




အမြင်အာရုံများ စူးရှထက်မြက်စေရန်
အမြင်အာရုံများ ကြည်လင်ပြတ်သားလာစေရန်
အမြင်အာရုံများ အေးမြတောက်ပလာစေရန်
ရည်ရွယ်၍ စက္ခုအလင်း မှုန်ဝါးခြင်း၊ တိမ်စွဲခြင်း တို့ကို ကျွန်တော်တို့ နိုင်သလောက် စွမ်းဆောင်ဖေးမ ကုသပေးခဲ့သည်မှာ (၂၀၀၇) ခုနှစ် မတ်လ မှစ၍ ယနေ့အချိန်ထိ မျက်စိဝေဒနာရှင်ပေါင်း (၁၂၀၀၀) ယောက် ကျော်တို့အား ကုသခွဲစိပ် ပေးခဲ့ပြီ ဖြစ်သည်။
ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ သုခကုသိုလ်ဖြစ်ဆေးခန်းတွင် လာရောက်ပြီး ကုသ ပြသကြသော မျက်စိဝေဒနာရှင်များကို စေတနာရှင် မျက်စိအထူးကုဆရာဝန်ကြီးများ၏ အကူအညီဖြင့် စစ်ဆေးစမ်းသပ်၍ ခွဲစိတ်မှုလိုအပ်ပါက သက်ဆိုင်ရာဆေးခန်း၊ ဆေးရုံများသို့ ပို့ဆောင်ခွဲစိတ် ကုသမှုများ ဆောင်ရွက်ခဲ့ပါသည်။ ခွဲစိတ်ခန်း စရိတ်များကို သုခကုသိုလ်ဖြစ်ဆေးခန်းမှ အကုန်အကျခံ ပေးအပ်ခဲ့ပါသည်။ သို့ရာတွင် … လူနာများအနေနှင့် သုခကုသိုလ်ဖြစ်ဆေးခန်းသို့ လာရောက်ပြသ ရသော လမ်းစရိတ်၊ ခွဲစိတ်ရမည်ဆိုပါက သက်ဆိုင်ရာဆေးခန်း ဆေးရုံများသို့ သွားရောက်ရသည့် လမ်းစရိတ်၊ စားစရိတ် စသဖြင့် အချိန်ကုန် ငွေကုန် လူပန်းဖြစ်နေရသည်။
ထို့ကြောင့် ဤကဲ့သို့ မလိုလားအပ်သော ကုန်ဆုံးမှုများ မဖြစ်ပေါ်စေရန် ရည်ရွယ်၍ ယခု ကျွန်တော်တို့သည် သုခကုသိုလ်ဖြစ်ဆေးခန်းတွင် “မျက်စိခွဲစိတ် ကုသခန်း” ကို ဖွင့်လှစ်ရန် ကြိုးပမ်း လိုက်တော့သည်။ထိုသို့ ကြိုးပမ်းမှုတွင် အလှူငွေများ လိုအပ်လျှက်ရှိသည်။
ကျွန်တော်တို့သည် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အလှူငွေများရှိသော်ငြားလည်း ယခု ဈာပန အဆောက်အဦး တည်ဆောက်ရာ၌ များစွာကုန်ကျလျှက်ရှိသည်။ ဈာပန အဆောက်အဦးတွင် ရုံးခန်း၊ ဈာပနာလမ်းကြောင်း လက်ခံခြင်းရုံးခန်း၊ စာကြည့်တိုက်၊ ပညာဒါန (ဘာသာရေး၊ လူမှုရေး၊ ကျန်းမာရေး) စသည့် စာသင်ခန်းများ လူသားများအတွက် အကျိုးပြုစေမည့် အကျိုးရှိစေမည့် လုပ်ငန်း စဉ်များပါဝင်သည်။
ထို့ကြောင့် ယခု လက်ရှိ သုခကုသိုလ်ဖြစ်ဆေးခန်း အဆောက်အဦးတွင် အခမဲ့ ဆေးဝါးကုသမည့် လုပ်ငန်းစဉ်များသာ တိုးချဲ့ဆောင်ရွက်တော့မည် ဖြစ်ပါသည်။
ယင်း အဆောက်အဦးတွင် “မျက်စိခွဲစိတ်ခန်း” အခန်း ပြုပြင်တည်ဆောက်တော့မည် ဖြစ်ပါသည်။ ဤတွင် ခွဲစိတ်ခန်းသုံး အထောက်အကူပြုပစ္စည်းများ ၀ယ်ယူရမည့်အကြောင်း ဖြစ်ပေါ်လာခဲ့သည်။
ယင်း ပစ္စည်းစာရင်းမှာ -
Digital Slit Lamp 5704 US$ (လက်ရှိပေါက်ဈေး)
Kerato Refractometer 10025 US $ (လက်ရှိပေါက်ဈေး)
Biometry Machine 7698 US $ (လက်ရှိပေါက်ဈေး)
OT Table (EYE) 4480 US $ (လက်ရှိပေါက်ဈေး)
Surgeon Chair 101 US $ (လက်ရှိပေါက်ဈေး)
Spot Light 2439 US $ (လက်ရှိပေါက်ဈေး)
Cataract Surgical Set (4 - Set) 1724 US $ (လက်ရှိပေါက်ဈေး)
Eye Minor Surgical Set (4 - Set) 1752 US $ (လက်ရှိပေါက်ဈေး)
Operatin Microscope (Motorized) 12348 US $ (လက်ရှိပေါက်ဈေး)
ယင်းပစ္စည်းများအနက် Digital Slit Lamp နှင့် Operatin Microscope (Motorized) တို့အား အလှူရှင် ကိုဝင်းထွန်း + မပေါက် (သိဂီရွှေဝါပိုးထည်) က ၀ယ်ယူလှူဒါန်းပြီးဖြစ်ပါသည်။ ကျန်ရှိနေ သော ပစ္စည်းများအတွက် အလှူငွေ 28219 US$ ခန့် လိုအပ်လျှက်ရှိပါသည်။
ထို့ကြောင့် လူသားတို့၏ စက္ခုအမြင် ကြည်လင်ပြတ်သားရန်၊ စူးရှထက်မြက်လာရန်၊ အေးမြ တောက်ပလာရန်အတွက် လျင်မြန်စွာ ကုသိုလ်ဖြစ် အခမဲ့ ခွဲစိတ်ကုသပေးလိုပါသဖြင့် အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရန် တက်အားသ၍ လျင်မြန်စောလျှင်စွာ ကုသိုလ်ယူကြပါရန် နှိုးဆော်လိုက် ရပါသည်။
ပြည်တွင်း/ပ ရှိ မြန်မာလူမျိုးများအနေဖြင့်လည်း တစ်ဦးလျှင် 10 US$ (တစ်ဆယ်ဒေါ်လာ) လှူဒါန်းကြပါက လူအယောက် (၂၅၀၀) ဦး ဆိုပါက လိုအပ်သော မျက်စိခွဲစိတ်ခန်းသုံး ကရိယာပစ္စည်း များ ၀ယ်ယူနိုင်ပါတော့မည်ဖြစ်ပါကြောင်း … ထို့ကြောင့် တစ်ဦးလျှင် တစ်ဆယ်ဒေါ်လာ လူ ၂၅၀၀ ဆိုလျှင် ဗမာတွေ အလင်းပွင့်တော့မည် ဖြစ်ပါသည်။
ပေးပို့သော(ကိုကျော်သူ)အားကျေးဇူးတင်ရှိပါသည်။
Tuesday, December 7, 2010
0 လူ ၂၅၀၀ ရရင် ဗမာတွေ အလင်းပွင့်ပြီ..
Monday, December 6, 2010
0 မြန်မာပြည်တွင်းတွင်ပြောင်းလဲမြင်တွေ့နေရသည့် တရုတ်နိုင်ငံဖက်ကထိန်းချုပ်ထားသောဂူဂယ်စာမျက်နှာသစ်
ဂူးဂယ် ရှာဖွေရေး အင်ဂျင်၏ အင်တာနက် စာမျက်နာကိုဖွင့်ကြည်ပါက မြန်မာပြည်တွင်းတွင်အထက်ပါပုံကဲ့သို့ တရုတ်စာများဖြင့်တရုတ် ပြည် တွင်း ဂူးဂယ် အင်တာ နက် စာမျက် နှာ သာပေါ်လာကြောင်း ပြည်တွင်းမှအင်တာနက်သုံးစွဲသူလူငယ်တဦးထံမှသတင်းရရှိပါတယ်။မြန်မာစစ်အစိုးရဟာ အင်တာနက် ထိန်းချုပ်ဖို့အတွက်နည်းပညာများတရုတ်ထံမှအကူအညီတောင်းခံခဲ့တယ်လို့လည်းသတင်းများ ထွက်ပေါ်နေပါတယ်၊
Sunday, December 5, 2010
0 ယနေ့ တောင်ဒဂုံရှိ HIV ဝေဒနာရှင်များ ဂေဟာသို့ ပြည်တွင်း ဂျာနယ်လစ်များ လာရောက် လှူဒါန်း(သတင်း၊ဓာတ်ပုံ).
ယနေ့ နေ့လည် (၂)နာရီက တောင်ဒဂုံမြို့နယ် (၁၈)ရပ်ကွက်မှာ ရှိတဲ့ HIV ဝေဒနာရှင်များ နေထိုင်ရာ ၃၇၆ ဂေဟာသို့ မြန်မာပြည်တွင်း ဂျာနယ်လစ် (၄၀)ဦး၏ ကိုယ်စား ဂျာနယ်လစ် ၃၀ဦးခန့်မှ လာရောက် လှူဒါန်းခဲ့ကြပါတယ်..။ မြန်မာဂျာနယ်လစ်များ အဖွဲ့ဝင်များဟာ.. ယနေ့ မဖြူဖြူသင်းတို့ ဦးစီးဆောင်ရွက်နေတဲ့ ၃၇၆ ဂေဟာနှင့်၊ နာရေးကူညီမှုအသင်း (ရန်ကုန်) သို့လည်း သွားရောက် လှူဒါန်းခဲ့ကြောင်း သိရှိရပါတယ်..။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၇ ရက်နေ့က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ အဆိုပါ HIV/AIDS ဝေဒနာရှင်များ ဂေဟာသို့ သွားရောက်ပြီး လူနာများအားသွားရောက် အားပေး စကားပြောကြားခဲ့ပြီးချိန်မှစ၍ အခုဆိုရင် နေ့စဉ်နီးပါး ဆေး၊ ထမင်း၊ ဆန်၊ ဆီ၊ ဆားအလှူရှင်များ လာရောက် လှူဒါန်းကြကြောင်း အဆိုပါ ဂေဟာ၌ ကူညီနေသူ တစ်ဦးမှ ဆိုပါတယ်..။ ယခုနောက်ပိုင်း လူငယ်များမှ စုဖွဲ့ပြီး လာရောက်လှူဒါန်း ကြတာတွေ တွေ့ရှိရတဲ့ အတွက် ယခင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မလွတ်မြောက်ခင်က ပြည်တွင်းမှာ လှူဒါန်းသူတွေ အင်မတန် နည်းပါးခဲ့ပြီး ယခုအချိန်မှာတော့ ယခင်ကထက် ပိုမိုပွင့်လင်းလာကြောင်း ပြောဆိုသွားပါတယ်..။
ပြီးခဲ့တဲ့ ရက်များကလည်း ပြည်တွင်းမှ ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူအပါအဝင်၊ ဂီတပညာရှင် အဆိုတော်များ၊ စာပေမှ စာရေးဆရာများ၊ သီချင်းရေးဆရာ၊ ကဗျာဆရာ၊ ပန်းချီပညာရှင်များ စသည့် အနုပညာရှင်များမှလည်း အစုအဖွဲ့လိုက် လာရောက်လှူဒါန်းမှုများ ပြုလုပ်ခဲ့ကြပြီး ယနေ့မှာတော့ ပြည်တွင်း မှ သတင်းဂျာနယ်လစ်များမှ လာရောက် လှူဒါန်းခဲ့ကြခြင်း ဖြစ်ပါတယ်..။ လောလောဆယ်မှာတော့ ထမင်းရှင် ပြည်သူတွေရဲ့ အချစ်တော် ရုပ်ရှင်သရုပ်ဆောင်များ လာရောက်လှူဒါန်းမှ အားပေးမှု အင်မတန် နည်းပါးနေသေးပါတယ်..။
ပေးပို့သောကိုဒီမိုဝေယံအားကျေးဇူးတင်ရှိပါသည်.
1 ခောတ်အဆက်ဆက်မြန်မာနိုင်ငံ၏ပိုက်ဆံများ
ဒီပိုက်ဆံတွေကိုတော့သိချင်မှသိကြပါလိမ့်မယ်၊
ကျွန်တော်တို့ နိုင်ငံ ဘုရင်များလက်ထက်မှ ယခုနအဖစစ်အစိုးရလက်ထက်အထိအသုံးပြုနေတဲ့ ပိုက်ဆံ
ဒီပိုက်ဆံတွေကိုတော့ သိကြမှာပါနော်
0 လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်တောင်ဒဂုံမြို့နယ်ရှိHIV ဝေဒနာရှင်များနေထိုင်ရာဂေဟာသို့ သွားရောက်ပြီးနောက်ပိုင်းကူညီကြသူများအထူးတိုးပွားလာ(ရုပ်/သံ)
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ဟာတောင်ဒဂုံမြို့နယ် (၁၈)ရပ်ကွက်မှာ ရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လူမှုအထောက်အကူပြု အဖွဲ့မှဖွင့်လှစ်ထားတဲ့ HIV ဝေဒနာရှင်များ နေထိုင်ရာ ဂေဟာသို့ သွားရောက်ပြီးနောက်ပိုင်း အလှူရှင်များ၊ ရုပ်ရှင်ဂီတအနုပညာရှင်များ၊ ကူညီသူများ အထူးများပြားလာကြောင်းသတင်းရရှိပါသည်။
0 သူခိုးဓားပြထက် ဆိုးတဲ့ပါတီက (“ကျေးဇူးတင်လွှာ” တဲ့ ဗျား)
ကြံ့ဖွံ့ ပါတီအနေနဲ့ တကယ်ကျေးဇူးတင်ရမှာက
ပြည်သူ မဟုတ်တာသိပ်သေချာပါတယ်။
၁၉၉၀ ရွေးကောက်ပွဲတုန်းက ဒေါ်စုရဲ့ NLD အနိုင်ရတော့
ပြည်သူတွေ အုံးအုံးကြွက်ကြွက်နဲ့ ပျော်မြူးခဲ့ကြပေမယ့်
အခု ၂၀၁၀ ရွေးကောက်ပွဲမှာကြံ့ဖွံ့ နိုင်တော့
တနိုင်ငံလုံး တစပြင်ကဲ့သို့ ခြောက်ကပ်ကပ်နဲ့ ။
လူထုရဲ့ ကျေနပ်မှုများ ပျောက်ရှနေတာ ကြာပါပြီ။
အောင်မျိုးထွန်း
၅- ၁၂- ၂၀၁၀
1 ဗိုလ်ခင်ညွန့် နဲ့ နောက်လိုက်တွေရေ ဝဋ်မှာအမြဲငရဲမှာအပတဲ့
ဗိုလ်ခင်ညွန့်ရဲ့ဗီဒီယိုကြည့်ပြီးတော့ ကျနော်ဟာ ဟိုးလွန်ခဲ့တဲ့ နှစ် (၃၀) ကာလက မော်လမြိုင်ကောလိပ်မှာ ကျနော်တို့ကို စာသင်ပေးခဲ့တဲ့ ဆရာသမားတွေကို သတိရမိလိုက်ပါတယ်။ လွန်ခဲ့တဲ့ ၁၅ နှစ် ကတည်းက ခရစ်တော်ရဲ့ ရင်ခွင်မှာ ငြိမ်းချမ်းစွာအိပ်ပျော်နေပြီဖြစ်တဲ့ ကျနော့်ဆရာဟောင်း ကထိကဟောင်း “ဒေါက်တာ--” ရဲ့ အမြဲတမ်း ပြုံးနေတဲ့ မျက်နှာဟာ ကျနော့်ရဲ့စိတ်အာရုံမှာ ပေါ်လာခဲ့ပါတယ်။
ဗိုလ်ခင်ညွန့်ရဲ့ သားကောင် ဖြစ်ခဲ့ရလို့ အလွန်မြတ်နိုးလှတဲ့ တက္ကသိုလ်ဆရာဘဝကို စွန့်လွှတ်လိုက်ရပြီး ခရစ်ယာန် ဘုန်းကြီးအဖြစ်နဲ့ အသက် (၅၀) မှာ လူလောကမှ အပြီးတိုင်ထွက်သွားရတဲ့ ဆရာရယ် …. ဗိုလ်ခင်ညွန့်တို့ လင်မယားရဲ့ အဖြစ်ကို ထကြည့်ပါဦးလားဆရာရယ်။ ဆရာတို့မိသားစုအတွက် သူတို့တတွေလူသိရှင်ကြား ဝဋ်လည်တယ် ဆရာရေ။ ကျနော်ဒီကိုမလာခင် ဆရာရဲ့သားအငယ်ကလည်း ဆရာ့လိုပဲ ခရစ်ယာန်ဘုန်းကြီးဘဝနဲ့ အသက်ငယ်ငယ်နဲ့ပဲ ခရစ်တော်မှာအိပ်ပျော်သွားတာ သိလိုက်ရလို့စိတ်မကောင်းပါ။ ဆရာတို့သားအဖကို ဘုရားသခင်ကောင်းချီးပေးတော်မူ ပါ။
၁၉၈၉ ခုနှစ်လောက်ကလို့ထင်ပါတယ်။ ကျနော်က သင်ကြားရေးဌာနမဟုတ်တဲ့ ရန်ကုန်တက္ကသိုလ်၏ ----- ဌာနမှာ။ ဆရာက ရန်ကုန်တက္ကသိုလ် ----- ဌာနမှာ ကထိက။ တနေ့မှာ ဆရာတို့မိသားစု လေးယောက်စလုံးကို ထောက်လှမ်းရေးကဆွဲသွားပြီ ဆိုတဲ့သတင်းကြားရတယ်။ စိတ်မကောင်းတာကလွဲလို့ ဘာတတ်နိုင်မှာလည်း။ တစ်ပတ် လွန်မြောက်ပြီးတော့ ဆရာ့ဇနီး နှင့် သားအငယ် (လွန်ခဲ့သော စက်တင်ဘာလက ကွယ်လွန်) တို့ကို ပြန်လွှတ်ပေး လိုက်ပြီတဲ့။ တစ်လလွန်မြောက်တော့ ဆရာ နှင့် သားအကြီး တို့ကို ထောက်လှမ်းရေးက ပြန်လွှတ်ပေးလိုက်လို့ အိမ်ပြန် ရောက်လာခဲ့တယ်။ တခါ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနက ဆရာ့ကို ပုသိမ်တက္ကသိုလ်ကိုပြောင်းရွှေ့ အမိန့်ထုတ်ပြန်လိုက်တယ်။
၁၉၈၉ ခုနှစ် ဒီဇင်ဘာလ ခရစ်မတ်အချိန်ရောက်လာတော့မယ်။ ကျနော်လည်း ဆရာတို့မိသားစု နေထိုင်ရာ အင်းယားလမ်းရှိ ဆရာရဲ့ယောက်ခမကြီးဖွင့်ထားတဲ့ ခရစ်ယန်အသင်းနေရာကိုသွားပြီး ဆရာ့ကိုဂါရဝသွားပြုခဲ့ပါတယ်။ ထိုနေ့က ဆရာ့ထံရောက်ပြီး ကျနော်တို့စကားကောင်းခဲ့ပါတယ်။ ဆရာပြောပြတဲ့ဇတ်လမ်းက ဒီလို ………….
ထိုအချိန်ကာလက အိန္ဒိယအသံလွှင့်ဌာန (All India Radio) ရဲ့ ထုတ်လွှင့်ချက်တွေကစပြီး နဝတ နှင့် အိန္ဒိယအစိုးရတို့ ဆက်ဆံရေးမကောင်းတဲ့အခြေအနေပါ။ ကံဆိုးချင်တော့ ဆရာရဲ့ဆွေမျိုးတယောက်ဟာ ရန်ကုန်မြို့ရှိအိန္ဒိယနိုင်ငံသံရုံးကို သံမှုး အဖြစ်နဲ့ရောက်ရှိလာပါတယ်။
ဆရာဟာ အိန္ဒိယ နှင့် မြန်မာနယ်စပ်မှာနေထိုင်ကြတဲ့ တိုင်းရင်းသား လူရှိုင်းလူမျိုး (အိန္ဒိယဘက်အခြမ်းမှာတော့ မီဇိုလူမျိုးလို့ ခေါ်ကြတယ်)။ သူ့ဆွေမျိုးက အိန္ဒိယပြည်ဖက်မှာမွေးဖွားကြီးပြင်းပြီး အိန္ဒိယနိုင်ငံကဘွဲ့ရပြီး နိုင်ငံခြားရေးဌာန မှာ ဝင်ရောက်အမှုထမ်းတာ ရန်ကုန်ကိုရောက်လာခဲ့တယ်။
တစ်ည ထောက်လှမ်းရေးတွေ ဆရာတို့မိသားစုထံ ညသန်းကောင်ယံအချိန်ရောက်လာခဲ့တယ်။ မိသားစု ၄ ယောက်စလုံးကို ခေါင်းအဝတ်စွပ်ပြီး ခေါ်သွားခဲ့တယ်။ ဘယ်နေရာကိုရောက်မှန်းတောင်မသိပါတဲ့။ ထောက်လှမ်းရေးစခန်း ကို ရောက်တော့ ဓါတ်ပုံတွေကိုပြတယ်။ ဆရာ့အိမ်ရှေ့မှာ အိန္ဒိယနိုင်ငံအလံတပ်ထားတဲ့ သံရုံးကားရပ်ထားပုံ၊ ဆရာ့ရဲ့ကား အိန္ဒိယသံရုံး သံမှုးအိမ်ရှေ့မှာရပ်ထားပုံ။ ဆရာ နှင့် အိန္ဒိယသံရုံး မည်ကဲ့သို့ အဆက်အသွယ်ရှိသလဲ။ အိန္ဒိယသံရုံးကို မည်သည့်သတင်းတွေကိုပေးနေသလဲ။ စသည်ဖြင့် စွပ်စွဲချက်တွေဖြင့် စစ်ဆေးမေးမြန်းပါတော့တယ်။
ဆရာကတော့ သူတို့တတွေဟာ ဆွေမျိုးတွေ၊ ဒါကြောင့် တဦးအိမ်တဦးလည်ပတ်ကြတယ်။ စားသောက်ကြတယ်၊ စကားတွေပြောကြတယ်၊ သူတို့ရိုးရာသီချင်းတွေဆိုကြတယ်။ မည်သည့်နိုင်ငံရေးကိစ္စမှ လုပ်ဆောင်ခြင်းမရှိကြောင်း၊ သူဟာ ရန်ကုန်တက္ကသိုလ်မှ ကထိကတဦး ဒါကြောင့်စာသင်မယ်၊ သုတေသနပြုမယ်။ နိုင်ငံရေးကိစ္စကင်းရှင်းကြောင်း ထောက်လှမ်းရေးတွေကို ရှင်းပြတယ်။ ကိုယ်တော်တွေ လက်မခံပါ။ မိသားစုကို တကွဲတပြားစီထားပြီး ထပ်တလဲလဲ စစ်ဆေးတယ်။ တစ်ပတ်မြောက်မှာတော့ နှလုံးရောဂါအခံရှိတဲ့ ဆရာ့ဇနီး နှင့် သားအငယ်တို့ကို ပြန်လွှတ်ပေးလိုက်တယ်။ ဆရာ နှင့် သားအကြီး (မဟာသိပ္ပံအတန်း ကျောင်းသား) တို့ကိုထပ်တလဲလဲ စစ်ဆေးမေးမြန်းပြီးတော့ နောက်ဆုံး ပြန်လွှတ်ပေးလိုက်တယ်။ အိမ်ပြန်ရောက်ပြီးမကြာမှီမှာ ဆရာ့ကို ရန်ကုန်တက္ကသိုလ် မှ ပုသိမ်တက္ကသိုလ် သို့ ပြောင်းရွှေ့ လိုက်ကြောင်းအမိန့်စာထွက်လာပါတယ်။
ဆရာဟာ ဖြစ်ခဲ့တဲ့ကိစ္စတွေအတွက် အတော်ကို မကျေနပ်ဖြစ်ခဲ့ရတင်မက ယခုလို ပြောင်းရွှေ့အမိန့်ဆိုတာကိုပါ အလွန် နာကျည်းသွားခဲ့တယ်။ ဆရာက သူ့ခံစားချက်ကို ကျနော့်အားပြောပြပါတယ်။ တက္ကသိုလ်ဆရာစဖြစ်ကတည်းက တောင်ကြီးကောလိပ်၊ မော်လမြိုင်ကောလိပ်။ နယ်မြို့တွေမှာပဲ နေလာခဲ့ရာက ယခု ရန်ကုန်တက္ကသိုလ် ကိုရောက်လာရ လို့ သူပျော်ရွှင်မိတယ်၊ ဘွဲ့လွန်အတန်းတွေကို စာသင်ရသလို၊ သုတေသနလည်းလုပ်ဖို့ အခွင့်အရေး ရခဲ့တယ်။ ယခုနယ်မြို့ကို ပြောင်းခိုင်းပြန်ပြီ။ ဘာဖြစ်လို့ ပုသိမ်ကိုမှပို့ရတာလဲ၊ ရေလမ်းကထွက်ပြေးလို့မရ ပင်လယ်ကာဆီးထားတဲ့ နေရာဖြစ်လို့လား …. ဆရာပေါက်ကွဲခဲ့တယ်။ ဆရာ့ယောက်ခကြီးကရှင်းရော တက္ကသိုလ်ဆရာအလုပ်ကထွက်၊ စင်ကာပူကိုသွား ခရစ်ယန်ဘာသာ ဘုန်းကြီးဆရာဖြစ် သင်တန်းသွားတက်၊ ပြန်လာရင် သူ့ရဲ့ ခရစ်ယန်အသင်းသင်တန်း ကျောင်းမှာ ဆရာပြန်လုပ်ဖို့ အမိန့်ပေးတယ်။
ဒီလိုနဲ့ ကျနော့်ဆရာဟာ ပုသိမ်တက္ကသိုလ်ကိုသွားရောက်သတင်းပို့ပြီး ပုသိမ်ကနေပဲ အလုပ်ထွက်စာကို အဆင့်မြင့်ပညာ ဦးစီးဌာနကိုတင်လိုက်တယ်။ နောက်တော့ စင်ကာပူနိုင်ငံကိုထွက်သွားပြီလို့သတင်းရတယ်။ ၁၉၉၄ ခုနှစ် ကျနော် စင်ကာပူနိုင်ငံကိုရောက်တော့ တက္ကသိုလ်ဆရာမတဦးထံမှ ဆရာ့တယ်လီဖုန်းနံပါတ်ရလို့ ကျနော်တို့ ဖုန်းနဲ့ပဲစကား ပြောခဲ့ရပါတယ်။ ထိုအချိန်မှာတော့ ဆရာဟာ ခရစ်ယန်ဘာသာဘုန်းကြီးဆရာဖြစ်သင်တန်းအောင်ပြီးပြီ။ သူရေးတဲ့ ဘာသာရေးဆောင်းပါးတပုဒ်ကို ဂျာနယ်မှာဖေါ်ပြခြင်းခံရလို့ အလွန်ဝမ်းသာမိတဲ့အကြောင်းပြောပြပါတယ်။ ဒါပေမဲ့ ဆရာမှာ ရေဖျဉ်းရောဂါဖြစ်နေပြီး ဗိုက်ကြီးပူနေကြောင်းပြောပြတော့ ကျနော် အလွန်စိတ်မကောင်းဖြစ်ရပါတယ်။ သူအပြင်မထွက်နိုင်လို့ ကျနော့်ကိုတွေ့ချင်ကြောင်း၊ သူ့ထံလာရန်ခေါ်သော်ငြားလည်း အကြောင်းအမျိုးမျိုးကြောင့်ဆရာ့ထံကျနော်မရောက်ဖြစ်ခဲ့ပါ။
၁၉၉၄ ခုနှစ် နိုဝင်ဘာလဆန်းပိုင်းမှာ ဆရာဟာ သူ့မှာစွဲကပ်နေတဲ့ ရေဖျဉ်းရောဂါကြောင့် ရန်ကုန်ကိုပြန်လာခဲ့ရတယ်။ ကျနော်လည်း နိုဝင်ဘာ တတိယအပတ်မှာ ရန်ကုန်ကိုပြန်လာခဲ့ရပါတယ်။ ဆရာနေတဲ့ မင်္ဂလာဒုံ ပုလဲမြို့သစ် ဘယ်နေရာမှာရှိလို့ ဘယ်လိုသွားရမှန်းမသိဖြစ်နေတုန်း ဆရာ ကွယ်လွန်သွားပါတယ်။
ကျနော်ချစ်တဲ့ ကျနော့်ဆရာ၊ ထောက်လှမ်းရေးတွေကြောင့် သူလွန်မြတ်နိုးတဲ့ တက္ကသိုလ်ဆရာဘဝကို စွန့်လွှတ်လိုက် ရတယ်။ သေတော့လဲ မြင့်မြင့်မြတ်မြတ် ခရစ်ယန်ဘာသာဘုန်းကြီးဘဝနဲ့ ယေရှုသခင်ထံပါးခစားရောက်ရှိသွားခဲ့တယ်။ ဩစကြေလျနိုင်ငံမှ ပါရဂူဘွဲ့ရရှိလာတဲ့ တက္ကသိုလ်ဆရာကောင်းတယောက်ကို မျိုးဆက်သစ်လူငယ်တွေ ဆုံးရှုံး သွားခဲ့ရပြီလေ။
ဗလာနံ လူမိုက် ထောက်လှမ်းရေးတို့ရဲ့ အဓိပတိဟောင်း ဗိုလ်ခင်ညွန့် သူနှိပ်စက်ခဲ့တဲ့ ကျနော့်ဆရာလိုပဲ ဇနီးရော သား ၂ ယောက်စလုံးပါ အထဲရောက်ကုန်ပြီမဟုတ်လား။ ဆရာရယ်၊ ဆရာ့ဇနီးရယ်၊ သား ၂ ယောက်ကို မျက်နှာခေါင်းစွပ်ပြီး လာခေါ်သွားခဲ့တဲ့ ထောက်လှမ်းရေးမောင်တွေလဲ အခုတော့ ထောင်နန်းစံနေကြပြီ မဟုတ်ပါလား။ ဗိုလ်ခင်ညွန့် နဲ့ နောက်လိုက်တွေရေ ဝဋ်မှာအမြဲငရဲမှာအပ တဲ့။ အလှည့်ကျရင်မနွဲ့စတမ်းနော်။
ချစ်သော “ဆရာခွမ်း နှင့် သားအငယ်” ကို ယေရှုသခင်ကောင်းချီးပေးပါ။
MMCPမှ ကိုလူချော(koluchaw)အားကျေးဇူးတင်ရှိပါသည်။
(kolucho)အဖြစ်မှားယွင်းဖော်ပြမိသည့်အတွက်အထူးတောင်းပန်အပ်ပါသည်..
0 ၀ိကိလိခ်စ် တည်ထောင်သူရဲ့ ဘ၀ ရုပ်ပုံလွှာ
ရဲမြင့်ကျော်
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဆူနာမီပြီး လျှင် အကြီးဆုံးဟုဆိုရမည့် ငလျင်ကြီး တစ်ခု ဖြစ်ခဲ့သည်။ ထိုငလျင်က မြေ ပေါ်တွင်မဟုတ်၊ မိုးပေါ်တွင်ဖြစ်ခဲ့သည် မို့ အားလုံးအတွက် ထူးဆန်းနေသည်။
အထူးသဖြင့် ငလျင်ဗဟိုချက်က အမေရိကန် နိုင်ငံရေးနဲ့ သံတမန်အသိုင်းအ၀ိုင်းကို အကြီးအကျယ်အထိနာစေခဲ့ခြင်းဖြစ်သည်။ အမေရိကန် နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး၊ လုံခြုံရေး၊ သံတမန်ရေး လျှို့ဝှက်ချက် လေးပုံတစ်ပုံကျော် ဖောက်ချ လိုက်တဲ့ ၀ိကိလိခ်စ် (WikiLeaks) အွန်လိုင်း ငလျင်ကြီးပင်။
ဝိကိလိခ်စ် ၀ဘ်ဆိုဒ်က ၁၉၆၆ မှ ၂၀၁၀ ခုနှစ်အတွင်း ကမ္ဘာအနှံရှိ သံရုံးများမှ အမေရိကန်အစိုးရထံ လျှို့ဝှက်ပေးပို့တဲ့ ကေဘယ်ဖိုင် ၂၅၁၂၈၈ ကို ဖောက်ချလိုက်သည်။ နိုင်ငံအသီးသီးရှိ အမေရိကန်သံရုံး သံတမန်များမှာ စပိုင်များဖြစ်နေတာ ရုပ်လုံး ဘွားဘွားကြီးပေါ်သွားသည်။ ရုရှား၊ ပါကစ္စတန်၊ အီရန်၊ တရုတ်၊ မြောက်ကိုရီးယား၊ အာဖဂန်နစ္စတန်၊ အီရတ် ဇင်ဘာဘွေစတဲ့နိုင်ငံများနှင့် ခေါင်းဆောင်များအပေါ် အမေရိကန်သံတမန်စပိုင်များရဲ့ မှတ်ချက်တွေက ကာကယံရှင် နိုင်ငံများအတွက် ဒေါသထွက်စရာများ ဖြစ်လာသည်။ ၀ိကိလိခ်စ်ဇာတ်လမ်းက ကမ္ဘာ့အကောင်းဆုံး ဖြစ်ရပ်မှန်စပိုင် ၀တ္ထုကြီးဖြစ်လာသည်။
ဝီကိလိခ်စ်ထဲတွင် မြန်မာနိုင်ငံအတွက်လည်း လျှို့ဝှက်ပေးပို့တဲ့ အချက်အလက် ၁၈၆၄ ပါရှိနေသည်။ ဘာတွေလဲ။ ရှေ့တွင် သံတမန်၊ နောက်တွင် စပိုင်လုပ်နေတဲ့ အမေရိကန်သံအမှုထမ်းတွေ စစ်အစိုးရအပေါ် ဘာပြောမလဲ။ ယတ်တောကိစ္စ ဘာတွေ ဖြစ်ခဲ့သလဲ။ ဒေါ်အောင်ဆန်းစုကြည်နှင့် အတိုက်အခံတို့အပေါ် ဘာဝေဖန်ချက်ပေးမလဲ။ သူ့တို့အကျိုးစီးပွားက ဘာဖြစ်မလဲ။ တရုတ်ကို ကျားကန်ဖို့ မြန်မာနိုင်ငံကို ဘယ်လိုကစားမလဲ။ ထိုလျှို့ဝှက်အထုတ်များ
အမေရိကန်အနေနှင့် အရှက်လုံးကွဲရုံမက သူ့ရဲ့စစ်ရေး နိုင်ငံရေးဖုံးဖုံးဖိဖိကိစ္စများ အခု တစ်ကမ္ဘာလုံး ၀က်ဝက်ကွဲ သိကုန်ပြီ။ အမေရိကန်ဘဏ်တွေရဲ့ လျှို့ဝှက်အချက်လက်များ မကြာမီ ၀ိကီလိခ်စ်က ဖွင့်ချတော့မည့်အတွက် စတော့ဈေးများ ထိုးစိုက်ကျနေသည်။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုး ဘန်ကီမွန်းခင်မျာလည်း အမေရိကန်သံတမန်များစွာက အတင်းအပင်းပေါင်းများစွာဖြင့် စပိုင်လိုက်ခံထားရသောကြောင့် သံတမန်အလုပ်နှင့် စပိုင်အလုပ် ခွဲလုပ် ကြဖို့ ဗြောင်ဖွင့်မေတ္တာရပ်ခံရတော့သည်။
ဇာတ်လမ်းကမပြီးသေး။ ၀ိကိလိခ်စ်မှ ယိုစိမ့်ထွက်လာတဲ့ ဖိုင်များ တစ်ဖိုင်ချင်းတစ်စချင်း ဖွကြတာနဲ့အမျှ နိုင်ငံတစ်ခုချင်း အလိုက် ပြဿနာများက မီးခိုးကြွက်လျှောက်။ အမေရိကန်အစိုးရကတော့ ၀ိကိလိခ်စ် တည်ထောင်သူ ဂျူလီယန် အက်စ်ဆန်း (Julian Assange) ကိုအသေသတ်ချင်နေသည်။ ၉/၁၁ အကြမ်းဖက်မီးမွှေးသူ အိုစမာဘင်လာဒင် ပြီးရင် ဒုတိယရန်သူတော်စာရင်း သွင်းလိုက်ပြီ။ ထုံးစံအတိုင်း အမေရိကန်တို့က သူတို့ပိုင်ရာနိုင်ရာ နိုင်ငံတကာရဲအဖွဲ့ (Interpol) နှင့် အက်စ်ဆန်းကို ဖမ်းဝရမ်းထုတ်လိုက်ပြီ။ အမေရိကန်ကြီး ရှက်ရမ်းရမ်း စိတ်ဆိုးပြီဆိုတော့ အက်စ်ဆန်းကို ဘယ်နိုင်ငံမှ အခု လက်ခံမထားရဲတော့။ ၀ိကိလိခ်စ် တည်ထောင်သူ ဖခင်ကြီး ဟတ်ကာ အက်စ်ဆန်း ဘယ်ရောက်နေပြီလဲ၊ သူဘယ်သူလဲ။
ဂျူလီယန် အက်စ်ဆန်း
ဂျူလီယန် အက်စ်ဆန်းကို ဩစတြေးလျနိုင်ငံ ပြဇာတ်လုပ်ငန်း လုပ်ကိုင်သူ မိဘနှစ်ဦးမှ မွေးဖွားခဲ့ပြီး ယခု အသက် ၃၉ နှစ်ရှိပြီဖြစ်သည်။ သူ့အမေက အင်မတန်ဥာဏ်ရည်မြင့်တဲ့ကလေးဟု သူ့အကြောင်း ပြန်ပြောပြသည်။ သူမက ၁၉၈၇ ခုနှစ်၊ အက်စ်ဆန်း ၁၆နှစ်သား အရွယ်တွင် Commodore 64 ကွန်ပျူတာကြီးတစ်လုံး ၀ယ်ပေးလိုက်သည်။ အက်စ်ဆန်းက သူ့ကွန်ပျူတာအတွက် အင်တာနက်ချိတ်ဖို့ modem တစ်ခုဝယ်ပြီးနောက် ကမ္ဘာကွန်ပျူတာကွန်ယက်ကြီးထဲကတဆင့် သူခရီးစတင်ပါတော့သည်။
“စစ်တုရင် ကစားရသလိုပဲ၊ အင်တာနက်ပေါ်မှာ မွှေနှောက်ရတာ သိပ်စိတ်ဝင်စားဖို့ကောင်းတယ်၊ ပုစ္ဆာတွေအားကြီးပဲ” ဟု အက်စ်ဆင်းခ်ျက နယူးယောခ့်ကာ မဂ္ဂဇင်းကို တစ်ခါက ပြောပြဖူးသည်။ သူ့မိခင်က သူ့သားကို မည်သည့်ဘာသာရေး ဩဇာအောက်မှာမှ မထားပေမယ့် အက်စ်ဆန်းဟာ သိပ်နူးညံကြောင်း၊ ပျော်ပျော်နေတတ်ကြောင်း၊ တိရိစ္ဆာန်တွေနဲ့ စကားပြောနေတတ်ကြောင်း၊ မြင်သလိုထင်သလို လုပ်ချင်တဲ့စိတ်ပြင်းပြကြောင်း ပြောသည်။ ဩစတြေးလျ မဲလ်ဘုန်း တက္ကသိုလ်တွင် သင်္ချာနှင့် ရူပဗေဒ အထူးပြုလေ့လာခဲ့သည်။
အက်စ်ဆန်းက အင်မတန် မိုးပြန်အောင် ပွေလီရှုပ်ထွေးနေတဲ့ ကွန်ပျူတာစနစ်များကို ထွင်းဖောက် (hack) နိုင်သူဖြစ်သည်။ စာကြီးပေကြီးများလည်း အရူးအမူးဖတ်သည်။ အာဖရိကခရီးထွက်ရတာ အနှစ်ခြိုက်ဆုံးဟု ပြောတတ်သည်။ အသက် ၁၈နှစ်တွင် အိမ်ထောင်ပြုခဲ့ပြီး ကလေးတစ်ယောက်ရခဲ့သည်။ သူနှင့်ဆက်ဆံရေး မပြေလည်မှုကြောင့် ဇနီးသည်က ကလေးငယ်ခေါ်ပြီး သူ့ကိုပစ်သွားခဲ့သည်။
ဩစတြေးလျတွင် ဘဏ်အကောင့် ၃၁ ခု ဟတ်ခ် လုပ်ခြင်းကြောင့် တရားစွဲခံရပြီး ငွေအနည်းငယ်လျော်ကြေးပေး လွတ်မြောက်ခဲ့သည်။ နောက်ပိုင်း သူ့အာရုံပြောင်းလာသည်။ အစိုးရတွေရဲ့ အားနည်းချက်တွေ အမှားတွေကို အင်တာနက်ပေါ်ကနေ ဖွင့်ချမယ့် ပရောဖက်ရှင်နယ် ဟတ်ကာ ဖြစ်ဖို့ကြိုးစားလာသည်။ သူ့ဘလော့ဂ် IQ.org မှာ လူသိများပြီး သင်္ချာ၊ ဖလော်ဆော်ဖီကနေ အီရန်အစိုးရ စင်ဆာ တားမြစ်မှုအထိ သူ့အမြင်မျိုးစုံ ရေးထားသည်။
၂၀၀၆ ခုနှစ်တွင်တော့ နိုင်ငံရေးလှုပ်ရှားသူတစ်ပိုင်း၊ ဂျာနယ်လစ်တစ်ပိုင်း ပိုးဝင်ပြီး WikiLeaks ကို စတင်ထူထောင်သည်။ အအိပ်မေ့ အစားမေ့ဖြင့် အလုပ်လုပ်သည်။ ၀န်ထမ်းအနည်းငယ်၊ ဗော်လန်တီယာ အချို့ဖြင့် သူ့အလုပ် သဲကြီးမဲကြီး လုပ်တော့သည်။ နိုင်ငံပေါင်းစုံခရီးထွက်ပြီး ကွန်ပျူတစ်လုံး ကျောပိုးအိတ်တစ်လုံးဖြင့် ကြုံရာကျပန်း အိတ်တတ်သူ၊ ဖြစ်သလို နေတတ်သူ ဖြစ်သည်။
ဝိကိလိခ်က အစိုးရများ၊ ကော်ပိုရေးရှင်းများ၊ ကျော်ကြားသူများရဲ့ အတွင်းသတင်းအနံပေါင်းစုံကို အတိအကျကို နှိုက်ဖော်ပြခြင်းဖြစ်သည်။ အချက်အလက် အင်ဖော်မေရှင်းတွေက အတိအကျပါလား၊ ဘယ်ကရလဲ သူ့ကိုမေးရင် ဘယ်တော့မှ ပြန်မဖြေတာက သူ့စရိုက်သဘ၀။
အက်စ်ဆန်းက CNN အင်တာဗျူးတွင် ပြောပြဖူးတာ ရှိသည်။ “လူတွေက ၀ိကိလိခ်စ်က လုံးဝမှန်ကန် ယုံကြည်ရတဲ့ သတင်းအချက်အလက်တွေပေးတယ်လို့ ယုံကြည်လာကြတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့က သတင်းဇာတ်လမ်းတွေရဲ့ မူလအချက်အလက်ရင်းမြစ်တွေ (primary source) တွေကို ချပေးနိုင်လို့၊ ပြီးမှ အဲဒီ့အချက်အလက်တွေပေါ် သုံးသတ်ရေးကြတာ။ primary source မပါဘဲ ဘယ်တော့မှ ရမ်းဖော်ပြတာ မရှိဘူး။ ဒါကြောင့် ကျနော်တို့ကို ယုံကြတာပေါ့” ဟု ပြောထားသည်။ တကယ်လည်း သူက ဖွက်ထားတဲ့ မူလရင်းမြစ် အနှိုက်ကောင်းသူ။
ယခုနှစ် ဇူလိုင်တွင် အာဖဂန်စစ်ပွဲနဲ့ပတ်သက်တဲ့ လျှို့ဝှက်အထောက်အထား ၉၀၀၀၀ ကျော်အထိ သူ့ဝဘ်ဆိုဒ်က ထုတ်ဖြန့်ခဲ့သည်။ အမေရိကန်သမိုင်းတွင် ပထမဆုံး ထောက်လှမ်းရေး အချက်အလက် ယိုစိမ့်မှုကြီး စဖြစ်ခဲ့ခြင်း ဖြစ်သည်။ အောက်တိုဘာတွင် ၀ီကိလိခ်စ်က အီရက် စစ်ပွဲနဲ့ပတ်သက်တဲ့ အထောက်အထားတွေဖိုင်တွေ ထပ်ထုတ်သည်။ သံတမန်ဆိုင်ရာ အချက်အလက်ပေါင်း ၂၅၀၀၀၀ ၀ဘ်ဆိုဒ်ပေါ် တင်ပေးခဲ့ပြန်သည်။
သာမန် လူထုကတော့ ၀ီကိလိခ်စ် ကို လွတ်လပ်စွာ ပြောဆိုခွင့်အတွက် ချီးကျူးထောပနာကြသည်။ သို့သော် အိမ်ဖြူတော်၊ ပင်တဂွန်အပါအ၀င် အစိုးရအများစုက ကမ္ဘာ့လုံခြုံရေး ဖျက်လိုဖျက်ဆီး လုပ်နေတဲ့ ၀ဘ်ဆိုဒ်ဟု သတ်မှတ်ပြီး အက်စ်ဆန်းကို အမျိုးမျိုးခြိမ်းခြောက်ထားမှုများ ရှိခဲ့သည်။
အက်စ်ဆန်းကို ချစ်သူ မုန်းသူများအကြား ဗျာများလွန်ဆွဲနေကြသည်။ သူ့ကျော်ကြားမှုအတွက် တိုင်းမ် မဂ္ဂဇင်းက ဒစ်ဂျစ်တယ်ခေတ်ရဲ့ တစ်နှစ်တာ အထူးချွန်ဆုံးပုဂ္ဂိုလ်ဆု ချီးမြှင့်လိုက်သည်။ တဆက်ထဲ သူ့အရိပ်မည်းက နောက်က လိုက်လာသည်။ ဆွီဒင်နိုင်ငံတွင် လိင်ရာဇ၀တ်မှု ကျူးလွန်ခဲ့သည်ဆိုပဲ။ စတော့ဟုမ်း တရားရုံးက မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်မှုအတွက် အက်စ်ဆန်းကို ဖမ်းဝရမ်းထုတ်လိုက်ပြီ။ ပြစ်မှုမြောက်လျှင် နှစ်နှစ် ထောင်ဒဏ်ကျခံရမည်။ အင်တာပိုလ် ကလည်း လိုက်နေပြီ။ အားလုံးကတော့ သိနေသည်။ အမေရိကန် နောက်ကွယ်မှာ ရှိနေတယ်ဆိုတာ။
အက်စ်ဆန်းရဲ့ ခံယူချက်နှင့် သီအိုရီကတော့ ရှင်းနေသည်။ တစ်ကမ္ဘာလုံး လုံးဝလုံးဝ ပွင့်လင်းမြင်သာရေး (total transparency) ရှိဖို့၊ လွတ်လပ်စွာ ပြောဆိုခွင့်ရှိဖို့တဲ့။
သူ့အတွက် ပြဿနာ ရှိရှိမရှိထက်၊ အမေရိကန်အတွက်တော့ အကျပ်ရိုက်ကုန်သည်။ ရုရှားနိုင်ငံကို မာဖီးယားနိုင်ငံဟု အမေရိကန်က နောက်ကွယ်မှ သတ်မှတ်ထားတာ ပေါ်သွားပြီ။ အာဖဂန် စစ်ရေးလျှို့ချက်များ ပေါ်ကုန်ပြီး၊ ကာဇိုင်းအစိုးရအပေါ် အမေရိကန် အယုံအကြည်မရှိတာ ထင်ရှားနေသည်။ လက်နက်အရောင်းအ၀ယ်ကိစ္စ မူးယစ်ဆေးဝါးကိစ္စတွေ ရှိနေသည်။ စင်္ကာပူဝါရင့်ဝန်ကြီး လီကွမ်ယူက အာစီယံထဲတွင် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုတို့မှာ တရုတ်အင်ဖော်မာများ ဖြစ်နေကြောင်း၊ အစည်းအဝေးလုပ်ပြီး နာရီအနည်းငယ်အတွင်း တရုတ်သတင်းပေးလုပ်နိုင်ကြောင်း ဖွင့်ချထားတာ ပါနေသည်။ ဒေသအသီးသီးရှိ အမေရိကန် သံတမန်များအဖို့လည်း မျက်နှာပျက်စရာဖြစ်နေသလို အသက်အန္တရာယ် စိုးရိမ်စရာများ ရှိနေသည်။
ဝီကိလိခ်စ်ထဲတွင် မြန်မာနိုင်ငံအတွက်လည်း လျှို့ဝှက်ပေးပို့တဲ့ အချက်အလက် ၁၈၆၄ ပါရှိနေသည်။ ဘာတွေလဲ။ ရှေ့တွင် သံတမန်၊ နောက်တွင် စပိုင်လုပ်နေတဲ့ အမေရိကန်သံအမှုထမ်းတွေ စစ်အစိုးရအပေါ် ဘာပြောမလဲ။ ယတ်တောကိစ္စ ဘာတွေ ဖြစ်ခဲ့သလဲ။ ဒေါ်အောင်ဆန်းစုကြည်နှင့် အတိုက်အခံတို့အပေါ် ဘာဝေဖန်ချက်ပေးမလဲ။ သူ့တို့အကျိုးစီးပွားက ဘာဖြစ်မလဲ။ တရုတ်ကို ကျားကန်ဖို့ မြန်မာနိုင်ငံကို ဘယ်လိုကစားမလဲ။ ထိုလျှို့ဝှက်အထုတ်များ ဖြေဖို့ အားလုံး စောင့်မျှော်နေကြသည်။
ရည်ညွှန်း။ CNN, the New York Times
www.maukkha.orgမှ1 ဗိုလ်ခင်ညွန့် အပိုင်း (၂) အသံ ဧည့်ခန်းမှာ စကားပြောတဲ့ အပိုင်း နားဆင်နိုင်ပါပြီ
ဗိုလ်ခင်ညွန့် အပိုင်း (၂) အသံဧည့်ခန်းမှာ စကားပြောတဲ့အပိုင်း ဆက်လက်နားဆင်နိုင်ပါပြီ...
ဆံပင်တောင် သူ့ဟာသူညှပ်ရတာဆိုတဲ့ အပိုင်းပါ။ဖိုင်မှာ error တက်နေလို့ တခါတည်းမတင်လိုက်နိုင်တာကို ခွင့်လွှတ်ပါမည်သူမဆို Share နိုင်ပါတယ်။ကျန်အပိုင်းများကိုလည်း ထပ်ပြီးတော့တင်ပေးပါမည်။
Ye Thurein Min
0 “လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်”
လွတ်လပ်တဲ့အာရှအသံက စီစဉ်တင်ဆက်သော
အပတ်စဉ် အမေး အဖြေ အစီအစဉ် (ဒီဇင်ဘာ ၃ရက်၊ ၂၀၁၀)
(မိုးမခ)
ပြည်တွင်း၊ ပြည်ပ ဆက်သွယ်ရေး ကောင်းမှသာလျှင် အားလုံးက နေပြီးတော့ ကွန်ယက်ကြီး သဖွယ် ဒီမိုကရေစီ ရရှိရေးအတွက် ဆောင်ရွက်သွား နိုင်မယ်လို့ ယုံကြည်တာကြောင့် မို့လို့၊ ပြည်တွင်း၊ ပြည်ပ ဆက်သွယ်ရေး လမ်းကြောင်းတွေ ကောင်းအောင်လို့ တတ်နိုင်သမျှ လူငယ်များက ကူညီပေးပါလို့ မေတ္တာရပ်ခံ ချင်ပါတယ်။
မေးခွန်းမေးသူ။ ။ ဦးပညာဇောတ (သံဃာ့တပ်ပေါင်းစု ပြည်ပတာဝန်ခံဆရာတော်)
Q: ဒီနေ့၊ ဒီအချိန်၊ ဒီကာလမှာ ပြည်သူ၊ ပြည်သားတွေက နေပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို အကြွင်းမဲ့ ယုံကြည်နေတယ်။ အကြွင်းမဲ့ လေးစားနေတယ်။ ကုလသမဂ္ဂကိုတော့ အားကိုးနေလို့ ဖြစ်မှာမဟုတ်ပါဘူး။ ဒါကြောင့် ကုလသမဂ္ဂမပါဘဲနဲ့ ကိုယ့်နိုင်ငံ ပြောင်းလဲရေး ကိစ္စကို ဒကာမကြီးအနေနဲ့ ဘယ်လို ပုံစံနဲ့ လုပ်ရင် ကိုယ့်နိုင်ငံမှာ အမြန်ဆုံး ပြောင်းလဲနိုင်မလဲ ဆိုတဲ့နည်းကို စဉ်းစားပြီးတော့ ပြည်သူတွေနောက်က လိုက်နိုင်အောင် အဲဒီနည်းကို အဲ နည်းနည်းလေး ချပြရင် ပိုကောင်းမယ်လို့ ထင်ပါတယ်။ အဲဒီ နည်းလမ်းများ ရှိရင် ဦးဇင်းတို့ကို ပြောပြစေချင်ပါတယ်။
A: တပည့်တော်မတို့ရဲ့ နိုင်ငံ ကောင်းကျိုးအတွက် ပြည်သူပြည်သားတွေက အဓိကလုပ်ရမှာ ဆိုတာ တပည့်တော်မတို့ လက်ခံပါတယ် ဘုရာ့။ ဒါပေမယ့်လည်း ဒီလိုလုပ်တဲ့နေရာမှာ ကုလသမဂ္ဂရဲ့ အကူအညီကိုလည်း ရနိုင်သလောက် ရအောင် ယူတာတော့ မမှားဘူးလို့ ထင်ပါတယ်ဘုရာ့။ အခု တပည့်တော်မတို့ ပြည်တွင်းက နေပြီးတော့ နိုင်ငံသူ နိုင်ငံသားတွေ၊ ပြည်ပက နေပြီးတော့ တပည့်တော်မတို့ရဲ့ နိုင်ငံသူ နိုင်ငံသားများသာမက၊ တပည့်တော်မတို့ကို ထောက်ခံအားပေးတဲ့ သူတွေ အားလုံးဟာ၊ ကွန်ယက်ကြီး တခုလို ဒီမိုကရေစီအတွက် လှုပ်ရှားသွားကြမယ်ဆိုရင် အမြန်ဆုံး အောင်မြင်နိုင်မယ်လို့ တပည့်တော်မ ယုံကြည်ပါတယ်။ ဒီလို ကွန်ယက်ကြီးတခု ဖွဲ့ဖို့ဆိုတာဟာတော့၊ အဓိကကတော့ ဆက်သွယ်ရေး လမ်းကြောင်း ပါပဲ ဘုရာ့။ ဒါကြောင့်မို့လို့ တပည့်တော်မတို့လဲ တတ်နိုင်သမျှ ပြည်ပ၊ ပြည်တွင်းအားလုံး ဆက်သွယ်မှု လမ်းကြောင်းတွေ ရှိအောင်လို့ ကြိုးစားနေပါတယ် ဘုရာ့။
မေးခွန်းမေးသူ။ ။ မဇိုရာဖန်း (အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့နေ မြန်မာ့အရေးလှုပ်ရှားနေသူ လူငယ်တဦး)
Q: အခြားနိုင်ငံတွေမှာ ရောက်ရှိနေတဲ့ လူငယ်တွေပေါ့နော်၊ ကျမတို့ တိုင်းပြည်အတွက် ဘယ်လို အဓိက အားဖြည့်၊ အတတ်နိုင်ဆုံး ဆောင်ရွက် ပေးလို့ရမလဲဆိုတာကို ဒေါ်စုက ဘာအကြံဉာဏ်တွေ ပေးချင်လဲ ပေါ့နော် အဲဒါ ကျမ မေးချင်တာပါ။ A: မဇိုရာနဲ့ တခြား မြန်မာလူငယ်တွေ နိုင်ငံခြားမှာ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးအတွက် ကြိုးပမ်းမှုတွေ အကြောင်းကို အမြဲကြားနေရပါတယ်။ ဒီလိုပဲ ဆက်ပြီးတော့ ကြိုးပမ်းသွားကြမယ် ဆိုလို့ရှိရင် အင်မတန်မှ ကောင်းပါတယ်။ ပိုပြီးတော့ ထိထိရောက်ရောက် ဘယ်လိုလုပ်မလဲ ဆိုတာကတော့ ကိုယ့်ဟာကိုယ် တယောက်ချင်း တယောက်ချင်း စဉ်းစားရမှာပေါ့။ အခုအချိန်မှာ ဆိုရင်တော့ ပြည်တွင်း ပြည်ပ ဆက်သွယ်ရေးက သိပ်ပြီးတော့ အရေးကြီးတယ်လို့ ထင်ပါတယ်။ စောစောက ဖြေခဲ့တဲ့ အတိုင်းပဲ ပေါ့နော်၊ ပြည်တွင်း၊ ပြည်ပ ဆက်သွယ်ရေး ကောင်းမှသာလျှင် အားလုံးက နေပြီးတော့ ကွန်ယက်ကြီး သဖွယ် ဒီမိုကရေစီ ရရှိရေးအတွက် ဆောင်ရွက်သွား နိုင်မယ်လို့ ယုံကြည်တာကြောင့် မို့လို့၊ ပြည်တွင်း၊ ပြည်ပ ဆက်သွယ်ရေး လမ်းကြောင်းတွေ ကောင်းအောင်လို့ တတ်နိုင်သမျှ လူငယ်များက ကူညီပေးပါလို့ မေတ္တာရပ်ခံ ချင်ပါတယ်။
မေးခွန်းမေးသူ။ ။ မဇင်မာဝင်း (အင်္ဂလန်နိုင်ငံတွင် ပညာသင်ကြားနေသော မြန်မာ့အရေးလှုပ်ရှားနေသူ၊ BBC Member တဦး)
Q: သမီးတို့အနေနဲ့ ပေါ့နော် အန်တီရဲ့ ပြောဆိုဆုံးမချက်တွေကို အမြဲတမ်း နားထောင်တယ်၊ အန်တီနဲ့ အချိတ်အဆက် အမြဲတမ်းရအောင် ဘယ်လိုများ၊ ကြိုးပမ်းဆောင်ရွက် နိုင်မလဲပေါ့နော်။ သမီးတို့ ပြည်ပကနေ ပြီးတော့ ဒီထက်ပိုပြီးတော့ ထိရောက်အောင် ဘယ်လိုများ လုပ်ပေးနိုင်မလဲ ပေါ့နော်၊ အန်တီ တဆိတ်လောက် သမီးကို ဖြေကြားပေးပါလားရှင်။
A: သမီးရဲ့မေးခွန်းကလေ မဇိုရာရဲ့ မေးခွန်းနဲ့ ဆင်တူယိုးမှား ပါပဲနော်။ အဲဒါကြောင့်မို့လို့ ဒီအချိတ်အဆက်တွေ ရအောင်ဆိုတာ သမီးတို့က ပိုပြီးတော့ လုပ်ပေးရမှာပေါ့။ ပြည်ပက လူတွေက၊ ပြည်တွင်းက လူတွေထက် ပိုပြီးတော့ ဒီလိုဆက်သွယ်ရေးလမ်းကြောင်းတွေ ကောင်းအောင် လုပ်ပေးနိုင်တဲ့ အခြေအနေမှာရှိတယ်လေ။ ဒါကြောင့်မို့လို့ အန်တီတို့နဲ့ ဆက်သွယ်ချင်တယ် ဆိုလို့ရှိရင် သမီးတို့ကနေပြီးတော့ နည်းအမျိုးမျိုး ရှာပြီးတော့၊ ဆက်သွယ်ပါ။ အန်တီတို့ကလဲ ဒီဘက်က နေပြီးတော့ နည်းအမျိုးမျိုး ရှာပြီးတော့ ဆက်သွယ်နေပါတယ်။ အခု ဒီလို အစီအစဉ်ကနေ ပြီးတော့ သမီးတို့ကို ဖြေနေတယ် ဆိုတာလဲ ဒီလိုနည်း တမျိုးပါပဲ။ အဲဒီတော့ လူငယ်တွေက နေပြီးတော့၊ အကြံဉာဏ် အမျိုးမျိုး ပေးကြပါ။ လူငယ်တွေရဲ့ အသံတွေကို ကြားချင်ပါတယ် ဆိုတာ။ အဲဒီဟာတွေလဲ ပါပါတယ်။
မေးခွန်းမေးသူ။ ။ မတင်သူဇာဆွေ (အင်္ဂလန်နိုင်ငံတွင် မဟာသိပ္ပံဘွဲ့အတွက် ပညာသင်ကြားနေသော ကျောင်းသူတဦး)
Q: အခု Election ကလည်းပြီးသွားပြီ၊ ကြံ့ဖွတ်ပါတီကိုလဲ အနိုင်ရတယ်လို့ ဒီအစိုးရက ကြေညာလိုက် ပါပြီ။ အဲဒီ အတွက်ကြောင့် သုံးလအတွင်းမှာ ဒီ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရဆိုရင် ပါလီမန်ကို ခေါ်ရတော့မယ်ပေါ့နော်။ ပါလီမန်ခေါ်လိုက်တဲ့အခါ ဒီ ၂၀၀၈ခုနှစ်မှာ ရေးဆွဲထားတဲ့ ဒီ Constitution က အသက်ဝင်သွားပြီလို့ သမီးက နားလည်ထားပါတယ်။ အဲဒီအတွက်ကြောင့် အခုလို စစ်အာဏာရှင်စနစ်ကို ဘက်လိုက်ရေးဆွဲထားတဲ့ ဒီ Constitution ကို အသက်မဝင်အောင် ဘယ်လိုကြိုးစားသွားရမလဲ။ အန်တီစု အနေနဲ့ ဘယ်လို ကြိုးစားသွားမလဲ ဆိုတာကို သိချင်ပါတယ်။
A: အန်တီတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ အစကတည်းက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ နိုင်ငံအတွက် ဒီပုံစံ အတိုင်းပဲ ဆိုလို့ရှိရင်တော့ မသင့်တော်ပါဘူး ဆိုတာ ပြောခဲ့ပါတယ်။ အဲဒါကြောင့် မို့လို့ အဲဒီ ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲက မသင့်တော်တဲ့ အချက်တွေကို ပြန်ပြီးတော့ ပြင်ဖို့ ဆိုတာဟာ၊ အားလုံး ဝိုင်း ကြိုးစားရမှာပါ။ အန်တီတို့ အနေနဲ့လည်း ဆက်ပြီးတော့ ကြိုးစားသွားမှာပါ။ အန်တီတို့က ဒီ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို မသင့်တော်ဘူးလို့ ပြောတဲ့နေရာမှာ၊ တစု တဖွဲ့တည်းအတွက် ပြောနေတာ မဟုတ်ပါဘူး။ အားလုံးအတွက်ပါ။ ဒီထဲမှာပါတဲ့ တချို့အချက်အလက်တွေဟာ တိုင်းပြည်အတွက် မကောင်းသလို၊ တပ်မတော် အတွက် မကောင်းတာတွေလည်း ပါပါတယ်။ အဲဒါတွေကို အားလုံးပြန်ပြီးတော့ ဆွေးနွေး ညှိနှိုင်း ပြီးတော့၊ ပြေလည်အောင်လို့ ပြန်ပြီးတော့ ပြုပြင် ဖြေရှင်းစေချင်ပါတယ်။ အဲဒီလိုလုပ်တဲ့နေရာမှာ ပြည်သူတွေရဲ့ ထောက်ခံမှု အင်အားနဲ့ အန်တီတို့က ဆက်ပြီးတော့ ကြိုးစားသွားမှာပါ။ အဲဒီကြိုးစားတာကိုလည်း သမီးတို့တွေက နေပြီးတော့ သမီးတို့ရဲ့ ဉာဏ်စွမ်း၊ ကိုယ်စွမ်း၊ စိတ်ဓါတ်စွမ်း၊ အားလုံးနဲ့ ဝိုင်းပြီးတော့ ကူညီပေးကြမယ်ဆိုတာ အန်တီတို့ ယုံကြည်ပါတယ်။ အဲဒီတော့ အန်တီတို့ ယုံကြည်တဲ့အတိုင်းပဲ သမီးတို့ ကူညီပေးကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်။
မေးခွန်းမေးသူ။ ။ မအိချော (ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့)
Q: သမီးတို့ရဲ့ နိုင်ငံဟာ သူများတကာ နိုင်ငံမျိုးလို လွတ်လွတ်လပ်လပ် ပြည့်ပြည့်စုံစုံ ဖြစ်လာနိုင်ဖို့ အလားအလာ ရှိလာနိုင်ပါသလား။ သမီးတို့ မြန်မာနိုင်ငံသား အားလုံးရဲ့ မျှော်လင့်ချက် အားလုံးဟာ အန်တီစု ဖြည့်ဆည်းပေးနိုင်မယ်လို့ သမီးတို့ထင်ပါတယ်။ နောက်ပြီး အဲလိုမျိုး လွတ်လပ်တဲ့ နိုင်ငံတနိုင်ငံ ရရှိဖို့၊ ချုပ်ခြယ်မှုတွေဘာတွေ မရှိဖို့၊ အန်တီစုက လုပ်ပေးနိုင်မယ်လို့ သမီးတို့ထင်ပါတယ်။ မျှော်လင့်လဲ မျှော်လင့်တယ်။ ယုံကြည်လဲ ယုံကြည်ပါတယ်။
A: တခြားတိုးတက်တဲ့ နိုင်ငံတွေလို အန်တီတို့ နိုင်ငံဟာလည်း တိုးတက်နိုင်မယ်။ လွတ်လွတ်လပ်လပ် ရှိနိုင်မယ်ဆိုတာ ယုံကြည်ပါတယ်။ ဒါပေမယ့် ဒီလိုဖြစ်နိုင်ဖို့ဆိုတာဟာ နိုင်ငံသူ နိုင်ငံသား အားလုံးက နေပြီးတော့၊ တာဝန်သိသိနဲ့ ပါဝင်ဖို့ လိုပါတယ်။ နိုင်ငံသူ နိုင်ငံသားတွေဟာ ကိုယ့်ရဲ့ အင်အားကို ကိုယ်နားလည်ဖို့ လိုပါတယ်။ ကိုယ်ဟာ အင်အားမဲ့တဲ့လူတွေ မဟုတ်ပါဘူး။ အင်အားရှိတဲ့သူတွေပါ ဆိုတာ အဲဒါကို အဓိက ယုံကြည်ပြီးတော့၊ ကြိုးပမ်းကြဖို့၊ ကြိုးစားကြဖို့၊ အားထုတ်ကြဖို့ လိုပါတယ်။ အန်တီတယောက်တည်း လုပ်ပေးလို့ မရပါဘူး။ တကယ် အရေးကြီးတဲ့ အရာဆိုတာဟာ လူတယောက်တည်း လုပ်လို့ ဘယ်တော့မှ မရပါဘူး။ ဒီတော့ အန်တီတို့ နိုင်ငံအတွက် ဒီနိုင်ငံ တိုးတက်ဖို့၊ လွတ်လပ်ဖို့၊ တကယ့်ကို သာယာဖို့၊ အေးချမ်းဖို့ ဆိုတာဟာ နိုင်ငံသူ၊ နိုင်ငံသားအားလုံးရဲ့ တာဝန်ဖြစ်သလို၊ နိုင်ငံသူ၊ နိုင်ငံသားအားလုံးရဲ့ လုပ်အားကို လိုပါတယ်လို့ အန်တီပြောပါရစေ။
မေးခွန်းမေးသူ။ ။ ကိုပန်းမောင် (ခေါ်) Calvin (ဆန်ဖရန်စစ်စကိုမြို့၊ အမေရိကန်နိုင်ငံ)
Q: နိုင်ငံခြားအစိုးရတွေက မြန်မာပြည် ဒီမိုကရေစီရအောင် ကြိုးပမ်းနေကြတာ ကျနော်တွေ့ရတယ်။ ဒါပေမယ့် မြန်မာပြည်အစိုးရကို ထောက်ပံ့နေတဲ့ တရုတ်အစိုးရကို Pressure ပေးဖို့၊ အဲဘက်အပိုင်းမှာ သိပ်မရှိဘူးလို့ ကျနော်တွေ့ရတယ်။ အဲဒါကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမြင်ဘယ်လိုရှိလဲ ဆိုတာ ကျနော်သိချင်တယ်။ တရုတ်အစိုးရရဲ့ ထောက်ပံ့မှုကို မြန်မာအစိုးရ ရနေတဲ့အတွက် ဒီ နိုင်ငံခြား Pressure တွေကို သူတို့က အရှုံး မပေးဘဲနဲ့ ပြည်သူလူထုကို ဆက်ပြီးတော့ နှိပ်စက်နေတာပေါ့နော်။ အဲဒါကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမြင် ဘယ်လိုလဲ မြင်လဲပေါ့နော်။
A: မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံဟာ အိမ်နီးနားခြင်းတွေ ဖြစ်ပါတယ်။ အိမ်နီးနားခြင်း နိုင်ငံတွေဟာ ခင်ခင်မင်မင်နဲ့ အေးအေးချမ်းချမ်း နေနိုင်ဖို့ဟာ အရေးကြီးပါတယ်။ ကျမတို့ရဲ့ နိုင်ငံရဲ့ အနာဂတ်အတွက် တရုတ်နိုင်ငံဟာ မှန်ကန်တဲ့ နေရာကနေပြီးတော့ ကူညီနိုင်ဖို့ဆိုတာ ကျမတို့အားလုံး ဝိုင်းပြီးတော့ ကြိုးစားတိုက်တွန်း ရမယ့် ကိစ္စတွေပါ။ နောက်ဆုံးကျတော့ ဒီနိုင်ငံရဲ့ အရေးတွေဟာ ဒီနိုင်ငံသူ နိုင်ငံသားတွေ ကြိုးစားပြီး လုပ်ရမယ့် အရေးတွေလို့ အဲသလိုပဲ ကျမမြင်ပါတယ်။ ကျမတို့ဟာ တရုတ်နိုင်ငံနဲ့ ခင်ခင်မင်မင် မိတ်ဆွေသဖွယ်၊ ဒီနိုင်ငံက ပြည်သူပြည်သား အများစု ကောင်းကျိုး အတွက် လုပ်ဖို့ လိုပါတယ်ဆိုတာ ကျမတို့ရဲ့ အိမ်နီးနားချင်းနိုင်ငံကြီး နားလည်အောင်လို့ နည်းအမျိုးမျိုးနဲ့ ကြိုးစားနေပါတယ် ဆိုတာလည်း ပြောပါရစေ။
မေးခွန်းမေးသူ။ ။ မနုနုစော (အီတလီနိုင်ငံတွင် ပညာသင်ကြားနေသူ)
Q: မြန်မာပြည် ဒီမိုကရေစီ နိုင်ငံအဖြစ် ပြောင်းလဲဖို့ မဝေးတော့ဘူးလို့ ယူဆရတဲ့ အချိန်မှာ၊ ပြည်သူလူထုရဲ့ လွတ်လပ်ပျော်ရွှင်ခြင်းကို တွေးမိပြီးတော့ အန်တီ့ကို ဒီမေးခွန်းလေး မေးချင်ပါတယ်။ ဘူတန်(Bhutan) ရဲ့ Gross National Happiness အယူအဆကို အနာဂတ်မြန်မာပြည်မှာ တိုင်းပြည်အတွက် ဆီလျော်မယ့် နည်းစနစ် အရ ညှိယူပြီးတော့ ပေါ်လစီ တခုအဖြစ် အသုံးချလို့ရမယ်လို့ အန်တီ ထင်ပါသလား။
A: Gross National Happiness ဆိုတဲ့အဓိပ္ပါယ်ကတော့ နိုင်ငံသူ၊ နိုင်ငံသားများရဲ့ စိတ်အေးချမ်း သာယာမှုကို ရှေ့တန်းတင်တဲ့ အမြင်ပါပဲ။ အဲဒါကို ပေါ်လစီတခု အနေနဲ့ မဟုတ်ဘဲနဲ့ ကျမတို့အားလုံး လိုအပ်တဲ့ အရာတခု အနေနဲ့ မြင်လို့ရှိရင် ပိုပြီးတော့ကောင်းမယ်လို့ ထင်ပါတယ်။ နိုင်ငံတနိုင်ငံမှာ ဆိုလို့ရှိရင် လုံခြုံမှု၊ လွတ်လပ်မှု၊ စီးပွားရေးတိုးတက်မှု၊ အဲဒါတွေအားလုံး ပေါင်းလိုက်တော့မှ အားလုံးရဲ့ စိတ်ချမ်းသာမှုကို ဖြစ်စေတယ် ဆိုတော့၊ Gross National Happiness ဆိုတဲ့ ပြည်သူအမျုား စုပေါင်းလိုက်လို့ ရတဲ့ စိတ်ချမ်းသာမှု တိုင်းတာတဲ့ နည်းနဲ့၊ တိုင်းတာသွားမယ် ဆိုလို့ရှိရင် ပြည်သူတွေကို အလေးထား၊ အဓိကထားတဲ့၊ ပုံစံမျိုး ဖြစ်တာကြောင့်မို့လို့ အင်မတန်မှ လိုလားအပ်တဲ့နည်းတခုပါပဲ။ တိုတိုပြောရမယ် ဆိုလို့ရှိရင်တော့ အန်တီတို့ နိုင်ငံသူ နိုင်ငံသားများအားလုံး ကောင်းကျိုးအတွက် အားလုံးကနေပြီးတော့ ဝိုင်းပြီးတော့ ကြိုးစားသွားနိုင်မယ့် နည်းလမ်းတခုဖြစ်တယ် လို့ပဲ ထင်ပါတယ်။ ဒီတော့ ဘူတန်(Bhutan) မှာလဲ ဒီလို လုပ်နိုင်သလို ကျမတို့ နိုင်ငံမှာလဲ မလုပ်နိုင်စရာ အကြောင်းမရှိပါဘူးလို့ ပြောချင်ပါတယ်။