၁၉၅၉ ခုနှစ် ဒီဇင်ဘာလ (၆) ရက်နေ့ တွင် မွေးဖွားခဲ့သည့်မယ်တော်ဆေးခန်းကို ဦးစီးတည်ထောင်သူ
ဂရုဏာရှင် ဆရာမကြီး ဒေါက်တာစင်သီယာမောင်၏နှစ် (၅၀) ပြည့် ရွှေရတုမွေးနေ့မင်္ဂလာ အခမ်းအနားကို
အောက်ပါ အစီအစဉ်အတိုင်း စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ပါသောကြောင့် ကြွရောက်ချီးမြှင့်ပေးကြပါရန်လေးစားစွာ ဖိတ်မန္တကပြုအပ်ပါသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~
ရွှေရတုမွေးနေ့ပွဲ အခမ်းအနားအစီအစဉ်
~~~~~~~~~~~~~~~~~~~~~~~~~~~~
ရွှေရတုမွေးနေ့ ……… ၆. ၁၂. ၂၀၀၉ - ရက် ( တနင်္ဂနွေနေ့ )
ရွှေရတုအချိန် ……… နံနက် ( ၉း၀၀) နာရီမှ (၁၂း၀၀) နာရီ
ရွှေရတုနေရာ ……… မယ်တော်ဆေးခန်း
~~~~~~~~~~~~~~~~~~~~~~~~~~~~
-ရွှေရတုမွေးနေ့ ပွဲ ကျင်းပရေးကော်မတီ
(၆၊ ၁၂၊ ၂၀၀၉ ရက်နေ့ညပိုင်းတွင် သီးလေးသီးဆေးရောင်စုံအငြိမ့်အဖွဲ့မှ မွေးနေ့အမှတ်တရ
ဂုဏ်ပြုဖျော်ဖြေတင်ဆက်ကပြမည်။)
ဂရုဏာရှင် ဆရာမကြီး ဒေါက်တာစင်သီယာမောင်၏ ရွှေရတုမွေးနေ့ မင်္ဂလာ အခမ်းအနား ဖိတ်ကြားလွှာ

သတင်းအကျဉ်းချုပ် ...
အင်တာနက်သတင်းစာမျက်နှာတွေမှာ ပါရှိနေတဲ့ စစ်အစိုးရနဲ့ `၀´တပ်ဖွဲ့တွေကြားမှာ စစ်ရေးပြင်ဆင်မှုတွေ ပြုလုပ်နေကြပြီဆိုတဲ့သတင်းကို အတည်ပြုနိုင်ဖို့အတွက် နယ်စပ်မှာရှိတဲ့ သတင်းသမားတွေကတစ်ဆင့် စုံစမ်းခဲ့ပါ တယ်။ စီးပွားရေးသမား ကုန်သည်တွေရဲ့ပြောပြချက်အရကတော့ `` ဒီမှာကတော့ စစ်တိုက်ဖို့အတွက် ကြီးကြီးမားမား ပြင်ဆင်နေတာတွေ မတွေ့ရပါဘူး။ ပုံမှန် စစ်ကားတွေ၊ စစ်သားတွေ သွားတာ လာတာလောက်တော့ ရှိတာပေါ့။ စစ်အစိုးရတပ်နဲ့ `၀´ တပ်တွေ တိုက်ကြခိုက်ကြတော့မယ်ဆိုတာကိုတော့ မကြားမိပါဘူး။ စစ်ပွဲတွေဖြစ်လာဖို့ကတော့ သိပ်မဖြစ်နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ `၀´ဒေသက တရုတ်နဲ့နီးတယ်လေ။ တရုတ်က `၀´ နယ်စပ်မှာ ကိုးကန့် ဒေသမှာဖြစ်ခဲ့သလိုမျိုး ထပ်အဖြစ်ခံမယ် မထင်တော့ဘူး။ ကိုးကန့်မှာသူတို့အများကြီး ဆုံးရှုံးခဲ့တာကို။ `၀´ တပ်ဖွဲ့တွေကို အစိုးရနဲ့ ညှိညှိနှိုင်းနှိုင်းလုပ်ဖို့ တရုတ်က ဖိအားပေးမှာပဲလေ။ စစ်အစိုးရကိုလည်း ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့ တရုတ် ကပြောမှာပဲ။ ဘာလို့လဲဆိုတော့ သူ့ရဲ့အကျိုးစီးပွားကို မထိခိုက်အောင်တော့ တရုတ်က လုပ်မှာပဲလေ´´ ဒါကတော့ နယ်စပ်က ကုန်သည်ကြီးတစ်ဦးရဲ့ ပြောကြားချက်ပါ။
တရုတ်နယ်စပ်က မြန်မာ့စစ်ရေးလေ့လာနေသူတစ်ဦးကို စစ်အစိုးရနဲ့ `၀´ တပ်ဖွဲ့တွေရဲ့အခြေအနေနဲ့ပတ်သက်ပြီး ထင်မြင်ချက်ကို တောင်းခံခဲ့ရာမှာ ``အခုလောလောဆယ်အနေနဲ့ကတော့ စစ်အစိုးရနဲ့ `၀´တပ်ဖွဲ့တွေကြားမှာ တိုက်ပွဲတွေဖြစ်လာနိုင်စရာ မရှိပါဘူး။ စစ်အစိုးရဘက်ကိုကြည့်မယ်ဆိုရင် ဒီ... ၂၀၁၀ ရွေးကောက်ပွဲအတွက် လိုအပ်တဲ့ ဥပဒေတွေထုတ်ပြန်နိုင်ဖို့ လုံးပန်းနေရတာလေ။ နိုင်ငံတကာက ဖိအားပေးမှုတွေလဲ ရှိနေတာကိုး။ ဒီလိုအချိန်မျိုး မှာ ပြည်တွင်းမှာ ရွေးကောက်ပွဲ၊ နယ်စပ်မှာ တိုက်ပွဲဆိုတဲ့ ဘေးကြပ်နံကြပ်ပုံစံမျိုး နအဖက အဖြစ်ခံမှာ မဟုတ်ဘူးလေ။ `၀´တပ်ဖွဲ့ဘက်က ကြည့်ရင်လဲ ဘာပဲပြောပြော ငြိမ်းချမ်းရေး ယူထားတယ်ဆိုပြီး အေးအေးဆေးဆေးနေလာရတာ ကြပြီလေ။ ခေါင်းဆောင်ပိုင်းမှာကလဲ တရားဝင်ပဲဖြစ်ဖြစ်၊ တရားမ၀င်ပဲဖြစ်ဖြစ် စီးပွားရေးတစ်ချို့က အခြေကျနေပြီလေ။ အောက်ခြေမှာကလဲ ဆင်းဆင်းရဲရဲနဲ့ စစ်မတိုက်ရဘဲ သက်တောင့်သက်သာနေလာရတာကြာပြီဆိုတော့ စစ်ပြန်တိုက်ဖို့ ဆန္ဒသိပ်ရှိကြတော့မယ်မထင်ဘူး။ နောက်ပြီးတော့ `၀´ဒေသက သာမန်အနေနဲ့ဆို အစားအသောက်ရှားပါးတယ်လေ။ အခုမှ စစ်ပွဲတွေ မရှိတာကြာလို့ တရုတ်နဲ့ ကုန်သွယ်ရေးလုပ်၊ ဗမာပြည်တွင်းနဲ့ ကုန်သွယ်ရေးတွေ လုပ်နေလို့ အဆင်ပြေလာကြတာ။ တရုတ်ကလဲ `၀´ကို စစ်မတိုက်ဖို့ ဖိအားပေးနိုင်တယ်။ ကိုးကန့်လို ဆုံးရှုံးမှုမျိုး တရုတ်က နောက်ထပ်လိုချင်မယ် မထင်ဘူး ´´ ဆိုပြီး သူ့ရဲ့အမြင်ကို ပြောကြားသွားခဲ့ပါတယ်။
မိုင်းလားမှာရှိတဲ့ `၀´တပ်ဖွဲ့နဲ့နီးစပ်တဲ့ အသိုင်းအ၀ိုင်းကို တီးခေါက်ကြည့်တော့ `` အစိုးရတပ်နဲ့ `၀´ တပ်ဖွဲ့တွေ စစ်တိုက်ဖို့ ပြင်ဆင်မှုတွေလုပ်နေတယ်။ တိုက်ကြတော့မယ်ဆိုတာကတော့ ဖြစ်နိုင်ချေအရမ်းနည်းပါတယ်။ ဒီလို ပေါ်တင်ကြီးတိုက်မယ့်အစား ကိုးကန့်မှာလုပ်ခဲ့သလိုမျိုး သွေးခွဲနည်း၊ အကြပ်ကိုင်နည်းပေါ့ဗျာ။ `၀´ ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ တရားမ၀င်လုပ်ငန်းတွေ ဥပမာ.... လက်နက်၊ မူးယစ်ဆေးဝါးပေါ့ဗျာ။ အဲ့ဒါမျိုးတွေကို ကိုင်ပြီး `၀´တွေ သဘောထားပျော့ပြောင်းလာဖို့ စည်းရုံးတဲ့နည်း၊ အကြပ်ကိုင်တဲ့နည်းကို သုံးဖို့ ပိုများပါတယ်။ စစ်အစိုးရနဲ့ `၀´ တိုက်ကြတော့မယ်ဆိုပြီး သတင်းထွက်လာရတဲ့ ဖြစ်နိုင်ချေကတော့ ရွက်ဆစ်ရဲ့ ရှမ်းပြည်တပ်မတော်ဘက်က သတင်းလွှင့်တာ ဖြစ်နိုင်တယ်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ အခု ပွင့်လင်းရာသီရောက်လာပြီလေ။ အဲ့ဒီတော့ အစိုးရ တပ်တွေက လွယ်တိုင်းလျဲန်း ဌာနချုပ်ကို ထိုးစစ်တွေ လုပ်လာနိုင်တယ်။ အဲ့ဒီတော့ သူတို့ဘက် မလှည့်နိုင်အောင် အစိုးရနဲ့ `၀´ကို ရန်တိုက်ပေးနေပုံပါပဲ။ နောက်ပြီး ထိုင်းဘက်ကလဲ ဖြစ်နိုင်တယ်။ ထိုင်းက `၀´ကို မူးယစ်ဆေးဝါးနဲ့ ပတ်သတ်ပြီး နှိမ်နင်းချင်နေတာကြာပြီ။ အခွင့်အရေးမရသေးလို့သာ ကြည့်နေတဲ့သဘောရှိတယ်။ အခု စစ်အစိုးရနဲ့ `၀´တပ်ဖွဲ့တွေ တိုက်ပွဲသာတကယ်ဖြစ်ရင် ထိုင်းက ဘယ်လိုပဲကြည့်ကြည့် အမြတ်ထွက်မှာပဲလေ။ ထိုင်းက မြန်မာ အစိုးရဘက်ကို မသိမသာသွေးထိုးပေးနေပုံပါပဲ။ လောလောဆယ်မှာတော့ မိုင်းလား၊ မိုင်းမော၊ ပန်ဆိုင်း၊ ဟိုပန် ဘက်တွေမှာ အေးအေးဆေးဆေးပါပဲ´´ ဟု သူ့ရဲ့ ယူဆချက်များကို ဆွေးနွေးသွားခဲ့ပါတယ်။
ကချင်နေ့စဉ်သတင်း

သတင်းအကျဉ်းချုပ် ...
မိုးမခ မီဒီယာမှ ကူးယူဖော်ပြပါသည်။ 
သမီးဖြစ်သူ ဒေါက်တာလှကျော်ဇော နှင့်အတူ တွေ့ရသည့် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော (ဓာတ်ပုံ-RFA)
မြန်မာ့တပ်မတော်ကို စတင်တည်ထောင်သူတဦးဖြစ်သည့် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောက တပ်မတော်သားများကို ပြည်သူများဘက်မှ ရပ်တည်ရန် ယနေ့ကျရောက်သည့် သူ၏ အသက် ၉၀ပြည့် မွေးနေ့တွင် ထပ်မံ တိုက်တွန်းလိုက်သည်။
BBC, RFA စသည့် ပြည်ပအခြေစိုက် အသံလွှင့်ဌာနများ မှတဆင့် ထိုသို့ တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။
"တပ်မတော်သားတွေ ပြည်သူသာအမိ၊ ပြည်သူသာအဖ၊ ပြည်သူတွေရဲ့ မျက်နှာပဲ ကြည့်ကြပါ၊ ပြည်သူကို ရန်သူလို သဘောမထားလိုပါနဲ့လို့ ပန်ကြား လိုပါတော့တယ်" ဟု ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော၏ ပြောကြားချက်ကို ဘီဘီစီ အသံလွှင့်ဌာနက ယနေ့ နံနက်ပိုင်းတွင် ထုတ်လွှင့်သွားသည်။
ယခင်ကလည်း မြန်မာပြည် ဒီမိုကရေစီအရေးနှင့် ပတ်သက်ပြီး တပ်မတော်သားများကို ပန်ကြားခဲ့ဖူးသည်။
ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောသည် ဒုတိယကမ္ဘာစစ်အတွင်း မြန်မာ့တပ်မတော်ကို စတင်တည်ထောင်ခဲ့သည့် ရဲဘော် သုံးကျိပ်ဝင် ဖြစ်သည်။
ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်ချုပ်ကြီးနေဝင်းအပါအ၀င် ရဲဘော်သုံးကျိပ်ထဲမှ ၂၈ ဦး ကွယ်လွန်သွားပြီ ဖြစ်ပြီး ယခုအခါတွင် သက်ရှိထင်ရှား ရဲဘော်သုံးကျိပ်ဝင်မှာ ၂ ဦးသာ ကျန်တော့သည်။ တရုတ်နိုင်ငံတွင် ရောက်ရှိနေသော ဗိုလ်မှူးချုပ် ကျော်ဇော နှင့် အခြားတဦးမှာ မြန်မာနိုင်ငံတွင် နေထိုင်သည့် ဗိုလ်ရဲထွဋ် တို့ ဖြစ်သည်။
ဘီဘီစီ အသံလွှင့်ဌာနနှင့် ဆက်သွယ်ပြောဆိုရာတွင် ဗိုလ်မှူးချုပ် ကျော်ဇောက မြန်မာလူထုကိုလည်း အားပေးစကား ပြောကြားသွားသည်။
"ကျနော် ချစ်လှတဲ့ ပြည်သူတွေ အခုအထိ ဆင်းရဲတွင်း နက်နေသေးတဲ့အတွက် ကျနော် စိတ်မကောင်းနိုင်ပါဘူး။ ဒါပေမယ့် ကျနော်တို့ ပြည်သူတွေ မတရားမှု၊ ဖိနှိပ်မှု မျိုးစုံကို အလျှော့မပေးဘဲ တဗိုလ်ကျ တဗိုလ်တက်၊ တမျိုးဆက်ပြီး တမျိုးဆက် ဆက်လက် တိုက်ပွဲဝင်နေကြတာကို မပြတ် ကြားသိနေရတဲ့ အတွက် အဲဒီလို ပြည်သူမျိုးအတွက်တော့ ကျနော် အလွန် ဂုဏ်ယူပြီး အားရ ကျေနပ်မှု ရှိပါတယ်။ ဆက်လက်ပြီးတော့လည်း မလျှော့တမ်း ဇွဲနဲ့ ကြိုးစား အားထုတ်ကြပါလို့ အားပေး မှာကြားလိုပါတယ်။ စည်းလုံး ညီညွတ်ကြပါ၊ သဘောထားကြီးကြပါလို့ ပြောပါရစေ" ဟု ဆိုသည်။
"ပြည်သူအများ လိုလား တောင့်တတဲ့ ဒီမိုကရေစီစနစ်ဟာ အမြန်ဆုံး ရရှိနိုင်ပါစေ။ အားလုံး ကျန်းမာချမ်းသာကြပါစေ" ဟုလည်း ဆုတောင်း လိုက်သည်။
ဗိုလ်မှူးချုပ် ကျော်ဇောသည် လွတ်လပ်ရေးရပြီးနောက်ပိုင်း ရှမ်းပြည်နယ်အတွင်း ဖြစ်ပွားသော တိုက်ပွဲများတွင် အထူး ထင်ရှားပြီး အများ၏ လေးစားမှုကို ခံရသူ ဖြစ်သည်။ အာဏာရှင်ဦးနေ၀င်း၏လက်ရုံးများဖြစ်သည့် ဗိုလ်မှူးချုပ် သန်းတင်၊ သူရထွန်းတင်တို့ မကြာသေးမီနှစ်များအတွင်း ထုတ်ဝေခဲ့သော ကိုယ်တွေ့မှတ်တမ်း စာအုပ်များတွင်ပင် တရုတ်ဖြူတပ်များအား ရင်ဆိုင်ရစဉ်က စစ်ဆင်ရေးမှူးချုပ်အဖြစ် ဗိုလ်မှူးချုပ် ကျော်ဇော ဦးဆောင်မှုပေးခဲ့ပုံကို အလေးပေး ဖော်ပြထားသည်။
အာဏာရှင် ဦးနေ၀င်းက ၁၉၅၇ ခုနှစ်တွင် ဗိုလ်မှူးချုပ် ကျော်ဇောကို တပ်မတော်မှ ထုတ်ပယ်ခဲ့သည်။ ထိုအချိန်မှစပြီး ဗိုလ်မှူးချုပ် ကျော်ဇောသည် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းများတွင် အားသွန်ခွန်စိုက် လုပ်ကိုင်ခဲ့သည်ဟု သိရသည်။
၁၉၇၆ တွင် ဗမာပြည်ကွန်မြူနစ်ပါတီ ထိန်းချုပ်ရာနယ်မြေသို့ တိမ်းရှောင်ခဲ့သည်။
အသက် ၈၄ နှစ်အရွယ်မှ စပြီး သူ၏ ကိုယ်တွေ့မှတ်တမ်းကို ပြုစုခဲ့ရာ ထိုမှတ်တမ်းများကို http://www.cpburma.org/biography.htm တွင် ဖတ်ရှုနိုင်သည်။
ထိုမှတ်တမ်းတွင် သူသည် ပဲခူးတိုင်း သုံးဆယ်မြို့ဇာတိဖြစ်ပြီး မိဘများမှာ လယ်သမားများဖြစ်ကြောင်း အစချီပြီး ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များ၊ လုပ်ဖော်ကိုင်ဖက်များအကြောင်းကို ဖော်ပြထားသည်။

သတင်းအကျဉ်းချုပ် ...
ပြည်သူမွေးတဲ့ ချစ်မ၀သားကောင်းတွေကို
မလည်မ၀ယ် နှစ်ဆယ်အရွယ်မှာ
ရာထူးကိုအယောင်ပြ
စိတ်ဓာတ်ကို အမှောင်ချလို့
သပိတ်ကိုထောင်ချခိုင်းတယ်....
ဒေ၀ဒတ်ကို အဖေမှတ်ပြီး
အမိန့်ကိုနာခံ
ဘုရားကိုအာခံ
အမေ့ကို ကာပြန်ကာ
အမိမြေရင်းကို ခြေနင်းပြီး
သံဃာကို သေမင်းဆီပို့ခဲ့ ........
အသားထဲကလောက်ထွက်
ဘုရားသွေး သောက်ရက်တဲ့
လူယုတ်မာလက်ထဲမှာ
အတိတ်ကို မစူးစိုက်
အရိပ်ကို ရူးမိုက်ပြီး
သင်္ကန်းကို သွေးလွှမ်းအောင်လုပ်
သန်းရွှေကိုယ်စား ငရဲသွားမလို့လား
သားရယ်...................
လူယုတ်မာတစ်ယောက်ရဲ့
နှုတ်ကထွက်တဲ့ စကားလောက်နဲ့
သံဃာတွေ အလျားမှောက်ခဲ့ရတာ
သူ့တစ်ယောက်ကြောင့်
ဧရာဝတီမြစ်တွင်း သွေးတွေဆင်းပြီး
ကြားလူက၀င် မျက်နှာချိုသွေး
အပြစ်မဲ့ တိုင်းပြည်ကိုပေးပြီး
သူ့ကျွန်ဘ၀ ပြန်ပြေးမလို့လား
သားရယ်.......................
အတွေးနဲ့ အတွေ့ကို
မရေမရာ ရောလို့
သေမှာမနှမြောပဲ
ဒေ၀ဒတ်ကောင်းစားရေးအတွက်
သေနတ်ပြောင်းကို အမေတို့ဘက်လှည့်
သွေးသားရင်းတွေ ပစ်သတ်
မင်းလုပ်ရပ်တွေမှန်ရဲ့လား
သားရယ်.....................
အမေ အသက်ပေးမွေးခဲ့တဲ့
အဖေ့သွေးက
ဦးနှောက်နဲ့မတွေးဘဲ
တိုင်းပြည်ကို ခွေးဖြစ်အောင်လုပ်နေတာ
အမေ့ ရင်တွေဘယ်လိုဆွေးမလဲ
တစ်ခါတစ်လေ တွေးပါလား
အစ်ကိုစစ်သွေးတို့ရယ်..................
ု့ သားအောင်ဆန်း
ဒီကဗျာလေးဟာကျွန်တော့်ရင်ထဲက ခံစားချက်နဲ့ အတွေးပေါင်းစပ်ပြီးရေးဖွဲ့ထားခြင်းဖြစ်ပါတယ်။
ဒေါင်းမာန်ဟုန်စာမျက်နှာပေါ်မှာတင်ချင်ပေမယ်.မလုပ်တတ်လို့ အကို့ကိုပဲအကူအညီတောင်းလိုက်ပါတယ်။
အကိုကပဲ..စီစဉ်ပြီး ဒီကဗျာလေးကိုတင်ပေးပါခင်ဗျာ။
ဖြစ်နိုင်ရင် ဒါကို တပ်မတော်သားတွေ လက်ထဲထိအရောက်ပို့ချင်တာပါ။
ကျွန်တော်ချစ်တဲ့အမိမြေအတွက် ကျွန်တော်တတ်စွမ်းတဲ့နေရာကနေ ပါဝင်ဖို့အသင့်ရှိပါတယ်။
ကျေးဇူးတင်ပါတယ်။
cupid

သတင်းအကျဉ်းချုပ် ...
ကောင်းဝါ(နိုဝင်ဘာ- ၃၀)။ ။ ထိုင်းနိုင်ငံ မြန်မာနယ်စပ် ရနောင်းဒေသရှိ ပြည့်တန်ဆာရုံ (၂) ရုံမှ မွန်တိုင်းရင်း သူအမျိုးသမီးငယ် ၃၂ ယောက်အား နိုဝင်ဘာလ ၂၈ ရက်ညပိုင်းတွင် ထပ်မံကယ်တင်နိုင်ခဲ့ကြောင်း စေတနာဝန် ထမ်းကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့မှ ပါဝင်လှုပ်ရှားနေသူ မွန်ဆရာတော်တစ်ပါးက မြွက်ကြားပြောဆိုခဲ့သည်။
“အဲဒီပြည်တန်ဆာရုံရှင်နဲ့ အပေးအယူလုပ်ပြီး ၂၈ ယောက်ကိုရခဲ့တယ်၊ အခြားရုံက ၄ ယောက်ကိုတော့ ခိုးထုတ်ခဲ့ ရတယ်” ဟု မွန်ဆရာတော်နှင့် ကောင်းဝါသတင်းဌာနတို့ တွေ့ဆုံစဉ် ရှင်းလင်းမြွက်ကြားခဲ့သည်။
အဆိုပါ စေတနာဝန်ထမ်းကယ်ဆယ်ရေးအဖွဲ့သည် ပြန်လည်လွတ်မြောက်လာသော မိန်းခလေးများအား သက်ဆိုင် ရာမိဘဆွေမျိုးများထံ အဆက်အသွယ်ပြုလုပ်ပေးခဲ့ပြီး ကာယကံရှင်များဆန္ဒအရ သွားလိုသည့်နေရာများသို့ လုံခြုံမှု ရှိစေရန် လိုက်လံပို့ဆောင်ပေးခဲ့ကြပြီးဖြစ်သည်။
အရောင်းစားခံ မိန်းခလေးများစုမှာ မွန်ပြည်နယ်တောင်ပိုင်း မုဒုံ၊ သံဖြူဇရပ်၊ ရေးမြို့နယ်မှဖြစ်ကြပြီး ယခုလဆန်း ပိုင်း၌ ရနောင်းဖက်ရှိ လူပို့သည့် ထိုင်းလူမျိုးပွဲစားများက ပြည့်တန်ဆာရုံကို ရောင်းချခဲ့သည်ဟု မေးမြန်းချက်အရ သိရသည်။
ယခုကဲ့သို့အစုလိုက်အပြုံလိုက် အရောင်းစားခံနေခဲ့ရသည်ကို မွန်ပြည်နယ်ရှိ မိဘဆွေမျိုးများ မသိခဲ့ကြဟု ဆိုပါသည်။ အလားတူ မွန်ပြည်နယ်ရှိ ဒေသခံပွဲစားများလည်း သိရှိနိုင်မည်မဟုတ်ဟု ယူဆရသည်။
၎င်းကယ်တင်ရေးအဖွဲ့သည် လွန်ခဲ့တဲ့နိုင်ဝင်ဘာလ (၂၄) ရက်နေ့တွင်လည်း မွန်အမျိုးသမီးငယ်(၅၈) ယောက် အား ကယ်တင်နိုင်ခဲ့ရာ (၁၂) ယောက်မှာ AIDS ရောဂါ အပြင်းအထန်ဝေဒနာခံစားနေကြရသူများ ဖြစ်နေသည်။
AIDS ရောဂါ အပြင်းအထန် ဝေဒနာခံစားနေကြရသူများအနက် ၅ ယောက်မှာ ထိုင်းနိုင်ငံတောင်ပိုင်း ဟတ်ယိုင် ဆေးရုံတစ်ရုံ၌ ဆေးကုသပေးနေစဉ် ကွယ်လွန်သွားခဲ့ပြီဟု သိရသည်။ ၄ ယောက်မှာ ဝေဒနာသက်သာသဖြင့် နယ်စပ်တစ်နေရာသို့ ပြောင်းရွေ့သွားပြီး ၃ ဦးမှာဆေးရုံတွင် ကုသခံနေရဆဲဟု ကယ်တင်ရေးအဖွဲ့ဝင် ကိုမင်းပိုင်က ကောင်းဝါသတင်းသို့ ပြောကြားခဲ့သည်။
အရောင်းစားခံ မိန်းခလေးငယ်များအား ကယ်တင်နေသော စေတနာ့ဝန်ထမ်းလူမှုရေးအဖွဲ့သည် ဗန်ကောက်မြို့ အနီးတဝိုက် မဟာချိုင်၊ ရနောင်း၊ ဟတ်ယိုင်ဒေသများတွင် လှုပ်ရှားနေကြပြီး ထိုင်းနိုင်ငံသားများက ဦးဆောင်နေ သည်ဟု သိရသည်။ ထို့အပြင် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၊ မွန်ဘုန်းတော်ကြီးများလည်းပါဝင်သည်ဟု ၄င်းတို့ပြောပြချက်အရ သိရသည်။
http://www.kaowao.org/b/nov09-30.php

သတင်းအကျဉ်းချုပ် ...
azawgyi
အခု ခေတ်ကြီးမှာ လိမ်နည်းတွေက ပိုပြီးများလာပါတယ်။ လိမ်တဲ့နည်း တွေကလည်းအရင့်၊ အရင်တုံးက နည်းအတိုင်းတွေပါဘဲ ၊ ဖဲသုံးချပ်လိမ်တာ ၊ ရွှေအတု ချ ကောက်ရသလိုလုပ်ပြီးလိမ်တာ ၊ လိမ်ပြီး အလှူခံတာ ၊ ကုန်သည် က ကုန်ဝယ်ချင်ယောင်ဆောင်ပြီးလိမ်တာအခုမှ တော က တက်လာပြီး ၊ ရန်ကုန်ထဲ မှာ မျက်စိသူငယ် ဖြစ်နေချင်ယောင်ဆောင်ပြီးလိမ်တာ စုံလို့ပါဗျာ ၊ အရင်တုံး က လူလိမ် နေအေး ရဲ့ လိမ်နည်းများ ဆိုပြီး စာအုပ်ထုတ်ထား တာ ကြားဘူးပါတယ်။ ရှိ တဲ့ သူများ ဗဟုသုတ အတွက် တင်ပေးကြပါဦး ။
လိမ်သမျှ နည်းတွေ က လဲ ၊ ကျွန်တော် တို့ ဗမာလူမျိုးတွေ ရဲ့ ယုံလွယ်တဲ့ စိတ်ကိုယ်ချင်းစာ တတ်တဲ့ စိတ် ၊ သူများ ကို ကူညီလိုတဲ့ စိတ် ၊ အားနာတတ်တဲ့ စိတ်သူများ ‘ဒုက္ခရောက်နေရင် မနေတတ်တဲ့ စိတ် တွေ ကို အခွင့်ကောင်းယူပြီးရိုးရိုး ရှင်းရှင်း လေး လိမ်သွား ကြတာပါ။
အခုရက်ပိုင်း ကြားနေရတာက အင်တာနက် အခြေပြုပြီး လိမ်တာ တဲ့ ဗျ။ယာဟူးမေးလ် ၊ ဂျီမေးလ် ၊ ဂျီတော့ခ် တွေ ကို အခြေခံပြီး လိမ်တာ ၊ လိမ်တဲ့ သူ ကလဲ ဗမာပြည်က လူတွေ ဘဲ ဖြစ် ပါတယ် ၊ အလိမ်ခံ ရတာလဲ ဗမာပြည် က လူတွေပါဘဲ။
အခု အင်တာနက် ဆက်သွယ်ရေး က ကောင်းလာတော့ ၊ ခု န ပြောတဲ့ယာဟူးမေးလ် ၊ ဂျီမေးလ် ၊ ဂျီတော့ခ် တွေ ကို လူသုံးများလာပါတယ် ။အများစု ကတော့ ဆိုင်တွေ မှာ သုံးကြပါတယ် ။
‘ဒီဟာတွေ က ၊ ပါတ်စ်ဝဒ် တွေကို လုံခြုံအောင် လူအများစု က ဂရုမစိုက်ကြပါဘူး။ငါတို့ က လျို့ဝှက်စရာ မရှိဘူး ၊ မဟုတ်တာ ပြော တာ မဟုတ် ဘူး ၊ဟို လို မျိုး ၊ ရှုပ်ရှုပ် ရှက်ရှက် နိုင်ငံရေး လဲ မပြောဘူး ၊ဆင်ခြေ အမျိုးမျိုး နဲ့ ပေါ့ဗျာ။ကိုယ် ကို တိုင် မသုံးတတ် တာလဲ ပါမှာပါ ၊ သူများ ကို လုပ်ခိုင်းတာ ၊ဆိုင်ကိုဘဲ အားကိုးပြီး အပ်ထားတာ ၊ အကြောင်း အမျိုးမျိုး ပေါ့ ဗျာ။ကိုယ့် အီးမေးလ်တွေ ရဲ့ လုံခြုံရေး ကို ဂရုမစိုက်တတ်ကြ ပါဘူး ခင်ဗျ။
အခု အဲဒီ ပါဆင်နယ် အီးမေးလ်တွေ ၊ ချတ်တင်လော့ဂ် တွေ ကို စိမ်ပြေ နပြေ ထိုင်ဖတ်ပြီးယုတ်တိရှိရှိ အမှန် အကန် ၊ ပုံဖမ်းပြီး လိမ်နေတဲ့ ကိစ္စတွေ ရှိလာပါပြီ။‘ဒီလူလိမ် က သူ့ မှာ နည်းမျိုးစုံ နဲ့ ရှာထားတဲ့ အီးမေးလ် ၊ ချတ်တင် ပါတ်စ်ဝဒ်တွေ နဲ့စာတွေကို နေ့တိုင်း ဖတ်ပြီး လေ့လာတယ် ၊ပြီးတော့ သေချာတဲ့ ဂွင် ဆို သွားလိမ်တော့တာပါဘဲ။
ကျွန်တော့ အသိ က စင်္ကာပူမှာ အလုပ်လုပ်တယ် ၊ မကြာခန တခြားနိုင်ငံတွေ ကို အလုပ်သဘောအရ သွားရတယ် ၊ သူ နဲ့ သူ့ အိမ် နဲ့ ဆက်သွယ်သမျှ ၊ ချတ်တင် ပြောသမျှ တွေ ကို
လူလိမ် က တော်တော် စောစော ကတဲက စာတွေ ခိုးဖတ်ထားလို့ အကုန် သိနေတယ် ခင်ဗျ။
ပြီးခဲ့ တဲ့ အပါတ် က အဲဒီ အသိ ၊ က ထုံးစံ အတိုင်း ခရီးသွားရပါတယ်။ခုန လူလိမ် က အဲဒီအချိန် မှာ စ လိမ်တော့ တာပါဘဲ ၊ မင်္ဂလာဈေး က ၁သောင်းကျော်လောက်ပေးရတဲ့ သစ်သီးဖျော်စက်လေးရယ် ၊ မိတ်ကပ်ဘူး အပေါစားလေးတွေ ရယ်ကိုင်ပြီး ၊ သူ့မိဘ အိမ် ကို ရောက်လာပါတယ် ၊ သူနဲ့ စင်္ကာပူ က သူတို့သား နဲ့လုပ်ဖော် ကိုင်ဘက်ဖြစ်ကြောင်း ၊ အခု သူ က ဗမာပြည်မှာ အလှူ လုပ်စရာရှိလို့ ခွင့်တပါတ်ယူလာတဲ့ အကြောင်း ၊ သူ့ သူငယ်ချင်းလဲ ခရီးသွားကာနီး ၊ သူ ဗမာပြည်ပြန်
မှန်း သိရလို့ ကသောကမျော လက်ဆောင်ဝယ် လူကြုံ ထည့်ပေးလိုက် လို့လာပို့ကြောင်း
ပြောပါတယ် ၊ သူနဲ့ အလွန်ခင်ကြောင်း ၊ သူ့ မိသားစု အကြောင်း တွေ ကိုဟို အီးမေးလ်တွေ ချတ်တင်လောဂ် တွေထည်း က ခိုးဖတ်ထား လို့ သိရတာတွေ ပါရွှန်းရွန်းဝေ အောင် ပြောသကိုးဗျ ၊ မိဘ တွေ က လဲ ၊ သား ရဲ့ ရင်းနှီးတဲ့ မိတ်ဆွေကိုတွေ့ ရလို့ ဝမ်းတွေ သာ နေသကိုးဗျ။
နောက် ၂ ရက်လောက် ကြာတော့ မိဘ တွေ ဆီ ကို အီးမေးလ် လာတယ်။သားဖြစ်သူ က သူ ခန သွားတဲ့ ဗီယက်နမ် နိုင်ငံ မှာ ပိုက်ဆံအိတ် ခါးပိုက် အနှိုက်ခံရကြောင်း ၊ ပါတ်စပို့တောင် ပါသွားလို့ ၊ အတော် အခက်အခဲ ဖြစ်နေကြောင်းရန်ကုန် မှာ ရောက်နေတဲ့ ၊ သူ့ သူငယ်ချင်း ကို အကူအညီ တောင်းထားကြောင်းစိတ်ပူဘို့ မလိုကြောင်း ရေးထားပါတယ်။
အဲဒီစာ အားလုံး က ခုန လူလိမ် က ကြား ထဲ က ဝင်ရေးတာပါ။ နောက်နေ့မနက် မှာတော့ ဒီလူလိမ် အိမ် ကိုရောက်လာပါတယ် ၊ သူ စင်္ကာပူ ကို ပြန်တော့ မှာမို့လာနှုတ်ဆက်တာပါတဲ့ ၊ တခြား မှာ စရာ ရှိရင်ပြော ပါဆိုပြီးနှုတ်ဆက်ပါတယ်။
တခြားတော့ ဘာ မှာ မပြောပါဘူး ၊ ‘ဒါနဲ့ မိဘ တွေ က မေးရကောင်းနိုးနိုးမမေးရကောင်း နိုးနိုး ပေါ့ ၊ မနေနိုင်လို့ အမေကြီးလုပ်သူ က သူ့ သားဗီယက်နမ် မှာ ပိုက်ဆံအိတ် ပျောက်သွားတာ သိသလား ဆိုတော့ ၊ ဒီ လူ က မှင်သေသေနဲ့ဟာ ၊ မပူ နဲ့ အမေကြီး ၊ ဒါ က ကျွန်တော့ တာဝန်ပါ အကုန်စီစဉ်ထားပါတယ်စိတ်မပူပါနဲ့ ဆိုပီး ရီရီမောမော ပြောပါတယ် ။ ပြီးတော့ တခြား သူခိုးဖတ်ထား တဲ့မိသားစု ရေးရာ တွေ ကို ကောင်းကောင်း ရွှီးနေတော့ တာပါဘဲ တဲ့ ခင်ဗျ။
ပြန်ခါနီး မှ သူ့ မှာ သူငယ်ချင်းဆီ ပိုက်ဆံ ပို့တာ ၊ လက်ထဲ ရှိတဲ့ ဗမာငွေ နဲနေလို့ခြောက်သိန်းလောက် ခနပေး ပါ။ ကျန်တာတော့ သူဘဲ စိုက်ပြီး ချက်ချင်း ငွေ ပို့ချင်လို့ဆိုပြီးပြောပါတယ် ၊ မိဘ က လည်း သူ့သား ကိစ္စ ကို ကူညီ နေသူ ကို ဆိုတော့ခြောက်သိန်း လောက်တော့ ပြော မနေတော့ပါဘူး ဆိုပီး ပေးလိုက်ပါတယ်။အဲဒီ မှာ လူလိမ် ဆီ ကို ပိုက်ဆံ ပါ သွား ပါလေ ရော ဗျာ ။
ရိုးရိုး လေး လိမ်သွားတာပါ ၊ လိမ် ပုံ လိမ် နည်း က ဟုတ်တိ ပါတ်တိ ဆိုတော့ကာ လိမ် နေ မှန်း ချက် ချင်း ဘယ် သိပါ့ မလဲ ၊ ကိုယ် က တောင် ကျေးဇူးတွေ တပုံကြီးတင်လိုက်ရ ပြီး အလိမ်ခံ လိုက်ရတာပါ ။ ဒီလို ဇာတ်လမ်း မျိုး ၊ အီးမေးလ် အကြောင်းပြု ပြီးအလိမ် ခံရတယ် ကြားရတာ ၂ ယောက် ၃ ယောက် ရှိပါပြီ။
ဘာ အကြောင်း ကြားကြား ၊ သွေးပူ သွားစရာ မရှိ ပါဘူး ၊ သေချာ အောင်တယ်လီဖုန်း စောင့်ပါ။ တခြား ရင်းနှီးသူ သူငယ်ချင်းများ ကို ထပ်ဆက်သွယ်ပါ။၂ ထပ်ကွမ်း ၃ ထပ်ကွမ်း စုံစမ်းပြီး ၊ သတင်း ကို သေချာ အောင် စုံစမ်းကြပါ။အီးမေးလ် က ၊ ချတ်တင် က ကြားလို့ သိလို့ က တော့ ၊ ဘယ်သူ ဘယ်ဝါဘယ်သားချင်း ၊ ဘယ် သူငယ်ချင်းဘဲ ဖြစ်ဖြစ် ၊ ချက်ချင်း မယုံလိုက် ကြပါနဲ့။သူ တို့ ကိုယ်တိုင် ရေးတာ ဟုတ်ချင် မှ ဟုတ်မှာပါ။ ဘာ မှ မသေချာပါဘူး ခင်ဗျာ ။
လူလိမ် ဆိုတာက ဂျို ပါ နေတာ မဟုတ်ပါဘူး ၊ကိုယ့် ကို လိမ် ဘို့ ၊ ဘယ် အချိန် ကတဲက ၊ ဘယ်လို ကြံစီ နေတယ် ဆို တာကိုယ် က သိနိုင်တာ မှ မဟုတ် တာ လား၊ ခင်ဗျာ ။
မြန်မာပြည်သူ ၊ မြန်မာပြည်သားများ အားလုံး ၊ လူ အချင်းချင်း လှည့်ပါတ်ခံ ရ ခြင်း၊ ဘေး မှ ကင်းဝေး နိုင်ကြပါစေ။နှလုံး စိတ်ဝမ်း အေးချမ်း ကြပါစေ ခင်ဗျား ။

သတင်းအကျဉ်းချုပ် ...

သတင်း။ ။ rfa
ရုံးမတက်ဘဲ စင်္ကာပူ မြန်မာသံရုံးမှာ တာဝန်ပြထားတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ သမီးနှစ်ဦးကို ပြီးခဲ့တဲ့ သောကြာနေ့က စပြီး ရာထူးတိုးပေးလိုက်တဲ့အတွက် ပြည်ပ မြန်မာသံတမန် အသိုင်းအဝိုင်းကြား ဝေဖန်မှုတွေ ဖြစ်လာတယ်လို့ စုံစမ်းသိရပါတယ်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ သမီးနှစ်ဦး ဖြစ်တဲ့ စင်္ကာပူ မြန်မာသံရုံး ပထမအတွင်းဝန် ဒေါ်အေးအေးသစ်ရွှေနဲ့ ဒေါ်ကြည်ကြည်ရွှေတို့ နှစ်ဦးစလုံးကို နိုဝင်ဘာလ ၂၇ ရက်နေ့ကစပြီး သံမှူးအဖြစ် တပြိုင်တည်း ရာထူးတိုးမြှင့် ခန့်ထားလိုက်တာဖြစ်တယ်လို့ အမိန့်စာ ဖတ်ရတဲ့ နေပြည်တော် သံတမန်တဦးက ပြောပါတယ်။
ဒေါ်အေးအေးသစ်ရွှေနဲ့ ဒေါ်ကြည်ကြည်ရွှေတို့ နှစ်ဦးစလုံးကို စင်္ကာပူ မြန်မာသံရုံးခေါင်းစဉ်နဲ့ ရာထူးတိုးပေးခဲ့ပေမယ့် အဆိုပါ သမီးနှစ်ဦးစလုံးဟာ စင်္ကာပူမှာမရှိဘဲ နေပြည်တော်မှာသာ နေထိုင်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းရပ်ကွက်က ပြောပါတယ်။ နေပြည်တော်မှာလည်း ရုံးမတက်ဘဲ အိမ်မှာနေပြီး နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးရှိတဲ့ နေ့မျိုးမှသာ ရုံးခဏ လာလေ့ရှိတယ်လို့ သံတမန်သတင်းရပ်ကွက်က ပြောပါတယ်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ သမီးနှစ်ဦးကို ရုံးမတက်ဘဲ ရာထူးတိုးပေးထားလို့ ဝန်ထမ်းတွေအကြား မကျေနပ်မှုတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။ ဒေါ်အေးအေးသစ်ရွှေနဲ့ ဒေါ်ကြည်ကြည်ရွှေတို့နှစ်ဦးရဲ့ အမည်တွေဟာ ၂၀ဝ၉ ခုနှစ် အီးယူက ဒဏ်ခတ်ပြီး နာမယ်ပျက်စာရင်း သွင်းထားတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ မိသားစုဝင်စာရင်းမှာလည်း ပါဝင်နေပါတယ်။
တချိန်ထဲမှာဘဲ တရုတ်နိုင်ငံ ကူမင်းမြို့ ကောင်စစ်ဝန်ချုပ်ရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ သားမက် ကောင်စစ်ဝန်ချုပ် ဦးဇော်ဖြိုးဝင်းစီးဖို့ Mercedes-Benz E-300 အမျိုးအစား နောက်ဆုံးပေါ် ဇိမ်ခံကားသစ်တစီးကို ဘေကျင်းမြို့ မာစီဒီးကုမ္ပဏီက တဆင့် မကြာခင်က မှာယူထားတယ်လို့ စုံစမ်းသိရပါတယ်။
သာမန်ဆိုရင် ကောင်စစ်ဝန်ချုပ်အဆင့်ကို မာစီဒီးကား စီးခွင့်ပေးလေ့မရှိဘဲ မြန်မာသံအမတ် အဆင့်တွေကိုသာ မာစီဒီးကား စီးခွင့်ပေးတာဖြစ်ပါတယ်၊ ဦးဇော်ဖြိုးဝင်းကိုတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ သားမက်ဖြစ်တဲ့အတွက် မာစီဒီးကား အသစ်ဝယ်စီးခွင့်ကို နိုင်ငံခြားရေးဝန်ကြီးဌာနက ခွင့်ပြုခဲ့တာ ဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ သံတမန်တဦးက ပြောပါတယ်။

သတင်းအကျဉ်းချုပ် ...
သို့
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ
ဥက္ကဌ
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ
နေပြည်တော်
ရက်စွဲ - ၂၀၀၉၊ နိုဝင်ဘာလ၊ ၂၈ရက်။
အကြောင်းအရာ။ ။ မြန်မာနိုင်ငံအပေါ်အရေးယူပိတ်ဆို့ထားမှုများ ရုပ်သိမ်းရေးနှင့်ပါတ်သက်သောကိစ္စ။
(၁) မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီးသည့် အချိန်မှစ၍ မြန်မာနိုင်ငံပြည်သူတစ်ရပ်လုံး စည်းလုံး ညီညွတ် ရေးပြိုကွဲခဲ့ရာမှ အလွန်နာကျည်းမနှစ်မြို့ဖွယ်ရာပြည်တွင်းစစ်ဖြစ်ခဲ့ရာ ယနေ့မြန်မာနိုင်ငံ အခြေ အနေကို ဓမ္မဒိဌာန်ကျကျ သုံးသပ်ကြည့်ရှုလျှင် အဖက်ဖက်မှယိုးယွင်းနိမ့်ကျလျက်၊ ဖွံ့ဖြိုးမှုအနိမ့်ကျဆုံးနိုင်ငံ အဖြစ်မှ ရုန်းမထွက်နိုင်သေးသည်ကို ထင်ထင်ရှားရှားတွေ့နိုင်မည် ဖြစ်ပါသည်။
(၂) ယင်းသို့သော အခြေအနေမှ လွတ်မြောက်နိုင်ရန်နှင့် ဖွံ့ဖြိုးတိုးတက်၍ စစ်မှန်သော ဒီမိုကရေစီ နိုင်ငံ ထူထောင်ရေးအတွက် တစ်ခုတည်းသောနည်းလမ်းမှာ “အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး” “အမျိုးသား ညီညွတ်ရေး”ကို အမြန်ဆုံးမဖြစ်မနေတည်ဆောက်ရန်ဖြစ်သည်ဟု နိုင်ငံတော်အေးချမ်းသာယာ ရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအနေနှင့်လည်း အလေးထားယုံကြည်သည်ကို ၄င်း၏နိုင်ငံရေးဦးတည်ချက်(၄) ရပ်တွင် အောက်ပါအတိုင်း ထင်ထင်ရှားရှားဖော်ပြထားသည်ကို တွေ့ရှိရပါသည်။
“နိုင်ငံတော်တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေ
စိုးမိုးရေး၊ အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေး“ ဟု ပါရှိပါသည်။
(၃) ကျနော်တို့ သက်ကြီးရွယ်အိုနိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များကလည်း ကျနော်တို့ ဖြတ်သန်း တွေ့ကြုံကိုယ်တိုင်ဆင်နွှဲခဲ့သည့် တိုက်ပွဲသင်ခန်းစာများအရ လွန်ခဲ့သော ၁၉၉၅ခုနှစ် နိုဝင်ဘာလ ၂၄ရက် နေ့စွဲဖြင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ လိပ်မူ၍ ပန်ကြားစာတစ်စောင် ပေးပို့ခဲ့ရာ၌ အောက်ပါအတိုင်း မေတ္တာရပ်ခံပန်ကြားခဲ့ပါသည်။
(၁) ရရှိပြီးသော မြန်မာနိုင်ငံလွတ်လပ်ရေး မဆုံးရှုံးစေရေးနှင့် ငြိမ်းချမ်းသာယာသော ဒီမိုကရေစီကျသော၊ ဖွံ့ဖြိုးတိုးတက်သောနိုင်ငံသစ်ကြီး တည်ဆောက်ရေးအတွက်၎င်း၊
(၂) တစ်တိုင်းတစ်ပြည်လုံး ရဟန်းရှင်လူပြည်သူတစ်ရပ်လုံး သွေးစည်းညီညွတ်ရေး
အတွက် ဆောင်ရွက်သွားမည်ဟု၎င်း၊
(၃) ယနေ့မြန်မာနိုင်ငံလက်ရှိ အခြေအနေမှာ “တစ်မျိုးသားလုံးသွေးစည်း ညီညွတ်ရေး တည်ဆောက်ရန် အလိုအပ်ဆုံးအခြေအနေဖြစ်နေပါသည်” ဟု၎င်း ဖော်ပြခဲ့ပါသည်။
အလားတူပင် ၁၉၉၉ခုနှစ်၊ ဇန်န၀ါရီလ ၁၇ရက်နေ့စွဲဖြင့် အမျိုးသား ပြန်လည်သင့်မြတ် ရေးအတွက် အကြံပြုစာတမ်းတစ်စောင်ကို ရေးသားကာ နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီသို့ ၎င်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့၎င်း ပေးပို့ခဲ့ရာ ယင်းစာတမ်း၌ ကျွုန်ုပ်တို့၏ရည်ရွယ်ချက် ဟူသော ခေါင်းစဉ်အောက်တွင် အောက်ပါအတိုင်းဖော်ပြခဲ့ပါသည်။
(၁) အမျိုးသားသွေးစည်းညီညွတ်ရေးတည်ဆောက်ရန်၊
(၂) လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကိုထိန်းသိမ်း ကာကွယ်ရန်၊
(၃) ငြိမ်းချမ်းသော ဒီမိုကရေစီကျသော ပြည်ထောင်စုကြီးတည်ဆောက်ရန် ဟု ဖော်ပြခဲ့ပါသည်။
ဆက်လက်၍လည်း ကျနော်တို့စတင်အကြံပြုခဲ့သည့် ၁၉၉၅ခုမှ ယနေ့အထိ ၁၄နှစ်တိုင်တိုင် အဆိုပါသဘောထားအတိုင်း အကြိမ်ကြိမ်အကြံပေးပန်ကြား မေတ္တာရပ်ခံခဲ့ပါသည်။
ကျနော်တို့ အကြံပြုခဲ့ချက်များမှာ ရက်ရှည်လများစွာ အကြောင်းအမျိုးမျိုးကြောင့် အကောင်အထည် မဖော်နိုင်ခဲ့သော်လည်း ၂၀၀၉ခုနှစ်၊ နိုဝင်ဘာလ ၁၁ရက်နေ့စွဲဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လက်မှတ်ရေးထိုး၍ ဗိုလ်ချုပ်မှူးကြီးထံ လိပ်မူ၍ပေးပို့သောစာတွင် “မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ထားမှုများကိုရုပ်သိမ်းရေး” နှင့် ပတ်သက်၍ ပေးပို့သောစာတွင် အောက်ပါ အတိုင်း ဖော်ပြပါရှိသည်ကို တွေ့ရပါသည်။
အပိုဒ်(၂) “မြန်မာနိုင်ငံအပေါ် ချမှတ်ခဲ့သော အရေးယူပိတ်ဆို့မှုများကို ဖယ်ရှားရေး အတွက် ကျွန်မအနေဖြင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီနှင့် ပူးပေါင်းဆောင်ရွက်လိုကြောင်း” ဟူ၍၎င်း၊
အပိုဒ်(၃) “နိုင်ငံတော်အတွက် အကျိုးရှိမည့်လုပ်ငန်းများကိုလည်း ကျွန်မအနေဖြင့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နိုင်လိမ့်မည် ဟု မျှော်လင့်ပါသည်။” ဟုဖော်ပြသည်ကို တွေ့လိုက်ရ ဖတ်လိုက်ရသောအခါ ကျနော်တို့တိုင်းပြည်တွင် လွတ်လပ်ရေးရပြီးစ အချိန် မှစ၍ နိုင်ငံရေးသဘောထားကွဲလွဲမှုများမှ အခြေခံကာ နယ်ချဲ့သမားတို့ကို အတူလက်တွဲ၍ အသက်ပေး တိုက်ခိုက်ခဲ့သူများ အချင်းချင်း ဂိုဏ်းဂဏ၀ါဒ၊ အတ္တ၀ါဒတည်းဟူသော မာန်မာနတို့၏ လွှမ်းမိုးမှုကို မလွန်ဆန်ခံနိုင်ခဲ့ကြသဖြင့် အမျိုးသားခေါင်းဆောင်ကြီးများ (အာဇာနည် ခေါင်းဆောင်ကြီးများ) အသက်ပေး တည်ဆောက်ခဲ့သည့် အမျိုးသားညီညွတ်ရေးပြိုကွဲကာ နိုင်ငံတော်၏ အခြေအနေ အဖက်ဖက်မှယိုယွင်း မှုများအားလုံး အဆုံးသတ်တော့မည့် လမ်းစပေါ်လာခဲ့ပြီဟု ကျနော်တို့ ယူဆမိပါသည်။
ဗိုလ်ချုပ်မှူးကြီးခင်ဗျား -
ကမ္ဘာကြီး၏ လက်ရှိအခြေအနေမှာ ဗိုလ်ချုပ်မှူးကြီးသိရှိထားပြီးဖြစ်သည့်အတိုင်း
+ နိုင်ငံကြီးငယ်အားလုံး စီးပွားပျက်ကပ်ဒဏ်ကို အလူးအလဲခံနေရရာ ယခုတိုင် နလန်မထူနိုင်ကြသေးခြင်း
+ နိုင်ငံကြီးအချို့တို့၏ လက်နက်ပြိုင်ဆိုင်မှု စစ်အေးတိုက်ပွဲပြင်းထန်လာ နေခြင်း၊
+ အစွန်းရောက် ၀ါဒသမားများ၏ အကြမ်းဖက်မှုအန္တရာယ်တစ်နေ့တခြား ကြီးမား လာခြင်း၊
+ အနုမြူအန္တရာယ်၏ ခြိမ်းခြောက်မှုခံနေကြရခြင်း စသည်တို့ကြောင့်
တတိယကမ္ဘာစစ်၏ အန္တရာယ်သည် အေးချမ်းစွာနေလိုသော ကျနော်တို့ပြည်သူ တစ်ရပ်လုံးအား ခြိမ်းခြောက်လျှက်ရှိသည်ဟု ယူဆမိပါသည်။
ယင်းကဲ့သို့သော အခြေအနေအရပ်ရပ်တွင် ဗိုလ်ချုပ်မှူးကြီးပြောကြားခဲ့သည့် မိန့်ခွန်းအသီးသီး၌ လည်း “အမျိုးသားညီညွတ်ရေးအရေးကြီးပုံ” ဆိုသည့် စကားရပ်မပြတ်ပါရှိခဲ့သလို အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ၈၉ကြိမ်မြောက် အမျိုးသားနေ့ ကြောညာချက်တွင်လည်း “တိုင်းပြည်နှင့် ပြည်သူလူထုအကျိုးစီးပွား ကို ဆောင်ရွက်နိုင်ရန် အမျိုးသားညီညွတ်ရေးကို တည်ဆောက်ကြရမည်” ဟုဖော်ပြထားပြီး ဥက္ကဌကြီးထံသို့ ဒေါ်အောင်ဆန်းစုကြည် ပေးစာတွင် “တိုင်းပြည်နှင့် ပြည်သူလူထုအကျိုးရှိမည့် လုပ်ငန်းများကိုလည်း နိုင်ငံ တော်အေးချမ်းသာယာရေးဖွံ့ဖြိုးရေးကောင်စီနှင့်အတူပူးပေါင်းဆောင်ရွက်လိုကြောင်း” ဖော်ပြထားပါသည်။ ထို့အတူ ပြည်သူတစ်ရပ်လုံးကလည်း နှစ်ရှည်လများ နိုင်ငံကိုဦးဆောင်ခဲ့ကြသည့် မည်သည့်ခေါင်းဆောင် တစ်ယောက်ကမှ မတည်ဆောက်နိုင်ခဲ့သည့် “အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး” တစ်နည်းအားဖြင့် “အမျိုး သား ညီညွတ်ရေး” တည်ဆောက်နိုင်တော့မည်၊ စစ်မဲ့ဘေးအန္တရာယ်အသွယ်သွယ်တို့မှ၎င်း အကြပ်အတည်း ပေါင်းစုံ တို့မှ၎င်း ညီညွတ်ရေးလက်နက်နှင့် ခုခံဖြိုခွင်းနိုင်တော့မည်။ ငါတို့မြန်မာနိုင်ငံခေတ်ဆန်း ချိန်ရောက် တော့မည်ဟု ၀မ်းမြောက်ဝမ်းသာရှိနေကြပါသည်။ ဤသို့သော ဆန္ဒနှင့် ပြည်သူ့သဘောထားကို ဗိုလ်ချုပ်မှူး ကြီးကိုယ်တိုင်ဦးဆောင်ကာ ပတ်သက်သူအားလုံးနှင့် ဗုဒ္ဓမြတ်စွာဘုရား၏ အဆုံးအမနှင့်အညီ အတိတ်ကို သင်ပုန်းချေ၊ ခန္တီတရားလက်ကိုင်ထား၍ မေတ္တာတရားရှေးရှုကာ အမြန်ဆုံးတွေ့ဆုံဆွေးနွေးပြီး အမျိုးသား ညီညွတ်ရေး အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးတို့ကို ကြိုးပမ်းပေးပါရန် နိုင်ငံတော်နှင့် အားလုံးသော ဆင်းရဲချမ်းသာမရွေး၊ အယုတ်အလတ် အမြတ်မရွေး ညီညွတ်ရေးကို အာသာငမ်းငမ်း တောင့်တနေကြသည့် ပြည်သူများ၏ ကိုယ်စားမေတ္တာရပ်ခံလိုပါသည်။
ဗိုလ်ချုပ်မှူးကြီးခင်ဗျား -
ကျနော်တို့သည် အသက်အရွယ်ကြီးရင့်နေကြပါပြီ။ သေမင်းထံ ခြေတစ်ဖက်လှမ်းနေ သူများလည်း ဖြစ်ပါသည်။ “တို့တစ်တွေ ညီညွတ်ရေးရခဲ့လျှင်” ဟူသော ခံစားချက်ဖြင့်သာ ဤစာကိုရေးသားပေးပို့ခြင်းဖြစ်ပါသည်။
ဥက္ကဌကြီးသည် နိုင်ငံတော်ကို ဦးဆောင်နေသူတစ်ယောက်အဖြစ် ဂါရ၀တရား “ဂုဏ၀ုတ္တိ” ထား၍ နိုင်ငံအကျိုးရှေးရှုကာ မိမိတို့ဥာဏ်မီသလောက် ရေးသားတင်ပြရခြင်းကို ခွင့်လွှတ်စေ လိုပါသည်။
“ကျန်းမာချမ်းသာကြပါစေ”
(သခင်သိန်းဖေ)
(၀ါရင့်နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များ ကိုယ်စား)

သတင်းအကျဉ်းချုပ် ...