ကိုနစ်နေမန်း
Tuesday, June 1, 2010
Monday, May 31, 2010
0 မေ၃၀ ဒီပဲယင်း နိုင်ငံတော်လုပ်ကြံမှုကြီး(ရ)နှစ်ပြည့် ၀မ်းနည်းခြင်းအထိမ်းအမှတ် အခမ်းအနားနှင့် ဘာသာပေါင်းစုံဆုတောင်းပွဲအခမ်းအနား
0 ဒီပဲယင်းနိုင်ငံတော်လုပ်ကြံမှုကြီး(၇)နှစ်ပြည့်ဝမ်းနည်းခြင်း အထိမ်းအမှတ်အခမ်းအနားဂျပန်နိုင်ငံတွင်ကျင်းပ
မေ(၃၀)ရက်နေ့တွင် ကျရောက်သည့် ဒီပဲယင်း(၇)နှစ်ပြည့် နိုင်ငံတော်လုပ်ကြံမှု အထိမ်းအမှတ်အခမ်းအနားကို တိုကျိုမြို့ ရှီနာဂါဝရပ်ကွက်ရှိ နအဖအခွန်ရုံးရှေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ-ဂျပန်)NLD-LA-JB၏ ဦးဆောင်မှုဖြင့် မွန်းလွှဲပိုင်း(၃)နာရီမှ (၅)နာရီ အထိ ကျင်းပခဲ့ရာ ဂျပန်ရောက် မြန်မာ့ဒီမိုအရေးလှုပ်ရှားနေသော အဖွဲ့အစည်းပေါင်းစုံ မှ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားမှူးအဖြစ်ဆောင်ရွက်ခဲ့သော ၂၀၀၃ ခုနှစ်၊ မေ ၃၀ တွင် အထက်ဗမာပြည်စည်းရုံးရေးခရီးစဉ်အသွား စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် ကျည်ရွာအနီးတွင် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ဝင်များ၊ ရဟန်းသံဃာတော်များနှင့် ကျောင်းသားပြည်သူများကို နအဖ ၏ လက်ကိုင်တုတ်များ ဖြစ်သော ကြံဖွတ်နှင့် စွမ်းအားရှင်တို့မှ ၀ါးရင်းတုတ်များ၊ ၀ါးချွန်များကိုင်ဆောင်ပြီး အကြမ်းဖက်လုပ်ကြံမှုကြောင့် ဒီပဲယင်း နိုင်ငံတော်လုပ်ကြံမှုကြီး ဖြစ်ပေါ်လာရအကြောင်းကို အကျယ်တ၀င့် ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့ပြင် ယနေ့အခမ်းအနား၌ ဒီပဲယင်းတွင်ကျဆုံးသွားသော အပြစ်မဲ့ပြည်သူများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် နှင့် ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရန်နှင့် ဒီပဲယင်းတွင် ကျုးလွန်ခဲ့သည့် လူသတ်တရားခံများကိုလည်း ဖော်ထုတ်ပေးရန်အတွက် ပြုလုပ်ရခြင်းဖြစ်ကြောင်း အခမ်းအနားမှုးကပြောကြားခဲ့ပါသည်။
အခမ်းအနားတွင်တာဝန်ရှိသူများကဒီပဲယင်း(၇)နှစ်ပြည့်အထိမ်းအမှတ်နှင့်ပတ်သက်ရှင်းလင်းပြောကြားခဲ့ပါသည်။
ဘာသာပေါင်းစုံမှဆရာတော်များ ဆုတောင်းမေတ္တာပို့သပေးပြီး အဖွဲ့အစည်းအသီးသီးမှ ဝမ်းနည်းခြင်းအထိမ်းအမှတ်ဖြင့် ပန်းခြင်းများချကာ အခမ်းအနားကိုရုပ်သိမ်းခဲ့ပါသည်။
ဒီပဲယင်း၇နှစ်ပြည့်ဝမ်းနည်းခြင်းအထိမ်းအမှတ်အခမ်းအနားသို့ဂျပန်ရောက် မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားသူများ (၅၀၀) ခန့်တက်ရောက်ခဲ့ကြကြောင်းပါသည်။
ရေးသားသူ-နန်းအိမွန်ချစ်(Moethaukkye)
မှတ်တမ်းဓါတ်ပုံ-မင်းညိုဝမ်း(Moethaukkye)
Sunday, May 30, 2010
0 နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ပြည်မြို့ အလှူဒါနနှင့် ၀န်ထမ်းသားသမီးများအား ပညာဒါန ထောက်ပံ့ခြင်း
ပြည်မြို့ အလှူဒါန (၂၅.၅.၂၀၁၀)
နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ပြည်တွင်း ပြည်ပမှ ရေအလှူရှင်တို့ ပံ့ပိုးမှုတို့ကြောင့် ၂၅.၅.၂၀၁၀ (ဗုဒ္ဓဟူး)နေ့တွင် ပြည်မြို့၊ ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ရေဘေးဒုက္ခရောက်နေသော ရွာများသို့ သွားရောက်ပြီး အ၀ီစိတွင်းများ တူးဖော်ပေးရန်အတွက် နယ်ခံ ပြည်သူလူထုနှင့် ရွာခံ ဆရာတော်၊ သံဃာတော်များနှင့် သွားရောက်တွေ့ဆုံ ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပါသည်။
ထိုသို့ ပြုလုပ်ရာတွင် ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ပတောင်းမြို့နယ် (တဖက်ကမ်း)၊ ပုတီးကုန်းအနီး ကျူတောရွာ၊ မန်ကျည်းပင်စုရွာများနှင့် ပြည်မြို့၊ ရွှေပေါက်ပင်ကျောင်းဝင်းအတွင်း ရေလုံလောက်မှု မရှိသည့်အတွက် အ၀ီစိတွင်း တူးဖော်ရန်အတွက် ပြောဆိုခဲ့ပါသည်။ ထို့အပြင် ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ ကျောက်ပန်းတောင်း မိတ္ထီလာမြို့ အသွားလမ်းပေါ်ရှိ ရေဒုက္ခသည် ရွာသို့ ရေသွယ်တန်းရန် ရေပိုက် ပေအရှည် (၂၄၀၀) အတွက် အလှူငွေ (၇၂၀၀၀၀/-) သိန်းအား လှူဒါန်းခဲ့ပါသည်။
ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ရွှေပေါက်ပင်ဆရာတော်မှ ဦးစီးကာ အများပြည်သူ ကိုးကွယ်ပူဇော်ရန် တည်ထားမည့် စေတီတော်တွင် ဌပနာထားရှိရန် ဗုဒ္ဓရုပ်ပွားတော် (၃) ဆူအား နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူနှင့် ဦးသန်းစိန်တို့မှ မိမိတို့ နေအိမ်တွင် ကိုးကွယ် ပူဇော်ထားသော ဗုဒ္ဓရုပ်ပွားတော်များအား ပင့်ဆောင်ကာ လှူဒါန်းဒါန ပြုခဲ့ကြပါသည်။
ပညာဒါန ထောက်ပံ့ခြင်း
နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ၀န်ထမ်းများ၏ သား၊ သမီးများ ယခုနှစ် ၂၀၁၀ - ၂၀၁၁ ခုနှစ် ပညာသင်စရိတ် ထောက်ပံ့လှူဒါန်းခြင်း (၅) ကြိမ်မြောက် အခမ်းအနားကို ၂၂.၅.၂၀၁၀ (စနေ)နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) တည်ရှိရာ မြောက်ဒဂုံမြို့နယ်တွင် ကျင်းပခဲ့ပါသည်။
ယင်းအခမ်းအနားတွင် မူလတန်းကျောင်းသား/သူ (၁၂) ဦးအတွက် ပညာသင်စရိတ် (၅၀၀၀/-) ကျပ်စီ လှူဒါန်းခဲ့ပြီး အလယ်တန်းနှင့် အထက်တန်း ကျောင်းသူ/သား (၂၃) ဦးအတွက် (၈၀၀၀/-) ကျပ် စုစုပေါင်း (၂၄၄၀၀၀/-) ကျပ်ကို ထောက်ပံ့လှူဒါန်းခဲ့ပါသည်။
ထိုနည်းတူစွာ (သာသန-ပရ ထိုနှစ်ဝကို မျှတစွမ်းဆောင် တို့မယ်-မောင်) ဆောင်ပုဒ်ကို လက်ကိုင်ပြုထားသော မေတ္တာတံခွန်အသင်းမှလည်း ပညာဒါန ထောက်ပံ့ခြင်း အခမ်းအနားကို ၃၀.၅.၂၀၁၀ (တနင်္ဂနွေ)နေ့တွင် တောင်ဥက္ကလာပမြို့နယ်၊ (၂) ၀ိုင်း၊ အောင်စန္ဒာသိဒ္ဓိကျောင်းတိုက် တွင် ကျင်းပခဲ့ပါသည်။
ထိုအခမ်းအနားတွင် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ၀န်ထမ်းများ၏ သား/သမီး (၃၅) ဦး၊ ရက်ကွက်တွင်းရှိ ပညာသင်ကြားနေသော ကျောင်းသား/သူ (၃၅) ဦး၊ အနာကြီးရောဂါသည် မိသားစုဝင် ကျောင်းသူ/သားများ (၃၁) ဦးတို့ကိုလည်း ပညာသင်စရိတ်များ လှူဒါန်းခဲ့ပါသည်။ ယင်းသို့ လှူဒါန်းရာတွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ၀န်ထမ်း သား၊သမီး ကျောင်းသား/သူများ အတွက် တစ်ဦးလျှင် (၅၀၀၀/-) ကျပ်ဖြင့် စုစုပေါင်း (၁၇၅၀၀၀/-) ကျပ်ကို မေတ္တာတံခွန်အသင်းမှ လှူဒါန်းခဲ့ပါကြောင်း သာဓု အနုမောဒနာ ခေါ်ဆိုနိုင်ရန် တင်ပြအပ်ပါသည်။
ကိုကျော်သူ
0 အသက်(၁၆)နှစ်သာရှိသောမောင်တင်မင်းနိုင်အား နအဖစစ်တပ်ထဲမ၀င်လို့ဆိုပြီး ရက်စက်စွာသတ်ဖြတ်ခြင်းခံရ
မနေ့ကညောင်လေးပင်မြို့နယ်-၀ါးရုံကုန်းကျေး၇ွာအုပ်စု-စံဖဲ၇ွာမှ အသက်၁၆နှစ်သာရှိသေးသူ
မောင်တင်မင်းနိုင်(ဘ)ဦးဌေးဝင်း-သည်-နအဖ၏ တပ်ထဲမ၀င်ပဲငြင်းဆန်ထွက်ပြေးလို့ဆိုပြီး သေနတ်နှင့်၂ချက်ပစ်သတ်ခံရပြီး--မသေသေးသဖြင့်ငါးထိုးသည့်မှိန်းနှင့်ရက်စက်စွာထိုးသတ်မြုပ်ခံခဲ့ရသည်။
အခင်းဖြစ်ပွားနေစဉ် နအဖစစ်သား(၅)ဦးအနက် တဦးမှာအရက်အလွန်အကျူးသောက်ထားပြီး မသေဘဲရှိနေသေးသည့် မောင်တင်မင်းနိုင်အား ငါးထိုးသည့်မှိန်းနှင့်ရက်စက်စွာထိုးသတ်ခဲ့ပြီးအမှုဖြစ်ပွားစဉ် မျက်မြင်ကိုယ်တွေ့တွေ့ခဲ့ရသူမှတဆင့် ပြည်တွင်းသတင်းထောက်တဦးမှသတင်းပေးလာပါသည်။
တပ်သား မိုးဝင်း၊ ကိုယ်ပိုင်အမှတ် (တ-၄၁၈၄၂ ) ဆိုသူက သေနတ်နဲ့ ပစ်ခတ်ခဲ့ကြောင်း၊
နောက် စစ်သား ၂ ဦးနံမည်ကတော့ တပ်သား စန်းကိုကိုနဲ့ ဒု-တပ်ကြပ် ကျော်မိုးခိုင်တို့ ဖြစ်ပြီး၊ ပြွန်တန်ဆာဘူတာမှာ အခြေစိုက်တဲ့ ခမရ (၅၈၆) စစ်ကြောင်း ၂ က ဖြစ်တယ်လို့ မြို့ ခံတဦးက ပြောပါတယ်။
ထပ်မံကြားသိရတဲ့သတင်းအရ မောင်တင်မင်းနိုင်အား ၎င်းစစ်သားမှ အနောက်ကနေ သေနတ်နဲ့ပစ်တာထိမှန်ပြီး နောက်တချက်ထပ်ပစ်တာလည်းထိပါတယ်။ အဲဒီမှာ မသေဘဲဖြစ်နေသေးတဲ့ မောင်တင်မင်းနိုင်ရဲ့ လက်ထဲမှာရှိတဲ့ မှိန်းနဲ့ထိုးသတ်မြုတ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။
(ကဲ နအဖရေ ကလေးစစ်သားမသုံးပါဘူးလို့ ဗြောင်လိမ်နေလို့မရပါဘူး။ ဒီကျူးလွန်ခဲ့တဲ့ပြစ်မှုဟာ ကလေးစစ်သားတွေ စုဆောင်းနေပါတယ်ဆိုတဲ့ ငြင်းလို့မရတဲံ့အချက်တွေပါ။)
မှတ်ချက်။ ။ မျက်မြင်ကိုယ်တွေ့တွေ့ခဲ့ရသူအား နောင်တချိန်တွင် သတင်းအနေနှင့်ဖော်ပြပေးပါမည်။
အခင်းဖြစ်ပွားခဲ့တဲ့နေရာကို ပြည်တွင်းသတင်းထောက်က အခုလိုဓာတ်ပုံတွေပို့ထားပါတယ်။
0 အမှန်တရားကို ရှာဖွေတွေ့ရှိခြင်း
ပန်းချီပညာရပ်သည် မျိုးဆက်သစ်ကလေးငယ်များအတွက် အရေးပါသော ကဏ္ဍတစ်ခု ဖြစ်ပေသည်။ ပန်းချီပညာရပ်သည် လူတစ်ဦး၏ စိတ်နေစိတ်ထားကို ယဉ်ကျေးသိမ်မွေ့စေတယ်။ ပန်းချီပညာရပ်သည် အခြားသော ဆေးပညာ၊ စက်မှုပညာ … စသဖြင့် ပညာရပ်များစွာ တို့တွင်လည်း အခြေခံ အုတ်မြစ်ဖြစ်သည်။ တစ်နည်းအားဖြင့် အနာဂတ် တိုင်းပြည်တပြည်တွင် ဦးဆောင်ကြမည့် အနာဂတ် မျိုးဆက်သစ်များအတွက် အခြေခံအုတ်မြစ် တစ်ခုပင်ဖြစ်တော့သည်။
ထိုကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)သည် နာရေးကိစ္စ၊ ဆေးဝါးကုသမှုကိစ္စ၊ ဒုက္ခသည် (နာဂစ်၊ မီးဘေး၊ ရေဘေး)များအား ဖေးမကူညီ ပံ့ပိုးပေးခြင်းကိစ္စ၊ မျိုးဆက်သစ် လူငယ်လေးများအား အင်္ဂလိပ်စာ တက်ကျွမ်းမှု၊ ကျွမ်းကျင်မှုအတွက် အင်္ဂလိပ်စာ အခြေခံသင်တန်းနှင့် နိုင်ငံရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဘာသာရေး စသဖြင့် ဗဟုသုတ ကြွယ်ဝစေရန် ရည်ရွယ်ပြီး သုခအလင်း စာကြည့်တိုက်ကို ဖွင့်လှစ်ပေးထားသည့်အပြင် မျိုးဆက်သစ် လူငယ်/လူရွယ်လေးများ အတွက် ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်းကိုလည်း ဖွင့်လှစ်ထားပါသည်။ ယခုဆိုလျှင် တိုင်းပြည်တပြည် ဦးဆောင်ကြမည့် အနာဂတ် မျိုးဆက်သစ်များအတွက် အခြေခံအုတ်မြစ်ဖြစ်သော အခြေခံ ပန်းချီသင်တန်းကို ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါသည်။
၂၆.၅.၂၀၁၀ (ဗုဒ္ဓဟူး)နေ့တွင် စတင်ပြီး ပန်းချီဆရာ ဦးဝင်းကြည် (ကွယ်လွန်သူ ပန်းချီ သန်းမြင့်အောင်၏ ဆရာတစ်ဦး)မှ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ မျိုးဆက်သစ် ကလေး၊ လူငယ်/ လူရွယ်လေးတို့အား ပန်းချီရေးဆွဲခြင်း ပညာရပ်ကို အခြေခံမှ အဆင့်ဆင့် ရေဆေးပန်းချီ၊ Outdoor ထွက်မြောက် ရေးဆွဲနိုင်သည်အထိ မျိုးဆက်သစ်ကလေးများ သင်ယူ/ရေးဆွဲနိုင်စွမ်း အတိုင်းအတာ အထိ တတ်မြောက်အောင် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူ၊ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်၊ ဘဏ္ဍာရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်၊ ဦးဝင်းမိုးသန့်၊ ဒေါ်ဧရာ မောင်မောင်နှင့် လုပ်အားပေး အသင်းသူ/သားများမှ ၀ိုင်းဝန်း ပံ့ပိုးကူညီ ဖွင့်လှစ်သင်ကြား ခဲ့ပါသည်။
ပန်းချီဟာ လူသားတွေရဲ့ စိတ်ကို နူးညံ့သိမ်မွေ့စေသည်။
ပန်းချီပညာရှင်ဟာ ဘယ်တော့မှ အလှအပကို မဖျက်ဆီးပါ။
ပန်းချီပညာရှင်ဟာ လောကရဲ့အလှကို ရှာဖွေ တည်ဆောက်ပေးတတ်သည်။
ပန်းချီပညာဟာ အမှန်တရားကို မြတ်နိုးတတ်သည်။
0 နာရေးကူညီမှုအသင်း(ရန်ကုန်) ၏ ရေအလှူဒါန၊ ရေတွင်းတူးလှူဒါန်းမှုများ
ဒလမြို့နယ်တွင် အ၀ီစိတွင်းတူးပြီ
နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ရေတိုလုပ်ငန်းဖြစ်သော ရေပေးဝေမှုများကို လှူဒါန်းခဲ့ကြ သလို ရေရှည်လုပ်ငန်းဖြစ်သော အ၀ီစိရေတွင်း တူးဖော်ခြင်း၊ အုတ်ရေကန် တည်ဆောက်ပေးခြင်း တို့ကို ၂၄.၅.၂၀၁၀ (တနင်္လာနေ့)တွင် ဒလမြို့နယ်ရှိ ဗညားဒလရပ်ကွက်၊ မစိုးရိမ်ဘုန်းတော်ကြီး ကျောင်းဝင်းအတွင်း စတင်ကာ တူးဖော်လျှက်ရှိပါသည်။
ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ရှမ်းကန်ကျေးရွာ ရေဒါန
နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ၂၂.၅.၂၀၁၀ (စနေနေ့)တွင်လည်း ပဲခူးတိုင်း၊ ဝေါမြို့နယ်အတွင်းရှိ ရှမ်းကန်ကျေးရွာသို့ ပဲခူးမြို့ မြို့ခံလူမှုရေးသမားများနှင့် ပူးပေါင်းကာ ရေလှူဒါန်းမှုများကို စဉ်ဆက်မပြတ် လှူဒါန်းမှု ရှိပါကြောင်း . . . . ။
1 ထောင်ချသူတခါစားမြတ်ခိုင်နှင့် ထောင်ကျသူ ကဗျာဆရာစောဝေ
ယင်းအမှုတွင် ကဗျာဆရာ စောဝေ၏ ကိုယ်စားလျှောက်လှဲသူအဖြစ် စာရေးဆရာမ အယ်ဒီတာချုပ် ခင်ပန်နှင်းမှ လိုက်ပါလျှောက်လှဲ ဆောင်ရွက်ပေးခဲ့သည်။ ကဗျာဆရာစောဝေအား ပြစ်မှုထင်ရှားသည်ဆိုကာ တရားရုံးမှ ထောင်ဒဏ် (၂) နှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။ ထောင်ဒဏ်အပြစ်မှာ (၂) နှစ်သာဖြစ်သော်လည်း တကယ်တမ်းတွင် ရမည်းသင်းအကျဉ်းထောင်၌ (၂) နှစ်၊ (၄) လနှင့် (၅) ရက်တိတိ အကျဉ်းချခံခဲ့ရပါသည်။ ၂၆.၅.၂၀၁၀ နေ့တွင် ကဗျာဆရာ စောဝေအား ရမည်းသင်းအကျဉ်းထောင်မှ ပြန်လည်လွှတ်ပေးခဲ့ပါသည်။
၎င်း ဖေဖေါ်ဝါရီ(၁၄) အမည်ရကဗျာကို ရေးသားစဉ်က ကဗျာဆရာစောဝေရေးသားသည်ကို ပြည်သူ့ချဉ်ဖတ် တစ်ခါစားမြတ်ခိုင်မှ သိရှိထောက်ခံခဲ့ပြီး မြန်မာနိုင်ငံစာပေနှင့်စိစစ်ရေးမှ စာပေကင်ပေတိုင် ဗိုလ်မှုးတင့်ဆွေ (ခ) ရဲရင့်တင့်ဆွေအား သွားရောက်တိုင်ကြားပြီး၊ ကဗျာဆရာစောဝေအား ဗိုလ်မှုးတင့်ဆွေမှ တွေ့လိုကြောင်းပြောပြီး စာပေစိစစ်ရေးရုံးသို့ အယုံသွင်း ခေါ်ဆောင်သွားခဲ့ပါသည်။
ရုံးသို့ရောက်သည်နှင့် တစ်ခါစားမြတ်ခိုင်နှင့် စာပေကင်ပေတိုင် ဗိုလ်မှုးတင့်ဆွေတို့မှ စအဖ စစ်ထောက်လှမ်းရေးများလက်သို့ ကဗျာဆရာစောဝေကို ၀ကွက်အပ်နှံလိုက်ကြပါတော့သည်။ တစ်ခါစားမြတ်ခိုင်သည် ထိုအချိန်က အချစ်ဂျာနယ်တွင် အယ်ဒီတာချုပ်အဖြစ် ရပ်တည်ပြီး စာပေကို လုပ်ကြံနေပါသည်။
မဂ္ဂဇင်း၊ဂျာနယ်စာစောင်များတွင် ရေးသားသော ဆောင်းပါး၊ ကဗျာ၊ ၀တ္ထုတို/၀တ္ထုရှည်၊ သရော်စာများကို ရေးသားသူ၏ အမည်ရင်းကို တစ်စုံတစ်ဦး သိရှိစေရန် မဖော်ထုတ်၊ မပြောဆိုရေးမှာ အယ်ဒီတာ၏ တာဝန်ပင်ဖြစ်သည်။ နယ်ချဲ့  ကိုလိုနီအစိုးရကို တော်လှန်နေသည့်အချိန်က ရန်ကုန်တက္ကသိုလ်မှ ထုတ်ဝေသော အိုးဝေမဂ္ဂဇင်းတွင် (ငရဲခွေးကြီးလွတ်နေသည်) ဟူသောဆောင်းပါးကြောင့် အိုးဝေမဂ္ဂဇင်းအယ်ဒီတာ သခင်အောင်ဆန်း ကျောင်းမှ အထုတ်ခံခဲ့ရပါသည်။ ၄င်းဆောင်းပါးကို ရေးသားသူမှာ အိုးဝေညိုမြ ဖြစ်ပါသည်။ သခင်အောင်ဆန်းသည် အယ်ဒီတာကောင်းတို့၏ စည်းကမ်း တာဝန်နှင့်အညီ ဆောင်းပါးရေးသားသူကို ထုတ်ဖော်မပြောဘဲ သူသာ အနစ်နာခံခဲ့ပါသည်။
ယခုလို ရေးသားတင်ပြရခြင်းမှာ ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့လူတော်လူကောင်းတစ်ဦးနှင့် လူ့ငရဲသား တစ်ခါစားမြတ်ခိုင်အား နှိုင်းယှဉ်ပြနေခြင်း မဟုတ်ပါ။ အယ်ဒီတာကောင်းတို့၏ ဂုဏ်သိက္ခာအရည်အချင်းကို တင်ပြခြင်းသာ ဖြစ်ပါသည်။
တစ်ခါစားမြတ်ခိုင်သည် စာပေလောကတွင် အယ်ဒီတာကောင်းတစ်ဦးလည်း မဟုတ်သလို၊ စာပေအနုပညာရှင်ကောင်းတစ်ယောက်လဲ မဟုတ်ပါ။ မြတ်ခိုင်သည် နအဖ၏ ဖော်လံဖားအောက်ဆွဲသာ ဖြစ်ပြီး၊ ပြည်သူများ၊ အနုပညာရှင်များအား ထောင်ထဲသို့ အရောက်ပို့ပေးနေသော နအဖ၏ စွမ်းအားရှင် သတင်းပေးတစ်ဦးသာ ဖြစ်ပါသည်။
တစ်ခါစား မြတ်ခိုင်ရိုက်ကူးခဲ့သော ဓါတ်ပုံများကြောင့် ၂၀၀၇ စက်တင်ဘာ (ရွှေဝါရောင်တော်လှန်ရေး) ၌ နအဖ၏ ဖမ်းဆီးထောင်ချခြင်းကို ခံခဲ့ရသူ အများအပြား ရှိခဲ့ပါသည်။
၂၀၁၀ မေ ၂၉ ရက်နေ့တွင် ကုန်သည်ကြီးများဟိုတယ် (Traders Hotel) ၌ ရွှေအမြုတေမဂ္ဂဇင်းတိုက်မှ ကျင်းပပြုလုပ်သော ပဉ္စမအကြိမ်စာပေဆုပေးပွဲတွင် ကဗျာဆရာစောဝေအား ထောင်ကျအောင် ချောက်ချခဲ့သော တစ်ခါစားမြတ်ခိုင်နှင့် ချောက်ထဲရောက်ပြီး ထောင်ကျခဲ့သော ကဗျာဆရာစောဝေတို့ အမှတ်မထင် ပြန်လည်တွေ့ခဲ့ကြပါသည်။
ကဗျာဆရာစောဝေမှ တစ်ခါစားမြတ်ခိုင်ကြီးအား သွားရောက်နှုတ်ဆက် လက်ကမ်းပေးရာ မြတ်ခိုင်ကြီးမှ လက်ကို ပြန်လည်မကမ်းပေးဘဲ နောက်ဘက်သို့ ပစ်ထားပြီး (မင်းထောင် ၂ နှစ်ထဲကျတာ နည်းလိုက်တာကွာ) ဟူသော အကြည့်မျိုးဖြင့် ကဗျာဆရာစောဝေအား ရွှန်းရွှန်းစားစား ကြီးကြည့်နေခဲ့ပါသည်။
တစ်ခါစားမြတ်ခိုင်သည် မီဒီယာလောက၊ နိုင်ငံရေးလောကတွင်ပါ ကြောက်စရာအကောင်း
ဆုံး မီဒီယာငရဲသားကြီးပင် ဖြစ်ပါတော့သည်။
0 မေလ(၃၀)ရက်၊ဒီပဲယင်းအရေးအခင်း(၇)နှစ်ပြည့်နှစ်ပတ်လည်နေ့ တွင်ရန်ကုန်မြို့အတွင်းနေရာအနှံ့အပြား၌လုံခြုံရေးတင်းကျပ်
လွန်ခဲ့သော (၇)နှစ်ခန့်က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်၎င်းဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှအဖွဲ့ဝင်များကိုလုပ်ကြံသတ်ဖြတ်ရန်အတွက်နအဖစစ်အစိုးရ၏လက်ကိုင်တုတ်တစ်ချောင်းဖြစ်သော ဗိုလ်ချုပ်စိုးဝင်းမှချေမှုန်းသုတ်သင်စစ်ဆင်ရေးတစ်ရပ်ကို ရေးဆွဲကာ မုံရွာမြို့  ပုလဲအကျဉ်းထောင်ရဲဘက်စခန်းမှ ရဲဘက်အကျဉ်းသားများနှင့် စွမ်းအားရှင်များ ကိုစေလွှတ်ပြီးလုပ်ကြံ သတ်ဖြတ်စေခိုင်းခဲ့သည်။ ၄င်းဒီပဲယင်းအရေးအခင်းတွင် နအဖစစ်အစိုးရ၏ လက်အောက်ခံစွမ်းအားရှင် များ၊အကျဉ်းထောင်မှလူမိုက်များ၊ ရဲများနှင့်စစ်သားများ၏လက်ချက်ဖြင့်ရဟန်းရှင်လူပြည်သူအယောက်(၈၀)ကျော်ကျဆုံးခဲ့ရပါသည်။ဒီပဲယင်းအရေးအခင်းအား ဦးစီးဆောင်ရွက်လုပ်ကြံခဲ့သော နအဖစစ်အစိုးရ ၏လက်ကိုင်တုတ်လူ့ငရဲသားဗိုလ်ချုပ်စိုးဝင်းသည်လည်း ၄င်းပြုခဲ့သော အကုသိုလ်အကျိုးတရားများကို ယခုငရဲကြီးရှစ်ထပ် အ၀ီစိတွင်ချိုးကပ်လျှက် သွေးကြွေးများ ပြန်လည်ပေးဆပ်နေရပါသည်။ ၂၀၀၇ စက်တင်ဘာ၊(ရွှေဝါရောင်တော်လှန်ရေး)တွင်လည်း ရဟန်းရှင်လူပြည်သူအများကို ထပ်မံလုပ်ကြံ သတ်ဖြတ်ခဲ့သော နအဖစစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးသန်းရွှေ နှင့်အပေါင်းအပါတစုတို့သည် လည်းမကြာတော့သော အချိန်ကာလတွင် ငရဲကြီးရှစ်ထပ်အ၀ီစိသို့ချိုးကပ်ရန်အတွက်ထွက်ခွာသွားကြပါတော့မည်ဖြစ်ကြောင်းအသိပေးတင်ပြလိုက်ရပါသည်။
လေးစားဦးညွှတ်လျှက်
ရဲရဲတောက် Burma Paparazi
0 ငြိမ်းချမ်းရေးလိုလားသူများစုပေါင်း၍မေတ္တာပို့ ဆုတောင်းပွဲနှင့် လမ်းလျှောက်ချီတက်ပွဲ ထိုင်းနိုင်ငံမဲဆောက်မြို့၌ပြုလုပ်
နိုင်ငံတကာမှ ဗုဒ္ဓဘာသာဝင် သံဃာတော်များနှင့် ငြိမ်းချမ်းရေးလိုလားသူများ စုပေါင်း၍ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် တကမ္ဘာလုံး ငြိမ်းချမ်းရေးအတွက် မေတ္တာပို့ဆုတောင်းပွဲနှင့် လမ်းလျှောက် ချီတက်ပွဲ တခုကို ထိုင်းနိုင်ငံမဲဆောက်မြို့ရှိ UNHCR ရုံးရှေ့တွင် ယနေ့နံနက် ၉နာရီကကျင်းပပြုလုပ်ခဲ့ပါသည်။
ထိုမေတ္တာပို့ဆုတောင်းပွဲနှင့် လမ်းလျှောက် ချီတက်ပွဲကို မြန်မာ၊ ထိုင်း၊ကမ္ဘောဒီယား၊ သြစတေလျ ၊ ဂျပန်၊မလေးရှား၊ဗီယက်နမ်၊ သိရိလင်္ကာ ၊ လာအို၊ မွန်ဂိုလီးယား၊ တိဘက်၊ ရုရှား၊ ကမီကီယာ (kalmykia) ၊ ထိုင်ဝမ်၊တရုတ်၊ ဘင်္ဂလားဒေ့ခ်ျ၊တောင်ကိုးရီယား၊ အိန္ဒိယတို့မှ သံဃာတော်များ၊ မြန်မာရွေ့ပြောင်း အလုပ်သမားများ၊ ထိုင်းနိုင်ငံသားများ၊ စိတ်ပါဝင်စားသူနိုင်ငံခြားသားများ စသည်ဖြင့် လူုတရာခန့်ပါဝင် ဆင်နွဲခဲ့ကြပါသည်။
ထိုင်းနိုင်ငံမဲဆောက်မြို့ရှိ UNHCR ရုံးရှေ့တွင် နံနက် ၉နာရီ တွင် စတင်စုဝေးစီတန်းပြီးနောက် နိုင်ငံအလိုက်သံဃာတော်များက ဆုတောင်း မေတ္တာပို့ကြရာတွင် တရုတ်နိုင်ငံနှင့် ထိုင်ဝမ်နိုင်ငံ၊ သိရီလင်္ကာ ၊ ထိုင်းနိုင်ငံ ၊ ဘင်္ဂလားဒေ့ခ်ျနှင့် အီန္ဒိယ စသည်ဖြင့် မိမိတို့နိုင်ငံ ဓလေ့ထုံးစံအရ မေတ္တာပို့ကြပြီး၊ မြန်မာနိုင်ငံမှ သံဃာတော်များ ရွေ့ပြောင်းအလုပ်သမားများက နမောတဿ သုံးကြိမ်ရွတ်ဆိုခြင်း ၊ မေတ္တာသုတ်တော်ကို ရွတ်ဖတ်ခြင်းတို့ ပြုလုပ်ပြီးနောက် “လူအခြင်းခြင်း နှိပ်စက်ခြင်း ကင်းရှင်းကြပါစေ၊ တို့မေတ္တာစွမ်း ကမ္ဘာလွှမ်း အေးချမ်းကြပါစေ ” ဟု သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားကို ဆုတောင်းပွဲကို ရုတ်သိမ်းခဲ့ပြီးနောက် UNHCR ရုံးရှေ့မှ စတင် ချီတက်လမ်းလျှောက်ခဲ့ကြပါသည်။
လမ်းဘေးယဲယာတွင် ကြည့်ရှုအားပေးသူများဖြင့် စည်ကားစွာ ချီတက်ဆုတောင်း မေတ္တာပို့သည့် ခရီးစဉ်သည် မဲဆောက်မြို့ အထွက်နားရှိ ပန်းခြံတွင် ဆုတောင်းပွဲထပ်မံ ပြုလုပ်ပြီး အခမ်းအနား အစီအစဉ်များ ပြီးဆုံးမည် ဖြစ်ပါသည်။
ထိုကဲ့သို့ ဆုတောင်းပွဲတခုကို မနှစ်ကလည်း ထိုပန်းခြံတွင် ပြုလုပ်ခဲ့ပြီး ပန်းခြံမှ ချစ်ကြည်ရေး တံတားထိပ်အထိ လမ်းလျှောက်ခဲ့ကြပါသည်။
သတင်း။ ။ေ၇ွှဝါရောင်သတင်းလွှာ
0 ကမ်ပိန်းလှုပ်ရှားမှုအကြောင်းသိကောင်းစရာ (Global Campaign)
ကမ်ပိန်းပန်းတိုင်
အဓိကကျသော နိုင်ငံတကာအစိုးရများနှင့် အစိုးရများအကြားရှိ အဖွဲ့အစည်းများသည် နအဖမှ ၄င်းတို့၏ လုပ်နည်းလုပ်ဟန်များကို မပြောင်းဘဲ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အခြေခံလိုအပ်ချက်များအား အကောင်အထည်ဖော် ဆောင်ရွက်ခြင်းမရှိခဲ့လျှင် ၄င်း၏ရွေးကောက်ပွဲအား လုံးဝရှုံ့ချရန် နှင့် ရွေးကောက်ပွဲရလဒ်အား အသိအမှတ်မပြုရန်
အခြေခံလိုအပ်ချက်များမှာ-
၁) ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ အားလုံးကို ခြွင်းချက်မရှိပြန်လွှတ်ပေးရန်။
၂) တိုင်းရင်းသားလူမျိုးစုများနှင့် ဒီမိုကရေစီရေး လှုပ်ရှားနေသူများအပေါ် အကြမ်းဖက်တိုက်ခိုက်မှုများ ရပ်တန့်ရန်။
၃) ဒီမိုကရေစီနှင့် တိုင်းရင်းသားအင်အားစုများမှ သက်ဆိုင်သူ အားလုံးပါဝင်သော တွေဆုံဆွေးနွေးပွဲ ပြုလုပ်ပေးရန် (၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်လည်သုံးသပ်ရေး အပါအဝင်။)
အဓိကသတင်းစကားများ
၂၀၁၀ နအဖ ရွေးကောက်ပွဲသည် ၄င်းတို့၏ စစ်အုပ်ချုပ်ရေးအား တရားဝင် ရေရှည်ခိုင်မြဲရေး အတွက်သာ ရည်ရွယ်နေသောကြောင့် – နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် မြန်မာပြည်သူများဘက်မှ ရပ်တည်ပြီး၂၀၁၀ ရွေးကောက်ပွဲကို ရှုံ့ချရန်နှင့် ရွေးကောက်ပွဲ၏ ရလဒ်အား အသိအမှတ်မပြုရန်။
မိမိတို့၏တောင်းဆိုချက်များ
* နအဖမှ ၄င်း၏လုပ်နည်း လုပ်ဟန်များကို မပြာင်းပဲ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် အခြေခံ လိုအပ်ချက်များအား အကောင်အထည်ဖော် ဆောင်ရွက်ခြင်းမရှိခဲ့လျှင် ၄င်းတို့၏ ရွေးကောက်ပွဲအား လုံးဝရှုံ့ချရန်နှင့် ရွေးကောက်ပွဲရလဒ်များအား အသိအမှတ်မပြုရန်။
* ၂၀၁၀ ရွေးကောက်ပွဲသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေံခံဥပဒေကို အခြေခံထားသည့်အတွက် ရွေးကောက်ပွဲ အပြီးကာလတွင် နအဖ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပေါ်နိုင် သည့်အပြင် အရာရာ၏အခြေအနေသည် ပိုမိုဆိုးရွားလာမည်သာဖြစ်ပါသည်။ ထို့ကြောင့် ကမ္ဘာကုလသမဂ္ဂမှ စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ခုဖွဲ့ကာ နအဖ၏ လူသားခြင်းစာနာမှု ကင်းမဲ့သည့် လုပ်ရပ်များနှင့် စစ်ရာဇဝတ်မှု ကျူးလွန်မှုများကို စုံစမ်းစစ်ဆေးဖော်ထုပ်ပေးရန်။
ကမ္ဘာလုံးဆိုင်ရာ ကမ်ပိန်း ပြုလုပ်ရခြင်းအကြောင်အရင်း
ငြိမ်းချမ်းပြီး ဒီမိုကရေစီနည်းလမ်းကျသော ပြောင်းလဲမှုသည် ပြည်တွင်းမှသာ ဖြစ်ပေါ်ပြောင်းလဲနိုင်မည်ကို မိမိတို့မှ သိရှိပြီးဖြစ်ပါသည်။ ဒီမိုကရေစီနည်းလမ်းကျ ရွေးကောက်ပွဲသည် မြန်မာပြည်သူတို့၏ သဘောဆန္ဒ ဖြစ်သည်။ သို့သော် ၂၀၁၀ ရွေးကောက်ပွဲသည် မြန်မာပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်းမရှိ သလို မြန်မာနိုင်ငံ၏ ပြဿနာအရင်းအမြစ်များကိုလည်း ဖြေရှင်းပေးမည် မဟုတ်ပဲ နအဖမှ နိုင်ငံတကာမျက်နှာစာတွင် မျက်နှာကောင်း ရလာအောင် ရည်ရွယ်လုပ်ဆောင်နေသည်မှာ သိသာထင်ရှားလှပါသည်။ နအဖ၏ ရွေးကောက်ပွဲဖြစ်မြောက်ရေး မအောင်မြင်ရေးသည် အိမ်နီးခြင်းနိုင်ငံများနှင့် နိုင်ငံတကာမိတ်ဆွေနိုင်ငံများ၏ ပူးပေါင်းပါဝင်မှုအပေါ်တွင်မူတည်နေပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် စစ်မှန်သော ဒီမိုကရေစီပြောင်းလဲမှု ပေါ်ပေါက်ရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် နအဖစစ်အစိုးရကို ထိရောက်စွာဖိအားပေး လှုံ့ဆော်စေရန်ဖြစ်သည်။
နောက်ခံသမိုင်း၊ ကြိုတင်ညှိနှိုင်းဆွေနွေးခြင်းနှင့် ပူးပေါင်းပါဝင်ခြင်း
ဤကမ်ပိန်းကို ဒီမိုကရေစီအရေးနှင့် တိုင်းရင်းသားအခွင့်အရေးများအတွက် လှုပ်ရှားနေသော တပ်ပေါင်းစု(၁၀)ဖွဲ့မှ စတင်ဦးဆောင်ရန် နိုဝင်ဘာလ ၂၀၀၉ ခုနှစ်တွင် ကျင်းပပြုလုပ်သော (၁၄) ကြိမ်မြောက် မဟာဗျူဟာ ညှိနှိုင်းဆွေးနွေးပွဲ အစည်းအဝေးတွင် သဘောတူညီမှု ရရှိခဲ့ပါသည်။ ထို့နောက် အာရှနှင့် ပစိဖိတ်ဒေသတွင်းရှိသော မြန်မာ့အဖွဲ့အစည်းများကိုလည်း အဆင့်ဆင့် ညှိနှိုင်းဆွေးနွေးပွဲများ ပြုလုပ်ပြီး အကြံဥာဏ်များနှင့် သဘောတူညီချက်များ ရယူခဲ့ပါသည်။ သို့သော် အချိန်၊ လူ နှင့် အခက်ခဲအမျိုးမျိုးကြောင့် အချို့နိုင်ငံများရှိ အဖွဲ့များနှင့် ညှိနှိုင်းနိုင်ခဲ့ခြင်းမရှိပေ။
တပ်ပေါင်းစု (၁၀)ဖွဲ့၏ နိုင်ငံခြားရေးရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Foreign Affairs Coordinating Team (FACT)) မှ Burma Partnership ကိုကမ်ပိန်းအတွင်းရေးမူးအဖွဲ့အဖြစ် ဆောင်ရွက်ပေးရန် တာဝန်ပေးအပ်ခဲ့ပြီး Burma Partnership အနေဖြင့်လည်း ဆောင်ရွက်ပေးရန် သဘောတူညီခဲ့သည်။ ဤမှတဆင့် ကမ်ပိန်းအတွင်းရေးမူးဖြစ်သော Burma Partnership သည် ဒေသဆိုင်ရာနှင့် နိုင်ငံတကာရှိအဖွဲ့ အစည်းများမှ ဤကမ်ပိန်းကို လက်မှတ်ရးထိုး ထောက်ခံလာစေရန် လုပ်ဆောင်ခဲ့သည်။ တပ်ပေါင်းစု (၁၀) ဖွဲ့မှ ဦးဆောင်သော ဤကမ်ပိန်းကို မြန်မာအဖွဲ့အစည်းများ နှင့် မြန်မာမဟုတ်သော အဖွဲ့အစည်းများ စုစုပေါင်း (၁၅၀) ကျော်မှ လက်မှတ်ရေးထိုးထားသည်။
ကမ်ပိန်းဖွင့်ပွဲ
နအဖစစ်အစိုးရမှ ဒီမိုကရေစီနည်းလမ်းမကျသော ရွေးကေက်ပွဲ ဥပဒေများကို ထုပ်ပြန်လိုက်ပြီး တစ်ပတ်ခန့်အကြာ မတ်လ ၁၉ ရက်နေ့ ၂၀၁၀ ခုနှစ်တွင် နယ်စပ်ဒေသနှင့် နိုင်ငံတကာရှိ အဖွဲ့အစည်းပေါင်း (၁၅၀) ၏ ထောက်ခံမှုဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ သတင်းစာရှင်းလင်းပွဲပြုလုပ်၍ ဤကမ်ပိန်းကို ဖွင့်လှစ်ခဲ့ပါသည်။
http://burmapartnership.org/