မြန်မာစစ်အစိုးရ အနေနဲ့ နျူကလီးယားလက်နက် ထုတ်သင့်ရင် ထုတ်ရမှာဖြစ်တယ်လို့ စက်မှု (၁) ဝန်ကြီး ဦးအောင်သောင်းက နေပြည်တော် သင်တန်းဆင်းပွဲတခုမှာ ပြောဆိုပါတယ်။
မြန်မာစစ်အစိုးရကို နျူကလီးယားလက်နက် ထုတ်နေတယ်လို့ နိုင်ငံခြားမီဒီယာတွေက စွပ်စွဲနေကြောင်း၊ မြောက်ကိုရီးယားကလည်း သူ့နိုင်ငံ ကာကွယ်ရေးအတွက် သူလုပ်တာ ဖြစ်ကြောင်း၊ ဒါကြောင့် ကိုယ့်နိုင်ငံ ကာကွယ်ရေးအတွက် မြန်မာနိုင်ငံကလည်း နျူကလီးယားလက်နက်ကို ထုတ်သင့်ရင် ထုတ်ရမှာဖြစ်တယ်လို့ သြဂုတ်လ ၁၁ ရက် နေပြည်တော် စက်မှု (၁) ဝန်ကြီးဌာန သင်တန်းဆင်းပွဲတခုမှာ ဝန်ကြီးဦးအောင်သောင်းက ခုလို ပြောခဲ့တာ ဖြစ်ပါတယ်။
မြန်မာစစ်အစိုးရကို နျူကလီးယားလက်နက် ထုတ်လုပ်ရေးကို လျှို့ဝှက် လုပ်ကိုင်နေတယ်လို့ သံသယရှိကြောင်း ပြည်ပမီဒီယာမျိုးစုံက ရေးသားပြီး မကြာခင် ဝန်ကြီးဦးအောင်သောင်းက ခုလို တုံ့ပြန် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ဦးအောင်သောင်းက ဆက်လက်ပြောရာမှာ အထူးသဖြင့် အမေရိကန်နိုင်ငံဟာ မြန်မာကို တပည့်ဖြစ်အောင် သူ့သြဇာခံနိုင်ငံ ဖြစ်အောင် စည်းရုံးနေတယ်လို့ပါ စွပ်စွဲပြောဆိုကြောင်း သင်တန်း တက်ရောက်ခဲ့သူတဦးက ပြောပြပါတယ်။
အမေရိကန်နိုင်ငံက မြန်မာစစ်အစိုးရကို ဘယ်လိုနည်းနဲ့ သြဇာခံနိုင်ငံဖြစ်အောင် စည်းရုံးနေတယ် ဆိုတာကိုတော့ ဝန်ကြီး ဦးအောင်သောင်းက ရှင်းရှင်းလင်းလင်း ပြောမသွားပါဘူး။ အမေရိကန်နိုင်ငံအပေါ် ဝန်ကြီးဦးအောင်သောင်းရဲ့ စွပ်စွဲပြောဆိုချက်တွေဟာ ဦးအောင်သောင်းရဲ့ ပုဂ္ဂိုလ်ရေး ပြောဆိုချက်လား စစ်အစိုးရရဲ့ တရားဝင် သဘောထားလား ဆိုတာကိုလည် တိတိကျကျ မသိရဘူးလို့ ဝန်ထမ်းတွေက ပြောပြပါတယ်။
ပြည်ပမီဒီယာတွေဟာ ခုလိုပဲ စွပ်စွဲ ပြောဆိုတာတွေ ၂ဝဝ၉ ခုနှစ်မှာ ၁၂၆ ကြိမ် ရှိခဲ့ပြီး ၂ဝ၁ဝ ခုနှစ်ထဲမှာ အကြိမ် ၁၅ဝ ကျော်နိုင်တယ်လို့ပါ ဦးအောင်သောင်းက ပြောခဲ့ပါတယ်။ ခုလို ပြည်ပမီဒီယာတွေရဲ့ ပြောဆိုချက်တွေကို မယုံကြဖို့ ဦးအောင်သောင်းက မှာကြားခဲ့တယ်လို့ သိရပါတယ်။
(RFA)
Wednesday, August 25, 2010
0 နျူကလီးယားလက်နက် ထုတ်တန်ထုတ်ရမည်ဟု ဝန်ကြီးဦးအောင်သောင်းပြော
Tuesday, August 24, 2010
0 ဂျပန်နိုင်ငံတွင်မကြာမှီပြသတော့မည့် အလွမ်းများနှင့်ဧရာဝတီဇာတ်ကား
၂၀၀၈ စက်တင်ဘာ လတွင် မြန်မာနိုင်ငံတွင် အသေအပျောက်များစွာဖြစ်ပွားခဲ့သော နာဂစ်မုန်တိုင်းအခြေခံ
ဇာတ်ကား ကို ဂျပန်နိုင်ငံမှ ဒါရိုက်တာ သစ်သား၊တွဲဘက်ဒါရိုက်တာ အောင်လင်းနိုင် ၊ဇာတ်ကားထဲတွင်ပါဝင်
သရုပ်ဆောင်ခဲ့သော ဦးဝင်းရွှေ နှင့် ကိုထွန်းဝေ တို့ နှင့် ဒေါင်းမာန်ဟုန်မှတွေ့ ဆုံမေးမြန်းခွင့်ရခဲ့ပါတယ်။
မေး။ ။ပထမဦးဆုံးအနေနဲ့ ဒါရိုက်တာဦးသစ်သားအနေနဲ့ ဒီဇာတ်ကား ကို ရိုက်ကူးရတဲ့ ရည်ရွယ်ချက်လေးကို ပြောပြပါလား?
ဖြေ။ ။(သစ်သား) ရိုက်ကူးရတဲ့ရည်ရွယ်ချက်ကတော့ မြန်မာပြည်တွင်းတွင်ရှိသော အနုပညာရှင် များဖန်တီး ရိုက်ကူးချင်ကြသောနာဂစ်မုန်တိုင်းအခြေခံဇာတ်ကားကိုကျွန်တော်တို့အနေနဲ့ဂျပန်နိုင်ငံရောက်ဝါသနာရှင်များနှင့် ပူးပေါင်းပြီးရိုက်ကူးခဲ့ကြတာဖြစ်ပါတယ်။
မေး။ ။ဘယ်လို ခံစားချက်နဲ့ ဒီဇာတ်ကားကို ရိုက်ကူးဖြစ်ခဲ့တာလဲ?
ဖြေ။ ။ဗမာပြည်ထဲမှာ နာဂစ်မုန်တိုင်းကြောင့် လူပေါင်းများစွာ သေဆုံးခဲ့ရတယ်၊အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်။ ကလေးသူငယ်တွေလဲမိဘမဲ့ဖြစ်ခဲ့ကြရတယ်။အဲဒီအချိန်မှာ ကျွန်တော်တို့ ဟာ ဘေးကင်းရာကို ရောက်နေခဲ့ကြတယ်။ဒီလို ကိုယ့်လူမျိုးတွေဒုက္ခရောက်နေတဲ့အချိန်မှာ သူတို့ တွေအတွက်တခုခု ပေးဆပ်ချင်တဲ့ဆန္ဒရှိတယ်။ နောက်ပြီးတော့ တိုင်းသူပြည်သားတွေ ပူဆွေးနေတဲ့အချိန်မှာ တိုင်းပြည်ကို အုပ်ချုပ်မင်းလုပ်နေတဲ့သူတွေကတော့ ကူညီတာထောက်ပံ့တာတွေလုပ်ရမည့်အစား မိမိတို့ အာဏာတည်မြဲရေးအတွက်သာကြိုးပမ်းနေခဲ့တယ်။ဒါတွေကို ကမ္ဘာအရပ်ရပ်ကသိအောင်ဖော်ထုတ်လို တဲ့ဆန္ဒနဲ့ရိုက်ကူးရခြင်းဖြစ်တယ်။
မေး။ ။ အလွမ်းများနှင်ဧရာဝတီဇာတ်ကား မှာ တွဲဘက်ဒါရိုက်တာ နှင့် တည်းဖြတ် ကို တာဝန်ယူထားသူ တစ်ယောက်အနေနဲ့ ဒီဇာတ်ကားကိုဘယ်လို အခက်အခဲတွေကြားကနေ ရိုက်ကူးခဲ့ရတယ် ဖန်တီးခဲ့ရတယ်ဆို တာသိပါရစေ။
ဖြေ။ ။(အောင်လင်းနိုင်) ပထမဆုံး အနေနဲ့  Location အခက်အခဲပေါ့ ။ ကျွန်တော်တို့ က နေရာဒေသတစ်ခုရဲ့ အကြောင်းကို နောက်ခံထားပြီးရိုက်ကူးတဲ့အခါ မှာအဲဒီ ဒေသနဲ့ ပြောင်းပြန် အနေအထားမှာရှိတဲ့ နေရာမှာ ရိုက်ရတာဆိုတော့ (ဥပမာအားဖြင့် ကမ္ဘာမှာ အဆင်းရဲဆုံးနိုင်ငံစာရင်းဝင် ဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ အကြောင်းကို ကမ္ဘာမှာ အချမ်းသာဆုံးစာရင်းဝင်ဖြစ်တဲ့ ဂျပန်နိုင်ငံမှာရိုက်ရတာဆိုတော့ နေရာအထားအသိုအခက်အခဲရှိပါတယ်။ နောက်ဒီဇာတ်ကားမှာ စက်ပိုင်းဆိုင်ရာ ပညာရှင် တွေမပါဝင်ဘူး။စက်ပိုင်းဆိုင်ရာ ပညာရှင်တွေမှာ အဓိကကတော့ camera man နဲ့ lighting ပိုင်းဆိုင်ရာပညာရှင်တွေ မပါဘူး။ဦးဌေးသစ်ရော ကျွန်တော်ပါ ပရော်ဖက်ရှင်နယ် ကင်မရာသမား မဟုတ်ဘူး။ အဲဒီအတွက် camera workတွေနားလည်ကောင်းနားလည်မယ်။ ဒါပေမဲ့ ကင်မရာ ပညာရှင်တစ်ယောက်ရဲ့ အယူအဆ အမြင်တွေတော့ မရနိုင်ဘူး။ရုပ်ရှင် ကားတွေရဲ့ အနှစ်သာရဖြစ်စေတဲ့ ကရိန်း ထရော်လီ စတာတွေမပါဝင်ဘူး။တကယ်တမ်း ဗီဒီယို ဖြစ်ဖြစ်ရုပ်ရှင်ဖြစ်ဖြစ် ရိုက်မယ်ဆိုရင်တော့ ဒါတွေ စနစ်တကျ သုံးဖို့ တော့လိုလိမ့်မယ်။နောက်တစ်ခုက အသံပိုင်းဆိုင်ရာ recording ကောင်းကောင်းမလုပ်နိုင်ဘူး။ ဒါကြောင့်မလိုအပ်တဲ့ noiseတွေပါနေလိမ့်မယ်။ဒါကိုdubbing(နောက်ခံတေးဂီတ)
နဲ့တတ်နိုင်သလောက်ဖိထားပါတယ်။အခက်အခဲတွေကတော့အများကြီးပေါ့..ဒါပေမဲ့အဲဒီအခက်အခဲတွေကြားကနေ အားလုံးဝိုင်းကူညီကြတဲ့အတွက် ဒီဇာတ်ကားလေးဖြစ်လာတာပါ။
မေး။ ။ ဦးဝင်းရွှေအနေနဲ့ ဒီဇာတ်ကားမှာ ဘယ်character ကနေ သရုပ်ဆောင်ထားပါသလဲ?
ဖြေ။ ။(ဦးဝင်းရွှေ) ကျွန်တော်က မြစ်ဝကျွန်းပေါ်ရွာလေးတစ်ရွာက ရှေ့ မီနောက်မီ ရွာသားတစ်ယောက်၊ရွာမှာ တပ်နဲ့ လက်ပါးစေကြံ့ဖွ့ံတွေနိုင်လိုမင်းထက်
လုပ်နေတာကိုမကျေနပ်တဲ့သူ၊သူတို့ ကိုပွင့်ပွင့်လင်းလင်းဆန့် ကျင်ရင်လည်း ကိုယ့်အန္တရာယ်ရှိတာကြောင့် အခွင့်ရရင်ရသလို ဆန့် ကျင်တဲ့ရွာသားတစ်ဦး
အဖြစ် သရုပ်ဆောင်ခဲ့ပါတယ်။
မေး။ ။ ဦးဝင်းရွှေအနေနဲ့ သရုပ်ဆောင်ခဲ့တဲ့အခန်းတွေမှာ ဘယ်အခန်းကိုအားအရဆုံးဖြစ်မိပါသလဲ?
ဖြေ။ ။(ဦးဝင်းရွှေ)ကလေးငယ်တွေကို စာပေဗဟုသုတ သင်ပေးတဲ့အနေနဲ့ ဆရာကြီးမင်းသုဝဏ်ရဲ့ ကဗျာလေးတစ်ပုဒ်သင်ပေးတဲ့အခန်း ရယ် ဗိုလ်ချုပ်အောင်ဆန်းအကြောင်း
ပြောပြတဲ့အခန်းနဲ့  လာမည့်ရွေးကောက်ပွဲနဲ့ ပတ်သတ်ပြီး ရွာသားသုံးယောက်ဆွေးနွေးတဲ့အခန်းတွေကို အားရပါတယ်။
မေး။ ။ ဒီဇာတ်ကားမှာ ကိုထွန်းဝေကတော့ ဘယ်အခန်းမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါသလဲ
ဖြေ။ ။(ကိုထွန်းဝေ) ဗမာပြည်မှာနာမည်ဆိုးနဲ့ ကြော်ကြားတဲ့ ကလေးစစ်သားစုဆောင်းရေးအတွက် ပြန်ပေးဆွဲတဲ့အခန်းမှာပါဝင်ခဲ့ပါတယ်။
မေး။ ။နောက်ဆုံးအနေနဲ့ ဒါရိုက်တာဦးသစ်သားက ဘာများ ပြောချင်ပါသလဲ?
ဖြေ။ ။ပြောချင်တာကတော့ စစ်အစိုးရ ရဲ့ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင်မှာ ဒီမတရားတဲ့ ရွေးကောက်ပွဲကြီးကို ပြည်သူလူထုက ဆန့် ကျင် တယ်ဆိုတဲ့အကြောင်း ကို မီးမောင်းထိုးပြထားပါတယ်။
videoနှင့်ကြော်ငြာပေးပို့သောကိုထွန်းဝေအားအထူးကျေးဇူးတင်ရှိပါသည်။
0 ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေး၏ သမီးမဝေနှင်းပွင့်သုန်နှင့် ဘီဘီစီအင်တာဗျူး-ရုပ်/သံ
Waihnin Pwint Thon, leading campaigner and daughter of jailed 88 Generation Student leader Mya Aye, talks about Burma's upcoming elections on BBC World News
ဗီဒီယိုကြည့်ရန်ပုံလေးကိုနှိပ်ပေးပါ။
0 ၂၀၁၀ ရွေးကောက်ပွဲ အရှုပ်ထဲမှာ ရှင်းအောင်နေ
(မိုးမခ)မှ ကူးယူဖော်ပြပါသည်။ ။
ဆရာနဲ့ ယခင်အပတ်က တွေ့ဆုံမေးမြန်းခဲ့ရာမှာ အင်န်အယ်ဒီပါတီက ၂၀၁၀ ရွေးကောက်ပွဲကို ပါတီတရပ်အနေနဲ့ သပိတ်မှောက်တယ်လို့ ကြေညာခဲ့ရာကနေ မဲဆန္ဒရှင်ပြည်သူတွေကပါ စစ်အာဏာရှင်စနစ် သက်ဇိုးရှည်စေမယ့် ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ကြဖို့ ထပ်မံပြီး ကြေညာလိုက်ပါတယ်။ ပြည်သူလူထုကို အတိအလင်း တိုက်တွန်းလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်ဒီပါတီတရပ်လုံးက လွန်ခဲ့တဲ့ မတ် ၂၉ ကတည်းက ၂၀၀၈ အခြေခံဥပဒေကို အသက်သွင်းမယ့် ၂၀၁၀ ရွေးကောက်ပွဲကို လက်မခံနိုင်ဘူးလို့ ထုတ်ဖော်ပြောဆိုခဲ့ပြီးပြီ၊ ရပ်တည်ခဲ့ပြီးပြီ။ အဲသည်လောက် ထင်ရှားတဲ့ သဘောထားတရပ်ကို ရပ်တည်ပြီး ရှေ့က ဦးဆောင်ချီတက်နေတဲ့ နိုင်ငံရေးပါတီကြီးအနေနဲ့ အခုလိုမျိုး လူထုကို အခုလို သြဂုတ် ၁၉ ရက်နေ့မှာ တိုက်ရိုက်တိုက်တွန်းမှုကို ပြုလုပ်ရတာလဲ ဆိုတာကို မေးမြန်းတာ ဖြစ်ပါတယ်။
ဆရာက ပြန်လည် ဖြေကြားချက်များထဲက ပြန်လည် ကောက်နုတ်ဖော်ပြရမယ် ဆိုရင် …
ပါတီအနေနဲ့ ရွေးကောက်ပွဲကို သပိတ်မှောက်တယ် ဆိုတာကတော့ အားလုံးရဲ့ မျက်မှောက်မှာ ထင်ရှားပြီးသား ဖြစ်တယ်။ သို့သော် ဒီကြားထဲမှာ ဘယ်လိုဖြစ်လာသလဲ ဆိုတော့ … အခြားသူတွေဆီမှာ ချွင်းချက်တွေ ပေါ်လာတယ်။ ဘယ်လိုမျိုး သပိတ်မှောက်ကြရမှာလဲ ဆိုတဲ့ အသေးစိတ် မေးခွန်းတွေ ပေါ်လာတယ်။ ဒီလို …
ကျေးလက်တွေ နယ်တွေမှာ လူထုကို အတင်းမဲရုံတွေ တွန်းပို့ပြီး သူတို့ရဲ့ ပါတီတွေဖြစ်တဲ့ ကြံ့ဖွံ့တွေ၊ ဘာတွေကို အတင်းမဲပေးခိုင်းမှာပဲ။ ဒါဆိုရင် အဲသည်လို ပါတီမျိုးတွေကို သပိတ်မှောက်ကြရမှာလား ဆိုတဲ့ မေးခွန်းက တခု။
နောက်ပြီးတော့ ၁၉၉ ၀ ရွေးကောက်ပွဲတုန်းကလည်း ၀င်ပြီး အရွေးခံခဲ့တယ်။ ပြည်သူလူထုရဲ့ မဲဆန္ဒကို ပစ်ပယ်ပြီးတော့ အခု ၂၀၁၀ မှာလည်း ရွေးကောက်ပွဲ ၀င်ကြဖို့ လုပ်ပြန်တဲ့ ပါတီတွေ အမတ်လောင်းတွေ ပေါ်လာပြန်တယ်။ အဲသည်လို လူမျိုးတွေ ပါတီတွေကို သပိတ်မှောက်ကြရမှာလား ဆိုတဲ့ မေးခွန်း။တိုင်းရင်းသားအင်အားစုတွေကလည်း သူတို့ နယ်မြေဒေသတွေမှာ အရွေးခံကြတဲ့အခါမှာ သူတို့တွေရဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေကို ပြောရေးဆိုခွင့် နေရာရစေချင်တယ်။ အခြားသူတွေ အဓမ္မ ၀င်ရောက် နေရာယူမှာကို စိုးရိမ်ကြတယ်။ ဒါဆိုရင် အဲသည် တိုင်းရင်းသားဒေသတွေမှာ ကြံ့ဖွံ့လို အင်အားစုတွေကို သပိတ်မှောက်ကြဖို့ တိုက်တွန်းကြရမှလား ဆိုတဲ့ မေးခွန်းကလည်း ပေါ်လာတယ်။
ဒီမေးခွန်းတွေနဲ့ အင်န်အယ်ဒီရဲ့ သဘောထားကို မေးကြ စုံစမ်းကြ၊ သဘောထားတောင်းကြတာတွေ ပေါ်လာတဲ့ အချိန်မှာ လာမယ့် ၂၀၁၀ နိုဝင်ဘာမှာ ရွေးကောက်ပွဲလုပ်တော့မယ်ဆိုတဲ့ သတင်းကြေညာချက်က စစ်အစိုးရဖက်က ထုတ်ပြန်လာတယ်။ အဲသည်အခါကျတော့ အင်န်အယ်ဒီအနေနဲ့ အားလုံးရဲ့ အခြေအနေတွေ အားလုံးကို ခြုံငုံပြီးတော့ ၂၀၁၀ ရွေးကောက်ပွဲအပေါ်မှာ ပြတ်ပြတ်သားသား ရှင်းလင်းတဲ့ သဘောထားကို လူထုကို ထုတ်ဖော် ပြောပြရတော့မယ်လို့ ဖြစ်လာတယ်။
ဒါကြောင့် သြဂုတ်လ ၁၉ ရက်နေ့မှာ အစည်းအဝေး ထိုင်တယ်၊ ဆုံးဖြတ်ချက်ချတယ်။ ပါတီအနေနဲ့ သပိတ်မှောက်တယ်။ သပိတ်မှောက်တယ် ဆိုတဲ့ စကားလုံးကို သုံးစွဲလိုက်တယ်။ ရွေးကောက်ပွဲကို မဲဆန္ဒရှင်ပြည်သူတွေကလည်း သပိတ်မှောက်ကြဖို့ တိုက်တွန်းတယ်။ သပိတ်မှောက်တယ် ဆိုတာက ဥပဒေနဲ့လည်း မငြိစွန်းဘူး။ သဘောကတော့ မဲပေးခွင့် ရှိသလို၊ မဲမပေးဘဲလည်း နေခွင့်ရှိတယ်။ ဒါကို ထပ်လောင်းပြီး ပြောလိုက်တယ်။
မတ်လ ၂၉ ရက်နေ့က စပြီး ပြောခဲ့တာက ၂၀၀၈ အခြေခံဥပဒေကို လက်မခံတဲ့အတွက် ၂၀၁၀ ရွေးကောက်ပွဲမှာ ပါတီ မှတ်ပုံထပ်မတင်ဘူး လို့ ပြောခဲ့တယ်။ ဆင့်ပွားပြီးပြောရင် ဒါဟာလည်း ပါတီအနေနဲ့ ရွေးကောက်ပွဲကို သပိတ်မှောက်တာ ဖြစ်တယ်။ ဒါပေမယ့် အခုအချိန်မှာ တိတိကျကျအနေနဲ့ ပါတီက ရွေးကောက်ပွဲကို သပိတ်မှောက်တယ်။ မဲဆန္ဒရှင်တွေကိုလည်း သပိတ်မှောက်ဖို့ တိုက်တွန်းတယ်လို့ သြဂုတ်လ ၁၉ ရက်နေ့မှာ ပါတီက ထပ်မံ အတည်ပြု ဆုံးဖြတ် ကြေညာလိုက်ရတာ ဖြစ်ပါတယ်။
အဲသည်မှာ မေးမြန်းမိတာက ၂၀၁၀ ရွေးကောက်ပွဲကို အင်န်အယ်ဒီပါတီက သပိတ်မှောက်တယ်၊ ပါတီဝင်တွေက သပိတ်မှောက်တယ်။ ဒါ့အပြင် ပြည်သူ့လူထုတရပ်လုံးကို သပိတ်မှောက်ကြဖို့ တိုက်တွန်းတဲ့ သဘောကို အတည်ပြု ပြောကြားတဲ့ သဘောဆိုရင် ဘယ်လိုမျိုး ပြည်သူလူထုကို နားလည်အောင်၊ လိုက်ပါလာအောင် စည်းရုံးမှာလဲ ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ ဆရာကပြောကြားရာမှာ …
ကျနော်တို့အနေနဲ့ ပြောရမှာကတော့ ကူးတို့ဆိပ်မှာ နတ်ပြည်ကို သွားတဲ့ လမ်းကို ပိတ်ထားပြီ၊ ငရဲကို သွားတဲ့လမ်းကိုပဲ ဖွင့်ပေးထားတယ်။ စစ်အာဏာရှင်ငရဲလမ်းကိုတော့ ဖွင့်ထားတယ်။ အဲသည်လမ်းကိုတော့ မသွားကြပါနဲ့လို့ ပြောရမှာပဲ။ နတ်ပြည်ကိုသွားတဲ့ လမ်းပိတ်ထားတာနဲ့ ငရဲသွားတဲ့ လမ်းကို အတင်းကြိတ်မှိတ်ပြီး မသွားကြနဲ့။ သွားစရာမလိုဘူး။ ကျနော်တို့က ငရဲရောက်မယ့် လမ်း သိသိကြီးနဲ့ ကျနော်တို့တော့ မသွားဘူး၊ ခင်ဗျားတို့ သွားချင်သွားလို့လည်း မပြောနိုင်ဘူး။ ကျနော်တို့နဲ့ နတ်လမ်းကို သွားဖို့ ဆောင်ရွက်ကြပါလို့ ပြောရမှာ ဖြစ်တယ် လို့ ပြောချင်တယ်။
အဲသည်မှာ နိုင်ငံရေးအကျဉ်းထောင်ကြီးနဲ့တူတဲ့ စစ်အစိုးရရဲ့ အာဏာရှင်စိတ်တိုင်းကျ လွှတ်တော်ကြီးကို ၀င်ရောက်ဖို့ တာစူနေကြတဲ့ နိုင်ငံရေးပါတီတွေကလည်း မေးခွန်းတွေ ထုတ်ကြပြန်တယ်။ ဒီမိုကရေစီသွားချင်တဲ့ ပြည်သူလူထုကြီးကို လမ်းပိတ်တဲ့ သဘောပဲလို့ သူတို့က ပြောလာပြန်တယ်။ ဒီလမ်းကြောင်းကို သွားလို့ ဒီမိုကရေစီရမယ့်လို့ ဘယ်သူမှလည်း အာမခံထားတဲ့ လမ်းကြောင်းလည်း မဟုတ်ဘူး။ ၂၀၀၈ အခြေခံဥပဒေကို ဒူးထောက်အညံ့ခံတဲ့ နိုင်ငံရေးပါတီတွေ ကိုယ်တိုင်ကလည်း သူတို့ကိုယ်တိုင်က မသေချာ မရေရာဘဲ ဒီအာဏာရှင်တွေရဲ့ ငရဲလမ်းကြောင်းကို သွားနေကြတာ ဖြစ်တယ်လို့ ကျနော်တို့က ပြန်ပြီး ထောက်ပြရတယ်။
သေချာတာကတော့ အင်န်အယ်ဒီက ပြည်သူတွေ ရှေ့ကနေ ကြိုတင်ပြီး ရပ်တည်ပြီးတော့ ရွေးကောက်ပွဲကို သပိတ်မှောက်တယ်ဆိုရင် ပြည်သူတွေကိုလည်း သပိတ်မှောက်ကြဖို့ကို ပြောဆို တိုက်တွန်းရမှာပဲ။ ရအောင် စည်းရုံးရမှာပဲ၊ ရှင်းလင်း ပြောပြရမှာပဲ။ လူထုကို ရွေးကောက်ပွဲ သပိတ်မှောက်ကြဖို့ကို ပြောရမှာပဲ။ ဥပဒေအရလည်း မဲ ဆန္ဒရှင်တွေအနေနဲ့ မဲမပေးဘဲ နေခွင့် ရှိတယ် ဆိုတာကို ထောက်ပြရမှာပဲ။ စကားတွေ ဘယ်လို ရှုပ်အောင် ပြောလာပါစေ ကျနော်တို့ကတော့ ရှင်းအောင် ပြောနေရမှာပဲ ဖြစ်ပါတယ်။
ပြည်သူလူထုတွေက ၂၀၁၀ မှာ ရွေးကောက်ပွဲကို မဲမပေးဘဲ နေကြမယ်ဆိုရင် ရွေးကောက်ပွဲကို သပိတ်မှောက်လိုက်ခြင်းကနေ စစ်အုပ်စုကို ဘယ်လိုမျိုး ရွေးချယ်စရာ လမ်းကြောင်းကို ဆွဲခေါ်နိုင်မှာလဲ။
ငရဲသွားမယ့် လမ်းကြောင်းကို ကျနော်တို့တတွေက မသွားနိုင်ဘူးလို့ တညီတညွတ်တည်း ပြောလိုက်နိုင်မယ် ဆိုရင်၊ ဒီအတိုင်းကြီး ဆက်ရပ်နေလို့ မဖြစ်တော့ဘူး။ ကျနော်တို့တတွေက နတ်ပြည်သွားမယ့်လမ်းကို ရွေးကြရမယ်။ အဲသည်လမ်းကို သွားကြရမယ်။ အဲသည်လမ်းကြောင်းဆိုတာကလည်း အင်န်အယ်ဒီနဲ့ အတိုက်အခံနိုင်ငံရေး အင်အားစုတွေ၊ တိုင်းရင်းသားတွေနဲ့ နိုင်ငံတကာမိသားစုတွေက အစဉ်တစိုက် ပြောဆို တိုက်တွန်းနေတဲ့ လမ်းကြောင်းပဲ ဖြစ်ပါတယ်။ တွေ့ဆုံဆွေးနွေး အဖြေရှာကြဖို့ပဲ။
ဒီမိုကရေစီလမ်းကြောင်းကို သွားနိုင်ဖို့က ဒီ ရွေးကောက်ပွဲလမ်းကြောင်းမဟုတ်ဘူး၊ စစ်အာဏာရှင်ကို အတည်ပြုမယ့် ၂၀၀၈ အခြေခံဥပဒေကို အသက်သွင်းမယ့် ရွေးကောက်ပွဲလမ်းကြောင်းကို သွားမယ့်အစား ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ နိုင်ငံရေး အင်အားစုတွေနဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာကြဖို့ပါပဲ။ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်း တံခါးကို တွန်းဖွင့်ဖို့အတွက် ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ကြရတာ ဖြစ်တယ်လို့ ပြောချင်ပါတယ်။
အဲသည်အချိန်နဲ့ တပြိုင်နက်တည်းမှာပဲ အနောက်နိုင်ငံတွေက ကုလသမဂ္ဂနဲ့အတူ မြန်မာပြည်စစ်အာဏာရှင်တွေရဲ့ စစ်ရာဇ၀တ်မှုတွေ၊ လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်တဲ့ ရာဇ၀တ်မှုတွေကို စုံစမ်း စစ်ဆေး အရေးယူဖို့၊ တရားစီရင်ဖို့ တိုက်တွန်းလာတယ်။ ဒါဟာ နိုင်ငံတကာက စစ်အစိုးရရဲ့ ရွေးကောက်ပွဲဟာ ထွက်ပေါက်လို့ မယုံကြည်ဘူးလို့ ထုတ်ဖော်ပြလိုက်တာ ဖြစ်တယ်လို့ မြင်ပါတယ်။ အဲသည်အချက်နဲ့ ပတ်သက်ပြီး မြန်မာပြည်သူတွေက ဘာတွေ ဆောင်ရွက်လို့ ရနိုင်သလဲ။ မဲဆန္̔ဒရှင်ပြည်သူတွေရဲ့ အခန်းကဏ္ဍက ဘယ်လိုလဲ။
ကျနော်တို့ အင်န်အယ်ဒီက ဒီလိုမျိုးဆောင်ရွက်လာတာကို ထောက်ခံတယ် ဆိုတဲ့အကြောင်း နိုင်ငံတကာက အစိုးရအဖွဲ့အစည်းတွေကို ထုတ်ဖော် ပြောဆိုပါတယ်။ မြန်မာပြည်မှာလည်း လူ့အခွင့်အရေးအခြေအနေတွေက အတော်ကို ဆိုးဝါးနေပြီ။ ဒါကို အရေးယူဖို့ မပြောနဲ့ဦး၊ စုံစမ်းစစ်ဆေးဖို့ကို အခုကတည်းက မလုပ်နိုင်ရင် နောက်ကို ပိုပြီး ဆိုးဝါးတော့မှာ ဖြစ်တယ်။
ပြည်သူတွေက တဦးချင်း တယောက်ချင်း အနေနဲ့သာမက၊ နယ်စပ်ဒေသ နယ်တွေက မိသားစုတွေကလည်း မတရားအလုပ်ခံထားရတွေကို ရှေ့တိုးပြီး ထုတ်ဖော်ပြောဆိုလာမယ်။ ဒါဟာ ရွေးကောက်ပွဲ ကျင်းပတဲ့ အချိန်အထိ၊ ရွေးကောက်ပွဲ ပြီးတဲ့အချိန်ထိ စောင့်နေစရာ မလိုဘူး။ အင်န်အယ်ဒီပါတီကလည်း အောက်ခြေအထိ အဆင့်ဆင့်ဆင်းပြီး ရှင်းလင်းပြောပြရင်းကနေ စစ်အာဏာရှင်တွေရဲ့ မတရားမှုတွေ အဓမ္မမှုတွေကို မှတ်တမ်း တင်ရမှာပဲ။ ထုတ်ဖော် ပြောဆိုပေးရမှာပဲ။ ဒါတွေကိုလည်း ကျနော်တို့က ဆက်လက် ဆောင်ရွက်နေမယ်ဆိုတာကို ပြောချင်ပါတယ်။
ဒီလိုမျိုး စုံစမ်းစစ်ဆေးရေးတွေ လုပ်လာတယ်ဆိုတာဟာ အရေးယူဖို့ လုပ်လာတာဟာ ကျနော့်သဘောအရ ပြောရရင်တော့ တွေ့ဆုံဆွေးနွေးရေးတံခါးကို ဖွင့်နိုင်ဖို့၊ အင်ဂိတ်ဂ်ျ လုပ်နိုင်ဖို့အတွက် ဖွင့်ထားတာပဲလို့ မြင်ပါတယ်။ နိုင်ငံတကာရဲ့ မျက်နှာစာမှာ ဒီအချက်အလက်တွေ ရောက်ရှိလာရင်၊ တင်ပြလာနိုင်မယ် ဆိုရင် စစ်အစိုးရဲ့ ရွေးကောက်ပွဲဟာ ဘယ်သူ့အတွက်မှ အဖြေမဟုတ်ဘူးဆိုတာ ထင်ရှားလာမယ် ဖြစ်ပါတယ်။
ဒါမျိုးတွေနဲ့ ပြည်တွင်းမှကော ပြည်ပမှာပါ နိုင်ငံရေး အကြပ်အတည်းတွေ၊ ဖိအားတွေနဲ့ ရင်ဆိုင်လာရတဲ့ စစ်အာဏာရှင်လူတစုဟာ ဘယ်လိုမျိုး ပြန်လည် တုံပြန်မှုတွေနဲ့ တိုက်ခိုက်လာနိုင်သလဲ၊ ဖိနှိပ်မှုတွေ အကြမ်းဖက်မှုတွေကော လုပ်မလာနိုင်ဘူးလား။
ဒါကတော့ ကျနော်တို့တတွေ ရင်ဆိုင်ဖို့ အဆင်သင့် ပြင်ထားရမှာ ဖြစ်ပါတယ်။ လူမျိုးရေး အဓိကရုဏ်းတွေ၊ ဘာသာရေး သွေးထိုးလှုံဆော်တာတွေကို ကျနော်တို့က သတိနဲ့ စောင့်ကြည့်ရမယ်။ နယ်တွေမှာလည်း အကြမ်းဖက်ခံရတာတွေ၊ အဖိနှိပ်ခံရတာတွေ ရှိလာနိုင်ပါတယ်။ နိုင်ငံတကာမိသားစုတွေအနေနဲ့ကလည်း အခုလို စောင့်ကြည့်နေတဲ့ အချိန်မှာ စစ်ရာဇ၀တ်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ ရာဇ၀တ်မှုတွေ ပိုမို ဆိုးဝါးလာတယ် ဆိုရင် နိုင်ငံတကာက အနောက်နိုင်ငံတွေသာမက၊ အာရှနိုင်ငံတွေ၊ အာဆီယံနိုင်ငံတွေမှာပါ မြန်မာပြည်က အပြစ်မဲ့တဲ့ လက်နက်မဲ့တဲ့ ပြည်သူလူထုတွေ၊ နိုင်ငံရေးအင်အားစုတွေကို ကာကွယ်ပေးဖို့ တာဝန်ရှိတယ်ဆိုတာကလည်း ပိုပြီး ထင်ရှားလာမယ် ဖြစ်တယ်။ အဲလိုမျိုး ပြောချင်ပါတယ်။
ဆရာဦးဝင်းတင်နဲ့ မေးခွန်းများ ဖြစ်ပါတယ်။ သြဂုတ်လ ၂၀ ရက်နေ့က မေးမြန်းခဲ့တာ ဖြစ်ပါတယ်။
Monday, August 23, 2010
0 “ကလေးစစ်သားဖြစ်ခဲ့ရသူ၊စစ်တပ်ကိုစွန်ခွာခဲ့သူတယောက်ရဲ့ရင်ဖွင့်စကားများ”
မိုးစက်(ဒုတပ်ကြပ်/ပင်မပစ္စည်းထိမ်းတပ်-တပ်မတော်ရေ)
မောင်ကျောင်းသား မေးမြန်းစာစီ ကူညီတင်ပြပေးပါသည် ။
(၁)
ဒီလိုဗျ..၊ ကျွန်တော်က နအဖတပ်မှာ ကလေးစစ်သားလဲဖြစ်ခဲ့ဘူးသလို ၊ ရေတပ်မှာ ( တပ်ကြပ်ရကာနီး )ဒုတပ်ကြပ်ဘ၀ထိဖြတ်သန်းလာခဲ့တဲ့ ၊ တပ်မှာနှစ်ကျော့ ပြန်စစ်သားဖြစ်ခဲ့တဲ့ တပ်မတော်သားဟောင်းတစ်ယောက်ပါ ၊ ကျွန်တော်ကြုံတွေခဲ့ရတဲ့ ဆိုးရွားတဲ့အတွေ့အကြုံတွေ ၊ နာကျည်းစရာတွေကို အများပြည်သူကို တင်ပြချင်တာကြောင့် ခုလို ရေးသားဖေါ်ပြလိုက်ရတာပါ ။
ကျွန်တော့နာမည်ရင်းက ဆန်းမင်းထွေး ပါ ၊ ဇာတိက ရန်ကုန် ၊ ဒဂုံမြို့သစ်မြောက်ပိုင်း ၊ ၁၃၃ ရပ်ကွက်ကပါ ၊ မိသားစု ဘ၀အခြေအနေကြောင့် ငါးတန်းထိပဲ ကျောင်းနေခဲ့ရပါတယ် ၊ ကိုယ့်ဘ၀ကိုယ်ကျောင်းမှ အသက်ရှင်ရပ်တည်နိုင်မှာဖြစ်တာကြောင့် ၁၂ နှစ်သားအရွယ် ကလေးဘ၀နဲ့တင် စားပွဲထိုး ၊ ရပ်ကွက်ထဲ ရေရောင်း ၊ ဓါတ်ဆီဆိုင် စာအုပ်ထပ်ပေး ၊ ဈေးရောင်း ၊ ရေခဲထုတ်ရောင်း ၊ ဖရဲသီးစိတ်ရောင်း ဘ၀စုံအလုပ်စုံမှာ ဖြတ်သန်းကျင်လည်ခဲ့ရပါတယ် ။
၁၉၉၉ ခုနှစ် (အသက်၁၄နှစ်) မှာ ၊ ရထားပေါ်ဈေးလိုက်ရောင်းရာကနေ ၊ ရွှေညောင်ဘူတာအရောက် ရထားပေါ်ကအဆင်းမှာ အမြှောက်တပ်တခုက တပ်ကြပ် တစ်ယောက်က “ ညီလေး ..မင်းဘယ်ကလဲ”လာမေးပြီး ၊ ဈေးလှည့်ရောင်းနေသူတယောက်မှန်း လဲသိရော “ခုလိုပင်ပင်ပန်းပန်းလုပ်နေမဲ့အစား တပ်ထဲဝင်လိုက် ပါလားကွ ၊ မင်းဘ၀ပြောင်းလဲသွားမယ် ” ၊ တပ်မှာ အခွင့်အရေးတွေဘယ်လိုရှိတယ်ဆိုတာမျိုး ပြောပြီးစည်းရုံးလာပါတယ်၊ မလုပ်ချင်ပါဘူးငြင်းလိုက်တော့“မင်းမှာ မှတ်ပုံတင်မပါဘူးမလား ၊ မင်းကိုခုဖမ်းလိုက်လို့ရတယ် ၊ ထောင်ထဲရောက်သွားမယ်”ဆိုတာမျိုးတစစခြိမ်းခြေက်ပါတော့တယ် ၊ အဲဒိတုံးက ကလေးဆိုတော့ ကြောက်တာပေါ့ ၊ “အဖမ်းတော့မခံပါရစေနဲ့ ၊ စစ်ထဲဝင်ဆိုဝင်ပါ့မယ်”ဆိုပြီး သူခေါ်သွားရာနောက်လိုက်သွားဖြစ်ပါတယ် ။
တောင်ကြီးမြို့ကြိုးတံတားနားက စစ်သားစုဆောင်းရေးနေရာလေးတခုမှာ ကျွန်တော့ကိုထားသွားပါတယ် ၊ ရောင်းစားခဲ့တဲ့ သဘောမျိုးပါ ၊ စစ်သားစုပေးရင် ပေးတဲ့ (အဲဒီတုံးက ငွေဘယ်လောက်ပေးမှန်း ၊ ဆန်အိတ်ပေးမှန်းမသိသေးပါဘူး) ပိုက်ဆံတွေယူပြီး သူထွက်သွားပါတယ် ၊ ထောင်ကျသွားသလို ဘယ်မှလဲ မထွက်ရပဲကျန်နေခဲ့ပြီး တပါတ်လောက်နေမှ ကျန်တဲ့ စုဆောင်းခံထားရသူတွေနဲ့အတူ (စုစုပေါင်း ၇ ယောက်)ကို တပ်ကြပ်ကြီးတယောက်ဦးစီးပြီး မန္တလေးက စစ်သားစုဆောင်းရေးကို ပို့လိုက်ပါတယ် ၊ အမှန်က စုထားတာ ၉ ယောက်ပါ ၊ ၂ ယောက်က ကြားရက်မှာထွက်ပြေးသွားခဲ့တာပါ ။ အဲ့ဒီထဲမှာ အသက်(၁၈)နှစ် မပြည့်သေးတဲ့ ကလေးအရွယ်တွေ ကျွန်တော်အပါဝင်၆ယောက်ရှိပါတယ် ၊ အသက်ပြည့်ပြီ်းတာ တစ်ယောက်ထဲပါ ပါတယ် ။
မန္တလေးစစ်သားစုဆောင်းရေးရောက်တော့ ကျွန်တော်ပိုပြီးဝမ်းနည်းသွားတယ် ၊ အရမ်းလဲလန့်သွားပါတယ်၊ အဲ့ဒိမှာစုထားတဲ့လူ အားလုံး၂၀၀၀ကျော်လောက် ရှိပါတယ် ၊ အဲ့ဒိထဲမှာအသက်မပြည့်ပဲစုဆောင်းခံရတဲ့လူက ပိုများပါတယ် ၊ ကျွန်တော်တို့ ရောက်သွားတော့ အဲ့ဒိကတာဝန်ခံအဆောင်မုးက စည်းကမ်းချက်တွေ ပြောပါတယ် ၊ အဓိက က ထွက်မပြေးဘို့ပါ ၊ ပြီးတော့ ထမင်းသွားစားခိုင်းပါတယ် ၊ ထ္မင်းစားဆောင်ရောက်တော့ အန်ချင်စိတ်ကို မနည်းမျိုသိပ် ထားရတယ် ၊ ကျွန်တော့်အတွက်တော့ အရှင်လပ်လပ် ငရဲခန်းထဲရောက်နေသလိုပါပဲ၊ ထ္မင်းက လုံးတီးဆန်၊ ၀က်စာလို နီရဲပျော့ပြဲပြီး တူးစော်ကလဲနံ ၊ မနပ်တဲ့ ဟာကမနပ်ဘူး၊ ဟင်းကျတော့လဲ မုံညင်းရွက်ရေလုံပြုပ်မှာ တီကောင်ကပါလာသေးတယ် ၊ ငါးခြောက်လေး၂ကောင်နဲ့ကျွေးတယ် ၊ အဲ့ဒိထက်ဆိုးတာက အိပ်ဆောင်ပြန်ရောက် တော့ ဂျပိုးမွေ့ရာ ခြင်ပန်ကာနဲ့အိပ်ရမယ်လိုပြောကြတယ် ၊ ဘာကိုဆိုလိုမှန်းမသိဘူး ၊ ညကျမှ အဖြေပေါ်တယ် ၊ ကြမ်းပြင်ကဂျပိုးကကိုက် အပေါ်က ခြင်ကကိုက်နဲ့ တညလုံးကောင်းကောင်း အိပ်မရပဲမိုးစင်စင်လင်းခဲ့ရတယ် ၊ ပိုဆိုးတာက အပေါ့အပါးသွားချင်ရင်တောင်နေ့ဘက်ဆို အပေါ်အကျီချွတ်ပြီး ဘောင်းဘီတိုလေးနဲ့ သွားရတယ် ၊ ညဘက်ဆိုရင် တကိုယ်လုံးချွတ်ပြီ်း သွားရတယ် ၊ ထွက်ပြေးမှာစိုးလို့ အချုပ်သားတွေလိုလုပ်ထားတာပါ ၊ အရင်ရောက်နှင့်တဲ့ အရွယ်ခပ်ကြီးကြီးတွေ ကို ၀ါးရင်းတုတ်နဲ့ကင်းစောင့်ခိုင်းထားပြီး အိမ်သာသွားရင်နောက်ကလိုက်ခိုင်း ထားသလို ရိုက်ခွင့်လဲပေးထားပါတယ် ။
စုဆောင်းရေးမှာနှစ်ရက်နေပြီးတော့ ပထမဆုံးစလုပ်ရတာက ပုဇွန်ကန်တူးရတာပါ ၊ လူတယောက်ကိုတကျင်း(ဆယ်ပေပတ်လည်တစ်ပေအနက်)တူးရပါတယ် ၊ မပြီးရင်မပြန်ရပါဘူး ၊ ပြီးမှကိုပြန်ရတာပါ ၊ ၁၃နှစ်၁၄နှစ်ကလေးတွေကို အရွယ်နဲ့မမျှတဲ့အလုပ်တွေခိုင်းတာများ ၊ ရုပ်ရှင်တွေထဲက ဖက်စစ်တွေချွေးတပ်ဆွဲခိုင်း တာကျနေတာပါပဲ ၊ အရွယ်နဲနဲကြီးတဲ့သူတွေကလုပ်နိုင်ပြီး စောစောပြန်ရကြတော့ ပြန်သွားပြီးစားသောက်ထားနှင့်တာမှာ ကျွန်တော်တို့လိုမလုပ်နိုင်မကိုင်နိုင်လို့ ညနေခြောက်နာရီကျော်မှပြီးတဲ့သူတွေ ပြန်ရောက်တော့ စားစရာဟင်းမရှိတော့ပါဘူး ၊ ထမင်းနဲ့ ငါးပိရေကြဲကိုပဲစားရပါတော့တယ် ။
အဲဒီလို ပုဇွန်ကန်တူး ၊ အဆောက်အဦးဆောက် ၊ ရေမြောင်းဖေါ် ၊ သစ်ပင်ခုတ် ၊ ခြုံရှင်း အလုပ်မျိုးစုံတလလောက် ပင်ပင်ပန်းပန်းလုပ်ပြီးမှ ရှမ်းပြည်မြောက်ပိုင်းက တိုင်းဗိုလ်(၈)လေ့ကျင့်ရေးတပ် ၊ နမ့်စံရေကျ ဆိုတာကို သင်တန်းတသုတ်စာလူ၂၄၀ ပို့တာမှာ ပါသွားပါတော့တယ် ၊ ရောက်တာနဲ့ စစ်တပ်လုပ်နည်းလုပ်ဟန် တွေအတိုင်း အရပ်တိုင်း ပေါင်ချိန်လုပ်ပါတယ် ၊ ထောက်၂၅ ပစ္စည်းခေါ်တဲ့ စစ်ဝတ်တန်စာထုတ်ပေးပါတယ် ၊ နောက်နေ့မှာ သင်တန်းဖွင့်ပွဲလုပ်ပြီး စစ်သင်တန်း တွေ စတက်ရပါတော့တယ် ၊ မနက်ဆိုလေးနာရီခွဲထရပြီး ငါးနာရီထိုးမှာတန်းစီရပါတယ် ၊ တန်းစီချိန်မှာ နောက်ဆုံးတန်းစီသူ ၉ ယောက်က အပြစ်တခုခုပုံမှန်ပေး ခံရပါတယ် ၊ တနေကုန်မှာ ထမင်းစားချိန်တွေမှာ တစ်နာရီလောက်ပဲနားရပြီး အချိန်ပြည့်သင်တန်းတက်နေရတာပါ ၊ သင်နေစဉ် မိနစ်၄၀ လောက်မှာတခါ ၅မိနစ် ပေးနားတာမျိုးတော့ရှိပါတယ် ၊ ညနေ ၄နာရီမှာ သင်တန်းပြီးပြီး ၅နာရီထိလုပ်အားပေးဆိုပြီး မြောင်းပေါက် ၊ ထင်းခွဲ ၊ စိုက်ခင်းရေလောင်းအလုပ်တွေ လုပ် ရပါတယ် ၊ စနေတနင်္ဂနွေသင်တန်းပိတ်ရက်တွေမှာတော့ တနေကုန်လို လုပ်အားပေးရပါတော့တယ် ၊ တောင်ပေါ်ပြောင်းခင်းတွေကနေ ပြောင်းဖူးအိတ်တွေကို ထမ်းချရပါတယ် ၊ နွားလှည်းမှာ ပြောင်းဖူးအိတ်တွေတင်ပြီး နွားမဟုတ်ပဲ သင်တန်းသားရဲဘော်တွေနဲ့ ၀ိုင်းဆွဲခိုင်းတာမျိုးတွေလဲရှိပါတယ် ၊ ညနေစာစားပြီးလို့လဲ အနားမရပါဘူး ၊ ညပိုင်း ၇ နာရီကနေ ၁၀နာရီထိုးတဲ့အထိ ပြောင်းဖူးတွေကိုအခွံခွာရပါတယ် ၊ တပ်မတော်သားလို့မဖြစ်ခင် သင်တန်းသားဘ၀မှာထဲက နိုင်ငံနဲ့ လူမျိုးအတွက်မဟုတ်ပဲ တပ်ကအရာရှိတွေရဲ့အကျိုးစီးပွားအတွက် အဲဒီလို မတရားခိုင်းစေခံရမှုတွေရှိခဲ့တာပါ ။
ကျောက်ခဲရေညှစ်ဆိုသလို အတင်းအကြပ်ခိုင်းစေမှုတွေကြောင့် ဒါဏ်မခံနိုင်သူတွေ ထွက်ပြေးကြပါတယ် ၊ ပြန်မိလာတဲ့အခါ သင်တန်းမှုးအရာရှိကနေစပြီး သင်တန်းအရာခံဗိုလ် ၊ သင်တန်းဆရာတွေအဆင့်ဆင့်က သေလောက်အောင် ပုံနေအောင်ရိုက်ပါတယ် ၊ ပြီးရင် တန်းစီကွင်းမှာ သင်တန်းသားအားလုံးကို တန်းစီ ခိုင်းပြီး ထွက်ပြေးတဲ့သူကို အားကောင်းမောင်းသန်၂ယောက်ကို လက်တွေခြေတွေကိုကိုင် မှောက်ပေးခိုင်းထားပြီး သင်တန်းသားတွေအလှည့်ကျ တယောက် တချက်စီရိုက်ရပါတယ် ၊ ရဲဘော်ချင်းမို့ညှာတာစိတ်နဲ့ အားမပါပဲရီုက်မိတဲ့သူကို ပြန်မှောက်ခိုင်းပြီး ဒီလိုနာအောင်ရိုက်ရတယ်ကွလို့ ရိုက်ပြပါတယ် ၊ ပြီးရင် ထမင်း စားဆောင်နားကမြေပြင်မှာ ထိပ်တုံးခတ်ပြီး တပါတ်ဆယ်ရက်ထားပါတယ် ၊ အရိုက်ခံရတယ်ဆိုတာမှာ ပြေးသူရဲ့တပ်စိတ်တပ်စုကရဲဘော်တွေပါ အရိုက်ခံ ကြရတာပါ ၊ အဲဒီလို ကြောက်နေအောင် ညှင်းပန်းနှိပ်စက်မှုတွေနဲ့လည်း ထွက်မပြေးရဲအောင်လုပ်ထားပါတယ် ။ အိမ်တွေကိုခိုးဆက်သွယ်လို့ မိဘတွေလိုက်လာ တဲ့အခါ ငွေတောင်းသလောက်ပေးနိုင်တဲ့သူတွေကတော့ မိဘတွေနဲ့တွေ့ခွင့်ရသလို တချို့ပြန်တောင်ပါသွားကြပါတယ် ၊ ငွေမပေးနိုင်ရင်တော့ တွေ့ခွင့်တောင် မပေးပါဘူး ။
ကျွန်တော်တို့သင်တန်းက ၄/၂၀၀၀ ပါ ၊ သင်တန်းမဆင်းခင်တလလောက်အလိုမှာ ကိုယ်ပိုင်နံပါတ်ကျပါတယ် ၊ ကျွန်တော့ကိုယ်ပိုင်နံပါတ်က တ/၁၄၇၈၃၇ ပါ ။ သင်တန်းကာလ စုစုပေါင်းလေးလခွဲအပြီးမှာတော့ သင်တန်းဆင်းရပါတယ်၊ ပြီးတော့ ခမရ (၅၀၆)သီပေါ-နမ့်မလိုင်အပိုင်ကိုပို့လိုက်ပါတယ် ၊ ရောက်ရောက်ချင်း တပ်ရင်းမှာ လုပ်အားပေးလိုက် ၊ ကင်းစောင့်လိုက်နေရပြီး နှစ်လလောက်နေတော့ ကျောက်မဲကို ဒုတပ်ကြပ်တစ်ယောက် ၊ ကျွန်တော်တို့ရဲဘော်သုံးယောက် ၊ တိုက်/စည်းသင်တန်း တစ်လသွားတက်ရပါတယ် ၊ သင်တန်းကပြန်ရောက်ပြီး တပါတ်မှာပဲရှေ့တန်းပါသွားပါတော့တယ် ။
ရှေ့တန်းပါသွားချိန်မှာ ကျွန်တော့အသက်က ၁၅ နှစ်ပဲရှိသေးပါတယ် ၊ ရွက်ဆစ်အဖွဲ့တွေနဲ့တိုက်ရပါတယ် ၊ MA1သေနတ်တစ်လက်၊ကျည်၂၄၀ ၊ ခေါက်ပေါက်တူး တစ်လက် ၊ ဓါးမတစ်ချောင်း နဲ့ ရိက္ခာတစ်ပါတ်စာကိုသယ်ပိုးရပါတယ် ၊ တစ်တောဝင်တစ်တောင်တက် မနိုင်ဝန်ထမ်းပြီးသွားနေရလို့ ပင်ပန်းလာလွန်းတော့ သတ်ချင်လဲသတ်လိုက်ပါတော့ဆိုပြီး ပစ်လှဲနေတာမှာ စစ်ကြောင်းမှုး ဗိုလ်ကြီးရဲ့ထိုးကြိတ်ကန်ကျောက်တာခံရပါတယ် ၊ တပ်စိတ်တစ်စိတ်ထဲက အကြီးတွေက ၀ိုင်းကူသယ် တွဲခေါ်လုပ်ကြပါတယ် ၊ ရှေ့တန်းမှာသုံးလလောက်နေပြီး ငှက်ဖျားဖြစ်လာတော့ တပ်ကိုပြန်ပို့လိုက်ပါတယ် ။ နောက်တန်းတပ်ရင်းပြန်ရောက်ပြီး ဆေးကုရင်း နှစ်လလောက်အကြာမှာ ပထမအကြိမ်ထွက်ပြေးခဲ့ပါတော့တယ် ။
(၂)
တပ်ကနေသီပေါ ၊ သီပေါကကနေမန္တလေး ရထားစီးပြီးထွက်ပြေးခဲ့ပါတယ် ၊ မန္တလေးဘူတာမှာ တောင်းစားနေတဲ့အဖိုးအဖွားနှစ်ယောက်က သနားလို့ကျွေးတဲ့ ထမင်းတောင်စားခဲ့ရပါသေးတယ် ၊ ပြီးတော့ ရန်ကုန်ရထားစီးပြန်ခဲ့တာမှာ တောင်ငူဘူတာနားရောက်တော့ လက်မှတ်စစ်ခံရပါတယ် ၊ လက်မှတ်မရှိတော့ ဖမ်းထားပြီး တောင်ငူဘူတာရောက်တဲ့အခါ ရုံပိုင်ကြီးရုံးခန်းကိုခေါ်သွားပါတယ် ၊ ရုံပိုင်ကြီးက ဘူတာထဲမှာသန့်ရှင်းရေးလုပ်ခိုင်းပါတယ် ၊ ပြီးတော့ ဆုံးမစကား ပြောပြီးပြန်လွှတ်လိုက်ပါတယ် ။
ဘူတာထဲမှာ ရထားစောင့်နေတုန်း လူကြိးတယောက်ရောက်လာပြီး ကောင်လေးမင်းအလုပ်လုပ်မလားလာမေးပါတယ် ၊ ဘာအလုပ်လဲဆိုတော့ ကွမ်းသီးကောက် ရမှာ တခြင်း၂၀၀ ရမယ်တဲ့ ၊ ဆယ်ရက်လောက်လုပ်ပြီး ပိုက်ဆံစုပြီးမှပြန်ရင်ကောင်းမယ်ဆိုပြီး လိုက်သွားပါတယ် ၊ တောင်ငူမြို့တနေရာရောက်တော့ အိမ်တအိမ် မှာဝင်ပြီး ဒီမှာတယောက်ခေါ်လာပြီဆိုပြီးပြောပါတယ် ၊ အဲဒီကမိန်းမကြီးတယောက်က ကျွန်တော့ကိုကြည့်ပြီး ဖြစ်ပါ့မလားပြောပါတယ် ၊ ကျွန်တော်ကလဲ ကွမ်း သီးကောက်တာကိုပြောတာမှတ်ပြီး ကျွန်တော်လုပ်နိုင်ပါတယ်လို့ပြောလိုက်တော့ ၀ိုင်းရီကြပါတယ် ၊ အေး မင်းလုပ်နိုင်ဘို့အဓိကပဲ ၊ ခုတော့သွားနားနေလိုက်ဦး ဆိုပြီး အခန်းတခုထဲကိုခေါ်သွားပါတယ် ၊ ကျွန်တော့ကိုခေါ်လာတဲ့သူကို ငွေတချို့ပေးပြီး နောက်လဲဒီလိုအချဉ်လေးတွေများများခေါ်ခဲ့ဘို့မှာတာကြားရတော့ ကျွန်တော့စိတ်ထဲဘ၀င်မကျဖြစ်သွားပါတယ် ၊ အခန်းထဲမှာ ကျွန်တော်နဲ့ရွယ်တူလေးတွေကနေ အသက်၃၅/၄၀လောက်ထိ အရွယ်စုံ လူ၂၀လောက်ရှိနေပါတယ် ၊ အဲဒီထဲကတယောက်က ကျွန်တော့ကိုနေရာပေးပါတယ် ၊ အပေါ့ပါးသွားဘို့နေရာပြပေးပါတယ် ၊ ကျွန်တော်က သူတို့ကို အကိုတို့ကွမ်းသီးကောက်တာ တနေ့ ဘယ်လောက်ဘိုးကောက်ရလဲဗျ ၊ မေးကြည့်တော့ ငါတို့ကကွမ်းသီးကောက်ရတာမဟုတ်ဘူး၊ပေါ်တာမိထားတာတဲ့ ၊ မင်းပြီးတော့သိမှာပါတဲ့ ၊ ဟာ .. ဘယ်လို ဖြစ်တာလဲ ကျွန်တော် တော်တော်အံ့သြသွားတယ် ၊ ထမင်းစားချိန်အပြင်ထွက်လာဘို့ခေါ်တော့ ကျွန်တော်ပြောလိုက်တယ် ၊ ကျွန်တော်မလုပ်တော့ဘူး ၊ ပြန် တော့မယ်ဆိုတော့ ဗလကောင်းကောင်းအိမ်ရှင်ယောက်ကျားတယောက်က ကျွန်တော့မျက်နှာကိုလက်သီးနဲ့ထိုးပြီး အေး မင်းအခုဒါဘာလဲသိပြီမဟုတ်လား ၊ ဒီမှာ အ၀င်ပဲရှိတယ် ၊ အထွက်မရှိဘူးကွ ၊ မင်းတို့ထက်မိုက်လို့ဒီအလုပ် လုပ်စားနေတာ ၊ ထွက်ပြေးရင်သေဘို့သာပြင်ထားဆိုပြီး အခန်းထဲပြန်ထည့်ပိတ်ထားပါတယ် ၊ ထမင်းလဲမကြွေးတော့ပါဘူး ၊ ကျွန်တော်လဲကြောက်တော့ ဘာမှမပြောရဲဘူး ၊ ကျန်တဲ့အကြီးတွေတောင် ငြိမ်နေကြတာကိုး ၊ ဘာလဲဗျာ .. ဗမာပြည်မှာ ဥပဒေမရှိတော့ဘူးလား ၊ အတင်းအဓမ္မစစ်သားစုဆောင်းတာလဲခံရ ၊ ပေါ်တာဆွဲတာလဲခံရနဲ့ ၊ လွတ်လပ်ရေးရပြီးတဲ့နိုင်ငံမှ ဟုတ်ရဲ့ လားဗျာ ။
အဲဒီလိုနဲ့ ညနေသုံးနာရီလောက်မှာ ကျွန်တော်တို့ကို ဟိုင်းလတ်ကားတစီးပေါ်တင်ပြီး ကရင်ပြည်နယ် ဘောကလိဆိုတဲ့နေရာကိုခေါ်သွားပါတယ် ၊ အဲဒီမှာစစ်တပ် လဲရှိနေပြီး ကျွန်တော်တို့ကို စစ်တပ်စခန်းချတဲ့စေတီကြီးတစ်ဆူဘေးက အိမ်ကြီးမှာထားပါတယ် ၊ အဲဒီမှာ ကျွန်တော်တို့အရင် အရွယ်စုံလူလေးဆယ်လောက် ရောက်နှင့်နေပါတယ် ၊ အဲဒီမှာ အိပ်ရင်လဲမြေကြီးပေါ်ကိုယ့်ပုဆိုးကိုယ်ခြုံအိပ် ၊ စားတော့လဲဖက်ပေါ်ပုံစားပါပဲ ၊ အပေါ့အလေးတောင် စဥ့်အိုးကြီးနှစ်လုံးထားပေး ထားပါတယ် ၊ အငယ်တွေထဲက အလှည့်ကျသွန်ရပါတယ် ၊ တရက်ကျတော့ တယောက်ကိုဆန်နှစ်ပြည်စီသယ်ပြီး စစ်တပ်စခန်းချတဲ့ဆီသွားရပါတယ် ၊ ကျွန်တော် တို့ကိုထား ထားတဲ့အိမ်ရှင်နဲ့ ဗိုလ်ကြီးတယောက်နဲ့ အပြန်လှန်စကားပြောကြပြီး ကျွန်တော်တို့က စစ်တပ်ထဲမှာနေခဲ့ကြရပါတော့တယ်။
ညသန်းခေါင်ကျတော့ ကျွန်တော်တို့ကိုနှစ်ယောက်စီတွဲခိုင်းပြီး လက်တဘက်စီတွဲလျက်ကြိုးတုပ်ပါတယ် ၊ ထွက်ပြေးရင်ပစ်သတ်မယ်ပြောပါတယ် ၊ ဗိုလ်ကြီးကိုယ် တိုင်က သူ့ရဲဘော်တွေကိုထွက်ပြေးတဲ့ကောင်ပစ်သတ်လို့ တခါထဲအမိန့်ပေးလိုက်တာပါ ၊ ပြီးတော့သယ်ရမဲ့ လက်နက်ကြီးကျည်တွေ ၊ ကျည်ဆံတွေ ၊ ရိက္ခာထုတ် တွေ ၊ ဝေပေးပါတယ် ၊ ပြီးတော့ စစ်ကြောင်းနဲ့အတူ ညဖက်ကြီးပဲ ခရီးထွက်ရပါတော့တယ် ။
ငှက်ဖျားပျောက်ကာစမှာတပ်ကထွက်ပြေးလာခဲ့တဲ့ကျွန်တော် တပ်သားတုန်းကထက်ပိုတဲ့ အလေးအပင်တွေထမ်းပိုးပြီး တတောင်ဆင်းတတောင်တက်မှာ သုံးရက် မြောက်လဲကျရော ခနခနလဲတော့တာပါပဲ ၊ ချော်လဲလို့မထနိုင်ရတဲ့အထဲ ငါကိုင်တုပ်ဆဲပြီး သေနတ်ဒင်နဲ့ထုတာ စစ်ဖိနပ်နဲ့ကန်တာကိုပါထပ်ခံရပါတယ် ၊ တောင်း ပန်လို့လဲမရပါဘူး ၊ ငါ-ိုးမသား တွေ , မင်းတို့ကိုခေါ်ခိုင်းထားတာ ပိုက်ဆံပေးထားရတယ်ကွ ၊ အလကားခေါ်တာမဟုတ်ဘူး ၊ မင်းတို့တန်ရာတန်ကြေးပြန်ပေး ရမယ်တဲ့ ၊ အလိုလိုနေရင်း ငွေဝယ်ကျွန်ဖြစ်ခဲ့ရတဲ့ဘ၀ ပြန်တွေးလိုက်တိုင်းစိတ်နာစရာပါဗျာ ။
ဆယ်ရက်လောက်သွားနေရပြီးမှ တောထဲမှာထိုင်ထားတဲ့ ဗျူဟာစခန်းတခုကိုရောက်ပါတယ် ၊ အဲဒီမှာတညအိပ်ရပြီး နောက်နေ့မနက်မှာ နောက်တန်းပြန်မဲ့ စစ် ကြောင်းနဲ့ ကျွန်တော်တို့ကိုပြန်ထည့်ပေးလိုက်ပါတယ် ၊ အပြန်လမ်းမှာ ကျွန်တော်ငှက်ဖျားပြန်ထလာပြီး လမ်းဆက်မလျှောက်နိုင်ဖြစ်ပါတယ် ၊ စစ်သား တယောက် က ခရီးကြာတယ် ၊ မသွားနိုင်ရင်ပစ်သတ်လိုက်လို့ပြောပါတယ် ၊ စစ်သားတယောက်ကမျက်နှာကို သေနတ်နဲ့ချိန်ပြီး အသေခံနေခဲ့မလား ၊ ဆက်လိုက်မလား မေးပါတယ် ၊ ကျွန်တော်တကယ်မလျှောက်နိုင်တာပါဆရာရယ်ပြောတာကို ရင်ဝဆောင့်ကန်လိုက်ပါတယ် ၊ အတူပါတဲ့ ဘ၀တူနှစ်ယောက်က “သူတကယ်ဖျားနေ တာပါဆရာ ၊ ကျွန်တော်တို့တွဲခေါ်ပါ့မယ် ”ဆိုမှ အေး ၊ ဒါဆိုလဲ ခရီးမဖင့်စေနဲ့ ၊ မဟုတ်ရင်ဒီကောင့်ကိုသတ်မိလိမ့်မယ် ဆိုပြီးထွက်သွားပါတယ် ။
လမ်းမှာတစ်ရက်ပြီးတစ်ရက် တောင်တစ်တောင်ပြီးတစ်တောင်ဖြတ်သန်းပြီး ကျွန်တော်လည်းသတိရတစ်ချက်မရတစ်ချက်နဲ့ စစ်တပ်စခန်းချရာ ဗောကလိကို ပြန်ရောက်ခဲ့ပါတယ် ။ ကျွန်တော်တို့အရင်နေခဲ့ရတဲ့ ဂိုထောင်လိုအိမ်ကြီးထဲမှာပဲပြန်နေရပါတယ် ၊ အဲဒီအိမ်မှာ စစ်တပ်မှာသုံးတဲ့ ပယ်ဒီဇင်းခေါ်တဲ့ ငှက်ဖျား ဆေးတွေတိုက်ပါတယ်၊သုံးရက်လောက်နေပြီး ကျွန်တော်နဲနဲသက်သာလာတော့ ဒီကောင် ဒီခန္ဓာကိုယ်ဒီကျန်းမာရေးနဲ့အလုပ်မဖြစ်ပါဘူး၊ ပြန်သာလွှတ်လိုက်ပါလို့ စစ်ဗိုလ်တယောက်ကပြောတာကြောင့် အိမ်ရှင်ကသူ့သားနှစ်ယောက်ကို တောင်ငူဘူတာလိုက်ပို့ခိုင်းပြီး ပိုက်ဆံငါးရာပေးရထားပေါ်တင်လွှတ်လိုက်ပါတယ် ၊ ကျွန်တော်လဲ ရထားပေါ်ရောက်တာနဲ့ စိတ်ဒုံးဒုံးချအိပ်လိုက်တာ ရန်ကုန်ရောက်လို့သူများနှိုးမှပဲ နိုးပါတော့တယ် ၊ ဒီလိုနဲ့ သေအံ့မူးမူးအခြေနေဆိုးတွေကနေ လွတ်မြောက် အိမ်တခေါက်ပြန်ရောက်ခဲ့ပါတော့တယ် ။
(၃)
အိမ်ပြန်ရောက်သွားတော့ ကျွန်တော့အိမ်မှာ ကျွန်တော့မိသားစုမဟုတ်သူတွေနေ နေကြတယ် ၊ ကျွန်တော့မိသားစုက ပြောင်းသွားပြီလေ ၊ ဘယ်ပြောင်းသွားလဲ မသိကြဘူးတဲ့ ၊ ကျွန်တော်လဲ အဖေဖွင့်ထားတဲ့ တောင်ဥက္ကလာက လမ်းဘေးကွမ်းယာဆိုင်လေးကို သွားလိုက်တယ် ၊ အဖေ့ဆိုင်ရောက်တော့ ကျွန်တော့ကိုကြည့် ပြိး အဖေမမှတ်မိဘူး ၊ အိမ်နဲ့ဝေးကွာသွားခဲ့ရတဲ့ တနှစ်ဆိုတဲ့ကာလမှာ ကျွန်တော့ရုပ်တော်တော်ပြောင်းသွားခဲ့တာကိုး ၊ “အဖေ” လို့ ကျွန်တော်ခေါ်လိုက်မှ သေချာစူးစိုက်ကြည့်ပြီးမှတ်မိသွားတယ်ထင်တယ် ၊ ဆိုင်ပြင်ထွက်လာပြိး “ ဟာ..သားကြီး ၊ မင်းဘယ်လိုဖြစ်လာတာလဲ ၊ အဖေတို့စိတ်ပူနေတာကွ ၊ မင်းဈေးရောင်းသွားပြီးပြန်မလာတာ ၊ သတင်းလဲမကြား ဘယ်စုံစမ်းရမှန်းလဲမသိနဲ့ မင်းအမေဆို နေ့ရှိသရွေ့မင်းအတွက်မျက်ရည်ကျနေတာ ၊ ညညလဲမအိပ်ဘူး၊ မင်းပုံစံကလူနဲ့တောင်မတူဘူး ၊ မင်းဘယ်တွေသွားပြီးဘာတွေဖြစ်လာတာလဲ၊အဖေ့ကိုပြောစမ်း” ဆိုတော့ ကျွန်တော်လဲဖြစ်ခဲ့တာအလုံးစုံ အဖေ့ကိုပြောပြပါတယ်။
အဖေက တောက်ခေါက်ပြီး “လူမဆန်လိုက်တာကွာ ၊ အေးလေ ..ပြီးခဲ့တာပြီးပြီပေါ့ ၊ သူတို့အုပ်ချုပ်နေတာပဲ ၊ ဥပဒေရှိတာမှမဟုတ်တာ ၊ ဘယ်မှလဲတိုင်ရတာမှ မဟုတ်ပဲ ၊ ငါ့သားနေပြန်ကောင်းလာအောင်သာကြိုးစား ၊ မင်းပုံကအားမရှိဘူး ၊ အစားတခုခုစားလိုက်ဦး”ဆိုပြီး လ္ဘက်ရည်နဲ့မုန့်မှာကျွေးပါတယ် ၊ ဒါပေမဲ့ ကျွန်တော့ဝမ်းက အစာလက်မခံပါဘူး ၊ စားတာတွေအကုန်ပြန်အံပါတယ် ၊ အဖေက သားဘယ်လိုဖြစ်တာလဲ ၊ ဖြည်းဖြည်းချင်းကုန်အောင်စားလိုက်လေတဲ့ ၊့  သားဘယ်လိုမှမစားနိုင်ပါဘူးအဖေရယ်ဆိုတော့ မဖြစ်သေးပါဘူး ၊ ဆေးခန်းပြမှပါဆိုပြိး ဆိုင်ပိတ် ဆိုက္ကားငှားပြီးကျွန်တော့ကို အိမ်ခေါ်သွားပါတယ် ၊ အဖေက အိမ်ရှေ့ကနေ အမေ့ကို ဟေ့ဒီမှာ ဘယ်သူပြန်ပါလာလဲလာကြည့်ပါဦးကွ ၊ ဒီမှာလာကြိုပါဦးဆိုတော့ အမေပြေးထွက်လာပြီး အကြာကြီးကြောင်ကြည့်နေပါတယ် ၊ ပြီးတော့ကျွန်တော့ကိုဖက်ပြိး ချုန်းပွဲချငိုတော့တာပါပဲ ၊ အဖေက ကဲပါကွာ..မင်းသားပြန်ရောက်လာပြီပဲ ၊ငိုမနေပါနဲ့တော့ ၊ ကလေးလဲဖျားလာတာ နားပါစေဦး ၊ ငါအပြင်သွားလိုက်ဦးမယ် တဲ့ ၊ အမေက အရိုးပေါ်အရေတင်ဖြစ်နေတဲ့ကျွန်တော့ကိုယ်ကို ရေအေးနဲ့ရေနွေးစပ်ပြီး ရေပါတ်တိုက်ပေးအ၀တ်လဲပေးလုပ်ပေးပြီး နားနေခိုင်းပါတယ် ၊ ညနေအဖေပြန်လာတော့ ပိုက်ဆံနဲနဲပါလာပြီး အမေ့ကို ရော့ ကလေးကိုဆေးခန်းသွားပြပေးလိုက်တဲ့ ၊ ငါဆိုင်ပြန်ထွက်မှပါဆိုပြိး ပြန်ထွက်သွားပါတယ် ။
အမေကဆိုက္ကားတစ်စီးငှားပြီး ကျွန်တော့ကိုဆေးခန်းလိုက်ပို့ပေးပါတယ် ၊ ဆရာဝန်ကိုဖြစ်ကြောင်းရယ်ကုန်စင်ပြောပြပြီးတဲ့အခါ ၊ ဆရာဝန်ကလဲစမ်းသပ်ပြီးတဲ့အခါ အမေ့မှာပါတဲ့ပိုက်ဆံလေးနဲ့မလောက်အောင် ကုန်ကျမှာဖြစ်နေပါတယ် ၊ သနားတတ်တဲ့ဆရာဝန်မို့ ပါသလောက်ပဲယူပြီး ဆေးထိုးပေး သောက်ဆေးတွေပေး လုပ်ပါတယ် ၊ ဒီလိုနဲ့ ဆေးခန်းတွေပြောင်း ဆရာဝန်အများကြီးကိုအသနားခံလုပ်ပြီး သုံးလေးလနေတော့မှ ပြန်ကျန်းမာပါတယ် ၊ နဲနဲလေးပြန်ကောင်းလာတာနဲ့ ဆေးကုဘို့တင်ခဲ့တဲ့ကြွေးတွေအတွက် ၊ မိသားစုအတွက် အလုပ်ပြန်လုပ်ရပါတော့တယ် ။
ပထမတော့ ရပ်ကွက်ထဲကမုန့်လုပ်တဲ့အိမ်မှာ လခစားဝင်လုပ်ရင်း ညဘက်ကိုဆိုက္ကားနင်းပါတယ် ၊ နောက်ပိုင်းတော့ဆိုက္ကားပဲတနေကုန်နင်းပါတော့တယ် ၊ ကိုယ်ဘာသာ ဆိုက္ကားလေးရိုးသားစွာနင်းစားနေတော့လဲ သူတို့နဲ့မလွတ်ပါဘူး ၊ ရဲက သတင်းပေးလုပ်ပေးရမယ် လုပ်လာပါတယ် ၊ ဆိုက္ကားနင်းရင်း ပြေးလေးပြေး သတင်း ၊ မူးယစ်ဆေးဝါးသတင်း ၊ နိုင်ငံရေးလုပ်သူများသတင်း ၊ နှလုံးထီဒိုင် ၊ ဘောလုံးပွဲလောင်းကစားဒိုင်သတင်း ၊ ဘာပဲဖြစ်ဖြစ် ဆိုက္ကားနင်းရင်း ရတဲ့သတင်းစု ပေးဘို့ခိုင်းတာပါပဲ ၊ တနေ့ ရ၀တဥက္ကဌကလှမ်းခေါ်ပြီး ရပ်ကွက်အရံမီးသတ်လုပ်ဘို့ပြောပါတယ် ၊ “မလုပ်ချင်ပါဘူးဥက္ကဌရယ်” ပြောတာမရပါဘူး ၊ “မင်းအတွက် လဲအဆင်ပြေစေရမှာပါကွ”ဆိုပြီးအတင်းပြောနေတာနဲ့ မလုပ်လဲရမှာမဟုတ်တာကြောင့် ရပ်ကွက်အရံမီးသတ်ဖြစ်ခဲ့ရပြန်ပါတယ် ။
အဲဒီမှာ ဒုက္ခရောက်ရပြန်တာပါပဲ ၊ ကိုယ့်မိသားစုအလုပ်ကိုယ်မလုပ်ရတော့ပဲ မီးစစ် ၊ ဧည့်စာရင်းစစ် ၊ ဘာလုံခြုံရေးတာဝန်မှန်းမသိတာတွေလုပ် ၊ ရဲတွေနဲ့ လှည့်ကင်းလိုက် ၊ သန့်ရှင်းရေး ၊ လုပ်အားပေးဆိုတာတွေလဲပါသေး ၊ နေ့တိုင်း ရဲကင်းမှုးတပ်ကြပ်ကြီးခိုင်းတဲ့ အရက်ဆိုင် ၊ ဓါတ်ဆီမှောင်ခိုဆိုင် ၊ နှလုံးထီဒိုင် ၊ ဘောလုံးပွဲလောင်းတဲ့ဒိုင် ၊ တည်းခိုခန်းတွေဆီက ဆက်ကြေး(လိုင်းကြေး)လဲ သွားတောင်းပေးရဆိုတော့ ကိုယ့်အတွက် ဘယ်အချိန်သွားလုပ်တော့မလဲ ၊ တနေ့ တနေ့ ခွဲတမ်းလိုလို မုန့်ဖိုးလိုလိုရတဲ့ လေးငါးရာနဲ့ ဘာမှလုပ်မရဘူး ၊ သူတို့ကျတော့ ရသမျှအကုန် မယားကြီးမယားငယ်ခွဲပေးနေတာ ၊ရဲမြို့နယ်မှုးကို တစ်သိန်းခွဲ ၊ စခန်းမှုးကိုတစ်သိန်း ၊ အပိုင်ဒုရဲအုပ်နယ်ထိန်းကို တစ်သိန်း ၊ ရဲကင်းမှုးနေရာချထားပေးတဲ့အတွက် တပ်ကြပ်ကြီးက လစဉ်ပေးနေရပါတယ်တဲ့ ၊ ရ၀တ ဥက္ကဌတွေကိုလဲ ခွဲတမ်းပေး ဘီယာတိုက်ရသေးသလို အောက်ကရဲ ၊ မီးသတ်တွေကိုလဲ မျှကျွေးနေရတာမို့ နားလည်ပေးကြပါဆိုပြီး တနေ့ဝင်ငွေ လေးငါးသောင်း ထဲက လေးငါးရာလေးပဲပေးပြီး ခိုင်းပဲခိုင်းတတ်ကြတာပါ ။
ရပ်ကွက်ထဲကလူတွေက မျက်စေ့နောက်လာပြီး မခေါ်ချင်မပြောချင်ဖြစ်လာတာကလွဲရင် ကျွန်တော့အတွက် ဘာမှအကျိုးမရှိတာကြောင့် မီးသတ်ထဲကပြန်ထွက် ဘို့စိတ်ကူးပြီး ဥက္ကဌကိုပြောလိုက်ပါတယ် ၊ ဥက္ကဌက “ မင်းက ရပ်ကွက်အတွက် ဒီလောက်လေးမှမလုပ်ချင်ဘူးလား ၊ ဒီလောက်မှမလုပ်ချင်ရင် ဒီရပ်ကွက်ထဲ မနေနဲ့ ၊ မင်းကိုလဲ ပေးကျွေးနေတာပဲတဲ့” တဲ့ ၊ “ဘာမှပေးကျွေးနေတာမဟုတ်ဘူး ၊ ဘာရပ်ကွက်အတွက်မှလဲမဟုတ်ဘူး ၊ ဘာခံစားခွင့်မှမရှိပဲ ကျွန်တော်တို့ပဲ ငတ်နေတာ” ပြောတော့ စကားတွေများကြရော ၊ မင်းငါ့အကြောင်းသိမယ်တဲ့ ၊ ကျွန်တော်လဲ ထပြန်လာတာပေါ့ ၊ ည(၇)နာရီလောက်ကျတော့ ရ၀တရုံးက တယောက်ရောက်လာပြီး ရုံးကို ခုလိုက်ခဲ့ပါတဲ့ ၊ ဘာကိစ္စလဲဆိုတော့ ရုံးရောက်ရင်သိမှာပေါ့တဲ့ ၊ ရုံးလဲရောက်ရော ရဲနှစ်ယောက်က ကျွန်တော့ကို လက်ထိပ်ခတ် တာခံလိုက်ရရော ၊ ဘာဖြစ်လို့ခတ်တာလဲဆိုတော့ “မင်းက စစ်ပြေးဆိုတာ ငါတို့သိတယ် ၊ ငါတို့အတွက်မလုပ်ပေးချင်မှတော့ မင်းထောင်ထဲမှာသာနေပေါ့ကွာ”တဲ့၊ ဘယ်လိုမှတောင်းပန်လို့မရပဲ ကျွန်တော့ကိုအချုပ်ထဲ ထည့်လိုက်ပါတယ် ။
နောက်နေ့ကျတော့ လသာအချုပ်ကိုပို့ပါတယ် ၊ လသာအချုပ်မှာ တစ်ပါတ်နေပြီးတော့ လေတပ်ကတပ်ထိမ်းကားတစ်စီးနဲ့ ကျွန်တော့ကိုလာခေါ်ပါတယ် ၊ ကား ပေါ်မှာ ကျွန်တော်လိုစစ်ပြေး ၃ယောက်ပါ ပါသေးတယ် ၊ ပြီးတော့ ရဲစခန်းတွေဝင်ပြီးခေါ်တာ စစ်ပြေး ၉ယောက် ဖြစ်သွားပါတယ် ၊ ပြီးတော့ သမိုင်းက အမှတ်-၃ တပ်မတော်တပ်ထိမ်းကိုပို့လိုက်ပါတယ် ၊ အဲဒိမှာ ကျွန်တော်တို့ကို နာမည်မေး ၊ ကိုယ်ပိုင်နံပါတ်မေး ၊ တပ်ရင်းမေးပြီး မှောက်ခိုင်းပြီးဆယ်ချက်စီရိုက်ပါတယ် ၊ အ၀င် ဆယ်ချက်အထွက်ဆယ်ချက် ထုံးစံလုပ်ထားပါသတဲ့ ၊ အဲဒီမှာ အချုပ်ခန်း၇ှစ်ခန်းရှိပြီး အခန်းတိုင်းမှာ အမှုမျိုးစုံနဲ့ရဲဘော်တွေ ရှစ်ယောက်ကိုးယောက်စီ ရှိနေ ပါတယ် ၊ အဲဒီအချုပ်မှာ နေ့တိုင်းမနက်၇နာရီကနေ ညနေ၅နာရီထိ ထမင်းစားချိန်ကလွဲရင်မနားတမ်းအလုပ် လုပ်ရပါတယ် ၊ ကျွန်တော်က စိုက်ခင်းတွေ ရေ လောင်းရပါတယ် ၊ တစ်လထားပြီးတော့မှ အမှတ်(၁)စစ်ကြောရေးတပ်ကိုပို့လိုက်ပါတယ် ၊ ပြန်ထွက်တော့လဲ မှောက်ပြီးဆယ်ချက်ရိုက်ခံပြီးမှ ကားပေါ်တက် ရပါတယ် ။
အမှတ်(၁)စစ်ကြောရေးရောက်တော့လဲ ဒီလိုပဲ အရိုက်ခံရပြန်တာပါပဲ ၊ အလုပ်တွေလုပ်ရပြန်တာပါပဲ ၊ အဲမှာက ညဘက်ပါ အလှည့်ကျကင်းစောင့်ရပါသေးတယ်၊ ပုံစံပေးထားတာတဲ့ ၊ ကင်းအမှတ်စဉ်အော်လို့ တိုးရင်လဲအရိုက်ခံရပါတယ် ၊ စကားသံကျယ်တယ်ဆိုပြီးလဲ အရိုက်ခံရပါတယ် ၊ ရှိသမျှ အမေနှမအမတွေ ကိုင်တုတ် ပြီးလဲ အဆဲခံရပါတယ် ၊ ဆိုးတဲ့ကင်းမှုးက တမျိုးမဟုတ်တမျိုးအပြစ်ရှာပြီးရိုက်သလို မူးတဲ့ကင်းမှုးကလဲ တမျိုးမဟုတ်တမျိုးရစ်ပါတယ် ၊ တစ်လခွဲလောက် အချုပ် ခံထားရပြီးမှ ကျွန်တော့ကိုအမှုစစစ်ပါတယ် ၊ အဲဒီမှာ ကျွန်တော်အရမ်းအံ့သြသွားရပါတယ် ၊ အမှုစစ်တဲ့တပ်ရင်းမှုး (ဒုဗိုလ်မှုးကြီး)ပြောတာကြည့်လေ ၊ မင်းက ခွင့်မဲ့ဖြစ်တာမကြာသေးဘူးဆိုတော့ ပြန်လုပ်လိုက် ၊ ဒါဆိုတပ်အချုပ်လောက်ပဲကျမယ် ၊ ပြန်လုပ်မလားတဲ့ ၊ ဟာမဟုတ်ဘူးအဘ ၊ ကျွန်တော် ခုအချုပ်ထဲ ရောက်တာတောင် သုံးလရှိတော့မယ် ၊ ပြေးခဲ့တာလဲ တနှစ်လောက်ရှိပါပြီခင်ဗျာလို့ပြောလိုက်တော့ အဲဒါတွေပြောမနေနဲ့ ၊ ဒီမှာ မင်းမှတ်တမ်းမှာ ခွင့်မဲ့ပျက် ကြေငြာထားတာ တစ်လကျော်လောက်ပဲရှိသေးတယ် ၊ အရေးကြီးတာက မင်းပြန်လုပ်မလုပ်စဉ်းစားဘို့ပဲ ၊ မင်းအရင်တပ်မှာမလုပ်ချင်ရင် ငါတပ်ပြောင်းပေးမယ် ၊ ခုတပ်မတော်မှာ လစာတွေလဲတိုးနေပါပြီကွ ၊ မင်းပြန်လုပ်သင့်တယ် ၊ စဉ်းစားထားကွာ ဆိုပြီးနောက်တပါတ်မှ အမှုပြန်စစ်ဘို့ ပြန်ချိန်းလိုက်ပါတယ် ။
အချုပ်ထဲပြန်ရောက်တော့ အတူနေသူတွေက အခြေအနေ၀ိုင်းမေးကြပါတယ် ၊ ကျွန်တော်ပြန်ပြောပြတော့ အားလုံးက “အဲဒါပေါ့ကွ ၊ နိုင်ငံတော်ကို ချစ်ချင်ယောင် ဆောင်ပြီးခိုးနေကြတယ်ဆိုတာ ၊ ငါတို့တပ်ကထွက်ပြေးတယ် ၊ ပြဿနာတက်မှာစိုးတော့ ဘယ်သူမှပြေးပြီစာရင်းမပြပဲ ငါတို့လစာတွေ ၊ ရိက္ခာတွေ ၊ ခံစားခွင့်တွေ ကို နှစ်နဲ့ချီထုတ်စားနေတာ ၊ ခုမိလာပြီ ပြဿနာပေါ်ပြီဆိုမှ တစ်လဘက်ဒိတ်လေးပြပြီး ခွင့်မဲ့ပျက်ကွက်လုပ်တာ ၊ ဒါ အရာရှိတွေတတ်တဲ့ ငါတို့ကိုနင်းပြီးခိုးစားတဲ့ နည်းတွေအများကြီးထဲက တနည်းပဲရှိသေးတယ် ၊ ရှေ့တန်းမှာ သေစရာရှိငါတို့ပဲသေတာ ၊ ချမ်းသာတော့ သူတို့အရာရှိတွေပဲချမ်းသာနေတာ ၊ ဘယ်ရဲဘော်မှ ပြောင်ပြောင်ယောင်ယောင်မရှိဘူး ၊ အရာရှိတွေချမ်းသာဘို့ ငါတို့ကလှေကားထစ်လုပ်ပေးမနေတော့ဘူးကွာ” ပြောကြပါတယ် ၊ ထောင်ကျမှာစိုးလို့ ချီတုံချတုံ ဖြစ်နေတဲ့ကျွန်တော် ရဲဘော်ကြီးတွေပြောတာစဉ်းစားပြီး ပြတ်ပြတ်သားသားပဲဆုံးဖြတ်လိုက်ပါတယ် ၊ “ထောင်ပဲအကျခံတော့မယ် ၊ အသေမခံတော့ဘူး” ။
ဒီလိုနဲ့ နောက်တပါတ်ပြန်စစ်တဲ့အခါ ကျွန်တော်က ပြန်မလုပ်တော့ဘူးဆိုတာပြောပါတယ် ၊ ဗိုလ်မှုးကလဲ ပြန်စဉ်းစားပါဦး အကြိမ်ကြိမ်ပြောပါတယ် ၊ နောက်ဆုံး ဘယ်လိုမှပြန်စည်းရုံးလို့မရတော့ဘူးဆိုတဲ့အချိန်မှာ အသက်(၁၆)နှစ်ဝန်းကျင်သာရှိတဲ့ကျွန်တော့ကို ထောင်(၁)နှစ်ချလိုက်ပါတော့တယ် ၊ ငယ်ငယ်ရွယ်ရွယ်နဲ့ ဘ၀ဒါဏ်ရာတွေအများကြီးရခဲ့ရတဲ့ ကျွန်တော့အသိမှာ စစ်တပ်ဆိုတာ ဥပဒေကို လိုတမျိုးမလိုတမျိုးလုပ်တတ်တယ်ဆိုတာ စွဲစွဲမြဲမြဲမှတ်သားမိလိုက်ပါတယ် ။
အင်းစိန်ထောင်ရောက်တော့ ပထမတော့ (၄)ဆောင်ပုံစံခန်းမှာနေရပါတယ် ၊ တပါတ်လောက်နေပြီးတော့ ထောင်ဆေးရုံမှာဆေးစစ်ပြီးတော့ အသက်မပြည့်ဘူး ၊ ကလေးဆိုပြီး (၃)ဆောင်ခလေးခန်းကို ပို့လိုက်ပါတယ် ၊ ကလေးတွေထဲမှာ ကျွန်တော်က လူကောင်ကြီးအသက်ကြိးဖြစ်တာကြောင့်ရော စစ်သားဖြစ်တာကြောင့် ရော ဗာရာ(တန်းစီး ၊ ပုံစံပြ၊ တောင်ယာ ၊ မလ္လာ ၊ ရေကန် ၊ ဖိုကြိး ဘုတ်ကိုင်စတဲ့ ထောင်ဝါဒါကို အုပ်ချုပ်မှုပိုင်းကူရတဲ့ အကျဉ်းသားတွေထဲက အငယ်ဆုံးရာထူး) လုပ်ရပါတယ် ၊ ကျွန်တော်က ညစောင့်ဗာရာပါ ၊ အင်းစိန်ထောင်မှာ ခွန်နှစ်လနေပြီးတော့ မိတ္ထီလာထောင်ကို တခြားအကျဉ်းသား၂၀၀လောက်နဲ့အတူ ပြောင်းရပါ တယ် ၊ မတ္ထီလာထောင်မှာ သုံးလလောက်နေပြီး ထောင်လျှော့ရက်၂လလောက်ရတာကြောင့် ကျွန်တော်ပြန်လွတ်ခဲ့ပါတယ် ။ ထောင်ကပြန်လွတ်လွတ်ချင်း တောင် မိတ္ထီလာမှာ စစ်သားတယောက်က ညီလေးစစ်ထဲဝင်မလား လာလုပ်နေပါသေးတယ် ၊ ထောင်လွှတ်လက်မှတ်ပြပြီး ခုပဲစစ်ပြေးမှုနဲ့ထောင်ကထွက် လာတာဆိုမှ ပြန်လှည့်ထွက်သွားပါတယ် ၊ ဘာကြောင့်များ ဒီလောက် အဓမ္မစစ်သားစုချင်နေရတာလဲဗျာ…။
အိမ်ပြန်ရောက်တော့ အမေက ကျွန်တော့စိတ်နဲ့ အိပ်ယာထဲလဲနေပါတယ် ၊ ကျွန်တော့ကိုတွေ့တော့အမေ ထုံးစံအတိုင်းငိုပါတယ် ၊ ကျွန်တော်က အမေမငိုနဲ့ ၊ ကျွန်တော်ယောက်ကျားပဲ ၊ ဘာမှမဖြစ်ဘူးအမေ့ကိုပြောတော့ အမေက ငါ့သားလေးငယ်ငယ်လေးနဲ့ကံဆိုးရှာလိုက်တာနော်တဲ့ ၊ အဲဒီတုံးက အမေ့ကို ဘာမှပြန်မ ပြောဖြစ်ခဲ့ပေမဲ့ ခုနေအသိမျိုးသာရှိခဲ့ရင် ပြန်ပြောမိခဲ့မှာ “အမေရယ် ..ကျွန်တော် ကံဆိုးတာမဟုတ်ပါဘူး ၊ စနစ်ဆိုးထဲက သားကောင်တယောက်ဖြစ်ရတာပါ ၊ ဘာရာဇ၀တ်မှုမှလဲမကျူးလွန် ဘယ်သူ့အပေါ်မှလဲမကောင်းမလုပ်ရပဲ ကျွန်တော့ဘ၀ဒီလိုတွေတွေ့ကြုံခဲ့ရတာ ၀ဋ်မဟုတ်ဘူးအမေ ၊ စစ်ဗိုလ်ချုပ်တွေကိုယ်ကျိုး ရှာဘို့ ချနင်းခံရတဲ့ အပြစ်မဲ့ပြည်သူမြောက်များစွာထဲ ကျွန်တော်လဲအပါဝင်ဖြစ်ခဲ့တာပါအမေရယ် ”…လို့ ။
ကျွန်တော်ပြန်ရောက်တဲ့နေ့ကစပြီး အမေထူထူထောင်ထောင်ပြန်ဖြစ်လာပါတယ် ၊ ကျွန်တော်လဲဘ၀ရပ်တည်ရေးအတွက် ဆိုက္ကားနင်းရပြန်ပါတယ် ၊ လူတွေ ကလဲ စစ်ထွက် ထောင်ထွက်ဆိုပြီးမခေါ်ချင်မပြောချင်ကြဘူး ၊ ဘ၀ကြီးစိတ်ပျက်စရာပါဗျာ ၊ ကိုယ်ကျူးလွန်ရတာလဲမဟုတ်ပဲ စစ်ထဲထောင်ထဲတွေရောက်ခဲ့ရတာ၊ လူတွေက နားလည်မပေးနိုင်ကြပါဘူး၊ အဖြစ်မှန်သေချာသိကြရရင်တော့ ဘယ်လိုနေမလဲပဲ ။
ကံဆိုးမသွားရာမိုးလိုက်လို့ရွာတဲ့ ၊ ကျွန်တော့ဘ၀ကလဲ ပြဿနာနဲ့ကင်းကင်းကိုမနေရပါဘူး ၊ တနေ့ဆိုက္ကားနင်းနေရင်းလှည့်ကင်းပတ်လာတဲ့ ရဲစက်ဘီးနဲ့ ကျွန်တော့်ဆိုက္ကားမတော်တဆငြိရော ၊ ကျွန်တော်ဆင်းတောင်းပန်တာကိုမရပဲ ဆဲဆိုပြီးလှိမ့်ထိုးလာရော ၊ အသားနာလာတော့ကျွန်တော်လဲ ဘယ်လိုမှသီးမခံနိုင် တော့ပဲ ဆိုက္ကားမှာညရေးညတာဆောင်ထားတဲ့တုတ်နဲ့ရိုက်ပလိုက်ရော ၊ ပြီးတာနဲ့ အုံနာအိမ်နင်းပြေးဆိုက္ကားအပ်ပြီး ညတွင်းချင်းပြေးတာပဲ။ ဗိုလ်တထောင်ဘုရား မှာ ညအိပ်ပြီးမနက်ကျ ဘုရားရှေ့ကထွက်လာတော့ ရေတပ်ကအသိတယောက်နဲ့တွေ့လို့ အကျိုးအကြောင်းပြောပြတော့ သူက “ဒီလိုဆိုညီလေး တပ်ထဲသာ ပြန်ဝင်လိုက်တော့ ၊ မဟုတ်ရင်မင်းကွိုင်တက်မယ် ၊ ဒို့တပ်မှာတော့လူသတ်ပြီးပြေးလာတဲ့သူတောင်အေးဆေးပဲ ၊ မင်းစစ်တပ်ယူနီဖေါင်းသာဝတ်ထား ၊ ရဲလောက် ကိုပါးခေါ်ရိုက်လို့ရတယ်”တဲ့ ၊ကျွန်တော်လဲ ဖြစ်ချင်ရာဖြစ်လတ်တလောဘေးကင်းပြီးရောဆိုပြီး “အဖမ်းမခံရရင်ဝင်မယ်ဗျာ”ဆိုတော့ ငါနဲ့လိုက်ခဲ့ဆိုပြီးခေါ်သွားတာ သံလျှက်စွန်းရေတပ်ဝန်းအပြင်ကလဘက်ရည်ဆိုင်တစ်ဆိုင်ကိုရောက်သွားပါရော ၊ အဲဒီမှာ သူကကျွန်တော့ကိုအသက်တွေ ၊ အတန်းတွေ မေးပါတယ် ၊ စာတရွက် နဲ့လိုက်မှတ်ပါတယ် ၊ အဲဒီအချိန် ကျွန်တော့အသက်က ၁၈နှစ်ပြည့်ဘို့လိုနေပါသေးတယ် ၊ သူကအသက်ကို ၁၈ ပြည့်ပြီးပြီပြော ၊ ပညာအရည်အချင်းကို ခုနှစ်တန်း လို့ပြောသင်ပေးပါတယ်၊ ပြီးတော့သူရေးထားတဲ့စာရွက်ပေါ်လက်မှတ်ထိုးခိုင်းပြီး ရေတပ်စုဆောင်းရေးကအရာရှိတယောက်(ဗိုလ်ကြီးထင်ကျော်)နဲ့ ၀င်တွေ့ပါတယ်၊
အဲဒီဗိုလ်ကြီးဆီက လက်မှတ်တစောင်သူ့ဘာသာလုပ်လာပြီး ရေတပ်ဆေးရုံမှာ ကျွန်တော့ကိုဆေးသွားစစ်ပါတယ် ၊ ပေါင်မပြည့်ဘူး ၊ ပြီးတော့ဆေးကျပါတယ် ၊ သူကဘာမှမပူနဲ့ပြောပြီး ပိုက်ဆံဝင်ပေးတော့ ဆေးအောင်သွားပါတယ် ၊ ပြီးတော့တပ်တွင်းသက်သာဆိုင်ကိုခေါ်သွားပြိး ကျွန်တော့ကိုဆံပင်ညှပ်ခိုင်းထားပါတယ် ၊ ပြီးရင်လဘက်ရည်ဆိုင်ကိုလိုက်လာခဲ့ပြောပြီးထွက်သွားပါတယ် ။
အမှန်က ကျွန်တော်နောက်တစ်ကြိမ်ထပ်ရောင်းစားခံရတာပါ ၊ သူကကျွန်တော့အရင်သွားပြီး ဈေးသွားဖွင့်နေတာပါ ၊ ဆေးအောင်ပြီးသား ၊ အသက်လဲ ပြည့်တယ်၊ခုနှစ်တန်းတတ်တယ် ၊ စီဂရုထားလို့ရတယ်ဆိုပြီးဈေးဖွင့်နေတာပါ ၊ ကျွန်တော့ကိုတပ်ထဲသွင်းဘို့ သူကလေးသောင်းခွဲတောင်းတာ လေးသောင်းနဲ့ဈေး တည့်သွားပါတယ် ၊ လဘက်ရည်ဆိုင်မှာ သူနဲ့စကားပြောတဲ့သူတွေ(ရေတပ်စုဆောင်းရေးတာဝန်ယူထားသူတွေပဲ)နဲ့ ပြိးရင်လိုက်သွားလိုက်တော့ဆိုပြီး သူထွက် သွားပါတယ် ၊ လဘက်ရည်ဆိုင်မှာထိုင်နေတုန်းပဲ တပ်ကြပ်ကြီးတယောက်ထပ်ဝင်လာပါတယ် ၊ ကျွန်တော်နဲ့အတူရှိနေသူတွေက “ဆရာကြီး ၊ ဒီမှာတယောက်ရှိ တယ် ၊ ယူမလား ”မေးလိုက်ပါတယ် ၊ ကျွန်တော့အချက်အလက်တွေကိုကြည့်ပြီး တပ်ကြပ်ကြီးက “မင်းတို့ဘယ်လောက်နဲ့ယူလိုက်တာလဲ”မေးပါတယ် ၊ “ကျွန်တော်တို့လေးခွဲနဲ့ခေါ်ထားတာ ၊ ဆရာကြီးယူမယ်ဆို ငါးသောင်းတော့ပေး”ဆိုပြီးပြန်ပြောရာက တည့်သွားတော့ အဲဒီဆရာကြီးနဲ့လိုက်သွားလိုက်တော့ဆိုပြီး လွှဲလိုက်ပါတယ် ၊ သေချာစဉ်းစားကြည့်ရင် ပြည့်တန်ဆာမကို ခေါင်းတွေ အငှားထည့်ချိန်ဈေးစကားပြောနေသလိုပါပဲ၊မတတ်နိုင်ဘူလေ ၊ ကိုယ့်အကြောင်းနဲ့ကိုယ် ဆိုတော့လဲ ငြိမ်နေပြီး ခေါ်ရာလိုက်ခဲ့ရတာပါပဲ ။
ဆရာကြီးနဲ့လိုက်သွားပြိး သံလျှက်စွန်းရေတပ်စစ်သားစုဆောင်းရေးမှာ တစ်လလောက်နေရပါတယ် ၊အဲဒီမှာ စုဆောင်းခံထားရသူ ၁၁ယောက်ရှိပါတယ် ၊ အသက်
မပြည့်သေးတဲ့သူ ၃ယောက်ရှိပါတယ် ၊ ကျွန်တော်နဲ့ ၁၂ ယောက် အဲဒီမှာရှိတဲ့တပ်ရံပုံငွေဆိုတဲ့ခေါင်းစဉ်နဲ့လုပ်နေတဲ့ အုန်းဆီစက်မှာအလုပ်လုပ်ရပါတယ် ၊ ၀င်းသူဇာဆိုင်တွေကိုလိုက်ဖြန့်တဲ့ အုန်းဆိဗူးတွေကို ပါကင်လုပ်ပေးရပါတယ် ၊ စုဆောင်းရေးမှာရှိနေထဲက ကိုယ်ပိုင်နံပါတ်ကျပြီး ယာယီရေးတစ်ရာကဒ် (အဖြူ) ထုတ်ပေးထားပါတယ် ၊ ကိုယ်ပိုင်အမှတ် ရေ/၃၅၈၈၁(ပည၉၄)ပါ ၊ ပြီးတော့ ဟိုကဒီကစုလာတဲ့ရဲဘော်သစ် ၂၄၀ နဲ့ အမှတ် ၁ လေ့ကျင့်ရေးသင်တန်းကျောင်း (ဖေါင်ကြီး) ကိုပို့လိုက်ပါတယ် ၊ အဲဒီမှာရောက်ရောက်ချင်းတန်းစီိတော့ ရဲပြေးစစ်ပြေးပါရင်လက်ထောင် ၊ ဘာမှမလုပ်ဘူး ၊ တာဝန်ပေးဘို့သက်သက်ပဲ ၊ ခုမပြောပဲ နောက်မှ သိရင်တော့အရေးယူခံရမယ်ပြောပါတယ် ၊ လူ၃၀လောက်လက်ထောင်ကြပါတယ် ၊ ကျွန်တော်ကမထောင်ပဲ ငြိမ်နေလိုက်ပါတယ် ၊ လက်ထောင်တဲ့ စစ်ပြေးတွေရဲပြေးတွေကို တကယ်လဲအရေးမယူပါဘူး ၊ စစ်သင်တန်းတောင်မတက်ခိုင်းတော့ပဲ စားဖိုဆောင်ပို့တာ ၀ါးခုတ်ခိုင်းတာလုပ်ပါတယ်(ရတဲ့ဝါးကို သင်တန်းဆရာတွေနဲ့သင်တန်းမှုးရောင်းစားတာပါ) ၊ ကျွန်တော်တို့သင်တန်းက အပါတ်စဉ် ၅/၂၀၀၄ ပါ ၊ ကျွန်တော်က ခွဲ၂ ၊ တပ်စု၃ ၊ ဒုတပ်စုမှုးပါ ၊ ပထမသင်တန်းကျောင်းကလိုပါပဲ ၊ အလုပ်လုပ်လိုက် ၊ စစ်ပညာသင်လိုက် ၊ ပြေးတဲ့ကောင်ကိုရိုက်လိုက်ပါပဲ ၊ အရင် တိုင်းဗိုလ် ၈ ထက်တောင်ရက်စက်တယ်ထင် ရပါသေးတယ် ။ လေးလခွဲသင်တန်းပြီးတော့ ပညလာခွဲပြီး အေဂရုဘီဂရုစီဂရု လာခွဲပါတယ် ၊ ပည ကအဲဒီတော့မှရတာပါ ၊ ကျွန်တော်က ပည၉၄ ယာဉ်မောင်း သင်တန်းရတာပါ ၊ အဲဒီကနေ သီလ၀ါဆိပ်ကြီးက ရေတပ်သင်တန်းကျောင်းမှာ ရေကျွမ်းသင်တန်းတစ်လတက်ရပါတယ် ၊ ပြိးတော့ အဲဒိကနေ ရွှေဘို တထပ(၂) ကို အယောက် ၃၀ ယာဉ်မောင်းသင်တန်း သုံးလခွဲသွားတက်ရပါတယ် ။ သင်တန်းဆင်းတော့ ဧရာဝတီရေတပ်စခန်းဌာနချုပ် ၊ ရေတပ်ပင်မပစ္စည်းထိမ်းတပ် (ရပပ)ကိုပြန်ရောက်လာပါတယ် ။
သင်တန်းမတက်ခင်က သင်တန်းဆင်းရင် ခွင့်တစ်လဆီရမယ်ပြောပေမဲ့ တကယ်တန်းကျတော့ တနသာင်္ရီရေတပ်စခန်းဌာနချုပ်(တရခ)ကို တိုင်းပြောင်းပါတယ် ဆိုပြီး ခွင့်တပါတ်ပဲပေးလိုက်ပါတယ် ၊ ခွင့်ကနေပြန်ရောက်တော့ လမ်းတင် FiveStar ဂိတ်ကိုခေါ်သွားပြီး လကုန်ရက်ထုတ်ရမဲ့လစာကိုထုတ်မပေးပဲ ပို့ပေးလိုက် မယ်ပဲပြောပါတယ် ၊ လမ်းမှာတာဝန်ခံခေါ်သွားတဲ့တပ်ကြပ်ကြီးက မင်းတို့မှာလစာတွေပါတာပဲဆိုပြီး လမ်းစရိတ်အတွက်ပေးလိုက်တဲ့ငွေကိုလဲထုတ်မပေးပဲဝိုက် ထားလိုက်တော့ လစာထုတ်ခဲ့တဲ့သူတွေက၀ယ်စားရပေမဲ့ ကျွန်တော်နဲ့နောက်တယောက်(လှမင်းစိန်)ကတော့ ၂ရက်နဲ့တနပ်ထမင်းငတ်ခဲ့ပါတယ် ။ တပ်သားဘ၀ ကတော့ နေရာတိုင်းအနိုင်ကျင့်ခံဘ၀တွေပါပဲ ။
တနသာင်္ရီရေတပ်စခန်းဌာနချုပ်ရောက်တော့ လေ့ကျင့်ရေးမှာစုငွေဆိုပြီးတစ်လနှစ်ထောင်ဖြတ်ထားတဲ့ငွေရော ၊ မထုတ်ခဲ့ရတဲ့လစာရော ပန်ကြားလွှာရေးပြီး တောင်းပါတယ် ၊ လှမင်းစိန်က လစာပါလာပေမဲ့စုငွေမပါလာပါဘူး ၊ ကျွန်တော်ကဘာမှမပါလာပါဘူး ၊ ထပ်ပြီးပန်ကြားလွှာတင်တော့ ဘယ်လိုလွဲလဲမသိဘူးဆိုတဲ့ မရေမရာအဖြေပဲရပြီး နှစ်လနေတော့ အမှတ်(၅၉)ရေတပ်ရှေ့တန်းစခန်း ၊ ပြင်စဘုကျွန်း ကိုရောက်သွားပါတော့တယ် ။ အဲဒီမှာ ပည(၁၄)လုံခြုံရေးတာဝန်ယူ ထားသူတွေက နောက်မှရောက်လာသူတွေကို ပညခွဲခြားပြီးနှိမ်ပါတယ် ။ အဲဒီအချိန်ကျွန်းစခန်းမှုးက ဗိုလ်မှုးစိုးလင်းအေးပါ ၊ ဗိုလ်ကြီးက နောက်ပိုင်းမန္တလေးစည် ပင်ပြောင်းသွားတဲ့ အောင်ဆန်းထွန်းပါ ၊ စခန်းတာဝန်ခံကဒုအရာခံဗိုလ် ဆရာကြီးခင်မောင်မြင့်(လက်ရှိမောရ၀တိရေတပ်စခန်းဌာနချုပ်/မော်လမြိုင်မှာ)၊ ဖြစ်ပါတယ် ၊ အဲဒီမှာ တပ်စုလေးစုခွဲထားပါတယ် ၊ ရန်နိုင်(ပင်လယ်ပြင်ထွက်တဲ့စစ်သဘောင်္) ၊ တပ်ရင်ကင်း ၊ဖက်ထိပ် ၊ ရေတပ်အခေါ်ဝပ်ကင်းဗာရီ ၊ အလှည့်ကျ လုပ်ရပါတယ် ။
ရေတပ်မှာနေတာကတော့ စားသာပါတယ် ၊ ကျွန်းတွေမှာသစ်ခိုးထုတ်တဲ့ သစ်စင်တွေလိုက်ဖမ်းပြီး ရတဲ့သစ်တွေေ၇ာင်းစားပါတယ် ၊ ခိုးလှေတွေဖမ်းတယ် ၊ ပိုက်ဆံကောက်တာလဲရှိတယ် ၊ မရရင်ပြေးရင်ပစ်မြှုတ်တယ် ၊ လှေဖမ်းမိရင် ရေတပ်စခန်းဌာနချုပ်ကိုမအပ်ပဲ စခန်းကလူတင်ဖြောင်လိုက်တာလဲရှိတယ် ၊ နိုင်ငံ တော်ကိုအအပ်ပြရင်လဲ အကုန်ဖြုတ်ယူထားပြီး အပ်တယ်အမည်ခံယုံအခွံပဲအပ်ပါတယ် ၊ ဘယ်လိုရှာရှာဝင်ငွေချည်းပါပဲ ၊ အရာရှိအဆင့်က တစ်လကို သိန်း၃၀ ကျော်ဝင်ငွေရှိပြီး ရဲဘော်တွေကတော့ ငါးသောင်းကနေ တစ်သိန်းနိးပါးလောက် အလျင်းသင့်သလိုအပိုငွေ ရပါတယ် ။ ၀င်ငွေရှိတဲ့နေရာမို့ ရဲဘော်တွေကရေရှည် နေချင်ရင် ဌာနချုပ်(ရေးရုံး)ကို ပိုက်ဆံပေးရပါတယ် ။
ကျွန်တော်ကသီိးသန့်လာဒ်မထိုးတော့ အဲဒီစခန်းမှာ ၁ နှစ်လောက်နေတော့ ဌာနချုပ်မှုးအဲဒီအချိန်ဗိုလ်မှုးချုပ် (အခု ဧရာဝတိရေတပ်စခန်းဌာနချုပ်မှုး ဗိုလ်ချုပ် ) ၀င်းရှိန် လာစစ်တော့ ၊ ယာဉ်မောင်းတွေများနေတယ်ဆိုပြီး ဌာနချုပ်မော်တော်ယာဉ်ကို အပြောင်းပါသွားပါတယ် ၊ အဲဒိမှာ ယာဉ်စက်ပြင်အကူလုပ်ရပြီး ဒုဗိုလ်မှုးကြိးတင်ဦး (AQ1)ကားကို တွဲဘက်မောင်းပေးရပါတယ် ၊ တစ်လကို စာရင်းမှာ ဆီကိုယ်တာ ၆ ဂါလံရပေမဲ့ တကယ်တမ်း ၂ ဂါလံပဲရပြီး G2က ဖြတ်အုပ် တာခံရပါတယ်၊ ကျွန်တော်တို့ကားသမားတွေကလဲ ကုန်းတက်ကနိုင်ငံတော်အတွက် ကုန်းဆင်းကကိုယ့်အတွက်ဆိုပြီး Free ပဲလှိမ့်ရိုက်ပြီး ရသလောက်ခိုးတာပါပဲ၊
အဲဒီမှာလဲ ၁ နှစ်နေရပြိး မိခင်တပ်ဖြစ်တဲ့ အမှတ် (၅၂)ရေတပ်ပစ္စည်းထိမ်းတပ် ပြန်ရောက်သွားပါတယ် ၊ အဲဒီမှာ ယာဉ်နောက်လိုက်နဲ့ပဲနေရပါတယ် ၊ တပ်မှုးကပဲ ဖြတ်အုပ်ထားတော့ အဲမှာတော့ ဘာခွဲတမ်းမှမရပါဘူး၊ အဲဒီကနေ ၁ နှစ်လောက်နေပြန်တော့ မလိကျွန်းကိုအပြောင်းပါသွားပြန်ပါတယ် ၊ ပထမတော့ ကျွန်းပါတ် လမ်းဖေါက်နေတဲ့လုပ်ငန်းခွင်အတွက် ကွန်ဒေါင်းလေးမောင်းရပါတယ် ၊ အဲမှာလဲ ရွာသားတွေကိုအတင်းအဓမ္မလုပ်အားပေးခေါ်ခိုင်းတာပါပဲ ၊ ရောက်ပြီး ၃ လ လောက်မှာ ကျွန်တော် ဒုတပ်ကြပ်ဖြစ်ပါတယ် ။
အဲဒိကနေ ၆၃ ကြိမ်မြောက် တပ်မတော်နေ့စစ်ရေးပြအခန်းအနားအတွက်ဆိုပြီး တော်လှန်ရေးပလိပ်လျှောက်ဘို့ တနသာင်္ရီရေတပ်စခန်းဌာနချုပ်ကနေတဆင့် ရန်ကုန်ကိုပို့လိုက်ပါတယ် ၊ ရန်ကုန်ရောက်တော့ ရေတပ်သဘောင်္ကျင်းကအဆောင်မှာနေပြီးလေ့ကျင့်ရပါတယ် ၊ ဒါပေမဲ့လူများနေလို့ဆိုပြိးအင်အားလျှော့တဲ့အထဲ မှာကျွန်တော်ပါသွားပြီး ဌာနချုပ်ကိုပြန်ရပါတယ် ၊ အဲဒီကနေ မလိကျွန်းပြန်ရောက်တော့ ရန်ကုန်ကိုအပြောင်းထွက်ထားတယ်လုပ်ပြန်ပါတယ် ၊ မင်းလိုက်လာတဲ့ သဘောင်္နဲ့ပြန်လိုက်သွားဆိုပြီးပြန်ထည့်ပါတယ် ၊ အဲဒီအချိန်လကုန်ဘို့၂ ရက်အလိုဆိုတော့ လစာထုတ်သွားမယ်ပြောတာမပေးလိုက်ပါဘူး ၊ ရန်ကုန်ရောက်တော့ တက္ကစီငှားပြီးအိမ်အရင်ပြန်သွားပြိး အဖေ့ဆိကပိုက်ဆံတောင်ပေးရပါတယ် ၊ နောက်နေ့မှ တပ်သွားသတင်းပို့ပါတယ် ။
ပင်မရေတပ်ပစ္စည်းထိန်းတပ်(ရပပ)မှာ .ယဉ်နောက်လိုက်လုပ်ရပါတယ် ၊ ခံပြင်းတာက ကိုယ့်ထက်အများကြီး Junior ကျတဲ့ ၄၀(ကိုယ်ပိုင်နံပါတ်အစ)က ကားတက်မောင်းနေရပြီး ကိုယ်ကနောက်လိုက်ပဲလုပ်နေရတာပါ ။ ဒါတောင် တပ်ကြပ်အတွက် စာရင်းပါနေပြီလို့ဖြစ်နေပြိးသားပါ ၊ တရားဝင်ကြေးနန်း မ၀င်သေး တာပဲရှိပါတယ် ၊ နာဂစ်မုန်တိုင်းဖြစ်တော့ အရာရှိနဲ့အရာခံတွေကိုကျတော့ ကိုယ့်အိမ်ပြင်ဘို့အိမ်ပြန်ခွင့်ပေးပြီး ကျွန်တော်တို့ကိုကျတော့ တပ်ပြန်လည်တည် ဆောက်ရေးလုပ်ရမယ်ဆိုပြိး အိမ်ပြန်ခွင့်မပေးပါဘူး ၊ ကျွန်တော့မှာ မိသားစုအခြေအနေလေးသိချင်တာတောင် သိခွင့်မရပါဘူး ၊ ဒိကြားထဲ မေလ(၆)ရက်နေ့မှာ တပ်တွင်းမိသားစုအကုန်လုံးခန်းမ၀င်ရမယ်ဆိုပြီး အဲဒီမှာလူကြီးတွေကောင်းမယ်စီစဉ်ထားတဲ့ ဖွဲ့စည်းပုံဥပဒေကိုထောက်ခံရမယ် ၊ ထောက်ခံမဲမပေးမနေရပဲလို့ တပ်မှုးကပြောပါတယ် ၊ (၇)ရက်နေ့ကျတော့ ကျွန်တော်တို့(၅) ယောက်ကို ဆရာကြီးတစ်ယောက်အင်ချပ်ထားပြီး အလုပ် လုပ်ဖို့လွတ်လိုက်ပါတယ် ၊ ကျွန်တော် တို့ (၅)ယောက်ထဲက(၂)ယောက်ကနေခဲ့တယ် ၊ ကျွန်တော့တို့(၃)ယောက်က ပူပန်စိတ်တွေနဲ့ကိုယ့်အိမ်ကိုယ်ခိုးပြန်ကြတယ် ၊ ကျွန်တော့အိမ်ရောက်သွားတော့ အိမ်က အနောက်ဖက်တစ်ခြမ်းကပြိုကျနေတယ် ၊ ကျွန်တော့်လည်းအိမ်မှာဝိုင်းကူရင်းနဲ့တပ်ကိုမပြန်ဖြစ်ဘူး ၊ ၁၁ရက်နေ့ကျမှတပ်ကိုပြန်ဖြစ်တယ် ၊ ကျွန်တော် တပ်ကိုပြန်ရောက်တော့ တပ်ရေးဗိုလ်ကြီးက ရုံးခန်းထဲခေါ်ဆူပါတယ် ၊ ကျွန်တော်တို့လည်း သတိဆွဲပြီးငြိမ်နေပါတယ် ၊ နောက်တော့ ကျွန်တော့တို့ကို တာဝန် ခံတဲ့ဆရာကြီးကို ဒီကောင်တွေပြန်သွားတာခင်ဗျားကြီးမသိဘူးလား ၊ ခင်ဗျားတော်တော်စောက်သုံးမကျတဲ့လူပဲ ၊ တပ်ကလစာလိမ်ယူပြီး တပ်မှာဘာလုပ်ဖို့နေ နေလည်းလို့ပြောတော့ ကျွန်တော်တို့လည်းသီးမခံနိုင်ဖြစ်လာတာနဲ့ “ ဗိုလ်ကြီးအပြစ်ရှိတာကျွန်တော်တို့ပါ ၊ ပြောချင်ရင်ကျွန်တော်တို့ကိုပဲပြောပါ ၊ ဆရာကြီး ကိုတော့အဲဒီလိုမပြောပါနဲ့”လို့ပြောတော့ “မင်းတို့ကဘာကောင်တွေလဲ ၊ မနေ့ကမဲပေးရမယ်ဆိုတာမင်းတို့မသိဘူးလား၊ ဒါစစ်စည်းကမ်းဖောက်ဖျက်တာပဲ၊ မင်းတို့က အာဏာဖီဆန်တာလား ၊ စစ်တပ်မှာအမိန့်ပဲရှိတယ် မင်းတို့နားမလည်ဘူးလား” ဆိုပြီး စ ထိုးပါတယ် ၊ ကျွန်တော်တို့လည်းအပြစ်လုပ်မိထားတော့ ငြိမ်ခံနေပါသေးတယ် ၊ နောက်တော့ တရားလွန်လာတော့ သီးမခံနိုင်ဖြစ်ပြီး ကျွန်တော်တို့သုံးယောက်လဲ ပြန်ပြီးဝိုင်းထိုးလိုက်တယ် ၊ အရင်က မကျေနပ်တာတွေ ပါပေါင်းပြီး ၀ိုင်းရိုက်ကြတာဘာဖြစ်ပြီးကျန်ခဲ့လည်းတော့မသိဘူး ၊ ကျွန်တော်တို့သုံးယောက်လည်း ရိုက်ပြီးတစ်ယောက်တနေရာဆီထွက်ပြေးခဲ့ပါတယ် ။ ဒီလိုနဲ့ ကလေးစစ်သားနှစ်ကျော့ပြန်ဖြစ်ခဲ့ရတဲ့ ကျွန်တော့ရဲ့နအဖတပ်သားဘ၀ ပြီးဆုံးခဲ့ပါတယ် ။
ကျွန်တော်ကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တွေနဲ့ စစ်ဗိုလ်တွေရဲ့ကိုယ်ကျိုးရှာမှုတွေကြောင့် စစ်သားဆိုတဲ့ခေါင်းစဉ်ဆိုးကြီးနဲ့ ကျွန်တော့လို မိတကွဲဖတကွဲဘ၀ပျက်ခဲ့ ရသူတွေ အများကြီးရှိနေတယ်ဆိုတာ ပြည်သူလူထုကြီးသိအောင် ဆရာမောင်ကျောင်းသားကနေတဆင့် ပြောပြတင်ပြလိုက်ရပါတယ် ။
မိုးစက်
(ဒုတပ်ကြပ်/ပင်မပစ္စည်းထိမ်းတပ်-တပ်မတော်ရေ)
မျှဝေသော ကိုဒီမိုဝေယံအားကျေးဇူးတင်ရှိပါသည်။
0 ဗိုလ်ချုပ်မှူးကြီးအမိန့်နဲ့ ဆင်နွှဲခဲ့ကြရတဲ့ ၁၉၉၈ ခရစ္စတီးကျွန်းပေါ်က လူသတ်ပွဲ
ရော်နီညိမ်း
တပ်မှူးတပ်သား ပြောစကား (၀၂၂)
မြန်မာနိုင်ငံထဲမှာ မြန်မာစစ်ခေါင်းဆောင်တွေရဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေ စစ်ရာဇ၀တ်မှုတွေနဲ့ ပတ်သက်လို့၊ ကုလသမဂ္ဂက စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ပြီး စုံစမ်းစစ်ဆေးဘို့ဆိုတဲ့ ကိစ္စကို၊ အမေရိကန်အစိုးရကပါ ထောက်ခံဘို့ သမတအိုဘားမားက ဆုံးဖြတ်ခဲ့ပါပြီ။ မြန်မာနိုင်ငံမှာ လူသူမသိအောင်ထိန်ဝှက်ထားတဲ့ ၁၉၉၈ ခုနှစ်က မြန်မာ စစ်တပ်က အပြစ်မဲ့သူတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ပစ်ခဲ့တဲ့ စစ်ရာဝတ်မှုကြီးတစ်ခုအကြောင်းကို ၂၀၀၈ မေလ(၂၅)ရက်နေ့က ဗီအိုအေမြန်မာပိုင်းက ထုတ်လွှင့်ခဲ့ပြီးပါပြီ။ မြန်မာ့ဒီမိုကရေစီရေးရာကဏ္ဍမှာ ဦးသန်းလွင်ထွန်း တင်ဆက်ခဲ့တဲ့ ဒီအစီအစဉ်ကို၊ ဒီတပတ် "တပ်မှူးတပ်သား ပြောစကား"အပတ်စဉ်ကဏ္ဍမှာ ပြန်ပြီး ထုတ်လွှင့်ပေးလိုက်ပါတယ်။
ဦးသန်းလွင်ထွန်း။ ။ ကမ္ဘာပေါ်မှာ လက်ချိုးရေလို့ရလောက်အောင် အနည်းငယ်ပဲကျန်နေသေးတော့တဲ့ အာဏာရှင်နိုင်ငံတွေ ကြားထဲမှာ၊ မြန်မာနိုင်ငံ ထင်ထင်ရှားရှားပါဝင် ပေါ် လွင်နေတာဟာ မြန်မာစစ်အာဏာရှင်ခေါင်းဆောင်တွေရဲ့ ရက်စက်ကြမ်းကြုပ်မှုတွေကြောင့် ဖြစ်ပါတယ်။ ဒီလို ရက်စက်ကြမ်းကြုပ်မှုတွေ ကျူးလွန်နေတဲ့ ကိုယ်တွေ့ဖြစ်ရပ်တစ်ခုကို မကြာသေးခင်ကပဲ ဗီအိုအေကို ထုတ်ဖေါ်ပြောကြားလာသူကတော့ အမေရိကန်ပြည်ထောင်စုက မြန်မာသံရုံးမှာ သံမှူးကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ဘူးတဲ့ ဗိုလ်မှူးအောင်လင်းထွဋ်ပါ။ ဗိုလ်မှူးအောင်လင်းထွဋ်ဟာ မြန်မာ့တပ်မတော်ထောက်လှမ်းရေးမှာ တာဝန်ထမ်းဆောင်နေရကနေ၊ နိုင်ငံခြားရေးဝန်ကြီးဌာနကို အထူးတာဝန်နဲ့ ရောက် ရှိလာသူ ဖြစ်ပါတယ်။ သူဟာ ၂၀၀၅ခုနှစ်မှာ အမေရိကန်ပြည်ထောင်စုမှာ ခိုလှုံခွင့်တောင်းခံနေထိုင်ခဲ့ပါတယ်။ သတင်းဌာနတွေနဲ့ အရင်က ပြောဆိုဆက်သွယ်မှုတွေ မရှိခဲ့ပေမဲ့၊ နာဂစ်(စ်)ဆိုက်ကလုံးမုန်တိုင်းကြီး တိုက်ခတ်ခဲ့အပြီး အပြစ်မဲ့ပြည်သူတွေအပေါ် စာနာထောက်ထားမှုကင်းမဲ့လွန်းတဲ့ စစ်အာဏာရှင်တွေရဲ့အပြုအမူအပေါ် မခံမရပ်နိုင်အောင် ဖြစ်လာတာမို့၊ အခုလို ဆက်သွယ်ပြောဆို လာရခြင်းဖြစ်တယ်လို့ ဗိုလ်မှူးအောင်လင်းထွဋ်က ဆိုပါတယ်။ မြန်မာနိုင်ငံ တောင်ပိုင်း တနင်္သာရီတိုင်း မြန်မာ့ပင်လယ်ပြင်အတွင်းက ခရစ္စတီးကျွန်း (Cristie Island) (မြောက်လတ္တီ တွဒ် ၀၉ ဒီဂရီ ၃၇ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၅၉မိနစ် {Geographical location 0937N 9759E}) လို့ခေါ်တဲ့ ကျွန်းငယ်လေးတစ်ခုပေါ်မှာ၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ အမိန့်နဲ့ အပြစ်မဲ့ပြည်သူကျေးရွာသား (၅၉)ဦးနဲ့ ထိုင်းရေလုပ်သား (၂၂)ဦးကို မြန်မာစစ်တပ်က သတ်ဖြတ်ပစ်ခဲ့ရပုံအကြောင်း ကိုယ်တွေ့ဖြစ်ရပ်တစ်ခုကို ဗိုလ်မှူးအောင်လင်းထွဋ် က ပြောပြခဲ့ပါတယ်။
ဦးအောင်လင်းထွဋ်။ ။ 1998 တုန်းက မေလမှာ တနင်္သာရီတိုင်း ကော့သောင်းမြို့နယ် ဇာဒက်ကြီးရေတပ်စခန်းမှာ ကျနော်တို့က အခြေချပါတယ်။ ရှေ့တန်းစစ်ဗျူဟာအနေနဲ့ကတော့ ခရစ္စတီးကျွန်းမှာ အခြေချပါတယ်။ ခရစ္စတီးကျွန်းဟာ ထိုင်းနဲ့မြန်မာရဲ့ရေပြင်ပိုင်နက်အစပ်နားမှာ ရှိပါတယ်။ ကျနော်တို့ဆိုတာက ဗိုလ်ချုပ်ကြီးကြည်မင်း(ယခု အငြိမ်းစားဒုဗိုလ်ချုပ်ကြီး)၊ နောက်ပိုင်းမှာ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဖြစ်ခဲ့တဲ့သူပါ။ အခုတော့ အငြိမ်းစားယူပြီး စစ်မှုထမ်းဟောင်းအဖွဲ့မှာ ဒုဥက္ကဌလုပ်နေတဲ့ ဗိုလ်ချုပ်ကြီးကြည်မင်းပါ။ နောက်တယောက်က ဗိုလ်ချုပ်မြင့်ဆွေ(လေ) (ယခု အငြိမ်းစား ဒုဗိုလ်ချုပ်ကြီး) ပါ။ သူကလည်း ကာကွယ်ရေးဦးစီးချုပ်(လေ) ဖြစ်ခဲ့ပြီးတော့မှ အခု retire (အငြိမ်းစား) သွားပါပြီ။ ဦးနေ၀င်းရဲ့မြေးတွေရဲ့ ဖြစ် စဉ်မှာ အဖြုတ်ခံရတဲ့ ပုဂ္ဂိုလ်ပါ။ နောက်တယောက်က ဗိုလ်ချုပ်သူရမြင့်အောင်(ကြည်း) (ယခု ဒုဗိုလ်ချုပ်ကြီး) ပါ။ သူကတော့ လက်ရှိ စစ်ရေးချုပ်ရာထူးကို ယူထားပါတယ်။
(မှတ်ချက်။ ။ ခရစ္စတီးကျွန်းလူသတ်ပွဲဖြစ်စဉ်တွင် ဤသုံးဦးလုံးမှာ ဗိုလ်မှူးချုပ်အဆင့်သာ ရှိကြပြီး၊ တပ်ထုံးစံအရ ဗိုလ်မှူးချုပ်ကို ဗိုလ်ချုပ်၊ ဒုဗိုလ်ချုပ်ကြီးကို ဗိုလ်ချုပ်ကြီး၊ ဒုဗိုလ်မှူးကြီးကို ဗိုလ်မှူးကြီးဟုပင် ခေါ်ကြပါသည်။)
သူတို့သုံးယောက်ကို ကြည်း-ရေ-လေ ပူးပေါင်းစစ်ဆင်ရေးဆိုပြီး တော့၊ ကက(ကြည်း)(ကာကွယ်ရေးဝန်ကြီးဌာန တပ်မတော်-ကြည်း)ရုံးကနေ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဖွဲ့စည်းပေးပြီး တော့မှ ဇာဒက်ကြီးရေတပ်စခန်းကို လွှတ်လိုက်ပါတယ်။ ဇာဒက်ကြီးရေတပ်စခန်းရဲ့စခန်းမှူးက ဒုတိယဗိုလ်မှူးကြီး မောင်မောင်သစ်။ ကော့သောင်းရဲ့အခြေချ စစ်ဗျူဟာမှူးက ဗိုလ်မှူး ကြီးဇော်မင်း(ယခု ၀န်ကြီးဦးဇော်မင်း)။ အခု အမှတ်(၁)လျှပ်စစ်ဝန်ကြီးတာဝန်ရော ကြံ့ခိုင်ဖွံ့ဖြိုးရေးရဲ့ တွဲဘက်အတွင်းရေးမှူးတာဝန်ရော ယူနေတဲ့ပုဂ္ဂိုလ် ဖြစ်ပါတယ်။ သူက ဗျူဟာမှူး အနေနဲ့ ခရစ္စတီးကျွန်းမှာ တာဝန်ယူရပါတယ်။ သူ့လက်အောက်မှာ အဲဒီအချိန်မှာ တပ်ရင်းမှူးအဖြစ် ခမရ(၂၆၂) ကော့သောင်းတပ်က ဒုတိယဗိုလ်မှူးကြီးစိုးတင်။ ဒီပုဂ္ဂိုလ်က နောက် ပိုင်းမှာ အမှတ်(၁)စက်မှုဝန်ကြီးဌာနမှာ ညွှန်ကြားရေးမှူးဖြစ်တယ်လို့ သိရပါတယ်။ နောက်တယောက်က ဘုတ်ပြင်းက တပ်ရင်းမှူးပါ။ ခမရ (၄၀၃) လား (၄၀၄)လား ကျနော် မသိတော့ ဘူး။ ဒုတိယဗိုလ်မှူးကြီးဝင်းဆွေ။ ဒီပုဂ္ဂိုလ်တွေနဲ့ ပေါ့လေ၊ အဲ့ဒီမှာ ဗိုလ်မှူးကြီးဇော်မင်းဦးစီးတဲ့ ဗျူဟာကနေ ခရစ္စတီးကျွန်းကို တက်ပြီး နေရာယူလိုက်တဲ့အခါမှာ အဲဒီမှာ သစ်ခုတ်ဝါး ခုတ်နဲ့ အရပ်သူအရပ်သား(၅၉)ယောက်တိတိကို သူတို့ ဖမ်းလိုက်ပါတယ်။ အဲဒီအထဲမှာ သုံးနှစ်သမီးလေးတစ်ယောက် ပါတယ်။ မိန်းမတစ်ယောက်ဆိုလို့ရှိရင် သိပ်မကြာသေးဘူး၊ ကလေးငယ်ငယ်လေးကို မွေးခဲ့ပြီး နေနေခဲ့တာပေါ့လေ။ သူတို့ကတော့ သာမန် ဒီနယ်မြေဒီဒေသမှာ သစ်ခုတ်ဝါးခုတ်ပြီးတော့မှ သူတို့ရဲ့ အသက်မွေးဝမ်းကျောင်းအတွက်ကို ရှာဖွေ လုပ်ကိုင်စားသောက်နေတဲ့ အရပ်သူအရပ်သားတွေ ဖြစ်ပါတယ်။ အဒီအချိန်က တိုင်းမှူးက ဗိုလ်ချုပ် သီဟသူရ သူရစစ်မောင် (ထိုစဉ်က ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်၏ တိုင်းမှူး၊ ၂၀၀၁ တွင် ရဟတ်ယာဉ်ပျက်ကျစဉ် အတွင်းရေးမှူး -၂ ဒုဗိုလ်ချုပ်ကြီးတင်ဦးနှင့်အတူ ကွယ်လွန်သွားသူ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး)။ သူက ပုဒ်မ(၁၄၄)ထုတ်ထားတယ်တဲ့။ ဒီကျွန်းတွေမှာ အရပ်သားတွေ မနေရဘူးဆိုတာကြောင့် ဖမ်းတယ်ဆိုပြီး ဖြစ်ခဲ့ပါတယ်။ ကျနော်တို့ထင်တာက ဒီ(၅၉)ယောက်ကို ကော့သောင်းမြို့ကို ပြန်ပို့ပြီး အရေးယူချင်လည်း ယူ ပေါ့လေ။ လ၀ကဥပဒေနဲ့ အရေးယူချင်လည်း ယူပေါ့လေ၊ ဒီလိုပဲ လွှတ်လိုက်မယ်လို့ ကျနော်ထင်ခဲ့ပါတယ်။ ဖမ်းမိတာက ဧပြီလမှာလို့ ကျနော်ထင်တယ်။ မေလလောက် ရောက်တဲ့ အခါကျတော့၊ ညဘက်ကြီးမှာ ကောက်ခါငင်ခါ အမိန့်တစ်ခု ရောက်လာလို့ ကျနော်တို့ သိရပါတယ်။ အဲ့ဒီအချိန်တုန်းက စစ်ဦးစီးဗိုလ်မှူးချုပ်(ကြည်း)ဖြစ်တဲ့ ကက(ကြည်း)က ဗိုလ်ချုပ် မြင့်ဆွေ (ယခု ဒုဗိုလ်ချုပ်ကြီး၊ ကစထမှူး၊ ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့ ၅)က ဆက်သွယ်ရေးစက်ပေါ်တက်လာပြီး ဗိုလ်ချုပ်ကြီးကြည်မင်းနဲ့ စကားပြောချင်တယ်လို့ ပြောပါတယ်။ အဲဒီလို ပြောကြပြီးတော့မှ ဗိုလ်ချုပ်ကြီးကြည်မင်း ပြန်လာတဲ့အခါကျတော့ ကျနော်တို့အပါအ၀င် အားလုံးကိုခေါ်ပြီးတော့ ဘာပြောလဲဆိုတော့ အခုဖမ်းထားတဲ့ (၅၉) ယောက်လုံးကို အကုန်လုံးကို ရှင်းပစ်ရမယ် သတ်ပစ်ရမယ်ဆိုပြီး အမိန့်ပေးတယ် ဆိုပြီး ပြောပါတယ်။ ဗိုလ်ချုပ်မြင့်ဆွေက ဗိုလ်ချုပ်ကြီးကြည်မင်းကို ဆက်သွယ်ရေးစက်နဲ့ လှမ်းပြီး အမိန့်ပေးတာပါ။
ဦးသန်းလွင်ထွန်း။ ။ ဘာကြောင့်လဲ၊ အဲဒါ။
ဦးအောင်လင်းထွဋ်။ ။ ဘာကြောင့်လဲဆိုတာ ပြောရခက်ပါတယ်။ ဒီကလေးလေးတွေ မိန်းမတွေ ယောက်ျားတွေ ဘာမှ လက်နက်မကိုင်ထားတဲ့လူတွေကို သတ်ခိုင်းတာဟာ၊ ကျနော် တို့မှာ အရမ်းကို ခံစားရတယ်။ အမှန်အတိုင်းပြောရရင် မဖြစ်သင့်မဖြစ်ထိုက်တဲ့ ကိစ္စပါ။ ကျနော်လဲ ဒါဟာ ကြုံလိုက်ရတဲ့ ကိုယ်တွေ့တစ်ခုဘဲ။ ဗိုလ်ချုပ်ကြီးကြည်မင်းက ကျနော်တို့ အား လုံးကို စုလိုက်တယ်။ ကျနော်တို့ကတော့ staff အနေနဲ့ နားထောင်ရတာပေါ့။ ဗိုလ်ချုပ်ကြီးကြည်မင်း(ရေ)၊ ဗိုလ်ချုပ်မြင့်ဆွေ(လေ)၊ ဗိုလ်ချုပ်သူရမြင့်အောင်(ကြည်း)၊ ဗိုလ်မှူးကြီးမောင် မောင်သစ်(ရေ)၊ ဒါကတော့ လူကြီးပိုင်းတွေပေါ့လေ။ ဗိုလ်ချုပ်ကြီးကြည်မင်းက ဒီသတင်းကို ကျနော်တို့ကို ပြောလိုက်တဲ့အခါကျတော့၊ ဗိုလ်ချုပ်သူရမြင့်အောင် အခု စစ်ရေးချုပ်လုပ်နေ တဲ့လူက ဘာထပြောလဲဆိုတော့ "ဒါ အထက်အမိန့်ပဲ၊ အကုန်သတ်ပစ်ရမှာပေါ့" ဆိုပြီး တော့မှ သူက စပြောပါတယ်။ ဗိုလ်ချုပ်မြင့်ဆွေ(လေ)ကတော့ သူက ပုတီးသမား တရားသမား ဆိုတဲ့အခါကျတော့၊ ထိန်းထိန်းသိမ်းသိမ်းလုပ်ဘို့နဲ့ "အခြေအနေလေးတော့ ပြန်မေးကြည့်ပါဦး၊ ဘာဖြစ်လို့လဲဆိုတော့ ဒီအချိန်က ညကိုးနာရီခွဲပတ်ဝန်းကျင်လောက်ဖြစ်နေတော့ ဒါဟာ ဗိုလ်ချုပ်မှူးကြီးမောင်အေး အရက်သောက်ပြီး မူးတဲ့အချိန်၊ တော်ကြာ မူးမူးရူးရူးနဲ့ အမိန့်ဖြစ်နေဦးမယ်" ဆိုပြီးတော့မှ ပြောခဲ့ပါတယ်။ သူတို့နှစ်ယောက် (ဗိုလ်မှူးချုပ်သူရမြင့်အောင် နဲ့ ဗိုလ်မှူးချုပ်မြင့်ဆွေ-လေ) ပြောတဲ့အပေါ်မှာ အဓိကမူတည်ပြီးတော့မှ၊ ဗိုလ်ချုပ်ကြီးကြည်မင်းက ဆုံးဖြတ်ပါတယ်။ "ကောင်းပြီ ဒါဆို ဒို့တွေ နောက်နေ့မနက် စက်ပေါ်တက်ပြီးတော့မှ ကိုမြင့်ဆွေ (ရန်ကုန်စစ်ရုံးချုပ်မှ စစ်ဦးစီးဗိုလ်မှူးချုပ်(ကြည်း) ဗိုလ်မှူးချုပ်မြင့်ဆွေ)ကို ဒို့ ထပ်မေးကြည့်မယ်၊ ဒီအမိန့်ကိုတော့ အောက်က ဗိုလ်မှူးကြီးဇော်မင်းတို့ကို ချမပေးနဲ့ဦး" ဆိုပြီး ဗိုလ်ချုပ်ကြီးကြည်မင်းက ထိန်းထားလိုက်တာ ကျနော်တို့ သိရပါတယ်။ မနက် ကိုးနာရီပတ်ဝန်းကျင်လောက်၊ ဗိုလ်ချုပ်မြင့်ဆွေ(ကြည်း)ကို စက်ပေါ်တက်ပြီး ဗိုလ်ချုပ်ကြီးကြည်မင်းက မေးပြီး ပြန်လာတဲ့အခါကျတော့၊ ဘာပြောလဲဆိုတော့ "ဗိုလ်ချုပ်မြင့်ဆွေ(ကြည်း)က ပြောလိုက်တယ်၊ ဒါဟာ အဘအေး(ဒုဗိုလ်ချုပ်မှူးကြီးမောင်အေး)အမိန့် မဟုတ်ဘူး၊ အဘကြီး(ဗိုလ် ချုပ်မှူးကြီးသန်းရွှေ)အမိန့်ဆိုပြီး ပြောတယ်" ဆိုပြီး ပြန်ပြီးတော့မှ ပြောပြပါတယ်။ အဘကြီး ဆိုတာကတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို အဘကြီးလို့ ကျနော်တို့ ခေါ်ကြပါတယ်၊ စစ်တပ် မှာတော့။
ဦးသန်းလွင်ထွန်း။ ။ ဟုတ်ကဲ့၊ အဲ့ဒီအမိန့်ကို ပြန်ပြီးတော့ ပြင်လို့ မရခဲ့ဘူးပေါ့။
ဦးအောင်လင်းထွဋ်။ ။ အဲ့ဒီအမိန့်ကို ပြန်ပြီးတော့ ပြင်လို့ မရခဲ့ဘူး။ မရခဲ့တဲ့အခါကျတော့၊ အဓိကက အဲ့ဒီနယ်မြေရဲ့ တာဝန်ခံက ဗိုလ်ချုပ်သူရမြင့်အောင်။ သူက စကခ(၁၃)(စကခ= စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ဟု အမည်ပေးထားသော ခြေမြန်တပ်မများ) ရဲ့ တပ်မမှူးပါ။ ဗိုလ်မှူးကြီးဇော်မင်းက သူ့လက်အောက်ကမှ ဗျူဟာမှူးပါ။ ဆက်ပြီးတော့ ရှင်းရှင်း ပြောရရင် တော့၊ အမိန့်ပေးလိုက်တယ်။ အမိန့်ပေးတဲ့အတိုင်းပဲ အဲ့ဒီ့နေ့မှာပဲ အဲ့ဒီ့ အရပ်သူအရပ်သားတွေကို သောင်ပြင်မှာပဲ အကုန်လုံးက သေနတ်နဲ့ပစ်သတ်ပြီးတော့မှ သောင်ပြင်မှာမြှုပ်လိုက် တယ်လို့ ကျနော်တို့ သိရပါတယ်။ အခု သွားပြီး အဲ့ဒီ့အရိုးတွေကို တူးကြည့်ရင် မြင်ရပါဦးမယ်။
ဦးသန်းလွင်ထွန်း။ ။ အဲဒီလိုအမိန့်ကို အကောင်အထည်ဖေါ်ခဲ့တာက၊ ဦးအောင်လင်းထွဋ် ပြောတဲ့အတိုင်းဆိုရင် ဗိုလ်မှူးကြီးဇော်မင်းဦးဆောင်တဲ့ဗျူဟာက လုပ်ခဲ့တာပေါ့။
ဦးအောင်လင်းထွဋ်။ ။ ဟုတ်ကဲ့ ခင်ဗျ။ ဗိုလ်မှူးကြီးဇော်မင်း (ယခုအမှတ်(၁)လျှပ်စစ်ဝန်ကြီဌာန ၀န်ကြီး နှင့် ပြည်ထောင်စုကြံခိုင်ဖွံ့ဖြိုးရေးပါတီ တွဲဘက်အတွင်းရေးမှူး) နဲ့ သူ့တပ်ရင်းမှူး နှစ်ယောက်ပေါ့လေ။ ဗိုလ်မှူးကြီးဇော်မင်းကလည်း တပ်ရင်းမှူးနှစ်ယောက်ကို ဆက်အမိန့်ပေးပြီးတော့မှ အကုန်လုံးကို လုပ်ပစ်လိုက်ကြတယ်လို့ သိရပါတယ်။ အဲ့ဒီ့ဓါတ်ပုံတွေ ရှိပါသေး တယ်။ ကျနော့်ရုံး(ကာကွယ်ရေးဝန်ကြီးဌာန တပ်မတော်ထောက်လှမ်းရေးညွှန်ကြားရေးမှူး ရုံး)က ဗီရိုထဲမှာ ရှိတယ်။ ဘာလို့လဲဆိုတော့ အဲဒီ့အချိန်မှာ ဗိုလ်မှူးကြီးဇော်မင်းတို့နဲ့အတူတူ ထောက်လှမ်းရေး(၁၉) တပ်မှူး၊ အခုတော့ ထောင်ထဲရောက်နေပါပြီ (၂၀၀၄တွင် ဗိုလ်ချုပ်ကြီးခင်ညွန့်နှင့်အတူ ဖြုတ်ထုတ်ရှင်းခံရသူများထဲမှ တစ်ဦး)၊ ဗိုလ်မှူးမြင့်ဦးဆိုတာ အတူတူ ရှိပါ တယ်။ သူက ခိုးပြီးတော့ ရိုက်ထားတဲ့ဓါတ်ပုံတွေကို ဒီစစ်ဆင်ရေး အပြန်မှာ ကျနော်တို့ကို ခိုးပြီးတော့ ပြန်ပေးလိုက်တဲ့အခါကျတော့၊ ကျနော်လည်း ရန်ကုန်ကို ပြန်ရောက်တဲ့အခါကျ တော့ ဗိုလ်မှူးချုပ်ကျော်သိမ်းနဲ့ ဗိုလ်မှူးကြီးစန်းပွင့် ကျနော့် G 1 (စစ်ဦးစီးမှူး ပထမတန်း) တို့ကို ပြပြီးတော့မှ ကျနော့်ဗီရိုထဲမှာ သိမ်းခဲ့တယ်။ အခုတော့ ရှိ မရှိတော့ ကျနော် မသိတော့ ဘူး။
ဦးသန်းလွင်ထွန်း။ ။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ နောက်ပိုင်း မြန်မာစစ်ခေါင်းဆောင်တွေကြားထဲမှာ တစုံတရာပြန် လည်ဆွေးနွေးတာတွေ၊ ဒီကိစ္စနဲ့ပတ်သက်လို့ အမှားအမှန် ကိစ္စတွေ ပြောခဲ့တာတွေများ ရှိလား ခင်ဗျ။
ဦးအောင်လင်းထွဋ်။ ။ ကိုသန်းလွင်ထွန်းရေ၊ ဒီဥစ္စာက အသေးလေး ဗျ။ ၁၉၉ရခုနှစ် လောက်ထဲက၊ စစ်ဆင်ရေး လေးလပတ် (စစ်ရုံးချုပ် အစည်းအဝေး)တစ်ခုမှာ "အစိပ်သားတောင် မချန်နဲ့၊ မင်းတို့ အကုန်လုံးကို ရှင်းပစ်" ဆိုပြီးတော့မှ အမိန့်က တရားဝင်ပေးတာ။ အဲ့ဒီအမိန့်ကို အကောင်အထည်ဖေါ်တာက ဗိုလ်ချုပ်မောင်ဘို (နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဝင်၊ ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့ ၃ ၏ ကစထမှူး အဖြစ်မှ၊ တပ်မတော်စစ်ဆေးရေးနှင့်စာရင်းစစ်ချုပ် ကြည်း-ရေ-လေ အဖြစ် ရာထူးချခံရပြီး ကွယ် လွန်သွားခဲ့သူ ဒုဗိုလ်ချုပ်ကြီး မောင်ဘို)။ ဗိုလ်ချုပ်ကြီးမောင်ဘို တိုင်းမှူး(အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်)ဘ၀တုံးက ရွာသူရွာသားတွေကို ဘယ်လောက် သတ်ပစ်ခဲ့တယ်ဆိုတာ၊ သူ အသိ ဆုံးပါ။
ဦးသန်းလွင်ထွန်း။ ။ "အစိပ်သားတောင် မချန်နဲ့"ဆိုတာ ဘာကို ပြောတာလဲ။
ဦးအောင်လင်းထွဋ်။ ။ "အစိပ်သားတောင် မချန်နဲ့"ဆိုတဲ့ဥစ္စာက ကိုယ်ဝန်ပေါ့ဗျာ။ ကိုယ်ဝန်ကို တပ်ထဲမှာ "အစိပ်သား" လို့ ကျနော်တို့ ခေါ်တာကိုး။ ဗိုက်ထဲမှာရှိတဲ့ ကလေးတောင် မချန်နဲ့၊ အကုန်လုံးသတ်ပစ်ဆိုပြီးတော့ တရားဝင်အမိန့် ပါ။ တရားဝင်အမိန့်ဆိုတာ စစ်ဆင်ရေးအစည်းအဝေးတစ်ခုမှာ နှုတ်မိန့်ပေါ့ဗျာ။ စာနဲ့တော့ ဘယ်သူမှ မထုတ်ပါ ဘူး။ ပြောလိုက် တဲ့စကားပါ။
ဦးသန်းလွင်ထွန်း။ ။ ဘယ်နယ်မြေထဲမှာလဲ ခင်ဗျ။
ဦးအောင်လင်းထွဋ်။ ။ အားလုံးဘဲ။ အဓိကကတော့ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း။ အညိုရောင်လို့ သတ်မှတ်ထားတဲ့နယ်မြေမှာ။ အဲ့ဒီအချိန်က ဒါ ဘာလို့ဖြစ်ရလဲ ဆိုတဲ့အခါကျတော့ ရှင်းရှင်းပြောရရင်၊ ရွာတွေကို စုတာပါဘဲ။ Replacement လုပ်တယ်။ (မှတ်ချက်။ ။ တိုင်းရင်းသားဒေသတွေမှ ကျေးရွာတွေကို စစ်အင်အားနှင့် ခြိမ်းခြောက်ပြီး အတင်းအကြပ်ပြောင်းရွေှ့ပစ်ခြင်းကို မြန်မာ့တပ်မတော်တွင် "ရွာစုသည်"ဟု တရားဝင်ခေါ်ဝေါ် သည်။) ရွာတွေကို စုတဲ့အခါမှာ တချို့ရွာတွေက သူတို့ရဲ့အိုးအိမ် သူတို့ရဲ့ တောင်ယာလေးတွေကို မဖျက်ချင်တဲ့အခါ ကျတော့ မပြောင်းချင်ဘူး။ မပြောင်းချင်တဲ့ဥစ္စာကို by force မပြောင်းရင် မရဘူး ဆိုတဲ့ဟာမျိုးနဲ့ လူတွေကို သတ်ပစ်ခဲ့တဲ့ဖြစ်စဉ်တွေ အများ ကြီး ရှိပါတယ်။ အဲ့ဒီ့ သက်ဆိုင်ရာနယ်မြေမှာ ရှိတဲ့လူတွေ အသိဆုံးပါ။
ဦးသန်းလွင်ထွန်း။ ။ ဦးအောင်လင်းထွဋ်အနေနဲ့ ကိုယ်တွေ့ကြုံခဲ့ရတာကတော့၊ ခု မြန်မာပြည်တောင်ပိုင်း ခရစ္စတီးကျွန်း (Cristie Island)မှာ အရပ်သူအရပ်သား (၅၉)ဦးကို သတ် ခဲ့တဲ့ ကိစ္စပေါ့။
ဦးအောင်လင်းထွဋ်။ ။ အဲ့ဒီ့တုန်းက (၅၉)ယောက်တင် မကဘူး ခင်ဗျ။ ဒီ (၅၉)ယောက်ကို ရှင်းပစ်ပြီးတဲ့နောက်ပိုင်း မှာ၊ တရက်နှစ်ရက်လောက် ထင်တယ်။ ရခိုင်ဘက်ကနေပြီးတော့ မှ ယိုးဒယားငါးဖမ်းစက်လှေပေါ့ လေ။ ယိုးဒယား ငါးဖမ်းစက်လှေဆိုတာကလည်း တရားဝင် ရခိုင်ပြည်နယ်မှာ မှတ်ပုံတင်ထားတဲ့ ငါးဖမ်းစက်လှေပါ။ အဲ့ဒီ့စက်လှေဟာ ငါးတွေကို ရနောင်းမြို့ကို ပို့ဘို့အလာမှာ၊ လမ်းကြောင်းက ဒီ ခရစ္စတီးကျွန်းနားကို ၀င်လာတဲ့အခါကျတော့၊ ရေတပ်က 305 လား 303 လား (တိုက်ရေယာဉ် နံပါတ်များ)တော့ မသိဘူး။ ကျနော် မှတ်မိတာကတော့ စစ်ရေယာဉ်မှူးက ဗိုလ်မှူးအောင်ကြီး။ သူက ဖမ်းလာပါလေရော။ ဖမ်းလာပြီး ဗိုလ်ချုပ်ကြီးကြည်မင်းကို သူတို့ သတင်းပို့လိုက်တဲ့အခါကျ တော့၊ ထုံးစံအတိုင်းပဲ ကက(ကြည်း)ကို ဆက်ပြီး သတင်းပို့ကြတယ်။ ဆက်ပို့တော့ ကက(ကြည်း)ကလည်း အရင်လိုပဲ "ရှင်း ပစ်လိုက်"ဆိုပြီး ရှင်းခိုင်းတယ်။ ရှင်းခိုင်းတော့ အားလုံးပေါင်း ဒီစက်လှေပေါ်မှာပါ တဲ့လူ (၂၂)ယောက်ကို၊ ရေတပ်က တာဝန်ယူပြီးတော့ အဲ့ဒီ့ ခရစ္စတီးကျွန်းပေါ်မှာပဲ သတ်ပစ်ပြီး မြှုပ်ပစ်ခဲ့ရတယ်။ အဲ့ဒီ့စက်လှေကြီးကိုတော့ ကျနော်တို့က မမြုပ်မချင်း ပင်လယ်ထဲမှာ မြုပ်အောင်ဆိုပြီးတော့မှ စက်လှေကို ကျနော်တို့က ဗိုက်ဖေါက်ပြီးမီးရှို့ပြီးတော့ မြှုပ်တဲ့ဥစ္စာ၊ ကျနော် ထင်တယ်၊ တစ်ပတ်လောက်ကြာမှ အဲ့ဒီ့စက်လှေကြီးဟာ ရေအောက်ထဲကို ရောက်သွား တယ် ထင်တယ်။ ဒါက ဆက်စပ်ပြီး ဖြစ်ခဲ့တဲ့ ဖြစ်စဉ်ပါ။ အဲ့ဒီတော့ အားလုံး အဲ့ဒီ့အချိန်မှာ ကျနော်တွေ့ခဲ့တာက အရပ်သားတွေချည့်ဘဲ။ ဘာမှ လက်နက်ကိုင်တဲ့လူ တစ် ယောက်မှ မပါဘူး။
ဦးသန်းလွင်ထွန်း။ ။ အခု ဒုတိယပြောတဲ့အကြောင်းဆိုလိုှိ့ရင် ဒါက ယိုးဒယား ထိုင်းလူမျိုးတွေဆိုတော့၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ တစုံတရာ ပြဿနာတက် တာ မရှိနိုင်ခဲ့ဘူးလား။
ဦးအောင်လင်းထွဋ်။ ။ မရှိပါဘူး ခင်ဗျ။ မရှိဘူးဆိုတာက ဘယ်သူမှ မသိဘူး။ အဲ့ဒီရေပြင်မှာလည်း တရားဝင်အမိန့် ထုတ်ထားပါတယ်။ အရှင် မလိုချင်ဘူးလို့ ပြောထားတယ်။ ငါးခိုး ဖမ်းစက်လှေပဲဖြစ်ဖြစ်၊ အကုန်လုံးကိုသတ်ပစ်ပြီးတော့မှ စက်လှေပါ မြှုပ်ပစ်ရပါတယ်။ ပထမပိုင်းတုန်းကတော့၊ လူတွေပဲ စက်လှေကိုဖမ်းပြီး ပစ္စည်းတွေကို ယူတာရှိတယ်။ နောက်ပိုင်း မှာ လူရောပစ္စည်းရော အကုန်လုံး မြှုပ်ခိုင်းတဲ့ဥစ္စာတွေက ၁၉၉၆၊ ၁၉၉၇ လောက်က စပြီး နည်းနည်းလေး ပြင်းထန်လာတဲ့ သဘောရှိပါတယ်။
ဦးသန်းလွင်ထွန်း။ ။ အခုကြားခဲ့ရတာကတော့ မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လူသတ်ပွဲတစ်ခုအကြောင်း ကိုယ်တွေ့ဖြစ်ရပ်တစ်ခုကို ဗိုလ်မှူးအောင်လင်းထွဋ်က ပြော ပြခဲ့တာပါ။ "အရိုးတွန်တယ်"ဆိုတဲ့ မြန်မာဆိုရိုးစကားတစ်ခုအရ ဆိုရင်တော့၊ ကျူးလွန်ခဲ့သမျှ ရာဇ၀တ်မှုမှန်သမျှဟာ ဒီအတိုင်း ပျောက်ပြယ်သွားလေ့တော့ မရှိပါဘူး။ တချိန်ချိန်မှာ အကြောင်းအမျိုးနဲ့ တစ်ခုခုနဲ့ ပြန်ပေါ်လာတတ်ပြီး၊ ကျူးလွန်သူတွေ ထိုက်သင့်တဲ့ပြစ်ဒဏ်ကို ခံရစမြဲဆိုတာကိုတော့၊ အခု ကမ္ဘာ့သတင်းတွေမှာ ကြားသိနေရတဲ့ အီရတ်နိုင်ငံက သမ္မတဟောင်း ဆဒမ်ဟူစိန်ကို ခုံရုံးတင်ပြီး ကြိုးပေးစီရင်ခဲ့မှု၊ ဒါ့အပြင် အီရတ်နိုင်ငံအတွင်း ကုန်သည်(၄၀)ကျော်ကို မတရားဖမ်းဆီးပြီး အမိန့်ပေးသတ်ဖြတ်ခဲ့မှုနဲ့ လောလောဆယ် တရားစွဲဆိုခံနေရတဲ့ ဒုတိယသမ္မတဟောင်း ထာရစ်အာဇစ်ရဲ့ ကိစ္စ၊ နောက်ပြီး The Hague မြို့ နိုင်ငံတကာရာဇ၀တ်ခုံရုံးမှာ တရားစွဲဆို အပြစ်ပေးခြင်းတွေခံနေရတဲ့ ဘော့စနီးယား ဆာ့ဗ် စစ်ခေါင်းဆောင်ဟောင်း တွေအကြောင်း၊ စတာတွေက သက်သေခံနေပါတယ် ခင်ဗျာ။ ကျနော် သန်းလွင်ထွန်းပါ။
(၂၀၀၈ မေလ(၂၅)ရက်နေ့က ဗီအိုအေမြန်မာပိုင်းရဲ့ မြန်မာ့ဒီမိုကရေစီရေးရာကဏ္ဍမှာ ဦးသန်းလွင်ထွန်း တင်ဆက်ခဲ့တဲ့ အစီအစဉ်ကို၊ ဒီတပတ် "တပ်မှူးတပ်သား ပြောစကား" အပတ် စဉ်ကဏ္ဍမှာ ပြန်ပြီးထုတ်လွှင့်ပေးခဲ့တာပါ။)
အသံလွှင့်ခဲ့သော ဤအစီအစဉ်တွင်ပါဝင်နေသည့် စစ်အရာရှိများ၊ ဗိုလ်သင်တန်းဆင်းနှစ်များ နှင့်၊ ထိုစဉ်က အရာရှိအဆင့် နှင့် စစ်ရာထူးများ (စာပိုဒ်အစဉ်လိုက်)
၁။ ဗိုလ်မှူးအောင်လင်းထွဋ် (စစ်ဦးစီးမှူး-ဒုတိယတန်း၊ ကကလှမ်း) (DSA အပတ်စဉ်၂၀၊ ၁၉၇၉)
၂။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (တပ်မတော်ကာကွယ်ရေးဦးစီးချုပ်)(OTS အပတ်စဉ် ၉၊ ၁၉၅၃)
၃။ ဗိုလ်မှူးချုပ်ကြည်မင်း (စစ်ဦးစီး ဗိုလ်မှူးချုပ်-ရေ) (DSA အပတ်စဉ် ၆၊ ၁၉၆၄)
၎။ ဗိုလ်မှူးချုပ်မြင့်ဆွေ (စစ်ဦးစီး ဗိုလ်မှူးချုပ်-လေ) (DSA အပတ်စဉ် ၁၁၊ ၁၉၆၉)
၅။ ဗိုလ်မှူးချုပ်သူရမြင့်အောင် (တပ်မမှူး၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် - ၁၃၊ ဘုတ်ပြင်း) (DSA အပတ်စဉ် ၁၈၊ ၁၉၇၆)
၆။ ဒုတိယဗိုလ်မှူးကြီးမောင်မောင်သစ် (စခန်းမှူး၊ အမှတ် ၁၉ ရေတပ်ရှေ့တပ်စခန်း၊ ဇာဒက်ကြီးကျွန်း)(DSA အပတ်စဉ် ၁၀၊ ၁၉၆၈)
၇။ ဗိုလ်မှူးကြီးဇော်မင်း (ကော့သောင်းအခြေချစစ်ဗျူဟာမှူး၊ ကမ်းရိုးတန်းစစ်ဌာနချုပ်) (DSA အပတ်စဉ် ၁၅၊ ၁၉၇၃)
၈။ ဒုတိယဗိုလ်မှူးကြီးစိုးတင် (ခမရ ၂၆၂ တပ်ရင်းမှူး၊ ကော့သောင်း) (OTS အပတ်စဉ် ၅၁၊ ၁၉၇၆)
၉။ ဒုတိယဗိုလ်မှူးကြီးဝင်းဆွေ (ခမရ ၄၀၃ တပ်ရင်းမှူး၊ ဘုတ်ပြင်း) (DSA အပတ်စဉ် ၂၁၊ ၁၉၈၀)
၁၀။ ဗိုလ်ချုပ် သီဟသူရ သူရစစ်မောင် (ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး) (DSA အပတ်စဉ် ၁၂၊ ၁၉၇၀)
၁၁။ ဗိုလ်မှူးချုပ်မြင့်ဆွေ (စစ်ဦးစီး ဗိုလ်မှူးချုပ်-ကြည်း) (DSA အပတ်စဉ် ၁၅၊ ၁၉၇၃)
၁၂။ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး (ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့် ကာကွယ်ရေးဦးစီးချုပ်-ကြည်း) (DSA အပတ်စဉ် ၁၊ ၁၉၅၉)
၁၃။ ဗိုလ်မှူးမြင့်ဦး (အမှတ် ၁၉ ထောက်လှမ်းရေးတပ် - မြိတ်၊ တပ်မှူး) (OTS အပတ်စဉ် ၅၈၊ ၁၉၈၀)
၁၄။ ဗိုလ်မှူးချုပ်ကျော်သိမ်း (မူးယစ်ဆေးဝါးနှင့်တိုက်ပွဲထောက်လှမ်းရေးဌာနမှူး၊ စစ်မဟာဗျူဟာလေ့လာရေးဌာန) (DSA အပတ်စဉ် ၁၁၊ ၁၉၆၉)
၁၅။ ဒုတိယဗိုလ်မှူးကြီးစန်းပွင့် (စစ်ဦးစီးမှူး-ပထမတန်း၊ ကကလှမ်း) (အလုပ်သင်ဗိုလ်သင်တန်း အပတ်စဉ် ၁၊ ၁၉၇၃)
၁၆။ ဗိုလ်ချုပ်မောင်ဘို (အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး) (OTS အပတ်စဉ် ၃၁၊ ၁၉၆၄)
၁၇။ ဗိုလ်မှူးအောင်ကြီး (ရေ) (စစ်ရေယာဉ်မှူး)
http://www1.voanews.com/burmese/news/soldier-talk/08_01_10_soldiers_talk22-101232729.html
Sunday, August 22, 2010
0 ငါး ငသလောက်ပမာ ကြောက်စရာအရိုးများနဲ့ အိုဘယ့် မီဒီယာ
ကျုပ်တို့ မီဒီယာတွေအကြောင်း ပြောမလို့ပါ။ ပြောရေးရှိလို့သာပြောရတယ် ကြောက်တော့ ခပ်ကြောက်ကြောက်ပဲ။ မကြောက်လို့လည်း မဖြစ်ဘူးလေ။ သတင်းမီဒီယာဆိုတာက နတ်ဆိုး လိုပဲ။ နေ့စဉ်ပူဇော်ပသနေလဲ မ ချင်မှ မ တာ။ သူစိတ်ဆိုးလို့ နှောက်ယှက်ရင်လဲ မလွယ်သလို စိတ်ပျော်လို့ ကျီစယ်ရင်လည်း မချောင်ဘူး။ တခါတလေ သူစိတ်ရူးပေါက်လို့ မ စ ရင်တော့ ကောင်းစားပေတော့ပေါ့။ မ တယ်ဆိုတာကလည်း ဆယ်ခါရံတခါပါ။ ဒါပေမယ့် ကြောက်နေ ပူဇော်နေကြရတာပဲလေ။ ဒီနေ့ခေတ်ကြီးမှာ သတင်းမီဒီယာတွေရဲ့ ထက်မြက်မှုကလည်း ငြင်းစရာမရှိတဲ့ အချက်ပဲ။ အမေရိကန်သမတကြီး မစ္စတာရစ်ချတ်နစ်ဆင် (Richard Nixon) တောင် ဝါးတားဂိတ် အရေးတော်ပုံနဲ့ သတင်းစာသမားတွေ ဝိုင်းကြိတ်လိုက်ကြတာ သမ္မတထိုင်ခုံက ဆင်းပြေးခဲ့ရဘူးတယ်။
သုစိပုဘာ၊ ဝိလိသိဓာ
အက္ခရာ စွဲသုံး၊ ဤရှစ်လုံးကို
သီကုံးပန်းသွင်၊ နေ့တိုင်းဆင်လော့…။ လို့ ငယ်ငယ်က ကျက်မှတ်ခဲ့ရဖူးတယ်။ အဓိပ္ပါယ်က အသိပညာရရာရကြောင်း အခြေခံအကြောင်းတရား (၈) ပါးကို ဆိုလိုတာပါ။ အဲဒီထဲက “ဘာ” ဆိုတာ ဘာသေယျ ကြားနာခြင်းလို့ အဓိပ္ပါယ်ရှိတယ်။ ကြားနာလေ့လာ ဆည်းပူးခြင်းပေါ့။ လူလိုသိ၊ လူလိုတွေး၊ လူလိုကျင့်ကြံ နေထိုင်ဖို့ရာအတွက် အခြေခံလိုအပ်ချက် အသိပညာရရာ ရကြောင်း မြတ်ဗုဒ္ဓညွန်ကြားခဲ့တဲ့ တရားတွေပဲ။
ကျုပ်တို့ဗမာလူမျိုးတွေ ဘာသေယျကပ်သင့်နေတာ ကြာခဲ့ပြီ။ ကြားချင်တာ မကြားရ၊ သိချင်တာ မသိရ၊ ပြောချင်တာမပြောရ၊ မှန်တာမကြားရ၊ မမှန်တာ ကြားရ၊ မသိချင်တာ သိရ၊ မပြောချင်တာ ပြောရ။ မကြားချင်တာ ကြားနေရတာ ရာစုနှစ်ဝက်မက ကြာခဲ့ပြီ။ ပြည်ဖျက် ဗိုလ်နေဝင်း အာဏာသိမ်းခဲ့တဲ့ (၆၂) နှစ်ခုက စရေရမှာပေါ့။ ဒီ့အရင်ကလည်း ကြားနာခွင့်နဲ့ ပတ်သက်လို့ အနှောက်ယှက်မရှိဘူးလားဆိုတော့ ရှိသင့်သလောက်ရှိခဲ့တယ်။ ပါလီမန် ဒီမိုကရေစီဆိုတဲ့ ဦးနု ပဆဖလ အစိုးရက ပြည်သူတွေကို အသိပညာပေးနေတဲ့ သတင်းသမား ဆရာလူထုဦးလှ၊ ဆရာကြီးရွှေဥဒေါင်း၊ ဆရာဗန်းမော်တင်အောင်တို့လို ပုဂ္ဂိုလ်တွေကိုတောင် စာပေရေးသားခြင်းကြောင့် ဖမ်းဆီးထောင်ချခဲ့တာတွေ ရှိခဲ့တယ်။ ဦးကျော်ငြိမ်းရဲ့ တောင်သူ လယ်သမားသမဂ္ဂအမည်ခံ စစ်သားတွေက သူတို့ဝန်ကြီး မီးခွက်မှုတ်သတင်းကို ဖော်ပြလို့ ဂျာနယ်ကျော်မမလေးရဲ့ ဟစ်တိုင်သတင်းစာတိုက်ကို ရိုက်ချိုးဖျက်ဆီးခဲ့ဖူးတယ်။ သတင်းသမားတချို့ ခြိမ်းခြောက်ခံရတာလည်း ရှိခဲ့ဖူးတာပေါ့။ ပြည်ဖျက် ဗိုလ်နေဝင်းခေတ်ကတော့ ပြည်သူတွေ လုံးဝ မျက်စိကန်း နားပိတ်ဖြစ်တော့တာပဲ။
ရှစ်လေးလုံး အရေးတော်ပုံ နောက်ပိုင်းကာလတွင်းမှာ ဒီလိုမျက်ကန်း နားပိတ်ဘဝကနေ ဗမာပြည်သူတွေအတွက် အသက်ရှုပေါက်ကလေးတခု ပွင့်လာခဲ့တယ်။ ဒါက ပြည်ပရေဒီယို ဖြစ်တဲ့ BBC, VOA တို့ကနေ ပြည်သူတွေ ကြားချင်တာ၊ ကြားသင့်တာတွေကို ပိုပြီး အလေးပေး ထုတ်လွင့်လာသလို DVB တို့ RFA တို့ဆိုတာတွေလည်း ပေါ်လာတယ်။ အဲဒီရေဒီယိုတွေ ပေါ်စတုန်းကဆို မိတ်ဆွေတယောက်က ကျုပ်တို့တော်လှန်ရေး တဝက် အောင်ပြီလို့တောင်ကြွေးကြော်ခဲ့သေးတယ်။ ကိုယ်လည်းထောက်ခံမိတယ်။ လုပ်နေကြသူများ ကလည်း လူထုဘဝကို စာနာသူတွေ၊ နိုင်ငံလှုပ်ရှားမှုတွေထဲက သွားကြသူတွေဆိုတော့ ယုံကြည်အားတက် ဖြစ်မိတယ်။
သိပ်မကြာပါဘူး။ အနှီပုဂ္ဂိုလ်များ ရေဒီယိုများက သမ္ဗုဒ္ဓေတဂါထာနဲ့ အရိယာဂိုက်ဖမ်းပြီး ပီဘိသတင်းသမားကြီးတွေလို၊ တရားသူကြီးနေရာ၊ ဒိုင်လူကြီးနေရာရောက်ကုန်ရော။ မီဒီယာ ဆိုတာ ဘာဖြစ်တယ် ညာဖြစ်တယ်၊ ဘက်မလိုက်ရဘူးတို့၊ ပြဿနာဖြစ်ရင် နှစ်ဖက်အသံ ပါရမယ် ဖြစ်ကုန်ရော။ ပြည်တွင်းမှာ တဖက်သတ် လုပ်ချင်ရာလုပ်၊ ပြောချင်ရာပြော၊ လိမ်ချင်သလို လိမ်နေသူတွေရဲ့ သဘောထားအသံကလည်း သူတို့ စံတွေထဲမှာ မဖြစ်မနေ ထည့်စဉ်းစားပေးစရာတွေ ဖြစ်လာပါရော။ ပီဘိသတင်းသမားကြီးတွေအတွက်တော့ တရွာလုံးက မုဒိမ်းသမား၊ လူသတ်သမားလို့ သိထားတဲ့ ရာဇဝတ်သားရဲ့ မုဒိမ်းကျင့်ရ၊ လူသတ်ရတဲ့ အကြောင်းရင်းတို့၊ ရည်ရွယ်ချက်တို့၊ ရည်မှန်းချက်တို့ စတဲ့ ရှင်းလင်းချက်ပါမှ သတင်းဖြစ်တယ် ဖြစ်ကုန်ရော။ ကျုပ်တို့ ဗမာပြည်သူတွေရဲ့ အဖြစ်က စိတ်ချ ယုံကြည်လောက်တဲ့ ကိုယ့်ဇနီးမယားက သူခိုးကို ဓားရိုးကမ်းတာ ခံလိုက်ရတဲ့ ပဒုမမင်းသားရဲ့ အဖြစ်များလိုပါပဲ။နိုင်ငံတခု၊ လူ့အဖွဲ့အစည်းတခုမှာ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေးဆိုတဲ့ မဏ္ဍိုင်သုံးရပ်ပြီးရင် သတင်းမီဒီယာ ဒါမှမဟုတ် စာနယ်ဇင်းတွေဟာ အရေးအကြီးဆုံး အရေး အရာ စတုတ္ထမဏ္ဍိုင်လို့ သတ်မှတ်ကြတယ်။ နိုင်ငံတော် (သို့) ခေါင်းဆောင်နဲ့ လူထုကြားက ဆက်သွယ်ရေး ပေါင်းကူးဖြစ်သလို လူထုခြင်းအကြား ဆက်သွယ်ရေးနဲ့ ပညာပေးရေး ယန္တယားကြီးလည်းဖြစ်တယ်။ မူလအဓိက မဏ္ဍိုင် သုံးရပ်ကတော့ အုပ်ချုပ်သူ အာဏာပိုင် လက်ထဲမှာရှိတဲ့ အရာတွေသာဖြစ်တော့ စတ္ထုမဏ္ဍိုင်သာလျှင် လူထုရဲ့ အားကိုးရာဖြစ်တော့တယ်။
ကိုလိုနီနိုင်ငံဟောင်းတွေရဲ့ သမိုင်းကြောင်းကိုလေ့လာရင် သတင်းမီဒီယာတွေ၊ စာနယ်ဇင်း တွေဟာ အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲတွေမှာ အဓိကအခန်းက ပါဝင်ခဲ့ကြတယ်။ ဗမာ့ လွတ်မြောက်ရေး တိုက်ပွဲမှာလည်း ထိုနည်းလည်းကောင်း စာနယ်ဇင်းတွေ လူထုကို အလုပ် အကျွေးပြုခဲ့ကြတယ်။ သမိုင်းတာဝန် ကျေပွန်ခဲ့ကြတယ်။ ဒီလိုသမိုင်းတာဝန် ကျေခဲ့ကြတဲ့ စာနယ်ဇင်းနဲ့ သတင်းမီဒီယာသမားတွေ ရှိခဲ့သလို အာဏာပိုင်တွေရဲ့ လက်ကိုင်တုတ် အလိုတော်ရိ သတင်းမီဒီယာသမားတွေလဲ ရှိခဲ့တာပဲ။ ဥပမာ ဗမာပြည်ကို ဝေလမင်းသား အလည်လာစဉ်က ဆုတော်ငွေ ငါးထောင်ထုပ်ကို မမက်ပဲ ဘုန်းတော်ဘွဲ့ရေးဖို့ ငြင်းဆန်ခဲ့တဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းလို သတင်းသမားရှိခဲ့သလို ကိုလိုနီအရှင်သခင်ရဲ့ ဘုန်းတော်ဘွဲ့ရေးရတာကိုပဲ ဧရာမဂုဏ်ကြီးလို ပျော်ပျော်ကြီးရေး ပေးခဲ့သူတွေ လည်းရှိခဲ့တယ်။ အဆုံးသတ်မှာတာ့ စာနယ်ဇင်း၊ သတင်းသမားတွေ ကျေးဇူး ကြောင့် အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲ အရှိန်အဟုန် မြင့်မားလာတဲ့ အတွက်ကြောင့် အလိုတော်ရိ သတင်းသမားတွေ သတင်းစာတွေ ချုပ်ငြိမ်းပျောက်ကွယ်သွားရသလို လူထု အကျိုး လူထုဆန္ဒကို ဦးထိပ်ထားတဲ့ စာနယ်ဇင်းတွေ အောင်လံထူပြီး လူထုမေတ္တာ ခံယူ နိုင်ခဲ့ကြတယ်။
သတင်းမီဒီယာဆိုတာ လူထုအတွက် အားကိုးရာ စတုတ္ထမဏ္ဍိုင်ဖြစ်သလို သြဇာလည်း စူးရောက်တဲ့အတွက် အာဏာပိုင်တွေဘက်ကရော၊ အာဏာမဲ့တွေဘက်ကရော အပြိုင်အဆိုင် ထိန်းချုပ်ဖို့ ကြိုစားကြတယ်။ ပြည်သူလူထုရဲ့ နားမျက်စိလို သတင်းမီဒီယာ တွေကို အုပ်စိုးသူ အာဏာပိုင် အဆက်ဆက်ကလည်း သတင်းမီဒီယာတွေကို နည်းမျိုးစုံနဲ့ ချုပ်ကိုင်ဖို့ ကြိုးစား ခဲ့တယ်။ ဖောက်ပြန်တဲ့ သတင်းသမားတွေကို မက်လုံးပေးစည်းရုံးသလို တိတ်တဆိတ် ငွေထုတ်ပေးပြီး ခါးပိုက်ဆောင် သတင်းတိုက်တွေ ထောင်တာတွေလည်း လုပ်ခဲ့ကြတယ်။ ကိုယ်လိုရာကို ရေးသားဖြန့်ချီထုတ်လွှင့်ကြတယ်။ ဒါကြောင့် စာနယ်ဇင်း သတင်းစာတွေထဲမှာ တိုင်းပြည်နဲ့ လူမျိုးအတွက် အကျိုးဖြစ်ထွန်းစေမဲ့ အရာတွေ ပါသလို၊ အဆိုးအပျက်တွေ ဖြစ်စေမဲ့ အဆိပ်အတောက်တွေလည်းပါနိုင်တယ်။ ဥပမာ ဆောင်ရရင် သတင်းစာမီဒီယာဆိုတာ လူထုအတွက် ငသားလောက်ကို စားရသလိုပါပဲ။ အရသာ ထူးကဲ့တဲ့ အာဟာရဖြစ်ပေမယ့် အစားမတတ်ရင် အရိုးလည်း စူးမျက်နိုင်သလို အစာမကြေ၊ အကျောတက်ပြီးလည်း ဖျားနာနိုင်ပါတယ်။
ပြည်သူတွေရဲ့ နားမျက်စိတွေဖြစ်တဲ့ သတင်းစာမီဒီယာတွေ ဖေါက်ပြန်ရင်၊ တာဝန်မဲ့လာ ရင်တော့ အဲဒီ့လူ့အဖွဲ့အစည်း (ဝါ) နိုင်ငံပြည်သူတွေရဲ့ အနာဂါတ်ဘဝဟာ အန္တရယ်ကျရောက် တော့တာပဲ။ ဒါကြောင့် သတင်းစာ မီဒီယာတွေရဲ့ တာဝန်ဟာ လူ့ဘောင်လောကအတွင်းက အဖြစ်အပျက်တွေကို မှန်မှန်ကန်ကန်ဖော်ထုတ်ကြရုံနဲ့ မလုံလောက်ပဲ လောကလူ့ရွာ အတွက်ဆိုးကျိုး အန္တရာယ်ကို ဖြစ်စေမဲ့ အတွေးအမြင်များကိုလည်း သုတ်သင်ဖယ်ရှား ရမှာဖြစ်သလို လောကလူ့ရွာ အေးချမ်းသာယာရေး ဖွံ့ဖြိုးရေးကို ဖြစ်ထွန်းစေမဲ့ အတွေး အမြင်တွေ ပြန့်ပွားစေဖို့လည်း တာဝန်ရှိပါတယ်။
ဒီနေ့ သတင်းမီဒီယာတချို့ရဲ့ အမြင်နဲ့ လုပ်ဟန်တချို့ဟာ တာဝန်မဲ့လွန်းပါတယ်။ တချို့သတင်းသမားတွေ စည်းမစောင့်ဘဲ ကိုယ်သတင်းရဖို့ဘဲ မညှာမတာ လုပ်ရပ်တွေကြောင့် အထဲကလူတွေ အဖမ်းခံကြရ ဒုက္ခရောက်ကြတာတွေလည်းရှိသလို အချင်းချင်းအပေါ် စည်းမစောင့်တာတွေ တရားမဲ့တာတွေလည်း ကြားနေရတယ်။ ဒါတွေက ထားပါတော့။ ဒီနေရာမှာ အဓိကပြောချင်တာက သတင်းသမားတွေရဲ့ အဓိကရပ်တည်ချက် ပြဿနာပါ။ သတင်းတွေကို အဖြစ်အပျက်တိုင်းပဲ ပြောရမယ်။ အမှားအမှန် ဝေဘန်သုံးသပ်ချက် မထည့်ရ။ မည်သည့် ရှုထောင့် အမြင်နဲ့မှ မတင်ပြရ။ ဘက်မလိုက် ကြားနေရမယ်လို့ ဆိုပါတယ်။ အမှန်တရားအပေါ် သို့မဟုတ် အကာကွယ်မဲ့ အဖိနှိပ်ခံ ဗမာပြည်သူတွေအပေါ် ကျောခိုင်း လိုက်တဲ့ အတွေးအမြင်ပဲဖြစ်တယ်။ ဒေါ်စုပြောခဲ့တဲ့ မတရားတာတွေ့ရင် ဒါ မတရားဘူးလို့ ပြောရမယ်။ ဒီလိုမပြောရင် ဒီမတရားမှုဟာ တနေ့ ကိုယ့်ဆီရောက်လာလိမ့်မယ်ဆိုတဲ့ စကား ကို မေ့ထားကြပြီထင်တယ်။ ဒီအမြင် ဒီအယူအဆတွေဟာ အမြင်အားဖြင့်တော့ အလွန်လှ အလွန်ကောင်းပါတယ်။ အနောက်တိုင်းနဲ့ လူမှုနိုင်ငံရေး (Socio-Politic) ဘဝ ပုံမှန်စနစ် ထဲမှာတော့ အဓိပ္ပါယ်ရှိနိုင်ပါတယ်။ အဲဒီ့မှာ ရှိတဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ ပါတီတိုင်းမှာ ကိုယ်ပိုင်အမြင် အယူအဆတွေကို လွတ်လပ်စွာ ပုံနှိပ်ဖြန့်ချီ စည်းရုံးနိုင်ခွင့်ရှိပြီး စွပ်စွဲချက်တွေ ရှိခဲ့ရင်လည်း လွတ်လပ်စွာ ခုခံနိုင်ခွင့် ရှိနေပြီးသားဖြစ်ပါတယ်။ အဲဒီလို လူ့အဖွဲ့အစည်းမှာ ဘက်လိုက်စရာ မရှိပါဘူး။ လိုက်စရာအမှန်တရားမျက်နှာ တခုသာရှိတယ်။ သို့သော်လည်း ဗမာပြည်လို လူထုဆက်သွယ်ရေး ယန္တယားတခုလုံးကို ရေပက်မဝင်အောင် ထိန်းချုပ်ထားပြီး တဖက်သတ်ဝါဒဖြန့်၊ ဆန့်ကျင်ဘက်တွေကို အပုပ်ချနေတဲ့ စစ်အုပ်စုနဲ့ ရင်ဆိုင်နေရတဲ့ ဗမာပြည်သူတွေရဲ့ တိုက်ပွဲပဲဆိုဆို ပဋိပက္ခပဲဆိုဆို ပြဿနာအပေါ်မှာ ဘယ်ဘက်မှ မလိုက် ဘူးဆိုတာဟာ အမှန်တရားနဲ့ တရားမျှတခြင်းဆိုတဲ့ လောကပါလတရားကို ကျောခိုင်း လိုက်ခြင်းသာဖြစ်ပါတယ်။
အထက်မှာဆိုခဲ့သလို သတင်းလွတ်လပ်ခွင့် ဆိတ်သုဉ်းပြီး အမှောင်ခေတ်ထဲက ဗမာပြည်သူတွေအတွက် အသက်ရှုပေါက်ကလေးတခုလို ဖြစ်နေတဲ့ ပြည်ပရေဒီယိုတွေနဲ့ နောက်ပေါ် အွန်လိုင်းသတင်းဋ္ဌာနတွေက ပီဘိသတင်းသမားကြီးတွေ ဂိုက်ဖမ်းပြီး ဘယ်ဘက် မှ မလိုက်ရဘူးဆိုတဲ့ မူအပေါ်မှာ ရပ်လိုက်ချိန်မှာတော့ ရှိတဲ့ကောက်ရိုးတမျှင် လဲ ဆုံးရှုံးသွား ရတော့တယ်။ တိုက်ဆိုင်ချင်တော့ ရန်သူစစ်အုပ်စုက လုပ်လာတဲ့ မီဒီယာကို မီဒီယာနဲ့ တိုက်ဆိုတဲ့ ဗျူဟာကို အကောင်အထည်ဖေါ်တဲ့ အချိန်နဲ့ အချိန်ကိုက်ဖြစ်သွားတယ်။
ပြင်ပ မီဒီယာပေါင်းစုံတို့ မျက်ကန်းနားပိတ် ဗမာလူထုကို ကျောခိုင်းတဲ့ ထုတ်လွှင့်မှုတွေ ထင်သာမြင်သာဖြစ်လာတာဟာ လွန်ခဲ့တဲ့ နှစ်နှစ်ကျော် သုံးနှစ်က ရွေးကောက်ပွဲ အသံတွေ ထွက်လာချိန်က စတယ်လို့ဆိုရမှာပါ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် အဓိက ဦးဆောင်ပါတီတွေကို မသိမသာဝေဘန်ရင်း ကြွက်မဟုတ် ငှက်မဟုတ် ပညာရှင်ပြောလိုက် တတိယအုပ်စုပြောလိုက် လင်းနို့လိုလို လူတွေကို ဇန်းတင်လာတယ်။ လက်တွေ့ နိုင်ငံရေး ဆိုတဲ့ အသံတွေ ထုတ်လာတယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ဆွေးနွေးခန်းတွေမှာ ထောက်ခံသူတွေနဲ့ မယှဉ်နိုင်တဲ့ အားနဲတဲ့ ဆန့်ကျင်သူတွေနဲ့ ပွဲတည်ပေးပြီး ရွေးကောက်ပွဲကို မသိမသာ ဇောင်းပေးတယ်။ မျက်ကန်းနားပိတ်ဘဝ လူထုကို ရွေးကောက်ပွဲမှ တပါး အခြားရွေးချယ်စရာမရှိဆိုတဲ့ အမြင်တွေဖြစ်ပေါ်အောင် ဖန်တီးထုတ်လွှင့်ကြတယ်။ ပိုပြီး ထင်ရှား၊ ပိုပြီး ဖောက်ပြန်တဲ့ လုပ်ရပ်ကတော့ မြန်မာသတင်းသမားသမဂ္ဂနဲ့ VOA တို့ ပေါင်းရိုက်တဲ့ ပွဲပဲ။ နအဖ စစ်အုပ်စုက ယုံကြည်စိတ်ချစွာ လွှတ်ပေးလိုက်တဲ့ ဦးသုဝေတို့ ခင်ဇော်ဝင်းတို့လို ပုဂ္ဂိုလ်တွေကို ချင်းမိုင်ဖိတ် စင်တင်ပြီး ရွေးကောက်ပွဲ ကြော်ငြာပွဲ ကြီးလုပ်ကြတယ်။ နောက်ထပ် ဖောက်ပြန်မှုကတော့ RFA ပဲ ဖြစ်တယ်။ RFA ရဲ့ လူငယ်အမြင်ကဏ္ဍကနေပြီး ရွေးကောက်ပွဲ ထောက်ခံရေး မဲပေးရေး အာဘော်တွေကို မျိုးရန်နောင်သိမ်းဆိုသူကို ရှစ်ဆယ့်ရှစ်မျိုးဆက်အနေနဲ့ အပတ်စဉ် ထုတ်လွှင့်ပေးနေတယ်။ ရှစ်ဆယ့်ရှစ်မျိုးဆက်ခေါင်းဆောင် မင်းကိုနိုင်၊ ကိုကိုကြီးတို့လို ပုဂ္ဂိုလ်တွေ အကျဉ်းထောင်တွေ ထဲမှာ ဆက်ပြီးထိမ်းသိမ်းခံနေရစဉ် ထူးကဲစွာ လွတ်မြောက်လာတဲ့ ရှစ်ဆယ့်ရှစ်မျိုးဆက် အမည်ခံ မျိုးရန်နောင်သိမ်းရဲ့ အမြင်တွေကို ယနေ့ဗမာလူငယ်တို့ရဲ့ အမြင်တွေ ဖြစ်လေဟန် ထုတ်လွင့်ချက်ဟာ အလွန်ကို အော့နှလုံးနာစရာကောင်းပါတယ်။ ထောင်ပေါင်းများစွာသော အကျဉ်းကျလူငယ်တွေ၊ ကျောင်းသားတွေနဲ့ စစ်အုပ်စုရဲ့ ရက်စက်မှုအောက်မှာ လှုပ်ရှား တိုက်ပွဲဝင်နေကြတဲ့ ဗမာလူငယ်ထုကို စော်ကားလိုက်ခြင်းလည်းဖြစ်ပါတယ်။ ဒီအစီအစဉ် ထုတ်လွင့်သူဟာ အဖိနှိပ်ခံလူထုအတွက် စေတနာထားစရာမလိုပဲ တကယ်တမ်း ဘက်မလိုက် ဘူးဆိုရင်တောင် တခြားလူငယ်တွေရဲ့ အမြင်တွေကိုပါ အလှည့်ကျ ထုတ်လွှင့်ပေးရမှာ ဖြစ်ပါတယ်။ အခုတော့ ဖောက်ပြန်တဲ့ အမြင်ကိုပဲ ဆက်တိုက်လွှင့်ပေးနေ ရွေးကောက်ပွဲ ထောက်ခံရေးအမြင်ကိုပဲ ဖော်ထုတ်ပေးနေခြင်းဟာ ဗမာလူငယ်ထုအပေါ် RFA ရဲ့ မတရားတဲ့ အပြုအမူ၊ စော်ကားတဲ့ အပြုအမူပဲဖြစ်တယ်။ ဒီထုတ်လွှင့်ချက်တွေဟာ သွေးရိုးသားရိုး လုပ်ရပ်အဖြစ် ယူဆစရာ အကြောင်းမရှိပါဘူး။ (ဒီစာကို သြဂုတ်လဆန်းက ရေးခဲ့ပေမဲ့ မအားလပ်တာကြောင့် အချောမသတ်ပဲ အခုမှ နောက်ကျပြီး အစသတ်နိုင်ပါတယ်။ တချို့စာပါအချက်အလက်တွေက ပြောဖို့လိုအပ်တယ် ယူဆလို့ နောက်ကျမှ ဖြန့်ချီလိုက်တယ်။ အခုနောက်ဆုံးအခြေအနေအရ RFA က လူငယ်ကဏ္ဍမှာ မဖြူဖြူသင်းရဲ့ အမြင်တွေကိုလည်း ကြားညှပ် ထုတ်လွင့်ပေးနေတယ်လို့ သိရပါတယ်။ မျိုးရန်နောင်သိမ်းရဲ့ ရွေးကောက်ပွဲ ထောက်ခံရေးအမြင်တွေကိုလည်း ဆက်လက်ထုတ်လွှင့်နေဆဲလို့ သိရပါတယ်။)
လောကကြီးမှာ အကြီးဆုံးရန်သူ ဒုက္ခအပေးနိုင်ဆုံး အန္တရာယ်ဟာ မိတ်ဆွေ ယောင်ဆောင်ထားတဲ့ ရန်သူဖြစ်တယ်။ တည်ကြည်တဲ့ ရန်သူထက် မိတ်ဆွေယောင်ဆောင် ထားတဲ့ ကောက်ကျစ်သူက အန္တရာယ်ပိုကြီးတယ်ဆိုတဲ့ စကားလည်းရှိတယ်။ ယုံကြည်စိတ်ချ မှုကြောင့် မကောင်းအကြံကိုလည်း လက်ခံမိသလို အဆိပ်ကိုလည်း သုံးစားမိတတ်ပါတယ်။ ဆရာသမားအပေါ်မှာ လေးစားကြည်ညိုစိတ်နဲ့ ယုံကြည်မိတဲ့ အင်္ဂုလိမာလဟာ ဆရာသမားရဲ့ အကောက်ကြံမှုကြောင့် တောပုန်းလူဆိုးကြီးဖြစ်ရတယ်။ ရာဇဝတ်သားဖြစ်ရတယ်။ သံသရာ ဝန်လေးတဲ့ အလုပ်တွေကို မှားမှားယွင်းယွင်း လုပ်မိခဲ့ရရှာတယ်။
အခုကျွန်တော်တို့ မီဒီယာတွေဟာ မျက်ကန်းနားပိတ် ဗမာလူထုအတွက် နားမျက်စိ ဖြစ်ရမည့်အစား တရားသူကြီးလိုလို၊ ဒိုင်လူကြီးလိုလို ဂိုက်ဖမ်းလာတာဟာ စိတ်ချယုံကြည် ထားသူရဲ့ ဖောက်ပြန်မှုကို ခံရသလိုပါပဲ။ ကိုယ့်နားမျက်စိတွေရဲ့ ဖောက်ပြားလှည့်စားတာကို ခံရသလိုပါပဲ။ အားကြီးသူနဲ့ အားနည်းသူတို့ ကြားက ပဋိပက္ခ၊ လက်နက်ကိုင်နဲ့ လက်နက် မဲ့တွေရဲ့ကြားက တိုက်ပွဲမှာ ဘက်မလိုက်ဘဲ ကြားနေဖို့ ကြိုးစားတာဟာ ဘယ်လို သဘောထား၊ ဘယ်လိုလူစားတွေလည်းဆိုတာ စဉ်းစားသာကြည့်ပေတော့။ ဒီလိုမမျှတတဲ့ တိုက်ပွဲတွေကြားမှာ ကြားနေတယ်ဆိုတာ အကျိုးသက်ရောက်မှုအားဖြင့်တော့ အားကြီးသူကို ဗိုလ်ကျအနိုင်ယူခွင့် ပေးလိုက်တာ၊ သွယ်ဝိုက်သောအားဖြင့် မတရားမှုကို အားပေးထောက်ခံ တာပဲဖြစ်တယ်။ ပိုပြီး ဝမ်းနည်းစရာကောင်းတာက ဒီနေ့ဗမာလူထုက အားကိုးယုံကြည်နေတဲ့ မီဒီယာတွေမှာ လုပ်ကိုင်နေသူအများစုဟာ တချိန်က အမှန်တရားဖက်က တိုက်ပွဲဝင်ခဲ့သူတွေ၊ ပြည်သူကို အလုပ်အကျွေးပြုဖို့ အားထုတ်ခဲ့ကြဘူးတဲ့ တော်လှန်ရေးသမားဟောင်း၊ နိုင်ငံရေး သမားဟောင်းတွေ ဖြစ်နေတာပဲ။ ဘယ်လိုဖြစ်သွားကြတာလဲ။ ပြည်သူလူထု မျက်နှာထက် ထမင်းထုပ်မျက်နှာက ပိုကြီးသွားတာလား။ အလုပ်ရှင်မျက်နှာက ပိုကြီးသွားတာလား။ ဒါမှမဟုတ် မိစ္ဆာစစ်အုပ်စု မျက်နှာက ပိုကြီးသွားတာလား။
ဗမာသတင်း ဂျာနယ်လောကရဲ့ စံပြုပုဂ္ဂိုလ် ဂျာနယ်ကျော်ချစ်မောင်ရဲ့ “ မကြောက်မရွံ့၊ မဟုတ်မခံ၊ မျက်နှာမရွေး၊ မှန်တိုင်းရေးပိမ့်” ဆိုတဲ့ သတင်းသမားကျင့်ဝတ်နဲ့တော့ အတော် ဖီလာဖြစ်တာပဲ။ ပြောမည့်သာပြောရတာပါ။ ဒီနေ့သတင်းသမားဆိုသူ အတော်များများ ဂျာနယ်ကျော်ဦးချစ်မောင်ရဲ့ နာမည်ကို ကြားတောင်မှ ကြားဖူးရဲ့လားမသိဘူး။ မကြားဖူး ကြသေးရင်လည်း ရှာဖွေလေ့လာကြပါဦး။ သတင်းသမားလုပ်မယ်ဆိုရင်တော့ လူထုဦးလှရဲ့ ကျနော်သတင်းသမားဆိုတဲ့ စာအုပ်တို့ ဆရာကြီးရွှေဥဒေါင်းရဲ့ တသက်တာမှတ်တမ်းတို့ ဂျာနယ်ကျော်ဦးချစ်မောင်အကြောင်း ဂျာနယ်ကျော်မမလေးရေး ထားတဲ့ သူလိုလူဆိုတဲ့ စာအုပ်တွေလောက်တော့ ဖတ်ဖူးထားသင့်ပါတယ်။ ဝရဇိန်လက်နက်ကြီးကိုင်ထားပြီး အစွမ်းမ သိ ဆေးလိပ်မီးညှိုလိုက်၊ ရေနွေးကျိုလိုက်လောက်ပဲ သုံးမိနေရင် ရင်နာစရာ။ ပြီးတော့ ကိုယ်စီး တဲ့မြင်း အထီမှန်းးအမမှန်းမသိရင် ခက်မယ်။
ကာလသားပုံပြင် တခုပါ။ ကာလသားပုံပြင်ဆိုတော့ နည်းနည်းတော့ ညစ်ညမ်းတယ်။ သိသာ အောင်တော့ ပြောဦးမယ်။ တခါက လူသေးလူ့ဗလံခရီးသည်တယောက် မြင်တစီးနဲ့ ညနေ စောင်းမှာ တောအုပ်တခုထဲ ဖြတ်သွားတယ်။ တောအုပ်အလယ် ညောင်ပင်ကြီးရောက်တော့ ခဏနားမယ်လုပ်တုန်း ဘီးလူးတကောင်ပေါ်လာပြီး စားမယ်ဆိုဖမ်းရော။ ခရီးသွား လူဗလံလေးလဲ အသက်ဘေးဆိုတော့ ကြောက်အားလန့်အားနဲ့ ခုခံတာပေါ့။ အကြောင်း ကောင်း ထောက်မလို့ လူ့ဗလံလေးနိုင်သွားတယ်။ ဒီတော့ ဘီလူးက အသက်ကို ချမ်းသာပေးပါ။ လိုရာဆုပေးပါ့မယ်လို့ ကမ်းလှမ်းတယ်။ ဒီတော့ လူဗလံလေးလဲ တသက်လုံး သူတပါးပြက်ရယ်ပြုခံလာရတဲ့ သူ့ရဲ့သေးညှက်ညှက် ခန္ဓာကိုယ်ကို ဗလငါးတန်နဲ့ ပြည်စုံ အောင် ဖန်ဆင်းပေးဖို့ပြောတယ်။ ဒီတော့ ပြည့်စေဆိုပြီး ပြည့်စုံသွားတယ်။ ပြီးတော့ သူ့ရဲ့ ဗလငါးတန်ခန္ဓာကိုယ်နဲ့ လိုက်ဖက်ဖို့ သူ့ဖွားဘက်တော်ကိုလည်း သူစီးလာတဲ့ မြင်းလောက် ရှိပါစေဆိုပြီး တောင်းဆိုပြန်တယ်။ ဒါလည်းပြည့်စေပေါ့။ ဒီလိုနဲ့ ခရီးသွား အိမ်ပြန်ရောက် လာတယ်။ ဇနီးသည်က မမှတ်မိဘူး။ အကျိုးအကြောင်းရှင်းပြမှ သဘောပေါက်သွားတယ်။ မယားလုပ်သူလည်း ဝမ်းသာအားရ ယောက်ျားဖြစ်သူရဲ့ ဗလငါးတန် ခန္ဓာကိုယ်ကြီးကို အားရကျေနပ်စွာနဲ့ ကြည့်ပြီး လက်မောင်း၊ ရင်အုပ်၊ ကြွက်သားတွေကို စမ်းကြည့်တယ်၊ ညှစ်ကြည့်တယ်။ သဘောအကျကြီးကျနေတာပေါ့။ တဖြည်းဖြည်းအောက်ဆင်းစမ်းလာလိုက် တာ ဟိုနေရာလဲရောက်ရော မိန်းမလုပ်သူက အလန့်တကြားနဲ့ အော်လိုက်တယ်။ “ ဟင့် အတူတူပဲဟာကို” တဲ့။ ဒီတော့မှ ပြေးကြည့်တော့ သူစီးခဲ့တဲ့ မြင်းက အမကြီးဖြစ်နေသတဲ့။ ဒါကြောင့် ကိုယ်လုပ်တဲ့ အလုပ်အကြောင်း နဲ့အဲ့ဒီ့ အလုပ်တန်ဘိုးကို သိဖို့ အလွန်ရေးကြီး ပါတယ်။ ကိုယ်စီးတဲ့မြင်း အထီမှန်းးအမမှန်းမသိရင် “အတူတူပဲဟာကို” ဖြစ်သွားမယ်။
ပြင်ပရေဒီယို သတင်းဋ္ဌာနတွေ အသစ်တွေပေါ်၊ အားတွေကောင်းလာချိန်က အရေးတော်ပုံအတွက် တအားတက်ခဲ့သလို ကြုံတဲ့လူတိုင်းကိုလဲ ရေဒီယိုနားထောင်ဖို့နဲ့ ဒါဟာလည်း နိုင်ငံရေးအလုပ်တခုလို သဘောထားဖို့ တိုက်တွန်းနှိုးဆော်ခဲ့မိတယ်။ အခုတော့ ဒီရေဒီယိုတွေ၊ သတင်းဋ္ဌာနတွေကိုလည်း မျက်စိမှိတ် နားမထောင်ဘဲ ငါးစားသလို သတိ တရားနဲ့ အရိုးအသား ခွဲခြားစားကြဖို့ ဝေဘန်နားထောင်ကြဖို့ ပြောင်းပြီး နှိုးဆော်နေရတယ်။ အခုလို မျက်ကန်းနားပိတ် လူထုဘဝကို ကျောခိုင်းလာချိန်မှာတော့ ကျုပ်တို့ မီဒီယာတွေကို ကာတွန်းကံချွန်ရဲ့ မျက်လှည့် ဆရာပုံပြင်ထဲက မြွေဆေးရောင်းသမား အော်သလိုပဲ အော်ရတော့မယ်ထင်တယ်။
ပုံပြင်က။ တခါတုန်းက မြွေလပ္ပာယ်ပြပြီး ဆေးရောင်းတဲ့ သူငယ်ချင်းနှစ်ယောက်ရှိတယ်။ တယောက်က မြွေလပ္ပာယ်ပြတယ်၊ တယောက်က အာဘောင်အာရင်းသန်သန်နဲ့ မြွေဆေး ရောင်းတယ်။ တခါတော့ မြွေလပ္ပာယ်ပြတဲ့သူက ဖျားနာတယ်။ တရက်မကောင်း၊ နှစ်ရက် မကောင်းနဲ့ ရက်ကြလာတော့ စားဝတ်နေရေး မပြေလည်တော့ဘူး။ ဒီတော့ မြွေဆေး ရောင်းသမားက မထူးဘူးဆိုပြီး မြွေပုခြုပ်ထမ်းပြီး ထွက်လာတယ်။ သိသလောက် တတ်သ လောက်နဲ့ မြွေလပ္ပာယ်ပြပြီး ဆေးရောင်းမယ်ပေါ့။ လူစည်းကားရာမှာ ချပြီး အရင်ဆုံး သိထား သလောက်နဲ့ မြွေလပ္ပာယ်ပြတယ်။ အတော်လေးကြာတော့ ဘိန်းကျွေးထားတဲ့မြွေက ဘိန်းငိုက်ပြေပြီး ရှုးရှုှးရှားရှားဖြစ်လာတယ်။ ဆေးရောင်းသမားလည်း ကြောက်ကြောက်နဲ့ ထိန်းဘို့ကြိုးစားတယ်။ မရဘူး။ ဖမ်းလည်းမဖမ်းရဲတော့ဘူး။ ကြည့်နေတဲ့ ပရိတ်သက်ထဲက တယောက်ယောက်ကို ကိုက်လိုက်ရင် ဒုက္ခကြီးတော့မယ်။ ဒီတော့ မြွေဆေးသမားလည်း ကိုယ်ထမင်း ရှာစားနေရတဲ့ မြွေကြီးကို မညှာနိုင်တော့ဘဲ မချိတင်ကဲနဲ့ အော်လိုက်ရတယ်။ “ကျုပ်မြွေကြီးပါဗျာ ကြည့်ကျက်ပြီးသာ ရိုက်သတ်လိုက်ကြပါတော့” တဲ့။
မီဒီယာဆိုတာ ကျွန်နော်တို့အတွက် မရှိမဖြစ်လိုအပ်တဲ့ အစွမ်းထက်လက်နက် တခုပါ။ ကျွန်နော်တို့ အဖိနှိပ်ခံ ဗမာလူထုလွတ်မြောက်ရေးအတွက် အားတခုအဖြစ် ဆက်လက်ရပ်တည်ကြစေချင်ပါတယ်။ မြွေသမားရဲ့ ကျုပ်မြွေကြီးပါ မဖြစ်စေချင်ပါ။ ဒါကြောင့် မီဒီယာသမားတွေအတွက် လက်ဆောင်အောက်က ကဗျာလေးကို ရေးမိပါတယ်။
မိုးကြိုးလက်နက် ရှိန်စော်ထက်
မျောက်လက်ရောက်ရှာ ခွင့်မသာ
ရောင်ဝါမှေးလျှက် အကြေးတက်။
သတင်းထက်မြက် လူထုတွက်
မျက်စိနားနှာ ပုံပမာ
သိက္ခာကွယ်ဝှက် တန်ခိုးပျက်။
ရဲဘော်ကျော်သန်း
Kyaw_than2004@yahoo.com
22.8.2010
2 အဆုံးမသတ်နိုင်တဲ့သွေးပန်းချီ
ဒီသီချင်းကိုvideo-သီချင်းစာသားအလိုအလျောက်ရွေ့ရှားမှုနဲ့အတူ နားထောင်ကြည့်လို့ရအောင်နည်းပညာစမ်းသပ်မှုတခုအနေနဲ့ ကြိုးစားပြုလုပ်ထားပါတယ်။ နားထောင်ကြည့်စေလိုပါတယ်။
1
ပျက်အောင်ဖျက်ကြရမဲ့ ရွေးကောက်ပွဲနဲ့ သတိထားကြရမဲ့ စိတ်ဓါတ်စစ်ဆင်ရေး-
ရေးသူ-မောင်ချင့်ချိန်
“အာရုံဦးမှာဖူးသည့်ကြာ”တဲ့ ၊ အင်တာနက်စာမျက်နှာတွေနဲ့ Group Mail တွေထဲမှာ အပြောများလာပြီး ပါတဲ့သရုပ်ဆောင်တွေကို ဆန္ဒပြရေး မပြရေး ၊ အငြင်းပွား နေကြကထဲက ကျွန်တော်စိတ်ဝင်စားခဲ့တာပါ ။ န၀တ/နအဖ (စစ်အာဏာရှင်) ခေတ် ၂၂ နှစ်သက်တမ်းမှာ“ပါပီမ”ဇတ်လမ်းကစလို့ ခု“အာရုံဦးမှာ ဖူးသည့်ကြာ” ထိ စစ်အုပ်စုရဲ့ဝါဒဖြန့်ချီရေး ၊ ပေါ်လစီကားဆိုတာတွေ မနည်းတော့ပါဘူး ၊ အဆင့်တန်းရှိရှိ ၊ သိက္ခာရှိရှိနဲ့ ဘယ်လိုဖွံ့ဖြိုးတိုးတက်အောင်လုပ်ပေးမယ်ဆိုပြီး ပြည်သူကိုစည်းရုံးတဲ့ဇတ်ကားတွေထက် တဘက်(တော်လှန်သူတွေ)ကို မဟုတ်တမ်းတရားပြောအပုတ်ချရိုက်ကူးထားတဲ့ အောက်တန်းကျတဲ့ဇတ်လမ်းတွေပဲ ဖြစ်ခဲ့ပါတယ် ။
၁၉၇၄အလုပ်သမားအရေးတော်ပုံ ၊ ဦးသန့်ဈာပနနဲ့ ရှစ်လေးလုံးအရေးတော်ပုံကြီးကို ထိခိုက်စော်ကားထားပြီး ၊ သမိုင်းကိုလိမ်ညာထားတဲ့အဲဒီဇတ်ကားမှာ ပါဝင် သရုပ်ဆောင်ထားတဲ့သရုပ်ဆောင်တွေကို ဗီဇာပိတ်ဘို့တောင်းဆိုတာတွေ ၊ နေတိုးနဲ့အဖွဲ့ကို အင်္ဂလန်မှာဆန္ဒပြကြတာတွေ ၊ ဘတ်ဖဲလိုးမြို့မှာ ၀ိုင်းစုခိုင်သိန်း ကို ဆန္ဒပြကြတာတွေနဲ့ ကိုယ့်အချင်းချင်း အငြင်းပွားရတာတွေအတွက် ဒီဇတ်ကားအကြောင်းရေရေရာရာသိချင်ပြီး လေ့လာဖြစ်ခဲ့ပါတယ် ။
ရုပ်ရှင်ကိုမကြည့်ရခင် မဇ္ဈိမသတင်းဌာနနဲ့ တင်သန်းဦး(အဲဒိကားရဲ့ဇတ်ညွှန်းနဲ့ဒါရိုက်တာ)တို့ရဲ့အင်တာဗျူးကို အရင်ဖတ်ဖြစ်ခဲ့ပါတယ် ၊ အဲဒီမှာထဲက တင်သန်းဦး ကိုယ်တိုင်က ဒီဇတ်ကားဟာ နအဖပြန်ကြားရေးဝန်ကြီးဌာနရဲ့ ပြောင်ကျလွန်းတဲ့စိတ်ဓာတ်စစ်ဆင်ရေးဖြစ်နေတယ် ၊ သူကိုယ်တိုင်သဘောမကျတာတွေရှိတယ် ဆိုတာမျိုး ၀န်ခံထားတာတွေတွေ့ရတဲ့အတွက် တင်သန်းဦးလို စိတ်ဓါတ်စစ်ဆင်ရေးဌာနမှာနှစ်၂၀ကျော်လုပ်ခဲ့တဲ့ ဦးစီးအရာရှိပထမတန်း ဒုဗိုလ်မှုးကြီးတယောက် တောင်စိတ်မပါပဲလုပ်ပေးခဲ့ရပါတယ်ဆိုရင် သာမန်အနုပညာရှင်တွေမျှသာဖြစ်တဲ့ ၆၈ယောက်သောလူကြမ်းတွေ၊နိုင်ငံကျော်မင်းသားမင်းသမီးတွေ ၊ မော်ဒယ်တွေ ကရော စိတ်ပါလက်ပါရိုက်ပေးခဲ့ရတာ ဟုတ်ပါဦးမလား ၊ ပြီးတော့ ဘယ်လောက်တောင် သိမ်ဖျင်းယုတ်ညံ့အောက်တန်းကျနေမလဲ စဉ်းစားမိပါတယ် ။
ဒီနေရာမှာ သရုပ်ဆောင်တွေကိုဆန္ဒပြသင့်သလားဆိုတဲ့ အငြင်းပွားဖွယ်ရာအကြောင်းအရာတစ်ခုကို ကြားဖြတ်ပြောချင်ပါတယ် ၊ အနုပညာသည်ဆိုတာလဲ အာဏာရှင်ခိုင်းရာလုပ်ရတဲ့ ဖိနှိပ်ခံတွေပါပဲဆိုပေမဲ့ အကန့်အသတ်တော့ရှိရပါမယ် ၊ အနုပညာသည်ဆိုတာကိုက ပြည်သူလူထုကကျွေးတာစားပြီး ပြည်သူကို အလုပ်အကြွေးပြုဘို့ပါ ၊ ပြည်သူကိုအဆိပ်ဆေးတိုက်ဘို့မဟုတ်ပါဘူး ၊ ဇတ်ကားတစ်ကားရိုက်ဘို့ ထုတ်ဝေသူတွေ ၊ ဒါရိုက်တာတွေကကမ်းလှမ်းလာရင် ဇတ်လမ်းကိုအရင်ဖတ်ပြီးမှာလက်ခံကြရတာပါ ၊ ဇတ်ဝင်ခန်းမှာပြောရမဲ့ ဒိုင်ယာလော့(စကားလုံး)တွေကိုလဲ ကြိုပြီးကျက်မှတ်ထားရတာပါ ၊ ဒီတော့“မသိလို့ပါ”ဆို တာမျိုးဆင်ခြေက ယုတ်တိမတန်သလို ၊ “မလွန်ဆန်နိုင်လို့ပါ”ဆိုရင်လဲ ဘာအတွက်မလွန်ဆန်နိုင်တာလဲ ထပ်မေးရမှာပါ ၊ ပြည်သူကို အသိမှားအယူအဆမှားတွေ ဖြစ်စေတာ အနုပညာကိုသစ္စာဖေါက်တာဖြစ်သလို ပြည်သူကိုစော်ကားတာလဲဖြစ်ပါတယ် ၊ အဲဒီတော့ သူတို့လဲဖိနှိပ်ခံတွေပါပဲလေဆိုပြီးငြိမ်နေလိုက်ရင် ပြည်သူကို ခံစားမှုတွေပေးနိုင်စွမ်းရှိတဲ့ အနုပညာသည်တွေ လမ်းမှားဆက်လျှောက်မိနေနိုင်ပါတယ် ၊ ဘယ်သူမှဘာမှတတ်နိုင်တာမှမဟုတ်ပဲ ၊ အာဏာပိုင်တွေအလိုလိုက် တာ ဘေးကင်းတာပဲဆိုတဲ့သူတွေကိုလဲ၊ဘယ်လိုအခြေအနေမှာမှ ပြည်သူကိုစော်ကားလို့မရဘူးဆိုတာပြရပါမယ်၊ဒီတော့ သရုပ်ဆောင်တွေကိုဆန္ဒပြသင့်ပါတယ်၊ ပြကိုပြကြရပါမယ် ၊ ကန့်ကွက်ရှုတ်ချကြရပါမယ် ၊ တခုတော့ရှိပါတယ် ၊ သရုပ်ဆောင်တွေအနေနဲ့ မလွန်ဆန်နိုင်လို့ပါဝင်မိခဲ့တာပါဆိုတာနဲ့ ၊ တကယ့်ဖြစ်ရပ်မှန် ဇတ်လမ်းမဟုတ်ပဲ အာဏာပိုင်တွေဖန်တီးထားတဲ့ဇတ်လမ်းသာဖြစ်တယ်ဆိုတာ မီဒီယာတွေကနေ ပြည်သူသိအောင်ဝန်ချတောင်းပန်ရင်ခွင့်လွှတ်ပေးရပါမယ် ၊ သဘောထားကြီးရမယ် ၊ မြင့်မြတ်ရမယ် ၊ အမြင်ကျယ်ရမယ်ဆိုပြီး ၀ါရင့်နိုင်ငံရေးသမားကြိးတွေလိုလေသံနဲ့ အနုပညာသည်လောက်ကိုဆန္ဒပြဘို့မလိုဘူးယူဆသူ တွေအနေနဲ့ လွတ်လပ်စွာကွဲလွဲခွင့်ရှိပေမဲ့ ၊ ပြည်သူကိုစော်ကားရင် ၊ ရဟန်းရှင်လူကျောင်းသားပြည်သူအပေါင်းသွေးနဲ့ရေးခဲ့တဲ့ သမိုင်းတွေကိုဖျက်ဆီးရင် ၊ ဘယ်သူ့ကိုဖြစ်ဖြစ်ဆန့်ကျင်ရမှာပဲယူဆတဲ့ စစ်အာဏာရှင်တွေရဲ့ယုတ်မာကောက်ကျစ်မှုတွေကို ခါးခါးသီးသီးနာကျည်းခံပြင်းနေသူတွေရဲ့ သဘောထားကိုတော့ ကန့်လန့်မလုပ်သင့်ပါဘူး ၊ ခုလိုအချိန် ၀န်ချတောင်းပန်ဖြေရှင်းမှုမလုပ်ရသေးတဲ့ အနုပညာသည်တွေကို ဖက်လှဲတကင်းဆက်ဆံခြင်းဟာ လူမိုက်အားပေးလုပ်နေ သလို ၊ ရန်သူ(စစ်အာဏာရှင်တွေ)ရဲ့ ၀ါဒဖြန့်စိတ်ဓါတ်စစ်ဆင်ရေးလုပ်ငန်းတွေကို အထောက်အကူပြုပေးနေသလိုဖြစ်စေမယ်ဆိုတာ သတိထားသင့်ပါတယ်။
ဇတ်ကားအကြောင်းပြန်ဆက်ရရင် မဇ္ဈိမသတင်းဌာနနဲ့ တင်သန်းဦးအင်တာဗျူးမှာတင် စိတ်ဝင်စားစရာအချက်တွေတွေ့ပါတယ် ၊ တင်သန်းဦးကိုယ်တိုင်ရဲ့အပြော တွေထဲက “ဦးတည်ချက်က ဘာကိုဆိုလိုချင်တာလဲ။ ဦးတည်ချက်တချက်ပဲပေး။ ရုပ်ရှင်ကားက ထိုင်ကြည့်ရင် ဦးတည်ချက်က တချက်ပဲပေးရမှာ ၊ ခုဇာတ်လမ်းက ဟိုဘက်ပဲ ဦးတည်ရမလိုလို ဒီဘက်ပဲ ဦးတည်ရမလိုလို ”ဆိုတာမျိုးနဲ့ “စိတ်ဓာတ် စစ်ဆင်ရေးမှာ ၂ မျိုးရှိတယ်။ တမျိုးက လျှို့ဝှက်ပြီးလုပ်တယ်။ ဘယ်သူလုပ်မှန်း မသိဘူးပေါ့နော်။ စာရေးရင်တမျိုး ၊ အသံလွှင့်နေရင်လည်း ဘယ်ကလွှင့်နေမှန်းမသိဘူး ဒါမျိုးတွေက စိတ်ဓာတ်စစ်ဆင်ရေးစနစ်ပေါ့ ။ နောက်တမျိုးက အထင် ကရလုပ်တဲ့ စိတ်ဓာတ်စစ်ဆင်ရေး လူသိရှင်ကြား ဗြောင်ကြီးလုပ်တဲ့စစ်ဆင်ရေး။ ကျနော်သာ စိတ်ဓါတ်စစ်ဆင်ရေးလုပ်ရင် ဒါမျိုးမလုပ်ဘူး။ ခုက နဲနဲလေး ဒဲ့ဒိုး ဆန်တာပေါ့။ စိတ်ဓါတ်စစ်ဆင်ရေးဆိုတာ ဒဲ့ဒိုးမဟုတ်ဘူး။ လုပ်လို့လုပ်လိုက်မှန်း မသိအောင်လုပ်တာ။ စိတ်ဓါတ်စစ်ဆင်ရေးမှာ မူဝါဒတခုရှိပါတယ်။ သီအိုရီ ပါပဲ ။ ပရိသတ်ရဲ့အကြိုက်ကို ဘယ်တော့မှ မဆန့်ကျင်ရတဲ့။ အခု ဒီကားမှာဆိုရင် ပြောင်းပြန်လောက်ဖြစ်တယ်။” ဆိုတာတွေက စိတ်ဝင်စားစရာအချက်တွေပါ။
တင်သန်းဦးလို ကိုယ်တိုင်ပေါ်လစီဇတ်လမ်းတွေရေး ၊ ဒါရိုက်တာလုပ်ဇတ်လမ်းတွေရိုက် ၊ ဖော်လံဖားဆောင်းပါးတွေတောက်လျှောက်ရေးပြီး ၂၀၀၇ခုနှစ်ကမှ ကျန်းမာရေးမကောင်းလို့ စစ်ဦးစီးပထမတန်း ဒုဗိုလ်မှုးကြီးရာထူးကနေ (ခံစားခွင့်တွေအများကြီးရပြီးမှ)အနားယူလိုက်တဲ့သူက ဒီဇတ်လမ်းကျမှ စိတ်မပါပဲလုပ်ပေး ခဲ့ရတာလို့ ဘာလို့ပြောတာလဲ ၊ ဒီဇတ်ကားအတွက် သမိုင်းဆိုင်ရာအချက်အလက်တွေစီစစ်တဲ့ ချစ်နိုင်စိတ်ပညာက ဗိုလ်မှုးဟောင်း ၊ တက္ကသိုလ်မြတ်သူဆိုတာက (စစ်ဗိုလ်မှန်းဘာမှန်းသာမသိတာ) သတင်းစာတွေမှာ စစ်အုပ်စုအလိုကျဝါဒဖြန့်ချီရေး ပင်တိုင်ဆောင်းပါးရှင် ၊ တင်သန်းဦးနဲ့ကပုလင်းတူဗူးဆို့ ပြန်ကြားရေးဝန်ကြီး ဌာနရဲ့အရေးပါအရာရောက်သူတွေ ၊ ပရိသတ်ရဲ့အကြိုက်ကိုဆန့်ကျင်တယ်ဆိုတာလဲသိသိနဲ့ဆိုတော့ ဦးတည်ချက်ကဘာလဲ ၊ ဟိုဦးတည်ရမလို ဒီဦးတည်ရမလို ဖြစ်နေတယ်လဲ ပြောသေးတယ် ၊ စိတ်ဓါတ်စစ်ဆင်ရေးကျတော့ ဒဲ့ဒိုးဆန်တယ်လဲပြောသေးတယ် ၊ တင်သန်းဦးအဖြေတွေမှာတင် မရိုးသားမှုတွေလဲရှိနေပါတယ်။
ဇတ်လမ်းကပထမပိုင်း ၊ ဒုတိယပိုင်း ၊ ဇတ်သိမ်းပိုင်းဆိုပြီး တပိုင်းမှာနှစ်ချပ်နဲ့စီဒီခြောက်ချပ် ။ န၀ရတ်ရွှေစင်ရုပ်ရှင်ဗီဒီယိုထုတ်လုပ်ရေးကနေ ဖြန့်ချီတာပါ ၊ လက် တွေ့ဘ၀နဲ့ကင်းကွာနေတဲ့ ဘာဦးတည်ချက်ဘယ်နှစ်ရပ်ဆိုတာတွေနဲ့ ကြေငြာတွေအပြီး ပထမဆုံးစာတမ်းထိုးတဲ့ကျေးဇူးတင်လွှာထဲက ၀ိုင်းဝန်းပါဝင်ထားရသူ တွေဖြစ်တဲ့ တိုင်မှုးတွေ ၊ ၀န်ကြီးဌာနတွေ ၊ စစ်ဌာနချုပ်တွေ ၊ တိုင်းတယကတွေ ၊ စစ်တပ်တွေ ကိုကြည့်ရင် ဘယ်လောက်ထိ ၀ါဒဖြန့်ချီရေးရည်မှန်းချက် ကြီးကြီး ထားတဲ့ဇတ်ကားလဲ သိနိုင်ပါတယ် ၊ သမိုင်းကြောင်းနောက်ခံဖြစ်ရပ်မှန်ဇတ်လမ်းဆိုပြီး ပါဝင်တဲ့ မင်းသားမင်းသမီး ၊ မော်ဒယ် ၊ ဇတ်ရံ ၊ လူကြမ်းတွေ ကြေငြာပြီး ပထမဆုံးဇတ်ဝင်ခန်းမှာတင် ဒီဇတ်ကားရဲ့ ပြောင်ကျတာရော ၊ မသိမသာရော ၊ အောက်တန်းကျတာရော စိတ်ဓါတ်စစ်ဆင်ရေးဆိုတာတွေ စတွေ့တာပါပဲ ။
မဲပေးကြရတော့မယ်ဆိုတာပါတယ် ၊ ဆူဆူပူပူတွေမလုပ်ပြီးရောဆိုပြီး ၁၉၉၀ရွေးကောက်ပွဲမှာNLDကိုမဲပေးခဲ့ကြတယ်ဆိုတာပါတယ် ၊ ၁၉၇၄ မှာတပါတီစနစ်ကို ရာနှုန်းပြည့်ထောက်ခံ အခြေခံဥပဒေအတည်ပြုခဲ့ပြီး ကိုယ်အာဏာမရသူတွေထလုပ်တဲ့ အလုပ်သမားအရေးအခင်းဖြစ်ခဲ့တယ်ပါတယ် ၊ အရေးအခင်းဖြစ်ရင် ကျောင်းသားတွေနစ်နာတယ် ၊ ကျောင်းတွေအကြာကြီးပိတ်တယ် ဆိုတာပါတယ် ၊ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုးသက်တမ်းသုံးကြိမ်ဖြစ်ဘူးတဲ့ဦးသန့်က အမေရိကားမှာ ပါမောက္ခလား ကထိကလားလုပ်နေပြီး အစိုးရက နိုင်ငံခြားရေးဝန်ကြီးပေးပါမယ်ခေါ်တာတောင်ပြန်မလာတဲ့သူ ၊ ဟိုမှာသင်္ကြိုလ်လိုက်လဲ ရရဲ့သားနဲ့ အစိုးရက ကြံတောမှာဂူလုပ်ပေးရအောင်ပြန်သယ်လာတာ ၊ လုပြီးတက္ကသိုလ်ထဲမှာလာလုပ်တာလေ ၊ ကျောင်းသားက၂၀၀လောက်ထဲ အရပ်သားက ၆၀၀၀လောက်နဲ့ ၊ ဗကပယူဂျီတွေနဲ့ပြည်ပြေးတွေရဲ့လက်ချက်ပါ ၊ အဲဒီမှာလဲ ကျောင်း ၆ လပိတ်တာပဲလေ ဆိုတာမျိုးလဲပါတယ်၊နေပြည်တော်ဆိုတဲ့နေရာက လူတွေအပျော်အပါးသွားလာလို့ရတဲ့နေရာတွေပါတယ် ၊ အဲဒီကနေ လွတ်လပ်ရေးရပြီးခေတ်၁၉၄၉ကိုရောက်သွားလိုက်တာ နေ၀င်းအာဏာသိမ်းတဲ့၁၉၆၂ထိ အလယ်သားစီဒီိလေးချပ်စာလုံးကို ဘုရားမရှိတရားမရှိ ၆၄ ဖြုတ်ထုတ်သတ်လမ်းစဉ်နဲ့ ဖအေကိုသားကပြန်သတ် အချင်းချင်းတွေသတ်လုပ်တဲ့ဗကပ ၊ ရထားလမ်း မိုင်းထောင် ၊ ရွာတွေဝင်ဆက်ကြေးကောက်လူသစ်စုမိန်းကလေးတွေဆွဲလုပ်တဲ့ KNU ၊ပျူစောထီးလိုခါးပိုက်ဆောင်တပ်တွေမွေးပြီး ကိုယ်အာဏာရဘို့ သူငယ်ချင်း အချင်းချင်းတောင်ပြန်သတ်ခိုင်းနေတဲ့ တည်မြဲနဲ့သန့်ရှင်းဖဆပလ ၊ နိုင်ငံရေးဆိုတာ အာဏာမက်မောသူတွေလုပ်တာ ၊ ရွေးကောက်ပွဲဥပဒေဆိုတာဒါပဲဆိုပြိးသေ နတ်ပြ ၊ တပ်မတော်ကတော့အမြဲတမ်းကယ်တင်ရှင်ဆိုတာတွေပြသွားပြီး နောက်ဆုံးချပ်မှာ ကျောင်းသားတွေအသတ်မခံရပဲအသတ်ခံရတယ် ၊ ကျောင်းသူတွေ မုဒိန်းအကျင့်မခံရပဲခံရတယ်လိမ်ညာမြှောက်ပေးရာက ရှစ်လေးလုံးဖြစ်လာပြီးခေါင်းတွေဖြတ် အလံကိုင်နှဘူးစီးနဲ့လူတွေကနေ့ခင်းကြောင်တောင်လမ်းပေါ်ဓါးပြ တိုက်လုပ်တာတွေပါတယ် ၊ ရှစ်လေးလုံမှာဦးဆောင်တာက ပျူစောထီးခေတ်ဖဆပလခေတ်မှာအာဏာလုခဲ့ကြသူတွေရဲ့သားသမိးတွေဆိုတာလဲ ပါသေးတယ်၊ တောခိုကျောင်းသားတွေက မြို့ပေါ်ဖေါက်ခွဲရေးလုပ်ရအောင်ပြန်လာပြီး ကိုယ့်လက်ထဲတင်ပေါက်ကွဲတာပါတယ် ။
ကဲ..ဘယ်မှာလဲအမှန်တရား..အာဏာလက်ဝယ်ရှိသူက သမိုင်းရေးစတမ်းလို့ ဇတ်အိမ်မခိုင်မာတဲ့ဆီသည်မလက်သုတ်ဆိုပေမဲ့ ဒီတစ်ခါတော့သမိုင်းတွေလိမ်ယုံ မဟုတ်တာတော့သေချာတယ် ၊ ဦးတည်ချက်တွေက နိုင်ငံရေးဆိုတာ အနိဌာရုံတွေ ၊ စိတ်ဝင်စားအပ်တာမဟုတ် ဆိုတာမျိုး နိုင်ငံရေးကို လူတွေစိတ်မ၀င်စားစေ ချင်တဲ့သဘောပါတယ် ၊ ရွေးကောက်ပွဲလုပ်တယ်ဆိုတာ အချင်းချင်းနေရာလု ပြန်သတ် စစ်ပွဲတွေဖြစ်လာနိုင်တယ်လို့ ရွေးကောက်ပွဲအပေါ်စိတ်မ၀င်စားကြစေချင် တဲ့သဘောတွေပါတယ် ၊ ရွေးကောက်ပွဲဥပဒေဆိုတာဒါပဲလို့ သေနတ်ပြခြိမ်းခြောက်တဲ့သဘောတွေပါတယ် ၊ ပြည်သူတွေကို ရွေးကောက်ပွဲလဲစိတ်မ၀င်စားကြနဲ့ ၊ နိုင်ငံရေးလဲမပတ်သက်နဲ့ဆိုတာမျိုး ပြောင်ရော မသိမသာရော စိတ်ဓါတ်စစ်ဆင်ရေးလုပ်တာပါပဲ ။
ဒီနေရာမှာအငြင်းပွားနိုင်ပါတယ် ၊ “ဟ စစ်အုပ်စုက ရွေးကောက်ပွဲ ရွေးကောက်ပွဲနဲ့ လူတွေကြားထဲ အတင်းဝါဒဖြန့်နေတာ ၊ လူတွေကိုရွေးကောက်ပွဲကိုစိတ်မ၀င် စားအောင်လုပ်တယ်ဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ ”ငြင်းနိုင်ပါတယ် ၊ သတိပြုကြရမှာက စစ်အုပ်စုဟာ ပြည်သူလူထုရဲ့ဆန္ဒအတွက် ရွေးကောက်ပွဲလုပ်တာမဟုတ် ဘူးဆိုတာပါ ၊ စစ်တပ်အုပ်ချုပ်မှုကနေ အရပ်သားအစိုးရတစ်ရပ်ပြောင်းပါပြီဆိုပြီး ကမ္ဘာကိုလိမ်ဘို့ ၊ အပစ်ရပ်ထားတဲ့ငြိမ်းချမ်းရေးအဖွဲ့တွေကိုဆက်ထိမ်းနိုင်အောင် လို့ ၊ သူတို့စိတ်တိုင်းကျ အခွံချွတ် ဒါမှမဟုတ် စစ်တပ်သြဇာခံ ကြံ့ဖွတ်၇၅%နဲ့စစ်ယူနီဖေါင်းဝတ်၂၅%လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်လာဘို့ ပြည်သူတွေ ရွေးကောက်ပွဲကိုစိတ်မ၀င်စားလေ ပိုကောင်းလေပါ ၊ ဒါ့ကြောင့်တဘက်ကရွေးကောက်ပွဲဆိုပြီးဟန်ပြနေသလောက် တကယ်တမ်းမှာ ပြည်သူတွေရွေးကောက်ပွဲ ကိုစိတ်မ၀င်စားကြအောင် စိတ်ဓါတ်စစ်ဆင်ရေးတွေလုပ်နေတယ်ဆိုတာ သတိထားကြသင့်ပါတယ် ။
ဒီနေ့ပြည်သူတွေကြားမှာ စစ်အုပ်စုလိုချင်တဲ့ပုံစံအတိုင်း ရွေးကောက်ပွဲကို စိတ်မ၀င်စားကြပါဘူး ၊ စစ်အုပ်စုကလဲ လူတွေစိတ်ဝင်စားစားမစားစား ၊ မဲလာပေးပေး မပေးပေး ၊ သူ့ဘာသာရွေးကောက်ပွဲလုပ်ပြီး သူ့စိတ်တိုင်းကျဖွဲ့မဲ့ အစိုးရတစ်ရပ်ကြေငြာမှာပါ ၊ ရွေးကောက်ပွဲလုပ်ဖြစ်ပြိဆိုတာနဲ့ လက်ရှိအာဏာပိုင်တွေအားလုံး ပြောင်ပြောင်တင်းတင်း ကျောထောက်နောက်ခံပြုပေးနေတဲ့ လက်ရှိယူနိဖေါင်းဝတ်ရော ယူနီဖေါင်းချွတ်ရောဦးစီးတဲ့ ကြံ့ဖွတ်အဖွဲ့ကအလိုလိုအနိုင်ရသွားမှာပါ ၊ ရွေးကောက်ပွဲကိုသပိတ်မှောက်ကြဆိုယုံတင်ကတော့ စစ်အုပ်စုအကြိုက်ပဲဖြစ်ပါလိမ့်မယ် ၊ စစ်အုပ်စုဖန်တိးထားတဲ့ စိတ်ဓါတ်စစ်ဆင်ရေးအဆင့်အတိုင်းပဲဖြစ်သွား မှာပါ၊ကျွန်တော်ဆိုလိုတာက လက်ရှိအခြေအနေမှာ ရွေးကောက်ပွဲကိုသပိတ်မှောက်တယ်ဆိုယုံနဲ့ စစ်အုပ်စုလုပ်ရပ်တွေကိုတားနိုင်မှာမဟုတ်ဘူး ၊ ရွေးကောက်ပွဲ ကို ပျက်အောင်ကိုဖျက်မှ စစ်အုပ်စုခြေလှမ်းကိုချိုးနိုင်မှာပါ ၊ ဒါဟာ စစ်အာဏာရှင်လက်အောက်မှာ နောင်ဘယ်လောက်ကြာဦးမလဲဆိုတဲ့အဖြေလဲ ဖြစ်ပါတယ် ၊ ပြည်သူတွေကို ရွေးကောက်ပွဲကိုစိတ်ဝင်စားအောင်ကိုလုပ်ရပါမယ် ၊ ဒါဟာ မဲသွားပေးဘို့မဟုတ်ပါဘူး ၊ ပျက်အောင်ဖျက်ဘို့စိတ်ဝင်စားစေရမှာပါ ၊ ဒီရွေးကောက် ပွဲဖြစ်သွားရင် ၊ ပြီးသွားရင်ဆိုတဲ့အခြေအနေတွေကို ပြည်သူတွေသေချာသိစေပြီး ပျက်အောင်ဖျက်မှရမယ်ဆိုတဲ့စိတ်ဝင်စားမှုကို ဖြစ်စေသင့်ပါတယ် ၊ စစ်အုပ်စု ကြေငြာထားတဲ့ နိုဝင်ဘာ(၇)ရက်မတိုင်မှီမှာ လူထုအုံကြွမှုတွေ ၊ ရရာလက်နက်နဲ့ အခြေအနေပေးသလိုပြန်ခံချတာတွေလုပ်ပြီး စစ်အုပ်စုရဲ့ရွေးကောက်ပွဲကို ပျက်အောင်ကိုဖျက်ကြရအောင်ပါ ။
တော်လှန်ရေးသစ္စာခိုင်မာမှုဖြင့်
မောင်ချင့်ချိန်။