ပေးပို့သူ။ ။ ရွှေကျောင်းသား
အရှင်ဂမ္ဘီရ မှတ်တမ်းဓါတ်ပုံ (BP).
Tuesday, August 31, 2010
0 အကျဉ်းကျ ရွှေဝါရောင်ဆရာတော် အရှင်ဂမ္ဘီရ ထောင်ဝင်စာ အတွတ် မိသားစုသို့ အလှူငွေသွားရောက်ပေးပို့ ထားတဲ့မှတ်တမ်း
0 ငြိမ်းချမ်းမှုအတွက် ပျံသန်းခြင်း
“ငါနေထိုင်ရာဘ၀မှာ ကံကြမ္မာရဲ့ ပြောင်းလဲခြင်းနောက် xxx လိုက်ပါလွင့်မျှောရင်း ငါကိုယ်တိုင် ဖန်တီးဘ၀ xxx အရာထင်ခြင်းများလဲမရှိတော့ ငါကျရှုံးနေ … အတိတ်တွေခြောက်လှန့်နေ ညတွေ ရူးသွပ်နေဆဲလား xxx မနေ့က အတိုင်းပဲလား စိုးရွံ့ခြင်းများစွာနောက်နေ့ ”
အထက်ပါ သီချင်းစာသားကတော့ လူငယ် တေးရေး/တေးဆို- Japan ၏ နာရေးကူညီမှု အသင်း(ရန်ကုန်) အတွက် ကိုယ်တိုင်ရေးသား၍ သီဆိုပေးထားသော “နိဗ္ဗာန်” အမည်ရှိ Hip Hop တေးသီချင်းတစ်ပုဒ်မှ စာသားတချို့ ဖြစ်သည်။
“မင်းရဲ့ရှေ့မှာ သန်းပေါင်းများစွာ သွားလိုက်ကြ ဒီလမ်းမှာ xxx မင်းလည်းတစ်နေ့မှာ သန်းပေါင်းများစွာ ထဲကတစ်ယောက် ဖြစ်ဦးမှာ”
အထက်ပါ သီချင်းသည်လည်း လူငယ်များဖြစ်ကြသော တေးရေး - ဖိုးလ၊ တေးဆို - Alta တို့မှ နာရေးကူညီမှုအသင်း(ရန်ကုန်)အတွက် ရေးသား သီဆိုပေးထားသော “ခေါင်းလောင်းသံ” အမည်ရှိ တေးသီချင်းတစ်ပုဒ်မှ စာသားတချို့ ဖြစ်သည်။
နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ပေးဆပ်မှုများကို အများပြည်သူတို့မှ လက်ခံယုံကြည်ကြ သလို အနုပညာလောကအတွင်းမှ စာပေ၊ ပန်းချီ၊ ဂီတ အဖွဲ့ဝင်များကပါ တစ်ထောင့်တစ်နေရာမှ ပါဝင် လှုပ်ရှားမှုများ ပြုလုပ်နေကြပြီ ဖြစ်ပါသည်။ အထူးအားဖြင့် ဂီတလောကမှ ဂီတပညာရှင်ကြီးများ ဖြစ်ကြသော ကိုစိုးပိုင်၊ မေခလာ၊ ကိုနေ၀င်း၊ ကိုရဲလွင်၊ ဆောင်းဦးလှိုင်၊ စိုးသိင်္ခ တို့သည် ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်) နှင့် အတူလက်တွဲ၍ အများပြည်သူအတွက် လူမှုရေးလုပ်ငန်းများကို အထောက်အကူပြု တေးဂီတ သီချင်းများကို မေတ္တာစေတနာဖြင့် ပါဝင်လှုပ်ရှား ဒါနပြု ပေးဆပ်ကြ သလို လူငယ် ဂီတပညာရှင်များမှလည်း စိတ်ဝင်တစား တတပ်တအားဖြင့် အတူလက်တွဲ၍ ကျွန်တော် တို့ ရည်မှန်းထားသော ငြိမ်းချမ်းရေး ပန်းတိုင်သို့ အတူပျံသန်းကြသည်မှာ ကမ္ဘာမြေကြီးအတွက် လူမျိုးအတွက် တိုင်းပြည်အတွက် အဖိုးမဖြတ်နိုင်သော အဖြူထည် ပေးဆပ်မှုပင် ဖြစ်တော့သည်။
ဂီတပညာရှင်တို့သည် လူလူချင်း စာနာစိတ်၊ မေတ္တာစိတ်၊ ဂရုဏစိတ်၊ မုဒိတာစိတ်များ ရှိကြသော ငြိမ်းချမ်းရေးသမားများ ဖြစ်ကြသည်။ ထိုငြိမ်းချမ်းရေး ဂီတပညာရှင်များနှင့် ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)သည် အများပြည်သူတို့အတွက် ပေးဆပ်ရန် အတူလက်တွဲ ပျံသန်းနေကြပြီ ဖြစ်သည်။
ကိုကျော်သူ
0 တရုတ်နိုင်ငံက စစ်သင်္ဘော ၂ စင်း ရန်ကုန်ဆိပ်ကမ်းသို့ဆိုက်ရောက်
ဓာတ်ပုံ။ ။ ဆင်ဟွာ
မြန်မာနဲ့ အိမ်နီးချင်း တရုတ်နိုင်ငံတို့ကြား ဆက်ဆံရေးတွေ တိုးမြှင့်တဲ့ အနေနဲ့ တရုတ်နိုင်ငံက စစ်သင်္ဘော ၂ စင်း ရန်ကုန်ဆိပ်ကမ်းကို ဆိုက်ရောက်လာပါတယ်။
တရုတ်စစ်တပ် အမှတ် ၅ စောင့်ရှောက်ရေးတပ်က ဖျက်သင်္ဘောတွေ ဖြစ်ကြတဲ့ ဂွမ်ဂျိုး (Guanhzhou) နဲ့ ချောင်ဟူ (Caohu) တို့ မနေ့မွန်းလွဲပိုင်းကပဲ ရန်ကုန် သီလ၀ါဆိပ်ကမ်းကို ရောက်ရှိလာတဲ့အကြောင်း တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းက ဖော်ပြခဲ့တာပါ။
၁၉၈၈ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အခုလို ရောက်လာတဲ့ ၅ ရက်ကြာ ခရီးစဉ်ဟာ ၂ နိုင်ငံကြား စစ်တပ်နဲ့ ရေတပ်တို့အကြား ချစ်ကြည်ရင်းနှီးမှုတွေကို တိုးမြှင့်ဖို့ ရည်ရွယ်ထားတယ်လို့လည်း ဆိုပါတယ်။
တရုတ်စစ်သင်္ဘောတွေ ဆိုက်ရောက်လာတာကိုတော့ မိုးထဲရေထဲမှာပဲ မြန်မာရေတပ် ဆိပ်ကမ်းတာဝန်ရှိသူ ဗိုလ်မှူး ဟန်စိန်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Ye Dabo အပါအ၀င် တာဝန်ရှိသူတွေနဲ့အတူ တရုတ်၊ မြန်မာ ဒေသခံ ၂၀၀ လောက် တက်ရောက် ကြိုဆိုခဲ့ကြကြောင်း သတင်းက ဖော်ပြခဲ့တာပါ။
မြန်မာနိုင်ငံရဲ့ အဓိက စီးပွားကုန်သွယ်ဘက် နိုင်ငံတခုဖြစ်တဲ့ တရုတ်နိုင်ငံဟာ လူ့အခွင့်အရေးနဲ့ နိုင်ငံရေး တိုးတက်မှုတွေ မရှိလို့ နိုင်ငံတကာက ဝေဖန်ခံနေရတဲ့ စစ်အစိုးရကို ကျောထောက်နောက်ခံ ပေးနေတဲ့ နိုင်ငံတခုအဖြစ်နဲ့လည်း အများက ရှုမြင်ထားကြတာပါ။
၂ နိုင်ငံကြား ဆက်ဆံရေးတွေ တိုးမြှင့်နေတဲ့ အထဲက အခုလို စစ်ဘက်ဆိုင်ရာ ဆက်ဆံမှုတွေသာမက နိုင်ငံရေးအရ ဆက်ဆံမှုအဖြစ် တရုတ်ဝန်ကြီးချုပ် ၀မ်ကျားဘောင် (Wen Jiabao) ဇွန်လထဲတုန်းက မြန်မာနိုင်ငံကို သွားရောက်ခဲ့တာလည်း ဖြစ်ပါတယ်။ ရန်ကုန် သီလ၀ါဆိပ်ကမ်းကို မလာခင် တရုတ်စစ်သင်္ဘောတွေဟာ အီဂျစ်၊ အီတလီနဲ့ ဂရိနိုင်ငံတွေကို သွားရောက်ခဲ့ကြောင်းလည်း ဆင်ဟွာသတင်းက ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
(voa)
0 တိုင်းပြည်ကို တကယ်ချစ်ကြရဲ့လား
ဒီနေ့ကျွန်တော် တို့မြန်မာနိုင်ငံသား တွေ ငါတို့ တိုင်းပြည်ကို တကယ်ချစ်ရဲ့လား ဆိုတဲ့ အရိုးရှင်းဆုံး မေးခွန်းလေးကို ကို ကိုယ်ဟာကိုယ်ဘဲ ပြန်မေးစေချင်ပါတယ် ။ ပြည်သူလူထုသာ တိုင်းပြည်ကို တကယ်ချစ်တယ်ဆိုရင် ဒီနေ့ချိန်ခါဟာ မြန်မာနိုင်ငံ ရဲ့ နိုင်ငံရေး အပြောင်းအလဲ တစ်ခု ဖြစ်နိုင်တဲ့ အနေအထားပါ ။ အာဏာရှင် စနစ်ဆိုးရဲ့ ယုတ်မာပက်စက်တဲ့ အကြံဆိုးနဲ့ တိုင်းပြည်ကို အမျိုးမျိး ဖျက်စီးနေကြတယ် ဆိုတာ အားလုံးလည်း သိနေကြတာပါဘဲ ။ ပြည်သူလူထု တရပ်လုံးက မကြေနပ်ဘူးဆိုတာ လည်း သိပြီးသားပါ ။
အချို့လူတွေကြတော့လည်း နှစ်ပေါင်းများစွာ ကိုယ်ကြိုးစွှန့် အနစ်နာခံခဲ့သူတွေကို ပြစ်တင်ပြောဆို လာကြတယ် ။ ဒါဟာ မတရားဘူး လို့ကျွန်တော်ယူဆတယ် ၊ သူတို့တွေ လမ်းပြခဲ့ကြတယ် ၊ ရှေ့ဆုံးက ဦးဆောင် ချီတက်ခဲ့ကြတယ် ။ ကျေးဇူးတရားကို မမေ့ကြပါနဲ့ ။ နိုင်ရာတာဝန်တောင် မထမ်းချင်ကြတဲ့ ပြည်သူလူထု အနေနဲ့လည်း တာဝန်ရှိတယ်လို့ ကျွန်တော် ယူဆပါတယ်။ ဒါပေမယ့် အာဏာရှင်စနစ်ရဲ့ မကောင်းကြောင်းကို ပါးစပ်ဖျားက ညီးညူ ၊ အချင်းချင်းဆုံရင် ရင်ဖွင့်ပြ နေကြရုံနဲ့တော့ ဘယ်တော့မှ ဒီစနစ်ဆိုးရဲ့ အောက်က လွတ်မြောက်လာမှာ မဟုတ်ပါဘူးဆိုတာ မြဲမြဲ မှတ်ထားပါ ။တိုင်းပြည်ကို တကယ်ချစ်ကြတယ်ဆိုရင် ကိုယ်တိုင် လက်တွေ့လုပ်ဆောင်ကြရမည့် တာဝန်တွေ အများကြီး ရှိပါတယ် ။ တိုင်းပြည်ကို တကယ်ချစ်တယ် ၊ တိုင်းပြည်အတွက် နိုင်ရာ တာဝန် ထမ်းချင်ကြတယ် ဆိုတဲ့လူတွေ များလာရင် အာဏာရှင်စနစ်ဆိုးအောက်ကနေ မကြာခင်ရုန်းထွက်နိုင်တယ်ဆိုတာ ပြည်သူလူထု အနေနဲ့ စွဲမြဲစွာ ယုံကြည်စေချင်တယ် ။
အဲဒီတော့ ဘယ်လိုတာဝန်တွေ ယူကြရမလဲဆိုတာ ပြည်သူလူထု အနေနဲ့ မေးစရာ ရှိလာတယ် ။
အဲ့ဒီမေးခွန်းကို ဖြေရမယ်ဆိုရင် ငါတို့ဘယ်လို တာဝန်မျိုးထိ ယူနိုင်ကြလဲ ။ ငါတို့ ဘယ်လို တာဝန်မျိုးနဲ့ သင့်တော်လည်း သေချာ စဉ်းစားကြည့်စေချင်တယ် ။ အချို့ အာဏာရှင်တွေကို ဆန့်ကျင်တဲ့ နေရာမှာ အရမ်းစိတ်အား ထက်သန်ကြတယ် ။ အဲဒီလို လူမျိုးတွေက လမ်းပေါ်ကို ချီတက်ဆန္ဒပြကြဖို့တောင် ၀န်မလေးပါဘူး ။ အမှန်တရား အတွက် တိုက်ပွဲဝင်ဖို့ အတွက် အမြဲအသင့်ရှိနေတဲ့သူတွေ ။ သူတို့ကိုတော့ ပြည်တွင်း တက်ကြွ အင်အားစု လို့ သတ်မှတ်ထားကြရမှာပါ ။ပြည်တွင်းတက်ကြွ အင်အားစုလို ကိုယ်တိုင်စိတ်အား ထက်သန်ပေမယ့် မြန်မာပြည်တွင်းမှာ မဟုတ်တဲ့ အတွက် ပြည်သူလူထုအနဲ့ အတူ ဆန္ဒပြခွင့် မရကြပေမယ့် အခါအခွင့်သင့်တိုင်း နိုင်ငံတကာမှာ လက်ရှိအာဏာ ရှင်စနစ်ဆိုးရဲ့ ဆိုးရွားယုတ်မာမှုကို ထုတ်ဖော် ဆန္ဒပြကြသလို့ တဖက်ကလည်း ပြည်တွင်းအင်အားစု လိုအပ်ချက်တွေကို ကူညီထောက်ပံ့နေတဲ့သူတွေကို ပြည်ပ တက်ကြွ အင်အားစု အဖြစ် သတ်မှတ်ထားကြရမှာပါ ။
အချို့ကကြတော့ စိတ်အားထက်သန်ကြပါတယ် ။ ဒါပေမယ့် ငဲ့ကွက် စရာ အကြောင်းတွေ ရှိတာကြောင့် တက်ကြွအင်အားစုလို ရှေ့တန်းက မလုပ်ပြကြပေမယ့် ကူညီထောက်ပံ့ပေးဖို့ ၀န် မလေး ကြသူတွေ ။ အချို့ကတော့ ကိုယ်တိုင်လည်း လမ်းပေါ်ထွက် ဆန္ဒပြရဲလောက်အောင် အားမသန် ၊ ကူညီထောက်ပံ့ပေးဖို့ကလည်း မတတ်နိုင် တဲ့လူတွေက သတင်းဖြန့်ဖြူးပေး နိုင်ပါတယ် ။အထက်ဖော်ပြပါ လူအုပ်စု သုံးခုကို များများချီးကြူး ပြောဆိုပေးလို့ရသလို အာဏာရှင်စနစ်ရဲ့ ဆိုးရွားယုတ်မာပုံတွေကို အခါအခွင့်သင့်တိုင်း ပြည်သူလူထု ပိုမိုသိရှိနားလည် လာအောင် ပြောဆိုပေးလို့ရပါတယ် ။ အဲဒီ အုပ်စုလေးခု ထဲမှာ ကိုယ်က ဘယ်လို အုပ်စုမျိုးထဲကလူလဲ အရင် ပြန်စမ်းစစ်ကြည့်သင့်ပါတယ် ။ အဲဒီအုပ်စု လေးခုထဲ က တာဝန်မျိုးတွေကို တစ်ခုမှ မယူနိုင်ဘူးဆိုရင်တော့ ငါဟာ အခုချိန် တိုင်းပြည်ကို တကယ်ချစ်တဲ့သူ မဟုတ်ဘူးလို့သာ မှတ်ချက်ချပြီး ကိုယ့်ဟာကို ပြင်နိုင်အောင် အမြန်ဆုံး ကြိုးစားကြပါ လို့ ပထမဦးစွာ တိုက်တွန်းပြောကြားလိုပါတယ်။
တိုင်းပြည်ကို တိုးတက်ထွန်းကားစေချင်သူတွေ ရှိသလို အာဏာရှင်ဝါဒ ဆက်လက်တည်မြဲအောင် ထောက်ပံ့ပေးမယ့်သူတွေလည်း အများကြီးရှိတာပါဘဲ။ ဘယ်လိုလူမျိုးတွေလည်း ဆိုတော့ ........ လက်ရှိမှာ ရာထူးကောင်းကောင်း ရပြီး ဒီစနစ်ကြီးကို ခိုင်မြဲအောင် ကြိုးစားနေကြနေကြတဲ့ အာဏာရှင်လူတစ်စု လက်ရှိအာဏာရှင် တွေနဲ့ပူးပေါင်းကြံစည် ပြီး ကြီးပွားချမ်းသာနေကြတဲ့ လူတွေ နဲ့ ကြီးပွားချမ်းသာ ဖို့ ခွင်ဖန်နေကြတဲ့လူတွေ ပြည်ပမှာ ဒီမိုကရေစီ ကို အကြောင်းပြ ပြည်တွင်းလုပ်ရှားမှုကို ထောက်ပံ့ပေးနေတဲ့ နိုင်ငံတကာက ထောက်ပံ့ပေးနေတဲ့ ရန်ပုံငွေ မှန်သမျှကို သူတို့ကိုယ်ကြိုးအတွက် အသုံးချနေကြတဲ့သူတွေ ။
အာဏာရှင်တွေ ပေးကမ်းထောက်ပံ့ကြေး ယူ ၊ ၀မ်းစာအတွက် အခက်အခဲကို အလွယ်တကူ ဖြေရှင်းလို့ ရသမျှ အာဏာရှင်တွေ ကြိုးဆွဲရာ ကကြမယ့် ကြံဖွတ်တို့ စွမ်းအားရှင်တို့လို လူတစ်စု ။ သူတို့တတွေက လည်း အာဏာရှင်စနစ်ဆိုး တည်မြဲစေရေး အတွက် အစွမ်းကုန် ကြိုးစားကြ ပါလိမ့်မယ်။
အဲဒီ အုပ်စု နှစ်ခု ကြားထဲမှာ ကြားနေ၀ါဒလို့ ကိုယ့်ဟာကို ကြွေးကြော်ပြီး ကိုယ်တိုင်ဒုက္ခ မခံစားရသေးသရွှေ့ နေသာသလို နေမယ်ဆိုတဲ့ ပြည်သူလူထုက လည်း ရှိပါသေးတယ် ။ သူတို့တွေလက်သုံးစကားကတော့ ကိုယ်လုပ်မှ ကိုယ်စားရမှာ ၊ နိုင်ငံရေး ကိုဝေးဝေးရှောင်တာ အန္တရယ်ကင်းတယ်ဆိုတဲ့ အတွေးခေါ်ကို သိမ်းပိုက်ထားကြပါတယ် ။ အာဏာရှင်စနစ်ဆိုးကို မဆန့်ကျင်ဘဲ နေတာဟာ သွယ်ဝိုက်သော အားဖြင့် ထောက်ခံအားပေးနေတယ်ဆိုတာ ကို သူတို့တွေ မသိရှိကြပါဘူး ။ အစိုးရ၀န်ထမ်း တွေနဲ့ တပ်မတော်သားတွေ ဆိုတာက အာဏာရှင်ယန္တရားကို လှည့်ပတ်မောင်းနှင်ပေးနေကြတဲ့သူတွေပါ ။ အထက်အမိန့်ဆိုတာ ကို မလွန်ဆန်နိုင်လို့ သာ သည်းခံနေကြရတာပါ ။ သူတို့တွေရဲ့ ဘ၀ဟာ လည်း ပြည်သူလူထုနဲ့ ထူးမခြားနားပါဘဲ ။
အခုလို နှစ်ပေါင်းများစွာ အာဏာရှင်စနစ်ဆိုးရဲ့ ဆိုးဝါးယုတ်မာမှု မှန်သမျှကို ရင်စည်းခံနေကြရတာဟာ တိုင်းပြည်ကို တကယ်ချစ်တဲ့လူ အရေအတွက် ထက် ကြားနေ၀ါဒနဲ့ အာဏာရှင်စနစ်ဆိုးကို ဆက်လက်တည်မြဲစေချင်တဲ့ လူအရေအတွက် များနေလို့ပါ ။ အဲဒီတော့ တိုင်းပြည်ကို တကယ်ချစ်တယ်ဆိုရင် ကျွန်တော် ပြောခဲ့တိုင်းပြည်ချစ်တဲ့ အုပ်စု လေးခုထဲမှာ ပါဝင်နိုင်အောင် အရင်ကြိုးစားကြည့်ပါ ။ နေရာတကာ ငါသာလျှင် ပဓါန ၊ ငါသာလျှင် အဓိက ၊ ငါ သိ တယ် ငါ တတ်တယ် ဆိုတဲ့ စကားတွေကို လှိုင်လှိုင်သုံး ၊ကိုယ်ကျိုးအတ္တတွေကို ရှေ့တန်းတင် ပြီး ကိုယ့် အမှားကို ဖုံးကွယ်ထားကြတယ် ။ အမှားတွေ အများကြီးလုပ်ခဲ့ကြတယ် ဆိုတာလည်း အားလုံးအသိပါဘဲ အချိ့ကြတော့လည်း မှားနေတာ သိတယ် ။ သိနေလျှက်နဲ့ မပြင်ခဲ့ကြဘူး ။ ပြင်ရမှာ တွန့်ဆုတ်နေကြတယ် ၀န်လေးနေကြတယ် ။ ငါဆိုတဲ့ အတ္တကိုရှေ့တန်း တင် ၊ ဦးထိပ်ထား ခဲ့ကြလို့ စစ်မှန်တဲ့ စည်းလုံးညီညွှတ်ရေးကို မဖော်ဆောင်နိုင်ခဲ့ကြဘူး။
လုပ်ရှားသူတွေ ကြားမှာ လုပ်စားနေသူတွေက များလာတော့ ဒီအဆင့်ကကို မတတ်နိုင်ကြဘူး ။ အပွင့်လင်းဆုံး ပြောပြမယ် နိုင်ငံရေးကို ဗန်းပြ လုပ်စားနေသူတွေ နဲ့ နိုင်ရာတာဝန် မထမ်းနိုင်တဲ့ ပြည်သူလူထုကြောင့် မြန်မာနိုင်ငံ ဒီမိုကရေစီ အရေးဟာ များစွာ နှောင့်နှေးခဲ့ကြရတယ်။
လူတိုင်းဟာ အမှားမကင်းကြပါဘူး ။ ဒါပေမယ့် မှားနေတယ်ဆိုတာကို သိရင် ပြင်ရဲကြရမယ် ။ ကျွန်တော်ဆိုလိုတာကို နိုင်ငံရေးပညာရှင်များ အနေနဲ့ သိရှိပြီးသားပါ... အဲဒီ အုပ်စု လေးခု ဟန်ချက် ညီညီ လုပ်ရှားနိုင်ရင် ကျိန်းသေပေါက် အာဏာရှင်စနစ်ဆိုး အောက်က လွတ်မြောက်လာပါလိမ့်မယ် ။ အရင်က မှားခဲ့တာတွေကို ပြင်ပြီး အခုချိန်မှာ စစ်မှန်တဲ့ စည်းလုံးညီညွတ်ရေးကို ဖော်ဆောင်ပေးကြပါလို့ မြန်မာ နိုင်ငံ ဒီမိုကရေစီ အရေး ကြိုးပမ်းသူများ အာလုံးကို လေးစားစွာ တိုက်တွန်းပြောဆိုချင်ပါတယ် ။
ကြားနေ၀ါဒ ကျင့်သုံးနေကြတဲ့ ပြည်သူလူထုကို နိုင်ငံအရေးဆိုတာ နိုင်ငံသားတိုင်းနဲ့ဆိုင်ပါတယ် ။ ယခုလိုကြားနေ၀ါဒ ကို ကျင့်သုံးတယ်ဆိုတာ အာဏာရှင်စနစ်ကို ထောက်ခံနေတယ်ဆိုတာ သူတို့သိအောင် ကျွန်ူပ်တို့ အမြန်ဆုံးကြိုးစား ပြောဆို လမ်းပြမှ ဖြစ်မယ် ။ အမှန်တရားကို သူတို့တွေ သိရှိနားလည်လာရင် တိုင်းပြည်ချစ်တဲ့ အုပ်စုတွေထဲ ပါလာကြလိမ့်မယ်။ နိုင်ငံရေးကို ဗန်းပြ လုပ်ကိုင်စားနေကြတဲ့ သူတွေကိုလည်း အသိတရားရအောင် စည်းရုံးပြောဆိုကြပေါ့ ။ အာဏာရှင် လက်ကိုင်ဒုတ်အဖြစ်အသုံးချနေတဲ့ ကြံ့ဖွတ်တို့ စွမ်းအာရှင်တို့ဆိုတာ က ပြည်သူလူထု ညီညွှတ်မှုကို မြင်တာနဲ့ သူတို့ ဘာလုပ်ရမယ်ဆိုတာ အလိုလို နားလည်လာကြလိမ့်မယ် ။ အဓိက က ပြည်သူလူထု အနေနဲ့ တိုင်းပြည်ချစ်စိတ်ကို လက်တွေ့ကျင့်သုံးပြီး စည်းလုံးညီညွှတ်မှု ကို အမြန်ဆုံးဖော်ဆောင်နိုင်ဖို့ အရေးကြီးပါတယ်။
နေရာတိုင်းမှာ အကောင်းနဲ့ အဆိုးဒွန်တွဲနေတာပါဘဲ ။ နိုင်ငံရေး လုပ်ရှားသူတွေ ကြားမှာ လုပ်စားနေသူတွေ ရှိတာ ကျွန်တော် မငြင်းပါဘူး ။ အဲဒီလိုဘဲ အာဏာရှင်စနစ် ကို လက်ခံကျင့်သုံးနေတဲ့ လူတွေ ကြားမှာလည်း အမှန်တရားကို ချစ်မြတ်နိုးသူတွေ ရှိပါသေးတယ် ။ အဲဒီတော့ တကယ်တိုင်းပြည် ကောင်းကျိုးအတွက် လုပ်ရှားနေသူ တွေရဲ့ မျက်နှာကို ဘဲ ကြည့်ကြပါ ။ လုပ်စားနေသူ အနည်းငယ်ရှိတာ နဲ့ မယုံကြည် ကြဘူုးဆိုရင် ဘ၀ တစ်လျှောက် လုံး ဒီလို စနစ်ဆိုးကြီးရဲ့ အောက်က ရုန်းထွက် လွတ်မြောက်ကြဖို့ လမ်းမမြင်ဘူး ဖြစ်သွားကြလိမ့်မယ်။
ဒီနေ့ နိုင်ငံတကာ က ဘယ်လောက် ဘဲ ဖိအားပေးပေး ပြည်သူလူထုက ငြိမ်ပြနေရင်တော့ ကျွန်တော်တို့ တာဝန်မကျေရာ ရောက်ကြလိမ့်မယ်။ အခါအခွင့်သင့်တာနဲ့ တပြိုင်နက်ထဲ ဒီမိုကရေစီ နိုင်ငံထူထောင်ဖို့ ပြည်သူလူနဲ့ ပူးပေါင်းချင်ကြတဲ့ ၀န်ထမ်းတွေနဲ့ တပ်မတော်သားတွေ လည်း အများကြီးပါ ။ ကျွန်တော်မြန်မာနိုင်ငံ ပြည်သူလူထု အနေနဲ့ တိုင်းပြည်ကို တကယ်ချစ်ကြလိမ့်မယ်လို့ ယုံကြည်ထားပါတယ် ။
အဲဒီလို ချစ်တဲ့ နေရာမှာ လက်တွေ့ ကြကြ ချစ်ပြနိုင်ဖို့ အတွက် ကိုယ်နိုင်ရာ တာဝန်ကို ထမ်းဆောင်ပေး ကြပါလို့ အလေးအနက် ထပ်မံ တိုက်တွန်းပြောကြား လိုပါတယ် ။ မြန်မာနိုင်ငံ ဒီမိုကရေစီ အရေး ကြိုးပမ်းနေကြသူများ အားလုံးနဲ့ ပြည်သူလူထုတရပ်လုံးက တိုင်းပြည်ကို လက်တွေ့ကျကျ ချစ်ပြကြကာ လွတ်လပ်၍ တရားမျှတကာ ခေတ်မှီ ဖွံ့ဖြိုးတိုးတက်ပြီး ငြိမ်းချမ်းသာယာတဲ့ ဒီမိုကရေစီ နိုင်ငံတော်ကြီးဆီသို့ ညီညာစွာ
ချီတက်ကြပါစို့ .............................
ခင်မင်လေးစားလျှက်
ဗမာ့သွေး
Sunday, August 29, 2010
0 ဂျပန်ရှိ မြန်မာသံရုံးမှ ဆန္ဒမဲပေးခြင်းလျှောက်လွှာများကို လူရွေး၍ပေးပို့နေ
မကြာမှီအချိန်တွင် ကျင်းပရန်ပြင်ဆင်ထားသည့် ၂၀၁၀ ရွေးကောက်ပွဲနှင့်ပတ်သက်၍ ပြည်ပသို့ရောက်ရှိနေကြသော မြန်မာနိုင်ငံသားများအား ဆန္ဒမဲပေးခြင်းဆိုင်ရာ လျှောက်လွှာများကို ဂျပန်နိုင်ငံရှိ မြန်မာစစ်အခွန်ရုံးမှ လူရွေး၍ တိတ်တဆိတ်ပေးပို့နေကြောင်းသိရှိရသည်။
လျှောက်လွှာစာရွက်များကို သံအမတ်ကြီးကိုယ်စား ပထမအတွင်းဝန် ကောင်စံလွင် လက်မှတ်ဖြင့် သြဂုတ်လ ၂၀ ရက် နေ့စွဲတပ်၍ ဂျပန်ရောက် မြန်မာနိုင်ငံသားတချို့ကို ဖြန့်ဝေပေးနေခြင်းဖြစ်ပြီး၊ ၎င်းလျှောက်လွှာထဲတွင် မဲဆန္ဒပေးလိုသူ၏ ကိုယ်ရေးအချက်အလက်များကို အတိအကျ ဖြည့်စွက်ရေးသား၍ နိုဝင်ဘာ (၁)နေ့အရောက် စာတိုက်မှတဆင့် တိုကျိုမြို့ ရှင်နာဂါဝါရပ်ကွက်ရှိ မြန်မာသံရုံး(စစ်အခွန်ရုံး)သို့ပေးပို့ပေးပါရန် မေတ္တာရပ်ခံထားသည်။
နအဖစစ်တပ်မှ ၎င်းတို့စိတ်ကြိုက်ရေးဆွဲထားသော ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံအခြေခံဥပဒေပါ နည်းဥပဒေ ၅၆(က)နှင့် ၅၇(က)မူအရ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ၊ အမျိုးသားလွှတ်တော်ရွေးကောက်ပွဲနှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲများတွင် မဲဆန္ဒများပေးနိုင်ရန်အတွက် မြန်မာနိုင်ငံကူးလက်မှတ်ကိုင်ဆောင်၍ ဂျပန်သို့ရောက်ရှိနေကြသည့်မြန်မာနိုင်ငံသားများကို သက်ဆိုင်ရာမဲဆန္ဒနယ်ပြင်ပရောက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများနှင့်ပတ်သက်သည့် ဖြည့်သွင်းရန်ပုံစံများပေးပို့ခြင်းဟုဆိုသော်လည်း လူတိုင်းကိုပေးပို့ခြင်းမရှိပေ။
လျှောက်လွှာစာရွက်ရရှိသူ ရှီဇူအိုအာမြို့ရှိ မြန်မာနိုင်ငံသားတစ်ဦးက “ကျနော်နဲ့အတူ ဒီကို(ဂျပန်နိုင်ငံသို့)ရောက်လာတဲ့ ကျနော့်သူငယ်ချင်းဆီကိုတော့ မရောက်သေးဘူးလို့သိရတယ်။ အခုအချိန်အထိ(သြဂုတ်လ ၂၉)ရက်နေ့အထိ မရောက်သေးဘူးဆိုရင် မရောက်ဖို့ရာခိုင်နှုန်းက သေချာနေပြီလေ။ သူ့ဆီမရောက်ပဲ ကျနော်ဆီရောက်လာတော့ ဇဝေဇ၀ါတော့ဖြစ်နေတယ်။ မဲပေးဖို့အတွက် ကိုယ်ရေးအချက်တောင်းတာဆိုတော့ ပေးလည်းမပေးချင်ဘူး။ မပေးပဲနေရင် ဘာဖြစ်နိုင်မလဲဆိုတာကိုလည်းမသိတော့ လောလောဆယ်ဘာလုပ်ရမှန်းမသိဘူးလေ။ နောက်ပြီး နိုဝင်ဘာ ၁ ရက်နေ့အရောက် စာတိုက်ကနေပေးပို့ရမှာဆိုတော့ အခုနေပေးပို့ရင်တောင် မီပါ့မလားပဲ…”ဟု ဆိုသည်။
လက်ရှိအချိန်ကာလအထိ ဂျပန်နိုင်ငံတွင် မြန်မာနိုင်ငံသား ၇,၇၈၉ ဦး နေထိုင်လျက်ရှိပြီး ဆန္ဒမဲပေးပိုင့်ခွင့်ရှိသူ အသက် ၁၈ နှစ်ကျော်သူပေါင်း ၆,၀၀၀ ကျော်ရှိသည်။
သတင်း။ ။ (မိုးသောက်ကြယ်)
0 ဗမာစစ်အစိုးရ ကျူးလွန်တဲ့ ရာဇဝတ်မှု
အရပ်သားတွေအပေါ် ဗမာစစ်အစိုးရ ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေကို ကုလသမဂ္ဂ ကော်မရှင်က စုံစမ်းအရေးယူဖို့ အမေရိကန်အစိုးရက သဘောတူတယ်ဆိုတဲ့သတင်း လွန်ခဲ့တဲ့ အပတ်က ထွက်လာခဲ့ပါတယ်။ ဗမာစစ်အစိုးရ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို အရေးယူသင့်တာ ကြာပါပြီ။ ဒါပေမဲ့ သဘောထားအမျိုးမျိုး ဖြစ်နေတဲ့အတွက် ကြန့်ကြာနေရပါတယ်။ ဗမာစစ်အစိုးရ ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးပြီး ဗမာအစိုးရကို လက်နက်မရောင်းဖို့ နိုင်ငံပေါင်း (၂၉) နိုင်ငံက လွှတ်တော်အမတ် (၄၄၂) ဦး ကိုယ်စားလှယ် ဂျပန်လွှတ်တော်အမတ် (၂) ဦးက ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ (၁၀) ရက်နေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဥက္ကဌ နှင့် အထွေထွေအတွင်းရေးမှုးချုပ် ဘန်ကီမွန်း ဆီကို စာရေးတင်ပြခဲ့ကြပါတယ်။
ဗမာစစ်အစိုးရ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ကုလသမဂ္ဂ က စုံစမ်းပြီးအရေးယူဖို့ မြန်မာပြည်ဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် ကင်တာနား () က လွန်ခဲ့တဲ့ မတ်လ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု (သို့မဟုတ်) အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးက စစ်ဆေးနိုင်တဲ့ စစ်ရာဇဝတ်မှုလည်း ဖြစ်နိုင်တယ်လို့ ကင်တာနား အစီရင်ခံစာအပိုဒ် (၁၂၁) မှာ ဖော်ပြထားပါတယ်။ အရပ်သားအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို အရေးယူနိုင်တယ်လို့ ဆိုပါတယ်။
အမေရိကန်နိုင်ငံရေးပါတီကြီး (၂) ခုက ဆီးနိတ်လွှတ်တော်အမတ် (၃၃) ဦးကလည်း ဗမာစစ်အစိုးရ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂကော်မရှင် ဖွဲ့သင့်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) ဆီကို ဇူလိုင်လက စာရေးတိုက်တွန်းခဲ့ပါတယ်။ ကုလသမဂ္ဂ က အရေးယူတဲ့နည်းတွေထဲမှာ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အရ အရေးယူတာများပါတယ်။ လုံခြုံရေးကောင်စီ က အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးကို တာဝန်လွှဲပေးတဲ့နည်း ရှိပါတယ်။ ကုလသမဂ္ဂ အထွေထွေညီလာခံက ကျွမ်းကျင်သူများအဖွဲ့ကို ဖွဲ့စည်းပြီး ဆောင်ရွက်လို့ ကမ္ဘောဒီးယား (Cambodia) နိုင်ငံမှာ ခမာနီတွေကို ခုံရုံးတင် စစ်ဆေးအပြစ်ပေးနိုင်တဲ့နည်းလည်း ရှိပါတယ်။ နောက်တော့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ က စုံစမ်းရေးကော်မရှင်ဖွဲ့ပြီး စစ်ဆေးတာဖြစ်လို့ စုံစမ်းအရေးယူနည်း (၃) မျိုး ရှိတယ်လို့ ပြောနိုင်ပါတယ်။
ဗမာစစ်အစိုးရကို အရေးယူမယ်ဆိုရင် ဆူဒန် (Sudan) အစိုးရကို အရေးယူသလို ICC အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးကို တာဝန်ပေးဖို့ များတယ်လို့ သုံးသပ်ကြပါတယ်။ ဆူဒန်အစိုးရ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးဖို့ လုံခြုံရေးကောင်စီက ICC ရာဇဝတ်ခုံရုံးကို ၂၀၀၅ မတ်လမှာ အကြောင်းကြားလိုက်ပြီး (၄) နှစ်ကြာတဲ့အခါ ၂၀၀၉ မတ်လမှာ ဆူဒန်သမ္မတ Omar Hassan al Bashir ကို ဖမ်းဖို့ ဝရမ်းထုတ်နိုင်ပါတယ်။ ဒါကြောင့် Omar Bashir ဟာ ICC ရာဇဝတ်ခုံရုံးကို အသိအမှတ်ပြုထားတဲ့ နိုင်ငံတရာကျော်ကို ခရီးမသွားရဲပါဘူး။ သူ့လိုပဲ ICC ဖမ်းဝရမ်းထုတ်ထားတဲ့ ကွန်ဂို(Congo) နိုင်ငံ ဒု-သမ္မတဟောင်း Jean Pierre Bamba ဟာ ၂၀၀၈ မေလက ဘယ်လ်ဂျီးယန် (Belgium) နိုင်ငံမှာ အဖမ်းခံလိုက်ရပါတယ်။
ဒါပေမဲ့ ICC ရာဇဝတ်ခုံရုံးက အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ဥပဒေ စတင် အတည်ဖြစ်တဲ့ ၂၀၀၂ ခုနှစ် ဇူလိုင်လ (၁) ရက်နေ့ မတိုင်မီက ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကို အရေးယူပိုင်ခွင့် မရှိပါဘူး။ ဒါကြောင့်မို့ ဗမာစစ်ခေါင်းဆောင်ပိုင်းကို အရေးယူမယ်ဆိုရင် ၂၀၀၂ ဇူလိုင်လ (၁) ရက်နေ့ နောက်ပိုင်းမှာ အရပ်သားတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို စုံစမ်းအရေးယူနိုင်ပါလိမ့်မယ်။ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ဥပဒေ အပိုဒ် (၇) စာမျက်နှာ (၉) မှာ အရပ်သားအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ရှင်းပြထားပါတယ်။ လူသတ်မှု၊ အပျောက်ရှင်းမှု၊ ကျွန်ပြုမှု၊ အဓမ္မပြောင်းရွှေ့ မှု၊ နှိပ်စက်ညှဉ်းပန်းမှု၊ မုဒိမ်းမှု၊ ပြည့်တန်ဆာ လိုပ်ခိုင်းမှု၊ ကိုယ်စိတ်နှစ်ပါး အလွန်အမင်း ဆင်းရဲဒုက္ခရောက်အောင်လုပ်မှု စတာတွေကို အရပ်သားအပေါ် ကျူးလွန်ရင် အရေးယူနိုင်တယ်လို့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ဥပေဒက ဆိုပါတယ်။ ဒါပေမဲ့ ICC တရားရုံးကို လက်ခံထားတဲ့ နိုင်ငံကိုသာ အရေးယူနိုင်ပါတယ်။ အာဆီယံ (၁၀) မှာ ကမ္ဘောဒီးယားကသာ ICC တရားရုံးကို လက်ခံပါတယ်။ တရုတ် နဲ့ အိန္ဒိယကလည်း လက်မခံကြပါဘူး။
၂၀၀၇ ခုနှစ်မှာ ရောမစာချုပ်ကို လက်မှတ်ရေးထိုး အတည်ပြုထားတဲ့ နိုင်ငံတွေမှာသာ ရာဇဝတ်မှုကို စုံစမ်းစစ်ဆေးပိုင်ခွင့် ရှိပေမယ့်၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ညွှန်ကြားရင်တော့ စာချုပ်ဝင်နိုင်ငံ မဟုတ်တဲ့ ဆူဒန်ကို စစ်ဆေးနိုင်သလို မြန်မာပြည်ကိုလည်း စစ်ဆေးနိုင်လိမ့်မယ်လို့ ယူဆကြပါတယ်။ အဲဒီအခါမှာ ICC ရဲ့  စုံစမ်းစစ်ဆေးမှုကို အပြည်ပြည်ဆိုင်ရာ ဓလေ့ထုံးစံ ဥပဒေအရ ဝိုင်းဝန်းကူညီဖို့ နိုင်ငံတိုင်းမှာ တာဝန်ရှိလာပါတယ်။ ဒီအဆင့်ကို ရောက်မလာခင် အရင်ဆုံး ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဆုံးဖြတ်ချက်ချရပါလိမ့်မယ်။ လုံခြုံရေးကောင်စီမှာ ထောက်ခံမဲ (၉) မဲ ရရင် ဆုံးဖြတ်ချက် ချနိုင်ပေမယ့် ဗီတိုအာဏာရှိတဲ့ တရုတ် နဲ့ ရုရှားက ပယ်ချနိုင်ပါတယ်။ ပယ်ချဘူးတဲ့ အစဉ်အလာတွေလည်း ရှိခဲ့ပါတယ်။
ဒါပေမဲ့ ဆူဒန်အစိုးရကို စုံစမ်းအရေးယူဖို့ လုံခြုံရေးကောင်စီက ဆုံးဖြတ်ချက်ချတဲ့အခါမှာ တရုတ်နဲ့ ရုရှားဟာ အစည်းအဝေးမတက်ဘဲ ရှောင်နေတဲ့အတွက် ICC ရာဇဝတ်ခုံရုံးက ဆူဒန်သမ္မတကို စုံစမ်းစစ်ဆေး အပြစ်ပေးနိုင်တာ ဖြစ်နိုင်ပါတယ်။ ဗမာစစ်ခေါင်းဆောင်ပိုင်းကို ခုံရုံးမှာ စစ်ဆေးအပြစ်ပေးတာဟာ နိုင်ငံရေးအရ မဟုတ်ဘဲ အပြည်ပြည်ဆိုင်ရာ ဥပဒေအရသာဖြစ်ကြောင်း ပြသနိုင်မယ်ဆိုရင်တော့ အရပ်သားတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ လျော့နည်းသွားနိုင်တယ်လို့ မျှော်လင့်ရပါတယ်။
(VOA)
0 ဂျပန်လူငယ် ဆေးတက္ကသိုလ် ကျောင်းသူ/သား များ FFSS သို့ လေ့လာခြင်း
နာရေးကူညီမှုအသင်း(ရန်ကုန်)၏ နာရေး အခမဲ့ ပို့ဆောင်မှုများ၊ ဆေးဝါး အခမဲ့ ကုသပေး မှုများ၊ အခမဲ့ ပညာဒါန ပြုလုပ်ပေးမှုများကို ဂျပန်နိုင်ငံတွင်း သတင်းမီဒီယာများမှတဆင့် ကြားသိရ သည့်အတွက် ရန်ကုန်မြို့သို့ ရောက်ရှိခိုက်တွင် ဂျပန်လူငယ် ဆေးတက္ကသိုလ် ကျောင်းသူ/သား များမှ လာရောက် လေ့လာခဲ့သည်။
နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ နာရေးလမ်းကြောင်း ပို့ဆောင်မှုများ၊ ဆေးဝါးကုသပေးမှုများ၊ မျိုးဆက်သစ်ကလေးငယ်များ ပညာသင်ကြားမှုများ၊ သုခအလင်း စာကြည့်တိုက်၊ ဓါတ်မှန်ခန်းတို့ကို အသေးစိတ် မေးမြန်းခဲ့ပြီး အကြံပြုချက်များကိုလည်း မေတ္တာစေတနာ ရှေ့ထား၍ ချစ်ကြည်ရင်းနှီးစွာ ပြောကြားခဲ့ကြသည်။ ဤကဲ့သို့ အခမဲ့ နာရေးပို့ဆောင်မှုလုပ်ငန်းမှာ ကမ္ဘာပေါ်တွင် မည်သည့်နိုင်ငံတွင် မှ မမြင်တွေ့မိကြောင်း၊ လူလူချင်း စာနာထောက်ထားမှုကို လေးစားပါကြောင်း ပြောကြားသွားကာ “သုခ အဟာရ” စားသောက်ဆိုင် ဖွင့်ပွဲနှင့် ကြုံကြိုက်သည့်အတွက် မြန်မာထမင်းဟင်းဖြင့် ဧည့်ခံကျွေး မွေးခဲ့ရာ နှစ်ခြိုက်စွာဖြင့် သုံးဆောင်ခဲ့ကြပါသည်။
ကိုကျော်သူ
0 သုခအဟာရ ဖွင့်ပြီ။ မိဘမဲ့ HIV ကလေးငယ်များအတွက်အလှူငွေ ရှာဖွေခြင်း
၂၉.၈.၂၀၁၀ (တနင်္ဂနွေ) နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) တည်ရှိရာ မြောက်ဒဂုံတွင် လုပ်အားပေး အသင်းသူ/သားများ၊ ၀န်ထမ်းများ၊ လူနာ/ရှင်များ၊ အလှူရှင်များ သုံးဆောင်ရန်အတွက် “သုခ အဟာရ” စားသောက်ဆိုင်ကို ဖွင့်လှစ်ခဲ့ပါသည်။ စားသောက်ဆိုင်တွင် စားသုံးသူတို့ အဆင်ပြေ သုံးဆောင်နိုင်ရန် ချက်ပြုတ်ရေး မီးဖိုခန်းမှအစ ကျန်းမာရေးနှင့် ကိုက်ညီအောင် သန့်ရှင်းစွာဖြင့် ချက်ပြုတ်ခြင်း၊ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်း၊ အရသာကောင်းမွန်စွာဖြင့် အဟာရ ပြည့်ဝ မည့်ဟင်းလျာများ ချက်ပြုတ်ရောင်းချပေးခြင်း၊ ကော်ဖီ၊ အအေးတို့ကိုလည်း သက်သာသော ဈေးနှုန်း ဖြင့် ရောင်းချပေးခြင်းတို့ကို ပြုလုပ်ပေးလျှက်ရှိသည်။
ယနေ့ “သုခ အဟာရ” စားသောက်ဆိုင် ဖွင့်ပွဲတွင် ဖိတ်ကြားထားသော အလှူရှင်များ၊ ဧည့်သည်များ၊ လုပ်အားပေး အသင်းသူ/သားများ၊ မျိုးဆက်သစ် ကလေးသူငယ်များ၊ စာနယ်ဇင်းသ မားများ ကြွရောက်အားပေး ခဲ့ကြသည်။
ထို့ပြင် သုခကုသိုလ်ဖြစ်ဆေးခန်းတွင် လာရောက်ကုသကြသော လူနာများကိုလည်း လာရောက် သုံးဆောင်ရန် ဖိတ်ကြားခဲ့သည်။ ယင်းသို့ “သုခ အဟာရ” စားသောက်ဆိုင်ဖွင့်ပွဲတွင် နေ့လည်စာ ထမင်း၊ ကြက်သားဟင်း၊ ဆိတ်သားဟင်း၊ သီးစုံပဲဟင်းနှင့် ရေခဲမုန့်တို့ကို “သုခ အဟာရ ” စားသောက်ဆိုင် ဆောက်လုပ်ရေး အင်ဂျင်နီယာ ဦးတင်မောင်အေး (မိသားစု)နှင့် အရည်အသွေး စစ်ဆေးရေး အင်ဂျင်နီယာ ဒေါ်သန္တာခိုင်တို့မှ ကျွေးမွေးလှူဒါန်း ခဲ့ပါသည်။
မိဘမဲ့ HIV ကလေးငယ်များအတွက် ရည်ရွယ်၍
နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ မျိုးဆက်သစ် ကလေးငယ်များထဲမှ ပန်းချီသင်တန်း တက်ရောက်ခဲ့သော မျိုးဆက်သစ်ကလေးငယ်များအား ၂၉.၈.၂၀၁၀ (တနင်္ဂနွေ) နေ့တွင် ကမ္ဘာအေးဘုရားလမ်း၊ ပုလဲကွန်ဒိုရှိ Morekha Art Gallery တွင် ပြသလျှက်ရှိသော ပန်းချီဆရာကြီး ရာဟုလာ၏ Solo Show ပွဲသို့ သွားရောက်လေ့လာ ပြသခဲ့ပါသည်။
မျိုးဆက်သစ် ကလေးငယ်များအား နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူ၊ ပန်းချီ နည်းပြဆရာ ဦးဝင်းကြည်၊ သင်တန်းအုပ်ချုပ်သူ ဒေါ်ဧရာမောင်မောင်နှင့် ဒေါ်စိုးစန္ဒာတို့မှ ဦးဆောင်၍ ပန်းချီပြခန်းသို့ လိုက်လံပို့သခဲ့ရာ ပန်းချီပြခန်းပိုင်ရှင် ဦးဘိုဘိုဦး၊ ဦးဆန်နီငြိမ်းနှင့် ဆရာကြီး ရာဟုလာ တို့မှ ကြိုဆိုခဲ့သည်။ ဆရာကြီး ရာဟုလာမှ မျိုးဆက်သစ် ကလေးငယ်များအား ဆရာကြီး၏ ပန်းချီ ပညာရပ်ပေါ် ခံစားမှု၊ ရေးဆွဲမှုတို့ကို ကျန်းမာရေး မကောင်းသည့်ကြားမှ အားတက်သရော ရှင်းလင်း ပြောကြားခဲ့သည်။
မိဘမဲ့ HIV ကလေးငယ်များ စောင့်ရှောက်ရေးဂေဟာ (HHHP) ရန်ပုံငွေ အလှူငွေ ရှာဖွေခြင်း အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ မျိုးဆက်သစ် ကလေးငယ်များ၏ ရန်ပုံငွေ ပန်းချီပြပွဲ ပြုလုပ်ပေးရန်အတွက် ပန်းချီပညာရပ် အသီးသီးတို့ကို လေ့လာရန် ပန်းချီပြခန်းများသို့ ကွင်းဆင်း၍ ပန်းချီဆရာ အသီးသီးတို့၏ ရေးချက်အမျိုးမျိုးတို့ကို သိရှိနားလည် သဘောပေါက်စေရန် နာရေးကူညီ မှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူမှ လိုက်လံပြသ ခဲ့ပါသည်။
ကိုကျော်သူ