Tuesday, November 23, 2010

0 လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ၁၀နှစ်ကျော်မတွေ့နိုင်ခဲ့သည့်သားငယ်နှင့်တွေ့ပြီ

လက်မောင်းတွင် ထိုးထားသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အမှတ်အသား ဆေးမင်ကြောင်

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်သည် ဒီကနေ့မနက်က ၁၀နှစ်ကြာ ကွဲကွာနေသောသားငယ် ကိုထိန်လင်းခေါ် ကင်မ် အဲရစ်နှင့် ပြန်လည်တွေဆုံနိုင်ခဲ့ပါသည်။

ဒေါ်စုမှ ကျမအင်မတန်မှ ပျော်ရွှင်ဝမ်းမြောက်မိပါကြောင်း AFPသတင်းဌာနကိုပြောခဲ့ပါတယ်။

ကိုထိန်လင်းခေါ် ကင်မ် အဲရစ် ဟာ ပျော်ရွင်နေတဲ့ သူ့အမေအနားသို့ သူ့ရဲ့လက်မောင်းမှာ ထိုးထားတဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်NLD အလံအမှတ်အသား ဆေးမင်ကြောင်ကို ပြသခဲ့တယ်လို့ တွေ့ခဲ့ရတဲ့ afpသတင်းထောက်ကပြောပါတယ်။
photo by AP။ mk

0 ဒေါ်အောင်ဆန်းစုကြည်နှင့်အတူရပ်တည်မည်(သို့) သံမဏိအာဇာနည်စိတ်ဓာတ်ပိုင်ရှင်များ ....

ကြည်ဝေ(ဧရာဝတီ)
အသားလတ်လတ်၊ ကိုယ်ဟန်သွယ်နွဲ့နွဲ့ဖြင့် အသက်၈၀ အရွယ် အမေနု က သူ့ကို ရွှေတွေငွေတွေ ပုံပေးပါစေ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ရုံးချုပ် အဆောက်အအုံကိုတော့ ဒေါ်အောင်ဆန်းစုကြည် နေလိုသေးသရွေ့ ငှားခြင်း၊ ရောင်းခြင်း ပြုလုပ်မည် မဟုတ်ကြောင်း ပြောပြသည်။

owner

ဒေါ်အောင်ဆန်းစုကြည်လိုအပ်သရွေ့ NLD ရုံးချုပ် အဆောက်အအုံကို ဆက်လက် ငှားရမ်းနေဦးမည့် အမေချော(ဓာတ်ပုံ - ဧရာဝတီ)

“ဒီနေရာကို ဈေးကောင်းပေးပြီး လာဝယ်ကြတယ်၊ နည်းမျိုးစုံနဲ့ ခြိမ်းခြောက်ပြီးတော့လည်း လာပြောကြတာ ရှိတယ်၊ အမေ မရောင်းဘူး၊ ဒေါ်အောင်ဆန်းစုကြည် နေလိုသရွေ့နေပါစေဆိုတဲ့ သွားလေသူရဲ့စကားလည်း ရှိတယ်၊ အမေကလည်း ကိုယ်
တတ်နိုင်တာလေ၊ ကူညီအားပေးချင်တယ်”ဟု NLD ရုံးနေရာပိုင်ရှင်ဖြစ်သော အမေနုက မှုန်သီသီ မျက်လုံးများဖြင့် ကြည့်ပြီး ဖြည်းဖြည်းခြင်း ပြောသည်။

အမေနု၏ ခင်ပွန်းဖြစ်သူ ဦးထွန်းကြိုင်က သူပိုင်ဆိုင်သော အဆောက်အအုံအား NLD ရုံးချုပ် အဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၈၉ ခုနှစ်ပိုင်း ကတည်းက စတင်ငှားရမ်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

NLD ရုံးကို စတင်တည်ထောင်စဉ်က ရုံးချုပ်နေရာမှာ ရွှေဂုံတိုင်တွင်မဟုတ်ဘဲ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည် ခြံ နှင့် မလှမ်းမကမ်း ခြံဝန်းတခုတည်းတွင် စတင်ဖွင့်လှစ်ခဲ့ကြသည်။

သို့သော်လည်း ၁၉၈၉ ခုနှစ်အတွင်းမှာပင် ထိုခြံရှင်အား စစ်အစိုးရက ဖိအားပေးသောကြောင့် ခြံရှင်မှာ ဆက်မငှားရဲတော့သည့် အတွက် ဒေါ်အောင်ဆန်းစုကြည်မှာ ရုံးခန်းဖွင့်ရန် ရှာဖွေခဲ့ရကြောင်း၊ ထိုကာလမှာပင် ဦးထွန်းကြိုင်က ဒေါ်အောင်ဆန်းစုကြည် ကသာ သူ့အိမ်ကို လိုချင်တယ်ဟု ပြောလျှင် ငှားပေးပါမည်ဟု ပြောခဲ့သည့်အတွက် NLD ရုံးချုပ်မှာ လက်ရှိ ရုံးချုပ်နေရာ ရွှေဂုံတိုင် တွင် ပြောင်းလဲဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဦးထွန်းကြိုင် တိမ်းပါးသွားသည့်အခါမှာလည်း အမေနုက ထိုကတိကို ဆက်လက် ထိန်းသိမ်းခဲ့ပြီး ဦးထွန်းကြိုင်၏ ဇနီးအမေနုနှင့် သမီး အမေချောကလည်း ဒေါ်အောင်းဆန်းစုကြည်က နေချင်သေးသရွေ့တော့ သူတို့ဘက်မှ ကတိကို ပျက်စေမှာ မဟုတ် ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို ကူညီအားပေးခြင်းမှာ တိုင်းပြည်ကို ကူညီအားပေးခြင်းသာ ဖြစ်သည်ဟု လက်ခံထားကြောင်း အမေချောက သူ့သဘောထားကို ပြောပြသည်။

“အဖေ့ဆန္ဒက ဒေါ်အောင်ဆန်းစုကြည်တို့ နေလိုသရွေ့ ဘယ်တော့မှ မဖယ်ခိုင်းပါနဲ့တဲ့၊ ပြီးတော့ ဘာအကြောင်းကြောင့်မှလည်း ဒီကတိကို မပျက်ပါစေနဲ့လို့ တဖွဖွ မှာခဲ့တာပဲ၊ ကြီးကြီးလည်း ကတိပေးခဲ့တယ်၊ တည်စေရမယ် စိတ်ချပါလို့”ဟု အမေချော က ဆိုသည်။ အမေချောက ဖခင်၏ စကားကိုနားထောင်ပြီး ဖခင်ကတိစကားကိုမြဲရန် စောင့်ရှောက်နိုင်ခဲ့သူ ဖြစ်သည်။

သေးသေးသွယ်သွယ် ဖျပ်ဖျပ်လတ်လတ်နှင့် အသက် ၆၀ အရွယ် အမေချောကို စစ်အစိုးရက NLD အား ရုံးခန်း ငှားပေးသည့် အတွက်ဟုဆိုကာ ဒီပဲယင်းအကြမ်းဖက်မှုအပြီး ဖမ်းဆီးကာ စစ်ဆေးမေးမြန်းခဲ့ပြီး လွန်ခဲ့ သော ၂ နှစ်ခန့်ကလည်း NLD ရုံးကို မငှားတော့ရန် ဖိအားပေးခဲ့ကြောင်း သိရသည်။

“ကြီးကြီးကလည်း ပြောလိုက်တာပေါ့၊ ဒီရုံးကို စငှားခဲ့တာ အဖေက ငှားခဲ့တယ်၊ အဖေက ဒေါ်အောင်ဆန်းစုကြည်နဲ့ငှားခဲ့ စာချုပ် ခဲ့ကြတယ်ဆိုတော့ ဒီစာချုပ်ကို ကျမတို့ဘက်ကတော့ ဖျက်လို့မဖြစ်နိုင်ဘူးလို့။ အဖေက ဖျက်ဆိုမှပဲ ဖျက်နိုင်တော့မယ်လို့ ပြော လိုက်တာပဲ”ဟု အမေချောက ပြောသည်။

အသက် ၈၀ ကျော် အမေနုနှင့် အသက် ၆၀ ၀န်းကျင်အရွယ် အမေချောတို့အား အာဏာပိုင်များက မည်ကဲ့သို့ ဖိအားပေးစေကာမူ ဒေါ်အောင်ဆန်းစုကြည် ရုံးခန်းဖွင့်နိုင်ရေးအတွက် ဆက်လက်ငှားရမ်းပေးနေဦးမှာပဲ ဖြစ်ကြောင်း၊ ထိုကဲ့သို့ ငှားရမ်း ပေးနေခြင်းမှာ ဖခင်၏ ဆန္ဒဖြစ်သကဲ့သို့ ကိုယ်တိုင်လည်း အားပေးကူညီလိုသည့် စိတ်ကြောင့် ဖြစ်ကြောင်း အမေချောက ပြောဆိုသည်။

“အစ်မက ဒီအိမ်ရှင်တွေရဲ့ ကျေးဇူးကိုအမြဲ အသိအမှတ်ပြုထားတယ်၊ ဒီနေရာက ဈေးသိပ်ကောင်းပါတယ်၊ အမေချောတို့က သူတို့ ပိုင်တာလေးတွေကို ဖဲ့ဖဲ့ရောင်းနေပေမယ့် ဒီနေရာလေးကိုတော့ မရောင်းရှာဘူး၊ ပြီးတော့သူတို့ကို နည်းမျိုးစုံနဲ့ ခြောက်လှန့် ပြော ဆိုရင်လည်း အမေချောတို့က တင်းခံပြီးနေတာပဲ”ဟု NLD ဗဟိုဦးစီးအဖွဲ့ဝင်တဦး က ပြောပြသည်။

ရုံးခန်းပိုင်ရှင်များဖြစ်ကြသော အမေနုနှင့် အမေချောအား ဒေါ်အောင်ဆန်းစုကြည်က လွတ်မြောက်ပြီး မကြာခင် နိုဝင်ဘာလ ၁၅ ရက်နေ့မှာပင် သွားရောက် ဂါရ၀ ပြုခဲ့ကြောင်း သိရသည်။

“ဒေါ်အောင်ဆန်းစုကြည်ကို အခုလို အပြင်မှာ မြင်နေရရင်ကို အမေတို့က ကျေနပ်ဝမ်းသာနေတာပါ၊ အမေတို့ဘက်ကတော့ လုပ် ပေး နိုင်တာ မှန်သမျှ လုပ်ပေးဖို့ပါပဲ”ဟု အမေချောက ဆိုသည်။

မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးအတွက် ဆောင်ရွက်လျက်ရှိသော ဒေါ်အောင်ဆန်းစုကြည်ကို တတ်နိုင်သရွေ့ ကူညီပံ့ပိုးရန်
ကြိုစားနေသူများထဲတွင် အမေနုတို့၊ အမေချောတို့ ကဲ့သို့ ပြည်သူများလည်း ပါဝင်လျက်ရှိသကဲ့သို့ ဒေါ်လှကြည် ကဲ့သို့သော အသက် ၈၀ ကျော် အမယ်အိုကြီးလည်း ပါဝင်သည်ကို တွေ့မြင်ရသည်။

“ဒေါ်အောင်ဆန်းစုကြည် အင်းစိန်ထောင်ထဲမှာ နေတော့ နေ့တိုင်း ထောင်ရှေ့ကို သွားကြည့်တယ်၊ မေတ္တာပို့ပေးတယ်။ အခု ဒေါ်အောင်ဆန်းစုကြည် လွတ်လာတော့ အဘွားက သူ့ကို တွေ့ချင်၊ အားပေးချင်တာ အိပ်မပျော် စားမ၀င်တောင် ဖြစ်တယ်”ဟု
ရွှေဂုံတိုင် ရုံးသို့နေ့စဉ် လာစောင့်နေခဲ့သော ဒေါ်လှကြည်က ပြောပြသည်။

ငွေရောင် ဆံပင်၊ မျက်နှာအရေးအကြောင်း တွဲလျက်၊ တလှမ်းခြင်းဖြည်းဖြည်းမျှသာ သွားလာနိုင်တော့သော ဇရာထောင်းနေသည့် အသက် ၈၀ ကျော်အရွယ် အမယ်အို ဒေါ်လှကြည်က ဒေါ်အောင်ဆန်းစုကြည်အား လာကြည့်ကြသူ ပြည်သူအများထဲ တိုးဝှေ့ရင်း ရုံးပေါက်ဝ အထိ အရောက်လာကာ ဇွဲကြီးကြီးဖြင့် စောင့်ကြည့်ခဲ့သူ ဖြစ်သည်။

နိုဝင်ဘာလ ၁၆ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် ရုံးမှ ထွက်ခါနီး လူအုပ်ထဲမှ ဒေါ်လှကြည်ကို ဖျပ်ခနဲ တွေ့လိုက်သောကြောင့် ဒေါ်လှကြည်အနားအထိ သွားခဲ့ပြီး “အမေ နေကောင်းတယ် နော်”ဟု လက်ကိုဆွဲကာ တရင်းတနှီးနှုတ်ဆက်ခဲ့ကြောင်း ဒေါ်လှကြည် က ပြောပြသည်။

“အဲလို နှုတ်ဆက်တော့ အမေ့မှာ ၀မ်းသာလွန်းလို့ မျက်ရည်တောင် ကျတယ်၊ အမေကို သူ မှတ်မိတယ်၊ မမေ့ဘူးပေါ့နော်” ဟု စို့လာသော မျက်ရည်တို့ကို သုတ်ရင်း ပြောပြသည်။

ဒေါ်အောင်ဆန်းစုကြည် ၏ မိခင်နှင့် ဟိုစဉ် ဗိုလ်ချုပ်အောင်ဆန်း နိုင်ငံရေးသမား ဘ၀ကတည်းက ခင်မင်သိကျွမ်းခဲ့ဖူးကြောင်း ဒေါ်လှကြည်က ပြောပြသည်။

ဗိုလ်ချုပ်အောင်ဆန်းမှာ သခင်အောင်ဆန်း ဘ၀ ကတည်းကပင် ချွေတာခဲ့သူ ဖြစ်ကြောင်း၊ ဗိုလ်ချုပ်ဘ၀မှာလည်း ချွေတာခဲ့ ကြောင်း၊ ခြံထဲရှိ ရေကန်တွင် ကန်စွန်းရွက် စိုက်၊ ဖရုံသီးများ စိုက်ကာ ဟင်းလုပ်စားခဲ့သူ ဖြစ်ကြောင်း ဒေါ်လှကြည်က ရှေးဟောင်း နှောင်းဖြစ်တို့ကို ပြောပြသည်။

“မမကြည်က အစ ပဲရေပွနဲ့ ငါးပိရည်ကို မြေအိုးနဲ့ချက်ပြီးတော့ စားတယ်၊ သူတို့ ဆန်ကောင်းတွေ၊ ဟင်းကောင်းတွေ မစားခဲ့ဘူး။ ပြည်သူတွေ စားသလိုပဲ သူတို့ မိသားစုလည်း စားတယ်၊ ဗိုလ်ချုပ်ဖြစ်တော့တောင် ငစိန်ဆန်ပဲ စားခဲ့ကြတယ်၊ ဟင်းဆိုလည်း ခြံထဲ က ကန်စွန်းရွက်တို့၊ ကင်းမွန်ရွက်တို့နဲ့ စားကြတယ်၊ အမေတို့ ဒါတွေ အကုန်သိခဲ့ မြင်ခဲ့ရတယ်၊ အခုလည်း ဒီကလေးက အမေ အဖေ ရဲ့ ကောင်းမွေတွေ အကုန်ရခဲ့တဲ့ သူတော်ကောင်းမလေး သူ့ကို ထောက်ခံပေးရမယ်”ဟု ဒေါ်လှကြည်က ပြောသည်။

၁၉၈၈ ခုနှစ်မှ စပြီး ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံအားပေးခဲ့သည့်အတွက် သူတို့ မိသားစုပိုင် လှယမင်းနှင့် မြယမင်း ဆို သော စာပုံနှိပ်စက်တွေကို အစိုးရက ချိတ်ပိတ်လိုက်ကြောင်း သိရသည်။

“အမေတို့ လုပ်ငန်းတွေကို ချိတ်ပိတ်လိုက်ကြတယ်၊ အမေတို့က ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံအားပေးနေလို့တဲ့။ ဒါပေမယ့် အမေ မကြောက်ဘူး၊ ငတ်ချင်လည်း ငတ်တော့လို့ အမေ စိတ်မာတယ်၊ ဒီကလေးကိုတော့ အားပေးရမယ်၊ ထောက်ခံ ရမယ်ပေါ့၊ သူက တိုင်းပြည်ကို ကောင်းတာ လုပ်တာ ဆိုတာ အမေသိတယ်၊ ယုံတယ်လေ”ဟု ဒေါ်လှကြည်က ဆိုသည်။

ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံအားပေးရန် ထွက်လာခဲ့၍ အဖမ်းခံခဲ့ရလျှင်လည်း အိမ်မှာ ကျန်ခဲ့သောသားကို ထောင်ဝင်စာသာ လာတွေ့ဟု မှာခဲ့ပြီး ဖြစ်ကြောင်း၊ သားဖြစ်သူကလည်း အမေအဖမ်းခံရရင် ကျနော် ထောင်ဝင်စာ လာတွေ့မယ်၊ ကျနော် အဖမ်းခံရရင် အမေလာတွေ့နော်ဟု ဆိုကာ သားအမိ နှစ်ယောက်၊ တယောက်တလှည့်စီ NLDရုံးသို့ လာနေကြခြင်း ဖြစ်ကြောင်း အမယ်အို ဒေါ်လှကြည်က ပြောပြသည်။

0 လက်နက်ချမလား..စစ်တိုက်မလား..


ဗိုလ်မှူးချုပ် စေါလာဘွယ်လို့ခေါ်တဲ့ ဗိုလ်နှုတ်ခမ်းမွေးဦးဆောင်တဲ့ DKBA တပ်ကို စစ်အစိုးရစစ်တပ် အထူးစစ်ဆင်ရေး အဖွဲ့မှူးက လက်နက်ချဖို့ဆက်သွယ် ဖိအားပေးခဲ့တယ်လို့ သိရပါတယ်။ဒီကနေ့နေ့လည် ၁၂ နာရီလောက်မှာ စစ်အစိုးရ အရှေ့တောင် တိုင်းမှူးဟောင်း ဗိုလ်မှူးချုပ် သက်နိုင်ဝင်းက DKBA တပ်မှူး ဗိုလ်မှူးချုပ် စောလာဘွယ်ကို တယ်လီဖုံးနဲ့ တနာရီလောက် ကြာအောင် ဆက်သွယ်စကားပြောပြီး လက်နက်ချခိုင်းခဲ့ ပါတယ်။

DKBA ရဲ့ ကလိုထူးဝေါ စစ်ဗျုဟာက ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူး ဆန်းအောင်က လက်နက်ချ ရမယ်ဆိုတဲ့ အသုံးအနှုန်း ကိုဆိုရင် ဗိုလ်မှူးချုပ် နှုတ်ခမ်းမွေး အပါအဝင် တပ်ဗိုလ် တပ်မှူးအားလုံးက ဘယ်လိုမှ လက်ခံမှာ မဟုတ်တဲ့ အကြောင်း မိမိတို့ဟာ နိုင်ငံရေးအရ အဖြေတစ်ခု ရဖို့အတွက် စစ်တိုက် နေကြတာပဲ ဖြစ်ပြီး စစ်သွေးကြွပြီး စစ်တိုက်ချင်လို့တိုက်နေ ကြရတာ မဟုတ်တဲ့ အကြောင်း ဘီဘီစီကို ပြောပါတယ်။အခုလို ရာဇသံ ပေးတာရှိ သလို မြဝတီမြို့မှာလည်း ဗိုလ်မှူးချုပ် စောလာဘွယ်ကို ဘယ်လို သဘောထားကြမှာလည်းဆိုတဲ့ အစည်းအဝေးတစ်ခုကို နအဖ အရှေ့တောင်တိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းနေလင်းက ဦးဆောင်ပြီး ကျင်းပခဲ့ပါသေးတယ်။

ဒီအစည်းအဝေးနဲ့ပတ်သက်ပြီး DKBA ကလိုထူးဝေါ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးကျော်သက်က အရှေ့တောင်တိုင်း တိုင်းမှူး၊ မြဝတီက ဗျူဟာမှူး၊ အစိုးရရဲ့ နယ်ခြားစောင့်တပ် ကိစ္စ လက်ခံသွားတဲ့ DKBA တပ်မှူးဟောင်း ဗိုလ်မှူးချစ်သူ၊ ကရင်ဆရာတော်တပါး နဲ့ သာထူးကျော်တို့ပါဝင်ဆွေးနွေးကြတဲ့အကြောင်း ပြောပါတယ်။ ဒီအစည်း အဝေးမှာ ဆုံးဖြတ်ချက် တစုံတရာ မချနိုင်ပဲ ပြီးဆုံးသွား ခဲ့ရတယ်လို့ဆိုပေမယ့် နအဖဘက်ကတော့ စစ်ဆင်ရေး တိုးမြှင့်မယ်ဆိုတဲ့ အရိပ်အယောင်မျိုး ပြောသွားတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ဘုရားသုံးဆူကို ရောက်နေတဲ့ နအဖ စစ်ကူ တွေကတော့ အင်အား ၄၀ဝ ကျော်သာရှိနေပြီး ဝေါလေစခန်းဘက်က တပ်မ ၂၂ ရဲ့ နည်းဗျူဟာ တပ်တွေကလည်း မိုင်းကွင်းထဲ ပိတ်မိနေတယ်လို့သိရှိရပါတယ်။
(ဘီဘီစီ)

0 သျှမ်းသူပုန်နှင့် ဆက်သွယ်သည်ဟုဆိုပြီး ကျားဖြူပါတီဝင် တချို့အား ဖမ်းဆီးရိုက်နှက်

သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မိုင်းပါးကျေးရွာအုပ်စုရှိ ကျားဖြူပါတီဝင်များအား သျှမ်းသူပုန်နှင့်အစည်းအဝေး ပြုလုပ်သည်ဟုစွပ်စွဲပြီး စရဖ တပ်ကြပ်ကြီးအဖွဲ့က ဖမ်းဆီးခေါ်ဆောင်ကာ ရိုက်နှက်စစ်ဆေးမေးမြန်းခဲ့သည်ဟုစုံစမ်း သိရှိရပါသည်။


“မိုင်းပါးကျားဖြူပါတီက သျှမ်းသူပုန်နဲ့ အစည်းအဝေးလုပ်တယ်လို့စွပ်စွဲပြီး ကျားဖြူပါတီဝင်တွေကို ဖမ်းဆီးရိုက်နှက်စစ် ဆေးတယ်။ ကြံ့ဖွံ့ပါတီဝင်တစ်ယောက်လဲပါတယ်၊ သူ့ကိုကြံ့ဖွံ့မှန်းမသိလို့” ဟု သိန္နီသားတစ်ဦးကပြောပါသည်။

သိန္နီမြို့နယ် စရဖတပ်ကြပ်ကြီး မိုးကျော်မောင်၊ ရဲတပ်ဖွဲ့တစ်ဖွဲ့ နှင့် လားဟူပြည်သူ့စစ်တို့ ပူးပေါင်းတပ်ဖွဲ့က နောင်တော်ရွာနေ ကျားဖြူပါတီ ဥက္ကဋ္ဌ စိုင်းစံမွန်းနေအိမ်သို့ နိုဝင်ဘာ ၁၃ ရက် နံနက် ၄း၀၀ နာရီ၌ရောက်ရှိလာကာ ရှာဖွေမွှေနှောက်ကြကြောင်း၊ စိုင်းစံမွန်းအိမ်၌မအိပ်သည့်အတွက် ညီဖြစ်သူ စိုင်းဆိုင်ထီး အား ၀မ့်လုံရှိနအဖတပ်စခန်း သို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိန္နီဒေသခံနောက်တစ်ဦးကပြောပါသည်။

“အဲဒီနေ့ နံနက်ပိုင်းမှာဘဲ မောက်စလီကျေးရွာအုပ်စု နောင်ကော်ကျေးရွာနေ ကြံ့ဖွံ့ပါတီဝင် စိုင်းကျော်စံကို သွားဖမ်း လာတယ်။ သူက ကြံ့ဖွံ့ပါတီဝင်ကဒ်ပြပေမဲ့ သူတို့အဖွဲ့က ဂရုမစိုက်ဘူး။ သူ့ကိုတိုင်မှာကြိုးနဲ့တုတ်ပြီး ရိုက်နှက်စစ်ဆေးလို့ ငိုသံတွေတောင်ကြားရတယ်” ဟု ၎င်းကဆက်လက်ပြောပါသည်။

ထိုနေ့ နေ့လည်ပိုင်း၌ စိုင်းစံမွန်းနှင့် ကျားဖြူပါတီဝင် ၂-၃ ယောက်အား လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကာ စစ်ဆေးမေးမြန်းကြောင်း၊ နောက်တစ်နေ့၌ ဝမ့်လုံတပ်စခန်းမှ ပိန်းဆာကျေးရွာ နမ့်အွန်ဂိတ်အနီးရှိ လားဟူပြည်သူ့စစ် တပ်စခန်းသို့ ပြောင်းရွှေ့ထိန်းသိမ်းကာ စစ်ဆေးမေးမြန်းကြောင်း သိရှိရသည်။

အကြောင်းရင်းမှာ နိုဝင်ဘာ ၂ ရက် ကျားဖြူအလုပ်အမှုဆောင်အဖွဲ့ မဲရုံစောင့်ရှာရန်အတွက် အစည်းအဝေးပြုလုပ်နေချိန် တစ်ရွာတည်းသား စိုင်းငဲ(သီပေါကုန်သည်) နှင့် တပည့်တစ်ယောက်တို့က ထော်လာဂျီဝယ်ယူရန် DT ဆိုင်ကယ်ဖြင့် ရွာသို့ရောက်လာခဲ့သည်ဟု လားရှိုးတက္ကသိုလ်ကျောင်းသား သိန္နီဒေသခံနောက်တစ်ဦးကလည်းပြောပါ သည်။

“စိုင်းငဲတို့နှစ်ယောက်က စိုင်းစံမွန်းနဲ့ လုံးခမ်းတို့အိမ်မှာ တည်းတယ်။ ဒါကို ရွေးကောက်ပွဲပြီး ၂-၃ ရက်အကြာ ဝမ့်လုံရွာမှာနေတဲ့ မိုင်းပါး ရယကဥက္ကဋ္ဌ လုံးဆန်ထွန်းနဲ့ ဇနီး ပါ့ရွှေလင်း (အမျိုးသမီးရေးရာအဖွဲ့ဝင်) တို့က ကျားဖြူပါတီ က သျှမ်းသူပုန်လို့ထင်ရတဲ့ မျက်နှာစိမ်းနှစ်ယောက်နဲ့ အစည်းအဝေးလုပ်တယ်။ မျက်နှာစိမ်းနှစ်ယောက်မှာ သေနတ် လဲပါလာတယ်။ စိုင်းစံမွန်းတို့အိမ်မှာ ဝှက်ထားတယ်လို့ ပုလိပ်ကို မဟုတ်မမှန်ဘဲသွားတိုင်တယ်။ ဒါကြောင့် ပုလိပ်တွေ လဲလာဖမ်းတာပေါ့”
ဟု ၎င်းကဆက်လက်ပြောပါသည်။

စိုင်းကျော်စံ ဖခင် က မျက်နှာစိမ်းနှစ်ယောက်မှာ သျှမ်းသူပုန်မဟုတ်ကြောင်း၊ ကုန်သည်သာဖြစ်ကြောင်းကို သက်သေပြရန် စိုင်းငဲကိုခေါ်လာခဲ့ရကြောင်းကို ၎င်းနှင့်ဆွေမျိုးတော်စပ်သူတစ်ဦးက ဤကဲ့သို့ပြောပါသည်။

“စိုင်းကျော်စံရဲ့အဖေက စိုင်းငဲကိုသွားခေါ်လာပြီး လားဟူပြည်သူ့စစ်တပ်စခန်းမှာ သက်သေပြ အာမခံချက်ပေးရတယ်။ စိုင်းငဲကိုလဲ တစ်ညဖမ်းဆီးမေးမြန်းတယ်။ သူတို့ထင်သလို ကျားဖြူပါတီဟာ သျှမ်းသူပုန်နဲ့ အစည်းအဝေးလုပ် တယ်ဆိုတာ မဟုတ်မှန်းသိသွားတော့ အားလုံးကို နိုဝင်ဘာ ၁၆ ရက် မှာ ပြန်လွှတ်ပေးခဲ့တယ်”

“ ကြံ့ဖွံ့ပါတီလွှတ်တော်ကိုယ်စားလှယ်လောင်း လုံးစိုင်းစံအေး (ရယကဥက္ကဟောင်း) ကို မိုင်းပါးပြည်သူတွေက ထောက် ခံမဲမပေးချင်ကြဘူး။ ကျားဖြူပါတီကိုဘဲ ပေးချင်ကြတယ်။ ဒါကြောင့် လုံစိုင်းစံအေးက ကျားဖြူပါတီကို အပြစ်ရှာချင် တဲ့အတွက် တပည့်ဖြစ်တဲ့လက်ရှိဥက္ကဋ္ဌကို အသုံးချလိုက်တာဖြစ်မယ်လို့ ပြည်သူတွေက ထင်ကြေးပေးနေကြတယ်”
ဟု ၎င်းကဆက်လက်ပြောပါသည်။

ဖမ်းဆီးရိုက်နှက်စစ်ဆေးခြင်းခံရသူများမှာ ကျားဖြူပါတီမှ စိုင်းစံမွန်း၊ စိုင်းဆိုင်ထီး၊ လုံးခမ်း၊ အမည်မသိ ကျားဖြူပါတီ ၀င်တစ်ဦးနှင့် ကြံ့ဖွံ့ပါတီဝင် စိုင်းကျော်စံတို့ ဖြစ်ကြသည်။

အမည်မဖေါ်လိုသည့် သျှမ်းပြည်မြောက်ပိုင်းနေ နိုင်ငံရေးသမားဟောင်းတဦးက ယခုလုပ်ရပ်ပေါ် “အစိုးရသစ်တက် လာလဲ ဘာမှထူးလာမှာမဟုတ်ဘူးဆိုတာ ဒါသက်သေဘဲ။ ထင်တိုင်းထပ်ကျဲနေဦးမှာဘဲ။ ဒါကြောင့်ဒီရွေးကောက်ပွဲက အလကားဘဲ၊ ဘာအပြောင်းအလဲမှမရှိပါဘူး” ဟု သျှမ်းသံတော်ဆင့်သို့သုံးသပ်ပြပါသည်။

ထိုင်းနယ်စပ်တွင်လှုပ်ရှားနေသော သျှမ်းပြည်တပ်မတော် တောင်ပိုင်းသည် ၂၀၁၀ ရွေးကောက်ပွဲကို မထောက်ခံ ကြောင်း၊ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကိုသာ လက်ခံကြောင်း မေလ ၂၆ ရက်ကတည်းက ကြေငြာခဲ့ပြီးဖြစ်သည်။

source: သျှမ်းသံတော်ဆင့်

0 ၁၀အလွန် လူထုနိုင်ငံရေးပုံရိပ်များ


မင်းဆွေ(ပေါက်)

၂၀၁၀ခုနှစ် နိုဝင်ဘာလ(၂၂)ရက်

ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ ၉၀ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ ဦးဆောင်ဖွဲ့စည်းထားတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မီတီရဲ့ မှန်ကန်တဲ့ နိုင်ငံရေးဦးဆောင်မှုအောက်မှာ ရဲဝံ့ပြတ်သား ယုံကြည်စွာနဲ့ တစုတစည်းတည်း လိုက်ပါရပ်တည်ကြခြင်းက ဒီကနေ့ကာလရဲ့ တိုက်ပွဲလိုအပ်ချက်ကို ပိုမိုရုပ်လုံး ပေါ်လာစေမှာ ဖြစ်ကြောင်း

ဖိနှိပ်မှုရှိရင်တော့ တန်ပြန် တွန်းလှန်မှုဆိုတာ ရှိစမြဲပါ။

နှစ်ပေါင်း(၆၀)နီးပါး အမျိုးသားပြည်သူတရပ်လုံးအပေါ် ဖိနှိပ်သတ်ဖြတ် သင်းသတ်နေတဲ့ စစ်ဗျူရိုကရက် ပဒေသရာဇ်တွေကို အဖိနှိပ်ခံပြည်သူတရပ်လုံးက ချိန်ခါမပြတ် တန်ပြန်ပုန်ကန်ကြတာဟာ ပကတိအမှန်တရားပါပဲ။

ဒါကြောင့်လည်း မျိုးဆက် တဆက်ပြီးတဆက် လက်ဆင့်ကမ်း သယ်ဆောင်နေကြတာပါ။ အခုဆိုရင် တတိယမျိုးဆက်က ခေတ် သမိုင်းဝန်ကို ပုခုံးပြောင်းထမ်းပိုးနေကြပါပြီ။ ဒီလိုမှလည်း ခေတ်သမိုင်းရဲ့တန်ဘိုးကို သိနားလည်တဲ့ ဗမာပြည်ဖွား ပီသပါလိမ့်မယ်။ အစဉ်အဆက် ခေတ်သမိုင်းကို လက်ဆင့်ကမ်း ပေးဆက်တိုက်ပွဲဝင်နေကြတာ ဖြစ်ပါတယ်။

၆၂ခုနှစ်ကပဲ စတွက်ရင် မတ်လ(၂)ရက်နေ့ စစ်အာဏာသိမ်းပြီးတဲ့နောက် တာထွက်ထွက်ချင်းဆိုသလို ဇူလိုင်လ(၇)ရက်နေ့မှာ သမိုင်းအစဉ်အဆက် တည်ရှိဖြတ်သန်းခဲ့တဲ့ အထင်ကရ သမိုင်းဝင် ကျောင်းသားသမဂ္ဂ အဆောက်အဦးကြီးကို ဗုံးခွဲ ဖြိုချ ဖျက်ဆီး ပစ်လိုက်ပါတယ်။ ဒါဟာ စစ်အာဏာသိမ်းအုပ်စုက ဗွေဆော်ဦး သမိုင်းကို တန်ဘိုးမဲ့စွာ ရိုက်ချိုးဖျက်ဆီးလိုက်တာပါပဲ။ တနည်း ပြောရင် သမိုင်းဖြစ်စဉ်တလျှောက်မှာ ပါဝင်ခဲ့သူတွေ၊ မျိုးဆက်တွေကို အညွန့်ချိုး သင်းသတ်ပြလိုက်တာပါပဲ။ အာခံဖီဆန်မယ့်သူ ရှိသေးလားဆိုပြီး လူမိုက်ကြိမ်းနဲ့ ပြည်သူတရပ်လုံးကို စတင်စိန်ခေါ်လိုက်တာပါ။

တန်ပြန်အံတုချက်တွေကလည်း အံ့မခန်းလောက်ပါတယ်။ ၆၇ခုနှစ် ဩဂုတ်လ(၁၃)ရက်မှာ ရခိုင်ပြည်နယ် မြို့တော်စစ်တွေမှာ ဆန်လုပွဲနဲ့ ၆၉ခုနှစ်မှာတော့ ကျွန်းဆွယ်အရေးအခင်း ဖြစ်ပါတယ်။ တိုက်ပွဲတွေက ဆင့်ကဲဆင့်ကဲ ဖြစ်ပေါ်လာတာသာ တွေ့ရမှာပါ။ အထင်ကရဖြစ်တဲ့ တိုက်ပွဲစဉ်တွေကိုပဲ ပြောပါ့မယ်။

၁၉၇၄ခုနှစ် ဇွန်လမှာ ဆင်မလိုက်သင်္ဘောကျင်း အလုပ်သမားတိုက်ပွဲနဲ့ သမိုင်းချည်မျှင်နဲ့အထည်စက်ရုံ အလုပ်သမားတိုက်ပွဲတွေ ပေါ်လာပါတယ်။ ဒီဇင်ဘာလထဲမှာတော့ ဦးသန့်အရေးအခင်း ထပ်ဖြစ်ပါတယ်။ ၁၉၇၅မှာတော့ ရွှေတိဂုံသပိတ်ဖြစ်ပြီး ၁၉၇၆မှာ ကျတော့ မှိုင်းရာပြည့်အရေးအခင်း ဖြစ်ပါတယ်။

ဒီလိုနဲ့ ၁၉၈၈ခုနှစ် ဒီမိုကရေစီအရေးတော်ပုံ ရှစ်လေးလုံးကြီး ဖြစ်ပေါ်ခဲ့ပါတယ်။ ၁၉၉၀ရွေးကောက်ပွဲ အနိုင်ရ (၂)နှစ်ပြည့် အထိမ်း အမှတ်အဖြစ် မန္တလေးမှာ ကျောင်းသားနဲ့သံဃာတွေ ဦးဆောင်ပြီး အင်အား(၇၀၀၀)ရှိတဲ့ ဆန္ဒပြပွဲကြီး ဖြစ်ပါတယ်။ တခါ ၁၉၉၈နဲ့ ၂၀၀၀ခုနှစ်တွေမှာတော့ ကျောင်းသားလှုပ်ရှားမှုတိုက်ပွဲတွေ ပေါ်လာပြန်ပါတယ်။

နောက်ဆုံး ၂၀၀၇သံဃာ့လှုပ်ရှားမှုကြီးက အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှုတိုက်ပွဲတွေ စဉ်ဆက်မပြတ် ဖြစ်နေတာကို မီးမောင်း ထိုးပြတဲ့ ဓမ္မတိုက်ပွဲပါပဲ။ ဗမာ့နိုင်ငံရေးသမိုင်းမှာ ဘယ်တော့မှ ပျောက်ကွယ်ပျက်သုဉ်း မသွားနိုင်တဲ့ သမိုင်းမော်ကွန်း တိုက်ပွဲစဉ် တွေပါ။ ဖိနှိပ်မှုရှိနေသမျှ ကာလပတ်လုံး တော်လှန်ရေးဆိုတာ ရှင်သန်ဖြစ်ပေါ်နေမယ် ဆိုတာရဲ့ ပြယုဂ်တွေပါ။

တော်လှန်ရေးဆိုတာဟာ အဟောင်းကိုဖယ်ရှားပြီး အသစ်နဲ့ အစားထိုးတာ ဖြစ်ပါတယ်။ အဟောင်းကို ဖယ်ရှားရတာဟာလည်း လွယ်လွယ်နဲ့ ရတာတော့မဟုတ်ပါဘူး။ အကြောင်းက ဖယ်ရှားခံရတဲ့ အင်အားစုဟာ လက်ထဲမှာ အာဏာယန္တရားကို ကျစ်ကျစ်ပါ အောင် ဆုပ်ကိုင်ထားရုံတင်မက မျက်ကလူးဆန်ပြာ အကြောက်အကန် တုန့်ပြန်တတ်လို့ပဲ ဖြစ်ပါတယ်။

သာဓကအဖြစ် ၉၀ရွေးကောက်ပွဲမှာ ရှုံးနိမ့်သွားလို့ နိုင်ငံရေးလက်ဦးမှုမဲ့သွားတဲ့အခါ စစ်အုပ်စုက အချိန်ဆွဲပါတယ်။ အကြမ်းဖက် ဖိနှိပ်လာပါတယ်။ ကိုယ့်ဘက်က ဒီရလဒ်အပေါ် ရဲဝံ့ပြတ်သားတဲ့ ရင်ဆိုင်မှုမျိုး မလုပ်တဲ့အခါ စစ်အုပ်စုရဲ့ အကြမ်းဖက်ဖိနှိပ်မှုတွေက ဆက်ကာဆက်ကာ ပိုပြင်းထန်လာပါတယ်။ ဒီပဲယင်း၊ ရွှေဝါရောင်တို့မှာ ဖိနှိပ်မှု ပြင်းထန်တဲ့အတိုင်းအတာကို အထင်းသား မြင် တွေ့ရပါတယ်။ သူတို့လက်ထဲမှာ ဆုပ်ကိုင်ထားတဲ့ ဖိနှိပ်ရေးကိရိယာတွေနဲ့ လူထုကြီး နိုင်ငံရေးအသိမမြင့်အောင် နိုးကြားထကြွ မစုစည်းမိအောင် ဖိနှိပ်ချုပ်ချယ်တဲ့နည်း၊ သွေးခွဲသပ်လျှိုတဲ့နည်း၊ ချော့မြှူတဲ့နည်းတွေနဲ့ ဒရစပ် နှိပ်ကွပ်လေ့ရှိပါတယ်။

လူထုကို ချော့သလိုလုပ်လိုက် ပြန်ခြောက်လိုက်၊ အပျော့ဆွဲလိုက် အကြမ်းကိုင်လိုက်နဲ့ နည်းပရိယာယ်တွေသုံးပြီး လိမ်ညာမှိုင်း တိုက်ပါတယ်။ မက်လုံးပေး မြှုဆွယ်ပါတယ်။ အဲဒီအပေါ်မှာ မတွေဝေသွားဖို့နဲ့ စဉ်းစားနည်း မမှားသွားဖို့ အထူးလိုအပ်ပါတယ်။ တချို့တွေလည်း ဒီနည်းပရိယာယ်တွေအောက်မှာ ခေါင်းလျှိုဝင်သွားကြပါတယ်။

လူထုကြီး နိုင်ငံရေးအသိမြင့်လာမှာ နိုင်ငံရေးနိုးကြားလာမှာ အာဏာသိမ်းစစ်အုပ်စုက သေမလောက် ကြောက်ပါတယ်။ ဒါကြောင့် လည်း ပြည်တွင်းမီဒီယာကို လုံးဝဥဿုံ ချုပ်ကိုင်ထားတာတင် အားမရသေးဘဲ အမျိုးမျိုးသော ပုဒ်မပေါင်းစုံ တည်ဆဲအမိန့်ပေါင်းစုံ ကို ဥပဒေနဲ့ညီညီ မညီညီ အဆက်မပြတ် ထပ်မံထုတ်ပြန်နေတာ ဖြစ်ပါတယ်။

ဒီနေရာမှာ လူထု လူထုနဲ့ပြောနေတော့ ယေဘူယျလူထုကို ပြောချင်တာမဟုတ်ဘဲ၊ အဖိနှိပ်ခံ လူမျိုးစုံပြည်သူတရပ်လုံးကို ပြောချင် တာပါ။ အလုပ်သမား၊ လယ်သမား အခြေခံလူတန်းစားနဲ့ မြို့နေဆင်းရဲသားအလွှာဟာ အဖိနှိပ်ခံရဆုံးဖြစ်ပေမဲ့ တတ်သိပညာရှင်၊ လုပ်ငန်းရှင်ကလေးတွေနဲ့ အမျိုးသားဓနရှင်လူတန်းစားဟာလည်း ဖိနှိပ်ခံနေရတာပဲ ဖြစ်ပါတယ်။ အကြောင်းကတော့ သူတို့တွေ ဟာ ဗမာပြည်ရဲ့ လူဦးရေအများစုကြီး ဖြစ်နေတာကြောင့် စစ်ဗျူရိုကရက်ပဒေသရာဇ်တွေရဲ့ လက်ဝါးကြီးအုပ်သွေးစုပ်မှုကို တိုက် ရိုက်ခံ နေကြရလို့ ဖြစ်ပါတယ်။

ဗမာပြည်ရဲ့ အဓိကပဋိပက္ခဟာ စစ်ဗျူရိုကရက် ပဒေသရာဇ်လူတန်းစားက တဘက်၊ အဖိနှိပ်ခံ လူမျိုးစုံပြည်သူလူထုတရပ်လုံးက တဘက်ဖြစ်နေတဲ့ နိုင်ငံရေးအာဏာပြဿနာ ဖြစ်ပါတယ်။ ဒီစစ်ဗျူရိုကရက်တွေနဲ့ပေါင်းပြီး မိမိဘ၀ ကောင်းစားရေးတခုတည်း အတွက် လုံးလုံးလျားလျား ခေါင်းညိမ့်နာခံနေတဲ့သူတွေ အပေါင်းအပါအုပ်စုတွေကိုတော့ ဒေါက်တိုင် ကျွန်တွေလို့ပဲ အောက်မေ့ပါ တယ်။ အဲဒါကြောင့် အဖိနှိပ်ခံပြည်သူဘက်က မရပ်တည်တဲ့ သူမှန်သမျှကို ပြည်သူအဖြစ် သတ်မှတ်လို့ မဖြစ်ပါဘူး။



ဒါကြောင့်ပဲ ခေတ်အဆက်ဆက် အုပ်စိုးသူလူတန်းစားကို အဖိနှိပ်ခံ လူမျိုးစုံပြည်သူလူထုကြီးတရပ်လုံးက မျိုးဆက် တဆက်ပြီး တဆက် လက်ဆင့်ကမ်း ပုခုံးပြောင်းတိုက်ပွဲဝင်ပြီး သမိုင်းကို ရေးနေကြတာပါ၊ ဖန်တီးနေကြတာပါ။ သမိုင်းကသာ အဆုံးအဖြတ် ပေးသွားမှာပါ။ လူထုကြီးကသာ သမိုင်းခေတ်ကို ပြောင်းလဲနိုင်စွမ်းရှိပါတယ်။

လူထုရဲ့ ဘ၀အသိကို နိုင်ငံရေးအသိအဖြစ် မြှင့်တင်ပေးရမယ်။ ဆက်စပ်ပေးရမယ်။ လူထု နိုင်ငံရေးအသိ မြင့်မားလာတာနဲ့အမျှ ဖြိုဖျက်လို့မရတဲ့ အင်အားတွေ ပေါ်ပေါက်လာမှာဖြစ်တယ်။ လွဲမှားတဲ့ အတွေးအခေါ်တွေ၊ မှားယွင်းတဲ့ မျှော်လင့်ချက်တွေ မပေးမိ ဖို့လိုတယ်။ ကယ်တင်ရှင်မျှော်တဲ့ အတွေးအခေါ်တွေ၊ အလိုအလျှောက်ဖြစ်ပျက်မှုကို စောင့်စားတဲ့အတွေးအခေါ်တွေ၊ အလျှော့ ပေးအရှုံးပေးတဲ့ အတွေးအခေါ်တွေ မပေးမိဖို့ လိုပါတယ်။ ဒါဟာ အာဏာဖီဆန်ရေး လူထုတိုက်ပွဲအတွက် အင်မတန်မှကို အရေးပါ အခရာကျတဲ့အချက် ဖြစ်ပါတယ်။

၂၀၀၇တုန်းက ပခုက္ကူ၊ စစ်တွေတို့မှာ လူထုက ပြန်အန်တုခဲ့ကြတဲ့ သာဓကတွေကို အတုယူပြီး လူထုဟာ လူထုကို ပြန်ဝန်းရံ ကယ်ဆယ်တဲ့ နည်းလမ်းတွေနဲ့ ၂၀၀၈ ပြင်ဆင်ရေး၊ ဖျက်သိမ်းရေးကို ဦးတည်ရပါမယ်။ တဦးကိုထိရင် တစုက ထိုင်ကြည့်နေရ မယ့် အချိန်မဟုတ်တော့ဘူးဆိုတာ လူထုကြီးက ပြက်ပြက်ထင်ထင်ကို နားလည်နေပါပြီ။

သူတို့ အကျိုးစီးပွားမပါတဲ့ ဘယ်အရာကိုမှ လူထုက စိတ်ဝင်စားမှာ မဟုတ်ပါဘူး။ ကိုက်ညီမညီဆိုတာ လူထုဟာ နလပိန်းတုံးတွေ မဟုတ်တဲ့အတွက် ကောင်းကောင်းသိပါတယ်။ ဘ၀အရကို သိနေတာဖြစ်ပါတယ်။ စစ်အုပ်စုရဲ့ အတုအယောင်မှန်သမျှ ပွင့်ကျ သထက် ပွင့်ကျအောင် ဘက်ပေါင်းစုံကနေ ပညာပေးဖွင့်ချပြတဲ့နည်းတွေနဲ့ ဆက်တိုက်လို့ ရပါတယ်။

အချိန်ရောက်ရင် လူထုကြီးက သူ့သမိုင်းတာဝန်ကို သူကျေပွန်အောင် ထမ်းဆောင်ခဲ့တာချည်းပါပဲ။ အချို့ပညာကျော်တွေ ပြောဆို ဖြန့်ချိနေသလို လူထုကြီးက ကြောက်နေတယ်ဆိုတာ အပေါ်ယံ ဟုတ်သလိုထင်ရပေမဲ့ အမှန်တကယ်က ဘ၀အသိအရ ကြောက် ချင်ယောင် ဆောင်နေရတာပါ။ ဒါဟာ လာမယ့် အနာဂတ်တိုက်ပွဲကာလအတွက် အင်အားသစ်ကို အရံသင့် မွေးမြူပြင်ဆင်ထား တာ ဖြစ်ပါတယ်။ အဲဒါကြောင့် ကြောက်တယ်ဆိုတာ အာဏာရှင်လက်ကိုင်တုတ် တဘို့တည်းသမားတွေအတွက် သုံးတဲ့စကားပဲ ဖြစ်ပါတယ်။ လူထုကြီးရဲ့ မကြောက်တရားစိတ်ကသာ သမိုင်းစာမျက်နှာတွေကို တရွက်ပြီးတရွက် ဆွဲလှန်ပစ်နိုင်တာပါ။

ဒီနေရာမှာ မပြောမပြီး မတီးမမြည်ဆိုသလို တော်လှန်ရေးခေါင်းဆောင်၊ နိုင်ငံရေးခေါင်းဆောင်တွေဟာ လူထုအတွက် ကိုယ်ကျိုး စွန့်အနစ်နာခံ ဘ၀ပေးဆပ်ပြီး တော်လှန်ရေးလုပ်နိုင်ခြင်းဟာ မရှိမဖြစ် အခြေခံကျတဲ့ အရည်အချင်းတရပ် ဖြစ်ပေမဲ့လို့ မှန်ကန် ထိရောက်တဲ့ မူဝါဒလမ်းစဉ်နဲ့ ဒီလမ်းစဉ်ကို အကောင်အထည်ဖော်နိုင်မယ့် ပြတ်သားတိကျတဲ့ ခေါင်းဆောင်မှုရှိဖို့ အထူးလိုအပ် ပါတယ်။

ဒီနှစ်ချက် ဆက်စပ်မှုအားနည်းရင် တော်လှန်ရေးဟာ မအောင်မြင်နိုင်ပါဘူး။ ဒါကြောင့် အားနည်းတယ်ဆိုရင် မှန်ကန်ထိရောက် အောင် အမြန်ဆုံး ညှိနှိုင်းပြင်ဆင်ရပါလိမ့်မယ်။ လတ်တလော ကာလပိုင်းခြားအပေါ် မျောစီးနေတာမျိုးမဖြစ်ဘဲ အမြဲတမ်းလို နည်းလမ်းသစ်တွေကို ရှာဖွေကြံဆနိုင်ပါမှ ခေါင်းဆောင်မှုဟာ မှန်ကန်ထိရောက်နိုင်ပါလိမ့်မယ်။

အသေအချာ လုပ်ရမဲ့ဟာက စည်းရုံးရေးအလုပ်ပါပဲ။ လူထုစည်းရုံးရေးနဲ့ တပ်စည်းရုံးရေး အလုပ်ပါ။

ခေါင်းဆောင်တွေရဲ့ အတွေးအခေါ် ရှင်းလင်းပြတ်သားမှု၊ ရန်-ငါ စည်းပြတ်မှု၊ ပကတိအခြေအနေအပေါ် ကောင်းကောင်း သိမြင် ပိုင်းခြား ခွဲခြမ်းစိပ်ဖြာတတ်မှု အစရှိတဲ့ ဦးဆောင်မှုအရည်အသွေးတွေနဲ့ မိမိရဲ့ မူရင်းလမ်းစဉ်အပေါ် မကွဲလွဲဘဲ လက်တွေ့အနေ အထားအရ အဆင့်ခွဲတွေကိုသတ်မှတ်ပြီး လူထုကို ဦးဆောင်ခေါ်ငင်သွားဖို့ ဖြစ်ပါတယ်။

ဒါကြောင့် လမ်းစဉ်မှန်ကန်မှုရှိမှ လုပ်ငန်းလမ်းညွှန်ချက်ကလည်း မှန်ကန်ထိရောက်နိုင်မယ်ဖြစ်သလို လူထုကြီးအနေနဲ့လည်း ရှင်း လင်းပြတ်သားတဲ့ ဦးဆောင်လမ်းညွှန်မှုအောက်မှာ ယုံကြည်ရဲဝံ့စွာ လိုက်ပါကြမှာ ဖြစ်ပါတယ်။ ဒါမှသာ အားကောင်းမောင်းသန် လူထုနိုင်ငံရေးနဲ့ ကြံ့ခိုင်သန်စွမ်းတဲ့ ပါတီတရပ်အဖြစ် ရပ်တည်နိုင်မှာပါ။

ဒီနေရာမှာ နိုင်ငံရေးပါတီတွေ သတိပြုရမယ့်အချက်က နိုင်ငံရေးပါတီတရပ်ရဲ့ ကြန်အင်လက္ခဏာတွေနဲ့ တင်းပြည့်ကျပ်ပြည့် မဟုတ်သေးတောင် အခြေခံအားဖြင့်တော့ ပြည့်စုံခိုင်ခံ့နေရပါမယ်။ ဒီလိုမှမဟုတ်ဘဲ သမရိုးကျ စဉ်းစားလုပ်ဆောင်ပုံလောက်နဲ့ တင်းတိမ်နေသေးရင်တော့ လူထုသတင်းစာဆရာကြီးပြောတဲ့ ပါတီတရပ်ရဲ့တန်ဘိုးဆိုတာ ပြည်သူလူထုအကျိုးကို ဘယ်လောက် သည်ပိုးရွက်ဆောင်သလဲ ဆိုတဲ့အချက်နဲ့ တိုင်းတာရတယ် ဆိုတဲ့စကားကို အလေးထားဂရုပြုဖို့ ဖြစ်ပါတယ်။


ဒီလိုအနေအထားမှာ ၁၉၉၀ရွေးကောက်ပွဲ အနိုင်ရတပ်ဦးပါတီကြီးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ပြည်သူ့လွှတ်တော်ကိုယ် စားပြုကော်မီတီက ရွေးကောက်ပွဲကာလနဲ့ အလွန်ကာလအတွက် ရှေ့ရှု့ဦးတည် ဖော်ဆောင်သွားမယ့် နိုင်ငံရေးလမ်းကြောင်းကို အောက်တိုဘာ(၂၄)ရက်နေ့က ထုတ်ပြန်တဲ့ ကလေးမြို့ကြေညာစာတမ်းနဲ့ လူမျိုးစုံ အမျိုးသားပြည်သူတရပ်လုံးကို ရှင်းရှင်းပြတ် ပြတ် ကြေညာအသိပေးလိုက်ပါပြီ။

ဒါဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နိုင်ငံရေးအရ ရှင်းလင်းပြတ်သားတိကျတဲ့ နိုင်ငံရေးဦးဆောင်မှုဖြစ်သလို တိုင်းရင်းသား လူမျိုးတွေကိုယ်တိုင် ပါဝင်ဖွဲ့စည်း မဲင်းဒိတ်ပေးထားတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မီတီ စီအာပီပီရဲ့ တိုင်းရင်းသားပြည်သူ

တရပ်လုံးကို ဒီကနေ့ ဘာလုပ်ကြရမယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ထပ်မံ မီးမောင်းထိုးပြလိုက်တာလည်း ဖြစ်ပါတယ်။
ဒါကြောင့်မို့ ဒီကြေညာစာတမ်းကို မဏ္ဍိုင်ပြုပြီး တိုင်းရင်းသားလူမျိုးစုတွေ လိုလားတောင့်တတဲ့ ပင် လုံသဘောတူညီချက်လို အမျိုးသားပေါင်းစုံညှိနှိုင်း မှုညီလာခံကြီးတရပ်ဆီ ရှေ့ရှု့ဦးတည်နိုင်ဖို့က ဒီ ကနေ့ရဲ့ နိုင်ငံရေးလိုအပ်ချက်ပါ။ ဒီနိုင်ငံရေးလိုအပ် ချက်ကသာ တိုင်းရင်းသားပြည်သူတရပ်လုံးရဲ့ တန်း တူရေးနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံဖော်ဆောင် ပေးမယ့် စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီးကို ပေါ်ထွန်းစေနိုင်မှာမို့ အမျိုးသားပြည်သူတရပ်လုံး က အင်တိုက်အားစိုက် ဆောင်ရွက်ကြဖို့သာ လို အပ်ပါတယ်။

နောက်တခုက အခုလိုအချိန်ဟာ တယောက်တပေါက်လို ဖြစ်နေတဲ့ ပြန့်ကျဲနေတဲ့ ဒီမိုကရေစီအင်အားစုတွေကို စုစည်းဖြစ်လာဖို့ နည်းလမ်းရှာ ရုန်းကန်အားစိုက်ရမယ့် ကာလလည်းဖြစ်ပါတယ်။ စစ်အုပ်စုရဲ့ ယာယီတည်ငြိမ်မှု၊ ယာယီအသာစီးရမှုကို ထင် ယောင်မှားမှု မဖြစ်ဖို့ အရေးကြီးပါတယ်။ မတွေဝေသွားဖို့ လိုပါတယ်။ ဒီအချိန်မှာ ခဏလေးတောင် တွေဝေငေးမောမိရင် ရန်သူကို လက်ဦးမှုပေးလိုက်သလို ဖြစ်သွားမှာမို့ အင်မတန် အန္တရာယ်ကြီးပါတယ်။

အဲဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ ၉၀ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ ဦးဆောင်ဖွဲ့စည်းထားတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မီတီရဲ့ မှန်ကန်တဲ့ နိုင်ငံရေးဦးဆောင်မှုအောက်မှာ ရဲဝံ့ပြတ်သား ယုံကြည်စွာနဲ့ တစုတစည်းတည်း လိုက်ပါရပ်တည်ကြခြင်းက ဒီကနေ့ကာလရဲ့ တိုက်ပွဲလိုအပ်ချက်ကို ပိုမိုရုပ်လုံး ပေါ်လာစေမှာ ဖြစ်ကြောင်းပါ။

0 ဒေါ်စုသားငယ် ပြည်ဝင်ခွင့်ဗီဇာ ရပြီ


နိုဝင်ဘာလ ၁၃ ရက်နေ့က နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာခဲ့တဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံဖို့အတွက် သားငယ် ကင်မ် အဲရစ်စ် (Kim Aris) ခေါ် ကိုထိန်လင်းကို မြန်မာအာဏာပိုင်တွေက ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။

အသက် ၃၃ နှစ်အရွယ် သားငယ် ကိုထိန်လင်းဟာ မိခင်ဖြစ်သူနဲ့ တွေ့ဆုံနိုင်ဖို့အတွက် ထိုင်းနိုင်ငံက မြန်မာသံရုံးမှာ ကြိုးပမ်းနေတာ ၂ ပတ်ကျော်ကြာပြီ ဖြစ်ပါတယ်။ အခု လေယာဉ်ပျံလက်မှတ် ရရချင်း လာရောက်မှာဖြစ်ကြောင်း၊ ၇ နှစ်ဆက်တိုက် နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ မိခင်ဖြစ်သူကို တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီး အကြောင်းကြားခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေကြီး ဦးဉာဏ်ဝင်းက ဗွီအိုအေကို ပြောပါတယ်။

“ကျနော်တို့ ဒီနေ့ နေ့ခင်းမှာ ဒေါ်အောင်ဆန်စုကြည်ရဲ့ သားငယ် ကင်မ် ဆီကနေ ဒေါ်အောင်ဆန်းစုကြည် အိမ်ကို ဖုန်းဆက်ပြီးတော့၊ ကျနော်တို့နဲ့တော့ မတွေ့ဘူးနော် နေ့ခင်း သူဆက်တော့၊ ဗီဇာရပြီဆိုတာ သိရတယ်။ ညနေပိုင်းကျတော့ ဗီဇာအတွက် Air Ticket ယူတယ်၊ Air Ticket နဲ့တခါ သံရုံးပြန်သွားရတယ်ပေါ့၊ သူ့ Procedure အတိုင်း။

“ကျနော်သိသလောက် ဗီဇာရတာ သေချာတယ်။ ရန်ကုန်ကို ရောက်ဖို့ကတော့ ကျနော်တို့ အခုထိ Flight နံပါတ်တွေ ဘာတွေ မသိရသေးဘူး၊ ခန့်မှန်းချေက မနက်ဖြန် မနက်ပိုင်း ဖြစ်လိမ့်မယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က သူ အရမ်းဝမ်းသာပါတယ်တဲ့။ မတွေ့ရတာ ကြာပြီဖြစ်တဲ့ သားငယ်နဲ့ တွေ့ရမှာ။ ဒီလို ဗီဇာထုတ်ပေးတာကိုလည်း ကျေးဇူးတင်ပါတယ်လို့ အဲဒီလို ပြောပါတယ်။”

Suu Kyi's husband Michael Aris with their sons Alexander and Kim at the Nobel Prize ceremony


ဒေါ်အောင်ဆန်းစုကြည်ဟာ လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းက သားငယ်ဖြစ်သူ ၃ ပတ်ကြာ လာရောက်ခွင့်ရစဉ် နောက်ဆုံးတွေ့ဆုံခွင့် ရခဲ့တာ ဖြစ်ပါတယ်။ မကျန်းမာတဲ့ ခင်ပွန်းဖြစ်သူ မိုက်ကယ် အဲရစ်စ် (Michael Aris) ဒေါ်အောင်ဆန်းစုကြည်ကို လာရောက်တွေ့ဆုံဖို့ ပြည်ဝင်ခွင့်ဗီဇာ တောင်းခဲ့တုန်းကတော့ အာဏာပိုင်တွေက ပယ်ချခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၈ ခုနှစ် မကျန်းမာတဲ့ မိခင်ဖြစ်သူကို ပြုစုဖို့အတွက် မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး နောက်ပိုင်း နှစ်ပေါင်း ၂၁ နှစ်အတွင်း ၁၅ နှစ်ကြာ နေအိမ်အကျယ်ချုပ် ဘ၀နဲ့ ထိန်းသိမ်းခံနေခဲ့ရတာ ဖြစ်ပါတယ်။

အခု သားငယ်ဖြစ်သူ ကိုထိန်လင်းကို လေယာဉ်ကွင်းမှာ သွားရောက် ကြိုဆိုနိုင်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်က စီစဉ်နေတယ်လို့လည်း ဦးဉာဏ်ဝင်းက ပြောပါတယ်။
(voa)

0 အနုပညာမောင်နှမများ၏ ပေးဆပ်မှုအင်အား




၂.၁၁.၂၀၁၀ခုနှစ်(တနင်္လာနေ့) နံနက် ၁၁း၀၀ နာရီအချိန်တွင် ရုပ်ရှင်သရုပ်ဆောင် ဒါရိုက်တာဟောင်းဦးကျော်သူ နှင့်ဇနီးဒေါ်ရွှေဇီးကွက်၊ စာရေးဆရာမသန်းမြင့်အောင်၊ အဆိုတော်အနဂ္ဂ၊ သံသာဝင်း၊ ဟန်ထူးလွင်(ကျားပေါက်)နှင့်ဇနီး၊ ဒါရိုက်တာမင်းထင်ကိုကိုကြီးစသည့် စာပေ၊ ရုပ်ရှင်၊ ဂီတအနုအညာမောင်နှမများသည် တောင်ဒဂုံရှိမဖြူဖြူသင်းထူထောင်ဖွင့်လှစ်ထားသော HIV ရောဂါဝေဒနာရှင်များ နားခိုရာဂေဟာသို့သွားရောက်ပြီးဒံပေါက်ထမင်း၊ ရေခဲမုန့်၊ အ၀တ်အစားများနှင့် ငွေများကိုလူသားချင်းကူညီထောက်ထားသောစိတ်ဓါတ်တို့ဖြင့် သွားရောက်လှူဒါန်းခဲ့ကြသည်။

အဆိုတော်အနဂ္ဂသည် သူ၏အ၀တ်အစားများ၊ အနွေးထည်များ၊ ဟန်ထူးလွင်နှင့် မင်းထင်ကိုကိုကြီးတို့မှငွေသားများ၊ ဦးကျော်သူမှ T-Shirtများ၊ ပြည်မြို့ရွှေပေါက်ပင်ဆရာတော်ကြီး၏ပုံတော်၊ ဆရာတော်ကြီး၏ ကပ်ကျော် ကျင့်စဉ်စာရွှက်များ ၊ပန်းပေါင်းစုံ ဗုဒ္ဓဆင်းတုတော် တစ်ဆူတို့ကို လှူဒါန်းခဲ့ပြီးသည့်
နောက် ခုနှစ်ရက် သားသမီးများ စုပေါင်း လှူဒါန်းထားသော ဒံပေါက်ထမင်း၊ရေခဲမုန့်တို့ဖြင့်  ကျွေးမွေးပြီးအားပေးစကားများပြောကြားခဲ့ကြသည်။

လူသားအချင်းချင်းစာနာကူညီဖေးမသောစိတ်ဓါတ်နှင့် မြတ်စွာဘုရားဟောကြားကျင့်ကြံခဲ့သော ဗြဟ္မစိုရ်တရား(၄)ပါးကိုလက်ကိုင်ပြုခဲ့သောအနုပညာမောင်နှမများနည်းတူ မြန်မာပြည်သူလူထုတစ်ရပ်လုံးကပါ အကြင်နာ၊ ဂရုဏာ၊ မုဒိတာပွားများမှုများကို ပေးကြမည်ဆိုပါက ကမ္ဘာမြေကြီးတစ်ခုလုံး သာယာစိုပြေမှုများနှင့် လူသားအားလုံး အေးချမ်းသာယာစိုပြေ တော့မည်ဖြစ်သည်။

လူနာများကိုအားပေးနှစ်သိမ့်ခဲ့ကြသလိုလူနာများ၏ ပြန်လည်ပြောကြားသောရင်တွင်းစကားများ၊ ခံစားချက်များ၊ ခံယူချက်စိတ်ဓါတ်များတို့သည် အားပေးခဲ့သူအားပေးစကားပြောကြားခဲ့သူ ကျွန်တော်/ကျွန်မတို့အတွက် အင်အားသစ်များများစွာဖြစ်ခဲ့ရပေတော့သည်။
ပေးပို့သောsawnyi86အားကျေးဇူးတင်ရှိပါသည်။

Monday, November 22, 2010

1 ABMA Journal Volume 1 No 20

ABMA Journal Volume 1 No 20

Sunday, November 21, 2010

0 ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံတွေ ပိုထည့်လို့ ဂျာနယ်ထုတ်ဝေခွင့် ယာယီအပိတ်ခံရ

ပြည်တွင်းမီဒီယာ တခုဖြစ်သည့် Eleven Media Group အင်တာနက် စာမျက်နှာတွင် ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာသည့် သတင်းနှင့် ဓာတ်ပုံ ဖော်ပြထားသည်ကို တွေ့ရပုံ။ (image:RFA)
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံတွေကို စာပေစိစစ်ရေးက သတ်မှတ်ထားထာထက် ပိုမို ဖော်ပြခဲ့တဲ့ ပြည်တွင်းဂျာနယ် နှစ်စောင်ကို မနေ့က နေပြည်တော်အမိန်နဲ့ ဆိုပြီး သက်ဆိုင်ရာက သီတင်းသုံးပတ်စီ ရပ်နားခိုင်းလိုက်တယ်လို့ ဂျာနယ် တာဝန်ခံတွေက အာအက်ဖ်အေကို ပြောပါတယ်။

ရပ်နားခိုင်းလိုက်တဲ့ ဂျာနယ်တွေကတော့ ဒီအပတ် ဂျာနယ်မှာ ဒေါ်အောင်ဆန်းစုကြည်ပုံကို မျက်နှာဖုံး အပြည့်တင်ပြီး ဆောင်းပါးရေးသားခဲ့တဲ့ 7 Days ဂျာနယ် နဲ့ Hot News ဂျာနယ်တို့ ဖြစ်ပါတယ်။

ဒီရက်ပိုင်းအတွင်းမှာ First Eleven အားကစားဂျာနယ်က ‘စု လွတ်ပြီ၊ မျှော်လင့်ချက် အရယူနိုင်ဖို့ စည်းလုံးက္လြ လို့ အဓိပ္ပါယ် ကောက်နိုင်တဲ့ အင်္ဂလိပ်စာသားတွေ ဖော်ပြခဲ့လို့ ထုတ်ဝေခွင့် နှစ်ပတ် ရပ်နား အပြစ်ပေးအပြီးမှာ အခု ဂျာနယ်နှစ်စောင်ကို သုံးပတ်စီ ရပ်နားခိုင်းခဲ့တာမို့ ဒီတပတ် အတွင်းမှာဘဲ စစ်အစိုးရ စာပေစိစစ်ရေးက ရပ်နားလိုက်တဲ့ ဂျာနယ် သုံးစောင် ရှိသွားပြီ ဖြစ်ပါတယ်။

ဂျာနယ် ထုတ်ဝေခွင့် မရပ်ရပေမယ့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့ သတင်းကို လိုအပ်တာထက် ပိုထည့်တယ် ဆိုပြီး မြန်မာပိုစ့် အပါအဝင် ဂျာနယ် အများအပြားလည်း ပြင်းပြင်းထန်ထန် သတိပေး ခံခဲ့ရတယ်လို့ ရန်ကုန်မြို့က မီဒီယာသမားတွေက ပြောပါတယ်။

လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့ သတင်းဟာ ပြည်သူတွေအကြား ရေပန်း အစားဆုံး သတင်းဖြစ်နေပြီး သတင်းပါတဲ့ ဂျာနယ်ကို အလုအယက် ဝယ်ယူတာကြောင့် စာပေစိစစ်ရေးက တားထားတဲ့ ကြားကပဲ ဂျာနယ်သမားတွေက ထည့်ကြတာလို့  ရန်ကုန် စာနယ်ဇင်း အသိုင်းအဝန်းက ပြောကြပါတယ်။
(Rfa)
First Eleven Sports Journal နှင့် Hot News ဂျာနယ်တို့ကို ထုတ်ဝေခွင့် (၂)ပတ် ရပ်နားစေခဲ့ပြီး 7 Day၊ Venus ၊ Myanmar Newsweek၊ လျှပ်တစ်ပြက်၊ မြန်မာပို့စ်၊ ပြည်သူ့ခေတ်နှင့် The Voice ဂျာနယ်တို့ကို ထုတ်ဝေခွင့် (၁)ပတ်စီ ရပ်နားစေခဲ့ကြောင်း news-eleven.comတွင်လည်းဖော်ပြထားပါသည်။

0 တန်ဆောင်မုန်းလပြည့်နေ့ ဓမ္မလက်ဆောင်


ရွှေတိဂုံဘုရားပုံပေါ်နှိပ်ပြီးနားဆင်နိုင်ပါတယ်။
သဒ္ဓါကြည်လင် ပါရမီရှင်အပေါင်း သူတော်ကောင်းတို့ ခင်ဗျာ ၊ ဒီနေ့ဟာ ဗုဒ္ဓဘာသာဝင်တို့ အထွဋ်အမြတ်ထားရာ တန်ဆောင်မုန်းလပြည့်နေ့ ဖြစ်ပါသဖြင့် ဥပုသ်သီတင်းသီလ စောင့်ထိန်းနိုင်ပါရန် နိဗ္ဗာန် အကျိုးမျှော်၍ နိုးဆော် တိုက်တွန်းလိုက်ပါတယ် ခင်ဗျာ ။

ဒီနေ့ ကျနော်တို့ မြန်မာနိုင်ငံကြီးဟာ အဆိုးရွားဆုံး အခြေအနေကို ရောက်နေပါပြီ ။ ဒီပုံအတိုင်းသာ ဆက်သွားရင် သာသနာ လည်းကွယ်တော့မယ်။ လူမျိုးလည်းပျောက်တော့မယ်။ ဒါဟာ တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ လူတွေရဲ့ ယုတ်မာပက်စက်တဲ့ အကြံညဏ်နဲ့ ပုံသွင်းတာကို ခံနေကြရတာကြောင့်လည်း ပါသလို ၊ သူများသောက်တဲ့ မိုးခါးရေကို လိုက်သောက်နေကြတဲ့ ကျနော်တို့တွေရဲ့ ကိုယ်ကျင့်သီလ မလုံခြုံတဲ့ အကြောင်းတရားကြောင့်လည်း အများကြီးပါတယ်ဆိုတာ သတိရစေချင်ပါတယ် ။ သီလ မလုံတော့ သမာဓိ မတည်တော့ဘူး ၊ သမာဓိမတည်တော့ စိတ်မှာ ခွန်အားမရှိကြတော့ဘူးပေါ့ ။ စိတ်ဓတ်ခွန်အားတွေ နည်းပါးနေ ကြလို့ အကောင်းအဆိုး အမှား အမှန်ကိုတောင် မခွဲခြားနိုင်ကြတော့ဘူး။ ပညာမရှိတော့ လွတ်မြောက်ခြင်း ဆိုတဲ့လမ်းစဉ်ကို ရှာမတွေ့နိုင်တော့ဘူးပေါ့
ဒို့တွေမှာ အင်မတန်မှ တန်ဖိုးရှိတဲ့ မြတ်ဗုဒ္ဓရဲ့ လမ်းညွှန်ချက် အဆုံးအမတွေ ရှိနေပါလျှက်နဲ့ လွတ်မြောက်ရာ လမ်းစဉ်ကို ရှာမတွေ့နိုင်တာဟာ
သစ္စာဆိုတဲ့ ဓမ္မအမှန်တရားကို မေ့ထားကြလို့ပါဘဲ ။ ဒါကြောင့် ဒီနေ့လို နေ့ထူးနေ့မြတ်လေးမှာ တတ်နိုင်သလောက် အချိန်လေးကိုသီလ ၊ သမာဓိ ၊ ပညာ သိက္ခာသုံးရပ်နဲ့ပြည့်စုံအောင် နေထိုင်နိုင်ရန် ဓမ္မလက်ဆောင် များ ပေးလှူလိုက်ပါတယ်ခင်ဗျာ ။
" ငါသည် မုချ သေရမည် ၊ အချိန်ပိုင်းသာ လိုတော့သည် "
" အူမတောင့်အောင် သီလစောင့်ကြရအောင် "

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။ သဗ္ဗရတိံ ဓမ္မရတိ ဇိနာတိ၊ တဏှက္ခယော သဗ္ဗဒုက္ခံ ဇိနာတိ။ *

တရားအလှူသည် အလှူအားလုံးကို အောင်နိုင်၏၊ တရားအရသာသည် အရသာအားလုံးကို အောင်နိုင်၏၊ တရား၌ မွေ့လျော်ခြင်းသည် မွေ့လျော်ခြင်းအားလုံးကို အောင်နိုင်၏၊ တဏှာကုန်ရာ အရဟတ္တဖိုလ်သည် အလုံးစုံသောဆင်းရဲကို အောင်နိုင်၏။

*The gift of Dhamma is no match with any other gifts, the taste of Dhamma is no match with any other taste, living with Dhamma in enjoyment is no match with any other living, and the victory over craving conquers all sufferings. *

ဓမ္မပဒ။ တဏှာဝဂ္ဂ။

တရားကို မမြင်ရင် ဘုရားကို မမြင်ပါဘူး ၊ ဘုရားကို မမြင်ရင် သံဃာကိုလည်း မမြင်ပါဘူး ။ ဒါကြောင့် ရတနာသုံးပါကို တကယ်သိမြင်တဲ့ မြင့်မြတ်တဲ့ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြအောင် တရားတော်ကို ပွားများဆည်းပူး လိုက်နာပေးကြပါ ။


မိုးကုတ်ဓမ္မကထိက ဆရာတော်ဥုးသုမင်္ဂလ ဓမ္မသဘင်များတွင် ဟောကြားတော်မူသော ဓမ္မတရားတော်များကို တင်ဆက်လိုက်ပါသည်။

အခွေ(၂) ဓမ္မသဘင်များတွင် ဟောကြားတော်မူသော တရားတော်များ

၁။ သရဏဂုံတည်သူ
၂။ ငြိမ်းအေးရာ
၃။ အမျိုးမှန်ကြစေဖို့
၎။ အရှိအမှန်သိအောင်လုပ်ပါ
၅။ အချိန်တန်မှီ
၆။ ဘာလမ်းရွေးမလဲ
၇။ အထိုင်တရားတော်
၈။ မလှည့်စားနဲ့
၉။ အလေးဂရုပြုစရာ
၁၀။ မမေ့ကြနဲ့

ဒါလေးတွေကို အရင် နားထောင် .

ပြီးသွားရင် သစ္စာ အကြောင်းကို နားထောင် သင့်တယ်။

၆။ သစ္စာအနက်(၁၆)ချက်(၁) ၈-၅-၂၀၀၄ မန္တလေး
၇။ သစ္စာအနက်(၁၆)ချက်(၂) ၉-၅-၂၀၀၄ မန္တလေး
၈။ သစ္စာအနက်(၁၆)ချက်(၃) ၁၀-၅-၂၀၀၄ မန္တလေး
၉။ သစ္စာအနက်(၁၆)ချက်(၄) ၁၁-၅-၂၀၀၄ မန္တလေး
၁၀။ သစ္စာအနက်(၁၆)ချက်(၅) ၁၂-၅-၂၀၀၄ မန္တလေး
၁၁။ သစ္စာအနက်(၁၆)ချက်(၆) ၁၃-၅-၂၀၀၄ မန္တလေး
၁၂။ သစ္စာအနက်(၁၆)ချက်(၇) ၁၄-၅-၂၀၀၄ မန္တလေး
၁၃။ သစ္စာအနက်(၁၆)ချက်(၈) ၁၅-၅-၂၀၀၄ မန္တလေး
၁၄။ သစ္စာအနက်(၁၆)ချက်(၉) ၁၆-၅-၂၀၀၄ မန္တလေး
၁၅။ သစ္စာအနက်(၁၆)ချက်(၁၀) ၁၇-၅-၂၀၀၄ မန္တလေး
၁၆။ သစ္စာအနက်(၁၆)ချက်(၁၁) ၁၈-၅-၂၀၀၄ မန္တလေး
၁၇။ သစ္စာအနက်(၁၆)ချက်(၁၂) ၁၉-၅-၂၀၀၄ မန္တလေး
၁၈။ သစ္စာအနက်(၁၆)ချက်(၁၃) ၂၀-၅-၂၀၀၄ မန္တလေး
၁၉။ သစ္စာအနက်(၁၆)ချက်(၁၄) ၂၁-၅-၂၀၀၄ မန္တလေး
၂၀။ သစ္စာအနက်(၁၆)ချက်(၁၅) ၂၂-၅-၂၀၀၄ မန္တလေး
၂၁။ သစ္စာအနက်(၁၆)ချက်(၁၆) ၂၃-၅-၂၀၀၄ မန္တလေး

တကယ်သာ သစ္စာ အကြောင်းကို နားထောင် ပြီး ကြိုးစား အားထုတ်မယ်ဆိုရင် ဘ၀ဆိုတာ အေးချမ်းမှု နဲ့ပြီးပြည့်စုံလာတာကိုလက်တွေ့သိမြင်နိုင်ဖို့ လူပီသတဲ့ ခဏတာ အချိန်လေးမှာ လူပီသအောင် လောကသစ္စာတရားကို ပွားများ အားထုတ်ကြပါလို့ နိဗ္ဗာန်အကျိုးမျှော်၍ နိုးဆော်လိုက်ရပါသည် ။

ခင်မင်လေးစားလျှက်

ဗမာ့သွေး

တန်ဆောင်တိုင်ညအတွက် အမှတ်တရ....

1 လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အားထောက်ခံပွဲ ဂျပန်နိုင်ငံတိုကျိုမြို့တော်မှာ ချိမ့်ချိမ့်သဲကျင်းပမည်


ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီ ပန်းတိုင်သို့ လူထုတရပ်လုံးနှင့်အတူ မှန်ကန်သော နည်းလမ်းဖြင့် ချီတက်ပါတော့မည်။ ဒီမိုကရေစီ ဆိုသည်မှာ ပြည်သူတို့အတွက်ဖြစ်သည်။ သို့ဖြစ်ရာ ပြည်သူများ မပါဝင်ပဲ မည်သည့်ကိစ္စမျှ ပြီးနိုင်မည် မဟုတ်သောကြာင့် ဒီမိုကရေစီအရေးတွင် ပြည်သူတို့က ဝိုင်းဝန်းကြိုးပမ်းသည့် နည်းလမ်းကသာ မှန်ကန်သည်၊ ဤသို့သောစိတ်ဓါတ်ဖြင့် ကြိုးပမ်းသွားကြရမည်ဟု ၁၄-၁၁-၂ဝ၁ဝ နေ့ လူထုမိန့်ခွန်းတွင် ဒေါ်အောင်ဆန်းစုကြည်က အလေးအနက် ထည့်သွင်းပြောကြားသွားသည်။

ဤမျှတန်ဖိုးရှိလှသော လမ်းညွှန်ချက်ကို ပြောဆိုသွားသည့် ဒေါ်အောင်ဆန်းစုကြည်၊ မြန်မာ့ဒီမိုကရေစီအရေး အတွက် နှစ်ပေါင်းများစွာ အကျဉ်းကျခံရသည့်တိုင်၊ မိသားစုနှင့် ရှင်ကွဲသေကွဲ ကွဲရသည့်တိုင် စိတ်ဓါတ်မကျပဲ လူထုနှင့်အတူ ပန်းတိုင်ရောက်အောင် ကြိုးစားနေသော ဒေါ်အောင်ဆန်းစုကြည်အား ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများက တခဲနက် ကြိုဆိုထောက်ခံမည့် လှုပ်ရှားမှုကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပပါမည်။


နေ့ရက် ၂၃-၁၁-၂ဝ၁ဝ (အင်္ဂါနေ့) (ဂျပန်နိုင်ငံ၏ တရားဝင်ရုံးပိတ်ရက်)
အချိန် ညနေ ၂ နာရီမှ ၅ နာရီထိ
နေရာ UN အဆောက်အဦရှေ့၊ Shibuya, Tokyo, Japan

ဒေါ်အောင်ဆန်းစုကြည်မှာ ထိန်းသိမ်းခံနေရစဉ်အတွင်း လူထုသဘောထားကို သိရန် နေ့စဉ်နေ့တိုင်း ပြည်ပ အသံလွှင့်ဌာနများမှ ထုတ်လွှင့်သည်များကို ငါးနာရီ ခြောက်နာရီကြာအောင် နားထောင်နေခဲ့သည်။ ယခု ပြန်လည် လွတ်မြောက်လာသည့်တိုင် လူထုသဘောထားများကို ထပ်မံသိချင်သေးသည်ဟု ပွင့်လင်းစွာပင် ထုတ်ဖော်သွားသည်။ တနေ့နေ့တွင် ပြည်သူ့ဟစ်တိုင် လုပ်ရမည်ဟုလည်း အကြံပြုသွားသည်။
ဂျပန်နိုင်ငံရှိ မြန်မာအသိုင်းအဝိုင်းမှ မည်သူမဆို ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုထောက်ခံခြင်းနှင့်အတူ အမှာစကားပါးနိုင်ရန်လည်း စီစဉ်ထားပါသည်။


အစီအစဉ်များ
1. ဒေါ်အောင်ဆန်းစုကြည်အား အပြည့်အဝ ထောက်ခံကြောင်း ဂျပန်နိုင်ငံရှိ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေကြသော အဖွဲ့အစည်းအသီးသီးမှ ထုတ်ပြန်ချက်များ ဖတ်ကြား၍ လက်မှတ်ရေးထိုးကြပါမည်။
2. ဒေါ်အောင်ဆန်းစုကြည်ထံ အရောက်ပို့မည့် အော်တို (Auto) စာအုပ်တွင် မည်သူမဆို မိမိတို့တဦးချင်းအနေဖြင့် ပြောဆိုမှာကြား အကြံပေးလိုသည် များကို ရေးသားကြပါမည်။
3. ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ မြန်မာပြည်သူများအားလုံးအပြင် နိုင်ငံတကာ အသိုင်းအဝိုင်းကပါ ကြည့်ရှုနိုင်မည့် ဗီဒီယိုနှင့် ဓါတ်ပုံများကို မှတ်တမ်းတင် ရိုက်ကူးပါမည်။
4. ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုထောက်ခံပွဲတွင် ဂျပန်နိုင်ငံရောက် မြန်မာ နိုင်ငံသားများမှ မြန်မာ အာဏာပိုင်များ၊ တပ်မတော်၊ နိုင်ငံရေးပါတီများ၊ တက်ကြွလှုပ်ရှားသူများနှင့်တကွ မြန်မာပြည်သူတရပ်လုံးသို့ ပန်ကြားလွှာ တစောင် စုစည်း ထုတ်ပြန်ပါမည်။

မြန်မာ့ဒီမိုကရေစီ အင်အားစုများ (ဂျပန်)

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.