Tuesday, September 7, 2010

0 တိုင်းပြည်အတွက် သင်ဘာလုပ်ပေးနိုင်သလဲ

တိုင်းပြည်တစ်ပြည် အဖက်ဖက်မှ ဖွံ့ဖြိုးတိုးတက်မှုတွင် လူငယ်များ၏ အခန်းဂဏ္ဍသည် လွန်စွာအရေးပါလှသည်။ ယနေ့ ထိုကဲ့သို့ အနာဂတ်မျိုးဆက်သစ်များကို စနစ်တကျ ဖျက်စီးရန် အာဏာရှင်တို့မှ အစွမ်းကုန် အကောင်အထည်ဖော် ဆောင်ရွက်လျှက် ရှိတယ်။ ထို့အတူ ကျွန်ူပ်တို့မှလည်း အနာဂတ်မျိုးဆက်သစ်များ ၏ အသိညဏ်ပညာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အမှန်တရားကို မြတ်နိုးတန်ဖိုးထားသည့် လူငယ်မျိုးဆက်များ ဆက်လက်တည်ရှိနေ ရန် အစွမ်းကုန် ကူညီပေးသင့်သည် ။ အာဏာရှင်တို့ ၏ ယုတ်မာ ပက်စက်မှုကား ပြည်သူလူထု အားလုံးသိပြီးသည့် အတိုင်းပြောစရာပင် မလိုတော့ချေ ။ ဒီမိုကရေစီ၏ အဓိပ္ပာယ် နှင့် ရရှိလာမည့် ကောင်းကျိုးများကို ပြည်သူလူထုတိုင်း နားလည်သဘောပေါက်လာကြလျှင် အာဏာရှင်စနစ်ကို ဆန့်ကျင်လိုသည့် စိတ်ဓါတ်များ အလိုလိုပေါက်ဖွားရှင်သန်လာမည် ဖြစ်သည် ။

ဤနေရာတွင် အဓိကပြောလိုသည်မှာ ပထမဦးစွာ လူငယ်မျိုးဆက်သစ်များကို လမ်းမှန်ပြပေးနိုင်ရန် လွန် စွာ အရေးကြီး ၏ ။

၎-၉-၁၀ ည က ဖြစ်ပွားခဲ့သော ကိစ္စမျိုးတွင်လူငယ်များ ၏ အသက်ကို တန်ဖိုးမထားဘဲ ထင်ရာ စိုင်းလိုက်ကြသည့် လူတစ်စုကြောင့်အပြစ်မဲ့ ပြည်သူလူထု သွေး မြေကျခဲ့ရပြန်လေပြီ ။ ထိုကိစ္စသည် သာမန်အနေအထားဖြင့် ကြည့်လျှင် ရန်ဖြစ်ရာမှ စသည်ဟု ဆိုသော်လည်း ပုဂ္ဂိုလ်ရေး ပြဿနာများတွင် လက်နက်ကိုင်ကာ ဖြေရှင်းနိုင်သည့် တိရစ္ဆာန်စိတ်ပေါက်နေကြသော လူများကြောင့် ပြည်သူလူထု ၏ အသက်အိုးအိမ် စည်းစိမ် အတွက် လုံခြုံမှု မရှိဟု ပြည်သူလူထု တရပ်လုံး နားလည် သဘောပေါက်သင့်သည် ။

ပြည်သူလူထု ဘ၀ အသက်အိုးအိမ် စည်းစိမ်ချမ်းသာ ကို တိုက်ရိုက်ထိပါးတာကို ပြည်သူတွေက လက်ပိုက်ကြည့်နေလိုက်ရင် နောင်ဆိုဒီထက် ဆိုးတဲ့ အဖြစ်အပျက်မျိုးတွေ ကြုံတွေ့လာကြမှာ မုချဧကန်ပါဘဲ ။အာဇာနည်တို့သွေး ၊ ပြည်သူလူထု၏ သွေး ၊ ရဟန်းသံဃာများ၏ သွေး၊ ကျောင်းသားများ၏ သွေး ၊ သွေးမျိုးစုံလည်း မြန်မာမြေကြီးပေါ်မှာ ကျခဲ့ရလေပြီ။

နောင်ထိုသို့ သွေးမြေကျ စတေးခံ ဘ၀တွေကို မလိုလား ကြရင်တော့ အခုချိန်မှာ ပေါင်းစည်းညီညွှတ်ရေး ကို အထူးကြိုးစားကြမှ ဖြစ်မယ် ။

ကျွန်ူပ်တို့ အနေဖြင့် ယခုချိန်တွင် ပြည်သူဆန္ဒများကို ရဲဝင့်စွာ ဖော်ထုတ်သင့်သည် ဟု ထင်မြင်ယူဆမိလေသည် ။ ထိုသို့ ဆန္ဒဖောက်ထုတ် ရာတွင် စုစည်းမှု သည် အရေးကြီးသည် ။ တနိုင်ငံလုံး အတိုင်းအတာဖြင့်ဆောင်ရွက် ပိုမိုထိရောက်မည် ဖြစ်သည် ။ ထိုသို့ တနိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်လိုလျှင် ပထမ ဦးစွာ ပြည်သူများအား သတင်းအချက် ပြည့်စုံစွာ ဖြန့်ဖြုးပေးနိုင်ရမည် ။ ထိုသို့ သတင်းအချက်အလက် ပြည့်စုံစွာ ဖြန့်ဖြူးရန် ပြည်တွင်းမှ လူများသည် အဓိက ကျသည် ။ အထူးသဖြင့် လူငယ်များကို ပြုစုပျိုးထောင်ကာ တိုင်းပြည်အခြေအနေမှန်ကို သိရှိလာအောင်

အမြန်ဆုံး ၀ိုင်းဝန်း ကြိုးစားသင့်ပေသည် ။ တိုင်းပြည်အတွက် အရေးပေါ်တာဝန်ကို ထမ်းဆောင် ရန် လူငယ်မျိုးဆက်သစ်များ အားထားကြရမည်ဖြစ်၍

ယနေ့ တိုင်းပြည်ကို အလွန်ချစ်မြတ်နိုးသည့် လူငယ်မျိုးဆက်တခု အား အောက်ပါမေးခွန်းများကို ကိုယ်တိုင် ဖြေကြား၍ မိမိတို့ သိလိုသော အချက်အလက်နှင့် သဘောထား အမြင်များကို ၀င်ရောက်ဆွေးနွေးပေးကြရန် ကျွန်ူပ်မှ လေးစားစွာ ဖိတ်ကြားအပ်ပါသည် ။ ထို့အတူ နိုင်ငံ အကျိုးသယ်ပိုးလိုသော မြန်မာနိုင်ငံသားများ အားလုံးကိုလည်း နိုင်ရာတာဝန်များ ထမ်းဆောင်ပေးကြရန် အထူးပင် မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည် ။

လူတိုင်းတွင် အားနည်းချက် ၊ အားသာချက် တို့ ရှိကြသည်မှာ လောက ဓမ္မတာပင်ဖြစ်သည် ။ မိမိတို့ အကျွမ်းကျင်ဆုံးနှင့် စိတ်အား အထက်သန်ဆုံးသောကဏ္ဍများတွင် ၀င်ရောက် လုပ်ကိုင်ကြပါက ပိုမိုထိရောက်မည် မှာ မလွဲဧကန်ပင်ဖြစ်ပါသည် ။

ပြည်သူလူထု ဆိုတာ နိုင်ငံတိုင်းမှာ အင်အား အကြီးဆုံးအဖွဲ့အစည်းပါဘဲ ။ တိုင်းပြည်တပြည် ပြုပြင်ပြောင်းလဲရေးဆိုတာ ပြည်သူလူထုပေါ်မှာ ဘဲမူတည်နေတာပါ ။ လူထုအားကို ကျော်လွှားနိုင်တဲ့ အာဏာရှင်ဆိုတာ သမိုင်းမှာ မရှိခဲ့ပါဘူး ။ အားလုံးဝိုင်းဝန်းကြိုးစားမယ်ဆိုရင် ကျွန်ူပ်တို့ တိုင်းပြည်အနာဂတ်မှာ အခုလို ဒုက္ခဆိုးမျိုးတွေကို နောက်ထပ် ကြုံတွေ့လာစရာ အကြောင်းမရှိပါဘူး ။

(၁ ) ယနေ့ပြည်သူလူထု ကြီးစွာသော ဒုက္ခဆိုးများကို ခါးသီးစွာ ခံစားနေရသည်မှာ အာဏာရှင်လူတစ်စုကြောင့်ပါဟုဆိုလျှင် ထိုအာဏာရှင် လူတစ်စုကို ဖယ်ရှားရန် သင့်တွင်ကော တာဝန်ရှိသည်ဟု ထင်မြင်ယူဆမိပါသလား။

၂ ) တာဝန်ရှိသည်ဟု ထင်မြင်ယူဆခဲ့လျှင် မည်သည့်တာဝန်ကို သင်ယူနိုင်ပါတယ်လို့ စဉ်းစားကြည့်ဖူးပါသလား ။

၃ ) သင်ယူနိုင်မည့် တာဝန်အား လက်တွေ့ကျကျ အကောင်ထည်ဖော် ဆောင်ရွက်ခဲ့ဖူးပါသလား ။

၎ ) တိုင်းပြည်နဲ့ ဖွံ့ဖြိုးတက်မှုဟာ အနာဂတ်မျိုးဆက် လူငယ်များ အပေါ်မှာ မူတည်ပါတယ်ဆိုတာ သင်လက်ခံယုံကြည်ထားလျှင်

ထို အနာဂတ် မျိုးဆက်သစ်များ ယနေ့ လုပ်ဆောင်ရမည့် တာဝန်များကို သင်လမ်းပြခဲ့ဘူးပါသလား ။

သင်သည် လည်းတိုင်းပြည်ကို ချစ်သော ကြောင့် သင်နိုင်ရာတာဝန်ထမ်းဆောင် လိမ့်မည် ကျွန်ူပ်သင့်ကို ယုံကြည်ပါသည် ။

အထိရောက်ဆုံး လက်တွေ့လုပ်ဆောင်နိုင်မည့် နည်းလမ်းများကို ပြည်သူလူထု အနေနဲ့ အမြန်ဆုံးသိရှိ လိုက်နာ ဆောင်ရွက်နိုင်ရန်

နိုင်ငံရေးပညာရှင်များ အားလုံးနှင့် တိုင်းပြည်အကျိုးကို သယ်ပိုးဆောင်ရွက်လိုသူ မြန်မာနိုင်ငံသား အားလုံးကို ၀င်ရောက်ဆွေးနွေး အကြံပေးကြပါရန်လေးစားစွာ ဖိတ်ကြားအပ်ပါသည် ။

ခင်မင်လေးစားလျှက်

ဗမာ့သွေး

0 ကျောင်းသားလူငယ် နှစ်ဦး သေဆုံးရမှု ပဲခူးမြို့နယ်လူထုမကျေနပ်၍ မနေ့က ရင်ခွဲရုံသို့စုရုံးရောက်ရှိ




မောင်အောင်သူဟိန်း ၏ အဒေါ်မှဖွင့်ဟပြောဆိုချက်အသံဖိုင်

မောင်စိုးပိုင်ဇော်၏ အသုဘ ရှု တရားတော်နာဖိတ်ကြားလွှာ

မောင်အောင်သူဟိန်း ၏ အသုဘ ရှု တရားတော်နာဖိတ်ကြားလွှာ



photo။ ။ Freedomnewsgroups

0 ပံ့ပိုးမှုကို ထပ်မံပံ့ပိုးကြ

“သင်္ခါရတဲ့ ရပ်ထဲရွာထဲ ရပ်ကွက်ထဲဝယ် … ဖြစ်နေသမျှကို ပြောရအုံးမယ် xxx သချိုင်းလက်မှတ် ထွက်ဖို့အရေး … ဟိုမေး ဒီမေး … ဟိုပေး ဒီပေးနဲ့ xxx ရပ်ရေး ရွာရေး သာရေး နာရေးအတွက် … လုပ်စားနေတဲ့ ပွဲစားတွေ”

အထက်ပါ သီချင်းစာသားသည် တေးရေး - ကိုဦး ရေးသားကာ တေးဆို - Cyclone ဟစ်ဟော့ အဖွဲ့သားတို့က နာရေးကူညီမှုအသင်း(ရန်ကုန်) အတွက် သီဆိုပေးထားသော “ကိုယ်ပြုသောကံ ပဲတင့်သံ ကိုယ်ထံပြန်လာမည်” အမည်ရှိ Hip Hop တေးသီချင်းတစ်ပုဒ်မှ စာသားတချို့ ဖြစ်သည်။

ယင်း သီချင်း၏ အဓိက ရည်ရွယ်ချက်မှာ နာရေးကိစ္စရပ်များတွင် မလုပ်သင့် မလုပ်ထိုက်သော လုပ်ရပ်ကို လုပ်ကိုင်စားသောက်နေကြသော အသုဘ ပွဲစားများ အကြောင်းကို အများပြည်သူ သိရှိအောင် ဖွင့်ချ ရေးဖွဲ့ထားသော ဟစ်ဟော့ တေးသီချင်းတစ်ပုဒ် ဖြစ်သည်။

အဆိုပါ တေးသီချင်းအတွက် လိုအပ်သော စကားပြောအပိုဒ်များအား နာရေးကူညီမှုအသင်း (ရန်ကုန်)ရှိ ကော်မတီဝင်များ၊ အသင်းသူ/သားများတို့မှ စကားလုံးများဖြင့် အသံသွင်း၍ ပူးပေါင်း ပါဝင်ခဲ့သည်။

“ဘီယာ ကြယ်သီး ပန်းကုံးတွေနဲ့ မုသား သူခိုး ကြီးစိုးနေမြဲ xxx ကြီးနိုင်ငယ်ညှင်း သတ်ဖြတ်ကြလဲ … အတ္တတွေနဲ့ ငါးပါးမှောက်ဆဲ xxx ကိုယ့်သီလကိုယ်လုံ ယသပါပဲ … မင်းရဲ့သမိုင်း ၀ါးတားတားနဲ့ xxx ကိုင်းကြီးကြီးမှာ နားစမ်းပါဟဲ့ xxx အနိစ္စသဘောနဲ့ ကိစ္စချောမယ် xxx အကုသိုလ်တွေ မယူသွားပါနဲ့ ကိုယ့်သမိုင်းကိုယ်ရေး ယသပါပဲ”

အထက်ပါ သီချင်းစာသားသည် တေးရေး - ကိုဦး၊ ကျော်သူ ရေးသားကာ တေးဆို - ကိုဦးနှင့် Cyclone ဟစ်ဟော့ အဖွဲ့သားတို့က နာရေးကူညီမှုအသင်း(ရန်ကုန်) အတွက် သီဆိုပေးထားသော “ဟိတ်” အမည်ရှိ Hip Hop တေးသီချင်းတစ်ပုဒ်မှ စာသားတချို့ ဖြစ်သည်။

ယင်း သီချင်းအတွက် စကားပြော စာပိုဒ်များအတွက် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူက ကိုယ်တိုင် စကားလုံးများဖြင့် နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် အသံသွင်း၍ ပူးပေါင်းပါဝင်ခဲ့သည်။


ကိုကျော်သူ

0 “သေနတ်သံကြားတိုင်း အသက်စွန့်သွားတဲ့ညီအကိုများအတွက် တစ်သက်တစ်ကမ္ဘာမကြေ”

“သေနတ်သံကြားတိုင်း အသက်စွန့်သွားတဲ့ညီအကိုများအတွက် တစ်သက်တစ်ကမ္ဘာမကြေ”

“မောင်ကျောင်းသား”

ကြားလိုက်ရပြန်ပြီ..၊ ပစ်သတ်လိုက်ကြပြန်ပြီတဲ့ ၊ ပဲခူးမှာ စစ်တပ်ကပစ်သတ်လို့ အပြစ်မဲ့ကျောင်းသားလူငယ်နှစ်ယောက် သေဆုံးရပြန်ပြီတဲ့ ၊ အကြောင်း အရာအပြည့်အစုံမဖတ်ရခင် သတင်းခေါင်းစဉ်မှာတင် တောက်ခေါက် ၊ အသားတဆတ်ဆတ် တုန်နေအောင်ဒေါသထွက်ခံစားလိုက်ရပါတယ် ၊ နိုင်နေတယ် ဆိုပြီးထင်တိုင်းကြဲနေလိုက်တာကွာ ၊ စစ်အာဏာရှင်တွေရဲ့အောက်မှာ ငါတို့ပြည်သူတွေ ကျောင်းသားတွေရဲ့အသက်ဟာ တိရိတ္ဆာန်တွေလောက်မှတန်ဘိုး မရှိတော့ဘူးလား ၊ ဥပဒေမဲ့ သတ်ချင်တိုင်းသတ်နေတာကို ငါတို့ကျောင်းသားလူငယ်တွေ ဒီလိုပဲငြိမ်ခံနေကြတော့မှာလား ။

ဖြစ်စဉ်က ၄.၉.၂၀၁၀ရက် စနေနေ့ည၁၂နာရီလောက်မှာ၊ ပဲခူးမြို့လယ်ခေါင်ဇိုင်းဂနိုင်းတောင်ပိုင်းမှာရှိတဲ့ “ကယ်လီဖိုးနီးယား” ကာရာအိုကေဆိုင်ကနေမူးပြီး ထွက်လာတဲ့ ခလရ-၅၉(ပဲခူးဘူတာလုံခြုံရေးယူထားတဲ့နယ်မြေခံတပ်)က အရာရှိနှစ်ယောက် ငှားစီးတဲ့ဆိုင်ကယ်နဲ့ ကျောင်းသားလူငယ်ငါးယောက်စီးလာတဲ့ သုံးဘီးဆိုင်ကယ်(ပဲခူးအခေါ်တုတ်တုတ်)ချိတ်မိ စကားများရန် ဖြစ်ကြရာက စစ်ဗိုလ်နှစ်ယောက်က ပါလာတဲ့စကားပြောစက်နဲ့ သိပ်မဝေးတဲ့တပ်အထိုင်ရှိရာ ပဲခူးဘူတာကစစ်သားတွေကို လှမ်းခေါ်လိုက်ပြီး ချက်ခြင်းလိုရောက်လာချိန်မှာပစ်မိန့်ပေးခဲ့လို့ စစ်သားတွေကအချက်ပေါင်းများစွာပစ်ခတ်ရာက လက်နက်မဲ့ ကျောင်းသားလူငယ်နှစ်ယောက်ဖြစ်တဲ မောင်စိုးပိုင်ဇော်(၁၈) နှစ်နဲ့ မောင်အောင်သူဟိန်း (၂၂)နှစ် တို့ပွဲချင်းပြီးသေဆုံးခဲ့ရပါ တယ် ။

ပဲခူးမြို့ဇိုင်းဂနိုင်း(တောင်)ရပ်ကွက်၊မင်္ဂလာလမ်း၊အိမ်အမှတ်၂၀၀နေ အဘဦးမြတ်သူရဲ့သားမောင်အောင်သူဟိန်းက၆ချက်ထိမှန်ပြီး ဇိုင်းဂနိုင်း(တောင်) ရပ် ကွက်၊မြလမ်း၊အိမ်အမှတ်၁၇၇နေ အဘဦးဟုတ်ကြည်ရဲ့သားမောင်စိုးပိုင်ဇော်က၄ချက်ထိမှန်ခဲ့ပါ တယ်၊မြလမ်းထိပ်မှာပဲပစ်ခတ်မှုဖြစ်တာဖြစ်ပြီး သွေးသံတရဲ ရဲလမ်းမပေါ်လဲကျသွားကြချိန်မှာ စစ်သားတယောက်က“ စစ်တပ် ကိုစမ်းချင်တဲ့ကောင်စမ်း သေချင်းဆိုးနဲ့သေသွားမယ်” လို့ ကြိမ်းမောင်းအော်ဟစ်ပါတယ် ၊ ရဲတွေရောက်လာချိန်မှာ စစ်တပ် ကရှောင်ထွက်သွားပြီး ဘယ်သူမှထွက်ကြည့်လို့မရအောင်ရဲတွေက ပိတ်ဆို့ပေးထားပါတယ် ၊ အလောင်းကိုဆေးရုံသယ်တာ တောင် ကောင်းကောင်းမွန်မွန်ဆေးရုံကားနဲ့မသယ်ပဲ ဆိုက္ကားနဲ့ဖြစ်သလိုသယ်ခဲ့ပါတယ် ။

၅.၉.၂၀၁၀နေ့မှာချက်ချင်းအသုဘစီစဉ်ဘို့ အာဏာပိုင်တွေကဖိအားပေးခဲ့ပါတယ် ၊ မိဘတွေအဝေးရောက်နေလို့ ပြန်လာချိန်ရအောင် စောင့်ခွင့်ပေးပါ ၊ အိမ် ပြန်သယ်ခွင့်ပေးပါလို့ သက်ဆိုင်ရာမိသားစုဝင်တွေက အာဏာပိုင်အဆင့်ဆင့်ဆီခွင့်တောင်းခဲ့ပေမဲ့ (မတရားသတ်ဖြတ်မှုကိုဖုံးကွယ်ချင်တဲ့ အာဏာပိုင်တွေ ရဲ့ထုံးစံအတိုင်း) အလောင်းကိုတော့ အိမ်ပြန်သယ်ခွင့်မပြုခဲ့ပါ ဘူး၊ ပဲခူးတမြို့လုံးအုတ်အော်သောင်းနင်းဖြစ်ပြီး ထောင်ဂဏန်းရှိမဲ့လူထုက ပဲခူးဆေးရုံ ရင်ခွဲရုံ ကို သတင်းစုံစမ်းသွားရောက်လေ့လာကြပေမဲ့ ရဲလုံခြုံရေးအများအပြားနဲ့အရပ်ဝတ်ထောက်လှမ်းရေးတွေက တားဆီးပိတ်ပင်ခဲ့ပါတယ်တဲ့ ။


သတင်းအပြည့်အစုံဖတ်ပြီးချိန်မှာ သေဆုံးသူတွေရဲ့မိသားစုတွေနဲ့ထပ်တူ ကြေကွဲစိတ်မကောင်းဖြစ်စိတ်၊ နာကျည်းခံပြင်းစိတ်တွေကြောင့် ဒင်းတို့ကိုနိုင် အောင်ပြန်မတိုက်နိုင်သေးတဲ့အခြေအနေကိုပဲ တနုံ့နုံ့တွေးအားမလိုအားမရဖြစ်နေမိပါတယ်၊ စစ်အာ ဏာရှင်တွေရဲ့ ဒီ့ထက်ဆိုးတဲ့လုပ်ရပ်တွေနဲ့ဖြစ်စဉ်တွေကို အခါခါမြင်ဘူး ကိုယ်တိုင်လဲခံစားဘူးပါရဲ့ ၊ ဟောဒီနှလုံးသားက ထုံကျင်အသားကျမနေဘူး ၊ ကြားလိုက်ရတိုင်းနာတယ် ၊ မြင်လိုက်ရတိုင်းနာတယ် ၊ တွေးမိ တိုင်းလဲနာတယ်ဗျာ ။

ရပ်ရွာအေးချမ်းသာယာရေးနဲ့ တရားဥပဒေစိုးမိုးရေး ၊ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းဇိမ်တည်တံ့ခိုင်မြဲရေးဆိုတဲ့ သတင်း စာတွေ တီဗွီဖန်သားပြင်တွေ ပေါ်က ဟန်ဆောင်ပန်ဆောင်ပြောပြောနေတဲ့စကားတွေ ဘယ်မှာလဲ ၊ ဒါလားတရားဥပဒေစိုးမိုး တာ ၊ ဒါလားပြည်သူတွေကိုကာကွယ်စောင့်ရှောက်တာ ၊ ဆင်းရဲမွဲတေမှုတွေကြောင့် မလူးသာမလွန့်သာတဲ့ ပြည်သူတွေကိုပိပြားနေအောင်နင်းဖိထားပြီး အများပြည်သူမမြင်ကွယ်ရာ ကျေးလက်တောရွာတွေမှာ ထင်သလိုလုယက် ၊ မုဒိန်းကျင့်လူသတ် လုပ်နေတဲ့ဇရိုက်တွေ ခုလို မြို့ပြပေါ်ထိပြောင်ပြောင်တင်းတင်းအတင့်ရဲကျူးလွန်လာတာ တုန့်ပြန်မှုမရှိငြိမ်ခံနေကြ ရင်တော့ ရုပ်ရှင်တွေဗွီံဒီယိုတွေထဲတွေ့ဘူးတဲ့ ဖက်စစ်ခေတ်ဂျပန်တွေထက်ဆိုးလာတော့မယ် ။

“စစ်တပ်ဆိုတာ လက်နက်အားကိုးတန်ခိုးပြဘို့မဟုတ်ဘူး ၊ စစ်တပ်က ပြည်သူတွေကို လက်နက်နဲ့အနိုင်ကျင့်ဖိနှိပ်ဘို့မဟုတ်ဘူး ၊ စစ်တပ်ဟာ ပြည်သူရဲ့ အစေခံပဲဖြစ်ရမယ် ၊ ပြည်သူဟာ စစ်တပ်ရဲ့အစေခံ ဘယ်တော့မှမဖြစ်ရဘူး ” လို့ပြောခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းသာသက်ရှိထင်ရှားရှိလို့ စစ်တပ်ရဲ့ ဒီလိုရက်စက်ယုတ်မာမှုတွေကိုသာသိရင် ဆရာတင်ခေါ်လာခဲ့တဲ့ ဂျပန်ကိုပြန်ချသလို သူတည်ထောင်ခဲ့တဲ့စစ်တပ်ကို “ရရာလက်နက်နဲ့ပြန်ချကြတော့”လို့ ပြည်သူကိုနှိုးစော်ပြီး သူကိုယ်တိုင် တော်လှန်စစ်ကိုဦးဆောင်ဆင်နွှဲမယ်ထင်ပါရဲ့ ။

“ညီအကိုတို့ ပေတရာပေါ်မှာစီးတဲ့သွေးတွေမခြောက်သေးဘူး ၊ မတွေဝေနဲ့ ” တဲ့ ၊ ဒီလောက်ထပ်ထပ်သတ်ပြီး သွေးဟောင်း တို့စွန်းခဲ့တဲ့မြေပေါ် သွေးသစ် တွေအကြိမ်ကြိမ်စီးနေတာ အပြစ်မဲ့ကျောင်းသားလူငယ်တွေ ခုလိုရက်ရက်စက်စက်အသတ်ခံရ မှုမျိုးကို မကြုံဘူးမခံစားဘူးလို့ကိုယ်ချင်းမစာနိုင်သေးတဲ့ ညီငယ်တွေလဲ သတိမူစဉ်းစားကြဘို့လိုပါပြီ ။

၁၉၈၈ ကျွန်တော်တို့ခေတ်ကတော့ လက်သဲဆိတ်ခံရချိန်မှာ လက်ထိပ်သာမက ရင်ထဲအသဲထဲသွေးသားထဲကပါနာခဲ့ကြလို့ ကျွန်တော်တို့ အောင်မြင်မှု တစ်စုံတစ်ရာရရှိသည်အထိ တိုက်ပွဲဝင်ရဲခဲ့ကြတယ် ၊ ကိုဖုန်းမော်နဲ့ကိုစိုးနိုင်တို့ ရန်ကုန်စက်မှုတက္က သိုလ်ဝန်းထဲမှာ ခုလိုရက်ရက်စက်စက်ပစ်သတ်ခံခဲ့ ရမှုကနေ ကျောင်းသားသပိတ် ၊ နောက်ဆုံးလူထုအုံကြွမှုကြီးဆက်ဖြစ်ပြီး စိန်လွင်လိုစစ်ခေါင်းဆောင်အစိုးရတွေနဲ့ နေ၀င်းရဲ့တပါတီအာဏာရှင်စနစ် ကိုဖြုတ်ချနိုင်ခဲ့တယ် ။

ဒါပေမဲ့ ကျွန်တော်တို့ တာဝန်မကျေခဲ့ပါဘူး ၊ ကျွန်တော်တို့မြင်ခဲ့မှီခဲ့တဲ့ ကိုဖုန်းမော်ကိုစိုးနိုင်ကစလို့ ၁၉၈၈မတ်လမှာအသတ်ခံ ခဲ့ရတဲ့ကျောင်းသားတွေ ၊ ၁၉၈၈ ဇွန်လမှာအသတ်ခံခဲ့ရတဲ့ကျောင်းသားတွေ ၊ ရှစ်လေးလုံးအရေးတော်ပုံကြီးမှာ အသတ်ခံခဲ့ရ တဲ့ကျောင်းသားလူငယ်တွေ ၊ ပြည်သူတွေ ၊ ဒီပဲရင်းမှာမတရားရိုက်သတ်ခံရတဲ့ ကျောင်းသားလူငယ်တွေ ၊ ၂၀၀၇ စက်တင် ဘာမှာပစ်သတ်ခံရတဲ့ သံဃာတော်တွေ ၊ ကျောင်းသားလူငယ်တွေ ၊ တောထဲတောင်ထဲမှာကျဆုံးသေဆုံးခဲ့တဲ့ ကျောင်းသား တွေ ၊ အကျဉ်းထောင်တွေထဲမှာသေဆုံးခဲ့ရသူတွေအတွက် ကျွန်တော်တို့တာဝန်မကျေသေးပါဘူး ၊ သူတို့သေဆုံးခဲ့ရမှုတွေ အတွက် တရားမျှတမှုကိုမဖြစ်စေသေးသမျှ ကျွန်တော်တို့တာဝန်ကြေပြီမခေါ်နိုင်ပါဘူး ၊ ဒီအတွက် ကျွန်တော်တို့ဆက်လက် တိုက်ပွဲဝင်နေရဦးမှာပါ ။

စစ်အာဏာရှင်သက်တာရှည်ခဲ့ပြီ ၊ အနိဌာရုံတွေများပြီ ၊ လူပုံအလယ်ရက်ရက်စက်စက်ပစ်သတ်တာမျိုးကြောင့်မဟုတ်ပဲလဲ စစ်အာဏာရှင်တွေကြောင့် နေ့စဉ်လူတွေသေနေကြပါတယ် ၊ ဆင်းရဲမွဲတေမှုကြောင့် အဟာရချို့တဲ့ ၊ နောက်ဆက်တွဲ ရောဂါ ဘယထူပြော ၊ ဆေးကုသစရိတ်မတတ်နိုင်တော့ ရောဂါကနိုင်သွားပြီးတဖြည်းဖြည်းသေ ၊ အဲလိုပြည်သူတွေလဲ အသတ်ခံ လိုက်ရတာပါပဲ၊ ကလေးမီးမဖွားနိုင်လို့သေတယ် ၊ မြွေဆိပ်မိလို့သေတယ် ၊ ဆေးရုံကိုအချိန်မှီမရောက်လို့သေတယ် ၊ ဆေးရုံ မှာဆေးမရှိလို့သေတယ် ၊ ဆေးရုံဆေးခန်းကိုမရှိလို့သေတယ် ၊ ဆရာဝန်မရှိလို့သေတယ် ၊ ၀ဋ်ကြွေးမဟုတ်ဘူး ၊ ကံကြမ္မာ မဟုတ်ဘူး ၊ ပြည်သူတွေဘာဖြစ်နေနေ ငတေမာပြီးရောကိုယ်ကျိုးရှာနေတဲ့ စစ်ဗိုလ်ချုပ်တွေသတ်တာ ။

နာတယ်..၊ လက်ထိပ်ကတင်မဟုတ်ဘူး ၊ ရင်ထဲအသဲထဲသွေးသားထဲကပါနာတယ် ၊ ခုလိုရက်ရက်စက်စက်ပစ်သတ်ခံရ တာမျိုး ပိုနာတယ် ၊ မကြေ..ဘယ်တော့မှမကြေ..တစ်သက်တစ်ကမ္ဘာမကြေ..။

စစ်အာဏာရှင်စနစ်ကျဆုံးသည်ထိ

မောင်ကျောင်းသား

Monday, September 6, 2010

0 ဥပဒေအရ ရပ်တည်ခွင့်ကိစ္စ စစ်အစိုးရကို အမှု ၂ ခုနဲ့ NLDတရားစွဲဖို့ပြင်


အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLDပါတီကို ဆက်လက်ရပ်တည်ခွင့်မရှိအောင် မတရားသဖြင့် ထုတ်ပြန်ခဲ့တဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေနဲ့ ပတ်သက်လို့  စစ်အစိုးရကို အမှုနှစ်မှုနဲ့ တရားစွဲဆိုဖို့  ပြင်ဆင်နေပြီလို့ NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ရှေ့နေ ဦးဥာဏ်ဝင်းက ပြောပါတယ်။

ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေ ထွက်လာတဲ့အခါမှာ အဲဒီ ပါတီမှတ်ပုံတင် ဥပဒေအရ ရက်ပေါင်း ၆၀ အတွင်းမှာ ပါတီအဟောင်းတွေက ပြန်လည် မှတ်ပုံတင်ရမယ်၊ မတင်ခဲ့လို့ရှိရင် ပါတီ အလိုအလျောက် ပျက်ပြယ်တယ်ဆိုပြီး ပါတယ်လေ။ အဲဒါကြောင့် အဲဒီလို ဥပဒေပြဌာန်းချက်ဟာ ၁၉၈၈ ဥပဒေအရ မှတ်ပုံတင်ထားတဲ့ NLDနဲ့ မဆိုင်ဘူး၊ NLDအပေါ်မှာ အကျုံးမဝင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ NLDဟာ အဲဒီအချိန်က တရားဝင် ရပ်တည်လာတယ်၊ ဘာပြစ်မှုမှ မရှိဘူး။ အဲဒီတော့ တရားဝင် ရရှိတဲ့ အခွင့်အရေးတွေဟာ စကားရပ်များ အနက်အဓိပ္ပါယ် ဖွင့်ဆိုရေး ဥပဒေအရ ဆက်လက်ခံစားထိုက်တယ်၊ ဒီ အခြေခံအချက်အပေါ်မှာ အစိုးရကို တရားစွဲဖို့ ကျနော်တို့ ကြိုးစားနေတာပါ”

နိုင်ငံရေးပါတီ ရပ်တည်ပိုင်ခွင့်က သီးခြား တမှုဖြစ်ပြီး၊ ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲအနိုင်ရ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ရပ်တည်ပိုင်ခွင့်နဲ့ ပတ်သက်လို့ နောက်ထပ်တမှု စွဲဆိုမှာဖြစ်တယ်လို့  ဦးဥာဏ်ဝင်းက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေဖြစ်ကြတဲ့ ဦးဥာဏ်ဝင်း၊ ဦးကြည်ဝင်းနဲ့ ဒေါ်ခင်ဌေးကြွယ်တို့ မနေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားရောက်တွေ့ဆုံခဲ့ရာမှာ စစ်အစိုးရကို တရားစွဲဆိုဖို့ ဒေါ်အောင်ဆန်းစုကြည်က ညွန်ကြားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အမှုအတွက် အချောသတ် ပြင်ဆင်မှုတွေ ပြီးစီးသွားတဲ့အခါ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်ပင်အတည်ပြုချက် ရယူပြီး မကြာခင်မှာပဲ စတင် တရားစွဲဆိုမယ်လို့ ရှေ့နေ ဦးဥာဏ်ဝင်းက ပြောပါတယ်။
(RFA)

Sunday, September 5, 2010

1 ပဲခူးမြို့တွင်အရက်မူးနေသောစစ်သားများနှင့်ရန်ဖြစ်ပြီး သေနတ်ဖြင့်အချက်ပေါင်းများစွာပစ်ခတ်၍ လူငယ်(၂)ဦးသေဆုံး



သေဆုံးသွားသော အောင်သူဟိန်း၏ဓာတ်ပုံ

ပဲခူးမြို့ ဇိုင်းဂနိုင်းတောင်ပိုင်း မြလမ်း တွင်နေထိုင်သူ လူငယ်(၂)ဦးဖြစ်သော အောင်သူဟိန်းနှင့် စိုးပိုင်ဇော်တို့ဂီတာတီးနေစဉ်အရက်သောက်ပြီးမူးယစ်နေသောခမရ(၁၀၁)၊ခလရ(၅၉)တပ်မှအရာရှိနှင့်စစ်သားများနှင့် ရန်ဖြစ်ကြပြီး နောက်စစ်သားများတပ်စခန်းသို့ပြန်သွားခဲ့ကြပါသည်။ ထို့နောက်ပြန်လာပြီး စစ်သား(၁၀)ယောက်မှ သေနတ်ဖြင့်မြလမ်းထိပ်တွင်ပစ်ခတ်ရာ သေနတ်ဒဏ်ရာဖြင့် အောင်သူဟိန်းက၆ချက်ထိ--စိုးပိုင်ဇော်က၄ချက်ထိပြီးနေရာတွင်ပွဲချင်းပြီး သေဆုံးသွားကြောင်းသတင်းရရှိပါသည်။ ထိုသို့ပစ်ခတ်ပြီးသွားတဲ့နောက်မှာ စစ်သားမှ ရပ်ကွက်ရှိပြည်သူများသို့ " ကြိုက်တဲ့အကောင်စမ်းချင်ရာစမ်း မင်းတို့အကောင်တွေ သေချင်းဆိုးနဲ့သေလိမ့်မယ်"လို့အော်ဟစ်ကြိမ်းမောင်းသွားကြောင်းမျက်မြင်သက်သေများက ပြောဆိုကြပါတယ်။ သေဆုံးသွားသောသူများ၏ မိဘများကရင်ခွဲရုံတွင် မိမိတို့သားများ၏ရုပ်အလောင်းကို အိမ်သို့ပြန်လည်ယူဆောင်ရန်တောင်းဆိုခဲ့ခြင်းကို အာဏာပိုင်များကတားမြစ်နေကြောင်းသိရှိရပါသည်.
သေဆုံးသွားသော စိုးပိုင်ဇော်၏ဓာတ်ပုံ

videoနှင့်ဓာတ်ပုံသတင်းအတွက် ဦးအေးမြင့် (လမ်းပြကြယ်)အားကျေးဇူးတင်ရှိပါသည်။

0 ၃ နှစ်ပြည့် ပိတ်ဆို့မှု၏ ထွက်ပေါက်


၎.၉.၂၀၁၀ (စနေနေ့)

အနုပညာနှင့် ပတ်သက်သည့် လုပ်ငန်းမှန်သမျှကို ပိတ်ပင်တားဆီးမှုများ ပြုလုပ်ခြင်း ခံခဲ့ရသည်မှာ (၃) နှစ်တာ ကာလအတွင်းသို့ ရောက်ရှိခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ပြည်သူလူထုအပေါ် (၃) နှစ်တာ ကာလအတွင်း လူမှုရေးလုပ်ငန်းများဖြင့် ကိုယ်စွမ်းဥာဏ်စွမ်းရှိသရွေ့ ကိုယ်ဖိရင်ဖိ လုပ်ကိုင်ပေးဆပ်ရင်းနှင့် နှလုံးသားမှ ပေါ်ထွက်လာသော အဖြူထည် အနုပညာ ခံစားမှုများကို မိမိ၏ အနုပညာ ထွက်ပေါက်အဖြစ် ရေးဆွဲမိတော့သည်။

ယင်း အဖြူထည်ခံစားမှု ရေးချက်တို့မှ “အဖြူထည်မိခင်” တည်း ဟူသော ပန်းချီကားချပ် တစ်ချပ် ထွက်ပေါ်လာတော့သည်။ ထိုတစ်ခုတည်းသော “အဖြူထည်မိခင်” ပန်းချီကားချပ်ကို Morekha Art Gallery တွင် အများပြည်သူတို့အား ပြသခွင့် ရရှိခဲ့သည်။

၂၀၀၇ ခုနှစ် စက်တင်ဘာလမှ ၂၀၁၀ ခုနှစ် စက်တင်ဘာလအထိ အများပြည်သူ အနုပညာ ပရိတ်သတ်၏ မိမိ၏ အနုပညာကို အသိအမှတ်ပြုခြင်း၊ အားပေးခြင်း ကင်းမဲ့ခဲ့သော ကျွန်တော်၏ အနုပညာတင်ပြမှု ပေးဆပ်မှု ချပြမှုများသည် ယခု (၃) နှစ်ပြည့်သော နေ့ရက်တွင် အများပြည်သူ ပရိတ်သတ်ထဲမှ အနုပညာမြတ်နိုးသော တစ်စုံတစ်ယောက်က အသိအမှတ်ပြုစွာဖြင့် ၀ယ်ယူအားပေး ခြင်းကို ခံယူခဲ့ရသည့်အတွက် လွန်စွာဝမ်းမြောက်ပီတိ ကျေးဇူးအထူးတင်ရှိပါကြောင်း . . . .

ယခု (၃) နှစ်ပြည့်သော နေ့ရက်တွင် မိမိ၏ အနုပညာပစ္စည်းတစ်ခုကို တစ်စုံတစ်ယောက်အား အဖိုးထိုက်တန်စွာနှင့် ပေးအပ်လိုက် ခြင်းသည် မိမိ၏ ရင်သွေးငယ်တစ်ဦးအား ထို တစ်စုံတစ်ယောက် ထံသို့ ပေးအပ်လိုက်ရသလို ခံစားမိ သော်လည်း ထို တစ်စုံတစ်ယောက်၏ ၀ယ်ယူအားပေးမှုသည် မိမိအတွက် လူမှုရေးကိစ္စတင်မက အနုပညာဖန်တီးမှုအတွက် အဖိုးမဖြတ်နိုင်သော အားဆေး တစ်ခွက်ကို သောက်လိုက်ရသကဲ့သို့ ခံစားရပြန်သည်။

(ထို တစ်စုံတစ်ယောက်သော သူ၏ ရုပ်ပုံလွှာကို မဖော်ပြခြင်းအား နားလည်ခွင့်လွှတ်လိမ့်မည်ဟု မျှော်လင့်ပါသည်။)

လေးစားမှုများစွာ ပေးဆပ်မှုများစွာဖြင့်

ကျော်သူ

0 ကြွေလွင့်သွားသော အလှဖန်တီးရှင်


မြန်မာနိုင်ငံရဲ့ ထိပ်တန်းမိတ်ကပ် ဖန်တီးရှင်တစ်ဦးဖြစ်သော မိတ်ကပ်အောင်အောင် (တောင်ကြီး) အသက်(၄၇) နှစ်သည် ၂.၉.၂၀၁၀ (ကြာသပတေးနေ့) နေ့လယ် (၁၂)နာရီ အချိန်တွင် အာရှတော်ဝင် အထူးကု ဆေးခန်းကြီးတွင် ကွယ်လွန်သွားပါ၍ နာရေးကူညီမှုအသင်း(ရန်ကုန်)က ရေဝေးသုဿန်အအေးခန်းသို့ သယ်ယူပို့ဆောင် ပေးခဲ့ပါသည်။ ဈာပန အခမ်းအနားကို ၄.၉.၂၀၁၀ (စနေနေ့) ညနေ (၄) နာရီ အချိန်တွင် ရေဝေးသုဿန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဦးစီး၍ ကျင်းပပေးခဲ့သည်။

မိတ်ကပ်အောင်အောင် (တောင်ကြီး) သည် နာမည်ကျော် ရုပ်ရှင်မင်းသမီးများ၊ မင်္ဂလာသတို့ သမီးများ၊ မော်ဒယ်များအတွက် အားထားစရာ အလှဖန်တီးရှင် တစ်ဦးဖြစ်သည်နှင့် အညီ ဈာပန အခမ်းအနားတွင် အနုပညာပညာရှင်များ၊ အလှဖန်တီးရှင်များ၊ ကိုလူချော အဖွဲ့သားများ၊ အနုပညာကို အားပေးကြသော ဧည့်ပရိတ်သတ်များဖြင့် စည်ကားစွာ ၀မ်းနည်းကြေကွဲမှုများစွာဖြင့် ပြီးဆုံးခဲ့သည်။

မြန်မာနိုင်ငံ၏ ရုပ်ရှင်အနုပညာလောကတွင် မရှိမဖြစ် အားထားနေရသော အလှဖန်တီးရှင် တစ်ဦး ကြွေလွင့်သွားမှုကို နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသူ/သားများမှ အနုပညာရှင်များ၊ အလှဖန်တီးရှင်များ ထပ်တူ ၀မ်းနည်းကြေကွဲမိပါကြောင်း . . . .

ကိုကျော်သူ

0 အများသုံးတယ်လီဖုန်းထဲက ဗက်တီးရီးယားများ


ရန်ကုန်မြို့၏ လူစည်ကားရာ နေရာများရှိ အများသုံးတယ်လီဖုန်း များကို သုတေသနပြု၍ ဓာတ်ခွဲပြု လုပ်ရာ အရေးပြားရောဂါဆိုင်ရာ ဗက်တီးရီးယားပိုး မြောက်မြားစွာ တွေ့ရှိရကြောင်း ရန်ကုန်တက္ကသိုလ် သတ္တဗေဒဌာနမှ သိရသည်။ ရန်ကုန်တိုင်း အတွင်းရှိ လူစည် ကားရာ ၅ မြို့နယ်မှ တစ်မြို့နယ် လျှင် ဖုန်း ၁၅ လုံး၏ စကားပြော ခွက်မှ အမှုန်များကို Normal Saline Swabs ဖြင့် ယူဆောင်ပြီး ချက်ချင်းဓာတ်ခွဲခန်းတွင် ဗက်တီး ရီးယားအရေအတွက်နှင့် အမျိုး အစားခွဲခြားခြင်းများကို လုပ်ဆောင် ခဲ့ကြောင်း သိရသည်။ ”အများသုံး တယ်လီဖုန်းတွေ အပြင် ကိုယ်ပိုင်ဖုန်းက အမှုန်တွေ လည်းယူပါတယ်။ မြို့နယ်အလိုက် ဗက်တီးရီးယားတွေက မတူကြပါ ဘူး။ တချို့မြို့နယ်တွေမှာဆိုရင် ပဋိ ဇီဝဆေး ၃ မျိုးလောက်ကို ခံနိုင် ရည်ရှိတဲ့ ဗက်တီးရီးယားပိုးတွေ တွေ့ရပါတယ်။ အဲဒါကတော့ မ ကောင်းဘူး။ ကြာကြာ ပြောတဲ့သူ တွေအတွက် အန္တရာယ် ရှိပါတယ်” ဟု သတ္တဗေဒ ဓာတ်ခွဲခန်းဌာနမှ ဒေါ်ငြိမ်းငြိမ်းလှိုင်ကပြောသည်။ ဓာတ်ခွဲတွေ့ရသော ဗက်တီး ရီးယားပိုးများတွင် တချို့မှာ ကူး စက်နိုင်သော ပိုးများပါဝင်သလို လေထဲတွင် အလိုအလျောက် ပျံ့ နှံ့နေသော ဗက်တီးရီးယားပိုများ လည်းပါဝင်နေကြောင်း၊ လူကို ကူး စက်နိုင်သည့် ရောဂါပိုးဟုတ် မ ဟုတ်ကို ဓာတ်ခွဲမစမ်းသပ်နိုင်သေး ကြောင်း သိရသည်။
”လူတွေက ဖုန်းကနေ ကူး လိမ့်မယ်လို့ ထင်ကြမှာမဟုတ်ဘူး။ ဒါကြောင့် ဖုန်းကို သန့်ရှင်းရေး လုပ်သင့်တယ်။ Spray နဲ့ သန့် ရှင်းအောင်လုပ်နိုင်ရင် ပိုကောင်းတာ ပေါ့။ ဖုန်းနံပါတ်နှိပ်တဲ့ နေရာတွေမှာ လည်း ရှိနိုင်ပါတယ်။ အခု ဓာတ် ခွဲထားတာတော့ စကားပြောခွက်ထဲ က အမှုန်ကိုပဲ သုတေသနလုပ် ထားတာပါ။ ကျန်းမာရေး မကောင်း တဲ့အချိန်မှာဆို ဖုန်းမပြောသင့်ပါ ဘူး။ အဲဒီဖုန်းကနေ ပိုးတွေ ကူးစက် နိုင်ပါတယ်” ဟု အထက်ပါ ပုဂ္ဂိုလ် က ပြောသည်။ ရန်ကုန်တိုင်း မြို့နယ် ၅ မြို့နယ် မှ ဖုန်း ၇၅ လုံး၏ စကားပြောခွက် မှ အမှုန်များတွင် တွေ့ရသော ဗက် တီးရီးယားများမှာ များသောအား ဖြင့် အဆုတ်မကောင်း၍ ချောင်း ဆိုးစေသော Klebsiella Sp. နှင့် အရေပြားအနာ ဖြစ်စေသော Micrococcus Sp. များအပြင် Streptococcus Sp.၊ Bacillus Sp.၊ Staphylococcus Sp.၊ Aerococcus Sp.၊ Unknown bacteria များ တွေ့ရှိရကြောင်း ယင်းတွေ့ရှိချက် များကို ရန်ကုန်တက္ကသိုလ် သတ္တ ဗေဒမှ ဒေါ်ကလျာဝင်းက သုတေ သန စာတမ်းပြုစုပြီး Ph.D ဘွဲ့ ရရှိ ခဲ့ကြောင်း သိရသည်။

source။ ။ popular myanmar

0 လူလုံးမလှပြည့်သူ့ဘ၀ (သီချင်းလေးပါ)

ယခု တေးသီချင်းများသည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ရရှိရေး နှင့် စစ်အာဏာရှင် စနစ်ဆိုးတိုက်ဖျက်ရေး အတွက် တထောင့်တနေရာက ပါဝင်သောအားဖြင့် အမှန်တရားမြတ်နိုးသော လူငယ်များ၏ ကြိုးပမ်းမှုတစ်ရပ်သာဖြစ်သည်။ မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှု အတွက် အားတက်စရာတစ်ခုဖြစ်သည်ဟုဆိုနိုင်သည်။ အဘယ့်ကြောင့်ဆိုသော် သီဆိုထားသော အဆိုရှင် သီရိမင်းလွင် နှင့် စီစဉ်သူ စန္ဒီမင်းလွင် ညီအမနှစ်ယောက်စလုံးမှာ အသက် ၁၆ နှစ်အောက်လူငယ်လေးများဖြစ်ကြပါတယ်။ သူတို့လေးတွေအတွက် မေတ္တာဖြင့် စာသားပြောင်ပြောင်မြောက်မြောက် ရေးဖွဲ့ပေးသူမှာ ထက်အောင်ရှိုင်း ဖြစ်ပါတယ်။ သူတို့တွေကို လေးစားရတဲ့အချက်ကတော့ သူတို့တွေရဲ့ ထင်ပေါ်ကျော်ကြားမှုကို မလိုလားဘဲ နိုင်ငံချစ်စိတ်၊ လူမျိုးချစိစိတ် သက်သက်ဖြင့် အနုပညာဖြင့်နဲ့ အာဏာရှင်ကို အာခံရဲသော စိတ်ဓါတ်ပင်ဖြစ်သည်။

ရိုးသားမှု၊ ကြိုးစားမှု၊အမှန်တရား ချစ်မြတ်နိုးမှု၊ မတရားတာကို မတရားဘူးလို့ ရဲရဲဖော်ထုတ်ရဲမှု စတဲ့ အကျင့်ကောင်း စိတ်ဓါတ်ကောင်းတွေကို အရင်းပြုပီးဖန်တီးထားတဲ့ လူငယ်လေးတွေရဲ့ ဒုတိယခြေလှမ်းဖြစ်တဲ့ "လူလုံးမလှ ပြည်သူ့ဘဝ" တေးသီချင်းကို ခံစားဖြန့်ဝေပေးကြပါ။ ပထမ သီချင်းဖြစ်တဲ့ "ပြည်သူကို တကယ်ချစ်တာလား" သီချင်းကိုလည်းတွဲထည့်ပေးလိုက်ရပါတယ်။ ပထမ သီချင်းလေး ကို ဘလော့ခ်ဂါ ဒီမိုဝေယံ၊ အလင်းဆက်၊ ခမိခဆဲ တို့မှတဆင့် ဖြန့်ပေးခဲ့ပါတယ်။

ဘလော့ခ်ဂါ ညီအကိုမောင်နှမများက "ယုံကြည်စရာ တကွက်မရှိပါ" ခေါင်းစဉ်ပေးပြီး တလေးတစား ဖော်ပြပေးတာကိုလည်း ဝမ်းသာမိပါတယ်။ ကိုသော်ကြီးရဲ့ Video ပုံစံဖြင့် အားဖြည့်ဖန်းတီးပေးမှုကိုလည်း ကျေးဖူးတင်ပါတယ်။ အခုလို အကျင့်တူ၊ အမြင်တူသူ ညီအကို မောင်နှမ တွေလို အရာရာကို စုစုစည်းစည်း လေးလေးစားစား ပူးပေါင်းလုပ်ကိုင်ကြရင် ဒီမိုကရေတိုက်ပွဲ မကြာခင် အောင်မြင်မှာ ဖြစ်ပါတော့တယ်။

မိုးမိုးကောင်းကင်ပြာ
၎.စက်တင်ဘာလ.၂၀၁၀

"ယုံကြည်စရာ တကွက်မရှိပါ" သီချင်းကို ဒီနေရာမှာ သွားရောက်နားထောင်နိုင်ပါတယ်..

ပေးပို့သူ။ ။ ဒီမိုဝေယံ

0 “စစ်အာဏာရှင်ပျက်ပြိုကာအတည် ပြည်သူ့ခေတ်မှာတို့တတွေကျောင်းတက်မည်”

“စစ်အာဏာရှင်ပျက်ပြိုကာအတည် ပြည်သူ့ခေတ်မှာတို့တတွေကျောင်းတက်မည်”

“မောင်ကျောင်းသား”

Your browser may not support display of this image.

( ငါတို့၏ဦးခေါင်းများသည်သွေးချင်းချင်းနီသည် သို့သော်ညွှတ်ကားမညွှတ်နိုင်ပြီ ) ၂ ဒီမိုကရေစီပညာရေးသွေးနဲ့အရင်းတည် ဒီမိုကရေစီတော်လှန်ရေး ပေါင်းကူးပေးမည် ၊ စစ်အာဏာရှင်ပျက်ပြိုကာအတည် ပြည်သူ့ခေတ်မှာတို့တတွေကျောင်းတက်မည် ၊ မီး လောင်ပြင်တစပြင်မှာအတည် ထွန်းသစ်တဲ့တက္ကသိုလ်တို့ဆောက်မည်၊ညီညာ တိုက် ပွဲသို့ချီ ပြည်သာလက်တွဲဆောက်တည်(နီလဲပဲနီသည်ချွန်လဲပဲချွန်သည် ကျောင်းသား သမိုင်းသစ်တည်)၂ ၊ ဒီမိုကရေစီပညာရေး သွေးနဲ့အရင်းတည် ၊ ဒီမိုကရေစီ အောင်ပွဲ မုချရမည်….။

ကျွန်တော်ထောင်ထဲရောက်ခဲ့ရတဲ့အချိန်အတူနေခဲ့ရတဲ့ နောင်တော်ကျောင်းသားကြီးတွေဆိုပြခဲ့တဲ့သီချင်းတပုဒ်ရဲ့ စာသား အပိုင်းစတချို့ပါ ၊ စာသင်ခန်းထဲမှာပဲရှိနေရဦးမဲ့ အခြေခံပညာကျောင်းသားဘ၀ကနေ ပြည်သူတွေဆင်းရဲမွဲတေနေမှုတွေ အတွက် စစ်အာဏာရှင်တိုက်ဖျက်ရေးခရီးလမ်းပေါ်လျှောက်လှမ်းရင်း ထောင်ဆိုတဲ့ ဖိနှိပ်ချယ်ချယ်ရေးယန္တယားရဲ့အမြင့် ဆုံးနေရာကိုရောက်ခဲ့ရချိန်မှာ အဲဒီလိုသီချင်းတွေဟာ ကိုယ့်ကိုယ်ကိုယ်မာန်တင်းစေနိုင်ခဲ့ပါတယ် ။

ဒီသီချင်းလေးရဲ့အဓိပ္ပါယ်နဲ့လေးနက်မှုမျိုးကို ကျွန်တော်တို့ ၁၉၈၉ နှစ်ဆန်းပိုင်းလောက်ထဲကစဉ်းစားဆုံးဖြတ်ခဲ့ပြီးပါပြီ ၊ “ ကျောင်းတွေပြန်ဖွင့်ပြီ ”လို့ အာဏာသိမ်းစစ်ဗိုလ်ချုပ်တွေက သွေးစွန်းနေတဲ့လက်တွေကမ်းထားပြီး ကြိုဆိုသယောင်လုပ် ပြနေချိန်မှာ ကျွန်တော်တို့တိုက်ပွဲဝင်အခြေခံပညာကျောင်းသားတွေကြားမှာကို ကျောင်းပြန်တက်ရေးမတက်ရေး ဆွေးနွေး ဖြစ်ခဲ့ကြတာပါ ။

Your browser may not support display of this image. ဒီမိုကရေစီရရှိရေး-ဒို့အရေး ၊ စစ်အာဏာရှင်စနစ်ကျဆုံးရေး-ဒို့အရေး ကြွေးကြော် တိုက်ပွဲ ၀င်ရင်း စစ်အာဏာရှင်လက် ပါးစေတွေရဲ့ရက်ရက်စက်စက်ပစ်ခတ်မှုကြောင့် ဦးနှောက် ဖတ်တွေဟိုတစသည်တစပြန့်ကြဲနေအောင် ဦးခေါင်းပွင့်ထွက် ကျဆုံးခဲ့ရတဲ့ ကျွန်တော်တို့ သူငယ်ချင်းတွေကရော အေးအေးချမ်းချမ်းစာမသင်ချင်ပဲနေပါ့မလား၊ စစ်အာဏာရှင်တွေ ရဲ့ အနိုင်အထက်ပြုမှုကို ရရာလက်နက်ဆွဲကိုင်ပြန်ခံချမယ်လို့ ကျောင်းသားတပ်မတော်ဖွဲ့ စည်းပြီး တောထဲမှာ အနေဆင်းရဲ အစားဆင်းရဲ၊ မိသားစုတွေနဲ့လဲတကွဲတပြားဖြစ်၊ ဒုက္ခမျိုးစုံခံနေကြတဲ့ ဆရာဝန်လောင်းဆေးတက္ကသိုလ်ကျောင်းသားတွေ ၊ အင်ဂျင်နီယာလောင်းစက်မှုတက္ကလိုလ် ကျောင်းသားတွေ ၊ တခြားတခြားသော ကိုယ်ကျိုးစွန့်အနစ်နာခံနေကြတဲ့ ကျောင်းသားတွေ ၊ အားလုံးအားလုံးကရော စာသင်ခန်းနဲ့မိဘအရိပ်အာဝါသအောက်မှာ နွေးနွေးထွေးထွေးမနေချင်ပဲနေမလား ၊ စစ်ထောက်လှမ်းရေးတွေရဲ့စစ်ကြော ရေးစခန်းတွေမှာ ညှင်းပန်းနှိပ်စက်မှုမျိုးစုံခံပြီး ၊ ကြမ်းခင်းဈေး အနည်းဆုံးသုံးနှစ်အမိန့်ချတဲ့ စစ်ခုံရုံးတွေကို ရဲရဲရင့်ရင့် ရင် ဆိုင်ပြီး ၊ အကျဉ်းထောင်တွေထဲကိုရောက်နေကြတဲ့ကျောင်းသားတွေကရော ကျောင်းမတက်ချင်ပဲနေပါ့မလား ၊ ကျွန်တော် တို့တွေက သူတို့သူတို့တွေကိုမငဲ့ပဲ စစ်အာဏာရှင်တွေရဲ့လောင်းရိပ်အောက်ကကျောင်းခန်းထဲ ဘယ်လိုခံစားမှုတွေနဲ့ ပြန် ၀င်ထိုင်ကြမလဲ ။

ကျွန်တော်တို့ အခြေခံပညာကျောင်းသားလေးတွေတောင် ရဲရင့်ခဲ့ကြတယ် ၊ နိုင်ငံရေးမတည်ငြိမ်ပဲ ၊ ပြည်တွင်းငြိမ်းချမ်းမှု မတည်ဆောက်နိုင်ပဲ အေးအေးချမ်းချမ်းပညာသင်နိုင်မှာမဟုတ်သလို ကျောင်းသားအခွင့်အရေးဆိုတာလဲဆုံးရှုံးနေဦးမှာပဲ၊ စစ်အာဏာရှင်တွေရဲ့ စေတနာမပါတဲ့ဟန်ပြပညာရေးမှာ ကျောင်းတက်ပြီးဘွဲ့တွေရလဲ ဘာမှလဲဖြစ်လာမှာမဟုတ်တဲ့အတူ ပြည်သူတွေအတွက်ဆုံးခန်းတိုင်တိုက်ပွဲဝင်မယ်၊သွေးညှီနံ့တွေလွှမ်းနေမဲ့ စစ်ဝါဒီတွေဖွင့်တဲ့ကျောင်းခန်းထဲ ငါတို့ပြန်မထိုင် တော့ဘူးလို့ အခြေခံပညာကျောင်းသားများသမဂ္ဂ(အကသ)မှာပါတဲ့သူတွေ အများစုဆုံးဖြတ်ခဲ့ကြပါတယ် ။

“၁၉၃၆ခုနှစ်မှာဖွဲ့စည်းတည်ထောင် ဂုဏ်ရောင်ဝင်းလက်ခဲ့တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ဟာ ၊ ဖေါက်ပြန်တဲ့အစိုးရအဆက်ဆက်ကို သမိုင်းစာမျက်နှာထက်မှာ ထင်ဟတ်ပေါ်လွင်နေအောင် တိုက်ပွဲဝင်ခဲ့ကြတယ် ၊ တိုက် ပွဲဝင်နေကြစဲပါ ၊ အာဇာနည်ထောင်သောင်းတို့ရဲ့နီမောင်းဝင်းလက်တဲ့သွေးစက်တွေဟာ သမိုင်းကျောက်စာတိုင်အဖြစ် မော်ကွန်းတွင်ရစ်မှာမုချပါပဲ ၊ ၁၉၈၈ခုနှစ်ဒီမိုကရေစီတောင်းဆိုမှုအရေးတော်ပုံကြီးအတွင်းမှာ သူရဲကောင်းပီသစွာကျဆုံးခဲ့ ရရှာသော အာဇာနည်ရဟန်းရှင်လူပြည်သူအပေါင်းတို့ကိုဂုဏ်ပြုသောအားဖြင့် မပြီးဆုံးသေးသည့်ဒီမိုကရေစီတော်လှန်ရေး ကြီးကို အောင်ပွဲရရှိသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားပါမည်ဟုအဓိဌာန်ပြုရင်း” ကျွန်တော်တို့ ၊ ယုံကြည်ချက်အတိုင်း သာခရီးဆက်ခဲ့ကြပါတယ် ။

အဲဒီအချိန်ပေါ်ထွက်လာတဲ့“အကြောင်းကြောင်းကြောင့်ပါလို့ စိတ်မကောင်းစွာပြောရင်း စာသင်ခန်းအတွင်း ၀တ္တရားအရ ၀င်ထိုင် ဒါကိုငါတို့နားလည်ခွင့်လွှတ်နိုင်ပါတယ် ၊ ဒါပေမဲ့ ထုံးနံ့သင်းတဲ့ပန်းခင်းကိုဖြတ် ရည်းစားထားဘို့ကျောင်းပြန်တက် ကြမယ်ဆိုရင်တော့ ငါတို့ကခွင့်လွှတ်သည့်တိုင် ရာဇ၀င်ကခွင့်မလွှတ်သရွေ့ သူတို့ဟာ သမိုင်းမှာသစ္စာဖေါက်တွေဖြစ်သွား မှာပဲ ၊ ငါတို့ထဲကတချို့ဟာ ကိုယ့်အရိုးကိုယ်လှေနံအဖြစ်ထွင်းထု ကိုယ့်အသားကိုယ်လှေရွက်အဖြစ်စပ်ချုပ် ကိုယ့်ခြေလက် ကိုယ်လှော်တက်အဖြစ်အသုံးပြုလှော်ခတ်လို့ ကျောင်းတော်ကြီးနဲ့ငါတို့ကြား ခြားနေတဲ့သွေးပင်လယ်ကြီးကို ဖြတ်ကူးနေ ကြပြီ”ဆိုတဲ့ ရွှေဖုန်းလူရဲ့“ကျောင်းဖွင့်ချိန်”ကဗျာစာသားတွေက ကျွန်တော်တို့ကိုခိုင်မာအားတက်စေခဲ့သလို ကျောင်းသွား တက်ကြည့်ပြီးမှ ပြန်ထွက်လာခဲ့တဲ့သူငယ်ချင်းတယောက်ရဲ့“သူငယ်ချင်း..မင်းဟာ..ပကတိငြိမ်ဆိပ်..အိပ်မက်မရှိတဲ့ညတွေ ထဲမှာလှဲလျောင်း…မင်းအလောင်းမှာဒါဏ်ရာတွေနဲ့…မင်းထိုင်ခဲ့တဲ့….စာသင်ခန်းထဲကခုံကလေး…ငါငေးရင်းမျက်ရည်ကျ…. သိပ်သတိရနေတယ်သူငယ်ချင်း” ဆိုတဲ့ကဗျာလေးကလဲ ကျွန်တော်တို့ရင်ကိုထိရှ ၊ စစ်အာဏာရှင်တွေငြှိမ်းမရတော့တဲ့ ကျွန်တော်တို့နှလုံးသားထဲက မီးစတစ်စပါပဲ ။

ကျွန်တော်ထောင်ကလွတ်တော့လဲ စိတ်ပညာနဲ့ကတစ်ဘွဲ့၊ တိုင်းရင်းဆေးသိပ္ပံကသမားတော်ဘွဲ့ကတစ်ဘွဲ့၊ဘွဲ့နှစ်ခုတောင်ရ ထားတဲ့အမေက ရပ်ကွက်ထဲကအလုပ်သွားသူတွေရဲ့ ကျောင်းနေအရွယ်မဟုတ်သေးတဲ့ကလေးတွေကို အိမ်မှာထိမ်းပေး တဲ့အလုပ်လုပ်နေရသလို ၊ သခွားသီးစိတ်လေးတွေတုတ်ထိုး၊ အာလူးပြုတ်တုတ်ထိုး ၊ အချဉ်ရေနဲ့တို့စားရတာမျိုးလဲ ညနေ ပိုင်းမှာဈေးဘန်းလေးချရောင်းနေတာတွေ့ရတော့ အသုံးချခွင့်မရတဲ့အမေ့ပညာတွေအတွက်နှမျောမိပါတယ် ၊ အဲဒီလို ဘ၀တွေ ကိုယ့်အမေတစ်ယောက်ထဲမှမဟုတ်ပဲ ၊ စစ်အာဏာရှင်စနစ်ပျက်အောင်မတိုက်ဖျက်နိုင်ခင် မလွှဲမသွေမြင်တွေ့နေ ရဦးမှာပဲဆိုတဲ့အသိကို ထပ်လောင်းခိုင်မာစေခဲ့ပါတယ် ။

ကျောင်းသားဘ၀ကိုဆုံးရှုံး၊ လွတ်လပ်ပေါ့ပါးတဲ့လူငယ်ဘ၀ဆိုတာလဲပျောက်ခဲ့ရ၊ မိသားစုဘ၀ဆိုတာပါပျက်ဆီးခဲ့ရတဲ့ ကျွန် တော့်အတွက် “တော်လှန်ရေးသည်ငါတို့ကျောင်း၊တော်လှန်ရေးသည်ငါတို့တက္ကသိုလ်” ဆိုတဲ့ အတွေ့အကြုံတွေဆီကရတဲ့ ပညာတွေနဲ့ ဘ၀ကိုရပ်တည်ရပါတယ် ၊ အဖြူအစိမ်းကျောင်းသားလေးတွေကိုမြင်တိုင်း ၊တက္ကသိုလ်နယ်မြေတွေနားကနေ ဖြတ်သွားတိုင်း (ယောက်ကျားတန်မဲ့မျက်ရည်ဝဲရလောက်အောင်)နာကျင်ခံစားရပါတယ် ၊ ဒါပေမဲ့ နောင်တမဟုတ်ပါဘူး ၊ လူ့ဘာသာဘာဝ တမ်းတမိတာမျိုးသာပါ ။

ကိုယ့်ခံစားမှုနဲ့ကိုယ် တမင်မေ့ထားထားတဲ့ ( လူ့အခွင့်အရေးတရားတွေဟောခဲ့ဘူးရာ ၊ ကျောင်းသားသမဂ္ဂအဆောက် အဦးကြီးရှိခဲ့ဘူးရာ) ၊ ရန်ကုန်တက္ကသိုလ်ပရ၀ုဏ်ထဲကို မလွှဲသာမရှောင်သာလွန်းလို့ တခေါက်ရောက်ခဲ့ရချိန်တခနလေးမှာ တောင် ပျော်ပြုံးနေကြတဲ့ဘွဲ့ယူသူတွေရဲ့မျက်နှာကိုကြည့်ရင်း “သြော်..သူတို့ ဘာမှမသိကြသေးပါလား၊ဒီဘွဲ့လက်မှတ်တွေ ဟာ ဂုဏ်တုဂုဏ်ပြိုင်ဘို့ကလွဲပြီး သူတို့အတွက်ဘာမှအသုံးမ၀င်တာသိတဲ့နေ့ သူတို့ဘယ်လိုများခံစားရပါမလဲ” စဉ်းစားမိပါ တယ် ၊ နောက်ကလိုက်ပါလာကြတဲ့မိဘတွေကိုကြည့်ပြီး သားအတွက် ဘွဲ့နှင်းသဘင်ခန်းမထဲဝင်ရမဲ့အစား ထောင်ဝါဒါ တွေရဲ့အအော်ငေါက်ခံပြီး ထောင်ဝင်စာခန်းကိုပဲရောက်ခဲ့ရတဲ့အမေ့အတွက် စိတ်မကောင်းဖြစ်မိပါတယ် ၊ ကိုယ့်အကြောင်း ကိုယ်ပြန်တွေးရင်း ဒီဝန်းထဲမှာနောင်တော်တွေရက်ရက်စက်စက်ပစ်သတ်ခံရဘူးတယ်ဆိုတာ သတိပြန်လည်သွားတော့ ကျောင်းဝန်းထဲမှာကိုဆက်မနေနိုင်တော့အောင်ပါပဲ ၊ အင်းလျားကန်ဘောင်ဘက် ဘူးသီးကြော်ဆိုင်ထိုင်ရင်းစောင့်မယ်လေ ဆိုပြီး ၀န်းအပြင်ထွက်ပြန်တော့လဲ ဒီနေရာကတံတားဖြူကနေတံတားနီခေါ်ရလောက်အောင် ဘက်နက်နဲ့ထိုး နံပါတ်တုတ် နဲ့ရိုက်ခံရတဲ့နေရာ ၊ ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့သွေးစက်သမိုင်းကြောင်းက ဒီနေရာတွေကနိဒါန်းပျိုးခဲ့တာ စသဖြင့် ခံစားမိပြန်ပါတော့တယ်၊ ဘယ်သူနားလည်ပေးနိုင်ပါ့မလဲဗျာ။

အဲဒီနေ့က အမေ့ဆီတကူးတကန့်ကိုသွားရင်ဖွင့်ဖြစ်တယ် ၊ အမေကမျက်ရည်တ၀ဲဝဲအားပေးရှာပါတယ် ၊“ သြော်..သားရယ် မင်းလိုချင်ရင်ဘယ်လိုဘွဲ့မဆိုရနိုင်ခဲ့တာပဲ ၊ ဒီနေ့ခေတ်မှာ အဲဒီဘွဲ့တွေကအသုံးမတည့်ပါဘူးလို့ မင်းကိုယ်တိုင်ဆုံးဖြတ်ခဲ့ တာပဲလေ ၊ တွေးမနေစမ်းပါနဲ့ ၊ ကိုယ်မှန်တယ်ထင်ရာရဲရဲရင်ဆိုင်စမ်းပါ ၊ ခုမင်းရထားတဲ့ဘွဲ့ ကအကောင်းဆုံးပါ ငါ့သားရဲ့ .. ရှစ်ဆယ့်ရှစ်မျိုးဆက် ၊ တိုက်ပွဲဝင်ကျောင်းသား ၊ တော်လှန်ရေးသမားဆိုတဲ့ဘွဲ့တွေ ငါ့သား ရထားတာပဲ၊ ဒီ့ထက်ဘယ်ဘွဲ့က အမေ့ကိုပိုဂုဏ်ရှိစေမှာလဲ ၊ မင်းအဖေလဲ ဒါကိုပဲကျေနပ်နေတာပါ” တဲ့ ၊ ဆပ်ခွင့်မကြုံခဲ့တဲ့ အမေ့ကျေးဇူးတွေထဲမှာ အဲဒီ အားပေးစကားက အကြီးဆုံးများဖြစ်မလားတောင်ထင်မိပါရဲ့ဗျာ ။

ခုလဲ့ ရှစ်လေးလုံးအရေးတော်ပုံကြီးဖြစ်ချိန်မှာအခြေခံပညာကျောင်းသားတွေဖြစ်တဲ့ ကျွန်တော်တို့အသက်က ၃၇-၃၈ တွေ ဖြစ်ကြပေမဲ့ ကျောင်းသားတစ်ယောက်အနေဖြင့်သာ တော်လှန်ရေးတာဝန်များကို ထမ်းဆောင်နေဆဲပါ ၊ စစ်အာဏာရှင် တွေကလိသလို ကျွန်တော်တို့အဖွဲ့မှာ ခေါင်းဖြူသွားကျိုးအဖိုးကြီးအရွယ်တွေလဲ ကျောင်းသားတွေအဖြစ်တကယ်ရှိနေတာ ပါ ၊ ကျောင်းသားကရိုးသားတယ် ၊ ပြည်သူကိုရှေ့ကအသေခံဦးဆောင်ရဲတဲ့သတ္တိရှိတယ် ၊ လူမျိုး,ဘာသာ,အယူဝါဒအစွဲ တွေကင်းတယ်၊အာဏာတွေနေရာတွေမမျှော်မှန်းဘူးဆိုတဲ့ အဲဒီလိုဂုဏ်တွေကိုလေးစားတန်ဘိုးထားတဲ့အတွက် “ အမိမြေ လွတ်မြောက်ဘို့အတွက် အရိုးတွေတောင်လိုပုံမှရမယ်ဆို ငါတို့ကျောင်းသားအရိုးတွေက အောက်ဆုံးအလွှာကရှိစေရမယ်” ဆိုတဲ့ ကျောင်းသားဆောင်ပုဒ်ကိုဆုတ်ကိုင်ပြီး တော်လှန်ရေးဆိုတဲ့ကျောင်း ၊ တော်လှန်ရေးဆိုတဲ့တက္ကသိုလ်ရဲ့ ကျောင်း သားတွေအဖြစ် ကျောင်းသားနာမည်ခံဆက်ရှိနေကြတာပဲဖြစ်ပါတယ် ။

ယုံကြည်ပါတယ် ၊ တော်လှန်ရေးဆိုတာ ဇာပန်းထိုးသလို ဧည့်သည်ထမင်းစားဖိတ်သလိုလွယ်တာမျိုးမဟုတ်ဆိုပေမဲ့လဲ ၊ တနေ့ကျွန်တော်တို့ပြည်သူတွေ အောင်ပွဲခံရမှာပါ ၊ ကျွန်တော်တို့အသက်တွေ လေးငါးခြောက်ဆယ်မှလဲ ဖြစ်ချင်ဖြစ်နိုင်ပါ တယ် ၊ ဘယ်လိုပဲဖြစ်ဖြစ်ပြည်သူ့အင်အားတွေပေါင်းစည်းမိတဲ့တနေ့ ကျွန်တော်တို့အနိုင်တိုက်နိုင်မှာပါ ၊ ဘယ်လောက်ပဲ အိုမင်းမစွမ်းဖြစ်နေသည့်တိုင် ကျောင်းသားသမဂ္ဂအဆောက်အဦးကို ကိုယ်တိုင်ပြန်ဝင်ဆောက်မယ် ၊ စာသင်ခန်းထဲဝင်ထိုင် ပြီးဆုံးရှုံးခဲ့တဲ့ငယ်ဘ၀လေးပြန်လွမ်းမယ်မျှော်လင့်ရင်း အကျဉ်းခန်းထဲမှာနေစဉ်ကအားမာန်တင်းနိုင်ခဲ့တဲ့သီချင်းလေးပြန်ဆို ပြီး ဆက်လက်တိုက်ပွဲဝင်နေရဦးမဲ့ရှေ့ခရီးအတွက် တက်ကြွနေမိပါတယ် ၊ “စစ်အာဏာရှင်ပျက်ပြိုကာအတည် ပြည်သူ့ ခေတ်မှာတို့တတွေကျောင်းတက်မည်”……လို့ ။

Your browser may not support display of this image.

စစ်အာဏာရှင်စနစ်ကျဆုံးသည်အထိ

မောင်ကျောင်းသား


forwardမေးလ်ဖြင့်ပေးပို့သော ကိုဒီမိုအားကျေးဇူးတင်ရှိပါသည်။

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.