Tuesday, September 27, 2011

0 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းတည်ထောင်ခြင်း ၂၃ နှစ်ပြည့် အခမ်းအနား

ကမ္ဘာတ၀ှမ်းလုံးရှိ မြန်မာနိုင်ငံ ဒီမိုကရေစီအရေးအတွက် ဒီမိုကရေစီကို ချစ်မြတ်နိုးသူအားလုံးသို့

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ၁၉၉၈ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့တွင် စတင် တည်ထောင် ဖွဲ့စည်းခဲ့ရာ ၂၇.၉.၂၀၁၁ ရက်နေ့တွင် ၂၃ နှစ်တင်းတင်းပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်ခြင်း ၂၃ နှစ်ပြည့် အခမ်းအနားကို ရွှေဂုံတိုင်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုဌာနချုပ် ရုံး၌ နံနက် (၁၁)နာရီတွင် စတင် ကျင်းပမည်ဖြစ်ပါသည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်ခြင်း (၂၃) နှစ်ပြည့် အခမ်းအနားကို ဂီတဖျော်ဖြေပွဲများနှင့် နိုင်ငံရေးဆိုင်ရာ ဆွေးနွေးပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပမည် ဖြစ်ပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ဒီမိုကရေစီခေါင်းဆောင်၊ နိုဗယ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ တည်ကြည် ဖြောင့်မတ်သော ဦးဆောင်မှုအောက်တွင် စစ်အစိုးရ၏ ကောက်ကျစ် ယုတ်မာမှုမျိုးစုံဖြင့် ပါတီအား ဖြိုခွင်းရန် ကြိုးပမ်းခဲ့မှုများကို ကြံ့ကြံ့ခံ ရပ်တည်ခဲ့ပါသည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် သန့်ရှင်း၍ တရားမျှတသည်ဟု တကမ္ဘာလုံးက သတ်မှတ် ထားသော ၁၉၉၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကြီးတွင် မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့ပါသည်။ မြန်မာပြည်သူလူထု၏ ထောက်ခံမှုရရှိခဲ့သော ပြည်သူ့ပါတီကြီးဖြစ်ပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် မြန်မာနိုင်ငံပြည်သူ တရပ်လုံး၏ ယုံကြည်ကိုးစားမှုကို ခံယူကာ မြန်မာပြည်သူတရပ်လုံး၏ တာဝန်ပေးချက်ဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးတို့အတွက် မဆုတ်မနစ်သော ဇွဲလုံ့လဖြင့် ၂၃ နှစ်လုံးလုံး ကြိုးပမ်း ဆောင်ရွက်ခဲ့ရာမှာ ယခုဆိုလျှင် အောင်မြင်မှု အလင်းရောင်စကို စတင် တွေမြင်နေရပြီ ဖြစ်ပါသည်။

ဒီမိုကရေစီခေါင်းဆောင်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုဖြင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် မြန်မာနိုင်ငံ၏ တစ်ခုတည်းသော ဒီမိုကရေစီရေး၊ နိုင်ငံရေး ဦးဆောင်မှုပါတီအဖြစ် ၂၃ နှစ်တိုင်အောင် ရပ်တည်နိုင်ခဲ့ပါပြီ။ မြန်မာဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးတို့အတွက် မြန်မာတမျိုးသားလုံးကို ဦးဆောင်မှု ပေးနေသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တည်ထောင်ခြင်း ၂၃ နှစ်ပြည့် အခမ်းအနားကို ဒီမိုကရေစီ ချစ်မြတ်နိုးသူ ပြည်သူတရပ်လုံးက တက်ရောက်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

မြန်မာနိုင်ငံဒီမိုကရေစီကွန်ယက်

0 "အရှေ့မှာရင်ဘတ်၊ အနောက်မှာ ကျော"


ချင်းမိုင် (မဇ္ဈိမ) ။ ။ တနင်္လာနေ့တွင် ဖြစ်ခဲ့သည့် ရွှေဝါရောင် လေးနှစ်ပြည့် လှုပ်ရှားမှုနှင့် ပတ်သက်ပြီး လှုပ်ရှားမှုတွင် ပါဝင်သူများကို ဝေဖန်နေသည့်အပေါ် မိမိတို့ စေတနာသန့်သန့်နှင့် လုပ်ဆောင်ခဲ့တာ ဖြစ်ကြောင်း လှုပ်ရှားမှုကို ဦးဆောင်ပါဝင်ခဲ့သူ တဦးလည်းဖြစ်၊ ၂ဝ၁ဝ ရွေးကောက်ပွဲဝင်ပြိုင်ခဲ့သည့် တသီးပုဂ္ဂလ ဦးဝင်းချိုက ဆိုသည်။ ယင်းလှုပ်ရှားမှုကို လုံခြုံရေးနှင့် ရဲဝန်ထမ်း ၄ဝဝ ခန့်က လူစုခွဲပစ်ခဲ့သည်။

ရွှေဝါရောင် လေးနှစ်ပြည့် လှုပ်ရှားမှု အစီအစဉ်များအကြောင်း၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးအပေါ်အမြင်၊ ယခုလှုပ်ရှားမှုကြောင့် နိုင်ငံရေး အကျဉ်းသားလွတ်ရေး အပေါ်သက်ရောက်မှု၊ လှုပ်ရှားမှုများအပေါ် ဝေဖန်ချက် များကို ပြန်လည်တုန့်ပြန်မှုတို့ကို မဇ္ဈိမ သတင်းထောက် မျိုးသန့် က ဦးဝင်းချိုကို မေးမြန်းထားသည်။

ဘယ်လို အိုင်ဒီယာနဲ့ ဒီနေ့ အစီအစဉ်ကို လုပ်ဖြစ်တာလဲခင်ဗျာ့။

“အမှန်ပြောရရင် ကျနော်က ရွှေဝါရောင် နှစ်ပတ်လည်ပွဲကို သွားတက်တာပါ။ ပွဲက ဒေါ်နော်အုန်းလှတို့ ဦးစီးပြီးတော့ ဒဂုံမြို့သစ် အရှေ့ပိုင်းမှာ လုပ်တာပါ၊ ကျနော် သွားတက်တဲ့အခါကျတော့ အဲဒီမှာ သူတို့ ဆုတောင်းဖို့အတွက် သူတို့ အစီအစဉ်ရှိတယ်ဆိုတာ သိရပါတယ်။ အဲဒီတော့ သူတို့ ဆုတောင်းဖို့ လုပ်ထားတဲ့ အစီအစဉ်က ကားသုံးစီးနဲ့ ဆူးလေ ဘုရားမှာ သွားပြီးတော့ ဆုတောင်းမယ် ဝတ်ပြုမယ်ပေါ့။ အဲဒီအတွက် အားလုံး အဆင်ပြေပြေ၊ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ထိန်းထိန်းသိမ်းသိမ်းလေးဖြစ်ဖို့ ကျနော်က အဲဒီကျတော့မှ ကျနော်က ပူးပေါင်းပါဝင်ဖြစ်တာပါ ကျနော် ဦးဆောင် တာမဟုတ်ပါဘူး၊ ဒီကိစ္စ ကျနော် စီစဉ်တာ မဟုတ်ပါဘူး”


အန်ကယ်က ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်ဖို့ ပါဝင်ဖြစ်တယ်ဆိုတော့၊ အာဏာပိုင်တွေဘက်က တင်းတင်းမာမာ တုန့်ပြန်လာမယ်လို့ မျှော်လင့်ထားလို့လား။

“ပထမ ကျနော်သိထားတာကတော့ ပုဒ်မ ၃၅၄ (၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ) ပြည်သူတွေရဲ့ ဆန္ဒကို လွတ်လပ်စွာဖေါ်ထုတ်ဖို့ဆိုတဲ့ ကိစ္စမှာ ကျနော်ကိုယ်တိုင် ဂျွန်လ ငါးရက်နေ့မှာ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ဖို့အတွက် မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြဖို့အတွက် ကျနော်ရယ် နေမျိုးဝေရယ်၊ ကိုစိုးကြည်ရယ်၊ ကိုမင်းအောင်ရယ် ကျနော်တို့ ကြိုးစားခဲ့ပါသေးတယ်။ အဲဒီတုန်းက အာဏာပိုင်တွေက ပြောပါတယ်။ နည်းဥပဒေ ထုတ်ပြန်ရခြင်းမရှိသေးတဲ့အတွက်ပါတဲ့။ အဲဒီတော့ နည်းဥပဒေ ထုတ်ပြန်ဖို့ဆိုတာကလည်း အခုမှ လွှတ်တော်မှာ ဆွေးနွေးနေဆဲဆိုတာ ကျနော်သိတယ်လေ။ ဆိုတော့ နည်းဥပဒေ မထုတ်ပြန်သေးခင် ကျနော်တို့ နိုင်နိုင်နင်းနင်း ထိန်းသိမ်းနိုင်သလောက် ထိန်းသိမ်းပေးဖို့အတွက်။ ကျနော်က ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ခံထားတဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲဝင်ခဲ့တဲ့ ကိုယ်စားလှယ်အနေနဲ့ ကျနော် လိုက်သွားတာပါ။”

ဘယ်လိုကနေ ဘယ်လိုတားတာလဲ ခင်ဗျာ့။

“မြောက်ဥက္ကလာကနေ ကမ္ဘာအေး ဘုရားလမ်းကို ချိုးပါတယ်။ အဲဒီမှာ ယဉ်ထိန်းကနေ တားပြီးတော့ လိုင်စင် စစ်ပါတယ်။ အဲဒီမှာ ရဲမှူးကြီးက လိုင်းကားတွေဟာ လိုင်းမဆွဲဘဲနဲ့ နဝလီ (အငှားလိုက်ခြင်း) ငှားတဲ့အတွက် အရေးယူခံရမှာဖြစ်တယ်လို့ ပြောတဲ့အခါမှာ ကျနော်တို့ ငှားလာတဲ့ ကားတွေက ရှေ့ဆက် မသွားရဲတော့ဘူး သူတို့က ဥပဒေနဲ့ ငြိနေတဲ့အတွက် သူတို့ အရေးယူခံရမှာကြောက်ပါတယ် ဆိုပြီးတော့ ကျနော်တို့ငှားထားတဲ့ ပိုက်ဆံကို ပြန်ပေးပါတယ်။ ကျနော်တို့ကလည်း နောက်ထပ် ကားငှားဖို့ မလွယ်တဲ့အခါ လမ်းလျှောက်သွားမယ်ဆိုတော့ ငါး ယောက်ထက်ပိုရင်လည်း တည်ဆဲဥပဒေအရ အရေးယူမှာပါတဲ့။ အဲဒါနဲ့ ကျနော်တို့က ကမ္ဘာအေး ဘုရားလမ်း ပလက်ဖေါင်းမှာပဲ ဘုရားဝတ်ပြုပါတယ်။ ပြီးတော့ ကျနော်တို့ လူစုခွဲလိုက်ပါတယ်”

ရဲ အဲဒီလောက်ပမာဏက အစတည်းက စောင့်တားတာလား။“ဦးမောင်စိုး (ရဲမှူး) လာတားတုန်းကတော့ သူရယ်၊ ကားနှစ်စီးလောက်ပဲ ပါတာပေါ့။ ကားနှစ်စီးလောက်က
နေပြီးတော့ နောက်ထပ်ကျတော့ အများကြီးရောက်လာတာပေါ့။”

ဒီအစီအစဉ်မှာ တခြား ဘယ်သူတွေပါသေးလဲ။

“ကျနော်သိတဲ့လူတွေထဲမှာတော့ တလောက မြစ်ကြီးနား ထောင်ကပြန်လွှတ်လာတဲ့ မျိုးခင်ပါတယ်။ လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ ပြန်လွှတ်လာတဲ့ ကျနော်တို့ အလုပ်သမား သွေးစည်းညီညွတ်ရေးမှာ အတူတူ လက်တွဲခဲ့တဲ့ ထွန်းထွန်းနိုင်တို့ပါတယ်။ ဒေါ်နော်အုန်းလှ၊ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး ကွန်ယက်က ကိုဝေဠ တို့ပါတယ်။ တခြားလူတွေတော့ ကျနော်မသိပါဘူး။”

ရည်ရွယ်ချက်က ဆန္ဒထုတ်ဖေါ်ဖို့လုပ်တာလား၊ ဆုတောင်းဖို့ သက်သက်ပဲလားခင်ဗျာ့။

“ကျနော်တို့က ဆန္ဒပြဖို့ လုံးဝမကြိုးစားခဲ့တာပါ။ ကျနော်တို့က ကားနဲ့သွားပြီးတော့ ဆူးလေဘုရားမှာ ဝတ်ပြုမယ်၊ ဆုတောင်းမှာ ဒီဟာက ကျနော်တို့ ဆန္ဒပြတဲ့အကြောင်းအရာ မဟုတ်ဘူး။ ဒီဟာက ကျနော်တို့ရဲ့ ဆန္ဒဖေါ်ထုတ်ခြင်း ဘာလိုချင်တယ် ဘာပေးပါ။ ဒီဟာကို မလိုချင်ဘူး ဟိုဟာပေးပါ အစရှိသဖြင့် ကျနော်တို့ရဲ့ ဆန္ဒတွေ ပြောနေတာ မဟုတ်ပါဘူး။ ကိုဝေဠုတို့ စီစဉ်တာကလည်း ဝတ်ပြုဆုတောင်းဖို့ပါပဲ”

နိုင်ငံရေး အကျဉ်းသားတွေ လွှတ်မပေးတာဟာ ဒီလို လှုပ်ရှားမှုတွေ ဖြစ်လာမှာကို စိုးရိမ်လို့,လို့ ပြောသံတွေ ကြားရပါတယ်။ အခုလှုပ်ရှားမှုကြောင့် နိုင်ငံရေး အကျဉ်းသားကိစ္စ မထိခိုက်နိုင်ဘူးလား။

“ကျနော်တို့လုပ်ခဲ့ပါတယ်။ ကျနော် စီစဉ်တာတော့ မဟုတ်ပါဘူး။ တချိန်တည်းမှာ အမှားအယွင်းဖြစ်ခဲ့ရင်လည်း ကျနော်တာဝန်ယူပါတယ်။ ခေါင်းမရှောင်ပါဘူး။ ကျနော် ဘာ့ကြောင့် ဒီပွဲထဲကို ဝင်သွားရသလဲဆိုတာလည်း ကလေးတွေက ကျနော့်ကို တောင်းဆိုပါတယ်။ အန်ကယ် ဝိုင်းထိန်းပေးပါ။ ကျနော်ကလည်း ရွေးကောက်ပွဲဝင်ခဲ့တဲ့ ကိုယ်စားလှယ်တယောက်အနေနဲ့ သူတို့က ပြောပါတယ်။ အဲဒီတော့ ကျနော်ကလည်း အဲဒီကိစ္စ ဝိုင်းဝန်း ကူညီပေးတာပါ”

နောက်တခုက ဒီကိစ္စဟာ သွေးရိုးသားရိုးမဟုတ်ဘူး နောက်ကွယ်မှာ တခုခု ရှိနေနိုင်တယ်လို့ ဝေဖန်ကြပါတယ် အဲဒီအပေါ်မှာကော။

“ကျနော်လည်း အဲဒါကို သိပါတယ်၊ ဒေါက်တာသန်းထွဋ်အောင်က လုံးဝ လက်မခံနိုင်ဘူး။ နောက်ကွယ်က
ပြဿနာကို ဖေါ်ထုတ်ရမယ်လို့ ရဲရဲတင်းတင်း ပြတ်ပြတ်သားသား ပြောရဲတဲ့ စေတနာကို လေးစားပါတယ်။ ဒါပေမယ့် ဒီမိုကရေစီနိုင်ငံ ထူထောင်ချင်ရင် ကျနော်တို့လို လူညံ့တွေလည်းဒီနိုင်ငံမှာ အသက်ရှင်ခွင့်ပြုပါ လို့ပြောချင်တယ်။”

“ကျနော်တို့ ချောင်းရေက သူ့ဘာသာ သူနောက်တာပါဗျာ။ နင်မဟုတ်ရင် နင့်အဖေပဲလို့တော့ မပြောစေချင်ဘူး။ ကျနော်တို့ ရေသောက်ဆင်းမိပါတယ်။ အဲဒီတော့ ဒီချောင်းရေ နောက်သွားတယ်။ ကျနော်မဟုတ်ပါဘူး ဆိုရင်တောင် နင်မဟုတ်ရင် နင့်အဖေပဲလို့ ဖြစ်နိုင်ရင် မပြောစေချင်ပါဘူး။”

ဒေါ်အောင်ဆန်းစုကြည်ကလည်း အာရပ်မှာ ဖြစ်နေသလိုမျိုး လှုပ်ရှားမှုတွေ မဖြစ်စေလိုပုံ ပေါ်ပါတယ်၊ ဒီအပေါ်မှာကော။

“ကျနော်တို့ ခေါင်းဆောင်က ဒါလုပ်ဆိုမှ လုပ်တဲ့လူတွေမဟုတ်တာတော့ ကျနော်တို့မှာ အပြစ်ရှိတာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ နောက်တခါ ကျနော်တို့က ကိုယ့်အယူအဆ လေးတွေကို
ဖေါ်ထုတ်တာလည်း ခေါင်းဆောင်လည်း လက်ခံနိုင်လိမ့်မယ်လို့ ထင်ပါတယ်ခင်ဗျာ။ အဲဒီအတွက် ခေါင်းဆောင်လုပ်နေတဲ့ အကြောင်းအရာတွေကို အနှောက်အယှက် ဖြစ်စေချင်တဲ့ ဘယ်သူ့မှာမှ ဖြစ်စေချင်တဲ့ ဆန္ဒလုံးဝမရှိပါခင်ဗျာ။”

ဒီလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး အန်တီစုနဲ့ သဘောထား မကွဲနိုင်ဘူးလား။

“ကျနော်ကတော့ အဲဒီလို မမြင်ဘူးခင်ဗျာ့၊ အန်တီကတော့ အားလုံး ကိုယ့်ဟာကို လမ်းလျှောက်နိုင်ဖို့အတွက် ပိုပြီးတော့ စိတ်ဝင်စားမယ် ထင်ပါတယ်။ အစတည်းကလည်း အန်တီယောက်တည်းနဲ့ ဒီမိုကရေစီနိုင်ငံ ဖြစ်လာဖို့ဆိုတာ မဟုတ်သေးဘူး မှားတယ် ဆိုပြီးတော့ ပြောပါတယ်။ သူ့တယောက် တည်းကိုပဲ အားကိုးနေရင် အာဏာရှင် ဖြစ်သွားမယ်လို့လည်း ပြောဖူးပါတယ်။ ဒီကိစ္စမှာ ကလေးတွေ လုပ်တာနဲ့ ပတ်သက်ပြီးတော့ ကျနော်က ဝိုင်းဝန်း ထိန်းသိမ်းပါတယ်။ အဲဒီဟာနဲ့ ပတ်သက်ပြီးတော့ ကျနော်မှားသွားရင်လည်း သမိုင်းက ရေးသွားပါလိမ့်မယ်။ သို့သော် လည်း ကျနော်တို့ စေတနာ မသန့်တဲ့ အလုပ်တော့ တခုမှ မလုပ်ခဲ့ပါဘူး။”

နောက်ထပ်မေးချင်တာက အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုတဲ့ ဝေါဟာရကို အန်ကယ် ဘယ်လို အဓိပ္ပါယ် ဖွင့်ပါသလဲ။

“ဖွဲ့စည်းပုံ အသက်မဝင်သေးခင် ရွေးကောက်ပွဲလည်း မစသေးခင်က ကျနော်ပြောခဲ့တယ်ဗျ။ အမျိုးသား ပြန်လည် သင့်မြတ်ရေးဆိုတာ အုပ်ချုပ်သူနဲ့ အုပ်ချုပ်ခံလူတန်းစား ကြားထဲမှာ သံသယ ကင်းကင်းနဲ့ ပွင့်ပွင့်လင်းလင်း ဆက်ဆံနိုင်ခဲ့ရင် အဲဒါဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေးပါပဲ။”

အဲဒီ ပွင့်ပွင်းလင်း ဆက်ဆံနေကြတဲ့ အခြေအနေတွေ မြင်နေရပြီလား။

“အဲဒါကတော့ ကျနော်တို့ စမ်းသပ်ဆဲကာလဖြစ်ပါတယ်။ ကျနော်တို့ တယောက်ကို တယောက် ချစ်ချစ်ခင်ခင်နဲ့ တယောက်ကိုတယောက် အမှားအယွင်းလေးတွေရှိရင် သည်းခံပြီးတော့ ကျနော်တို့ ပြုပြင်သွားရင် ဒီကိစ္စဟာ အဆင်ပြေသွားမယ်လို့ ကျနော်က ယူဆပါတယ်။ ပြည်သူမပါတဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး ဆိုတာ ဖြစ်နိုင်မယ်လို့ ခင်ဗျားကော ထင်သလားဗျာ။”

အန်ကယ့်ရဲ့ နိုင်ငံရေး အယူအဆလည်း ပြောပါဦး။

“အခုလက်ငင်းအချိန်မှာ ကျနော်တို့ နိုင်ငံရေး အယူအဆနဲ့ ပတ်သက်ပြီး နိုင်ငံရေးကို မလုပ်ရသေးဘူး ထင်တာပဲ။ ကျနော်တို့ အခုလုပ်နေတာတွေက နိုင်ငံသားတွေရဲ့ အကျိုးစီးပွား ကာကွယ်မှုကိုပဲ မပြီးဆုံးနိုင်အောင် ထမ်းဆောင်နေရသေးတာ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့နိုင်ငံမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေက ၂ဝ၁ဝ၊ ၂ဝ၁၁ ဖေဖေါ်ဝါရီ ကျတော့မှ ပြန်ရှိတာကိုး။ နှစ်ပေါင်း နှစ်ဆယ်လောက်နီးနီး နိုင်ငံသားတို့၏ မူလ အခွင့်အရေးများနဲ့ တာဝန်များ ဆိုတဲ့ဟာက အခုအချိန်မှာ တခါမှ မခံစားဘူးဖူးလေ။ နိုင်ငံသားတို့၏ မူလ အခွင့်အရေးများနဲ့ အခန်းကဏ္ဍ ပုဒ်မ ၃၄၅ ကနေ ၃၉ဝ အထိကို ကြေကြေ ညက်ညက်သိဖို့ကို အရင်ဆုံးကြိုးစားနေရတဲ့အခါမှာ မူဝါဒ ကိစ္စ ကိုပြောဖို့ မလွယ်လောက်သေးဘူး။”

နောက်ဆုံး မေးခွန်းပါပဲ ခင်ဗျာ၊ ဒီနေ့ အခြေအနေမှာ ရဲတွေ၊ လုံခြုံရေးတွေက အန်ကယ်တို့ကို ဆက်ဆံတဲ့ အနေအထားလည်း သိပါရစေ။

“ကာလ၊ ဒေသ၊ ပရောဂ အပေါ်မှာပဲ မူတည်ပါတယ်။ အဲဒီတော့ အခြေအနေတခု ပြောင်းသွားလို့ရှိရင် အပြုအမူက
ပြောင်းသွားရမှာကိုး။ အခုအခြေအနေမှာတော့ သူတို့ ပူးပေါင်း ဆောင်ရွက်တယ်လို့ ပြောလို့ရပါတယ်။”

နောက်ထပ် ဖြည့်ပြောချင်တာရှိရင် ပြောပါခင်ဗျာ။

“ဒီလိုပါဗျာ။ ကျနော်တို့ အကောင်းကြိုးစားပြီး လုပ်နေပါတယ်။ မှားတာတွေ ရှိနိုင်ပါတယ်။ ဘာမှ မလုပ်တာထက် စာရင်တော့ စေတနာ သန့်သန့်နဲ့ လုပ်ကိုင်ရင်းနဲ့ မှားတာလေးတွေရှိရင် ကျနော်တို့ကို နားလည်ပေးပါ။ ကျနော်တို့ စေတနာ မယုတ်မာပါဘူး။ ကျနော် ဘယ်သူ့အားကိုးနဲ့ ဘယ်သူ့ သြဇာနဲ့ ကျနော့်ကို ဒီလို အလုပ်မျိုး လုပ်နေတယ်လို့ ကျနော့်ကိုဖြစ်နိုင်ရင် မစွတ်စွဲစေချင်ဘူးဗျာ။ ကျနော့်ကို သေသေချာချာလေး လေ့လာပေးပါ။ ဦးဝင်းချိုက အရှေ့မှာ ရင်ဘတ်၊ အနောက်မှာ ကျောကလွဲရင် ဘာမှ မရှိတဲ့လူပါ။ လုံးဝတသီးပုဂ္ဂလပါ အဲဒါကို လုံးဝ ကြေညာပါတယ်။”

Monday, September 26, 2011

0 ရွေဝါရောင်တော်လှန်ရေး(၄)နှစ်ပြည့်ဆူးလေချီတက်ဆန္ဒပြဆုတောင်းပွဲ



မေသင်္ကြန်ဟိန်း(မြစ်မခ)
စက်တင်ဘာ ၂၆၊ ရန်ကုန်မြို့။

ဒီနေ့ နံနက်ကတည်းက အလှူပွဲတွေ၊ အခမ်းအနားတွေ ရှိတာကို ကြားရ သိရပါတယ်။ သတင်း ဂျာနယ် နှစ်စောင်အတွက် သတင်းတွေပို့ပေးနေရလို့ ရုံးကနေ ထွက်ခွင့်ရတဲ့အချိန်က နေ့လည် ၁၁ နာရီ ကျော်နေပါပြီ။

ဆူးလေဘုရားအနီး၊ မြို့တော်ခန်းမ ရှေ့ကို ရောက်တဲ့အချိန်မှာ နေ့လည် ၁၂နာရီ ထိုးပြီး ၁၅ မိနစ်ပါ။ မြို့တော်ခန်းမရှေ့က့  မီဒီယာကော်နာရှေ့မှာ ကျမရဲ့ သူငယ်ချင်းတွေ၊ မိတ်ဆွေတွေကိုလည်း ကင်မရာ ကိုယ်စီနဲ့ တွေ့မြင်ရပါတယ်။

မြို့တော်ခန်းမရှေ့မှာတော့ ယူနီဖောင်းအပြည့်အစုံဝတ် လုံထိန်းတွေကို တင်ထားတဲ့ ကား ၆ စီးနဲ့ မြို့တော်ခန်းမအနီးမှာ စောင့်နေတဲ့ ရဲကား ၃ စီးကို မြင်တွေ့နေရပါတယ်။

နေ့လည် ၁နာရီ ထိုးပြီး ၃ မိနစ်လောက်မှာပဲ မိုးစက်တွေက ဝေါကနဲ့ သွန်ချလိုက်ပါတယ်။ မိုးစက်တွေနဲ့အတူ အ၀ါရောင်တီရှပ်အကျီာင်္တွေ ၀တ်ထားတဲ့ အမျိုးသားအမျိုးသမီး အယောက် ၃၀ လောက်က ကားတွေ၊ လိုင်းကားတွေ၊ ရဲကားတွေကို ဖြတ်ပြီး မဟာဗန္ဓုလပန်းခြံရှေ့ကနေ ဆူးလေ ဘုရားပေါ်ကို တက်သွားကြပါတော့တယ်။

အဲဒီအ၀ါရောင်တီရှပ်တွေ နောက်ကို ယူနီဖောင်းဝတ် ရဲ ၂၀ လောက်က ပြေးလိုက်သွားကြသလို၊ ကင်မရာကိုင် သတင်းသမား ၃၀ လောက်နဲ့ ၊ အရပ်ဝတ်ထားတဲ့ ရဲ ၂၀ လောက်ကလည်း အပြေးအလွှား ပြေးလိုက်ကြပါတယ်။

ဆူးလေဘုရားပေါ်မှာတော့ ဘုရားဖူးသူ နည်းနည်း လုံခြုံရေးချထားတဲ့ ယူနီဖောင်းဝတ်ရဲ၊ ရဲအရာရှိများ၊ အရပ်ဝတ်ရဲများများနဲ့ သတင်းသမားတွေက၀ိုင်းပြီး အ၀ါရောင်လမ်းလျှောက်လာကြသူတွေ၊ ဆုတောင်းနေကြသူတွေကို မေးမြန်းကြ၊ ဓါတ်ပုံရိုက်ကြနဲ့ပါပဲ။မိုးတွေကလည်း တဝေါဝေါရွာလို့၊ သတင်းသမားတွေရဲ့ တယောက်တခွန်းမေသံတွေနဲ့ မှတ်တမ်းတင် ဓါတ်ပုံရိုက်နေကြသူတွေကြားမှာအ၀ါရောင်ဝတ်သူတွေကတော့ တည်တည်ငြိမ်ငြိမ်အေးအေးဆေးဆေးနဲ့ပါပဲ။

`ဘာကြောင့်ခုလို လမ်းလျှောက်ဆုတောင်းကြတာပါလဲ`ဆိုတဲ့ အမေးအဆုံးမှာ ပန်းတွေ ပွေ့ထားတဲ့ မျက်နှာ ချိုချိုနဲ့ အသက် ၃၀ ကျော်အရွယ် အမျိုးသားက လေသံအေးအေးနဲ့ပဲ ဖြေပါတယ်။

`၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေး အထိမ်းအမှတ် နှစ်ပတ်လည်ပါ။ပြီးတော့ ကျနော်တို့ ရဲ့ ရဲဘော်တွေဖြစ်တဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့သူတွေကို ရည်စူးပြီး ကောင်းမှုကုသိုလ် လုပ်တာပါ။ အင်္ကျီဝါကို ၀တ်ဆင်ရခြင်းကလည်း ၂၀၀၇ ဖြစ်စဉ်ကိုပဲ ရည်ရွယ်ကိုယ်စားပြုပြီး ၀တ်ဆင်တာပါ။ ဒီအထိမ်းအမှတ်ပွဲမှာ နိုင်ငံရေး ယုံကြည်ချက်ကြောင့် အကျဉ်းကျခံ နေရသူတွေရဲ့ မိသားစုဝင်တွေ၊ ၈၈ မျိုးဆက် ကျောင်းသားတွေရဲ့ မိသားစုဝင်တွေ၊ အင်္ဂါဝတ်ပြု ဆုတောင်းအဖွဲ့က အဖွဲ့ဝင်တွေပါပါတယ်” လို့ သူက အေးဆေးစွာပဲ ပြောပါတယ်။

ခဏကြာတော့ ရဲအရာရှိကြီးတွေက အ၀ါေ၇ာင်တီရှပ်ဝတ်တွေနဲ့ စကားတွေ ပြောဆိုကြပါတယ်။မိုးစက်သံတွေနဲ့ ရပ်နေရာကနေ ဘာတွေ ပြောကြသလဲဆို မကြားရလိုက်ပေမဲ့၊ ကမ္ဘာအေးကနေ ရောက်လာမဲ့ အဖွဲ့ကို စောင့်နေတာကိုတော့ ကြားလိုက်ရပါတယ်။

ကျန်တဲ့ အဖွဲ့ဝင်တွေကတော့ မိုးရေတွေထဲမှာ အေးအေးဆေးဆေးပဲ ထိုင်နေပြီး ဘုရားဝတ်ပြုနေကြတယ်။ သူတို့ဟာ စိုးရွံ့နေပုံမရဘူး၊ ပျာယာလည်း ခတ်မနေကြဘူး၊ ပြာယာခတ်နေတဲ့ သူတွေ ဟိုပုံရိုက် ဒီပုံရိုက်နဲ့ ကင်မရာ၊ ဗီဒီယို ကင်မရာ ကိုင်ထားကြသူတွေ ကြားမှာ အ၀ါရောင်သူတွေကတော့ အေးဆေးစွာနဲ့ ဘုရားဝတ်ပြုနေကြပါရဲ့။

ကမ္ဘာအေး ဘုရားမှာ ဆုတောင်းတဲ့ အဖွဲ့ တဖွဲ့ရှိသေးတယ်၊ သူတို့နဲ့လည်းဆူးလေမှာပဲ ဆုံဖို့ ချိန်းထားတယ်ဆိုတဲ့ စကားကြောင့် မီဒီယာသမားတွေ ကမ္ဘာအေး ဘုရားဘက်ကို ရွေ့ဖို့ ပြင်ကြတယ်။

ဆူးလေနဲ့ ကမ္ဘာအေးဘုရား လူခွဲပြီး နေကြမယ်ဆိုပြီး မီဒီယာသမားတွေ အချင်းချင်းတိုင်ပင်ပြီး ကမ္ဘာအေးဘက်ကို ရွေ့ကြတယ်။ အဲဒီထဲမှာ ကျမလည်းပါတာပေါ့။

ကားငှားပြီး ထွက်ခဲ့ပေမဲ့ ရွှေဂုံတိုင်ရောက်တော့ မိုးရေတွေက လမ်းပေါ်တက်ပြီး ကားဆက်သွားလို့မရတော့ဘူး၊ သိတယ်မဟုတ်လား၊ ရန်ကုန်မှာ မိုးရွာရင် မိုးရွာလို့ နာရီဝက်မပြည့်ခင် လမ်းတွေပေါ်ရေတွေရောက်လာတာ ကားဘော်ဒီအောက်ပိုင်း မြှုပ်တယ်လေ၊ အဲဒါနဲ့ ဆူးလေဘက် ပြန်လှည့်လာတော့ ဦးထောင်ဘိုလမ်းထိပ်မှာ ရွှေဂုံတိုင်ဘက်ကို လမ်းလျှောက်လာတဲ့ အ၀ါရောင်အဖွဲ့ကို တွေ့လိုက်ရပါတယ်။

အ၀ါရောင်ဝတ်ဆင်သူပေါင်း ၆၀ ကျော်လောက်နဲ့ ၄ ယောက်တတွဲလမ်းလျှောက်လာတဲ့ သူတွေပါ။ အမျိုးသမီးအမျိုါ်သားတွေနဲ့ တက်တက်ကြွကြွလျှောက်လာကြတာပါပဲ။ မိုးတွေလည်း ကင်းစင်စပြုလာပြီ အ၀ါရောင်ဝတ်ဆင်သူတွေလည်း ရွဲရွဲစိုစိုနဲ့ ဘေးနားကလိုက်ကြည့်သူတွေလည်း မိုးရေတွေ ရွဲစိုနေကြပါတယ်။ ကားပေါ်ကနေ လိုက်လာတဲ့ ယူနီဖောင်းဝတ် ရဲအရာရှိတွေကတော့ မပါဘူးပေါ့နော်။

လမ်းလျှောက်သူတွေနဲ့ သူတို့နားဘေးနားမှာတော့ အရပ်ဝတ်နဲ့ ရဲတွေပါ၊ သူတို့မှာလည်း ကင်မရာတွေ နဲ့ပါပဲ။ သတင်းထောက်နဲ့ စုံထောက်တွေလည်း မျက်လုံးချင်း မကြာခဏ စုံမိကြပါရဲ့။ အမြဲတွေ့တွေ့နေရတဲ့ သူတွေမို့  သူတို့တွေကလည်း ကျမတို့တွေကို မှတ်မိ၊ ကျမတို့သတင်းသမားတွေကလည်း သူတို့တွေကို မှတ်မိနဲ့ပါ။လမ်းလျှောက်သူတွေနောက် တကောက်ကောက်လိုက်ကြရင်း ရွှေဂုံတိုင်မီးပွိုင့်မှာ ရပ်လိုက်ကြပါတယ်။

ကမ္ဘာအေး အဖွဲ့က လူစုကွဲသွားပြီ ဆူးလေကို ပြန်ကြရအောင်ဆိုလို့ နောက်ကြောင်း ပြန်လှည့်ပြီး ထွက်လာတော့ညနေ ၃နာရီ ခွဲကာနီးပါပီ။

ဆူးလေမှာ ပြန်ဆုံကြတော့ ညနေ၄နာရီပါ။ ဆူးလေမှာ သံလျင်က လာတဲ့အဖွဲ့နဲ့ ဒေါ်နော်အုန်းလှတို့အဖွဲ့ ဆုံကြပြီး ဆုတောင်းဖို့ ပြင်ဆင်ကြပါတယ်။

အ၀ါရောင်ဝတ်စုံတွေနဲ့ အ၀ါရောင်ပန်းခက်တွေကိုင်ပြီး ညီညီထိုင်လို့ ယဉ်ယဉ်ကျေးကျေး ရွတ်ဆို ဆုတောင်းကြတာပါ။

`ဒီမိုကရေစီ လှုပ်ရှားမှုများကြောင့် အကျဉ်းထောင်အသီးသမီးတွင် ထောင်ကျအကျဉ်းကျခံနေရသော နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးပြန်လည်း လွှတ်မြောက်ပါစေ၊ နယ်စပ်ဒေသအသီးသီးတွင် ပြည်တွင်းစစ်ကြောင့် ဒုက္ခရောက်နေသော တိုင်းရင်းသား ပြည်သူလူထုကြီး တရပ်လုံးငြိမ်းချမ်း သာယာစေ ရန် အတွက် တန်းတူညီမျှတဲ့ စစ်မှန်သော တွေ့ဆုံရှင်းလင်းမှုများနှင့် ဖြေရှင်းနိုင်ပါစေ`ဆိုပြီး ဆုတောင်းကြတယ်။

ဆုတောင်းနေတဲ့ သူတို့တွေရဲ့ ဟန်ပန်နဲ့ အမူအရာကလည်း ယဉ်ကျေးသိမ်မွေ့ပါတယ်။အော်ဟစ်ခြင်း၊ ရိုင်းစိုင်းခြင်း စတဲ့ဟန်ပန်မျိုါ်လုံးဝ မရှိကြပါဘူး၊ သတင်းသမားများ၊ အရပ်ဝတ် ရဲများ၊ ယူနီဖောင်းဝတ် ရဲများနှင့် အတူ လာရောက်ကြည့်ရှုကြသော ပြည်သူလူထုများနှင့် ဆူးလေဘုရား နောက်ဘက်မုဒ်နှင့်မြောက်ဘက်မုဒ်ကြားပြည့်ညှပ်သွားတော့တယ်။

`တိုင်းပြည်နှင့်ပြည်သူလူထုကြီး အကျိုးနှင့် ဆန့်ကျင်သော ဧရာဝတီမြစ်ဆုံရေကာတာ စီမံရေးကိစ္စ ပြည်သူလူထုကြီးဆန္ဒနှင့် အညီ ဖြစ်ပေါ်ပါစေ`ဟု အ၀ါရောင်ဝတ်ဆင်သူ၅၀ ၀န်းကျင်ခန့်က ဆုတောင်းခဲ့ကြတယ်။

အဲဒီနောက်တော့ နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံး လွှတ်မြောက်ရေး ဆိုတဲ့ ဆန္ဒအပေါ်မှာ ပြည်သူလူထုတည်ရှိနေတဲ့ ဆန္ဒကို စည်းကမ်းရှိစွာ ၊ ယဉ်ကျေးစွာနှင့် ဒီနေ့ဖြစ်ပေါ်နေတဲ့ တွေ့ဆုံဆွေးနွေးရေးအပေါ်ကို ရှင်းရှင်းလင်းလင်း မြင်မြင်သာသာနဲ့ အားပေးထောက်ခံလိုက်တဲ့ သက်သေပြချက်ကို အောင်မြင်စွာ ပြုလုပ်နိုင်တဲ့အတွက် ဒီနေ၇ာမှာ အောင်မြင်စွာ ပြီးဆုံးကြောင်း အမျိုးသားတဦးက ကြေညာခဲ့ပါတယ်။ အဲဒီနောက်တော့ အ၀ါရောင်တွေ လူစု ခွဲလိုက်ကြပါတယ်။ ကျမတို့တွေလည်း ကင်မရာသိမ်းပြီး ပြန်ဖို့ပြင်ကြပါပြီ။

ညနေလူစုခွဲတော့ ၄နာရီ ကျော်ပါပြီ။ မိုးတွေလည်း ကင်းစင်ပါပြီ။ အောင်မြင်တဲ့အတွက် ကျေနပ်ကြသူတွေ၊ အဖမ်းအဆီးခံရသူ မရှိလို့ စိတ်အေးချမ်းကြသူတွေနဲ့ပါ။

ဘာပဲဖြစ်ဖြစ် ရွှေဝါရောင်တော်လှန်ရေး ၄ နှစ်ပြည့်အထိမ်းအမှတ် ဆူးလေ ဆုတောင်းပွဲကတော့ မိုးရေတွေကြားမှာပဲ ပြီးစီးခဲ့ပါပြီ။

ကျမတို့လို သတင်းသမားတွေကတာ့ အပြေးအလွှားနဲ့ ရုံးကို ပြန်ပြီး စာရေးဖို့ အသည်းအသန်ပါပဲ။ င်္ဒီနေ့ ဆုတောင်းပွဲ သတင်းကို ဂျာနယ်တွေမှာ ဖော်ပြခွင့်ရမရ မသေချာကြပေမဲ့ သတင်းသမားတွေက တော့ သတင်းဖြစ်ဖြစ်၊ ဆောင်းပါးပါးဖြစ်ဖြစ်ရေးကြမှာပါ။

ဘယ်မှာမှ ဖော်ပြခွင့်မရခဲ့ရင်လည်း ကိုယ့် facebook မှာကိုယ်တင်ကြမယ်ဆိုတဲ့ကျမလို သတင်းသမားတွေလည်း ရှိနေကြမှာပါ။

မိတ်ဆွေများအား လေးစားခင်မင်လျက်

မေသင်္ကြန်ဟိန်း

0 ဆူးလေဘုရားအနီးသို့ သံဃာ့အရေးအခင်း ၄ နှစ်ပြည့် ပြည်သူများ ဆန္ဒပြ နေ

ဒေါ်နော်အုံးလှတို့ ဦးဆောင်ပြီး ရန်ကုန်မှာ အခု ဆန္ဒပြနေပါတယ် လို့သတင်းရရှိပါတယ်။
မြောက်ဥက္ကလာနေ ဆုလေဘုရားကို ချီတက်ကြမယ်။လူ၁၀၀ လောက်ရှိတယ်လို့သိရပါတယ်။ မရမ်းကုန်းမြို့အ၀င်လမ်းဝန၀ဒေး ရုပ်ရှင်ရုံရှေ့မအရောက် ရဲက ပုဒ်မ ၄၄၆ တည်ဆဲဥပဒေအရ အရေးယူမယ်လို့ တုန့်ပြန်လာတယ်လို့ဆိုပါတယ်။ ရဲကခြိမ်းခြောက်တာဖြစ်ပါတယ်။ မြစ်ဆုံကိစ္စ လို့ ယူဆနိုင်ပါတယ်။ အခု တံတားလေးလမ်းဆုံမိုးလေ၀သရောက်နေပြီ လို့သိရပါတယ်။ ဦးသိန်းစိန် အစိုးရက ဒီမိုကရေစီအစိုးရလို့ဆိုထားတော့ ဆန္ဒပြခွင့်ပေးထားသလား စမ်းသပ်မှုတခုပဲလို သုံးသပ်မိပါတယ်။

အခုဖြစ်နေတဲ့ ပြည်တွင်းကလှုပ်ရှားမှုတွေ ဆူးလေမှာ လူ၄၀၀လောက်စုပြီး လှုပ်ရှားမှုတွေလုပ်နေတယ် ဆုတောင်းပွဲ ကို ရွှေဝါရောင်တူညီဝတ်စုံဝတ်ကြတယ်လို့ကြားတယ် .. မြောက်ဥက္ကလာမှ ဆန္ဒပြသူများချီတက် နောက် မိနစ် 30 တွင် ဆူးလေရောက်မည် ဆူးလေမှာရာနဲချီပြီး မြောက်ဥက္ကလာမှ ချီတက်လာသူတွေကိုကြိုအခု အခြေအတင်ဖြစ်နေတယ်.. ရဲက ပုဒ်မ ၄၄၆ တည်ဆဲဥပဒေအရ အရေးယူမယ်လို့ တုန့်ပြန်လာတယ်တဲ့ မရမ်းကုန်းမြို့အ၀င်လမ်းဝ န၀ဒေး ရုပ်ရှင်ရုံရှေ့မှာ ခြိမ်းခြောက်တာပါ ရမလားလို့ ဆန္ဒပြခွင့်ပေးထားတာပဲဆိုပြီး အယောက် ၃၀ ကဖေါက်ထွက်လာတယ် တချို့က မိုးလေ၀သေ၇ှ့အပိတ်ခံနေရတယ်
န၀ဒေးလမ်းဆုံနဲ့ကမ္ဘာအေးကြားမှာ အပိတ်ခံနေတယ်လို့ သတင်းရရှိပါတယ် ။

မြို့ထဲကိုချီတက်တဲံ့သူတွေ မီဒီယာလွှတ်ပေးပြီး အမြန်ဆုံး သတင်းရယူပေးစေလိုပါတယ် ခင်ဗျာ ။

ရန်သူကအားသုံးပြီးနှိမ်နင်းမယ့်သဘောရှိတယ်။

ပြည်သူလူထု အားလုံး ပူးပေါင်းပေးကြပါ.....ခင်ဗျာ ။

0 မြန်သရန့်ပြည်အကြောင်း
ရေးသူ- ဖိုးသူတော်


မြန်သရန့်ပြည်အကြောင်း

အပိုင်း ( ၁ )

အေဒီ ၂၀၆၀

‘ မာမား မာမား… သားသားလေ ဒီနေ့ သမိုင်းဆိုင်ရာ စာမေးပွဲမှာ ပထမရခဲ့တယ်’…
သားသား၏ အသံစာစာနှင့် ပြေးဝင်လာမှုကြောင့် ကျမ မီးဖိုချောင်မှာ ဟင်းချက်နေရင်း ဂတ်စ်အိုးကို အသာပိတ်ကာ အိမ်ရှေ့ခန်းသို့ ပြေးထွက်လာမိ၏။

‘သားသား ဘာတွေဖြစ်လာတုန်း၊ မာမားကို ပြောပါဦး’
သားသားလေ ဒီနေ့ အတန်းထဲမှာ သမိုင်းမေးခွန်းဖြေဆိုမှုမှာ ပထမအဆင့်နဲ့ အောင်ခဲ့တယ် မာမားရဲ့’
‘ဟုတ်လား သားသားတို့ သမိုင်းဆရာက ဘာတွေမေးတာတုန်း’

‘ဆရာက ဟိုးတုန်းက မေးခွန်းတွေလည်းမေးတယ် ၊ ခုနောက်ပိုင်း သမိုင်းခေတ်သစ်မေးခွန်း တွေလည်း မေးတယ်’
‘ဟုတ်လား သားသားရဲ့၊ မာမားကို ပြောပါဦး သားသားမေးခွန်းတွေကို’

‘ဆရာက မေးတာက လွယ်ပါတယ်’

‘သားသားတို့ ပြည်မကြီးမှာရှိတဲ့ မဟာတံတိုင်းကြီးကို ဘယ်သူဆောက်ခဲ့သလဲတဲ့’
‘သားသားက ရှီဟွန်တီး လို့ဖြေခဲ့တယ်’

‘နောက်ပြီး သားသားတို့ တရုတ်ပြည်သစ်ကြီးကို ဘယ်သူ တည်ထောင်ခဲ့သလဲတဲ့’

‘သားသားက မော်စီတုန်းလို့ ဖြေခဲ့တယ်’

‘နောက် သားသားတို့ မဟာတရုတ်ပြည်ကြီး အာရှမှာ ကြီးထွားဖို့ ဘယ်သူလုပ်ခဲ့သလဲတဲ့’
‘သားသားက ဟူကျင်းတောင်လို့ ဖြေခဲ့တယ် မားမားရဲ့’

‘အို. သားသားက သိပ်တော်တာပဲ’
‘ဒါပေမဲ့ မာမား ဆရာက အမှတ်စာရင်းတွေ ပြောပီးတော့ သားသားကို တခုမေးတယ် သိလား’
‘ဘာတဲ့တုန်း သားသားရဲ့’

‘လျောင်ချန်းယိ မင်း ဧရာဝတီဆိုတာ သိသလားတဲ့’
‘သားသားက ဆရာဘာပြောတာလဲလို့ ထပ်မေးတော့ ဆရာက ဧရာဝတီဆိုတာ သိသလားလို့မေးတယ်’
သားသား မသိဘူး မာမား။ အဲ့ဒါ ဘာကို ပြောတာလဲဟင်။ မာမားကော သိလား။ ပြောပြပါလား မာမား သိရင်’

‘ဩော် သားသားရယ်၊ မာမား အများကြီး ပြောပြချင်ပါတယ်။ ဒါပေမဲ့ မာမား ခုတော့ မပြောပါရစေနဲ့ဦး။ သားသားကို ပြောပြဖို့ မာမား ပြန်စဉ်းစားဦးမယ်နော်..။ ကဲ သားသားလဲ ရေသွားချိုးချေဦး’

သားသားသည် ငါတို့ တိုင်းပြည် တရုတ်ပြည်ကိုချစ်သည်၊ တို့ဘိုးဘွားအမွေ တို့ တရုတ်ပြည်ကို မြတ်နိုးသည်ဆိုသော ကျောင်းတွင် မူလတန်းမှ စ၍သင်ထားပေးသော သီးချင်းကို ဆိုငြီးကာ ရေသွားချိုးလေသည်။

အပိုင်း ( ၂ )

တကယ်တော့ သားသားသည် အသက် ၁၀ နှစ်သားခန့် အခြေခံပညာ အလယ်တန်း ၅တန်းကျောင်းသား ကြီး ဖြစ်နေပေပြီ။ ကျမတို့ အကြောင်းကို ပြောပြရရင် ကျမတို့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ မြန်သရန်ပြည်နယ်၊ ပြည်မြို့အနီးတွင် နေထိုင်နေပါသည်။ ကျမ၏ မိခင်သည် မြန်မာလူမျိုး မိဘနှစ်ပါးမှ ပေါက်ဖွားလာပြီး၊ ကျမ၏ ဖခင်သည် ပြည်ကြီးတရုတ်မှ လူမျိုးခြားတဦးဖြစ်လေသည်။ ကျမ မြန်မာတ၀က်၊ တရုတ်တ၀က်ကိုယ်တိုင် ကပြားသည်ပင် သားသားတို့ အဖေ လျောင်ချင်းချို နှင့် အိမ်ထောင်ကျပီး ယခုဆို သားသားတောင် မွေးဖွား၍ ၁၀ နှစ်သား ရောက်လို့ နေပေသည်။

ကျမသည် သားသား၏ သမိုင်းဆရာ နောက်ဆုံးမေးသော မေးခွန်းနှင့်ပတ်သက်၍ စိတ်ထဲတွင် အတွေးမျိုးစုံဖြစ်နေပါသည်။ ‘သမိုင်းဆရာ၏ သားသားကို ဧရာဝတီကို မင်းသိသလား’ ဟုသော မေးခွန်းသည် ကျမကိုယ်တိုင်ပင် ဧရာဝတီကို ငါကော သိသလားဟူသော ထပ်ဆင့်မေးခွန်းပေါ်တွင် မူတည်နေပါသည်။

သားသားရေချိုးပီးလျှင် သားသားကို ဖြေရမည့် အဖြေသည် ကျမအတွက် ရင်လေးနေပါသည်။ အကယ်၍ သည်နေရာတွင် သားသားဖခင် ကျမခင်ပွန်း လျောင်ချင်းချိုရှိပါက သူကိုယ်တိုင်ဖြေမည်ဖြစ်သော်လဲ ခင်ပွန်းသည် သည်ယခုအခါ နေပြည်တော် ဘေဂျင်းရှိ နိုင်ငံများနယ်မချဲ့ရေး အစည်းအဝေးသို့ သွားရောက်တက်ရောက်နေပေသည်။ ယခု အခါ ကမ္ဘာပေါ်တွင် တပြည်ထောင်နှင့်တပြည်ထောင် နယ်မချဲ့ရေး၊ တန်းတူညီမျှ ဆက်ဆံရေး၊ နှင့် တိုင်းပြည်အချင်းချင်းတို့ ဖေးမကူညီပေးရေးတို့ ခေတ်စားနေရာ နိုင်ငံခြားရေးဌာန မြန်သရန့်ပြည်နယ်တွင် အလုပ်လုပ်နေသော ကျမခင်ပွန်း သည်အစည်းဝေးသို့ သွားသည်မှာ မဆန်းလှပေ။

ကျမ ဇာတ်ကြောင်း ကျမ ပြန်ပြောပြရသော်၊ ကျမ၏ နာမည်အရင်းမှာ ဆွေသက်ထားအောင် ဖြစ်ပါသည်။ တရုတ်အမည်ကတော့ လျန်ကျဲမူ ဖြစ်ပါသည်။ ဆိုခဲ့သည့်အတိုင်း ကျမ အဖေသည်ပြည်ကြီးတရုတ် လျန်ဟောင်ဟီး ဖြစ်၍ ကျမအမေသည် မြန်မာလူမျိုး လှလှစိန် ဖြစ်ပါသည်။ ထိုထက်ပို၍ ဆိုရသော် ကျမ အဖိုးနှင့်အဖွားဖြစ်ပါသည်။ ကျမ အမေ၏ အဖေနှင့်အမေလည်းဖြစ်ပါသည်။ အဖိုး၏ နာမည်သည် ဦးသူတော်ဟု ခေါ်ဆို၍ အမေ၏ နာမည်သည် ဒေါ်သက်နှင်းဟူ၍ ဖြစ်ပါသည်။ အဖိုးတို့ အဖွားတို့ လူရွယ်ခေတ်က ကျမကြားဖူးသည်မှာ ယခု ကျမတို့ မြန်သရန့်ပြည်နယ်သည် မြန်မာပြည်ထောင်စု နိုင်ငံဟုခေါ်တွင်သည်ဟု အမေပြောဆိုချက်များကို ကြားဖူးပါသည်။

ကျမသည် အဖိုးအဖွားတို့အားကောင်းကောင်း မမှီလိုက်သော်လည်း အမေနှင့်အထိအတွေ့များ၍ အမေ့ထံမှ မြန်သရန့်ခေါ် မြန်မာပြည်အကြောင်းကို အများကြီး ကြားခွင့်ရခဲ့သည်။ အမေ လှလှစိန်၏ အဖေ အဖိုး သူတော်သည် သူ့ခေတ်သူ့အခါ ကျမစိတ်ထင် ( အေဒီ ၂၀၁၇ ) သာသာလောက်တွင် မြန်သရန့်ပြည်တွင်း ထင်ရှားသော အဖွဲ့အစည်းတခုမှ အဖွဲ့ဝင်တဦးဖြစ်ခဲ့ပေမည်။ အဖိုးတို့သည် မြန့်သရန့်ပြည်ကြီးကို ချစ်ခင်မြတ်နိုးပေလိမ့်မည်။

ဒီနေရာတွင် စောန သားသားတို့ သမိုင်းဆရာ စကားဆက်၍ ပြောချင်သည်မှာ ဧရာဝတီကိစ္စဖြစ်သည်။ အဖိုးတို့ခေတ်က ဧရာဝတီဆိုသည့် မြစ်ကြီးဧရာမှာ မြန့်သရန့်ပြည်ကြီး မြောက်ပိုင်းအစမှ တောင်ပိုင်းအဆုံးထိ ပြည်ကြီးအစအဆုံးမိုင်ပေါင်း ၁၃၀၀ ကျော် အလွန်ရှည်လျားသော မြစ်ကြီးတစင်းဖြစ်ပေမည်။ ကျမကိုယ်တိုင်က သက္ကရာစ် ၂၀၃၁ ခုနှစ်တွင် ဖွားမြင်ခဲ့လေတော့ အဖိုးတို့ခေတ် မြန်မာပြည်နှင့် အဖိုးတို့ ဧရာဝတီကို ကောင်းကောင်းမှီသူမဟုတ်ပေ။ ကျမအမေ ဒေါ်လှလှစိန် ကိုယ်တိုင်ပင် ၂၀၁၂ မှာမွေးဖွားလေတော့ ဧရာဝတီကို သူမှီပင် မှီလိုက်သော်လည်း အမေ အရွယ်ရောက်သော အချိန်မှာ မြန်သရန့်ပြည်ကြီးတွင် ဧရာဝတီဆိုတာ မရှိတော့ပေ။ ရှေးလူကြီးများ အိပ်ရာဝင် ပုံပြင်များအဖြစ်သာ ကြာရပေတော့သည်။

ကျမ၏ အမေ ငယ်ငယ်က သူ့အဖေ ကျမအဖိုးပြောပြောပြသော ဧရာဝတီပုံပြင်များကို အမြဲကြားခဲ့ရသည်။ အဖိုးတို့ခေတ်က ဧရာဝတီသည် မြန်သရန့်ပြည်ကြီး၏ အဓိက အရေးပါသော မြစ်ကြီးအဖြစ် စီးဆင်းခဲ့ကြောင်း၊ အဖိုးတို့ အမျိုးသားအားလုံးအတွက် သမိုင်းစဉ်တလျှောက် တန်ဖိုးကြီးပစ္စည်းအဖြစ်ရှိသော မြစ်ကြီးအဖြစ် လည်းကောင်းကြားသိခဲ့ရသည်။ အဖိုးတို့ လူရွယ်အရွယ်တွင် ၎င်းမြစ်ကြီးသည် ခုကျမတို့ ပြည်မကြီးမှ လျှပ်စစ်ဓါတ်အားထုတ်ရန်ဆိုသော အပြောဖြင့်ဆည်ဆောက်သိမ်းပိုက်လိုက်သောကြောင့် ယခုအခါတွင် ထိုမြစ်ကြီးသည် လျှပ်စစ်ဓါတ်အား ဘာမှ မထုတ်နိုင်ပဲ တိမ်ကောသွားရလေသည်။

ကျမယောက်ျား လျောင်ချင်းချိုပြောဖူးသည့် သူတို့ သမိုင်းမှာ၊ သူတို့ ပြည်ကြီးသားများသည် မြန်သရန့်မြစ်ကြီးကို လျှပ်စစ်ထုတ်လွှတ်ဖို့ ဆည်ဆောက်သည်ဟူသော အကြောင်းပြချက်သေးသေးလေး ပြသော်လည်း နောက်ကွယ်တွင် ကြီးမားသော ရည်ရွယ်ချက်များရှိကြောင်း၊ ထိုရည်ရွယ်ချက်များကို သူ တက္ကသိုလ် တက်ရောက်သောအခါ ဂုဏ်ထူးတန်းတွင် အထူးပြုဘာသာရပ်အနေဖြင့် သင်ကြားခဲ့ရကြောင်း ပြောကြားပါသည်။

ထို ရည်ရွယ်ချက်မှာ လျှပ်စစ်ဟူသည် သူတို့ ပြည်မကြီးဘိုးဘေးအစဉ်က တရုတ်ပြည်မကြီးကို တည်ထောင် ခဲ့ သော မော်စီတုန်းအဖိုးကြီး၏ ဆရာများဖြစ်သော လီနင်ဆိုသည် သူတို့ ပြည်မကြီးနှင်း ကပ်လျက်တိုင်းပြည်က နှာဖူးပြောင်း ထိပ်ကြဲအဖိုးကြီးက သူတို့ ရုရှ ဆိုသည်ပြည်ကြီး တည်ထောင်စဉ် ကတည်းက ‘လျှပ်စစ်နှင့်ရုရှပြည်ကြီးတည်ဆောက်အံ့’ ဟု ကျမအဖိုး၏ အဖေ မမွေးခင်ခေတ်ကတည်းက ကြွေးကြော်သောကြောင့် ဒီကိစ္စသည် မထူးဆန်းကြောင်း။ လျှပ်စစ်ကို ထုတ်လွှတ်လိုလျှင် သည်လောက် ပထ၀ီနိုင်ငံရေးအတွက် အရေးပါသော အဖိုးတန်မြစ်ကြီးများကို ရင်းစရာမလိုပဲ တခြားသော နည်းများဖြင့် ထုတ်လွှတ်နိုင်ကြောင်း ကျမ ယောက်ျားမကြာခဏ ပြောဖူးပါသည်။ မင်းတို့ အဖိုးတွေခေတ်က မင်းတို့ အဖိုးတွေပြည်ကြီးက ပညာမတတ်လို့ လူညာခံထိသည်ဟု မကြာခဏ စနောက်ပြောရာ ကျမသည် ယောက်ျားကပြောသော်လည်း အမျိုးကိုထိ၍ မချိအောင် နာမိပါသည်။ ကျမကိုယ်ထဲတွင် မြန်သရန့်ပြည်ကြီး ၏ သွေးတွေ အများကြီး ရှိသည်မဟုတ်ပါလော။

ကျမလည်း ခေတ်ပညာကို အထိုက်အလျောက်သင်ကြားတက်မြောက်ခဲ့ပြီး မြန်သရန့်ပြည်ကြီးကစက်မှုလက်မှု တက္ကသိုလ်ကြီးမှ ဘွဲ့ရခဲ့သော အင်ဂျင်နီယာ တဦးဖြစ်ပါသည်။ ယခုကျမတို့ခေတ်တွင် ရေအား၊လေအားတို့မှ လျှပ်စစ်ထုတ်ယူသည်ဆိုသည်မှာ သားသားတို့ ကျောင်းတွင် ကလေးချင်း အပျင်းပြေဆော့ကစားရာ တခုလို ဖြစ်နေပါသည်။ ကျမ စဉ်းစားမိသည်။ ကျမတို့ အဖိုးသူတော်တို့ လူတွေသည် အသိဥာဏ်နုံနဲလို့သာ ကျမ ယောက်ျားတို့ ပြည်မကြီး၏ အလိမ်အညာတွင် ခံရ၍ သူတို့ သမိုင်းဝင်အဖိုးတန်မြစ်ကြီးကို ထိုးပေးလိုက်ရ သည် ဟု ထင်ပါသည်။ ကျမတို့ ခေတ်တွင် မြစ်၊ချောင်းများ မပြောနှင့်၊ အိမ်နားကပ်စီးနေသော မြောင်းများ ကို ပင် တယုတယနှင့် ထိန်းသိမ်းပေးနေသေးသည်။ လျှပ်စစ်ဓါတ်အားဆိုသည်မှာ မရချင်အဆုံး နျူကလီးယားဆိုသည့် ဟိုက်ဒရိုဂျင်ဆင့်ကွဲပေါက်ဖွားမှု ဖြစ်စဉ်မှ ထုတ်ယူနေရာ များလွန်း၍ မနည်းပင် အတောသတ်ထားရသေးသည်။

အဖိုးတို့ လျှပ်စစ်လေးနှင့် မြစ်ကြီးကို ထိုးကျွေးလိုက်တာ မတန်လိုက်လေးချင်းဟု ကျမထင်မိပါသည်။ ကျမ တို့ အဖိုးပြည်သည် ယခင်က မြန်မာနိုင်ငံဟု၍လည်းကောင်း ဧရာဝတီ မြစ်ကြီးပိုင်ရှင်ဟု၍လည်းကောင်း ရှိသည်ဟု သိရပါသည်။ ဒါကလဲ ကျမအမေ၏ ပြောပြချက်အရသိပါသည်။ ကျမတို့ ခေတ်တွင် သမိုင်းကို ပြည်ကြီးသမိုင်းဟုသာ သင်ရပါသည်။ ဆွန်ယက်ဆင် ၊ မော်စီတုန်း၊ လူချောက်ချီ၊ ကျူအင်လိုင်း၊ ၀မ်ကျားပေါင်နှင့် ဟူကျင်တောင်းတို့မှာ ကျမတို့ မဟာတရုတ်ပြည်ကြီး၏ သမိုင်းဝင်ခေါင်းဆောင်များ ဖြစ်ပါသည်။ တကယ်တော့ လျှပ်စစ်လေးအတွက် ဒီတပြည်လုံးကြီးနောက်ဆုံး ထိုးကျွေးသလို ဖြစ်သွားမယ် ဆိုတာ ကျမတို့ အဖိုးတို့ခေတ်က သမိုင်းဝင်ခေါင်းဆောင်များ မစဉ်းစားကြဘူးလားလို့ ကျမတွေးမိပါသည်။ ကျမတို့ အဖိုးသူတော်တို့သည် အသုံးမကျသော အသိဥာဏ်နုံနဲသော သူများသာ ဖြစ်ပေမည်ဟု ကျမစဉ်းစားမိပါသည်။ ဤအတွက် ကျမ အရှက်ရမိပါသည်။ ကျမ၏ တဦးတည်းသော သားသားကို သည်ကိစ္စ ဖွင့်ပြောမည် မဟုတ်ပါ။

အပိုင်း ( ၃ )

သားသားသည် ရေမိုးချိုး ထမင်းစားပီး၍ ညအိမ်စာလုပ်ပီးသော အခါတွင် ကျမအား ကျောင်းက ပြန်လာစဉ် အခါက မေးခွန်းကို မေးပါသည်။

‘မာမား ၊ ဧရာဝတီဆိုတာ ဘာလဲဟင်၊ မာမားသိရင် ပြောပြပါလား’

‘အို၊ သားရယ်… မာမားလည်း ကြားဖူးတယ်ကွ၊ ဧရာဝတီဆိုတာ မာမား အဖိုးတို့ ခေတ်တုန်းက ရှိတဲ့ မြစ်ကြီး တစင်းကွ’

‘ဟုတ်လား မာမား ၊ မာမား အဖိုးက ဘယ်သူတုန်းဟင်’

‘မာမား ၊ မပြောပါရစေနဲ့ကွာ၊ သားသားက လိမ်မာပါတယ်’

‘ဟင့်အင်၊ မရဘူး၊ မာမားရယ် ပြောပါ ၊ မာမားအဖိုးက ဘယ်သူတုန်း’

‘အင်း…………..။ သားသား အတင်းမေးတော့လဲ မာမားပြောပြရမှာပေါ့’
‘မားမားတို့ အဖိုး သားသား အဘေးကြီး ဟာ ဖိုးသူတော်ပဲ သားသားရဲ့’

‘ဖိုးသူတော် ဟုတ်လား မာမား’
အေး ဟုတ်တယ် သားသားရဲ့’

‘အဖိုးတို့ ခေတ်တုန်းက မားမားတို့ ခုနေတဲ့ မြန်သရန့်ပြည်ကြီးမှာ ဧရာဝတီဆိုတဲ့ မြစ်ကြီး တစင်းရှိတယ်ပြောတယ်။ မာမားတော့ မကြုံဘူးပါဘူးကွယ်’

အဲ့. မြစ်ကြီးက ဘယ်ရောက်သွားသလဲ မာမား’

‘အင်း မာမား အမေ မင်းဖွားဖွား ပြောတာတော့ အဲ့မြစ်ကြီးကို မာမား အဖိုးတွေက ခု ပါပါးတို့ ပြည်ကို ရောင်းစားလိုက်တယ်တဲ့’

‘ဟင်… ပါပါးတို့ ကို ရောင်းတယ်ဆိုတော့ မာမား ဖိုးဖိုးတွေက ဆင်းရဲလို့ပေါ့နော်’

‘အင်းပေါ့ မာမားလဲ သေချာမသိပေမဲ့ မရှိလို့ ရောင်းလိုက်ရတယ်လို့ ထင်မိတာပဲလေ’
‘ဟင်.. အဲ့ဒါနဲ့ ဘယ်လိုဖြစ်သွားလဲ။ အဲ့ မြစ်ကြီးကို သားသား သွားလည်ချင်တယ်’

‘အို.. သားသားရယ် ဖိုးဖိုးတို့က အဲ့မြစ်ကြီး ရောင်းပီး သိပ်မကြာဘူး၊ မြစ်ကြီးလဲ ကောသွားတယ်လို့ မာမား အမေက ပြောတယ်’

‘ဟင်. ဒါဆို မြစ်ကြီးမရှိတော့ဘူးပေါ့ နော် မာမား’

‘ဟုတ်တယ် သားသား။ မာမားတို့ အဖိုးတွေဟာ ဒီမြစ်ကြီးကို မရောင်းအောင် အသက်နဲ့ ရင်းပီး ကာကွယ်စောင့်ရှောက်ပေမဲ့ အဖိုးတို့ ခေတ်က အာဏာပိုင်ရှင်တွေက အတင်းရောင်းလို့ မြစ်ကြီးက အရောင်းခံရတယ်တဲ့’

‘သားသား ပါပါးကိုတော့ သွားမပြောနဲ့ဦးနော်၊ သူတို့တွေက မြစ်ကြီးကိုလိုချင်တာ မဟုတ်ဘူး။ လျှပ်စစ်ဓါတ်အားကို လိုချင်တာ မဟုတ်ဘူး။ မာမားတို့ ခုနေနေတဲ့ မြန်သရန့်ပြည်ကြီးကိုလို ချင်နေတာ။ အဲ့ဒါကြောင့် အဲ့လို တဖက်လည့်လုပ်လိုက်တာ’

‘ဟင် . မာမားကလည်း အဲ့လို တဖက်လည့်လုပ်ရအောင်၊ မာမားတို့ အဖိုးတွေက ငတုံးငအတွေလား။’
‘ဖိုးဖိုးတို့ကတော့ မတုံးလောက်ပါဘူး။ ဒါပေမဲ့ သူတို့ အာဏာပိုင်တွေက တုံးလို့ နေမှာပေါ့’

မာမားကလဲ ဒါလေးကို လူထုနည်းနဲ့ ဆန္ဒပြရင် ဘယ်သူက လုပ်ရဲမှာမို့လို့လဲ။ သာသားတို့ဆို ကျောင်းမှာ အိမ်စာ နှစ်ပုဒ်ပေးလို့ မလုပ်ချင်ရင် တပုဒ်လုပ်ပီး တယောက်ထဲ ထ ဆန္ဒပြတောင် ဆရာမတွေက ခွင့်ပြုသေးတာပဲ’

‘အေးကွယ် . မာမားတို့ အဖိုးခေတ်က ခွင့်မပြုလို့နေမှာပေါ့။ မာမားလဲ ဒီအကြောင်းတွေ ပြောသာ ပြောနေရတာ သေချာမသိပါဘူးကွယ်။ မာမား အမေ သားသားအဖွား မသေခင်ပြောသွားတာတုန်းက ခုမာမားတို့ နေနေတဲ့ ကွန်ဒိုမီနီယံအောက်ကဟာ အရင်က ပြည်ရွှေစံတော်နားမှာ ရစ်ခွေသွားတဲ့ ဧရာဝတီလို့ခေါ်တဲ့ မြစ်ကြီးနေရာပဲတဲ့’

‘ဟင်.. ဟုတ်လာ’..

‘ဟုတ်တယ် သားသား ဖွားဖွားကြီးက ပြောခဲ့တာ။ ဟိုဘက်ကမ်းကို ကြည့်ပါလား၊ ဘုရားကြီး အကြီးကြီးကို မြင်ရလိမ့်မယ်။ အဲ့ဒါ မာမားအမေက သူ့အဖေ ငယ်ငယ်တုန်းက ဓါတ်ပုံတခုမှာ မြင်ဖူးတယ်လို့ ပြောတယ်။ သူလဲ နောက်တော့ သေချာမသိတော့ပါဘူး’

‘ကဲ သားသား အိပ်တော့လေ။ မနက်ဖန် ပါပါး ပြန်လာမှာ။ စောစော ထပီး လေယာဉ်ကွင်းသွားကြိုရဦးမယ်။’

‘လူဝင်မှု အရာရှိတွေနဲ့တွေ့ရင် သားသားက ကောင်းကောင်းမပြောရင် သူတို့က သားသားကို ဖမ်းထားဦးမယ်’

‘ဟုတ်ကဲ့ပါ မာမား။ သားသားတို့ ပါပါး နိုင်ငံသားကဒ်ကြောင့်နေနေရတာ သိပါတယ်။. သားသားအိပ်တော့မယ်’

‘ဂွဒ်နိုက်ခ်’S


အပိုင်း ( ၄ )

ကျမလဲ သားသား အိပ်သွားတော့ ကျမတို့ အဖိုးခေတ်အကြောင်းကို တွေးမိနေလေသည်။ ဒီနေရာဟာ ကျမ အဖွားပြောရသလိုဆို ကျမတို့ မြန်မာတွေနေရာပါပဲ။ ခုတော့ ကျမတို့ ကပြားတွေက သားသားအဖေ ကျမယောက်ျား လျောင်ချင်းချို နိုင်ငံသားကဒ်ကြောင့်နေနေရသော နေရာဖြစ်နေပါတယ်။ ကျမတို့ ခိုင်းစေတဲ့ အခိုင်းအစေလေးတွေကတော့ တကယ့်ကို ဖိုးဖိုးတို့ မြန်မာလူမျိုးတွေ ဖြစ်မယ်ထင်ပါတယ်။ အသားက ညိုညို ၊လေးတိလေးကန် ၊ အသိဥာဏ်ထိုင်းထိုင်းနဲ့ လူတွေပါ။

အို ကျမလဲ ဒါတွေ မတွေးချင်တော့ပါဘူး. မနက်ဖန် ယောက်ျား လျောင်ချင်းချို ပြန်လာမှာပဲ စိတ်က တွေးပီး အိပ်ယာဝင်လိုက်ပါတော့တယ်.။

ပြီးပါပြီ။

တကယ်တော့ ဒီဝတ္ထုကို ရေးဖို့ အာရုံရသည်က ညနေက ရုံးအပြန် ၁၅ မိနစ်လောက် လမ်းလျှောက်ရသည့် လမ်းမှာ အာရုံရချင်းဖြစ်ပါသည်။ ဒါပေမဲ့ လမ်းတ၀က်လောက်ရောက်နေတော့ ငါ ပြန်ရေးရင် ကောင်းမလားဟု စိတ်က တထင့်ထင့်ဖြစ်နေပါသည်။ ထမင်းစားပီးလို့ အချိန် ရနေတုန်း ရေးချင်စိတ်ကလဲ အရမ်းဖြစ်လာလို့ သည်တွေးမိတဲ့ ဇာတ်ကွက်လေးကို ဇာတ်လမ်းလေးအသွင် ဖန်တီး ရေးသားလိုက်ပါတယ်။

ဖတ်တဲ့ သူများလဲ ကျနော့် ၀တ္ထုဆိုလိုရင်းကို သဘောပေါက်မိမယ်လို့ ထင်ပါတယ်။ သည်ဝတ္ထုက ဂျော့ခ်ျအော်ဝဲလ်၏ 1984 ၊အက်လဒပ်စ် ဟပ်ကစလေ ၏ Brave New World တို့ နှင့် တူညီခြင်းမရှိနိုင်ပါ။ ကျနော့်၏ ကိုယ်ပိုင် အတွေးအမြင် အရသာ ပေါက်ဖွားမွေးဖွားပေးသော ၀တ္ထုလေးတပုဒ်ဖြစ်ပါသည်။ မိတ်ဆွေများအားလုံး တွေးဆကြပါ။ သမိုင်း၏ လူဆိုး၊ မိမိတို့ မျိုးဆက်များစွာရဲ့ အရေးမပါ အသိဥာဏ်တုံးသော လူများ မဖြစ်ကြပါစေနှင့်။

ဖိုးသူတော် Facebookမှ

0 မန္တလေးကို ချစ်တဲ့စိတ် ကိုယ့်လူမျိုးကို ချစ်တဲ့စိတ်-
ရေးသူ-လူထုစိန်ဝင်း

ဗမာစကားသာ တစ်လုံးမှ မတတ်တာ သူတို့က စီးပွားရေးတော့ အကွက်သိပ်မြင်တယ်။ တဖြည်းဖြည်းချင်း နယ်ပယ် ချဲ့ထွင်နေလိုက်ကြတာ ဘယ်သူမှ လိုက်မမီနိုင်တော့ဘူး။ မြို့တွင်းအချက်အချာနေရာ တွေမှာသူတို့က လူများစုလိုဖြစ်လာတော့ အစဉ်အလာ မပျက်ကျင်းပတဲ့ ရပ်ကွက်ဘုရားပွဲတွေ၊ ကထိန်ပွဲ တွေလည်း မကျင်းပနိုင်တော့ဘူး။ ဘုရားဒကာတွေက အဝေးကို ရောက်ကုန်ကြပြီဆိုတော့ ဘုရားတွေဆိုတာလည်း ကျီးနဲ့ဖုတ်ဖုတ် ဖြစ်နေကြတော့တယ်။

မန္တလေး နန်းမြို့နှင့် ရေကျူံး
သိပ်မကြာခင်က ဂျာနယ် တစ်စောင်က သတင်းတစ်ပုဒ် ဖတ်လိုက်ရတဲ့ အတွက် ရက်ပေါင်းများစွာ စိတ်ထဲမှာ ဖျောက်လို့မရအောင် စွဲထင်နေတယ်။ စိတ်လက်မ ကြည်မသာလည်း ဖြစ်ရတယ်။

ပွဲသဘင်ပေါတဲ့မြို့မန္တလေးမြို့မှာ ဒီနှစ်အငြိမ့်အဖွဲ့ နှစ်ဖွဲ့သာ ရှိတော့တယ်ဆိုတဲ့ သတင်းပါ။ မယုံနိုင် လောက် အောင် ကို အံ့သြမိတယ်။ ဖြစ်နိုင်ပါ့မလားလို့ အထပ်ထပ် စဉ်းစားကြည့်တယ်။ မန္တလေးကလူတွေကို ကိုယ်တိုင် မေးကြည့်တော့မှ ဟုတ်တယ...်ဆိုတာ မယုံချင်ဘဲ ယုံလိုက်ရတယ်။ ရှေးက မန္တလေးဆိုတာ မြန်မာပြည်က ဘယ်မြို့နဲ့မှ မတူအောင် ပွဲလမ်းသဘင်တွေ ပေါများတဲ့မြို့ဖြစ်တယ်။ ဆယ့်နှစ်လရာသီ ပွဲပြတ်တယ်မရှိဘူး။ ကိစ္စကြီးငယ်ရှိလို့ ညဘက် အသွားအလာလုပ်ရင် အငြိမ့်စင်တွေ ဇာတ်စင်တွေနဲ့ ပိတ်မနေတဲ့လမ်းကို အတော်ရှာပြီးသွားရတယ်။ မန္တလေး က ရပ်ကွက်တိုင်းမှာ ဘုရားတစ်ဆူ အနည်းဆုံးရှိတယ်။ တချို့ရပ်ကွက်ဆို နှစ်ဆူရှိတယ်။ ဘုရားပွဲ၊ ကထိန်ပွဲ၊ ဘာပွဲဖြစ်ဖြစ် အငြိမ့် တစ်ခုနဲ့ ဇာတ်တစ်ခုပါမြဲပဲ။ ပြီးတော့ ၂ရက် ကျင်းပမြဲဖြစ်တယ်။ တချို့ချမ်းသာ တဲ့ရပ်ကွက်ဆိုရင် အငြိမ့်နှစ်ခုလောက်ထိ ထည့်လေ့ရှိတယ်။

သဘင့်တက္ကသိုလ်ပွဲတွေများတော့ အငြိမ့်တွေ ဇာတ်တွေလည်း များတယ်။ အငြိမ့် အဖွဲ့ပေါင်း နှစ်စဉ် လေးငါးခြောက်ဆယ် ရှိတယ်။ ရုံနဲ့ကတဲ့ ဇာတ်ကြီးနဲ့ ကြည့်ချင်ပွဲကတဲ့ ဇာတ်ကလေးတွေလည်း အတော်များတယ်။ ရဟန်း၊ သံဃာများ စာဝါလိုက်ကြရာမှာ မန္တလေးမှာ လာပြီး စာမသင်ဖူးသေးရင် စာတတ်ပြီလို့ မယူဆကြဘူး။ အဲဒီလိုပဲ သဘင်သည်များလည်း မန္တလေးလာပြီး ပညာမဆည်းပူးရသေးရင် ပညာစုံပြီ၊ သဘင်သည် လားမြောက်ပြီလို့ မယူဆဘူး။ ဒါကြောင့် သဘင်လောကမှာ မန္တလေး ကို သဘင့်တက္ကသိုလ်လို့ ခေါ်လေ့ရှိတယ်။ ဒါတွေအပြင် တခြား ထူးခြားချက်တွေလည်း ရှိသေးတယ်။ ဥပမာ ဘုရားဆင်းတုတော် တွေထုလုပ်တဲ့ ကျောက်ဆစ် လုပ်ငန်း၊ ကြေးသွန်း လုပ်ငန်းနဲ့ နိဗ္ဗာန်ကုန် လို့ခေါ်တဲ့ ဘုရားထီးတော်၊ စိန်ဖူးတော်၊ ပလ္လင်တော်၊ မှန်စီရွှေချလုပ်ငန်း စတဲ့ လုပ်ငန်းတွေ အကြီးအကျယ် လုပ်တာဆိုလို့လည်း မန္တလေးတစ်မြို့ပဲရှိတယ်။ မန္တလေးမြို့မှာတောင် ဘုရားကြီးအရှေ့မုခ်နဲ့ အနောက်မုခ် ကျောက်ဆစ်တန်းတို့မှာပဲ လုပ်ကြတယ်။

အနုပညာမြို့တော်ဘုရားရွှေချတဲ့ ရွှေဆိုင်းလုပ်ငန်း ဆိုရင်လည်း မြန်မာပြည် ဘယ်အရပ်ဘယ်ဒေသ မှာမှ မရှိဘူး။ မန္တလေးက မျက်ပါးရပ်တစ်ခုတည်း မှာပဲလုပ်တယ်။ မြန်မာပြည်အနှံ့က ဘုရားပုထိုးစေတီများ ရွှေချဖို့ မန္တလေးကပဲ မှာယူကြရတယ်။ ရှင် ပြု၊ နားသတွေမှာ ဝတ်ဆင်ကြတဲ့ မောင်ရင်လောင်းဝတ်စုံ၊ ဦးသျှောင်၊ မကိုဋ်၊ စလွယ်၊ ဟင်္သာခြေနင်းနဲ့ နားထွင်းသူ ဝတ်ဆင်ရတဲ့ ဒွါဒယာ ဘယက်နဲ့ စည်းပုံစတဲ့ ရွှေချည်ထိုး ပစ္စည်းများလည်း မန္တလေးက ရွှေချည်ထိုးရပ် တစ်ခုတည်းမှာပဲ လုပ်တယ်။ ဒါတွေကြောင့် ရှေးခေတ် အဆက်ဆက်ကပဲ မန္တလေးကို ယဉ်ကျေးမှု အနုပညာမြို့တော်လို့ ခေါ်ဆိုခဲ့ကြတယ်။

အလုပ်ကို စွန့်တယ် မန္တလေးကို မစွန့်ဘူးမင်းနေပြည်တော် အဖြစ်ကနေ ဒုတိယ မြို့တော်အဆင့်ကို လျှောကျ သွားပေမယ့် မန္တလေးသားတွေက ဝမ်းမနည်းဘူး။ မြန်မာ့ ယဉ်ကျေးမှု အနုပညာမြို့တော်အဖြစ်ရှိ နေရတာ ကိုပိုပြီး ဂုဏ်ယူကြတယ်။ ပိုပြီးမြတ်နိုးကြတယ်။ အစိုးရဝန်ထမ်းတွေ ရာထူးတက်ပြီး ရန်ကုန် ကို ပြောင်းရတယ် ဆိုရင် ရာထူးကို မယူဘဲ မန္တလေးမှာပဲ တွယ်ကပ်ပြီး နေကြတယ်။ ငြင်းမရဘူးဆိုမှ မန္တလေးက ခွာတယ်။ တချို့နောက်ခံ တောင့်တင်း သူများဆိုရင် အလုပ် ကိုစွန့်လိုက်တယ်။ မန္တလေးကိုမစွန့်ဘူး။ မန္တလေးသားတွေ မန္တလေး ချစ်တာကို ရန်ကုန်က လူတွေက နားမလည်နိုင်ကြဘူး။ အမြင်ကျဉ်းတယ်။ ဒေသစွဲကြီးတယ်လို့ ဆိုကြတယ်။

အမြင်ကျဉ်းတာမဟုတ်ဘူးအမှန်တော့ ဒေသစွဲကြီးတာ မဟုတ်ဘူး။ မြန်မာ့ယဉ်ကျေးမှု အနုပညာတွေကို ချစ်တာ၊ တွယ်တာ မြတ်နိုးတာဖြစ်တယ်။ အမြင်ကျဉ်းပြီး ငါမြို့မှငါ့မြို့၊ ငါ့လူမျိုးမှ ငါ့လူမျိုး ဆိုတဲ့ သဘောမရှိဘူး။ မင်းတုန်းမင်း တရားကြီး မန္တလေးမြို့ကို စတည်ကတည်းက အလောင်းမင်း တရားလက်ထက်မှာ ဖမ်းဆီး ခေါ်ဆောင်လာခြင်းခံခဲ့ရတဲ့ ယိုးဒယား လူမျိုး လက်မှုပညာသည်တွေနဲ့ သဘင်ပညာရှင်တွေကို ရပ်ကွက်တည်ပေးပြီး စုဝေးနေထိုင်စေခဲ့တဲ့ အတွက် မြန်မာတွေနဲ့ ထွေးရော ယှက်တင် နေခဲ့ကြတယ်။ ပသီမျိုး နွယ် အစ္စလာမ်ဘာသာဝင်များ အတွက်လည်းရပ်ကွက်တွေ တည် ပေးပြီး ဗလီကျောင်းကြီးတွေ တခမ်းတနားဆောက်လုပ်နေထိုင် စေခဲ့တယ်။ အမေရိကန်သာသနာ ပြုဆရာ ဒေါက်တာမတ်ကြီးကို လည်း သာသနာပြုခွင့်ပေးရုံမက စာသင်ကျောင်းပါဆောက်ပေးပြီး စာသင်စေခဲ့တယ်။ အဲဒီကျောင်းမှာ သားတော်တွေကို အပ်နှံပညာသင် ကြားစေခဲ့တယ်။

ဆွေလိုမျိုးလိုနေကြမန္တလေးမှာ ရတနာပုံ နေပြည်တော်သတင်းစာ ထုတ်ဝေတော့လည်း တရုတ်လူမျိုး ဦးအဟီးကို အယ်ဒီတာခန့်ပြီး ဘိုးဝဇီရနဲ့ အတူ လုပ်ကိုင်စေခဲ့တယ်။ မြန်မာလူမျိုးများ ဟာ ရှေးဟောင်း အစဉ်အဆက် ကတည်းက ဘာသာခြားတွေ၊ လူ မျိုးခြားတွေနဲ့ လက်ပွန်းတတီး ရင်းရင်းနှီးနှီး နေခဲ့ကြတာ ဖြစ်တယ်။ ဇာတ်ခွဲတာတွေ ခွဲခြားဆက်ဆံတာ တွေ မရှိဘူး။ အားလုံးကို ဆွေမျိုးလိုပေါင်းသင်းတယ်။ သဘာဝကိုက ခင်မင်တတ်တော့ ဘယ်သူ့ကိုမဆို ဖော်ဖော်ရွေရွေ ဆက်ဆံတယ်။ အဲဒီတော့ ဘာသာခြား လူမျိုးခြားတွေကလည်း တုံ့ပြန်ပြီး ခင်ခင်မင်မင်နဲ့ ဆွေမျိုးလို ဆက်ဆံကြတယ်။ ကျွန်တော်တို့ ခပ်ငယ်ငယ်အချိန် ရောက်တော့ ဘာသာခြား လူမျိုး ခြားရယ်လို့တောင် မထင်မှတ်ကြတော့ဘူး။ အားလုံး ရောရောနှော နှောနဲ့ သူ့အိမ်ကိုယ်ဝင်စား၊ ကိုယ့်အိမ်သူဝင်စား ဖြစ်နေကြပြီ။ ကျွန်တော်တို့အိမ်ရဲ့ဘယ်ဘက်မှာ ဘောလုံးကန်ဖက် သူငယ်ချင်း နန်ဒူးတို့ အိမ်ရှိတယ်။ သူက ဟိန္ဒူလူမျိုး ဖြစ်တယ်။ ညာဘက်ကတော့ တရုတ်လက်ဖက်ရည်ဆိုင်ဖြစ်တယ်။ အဖေ တစ်ခု သမီးတစ်ခု နေကြတာမို့ ကျွန်တော် တို့ကိုပဲ ဆွေမျိုးလို မှတ်ယူထားကြတယ်။

ဗမာတွေဖြစ်ကုန်ကြအိမ်နောက်ဘက်မှာနေတဲ့ သူငယ်ချင်းထွန်းကြည်၊ ထွန်းလှ၊ ထွန်းအေးတို့ကျတော့ အစ္စလာမ် ဘာသာဝင်တွေ။ ဒါပေမဲ့ လဖုန်းကျောင်းမှာ အတူနေကြတာဆိုတော့ အမြဲတမ်း လည်ပင်းဖက် နေခဲ့ကြသူတွေ ဖြစ်တယ်။ တချို့များဆို တရုတ်ရယ်၊ ကုလားရယ်လို့ အခေါ်သာ ရှိတော့တယ်။ တရုတ်စကား၊ ကုလားစကားတောင် တတ်ကြတော့တာ မဟုတ်ဘူး၊ အားလုံး ဗမာစကားပြောပြီး ဗမာတွေ ဖြစ်ကုန်ကြတယ်။ ဒါပေမဲ့ အခုကျတော့ အဲဒီလို မဟုတ်ဘူး။ ကိုယ့်ရပ်ကွက်ထဲ ရောက်လာ ကြသူတွေက ဗမာစကား တစ်လုံးမှ မတတ်ကြလေတော့ ဘယ်သူနဲ့မှ အပေါင်းအသင်း မလုပ်ဘူး။ အုတ်တံတိုင်း အမြင့်ကြီးတွေ ကာရံပြီးသူတို့ဟာ သူတို့သီးခြားနေ ကြတယ်။ လမ်းမှာတွေ့လို့ ကိုယ်က ဗမာ့ထုံးစံအတိုင်း ပြုံးပြရင်လည်း မျက်နှာထားတင်းတင်းနဲ့ မတူသလိုမတန်သလို ကြည့်ပြီး မျက်နှာလွှဲသွားကြတယ်။ သူတို့က လာမရော သလို သူတို့ကို လာရောတာလည်း မကြိုက်ဘူး။

သူတို့လူများစုဘယ်သူနဲ့မှမရောဘဲ ခပ်တင်းတင်း နေနိုင်မှာပေါ့။ သူတို့လို လူမျိုးတွေက နေရာတိုင်း ရပ်ကွက် တိုင်း မှာ လက်ညှိုးထိုးမလွဲ ရှိနေကြတာကိုး။ တချို့ရပ်ကွက်တွေဆို သူတို့တောင် လူများစု ဖြစ်နေသေးတယ်။ မူလက သောင်းဂဏန်းလောက်သာ တန်ဖိုးရှိတဲ့အိမ်တွေ မြေတွေကို သူတို့က သိန်းရာချီပေးပြီး ဝယ်ကြလေတော့ ရွာခံမြို့ခံတွေက ရောင်းပြီး မြို့သစ်တွေဘက် ပြောင်းကုန်ကြတယ်။ နောက်တော့ ရာဂဏန်းက ထောင်ဂဏန်း၊ အခုဆို သောင်းဂဏန်းအထိ တောင်ပေးပြီး ဝယ်ကြတော့ ဗမာတွေက မရောင်းဘဲ မနေနိုင်ကြတော့ဘူးလေ။

ဘုရားတွေ ကျီးနဲ့ဖုတ်ဖုတ်ပိုက်ဆံတွေ ဘယ်လိုရလို့ ဘယ်လောက်ထိများပေါနေသလဲ မသိတော့ဘူး။ ဒီလူတွေက အခုဆို မန္တလေးကနေပြီး ထားဝယ်တို့ ကျောက်ဖြူတို့အထိပါ သွားပြီး ဝယ်နေကြတယ်တဲ့။ ဗမာစကားသာ တစ်လုံးမှ မတတ်တာ သူတို့က စီးပွားရေးတော့ အကွက်သိပ်မြင်တယ်။ တဖြည်းဖြည်းချင်း နယ်ပယ် ချဲ့ထွင်နေလိုက်ကြတာ ဘယ်သူမှ လိုက်မမီနိုင်တော့ဘူး။ မြို့တွင်းအချက်အချာနေရာ တွေမှာသူတို့က လူများစုလိုဖြစ်လာတော့ အစဉ်အလာ မပျက်ကျင်းပတဲ့ ရပ်ကွက်ဘုရားပွဲတွေ၊ ကထိန်ပွဲ တွေလည်း မကျင်းပနိုင်တော့ဘူး။ ဘုရားဒကာတွေက အဝေးကို ရောက်ကုန်ကြပြီဆိုတော့ ဘုရားတွေဆိုတာလည်း ကျီးနဲ့ဖုတ်ဖုတ် ဖြစ်နေကြတော့တယ်။ ဘုရားပွဲတွေ မကျင်းပနိုင်တော့ဘူး ဆိုတော့ အငြိမ့်တွေ ဇာတ်တွေလည်း ဘယ်ကရတော့မှာလဲ။ အစကတော့ ဇွဲမလျှော့ဘဲ တင်းခံသေးတယ်။ ကြာတော့ ဘာသားနဲ့ထုထားလို့ ခံနိုင် တော့မှာလဲ။ အငြိမ့်တွေ ဇာတ်တွေ က တဖြုတ်ဖြုတ်နဲ့ ပြုတ်ကုန်ကြ ရပါတော့တယ်။

ဗမာစာပါ ပျောက်မှာစိုးယဉ်ကျေးမှု အနုပညာတွေ ပျောက်ဆုံးသွားရတာဟာ ဘာနဲ့မှကို မတူတဲ့ ဆုံးရှုံးမှု ဖြစ်တယ်။ ယဉ်ကျေးမှုပပျောက်ရင် လူမျိုးပါပျောက်တယ်ဆိုတဲ့ ဆိုရိုးစကားအတိုင်း အင်မတန် ကြောက်စရာကောင်းတယ်။ ယဉ်ကျေးမှု အနုပညာပျောက် ပြီးတဲ့နောက် ထပ်ပျောက်မှာက ဗမာစကား ဖြစ်တယ်။ အခုတောင် မြို့ထဲက ဆိုင်းဘုတ်တွေမှာ ဗမာစာနဲ့ရေးတဲ့ ဆိုင်းဘုတ် အတွေ့ရ နည်းပြီး အင်္ဂလိပ်စာနဲ့ တရုတ်စာ ဆိုင်းဘုတ်တွေချည်း တွေ့ရတော့တယ်။ မူကြိုကျောင်းနဲ့ ကလေး ထိန်းကျောင်း တွေဆိုရင်လည်း တရုတ်စာပါသင်ပေးမှ မိဘတွေက အပ်ချင်ကြတယ်။ အဲဒါကြောင့် မန္တလေးသားများက မန္တလေးကို ကာကွယ်စောင့်ရှောက်ကြဖို့ အခွင့်ရတိုင်း ပြောနေရေးနေကြရတာဖြစ်တယ်။ ဒေသစွဲကြီးလို့ အမြင်ကျဉ်းလို့ လုံးဝမဟုတ်ပါဘူး။ မန္တလေးကို ကာကွယ်စောင့်ရှောက်တာဟာ ကိုယ့်လူမျိုးနဲ့ ကိုယ့်နိုင်ငံကို ကာကွယ် စောင့်ရှောက်တာနဲ့ အတူတူပဲဖြစ်ပါတယ်။

လူထုစိန်ဝင်း

Sunday, September 25, 2011

0 လားရှိုးသိန်းအောင် (Jimmy Jack's Irrawaddy) ဧရာဝတီကယ်တင်ရေး တိုက်ပွဲဝင်သီချင်း

0 ဗိုလ်ချုပ်ကြီး၏ နည်းအသွယ်သွယ်

(The Telegraph မှ 23 September 2011 ရက်စွဲပါ "General's ways" ဆောင်းပါးကို ဘာသာပြန်ဆိုသည်)

ပြုပြင်ပြောင်းလဲမှုကို မလိုလားဆုံး အာဏာရှင် အုပ်ချုပ်သူများပင်လျှင် ပြုပြင်ပြောင်းလဲသူများအဖြစ် ဟန်ဆောင်ပြရန် လိုလားနေကြသည်ဟု ဆိုသော်ငြားလည်း မြန်မာနိုင်ငံမှ အစိုးရသစ်မှာမူ ပြုပြင်ပြောင်းလဲမှု အချို့ကို ယင်းတို့ အမှန်တကယ် ပြုလုပ်လိုခြင်းဖြစ်ကြောင်း ပြည်တွင်း ပြည်ပမှ ဝေဖန်ဆန်းစစ်သူများကို အသိပေးစည်းရုံးရန် စစ်မှန်သော အကြောင်းရင်းများ ရှိနေသည်။

အရပ်သား သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ ပထမအကြိမ် တွေ့ဆုံမှုသည် အစိုးရက သူကိုယ်တိုင်နှင့် နိုင်ငံကို ဇာတ်ဝင်ခန်း အသစ်အဖြစ် မီးမောင်းထိုးပြသည့် မဟာဗျူဟာ တစ်စိတ်တစ်ပိုင်းပင် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၌ တရားဝင် ရပ်တည်လှုပ်ရှားနိုင်သည့် ကဏ္ဍမရှိသလို သူမ၏ပါတီသည်လည်း မြန်မာနိုင်ငံ၏ စစ်အုပ်ချုပ်ရေးခေတ်ကို အဆုံးသတ်ပေးသည်ဟု ဆိုနိုင်သော မနှစ်က မတော်မတရား ရွေးကောက်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်း မရှိခဲ့ပါ။ အမှန်စင်စစ် သူမ၏ NLD ပါတီသည် ယခင် စစ်ဖက်အာဏာရှင်များက ဆန္ဒ ခံယူပွဲအတုဖြင့် ပြည်သူများကို အဓမ္မ ထောက်ခံခိုင်းခဲ့သော အခြေခံဥပဒေကိုပင် အသိအမှတ် မပြုခဲ့ပါ။

ယခုအခါ သမ္မတ ဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြား တွေ့ဆုံရုံမျှသာမကပဲ သူမ၏ နိုင်ငံရေးလှုပ်ရှားမှုအပေါ် ကန့်သတ်ထားမှု အတော်များများကိုပင် ဖြေလျှော့ပေးလိုက်လေသည်။

သမ္မတကြီးက ပြည်ပရောက် နိုင်ငံရေး အတိုက်အခံများ ပြည်တော်ပြန်လာကြရန် မေတ္တာရပ်ခံလိုက်သည့်အပြင် မြန်မာနိုင်ငံသို့ လာရောက်ကာ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ဆွေးနွေးလိုကြသော နိုင်ငံခြားအစိုးရများ၊ အဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များအပေါ်တွင်လည်း ပိုမိုလိုက်လျော ပွင့်လင်းမှုကို ပြသခဲ့ပြန်သည်။

အနောက် အင်အားကြီးနိုင်ငံများနှင့် လွတ်လပ်သော အကဲခတ် စောင့်ကြည့်သူများ၏ တူတူတန်တန် အဖတ်လုပ်ခြင်းကို မခံသည့် မြန်မာအစိုးရက ယင်းတို့၏ ဒီမိုကရေစီ "ရှိုး" ကို အသိအမှတ် ပြုခံရစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း အထက်ပါ အချက်အားလုံးက ညွှန်ပြနေသည်။

နောက်ပိတ်ဆုံးတွင်မူ အုပ်ချုပ်သူ အစိုးရသစ်ဆိုသည်မှာ အရပ်ဝတ် ဆင်မြန်းထားသော စစ်သားဟောင်း များသာ ဖြစ်ကြပေသည်။

ယခုအခါ မြန်မာအစိုးရသစ်အပေါ် အဆိုးမြင်သည့် အယူအဆမှာ ခေတ်မစားတော့ဘဲ နည်းလမ်းသစ်များ ထွက်ပေါ်လာမည့် အလားအလာများ ရှိနေသည်။ ယင်းသို့ ဖြစ်လာနိုင်သည့် အကြောင်းရင်းများကိုကြည့်လျှင် ဒေါ်အောင်ဆန်းစုကြည်သည် အဘယ်ကြောင့် အစိုးရသစ်နှင့် ဒိုင်ယာလော့ ဆွေးနွေးပွဲတံခါးကို သူမကိုယ်တိုင် မပိတ်ချင်ရသလဲဟူသော မေးခွန်းကို အရင်ဆုံးတွေးရမည်။ သူမသည် ၂၀၀၈ ခုနှစ်က ဆန္ဒခံယူပွဲအတုကို ကန့်ကွက်ကာ မနှစ်က ရွေးကောက်ပွဲများနှင့် ဝေးဝေးနေခဲ့သည့်တိုင်အောင် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးနှင့် စစ်မှန်သော ဒီမိုကရေစီ ရရှိရေးအတွက် တိုက်ပွဲဝင်ခြင်းကို လက်လျှော့ခဲ့ခြင်း မရှိပေ။

သမ္မတကြီးနှင့် တွေ့ဆုံရန် သဘောတူခြင်းဖြင့်လည်း သူမသည် ထိပ်တိုက် ရင်ဆိုင်ရခြင်းထက် စေ့စပ်ညှိနှိုင်းခြင်းကို ပိုမို နှစ်သက်ကြောင်း ပြသခဲ့သည်။ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား ငြိမ်းချမ်းရေး ကြားဝင်စေ့စပ်ပေးရန်ကိုပင် သူမက သဘောတူဖွယ်ရှိသည်။

သို့သော်လည်း သမ္မတ ဦးသိန်းစိန်သည် သူမဖက်က အပြုသဘောဆောင်သော အချက်ပြမှုများကို ပြန်လည်တုံ့ပြန်ရန်နှင့် မြန်မာပြည်သူ များကို စစ်မှန်သော ဒီမိုကရေစီ အရသာပေးရန် လုံလုံလောက်လောက် ထိထိရောက်ရောက် ဆောင်ရွက်နိုင်မှာလားဟူသော အဓိက မေးခွန်းကြီး ထွက်ပေါ်လာသည်။

လက်ရှိ မြန်မာအစိုးရသည် သူ့ပုံရိပ်သူ ကြော်ငြာထိုးရန် အလွန်တရာပင် စိတ်ဝင်စားနေသည်။ အသိအမှတ်ပြု ခံချင်သည်ဆိုသော်လည်း ပို၍ အရေးကြီးသည့် အနောက်နိုင်ငံ အရေးယူဒဏ်ခတ်မှုများကို ဖယ်ရှားပေးစေလိုခြင်း ဖြစ်သည်။

စစ်သားတစ်ဖြစ်လဲ အရပ်သား သမ္မတကြီးအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ထံမှသာမက ကမ္ဘာကပါ စိတ်ချယုံကြည်မှု ရရှိအောင် များစွာ ကြိုးစား ရပေလိမ့်ဦးမည်။

လက်ရှိအချိန်တွင် သမ္မတကြီး ဦးသိန်းစိန်ကို တကယ့် ပြုပြင်ပြောင်းလဲရေးသမား စစ်စစ်ဖြစ်ကြောင်း အသိအမှတ်ပြု လက်ခံရန် အချိန် စောလွန်း နေသေးသည်။
yangonchronicle

0 လေမှာဝဲပျံ ခွပ်ဒေါင်းအလံ( မောင်မောင်ဝမ်း )


လေမှာဝဲပျံ ခွပ်ဒေါင်းအလံ
ံ( မောင်မောင်ဝမ်း )
- မြန်မာနိုင်ငံ၏လွတ်လပ်ရေးကြိုးပမ်းမှု့သမိုင်း၊အာဏာရှင်ဆန့်ကျင်ရေးသမိုင်း၊ဒီမိုကရေစီနှင့်လူ့အခွင့်ရေးကြိုးပမ်းမှု့ သမိုင်းများတွင် ကျောင်းသားထု၏ကိုယ်စားပြု တိုက်ပွဲဝင်ခွပ်ဒေါင်းအလံအား အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်၊ဘတ်ဖဲလိုးမြို့တွင် ဒေသဆိုင်ရာ တာဝန်ရှိသူများမှ တရားဝင်လွင့်ထူခွင့်ပေးခဲ့သည်မှာ ယခုအကြိမ်သည်..ဒုတိယအကြိမ်မြောက်ဖြစ်ပါသည်။

- မူလက ခွပ်ဒေါင်းအလံတော်သည်..ကျောင်းသားထု၏ကိုယ်စားပြုအထွတ်အမြတ်ထားရာသင်္ကေတ ဖြစ်ခဲ့သော်လည်း သမိုင်း၏တောင်းဆိုချက်အရ….ပြည်သူလူထုတရပ်လုံး၏ နှလုံးသည်းပွတ် ၊တိုက်ပွဲဝင် နမိတ်ပုံ အားမာန်ဖြစ်ခဲ့ပါသည်။

- ခွပ်ဒေါင်းအလံတော်သည်…ဒီမိုကရေစီနှင့်လူ့အခွင့်ရေးရရှိရန်ကြိုးပမ်းမူ့ခရီးကြမ်း၏အထွတ်အမြတ် ထား ရာ….ပုံရိပ်တခုလည်းဖြစ်သည်။

ခွပ်ဒေါင်းအလံတော်သည်…အာဏာရှင်များကိုဆန့်ကျင်ရာ…မတရားမှု့ကိုတော်လှန်ရာ၏..မိုးကြိုးသွားလက်နှက်လည်းဖြစ်သည်…..

ခွပ်ဒေါင်းအလံတော်ကိုဦးညွတ်ခြင်းသည်…..အာဏာရှင်ကိုဆန့်ကျင်ခြင်း၊မတရားမှု့ကိုတွန်းလှန်ခြင်း…ဒီမိုကရေစီနှင့်လူ့အခွင့်ရေးကိုတာဝန်ယူခြင်းဟူသောအဓိပ္ပါယ်များဖြင့်ပြည့်နှက်နေယုံမက…ပြည်သူလူထုတရပ်လုံးအား ဦးခိုက်လိုက်ခြင်းလည်းဖြစ်သည်။

- ခွပ်ဒေါင်းအလံတော်ကို အသိမှတ်ပြုခြင်းသည်…အထက်ဖော်ပြပါ..အချက်များကို အလေးထားခြင်း ဟူသော..သဘောထားဖြစ်ယုံမက…မြန်မာပြည်သူလူထုအားတန်ဘိုးထားခြင်းလည်း ဖြစ်သည်ဟု… အလေးအနက်ယုံကြည်ပါသည်။ယင်းအတွက်အသိမှတ်ပြုပေးသောအမေရိကန်ပြည် ထောင်စုအစိုးရနှင့် အမေရိကန်နိုင်ငံသူ၊နိုင်ငံသားများအားလုံးကိုလည်း အထူးပင်ကျေးဇူးဥပကာရ တင်ရှိပါသည်။

ယနေ့မြန်မာနိုင်ငံတော်သည်အာဏာရှင်များ၏လက်အောက်မှမလွတ်မြောက်သေးသောနိုင်ငံတနိုင်ငံဖြစ်သည်။ ဒီမိုကရေစီနှင့် လူ့အခွင့်ရေးဆိတ်သုဉ်းဆဲနိုင်ငံတနိုင်ငံဖြစ်သည်။

- စစ်အာဏာရှင်များမှမွေးဖွားပေးလိုက်သောစစ်အသွင်ပြောင်းအရပ်သားအစိုးရသည်…လူထုခေါင်း ဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့်အပြုသဘောဆောင်သောတွေ့ဆုံမှု့များရှိလင့်ကစား..အပြုသဘော ဆောင်သော အကျိုးရလာဒ်များယနေ့တိုင်ကောင်းမွန်စွာထွက်ပေါ်လာခြင်းမရှိသေးပါ….

- သို့ဖြစ်ပါသောကြောင့်….ယနေ့ကျရောက်သော…သမိုင်းဝင်ခွပ်ဒေါင်းအလံလွှင့်ထူခြင်း အခန်းအနားမှတော်လှန်ရေး၊နိုင်ငံရေးအင်အားစုများအနေဖြင့်…အောက်ပါအချက်များကိုတောင်းဆိုလိုက်ပါသည်။

ပြည်တွင်းစစ်များကိုရပ်စဲပြီး စစ်မှန်သောငြိမ်းချမ်းရေးကိုအမြန်ဆုံး အကောင်ထည်ဖော်ရန်၊

နိုင်ငံရေး အကျဉ်းသားများအား ချွှင်းချက်မရှိအမြန်ဆုံးလွှတ်ပေးရန်။

အမျိုးသားပြန်လည်သင့်မြတ်ရေးကို အစွမ်းကုန်အကောင်ထည်ဖော်ရန် နှင့်

ယနေ့လတ်တလောဖြစ်ပေါ်နေသော….နိုင်ငံတော်၏သဘာဝအရင်းအမြစ်များနှင့်လူသား
များအားဒုက္ခဖြစ်ပေါ်စေနိုင်မည့်… ဧရာဝတီမြစ်ပျက်စီးရေးမည်သည့်စီမံကိန်းမဆို ရပ်တန့်ရန်တို့ဖြစ်သည်။

ဒါကတော့ …ယနေ့ကျရောက်သည့် အလံတင်အခန်းနားအတွက် ဒီမိုကရက်တစ်အင်အားစုများ၏ သဘောထားထုတ်ပြန် ကျေငြာချက်……အမေရိကန်ဒေသတလွားဆီမှ နိုင်ငံရေးတော်လှန်ရေးအင်အားစုများ အင်တိုက်အားတိုက်ရောက်ရှိလာကြတယ်…. အဝေးရောက်ညွန်ပေါင်းအစိုးရအဖွဲ့ရဲ့ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်း ကစလို့ ကျောင်းသားတပ်မတော်ရဲဘော်ဟောင်းတွေ နိုင်ငံရေးအကျဉ်းသားတွေ၊ နိုင်ငံရေးတက်ကြွလှုတ်ရှားသူတွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်တွေ….တော်တော်စုံလို့…

အလံတော်ကိုလွှင့်ထူဖို့အချိန်ရောက်လာတော့ကျောင်းသားတပ်မတော်ရဲဘော်ဟောင်းများရဲ့
ဂုဏ်ပြုတပ်ဖွဲ့ကနေရာယူလိုက်တယ်….ဒီမိုကရက်တစ်အင်အားစုတွေက အသင့်အနေအထား…အားလုံးက ငြိမ်သက်လျှက်…ဂုဏ်ပြုတပ်ဖွဲ့ရဲ့ခေါင်းဆောင်ကိုသန်းစိုးရဲ့ရဲ့တပ်ဖွဲ့အမိန့်ပေးသံက…လေထုကိုဖောက်ခွဲရင်း…

တိုက်ပွဲဝင်ခွပ်ဒေါင်းအလံတော်အား…..အလေးပြုအားလုံးရဲ့ဦးညွတ်မှု့မှာ ထွက်ပေါ်လာတဲ့…နိုင်ငံတော်သီချင်းသံက…ကျက်သရေရှိလိုက်တာ….ဒီအချိန်မှာ အားလုံးဟာ စုံညီ ပီတိတွေနဲ့ရင်ခုန်နေမယ်ဆိုတာကိုပြောနိုင်ပါတယ်လေ……….

ဝန်ကြီးချုပ်ဒေါက်တာစိန်ဝင်း က လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခင်းအကျဉ်းကို မိန့်ခွန်း ချွှေပြီး… အမျိုးသားဒီမိုကရေစိအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ -အမေရိကန်ဌာနခွဲ ဥက္ကဌ ကိုမျိုးသန့်က… ခွပ်ဒေါင်းအလံတော်အကြောင်းကိုတင်ပြခဲ့တယ်…၈၈ ကျောင်းသားခေါင်းဆောင် ကိုမောင်မောင်ဝမ်းက ဒီမိုကရက်တစ်အင်အားစုများရဲ့ သဘောထားကျေငြာချက်ကို ဖတ်ကြားသွားခဲ့ပြီးနောက်…ဆရာတော် ဦးပညာဇောတ ( ရွှေဝါရောင်ဆရာတော် ) ကလည်း ရွှေဝါရောင်နဲ့စပ်လျဉ်းတဲ့ အကြောင်းအရာများကို ဟောပြောသွားခဲ့ပါတယ်…။

နောက်မှာတော့…တက်ရောက်လာတဲ့ ဒေသအသီးသီးမှ ဒီမိုကရက်တစ်အင်အားစုများက.. ဂုဏ်ပြုအမှာစကားတွေ ပြောကြားပြီး…ကျောင်းသားတပ်မတော် ( ABSDF ) ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( လွတ်မြောက်နယ်မြေ ) ၊ ဗကသများအဖွဲ့ချုပ် ( နိုင်ငံခြားရေးရာကော်မတီ ) ၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်အပါဝင်…အဖွဲ့အစည်းအသီးသီးက သ၀ဏ်လွှာများကိုဖတ်ကြားခဲ့ကြတယ်…….

ခွပ်ဒေါင်းအလံတော်ကတော့…အမေရိကန်ပြည်ထောင်စု၊နယူးရောက်ပြည်နယ်။ဘတ်ဖဲလိုးမြို့ရဲ့ကျက်သရေဆောင် မြို့တော်ခန်းမရှေ့ကျောက်တိုင် ပန်းခြံဝန်းရဲ့ တိုင်ထိပ်မှာ ကြွားကြွားဝံ့ဝံ့ ငွားငွားစွံ့စွံ့…….

အလံဆိုတာမိမိယုံကြည်ချက်၊ခံယုံချက်တွေကိုမြှုတ်နှံပူဇော်ခြင်းရဲ့သင်္ကေတလက္ခဏာတခုပါ…..ခွပ်ဒေါင်းအလံမှာမြန်မာပြည်သူတွေရဲ့…….ဒီမိုကရေစီနဲ့လူ့အခွင့်ရေးငြိမ်းချမ်းရေး။တန်းတူညီမျှရေးဆိုတဲ့ယုံကြည်မှု့တွေကိန်းဝပ် နေတယ်……ကျဆုံးသွားတဲ့ ကျောင်းသားပြည်သူရဟန်းရှင်လူတို့ရဲ့ဝိဥာဉ်တွေ ရှင်သန်နေတယ်။ …အာဏာရှင်မှန်သမျှ မတရားမှု့မှန်သမျှကို ခြောက်လှန့်ဖယ်ရှားပစ်မဲ့ ခွန်အားသစ်တွေ အမြဲလန်းဆန်း နေတယ်…..

မကြာခင်တနေ့ အမိနိုင်ငံတော်ရဲ့မြေပေါ်မှာ ခွပ်ဒေါင်းအလံတော်ကို အမြင့်ဆုံးထိ လွှင့်ထူ နိုင်အောင်… ..တို့ရဲ့မနက်ဖြန်တွေကိုအကောင်ထည်ဖော်ကြပါစို့…..



အားလုံးကိုလေးစားစွာဖြင့်
မောင်မောင်ဝမ်း

0 မြန်မာနိုင်ငံပျောက်သွားပြီး တရုတ်ပြည်ဖြစ်လာတော့မှာလား

မေသင်္ကြန်ဟိန်း(မြစ်မခ)

တော်ဝင်နှင်းဆီဆွေးနွေးပွဲမှာ ဒေါက်တာခင်မောင်ညို မေးခဲ့တဲ့ မေးခွန်းပါ။

`မြစ်ဆုံဆည်ကြီးရဲ့ လုံခြုံရေးကို ဘယ်သူ တာဝန်ယူမှာလဲ၊ မြန်မာ စစ်တပ်လား၊ တရုတ်စစ်တပ်လား`တဲ့...။ ???????????????????

အိပ်မက်ဆိုးတွေ မက်နေပြီ။တကယ်ကို ချွေးစီးတွေနဲ့ ခြောက်ခြားစရာကောင်းတဲ့ အိပ်မက်ဆိုးပါ။

ဧရာဝတီမြစ်ဆုံ စီမံကိန်းဆောက်လုပ်တဲ့ နေရာကို တရုတ်ကုမ္ပဏီကနေ တရုတ်အလုပ်သမား အမျိုးသား ၅ သောင်းကို ခေါ်သွင်းလာမယ်လို့ ကြားတော့ ကျမ တော်တော်လေး စိတ်ပျက်သွားမိတယ်။

တရုတ်အလုပ်သမား အမျိုးသား ၅ သောင်းရောက်လာရင် ကချင်ပြည်နယ်က အမျိုးသမီးတွေရဲ့ ဘ၀ ဘယ်လို ဖြစ်သွားနိုင်မလဲ။ မြန်မာအမျိုးသမီးတွေ တရုတ်ပြည်ကို လူကုန်ကူးခံနေရတဲ့ကိစ္စကိုတောင် မဖြေရှင်းနိုင်သေးတာ။ မြန်မာပြည်ထဲကို ရောက်လာတဲ့ တရုပ်အလုပ်သမား ၅ သောင်းကြောင့် မြန်မာပြည်သူ အမျိုးသမီးဘယ်လောက်တောင် ပျက်ဆီးသွားမလဲ ဆိုတာကို ကျမ တွေးမကြည့်ရဲတော့ဘူး။

နောက်ထပ် ကျမကို ဆက်ပြီး အတွေးပွားစေတာတွေ ရှိပါသေးတယ်။ တော်ဝင်နှင်းဆီဆွေးနွေးပွဲမှာ ဒေါက်တာခင်မောင်ညို မေးခဲ့တဲ့ မေးခွန်းပါ။

`မြစ်ဆုံဆည်ကြီးရဲ့ လုံခြုံရေးကို ဘယ်သူ တာဝန်ယူမှာလဲ၊ မြန်မာ စစ်တပ်လား၊ တရုတ်စစ်တပ် လား` တဲ့...။ သိပ်ကောင်းတဲ့ မေးခွန်းပါ။

စက်တင်ဘာ ၂၃ ရက်နေ့၊တော်ဝင်နှင်းဆီမှာ မြန်မာငှက်နဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသင်းက ဦးစီးပြီး ရန်ကုန်က ပညာရှင် အသီးသီး ကို ဖိတ်ပြီး ဆွေးနွေးကြတဲ့ ဆွေးနွေးပွဲကို ကျမ တက်ခဲ့တယ်။ အဲဒီက ပြန်တော့ ကျမ တကိုယ်လုံး ညှိုးခြုံးပြီး တွေးစရာတွေ ပါလာခဲ့တယ်။ အဲဒီနောက်တော့ ကျမရဲ့ခြောက်အိပ်မက်က စတော့တာပါပဲ။

အိပ်မက်ထဲမှာ မြန်မာနိုင်ငံက ပျောက်သွားတယ်။ ကျမနေတဲ့ ပြည်ရိပ်မွန်ဟာလည်း ပျောက်သွားတယ်။

လှည်းတန်းဈေးကလည်း တရုတ်ဈေးဖြစ်နေတယ်၊ မြင်မြင်သမျှ လူတွေကတော့ မျက်လုံးမှေးမှေး၊ အသား နီစပ်စပ်နဲ့ ချွေးတွေ စီးကျနေတဲ့ တရုတ်လူမျိုးတွေ ဖြစ်နေတယ်။ နောက်ဆုံး ကျမ လက်ထဲက ကိုင်နေတဲ့စာအုပ်တောင်မှ တရုတ်စာလုံးတွေနဲ့ စာအုပ်ဖြစ်နေတယ်။

ဖျတ်ခနဲ လန့်နိုးလာတဲ့ ကျမ ဘယ်လိုမှ ဆက်အိပ်လို့မရတော့ဘူး။ အမှောင်ထဲမှာ ငုတ်တုတ်ထိုင်ပြီး စဉ်းစားမိတော့တာပါပဲ။

တော်ဝင်နှင်းဆီက ပညာရှင်အသီးသီးက မတူညီတဲ့ အမြင်တွေနဲ့ ဧရာဝတီမှာမြစ်ဆုံစီမံကိန်းနဲ့ပတ်သက်ပြီး သူတို့အမြင်နဲ့သဘောထားတွေကို ပြောဆိုကြတယ်၊ တင်ပြကြတယ်။

ပညာရှင်အားလုံးဟာ လေးစားစရာကောင်းပါတယ်။ ကျမတို့ မသိတာတွေ။ မမြင်တဲ့ ရှုထောင့်တွေ၊ မသိတဲ့ ပညာရပ်တွေ ဘယ်လောက် များပြားကျယ်ပြန့်သလဲ။ ဒီဆွေးနွေးပွဲကိုတက်ပြီးတော့ ကျမ မြစ်ဆုံနဲ့ပတ်သက်တဲ့ သတင်းတွေ၊ ဆောင်းပါးတွေကို မရေးရဲလောက်အောင်ဖြစ်ရပါတယ်။ သိတ်ကို ကျယ်ပြန့်ပါတယ်။ ကျမ မသိတဲ့ နားမလည်တာတွေလည်းအများကြီး၊ မမြင်မိတာတွေလည်း အများကြီးပါ။

ဒါပေမဲ့ သာမန်ပြည်သူ၊ သာမန်သတင်းသမားတယောက်အနေနဲ့ တော့ ရေးချင်တယ်၊ အမျိုးသားရေးမို့ ပိုပြီး ရေးချင်တယ်။ ပညာရှင်ရှုထောင့်မျိုးကနေ မရေးနိုင်ပေမဲ့ သာမန်ပြည်သူတဦး၊ သာမန်သတင်းသမားတဦး၊ မြန်မာ အမျိုးသမီးတဦး၊ မိခင်တဦးအနေနဲ့ တော့ ကျမ ရေးချင်ပါတယ်။

ဧရာဝတီမြစ်ဆုံ စီမံကိန်းဆောက်လုပ်တဲ့ နေရာကို တရုတ်ကုမ္ပဏီကနေ တရုတ်အလုပ်သမား အမျိုးသား ၅ သောင်းကို ခေါ်သွင်းလာမယ်လို့ ကြားတော့ ကျမ တော်တော်လေး စိတ်ပျက်သွားမိတယ်။

တရုတ်အလုပ်သမား အမျိုးသား ၅ သောင်းရောက်လာရင် ကချင်ပြည်နယ်က အမျိုးသမီးတွေရဲ့ ဘ၀ ဘယ်လို ဖြစ်သွားနိုင်မလဲ။ မြန်မာအမျိုးသမီးတွေ တရုတ်ပြည်ကို လူကုန်ကူးခံနေရတဲ့ကိစ္စကိုတောင် မဖြေရှင်းနိုင်သေးတာ။ မြန်မာပြည်ထဲကို ရောက်လာတဲ့ တရုပ်အလုပ်သမား ၅ သောင်းကြောင့် မြန်မာပြည်သူ အမျိုးသမီးဘယ်လောက်တောင် ပျက်ဆီးသွားမလဲ ဆိုတာကို ကျမ တွေးမကြည့်ရဲတော့ဘူး။

နောက်ထပ် ကျမကို ဆက်ပြီး အတွေးပွားစေတာတွေ ရှိပါသေးတယ်။ တော်ဝင်နှင်းဆီဆွေးနွေးပွဲမှာ ဒေါက်တာခင်မောင်ညို မေးခဲ့တဲ့ မေးခွန်းပါ။

`မြစ်ဆုံဆည်ကြီးရဲ့ လုံခြုံရေးကို ဘယ်သူ တာဝန်ယူမှာလဲ၊ မြန်မာ စစ်တပ်လား၊ တရုတ်စစ်တပ်လား`တဲ့...။ သိပ်ကောင်းတဲ့ မေးခွန်းပါ။

တကယ်ပဲ ကျမတို့ဟာ ဧ၇ာဝတီမြစ်ကိုတင် ဆုံးရှုံးရမှာ မဟုတ်ပါဘူး၊ မြန်မာပြည်သူတွေ၊ ပြီးတော့ မြန်မာပြည်ကိုပါ ဆုံးရှုံးရတော့မဲ့ အခြေအနေမျိုးပါ။

စစ်ဗိုလ်များပြီး ရဲဘော်မရှိတဲ့ မြန်မာစစ်တပ်ကို တရုတ်အစိုးရက သူတို့ဆည်လုံခြုံရေးအတွက် တာဝန်ပေးပါ့မလား။
တရုတ်စစ်တပ် ၀င်လာရင် အင်အားဘယ်လောက်နဲ့ ၀င်လာကြမှာလဲ။

အဲဒီ စစ်တပ်က ကချင်ပြည်နယ်ကိုတင် မက နေပြည်တော်ထိ တက်ပြီး သိမ်းနိုင်တဲ့ အခြေအနေ ရောက်လာနိုင်မှာလား။

လက်ရှိ မြန်မာအစိုးရပိုင်းမှာ တာဝန်ထမ်းဆောင်နေကြတဲ့ အရာရှိတွေထဲမှာကော တရုတ်ပြည်က စပိုင်တွေ မရှိနိုင်ဘူးလား။

ယနေ့ ထိတ်ထိတ်ကျဲကျဲ မြန်မာစီးပွားရေးလုပ်ငန်းရှင် ၂ ဦးခန့်ကိုတရုတ်အစိုးရက ငွေကြေးအလုံးအရင်းနဲ့ ထောက်ပံ့ပေးပြီးလူမွေးထားတဲ့ သတင်းတွေက ဘာကြောင့် ထွက်လာတာလဲ။

မန္တလေးကို တရုတ်တွေက ဖြည်းဖြည်းခြင်း စီးဝင်ခဲ့တာပါ ဧရာဝတီမြစ်ဆုံကိစ္စကတော့ တရုတ်တွေ ဝေါကနဲ မြန်မာပြည်ရောက်လာမဲ့ ကိစ္စလို့ ကျမတော့မြင်လိုက်မိတယ်။

မြစ်ဆုံကြောင့် ကျမတို့ မြန်မာပြည် အကျိုးကျေးဇူး ဘယ်လောက်ရှိနိုင်ပါသလဲ၊

မြစ်ဆုံကြောင့် ကျမတို့ မြန်မာပြည် ပျောက်သွားနိုင်တာကတော့ ကျမ အတွေးထဲမှာ သေချာ သလောက် ဖြစ်နေပါတယ်။

ဆောင်းတွင်းမဟုတ်ပဲ ခြောက်အိပ်မက် မက်နေတဲ့ ကျမလို မြန်မာပြည်သူတွေ အများကြီး ရှိပါလိမ့်မယ်

0 ဧရာဝတီရဲ့ ပဲ့တင်သံများ



ဧရာဝတီရဲ့ ပဲ့တင်သံများ

နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် ၂၃.၉.၂၀၁၁ (သောကြာနေ့) နံနက် (၁၀း၀၀) နာရီမှ ညနေ (၅း၀၀) နာရီအချိန်ထိ ဧရာဝတီနှင့်ပတ်သက်၍ “လူငယ်များရဲ့ ဧရာဝတီ” ဟူသော ဧရာဝတီ မြစ်ဆုံ စီမံကိန်းအား ဆန့်ကျင်ကန့်ကွက်မှုအတွက် တတ်သိပညာရှင်များ၊ စာပေ၊ ရုပ်ရှင်၊ ဂီတ ပညာရှင်များ၊ တိုင်းရင်းသားပေါင်းစုံတို့၏ ကိုယ်စားပြုလူငယ်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ နိုင်ငံရေး လှုပ်ရှားသူများ၊ ဘာသာပေါင်းစုံ အဖွဲ့အစည်းများ၊ အခြေခံလူတန်းစားများ၊ ဧရာဝတီကို ချစ်မြတ်နိုး ကြသော လူမျိုးဘာသာ ဆင်းရဲချမ်းသာ မြန်မာပြည်တွင် နေထိုင်ကြသော ဧရာဝတီကို စိတ်ပါဝင်စား သူများနှင့် စည်ကားသိုက်မြိုက် စည်းလုံးညီညွတ် တက်ကြွစွာဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

ယင်းအခမ်းအနားတွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ အပါအ၀င် ကဗျာဆရာ (၁၅) ဦးမှ ကဗျာများ ရွတ်ဆိုခဲ့ကာ ကိုရဲလွင်၊ ကိုသားထွေး၊ ဆောင်းဦးလှိုင်၊ အနဂ္ဂ၊ ရန်ရန်ချမ်း၊ ဇေယျာသော်၊ ရသ၊ တို့မှ ဧရာဝတီလှုံ့ဆော်မှု သီချင်းများဖြင့် ဖျော်ဖြေခဲ့သည်။ ဒေါ်ဒေ၀ီသန့်စင်၊ ဦးအုန်း၊ ဦးအောင်ကြည်ညွန့်တို့မှလည်း ဧရာဝတီမြစ်ဆုံ စီမံကိန်းအား ကန့်ကွက် ကြောင်း ဟောပြောခဲ့သည်။ ကိုယ်တိုင် မတက်ရောက်နိုင်သော စာရေးဆရာများ၊ တတ်သိပညာရှင် များ၏ စာတန်းများ၊ အက်ဆေးများကို လူငယ်များမှ ဖတ်ကြားရွတ်ဆိုခဲ့သည်။ ဗွီဒီယိုပြကွက်များ အဖြစ် ဘဘဦးဝင်းတင်၊ လူထုဦးစိန်ဝင်း၊ ဆရာအောင်သင်းတို့ရဲ့ ဧရာဝတီနဲ့ပတ်သတ်သည့် လူငယ်တွေအပေါ် မှာကြားချက်တွေကိုလည်း ပြသခဲ့သည်။ ထို့နောက် လူငယ်များရဲ့ ဧရာဝတီ ဆွေးနွေးပွဲအား တတ်ရောက်လာကြသော လူထုပရိသတ်ထဲမှ ၀ိုင်းဝန်းဆွေးနွေး အကြံပြုကြကာ နာရေးကူညီမှုအသင်း(ရန်ကုန်) ဘဏ္ဍာရေးမှူး ဒေါ်ရွှေဇီးကွက်မှ နှုတ်ခွန်းဆက် စကားပြောကြားပြီး သည့်နောက် အခမ်းအနားရုပ်သိမ်းချိန်တွင် ကိုရဲလွင် (မဇ္ဈိမလှိုင်း) တို့ဦးဆောင်၍ ထူးအိမ်သင် ရေးစပ်သီဆိုထားသည့် “ရာဇ၀င်များရဲ့ သတို့သမီး” သီချင်းအား တက်ရောက်လာကြသော ဧရာဝတီ ကို ချစ်မြတ်နိုးသော လူမျိုးဘာသာပေါင်းစုံတို့က ၀ိုင်းဝန်းကြွေးကြော် တက်ကြွစွာဖြင့် သီဆိုကြကာအခမ်းအနားအား အောင်မြင်စွာ ရုပ်သိမ်းလိုက်ပါတော့သည်။ ယခု လူငယ်များရဲ့ ဧရာဝတီရင်ခုန်သံ ပွဲသည် ယခင့် ယခင်များက ကျင်းပခဲ့သော ပွဲများနှင့်မတူ ထူးခြားလှစွာဖြင့် တက်ရောက်ကြသော ဧရာဝတီအား စိတ်ပါဝင်စားသော ဧည့်ပရိတ်သတ်များသည် လူဦးရေအားဖြင့် (၅၀၀) ကျော်တို့ တက်ရောက်သဖြင့် နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ အစည်းအဝေးကျင်းပရာ ခန်းမဆောင်တစ်ခု ထဲဖြင့် မလုံလောက်သဖြင့် စာသင်ခန်း တစ်ခန်းကိုပါ ပရိုဂျက်တာထိုး၍ ပြသကာ အမေးအဖြေကဏ္ဍ အတွက်ပါ မိုက်ကရိုဖုန်းများပါ ဆင့်ပွားထားရှိ ကျင်းပပေးခဲ့ရသည်။

လူငယ်များရဲ့ ဧရာဝတီရင်ခုန်သံပြပွဲ၌ ခံစားမှုများ ဖော်ထုတ်ကြသော ရင်ခုန်သံစကားများ ထဲမှ ကောက်နှုတ်ချက်များ -

“မေခနဲ့မလိခ ပေါင်းစည်းမှ အရှိန်အဟုန်ကြီးမားတဲ့ ဧရာဝတီပေါ်ပေါက်လာတာ။ ကျွန်တော်တို့က မေခဆိုရင် အစိုးရက မလိခ။ အစိုးရက မလိခဆိုရင် ကျွန်တော်တို့က မေခ။ ဒါကြောင့် မြစ်ဆုံကိစ္စကို ဆုံးဖြတ်ချက်ချမယ့် လွှတ်တော်အနေနဲ့ မှန်ကန်တည့်မတ်စွာ ဆုံးဖြတ်သင့်တယ်။ တိမ်းစောင်းပြီး ဇောက်ထိုးဆုံးဖြတ်လိုက်ရင် ပြည်သူနဲ့ အစိုးရ တစ်ကွဲစီဖြစ်သွားမယ်။ မြန်မာပြည်ကြီးကို ဇောက်ထိုး တော့ မကြည့်သင့်။” (ကျော်သူ)

“ဧရာဝတီကို ပိတ်ဆို့တားဆီးတာဟာ အနုပညာကို ပိတ်ဆို့ထားသလို ခံစားရတယ်။” (ကိုရဲလွင် - မဇ္စျိမလှိုင်း)

“ဧရာဝတီပေါ်မှာ ရုပ်ရှင်ရိုက်ခဲ့ဖူးတယ်။ အခုလို ပိတ်ဆို့တားဆီးတာမျိုး မဖြစ်သင့်။” (ရဲတိုက်)

“တမျိုးသားလုံးနှင့် သက်ဆိုင်သော ဧရာဝတီမြစ်ဆုံစီမံကိန်း ရုပ်သိမ်းပေးမှုကိစ္စရပ်အား ထပ်မံ၍ အရှိန်အဟုန်မြင့်ကာ လုပ်ဆောင်ကြဖို့လိုကြောင်း” (ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်)

“အစိုးရအနေနဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းရာမှာ ပြုပြင်ပြောင်းလဲမှုကို လိုတယ်လို့ ပြောထားသလို ဧရာဝတီနဲ့ ပတ်သက်ပြီး မြစ်ကောရန် အရင်မလုပ်ကြပါနဲ့ စစ်ကောရန်သာ အရင်လုပ် ကြပါ” (ဒေါ်ဒေ၀ီသန့်စင်)

“သမိုင်းတရားခံ မဖြစ်ပါစေနဲ့၊ မင်းတို့နားထောင် ပြည်သူတွေနဲ့ ဧရာဝတီရုပ်ရှင်မှာ မင်းတို့ဗီလိန် မဖြစ်စေနဲ့ လူ့အခွင့်အရေးဟာ အရေးကြီးသလို မြစ်အခွင့်အရေးဟာလည်း အရေးကြီးတယ်။” (ဦးကောဝိသ - မန္တလေး)

“သို့ ဧရာဝတီ,

ထီးနန်းမပြုတ် ဆုတ်ခွာစေ၊

လာမဲ့ဘေး ဝေးပါစေ၊

ရေစီးရေလာ ကောင်းပါစေ”

(ကဗျာဆရာ မောင်ပိုင်စိုး)

“ကျွန်တော် ပြည်ဘက်ကို သွားတဲ့အချိန်မှာ ဧရာဝတီမြစ်ဟာ အလယ်မှာ သောင်ထွန်းနေတယ်။ ၁၉၈၉ ခုနှစ်လောက်က အခုတော့ အဲဒီသောင်ပြင်ဟာ သောင်မဟုတ်တော့ပါဘူး လူတွေတောင် တက် နေနေကြပါပြီ။ သဘာဝပတ်ဝန်းကျင်ဟာ ပြောင်းလဲလာ ပြောင်းလဲလာ ဒီဆည်မဆောက်ခင် ကလည်း ပြောင်းလဲတာပါ။ ကျွန်တော်တို့ အခွင့်အရေးကို ကျွန်တော်တို့ ကာကွယ်ဖို့ပါပဲ။ ကျွန်တော်တို့ က ဧရာဝတီအကြောင်း သီချင်းလေး မဆိုပါဘူး။ ကျွန်တော်တို့ သီချင်းလေးပဲ ကျွန်တော်တို့ ဆိုပါမယ်။ ကျွန်တော်တို့သီချင်းက စစချင်းရောက်လာတော့ အကုန်လုံးထကြ အကုန်လုံးထကဆိုတော့ ကျွန်တော်တို့ဗမာပြည်က ရှိတဲ့လူတွေ အကုန်လုံးကို လှုပ်နိုးဖို့ပဲ ကျွန်တော်တို့ လာတာပါ။ ဘာလို့လဲ ဆိုတော့ ကျွန်တော်တို့ ရိုးရိုးတန်းတန်း လမ်းမပေါ်က လူတွေကို ရှေ့ဆက်လျှောက်ဖို့ အတွက်ပါ။” (အနဂ္ဂ)

“ကျွန်တော်တို့ မြန်မာနိုင်ငံမှာ မြစ်ကြီးတွေအများကြီး ရှိပါတယ်။ အဲဒီမြစ်ကြီးတွေထဲမှာမှ ဧရာဝတီမြစ် ကြီးဟာ မိုင်ပေါင်း ၁၅၀၀ ကျော်ရှည်လျားပြီးတော့ ကျွန်တော်တို့ မြန်မာ့ရာဇ၀င်နှင့် အတူတူ ရှင်သန် လာခဲ့တဲ့ ပါရမီဖြည့်ဘက်ကြီးတစ်ပါးလို့ ပြောလို့ရပါတယ်။ ဒီ ပါရမီဖြည့်ဘက်ကြီးဟာ ကျွန်တော်တို့ ခေတ်ရောက်တော့မှ အသက်လည်း အိုမင်းလာပြီ။ သူ့ကို ဘေးကနေပြီးတော့ စောင့်ရှောက်မယ့်သူ မရှိတော့ဘူးဆိုရင် သူ့မှာ သေဆုံးရမယ့်အချိန် သူ့မှာရှိပါတယ်။ ဒါဟာ ဘယ်သူမှ မလွန်ဆန်နိုင်တဲ့ တရားပါ။ ဒီတော့ ဧရာဝတီ မြစ်ကြီးကိုလည်း ကျွန်တော်ချစ်ပါတယ်။” (ရသ)

“အန်ကယ်က အခုအသက် (၈၅)နှစ် ရှိပြီ။ အန်ကယ်တို့ ဧရာဝတီမြစ်ဆုံကို (၃) ခေါက်ရောက်တယ်။ ၁၉၈၅ ခုနှစ်က ရောက်တာ ရေကလည်း ကြည်တယ်။ ငါးတွေက အများကြီးပဲရှိတယ်။ အရမ်းကို ကျက်သရေရှိတယ်။ နောက်တစ်ခေါက်ရောက်တာက ၂၀၀၇ ခုနှစ်ရောက်တော့ အခြေအနေ တော်တော်ဆိုးတယ်။ တတိယအကြိမ်ရောက်တော့ ၂၀၀၉ တော်တော်လေးကို ဆိုးသွားပြီ။ မေခဟာ အင်မတန် ရေစီးကြမ်းပါတယ်။ မလိခဟာ အင်မတန်နူးညံ့ပါတယ်။ အဲဒီလောက် အဖိုးတန်တဲ့ ဒီ ဧရာဝတီကို ဘယ်အချိန်ကမှ ဆည်ဆောက်တာကို သဘောမတူဘူး။ ကန့်ကွက်ခဲ့ကြတယ်။ သို့သော်လည်း နိုင်ငံရဲ့အကျိုး ဖွံ့ဖြိုးမှု ဖွံ့ဖြိုးတိုးတက်တယ်ဆိုတာ နိုင်ငံတော်ရဲ့ လုပ်ရမယ့်တာဝန်ပါ။ သို့သော်ဖွံ့ဖြိုးတိုးတက်မှု လုပ်တိုင်းလဲ အကောင်းတွေပဲ မဟုတ်ဘူး။ အကောင်းအဆိုးဆိုတာ ရှိတယ်။ ဧရာဝတီမြစ်ဆုံကို (၂)နှစ်လောက် လေ့လာပြီးတော့ လုပ်မယ်ပြုမယ်ဆိုရင် ကမ္ဘာအရပ်ရပ်က ဆည်တွေတောင် (၁၀)နှစ်လောက် အချိန်ယူပြီးတော့ ပြင်ဆင်ရတယ်။ အဲဒီတော့ ဧရာဝတီကို ဗမာပြည်မှာစပြီးတော့ စီးဆင်းတဲ့အခါ ဗမာ့အသက်သွေးကြော ဧရာဝတီမြစ်ဟာ တကယ်တော့ ဗမာလို့ပြောတာတောင်မှ လုံလောက်ပါတယ်။ ကမ္ဘာမြစ်ကြီး (၁၃) သွယ်မှာ ဧရာဝတီမြစ်ကြီးပါတယ်။ အဲလောက် ထင်ရှားပြီးတော့ ကောတော့မယ်။ အဲဒါကို ကျွန်တော်တို့ အတတ်နိုင်ဆုံး ထိန်းသိမ်းရမယ်။ ပြုပြင်ရမယ်။” (ဦးအုန်း)

ပေးပို့သော ကိုကျော်သူအားကျေးဇူးတင်ရှိပါသည်..

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.