Thursday, January 5, 2012

0 ဇန္ဒ၀ါရီ၂ရက်လွတ်ငြိမ်းချမ်းသာခွင့်အမိန့်အား အနှစ်သာရမဲ့သောပြစ်ဒဏ်လျှော့ပေးခြင်းအဖြစ်သာ အေအေပီပီမှရူမြင်


Wednesday, January 4, 2012

0 ဒီကနေ့ကျင်းပပြုလုပ်သော လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော် ဆုရစာရင်း


လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော် ဆုပေးပွဲ အခမ်းအနားကို ယနေ့ (ဇန်နဝါရီလ ၄ ရက်နေ့) ညနေ ၆ နာရီက တော်ဝင်စင်တာတွင် ကျင်းပပြုလုပ်လျက် ရှိရာ

» ပရိတ်သတ် အကြိုက်ဆုံး ဇာတ်ကားဆု - အဲဒီအခန်းဖြတ် (ဒါရိုက်တာ ဝိုင်း)

» အကောင်းဆုံး Animation ဆု - Unity & Freedom (ဒါရိုက်တာ ဇော်ဘိုဘိုဟိန်း)
...
» အကောင်းဆုံး မျက်နှာသစ် ဒါရိုက်တာဆု - ဒါရိုက်တာ အောင်ဇော်မိုး (Still in Dark)

» အကောင်းဆုံး ရုပ်ရှင်ဇာတ်လမ်းတို (Short Film) ဆု - ကြိုး (String) (ဒါရိုက်တာ မင်းသိုက်)

» အကောင်းမှတ်တမ်းရုပ်ရှင် (Documentry) ဆု - Click in Fear ဆုံး (ဒါရိုက်တာ စိုင်းကျော်ခန့်)

တို့ဆွတ်ခူးသွားခဲ့ကြောင်းသိရှိရပါသည်..

" မင်္ဂလာပါ ဒီမိုကရေစီ " ဟူသော အမည်ဖြင့် ရုပ်ရှင်ပြိုင်ပွဲ တစ်ရပ် ထပ်မံပြုလုပ်သွားမည် ဖြစ်ကြောင်း လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော် ဆုပေးပွဲ အခမ်းအနားတွင် နိုင်ငံကျော် ဟာသ အနုပညာရှင် ဦးသူရ ခေါ် ဇာဂနာက မီဒီယာများသို့ ပြောကြားသည်။(The Voice Weekly)
အကောင်းမှတ်တမ်းရုပ်ရှင် (Documentry) ဆုရသောဒါရိုက်တာ စိုင်းကျော်ခန့်၏ "Click in Fear"ရုပ်ရှင်


Click in Fear အပိုင်း၁-အပိုင်း-၂

အကောင်းဆုံး ရုပ်ရှင်ဇာတ်လမ်းတို (Short Film) ဆု - ကြိုး (String) ကို ဒီနေရာမှာ ကြည့်ရူနိုင်ပါတယ်.
ပရိတ်သတ် အကြိုက်ဆုံး ဇာတ်ကားဆု - အဲဒီအခန်းဖြတ် ကို ဒီနေရာမှာ ကြည့်ရူနိုင်ပါတယ်..


ဒါရိုက်တာရောဘတ်လီဘာမင်း(ကော်နဲတက္ကသိုလ်)ကလဲတကူးတက လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော် တက်ရောက် အားပေးခဲ့ပါတယ်။
(maung thuya Facebook)

0 ဒီကနေ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင်ကျင်းပသော(၆၄)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား (ရုပ်/သံ-ဓာတ်ပုံ)

ပည်သူလူထု ကိုယ်စား ကိုမင်းသိန်း မေးတဲ့... ပြည်သူတွေရဲ့ ရင်ထဲက မေးခွန်းများ(Photo..Ko Htike)


(၆၄)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တွင် ယနေ့ နံနက် ၁၁ နာရီက ကျင်းပခဲ့သည်။ သဘာပတိအဖြစ် ရွေးကောက်ပွဲအောင်နိုင်ရေး ဗဟိုကော်မတီ တာဝန်ခံ ဦးတင်ဦးကမိန့်ခွန်းပြောကြားသည်။အဖွဲ့ချုပ်ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်က နှုတ်ခွန်းဆက်စကားပြောကြားသည်။ လွတ်လပ်ရေးနေ့ကြေငြာစာတမ်းကိုဖတ်ကြားပြီး သ၀ဏ်လွှာများကို မှတ်တမ်းတင်သည်။ ဖျော်ဖြေရေးအစီအစဉ်များဖြင့် စည်ကားခဲ့သည်။

(ဓာတ်ပုံ-AP.Reuters. ဥက္ကာကိုကို)
Video..Burma vj medianetwork

0 အဆိုးထဲက အကောင်း ရှာရအောင် ( မှ -မင်္ဂလာတောင်ညွန့်မြို့နယ် ပေါက်ကွဲမီးလောင်ကျွမ်းမှု ဖြစ်စဉ်)

Conplast RP 264 လို့ခေါ်ပါတယ်,FOSROC ကထုတ်ကုန်တမျိုးပါ။ ( ဓါတ်ပုံ - မြန်မာတိုင်း)ကွန်ကရစ်ဖျော် ရင် အလွယ်တကူချောက်သွေ့မသွားအောင် ရေငွေ့ထိန်းတဲ့ ရောစပ်ဓါတုအရည်တစ်မျိုးပါ။ ရေအခြေခံပစ္စည်းတမျိုးဖြစ်လို့ မီးမလောင်နိုင်ဘူးလို့ ဆိုပါတယ်။ဒါကြောင့်ထင်ပါရဲ့ သူအနားမှာ အေးအေးဆေးဆေး နေနိုင်တာ။ အောက်ပါလင့်မှာကြည့်ပါ။ http://www.scl.co.tt/Assets/conplast%20rp264.pdf

၁။ ဒါပေမယ့် FOSROC (SCL) ကမ်ပဏီ ဟာအထူး ဓါတုပစ္စည်းများထုတ်လုပ်တယ်ဆိုတာ မီဒီယာသမားများ မမေ့ပါနဲ့ ။ အက်စစ် ယမ်းစိမ်း တို့နဲ့ဖြစ်တယ်ဆိုတဲ့ ထုတ်ပြန်ချက်လောက်နဲ့ မတင်းတိမ်ပါနဲ့။ ဒီပစည်းတွေဟာ ဘယ်မှာသုံးသလဲ၊ ဘယ်အတွက်သုံးသလဲ၊ ပုံမှန် ပမာဏ ဘယ်လောက်သုံးလဲ၊ ပုံမှန်လှောင်နေကျ ပမာဏာလား၊ ဘယ်လောက်ပမာဏက ဒီပေါက်ကွဲမှုကိုဖြစ်စေသလဲ၊ ဘယ်နိုင်ငံကလာပြီး မြန်မာနိုင်ငံရဲ့ ဘယ်ဒေသတွေကို ရောက်ရှိလဲ၊ ဆိုတာကို ဒီအဖြစ်အပျက်ဟာ စတုထ္တမဏ္ဍိုင် media သမားတွေအတွက်လုံးဝ ပေါ့စလို့မရပါဘူး။

၂။ နောက်တဆင့်တက် ရအောင်။ ဒီလောက်အန္တရာယ် များတဲ့ ပစ္စည်းတွေရဲ့ ထိမ်းသိန်းမှုက ဒီလောက်ညံ့ နေရင် မသမာသူလက်ထဲသာ ရောက်သွားမယ်ဆိုရင် ဘယ်လိုလုပ်မလဲ။မေးခွန်းက ကြီးကြီးထုတ်စရာပါ။ ဒီ ပစ္စည်းများအတွက် တင်သွင်းခြင်းနဲ့ ထိမ်းသိန်းခြင်း နဲ့ ဖြန့်ဖြူးခြင်းမှာ ပြည်သူများရဲ့ အသက်အိုးအိမ်အတွက် လွှတ်တော်မှာ ဥပဒေပြုနိုင်ဘို့ မီဒီယာ တွေဟာ (မီဒီယာ တွေသာမက grass-root လူထုပါ) အခြားသော မဏ္ဍိုင်သုံးခု ကို တိုက်တွန်းရေးသား ရပါမယ်။ ဒါမှသာ အနာဂတ်အတွက် ငါတို့ဟာ ဒီလို့ ခြောက်လှန့်မှုကင်းကင်းနဲ့ နေထိုင်သွားနိုင်မှာပါ။

ဆက်စပ် link များ
http://www.scl.co.tt/
http://en.wikipedia.org/wiki/Fire_safety_plan
http://www.communities.gov.uk/fire/firesafety/firesafetylaw/
http://www.nfpa.org/
http://www.femalifesafety.org/plan.html (ခြေလှမ်းခုနှစ်လှမ်း)

အဆိုးထဲက အကောင်း ရှာရအောင် -၂- ( မှ -မင်္ဂလာတောင်ညွန့်မြို့နယ် ပေါက်ကွဲမီးလောင်ကျွမ်းမှု ဖြစ်စဉ်။ အောက်မှာ ဆက်လက်ဖတ်ရူပါ..
၎င်းဖြစ်စဉ်နှင့်ပတ်သတ်၍ ပေါ့စမှု ဈေးကွက်စီးပွားရေးမပြီပြင်သေးမှု corruction ဖြစ်မှု အခွင့်ထူးခံများရှိနေမှု သတင်းအချက်အလက်အားနည်းမှု ဆိုင်ရာများပူးပေါင်းဆောင်ရွက်ခြင်း အားနည်းမှု စသည်စသည် တို့ကြောင့် ပျက်စီးဆုံးရှုံးမှုများ ရှိသလိုမသေသင့်ဘဲ သေဆုံးသွားသူများ ရှိခဲ့ပါသည်။

***လောလောဆယ် အရေးအကြီးဆုံးအဖြစ် လက်ရှိ မြန်မာနိုင်ငံ အတွင်းမှာ ထိုသို့သောပစ္စည်းများ မည်မျှ မည်သို့ မည်သည့်နေရာ တွေမှာ ရှိသလဲဆိုတာ ပြန်လည်စီစစ်သုံးသပ်ဘို့ နဲ့ စနစ်တကျပြန်လည် နေရာချထားရန် အရေးပေါ်လိုအပ်ပါမည်။

ရေရှည်ဆက်လက်အကောင်အထည် ဖော်ရာမှာ

၁။ အန္ဒရာယ်ရှိ ဓါတုပစ္စည်းများ အားခေတ်မှီစွာ ပြန်လည်သုံးသပ် သတ်မှတ်၍စာရင်းပြုပြဌာန်းရန် (database)။

၂။ code rule & regulation များအား စနစ်တကျပြဌာန်းပေးရန် နှင့် လိုက်နာဆောင်ရွက်နိုင်ရန်။

information gap မဖြစ်ရအောင် အများနားလည်နိုင်မယ့် သင်္ကတများဖြစ်သော Warning sign, moto, indicators တွေကို လိုက်နာအသုံးပြုနိုင်မယ့် ဥပဒေများပြဌာန်း ထုတ်ပြန်ပေးရန်။

၃။ ထိုသို့သော အန္ဒရာယ်များသောကုန်သွယ်ရေး ပစ္စည်းများအား ခေတ်မှီ၍ စနစ်ကျသော နည်းဥပဒေများပြဌာန်းသတ်မှတ်ရန်။

၎။ အားလုံးပူးပေါင်းဆောင်ရွက် နိုင်မှုနှင့် ဆုံးဖြတ်ချက်များ အကောင်ထည်ဖော်နိုင်ရန်။ ။

နိုင်ငံရဲ့မရှိမဖြစ်လုံခြုံရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များ အစိုးရအဖွဲ့ အစည်းများ အနေနဲ့ ပညာရှင်များ (chemist, architect, engineer, မီးသတ်, ပြည်ထဲရေး) လူထုအဖွဲ့အစည်းများ မီဒီယာများစသည်တို့ပါဝင်နိုင်သော အလုပ်ရုံ workshop များပြုလုပ်ပေးပြီး အနေဝေးရင် သွေအေးမှာဆိုးတဲ့ အတွက် လာမယ့်လွှတ်တော် အစည်းအဝေး၌ ဥပဒေမူကြမ်းတင်သွင်း အတည်ပြုနိုင်ရန် target ထားဘို့ လှုပ်နှိုးလိုက်ရပါတယ်။ ။

(ထိုသို့ဥပဒေပြုရာ၌ ပြစ်ဒဏ်များပေးခြင်းအပြင် မက်လုံးပေးဆွဲဆောင်နိုင်မှုများလည်း ပါဝင်သင့်တယ်)

-နောက်ဆက်တွဲသတင်းများနှင့်ပတ်သက်၍ မြေအောက်မှ အပူလှိုင်းများထွက်နေသော သတင်း မင်္ဂံလာတောင်ညွန့်၌ သုံးထပ်အဆောက်အဦးပြိုကျမှု သတင်းအရ ၎င်းဖြစ်စဉ် impact နှင့် ပတ်သက်၍ မည့်သို့ပတ်သက်ဆက်နွယ်နေသည်ကို မေးခွန်းထုတ်ရန်နှင့် ထိုတုန်ခါမှုဒဏ်ကြောင့် ဖြစ်ပေါ်နိုင်သော အန္ဒရာယ် ရှိအဆောက်အဦးများအား အရေးပေါ် စစ်စေးစီမံ မှုများလိုအပ်နေပြီး ရန်ကုန်မြို့အောက်မြေလွှာအား ပြန်လည်သုံးသပ်မှုများလည်း မဖြစ်မနေ လိုအပ်ပါမည်။ မြေအောက်ရေစီးကြောင်းများ။ အပူစီးကြောင်းများ။နှင့် အခြား စသည်။

မီးသတ်ဌာန နှင့်ပတ်သတ်၍

မီးသတ်သမားများ၏ အသက်ဘေးလုံခြုံရေးအတွက် လုံလောက်သော ပစ္စည်းကရိယာများ တပ်ဆင်ပေးနိုင်ရေး။နိုင်ငံတကာသို့ ပညာသင် လေ့လားရေးများ လုံလောက်စွာ စေလွှတ်ပေးနိုင်မှုလည်း လိုအပ်မယ်။အဆောက်အဦးများ၌ မီးဘေးလုံခြုံရေး နှင့်ပတ်သက်၍ rule & regulation များစံသတ်မှတ်၍ မဖြစ်မနေ တပ်ဆင်ထားနိုင်ရေး ။ -ဥပမာ ဖြတ်သန်းခွင့်မပြု၊ ဆေးလိပ်မသောက်ရဇုန်၊ ရေမဖြန်းရ(အဆောက်အဦးပေါ်၌ သိသာထင်ရှားစွာ ချိတ်စွဲထားရန်) နှင့် အခြား စသည်၊

ဆောက်လုပ်ရေး အိုးအိမ်ဌာန

သိုလှောင်ရုံအဆောက်အဦများ ဇုန်များ၊နေရာသတ်မှတ်ခြင်း အဆောက်အဦးအမျိုးအစား ခွဲခြားသတ်မှတ်ခြင်း အန္ဒယ်ရာယ်ရှိသောအဆောက်အဦများအဖြစ် သိနိုင်ရန် သင်္ကေတဆိုင်းဘုတ်များတပ်ဆင် အသုံးပြုနိုင်ရေး အရေးပေါ်ထွက်ပေါက်များ ထားရှိနိုင်ရေး အရေးပေါ် မီးဘေးမှခိုလှုံနိုင်သော အခန်း လှေကားအိမ်များ ထည့်သွင်းဆောက်လုပ် နိုင်ရေး

မီးခံနံရံများ(firewall) အလိုအလျောက် မီးသတ်ရေပန်းများ(fire spinkler system) ထည့်သွင်းတည်ဆောက်ပေးနိုင်ရေး နှင့်၎င်းတို့အား အဆက်မပြတ် စစ်စေး အကောင်ထည်ဖော်ရန်

(လက်ရှိအချိန် မြန်မာနိုင်ငံ ထိုသို့လိုအပ်နေသောအဆောက်အဦးများများစွာရှိရာ ၎င်းတို့အားသေချာစိစစ်၍ မဖြစ်မနေ အကောင်ထည် ဖော်ရန် ဥပမာအနေဖြင့် အပန်းမကြီးသော မြေပုံ လမ်းညွှန်ဆိုင်းဘုတ် အရေးပေါ်ထွက်ပေါက် overhead indicator moto စသည် တို့အား အများပြည်သူနှင်သက်ဆိုင်သော မည်သည့်အဆောက်အဦးမဆို ဌာနဆိုင်ရာများပါမကျန် တပ်ဆင်ရန် ရေးပေါ်လိုအပ်မယ်)

ကုန်သွယ်ရေးဌာန

ထိုကဲ့သို့သော အန္ဒယ်ရာယ်များသော ဓါတုမစ္စည်းများအား တင်သွင်းခြင်း သိုလှောင်ခြင်း ဖြန့်ဖြူးခြင်း များကို စနစ်တကျသတ်မှတ်၍ ခေတ်နှင့်ညီသောအခွန်စနစ် နှင့်ဥပဒေများ ထုတ်ပြန်ပေးနိုင်ရေး

soe moe aung Facebook

0 "Into the Current" Documentary Film(ရုပ်/သံ)



Into the Current" is produced and directed by Jeanne Hallacy
The three-year-old toddler, Phyu Naychi, is the "star" of a powerful documentary film, "Into the Current," on the fate of up to 1,500 "prisoners of conscience" still in prisons in Burma.

Phyu Naychi's mother and father, Nilar Thein and her activist husband, Kyaw Min Yu, popularly known as Jimmy, are among them. They were rounded up after the demonstrations of August and September, 2007, and a military court condemned each of them to 65-years imprisonment.-
If U Thein Sein regime is sincere in taking steps for democratic reform then they must release all the political prisoners who were unlawfully imprisoned. The credibility of U Thein Sein regime's promise of reform is now seriously questioned. Burma Democratic Concern (BDC) calls for to release all remaining around 500 political prisoners immediately and unconditionally.

Tuesday, January 3, 2012

0 နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရေးနဲ့ပတ်သက်ပြီး ကတိကဝတ်တွေကို ဖောက်ဖျက်လိုက်တာ ဖြစ်တယ်လို့ NLD ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင်က ပြော



နိုင်ငံတော်သမ္မတက လွတ်ငြိမ်းချမ်းသာခွင့်လို့ အမိန့်ထုတ်ပြန် လိုက်တာဟာ ခေါင်းစဉ်လွဲမှားနေပြီး မြန်မာ အစိုးရဟာ ပြည်တွင်းပြည်ပ အပါအဝင် ကမ္ဘာ့အဖွဲ့အစည်းအသီးသီးကို နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရေးနဲ့ပတ်သက်ပြီး ပေးခဲ့တဲ့ ကတိကဝတ်တွေကို ဖောက်ဖျက်လိုက်တာ ဖြစ်တယ်လို့ NLD ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင်က ပြောပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ မသင်းသီရိက တင်ပြပေးထားပါတယ်။

မြန်မာအရပ်သား အစိုးရတက်လာအပြီး တတိယအကြိမ်မြောက် လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကို ဇန်နဝါရီ (၂) ရက် နေ့စွဲနဲ့ ထုတ်ပြန်ခဲ့တာပါ။ အခု လွတ်ငြိမ်းချမ်းသာခွင့်ပေးတယ်ဆိုပေမယ့် လက်တွေ့မှာ အကျဉ်းသားတွေကို ထောင်ဒဏ်လျှော့ပေးတာမျိုးသာ ဖြစ်နေတာမို့ ဒီလွတ်ငြိမ်းချမ်းသာခွင့် ဆိုတဲ့ခေါင်းစဉ်နဲ့ လွဲနေတယ်လို့ အများက သုံးသပ်ကြပါတယ်။ ပြောင်းလဲလာတဲ့ မြန်မာ့နိုင်ငံရေး အခြေအနေတွေကြား နှစ်ရှည်အကျဉ်းကျနေတဲ့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေအပြင် တခြားနိုင်ငံရေး အကျဉ်းသားတွေ မကြာခင် လွတ်လာနိုင်တယ် ဆိုပြီးတော့လည်း မျှော်လင့်နေကြတာပါ။

သူတို့အားလုံးကို အမြန်လွှတ်ပေးဖို့ တောင်းဆိုနေတဲ့ ပြည်တွင်းကနိုင်ငံရေး အင်အားစုတွေကိုရော အမေရိကန်အပါအဝင် ဥရောပသမဂ္ဂလိုအဖွဲ့နဲ့အတူ ကုလသမဂ္ဂလို အဖွဲ့ကြီးကိုပါ မြန်မာ အစိုးရက နိုင်ငံရေးအကျဉ်းသားတွေနဲ့ ပတ်သက်ပြီးပေးထားတဲ့ ကတိကဝတ်တွေကို ဒီလွတ်ငြိမ်းချမ်းသာခွင့်အမိန့်က ဖျက်လိုက်တာ ဖြစ်တယ်လို့ NLD ပါတီရဲ့ ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် သတင်းစာဆရာကြီး ဦးဝင်းတင်က ပြောပါတယ်။

“ခေါင်းစဉ်ကိုက လွဲနေတယ်ဗျ။ လျှော့ပေါ့ပေးတာဟာ ရှင်းရှင်းပြောရရင် သမ္မတကိုယ်တိုင်တောင် လုပ်စရာမလိုဘူး။ အကျဉ်းဦးစီးဌာနက အရာရှိတွေလုပ်လို့ရတဲ့ကိစ္စ၊ ဒီကိစ္စဟာ တကမ္ဘာလုံးကို သမ္မတကိုယ်တိုင်အပါအဝင် ဒီအစိုးရတဖွဲ့လုံးက ကမ္ဘာကိုလည်း ကတိပေးခဲ့တယ်၊ ဗမာပြည်ထဲမှာရှိတဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေအားလုံးကိုလည်း အသိပေးခဲ့တယ်။ နောက်ပြီးတော့ သူတို့ရဲ့ မိသားစုတွေ ဘာတွေကိုရော မျှော်လင့်ချက်တွေ ပေးခဲ့တယ်။ အဲဒီဟာတွေအားလုံးကို အခုက ကတိကဝတ်တွေကို ဖောက်ဖျက်ပြီးတော့ ဒီအစိုးရဟာ သူတို့ကိုယ်သူတို့ ကမ္ဘာ့လူပုံအလယ်မှာ အရှက်ခွဲတာပဲ။ ကိုယ့်ကိုယ်ကိုယ် အရှက်ခွဲပြတာပဲ။ ကျနော်အဲလိုပဲ ယူဆပါတယ်”

ဒီကနေ့ လွတ်လာတဲ့ စာရင်းတွေထဲ နိုင်ငံရေးအကျဉ်းသားတွေအများအပြားမပါလာပါဘူး၊ ဒီကနေ့ သာယာဝတီထောင် ရှေ့မှာ သတင်းသွားယူနေတဲ့ သတင်းထောက်တဦးက သာယာဝတီထောင်ရှေ့ကအခြေအနေကို အခုလိုပြောပြပါတယ်။

“ဟုတ်ကဲ့။ နိုင်ငံရေးအကျဉ်းသားဆိုလို့ တယောက်မှ မပါပါဘူး။ အကုန်လုံးလည်း ထွက်လာကြပါတယ်ဗျ။ အားလုံးပေါင်း ၈၆ ယောက် လို့ပြောတယ်ခင်ဗျ။ ၈၀ က သာမန်အကျဉ်းသားတွေ၊ ကျန်တဲ့ ၆ ယောက်ကတော့ စစ်တပ် ကကျတဲ့ အကျဉ်းသားတွေလို့ သိရပါတယ်။ ဒီလိုမျိုးပေါ့- နိုင်ငံရေးအကျဉ်းသားမိသားစုဝင်တွေက လွတ်လာမယ်လို့ ယုံကြည်ပြီးတော့ ဖြစ်မလာတဲ့အတွက် ဝမ်းနည်းတယ်ပေါ့။ သူတို့အနေနဲ့ ဘယ်လိုထပ်ယုံရမလဲလို့ ပြောနေတယ်ခင်ဗျ။”

ပြည်တွင်း သတင်းထောက်တဦးပါ။ ၂၀၁၂ နှစ်ထဲ ဇန်န၀ါရီလ ၄ ရက် လွတ်လပ်ရေးနေ့နဲ့ လာမယ့် ပြည်ထောင်စုနေ့မှာ တကြိမ် လွတ်ငြိမ်းချမ်းသာခွင့်ရှိနိုင်တယ်လို့ ထင်ကြေးပေးနေကြတဲ့အပေါ် ဦးဝင်းတင်ရဲ့ အမြင်ကတော့

“အခု လျှော့ပေါ့ခံရတယ်ဆိုတဲ့သူတွေ၊ ခွန်ထွန်းဦးတို့၊ မင်းကိုနိုင်တို့အပါအဝင်ပေါ့ဗျာ၊ ဒီလူတွေဟာ ဘာမှမျှော်မနေပါနဲ့။ နော်-နောက်ထပ်လည်း ဒီလိုဟာမျိုးကို သူတို့က ပေးတော့မှာမဟုတ်ဘူး။ အဲဒီလိုဆိုခြင်းအားဖြင့် ဘာကို အဓိပ္ပာယ် သက်ရောက်သလဲဆိုတော့ ဒီလူတွေဟာ ဒီအကျဉ်းသား နိုင်ငံရေးခေါင်းဆောင်တွေကို လွှတ်မပေးဘူးလို့ သံဓိဌာန်ချပြီးသားဖြစ်တယ်။ လွတ်မပေးတာကိုလည်း လုပ်တယ်။ ဒါမျိုးနဲ့ပတ်သက်လို့ ကျနော်တို့ကိုယ်တိုင်လည်း၊ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လည်း ဒီလိုလွဲမှားတဲ့ကတိတွေပေးပြီးတော့ ဘာမှ မလုပ်ဘဲနဲ့ ဒီလိုစော်ကားမော်ကား လုပ်နေတဲ့ဟာတွေကို ဒေါ်အောင်ဆန်းစုကြည်ကလည်း လျှော့ပေါ့ပေးမှာမဟုတ်ဘူး။ အဲဒီတော့ သက်သာရာ သက်သာကြောင်းနဲ့စဉ်းစားမှာမဟုတ်ဘူးလို့ပဲ ကျနော် ယုံပါတယ်။”

NLD ပါတီရဲ့ ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် သတင်းစာဆရာကြီး ဦးဝင်းတင်ပါရှင်။ အခုလွတ်ငြိမ်းချမ်းသာခွင့် ပေးတယ်ဆိုတဲ့ သမ္မတရဲ့အမိန့်ဟာ သာမန်ရာဇ၀တ်မှုတွေနဲ့ ထောင်ကျနေတဲ့သူတွေအတွက်သာ အကျိုး သက်ရောက်မှုရှိနေတာတွေရတယ်လို့ ရန်ကုန်တိုင်းမ်စ် ဂျာနယ်ရဲ့ အယ်တီတာချုပ် ဦးကိုကို (စက်မှု)က သုံးသပ်ပါတယ်။

“နှစ်တိုကျတဲ့အမှုတွေပေါ့လေ၊ အခု ကျနော်တို့လူတွေအကုန် ပြောဆိုနေကြသလို ခိုး၊ ဆိုး၊ လုယက်၊ ခါးပိုက်နှိုက်-စသဖြင့်ပေါ့လေ၊ ချဲဒိုင်ကိုင် အဲဒါမျိုးလူတွေ- အမှုက၊ ပြစ်ဒဏ်နည်းနည်းနဲ့ ကျတဲ့သူတွေအတွက်က သူတို့က အခု မိလိုက်၊ ကျသွားလိုက်။ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာလိုက်၊ တချို့ ဝင်တဲ့သူတွေ ပြန်ဝင်သွားလိုက်၊ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်ထွက်လာနိုင်လိုက် ဖြစ်သွားတယ်ဗျ။ အဲဒီတော့ နိုင်ငံတော်ကတော့ စေတနာတခု ရှိကောင်းရှိပါလိမ့်မယ်။ သို့သော် ကျနော်တို့အနေနဲ့ကတော့ လက်ရှိတကယ်ဖြစ်သွားတဲ့ အနေအထား အရတော့ အားလုံးမျှော်လင့်တဲ့ ယုံကြည်ချက်ကြောင့်အကျဉ်းချခံနေရတဲ့သူများရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ဆိုတာထက် ဒီလိုမျိုးလူတွေ အတွက်ကို ပိုပြီးတော့အခွင့်အလမ်းသာသွားတဲ့ပုံစံမျိုး ဖြစ်သွားတယ်။ အဲဒါတော့ တော်တော်လေးတော့ စိတ်မကောင်းစရာဖြစ်ပါတယ်”

ရန်ကုန်တိုင်းမ်စ်ဂျာနယ်ရဲ့ အယ်တီတာချုပ် ဦးကိုကို (စက်မှု)ပါ။ နိုင်ငံတော်သမ္မတက ၂၀၁၁ မေလ ၁၇ ရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့်တကြိမ် ပြီးခဲ့တဲ့ အောက်တိုဘာလထဲမှာ ဒုတိယအကြိမ်နဲ့ အခု ၂၀၁၂ ဇန်န၀ါရီလ ၂ရက် တတိယအကြိမ် လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
(VOA)

0 ယနေ့ ၄နာရီ ခွဲအချိန်ထိ လွတ်မြောက်လာသူများ စာရင်း

မျှော်လင့်ချက်မျက်ရည်များနဲ.အမေတွေ..Photo..The voice weekly

ယနေ့ ညနေ ၄ နာရီ ၃၀ မိနစ် အချိန်ထိ မြစ်မခမီဒီယာမှ ပြုစုထားသော လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားများ စာရင်း

..အင်းစိန်ထောင်
၁။ ဦးကြည်သန်း(၈၈-မျိုးဆက်)
၂။ ကိုသန်းနိုင်ဦး(မန္တလေး- NLD လူငယ်တာဝန်ခံ)
၃။ ဦးစောဆေးဂလယ်(KNU)

မန္တလေး(အိုးဘိုထောင်)
၁။ ကိုကျော်လွင် (ကယန်းပြည်သူ့ပါတီ)
၂။ကိုစောဝင်း(ခ) ကိုဌေးအောင် ။
၃။ ကိုအောင်မင်း ။
၎။ ကိုမြင့်လွင် ။
၅။ ကိုအီဆာကို ။
၆။ကိုစောအယ်ကလယ်ထူး ။
၇။ ဦးဘိုဖျင်း ။
၈။ ခွန်ပေါလု(ခ) မောင်ထွေး ။
၉။ ဇွဲပိုင်စိုး ။
၁၀။ခွန်ပေါလု ။
၁၁။ ဦးရဲအောင်(ကွယ်လွန်-၂၀၀၈) ။
၁၂။ကိုမြတ်ဆွေ

တောင်ငူထောင်
၁။ ကိုအောင်ဌေး
၂။ စောသာမနာစီး
၃။ စောအယ်လီးယား
၎။ ကိုတူး
၅။ ကိုတင်ဝင်း
၆။ ခင်မောင်ညွှန့်(ခ) အကြီးကောင်

ပြည်ထောင်
၁။ ကိုအောင်ကျော်(NLD-သဃန်းကျွန်း)

ပုသိမ်ထောင်
၁။ ကိုအောင်ထွန်း
၂။ ဇော်မျိုးထိုက်

စစ်တွေထောင်
၁။ နေမိုးအောင်

မြိတ်ထောင်
၁။ ဦးရဲညွှန့်

ပူတာအိုထောင်
၁။ ဦးရဲမြင့်(ခ) ဆရာရဲ

တောင်ကြီးထောင်
၁။ မောင်ဘိ(ပအိုဝ်း)
၂။ မောင်လှ(ရှမ်း)
၃။ ဦးဝိစိန်ဂျာ

ကသာထောင်
၁။ ဇော်မင်းဦး(ခ) ကျော်ကွန့်
(ဖြည့်စွက်ချက်များရှိပါက ထပ်မံဖော်ပြပေးပါမည်။)

1 လွတ်လပ်ရေးနေ့သည် မြန်မာအစိုးရအားမှတ်ကျောက်တင် စမ်းသပ်မည့်နေ့ ဖြစ်သည်။


Video..DVB TV News

မနက်ဖြန် (၄-၁-၂ဝ၁၂) မြန်မာနိုင်ငံရဲ့ အထွဋ်အမြတ်ထားရတဲ့ လွတ်လပ်ရေးနေ့ကြီးမှာ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်လာပါတော့မယ်။ ဒါက အစိုးရ ထိပ်ပိုင်း အရာရှိကြီးတွေ ပြောဆိုခဲ့တဲ့ စကားနဲ့ အချိန်သတ်မှတ်ချက် အတိအကျပါ။ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်လာခြင်းဟာ မြန်မာ့နိုင်ငံရေး တိုးတက်မှုရဲ့ အရေးကြီးဆုံးလမ်းစ တခု ဖြစ်နေတဲ့အတွက် မျှော်လင့်ကြီးစွာနဲ့ စောင့်ဆိုင်းနေရတဲ့ ရက်ကောင်းအချိန်အခါကို အခုဆိုရင် ရောက်လုဆဲဆဲ ဖြစ်နေပါပြီ။

ဒါပေမယ့် ၂-၁-၂ဝ၁၂ ညနေပိုင်းက ကြားလိုက်ရတဲ့ လွတ်လပ်ရေးနေ့ အကျဉ်းသား လွှတ်ပေးမယ့် သတင်းတပုဒ်မှာတော့ နိုင်ငံရေး အကျဉ်းသားတွေအကြောင်း မပါရှိဘဲ အကျဉ်းကျနေသူများအတွက် ထောင်ကျရက် လျှော့ချပေးမယ် ဆိုတာကို သိလိုက်ရပါတယ်။

ဒီသတင်းဟာ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ငြိမ်းချမ်းသာခွင့် ပေးမယ်လို့ အခိုင်အမာ ထုတ်ဖော်ပြောဆို ထားတာကို ကြားသိထားရသူတွေအဖို့ မှန်းချက်နဲ့ နှမ်းထွက် မကိုက်နိုင်တော့တဲ့ သတင်းပါ။ သတင်းကြားရသူတွေဟာ အရင်အခါတိုင်းကလည်း နောကြေပြီး ဖြစ်နေတာကြောင့် သတင်းထုတ်ပြန်ချက် သဘောကို ချက်ချင်း သဘောပေါက်လိုက်ကြပါတယ်။ ချက်ချင်းဆိုသလိုပဲ မကျေနပ်တဲ့ ဒေါသတွေ အကြီးအကျယ် ပေါက်ကွဲထွက်ကုန်ကြတာ မရပ်မနား အထင်းသား ရှိနေပါတော့တယ်။ မျှော်မှန်းချက် မပြည့်မဝမချင်း ပြင်းပြင်းထန်ထန် တုန့်ပြန်တော့မယ့် အင်အားကြီးတခုဟာ အစပြုလာတဲ့ အရိပ်အယောင်တွေကို ခုကတည်းကနေ မြင်လာနေရပါပြီ။

နာရီပိုင်းလောက် ထပ်အကြာမှာပဲ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ သီးခြားစာရင်း ထုတ်ပေးမယ် ဆိုတဲ့ နောက်ထပ် သတင်းတပုဒ်ကိုလည်း ကြားရပြန်ပါတယ်။ သတင်းတပုဒ်ကို ကနဦး သွေးတိုးစမ်းသလို ထုတ်လွှင့်ပြီးမှ နောက်ကနေ ပျားရည်နဲ့ ဝမ်းချတဲ့သတင်းမျိုး ထပ်ဖြည့်ပေးသလို ဖြစ်နေပါတယ်။

ပြည်သူတွေအနေနဲ့ ဘယ်ဟာကို ယုံကြည်ထားရပါမလဲ။ ပြည်သူတွေဟာ ဟိုပြော ဒီပြောတွေနဲ့ အလှည့်စားခံရတဲ့ လူတန်းစားတွေလား။ ဒီအစိုးရအပေါ် ဆက်လက် အားကိုး ယုံကြည်လို့ရော ဖြစ်နိုင်ပါတော့မလား။ တွေးစရာတွေ ရှိလာရပါပြီ။

အစိုးရအနေနဲ့ တိုင်းပြည်ရေးရာ ကိစ္စအဝဝကို ပြည်သူ့ဆန္ဒအတိုင်း လုပ်စရာ မလို၊ ငါတို့သဘောနဲ့ လုပ်ချင်ရာ လုပ်မယ် ဆိုတဲ့ ရွေးချယ်မှုလား။ မေးစရာ ဖြစ်လာရပါပြီ။

မြန်မာ့နိုင်ငံရေးမှာ ဖြူတခါ ပြာတလှည့် ဖြစ်ရပ်အမျိုးမျိုးတွေ နေ့ချင်းညချင်း မရိုးသားစွာ ပြောင်းလဲတတ်တဲ့ အစိုးမရခြင်းကို ကြုံတွေ့နေရပါတယ်။ ညကသိထားတဲ့ အကြောင်းဟာ မနက်ကျတော့ အခြေအနေက တမျိုးပြောင်းနေတတ်ပါတယ်။

မြန်မာအစိုးရဟာ အစိုးရတရပ် ပီသစွာ အမှန်တကယ် လုပ်နိုင်စွမ်းရှိမရှိ ၄-၁-၂ဝ၁၂ နေ့ကစပြီး မှတ်ကျောက်တင်ခံရတော့မယ့် အမျိုးသားရေးကိစ္စကြီးတွေ ရှိနေပါတယ်။ အဲဒါတွေကတော့ ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး၊ ဒီမိုကရေစီ ဖြစ်ထွန်းရေး၊ တရားဥပဒေ စိုးမိုးရေး၊ လူ့အခွင့်အရေးများ ရရှိရေး၊ အခြေခံဥပဒေ ပြင်ဆင်ရေးတို့ ဖြစ်ပါတယ်။ ဒါတွေဟာ တိုင်းပြည်မှာ တကယ်ကို မရှိမဖြစ် အရေးကြီးဆုံး လိုအပ်ချက်တွေ ဖြစ်ပါတယ်။

အဲဒါတွေထက် ပိုပြီး အလိုအပ်ဆုံးက တော်-တည့်-ဖြောင့်မတ်တဲ့ အစိုးရ ပါပဲ။

တော်-တည့်-ဖြောင့်မတ်တဲ့ အစိုးရမျိုး မရှိဘဲ တိုင်းပြည်ရဲ့ အမှန်တကယ် လိုအပ်ချက်တွေကို ရနိုင်ဖို့ အင်မတန် ခဲယဉ်းပါတယ်။ အစိုးရကိုယ်တိုင်က တော်-တည့်-ဖြောင့်မတ်အောင် ပြုပြင်ပြောင်းလဲယူမလား၊ ဒါမှမဟုတ် ပြောင်းလဲခံမလား ဆိုတဲ့ လမ်းဆုံလမ်းခွကို ရောက်လာပါပြီ။

လွင်အောင်စိုး

၃-၁-၂ဝ၁၂

1 အားလုံးအလိမ်အညာခံလိုက်ရပြီ (ရုပ်/သံ)


သမ္မတဦးသိန်းစိန်အစိုးရမှ နိုင်ငံရေးအကျဉ်းသားတွေလက်ရှိကျခံနေရတဲ့ ထောင်ဒဏ်တွေရဲ့ ၄ပုံ၁ပုံကိုသာ လျော့ပေါ့ပေးမည်ဆိုတဲ့ ကြေညာချက်အပေါ်မစုစုနွေး၏ ဝေဖန်ပြောကြားချက်



ဇန်နဝါရီလ (၄)ရက်နေ့မှာ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက် လာဖို့အတွက် ပြည်သူတွေနဲ့ နိုင်/ကျဉ်း မိသားစုတွေက မျှော်လင့်ထားပေးမယ့် သမ္မတဦးသိန်းစိန်အစိုးရမှ နိုင်ငံရေးအကျဉ်းသားတွေလက်ရှိကျခံနေရတဲ့ ထောင်ဒဏ်တွေရဲ့ ၄ပုံ၁ပုံကိုသာ လျော့ပေါ့ပေးမည်ဆိုတဲ့ ကြေညာချက်အပေါ် ဦးတင်ဦးအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် မှ ပြောကြားသွားခဲ့ပါတယ်။


Burma vj media network

0 ဒီကနေ့ အင်းစိန်ထောင်ရှေ့မြင်ကွင်းများ

အင်းစိန်မှလွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားဦးကြည်သန်း
အင်းစိန်အကျဉ်းထောင်ရှေ့လာရောက်သတင်းရယူနေသူများ
ယနေ့နံနက် ၁၀ နာရီခွဲ

ဒီကနေ့ အင်းစိန်ထောင်ရှေ့မြင်ကွင်းများ

အကျဉ်းကျခံနေရသူများနှင့်ပတ်သက်ပြီး နိုင်ငံတော်သမ္မတ၏ အမိန့်ထုတ်ပြန်ခဲ့ပြီးနောက် ယနေ့နံနက် (ဇန်န၀ါရီ ၃ရက်) တွင် ရန်ကုန်အင်းစိန်ထောင်ရှေ့ လာရောက်စောင့်ဆိုင်းသူများမှာ ယခင် လွတ်ငြိမ်းချမ်းသာခွင့် ကြေညာခဲ့စဉ်ကထက် များစွာနည်းပါကြောင်း သတင်းရရှိပါသည်။ ယခုလာရောက်စောင့်ဆိုင်းနေသူများမှာ ၁၅၀ကျော်ခန့်သာ ရှိကြောင်း သိရှိရပါသည်။ အတည်မပြုနိုင်သေးသော သတင်းများအရ အင်စိန်ထောင်မှ လွှတ်ပေးရန်ရှိသော အကျဉ်းသားအရေအတွက်မှာ ကျား ၈၀၀ဦးခန့်နှင့် မ ၁၀၀ဦး ခန့်ဖြစ်ကြောင်း သိရပါသည်။

နံနက် ၉ နာရီခွဲတွင် အင်းစိန်အကျဉ်းထောင်မှ လွှတ်ပေးလိုက်သော (၃)ဦးအနက် နှစ်ဦးမှာ နိုင်ငံရေးအကျဉ်းသားများဖြစ်သည်။ ပထမတစ်ဦးဖြစ်သူ ဦးကြည်သန်း (၈၈) သည် ၂၀၀၇ ခုနှစ်တွင် အသင်းအဖွဲ့ဥပဒေဖြင့် ထောင်ဒဏ် (၉)နှစ်ကျခံခဲ့ရသူဖြစ်ပြီ...း (၄)နှစ် အယူခံနိုင်ခဲ့ကာ ထောင်တွင်း၌ (၄)နှစ် (၄)လ နေခဲ့ရသူဖြစ်သည်။ ဒုတိယတစ်ဦးမှာ ကိုသန်းနိုင်ဦး (NLD မန္တလေးတိုင်းတာဝန်ခံ) ဖြစ်ပြီး ၂၀၁၀ ပြည့်နှစ်တွင် ပုံနှိပ်စက္ကူဥပဒေဖြင့် ထောင်ဒဏ် (၃)နှစ် ကျခံခဲ့ရကာ ထောင်တွင်း၌ (၁) နှစ် (၃)လ နေခဲ့ရကြောင်း သိရပါသည်။

အင်းစိန်ထောင်မှ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်မည့်သူ အများစုမှာ ဆေးမှု၊ လိမ်လည်မှုဖြင့် အကျဉ်းကျခံနေရသူများဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ၁၀၀ ကျော် လွှတ်ပေးပြီး ဖြစ်ကာ စုစုပေါင်း ၉၃၄ဦး၊ ကျား ၈၀၄ ဦး၊ မ ၁၃၀ဦး လွတ်ငြိမ်းချမ်းသာခွင့် ပေးမည်ဖြစ်ကြောင်း သိရသည်။ ကျန်အကျဉ်းသားများအား နံနက် ၁၁ နာရီကျော်တွင် ထပ်မံလွှတ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

သရက်ထောင်မှ နှစ်၃၀အထက် အကျဉ်းကျခံနေရသူ ကျား(၂)ဦး၊ နှစ်၂၀ နှင့် ၃၀ ကြား အကျဉ်းကျခံနေရသူကျား(၂)ဦး၊ ၂၀ နှစ်အောက်အကျဉ်းကျခံနေရသူ ကျား(၇၃)ဦး၊မ(၁၃)ဦး၊စစ်တပ်ဥပဒေဖြင့်အကျဉ်းကျခံနေရသူ(၁၃)ဦး၊သီးသန့်(၁)ဦး စုစုပေါင်း (၁၀၄)ဦး ပြန်လည်လွတ်မြောက်လာမည်ဖြစ်ကြောင်းသိရသည်။ အဆိုပါ ပုဂ္ဂိုလ်များတွင် ၂၀၀၃ ပခုက္ကူအရေးအခင်းနှင့် ၂၀၀၇ သံဃာ့အရေးအခင်းများတွင် အကျဉ်းကျခံနေရသူများလည်း ပါဝင်ကြောင်း သိရသည်။ ထို့အပြင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျုံးဝင်သူ (၁၇)ဦးကိုလည်း လွတ်ငြိမ်းခွင့်ပေးရန်ထပ်မံတင်ပြထားကြောင်း သရက်အကျဉ်းထောင်တွင်သွားရောက်သတင်းရယူနေသော The Messenger ဂျာနယ်မှ အကြီးတန်း သတင်းထောက် က သရက်အကျဉ်းထောင်ရှေ့မှတိုက်ရိုက်သတင်းပေးပို့သည်။
Photo..Messenger news journal
Eleven media group

1 ကျွန်တော် လူကက်ဆက် (ဇာတ်သိမ်း)(ပန်းချီ ထိန်လင်း)


၁၉၉၂ ဖေဖဝါရီ ၁၃ ရက် The Nation သတင်းစာတွင် ဖေါ်ပြခဲ့သည့် ဓါတ်ပုံ (ဝဲ မှ ယာ: ကိုကျော်နိုင်ဦး၊ မနန်းအောင်ထွေးကြည်၊ ကိုနိုင်ဝင်းအောင်၊ ကိုညီညီ၊ ကိုတိုးကြည်)

“ကျွန်တော်ကတော့ ရေနံချောင်းက ဖေကံကောင်းကိုးဗျ။ သပိတ်မှောက်ရင်း လာခဲ့တယ်။ (၀ါးဟားဟား)”

“လောကလည်တဲ့ တနေ့တော့ မနက်စာကို ညမှ ပေါင်းစားရတယ် (၀ါးဟားဟားဟား)”

“တနေ့ကလည်း လူသုံးယောက် ကျွန်တော့်ကို ၀ိုင်းရိုက်တာ၊ ဘယ်ရမလဲဗျ။ သူတို့က ဘူ။ ကျူပ်က ကုလားသုံးစီး။ (၀ါးဟားဟား)”
“သောက်ဆိုလည်း သောက်လိုက်တာပဲ။ တနေ့က ပုလင်းဆွဲပြီး ဂတ်တဲရှေ့ ဖြတ်လျောက်သွားတော့ ဌာနာ အုပ်က မေးတယ် ဘယ်သွား မလို့လဲတဲ့။ ကျွန်တော် မကြောက်ပါဘူး။ ပြောင်ပြောင်ပဲပြောလိုက်တယ်။ ရေနံဆီ ၀ယ်သွားမလို့ပါ။ (၀ါးဟားဟားဟား)”

ဒီပြက်လုံးတွေကိုတော့ မဆလခေတ် ရေဒီယိုတွေကို နားထောင်ခဲ့လေ့ရှိတဲ့ သူတွေကတော့ ရင်းရင်းနှီးနှီး မှတ်မိနေပါလိမ့်မယ်။ ဟုတ်ပါတယ် ရှေးခေတ်လူရွှင်တော်ကြီး ဦးဓါတ်ဆီ၊ ဦးဓါတ်ဆံ၊ ဦးကြင်ခဲတို့ရဲ့ နာမည်ကြီး ရေဒီယိုပြက်လုံးတွေပါ။

ဒီပြက်လုံးတွေကို ရွေးချယ် တင်ဆက်ရတာက ကျွန်တော်တို့ ရဲဘော် အကျဉ်းစံတွေ အားလုံးဟာ မျက်နှာတွေကို အ၀တ်တွေ စည်းထားလို့ဗျ။ ခင်ဗျားတို့ ဖတ်ရတဲ့အတိုင်း မူလပြက်လုံးမှာ ရီရမယ့် နေရာရောက်တိုင်း မျက်လုံးတွေကို သွေးညှီနံ့ လွှမ်းနေတဲ့ ပိတ်စတွေ စည်းထားတဲ့ လူ ရှစ်ဆယ်လောက်ဟာ တ၀ါးဝါး၊ တဟားဟားနဲ့ ပွဲကျနေသဗျ။ သူတို့တွေထဲမှာ တချို့က လက်ကောက်ဝတ် ဖြတ်တဲ့နေရာက ပတ်တီးတွေ စည်းထားသူတွေ၊ ပတ်တီးတွေ စည်းထားတဲ့ အင်္ဂါမပြည့်ဝတော့တဲ့ ခြေထောက်တွေ၊ ထိပ်တုံးရှည်ကြီးရဲ့ ခတ်ထားခံရသူတွေ၊ ခေါင်းတွေမှာ ပတ်တီးတွေ ဖွေးနေသူတွေ ပါသဗျ။

ဒီလောက် နာကျင်ဖွယ်ကောင်းတဲ့ အခြေအနေထဲမှာတောင် ဒီလူတွေ အားလုံးဟာ တ၀ါးဝါး၊ တဟားဟားနဲ့ ပွဲကျအောင် အသံတု (၂) မျိုး၊ (၃) မျိုးလောက်နဲ့ ဖမ်းစားနိုင်တယ်ဆိုတော့ ကျွန်တော်ဟာ နိုင်ငံတော်အဆင့် “စည်သူနေမျိုးဗလ အလင်္ကာ ကျော်ခေါင် ဟာသ၀ိဇ္ဇာ” ဆိုတဲ့ ဘွဲ့မျိုးတောင် ရသင့်ပေတယ်လို့ စာရှုသူ တွေးမိသွားနိုင်ပါတယ်။ လူရွှင်တော်ဘ၀မှာ ပွဲတပွဲမှာ ပြက်သမျှ ပရိတ်သတ်က ရီကြတယ် ဆိုတာမျိုးက အလွန်ရှားပါတယ်။ ဘယ်လောက်နာမည်ကြီးတဲ့ လူပြက်ပဲ ဖြစ်ဖြစ်၊ ပရိတ်သက်က မသိလိုက်ရလို့ ရှော်သွားတဲ့ အလုံးဆိုတာကတော့ ရှိစမြဲပဲဗျ။ အခုပွဲမှာကတော့ ပရိတ်သတ်က ရာခိုင်နှုန်း ပြည့်အူလှိုက်၊ သည်းလှိုက် ရီကြသဗျ။ တခါတလေဆို မရီရမယ့် နေရာတွေမှာပါ လိုက်ပြီး အူလှိုက်သည်းလှိုက် ရီကြသဗျ။

ဘယ်မရီလို့ ရမလဲဗျာ။ ထောင်မှုးဆိုတဲ့ ယမမင်း လက်သစ်က ဗီအိုင်ပီ ဖျော်ဖြေရေးပွဲမို့ အမိန့်က ကြိုထုတ်ပြီးသားဗျ။ အကုန်ထထိုင်ရမယ် လူရွှင်တော်ဘောကြီးရဲ့ ပြက်လုံးမှာ ရီရမယ့်နေရာ ရောက်ရင် ရီရမယ် ဆိုတာ ကြိုအမိန့်က ထုတ်ထားဗျ။ စောစောပိုင်း ပြက်လုံး တခုနှစ်ခုလောက်မှာ မသဲကွဲလို့ သူမျုားနဲ့ ရောယောင် မရီပဲ အူကြောင်ကြောင် ဖြစ်နေတဲ့ တယောက်ကို မင်းက ဘာလို့ မရီတာလဲဆိုပြီး “ဂွမ်း” ကနဲ့ ခေါင်းကို တချက်ကျွေး လိုက်တဲ့အသံကို အားလုံးကြားလိုက်ရပြီးတဲ့နောက်မှာ ကျန်တဲ့သူအားလုံးဟာ ကျွန်တော် တလုံးပြက်ပြီးတာနဲ့ “၀ါးကနဲ၊ ၀ါးကနဲ” ရေဒီယို ဟာဒယရွှင်ဆေးမှာ နောက်ကလိုက်ရီပေးတဲ့ လူတွေအတိုင်း လိုက်လိုက်ရီလိုက်ကြတာ တခါတခါ သူတို့ရီသံက ရှေ့က ပြက်လုံးပြက်နေတဲ့ ကျွန်တော်တောင် လန့်လန့်သွားတဲ့အထိဗျ။ သူတို့ ရီသံကြောင့် နောင်ပြည်တွင်းပြန် အငြိမ့်ကဖြစ်ရင် ရှေ့က ၀ါးရင်းတုတ် တချောင်းနဲ့ ခေါက်တုန့်၊ ခေါက်ပြန် ရီဘို့လှုံ့ဆော်ပေးနေတဲ့ မောင်မင်းကြီးသားကို ခေါ်သွားချင်စိတ်တောင် ပေါ်မိပါသဗျာ။ တကယ်ပါ။

ကဗျာဆရာ မာယောကော့စကီးနဲ့ ကျွန်တော်တို့ခေတ်ရဲ့ ကဗျာဆရာ ကိုချော (မောင်ချောနွယ်) တို့ စကားလုံးတွေ ငှါးသုံးရရင် ဒါဟာဖြစ်ခဲ့တယ်။ ပါဂျောင်မှာ ဖြစ်ခဲ့တယ်။ အရှေ့ ခွန်နှစ်ဘ၀၊ အနောက် ခွန်နစ်ဘ၀ အနုပညာ မရတဲ့ကောင်တွေအတွက် ဖျော်ဖြေရေးမှာ ဖြစ်ခဲ့တယ်လို့ ပြောရပါလိမ့်မယ်။ ကျွန်တော် အနေနဲ့ သူတို့ နေရာကနေ တွေးကြည့်လိုက်တော့ လွန်ခဲ့တဲ့ တခါက မြန်မာပြည်ကို အုပ်ချုပ်သွားခဲ့တဲ့ အင်္ဂလိပ် ဘုရင်ခံတောင် မရှူစားခဲ့ရဘူးတဲ့ ပါဖေါင်းမင့် ရှိုးမျိုးပေါ့ဗျာ။ လက်နောက်ပြန်တုပ်၊ မျက်လုံးတွေ အ၀တ်စည်း၊ ငုပ်တုပ် ခစားရင်းက ပြက်လုံး အလိုက်နဲ့ တ၀ါးတဟားဟား အော်ရီ ပေးနေရရှာတဲ့ သားကောင်တွေရှေ့မှာ ခေါက်တုန့်၊ ခေါက်ပြန် လျောက်ရင်း မိမိတို့ရဲ့ ငရဲပြည်တမျှ ကြီးကျယ်ခမ်းနားတဲ့ စည်းစိမ်ကို မြိန်ရည် ရှက်ရည် ခံစားနေကြသဗျ။

တခါတခါကျတော့လည်း ကျွန်တော်တို့ကို ဖမ်းဆီးထားတဲ့ တော်လှန်ရေး တပ်ဖွဲ့ခေါင်းဆောင်တွေဟာ များသောအားဖြင့်တော့ ညဘက်စုပြီး အရက်သောက်ဖြစ်ပြီး တော်တော်လေး ရေချိန်ကိုက်လာပြီဆိုရင် တရားခံတွေကို သွားရိုက်ရအောင်ဆိုပြီး အုပ်စုလိုက်ကြီး တက်လာတတ်ကြသဗျ။ အဲလိုညမျိုးကတော့ ကျွန်တော်တို့အဖို့ သူတို့တင်ဆက်တဲ့ ပါဖေါင်းမင့်ကို ခံစားကြရတော့တာပေါ့ဗျာ။ အဲလိုမျိုးဆိုရင်တော့ “တရားခံတွေ ထကြစမ်း” ဆိုတဲ့ အသံနက်ကြီးကို စကြားရသဗျ။ ညှင်းဆဲထားလို့ တုတ်တုတ်မှ မလှုပ်နိုင်တော့တဲ့ လူကလွဲလို့ အားလုံးဖေးကာ၊ တွဲကာ ထကြရသဗျ။ လူတွေဟာ ဗြိတိသျှ ပန်းပုကျော် ဟင်နရီမိုးစ်ရဲ့ စစ်အတွင်း လန်ဒန်မြေအောက် လှိုင်ခေါင်းထဲမှာ တုံလုံးပက်လက် လဲနေတဲ့လူတွေကို ဆွဲထားတဲ့ ပန်းချီကားထဲကလိုပေါ့ဗျာ။

အမျိုးမျိုးသော ဆဲဆိုကြိမ်းမောင်းသံတွေ ဘွတ်ဘိနပ်တွေ ရှပ်တိုက်ရွေ့လျှားနေသံတွေ ဆူနေတဲ့ကြားမှာ “ခွမ်း” “ခွမ်း” ဆိုတဲ့ အသံကြီးဟာ ထိုင်နေတဲ့ ကျွန်တော်တို့လူတန်း တဖက်ထိပ်ကနေ တရွေ့ရွေ့နီးလာနေသလို အဲဒီနောက်ကနေ “ဟိုတယောက် ကွဲသွားပြီ” စတဲ့ ခပ်အုပ်အုပ် အချင်းချင်း ပြောသံတွေလည်း ကြားနေရတာမို့ မိမိ ခေါင်းကို ရိုက်လာမဲ့ တုတ်နဲ့ အံကိုက်လောက်ဖြစ်အောင် စိတ်မှန်းနဲ့ ချိန်ပြီး စောင့်နေလိုက်သဗျ။ အဓိက ရည်မှန်းချက် ကတော့ ကိုယ့်ခေါင်းက အမာနေရာပေါ် တုတ်ကျပြီး ပထမ တုတ်ချက်မှာတင် ခေါင်းကွဲသွားဖို့ဗျ။ ဒီလိုနဲ့ ခွမ်းကနဲ ကိုယ့်မျက်စိထဲ ၀င်းကနဲ တချက်ဖြစ်ပြီး လဲအကျ “ဘောကြီးခေါင်းကွဲသွားပြီ” လို့ နောက်ကလိုက်ကြည့်နေတဲ့ လူရဲ့ မှတ်ချက်အပြီးမှာ ကျွန်တော့်မျက်နှာပေါ် သွေးတွေစီးကျလာတဲ့နောက် စိတ်ထဲမှာ နည်းနည်းပေါ့ သွားပါတယ်။ အစိမ်းချုပ်ချုပ်မယ့် သူနာပြုတွေ မကြာခင်တော့ ရောက်လာပါလိမ့်မယ်။ ဘာပဲပြောပြော “နောက်တစ်ခါ လာပြန်ပြီဟေး ဝေးဝေး” ဆိုတဲ့ မူးမူးနဲ့ ကြွေးကြော်ရိုက်နှက်ဦးမယ့် နောက်အကြော့တွေမှာ ကိုယ်လွတ်သွားပါတယ်။ ဒီလို စောစာစီးစီး တချက်တည်းနဲ့ကွဲ သွားတဲ့ ကိုယ့်ခေါင်းရဲ့ ထိလွယ်၊ ကွဲလွယ်မှု အပေါ် တော်တော်ဂုဏ်ယူသွားသဗျ။

ဒီလိုနဲ့ အကျဉ်းသားများ ရိုက်နှက်ခြင်း အနုပညာလို့ ခေါ်မယ်ဆို ခေါ်လို့ရတဲ့ အကြောင်းမယ် ကျွန်တော်တို့ အကျဉ်းကျနေတဲ့ ဒုက္ခိတတွေကို အရက်မူးပြီး တက်ရိုက်တဲ့ အကျင့်ဟာ ABSDF (NB) ဆိုတဲ့ တော်လှန်ရေးတပ်ဖွဲ့ရဲ့ ခေါင်းဆောင်တွေကြားမှာ ယဉ်ကျေးမှူသဖွယ်ဖြစ်လာပါတယ်။ ဥက္ကဋ္ဌ၊ ရင်းမှူး၊ ခွဲမှုး၊ ထောက်လှမ်းရေးမှုး၊ တခါတလေ အထူးဧည့်သည်တွေရော ပေါ့ဗျာ။ နောက်ပိုင်းမှာတော့ မရိုက်ခင်ကတည်းက အကွဲချုပ်မယ့် သူနာပြု ရဲမေတွေကိုပါ တခါတည်း ခေါ်လာတတ်သဗျ။ မုဆိုးစိုင်သင်ဆိုသလို ပေါ့ဗျာ။

ဒီမြင်ကွင်းကို မြန်မာ့စာပေလောကမှာ သရော်စာ အလွန်အရေးကောင်းလှတဲ့ ဆရာကြီးမောင်ထင်များ တွေ့ရင် ဒီလိုများ ရေးမလားမသိဘူးဗျ။

“မိမိတို့ နိုင်ငံအတွက် အသက်ကိုပင် မငှဲ့ကွက်ပဲ ပေးလှူထားသော တော်လှန်ရေး ခေါင်းဆောင်ကြီးများပီပီ ရဲစိတ်၊ ရဲမာန်တို့ကို အခါမလပ် ဖြစ်ပေါ်နေစေရေးအတွက် အထောက်အပံ့ကောင်း အလို့ငှါ အရက်သေစာ တို့ကို သောက်ကြ စားကြရသော်လည်း မြို့ကြီးများပေါ်တွင် စည်းစိမ်ယစ်ကာ အပျော်အပါးကြားမျောပါ နေသူများကဲ့သို့ သူရာမူးယစ်ပြီးချိန်တွင် အနှိပ်ခန်း၊ ကာရာအိုကေ၊ နိုက်ကလပ်များသို့ သွားရောက် ကခုန်ခွင့်မျိုး စိုးစဉ်းမျှ မရနိုင်သော ဘ၀မျိုးတွင် နေရရှာသော တော်လှန်ရေး ခေါင်းဆောင်များခမျှာ မိမိတို့ ဖမ်းဆီးထားသော တရားခံများအား သွားရောက် ရိုက်နှက်ခြင်းဖြင့်သာ အပန်းဖြေရရှာလေသည်။” ….. လို့လေ။

အဲဒီတော့ ရိုက်နှက်မှုဟာ ယဉ်ကျေးမှုတရပ်ဖြစ်လာပြီး သူ့ထက်ငါသာအောင် လာရောက် ရိုက်နှက်တဲ့ ဓလေ့ ထွန်းကားနေချိန်မျိုးမှာ အစောပိုင်းက တင်ပြခဲ့သလို “ကျွန်မကတော့ ရန်ကုန်မြို့ .. ဒေါ်ကြင် ဒေါ်ကြင်နဲ့ … အပျိုကြီးပေါ့ရှင်။ ကလေးကို ငါးဆယ်ကျော်နေပြီ။” လို့ ကျွန်တော်ရှေ့က ပြောသွားတဲ့ နောက်မှာ “၀ါးဟားဟား” လို့ အားရပါးရ ပါတီစီဖင့်လုပ်ရတဲ့ အလုပ်မျိုးလောက်ကတော့ အီးစီးဂျော့ ပေါ့ဗျာ။ အဲဒီအချိန်မျိုးမှာ ခင်ဗျားကလာပြီး “ဒါသက်သက် လူအချင်းချင်းခြေနဲ့ နင်းတဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုကြီးပဲ” ဆိုပြီးတော့ လာတော့ မတားလေနဲ့။ ကျုပ်တို့နဲ့ပါ ရန်သူဖြစ်သွားနိုင်သဗျ။ စောစောကပြောသလို စိတ်ပြောင်းပြီး ထုတ်သွားဆွဲတော့ ခင်ဗျားက ဘာတတ်နိုင်တာ မဟုတ်ဘူးဗျ။

ဒါကြောင့်ဘာပဲ ဖြစ်ဖြစ် ဒီလိုပဲ ဆူဆူဆဲဆဲ လူကက်ဆက်ညတွေဟာ ကျွန်တော်တို့ရဲ့ လူသားဘ၀ကို ပြန်ရတဲ့ ညတွေမို့ ခုလို တကူးတက ရေးပြရပါသဗျ။ ကျန်တဲ့အချိန်တွေကတော့ ခင်ဗျားတို့ ဖေ့ဘွတ်ပေါ်မှာ ဖတ်ဖူးကြသလို တိရိစ္ဆာန်တမျှ ဘ၀တွေကိုး။

ပထမဦးဆုံး ကိုနေ၀င်းရေးပြီး ခိုင်ထူးဆိုခဲ့တဲ့ “ခတ္တာ” သီချင်းကို အမြဲဆိုလေ့ရှိတဲ့ လူကက်ဆက်ကတော့ ကသာမြို့ကနေ တောခိုလာတဲ့ မောင်မောင်ခင်(ခေါ်) ဒဿပါ။ နာမည်ရင်းက မောင်မောင်ခင်။ မောင်မောင်ခင်ဆိုတဲ့ နာမည်ကလည်း ABSDF (NB) အဖွဲ့မှာ နှစ်ယောက်ရှိသဗျ။ အခု နောက်ဆုံးထွက်တဲ့ ရမ်ဘို ဇာတ်ကားနဲ့ The Lady ဇာတ်ကားတွေမှာ နအဖစစ်ဗိုလ်အဖြစ် ၀င်သရုပ်ဆောင်တဲ့ ကိုမင်းဌေး (ခေါ်) မောင်မောင်ခင် ကလည်း အေဘီ မြောက်ပိုင်းကပဲဗျ။ သူက ကံကောင်းသွားတာက ကျွန်တော်တို့ ပြသနာတွေ ဖြစ်နေချိန်မှာ မြစ်ကြီးနားဘက် ရှေ့တန်းစခန်းတခုကို ရောက်နေတယ်လို့ သူပြောပြဘူးသဗျ။ ဒီ အနိဌာရုံတွေမကြုံ လိုက်ရဘူး ပေါ့ဗျာ။ ကျွန်တော်ခုပြောတဲ့ မောင်မောင်ခင်က နောက်ပိုင်း ကျွန်တော်တို့နဲ့အတူ ထွက်ပြေးလွတ်မြောက်လာတဲ့ အထဲမှာပါလာပြီး ခုတော့ ကသာမှာပဲ နေနေတယ်ဗျ။ ကျွန်တော်တို့ ပြန်လွတ်လာတဲ့ အထဲမှာ ဒဏ်ရာအများဆုံးပေါ့။

သူ့ကို ဘယ်လောက်ရိုက်ရိုက် “ကျောင်းသားကွ ထောက်လှမ်းရေး မဟုတ်ဘူး” လို့ပဲ ထွက်ဆိုသတဲ့။ ဒါကြောင့် နောက်ဆုံးမှာတော့ ကိုယ်တုံးလုံးချွတ်ပြီး ကိုယ်ပေါ်ကို “ရင်ပေါင်ကြမ်း” လို့ခေါ်တဲ တရုတ်ပြည်ဘက် အိမ်မိုး ကတ္တရာပြားတွေ ကိုမီးရှို့ပြီး ကတ္တရာစက်တွေကို ကိုယ်ပေါ်ချတော့မှ ကိုယ်တော်က ကျွန်တ်ာနဲ့ ဘ၀တူ ထောက်လှမ်းရေး ဖြစ်လာတဲ့ သူပါ။ တကယ်က လူပျော်ပါ။ ဒုက္ခတွေထဲမှာကို တခါတခါ ဟာသ ပြောတတ်ပါသေးတယ်။ မီးလောင်ရာတွေကတော့ သူ့ကိုယ်အနှံ့ သေရာပါခဲ့သဗျ။ ထန်းသမားများ အမူးပြေ ထန်းနို့မော့ကြည့် ဆိုသလို တောထဲက ပြေးလာပြီး နောက်ပိုင်း ၁၉၉၅ လောက်က စာပေးစာယူ စာမေးပွဲဖြေကြတဲ့အချိန် ကျောင်းတွေပိတ်လိုက်ရတဲ့ လှုပ်ရှားမှုမှာ ဒဿတို့က ဇာတ်လိုက်တဲ့ဗျ။

သူ့လိုပဲ “ရင်ပေါင်ကြမ်း” ဒဏ်ကြောင့် NIP က ထောက်လှမ်းရေး ဗိုလ်ကြီးပါလို့ ထွက်ချက်ပေးလိုက် ရသူက ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော်ပါ။ မြေပေါ်မှာ ငုတ်လေးငုတ်ရိုက်ပြီးတော့ ပက်လက်လှန်ပြီး လက်ရောခြေထောက်ကိုပါ တုပ်ပြီးတော့မှ ၀မ်းဗိုက်ပေါ်မှာ “ရင်ပေါင်ကြမ်း” စကို ခင်းပြီး မီးဖိုခဲ့တယ်လို့ ထောက်လှန်ရေး စစ်ကြောရေးတာဝန်ခံ တက်ကြပ်ကြီးသန်းဇော်က ကျွန်တော်တို့ကို လာပြောလို့ သိရတာပါ။ နောက်တော့ ဖနောင့်ကနေ သံချောင်းကို မီးတို့ပြီးရိုက်ထည့်ပါတယ်။ ဒီလောက်ထိ သွေးအေးအေးနဲ့ ရက်ရက်စက်စက် လုပ်လို့သာ ကိုထွန်းအောင်ကျော်ဟာ သူ့ကိုယ်သူ ထောက်လှမ်းရေးပါလို့ ပြောခဲ့ရတာဖြစ်ပါတယ်။

ကျွန်တော်တို့နဲ့ အတူ ချုပ်ထားစဉ် တလျောက်လုံး ကိုထွန်းအောင်ကျော်ဟာ ၀မ်းဗိုက်က မီးလောင်ထားတဲ့ ဒဏ်ရာ ခြေသလုံးထိ သံကိုရိုက်သွင်းထားတဲ့ ဒဏ်ရာတို့ကြောင့် လမ်းကောင်းကောင်း မလျောက်နိုင်တော့ ပါဘူး။ ဒီလို ဒဏ်ရာတွေကြောင့် မထနိုင်လောက်အောင် ဖြစ်နေပေမယ့် လူကက်ဆက်အဖြစ် ပျော်တော်ဆက်ရတဲ့ အဖြစ်ကလည်း မလွတ်ခဲ့ပါဘူး။ သူ့ကိုက ညှိုးတေးထားလေတော့ သီချင်းသာ ဆိုရတယ်၊ အဆဲအဆို အကန်အကြောက် လည်း ခံရရှာပါတယ်။ အစောပိုင်းရက်များမှာ သူသီဆိုတဲ့ သီချင်းကတော့ “တိမ်တမာန်” သီချင်းပါ။

… "မှိုင်းပြာမှုန်ဝေ တိမ်မဲညိုရိပ်တွေ တောင်ပြန်လေ” ........

သီချင်းစာသားတွေ အတိုင်း သူ လွမ်းလွမ်းဆွေးဆွေး သီဆိုတိုင်း ကျွန်တော်တို့ဟာ သူနဲ့အတူ လွင့်ပါ ခံစားခဲ့ကြရပါတယ်။

ကိုထွန်းအောင်ကျော်ဟာ နောက်ပိုင်းရောက်လာတဲ့ အခါမှာတော့ ထောင်လုံခြုံရေးက “ဘယ်သူ သီချင်းဆိုပြ မလဲ” လို့ မေးရင်ကို တခါတရံမှာ သူ့ သဘောနဲ့သူကို ထထိုင်ပြီး ကိုနေ၀င်းရဲ့ အားလုံးကို ကျော်ဖြတ်ရမယ်ဆိုတဲ့ သီချင်းကို ဆိုလေ့ရှိပါတယ်။ အသတ်ခံရကာနီး ရက်ပိုင်းတွေမှာတော့ မင်းမင်းလတ်ရဲ့ “ယုဇနပင်နဲ့ ဖဲကြိုးဝါ” သီချင်းကို သီဆိုသဗျ။ ဒီအကျဉ်းကျနေတဲ့ ဘ၀နဲ့ ဒီသီချင်းဟာ ကိုထွန်းအောင်ကျော်မှာ ဖဲကြိုးဝါလေးတွေ သစ်ပင်မှာချည်ပြီး စောင့်နေမယ့်သူများ ရှိခဲ့လေသလားလို့ တွေးမိပေမယ့် မမေးသာလို့ မမေးဖြစ်ခဲ့ပါဘူး။

တကြိမ်မှာတော့ သူနဲ့ကျွန်တော် မိုးကာစတခုထဲမှာ ထမင်းပုံစားခွင့် ရခဲ့သဗျ။ သူက ပတ်ဝန်းကျင်ကို အသာလေး ခိုးကြည့်ပြီး “ကိုဘောကြီး ကျွန်တော်ကိုတော့ သူတို့ အရှင်ဆက်ထားမယ် မထင်ဘူး။ တကယ်လို့များ ခင်ဗျား ဆက်ပြီး အသက်ရှင်ခဲ့ရင်တော့ အဖြစ်မှန်ကို အခွင့်သာရင် ဖေါ်ထုတ်ပေးပါဗျာ။” လို့ တိုးတိုးလေး ကပ်မှာပါတယ်။ စကားပြောနေတာကို မြင်ပြီး ဆဲဆိုသံတွေနဲ့ ပစ်ပေါက်တာ ခံလိုက်ရတာမို့ “စိတ်ချပါလို့” ကမန်းကတန်း သူ့ကို အဖြေပေးပြီး နောက်မှာ စကားပြောခွင့် မသာတော့ပါဘူး။

ကိုထွန်းအောင်ကျော်ရဲ့ သီချင်းတွေအကြောင်းကို ဒီလောက် ဖွဲ့နွဲ့နေရတာက အကြောင်းရှိသဗျ။ သူဆိုတဲ့ ပုံက တကယ့် အဆိုတော်တယောက်လို ဆိုနိုင်သလို တလုံးတလေ ယိုင်သွားတာ တိမ်းသွားတာမျိုးကို မရှိပါဘူး။ ဂစ်တာနဲ့ ကီးဘုတ် (၂) မျိုးကို ကျွမ်းကျွမ်းကျင်ကျင် တီးနိုင်သလို အနောက်တိုင်း ဂီတသင်္ကေတကိုလည်း ကျွမ်းကျွမ်းကျင်ကျင် တတ်ကျွမ်းတယ်လို့ သိရပါတယ်။ သီချင်းတပုဒ်ကို ဖွင့်နားထောင်ပြီး သင်္ကေတကို ဒါရိုက် နောက်က လိုက်ရေးနိုင်သဗျ။ ဒါကြောင့်လည်း အေဘီတပ်ဖွဲ့က ရဲဘော်၊ ရဲမေတိုင်းက အကိုကြီးတယောက်လို ချစ်ကြတာပါ။

ကျွန်တော် အံ့သြတာကတော့ အင်မတန် စရိုက်ကြမ်းတဲ့ တာတီး ဆိုတဲ့ လုံခြုံရေး တာဝန်ကျတဲ့ လူက တခြားလူတွေ လစ်ရင် သူ့ဆီကို ဂစ်တာကို ၀ှက်ယူလာပြီး အကိုကြီး တပုဒ်လောက် တီးပြပါလို့ ယဉ်ယဉ်ကျေးကျေး တောင်းဆိုတာမျိုး တွေ့ဘူးလို့ပါ။ ကိုထွန်းအောင်ကျော် ဂစ်တာကို စိတ်ကြိုက် ကြိုးညှိပြီး တာတီး အတွက် စိုင်းထီးဆိုင်ရဲ့ နာမည်ကြီးသီချင်းတပုဒ်ဖြစ်တဲ့ “ပျောက်ဆုံးနေသောနိဗ္ဗာန်ဘုံ” သီချင်းကို တီးပြတဲ့ နေ့ကိုတော့ မေ့မရ နိုင်တော့ပါဘူး။ ကျွန်တော်တို့အပေါ် အဆဲအဆို အကန်အကြောက် နာမည်ကြီးတဲ့ တာတီး တယောက် စကားမပြောနိုင်ဘဲ ငြိမ်နေပြီး တော်တော်ကြာမှ “ကျေးဇူးပါပဲ အကိုကြီးရာ” လို့ ပြောသွားတာ ကြားရတော့ တကယ့်ကို အံ့သြမိပါတယ်။

နောက်ပိုင်း ကျွန်တော် အစိုးရရဲ့ အထူးဧည့်သည်အဖြစ် မန္တလေးထောင်မှာ စံမြန်းရင်း မန္တလေး နိုင်ငံရေး အသိုင်းအ၀ိုင်းနဲ့ နီးနီစပ်စပ် နေခွင့်ရတော့မှ သိလာရတာကတော့ ကိုထွန်းအောင်ကျော်တို့က မန္တလေးမှာ ရွှေမျိုးအသိုင်းအ၀ိုင်း တော်တော် တောင့်တင်းတယ်လို့ ဆိုတာပါပဲ။ အထူးသဖြင့် ဆရာမကြီး လူထုဒေါ်အမာတို့နဲ့ ဆွေရိပ်၊မျိုးရိပ် မကင်းဘူးဆိုတာ သိလာရသလို ကိုထွန်းအောင်ကျော်တို့ ညီအကိုတွေဟာ အိမ်မှာ အပျော်တမ်း တီးဝိုင်းတခု ထောင်ထားတဲ့အထိ ဂီတ၀ါသနာကြီးတယ်လို့ ဆိုပါတယ်။

ကိုထွန်းအောင်ကျော်ရဲ့ “ယုဇနပင်နဲ့ ဖဲကြိုးဝါ” သီချင်းကို ဂစ်တာနဲ့ တီးတာကို တကြိမ်မှာတော့ ကျွန်တော်တို့ နားထောင်ခွင့် ရခဲ့ဘူးပါတယ်။ အဲဒါ အသတ်မခံ ရမှီ ရက်ပိုင်း အလိုကပါ။ ဒီလို စပါယ်ရှယ်ဂစ်တာနဲ့ ဆိုပြတာကို နားထောင်ခွင့်ရတာက နားထောင်ချင်တယ်လို့ တောင်းဆိုတဲ့သူက ဥက္ကဋ္ဌ လုပ်တဲ့ ကိုအောင်နိုင်ဖြစ်လို့ပါ။ ကျွန်တော်တို့အားလုံး အကိုကြီးက တခုခုများ ပြန်ပြောလိုက်လေမလား နားကို အသားကုန် စွင့်ထားကြပါတယ်။ ခဏလေတော့ အကိုကြီး ဂစ်တာ လက်ခတ်သံ ညက်ညက်လေး ထွက်လာပါတယ် တိုးလျသော်လည်း ခွန်အားရှိတဲ့ သူ့အသံကို ဒီနေ့ထိ နားထဲက မတွက်ပါဘူး။

…….. “အိုး......ခေါင်းမှာစည်းတဲ့ ဖဲကြိုးဝါတွေ တပုံကြီး၊ အများကြီး အများကြီး တွေ့တယ်။” …………
ကိုထွန်းအောင်ကျော်လိုပဲ ဂီတမှာ ကျွမ်းကျင်သူကတော့ ကျွန်တော်တို့အခေါ် မငယ် (ခေါ်) နန်းအောင်ထွေးကြည်ပါ။ မငယ်က အေဘီတီးဝိုင်းမှာ သီချင်းဆိုရင် ဂစ်တာကို ကိုယ်တိုင် တီးဆိုတတ်သလို ကိုယ်တိုင်လည်း အေဘီတပ်ဖွဲ့အတွက် တော်လှန်ရေးသီချင်းတွေ ရေးခဲ့သူပါ။ မငယ်က ရန်ကုန်တက္ကသိုလ် က စိတ်ပညာအဓိက နောက်ဆုံးနှစ်မှာ တောခိုလာတာပါ။ မငယ်တယောက် NIP က လွတ်လိုက်တဲ့ အရာရှိပါလို့ ကိုယ့်ကိုကိုယ် ထွက်ချက်ပေးလာအောင် ဘယ်လို ညှင်းဆဲခံခဲ့ ရတယ်ဆိုတာ မဖေါ်ပြပါရစေနဲ့။ ကေအိုင်ကေ က ဗိုလ်ချုပ်ဇော်မိုင်တို့က ကယ်ထားလိုက်ပြီး နောက်ပိုင်း သြစတေးလျ နိုင်ငံ ဆစ်ဒနီမြို့မှာ ဘယ်မြန်မာ အသိုင်းဝိုင်းကိုမှ အဆက်အသွယ် မလုပ်ဘဲ နှစ်ပေါင်း (၂၀) နီးပါး ဇာတ်မြှုပ်နေတာ ခုထိပါပဲ။ မငယ်က သီချင်းဆိုခိုင်းပြီ ဆိုရင် မြန်မာပြည်သိန်းတန်ရဲ့ “တောင်ပြာတန်းက မောင့်အချစ်ကို” ဆိုတဲသီချင်း အမြဲဆိုလေ့ ရှိသဗျ။

မငယ်ရဲ့ ထူးခြားမှု နောက်တခုက သူ့ အလှပါ။ အေဘီ ရဲဘော်အသိုင်းအ၀ိုင်းတင်မက ကေအိုင်အေ မိသားစုတွေထဲထိ သူ့အလှက ကျော်ကြားပါတယ်။ သူ့ရဲ့ ထူးခြားတဲ့ အလှကြောင့်ပဲ ဒုက္ခတွေ့တာတော့ ပြောပါရစေ။ ထုံးစံအတိုင်း အဲဒီညက ခေါင်းဆောင်တွေ တော်တော် မူးလာကြသဗျ။ သူတို့ ရှေ့က ပုလင်းတွေထဲက အရက်တွေ တဖြည်းဖြည်း ကုန်လာတာနဲ့အမျှ သူတို့ခန္ဓာကိုယ်တွေထဲက တော်လှန်ရေးစိတ်ဓါတ်တွေဟာလည်း တရိပ်ရိပ် တက်လာကြပုံရပါတယ်။ နောက်ဆုံးမှာတော့ ကျွန်တော်တို့ဆီရောက်လာပြီး လူကက်ဆက် တွေထ လုပ်တာပေါ့ဗျာ။ အဲဒီမှာ မငယ်က သီချင်းဆိုရသဗျ။ မငယ်က သီချင်းဆိုကောင်းသလို ရုပ်ရည်ကလည်း ချောတော့ တက်လာတဲ့ ခေါင်းဆောင်ကြီးများလည်း တော်တော်လေး မျောသွားပုံရသဗျ။ အဲဒီမှာတင် သူတို့ထဲက တပ်ရင်းမှုး ဦးအောင်သန်းဆိုတဲ့ ပုဂ္ဂိုလ်က အလယ်မှာ ဖိုထားတဲ့ မီးပုံကြီးထဲက ထင်းစကြီး တခုကို ကောက်ယူပြီး သီချင်းဆိုနေတဲ့ မငယ်ရဲ့ မျက်နှာကို ထိုးထည့်ပါရောဗျာ။ ပြီးတော့လည်း အယုတ္တ၊ အနတ္တ တွေပေါ့ဗျာ။ ကျွန်တော်ထင်ပါတယ် ထောက်လှမ်းရေးမ ဆိုပြီး ထပ်ထပ်ခေါ်နေတာက ဆဲဆို ကန်ကြောက်နေတာထက် ပိုနာမယ် ထင်ပါတယ်။ မျက်နှာပြင်မှာ သေရာပါ မီးလောင်ရာကြီး ပါပါရောလားဗျာ။

ဒီနေရာမှာ ဖြတ်ပြီး ပြောလိုတာက လူကက်ဆက် အပိုင်းတစ်ကို ဖတ်ပြီး ပြည်တွင်းမှာရှိတဲ့ လူကက်ဆက် ဟောင်းတွေဆီက ကွန်ပလိန်း တက်လာတာလေး ပြောချင်သဗျ။ အကိုရေးတဲ့ ဆောင်းပါးမှာ ကက်ဆက် ဖန်ရှင်တွေ ကျန်ခဲ့တယ်တဲ့ဗျ။ ဒါကြောင့် ဖန်ရှင်တွေအကြောင်း နည်းနည်းဖြည့်ပါရစေလား။ ဒီလိုဗျ သူတို့က ကက်ဆက် အဖွင့်နဲ့ အပိတ် ဘယ်လိုလုပ်တယ်ဆိုတာ ရေးပြထားပေမယ့် အသံ အတိုးအကျယ် စနစ်ကို ဘယ်လိုလုပ်တယ်ဆိုတာ ကျန်နေလို့ပါ။ အဲဒါကတော့ သူတို့ နားသယ်မွှေးကို စုပြီး ဆွဲလှည့်ပြီး အတိုးအကျယ် သူတို့လိုတဲ့အတိုင်း လိုက်သီဆို ရပါသဗျ။ နားသယ်မွှေးတိတဲ့ လူကျတော့ နားရွက်ပေါ့ဗျာ။

မန်းလေးက အေဘီယူဂျီ တာဝန်ခံ ကိုချိုကြီးက မန်းသားပီပီ “ပန်းပုသူဇာ” သီချင်းကို ဆိုပါသဗျ။ လူပုံက အရပ်ရှည်ရှည် အသံက ခပ်သြသြဗျ။ ကျွန်တော် အဖမ်းမခံရသေးခင် တရက်မှာ ကိုချိုကြီးကို ကားစင် တင်ထားတဲ့အကြောင်း သတင်းပြန်ကြားဌာနမှာ အတူလုပ်နေတဲ့ ဖိုးဆန်း (ကသာ) က မျက်စိပျက် မျက်နှာပျက်လာပြောလို့ တဲအပြင်ထွက်ပြီး စစ်ရုံးနောက်က တောင်ကုန်းပေါ် ကြည့်လိုက်တော့ လက်ဝါးကပ်တိုင်မှာ လက်ဝါးနှစ်ဖက်ကို သံရိုက်ဖေါက်ပြီး ကားရားကြီး ဖြစ်နေတာ မျက်စိနဲ့ တွေ့ခဲ့ရဘူးပါတယ်။ နောက်ပိုင်းမှာတော့ အကျဉ်းကျခံရင်း သူခေါင်းဖြတ် အသတ်မခံရခင်အထိ အတူနေခဲ့ရပါတယ်။

မန္တလေးမှာ နေစဉ်က ကိုချိုကြီးက ကိုယ်ခံပညာထဲက (ကရာတေးထင်ပါတယ်) သင်တန်း ဖွင့်ခဲ့ဖူးတာကြောင့် သူ့ကို ပြင်းပြင်းထန်ထန် နှိပ်စက်တာကို ခံခဲ့ရသဗျ။ နောက်ဆုံးတော့ ကိုချိုကြီး လက်ကို ခုတ်ဖြတ်ခဲ့တာပါပဲ။ လက်ပြတ်သွားပြီးတဲ့ နောက်မှာတော့ ကိုချိုကြီးရဲ့ သွင်ပြင်ကို ကြည့်ရတာ သူ့ကိုယ်သူ သေလူလို့ စိတ်ဒုန်းဒုန်း ချလိုက်ဟန်တူပါတယ်။ ပိုပြီး တည်ငြိမ်လာတာ တွေရပါတယ်။ နောက်ဆုံး သူတို့ကို ကွက်မျက်ခဲ့ပုံကို မြင်တွေ့ဘူးတဲ့ သူတွေ အပြောအရလည်း တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေး သေခြင်းတရားကို ရင်ဆိုင်သွားတယ်လို့ ဆိုပါတယ်။

သူ့ကိုယ်သူ သေလူလို့ သတ်မှတ်လိုက်ပြီး နောက်ပိုင်းကာလတွေမှာ ကိုချိုကြီးဟာ ဒဏ်ရာတွေ ကိုက်ခဲတဲ့ ညတွေကလွဲရင် ညဘက် လူကက်ဆက် ဘ၀မှာ စန္ဒရားလှထွဋ်ရဲ့ “ငှက်တေလေ” သီချင်းကိုပဲ ဆိုပါတော့တယ်။ ကျွန်တော့် အနေနဲ့ ဒီသီချင်းကို မင်းသားကြီးဝင်းဦး သီဆိုတာကို မကြာခဏ ကြားဖူးပေမယ့် တကယ့်သီချင်းရဲ့ ကဗျာဆန်မှုကိုတော့ ကိုချိုကြီး အဆိုကြောင့်သာ နက်နက်နဲနဲ ခံစားသိရှိခွင့် ရခဲ့ပါတယ်။ ဘယ်အချိန်ပဲဖြစ်ဖြစ် ဒီသီချင်းကို ကြားရင် ကိုချိုကြီးကို သတိရပြီး ကျေးဇူးတင်မိရပါတယ်။

အထူးသဖြင့် ……. “လေကိုဆန်ကာ၊ ပြေးလေသလားငှက်ငယ် မြေကိုလှန်ကာ ပြေးလေသလား ငှက်ငယ်၊” ဆိုတဲနေရာနဲ့ “ညဥ့်လွှာရုံ၊ မဲမဲထဲဝယ်၊ ကဗျာတေးများလည်း မဖွေရှာစမ်း ချင်ပါနဲ့ကွယ်၊ အခက်ပွေသေးတယ်၊ ငှက်တေလေကလေးရယ်၊” …… ဆိုတဲ့ နေရာ ရောက်ရင် ဘ၀အဓိပ္ပါယ်ပြည့်ဝတဲ့ သီချင်းတပုဒ်ကို မိတ်ဆက်ပေးခဲ့ပြီး လောကထဲကနေ လေကိုဆန်ကာ ပြေးထွက်သွားခဲ့တဲ့ ကိုချိုကြီးကို အမြဲ အမှတ်ရနေမိပါတယ်။

ကိုထွန်းအောင်ကျော်တို့အရင် အသတ်ခံရသူ ကိုကျော်ဝေက ကိုနေ၀င်းရဲ့ “မောင့်လပြည့်ဝန်း” သီချင်းတပုဒ်ထဲကိုပဲ အမြဲဆိုတတ်တာမို့ မောင့်လပြည့်ဝန်း ကျော်ဝေ လို့တွင်တဲ့ထိပါ။ တကယ်က ကိုကျော်ဝေက မန္တလေး ဘွဲ့ရ ကျောင်းသားများ ဒီမိုကရက်တစ်ပါတီကလို့သိရပါတယ်။ ကိုကျော်ဝေ နဲ့ကျွန်တ်ာတို့ အားလုံးကြား ကွဲပြားမှုတခုကတော့ သူ့လည်ပင်းမှာ ကြိုးနဲ့ဖေါက်ထားတဲ့ သူ့ရဲ့ ခြေသန်းပြတ်လေးကို အမြဲဆွဲထားရပါတယ်။ အဲဒီခြေသန်း ပျောက်သွားရင် သတ်မယ်လို့ ကြိမ်းထားတာမို့ သူမသေခင်ထိ လည်ပင်းမှာ ဆွဲထားရတဲ့ ဒီခြေသန်းကို မြင်ရတိုင်း ကျွန်တ်ာတို့မှာ ဘယ်လို နာကျင်ရမှန်းမသိအောင် နာကျင်ခဲ့ရပါတယ်။ ကိုကျော်ဝေဟာ ညှင်းဆဲမှုတွေကြောင့် သူ့ကိုယ်သူ ထောက်လှမ်းရေးပါလို့ ၀န်ခံထွက်ဆိုခဲ့ရပေမယ့် နောက်ဆုံး သတ်ကာနီးမှာတော့

… “ကျော်ဝေဟာ တော်လှန်ရေးသမား စစ်စစ်ကွ၊ ကျောင်းသား စစ်စစ်ကွ” …
လို့ ကြွေးကြော်ပြီးမှ အသတ်ခံသွားခဲ့တယ်လို့ ဆိုပါတယ်။

ခုဖေ့ဘွတ် စာမျက်နှာတွေပေါ်မှာ ရေးကြတဲ့ မြောက်ပိုင်းကိစ္စတွေမှာ ကိုထွန်းအောင်ကျော်နဲ့ တနေ့တည်း ကွက်မျက်ခံခဲ့ရတဲ့ မခင်ချိုဦး အကြောင်းကို ဖတ်ရသူတိုင်း အလန့်တကြား ဖြစ်ကြရတာမို့ ကျွန်တော်ထပ် မရေးပြချင်တော့ပါဘူး။ မချိုဟာ အသက်အရွယ်နဲ့ မမျှတဲ့ လောကဒဏ်ကို ရင်ဆိုင် သွားခဲ့ရသဗျ။ ကျွန်တော်တို့ထဲမှ မိန်းကလေး အကျဉ်းသားတွေက အကျဉ်းသား အားလုံး အတွက် ထမင်းချက်ကျွေး ရပါတယ်။ ထမင်းချိန်မှာ ကျွန်တ်ာတို့က သတ်မှတ်ထားတဲ့ နေရာမှာ ခေါင်းငုံ့ ထိုင်နေချိန်မှာ မချို၊ မငယ်၊ နန်းစောတို့က တပေပတ်လည်လောက်ရှိတဲ့ မိုးကာစ ထမင်းတွေထည့်ပြီး လိုက်ချပေးရသဗျ။ ဟင်း လား ဆားပေါ့ဗျာ။ မချိုတို့က ထမင်းအိုးမှာ ကပ်နေတဲ့ ချိုးလေးတွေကို ခွါပြီး ကျွန်တ်ာတို့ကို ထမင်းနဲ့တို့စားရအောင် မျှဝေပေးတတ်ပါတယ်။ မချိုကို ကြည့်ရတာ သီချင်းတွေဘာတွေဆိုတာ ၀ါသနာရှိပုံမရသလို ဆိုလည်း ဆိုဘူးပုံမရပါဘူး။ ဘယ်လိုပဲ ၀ါသနာမပါပေမဲ့ လူကက်ဆက်အဖြစ် ရွှေနားတော်သွင်းဘို့ ၀ဋ်ကြွေးတခုအရ အလှည့်ကျလာတဲ့အခါ မချိုမှာ ဆိုပြရရှာပါတယ်။ သူအမြဲ ဆိုပြတတ်တဲ့ သီချင်းကတော့ ဆရာမြို့မငြိမ်းရဲ့ “မပြီးသေးသောပန်းချီကား” သီချင်းပါ။

နန်းစောက ဗန်းမော်မြို့ကဗျ။ ၁၆ နှစ်တောင် မပြည့်သေးပဲ တောခိုလာသတဲ့။ ၉ တန်း ကျောင်းသူဘ၀ပဲ ရှိသေးသတဲ့။ ငယ်ပေမယ့် တောထဲမှာ သေနတ်ပစ်ပြိုင်ပွဲမှာ ချန်ပီယံဆု ရဘူးတယ်ဆိုပြီး ခုထိ ဂွင်ကြုံရင် ကြုံသလို ကြွားတတ်ပါတယ်။ အဲဒါဟုတ်၊ မဟုတ် မသိပေမယ့် ကျွန်တော်တို့နဲ့ ထွက်ပြေးလာပြီး နောက်ပိုင်းမှာ ရန်ကုန်မှာ ဘွဲ့ရတဲ့ထိ ပညာကြိုးစားသင်ခဲ့တာတာ့ အသိအမှတ်ပြုရပါတယ်။

၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးမှာတော့ ကျောင်းသားခေါင်းဆောင် ကျော်ကိုကိုရဲ့ နောက်ကွယ်ကနေ ပံ့ပိုးမှူတွေ လုပ်ခဲ့တဲ့အတွက် ကိုရွှေထောက်လှမ်းရေးများ လိုက်လို့ ပြေးရ၊ ပုန်းရပါတယ်။ နောက်ဆုံးတော့ နန်းစောကို မတွေ့တဲ့ အဆုံး သူတည်းနေတဲ့ အိမ်က ဘိုဘို့ အမေ ဒေါ်မြင့်မြင့်ကြည်ကို ဖမ်းပြီး နန်းစောဘယ်မှာ လည်းမေးကာ ရိုက်တဲ့သတင်း မီဒီယာမှာ ပါလာတဲ့ထိပါ။ လူကက်ဆက်လုပ်တိုင်း သူဆိုတဲ့ သီချင်းက ကိုရဲလွင်ရေးပြီး ကိုခင်ဝမ်းဆိုခဲ့တဲ့ “ပန်းခရမ်းပြာ” သီချင်းပါ။ သိကြတဲ့အတိုင်း အင်းလျားကန်ဘေးက ခရမ်းပြာဆောင်လေးမှာ နေခဲ့တဲ့ ကိုရဲတို့ ဘ၀ကို ဖွဲ့ထားတဲ့ ဒီသီချင်းနဲ့ ၉ တန်းနဲ့ တောခိုလာတဲ့ ဗန်းမော်သူ ဘယ်လို ဆက်စပ်ပြီး ရွေးဆိုတယ်ဆိုတာကို ဒီနေ့ထိ စဉ်းစားမရခဲ့ပါဘူး။ ဖြစ်နိုင်တာကတော့ သူ့ခမျှာလည်း ဒီသီချင်းတပုဒ်ပဲ အစအဆုံး ရပုံပေါက်ပါတယ်။

မျိုးချစ်လူငယ်များ အစည်းအရုံးမှာ ဒု-ဥက္ကဋ္ဌ လုပ်ခဲ့ဘူးတဲ့ ကိုရဲလင်းက “သက်ဆိုင်သူသို့” သီချင်း ဆိုပါတယ်။ အေဘီ ဗဟိုကော်မတီဝင် အဖြစ်ကနေ ထောက်လှမ်းရေးဆိုပြီး ၀န်ခံခဲ့ ရသဗျ။ တညမှ သီချင်းဆိုနေရင် တပ်ရင်းမှူး အောင်သန်းရဲ့ တုတ်ချက် တော်တော်ပြင်းပြင်း ထိသွားပြီး လုံးဝ သတိလစ်သွားပါတယ်။ ကျွန်တော်တို့ကတော့ ကိုရဲကို သေပြီလို့ ထားရာက (၂) ရက်လောက်မှာ သတိလည်လာပါတယ်။ နောက်တာ့ (၂) ပတ်လောက် ဘာမှ မေးလို့ မရဘဲ အူကြောင်ကြောင် ဖြစ်နေပါသေးတယ်။ ကံကောင်းလို့ မသေမပျောက်ပဲ မြေပေါ် ပြန်ရောက်လာတော့မှ သိရတာက သူ့မှာ ချစ်သူ ကျောင်းဆရာမလေး တယောက်က သူ့ကို စောင့်နေတာပါ။ ဆရာမလေးနဲ့ ပြန်ဆုံခွင့် ရလို့မှ မကြာခင် ၁၉၉၈ မှာ ကျွန်တော်တို့နဲ့ ထောင်ကျပြန်တော့ ထောင်တွင်းမှာ ဆက်ပြီး “သက်ဆိုင်သူသို့ ပို့မေတ္တာ တေးမဏ္ဏာချွေ” ရပြန်ပါတယ်။ သူ့ မေတ္တာကြောင့် သစ္စာစူးတာကတော့ ကျောင်းဆရာမလေးဟာ (၇) နှစ်တိတိ သူပြန်လာတာကို သစ္စာရှိရှိ စောင့်နေတာပါပဲ။

ထူးထူးခြားခြား ခင်မောင်တိုးရဲ့ “လောကတလင်းပြင်” ကိုပဲ သီဆိုသူက ၀ဏ္ဏဇော်ပါဗျ။ ဒီမောင်က တချိန်က နာမည်ကြီး မင်းသားကြီး ဇော်ခင်ရဲ့ သားတော်မောင်ပါ။ အရပ်မောင်းက ကောင်းကောင်း ပြည်ငြိမ်း တို့လို ဆိုက်ဂိုက် မျိုးမို့ ဓါတ်ရှင်မင်းသား ဘ၀နဲ့ ကျော်ကြားနိုင်ပါရက်နဲ့ တောထဲမှာလာပြီး NIP ကပါလို့ ထွက်ဆိုရပါတယ်။ သူပြန်ပြောပြတာကတော့ သူ့ကို နှိပ်စက်မှု တလျောက်လုံးမှာ အမှန်အတိုင်းပဲ ထွက်ဆိုခဲ့ရင်းကနေ မီးဖုတ်ထားတဲ့ ဓါးမြောင်နဲ့ သူ့ခြေသလုံးကို ကပ်တဲ့နောက်မှာတော့ ထောက်လှမ်းရေးက လွတ်လိုက်တဲ့ တပ်သားတယောက်ပါလို့ လိမ်ညာ ထွက်ဆိုခဲ့တယ်ဆိုပါတယ်။ ကျွန်တော် ရန်ကုန်ကိုပြန်ရောက် ပန်းချီဆရာတဦးအဖြစ် ကျင်လည်ရင်း တရက်မှာတော့ အရက်ဆိုင်မှာ မင်းသားကြီး ဦးဇော်ခင်နဲ့ ဆုံပါတယ်။ ကျွန်တော်လည်း ကိုယ့်ကိုကိုယ် မိတ်ဆက်ပြီး ၀ဏ္ဏ သူငယ်ချင်းပါ။ တောထဲမှာ ဆုံဘူးတတယ်လို့ ပြောတော့ မင်းသားကြီးက တအံ့တသြ မျက်လုံးပြူးကြည့်ပါတယ်။ ပြီးတော့ ခေါင်းကို သွက်သွက်ခါရင်း “ဆိုးပါတယ်ဗျာ။ ဆိုးလွန်းပါတယ်ဗျာ။” ဆိုတာကိုပဲ ခဏခဏ ပြောပြီး ခေါင်းပဲ ခါနေတာ မှတ်မိနေသဗျ။

ခု မြောက်ပိုင်းကိစ္စတွေကို အင်္ဂလိပ်ဘာသာနဲ့ ၀တ္ထုအသွင်ရေးခဲ့တဲ့ ဆမား ညီညီ (ခေါ်) ကိုညီညီက လည်း မကြာခဏ အဖွင့်ခံရတဲ့ လူကက်ဆက်ပဲ ခင်ဗျ။ အေဘီ အတွက် မြေအောက်လုပ်ငန်းတွေကို မန်းလေးမှာ နေပြီး လုပ်ပေးရင်းက ဗဟိုကို ခဏတက်လာရင်း ငှက်သင့်တဲ့ ပုဂ္ဂိုလ်ပေါ့ဗျာ။ မန်းလေးမှာ ကိုယ်ပိုင် အင်္ဂလိပ်စာ သင်တန်းကျောင်းလေးဖွင့် အသက်မွေးတယ် ဆိုသဗျ။ ဒါကြောင့် အီးလဲလ်ရဲ့ “ဟော်တယ်ကယ်လီဖိုးနီးယား” သီချင်းနဲ့ “By the rivers of Babylon” “Country Road” စတဲ့ အင်္ဂလိပ် သီချင်းတွေကို ဆိုတတ်တာမို့ အထူးသဖြင့် ဘို သီချင်းတွေ နားထောင်ချင်တဲ့ ဥက္ကဋ္ဌလေးနဲ့အဖွဲ့ တက်လာပြီဆိုရင်တော့ ထောင်မှုးလက်ဝါးက ကိုညီညီ ဆိုတဲ့ ကုလားရဲ့ ပါးပေါ် (ကိုညီက ဘာသာရေးကိုင်းရှိုင်းသူ အစ္စလမ်ဘာသာဝင် တဦးပါ) ကျရောက်ပါတော့တယ်။ ကိုညီညီဟာလည်း ပြင်းထန်တဲ့ စစ်ကြောရေးဒဏ် ခံခဲ့ရသဗျ။ သူနဲ့ နောက်ပိုင်း စကားပြောခွင့်ရတော့ သူဟာ မော်ဒန်အနုပညာကို ထဲထဲဝင် နားလည်တဲ့သူဖြစ်သလို မန္တလေးမှာ ပန်းချီချမ်းအေး၊ ကဗျာဆရာမ ဖြူမွန်တို့ ဇနီးမောင်နှံရဲ့ မိတ်ဆွေ တယောက်ဆိုတာလည်း သိရသဗျ။ ခေတ်သစ် ပန်းချီကျော် ခင်ဝမ်းက သူ့ ဖေးဖရိတ်တဲ့ဗျ။ ဒါကြောင့် မြန်မာသီချင်းဆို ခိုင်းပြီဆိုရင်တော့ ခင်ဝမ်းရဲ့ မြှားဘုရင် သီချင်း တပုဒ်ကိုပဲ ရွေးဆိုလေ့ရှိပါတယ်။

သေရေးရှင်ရေး ဖြစ်လာတော့ လူတကိုယ် သီချင်းတပုဒ်တော့ရဘို့ ဖြစ်လာတဲ့ ခေတ်ကြီးမှာ ဘ၀မှာ သီချင်းတခါမှ မညဉ်းဘူးတဲ့ ကိုကြောင် (ခ) ကျော်နိုင်ဦး လို လူမျိုးလည်း ကြုံခဲ့ရဘူးပါတယ်။ သာယာဝတီ အကျဉ်းထောင်ကို ဖြတ်သန်းဘူးတဲ့ အကျဉ်းသားမှန်ရင် သာယာဝတီဈေးထဲ ဦးကျားကြီးဆေးဆိုင်ကို မသိတဲ့ လူ ရှိကို မရှိဘူးလို့ ပြောချင်သဗျ။ နိုင်ငံရေး အကျဉ်းသားတွေကို ကူညီတဲ့ အလုပ်ကို ကိုယ့် အသိစိတ်နဲ့ကိုယ် သတ္တိရှိရှိ လုပ်ခဲ့တဲ့ သာယာဝတီ အယ်နယ်ဒီပါတီဝင် ဦးကျားကြီးလို လူမျိုးမြန်မာပြည်မှာ တော်တော်ရှားပါတယ်။ မန်းလေးထောင်လောကမှာ ဒေါ်ဝင်းမြမြတို့ကို မသိဘူးဆိုရင် မန်းထောင်နေခဲ့သူလို့ ပြောမရသလိုမျိုးပါပဲ။ အဲဒီလို ထင်ရှားတဲ့ ဦးကျားကြီးသား ကိုကျော်နိုင်ဦးကို NIPဗိုလ်ဆိုပြီး စွဲချက်တင် စစ်ပါတယ်။ ကိုကြောင် (ခ) ကိုကျော်နိုင်ဦး (ဓါတ်ပုံထဲ အစွန်လူ) ခမျာ လူကက်ဆက်ဘ၀မှာ နောက်ဆုံး တော်တော် အကြပ်ရိုက်ရှာပါတယ်။ နောက်ဆုံး နားဆူချင် ဆူစေတော့ ပါးပူတော့ မခံတော့ဘူးလို့ ဆုံးဖြတ်ပြီး ကိုကြောင်တယောက် သူ အစအဆုံး ကောင်းကောင်းရတဲ့ သီချင်းတပုဒ်ကို ဟဲ ချလိုက်ပါတယ်။

“ရောင်စုံ ဘောလုံး ရောင်စုံ ဘောလုံး တလုံးငါးပြား” ...ပါ။

ကျွန်တော်တို့ကို ၁၉၉၈ ခုမှာဖမ်းတော့ ကိုကြောင်ကို ထောက်လှန်းရေးက လိုက်ပါတယ်။ ခုတော့ သူ့ကို လိုက်ခဲ့တုန်းက ထောက်လှမ်းရေးတွေလည်း ၂၀၀၄ မှာ ထောင်ထဲ ရောက်ကုန်ပါတယ်။ ၂၀၀၅ မှာတော့ အေဘီက ကိုသံချောင်းကို အစိုးရ ဖမ်းမိပြီး သေဒဏ်ချလိုက်ပြီး ကိုသံချောင်း တယောက် သာယာဝတီထောင် ရောက်လာတယ် ဆိုတာ ကိုကြောင်က ပြောပါတယ်။ ပြီးတော့ ကိုသံချောင်းကို အပြင်ကနေ တတ်သလောက် ကူညီပေးသင့်တယ် လို့ ပြောတဲ့အခါ ကျွန်တော်တို့ ထဲမှာ ပစ်ထားလိုက်လို့ တယောက်မှ သဘောထား ပေးမလာတဲ့ အတွက်တော့ ဒီနေ့ထိ ကျေနပ်မိပါတယ်။ ကျွန်တော်တို့ သဘောကတော့ ကိုသံချောင်းပြုခဲ့တဲ့ ကံက သူ့အကျိုး သူပေးပါလိမ့်မယ်။ ကျွန်တော်တို့ ကြုံခဲ့ရဘူတဲ့ ငရဲမျိုးက သဘောထားမျိုးကိုတော့ ကျွန်တော်တို့နဲ့ ဆက်စပ်လာမယ့် အနာဂတ်မှာ သမိုင်းဘီး နောက်တပါတ် ထပ်မလည်ကြဘို့က အရေးကြီးဆုံး ဖြစ်ပါတယ်။ ကျွန်တော်တို့က ဦးကျားကြီးသား ကိုကြောင်ကို “ကျားဆရာ၊ ကြောင်” လို့ နောက်လေ့ရှိပါတယ်။ ငါ့သားကို တောထဲမှာ ရက်ရက်စက်စက် လုပ်ခဲ့တဲ့ကောင်တွေပဲ “ထောင်ထဲမှာ အခု ခံစမ်း” လို့ ပစ်မထားတဲ့ ဦးကျာကြီးရဲ့ စိတ်ဓါတ်ကို ပိုလို့လေးစားမိပါတယ်။

ပြောတော့ ရန်ကုန်သား၊ ဆိုတော့ “အမေနဲ့ရွာကိုလွမ်းတယ်” လို့ မကြာခဏ ပြောတာခံရသူက စမ်းချောင်း အ၊ထ၊က ကျောင်းသားများသမဂ္ဂ ခေါင်းဆောင်လုပ်ခဲ့တယ်ဆိုတဲ့ ဖိုးကျော် (ခ) ကျော်ဝင်းဆွေပါ။ တွံတေးသိန်းတန်ရဲ့ သီချင်းတွေကို တွံ့တေးသိန်းတန် လေသံအတိုင်း ဆိုတတ်ပါသဗျ။ တညမှာတော့ တွံတေးရဲ့ “အသီးတရာ၊ အညှာတခု” ကို ပိုင်ပိုင်နိုင်နိုင် ချွဲချွဲနွဲ့နွဲ့ ဆိုတာမို့ ကျွန်တော်တို့အားလုံး စာသား အတိုင်း စီးမျောနေကြပါတယ်။ မကြာပါဘူး ဖိုးကျော်ဟာ ချွဲချွဲနွဲနွဲ့ ဆိုနေရာကနေ ရုတ်တရက်ကြီး အလန့်တကြား ထိုးရပ်လိုက်သလို ကျွန်တော်တို့လည်း သူနဲ့အတူ လိုက်ပါနေရာက ရယ်ရမလို ငိုရမလို စိတ်မောလိုက်ရသဗျ။ တခြားနေရာ ဟုတ်ပါရိုးလား။ ကြည်းရေလေ တပ်မတော်တွင်းက သူငယ်ချင်းတွေ ဆိုတဲ့နေရာပေါ့ဗျာ။ ကံကောင်းလို့ အဲဒီညက တုတ်စာ မဖြစ်တာ။

တညမှာတော့ ထောင်မှုးတာဝန်ကျတဲ့ ကိုလမျိုးနောင်ဆိုတဲ့ ပုဂ္ဂိုလ်က တော်တော့်ကို မူးနေသဗျ။ ထုံးစံအတိုင်း ကျွန်တော်တို့ကို တယောက်ပြီးတယောက် ထခိုင်းပြီး စည်းစိမ် ယူနေရာ မန္တလေး တက္ကသိုလ်က မြန်မာစာတတိယနှစ် ကျောင်းသား ကိုအောင်မင်း (ခ) ထိန်လင်း အလှည့် ရောက်လာပါသဗျ။ ကိုအောင်မင်း က တခါမှ သီချင်းဆိုဘို့ ခိုင်းတာ မခံဘူးရလေတော့ ကျွန်တော်တို့တွေလည်း လှဲနေရာနေ ကိုအောင်မင်း ဘာများဆိုမလဲ နားစွင့်နေကြသဗျ။ “ကိုယ် အတန်တန်တားရက်နဲ့ သွားတော့ မှာလား။ အို တခါတရံအမှား အတွက်နဲ့၊ အပြစ်ပုံပြီလား” ဆိုတဲ့ ကိုနေ၀င်းရဲ့ သီချင်းစာသားတွေ ကိုအောင်မင်းဆီက ထွက်လာပါတယ်။ ကျွန်တော်တို့အားလုံး ကိုနေ၀င်းရဲ့ သီချင်းစာသားတွေ အတိုင်းစီးမျော ပါသွားပါတယ်။ ကိုအောင်မင်းက ကိုနေ၀င်း ခရေဇီကိုး။

…… “ကာယကံရှင်လူကိုယ်တိုင်၊ အသိထက် ဘယ်ပိုနိုင်မှာတုန်း၊ အများနဲ့ ယောက်တုဖက်ပြောရင်၊ အားနည်းတဲ့ တယောက်က အရှုံးပေါ့၊ မသွားလည်းပဲ ရောက်ခဲ့မိပြီကိုး” …………..

သီချင်းရဲ့ စာသား ရောသံစဉ်ပါ အားအကောင်းဆုံး အလှဆုံးနေရာ အရောက်မှာ “ဖုန်း” “ဖုန်း” ဆိုတဲ့ အသံနဲ့ အတူ ကိုအောင်မင်း သီချင်းဆိုသံ ထိုးရပ်သွားပြီး ထပ်ကာထပ်ကာ ဆဲသံနဲ့ ရိုက်သံတွေပဲ ထွက်လာပါတယ်။

“မင်းက အများနဲ့ တယောက်မို့ ခံရသလေး ဘာလေးနဲ့ မင်းတို့ကို ငါတို့က မတရားစွပ်စွဲ ဖမ်းထားတယ်လို့ ဆိုလိုတာပေါ့။ အေး ငါ့ နံချပ်ကူ အစွမ်းပြရသေးတာ ပေါ့ကွာ။ မင်းတို့ ကိုစစ်နေတဲ့ ထောက်လှမ်းရေး လောက်တော့ ငါလဲ ရိုက်တတ်ပါတယ်ကွ” ဆိုတဲ့ စကားနောက်မှာ တဖုန်းဖုန်း ရိုက်သံ ညဉ်းညူသံ ဆဲဆိုသံတွေဟာ ဆက်တိုက် စိတ်မချမ်းသာစရာ ထွက်ပေါ် လာပါတော့တယ်။

ဒီနောက်ပိုင်းမှာတော့ ရိုက်လိုက်၊ မောရင် ရိုက်တာရပ်ပြီး ဆဲဆိုနေလိုက်။ ခဏနေတော့ ရိုက်လိုက်နဲ့ စိတ်ရှိသလို ထင်တိုင်းကြဲနေတာကို ဘယ်သူ တဦးတယောက်ကမှလည်း လာ မတားကြပါဘူး။ ကျွန်တော်တို့ လှဲအိပ်နေတဲ့ လူတွေကလည်း တကယ်ကျတော့ အမှန်တရားအတွက် တိုက်ပွဲဝင်မယ်လို့ ကြွေးကြော်ချက်တွေနဲ့ တောထဲထွက်ခဲ့ ကြသူတွေပါ။ တကယ်လက်တွေ့မှာတော့ ဒီလူတယောက် မတားသဖြင့် ခံနေရတာကြီးကို ကြားနေပါလျက်နဲ့ ကျွန်တော်တို့ လူ၈၀ လောက်ထဲမှာ “ဟေ့လူ ဒီလူမတရားသဖြင့်တော့ မလုပ်ပါနဲ့” လို့ တယောက်မှ မပြောနိုင်ခဲ့တာ ခုထိ ရှက်လို့ မဆုံးပါဘူး။ ကိုအောင်မင်းကို လှိမ့်ရိုက်နေတဲ့ ထောင်မှုးက သူဟာ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင်နေတဲ့ လူလို့ မူးမူးနဲ့ ကြွေးကြော်ရင်း ရိုက်နေခဲ့တာကို ကြားနေရတဲ့ ဘ၀ဟာ ကိုအောင်မင်း အတွက်သာမက ကျွန်တော်တို့ အတွက်လည်း ငရဲညပါပဲ။

တိုတိုပြောရရင် နောက်တနေ့ မနက်လင်းတော့ ကိုအောင်မင်း ထောင် အပြင်ကိုထွက် တန်းမစီ နိုင်တော့ ပါဘူး။ ကျွန်တော်တို့တွေကတော့ ထုံးစံအတိုင်း ကျောက်ထု၊ လမ်းခင်း၊ ထင်းသယ် စတဲ့ အလုပ်ကြမ်းခွင်တွေဆီ ထွက်လုပ်ရတာမို့ ကိုအောင်မင်းကို ထားခဲ့ရပါတယ်။ ညနေအလုပ်တွေ သိမ်းလို့ ထောင်ပြန်ရောက်တော့ ကိုအောင်မင်း အသက်ငင်နေပါပြီ။ နောက်ပိုင်း ထမင်းချက် တာဝန်နဲ့ ကျန်ခဲ့တဲ့ နန်းစောတို့ ပြောပြလို့ သိရတာက ထောင်မှူးက ညကသူရိုက်ထားလို့ မထနိုင်တဲ့ ကိုအောင်မင်းကို ဘဲများပြီး (ထောင်စကား အလုပ်မလုပ်ချင်လို့ အချောင်ခိုသည့် အဓိပ္ပါယ်) နေခဲ့တာမို့ နံချပ်ကူ အသစ်ကို လမိုင်းတင်ရမယ်လို့ ပြောပြီး တနေ့ခင်းလုံး ဆက်ရိုက်နေတယ်လို့ သိရပါတယ်။ ကိုအောင်မင်း အနားကို ခွင့်တောင်းပြီး ကိုညီညီနဲ့ ဘိုဘိုတို့က မှာစရာရှိတာမှာဘို့ မေးတော့ သွေးတွေပဲ ပါးစပ်က ဆက်ထွက်လာပြီး စကားတလုံးမှ ဆက်မထွက်လာပဲ ကိုအောင်မင်း ကွယ်လွန်ခဲ့ပါတယ်။

၂၀၀၅ ခုထောင်က လွတ်လာပြီးနောက်ပိုင်းမှာ မကြခဏ ၀ိုင်အမ်စီအေက ကိုရဲ (ကိုရဲလွင်)ဆီ မကြာခဏ ရောက်ဖြစ်သလို ကိုနေ၀င်းနဲ့လည်း ရံဖန်ရံခါတွေ့ဖြစ် သူ့သီချင်းတွေအကြောင်း ပြောဖြစ်ပါတယ်။ ဒါပေမယ့် ကိုနေ၀င်း သီချင်းစာသားတွေ သီဆိုရင်း လူ့လောကကို ကျေခိုင်းသွားခဲ့ရဘူးတဲ့ ဒီမိုကရေစီ ဘက်တော်သား တဦး ရှိခဲ့ဘူးတယ်ဆိုများ ကိုနေ၀င်း သိခဲ့ရင် ဘယ်လောက်များ ကြေကွဲလိုက်မလဲလို့ စိတ်ထဲက တွေးမိပါတယ်။ ထုတ်တော့ မပြောဖြစ်ခဲ့ပါဘူး။ စာဖတ်သူကိုလည်း ကိုနေ၀င်းတယောက်ကိုတော့ ဒီအဖြစ်ကို ပြန်မပြောမယ့် သူလို့ ယုံကြည်ပါရစေ။

ဒါဖြင့် ရိုက်သတ်လိုက်တဲ့ ကိစ္စအတွက် ထောင်လုံခြုံရေး တာဝန်ခံ ဘယ်သူကမှလည်း လာပြီး မေးမြန်းတာ အရေးယူတာ မလုပ်ခဲ့ပါဘူး။ ကိုအောင်မင်း ရုပ်အလောင်းကို ညတွင်းချင်း ထောင်အပြင် ထုတ်ထားလိုက်ပြီးတော့ ကိုလမျိုးနောင်က သူ့ လုံခြုံရေးတပ်ဖွဲ့တွေဆီ အော်ပြောပါတယ်။ “အရက်တလုံးနဲ့ စကားဝါ တစည်းရမယ် ဘယ်သူတွေ တာဝန်ယူချင်လဲ” လို့ အော်မေးတာလဲ အတိုင်းသား ကြားရသဗျ။ အဲဒါက ပေါက်ဈေးပါ။ အဲဒီအချိန်က စစ်ကြောရေးကြောင့် သေတဲ့လူတွေကို မြုပ်ပေးမယ်ဆိုရင် မြုပ်တဲ့ အဖွဲ့က အရက်တလုံးနဲ့ စကားဝါ ဆေးပေါ့လိပ် တစည်းရပါတယ်။

ဒါဆိုရင် ခု ကိုလမျိုးနောင် ဘယ်မှာလဲလို့ ဆောင်းပါးအောက်မှာ မေးလာမယ့် သူတွေ အတွက်လည်း တခါတည်း ဖြေလိုက်ပါမယ်။ နောက်ပိုင်းမှာ ကျွန်တော်အပါဝင် ဖမ်းထားသူတွ ညသန်းခေါင်လောက် ထွက်ပြေး လွတ်မြောက်သွားတဲ့ ကိစ္စအတွက် သူနဲ့ ညတာဝန်ကျတို့ကို လက်ရှိ ဗဟိုကော်မီတီအဖွဲ့က သေဒဏ်ပေးပြီး ကိုထွန်းအောင်ကျော်တို့ကို သတ်ခဲ့တဲ့ ကုန်းပေါ်မှာပဲ ခေါင်းဖြတ်ခဲ့တယ်လို့ သိရသဗျ။ ကိုလမျိုးနောင်က သူ့ကိုမသတ်မီ အရက်အ၀ သောက်ခွင့် တောင်းဆိုတယ်လို့ ဆိုပါတယ်။ ဒီမိုကရေစီ တပ်သားရဲ့ဘော် တဦးကို တာဝန်ပေါ့လျော့လို့သာ ခေါင်းဖြတ်ဘို့ အမိန့်ပေးလိုက်ရပေမယ့် လူ့အခွင့်အရေးကို အပြည့်အ၀ လေးစားလိုက်နာတဲ့ ကိုအောင်နိုင်၊ ကိုသံချောင်း အပါအ၀င် ခေါင်းဆောင်များက ခွင့်ပြုခဲ့တာမို့ ကိုလမျိုးနောင် ခမျှာ တပ်ဖွဲ့ ဘက်ဂျက်ထဲကငွေနဲ့ အရက်မူးအောင် သောက်သွားခွင့် ရသွားရှာတယ်လို့ သိရပါတယ်။

ဟုတ်ကဲ့။ ဒါဖြစ်ခဲ့ ပါတယ်။ ဆိုးဝါးလှတဲ့ အဖြစ်တွေ ကျွန်တော်တို့ သမိုင်းမှာ ရှိခဲ့ပါတယ်။ တကယ်က ကျွန်တော်တို့ ဖြတ်သန်းချိန်မှယ တာဝန် မကြေနိုင်ခဲ့ကြပါဘူး။ မိမိ အသက်ကိုငဲ့ပြီး အမှန်တရားကို မျက်ကွယ်ပြု မသိချင်ယောင်ဆောင် ရေငုံနုတ်ပိတ် နေခဲ့ရတာ လောက် ပြန်တွေးတိုင်း ရှက်စရာ ကောင်းတာ မရှိတော့ပါဘူး။ စာကိုဖတ်သူတွေထဲမှာ ကိုအောင်မင်းနဲ့ နီးစပ်သူများရှိခဲ့ရင် ကျွန်တော်တို့ သူရဲဘောကြောင်မှုအတွက် တောင်းပန်လိုက်ပါတယ်။

တခါတခါကျတော့လည်း ဘ၀မှာ ကိုယ့်ကိုကိုယ် ခွင့်လွတ်နိုင်ဘို့ ကြိုးစားရတာ သူများကို ခွင့်လွတ် နိုင်ဘို့ ကြိုးစားရတာထက် အဆတရာ ခက်ခဲတယ်ဆိုတာ ကိုယ်တိုင် ကြုံတွေ့ရဘူးသူလောက်ပဲ နားလည် ခံစားနိုင်ပါလိမ့်မယ်။

ပန်းချီထိန်လင်း

Maung maung wann facebook

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.