Tuesday, July 12, 2011

0 မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြီးခဲ့သည့်ပုဂံခရီးစဉ်နှင့် ပတ်သက်၍ သူ့ရဲ့ အမြင်တွေပြည်တွင်းပြည်ပသတင်းထောက်များအား ရှင်းလင်းပြောကြား








1 ခေါင်မိုးက. . .မလုံတော့. . .(ချိုတူးဇော်)

ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်၊လွတ်လပ်သော ဈေးကွက်စီးပွားရေးစနစ် ဆိုတာတွေနဲ့တိုင်းပြည်ရဲ့ အမျိုးသားအကျိုးစီးပွားကာကွယ်စောင့်ရှောက်မှုဆိုတာ သူ့စည်းနဲ့သူ ရှိရမယ့်၊ ရှိအပ်မယ့် အရာတွေလို့မြင်ပါတယ်။အထူးသဖြင့် မြန်မာနိုင်ငံဟာ အမျိုးသားအကျိုးစီးပွားကာကွယ်စောင့်ရှောက်မှုဆိုတာ အင်မတန်မှ အလေးထားရမယ့် နိုင်ငံမျိုးပါ။

အဓိကပြဿနာက မြန်မာနိုင်ငံဟာ ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံကြီး ၂ နိုင်ငံနဲ့ ထိစပ်နေရလို့ပါ။ အဲဒါထက် ဆိုးတာက အဲဒီ နှစ်နိုင်ငံထဲမှာ အရှေ့တရုတ်ပြည်ဟာ ဒီမိုကရေစီ နိုင်ငံမဟုတ်ပါဘူး။

ချမ်းသာလာလေ၊ လူသားချင်းစာနာမှုတို့ အပြန်အလှန်လေးစားမှုတို့ကို ရှေ့တန်းတင်လာလေ လုပ်မှာမဟုတ်ပဲ ကိုယ်ကျိုးစီးပွားကိုပဲ ရှေ့တန်းတင်မှာဖြစ်ပါတယ်။ လက်ရှိ တရုတ်ပြည်ရဲ့ အုပ်ချုပ်ရေးစနစ်ဟာ လူသားချင်း

စာနာထောက်ထားမှုတို့ ၊ တန်ဖိုးထားမှုအပြန်အလှန်လေးစားမှုတို့ဆိုတဲ့ လောကပါလကျင့်ဝတ်တွေ ခေါင်းပါးတဲ့ စနစ်ဖြစ်ပါတယ်။

သူတို့မှာ သန်း၁၆၀၀ လောက် လူဦးရေရှိပြီး၊ အများစုက ယောက်ျားတွေ။

ကျနော်တို့မှာ သန်း၆၀ ၀န်းကျင်သာလူဦးရေရှိပြီး အများစုက မိန်းမတွေ။ သူတို့ လူတွေထဲ သန်း၁၀၀လောက် ကျနော်တို့ တိုင်းပြည်ထဲ လျှံကျလိုက်ရင်ကို မြန်မာဆိုတာလူနည်းစု၊ တရုတ်အများစုနေတဲ့ တိုင်းပြည်ဖြစ်သွားလိမ့်မယ်။ သန်း ၁၀၀ ဆိုတာ သူတို့အတွက် ဘာမှ မပြောပ လောက်ဘူး။

မန္တလေးလို့ မြို့ကြီးပြကြီးပေါ်မှာ မြန်မာစကားတလုံးမှမတတ်ပဲ နိုင်ငံသားမှတ်ပုံတင်ကိုင်ပြီး နေနေကြတဲ့ တရုတ်တွေ..ဘယ်လောက်တောင် များနေပြီလဲ..။

လူသားချင်းစာနာစိတ်တို့၊ အပြန်အလှန်လေးစားမှုတို့ကို ရှေ့တန်းတင်တဲ့ လူ့အဖွဲ့အစည်းဆိုရင် ကိုယ့်အိမ်နီးချင်း ဘယ်လောက်ပဲ ဆင်းရဲဆင်းရဲ၊ အိမ်ဦးခန်းဝင်ပြီး စော်ကားတဲ့လုပ်ရပ်မျိုးတွေ ဘယ်တော့မှ လုပ်မှာမဟုတ်ပေမယ့် ဒီလူတွေက ငွေကလွဲပြီး ဘာမျက်နှာကိုမှမထောက်တဲ့ မသိတဲ့ လောကပါလခေါင်းပါးတဲ့ လူတွေ။ ဒါကြောင့် သူများတိုင်းပြည်ရဲ့ သယံဇာတတွေသာမက မြစ်တွေ၊ ချောင်းတွေ၊ ဆိပ်ကမ်းတွေ၊ မြေကြီးတွေကို ပါလက်ညှိုးထိုးဝယ်လာတာပေါ့။

အိမ်နီးချင်း ဆင်းရဲ လို့ချေးမိငှားမိတာက စ လို့၊ အိမ်ထဲ ၀င်ချင်သလိုဝင်၊ ထွက်ချင်သလိုထွက်၊ ဟိုအပင်က အသီးခူးစား၊ ဒီပစ္စည်းယူသုံးချင်သလိုသုံး လုပ်ရုံသာမက ကိုယ့်သမီးပျိုတွေကိုပါ ပရော်ပရီ ထိကပါးရိကပါးလုပ်ခံနေရပြီ။

မိန်းမရှားတဲ့အတွက် သတို့သမီးဝယ်တယ်ဆိုတဲ့ ကိစ္စတွေအထိဖြစ်လာတာ လူကုန်ကူးခံရတာတွေစတာတွေကို အားလုံးကြားနေကြမှာပါ။ တချို့က သားမှတ်မှတ်မယားမှတ်မှတ်ပေါင်းဖို့ဝယ်တာရှိသလို တချို့က အပျော်မယားအဆင့်လောက်ပဲထားတာ၊ တချို့က တနှစ်လောက်ပေါင်းပြီး တဆင့်ပြန်ရောင်းစားပစ်တာ၊ အဆိုးဆုံးက ဆင်းရဲတဲ့ကောင်တွေကပါ နှစ်ယောက်ပေါင်း၊ သုံးယောက်ပေါင်း စပ်တူ မြန်မာမိန်းကလေးတွေကို ၀ယ်တာတဲ့။

ဒါ ကျနော်တို့ဆင်းရဲလို့ချည်းပဲကြောင့် ခံနေရတာမဟုတ်ဘူး။

ကျနော်တို့တွေ၊ ပြည်သူတွေမှာ အကာအကွယ်မဲ့လို့ခံနေရတာ။

ကျနော်တို့ နိုင်ငံသားတဦးချင်းတယောက်ချင်းကို လုံလောက်တဲ့အကာအကွယ်မှမပေးရင်. . .

ရှိရှိသမျှ မြစ်တွေချောင်းတွေ၊ ဆိပ်ကမ်းတွေ၊ မြေကြီးတွေ လက်ညှိုးထိုးသမျှရောင်းပေးပြီး၊ လုပ်ချင်သလိုလုပ်ခွင့်ပေးနေဦးမယ်ဆိုရင်. . .

မြန်မာပြည်ဆိုတာ နာမည်ပဲ ကျန်ခဲ့လိမ့်မယ်.။

ချိုတူးဇော်

0 ၂၀၁၀ ရွေးကောက်ပွဲဝင်နိုင်ငံရေးပါတီ ကိုယ်စားလှယ်များကို ဂျပန်နိုင်ငံသို့ လာရောက်ရန် ဖိတ်ကြားထားသည့်ဂျပန်အစိုးရအား ရှုတ်ချ ကန့်ကွက်သည့် ချီတက် ဆန္ဒပြပွဲ



maungwto

1 တိရစ္ဆာန်ရုံကို မသွားချင်တော့ဘူး။


နိဒါန်း။ ။ကျွန်တော်၏ ကိုယ်တွေ့ခံစားချက်ကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားပြီး “I Do not Want to Go to a Zoo Any More” ခေါင်းစဉ်ဖြင့် အမေရိကန်နိုင်ငံထုတ် “Yellow Medicine Review” A Journal of Indigenous Literature, Art, and Thought စာစဉ်၏ (Spring) နွေဦးရာသီ ၂၀၀၈ ခုနှစ်တွင် ဖေါ်ပြခဲ့ပါသည်။ အင်္ဂလိပ်ဘာသာဖြစ်သဖြင့် မြန်မာပရိသတ်များကြားတွင် လူသိနည်းခဲ့ပါသည်။ ထို့ကြောင့် ၎င်း ကိုယ်တွေ့ဖြစ်စဉ် ဆောင်းပါးကို မြန်မာလို ဘာသာပြန်၍ ပိုမို ပြည့်စုံစေရန် အသေးစိတ် အဖြစ် အပျက် အချို့ကိုပါဖြည့်စွက်ကာ ဒေါင်းအိုးဝေ စာစောင် အတွက်ရေးသားလိုက်သော် လည်းစာစောင်လိုအပ် ချက် ထက်နှစ်ဆမက ပိုသွား သည့်အတွက် အင်တာနက်မှဖြန့်ရန်ဆုံးဖြတ်လိုက်ပါသည်။ ယ္ခုဆောင်းပါး ထက် ပိုမိုပြည့်စုံသော ကိုယ်တွေ့မှတ်တမ်း ကို ဇွန်လအရေးအခင်းတွေ ဆက်လက် ရေးသားပါမည်။ ကျွန်တော်တို့ အတွေ့အကြုံများကို နောင် လာနောင်သားများ အတုယူ၍ တိုင်းပြည် အကျိုး ဆထက်တံပိုး ကျိုးစားလုပ်လိုစိတ်များ ဖြစ်ပေါ်လာခဲ့လျှင် ကြိုးစား ရေးရကျိုးနပ်ပါသည်။

လေးစားလျက်
ထွန်းအောင်ကျော်
ဇူလိုင်လ (၇) ရက် ၂၀၁၁ ခုနှစ်။


တိရ စ္ဆာန်ရုံကို မသွားချင်တော့ဘူး။


ကျွန်တော် ၇ နှစ်သားလောက်တုံးက ကျွန်တော့်မိဘတွေကို အတော့်ကို တုံးတာဘဲဟု ထင်ခဲ့မိပါသည်။ ဘာကြောင့်လဲဆိုတော့ သူတို့မှာ ငွေအမြောက်အမြား ရှိသော်လည်း ဘယ်လို အကျိုးရှိရှိ သုံးစွဲရမယ် ဆိုတာကို မသိကြလို့ပါဘဲ။ ကျွန်တော် ငှက်ပျောသီး အလွန်ကြိုက်ပါသည်။ ထို့အတူ တိရစ္ဆာန်ရုံကို သွားရခြင်းကိုလည်း အလွန်နှစ်သက်မိပါသည်။ တိရစ္ဆာန်ရုံထဲမှာ မျောက်တွေ၊ ခြင်္သေ့တွေ၊ ဆင်တွေ၊ ကျားတွေ၊ ကြက်တူရွေးတွေစတဲ့ အကောင်ပေါင်းများစွာရဲ့ ပုံသဏ္ဍာန် အရွယ်အစား၊ အရောင်အသွေး မျိုးစုံတို့ကို ကြည့်ရှုရတာ အင်မတန်ကို ပျော်စရာ ကောင်းလှပါသည်။

သို့ရာတွင် ကျွန်တော့်မိဘတွေက ကျွန်တော့်ကို တနေ့ငှက်ပျောသီး ၂ လုံးဘဲ စားခွင့်ပေးပါသည်။ ရန်ကုန် တိရစ္ဆာန်ဥယျာဉ်ကိုလည်း တလမှ တခါလောက်သာ သွားရောက်ကြည့်ရှုခွင့် ပြုခဲ့ပါသည်။ ကျွန်တော့် အတွက်တော့ ကျေနပ်မှု မရှိပါ။ ကျွန်တော့်ကိုယ် ကျွန်တော် တိုင်တည်ပြီး “တနေ့ ငါကြီးပြင်းလာတဲ့အခါ ငှက်ပျောသီးတွေ ကြိုက်သလောက် အဝစားပစ်မယ်၊ တိရစ္ဆာန်ရုံကိုလဲ နေ့တိုင်း သွားလည်မယ်” ဟု ကြုံးဝါးခဲ့ဖူးပါသည်။

အချိန်တွေ တရွေ့ရွေ့ ကုန်လွန်လာခဲ့ပါသည်၊ ကျွန်တော်လည်း ကျွန်တော်တို့နိုင်ငံ စစ်ကျွန်ဘဝ ရောက်နေတာ မကြည့်ရက်လို့ မှားယွင်းနေတာတွေကို ပြင်ဘို့ ကြိုးစားရင်း လူ့အခွင့်အရေး ရရှိရေး ကြိုးပမ်းသူတဦး ဖြစ်လာခဲ့ပါသည်။ ကျွန်တော်တို့ နိုင်ငံဟာ ၁၉၆၂ ခုနှစ်မှ စပြီး စစ်အုပ်ချုပ်ရေးအောက် ကျရောက်ခဲ့ရပါသည်။ ကျွန်တော်တို့ နိုင်ငံမှာ လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်၊ လွတ်လပ်စွာ စည်းရုံးခွင့်၊ လွတ်လပ်စွာ ပုံနှိပ်ထုတ်ဝေခွင့်၊ လွတ်လပ်စွာ စီးပွားရှာဖွေခွင့်တွေ မရှိပါဘူး။

မြန်မာပြည်သူ ၅၅ သန်းကျော်အတွက် သတင်းစာ (၄) စောင်ဘဲ ရှိပါသည်။ ၎င်းသတင်းစာ များကိုလည်း စစ်အစိုးရက ဦးစီးထုတ်ဝေပြီး ၎င်းတို့ရဲ့ ဝါဒဖြန့်ချိရေး လက်နက်သက်သက် အဖြစ်သာ အသုံးချနေခဲ့ပါသည်။ ပြန်သူများ၏ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး တိုးတက်ဖွံ့ဖြိုးမှုထက် လက်တဆုတ်စာ လူတစု၏ အကျိုးစီးပွား အတွက်သာ ဦးတည်ထားခဲ့ခြင်းပင် ဖြစ်သည်။

အစိုးရလုပ်သမျှ အားလုံး မှန်ပါသည် ခင်ဗျား ဆိုသည့် ဆောင်ပုဒ်ကို အစိုးရပိုင် သတင်းစာများက ခိုင်ခိုင်မြဲမြဲ ကိုင်စွဲထားခဲ့သည့် ခေတ်ပင်ဖြစ်သည်။


ကျွန်တော်သည် ဦးသန့်အရေးအခင်းတွင် ဦးဆောင်ဦးရွက် ပြုသူများထဲမှ တဦးဖြစ်ပါသည်။ ဦးသန့် သည် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးအဖြစ် ရွေးချယ်ခဲ့ရသည့် တဦးတည်းသော မြန်မာ အမျိုးသားကြီး ဖြစ်ပါသည်။ ထို့အတွက် ကျွန်တော်တို့ ကျောင်းသားများမှ သူ့အောင်မြင်မှုကို မြန်မာ ကျောင်းသားများအနေနှင့် ဂုဏ်ယူခဲ့ကြပါသည်။

ဦးသန့်မှာ ကင်ဆာရောဂါစွဲကပ်ပြီး နယူးယောက်မြို့ရှိ ဆေးရုံတရုံတွင် ၁၉၇၄ ခုနှစ် ကုန်ခါနီးတွင် ကွယ်လွန်ခဲ့ပါသည်။ သူ့ဆန္ဒအရ သူ့အလောင်းကို တာဝန်ရှိသူများနှင့် သူ့မိသားစုတို့မှ မြန်မာပြည်တွင် မြှုပ်နှံရန် အထူးလေယာဉ်ဖြင့် ရန်ကုန်မြို့သို့ ယူဆောင်လာခဲ့ကြပါသည်။

သို့ရာတွင် မဆလ အစိုးရမှ သူ့အလောင်းကို နိုင်ငံတော်ဈာပနအဖြစ် ပြုလုပ်မပေးဘဲ လျစ်လျူရှု ခဲ့သည့် အတွက် မြန်မာနိုင်ငံသားများ အထူးသဖြင့် ကျောင်းသားလူငယ်များအတွက် အလွန်ခံပြင်း ဒေါသထွက်စရာ အခြေအနေမျိုး ဖန်တီးစေခဲ့ပါသည်။ ပြည်သူများအနေနှင့် အစိုးရ၏ ဂုဏ်ပြု ထိုက်သူကို ဂုဏ်ပြုရန် ပျက်ကွက်မှုအတွက် မကျေနပ်ကြသော်လည်း ဘယ်လိုတုံ့ပြန်ရမှန်း မသိကြချေ။ ထို့ကြောင့် တက္ကသိုလ်ကျောင်းသားများဖြစ်သော ကျွန်ုပ်တို့က ဦးသန့်အလောင်းကို လုယူ၍ တက္ကသိုလ်ဝင်းထဲသို့ သယ်ဆောင်သွားခဲ့ကြပါသည်။ ထိုနေ့သည် ဒီဇင်ဘာလ ၅ ရက်နေ့ ဖြစ်သည်။

တက္ကသိုလ်ဝင်းထဲတွင် ကျောင်းသားများ ဆန္ဒပြပွဲကြီးကို ၅ ရက်အကြာ ဒီဇင်ဘာလ ၁၁ ရက်နေ့ မနက် ၄ နာရီ အချိန်တွင် ဖြိုခွဲ၍ အလောင်းထည့်ထားသည့် အခေါင်းကြီးကို ကရိန်းကားကြီးဖြင့် အင်းယားလမ်း အတိုင်း သယ်ယူသွားခဲ့ပြီး ကန်တော်မင် ပန်းခြံတွင် အစိုးရမှ ကြီးကြပ်၍ မြှုပ်နှံခဲ့ပါသည်။

ကျွန်တော်နှင့် သူငယ်ချင်း တင်မောင်ဦးတို့ အစိုးရမှ အကြမ်းဖက် ဝင်ရောက်သိမ်းပိုက်ခြင်း မပြုမီ ကျောင်းဝင်းထဲမှ တိတ်တဆိတ် ထွက်ခွာခဲ့ကြပါသည်။ ပထမတွင် ရဲဘော်များကို ထားခဲ့ပြီး ထွက်သွားခြင်းထက် အတူတူ အဖမ်းခံခြင်းကိုသာ ရွေးချယ်ကြောင်း ပြောပြငြင်းဆိုခဲ့သောအခါ ကိုတင်မောင်ဦးက သူ့အတွေ့အကြံအရ အဖမ်းခံရပါက ရဲဘော်များကို ကူညီရန် တတ်နိုင်တော့မည် မဟုတ်သည့်အပြင် ကိုယ့်ကိုယ်နှင့် သူ့စိတ်ထောင်ထဲတွင် ဘဝသေနေမည်သာဖြစ်သည်။ ဝါဒါတွေ ခိုင်းသလို နေ၊ စေသလို သွားရမည့်ဘဝ။ လူအဆင့်မှ လျှောကျ၍ ကျွန်ဘဝသို့ ရောက်သွားမည်ဟု ဖြောင်းဖျပြောဆို ရှင်းလင်းပြသည့်အတွက် သူရှင်းပြချက်သည် လွန်စွာမှ အဓိပ္ပါယ်ရှိသဖြင့် အဖမ်း မခံဘဲ ကျန်ရစ်သူများ အဖမ်းခံရသည့်အခါ ၎င်းတို့ လွတ်မြောက်ရေးအတွက် ဆက်လက်တိုက်ပွဲ ဝင်ကြရန် ရည်ရွယ်ချက်ဖြင့် တက္ကသိုလ်ဝင်း မလွယ်ပေါက်မှ နှစ်ဦးသား သဘက်များ ခေါင်းပေါင်း၍ ထွက်လာခဲ့ကြပါတော့သည်။

ဒုတိယအကြိမ်တိုက်ခြင်းနှင့်ငရဲကျခြင်း။

နောင် ၆ လ ကြာသောအခါ ကျွန်တော်တို့တတွေ ဇွန်အရေးအခင်းကြီးကို ဖန်တီးပြီး အစိုးရ ဆန့်ကျင် ရေး လှုပ်ရှားမှုကို ဦးဆောင်ခဲ့ကြပြန်ပါသည်။ ဇွန်အရေးအခင်းကြီးသည် အလုပ်သမား ဆန္ဒပြမှု နှစ်ပတ် လည်နေ့နှင့် တိုက်ဆိုင်နေခဲ့ပါသည်။ ဂျွန်အရေးအခင်းဖြစ်ပြီးနောက် ကိုတင်မောင်ဦး ကို လက်ဝဲစွန်း တဖြစ်လဲ ကျောင်းသားပြည်ပြေး တင်မောင်ဦး အဖြစ် ဓါတ်ပုံနှင့်တကွ ဖေါ်ပြပြီး သတင်းစာများတွင် ဝရမ်းထုတ် အလိုရှိကြောင်း ကြေငြာခဲ့သော်လည်း ကိုတင်မောင်ဦး မြေလျှိုး ပျောက်ကွယ် သွားခဲ့ပါသည်။

ဇွန်အရေးအခင်း ဖြစ်ပြီး နောင် ၂ လအကြာ စစ်ထောက်လှမ်းရေးမှ ကျွန်တော့်အား နေအိမ်သို့ ပြန်လာ ခိုက် ဖမ်းဆီးခြင်း ခံခဲ့ရပါသည်။ ကျွန်တော့်အား ထောက်လှမ်းရေးဗိုလ်ကြီး မောင်မောင်သွင်က စစ်ဆေးပါသည်။ ဗိုလ်ကြီး မောင်မောင်သွင်က ကျွန်တော်နှင့် ၎င်းသည် ပညာတတ်များဖြစ်ကြောင်း ထို့ကြောင့် သူနှင့် ပူးပေါင်းဆောင်ရွက်စေလိုကြောင်း အသားအနာမခံဘဲ သူသိလိုသမျှကို ထုတ်ဖေါ် ပြောဆိုရန် ဖျောင်းဖျပါသည်။ သူက-

“တပ်ကြပ်ကြီးတွေ တပ်သားတွေဟာ ပညာမရှိဘူးကွ။ သူတို့သိတာက လူတွေကို ရိုက်နှက် နှိပ်စက်ဖို့လောက်ဘဲ သိတယ်။ ငါ့ညီ မင်းပညာတတ်ဘဲ မင်းလုပ်သမျှ ဝန်ခံပြီး ဘယ်သူတွေ ပါဝင်တယ် ဆိုတာကို ထုတ်ပြောလိုက်ရင် အသားမနာဘဲ မင်းသက်သာလိမ့်မယ်” ဟု စည်းရုံး ဖျောင်းဖျပါသည်။

“မင်းအနေနဲ့ သက်သာတဲ့နည်းကို လိုက်မလား၊ အသားနာတဲ့နည်းကို လိုက်မလားရွေးပေါ့” ဟု ဆိုသည်။

"မင်းဘယ်လို အတွေးအခေါ် ရှိသလဲ၊ ဘယ်စံနစ်ကို ကြိုက်သလဲ? မင်းတို့ခေါင်းဆောင် ဘယ်သူလဲ? တင်မောင်ဦးနဲ့ ဘယ်လို ပူးပေါင်းဆောင်ရွက်ခဲ့သလဲ? လက်နက်ရှိသလား? ဘယ်မှာထားသလဲ?” စသည်ဖြင့် မေးသမျှ ကျွန်တော်က ဘူးခံခဲ့ပါသည်။

ကျွန်တော်က အသားအနာခံသည့် နည်းကို ရွေးချယ်လိုက်ပါသည်။ ကျွန်တော့်မှာ ရွေးစရာ ဒီ တလမ်းဘဲ ရှိပါသည်။ အကယ်၍ မိမိလုပ်ဖေါ်ကိုင်ဖက် ရဲဘော်များကို ထုတ်ပြောလိုက်ပါက မီးခိုး ကြွက်လျှောက် တပြုံလုံး ပါလာမည်ဖြစ်သလို၊ ကျွန်တော်တို့ အုပ်စု၏ လုပ်ရပ်များလည်း ရပ်ဆိုင်း သွားမည် ဖြစ်သဖြင့် စိတ်ဒုံးဒုံးချပြီး ဘူးခံခဲ့ပါသည်။ သူတို့ကျွန်တော့်ကို နှိပ်စက်ညှင်းပမ်းမည်ကို မသိ မဟုတ်၊ သိပါသည်။ သို့ရာတွင် ကျွန်တော်တို့၏ တော်လှန်ရေးကို မရပ်တန့်စေလိုသလို ကျွန်တော့် ရဲဘော်များကိုလည်း နှိပ်စက်ညှင်းပမ်းမှု မခံစေလိုပါ။ ကျွန်တော် နှိပ်စက်သမျှကို လည်စင်းခံရန် အတွက် ခိုင်မာစွာ ဆုံးဖြတ်ပြီး သူတို့နှင့် ပူးပေါင်းရန် ငြင်းဆိုခဲ့ပါသည်။

နောက်ဆုံး ချောက်တလှည့် ချော့တလှည့်လုပ်၍ မရသည့်အဆုံး ဗိုလ်ကြီးများက သူတို့၏ လက်အောက်ခံ အာဏာပါးကွက်သားများလက်သို့ ကျွန်တော့်အား အပ်နှံလိုက်ပါသည်။ အခန်းတွင်း သို့ ဝင်လာသူမှာ အရပ် ၆ ပေကျော်မြင့်ပြီး ခန္ဓာကိုယ် တုတ်ခိုင်ကြီးမားသူဖြစ်သည်။ သူက ကျွန်တော့် ကို ကြည့်ပြီး မာန်ဖီလိုက်ပါသည်။ ကျွန်တော်က သူ့ကို ပြုံးပြလိုက်သည်။ ကြည့်ရသည်မှာ ကျွန်တော် က သူ့ကို ပြုံးပြလိုက်ဖြင့် အံ့သြသွားပုံရပါသည်။ ထီမထင်ဟန်ဖြင့် သူ့ကို ပြုံးပြလိုက်သော်လည်း ကျွန်တော့် နှလုံးခုန်နှုန်းက မြန်နေပါသည်။ ကျွန်တော်စိတ်လှုပ်ရှားနေသည်မှာ အမှန်ဖြစ်သည်။

သူက ကျွန်တော့်သူငယ်ချင်းများ ဘယ်သူဖြစ်သနည်းဟု ထုတ်ဖေါ် မပြောဆိုပါက သူလက်တဘက် တည်းနှင့် ကျွန်တော့်လည်ပင်းကို ချိုးပစ်မည်ဟု ခြိမ်းခြောက်ပါသည်။

ကျွန်တော်က ကျွန်တော့်အနေဖြင့် အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုတွင် ပါဝင်ခဲ့သော်လည်း တဦးတည်း အနေနှင့် ပါဝင်ခဲ့ခြင်းဖြစ်သည်။ အပေါင်းအသင်းမရှိဘဲ မိမိသဘောနှင့်သာ ပါဝင်ခဲ့ကြောင်း ပြောလိုက် ပါသည်။ ရုတ်တရက် သူက ကျွန်တော့် မျက်နှာကို ဖြတ်ရိုက်လိုက်သည့်အခါ ကျွန်တော် ဘယ်လက်က အလိုအလျောက် ဝင်လာသော လက်ကို ပုတ်ထုတ်ပြီး ဖြစ်သလို ညာလက်က အသင့်ထိုးရန် ရွယ်ပြီး ဖြစ်သွားပါသည်။ သူအံ့သြသွားပုံရပါသည်။

“မင်းသိုင်းတတ်လား” ဟု မေးပါသည်။

“ကျွန်တော် မတတ်ပါဘူး” ဟု လိမ်ပြီး ပြောလိုက်ပါသည်။ ကျွန်တော်တက္ကသိုလ်ကျောင်းသားဘဝတွင် ဆရာဦးလှသိန်းထံတွင် သိုင်းဗြောင်းပြန်သင်ဘူးပါသည်။ ပယ်ခုတ်ထိုးကို စနစ်တကျ လေ့ကျင့်ဖူး ပါသည်။ သူထွက်သွားပြီး လူနှစ်ယောက်ကို ထပ်ခေါ်လာခဲ့ပါသည်။ ၎င်းနောက် ကျွန်တော့် လက်နှစ်ဖက်ကို ပူးချည်ပြီး ကြိုးဖြင့် ထုတ်တန်းတွင် ဆွဲပြီး လက်နှစ်ဖက်ကို အစွမ်းကုန်မြှင့်ပြီး မတ်တပ်ရပ်ပုံစံ ချည်ထားခဲ့ပါသည်။

သူက ဝါးကျစ်တလုံးကို ယူလာခဲ့ပြီး ကျွန်တော့် တင်ပါးကို အစွမ်းကုန် လွှဲ၍ ရိုက်ပါသည်။ ရိုက်ချက် များက တင်ပါးတလျှောက် ဆက်တိုက်ကျရောက်လာခဲ့ပြီး မညဉ်းညူမိစေရန် အံတင်းတင်း ကြိတ်ထား ခဲ့ရသည်။ နာကျင်ကိုက်ခဲမှုက တကိုယ်လုံး ပျံ့နှံ့နေခဲ့ပါသည်။ နာကျင်မှုနှင့်အတူ ဒေါသကလည်း လှိမ့်ထွက်လာသည့်အတွက် ရိုက်တိုင်းပြန်ဆဲမိသည်အထိ ဖြစ်ခဲ့ပါသည်။ ဆဲသည့်အခါ ပါးကို ဘယ်ပြန် ညာပြန်ရိုက်သည့်အခါ ရိုက်ပါသည်။ မျက်နှာကို လက်သီးနှင့် မထိုးသည့်အတွက် ထူးဆန်းသလို ရှိပါသည်။ (အသေးစိတ်ကို ဇွန်အရေးအခင်းတွင် ရေးပါမည်။) ည ၉ နာရီခန့်မှ စ၍ ရိုက်လိုက်သည်မှာ လူသာလဲသွားသည်။ တုတ်မလဲခဲ့ပါ။ ပထမ စစချင်း နာကျင်ကိုက်ခဲမှု ဝေဒနာမှာ ကြာလာသည့်အခါ ထုံကျင်မှုအဖြစ် ပြောင်းလာခဲ့ပြီး ထိုမှတဖန် ပျို့ချင် အန်ချင်သည်အထိ ဖြစ်လာခဲ့ပါသည်။ လူလဲ ရိုက်နှက်သူများ ချွေးစို့ရွှဲလာခဲ့ပြီး ကျွန်တော်လည်း ရိုက်ချက်တိုင်း တင်ပါးပေါ်ကျသည့်အခါ တုန်ခါသွားသည်ကလွဲ၍ အသံသိပ်မထွက်နိုင်တော့ပါ။ ဗိုလ်ကြီးများက တလှည့်စီ အနုနည်းဖြင့် အကြမ်းဖက်သမားများ ထွက်သွားတိုင်း ဝင်လာတတ်ပြီး “ညီလေး မင်းသိပ်ခေါင်းမာတယ်။ စိတ်ကို လျှော့လိုက်၊ မင်းအသက်က သူတို့ထက် အများကြီး တန်ဖိုးရှိတယ်။ ဘယ်သူတွေ ပါတယ်ဆိုတာ ဖွင့်ပြောလိုက်။ တယောက်ပြောရင်ရပြီ။ မင်းကို ဆက်မရိုက်စေရဘူး။ မင်းတို့လို ပညာတတ်တွေ အသက်မဆုံးရှုံးစေချင်ဘူး” ဟု ဖျောင်းဖျတတ်သည်။ ကျွန်တော်က ငြင်းဆိုမြဲ ငြင်းဆိုနေခဲ့သည့် အတွက် ဝါးရင်းတုတ်ကလဲ ကျွန်တော့်တင်ပါးပေါ်ကျမြဲတိုင်း ကျနေခဲ့ပါသည်။ နံနက် ၂ နာရီခန့်တွင် ကျွန်တော့်ကို ရိုက်နေသော ဝါးရင်းတုတ် အကျစ်ကြီး အနည်းငယ်ကွဲထွက်သွားပါသည်။ ထိုအချိန်တွင် ၆ ပေကျော် လူကြီးက ဝင်လာပြီး ဝါးရင်းတုတ်ကွဲသွားသည့် ဖက်ကို လက်မှ ကိုင်ရင်း မကွဲသည့်ဖက်ကို အဖျားတွင် ပြောင်းကိုင်၍ အချိန်ယူပြီး တအားလွဲရိုက်ထည့်လိုက်သည့်အခါ ကျွန်တော့်နားတွင်းမှ လေထွက်သံ ရွှီးခနဲ ကြားလိုက်ရပြီး လောကကြီး တခုလုံး မှောင်မိုက်သွားခဲ့ပါသည်။

ကျွန်တော်သတိရလာသည့်အခါ အဝါရင့်ရောင် လွင်ပြင်ကြီးကို မြင်နေရပါသည်။ တဖြည်းဖြည်း အဝါရောင် လွင်ပြင်ကြီးတွင် အမဲရောင်ကောက်ကြောင်းများ ရေးရေးပေါ်လာခဲ့ပါသည်။ အခန်းတွင်းရှိ ကုလားထိုင်များ၊ စားပွဲများ၏ ကောက်ကြောင်းများပင်ဖြစ်သည်။ ကျွန်တော်သည် ရန်ကုန်ဝိဇ္ဇာသိပ္ပံ တက္ကသိုလ် ပန်းချီသင်တန်း တက်ခဲ့ဖူးသဖြင့် (Out line) ကောက်ကြောင်း အကြောင်း ကောင်းကောင်း သိပါသည်။

ထိုကြောင့် နာကျင်မှုကိုမေ့ပြီး အဝါရောင်လွင်ပြင်တွင် ပေါ်လာသော ကောက်ကြောင်းများကိုကြည့်ပြီး “အော် Out line လေးတွေဘဲ” ဟု ပြုံးပြီး ကြည့်နေမိပါသည်။ ထိုအခါတယောက်က “အောင်မာ ခွေးမသား ဒီကောင်က ပြုံးတောင်နေသေးတယ်” ဆိုတဲ့အသံနဲ့အတူ ဝှီးခနဲ မြည်သံကြားရပြီး အမှောင်တိုက်ထဲသို့ နစ်မျောကျရောက်သွားခဲ့ပြန်ပါသည်။

ကျွန်တော် သတိပြန်ရလာသောအခါ ကျွန်တော့်ခန္ဓာကိုယ်သည် ကြမ်းပြင်တွင် လဲလျောင်းနေပြီး ခေါင်းတခုလုံး စိုရွှဲနေပါသည်။ ခန္ဓာကိုယ် အောက်ပိုင်းတခုလုံး ထုံကြင်နေပြီး အောက်ပိုင်းသေသလို ဖြစ်နေခဲ့ပါသည်။ ထောက်လှမ်းရေး (၇) တပ်မှူး ဗိုလ်မှူးရဲထွဋ် (နံမည်အတိအကျတော့ မမှတ်မိတော့) က သူ့လူများကို လှမ်းပြောလိုက်သည့်အသံကို ကြားရသည်။ “ဟေ့ကောင်တွေ ဒီကောင်လေးကို မရိုက်နဲ့တော့ တော်ကြာ သေသွားနိုင်တယ်၊ သူ့အမှုတွဲတွေကို သွားထုတ်ခဲ့” ဟု ပြောလိုက်သည်။ “ဒီကောင်တွေကို မျက်နှာချင်းဆိုင်ထားပြီး စစ်မယ်၊ ဒါမှ ဘယ်သူလိမ်တယ်ဆိုတာ သိမယ်” လို့ ပြောပါသည်။ ည ၉ နာရီမှ မနက် ၄ နာရီအထိ ကျွန်တော့်ကို ဝါးရင်းတုတ်စာ ကျွေးခြင်းကို တပ်မှူးက ဝင်ပြောမှ ရပ်လိုက်ပါသည်။

နံနက် (၅) နာရီကျော်လောက်တွင် ပြည်ချစ်ပါတီမှ ကျွန်တော်တို့ လာရောက်ဆွေးနွေးခဲ့စဉ်က လမ်းပြ လုပ်ခဲ့သူ ထွန်းကြင်နှင့် အာဇံခေါ် မောင်မောင်လွင်တို့ နှစ်ယောက်ကို ထောက်လှမ်းရေးမှ အင်းစိန်ထောင်မှ ထုတ်လာပြီး ကျွန်တော့်နှင့် တွေ့ပေးပါသည်။

ထွန်းကြင်က ငိုယိုပြီး သူသေရပါတော့မည် ဖွင့်ဝန်ခံလိုက်ပါဟု တောင်းပန်ပါသည်။ ကျွန်တော့်ရှေ့တွင် တပ်ကြပ်ကြီးက ထွန်းကြင်ကို ပါးနှစ်ချက်ဆင့်ရိုက်လိုက်သည့်အခါ ငိုယိုတောင်းပန်နေပါသည်။ အာဇံကို ကြည့်လိုက်သည့်အခါ ပုံကျတော့မည့်ပုံ ပြိုလဲတော့မယောင်ဖြစ်နေပြီး ဒူးနှစ်လုံးမှာ ဂျစ်ဆောင်တက်၍ သွေးယိုစီးနေသည်ကို တွေ့ရပါသည်။ အာဇံမှ ကျွန်တော့အား စိတ်လျော့ရန် ခေါင်းငြိမ့်အချက်ပြပါသည်။ မထူးတော့ဆိုသည့် သဘောပင် ဖြစ်သည်။ သူတို့နှစ်ယောက်ကို မြင်ရ သည့်အခါ တင်းထားသော ကျွန်တော့်စိတ်များ လျော့ကျ၍ လူတကိုယ်လုံး မလှုပ်ချင်လောက်အောင် နုံးကျသွားခဲ့ပါသည်။ ထွန်းကြင်က သူ့ကိုမိလျှင် နံရံကို ခေါင်းနဲ့တိုက်ပြီး ကိုယ့်ကိုယ်ကို သတ်သေမည် ဟု ကြုံးဝါးခဲ့သူဖြစ်ပါသည်။ ကျွန်တော့်ရှေ့တွင် လက်တွေ့တွင် ကြောက်ရွံ့တုန်လှုပ်နေသည့် ငိုယို တောင်းပန်နေသည်မှာ အပြောနှင့်အလုပ် မတူညီသည့်သူ ဖြစ်ကြောင်း တွေ့ရသဖြင့် အလွန် စက်ဆုပ် မိပါသည်။

နောင် ထောက်လှမ်းရေးဗိုလ်ကြီး မောင်မောင်သွင်က “ထွန်းကြင်ကို ဖမ်းမိတာ ငါတို့သိလို့မဟုတ်ဖူး။ ရပ်ကွပ်မှာ ပျောက်သွားလိုက် ပြန်ပေါ်လာလိုက်နဲ့ ပြန်ရောက်လာရင် ငွေကရွှင်နေပြီး ဖဲဝိုင်းမှာ သုံးဖြုန်း နေတာကို ရပ်ကွက်ကောင်စီက သတင်းပို့လို့ ပြည်ချစ်က လမ်းပြလုပ်တဲ့ သူ့နံမည်ထွန်းကြင်ဆိုတာနဲ့ ဆက်စပ်ပြီး ဖမ်းစစ်လိုက်တာ၊ တချက်မှ မရိုက်ရဘူး၊ တိုက်တရက် ပိတ်မိတာနဲ့ ငိုပြီး အကုန်ဖေါ် တာဘဲ။ မင်းလိုခေါင်းမမာတော့ မနာဘူးပေါ့ကွာ” တဲ့။ အော် - ထောက်လှမ်းရေးကောင်းလို့ မဟုတ်ဘဲ ကိုယ့်လူတွေ သောက်သုံးမကျလို့ကိုးဟု သက်ပြင်းချမိပါသည်။ ဖေါ်တဲ့ သူတွေက ဖေါ်ပြီးတဲ့အတွက် ကျွန်တော်မငြင်းတော့ပါ။ ဟုတ်သည်။ တင်မောင်ဦးနှင့် တွဲလုပ်သည်၊ ထွန်းကြင်နှင့် အာဇံကို တင်မောင်ဦး မိတ်ဆက်ပေးသည့်အတွက် သိကြောင်း ထုတ်ပြောလိုက်သည်။ ရဲမြင့်သိန်းကိုလည်း ၎င်းတို့ ထုတ်ဖေါ်ချက်အရ ဖမ်းထားပြီး ကျွန်တော်တို့ အားလုံးကို အင်းစိန်ထောင်သို့ ပို့လိုက်ပါသည်။

အလုံတိုက်ထဲမှစိတ်ဓါတ်။

ကျွန်တော်တို့ကို အထူးတိုက်၊ ၎င်းနောက် ၅ တိုက်၊ ထို့နောက် စီရင်ချက်ကို ထောင်ပြင် စစ်ခုံရုံးတွင် ချပြီး (၄) တိုက်သို့ ပို့ခဲ့ပါသည်။ တိုက်တွင် (၁၁) လ ခန့်ကြာပြီးနောက် အဆောင် (၃) နိုင်ငံရေး ဆောင်သို့ ပို့ခဲ့ပါသည်။

တိုက် (၄) တွင် နေစဉ်ကာလ ဝမ်းသွားခြင်းကို အကျင့်လုပ်ယူရပါသည်။ တိုက်ထဲတွင် ဂန်ဖလား နှစ်လုံးပေးပါသည်။ တခုကို အောက်တွင် ပက်လက်ထားပြီး မစင်နှင့် ကျယ်ငယ်စွန့်ရန်ဖြစ်ပြီး တခုက အနံ့အသက် ထိန်းရန်အပေါ်မှ အုပ်သည့်အဖုံးအနေနှင့် သုံးရန်ဖြစ်သည်။ အကယ်၍ မနက်ပိုင်း ထောင်ကျလုံချည်ပြာ နှစ်ကြီးအကျဉ်းသားက မစင်ပုံးကို ထမ်း၍ အိပ်ဆောင်ဖွင့်ချိန်တွင်လာပါက ဂန်ဖလားတွင် ရှိသော မစင်နှင့် ကျင်ငယ်ကို မယူ၍ တိုက်ခန်းမှ တံခါးဖွင့်ပေးသည့်အခါ ထွက်၍ သွန်ပေးရသည်။ ထိုသွန်ပြီးသား ဂန်ဖလားကို အဝတ်ပတ်ထားသော တုတ်နှင့် လုံချည်ပြာက သုတ်ပြီးသည်နှင့် မိမိတိုက်ခန်းတွင်းသို့ ပြန်ဝင်ရသည်။ တိုက်ခန်းတခါးကို မိလ္လာသွန်ချိန်နှင့် တပတ်တခါ ရေချိုးချိန်မှ လွဲ၍ ဖွင့်မပေးချေ။ ထို့ကြောင့် တနေ့လုံး ကျင်ငယ်သာစွန့်၍ ကျင်ကြီးမစွန့်ရန် အကျင့်လုပ်ရသည်။ သို့မဟုတ်ပါက ဂန်ဖလားချပြီး၊ မနက်တွင်လည်းကောင်း၊ နေ့လည်တွင် လည်းကောင်း ကျင်ကြီးစွန့်မိပါက တနေ့လုံးကျင်ငယ်၊ ကျင်ကြီးရောနေသည့် ပုတ်အက်အက် အနံ့ဆိုးကြီးကို တနေ့ကုန် တိုက်ခန်းတွင် ရှူနေရမည်ဖြစ်သည်။ ထို့ကြောင့် မနက်မှသာ ကျင်ကြီးစွန့်ရန် ကျင့်ရသည်။ နံနက် မိလ္လာသွန်ရန် တိုက်ခန်း (၁) တွင် တံခါးဖွင့်သံကြားသည်နှင့် ချက်ချင်းထပြီး ဝမ်းသွားရသည်။ ကိုယ့်အခန်း ဖွင့်သည့်အခါ ချက်ချင်းသွန်ပစ်လိုက်၍ တနေကုန် အနံ့အသက် ကင်းစွာ နေနိုင်သည်။

ကျွန်တော်တိုက်ခန်းမှ ထွက်၍ မိလ္လာသွန်တိုင်း အခြားတိုက်ခန်းမှ သွန်သောသူများနှင့် တွေ့ရသည်။ သို့ရာတွင် စကားပြောခွင့်မပေး။ နေ့စဉ် အခန်းဝမှ ထွက်သွန်ရင်း တခု ထူးခြားမိသည်မှာ ထိုမိလ္လာ ထွက်သွန်သူများ၏ လုံချည်များ တစနှင့် တစတိုလာခြင်းပင်ဖြစ်သည်။ နောက်မှ အကြောင်းစုံကို သိရသည်။ မိလ္လာ စက္ကူမရှိသဖြင့် မိမိလုံချည်စကို ဖြဲ၍ ချီးကုန်းခြင်းဖြစ်သလို၊ ကြိုးကျစ်၍ မီးဇာ အဖြစ်သုံးပြီး ဆေးလိပ်မီးညှိကြ သည့်အတွက်ဖြစ်သည်။ ကျွန်တော်ကတော့ ညစ်ပတ်သည် ပြောချင်ပြော လုံးဝ ချီးမကုန်းဘဲနေသည်။ တခါတရံသောက်ရေခွက်နှင့် ရေဆေးသည်။ လောက်လည်း ဒီရေခွက်၊ ဖင်ဆေးလည်း ဒီရေခွက်။ ရွံဘို့ အချိန်မရှိပါ။ ဘဝပေး အခြေအနေအရ ဖြစ်သလို ကြံ့ကြံ့ခံရန် ဆုံးဖြတ်ချက်ကြောင့်သာဖြစ်သည်။

ထောင်တသက်တကျွန်းချလိုက်ပြီးနောက် ၄ တိုက် အခန်း (၇) တွင် သူငယ်ချင်း ရဲမြင့်နှင့် နှစ်ယောက် အတူနေရသည်။ ၎င်း (၄) တိုက်တွင် ၈ လ ခန့်နေစဉ်အတွင်း ၈ ပေx ၆ ပေ တိုက်ခန်းတွင်း နေ့စဉ် ခေါက်တုံ့ခေါက်ပြန် ခြေလှမ်း ၂၇၀၀ မှ ၄၀၀၀ အထိ လမ်းလျှောက်ပြီး ဒိုက်ထိုးခြင်း (Pushup) ကို ၉၀ လုပ်ပါသည်။ ကိုယ့်ကိုယ်ကို တော်လှန်ရေးအတွက် ပြင်ဆင်ထားဟု အမြဲအားပေး၍ ကြိုးစားလုပ် ခဲ့ပါသည်။ ကျွန်တော်အရှုံးမပေးလိုပါ။ ဘယ်တော့မှ အရှူံးမပေးရန်လည်း ဆုံးဖြတ်ထားခဲ့ပါသည်။

လွတ်ငြိမ်းချမ်းသာခွင့်ပေးသော်လည်းညစ်လိုက်သေးသကိုး။

ကျွန်တော့် ၂/၈၀ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အရ ငါးနှစ်အကြာတွင် ၁၉၈၀ ခုနှစ်တွင် ထောင်မှ မထင်မှတ်ဘဲ လွတ်မြောက်လာခဲ့ပါသည်။ နိုင်ငံရေး အကျဉ်းသားများ အားလုံးကို လွတ်ငြိမ်း ချမ်းသာခွင့် ပေးလိုက်သဖြင့် ကျွန်တော့်တို့ လွတ်လာခြင်း ဖြစ်ပါသည်။

လွတ်ငြိမ်းချမ်းသာခွင့် အမိန့်မကြေငြာခင် ကျွန်တော် ထောင်ဆေးရုံသို့ သွား၍ ရဲမြင့်သိန်းကို တွေ့သည်။ သူ့အသဲ ရောင်နေသဖြင့် ဆေးရုံတက်နေရခြင်းဖြစ်သည်။ ဦးသန့်အရေးအခင်း ဖြစ်ပြီးနောက် တင်မောင်ဦး ပြည်ချစ်ပါတီမှ ဦးသွင်တို့နှင့် မြို့ပြလက်နက်ကိုင်တိုက်ပွဲ ဖေါ်ဆောင် ရန်အတွက် ဆွေးနွေးပြီးနောက် ကျွန်တော့်ကို ဒုတိယအသုတ်အဖြစ် ဆွေးနွေးရန် တိုင်ပင်သည့်အခါ ကျွန်တော်က ရဲမြင့်သိန်းကို ကျွန်တော် တောတွင်းသွားရောက်ဆွေးနွေးမည် ဖြစ်ကြောင်း ပြောပြသည်။ ယခင် ပါဝင်သည့် သူငယ်ချင်းများမှာ အမှန်တကယ် လက်နက်ကိုင် တိုက်ပွဲလုပ်ရန် တာစူပြီ ဖြစ်ကြောင်း ဆွေးနွေးသည့်အခါ နောက်ဆုတ်သွားကြသည်။ သူတို့အနေနှင့် အစိုးရကို မကြိုက် သော်လည်း ဆန္ဒပြရုံထက် ပိုလုပ်ရန် မဝံ့ရဲကြ။ ယခင် ဆွေးနွေးစဉ်က အားလုံးက လက်နက်ကိုင် မြို့ပြတိုက်ပွဲကို အားသန်ကြသည်။ လုပ်လိုကြသည်။ အားပေးကြသည်။ လက်တွေ့ အကောင်အထည် ဖော်မည့်အခါ လက်တွန့်သွားကြသည်။ ကျွန်တော် တယောက်တည်း လုပ်မည်ဆိုသည့်အခါ ရဲမြင့်က စိတ်မချ။ သိပ်ချစ်ကြသည့် သူငယ်ချင်းတွေမို့ သူလိုက်မည်ဟုပြောသည်။ ကျွန်တော်က “အေး ငါတို့ အလုပ်က အဆိုးဆုံး သေနိုင်တယ်၊ မသေရင် ထောင်ကျမယ်” လို့ ပြောသည်။ ရဲမြင့်က “အေး အဖမ်းခံရင် ဘယ်လောက်ကျမလဲ” ပြန်မေးသည်။ ကျွန်တော်က အဖမ်းခံရရင် ကြာလှ ၅ နှစ်ပေါ့” ဟု ဖြေလိုက်သည်။ ရဲမြင့်က “အေး လုပ်မယ်ကွာ ငါးနှစ်ဆိုရင် နေနိုင်ပါတယ်” တဲ့။

ထောင်ဆေးရုံတွင် ကုတင်ပေါ်တွင် လှဲနေသော သူငယ်ချင်းကို “ဟေ့ကောင် စိတ်တင်းထား ငါပြောတယ် မဟုတ်လား၊ ငါတို့ ငါးနှစ်လောက်ဘဲ နေရမှာဆိုတာလေ၊ ငါးနှစ်ပြည်ဘို့ တလဘဲ လိုတော့တယ်။ ငါတို့လွတ်မှာပါ”ဟု သူငယ်ချင်း ဖြစ်သူကို အားပေးမိသည်။ ထို့နောက် အလ္လာ သလ္လာပပြောပြီး ထောင်ဆေးရုံမှ ထွက်ခဲ့သည်။ ဆေးရုံမှ ခြေလှမ်း ၁၀ လှမ်း အကွာတွင် ထောင်ဆေးမှူး ကိုဘသန်း (ထောင်ပိုင် မက္ကနားသားမက်) က “ဟေ့ကိုထွန်းအောင်ကျော် ဒီကို မြန်မြန်လာ” ဟု လှမ်းခေါ်လိုက်၍ သူ့ရုံးခန်းသို့ ပြေးသွားသည်။ သူက ရေဒီယို ဖွင့်ထားပြီး “နားထောင် နားထောင်” ဟု ဝမ်းသာအယ်လဲ ပြောသည်။

ရေဒီယိုက “မြန်မာနိုင်ငံတော်အစိုးရ ၂/၈၀ အမိန့်အမှတ်အရ နိုင်ငံရေး အကျဉ်းသားများကို လွတ်ငြိမ်း ချမ်းသာခွင့် ပေးလိုက်ကြောင်းဖြစ်သည်။ ကျွန်တော် ရဲမြင့်အခန်းသို့ ပြေးသွားပြီး “သူငယ်ချင်း ငါမပြောဘူးလား၊ ငါတို့ ငါးနှစ်ဘဲနေရမယ်ဆို အခု အစိုးရက နိုင်ငံရေးအကျဉ်းသားတွေ လွတ်ငြိမ်း ချမ်းသာခွင့်ပေးလိုက်ပြီ ငါတို့လွတ်ပြီကွ” ဟု ဆိုသည်။

ရဲမြင့်က ကျွန်တော့်ကို မချိုမချဉ်ကြည့်ရင်း “ငါတော့ စိတ်မကောင်းဘူးကွာ” ဟု ညည်းလိုက်သည်။

“ဟ။ ဘာဖြစ်လို့ မင်းကလွတ်မဲ့ဟာ စိတ်မကောင်းဖြစ်နေတာလဲ” ဟု မေးသည့်အခါ သူကပြုံးပြီး “အခုလွတ်ရင် ငါက အသဲရောင်နေတော့ ဘယ်အရက်သောက်လို့ ရမှာလဲကွာ” တဲ့ အဲဒီတော့ “ခွေးမသား မင်းက အရက်မသောက်ရမှာ တွေးပူနေရသေးတယ်” ဆိုပြီး သူငယ်ချင်းနှစ်ယောက် ဝမ်းသာမိခဲ့ကြသည်။

နိုင်ငံရေးမှ တော်လှန်ရေးသို့ ပြောင်းလုပ်ခဲ့စဉ်က ထောင်ကျရင် ငါးနှစ်ဘဲ နေရမယ်ဆိုပြီး ကျွန်တော် ပြောခဲ့သည်က ကျွန်တော်ဘဲ နှုတ်စည်း၍လား မသိ၊ ဒက်ထိမှန်ခဲ့သည်မှာ တိုက်ဆိုင်မှုလား မသိ၊ နိုင်ငံရေးစလုပ်ကထဲကထောင်ငါးနှစ်ထက်ပိုမနေရဟုအလိုလိုသိနေသည်။ထူးဆန်းသလိုတော့ ရှိသည်။

အကျဉ်းသားများမိသားစုများ၏မျှော်လင့်ချက်ကိုရိုက်ချိုးခြင်း။

ကျွန်တော်တို့ကို မလွှတ်ခင် ထောင်အာဏာပိုင်များနှင့် အစိုးရက ထောင်တွင်း၌ နိုင်ငံရေး အကျဉ်းသားများမရှိ၊ ရာဇဝတ်သားများ သာရှိကြောင်း ကြွေးကြော်ခဲ့ပါသည်။ ရာဇဝတ်သားများကိုမူ ၃ ပုံ ၂ ပုံ လျှော့ရက်ပေး၍ လွှတ်ပါသည်။ ကျွန်တော့်မိသားစုများနှင့် နိုင်ငံရေးအကျဉ်းသား မိသားစုများ ထောင်ဗူးဝတွင် လာရောက်ပြီး မိမိသား လွတ်နိုး၊ မိမိယောက်ျား လွတ်နိုး၊ မိမိအကို၊ မောင်၊ ညီ လွတ်နိုးနှင့် လာစောင့်ကြပါသည်။

ပထမစစခြင်း ရာဇဝတ်သားများကို ၃ ပုံ ၂ ပုံ လျှော့၍ ၎င်းတို့ နေသား ၁ ပုံကျော်လျှင် လွှတ်ပေး ပါသည်။ ဥပမာ- ထောင် (၃) နှစ် ကျသူသည်၊ ၃ ပုံ ၂ ပုံ လျှော့လိုက်သဖြင့် တနှစ်သာ ကျန်သည်။ သူထောင်ထဲတွင် နေသား တနှစ်ကျော်လျှင် လွတ်သည်။ နိုင်ငံရေး အကျဉ်းသားများကိုလည်း ရာဇဝတ်သား အဖြစ်သတ်မှတ်၍ နေသားတပုံ ကျော်ပြီး သူများကို ရာဇဝတ်သားများအဖြစ် သတ်မှတ်၍ လွှတ်ပေးပါသည်။ ကျွန်တော့်အတွက်မှာမူ တသက်တကျွန်း ကျခံထားသူလည်းဖြစ်နေ၊ နေသားကလည်း ၅ နှစ်သာ ရှိသေးသဖြင့် မလွတ်ဘဲ ရှိနေပါသည်။ သူတို့ကို အစိုးရ ကြေငြာချက်ကို ပြောပြ၍ ကျွန်တော့်တို့သည် နိုင်ငံရေး အကျဉ်းသားများဖြစ်ကြောင်း ထို့ကြောင့် ချက်ချင်းလွှတ်ပေးရန် တောင်းဆိုသည့်အခါ ထောင်ပိုင်က ကျွန်တော်တို့သည် ရာဇဝတ်သားများသာ ဖြစ်သဖြင့် မလွှတ် နိုင်ကြောင်း ငြင်းဆိုခဲ့ပါသည်။ ထောင်တွင်းရှိ ရာဇဝတ်သားများနှင့် နိုင်ငံရေး အကျဉ်းသားများထဲမှ ၃ ပုံ ၁ ပုံ နေသားရှိပြီး၊ သူများအားလုံး ရာဇဝတ်သားများ အနေနှင့် လွှတ်လိုက်ပြီး ၁၆ ရက်အကြာ ည ၁၀ နာရီခန့်တွင် နှစ်ကြီးသမားများ ဖြစ်သည့် တသက်တကျွန်းများနှင့် သေဒါဏ်ကျခံနေရသူ နိုင်ငံရေး အကျဉ်းသားများကို နောက်ဆုံးရာဇဝတ်သားများအဖြစ် သတ်မှတ်၍ လွတ် မရ နိုင်မှန်း သိသည့် အခါကျမှသာ နိုင်ငံရေးအကျဉ်းသားများအဖြစ် သတ်မှတ်ပြီး လွှတ်ပေးခဲ့ပါသည်။ စစ်အစိုးရသည် နိုင်ငံရေးအကျဉ်းသားများ နိုင်ငံတွင်း မရှိဟု ဖုံးကွယ်ဘို့ရန် အစွမ်းကုန် ကြိုးစားပြီး လွတ်မြောက် လာသူများထဲတွင် နိုင်ငံရေး အကျဉ်းသားအဖြစ် လွတ်မြောက်သူ နည်းနိုင်သမျှ နည်းကြောင်း ကမ္ဘာသို့ ဗြောင်လိမ်ရန် ကြံစည်မှုသက်သက်ဖြစ်ကြောင်း သုံးသပ်မိပါသည်။

ကျွန်တော့ မိဘများ အစိုးရ၏ လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေကြောင့် အလွန်ဝမ်းမြောက်ကြပြီး အခြား နိုင်ငံရေး အကျဉ်းသား မိသားစုများနှင့် ထောင်ဗူးဝတွင်နေစဉ် ရက်ဆက် (၁၀) ရက်တိုင်တိုင် လာစောင့်ကြသော်လည်း ကျွန်တော်တို့လို နှစ်ကြီးသမားများ လွတ်မလာဘဲ ၅ နှစ်၊ ၉ နှစ် ကျသည့် နိုင်ငံရေး အကျဉ်းသားများသာ ရာဇဝတ်သားများအဖြစ် သတ်မှတ်၍ လွှတ်သည့်အတွက်ဝမ်းနည်းစွာ နှင့် အိမ်ပြန်ခဲ့ကြရသည်။ ထောင်ပိုင်ကို မေးသည့်အခါ ကျွန်တော်တို့သည် နိုင်ငံရေး အကျဉ်းသား မဟုတ်ဟု ပြောလွှတ်လိုက်ပြန်သည်။

ဆန္ဒပြရန် စီစဉ်ခြင်း။
ထောင်ထည်းတွင်လည်း ကျွန်တော်က အချုပ်ကျနေသူ နိုင်ငံရေး အကျဉ်းသားများကို စည်းရုံး၍ ဆန္ဒပြရန် စီစဉ်ပါသည်။ ၎င်းတို့ကလည်း ပူးပေါင်းပါဝင်မည်ဟု ကတိပေးပါသည်။ ထိုမှတဖန် ကြိုးတိုက်သို့သွား၍ ကြိုးဒဏ်ကျနေသော နိုင်ငံရေး အကျဉ်းသားများကို ကျွန်တော်တို့နှင့် ပူးပေါင်း ပါဝင်ရန် ဆွေးနွေးပါသည်။ ဆွေးနွေးကြသူများမှာ မန်းငွေအောင်၊ မန်းဒါဝိတ်၊ ရခိုင်လူမျိုးဦးထိန်လင်း၊ ဇေယျ၊ သူရတို့ ညီအစ်ကို၊ ဗုံးခွဲသူ ဇော်ကြီးခေါ် ဇော်မြင့်နှင့် ဘုန်းကြီး ဦးလာဘတို့ ဖြစ်ပါသည်။ ၎င်း နေ့တွင်ပင် အချုပ်နှင့် ဖမ်းထားသည့် စီရင်ချက် မကျသေးသော နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးလိုက်သဖြင့် ဆန္ဒပြမည့်သူ ကျွန်တော်တို့ အုပ်စုဘဲ ကျန်ပါတော့သည်။ ညဘက် ရောက်သည့်အခါ ကျွန်တော်တို့ ဆန္ဒပြမည်ကို သိသဖြင့် ထောင်ပိုင်က (၃) ဆောင် တခုလုံးကို အထုတ်အပိုး ပြင်ဆင်စေပြီး ညကြီးမင်းကြီး (၅) ဆောင်သို့ ပြောင်းရွှေ့ပါသည်။ တဆောင်လုံး ပြောင်းသဖြင့် ကျွန်တော်တို့ လိုက်ပါသွားရပါသည်။ (၅) ဆောင်အောက် (၂) တွင် ကျွန်တော်တို့ အုပ်စု နေရာချပြီးသောအခါ (၃) ဆောင်မှ ပြောင်းလာသည့် ရာဇဝတ်သားများအားလုံးကို ပြန်ထုတ်၍ (၃) ဆောင်သို့ ပို့ပြန်ပါသည်။ ထိုအခါမှ ကျွန်တော်တို့ အုပ်စု သက်သက်ကို ပြောင်းလျှင်ပြဿနာလုပ်မည် စိုးသဖြင့် တဆောင်လုံး ပြောင်းစေကြောင်း သတိပြုမိပါတော့သည်။

ကျွန်တော်၊ ရဲမြင့်သိန်း၊ အာဇံ၊ တင်ကြိုင်၊ မောင်မောင်အေး၊ လေးခင်၊ ထွန်းကြင် ထို (၇) ယောက်ကို (၅) ဆောင် ပြောင်းရန်အတွက် တဆောင်လုံး ပြောင်းခိုင်းခြင်းသည်။ ကျွန်တော်ဦးဆောင် ဆန္ဒပြ မည်ကို အတော်စိုးရိမ်ဟန်တူသည်ဟု တွေးပြီး ပြုံးမိပါသည်။

(၅) ဆောင်ပြောင်းပြီး ကျွန်တော်မိန်းဂျေး (Main Jail) ဂိတ်သို့ သွား၍ ထောင်ပိုင်နှင့် တွေ့လိုကြောင်း ကျွန်တော်တို့သည် နိုင်ငံရေး အကျဉ်းသားများဖြစ်ကြောင်း အရေးဆိုပါသည်။ ဝါဒါများက ကျွန်တော် တို့သည် နိုင်ငံရေး အကျဉ်းသားများ မဟုတ်သည့်အတွက် မလွှတ်ခြင်းဖြစ်ကြောင်း ချေပပါသည်။ ကျွန်တော်က ၁၂၂/၁-၂ ဆိုသည်မှာ နိုင်ငံရေးအရ အမြင့်ဆုံး ပုဒ်မဖြစ်ကြောင်း နိုင်ငံတော် ပုန်ကုန်မှု ဖြစ်ကြောင်း ၁၂၂/ ၁-၂ သည် နိုင်ငံရေး ပုဒ်မမဟုတ်လျှင် သူအမေလင် ပုဒ်မလားဟု ပြန်မေးသည့်အခါ ဝါဒါများ စိတ်ဆိုးကြသော်လည်း ရိုက်မောင်းပုတ်မောင်း မလုပ်ကြပါ။ ထိုချိန်က ကျွန်တော်တို့အား မလွှတ်သေးသော်လည်း ထောင်တွင်း ပြောချင်ရာ ပြော၊ သွားချင်ရာသွား လွတ်လပ်ရေး ပေးထား ပါသည်။

ခိုးကြောင်ခိုးဝှက်လွှတ်ပေးခြင်း။
လွတ်ငြိမ်းချမ်းသားခွင့်ပေးပြီး ၁၆ ရက် အကြာ ကျွန်တော်တို့ အုပ်စုနှင့် သေဒါဏ်သမားများကို ထောင်းဗူးဝသို့ ည ၁၀ နာရီခန့်တွင် ခေါ်သွားပါသည်။ ထောင်ဗူးဝသို့ မရောက်ခင် ဘယ်ဘက်ရှိ တန်းလျားတခုတွင် ထောင်မှူးများက အမည်၊အသက်၊ နေရပ်လိပ်စာတို့ကို စစ်ဆေးပါသည်။ ၎င်းစစ်ဆေးသူများထဲတွင် တင်မောင်ဦးကို ကြိုးပေးသတ်သူ ထောင်မှူးကြီးကျော်ဒင်၊ ထောင်မှူးကျော်ဒင် သည် မြန်မာ့လက်ရွေးစင် ဘော်လီဘောသမားဖြစ်သည်ဟု သိရသည်။ ၎င်းသည် အရပ် ၆ ပေ ခန့်မြင့်ပြီး အသားမဲကြုတ်ကြုတ်နှင့် ခန္ဓာကိုယ်ကြီးမား တုတ်ခိုင်သူတဦးဖြစ်သည်။ ၎င်းက ထွန်းကြင် အား…

“ဟေ့ကောင် ပုံစံရပ်” ဟု ပြောသဖြင့် ထွန်းကြင်က ပုံစံရပ်သည်။ ကျွန်တော်က “ငါတို့ကို အခု လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ဘို့ လုပ်နေတာ ပုံစံမရပ်နိုင်ဘူး” ဟု ပြန်ပြောသည့်အခါ ကျော်ဒင်က ကျွန်တော့်ကို ဒေါသနှင့် ကြည့်ပြီး ဘာမှ ထပ်မပြောတော့ချေ။ ထို့နောက် ကျွန်တော်တို့ တသိုက် ဘယ်သူမှ ပုံစံမရပ်ဘဲ သူတို့မေးသမျှကို ဖြေပြီး ည (၁၂) နာရီခန့်တွင် အထုတ်အပိုးများ ယူလျက် ထောင်ဗူးဝထဲတွင် တန်းစီရပ်လိုက်ကြသည်။ ကျွန်တော်တို့နှင့်အတူ ပန်းချီဆရာကြီး ဦးမြတ်ကျော်၏ သားများဖြစ်သော ဇေယျ၊ သူရတို့ ညီအစ်ကိုလည်းပါသည်။ သူတို့ကလည်း သေဒါဏ်ကျထားသူများ ဖြစ်သည်။

ထောင်ဗူးဝတွင် ကျွန်တော်တို့ကို ဖမ်းစဉ်က သိမ်းယူထားသည်များကို လက်မှတ်ထိုး ထုတ်ယူပြီး တယောက်လျှင် အိမ်ပြန်စားရိတ် ၄၇ ပြား ထုတ်ပေးပြီး ထောင်ထွက်လက်မှတ်လည်း ပေးလိုက်သည်။ လိုက်ပို့မည့်ကားများမှာ အချုပ်ကားများဖြစ်သည်။ ထရပ်ကား လူစီးကားများ မဟုတ်။

လွတ်ပြီကျွတ်ပြီ။

ထောင်ဗူးဝ အချုပ်ကားကြီးထည်းသို့ တံခါးကို မပြီး ဝင်လိုက်ကြသည်။ ကျွန်တော်တို့နှင့်အတူ အခြား အကျဉ်းသားများလည်းပါသည်။ စုစုပေါင်း ၂၀ ကျော် ၃၀ ခန့်ရှိမည်။ အားလုံး မျက်နှာများ အပြုံးဖြင့် တောက်ပနေကြသည်။ ဇေယျနှင့် သူရတို့ ညီအစ်ကိုလည်း ပါသည်။ သူတို့က ကျွန်တော့်အိမ် နောက်ဖက်လမ်းတွင် နေသည်၊ တရပ်ကွက်တည်းသားများဖြစ်သည်။ ကမာရွတ်မီးပွိုင့်တွင် ရဲမြင့်ဆင်းသည်။ ကျွန်တော်နှင့်အတူ ကိုအောင်စိုး၊ ဇေယျတို့ ညီအစ်ကိုလည်းဆင်းသည်။ ရဲမြင့်က အိမ်နှင့်နီးသဖြင့် လမ်းလျှောက်ပြန်သည်။ ကျွန်တော်တို့က အချုပ်ကားနောက်တွင် ရပ်လာသည့် လေးဘီးကားပေါ် တက်စီးသည်။ ကိုအောင်စိုးသည် ပြည်ချစ်ပါတီမှဖြစ်သည်။ မော်လမြိုင် ရဲစခန်းကို ဝင်စီးရန် ကြံစည်မှုဖြင့် အဖမ်းခံရပြီး မော်လမြိုင်ထောင်ဖေါက်ရန် ကြံစည်မှုဖြင့် ခြေကျင်းခတ်ပြီး အင်းစိန်ထောင် အပို့ခံရသူဖြစ်သည်။ ထောင်တွင်း ခြေကျင်းဖြင့် ခြင်းခတ်၊ ဘော်လီဘောကစား၊ ဘောလုံးကန် အကုန်လုပ်သည်။ အလွန်ပေသည်။ သူ့သံခြေကျင်းသည် စတီးရောင် ပြောင်နေသည်။ လှုပ်ရှားပွတ်တိုက်လွန်းသဖြင့် သံချေးမတက်။ ထောင်ဖေါက်ရန် ကြံစည်မှုဖြင့် ခြေကျင်းမဖြုတ်ဘဲ တောက်လျှောက် ၅ နှစ်ကျော် ခတ်ခံထားရသူ ဖြစ်သည်။ ရန်ကုန်တွင် တည်းစရာ အိမ်မရှိ၊ အသိမရှိ။ ကျွန်တော်က ကျွန်တော့်အိမ်လိုက်အိပ်ရန် ဖိတ်သဖြင့် ဝမ်းသာစွာ လိုက်လာသည်။

လေးဘီးကား အသံလွှင့်ရုံရှေ့ ရောက်သည့်အခါ ရုပ်မြင်သံကြားမျှော်စင်ကြီးကို တွေ့ရသည်။ အော် ငါတို့ဗမာတွေ ရုပ်မြင်သံကြားတွေ ဘာတွေ ကြည့်နေရပြီကိုးဟု ပြုံးမိသည်။ ကျွန်တော်တို့ အဖမ်းခံ ရစဉ်က ရုပ်မြင်သံကြား မရှိသေး။

လေးဘီးကား အိမ်ရှေ့တွင် ရပ်စေပြီး ကျွန်တော်တို့ နှစ်ယောက် ဆင်းလိုက်သည်။ ဇေယျတို့ ညီအစ်ကို က သူတို့အိမ်ဘက်ဆက်ပြီး သွားသည်။ သူတို့ ကားခပေးလိုက်မည်ဟု။ “အေး တွေ့မယ်ကွာ” ဟု ပြောခါ ကားပေါ်မှ ဆင်းလိုက်သည်။ ကျွန်တော်တို့အိမ်ကြီးကို ကြည့်လိုက်သောအခါ အိမ်ပတ်ပတ် လည်တွင် အုံးပင်များက မိုးသို့ထိုးထွက်နေသည်၊ လွန်ခဲ့သည့် ငါးနှစ်က အပင်တွေ အမြင့်မှာ ၂၅ ပေခန့်သာ ဖြစ်သည်။ ယ္ခု အပင်များက ပေ ၄၀ ခန့်ကျော်ပင် ကျော်မည် မလျှော့။ အိမ်ဘေးမှ သစ်တိုပင်ကြီးကလည်း စိမ်းစိမ်းထနေသည်၊ မည့်လျှင် အလွန်ချိုသော အပင်ကြီးဖြစ်သည်။ သစ်တို ပင်ကြီးနှင့် မလှမ်းမကမ်းတွင် စိုက်ထားသည့် ပိန္နဲပင်ကြီးကလည်း ပေ ၃၀ ကျော်လောက် မြင့်နေပြီ၊ အော်အတော် ပြောင်းလဲသွားပါပေါ့လားဟု တွေးမိသည်။ အချိန်က သန်းခေါင်ကျော်နေပြီ။ ဘယ်သူမှ ကျွန်တော်တို့ လွတ်လာမည်ကို မသိသလို၊ လွတ်မည်ဟုလည်း မထင်ကြတော့။


မိဘမေတ္တာတုနှိုင်းလို့မရပါ။


“ကဲ ကိုအောင်စိုးရေ ခြံတံခါးတော့ ပိတ်နေပြီ၊ လှမ်းအော်လည်း သူတို့နိုးမှာ မဟုတ်ဘူး၊ ခြံတံခါးကို ကျော်တက်ကြစို့။ အမေ့ကို နှိုးမယ်ဟု ပြောလိုက်သည်။ ပြီးနောက် နှစ်ယောက်သား သံဘောင် အကန့်များဖြင့် လုပ်ထားသည့် ခြံတံခါးကို ကျော်တက်ကြသည်။ တံခါးထိပ်တွင် သံဆူးကြိုးများ သွယ်တန်းထားသဖြင့် သံတိုင်အချွန်များနှင့် သံဆူးကြိုးများကို သတိထား ခွကျော်ပြီး ခြံထည်းသို့ ခုန်ဆင်းလိုက်သည်။ ကိုအောင်စိုးမှာ သံခြေမကျင်းမရှိသဖြင့် လမ်းမလျှောက်တတ်သလို ဖြစ်နေသည်။ ကွတကွတနှင့် လမ်းလျှောက်ပြီး ပေါ့တော့တော့ကြီး ဖြစ်နေတယ်ဗျဟု ပြောသည်။ အိမ်မကြီးရှိရာသို့ လျှောက်လာပြီးကား ဂိုဒေါင်သို့ ကပ်ပြီး အမေနှင့် အဖေကို အော်ခေါ်လိုက်သည်။

“အမေ၊ အဖေ တံခါးလာဖွင့်ပါအုံး” ဟု နှစ်ခါ သုံးခါ ခေါ်သည့်အခါ အိမ်အပေါ်ထပ် စင်္ကြန်မီး ဖြတ်ခနဲ ပွင့်လာသည်။ အမေနှင့် အဖေ မီးဖိုခမ်းနှင့် အိမ်မကြီး သွယ်တန်းထားသော စင်္ကြန်ပေါ်သို့ ပြေးထွက် လာသည်။

သား… လူလေး… အထွန်းလား” ဟု အမေကမေးသည်။ “ဟုတ်တယ်အမေ ကျွန်တော် လွတ်လာပြီ တံခါးဖွင့်ပါအုံး”ဟု လှမ်းပြောသည်။ အဖေက နောက်ဖေးလှေကားမှ ပြေးဆင်းလာပြီး “တံခါးသော့ ယူခဲ့ပါအုံး” ဟု ဆိုသည်။ အမေက “အေးအေး” ဟုဆိုပြီး အိမ်တွင်းပြန်ဝင်သွားသည်။ တခဏချင်း ပြေးထွက်လာပြီး တံခါးသော့ကို အဖေ့ကို ပစ်ပေးရင်း လူကိုယ်တိုင် ဆင်းလိုက်လာသည်။

အဖေက တံခါးကို လက်တုန်တုန်ရင်ရင်နှင့် ဖွင့်သည်။ မျက်ရည်တွေ စီးကျလို့၊ ပြုံးလို့။ တံခါးက တော်တော်နှင့် ဖွင့်မရ၊ လက်တွေက တုန်နေသည်ကိုး။

“ကဲ ရှင်ဖယ်စမ်းပါ” ဟု ဆိုကာ အဖေ့လက်ထဲသော့ကို လှမ်းယူပြီး အမေဖွင့်၍ တံခါးပွင့်သွားသောအခါ အမေက လှမ်းဖက်သည်။

“ငါ့သား ဒီတသက် တွေ့မှတွေ့ရပါတော့မလား အောက်မေ့တာ” ဟု ပြောပြီး မျက်ရည်ကျသည်။ အမေ့ကို တင်းတင်းဖက်လိုက်မိသည်။ အမေက တသိမ့်သိမ့်ရှိုက်နေသည်၊ တဦးတည်းသောသားလေး မသေမပျောက် ပြန်တွေ့ရသည်မဟုတ်လား။ အဖေက နှစ်ယောက်လုံးကို ဖက်ထားသည်။

“ကဲ အိမ်ပေါ်တက်ကြစို့ဟု အဖေက သတိပေးမှ သားအမိနှစ်ယောက် အိမ်ပေါ်တက်ခဲ့ကြသည်။ ကိုအောင်စိုးကို “အမေ ဒါကျွန်တော့်ရဲဘော် ကိုအောင်စိုး ဒီညဒီမှာတည်းမယ် ဒါ ကျွန်တော့ အမေ ဒေါ်ကြင်လှ၊ အဖေဦးတင်အုံး”ဟု မိတ်ဆက်ပေးသည်။ တညလုံးသား အမိသားအဖတွေ စကားလက်ဆုံ ပြောမကုန်ကြ။ အဖေနှင့် အမေက သူတို့ ၁၀ ရက်တိတိ ထောင်ဗူးဝတွင် လာစောင့်ပြီး ည ၉ နာရီခန့်မှ ပြန်ပြန်သွားကြကြောင်း၊ မလွတ်သည့်အတွက် စိတ်ထိခိုက် ကြေကွဲရကြောင်း ပြန်ပြောင်းပြောပြကြသည်။ အမေက ကော်ဖီဖျော်ပြီး မုန့်များဖြင့် ဖွယ်ဖွယ်ရာရာ ကျွေးသည်။ ဝမ်းသာလုံး ဆို့နေကြ၍ မစားနိုင်ကြ။ ကော်ဖီသာ တခွက်ပြီး တခွက်သောက်ရင်း မိုးလင်း သွားခဲ့ကြသည်။

ကိုအောင်စိုးကို နေ့လည်ရထားဘူတာဆင်းဘို့ ရန်ကုန်ဘူတာရုံကြီးသို့ လိုက်ပို့ပြီး လမ်းစားရိတ်ပါ ပေးလိုက်သည်။ ကိုအောင်စိုး ရထားထွက်ခါနီး မျက်ရည်လည်နေသည်။ သေအတူ ရှင်မကွာ နေလာကြသူတွေ ခွဲခွါကြရတော့မည်ကိုး။


ကိုယ်ချင်းစာတရား။


ကျွန်တော်တိရစ္ဆာန်ရုံသို့ မသွားချင်တော့ပါ။ တိရိစ္ဆာန်ရုံသို့ သွားခြင်းသည် ပျော်စရာဟုလည်း မထင် တော့ပါ။ သူတို့အားလုံး ကျွန်တော်တို့လို အကျဉ်းကျနေကြတာပါလားဆိုသည့် ဘဝပေးအသိက ကျွန်တော့် နှလုံးသားတွင်း၌ နက်နက်ရှိုင်းရှိုင်း နေရာယူလိုက်ပါပြီ။ သူတို့ဟာ ရာသက်ပန် အကျဉ်းသားတွေပါလား။ လွတ်ရက်လုံးဝမရှိဘဲ ဒီအကျဉ်းကျလှောင်အိမ်ထဲမှာ မဝရေစာ စားရင်း သေကြရမှာပါလားဟု ကိုယ်ချင်းစာစိတ်နဲ့ မြင်တတ်လာပါသည်။ ပျော်ရွှင်စရာထက် သူတို့အတွက် စာနာစိတ်ဖြင့် ဝမ်းနည်းမိလာပါသည်။

ကျွန်တော်တိုက်ပိတ်ခံထားရစဉ် သံတိုင်ကြားတွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေခဲ့သည့် နည်းတူ ကျားများ၊ ခြင်္သေ့များကလည်း လှောင်အိမ် သံတိုင်များကြားတွင် ခေါက်တုံ့ခေါက်ပြန် လျှောက်ရင်း ဘဝတွေ ဆုံးခဲ့ကြရမည်မှာ အတူတူပင်ဖြစ်သည်။ အကျဉ်းကျနေသူများဘဝကို အကျဉ်းကျဖူးသူမှ ကိုယ်ချင်းစာ နားလည်နိုင်ပါသည်။ ထောက်လှန်ရေးမှ ဗိုလ်ချုပ်ခင်ညွန့်တို့ လူသိုက် ထောင်ကျသည့်အခါ သူတို့အနေနှင့် အကျဉ်းသားများဘဝကို ကောင်းကောင်းသဘော ပေါက် လိမ့်မည်ဟု ထင်မြင်ပါသည်။ ထို့အတူ တချိန်က အာဏာယစ်မူး၍ ခက်ထန်ခဲ့သူ ဦးနေဝင်း၊ စန္ဒာဝင်းတို့ မိသားစုသည်လည်း ယ္ခုအချိန်တွင် စစ်အာဏာရှင်စံနစ် ၏ ဆိုးဝါးမှုကိုမိသားစုအားလုံး ခံစားရ သည့်အခါအကျဉ်းသားများဘဝကို စာနာစိတ်များ ဖြစ်ပေါ်နေမည့်အပြင် စစ်အာဏာရှင်စံနစ် အမြန်ဆုံး ချုပ်ငြိမ်းပါစေဟု ဆုတောင်းနေမည့် သဘောရှိပေလိမ့်မည်။

လက်ရှိ သန်းရွှေ၊ မောင်အေး၊ သိန်းစိန်တို့ အုပ်စုသည်လည်း ၎င်းတို့ ဆရာကြီးများကို သင်္ခန်းစာယူ၍ တိုင်းပြည်အာဏာကို ပြည်သူ့လက်သို့ အသာတကြည်အပ်နှင်းပါက ဗိုလ်နေဝင်းတို့ကဲ့သို့ အဖြစ်ဆိုး မကြုံဘဲ ရှောင်လွဲနိုင်ပေလိမ့်မည်။ သို့ရာတွင် ကိုယ်ချင်းစာစိတ်ဆိုသည်မှာ ခံစားတတ်သူ၊ ကြင်နာ တတ်သူ၊ လူပီသသူများတွင်သာ ရှိပါသည်။

ထွန်းအောင်ကျော်

Monday, July 11, 2011

0 ကိုကျော်ရင်လှိုင်ခြေရာနင်းတဲ့ ဦးမြင့်

NLD ရုံးချုပ်တွင် ကျင်းပသည့် ကမ္ဘာ့ AIDS နေ့၌ ဒေါက်တာဦးမြင့် ဖျော်ဖြေနေစဉ်

ဖြစ်ပြီးမှ ပျက်တာဘဲ ကြားဖူးပါတယ်။

မဖြစ်ခင် ပျက်ပျက်နေတဲ့ ကိစ္စတွေထဲမှာ သမ္မတအကြံပေးကြီး ဦးမြင့်လည်း မှတ်တမ်းဝင်ခဲ့ပါပြီ။
ဟောင်ကောင်က နိုင်ငံရေးပါမောက္ခ ကိုကျော်ရင်လှိုင်ရဲ့ NLD မှာ ပို့ချမယ့် သင်တန်းလည်း အနီးကပ်မှအဖတ်ဆယ်မရ ဖြစ်ခဲ့ဖူးတယ်။

ကိုယ်ဝန်ဆောင်တွေ အဘောရှင်းဖြစ်သလို ကျွန်တော်တို့ ဆီမှာလည်း ပညာပေးသင်တန်းတွေ အသေတောင် မမွေးနိုင်တော့တာ စိတ်မကောင်းစရာပါ။

အခု ဦးမြင့်ရဲ့ ရွှေဂုံတိုင်ကပွဲကို NLD နဲ့မပတ်သက်သူတွေ၊ တခြား နိုင်ငံ့ဖွံ့ဖြိုးရေး စိတ်ဝင်စားသူတွေ သွားရောက်နားထောင်ဖို့  ဟန်တပြင်ပြင် ဖြစ်နေကြတုန်း အခုလို ပွဲပျက်သွားတဲ့အပေါ် မချိတင်ကဲ ဖြစ်ကြ ရပါတယ်။ ဘာ့ကြောင့် ပျက်ရတယ်၊ ဘယ်သူ့ကြောင့် ပျက်ရတယ်ဆိုတာ ဟိုလူ့ပုံချ၊ ဒီလူ့ပုံချ လုပ်မနေကြဘဲ ၀ိုင်းဝန်း အဖြေထုတ်ကြဖို့ လိုပါတယ်။ ဦးမြင့်ဘက်ကတော့ “မအားတော့လို့ပါလို့” အကြောင်းပြချက် ပေးတယ်လို့ ကြားသိရပါတယ်။ ဒါပေမယ့် ဒီဟောပြောပွဲသတင်းကို အတတ်နိုင်ဆုံး ဖုံးဖိထားဖို့ သဘောတူခဲ့ကြပေမယ့် ပါတီတာဝန်ရှိသူတချို့ရဲ့ မီဒီယာတချို့ထံ ပြောပြချက်တွေကို စီးပွားရေးပညာရှင် ဦးမြင့်အနေနဲ့ အစာမကြေခဲ့ဟန် တူတယ်လို့ ပွဲဖြစ်မြောက်လိုသူတို့က ဝေဖန်ကြပါတယ်။

ဦးမြင့်တို့ ကိုကျော်ရင်လှိုင်တို့ မေ့နေကြတာ တစ်ခုရှိပါတယ်။ ဒါဟာမြန်မာ့နည်း မြန်မာ့ဟန်ဒီမိုကရေစီနဲ့ ချီတက်နေတဲ့ ကြံ့ဖွံ့ အစိုးရ ဆိုတာပါဘဲ။ စစ်မှန်တဲ့ ဒီမိုကရေစီဆိုလား...။ လူထုအသံဆိုလား...။

အောင်မျိုးထွန်း
၁၁. ၇. ၂၀၁၁

0 ချောင်းသာစကားဝါတောင်အနီးရှိ အိမ်မြေများကို အာဏာပိုင်များက စာသင်ကျောင်းဆောက်ရန်အကြောင်းပြပြီး အတင်းအဓမ္မဖျက်၊ မတရားထောင်ချမှုပြုလုပ်ခဲ့


ချောင်းသာစကားဝါတောင်အနီးမှာဖြစ်ခဲ့တဲ့အဖြစ်အပျက်တစ်ခုပါ။ အိမ်ကို အတင်းအဓမ္မဖျက် (ရဲတွေမီးသတ်တွေ၊ စွမ်းအားရှင်တွေ၊အုပ်ချုပ်ရေးမှူး အာဏာပိုင်တွေ)လူကိုထောင်ချခဲ.ကြတယ်ဗျာ

..အိမ်ပေါ်မှာရှိတဲ့ကိုသာဆန်းအမျိုးသမီးနဲ့ခလေးငယ်ကိုဆွဲချကြတယ်..လူပေါင်း(၃၀)၀န်းကျင်ခန်.ပေါ့ဗျာ..ဆိုင်ကယ်မီးတွေနဲ့ဝိုင်းထိုးပြီးဖျက်ကြတာဘယ်သူမှမကပ်ရဲကြဘူး။ အိမ်နေရာဖယ်ရှားပေးဖို့ငြင်းဆန်ခဲ့တဲ့ ကိုသာဆန်းကို ထောင်(၁)နှစ်မတရားချခဲ့ပါတယ်..

အကြောင်းပြချက်ကတော့ အဲဒီမှာစာသင်ကျောင်းဆောက်ဖို့တဲ့ နောက်ပိုင်းတော့စာသင်ကျောင်းတော့ ဆောက်ဖြစ်ပါရဲ့..စာသင်ကျောင်းအတွက်မြေကအချိုး၂၀မှာတစ်ချိုးလောက်ဘဲရှိတယ်။ ကျန်တဲ့မြေကိုအာဏာပိုင်တွေနဲ့ ပါတ်သက်တဲ့သူတွေရယ် အာဏာပိုင်တွေရယ်ပိုင်ဆိုင်သွားကြတယ်..

ပုသိမ်မြို့နဲ့၃၆မိုင်လောက်သာဝေးတဲ့ အဲဒီနေရာမှာချောင်းသာရောက်ခဲလို့ စကားဝါတောင်အနီးက စာသင်ကျောင်းနားမှာကိုသာဆန်း(အိမ်ဖျက်ခံရတဲ့သူကိုမေးကြည့်ရင်သိနိုင်ပါတယ်။

အခုသူကတော့အိမ်ပိုင်ရှင်ဘ၀ကနေ အိမ်ခြေရာခြေမဲ့ဘ၀ကိုရောက်သွားရရှာပါတယ်။ အဲဒီရပ်ကွက်က အိမ်ခြေ၇၀လောက်လည်းကို သာဆန်းလိုဖြစ်မှာစိုးတဲ့အတွက် အိမ်တွေကိုဖျက်ပေးကြရရှာတယ်ဗျာ။ အခုတော့ကိုသာဆန်းကHRWDNမှာလူ့အခွင့်ရေးချိုးဖောက်မူ့များကိုစောင့်ကြည့်ကာကွယ်မယ်လို့ ဂတိပြုပြောကြားပါတယ်--------------------

လူအချင်းချင်းနှိပ်စက်ခြင်းကင်းရှင်းကြပါစေ

သတင်းနှင့်Videoဖိုင်များပေးပို့သော လူ့အခွင့်အရေးစောင့်ကြည့်သူများကွန်ယက်(HRWDN)အားကျေးဇူးတင်ရှိပါသည်..

0 တွယ်ရာမဲ့ပန်းတို့၏မုန်တိုင်းချက်များ ( မောင်မောင်ဝမ်း )

ဟသာင်္တမြို့မှာ ဖြစ်ပွားခဲ့တဲ့ ၉ နှစ်သား ခလေးငယ် တယောက်အပေါ် လူမဆန်စွာ ညှင်းပန်းနှိပ်စက်တဲ့ သတင်းတွေ အင်တာနက် စာမျက်နှာတွေပေါ်က တဆင့်ဖတ်လိုက်ရတဲ့အခါ ကျနော်အရမ်း တုန်လှုပ်သွားမိတယ်။ ခလေးငယ်အတွက် အတော်ကို စိတ်မကောင်းဖြစ်မိတယ်။ ဒီလို အိပ်မက်ဆိုးတွေကို ကျနော် တခါက ကြုံခဲ့ဘူးပါတယ်။ စစ်အာဏာရှင်များရဲ့ ထောက်လှမ်းရေး စစ်ကြောရေးစခန်းထဲမှာပါ၊ ဒါပေမယ့် အခုခံလိုက်ရတဲ့ ခလေးငယ်လောက် မခံခဲ့ရပါဘူး လူတစ်ယောက်က လူတစ်ယောက်ကို အနိုင်ကျင့်ဗိုလ်ကျပြီး ရက်စက်ခဲ့လို့ နာကျဉ်ခဲ့ရတဲ့ ပုံရိပ်ဆိုးတွေကို ကျနော်ကိုယ်ချင်းစာမိပါတယ်။ အခုခလေးငယ်က၉နှစ်သားလေး။ စဉ်းစားကြည့်ပေါ့ဗျာ။ တညလုံးလုံး။ ကြိုးနဲ့တုတ်၊ ပါးစပ်ကိုစို့ထား တုတ်ချက်တွေနဲ့ ပြင်းထန်စွာ ရိုက်နှက်လို့ အော်လို့က လည်းမရ ပြန်ရုန်းထွက်ဖို့လည်း အားမသန် နည်းလမ်းပေါင်းစုံနဲ့ နှိပ်စက်လိုက်တာ အယုတ်မာဆုံးခွေးချေး တွေ… လူ့ကျင်ငယ်ရေတွေကိုတောင် ပါးစပ်ထဲထဲ့လို့ .ခံစား နေရတဲ့မြင်ကွင်း။

ကြောက်ရွံ့အားငယ် ထိပ်လန့် ငိုကြွေးနေမဲ့ သဏ္ဍာန်တွေကို စိတ်ကူးနဲ့ ပုံဖော်ကြည့်မိတိုင်း ကျနော်ရင်နင့်မိတယ်။ နောက် သတင်းတွေကြေငြာသွားတော့…. “ခလေးငယ်က သူ့အဒေါ်အိမ်မှာ ခေတ္တတည်းခို နေထိုင် နေရပါတယ်တဲ့” မိဘမဲ့ခလေးငယ်တယောက်ရဲ့ ဘ၀ကဘယ်လောက်ထိ ဆိုးလိုက်လည်းနော်….. ကံကြမ္မာမုန်တိုင်း ရဲ့ရိုက်နှက်ချက်ကြောင့် အထွေထွေဒုက္ခ ရောက်နေရှာတဲ့ လူမမယ် ခလေးငယ် တယောက်ကို ဒီလောက်ထိ မရက်စက်သင့်ပါဘူးဗျာ။ ဒါ..လူမဆန်တဲ့လုပ်ရပ်တခုပါ…။လူနဲ့တိရိစ္ဆာန်ကို အဓိက ပိုင်းခြားထားချက်ထဲမှာ ကိုယ်ချင်းစာတရား…. တိရိစ္ဆာန်လောကမှာ ဥပဒေတခုပဲရှိတယ်။ ကြီးနိုင်ငယ်ညှင်း တရားတာ မတရားတာတွေသူတို့မသိဘူး။ အင်အားကြီးသူက အင်အားနည်းသူကို အနိုင်ကျင့်မယ်။ အဆိပ်ရှိသတ္တ၀ါက အဆိပ်မဲ့သတ္တ၀ါကို အနိုင်ကျင့်မယ်။ ဒါသူတို့လောက…. လူဟာတိရိစ္ဆာန်မဟုတ်ဘူး.. ဒါရှင်းပါတယ်…. ဒါပေမဲ့… လူဖြစ်လင့်ကစား. တိရိစ္ဆာန်အကျင့်ကို ကျင့်မယ်ဆိုရင်.. လူ့တိရိစ္ဆာန်ပါပဲ……. ကျူးလွန်သူတရားခံရဲ့ ယောက္ခမလုပ်တဲ့သူက ပြောတဲ့စကားလည်း သုံးသပ်ကြည့်ပါဦး။ ခလေးငယ်ကို အကျင့်ပျက်တယောက်လို စွပ်ဆွဲပြောဆိုထားတယ်။ ထား…. အကယ်ရွေ့… ကျူးလွန်ခဲ့ရင်တောင်မှ.. အဲသလို ရက်စက်ဖို့ လုပ်ပိုင်ခွင့်… ခင်ဗျားတို့မှာ ရှိသလားလို့ ကျနော်မေးခွန်း ထုတ်ချင်ပါတယ်။

ကိုယ့်ထက်အရာရာ အားနည်းသူကို လူမဆန်စွာ အနိုင်ကျင့်လို့… ရလာမယ့် ကျူးလွန်သူတရားခံ…. ဆက်မှုး
ဌေးဝင်း ခေါ် စနိုးရဲ့ အနာဂါတ်ကိုလည်း စောင့်ကြည့်လိုက်ပါဦး။ သူရက်စက်လိုက်တာ တစ်ညထဲပါ….။ သူခံရမှာက ရက်ပေါင်းထောင်နဲ့ ချီခံစားရမှာပါ။ ခလေးငယ်ရဲ့ဒဏ်ရာတွေဟာ နောက်ခြောက်လလောက်ဆို ပျောက်ကင်း သက်သာနေလောက်ပါပြီ။ ကျနော်အကျဉ်းထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားဘ၀နဲ့ နေလာခဲ့တော့… အသိတခုရလာတာရှိတယ်…..။ လူတစ်ယောက်ကို သတ်ဖြတ်လိုက်တာတို့… ရိုက်နှက် အနိုင်ကျင့်လိုက်တာတို့ဆိုတာ တွေဟာ.. အတော်တွက်ခြေမကိုက်တဲ့ လုပ်ရပ်ပဲဆိုတာပါပဲ….။ ဆိုပါစို့…. လူတယောက်ကို အကြောင်းအမျိုးမျိုးကြောင့် သတ်ဖြတ်လိုက်တယ်ဆို…. ခံရတဲ့သူက ခဏလေးပဲခံစားပြီး… လူ့ပြည်က ပျောက်ဆုံးသွားပြီ…. လုပ်တဲ့သူက… အကျဉ်းထောင်ထဲမှာ.. မလွတ်မခြင်း.. လူ့ငရဲခံရပေတော့ပဲ….. လူတွေခနခဏ ပြောနေကြစကားရှိပါတယ်။ “မိုက်တယ်ဆိုတာ လွယ်ပါတယ်တဲ့ ” တကယ်တော့ မိုက်တယ်ဆိုတာ မလွယ်ပါဘူး…. ရခဲလှတဲ့လူ့တဘ၀လုံးကို အကျိုးမဲ့စွာ အဆုံးခံရဲမှ… မိုက်လို့ရတာပါ။ အဲဒီတော့ မလွယ်တဲ့ကိစ္စတခုကို ရှောင်တာ အကောင်းဆုံးပါပဲ ခလေးငယ်အပေါ် ရက်စက်ခဲ့တဲ့ သတင်းဟာ မြန်မာတနိုင်ငံလုံး.. နိုင်ငံတကာအနှံ့ မီဒီယာတွေကျေးဇူးကြောင့် ပြန့်နှံ့နေပါပြီ….။ ကရုဏာသက်စွာ ခလေးငယ်ကို လှုဒါန်းကြတဲ့သူတွေကို.. ကျေးဇူးလည်းတင်တယ်… ပီတိလည်းဖြစ်မိတယ်…..။ ဒါကိုယ်ချင်းစာ တရားရှိတယ်ဆိုတဲ့…. လူ့ပုံရိပ်ကို လှစ်ပြလိုက်တာပါပဲ……။

ဟသာင်္တနယ်မှာ ရှိနေတဲ့လူထုကို ကျနော်အကြံပြုချင်တာက… .လူသားမဆန်တဲ့.. လူတွေဖွင့်လှစ်ထားတဲ့…. ဗိုလ်ချုပ်လမ်း ဦးပါရယ်ဘုရားရှေ့ You..and..Me လဘက်ရည်ဆိုင်ကို သွားရောက် စားသုံးခြင်းမပြုပဲ.. လူသားချင်း စာနာတတ်တယ်ဆိုတာ ကိုသက်သေ ပြပေးစေချင်ပါတယ်….။ ဒီလူတွေရဲ့ အကျိုးစီးပွားကို အားပေး၊ အားမြှောက်ပြုစရာ အကြောင်းမရှိပါဘူး….။ ဒါဟာတရားဥပဒေအပြင်.. လူမူ့ဒဏ်ခတ်ခြင်းတမျိုးပါ……..။ ကျနော်ရင်ထဲ စိုးရိမ်မူ့တခုက… ထောင်တွေထဲမှာ.. အင်မတန်မှဆိုးသွမ်းတဲ့.. လူဆိုးတွေ.. တော်တော်များများကို လေ့လာကြည့်တဲ့အခါ မိဘမဲ့နဲ့ ရှင်သန်ရတဲ့ သူတွေများနေတာကို တွေ့ရပါတယ်….။ ဒါ့အတွက် မိဘမဲ့ ခလေးငယ်များကို အရမ်းကို စိုးထိတ်မိပါတယ်။ တခါက အသံလွှင့်ဌာနတခုက လွှင့်သွားတဲ့ နာဂစ်အကျိုးဆက် သတင်းလေးတခု အင်တာနက်က တဆင့်ကြည့်လိုက်ရပါတယ်။ ခလေးငယ်လေး သုံးဦး ၊ အကြီးဆုံးက ယောကျာင်္လေး (အသက်မှ ၁၂ နှစ်လောက်ပဲရှိမယ်) နောက်မိန်းခလေး (၆ နှစ်လောက်) အငယ်ဆုံးလေးကလည်း မိန်းခလေး (၃နှစ်သမီးလောက်ပဲရှိမယ်)၊ မိဘတွေအားလုံး နာဂစ်ကြောင့် သေဆုံးသွားကြတယ်…။ ဒီခလေးငယ်လေး သုံးယောက်ထဲက အကြီးဆုံးကောင်လေးက ဂဏန်းကောင်တွေ သွားဖမ်းပြီးပြန်ရောင်း… ရတာလေးနဲ့ မောင်နှမတတွေ အသက်ဆက်နေရတယ်…။ ဂဏန်းဖမ်းလို့ မရတဲ့နေ့တွေဆို…. သူတို့လေးတွေ… ထမင်းအငတ် နေရရှာတယ်။ သူတို့လေးတွေရဲ့ အနာဂါတ်ကို ဘယ်သူ စောင့်ရှောက်မလည်း၊ ဘယ်သူတွေက တာဝန်ယူမလည်း တွေးမိတိုင်း ရင်မောစရာပါ…..။

(လူမဆန်စွာ ညှင်းပမ်းအနှိပ်စက်ခံလိုက်ရတဲ့…. မောင်ထိပ်ကွက်ခေါ်….မောင်စိုးထက်အောင်ကို ပြည်တွင်း ပြည်ပမှ ကူညီချင်သူများ အတွက်ဖုန်းနံပါတ်- 098580204 အရှင်ဥာဏာလင်္ကာရသို့ ဆက်သွယ် ကူညီနိုင်ပါတယ်ခင်ဗျာ.. ဖုန်းနံပါတ်ကို DVB မှ ကူးယူဖော်ပြပါသည်။)

အားလုံးကို လေးစားစွာဖြင့်
(မောင်မောင်ဝမ်း )

Sunday, July 10, 2011

0 တပ်မတော်သားဟောင်းတဦးရဲ့ မှတ်စုစာအုပ်ထဲမှာ စစ်ဆိုတာကို ခုလို အဓိပ္ပါယ်ဖွင့်ထားပါတယ်။



ကျမ၏ ဖခင်လို လေးစားချစ်ခင်ခဲ့ရသော တပ်မတော်သားဟောင်းတဦးက ကျမကို သူ၏မှတ်စု စာအုပ်တွေကို အမွေအဖြစ် ပေးခဲ့ဖူးပါတယ်။

အဲဒီ မှတ်စု စာအုပ်တွေက စစ်တပ်နဲ့ ဝေးတဲ့ ကျမအတွက်တော့ စိတ်ဝင်စားဖွယ်ရာ ကောင်းသော မှတ်စု စာအုပ်ဖြစ်ခဲ့ပါတယ်။ အမွေအဖြစ် လက်ခံရရှိခဲ့တဲ့ ၂၀၀၀ ပြည့်နှစ် ၀န်းကျင်ကတည်းက ယနေ့အထိ ကျမ မကြာခဏ ထုတ်ထုတ်ဖတ်မိသော စာအုပ်တစ်အုပ်ဖြစ်ပါတယ်။

အဲဒီ့မှတ်စုစာအုပ်ထဲက ယခုအခြေအနေ အချိန်အခါနဲ့ လိုက်ဖက်တယ်လို့ ခံစားရတဲ့ မှတ်စုတိုလေးတွေကို စုစည်းပြီးဖော်ပြပေးလိုက်တာပါ။

ကြည်းတပ်တတပ်က တပ်မတော်သားဟောင်းတဦးရဲ့ မှတ်စုစာအုပ်ထဲမှာ စစ်ဆိုတာကို ခုလို အဓိပ္ပါယ်ဖွင့်ထားပါတယ်။

၁။စစ်သည် အနှုတ်လက္ခဏဖြစ်သည်။

၂။ကောင်းသော စစ်နှင့် မကောင်းသော ငြိမ်းချမ်းရေးဟူသည် မရှိ၊ စစ်သည် လူတို့၏ အကြီးမားဆုံး အန္တရာယ်။

၃။စစ်ကြောင့် ဆင်းရဲမွဲတေ ပျက်ဆီးရသည်။

၎။လူမှုစီးပွားရေး ပဋိပက္ခကြောင့်၊ နိုင်ငံရေးပဋိပက္ခဖြစ်လာရသည်။ စစ်ရေးပဋိပက္ခဖြစ်မှုသည် နိုင်ငံရေးပဋိပက္ခဖြစ်မှုပေါ်တွင် မူတည်သည်။

၅။စစ်လက်နက် စွမ်းအင် သာလွန်မှုသည် ကမ္ဘာ့စစ်ရေး၊ နိုင်ငံရေး ငြိမ်းချမ်းရေးတို့ကို ပြုပြင်ပြောင်းလဲနိုင်စွမ်းရှိသည်။

၆။လူသားတို့ တွေးခေါ်မှုကြောင့် စစ်ဖြစ်ပွားရသကဲ့သို့ လူသားတို့၏ တွေးခေါ်မှုဖြင့် စစ်ကို တားဆီနိုင်ရမည်ဟု ဆိုကြသည်။

၇။ စစ်ကို မုန်းတီးပြီး ငြိမ်းချမ်းရေးကို မြတ်နိုးသော လူသားတို့၏ စွမ်းအင်သည်သာ အဏုမြူစွမ်းအင်ကို ချေဖျက်နိုင်သည်။

၈။ စစ်သည် ကြောက်စရာ အကောင်းဆုံး ရာဇ၀တ်မှု ဟု ဆွီင်ဒင်လူမျိုး နိုဗယ်က ဆိုခဲ့သည်။

၉။စစ်၏ အကြောင်းရင်း ဇတ်မြစ်ကို ဖော်ထုတ်လျှင် လောဘ ရမ္မက် ကိုတွေ့ရသည်။ အနိုင်ကျင့်အကြမ်းဖက်မှု ကျူးလွန်ကြသည်၊ ထိုမှ ဒေါသစိတ်ဖြင့် လက်တုန့်ပြန်ကြသည်၊ ထိုမှ တဖန်စစ်မက်သံသရာအတွင်းဝယ် မောဟစိတ် ဖုံးလွှမ်းကြပြန်သည်တကား။

၁၀။တရားတယ်မတရားဘူးဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက် ကွဲလွဲမှု၊ ပြင်းပြမှု ပေါ်မူတည်ပြီး ဘက်လိုက်ရပ်တည်ရေး လူမျိုးရေး လွတ်မြောက်ရေး စစ်ပွဲတွေဟာ ပြင်းထန်ရှည်ကြာတတ်သည်။

၁၁။ စစ်ဖြစ်ခြင်း၏ အကြောင်းရင်းမှာ လူတဦးက တဦး၊ တတန်းစားက တတန်းစား၊ တနိုင်ငံက တနိုင်ငံ(တအုပ်စုက တအုပ်စု) ကို အနိုင်ကျင့်မှု၊ သွေးစုတ်ချယ်လှယ်မှု၊ ဓနရှင်ဝါဒ လွှမ်းမိုးမှုတို့ကြောင့် ဖြစ်၏။(ဗိုလ်ချုပ်အောင်ဆန်း)

၁၂။ စစ်သည် အချစ်ကဲ့သို့ ပုဂ္ဂလိက ပိုင်မဟုတ်၊ လူတန်းစား၊လူ့အလွှာအသီးသီးကို တပြိုင်တည်း ခံစားစေပါသည်။ အရေးအခင်းများ အနက် အရေးကြီးဆုံးမှာ စစ်ဖြစ်သည်။ စစ်တွင် ခေါင်းဆောင်ကောင်းနှင့် ခေါင်းဆောင်ညံ့ကွဲပြားစွာ ပေါ်၏ ။ လူသည် စစ်၏ အရေးကြီးဆုံးလက်နက်ဖြစ်၏။

၁၃။ စစ်ကို လိုလားသူ၊ စစ်ကို ဖန်တီးသူတို့၏ နိဂုံးတွင် အရှုံးနှင့်သာ ရင်ဆိုင်ရစမြဲဖြစ်၏။

maythingyan Hein Facebookမှ

0 စပီကာဦးမြင့် ဟောပြီးပြောပြီးမှ NLD ကို ချေမှုန်းတော့မှာလား။

ည.. ည ၉း၃၀ နာရီ လောက်ဆို မဟာအွန်လိုင်းလို့ ခေါ်ရမယ့် ဂျီမေးဂျီတော့နဲ့  ဖေ့ဘွတ် အွန်လိုင်းတွေ ပေါ်မှာ ပုံမှန် နီးပါးကျွန်တော်ရှိ တတ်ပါတယ်။ ရေဒီယိုသတင်းနဲ့ ဂျာနယ်သတင်းတွေ မရှိမဖြစ်လိုအပ်သလို အွန်လိုင်းသတင်း တွေဟာ လည်း ကျွန်တော့် အတွက် ဒုတိယလေ လို့  ခံယူထားပါတယ်။

ကျွန်တော်နေတဲ့ စမ်းချောင်းနဲ့ NLD ရုံးချုပ်ရှိရာ ရွှေဂုံတိုင်ဟာ သိပ်မဝေးလို့  ပြီးခဲ့တဲ့ညက သန်းခေါင် ယံ လောက်ကြီးအဖွဲ့ ချုပ်ရုံးရှေ့ ကို ရောက်သွားပါတယ်။အဲဒီလို ရောက်သွားဖြစ်အောင် စေ့ဆော်ကြတဲ့ပုဂ္ဂိုလ်များ ကတော့ အပြင်လောကမှာ တကယ်မတွေ့ ဖူးတဲ့ အွန်လိုင်းမိတ်ဆွေတွေပါဘဲ။ လိုင်းပေါ်မှာ ကျွန်တော်ရှိတုန်း တစ်ယောက်ပြီး တစ်ယောက်မေးကြတာက NLD ဌာနချုပ်ကို ၀င်စီးတဲ့ကိစ္စပါ။

ဒီအချိန်မှာ မဇ္ဇျိမသတင်းက လွှတ်လိုက်တဲ့ ရုံးချုပ်သတင်းကို အခြေခံပြီး သတင်း မုဆိုးတွေနဲ့ သတင်းချစ်ကြသူတွေ အလွန်သိချင်ကြလို့ ဖြစ်ပါတယ်။ ဒါဟာ မဖြစ်နိုင်ဘူး လို့  ကျွန်တော် ယူဆပေမယ့် အွန်လိုင်းမိတ်ဆွေများကိုတော့ ကွန်ဖန်းလုပ်ကြည့်ပါဦးမယ်ဆိုပြီး မယုတ်မလွန် တုန့် ပြန်ခဲ့ပါတယ်။ ပိုးကလည်း မနေနိုင်ဘူးလို့ ပြောချင်ပြော၊ အင်တာနက်ဆိုင်ထဲက ထွက်ပြီး လမ်းမှာ သူငယ်ချင်းတစ်ယောက်ကားနဲ့ တွေ့ တာနဲ့ ရွှေဂုံတိုင် NLD ရုံးရှေ့ ကို ရောက်သွားတယ်။ အားလုံး ပုံမှန်အခြေအနေပါဘဲ။ ကျွန်တော်တွေ့ ခဲ့တဲ့မြင်ကွင်းလေး ကို ဖေ့ဘွတ် မှာ ရေးတင်ချင်ပေမယ့် အမြဲသုံးနေကြ ဆိုင်လေးက ပိတ်သွားတာမို့ စိတ်မကောင်းစွာနဲ့ အိမ်ပြန်ခဲ့ရပါတယ်။

ရန်ကုန်က NLD ရုံးချုပ်ကို ကြံ့ဖွံ့ အစိုးရရဲ့ စစ်ပုလိပ်တွေ ရုတ်တရက် ၀င်ဝိုင်းပြီး လွန်ခဲ့တဲ့ (၄၉)နှစ်ကကျောင်းသား သမဂ္ဂအဆောက်အဦကြီးကို တစ်စစီ ဖြိုခွဲသုတ်သင်ခဲ့သလို မြင်ချင်ကြတာလား။ တကယ်ဘဲလုပ်လာနိုင်တဲ့ ရိပ်ဖမ်းသံဖမ်း လက္ခဏာတစ်စုံတစ်ရာကြားရလို့  ကြိုတင် “ပစ်” ထားကြတာလား။ အစိုးရဘက်က မကြာခင်မှာ အဖွဲ့ ချုပ်ရုံးကို ၀င်စီးတော့မှာမို့  သူတို့ ထုံးစံအတိုင်း တုန့် ပြန်မှုဘယ်လိုလာမလဲ သိရအောင်“ပွိုင့်” ထောက်လိုက်တာလား။ ဒေါ်စုရဲ့ အေးစက်စက်ပုဂံခရီးကို အားမလိုအားမရဖြစ်ကြသူတွေ လာမယ့်အာဇာနည်နေ့ အတွက် ရည်ရွယ်လို့ “ဖွ” လိုက်ကြတာလား။

သတင်းတွေမှာ အပြစ်မရှိပါဘူး။ သတင်းတွေဟာ ချစ်စရာပါ။ နေ့ စဉ်နဲ့ အမျှ သတင်းတွေ ဝေေ၀ဆာဆာရှိနေဖို့  လိုအပ်ပါတယ်။ သတင်းမရှိတဲ့ နာရီတွေဟာ သက်မဲ့ဝိညာဉ်ပါ။ အဓိကက သတင်းတွေကို ဖတ်ရှု နားထောင်ကြတဲ့ သူတွေရဲ့ “အတွေ့ အကြုံအနုအရင့် နဲ့ ဝေဖန်စောကြောနိုင်စွမ်းအသိ”သည်သာ အခရာ မဟုတ်လား။ ကျွန်တော်လည်း ဒီလိုနဲ့ အညှောင့်ပေါက်၊ အတက်ထွက်ခဲ့ရပါတယ်။ တည့်တစ်ခါ လွဲတစ်လှည့်နဲ့ ။

NLD ရှိတာ ကြိုက်လား... မရှိတာ ကြိုက်လား...။

ဒီမေးခွန်းကို အစိုးရကို ၀ိုင်းမေးကြပါ။ ခဏခဏမေးကြပါ။ ကြုံတိုင်းမေးပါ။လောလောဆယ်တော့ NLD ကို ၀င်ရောက်ဖြိုခွင်း စီးနင်းကြမှာကို စိုးရိမ်တကြီး ဖြစ်စရာ မလိုသေးပါ။သန်ဘက်ခါ (၁၁ရက်၊ ဇူလိုင်၊ နေ့ လည် ၁၂း၃၀နာရီ)မှာ သမ္မတဦးသိန်းစိန်ရဲ့ စီးပွားရေးအကြံပေးကြီး ဦးမြင့်တစ်ယောက် နိုင်ငံ့စီးပွားရေးအကြောင်း တွေ ဟောဖို့ ပြောဖို့ ရှိသေးတယ်။ ဒီတစ်ချီတော့ ငါးလုပ်ငန်းမှာမဟုတ်၊ UMFCCI မှာ မဟုတ်။ ရွှေဂုံတိုင် ရုံးချုပ်မှာတဲ့...။ စပီကာဦးမြင့် ဟောပြီးပြောပြီးမှ NLD ကို ချေမှုန်းတော့မှာလား။

အောင်မျိုးထွန်း
၉- ၇- ၂၀၁၁

0 ဧရာဝတီ ကို ကယ်တင်ကြစို့ -
ဆောင်းပါးရှင်-အောင်ဒင်



ဧရာဝတီ၊ မေခ နဲ့ မလိခ မြစ်များမှာ ဆောက်လုပ်နေတဲ့ တရုတ်ဆည်များနေရာပြမြေပုံ (BURMA RIVERS NETWORK, http://www.burmariversnetwork.org/dam-projects/irrawaddynmaimali.html)
အောင်ဒင်
ဒီလို ခေါင်းစဉ်တပ်တော့ လွန်တယ်လို့ တချို့ကထင်ကြလိမ့်မယ်၊ ဒါပေမည့် ကျနော်တို့ရဲ့ မိခင်မြစ်မကြီး ဧရာဝတီဟာစစ်အုပ်စုရဲ့ အလိုတော်ရိ ဘိန်းဘုရင် လော်စစ်ဟန် ရဲ့ အေးရှားဝေါလ်ကုမ္ပဏီနဲ့တရုတ်ကုမ္ပဏီများရဲ့ စက်ယန္ထယားကြီးတွေနဲ့တူးဆွ တိုက်ခိုက်မှုအောက်မှာ အပြင်းအထန်နာကျင်နေရပါပြီ၊ ကိုခင်ဝမ်းရဲ့ "မဟာ သဘာဝရှင်"၊ ကိုထူးအိမ်သင်ရဲ့ "ရာဇဝင်များရဲ့ သတို့သမီး"၊ ကျနော်တို့ အားလုံးရဲ့ မိခင် ဧရာဝတီ ဟာ မချစ်မနှစ်သက်သောသူများရဲ့ အနိုင်ကျင့်မှုကို စတင်ခံစားနေရပါပြီ၊ ဧရာဝတီ ကို အချိန်မီ ကယ်တင်နိုင်ကြဖို့၊ အင်နဲ့ အားနဲ့ အကာအကွယ်ပေးနိုင်ကြဖို့ ဒီစာတမ်းကို ရေးပါတယ်၊

(၁)
ဇွန်လ ၉ ရက်နေ့က စပြီး မြန်မာစစ်အုပ်စု ရဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံတပ်တွေက ကချင်ပြည်နယ်အတွင်းမှာရှိတဲ့ ကချင်လွတ်မြောက်ရေးတပ်မတော်ရဲ့ အခြေစိုက်စခန်းတွေကို စတင်တိုက်ခိုက်တာ အားလုံး သိကြပြီးဖြစ်မှာပါ၊ အစပိုင်းမှာ ပြင်းပြင်းထန်ထန်စစ်ပွဲတွေ ဆက်တိုက်ဖြစ်ပွါးခဲ့ပြီး ဒီကနေ့အထိလဲ နှစ်ဖက်အပစ်အခတ်ရပ်စဲရေး ဆွေးနွေးနေကြတယ် ဆိုပေမည့် စစ်ပွဲငယ်တွေ ကြိုကြားကြိုကြား ဖြစ်ပေါ်နေဆဲပါ၊ ဗမာစစ်တပ် နဲ့ ကချင်စစ်တပ် နှစ်ဖက်စလုံးမှာ အကျအဆုံးတွေ၊ ဒဏ်ရာရသူတွေအမြောက်အများ ရှိခဲ့ပါတယ်၊ ပိုပြီး ဆုံးရှုံးနစ်နာရတာကတော့ ကချင်ပြည်သူတွေပါ၊ ဗမာစစ်တပ်ရဲ့ အနိုင်ကျင့်မှု၊ လုယက်မှု၊ အဓမ္မပေါ်တာဆွဲမှုတွေကြောင့်သောင်းနဲ့ချီတဲ့ ပြည်သူတွေ နေရပ်ဒေသကို စွန့်ခွါထွက်ပြေးကြရပါတယ်၊ တရုတ်-မြန်မာ နယ်စပ်က ကေအိုင်အေ ဌာနချုပ်ရှိရာ လိုင်ဇာ မှာခိုလှုံနေကြတာ ဒုက္ခသည်ဦးရေ ၁၄၀၀၀ ကျော်ရှိပါတယ်၊

ထောင်ပေါင်းများစွာကတော့ တရုပ်နိုင်ငံထဲ ဝင်ပြေးကြပြီး ဆွေမျိုး၊ မိတ်ဆွေများထံ ခိုလှုံနေကြရပါတယ်၊ တချို့က နယ်စပ်ကို မပြေးပဲ အထက်ဖက်က ဗန်းမော်၊ ဝိုင်းမော်မြို့တွေက ခရစ်ယန်ဘုရားကျောင်းတွေ၊ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းတွေမှာ ခိုလှုံနေကြရပါတယ်၊ မပြေးနိုင်သူတွေကတော့ ကချင်တပ်ကို ထောက်ခံသူများအဖြစ် ဗမာစစ်တပ်က ဖမ်းဆီး ညှင်းပန်းနှိပ်စက်တာ၊ သတ်ဖြတ်တာ ခံကြရပါတယ်၊ ထိုင်းနိုင်ငံအခြေစိုက် ကချင်အမျိုးသမီးအဖွဲ့အစည်းရဲ့ သတင်းပို့ချက်အရ ကချင်အမျိုးသမီး အနည်းဆုံး ၁၈ ယောက်လောက်ဟာ ဗမာစစ်သားတွေရဲ့ အုပ်စုလိုက်မုဒိန်းကျင့်တာခံကြရပြီး တချို့မိန်းကလေးတွေကို စစ်သားတွေက မုဒိန်းကျင့်ပြီးတာနဲ့ သတ်ပစ်လိုက်ကြတယ်လို့ ကြားသိရပါတယ်၊

ဒီစစ်ပွဲတွေ စတာနဲ့ ၁၇နှစ်ကျော်တည်ရှိခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးကို တဘက်သတ်ချိုးဖောက်တာက မြန်မာစစ်အုပ်စုဘက်ကပါ၊ အဓိက ရည်ရွယ်ချက်ကတော့ တပိန်မြစ်ကို ဆည်ဖို့ဟန့်တားပြီး ရေအားလျှပ်စစ်ထုတ်ယူဖို့လုပ်နေတဲ့ မြန်မာစစ်အုပ်စုနဲ့ တရုပ်အစိုးရ ကုမ္ပဏီများရဲ့ ပူးပေါင်းစီမံကိန်းတွေက ကချင်တပ်များထိန်းချုပ်ရာဒေသအတွင်းမှာ ကျရောက်နေလို့ အဲဒီဒေသအတွင်းကနေ ကချင်တပ်များကို မောင်းထုတ်ဖို့လုပ်တဲ့ စစ်ဆင်ရေးပါ၊ အခုတော့ နှစ်ဖက်အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွေ စတင်နေပါပြီ၊ မြန်မာနိုင်ငံတွင်းက ပြည်သူများသာမက တကမ္ဘာလုံးက အစိုးရတွေ၊ ပြည်သူတွေကပါ အပစ်အခတ်ရပ်စဲပြီး နိုင်ငံရေးပြဿနာတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းကြဖို့ တောင်းဆိုနေကြတာပါ၊ ဒါပေမည့် အားလုံးမျှော်လင့်သလို စစ်ပွဲတွေအဆုံးသတ်ပြီး ထာဝရတည်တန့်တဲ့ ငြိမ်းချမ်းရေးရဖို့ဆိုတာ အလှမ်းဝေးလွန်းလှပါတယ်၊ မြန်မာစစ်အုပ်စုနဲ့ တရုပ်အစိုးရရဲ့ ကောက်ကျစ်စဉ်းလဲတဲ့ မတရားမှုတွေ မရပ်သ၍ ကျနော်တို့ မြန်မာနိုင်ငံဟာ ငြိမ်းချမ်းနိုင်မှာ မဟုတ်ပါ၊

(၂)
မြန်မာစစ်အုပ်စုကို တရုတ်စိုးရက စီးပွါးရေး၊ နိုင်ငံရေး၊ ဘက်ပေါင်းစုံက ထောက်ခံအားပေးနေခဲ့တာ ၁၉၈၉ ခုနှစ်ကတည်းကပါ၊ လူ့အခွင့်အရေးချိုးဖောက်မှု၊ နိုင်ငံတော်အာဏာကို မတရားသဖြင့် အကြမ်းဖက်ရယူထားမှုတွေကြောင့် နိုင်ငံတကာမိသားစုကြီးက ပစ်တင် ရှုံ့ချနေတဲ့ မြန်မာစစ်အုပ်စုကို နိုင်ငံတကာအရေးယူမှုတွေ မလုပ်နိုင်အောင် တရုတ်အစိုးရက ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ၊ အထွေထွေညီလာခံမှာ၊ လူ့အခွင့်အရေးကောင်စီမှာ အမြဲတမ်းအကာအကွယ်ပေးနေရုံတင်မက မြန်မာစစ်အုပ်စုအတွက်လိုအပ်တဲ့ လက်နက်ခဲယမ်းတွေ၊ စစ်လေယဉ်တွေ၊အမြောက်တွေ၊ တင့်ကားတွေ ကိုလဲ အလိုရှိသလောက်လျှော့ဈေးနဲ့ တမျိုး၊ အကြွေးစံနစ်နဲ့ တဖုံ ထောက်ပံ့ရောင်းချပေးနေတာပါ၊ အတိုးမဲ့ချေးငွေတွေ၊ အတိုးနည်းချေးငွေတွေ ထုတ်ပေး၊ စီးပွါးရေးပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ပြီး မြန်မာစစ်အုပ်စုကို တရုတ်အစိုးရက ကျားကန်ပေးနေတာပါ၊ အဲဒီလို အကူအညီပေးမှု တွေအတွက် မြန်မာစစ်အုပ်စုက တရုတ်အစိုးရကို ရက်ရက်လျောလျော ပြန်ပေးနေရတာလဲအများကြီးပါ၊

အထင်ရှားဆုံးကတော့ မြန်မာနိုင်ငံတွင်းကို ယူနန်ပြည်နယ်က တရုတ်တွေ လွယ်လွယ်ကူကူနဲ့ ဝင်ရောက်အခြေချခွင့်ရပြီး အာဏာပိုင်တွေရဲ့ အထူးအခွင့်အရေးပေးမှုနဲ့ စီးပွါးရေးလုပ်ငန်းများကို အပြိုင်အဆိုင်မဲ့လုပ်ခွင့်ရပြီး မြန်မာနိုင်ငံရဲ့ စီးပွါးရေးကိုကြီးကြီးမားမား ချယ်လှယ်နိုင်နေတာပါပဲ၊ မန္တလေးလို မြန်မာ့မင်းနေပြည်တော်ဟောင်း နဲ့ မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့တော်ကြီးဟာ တရုတ်မြို့တော်ကြီးလို့ထင်ရလောက်အောင် ဒေသခံမြန်မာတွေက အဝေးကိုရောက်ကုန်ပြီး တရုတ်စီးပွါးရေးသမားတွေက အလုံးအရင်းနဲ့ လွှမ်းမိုးထားကြပါပြီ၊ လားရှိုး၊ မူဆယ်၊ မြစ်ကြီးနား၊ ဗန်းမော် စတဲ့ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်မြို့ကြီးများမှာလဲ တရုတ်လူမျိုးများ အလုံးအရင်းနဲ့ ရောက်ရှိနေထိုင်ကြပြီး မြန်မာနိုင်ငံသား လက်မှတ်များကိုတောင် ကိုင်ဆောင်ထားကြပြီး ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ စစ်အုပ်စုရဲ့ ကြံ့ဖွံ့ပါတီ ကိုမဲပေးခဲ့ကြတာပါ၊

မြန်မာနိုင်ငံရဲ့ အဖိုးတန် သယံဇာတတွေ၊ ကျွန်းသစ်တွေ၊ ကျောက်မျက်ရတနာတွေ၊ သဘာဝဓာတ်ငွေ့တွေလဲ တရုတ်ကုမ္ပဏီများက ရှာဖွေဖော်ထုတ်ပြီး တရုတ်ပြည်မကြီးကို သယ်ယူသွားနေကြပါပြီ၊ တကယ်တော့ မြန်မာနိုင်ငံကို တရုတ်အစိုးရက စီးပွါးရေးကိုလိုနီပြုနေတာ နှစ်ပေါင်းများစွာ ကြာနေပါပြီ၊ မြန်မာစစ်ခေါင်းဆောင်တွေက သူတို့အာဏာတည်မြဲရေးအတွက် တရုတ်အစိုးရကို ပဏ္ဏာဆက်သ ကျွန်ပြုခံနေကြတာ ကြာပါပြီ၊ အဲဒီလောက်စော်ကားနေရတာကိုမှ မကျေနပ်နိုင်သေးတဲ့ တရုတ်အစိုးရက မြန်မာပြည်သူတွေရဲ့ အသက်သွေးကြော၊ မြန်မာနိုင်ငံရဲ့ အသည်းနှလုံး၊ ကျနော်တို့ချစ်တဲ့ မြစ်ကြီး ဧရာဝတီ ကို လည်မြိုညှစ်၊ အနိုင်ကျင့်နေပြန်ပါပြီ၊

(၃)
၂၀၀၇ ခုနှစ် မေလမှာ မြန်မာစစ်အုပ်စုက တရုတ်အစိုးရပိုင် China Power Investment Corporation (CPI) နဲ့ ကချင်ပြည်နယ်အတွင်း၊ မေခ၊ မလိခ နဲ့ ဧရာဝတီမြစ်ဖျားမှာ ရေအားလျှပ်စစ်ဓာတ်ထုတ်လုပ်ရေးအတွက် ဆည်ကြီး (၇) ခု ဆောက်လုပ်မည့် သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်၊ အဲဒီသဘောတူညီချက်အရ မလိခမြစ်ပေါ်မှာ လိုင်းဇာဆည်၊ မေခမြစ်ပေါ်မှာ ချီဘွေ၊ ပရှဲ၊ လာခင်၊ ဖီဇော၊ နဲ့ ခေါင်လန်ဖူး ဆည် ၅ ခု နဲ့ မေခ နဲ့ မလိခ ဆုံတဲ့ မြစ်ဆုံ၊ ဧရာဝတီမြစ်ကြီးရဲ့အစမှာ မြစ်ဆုံဆည် စတဲ့ ဆည်ကြီး (၇) ခုကို ၁၀ နှစ်အတွင်း ပြီးအောင် တည်ဆောက်ဖို့ပါ၊

အဲဒီ ဆည်ကြီးများ နဲ့အတူ ရေကာတာကြီးများ၊ ရေအားလျှပ်စစ်ထုတ်လုပ်ရေးစက်ရုံများလဲ ပါဝင်တည်ဆောက်မှာဖြစ်ပြီး ဒီဆည်ကြီး (၇) ခုကနေ လျှပ်စစ်ဓာတ်အား တနှစ်ကို မီဂါဝပ် ၁၃၃၆၀ ထုတ်လုပ်ပြီး တရုတ်ပြည် ယူနန်ဒေသကို တင်ပို့ဖြန့်ဖြူးဖို့ပါ၊
ဒါဟာဖြင့် အစွမ်းကုန်စီးပွါးရေး တိုးတက်ကောင်းမွန်လာတဲ့ တရုတ်နိုင်ငံရဲ့ တဟုန်ထိုးမြင့်မားလာတဲ့ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းဖို့ တရုတ်အစိုးရရဲ့ ကြိုးစားမှုပါ၊ သူ့နိုင်ငံတိုးတက်ရေးအတွက် ဆန္ဒရှိတာကို အပစ်မပြောလိုပေမည့် ဒီ ဆည်ဆောက်လုပ်ရေး လုပ်ငန်းတွေကြောင့် ကျနော်တို့ နိုင်ငံကပြည်သူတွေ ဆုံးရှုံးနစ်နာရမှာကို လုံးဝငဲ့ကွက်စဉ်းစားခြင်းမရှိပဲ တကိုယ်ကောင်းစိတ်ဓာတ်နဲ့ အနိုင်ကျင့်တာ၊ ကျနော်တို့ရဲ့ ဧရာဝတီ ကို လည်မျိုညှစ်တာကိုတော့ ကျနော်တို့ အစွမ်းကုန်ရှုံ့ချကြရမှာပါ၊
ဒီဆည်ကြီး (၇) ခုမှာ အကြီးဆုံးက မြစ်ဆုံဆည်ပါ၊ တည်နေရာက မေခ၊ မလိခ မြစ်ဆုံရဲ့အောက်ဖက် ၂ မိုင်ခန့်အကွာ၊ မြစ်ကြီးနားမြို့ရဲ့ မြောက်ဘက် ၂၆မိုင်ခန့်အကွာ၊ ဆည် ရဲ့အတိုင်းအတာက အမြင့်ပေ ၅၀၀ (အထပ် ၄၉ ထပ်မြင့်တဲ့ အဆောက်အအုံတခုလောက်) နဲ့ အလျား ပေ ၅၀၀ ရှိပါမယ်၊ ဆည်ရေကို ထိန်းသိန်းထားမည့် ရေကာတာကြီး (Reservoir) က စင်္ကာပူနိုင်ငံ(ဧရိယာ စတုရန်းမိုင် ၂၆၈) ထက်နှစ်ဆလောက်တောင်ကြီးပြီး နယူးယောက်မြို့ (ဧရိယာ စတုရန်းမိုင် ၄၆၉) လောက် ကျယ်တယ်လို့ သိရပါတယ်၊ ၂၀၁၇ ခုနှစ်မှာ ရည်ရွယ်တဲ့အတိုင်း ဆောက်လုပ်ပြီးစီးသွားရင် တနှစ်ကို လျှပ်စစ်ဓာတ်အား ၃၆၀၀ ကနေ ၆၀၀၀ မီဂါဝပ် အထိ ထုတ်လုပ်နိုင်မယ်လို့ ဆိုပါတယ်၊ ဆောက်လုပ်ရေးကုန်ကျစားရိတ်က အမေရိကန်ဒေါ်လာ သန်းပေါင်း ၃၆၀၀ ဖြစ်ပြီး ဒီစီမံကိန်းကနေ အဓိက အကျိုးဖြစ်ထွန်းမှာက မြန်မာစစ်ခေါင်းဆောင်များ၊အထူးသဖြင့် အရင်က ၈လုံးလို့ခေါ်ပြီး အခု ၉လုံး ဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဒုသမ္မတ ဦးသီဟသူရ တင်အောင်မြင်ဦး ၊ သူ့ရဲ့အလိုတော်ရိစီးပွါးရေးလုပ်ငန်းရှင် စတီဗင် လော (ခေါ်) ထွန်းမြင့်နိုင် နဲ့ သူ့ရဲ့ Asia World ကုမ္ပဏီ နဲ့ တရုတ်အစိုးရတို့ပဲဖြစ်ပြီး အဓိက နစ်နာဆုံးရှုံးကြမှာက သန်းပေါင်းများစွာသော မြန်မာပြည်သူများပဲ ဖြစ်ကြပါတယ်၊ ဒါဟာဖြင့် တရုတ်အစိုးရက မြန်မာစစ်အုပ်စုကို မြန်မာပြည်သူတွေကို သတ်ဖြတ်အနိုင်ကျင့်ဖို့ ထောက်ပံ့ကူညီရုံတင်မကဘူး၊ သူကိုယ်တိုင်က မြန်မာပြည်သူတွေကို တိုက်ရိုက် သတ်ဖြတ်အနိုင်ကျင့်ဖို့ကြိုးစားတာပဲ ဖြစ်ပါတယ်၊

(၄)
တကယ်က ဒီစီမံကိန်းကို မလုပ်သင့်ကြောင်း ကချင်ပြည်သူများ၊ ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို/KIO) တို့က မြန်မာစစ်အုပ်စုကိုရော၊ တရုတ်အာဏာပိုင်များကိုပါ အကြိမ်ကြိမ်မေတ္တာရပ်ခံခဲ့ကြတာပါ၊ ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့မှာ ကချင်ပြည်နယ် တန်ဖဲ ရွာသားများက ကချင်အတိုင်ပင်ခံအဖွဲ့ထံ၊ ၂၀၀၇ ခုနှစ် ဇွန်လ ၁၁ရက်နေ့ မှာ ကေအိုင်အို ဥက္ကဋ္ဌက ယူနန်ပြည်နယ် အာဏာပိုင်အဖွဲ့ထံ၊ ၂၀၀၇ ခုနှစ် ဇူလိုင်လ ၆ရက်နေ့မှာ ကေအိုင်အို ဥက္ကဋ္ဌက နအဖဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ထံ၊ ၂၀၀၇ ခုနှစ် ဇူလိုင် ၆ရက်နေ့မှာပဲ ကချင်ပြည်နယ် တန်ဖဲ ရွာသားများက မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးထံ၊ ၂၀၀၉ ခု အောက်တိုဘာ ၂၆ရက်နေ့မှာ ကေအိုင်အိုက ကချင်အတိုင်ပင်ခံအဖွဲ့ထံ၊ ၂၀၁၀ ခုနှစ် မတ်လ ၁၀ ရက်နေ့မှာ ကေအိုင်အိုက မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးထံ၊ စာတွေအကြိမ်ကြိမ်ပို့ပြီး ဒီမြစ်ဆုံဆည်တည်ဆောက်ရေး စီမံကိန်းကို ပယ်ဖျက်ပေးဖို့ တောင်းဆိုခဲ့၊ ကန့်ကွက်ခဲ့ကြတာပါ၊ ဒီနှစ် ၂၀၁၁ ခုနှစ်မှာပဲ မတ်လ ၂၆ ရက်နေ့မှာ ကေအိုင်အို ဥက္ကဋ္ဌကြီး လရော် ဇောင်းဟရာ က တရုတ်သမ္မတ နဲ့ ကွန်မြူနစ်ပါတီအကြီးအကဲ ဟူဂျင်တောင် ထံစာပို့ပြီး မေတ္တာရပ်ခံခဲ့ပါသေးတယ်၊ ဒါပေမည့် တရုတ်အစိုးရရော၊ မြန်မာစစ်ခေါင်းဆောင်များကပါ ကချင်ပြည်သူတွေရဲ့ တောင်းဆိုချက်ကို မျက်ကွယ်ပြုပြီး မြစ်ဆုံဆည်တည်ဆောက်ရေး စီမံကိန်းကို ဆက်လက်အကောင်အထည်ဖော်နေကြဆဲပါ၊
ဒီနေရာမှာ တရုတ်အစိုးရရဲ့ ရက်စက်ယုတ်မာမှုနဲ့ ဘယ်သူသေသေ ငတေမာပြီးရောဆိုတဲ့ စိတ်ဓာတ်ကို အံ့ဩဖွယ်ရာ တွေ့ရှိရပါတယ်၊ တကယ်တော့ တရုတ်နဲ့ မြန်မာ နှစ်ဖက်စလုံးက အင်ဂျင်နီယာတွေ၊ ကျွမ်းကျင်သူတွေ၊ သိပ္ပံပညာရှင်တွေက ၂၀၀၉ ခုနှစ်အောက်တိုဘာလမှာ အစီရင်ခံစာတစောင်တင်သွင်းပြီး မြစ်ဆုံဆည်တည်ဆောက်ရေးကို ဖျက်သိမ်းဖို့ အကြံပေးခဲ့ကြတာပါ၊ဒီလိုပါ၊

(၅)
မြစ်ဆုံဆည်တည်ဆောက်ရေးနဲ့ ပါတ်သက်ပြီး လူထုရဲ့ ကန့်ကွက်မှုတွေရှိလာတဲ့အခါမှာ တရုတ် နဲ့ မြန်မာအာဏာပိုင်များက သူတို့ စည်းနဲ့ ဘောင်နဲ့ ဆောင်ရွက်ပါတယ်ဆိုတာပြနိုင်ဖို့ တရုတ်၊မြန်မာပညာရှင်များပါဝင်တဲ့ Biodiversity And Nature Conservation Association (BANCA) အဖွဲ့ကို မြစ်ကြီးနား နဲ့ မြစ်ဆုံဒေသတဝိုက်မှာ ပါတ်ဝန်းကျင်ထိခိုက်မှု တိုင်းတာချက်ပထမအဆင့် (The First Step of Environmental Impact Assessment/EIA) ပြုလုပ်ဖို့ ၂၀၀၉ ခုနှစ်ထဲမှာ တာဝန်ပေးခဲ့ပါတယ်၊ EIA ဆိုတာက ကုလသမဂ္ဂက ဦးဆောင်ဖွဲ့ထားတဲ့ မဲခေါင်မြစ်ကော်မရှင် (Mekong River Commission) က မဲခေါင်မြစ်ဝှမ်းဒေသမှာ ဆောက်လုပ်မည့် ဆည်များအတွက် မဆောက်လုပ်ခင် ကြိုတင်လေ့လာဖို့ သတ်မှတ်ထားတဲ့ တိုင်းတာဆန်းစစ်ချက် (Assessment) ဖြစ်ပြီး အဆင့် ၁၀ ဆင့်ရှိပါတယ်၊

တာဝန်ပေးချက်အရ အဲဒီအဖွဲ့က လပေါင်းများစွာ ကွင်းဆင်း လေ့လာသုံးသပ်မှုတွေ လုပ်ပြီး ၂၀၀၉ ခုနှစ် အောက်တိုဘာလ မှာ စာမျက်နှာ ၁၀၀၀ နီးပါးရှိတဲ့ သူတို့ရဲ့ တွေ့ရှိချက်အစီရင်ခံစာ (Environmental Impact Assessment/EIA) နဲ့ အကြံပြုချက်တွေ (Recommendations ) ကို တရုတ် နဲ့ မြန်မာအာဏာပိုင်များထံ တင်သွင်းခဲ့ပါတယ်၊ အဲဒီအစီရင်ခံစာမှာ ဧရာဝတီမြစ်ကြီးကို" မြန်မာနိုင်ငံရဲ့ အသက်သွေးကြော၊ ပြည်သူသန်းပေါင်းများစွာရဲ့ အသက်မွေးဝမ်းကြောင်းနဲ့ ခရီးသွားလာမှုအတွက်အမှီပြုရာ၊ သန်းပေါင်း ၅၀ကျော်ပြည်သူတွေ ရဲ့ ပင်မ ဆက်သွယ်ရေးလမ်းကြောင်းကြီး" အဖြစ်တင်စားပြီး "ဒီမြစ်ကြီးကို ဆည်ကြီး (၇) ခုနဲ့ အပိုင်းပိုင်းအပြတ်ပြတ်ဖြစ်အောင်လုပ်တာဟာ မြစ်ဆုံဒေသမှာနေကြတဲ့ ပြည်သူတွေတင်မက၊ မြစ်အောက်ပိုင်း အဝေးကြီးက၊ မြစ်ဝကျွန်းပေါ်ဒေသက ပြည်သူတွေကိုပါ အင်မတန်ကြီးမာတဲ့ လူမှုရေး၊ စီးပွါးရေး နဲ့ ပါတ်ဝန်းကျင်ဆိုင်ရာ အနိဌာရုံတွေ သက်ရောက်စေလိမ့်မယ်" လို့ ထောက်ပြဝေဘန်ထားပါတယ်၊

ဒီအစီရင်ခံစာရေးသူတွေကပဲ "ဧရာဝတီမြစ်ဆုံ ဟာ ကချင်လူမျိုးများရဲ့ ဂုဏ်ယူစရာပိုင်ဆိုင်မှု၊ ယဉ်ကျေးမှုရဲ့ အသည်းနှလုံး ဖြစ်ပြီး ဒီမြစ်ဆုံဟာ ဆည်ဆောက်လုပ်ရေးအတွက် လုံးဝပျောက်ပျက်သွားမှာဖြစ်လို့ အဲဒီဆုံးရှုံးမှုကြီးဟာဖြင့် ကချင်လူမျိုးများသာမက မြန်မာပြည်သူများအားလုံးအတွက် ကြောက်ခမန်းလိလိကြီးမားတဲ့ ဝမ်းနည်းကြေကွဲစရာကြီးဖြစ်လိမ့်မယ်" လို့လဲ သတိပေးထားပါတယ်၊ ရေလွှမ်းမိုးခံရမည့် ကျေးရွာတွေ၊ ရွှေ့ပြောင်းနေရာချရမည့် ပြည်သူတွေ၊ အဖျက်ဆီးခံရမည့် သစ်တောကြီးတွေ၊ ထာဝရပျောက်ဆုံးသွားမည့် သဘာဝအလှအပတွေ၊ ဆက်လက်မရှင်သန်နိုင်တော့မည့် ရှားပါးသစ်ပင်တွေ၊ ပန်းတွေ နဲ့ ရေသတ္တဝါတွေ အကြောင်းတင်ပြသတိပေးထားသလို ဧရာဝတီမြစ်ရေစီးဆင်းမှု နှေးကွေးသွားတဲ့အတွက်ကြောင့် ပင်လယ်ဘက်က ဆားငံရေတွေ ပြန်လည်စီးဝင်ပြီး မြန်မာနိုင်ငံရဲ့ စပါးကျီဖြစ်တဲ့ မြစ်ဝကျွန်းပေါ်ဒေသမှာ စိုက်ပျိုးရေးနဲ့ ရေလုပ်ငန်းတွေ ပျက်စီးကြမည့်အကြောင်း ထောက်ပြထားပါတယ်၊ နောက်ဆုံးမှာတော့ အစီရင်ခံစာရေးသာသူ ပညာရှင်များက တရုတ်၊မြန်မာ အာဏာပိုင်များကို "မြစ်ဆုံရေကာတာဆောက်လုပ်ရေးစီမံကိန်းကို စွန့်လွှတ်ဖို့ နဲ့ မဖြစ်မနေဆောက်မှဖြစ်မယ်ဆိုရင် လဲ မြစ်ဆုံမှာ မဆောက်ပဲ မြစ်ဆုံရဲ့အထက် မေခ နဲ့ မလိခမြစ်များမှာ အသေးစား ဆည် နှစ်ခုအစားထိုးဆောက်ဖို့” အကြံပြုထားပါတယ်၊
အဲဒီ ပညာရှင်များရဲ့ တာဝန်သိသိတင်ပြချက်တွေကို တရုတ်၊မြန်မာ အာဏာပိုင်များက ဒေါသတကြီး ညင်းပယ်လိုက်ကြပါတယ်၊ အစီရင်ခံစာကိုလဲ လူထုကြားထဲ ရောက်မလာအောင် ဖုံးကွယ်ထားကြပြီး နောက်ထပ်ဆောင်ရွက်ရမည့် တိုင်းတာချက်အဆင့် ၉ ခုကိုလဲ မဆောင်ရွက်တော့ပါ၊ အဲဒီနောက်တော့ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ မူဝါဒနဲ့ မြစ်ဆုံဆည်တည်ဆောက်ရေး ကို အားကြိုးမာန်တက်ဆောင်ရွက်နေတော့တာပါ၊ ပညာရှင်များက မြစ်ဆုံဆည်ဟာ စစ်ကိုင်းငလျင်ပြတ်ရွေ့ကြောကြီးနဲ့ နီးလို့ ငလျင်များလှုပ်ခဲ့ရင် မြစ်ကြီးနားမြို့ကြီးတမြို့လုံး စက္ကန် ၂၀ အတွင်းမှာ ရေအောက်နစ်မြုတ်သွားနိုင်တယ်လို့လဲ သတိပေးကြပါတယ်၊ အဲဒီအတွက် စစ်အုပ်စုရဲ့ အရေးယူမှုက မြစ်ကြီးနားမြို့အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို မြစ်ဆုံရဲ့အထက်ဖက်က ပူတာအိုမြို့ကို ရွှေ့ပြောင်းအခြေချဖို့အမိန့်ထုတ်တာပါ၊ မြစ်ကြီးနားမြို့နေ ပြည်သူများအတွက်တော့ နည်းနည်းလေးမှ စိတ်ပူပုံမရပါ၊
ဝမ်းနည်းကြေကွဲစရာအကောင်းဆုံးကတော့ မြန်မာပြည်သူလူထုတရပ်လုံးရဲ့အကျိုးစီးပွါးကို တရုတ်အစိုးရက အဓမ္မဖျက်ဆီးနေတာကို မြန်မာစစ်ခေါင်းဆောင်များက ကျေကျေနပ်နပ် ခွင့်ပြုပြီး ပူးပေါင်းကူညီနေတာပါပဲ၊ တကယ်တော့ တရုတ် အစိုးရနဲ့ မြန်မာစစ်ခေါင်းဆောင်များပူးပေါင်းပြီး မြန်မာလူထုတရပ်လုံးအပေါ် အကြမ်းဖက်တဲ့ ရာဇဝတ်မှုကြီး (Crimes against Humanity) ကျူးလွန်နေတာပါ၊

(၆)
ဒီစာကို ဒေါသနဲ့ ရေးတာဖြစ်ကြောင်း ဝန်ခံပါရစေ၊ ဒါကြောင့် တချို့စကားလုံးတွေ ကြမ်းတမ်းနေပါလိမ့်မယ်၊ ခွင့်လွှတ်ကြပါ၊ ပြီးတော့ တရုတ်၊ မြန်မာ လူမျိုးများအချင်းချင်း မုန်းတီးဖို့ ၊ ရန်ဖြစ်ဖို့ လှုံ့ဆော်တာလဲ မဟုတ်ရပါ၊ တရုတ်လူမျိုးများအပေါ် ဘယ်လို အာဃာတမှ မရှိပါ၊ မြန်မာနိုင်ငံတွင်းမှာ ဘိုးစဉ်ဘောင်ဆက်နေထိုင်နေကြတဲ့ တရုတ်လူမျိုးများကိုလဲ မြန်မာနိုင်ငံသားအချင်းချင်းမို့ ချစ်ခင်ပါတယ်၊ ဆွေမျိုးအရင်းအချာလို သဘောထားပါတယ်၊ ဒါပေမည့် တရုတ်အစိုးရနဲ့ မြန်မာစစ်ခေါင်းဆောင်တွေကိုတော့ ပြင်းပြင်းထန်ထန်ရှုံ့ချဖို့ ဒီစာတမ်းကို ရေးပါတယ်၊ ပြီးတော့ ဧရာဝတီ ကိုကယ်တင်ကြဖို့ မြန်မာနိုင်ငံသားအပေါင်းကို တောင်းဆိုပါတယ်၊

ဘယ်လို ကယ်တင်ကြမလဲ၊ ကျနော်တို့ ဧရာဝတီ ကယ်တင်ရေး (SAVE THE IRRAWADDY) အမျိုးသားရေး လှုပ်ရှားမှုကြီးလုပ်ရမှာပါ၊ ပြည်တွင်းက ပြည်သူတွေက ဧရာဝတီ မြစ်ဆုံဆည်တည်ဆောက်ရေးကို ကန့်ကွက်ကြောင်း မြန်မာစစ်အုပ်စုကို တောင်းဆိုသင့်သလို ရန်ကုန် မှာရှိတဲ့ တရုတ်သံရုံး၊ မန္တလေးမှာရှိတဲ့ တရုတ်ကောင်စစ်ဝန်ရုံးများကို ကန့်ကွက်စာတွေ ပေးပို့သင့်ပါတယ်၊ ဧရာဝတီမြစ်ကြီး အနိုင်ကျင့်ခံနေရမှုနဲ့ ကချင်ပြည်နယ် နဲ့ မြန်မာတနိုင်ငံလုံးက ပြည်သူတွေ ထိခိုက်နစ်နာမည့်အရေးကို လူထုသိနားလည်အောင် ရှင်းလင်းတင်ပြပြီး လူထုအင်အားနဲ့ ဧရာဝတီကို ကာကွယ်ကြရမှာပါ၊ ဆရာတော်၊ သံဃာတော်များကလဲ သူတို့ရဲ့ တရားပွဲများမှာ ဧရာဝတီမြစ်ကြီးရဲ့ အကျိုးကျေးဇူးကို ရည်ညွှန်းဖွဲ့ဆိုပြီး ဧရာဝတီကို စောင့်ရှောက်ကာကွယ်ဖို့လူတိုင်းမှာတာဝန်ရှိကြောင်း ဟောပြောသင့်ပါတယ်၊ အနုပညာရှင်များကလဲ ဧရာဝတီမြစ်ကြီး အရင်လိုမစီးဆင်းနိုင်တော့ရင် ဖြစ်လာမည့်အကျိုးဆက်တွေကို လူထုနဲ့ စစ်တပ်ထဲက နိုင်ငံချစ်တဲ့ စစ်ဗိုလ်၊ စစ်သားတွေသိအောင် သီချင်းတွေစပ်ဆို၊ စာတမ်းဖတ်ပွဲတွေ၊ ဆွေးနွေးပွဲတွေ လုပ်သင့်ပါတယ်၊ အထူးသဖြင့် လောဘဇောကပ်နေတဲ့ မြန်မာစစ်ခေါင်းဆောင်တွေ၊ အလိုတော်ရိစီးပွါးရေးသမားတွေနဲ့ တရုတ်ကွန်မြူနစ်ပါတီအစိုးရတို့ကို မြန်မာပြည်သူတွေဟာ ဧရာဝတီ ကို ထိရင် မခံဘူးဟေ့ ဆိုတာကို သိအောင်ပြသကြဖို့ပါ၊

ပြည်ပရောက် မြန်မာနိုင်ငံသားတွေကလဲ သက်ဆိုင်ရာနိုင်ငံများမှာ ရှိတဲ့ တရုတ်သံရုံး၊ ကောင်စစ်ဝန်ရုံးများရှေ့မှာ ဆန္ဒပြတာ၊ ကန့်ကွက်စာပို့တာတွေလုပ်သင့်ပါတယ်၊ ပြီးတော့ သက်ဆိုင်ရာနိုင်ငံများက အစိုးရများ၊ လွှတ်တော်ကိုယ်စားလှယ်များကို တရုတ်အစိုးရရဲ့ မြန်မာပြည်သူများအပေါ် တိုက်ရိုက် လူ့အခွင့်အရေးချိုးဖောက်မှုကြီးကို တင်ပြတိုင်တန်းသင့်ပါတယ်၊ ပြီးတော့ ကျနော်တို့ အခု ကုလသမဂ္ဂက မြန်မာနိုင်ငံမှာ စစ်အုပ်စုက ကျူးလွန်နေတဲ့ လူသားမျိုးနွယ်စုတခုလုံးအပေါ်အကြမ်းဖက်မှုတွေကို စုံစမ်းရေးကော်မရှင်ဖွဲ့ပြီး ဖော်ထုတ်အရေးယူဖို့ တောင်းဆိုနေသလို တရုတ်အစိုးရကလဲ မြန်မာပြည်ရဲ့ ဧရာဝတီမြစ်ကြီးကိုအနိုင်ကျင့်ပြီး မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်နေတယ်၊ Crimes against Humanity တွေ ကျူးလွန်နေတယ်ဆိုတာ တိုင်တန်းကြရမှာပါ၊

ကျနော်တို့ဘက်မှာ အဖွဲ့အစည်းပေါင်းစုံ၊ အတွေးအခေါ်ပေါင်းစုံ နဲ့ ရပ်တည်မှုပေါင်းစုံရှိပြီး မညီညွတ်ကြဘူးလို့ သတ်မှတ်ခံကြရပါတယ်၊ နအဖစစ်အုပ်စုအပေါ် စီးပွါးရေးပိတ်ဆို့မှုလုပ်တာကို ထောက်ခံတဲ့လူ နဲ့ ကန့်ကွက်တဲ့လူ၊ စစ်အုပ်စုရဲ့ လွှတ်တော်ထဲဝင်တဲ့လူနဲ့ လွှတ်တော်အပြင်မှာပဲနေတဲ့လူ၊ နိုင်ငံရေးကို သက်တောင့်သက်သာလုပ်ချင်တဲ့လူ နဲ့ ထောင်အကြိမ်ကြိမ်အကျခံပြီးလုပ်တဲ့လူ၊ ပညာရှင်ဘဝပြောင်းပြီး ဘေးကဝေဘန်တဲ့လူနဲ့ မိုက်ခွက်ကိုင်ပြီး အသံလွှင့်တဲ့လူ၊ ကွန်ပြူတာရှေ့ထိုင်ပြီး အင်တာနက်နဲ့ တော်လှန်ရေးလုပ်တဲ့လူ၊ စစ်အုပ်စုနဲ့ ပူးပေါင်းဆောင်ရွက်ပြီး ဖြည်းဖြည်းချင်းတော့ ပြောင်းမှာပါလို့ မျှော်လင့်တဲ့လူ နဲ့ စစ်အုပ်စုရဲ့ လှည့်ဖျားမှုကိုမခံပဲ ပိုပြီးဖိအားပေးချင်တဲ့လူ၊ နိုင်ငံရေးကို စိတ်ကုန်သွားတဲ့လူတွေ နဲ့ စိတ်မဝင်စားတော့ တဲ့လူ၊ ကျနော်တို့ အားလုံး ဘယ်လိုပဲရှိခဲ့ရှိခဲ့၊ အမြင်တွေ၊ ရပ်တည်ချက်တွေ မတူခဲ့ရင်တောင်မှ ဒီတခါတော့ ကျနော်တို့ ညီကြရအောင်ပါ၊ ဧရာဝတီ မရှိရင် ကျနော်တို့ဘဝတွေ အဓိပ္ပာယ်ရှိမှာ မဟုတ်တော့ပါ၊ ကျနော်တို့ ညီမှ အမိ ဧရာဝတီ ကို ကယ်တင်နိုင်၊ ကာကွယ်နိုင်မှာပါ၊

ဧရာဝတီ ကိုကယ်တင်ကြပါစို့၊
လေးစားစွာ၊
အောင်ဒင်
ဇူလိုင် ၈၊ ၂၀၁၁

0 တိုင်းသူပြည်သား အားလုံးရဲ့ ကြိုးစားရုန်းကန်မှု ဖြစ်စေချင်

အရှင်အာနန္ဒာရဲ့ ပယ်ဆုလေးတန်၊ ခံဆုလေးပါး တရားထဲမှာ အရှင်အာနန္ဒာ က သူမြတ်စွာဘုရားကို အမြဲတမ်းအလုပ် အကျွေးပြုပေးရမည့် ဥပဌာကရဟန်း ရာထူးနေရာ ကိုလက်ခံရာမှာ...

လူတွေရဲ့သည်းခြေကြိုက် အခွင့် အရေး၊ ရပိုင်ခွင့် ၄ မျိုး.....

၁။ မြတ်စွာဘုရား အားကပ်လှူသော ကောင်းသောဆွမ်းကို သူ့အားမကျွေးရန်၊

၂။ မြတ်စွာဘုရား ၀တ်ရုံသောသင်္ကန်းအကောင်စားကို သူ့အားမပေးရန်၊

၃။ မြတ်စွာဘုရား နှင့်အတူ ဂန္ဒကုဋီတိုက်တွင် သူ့အားအတူမထားရန်၊

၎။ မြတ်စွာဘုရားအား ပင့်ဖိတ်သော အလှူပွဲများသို့ သူ့အားမခေါ်ရန် တို့ကို... ပယ်ဆုလေးတန်အဖြစ်၎င်း၊

လောကကောင်းကျိုးကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်အောင် သူယူရမဲ့ ရာထူးရဲ့ လုပ်ပိုင်ခွင့်တာဝန် နဲ့ ၀တ္တရား ၄မျိုး.....

၁။ သူပင့်ဖိတ်တိုင်း မြတ်စွာဘုရားမှ ကြွချီပေးရန်၊

၂။ အဝေးမှ လာသော ဘုရားဖူးများအား မြတ်စွာဘုရားရှေ့မှောက်ပို့ခွင့်ပြုရန်၊

၃။ သူသံသယရှိ ရ်ျ မေးလျှောက်ခဲ့လျှင် မြတ်စွာဘုရားမှ ချက်ချင်း ဖြေဆိုပေးရန်၊

၎။ သူ့ကွယ်ရာမှာ မြတ်စွာဘုရား ဟောကြားခဲ့သော တရားကို သူ့အား အစအဆုံး ပြန်လည်ဟောကြားပေးရန် တို့ကို... ခံဆုလေးပါး အဖြစ်၎င်း တောင်းခံပုံကို သိရတဲ့လူတိုင်း (( Aung K. Thaike) ရေးခဲ့သလို) မိမိကိုယ်တိုင်သာလို့ ၀င်စဉ်းစားကြည့်မိရုံလေးနဲ့တင် ကြက်သီမွေးညှင်းထမိပါတယ်။

ပုထုဇဉ်ထဲမှာလည်း ဗိုလ်ချုပ်အောင်ဆန်း လိုလူတွေ ရှိခဲ့ပါတယ်။ ရှိနေပါတယ်။ လူရယ်လို့ ဖြစ်လာရင် လူတိုင်းမှာမိမိနဲ့ သက်ဆိုင်တဲ့ တာဝန် ၀တ္တရားဆိုတာ ရှိပါတယ်။ အနိမ့်ဆုံး သားသမီးဝတ်တော့ရှိပါတယ်။

တိုင်းပြည်တစ်ခုလုံးရဲ့ ကံကြမ္မာကို အကောင်းဘက် ပြောင်းလဲဖို့ ကြိုးစားကြရာမှာ လူနည်းစုရဲ့ ကြိုးစားရုန်းကန်မှုထက် တိုင်းသူပြည်သားအားလုံးရဲ့ကြိုးစားရုန်းကန်မှု ဖြစ်မှအောင်မြင်လွယ်ကူမှာပါ။ ကောင်းကျိုးတရား တစ်ခု ဖြစ်ထွန်းလာဖို့ ပြည့်စုံရမည့် အကြောင်းတရားတွေအထဲမှာ ကံကောင်းခြင်းဟာ အရေးပါတဲ့အကြောင်းတရား တစ်ခုပါ။ ရှေ့တန်းကနေ ကိုယ်ကျိုးစွန့် ရုန်းကန်နေကြတဲ့ နေရာက မပါနိုင်ရင်တောင် တစ်ဦးချင်း ကံကောင်းနေအောင် အကြောင်းကောင်းတွေကို သတိဥာဏ်ပညာနဲ့ ဖြည့်ဆည်းပေးနေကြ စေချင်ပါတယ်။

ကံကောင်းခြင်း ဆိုတာမှာ

(အဟိရိက)... အရှက်အကြောက် ကင်းမဲ့သဖြင့် လည်းကောင်း။

(ကာကသူရေန)... ကျီးကဲ့သို့ လုယူရဲသဖြင့် လည်းကောင်း။

(ဓံသိနာ)... သူတစ်ပါး ပျက်စီးအောင် ချောက်တွန်းသဖြင့် လည်းကောင်း။

(ပက္ခန္ဒိနာ)... အခွင့်အလမ်း သာယာသို့ ပြေးဝင်သဖြင့် လည်းကောင်း။

(ပဂဗ္ဘေန)... ရက်စက်သဖြင့် လည်းကောင်း။

(သံကိလိဋ္ဌေန)... အကုသိုလ် နည်းလမ်းဖြင့် လည်းကောင်း။

ဇီဝိတ... အသက်မွေးသည်ရှိသော်။ သုဇီတ... အသက်မွေးမှုလွယ်၏။ ဓမ္မပဒ-၁၈၊၆၊၂၂၄ ..... ဆိုတဲ့ အလွယ်လမ်း၊ အချောင်လမ်း အကုသိုလ် ၀ိသမလောဘတွေ၊ မတရားသဖြင့် မသမာတဲ့နည်းတွေနဲ့ ကြီးပွါးအောင် လုပ်နေတာကိုမဆိုလိုပါ။ ဓမ္မဗျာပါရ ကံအကျိုးပေးကောင်းခြင်းကို ဆိုလိုတာပါ။

ကျေးဇူးတင်စွာဖြင့်.....ရွှေဇီးကွက်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.