Thursday, December 9, 2010

0 Venues Protection အကြောင်း သိကောင်းစရာ-
ရေးသူ-ခင်မမမျိုး


အရေးပါပုဂ္ဂိုလ်တွေနဲ့ ခေါင်းဆောင်တွေရဲ့ အသက်အန္တရာယ်ကို ကာကွယ်စောင့်ရှောက်ပေးတဲ့အခါ venues protection အကြောင်းကို သိထားဖို့ လိုအပ်ပါတယ်။ venues ဆိုတာမှာ နေထိုင်ရာ အဆောက်အဦး၊ ရုံးခန်း၊ ဟိုတယ်၊ စားသောက်ဆိုင်၊ ညစာစားပွဲ၊ လူထုအစည်းအဝေး၊ အခမ်းအနား စတာတွေ ပါဝင်ပါတယ်။ venues ပေါ်မှာ အခြေပြုပြီး သက်ရောက်လာနိုင်တဲ့ အန္တရာယ်တွေကတော့ သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခြင်း၊ လူချင်းဝင်လုံးပြီး ဓားဖြင့်ထိုးခြင်း၊ စနိုက်ပါတပ်ဆင်ထားသော သေနတ်ဖြင့် တိုက်ခိုက်ခြင်း၊ ဗုံးဖောက်ခွဲခြင်း၊ မီးရှို့ခြင်း၊ ဓာတုပစ္စည်းများဖြင့် တိုက်ခိုက်ခြင်း၊ ဇီဝပိုးမွှားများဖြင့် တိုက်ခိုက်ခြင်း၊ လူထုအစည်းအဝေးပွဲများတွင် အဓိကရုဏ်းဖြစ်အောင် ပြုလုပ်ခြင်း စတာတွေ ဖြစ်ပါတယ်။ အဓိကရုဏ်းဖြစ်ပြီး ဖရိုဖရဲဖြစ်နေတဲ့ အခြေအနေဆိုတာ ခေါင်းဆောင်ရဲ့ အသက်ကို ရန်ရှာခံနိုင်ရမှု ရာခိုင်နှုန်း အမြင့်မားဆုံး အခြေအနေဖြစ်ပါတယ်။ ဒီအချိန်မှာ ခေါင်းဆောင်ရဲ့ close protection အဖွဲ့ဟာ ဘေးကင်းရာကို ခေါင်းဆောင်ကို အမြန်ဆုံးဆွဲထုတ်သွားနိုင်ဖို့ လိုအပ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ လူထုခေါင်းဆောင်တွေဟာ အခင်းဖြစ်ပွားရာ နေရာဒေသကို မစွန့်ခွာလိုကြပါဘူး။ ဒါကြောင့် close protection အဖွဲ့ခေါင်းဆောင်ဟာ ခေါင်းဆောင်ရဲ့ အမိန့်ကို လိုက်နာဖို့ထက် ခေါင်းဆောင်ရဲ့ အသက်အန္တရာယ်ကို ဦးစားပေးတဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်ဖို့ လိုအပ်ပါတယ်။


venues protection ဆိုင်ရာ အခြေခံအချက်များ


*

စနစ်တကျ ကြိုတင်ပြင်ဆင်မှု ပြုလုပ်ရမည်
*

သွားရောက်မည့် နေရာ၏ အနီးဝန်းကျင် လုံခြုံရေးကို လေ့လာစုံစမ်းရမည်
*

လူထုအစည်းအဝေးများ၊ အဖွဲ့အစည်း အခမ်းအနားများတွင် ၀င်ပေါက်၊ ထွက်ပေါက်များကို စနစ်တကျ သတ်မှတ်ရမည်
*

close protection အဖွဲ့ဝင်မဟုတ်သော မည်သူမဆို ခေါင်းဆောင်အနီးသို့ ကပ်လာပါက သတိထားရမည်။
*

close protection အဖွဲ့ဝင် အချင်းချင်းသာ သိနိုင်သော သင်္ကေတများ ထားရှိရမည်
*

သတ်မှတ်ဝတ်စုံဝတ်ထားသော close protection အဖွဲ့ဝင်များအပြင် undercover အဖွဲ့ဝင်များလဲ ထားရှိရမည်
*

မည်သည့်နေရာသို့သွားသည်ဖြစ်စေ အရေးပေါ်အခြေအနေအတွက် ကြိုတင်စဉ်းစား ပြင်ဆင်ထားရမည်
*

close protection အဖွဲ့ဝင်များ အချင်းချင်း အရေးပေါ်အခြေအနေ ထွက်ပေါက်ကို သတ်မှတ်ထားရှိရမည်
*

အရေးပါပုဂ္ဂိုလ်နှင့် ခေါင်းဆောင်များအား ဖရိုဖရဲအခြေအနေများကြားမှ ဆွဲထုတ်ခေါ်သွားနိုင်မည့် safe haven သတ်မှတ်ချက် ရှိရမည်။


Outer perimeter protection


venues protection မှာ နေရာသတ်မှတ်ချက် နှစ်ခုရှိပါတယ်။ ပထမတခုက သက်ဆိုင်ရာ နေရာရဲ့ ပြင်ပ နဲ့ ၀င်ပေါက်နေရာ (outer perimeter) ဖြစ်ပြီး၊ ဒုတိယတခုက သက်ဆိုင်ရာ နေရာ၊ အဆောက်အဦးအတွင်း (inner perimeter) မှာ ဖြစ်ပါတယ်။


Outer perimeter protection ကို များသောအားဖြင့် advanced team ကို တာဝန်ယူခိုင်းလေ့ရှိပါတယ်။ ဒီတာဝန်ကို ထမ်းဆောင်တဲ့ အဖွဲ့ဝင်များအနေနဲ့

*

အရေးပါပုဂ္ဂိုလ်သွားမယ့်နေရာကို ကြိုတင်ရောက်ရှိပြီး ၀န်းကျင်အနေအထားကို လေ့လာရပါမယ်
*

ကားရပ်မည့်နေရာကို သေချာကြည့်ရှုဖို့ လိုအပ်ပါတယ်
*

အရေးပါပုဂ္ဂိုလ်စီးနင်းလိုက်ပါတဲ့ ကားရဲ့ ယာဉ်မောင်းကို ကားအနီးမှာ အချိန်ပြည့်ရှိစေရပါမယ်။ ယာဉ်မောင်းက တခြားတနေရာကို သွားဖို့ လိုလာရင် တခြားအဖွဲ့ဝင်တယောက်ယောက်က ကားအနီးမှာ သွားနေရပါမယ်
*

လူအ၀င်အထွက်ကို စနစ်တကျ စောင့်ကြပ်ကြည့်ရှုရပါမယ်
*

စောင့်ကြည့်လေ့လာတဲ့နေရာ (observation posts) များ သတ်မှတ်ရပါမယ်
*

အရေးပါပုဂ္ဂိုလ် ပြန်လည်ထွက်ခွာမယ့် ထွက်ပေါက်နဲ့ အနီးဝန်းကျင်လုံခြုံရေးကို သတိပြုရမယ်
*

မီဒီယာ သတင်းထောက်တွေရဲ့ သတင်းထောက် အိုင်ဒီကတ်တွေကို စစ်ဆေးရပါမယ်
*

ကင်မင်ရာ၊ ဗွီဒီယိုစတဲ့ media equipment တွေကို လိုအပ်ရင် ကြည့်ရှုစစ်ဆေးရပါမယ်
*

အရေးကြီးတဲ့ strategic points တွေအားလုံးမှာ ကိုယ့်ဘက်တော်သားတွေပဲ ရှိနေဖို့ ပြင်ဆင်တာဝန်ပေးရပါမယ်။


Inner perimeter protection


Inner perimeter protection နဲ့ ပတ်သက်ပြီး personal escort အဖွဲ့ငယ်ကို တာဝန်ပေးလေ့ရှိပါတယ်။ တာဝန်ရှိသူများဟာအိမ်၊ ရုံး အဆောက်အဦး (သို့မဟုတ်) အခမ်းအနားကျင်းပရာ ကွင်းပြင်အတွင်းရဲ့ လုံခြုံရေးကို ဂရုစိုက်ရပါမယ်
*

အရေးပါပုဂ္ဂိုလ်ရဲ့ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်ရပါမယ်။ သို့ပေမယ့် တကောက်ကောက် ဘေးမှာ လိုက်နေရမှာကို ဆိုလိုတာ မဟုတ်ပါ။ အရေးပါပုဂ္ဂိုလ်နဲ့ မိတ်ဆွေများရဲ့ လွတ်လပ်စွာ လှုပ်ရှားမှုကို အနှောင့်အယှက်ပေးသည်အထိ မပြုလုပ်ရပါ
*

undercover (covert) လုံခြုံရေးတာဝန်ယူသူများကို တာဝန်ပေးဖို့ လိုအပ်ပါတယ်
*

အဆောက်အဦးအတွင်းမှာ safe haven နေရာ သတ်မှတ်ချက် ရှိရပါမယ်


အဆောက်အဦးအား ရှာဖွေခြင်း


လုံခြုံရေးအတွက် အဆောက်အဦးကို ရှာဖွေတဲ့အခါမှာ အပြင်မှ အတွင်းသို့ ရှာဖွေခြင်း၊ အောက်မှ အထက်သို့ ရှာဖွေခြင်း၊ ပုန်းအောင်နိုင်ဖွယ်ရာ နေရာများအား ရှာဖွေခြင်းဆိုပြီး နည်းလမ်း သုံးမျိုး ရှိပါတယ်။ ဒီလိုရှာဖွေတဲ့အခါမှာ ရှာဖွေရေးအဖွဲ့ရဲ့ လူအင်အား လေးပုံတပုံက ပြင်ပမှာ ရှာဖွေရပါမယ်၊ လူအင်အားလေးပုံတပုံက အများပြည်သူတွေ ၀င်ထွက်သွားလာလေ့ရှိတဲ့ နေရာတွေကို ရှာဖွေပြီး၊ ကျန်အင်အားတ၀က်က အဆောက်အဦးမှာ ရှိတဲ့ အခန်းများကို ပတ်စိပ်တိုက်ရှာဖွေရပါမယ်။


ပြင်ပရှာဖွေခြင်း (external searching) ပြုလုပ်တဲ့အခါ အဆောက်အဦးရဲ့ ၂၅ မီတာဝန်းကျင်ကို ရှာဖွေရပါမယ်။ ဒီလိုရှာဖွေတဲ့အခါ ground level အနေနဲ့ အမှိုက်စွန့်ပစ်ရာ နေရာများ၊ ပန်းအိုးများ၊ ရေပန်းများ၊ ရပိုက်များနဲ့ အနီးမှာ ရပ်ထားတဲ့ ကားများကိုပါ စောင့်ကြည့်ရပါမယ်။ ပြီးတဲ့အခါ ground to roof level အနေနဲ့ ပြတင်းပေါက်ဘောင်များ၊ လေအေးပေးစက်များ၊ မီးကြိုးများနဲ့ ခေါင်းမိုးကို ရှာဖွေရပါမယ်။ ဒီလိုရှာဖွေပြီးတာနဲ့ အရေးကြီးနေရာများမှာ လူအ၀င်အထွက် ထပ်မံပြုလုပ်ခြင်းကို တားဆီးခြင်း၊ အစောင့်ချထားခြင်း ပြုလုပ်ရပါမယ်။


အများပြည်သူဝင်ထွက်သွားလာမယ့်နေရာများအား ရှာဖွေခြင်း (searching for public places) ကို ပြုလုပ်တဲ့အခါ ဧည့်ခန်းဆောင်၊ လျှပ်စီးမီး၊ ပန်းအိုး၊ ကုလားထိုင်၊ စားပွဲ၊ မီးသတ်ဗူး၊ ဓာတ်လှေကား၊ ရေအိမ်များ၊ ဗွီဒိုများ၊ စတိုခန်းနဲ့ လျှပ်စစ်သုံးစက်ကိရိယာများကို ရှာဖွေရပါမယ်။


တခန်းဝင်တခန်းထွက် ရှာဖွေခြင်း (room to room searching) ကို ပြုလုပ်တဲ့အခါ ပထမဦးဆုံး အမြင်အာရုံကို အသုံးပြုပြီး လှည့်ပတ်ကြည့်ရပါမယ်။ ပြီးတဲ့အခါ အခန်းထဲမှာ လျှောက်ကြည့်ပြီး ခေတ္တခဏရပ်ခြင်းကို အခါခါပြုလုပ်ရပါမယ်။ ဒီလိုလုပ်ခြင်းအားဖြင့် မူမှန်မဟုတ်တဲ့ အသံတွေကို ကြားရနိုင်ပါတယ်။ အခန်းကို ရှာဖွေတဲ့အခါ searching level လေးဆင့်ရှိပါတယ်။ ပထမတဆင့်က floor to hip level ပါ။ ဒီအဆင့်မှာ ကော်ဇော၊ ကုလားထိုင်၊ စားပွဲ၊ ဗွီဒိုအသေး၊ မီးခလုတ် စတာတွေ ပါဝင်ပါတယ်။ နောက်တဆင့်က hip to eye levelပါ။ ဒီအဆင့်မှာ ဗွီဒိုကြီး၊ မီးခလုတ်၊ လေအေးပေးစက်၊ မီးခလုတ်နဲ့ စာအုပ်စင်စတာတွေ ပါဝင်ပါတယ်။ နောက်တဆင့်ကတော့ eye level to the ceiling ဖြစ်ပါတယ်။ ဒီအဆင့်မှာ အမြင့်မှာတပ်ဆင်ထားတဲ့ လေအေးပေးစက်၊ အသံချဲ့စက်၊ ပန်ကာ၊ မီးကြိုးများ စတာတွေ ပါဝင်ပါတယ်။ နောက်ဆုံးတဆင့်ကတော့ ceiling ဖြစ်ပါတယ်။ ceiling မှာ ရေးထားတဲ့ စာတွေအပါအ၀င် ရှိသမျှကို ကြည့်ရှုစစ်ဆေးရပါမယ်။

ရုံးခန်းလုံခြုံရေး

venues protection မှာ အရေးပါပုဂ္ဂိုလ် ရုံးထိုင်တဲ့ ရုံးခန်းဟာလဲ အလွန်အရေးကြီးပါတယ်။ ရုံးခန်းဟာ အောက်ဆုံးအထပ်မှာ မရှိသင့်ပါဘူး။ အရေးပါပုဂ္ဂိုလ်ရဲ့ရုံးခန်းကို သွားမယ်ဆိုရင် အခြားရုံးခန်းတွေရှေ့က (သို့မဟုတ်) ရုံးသူရုံးသားအများရှိနေသော စားပွဲများရှေ့က ဖြတ်သွားမှသာ ရောက်နိုင်ရပါမယ်။ ရုံးခန်းမှာ ပြတင်းပေါက်တွေရှိရင် ခန်းဆီးများတပ်ရပါမယ်။ အရေးပါပုဂ္ဂိုလ် ရုံးထိုင်နေတာကို ပြင်ပကနေ အလွယ်တကူ မြင်နိုင်ခြင်း မရှိစေရပါဘူး။


ဧည့်သည်များနဲ့ တွေ့ဆုံတဲ့အခါ ကြိုတင်ပြီး appointment ယူခိုင်းရပါမယ်။ အရေးပါပုဂ္ဂိုလ်ရဲ့ ရုံးခန်းအတွင်းကို ၀င်ရောက်စေတာထက် အများနဲ့ တွေ့ဆုံရမယ့် outside office ဖန်တီးထားသင့်ပါတယ်။ အဲဒီမှာ အရေးပေါ်ခေါင်းလောင်း တပ်ဆင်ထားသင့်ပါတယ်။ ရုံးအ၀င်အထွက် နေရာများနဲ့ ရုံးတွင်းက အရေးကြီးတဲ့ နေရာများ၊ အချိုးအကွေ့နေရာများမှာ CCTV များ တပ်ဆင်ထားသင့်ပါတယ်။ ရုံးခန်းတံခါးတွေမှာ အမည်များ၊ ရာထူးများ သတ်မှတ်ရေးသားထားတာရှိရင် ဖယ်ရှားပြီး နံပါတ်များနဲ့ အစားထိုးရပါမယ်။ စတိုခန်းနဲ့ ရေအိမ်များမှာ လုံခြုံရေး ခလုတ်များနဲ့ ဖွင့်ရမယ့် တံခါးများ ရှိသင့်ပါတယ်။ ဧည့်သည်များနဲ့ အများပြည်သူသုံး ရေအိမ်ကို သီးခြားထားသင့်ပါတယ်။ ရုံးအတွင်းမှာ အရေးပေါ်အချိန်မှာ နေထိုင်ရမယ့် safe room ထားရှိပြီး ဆက်သွယ်ရေးကိရိယာများ၊ အစားအစာနဲ့ ဆေးဝါးများကို အဆင်သင့်ထားရှိပါမယ်။


နိဂုံး

ကမ္ဘာတ၀ှမ်းက အရေးပါပုဂ္ဂိုလ်တွေကို လုပ်ကြံခံရမှုတွေမှာ ရုံးခန်း၊ ဟိုတယ်၊ စားသောက်ဆိုင်၊ အစည်းအဝေးခန်းမ၊ လူထုအစည်းအဝေး တွေရဲ့ လုံခြုံရေးအခြေအနေ အားနည်းချက်တွေက အဓိက ပါဝင်ခဲ့ပါတယ်။ ဒါကြောင့် venues protection ဆိုင်ရာ အခြေခံအချက်အလက်များကို အရေးပါပုဂ္ဂိုလ်ရဲ့ လုံခြုံရေးကို တာဝန်ယူရမယ့်သူများနဲ့ အခြေအနေက တောင်းဆိုလို့ အရေးပေါ်တာဝန် ယူလိုက်ရမယ့် သူများအနေနဲ့ သိရှိနားလည်ထားဖို့ လိုအပ်ပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။


ခင်မမမျိုး (၈၊ ၁၂၊ ၂၀၁၀)

0 အရပ်ဝတ်အစိုးရအသွင်ပြောင်းရေးအတွက်ပြုလုပ်သည့် မသမာသောရွေးကောက်ပွဲဆိုင်ရာသုံးသပ်တင်ပြချက်

Review on the Flawed Election_Bur

0 လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်မှ နိုဝင်ဘာလ (၈) ရက်နေ့  နံနက်တွင် သံဃာတော်များနှင့် သီလရှင်များအားအလှူဒါနပြုလုပ်




photo/ Gettyimages
video/နေ့သစ်

Wednesday, December 8, 2010

1 Divided Heart ဇာတ်ကားမှာ ဒေါ်စုအဖြစ် မီရှဲလ်ယိုး သရုပ်ဆောင်


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစုဘ၀ကို အခြေခံပြီး မြန်မာ့ဒီမိုကရေစီရေး ကြိုးပမ်းနေမှုအကြောင်း ရုပ်ရှင်ရိုက်ကူးနေရာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေရာကနေ သရုပ်ဆောင်မယ့် ကမ္ဘာကျော် ဟောင်ကောင် ရုပ်ရှင်မင်းသမီး မီရှဲလ်ယိုး (Michelle Yeoh) မနေ့က ရန်ကုန်မြို့ကို ရောက်ရှိလာပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ပါတယ်။ တိုင်းပြည်နဲ့ ဒီမိုကရေစီရေးအတွက် ကြီးမားတဲ့ စွန့်လွှတ်မှုတွေနဲ့ ရပ်တည်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေရာကနေ သရုပ်ဆောင်ခွင့် ရတဲ့အတွက် အန်မတန် ဂုဏ်ယူသလို ဒေါ်အောင်ဆန်းစုကြည်နဲ့ တူအောင် ကြိုးစား သရုပ်ဆောင်ထားတယ်လို့လည်း ရုပ်ရှင်မင်းသမီး မီရှဲလ်ယိုးက NLD ပါတီကို ပြောခဲ့ပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစုဘ၀ အကြောင်းကို အခြေခံပြီး ပြင်သစ် နာမည်ကြီး ဒါရိုက်တာ လူ့ခ် ဘတ်ဆွန် (Luc Besson) က Divided Heart ခွဲခြားထားသော နှလုံးသားလို့ ယာယီ အမည်ပေးပြီး ရုပ်ရှင်ရိုက်ကူးနေတဲ့ ဇာတ်ကားမှာ ကမ္ဘာကျော် ဟောင်ကောင် ရုပ်ရှင်မင်းသမီး မီရှဲလ်ယိုးက ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေရာက သရုပ်ဆောင် ရိုက်ကူးနေတာပါ။

ဒါ့ကြောင့် မနေ့က ရန်ကုန်ကို မင်းသမီး မီရှဲလ်ယိုး ရောက်လာခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ပါတယ်။ သူဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လှုပ်ရှား ပြောဆိုမှုတွေကို တနေ့လုံး စောင့်ကြည့်နေခဲ့သလို သူ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် နေရာကနေ သရုပ်ဆောင်ခွင့် ရတဲ့အတွက် မင်းသမီး မီရှဲလ်ယိုးက ဂုဏ်ယူ ၀မ်းသာမိတယ် ဆိုတာကို ပြောသွားခဲ့တယ်လို့ NLD ပါတီက ဦးဝင်းထိန်က ပြောပါတယ်။

“သူက ဒေါ်အောင်ဆန်းစုကြည်ရဲ့ဘ၀ တစိတ်တပိုင်းကို မင်းသမီးအဖြစ်နဲ့ တာဝန်ယူပြီး ရိုက်နေတယ်လေ။ ပထမအပိုင်းကတော့ အောက်စ်ဖို့ဒ်မှာ ဒေါ်စု ပညာသင်တဲ့ အပိုင်းကို သူရိုက်တယ်လို့ ပြောတယ်။ ရိုက်ပြီးတော့ မလေးရှားမှာ ဆက်တင်တွေ ဘာတွေ ပြင်ပြီးတော့မှ မြန်မာပြည်မှာ ဒီမိုကရေစီရေးအတွက် ဒေါ်အောင်ဆန်းစုကြည် လှုပ်ရှားမှုတွေကို ရိုက်တယ်။

“သူပြောတာကတော့ ဒေါ်အောင်ဆန်းစုကြည်လို ဒီမိုကရေစီခေါင်းဆောင် တယောက်ကို ကိုယ်စားပြုပြီးတော့ သရုပ်ဆောင်ရတာ အင်မတန် ဂုဏ်ယူပါတယ်။ ဒေါ်စုလွတ်လာပြီးမှ အင်တာနက်တို့ Face book တို့မှာ တင်တဲ့ဟာတွေ သူ ကြည့်ပြီးပြီလေ။ ဒေါ်စုရဲ့ အနေအထားက International Icon ဖြစ်နေတဲ့အတွက်ကြောင့် အဲဒီလိုပုဂ္ဂိုလ် တဦးကို ကိုယ်စားပြုပြီး ရုပ်ရှင်ရိုက်ရတဲ့အတွက် အရမ်း ဂုဏ်ယူတဲ့အကြောင်း ပြောသွားတာပေါ့။”

ဒီဇာတ်ကား ရိုက်ကူးဖို့အတွက် ရုပ်ရှင်မင်းသမီး မီရှဲလ်ယိုးဟာ ၃ နှစ်နီးပါးလောက် လေ့လာခဲ့တာကိုလည်း ပြောပြခဲ့တယ်လို့ ဆိုပါတယ်။

“ဒါရိုက်တာက အဲဒီဇာတ်ကားနဲ့ ပတ်သက်လို့ အတော်ကြိုးစားတယ်တဲ့။ ဇာတ်လမ်း အနေအထားရော၊ ဇာတ်ညွှန်း အနေအထားရော ၃ နှစ်လောက် လေ့လာတယ်။ လေ့လာပြီးတော့ သူနဲ့သင့်တော်တယ်ဆိုပြီး သူ့ကိုငှားတဲ့အခါမှာ သူတို့ ၂ ယောက်စလုံး ပေါင်းပြီးတော့ ၃ နှစ်လောက် လေ့လာပြီးတော့မှ ဒီဇာတ်ကားကို ရိုက်ကြတာလို့ ပြောတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့တူအောင် သူ့ရဲ့ မိန့်ခွန်းတွေ၊ သူ့ရဲ့အမူအယာတွေကို ကြည့်ရတယ်။ နောက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တူအောင် ၀ိတ်ချတာ ၁၀ ပေါင်လောက် ကျသွားတယ်ဆိုပြီး သူပြောပြတာပေါ့။

“ရိုက်တဲ့အခါမှာ သူရိုက်တဲ့ပုံတွေမှာ Blackberry နဲ့ ယူလာတယ်။ ယူလာတော့ သူ့ပုံက ဒေါ်စုလို ဗမာဝတ်စုံနဲ့ ၀တ်ပြီးတော့မှ ပန်းပန်ထားပြီး ဘေးကရိုက်ထားတဲ့ပုံကို ကြည့်ရတာ ကျနော် တော်တော် အံ့သြသွားတယ်။ အရမ်းတူတာပဲ။”

ဒီဇာတ်ကားကို လန်ဒန် အပါအ၀င် မလေးရှားနဲ့ ထိုင်းနိုင်ငံတွင်းမှာလည်း ရိုက်ကူးခဲ့ရာမှာ ဒီနိုင်ငံတွေမှာ ရောက်နေကြတဲ့ မြန်မာနိုင်ငံသားတွေ ပါဝင် သရုပ်ဆောင်ထားပါတယ်။

“အောက်စ်ဖို့ဒ်မှာ ရိုက်တဲ့ အခန်းတွေကျတော့ သူ့သား ကင်မ်က အဲဒီမှာ လိုက်ပြီး ကူညီတော့၊ မလေးရှားမှာ ဆက်တင်တွေနဲ့ လုပ်ပြီးတော့ ရိုက်တဲ့အခါမှာ ရှစ်လေးလုံး အရေးတော်ပုံမှာ ပါဝင်ခဲ့ဖူးတဲ့လူတွေ တော်တော်များများကို သူတို့က ငှားလိုက်တယ်။ ငှားတဲ့အခါ တချို့တ၀က်က ဆန္ဒပြတဲ့ ကျောင်းသားတွေ အမူအယာလုပ်တယ်၊ တချို့တ၀က်က သူတို့ကို နှိမ်နင်းတဲ့ အာဏာပိုင် အဖွဲ့အစည်းက လက်နက်ကိုင် အဖွဲ့အစည်းတွေ လုပ်တယ်။

“လုပ်တဲ့အခါမှာ အဲဒီကျောင်းသားတွေက ဘာမှ သင်စရာ မလိုဘူးတဲ့။ မင်းတို့ ဆန္ဒပြတဲ့ကောင်တွေ သွားပြီးတော့ နှိမ်နင်းလို့ ခေါင်းဆောင်က ညွှန်ကြားလိုက်တာနဲ့ အဲဒီကောင်တွေ ရိုက်တာ၊ နှက်တာ၊ ခြေထောက်နဲ့ ပိတ်ကန်တာတွေ၊ သူ လန့်ဖြတ်ပြီး မူးတောင် မူးသွားတယ်တဲ့။”

NLD ပါတီက ဗိုလ်ကြီးဟောင်း ဦးဝင်းထိန် ပြောပြခဲ့တာ ဖြစ်ပါတယ်။

မင်းသမီး မီရှဲလ်ယိုးဟာ ဒီကနေ့မှာတော့ ရန်ကုန်ကနေ စင်ကာပူနိုင်ငံကို လေကြောင်းနဲ့ ပြန်လည်ထွက်ခွာသွားပါပြီ။ ကွဲကွာနေကြတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစုဘ၀ အကြောင်းကို အခြေခံပြီး မြန်မာ့ဒီမိုကရေစီရေးအတွက် ကြိုးပမ်းမှုအကြောင်း အပါအ၀င် စည်းရုံးရေး ခရီးစဉ်မျိုးတွေကိုလည်း ထည့်သွင်း ရိုက်ကူးထားပါတယ်။

အခုဇာတ်ကားကို ရိုက်ကူးတဲ့ ပြင်သစ်ဒါရိုက်တာ လူ့ခ် ဘတ်ဆွန်ဟာ နာမည်ကြီး ရုပ်ရှင်ဒါရိုက်တာတဦး ဖြစ်သလို မင်းသမီး မီရှဲလ်ယိုး ဆိုရင်လည်း ဂျိမ်းစ်ဘွန်း ဇာတ်ကားတခုဖြစ်တဲ့ Tomorrow Never Dies နဲ့ ဂျပန်ကခြေသည် ဇာတ်ကားတခုဖြစ်တဲ့ Memoirs of Geisha ဇာတ်ကားနဲ့လည်း နာမည်ကြီး သရုပ်ဆောင် ဖြစ်သလို Crouching Tiger, Hidden Dragon ဆိုတဲ့ ဇာတ်ကားမှာလည်း အင်မတန် အောင်မြင်ထင်ရှားတဲ့ ဟောလီးဝုဒ် ရုပ်ရှင်သရုပ်ဆောင် မင်းသမီးတဦး ဖြစ်ပါတယ်။
(Voa)

0 သေမှာကို မေ့နေကြပြီလား


သေမှာကို မေ့နေကြပြီလား

၂၀၁၀ ခုနှစ် ဒီဇင်ဘာလ (၇) ရက်နေ့သည် ကျွန်တော့်အတွက်၊ ကျွန်တော်တို့အသင်း နာရေးကူညီမှုအသင်း(ရန်ကုန်) အတွက်၊ ဗမာပြည်သူလူထုတစ်ရပ်လုံးအတွက် မဟာဆုံးရှုံးမှုတစ်ရပ် ပင်ဖြစ်တော့သည်။

၂၀၀၅ ခုနှစ် ဒီဇင်ဘာလ (၇) ရက်နေ့က ကျွန်တော် မေမြို့တွင် ကိုယ်တိုင်ဒါရိုက်တာ သရုပ်ဆောင်အဖြစ် ရိုက်ကူးနေသော “ဇာတ်ကြမ်း” DVD ဇာတ်ကားကို ရိုက်ကူးနေစဉ် ကျွန်တော်တို့ ၏ လူမှုရေး၊ ဘာသာရေး၊ အနုပညာရေးတို့တွင် ရှေ့ဆောင်လမ်းပြဖြစ်သော ကျေးဇူးရှင် ဘဘ ဦးသုခ ဆုံးပါးသွားကြောင်း သိရှိရသည်။ ထို့ကြောင့် ထုတ်လုပ်သူနှင့် ရုပ်ရှင်အဖွဲ့သားများ၊ သရုပ်ဆောင်များ အား တောင်းပန်လျက် ဘဘ ဦးသုခ၏ ကျန်ရစ်သော ခန္ဓာအား သဂြိုလ်မည့်နေ့ရက်၊ ဂူသွင်းမည့် နေ့ရက် နံနက် အစောဆုံးလေယာဉ်ဖြင့် ရန်ကုန်မြို့သို့ လျင်မြန်သောခြေလှမ်းတို့နှင့် ပြန်လာကာ ဂူသွင်းသဂြိုလ်မှုပြုလုပ်ပြီး ညနေ လေယာဉ်ဖြင့် မိမိ၏ ရုပ်ရှင်ရိုက်ကွင်းရှိရာသို့ လေးလံသော ခြေလှမ်းတို့ဖြင့် ပြန်သွားခဲ့ရသည်။

ဘဘ မှာခဲ့သည် ရှိသည်။

“မောင်ကျော်သူရေ … ကျော်သူနဲ့ သုခ ဆိုတာ ကက်ကင်း” တဲ့။

“ဒါဆိုရင် … ကျော်သူနဲ့ သချိုင်း ဆိုတာလဲ ကက်ကင်းပေါ့” ဟု ကျွန်တော် မေးမိသည်။

“ဟုတ်လိုက်လေ … မောင်ကျော်သူရေ။ အေး ! ဘဘ ဆုံးရင်လဲ။ မောင်ကျော်သူဘဲ စီစဉ် သဂြိုလ်ပေး” တဲ့။

ဘဘ ဦးသုခသည် နိုင်ငံ့ဂုဏ်ဆောင်၊ စာပေအနုပညာ၊ ရုပ်ရှင်အနုပညာ၊ ဂီတအနုပညာသည် တို့၏ လမ်းပြကြယ်ပင်ဖြစ်သည်။ ဘာသာသာသနာနှင့် ပတ်သက်၍ စွမ်းဆောင်နိုင်သော အင်အား တို့ဖြင့် စောင့်ရှောက်ခဲ့သော ပုဂ္ဂိုလ်ထူးကြီးပင် ဖြစ်တော့သည်။

ဘဘ ဦးသုခသည် နာရေးကူညီမှုအသင်း(ရန်ကုန်)အား စတင်ဖွဲ့စည်းခဲ့သူ ဂုဏ်ထူးဆောင် နာယကကြီးလည်း ဖြစ်သည်။ ဘဘ ဦးသုခ၏ ကျေးဇူးတရားတို့ကြောင့် ဗမာပြည်သူပြည်သားတို့ “သေဆုံးသွားပါက သေသောသူသည်သုဿန်သို့ သက်သက်သာသာသွားနိုင်ခဲ့ပြီ” ဖြစ်သည်။

ထိုကဲ့သို့သော ဗမာပြည်သူပြည်သားများအတွက် လူမှုရေး၊ ဘာသာရေး၊ သာသနာရေး၊ အနုပညာရေး ကိစ္စရပ်များကို ရှေ့ဆောင်လမ်းပြပေးသော အဖိုးမဖြတ်နိုင်သည့် ဓူဝံကြယ်ကြီးတစ်စင်း ဖြစ်သူ ဘဘ ဦးသုခ၏ ကွယ်လွန်ခြင်း (၅) နှစ်ပြည့် ၂၀၁၀ ခုနှစ် ဒီဇင်ဘာ (၇) ရက်နေ့တွင် ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အသင်းသူ/သားများ၊ ဘဘ ဦးသုခအား ကြည်ညို လေးစားကြသော (၇) ရက်သားသမီးများမှ ရေဝေးသုဿန်ရှိ ဘဘ ဦးသုခ၏ အုတ်ဂူအား ရေဆေးကြောခြင်း၊ ခြုံပုတ်များ၊ မြက်ရိုင်းများကို ရှင်းလင်းခြင်း၊ ဆေးသုတ်ခြင်း၊ သံတိုင်များနှင့် ခေါင်မိုးတို့အား ပွတ်တိုက်ဆေးကြောခြင်း၊ ပန်းဆက်ကပ်ခြင်း၊ ဘဘ၏ အုတ်ဂူရှိ ဓါတ်ပုံကားချပ်သည် နေလောင်မှေးမှိန်နေ၍ အသစ်ပြုလုပ်ထားသော အဝေးရောက် ဗဂျီဆရာ မင်းကျော်ခိုင်ရဲ့ ရေးဆွဲ ပေးထားသော ဘဘ၏ ပုံတူ Sketch အား စတီးပြားပေါ်တွင် ထွင်းလုပ်ထားသော လက်ရာနှင့် လဲလှယ်တပ်ဆင်ခြင်း၊ မေတ္တာပို့သ ကန်တော့ကြ ခြင်းများကို ပြုလုပ်ခဲ့ကြသည်။ ထို့ပြင် ဆရာကြီး မင်းသိင်္ခ၏ အုတ်ဂူသို့လည်း သွားရောက်၍ သန့်ရှင်းရေးပြုလုပ်ခြင်း၊ ပန်းဆက်ကပ်ခြင်း စုပေါင်းမေတ္တာ ပို့အမျှပေးဝေခြင်းတို့ကိုလည်း ကုသိုလ်ဖြစ် ဆောင်ရွက်ပေးခဲ့သည်။

ဤသို့ ကျေးဇူးဆပ်ကုသိုလ်ယူပွဲ ပြုလုပ်စဉ်အချိန်ပိုင်းအတွင်း ကျွန်တော်၏ အသိဥာဏ်ထဲသို့ မေးခွန်းများ ဖျတ်ကနဲ ပေါ်လာမိသည်။

ဘဘ၏ ကျေးဇူးတရားများမကင်းကြသော ရုပ်ရှင်အနုပညာရှင်များ၊ ရုပ်ရှင် အဖွဲ့အစည်းမှ အနုပညာရှင် နာမည်ခံသူများတို့သည် ဤသို့သော အချိန်ကာလတွင် မိမိတို့၏ အတ္တကိစ္စများသာ လုပ်ဆောင်နေကြသလော … ? လောဘ၊ ဒေါသ၊ မောဟတရားများ၏ ကွန်ယက်တွင် ဆို့နစ်မွန်းကြပ် နစ်မြုပ်နေကြပြီလား …? သေမှာကိုမေ့နေကြပြီလား … ? မေ့ချင်ယောင်ဆောင်နေကြပါသလား … ? ဟူသော မေးခွန်းများ ဖြစ်တော့သည်။ ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသူ/သား များအနေဖြင့် မေ့ပစ်၍ မရနိုင်ပါ။ မေ့ချင်ဟန်ဆောင်၍လည်း မရပါ။ နှစ်စဉ်နှစ်တိုင်း ဒီနေ့ ဒီအချိန် ဒီနေရာတွင် အမြဲတွေ့မြင်ကြရမည်ဖြစ်သည်။

နောက်တစ်ချက် … ဘဘ ဦးသုခ၏ ကျေးဇူးတရားများကို သတိတရ ဖော်ကျူးကြသော ဟောပြောပွဲများ၊ မဂ္ဂဇင်းများ၊ ဂျာနယ်များတွင် ဘဘ ဦးသုခ လမ်းညွှန်ချပြပေးခဲ့သော နာရေးကူညီမှု အသင်း(ရန်ကုန်)နှင့် ပတ်သက်၍ တစ်လုံးတပါဒမျှ မပါရှိခြင်းသည် ဘဘ ဦးသု၏ ဂုဏ်ပုဒ် ကျေးဇူး တရားများကို ဖော်ကျူးကြသော ရေးသားသူတို့အနေဖြင့် -

    မဖော်ကျူးကြခြင်းလား … ?

    မရေးသားကြခြင်းလား … ?

    ဒါမှမဟုတ် ရေးခွင့်မရ၍လား … ?

    ဘဘ ဦးသုခ၏ သမိုင်းကို ဖွက်ထားကြခြင်းလား … ?

    ဘဘ ဦးသုခ၏ သမိုင်းကို မြေမြုပ်ပစ်လိုက်ခြင်းလား … ?

    အာဏာပိုင် အဖွဲ့အစည်းများမှ ရေးခွင့်ပိတ်ထားခြင်းလား … ? စသည့် အံ့သြကုန်

နိုင်ဖွယ်ရာများ ဖြစ်တော့သည်။

ဤတွင် ကျွန်တော်တို့ ခင်ဗျားတို့ရဲ့ သေမည့်ရက်၊ ဘ၀တစ်ပါးသို့ ပြောင်းလဲမည့်ရက်သည် အစိုးမရချေ။ သေလျှင်မပြီးသေးပါ။ မသေခင် သင်ဘာတွေများ ပေးဆပ်ခဲ့ပြီးပြီလဲ ဟူ၍သာ ပြန်လည် မေးလိုက်ချင်ပါရဲ့။

ကျော်သူ

Tuesday, December 7, 2010

0 လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ်ကိုထိန်လင်း မနက်ရှစ်နာရီငါးဆယ်မင်္ဂလာဒုံလေဆိပ်မှ ပြန်လည်ထွက်ခွာ


ဒေါ်အောင်ဆန်းစုကြည်အဖြစ် သရုပ်ဆောင်မည့် ကမ္ဘာကျော် ဟောင်ကောင် ရုပ်ရှင်မင်းသမီး မီရှဲလ်ယိုး

photo။ ။AP

1 ဗိုလ်ချုပ်မှုးကြီးသန်းရွှေ မြေးမှ မန်ယူအသင်း အား ဒေါ်လာသန်းတစ်ထောင်ဖြင့် ၀ယ်ဖို့ပြော

မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချူပ်မှုးကြီးသန်းရွှေသည် မန်ချက်စတာ ယူနိုက်တက် ဘောလုံးအသင်းကို ဒေါ်လာ သန်း တစ်ထောင်(တစ်ဘီလီယံ) ဖြင့် ၀ယ်ယူဖို့ ၂၀၀၉ ဇန်န၀ါရီလတွင် စဉ်းစားခဲ့ကြောင်း ၀ိကီလိခ်မှ ဖွင့်ချသော

အမေရိကန်သံတမန် လျှို့ဝှက်သတင်းများတွင် ဖော်ပြထားသည်။

ဗိုလ်ချုပ်ကြီးသန်းရွှေမြေး ဖိုးလပြည့်က မန်ချက် စတာကလပ် ရှယ်ယာများကို ၀ယ်ယူဖို့ အကြိမ်ကြိမ် ပူဆာခဲ့ကြောင်း လျှို့ဝှက်သတင်းကို ရန်ကုန်ရှိ အမေရိကန်သံရုံးမှ ၀ါရှင်တန်သို့ ပေးပို့ခဲ့သည်။

ဆိုင်ကလုန်း နာဂစ် ကို နှေးကွေးစွာ ဖြေရှင်းခြင်းအပေါ် ကုလသမဂ္ဂမှ စိတ်ဆိုး ဒေါ်သထွက်မှုများ ရှိနေချိန်တွင် မန်ချက်စတာ ဘောလုံး အသင်းအား ဒေါ်လာ သန်းတစ်ထောင်ဖြင့် ၀ယ်ယူဖို့ ဗိုလ်ချုပ်မှုးကြီး သန်းရွှေကို ဖိုးလပြည့်မှ အတင်း အကျပ် ပူဆာနေခဲ့သည်။ ဗိုလ်ချုပ် မှုးကြီးက ဘောလုံး အသင်း ၀ယ်ယူလိုက်လျှင် ဖြစ်ပေါ်လာမည့် နိုင်ငံရေး စီးပွားရေး ပြဿနာများကို စဉ်းစားခဲ့ကြောင်း အသေးစိတ် သတင်း ပေးပို့မှုတွင် ဖော်ပြထားသည်။

နာဂစ်ဆိုင်ကလုံးမှာ ၂၀၀၈ ခုနှစ် မေလတွင် ဖြစ်ခဲ့ပြီး လူ ၁၄၀၀၀၀ အသက်ဆုံးရှုံးခဲ့ရသည်။ ဗိုလ်ချုပ်ကြီး မြေးအဖိုး မန်ချက်စတာ ၀ယ်ဖို့ စဉ်း စားခဲ့သည်မှာ ၂၀၀၉ ဇန်န၀ါရီလ အစောပိုင်းတွင် ဖြစ်သည်။

ဗိုလ်ချုပ်မှုးကြီးက မန်ယူကို ၀င်ယူလိုက်လျှင် အစိုးရအတွက် ဝေဖန်မှုများဖြစ်ပေါ်ပြီး အဆိုးဖြစ်ပေါ်လာနိုင်သောကြောင့်၊ ဒေါ်လာ သန်းပေါင်း များစွာ အကုန်ကျခံပြီး မြန်မာ့ အမျိုးသားဘောလုံးကလပ်များ ဖန်တီးဖို့ အမိန့်ပေးခဲ့သည်။ ထိုအချိန် နာဂစ်မုန်းတိုင်းးဒဏ်မှ အသက်ရှင် ကျန်သူများမှာ အိုးမဲ့အိမ်မဲ့၊ သောက်သုံးရေမဲ့ ဖြစ်နေချိန်ဖြစ်သည်။

မြန်မာအမေရိကန်သံရုံး အတည်ပြုချက်အရ ဗိုလ်ချုပ်မှုးကြီးသန်းရွှေအနေဖြင့် ရေနံ သဘာဝဓါတ်ငွေ့များမှ ရရှိသော ငွေကြေးဖြင့် မန်ချာစတာ ဘောလုံးအသင်းကို ၀ယ်ယူဖို့ ငွေအလုံအလောက်ရှိနိုင်ကြောင်း၊ ဒေါ်လာ တစ်ဘီလီယံဖြင့် ၀ယ်ယူလိုက်လျှင် မန်ချက်စတာ အသင်းပိုင် စတော့ရှယ်ယာ ၅၆ ရာခိုင်နှုန်းကို ပိုင်ဆိုင်နိုင်မည်ဖြစ်ကြောင်း ပေးပို့ချက်တွင် ပါရှိသည်။

ဖိုးလပြည့်ရဲ့ ပူဆာမှုကို အစားထိုးပေးဖို့ ဗိုလ်ချုပ်မှုးကြီးက မြန်မာဘောလုံးအသင်းများ ထူထောင်ရန်၊ ဘောလုံးကွင်းသစ်များ တည်ဆောက်ရန်၊ နိုင်ငံခြားကစားသမားများ ခေါ်ယူရန်အတွက် စီးပွားရေးလုပ်ငန်းရှင်ကြီး ရှစ်ဦးကို ငွေအလုံအလောက် ချပေးခဲ့သည်။ ထိုစီးပွားရေးလုပ်ငန်းရှင်များမှာ တကယ့် ဘောလုံးကလပ်အသင်း ပိုင်ရှင်များ မဟုတ်ကြောင်း၊ ဘောလုံးသမားလစာ၊ အားကစားဝတ်စုံ၊ အသင်းကြော်ငြာ၊ သယ်ယူပို့ဆောင်ခစတဲ့ ကုန်ကျမှုကို မိမိတို့ဖာသာ အကုန်ကျ ခံရမည်ဖြစ်ကြောင်း အမိန့်ပေးပြောဆိုခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် ထိုစီးပွားရေးလုပ်ငန်းရှင် ရှစ်ဦးက မိမိတို့ တိုင်းနှင့်ပြည်နယ်အသီးသီးတွင် ဒေါ်လာတစ်သန်းတန် ဘောလုံးကွင်းများ တည်ဆောက်ဖို့ သတင်းပေးပို့ချက်တွင် ပါရှိသည်။

မကွေးအသင်းမှာ တစ်လလျှင် လစာငွေ ဒေါ်လာ ၁၅၅၀၀၀ ကုန်ကျသည်။ ဘဏ်လုပ်ငန်းနှင် ဆက်စပ်နေသော ကမ္ဘောဇ အသင်းမှာ ၂၀၀၉ ဘောလုံးရာသီအတွက် ဒေါ်လာ ၂သန်း ကုန်ကျခဲ့သည်။ ရန်ကုန်ယူနိုက်တက် ဘောလုံး အသင်းမှာ အာဖရိကမှ ကြေးစား ဘောလုံးသမား ၅ဦး၊ ဒယ်လ်တာ ယူနိုက်တက်မှာ အာဂျင်တီးနားမှ ဘောလုံးသမားများစွာ ခေါ်ယူ ခဲ့သည်။

အမေရိကန်သံရုံး ဖော်ပြချက်တွင် ‘ဒီလောက် ငွေကုန်ကြေးကျများတဲ့လုပ်ငန်းကို အကျိုးအမြတ်မရှိဘဲ ဘာကြောင့်လုပ်နေကြတာလဲ ဟုမေးသောအခါ၊ အားလုံးမှာ ရွေးချယ်စရာမရှိပါဘူး။ ဗိုလ်ချုပ်မှုးကြီးကခိုင်းရင် အားလုံး စောဒက ပြန်တက်ခွင့်မရှိပါဘူး’ ဟု ဖြေကြားကြောင်း ပါရှိသည်။

ထိုစီးပွားရေး လုပ်ငန်းရှင်ကြီးများမှာ ဆောက်လုပ်ရေးကန်ထရိုက်များ၊ ကျောက်မျက်ရတနာနှင့် မိုင်းတွင်းများ၊ သွင်းကုန်လိုင်စင်များ ကို အစိုးရထံမှ ရရှိနေသူများဖြစ်သည်။ ၂၀၀၉ မေလတွင် စတင်ခဲ့တဲ့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ရှိ ကလပ်များပိုင်ရှင်များတွင် ဖိုးလပြည့်အား ကလပ်ဘောလုံးလုပ်ငန်း အသေးစိတ်အစီစဉ်ဆွဲပေးသူ ခေတ်ပျက်သူဌေး ဇော်ဇော် လည်းပါရှိသည်။ ဖော်ဖော်မှ ဖိုးလပြည့်အား သူတည်ထောင်ထားသော ကလပ်အသင်းတွင် လာရောက် ဆော့ကစားဖို့ ပြောဆိုသည်။

ဗိုလ်ချုပ်မှုးကြီးသန်းရွှေက ၂၀၁၀ ရွေးကောက်ပွဲအပေါ် ဝေဖန်မှုများနှင့် စီးပွားရေး လူမှုရေးပြဿနာများကို လမ်းကြောင်းလွှဲဖို့လည်း ရည်ရွယ် ခြင်းဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ပြောဆိုကြောင်း ဖော်ပြသည်။

မန်ယူအသင်း ၀ဘ်ဆိုဒ် ချက်ချင်းတုန့်ပြန်ချက်မှာ မြန်မာအာဏာပိုင်များက ၀ယ်ယူခဲ့လျှင်ပင် ရောင်းချမည်မဟုတ်ကြာင်း၊ ပရိတ်သတ်က အပြင်းအထန် ဆန့်ကျင်သွားကြမည်ဖြစ်ကြောင်း၊ မန်စီးတီးအသင်းလိုမျိုးမဟုတ်ဘဲ မန်ယူအသင်း ကို အကျင့်ပျက်အာဏာရှင်များအား လုံးဝ ရှယ်ယာများခွဲဝေရောင်းချမည်မဟုတ်ကြောင်း ချက်ချင်းတုံ့ပြန်ဖော်ပြခဲ့သည်။

သတင်း Guardian

မူရင်းသတင်း Source : http://www.guardian.co.uk/world/us-embassy-cables-documents/212931 (www.maukkha.org)မှ

0 သဘာဝကျလှသော အမေနဲ့သား


မချစ်လို့ သားတွေကို ထားရစ်ခဲ့တာမဟုတ်ပါ ။ မြန်မာပြည်သူတွေကိုလည်း ချစ်လွန်းလို့ပါ ။






ဓာတ်ပုံများအတွက် ဒီမိုဖက်တီးအားကျေးဇူးတင်ရှိပါသည်။

0 GoogleChinaမှမြန်မာပြည်သူတို့၏ အင်တာနက်အချက်အလက်ရှာဖွေမူကိုထိန်းချုပ်မှုသည်မြန်မာပြည်သူတို့၏ အချုပ်အခြာအာဏာကိုထိပါးမှုဖြစ်သည်

မြန်မာတွေ google လုပ်တာကို တရုပ်ကထိန်းချုပ်လိုက်သတဲ့..ခွင့်ပေးသူက မြန်မာစစ်အာဏာရှင်တွေတဲ့.။ ရက်စက်လိုက်ကြတာ..လုပ်ရက်လိုက်ကြတာ...စစ်တပ်ထဲက ပညာတတ် ဘယ်မျိုးချစ်ပုဂိုလ်ကမှမတားဆီးနိုင်ကြတော့ဘူးလား။ ဒီကိစ္ခ္စ ဟာ နိုင်ငံတော်ကိစ္ခ္စ အချုပ်အချာအာဏာဆိုင်ရာကိစ္ခ္စတရပ်ဖြစ်ပြီး ယခုမျိုးဆက်တွေ နောင်လာမည့် မျိုးဆက်တွေရဲ့အကျိုးနဲ့ ဆက်စပ်စဉ်းစားကြည့်ရင် စိတ်နှလုံးကြေကွဲစရာကိစ္ခ္စတခုပါ။

ပြောရရင်ဒါဟာနိုင်ငံသားအားလုံးရဲ့အချုပ်အခြာအာဏာဆုံးပါးမှုတခု ပြည်သူပြည်သားတွေရဲ့ လွတ်လပ်မှုဆုံးရှုံးခြင်းလက္ခ္ခဏာတခုပါ။ တနည်းပြောရရင် တိုင်းပြည် ရဲ့အချုပ်အခြာအာဏာအစိတ်အပိုင်းတခုကို တရုတ်လက်အောက်ကို ပေးလိုက်ပြီဆိုတဲ့ သဘောပါ။ စစ်အုပ်စုအာဏာရူးများဟာ ဖိနှိပ်မှုယန္တ ယားကိုခိုင်ခန့်ဘို့လောက်ကိုပဲ မျက်စေ့တဆုံးစဉ်းစားပြီး.. သူတို့ကိုဆန့်ကျင်မည့်သူများ (ကိုယ်ပြည်သူလူထု) မတိုးတက်ရင်ပြီးရော၊ မတိုးတက်လို့ မပုန်ကန်ရင်ပြီးရော သူတို့အာဏာမြဲဘို့ မရှက်မကြောက် ဘာမဆိုလုပ်မယ်လို့ လူထုကို ထပ်မံဗြောင်စိန်ခေါ်ကြေငြာလိုက်ပါပြီကောလား။ အဲဒီပိတ်ဆို့မှုရဲ့အကျိုးဆက်တွေနဲ့ ဆိုးကြိုးသက်ရောက်မူတွေ ဘယ်လောက်ရှိမယ်.. နောက်လာမည့်မျိုးဆက်တွေ ဒီအကျိုးဆက်ရဲ့ဆိုးကျိုးကို နိုင်ငံရေးအရ ပညာရေးအရ စီးပွားရေးအရ လူမှုရေးအရ ဦးနောက်ဖွံ့ဖြိုးမှုတွေအရ ဘယ်လောက်ထိခိုက်လာမယ်ဆိုတာ ခန့်မှန်းရခက်ပေမယ့် ပြည်သူအတွက်ကြီးမားတဲ့ဆုံးရှုံးမှုတရပ်ဆိုတာကတော့ မငြင်းနိုင်ပါဘူး။ လက်ရှိ မြန်မာတွေအတွက်တော့ ကြီးမားတဲ့ အခွင့်အရေးတခုဆုံးရှုံးသလို လွတ်လပ်ရေးဆုံးရှုံးလိုက်ရသလို ခံစားလိုက်ကြရပါတယ်။ ယခင်စစ်အာဏာရှင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်တုန်းကလည်း အာဏာရှင်ဦးနေ၀င်းက အလားတူပိတ်ဆို့မှုမျိုးလုပ်ခဲ့ပါတယ်။ ပုံသဏ္ဍန်မတူပေမယ့် အနစ်သာရကတော့အတူတူပါပဲ။ ဦးနေ၀င်းအုပ်ချုပ်စဉ်တုန်းက အနောက်ကိုဆန့်ကျင်ရရင်ပြီးရော အဆင်အခြင်မဲ့ အရမ်းကာရော လုပ်ချင်ရာလုပ်ခဲ့တာကြောင့် ဆိုရှယ်လစ်ဖြစ်ဘို့ဆိုရင် အနောက်ကိုဆန့်ကျင်ရမယ်လို့ ခေတ်မမှီတဲ့ကျဉ်းမြောင်းတဲ့ စဉ်းစားချက်တခုအောက်မှာ အင်္ဂလိပ်ကိုဆန့်ကျင်တာနဲ့ရောပြီး ခေတ်မီတဲ့ အင်္ဂလိပ်ပညာရေးကို ဖျက်သိမ်းခဲ့တာတွေအပြင် ၂၆ နစ်ကြာကျင့်သုံးတဲ့ အဆင်အခြင်မဲ့ တံခါးပိတ်ဝါဒကြောင့် မြန်မာတွေကမ္ဘာ နဲ့အဆက်အသွယ်ပြတ်ပြီး အစစအရာရာနောက်တန်းရောက်ကာ လူလုံးသူလုံးမလှဖြစ်ရတာ ယနေ့အချိန်အထိပါပဲ။ ယခင်လွတ်လပ်ရေးရပြီးကာစအထိ အန္ဒိယနိုင်ငံသားတွေနဲ့ ဘေးပတ်ဝန်းကျင်တိုင်းပြည်တွေက အဆင့်မြင့်ပညာတတ်ချင်တဲ့ကျောင်းသားတွေ မြန်မာပြည်ကိုတောင် တကူးတက ပညာလာသင် ဆည်းပူးကြရတာပါ။ ယခင်က ပညာတတ်မြန်မာတွေ အင်္ဂလိပ်စာ စကားပြောအရေးအဖတ် အလွန်ကောင်းခဲ့ပါတယ်.။ ယနေ့တော့မြန်မာပညာတတ်တွေဟာ အင်္ဂလိပ်စာကို စကားကို ကြောက်စိတ် အထင်ကြီးစိတ်ကလေးတွေနဲ့ ထိတွေ့ဆက်ဆံနေရတဲ့ဘ၀ ကိုရောက်ခဲ့ရပါပြီ။ စီးပွားရေးမှာလည်း အာရှရဲ့စပါးကျည်လို့ ဆိုရလောက်အောင် ဆန်ရေစပါးပေါများခဲ့တာပါ။ ထိုင်းဆန်ဆိုတာ ဗမာဆန်ကို မယှဉ်နိုင်သေးပါဘူး။ အဲဒီလို အိမ်နီးနားချင်းတိုင်းပြည်တွေက စီးပွားရေးအရ ပညာရေးအရ နိုင်ငံရေးအရ မြန်မာပြည်ကို မော်ကြည့်နေရသည့် ဘ၀ကနေ အခြားနိုင်ငံတွေက သူတို့မြန်မာအစိုးရနဲ့ဆက်ဆံရတာ ဘာကြောင့်ပါ.. ဘယ်လိုပါ...လို့ ဆိုပြီး သူတို့မြန်မာနိုင်ငံနဲ့ ဆက်ဆံနေရခြင်းအကြောင်းတရားကို နိုင်ငံတကာမှာ ဆင်ခြေပေး.. ဖြေရှင်းချက်တွေထုတ်တာကို ခံနေရတဲ့ဘ၀ ဘေးဖယ်ထားခံရတဲ့ ဘ၀ကို မြန်မာနိုင်ငံရောက်ရှိခဲ့ရပါတယ်။

ဒါက (၂၆) နစ်ကြာ တံခါးပိတ်ခဲ့တာကြောင့်ရခဲ့တဲ့ ဆိုးကြိုးတွေပါ။ တခုပြောပါရစေ။ ပိတ်ထားရင်တော့ ဘာမှတော့မ၀င်ဘူး။ အဲ...ဘာမှမဖြစ်လာနိုင်တော့သလို.. ဘာမှလည်းမတိုးတက်နိုင်ပါဘူး။ ရလာဒ်အနေနဲ့ တိုင်းပြည်နှိမ့်ကျသွားတာ အမျိုးသားအချုပ်အခြာအာဏာဆုံးပါးသွားနိုင်တာပဲရှိမှာပါ။

တိုင်းပြည်တခုရဲ့အချုပ်အခြာအာဏာ (sovereignty) ဆိုတာ ထိုတိုင်းပြည်ရဲ့ အကြွင်းမဲ့အာဏာ (Supreme power) ပါ။ အဲဒီအကြွင်းမဲ့အာဏာကိုအသေးစိတ်ကြည့်တဲ့အခါ အကြွင်းမဲ့အာဏာဆိုတာ နိုင်ငံရေးအရ ၊ စီးပွားရေးအရ၊ စစ်အင်အားအရ၊ လူမှုရေးအရ၊ နယ်နမိတ်အရ၊ လွတ်လပ်မှုအရ၊ ပြင်ပထိန်းချုပ်မှုကင်းတဲ့၊ ကိုယ့်အချုပ်အခြာအာဏာစီရင်ပိုင်ခွင့် ကိုဆိုတာဖြစ်ပါတယ်။ ဒီလိုအချုပ်အချာအာဏာကိစ္ခ္စ္စတွေကိုပြောတဲ့ အခါ ပြည်သူလူထုတရပ်လုံးရဲ့ အဓိကအကျိုးစီးပွားနဲ့ပဲ ယှဉ်ပြီးပြောရပါတယ်။

ယခင်က တိုင်းပြည်တပြည်ရဲ့အချုပ်အချာအဏာပိုင်ဆိုင်မှုကိုသတ်မှတ်ဘို့ နယ်စပ်မျဉ်းတွေနဲ့ ပိုင်းခြားကြပါတယ်။ အဲဒီနယ်စပ်မျဉ်းတွေဆိုတာ ပထ၀ီအနေအထား သဘာဝမျဉ်းကြောင်းတွေဖြစ်တဲ့ မြစ်တွေ ချောင်းတွေ တောင်တန်းတွေနဲ့ နိုင်ငံတကာကသတ်မှတ်ထားတဲ့ ရေပိုင်နက် လေပိုင်နက် အကွာအဝေးတွေဖြစ်ပါတယ်။ တခါတရံ ပထ၀ီဆိုင်ရာ သဘာဝဆုံးဖြတ်မှုအကြောင်းအမျိုးမျိုးကြောင့် မြစ်ကြောင်းကောက်လို့ သောင်ကမ်းထွန်းရင် နိုင်ငံတွေ သူပိုင်ငါပိုင် အငြင်းပွားကြပြီး တခါတရံစစ်ဖြစ်ကြတာပဲ။ ကမ္ဘာ့ ပထ၀ီမြေပုံကိုချသွားသူကတော့ တချိန်က နေမ၀င်အင်ပါယာလို့ထင်ရှားပြီး ကမ္ဘာ့ ကိုကြီးစိုးခဲ့တဲ့ အင်္ဂလိပ်ပါ။

ယခုလို တိုးတက်တဲ့ခေတ်ကြီးမှာတော့ အချုပ်အချာအာဏာဆိုတာ ယခင်လို နယ်နမိတ်တွေပေါ်မှာသာအဓိကအခြေပြုမနေတော့ပဲ ကိုယ့်တိုင်းပြည်အကျိုးစီးပွားသတ်မှတ်ချက်တွေပေါ်မူတည်ပြီး ခေတ်ကာလအလိုက် သတ်မှတ်ချက်တွေပြောင်းကုန်ပါပြီ။ သတိထပ်ပေးပါရစေ.. ဒီလိုအချုပ်အချာအာဏာကိစ္ခ္စတွေကိုပြောတဲ့ အခါ ပြည်သူလူထုတရပ်လုံးရဲ့ အဓိကအကျိုးစီးပွားနဲ့ပဲ ယှဉ်ပြီးပြောရပါတယ်။

ဥပမာ-တိုင်းပြည်တပြည်က ကိုယ့်တိုင်းပြည်ရဲ့စီးပွားရေးစားကျက်ကို လုယူတဲ့ကိစ္ခ္စ ဟာ အချုပ်အခြာအာဏာဆိုင်ရာကိစ္ခ္စ ဖြစ်လာတတ်ပါတယ်။ ပညာရေးကိစ္ခ္စ နည်းပညာဆိုင်ရာကိစ္ခ္စတွေ ပြိုင်ဆိုင်မှုမှာလည်း အလားတူဖြစ်တတ်ပါတယ်.။ တဖန် တိုင်းပြည်တခုက စစ်အင်အားတိုးချဲ့တည်ဆောက်မူဟာ အခြားတိုင်းပြည်တခုရဲ့ အချုပ်အခြာအာဏာကို ထိပါးနေတတ်ပါတယ်။ ဥပမာ-အမေရိကန်ရဲ့ စတားဝါး (Star War) စီမံကိန်း နဲ့ အတူ အာကာသထဲမှာနဲ့ ကမ္ဘာပတ်လမ်းထည်း လွတ်တင်ထားတဲ့ ဂြိုလ်ထုစခန်းတွေ၊ ထောက်လှမ်းရေးစခန်းတွေနဲ့ တိုးတက်လာနေတဲ့ အာကာသတွင်း ဂြိုလ်ထု (satellite system) စနစ်အခြေပြု GPS စနစ်တွေ (The Global Positioning System (GPS)) ဟာ နိုင်ငံတခုကို အပေါ်ကမိုးကြည့်ပြီး သက်ဆိုင်ရာနိုင်ငံကို စစ်ရေး နိုင်ငံရေး လုံခြုံရေးအရ ချိန်းခြောက်နေနိုင်တာမို့ အခြားနိုင်ငံတွေက သူတို့တိုင်းပြည်ရဲ့ အချုပ်အချာအဏာပိုင်ဆိုင်မှုဆိုတာကို မေးခွန်းအကြီးအကျယ်ထုတ်လာကြပြီး ဂြိုလ်ထုစနစ်ကိုတန်ပြန်ဖျက်ဆီးနိုင်တဲ့ နည်းပညာတွေ (anti-satellite technology) ကို ပိုင်ဆိုင် ရယူနိုင်ဘို့  အပြင်းအထန်ကြိုးပမ်းလာကြပါတယ်.။ ဥပမာ- အဲဒါတွေကိုတုန့်ပြန်ဖို့ တရုတ်ဟာ ၂၀၀၇ ခုနစ် ဇန်န၀ါရီလ (၁၉) ရက်နေ့မှာ သူ့နိုင်ငံအပေါ်ဘက်က ကမ္ဘာ ပတ်လမ်းထည်းသူလွတ်တင်ထားတဲ့ သူ့ဂြိုလ်ထုကို ကမ္ဘာသိ သူပြန်ပစ်ချပြခဲ့ပါတယ်။ ဒါဟာစစ်ရေး အားပြိုင်မှုတခုသက်သက်ဆိုတာထက် ငါတို့ မှာ အစွမ်းအစရှိတယ်..အာကာသထည်းကလည်းထောက်လှမ်း ခြိမ်းခြောက်လို့မရဘူး..ငါတို့အချုပ်အချာအာဏာ ငါတို့ပိုင်တယ်လို့ ကမ္ဘာကသိအောင် လုပ်ပြလိုက်တာဖြစ်ပါတယ်။ ဒါကို အမေရိကန်က ဒါကိုစစ်ရေးချိမ်းခြောက်မူလို့သတ်မှတ်ပြီး နိုင်ငံရေးအရဒေါသထွက်ပြခဲ့ပေမယ့် လွန်ခဲ့တဲ့ နစ်ပေါင်းနစ်ဆယ်ကျော်လောက် (၁၉၈၅ ခုနစ်က) သမတရေဂင်လက်ထက်လောက်မှာကထည်းက သူတို့စဉ်းစားလုပ်ဆောင်ခဲ့တဲ့ စီမံကိန်း သူတို့ဖြတ်သန်းခဲ့ဘူးတဲ့ဖြစ်စဉ်ဖြစ်တာကြောင့် ဘာမှထပ်မပြောတော့ပါဘူး။ တိတ်တိတ်ကလေး ကြိတ်ရယ်နေနိုင်ပါတယ်။ ရုရှလည်း ၁၉၈၀ နစ် ကာလများတုန်းကအဲလိုလုပ်ဘူးပါတယ်။ အခုလိုဥပမာတွေပေးရတာဟာ အခြားတိုင်းပြည်တွေက သူတို့ရဲ့ အချုပ်အချာအာဏာပိုင်ဆိုင်မှုဆိုတဲ့ ကိစ္စကို အမျိုးသားရေးတာဝန်တရပ်အနေနဲ့ သတ်မှတ်ပြီး ဘယ်လောက်အလေးထားကြတယ်ဆိုတာကို သိစေချင်လို့ဖြစ်ပါတယ်။

ကမ္ဘာနိုင်ငံရေးဇတ်ခုံမှာ .. ကိုယ့်တိုင်းပြည်ရဲ့ စီးပွားရေး နိုင်ငံရေး ပညာရေး လုံခြုံမှုထိန်းသိမ်းရေးဆိုင်ရာကိစ္ခ္စတွေ မတိုးတက်ရင် အလိုလိုနေရင်း စီးပွားရေးအရ နိုင်ငံရေးအရ စစ်အင်အားအရ လူမူရေးအရ ပညာရေးအရ လူ့ဂုဏ်သိက္ခာအရ အခြားနိုင်ငံတွေ က ကိုယ့်အချုပ်အခြာအာဏာကိုလာရောက်ထိပါးတာကိုခံရစမြဲပါပဲ။ ပြဿနာတွေများမြှောင်လှတဲ့ မြန်မာပြည်လို တိုင်းပြည်ဟာ ကိုယ့်ပြဿနာတွေကို ကိုယ်တိုင်မရှင်းပဲ ကိုယ့်ပြည်သူ (ကိုယ့်အမေ) ကံကြမ္မ္မာကို အခြားတိုင်းပြည်တွေကို ပုံအပ် ပထွေးတော်ပြီး အစစအရာရာ မှီခိုတဲ့ အခါမျိုးကျတော့ တိုင်းပြည်ရဲ့အချုပ်အခြာအာဏာဆိုတာ ရှိသေးရဲ့လား အမျိုးသားဂုဏ်သိက္ခာဆိုတာရှိသေးရဲ့လားဆိုတာ မေးစရာဖြစ်လာတယ်။ အဲဒါတွေကိုကျော်လွန်ဘို့ ရှုပ်ထွေးလှတဲ့ ဒီကမ္ဘာနိုင်ငံရေးဇတ်ခုံမှာ လိမ်မာပါးနပ်စွာနဲ့ ကိုယ့်တိုင်းပြည်ရဲ့ အခန်းကဏ္ဍတခုကို အများကအသိအမှတ်ပြုအောင် ၊ ရရှိအောင် ဆောင်ရွက်ဖို့လိုပါတယ်။ တရုတ်ကြီး ကုလားကြီးနဲ့ ပေါင်းနေလို့လည်း ဒီကမ္ဘာနိုင်ငံရေးဇတ်ခုံမှာ မတွင်ကျယ်ဘူး မီးမသေဘူး၊ မပြီးဘူးဆိုတာ စစ်အုပ်စုဝင်တွေအမြန် သိဘို့လိုနေပါပြီ.။ ကမ္ဘာနိုင်ငံရေးဇတ်ခုံမှာ .ကိုယ်တိုင်းပြည် ထိုက်တန်တဲ့ အဆင့်တနေရာကိုရရှိဘို့ဆိုရင် ကိုယ်ပြည်တွင်းပဋိပက္ခတွေကို ငြိမ်းချမ်းတဲ့နည်းနဲ့ အရင်ဖြေရှင်းရပါမယ်။ ကိုယ့်တိုင်းပြည်မှာ မြန်မြန်ငြိမ်းချမ်းရေးရအောင်လုပ်နိုင်ပါမှ ဟိုနိုင်ငံကလူပါးဝ ဒီနိုင်ငံကလူပါးဝတာတွေကို မခံရမှာဖြစ်ပါတယ်။ နို့မို့ဆိုရင် သူတို့တိုင်းပြည်ကိုသွား ရယ်ပြပြုံးပြပြီး ကိုယ့်အာဏာတည်မြဲရုံလောက်လေးလုပ်တဲ့ နိုင်ငံရေးမျိုးနဲ့ ဒီကမ္ဘာနိုင်ငံရေးဇတ်ခုံမှာ ဗိုလ်ချုပ်ပြောတဲ့ "ဖါသည်နိုင်ငံကြီး" ဆက်ဖြစ်နေဦးမှာဖြစ်တယ်။ ကိုယ့်ပြဿနာတွေကို ရှင်းပြီးမှ ကိုယ့်တိုင်းပြည်ရဲ့ စီးပွားရေး နိုင်ငံရေး ပညာရေး လုံခြုံမှုထိန်းသိမ်းရေးဆိုင်ရာကိစ္ခ္စတွေကို အမျိုးသားအကျိုးစီးပွားကိုရှေ့ရှုပြီးလုပ်ဆောင်ရပါမယ်။

ယခုလို google China ရဲ့ထိန်းချုပ်တာခံရတဲ့ကိစ္ခ္စဟာ နိုင်ငံတကာလျှိုဝှက်ချက်တွေကိုဖွင့်ချပေးလိုက်တဲ့ Wikileaks အရှုပ်တော်ပုံနဲ့အတူ ပေါ်ပေါက်လာတဲ့... "ဗမာအစိုးရဟာ တရုတ်အတွက်စပိုင်လုပ်ပေးနေတယ်" ဆိုတဲ့ Wikileaks ကပြောသွားတဲ့အချက်ကိုပိုမိုခိုင်မာသွားစေပြီး တရုတ်စပိုင်ဖြစ်ရတဲ့ မိမိတိုင်းပြည်ကံကြမ္မာအတွက်၊ လူမျိုးအတွက် ရင်ထုမနာဖြစ်မိပါတယ်။ { Wikileaks က စင်ကာပူဝန်ကြီးချုပ်လီကွမ်ယု (Lee Kuan Yew) နဲ့ US Deputy Secretary of State ဂျိမ်းစ် စတိန်းဘတ်ဂ် (James B. Steinberg) တို့ရဲ့ လျှို့ဝှက်ဆွေးနွေးပွဲကိုကိုးကားပြီး ပြောသွားခဲ့}

နောက်ဆုံးပြောရရင် ဒီလို google China ကမြန်မာပြည်အင်တာနက်အချက်အလက်ရှာဖွေမှုစနစ်ကိုထိန်းချုပ်တဲ့ကိစ္ခ္စဟာ တိုင်းပြည်ရဲ့အချုပ်အခြာအာဏာကိုထိပါးတဲ့ နိုင်ငံတော်ဆိုင်ရာ အမျိုးသားရေးဆိုင်ရာပြဿနာတရပ် ဖြစ်ပြီး တိုင်းသူပြည်သားတို့ရဲ့ ယခုမျိုးဆက် နောက်မျိုးဆက်တွေနဲ့ဆိုင်တဲ့ကိစ္ခ ဖြစ်တာကြောင့် ပေါ့ပေါ့လေးမစဉ်းစားကြပဲ ကျနော်တို့မြန်မာပြည်သူပြည်သားတွေအားလုံး ကုလသမဂနဲ့ နိုင်ငံတကာမှာ ကန့်ကွက်နိုင်အောင် ဒီလုပ်ရပ်ကိုရပ်တန့်သွားအောင် နည်းလမ်းတွေ ရှာဖွေလုပ်ကိုင်သွားကြရမှာဖြစ်တယ်။ google China ရဲ့မြန်မာပြည်က အင်တာနက်ကိုထိန်းချုပ်မူဟာ မြန်မာပြည်သူတွေရဲ့ အချုပ်အခြာအာဏာဆုံးပါးမှုတခု ဖြစ်တယ် သို့ခြိမ်းခြောက်မှုတစ်ခုဖြစ်တယ်... (google China's control over internet in Burma is the loss of sovereignty for Burmese people or threat to sovereignty of Burma) ဆိုတဲ့ ကန်ပိန်း(campaigns) တွေ လုပ်ပြီး....သက်ဆိုင်ရာအဖွဲ့အစည်းများအား အစိုးရများအား ဆန့်ကျင်ကန့်ကွက်တဲ့လုပ်ငန်းတွေကို စစ်အာဏာရှင်တိုက်ဖျက်ရေးလုပ်ငန်းစဉ်တွေထဲက အရေးကြီးတဲ့ လုပ်ငန်းစဉ်တစ်ခုအဖြစ် ထားရှိပြီး တိုက်ပွဲဝင်လုပ်ဆောင်သွားရမှာဖြစ်ပါတယ်.။

မေတ္တာဖြင့်
လူထုနေဦး

ဒီဇင်ဘာလ ၅ရက်နေ့ သကရာဇ်၂၀၁၀
http://www.facebook.com/note.php?note_id=133963896661729&id=100001911549428

0 မဲဆောက်မြို့၊ စီဒီစီကျောင်းတွင် ဆရာမကြီးဒေါက်တာစင်သီယာမောင်၏ (၅၁) နှစ်မြောက် မွေးနေ့ပွဲအခမ်းအနား ကျင်းပ(ဓာတ်ပုံသတင်း)



ပေးပို့သော မမြတ်လေးငုံအားကျေးဇူးတင်ရှိပါသည်။

0 မဲဆောက်မြို့၊ စီဒီစီကျောင်းတွင် ဆရာမကြီးဒေါက်တာစင်သီယာမောင်၏ (၅၁) နှစ်မြောက် မွေးနေ့ပွဲအခမ်းအနား ကျင်းပ(ဓာတ်ပုံသတင်း)


ပေးပို့သော မမြတ်လေးငုံအားကျေးဇူးတင်ရှိပါသည်။

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.