Tuesday, September 14, 2010

0 စစ်အစိုးရ၏ ငရဲသို့သွားရာ ငြိမ်းချမ်းရေးလမ်း

မန်းအိုင်ဖန်း

လူမျိုးတိုင်း တန်းတူရေး ကိုယ်ပိုင်ပြဌာန်ခွင့်ရှိတဲ့ ပြည်ထောင်စုတည်ဆောက်ရေး အစရှိတဲ့ မွေးရာပါ အခွင့်အရေးတွေကို ပြော ဆိုပြီး တိုင်းပြည်ထောင်စု မပြိုကွဲရေးခေါင်းစဉ်နဲ့ လူမျိုးငယ်တွေကို ခွဲထွက်ရေးသမားဆိုတဲ့ အမည်ဆိုးတပ်ပြီး ဖိနှိပ်ခဲ့တာ မဟာ လူမျိုးကြီးဝါဒသမားတွေရဲ့ လူမျိုးရေးဝါးမျိုမှုနဲ့ ပြည်ထောင်စု အတုအယောင် တပြည်ထောင်စနစ် အုပ်ချုပ်ရေးဆိုတာ မြန်မာ့ နိုင်ငံရေးသမိုင်းမှာ အထင်အရှားပါပဲ။

၁၉၆၂၊ မတ်လ ၂ရက်နေ့မှာ တိုင်းရင်းသားလူမျိုးစုတွေရဲ့ တန်းတူအခွင့်အရေးရရှိတဲ့ ပြည်ထောင်စုစနစ်ကို တည်ထောင်ဖို့ လွှတ်တော်အတွင်းမှာ ဒီမိုကရေစီနည်းနဲ့ ကြိုးစားခဲ့ရာက ဗိုလ်နေ၀င်း ဦးဆောင်တဲ့ ဗမာ့တပ်မတော်က တိုင်းပြည်အာဏာကို လက်နက်အားကိုးနဲ့ သိမ်းယူခဲ့ပြီး တပြည်ထောင်စနစ်ကို စစ်အာဏာနဲ့ ကျားကန်ပေးခဲ့ပါတယ်။ အဲဒီအချိန်က အဖိနှိပ်ခံ ပြည် သူတွေ လွတ်မြောက်ရေးအတွက် မြန်မာ့နည်း မြန်မာ့ဟန် ဆိုရှယ်လစ်စနစ်နဲ့ ချီတက်မယ်ကို ကြွေးကြော်ပြီး ဗမာလုပ် ဆိုရှယ် လစ်နဲ့ ပြည်သူတွေကို စစ်ဖိနပ်အောက်မှာ နင်းထားပြီး ချွေးသိပ်လှည့်စားခဲ့ပါတယ်။

တစ်ဖက်ကလည်း တောတွင်းလက်နက် ကိုင်အဖွဲ့အစည်းများကို ၁၉၆၃ခုနှစ်၊ နိုဝင်ဘာလလောက်မှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲ မအောင်မြင်လို့ တောထဲပြန်မယ်ဆိုရင်လည်း ပြန်လိုရာ ဒေသအထိ လိုက်လံပို့ဆောင်ပြီး ၇ရက်အတွင်း တိုက်ခိုက်မှု ရပ်စဲပေး မယ်လို့ အာမခံချက် ပေးလိုက်ပါသေးတယ်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တက်ရောက်လာတဲ့အထဲမှာ ပထမဦးဆုံး ဆွေးနွေးပွဲ ပျက်သွားတာကတော့ အလံနီကွန်မြူနစ်ပါတီ (ဗမာပြည်)က သခင်စိုးတို့အဖွဲ့ပါ အပြန်ခရီးမှာ ဗိုလ်နေ၀င်းတပ်က လိုက်တိုက်လို့ သခင်စိုးကြီး အသက်ဘေးက သီသီကလေး လွှတ်ခဲ့ရပါတယ်။ ဒုတိယ ဆွေးနွေးပွဲပျက်တဲ့ အဖွဲ့ကတော့ ရဲဘော်ဌေး ခေါင်းဆောင်တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ၊ မန်းဘဇန် ခေါင်းဆောင်တဲ့ ကေအဲန်ယူ ပါတီ၊ နိုင်ရွှေကျင် ခေါင်းဆောင်တဲ့ မွန်ပြည်သစ်ပါတီတို့ ပေါင်းစည်းတဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီ ညီညွှတ်ရေး တပ်ပေါင်းစု(မဒညတ)ပါပဲ။

ဒီဖြစ်ရပ်ကို သိလိုက်တဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီတပ်ပေါင်းစု(မဒညတ)က ပဲခူးရိုးမကနေ တပ်အင်အားနဲ့ လာကြိုဖို့ ကြိုတင်စီ စဉ်ထားတာကြောင့် ဗိုလ်နေ၀င်းတပ်ရဲ့ အန္တရာယ်က လွတ်ခဲ့ပါတယ်။ ဆွေးနွေးပွဲမှာလည်း ဧရာဝတီတိုင်းကို ရောက်နေတဲ့ ကေအဲန်ယူပါတီ အရံဗဟိုကော်မတီရဲ့ နေရပ်ပြန်ကိစ္စ အစိုးရက ဘာအကူအညီပေးရမလဲပြောတော့ ကေအဲန်ယူ လူကြီးတွေ က သူ့အစီအစဉ်နဲ့သူ ပြန်မှာလို့ ပြောလိုက်တယ်။

အဲဒီအချိန်မှာ ကေအဲန်ယူ အရံဗဟို ကော်မတီ မန်းဘစော အမှတ်(၇)ခရိုင် ပန်းတနော်မြို့နယ်ကို ကေအဲန်ယူ အောက်ခြေနဲ့ အစည်းအဝေးလုပ်ဖို့ ရောက်ရှိနေတယ်။ ရေဒီယိုကနေ မြန်မာနိုင်ငံ ဒီမိုကရေစီ တပ်ပေါင်းစု (မဒညတ)နဲ့ ငြိမ်းချမ်းရေး ဆွေး နွေးပွဲပျက်တယ်လို့လည်း ကြေညာရော ပန်းတနော်မြို့မှာရှိတဲ့ စစ်တပ်က တောကျောင်းရွာ ရောက်နေတဲ့ မန်းဘစောကို ဖမ်းဖို့ ပိတ်ဆို့ကြတယ်။ မန်းဘစောလည်း စစ်တပ်မရောက်ခင် ရှောင်တိမ်းနိုင်လို့ အသက်ဘေးက လွတ်မြောက်ခဲ့ပါတယ်။

ဗိုလ်နေ၀င်းက စတင်လိုက်တဲ့ စစ်အာဏာရှင်စနစ်ကို ဗိုလ်စောမောင်တို့ ဗိုလ်သန်းရွှေတို့ကလည်း အစဉ်အလာမပျက်(န၀တ)၊ (နအဖ)စတဲ့ နာမည်တွေ အမျိုးမျိုးပြောင်းပြီး အသက်ဆက်ပေးခဲ့ပြန်ပါတယ်။ တိုးတက်ပြောင်းလဲလာတဲ့ နည်းပညာခေတ်နဲ့ အမီ စစ်အာဏာရှင်စနစ် တည်မြဲရေးကို အသက်ဆက်ရာမှာ လုပ်နည်းလုပ်ဟန်သာ ပြောင်းလဲပေမယ့် စစ်အာဏာရှင်ရဲ့ သရုပ်သဏ္ဍာန်ကတော့ အရင်အတိုင်းပါပဲ။ ဗိုလ်နေ၀င်းတုန်းက ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ အောင်မြင်ခဲ့တဲ့ အဖွဲ့တဖွဲ့ ရှိပါ တယ်။

အဲဒါက စောဟန်တာသာမွှေး ခေါင်းဆောင်တဲ့ ကေအာရ်စီ ခေါ် ကရင့်တော်လှန်ရေးကောင်စီပါ။ သူ့နောက်က ကေအာရ်စီ ဗိုလ်ချုပ်စောအုန်းဖေ၊ တပ်မဟာ(၃) ဗိုလ်ထရူးမင်း၊ တပ်မဟာ(၅) ဗိုလ်လင်းထင်တို့ ပါလာကြတယ်။ စောဟန်တာသာမွှေး၊ ဗိုလ်ချုပ်စောအုန်းဖေတို့ကတော့ ရန်ကုန်ကုန်းမြင့်သာမှာ စစ်အစိုးရက နေရာပေးထားပါတယ်။ တပ်မဟာ(၅) ဗိုလ်လင်းထင်နဲ့ တပ်မဟာမှူး ဗိုလ်ဝင်းတို့ကတော့ ရန်ကုန်သွားလိုက် သထုံနေလိုက်ပေါ့။ တပ်မဟာ(၅) ဌာနချုပ်က သထုံမြို့နယ်ထဲက မြစ် ကျိုးမှာ ရှိတယ်။ ၁၉၆၄ခုနှစ်၊ စက်တင်ဘာလ ၂၈ရက် နေ့လည်လောက်မှာ သထုံစစ်တပ်က တပ်ရင်းမှူးက ရဲဘော် တစ် ယောက်ကိုလွှတ်ပြီး ဗိုလ်လင်းထင်ကို Red Label တစ်လုံး လက်ဆောင်ပေးခိုင်းတယ်။ အဲဒီအချိန်မှာ ဗိုလ်လင်းထင်နဲ့ ဗိုလ်ဝင်း ဖီးယက်ကားတစ်စီးနဲ့ ထွက်သွားလို့ ဗိုလ်လင်းထင်တပည့်တစ်ယောက် Red Label ပုလင်း ယူထားလိုက်တယ်။

အမှန်ကတော့ သထုံတပ်ရင်းမှူးက ဗိုလ်လင်းထင်နဲ့ ဗိုလ်ဝင်းတို့ အိမ်မှာရှိမရှိ စုံစမ်းခိုင်းတာသာ ဖြစ်တယ်။ အဲဒီအချိန်မှာပဲ တပ်မဟာ(၅) ဌာနချုပ်(မြစ်ကျိုး)က တပ်ရင်းမှူးစောစေးထူးက ဗိုလ်လင်းထင်ရှိတဲ့ သထုံကို ဗိုလ်ကြီးရွှေနဲ့ ဗိုလ်မိုးဇက်တို့က တပ်မဟာ(၅)အမိန့်ကို မနာခံကြောင်း မြစ်ကျိုးရွာသူကြီးနဲ့ စာပို့လိုက်တယ်။ ဗိုလ်လင်းထင် ပြန်မရောက်သေးလို့ ဗိုလ်လင်းထင် ရဲ့ တပည့်တစ်ယောက်ကပဲ စာယူထားလိုက်တယ်။

ညနေ(၅)နာရီရောက်တော့ ဗိုလ်လင်းထင်နဲ့ ဗိုလ်ဝင်းတို့ ပြန်ရောက်လာတယ်။ စာကိုတွေ့တော့ ဗိုလ်ဝင်းနဲ့ အဖော်လေး ယောက် ဘီးလင်းမြို့နယ်၊ နတ်ကြီးရွာမှာရှိတဲ့ ဗိုလ်ကြီးရွှေကို ဗိုလ်လင်းထင်က သွားခေါ်ခိုင်းရာမှာ သထုံစစ်တပ်ကို ကားအကူ အညီ လှမ်းတောင်းပြီး စစ်တပ်ကားရောက်လာတဲ့အခါ ခါတိုင်းလို ဗိုလ်ဝင်းအိမ်ရှေ့မှာ ကားကိုမရပ်ဘဲ ခပ်လှမ်းလှမ်းက စော လူဖော့အိမ်မှာ စစ်ကားကို သွားရပ်ခဲ့ပါတယ်။

ကားပေါ်က စစ်သားတွေကတော့ ဗိုလ်ဝင်းအိမ်နားမှာ မှောင်ရိပ်ခိုပြီး ကင်းပုန်းဝပ် ၀ိုင်းထားလိုက်ကြပါတယ်။ မှောင်နေပြီဖြစ်လို့ ဗိုလ်လင်းထင်နဲ့ ဗိုလ်ဝင်းတို့ မသိလိုက်ကြပါ။ ဗိုလ်ဝင်းက စစ်ကားရဲ့ ကားခေါင်းခန်းပေါ် တက်လိုက်တဲ့အခါ တပည့်လေး ယောက် နောက်ခန်းမှာ ထိုင်နေတာကို တွေ့ရတယ်။ စစ်ကားပေါ် ပါလာတဲ့စစ်သားတွေဟာ အရပ်ဝတ်နဲ့ဖြစ်ပေမဲ့ ခါတိုင်းလို ဗိုလ်ဝင်းရဲ့တပည့်များနှင့် မျက်နှာချင်းမဆိုင်ဘဲ တယောက်စီညှပ်ထိုင်တာဟာ ထူးခြားမှုတစ်ခုပဲလို့ ဗိုလ်ဝင်းက သူ့ရဲ့တပည့် တွေအပေါ် သံသယစိတ် ၀င်လိုက်မိတယ်။

အဲဒီအချိန်မှာ ဒရိုင်ဘာက စပယ်ယာဘီး မေ့ကျန်ခဲ့ကြောင်း ဘီးလင်းအထိ သွားရမှာဖြစ်လို့ တပ်ရင်းမှာ ပြန်ယူရမယ်ပြောပြီး တပ်ရင်းကို ကားပြန်မောင်းလာခဲ့တယ်။ တပ်ရင်းရောက်တော့ ဗိုလ်ဝင်းက တပ်ရင်းမှူးကို နှုတ်ဆက်ဖို့ဆိုပြီး တပ်ရင်းရုံးပေါ်ကို တက်သွားတယ်။ ခဏကြာတဲ့နောက်မှာ ကားပေါ်ကျန်ခဲ့တဲ့ ဗိုလ်ဝင်းရဲ့တပည့်တစ်ယောက်ဆီကို စစ်ဗိုလ်တစ်ယောက် ရောက် လာပြီး ဒုတပ်မင်း ဗိုလ်ဝင်းက သူ့သေနတ်ပေးလိုက်ပါလို့ တောင်းခဲ့တယ်။ ဗိုလ်ဝင်းတပည့်က သံသယဖြစ်တာနဲ့ မိမိကိုင်တဲ့ ဘရောင်နီ ပစ္စတိုသေနတ်ကိုသာ ပေးလိုက်တယ်။

တအောင့်ကြာတော့ ခုနက ဗိုလ်ကပဲ ပြန်ရောက်လာပြီး ဒုတပ်မင်းဗိုလ်ဝင်းက ခုနက ပေးလိုက်တာ သူ့သေနတ်မဟုတ် ကြောင်း ပြောပြန်ရာ ဗိုလ်ဝင်းရဲ့သေနတ် လားမားပစ္စတိုကို ပေးလိုက်ရတယ်။ သေနတ်ပေးပြီးတာနဲ့ ဗိုလ်ဝင်းရဲ့ တပည့်လေး ယောက် အဖမ်းခံလိုက်ရတော့တယ်။ အဲဒီအချိန် မတိုင်မီခင်ကတည်းက ဗိုလ်ဝင်းဟာ တပ်ရင်းရုံးပေါ်မှာ အရင် အဖမ်းခံရပြီ ဖြစ်ကြောင်း နောက်မှသိရတော့တယ်။ ဗိုလ်ဝင်းနဲ့ သူ့တပည့်တွေ သထုံတပ်ရင်းရုံးမှာ ဖမ်းထားတုန်းက ညဦးအချိန်မှာပဲ ကာ ဘိုင်သံ ၂ချက် ကြားလိုက်ရပြီး တပ်ရင်းအတွင်းမှာလည်း အောင်ပြီဆိုတဲ့ ကြွေးကြော်သံတွေ ကြားလိုက်ရတယ်။ သေနတ်သံနဲ့ အောင်ပြီဆိုတဲ့အသံတွေ ကြားယုံကလွဲပြီး ဗိုလ်ဝင်းနဲ့သူ့တပည့် အခြားဘာမှ မသိတော့ပါ။

မနက်မိုးလင်းတော့ ဗိုလ်မှူးကြီးရွှေနဲ့ ဗိုလ်မှူးမိုးဇက်တို့ သထုံတပ်ရင်းရုံးကိုရောက်လာပြီး ပြန်ထွက်သွားတာကို ဗိုလ်ဝင်း တွေ့ လိုက်ရတယ်။ ဗိုလ်မှူးကြီးရွှေနဲ့ ဗိုလ်မှူးမိုးဇက်တို့ စစ်တပ်နဲ့ပေါင်းပြီး သူတို့ကို သစ္စာဖောက်လိုက်ပြီဆိုတာကို ဗိုလ်ဝင်း ခုမှ သိ လိုက်ရတော့တယ်။

(၁၉၆၄ခုနှစ် အရှေ့ပိုင်းကာလ သထုံဒေသရှိ ကေအဲန်ယူ တပ်မဟာ(၅)မှ တပ်မှူးအချို့) (န၀တ သထုံတပ်ရင်း၏ ဖမ်းဆီးသတ်ဖြတ်ခံရသည့် ဗိုလ်မှူးလင်းထင်(အလယ်လူ)နှင့် တပ်မှူးအချို့)


အဲဒီဖြစ်စဉ်နဲ့ တစ်ချိန်တည်းမှာ ဗိုလ်လင်းထင်ဟာ သူခေါ်ခိုင်းတဲ့ ဘီးလင်းက ဗိုလ်မှူးကြီးရွှေအလာကို သထုံက ဒေါက်တာစော ဟိန်အိမ်မှာ ညစာစားရင်း စောင့်နေတုန်းမှာ သထုံစစ်တပ်ရဲ့ ဖမ်းဆီးခြင်းခံလိုက်ရပြန်တယ်။ ကားပေါ်အရောက်မှာ ရုန်းရင်း ဆန်ခတ်ဖြစ်ပြီး နောက်ကနေ ဗိုလ်လင်းထင်ဟာ ဦးခေါင်းကို ကာဘိုင်နဲ့ နှစ်ချက် ဆင့်ပစ်ခံလိုက်ရပါတယ်။ သထုံတပ်ရင်းရုံးမှာ ဖမ်းဆီးခံနေရချိန် ဗိုလ်ဝင်းကြားလိုက်ရတဲ့ ကာဘိုင်သံနှစ်ချက်ဟာ ဗိုလ်လင်းထင်ကို တမလွန် ခေါ်ဆောင်သွားတဲ့ သေမင်းတ မန်ဖြစ်ကြောင်း နောက်မှ သိလိုက်ရပါတော့တယ်။ အဲဒီတစ်ညလုံး သထုံ၊ ဘီးလင်း၊ ကျိုက်ထို၊ မော်လမြိုင်မြို့တွေမှာ သံချပ် ကာတပ်တွေ မိုးလင်းထိ ကင်းလှည့်ကြတယ်။ ဗိုလ်လင်းထင်အလောင်းကိုလည်း ညတွင်းချင်း မော်လမြိုင်ကိုသယ်ပြီး ပင်လယ် ထဲ ဖျောက်ခဲ့ကြတယ်။

ဗိုလ်ချုပ်စောအုန်းဖေ၊ စောဟန်တာသာမွှေး အပါအ၀င် ဗဟိုခေါင်းဆောင်တွေဟာ ရန်ကုန် ကုန်းမြင့်သာမှာ ယာယီထိန်းသိမ်း ထားရင်း ငြိမ်းချမ်းရေး ဆက်လက်ဆွေးနွေးကြရာ ၁၉၆၄ခုနှစ်၊ မတ်လ ၁၂ရက်နေ့မှာ ဗိုလ်နေ၀င်းရဲ့ တော်လှန်ရေးကောင်စီနဲ့ ကရင့်တော်လှန်ရေးကောင်စီတို့ အတုအယောင် ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးလိုက်ကြပေမယ့် တပ်မဟာ(၅) ဗိုလ်လင်းထင် ရဲ့ ဒုတပ်မဟာမှူး ဗိုလ်ဝင်း၊ ကိုယ်ရေးအရာရှိ စောဂျူး(ဗိုလ်ချုပ်စောအုန်းဖေသား) ဗိုလ်မှူးပြူး၊ ဗိုလ်မှူးဖားလူကျော်၊ ဗိုလ်မှူးမိုး ဝေ၊ ဗိုလ်မှူးဂေါ်ဖရီ၊ ဗိုလ်မှူးဖဲယားပလေး၊ ကပ္ပတိန်ဘခက်၊ ခွန်ဗဆွေ၊ ပဒိုဘွိုင်းစ်၊ ကပ္ပတိန်ကရူးဆိုး၊ ဗိုလ်ကြီးလွန်းမောင်တို့ အသီးသီး ထောင်သွင်းအကျဉ်းချ ခံကြရတယ်။

ဗိုလ်ဝင်းကိုတော့ နောက်(၄)နှစ်ကြာပြီးတဲ့နောက်မှာ ထောင်ကလွှတ်ပြီး သထုံပါတီယူနစ် ဥက္ကဌ၊ သထုံမြို့နယ် ပြည်နယ်လွှတ် တော် ကိုယ်စားလှယ် ဗိုလ်မှူးကြီးရွှေကိုတော့ ကျိုက်ထိုပါတီယူနစ်ဥက္ကဌ မြှောက်စားခြင်းကို ခံခဲ့ရပြန်တယ်။

အင်းစိန်တိုက်ပွဲတုန်းက ကေအဲန်ယူဘက်က စောဘဦးနဲ့ မန်းဘဇန်တို့က ဦးဆောင်ခဲ့တယ်။ ဦးနု အစိုးရက ငြိမ်းချမ်းရေးစကား ဆိုလာလို့ ဦးနုရဲ့စကားကို ယုံစားမိတဲ့ စောဘဦးကြီးက လက်မှတ်ရေးထိုးလိုက်မိတယ်။ ဒီလို လက်မှတ်ရေးထိုးတာကို မန်းဘ ဇန်နဲ့ စောဟန်တာသာမွှေးတို့က ကန့်ကွက်ခဲ့လို့ ငြိမ်းချမ်းရေး ပျက်ကွက်သွားခဲ့တယ်။ ဒါဟာ ငြိမ်းချမ်းရေးဖော်ဆောင်တာ မဟုတ်ဘဲ လက်နက်ချ အညံ့ခံတာပဲလို့ ပြောတဲ့ မန်းဘဇန်နဲ့ စောဟန်တာသာမွှေးရဲ့ စကားကို စောဘဦးကြီးက လက်ခံသွား တယ်။ ဒီလို အမျိုးသားရေးအတွက် စိတ်ဓာတ်ပြင်းထန်တဲ့ စောဟန်တာသာမွှေးဟာ ၁၉၆၄ခုနှစ်ကျတော့ ဗိုလ်နေ၀င်းရဲ့ ငြိမ်း ချမ်းရေးလှည့်ကွက်ထဲ မျက်စိလည်လမ်းမှားရောက်သွားခဲ့ရတယ်။ စောဟန်တာသာမွှေးဟာ သူမသေခင် မှားမှန်းသိလို့ အင်းစိန် နံ့သာကုန်း ဘုရားကျောင်းမှာ စောဘဦးရဲ့ ၀ိညာဉ်တွေသာ ဘုရားကျောင်းနံရံတွေမှာ ရှိနေရင် ကျနော့်ကို ဟားတိုက် ရယ်မောမှာပဲလို့ သံဝေဂစကား ပြောခဲ့ပါတယ်။

နောက်ပြီး လှည့်စားခံရတဲ့ သမိုင်းကွင်းဆက်တစ်ခုကို ပြောချင်တယ်။ ဖဆပလ ဦးနုအစိုးရရဲ့ လှည့်ကွက်တစ်ခုပေါ့။ ဖဆပလ က စစ်လက်နက်ပစ္စည်းတွေကို လူစီးမီးရထားနဲ့ တင်ပို့တာ ကေအဲန်ယူက သတင်းရလို့ တပ်မဟာ(၅) ဒုတပ်မဟာမှူး ဗိုလ်ဝင်း တို့အဖွဲ့က ရထားကို ဖြတ်တိုက်ခိုက်ခဲ့တယ်။ အဲဒါကို ဖဆပလအစိုးရက “ကေအဲန်ယူ မော်လမြိုင်ရထားကို ဗုံးခွဲစဉ် တက္ကသိုလ်ကျောင်းသူ ၃၀ကို တရုတ်ဖြူဆီ ရောင်းစားခဲ့တယ်”ဆိုတဲ့သတင်းကို ပြည်သူတွေ ယုံမှားအောင် ထုတ်ပြန်ခဲ့တယ်။

ယခင် ကေအဲန်ယူ တပ်မဟာ(၅) ဒုတပ်မဟာမှူး ဗိုလ်ဝင်းတဖြစ်လည်း ဦးစောမောင်ဝင်း (သထုံပါတီယူနစ် ဥက္ကဌဟောင်း သထုံပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း)က အဲဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ၀မ်းနည်းပက်လက် ပြောပြတာကတော့ “အဲဒီ တိုက်ပွဲကို ငါကိုယ်တိုင် ဦးဆောင်ခဲ့တာပါ။ ဖဆပလက စစ်လက်နက်ပစ္စည်းတွေကို လူစီးမီးရထားနဲ့ပို့တာ ငါတို့ သတင်းရလို့ ဖြတ်တိုက်တာ လက်နက်တွေကို မသယ်နိုင်လို့ ရွာသားတွေကိုခေါ်ပြီး သယ်ခိုင်းရတာပါ။ ဘယ်တက္ကသိုလ်ကျောင်းသူကိုမှ မဖမ်းခဲ့ပါဘူး။”

ဒီအဖြစ်မှန်ကို ရေးသားဖော်ပြဖို့ စောထွန်းအောင်ချိန် (မြန်မာ့သမိုင်း ပါမောက္ခ အငြိမ်းစား)ကို ပြောပြခဲ့ပါတယ်။ ကျယ်ကျယ် တော့လည်း မပြောရဲဘူး။ ရေးခိုင်းလည်း ဘယ်သူမှ မရေးရဲဘူး။ ရေးရဲလည်း စစ်အစိုးရ စာပေစိစစ်ရေးရဲ့ အမှိုက်ခြင်းထဲပဲ ရောက်မှာပါ။ အမှန်ကတော့ လူတွေကို အကာအကွယ် ယူတတ်တဲ့သဘောနဲ့ ဖဆပလက စစ်လက်နက်ပစ္စည်းတွေကို စစ် မော်တော်ယာဉ်နဲ့ မပို့ဘဲ လူစီးမီးရထားနဲ့ ပို့လိုက်တာဟာ သူတို့ လုံခြုံရေးသာမက နိုင်ငံရေးညစ်ပတ်မှုကို ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်တာလည်း ပါပါတယ်။

အဲဒီတော့ မြန်မာစစ်အစိုးရရဲ့ စစ်အာဏာတည်မြဲရေးဖြစ်တဲ့ “ငရဲကိုပို့မဲ့ ငြိမ်းချမ်းရေးလမ်း”ဆိုတာကို ပြည်သူတွေကြားအောင် တမလွန်ဘ၀က ဖထီးစောဟန်တာသာမွှေးနဲ့အတူ ပြိုင်တူအော်ပေးလိုက်ပါအုံးလို့။ ပြည်သူတွေက နားစွင့်နေကြပါလိမ့်မယ်။

မှတ်ချက် ။ ။ ဤဖြစ်ရပ်မှန်ဆောင်းပါးကို ဆောင်းပါးရှင်ကိုယ်တိုင် ယခု သက်ရှိထင်ရှားရှိနေသည့် စောမောင်ဝင်းနှင့် တွေ့ဆုံမေးမြန်းပြီး ရေးသားတင်ပြခြင်း ဖြစ်ပါသည်။ ထိုဖြစ်ရပ်ကိုကြည့်၍ ယခု ငြိမ်းချမ်းရေးယူထားကြသော လက်နက်ကိုင် ငြိမ်းချမ်းရေးအဖွဲ့များ စစ်အစိုးရအပေါ် ယုံကြည်မှုအပြည့်ဖြင့် သတိထား ပြီး မဆက်ဆံဘဲ အန္တရာယ်နွံအတွင်းသို့ မသက်ရောက်စေရန် သတိပေးလိုက်ရပါသည်။

မူရင်း။ ။ .kicnews

0 NLD ဒု-ဥက္ကဋ္ဌ ဦးတင်ဦး နိုင်ငံခြားမှာ ဆေးကုသမှု ခံယူမည်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဒုတိယဥက္ကဋ္ဌ အငြိမ်းစား ဗိုလ်ချုပ်ကြီး သူရဦးတင်ဦးဟာ ရန်ကုန်မြို့ ပန်းလှိုင်ဆေးကုခန်းရဲ့ စီစဉ်ချက်အရ မကြာခင် ပြည်ပကို သွားရောက်ပြီး မျက်စိခွဲစိတ် ကုသတာကို ခံယူဖို့ ရှိနေပါတယ်။ ဦးတင်ဦး မြန်မာနိုင်ငံကူးလက်မှတ် ရရှိခဲ့တာ အပါအ၀င် မျက်စိခွဲစိတ် ကုသခံယူမယ့် အခြေအနေတွေကို ကိုရော်နီညိမ်းက ဆက်သွယ် မေးမြန်းတဲ့အခါမှာ ဦးတင်ဦးက အခုလို စပြီး ပြောကြားခဲ့ပါတယ်။

“ကျနော်က အသက်အရွယ် နည်းနည်းလည်း ကြီးလာပြီပေါ့။ မတော်လို့ ခွဲစိတ်ကုတဲ့အခါ အချိန်ကြာရင်လည်း မေ့ဆေး ကြာကြာပေးရမယ့် ကိစ္စမှာ စဉ်းစားစရာ ရှိတယ်တဲ့။ တိုင်းပြည်အတွက် လူကြီးတယောက်လို ဖြစ်နေတဲ့ အတွက်ကြောင့် အစစအရာရာ ကောင်းကောင်းမွန်မွန် ကုသပေးချင်တယ်ဆိုတာ ရှိတယ်တဲ့။ ချောချောမောမော၊ အောင်အောင်မြင်မြင် ဖြစ်သွားအောင် လုပ်ချင်တာ ရှိတယ်ပေါ့ဗျာ။ ဒီ့ထက်ပိုပြီး သင့်တော် ကောင်းမွန်တဲ့ နေရာကို Refer လုပ်ချင်တယ်တဲ့။ အဲဒီလို သူတို့က ပြောတယ်ဗျ။

“ဒီနေ့တော့ ကျနော့်ဇနီး သွားပြီး ညှိတော့ ကျနော့်ကို မနက်ဖြန် ခေါ်ထားတယ်ဗျ။ အမှန်က သူတို့က ထိုင်း၊ စင်ကာပူ မပြောနဲ့ ဒီမှာလုပ်နေတဲ့ ပုဂ္ဂိုလ်ကလည်း တပတ်နှစ်ပတ်လောက် လုပ်လိုက်၊ ဒီမှာ ကုသလိုက်၊ ခွဲစိတ်လိုက်၊ ပြီးရင် သူက စင်ကာပူမှာ သူတို့ဆေးရုံ ရှိတယ်လေ၊ အဲဒီမှာလည်း သူက ပါရဂူပဲလေ။ အဲဒီမှာ လုပ်မယ်ဆိုရင် ပစ္စည်းပစ္စယ စုံတဲ့အတွက် သူ စိတ်ပိုအေးတယ်ပေါ့ဗျာ။ သူတို့ဘက်ကလည်း အင်မတန် ကောင်းကောင်းမွန်မွန် စေတနာနဲ့ ပြောတာပါ။ အဲတော့ ကျနော် မနက်ဖြန် သူတို့နဲ့ သွားပြီး တိုင်ပင်ရမယ်။ အဲဒီဟာပါပဲ။”

ပြည်ပကိုထွက်ပြီး ဆေးကုဖို့အတွက် အန်ကယ့်အနေနဲ့ မြန်မာနိုင်ငံကူး လက်မှတ်ကို အစိုးရဆီမှာ လျှောက်ထားဖို့ လိုအပ်မှာပေါ့။ အဲဒီကိစ္စရော အန်ကယ် ဘယ်လို စီစဉ်ပါလဲခင်ဗျ။

“တော်တော် စောစော လွန်ခဲ့တဲ့ ၂ လလောက်က စီမံထားတော့ ကျနော်နဲ့ ဆက်သွယ်တဲ့ ဆေးရုံက အစစအရာရာ အကုန်လုပ်ပေးတယ်။ သူတို့က Refer လုပ်တယ်ဆိုရင်၊ သူတို့က ဒီမှာထက် ဟိုမှာ သင့်တော်တာမို့၊ ခွဲစိတ်မယ့် ပုဂ္ဂိုလ်ကလည်း ဒီက ပါရဂူပဲလေ၊ အဆက်အသွယ် လုပ်ထားတဲ့ ဆေးရုံကိုး။ အဲဒီတော့ အဲဒီမှာလုပ်မယ်ဆိုရင် Passport နဲ့ ပတ်သက်လို့ အဆင်ပြေဖို့ရယ်၊ ဗီဇာကိစ္စ အဆင်ပြေဖို့ရယ်၊ သွားတာလာတာ အဆင်ပြေဖို့ရယ်၊ ဟိုမှာ ခွဲစိတ်ဖို့ အဆင်ပြေဖို့ရယ်၊ ဒါတွေအကုန်လုံး သူတို့ ထည့်လုပ်တယ်။”

အဲဒီတော့ ပန်းလှိုင်ဆေးရုံရဲ့ စီစဉ်ပေးချက်အရ အန်ကယ်ရဲ့ မြန်မာနိုင်ငံကူး လက်မှတ်က အန်ကယ့်လက်ဝယ်မှာ လွန်ခဲ့တဲ့ ၂ လလောက် ကတည်းက ရရှိထားခဲ့ပြီးပြီဆိုတဲ့ သဘောလားခင်ဗျ။

“ရပြီးသားလက်မှတ်က အခု အစိုးရကပေးတဲ့ လက်မှတ်၊ အဲဒါကို မနက်ဖြန် သူတို့က ယူလာပါတဲ့။ အဲတော့ ယူလာပြီးရင် သူတို့က အကုန် ဆက်လုပ်မယ့် သဘောရှိတယ်။”

မြန်မာနိုင်ငံကူး လက်မှတ်ကို အန်ကယ် ဘယ်လောက်တုန်းက လျှောက်ထားပြီး ဘယ်လောက်လောက်ကြာအောင် စောင့်ခဲ့ရပါလဲခင်ဗျ။

“လျှောက်တာ ကြာတော့ ကြာတယ်ဗျ။ ဒါပေမဲ့ သူတို့ကလည်း ဒီမှာ ဓာတ်ပုံရိုက်တာတို့ ဘာတို့ တလောက လာပြီး လုပ်ကိုင်ပေးသွားပြီးတော့ မကြာမတင်မှာပဲ လာပေးတဲ့ သဘောတော့ ရှိပါတယ်။”

အန်ကယ့်ကို ပြည်ပကိုထွက်ပြီး ဆေးကုသခွင့် ပေးတယ်ဆိုတဲ့ အခါကြတော့ နိုင်ငံရေး အခြေအနေနဲ့ ပြန်ပြီး သုံးသပ်မယ်ဆိုရင် အန်ကယ်တို့ရဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က လက်ရှိအစိုးရ စီစဉ်နေတဲ့ ရွေးကောက်ပွဲကိုလည်း သပိတ်မှောက်ဖို့ ဆုံးဖြတ်ချက် ချထားတဲ့ အချိန်မှာ အဲဒီပါတီရဲ့ ခေါင်းဆောင်ဖြစ်တဲ့ အန်ကယ့်ကို ပြည်ပကို ထွက်ပြီး ဆေးကုသခွင့် ပေးတယ်ဆိုတော့ ဒါဟာ မြန်မာနိုင်ငံကူး လက်မှတ် ထုတ်ပေးတဲ့အခါမှာ စိတ်စေတနာကောင်းနဲ့ပဲ ထုတ်ပေးတာလား၊ ဒါမှမဟုတ် နိုင်ငံရေးအရ တဘက်နဲ့တဘက် အချေအတင် ဖြစ်တာက သတ်သတ်၊ လူမှုရေးအရ အန်ကယ့်ကို ခွင့်ပြုတာက တပိုင်းလို့ အဲဒီလိုမျိုး ခွဲပြီး မြင်လို့ရပါသလား၊ အန်ကယ် ဘယ်လိုသုံးသပ်ပါသလဲခင်ဗျ။

“ခွဲမြင်လို့ မရပါဘူးဗျာ။ ဒါကတော့ သူတို့ ဆေးရုံက ခါတိုင်း လူနာတွေမှာ မြင်ရိုးမြင်စဉ်အတိုင်း မြင်တဲ့အပေါ်မှာ သူတို့ စီစဉ်တဲ့ သဘောပဲဗျ။ နိုင်ငံရေးသဘော အယူအဆတွေ အပေါ်မှာ ထင်မြင်လို့၊ ပြုလို့၊ ဒါတွေအပေါ်မှာတော့ ထူးခြားမှုရှိမယ် မဟုတ်ပါဘူး။ သူတို့ပေးထားတဲ့ ဆေးစာတမ်းတွေအရ၊ သူတို့ ကျနော့်ကို လုပ်ကိုင်ထားတာတွေအရ ဒီအပေါ်မှာပဲ မူတည် ဆုံးဖြတ်ပြီး သူတို့ရဲ့ ဆေးရဲ့ သဘောသဘာဝ၊ ဆေးကုထုံးရဲ့ သဘောသဘာဝ အတိုင်း လုပ်တယ်လို့ပဲ မြင်ပါတယ်။ ဘာမှ နိုင်ငံရေး၊ လူမှုရေး အကြောင်းကြီးငယ်ကြောင့်တော့ မဟုတ်ပါဘူး။”

အန်ကယ် ဘယ်တော့လောက် မြန်မာနိုင်ငံက ထွက်ခွာဖို့ စီစဉ်ထားပါသလဲခင်ဗျ။

“မသိသေးပါဘူး။”

အခုလိုမျိုး မြန်မာနိုင်ငံကူးလက်မှတ် ချောချောမောမော ထုတ်ပေးလိုက်တဲ့ အပေါ်မှာ အန်ကယ့်အနေနဲ့ ဘာများ မှတ်ချက်ပေး ပြောချင်ပါသလဲခင်ဗျ။

“ဘာမှ မှတ်ချက်မပေးချင်ပါဘူး။ သာမန် အရပ်သားတယောက်ကို ပေးတဲ့သဘောပါပဲ။ ဘာမှ ထူးထူးထွေထွေ မရှိပါဘူး။ ပေးတဲ့ Passport ကလည်း အနီ၊ သာမန် ရိုးရိုးလေးပါ။ သာမန် အရပ်သားတယောက် ရတဲ့၊ မောင်ဖြူ၊ မောင်ဝါ ရတဲ့ လက်မှတ်မျိုးပါ၊ ဒါပါပဲ။”

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဒုတိယဥက္ကဋ္ဌ ဦးတင်ဦး ပြည်ပကို သွားရောက်ပြီး မျက်စိခွဲစိတ် ကုသခံယူမယ့် အခြေအနေတွေကို ကိုရော်နီညိမ်းက ဦးတင်ဦးကို ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

(VOA)

Monday, September 13, 2010

0 ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ(CRPP)ဖွဲ့စည်းတည်ထောင်ခြင်း(၁၂)နှစ်ပြည့်အခမ်းအနားတွင်ဂျပန်နိုင်ငံတိုကျိုမြို့ရောက် အရှင်ထာဝရတက်ရောက်မိန့်ကြား


video။ ။ kopuor

0 ခွင်ဖန် ရိုက်စား ဆရာများ

.စာရေးသူဟာ ပုံမှန်အားဖြင့် ဘယ်လို ဝေဖန်ရေးမျိုးကိုမှ လုပ်လေ့မရှိပါဘူး။ လောကကြီးမှာ လူအမျိုးမျိုး ၊ စိတ်အထွေထွေ ၊ အကျင့်စရိုက် အဖုံဖုံ ရှိကြတာမို့ “သူ့အကြောင်း နဲ့ သူဘဲလေ” လို့ နှလုံးသွင်းနိုင်သူ ဖြစ်ပါတယ်။ အချိန်တန်ရင် သူ့တရား သူစီရင်လိမ့်မယ်ဆိုပြီး ဒီအတိုင်းဘဲ ထိုင်ကြည့် နေလေ့ ရှိပါတယ်။ ကိုယ့်ကို လူမုန်းများမယ့် အလုပ်ကို မလုပ်ချင်ပါဘူး။

.ဒါပေမယ့် ဗေဒင်ပညာကို အရိုးထဲ အသည်းထဲ ထိအောင် ချစ်မြတ်နိုးသူ ဖြစ်တာကြောင့် အခုတလောမှာ သတင်းစာ/ ဂျာနယ်/ မဂ္ဂဇင်း ကြော်ငြာတွေမှာ တွေ့တွေ့ နေရတဲ့ စိတ်မနှစ်မြို့စရာ ကိစ္စတစ်ခုကိုတော့ဖြင့် (အမုန်းခံပြီး) ပြောဖို့ ဆုံးဖြတ်လိုက်တယ်။ ဒီလိုဗျ။ ကျွန်တော်တို့ ဗေဒင်လောကကို “အိုးမဲသုတ်နေတဲ့” ကိစ္စတွေထဲမှာ အဆိုးဆုံး အဖြစ်အပျက်ကတော့ “ယတြာနဲ့ ခွင်ဖန်ခြင်း” ဘဲ ဖြစ်ပါတယ်။

.“ယတြာ” ဆိုတာ ဘာလဲ။ ကံဆိုးမှု/ကံမကောင်းမှုကို သက်သာရာရအောင်/ပျောက်ကွယ်သွားအောင် “ဂမ္ဘီရအတတ်ဖြင့်” ပြုလုပ်ဆောင်ရွက် ပေးတာ ဖြစ်ပါတယ်။ ဟုတ်ပြီ – ဒီတော့ ယတြာ လုပ်လိုက်တာနဲ့ဘဲ –

ကံမကောင်းမှုတွေ အကုန်ပျောက် သွားရောတဲ့လား ?

မဖြစ်စေချင်တာတွေ အကုန်မဖြစ်ဘဲ နေရောတဲ့လား ?

ဖြစ်ချင်တာတွေ အကုန်ဖြစ်လာရောတဲ့လား ?


.အင်း – အဲဒီလိုသာ ဖြစ်မယ်ဆိုရင် အဲဒီ “ယတြာပညာရှင်” ဆိုတဲ့ ဟာတွေ “ဗေဒင်ဟော၊ ယတြာလုပ်” နေစရာတောင် မလိုပါဘူး။ တန်ခိုးအာဏာတွေ၊ စည်းစိမ်ချမ်းသာတွေ ၊ နာမည်ကျော်ကြားမှုတွေကို “မဟာ ယတြာပညာကြီး” နဲ့ လုပ်ယူပြီး လောကစည်းစိမ် အပြည့်နဲ့ “နှပ်” နေကြယုံဘဲ ရှိတယ်။

.ဒီလို “နှပ်” မနေနိုင်ကြလို့သာ စာစောင်ပေါင်းစုံမှာ မဟုတ်က ဟုတ်က ကြော်ငြာတွေထည့် – ပြီးရင် ကိုယ့်ဆီလာမယ့် သူကို “လည်ပင်း တရှည်ရှည်” နဲ့ မျှော်။ ရောက်လာရင် “ဉာဏ်နီ ၊ ဉာဏ်နက်” မျိုးစုံသုံး / စကားပရိယာယ် မျိုးစုံပြော / ခြောက်လုံးလှန့်လုံးတွေ တွက်ပြပြီး “အပူသောက ရောက်နေတဲ့ သူရဲ့ ပိုက်ဆံ အိပ်” ကို အတင်းနှိုက်တော့တာပါဘဲဗျာ။ ကိုယ်သာ တကယ်အစွမ်းရှိရင် ဒီလို လုပ်ဖို့ လိုမလား ? အခုလို ချွေးဒီးဒီးကျအောင် လုပ်စားနေဖို့ လိုမလား ?

.စဉ်းစားကြပါ မောင်တို့ မယ်တို့ ရေ။ အထူးသဖြင့် “မိန်းမသားတွေ” အဆိုးဆုံးဘဲ။ ကိုယ့်ရည်းစား ၊ ကိုယ့်ခင်ပွန်းများ ဗွေဖောက်လာပြီဆိုရင် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ပြီး “ဗေဒင်ဆရာ” “နတ်ကတော်” “အကြားအမြင်” စတဲ့ “ခွင်ဖန် ရိုက်စား” တွေရဲ့ ညွှတ်ကွင်းကို လှလှကြီး သက်ဆင်းသွားမိ တတ်ပါတယ်။

.နှိမ့်ချပြီး ပြောတာမဟုတ်ပေမယ့် ယေဘူယျအားဖြင့် ပြောရရင် – မိန်းမသားတွေဟာ ယောင်္ကျားသားတွေထက် စဉ်းစားချင့်ချိန်နိုင်မှု အရာမှာ အားနည်းပါတယ်။ သူများပြောတာကို ယုံလွယ်တတ်တယ်။ လှည့်ဖျားဖို့ လွယ်ကူတယ်။ ဒီအားနည်းချက်ကို သိထားတဲ့ “ရိုက်စားခွင်ဖန်” တွေဟာ “မိန်းမသားများအတွက် အထူး” ဆိုတဲ့ “လိုင်းသစ် တစ်ခုကို တီထွင်လိုက်ပြီး” ကောင်းကောင်းကြီး လုပ်စားကြတော့တာကိုးဗျ။

.ထားပါတော့ဗျာ။ ယတြာအစီအရင် လုပ်ပေးတဲ့ ကိစ္စမှာ ဉာဏ်ပူဇော်ခ အနေနဲ့ “ငါးထောင် ၊ တစ်သောင်း” ယူကြမယ် ဆိုရင် “ကုသိုလ်လည်းရ ၀မ်းလည်း ၀” နိုင်ပါသေးတယ်။ နောက်ဆုံး ကုန်ကုန် ပြောလိုက်မယ် – ၄-၅-၆ သောင်း ယူလိုက်ဦး။ ပေးတဲ့လူက ကြည်ဖြူစွာပေးရင် ပြောမယ့်လူကလည်း ပါးစပ်ပိတ် နေနိုင်ပါတယ်။

.
အခုဟာက သမီးရည်းစားနှစ်ယောက် အဆင်မပြေဖြစ်နေတာ ပြေအောင် လုပ်ပေးဖို့ကိစ္စကို “၅သိန်း” တဲ့ဗျား။ ရှိသေးတယ်။ ကိုယ့်ယောင်္ကျား နဲ့ မရှင်းမရှင်းဖြစ်နေတဲ့ မိန်းကလေးနဲ့ အပြီးပြတ်စဲသွားအောင် လုပ်ပေးမယ် တဲ့။ “၁၅သိန်း” တဲ့ဗျား။ ကိုယ့်ယောင်္ကျား တစ်သက်လုံး (ကိုယ်ကလွဲပြီး) ဘယ်မိန်းမကိုမှ စိတ်မ၀င်စားအောင် လုပ်ပေးမယ်- သိန်း (၅၀) တဲ့ဗျား။ ကျွန်တော်တစ်သက် ကြားတောင် မကြားဘူးပါ။ ဟုတ်မှ ဟုတ်ရဲ့လား ၊ ကိုယ် နားကြားလွဲ သွားလို့လားလို့ နှစ်ခါ သုံးခါ ပြန်မေးရသေးတယ်။ ငွေအတောင်းခံရတဲ့ ကာယကံရှင် ၂ ဦး/၃ ဦး က ပြောပြသွားတာပါ။

.အောင်မယ် ဒီလောက် ငွေကြေးပမာဏကို မေးတဲ့သူမှ ရှိရဲ့လားလို့ သွားမမေးလေနဲ့။ မေးနေကြတဲ့ မိန်းမတွေ များမှများ ဆိုဘဲ။ သြော် မိန်းမတွေ မိန်းမတွေ ။ တစ်ခါတစ်ခါ သနားဖို့ ကောင်းသလို / တစ်ခါတစ်ခါ ရိုက်ပစ်ဖို့ ကောင်းတယ် (ကိုယ့်သားသမီးဆိုရင် ပါ) ။ အချစ်စိတ်/လင်စိတ်များ “မွှန်” ပြီ ဆိုမှဖြင့် မျက်စေ့လည်း ကန်း ၊ နားလည်း ကန်း ၊ ဉာဏ်လည်း တုံး ၊ အမှန်တရား လုံးလုံးကို ပျောက်တော့တာဘဲ။

.ငွေပေးပြီး သူတို့ပြောတဲ့အတိုင်း ဖြစ်မလာဘူးဆိုရင် ဘယ်သူ့ကို သွားတိုင်မလဲ။ တိုင်လို့ မရပါဘူး။ ကိုယ်ကျေနပ်လို့ ကိုယ်ပေးခဲ့တာကို လိမ်လည်မှုလို့ စွဲချက်တင်ဖို့လည်း အခက်သား။ ဒီတော့မှ ကိုယ် ထုံတာ ၊ ကိုယ် အ, တာကို လူမသိအောင် နှုတ်ပိတ် ရေငုံ နေလိုက်ရတော့တာပေါ့။

.နောက်ဆုံးတော့ ဗေဒင်ဆရာတွေကိုဘဲ ပြန်ပြီး တရားခံ အရှာခံရတော့ တာပါဘဲ။ ဗေဒင်ဆရာ ဆိုရင် “လူလိမ်” ဆိုတဲ့ အမြင်မျိုးကို “မသိမသာ ခံယူ လာတတ်ကြသလို ၊ သိသိသာသာ တိုက်ခိုက်လာတာတွေ” ကိုလည်း (ကျန်တဲ့ ဗေဒင်ဆရာတွေ) ခံကြရတော့တာပါဘဲဗျာ။ “ငါးခုံးမ တစ်ကောင်ကြောင့် တစ်လှေလုံး ပုပ်” ဆိုတာလို မလုပ်တဲ့ လူတွေလည်း လက်ညှိုးထိုး ခံရတော့တာပါဘဲ။

.ဒါကြောင့် ရိုးရိုးသားသားနဲ့ လုပ်ကိုင်စားသောက်နေကြတဲ့ ဗေဒင်ပညာရှင်များဘက်က ကျွန်တော် အမုန်းခံပြီး တပ်လှန့်ပေးနေတာပါ။ ဒီလို “ရိုက်စား ခွင်ဖန်” သမားတွေကို ဖော်ထုတ်ပေးရမယ်။ ဗေဒင်လောက အ၀ိုင်းအ၀န်းထဲကနေ “ကျဉ်” ပစ်ရမယ်။ ဗေဒင်ပညာအကြောင်း မသိနားမလည်သူတွေကို “ပညာ” ပေးရမယ်။ ဒါတွေဟာ ဗေဒင်ချစ်သူ /ဗေဒင်ဝါသနာရှင် / ဗေဒင်သုတေသီ / အသက်မွေးဝမ်းကျောင်းဗေဒင်ဆရာ – အားလုံးမှာ တာဝန်ရှိပါတယ်။

.နောက်ဆုံး ယတြာကို သိပ်အထင်ကြီးနေကြသူများအတွက် ပြောရရင် – ယတြာဆိုတာ အတိုင်းအတာ တစ်ခုအထိသာ စွမ်းပါတယ်။ ယတြာ နဲ့ ပြုလို့ ရတဲ့ ကိစ္စ ရှိသလို ၊ ယတြာ လုံးဝ မကယ်နိုင်တဲ့ ကိစ္စလည်း ရှိပါတယ်။ စာရေးသူကိုယ်တိုင် ယတြာကို ရံဖန်ရံခါ (မလွှဲသာ မရှောင်သာ) လုပ်ပေးရတာမျိုး ရှိပေမယ့် “မပြေးသော်လည်း ကန်ရာရှိ” ဆိုတာလို လုပ်ပေးနေရတာပါ။ (ဖရီး လုပ်ပေးတာပါ ၊ တစ်ခါတစ်လေ ကိုယ့်အိပ်ထဲကတောင် စိုက်လိုက်ရသေး)။ ဒီလို လုပ်နေတာ ယုံကြည်လွန်းလို့ မထင်လေနဲ့။ ဖြစ်ကို ဖြစ်ရမယ့် ကိစ္စကို ဘာမှ လုပ်ပေးလို့ မရပါဘူး။

.အတိတ်က ၀ဋ်ကြွေးပါလာရင် ဘယ်သူမဆို “ဆပ်” ရမှာသာ ဖြစ်ပါတယ်။ ရှောင်လွှဲလို့ မရပါဘူး။ လောကကြီးမှာ “သတ္တ၀ါ” ရယ်လို့ ဖြစ်လာရင် “လောကဓံ” ဆိုတာ ရှိပါတယ်။ အိုခြင်း ၊ နာခြင်း ၊ သေခြင်း ဆိုတဲ့ အဓိက ဒုက္ခကြီး (၃)ခုအပြင် “ချစ်သောသူနှင့် ကွေကွင်းရခြင်း ၊ မချစ်မနှစ်သက် သူနှင့် အတူနေရခြင်း ၊ လိမ်လည် လှည့်ဖျားခံရခြင်း ၊ သစ္စာဖောက်ခံရခြင်း ၊ အနိုင်ကျင့် ခံရခြင်း ၊ ရန်သူမျိုး(၅)ပါး၏ နှိပ်စက်ညှင်းပန်း ခံရခြင်း ၊ ဆင်းရဲဒုက္ခရောက်ခြင်း . . . စတဲ့ ဒုက္ခတရားတွေဟာ လူ့ဘ၀ နဲ့ အတူတွဲပြီး ရှိနေတာပါ။

.ကောင်းတဲ့ လောကဓံကိုတော့ ရယူပိုင်ဆိုင်ချင်တယ် / မကောင်းတဲ့ လောကဓံကိုတော့ လုံးဝ လက်မခံချင်ဘူး ဆိုတာ “ဘုရားရဲ့ အဆုံးအမနဲ့လည်း” မကိုက်ညီပါဘူး။ မရင့်ကျက်သေးတဲ့ “ကလေးဆန်တဲ့” အတွေးမျိုး ဖြစ်နေပါတယ်။ လူ့လောကထဲကို ရောက်လာရင် ကောင်းတာရော ၊ မကောင်းတာပါ “မျှပြီး ယူရမယ်/တွဲပြီး ယူရမယ်” ၊ ဒါမှ ရင့်ကျက်တဲ့ အတွေးအခေါ်ဖြစ်မယ်။

.ကိုယ့်က ရင့်ကျက်စိတ်နဲ့ အသင့်ပြင်ထားတော့ တကယ်တန်း အဆိုးကြုံလာချိန်မှာ သိပ်မတုန်လှုပ်တော့ဘူး။ မရင့်ကျက်တဲ့ စိတ်နဲ့ အကောင်းကို မျှော်လင့်လွန်း အားကြီးတော့ အဆိုးကြုံလာရင် အလွန်တုန်လှုပ်တတ်ပါတယ်။ ခြေမကိုင်မိ၊ လက်မကိုင်မိ ဖြစ်တတ်ပါတယ်။ “ငါ့အဖြစ်နှယ် ဆိုးလှလေခြင်း” ဆိုပြီး ရင်ဘတ်စည်တီး ဖြစ်တတ်ပါတယ်။ ဟိုပုဂ္ဂိုလ် ကယ်နိုင် နိုးနိုး / ဒီပုဂ္ဂိုလ် ကယ်နိုင် နိုးနိုး နဲ့ ကယ်တင်ရှင် ရှာရင်းနဲ့ အားကိုးမှားတတ်ပါတယ်။ လူလိမ် ခံရတတ် ပါတယ်။ သတိပြုပါ။

.မကောင်းတဲ့ အကုသိုလ်ကံ တွေဆိုတာကလည်း တကယ်တော့ “ကိုယ်ပြုခဲ့တဲ့ အမှုတွေ” ချည်းပါဘဲ။ “ကိုယ်ပြုသည့်ကံ ၊ ပဲ့တင်သံ ၊ ကိုယ့်ထံ ပြန်မည်မှတ်” ဆိုတာလို ကိုယ့်ဆီ ပြန်ရောက်လာတာပါ။

.အခု ကိုယ့်အပေါ်မှာ ပြုခဲ့သူ ကျပြန်တော့လည်း “ပြုသူ အသစ် ၊ ဖြစ်သူ အဟောင်း” ဆိုတာလို “သူပြုလိုက်တဲ့ ကံကို မလွဲမသွေ သူ, ပြန်ခံရမှာပါ”။ “အနမတဂ္ဂ သံသရာ” မှာ ကျင်လည်နေသရွေ့ ဒီလို ချည်းသာပါဘဲ။ ဘ၀တစ်ကွေ့မှာ ကိုယ်က အနိုင်ယူသူ ဖြစ်လိုက် ၊ တစ်ခါ နောက် ဘ၀တစ်ကွေ့မှာတော့ ကိုယ်က အနိုင်ပြန်ခံရလိုက် နဲ့။ “ဗုံလုံ တစ်လှည့် ၊ ငါးပြန် တလှည့်” ဆိုတဲ့ စကားပုံ လိုပါဘဲ။

.ဒါကြောင့်မို့ ကိုယ့်မှာ လောကဓံကြုံလာပြီဆိုရင် ကိုယ်စွမ်း ဉာဏ်စွမ်း ရှိသလောက် အဆိုးသက်သာအောင် လုပ်ကြည့်ပါ။ ကိုယ်ပိုင်ဉာဏ်ကို အသုံးချပါ။ ကိုးကွယ်တဲ့ ဘာသာတရားကို အားကိုးပါ။ တဆိတ်ရှိ ဗေဒင်ဆရာ ၊ နတ်ကတော် ၊ အကြားအမြင် ၊ ဘိုးတော် တွေဆီကို ပြေးဖို့ချည်း လုပ်မနေပါနဲ့။

.ကိုယ်စွမ်း ဉာဏ်စွမ်း ရှိသလောက် လုပ်ရက်နဲ့မှ အဆိုးမလွတ်ရင်တော့ “အတိတ်က ၀ဋ်ကြွေး” လို့ ခံယူလိုက်ပြီး လက်ခံလိုက်ပါ။ “သူ့အကြွေးရှိရင် ၊ ဆပ်လိုက်ပါ” ။ ဒါဘဲ ရှိပါတယ်။

ဒါဟာ ဗုဒ္ဓရဲ့ အဆုံးအမ လည်း ဖြစ်တယ်။ ထာဝရ ဘုရားရှင်ရဲ့ အလိုတော်လည်း ဖြစ်တယ်။ အလာဟ်ရှင်မြတ်ရဲ့ အမိန့်တော်လည်း ဖြစ်တယ်။ ဘာသာတရား ဆိုတာ လူသားတွေ လောကဓံကို ခံနိုင်အောင် ပေါ်ထွန်းလာရခြင်း ဖြစ်တယ်။ ငါ့ဘာသာကမှ မှန်တယ် ၊ သူ့ဘာသာက မှားတယ် လို့ ငြင်းခုန် နေဖို့ ပေါ်ထွန်းလာခြင်း မဟုတ်။ ကိုယ် ဘယ် ဘာသာဝင်ဘဲ ဖြစ်ဖြစ် “ယူတတ်မှ ရတယ်” ဆိုတဲ့ သဘောတရား ရှိပါတယ်။ ဘာသာတရားတိုင်းမှာ အဖိုးတန်တဲ့ အနှစ်သာရတွေ ရှိပေမယ့် ယူတတ်မှ ရမယ်/မယူတတ်ရင် နာမည်ခံ၊ အမည်ခံ ဘာသာဝင်ဘဲ ဖြစ်နေမှာပါ။

ဘ၀ရဲ့ အဖြေဟာ ယတြာမှာ မရှိ။ ဘာသာတရားမှာသာ ရှိတယ် . . ဆိုတာကို နားလည်သဘောပေါက် နိုင်ကြပါစေ။

.
ကံနည်းသော်လည်း ဉာဏ်မမွဲ ကြပါစေနှင့်။

.ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူ-ဗေဒသုခုမ)

Sunday, September 12, 2010

0 အတူပျံသန်းခြင်း (သို့) အတူပေးဆပ်ခြင်း


၁၂.၉.၂၀၁၀ (တနင်္ဂနွေ) နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)၌ အသင်းသူ/သားများ၊ အလုပ်အမှုဆောင်များ၊ ၀န်ထမ်းများသည် ဈာပနလမ်းကြောင်း လက်ခံရာဌာနတွင် တယ်လီဖုန်း ခေါ်သံကို အားလုံး စူးစိုက်စွာဖြင့် အာရုံစွင့်နေကြသည်။

အကြောင်းမှာ ယနေ့သည် ၂၀၁၀ ခုနှစ်အတွင်း နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဈာပန ပို့ဆောင်မှုလမ်းကြောင်း ၁၀၀၀၀ (တစ်သောင်း) ပြည့်မည့် နေ့ဖြစ်သည်။ ထို တစ်သောင်းပြည့် ဈာပန လမ်းကြောင်းအား နာရေးကူညီမှုအသင်း(ရန်ကုန်)မှ နှစ်စဉ် ထူးထူးခြားခြား သင်္ဂြိုလ်ပေးခြင်း အခမ်း အနားများကို ကျင်းပနေမြဲမို့ ယခု တစ်သောင်းပြည့် လမ်းကြောင်းတွင်လည်း ဗြဟ္မစိုရ်တရားလေးပါး လက်ကိုင်ထား၍ နိုင်ငံခြားမှ လှူဒါန်းထားသော နိုင်ငံခြားဖြစ် အခေါင်းနှင့် သင်္ဂြီုလ်ပေးခြင်း၊ ရက်လည် ဆွမ်းကပ်သော နေ့ရက်တွင် သံဃာတော်များအား လှူဒါန်းရန် သင်္ကန်း၊ ယပ်၊ ဖိနပ် မှအစ ၀တ္ထုငွေနှင့် ကျန်ရစ်သူ မိသားစုအား အသင်းသူ/သားများ စုပေါင်းလှူဒါန်းထားသော ငွေတို့ဖြင့် ပေးအပ်ရန်၎င်း၊ ဂျပန်နိုင်ငံတွင် အသုံးပြုသော နိဗ္ဗာန်ယာဉ်ကြီးဖြင့် ရေဝေးသုဿန်သို့ ပို့ဆောင်သင်္ဂြိုလ်ပေးခြင်း တို့အပြင် ယခု ၂၀၁၀ ခုနှစ်အတွင်းတွင် ဖွဲ့စည်းလိုက်သည့် နာရေးကူညီမှုအသင်း(ရန်ကုန်) ၀တ်ရွတ် အဖွဲ့၏ ပွဲဦးထွက် ဈာပနလမ်းကြောင်းလည်း ဖြစ်တော့သည်။

ယခု တစ်သောင်းပြည့် ဈာပန အခမ်းအနားတွင် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ (ဖျတ်ခနဲပေါ် ဆတ်ခနဲရိုက်) ဓါတ်ပုံရိုက်သင်တန်းမှ အသင်းသူ/သားများအအတွက် “ဘ၀နိဂုံး အဆုံးပုံရိပ်” ခေါင်းစဉ်ဖြင့် ဓါတ်ပုံပြိုင်ပွဲပါ တစ်ပါတည်း ကျင်းပခဲ့ပြီး၊ မော်တော်ယာဉ်အဖွဲ့မှ အသင်းသား ကိုစည်သူမှ ဈာပန ပို့ဆောင်ရေးအတွက် နာရေးရှင်များ ရပ်ကွက်တွင်းမှ နာရေး လိုက်ပါ ပို့ဆောင်ကြမည့် ဧည့်ပရိတ်သတ်များအတွက် BM ဟီးနိုးကား (၅) စီးပါ ပံ့ပိုးကူညီခဲ့သည့်အတွက် အလွန်စည်ကားစွာဖြင့် ကုသိုလ်ယူ ဆောင်ရွက်ပေးနိုင်ခဲ့သည်။

ထို တစ်သောင်းပြည့် ဈာပနလမ်းကြောင်းအား သာကေတမြို့နယ်၊ ဇေယျဝတီ (၅) လမ်းမှ ဆင်းရဲနွမ်းပါးသော မိသားစု (၄) ဦးသာ ကျန်ရှိသော အိမ်ငယ်လေးမှ ဖြစ်သည်။ ကျန်ရစ်သူ မိသားစုတို့အား နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ရှေ့ပြေးယာဉ်ဖြင့် သွားရောက်ကာ ဈာပန ပို့ဆောင်ရေးအဖွဲ့မှ ဦးအေးကြူ က အသင်း၏ အခမဲ့ ပံ့ပိုးကူညီ လှူဒါန်းမှုများကို ဦးစွာသွားရောက်၍ ရှင်းလင်းခဲ့သည်။ ကွယ်လွန်သူ မဇာခြည် အသက် (၃၂) နှစ်တွင် မိခင်၊ အမျိုးသားဖြစ်သူနှင့် ကလေးငယ် (၂) ဦးတို့သာ ကျန်ရစ်ခဲ့သည်။ လူမမယ် ကလေးငယ်သည် မိခင်ဖြစ်သူ မဇာခြည် သေဆုံးသွားကြောင်း မသိရှိသဖြင့် မိခင် ဖြစ်သူ၏ နို့ရည်အား သောက်သုံးရန် ကြိုးစားခဲ့ပုံကို နာရေးရှင်တို့၏ နေအိမ်တွင် ပြောကြား၍ သိရှိခဲ့ ရသည်။ ယခုနှစ်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)၌ တစ်သောင်းပြည့် ဈာပနာ အခမ်းအနား အတွက် အလှူငွေ ကောက်ခံခဲ့ရာ ၂၁၇၀၀၀/- (နှစ်သိန်းတစ်သောင်းခုနှစ်ထောင်) ကျပ်တိတိကို ရရှိ ခဲ့ပြီး ယင်းအလှူငွေအား ကျန်ရစ်သူ ကလေးတို့၏ ရှေ့ရေးအတွက် အသုံးပြုရန် နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဌ ဦးကျော်သူနှင့်ဇနီး ဒေါ်ရွှေဇီးကွက်တို့မှ ကွယ်လွန်သူ၏ အမျိုးသားဖြစ်သူကို မှာကြား၍ ပေးအပ်ကူညီ ခဲ့သည်။ ထို့ပြင် ရက်လည်ဆွမ်းကပ်ရာ၌ သံဃာတော်အား လှူဒါန်းရန် သင်္ကန်း၊ ယပ်၊ ဖိနပ် တို့အားလည်း ပေးအပ်ခဲ့သည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အသင်းသူ/သားများသည် လူမှုရေးလုပ်ငန်း လုပ်ဆောင် ရာ၌ အမျိုးသား၊ အမျိုးသမီး ခွဲခြားမှုမရှိ။

ထို့အတူ ကျွန်ုပ်တို့ လူမှုရေးသမားများနှင့် ဂီတလူမှုရေး သူရဲကောင်းများကလည်း ခွဲခြားမှုမရှိ။

ထို့ကြောင့် ၂၀၁၀ ခုနှစ် တစ်သောင်းပြည့် ဈာပန အခမ်းအနားကို အများပြည်သူတို့အတွက် ကျွန်ုပ်တို့သည် အတူလက်တွဲ ပူးပေါင်းကာ အများပြည်သူအတွက် ပေးဆပ်ခဲ့ကြသည်။

သင် … ဘာကားစီးချင်လဲ ?

ဘာကား စီးစီး … နောက်ဆုံးတော့ မီးခိုးနဲ့ ပြာ

ပါသွားမှာက ကုသိုလ် နဲ့ အကုသိုလ်။

ကျော်သူ

0 မကွေးတိုင်းတောင်တွင်းကြီးမြို့နယ်မှ အသက်(၁၃)နှစ်အရွယ်မိန်းကလေးငယ်အား ခလ၇(၈၃)စစ်သားမှမုဒိန်းကျင့်

မကွေးတိုင်း တောင်တွင်းကြီးမြို့နယ် စစ်ကိုးပင်ရွာု(ဘ)ဦးဇော်ကြီး-(မိ)ဒေါ်ချို တို့၏ သမီးဖြစ်သူ မပြည့်ဇော်ချို အသက်(၁၃)နှစ်သည် (၃-၉-၂၀၁၀)နေ့က ကျေးရွာတောင်စပ်အတွင်း ဆိတ်ကျောင်းနေစဉ် မိချောင်းမြို့အခြေစိုက်တပ်ရဲတပ်-ခလ၇(၈၃)တပ်သား ..အမည်မရသေးက အလိုမတူအတင်းအဓမ္မ မုဒိန်းကျင့်ခဲ့ပါသည်။ ယခုအချိန်တွင် မပြည့်ဇော်ချိုမှာ မကွေးဆေးရုံတွင် ဆေးရုံတက်ကုသနေရပါသည်။

ခလ၇(၈၃)တပ်မှအရာရှိစစ်ဗိုလ်များကမပြည့်ဇော်ချို၏ဖခင်အားမကွေးသို့ခေါ်သွားပြီး သတင်းမပြန့်နှံ့ရန် ဖိအားပေးလုပ်ဆောင်နေကြောင်းသတင်းရရှိပါသည်။

မှတ်ချက်။ ။ ရုပ်သံဖိုင် နောက်(၂)ရက်အတွင်း အစဉ်ပြေလျှင်တင်မည်ဖြစ်ပါသည်။

သတင်း။ ။ ဦးအေးမြင့် (လမ်းပြကြယ်)

0 စွမ်းအားမြှင့် မြန်မာကျောင်းသား စစ်သည်တော်များအဖွဲ့၏ သဘောထား ထုတ် ပြန်ချက် (၁/၂၀၁၀)

Statement 2010%2Epdf

0 ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးတောင်းဆိုဆန္ဒပြပွဲနှင့် ပဲခူးလူသတ်မှုကန့် ကွက်ဆန္ဒပြပွဲ (တိုကျို)ရုပ်/သံ



Video။ ။ maungwto

0 ကမ္ဘာ.ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် ဖိတ်စာ


ပေးပို့သူ။ ။ ရွှေကျောင်းသား

0 ဂြိုဟ်ပူးဂြိုဟ်မြင်နှင့် နိုင်ငံရေးဗေဒင်

နက္ခတဗေဒ သုတေသီ ဆြာ ထွန်းကျော်
Mundane Astrology 11

0 ဝိုးတဝါးလမ်းမှာ စမ်းတဝါးဝါး

ခုတလော ရွေးကောက်ပွဲဝင်မဲ့ အုပ်စုတွေဆီက အသံတချို့ကြားနေရတယ်။ အထူးသဖြင့် စကားအမျိုးမျိုးပြောတတ်တဲ့NDF ပါတီက ဦးခင်မောင်ဆွေ နဲ့ ENC က ဆလိုင် လျှံမုန်း။ ဦးခင်မောင်ဆွေ က ချီလီ နဲ့ တောင်ကိုရီးယား လို တဖြည်းဖြည်းပြောင်းယူရမယ် လို့ ဆိုသလို၊ဗွီအိုအေ တိုက်ရိုက်လေလှိုင်းမှာ ချင်းအမျိုးသားလေး ဆလိုင်းလျှံမုန်း ကလည်း တောင်ကိုရီးယားမှာလည်း ဒီလိုပဲ တဖြည်းဖြည်းပြောင်းလဲယူခဲ့တာဖြစ်တယ်လို့ ဆိုပြန်တယ်။ ဒါပေမဲ့ နှစ်ယောက်လုံးက “ဘယ်လို တဖြည်းဖြည်းပြောင်းခဲ့တာလဲဆိုတဲ့အချက်”ကို ရှင်းရှင်းလင်းလင်းမပြောခဲ့ပါ။

ဝိုးတဝါးလမ်းမှာ စမ်းတဝါးဝါး လျှောက်သွားနေသလိုမျိုး----------------

(၁) နောက်ခံကားချပ်ကွာခြားမှု
နိုင်ငံတကာအသိုင်းအဝိုင်း က ဗမာပြည်နိုင်ငံရေးအနေအထားဟာ အာဖရိကနိုင်ငံတွေမှာ ဖြစ်နေတဲ့ အနေအထားနဲ့သိတ်မကွာလှဘူး ဆိုတာ သဘောပေါက်နေတယ်။ လူမျိုးစုတွေများတယ်။ သဘောထားမတူညီမှုတွေများတယ်။ ကရင်အမျိုးသားအစည်းအရုံး နဲ့ အန်စီယူဘီ လို တပ်ပေါင်းစုက
ရွေးကောက်ပွဲကို အသိအမှတ်မပြုဖို့ ဆုံးဖြတ်တိုက်တွန်းနေချိန်မှာ၊ ဗမာလူမျိုးစု ကို ဘေးဖယ်ထားတဲ့ ENC ( Ethnics National Council) မှ ဆလိုင်းလျှံမုန်း က ရွေးကောက်ပွဲဝင်ပြီး တဖြည်းဖြည်းပြောင်းလဲရမယ် လို့ဆိုတယ်။ ဝ ဒေသစစ်ခေါင်းဆောင်တွေက သူ့ရဲ့နယ်မြေမှာ ရွေးကောက်ပွဲမကျင်းပဖို့ သတိပေးတားမြစ်ထားတယ်။ ဒါကလည်း အထူးအဆန်းတော့မဟုတ်ဘူး။ ၁၉၈၈ အရေးတော်ပုံကြီးဖြစ်ပြီး ကျောင်းသားတွေတောခိုလာချိန်မှာ ကရင်နဲ့မွန် က ဘုရားသုံးဆူစခန်းကိုရဖို့ တိုင်းရင်းသားအချင်းချင်း ချနေတဲ့ဘဝ။ ထို့အတူပဲ ဗမာတိုင်းရင်းသားကို ကြည့်လိုက်ပြန်တော့လည်း ပြည်ပမှာထွက်ပြေးလာတဲ့ ကျားသားမိုးကြိုးပစ် ၁၉၉၀ လွှတ်တော်အမတ်များ အသက်ရောရှိသေးကြရဲ့လား လို့ မေးယူနေကြတဲ့အဖြစ်၊
ဗမာပြည်လောက် တယောက်တပေါက်ဖြစ်နေတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ ဘယ်နိုင်ငံမှ မရှိပါဘူး။
ဒါကြောင့် သူများနိုင်ငံတွေနဲ့ယှဉ်မပြောခင် ကိုယ့်အနေအထားကို ပထမဆုံးစဉ်းစားစေချင်ပါတယ်။ တန်ရာတန်ရာနှိုင်းသင့်ပါတယ်။

နိုင်ငံတကာအနေအထားတွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင်

ချီလီအာဏာရှင် ပီနိုချေး နဲ့ တောင်ကိုရီးယားစစ်အာဏာရှင်တွေကို ထောက်ခံခဲ့သူက အမေရိကန်ပြည်ထောင်စုဖြစ်တယ်။

ဒါပေမဲ့ အမေရိကန်ပြည်ထောင်စု က သူထောက်ခံတဲ့အာဏာရှင်တွေနာမည်ပျက်လာပြီဆိုရင်၊ ပြန်လည်ဖြုတ်ချဖို့ ဖိအားပေးနိုင်ခဲ့တယ်။လူထုလှုပ်ရှားမှုကိုထောက်ခံအားပေးခဲ့တယ်။ ပီနီုချေး ( ချီလီ)၊ ဖာဒီနန်မားကို့စ် ( ဖိလစ်ပိုင်)၊ ဆူဟာတို ( အင်ဒိုနီးရှား)၊ ရှားဘုရင် ( အီရန်) နဲ့ကိုရီးယားစစ်ခေါင်းဆောင်တွေကို အမေရိကန်ပြည်ထောင်စုက ပြန်လည်နားချပြီး နှုတ်ထွက်ပေးဖို့ ဖိအားပေးနိုင်ခဲ့တယ်။

ဒီနိုင်ငံတွေဟာ အမေရိကန်ပြည်ထောင်စုရဲ့စီးပွားရေး၊ နိုင်ငံရေးမော်ဒယ်တွေနဲ့နီးစပ်ခဲ့တာကြောင့် လူထုအဖွဲ့အစည်းတွေ ( Civil Societies) အတွက် လှုပ်ရှားနိုင်တဲ့အခွင့်အရေး၊ နေရာတချို့ရှိခဲ့တယ်။

ဗမာစစ်ခေါင်းဆောင်တွေက ဗမာနိုင်ငံရေးသမားတွေမွေးထုတ်ပေးလိုက်တဲ့စစ်အုပ်စုဖြစ်တယ်။ တရုတ်လည်းထိန်းမရသလို၊ အာဆီယံ ကလည်းချော့မော့ပေါင်းနေရတဲ့အဖြစ်။ ပိုဆိုးတာက ကွန်မြူနစ်ဇာတ်ပျက် တရုတ်နိုင်ငံက လူထုလှုပ်ရှားမှုကို မထောက်ခံတဲ့အပြင် ၂၀၁၀ ရွေးကောက်ပွဲကို
နိုင်ငံတကာကထောက်ခံဖို့ တိုက်တွန်းနေချိန်ဖြစ်တယ်။ ဖိနှိပ်သူဘက်ကထောက်ခံအားပေးပြီး သူများပြည်တွင်းရေးကိုဝင်ရောက်စွက်ဖက်တဲ့တရုတ်ရဲ့ကြောင်သူတော်ကြွက်သူခိုးနိုင်ငံခြားရေးမူဝါဒ ကိုစစ်အစိုးရအနေနဲ့ ကောင်းကောင်းအမြတ်ရနေချိန်ဖြစ်တယ်။

(၂) ချီလီ ပုံသဏ္ဍန်ပြောင်းလဲမှု

စစ်အာဏာသိမ်းခေါင်းဆောင် ပီနိုချေးက ၁၉၈၀ မှာ လူထုဆန္ဒခံယူပွဲကို မဲလိမ်ပြီး သူ့ရဲ့စိတ်တိုင်းကျအခြေခံဥပဒေကို အသက်သွင်းခဲ့တယ်။ အစိုးရစိတ်တိုင်းကျခန့်ထားတဲ့ ကော်မရှင်လက်အောက်မှာ ပြည်သူတွေဆန့်ကျင်ခဲ့ကြပေမဲ့ ပီနိုချေးအစိုးရဟာ ၆၇ ရာခိုင်နှုန်း ကျော်နဲ့အနိုင်ရခဲ့တယ်ဆိုပြီး ဇွတ်အသက်သွင်းခဲ့တယ်။ ဒါပေမဲ့ ၁၉၈၀ မှ ၁၉၈၈ အထိ၊ ပီနိုချေးအစိုးရဟာ ကျောင်းသားဆန္ဒပြပွဲတွေ၊ လူထုလှုပ်ရှားမှုတွေ၊ လက်ဝဲသူပုန်တွေရဲ့မြို့ပေါ်အထိလုပ်ကြံသတ်ဖြတ်မှုတွေ ကို ရင်ဆိုင်ခဲ့ရတယ်။ ( Pinochet File ပီနိုချေး ဖိုင် နဲ့ A Force more Powerful စာအုပ်ကို ကြည့်ပါ)။

ပီနိုချေးကလည်း ရက်ရက်စက်စက်တုန့်ပြန်ခဲ့တယ်။ ပီနိုချေးရဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေက အမေရိကန်အစိုးရအတွက်လည်း အရှက်ရစရာဖြစ်လာခဲ့တယ်။ ဒါကြောင့် ၁၉၈၀ ကာလတလျှောက်လုံး တိုးတိုးတိတ်တိတ် ဖိအားပေးခဲ့တယ်။ မရဘူး။ ပီနိုချေး က ရက်စက်မှုတွေ ကို ပိုပြီးလက်ရဲဇက်ရဲလုပ်လာတယ်။ မိုင်းအလုပ်သမားတွေရဲ့သပိတ်တွေစတင်လာပြီ။ ပီနိုချေးကိုဆန့်ကျင်တဲ့ ခရစ်ယာန်ဘာသာရေးခေါင်းဆောင်တွေ၊ ကျောင်းသားလှုပ်ရှားမှုတွေ တဖြည်းဖြည်းအားကောင်းလာပြီး တပ်ပေါင်းစုတခုကိုဖွဲ့ဖို့ပြင်ဆင်ခဲ့ကြတယ်။

၁၉၈၈ မှာ ပီနိုချေး က သူ့ရဲ့သမ္မတသက်တမ်းကို နှစ်ကြိမ်ထက်ပိုလုပ်ချင်တယ်။ ဆန္ဒခံယူပွဲလုပ်တယ်။ ၁၉၈၈ လူထုဆန္ဒခံယူပွဲမှာ ပြည်သူလူထု က ၅၇ ရာခိုင်နှုန်းနီးပါးမဲအရေအတွက် နဲ့ ပီနိုချေးရဲ့အခြေခံဥပဒေကိုငြင်းဆန်လိုက်ကြတယ်။ မဲပေးတဲ့သူအရေအတွက်ဟာ ၉၇ ရာခိုင်နှုန်းရှိတယ် လို့ ဆိုတယ်။ ပီနိုချေးက လူထုဆန္ဒခံယူပွဲရလဒ်ကိုငြင်းဖို့ကြိုးစားတယ်။ ဒါပေမဲ့ ချီလီဗိုလ်ချုပ်တွေကို အမေရိကန်ထောက်လှမ်းရေးဗဟို က နီးစပ်အောင်ကြိုးစားထားတယ်။ ပီနိုချေးအနေနဲ့ ရွေးကောက်ပွဲရလဒ် ကို လက်ခံရမယ် လို့သူ့ရဲ့ဆရာ အမေရိကန်ပြည်ထောင်စုက ညွှန်ကြားထားပြီးသား။ တကယ်တော့ ချီလီ လှုပ်ရှားမှုအောင်မြင်ခဲ့တာက ပီနိုချေးဆန့်ကျင်တဲ့လူထုလှုပ်ရှားမှုတွေကြောင့်ပါ။ မှတ်တမ်းရုပ်ရှင်တွေကြည့်ရင် ချီလီလူထုလှုပ်ရှားမှုကို အားတက်ဖွယ်တွေ့နိုင်ပါတယ်။

စာအုပ်ဖတ်ချင်ရင် ( A Force More Powerful) ကို ဖတ်ပါ။

ဗမာပြည်မှာ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရခဲ့တဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေ၊ အခြေခံဥပဒေရေးဆွဲတဲ့ညီလာခံမှာ ဘာတွေတင်ပြခွင့်ရခဲ့ပါသလဲ။

စစ်အုပ်စုက တလေးတစားနားထောင်ထည့်သွင်းခဲ့ပါသလား။ ညီလာခံကို သပိတ်မှောက်ထွက်ခဲ့တဲ့ ဖက်ဒရယ်ရေးရာဝန်ကြီး ခွန်မားကိုဖန်းကိုမေးကြည့်ပါ။

ရှမ်းအမျိုးသားများဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်တွေ၊ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်တွေ၊ ဇိုမီးချင်းအမျိုးသားခေါင်းဆောင်တွေအပါအဝင် အရွေးချယ်ခံလွှတ်တော်ကိုယ်စားလှယ်တွေ ဖမ်းဆီးထောင်ချခံခဲ့ရတယ် မို့လား။ ဗမာပြည်နိုင်ငံရေးမှာ ၁၉၉၀ ရွေးကောက်ပွဲရလဒ်အဆင့်ဟာ
ချီလီနိုင်ငံမှာ ကြုံတွေ့ခဲ့ရတဲ့ ၁၉၈၈ လူထုဆန္ဒခံယူပွဲထက်ကျော်တဲ့အဆင့် ကို ရောက်ခဲ့ပါတယ်။
ဒါပေမဲ့ ကျနော်တို့ ရင်ဆိုင်နေရတဲ့ အစိုးရက ဘယ်အင်အားကြီးနိုင်ငံကမှ ပြောလို့မရတဲ့ ဖက်ဆစ်အစိုးရ။
ကြောင်သူတော်ကြွက်သူခိုး နိုင်ငံခြားရေးမူဝါဒတွေဆွဲကိုင်နေတဲ့ တရုတ်အပါအဝင် အိမ်နီးချင်း အာဆီယံနိုင်ငံတွေကြားမှာ နေနေရတဲ့ နိုင်ငံ။

ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရေးဆွဲရေးညီလာခံ အဆင့်မှာ ဘာမှမလုပ်နိုင်တဲ့ဘဝကနေ ပါလီမန်လွှတ်တော်ထဲမှာ ဝင်ရောက်ပြောဆိုကြမယ် ဆိုတော့ ----

မျက်စိလည်နေတဲ့ မိန်းမကြီး ဘုရားနားမှာ တဝဲလည်လည်လျှောက်ပတ်နေတဲ့အဖြစ်ကိုပဲ သွားသတိယမိတော့မယ်။

(၃) ကိုရီးယား ပုံသဏ္ဍန်

နှိုင်းယှဉ်ရဲတဲ့ စိတ်တွေကို အံ့သြမိတယ်။ ဦးခင်မောင်ဆွေလို စကားအမျိုးမျိုးပြောတဲ့သူတွေ နဲ့ တပ်ပေါင်းစုရဲ့မူဝါဒနဲ့သွေဖီနေတဲ့ ဆလိုင်းလျှံမုန်း လို လူတွေက ကိုရီးယားပြည်သူတွေလို သတ္တိတကယ်ရှိပါရဲ့လား။ “ပတ်ချုံဟီးအာဏာသိမ်းတယ်။ ရွေးကောက်ပွဲလုပ်တယ်။ ဒီလိုနဲ့တဖြည်းဖြည်းပြောင်းလဲလာခဲ့တယ်” လို့ ဆိုခဲ့ပြီး လူထုကဘယ်လိုပြောင်းလဲအောင်လုပ်ခဲ့တာလဲဆိုတာကို မပြောခဲ့တဲ့ ဆလိုင်းလျှံမုန်း ကိုကိုရီးယား သမ္မတ (၄) ယောက်ကာလ က ဖြစ်ပျက်ခဲ့တဲ့ လူထုလှုပ်ရှားမှုတွေကို အတိုချုပ် မိတ်ဆက်ပေးချင်ပါတယ်။

( ကိုရီးယားနဲ့ပတ်သက်တဲ့အကြောင်းအရာကို “အသွင်ကူးပြောင်းမှုကာလ၊ စိတ်ကူးယဉ်မှုများနှင့် ကစားဝိုင်းကိုပြောင်းလဲစေသော ဝိညာဉ်များ” ဆောင်းပါးအဖြစ် အတိုချုပ်တင်ပြခဲ့ပါတယ်)

(က) Syngman Rhee

ကိုရီးယားစစ်ပွဲကြောင့်နာမည်ပျက်ခဲ့တဲ့ တောင်ကိုရီးယားသမ္မတ ဟာ ကျောင်းသားလှုပ်ရှားကြောင့် ပြုတ်ကျခဲ့တယ်။၁၉၆၀ ဧပြီ (၁၉) လှုပ်ရှားမှုအဖြစ်နာမည်ကြီးခဲ့တယ်။ စစ်တပ်က ကျောင်းသား (၁၂၅) ယောက်ကို သတ်ခဲ့ပေမဲ့ ကျောင်းသားတွေက တဟုန်ထိုးချီတက်သွားတယ်။စစ်တပ်အနေနဲ့ ဆက်မပစ်ရဲတော့ဘူး။ လူထုနဲ့ပူးပေါင်းရတယ်။

(ခ)ပတ်ချုံဟီး

၁၉၇၁ မှာ ရာထူးက နှုတ်ထွက်ပေးရမယ် ဆိုတာသိနေပေမဲ့ ပတ်ချုံဟီး ကပါလီမန်ကိုဖျက်သိမ်းတယ်။ အခြေခံဥပဒေကို ဖျက်သိမ်းတယ်။

၁၉၇၃ မှာ ယူရှင်အခြေခံဥပဒေကိုရေးဆွဲတယ်။ ကျောင်းသားဆန္ဒပြပွဲနေတွေ ပေါ်ပေါက်လာပြီး ပတ်ချုံဟီး ကို အာခံကြတယ်။

၁၉၇၉ မှာတော့ ကျောင်းသားလှုပ်ရှားမှုပြန်အားကောင်းလာခဲ့တယ်။ ဘူဆန်တက္ကသိုလ်ကျောင်းသားတွေ ဦးဆောင်ပြီး အင်အား (၅) သောင်းရှိတဲ့ လူထုဟာ အစိုးရအဆောက်အဦတွေကိုဝိုင်းရံတိုက်ခိုက်တယ်။ ကျောင်းသားခေါင်းဆောင် (၄၀၀) ကျော်အဖမ်းခံရတယ်။ မြို့ပေါင်းများစွာမှာ အလုပ်သမားသမဂ္ဂရဲ့လှုပ်ရှားမှုတွေပေါ်ပေါက်လာတယ်။ ပူးမလူထုအုံကြွမှုအဖြစ်နာမည်ကြီးခဲ့တယ်။

ပတ်ချုံဟီးက စစ်အုပ်ချုပ်ရေးအရေးပေါ်ဥပဒေပြဋ္ဌာန်းခဲ့တယ်။ စစ်ထောက်လှမ်းရေးနဲ့ ပတ်ချုံဟီး တို့ ကြားမှာ သဘောထားစကွဲနေပြီ။ နောက်ဆုံး စစ်ထောက်လှမ်းရေးခေါင်းဆောင် ကင်ဂျေကြူ က ပတ်ချုံဟီး ကို ညနေစာထမင်းစားဖိတ်ပြီး ပစ်သတ်ပစ်လိုက်တယ်။



(ဂ) ချန်ဒူးဝမ်


ချန်ဒူးဝမ်လက်ထက်မှာ စစ်အုပ်ချုပ်ရေးကို ရုတ်သိမ်းပေးဖို့တောင်းဆိုလှုပ်ရှားကြတဲ့ တောင်ကိုရီးယားပြည်သူတွေရဲ့လှုပ်ရှားမှုတွေမရပ်တန့်သေးပါ။

ဆိုးလ်ဘူတာရုံမှာ လူတသိန်းကျော်စုဝေးကြပြီး စစ်အုပ်ချုပ်ရေးကိုဆန့်ကျင်ခဲ့ကြတယ်။ ချန်ဒူးဝမ် ကလည်း ကျောင်းသားညီလာခံတွေကို ဝင်ရောက်စီးနင်းပြီး ကျောင်းသားသမဂ္ဂခေါင်းဆောင် (၅၅) ယောက်အပါအဝင် ဒီမိုကရေစီရေးလှုပ်ရှားမှုခေါင်းဆောင် (၂၆) ယောက်ကိုဖမ်းဆီးခဲ့တယ်။ စစ်အုပ်ချုပ်ရေး ကို ချဲ့ထွင်ခဲ့တယ်။ ကင်ဒေးဂျုံလည်း အဖမ်းခံခဲ့ရတယ်။

၁၉၈၀ မေလ (၁၈) ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ ဂွမ်ဂျူးလူသတ်ပွဲကို ချန်ဒူးဝမ်ရဲ့အစိုးရက ထောင်ချီပြီးပစ်ခပ်သတ်ဖြတ်ခဲ့တယ်။

( ဒီလို အစုလိုက်အပြုံလိုက်လူသတ်မှုကြောင့် ချန်ဒူးဝမ်နဲ့နိုတေးဝူး ကို နောက်ပိုင်းမှာ ဖမ်းဆီးအရေးယူခဲ့တယ်)။

၁၉၈၇ မှာ လူတသန်းကျော်ပါဝင်တဲ့ ငြိမ်းချမ်းရေးလှုပ်ရှားမှုတွေ ဆိုးလ်မြို့မှာ ပေါ်ပေါက်လာခဲ့တယ်။ ကင်ဒေဂျုံ ကို လွှတ်ပေးရတော့တယ်။

ဂွမ်ဂျူးလူသတ်ပွဲဖြစ်ပေါ်ပြီးတဲ့နောက် ကိုရီးယားကျောင်းသားတွေဟာ အမေရိကန်ယဉ်ကျေးမှုဗဟို ကို အကြိမ်ကြိမ်မီးတင်ရှို့ခဲ့ကြတယ်။ ကိုရီးယားစစ်အာဏာရှင်တွေကို အမေရိကန်ပြည်ထောင်စုက ထောက်ခံပေးနေတယ် လို့ ယုံကြည်တာကြောင့် ထောက်ပံ့တဲ့သူတွေကိုပါ တိုက်ခိုက်ကြခြင်းဖြစ်တယ်။အမေရိကန်ပြည်ထောင်စု ဟာ သူ့ရဲ့နိုင်ငံခြားရေးရာမူဝါဒတွေကို ပြန်စဉ်းစားလာရတော့တယ်။

ဦးခင်မောင်ဆွေ နဲ့ ဆလိုင်းလျှံမုန်း ခင်ဗျား

တောင်ကိုရီးယားပြည်သူတွေ စစ်အာဏာရှင်ကိုဘယ်လိုဆက်တိုက်ခဲ့ကြသလဲ၊ နိုတေးဝူး နဲ့ ချန်ဒူးဝမ် ဘယ်လိုအဆုံးသတ်ခဲ့သလဲ သိချင်ရင်Asian Study က တောင်ကိုရီးယားနိုင်ငံအကြောင်းလေ့လာထားတဲ့ ပြဋ္ဌာန်းစာအုပ်တွေသာ ဆက်ဖတ်ပါတော့။အသေးစိတ်တွေကို ရေးမပြတော့ပါဘူး။ ကိုရီးယား လို ပြောင်းလဲရအောင်၊ တောင်ကိုရီးယားသားတွေလိုကျနော်တို့တိုင်းရင်းသားတွေ ညီညွတ်မှုရှိကြပါရဲ့လား။ ဆလိုင်းလျှံမုန်းရဲ့ ရွေးကောက်ပွဲဝင်ရေးမူဝါဒဟာ ENC ရဲ့တရားဝင်မူဝါဒဖြစ်ပါသလား။

ဒါဆို--ကရင်အမျိုးသားအစည်းအရုံးနဲ့ ကျန်တဲ့အင်အားစုတွေက ၂၀၁၀ ရွေးကောက်ပွဲကိုထားတဲ့သဘောထားနဲ့ ဆန့်ကျင်ဘက်ဖြစ်နေပါတယ်။

ENC က ချင်းအမျိုးသားလေးရဲ့သဘောထား ဟာဦးအေးသာအောင်ရဲ့စီအာပီပီနဲ့ ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေသလို၊

ဝ တိုင်းရင်းသားတွေအတွက် ဒေါသဖြစ်စရာဖြစ်နေပါတယ်။ ဆလိုင်းလျှံမုန်း က ENC ကို ကိုယ်စားပြုနိုင်သလား၊
ENC က တိုင်းရင်းသားတွေကို တကယ်ကိုယ်စားပြုနိုင်သလား ဆိုတာ အရှင်းဆုံးအဖြေတခုကိုပြနေသလိုမျိုးပါပဲ။

ဦးကံအေးရဲ့မေးခွန်းကို ဆလိုင်းလျှံမုန်း က ဖြေတဲ့အခါ

“မတရားတဲ့အခြေခံဥပဒေ တွေကို ရေးဆွဲတဲ့ စစ်ခေါင်းဆောင်တွေကိုသာ အပြစ်တင်ပါတဲ့။ ကျနော်တို့တိုင်းရင်းသားတွေကို အပြစ်လာမတင်ပါနဲ့” လို့ ဆိုပြန်တယ်။ အခြေခံဥပဒေကိုရေးဆွဲတဲ့သူသာ မဟုတ် သွယ်ဝိုက်ထောက်ခံမိရင်၊ တရားဝင်လုပ်ပိုင်ခွင့်ပေးမိရင် လည်း သမိုင်းတရားခံဖြစ်တတ်တယ် ဆိုတာလောက်တော့နိုင်ငံရေးလုပ်တဲ့ ဆလိုင်းလျှံမုန်း တယောက် သဘောပေါက်သင့်ပါတယ်။

ဒါ့ကြောင့်လည်း ၂၀၀၈ အခြေခံဥပဒေကို ဆန့်ကျင်ခြင်းဟာ သမိုင်းတရားခံမဖြစ်အောင် လုပ်နေကြခြင်းဖြစ်တယ် ဆိုတဲ့အချက်တချက် ပါဝင်နေတယ် လို့ ယုံကြည်ပါတယ်။

“လမ်းမပေါ်ထွက်ဆန္ဒပြတာဟာ အဆင့်နိမ့်တဲ့နိုင်ငံရေးဖြစ်တယ်”လို့ ဦးခင်မောင်ဆွေက အင်တာဗျုးခဲ့ပါတယ်။ လမ်းမပေါ်ထွက်ဆန္ဒပြတဲ့တောင်ကိုရီးယားကျောင်းသားတွေက အဆင့်နိမ့်ခဲ့တယ် ဆိုရင် ဘာလို့ ကိုရီးယားပုံစံလိုပြောင်းလဲရမယ်လို့ ဆိုခဲ့ပါသလဲ။
ဘာဖြစ်လို့ ချီလီနိုင်ငံလို ပြောင်းလဲချင်ရပါသလဲ။

အဆင့်မြင့်တဲ့ နိုင်ငံရေးဆိုတာ ပြည်ပက ရတဲ့ ဒေါ်လာ (၂) သိန်း ကို ယူ၊ ပါတီထောင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သြဇာအနည်းငယ်ရှိတဲ့သူတွေကို ကျနော်တို့ပါတီမှာ လုပ်ရင် လစဉ် (၅) သိန်းလောက်ထောက်ပံ့ပေးနိုင်တယ် ဆိုတဲ့မက်လုံးပေးတာကိုခေါ်ပါသလား။ (ဟုတ်မဟုတ်တော့ ကာယကံရှင်နဲ့ဘုရားသခင်သာသိပါလမ့်မယ်)။

ကိုယ့်စကားကို မေ့ချင်ယောင်ဆောင်တဲ့လူတွေလုပ်တဲ့နိုင်ငံရေးကို အဆင့်မြင့်နိုင်ငံရေးလို့ ခေါ်ပါသလား။
ဒီမိုကရေစီ ဆိုတာ ဂတိမတည်သူတွေနဲ့လူလိမ်တွေအတွက်လည်း ပြောပိုင်ခွင့်ပေးထားတဲ့ ပတ်ဝန်းကျင်တခု ဖြစ်နိုင်ပါတယ်။ဒါပေမဲ့ ဒီမိုကရေစီ ကျင့်စဉ်ကို လိုက်နာဖို့ ဆိုတာ လူလိမ်တွေအတွက် မဖြစ်နိုင်တဲ့ဘာသာရပ်တခုပါ။လူလိမ်တွေခေါင်းဆောင်တဲ့ပါတီတွေဟာ ပြည်သူလူထုကို ဘယ်လောက်ထိ သတ္တိရှိရှိ ဦးဆောင်နိုင်မလဲ ဆိုတာ ကိုတော့ မျှော်လင့်ချက်မထားသော်လည်း ကျနော်တို့ဆက်လက်ကြည့်ရှုကြရအုံးမှာပါ။

ရွေးကောက်ပွဲသပိတ်မှောက်ရင် အကျိုးရှိတာဘာလုပ်မှာလဲ

ဒီမေးခွန်းကို တချို့က အားမလိုအားမရမေးသလို၊ တချို့က စပ်စုချင်လို့မေးကြတယ်။ တချို့က ကိုယ့်ရဲ့စကားမတည်ကြည်မှုကို ဖုံးကွယ်ချင်လို့ သူများကိုအပြစ်ပြောဖို့ ပြင်ဆင်ကြတယ်။ အကျိုးမရှိတဲ့အလုပ် ( ၂၀၁၀ ရွေးကောက်ပွဲ) ကိုလုပ်နေတဲ့သူတွေနဲ့ ဆန့်ကျင်ဘက်ကို လုပ်ကြပါလိမ့်မယ် လို့ ပဲ ယုံကြည်ပါတယ်။ သပိတ်မှောက်မဲ့သူတွေဘက် က အသေးစိတ်ဖြေနေရအောင် စစ်ကြောရေးစခန်းမှာ နှိပ်စက်ခံနေရတဲ့လူတွေမဟုတ်သလို၊ အားအားရှိ နိုင်ငံရေး ဝေဖန်ရေးဆရာလိုလို၊ သုံးသပ်သူတွေလိုလို သရုပ်ဆောင်နေတဲ့ ဇာတ်ရူးတွေအတွက် ကုန်ကြမ်းပေးဖို့ မလိုအပ်ဘူးလို့ပဲ

ထင်ပါတယ်။ နိုင်ငံရေးလုပ်တယ်ဆိုတာ ပြည်သူ့ရေချိန်မှာ ကြည့်ပြီး အရှိန်ယူပြေးခုန်ရတဲ့ ပြိုင်ပွဲတခုပါ။

ရဲရဲတောက်လှုံ့ဆော်နေသူတွေကြောင့်လည်း လူထုလှုပ်ရှားမှုမဖြစ်နိုင်သလို၊ မထင်မှတ်တဲ့ ပြဿနာလေးတွေကစပြီး မီးထလောင်တတ်ပါတယ်။

စံနစ်တကျ ပြင်ဆင်ထားနိုင်တဲ့သူတွေသာ အခွင့်အရေးပေါ်လာတိုင်း အကျိုးရှိရှိ အသုံးချနိုင်မှာပါ။

အောင်မိုးဝင်း


ကိုရီးယားနိုင်ငံရဲ့ဒီမိုကရေစီလမ်းကြောင်းဆီ သို့ အကြောင်းစာအုပ်ဖတ်ချင်ရင်

Christian W. Haerpfer, Patrick Bernhagen, Ronald F. Inglehart, and Christian Welzel တို့ရေးတဲ့ Democratization မှာ အချက်အလက်တွေရနိုင်ပါတယ်။

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.