရှိသည်။ ဟာတိုယားမားအနေဖြင့် ပထမဆုံးလုပ်ရမည့်အလုပ်မှာ အစိုးရ အဖွဲ့ကို အလုံးစုံပြုပြင်ပြောင်းလဲရေးလုပ်ပြီး ဒီဇိုင်းအသစ်ဖြင့်လည်ပတ်ရန်ဖြစ်သည်။ ဗျူရိုကရေစီယန္တရားနှင့် အစိုးရ ဘတ်ဂျက်ကိစ္စတို့က သူ၏ ထိပ်ပိတ်အာဂျင်တာများဖြစ်လာမည်။ မဲဆွဲပွဲကာလ အတွင်းပေးထားခဲ့သည့် ကတိများအတိုင်းဆိုပါက ဟာတိုယားမား၏ ကက်ဘိနက်သည် LDP လက်ထက်ကထက် ပို၍ဩဇာကြီးမားပြီး တာဝန်သိတတ်မှု ပိုများပေလိမ့်မည်။ DPJ ပါတီက အဂတိတရားကင်းပြီး ပြည်သူလူထုအပေါ် ကျိုးနွံသော ဗျူရိုကရက်များကို မွေးထုတ် မည်ဟူသော ကတိလည်းပေးထားသေးသည်။ လေ့လာအကဲခတ်သူများ အဆိုအရ DPJ အတွက် ငယ်ရွယ်ပြီးတက်ကြွသော နိုင်ငံရေးသမားများ လိုအပ်လျက်ရှိသည်။ DPJ မှ ဗျူရိုကရက်များကို မည်သို့မည်ပုံ တက်ကြွအောင်လုပ်ပြီး စည်းဖောက်သူများကို မည်သို့ အပြစ်ပေး အရေးယူမည်ဟူသော အချက်က ဝန်ကြီးချုပ်သစ်၏ အရည်အချင်းကို မလွဲမသွေ ပြသပါလိမ့်မည်။ ကက်ဘိနက်အသစ် အတွက် အပြောင်းအလဲပြုလုပ်ရေးနှင့် ပတ်သက်ပြီး ဦးနှောက်မုန်တိုင်းထန်နိုင်သည့် အချိန်မှာ ယခုကာလမှ ဒီဇင်ဘာလအတွင်းတွင်ဖြစ်နိုင်သည်။ လက်ရှိအနေအထားတွင် ဝန်ကြီးဌာနဝန်ကြီး အသီးသီးက ၄င်းတို့၏ အသုံးစရိတ်ဘတ်ဂျက်အတွက် အစီရင်ခံစာများ တင်ထားပြီးဖြစ်သည်။ DPJ ကဘတ်ဂျက်ကိစ္စကို အနစ်တကျပြန်လည်ရေးဆွဲပြီး ယခင် LDP ပါတီလက်ထက်က အား နည်းချက်များကို အားလုံးပြောင်းလဲမည် ဟုဆိုသည်။ ယခုအချိန်သည် DPJ ပါတီခေါင်းဆောင် ဟာတိုယားမားအတွက် ယခင်အစိုးရလက်ထက်က လုပ်ခွင့်မရလိုက်သည့် ပြုပြင်ပြောင်းလဲ မှုများကို ကောင်းစွာလုပ်ပြနိုင်မည့် အချိန်ဖြစ်သည်။ သူ့အတွက်အဓိက လိုအပ်ချက်မှာ ညီညွတ်မျှတသောအုပ် ချုပ်မှုပညာသာဖြစ်သည်။
အဆုံးသတ်အားဖြင့်ခြုံပြောပါက ပြီးဆုံးသွားသော ရွေးကောက်ပွဲသည် ဂျပန်နိုင်ငံပြည်သူများနှင့် နိုင်ငံရေးလောက အတွက် “ဂ”(ဂငယ်) ကွေ့တစ်ကွေ့ကိုဖော်ဆောင် ပေးလိုက်ခြင်းဖြစ်သည်။ DPJ ၏ အောင်ပွဲကြောင့်နှစ်များစွာ သရဖူဆောင်းခဲ့သော LDP မှာ အတိုက်အခံဘဝဖြင့် ဆက်နေသွားရမည့် အခြေအနေသို့ ဆိုက်ရောက်သွားပြီးဖြစ်ပါသည်။ ဤနေရာတွင် ရွေးကောက်ပွဲနှင့်ပတ် သက်သော ယူဆချက်တစ်ချို့ကို ပြန်လည်ဆန်းစစ်ကြည့်လိုသည်။ ရွေးကောက်ပွဲများတွင် အချို့က အုပ်ချုပ်သူ လူကို ပြောင်းလဲစေပြီး အုပ်ချုပ်သည့်မူဝါဒကို မပြောင်းလဲစေလိုကြပေ။ အချို့က မူဝါဒကို ပြောင်းလဲစေလိုသည်၊ သို့သော် အုပ်ချုပ်သူ လူကိုမူမပြောင်းလဲစေလိုပေ။ ယခု ဂျပန်ရွေးကောက်ပွဲမှာ လူရော မူပါပြောင်းပစ်လိုက်သည့်ပွဲ ဖြစ်သည်ဟုဆိုပါက လုံးဝမှားမည်မဟုတ်ပါ။ ထိုသို့ လူရောမူပါပြောင်းလဲနိုင်အောင်လုပ်နိုင် သည့်အစွမ်းမှာ DPJ ရော၊ LDP တွင် ပါရှိမည်မဟုတ်ပါ။ ဤအစွမ်းသည် စနစ်ဟောင်း၊ အကျင့်ဟောင်းများကို ရိုးအီငြီးငွေ့နေသော ပြည်သူများတွင်သာ ရှိသည်ကို ဂျပန်နိုင်ငံသားများက ဖော်ကျူးလိုက်ခြင်းပင်ဖြစ်သည်။ ဆာရိုနား ရား LDP ။
ဖေခင် (ကလော)
http://existencemediagroup.com/?p=195r\မှ
0 ကိုညီညီအောင်အတွက် လွှတ်တော်အမတ်စိုးရိမ်
အမေရိကန်နိုင်ငံသား ကိုညီညီအောင် (ခေါ်) ကိုကျော်ဇောလွင် အဖမ်းခံရတဲ့အပေါ်မှာ မေရီလန်း ပြည်နယ်က အောက်လွှတ်တော်အမတ် Christ Van Hollen က စိုးရိမ်မကင်း ဖြစ်နေကြောင်း မနေ့က ပြောဆိုလိုက်ပါတယ်။ မြန်မာအာဏာပိုင်တွေက ရန်ကုန်လေဆိပ်အဝင်မှာ ကိုညီညီအောင်ကို ဖမ်းဆီးခဲ့တာနဲ့ ပတ်သက်လို့ သူနေထိုင်တဲ့ အမေရိကန် ပြည်ထောင်စု မေရီလန်းပြည်နယ်က အောက်လွှတ်တော်အမတ် Christ Van Hollen ဆီကို သူငယ်ချင်းမိတ်ဆွေတွေက ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ အကြောင်းကြားခဲ့ပြီး အလျင်အမြန် စုံစမ်းပေးဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။
ဒါနဲ့ ပတ်သက်ပြီး အောက်လွှတ်တော်အမတ်ရုံးက တယ်လီဖုန်းနဲ့ မနေ့က အကြောင်းပြန်ခဲ့တယ်လို့ ကိုညီညီအောင်ရဲ့မိတ်ဆွေ မဝါဝါက ပြောပါတယ်။
မဝါဝါ။ ။“သူတို့အနေနဲ့ ဒီစာကို ရရချင်းမှာ တကယ်ကို သူတို့ စိုးရိမ်ပါတယ်။ နောက်ပြီးတော့ သူတို့အနေနဲ့ ဒီကိစ္စကို လွှတ်တော်က စိတ်ဝင်စားတဲ့ ကိစ္စအခုအနေနဲ့ သတ်မှတ်ထားပါတယ်။ သတ်မှတ်ပြီးတော့ ရန်ကုန်မှာရှိတဲ့ ACS ကိုလည်း သူတို့ ထပ်ပြီးတော့ ပြောပြီး ဒီကိစ္စကို အတတ်နိုင်ဆုံး အမြန်ဆုံး ဆောင်ရွက်ပေးဖို့ သူတို့လုပ်ထားပါတယ်ဆိုတာကို ကျမကို အကြောင်းပြန်လာတာ ဖြစ်ပါတယ်”
ရန်ကုန်မှာရှိတဲ့ အမေရိကန်သံရုံးက အာဏာပိုင်တွေဆီမှာ စုံစမ်းထားတယ်ဆိုပေမယ့် ပုဂ္ဂိုလ်ရေးဆိုင်ရာလုံခြုံမှုဥပဒေအရ ကိုညီညီအောင် ကိစ္စနဲ့ပတ်သက်ပြီး အများသိအောင် ထုတ်ပြန်ကြေညာဖို့ မရှိဘူးဆိုတဲ့ အကြောင်းပြန်ကြားချက်အပေါ် မဝါဝါက အခုလို တုန့်ပြန်ပြောဆိုပါတယ်။
မဝါဝါ။ ။“သူတို့အနေနဲ့ အမေရိကန်သံရုံးကနေပြီးတော့ မြန်မာနိုင်ငံမှာရှိတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနကို ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ အကြောင်းကြားမယ်။ အကြောင်းကြားပြီးလို့ရှိရင် သူတို့အနေနဲ့ ဒီလူတယောက်ကို တွေ့နိုင်ခွင့် ဆိုတဲ့ဥစ္စာကို သူတို့က ထပ်ပြီးတော့ တောင်းဆိုရတယ်။ တောင်းဆိုတဲ့အခါမှာ မြန်မာအာဏာပိုင်များအနေနဲ့ ခွင့်ပြုမှသာ သွားပြီးတော့တွေ့ခွင့်ရှိတယ်။ ဟိုဘက်က ဘာမှ ပြန်ပြီးတော့ အကြောင်းမကြားဘူးဆိုရင် ဘာမှ လုပ်လို့မရဘူး။ အဲဒီအတွက်ကြောင့် အခုလို စုံစမ်းစစ်ဆေးနေတဲ့အခါမှာ မြန်မာ အာဏာပိုင်များအနေနဲ့ ဘာမှ ပြန်ပြီး အကြောင်းမကြားတဲ့အတွက်ကြောင့် သူတို့အနေနဲ့ ဘာသတင်းမှ ထုတ်ပြန်ပြောကြားခွင့် မရှိသေးဘူးလို့ Privacy Act ကို ကျမနားလည်ပါတယ်”
ကိုညီညီအောင်ကို ဘယ်နေရာမှာ ထိန်းသိမ်းထားသလဲဆိုတာ မိသားစုဝင်တွေအနေနဲ့ အခုချိန်ထိ စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။
သတင်း။ ။RFA
Saturday, September 12, 2009
0 ဦးဝင်းတင် ပြန်လွတ်လာပြီ
ချင်းမိုင် (မဇ္ဈိမ) ။ ။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်ကို ညနေ ၄ နာရီတွင်ပင် သတင်းရဲတပ်ဖွဲ့က ပြန်လည် လွှတ်ပေးလိုက်ပြီ ဖြစ်သည်ဟု စုံစမ်း သိရှိရသည်။
မနက်က လာရောက်ဖမ်းဆီးသွားခဲ့သော ရန်ကင်းမြို့နယ် ကျောက်ကုန်းရပ်ကွက် တပင်ရွှေထီလမ်းရှိ နေအိမ်သို့ပင် ရဲက ပြန်လည် ပို့ဆောင်ပေးခြင်း ဖြစ်သည်။
ရန်ကုန်တိုင်း သတင်းရဲတပ်ဖွဲ့က နံနက် ၁၀ နာရီခန့်တွင် အသက် ၈၀ အရွယ် သြဇာတိက္ကမရှိ အန်အယ်ဒီ ခေါင်းဆောင် လက်ရှိနေထိုင်ရာ ငယ်သူငယ်ချင်း ဦးအုန်းထွန်း၏ နေအိမ်သို့ လာရောက်၍ ”အနည်းငယ် မေးမြန်းစရာ ရှိသည်” ဆိုကာ အောင်သပြေ စစ်ကြောရေးစခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။
လာရောက် ခေါ်ဆောင်သည့်အချိန်တွင် ဦးဝင်းတင်၊ အိမ်ရှင် ဦးအုန်းထွန်းနှင့် အခြား မိတ်ဆွေ တဦးတို့ ရှိနေကြသည်။
နှလုံးခုန်စက် ထဲ့ထားရသူ သတင်းစာ ဆရာဟောင်းကြီးသည် ဝါရှင်တန်ပို့စ် သတင်းစာတွင် စက်တင်ဘာလ ၉ ရက်နေ့က An 'Election' Burma's People Don't Need မြန်မာလူထုတို့ မလိုသည့် ရွေးကောက်ပွဲ ဟူသော ခေါင်းစဉ်ဖြင့် စစ်အစိုးရက ကျင်းပမည်ဆိုသော ၂၀၁၀ ရွေးကောက်ပွဲကို ကန့်ကွက်ကြောင်း ဆောင်းပါး တပုဒ်ကို ရေးသားခဲ့သည်။
စစ်အစိုးရက အငြင်းပွားဖွယ်ရာ အခြေခံဥပဒေကို လူ ၁ သိန်း ၃ သောင်းကျော် သေကြေခဲ့သော နာဂစ်မုန်တိုင်း တိုက်ပြီးခါစတွင် အတည်ပြုပြီး ဆက်လက်၍ ရွေးကောက်ပွဲလုပ်ရန် စီစဉ်ထားသည်။
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန်နှင့် စစ်အစိုးရနှင့် အတိုက်အခံ ခေါင်းဆောင်တို့ တွေ့ဆုံဆွေးနွေးရန် ဦးဝင်းတင်က တောက်လျောက် တောင်းဆိုထားသည်။
သူ၏ နိုင်ငံရေး ယုံကြည်ချက်ကြောင့် အကျဉ်းထောင်ထဲတွင် ၁၉ နှစ်ကျော် နေခဲ့ရပြီး ၂၀၀၈ ခု နိုဝင်ဘာလကမှ လွတ်မြောက်ခဲ့သူလည်း ဖြစ်သည်။
အနစ်နာခံ စွှန့်လွှတ်ဝံသူဟု လူငယ်များအကြားနှင့် စစ်အစိုးရ အရာရှိအချို့ကပင် အသိအမှတ်ပြုခံရသူ ဦးဝင်းတင် ထောင်မှ လွတ်မြောက်လာသော အခါတွင် အိမ်ငှား၍ မရရန် အာဏာပိုင်များက နှောက်ယှက်မှုများ ပြုလုပ်ခဲ့ခြင်းနှင့် ကြုံခဲ့ရသည်
တကိုယ်ရေသမားဖြစ်သူ ဦးဝင်းတင်က ငှားလို၍ စုံစမ်းသော အိမ်များ၏ အိမ်ရှင်များကို အာဏာပိုင်များက သတိပေးမှု ပြုလုပ်သဖြင့် ငှားလိုသူများ လက်တွန့်သွားကြသည်။
0 အတော်ရှော်တဲ့မြန်မာနိုင်ငံရဲတပ်ဖွဲ့
သတင်း။ ။ လမ်းလျှောက်သတင်းထောက်
အင်းစိန်ရဲစခန်းအ၀င်ဝမှာဆိုင်းဘုတ်၃ခုရှိတယ်။အဲ့ဒီကဆိုင်းဘုတ်တခုမှာဗျာအတော်ရှက်ဖို့ကောင်းတယ်မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုအင်္ဂလိပ်လိုရေးတော့MyanmarPoliceForceဖြစ်ရမှာကိုဗျာ...ဘယ်လိုရေးထားတာလဲဆိုတော့ Dictionaryထဲမှာတောင်မတွေ့ဘူးသေးတဲ့စာလုံးနဲ့MyanmaPoliceFroceတဲ့ကောင်းရော တကယ်ပြောတာနော်..ဓာတ်ပုံကရဲစခန်းအ၀င်စကြီးမှာဆိုတော့ရိုက်ဖို့မလွယ်လို့မရိုက်ဖြစ်သေးလို့လွတ်ရင်ရိုက်ပြီးပို့လိုက်ပါ့မယ် မြင်ရတာအတော်ဆိုးတယ်ဗျာမသိလို့မဟုတ်ဘူးနော်..စာလုံးပေါင်းမှာတာကို သိတဲ့လူအတော်များများက အင်းစိန်ရဲမှုးဦးယုမောင်လားယုနွယ်လားမသိဘူးသွားပြော ပြီးသားပြင်ကိုမပြင်တာဗျာ......ဂရုမစိုက်ဘူးပေါ့ နိုင်ငံခြားသားတွေသာမြင်ရင်တော့...အတော်ရှော်တဲ့မြန်မာနိုင်ငံရဲတပ်ဖွဲ့လို့မှတ်ချက်ပေးမှာဘဲ......
0 ဗိုလ်ချုပ်အောင်ဆန်းနှင့် ဘာသာရေး
ဗိုလ်ချုပ်အောင်ဆန်းဆိုတာ ဗမာပြည်လွတ်လပ်ရေးရအောင် သတ္တိရှိမူ၊ရဲရင့်မူ၊ပြတ်သားမူတွေနှင့်အတူ ပြည်သူတွေကို အလွန်လေးစားပြီး ဗမာ့တပ်မတော်ကြီးကိုယ်လည်း စတင်တည်ထောင်သွားခဲ့သည့် အာဇာနည်ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်၊ ဗိုလ်ချုပ်က တိုင်းသူပြည်သားတွေအပေါ်မှာဖြစ်စေ သူတည်ထောင်ခဲ့တဲ့ စစ်တပ်ပေါ်မှာဖြစ်စေ သနားကြင်နာမှု အပြည့်အ၀ရှိခဲ့တာဆိုတာ ဗိုလ်ချုပ်သမိုင်းဟာ ကမ္ဘာ့သမိုင်းမျက်နှာပြင်မှာ လှပနေဆဲပါ၊၊
ဗိုလ်ချုပ်အောင်ဆန်း အခုလိုမျိုး ခေါင်းဆောင်ကောင်း ဖြစ်လာရခြင်းမှာ ဗိုလ်ချုပ်ကိုမွေးခဲ့တဲ့ နတ်မောက်က လက်ဦးဆရာတော်နှင့် မိဘတွေရဲ့ ဗီဇတွေက အခြေခံပါတယ်၊ အောင်ဆန်းဟာ ထောင်စခန်းကိုမကြောက်၊ ပြည်သူတွေ အမှောင်ကြနေတာကြောင့် နယ်ချဲ့ကို ဗြောင်ကျကျ ပြောဆိုတတ်သလို၊တိုက်ပွဲကိုယ်လည်း ကြောက်နေသူတော့ မဟုတ်ပါဘူး၊
တိုင်းပြည်လွတ်လပ်ရေးရအောင် တိုက်ပွဲကာလမှာ ဗိုလ်ချုပ်နဲ့အတူ သံဃာတော်တွေ ပါခဲ့သည်ကို သမိုင်းဓာတ်ပုံတွေက အထင်ရှားရှိခဲ့ပါသည်၊ မန္တလေး ရဟန်းပျိုက လွတ်လပ်ရေးလည်း ရနေပြီ သံဃာ့အဖွဲ့တွေ ဖျက်မည်ဟု သံဃာတွေက ပြောတဲ့အခါ ဗိုလ်ချုပ်အောင်ဆန်းက သံဃာ့အဖွဲ့တွေ မဖျက်ရန် ဆက်လက်ရှိသင့်တဲ့ အကြောင်းနှင့် တိုင်းပြည်အတွင်းမှာ သံဃာ့အဖွဲ့ အမှန်တကယ်လိုအပ်ကြောင်း အထူးလျှောက်ထားခဲ့တာတွေရှိပါတယ်၊၊
တိုင်းပြည်ရဲ့ ခေါင်းဆောင်ကောင်းဆိုတာ အမျှော်အမြင်ကြီးမားမူနှင့်အတူ သံဃာ့အဖွဲ့တွေ ရှင်သန်အောင်သာ ဆောင်ရွက်ပေးခဲ့တာပါ၊ ဗိုလ်ချုပ်က ဗုဒ္ဓဘာသာဆိုပေမဲ့ ဘာသာအားလုံးကို တန်းတူလေးစားတာပါ၊ တိုင်းပြည်လွတ်လပ်ရေးရတော့ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာ လုပ်မယ်လို့ အစည်းဝေးလုပ်တဲ့အခါမှာ ဗိုလ်ချုပ်က လက်မခံဘဲ ပယ်ခဲ့တာရှိပါတယ်၊ ဒါတွေဟာ ညီမျှမူ တန်းတူ ရည်တူ သဘောနှင့် ဒီမိုကရေစီဆိုတဲ့ အနှစ်သာရကို ဖော်ဆောင်သွားခဲ့တာပါ၊၊
ဗိုလ်ချုပ်ဟာ ဘာသာရေးသမားအမည်ခံပြီး ပိတ်ဖြူပတ် ရွေတဂုံ တက်ဖို့အချိန်မရှိဘဲ၊ တိုင်းပြည်လွတ်လပ်ရေးအတွက်သာ တစိုက်မတ်မတ် လုပ်ခဲ့တဲ့ အတွက် တိုင်းပြည်ရှိ ဆရာတော် သံဃာတော်များကလည်း ဗိုလ်ချုပ်ကို ချစ်ကြပါတယ်၊ တိုင်းပြည်မှာ အများစုက ဗုဒ္ဓဘာသာကို ကိုးကွယ်ယုံကြည်သလို ဗိုလ်ချုပ်ကိုယ်တိုင် စာဖတ်၊စာရေးတာ ၀ါသနာပါတာကြောင့် ဘာသာရေးစာပေတွေကို ဖတ်ဖြစ်မယ် ဆိုတာ ယုံကြည်ပါတယ်၊ ဒါကြောင့် ဗိုလ်ချုပ် မိန့် ခွန်းတွေ အချိုက ဘုရားဟောတွေကို ကိုးကားသွားတာတွေ ရှိပါတယ်၊
ဗိုလ်ချုပ်ဟာ ရိပ်သာဝင်တရားထိုင်ဖို့ ဘုရားဝင် ပုတီးစိတ်ဖို့ အချိန်မရခဲ့ပါဘူး၊ တော်လှန်းရေးကို ဆင်နွဲနေသည့် လူငယ်အောင်ဆန်းဘ၀ကို အားလုံးက မြင်ရောင်ကြည့်ပါ၊
သို့သော်လည်း စာဖတ်လို့သိတဲ့ ဘာသာရေးအသိကို ဗိုလ်ချုပ်က လက်တွေ့ကျကျ ပြည်သူတွေကို သတ်ခဲ့တာမရှိ၊ ပြည်သူတွေရဲ့ စည်းစိမ်အိုးအိမ်ကို ခိုးယူတာမရှိ၊ မော်ဒယ် ကောင်မလေးတွေကို ငွေးပေးပြီး စော်ကားခဲ့တာလည်းမရှိ၊ကတိမတည်သစ္စာမရှိတဲ့ မုသားစကားလည်း ပြည်သူကို မလှဲ့ဖျားခဲ့ဘူး၊ ဒါတွေဟာ ဗုဒ္ဓဘာသာရဲ့ အရိမ်ကြောင့် ဗိုလ်ချုပ်ရဲ့ လုပ်ရပ်တွေကို ပြည်သူတွေက လက်ခံသလို ကြည်ညိုလေးစားကြတာပါ၊၊
ဗုဒ္ဓဘာသာ ဟုတ်မဟုတ်ဆိုတာက အလုပ်က သက်သေပြတာပါ၊ ဘာသာရေးအသိနှင့် အကျင့်တရား ဗိုလ်ချုပ်က တထပ်တည်း ကျအောင် လုပ်ကိုင်သွားတာကို မြင်အောင် ကြည့်စေချင်ပါတယ်၊ ဗိုလ်ချုပ်အောင်ဆန်းဟာ မိရိုးဖလာ ဗုဒ္ဓဘာသာ အဆင့်မျိုးမဟုတ်ဘူး၊ သာသနာကိုကြည်ညိုလေးစားနဲ့ နှလုံးသားနှင့် ဘုရားကိုဖက်၊သံဃာကို အသက်တမျှ မြတ်နိုးကိုးကွယ် လူထုကိုယ်တော့ လွတ်မြောက်အောင် ဦးဆောင်သွားခဲ့သူပါ၊ အတ္တအကျိုးထက် အများအကျိုးကို ဆောင်ရွက်တဲ့ လုပ်ဆောင်ချက်တွေဟာ သာမာန်မဟုတ် တကယ်ကိုယ်ပဲ အသက်ပေးတိုက်ပွဲဝင်ခဲ့ရတယ်ဆိုတာ တိုက်ပွဲကို ကြုံဖူးသူတိုင်း ပိုနားလည်မှာပါ၊၊
လူသာမာန်တို့ လုပ်နိုင်ခဲ့တဲ့ အလုပ်ကို ဗိုလ်ချုပ် လုပ်သွားခဲ့သည်မို့ ဗိုလ်ချုပ်ဟာ သူတော်စင် အစစ်ပါပဲ၊
အရှင်စန္ဒောဘာသာစာရ
အတွင်းရေးမှူး
သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့ချုပ်
နယူးယောက်
0 တစ်နှစ်အရွယ် ကလေး ကိုယ်ဝန်ဆောင်
မနေ့က ရုပ်မြင်သံကြား ထဲမှာ တရုတ်နိုင်ငံက တစ်နှစ်အရွယ် မိန်းခလေးဟာ ကိုယ်ဝန်ရှိနေတယ်ဆိုတာ ကြည့်လိုက်ရတယ်။ ဒါနဲ့ဘဲ အင်တာနက်ပေါ်မှာ တက်ပြီး ရှာဖွေကြည့်တော့ တွေ့လို့ ဖော်ပြလိုက်ပါတယ်။
Mengru Kang ဆိုတဲ့ တစ်နှစ်အရွယ် ကောင်မလေးက အမွှာပူး ယောက်ျားလေးနှစ်ယောက်ကို ကိုယ်ဝန်လွယ်ထားတယ်လို့ သိရပါတယ်။ တစ်နှစ်သမီးလေးက ကိုယ်ဝန်လွယ်ထားတယ်ဆိုတဲ့ အကြောင်းကိုသိလိုက်ရတဲ့အချိန်မှာတော့ တရုတ်နိုင်ငံက ဆေးဖက်ဆိုင်ရာ လောက မှာတော့ တော်တော်အံ့သြတုန်လုပ်သွားကြပါတယ်။ Mengru Kang ရဲ့ဗိုက်ဟာ ဘာဖြစ်မှန်းမသိ တဖြည်းဖြည်းကြီးလာတော့ ဆေးရုံခေါ်သွား ပြီး ဓါတ်မှန်ရိုက်ကြည့်တဲ့အခါမှာတော့ ဆရာဝန်က ထူးဆန်းစွာနဲ့
သူမကိုယ်ဝန်ရှိတယ် ဆိုတာသိလိုက်ရပါတယ်။ လွယ်ထားရဲ့ကိုယ်ဝန်ကလည်း ယောက်ျားလေး အမွှာပူးဖြစ်နေပါတယ်။ ဆရာဝန်ကတော့ သူမကို ကိုယ်ဝန်ဆောင်နေတဲ့အချိန်မှာ နောက်ထပ်မျိုးအောင်လာတဲ့ သူ့မိဘနှစ်ပါးရဲ့ သန္ဓေသားဟာ သူမရဲ့ဝမ်းထဲဝင်ပြီး ကြီးလာတာဖြစ်တယ် လို့ဆရာဝန်ကပြောပါတယ်။ ဒါဟာ အလွန့်အလွန်ဖြစ်ခဲတဲ့ဖြစ်ရပ်ပါ လူအယောက် ၅သိန်း မှာမှတစ်ယောက်တောင်ဖြစ်ခဲတဲ့ဖြစ်ရပ်ဖြစ်တယ်။ မွေးဖွားမဲ့အချိန်ကြရင်တော့ နာကျင်စွာနဲ့ခွဲမွေးရပါလိမ့်မယ်လို့ ဆက်လက်ပြောကြားသွားပါတယ်။ ဒါထက်ပိုပြီး သူမဝမ်းဗိုက်ဟာ ပိုပြီးကြီးလာမှာဖြစ်ပါတယ်။ အကြောင်းကတော့ ဝမ်းဗိုက်ထဲက သန္ဓေသားကဆက်လက်ကြီးထွားနေလို့ဘဲဖြစ်ပါတယ်။ ဆရာဝန်တွေကတော့ သူမဟာ အောင်မြင်စွာ မွေးဖွားနိုင်လိမ့်မယ်လို့ ယုံကြည်နေကြသလို အခုဆိုရင် သူမကလဲ ဝမ်းထဲက သူ့မရဲ့ အမွှာမောင်လေးနှစ်ယောက်ကို ခွဲမွေးဖို့အတွက် စောင့်နေကြတယ်လို့သိရပါတယ်။
သတင်း။ ။ စိန်ပန်းပြာ
0 ၆၆ နှစ်မြောက် ဦးခွန်ထွန်းဦးမွေးနေ့ကို ရှမ်းလူငယ်များကျင်းပ
နွယ်လေး။(network media group)
နှစ်ရှည်ထောင်ဒဏ်ကျခံနေရသည့် ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦး ၆၆ နှစ်ပြည့် မွေးနေ့ဆုတောင်း ပွဲကို ထိုင်းနိုင်ငံ ရှမ်းလူငယ်အဖွဲ့က ကျင်းပပြုလုပ်ခဲ့သည်။ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချူပ် ဥက္ကဌ ဦးခွန်ထွန်းဦး မွေးနေ့ဆုတောင်းပွဲကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ၀တ်ထကရဒတ် ဘုန်းကြီးကျောင်းတွင် ရှမ်းလူငယ် အဖွဲ့အစည်း Shan Youth Committee (SYC) မှ ယနေ့ နံနက်တွင်ပြုလုပ်သည်။
မွေးနေ့ ဆုတောင်းပွဲသို့ တက်ရောက်သည့် (SYC) မှ နန်းယိင်းစံက “ဒီနေ့ဟာ ကျမတို့ ခေါင်းဆောင်ရဲ့မွေး နေ့ တစ်ရက်ဖြစ်တယ်ဆိုတာကျမတို့ အားလုံးကသိနေတယ်ဆိုတော့ အားလုံးကိုဖိတ်ခေါ်ပြီး ဆုတောင်း ပွဲ ပြုလုပ်ခဲ့တာဖြစ်တယ်။ သူကို ကျန်းမာရေးကောင်းမွန်စေဖို့နဲ့ အမြန်ဆုံးလွတ်မြောက်စေဖို့အတွက် ဆုတောင်းကြပါတယ်။” ဟုပြောသည်။
ပူတာအိုထောင်တွင်း ထိန်းသိမ်းခံနေရသည့် ဦးခွန်ထွန်းဦး၏ ကျန်းမာရေး အခြေအနေနှင့် ပတ်သက်ပြီး အခမ်း အနားတွင် ရှမ်းသံတော်ဆင့်သတင်းစဉ် အယ်ဒီတာ ဦးခွန်စိုင်းက ယခုလို ရှင်းပြသည်။
“လောလောဆယ် ကျန်းမာရေးပိုင်းနဲ့ ပတ်သက်ပြီး မိုးတွင်းမှာ တော်တော်ပြဿနာ ပေါ်တယ်။ မိုးမကျ ခင်တုန်းကတော့ အပြင်မှာ လမ်းလျှောက်နိုင်တာပေါ့။ ခုက လေ့ကျင့်ခန်း တွေ ဘာတွေ မရှိပဲ ထောင် ခန်းထဲမှာ နေရတယ်။သူ့အာရုံကြောတက်တဲ့ရောဂါတွေ နားတဘက်ကလဲ မကြားသလိုဖြစ်နေတယ်။ ဆေး တာ့စားတယ် ဘယ်လောက်ထိရောက်မယ် မသိဘူး။”
မွေးနေ့ဆုတောင်းပွဲတွင် ရှမ်းကော်မတီ အဖွဲ့စည်းများမှ သံဃာတော်များကို ဆွမ်းကပ် တရားနာပြီး ဦးခွန်ထွန်းဦး အပါအ၀င် အကျဉ်းကျခံနေရသည့် ရှမ်းတိုင်းရင်းသား ခေါင်းဆောင် များကို ရည်စူးပြီး ဆုတောင်းပေးခဲ့သည်။
ဆုတောင်းပွဲ အခမ်းအနားသို့ ရှမ်းအဖွဲ့စည်းနှင့် သတင်းမီဒီယာသမားအပါအ၀င် လူ ၅၀ ကျော် တက်ရောက် သည်။ ရှမ်းလူငယ်များသည် ခွန်ထွန်းဦးမွေးနေ့ ဆုတောင်းပွဲကို လွန်ခဲ့သည့် ၂၀၀၅ ခုနှစ်မှ စပြီး နှစ်စဉ်မပြတ် ပြုလုပ်ခဲ့သည်။
ယနေ့ ၆၆ နှစ်မြောက် ခွန်ထွန်းဦးမွေးနေ့အခမ်းအနားကို ရှမ်းပြည်နယ်ဒေသအချို့ နှင့် ရန်ကုန်မြို့တွင် လည်း ကျင်းပသည်ဟု သိရသည်။
ဦးခွန်ထွန်းဦးသည် ၂၀၀၅ ခုနှစ် နိုဝင်ဘာတွင် မြန်မာစစ်အစိုးရက နိုင်ငံတော် ပုန်ကန်မ စွပ်စွဲချက်များနင့် ပူတာ အို ထောင်တွင် ထောင်ဒဏ် ၉၃ နှစ် အကျဉ်းကျခံနေရ သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချူပ် ဥက္ကဌ စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးစုများ မဟာမိတ်အဖွဲ့ သဘာပတိ အဖွဲ့ဝင်ဖြစ်သည်။
ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ်၏ အထွေထွေအတွင်းရေးမှူး ဦးစိုင်းနွတ် ခေါ် ဦးစိုင်းညွန့်လွင်အား ထောင် ၈၅ နှစ်၊ အပစ်ရပ်စဲထားသော ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) မှ ဗိုလ်ချူပ်ဆေထင်အား ထောင် ၁၀၆ နှစ် နှင့် အခြား ရှမ်းပြည်နယ်မှ နိုင်ငံရေးခေါင်ဆောင်များအား ၇၅ နှစ်စီ အသီးသီး ချမှတ်ခံခဲ့ရသည်။
0 Singapore banks reject Myanmar junta cash report
DBS Group Holdings and Oversea-Chinese Banking Corp (OCBC) said in separate statements late Thursday that there was no truth in the report by EarthRights International (ERI).
"ERI's report is categorically untrue and without basis," a DBS spokesperson said in the brief statement. A spokesperson from OCBC also rejected the report.
EarthRights International had said in a report released on Thursday that energy giants Total and Chevron were propping up the Myanmar military regime with a gas project that allowed the junta to stash almost five billion US dollars in the two Singaporean banks.
The report said the junta had kept the revenues earned from the project off the national budget and stashed almost all of the money offshore with DBS and OCBC.
"Total and Chevron's Yadana gas project has generated 4.83 billion dollars for the Burmese regime," one of the reports said, adding that the figures for the period 2000-2008 were the first-ever detailed account of the revenues.
"The military elite are hiding billions of dollars of the peoples' revenue in Singapore while the country needlessly suffers under the lowest social spending in Asia," said Matthew Smith, a principal author of the report.
French energy giant Total has also rejected the report, saying the document was riddled with errors and false interpretations.
- AFP/so
http://www.channelnewsasia.com/
1 ကြက်ခြေနီတပ်ဖွဲ့ဘာတွေလုပ်နေလဲ
ကျနော် ငယ်စဉ် ကာလက ဗဟိုရုပ်ရှင် (ယခု သတင်းရုပ်ရှင်) မှ ပြသသော မြန်မာနိုင်ငံကြက်ခြေနီ အသင်း သတင်းကား ကို ကြည့်ရှုပြီး ပရဟိတ လူမှုရေး လုပ်ငန်းတွေမှာ ပါဝင်လိုသောကြောင့် (၈) တန်းရောက်တော့ ကျောင်းရဲ့ ကြက်ခြေနီအသင်း ကို ဝင်ခဲ့ပါတယ်။ ကျနော် (၉၊ ၁၀) တန်းကျောင်းသား ဘဝ တုံးက ဇာတိ မော်လမြိုင်မြို့ တစ်ဝိုက်ဟာ အညိုရောင် နယ်မြေ ဖြစ်ခဲ့ရပါတယ်။ ပြည်ပြေးအဖွဲ့ တွေ က မော်လမြိုင်မြို့ ပေါ်မှာ လည်းကောင်း မြိုအနားမှာ လည်းကောင်း ဗုံးထောင်ခြင်း၊ လူစုလူအုပ်ထဲ ဗုံးခွဲခြင်း ပြုလုပ်ခဲ့ကြပါတယ်။ ကျနော် (၁၀) တန်း ပထမနှစ် အောင်စာရင်း မထွက်ခင် ကာလ (မေလ လို့ထင်ပါတယ်) တစ်နေ့ မုတ္တမမြို့ ရှိ ရထားဘူတာ ၌ ကုန်တင်ကုန်ချ အလုပ်သမားတွေ အကြား လက်ပစ်ဗုံး (ဘယ်နှစ်လုံးလဲတော့ မမှတ်မိတော့ပါ) ပေါက်ကွဲမှု ဖြစ်ခဲ့သဖြင့် အပြစ်မဲ့သူ ကုန်တင်ကုန်ချ အလုပ်သမား များ သေကြေဒဏ်ရာရခဲ့ကြတယ်။ ဒဏ်ရာရ လူနာများ ကို မော်လမြိုင်မြို့ ဆေးရုံကြီး ကို သယ်ဆောင် လာခဲ့ကြပါတယ်။ ကျနော် နှင့် သူငယ်ချင်း ထိုသတင်းကို ကြားတာနဲ့ မော်လမြိုင် ဆေးရုံကြီး ကို သွားခဲ့ကြပါတယ်။ ကျနော် တို့ ကျောင်းမှ အခြားသော ကြက်ခြေနီအသင်းဝင် များ နှင့် တွေ့ပြီး တာဝန်လွှဲယူခဲ့ပါတယ်။ ကျနော် နေသော ပန်းဘဲတန်းရပ် မှ အိမ် က ဆေးရုံကြီး နှင့် တော်တော်နီးပါတယ်။
ဆေးရုံ ရောက်ရောက်ခြင်း မြင်တွေ့လိုက်ရတာကတော့ ဆေးရုံ ကုတင်တွေပေါ်မှာ သွေးတွေ အလိမ်းလိမ်းလူးနေတဲ့ အပြာရောင် အင်းကျီဝတ် ဘူတာ ကုန်တင်ကုန်ချ အလုပ်သမားတွေ။ ဒဏ်ရာပြင်းထန်လွန်းလို့ အော်ငြီးသံတွေ၊ သွေးအညှီနံ့တွေ၊ သူတို့ ရဲ့ ဆွေမျိုးသားချင်းများ ရဲ့ ပူပင် သောကရောက်နေတဲ့ ပုံပန်းတွေ၊ အားလုံးဟာ အနိဌာရုံတွေပါ။ နေ့လည်နေ့ခင်း က ဖြစ်ခဲ့ရတာမို့ ညနေစောင်းတော့ လူနာတွေ နှင့် သူတို့ ရဲ့ ဆွေမျိုးသားချင်းတွေ ညနေစာ စားဖို့ အခက်အခဲ ရောက်နေတာမို့၊ ပန်းဘဲတန်း၊ ကျားတံတား၊ ထားဝယ်စု၊ သိမ်ကုန်း အရပ် တွေမှ ကြက်ခြေနီ အသင်းဝင် ကျောင်းသူတွေ က ရပ်ကွက်ထဲ ထမင်းထုတ် တွေ ကို သွားအလှူခံလာခဲ့ပေးပြီး ဒဏ်ရာမပြင်းထန်တဲ့ လူနာများ၊ လူနာတွေ ရဲ့ ဆွေမျိုးသားခြင်းတွေ ကို ကျွေးမွေးပေးခဲ့ကြပါတယ်။ ကျနော်တို့ ကျောင်းသားတွေက လူနာတွေ ကို ဓါတ်မှန်ရိုက်ဖို့ ထမ်းစင်ဖြင့် သယ်ယူပေးခြင်း၊ သွေးပုလင်းတွေချိန်ဆွဲဖို့ ပြင်ဆင်ခြင်း စသည်ဖြင့် ဆရာဝန်များ၊ သူနာပြုများ ကို ကူညီပေးခဲ့ကြပါတယ်။ ကျနော်တို့ရဲ့ လက်တွေမှာ သွေးတွေ ပေကျန်ခဲ့တယ်။ သွေးညှီနံ့တွေ စွဲရစ်ခဲ့တယ်။ ဆရာဝန်တွေ ပြသလို့ လူနာတွေ ရဲ့ ခန္ဓာကိုယ်ထဲ မှာ ဝင်ရောက်နေတဲ့ ဗုံးအစအန တွေ ကို အဖြူရောင် အစက်အပျောက်များ အဖြစ် လူနာများ ရဲ့ ဓါတ်မှန်တွေမှာမြင်ခဲ့ရတယ်။
နောက်တစ်နှစ် (၁၀) တန်း ကို ဒုတိယ အကြိမ် ဖြေဆိုအပြီး မေလ အတွင်းမှာပဲ ကျုံဒိုး မှ မော်လမြိုင် ကိုလာတဲ့ သင်္ဘော လမ်းတစ်ဝက်မှာ ကေအင်ယူများ က မြစ်ကမ်းဘေး မှ လောင်ချာ၊ သေနတ်တွေနဲ့ ဝိုင်းပစ်တာကိုခံခဲ့ရပါတယ်။ နေ့ခင်းက ဖြစ်ခဲ့ပြီး အပစ်ခံရတဲ့ သင်္ဘော ကို အမှတ် (၄) တံတား မှာ ဆိုက်ကပ်စေပြီး၊ သေဆုံးသူများ၊ ဒဏ်ရာ ရသူများကို အထက်လမ်း အတိုင်း ဆေးရုံကြီး ကို သယ်ဆောင်သွားခဲ့ကြပါတယ်။ နေ့ခင်း ထိုသတင်း ကို ကြားကြားခြင်း ဈေးကြီး၊ ရွှေတောင်ရပ်၊ စစ်ကဲကုန်းရပ် တို့မှ ကြက်ခြေနီ အသင်းဝင် ကျောင်းသူကျောင်းသားများ အမှတ် (၄) တံတား ကို လာကြပြီး သေဆုံးသူများ၊ ဒဏ်ရာရ လူနာများ ကို ဆေးရုံကြီး ကို အခေါက်ခေါက် အခါအခါ ပို့ပေးကြလို့ သူတို့ရဲ့ ကိုယ်တွေမှာလည်း သေဆုံးသူများ၊ ဒဏ်ရာရ သူများ မှ သွေးတွေ စွန်းပေခဲ့ပြီး သွေးညှီရနံ့တွေ စွဲကျန်နေတယ်။
သူငယ်ချင်း တစ်ယောက် ပြောပြတာကတော့ လောင်ချာ ထိသွားလို့ သင်္ဘော ခေါင်မိုး ဟာ ချိုင့်ဝင်သွားတယ်။ သင်္ဘောကြမ်းပြင် မှာကတော့ သင်္ဘောစောင်းရင် သွေးတွေဟာ ရေလိုပဲ တစ်နေရာ ကနေ တစ်နေရာ ကို စီးနေတယ်။ သွေးချောင်းစီး တယ်ဆိုတာ အဲဒီတုံးကပါ။ ခေါက်ထီး အနက် တွေဟာ သွေးတွေကြောင့် အနီရောင်ပြောင်းကုန်ုတယ်တဲ့။ သင်္ဘော ကို အစောင့်လိုက်လာတဲ့ ရဲသား တစ်ဦး ကတော့ လောင်ချာ ဒဏ်ကြောင့် ရင်ဘတ် ကို ပွင့်ထွက်နေပြီး အထဲက ကလီစာ တွေ ကိုထွက်နေတယ်။ အဲဒီလိုမျိုး ရုပ်ပျက်ပြီး သေနေတဲ့ သူတွေ ကို ကြက်ခြေနီ အသင်းဝင် ကျောင်းသားတွေ နဲ့ လူမှုဝန်ထမ်း စိတ်ဓါတ်ရှိတဲ့သူတွေ က လက်နဲ့ ကို ကိုင်တွယ်ပြီး ဆေးရုံကို သယ်ဆောင်ပေးကြတယ်။ ဒဏ်ရာရ လူနာတွေ ကို ကျောင်းကြက်ခြေနီ ထမ်းစဉ်တွေပေါ် တင်ပြီး ဆေးရုံကို ပို့ခဲ့ကြတာ၊ ကျနော် တို့ အမှတ် (၅) အထက ကျောင်း ကြက်ခြေနီ အသင်းပိုင် ထမ်းစဉ် (၂) ခု ကို ရေနဲ့ ဘယ်လောက် ဆေးဆေး သွေးကွက်တွေ မပျောက်လို့ လွှင့်ပစ်ခဲ့ရပါတယ်။
ကျနော် ညနေ (၃) နာရီကျော် မှ သတင်းရလို့ ဆေးရုံ ကို ရောက်တော့ ဒဏ်ရာရ လူနာတွေ အတွက် ဆေးရုံ ကုတင်တွေ တောင် မလောက်လို့ ဆေးရုံ ကြမ်းပြင်ပေါ်ထား ထားရတာတွေ ကို တွေ့ခဲ့ရတယ်။ လူနာတွေ မှာ သွေးစွန်းနေတဲ့ ပတ်တီး၊ သွေးစွန်းနေတဲ့ အဝတ်အစား၊ အော်ဟစ်ညီးညူသံတွေ၊ ဆွေမျိုးသားခြင်းတွေ ရဲ့ အော်ဟစ်ငိုနေသံများ က တော့ နှစ်ပေါင်း (၃၅) နှစ်ကြာခဲ့ပေမဲ့ မမေ့နိုင်သေးပါ။ ထုံးစံ အတိုင်းပဲ ကြက်ခြေနီ အသင်းဝင် ဆရာမများ၊ ကျောင်းသူများ က ရက်ကွပ်ထဲမှာ ထမင်းထုတ်တွေ ကို လိုက် အလှူခံပေးခဲ့ပါတယ်။ ထိုနေ့ ကတော့ ဒဏ်ရာရသူတွေ များလွန်းလို့ ရပ်ကွက်များမှ စေတနာရှင်တွေ ဆေးရုံအထိ ထမင်းထုတ်တွေ ကို (၃) ရက် ဆက်တိုက်လာပို့ပေးကြတယ်။ ထိုနေ့မှာ လည်း ကျနော့် ရဲ့ လက်မှာ သွေးစွန်းပေခဲ့သလို သွေးအညှီနံ့တွေလည်း စွဲကျန်ရစ်ခဲ့တယ်။
မော်လမြိုင်မြို့ ပေါ်မှ ကြက်ခြေနီ အသင်းဝင် အထက ကျောင်းသူကျောင်းသား များရဲ့ လူမှုလုပ်ငန်း ဆောင်ရွက်ချက်တွေပါ။ ကျနော် လည်း ကိုယ်တိုင်ပါဝင်ခဲ့ပါတယ်။
(၁၀) တန်း ပထမနှစ် ဘဝ တုန်းက မိုးတွင်းကာလမှာ ယူဘီအေ လေယဉ်တစ်စင်း သံတွဲ လေယဉ်ကွင်း မှ တက်တက်ခြင်း ပင်လယ်ထဲ ပျက်ကျသွားခဲ့တယ်။ ရက်အတော်ကြာမှ သေဆုံးသူများ ရဲ့ ရုပ်အလောင်းများ ကမ်းစပ်သောင်ကမ်း မှာ လာတင်နေတာ သံတွဲမြို့မှ ကြက်ခြေနီ အသင်းဝင် များ က မရွံရှာ လက်အိတ်မျှပင် မပါပဲနှင့် ပုတ်ပွနေသော ရုပ်အလောင်းများ ကို သယ်ယူပြီး ဆေးရုံကို ပို့ပေးခဲ့လို့ သူတို့ ကို နိုင်ငံတော်မှ ထိုက်ထိုက်တန်တန် ဂုဏ်ပြုခဲ့တာ ကို ထိုကာလ က ထုတ်ဝေတဲ့ သတင်းစာ၊ စာစောင်များ မှာ ပြန်လည်လို့ ဖတ်ရှုနိုင်ပါသေးတယ်။
ဒါတွေဟာ ကြက်ခြေနီ အသင်းဝင် များရဲ့ ကောင်းကွက်တွေပါ။
မော်လမြိုင်ကောလိပ် က ဘွဲ့ရပြီး ရန်ကုန် မှာ ဘွဲ့လွန် အတန်း လာတက်တုန်း နွေရာသီကျောင်းပိတ်တော့ အိမ်ပြန်လာခဲ့စဉ်ကာလ က အဖြစ်အပျက်တစ်ခု ကို သတိရမိတယ်။ သင်္ကြန်အကျနေ့ ... မော်လမြိုင်မြို့် ရဲ့ထုံးစံ အတိုင်း သင်္ကြန်အကျနေ့ ဆိုရင် ခလေးတွေ နဲ့ လူငယ်တွေ တစ်ချို့ပဲ ရေကစားကြပါတယ်။ အိမ်ထဲမှာ စာဖတ်နေတုံး လမ်းမပေါ်မှာ ဝီစီသံ တရွှီးရွှီး ညံနေတယ်။ အော်ဟစ်သံတွေကြားရလို့ထွက်ကြည့်မိတယ်။ အကြောင်းကတော့ နို့ဆီခွက် နဲ့ ရေပက်မိတဲ့ လူငယ်လေးတွေ ကို ဆယ်ကျော်သက် အရွယ် ကြက်ခြေနီ တွေ က လိုက်ဖမ်းနေတယ်။ ကိုင်း ကောင်းကြသေးရဲ့လား။ လူမှုဝန်ထမ်း လုပ်ရမဲ့ ကြက်ခြေနီ လူဆိုးဖမ်းတဲ့ ရဲ အလုပ် ကိုလုပ်နေကြတယ်။ နို့ဆီခွက် နဲ့ ခွက်စောင်းခုတ် ပြီး ရေကစားတဲ့ ကလေးတွေ လိုက်ဖမ်းရတာ ကြက်ခြေနီ အသင်းဝင်၊ တပ်ဖွဲ့ဝင် တွေ ရဲ့ အလုပ် လားလား မှ မဟုတ်။
ကျနော် ဘန်းကျော် နဲ့ ဝေးနေတာ နှစ်ပေါင်းကြာနေပြီ။ အင်တာနက် ကနေ ဖတ်လိုက်ရတဲ့ သတင်းစာ ထဲမှာ တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနား မှာ ကြက်ခြေနီ တပ်ဖွဲ့ ဝင်တွေများ ကလည်း စစ်ကြောင်း ပုံစံဖြင့် ချုပ်ချုပ် မင်းတရားကြီး ကို ချီတက် အလေးပြု ကြတယ်ဆိုပါလား။ အမ်အေ သေနတ်တွေ ကို လွယ်ပြီးတော့များ စစ်ကြောင်း ပုံစံနဲ့ ချီတက်နေကြပြီလား။ (ကျနော် ဓါတ်ပုံတွေ ကိုတစ်ခါမှ မတွေ့ဖူးပါ။) ကျော်မကောင်း ကြားမကောင်း ဘာတွေ လုပ်နေကြတာလဲ။ ကြက်ခြေနီ ဆိုတာ လူမှုရေးလုပ်ငန်း ကို ဆောင်ရွက်ဖို့ ဆိုတဲ့ ရည်ရွယ်ချက် နှင့် ဖွဲ့စည်းထားတဲ့ လူမှုဝန်ထမ်း အဖွဲ့အစည်း တစ်ခုပါ။ လက်နက်စွဲကိုင်ပြီးတော့ ရန်သူကို တိုက်ခိုက် ရတဲ့ တပ်ဖွဲ့ တစ်ခု မဟုတ်ပါလေ။ ကြက်ခြေနီအသင်း စတင် ပေါ်ပေါက်လာတာ ကရိုင်းမီးယား စစ်ပွဲ ကြောင့်ပါ။ ရန်သူ မိတ်ဆွေ မရွေး ဒုက္ခရောက်သူတိုင်း ကို ကယ်ဆယ်၊ ကူညီပေးဖို့ပါ။ တပ်မတော်နေ့ မှာ စစ်ကြောင်းတွေ ပါဝင်ကြတဲ့ နိုင်ငံတော် ကာကွယ်ရေး အတွက် တာဝန်ရှိကြတဲ့ လက်နက်အဖွဲ့အစည်းတွေ အတွက် (ရန်သူ) ဆိုတာရှိတယ်။ ကြက်ခြေနီအသင်း အတွက် (ရန်သူ) ဆိုတာ မရှိပါ။
၂၀ဝ၇ ခုနှစ် မတ်လ (၂၇) ရက်နေ့ မှာ မြဝတီစစ်ကြောင်း နဲ့ တပ်ချုပ်ကြီး ကို ချီတက် အလေးပြုခဲ့ကြတဲ့ ကြက်ခြေနီ တပ်ဖွဲ့ဝင်တွေ မေလ (၂) ရက်နေ့ မှာ နာဂစ်မုန်တိုင်းကြီး ဧရာဝတီတိုင်း ကို ဝင်ရောက် ဖျက်ဆီးသွားခဲ့တုန်း က ဘယ်ရောက်နေကြသလဲ။ အမောင် ကြက်ခြေနီအသင်းဝင် တွေ မုန်တိုင်းဒဏ်ကြောင့် သေသွားကြတဲ့ လူသေ အလောင်းတွေ ကို မကောက်ချင်ကြတော့ဖူးလား၊ စားစရာမရှိ အတိ ဒုက္ခရောက်နေတဲ့ နာဂစ် မုန်တိုင်းဒဏ်ခံ မြစ်ဝကျွန်းပေါ်ဒေသ မှ သွေးချင်းသားချင်းတွေ အတွက် စားစရာတွေ ဝေငှပေးချင်တဲ့ ဆန္ဒ မရှိကြပေဖူးလား။ တောနယ် ဒေသ ကျေးရွာ တွေ ကို မဆင်းချင်ကြပေဖူးလား။ မြို့ပေါ်မှာ သာ ဇိမ်ကျကျ နေချင်ကြပေလားမသိပါ။
အဆိုတော် ဝင်းဦး နှင့် မာမာအေး တို့ ဆိုခဲ့ကြတဲ့ ကြက်ခြေနီ သီချင်း တွေကို ပြန်လည် ကြားယောင်နေမိတာကတော့ (ကျေးရွာ အရောက် ဒို့ခရီးပေါက်ရမည် ... ကြက်ခြေနီ)။
မှားတာရှိရင် ခွင့်လွှတ်ကြပါ။
koluchaw