Friday, November 11, 2011

0 တန်ဆောင်တိုင်လပြည့်နေ့အမှတ်တရ



သီချင်းနားထောင်ရန်ပုံကိုနှိပ်ပါ။

0 ကိုဇေယျာသော်ဦးဆောင်တဲ့ ကမ်းလက်လူမှုကူညီရေးအဖွဲ့က မကွေးတိုင်း ပခုက္ကူခရိုင် ရှားဒူးရွာက ရေဘေးသင့်ပြည်သူများအားကူညီ


မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်း ပခုက္ကူခရိုင် ရှားဒူးရွာက ရေဘေးသင့်ပြည်သူတွေ အတွက် ကိုဇေယျာသော်ဦးဆောင်တဲ့ ကမ်းလက်လူမှုကူညီရေးအဖွဲ့က ဆန်နဲ့ အခြားအသုံးအဆောင် ပစ္စည်းတွေကို လှူဒါန်းခဲ့ကြပါတယ်။

ရှားဒူးရွာသူရွာသားတွေဟာ အောက်တိုဘာလ ၂၁ ရက်နေ့က သည်းထန်စွာရွာသွန်းခဲ့တဲ့မိုးကြောင့် တစ်ရွာလုံးရေမြုတ်ပြီး ဘုန်းကြီးကျောင်းအတွင်း ခိုလုံနေကြရသလို အကူအညီလည်းမဲ့နေကြ တာဖြစ်ပါတယ်။
ကိုဇေယျာသော်ဦးဆောင်တဲ့ ကမ်းလက်လူ...မှုကူညီရေးအဖွဲ့အနေနဲ့ အခုလိုအကူအညီမဲ့နေတဲ့ ရေဘေးသင့်ဒေသတွေကို အဓိကထားလိုက်လံကူညီပေးနေတာလည်း ဖြစ်ပါတယ်။
အခုလိုသွားရောက်ကူညီရာမှာလည်း လမ်းခရီးမှာ သမ္မတခရီးစဉ်ရှိနေတာကြောင့် ပခုက္ကူမြို့နဲ့ ၃ မိုင်လောက်အကွာမှာရှိတဲ့ ကျောက်လှေကားရွာမှာ နေ့ဝတ်လောက်စောင့်ဆိုင်း ခဲ့ရတယ်လို့လည်း သိရပါတယ်။

ကမ်းလက်လူမှုကူညီရေးအဖွဲ့ဟာ နိုဝင်ဘာလပထမအပတ်ထဲမှာပဲ မကွေးတိုင်းအတွင်း ပခုက္ကူမြို့နယ် ၊ ပေါက်မြို့နယ် ၊ဆိတ်ဖြူမြို့နယ်တွေကရေဘေးဒုက္ခသည်တွေအတွက် လုက်လံအကူအညီ ပေးခဲ့တာဖြစ်ပါတယ်။

မကွေးတိုင်း ပခုက္ကူခရိုင်အတွင်း ရေကြီးမှုကြောင့် သေဆုံးသူအရေအတွက် ၁၀၀ ကျော်ရှိခဲ့တယ်လို့ ၂၇ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာဖော်ပြခဲ့သလို ရွှေချောင်းတံတား အပါအ၀င် တံတားခြောက်စင်း ပျက်စီးခဲ့ပြီး အိုးအိမ်တွေ ၊ တိရစ္ဆာန်တွေ ၊ သီးနှံစိုက်ခင်းတွေ အများအပြား ပျက်ဆီးသွားခဲ့ပါတယ်။

Burma VJ Media Network

1 ကျုံးသွင်းခံရသော ဆင်ကြီးတကောင်



မကြာသေးခင်က ကြံ့ဖွံ့ အစိုးရ ၊ NLD နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ သေနင်္ဂဗျူဟာ မြောက် ရွှေ့ကွက်များဆောင်းပါးကို ဒီနေရာမှာ ကျွန်တော် ရေးခဲ့ပါတယ်။ အဲဒီ ဆောင်းပါးမှာ NLD မှတ်ပုံတင်ရေးပြဿနာကို စူးစိုက် မရေးသားနိုင်ခဲ့တဲ့ အတွက် အခုဒီဆောင်းပါးကို ထပ်ရေးတာ ဖြစ်ပါတယ်။

ကျွန်တော် NLD ပါတီဝင် မဟုတ်ပါဘူး။ ဒါပေမဲ့ မြန်မာ့ နိုင်ငံရေးမှာ ၁၉၈၈ ခု မတ်လ ၁၃ ရက်နေ့ကတည်းက စတင် ပတ်သက်လာပြီး ကနေ့ အထိ နိုင်ငံရေးကို ကိုယ့်အစွမ်း ရှိသ လောက် ဆောင်ရွက်နေသူ တယောက်ပါ။ အရင် ဆောင်းပါးနဲ့ ပတ်သက်ပြီး စာဖတ်သူ တွေရဲ့ မှတ်ချက်တွေထဲမှာ အမျိုးမျိုး ထင်မြင်ချက်တွေ ပေးကြတာတွေ့လို့ ကိုယ်တတ်နိုင် သလောက် ရှင်းပြတာပါ။ ဒီ့ထက် တိတိကျကျ ပြောမပြ နိုင်တာကိုလည်း နားလည်ပေးကြ စေချင်ပါတယ်။

တချို့က ဆိုကြပါတယ်။ NLD မှတ်ပုံတင်ရေး၊ မတင်ရေးဟာ သူ့ပါတီ အတွင်းရေးမို့ ကိုယ်နဲ့ မဆိုင်၊ ကိုယ့်မှာ ဝင်ရောက်စွက်ဖက်ခွင့် မရှိလို့ ဆိုကြပါတယ်။ အဲဒီအချက်ကို သဘော မတူ နိုင်လို့ ဒီဆောင်းပါးကို ရေးတာဖြစ်ပါတယ်။

မှတ်ပုံတင်ရေး၊ မတင်ရေးသည် တတိုင်းပြည်လုံးရဲ့ အရေး

NLD မှတ်ပုံတင်ရေး၊ မတင်ရေးဟာ တနိုင်ငံ လုံးရဲ့ အရေး၊ လူတိုင်းရဲ့ အရေးပါ။ ဖြစ်လာမယ့် အကျိုးဆက်တွေကို NLD သာမက အများပြည်သူပါ ရင်ဆိုင် ကြရမှာပါ။ ဒါ့ကြောင့် အားလုံး ဆွေးနွေးကြပါ။ စဉ်းစားကြပါ။ သူ့ပါတီ အရေး သူ့ဖာသာ စဉ်းစားပါစေဆိုပြီး လွှတ်ထား လိုက်လို့လည်း နောင်ဖြစ်လာမယ့် အကျိုးဆက်တွေဟာ ကျွန်တော်တို့ ခေါင်းပေါ် ကျမလာ ဘဲ နေမှာ မဟုတ်ပါဘူး။

ဒီတော့ ပြောဖို့ တာဝန်ရှိတယ်ထင်လို့ ပြောပါမယ်။ ပြောပါရစေ။

ဆင်ကို ကျုံးသွင်းရန် ကြံ့ဖွံ့ မုဆိုး ကြံစည်ပြီ


ဒီနေ့အချိန်မှာ ကြံ့ဖွံ့အစိုးရဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဆိုတဲ့ ဆင်ကြီးကို အဘက်ဘက်ကနေ ပြေးပေါက် ထွက်ပေါက် မရှိအောင် ပိတ်ဆို့ထားပါတယ်။

ပါတီဝင်တွေကိုလည်း ဖမ်းပြီး ထောင်ချတယ်။ ရွေးကောက်ပွဲ ဝင်လို့မရအောင်လည်း သူ့တပါတီတည်း အတွက် အထူးသီးသန့်စဉ်းစားပြီး ဥပဒေတွေနဲ့ ပိတ်ဆို့တားဆီး ကာရံပါတယ်။ ပါတီ တရားဝင် ရပ်တည်လို့မရအောင်လည်း ဥပဒေသုံးပြီး ညစ်ပါတယ်။

အဲသလို အဘက်ဘက်က ပိတ်ဆို့ပြီးတဲ့နောက် ခုချိန်မှာတော့ ဘက်တဘက်မှာ လမ်းကျဉ်း ကျဉ်းလေး တပေါက်ကို ဖွင့်ပေး လိုက် ပါတယ်။ အဲဒီလမ်းကျဉ်းကျဉ်းလေးဆီကို မသွားဘဲ မနေနိုင်အောင် တခြားဘက်တွေကနေ ဝိုင်းဝန်း ခြောက်လှန့်ပေးနေတဲ့ အလုပ် ကိုလည်း လုပ်နေပါတယ်။ ပြည်ထဲရေး ဝန်ကြီးက NLD ဟာ တရားမဝင်တော့တဲ့ ပါတီ ပါလို့ ပြောတာ ဟာ ခြောက်ထုတ် ပေးနေတာပါ။ “သဘောထားတင်းမာတဲ့သူတွေက အခြေအနေတွေ နောက်ပြန်ဆုတ်အောင် လုပ်နေတယ်” လို့ The voice ဂျာနယ် က ပြောတာကလည်း ခြောက်ထုတ်ပေး နေတာပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ပါတီတခုရဲ့ ခေါင်းဆောင် သာမက အမျိုးသား ခေါင်း ဆောင်ဖြစ်ပါတယ်လို့ ပြောတာဟာလည်း ဒေါ်စုကို NLD နဲ့ခွဲထုတ်နေတာပါ။ ဒါတွေအားလုံးဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို လမ်းကျဉ်းလေးထဲ မဝင်၊ ဝင်အောင် ခြောက်လှန့်ပို့ဆောင်ပေးနေတဲ့ နည်းလမ်းတွေ ဖြစ်ပါတယ်။

အဲဒီလမ်းကျဉ်းကျဉ်းလေး ကနေ သွားရင် ရောက်မယ့် နေရာက ဆင်ဖမ်းတဲ့ ကျုံးကြီးထဲကို ဖြစ်ပါတယ်။
ဖွင့်ပေးလိုက်တဲ့ လမ်းကျဉ်းလေးက ပါတီ မှတ်ပုံတင်ရေး လမ်းကျဉ်းဖြစ်ပြီး၊ မောင်းပို့နေတဲ့ ကျုံးကြီးကတော့ ၂၀၀၈ အခြေခံဥပဒေ ကျုံးကြီးဖြစ်ပါတယ်။

ပါတီမှတ်ပုံတင်ရေး ဥပဒေမှာ “ထိန်းသိမ်းစောင့်ရှောက်” အစား “လေးစားလိုက်နာ” လို့ ပြင်ပေးလိုက်ပါတယ်။ “ထိန်းသိမ်းစောင့်ရှောက်” နဲ့ “လေးစားလိုက်နာ” ဆိုတာ တကယ်တော့ သိပ်မကွာလှပါဘူး။ ဒါပေမဲ့ အဖွဲ့ချုပ်ခေါင်းဆောင်တွေ အနေနဲ့ ကတော့ “ထိန်းသိမ်းစောင့်ရှောက်” ရ မယ့် အစား “လေးစားလိုက်နာ” ရုံက တော်သေးတယ်လို့ ဆိုပါတယ်။ လိုက်နာတာကတော့ ပြဌာန်းထားတဲ့ ဥပဒေတရပ်ကို နိုင်ငံသားတိုင်း လိုက်နာရမှာပဲလို့လည်း ဆိုပါတယ်။ အများပြည်သူ သဘောမတူတဲ့ မတရားတဲ့ အမိန့် အာဏာ ဟူသမျှ တာဝန်အရ ဖီဆန်ကြ ဆိုတဲ့ စကားနဲ့ အခုစကားဟာ ဘယ်လောက် တောင် ကွာခြားလှပါသလဲ။ နိုင်ငံသားကောင်းပီသစွာ ဥပဒေ မှန်သ မျှကို တရားသည် ဖြစ်စေ မတရားသည်ဖြစ်စေ အမြဲတန်းလိုက်နာမယ်လို့ တရားသေ ဆုံးဖြတ်လိုက်ပြီ ဆိုရင်တော့ ဥပဒေ ဘောင်တွင်း က NLD ပါတီကြီးကို အစိုးရက ဥပဒေ တမျိုးပြီး တမျိုးထုတ် အရူးလုပ်နေပါလိမ့်မယ်။

ထားပါတော့။ ဒီ “လေးစားလိုက်နာ” စကားလုံးကို အကျယ် မဆွေးနွေးတော့ပါဘူး။ ဒီစကားလုံး နှစ်လုံး အဓိပ္ပါယ် ခြားနားမှု ရှိမရှိဆို တာဟာ သူတို့လက်ထဲမှာပါ။ ဒီအစိုးရလက်ထက်မှာ ဥပဒေဆို တာ မျှော့ကြိုးပါ။ ဒီ့ထက် မကတဲ့ စကားလုံးတွေကိုလည်း လိုသလို ချုံ့ခဲ့၊ ချဲ့ခဲ့ဖူးပါပြီ။

နောက်တချက်က ထောင်ကျနေတဲ့သူတွေကို ပါတီထဲကနေ ထုတ်ပစ်ဖို့ မလိုတော့ဘူး ဆိုတဲ့ အချက်ပါ။ မှန်ပါတယ်။ ဒီအချက်ကတော့ အစိုးရဘက်က တကယ် လိုက်လျော လိုက်တဲ့ အချက်ပါ။ သူတို့ဖွင့်ပေး၊ ဟပေးလိုက်တဲ့ လမ်းလို့လည်း ဆိုနိုင်ပါတယ်။ ငါးမျှားချိတ်မှာ သူတို့ တပ်ပေး ဆင်ပေးလိုက်တဲ့ အစာလည်းဖြစ်ပါတယ်။ ( ဒါပေမဲ့ တချို့ပြောဆိုနေကြသလို ထောင်ကျနေသူတွေ ရွေးကောက်ပွဲဝင် နိုင်မယ်၊ မဲပေး နိုင်တော့မယ် ဆိုတာ မဟုတ်ပါဘူး။ ရွေးကောက်ပွဲ ဥပဒေ ကသပ်သပ်ပါ။ အဲဒီမှာ ဘာမှ ပြင်မပေးပါဘူး။)

ဥပဒေကို ပြင်ဆင်လိုက်တဲ့ နေရာမှာ အဓိကကျတဲ့ အချက်တချက် ရှိပါတယ်။ အဲဒါ ကတော့ မှတ်ပုံတင်ပြီးရင် ကြားဖြတ်ရွေးကောက်ပွဲ မှာတောင် သုံးနေရာ မဖြစ်မနေရ ရွေးကောက်ပွဲဝင်ရမယ်ဆိုတာပါပဲ။ (ဒီအချက်ကို သေသေချာချာ ဖတ်ကြည့် စေချင် ပါတယ်။ တချို့ နားလည်မှု လွဲနေကြပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲမှာ သုံးနေရာ မဝင် မနေရလို့ ပြောတာပါ။) ဒါကိုကြည့်ရင် အစိုးရက ဘာလိုချင် နေတယ် ဆိုတာ အရှင်းကြီးပါ။ ၂၀၁၅ အထိတောင် မစောင့်နိုင်ဘူး၊ အခုကြားဖြတ်ရွေးကောက်ပွဲမှာပဲ ချက်ချင်း ရွေးကောက်ပွဲဝင်ရမယ်၊ မဝင်ရင်တော့ မှတ်ပုံတင်ခွင့် မပေးနိုင်ဘူး ဆိုတဲ့ သဘောထားဟာ အထင်အရှားပါပဲ။

မှတ်ပုံတင်ရင် ဘာဖြစ်မလဲ။

ဒီဥပဒေအရ အခြေခံဥပဒေကို လေးစားလိုက်နာပါမည်လို့ ပါတီခေါင်းဆောင်အားလုံးသာမ က ပါတီဝင်တိုင်းဟာလည်း လက်မှတ် ရေးထိုးကြရမှာဖြစ်ပါတယ်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းပုဒ်မ ၁၂ (က) အပိုဒ်ခွဲ ၆ ၊ ပုဒ်မ ၁၀ (ဈ) ( ဥပဒေ ပြင်ဆင်ချက်မှာ ပုဒ်မ ၁၀ (ဇ) အဖြစ်ပြောင်းလဲထား) တို့ အရ အခြေခံဥပဒေကို လေးစားလိုက်နာပါမည်လို့ လက်မှတ်ရေးထိုးမထားတဲ့သူကို ပါတီက သိပါလျက်နဲ့ ထုတ်ပယ် မပစ်ဘဲ လက်ခံထားခဲ့ရင် အဲဒီပါတီကိုယ်တိုင်ဟာ တရားဝင်ပါတီ အဖြစ်ရပ်တည်ခွင့် ဆုံးရှုံးမှာ ဖြစ်ပါတယ်။

ဒီတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ မှတ်ပုံတင်ပြီးရင် “ အခြေခံဥပဒေကို မလေးစား မလိုက်နာနိုင်တဲ့သူတွေ ပါတီကထွက်ကြ” လို့ အမိန့် ထုတ်ရတော့မှာပါ။ အဲသလို အမိန့် မထုတ်ရင် ဥပဒေကြောင်းအရကတော့ ပါတီ အနေနဲ့ ရထားတဲ့ မှတ်ပုံတင်ခွင့်လေးက ပြန်ဆုံးရှုံးရဦးမှာပါ။

ဒါပေမဲ့ အခြေခံဥပဒေကို မလေးစား မလိုက်နာနိုင်တဲ့သူတွေ ပါတီကထွက်ကြလို့ ပြောရင် အဲဒီပါတီဟာ ဒီမိုကရေစီ ကျတဲ့ ပါတီ ဖြစ်နိုင်ပါဦးမလား။ လွတ်လပ်စွာ အမြင်ကွဲလွဲခွင့် မရှိတဲ့ ပါတီဟာ ဒီမိုကရေစီ ပါတီ ဖြစ်နိုင်ပါဦးမလား။ စစ်အစိုးရ အလိုကျ အခြေခံ ဥပဒေကို လေးစား လိုက်နာဖို့ ငြင်းဆိုတဲ့သူကို ပါတီက ထုတ်ပယ်ရမယ်ဆိုရင် ဒီပါတီဟာ ဒီမိုကရေစီ ပါတီလို့ ဆိုနိုင်ပါတော့မလား။ ဒါဟာ အလေးအနက် စဉ်းစားသင့်တဲ့ အချက်ဖြစ်ပါတယ်။ ပါတီမှတ်ပုံတင်ခွင့်နဲ့ ပါတီရဲ့ ဒီမိုကရေစီ အနှစ်သာရကို လဲလှယ်ပေး ရမယ် ဆိုရင် ဘာကို ရွေးချယ်ကြမလဲ။ အားလုံးစဉ်းစားကြဖို့ပါ။ မှတ်ပုံတင်လိုက်တဲ့ ပါတီဟာ တချိန်က ကျွန် တော်တို့ တလေးတစား မဲပေးခဲ့ ကြတဲ့ NLD နဲ့ တူနိုင်ပါဦးမလားဆိုတာ ကျွန်တော်တို့ စဉ်းစားစရာ ဖြစ်လာမှာပါ။

ဒါကို စကားကပ်ပြောနေတယ်လို့ ယူဆလို့မရပါဘူး။ မှတ်ပုံတင်ပြီးရင် အခြေခံဥပဒေကို လေးစားလိုက်နာ ပါမည်လို့ လက်မှတ်ရေးထိုးဖို့ ငြင်းဆိုတဲ့သူကို ပါတီက ထုတ်ပယ်ပေးဖို့ စစ်အစိုးရမှာ တောင်းဆိုခွင့်ရှိပါတယ်။ ဥပဒေအရ မည်သို့ပင်ဆိုသော်ငြား ဦးသိန်းစိန်က တော့ စိတ်ကောင်းနှလုံးကောင်းနဲ့ မသိချင်ယောင်ဆောင် နေပါလိမ့်မယ်လို့ ယူဆ (assume လုပ်) ပြီး မှတ်ပုံတင်လိုက်လို့ မဖြစ်ပါ။ ဖြစ်နိုင်ချေ ရှိတာ အားလုံးကို ထည့်သွင်း စဉ်းစားဖို့ လိုပါလိမ့်မယ်။

ဒီတော့ တကယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ မှတ်ပုံတင်လိုက်မယ် ဆိုရင် ပါတီ တခုလုံးဟာ ၂၀၀၈ အခြေခံဥပဒေကို လေးစား လိုက်နာသော ပါတီဖြစ်သွားပြီလို့ ဆိုရပါ လိမ့်မယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဟာ ဦးခင်မောင်ဆွေရဲ့ NDF ပါတီလို ဖြစ်လာ ပါ လိမ့်မယ်။

၉၀ ရလဒ် စွန့်ပြီလား

အဆိုးဆုံး အချက်က ကြားဖြတ်ရွေးကောက်ပွဲမှာ သုံးနေရာ ဝင်ပြိုင်ရမယ်ဆိုတဲ့ အချက်ပါ။ မူလဥပဒေအရ ဆိုရင် ၂၀၁၅ ခုကျမှ ရွေးကောက်ပွဲ ဝင်မဝင် ဆုံးဖြတ်ရမှာပါ။ ခုတော့ အဲဒီအထိ မစောင့်နိုင်လို့ ကြားဖြတ်ရွေးကောက်ပွဲမှာ မဝင်မနေရဆိုပြီး ဥပဒေကို ပြင် လိုက်ပါတယ်။ ဒီလို တဘက်စောင်းနင်း ဥပဒေထွက်လာတာကိုကြည့်ရင် လွှတ်တော်ကို သူတို့ ထင်သလို လုပ်နေတယ်ဆိုတာလည်း အထင်အရှားပါပဲ။

မှတ်ပုံတင်ရစေဦးတော့၊ ရွေးကောက်ပွဲ မဝင်ရဘူးဆိုရင်တောင် အခြေအနေက သိပ်အဆိုးကြီး မဟုတ်သေးပါဘူး။ ခုတော့ မှတ်ပုံတင်ချင် ရင် ရွေးကောက်ပွဲ ဝင်ကိုဝင်ရမယ်ဆိုတဲ့ အချက်ကို ဥပဒေ အသစ်ပြင်ထည့်သွင်းလိုက်တဲ့ အချက်ဟာ NLD ကို မကွဲကွဲအောင် တမင် သွေးထိုးတာဖြစ်ပါတယ်။ NLD ကို ၂၀၀၈ ခုအခြေခံဥပဒေအောက် မရောက်ရောက်အောင် ဇွတ်ပို့နေတာလည်း ဖြစ်ပါတယ်။

ဦးဝင်းတင်က ပါတီမှတ်ပုံတင်တာနဲ့ ရွေးကောက်ပွဲဝင်တာကို သီးခြားစီခွဲစဉ်းစားရမယ်လို့ ဒီဥပဒေမူကြမ်းကို စတင် တင်သွင်းစဉ်အခါ တုန်းက မီဒီယာမှာ ပြောခဲ့ဖူးပါတယ်။ ဒါပေမဲ့ ကြံ့ဖွံ့အစိုးရဟာ NLD ကို အဲဒီအခွင့်အရေး ပေးမှာ မဟုတ်ပါဘူး။ မပေးချင်လို့ ဥပဒေထဲမှာ အပိုဒ်သစ် တမင်ထပ်တိုးထားတာပါ။

ဒီတော့ ပြင်ဆင်ထားတဲ့ ဥပဒေနဲ့အညီ NLD ဟာ ပါတီ တရားဝင် ရပ်တည်ချင်ရင် ကြားဖြတ်ရွေးကောက်ပွဲမှာ သုံးနေရာ ဝင်ပြိုင်ရပါမယ်။ အဲသလို သုံးနေရာ ဝင်ပြိုင်လိုက်ရင် ၉၀ ရွေးကောက်ပွဲ ရလဒ်ကို တရား ဝင် စွန့်လွှတ်ပြီးသား ဖြစ်သွားပါပြီ။ ကြားဖြတ် ရွေးကောက် ပွဲလည်း ဝင်ပြိုင်ဦးမယ်၊ ၉၀ ရလဒ်လည်း မစွန့်နိုင်ဘူးဆိုပြီး လုပ်နေလို့ မရပါ။

ဒါကိုသိလို့လည်း အစိုးရက သုံးနေရာမှာ မဖြစ်မနေ ဝင်ပြိုင်ခိုင်းနေတာပါ။

NLD ကို ကြားဖြတ်ရွေးကောက်ပွဲမှာ မဝင်မနေရ အတင်းဝင်ခိုင်းနေပေမဲ့ နေရာများများမှာ ဝင်ပြိုင်ခွင့် လည်း မပေးချင်ပါဘူး။ နေရာများများမှာ ဝင်ပြိုင်ပြီး NLD တော်တော်များများ လွှတ်တော်ထဲ ရောက်လာမှာ ကိုလည်း တဘက်က ကြောက်ပါသေးတယ်။ ကြည့်ပါ။ NLD ပါတီကို နေရာ ၇၀-၈၀ မှာ ဝင်ပြိုင်ခွင့် ပေးရမှာ စိုးလို့ လောလောလတ်လတ်မှာကိုပဲ ဥပဒေ ပြင်ဆင်ဖို့ မူကြမ်း တခု လွှတ်တော်မှာ တင်နေပါတယ်။ လစ်လပ် နေရာ ၇၀-၈၀ မကျန် အောင်လုပ်မယ့် ဥပဒေပါ။ သမ္မတတို့၊ ဝန်ကြီးတို့ကို လွှတ်တော် ကိုယ်စားလှယ် အဖြစ်က နှုတ်ထွက်ပေးရမယ်ဆိုတဲ့ မူလ ဥပဒေကို ပြင်ဆင်ဖို့ မူကြမ်းတင်နေတာဖြစ်ပါတယ်။ သမ္မတတို့ ၊ ဝန်ကြီးတို့ဟာ လွှတ်တော် ကိုယ်စားလှယ် ဆက်ဖြစ်နေရင် ကြားဖြတ် ရွေးကောက်ပွဲမှာ သူတို့နေရာတွေ မလပ်တော့အောင်လုပ်တာပါ။ လစ်လပ် မယ့်နေရာ နည်းသွား အောင် လုပ်နေတာပါ။ NLD ကို အရိုးအရင်းလေးကိုက်ဖို့ ပေးရမှာကိုတောင် မသဒ္ဓါသေးလို့ အရိုးမှာကပ်နေတဲ့ အသား လေးကို ခြစ်ယူနေတဲ့ လုပ်ရပ်ပါ။ သမ္မတကြီးရဲ့ စေတနာကို ဒါလောက်ဆိုရင်ပဲ နားလည်ဖို့ ကောင်းလှပါပြီ။

NLD ပါတီကို ကြားဖြတ်ရွေးကောက်ပွဲမှာ နေရာတချို့ကို မစို့မပို့ ပေးလိုက်ရုံနဲ့ တသက်လုံး အရှက်ကွဲခဲ့ရ ရုံသာ မက အမျိုးမျိုး ခြောက်လှန့်နေခဲ့တဲ့ အဲဒီ ၉၀ အိပ်မက်ဆိုးကြီး ပျက်ပြယ် သွားအောင်လုပ်ရေးဟာ အစိုးရရဲ့ ရည်မှန်းချက်ပါ။ အဲသလိုသာ ရသွားမယ်ဆိုရင် စစ်အစိုးရ အတွက်တော့ သိပ်အရတော်လှတယ်လို့ ဆိုရမှာပါ။


မှတ်ပုံမတင်ရင် ဘာဖြစ်မလဲ


အခု ရွေးရမယ့် လမ်းက နှစ်လမ်းပါ။ မှတ်ပုံတင်မလား၊ ဒါမှ မဟုတ် မှတ်ပုံမတင်ဘူးလား။

မှတ်ပုံမတင်ရင် ကြံ့ခိုင်ရေး အစိုးရ၊ စစ်အာဏာရှင် စနစ်နဲ့ ၂၀၀၈ အခြေခံဥပဒေတို့က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ရှေးယခင်က အတိုင်း ရန်သူ လို သဘောထား ပါလိမ့်မယ်။ နောက်ဆုံးအဆင့်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်ဖမ်းပြီး အကျယ်ချုပ်ချ၊ နိုင်ငံရေး သမားတွေ အကုန်လုံးပြန်ဖမ်းပြီးထောင်ချ၊ သေနတ်မိုး ဓါးမိုး အုပ်ချုပ်တဲ့ အခြေ အနေဆီ ပြန်ရောက်ချင် ရောက်ပါလိမ့်မယ်။ ဒီမိုကရေစီ သမားတွေအနေနဲ့ အဲသလို ပြန်ဖြစ် မှာ စိုးရိမ်လို့ NLD ကို မှတ်ပုံတင်စေချင်ကြတယ်ဆိုတာကိုလည်း ကျွန်တော် နားလည်ပါတယ်။ ဒါပေမဲ့ မှတ်ပုံတင်ပြီးရင်၊ ရွေးကောက်ပွဲဝင်ပြီးရင်ရော ဒါမျိုးတွေကို ရှောင်လွဲနိုင်ပြီလို့ ဆိုနိုင်ပါ သလား။

စစ်အာဏာရှင်စနစ် တည်ရှိမှုကို ခြိမ်းခြောက်နေသမျှမှာ စစ်အစိုးရဟာ ဖိနှိပ်မှုတွေကို လုပ်နေဦးမှာပါ။ ဒါက စစ်အစိုးရဘက်က ရှောင်လွှဲမရတဲ့ ဘဝပေး အခြေအနေပါ။

ကျွန်တော်တို့ ဘက်က အခြေအနေကိုလည်း ကြည့်ရအောင်။ ဒီမိုကရေစီကို လိုလားနေသမျှမှာ ကျွန်တော်တို့ဟာ စစ်အာဏာရှင် စနစ် တည်ရှိမှုကို ခြိမ်းခြောက်နေရမှာပါ။ ဒါကိုလည်း ကျွန်တော်တို့ဘက်က ရှောင်လွှဲလို့မရပါ။

ဒါဟာ ဒီမိုကရေစီနဲ့ စစ်အာဏာရှင်ကြားက ရှောင်လွှဲ မရတဲ့ ပဋိပက္ခပါ။ ဒါ့ကြောင့် ဒီမိုကရေစီ အရေးကို လက်မလွှတ်သေးသမျှမှာ ဒေါ်အောင် ဆန်းစုကြည်ကို ဖမ်းမယ့် အန္တရာယ်၊ နိုင်ငံရေးသမားတွေကို ဖမ်းမယ့် အန္တရာယ်ကို ကျွန်တော်တို့ ရှောင်လွှဲမရ၊ ရင်ဆိုင်နေရဦးမှာပါ။

တတိယအုပ်စုများက ကျွန်တော်တို့ကို အကြံပေးနေတာက “ဗိုလ်သန်းရွှေ ၊ ဗိုလ်သိန်းစိန်၊ ဗိုလ်တင်အောင်မြင့်ဦးတို့ရဲ့ အသက် အိုးအိမ် စည်းစိမ်ကို မထိခိုက်စေရ၊ စစ်အာဏာရှင် စနစ်ကိုသာ ကျွန်တော်တို့ ဖြိုချမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် စစ်ဗိုလ်ကြီးများ မစိုးရိမ်ကြပါနဲ့ ကျွန်တော်တို့ကို ယုံကြည်ကြပါ” လို့ ပြောခိုင်းနေတာဖြစ်ပါတယ်။ ဒီလိုပြောရင် ပြေလည်သွားနိုင်မယ်လို့ တတိယအုပ်စုက တွေးပုံရ ပါတယ်။ တတိယအုပ်စုဟာ စစ်အာဏာရှင်ရဲ့ အင်အားကို ပိုတွက်ပြီး ကြောက်ရွံ့ ကြပေမဲ့ စစ်အာဏာရှင်စနစ်ရဲ့ အတွေးအခေါ်ကိုတော့ လျှော့တွက်နေပါတယ်။ စစ်အာဏာရှင်တွေ ဟာ တကယ်တော့ သူတို့ ထင်သလို သူတို့ရဲ့ အသက်အန္တရာယ်ကို ကြောက်လို့ အာဏာ မစွန့်နိုင်တာ မဟုတ်ပါဘူး။ စစ်အာဏာရှင်စနစ်ကနေ ဆံခြည်တမျှင်မှ လျှော့မပေးနိုင်လို့ တင်းခံ နေတာပါ။

အစိုးရဘက်က နားလည်မှု ရှိလာနိုး၊ ပြောင်းလဲလာနိုး မျှော်လင့်ပြီး ကိုယ့်ဘက် က တဆင့်ပြီး တဆင့် ကျွန်တော်တို့ အလျော့ပေး သွားမယ်ဆိုပါတော့။ နောက်ဆုံး အားလုံး လျော့ပြီး သွားတဲ့ အချိန်မှာ ဘာမှ ဖြစ်မလာရင် ကျွန်တော်တို့ ဘာလုပ်ကြမလဲ။ အဲဒီ အချိန်ကျမှ နောက်ပြန်ဆုတ်ချင်တယ်ဆိုရင် ကျွန်တော်တို့ အတွက် ဆုတ်လမ်းရှိတော့မှာ မဟုတ်ပါ။ အဲဒီဆုတ်လမ်း မရှိတော့တဲ့ အခြေအနေရောက်အောင် စစ်အစိုးရကတွန်းပို့ နေတာပါ။

ဒေါ်အောင်ဆန်းစုကြည်ကို ပြန်မဖမ်းဖို့၊ နိုင်ငံရေးသမားတွေကို မဖမ်းဖို့၊ ပြည်သူတွေကို မနှိပ်စက်ဖို့ အတွက် စစ်အစိုးရကို ချော့နေမှ ဖြစ်မယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့ နိုင်ငံရေး ဟာ တခုခုတော့လွဲနေပြီ လို့ ဆိုရတော့မှာပါ။ ဒေါ်အောင်ဆန်းစုကြည်ကို မဖမ်းရဲအောင်၊ နိုင်ငံရေးသမားတွေကို မဖမ်းရဲအောင် လုပ်နိုင်မှသာ ကျွန်တော်တို့ အတွက် အစစ်အမှန် လုံခြုံမှုကို ရနိုင်မှာပါ။

ကိုယ့်ရဲ့လုံခြုံရေးဟာ စစ်အစိုးရရဲ့ စိတ်ကောင်းနှလုံးကောင်း ရှိမရှိ အပေါ်မှာ မှီခိုနေရတယ် ဆိုရင် အဲဒါကို တကယ်လုံခြုံတယ်လို့ မဆိုနိုင်ပါဘူး။ အဲဒါမျိုးကို ကျားသနားမှ နွားချမ်းသာ မယ့် လုံခြုံရေးလို့သာ ဆိုနိုင်ပါလိမ့်မယ်။

ကိုယ့်မှာ စစ်အစိုးရကို ယှဉ်တိုက်နိုင်မယ့် လက်နက်အင်အားလည်း မရှိဘူး၊ လမ်းပေါ်ထွက် ဆန္ဒပြရင်လည်း စစ်အစိုးရက ပစ်သတ်မှာပဲ။ ဒါ့ကြောင့် စစ်အစိုးရနဲ့ ပြေပြေလည်လည် ဆက်ဆံတဲ့ နည်းက အကောင်းဆုံးပါလို့ တချို့က ဆိုကြပါတယ်။ ဒါဟာ အစိုးရ အကြိုက် အတွေးအခေါ်ပါ။ အစိုးရ ဖြန့်ပေးနေတဲ့ အတွေးအခေါ်ပါ။ ပိုပြီးတိကျအောင် ပြောရရင် တတိယ အုပ်စုကနေ တဆင့် ဖြန့်ပေးနေတဲ့ အတွေးအခေါ်ပါ။ စစ်အစိုးရနဲ့ မပြေလည်ချင် လို့ ပြောနေတာ မဟုတ်ပါဘူး။ အခုပြောတဲ့ ပြေလည်နည်းဟာ ကျားသနားမှ နွားချမ်းသာ မယ့် ပြေလည်နည်း ဖြစ်နေလို့ ပြောနေတာပါ။ စစ်အစိုးရ စိတ်ကောင်းနှလုံးကောင်းရှိမှ ချမ်းသာရမယ့် နည်းလမ်းဖြစ်နေပါတယ်။ တကယ်တန်း စစ်အစိုးရသာ စိတ်ကောင်းနှလုံး ကောင်းရှိနေရင် တွေ့ဆုံဆွေးနွေးနေစရာတောင် မလိုပါဘူး။ ဒီမိုကရေစီ ရပြီးတာ ကြာလှ ပါပြီ။ “စစ်အစိုးရက မယုံနိုင်သေးလို့ပါ၊ သူယုံကြည်လာအောင် လုပ်ရမယ်” လို့ တတိယ အုပ် စုတွေက ပြောနေပါတယ်။ ဟုတ်ကဲ့။ ၂၀၀၈ အခြေခံဥပဒေကို ထောက်ခံလိုက်မှသာ စစ်အ အစိုးရက ယုံကြည်နိုင်မှာပါ။ ၂၀၀၈ အခြေခံဥပဒေကို ပြင်ခိုင်းနေသေး သမျှမှာ စစ်အစိုးရ က ယုံကြည်နိုင်မှာ မဟုတ်ပါဘူး။ ဒီသဘောထားကို စစ်အစိုးရက အကြိမ်ကြိမ် ပြသ ပြီးပါပြီ။ ၂၀၀၈ အခြေခံဥပဒေကို ထောက်ခံလို့ကတော့ ဒေါ်အောင် ဆန်းစုကြည်မှ မဟုတ်ပါဘူး။ ဘယ်သူ့ကို မဆို လက်ခံပါတယ်။ ကုန်ကုန်ပြောရရင်၊ လက်နက်ကိုင် တိုက်ခိုက်နေတဲ့ အဖွဲ့ အစည်းတွေကိုတောင် ၂၀၀၈ အခြေခံဥပဒေကို လက်ခံမယ်ဆိုရင် စစ်အစိုးရက ကြိုဆိုမှာပါ။ ဒါပေမဲ့ ဒါဟာ ကျွန်တော်တို့ ရွေးချယ်သင့်တဲ့ လမ်းမဟုတ်ပါဘူး။ ဒီမိုကရေစီ သမားရဲ့ လမ်း မဟုတ်ပါဘူး။ တတိယအုပ်စုတို့ ဗဟုတို့ရဲ့လမ်းပါ။

NLD မှတ်ပုံတင်ရင်တော့ စစ်သား တမတ်သားပါဝင်တဲ့ ၂၀၀၈ အခြေခံဥပဒေ ဘောင်ထဲကို ကြားဖြတ်ရွေးကောက်ပွဲ အပြီးမှာ လူနည်းစု အဖြစ် ပါဝင် ပူးပေါင်း ရပါလိမ့်မယ်။

ဒါ့အပြင် စစ်အစိုးရဟာ ၂၀၀၈ အခြေခံဥပဒေ ဘောင်ထဲကို လာပါလာပါ လက်ယပ်ခေါ်ပေမယ့် တကယ်တန်း ဝင်ရောက်လာတဲ့ အခါ ဦးထွန်းအောင်ကျော်တို့လို စစ်အစိုးရ သတင်းစာ တွေ ထဲမှာ ဆောင်းပါးရေးနေတဲ့ နိုင်ငံရေး သိပ္ပံ ဘောဂဗေဒ ကျောင်း တော်သားကြီးတွေ၊ ကိုအေးလွင်တို့လို စီးပွားရေးပိတ်ဆို့မှု ဖွင့် ပေးဖို့ တောင်းဆို ပေးသူတွေ ကိုတောင်မှ မျက်နှာသာ မပေး နေရာ မပေးဘူးဆိုတာ ကိုလည်း သတိထားဖို့ လိုပါတယ်။ တကယ်တန်း ရွေးကောက်ပွဲဝင်ခဲ့တဲ့ NDF အခု ဘာဖြစ် နေသလဲ ဆိုတာ ကိုလည်း ကြည့်ဖို့ လိုပါမယ်။ ရွေးကောက်ပွဲ ဝင်ခဲ့တဲ့ NDF ဟာ ရွေးကောက်ပွဲ မဝင်တဲ့ NLD လောက်တောင် နိုင်ငံရေး လုပ်ခွင့်ရပါရဲ့လား။ ရွေးကောက်ပွဲဝင်ခဲ့တဲ့ NDF ကို ရွေးကောက်ပွဲ မဝင်တဲ့ NLD လောက် တောင်မှ စစ်အစိုးရက အရေးတယူ ဆက်ဆံပါ ရဲ့လား။

မှတ်ပုံတင်လိုက်ရင် အစိုးရနဲ့ ပြေလည်ချင် ပြေလည်ပါလိမ့်မယ်။ အစိုးရနဲ့ ပြေလည်ဖို့ အဓိက၊ အစိုးရနဲ့ နားလည်မှု ရဖို့က အဓိက ဆိုရင်ဖြင့် မှတ်ပုံတင်တဲ့ နည်းလမ်းဟာ အကျိုးရှိနိုင်ပါတယ်။ ဒါပေမဲ့ စစ်အစိုးရနဲ့ ပြေလည်ပြီးရင် ဒီမိုကရေစီ စနစ်ဆီကို ငြိမ်းချမ်း စွာ အသွင်ကူးပြောင်းသွားမှာလား။ ဒါမှ မဟုတ် စစ်အာဏာရှင်စနစ်ထဲကို ငြိမ်းချမ်းစွာ ပေါင်းစည်းသွားမှာပါလား။

အန္တရာယ်ရှိတာကတော့ မှတ်ပုံတင်လိုက်မယ်ဆိုရင် ၂၀၀၈ အခြေခံဥပဒေအောက် ကို ချည်ပြီးတုတ်ပြီး အနေအထားနဲ့ ကျရောက်သွား နိုင်တဲ့ အန္တရာယ်ပါ။

ဒါ့ကြောင့် ဘယ်သူမဆို NLD မှတ်ပုံတင်သင့် မတင်သင့်ကို စဉ်းစားမယ်ဆိုရင် ၂၀၀၈ အခြေခံဥပဒေကို တခေါက်လောက် ပြန်ဖတ်စေချင်တယ်လို့ အကြံပြုချင်ပါတယ်။

NLD ပါတီအတွက် အဓိက စိန်ခေါ်ချက် နှစ်ရပ်


အခုအချိန်မှာ NLD အတွက် နံပါတ်တစ် အရေးကြီးဆုံးအချက်က ပါတီမကွဲဖို့ပါ။ ပါတီသစ်ထောင်ဖို့ တိုက်တွန်းသူတွေရှိနေကြတာကို လည်း အားလုံးအသိပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ပါတီတခုရဲ့ ခေါင်းဆောင် မဖြစ်သင့်ဘူး၊ တမျိုးသားလုံးရဲ့ ခေါင်းဆောင်ဖြစ်သင့်တယ်လို့ ပြောနေကြတာလည်း အားလုံးအသိပါ။ တကယ်တော့ ရည်ရွယ်ချက်က ရှင်းရှင်းလေးပါ။ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ခွဲထုတ်နေတာပါ။ မကွဲကွဲအောင် လုပ်နေတာပါ။ NLD အနေနဲ့ လူသိရှင်ကြား တရားဝင် ကွဲပြဲတာမျိုး မဖြစ်အောင် တားဆီးဖို့လိုသလို တက်ကြွလှုပ်ရှားသူတွေ စိတ်ပျက်ပြီး ဘေးထွက် ထိုင်သွားတာမျိုး မဖြစ်အောင် ထိန်းသိမ်းဖို့လည်း လိုပါတယ်။ ကွဲတာလူမသိစေချင်လို့ တချို့လူတွေ စိတ်ပျက်ပြီး ဘေးထွက် ထိုင်သွား ကြမယ်ဆိုရင် လည်း တိုင်းပြည်အတွက်ကတော့ နစ်နာဆုံးရှုံးတာပါပဲ။

NLD အတွက် နံပါတ်နှစ် အရေးကြီးတဲ့ အချက်က ၂၀၀၈ အခြေခံဥပဒေ လက်အောက်ကို ချည်ပြီးတုတ်ပြီး ကျရောက်သွားတဲ့ အဖြစ်မျိုး မဖြစ်ဖို့ပါ။ ၂၀၀၈ အခြေခံဥပဒေ ပင်စည်ကို၊ ကျောရိုးကို ပြင်ခွင့်မရတော့ပဲ သူ့ဘောင်ထဲဝင်၊ သူ့အရိပ်ကို ခိုပြီး ဟိုအကိုင်းလေးခုတ်ဖို့ကြိုး စားလိုက်၊ ဟိုအတက်ကလေးချိုးဖို့ ကြိုးစားလိုက်လုပ်ရင်း တနိုင်ငံလုံး စစ်ကျွန်ဘဝကို အကာအကွယ်မဲ့ ကျရောက်သွားမယ့် အဖြစ်ကို ရှောင်ရှားနိုင်ဖို့ အရေးကြီးပါတယ်။ အဲသလို အခြေအနေမျိုးဖြစ်သွားရင် ပါတီဟာ နိုင်ငံရေး အညွန့်တုံးတဲ့ ဘဝကို ရောက်သွားမှာပါ။

နိုင်ငံရေးပါတီတခုဟာ မူကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားနိုင်ရင် အစိုးရဖျက်ပေမယ့် လွယ်လွယ်နဲ့ မပျက်ပါဘူး။ မူပျောက်ရင် ပါတီအလိုလို သေးသိမ် မှေးမှိန်ပြီး တဖြည်းဖြည်း လုံးပါးပါး ပျောက်ကွယ်တတ်ပါတယ်။ မြန်မာ့သမိုင်းမှာရော၊ ကမ္ဘာ့သမိုင်းမှာပါ အဲသလို အစဉ်အလာ နမူနာတွေ အများကြီး ရှိပါတယ်။

၂၀၀၈ အခြေခံဥပဒေသည်သာ အခရာ

လွှတ်တော်ထဲမှာ စစ်သား တမတ်သား ပါဝင်မှာကို သဘောတူရင်၊ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီက အချိန်မရွေး အာဏာသိမ်းမှာကို သဘောတူရင် NLD မှတ်ပုံတင်တာကို လည်း ထောက်ခံလို့ ရပါပြီ။ အဲဒါတွေကို သဘောမတူနိုင်ရင်တော့

NLD မှတ်ပုံတင်ရေးဟာ ရင်လေးစရာကြီးပါ။ ဒီမိုကရေစီပါတီ ဆိုတာ တရားဝင် မှတ်ပုံတင် ရမှာပဲ ဆိုတဲ့ အခြေခံလောက်ကိုတွေးပြီး လွယ်လွယ် မဆုံးဖြတ်ကြစေလိုပါ။

စစ်အစိုးရ အဖို့မှာတော့ ၂၀၀၈ အခြေခံဥပဒေကို ရထားတာဟာ လိုတရ ဆေးကြိမ်လုံးကို ရထားသလိုပါပဲ။ နောက်ဆုံး ကုန်ကုန်ပြောရရင် ၂၀၁၅ မှာ NLD ရွေးကောက်ပွဲဝင်ပြီး တနိုင်ငံလုံးမှာ အနိုင်ရသွားရမယ်ဆိုပါတော့။ ( ဥပမာပြောတာပါ၊ တကယ်တန်းမှာ သူတို့ ဒါမျိုး နောက်တခါ ထပ် အဖြစ် မခံပါဘူး။ NLD မပါဘဲနဲ့တောင် ၂၀၁၀ တုန်းက ဘယ် လောက် ရုပ်ပျက်ဆင်းပျက် မဲခိုးခဲ့သလဲ ဆိုတာ အားလုံး အသိပါ။ ) တကယ်လို့ ၂၀၁၅ မှာ NLD အနိုင်ရ သွားရင် တောင်မှ ပြဿနာရှာပြီး အာဏာ ပြန်သိမ်းလိုက်ရင် ၂၀၀၈ ခု အခြေခံဥပဒေအရ တရားဝင်နေပါသေးတယ်။ ၂၀၀၈ အခြေခံဥပဒေဟာ သူတို့ အတွက် အဲသလောက် အာမခံချက်ရှိပါတယ်။ ဒါ့ကြောင့် ၂၀၀၈ ခုအခြေခံဥပဒေကြီးကို သိပ်တရားဝင်စေချင် နေတာပါ။ NLD ကိုယ်တိုင် လက်ခံထားတဲ့ အခြေခံဥပဒေပါလို့ နိုင်ငံတကာကို ပြောချင်နေတာပါ။ အဲသလို ပြောနိုင်ဖို့ အတွက် အခုကြိုးစားနေတာပါ။

ဒီတော့ NLD ပါတီ မှတ်ပုံတင်မတင်ဆိုတဲ့ ပြဿနာရဲ့ အဖြေဟာ ၂၀၀၈ အခြေခံဥပဒေကို လက်ခံ၊ မခံဆိုတဲ့ စိန်ခေါ်မှုသာ ဖြစ်တယ်လို့ ဆိုချင်ကြောင်းပါ။

ဇော်ဝင်း

၈၈ ကျောင်းသားဟောင်း

Thursday, November 10, 2011

0 ရိုဟင်ဂျာနှင့် ပတ်သက်၍ရခိုင်လူငယ်အယောက် ၂၀ခန့်အင်္ဂလန် သံရုံးရှေ့တွင် ဆန္ဒဖော်ထုတ်ရန်ကြိုးစား


Photo..Burma VJ Media Network

BBC သတင်းဌာန၏ စာမျက်နှာပေါ်တွင် မြန်မာပြည်မြေပုံဖော်ပြရာ၌ ရခိုင်ပြည်နယ်၏နေရာတွင် ရိုဟင်ဂျာဟာ သုံးနှုန်းထားခြင်းနှင့် ပတ်သက်၍မကျေနပ်သော ရခိုင်လူငယ်နှင့် ရခိုင်အနုပညာရှင် အယောက် ၂၀ ခန့်မှာ ယနေ့ နေ့လည် ၁ နာရီဝန်းကျင်က ရန်ကုန်မြို့ ကမ်းနားလမ်းရှိ အင်္ဂလန်သံရုံးရှေ့တွင် ၄င်းတို့၏ ဆန္ဒဖော်ထုတ်ရန် ကြိုးစားခဲ့သည်ဟု သတင်းရရှိသည်။

“BBC မှာ မြန်မာနိုင်ငံမြေပုံကို တင်တဲ့အချိန်မှာ ရခိုင်နဲ့ ရှမ်းနေရာတွေမှားနေတယ်။ ရခိုင်နေရာမှာ ရိုဟင်ဂျာတော့ မဟုတ်ဘူး။ ကုလားတွေကိုထည့်ထားတယ်။ ဒါကိုလုပ်တာ BBC သတင်းထောက်အင်နာဂျွန် မှားတာ။ BBC ကနေပဲ ကျွန်တော်တို့ရခိုင်မြေပုံ ပြင်ခိုင်းတယ်။ ဒီကိစ္စကိုတောင်းပန်ခိုင်းထားတယ်။ မလုပ်ပေးဘူး။ ဒါကြောင့် ဆန္ဒဖော်ထုတ်မယ်” ဟု အဆိုပါစုရုံးရာတွင် ပါဝင်သူ ကိုအောင်ဇော်ထက် (ခ) စစ်ငြိမ်းကပြောသည်။

ရခိုင်ပြည်နယ်တွင် ရခိုင်လူမျိုးများနေလာသည်မှာ ရာစုနှစ်များစွာကတည်းကပင်ဖြစ်ပြီး ရိုဟင်ဂျာဆိုသည်မှာ ခုမှပင်ပေါ်လာခြင်းဖြစ်ကြောင်း၊ အမှန်တကယ်မှာမူ ဘင်္ဂါလီကုလားသာဖြစ်ပြီး မွတ်စလင်လူမျိုးများဖြစ်ကာ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယဘက်မှဝင်လာကြကြောင်းသိရသည်။

“လူသားချင်စာနာထောက်ထားပြီး ကျွန်တော်တို့နေရာမှာ နေခွင့်ပေးထားတာ။ ဒါကျွန်တော်တို့တိုင်းရင်းသားမဟုတ် ဘူး” ဟု ကိုအောင်ဇော်ထက်ဆက်ပြောသည်။

ထို့ကြောင့် ယခုပြသနာကိုဖြေရှင်းပေးပါရန် လူအင်အားစုခြင်းဖြစ်ပြီး၊ ဆန္ဒပြခွင့်မရရှိ၍ပြန်သွားကြသူများလည်း ရှိကြောင်းမိမိတို့က လူရသလောက် ဆန္ဒဖော်ထုတ်မည်ဖြစ်သည်ဟု ဆိုသည်။

“BBC ကိုလုံးဝကန့်ကွက်တယ်။ သူဒီလိုလုပ်တာ ကျွန်တော်တို့လူမျိုး၊ ကျွန်တော်တို့နိုင်ငံနစ်နာတယ်။ ဒါကြောင့် BBC ကိုကျွန်တော်တို့နိုင်ငံတောင်းပန်ပေးပါ။ သတင်းထောက် အင်နာဂျွန်ကို အလုပ်ဖြုတ်ပေးပါ” ဟု ၄င်းက ပြောသည်။

အဆိုပါ လူငယ်အယောက် ၂၀ ခန့်မှာ နေ့လည် 1 နာရီမှ စတင်ကာမိနစ် ၂၀ ခန့်အင်္ဂလန်သံရုံးရှေ့တွင် စုဝေးပြီး နောက် လူစုခွဲကာ ပြန်လည်ထွက်ခွာသွားခဲ့သည်ဟု သိရသည်။
(Messenger Journal)

0 အညတရသူရဲကောင်း သတင်းထုတ်ပြန်ချက်


ဆုများအား လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် အမျိုးသားအောင်ပွဲနေ့ အခမ်းအနား၌
ပေးအပ်ချီးမြှင့်သွားပါမည် ။

လေးစားစွာဖြင့်
မင်းထက်ဇော်

0 နဖူးမှချွေး ခြေမသို့ကျသည်အထိ


နဖူးမှချွေး ခြေမသို့ကျသည်အထိ
နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ပခုက္ကူရေဘေး ကယ်ဆယ်ရေးအဖွဲ့သားများသည် ပေါက်မြို့မှ မင်းကိုင်း၊ ညောင်ပင်သာ၊ ချောင်းကူးရွာများနှင့် မင်းခေါင်း၊ သံပုရာအိုင်၊ ပိုးဖြူလုံးအိုင်များသို့ ၄.၁၁.၂၀၁၁ ရက်နေ့တွင် သွားရောက်၍ ဆန်၊ ဆီ၊ ဆား၊ အ၀တ်အထည်၊ ပန်းကန်ခွက်ယောက်များ၊ ဒယ်အိုး၊ ခေါက်ဆွဲ ထုတ်များ၊ ရေသန့်ဗူးများ၊ ခြုံစောင်များကို သွားရောက်၍ ကူညီဖေးမ လှူဒါန်းခဲ့ကြသည်။ လမ်းခရီးတွင် ဆိုင်ကယ်ဖြင့် လူများသွားရောက်ကာ ဝေငှလှူဒါန်းမည့်ပစ္စည်းများအား လော်လီကားကြီးများဖြင့် ထပ်မံ သယ်ဆောင်ခဲ့ကြသည်။ ယင်းသို့ သွားရောက်ရာတွင် ချောင်းများ၊ ရွံ့နွံများ၊ တောင်ကမ်းပါးရံများကို ဖြတ်နေဖူးမှချွေး ခြေမသို့ကျသည်အထိကျာ်သွားခဲ့ရာတွင် ဆိုင်ကယ်များကို ရေစီးကြောင်းများမှ လွတ်ကင်းရန် လူများမှ ၀ါးလုံးထိုး၍ ဆိုင်ကယ်များကို ထမ်းပိုးကာ စက်လှေပေါ်သို့ တင်ဆောင်သွားရသည်။

ရွံ့နွံများ၊ သဲနွံများကို ဖြတ်သန်းရာတွင် ခြေလျင်ဖြင့်၎င်း၊ နွားလှည်းယာဉ်များဖြင့်၎င်း၊ ဆိုင်ကယ်များကို မချီထမ်းပိုး၍၄င်း၊ နွံနစ်သွားသော မော်တော်ယာဉ်ကြီးအား ရွံ့နွံများအား ကယ်ဆယ်ရေး အဖွဲ့သားများတို့မှ ဖယ်ရှား၍၄င်း၊ လမ်းခရီးတွင် ရုန်းထွက်၍မရနိုင်သော ကယ်ဆယ်ထောက်ပံ့ရေး ပစ္စည်းများသယ်ဆောင်လာသော မော်တော်ယာဉ်ကြီးအား ဘူတိုဆာကားကြီး၏ အကူအညီဖြင့် တွန်းထုတ် မတင်၍၄င်း ခက်ခဲပင်ပန်း ကြီးစွာဖြင့် ဖြတ်သန်း၍ ဒုက္ခသည်များ လက်ဝယ်ဆီသို့ သွားရောက်လှူဒါန်းမှုများကို ထမ်းဆောင်ပေးဆပ် ခဲ့ရသည်။ ယခု ပခုက္ကူရေဘေးကယ်ဆယ်ရေး လမ်းကြောင်းခရီးစဉ်တွင် အသင်းသားများဖြစ်ကြသော ကိုအောင်စိုး၊ ကိုမြတ်သူ၊ ကိုဇော်မင်း၊ ကိုတင်မင်းနိုင်၊ ကိုဇေယျာ၊ ကိုချာလီနှင့် ပေါက်မြို့ ကံစွယ် ကျောင်းတိုက် ဆရာတော်ကြီး ဦးကောသရ၊ ပေါက်မြို့နယ် အဝေရာ လူမှုကူညီရေးအသင်း (ပေါက်မြို့) အသင်းသားများတို့မှ ပူးပေါင်းကူညီ ဖေးမပေးခဲ့ပါသည်။

ပေါက်မြို့ ကံစွယ်ကျောင်းတိုက်၌ ၀န်ထမ်းပေါင်းစုံ စုပေါင်းမဟာဘုံကထိန်ပွဲနှင့် တိုက်ဆိုင်ခဲ့၍ နာရေးကူညီမှုအသင်း(ရန်ကုန်)မှလည်း အလှူငွေ (၅)သိန်း၊ ဆန်၊ ဆီ၊ ဆား၊ အိုးခွက်များကိုပါ ပါဝင်ဆင်နွဲ လှူဒါန်းခဲ့သည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အသင်းသား/သူများအနေဖြင့် နာရေးကိစ္စများ၊ ဆေးကုသမှုများ၊ ပညာဒါနကိစ္စရပ်များကို (အခမဲ့) ပြုလုပ်ပေးနေသည်နှင့်အညီ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဖွဲ့စည်းပုံ ဥပဒေစာအုပ်အသစ်တွင် ပါဝင်သော သဘာဝဘေးအန္တရာယ် အရေးပေါ်ကယ်ဆယ်ရေးနှင့် ထောက်ပံ့ လှူဒါန်းရေး ဟူသော လုပ်ငန်းရပ် ပါဝင်သည်နှင့်အညီ မိမိတို့၏ အသက်၊ သွေး၊ ချွေးတို့အား ဂရုမမှုပဲ ဒုက္ခသည်များရှိရာသို့ ခက်ခဲပင်ပန်းကြီးစွာဖြင့် သွားရောက်လှူဒါန်း ကူညီမှုများကို (၃၁) ဘုံ ကျင်လည်ကုန် သော ဝေနေယျသတ္တ၀ါအပေါင်း လူနတ်ဗြဟ္မာအပေါင်းတို့အား အမျှ … အမျှ … အမျှ ဟု ပေးဝေငှလိုက်ပါ သည်။

ကိုကျော်သူ

Wednesday, November 9, 2011

0 "Youth on new frontiers" (ရုပ်/သံ)

0 ငွေဆောင်နားမှာ ဆင်ဖြူ တစ်ကောင် ဖမ်းမိ


နိုဝင်ဘာလ ၃ ရက်နေ့က ဒု-သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ပုသိမ်ကို သွားရောက်တဲ့ သတင်းကို အများ သိကြပြီး ဖြစ်ပါလိမ့်မယ်။ သတင်းထဲမှာ မပါသေးတာက သွားတဲ့ခရီးစဉ်မှာ ဆင်ဖြူ တစ်ကောင်ကို သွားကြည့်တဲ့ သတင်းပါ။ ငွေဆောင်နားမှာ ဆင်ဖြူ တစ်ကောင် ဖမ်းမိတာ မြန်မာနိုင်ငံမှာ လက်ရှိ အချိန်ထိ နောက်ဆုံး ရရှိတဲ့ ဆင်ဖြူ ဖြစ်ပါတယ်။ ဆင်ဖြူဆိုတော့ ဖမ်းဆီးရမိတယ်ပဲ ပြောရမလား၊ ရရှိတယ်ပဲ ပြောရမလားတော့ မသိဘူး။

မူရင်းရိုက်ကူးသူ မဖော်ပြနိုင်တာ ခွင့်လွှတ်ပေးပါ။ ဓာတ်ပုံ ရိုက်ခွင့် မရှိသေးပါဘူး။ သတင်းတွေမှာတောင် တက်မလာသေးပါဘူး။

၂၀ဝ၇- ၂၀ဝ၈ ခုနှစ်မှာတုန်းကလည်း ဆင်ဖြူ တစ်ကောင် ဖမ်းမိခဲ့ပါသေးတယ်။ ယိုးဒယားဘက်က နယ်ကျွံလာတဲ့ ဆင်ဖြူတစ်ကောင်ကို ဦးကျားကြီး ဆင်စခန်းမှာ ထိန်းသိမ်းထားခဲ့ပါတယ်။ ဆင်ဖြူက ယိုးဒယားဘာသာစကားကို ကောင်းကောင်း နားလည်နေလို့ မြန်မာလို သင်ပေးခဲ့တယ်လို့ သိခဲ့ရပါတယ်။ ထိုစဉ်က ယိုးဒယားနိုင်ငံမှ လုပ်ငန်းရှင်တွေ စိတ်ဝင်တစား လိုက်လံစုံစမ်းခဲ့တာ သိခဲ့ဖူးပါတယ်။ အဲဒီဆင်ဖြူကို နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မှာ ထားရှိခဲ့ပါတယ်။

နေအိမ် အကျယ်ချုပ်ကျနေတဲ့ ဗိုလ်ချုပ်ခင်ညွန့် လက်ထက်တုန်းကလည်း ဆင်ဖြူတော်ကို ပဲခူးရိုးမ အတွင်းက ရှာဖွေတွေ့ရှိခဲ့တယ်လို့ ကြေညာပြီးတဲ့နောက်ပိုင်း ရန်ကုန်မြို့ မရမ်းကုန်း မင်းဓမ္မကုန်း ကျောက်တော်ကြီးဘုရားမှာ ထားရှိခဲ့ပါတယ်။ နောက်ပိုင်းမှာ အိန္ဒိယ နိုင်ငံက ဆင်ပိုင်ရှင်တွေ လိုက်လာတဲ့အတွက် အစိုးရဘက်က အလျော်ပေးလိုက်ရတာတွေ ဖြစ်ခဲ့ဖူးပါတယ်။

mgmgthan (MMCP)

0 မန္တလေးမြို့မှာ ပထမဆုံးအကြိမ် ဗေဒါသင်တန်းကျောင်းခွဲတခုဖွင့်လှစ် ဓာတ်ပုံ/ ရုပ်-သံ



Photo..Yscm
နိုဝင်ဘာလ ၇ ရက်နေ့က အထက်မြန်မာပြည် မန္တလေးမြို့မှာ ပထမဆုံးအကြိမ် ဗေဒါသင်တန်းကျောင်းခွဲတခုကို မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်စည်းအဖွဲ့ဝင် ဦးကိုကြီးရဲ့နေအိမ်မှာ ဖွင့်လှစ်သင်ကြားခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကပေးပို့သော မိန့်ခွန်းဗီဒီယိုဖိုင် (Burma vj media network)

0 ယိုပေါက်ကြီး ခုနှစ်ပေါက်နဲ့ဗမာပြည်


စစ်သားလူထွက်တွေနဲ့ဖွဲ့ထားပြီး ဒီမိုကရေစီမျက်နှာဖုံးစွပ်ထားတဲ့ အစိုးရတစ်ရပ်ဗမာပြည်သူ အများစု ဆန္ဒနဲ့ ကင်းလွတ်စွာ ဖြစ်တည်ပေါ်ထွက်လာခဲ့ပြီ။ အဖက်ဖက်က ယိုယွင်းနိမ့်ကျနေပြီး အိုဇုန်းအိုဇနာကျနေတဲ့ ဗမာပြည်ကို ပေါ်လာတဲ့အစိုးရသစ် ဘာအမှန်တကယ်ပြင်ဆင် တည်ဆောက်လိုတဲ့ ရည်ရွယ်ချက်ရှိ - မရှိဆိုတာကို ကာယကံရှင်တွေသာ သိပေလိမ့်မည်။

နိုင်ငံသားတစ်ဦးအနေဖြင့် တိုင်းပြည်၏ ပကတိအခြေအနေနှင့် လိုအပ်ချက်များကို မြင်သိသမျှ စာရေးသူမှ မျှဝေဆွေးနွေးလိုက်ပါ၏။

ဗမာပြည်တွင် ထင်ရှားကြီးမားသော ယိုပေါက်ကြီး ခုနှစ်ပေါက်ရှိနေ၏။ ထိုအပေါက်ကြီးများမှ တိုင်းပြည်၏ အဖိုးတန်ဆုံးအရာများ ဒလဟော ပေါက်ယိုစီးကျ လေလွင့်ဆုံးရှုံးနေသည်မှာ လွန်စွာ နှမြောစရာကောင်းလှ၏။ စက္ကန့်တိုင်း၊ မိနစ်တိုင်းတွင် ထိုအပေါက်ကြီးများမှ ဆုံးရှုံးနေရသော အရာများစွာတို့ကား ကြောက်ခမန်းလိလိ တန်ဖိုးကြီးလှ၏။ အချို့ကား အစားပြန်မရနိုင်တော့၊ အချို့ကား ပြန်လည်ပျိုးထောင်ရန် အချိန် နှစ်ပေါင်းများစွာလို၏။ ဗမာပြည် လွတ်လပ်ရေး ရပြီးစ ခေတ်မှသည် မဆလ၊ နဝတနှင့် နအဖ ခေတ်တစ်လျှောက်လုံး ထိုအပေါက်ကြီးများမှ တန်ဖိုးကြီး အရာများစွာ တသွင်သွင် ဒလဟော ယိုစီးပေါက်ကျလျက် ရှိနေခဲ့ပေသည်။ ၎င်းအပေါက်ကြီးများ နှင့် ထိုအပေါက်တို့ကို ပိတ်နိုင်သော နည်းလမ်းများကား အောက်ပါအတိုင်း ဖြစ်တော့၏။

(၁) ဦးနှောက်ယိုစီးမှု (Brain Drain)
(၂) ကိုယ်ကျင့်စာရိတ္တ ယိမ်းယိုင်ပျက်စီးမှု (Character Drain)
(၃) သယံဇာတ လေလွင့်ဆုံးရှုံးမှု (Natural Resources Drain)
(၄) လူ့အခွင့်အရေးပျောက်ဆုံးမှု (Human Rights Drain)
(၅) အမျိုးသားစည်းလုံးမှု ပြိုကွဲခြင်း(National Unity Drain)
(၆) နိုင်ငံတော်ဘဏ္ဍာ ဆုံးရှုံးလေလွင့်မှု (Finance/Budget Drain)
(၇) ငွေကြေးအရင်းမြစ်နှင့် ရင်းနှီးမြုပ်နှံမှုများ ပြောင်းရွှေ့လျော့ပါးကျဆင်းခြင်း (Capital Drain) တို့ဖြစ်ကြ၏။

ဦးနှောက်ယိုစီးမှု (Brain Drain)

၁၉၆၂ ခုနှစ်၊ စစ်တပ်မှ အာဏာသိမ်း၍ ဆိုရှယ်လစ်အမည်ခံစနစ် တည်ဆောက်ချိန်မှစ၍ ယနေ့တိုင်အောင် ခေတ်ပညာတတ်များစွာ၊ နိုင်ငံရေးသမားများစွာ၊ အနုပညာသည်များစွာ စသည့် တတ်သိပညာရှင်မြောက်များစွာ တိုင်းပြည်မှ ဖယ်ခွာ၍ ရေကြည်ရာ မြက်နုရာ နိုင်ငံရပ်ခြား တိုင်းတစ်ပါးသို့ ထွက်ခွာလုပ်ကိုင်လျက်ရှိကြ၏။ ထိုပညာရှင်တို့၏ ကာယ၊ ဉာဏစွမ်းအားများ တိုင်းပြည်အတွက် ဆုံးရှုံးနေသည်မှာ ကြာမြင့်လှပြီဖြစ်၏။ ထိုပညာရှင်များ ဗမာပြည်သို့ ပြန်ဝင် လာရန်မှာ နှုတ်ဖြင့် ဖိတ်ခေါ်နေရုံဖြင့် မလုံလောက်ပါ။ သူတို့ပြန်ဝင်လာအောင် ရေခံ မြေခံ ကောင်းများ တည်ဆောက်ဖို့လို၏။ အခွင့်အလမ်းများ၊ အာမခံချက်များ၊ ဆွဲဆောင်မှုများ ဖန်တီးရန် လို၏။ တိုင်းပြည်အကျိုး ရည်မျှော်၍ စစ်မှန်သော အပြောင်းအလဲများ ဖော်ဆောင်ကြရမည်။

ကိုယ်ကျင့်စာရိတ္တ ယိမ်းယိုင်ပျက်စီးမှု (Character Drain)


ဗမာပြည်တွင် ယခုအခါ၌ ကိုယ်ကျင့်သိက္ခာ ယိမ်းယိုင်မှုနှင့် စာရိတ္တခြစားမှုတို့ကား အမြင့်ဆုံးအဆင့်သို့ ရောက်နေခဲ့ပြီ။ အဂတိလိုက်စားမှု၊ တိုင်းပြည်ဘဏ္ဍာခိုးဝှက်ယူငင်မှု၊ လာဘ်ပေး လာဘ်ယူမှု၊အကျင့်ပျက်ခြစားမှုတို့ကို နေ့ခင်းကြောင်တောင် ရဲတင်းစွာ ဗြောင်လုပ်ဆောင်နေကြပြီ။ ယခင်အစိုးရမှ ထိုကိစ္စများကို ထိရောက်စွာ အရေးယူမှုများ မလုပ်ခဲ့။ အာဏာရှင် ခေါင်းဆောင်များ ကိုယ်တိုင် ခိုးဆိုးလုယက်နေသောကြောင့် ခေါင်မလုံ၍ တတိုင်းပြည်လုံး မိုးခါးရေဖြင့် ရွှဲရွှဲစိုနေကုန် ကြ၏။ ပေါ်ထွက်လာသည့် အစိုးရသစ်အနေဖြင့် ဤအကျင့်ပျက်မှုများကို ပြင်းထန်ထိရောက်စွာ အရေးယူနိုင်ဖို့ လို၏။ ထိုသို့ ဆောင်ရွက်ရန် လူတိုင်းအလုပ်ကိုင်ရှိရန်၊ စားဝတ်နေရေး အခြေခံ လိုအပ်ချက်များအတွက် လုံလောက်သော ဝင်ငွေရှိရန်၊ လူတိုင်းအတွက် အခွင့်အရေး အညီအမျှ ရှိစေမည့် အုပ်ချုပ်ရေး စနစ်တစ်ရပ်ကို ဖန်တီးဖို့လို၏။

သယံဇာတ လေလွင့်ဆုံးရှုံးမှု (Natural Resources Drain)


သစ်တောများ ပရမ်းပတာခုတ်ခြင်း၊ တောထွက်ပစ္စည်းများ စည်းမဲ့ကမ်းမဲ့ ထုတ်ယူသုံးစွဲ နေခြင်း၊ ကျောက်စိမ်း၊ ပတ္တမြား၊ နီလာနှင့် ရတနာမျိုးစုံမှသည် ရေနံ၊ သဘာဝဓါတ်ငွေ့များ၊ သတ္တုရိုင်းများ အဆမတန် ထုတ်လုပ်ပြီး ရသည့်ငွေကြေးများကို တိုင်းပြည်ထူထောင်မှုတွင် ထိရောက်စွာ မသုံးစွဲနိုင်ခြင်းတို့မှာ လွန်စွာနှမြောစရာ ကောင်းလှ၏။ ၁၉၄၈ မှသည် ၂၀၁၁ ခုနှစ်ထိ လေလွင့်ဆုံးရှုံးမှုများကို ကိန်းဂဏန်းများဖြင့် တွက်ချက်ကြည့်ပါက ကြက်သီးထဖွယ် ပမာဏ ဖြစ်ပေမည်။ ထိုဝင်ငွေများဖြင့် ဗမာပြည်ကို တိုးတက်ဖွံ့ဖြိုးသော တိုင်းပြည်ဖြစ်အောင် ဆယ်ခါပြန် တည်ဆောက်၍ ရနိုင်လောက်၏။ ထိုသို့ ဆုံးရှုံးနေမှုကို ကာကွယ်ရန်မှာ တိကျ၍ ထင်သာမြင်သာ ရှိသော ကိန်းဂဏန်းထုတ်ပြန်မှုများနှင့် မှန်ကန်သော ဘတ်ဂျက်အသုံးစရိတ် ခွဲဝေမှုများ ရှိဖို့ လိုအပ်သလို မှန်ကန်သော အုပ်ချုပ်မှုစနစ် မဖြစ်မနေ လိုအပ်ပေသည်။

လူ့အခွင့်အရေး ပျောက်ဆုံးမှု (Human Rights Drain)

အာဏာရှင်စနစ် ကြီးစိုးနေသ၍ ပြည်သူပြည်သားတို့၏ လူဖြစ်သိက္ခာကို အသိအမှတ် မပြုမှုများ၊ အခြေခံလူ့အခွင့်အရေး ချိုးဖောက်မှုတို့ကို မလွဲမသွေ ရင်ဆိုင်ကြုံတွေ့ကြရပေမည်။ နေ့တဓူဝ အသိဉာဏ်နုံနဲ မိုက်မဲသော သူတို့၏ နှိပ်စက်မှု၊ အနိုင်ကျင့် စော်ကားမှုကို ပြည်သူ လူထုတစ်ရပ်လုံး ခံစားကြရပေမည်။ ထိုအဖြစ်မှ လွတ်ကင်းရန်မှာ လူ့အခွင့်အရေးကို လေးစား လိုက်နာခြင်း၊ အသိအမှတ်ပြုခြင်းတို့ဖြင့် ဆောင်ရွက်နိုင်ပါ၏။ လွတ်လပ်စွာ ယုံကြည်ခွင့်၊ ကိုးကွယ်ခွင့်၊ ရေးသားခွင့်၊ ပြောဆိုခွင့်၊ စည်းရုံးခွင့် စသည့် အလေ့အထကောင်းများ ခွင့်ပြုကြရ ပေမည်။ လူထု ဆက်သွယ်ရေးလမ်းကြောင်းမျိုးစုံနှင့် လူ့အခွင့်အရေးကို လေးစားတတ်အောင် ပညာပေးကြရမည်။ ကျောင်းသင်ခန်းစာများတွင် ပြဌာန်းသင်ကြားပေးရန် လိုပေသည်။

အမျိုးသားစည်းလုံးမှု ပြိုကွဲခြင်း (National Unity Drain)

လွတ်လပ်ရေးရပြီးချိန်မှစ၍ ပင်လုံသဘောတူညီချက်ကို အကောင်အထည် မဖော်နိုင်ခြင်း၊ စစ်အာဏာရှင်တို့မှ သပ်လျှိုသွေးခွဲဆက်ဆံမှုများ၊ ဖက်ဒရယ်တစ္ဆေဖြင့် ခြောက်လှန့်မှုများ၊ ၎င်းတို့၏ အမျှော်အမြင်ကင်းမဲ့သော လူမျိုးကြီးဝါဒစွဲများကြောင့် တိုင်းရင်းသားများ၊ အတိုက်ခံ နိုင်ငံရေးအင်အားစုများ အကြားဝယ် အမျိုးသားစည်းလုံးညီညွတ်မှု ပြိုကွဲခဲ့ရ၏။ တိုင်းပြည်တစ်ခု ထူထောင်ရာတွင် အရေးပါဆုံးအချက်သည် နိုင်ငံရေးတည်ငြိမ်မှုဖြစ်၏။ နိုင်ငံရေးတည်ငြိမ်ရန်မှာ အမျိုးသားစည်းလုံးညီညွတ်မှု၊ အပြန်အလှန် နားလည်လေးစားမှု မဖြစ်မနေ လိုအပ်၏။ ညီညွတ်မှု ရရန်မှာ စစ်မှန်သော ငြိမ်းချမ်းရေး တည်ဆောက်ကြရမည်။ တိုင်းရင်းသားတို့၏ အခွင့်အရေးကို အာမခံပေးနိုင်သည့် စနစ်တစ်ခု ဖော်ဆောင်ရန်လဲ လို၏။ ၎င်းတို့၏ ဘာသာ၊ စာပေ၊ လူမျိုးနှင့် ယဉ်ကျေးမှုများကို ၎င်းတို့ကိုယ်တိုင် ပြဌာန်းခွင့် ရှိရပေလိမ့်မည်။ လက်ရှိအစိုးရသစ်နှင့်တကွ အတိုက်အခံနိုင်ငံရေးအင်အားစုများ၊ တိုင်းရင်းသားအဖွဲ့အစည်းများ အဆိုပါ ရည်မှန်းချက်များ ဆီသို့ ရိုးသားစွာ ဦးတည်လျှောက်လှမ်းဖို့ အလွန်အရေးကြီးလှပေ၏။ ယုံကြည်ချက်အတွက် ထောင်အချခံထားရသော နိုင်ငံရေးအကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့် ပေးရန်လို၏။

နိုင်ငံတော်ဘဏ္ဍာ ဆုံးရှုံးလေလွင့်မှု (Finance/Budget Drain)


တိုင်းပြည်၏ ဘဏ္ဍာရေးအသုံးစရိတ်များ၊ မမှန်ကန်သော ဌာနဆိုင်ရာ ဘတ်ဂျက်ခွဲတမ်းများ၊ လူထုသက်သာချောင်ချိရေး အသုံးစရိတ်များ ထိရောက်စွာ မသုံးစွဲနိုင်ဘဲ အကျင့်ပျက် အရာရှိများ၊ ဝန်ထမ်းများ ခိုးဝှက်ကဲ့ယူ နေမှုကြောင့် လေလွင့်ဆုံးရှုံးမှုများ နေရာတိုင်းတွင် ရှိနေ၏။ ပါမစ်၊ လုပ်ပိုင်ခွင့်များ ရောင်းစားလျက် ကိုယ်ကျိုးရှာမှုများကြောင့် တိုင်းပြည်ဘဏ္ဍာငွေများ ဆုံးရှုံးနစ်နာ လျက် ရှိနေပေသည်။ အဆိုပါ ယိုပေါက်ကို ပိတ်ဆို့ရန်မှာ တာဝန်ယူမှုနှင့် တာဝန်ခံမှုများကို သိသာ ထင်ရှားအောင် ပြဌာန်းအရေးယူ ဆောင်ရွက်ဖို့ လိုအပ်ပေသည်။

ငွေကြေး အရင်းအမြစ်နှင့် ရင်းနှီးမြှုပ်နှံမှုများကြောင့် ပြောင်းရွှေ့လျော့ပါးကျဆင်းခြင်း (Capital Drain)

တော်လှန်ရေးကောင်စီ အာဏာသိမ်းပြီးနောက် ပြည်သူပိုင်ပြုသည့်အချိန်မှစ၍ ဗမာပြည်၏ ငွေကြေးအရင်းအမြစ်များ ပြည်ပနိုင်ငံများသို့ ပြောင်းရွှေ့ယိုထွက်ခဲ့၏။ ရင်းနှီးမြှုပ်နှံရန် မသင့်တော် သည့် အခြေအနေများနှင့် မရေရာသော စွန့်စားမှုကိန်း(Risk Factor) မြင့်မားမှုတို့ကြောင့် ဗမာ ပြည်သည် ရေခံမြေခံကောင်းပါလျက် ပထဝီဝင်နိုင်ငံရေးအရ ဗျူဟာကျပါလျက် ရင်းနှီးမြှုပ်နှံမှုများ ပြောင်းရွှေ့ကုန်ပြီး ဖွံ့ဖြိုးတိုးတက်မှု နှေးကွေး၍ အိမ်နီးချင်းနိုင်ငံများနောက် များစွာပြတ်ကျန်ရစ်ခဲ့၏။ ဤယိုပေါက်ကို ပိတ်နိုင်ရန်မှာ စီးပွားရေးအခြေခံနှင့် အပေါ်ထပ် အဆောက်အဦများ တည်ဆောက်ရန် လို၏။ ငွေကြေးစနစ်နှင့် ဘဏ်လုပ်ငန်းများကို နိုင်ငံတကာ အဆင့်မီအောင် ပြင်ဆင်တည်ဆောက် ကြရမည်။ ကုန်သွယ်မှု ဥပဒေများ၊ ဈေးကွက်စီးပွားရေးစနစ်နှင့် လျော်ညီအောင် ပြဌာန်းကြရမည်။ ကြိုးနီစနစ်များ ဖျက်သိမ်း၍ ထိရောက်လျင်မြန်သော ဝန်ဆောင်မှုများ ပေးနိုင်အောင် ဆောင်ရွက် ကြရမည်။ အဂတိလိုက်စားမှုများ စနစ်တကျ တိုက်ဖျက်ရပေမည်။

အချုပ်အားဖြင့်ဆိုလျှင် အထက်ဖော်ပြပါ ယိုပေါက်ကြီး(၇)ပေါက် ဗမာပြည်တွင် အမှန်တကယ် ရှိနေ၏။ အချိန်နှင့်အမျှ နိုင်ငံတော်နှင့် တိုင်းသူပြည်သားတို့အတွက် ကြီးကျယ်စွာ ဆုံးရှုံးနစ်နာ နေရ၏။ ထိုယိုပေါက်ကြီးများကို ပိတ်ဆို့ရန်မှာ တစ်မျိုးသားလုံး၏ သမိုင်းပေးတာဝန်ဖြစ်၏။

ထိုတာဝန်ကို ထမ်းဆောင်ရန် အဓိကတာဝန်အရှိဆုံးအဖွဲ့အစည်းမှာ တရားစီရင်ရေးအာဏာ၊ ဥပဒေပြုအာဏာ၊ အုပ်ချုပ်ရေးအာဏာ စသည် အာဏာကြီး (၃)ရ်ကို ထိန်းသိမ်းထားသည့် လက်ရှိ အစိုးရသစ် ဖြစ်၏။ တိုင်းကျိုးပြည်ကျိုးကို သယ်ပိုးသော အစိုးရ ဟုတ်မဟုတ်၊ ပြည်သူကို ကိုယ်စားပြုသော အစိုးရ ဟုတ်မဟုတ်ကို အဆိုပါ ယိုပေါက်ကြီးများကို ပိတ်/မပိတ်ဆိုသည့် ပေတံဖြင့် တိုင်းတာစောင့်ကြည့် ဆုံးဖြတ်ကြရပေလိမ့်မည်။ အဲ့ဒီယိုပေါက်ကြီးတွေ မပိတ်ဆို့ရုံမက နောက်ထပ်အချည်းအနှီး အပေါက်များ ထပ်ဖောက်မည့် အစိုးရဆိုရင်ဖြင့် အောင်ဖေ ညောင်း ဆရာရေလို့ဘဲ ပြောပါရစေတော့…………။


မင်းကောင်းချစ်

By: Myatphone Linn

Tuesday, November 8, 2011

0 " ရပ်ကြပါတော့... "


တဒိုင်းဒိုင်းနဲ့ ပစ်ခတ်နေတဲ့သေနတ်သံတွေ..
တအုန်းအုန်းနဲ့ ပေါက်ကွဲနေတဲ့ဗုံးဆံတွေ...
တရှိန်ရှိန်နဲ့ တောက်လောင်နေတဲ့စစ်မီးတွေ...
ရပ်ကြပါတော့..။


စည်းကမ်းဖောက်လို့ ပျောက်ခဲ့တဲ့ထီနန်း
အလွယ်တကူ ပြန်ရခဲ့တာမဟုတ်
ဗိုလ်ချုပ်တို့အားထုတ်မှုနဲ့ လွတ်လပ်ရေး
သွေးချွေးတွေနဲ့စတေးပြီး ယူထားရတာ
အားလည်းနာကြပါဦး....။


ပင်လုံညီလာခံမှာသန္ဓစု
အခြေပြုခဲ့တဲ့ လွတ်လပ်ရေးမှာ
တောင်တန်းပြည်မ
ညီမျှရမယ်ဆိုတဲ့ ပဋ္ဋိညဉ်
ပါရှိပြီးသားဆိုတာ
မေ့ထားကြတာလား...
ဒါမှမဟုတ် အာဏာရစ်မူး
ရူးသွားကြတာလား...


ငြိမ်းချမ်းရေးဆိုတဲ့စကား
အများနားဝင်ချိုအောင်
ပြောရုံသက်သက်မဟုတ်
အလုပ်နဲ့ပါသက်သေပြမှ
ယုံကြည်ရလိမ့်မယ်..။

ကျနော်တို့လည်း ချစ်ပါတယ်
ငြိမ်းချမ်းရေးကို လိုချင်ပါတယ်
တိုးတက်မှုကို ရှေးရှုပါတယ်
ကောင်းစားတာကို မြင်ချင်ပါတယ်ဆိုတဲ့
ပျားရည်လူးထား စကားလုံးတွေ
ကြားကြားနေရတာ
နားဝမှာခါးလှပြီ..။

ကျနော်တို့ကြားချင်တာ
စကားသံမဟုတ်...
ကျနော်တို့မြင်ချင်တာ
သတင်းစာ ရှင်းလင်းပွဲတွေမဟုတ်...

ကျနော်တို့မျှော်လင့်တာ
စစ်ခရာမှုတ်သံတွေမဟုတ်..

နေ၀င်ချိန်နီး သက်ကြီးရွယ်အိုတို့
ငြိမ်းချမ်းစွာ နေထိုင်နိုင်ဖို့...

စာသင်အရွယ် ကျောင်းသားသူငယ်တွေ
စာသင်ကျောင်းသို့ ပြန်ရောက်စေဖို့...

အရွယ်မမယ် ခလေးသူငယ်များ
မိတကွဲဖတကွဲ မဖြစ်စေဖို့...

တဒိုင်းဒိုင်းနဲ့ ပစ်ခတ်နေတဲ့သေနတ်သံတွေ...
တအုန်းအုန်းနဲ့ ပေါက်ကွဲနေတဲ့ဗုံးဆံတွေ...
တရှိန်ရှိန်နဲ့ တောက်လောင်နေတဲ့စစ်မီးတွေ..
ရပ်ကြပါတော့..။

တိုင်းရင်းသားသွေးချင်းများအပေါ် ဆင်နွဲနေသော စစ်ပွဲများ အမြန်ဆုံး ရပ်တန့်ပေးပါ..။

အားလုံးကို ချစ်ခင်လေးစားသော..ဖိုးသိကြား

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.