Wednesday, March 24, 2010
Tuesday, March 23, 2010
0 ရွှေဒေါင်းတောင်ကလောင်အဖိုးမွေးနေ့ နှင့်ကမ္ဘာ့ကဗျာပွဲတော် (ဂျပန်)
ဒီကနေ.(၂၂.၃.၂၀၁၀) ကျမတို.ဂျပန်နိုင်ငံမှာကျင်းပပြုလုပ်ခဲ့တဲ့ ရွှေဒေါင်းတောင် ကလောင်အဖိုးမွေးနေ့ နှင့်ကမ္ဘာ့ကဗျာပွဲတော် သို . အမှာစကားများအသီးသီးပေးပို.ခဲ့ကြသော ပြည်တွင်းပြည်ပက ဆရာကြီး များရဲ. အသံဖိုင်မူရင်းများကို နားဆင်ဖြန်.ချီ နိုင်ရန်အတွက် ပေးပို.လိုက်ရပါသည်။
လေးလေး(တိုကျို)
ဦးဝင်းဖေ
လူထု ဦးစိန်ဝင်း
ဆရာဦးဝင်းတင်
ဆရာ မောင်စွမ်းရည်
Monday, March 22, 2010
0 ဥရောပ The durgas တေးဂီတအဖွဲ့ရဲ့ လေနဲ့ယူဆောင် သီချင်း
ဥရောပdurgas တေးဂီတအဖွဲ့ဟာ (၂၀၀၇) ခုနှစ်ကတခါ . ၂၀၀၉ခုနှစ်က တခါ ထိုင်းနိုင်ငံ မဲဆောက်ရှိ ရွေ့ပြောင်းစာသင်ကျောင်းတွေမှာ သီဆိုဖျော်ဖြေပေးပြီး အလှူငွေတွေပေးအပ်ကြပါတယ်။ durgas တီးဝိုင်းအဆိုတော် ဘန်းဂျီက ပညာရေးက ကလေးတွေရဲ့အနာဂတ် ကို အဓိကပြောင်းလဲနိုင်မှာဖြစ်ကြောင်း ကလေးတွေ ပညာရေးကောင်းဖို့လုပ်ဆောင်ဖို့ လိုကြောင်းပြောသွားခဲ့ပါတယ်။ ဒီ တေးဂီတအဖွဲ့ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး။ မြန်မာ့ဒီမိုကရေစီအရေး အားပေးတဲ့အဖွဲ့လည်းဖြစ်ပါတယ်။ သူဟာမြန်မာပြည်အတွက် Burma ဆိုတဲ့သီချင်းတပုဒ်ကိုလည်း သီဆိုခဲ့ပါတယ်။
0 မြန်မာပြည်သူလူထုအမျိုးသားခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့်နိုင်ငံရေးအကျဉ်းသားများ ပါဝင်ခွင့်မရအောင်ပြုလုပ်ထားတဲ့တရားမမျှတတဲ့ရွေးကောက်ပွဲဆန့်ကျင်စို့
0 ဒေါ်အောင်ဆန်းစုကြည်မပါဘဲNLDပါတီပြန်လည်မှတ်ပုံတင်ရေးမလုပ်သင့်ဘူးလို့ပြောဆိုတဲ့ ဥိးဝင်းတင်ရဲ့ သဘောထားပြောဆိုချက်
0
၂၀၁၀ ရွေးကောက်ပွဲနဲ့ ဗမာ့နိုင်ငံရေး စာမျက်နှာသစ် (မေးခွန်းများ)
မောင်ရဲ
မိုးမခ
နအဖက ရွေးကောက်ပွဲဆိုင်ရာဥပဒေတွေ ထုတ်ပြန်လာပြီးတဲ့နောက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့်တကွ ပြည်တွင်းနိုင်ငံရေးအင်အားစုများအကြား ပါတီမှတ်ပုံတင်ရေး မတင်ရေးကိစ္စက အခြေအတင်ဆွေးနွေးစရာတွေ ဖြစ်လာနေပါတယ်။ ရတဲ့အချိန်တို အတွင်းမှာ မှန်ကန်တဲ့ဆုံးဖြတတ်ချက်တွေချရပါတော့မယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွင်းမှာ အဖွဲ့ချုပ်ဥက္ကဋ္ဌနဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်အချို့၊ ဗဟိုအလုပ် ကော်မတီဝင်အချို့က ပါတီမှတ်ပုံတင်ရေးကို ဆန္ဒရှိကြတယ်၊ ထည့်သွင်း စဉ်းစားနေကြတယ်လို့ သတင်းများကြားသိနေရပြီး ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွှတ်မြောက်လာချိန်မှာ ပါတီတခုအဆင်သင့်ရှိနေစေဖို့ဆိုတဲ့ ဓါတ်ပြားဟောင်းကြီး ဖွင့်နေကြပြန်ပါပြီ။
ဒေါ်အောင်ဆန်းစုကြည်ကို ဗမာပြည်သူအားလုံးက လူထုခေါင်းဆောင်အဖြစ် သက်မှတ်ထားပြီးသားပါ။ နဝတ-နအဖတင် မကပါဘူး ဗမာ့နိုင်ငံရေး ပြဿနာကို အမှန်တကယ်ဖြေရှင်းချင်သူများ အားလုံးက အလေးထား ဆွေးနွေး နေရာပေးရမယ့် ခေါင်းဆောင်ဆိုတာကို သိချပ်ဖို့လိုပါတယ်။ အတွေးချော် လမ်းမှားလို့မရတဲ့ ဒီလိုအချိန် အခါမှာ ပြည်တွင်းပြည်ပက ဒီမိုကရေစီလိုလားသူများအကြား စိုးရိမ်မှုတွေ တိုးလို့လာနေတာသာ တွေ့ရပါတယ်။ ဒါပေမယ့် ဘာဖြစ်လာရင်၊ ဘယ်လိုလုပ်ကြမယ်ဆိုတဲ့ ပြင်ဆင် သံတွေပျောက်နေတာတွေ့ရပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သူ့ပါတီအရေးကိစ္စကို ဒီမိုကရေစီနည်းလမ်းတကျ လုပ်ကိုင်ဆောင်ရွက် သွားပါ့မယ် လို့ဆိုပါတယ်။ တကယ်လို့ အဖွဲ့ချုပ်ကို ပါတီမှတ်ပုံတင်ပြီး ၂၀၁၀ ရွေးကောက်ပွဲဝင်မယ်လို့ အဖွဲ့ချုပ် ဗဟိုဦးစီးအဖွဲ့သစ်က ဆုံးဖြတ်လိုက်တယ်ဆိုကြပါစို့ ကျနော်တို့ ပြည်တွင်းပြည်ပက ဒီမိုကရေစီလိုလားသူများက မဲပေးသူများ၊ ထောက်ခံ ပံပိုးပေးကြရသူများ ဖြစ်ကြတာနဲ့အညီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဒီဆုံးဖြတ်ချက် အပေါ်မှာ ဘယ်လိုသဘောထား တုံ့ပြန်ကြမှာလဲ။
သေချာပေါက်နီးပါး ဖြစ်နိုင်တာကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သာ ၂၀၁၀ ရွေးကောက်ပွဲကို ဝင်ခဲ့ရင် ဒီမတရားတဲ့ ရွေးကောက်ပွဲဟာ နိုင်ငံတကာမိသားစုက အစဉ်တစိုက် တောင်းဆိုနေတဲ့ အားလုံးပါဝင်တဲ့ အများလက်ခံနိုင်တဲ့ ရွေးကောက်ပွဲတခု အလွယ်တကူဖြစ်သွားနိုင်တာပါ။ ဒီကတဆင့် ဖြစ်ပေါ်လာတဲ့ တရားဝင်မှုအပေါ် မေးခွန်း ထုတ်ရန်ခက်မယ့် ဒီမိုကရေစီမကျတဲ့အစိုးရတရပ်အပေါ် ဘယ်လို ဆန့်ကျင်သွားကြမလဲ။ အလေးအနက် စဉ်းစားကြ ဖို့လိုပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သာ ၂၀၁၀ ရွေးကောက်ပွဲကိုဝင်ခဲ့ရင် ကျနော်တို့အားလုံးလည်း မလွှဲမရှောင်သာဘဲ ဒီလမ်းကြောင်းကို လိုက်လျှောက်ရတဲ့ဖြစ် ရောက်လာပါတော့မယ်။ ဒီလိုသဘောထားကို ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ အတွင်းရေးမှုး ဦးအေးသာအောင်ကလည်း သဘောထားထုတ်ပြန်ထားပြီးသားဖြစ်ပါတယ်။
ကုန်ခဲ့တဲ့အနှစ် နှစ်ဆယ်ကလိုပဲ ဒီမိုကရေစီတိုက်ပွဲရဲ့ ဦးဆောင်အလံကိုင်ပါတီ၊ ဒီမိုကရေစီလိုလားတဲ့ ဗမာပြည်သူပြည်သားများကို ကိုယ်စားပြုတဲ့သင်္ကေတ အဖြစ်ဆက်လက် လက်ခံထားနိုင်ပါသေးရဲ့လား။ အဖွဲ့ချုပ်လိုပဲ ရွေးကောက်ပွဲကိုဝင်ကြမယ့် အခြားပါတီတွေ၊ တသီးပုဂ္ဂလတွေ အပေါ်မှာရော ဘယ်လို သဘောထားကြမှာလဲ။ ဘယ် အဖွဲ့ကို ဒီမိုကရေစီတိုက်ပွဲရဲ့ ဦးဆောင်ပါတီအဖြစ်ရွေးချယ်ပြီး ပြည်သူလူထုက ထောက်ခံလာအောင် ဝိုင်းဝန်း ပံပိုးပေး ကြမှာလဲ။
၁၉၉၀ ရွေးကောက်ပွဲတုန်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဒီမိုကရေစီတိုက်ပွဲရဲ့ ဦးဆောင်အလံကိုင်ပါတီအဖြစ် ရွေးချယ်ပြီး အဖွဲ့ချုပ်လူငယ်၊ ကျောင်းသားသမဂ္ဂများနှင့် လူ့ဘောင်သစ်ပါတီဝင်များရဲ့ သုံးချောင်းထောက် လူငယ်လှုပ်ရှားမှု့များနဲ့ မဲမကွဲရေး ဆောင်ရွက်ခဲ့ကြတယ်။ ဒီလှုပ်ရှားမှုက အတိုင်းအတာတခု အထိတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးအပေါ် အထောက်အကူ ဖြစ်စေခဲ့ပါတယ်။
ဒီတခါကော အဖွဲ့ချုပ်ကိုပဲ ရွေးချယ်ကြမှာလား။ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ဦးဆောင်ခြင်းမရှိတဲ့ အဖွဲ့ချုပ်နဲ့ ဘယ်အတိုင်းအတာအထိ လက်တွဲလို့ရမလဲ။
ပြီးခဲ့တဲ့ အနှစ် နှစ်ဆယ်ကိုပြန်လည် ဝေဘန်ဆန်းစစ်ပြီး ရှေ့လျှောက်ရမယ့်လမ်းမှာ လမ်းပိတ် ထိုင်မယ့်သူ၊ ပွဲလန်းတုန်း ဖျာဝင်ခင်းဖို့ ကြံနေကြတဲ့သူတွေကိုမရွေးပဲ၊ ပြည်သူကိုအမှန်တကယ် မျက်နှာပြုမယ့်သူတွေဖြစ်ပါမှ နှောင်မှာပေါ် ပေါက်လာမယ့် လွှတ်တော်တွင်း၊ လွှတ်တော်ပြင်ပတိုက်ပွဲတွေကို ဦးဆောင်နိုင်ကြမှာပါ။ ဒီတိုက်ပွဲက ရေရှည်တိုက်ပွဲပါ။ ပြည်သူအပေါ်သစ္စာမရှိတဲ့သူတွေဟာ စစ်အုပ်စုက ဝယ်တဲ့နောက် အလွယ်တကူပါသွားမှာပါ။
၁၉၉၀ ရွေးကောက်ပွဲမှာ ပါတီတခုကိုတည်းကို မဲပေးခဲ့တဲ့အတွက် နဝတ-နအဖရဲ့ ခွဲခြားဖမ်းဆီးမှု့များရဲ့ အောက်မှာ ဗမာပြည်သူလူထုအတွက် အကျိုးမဖြစ်စေခဲ့တာ၊ ဒီမိုကရေစီတိုက်ပွဲ အနှစ် နှစ်ဆယ်ကျော် ကြာခဲ့ရတာက သက်သေပါ။ ရွေးကောက်ပွဲလမ်းကြောင်းကို လိုက်လျှောက်ရတော့မယ်ဆိုခဲ့ရင် ပါတီကိုရွေးတာထက် လူကိုအဓိက ရွေးတဲ့ ရွေးကောက်ပွဲဖြစ်သင့်သလား၊ မဲမကွဲအောင် ပါတီတခုတည်းကိုပဲ ပေးသင့်သလား မသေချာပေမယ့်၊ သေချာတာတခုကတော့ ဗမာလူမျိုးဟာ အမှားတခုကို နှစ်ခါမှားမိမှာ သေမတတ် ကြောက်တတ်တာပါ။
တကယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပါတီမှတ်ပုံမတင်ဘူးဆိုပါစို့ နအဖက အဖွဲ့ချုပ်ကို ဖျက်ဖို့ ကျိုးစားမှာ၊ ခေါင်းဆောင်အများစုကို ဖမ်းဆီးထောင်ချမှာ မြေကြီးလက်ခတ် မလွှဲပါဘူး။ ဒါပေမယ့် အရင်တုန်းကလိုပဲ အကုန်မဖမ်းဘဲ လိုအပ်သလောက်ပဲ ဖမ်းပြီး နအဖကြိုးဆွဲရာကမယ့် ရုပ်သေး-အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပါတီ မှတ်ပုံတင်ခိုင်းပြီး ရွေးကောက်ပွဲဝင်ခိုင်းတာမျိုးလည်း ဖြစ်လာနိုင်ပါတယ်။ ဒီလိုအခြေအနေတွေဖြစ်လာရင် ဒီမိုကရေစီ လိုလားတဲ့ ဗမာပြည်သူပြည်သားများက ဘာလုပ်ကြမလဲ။ ကိုယ်နီးစပ်ရာအစုအဖွဲ့များနဲ့ အရေးတကြီး တိုင်ပင်ဆွေး နွေးကြဖို့ လိုနေပါပြီ။
ကိုယ့်အချင်းချင်းကြား အမြင်ခြင်းဖလှယ် တိုင်ပင်ဆွေးနွေးပြီး ဆရာဦးဝင်းတင် ပြောသလို “မကြောက်တရား လက်နက်၊ သွေးစည်းညီညွတ်ရေးလက်နက်၊ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ရည်မှန်းပန်းတိုင် တခုတည်း ချမှတ် ရှေးရှု ရင်ဆိုင် ချီတက်ရေး လက်နက်” ဆိုတဲ့ လက်နက်သုံးရပ်ကို ကိုင်ဆွဲပြီး ဘယ်သူအလံလှဲလှဲ ကိုယ်မလှဲဘဲ စုပေါင်းတိုက်ပွဲဝင်သွားကြဖို့ အရေးကြီးပါတယ်။
အဖွဲ့ချုပ်ရဲ့ ဒီမိုကရေစီစံနှုန်းများက ပြည်သူ့ဆန္ဒနဲ့ အမှန်တကယ် ကိုက်ညီခြင်းရှိမရှိ ဆိုတာကတော့ မဝေးတော့တဲ့ ကာလမှာ အထင်အရှား မြင်ကြရတော့မှာပါ။ ။
0 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစုမှ အကြံပြုချက်
Sunday, March 21, 2010
0 ပါတီ မှတ်ပုံတင်ရေးတိုက်တွန်းချက် ဝခေါင်းဆောင်တွေ ငြင်းပယ်
UWSA ဝပြည်သွေးစည်းညီညွတ်ရေး ပါတီကို မှတ်ပုံတင်ဘို့ စစ်အစိုးရရဲ့ တိုက်တွန်းချက်ကို ဝခေါင်းဆောင်တွေက ငြင်းပယ်လိုက်တယ်လို့ သိရပါတယ်၊
ပြီးခဲ့တဲ့လအတွင်းက နယ်ခြားစောင့်တပ်များ ဖွဲ့စည်းရေးနဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်ကြီးရဲမြင့်နဲ့ ဝခေါင်းဆောင်တို့ တွေ့ဆုံကြစဉ်မှာ ဗိုလ်ချုပ်ကြီးရဲမြင့်က စစ်အစိုးရ ထုတ်ပြန်ထားတဲ့ ပါတီများမှတ်ပုံတင်ခြင်း ဥပဒေကို ကိုးကားပြီး ဝပြည် သွေးစည်းညီညွတ်ရေးပါတီကို မှတ်ပုံတင်ဖို့ ပြောခဲ့တာ ဖြစ်ပါတယ်။ UWSA အနေနဲ့ ပါတီတည်ထောင်ခဲ့တာ နှစ်ပေါင်း ၂၀ ရှိပြီဖြစ်ပြီး ဝဒေသတွင်း ပြည်သူတွေကို ကိုယ်စားပြု ဆောင်ရွက်နေတာ ဖြစ်တာကြောင့် မှတ်ပုံတင်စရာ မလိုဘူးလို့ ဝခါင်းဆောင်တွေက ပြောခဲ့တယ်လို့ သိရပါတယ်။
ခုလို ပါတီမှတ်ပုံမတင်ဘူးဆိုရင် လာမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဘယ်လို ဆောင်ရွက်ဖို့ အစီအစဉ် ရှိပါသလဲလို့ မေးတဲ့အခါမှာ ဝခေါင်းဆောင်တဦးက လတ်တလော ဝခေါင်းဆောင်ပိုင်းမှာ ရွေးကောက်ပွဲနဲ့ ဆက်နွယ်ပြီး ဆွေးနွေးတာမျိုး မရှိသေးဘူးလို့ ဖြေကြားပါတယ်။ UWSA အနေနဲ့ ရှေ့ဆက် ဆောင်ရွက်မယ့် လုပ်ငန်းတွေမှာ ဝပြည်သူတွေရဲ့ သဘောထားကိုခံယူပြီးမှ ဆောင်ရွက်မှာဖြစ်ကြောင်း ပြည်သူတွေရဲ့ သဘောတူညီချက် မပါဘဲ ဘာတခုမှ ဆောင်ရွက်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။
UWSA ဘက်က တင်ပြထားတဲ့ အချက် ၉ ချက်ကို စစ်အစိုးရက ငြင်းပယ်ခဲ့သလို စစ်အစိုးရက အကြောင်းပြန်ကြားဖို့ သတ်မှတ်ထားတဲ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ မတိုင်ခင် UWSA က ဝပြည်တောင်ပိုင်းကိစ္စနဲ့ နယ်ခြားစောင့်ကိစ္စ နှစ်ခုလုံးအတွက် ပြန်ကြားခဲ့ပေမယ့် စစ်အစိုးရဘက်က ဘာမှအကြောင်းကြားချက်မှမရသေးဘူးလို့သိရပါတယ်။
RFA
0
“ရှင်းတမ်း(၂) ”
ကျော်သူ
သဒ္ဓါတရားသည် လူသားတိုင်းမှာ ရှိသင့်ရှိထိုက်သော အရေးကြီးဆုံး တရား တစ်မျိုးဖြစ်သည်။ ရတနာမြတ်သုံးပါး၊ ကံ ကံ၏အကျိုးတရား၊ ယခုလက်ရှိ ဘ၀ နောင်ဘ၀တို့် ယုံမှားသံသယ မရှိပဲ လေးလေးနက်နက် ယုံကြည်မှုကို `သဒ္ဓါ´ ဟုခေါ် သည်။ အယူဝါဒရေးရာ၌ အမြင်ကြည်လင် ပြတ်သားမှုသည် သဒ္ဓါ၏ အစွမ်းသတ္တိပင် ဖြစ်သည်။
` ဒါန ´၏ အခြေခံအုတ်မြစ်သည် .. သဒ္ဓါပင်ဖြစ်တော့သည်။ သဒ္ဓါစိတ်ရှိမှ ဒါနမြောက်သည်။ ဒါနဟု ဆိုရာတွင် မိဘက သားသမီးများကိုပေးခြင်း၊ သားသမီး များက မိဘတို့ကိုပေးခြင်း၊ ရန်သူကို ကြောက်၍ပေးခြင်း၊ ရန်သူကို အောင်နိုင်ရန် ပေးခြင်း၊ ပြည်သူများကအစိုးရအား အခွန်ပေးရခြင်း၊ အစိုးရက ပြည်သူတို့ကို စားဝတ်နေရေးပြေလည်စေရန်ဆောင်ရွက်ပေးခြင်း၊ အသက်အိုး အိမ်စည်းစိမ်ကို ကာကွယ်ပေးခြင်း ... စသည်ဖြင့် လူတစ်ဦးက လူတစ်ဦးကို ပေးအပ်သည့် ပစ္စည်းဝတ္ထုပေးခြင်း ဟူသမျှတို့သည် ဒါနချည်းပင်ဖြစ်သည်။ သို့ရာတွင် ဒါနပြုရာ၌ သဒ္ဓါနှင့်ပညာ (၂)ပါး မျှတညီညွတ်ရန် အရေးကြီးပေသည်။
` ဒါန ´သည် နတ်ပြည်သို့ သွားလမ်းစောင်းတန်းလှေကားသဖွယ် ဖြစ်၏။ မြတ်သောရိက္ခာထုပ် လည်းဖြစ်၏။ ခရီးဖြောင့်သော လမ်းမကြီးနှင့်လည်းတူ၏။ မြတ်သောမဂ်ဖိုလ်နိဗ္ဗာန်ရရန် အကြောင်းလည်းဖြစ်၏။ အစိုးရခြင်းကိုလည်း ဖြစ်စေတတ်၏။ စည်းစိမ်ချမ်းသာကိုလည်း ပေးတတ်၏။ မိမိကိုယ်ကိုလည်း စောင်မတတ်၏။ ချမ်းသာကိုလည်း ပွားစေတတ်၏။ မယဉ်ကျေးသောသူကို လည်း ယဉ်ကျေးစေတတ်၏။ အလုံးစုံသော အကျိုးကိုလည်း ပြီးစေတတ်၏။ ဒါနသည် အမြတ်မင်္ဂလာတစ်ပါးလည်းဖြစ်၏ဟု ဆရာတော်ကြီး ဓမ္မဒူတအရှင် ပညာဇောတ ရေးသားသော ` ဒါန ၀တ္ထု´တွင်ဖေါ်ပြထားပါသည်။
`ဣစ္ဆာသမယ ပတ္တမြားပမာ လိုရာကိုပေးနိုင်သော ဒါန´ကို လျစ်လျူရှုသူ၊ ရုတ်ချကဲ့ရဲ့သူ၊ မနာလိုသူ၊ နှောင့်နှေးအောင်ပြုလုပ်သူ၊ ဟန့်တားဖျက်ဆီးသူ၊ မိစ္ဆာအယူရှိသူတို့သည်
ဓမ္မ န္တရာယ်တို့ပင်ဖြစ်တော့သည်။
ဤတွင် ကျွန်တော်ပြောပြပါတော့မည်။
ကျွန်တော်တို့၏ ကိုယ်ကျိုးမဖက်လုပ်ဆောင်ပေးနေသော `နာရေးကူညီမှု အသင်း (ရန်ကုန်)´နှင့် အခမဲ့ဆေးဝါးကုသပေးနေသော `သုခကုသိုလ်ဖြစ် ဆေးခန်း´ သို့ လှူဒါန်းကြကုန်သော အလှူရှင်၊ ဒါနရှင်တို့၏ အကြောင်းပင်ဖြစ် တော့သည်။
ရှိ၍လှူခြင်း၊ မရှိဘဲနှင့် လှူခြင်း
ရှိ၍ ဒါနလုပ်ခြင်း၊ မရှိဘဲနှင့် ဒါနလုပ်ခြင်း
တို့ဖြစ်သည်။
မိမိတွင် ငွေကြေးပစ္စည်းဥစ္စာပြည့်စုံ၍ လှူဒါန်းခြင်း၊ ဒါနလုပ်နိုင်ခြင်းတို့ရှိ သလို ... မိမိ၏ လုပ်အား၊ စွမ်းအား၊ ဥာဏ်အား (ကိုယ်ခန္ဓာအားရင်း၍) လှူဒါန်းခြင်း၊ ဒါနလုပ်ခြင်းတို့ဖြစ်ကြသည်။
ယင်းကို ထမင်းအိုးချက်သည်နှင့် တင်စားပြောလိုသည်။ ထမင်းအိုးကျက် ရန် ထင်းကောင်းကောင်းလိုသည်။ ထင်းကိုလောင်မြိုက်ရန် မီးကောင်းကောင်းလို သည်။ မီးကောင်းလျှင် ထင်းမီးတောက်မည်။ ထင်းမီးကောင်းလျှင် ထမင်းအိုး မြန်မြန်ကျက်မည်ဖြစ်သည်။ ဤတွင် -
ထင်းကို သဒ္ဓါစိတ်
မီးကို ဒါနစိတ်
ထမင်းအိုးကို ကုသိုလ်စိတ် ဟုတင်စားလိုက်ရပါသည်။
ထင်းကောင်း၍ မီးကောင်းသည်။ မီးကောင်း၍ ထမင်းကျက်သည် ဖြစ်တော့သည်။
အကျိုးပေးရာမှာ စေတနာကသာ အကျိုးပေးနိုင်၍ ၀တ္ထုကအကျိုးမပေး နိုင်။ ယင်းသို့ အကျိုးမပေးနိုင်ပါဘဲလျက် အဘယ့်ကြောင့် ပစ္စည်းဝတ္ထုကို ဒါနဟုခေါ်သနည်း။ အကျိုးပေးရာ၌ စေတနာကသာကံဖြစ်၍ အကျိုးပေးနိုင် သော်လည်း ထိုစေတနာသည် ပစ္စည်းဝတ္ထုထင်ရှားရှိ၍ ဖြစ်ပေါ်နေသော စေတနာမှသာ ဒါနကံအတွင်း သွတ်သွင်းနိုင်သည်ဖြစ်၏။ ပစ္စည်းဝတ္ထုသည် လည်း ဒါနကံမြောက်ဖို့ရန် အရေးကြီးသော အကြောင်းဖြစ်၏။ `လှူဖွယ်ဝတ္ထု ကြောင့် ကောင်းကျိုးရသည်´ ဟုဆိုလျှင် မမှားနိုင်ပေ။
ကျွန်တော်တို့သည် အလှူရှင်များလှူဒါန်းသော ဆေးဝါး၊ ငွေကြေးတို့ဖြင့် နာမကျန်းဖြစ်သော (၇)ရက်သားသမီးများ၊ ဘ၀တစ်ပါးသို့ ပြောင်းသွားကြကုန် သော (၇)ရက်သားသမီးတို့၏ နာရေးကိစ္စများကို ကုသိုလ်ဖြစ် ကြားခံပေးဆပ်နေ ကြသူတို့ ဖြစ်ကြပါသည်။ ထိုသို့ ထမ်းဆောင်ပေးနိုင်ခြင်းမှာ အလှူရှင်တို့၏ သဒ္ဓါစိတ်၊ ကုသိုလ်စိတ်၊ ဒါနအလှူတို့ကြောင့် ဖြစ်ပါသည်။
အလှူရှင် မရှိလျှင် ကျွန်တော်တို့ အများအတွက် မစွမ်းဆောင်နိုင်ပါ။
သဒ္ဓါစိတ် မရှိလျှင် ကျွန်တော်တို့ အများအတွက် မပေးဆပ်နိုင်ပါ။
ဒါန မရှိလျှင် ကျွန်တော်တို့ အများအတွက် မရပ်တည်နိုင်ပါ။
ထို့ကြောင့် ကျွန်တော်တို့၏ လုပ်ငန်းသည် အလှူရှင်တို့နှင့် တိုက်ရိုက် ဆက်နွယ်နေသည်။ ကျွန်တော်တို့၏ လူမှုရေးလုပ်ငန်းသည် N.G.O အဖွဲ့အစည်း ဖြစ်သော်လည်း အခြားအခြားသော ၊ အချို့သော N.G.O အဖွဲ့အစည်းများနှင့် လုပ်ဆောင်မှု၊ ခံယူမှု၊ ကျင့်ကြံအားထုတ်မှု မတူညီပါ။ မည်သို့ပင်ဖြစ်စေကာမူ ...
ကိုယ့်လမ်း ... ကိုယ်လျှောက် ...
ကိုယ့်သီလ ... ကိုယ်လုံ ... ရန်သာ အရေးကြီးပါသည်။
ကမ္ဘာ့နိုင်ငံအသီးသီးမှ နာရေးကူညီမှုအသင်းအတွက် Proposal တင်ခြင်း၊ အခြားသော အဖွဲ့အစည်းများမှ အလှူခံခြင်းတို့သည် ယနေ့တိုင် (၂၀၀၁ - ခုနှစ်မှစ၍) မရှိခဲ့ပါ။ ပြည်တွင်း၊ ပြည်ပအလှူရှင်၊ ဒါနရှင်၊ သဒ္ဓါတရားပြည့်ဝသော အလှူရှင်များ၏ အလှူငွေများကိုသာ စနစ်တကျ စိစစ်လက်ခံ၍ နာရေး၊ ကျန်းမာရေး၊ ဒုက္ခသည်များထံ တိုက်ရိုက်ကူညီပံ့ပိုးမှုကို လုပ်ဆောင်ပေးနေသော အသင်းတစ်သင်းသာဖြစ်သည်။
အလှူရှင်တို့၏ သဒ္ဓါစိတ်၊ ဒါနစိတ်၊ ကုသိုလ်ကောင်းမှုကြီးကြောင့် ကျွန်တော်တို့၏ နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ယနေ့တိုင် အများပြည်သူ ဘက်မှ မားမားမတ်မတ်ရပ်တည် ပံ့ပိုးကူညီနိုင်ခြင်း ဖြစ်တော့သည်။
ဤသို့လှူဒါန်းကြရာဝယ် ... ဥပမာအားဖြင့် သာဓကပြုပြောရမည်ဆိုပါက ...
လွန်ခဲ့သော (၅)နှစ်ခန့်က ဆရာတော်ကြီးများ၏ တရားပွဲများကို နှစ်စဉ် ကျင်းပပေးနေသော ကံမြင့် (စမ်းချောင်း)ကျောင်းတိုက်တွင် ဖြစ်ပျက်ခဲ့သော အကြောင်း အရာကလေးတစ်ခုကို တင်ပြလိုပါသည်။
တရားပွဲသို့ တရားနာရန် လာရောက်ကြကုန်သော (၇)ရက်သားသမီး အပေါင်းတို့က ကျွန်တော်တို့၏ နာရေးကူညီမှုအသင်း (ရန်ကုန်)အလှူခံဌာနသို့ အလှူငွေများ လာရောက်လှူဒါန်းကြသည်မှာ အလွန်ပီတိဖြစ်စရာ၊ သာဓုအနု မောဒနာခေါ်စရာပင်ဖြစ်သည်။ အချို့သည် အလှူငွေ (၁)သိန်း၊ (၅)သောင်း၊ (၁) ထောင်စသည်ဖြင့် ၀မ်းမြောက်ဝမ်းသာ လှူဒါန်းကြသည်။ ထိုအချိန် အလှူခံဌာန နှင့် မလှမ်းမကမ်းမှ ကလေးမလေးတစ်ဦးသည် မယောင်မလည်ရပ်ကြည့် နေသည်။ တရားပွဲစခါနီးတွင် အလှူခံဌာနမှ အလှူရှင်များ နည်းပါးသွားချိန် ထိုကလေးမလေးသည် မ၀ံမရဲနှင့် သိမ်ငယ်စွာ စကားလေးတစ်ခွန်းလာရောက် ပြောပြပါသည်။ `သမီးလည်း ငွေလှူချင်ပါတယ် ... သမီးအိမ်က အဖေနေမ ကောင်းဖြစ်နေတာရယ်၊ ပြီးခဲ့တဲ့အပတ်က သမီးအမေဆုံးပါးသွားတာရယ်ကို ကုသိုလ်လေးလုပ်ချင်လို့ပါ´...တဲ့၊ ထိုအခါ ကျွန်တော်တို့မှလည်း `ရပါတယ် ခင်ဗျာ ... လှူနိုင်ပါတယ်´ လို့ပြောတော့ သူမက `သမီးမှာ ဈေးရောင်းလို့ရတဲ့ အထဲက အဖေအိုကြီးရဲ့ ဆေးဝါးခရယ်၊ထမင်းစားဖို့ရယ် ... နုတ်လိုက်တော့ ဒီ (၅)ကျပ်ဘဲကျန်လို့´ ပါတဲ့ဗျာ...။ `သမီးရယ် ... (၅)ကျပ်ဘဲဖြစ်ဖြစ်၊ (၁)ကျပ်ဘဲ ဖြစ်ဖြစ် သဒ္ဓါစိတ်က အရေးကြီးပါတယ် ...။ သဒ္ဓါတရားနည်းများမဆို လှူဒါန်းနိုင် ပါတယ်´ လို့ပြောလိုက်တော့ ... သူမ၏ ညှိုးငယ်နေသော မျက်နှာမှာဝင်းပသွား ပြီး (၅)ကျပ်တန်နွမ်းနွမ်းလေးကိုထုတ်၍လှူဒါန်းကာ အလှူခံဖြတ်ပိုင်းစာရွက်ကို တင်းကြပ်စွာဆုပ်ကိုင်ပြီး တက်ကြွသောခြေလှမ်းနှင့် လျှောက်လှမ်းသွား သည်ကို ကျွန်တော်တို့အဖွဲ့ ငေးမောကြည့်ယင်းနှင့် သာဓုအကြိမ်ကြိမ်ခေါ်ဆိုမိပါ သည်။
ထို့အပြင် တောင်ဥက္ကလာပမြို့နယ်၊ နန္ဒာဝန်ဈေးမိသားစု စေတနာရှင်များ ၏ သုခကုသိုလ်ဖြစ်ဆေးခန်းသို့ လစဉ်အလှူငွေလှူဒါန်းကြပုံကို တင်ပြပါဦးမည်။
ကျွန်တော်တို့ နာရေးကူညီမှုအသင်း (ရန်ကုန်)၏ ၂၀၀၇ ခုနှစ်၊ မတ်လ (၂)ရက်နေ့မှစ၍ သုခကုသိုလ်ဖြစ်ဆေးခန်း စတင်ဖွင့်လှစ်ပြီး ဆင်းရဲချမ်းသာ၊ လူမျိုးမရွေး၊ ဘာသာမရွေး နာမကျန်းဖြစ်သော ဝေဒနာရှင်များအား အခမဲ့ ကုသိုလ်ဖြစ် ဆေးဝါးကုသပေးနေကြောင်း ကြားသိရသောအချိန်တွင် . . . . . .
တောင်ဥက္ကလာပမြို့နယ်မှ ဦးစစ်ကွင်း (စတိုင်သစ်လ္ဘက်ရည်ဆိုင်)၊ ဦးမျိုးတင့်၊ ဦးအကြူး၊ ဦးလှိုင်မြင့်၊ ဦးအောင်မြင့်၊ ဦးစိုးနိုင်နှင့် ဦးမြင့်ဇော်တို့ မိတ်ဆွေတစ်စု သည် မုဒိတာပွားကာ ၀မ်းမြောက်မိသဖြင့် သုခကုသိုလ်ဖြစ်ဆေးခန်းကို မည်ကဲ့ သို့ပံ့ပိုးကူညီကုသိုလ်ပြုကြရမည်ကို စုစည်းတိုင်ပင်ခဲ့ကြသည်။
သို့ဖြစ်ပါ၍ ကျွန်တော်တို့၏အသင်းရုံး (ယခင်သင်္ဃန်းကျွန်းမြို့နယ်)သို့ လာရောက်လေ့လာပြီး ညှိနှိုင်းတိုင်ပင်ကာ စိတ်ပါဝင်စားသူ အလှူရှင်များ၏ တစ်ပိုင်တစ်နိုင် လှူဒါန်းငွေများကို စနစ်တကျကောက်ခံစုစည်း၍ သုခကုသိုလ် ဖြစ်ဆေးခန်းသို့ လှူဒါန်းနိုင်ရန် ဆောင်ရွက်ခဲ့ကြသည်။ နန္ဒ၀န်ဈေးသူ/ဈေးသား များကလည်း မိမိတို့နေ့စဉ်ဝင်ငွေမှ စုစည်းလှူဒါန်းလိုကြသဖြင့် တပေါင်းတည်း စုစည်းဆောင်ရွက်ခဲ့ကြပါသည်။ အလှူငွေများကို စနစ်တကျစာရင်းပြုစု၍ အလှူ ရှင်များသိရှိနိုင်ရန် စနစ်တကျကြေငြာခဲ့ပြီး (၁)လထက် (၁)လ လှူဒါန်းလိုသူ စေတနာရှင်များ တိုးပွားလာခဲ့ရာ ယခုဆိုလျှင် ကျွန်တော်တို့ သုခကုသိုလ်ဖြစ် ဆေးခန်းသို့ (၃၂)ကြိမ်မြောက်လှူဒါန်းခဲ့ရာ သိန်း (၂၄၀)ကျော်ခဲ့ပြီ ဖြစ်ပါသည်။
အထူးသဖြင့် နန္ဒ၀န်ဈေးတွင် ပန်းရောင်းချနေသည့် အမေကြီး ဒေါ်သန်းက နေ့စဉ်ပန်းရောင်းရငွေမှ (၂၀၀)ကျပ်ကိုစုစည်း၍ လှူဒါန်းခြင်း၊ ကုန်စိမ်းရောင်း သော ဒေါ်သန်းစိန်၏ ချွေးနဲစာဒါနအလှူ၊ ဆံသဆိုင်မှ ကိုကြည်လွင်မှလည်း ဈေးဦးပေါက်ငွေမှ (၂၀၀)ကျပ်နေ့စဉ် လှူဒါန်းခြင်း၊ အမေကြီး ဒေါ်မြင့်မိသားစုက လည်း မိမိတို့အနေဖြင့် ချို့တဲ့လှသဖြင့် နေအိမ်ကိုပြင်ဆင်နိုင်ခြင်းမရှိသေးဘဲ အမိုးအကာမလုံခြုံနေကြသော်လည်း သုခကုသိုလ်ဖြစ်ဆေးခန်းသို့ လှူဒါန်းလို စိတ်ပြင်းပြကြသဖြင့် ချွေးနဲစာမှ အိမ်ပြုပြင်ရန် မဖြစ်မနေရအောင် စုဆောင်းထား သော ငွေကျပ် (၁)သိန်းတိတိကို လှူဒါန်းကာ ပီတိအပြုံးဖုံးလွှမ်းနေခြင်းကို မြင်ရ သည်မှာလည်း မုဒိတာပွားစရာဖြစ်တော့သည်။ ထို့အပြင် ကျွန်တော်တို့၏ နာရေးကူညီမှုအသင်း (ရန်ကုန်)သို့ လာရောက်လှူဒါန်းသူအချို့မှာ မိမိတို့မင်္ဂလာ ပွဲအခမ်းအနားပြုလုပ်ပြီး လာရောက်၍ သတို့သမီး၊ သတို့သားဝတ်စုံဖြင့် လာ ရောက်လှူဒါန်းမှုများ မိမိတို့၏ သားသမီးရင်သွေးငယ်တို့ မွေးနေ့ရက်တွင် မွေးနေ့ ပွဲအခမ်းအနား လုပ်ဆောင်ခြင်းမပြုဘဲ အလှူဒါန လာရောက်ပြုလုပ်ပေးခြင်း၊ လစဉ် လာရောက် လှူဒါန်းမှုများပြုလုပ်ပေးခြင်း စသည်တို့ဖြင့် ငယ်ရွယ်သူ၊ မျိုးဆက်သစ်ကလေးငယ်များ၏ စိတ်တွင် ကုသိုလ်ရေး၊ လူမှုရေးစိတ်ဓါတ်များကို ပွားများ ယုံကြည်သက်ဝင်မှုများ ရှိလာစေတော့သည်။
ကျွန်တော်တို့ ဗုဒ္ဓဘာသာမြန်မာလူမျိုးများတင်မက ခရစ်ယာန်၊ ဟိန္ဒူ၊ မွတ်စလင် အစရှိသောဘာသာခြားများပင် သဒ္ဓါတရားထက်သန်စွာဖြင့် ကျွန်တော် တို့၏လုပ်ရပ်၊ စွမ်းဆောင်ချက်၊ ပေးဆပ်မှုများကို အသိအမှတ်ပြု၍ တက်တက်ကြွကြွ လှူဒါန်းမှုများရှိခဲ့သည်။
သို့ရာတွင် ... ယခုကျွန်တော့်၏ရှင်းချက်၊ ကျွန်တော့်၏ရှင်းတမ်းထုတ်ရပါ တော့မည်။
အကြောင်းမှာ ... ကျွန်တော်တို့တော်တော်များများ ကြုံခဲ့ဘူးပါသည်။ ယင်းကဲ့သို့ အကြောင်းအရာများ၊ များစွာရှိခဲ့ဘူးပါသည်။ ဤအကြောင်းအရာများ မှ ကျွန်တော်တို့ မှတ်မှတ်ရရရှိခဲ့သော အကြောင်းအရာအချို့ကိုသာ ကျွန်တော် တင်ပြပါမည်။
ကိုယ့်ပေါင် ... ကိုယ်လှန်ထောင်းပါရစေတော့ ။
ရှက်ရှက်နှင့် ပြောရမည်ဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် ... ကျွန်တော်တို့သည် ဗုဒ္ဓဘာသာ မြန်မာလူမျိုးများ ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။
လွန်ခဲ့သော ... (၆)နှစ်ခန့် ကဖြစ်ပါသည်။
ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွှန့်မြို့နယ် ... ရပ်ကွက်တစ်ခုအတွင်းမှ ရပ်ကွက်မိသားစုများမှ သဒ္ဓါတရားထက်သန်စွာဖြင့် နာရေးကူညီမှုအသင်း (ရန်ကုန်)သို့ ငွေလှူဒါန်းပွဲလေးလုပ်ချင်ကြောင်း၊ အကြောင်းကြား၍ ကျွန်တော် တို့ဝမ်းမြောက်စွာ အလှူပေးပွဲသို့ သွားရောက်ကြပါသည်။ ယင်းရပ်ကွက်မြို့နယ် အတွင်း ဆင်းရဲနွမ်းပါးသော နေ့စား အလုပ်သမားများ၊ ကလေးငယ်များတို့အား စတုဒီသာထမင်းကျွေးပွဲနှင့် ငွေလှူဒါန်းပွဲကို တစ်ကြိမ်တည်းကျင်းပခဲ့ကြသည်။ ထမင်းလာရောက်စားသောက်ကြသော လူများ၏ ၀မ်းသာမှုပီတိများနှင့်အတူ ကျွန်တော်သည် ထိုစဉ်အခါက ရုပ်ရှင်သရုပ်ဆောင်တစ်ဦးဖြစ်နေခြင်းကြောင့် တစ်ရပ်ကွက်လုံး တစ်မြို့နယ်လုံး အုတ်အုတ်ကျက်ကျက် ဖြစ်ကုန်သည်။ ထိုအချိန်တွင် ရပ်ကွက်အတွင်းမှ လူတစ်ချို့တို့ရောက်လာပြီး ဘာအတွက်လာ ရသနည်း၊ ဘာ လုပ်ဖို့လှူသလဲ၊ ဘာအတွက်ကျွေးရသလဲ၊ ဘယ်လိုရည်ရွယ်ချက် နဲ့ လုပ်ရသလဲ ...စသဖြင့် `လဲ`ပေါင်းများစွာ မိုးမွှန်ကုန်တော့သည်။ အလှူရှင်တို့ ၏ မျက်နှာတို့ သည် ညှိုးငယ်စွာဖြင့် ကျန်ရစ်ခဲ့သည်ကိုသာ ကျွန်တော်လှမ်းမြင် လိုက်ရသည်။
နောက် ... လွန်ခဲ့သော (၄)နှစ်ခန့်က ဖြစ်ပါသည်။
ရန်ကုန်မြို့၊ ပုသိမ်ညွှန့်ရပ်ကွက်၊ လမ်းတစ်လမ်းတွင် တရားပွဲတစ်ပွဲကျင်းပလျက် ရှိသည်။ တရားဟောဆရာတော်ကြီးမှ ဤတရားပွဲမှ ကောက်ခံရရှိသော အလှူ ငွေများကို နာရေးကူညီမှုအသင်း (ရန်ကုန်)သို့ လှူဒါန်းလိုပါကြောင်း အကြောင်း ကြားသည့်အတွက် ညတရားပွဲပြီးချိန်တွင် လာရောက်အလှူခံရန်နှင့် တရားပွဲက တရားကိုချစ်ခင်၊ တရားကိုမြတ်နိုးကြသော (၇)ရက်သားသမီးတို့မှ ဆရာတော် ကြီးအား လှူဒါန်းမှုအစုစုကို ယခုကဲ့သို့ နာရေးကူညီမှုအသင်း (ရန်ကုန်)သို့ တဆင့်လှူဒါန်းမှုအတွက် ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုရန် စောင့်စားနေကြ သည်။ ကျွန်တော်တို့သည် ည (၇)နာရီအချိန်ခန့်တွင် တရားပွဲပြီးစီးမည့်အချိန်နှင့် ကိုက်ခါ သွားရောက်အလှူခံရန် တက်ကြွစွာဖြင့် ချီတက်ကြသည်။ သို့သော် ... လမ်းတ၀က်ခန့်အရောက်တွင် ကျွန်တော်၏ တယ်လီဖုန်းသံမြည်လာသည်။ `ကျွန်တော်တို့လာနေပါပြီခင်ဗျာ ... ရောက်ဖို့ (၃)မိနစ်ခန့်သာ လိုပါတော့တယ်` ဟု ဖုန်းကိုင်ကိုင်ချင်း ကျွန်တော်ဝမ်းမြောက်စွာ ပြောဆိုမိသည်။ သို့သော် ... တဖက်မှပြောသည့် တရားပွဲဖြစ်မြောက်ရေးအဖွဲ့မှ အလှူငွေပေးအပ်မည့် `ဥပါသကာ`၏အသံမှာ ညှိုးငယ်စွာဖြင့် `ဆရာရေ ... လာလို့မဖြစ်တော့ဘူးဗျာ၊ စိတ်မကောင်းပါဘူးခင်ဗျာ၊ မလှူဖြစ်တော့ပါဘူးခင်ဗျာ`ဟူ၍ဖြစ်တော့သည်။ ကျွန်တော်တို့ အတော်အံ့သြသွားသည်။ ဘာကြောင့်ပါလိမ့်ဟု စဉ်းစားအဖြေရှာ ကြည့်သော်လည်း အဖြေမရခဲ့။ ဘာကြောင့်လဲ ... ဘာဖြစ်လို့လဲ ... စသဖြင့် ပြန်မေးချိန်မရခဲ့ ။ တဖက်မှ ဖုန်းပိတ်လိုက်သည်ကိုသာ သိလိုက်ရသည်။ နောက်နေ့ နံနက်တွင်မှ အကြောင်းစုံသိရတော့သည်။ မြို့နယ်မှ လူအချို့က ဒီအသင်းကိုမလှူရဘူး၊ လှူချင်သပဆိုရင် သူတို့ရဲ့အသင်းရှိတယ် ... အဲဒီ အသင်းကိုသာလှူရမယ် ... ဟု ပြောကြားသွားခြင်းပင်ဖြစ်တော့သည်။ ထိုစဉ်က တရားဟော ဆရာတော်သည်လည်း သူတို့ကို ဥပေက္ခာထားကာ တရားနာပရိ သတ်ကြီးအတွက် မေတ္တာသုတ် တရားတော်များသာ မေတ္တာဓါတ်များ ချီးမြှင့်ခဲ့ရ သည်ဟု ကြေကွဲဝမ်းနည်းဖွယ်ရာကြားသိခဲ့ရသည်။
နောက် ... လွန်ခဲ့သော (၂)နှစ်ခန့်ဖြစ်ပါသည်။ နှစ်စဉ်နှစ်တိုင်း အသင်းသို့ လှူဒါန်းနေကြသော ကြည်မြင့်တိုင်၊ ကမ်းနားဈေးမိသားစု ဖြစ်ပါသည်။ နှစ်စဉ် နှစ်သစ်ကူးပြီး နှစ်ဆန်း (၁)ရက် (အင်္ဂလိပ်လို ဇန္န၀ါရီလ (၁)ရက်)နေ့တွင် ဈေးမိ ဈေးဖများကဦးစီး၍ ဈေးသူဈေးသားများ၊ ဈေးဝယ်သူများ၏ နာရေးကူညီမှု အသင်း (ရန်ကုန်)သို့ အားတက်သရော ချွေးနည်းစာမှ လှူတန်းကြသည့် အလှူ ပွဲနေ့၊ မင်္ဂလာရှိသည့်နေ့ရက်တစ်ရက် ဖြစ်ပါသည်။ ယင်းနေ့တွင် ဈေးသူ/ ဈေးသားများ ၀ိုင်းဝန်းချက်ပြုတ်ထားသော မြန်မာ့တို့ရဲ့ မုန့်ဟင်းခါးကို ရာဝင်အိုး ကြီးများနှင့် ချက်ပြုတ်၍ လာရောက်သူမှန်သမျှကို စတုဒီသာကျွေးမွေး၍၊ နာရေး ကူညီမှုအသင်း (ရန်ကုန်)သို့ စုပေါင်းလှူဒါန်းခြင်း အခမ်းအနားကို နှစ်စဉ်မပျက် ပြုလုပ်ခဲ့ပါသည်။
သို့သော် ... ထိုနှစ် ၂၀၀၇ ခုနှစ် နှစ်ကုန်ပိုင်း ဒီဇင်ဘာလသို့ရောက်သော် ... ဈေးမိဈေးဖများထံမှ ကျွန်တော်တို့ဆီသို့ အကြောင်းကြားလာတော့သည်။ `ကိုကျော်သူရေ ... စိတ်မကောင်းပါဘူးဗျာ ၊ ကျွန်တော်တို့ ဒီနှစ်ကစပြီး လှူဒါန်း ပွဲလုပ်ခွင့်မရတော့ပါဘူး`တဲ့။ အကြောင်းမှာ ... အထက်တွင် ပြောခဲ့သည့်အ တိုင်း မြို့နယ်မှ လူတစ်ချို့က ကျော်သူကို မခေါ်ရဘူး၊ ကျော်သူ့အသင်းကို မလှူ ရဘူး၊ လှူခြင်းလှူ သူတို့ရဲ့အသင်းကိုသာ လှူရမည်ဟု တချက်လွှတ်ပြောကြား လိုက်ခြင်းပင်၊ သို့တည်းမဟုတ်ပါက ... ခင်ဗျားတို့ရဲ့နေရာတွေ ပျောက်သွားမယ် ဟူ၍လည်း နောက်ဆက်တွဲ ပြောကြားချက်လည်းပါလာသည်။ ဣဿာမစ္ဆာရိယ စိတ်များပွားများနေမှုပင် ဖြစ်တော့သည်။ သို့အတွက် ... ကျွန်တော်ဗုဒ္ဓဘာသာ ၀င်တစ်ယောက်အနေနှင့် ရှက်မိသည်။
ကျွန်တော်တို့ ပြုလုပ်နေကြသည့် ကုသိုလ်အလှူမျိုးကို လူ့ပြည်မှလွဲ၍ ကျန် (၃၁)ဘုံတွင် မည်သည့်ဘုံတွင်မှ မရနိုင်သော ကုသိုလ်အလုပ်မျိုးပင်ဖြစ် သည်။
ထိုကုသိုလ်အလုပ်မျိုးကို ဓါးမြတိုက်ခံရခြင်း၊
အနုကြမ်းစီးခံရခြင်း၊
ပိတ်ဆို့တားမြစ်ခံရခြင်း တို့သည် လွန်စွာရှက် ဖွယ်ဖြစ်တော့သည်။
မွန်မြတ်သည့်ဒါနအလှူပွဲကို တားမြစ်သူ၊ နှောက်ယှက်သူ၊ ဖျက်ဆီးသူတို့ သည် ဗုဒ္ဓဘာသာဝင်တွေမှ ဟုတ်ရဲ့လားဟု သံသယဖြစ်မိသည်။ ဒိဋ္ဌိအယူဝါဒ တွေလား၊ ဓမ္မ န္တရာယ်တွေ များလားဟု သတ်မှတ်မိသည်။ အခြားသောအခြား သော ဘာသာ ၀င်များတွင် ဤကဲ့သို့အကျင့်ဆိုး၊ အကျင့်ပျက်၊ သီလဖောက်ပြန် တဲ့သူတွေ ရှိသည်ဟု မကြားမိ။ ဒါကြောင့် ကိုယ့်ပေါင် ကိုယ်လှန်ထောင်းကာ ကိုယ့်မျက်နှာကိုယ်ဓါးနဲ့ လှီးလိုက်ချင်ရဲ့ဟု စိတ်တွင်ဖြစ်ပေါ် လာသည်။
မည်သို့ပင်ဖြစ်စေကာမူ ကျွန်တော်တို့သည် ကိုယ့်လမ်းကိုယ်သွား၊ ကိုယ့် တာဝန်ကိုယ်ကြေ၊ ကိုယ့်အလုပ်ကိုယ်လုပ်၊ ကိုယ့်သီလကိုယ်လုံအောင်ထား၍ ဗြဟ္မစိုရ်နှလုံးသားကို လက်ကိုင်ပြုကာ လူမှုရေးလမ်းကြောင်းကို ဆက်လက် ချီတက်လျှောက်လှမ်းကြမည်ဖြစ်သည်။
ကျွန်တော်တို့၏ အသင်းအဖွဲ့သို့ ပြည်တွင်း၊ ပြည်ပမှ လှူဒါန်းမှုပြုကြသော အလှူရှင်များကိုလည်း နေ့စဉ်မေတ္တာပို့ အမျှဝေ၍ လှူဒါန်းမှုအစုစု(နည်းများမဆို) လှိုက်လှိုက်လှဲလှဲ ၀မ်းမြောက်ဝမ်းသာ -
သာဓု .... သာဓု .... သာဓု ဟု ခေါ်ဆိုလိုက်ပါသည်။
ရှေ့ဆက်၍ ကျွန်တော်တို့လျှောက်လှမ်းမည့် လမ်းကြောင်းပေါ်တွင် တွေ့ရှိ အုံးမည့် မိစ္ဆာအယူဝါဒများ၊ ဒိဋ္ဌိအယူဝါဒများ၊ ဣဿာမစ္ဆရိယစိတ်ရှိသူများ၊ အနှောက်အယှက်၊ အဟန့်အတား၊ အဖျက်အစီးများ ကြုံတွေ့ခဲ့ရသည်ရှိသော် ဘဘဦးသုခ ၏ သုခအာသီသဟူသော ဆောင်ပုဒ်ကိုခံယူကာ လက်ကိုင်ပြု၍ ရင်ဆိုင်သွားတော့မည်ဟု ဆုံးဖြတ်လိုက်ပါတော့သည်။
သုခ အာသီသ
ဘ၀ခုံရုံးမှာ
တရားခံလည်းမဖြစ်လိုပါ ...
တရားလိုလည်းမဖြစ်လိုပါ ...
သက်သေလည်းမဖြစ်လိုပါ ...
ပြောလာသမျှ စောဒကမတက်လိုပါ ...
လောကဓံတရား ထိုရှစ်ပါး
ဘုရားသော်မှ ငြင်းမရ
မင်းက ဘာမို့လဲ ဟု
အမြဲဆင်ခြင်နေလိုပါသည် .... ။
`ဒါန`နှင့်ပတ်သက်၍ စာသားများစကားလုံးများသည် ဆရာတော် ဓမ္မဒူတ အရှင်ပညာဇောတ၏ `ဒါန၀တ္ထု`မှဖြစ်ပြီး ပေါက်စေတီကျောင်းတိုက် ဆရာတော် ကြီး (ရှစ်မိုင်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်)၏ ခွင့်ပြုချက်ဖြင့် ထုတ်နုတ်ထားခြင်း ဖြစ်ကြောင်း ၀န်ခံအပ်ပါသည်။
ငရဲမှလာသူတို့ ပြာပူကိုမကြောက်ကြသော်လည်း ငရဲသို့ပြန်မသွားစေလို သောဆန္ဒဖြင့် ....။
ကျော်သူ