Sunday, January 2, 2011

0 မင်္ဂလာရှိတဲ့ တစ်လေးလုံးနေ့






မင်္ဂလာရှိတဲ့ တစ်လေးလုံးနေ့

၁.၁.၂၀၁၁ (စနေနေ့) သည် ကျွန်တော်အတွက် အဖိုးမဖြတ်နိုင်သော မင်္ဂလာတရားနှင့် ပြည့်စုံသော နေ့ရက်တစ်ရက်ပင် ဖြစ်တော့သည်။

ထိုနေ့ရက်သည် ကျွန်တော်၏ဘ၀၊ ကျွန်တော်၏ လျှောက်လှမ်းနေသော လူသားအကျိုးပြု လမ်းမပေါ်သို့ ဆွဲခေါ်လမ်းပြပေးခဲ့သော ကျွန်တော်၏ ဓူဝံကြယ်၊ ကျွန်တော်၏ မဟေသီ ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်၏ ကမ္ဘာမြေပြင်ပေါ်သို့ စတင်ရောက်ရှိလာသော နေ့တစ်နေ့လည်း ဖြစ်သည်။ နှစ်သစ်မင်္ဂလာနေ့ရက်တွင် မွေးဖွားခဲ့သော ကျွန်တော်ဘ၀ရဲ့ ကောင်းကျိုးအသစ် အသစ်တွေကို ဖန်တီးပေးခဲ့သော ရွှေဇီးကွက်တည်းဟူသော လူမှုအကျိုးဆောင် အမျိုးသမီးတစ်ဦး မွေးဖွားသန့်စင်လာသော နေ့ရက်တစ်ရက်လည်း ဖြစ်သည်။

နံနက်စောစောပိုင်း (၄း၀၀) နာရီတွင် အိပ်ယာမှထပြီးနောက် မေတ္တာပို့သ၊ ဘုရားရှစ်ခိုး၊ ပုတီးစိပ်အပြီး ကျွန်တော်ရဲ့ အိမ်ပြင်သို့ထွက်ကာ ပတ်ဝန်းကျင်ကို လေ့လာလိုက်သည့်အခါ အလွန်ကို သာယာလှပစိုပြေ အေးချမ်းမှုကို ခံစားလိုက်မိသည်။ ကျေးငှက်များရဲ့ တေးသီသံကို ကြားလိုက်သည်။ မင်္ဂလာရှိသော အတိတ်နိမိတ်ပင် ဖြစ်တော့သည်။ နံနက် (၇း၃၀) နာရီအချိန်မှစ၍ တဖွဲဖွဲနှင့် ကြွရောက်လာကြသော ဧည့်ပရိသတ်များ၊ အသင်းသူ/သားများနှင့် စိုပြေလာသည်။

မွေးနေ့ပွဲ အခမ်းအနားစချိန်မှာ နံနက် (၉း၀၀) နာရီ မှ ညနေ (၅း၀၀) နာရီထိ သတ်မှတ် ထားသော်လည်း နံနက် (၇း၀၀) နာရီ / (၇း၃၀) နာရီအချိန်မှစ၍ ဧည့်ပရိသတ်များ စည်ကား လာမှုသည် ထူးခြားလှတော့သည်။ စာပေ၊ ဂီတ၊ ရုပ်ရှင်၊ လူမှုရေးသမားများနှင့် စည်ကားလှ တော့သည်။

နံနက် (၈း၃၅) နာရီတွင် ကျွန်တော်ဆီ တယ်လီဖုန်းသံ မြည်လာတော့သည်။ “ဒေါ်အောင်ဆန်း စုကြည် လာနေပြီတဲ့” အလွန်အံ့သြမိသည်။ ၀မ်းသာမိသည်။ ပရိသတ်အားလုံးလည်း အပြုံးမျက်နှာ များ၊ ၀မ်းသာမှုများ၊ နွေးထွေးမှု မဟာအင်အားများ တိုးပွားလာခဲ့တော့သည်။

ဟုတ်သည် … အမေ ဒေါ်စု (၈း၅၀) နာရီတွင် ရောက်ရှိလာတော့သည်။ အမေစုကို မွေးနေ့ရှင် ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်နှင့် ကျွန်တော်ရဲ့ မိခင် ဖခင်၊ မိတ်ဆွေသင်္ဂဟများ၊ အမေစုကို လေးစားကြည်ညိုသူအားလုံး ၀မ်းမြောက်စွာ ကြိုဆိုဂါရ၀ပြုကြသည်။

အမေစုသည် ကျွန်တော်ရဲ့ ပိတ်ပင်ထားခံရသော အနုပညာလုပ်ငန်းရပ်များ၊ ဖန်တီးရိုက်ကူး ထားမှုများ၊ ရေးဆွဲထားချက်များကို စိတ်ပါဝင်စားစွာ လိုက်လံကြည့်ရှုအားပေးခဲ့သည်။

အမေစုသည် ကျွန်တော်ဖန်တီး ပြသထားသော “တရံရောအခါက” ဟူသောရုပ်ရှင်နှင့် ပတ်သက်သည့် ပါဖော်မန့် သရုပ်ပြအခန်းကိုလည်း စိတ်ဝင်တစား ကြည့်ရှုအားပေးခဲ့သည်။

ကျွန်တော်ရဲ့ ငြိမ်သက်နေသော အနုပညာလုပ်ငန်းများ ပြန်လည်အသက်ဝင် လှုပ်ရှားမှုကို ခံစားမိတော့သည်။ ဒါ . . . အမေ့ရဲ့ ပါဝါ

အမေ့ရဲ့ စွမ်းအား

အမေ့ရဲ့ နွေးထွေးမှု

အမေ့ရဲ့ ကြင်နာမှု

အမေ့ရဲ့ အားပေးမှုတို့ကြောင့်ပင် ဖြစ်တော့သည်။

ကြွရောက်လာကြသော အနုပညာနှင့် ပါတ်သက်သော သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများနှင့် ကျွန်တော်အား အားပေးသူ၊ ကြင်နာသူ၊ ဂရုပြုကြသူများ၊ ပရိသတ်များ၊ နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသူ/သားများ၊ လူမှုရေးသမားများ၊ ဂီတပညာရှင်ကြီးများနှင့် စာပေပညာရှင်များ အပါအ၀င် အသက် (၉၀) ကျော်ပြီဖြစ်သော်လည်း Kyaw Thu’s Art Zone ရှိ လှေကားအတက်အဆင်းများတွင် ဖန်တီးပြသထားသော အနုပညာပြချက်များကို စိတ်ပါဝင်စားစွာ တက်ကြွစွာဖြင့် လာရောက်အားပေးသော ဆရာကြီး ပါရဂူ၊ ပန်းချီပညာရှင်များနှင့် ဆရာကြီး မောင်ဒီ၊ ရုပ်ရှင်ပညာရှင်ကြီးများဖြစ်သော ဒါရိုက်တာကြီး ဦးအောင်မြင့်မြတ်နှင့်တကွ ကျွန်တော်၏ အနုပညာ ဖန်တီးမှု၊ ကျွန်တော်ရဲ့ လူမှုရေးစွမ်းဆောင်မှုတို့ကို လေးစားအားပေးမှုများကို ထပ်ဆင့် ထပ်ဆင့် အားပေးချီးမြှင့် အသိအမှတ်ပြုသော အမေ ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့သားများ၊ လူငယ် မျိုးဆက်သစ်များ၊ အနာဂတ်ခေါင်းဆောင် လူငယ် လူရွယ်များအားလုံးကို အထူးလေးစား ဂါရ၀ဖြင့် နှလုံးသားထက်တွင် မှတ်တမ်းတင်လိုက်ရသော “တစ်လေးလုံး” မင်္ဂလာရှိသောနေ့မြတ် တစ်ရက်ပင် ဖြစ်ပါတော့သည်။

ကျော်သူ

0 နောက်ကိုပြန်ကြည့် ရှေ့ကိုမြော်လင့်


၂၀၁၀ ဒီဇင်ဘာ ၃၀ ရက်နေ့က ရန်ကုန်ရှိနေအိမ်တွင် သူ၏ခွေးလေးကိုချီပွေ့ထားစဉ်(မိုင်အိနိချိ)

လွန်ခဲ့သည့် နိုဝင်ဘာလကလွတ်မြောက်လာပြီးနောက် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် “မြန်မာပြည်မှစာ” ကော်လံကို တဖန်ပြန်လည်ရေးသားပေးခြင်းဖြင့် ၁၃ နှစ်ကျော် ဤစာမျက်နှာများပေါ်မှ ကွယ်ပျောက်နေခြင်းကို အဆုံးသတ်စေပါတော့မည်။

သူ့ကော်လံတွင် ဒေါ်အောင်ဆန်းစုကြည်သည် အာဏာရှင်ဆန်သောအစိုးရ အား စိန်ခေါ်မှုများကို ရင်ဆိုင်လျက် မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုများ အတွက် ရှေ့ရှုကာ တိုက်တွန်းရေးသားသွားမည်ဟု ရည်ရွယ်ထားပါသည်။

နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် မိုင်အိနိချိသတင်းထောက်နှင့် တွေ့ဆုံရာတွင် သူ၏ လစဉ်ကော်လံကို ပြန်လည်ရေးသားပေးမည်ဟု သဘောတူခဲ့ပါသည်။

ဒီဇင်ဘာနှောင်းပိုင်းတွင် အခြားဓာတ်ပုံသတင်းထောက်နှင့်တွေ့စဉ် “မြန်မာပြည်ကစာ”ကော်လံသစ်များ အတွက် ပထမဦးဆုံး ဆောင်းပါးကို ပရိသတ်များအတွက် နှုတ်ခွန်းဆက်နှင့်အတူ ပေးလိုက်ပါသည်။

“ မိုင်အိနိချိစာဖတ်ပရိသတ်များအားလုံးမှာ ငြိမ်းချမ်းခြင်း၊ ပျော်ရွှင်ခြင်းနှင့် ချမ်းသာကြွယ်ဝခြင်းများ ပြည့်ဝသည့် နှစ်သစ်တခုဖြစ်ကြပါစေရန် ကောင်းမွန်သောဆန္ဒများစွာဖြင့် ဆုမွန်ကောင်းတောင်း လိုက်ပါသည်” …

ဒေါ်အောင်ဆန်းစုကြည်

နှစ်တနှစ်၏အစသည် အတိတ်ဖြစ်ရပ်များကို ပြန်လည်သစ်လွင်ခြင်း၊ ပြန်လည်နိုးကြားစေခြင်း၊ သန္နိဋ္ဌာန်ဆုံးဖြတ်ချက်များချမှတ်ခြင်းနှင့် အမှတ်ရခြင်းတို့၏အချိန်သမယဖြစ်ပေသည်။

၂၀၁၀ ကို ကျွန်မပြန်လည်ကြည့်မိပါသည်။ ရေညစ်များထဲတွင် အားလုံးပျောက်ကွယ်သွားသကဲ့သို့ ယင်းနှစ်၏အပိုင်းအစများသည် မမှတ်မိနိုင်လောက်အောင်ပင်ဖြစ်ရပါသည်။ ၂၀၁၀ ၏ပထမနေ့ရက် ကို ကျွန်မ မည်ကဲ့သို့ အသုံးချခဲ့ပါသလဲ။ ကျွန်မ မမှတ်မိနိုင်ပါ။

သို့သော် ကွန်မပြောနိုင်သည်ကတော့ သက်တောင့်သက်သာမဟုတ်နိုင်ခဲ့ပါ။ ကျွန်မအိမ်ကို ပြင်ဆင် ရန် ၂၀၀၉ ခုနှစ် ဒီဇင်ဘာလမှာ စတင်ခဲ့ပါသည်။ ရက်သတ္တပတ်အနည်းငယ် ကြာလာတော့ မြူနီစီပယ်အာဏာပိုင်တွေ၏အမိန့်ကြောင့် ရပ်ဆိုင်းခဲ့ရပါသည်။

ထိုအမိန့်ကို ပြန်လည်ရုတ်သိမ်းရန် ကျွန်မ၏ရှေ့နေများကြိုးစားဆောင်ရွက်နေချိန်မှာ ကတ္ထူပုံးများ၊ အမျိုးအမည်မခွဲခြားနိုင်သည့် ပစ္စည်းများကိုထုပ်ပိုးထားသည့် သက္ကလပ်စောင်ထူထုပ်များ၊ သေတ္တာ မျိုးစုံများနှင့် ယိမ်းယိုင်နေသော စာအုပ်ပုံများကြားတွင် လပေါင်းများစွာ ကျွန်မနေထိုင်ခဲ့ရပါသည်။

မြင့်မားသည့်စာအုပ်စင်၊ ထီးထီးကြီးဖြစ်နေသည့်စားပွဲများနှင့် ဖုထစ်နေသောအထုပ်အပိုးများကြားတွင် ညပ်နေသည့်ကျွန်မအိပ်ရာထက်မှ အပေါ်ကိုကြည့်လိုက်လျှင် မျက်နှာကျက် အပေါက်အပြဲများကို ကောင်းစွာမြင်တွေ့နေရပါသည်။ ထိုမြင်ကွင်းသည် သဘာဝ၏ဟောင်းနွမ်းပျက်ယွင်းမှု သင်္ခါရတရား ကို အာရုံဝင်စားဆင်ခြင်နိုင်ရန် အချိန်များစွာပေးဆောင်ခဲ့ပါသည်။

ရာသီဥတုအေးသောအခါ ပြည့်ကျပ်နေသည့်အခန်းမှာ နွေးနွေးထွေးထွေးရှိနေသယောင်ပါ။ မြို့ပြအ တွင်း တောစခန်းချရသလိုပုံစံ နေထိုင်ရခြင်းသည် တခုခုအတွက် စွန့်စားခန်းလို ထင်မြင်နိုင်ပါသည်။ သို့ရာတွင် ရာသီဥတု ပို၍ပို၍ပူလာသောအခါ ကြည်နူးဆွတ်ပျံ့ဘွယ်အာရုံများ လွင့်ပါးပျောက်ကွယ် သွားခဲ့ရပါသည်။ အထူးသဖြင့် အိပ်ခန်း၏ပြတင်းပေါက်များအပြင်တွင် ဆင်ထားသည့်ငြမ်းများကြောင့် ပြတင်းပေါက်များမဖွင့်နိုင်သောအခါ အိုက်စပ်ပူလောင်မှုဖြင့် အိပ်မပျော်ခြင်းကို ညပေါင်းများစွာ ခံစားခဲ့ရပါသည်။ ကျွန်မသည် အကောင်းဆုံးကျန်းမာရေးအခြေအနေကို မခံစားနိုင်ခဲ့ပါ။

၂၀၁၀ ၏ ပထမ ၃ လပတ်သည် ကိုယ်ပိုင်းဆိုင်ရာ သက်တောင့်သက်သာမရှိခဲ့ရသည့်ကာလဖြစ်ရုံ မက စိတ်လှုပ်ရှားမှုလွန်ကဲခဲ့ရသောအချိန်လည်းဖြစ်ပါသည်။ ယမန်နှစ်က အင်းစိန်တရားရုံးမှာ ကျွန်မ အပေါ်ချမှတ်သည့်ပြစ်ဒဏ်ကို အယူခံဝင်ရေးတိုင်ပင်ဆွေးနွေးရန်အတွက် ကျွန်မ၏ရှေ့နေများ အခါ အားလျော်စွာ ကျွန်မထံလာရောက်ခဲ့ကြပါသည်။ ဥပဒေလုပ်ထုံးလုပ်နည်းများ အားလုံးသည် စိတ်ဝင် စားစရာကောင်းသည်ကို ကျွန်မသိမြင်လာရပါသည်။ အတွေ့အကြုံရင့်ကျက်ပြီး စွမ်းရည်ပြည့် ကျွန်မ ၏ ရှေ့နေကြီးများထံမှ များစွာသင်ယူခဲ့ပါသည်။

၁၉၉၅ ခုနှစ်မှစ၍ “ဥပဒေစိုးမိုးရေး”ကိုကိုင်စွဲထားလျက်၊ ကျွန်မတို့နိုင်ငံတွင် “ယုံကြည်ချက်ကြောင့် အကျဉ်းချခံထားရသူများ၏ရပိုင်ခွင့်များ”အတွက် ကာကွယ်ပေးနေကြသော သူတို့တတွေနှင့် အမျိုး သားဒီမိုကရေစီအဖွဲ့၏ ဥပဒေကော်မီတီတို့ကို ကျွန်မ လွန်စွာဂုဏ်ယူမိပါသည်။

ထိုရှေ့နေများအနက်မှ ဦးဥာဏ်ဝင်းသည် အဲန်အယ်လ်ဒီအလုပ်အမှုဆောင်ကော်မီတီဝင်တဦးဖြစ်နေ
သည့်အတွက် ကျွန်မ၏အိမ်ပြင်ပတွင်ဖြစ်ပျက်နေသော နိုင်ငံရေးအကြောင်းများကို များစွာသိမြင် လေ့လာနိုင်ခဲ့ပါသည်။ ပါတီ၏အဆုံးအဖြတ်ပေးရမည့်လုပ်ငန်းစဉ်တွင်လည်း အတိုင်းအတာတခု အတွက် ပါဝင်ဆောင်ရွက်နိုင်ခဲ့ပါသည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေးအခင်းအကျင်းအတွက်အရေးကြီးတဲ့နှစ်အတွင်းမှာ အသိပညာစိန်ခေါ်မှုများ သည် ကျွန်မအဘို့ ကျန်မာရေးထက် လွန်စွာအရေးကြီးလျက်ရှိနေပါသည်။

မြန်မာ့နှစ်ကူးချိန်ကျရောက်မည့် ဧပြီလလယ်လောက်မှာတော့ ကျွန်မ၏အိမ်ကိုပြန်လည်ပြင်ဆင်ခွင့် ဆက်လက်ပြုလုပ်နိုင်ကြောင်း တရားရုံးကအမိန့်ချမှတ်ပေးခဲ့ပါသည်။ ပြင်ပကမ္ဘာနှင့်အဆက်အသွယ် ပြတ် အသံတိတ်ဆိတ်နေရသည့်နေရာကလေးသည် အလုပ်သမားများ နေရာအပြည့်လွှမ်းလျက် အသံနှင့်လှုပ်ရှားမှုများ အဆက်မပြတ်ထွက်ပေါ်ခဲ့ပါသည်။

လုပ်စရာတွေအများကြီးရှိခဲ့ပါသည်။ အဓိကအနေကတော့ ခေါင်မိုးကိုပြင်ရန်ဖြစ်ပါသည်။ နှစ်ပေါင်းများ စွာ မုတ်သုန်လများတွင် ကျွန်မ၏အိပ်ရာရွှေ့ခဲ့ရပါတယ်။ ခွက်တွေ၊ ပလုံးတွေနှင့်ပုံးတွေသည် စစ်တု ရင် ကစားတပွဲကအရုပ်များလို မိုးယိုမှုများကိုဖမ်းဆီးရန် ကျွန်မ၏အိပ်ခန်းတွင်း ကြိုးစားနေရာယူ ထားကာ အိပ်ရာ(နှင့် အကယ်၍ အိပ်ရာပေါ်မှာ ကျွန်မရှိခဲ့လျှင်လည်း ကွန်မကိုပါ) စွတ်စိုမှုအန္တရာယ်မှ အကာအကွယ်ပေးခဲ့ကြပါတယ်။၊ အခုတော့ ခေါင်းမိုးမှာ အသံစုံထွက်ပေါ်နေပါပြီ။

နောက်မိုးရေတွေကို ကျွန်မတည်ငြိမ်စွာ စောင့်မျှော်နိုင်ပါပြီ။ မြန်မာစကားမှာတော့ အမိုးကောင်းပါက လုံခြုံမှုရှိသည်ဟုတင်စားပါသည်။ ထိပ်ပိုင်းမှာ အားလုံးကောင်းလျှင် ထွက်ပေါက်တလျှောက်အားလုံး ကောင်းကောင်းမွန်မွန်ဖြစ်မည်ဟူသည့် ဆိုရိုးကိုထင်ဟပ်စေပါသည်။

ပြင်ဆင်ခြင်းနှင့်အသစ်ပြုပြင်ခြင်းများသည် အနာဂတ်မှာ ကိုယ်ပိုင်းဆိုင်ရာသက်တောင့်သက်သာမှုကို ပိုရှိစေမည်ဟု ဆိုရမှာပါ။ သို့ရာတွင် ပြုပြင်ခြင်းအတွက် သက်မဲ့ရုပ်ပိုင်းဆိုင်ရာထက်စာလျှင် ဖြစ်နိုင် သည့်လူသားချင်းဆက်ဆံရာမှာ ပိုမိုအရေးပါပါလိမ့်မည်။

အိမ်ပြင်ဆင်ခြင်းသည် ဧပြီလမှစက်တင်ဘာလအထိ ကြားတွင် ၃ ပတ်နားလျက် ၅ လနီးပါး အချိန် ကြာခဲ့ပါသည်။ ထိုအတွင်း ကျွန်မတို့၏အလုပ်သမားများ၏ဘဝများနှင့်အနေအထားများကို ကျွန်မ နေ့စဉ် တွေ့ကြုံရင်းနှီးခွင့်ရရှိခဲ့ပါသည်။ ကျွန်မတို့နိုင်ငံ၏လုပ်သားအင်အားစုတွေ ကိုင်တွယ်ဖြေရှင်း ရမည့်အခက်အခဲများနှင့် သူတို့ရဲ့မြော်လင့်ချက်များနှင့်ပြင်းပြသည့်ဆန္ဒများ၏ ပိုမိုထင်ရှားသည့် အမြင်များကို ကောင်းစွာနားလည် သဘောပေါက်ခွင့် ရရှိခဲ့ပါသည်။

အိမ်ပြင်ခြင်းအစီအစဉ်၏ အခြားအကျိုးဆက်တခုမှာ အထူးစုံစမ်းရေးတပ်ဖွဲ့ဝင်များ၊ ခြံဝန်းအတွင်း လုံခြုံရေးတာဝန်ယူနေရသူများနှင့် မကြာခဏ တိုင်ပင်ဆွေးနွေးကြရခြင်းပင်ဖြစ်ပါသည်။ လူများနှင့် ပစ္စည်းများ ခြံတွင်းသို့သွင်းရခြင်းအတွက် ညှိနှိုင်းရသည်မှာ နေ့စဉ်နီးပါးဖြစ်ပါသည်။ ထိုစဉ် အခက် အခဲအတားအဆီးများကို နှစ်ဘက်က အကျိုးအကြောင်းနှင့် အလျှော့အတင်းပြုလုပ်ပေးခြင်းဖြင့် ပြေလည်နိုင်သည်ကို တွေ့ခဲ့ကြရပါသည်။

၂၀၁၀ သည် ကျွန်မအိမ်အတွက် ကောင်းမွန်တိုးတက်မှုများဖြစ်စေခဲ့သည့် နှစ်တနှစ်ဖြစ်ခဲ့ပါသည်။

သို့ရာတွင် ကျွန်မတို့နိုင်ငံသားများနေထိုင်ရာအိမ်ဖြစ်သည့် ကျွန်မတို့တိုင်းပြည်အတွက် ထိုနှစ်သည် ဘာတွေယူဆောင်ပေးခဲ့သလဲဆိုသည်မှာ ပိုမိုအလေးထားရမည့် ဖြစ်ရပ်ဖြစ်ပါသည်။ နောင်တချိန်မှာ ပြောပါဦးမည်။

ကျွန်မအား အနှစ် ၂၀ ကျော် ချစ်ကြည်ရင်းနှီးမှုနှင့်အားပေးခဲ့သည့် “မိုင်အိနိချိ သတင်းစာ”ကို အထူး ကျေးဇူးတင်ကြောင်းကိုဖော်ပြရန်အတွက်၎င်း၊ “မိုင်အိနိချိ သတင်းစာ”၏ ပရိသတ်အား မျှဝေရန် အတွက်၎င်း၊ ကျွန်မခင်ပွန်းအတွက် အထူးအရေးပါစေခဲ့သည့်ကဗျာ ကျွန်မနှစ်သက်သည့် ယင်း ကဗျာဥာဏ်၏ ကောက်နှုတ်ချက်ကို ဖော်ပြခြင်းဖြင့် ကျွန်မလွတ်မြောက်လာခဲ့ပြီးမှ ပထမဦး ဆုံးရေးတဲ့ ဤဆောင်းပါးကို အဆုံးသတ်လိုက်ပါရစေ။

ဒါပေမင့် … ဒီနေ့ ကောင်းစွာနေထိုင်ခဲ့ကြပါတယ် …

လွန်ခဲ့တဲ့နေ့တိုင်းကို ပျော်ရွှင်ခြင်းအိပ်မက်နှင့် …

မနက်ဖန်တိုင်းကို မြော်လင့်ခြင်းရဲ့အမြင် ဖြစ်စေပါတယ် …

ဒါကြောင့် … ယနေ့ကို ကောင်းစွာ သုံးသပ်ကြည့်ရှုပါ …

(Vedic Hymn ကိုအခြေပြုသော The Salutation to the Dawn မှ )

(ဒေါ်)အောင်ဆန်းစုကြည်

(Mainichi Japan)

ဇန္နဝါရီ ၁ ၊ ၂၀၁၁

(ဇန္နဝါရီ ၁ ၊ ၂၀၁၁ နေ့ထုတ် Mainichi သတင်းစာတွင် ဖော်ပြထားသော ဒေါ်အောင်ဆန်းစုကြည်၏ Looking Back, Looking Forward ဆောင်းပါးကို ပြန်ဆိုပါသည်။)

မောင်မောင်လှကြိုင်

၂၀၁၁-၀၁-၀၂

1 နိုင်ငံကျော်အဆိုတော်ထူးအိမ်သင်၏ညီ မင်္ဂလာဆောင်သို့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်တက်ရောက်ချီးမြှင့်






ယနေ.နံနက်ပိုင်းတွင်ရန်ကုန်တိုင်းတာမွေမြို့နယ်အတွင်းရှိမဟာသန္တိသုခဗုဒ္ဒသာသနစင်တာတွင်ကျင်းပသော မောင်မင်းဆုမွန်နှင့်မခင်ဝါ၀ါလှိုင်တို.၏မင်္ဂလာဆွမ်းကြွေးအခမ်းအနားသို.ဒေါ်အောင်ဆန်းစုကြည်နှင့်ဦးတင်ဦးတို.မှ ကြွရောက်ချီးမြှင့်ကြောင်း၊မောင်မင်းဆုမွန်သည်နိုင်ငံကျော်အဆိုတော်ထူးအိမ်သင်၏ညီငယ်ဖြစ်ပြီး.ဒေါ်အောင်ဆန်းစုကြည်နှင့်ရင်းနီးသောမိသားစုဝင်တဦးဖြစ်ကြောင်းသိရသည်။
kotinhliang facebookမှတဆင့်ဖော်ပြလိုက်ပါသည်။

Saturday, January 1, 2011

0 " သက်ရှိမိုင်း၊ သက်ရှိသမိုင်းနှင့် မိုင်းတပ်သားများအကြောင်း”-
ရေးသူ- မျိုးမြင့်ချို


ကျနော် စစ်မြေပြင်အင်္ဂျင်နီယာတက်တော့ သင်ရတဲ့အထဲမှာ အခြားဘာသာရပ်တွေအပြင် “မိုင်းနှင့် ထောင်ချောက်” “ဖေါက်ခွဲဖျက်ဆီးရေး” “စစ်မြေပြင်ခံစစ်နှင့်အတားအဆီး” ဆိုတဲ့ ဘာသာရပ် တွေလည်း ပါပါတယ်။ မိုင်းတလုံးချင်းစီမှာအသုံးပြုထားတဲ့ ခလုပ်အမျိုးအစားအလိုက် နင်းမိုင်း တိုက်မိုင်း ကြွမိုင်း ဆိုပြီး အလွယ်ခေါ်တဲ့ လူသတ်မိုင်းတွေ၊ ဖေါက်ဖွဲစက်နဲ့ဖေါက်ခွဲရတဲ့ ရှေ့ထွက်မိုင်းလို မိုင်းမျိုးတွေအပါအဝင်၊ ရေအောက်မှာနဲ့ရေမျက်နှာပြင်နားမှာကပ်ပြီးထောင်တဲ့ ရေမြုတ်မိုင်း၊ ယာဉ်တွေက ထောင်တဲ့ တင့်ဖျက်မိုင်းတွေအကြောင်း၊ ဖြုတ်နည်းတပ် နည်း၊ မိုင်းကွင်းများခင်းကျင်းနည်း၊ ရှင်းနည်း စတာတွေကိုအသေးစိတ်သင်ရပါတယ်။ နောက် ထောင်ချောက်များအကြောင်း ပေါက်ကွဲ စေတတ်တဲ့ ပစ္စည်းတွေနဲ့ ဆက်စပ်ပြီး ထောင်ချောက်လုပ်နည်းတွေ၊ ဖေါက်ခွဲဖျက်ဆီးရေး (တံတားချိုးတာ၊လမ်းဖျက်တာ) စတာတွေ။ နောက်တော့ စစ်မြေပြင်ခံစစ်စခန်းတွေ တည်ဆောက်ပုံ၊ ခံစစ်တခုချင်းစီရဲ့အရေးပါမှုအလိုက် အတားအဆီးစီစဉ်ပုံတွေသင်ရပါတယ်။

အရပ်အခေါ် “မိုင်းထောင်တယ်” ဆိုတာဟာ မိုင်းတပ်သားတွေပြောတဲ့ “အသက်သွင်းခြင်း” ဖြစ်ပါတယ်။ မက္ကနစ်ဇင်(Mechanism) ဆိုမယ့် ခလုပ်ပိုင်း၊ Spark လို့ပြောတဲ့ မီးပွင့်ခေါင်း၊ အစပျိုးဖေါက်ခွဲပေးမယ့် ဒီတိုနေတာ (Detonator) (ယမ်းအုံကြီးတဲ့မိုင်းတွေမှာ အားမြှင့်ယမ်း (Primer) ဆိုတာထပ်ပိုးရပါသေးတယ်) နဲ့ ယမ်းအုံဆက်စပ်ပြီး၊ နင်းရင်၊ တိုက်ရင် နင်းပြီးပြန်ကြွရင်ပေါက်ကွဲအောင် တပ်ဆင်ပေးရတာဖြစ်ပါ တယ်။ အဲဒါနဲ့ပြောင်းပြန်လုပ်တာကိုတော့ အရပ်အခေါ် ”မိုင်းဖြုတ်တယ်”ဖြစ်ပြီး၊ မိုင်းတပ်သားတွေကတော့ “သက်မဲ့လုပ်ခြင်း”လို့ ပြောပါ တယ်။ အသက်လည်းသွင်းလိုက်တယ် ခလုပ်ကိုလည်းဖြုတ်မိတယ်။ ဒါပေမယ့်မိုင်းကမကွဲဘူး ဆိုရင်တော့ “မိုင်းအ” လို့ခေါ်ပါတယ်။

စာတွေ့နဲ့လက်တွေ့ကိုပေါင်းတဲ့သင်ခန်းစာစတဲ့ ပထမဆုံးနေ့က နည်းပြဆရာအကြပ်ကြီးပေးခဲ့တဲ့ ပထမဆုံးလက်ချာကတော့… “မိုင်းတလုံး ထောင်တာပဲဖြစ်ဖြစ် မိုင်းအလုံးရေသိန်းချီပြီခင်းတာပဲဖြစ်ဖြစ် အဲဒါဟာ မိုင်းကွင်းတခုခင်းကျင်းတာဖြစ်တယ်လို့မှတ်ရမယ်။ မိုင်းကွင်းတခုကို ခင်းပြီဆိုတာနဲ့ မခင်းခင်မှာအရင်ဆုံး မင်းတို့ခံယူထားရမှာက (တစ်)မိမိကိုယ်ကို အန္တရာယ်မဖြစ်ဖို့ (နှစ်)မိမိလူများကို အန္တရာယ်မဖြစ်ဖို့ (သုံး) ရန်သူကိုထိခိုက်စေဖို့ဖြစ်တယ်ဆိုတာပဲ။ စစ်မြေပြင်မှာ မိုင်းတပ်သားဟာ သူ့ကိုယ်သူအန္တရာယ်မဖြစ်မချင်း သူဟာ မိုင်းကွင်းတွေခင်းနေ ရှင်းနေလို့ရသေးတယ်။ သူ့လူတွေကို အန္တရာယ်မဖြစ်မချင်း သူဟာ အပြစ်တင်ခံရတာနဲ့အရေးယူခံရတာကနေလွတ်တယ်။ အဲဒီ ၂ ချက်ကနေ ကင်းနေမှ မိုင်းတပ်သားဟာ ရန်သူကိုထိခိုက်အောင်လုပ်လို့ ရနေမှာဖြစ်တယ်ဆိုတာပဲ” ဖြစ်ပါတယ်။

ကျနော်တပ်ကထွက်ပြီးနောက် တပ်နဲ့ဝေးသွားသလို မိုင်းတွေနဲ့လည်းလှမ်းသွားပါပြီ။ အဲဒီတုန်းက သင်တန်းမှာနည်းပြဆရာအကြပ်ကြီး ပေးခဲ့တဲ့လက်ချာကိုလည်း မှတ်နေစရာမလိုတော့တဲ့အတူတူဆိုပြီး မေ့သလိုလိုတောင်ထားလိုက်ပါပြီ။ ဒါပေမယ့် တိုက်ဆိုင်တယ်ပဲဆိုမလား မပြောတတ်ပါ။ တရက် မိတ်ဆွေတယောက်နဲ့ အွန်လိုင်းမှာဆုံပါတယ်။ သူက လက်နက်ကိုင်တော်လှန်ရေးကိုယုံကြည်သလို တစုံတရာဖြတ် သန်းမှုလည်းရှိခဲ့သူပါ။ ကျနော်က လက်နက်ကိုင်တော်လှန်ရေးမဟုတ်တဲ့ အခြားနည်းနာတွေကိုယုံကြည်ပြီး ထောင်တွင်းဘဝကိုဖြတ်သန်း လာသူပါ။ မတူတဲ့လမ်းကနေနဲ့တူညီတဲ့ပန်းတိုင်ကို အရောက်သွားကြမယ်လို့ရည်ရွယ်ခဲ့ကြပေမယ့် အခုတော့ သူရောကျနော်ပါ တတိယနိုင်ငံ တွေမှာအခြေချနေပြီး တပိုင်တနိုင်နိုင်ငံရေးဆိုတာလေးနဲ့ ကိုယ့်ကိုယ့်ကိုချွေးသိပ်နေသူတွေဖြစ်နေပါပြီ။ သူနဲ့ကျနော်အွန်လိုင်းမှာ ပြည်တွင်း အခြေအနေနဲ့ဗမာ့နိုင်ငံရေးအခင်းအကျင်း ဆိုတာတွေပြောဖြစ်ပါတယ်။ ပြည်တွင်းနဲ့ပတ်သက်ပြီး ပြည်တွင်းနိုင်ငံရေးလုပ်နေကြသူတွေမှာ အမျိုးအစား ၂ မျိုးရှိတယ်လို့ သူမြင်ကြောင်းပြောပါတယ်။ တမျိုးက “ပေါ်တင်နိုင်ငံရေး”။ နောက်တမျိုးက “ငုတ်လျှိုးနိုင်ငံရေး” လို့ ဆိုပါတယ်။ အစဉ်အဆက်ပြောဆိုသုံးစွဲလာခဲ့ကြတဲ့ “ဥပဒေတွင်းဥပဒေပ” တို့ “မြေပေါ်(အိုဂျီ)မြေအောက်(ယူဂျီ)” တို့ဆိုတဲ့ ဝေါဟာရတွေကိုသုံးချင်ဟန် မရှိလို့ဖြစ်မယ်ထင်ပါတယ်။ “ပေါ်တင်နိုင်ငံရေး”မှာ အုပ်စုလိုက်ပြီးရှိကြောင်း ရွေးကောက်ပွဲဝင်လွှတ်တော်တက်မယ့်အစု၊ ရွေးကောက်ပွဲအသိ အမှတ်မပြုဝင်လည်းမဝင် န.အ.ဖကလည်း ဘယ်လိုထိရမှန်းမသိသေးတဲ့အစု၊ လူမှုရေးမျက်နှာစာနဲ့ နိုင်ငံရေးလက္ခဏာဆောင်အစု၊ ကလေး စစ်သားနဲ့ အဓမ္မလုပ်အားခေါင်းစဉ်အောက်က သူ့လူကိုယ့်လူ သိပ်မကွဲတဲ့အစုနဲ့ တကိုယ်တော်လှုပ်ရှားနေကြသူအစုတွေဖြစ်ပြီး၊ “ငုတ်လျှိုးနိုင်ငံ ရေး” မှာတော့ ဗ.က.သလို ကျောင်းသားအစုတွေ၊ သဏ္ဍန်စုံအမည်စုံနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လုပ်နေကြတဲ့ ပျောက်ကြားလူငယ်အစု၊ နည်းပညာ အခြေခံအင်တာနက်ကနေ အတွင်းအပြင် ချိတ်ဆက်လှုံ့ဆော် သူများအစုတွေပါကြောင်း အကြမ်းဖျဉ်းဆိုနိုင်တယ်လို့ပြောပါတယ်။ ပြဿနာက အမျိုးအစား ၂ မျိုးစလုံးမှာ လုပ်ရကိုင်ရတာ အကန့်အသတ်အလွန်ကြီးသလို အကျပ်အတည်းလည်း ရှိနေတယ်လို့ဆိုပါတယ်။

(ဖြည့်စာ-- ကျနော်က သူ အမျိုးအစားသတ်မှတ်ပုံနဲ့ အစုအဖွဲ့ခွဲဖြန့်ပြပုံတွေကိုတော့ သူ့အမြင်သာဖြစ်လို့ ဘာမှမငြင်းခုံဖြစ်ပါ။ ဒါပေမယ့် သူ့ အဖြန့်အခွဲအစုတွေထဲက “ကလေးစစ်သားနဲ့အဓမ္မလုပ်အားခေါင်းစဉ်အောက်က သူ့လူကိုယ့်လူသိပ်မကွဲတဲ့အစု” ဆိုတာနဲ့ပတ်သက်လို့တော့ ပြောဖြစ်ပါတယ်။ ဒီအကြောင်းတော့ နောက်မှရေးမယ်လို့ တွေးထားပါတယ်)

သူက အဲဒီလို အကန့်အသတ်နဲ့အခက်အခဲတွေ ဘယ်လိုဘယ်လောက်ပဲရှိရှိလုပ်ရမယ့်အလုပ်ကိုတော့ လုပ်နေကြရဦးမှာပဲလို့ဆိုပြီး -------“ပေါ်တင်ဖြစ်ဖြစ် ငုတ်လျှိုးဖြစ်ဖြစ်ပေါ့ကွာ ကိုယ်ရွေးချယ်ပြီးသား မူအတိုင်းတော့သွားရမှာပဲ။ အဲဒီလမ်းပေါက်ဖို့ လုပ်ဟန်နဲ့နည်းနာတွေလည်း ရှိနေကြတာပါပဲ။ လုပ်လည်းလုပ်နေကြတာပဲ။ ဒါပေမယ့် အခုတလော ငါတွေးမိနေတာလေးတခုရှိတယ်ကွ။ အဲဒါက လုပ်ဟန်နည်းနာတွေနဲ့ လည်းမဆိုင်ပါဘူး။ လုပ်တဲ့နေရာမယ် ဘယ်လိုခံယူမှုထားမလဲဆိုတာပါ။ ဘယ်လိုခံယူမှုမျိုးနဲ့လုပ်မလဲဆိုတာပါ။ မင်းကို အဲဒါပြောမလို့-“ ဆိုပြီး “မင်းစဉ်းစားကြည့်လေ။ လုပ်နေတဲ့သူက သူကိုယ်တိုင်ထောင်ထဲ ရောက်မသွားဖို့အရေးကြီးတယ်။ ထောင်ထဲရောက်သွားရင် ဘာမှ လုပ်မရတော့ဘူး။ ထောင်ထဲကနေ ဘာမှလုပ်လို့မရဘူး။ ပြည်တွင်းမှာနိုင်ငံရေးကို ထောင်မကျအောင်လုပ်တတ်ဖို့လိုမယ်။ အနိမ့်ဆုံး ထောင် ကျတော့မယ့်အပေါက်တိုးမိရင် ရှောင်တတ်တိမ်းတတ်ဖို့လိုမယ်။ နောက်တခုက ကိုယ်ကိုယ်တိုင်တော့ ထောင်မကျဘူးကွာ။ ဒါပေမယ့် ကိုယ့်လူတွေ ထောင်ထဲရောက်သွားပြန်တယ်ဆိုလည်း မနိပ်ပြန်ဘူး။ ကိုယ်ကတော့ အပြင်မှာရှိနေပါရဲ့။ ကိုယ့်လူတွေက အတွင်းမှာဆိုပြန် ရင်လည်း ဘာမှလုပ်မရပြန်တော့ဘူးလေကွာ။ သမင်တကောင်မွေးဖို့မလွယ်ပေမယ့် ကျားစားဖို့ကတော့လွယ်တယ်မဟုတ်လား။ ကိုယ်လည်း အထဲမရောက် ကိုယ့်လူတွေလည်းအပြင်မှာရှိမှ လုပ်စရာရှိတာလုပ်လို့ရမယ်မဟုတ်လားကွ။ ဆိုတော့ကွာ တစ်က ကိုယ်ထောင်ထဲမရောက် ရေး။ နှစ်က ကိုယ့်လူတွေထောင်ထဲမရောက်ရေး။ သုံးကမှ ကိုယ်လုပ်စရာရှိတာ ဆက်လုပ်နိုင်ရေးပေါ့ကွာ”

ကျနော့် သူနဲ့စကားပြောရင်း မိုင်းနည်းပြအကြပ်ကြီးရဲ့ ပထမဆုံးနေ့က ပထမဆုံးပေးခဲ့တဲ့လက်ချာအပြင် အဲဒီနေ့ကပေးခဲ့တဲ့ ဒုတိယ လက်ချာကို သတိရမိလိုက်ပါတယ်။ သူ့ ဒုတိယလက်ချာက….

“ငါကမင်းတို့ကို မိုင်းကွင်းခင်းကျင်းတဲ့အခါမှာ ခံယူထားရမယ့်သဘောထားတွေကို အရေးပါမှုအလိုက် အမှတ်စဉ်ထိုးပြီး ၁-၂-၃ ဆိုပြီး ပြော သွားတယ်။ တကယ်လည်း ဒါက မိုင်းတပ်သားတယောက်အနေနဲ့ ခံယူထားရမယ့်သဘောတရားပဲ။ ဆိုတော့ လက်တွေ့မှာရှေ့တန်း စစ်မြေ ပြင်တွေရောက်တဲ့အခါမယ် တချို့မိုင်းတပ်သားတွေက အမှတ်စဉ်တစ်နဲ့နှစ်ကိုသောက်တလွဲတွေးပြီး သောက်တလွဲလျှောက်လုပ်ကုန် တာတွေ လည်းတကယ့်ကိုရှိတယ်။ မိုင်းခင်းရင်းကိုယ့်ကိုပြန်ထိမှာကြောက်တော့ မိမိအန္တရာယ်မဖြစ်ရေးနဲ့မိမိလူတွေအန္တရာယ်မဖြစ်ရေးဆိုတာကို ကာဗာလုပ်ပြီး မိုင်းကိုအသက်မသွင်းတော့ဘူး။ ထောင်တော့ထောင်လိုက်တာပဲ။ မိုင်းအလုံးလိုက်ကြီးကိုမြေကြီးပေါ်မှာ ထောင်ထားလိုက်တာ။ အသက်သွင်းတာမဟုတ်ဘူး။ အသက်မရှိတဲ့မိုင်းဟာ ကျည်ဆံမရှိတဲ့သေနတ်လောက်တောင် အသုံးဝင်တာမဟုတ်ဘူး။ သေနတ်ကမှ ကျည် မရှိပေမယ့်ရိုက်လို့တော့ရသေးတယ်။ ဆိုတော့ အဲသလိုလုပ်တာရဲ့အကျိုးဆက်ကဘာဖြစ်လာသလဲ။

တစ်တချက် မိမိကိုယ်ကိုယ်လည်း အန္တရာယ်တော့မဖြစ်ဘူး။
နှစ်တချက် မိမိလူတွေကိုလည်းအန္တရာယ်မဖြစ်တော့ဘူး။
သုံးတချက် ရန်သူကိုလည်းဘာမှမလုပ်နိုင်တော့ဘူး။

ကိုယ့်ခံစစ်စခန်းမှာ အဲသလိုမိုင်းကွင်းမျိုးရှိတာနဲ့မရှိတာဘာမှမထူးဘူး။ အတူတူပဲလို့မင်းတို့ကထင်မယ်။ မတူဘူး၊ ထူးတယ်၊ ဘာမိုင်းကွင်းမှ မရှိတာထက် အဲသလိုမျိုးမိုင်းကွင်းရှိနေတာက အန္တရာယ်ပိုကြီးကြောင်း ငါ့အတွေ့အကြုံနဲ့ယှဉ်ပြီးပြောပြမယ်။ ငါ မိုင်းတပ်သားဘဝနဲ့ ရင်ဆိုင် ကုန်းတခုကိုရောက်တယ်။ ငါ့ရှေ့ကလူက ငါ့ကိုအဲဒီခံစစ်ရဲ့အတားအဆီးတွေနဲ့ မိုင်းကွင်းတွေကို မြေပုံတွေနဲ့ပဲလွှဲသွားတာ။ ငါ့မှာရောသူ့မှာရော မြေပြင်ကိုစစ်ဆေးပြီးမှလွှဲပြောင်းလက်ခံလုပ်ဖို့ အချိန်မရလိုက်ခဲ့ဘူး။ တပ်တွေအချိန်းအပြောင်းလုပ်ပြီး နောက်နေ့မနက်လင်းအားကြီးအချိန်မှာ အတွင်းဘက်တတိယခံစစ်စည်းရိုးတိုင်တွေကို လောင်ချာနဲ့လှမ်းပစ်သံကြားတော့မှ ကင်းသမားကလန့်နိုးပြီး အတွဲလိုက်ဆွဲချလိုက်တော့မှ တစခန်းလုံးလန့်ဖြန့်ပြီးနိုးကုန်ကြတာ။ ဒါပေမယ့် နောက်ကျသွားပြီ။ ရန်သူက ဘန်ကာတွေကိုတောင်ဖြိုနေပြီ။ ဘာမှပြန်လုပ်ချိန်မရတော့ဘူး။ အားလုံးခွေးပြေးဝက်ပြေး ပြေးနိုင်လို့လွတ်လာတာ။ နောက်တော့ စခန်းကိုပြန်တိုက်တယ်။ ပြန်ရတယ်။ အဲဒီညကကျတဲ့ ကင်းသမားတွေ အကုန်လုံးအရေးယူခံလိုက်ရတယ်။ ငါ့ကို ဗျူဟာမှူးက မိုင်းတွေဘာကြောင့်မကွဲတာလဲ။ ရန်သူကစနစ်တကျဖြုတ်သွားနိုင်ခဲ့လို့သာ စခန်းရဲ့ နောက်ဆုံးခံစစ်ခြေကိုကပ်လာနိုင်တာ ဟုတ်မဟုတ်ခေါ်မေးပြီး မိုင်းကွင်းတွေကို ပြန်စစ်ခိုင်းတယ်။ ငါ ပြန်စစ်တော့မှ ဘယ်မိုင်းမှအသက် သွင်းထားတာမရှိတာတွေ့တယ်။ တွေ့တဲ့အတိုင်း အစီရင်ခံလိုက်တယ်။ လွှဲပြောင်းလက်ခံလုပ်စဉ်က မြေပြင်ကိုစစ်ဆေးပြီးမှ လုပ်ခဲ့တာမဟုတ် တဲ့အတွက် ငါလည်းအရေးယူခံရတယ်။ အသက်ရှိနေတဲ့မိုင်းတလုံးဟာ သက်ရှိကင်းသမားတယောက်ထက်စိတ်ချရတယ်။ လူကမှ ပင်ပန်းရင် ကင်းငိုက်တတ်တယ်။ မိုင်းက ဘယ်တော့မှမငိုက်ဘူး။ သေနတ်တလက်ကျည်ထွက်ဖို့ဆိုတာ ပစ်သူလိုတယ်။ အသက်ရှိနေတဲ့မိုင်းက ကွဲဖို့လူမ လိုဘူး။ သက်မဲ့မိုင်းဟာ ဘာမှအသုံးမဝင်ဘူး။ ခံစစ်တွေမှာ မိုင်းဟာ လူထက်စိတ်ချရတဲ့ကင်းသမားပဲ။ မိုင်းကိုစိတ်ချပြီး ကင်းသမားဟာ ကင်း ငိုက်တတ်တယ်။ ဒါကြောင့်ကင်းစစ်ဆိုတာထားရတာပဲ။ ငါက ကင်းသမားကင်းငိုက်တာကို အပြစ်မရှိဘူးလို့ပြောတာမဟုတ်ဘူး။ ကင်းသမား လည်းလူပဲ။ မိုင်းက ကင်းစစ်မလိုဘူး။ ဆိုတော့ မိုင်းကိုစိတ်ချပြီး ကင်းသမားကငိုက်တယ်။ ငိုက်တော့ မိုင်းကသက်မဲ့မိုင်းဖြစ်နေတာ။ မိုင်းအဖြစ်သွားတာမဟုတ်ဘူး။ ဆိုတော့ ရန်သူကအတွင်းစည်းထဲအထိ လုံလုံခြုံခြုံရောက်လာတယ်။ သိလိုက်တဲ့အချိန်မှာ နောက်ကျကုန်ပြီ။ ဘာမှမတတ်နိုင်တော့ဘူး။ ဘာမိုင်းကွင်းမှမရှိထားဘူးဆိုတာကို ကင်းသမားကကြိုသိထားရင် ဘယ်လိုလုပ်ငိုက်ရဲမှာလဲ။ မင်းတို့စဉ်းစားကြည့်။ ကင်းသမားဆိုတာ ရန်သူဝင်တိုက်ရင် အရင်ဆုံးသေရမယ့်သူ။ သူကင်းငိုက်ရင် သူဟာအရင်ဆုံးသေလူပဲ။ သူမသေရေးအတွက်တော့ သူစဉ်း စားမှာပဲ။ အေး..အဲဒါပဲ။ မိမိကိုယ်ကိုအန္တရာယ်မဖြစ်ရေး မိမိလူတွေအန္တရာယ်မဖြစ်ရေးဆိုတဲ့ကာဗာနဲ့ မိုင်းကွင်းကိုအသက်မသွင်းရဲရင် အစကတည်းက မိုင်းတပ်သားမလုပ်တာအကောင်းဆုံးပဲ။ အဲသလိုမိုင်းကွင်းမျိုးနဲ့ အဲသလိုမိုင်းတပ်သားတွေရှိနေတာထက် မရှိတာကမှ ပိုကောင်းသေးတယ်” ဆိုတာပါပဲ။
ကျနော်စိတ်က အကျဉ်းထောင်အသီးမှာရှိနေတဲ့၊ ၂ ထောင်ကျော်မိုင်းတပ်သားတွေဆီရောက်သွားတယ်။ ရန်သူကိုထိရေးအတွက် မိုင်းတွေ အသက်သွင်းရင်း မိုင်းထိမှာမကြောက်ကြသူတွေ။ ကိုယ့်လူကိုကာကွယ်ရင်း ခြေချော်လက်ချော်မှာ အထိအရှတွေရှိတာမှန်ပေမယ် ရန်သူကို အတွင်းစည်းထဲအထိ အရောက်မခံခဲ့ကြသူတွေ။ သက်ရှိမိုင်းတွေနဲ့ကင်းသမားကို နိုးကြားစေခဲ့ကြသူတွေ။ တစခန်းလုံးကို မိုင်းကွင်းရဲ့ နောက်မှာလုံခြုံစေခဲ့သူတွေ။ ကိုယ့်အသက်နဲ့ရင်းပြီး မိုင်းခင်းနေကြသူတွေ။ သက်ရှိမိုင်းတွေရဲ့ သက်ရှိသမိုင်းတွေ။ အစကတည်းက မိုင်းတပ်သားလုပ်ဖို့ စာရင်းပေးသွင်းသူတွေဖြစ်ကြောင်းတော့ မိတ်ဆွေကိုပြောပြဖြစ်လိုက်ပါတယ်။

ကိုမျိုးမြင့် (facebookမှကူးယူဖော်ပြပါသည်။

0 ဒေါ်အောင်ဆန်းစုကြည်၊ ပြီးတော့... Voice ဂျာနယ်


ပြီးခဲ့သည့်လက အန်အယ်ဒီရုံးချုပ်ရှေ့ တွင် တစ်ကိုယ်တော်ဆန္ဒပြခဲ့သောငါးမင်းဆွေသည် ယခု ၂၀၁၁ ခုနှစ်၊ ဇန်န၀ါရီလ၊ ၄ ရက်နေ့ တွင် Voice ဂျာနယ်ရုံးချုပ်တည်ရှိရာ ရန်ကုန်မြို့ သမ္မတဟော်တယ်ရှေ့ တွင် တစ်ကိုယ်တော်ဆန္ဒပြမည်ဖြစ်ပါသည်။
Voice ဂျာနယ်နှင့် ငါးမင်းဆွေတို့ ၏ ဖြစ်ကြောင်းရယ်ကုန်စဉ်အား အောက်ပါတွင် ရှုစားတော်မူကြပါ။
ဆန္ဒပြပွဲတွေလည်း မကြည့်ရတာ ကြာပြီဆိုတော့ အပျင်းပြေမလားလို့ ။

အောင်မျိုးထွန်း
၁- ၁- ၂၀၁၁
NgaMinSwe vs Voice Journal

0 လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်မှဒီကနေ့ကျင်းပပြုလုပ်တဲ့ရုပ်ရှင်အနုပညာရှင်ကိုကျော်သူ၏ Art Zone ခံစားမှုပုံရိပ် ပန်းချီကားပြပွဲသို့တက်ရောက်








Photo။ ။ AP

0 လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်မှ ဂျပန်နိုင်ငံသားများအားလုံးအား ဂျပန်ဘာသာဖြင့်နှစ်သစ်ကူးနူတ်ခွန်းဆက်(ရုပ်/သံ)



Mainichi ဂျပန်သတင်းစာဌာနရှိသတင်းထောက်မှ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အား လာရောက်တွေ့ဆုံစဉ် ရိုက်ကူးထားသော videoဖိုင်အတိုဖြစ်ပါသည်။

0 " ရောင်နီလာ နံနက်ခင်းဆီသို့”-
ရေးသူ-မောင်မောင်ဝမ်း


အပိုင်း ( ၁ ) -

ကျနော်တို့ လူထု တော်တော်များများ မျှော်လင့်နေကြတာ ဒီမိုကရေစီနိုင်ငံတော်ကြီး ထူထောင်လိုက်ပြီဆိုရင်ကို နေ့ချင်းညချင်း တိုင်းပြည်ဟာ ၀ုန်းကနဲ ဖွံ့ဖြိုးတိုးတက် သာယာသွားလိမ့်မယ်လို့ ထင်ကြတာကိုး၊။

ဒီလို ထင်မြင်ယူဆချက်များကိုလည်း အဆိုး မဆိုသာပါဘူး၊ကျနော်တို့နိုင်ငံမှာက နိုင်ငံရေးနဲ့ပတ်သက်လာရင် သားကြောဖြတ်ခံထားရတာဆိုတော့ နိုင်ငံရေး သဘောတရားအရာမှာ အားနည်းရှာတယ်၊ယနေ့လူငယ်ထုရဲ့ရိုက်ခတ်လာတဲ့ အသံတွေကို နားစွင့်ကြည့်မယ်ဆို သိသာတယ်၊သူတို့က ရိုးရိုးသားသားပဲ ၊ နိုင်ငံရေး နားမလည်ဘူး၊။မသိဘူး၊။ဒါပေမယ့် မခံချင်စိတ်တော့ရှိတယ်၊။

လူငယ်တွေ ကျနော်တို့နိုင်ငံ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးရရှိရေးနဲ့စစ်အာဏာရှင်စနစ်အောက်က လွတ်မြောက်မှု့တိုက်ပွဲမှာ စိတ်ပါဝင်စားလာတာဟာ နိုင်ငံအတွက် အလားအလာကောင်းတရပ်လို့ ယုံကြည်မိပါတယ်။ဒါကို အတွေ့အကြုံရှိတဲ့ လူကြီးတွေက နွေးထွေးစွာ လက်ကမ်းကြိုဆိုရမယ်၊ကောင်းမွန် မှန်ကန်တဲ့လမ်းကြောင်းတွေကို လမ်းညွှန်ပေးနိုင်ရမယ်။

ကျနော်ငယ်ငယ်က နိုင်ငံရေးကို စ စိတ်ဝင်စားကာစ ...မသိလို့ သိတဲ့လူတွေတချို့ဆီ လိုက်လံဆည်းပူးခဲ့ ဖူးတယ်၊စလာကတည်းက သမားဂုဏ်တွေပြပြီး ကျနော်နားမလည်နိုင်တဲ့ စကားလုံးကြီးတွေနဲ့ ထုတော့ စိတ်တွေ အရမ်းပျက်သွားခဲ့ဖူးတယ်။

”အော်..နိုင်ငံရေးဆိုတာ ဒီလောက်တောင် ခက်ခဲနက်နဲပါလား..ငါ လိုက်လို့မမှီနိုင်ပါဘူးလေ..”ဆိုတဲ့ သိမ်ငယ်စိတ်တွေ ၀င်ခဲ့ဖူးတယ်။ အဲသလိုလူတွေက သူတို့သိထားတဲ့ အရာတွေ အခြား လူသိအောင် လက်ဆင့်ကမ်းချင်တာက နည်းနည်း။ သူတို့တော်ကြောင်း၊တတ်ကြောင်းကို တနည်းအားဖြင့် သွယ်ဝိုက် ကြွားနေတာတွေက များနေလို့..ရှောင်ခဲ့ရဖူးတယ်။

ဒီသင်ခန်းစာတွေအပေါ်ကိုကြည့်ပြီး ယနေ့လူငယ်တွေအပေါ် ကိုယ်ချင်း စာတယ်၊။ဒါ့ကြောင့် နားအလွယ်ဆုံး စကားလုံးတွေ ဥပမာတွေကို အချိန်ယူပြီး စဉ်းစားတယ်၊ပြီးတော့ ရိုးစင်းတဲ့ရှင်းလင်းချက် တွေနဲ့ ရှင်းပြပေးချင်တယ်၊

တချို့က ဒီမိုကရေစီကို လွဲမှားစွာ ခံယူနေတာတွေလည်းရှိတယ်၊။ကျနော်သိသလောက် အလွယ်ကူဆုံး ရှင်းလင်းချက်တွေနဲ့ရှင်းပြချင်တယ်။လူငယ်တွေ နားမဆန့်တဲ့စာတွေနဲ့ရှင်းပြမယ်ဆို သူတို့က “ဟင်”ကနည်းဆို လှည့်ထွက်သွားတတ်ကြ တာမဟုတ်လား၊ ကျနော်ရှင်းပြမယ့်သဘောက ဆယ်တန်းအောင်ခဲ့တဲ့ ကျောင်းသားတစ်ယောက်က ဆယ်တန်းဖြေမယ့် ကျောင်းသားငယ်ကို လမ်းညွှန်ပေးတဲ့ အဆင့်လောက်ပါ၊ကြီးကြီးကျယ်ကျယ် မဟုတ်ပါဘူး၊။ကျနော့်ရဲ့ရည်ရွှယ်ချက်က မျိုးဆက်သစ်လူငယ်တွေ နိုင်ငံရေးကို တစိတ်တဒေသ နားလည်စေချင်လို့၊ နိုင်ငံတနိုင်ငံမှာ အဲဒီလူထုဟာ နိုင်ငံရေးကို နားမလည်ဘူး၊ နားမလည်လို့ စိတ်မ၀င်စားဘူးဆိုရင် အုပ်ချုပ်သူ အစိုးရ အဆက်ဆက်ဟာ သူလုပ်ချင်ရာ လုပ်မှာပဲ၊။ ဒါကလည်း ရှင်းပါတယ်..။ တန်ဘိုးကို နားလည်မှ တန်ဘိုးဆိုတာ ထားတတ်တာကိုး၊ တန်ဘိုးနားမလည်တော့ တန်ဘိုးထားရကောင်းမှန်းမသိတော့ဘူး ၊။

” အော်..ငါတို့ရသင့်တာ ဒီလောက်ပါပဲလား..ဘုရားပေးသလောက်ပေါ့ ” ဆိုတဲ့အတွေးအခေါ်တွေနဲ့ရပ်တည်နေကြမှာ အမှန်ပဲ။ ပမာပြောရရင်..ကျနော့်ရှေ့တည့်တည့်မှာ အရမ်းတန်ဘိုးကြီးပါတယ်...ဆိုတဲ့ကျောက်စိမ်းအရိုင်းတုံးကြီးတတုံး လာပစ်ချထားကြည့်..။ ဒီကျောက်တုံးကြီးကလည်း ရှုတ်လိုက်တာ ဆို ကျနော်ကန်ထုတ်ပစ်လိုက်မှာ အမှန်ပဲ.. ကျနော်မှ အဲဒီတန်ဘိုးကိုဖြတ်နိုင်တဲ့ အသိ မရှိတာ..။ တန်ဘိုးကို သိတဲ့သူများကျ အသည်းအသန်ကို တူးဖော်ထုတ်လုပ်နေကြတာ မဟုတ်လား၊

နောက်တခုက နိုင်ငံရေးမှာ အယူအဆမှားရင် အလုပ်မှားတယ် ။ အလုပ်မှားရင် အကုန်လိုက်လွဲကုန်တော့တာပဲ။ အဲဒါ သိပ် အန္တရာယ်များတယ်။ ကျနော် ဒီဆောင်းပါးကို ရေးနေရင်းကနေ မေးခွန်းတချို့ထုတ်ကြည့်ချင်တယ်…..။

-ကျနော်တို့ မြန်မာနိုင်ငံသားတွေ နအဖ အပါအ၀င် အာဏာရှင်စနစ်ကို ဘာလို့ အလိုမရှိတာလဲ ?

- ကျနော်တို့ လိုချင် ဖြစ်ချင်နေတာတွေက ဘာလဲ ?

အဲဒီ မေးခွန်းနှစ်မျိုး ကျနော်တော်တော်များများကို မေးကြည့်ခဲ့ဖူးတယ်၊။ နအဖ စစ်အာဏာရှင်ကို ဘာ့ကြောင့် အလိုမရှိတာ လဲ၊ မကြိုက်တာလဲ ဆိုတဲ့ အရာအပေါ်မှာ တော်တော်ပြောနိုင် ဖြေနိုင်ကြပေမယ့် လို့ ကျနော်တို့လိုချင်တာ ဖြစ်ချင်နေတာ ဘာလဲ ဆိုတဲ့မေးခွန်းအပေါ်မှာ တော်တော်များများကေ၀၀ါးသွားကြတာ များတယ်။

နိုင်ငံရေးဆိုတဲ့ပြဿနာကို ဖြေရှင်းရာမှာ အရပ်ပြော ဇာတ်ပြောတွေနဲ့ ပြောလို့မရတော့ဘူး၊။ စနစ်ကျရတယ်၊။ စံချိန်စံညွှန်း ဥပဒေသတွေနဲ့ ညီညွှတ်ရတယ်၊။ကျနော်တို့ တော်တော်များများက နိုင်ငံရေးလို့ပြောလိုက်တာနဲ့အစိုးရကိုဆန့်ကျင်မယ်၊အစိုးရဆန့်ကျင်ရေးစကားတွေချည်းပြောကြမယ်၊ရေးကြမယ် ဒီလောက်တွေပဲများကြတယ်၊ဒီထက်ကျော်ပြီး စဉ်းစားကြတာနည်းတယ်၊။နအဖစစ်အာဏာရှင် မကောင်းကြောင်းပြောရတာ ကတ္တရာစေးပေပါကို အိုးမဲ သွားသွားခြစ်နေရသလိုပဲ။(နဂိုကတည်းက မဲပြီးသား ...ကိုယ်က အိုးမဲသွားခြစ်လည်း ထူး မဲမလာတော့ပါဘူး။) ၊မပြောမဖြစ်လို့ ပြောရတဲ့အခါကြတော့လည်း တမျိုးပေါ့၊။။။။။

ကျနော်တင်ပြချင်တဲ့အချက်ထဲမှာ ကျနော်တို့လိုချင်နေတာ..ဖြစ်ချင်နေတာ ဘာလဲဆိုတာကို အလေးပေး တင်ပြသွားချင်တယ်…. ဒါမှ ကျနော် အထက်မှာရေးသားထားခဲ့သလိုပဲ တန်ဘိုးကို သိနားလည်လာလိမ့်မယ်လို့ ယုံကြည်တယ်၊ တန်ဘိုးကို သိမှ လိုချင်လာမယ်၊ လိုချင်လာရင် အားထုတ်လာကြမယ်။

ကျနော်တို့အားလုံး သိထားတာက..စစ်အာဏာရှင်ပဲဖြစ်ဖြစ် ...ရိုးရိုးအာဏာရှင်ပဲဖြစ်ဖြစ်....မကြိုက်ဘူး။။၊ကြုံတုန်းပြောချင် သေးတယ်။အာဏာရှင်ဆိုတဲ့နေရာမှာ စစ်အာဏာရှင်တစ်ခုထဲကို မရည်ညွှန်းပါနဲ့။ အားလုံးသောအာဏာရှင်ကို ရည်ညွှန်းပါတယ်။ တိုက်ထုတ်ပါ၊ စစ်အာဏာရှင် မဟုတ်ဘဲ အရပ်သားအစိုးရထဲမှာ အရပ်သားအာဏာရှင်တွေလည်းရှိတယ် ။

ဥပမာ-ဖိလစ်ပိုင်နိုင်ငံက ဖယ်ရှားခံလိုက်ရတဲ့ သမ္မတဟောင်း မားကို့စ် လိုမျိုး ။(ပြမယ်ဆိုရင်တော့ အများကြီးပေါ့)၊ နောက် တစ်ပါတီအာဏာရှင် ဘယ်အာဏာရှင်ကိုမှ လက်မခံပါနဲ့၊ဘယ်အာဏာရှင်မှ လူထုကောင်းကျိုးမပေးဘူး၊ကျနော်ဘာ့ကြောင့်ဒီလိုပြောနေရသလဲဆိုရင် ကျနော်တို့လိုချင်နေတဲ့ အရာထဲမှာ ဒီမိုကရေစီအရေခွံခြုံလာပြီး အာဏာရှင်စနစ်ကို ပြန်အသက်သွင်းချင်နေတဲ့သူတွေ အဖွဲ့အစည်းတွေရှိနေလို့ ဒီလိုခွဲခွဲခြားခြားပြောပြရတာဖြစ်ပါတယ်။

ကျနော့်သဘောကို ပြတ်ပြတ်သားသား ထပ်ပြောချင်တယ်၊စစ်အာဏာရှင်မှ မဟုတ်ဘူး။ဘယ်အာဏာရှင်မှ မကြိုက်ဘူး။ အလိုမရှိဘူး၊အမြဲဆန့်ကျင်တိုက်ထုတ်သွားမယ်။

ကျနော်တို့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး လိုချင်တယ်။ ဒီမိုကရေစီဆိုတာဘာလဲ။လူ့အခွင့်ရေးဆိုတာဘာ လဲ ?
ခြေတလှမ်း လှမ်းတက်ကြည့်ရအောင်။ ဒီမိုကရေစီလိုချင်တယ်လို့အကြမ်းဖျင်းအားဖြင့် ဖြေကြည့်လိုက်ပါ…။
စစ်အစိုးရက ပြောလာလိမ့်မယ် သေချာတယ်…။

ခင်ဗျားတို့လိုချင်နေတဲ့ ဒီမိုကရေစီ ကျနော်တို့ပေးပါမယ်..လို့ အာမခံ ရုံမက..၂၀၀၈ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတောင် ပြဌာန်းပြီးပြီလေ..စည်းကမ်းပြည့်ဝသောဒီမိုကရေစီဆိုတာ…ဒီမိုကရေစီပဲလေ…ပေးပါမယ်..”လို့ ပြောနေတဲ့ဟာ ဘာလို့တောင်းနေရသေးတာလဲ..။ ကဲ...ဒါကို ဘယ်လိုပြန်ပြောကြမလဲ ။

ကျနော်တို့လိုချင်တာ.... စစ်မှန်သောဒီမိုကရေစီ…။
ဒါဆို .. စစ်မှန်တဲ့ ဒီမိုကရေစီရဲ့သဘောတရားက ဘာလဲ၊ သူ့ရဲ့ ၀ိသေသ လက္ခဏာရပ်တွေက ဘာတွေလဲ၊

။ဒီတော့ ကျနော်တို့ ကွဲကွဲပြားပြားဖြစ်ဖို့ လိုပြီ… ဒီမိုကရေစီဆိုရုံနဲ့ မလုံလောက်တော့ဘူး၊

စစ်အစိုးရကလည်း ဒီမိုကရေစီပြောနေတာပဲ၊
ကွန်မြူနစ်ကလည်း ပြည်သူ့ဒီမိုကရေစီ..တဲ့၊
မဆလ (မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ)တုန်းကလည်း ဒီမိုကရေစီကျင့်သုံးပါတယ်..တဲ့၊

ကျနော်တို့လိုချင်တာ ဘယ်လို ဒီမိုကရေစီပုံစံလဲ? ဒီမိုကရေစီဆိုတာ-------။

တခါက ကျနော့်ဒေသမှာ ”အမှတ်တရ” ဆိုတဲ့ လဘက်ရည်ဆိုင်လေးတစ်ဆိုင်ရှိတယ် ။ အဲဒီဆိုင်က ပိုင်ရှင်ကလည်း ကျနော်နဲ့နိုင်ငံ ရေး ဆွေးနွေးဖော် ဆွေးနွေးဘက်ဆိုတော့ ကျနော်အားတဲ့အချိန်မှာ အမှတ်တရ လဘက်ရည်ဆိုင်ကို လာလာထိုင်တယ်လေ။ များသောအားဖြင့် ကျနော်တို့နိုင်ငံရေးလှုပ်ရှားသူ အများစု စုဝေးရာ နေရာလေးဆိုလည်း မမှားပါဘူး၊။ဆိုင်ရဲ့ဖွဲ့စည်းပုံကလည်း ကျယ်တယ် ။ စားပွဲခုံက အပုလေးတွေ ။ ခုံသေးလေးတွေနဲ့ဝိုင်းဖွဲ့ထိုင်ကြရတာ ။ စားပွဲတ၀ိုင်းနဲ့တ၀ိုင်းကလည်း ကပ်မနေဘူး။ အဲဒီတော့ ဆွေးနွေးစရာရှိတဲ့ ကိစ္စတွေဆို လွတ်လွတ်လပ်လပ် စုပေါင်းဆွေးနွေးလို့ကောင်းတယ်…..။၁၉၈၈ နောက်ပိုင်းမှာ ဒီ လဘက်ရည်ဆိုင်လေးဟာ လူပိုစည်လာတယ် ပြောလို့ရမလား မသိဘူး၊။ ထောက်လှမ်းရေးများကလည်း အချိန်ပြည့် မျက်စိ ဒေါက်ထောက်ကြည့်တတ်တဲ့နေရာပေါ့၊

ကျနော်တို့နိုင်ငံရေးအင်အားစုများသာ ပျောက်တဲ့သူ ပျောက်သွားလိုက် ...။ ပေါ်တဲ့သူပေါ်လာလိုက်နဲ့ဖြစ်နေပေမယ့် ဆိုင်လေးကတော့ ပြောင်းလဲ မသွားဘူး ။ကျနော်လည်း ထောင်ထဲဝင်သွားပြီး ပြန်ထွက်လာတော့ မကြာခဏဆိုသလို အမှတ်တရ လဘက်ရည်ဆိုင်လေးကို ရောက်ဖြစ်ပါတယ်။ ဒီတခါထူးခြားတာက ဒီဆိုင်လေးမှာ ကျနော်နဲ့ နိုင်ငံရေးအကြောင်း ဆွေးနွေးကြတဲ့သူတွေဟာ အရင်သူတွေမဟုတ်တော့ဘူး။နောက်ထပ်မျိုးဆက်သစ်လူငယ်တွေဖြစ်လာ ကြတယ်။ကျနော်လာတတ်တဲ့အချိန်လောက်ဆိုရင် သူတို့တတွေလည်း ရောက်ရောက်လာတတ်ကြတယ်။မြို့ကလည်းမြို့ သေးလေးဆိုတော့ ဘယ်သူဘာလဲ ဆိုတာ သဲသဲကွဲကွဲ သိသာပါတယ်။

အခု ကျနော်နဲ့လာရောက်ဆုံစည်းတဲ့ လူငယ်တွေ ဘယ်သူဘယ်ဝှာဆိုတာကိုလည်း ကျနော်သဘောပေါက်ပြီးသားပါ၊ ကျနော်နဲ့ အမြဲစကားဝိုင်းဖွဲ့လာတတ်တဲ့ ပင်တိုင် လူငယ် လေးဦးရှိတယ် ။သူတို့က ချမ်းမြေ့၊ထက်အောင်၊စန်းမောင်ရယ်။ ကိုသွေးရယ်။ (ကိုသွေးဆိုတာ သူ့ကလောင်နာမည်ပါ။ကျနော်တို့က တော့ သူ့ကို နာမည်အရင်းဖျောက်ပြီး ကိုသွေးပဲ ခေါ်ကြတယ် ။)

အားလုံးက မြို့မှာရှိတဲ့ ကောလိပ်မှာ တက်နေတဲ့ ကျောင်းသားတွေ၊သူတို့မှာချစ်စရာကောင်းတာက စာအုပ်စာပေတွေ ဖတ်တတ်တဲ့အကျင့်ရှိတာရယ်၊ရိုးသားတာရယ်၊အများအကျိုးသယ်ပိုးလို စိတ်ရှိတာရယ်က လူငယ်တွေကြားမှာ နည်းနည်းထူးခြားနေသလိုပဲ။သူတို့သိချင်တာကိုလည်း နှိုက်နှိုက်ချွတ်ချွတ် မေးတတ်သလို မသိရင်လည်း ရိုးသားစွာ မသိဘူးလို့ ပွင့်ပွင့်လင်းလင်း ပြောတတ်ကြတယ်။

တနေ့ကျနော်နဲ့ အမှတ်တရ လဘက်ရည်ဆိုင်လေးထဲမှာ သူတို့လေးဦးနဲ့ ဆုံစည်းမိရာက အစ… ကိုသွေးက စကား စလာတယ်….။

“အကို.....ဒီမိုကရေစီဆိုတာကို အလွယ်ဆုံးနဲ့နားလည် အလွယ်ဆုံး ရှင်းပြပေးပါလား”

သူတို့သိချင်နေတဲ့အကြောင်းအရာကို စမေးလာတယ် ။ အားလုံးရဲ့အာရုံပြုမှု့တွေက ကျနော့်ဆီ စုပြုံရောက်လာရင်း……

“တတ်နိုင်သလောက်တော့ ရှင်းပြပေးပါ့မယ်…ဒါပေမယ့် ငါရှင်းပြချင်တဲ့ဟာတွေက ဘာမှနိုင်ငံရေးကို နားမလည်တဲ့သူတွေကို ဦး တည်ချင်တယ်…တော်လို့ သိလို့တော့ မဟုတ်ဘူးနော်..ငါသိသလောက်ကို ဖောက်သည်ချတဲ့ သဘောပါ..မင်းမေးလို့..ငါပြောပြမယ့် ဒီမိုကရေစီသဘောတရားဆိုတာကို အခြေခံအဆင့်လောက်က စကြတာပေါ့ကွာ”

“ကောင်းတာပေါ့ အကိုရာ..ကျနော်တို့က လုံးလုံးကို နားမလည်တာပါ..ဒါပေမယ့် နိုင်ငံရေးကို စိတ်ဝင်စားတယ်..ကိုယ့်နိုင်ငံကို တိုးတက်စေချင်တဲ့ ဆန္ဒတွေရှိတယ်..ဒါပေမယ့် ကျနော်တို့ကို ကောင်းကောင်းရှင်းပြနိုင်တဲ့သူတွေနဲ့ကလည်း အလှမ်းဝေး နေတယ်လေ..စာတွေလိုက်ဖတ်ပြန်တော့လည်း.. ကောင်းကောင်းနားမလည်ဘူးဗျ..ရေးထားတဲ့စာတွေက အရမ်းမြင့်တယ်”

ကျနော်သဘောပေါက်ပါတယ်။ဒီနေ့လူငယ်ထုမှာဖြစ်နေတဲ့ပြဿနာက အဲဒီဟာပါ၊

“ဒီလိုကွ..အဟမ်း..အဟမ်း..”

ကျနော်ချောင်းတချက်ဟန့်လိုက်တော့ နားထောင်နေတဲ့အထဲက ချမ်းမြေ့ဆိုတဲ့လူငယ်လေးက...

“ အကို.. ဆရာကြီးဂိုက်တွေ မပါစေနဲ့နော်.. ကျနော်တို့ မှီမှာ မဟုတ်ဘူး”

သူက ကျနော့်ကို လှမ်းနောက်လိုက်တယ်။

“မပါပါဘူးကွ..စိတ်ချပါ…ဒါပေမယ့် ပဲကိုင်တာလောက်တော့ ရှိကောင်းရှိမှာပေါ့ကွာ..(ပဲကိုင်ဆိုတဲ့ ဘန်းစကားက အိုင်တင်ခံတာကို ပြောတာပါ။) ဒါက တို့နိုင်ငံရေးလောကမှာ စတိုင်တမျိုးဖြစ်နေတာကိုးကွ… ”

အားလုံး ၀ိုင်းရီသံတွေ ဆူညံသွားကြတယ်။

“ဒီမိုကရေစီ ဘာလို့ ပေါ်ပေါက်လာတာလည်းဆိုတော့….ဟိုတုန်းက နိုင်ငံတွေ အရပ်ဒေသတွေမှာ အုပ်ချုပ်တဲ့သူတွေက..အာဏာကို သူတို့စိတ်ကြိုက် အသေဆုတ်ကိုင်ထားတတ်ကြတယ်။ အစဉ်အဆက်လည်း သူတို့သဘောကျပဲ လွှဲပြောင်းပေးတယ်…။ ဥပမာ..ဘုရင်စနစ်ကွာ…။ဖအေက အာဏာကို ဆုတ်ကိုင်ထားပြီး သူသေတော့လည်း..သားတို့...ညီတို့ စသဖြင့်ပေါ့...လက်သင့်ရာ လွှဲပြောင်းပေးသွားတာ..ပြည်သူလူထုဆိုတာ..အုပ်ချုပ်သူမင်းများရဲ့ ပြုသမျှခံ ဘ၀ပဲ...။လူထုဆန္ဒဆိုတာ ဘာမှကို မရှိတာ...။ အုပ်ချုပ်သူ ဘုရင်က ဒါဆို ဒါပဲ..ဒါလုပ်ဆို ဒါလုပ်ပဲ။ မှားမှားမှန်မှန်..သူက သေစေဆို သေစေပဲ..။ရှင်စေဆို ရှင်စေပဲ..။ကောင်းစားစေဆို ကောင်းစားစေပဲ..”

ကျနော်ပြောအပြီး......ကိုသွေးက ထပ်မေးတယ်။

“အဲဒီခေတ်အခါက..ဟစ်တိုင်တို့ ဘာတို့ ရှိတယ်လို့တော့ ကြားဖူးတယ်..။လူထုက ပြောစရာ..ရင်ဖွင့်စရာတွေရှိရင်..အဲဒီဟစ်တိုင်ကနေ သွားအော်ပေါ့..။အဲဒါကိုလည်း ရှင်းပြပေးပါလား”

“အဲဒါက အားလုံးသောသူတွေ မဟုတ်ပါဘူး..အမြော်အမြင်ကြီးမားတဲ့ဘုရင်ပဲ ပြောပြော...အုပ်ချုပ်သူပဲ ပြောပြော..သူတို့က ခွင့်ပြုထားတာပါ…။တနည်းအားဖြင့် ဒါဟာ ဒီမိုကရေစီရဲ့အစလို့လည်း ပြောမယ်ဆို ပြောနိုင်ပါတယ်”

အားလုံး ငြိမ်သက်စွာ နားထောင်နေကြတယ်။စိတ်ဝင်တစားရှိနေကြတာ သိရတော့ ကျနော်လည်း တော်တော် အားတက်လာတယ်။

“လူထုရဲ့ဆန္ဒကို အုပ်ချုပ်သူက အသိမှတ်ပြုလာရတော့တာပေါ့ကွာ…ဒါပေမယ့်လည်း သက်ဦးဆံပိုင် အုပ်ချုပ်သူတော်တော်များများကတော့ မရပါဘူး..သူတို့လုပ်ရပ် မှန်မှန်မှားမှား..သူတို့နဲ့ဆန့်ကျင်ဘက်ဖြစ်လာရင်..အရေးယူအပြစ်ပေးတာပဲ..။ဝေဖန်လို့မရဘူး..။ ပဒေသရာဇ် အာဏာရှင်စနစ်ပဲ..တချက်လွှတ်အမိန့်ပဲ..အာဏာက သူ့တို့ပါးစပ်ဝမှာလေ”

“ဒါဆို အခု နအဖ စစ်အာဏာရှင်များလိုပေါ့”

စကားတလုံးမှ ၀င်မပြောဘဲ ငြိမ်နားထောင်နေတဲ့ ထက်အောင်က အခုမှ ၀င်မေးလာ တော့..ကျနော်က ထက်အောင်ဘက်ကို လှည့်ကြည့်ရင်း…..

“ သေချာတာပေါ့… နအဖ ဗိုလ်ချုပ်မှုးကြီးကိုယ်တိုင်က ဘုရင်ကြောင်..ကြောင်နေတာကိုး.. သူတို့အတွေးအခေါ်တွေက လွန်ခဲ့တဲ့ နှစ်ရာနဲ့ချီ ကျန်ရစ်နေပြီကွာ..နအဖကို ခဏထားပါဦး။ အဲဒီကို မရောက်သေးဘူး”

ဘေးနားမှာရှိတဲ့ချမ်းမြေ့က ထက်အောင်ကို တံတောင်နဲ့အသာလေး လှမ်းတွတ်လိုက်တယ်..။ မင်းကလည်း လျှာကိုရှည်တယ်ဆိုတဲ့သဘော။

“ဒါပေမယ့် အဲဒီ့ သက်ဦးဆံပိုင် ဘုရင်ကို မကြိုက်လို့ ပုန်ကန်ခြားနားတဲ့သူတွေလည်းရှိတယ်…ခက်တဲ့တချက်က အဲဒီပုန်ကန်ခြားနားသူများက အာဏာကို ဆုပ်ကိုင်လိုက်ပြီဆို..သူတို့လည်း ဘာမှထူးမလာဘူး..။အရင်အုပ်ချုပ်သူ ဘုရင်လိုပဲ ဖြစ်လာတော့ တယ်..။ အစားထိုးစရာ စနစ်မရှိဘူး..။ဒါနဲ့ပဲ သံသရာလည်နေတာ..။ အဲဒီစနစ်နေရာမှာ အစားထိုးဖို့ တော်လှန်တဲ့အတွေးအခေါ် သူတို့မှာမရှိကြဘူး..။ အာဏာမှန်သမျှကို အုပ်ချုပ်သူကပဲ ချုပ်ကိုင်ထားတယ်လေ”

သောက်လက်စ မီးသေနေတဲ့ဆေးပေါ့လိပ်တိုလေးကို မီးညှိလိုက်ရင်း သုံးဖွာလောက် ဖွာထုတ်ပစ်လိုက်တယ်။တန်းလန်းဖြစ်သွားတဲ့ စကားစကို ပြန်ကောက်ရင်းက…..

“နောက်တော့ ဘီစီ၅၀၈လောက်မှာ ဂရိနိုင်ငံ အေသင်မြို့သားတွေက တော်လှန်တဲ့အတွေးအခေါ်တရပ်ကို စတင်ခဲ့ကြတယ်ကွ…။အဲဒါကတော့ ..ဒီမိုကရေစီအတွေးအခေါ် အစပေါ့…။သဘောကတော့ကွာ..အာဏာကို အုပ်ချုပ်သူတွေဆီမှာ ပုံအပ်ထားတဲ့ အစဉ်အလာကြီးကို ရိုက်ချိုးပစ်ပြီး အာဏာကို ပြည်သူကပဲ ပိုင်စိုးရမယ် ဆိုတာကို ပုံဖော်ခဲ့ကြတာလေ ။ ပြည်သူအားလုံး တန်းတူညီမျှမှု့ရှိရမယ်၊ ပြည်သူအားလုံး လွတ်လပ်မှု့ရှိရမယ်ဆိုတဲ့ အခြေခံတရားတွေပါ ပေါ်ထွန်းလာခဲ့တယ် ”

ငြိမ်နားထောင်နေတဲ့ ချမ်းမြေ့ဆီက စကားသံထွက်လာတယ်…..

“ ကျနော် သိပ်မရှင်းဘူး ဖြစ်နေတယ် အကိုရ… အာဏာကို ပြည်သူက ဘယ်လိုပိုင်စိုးရမှာလဲ…”

“အရင်တုန်းက တိုင်းပြည်အုပ်ချုပ်တဲ့ဘုရင်ပဲ ပြောပြော။ အုပ်ချုပ်သူပဲ ပြောပြော ။ သူက အထွတ်အထိပ် အာဏာကို သူလိုချင်သလို သုံးစွဲခဲ့တယ် ။ သူ့သဘော သူ့ဆန္ဒ သူ့အလိုကျ ကနေ..ပြောင်းပြန်ဖြစ်သွားတယ်ပေါ့ကွာ။ တိုင်းပြည်မှာရှိတဲ့ လုပ်ပိုင်ခွင့်တွေကို ပြည်သူကပဲဆုံးဖြတ်ပေးရမယ်…ပြည်သူကပဲ တာဝန်ခံပေးရမယ်..အုပ်ချုပ်သူဆိုတာ..ပြည်သူခိုင်းတာပဲ လုပ်ရမယ်..အုပ်ချုပ်သူက သူ့သဘော သူ့ဆန္ဒနဲ့ သူလုပ်ချင်ရာ လုပ်လို့မရဘူးလို့ ဆိုလိုတာ.. အဲဒါကို ဒီမိုကရေစီလို့ ခေါ်တာ.. ဒီမိုကရေစီရဲ့အဓိပ္ပါယ်ကိုက ပြည်သူ့အုပ်ချုပ်ရေး...တဲ့ ”

ငြိမ်နားထောင်နေတဲ့ စန်းမောင်ဆီက စကားသံ ထွက်လာတယ်…..။
“ ပြည်သူက အများကြီး ။ ဘယ်လို လုပ် အုပ်ချုပ်မှာလဲ အကိုရ.. ။ အကုန်လုံး အုပ်ချုပ်လုပ်ကိုင်ဖို့ဆိုတာ ဖြစ်မှ မဖြစ်နိုင်တာ..။ ဒီ လူအများကြီး ရဲ့တူညီတဲ့သဘောဆန္ဒတွေကို ရဖို့ …ဘယ်လို စုရုန်းကြမလဲ.. ဘယ်လို ဆုံးဖြတ်လုပ်ကိုင်ကြမလဲ.. တခုခု လုပ်မယ်ကြံတိုင်း..လူတွေအများကြီး လာကြ ဆွေးနွေးကြ....တိုင်ပင်ကြ..ဆုံးဖြတ်ကြဆိုတာ..ဒီနေ့လို ခေတ်မှာ သန်း ပေါင်းများစွာ ရှိတဲ့ လူတွေနဲ့ဆို ဘယ်လွယ်လိမ့်မလဲ..အဲဒါ ဘယ်လိုလုပ်ကြတာတုန်း”

ကျနော် တော်တော်ဝမ်းသာသွားတယ် ။ စန်းမောင် ရဲ့အမေးဟာ သိပ်ထိမိတဲ့အမေး…။ သူ့ရဲ့ပုခုံးကို လှမ်းပုတ်ရင်း…

“လူငယ်ဆိုတာ..ဒီလိုမှကွ..ကိုယ်သိချင်တာကို ရိုးရိုးသားသား..မေးနိုင်ရမယ်..။ဒါမှသိမှာ..။ငါမဖြေနိုင်ဘူးဆိုရင်..ဖြေနိုင် အောင် စာတွေလိုက်ရှာကြည့်မယ်..။လူပုဂ္ဂိုလ်တွေ လိုက်မေးကြည့်မယ်..။ ပြီးရင် ငါပြန်ပြောပြမယ်..။ငါလည်း မသိတာကို သိချင်ဟန် ဆောင်ရတာ မုန်းတယ်……ငါလည်း အများကြီးတော့ မသိပါဘူးကွာ..အမေရိကန် သမ္မတကနေဒီ ပြောသွား သလိုပါပဲ…။
လောကမှာ ကျနော် မသိတာဟာ သမုဒ္ဒရာကြီးဆိုရင်.. ကျနော်သိတာဟာ ရွက်လှေလေးတစ်စီးပါ..တဲ့။

“ ဒီမိုကရေစီဆိုတဲ့ အတွေးအခေါ်တရပ် မွေးဖွားနိုင်လိုက်တဲ့အခါ..တိုက်ရိုက်ဒီမိုကရေစီနဲ့ ကိုယ်စားပြုဒီမိုကရေစီဆိုတာ တခါထပ်ပြီး ရှိလာပြန်တယ် ”

ချမ်းမြေ့က လှုပ်လှုပ်ရွရွ ဖြစ်လာပြီး မေးမယ်အလုပ်.......။

“ချမ်းမြေ့......မင်းမေးမှာ ငါသိတယ်တယ်...ဆက်ပြောပါ့မယ်..။ တိုက်ရိုက်ဒီမိုကရေစီဆိုတာကတော့….ဆုံးဖြတ်လုပ်ကိုင်ရမယ့်ကိစ္စ တွေကို လူထုကြီးက စုဝေးပြီး လုပ်ဆောင်တဲ့အရာပေါ့ကွာ။ ဒါပေမယ့် လူဦးရေ နည်းနည်းလေးသာ ရှိတဲ့နေရာတွေအတွက် ပြဿနာ မရှိပေမယ့် .....ဒို့နိုင်ငံလို လူဦးရေ အများကြီး ရှိနေတဲ့ အခါကျတော့ ပြဿနာရှိတာပေါ့ ။ ဘယ်လိုလုပ် လူတွေ စုဝေးနိုင်လိမ့်မလဲ…။ တခါ တိုင်းရေးပြည်ရာ ကိစ္စဆိုတာကလည်း တခါတည်းနဲ့ ပြီးတဲ့ကိစ္စ မဟုတ်ဘူးလေ ။ အမြဲတန်းလောက်ရှိနေတာပဲ..။ အဲဒီအခါမှာ အခက်အခဲတွေ ရှိလာ တယ်………။ အဲဒီလိုဆိုတော့ ကိုယ်စားလှယ်တွေ ရွေးချယ်ရတော့တာပေါ့..။ အုပ်စုလိုက် ဒါမှမဟုတ် ဒေသအလိုက် ကိုယ်စားလှယ်တွေကို လူထုက ရွေးပေးရတယ်..။ လူထုကလည်း သူ့ကို တာဝန်ခံ ရွေးပေးရသလို ကိုယ်စားလှယ် လုပ်သူကလည်း လူထုအတွက် လူထုဖြစ်စေချင်တဲ့ဆန္ဒတွေကို အကောင်ထည်ဖော်ပေးရတယ်..။ ကိုယ်စားလှယ်ဆိုတာ လူထုအများကြီးကို ကိုယ်စားပြုပေးရတဲ့ အနည်းစုလေး ဖြစ်သွားတာပေါ့။ အဲသလို လုပ်လိုက်တော့ လူတွေ အများကြီး စုရုံးစုဝေး စရာမလိုတော့ဘူးပေါ့ကွာ..။

နောက်သဘော တခုက တို့ရပ်ကွက်ထဲမှာ သာရေးနာရေးလုပ်ဖို့  ရပ်ကွက်က ဆင့်ခေါ်လို့သွားပြီဆိုပါတော့ မင်းတို့ တအိမ်လုံး သွားကြမှာလား..မလိုပါဘူး။ ကိုယ့်အိမ်မိသားစုထဲက တစ်ယောက်ကို လုပ်ပိုင်ခွင့်ပေးလွှတ်လိုက်တာပဲ မဟုတ်လား..။ သူက မင်းတို့မိသားစုရဲ့ ကိုယ်စားလှယ်ပေါ့”

“ရှင်းသွားပြီ..အကိုရေ...ရှင်းပြီ..အာဏာရှင်စနစ်များနဲ့တော့ကွာပါ့နော်..အာဏာရှင်စနစ်တွေက အုပ်ချုပ်သူတွေတင် မကဘူး။သူ့ဆွေစဉ်မျိုးဆက်ပါ ဘာမဆိုင်ညာမဆိုင်နဲ့..အာဏာကို ဖဲ့သုံးနေကြတာ…။နအဖပဲ ကြည့်လေ...ဗိုလ်ချုပ်မှုးကြီးက သူတင် မကဘူး..အာဏာကို သူ့မိန်းမရော..သားတွေ သမီးတွေရော..နောက်ဆုံးမြေး အထိပါ ပေးထားတာ..။သူတို့ကို ဘယ်လူထုက ရွေးချယ်တင်မြှောက် အာဏာအပ်နှင်းထားလို့လဲ”


ကိုသွေးက စကားကို ထောက်ခံပြောရင်း ဒေါသသံတွေတောင် ပါလာတယ်။

“ဒါ့ကြောင့် အာဏာရှင်မှန်သမျှဟာ ဒီမိုကရေစီကို ကြောက်ကြတာပေါ့….. ငါကြားဖူးတာလေးတော့ ရှိတယ်ကွ.. ” ဘေးနားမှာ မျက်လုံးလေးမှေးပြီး နားထောင်နေတဲ့ ထက်အောင်က ၀င်လာတယ်။

“ တခါက .. ဒေသတခုမှာ ပွဲတော်ကျင်းပတော့.. ဥပဒေတခုထုတ်တယ်တဲ့.. ။ အဲဒီ ဥပဒေက .. ဤပွဲတော်အတွင်း မည်သူမျှ အရက်သေစာသောက်စားပြီး.. မူးယစ်ရမ်းကား ခွင့်မပြု...။ ပြုလုပ်လာပါက..ဥပဒေအရ ပြင်းပြင်းထန်ထန်..ထိပ်တုန်းခပ်ခံရမည်။
ပုံ…….သူကြီးသား သူငယ်ချင်း .....တဲ့။

ဒီလိုပဲပေါ့ကွာ”

အားလုံး ၀ါးကနဲ ပွဲကျသွားကြတယ်။အညာနေရဲ့ ပူပြင်းလှတဲ့ အပူရှိန်အောက်မှာ ကျနော်တို့ရဲ့ဆွေးနွေးပွဲ လဘက်ရည်ဝိုင်းလေးကတော့ အပူထဲက အိုအေစစ်လေးတခုလိုပါပဲ ။ ကျနော်တို့ဆွေးနွေးနေတာ အဆင့်မြင့်နိုင်ငံရေးကြီးတွေ မဟုတ်ပါဘူး ၊။ သို့သော် အဲဒီလို ဒီမိုကရေစီအခြေခံသဘောတရားလေးတွေကိုတောင်မှ လူငယ်တွေအတွက်..သိဖို့ အခွင့်အလမ်းတွေက နည်းနေတာ မဟုတ်လား၊။ နည်းနည်းလေးပဲ သိသွားပါစေဦး။ ကျနော် ကျေနပ်ပါတယ်။ သုညထက်စာရင် တစ် ဖြစ်လာတာပေါ့၊။

(ကိုးကားချက်-) http://vansangva.com/

အပိုင်း ( ၂ ) ဆက်ပါဦးမည်။

အားလုံးကို လေးစားစွာဖြင့်-

( မောင်မောင်ဝမ်း )

0 လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ပြောပြတဲ့ နှစ်သစ်သန္နိဌာန်


ကျွန်မအနေနဲ့ နှစ်သစ်ကူးတွေမှာ New year resolution တွေလုပ်လေ့မရှိပါဘူး။နေ့တိုင်းနေ့တိုင်းမှာပဲ အသစ်ပြန်လည်ပြီးတော့ ကိုယ့်ရဲ့ယုံကြည်ချက်နဲ့ သန္နိဌာန်တွေကို အားဖြည့်ရတာပါ အဲ့တော့ ကျွန်မတော့ New day resolution လို့ပဲ နေ့တိုင်းနေ့တိုင်းသတ်မှတ်ပါတယ်။ အမျိုးသားရင်ကြားစေ့ရေးကိုလည်း ကျွန်မတို့ ခုမှလုပ်တာမဟုတ်ပါဘူး၊လွန်ခဲ့တဲ့ အနှစ် ၂၀ ကတည်းကလုပ်ခဲ့တာပါ။ဒါကိုလည်း ကျွန်မတို့က နေ့တိုင်းနေ့တိုင်းအားသစ်တွေနဲ့ ကြီုးစားရတာပါ။နေ့တိုင်းနေ့တိုင်းကြီုးစားရမဲ့ကိစ္စပါ၊

၂၀၁၁ မှာလည်း နေ့တိုင်းကြီုးစားရမှာပါ ဖြစ်မြောက်တဲ့ထိ။ တယောက်နဲ့တယောက်မတူကြဘူး၊ ကျွန်မတို့ရဲ့အဖွဲ့အစည်းတွေကရော၊ တခြားဒီမိုကရေစီလိုချင်တဲ့သူတွေကရော၊ တော်တော်ကိုခိုင်ခိုင်မာမာနဲ့ နှစ်ပေါင်းမြောက်များစွာ ဒုက္ခခံပြီးတော့လုပ်တဲ့သူတွေ လုပ်ခဲ့တဲ့သူတွေရှိပါတယ်၊ ဆက်ပြီးတော့လုပ်သွားမယ်လို့လည်း ကျွန်မယုံကြည်ပါတယ်။

အဲ့ဒါအပြင်မှာ လူငယ်တွေက အခုနိုင်ငံရေး လုပ်ငန်းစဉ်တွေထဲမှာပါလာပါပြီ။ လူငယ်တွေက တက်တက်ကြွကြွနဲ့ ပိုမိုပြီးတော့ ပါဝင်ကြမယ်လို့လည်း ကျွန်မယုံကြည်ပါတယ်။ ၂၀၁၁ ဟာ မြန်မာနိုင်ငံအတွက် အလွန်အင်မတန်မှ အရေးပါတဲ့နှစ်လို့ထင်ပါတယ်။ ဘယ်လိုဖြစ်မယ်ဆိုတာတော့ ကျွန်မကလည်း ဗေဒင်ဆရာ မဟုတ်တော့ဒါကိုတော့ ကျွန်မ ပြောလို့တော့ မဖြစ်ပါဘူး။ ဒါပေမဲ့လည်း ဒါဟာ အင်မတန်မှ အရေးကြီးမဲ့ အခင်းအကျင်းဖြစ်မယ်။အရေးကြီးမဲ့နှစ် တခုဖြစ်မယ်။ အဲ့ဒီကမှ ကျွန်မကတော့ အကောင်းဆုံးဖြစ်အောင်ကြီုးစားမယ်။ အားလုံးပါဝင်နိုင်မဲ့ နိုင်ငံရေးဖြစ်စဉ် တခုပေါ်လာအောင်လို့ ကျွန်မတို့ ၀ိုင်းဝန်းပြီးတော့ ကြိုးစားရမယ်၊ အခုလည်းစကြီုးစားနေပါတယ်။

BBCမှဆက်သွယ်မေးမြန်းချက်

0 မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နှစ်သစ်ကူးနူတ်ခွန်းဆက်သ၀ဏ်လွှာ


(voa အသံဖိုင်)
နှစ်သစ်ကူး နှုတ်ခွန်းဆက် သဝဏ်လွှာ။

နှစ်ဟောင်းလွန်မြောက် နှစ်သစ်ရောက်ချိန်တွင် ကျွန်မ၏ နိုင်ငံရေးဘဝ ဖြတ်သန်းမှုကို ပြန်လည် သုံးသပ်ကြည့်သောအခါ.. ပြည်သူလူထု၏ ဒီမိုကရေစီနှင့် လူအခွင့်အရေးအတွက် ကြိုးပမ်းသည့်ကာလ၊ နေအိမ်အကျယ်ချုပ် ကျခံသည့်ကာလ၊ ပြန်လည် လွတ်မြောက်လာသည့်ကာလ ဟူ၍ ကာလသုံးပါးကို တွေ့မြင်ရပါသည်.။

ယင်းကာလသုံးပါးစလုံးတွင် ကျွန်မအတွက်လည်းကောင်း၊ ကျွန်မ၏ ရည်မှန်းချက်အတွက် လည်းကောင်း.၊ ကျမ၏ ကြိုးပမ်း ဆောင်ရွက်မှုများ အတွက်လည်းကောင်း၊ ထောက်ခံသူ အားပေးသူ ကူညီသူ အမြောက်အများရှိပါသည်။ နိုင်ငံ့ခေါင်းဆောင်များ၊ ဘာသာရေးခေါင်းဆောင်ကြီးများ၊ ငြိမ်းချမ်းရေး နိုဘယ် ဆုရှင်များ အပါအဝင်..ပုဂ္ဂိုလ်များ၊ ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ စသည်စသည်ပါဝင်သော အဖွဲ့အစည်းများ၊ အမေရိကန်နှင့် ဥရောပနိုင်ငံအများအပြားမှ နိုင်ငံသူ နိုင်ငံသားများ၊ ပြည်တွင်းပြည်ပမှ ကျွန်မတို့ တိုင်းရင်းသား ပြည်သူများ ပါဝင်ကြပါတယ်..။

ထိုသူများ၏ ကာယကံအားဖြင့်၊ ဝစီကံအားဖြင့်၊ မနောကံအားဖြင့် ရိုင်းပင်း ကူညီခဲ့သူများအတွက် ကျွန်မက အထူးတလည် ကျေးဇူးဥပကာရ တင်ရှိပါကြောင်း အလေးအနက် ဖော်ပြအပ်ပါတယ်..။

အထူးသဖြင့် ယခုတစ်ကြိမ် ပြန်လွတ်ရာတွင် ပိုမို တက်ကြွနေသော လူငယ်များအပါအဝင် ပြည်သူများမှ အင်တိုက်အားတိုက် ထောက်ခံ အားပေးမှုကြောင့် ကျွန်မအလွန် ဝမ်းမြောက် ကြည်နှူးရပါသည်။ အမျိုးသားပြန်လည် သင့်မြတ်မှုရရှိရေး စစ်မှန်သော ပြည်ထောင်စုစိတ်ဓာတ် တဖန်နိုးထ ရှင်သန်လာရေးတို့ အတွက် ပြည်သူ့နိုင်ငံရေး လူမှုကွန်ယက်ကြီး တစ်ရပ် ထူထောင်ခြင်းဖြင့် ကျွန်မတို့ မဖြစ်မနေ ကြိုးပမ်းရပါဦးမယ်။ မင်္ဂလာနှစ်သစ်တွင် ခွန်သစ်အားသစ် လုပ်ငန်းပုံစံသစ်ဖြင့် တိုင်းရင်းသားပြည်သူအားလုံး လက်တွဲကြိုးပမ်းကြပါစို့ဟု နှိုးဆော်ရင်း နှုတ်ခွန်း ဆက်သလိုက်ပါသည်.။

ရက်စွဲ ၁-၁-၂၀၁၁

ဒီမိုကရေစီရေး မုချအောင်ရမည်.

အောင်ဆန်းစုကြည်။

Daw Aung San Suu Kyi's New Year Message for 2011

Yangon, December 31 -- Given below is the advanced copy of the NewYear Message of democracy icon Aung San Suu Kyi acquired by ++++++.
...This message is to be issued in Burmese on January 1 next year.


“On studying my political life at the time of the New Year, I foundout three periods – t...he period of my struggle for democracy and humanrights for the people, the period of house arrest and the period after my release.

“In all these three periods, the great majority of people have comeout in support of me as well as my aspirations and my struggles. These peoples include leaders of nations, leaders of religiousdenominations, Nobel laureates, United Nations, European Union,Amnesty International, peoples of United States and many European
countries and people of all nationalities in and out of our country.

“I would like to stress my deep gratitude to all these peoples."

“I am very happy to note that more enthusiastic and tremendous support has been shown to me by the people including youths on myrelease from detention this time. I shall relentlessly struggle for bringing about a wide-ranging political and social network for national reconciliation and re-emergence of genuine Union Spirit.

Allow me to call on all the people of the country to join with me in this task with renewed vigour. This is my message.”The cause of democracy shall certainly prevail.

( Signature )

Aung San Suu Kyi

As Aung San Suu Kyi came out of office, the awaiting newsmen requested her to speak a few words in English on the occasion of theNew Year eve.

Aung San Suu Kyi in English said: “We hope that we will see a yearthat is happier for all the people of the world including the peopleof Burma. We do hope for more inclusive political process in the country that will bring about national reconciliation. We do also hope that there would be greater freedom of information for the sake of journalists and correspondents in Burma.”

(Source: Inside Burma)

http://www.facebook.com/#!/notes/ohn-mar-oo/daw-aung-san-suu-kyis-new-year-message-for-2011/10150368121095243

1 ၂၀၁၁ မင်္ဂလာနှစ်သစ်မှာ မြန်မာပြည်သူပြည်သားများရွှင်လန်းချမ်းမြေ့ပါစေ...


၂၀၁၁ နှစ်သစ်ဦးကစလို့ မင်္ဂလာအပေါင်း နှင့်ခညောင်းပြီး မြန်မာပြည်သူပြည်သားများ စစ်အာဏာရှင်စနစ်ဆိုးအောက်မှအမြန်ဆုံးလွတ်မြောက်ပါစေလို့ဆုတောင်းလိုက်ပါတယ်။

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.