Tuesday, June 7, 2011

0 အသိမှတ်ပြုတယ်ဆိုတာ စိတ်သတ္တိရှိမှလုပ်ရဲတဲ့အလုပ်ဖြစ်တယ် (မောင်မောင်ဝမ်း)


အသိမှတ်ပြုတယ်ဆိုတာ စိတ်သတ္တိရှိမှလုပ်ရဲတဲ့အလုပ်ဖြစ်တယ် ( ဆရာတော် ဦးဇောတိက )

ဦးသိန်းစိန်ကြံ့ဖွတ်အစိုးရတက်လာတော့ဒေါ်အောင်ဆန်းစုကြည်ကအစိုးရတရပ်အဖြစ်ရှုမြင်တယ်ဆိုတာကို ပြောခဲ့တယ်။မဲလိမ်လို့ပဲတက်လာလာ၊မတရားလုပ်လို့ပဲဖြစ်ဖြစ်ခပ်တည်တည်နဲ့တော့အစိုးရဖြစ်လာတာပဲ (ပြည်သူတွေကမဲပေးလိုက်တာကိုး)ဒါကိုဒေါ်စုသဘောပေါက်တယ်၊လက်ခံချင်သည်ဖြစ်စေ၊လက်မခံချင်သည် ဖြစ်စေ..အစိုးရတရပ်တော့ဖြစ်လာပြီ၊ဒေါ်စုဘက်ကရိုးသားတယ်အရှိတရားကိုအရှိတရားအဖြစ်မြင်လိုက်တယ်….ဒါဟာစိတ်သတ္တိတမျိုးပါ။

ဂျွှန်မက်ကိန်းမြန်မာနိုင်ငံကိုလာရောက်လို့ ကြံ့ဖွတ်အစိုးရရဲ့ဒု သမ္မတ ဦးတင်အောင်မြင့်ဦး နဲ့တွေ့တော့ ဒေါ်အောင်ဆန်းစုကြည်ကိုသာမန်အရပ်သားတယောက်လိုသဘောထားပါတယ်တဲ့ ၊ သဘောကတော့သူလိုကိုယ်လိုပါပဲဆိုတဲ့အဓိပ္ပါယ်သက်ရောက်တယ်၊သူတို့အနေနဲ့ထူးထူးခြားခြားလူထုခေါင်းဆောင်တို့၊ဒီမိုက ရေစီခေါင်းဆောင်တို့သတ်မှတ်ဘို့ အသိမှတ်မပြုပါဘူးပေါ့----ဒါဟာအရှိတရားကိုမျက်ကွယ်ပြုလိုက်ခြင်းပါ။

ကျနော်အရင်က အသိမှတ်ပြုခြင်းရဲ့အနှစ်သာရ နဲ့ စိတ်ခွန်အားသတ္တိကိုသိပ်သဘောပေါက်ခဲ့ပါဘူး၊
ဆရာတော်ဦးဇောတိကရဲ့တရားတော်တွေကိုစာအုပ်စာပေတွေကနေဖတ်ရှုရတဲ့အခါရောက်မှကောင်းကောင်းသဘောပေါက်လာတယ်။ တကယ်တော့အသိမှတ်ပြုတယ်ဆိုတာစိတ်သတ္တိရှိမှလုပ်ရဲတဲ့အလုပ်တဲ့၊သိပ်မှန်လိုက်တဲ့စကားဗျာ။ကျနော့်ဘ၀မှာဒီအယူအဆလေးကအတော်ကိုလွှမ်းမိုးသွားခဲ့တယ်၊အတိတ်ကိုပြန်စဉ်းစားကြည့်လိုက်တဲ့အခါကိုယ့်ကိုယ်ကိုယ်အတော်ရှက်စရာကောင်းတဲ့လုပ်ရပ်တွေနဲ့စိတ်အစဉ်တွေကိုပြေးမြင်မိတယ်၊ လူတော်တော်များများဟာမကောင်းတာများကိုသာအသိမှတ်ပြုဘို့ဝန်မလေးတတ်ကြပေမဲ့လို့ ကောင်းကွက်တွေကို အသိမှတ်ပြုဘို့ကြအတော်ဝန်လေးတတ်ကြတာမဟုတ်လား၊ ဒါဟာ သာမန်စိတ်ပါ ၊ လူတယောက်ယောက်ရဲ့ကောင်းကွက်တော်ကွက်တွေကိုအသိမှတ်ပြုဘို့ဆိုတာအပြောလွယ်သလောက်အလုပ်ခက်တယ်၊ဆရာတော်ပြောသလိုစိတ်ခွန်အားစိတ်သတ္တိတွေလိုတယ်၊ကျနော်ဒီအမှန်တရားကိုလက်တွေ့ကျင့်သုံး ကြည့်တယ်၊ကျနော် အင်္ဂလိပ်စာ ကျူရှင်ဆရာတယောက်အဖြစ်ရပ်တည်တော့ စာတော်တဲ့ ကျောင်းသားတွေကိုအရှိကိုအရှိတိုင်းအပိုအလိုမရှိအသိမှတ်ပြုကြည့်တယ်အဲဒီတော့ဒီကျောင်းသားတွေဟာပိုပိုပြီးတော်လာတာကိုတွေ့ရတယ်..လိုအပ်ချက်တွေကိုလည်းစေတနာရှေ့ထားထောက်ပြတယ်ကျောင်းသားတွေဟာလိုလိုလားလားခံယူပြီး ကြိုးစားလာတာကို တွေ့ရတာအမှန်ပါ ၊

ဒါကိုအသိမှတ်ပြုခြင်းရဲ့အကျိုးရလာဒ်လို့ခံယူမိတယ်။ အပြင်လောကလူမူ့ဆက်ဆံရေးနယ်ပယ်မှာလည်း ကျင့်သုံးကြည့်တယ် အဲဒီလိုအသိမှတ်ပြုခံရတဲ့သူတွေဟာ ကိုယ့်ကို ခင်မင်လေးစားလာတာ လက်တွေ့ပါ၊ အသိမှတ်ပြုတယ်ဆိုတာအပိုအလိုမရှိကျင့်သုံးရတဲ့ကိစ္စပါ၊ပိုသွားတယ်ဆိုမြှောက်ပြောတာ၊ဘုန်းတော်ဘွဲ့တွေချီးကျူးတာဖြစ်သွားမယ်၊လိုပြောတယ်ဆိုရင်တော့အသိမှတ်မပြုရဲတာနဲ့အတူတူပါပဲ၊ အသိမှတ်မပြုရဲတာဟာမုန်းတီးခြင်းတွေမနာလိုခြင်းတွေယှဉ်တွဲရာကဖြစ်ပေါ်လာတဲ့ဒေါသစိတ်တွေပါ၊ ဒါပေမဲ့လို့အယူအဆတခုလုပ်ရပ်တခုအပေါ်မှာတော့ရှု့ထောင့်ဆိုတာရှိပါတယ်ဘယ်ရှုထောင့်ကရပ်တည်ပြောတာလည်းဆိုတဲ့ အပေါ်တည်မှီပြီး အသိမှတ်ပြုခြင်းတွေ မပြုခြင်းတွေဆိုတာ ကွဲပြားနိုင်ပါတယ်၊ ဥပမာ ဗိုလ်ချုပ်အောင်ဆန်းဟာတိုင်းပြည်ရဲ့ခေါင်းဆောင်ဖြစ်တယ်၊တပ်မတော်ဖခင်ဖြစ်တယ်ဒါဟာအသိမှတ်ပြုကိုပြုရမဲ့အရာပါ၊ပကတိတည်ရှိခဲ့တဲ့အရာတွေမဟုတ်လား၊သူလုပ်ခဲ့တဲ့လုပ်ရပ်တွေသူပြုမူဆောင်ရွက်ခဲ့တဲ့အရာတွေ ပေါ်မှာတော့ ရှုထောင့်အပေါ်လိုက်ပြီးကွဲပြားနိုင်ပါတယ်၊ ထိုနည်းတူစွာပဲ ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုခေါင်းဆောင် ၊ ဒီမိုကရေစီခေါင်းဆောင် ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ခေါင်းဆောင်ဗျာ ရှင်းပါတယ် ဒါတွေဟာ လက်တွေ့ပကတိအရှိတရားတွေပါ ၊ သူ့ရဲ့လုပ်ဆောင်ချက်တွေနဲ့ပတ်သက်လို့ အသိမှတ်ပြုမယ် မပြုဘူးဆိုတာ ဒါက ရပ်တည်ချက်ရှုထောင့်နဲ့ဆိုင်သွားပြီ ( ဒါသူတို့သဘော )၊

ဒေါ်အောင်ဆန်းစုကြည်ဟာဗိုလ်ချုပ်မူးကြီးစောမောင်လက်ထက်ကလည်းဗိုလ်ချုပ်မူးကြီးစောမောင်လို့ပဲသုံးတယ် ဦးစောမောင်လို့တောင်မသုံးဘူး ၊ ထိုနည်းတူစွာပဲ ဗိုလ်ချုပ်မူးကြီးသန်းရွှေ ၊ မောင်အေး စသည်ဖြင့်ပေါ့ ဗိုလ်ချုပ်မူးကြီးလို့ပဲခေါ်ဝေါ်တယ်၊ဒါဟာအသိမှတ်ပြုရဲတဲ့စိတ်သတ္တိကိုဖော်ညွှန်းနေတာပဲစစ်အာဏာရှင်များဘက်ကကြဒေါ်အောင်ဆန်းစုကြည်ကိုဒေါ်အောင်ဆန်းစုကြည်လို့ခေါ်ဝေါ်ဘို့သတ္တိတွေမွေးနိုင်ပါပြီလားအသိမှတ်ပြုရဲ ပါပြီလား၊သာမန်ကြည့်မယ်ဆို ဘာမှမဟုတ်သလိုထင်ရပေမဲ့ သိပ်အရေးကြီးတဲ့ကိစ္စပါ ၊ မြန်မာ ဆိုတာကိုမပြောင်းလည်းပဲနဲ့ဗမာလို့ဆက်သုံးစွဲနေတဲ့နိုင်ငံတကာနဲ့အတိုက်အခံများကိုရှုတ်ချလိုက်တဲ့အာဏာရှင် ကြီးများကရော အထက်ဖော်ပြပါ ကိစ္စများကိုပြောင်းလည်းဘို့ အသိမှတ်ပြုရဲဘို့ စိတ်ခွန်အားတွေရှိပါရဲ့လား၊

ဒေါ်အောင်ဆန်းစုကြည်ဟာဒုသမ္မတကြီးဦးတင်အောင်မြင့်ဦးပြောသလိုသာမန်အရပ်သားတယောက်ပါဆိုရင်ဘာ့ကြောင့်စူပါပါဝါနိုင်ငံကြီးကထင်ရှားတဲ့နိုင်ငံရေးခေါင်းဆောင်တယောက်ကရေးကြီးခွင်ကျယ်ပြောဆိုပြီး သမ္မတ ကြီးကရော ဘာလို့ရေးကြီးခွင်ကျယ် စကားထဲ ထဲ့ပြောနေရတာလည်း ဒါဟာ အာဃာင်္တတွေ အငြိုးတွေ အမုန်းတွေကြီးနေဆဲဆိုတာကို ဖော်ကျူးလိုက်ခြင်းရဲ့သင်္ကေတ စကားရိပ်တွေပါ။

ကျနော်အကျဉ်းထောင်တွင်းမှာရှိနေတုန်းအခါတုန်းကထောင်ကျလာတဲ့တပ်ရင်းမူးတယောက်နဲ့ဆုံခဲ့ တယ် ၊ ကျနော်က သူ့ကို တပ်ရင်းမူးကြီးလို့ပဲခေါ်တယ် ( ဒီအခေါ်ဝေါ်ကို သူမငြင်းပယ်ခဲ့ပါဘူး - အဲဒီအချိန်မှာ သူဟာထောင်ကျလာတဲ့ထောင်သားတယောက်ပါ)ဒါပေမဲ့လို့ကျနော်ကထောင်ရဲ့အကြီးဆုံးအုပ်ချုပ်ရေးအရာရှိကို ထောင်ပိုင်ကြီး ထောင်ပိုင်ကြီးလို့ခေါ်ဝေါ်တဲ့ ကိစ္စကိုကြ သူကတားမြစ်ခဲ့တယ်၊ နံမည်တပ်ခေါ်ပါတဲ့ ၊ ကျနော်သူ့ရဲ့စိတ်သတ္တိနဲ့စိတ်ခွန်အားကိုသဘောပေါက်လိုက်ပါတယ်၊သူ့မှာလူတွေကိုအသိမှတ်မပြုရဲတဲ့ရောဂါ ဖြစ်နေတာကိုး၊(သူ့ကိုအသိမှတ်ပြုတာကိုတော့ခံချင်ပြီးသူကကြ အသိမှတ်ပြုဘို့ဝန်လေးတတ်တဲ့အမျိုးစားပါ )



နောက်တခါနိုင်ငံရေးအကျဉ်းသားကိစ္စနိုင်ငံရေးလုပ်ဆောင်ချက်ကြောင့်ထောင်သွင်းအကျဉ်းချခံရတယ်ဆို နိုင်ငံရေးအကျဉ်းသားပေါ့ ဒါရှင်းပါတယ် ဒါကိုငြင်းပယ်တဲ့ကိစ္စဟာ အမှန်ကိုမျက်ကွယ်ပြုလိုက်ခြင်းပါ အသိမှတ်မပြုရဲခြင်းပါ၊နိုင်ငံရေးလုပ်ဆောင်ချက်ကြောင့်အကျဉ်းချခံရသူဟာနိုင်ငံရေးအကျဉ်းသားဖြစ်တယ် ယုံကြည်ချက်အကျဉ်းသားတို့ဘာတို့ဆိုတာ စကားလုံးတွေနဲ့ရှုတ်ထွေးသွားနိုင်တဲ့ကိစ္စ

နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးပါလို့ပြောတာ-နိုင်ငံရေးလုပ်ဆောင်ချက်ကြောင့်ပုဒ်မအမျိုးမျိုးတပ်ပြီးထောင်ချထားသောသူများကိုဆိုလိုတာဒါကိုဝေ့လည် ကြောင်ပတ်နဲ့နိုင်ငံရေးအကျဉ်းသားမရှိပါဘူးဆိုတာအသိမှတ်ပြုဘို့စိတ်ခွန်အားနည်းနေတဲ့အရာလို့ပဲစွပ်ဆွဲချင်တယ်။အသိမှတ်ပြုဘို့ကိုတောင်မှဝန်လေးနေတယ်ဆိုရင်ရှေ့ဆက်သွားမယ့်အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာကို ဘယ်လိုလှမ်းကြမလည်း ။စစ်အာဏာရှင်အဆက်ဆက်ဟာ သူတို့စည်းစိမ်အာဏာတည်မြဲရေးအတွက် တပ်မတော်ကိုအသုံးချသွားကြတယ်။ကျနော်တို့အတိုက်အခံများဟာတပ်မတော်နဲ့စစ်အာဏာရှင်တစုကိုခွဲမြင်ဘို့တော့လိုတယ်။ နိုင်ငံဝန်ထမ်းဆိုတာ နိုင်ငံရေးသိပ္ပံအသုံးအနှုန်းနဲ့ပြောရရင်(state)ပဲ ၊ နိုင်ငံရဲ့သယံဇာတတွေ ၊ အရင်းအမြစ်တွေ ၊လေထု ၊ မြေထု ၊ရေထု စသဖြင့်ပေါ့ ၊ ဒါတွေဟာ တိုက်ရတဲ့အမျိုးမဟုတ်ဘူး ၊ ကျနော်တို့တိုက်ရမှာ အစိုးရ ( Government ) ၊ state ဆိုတာ ဘယ်အစိုးရတက်လာလာ သူကရှိနေမှာပဲ တပ်မတော်ဟာ နိုင်ငံဝန်ထမ်းဖြစ်တယ် ၊ သူကဘယ်အစိုးရတက်လာလာ တပ်မတော်ဆိုတာရှိနေမှာပဲ ၊ ဒါကိုအသိမှတ်ပြုရမယ်။ အသိမှတ်လည်းပြုရဲရမယ်။

စစ်အာဏာရှင်ကြိုးကိုင်ခံအစိုးရလို့ပဲပြောပြော၊ကြံဖွတ်အစိုးရလို့ပဲခေါ်ခေါ်သူတို့ကိုတခုမေးချင်ပါတယ် မြန်မာနိုင်ငံမှာရှိတဲ့လူထုအများစုဟာဆင်းရဲတွင်းနက်နေပါတယ်ဆိုတာကို အသိမှတ်ပြုရဲပါသလား ၊ လူထုကြီး အမှန်တကယ် ဆင်းရဲတွင်းနက်တယ် မနက်ဘူးဆိုတာကို စာဖတ်သူများပဲ သုံးသပ်ပြီး အဖြေမှန်ထုတ်ပေးပါ၊ အမှန်တကယ် အဘက်ဘက်က ယိုယွင်းပျက်စီးပြီး နိမ့်ကျနေတာကို လက်ရှိအုပ်ချုပ်နေတဲ့အစိုးရ အသိမှတ်မပြုနိုင်သမျှကာလပတ်လုံးအတိုက်အခံများနဲ့တွေ့ဆုံဆွေးနွေးရေးတို့၊အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ဆိုတာတွေဟာ အလှမ်းဝေးနေဦးမှာပါ။

တခုတော့ပြောချင်ပါတယ်…ဂျွှန်မက်ကိန်းကပြောတယ်……ပြုပြင်ပြောင်းလည်းရေးတွေမလုပ်ဘူးဆိုရင် အာရပ်ကမ္ဘာလိုလူထုတော်လှန်ရေးတွေနဲ့ကြုံတွေ့နိုင်တယ်လို့ပြောဆိုချက်ဟာ..တန်ခိုးရှင်မို့ဖောက်ထွင်းမြင်နိုင်လို့ပြောသွားတာမဟုတ်ဘူး၊ရမ်းတုတ်ပြီးပြောသွားတာလည်းမဟုတ်ဘူး……သူဟာနိုင်ငံရေးကျွှမ်းကျင်သူဖြစ် တယ်….ရှေ့ကိုကြိုမြင်နေတယ်………..အတွေ့အကြုံနဲ့သင်ခန်းစာတွေက ပေးလိုက်တဲ့ ပြဌာန်းချက်ပဲ

အသိမှတ်ပြုတယ်ဆိုတာ စိတ်သတ္တိရှိမှလုပ်ရဲတဲ့အလုပ်ဖြစ်တယ်

အားလုံးကိုလေးစားစွာဖြင့်

( မောင်မောင်ဝမ်း )ံ

0 မဟန်နီဦး

ဒဂုံတက္ကသိုလ်၊ ဥပဒေ နောက်ဆုံးနှစ် ကျောင်းသူ မဟန်နီဦးဟာ၂၀၀၇ သြဂုတ်မှာ ပြန်ဖွဲ့ခဲ့တဲ့ ဗကသများ အဖွဲ့ချုပ်ရဲ့ ခေါင်းဆောင်တွေထဲက တယောက် ဖြစ်ပါတယ်။

ဖခင် ရှေ့နေဦးထွန်းဦးကလည်း နိုင်ငံရေးအကျဉ်းသားဟောင်း ဖြစ်ပါတယ်။

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာ ဗကသများ အဖွဲ့ချုပ်ဟာ ပြည်သူ့ရှေ့က မားမားရပ်ခဲ့ပါတယ်။ အာဏာပိုင်တွေက ဗကသ ခေါင်းဆောင်များ ဖြစ်တဲ့ မဟန်နီဦး၊ ကိုကျော်ကိုကို၊ ကိုစည်သူမောင်တို့ ရှောင်ပုန်းနေတဲ့အိမ်ကို ၂၀၀၇ အောက်တိုဘာ ၉ ရက်နေ့ မှာ ၀င်စီးနင်းခဲ့ပါတယ်။ ကိုကျော်ကိုကို ကတော့ အရပ်ထဲက ကူညီလို့ လွတ်သွားပါတယ်။

မဟန်နီဦးကို ကျောင်းသားသမဂ္ဂမှာ ပါဝင်မှု၊ နိုင်ငံခြား သတင်းဌာနများနဲ့ ဆက်သွယ်မှု၊ ၂၀၀၇ စက်တင်ဘာ ၂၅၊ ၂၆ ရက်နေ့ တို့မှာ လမ်းလျှောက်ဆန္ဒပြမှုတို့နဲ့ တရားစွဲပါတယ်။ ဆန္ဒပြတဲ့နေ့တွေမှာ မဟန်နီဦးက စာမေးပွဲခန်းထဲ ရှိနေပါတယ်။

ဒါပေမယ့် တရားရုံးက ၂၀၀၈ နိုဝင်ဘာ ၁၃ မှာ ထောင် ၉ နှစ် ၆ လ ချပါတယ်။ နိုဝင်ဘာလ ၂၄ ရက်နေ့မှာ မဟန်နီဦး ကို ထောင်ပြောင်းပါတယ်။ အင်းစိန်ထောင်ကနေ သူ့မိသားစုနဲ့ ၆၀၇ မိုင် ကွာဝေးတဲ့ လားရှိုးထောင်ကို ပြောင်းလိုက်တာပါ။

လူငယ်တဦးကို ငဲ့ညှာမှု မရှိဘဲ ကြီးလေးတဲ့ ထောင်ဒဏ်တွေ ချ၊ မိသားစုနဲ့ဝေးရာ ထောင်တွေကို ရွေ့တဲ့နည်းတွေနဲ့ စစ်အာဏာရှင်တွေက သူတို့ ဘာလဲ ဆိုတာကို ပြလိုက်တာပါပဲ။

မဟန်နီဦး တယောက် မိသားစုရဲ့ ရင်ခွင်ကို အမြန်ဆုံး ပြန်လည် ရောက်ရှိပါစေ။

သားကြီး (AAPP)

0 ကျွန်တော်တို့ မြန်မာပြည် . . . ကျွန်တော်တို့ ပြည်သူတွေ . . .ကျွန်တော်တို့ ဆိုးသံသရာ . . .-
ရေးသူ-ချိုတူးဇော်



ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးအတွက် အဓိက လုပ်သင့်တာက ပြည်သူလူထုပေါ်မှာ တင်ထားတဲ့ ထမ်းပိုးတွေကို ဖယ်ရှားပေးဖို့ပါ။

အစိုးရဟာ စစ်မှန်တဲ့ စေတနာကောင်းကို ပြည်သူတွေအပေါ်မှာ တကယ်ထားတယ်ဆိုရင်၊ ပြည်သူလူထု ကို အုပ်ချုပ်စီရင်စီစဉ်ပေးနေတဲ့ သူတွေ လို့ကိုယ့်ကိုယ်ကိုယ် မမြင်ပဲ၊ ပြည်သူကို အလုပ်အကျွေးပြုနေတယ် လို့ အရင် ဆုံးခံယူပါဦး။

ဒါဆို ပြည်သူကို အစိုးရက ဈေးရောင်းနေတဲ့ ဖုန်းတွေဟာ နိုင်ငံတကာမှာထက် ဘာလို့ ဈေးနှုန်းမြင့်နေတာလဲ၊

မနေ့တနေ့က စက်မှုဝန်ကြီးဌာနက ထုတ်တဲ့ မီနီဆလွန်းတွေက ထုတ်ဈေးတောင် ၅၅ သိန်း ဖြစ်လို့နေတယ်။ မီနီဆလွန်း လိုပဲ အိန္ဒိယမှာ လည်း တာတာ ထုတ်ပါတယ်။ ဘန်ကောက်မှာလည်း နီဆန်းမာ့ခ်ျ ထုတ်ပါတယ်။ အဲဒီကားတွေရဲ့ စက်ရုံထုတ်ဈေးဟာ မြန်မာငွေနဲ့တွက်ရင် ၂၅ သိန်းလောက်ပဲ ကျတယ်။ ဒီမှာ ဘာလို့ ၅၅ သိန်းဖြစ်နေတာလဲ။ ဒီက စ ပြောရလိမ့်မယ်။ သူများရောင်းသလို မရောင်းနိုင်ပဲနဲ့တော့ အောင်မြင်တဲ့ ဈေးကွက်စီးပွားရေး ဖေါ်ဆောင်မယ်လို့ ပြောမနေပါနဲ့။ မဖြစ်နိုင်ဘူး။ သူများထက်တောင် သက်သာအောင် ရောင်းနိုင်ရလိမ့်မယ်။ တိုယိုတာ ကထုတ်တဲ့ ၇ ယောက်စီး ၀က်ဂွန်ကားဟာ ဒေါ်လာ ၂၅၀၀၀ ကျော်ကျော် ပဲ ကျတယ်။ မြန်မာငွေနဲ့ သိန်း ၂၅၀ ထားပါတော့။ ဒီမှာ ရမ္မာ ၀က်ဂွန်ကို သိန်း ၆၅၀ နဲ့ရောင်းတယ်။ ဒါတွေဟာ ပြည်သူကို လွတ်လပ်စွာ ကူးသန်းရောင်းဝယ်ခွင့်ပိတ်ပင်ထားပြီး၊ ကားတွေ တင်သွင်းခွင့်ပိတ်ထားပြီး အခွင့်ကောင်းယူ အမြတ်ကြီးစားနေတာ။ စက်မှုဇုံတွေက ကားထုတ်လုပ်နေတဲ့ သူတွေ ဟာ လက်တဆုပ်စာ လူနည်းစုပါ။ နောက် ပြောရရင် အဲဒီ စစ်တပ်အကြီးအကဲတွေ၊ အစိုးရအကြီးအကဲတွေနဲ့ မကင်းရာမကင်းကြောင်းတွေ၊ ဒီလူတစု ကောင်းစားရေးအတွက် ပြည်သူအခွင့်အရေးတွေကို ပိတ်ပင်ပြီး အမြတ်ထုတ်နေတာ ဈေးကွက်စီးပွားရေးမဟုတ်သလို၊ ဆင်းရဲမွဲတေမှုပပျောက်အောင်တိုက်ဖျက်မယ်လို့ အသံကောင်းဟစ်နေလို့မရဘူး။ ဒါ့ထက်မက ထပ်ဆင့် လုပ်တာက အဲဒီကားတွေကို အိုးပင်းဆေးလ် လွတ်လပ်စွာရောင်းချပေးတာမဟုတ်ဘူးနော်။ ကန့်သတ် ဗီအိုင်ပီ နဲ့ ရောင်းနေတာ။ ဒီတော့ အဲဒီကားတွေဟာ စက်ရုံထုတ်ဈေးထက်မက အပြင်မှာ ဈေးအဆပေါင်းများစွာ မြင့်တက်လို့သွားတယ်။ ဒါ သူတို့လုပ်နေကျ မဆလ ရဲ့အမွေ ဗီအိုင်ပီဈေးကွက်စီးပွားရေးပါ။ ဗီအိုင်ပီတွေဟာ မဆလ တုန်းကလည်း ပဒုမ္မာ၊ မေတ္တာမွန် စတဲ့ကုန်တိုက်တွေကနေ ဖေါဖေါသီသီဝယ်၊ အပြင်မှာပြန်သွင်းနဲ့လုပ်ခဲ့တယ်။ ခုလည်း ဘာထူးလဲ။ အဲဒီလို မညီမျှမှုတွေ ရှိနေသေးသရွေ့ ဆင်းရဲမွဲတေမှု ကို ဘယ်လိုမှ အောင်မြင်အောင် မတိုက်ဖျက်နိုင်ဘူးမှတ်ပါ။ ဒီမိုကရေစီစနစ်ဆိုတာလည်း မအောင်မြင်ဘူးမှတ်ပါ။

ကားတွေ ဖုန်းတွေကို ဥပမာ လွယ်လို့ပေးလိုက်ပေမယ့်၊ ဓါတ်ဆီ၊ ဒီဇယ်ဆီက စပြီး နေရာတိုင်းမှာ ဒီလို တန်းတူညီမျှ မဖြစ်တဲ့ စည်းမျည်းစည်းကမ်းတွေကို မတိုက်ဖျက်မချင်း အောင်မြင်တဲ့ ဒီမိုကရေစီ စနစ်၊ အောင်မြင်တဲ့ဈေးကွက်စီးပွားရေးစနစ် ဖြစ်မလာဘူးဆိုတာ ပြောချင်ပါတယ်။

တိုင်းပြည်ကို တကယ်စေတနာရှိတယ်၊ တကယ်ကောင်းစေချင်တယ် ဆိုရင် ပြည်သူလူထုကို ဖိနှိပ်မှု ဖြစ်စေမယ့် တံပိုးတွေအကုန်လုံးကို အရင် ဖယ်ပေးပါ။ အစိုးရဟာ ပြည်သူ့အစိုးရကောင်း တကယ်ဖြစ်ချင်ရင် ပြည်သူလူထုရဲ့ ထောက်ခံမှုကို တကယ်လိုချင်တယ် ဆိုရင် ... ပေါ့လေ။

မြန်မာပြည်မှာ ပြည်သူလူထုရဲ့ ဆိုးသံသရာဟာ ပဒေသရာဇ်တွေလက်ထက်ကတည်းက ခုချိန်ထိ လုံးဝကိုမလွတ်မြောက်နိုင်သေးပါဘူး။ သမိုင်းအဆက်ဆက် သေချာလေ့လာဆန်းစစ်ကြည့်ရင် ပြည်သူလူထုဟာ ဒီမိုကရေစီနဲ့ လူတဦးချင်းတယောက်ချင်းတန်းတူညီမျှတဲ့လူ့အခွင့်အရေးအနည်းအကျဉ်းကို ကိုလိုနီအင်္ဂလိပ်လက်အောက်မှာနဲ့ ဖဆပလ ခေတ်မှာသာ ရခဲ့ဖူးပါတယ်(အနည်းအကျဉ်းနော်)။ ပဒေသရာဇ်တွေတုန်းကလည်း သူတို့ဆွေမျိုးစုတသိုက်ထင်တိုင်းကြဲ၊ အာဏာလုတဲ့ကြားမှာ နင်းပြားဖြစ်ခဲ့ရတယ်။ မော်ဖူးစေ ဆိုမှ မော်ကြည့်ခွင့်ရတဲ့အထိ ဒုက္ခ ရောက်ခဲ့တယ်။ ပဒေသရာဇ်တွေနဲ့ ပူးပေါင်းတဲ့ မြို့စား၊နယ်စား၊ သူကြီးအထိ အဆင့်ဆင့် ပြည်သူလူထုကို ခေါင်းပုံဖြတ် အမြတ်ထုတ်ခဲ့တယ်။

တရုတ်နဲ့ မြန်မာ အဓိက ကွာခြားတာက အဲဒါပါပဲ။ တရုတ်ကွန်မြူနစ်ပါတီဟာ ဘယ်လောက်ပဲ ဒီမိုကရေစီရေးမှာ ပိတ်ပင်တားဆီးနေတယ်ပြောပြော၊ တရုတ်ပဒေသရာဇ်လက်အောက်ကနေ ထမင်းတောင်နပ်မမှန်တဲ့ ပြည်သူကို လွတ်မြောက်အောင် ကယ်တင် ခဲ့တဲ့ အဖွဲ့အစည်းတရပ်ဖြစ်တယ်။ သူတို့နဲ့ပြည်သူကြားမှာပေါင်းကူးတခု ရှိနေတယ်။ ဒီမှာက မြန်မာပြည်ကြမ္မာကိုက ဆိုးလွန်းတော့ ဒုတိယကမ္ဘာစစ်မှာ စစ်တလင်းဖြစ်ခဲ့ရတယ်။ လက်နက်ပေါင်းစုံ၊ တပ်ဖွဲ့ပေါင်းစုံ ကျက်စားရာဖြစ်ခဲ့တယ်။ ကျွန်ပြုခံရဘက် အိန္ဒိယက နိုင်ငံရေးနည်းနဲ့ လွတ်လပ်ရေးကို ယူခဲ့နိုင်ပြီး၊ နိုင်ငံရေး ဇာတ်ခုံပေါ်မှာ လက်နက်ကိုင်အဖွဲ့အစည်းရဲ့သြဇာကို အရောက်မခံပဲ ဒီမိုကရေစီလမ်းကြောင်းကနေ မသွေမဖီလျှောက်နိုင်ခဲ့တယ်။

ဒီမှာက စစ်ကြောင့်ရလာတဲ့လက်နက်ရယ်၊ ဗိုလ်ချုပ်အောင်ဆန်း ကြောင့် သြဇာကိတ္တိမကြီးခဲ့တဲ့ တပ်မတော်ရယ်၊ (ဒါတောင် အမြှော်အမြင်ကြီးကြီးနဲ့ တပ်ကထွက်၊ ဦးအောင်ဆန်းအနေနဲ့ နိုင်ငံရေးဆက်လုပ်တာနော်၊ တပ်ကိုလည်း နိုင်ငံရေးမှာ လုံးဝမပါတ်သက်ဖို့ စီစဉ်ညွှန်ကြားခဲ့တာ) ဒါပေမယ့် စစ်တပ်ထက်ကို အပြင်မှာ လက်နက်ပေါနေခဲ့တဲ့ ကာလမှာ ထစ်ခနဲ ရှိတာနဲ့ ဖမ်းတဲ့ ဖဆပလ အစိုးရရဲ့ နိုင်ငံရေးမရင့်ကျက်မှုကြောင့်ရယ်၊ ထစ်ခနဲရှိတာနဲ့ တောခိုလက်နက်ကိုင်လမ်းစဉ်ကိုရွေးချယ်ကြတဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေရယ်၊ ( အပြစ်ကတော့ ဖဆပလမှာပဲ ပိုရှိပါတယ်။ အာဏာလက်ကိုင်ထားတဲ့ အဖွဲ့အစည်းက ပိုတာဝန်ရှိတယ်လို့မြင်လို့ပါ) ကြောင့် ပြည်တွင်းစစ်ဖြစ်ခဲ့ရတယ်။ ၄၈-၄၉ ပြည်တွင်းစစ်မှာ စစ်တပ်က သြဇာပိုတက်လာပြန်တယ်။ ဒါ့ထက်အဆိုးရွားဆုံးလုပ်ရပ်တခုက ဦးနုရဲ့ နိုင်ငံရေးကစားကွက်ပါ။

၁၉၅၈ ပင်လုံ ၁၀ နှစ်ပြည့်မှာ တိုင်းရင်းသားအဖွဲ့အစည်းအသီးသီးကို လှည့်စားဖို့အတွက် စစ်တပ်ကို အိမ်စောင့်အစိုးရ အာဏာလွှဲပေးခဲ့တာ အမှားဆုံးလုပ်ရပ် တခုပါ။ အဲဒါတွေအားလုံးရဲ့အကျိုးဆက်က ဒီနေ့မြန်မာပြည်ဟာ လက်နက်ကိုင်အဖွဲ့အစည်းရဲ့ အာဏာမက်မောမှု ကို မထိန်းကွပ်နိုင်တော့ပါဘူး။

နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ပဲဖြေရှင်းဖို့နိုင်ငံရေးဇာတ်ခုံပေါ်မှာ လက်နက်ကိုင်အဖွဲ့အစည်းရဲ့သြဇာ မသက်ရောက်စေဖို့ က တိုင်းပြည်တပြည်မှာ အရေးကြီးလှပါတယ်။ နောက် ပင်လုံ ပြဿနာ ပါ။ ပင်လုံစာချုပ်ကိုသေချာလေ့လာကြည့်ရင် အားနည်းချက်တွေ၊ ချွတ်ယွင်းချက်တွေ အများကြီးပါနေတာကိုတွေ့ရပါလိမ့်မယ်။ ဒါကို ကျေလည်အောင် မဖြေရှင်းပဲ အဓမ္မချုပ်ကိုင်ထားသရွေ့တော့ တိုင်းရင်းသားတွေနဲ့ ဘယ်တော့မှ စစ်မှန်တဲ့ပြေလည်မှု ရမှာမဟုတ်ပါဘူး။

ပင်လုံ တုန်းက ရှမ်းခေါင်ဆောင်ကြီးတွေက မင်းတို့တွေပြောတဲ့ ပြည်ထောင်စုကိုငါတို့နားမလည်ဘူး၊

အောင်ဆန်းကို ယုံလို့ တို့ပေါင်းတာ။ အောင်ဆန်းကို ငါတို့ယုံတယ် လို့ပြောခဲ့တယ် တဲ့။ ၅၈ မှာတုန်းက ဗိုလ်ချုပ်အောင်ဆန်းသာ ရှိမယ်ဆိုရင်၊ ခုလိုပြဿနာတွေ ဖြစ်လာမှာ မဟုတ်ဘူးလို့ ကျွန်တော်ယုံပါတယ်။ အမြှော်အမြင်ကြီးမားတဲ့ ခေါင်းဆောင်ဆိုတာ ပြဿနာတွေကို ကြီးထွားသထက်ကြီးထွားအောင် မွေးမထားဘူး၊

တဖက်သတ်အင်အားသုံး နိုင့်ထက်စီးနင်းအနိုင်ယူတဲ့နည်းဟာ စစ်မှန်တဲ့ဖြေရှင်းနည်းမဟုတ်ဘူး၊ ဒီနည်းနဲ့ဖြေရှင်းတဲ့အတွက် ရန်ငြှိုးအာဃာတတွေကိုသာ မျိုးဆက်တဆက်ပြီးတဆက်လက်ဆင့်ကမ်း
သယ်ဆောင်မှုဖြစ်စေတယ် လို့မြင်ပါလိမ့်မယ်။

အပြန်အလှန် နားလည်မှု ယုံကြည်မှုတွေ ကို တွေ့ဆုံဆွေးနွေးမှုများ၊ အတူတကွ လုပ်ဆောင်မှုများဖြင့်သာ တည်ဆောက်ပြီး နောင်အရှည်သဖြင့်ကို ကြည့်တတ်ပါတယ်။

ဟိုဘက်၊ ဒီဘက် အမြှော်အမြင်ကြီးမားတဲ့ ခေါင်းဆောင်တွေ ရှိလာမှ၊ ပေါ်လာမှသာ ဒီပြဿနာတွေ ငြိမ်းတော့မယ်ထင်ပါရဲ့ဗျာ။

ချိုတူးဇော်

0 သူ့ အရိုးဟာ ကိုယ့်အရိုးမဟုတ်ဘူး


(ပူးတွဲပါဇယားမှာ VOL 7 NO 2O THE FLOWER NEWS တွင် ဖော်ပြထားသော ပုဂ္ဂလိကပိုင်
ပြုလုပ်ရေးကော်မရှင်မှ ထုတ်ပြန်သည့်စာရင်း ဖြစ်ပါသည် )


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မပြီးပြတ်သေးတဲ့ ၂၀၁၀ ရွေးကောက်ပွဲတိုင်တန်းမှုတွေကိုအခု တလောမှာ မြန်မြန်ထက်ထက်ဆုံးဖြတ်ချက်ပေးနေတဲ့အထဲ NDF နှစ်ခြမ်းကွဲအမှုလည်း ပါဝင်ပါတယ်။ သင်္ကန်းကျွန်းဦးသိန်းညွန့် ရှုံးပြီး ဦးခင်မောင်ဆွေတို့ အသာရသွားကြတယ်လို့ ရှုမြင်နေကြပါတယ်။ခေါင်းပေါ်က ခမောက်ပြုတ်ပြီး တစ်သီးပုဂ္ဂလအမတ်ဦးသိန်းညွန့် အဖြစ် ကော်မရှင်က အတည်ပြုပေးလိုက်ပါတယ်။

ဒီဇာတ်လမ်းအစက ရွေးကောက်ပွဲမတိုင်မီကတည်းက ပျိုးခဲ့ကြတာပါ။ NDF ရဲ့ ဘဏ္ဍာရေးအ၀င်အထွက်ကိစ္စ တွေကို ဦးသိန်းညွန့် က မီဒီယာအပေါ် ဖွ လို့ ဆိုပြီး မကြည်မလင်ဖြစ်ကြရာက “ဆွေငြိမ်း”ခေါင်းဆောင်တွေက ပါတီစည်းကမ်းဖောက်ဖျက်မှုနဲ့ ကော့ကရိတ်ဦးသိန်းညွန့် ကို ပါတီက ထုတ်ပစ်လိုက်တာပါ။ အဲဒီတုန်းက ပြည်ပမီဒီယာတစ်ခုနဲ့ ဒေါက်တာသန်းငြိမ်း အင်တာဗျူးတစ်ခုမှာ ၂၀၁၀ရွေးကောက်ပွဲမှာ လွှတ်တော်အမတ်အဖြစ် ကြံ့ဖွံ့ ပါတီက၀င်ပြိုင်မယ့် ဇေကမ္ဘာဦးခင်ရွှေဆီက ငွေကြေးထောက်ပံ့မှုကို NDF ပါတီအနေနဲ့ ရယူခဲ့ပါသလားဆိုတဲ့အမေးခွန်းကို ဥက္ကဌဦးသန်းငြိမ်း ဖြေရှင်းသွားတာနားထောင်လိုက်ရပါတယ်။

“ဆွေငြိမ်းတို့ နဲ့ နိုင်ငံရေး တွဲမလုပ်နိုင်ဘူး” လို့ လည်း ဦးသိန်းညွန့် က နောက်ပိုင်းမှာ ထုတ်ဖော်ပြောဆိုခဲ့ပြီး ရန်ကုန်တိုင်းကော်မရှင်ရုံးကလည်း ပက်သက်ဆက်စပ်သူတွေကို ခုံရုံးဖွဲ့ ခေါ်ယူစစ်ဆေးခဲ့ပါတယ်။
ပြည်ထောင်စုကော်မရှင်က မဆုံးဖြတ်ခင်ကတည်းက ဦးသိန်းညွန့် ကို တစ်သီးပုဂ္ဂလအမတ်အဖြစ်အတည်ပြု ပေးလိမ့်မယ်လို့  အားလုံးကသဘောပေါက်ပြီးသားပါ။ မီဒီယာတွေကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (NLD)က ခွဲထွက်သွားတဲ့ ပါတီဆိုပြီး NDF ကို ၀ိုင်းဝန်းဝေဖန်ခဲ့ပြီး ငွေရေးကြေးရေးကိစ္စကို တူးဆွ
ထိုးနှက်ကြပါတယ်။ မှန်တယ် မှားတယ်ဆိုတာထက် ဒီလိုသတင်းတွေကို ဖော်ထုတ်ကြ၊
ဖတ်ကြရတာ အင်မတန်ကောင်းပါတယ်။

အခုလည်း ဒီနှစ်မကုန်ခင် ကြားဖြတ်ရွေးကောက်ပွဲကျင်းပမယ်လို့ ပါတီတွေက ပြောဆိုနေတုန်း ပါတီ
ခေါင်းဆောင်တစ်ယောက်ဆီက သတင်းတစ်ခု ကြားရပါတယ်။ လာမယ့် ရွေးကောက်ပွဲတွေမှာကျားဖြူပါတီ (ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ)က သူတို့ ရှမ်းပြည်မှာတင်မကဘဲ မြေပြန့် တွေမှာပါ အမတ်နေရာတော်တော်များများ ၀င်ပြိုင်တော့မယ်လို့ ဆိုပါတယ်။ ဒါကိုလည်း ကျားဖြူပါတီက
တာဝန်ရှိသူတစ်ဦးက ပြင်ပမီဒီယာတစ်ခုကို ပြောဆိုသွားတာ နားထောင်လိုက်ရပါတယ်။ လွှတ်တော်
နိုင်ငံရေးလောကမှာ သိုးသိုးသန့် သန့် ထွက်လာတဲ့ ကျားဖြူပါတီနဲ့ ပက်သက်ပြီး လျှံကျလာတဲ့သတင်း
တွေက အတိုက်အခံနိုင်ငံရေးအုပ်စုအတွက် စိတ်ပျက်စရာပါ။ အထူးသဖြင့် ပြည်တွင်းမှာ အုပ်စု
အတောင့်တင်းဆုံးလို့ ခေါ်ရမယ့် (၁၁)ပါတီစုစည်းထားတဲ့ “ဒီမိုကရေစီမိတ်ဆွေများအဖွဲ့ ”အပေါ် လူထု
အနေနဲ့ ရှုမြင်သုံးသပ်မှုတွေအတွက် စိုးရိမ်စရာပါဘဲ။

နိုင်ငံတော်သမ္မတက အစိုးရ၊ အတိုက်အခံသဘောထားမျိုး မထားကြဖို့ ဘယ်လောက်ဘဲပြောပြော
လွှတ်တော်ထဲမှာ အမတ်နေရာ မဆိုစလောက်သာ ရထားကြတဲ့ နိုင်ငံရေးပါတီတွေအနေနဲ့ မိမိကိုယ်ကိုယ်
ဒီမိုကရက်တစ်အတိုက်အခံတွေအဖြစ် သဲသဲကွဲကွဲခံယူထားဖို့ လိုပါတယ်။ အုပ်ချုပ်နေတဲ့အစိုးရဟာ
အရင်စစ်တပ်အစိုးရအမွေကို ခံယူထားတဲ့ ကြံ့ဖွံ့ ပါတီအစိုးရလို့ ဘဲ မြင်ပြီး အတိုက်အခံအလုပ်တွေကို
ပီပီသသလုပ်ပြဖို့ လိုပါတယ်။ အာဏာရပါတီကတော့ စကားလုံးလှလှပြောမှာဘဲ။ သူ့ နေရာ ၀င် လု
မခံရအောင် တခြားပါတီ၊ တခြားအုပ်စုတွေကို နည်းလမ်းအမျိုးမျိုးနဲ့ သွေးဆောင်ဖြားယောင်းမှာပါဘဲ။
သူတို့ ပြောသလို ဒီမိုကရေစီအပင်ပေါက်ဘ၀မှာ လွှတ်တော်ထဲက ဒီမိုကရက်တစ်အင်အားစုတွေ
သင်းသတ်ခံမထားရဖို့ လိုပါတယ်။ အာဏာရပါတီနဲ့ အုတ်ရောရောကျောက်ရောရော ဟီးဟီးဟားဟား
လုပ်နေရင် မဲဆန္ဒရှင်တွေရဲ့ ဒဏ်ခတ်ခြင်း ခံရပါလိမ့်မယ်။ ရာဇ၀င်ရဲ့ တရားခံဖြစ်သွားလိမ့်မယ်။

်မြိုင်မြိုင်ဆိုင်ဆိုင်ရှိလှတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို ပြည်သူလူထုကြီးက တမ်းတမြင်ချင်နေတာပါ။
စီးပွားရေးသမား စီးပွားရှာတာ ပုံစံမျိုးစုံသုံးခွင့်ရှိပါတယ်။ ငွေရဖို့  သူက ဘာပေးရပေးရ ပေးမှာဘဲ။
နိုင်ငံရေးသမား စီးပွားရှာတဲ့အခါ သူ့ မှာ ပေးစရာဆိုလို့ နိုင်ငံရေးတစ်ခုဘဲရှိပါတယ်။ နုနယ်လွန်းတဲ့
မြန်မာ့ဒီမိုကရေစီအခင်းအကျင်းမှာ အတော်လေးသတိထားမှ ဖြစ်ပါလိမ့်မယ်။ နိုင်ငံရေးသမားတွေ
အ၀ယ်မခံရဖို့ လိုပါတယ်။ ကိုယ့်ပါတီကို ကိုယ် မရောင်းစားကြပါနဲ့ ။ ဒီခေတ်က သတင်းတွေ မြန်မြန်
ဆန်ဆန်စီးဆင်းနေတဲ့ခေတ်၊ ငါလုပ်တာ ဘယ်သူမှ မသိဘူး မှတ်နေရင် ကွဲ သွားလိမ့်မယ်။

အခုလည်း ကျားဖြူပါတီဥက္ကဌ ဦးစိုင်းအိုက်ပေါင်းက ယခင်ပြည်ထဲရေးဝန်ကြီးဌာနနေရာကို လေလံ
အောင်ထားပါတယ်။ ငွေကျပ် ၂၁ဘီလီယံနဲ့ ဝယ်ယူခွင့်ရခဲ့ပါတယ်။ ဒီနှစ်အစိုးရက လေလံပစ်တဲ့
မြေအဆောက်အဦတွေထဲမှာ ဒုတိယတန်ဘိုးအများဆုံးဖြစ်ပြီး ခရိုနီစီးပွားရေးသမားကြီးတွေဖြစ်တဲ့
ဦးတေဇ၊ ဦးဇော်ဇော်တို့ တောင် လက်ရှောင်နေခဲ့ရပါတယ်။ အဲဒီလေလံအောင်တဲ့နေရာကို အမြတ်ငွေ
ဘယ်ရွေ့ ဘယ်မျှပေးရင် လက်လွှဲရောင်းချမယ်လို့ လည်း သတင်းတွေကြားရပါတယ်။

ကျားဖြူဥက္ကဌမှာ စီးပွားရေးလုပ်ငန်းတွေ အစကတည်းက ရှိထားတယ်လို့ သိရပေမယ့် နိုင်ငံရေး
သမားကြီးတစ်ယောက်အနေနဲ့ အစိုးရရဲ့ လေလံမှာ ဒီလောက်များပြားတဲ့ငွေတန်ဘိုးနဲ့ မရ ရအောင်
ဝင်ဆွဲသွားတာကတော့ ပါတီဓနအင်အားတောင့်တင်းရေးအတွက် လုပ်ရပါတယ်ဆိုတဲ့ ဆင်ခြေပေး
နိုင်ပေမယ့် ပြည်သူတွေ လက်သင့်ခံဖို့ မလွယ်လှပါဘူး။ လူထုရဲ့ နိုင်ငံရေးယုံကြည်ကိုးစားမှုဟာ
နိုင်ငံရေးသမားတစ်ယောက်အတွက် အသက်သွေးကြောပါ။ သတင်းမီဒီယာသမားတွေအနေနဲ့ လည်း
ကိုယ့်လူ၊ သူ့ လူ သဘောမထားဘဲ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးသမားတွေရဲ့ ဘဏ္ဍာရေးရံပုံငွေနဲ့ ရပ်တည်
မှုဝင်ငွေတွေကို အခွင့်ရရင် ရသလို ဖော်ထုတ်ပြီး ပြည်သူလူထုကို အသိပေးရပါမယ်။

နိုင်ငံရေးသမားတွေအနေနဲ့ လည်း ငွေရေးကြေးရေးနဲ့ ပက်သက်ရင် ထိန်ဝှက်မထားဘဲ လိုအပ်တယ်
လို့ ယူဆတဲ့အချိန်မှာ မဲဆန္ဒရှင်ပြည်သူတွေကို ထုတ်ဖော်အသိပေးသင့်ပါတယ်။ ငွေတစ်ပဲခြောက်ပြားနဲ့ 
နိုင်ငံရေးပါတီထူထောင်ပြီး အာဏာနိုင်ငံရေးလုပ်လို့ လည်း မရပါဘူး။ ဒါပေမယ့် ဘာကဘယ်လို၊ ဒါက
ဘာ့ကြောင့်ဆိုတဲ့ ပွင့်လင်းမြင်သာမှုကို ပြည်သူလူထုက အသည်းခိုက်အောင် ကြိုက်ပါတယ်။
အဲဒီလိုမျိုးတွေကို မဲဆန္ဒရှင်တွေက တွေ့ ချင်ကြတယ်၊ ကြားချင်ကြတယ်၊ မြင်ချင်ကြတယ်။

အောင်မျိုးထွန်း

၆- ၆- ၂၀၁၁

Monday, June 6, 2011

0 ကောက်ကျစ်သူတို့၏နိုင်ငံရေး ယုတ်မာမှု

ကောက်ကျစ်သူတို့ရဲ့ယုတ်မာသောနိုင်ငံရေးလုပ်ကြံမှုလော???????

မြန်မာပြည်တွင်စစ်အာဏာရှင်အုပ်စိုးခဲ့တာရာစုနှင့်ထက်ဝက်နီးပါးရှိနေပါပြီ။မကြာခင်ကသန်းရွှေစစ်အုပ်စုကဗိုလ်ချုပ်ကြီးဟောင်းသိန်းစိန်ကိုအရပ်သားအစိုးရဟုတံဆိပ်တပ်ကာ၊အာဏာအချင်းချင်းလက်လွဲခဲ့သည်။နိုင်ငံတကာရှိအစိုးရများ၊ပြည်တွင်း ပြည်ပဒီမိုကရေးလိုလားလှုပ်ရှားသူများက မြန်မာပြည်တွင် တွေ့ဆုံဆွေးနွေးရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးကိုအစဉ်တစိုက်တောင်းဆိုလာခဲ့သည်။

အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်ပထမဆုံးကောင်းသောအပြုသဘောဆောင်လုပ်ဆောင်မှုအဖြစ်မိမိနိုင်ငံရေးယုံကြည်ချက်ကြောင့်တခြားမတရားပြစ်မှုပုဒ်မတပ်ခံထားသောနိုင်ငံရေးအကျဉ်းသားများအားလုံးကိုချွင်းချက်မရှိလွတ်ပေးရေးကိုတောင်းဆိုလာခဲ့သည်။ပြီးခဲ့တဲ့မေလ ၁၆ ရက်မှာ ကြံ့ဖွတ် သိန်းစိန်စစ်အစိုးရက “လွတ်ငြိမ်းချမ်းသာခွင့်အတုအယောင်ကို ကြေညာခဲ့သည်။

ဒီကြံ့ဖွတ်သိန်းစိန်စစ်အစိုးရကနိုင်ငံတကာရှိအစိုးရများ၊ပြည်တွင်းပြည်သူလူထုများ၊ပြည်တွင်း ပြည်ပဒီမိုကရေးလိုလားလှုပ်ရှားသူများ၊လက်နက်ကိုင်အဖွဲ့အစည်းများအားလုံး၏ဆန္ဒကကိုလှဲ့စားခြင်း၊စော်ကားခြင်း၊စိန်ခေါ်ခြင်းသက်သက်ကိုပြသလိုက်သာဖြစ်သည်။“လွတ်ငြိမ်းချမ်းသာခွင့်အတုအရ သေဒဏ်ကျခံနေရတဲ့ လူတွေကိုကျွန်းဒဏ်၊ကျန်တဲ့ ပြစ်မှုအမျိုးမျိုးနဲ့ ထောင်ကျနေတဲ့ အကျဉ်းသားတွေ အားလုံးကိုတဲ့ သာမန် ရရှိထားသော လျှော့ရက်များအပြင်နောက်ထပ်လျှော့ရက် တနှစ်ခံစားခွင့် ပြုလိုက်သည်"ဟုကြေညာခဲ့သည်။ ဒါဟာ မြန်မာပြည်တကယ်ငြိမ်းချမ်းသာယာတိုးတက်စေချင်သည့် မြန်မာပြည်သူလူထုတရပ်လုံးကိုစော်ကားခြင်းသက်သက်ကိုပြသလိုက်ခြင်းသာဖြစ်သည်။ နိုင်ငံတကာရှိအစိုးရများ၊ပြည်တွင်းပြည်သူလူထုများအကြားတွင်ကြံ့ဖွတ်သိန်းစိန်စစ်အစိုးရကိုပြင်းပြင်းထန်ထန်ရှုတ်ချလိုက်သည်။

(အထူးသဖြင့်) မြန်မာပြည်ရှိကျောင်းသားခေါင်းဆောင်များကြားတွင်လည်းအထူးပင်စိတ်ဆိုးခဲ့သည်။ပြည်သူကိုအာရုံပြောင်းခြင်းနှင့်အချိန်ဆွဲခြင်းကိုကျွမ်းကျင်သောစစ်အစိုးရသည်နေပြည်တော်တွင်ဗုံးခွဲ၍လူနှစ်ဦးအသက်ကိုစတေးကာအာရုံပြောင်းခဲ့သည်။ရက်စက်ပါပေသည်။ဒီဗုံးခွဲမှုဟာဦးသိန်းစိန်စစ်အစိုးရအတွက်မဟာဗျူဟာအရအရေးပါသည်။ပြစ်ဒဏ်လျှော့ပေါ့ကြောင်းကြေငြာပြီးနောက်တနေ့ တစ်ခါအမေရိကန်အစိုးရ၏ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Mr Yun ရဲ့ ခရီးစဉ်စတင်တဲ့နေ့ ဒီလိုနေ့မှာဗုံးခွဲလိုက်ခြင်းဖြင့် အရပ်သားအမည်ခံ ဦးသိန်းစိန်စစ်အစိုးရဟာ ခဲတစ်လုံးတည်းဖြင့်ငှက်သုံးကောင်မကပစ်ပြလိုက်ပါသည်။

ကျွန်တော်ပြောပါမည်။

၁။အတုအယောင်လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ကိုစိတ်ဆိုးနေသူများကိုအာရုံလွှဲပြီး၊လူထု၏ဒေါသကိုလမ်းကြောင်းကိုလွှဲလိုက်သည်။

၂။လူထုအားအကြောက်တရားကိုပြန်လည်နှိုးဆွပေးပြီး၊ ငါဟာအာဏာရှင်ဆိုပြီး အစွယ်ထုတ်ပြ လူ့အသက်ကို စတေးခဲ့သည်။

၃။အမေရိကန်အစိုးရနှင့်နိုင်ငံတကာအားမြန်မာပြည်တွင်မိုင်းဗုံးထောင်ဗုံးခွဲနေသူအကြမ်းဖက်သမားမျာရှိနေဆဲဖြစ်ပြီး၊သူတို့သာမအုပ်ချုပ်လျှင် မြန်မာပြည်သည် မင်းမဲ့စရိုက်တိုင်းပြည်သယောင် လုပ်ပြခဲ့သည်။

၎။အတုအယောင်လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ကို ထုတ်ပြန်ပြီး၊နိုင်ငံတကာအစိုးရအား သူအစိုးရကို
တရားဝင်အစိုးရအဖြစ်အသိအမှတ်ပြုမှု ခံယူချင်သည်။

၅။ဦးသိန်းစိန်ကြံ့ဖွတ်အစိုးရ၏တရုပ်ပြည်ခရီးစဉ်သည် ကြိုတင်မျက်နှာချိုသွေးခြင်းဖြစ်သည်။

မည်သို့ပင်ဆိုစေ ဤကဲ့သို့အကြမ်းဖက်လုပ်ရပ်ကိုကျွန်ုပ်တို့ပြင်းပြင်းထန်ထန်ရူတ်ချသည်။

၁၃၊ ၁၁ ၊၂ဝ၁ဝ စနေ နေ့မှာလူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ နိုင်ငံတကာအစိုးရဖိအားကြောင့် ပြန်လွတ်လာခဲ့သည်။နအဖ၏အကွက်ဆင် ယက်ထော်း( USA ) ကိစ္စကြောင့်လွတ်ရက်စေ့ရုံမကလွတ်ရက်တနှစ်ကျော်ရက်လွန်ခဲ့ပြီးဖြစ်သည်။ပြည်တွင်း၊ပြည်ပမြန်မာပြည်သူပြည်သားတွေပျော်လိုက်သည့်ဖြစ်ခြင်း၊အမေစုအိမ်ရှေ့မှာလူတွေထောင်ပေါင်းများစွာစောင့်ဆိုင်းပြီသောင်းသောင်းဖြဖြကြိုဆိုကြသည်။နိုင်ငံတကာအစိုးရများမှလည်းဝမ်းပမ်းတသာကြိုဆိုကြသည်။ NLD ရုံးချုပ်ရှေ့ အမေစု စကားပြောတော့ လူတွေထောင်ပေါင်းများစွာ တက်ရောက်နားထောင်ခဲ့သည်။" Daw Aung San Suu Kyi Mania "ဖြစ်ခဲ့သည်။

" International News , Internal News , Facebook , Twitter , You Tube , Social Media "များမှာလည်း လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် သတင်းများသာဖြစ်ခဲ့သည်။ စစ်အစိုးရမျက်လုံးပြူးသွားသည်။သူတို့မထင်ထားခဲ့။စစ်အစိုးရ အသည်းအသန် အလုပ်ရှုပ်သွားသည်။" Daw Aung San Suu Kyi Fever " ကိုအမြန်အာရုံပြောင်းဖို့ကြိုးစားသည်။သန်းရွှေစိတ်ပညာကျွမ်းကျင်သည်ဟု
ပြောကြသည်။

ယခုလည်း ဘယ်ကမှန်းမသိတဲ့ ထောက်လှမ်းရေးဟောင်းဗိုလ်ချုပ်ကြီးခင်ညွန့်၏အဖြူအမဲ အသံတိပ်ဗီဒီယိုဖိုင်ကို Facebook ပေါ်တင်ပေးလိုက်သည်။မီဒီယာအာရုံက ထိုဗီဒီယိုပေါ်ရောက်သွားသည်။

လပေါင်းများစွာဖြင့် ထောက်လှမ်းရေးပြုတ်များနှင့်အင်တာဗျုးလုပ်ပြီး၊ busy ဖြစ်သွားသည်။သန်းရွှေ၏ မဟာဗျူဟာထိုးနှက်ချက် ခရီးရောက်သည်ဟု ပြောရမည်။သန်းရွှေမှ လူထုနှင့်မီဒီယာအား အာရုံပြောင်း
လိုက်နိုင်ခဲ့သည်။၂ဝဝ၈၊မေလ ၂ ရက်နေ့ မြန်မာပြည်တွင် ဆိုင်ကလုံးနာဂစ်မုန်တိုင်းတိုက်ခတ်၍ လူပေါင်းသိန်းချီသေဆုံးပြီး၊သန်းချီ အိုးမဲ့အိမ်မဲ့ ဒုက္ခရောက်ခဲ့သည်။ မြန်မာတနိုင်ငံလုံးမှ ပြည်သူလူထုတွေ ဒုက္ခရောက်နေတာကို နိုင်ငံတကာအစိုးရများအာရုံက လူသားတွေကို လူသားဆန်ဆန် ကူညီဖို့ အာရုံစိုက်နေချိန်မှာ " အကြံပက်စက်တဲ့နအဖစစ်အစိုးရက အခွင့်ကောင်းယူပြီး စစ်ဖွဲ့စည်းပုံအခြေခံဥပဒေကိုအတည်ပြုခဲ့သည်။"

ဒါဟာ နအဖစစ်အစိုးရရဲ့လှည့်ကွက်၊လူထုအာရုံလွှဲခြင်းဥပမာတစ်ခုဖြစ်သည်။စစ်အစိုးရက လူထုအသက်ကိုစတေးဖို့ဘယ်တော့မှဝန်မလေး။( အစဉ်အလာအားဖြင့် ) အာရုံပြောင်းအဓိကရုန်း ဖန်တီးခြင်း၊ဘာသာရေးပဋိပက္ခဖန်တီးခြင်း၊နယ်စပ်ပဋိပက္ခဖန်တီးခြင်း၊တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများကိုထိုးစစ်ဆင်ခြင်းများကိုပြုလုပ်ခဲ့သည်။ဩော်.."သိန်းစိန်ကြံ့ဖွတ်အရပ်သားအမည်ခံစစ်အစိုးရကစစ်ဝတ်စုံအရေခွံကနေ ပုဆိုးအရေခွံသာဝတ်လိုက်တာ၊ဘာမှမပြောင်းလဲပါလား။" ကဲ ...သွေးချင်းညီအကိုတို့ရေ ..ပြည်တွင်းပြည်ပတို့တွေအားလုံးစုစည်းအင်အားနဲ့ ဝိုင်းလိုက်ကြရအောင်။ အားလုံးဝိုင်းတွန်းလိုက်ကြရအောင်။တနေ့တော့ မုချအောင်မြင်ရမှာပါ။

ထိန်လင်း ( London )

0 မွှေးသောပန်းတိုင်း လန်းစေချင်-
ရေးသူ-ဗမာ့သွေး


မြန်မာနိုင်ငံရဲ့ ပကတိ အနေအထားဟာ စိတ်ပျက်စရာတွေ များစွာ ကြုံတွေ့ရတဲ့ ထဲက မြင်မကောင်းတဲ့ အရာလေး အတွက် လူငယ်လေးများကို အထူး အသိပေးလိုပါတယ် ။ အင်တာနက် သုံးစွဲတဲ့ လူတွေ ဆို သတိထားမိကြမှာ အသေအချာပါဘဲ ။ အခုလိုစာကို ရေးသားတဲ့ ရည်ရွယ်ချက်က မိန်းကလေးများရဲ့ ဘ၀လေးများ ကို အချိန်မကြဘဲ ကြွေကြကုန်မှာ စိုးလို့ စေတနာနဲ့ ရေးသားတာကို တမျိုးမထင်စေချင်လို့ ကြိုတင်ပြီး တောင်းပန်ထားလိုက်ပါ့မယ် ။

ဒီနေ့ခေတ် မိန်းကလေး တွေ အနေနဲ့ ခေတ်မှီတယ် ဆိုတဲ့ စကားကို နားလည်မှုတွေ အရမ်းလွဲမှားနေကြတယ် ။ ကိုရီးယားဇတ်ကားများမှသရုပ်ဆောင်များရဲ့ အတုကို ပုံတူကူးချ ၊ အနောက်တိုင်း ယဉ်ကျေးမှုတွေရဲ့ လွှမ်းမိုးမှုကို ခံနေကြတဲ့ မိန်းကလေးတွေဟာ အရက်ဆိုင်ထိုင်ရတာ မရှက်တတ်ကြတော့ဘူး ။ သူ့ထက် ပိုဆိုးတာက အရက်ခွက်လေး ကိုင်ပြီး ဂုဏ်ယူဝင့်ကြွားစွာနဲ့ ဓါတ်ပုံလေးတောင် အရိုက်ခံလိုက်ကြသေးတယ် ။ တန်ဖိုးကြီးသည့် အရက်ဖြစ်စေ ၊ တန်ဖိုးနည်းသည့် အရက်ဖြစ်စေ သောက်သုံးသူမှန်သမျှရဲ့ စိတ်ကို ရီဝေမူးယစ်စေတာတော့ အမှန်ပါဘဲ ။

လူဆိုသည့် သတ္တ၀ါသည် အထူးအဆန်းဆိုလျှင် လက်တည့်စမ်းချင်ကြသည်မှာ သဘာဝတည်း ။ သို့သော်လည်း မကြုံဖူးတဲ့ အတွေ့အကြုံတခု အတွက် ဘ၀ပါ ပေးဆပ်လိုက်ရနိုင်တယ် ဆိုတာ သေချာစဉ်းစားစေချင်တယ် ။ နည်းပညာတွေ ဖွံ့ဖြိုး တိုးတက်လာတဲ့ နဲ့ အမျှ ဘေးထွက်ဆိုးကျိုးတွေကလည်း ကြောက်စရာ ကောင်းလောက်အောင်ကို ပိုမို များပြားလာတယ် ။

အနံ့ပြင်းလွန်းတဲ့ဆေးများနဲ့ အရမ်းခါးသက်တဲ့ဆေးဝါးများကို သောက်သုံးရမှာ ကြောက်တဲ့လူများ အတွက် အနံ့အရသာမဲ့သွားအောင် လုပ်တဲ့ နည်းပညာကို မဟုတ်တဲ့နေရာမှာ အသုံးချလိုက်တဲ့အခါ လူသားများ အတွက် အရမ်းကို ဆိုးကျိုး သက်ရောက်စေခဲ့ပါတယ် ။ ဒီနေ့ခေတ်ကမ္ဘာမှာ စိတ်ကို ပြောင်းလဲစေတတ်တဲ့ မူးယစ်ဆေးဝါး အန္တာရယ်က သိပ်ကို ကြောက်စရာ ကောင်းနေလို့ အသိပေးတဲ့ စေတနာ စကားကို သေချာစွာ စဉ်းစားစေလိုပါတယ် ။အနံ့နဲ့အရသာမဲ့တဲ့ အဲဒီလို ဆေးဝါးတွေရဲ့ အစွမ်းအစက မိန်းကလေးငယ်လေးများရဲ့ ဘ၀ကို အလွယ်တကူ ပျက်စီးစေနိုင်တယ် ဆိုတာ လေးနက်စွာ ယုံကြည်ထားပါ ။ ယုတ်မာကောက်ကျစ်တဲ့ စိတ်ထားနဲ့လုပ်ဆောင်နေကြမယ့်လူတွေရဲ့ နှလုံးသားမှာ ဂရုဏာ တရားဆိုတာ ခမ်းခြောက်နေတတ်ကြလို့ အထူး သတိထားက ဆင်ခြင်နိုင်မှ တော်ကာကြပေမယ်…။ မိန်းမသားတို့ သဘာဝကိုက နုနယ်တဲ့ ပန်းကလေးတွေလိုပါဘဲ . သိပ်ပြီး အထိအခိုက် အပွန်းအပဲ့ ကို မခံနိုင်ကြလို့ သတိထားကာ စောင့်ရှောက်စေချင်တယ် ။

နောက်တချက် အသိပေးလိုတာက ကျနော်တို့ နိုင်ငံဟာ ဗုဒ္ဓရဲ့ အယူဝါဒကို လိုက်နာကျင့်သုံးတဲ့ ဗုဒ္ဓဘာသာဝင်များ မှီတင်းနေထိုင်ရာ နိုင်ငံတခုပါ ။ ဥပမာ ဆိုကြပါတော့ ချင်းပြည်နယ်က ပန်းသီးပင်ကို ရန်ုကုန်မှာ စိုက်လို့ ရှင်သန်ပါ့မလား…။ အကယ်၍ အရမ်းဂရုစိုက်လို့ ရှင်သန်ပါစေအုံး ဘယ်လောက်ကြာကြာ ရှင်သန်နိုင်မလည်း ။ ဘာဖြစ်လို့လည်း ဆိုတော့ ရေမြေတောတောင် သဘာဝက အလွန်ကွာခြားလို့ ရှင်သန်ကြီးထွားဖို့ လုံးဝ မဖြစ်နိုင်ပါဘူး ။ ဒီလိုပါဘဲ အနောက်တိုင်းက အတွေးအခေါ်နဲ့ လူနေမှု အကျင့်စရိုက်များ အားလုံးကို ပုံတူကူးချပြီး မြန်မာနိုင်ငံမှာ ကျင့်သုံးဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး ။ ကိုယ်တိုင်က လိုလားလို့ လက်ခံခဲ့ရင်တောင် ကိုယ့်ပတ်ဝန်းကျင် က ကျင့်သုံးနေတဲ့ ယဉ်ကျေးမှုနဲ့ ခြားနေနေလို့ စစ်မှန်တဲ့ ပျော်ရွှင်မှုကို ရနိုင်ဖို့ မလွယ်လှပါဘူး ။

နည်းပညာတွေတိုးတက်လို့ ယဉ်ကျေးမှုတွေ ထိစပ်လာတယ် ။ အခုလက်ရှိ အနေအထားမှာ အထက်တန်းလွှာ အသိုင်းအ၀ိုင်းလို့ အမည်ခံနေကြသူများရဲ့ အတွေးအခေါ် နဲ့ လုပ်ဆောင်ချက် တော်တော်များများက အနောက်တိုင်း ယဉ်ကျေးမှုကို ပုံတူကူးချဖို့ ကြိုးစားနေကြရင်းက

မရှင်းနိုင်တဲ့ လူမှုရေး ပြဿနာပေါင်း များစွာကို ယုတ်မာတဲ့ အကြံဥာဏ်နဲ့ နည်းပညာ အသုံးချကာ ဖော်ထုတ်မှုကြောင့် အင်တာနက် သုံးစွဲသူတွေ ကြားမှာ ထင်ရှားစွာ ပေါ်ပေါက်လာနေတကို သိမြင်နေရလို့ အသိပေးတဲ့ အနေနဲ့ တင်ပြတာပါ ။

နိုက်ကလပ် တက်မှ ခေတ်မှီတယ်လို့ ယူဆနေကြတဲ့ အတွေးများ ၊ မူးယစ်ဆေးဝါးများ သုံးစွဲကာ စိတ်ရဲ့ ထွက်ပေါက် အဖြစ် အဲဒီလို နေရာမျိုးမှာ ဖြေဖျေက်လိုက်ရင် စိတ်ညစ်စရာတွေ ပျောက်ကွယ် ကုန်နိုင်စေတဲ့ ဆိုတဲ့ အယူအဆကို ရဲရဲကြီးသာ လွှင့်ပစ်လိုက်စေချင်ပါတယ် ။ အနောက်တိုင်းက လူအများမှာ အားကျ အတုယူစရာတွေ များစွာ ရှိသလို မြန်မာပြည်မှာ လက်ခံကျင့်သုံးရင် အကျိုးများစေနိုင်မယ့် အရာတွေ များစွာရှိနေပါလျှက် နှင့် ထိုသို့သော အတွေးအခေါ် အယူအဆလေးတွေကိုဘဲ ပုံတူကူးချတဲ့ လူတွေရဲ့ လုပ်ရပ်များကို ကြည့်ရတာ ၀မ်းနည်းလို့ကို မဆုံးနိုင်ပါဘူးဗျာ…။

အနောက်တိုင်း ယဉ်ကျေးမှုကို အချို့က ကိုယ်တိုင်လည်း ပုံတူ ကူးချသလို အချို့ကလည်း သူတပါးကို လိုက်နာ ကျင့်သုံးအောင် ဆွဲဆောင်လေ့ ရှိကြတယ်….။ အဲဒီထက် ယုတ်မာတဲ့ လူအများက အထက်တန်းလွှာလို့ သူတို့ကိုယ် သူတို့ အမည်ခံထားပြီး နံမည်ကြီး ဟိုတယ်တွေက ဖွင့်ထားတဲ့

Day Club တို့ Night Club တွေမှာ ပျော်ရွှင်မှုကို အယောင်ပြပြီး ပန်းပွင့်လေးတွေကို ခြေမွဖျက်စီးခဲ့ကြတဲ့ အကျိုးဆက်ကို လက်ရှိ မြန်မာနိုင်ငံမှာ ခံစားနေကြရပြီ ။

မြန်မာနိုင်ငံ နေရာ တော်တော်များများမှာ မူုးယစ်ဆေးဝါးဆိုတာ အုပ်ချုပ်သူ အစိုးရရဲ့ ယန္တာရားအောက်မှာဘဲ တရားဝင် ရောင်းဝယ် ဖောက်ကားလို့ ရှင်သန်ကြီးထွားနေတာပါ ။ ရန်ကုန်မြို့မှာဖွင့်ထားတဲ့ ကလပ်တိုင်းမှာ မူးယစ်ဆေးဝါးကို အလွယ်တကူ ၀ယ်ယူလို့ ရပါတယ် ။ မြူးကြွတဲ့ တေးသွားနဲ့ အမှီလိုက်က နိုင်ဖို့ အလေ့အကျင့် မရှိသူများက ဆေးဝါးကို မှီဝဲသုံးစွဲရတယ် ။ သူ့တမျိုးထဲ ဆို အကျိုးဆက်က မသိသာပေမယ့် အရက် ၊ ဘီယာ တမျိုးမျိုးနဲ့ တွဲဆက်လိုက်တဲ့ အခါ နောက်ဆက်တွဲ ဝေဒနာတွေကို ခံစားရလို့ တတ်နိုင်သမျှ ရှောင်ရှားစေလိုပါတယ် ။

အဲဒီလို ဆေးဝါးများ သုံးစွဲခြင်းရဲ့ အကျိုးဆက်ကြောင့် ပုံမှန်အသိဥာဏ် ပျောက်ဆုံးကာ မူးယစ်နေတဲ့ လူသားတစ်ယောက်က အရှက်မရှိ လုပ်ရပ် တခုကို အလွယ်လေး ကျုးလွန်လိုက်ကြပေမယ့် အသိဥာဏ် ပြန်ဝင်လာမှ ငါတော့ မှားပါပြီ ဆိုပြီး နောင်တရကာ ဒေါသများနဲ့ မျက်ရည်ကျနေလည်း ကိုယ့်ကိုကိုယ် နှိပ်စက် သလို ဘဲ ဖြစ်နေမှာပါ ။ ဒါကြောင့် ဒီလို ဆိုးကျိုးတွေ မခံစားရလေအောင် အဲဒီလို နေရာမျိုးကို ရှောင်ရှားစေလိုပါတယ် ။

ကိုယ်ချင်းစာ တရား ပျောက်ဆုံးနေတဲ့ လူတချို့က ကိုယ်တိုင် ဖျက်စီးရတာ ကို အားမရဘဲ သူတပါးကိုပါ ပြန်လည်ဝေဌမှုကြောင့် မိန်းကလေးပေါင်းမြောက်များစွာဟာ ဘ၀ရဲ့ အလင်းရောင်တွေ ပျောက်ဆုံးခဲ့ရတာပါ ။ ရုပ်အလှကို တန်ဖိုးထားကာ ဥစ္စာဓနကို ဘုရားသဖွယ်ကိုးကွယ်နေကြတဲ့ လူအများက ကိုယ်ကျင့်တရား အကြောင်းပြောကြရင် ထပြီးရယ်ကြလိမ့်မယ်…..။ နောက်ဆုံးမှာ အဲဒီလို ရယ်သွမ်းခဲ့ခြင်းရဲ့ အကျိုးဆက်ကြောင့် မျက်ရည်တွေ ကျဆင်းကာ ငိုပွဲဆင်နေကြရတာ မမြင်ချင် အဆုံး ပါဘဲ ။

နောက်ဆုံး ရလဒ်ကတော့ တိုင်းပြည်ရဲ့ အညွန့်အဖူးလေးတွေ အချိန်မတန်ဘဲ ကြွေကျမြေခဲ့ရတယ်….။

တိုင်းပြည်ရဲ့ ခွန်အား ဖြစ်တဲ့ လူငယ်မျိုးဆက်သစ်တွေဟာ ဒီလိုသာ ဘ၀ပျက်သွားခဲ့ကြရင်သူတို့ဆီက လုပ်အားရမယ့် အစား သူတို့ကိုယ် ပြန်လည် စောင့်ရှောက်ရလို့ မိအေး နှစ်ခါနာ ဆိုသလို တိုင်းပြည်လည်း အမှန်တကယ် တိုးတက်ဖို့ သိပ်ကို ခက်ခဲသွားပါလိမ့်မယ် ။ နဂိုကမှ ယိုင်နဲ့စွာ ရပ်တည်နေရတဲ့ ကျနော်တို့ တိုင်းပြည်မှာ လူငယ်မျိုးဆက်သစ်များရဲ့ ခွန်အားကို အားကိုးနေရချိန်ဖြစ်လို့ အခုလို ဖြစ်ရပ်များကြောင့် ပိုမိုဆိုးဝါးလှတဲ့ အနာဂတ်ကို ရင်ဆိုင်ရပါလိမ့်မယ် ။

မဟုတ်တာ မှန်သမျှ အကုန်အားပေးထားတဲ့ အစိုးရဟာ အဲဒီလို နေရာမျိုးကို ရဲအစောင့်အရှောက်နဲ့ လုံခြုံရေးပေး ထားခဲ့တာ လူတော်တော်များများ သိကြမှာပါ ။ ဟိုအရင် အချိန်က မကောင်းတဲ့ အလုပ်မှန်သမျှကို လက်ရှိအစိုးရ တာဝန် ရှိပုဂ္ဂိုလ်များက တရားဝင် နောက်ကွယ်က ကြိုးကိုင်ခဲ့ကြသလို အခုထိလည်း ဆက်လက် လုပ်ဆောင် နေကြဆဲ ဖြစ်လို့ ကိုယ့်ကိုကိုယ် ကာကွယ်စောင့်ရှောက်ကြရုံမှတပါး အခြား မရှိပါဘူး ဆိုတာ သတိထားပြီး မကောင်းတဲ့ အလုပ်များကို ကိုယ်ပိုင် အသိစိတ်လေးနဲ့ ရှောင်ရှားစေလိုပါတယ် ။

လောကမှာ လူတွေစုဝေးကြတဲ့ နေရာ နှစ်မျိုးဘဲ ရှိပါတယ်..။ ကောင်းသောစုဝေးခြင်းနဲ့ မကောင်းသော စုဝေးခြင်းပါဘဲ….။ စိတ်နေစိတ်ထား ကောင်းမွန်ကာ ကိုယ်ကျင့်တရားကို မြင့်တင်လိုတဲ့ ဆန္ဒနဲ့ စစ်မှန်တဲ့ ပျော်ရွှင်မှုကို ခံယူလိုကြသူ အများစုက တရားပွဲကို သွားကြသလို ….. ဆန္ဒရမ္မက်ကို လွယ်ကူစွာ ဖြေရှင်းလိုသော စိတ်ထားဖြင့် မူးယစ်ခြင်း ရသတဏှာကို တပ်မက် သူများက နိုက်ကလပ်ကို သွားတတ်ကြပါတယ် ။

လက်ရှိ အနေအထားမှာတော့ စည်ကားသင့်တဲ့နေရာတွေ မစည်ကားဘဲ မစည်ကားသင့်တဲ့ နေရာတွေ စည်ကားနေတာ အမှန်ပါဘဲ ။
အဲဒီလို ဖြစ်လာအောင်လည်း လူတစုက သူတို့ အတ္တများအတွက် တမင်တကာ စီမံဖန်တီးပြီး လုပ်ဆောင်နေကြတယ် ဆိုတာ သိသာထင်ရှားလွန်းလှလို့ ကိုယ်တိုင်က ဆင်ခြင်ကာ သူတို့ သွင်းထားတဲ့ ပုံစံခွက်လေးထဲ အလိုက်သင့် မ၀င်မိကြဖို့ သိပ်ကို အရေးကြီးပါတယ် ။

ပျော်ရွှင်မှု အစစ်အမှန် ဆိုတာ နှလုံးသားကို ခွန်အားဖြစ်စေသလို ပြန်စဉ်းစားလိုက်တိုင်းမှာ ပီတိ အပြုံးများနဲ့ ကျေနပ်စွာ ခံစားရပေမယ့် အပြစ်မကင်းတဲ့ ပျော်ရွှင်မှုများကြတော့ ခံစားနေရချိန် ခဏတာမှာ ပျော်ရွှင်သလို စိတ်မှာ ကြည်နူးသွားပေမယ့် ပြန်စဉ်းစားလိုက်တိုင်း နောင်တများနဲ့ ရင်ဆိုင်နေရလို့ အမြဲလိုလို ပူဆွေးသောက ရောက်တတ်ကြပါတယ် ။

အညှီရှိရင် ယင်အုံပါလိမ့်မယ်……………။ ပန်းရှိရင် ပျားအုံတာ သဘာဝ ပါဘဲ……..။ မိန်းကလေးများ အနေနဲ့ ကိုယ်ကျင့်သိက္ခာဆိုတဲ့ အလှဆုံးပန်းလေးကို မညိုးနွမ်းအောင် သတိကပ်ပြီး စောင့်ရှောက်နိုင်မယ် ဆိုရင် ယင်ကောင် လာစရာ အကြောင်း မရှိပါဘူး ။ ဒီလိုမှ မဟုတ်ဘဲ ကိုယ်ကျင့်တရား ဖောက်ပြန်ကာ နေချင်သလို နေခဲ့ကြရင်တော့ ယင်ကောင်အုံတာဘဲ ခံရမှာပါ ။ အဲဒီ အခါကျမှ ငါ့အနားကို ယင်ကောင်တွေဘဲ လာလို့ လောကကြီးကို နာကြည်းစိတ်နဲ့ အရွှဲ့တိုက်ရင် လောကကြီးက အညှီရှိလို့ ယင်အုံတာ သဘာဝပါလို့ ပြုံးပြုံးလေးနဲ့ တခွန်တည်းသာ အဖြေပေးလိုက်ပါလိမ့်မယ် … ။

ဘယ်လောက်ဘဲ လှပတဲ့ အဆင်းရဲ့ ရနံ့သင်းတဲ့ ပန်းတပွင့် ဖြစ်ပါစေ.......နွမ်းခြောက်သွားရင်တော့ လန်းဆန်းနေတဲ့ ပန်းတပွင့်ထက် တန်ဖိုးနည်းသွားမှာ အမှန်ပါဘဲ ။ မွှေးသော ပန်းတိုင်း လန်းစေချင်လို့ စေတနာ အရင်းခံနဲ့ မိတ်ဆွေများကို လေးစားစွာ အသိပြောကြားရင်းက

နောင်လာမည့် အနာဂတ်မှာ ကျနော်တို့ တိုင်းပြည်မှာ အပြစ်ကင်းတဲ့ ပျော်ရွှင်မှုများကို ခုံမင်နှစ်သက်ကာ တန်ဖိုးထားသူတွေ များလာပါစေလို့
မျှော်မှန်းလျှက်.......။
ဒီဆောင်းပါးလေး နဲ့ ဖတ်ပြီးသွားတဲ့ အခါ ခံစားရတာကို ရင်ဖွင့်ပြချင်တယ် ဆိုရင် ဒီလင့်လေးကို နှိပ်ကာ ရင်ဖွင့်ကြဖို့ လေးစားစွာ မေတ္တာရပ်ခံ ဖိတ်ကြားအပ်ပါတယ် ခင်ဗျာ ။

http://www.facebook.com/note.php?note_id=222123881138600

ဗမာ့သွေး

Sunday, June 5, 2011

0 ယနေ့ဂျပန်နိုင်ငံတိုကျိုမြို့မှာ ကျင်းပပြုလုပ်တဲ့ အညတရသူရဲကောင်း ဂုဏ်ပြုပွဲအခမ်းအနားသို့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ပေးပို့တဲ့ ဗီဒီယို မက်ဆေ့ခ်ျ


ယနေ့ဂျပန်နိုင်ငံတိုကျိုမြို့မှာ ကျင်းပပြုလုပ်တဲ့ အညတရသူရဲကောင်း ဂုဏ်ပြုပွဲအခမ်းအနားအစအဆုံးကြည့်ရန် အောက်ပါပုံကိုClickပါ။

Video/ maungwtoအားကျေးဇူးတင်ရှိပါသည်..

0 နိုင်ငံရေးအကျဉ်းသားနဲ့ လွတ်ငြိမ်းချမ်းသာခွင့်

နိုင်မိုအောင်သာရေးသားသည်။ (၂၀၁၁ ဇွန် ၄)

ဒီခေါင်းစဉ်နဲ့ ပတ်သက်လို့ ဦးစွာပြောချင်တာက ဘယ်နိုင်ငံရေးအကျဉ်းသားမှ လွတ်ငြိမ်းချမ်းသာခွင့်ကိုမျှော်ပြီး နိုင်ငံရေးလုပ်ခဲ့တာ မဟုတ်ပါဘူး။ ဒါပေမယ့် လေးဖက်နံရံထဲက နိုင်ငံရေးဘ၀ဆိုတာ ပြင်ပနိုင်ငံရေးရဲ့ အဆက်ဖြစ်တယ်။

၂၀၀၉ ခုနှစ် စက်တင်ဘာလ အကျဉ်းသားများ လွှတ်ပေးစဉ်က အင်းစိန်ထောင်အ၀ ရှိသံတံခါးအပြင်မှ စောင့်မျှော်နေသည့် အကျဉ်းသားမိသားစုဝင် အချို့။ (ဓါတ်ပုံ- YPI)
အမျိုးသားပြန်လည် သင့်မြတ်ရေး၊ ရွေးကောက်ပွဲ၊ လွှတ်တော်၊ဒီမိုကရေစီအစိုးရသစ် စတာတွေရဲ့ ပထမဆုံးခြေလှမ်းက နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့၊ စစ်မှန်တဲ့ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာပေးဖို့တွေဆိုတာ လက်ရှိ အစိုးရရဲ့ တာဝန် မဟုတ်လား။ အခု လွတ်ငြိမ်းချမ်းသာခွင့်ဆိုတာ ကြေညာခဲ့ပြီးပြီ။

နိုင်ငံရေးအကျဉ်းသားတွေ ဘယ်လောက်လွတ်လာသလဲ…

ဘယ်လိုလူတွေလွတ်လာသလဲ…

ဘာတွေ ခံစားခွင့်ရကြသလဲ…

ဘာတွေဖြစ်လာနိုင်သေးလဲ…

အခုအချိန်ထိ မြန်မာပြည်မှာ နိုင်ငံရေးအကျဉ်းသား မရှိဘူးတဲ့လား…

နိုင်ငံရေးအကျဉ်းသားဆိုတာ ဘာလဲ

မြန်မာပြည်မှာတော့ နိုင်ငံရေးအကျဉ်းသားလို့ ဆိုလိုက်တာနဲ့ စစ်အစိုးရကို အာခံပြီး ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေအတွက် နည်းလမ်းအမျိုးမျိုးနဲ့ တိုက်ပွဲဝင်နေကြသူတွေလို့ နားလည်ထားကြပါတယ်။ဝေါဟာရအရ အနက်အဓိပ္ပာယ်ဖွင့်ကြည့်မယ်ဆိုရင် နိုင်ငံရေးဆိုတဲ့ စကားလုံး နဲ့ အကျဉ်းသားဆိုတဲ့ဝေါဟာရကို ပေါင်းစပ်ပြီး နိုင်ငံရေးအကျဉ်းသားလို့ သုံးနှုန်းခေါ်ဆိုထားတာပါ။

နိုင်ငံရေးဆိုတာ နိုင်ငံ့အရေးအရာကိစ္စ၊ ဒါမှမဟုတ် အများပြည်သူလူထုရဲ့ အကျိုးစီးပွါးအတွက် ကိုယ်ကျိုးမပါသော ဆောင်ရွက်လှုပ်ရှားမှုများကို ဆိုလို တာဖြစ်ပါတယ်။ ဒီနေရာမှာ အများအကျိုးအတွက် ဆိုတဲ့ကိစ္စမှာ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွါးရေး စတဲ့ ဆောင်ရွက်မှုတွေနဲ့ မတူတာကတော့ နိုင်ငံရေးဆိုတာ အများစုအကျိုးအတွက် အာမခံချက်ရှိတဲ့ အခြေအနေတွေကို ဥပဒေတွေ၊ တရားစီရင်ရေးစနစ်တွေနဲ့ အကာအကွယ်ပေးနိုင်ဖို့၊ကောင်းမွန်တဲ့ အုပ်ချုပ်ရေးစနစ်တွေ ပြဋ္ဌာန်းနိုင်ဖို့အထိ ဆောင်ရွက်လုပ်ကိုင်ကြရတဲ့ အနေ အထားပါ။

အဲဒီလိုဆောင်ရွက်ရာမှာ အများစုရဲ့သဘောဆန္ဒကို အများစုအကျိုးအတွက် ဆောင်ရွက်ရတာမို့ လူအမြောက်အမြား ပါဝင်လာအောင် စည်းရုံးလှုံ့ဆော် ပူးပေါင်းဆောင်ရွက်ရပါတယ်။ တစ်ကိုယ်တော်လှုပ်ရှားမှုတွေ၊ တစ်ဦးတည်း ကသာ ချုပ်ကိုင်ထားတဲ့ စီမံခန့်ခွဲ အုပ်ချုပ်မှုစနစ်တွေနဲ့ ဆန့်ကျင်ဘက် လက္ခဏာ ဆောင်ပါတယ်။

ဒီမိုကရေစီရေးဆိုတာ ပြည်သူလူထုအကျိုး စီးပွါးပါပဲ။

ဒါကြောင့် အမေရိကန်သမ္မတကြီး အေဘရာဟင်လင်ကွန်းက ဒီမိုကရေစီ ဆို တာ ပြည်သူလူထုဆီကလာတဲ့ ဆန္ဒသဘောထားတွေကို ပြည်သူလူထုနည်း နဲ့ ပြည်သူလူထုအကျိုးစီးပွါးကို ဖော်ဆောင်တာ ဖြစ်တယ်လို့ အဓိပ္ပာယ် ဖွင့်ဆို ခဲ့ဖူးပါတယ်။ From the People, To the People, By the People လို့ ရေးခဲ့တာပါ။

အဲဒီလို ဒီမိုကရေစီရေးကို ဖော်ဆောင်ရာမှာ အာဏာကို လက်တစ်ဆုပ်စာလူတစ်စုက ချုပ်ကိုင်ထားတဲ့ စစ်အစိုးရနဲ့ ထိပ်တိုက်ရင်ဆိုင်ရတော့တာပါပဲ။ အဲဒီမှာ ဒီမိုကရေစီရေးဆောင်ရွက်တဲ့သူတွေဟာ အကျဉ်းသားဘဝကို ရောက် ရှိကြရပါတယ်။

အကျဉ်းသားဆိုတဲ့ ဝေါဟာရအဓိပ္ပာယ်ကတော့ ဥပဒေအရ အပြစ်ပေးခံရသူ တွေလို့ ဆိုနိုင်ပါတယ်။ ဒါကြောင့်မို့ နိုင်ငံရေးအကျဉ်းသားဆိုတဲ့ ဝေါဟာရကို ကျယ်ပြန့်စွာ အဓိပ္ပာယ်ဖွင့်ဆိုမယ်ဆိုရင်-

''စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ပြီး ဒီမိုကရေစီရေးကို လူထုနဲ့အတူ ဆောင် ရွက်ခဲ့တဲ့အတွက် စစ်အစိုးရရဲ့ အမျိုးမျိုးသော ဖိနှိပ်ခြင်းတွေကို ခံရသူများ'' လို့ ဆိုနိုင်ပါတယ်။

အချို့သောနိုင်ငံရေးအင်အားစုများက နိုင်ငံရေးအကျဉ်းသားဆိုတာ ယုံကြည်ချက်ကြောင့် စစ်အစိုးရရဲ့ အကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျခံနေရတဲ့ သူတွေလို့ အဓိပ္ပာယ်ဖွင့်ပါတယ်။ ဒါလည်း မမှားပါဘူး။ အဓိက ပြောချင်တာ ကတော့ ယုံကြည်ချက်ဆိုတာ ပြည်သူလူထုအကျိုးစီးပွါး တစ်နည်းအားဖြင့် ဒီမိုကရေစီအခွင့်အလမ်းကို ရည်ညွှန်းတဲ့အတွက် ဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားနှင့် နိုင်ငံရေးလှုပ်ရှားမှု

မြန်မာ့နိုင်ငံရေးသမိုင်းဟာ ပဒေသရာဇ်ခေတ်နှောင်းပိုင်း ပါတော်မူပြီးချိန်ကစ လို့ ကိုလိုနီခေတ်(၁၈၈၆-၁၉၄၁)၊ ဂျပန်ခေတ်(၁၉၄၁-၁၉၄၅)၊ လွတ်လပ်ရေး ခေတ်(၁၉၄၅-၁၉၄၈)၊ ပါလီမန်ခေတ်(၁၉၄၈-၁၉၆၂)၊ မဆလခေတ် (၁၉၆၂-၁၉၈၈)၊ စစ်အစိုးရခေတ်(၁၉၈၈ မှ ယခုချိန်အထိ)တွေကို ဖြတ်သန်းခဲ့ရ တယ်။

ကိုလိုနီခေတ်၊ ဂျပန်ခေတ်နဲ့ လွတ်လပ်ရေးခေတ်တို့မှာ နိုးကြားတဲ့ မြန်မာ တိုင်းရင်းသားလူထုတစ်ရပ်လုံးဟာ အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲကို ဆင်နွှဲရင်း အချို့ဟာ နိုင်ငံရေးအကျဉ်းသားများဘဝနဲ့ အကျဉ်းထောင်အသီး သီးမှာ နေထိုင်ခဲ့ကြရင်း မြန်မာနိုင်ငံလွတ်မြောက်ရေးကို ကြိုးစားခဲ့ကြပါတယ်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း (၁၉၄၈မှ ၁၉၅၈)၊ (၁၉၆ဝ မှ ၁၉၆၂)ခုနှစ်ကာလကို ပါလီမန်ဒီမိုကရေစီခေတ်အဖြစ် သတ်မှတ်ကြပါတယ်။ (၁၉၅၈ မှ ၁၉၆ဝ)ခုနှစ်က စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်ခဲ့တဲ့ အိမ်စောင့်အစိုးရ လက်ထက်ပါ။

လွတ်လပ်ရေးရပြီးစ မြန်မာနိုင်ငံဟာ နုနယ်သေးတဲ့ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်အောက်မှာ နိုင်ငံရေး အကျဉ်းသားတွေ ရှိခဲ့ဖူးပါတယ်။ အဲဒီကာလက နိုင်ငံရေးအကျဉ်းသားဆိုတာ ထောင်လက်စွဲဥပဒေအရ သတ်မှတ်ပေးထားတဲ့ ခံစားခွင့်တွေကို လူ့အခွင့် အရေးနဲ့အညီ ခံစားခွင့်ရကြပါတယ်။

ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်မှာ နိုင်ငံရေးသမားနဲ့ အကျဉ်းထောင်ဆိုတာ တစ်သီးတစ်ခြားစီ ခွဲပြီးမြင်နေလို့ မရပါဘူး။ တစ်ခုရှိတာက ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်မှာ နိုင်ငံရေးသမားတစ်ယောက် အကျဉ်းထောင်ထဲ ရောက်သွားတဲ့အခါ သူ့ကို အစိုးရက နိုင်ငံရေး အကျဉ်းသားတစ်ယောက်အဖြစ် အသိအမှတ်ပြုခြင်းပါပဲ။

ဒါပေမယ့် မြန်မာ့နိုင်ငံရေးနယ်ပယ်ကို စစ်ခေါင်းတွေရဲ့ ချုပ်ကိုင်ခြင်း ခံလိုက်ရတဲ့ အိမ်စောင့်အစိုးရလက်ထက် မှာတော့ အတိုက်အခံ နိုင်ငံရေးအကျဉ်းသားတွေဟာ အိန္ဒိယသမုဒ္ဒရာထဲက ကိုကိုး ကျွန်းကို အပို့ခံလိုက်ရပါတော့တယ်။

၁၉၆၂ ခုနှစ် မေလ ၂ ရက်နေ့ကစပြီး မြန်မာနိုင်ငံကို ဗိုလ်ချုပ်နေဝင်း ဦး ဆောင်တဲ့ တော်လှန်ရေးကောင်စီက အာဏာသိမ်းယူခဲ့ပါတယ်။ စစ်ခေါင်း ဆောင်တစ်ဦးဟာ နိုင်ငံရဲ့အာဏာကို အကြွင်းမဲ့ရယူပြီး လူထုကိုလှည့်စား ထားတဲ့ အစိုးရတစ်ရပ်ကို သူ့စိတ်တိုင်းကျ ထူထောင်ခဲ့ပါတယ်။

စတင် အာဏာသိမ်းစဉ်ကတည်းက ခေတ်အဆက်ဆက် ကျောင်းသားခေါင်းဆောင်၊ နိုင်ငံရေးခေါင်းဆောင်တွေကို မွေးထုတ်ပေးခဲ့တဲ့ တကသ (တက္ကသိုလ် ကျောင်းသားများသမဂ္ဂ အဆောက်အအုံ)ကို မိုင်းထောင် ဖောက်ခွဲဖျက်ဆီးကာ ကျောင်းသားပေါင်း ရာထောင်ချီပြီး သတ်ဖြတ်ခဲ့ပါတယ်။ နိုင်ငံရေးပါတီနဲ့ အဖွဲ့အစည်းအသီးသီး ထူထောင်ခွင့်ကို ဖျက်သိမ်းပစ်ခဲ့တယ်။ တော်လှန်ရေး ကောင်စီက ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲ (၁၉၆၃)ကို တစ်ဘက်သတ် ဖျက်သိမ်းပစ်ခဲ့ပြီး တိုင်းရင်းသားအသီးသီးရဲ့ လူမျိုးစုအခွင့်အရေး၊ ပြည်နယ် အခွင့်အရေးတွေကအစ လူပုဂ္ဂိုလ်တစ်ဦးချင်းလွတ်လပ်ခွင့်အထိ ဆိတ်သုဉ်း စေခဲ့တယ်။ ပါလီမန်ဒီမိုကရေစီခေတ်မှာ ဦးမော့လာခဲ့တဲ့ စီးပွားရေးလုပ်ငန်း တွေကို ပြည်သူပိုင်သိမ်းတယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖျက်ဆီးပစ်ခဲ့တယ်။

အဲဒီအချိန်ကာလက ကမ္ဘာမှာ ဆိုရှယ်လစ်ရေးတိမ်းညွှတ်မှု ဖြစ်နေချိန်မှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ(မဆလ)ကို ထူထောင်ပြီး စစ်အစိုးရကို အရေ ခြုံပေးခဲ့တယ်။ တော်လှန်ရေးကောင်စီတစ်ဖြစ်လဲ မဆလစစ်အစိုးရကို အလွှာ အသီးသီးက နိုင်ငံရေးအင်အားစုတွေက ဆန့်ကျင်တော်လှန်ခဲ့ကြတယ်။

အဲဒီ သူတွေဟာ မဆလရဲ့ အမှောင်ခေတ်ကို ဖြိုဖျက်ကြရာမှာ အသက်စွန့်သူစွန့်၊ ဒုက္ခိတဖြစ်သူဖြစ်၊ ဘဝပျက်သူပျက်၊ နိုင်ငံရေးအကျဉ်းသားဘဝမှာ ကာလ ကြာရှည်စွာ နေရသူနေရနဲ့ ကြီး မားတဲ့ ပေးဆပ်မှုတွေနဲ့ ရင်းနှီးခဲ့ကြရပါတယ်။

တော်လှန်ရေးကောင်စီဟာ နိုင်ငံရေးအကျဉ်းသားတွေကို ဒုတိယအကြိမ် (၁၉၆၉- ၁၉၇၂) ကျွန်းပို့ခဲ့တယ်။ ပါလီမန်ခေတ်မှာ ရရှိခဲ့တဲ့ နိုင်ငံရေးအကျဉ်း သား အခွင့်အရေးတွေ (ဘီကလပ်အဆင့် ထားရှိမှု၊ စာရေးခွင့်၊ စာဖတ်ခွင့်၊ အထိမ်းအမှတ် အခမ်းအနားကျင်းပခွင့် စတာတွေ) ကို ရုပ်သိမ်းခဲ့တယ်။ သာ မန်ရာဇဝတ်မှုအကျဉ်းသားတွေနဲ့တန်းတူ အလုပ်ဆင်းခိုင်းတာတွေ၊ ရိုက်နှက် ပြစ်ဒဏ်ပေးတာတွေ ပြုလုပ်ခဲ့တယ်။

မဆလခေတ်မှာ နိုင်ငံရေးလှုပ်ရှားမှု မြောက်မြားစွာအနက် အောက်ဖော်ပြပါ လှုပ်ရှားမှုတွေဟာ ထင်ရှားတဲ့ဖြစ်ရပ်တွေဖြစ်တယ်။

- ၁၉၆၂၊ ဇူလိုင် ၇ ရက် တကသအဆောက်အအုံ ဗုံးခွဲခံခဲ့ရတဲ့ ကျောင်းသား လှုပ်ရှားမှု၊

- ပြည်တွင်းငြိမ်းချမ်းရေး ၆ ခရိုင် ဆန္ဒပြမှု၊

- ရခိုင်ဆန်လုပွဲလို့ခေါ်တဲ့ ရခိုင်အမျိုးသားလှုပ်ရှားမှု၊

- ၁၉၆၈ ဆန်ဈေးမြင့်တက်မှုကြောင့် ကုန်ဈေးနှုန်းကျဆင်းရေး လှုပ်ရှားမှု၊

- ၁၉၆၉ အာရှကျွန်းဆွယ်အားကစားပြိုင်ပွဲမှ ကျောင်းသားလှုပ် ရှားမှု၊

- ၁၉၇၄ တစ်နိုင်ငံလုံး အလုပ်သမားသပိတ် လှုပ်ရှားမှု၊

- ၁၉၇၅ အလုပ်သမားသပိတ် နှစ်ပတ်လည်နှင့် ဦးသန့်အရေးအခင်း ကျောင်းသားလှုပ်ရှားမှု၊

- ၁၉၇၆ မှိုင်းရာပြည့် ကျောင်းသားလှုပ်ရှားမှု၊

- ၁၉၈၇ ငွေစက္ကူအရေးအခင်း၊

- ၁၉၈၈ တစ်နိုင်ငံလုံး အုံကြွပါဝင်ခဲ့တဲ့ ဒီမိုကရေစီအရေးတော်ပုံကြီးနဲ့ မဆလခေတ်တစ်လျှောက်လုံး လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးရဲ့ စစ် ရေးတိုက်ပွဲတွေ ရှိခဲ့ပါတယ်။

ဒါတွေဟာ ဒီမိုကရေစီဆိတ်သုဉ်းနေတဲ့ အစိုးရတစ်ရပ်ကို အလို မရှိတော့တဲ့ ပြည်သူလူထုရဲ့ တုံ့ပြန်မှုတွေပါ။ အဲဒီလှုပ်ရှားမှုတွေမှာလည်း မဆလခေတ် နိုင်ငံရေးအကျဉ်းသားပေါင်းများစွာဟာ နံရံလေးဘက်ထဲမှာ နေ ခဲ့ကြရပါတယ်။

၁၉၈၈ ခုနှစ်၊စက်တင်ဘာလ ၁၈ ရက်နေ့မှာတော့ မဆလအစိုးရဆီကနေ နဝတစစ်အစိုးရက နိုင်ငံတော်အာဏာကို စစ်အာဏာသိမ်းပြီး ရယူလိုက်ပါ တယ်။ ပြည်သူလူထုကို ဖိနှိပ်ခဲ့တဲ့ မဆလအစိုးရခေါင်းဆောင်တွေကို နဝတ စစ်အစိုးရက မည်သူ့ကိုမျှ ဖမ်းဆီးထိန်းသိမ်းခြင်းမပြုဘဲ ဒီမိုကရေစီအရေး တော်ပုံမှာ ပါဝင်ခဲ့ကြသူများကိုတော့ လက်နက်နဲ့ အကြမ်းဖက် ဖိနှိပ်သတ် ဖြတ်ပြီး အကျဉ်းထောင်ထဲနဲ့ နယ်စပ်ဒေသများသို့ အတင်းတွန်းပို့ခဲ့ပါတယ်။

၁၉၉ဝ ရွေးကောက်ပွဲမှာ စစ်အစိုးရ ကျောထောက်နောက်ခံပြုထားတဲ့ မဆလတစ်ဖြစ်လဲ တစညပါတီ အနိုင်ရမယ်ထင်လို့ ကျင်းပပေးခဲ့ပေမယ့် ပြည်သူလူထုဟာ ဒေါ်အောင်ဆန်း စုကြည်ခေါင်းဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ကို ဝိုင်းဝန်း ထောက်ခံလိုက်တဲ့အတွက် (NLD)ဟာ မဲအပြတ်အသတ်နဲ့ အနိုင်ရရှိလိုက်ပါ တယ်။ ဒါပေမယ့် စစ်အစိုးရဟာ (NLD)ကို အာဏာလွှဲပေးခြင်းမရှိခဲ့သလို စစ် တပ်ကလည်း စစ်တန်းလျားကို မပြန်ခဲ့ပါဘူး။

စစ်အစိုးရ၊ စစ်အာဏာရှင်စနစ်ကို ဗဟိုပြုထားတဲ့ အုပ်ချုပ်ရေးစနစ်တွေ ရှိ နေသေးသ၍ ပြည်သူလူထုရဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှုတွေ ပေါ်ပေါက်နေဦး မှာပါ။ စစ်အစိုးရဟာ ဒီမိုကရေစီရေးလှုပ်ရှားမှုတွေကို နှိမ်နင်းရင်း နိုင်ငံရေး အကျဉ်းသားတွေကို အကျဉ်းထောင်တွေထဲမှာ ဖမ်းဆီးနှိပ်စက်နေဦးမှာပါပဲ။

နိုင်ငံရေးအကျဉ်းသားတွေရဲ့ လက်ရှိအခြေအနေ

နိုင်ငံတကာရဲ့ ဖိအားဒဏ်ကနေ ရှောင်လွှဲနိုင်ဖို့အတွက် မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား မရှိဘူး၊ တည်ဆဲဥပဒေတွေကို ဖောက်ဖျက်ကျူးလွန်လို့ ဥပဒေကြောင်းအရ အရေးယူအပြစ်ပေးခံရသူတွေပဲ ရှိတယ်ဆိုပြီး အမြဲပြောဆိုခဲ့ပါတယ်။

စစ်အစိုးရရဲ့ အကျဉ်းထောင်ထဲမှာတော့ နိုင်ငံရေးအကျဉ်းသားတွေကို သီးသန့်အကျဉ်းသားလို့ သတ်မှတ်သုံးနှုန်းပါတယ်။ စစ်အစိုးရအလိုကျ ထုတ်ဝေရတဲ့ နိုင်ငံပိုင်သတင်းစာတွေမှာတော့ နိုင်ငံရေးအကျဉ်းသားဆိုတာ တည် ဆဲဥပဒေကို ဖောက်ဖျက်ကျူးလွန်သူတွေ၊ နိုင်ငံတော်လုံခြုံရေးအရ ထိန်းသိမ်း ထားရသူတွေလို့ ဖေါ်ပြလေ့ရှိပါတယ်။

တည်ဆဲဥပဒေလို့ဆိုရာမှာလည်း တရားမျှတမှန်ကန်မှု ဘယ်လောက်ထိရှိ သလဲ ဆိုတာကလည်း အရေးကြီးလှပါတယ်။ နာမည်ဆင်တူသူကို မှားယွင်း ဖမ်းဆီးမိရာက ပြန်လွှတ်လိုက်ရင် အရှက်ကွဲမှာစိုးလို့ ပြန်မလွှတ်တော့ဘဲ မရ ရအောင် အမှုဆင်ပြီး ထောင်ချခံရသူတွေလည်း ရှိပါတယ်။

ထင်ရှားတဲ့ဥပမာ ပြရရင်တော့ ၂၈၊၁၁၊၂ဝဝ၈မှာ ၅ဝ၅(ခ)၊ အသင်းအဖွဲ့(၆)ပုဒ်မတွေနဲ့ ထောင် ဒဏ်(၁၁)နှစ်အချခံရတဲ့ နိုဘယ်အေး(ခေါ်)နှင်းမေအောင်ပဲ ဖြစ်ပါတယ်။ သူ့ ကိုအိမ်မှာ ချစ်စနိုးနဲ့ 'နိုနို'လို့ ခေါ်ကြတာကို 'နို့နို့'လို့ခေါ်တဲ့ မိန်းကလေး တစ်ယောက်နဲ့ မှားယွင်းဖမ်းဆီးရာကနေ အခုလို ထောင်ဒဏ်ချမှတ်လိုက်တာ ဖြစ်ပါတယ်။

၁၉၈၉ တုန်းကလည်း ကိုညီညီဦး (သံလျင် NLD လူငယ်) အပါအဝင် လေးဦး ဟာ သံလျင်ရေနံချက်စက်ရုံကို ဗုံးခွဲခဲ့တယ်လို့စွပ်စွဲခံရပြီး စစ်ထောက်လှမ်း ရေးရဲ့ မှားယွင်းဖမ်းဆီးခံရကာ သေဒဏ်ချမှတ်ခြင်း ခံခဲ့ရပါတယ်။ ဒါပေမယ့် အဲဒီနှစ်ကုန်ပိုင်းမှာပဲ KNU က ကိုကိုနိုင် ဆိုသူဟာ သံလျင်ရေနံချက်စက်ရုံကို ဗုံးခွဲခဲ့တဲ့ တရားခံဖြစ်ကြောင်း၊ ရန်ကုန်မြို့ကို မီးလောင်တိုက်သွင်းမယ့် အစီ အစဉ်တွေ အကောင်အထည်ဖေါ်မယ့်သူဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲ တွေလုပ်ပြီး စစ်အစိုးရသတင်းစာတွေမှာ တရားဝင်ဖေါ်ပြခဲ့ပါတယ်။ ဒါပေမယ့် ကိုညီညီဦး (သံလျင် NLD လူငယ်)အပါအဝင် လေးဦးဟာ အခုအချိန်ထိ တောင်ငူထောင်မှာ မလွတ်သေးပါဘူး။

ဒါ့အပြင် စစ်ကြောရေးကာလမှာ နှိပ်စက်ခံရလို့ သေဆုံးရသူတွေ၊ တစ်သက် လုံး လူစဉ်မမီတော့သူတွေ၊ နာတာရှည်ဝေဒနာ ခံစားရသူ တွေ ဒုနဲ့ဒေးပါပဲ။ NLD ခရမ်းအမတ် ဦးတင်မောင်ဝင်း၊ NLD ဦးမောင်ကို၊ NLD ကိုကိုးကျွန်း အမတ် ဦးလှသန်း၊ ဦးဘသော် (စာရေးဆရာ မောင်သော်က)၊ ရဲဘော်သုံး ကျိပ်ဝင် ဗိုလ်ဇေယျရဲ့ညီဖြစ်သူ ဦးစိုးဝင်း၊ ဦးခင်မောင်(ဗိုလ်စက်ရောင်)၊ ဦးညိုဝင်း(ရွှေကျင်)၊ ကိုစည်သူ၊ ရှင်နေမိန္ဒ အစရှိတဲ့ ရဲဘော်ပေါင်းများစွာဟာ စစ်စိုးရရဲ့အကျဉ်းထောင်တွေထဲမှာ နှိပ်စက်စစ်ဆေးခံရတဲ့ဒဏ်၊ ဆေးဝါးကုသ မှု လုံလောက်စွာမရတဲ့ဒဏ်တွေကြောင့် ကျဆုံးခဲ့ကြရပါတယ်။

စစ်ကြောရေးကာလ နှိပ်စက်မှုဒဏ်ကြောင့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာဝေဒနာ ခံစား နေရသူတွေကလည်း မရေမတွက်နိုင်အောင် ရှိနေပါတယ်။ ထောင်ကလွတ်လာပြီးတာတောင်မှ ထောင်တွင်း ဒဏ်ရာဒဏ်ချက်တွေကြောင့် တစ်သက်လုံး ဝေဒနာခံစားနေရသူတွေလည်း အများအပြားရှိနေပါ တယ်။

ရွှေဝါရောင်တော်လှန်ရေးကာလမှာ ပါဝင်ခဲ့ကြတဲ့ သံဃာတော်တွေကို စစ်အစိုးရက ဘယ်လို ရက်ရက်စက်စက် နှိမ်နင်းခဲ့တယ်ဆိုတာကို တစ်ကမ္ဘာလုံးကအသိပါပဲ။ ဒီထဲမှာ အချောင်အသတ်ခံခဲ့ရသူကတော့ ဂျပန်နိုင်ငံသား သတင်းထောက် ခန်းဂျိနာဂအိပဲ ဖြစ်ပါတယ်။ အဖမ်းခံခဲ့ရတဲ့ သံဃာတော်တွေ ကို စစ်ကြောရေးစခန်းတွေမှာ ရက်စက် စွာနှိပ်စက်လို့ ပျံလွန်တော်မူခဲ့ရတဲ့ သံဃာတော်တွေ၊ ဖမ်းဆီးစဉ်က ရရှိခဲ့တဲ့ဒဏ်ရာကို ဆေးဝါးကုသမပေးလို့ ပျံလွန်တော်မူခဲ့ရတဲ့ သံဃာတော်တွေ၊ ပြစ်ဒဏ်တွေချမှတ်ပြီး ရဲဘက်စခန်း တွေဆီ အပို့ခံခဲ့ရတဲ့ သံဃာတော်တွေထဲကတချို့ အလုပ်ကြမ်းဒဏ်၊ အစာ အာဟာရနဲ့ ဆေးဝါးချို့တဲ့မှုဒဏ်တွေကြောင့် ပျံလွန်တော်မူခဲ့ရတဲ့ သံဃာ တော်တွေ အများအပြား ရှိခဲ့ပါတယ်။

စစ်အစိုးရလက်ထက်မှာ ဖမ်းဆီးခံရတဲ့အချိန်ကနေ အမိန့်ချတဲ့နေ့အထိ ကာလကို ဥပဒေအရ ချုပ်ရက်ပြစ်ဒဏ်ကျခံကာလအဖြစ် သတ်မှတ်ပေးရမှာ ဖြစ်ပေမယ့် နိုင်ငံရေးအကျဉ်းသားတွေကိုတော့ ရက်ဘယ်လောက်ပဲကြာ အောင် ချုပ်ထားပါစေ၊ ချုပ်ရက်ကို ပြစ်ဒဏ်ကျခံကာလအဖြစ် ထည့်သွင်း သတ်မှတ် မပေးပါဘူး။ တချို့ဆိုရင် ချုပ်ရက်က နှစ်နဲ့ချီပြီးတော့တောင် ရှိကြပါတယ်။

ဥပမာ အနေနဲ့ပြောရရင်၂ဝ၁၁၊ ဖေဖော်ဝါရီက ထောင်ဒဏ်စုစုပေါင်း (၆၅) နှစ်စီ အမိန့်ချခံခဲ့ရတဲ့ ကိုအေးမင်းနိုင်နဲ့ ဇနီးမစန်းစန်းမော် အပါအဝင်(၇) ယောက်အမှုမှာ သက်သေခံပစ္စည်းတစ်ခုတည်းကိုပဲ အမှု(၄)မှုမှာ တင်ပြပြီး ၁ဝ နှစ်စီ စုစုပေါင်းနှစ်(၄ဝ) အပြစ်ဒဏ်ချမှတ်ခဲ့ပါ တယ်။ အမှန်တကယ်ဆိုရင် သက်သေခံပစ္စည်းတစ်ခုကို အမှုတစ်ခုမှာပဲ တင်ပြစီရင်ခွင့်ရှိပါတယ်။ အဲဒီအမှု မှာဆိုရင် ၂ဝဝ၈ မတ်လကတည်းက ဖမ်းဆီးပြီး ၂ဝဝ၈၊ စက်တင်ဘာလ အမိန့်ချရာမှာ ချုပ်ရက်တွေကို ခံစားခွင့် မပေးခဲ့ပါဘူး။

နောက်ထပ် သာဓကတစ်ခုကတော့ ထောင်ဒဏ် (၂၅)နှစ် ခံစားရပြီး မကြာမီကမှ လွတ်မြောက်လာခဲ့တဲ့ ရခိုင်အမျိုးသားပါတီက ကိုဖြူမောင်၊ ကိုသန်းကျော် အပါအဝင် (၄)ယောက်အမှုပဲ ဖြစ်ပါတယ်။ သူတို့ကို ၁၉၈၈၊ မေလမှာ နိုင်ငံတော်ပုန်ကန်မှု ၁၂၂(၁)နဲ့ သေဒဏ်ချမှတ်ခဲ့ရာက လွတ်ငြိမ်း ချမ်းသာခွင့်အရ ၂၅ နှစ်နဲ့ညီမျှတဲ့ တစ်ကျွန်းအဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ ပါတယ်။ ထောင်ထဲမှာနေပြီး ဆယ်နှစ်ကျော်အကြာမှာ မတရားအသင်းနဲ့ ဆက်သွယ်မှု ပုဒ်မ၁၇(၁)နဲ့ နောက်ထပ် ထောင်ဒဏ်သုံးနှစ်စီ အချခံခဲ့ရပါ တယ်။

ဥပဒေအရ နိုင်ငံတော်ပုန်ကန်မှုပုဒ်မ ၁၂၂(၁)နဲ့ အပြစ်ပေးခံရပြီးရင် မတရားသင်းအဖွဲ့အစည်းနဲ့ဆက်သွယ်မှုပုဒ်မ ၁၇(၁) ဆို တာ အလိုအလျောက် အကျုံးဝင်ပြီးသားဖြစ်တယ်။

နိုင်ငံရေးအကျဉ်းသား တွေအတွက်ဆိုရင် ပြစ်မှုတစ်ခုအတွက် ပြစ်ဒဏ်အကြိမ်ကြိမ် ချမှတ်စီရင် နေတာ ဥပဒေမဲ့၊ တရားလက်လွတ်ကျင့်သုံးနေတာ စစ်အစိုးရရဲ့ လုပ်ထုံး လုပ်နည်းတစ်ခုပါပဲ။

ကိုဖြူမောင်၊ ကိုသန်းကျော်တို့အပါအဝင် နိုင်ငံရေး အကျဉ်းသားအားလုံးရဲ့လျှော့ရက်တွေကို ၁၉၉၈ နိုဝင်ဘာလမှာ အကျဉ်းဦးစီး ဌာနရဲ့ ဌာနတွင်းအမိန့်စာနဲ့ ပယ်ဖျက်ပြစ်လိုက်တဲ့အတွက် ဘာလျှော့ရက် ခံစားခွင့်မှမရဘဲ ထောင်ထဲမှာ ၂၅ နှစ်နီးပါး နေခဲ့ကြရပါတယ်။ လူ့ဘဝသက်တမ်းရဲ့ သုံးပုံတစ်ပုံလောက် ပေးဆပ်ခဲ့ရတဲ့ သူ တို့ရဲ့ထောင်သက်ဟာ တောင်အာဖရိက ခေါင်းဆောင် နယ်လ်ဆင်မင်ဒဲလား ရဲ့ ထောင်သက်တမ်းလောက် ရှည်ကြာခဲ့ပါတယ်။

နအဖစစ်အစိုးရလက်ထက် နောက်ပိုင်းကာလမှာ နိုင်ငံတကာဖိအားကနေ ရှောင်လွှဲနိုင်ဖို့အတွက် နိုင်ငံရေးအကျဉ်းသားတွေကို နိုင်ငံရေးပုဒ်မတွေအဖြစ် ခေါ်ဆိုနိုင်တဲ့ ၅(ည)၊၁၇(၁)၊၁၇(၂)စတာတွေ မတပ်တော့ဘဲ ၅ဝ၅(ခ)၊၂၄(၁) ၊၃၂(ခ) အစရှိတဲ့ပုဒ်မတွေနဲ့ စွဲချက်တင်ပြီး နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ် ခဲ့ပါတယ်။

နအဖစစ်အစိုးရ လက်ထက်မှာ ဘယ်တုန်းကမှ မကြုံဖူး၊ မကြား ဖူးခဲ့ကြတဲ့ ပြစ်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။ ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဗိုလ်ချုပ်ဆေထင်ကို (၁ဝ၆)နှစ်၊ ဦးခွန်ထွန်းဦးကို (၉၃)နှစ်နဲ့ ကျန်တဲ့အမှု တွဲတွေကို (၇၉)နှစ်စီ၊ ABSDF ကိုသိန်းထွန်းကို သေဒဏ်အပြင် (၁၄)နှစ်၊ ကိုမင်းကိုနိုင် အပါအဝင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေကို (၆၅)နှစ်စီ အစရှိသဖြင့် နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။ ဒီပြစ်ဒဏ် တွေအတိုင်းသာ နေကြရမယ်ဆိုရင် သေပြီးတာတောင်မှ လွတ်နိုင်ဖွယ် မရှိ ပါဘူး။

နအဖတစ်ဖြစ်လဲ ပြည်ခိုင်ဖြိုးအစိုးရလက်ထက်ကျပြန်တော့လည်း ၁၆၊ ၅၊ ၂ဝ၁၁ နေ့စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်း အမိန့်အမှတ် (၂၈/၂ဝ၁၁)မှာ သေဒဏ်ကို တစ်ကျွန်း၊ ကျန်တဲ့အမှုတွေကို တစ်နှစ်လျှော့ ပေးမယ်ဆိုပြီး ကြေငြာခဲ့ပါတယ်။

အမှန်တော့ ဒီအမိန့်ကို လွတ်ငြိမ်းချမ်း သာခွင့်လို့တောင် မခေါ်သင့်ဘဲ ပြင်ဆင်ချက်လို့သာ ခေါ်ဆိုသင့်ပါတယ်။ ဘာ လို့လဲဆိုရင် ချထားတဲ့ပြစ်ဒဏ်တွေနဲ့စာရင် လျှော့ပေးတဲ့နှစ်ဟာ မနှိုင်းယှဉ် သာအောင် ကွာခြားနေလို့ပါပဲ။ တစ်ကျွန်းဆိုရာမှာ ၂ဝ နှစ်နဲ့ညီမျှတဲ့ တစ်ကျွန်းလား၊ ၂၅ နှစ်နဲ့ညီမျှတဲ့ တစ်ကျွန်းလား ဆိုတာကို ကွဲကွဲပြားပြား ဖော်ပြထားခြင်းမရှိသလို တစ်နှစ်လျှော့တယ်ဆိုရာမှာလည်း အမှုတစ်ခုချင်းစီ အပေါ် လျှော့မှာလား၊ ဒါမှမဟုတ် စုစုပေါင်းအပေါ်မှာမှ တစ်နှစ်လျှော့မှာလား ဆိုတာကိုလည်း ဖော်ပြမထားပါဘူး။

ဒီအချက်ကို ကြည့်ခြင်းအားဖြင့် ဦးသိန်းစိန်အစိုးရရဲ့ ကြေငြာချက်ဟာ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေး ဖို့ဟုတ်ဘဲ နိုင်ငံတကာဖိအားနဲ့ ပြည်တွင်းကတောင်းဆိုမှုတွေ အရှိန်လျော့ကျ သွားစေဖို့သာ ရည်ရွယ်ခဲ့တာ ထင်ရှားလှပါတယ်။

စစ်အစိုးရဟာ နိုင်ငံရေးအကျဉ်းသားတွေကို ပြစ်ဒဏ်ချမှတ်ရာမှာ တစ်ပေါင်း တည်းချမှတ်လေ့မရှိဘဲ သီးခြားစီ ပြစ်ဒဏ်ချမှတ်လေ့ရှိပါတယ်။ ဒီအမိန့် ကြေငြာစာအရ လွှတ်ပေးတဲ့အကျဉ်းသားပေါင်း သောင်းလေးထောင်ကျော်မှာ နိုင်ငံရေးအကျဉ်းသားပေါင်း ဆယ်ဂဏန်းပဲ ပါဝင်ပါတယ်။ အဲဒီထဲမှာမှ လွတ်ရက်စေ့နေသူတွေ၊ လွတ်ဖို့ ရက်ပိုင်း၊ လပိုင်းပဲ လိုတော့တဲ့သူတွေသာ အများစု ပါဝင်နေပါတယ်။

ဒါကြောင့်မို့ အချုပ်အားဖြင့်ပြောရမယ်ဆိုရင် တော်လှန်ရေးကောင်စီ၊ မဆလ၊ နဝတ၊ နအဖ စစ်အစိုးရအဆက်ဆက်နဲ့ အခုလက်ရှိ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရလို့ အမည်ခံထားတဲ့ ဘောင်းဘီချွတ် ဗိုလ်ချုပ်ကြီးတွေ ရဲ့ ကြံဖွံ့အစိုးရလက်ထက်မှာပါ မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသားတွေဟာ လူ့အခွင့်အရေးတွေကို နည်းမျိုးစုံနဲ့ ချိုးဖောက်ခံခဲ့ရ၊ ခံနေရဆဲဖြစ်ကြောင်း တင်ပြလိုက်ရပါ တော့တယ်။ ။

0 Security a 'Major Concern' as Aung San Suu Kyi Plans Burma Tour


Wrapping up a two-day "assessment" trip to Burma/Myanmar today, U.S. Senator John McCain warned the country's leaders that an Arab-Spring-style revolution could be in the offing if they continue to "shun evolutionary reforms." A day earlier, McCain met with "personal hero" Aung San Suu Kyi, the Burmese democracy icon who has spent 15 of the past 21 years under house arrest. Ms. Suu Kyi, whose most recent release came last November, made headlines earlier this week when she hinted at plans for a tour of the country.

On Wednesday, we talked to Priscilla Clapp, Senior Advisor to Asia Society's 2010 Burma Policy Task Force and former Chief of Mission at the U.S. Embassy in Burma, for her thoughts on Suu Kyi's announcement and the prospects for real political change with the military junta still in power. Clapp's commentary, made by telephone from Washington, D.C.

မူရင်း။ ။asiasociety.org

0 မြောက်ဦးရှေးဟောင်းဘုရားအား နေပြည်တော်သို့ ယူဆောင်မည့် အစီအစဉ် ရခိုင်လူထု ၀ိုင်းဝန်းကန့်ကွက်မှုကြောင့် ရပ်ဆိုင်း


ရန်ကုန်၊ ဇွန် ၄၊ ၂၀၁၁ (YPI) - မကြာသေးမီရက်ပိုင်းက တွေ့ရှိခဲ့သည့် ရှေးဟောင်းဘုရားဆင်းတုတော်တစ်ဆူ
အား နေပြည်တော်သို့ သယ်ဆောင်မည့်အစီအစဉ်ကို မြောက်ဦးမြို့သူ၊ မြို့သားများ၏
ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်မှုများကြောင့် အာဏာပိုင်များက ရပ်ဆိုင်းထားလိုက်သည်။

''သူတို့(အာဏာပိုင်)တွေက လောလောဆယ်တော့ သယ်သွားမယ့်အစီအစဉ်ကို ဖျက်လိုက်တယ်တဲ့။ ဒီ(မြောက်ဦး)က လူတွေက ဆင်းတုတော်ထားထားတဲ့ နေရာကိုလာပြီး ၀ိုင်းထားကြလို့၊ ကန့်ကွက်ကြလို့လေ။ ကျမတို့က ဘယ်လိုနည်းနဲ့မှအပါမခံနိုင်ဘူး'' ဟု အသက် ၃၃ နှစ်အရွယ် မြောက်ဦးမြို့ခံသူတစ်ဦးက Yangon Press International(YPI) ကို တယ်လီဖုန်းဖြင့် ပြောပြသည်။

''ဘယ်တော့ပြန်သယ်ဖို့ လုပ်ကြဦးမယ်မသိဘူး...ဒီက တချို့တွေက အသက်တောင်အသေခံကြမယ့်သဘောရှိတယ်...သယ်ဖို့လုပ်ရင်'' ဟုလည်း အဆိုပါမြို့ခံကပြောပြသည်။

ပြိုကျပျက်စီးနေသော ရှေးဟောင်းဘုရားတစ်ဆူ၏ ဌာပနာတိုက်မှ ဆယ်ယူရရှိသည့်အဆိုပါဘုရားဆင်းတုမှာ ရွှေအတိဖြင့် ထုဆစ်ထားခြင်းဖြစ်ပြီး အလေးချိန် ၄ပိသာနှင့် ၆၄ ကျပ်သားလေးကာ ဥာဏ်တော် တစ်ပေခန့်ရှိသည်ဟုဆိုသည်။

အဆိုပါဘုရားဆင်းတုမှာ လွန်ခဲ့သည့် နှစ် ၃၀၀ ကျော်လောက်က ထုဆစ်ခဲ့သည့်ဘုရားဖြစ်နိုင်ဖွယ်ရာရှိသည်ဟု မြောက်ဦးမြို့ ဂေါပကများက ခန့်မှန်းပြောဆိုကြသည်။

မြို့ခံများ၏ ပြောပြချက်အရ မန္တလေးမှ ဇနီးမောင်နှံက မြောက်ဦးမြို့ရှိ ပြိုကျပျက်စီးသွားပြီဖြစ်သော ရှေးဟောင်းဘုရားတစ်ဆူအားပြင်ဆင်ဆောက်လုပ်ရန်အတွက် မေလ ၃၀ ရက်နေ့က ယင်းဘုရားပျက်နေရာကို ရှင်းလင်းရေးပြုလုပ်ရာမှ ဌာပနာတိုက်အတွင်း ယင်းဘုရားဆင်းတုနှင့်အတူ အခြားဘုရားဆင်းတု ၃၀ ၀န်းကျင်ကိုထည့်ထားသည့် သေတ္တာတစ်လုံးအားတွေ့ရှိခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

ဓာတ်တော်အချို့ထည့်ထားသည့် ရွှေသေတ္တာအသေးတစ်လုံးကိုလည်း တွေ့ရှိခဲ့ကြသည်ဟုဆိုသည်။

''အဲဒီနေ့ နေ့ခင်းက မိုးအရမ်းရွာတယ်။ လျှပ်စီးတွေလည်း ထူးထူးခြားခြားလက်တယ်။ မိုးလည်း အရမ်းခြိမ်းတယ်။ မိုးရေတွေနဲ့ ရှင်းလက်စမြေကြီးတွေ မျောပါသွားတဲ့အခါမှာ အဲဒီအောက်က သေတ္တာကို မြင်လိုက်ကြလို့ဖွင့်ကြည့်ကြတာ။ အဲဒီမှာ သွားတွေ့တာ" ဟု မြောက်ဦးမြို့ နန်းရာကုန်းတွင်နေထိုင်သူ အသက် ၃၅ နှစ်အရွယ်အမျိုးသမီးတစ်ဦးက ပြောပြသည်။

ယင်းသို့ တွေ့ရှိသည်ကို ယဉ်ကျေးမှုဝန်ကြီးဌာနသို့ အကြောင်းကြားကြရာမှ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက ရခိုင်ပြည်နယ် ယဉ်ကျေးမှုဦးစီးဌာနကို ယင်းဘုရားအား နေပြည်တော်သို့ ပို့ဆောင်ပေးရန် ညွှန်ကြားချက်ထွက်လာခြင်းဖြစ်သည်ဟု မြောက်ဦးမှ ကျောင်းဆရာတစ်ဦးကပြောပြသည်။

ယင်းဘုရားဆင်းထုကို လာရောက်ယူဆောင်ရန် စစ်တွေမြို့မှ ရောက်လာသော ယဉ်ကျေးမှုဝန်ကြီးဌာနမှ ကားကို မြို့သူ၊ မြို့သားများက ၀ိုင်းထားကြပြီး ဆင်းတုတော်ကို ယူမသွားဖို့ ကန့်ကွက်ခဲ့ကြရာမှ အစီအစဉ်ပျက်သွားခြင်းဖြစ်သည်ဟု ယင်းကျောင်းဆရာက ဆိုသည်။

''(ဘုရားဆင်းထုကို ယာယီထားထားတဲ့) နန်းရာကုန်းကို လာပြီး ဘုရားကို သယ်သွားလို့မရအောင် ကန့်ကွက်တာ အားလုံး အယောက်တစ်ထောင်ကျော်မယ်...ဒီထက်များဖို့ပဲရှိတယ်'' ဟု အဆိုပါကျောင်းဆရာကဆိုသည်။

ယင်းဘုရားဆင်းတုတော်ကို ရတနာမာန်အောင် ဘုန်းကြီးကျောင်းသို့ မြို့သူမြို့သားများခြံရံကာ ပို့ဆောင်လိုက်ကြသည်ဟုမြောက်ဦးမြို့ခံများကပြောပြသည်။


မြောက်ဦးက (ဒေသခံပြောပြချက်)။

ပြီးခဲ့သည့်ရွေးကောက်ပွဲက ရခိုင်ပြည်နယ်တွင် အမတ်နေရာအများဆုံးရရှိခဲ့သည့် ရခိုင်တိုင်းရင်းသား များတိုးတက်ရေးပါတီ၏ ဥက္ကဌလည်းဖြစ်၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီ၏ဥက္ကဋ္ဌလည်းဖြစ်သော ဦးအေးမောင်ကလည်း ယင်းဘုရားဆင်းတုတော်ကို နေပြည်တော်သို့ သယ်ဆောင်မည့် အစီအစဉ်ကို ကန့်ကွက်သည်ဟုပြောဆိုသည်။

''ဘယ်မှာပဲတွေ့တွေ့ အကောင်းဆုံးက တွေ့တဲ့နေရာမှာ အများပြည်သူဖူးမြော်လို့ရအောင် ထားထားတာ အကောင်ဆုံးပဲ။သမိုင်းဝင်ပစ္စည်းဆိုတာ တွေ့တဲ့နေရာဒေသမှာ ထားတာအကောင်းဆုံးပဲ။ ကြည့်ချင်၊မြင်ချင်ရင် အဲဒီဒေသကို သွားကြည့်ကြပေါ့'' ဟု ဦးအေးမောင်က YPI ကို ပြောသည်။

မြောက်ဦးမြို့မှ ကုန်သည်တစ်ဦးက "မဟာမြတ်မုနိကိုယူသွားတုန်းက ဘာမှမတတ်နိုင်လို့ လက်လွှတ်လိုက်ရပြီ။ ဒီဘုရားကိုတော့ ကျမတို့က လုံးဝမပေးလိုက်နိုင်ဘူး" ဟု ကြုံးဝါးသည်။(Yangon PressInternational)

0 နှလုံးသားတွင် ဘုရားတည်



နှလုံးသားတွင် ဘုရားတည်

လေးဆူဓါတ်ပုံရွှေတိဂုံစေတီတော်မြတ်ကြီးအား ကျွန်တော်မဖူးမြှော်ရသည်မှာ လေးနှစ်တာ ကာလအတွင်းသို့ ရောက်ခဲ့ပြီဖြစ်သည်။

ကုန်လွန်ခဲ့ပြီးသောကာလ ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလမတိုင်မီ အချိန်များတွင် ကျွန်တော် သည် တစ်ပါတ်လျှင် တစ်ကြိမ်အနည်းဆုံး ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်သို့ တက်ရောက်ဖူးမြှော်ခဲ့ဖူးပါသည်။ ထို့အပြင် တက်ရောက်ကြည်ညို ဖူးမြှော်ခွင့်ရခဲလှသော ရွှေတိဂုံ စေတီတော်မြတ်ကြီး၏ အထွဋ်အထိပ်တွင် တည်ရှိနေသော စိန်ဖူးတော်ကြီးအားလည်း ကျွန်တော်နှင့် ကျွန်တော်၏သား ပြည်သိမ်းကျော်တို့ တက်ရောက်ဖူးမြှော်ခဲ့ဘူးပါသည်။

ရွှေတိဂုံစေတီတော်မြတ်ကြီးသည် မြန်မာပြည်သူလူထုတင်မက ကမ္ဘာ့နိုင်ငံအသီးသီးမှ ဘာသာခြားများနှင့်ပါ မစိမ်းပါ။ လူမျိုးဘာသာ၊ ဆင်းရဲချမ်းသာမရွေး လွတ်လပ်စွာတက်ရောက် ဖူးမြှော် ခွင့်ရရှိသည့် တန်ခိုးကြီးမားလှသည့် ဗုဒ္ဓဘာသာနွယ်ဝင်တို့၏ အထွဋ်အမြတ်ထား ကိုးကွယ်ရာတည်း ဟူသော ဗုဒ္ဓမြတ်စွာဘုရား၏ ဆံတော်များကိန်းဝပ်ရာ ရွှေတိဂုံစေတီတော်မြတ်ကြီးအား ၂၀၀၇ ခုနှစ် စက်တင်ဘာလ နောက်ပိုင်းတွင် လူမျိုးဘာသာ၊ ဆင်းရဲချမ်းသာမရွေးတို့၏ နာရေး၊ ဆေးကူညီမှု၊ ပညာရေးကဏ္ဍများအား (အခမဲ့) ဖေးမကူညီပေးနေသော ကျွန်တော်တက်ရောက်ဖူးမြှော်ရာတွင် လွတ်လပ်မှုများ ဆုံးရှုံးခဲ့တော့သည်။

ကျွန်တော်သည် ရွှေတိဂုံစေတီတော်မြတ်ကြီးအား တက်ရောက်ဖူးမြှော်မည်ဆိုပါက အာဇာ နည်ကုန်း မြောက်ဘက်မုဒ်မှ ဓါတ်လှေခါးနှင့်တက်ကာ ရင်ပြင်ပေါ်ရောက်သည်နှင့် မေတ္တာပို့သမှုကို မြောက်ဘက်မုဒ်တွင်ရှိသော ၀ိဇ္ဖာတန်ဆောင်းရောက်သည်အထိ ပို့သကာ ၀ိဇ္ဇာတန်ဆောင်းတွင် သမထ္ထ၊ ၀ိပဿနာကျင့်စဉ်တို့ကို ကျင့်ကြံအားထုတ်ပြီး တနင်္လာဒေါင့်တွင် စေတီတော်မြတ်ကြီးအား မြတ်ဗုဒ္ဓ၏ ဆံတော်များကို မျှော်မှန်းကြည်ညိုသဒ္ဓါပွားကာ ဦးချပြီးနောက် စေတီတော်မြတ်အား လင်္ကျာရစ်တစ်ပါတ် ပါတ်ကာ အောင်မြေတွင်ဦးချ၍ မြောက်ဘက်မုဒ်မှ ပြန်လည်၍ ဆင်းလေ့ရှိသည်။

၂၀၀၇ ခုနှစ် စက်တင်ဘာလကုန်မှစ၍ ရွှေတိဂုံစေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြှော်၍ အဓိဋ္ဌာန်ကျင့်စဉ်များ၊ မေတ္တာပွားများမှုများကို သွားရောက်ကျင့်ကြံအားထုတ်ရာတွင် . . . ကျွန်တော်၏ နောက်မှ မယောင်မလည်နှင့် ပါလာသော လူတစ်ချို့၊ ၀ိဇ္ဇာတန်ဆောင်းထဲသို့ဝင်ရောက်ရာ၌ မြတ်စွာဘုရားရှင်အား တစ်စုံတစ်ဦးမှ ဆက်ကပ်ထားသော စားဖွယ်သောက်ဖွယ် သစ်သီးဝလံများအား လျင်မြန်စွာ သိမ်းကြုံး၍ ယူငင်သွားခြင်း၊ အဓိဋ္ဌာန်ကျင့်စဉ် ကျင့်ကြံရာ၌ ပွားများသော မြတ်စွာဘုရား၏ ဂုဏ်တော်များ ရွတ်ဖတ်ပူဇော်ရာ၌ မည်သည့်ဆုများ တောင်းနေသနည်း။ မည်သည့်ဂုဏ်တော်များ အား ရွတ်ဖတ်နေသနည်း ဟူ၍ ကျွန်တော်၏အနားတွင် ကပ်၍နားထောင်နေသော သူတစ်ချို့၊ အဓိဋ္ဌာန်စ၍ (၁၀) မိနစ် (၁၅) မိနစ်ခန့်တွင် “ဆရာကြီး ဆရာကြီး နေရာကဖယ်ပေးပါတော့။ (အဘ) ဧည့်သည်တော်လာနေပြီ” ဟူ၍ တစ်မျိုး၊ ကျွန်တော့်အား ဓါတ်ပုံခိုးရိုက်ကြသော လုံခြုံရေးများက တစ်ဖန်၊ အချို့သော ဘုရားဖူးများက ကျွန်တော်၏ အဓိဋ္ဌာန်ပြီးစီး၍ မြတ်စွာဘုရားရှင်အား ရှစ်ခိုးကန်တော့အပြီးတွင် ကျွန်တော်၏ ဘေးမှ၎င်း၊ ရှေ့မှ၎င်း လာရောက်၍ ကျွန်တော့်အား လက်အုပ်ချီမိုးနေကြခြင်း စသည်စသည်တို့ကြောင့် ကျွန်တော်သည် ယနေ့တိုင် ရွှေတိဂုံစေတီတော် မြတ်ကြီးနှင့် ဝေးကွာခဲ့ရပါတော့သည်။ ကုသိုလ်ယူ မေတ္တာပွားလို၍ သွားကာမှ အကုသိုလ်တွေသာ ရခြင်းသည် မဖြစ်သင့်တော့ချေ။ ထို့ကြောင့် ကျွန်တော်သည် ရန်ကုန်မြို့ မြို့လည်ခေါင်သို့ သွားရောက်သည့် အချိန်ကာလများတွင်သာ ရွှေတိဂုံစေတီတော်မြတ်ကြီးအား အဝေးမှ ဖူးမြှော်ကန် တော်ခွင့်ရခဲ့တော့သည်။

လွတ်လပ်စွာကိုးကွယ်ခွင့်ရှိသော ကျွန်တော်တို့၏ မြတ်ဗုဒ္ဓရွှေတိဂုံစေတီတော်မြတ်အား မလွတ်လပ်စွာဖြင့် မဖူးမြှော်လိုတော့ပါ။ ထို့ကြောင့် ကျွန်တော်၏နေအိမ်ရှိ ဘုရားခန်းထဲမှ မြတ်ဗုဒ္ဓ ဆင်းတုတော်နှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ ဘုရားခန်းတွင်းမှ ဗုဒ္ဓဆင်းတုတော်များ ရှေ့မှောက်တွင်သာ မိမိမေတ္တာပွားများမှုနှင့် သမထ္တ ၀ိပဿနာကျင့်စဉ်များကို ကျင့်ကြံအားထုတ်ခဲ့ ရပါတော့သည်။

၂.၆.၂၀၁၁ ခုနှစ် ကြာသပတေးနေ့သည် မင်္ဂလာရှိသော နေ့တစ်နေ့ဖြစ်တော့သည်။ ကျွန်တော်တို့၏ နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိရာ မြောက်ဒဂုံမြို့နယ်သို့ နံနက် (၁၁း၀၀) နာရီ အချိန်တွင် အမေရိကန်အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းနှင့်အဖွဲ့ လာရောက်တွေ့ဆုံ လေ့လာ စကားပြောမည့် နေ့ဖြစ်သည်။ ထို့ကြောင့် နံနက် မိုးလင်းလင်းခြင်း နာရေးကူညီမှုအသင်း သန့်ရှင်းမှု၊ လုံခြုံမှု စသည့်ကိစ္စရပ်များအား ညွန်ကြားနေစဉ် Townace Pick-up ကားအဖြူတစ်စီး ၀င်လာသည်။ လူ (၅) ယောက်ခန့်ပါလာသည်။ သစ်သားဘောင် ၅ ပေ x ၄ ပေအရွယ်ကြီးတစ်ခုပါ ကားပေါ်မှ ချကာ လူတစ်ဦးက ကျွန်တော့်အား ၀မ်းသာဖက်လှဲနှင့် “ဦးကျော်သူရေ … အခုမှပဲ ကျွန်တော်ရဲ့ဆန္ဒ ပြီးမြောက်တော့တယ်” ဟု ပြောကာ လက်ဆွဲနှုတ်ဆက်လိုက်သည်။

ထိုသူ၏ အမည်ကား “ဦးဝင်းတင်”။ ပန်းချီဆရာကြီး “ကျိုက်လတ်ဝင်းမောင်” ဖြစ်သည်။ နာရေးကူညီမှုအသင်း(ရန်ကုန်)ကို စတင်ဖွဲ့စည်းကတည်းက ကျွန်တော့်အား ဂုဏ်ပြုလိုသည်မှာ ယခုမှ နာရေးကူညီမှုအသင်း(ရန်ကန်)မှ အသင်းသားတစ်ဦးဖြစ်သူ ပန်းချီဆရာ ဦးတင်ဦး အဆက်အသွယ် နှင့်ပြီးမြောက်သွားခြင်း ဖြစ်သည်ဟု ပြောကြားကာ ပန်းချီဆရာကြီး ကျိုက်လတ်ဝင်းမောင်မှ သူရေးဆွဲ ထားသော ဆီဆေးပန်းချီကားကြီးအား ကျွန်တော့်အား ဂုဏ်ပြုလက်ဆောင်အဖြစ် ချီးမြှင့်သွား တော့သည်။ ထိုအချိန်ကာလ အပိုင်းအခြားအထိ ကျွန်တော်သည် အသင်းတွင် အလုပ်အလွန်များ နေ၍၄င်း၊ ဧည့်သည်တော် ဂျွန်မက်ကိန်းနှင့် တွေ့ဆုံနေမှုကြောင့်၎င်း၊ လက်ဆောင်ပေးအပ်ခဲ့သော ပန်းချီကားကြီးအား သေချာတိကျစွာ မလေ့လာ၊ မခံစားဖြစ်ခဲ့ပေ။ ဂျွန်မက်ကိန်း ပြန်သွားပြီး သည့်နောက် ပင်ပန်းမှုများအား အနားပေး၍ စိတ်ကိုလျော့ချလိုက်ကာ ကျွန်တော်၏ အခန်းတွင်းရှိ ကျွန်တော်၏ အလုပ်စားပွဲနံရံပေါ်တွင် ချိတ်ဆွဲထားသော ပန်းချီကားကြီးအား အသေးစိတ် ကြည့်ရှုနစ် မျှောသွားစဉ် ကျွန်တော်တို့၏ အသင်းသားတစ်ဦးဖြစ်သူ ကိုဝံသ (ပန်းချီဆရာကြီး ဦးသန်းအောင်၏ သား) ဖြစ်သူ၏ စကားသံကို ကြားလိုက်မိသည်။ “ပန်းချီလောကမှာ ပန်းချီကျိုက်လတ်ဝင်းမောင်ကို ရွှေတိဂုံဝင်းမောင်လို့ ခေါ်ကြတယ်။ ဒီဆရာက မျက်စိမှိတ်ပြီး ရွှေတိဂုံစေတီတော်ကို မကြည့်ဘဲ အလွတ် ရေးဆွဲနိုင်လောက်အောင်ကို တော်တယ်ဗျ” တဲ့။ ဟုတ်ပါသည်။ ဆရာကြီး ရွှေတိဂုံဝင်းမောင် (ခ) ပန်းချီကျိုက်လတ်ဝင်းမောင်၏ ဆီဆေးလက်ရာ ပန်းချီကားမှာ အသက်ဝင်လှသည်။ ကျွန်တော်၏ အလုပ်ခန်း ကြမ်းပြင်ပေါ်တွင် ခင်းထားသောကြွေပြားအခင်းပေါ်တွင်ထိုင်၍ ဖူးမြှော်ကြည်ညိုမိပါက တကယ့်ကို ရွှေတိဂုံစေတီတော်မြတ်ရင်ပြင်တော်ပေါ်မှ ဖူးမြှော်ရသလို ခံစားရပါတော့သည်။

ကိုဝံသပြောသွားသောစကားအရ “ဒီဆရာက ရွှေတိဂုံစေတီတော်မြတ်ကို မကြည့်ပဲ အလွတ် ဆွဲနိုင်တယ်” ဟူသော စကားရပ်မှာ ကျွန်တော့်အတွက်များစွာတာသွားတော့သည်။ ဆရာတော် ဘုရားကြီးများ၏ ဆုံးမသြ၀ါဒများတွင်ပါရှိသော “နှလုံးသားမှာ ဘုရားတည်ဖို့ အရေးကြီးတယ်” ဟု ပဲ့တင်သံများထပ်သွားပါတော့သည်။ ဟုတ်ပါသည်။ ဆရာကြီးကျိုက်လတ်ဝင်းမောင်မှာ နှလုံးသားတွင် ဘုရားတည်၍ ရေးဆွဲထားခြင်းဖြစ်မည်မှာ မြေကြီးလက်ခတ်မလွဲဖြစ်မည်။ တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော့်အား ဂုဏ်ပြုချီးမြှင့်လက်ဆောင်ပေးခဲ့သော ရွှေတိဂုံစေတီတော်မြတ် ဆီဆေးပန်းချီကား၏ မြင်ကွင်းသည်ကား ကျွန်တော်ရွှေတိဂုံစေတီတော်မြတ်ပေါ်သို့ စတင်တက်ရောက်ရာလမ်း၊ ရွှေတိဂုံ စေတီတော်မြတ်မှ ရောင်ခြည်တော်များ ကွန့်မြူးခြင်းကို ကျွန်တော်ဖူးတွေ့မိသည့် ကျွန်တော်၏ အောင်မြေနေရာ၊ ကျွန်တော်အဓိဋ္ဌာန်ဝင်သည့် ၀ိဇ္ဇာတန်ဆောင်း စသည့် (၃) ဋ္ဌာနဆုံဆည်းရာ အောင်မြေများပါရှိရာ ကျွန်တော့်အတွက်အဖိုးမဖြတ်နိုင်သော ပန်းချီကားချပ်ကြီးပင်ဖြစ်တော့သည်။

လူသားအားလုံး နှလုံးသားတွင် ဘုရားတည်နိုင်ကြပါစေသတည်း။

ကျော်သူ

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.