ကျနော်တို့ Generation Wave (မျိုးဆက်သစ်လူငယ်များအစည်းအရုံး) မှသီချင်း ၇ ပုဒ်ပါခွေတစ်ခွေကိုရေးစပ်သီဆိုပြီးဖြန့်ချီမျှဝေလိုက်ပါသည်။
အချို့သောအခက်အခဲများကြောင့်နောက်ကျပြီးမှဖြန့်ဝေနိုင်ခြင်းကိုခွင့်လွှတ်နားလည်ပေးပါရန်လည်း မေတ္တာရပ်ခံအပ်ပါသည်။
သီချင်းများကိုနားဆင်ရန်အတွက်အောက်ပါလင့်များ၌ download လုပ်၍နားဆင်နိုင်ပါသည်။
Our Generation Wave released one album including 7 songs. We do apologize for the delay caused in distributing. All the songs can be download at from the following links;
1.) http://www.mediafire.com/?4odmz3ttuaa (နိုးထကြလော့)
2.) http://www.mediafire.com/?gzonjmynweo (တစ်ဆယ်)
3.) http://www.mediafire.com/?dnyyywvnjfd (အမေ ၆၄)
4.) http://www.mediafire.com/?nnmyxz3yei1 (အခြေအနေများ)
5.) http://www.mediafire.com/?4ggimrnkzim (မာရ်နတ်အိမ်)
6.) http://www.mediafire.com/?gjwthkjgmjm (တိုက်)
7.) http://www.mediafire.com/?kzndm3j2niu (ခွင့်ပြုတော့မေမေ)
Best Regards,
Generation Wave
www.generation-wave.blogspot.com
Friday, October 9, 2009
0 Generation Wave (မျိုးဆက်သစ်လူငယ်များအစည်းအရုံး) မှသီချင်း ၇ ပုဒ်ဖြန့်ချီ
0 ရဲချုပ်ခင်ရီ ဓာတ်ပုံဟောင်းများ သတင်းစာတွင် ဖော်ပြ
စက်တင်ဘာ ၂၉ ရက်နေ့က မြန်မာနိုင်ငံ ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီ သန်လျင်မြို့နယ် ရဲစခန်းတွင် ရိုက်ကူးထားသောပုံကို ယနေ့ထုတ် သတင်းစာများတွင် ဖော်ပြလိုက်သည်။ အောက်တိုဘာ ၁ တွင် ရိုက်ကူးထားသော ပုံကိုလည်း အောက်တိုဘာ ၆ တွင် ဖော်ပြထားသည်။ ဗိုလ်မှူးချုပ်ခင်ရီသည် ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ခေါင်းဆောင် အပြောင်းအလဲကာလတွင် စစ်ဆေးမေးမြန်းခြင်း ခံရသည်၊ ရာထူးမှ အနားပေးခံရသည်ဟူသော သတင်းများလည်း ထွက်ပေါ်ခဲ့သည်။ ထိုသတင်းများနောက်ပိုင်းတွင် သူ၏ ဓာတ်ပုံဟောင်းများကို သတင်းစာတွင် ဖော်ပြနေခြင်း ဖြစ်သည်။ (ဓာတ်ပုံ - ကြေးမုံသတင်းစာ)
မူရင်း။ ။ မိုးမခ
0 တရားလက်မဲ့ဖမ်းဆီးနှိပ်စက်နေမှုအားကန့်ကွက်ထားတဲ့ မြန်မာနိုင်ငံရှေ့နေများကောင်စီရဲ့ ထုတ်ပြန်ကြေငြာချက်
Thursday, October 8, 2009
0 ကွန်ပျူတာသုံးဘာသာပြန်စနစ် ဗားရှင်းအဆင့်မြှင့်
အင်္ဂလိပ်စာဝါကျအသုံးများကို မြန်မာဘာသာသို့ပြန်ဆိုပေးနိုင်သော ဆော့ဖ်ဝဲတစ်ခုဖြစ်သည့် Windows Myanmar Translate ကို အီလက်ထရောနစ် အမျိုးသားအဆင့်လုပ်ငန်းအဖွဲ့အောက်ရှိ ကွန်ပျူတာသုံးမြန်မာဘာသာပြန်စနစ် အကောင်အထည်ဖော်ရေးအဖွဲ့မှ ထပ်မံဖြန့်ဝေမည်ဖြစ်ကြောင်းသိရ သည်။ ဆော့ဖ်ဝဲကို free ပေးသွား မည်ဖြစ်ပြီး ယခင်က beta version ကိုပြန်လည်မွမ်းမံပြီး version 1.0 ကိုထုတ်လုပ်ဖြန့်ချိခြင်းဖြစ်သည်။ ယခင် beta version တွင်ဘာသာ ပြန်စနစ်၏ အချို့သော ချို့ယွင်းချက်များကို ပြန်လည်ပြင်ဆင်ပြီး အကောင်းဆုံး အသုံးပြုနိုင်ရန် ထုတ်လုပ်ပေးလိုက် ခြင်းဖြစ်သည်။ Windows Myanmar Translate 1.0 ကို internet website ပေါ်မှတဆင့် အခမဲ့ဒေါင်းလုပ် လုပ်ရယူသွားနိုင်မည်ဖြစ်ကြောင်းသိရသည်။ ဆော့ဖ် ၀ဲလ်ကိုစက်တင်ဘာလ ၂၈ရက်နေ့ သို့မဟုတ် ၂၉ရက်နေ့များတွင်စတင် ဖြန့်ချိနိုင်မည်ဖြစ်ကြောင်းသိရသည်။
Windows Myanmar Translate 1.0 သည် Windows Version များဖြစ်သည့် XP, Vista တို့တွင်အသုံးပြုနိုင်ပြီး အနိမ့်ဆုံး .net 2.0 ကိုအထောက်အပံ့ပေးနိုင်သော Windows OS များ၌အသုံးပြုနိုင်မည်ဖြစ်သည်။ ကွန်ပျူတာအ တွင်းတွင် fort စနစ်လိုအပ်ချက်များအပြင် unicode 5.1, myanmar 3, my myanmar ကဲ့သို့သော unicode အဆင့်ရှိသည့် မြန်မာဖောင့်များကို ရွေးချယ်ပြောင်းလဲအသုံးပြုနိုင်မည်ဖြစ်သည်။ ဆော့ဖ်ဝဲလ်၏ database အတွင်းတွင် စာလုံးအရေပေါင်း တစ်သိန်းနီးပါးထည့်သွင်းပေးထားပြီး စာကြောင်းတစ်ခုကိုဘာသာပြန်ခိုင်းပါက ဘာသာပြန်ချိန်မှာလည်း လျှင်မြန်စေနိုင်မည်ဖြစ်သည်။ ဆော့ဖ်ဝဲလ်အတွင်းတွင် အဘိဓါန်အဖြစ်အသုံးပြုနိုင်သောစနစ်များ၊ စာလုံးပေါင်းစစ်ပေးနိုင်သော spelling check စနစ်ကိုလည်း ထည့်သွင်းပေးထားသည်။ ယခင်ကဘာသာပြန်ရာတွင် အစီအစဉ်မကျဖြစ်ခဲ့သည်ကိုလည်းအကောင်း ဆုံးဖြစ်အောင်ပြန်လည်ပြုပြင်ပေး ထားခဲ့သည်။ မြန်မာစာပြန်ဆိုမှုစနစ် ကိုသတ်မှတ်ရာတွင်ပညာရှင်များ နှင့်ဆွေးနွေးပြီးအကောင်းဆုံးအဖြစ် နိုင်ဆုံးစာလုံးများကိုရွေးချယ်အသုံး ပြုရခြင်းဖြစ်ကြောင်းသိရသည်။ Windows Myanmar Translate 1.0 ကို download လုပ်၍ ထည့်သွင်းလိုပါက http://www.myanmarnlp.org.mm/တွင် အလွယ်တကူဝင်ရောက်ရယူ နိုင်ကြောင်းသိရသည်။
မူရင်းသတင်း - http://www.worldwidemyanmar.com/
Wednesday, October 7, 2009
0 မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံအား Paris city hallမှာ ချိတ်ဆွဲဂုဏ်ပြု
အဖမ်းဆီးခံနေရသော မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံအားဒီကနေ့ ပြင်သစ်နိုင်ငံရှိ နံမည်ကျော်Paris city hallမှာ ချိတ်ဆွဲဂုဏ်ပြုထားပြီး ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး အတွက် တိတ်ဆိတ်သောတောင်းဆိုဆန္ဒပြမှုကို ပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။
“မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ လူ့အခွင့်အရေး ချိုးဖောက်မှု ဒဏ်တွေကို နှစ်ရှည်လများ ခါးဆီးခံခဲ့ရသူ တယောက်ပါ။ စစ်အစိုးရရဲ့ တဖက်သတ် ဥပဒေမဲ့ ဖမ်းဆီးမှုကို ခံနေရသူ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်အကျယ်ချုပ် အယူခံကို ပယ်ချလိုက်တာဟာ ၂၀၁၀ ခုနှစ် ကျင်းပမယ့် ရွေးကောက်ပွဲကို လူအများ လက်ခံယုံကြည်အောင် ကျင်းပလိုတဲ့ဆန္ဒ မရှိဘူးဆိုတာ စစ်အစိုးရဘက်က ပြသလိုက်တာပါ။ “
Tuesday, October 6, 2009
0 နအဖခေါင်းဆောင်ကြီး သန်းရွှေနှင့် မိသားစုအား ဗုဒ္ဓဘာသာအဖြစ်မှ ထုတ်ပယ်ကာ သာသနာဖျက် မိစ္ဆာဒိဋ္ဌိအဖြစ် သတ်မှတ်လိုက်ခြင်း။
ပြည်တွင်းပြည်ပ သိမ်အသီးသီးတွင် ပတ္တနိက္ကုဇ္ဇနကမ္မ၀ါရွတ်ဆို၍ အောင်မြင်စွာ သပိတ်မှောက် နိုင်ခြင်းနှင့် န.အ.ဖ စစ်အုပ်စုတွင် တာဝန်အရှိဆုံး ဦးသန်းရွှေအား ဗုဒ္ဓဘာသာအဖြစ်မှ ထုတ်ပယ်ကာ သာသနာဖျက် မိစ္ဆာဒိဋ္ဌိအဖြစ် သတ်မှတ်သည်။
သံဃာတော်အရှင်သူမြတ်များဘုရား -
န.အ.ဖ စစ်အုပ်စုသည် ၁၉၉၀ ပြည့် ပထမအကြိမ် ပတ္တနိက္ကုဇ္ဇနကမ္မ၀ါစာရွတ်ဆို၍ သတိပေး တားမြစ်ပါသော်လည်း ၀န်ချတောင်းပန်ခြင်း မရှိသည့်အပြင် ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ တိပိဋကဓရ ဆရာတော်ကြီးများကိုပင် ထောင်ချနှိပ်စက်သတ်ဖြတ်ခဲ့ပါသည်။
၂၀၀၇ ခုနှစ် စက်တင်ဘာလတွင် ဒုတိယအကြိမ် ပတ္တနိက္ကုဇ္ဇနကမ္မ၀ါစာရွတ်ဆို၍ သတိပေး တားမြစ်ပါသော်လည်း ၀န်ချတောင်းပန်ခြင်း မရှိသည့်အပြင် ကျောင်းတိုက်ပေါင်း ၆၀ ကျော်ကို သူပုန်စခန်းစီးသလို ၀င်စီးကာ သေနတ်နှင့်ပစ်သတ်၊ ၀ါးရင်းဒုတ်နှင့် ရိုက်သတ် အတင်းအဓမ္မဖမ်းဆီး ခေါ်ဆောင်သွားကာ ထောင်ချနှိပ်စက်နေသည့်အတွက် ၂၀၀၉ ခု အောက်တိုဘာလ ၃ရက် သီတင်းကျွတ်လပြည့် ပ၀ါရဏာနေ့တွင် ပြည်တွင်း၊ ပြည်ပသိမ်အသီးသီး၌ တတိယအကြိမ် ပတ္တနိက္ကုဇ္ဇန ကမ္မ၀ါစာရွတ်ဆိုကာ အောင်မြင်စွာ သပိတ်မှောက် နိုင်ခဲ့ပါသည်။
န.အ.ဖ စစ်အုပ်စုတွင် တာဝန်အရှိဆုံးဖြစ်သော ဦးသန်းရွှေသည် ဗုဒ္ဓဘာသာဝင်မှန်ပါက သံဃာတော်များ တောင်းဆိုထားသော အချက်ကို လိုက်နာရမည် ဖြစ်ပါသည်။ ယခုအခါ မလိုက်နာသည့်အပြင် ဆက်လက်၍ ဖမ်းဆီး၊ ထောင်ချ၊ နှိပ်စက်၊ ညှင်းပမ်း၊ သတ်ဖြတ်နေသည့်အတွက် ဦးသန်းရွှေ+ဒေါ်ကြိုင်ကြိုင်နှင့် သူ၏မိသားစုတစ်ခုလုံးအား ဗုဒ္ဓဘာသာအဖြစ်မှ ထုတ်ပယ်လိုက်သည်။ ဦးသန်းရွှေအား သာသနာကို ဖျက်ဆီးနေသော မိစ္ဆာဒိဋ္ဌိ အဖြစ် သတ်မှတ်လိုက်သည်။
နိုင်ငံတော်ကို အသက်ပေးကာကွယ်စောင့်ရှောက်ရန် တပ်မတော်သို့ ၀င်ရောက်လာကြသော တပ်မတော်သားများအား အထူးမေတ္တာရပ်ပါသည်။
ဦးသန်းရွှေသည် နိုင်ငံတော်ကို အသက်ပေးကာကွယ်ရမည့် ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ထားခဲ့သော တပ်မတော်ကို မိမိအာဏာအတွက် အသုံးချကာ သာသနာတော်ကို ဖျက်ဆီးနေသော၊ နိုင်ငံတော်ကို ဖျက်ဆီးနေသော၊ ပြည်သူရွံမုန်းသော တပ်မတော်ကြီးဖြစ်အောင် ဖန်တီးနေပါသည်။ သို့ပါ၍ သာသနာကိုဖျက်၊ နိုင်ငံတော်ကို ဖျက်ဆီးနေသော မိစ္ဆာဒိဋ္ဌိ ဦးသန်းရွှေအား တပ်မတော်မှ ဖယ်ရှားပေးပါရန် တိုက်တွန်းနှိုးဆော်ပါသည်။
ပြည်သူပြည်သားများအား အထူးမေတ္တာရပ်ပါသည်။
မြတ်စွာဘုရားရှင်၏ ၀ိနည်းဥပဒေနှင့်အညီ ပတ္တနိက္ကုဇ္ဇနကမ္မ၀ါရွတ်ကာ သပိတ်မှောက်ထားပါ၍ ၀ိနည်းကံကို လေးစားလိုက်နာခြင်းမရှိသော သံဃာတော်များကို ပစ္စည်းလေးပါး လှူဒါန်းခြင်း မပြုကြပါရန်နှင့် အလှူခံ၍ ၀ိနည်းဥပဒေချိုးဖေါက်ကာ န အ ဖ စစ်အုပ်စုခိုင်းတာ မှန်သမျှလိုက်လုပ်နေသော သံဃာတော်များ၏ ဘွဲ့အမည်၊ မိဘအမည်၊ ကျောင်းအမည်၊ နေရပ်လိပ်စာ အပြည့်အစုံ ရေး၍ ပို့ပေးကြပါရန် တိုက်တွန်းနှိုးဆော်ပါသည်။ န အ ဖ ခိုင်းတာမှန်သမျှ အကုန်လိုက်လုပ်နေသော အလိုတော်ရိ စစ်ဗိုလ်၊ မ ယ က၊ ရ ယ က၊ ကြံ့ဖွတ်၊ စွမ်းအားရှင် စသည့် ပုဂ္ဂိုလ်များ၏ အမည်၊ နေရပ်လိပ်စာအပြည့်အစုံကို အောက်ပါ အီးမေးလ်သို့ ပို့ပေးကြပါရန် တိုက်တွန်းနှိုးဆော်ပါသည်။ ( evillists@gmail.com ) ။
သံဃာတော်များသည် မိမိသာသနာအတွက် နိုင်ငံအတွက် အသက်တွေ ဘ၀တွေ စတေးကာ ထောင်ကျနှိပ်စက်ခံနေကြရပါသည်။ သာသနာ့အာဇာနည်သံဃာတော်များ လွတ်မြောက်ရေးသည် သံဃာတော်များအားလုံးနှင့် ပြည်သူလူထုတစ်ရပ်လုံးတွင် တာဝန်ရှိပါသည်။
သို့ပါ၍မိမိမြို့၊ ရွာရှိ ထင်ရှားသော ဘုရားစေတီပုထိုးများသို့ စုပေါင်းညီညာသွားရောက်ကာ သံဃာတော်များ လွတ်မြောက်ရေးအတွက် သရဏဂုံသုံးပါး ရွတ်ဆိုခြင်း၊ ငါးပါးသီလဆောက်တည်ခြင်း၊ မေတ္တာသုတ်များ ရွတ်ဆိုခြင်း၊ တရားထိုင်ခြင်း နှင့် မိမိပြုသောကုသိုလ်များကို သစ္စာအဓိဋ္ဌာန်ပြုကာ ဆုတောင်းအမျှဝေခြင်းများ ပြုလုပ်ပေးကြပါရန် တိုက်တွန်းနှိုးဆော်ပါသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုသမဂ္ဂနှင့် သံဃာသာမဂ္ဂီအဖွဲ့ ။
Sunday, October 4, 2009
1 နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးဖို့ ဂျပန်နိုင်ငံတိုက်တွန်း
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံးကို ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမတိုင်ခင် ပြန်လွှတ်ပေးဖို့ ဂျပန် နိုင်ငံခြားရေးဝန်ကြီး မစ္စတာအိုကားဒါးက မြန်မာစစ်အစိုးရကို မနေ့က တိုက်တွန်းလိုက်ပါတယ်။
မဲခေါင်ဒေသ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးက မြန်မာစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းနဲ့ သီးခြား တွေ့ဆုံစဉ်မှာ အခုလို ပြောခဲ့တာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို ရွေးကောက်ပွဲမှာ ပါဝင်ခွင့်ပေးသင့်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ပြောတဲ့အခါမှာ မြန်မာစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းက ရွေးကောက်ပွဲမှာ ဘယ်သူမဆို ပါဝင်နိုင်တယ်လို့သာ ပြန်လည်ဖြေကြားပါတယ်။
ဆက်လက်ပြီး ဂျပန်နိုင်ငံခြားရေးဝန်ကြီးက အမေရိကန်အစိုးရအနေနဲ့  မြန်မာစစ်အစိုးရနဲ့ တွေ့ဆုံဆွေးနွေး ညှိနှိုင်းဖို့ နည်းလမ်းရှာဖွေနေတာကို မြန်မာစစ်အစိုးရဘက်ကလည်း ပြန်လည်သင့်မြတ်ရေး လမ်းဖွင့်ပေးဖို့ တိုက်တွန်းပြောကြားပါတယ်။ ဒါ့အပြင် မြောက်ကိုးရီးယားနိုင်ငံကနေ ညူကလီးယား နည်းပညာကို မြန်မာစစ်အစိုးရ လွှဲပြောင်းယူဖို့ ဖြစ်နိုင်ခြေရှိတာနဲ့ ပတ်သက်ပြီး ဂျပန်နိုင်ငံခြားရေးဝန်ကြီးက စိုးရိမ်ကြောင်း ပြောကြားချက်ကို ဦးဥာဏ်ဝင်းက မြန်မာစစ်အစိုးရဟာ ညူကလီးယား နည်းပညာတွေကို ငြိမ်းချမ်းစွာ အသုံးချရေးအတွက် ရုရှားနိုင်ငံရဲ့ အကူအညီကို ရယူနေကြောင်းနဲ့ မြန်မာစစ်အစိုးရအနေနဲ့ ညူကလီယားလက်နက် ထုတ်လုပ်ဖို့ မရည်ရွယ်ပါဘူးလို့ ဖြေကြားခဲ့ပါတယ်။
ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားပေမယ့်လည်း ကြေညာထားတဲ့အတိုင်း လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကို ရှေ့နှစ်မှာ ပြုလုပ်မယ်လို့ စစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းက ကတိပေးလိုက်ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံ အနောက်မြောက်ပိုင်း ဆီရမ်ရီရပ်မြို့မှာ မဲခေါင်ဒေသ ဖွံ့ဖြိုးရေး အစည်းအဝေး တက်ရောက်နေတဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းက ဂျပန်၊ ကမ္ဘောဒီးယား၊ ထိုင်း၊ လာအိုနဲ့ ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ သီးခြားတွေ့ဆုံအပြီးမှာ သတင်းထောက်တွေကို ပြောခဲ့တာပါ။ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှု ရှိ၊မရှိဆိုတာ ရွေးကောက်ပွဲပြီးမှ သိနိုင်မှာဖြစ်ပြီး အခုချိန်မှာ ဘယ်သူမှ အကဲဖြတ်လို့ မရနိုင်ဘူးလို့လည်း ဆိုပါတယ်။
စစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီးက ဒီမိုကရေစီကို ပြည်ပကနေပြီး သတ်မှတ်လို့ မရနိုင်ဘူးလို့ ပြောခဲ့ကြောင်းလည်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတွေက ပြောပါတယ်။*RFA
0 တတိယအကြိမ် ပတ္တနိက္ကုဇ္ဇန ကံဆောင် သပိတ်အား ပြည်တွင်းတွင် သံဃာအဖွဲ့ချုပ် - မြန်မာနိုင်ငံမှ အောင်မြင်စွာ ကံဆောင်ဖြစ်။
(ဓာတ်ပုံ - အောက်တိုဘာ ၃ ရက် ညနေ၊ ကမ္ဘာအေးဘုရားဝင်း၊ သိမ်တော်ကြီးအတွင်းမှာ သံဃာတော်များ စုဝေးနေတာကို တွေ့ရစဉ် - ဓာတ်ပုံ မိုးမခ)
မြန်မာပြည်တွင်းရှိ မြို့ကြီး ၉ မြို့ရှိ သိမ်များတွင် သံဃာအဖွဲ့ချုပ်- မြန်မာနိုင်ငံ အဖွဲ့ဝင် သံဃာ ၉၉ ပါးမှ ယနေ့ မွန်းလွဲ (၃) နာရီတွင် ပတ္တနိက္ကုဇ္ဇန ကမ္မ၀ါစာရွတ်ဖတ်ကာ သပိတ်မှောက်ကံဆောင် လိုက်ကြကြောင်း သတင်း ရရှိသည်။
ထို ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ် နှင့် ပတ်သက်ပြီး သံဃာအဖွဲ့ချုပ် - မြန်မာနိုင်ငံ ၏ နိုင်ငံခြား ရေးရာ တာဝန်ခံ အရှင် ပါရမီခန္တီက ယနေလုပ်ဆောင်ခဲ့ တာကို ယခုလို ပြောပြပါတယ်။ ယနေ့ မွန်းလွဲ (၃) နာရီတိတိမှာ ဦးဇင်းတို့ သံဃာအဖွဲ့ချုပ် - မြန်မာနိုင်ငံ အဖွဲ့ဝင်တွေဟာ မန္တလေး ၊ ပြင်ဦးလွင် ၊ တောင်ကြီး ၊ပုဂံ ၊လားရှိုး ၊ကျောက်ဆည်၊စဉ်ကိုင်၊စစ်ကိုင်းနှင့်မုံရွာ မြို့တွေမှာ ရှိတဲ့ သိမ်တွေမှာ သံဃာ (၁၁) ပါးစီနဲ့ ပတ္တနိက္ကုဇ္ဇန ကမ္မ၀ါစာရွတ်ဖတ်ကာ ကံဆောင် လိုက်ပါတယ်။ထိုသပိတ်မှောက် ကံဆောင်တာကို ပြင်ပမှာ ရှိတဲ့ ၊ သိမ်ထဲကို မလာနိုင်တဲ့ သံဃာတွေကလည်း စုစုစည်းစည်း၊ ညီညီညွတ်ညွတ်နဲ့ လက်ခံလိုက်တဲ့ အတွက် ကံမြောက်သွားပြီ ဖြစ်ကြောင်း မိန့်ကြားပါသည်။
ထိုပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ်ပြုလုပ်ဖို့ သံဃာအဖွဲ့ချုပ် - မြန်မာနိုင်ငံ အဖွဲ့ဝင်တွေဟာ အာဏာပိုင်များ စောင့်ကြည့်နေတဲ့ ကြားထဲက လုပ်ဆောင်ခဲ့တာ ဖြစ်ကြောင်း ၊ ယနေ့လှုပ်ရှားမှုတွင် သံဃာ တစ်ပါးမှ အဖမ်းအဆီး မခံရကြောင်း နှင့် နောက်ရက်တွေ ကစလို့ စစ်အစိုးရက သံဃာတော်တွေကို ၀န်ချတောင်းပန်သည်အထိ နောက်ဆုံး အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုကြီး ဖြစ်လာရေးအထိ ဦးဇင်းတို့ လုပ်ဆောင်သွားကြမှာ ဖြစ်သည့် အတွက် လူတိုင်းလူတိုင်း အမှန်တရားဘက်က ရပ်တည်ပြီး ၀န်းရံပေးကြရန်” ဆက်လက်မိန့်ဆိုပါသည်။
၁၉၈၈ ခုနှစ် ဒီမိုကရေစီ လူထုအုံကြွမှု အရေးတော်ပုံ၌ ကျဆုံးသွားသော အာဇာနည်များကို ရည်စူး၍ ၁၉၉၀ ခုနှစ်တွင် မန္တလေးမြို့၌ လှူဒါန်းသော သံဃာ့ဒါန ဆွမ်းလောင်းပွဲကို စစ်အစိုးရ တပ်ဖွဲ့များက ပစ်ခတ်ဖြိုခွင်းရာတွင် သံဃာတော်များ ပျံလွန်တော်မူခဲ့သဖြင့် ပထမအကြိမ် သပိတ်ဆင်နွှဲ ခဲ့သည်။
၂၀၀၇ ခုနှစ် စက်တင်ဘာ (၅) ရက်နေ့တွင် ပခုက္ကူမှ သံဃာ (၅၀၀) ကျော်က ကုန်ဈေးနှုန်း ကျဆင်းရေး၊ တိုင်းပြည်အေးချမ်းရေး တို့အတွက် မေတ္တာပို့လမ်းလျှောက်ဆန္ဒပြခဲ့ရာ နအဖစစ်အစိုးရက အကြမ်းဖက်ဖြိုခွဲခဲ့ပြီး သံဃာ (၃) ပါးကို ဓာတ်တိုင်တွင် တုပ်နှောင်ကာ ရိုက်နှက်ခဲ့သောကြောင့် သံဃာတော်များက စစ်အစိုးရကို ဒုတိယအကြိမ် ပတ္တနိက္ကုဇ္ဇနကံဆောင်ခဲ့ကြသည်။
ယခုတတိယအကြိမ် ကံဆောင် သပိတ်သည် အကျဉ်းထောင်များတွင် ဖမ်းဆီးခံထားရသော သံဃာတော်များကို အမြန်လွှတ်ပေးရန်၊ ၂၀၀၇ ခုနှစ် စက်တင်ဘာ မေတ္တာပို့ ဆုတောင်းပွဲ၌ သံဃာတော်များ အား ဖမ်းဆီးသတ်ဖြတ်ထားမှုအတွက် ယခုလ ၂ ရက်နေ့ နောက်ဆုံးထား တောင်းပန်ရန် နအဖ စစ်အစိုးရအား သတိပေးထားသော်လည်း စစ်အစိုးရမှ ၀န်ချတောင်းပန်ခြင်းမရှိသည့် အတွက် တတိယ အကြိမ် ပတ္တနိက္ကုဇ္ဇန ကံဆောင် ကြခြင်း ဖြစ်သည်။
ထို တတိယ အကြိမ် ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်ကို မြန်မာပြည်တွင်းတွင် တပြည်လုံး အတိုင်းအတာ နှင့် စစ်အစိုးရမှ သံဃာတော်တွေကို ၀န်ချတောင်းပန်သည်အထိ နောက်ဆုံး အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှုကြီး ဖြစ်လာရေး အထိ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။
(http://www.hanthawaddy.org/2009/10/blog-post_1639.html)
Sunday, September 27, 2009
0 ရင်ထဲက စက်တင်ဘာရာဇ၀င်
ကျနော်ဟာ ဧရာဝတီနဲ့ ချင်းတွင်းမြစ် မြစ်နှစ်မွှာဆုံတဲ့ အောက်ဘက်နားက ဧရာဝတီမြစ်ရဲ့ အနောက်ဘက်ကမ်း ကမ်းမြို့တော်လို့ တင်စားခေါ်ဝေါ်တဲ့ မြို့လေးကပါ။ စက်တင်ဘာ သံဃာလှုပ်ရှားမှု စတင်မြစ်ဖျားခံရာ ပခုက္ကူမြို့ ဆိုရင်တော့ လူသိပိုများမှာပါ။
ကျနော်တို့ ပခုက္ကူဟာ အရောင်းအဝယ် အချက်အခြာကျတဲ့ နေရာတခုဖြစ်တဲ့အပြင် စီးပွားရေးလည်း ဖွံဖြိုးပြီး မန္တလေးပြီးရင် ဗုဒ္ဓသာသနာ နေလိုလလို ထွန်းကားတဲ့အရပ်ပါ။ တန်ခိုးကြီး ဘုရားတွေဖြစ်တဲ့ သီဟိုဠ်ရှင်၊ ကမ္ဘာကျော် တံကဲရှိတဲ့ ရွှေကူဘုရား၊ ဖေါင်တော်ဦးနဲ့ မြစ်ကမ်းနဘေးက သာယာတင့်တယ်စွာ သပ္ပါယ်တည်ရှိနေတဲ့ ရွှေမုဋ္ဌောဘုရားတို့ဟာ ပခုက္ကူရဲ့ ကျက်သရေဆောင်တွေပါ။
စီမံသူ ဦးဘိုးလှဲ့ဆိုတဲ့ စာတန်းတွေ အများကြီးတွေ့ရတဲ့ မဟာဝိဇယာရာမ ပါဠိတက္ကသိုလ် အရှေ့တိုက်မှာ စာသင်သားသံဃာ ၆ဝဝ ကျော်၊ အင်္ဂလန်နိုင်ငံက ဂေးလက်အင်ဂျွန်စတင် လီမီတက်က လာဆောက်ပေးတဲ့ နာရီစင်ကြီးရှိတဲ့ မဟာဝိသုတာရာမ ပါဠိတက္ကသိုလ်၊ အလယ်တိုက်မှာ စာသင်သား တထောင်ကျော်၊ နောက် သာသနာ့ ဝိပုလာရာမ ပါဠိတက္ကသိုလ်လို့ခေါ်တဲ့ အနောက်တိုက်မှာ စာသင်သား ၂ဝဝ ကျော်နဲ့ သာသနာ ပြန်‹ပွားအောင် ဗုဒ္ဓသာသာနာကို လက်ဆင့်ကမ်း သယ်နေကြတဲ့ အနယ်နယ်အရပ်ရပ်က သံဃာတော် တွေစာဝါ လိုက်နေတဲ့ နေရာကြီးတွေ ရှိတယ်ဗျာ။
ဒီလို ပရိယတ်တင် မဟုတ်ဘူး၊ ပရိပတ်တွေပါ နည်းပေးလမ်းပြနေတဲ့ မိုးကုတ်ရိပ်သာလို၊ မဟာစည်ရိပ်သာတို့လို ကမ္မဌာန်း ဘဝနာ နည်းပေးတဲ့ ရိပ်သာတွေလည်း အများကြီးဗျ။ သီလရှင်တွေအတွက် စာဝါပို့ချနေတဲ့ ကျောင်းတွေလည်း အများကြီးပဲ။ ပရိယတ်ဘက်မှာ စာဝါလိုက်မယ်ဆိုရင် ပခုက္ကူ စာချနည်းကို မသင်ဘူးတဲ့ ဘုန်းကြီးဟာ ပညာစုံတယ်လို့ ဆိုမရဘူးလို့ ဆရာတော်ကြီးတွေ မိန့်ခဲ့တာ ကြားဖူးပါရဲ့။ အမရပူရ မဟာဂန္ဓာရုံဆရာတော်၊ ကျေးဇူးတော်ရှင် အရှင် ဇနကာဘိဝံသ
ကိုယ်တိုင်ရေးတဲ့ တဘဝသာသနာ ထေရုပ္ပတိမှာ ပခုက္ကူဟာ သာသနာထွန်းကားကြောင်းနဲ့ ဒကာဒကာမတွေက သံဃာတော်တွေကို ကြည်ညိုရာမှာ အထူးအားရမိကြောင်း ဖတ်ဖူးခဲ့ပါတယ်။
ဒါပေမဲ့ ဒီလိုလှတဲ့ သမိုင်းကြောင်းလေးကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ၅ ရက်နေ့က အရောင်ဆိုးခဲ့တာကတော့ အာဏာအတွက် သာသနာကွယ်ချင် ကွယ်ပလေ့စေဆိုတဲ့ စိတ်နဲ့ လုပ်ရက်ခဲ့တဲ့ ဖြစ်ရပ်တွေပဲ ဖြစ်ပါတယ်။ ဒီလုပ်ရပ်တွေကို ကျနော့် မျက်စိထဲ၊ နားထဲ ဘယ်တော့မှ ဖျောက်ဖျက်ရမှာ မဟုတ်ပါဘူး။
ကျနော်တို့ မြန်မာလူမျိုးတွေဟာ အရိုးခံစိတ်ရင်းကောင်းပြီး ခန္တီပါရမီလည်း တော်တော်ရှိကြတယ် ပြောရမလား။ မဆလ ၊ နအဖ က အကွက်ချ ဖျက်ဆီးခြောက်လှန့်ထားလို့ မနိုင်လို့ သီးခံနေကြတယ်ဆိုရမလား၊ ကျနော် ၈ တန်း က ဖြစ်ခဲ့တဲ့ ၈၈ နောက်ပိုင်း လူထုအများစုပါတဲ့ အုံကြွမှု မဖြစ်ခဲ့ဘူးဗျ။
ဖြစ်မယ့်ဖြစ်တော့လည်း သြဂုတ်လလယ်မှာ နအဖ က လောင်စာဆီဈေး အဆမတန် တက်လိုက်တော့ ရင်ထဲမှာ ကြိမ်မီးအုံးသလို ခံစားနေရတဲ့ မီးက ထတောက်တော့တာပါပဲ။
သြဂုတ်လ ၂၂ ရက်ကို တိုက်ပွဲဆင့်ခေါ်ခဲ့တဲ့ ကိုထင်ကျော်၊ လောင်စာဆီဈေး ကျဆင်းရေးအတွက် ချီတက်လမ်းလျှောက်ခဲ့တဲ့ အကိုကြီး ကိုမင်းကိုနိုင်တို့ ၈၈ ကျောင်းသားတွေ လှုပ်ရှားမှုကြောင့် ရန်ကုန်မှာ အဖမ်းခံခဲ့ရပါပြီ။ ပခုက္ကူသံဃာထုက လူထုရဲ့အခြေအနေကို သူတို့အသိဆုံးဆိုတော့ စက်တင်ဘာလ ၅ ရက်မှာ သံဃာ ၅ဝဝ ကျော်လောက် နေပူကျဲကျဲမှာ လူထုအတွက် မေတ္တာပို့ဖို့ ကျောင်းအသီးသီးကနေ ကြွချီကြပါတယ်။ ဒီအချိန်မှာ ကျနော် ဆိုင်ကယ်တစီးနဲ့ ပတ်လာတော့ တပ်မ ၁ဝ၁ က ဗျူဟာမှူးနဲ့ ခမရ ၂၃၅ က တပ်ရင်းမှူး အပါအဝင် တပ်သား ၂ဝ လောက် ပခုက္ကူမြို့လယ်လို့ ဆိုရမယ့် ဆေးရုံ ၂ ရုံအကြားက မီးပွိုင့်လမ်းဆုံမှာ ကျောချင်းကပ်ပြီး ဘုန်းကြီးတွေ အလာကို စောင့်နေတာကို အထိတ်တလန့် မြင်လိုက်ရပါတယ်။
ဒါကို မြင်လိုက်ရတဲ့ အချိန်မှာ ကျနော်ဟာ သံဃာတွေရှိတဲ့ဆီ အပြေးသွားလျှောက်တင်တော့ သံဃခေါင်းဆောင် တပါး မိန့်ကြားခဲ့တာကို အသဲထဲ စွဲနစ်ဝင်ခဲ့ရပါတယ်။
'ဒကာ ကျုပ်တို့က မေတ္တာနဲ့ ပြည်သူအတွက် မေတ္တာပို့တာ အပြစ်လား၊ သူတို့ကို မေတ္တာနဲ့ပဲ ဖြတ်ကျော်မယ်။ ဦးဇင်းတို့ မကြောက်ဘူး။ ဆက်ကြွမယ်' တဲ့။
ဘာပြောကောင်းမလဲ၊ ဘေးက လက်အုပ်ချီနေတဲ့ ပြည်သူတွေ လက်ခုပ်တီးလိုက်တာ တဖြောင်းဖြောင်းနဲ့ပါပဲ။ ပရိသတ်ကလည်း လမ်းကို ညွတ်နေတာပဲ။
သံဃာတော်တွေကလည်း ကြည်ညိုစရာ ကောင်းလိုက်တာ။ ဘုရားရှင် ရဟန်း ၅ဝဝ နဲ့ ကြွချီလာသလိုကို စိတ်ထဲမြင်ယောင်လိုက်မိတယ်။ သံဃာတန်းကြီး ကြွချီတာဆုံးမှ ကျနော်လည်း သမီးပါတာကို အမှတ်ရပြီး အိမ်ကို အပြေးပြန်ပို့ပြီး တောက်လျှောက်ပြန်လာပါတယ်။ ဒီအချိန်မှာ သေနတ်သံ ၂ ချက်လောက် ကြားတော့ ထိတ်ပြာပြီး ဦးဇင်းတွေဆီ အရောက်ပြေးတဲ့အခါ လမ်းပေါ်မှာ ဘုန်းကြီးစီးဖိနပ်တွေ ကျဲပြန့်နေပါပြီ။
စစ်သားတွေက လမ်းဘေးမှာ ရပ်ကြည့်တဲ့ လူတွေကို လိုက်ရိုက်နေပါတယ်။ အထင်းသား မြင်ရတာပါ။ ဖြစ်တဲ့နေရာက အရှေ့တိုက်နဲ့နီးတော့ အရှေ့တိုက်ထဲကို သံဃာတွေ ဝင်ပြေးကြတာပေါ့။ ဘယ်ကိုယ်တော်တွေ အဖမ်းခံရလဲ၊ ဘာတွေဖြစ်သလဲ မေးတော့ ကိုယ်တော်တပါးက ‘ဒကာရေ ... နိုင်ငံတော်သံဃနာယက အဖွဲ့ဝင် ဦးတေဇော ရောက်လာပြီး ကျူပ်တို့ကို ဒီကောင် ဖမ်းဖမ်းနဲ့ ပြောတော့ ရုန်းရင်းဆန်ခတ် ဖြစ်နေတုန်း စစ်သားတွေက ကြိုးနဲ့ ပစ်ဖမ်းတာပဲ။ ကျုပ်ကို အခု အနောက်တိုက် လိုက်ပို့စမ်းပါ။ ကျောင်းက ကျန်တဲ့ သံဃာတွေကို စိုးရိမ်တယ်’ ဆိုလို့ ဖိနပ်မပါတဲ့ ဦးဇင်းကို အနောက်တိုက် လိုက်ပို့ရပါတယ်။ လမ်းမှာ ဦးဇင်းပြောတာက ...
'ဒကာရာ ဦးဇင်းတို့က အိမ်တွေ ဝင်ထွက် ဆွမ်းခံနေတော့ ဒကာတွေ အခြေအနေ သိတယ်။ အရင်က ၅ အိမ်လောက် ဆွမ်းခံရင် ကျုပ်တို့ သပိတ်ပြည့်ပြီ။ အခု ၁၅ အိမ်လောက်ခံမှ တပါးစာ ဝ ရုံလောက်ရှိတယ်။ ကျုပ်တို့ ခေါင်းရိတ်ဖို့ ဓားတချောင်းတောင် အပိုမဝယ်နိုင်တော့ဘူးဗျာ။ ဒါ ဒကာတွေ မွဲနေပြီဆိုတာ ကျုပ်တို့သိလို့ မေတ္တာပို့ တာပါ။ ကျုပ်တို့မှာ အပြစ်ရှိသလားဗျာ' တဲ့။
မျက်ရည် မဆယ်နိုင်ဘူး။ ကျနော်က မျက်ရည်လွယ်တတ်တယ်။ ဒါနဲ့ ပြန်လှည့်လာရင်း ကျောင်းတိုက်တွေ ဝင်ကြည့်တယ်။ ဘယ်ကိုယ်တော် ပါသွားတယ်၊
ပျံတော်မူတယ်ဆိုတဲ့ ကောလာဟလ သတင်းတွေကြောင့် ဆေးရုံပြေး၊ ရင်ခွဲရုံပြေးကြည့်တယ်။ မရှိပါဘူး၊ တော်သေးတာပေါ့။ ဒါနဲ့ ကျောင်းတိုင်း လိုက်မေးတော့ ၁ဝ ပါး အဖမ်းခံရသလို ဘာလိုလိုနဲ့ ဖြစ်နေရော။ နောက် ညနေကျ ဆရာတော်ကြီးတွေကို အာဏာပိုင်ဆိုသူတွေက အလက (၃) ကျောင်းထဲ ပင့်ပြီး ဆွေးနွေးတယ်။
ဆရာတော်တွေ တောင်းဆိုမှုတွေကြောင့် ဖမ်းထားတဲ့ သံဃာတွေ ပြန်လွတ်ခဲ့တယ်။ ပြန်ကြွလာတဲ့ ဆရာတော်ကြီးကို လျှောက်ထားကြည့်တော့ ၃ ပါး အဖမ်းခံထားရတာ ပြန်လွှတ်ပေးပြီဆိုလို့ ဒီကိုယ်တော်တွေကို ဘယ်လိုနေလဲ မေးကြည့်ရတယ်။
ရေဒီယိုတွေမှာ ကာယကံရှင် ကိုယ်တော်တွေ ကိုယ်တိုင် မိန့်ခဲ့တာကို ခင်ဗျားတို့ နားထောင်ခဲ့ရင် သိမှာပါ။ ကျနော်လည်း မီဒီယာတွေမှာ အဖြစ်မှန်တွေ ပြောဖြစ်ခဲ့တယ်။
ကျနော် မခံနိုင်လွန်းလို့ တော်တော်ကို ပြောဖြစ်ခဲ့တယ်။ အဖမ်းခံ အနှိပ်စက်ခံခဲ့ရတဲ့ ဦးဇင်းတွေဖြစ်တဲ့ ဗောဓိမဏ္ဍိုင်ကျောင်းက အရှင် စန္ဒိမာ၊ အနောက်တိုက်က အရှင်ပညာစက္ကနဲ့ အရှင်ပညာနန္ဒ၊ သူတို့ ပျံတော်မမူသေးပါဘူး၊ အခု မေးရင်လည်း ရပါသေးတယ်။ သူတို့ကို နှိပ်စက်ခဲ့တဲ့သတင်းကို နိုင်ငံရေး တက်ကြွသူတွေနဲ့ မီဒီယာတွေ ပေါင်းပြီး လုပ်ကြံဖန်တီးတယ်ဆိုတာ နအဖ က ပြောခဲ့တယ်။ ဟုတ်၊ မဟုတ် လှမ်းမေးကြည့်လေ။
ဦးဇင်းတွေက ကြံ့ဖွံ့အတွင်းရေးမှူး လှဝင်းနိုင်က ‘ဟိုထဲမှာ ၂ ကောင်ပုန်းနေတယ်၊ ဖမ်းဖမ်း’ ဆိုပြီး ပြောခဲ့တယ်။ နှစ်တစ် ခင်မောင်ဝင်းဆိုတဲ့ လူမိုက်ကလည်း ငါတို့ကို ဝင်ရိုက်တယ်။ စစ်သားတွေကလည်း သေနတ်ဒင်နဲ့ထုတယ်။ ဒါတွေပြီးမှ ရဲစခန်းထဲ လူဝတ်လဲပြီး၊ အချုပ်ခန်းထဲ ထည့်ခဲ့တယ်ဆိုတာ မုသား မပါပါဘူးဗျာ။
ကျနော်တို့ နိုင်ငံတော်တည်ငြိမ်ရေးကို မနှောင့်ယှက်ခဲ့ပါဘူး။ အဓိကကတော့ သူတို့ဘာသာ မေတ္တာပို့ကြွချီိတဲ့ သံဃာတော်တွေကို ဓာတ်တိုင်မှာ ကြိုးတုတ်ပြီး ရက်ရက်စက်စက် ရိုက်ခဲ့လို့ ဒီလိုဖြစ်ခဲ့တာပါ။
နောက်နေ့ မနက်မှာ တိုင်းသာသာနာရေး ဦးစီးနဲ့ ခရိုင်အဆင့်ဆင့်က တာဝန်ရှိသူတွေဟာ စာသင်တိုက်တွေကို ဝင်ပြီး လှုပ်ရှားမှုတွေမှာ မပါဖို့ ဝင်လျှောက်တော့တာပဲ။
ဒီမှာတင် လောလောလတ်လတ် ခံထားရတဲ့ သံဃာတော်တွေက မကျေနပ်လို့ အလယ်တိုက်အရောက်မှာ ဝန်းတံခါးပိတ်ပြီး အာဏာပိုင် ၁၃ ယောက်ကို ဖမ်းလိုက်တယ်။ သူတို့စီးတဲ့ ကားတွေ မီးရှို့ဖျက်ဆီးခဲ့တယ်။ ဒါ ကျနော်တော့ လူငယ်အတွေးနဲ့ မမှားဘူးပဲ ထင်တယ်။ ဒီသတင်းတွေ ကျနော့်ကို မီဒီယာက မေးတော့ အမှန်အတိုင်း အကုန်ပြောဖြစ်တယ်။
အဲဒီမှာတင် ဇာတ်လမ်းစတော့တာပဲဗျို့။ ၇ ရက်မနက်ခင်းပိုင်း ကျနော် သွားရာနောက် ကြွက်တကောင်ဟာ တကောက်ကောက်နဲ့ လိုက်တော့တာပဲ။ ကျနော် သိလိုက်ပြီ၊ ကွိုင်တော့မယ်ဆိုတာ။ အိမ်မပြန်ရဲတော့ဘူး။ ညနေခင်း လိုအပ်တဲ့ အဝတ်အစားနဲ့ ပိုက်ဆံကို အိမ်ကနေ ကပျာကရာ ဝင်ယူပြီး အေးမြတဲ့ ဘုရားရိပ် တရားရိပ် သံဃာရိပ်မှာ ခိုလှုံနေရတော့တာပေါ့။ စကားလုံး လှအောင် ရေးတာပေါ့ဗျာ။ အဖမ်းခံရမှာ ကြောက်လို့ ကြောက်ချေးပါတာ၊ ပြေးတာပါပဲ။ ၅ ရက်နေ့က အင်္ကျီကြယ်သီးဖြုတ်ပြီး လမ်းလယ်ခေါင်မှာ ‘ပစ်ချင်ရင် ငါ့ ပစ်ကွာ၊ မပြေးကြနဲ့’ လို့ ကုန်းအော်ခဲ့တဲ့ ကိုယ့်အသံကိုတောင် ပြန်ကြားပြီး ရှက်မိပါရဲ့။ ၇ ရက်နေ့ညမှာပဲ ဘုန်းကြီးတွေနဲ့ နီးစပ်တယ်လို့ယူဆပြီး အပြစ်မရှိတဲ့ ဦးသန့်ရှင်း ၊ ဦးနေလ ၊ ဦးစိန်လင်း ၊ ဦးသာအောင် တို့ကို ဖမ်းဆီးပြီး သရက်ထောင် မှာ ၂ နှစ်ကနေ ၉ နှစ်ထိ ထောင်ချခဲ့ပါတယ်။ သူတို့ခိုင်းလို့လုပ်ရတဲ့ နှစ်တစ် ခင်မောင်ဝင်းလည်း ထိုးကျွေးတာခံရပြီး သရက်ထောင်မှာ ထောင် ၂ နှစ်အပြစ်ပေးထားပါတယ်။
ဒီလိုနဲ့ ကျနော် ဘုန်းကြီးကျောင်းမှာ ပုန်းနေပြီး သံဃာတော်တွေနဲ့ ဘာဆက်လုပ်မလဲ တိုင်ပင်ရပါတယ်။ တနိုင်ငံလုံးက သံဃာတွေကလည်း ပခုက္ကူသံဃာတွေကို ကျေနပ်အောင် တောင်းပန်၊ မတောင်းပန်ရင် ပတ္တနိကုဇ္ဇန ကံဆောင်မယ်ပေါ့။ ဒါကို အာဏာက လွဲပြီး ဘာမှ သောက်ဂရုမစိုက်တဲ့ ငမိုက်သားတွေက မတောင်းပန်ဘူးလေ။ ဒီတော့ တနိုင်လုံး စက်တင်ဘာ ၁၈ မှာ ရွှေဝါရောင်လို့ ကမ္ဘာကသိတဲ့ သံဃာလှုပ်ရှားမှုကြီး ပေါ်လာရတော့တာပါပဲ။
ကျနော့်ကိုတော့ မြေလှန်ရှာနေတယ်ဆိုတဲ့ သတင်းတွေအပြင် ညပိုင်းမှာ ဘုန်းကြီးကျောင်းကို ဝင်စီးမယ်ဆိုတဲ့ သတင်းတွေကြောင့် ဘုန်းကြီးတွေကို မထိစေချင်တာရော၊ ကိုယ်တိုင်လည်း ကြောက်တာရောကြောင့် ပြေးမိပြေးရာ ပြေးရင်းကနေ အိန္ဒိယကို ရောက်ခဲ့ရတာပါပဲဗျာ။
ဒီဆောင်းပါးကို ဖတ်မိတဲ့ ခင်ဗျားကတော့ ဘယ်လိုနေမယ် မသိဘူး၊ ကျနော်တော့ သွေးဆူနေသေးတယ်ဗျာ။ ကျနော့်လို ပုန်းအောင်းနေရတဲ့ ပခုက္ကူက ဦးဇင်းလေးတွေ ရှိသေးတယ်။ တွေ့များ တွေ့ခဲ့ရင် ကျနော် ဒီက စောင့်နေပါတယ်လို့။ ပခုက္ကူမှာ ကျန်ခဲ့တဲ့ ဦးဇင်းတွေနဲ့ မြန်မာပြည်သူ ပြည်သားတွေကိုတော့ ပြောချင်တာ တခုရှိတယ်။ ကျနော့်နိုင်ငံရေးအဆင့် မူကြိုအဆင့်မှာပဲ ရှိပါသေးတယ်။ မှားရင် ခွင့်လွှတ်ဗျာ။ ကျနော်တို့ ကိုယ့်မြေ ကိုယ့်အမေနဲ့ အတူနေချင်တယ်။
အဲဒီတော့ ကျနော့်တို့ နိုင်ငံမှာ စစ်အာဏာရှင် ရှိနေသေးသရွေ့ သားတကွဲ မယားတကွဲ ဒုက္ခ၊ မိဘမဲ့တဲ့ ကလေးငယ်တွေ၊ မတရား စော်ကားခံရတာတွေ၊ ဖိနှိပ်ခံရတာတွေ ရှိနေဦးမှာ မလွဲပါဘူး။
ဒါတွေ ချုပ်ငြိမ်းသွားအောင် ကျနော်တို့ ပြည်သူတွေမှာပဲ တာဝန်ရှိပါတယ်။ လူဦးရေ သန်း ၅ဝ ကျော်တဲ့ ပြည်သူက လက်တဆုပ်စာ အာဏာရှင်ကို မနိုင်ဘူးဆိုတာ ရာဇဝင်ရိုင်းပါတယ်။ ဒီတော့ ချိနဲ့သူကို ဖေးကူ၊ အားနည်းသူကို လက်တွဲ၊ စည်းလုံးညီညာတဲ့ စိတ်ဓာတ်တွေနဲ့ တိုင်းပြည်အတွက် ဘာသာသာသနာအတွက် အမြန် တိုက်ပွဲဝင်သွားကြပါစို့လို့ တိုက်တွန်းလိုပါတယ်။
မကြာခင်လာတော့မဲ့ တဖက်သတ်ကျင်းပမဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲကို ပြည်သူတွေအနေနဲ့ အပြတ်ဖြတ်သင့်ပါတယ်။
၁၉၉ဝ ရွေးကောက်ပွဲ ကျနော် မဲမပေးခဲ့ရပေမဲ့ တကယ် သန့်ရှင်းတဲ့ ရွေးကောက်ပွဲဖြစ်လို့ အနိုင်ရပါတီ အန်အယ်လ်ဒီဟာ အနိုင်ရပြီးသူဖြစ်ပါတယ်။ သူတို့နဲ့ လက်ရှိ အာဏာရှင်တွေ ညှိနိုင်းပြီး တိုင်းပြည်ကောင်းအောင် မလုပ်မချင်း ကျနော်တို့ ဆက်တိုက်ရမှာပါပဲ။
ခေတ်အဆက်ဆက်က အာဏာရှင်တိုက်ပွဲတွေမှာ ကျဆုံးခဲ့တဲ့ အာဇာနည် ရဲဘော်အပေါင်း၊ စက်တင်ဘာ သံဃလှုပ်ရှားမှုအတွင်း ကျဆုံးသွားတဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူအပေါင်းနဲ့ ထောင်တွင်း အကျဉ်းချခံထားရတဲ့ ရဲဘော်အပေါင်းကို ဒီဆောင်းပါးနဲ့ ဦးညွှတ်အလေးပြုလိုက်ပါတယ်။
ဇာနည် (ပခုက္ကူ)
0 ၂၀၀၇သံဃာ့ဆန္ဒပြပွဲ ဒုတိယနှစ်ပတ်လည်နေ့အဖြစ် သံဃာတော်များ ထိုင်းနိုင်ငံရှိနအဖအခွန်ရုံးရှေ့တွင်ဆန္ဒပြ
ကားသွားကားလာတွေ ရှုပ်ထွေးနေတဲ့ ဘန်ကောက်မြို့ စထုံ လမ်းမကြီးဘေး မြန်မာသံရုံးရှေ့မှာ ဒီနေ့နေ့ခင်းပိုင်း မြန်မာသံဃာတော်တချို့ စုဝေးပြီး မေတ္တာသုတ် ရွတ်ဆိုနေတဲ့အချိန်၊ အဲဒီသံဃာတော်တွေရဲ့ အနီးမှာ ထိုင်းလုံခြုံရေး တပ်ဖွဲ့ဝင်တချို့ ရှိနေခဲ့ပါတယ်။ ဒါပေမယ့်လည်း ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်တွေက လက်နက်တွေ ကိုင်ဆောင်ထားတာ မရှိသလို သံဃာတော်တွေကို ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားတာမျိုးတွေလည်း မတွေ့ခဲ့ရပါဘူး။ မြန်မာသံရုံးရှေ့ ဆန္ဒပြတဲ့သူတွေကို အနှောက်အယှက်မပေးဘဲ ရွှေဝါရောင် တော်လှန်ရေး သံဃာ့လှုပ်ရှားမှု ၂ နှစ်ပြည့် အခမ်းအနားကို ကျင်းပခွင့် ပေးခဲ့ပါတယ်။ ဆန္ဒပြပွဲမှာ သံဃာတော်တွေနဲ့အတူ ပါလာခဲ့တဲ့ မြန်မာ့အရေး လှုပ်ရှားသူတွေက ဖမ်းဆီးထားတဲ့ သံဃာတော်တွေ၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူတွေကို ပြန်လွှတ်ပေးဖို့ မြန်မာစစ်အစိုးရကို တောင်းဆိုပါတယ်။
သံဃာတော်တွေအပေါ် အကြမ်းဖက်နှိပ်စက်ခဲ့တဲ့ လုပ်ရပ်တွေအတွက် မြန်မာစစ်အစိုးရဘက်က ၀န်ချတောင်းပန်ဖို့လည်း မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးက တောင်းဆိုပါတယ်။ စစ်အစိုးရအပေါ် ဘာသာရေးအရ အရေးယူဒဏ်ခတ်တဲ့ ကံဆောင်သပိတ်တွေ ဆက်ပြီး မှောက်သွားဖို့လည်း တောင်းဆိုနေပါတယ်။ ရွှေဝါရောင် တော်လှန်ရေး ၂ နှစ်ပြည့် သံဃာထုရဲ့ ကြေညာချက်တွေကိုလည်း ဒီနေ့အခမ်းအနားမှာ ဖတ်ကြားပါတယ်။
မြန်မာနိုင်ငံအရေးနဲ့ပတ်သက်လာရင် စစ်အစိုးရ ကျင်းပမယ်ဆိုတဲ့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒအပြောင်းအလဲတွေကို ပိုပြီးတော့ အာရုံစိုက်တဲ့သူတွေလည်း အများအပြား ရှိလာနေပါတယ်။
မြန်မာစစ်အစိုးရရဲ့ လမ်းပြမြေပုံနဲ့ အရပ်သားအစိုးရအဖြစ် ပြောင်းလဲမယ့်အစီအစဉ်တွေ အပေါ် လက်ခံကြိုဆိုသူတွေလည်း အများအပြား ရှိနေပါတယ်။ ဒါပေမယ့်လည်း စစ်အစိုးရခင်းမယ့် ဒီမိုကရေစီလမ်းက သံဃာတော်တွေ စီတန်းကြွချီပြီး မေတ္တာပို့ခွင့်ရှိတဲ့လမ်း ဖြစ်ပါ့မလားဆိုတဲ့ သံသယတွေလည်း မြန်မာပြည်သူတွေကြားမှာ ရှိနေပါတယ်။ သံဃာတော်တွေကတော့ မြန်မာပြည်မှာ ဘာသာရေးဆိုင်ရာ တန်ဖိုးထားမှုတွေကို လေးစားပြီး ငြိမ်းချမ်းရေးနဲ့ မေတ္တာတရားကို တန်ဖိုးထားတတ်တဲ့ အစိုးရတရပ် ပေါ်ပေါက်လာရေး ဆက်လက်လှုပ်ရှားမယ့်အကြောင့် ရွှေဝါရောင် တော်လှန်ရေး နှစ်ပတ်လည်မှာ အခိုင်အမာ မိန့်ကြားခဲ့ကြပါတယ်။ (VOA)