Wednesday, January 11, 2012

0 နိုင်ငံရေးအကျဉ်းသားများ မြန်မာ့အကျဉ်းထောင် နှင့် သူတို့လွတ်မြောက်ရေး



ဒုတိယအကြိမ် လွတ်လပ်ရေးတိုက်ပွဲဝင်တဲ့ မျိုးဆက်သစ်တွေထဲမှာ အကျဉ်းကျခံရသူတွေအတော်များ တဲ့အတွက် ထောင်အတွေ့အကြုံတွေ အများကြီးသိရပါတယ် စာအုပ်တွေကတဆင့်လည်း ဖတ်ရဖူးပါတယ်။ ကဗျာဆရာကြီး ဦးတင်မိုး နှုတ်ထွက်စကား က နေ မစိုးရိမ်ဆရာတော်ဘုရား ကြီးအထိအောင် ထောင်အတွေ့အကြုံတွေမျိုးစုံကို နားထောင်ရဖူးပါတယ်။ ကျောင်းသားငယ် တွေကစပြီး ဆရာတော်တွေအထိ ဒီမိုကရေစီမြတ်နိုးသူတွေတော်တော်များများကို မြန်မာပြည်ရှိ ထောင်တွေမှာ ချုပ်နှောင်ထားပြီး၊ "အကျဉ်းထောင်နိုင်ငံ" အဖြစ် သွတ်သွင်းတာဟာ တော့ ဘုရားကြည်ညိုယောင်ဆောင် နေ ကြတဲ့ စစ်အုပ်စုတွေရဲ့ အတွင်းသရုပ်သဏ္ဍန်ကို ဖောက်ထွင်းမြင် တွေ့နိုင်ပါတယ်။ ထောင်မရှိတဲ့ နိုင်ငံကမ္ဘာပေါ်မှာ မရှိပါဘူး။ ဒါပေမဲ့ နိုင်ငံမှာ တရားဥပဒေ ရှိမရှိဆိုတာကို ကို အကဲခပ်ဖို့ဟာ အကျဉ်းထောင်ကိုလေ့လာရင်ကိုပဲ အတော်လေးကိုသိနိုင်ပါလိမ့်မယ်။

အင်္ဂလိပ် မျက်နှာဖြူလက်ထက် ကိုလိုနီအစိုးရအောက်မြန်မာနိုင်ငံ သာရဝေါမြို့နယ်မှာ ဆရာတော်ဦးဝိစာရ နယ်လှည့်တရားဟောနေစဉ် ၁၉၂၆ ခုနှစ် နိုဝင်ဘာလ ၂၂ရက်နေ့မှာ အာဏာဖီဆန်မှုနဲ့ အဖမ်းခံရပြီး အလုပ် နဲ့ ထောင်ဒဏ် (၂)လ ကျခံခဲ့ရပါတယ်။ အင်္ဂလိပ် အစိုးရလက်ထက် ဆရာတော်ဦးဝိစာရဟာ သင်္ဃန်းယုံခွင့်ရပြီး အလုပ်မလုပ်ရတဲ့အပြင် ဆရာတော်ဟာ "သာယာဝတီ အကျဉ်းထောင်မှတ်တမ်း" တောင် ရေးနိုင်ခဲ့တယ်လို့မှတ်သားရဖူးပါတယ်။ အင်္ဂလိပ် မျက်နှာဖြူလက်ထက် ကိုလိုနီခေတ်မှာတောင် နိုင်ငံရေးသမားကို ရိုသေ လေးစားတာကြောင့် ထောင်ကျသွားရင်တောင် အေကလပ် (သို့) ဘီကလပ် အထူးတန်းမှာ အခွင့်ထူးခံလိုထားတယ်။ သာမန်ရာဇဝတ်သားကို စီကလပ်မှာပဲထားပါတယ်။ အင်္ဂလိပ်ခေတ်မှာ မကြာခဏထောင်ကျတဲ့ သခင်စိုးကို နိုင်ငံရေးခေါင်းဆောင်လို့သတ်မှတ်တာမို့ အေကလပ် အထူးတန်းမှာထားတယ်လို့ သမိုင်းမှာသိရနိုင်ပါတယ်။ သခင်စိုးက ထွက်သမျှ သတင်းစာအားလုံးကို အရွဲ့တိုက်ပြီးမှာလို့ တရုပ် ကုလား သတင်းစာတွေပါ ပို့ပေးရတယ်။ "သခင်ပေါက်စ ထောင်ခြောက်လ" ဆိုတဲ့ ကိုလိုနီဆန့်ကျင်ရေး နယ်ချဲ့ဆန့်ကျင်ရေ့း ခေတ်နဲ့ အခု အဂ္ဂမဟာ သရေစည်သူ အဂ္ဂမဟာ သီရိသုဓမ္မ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တို့ခေတ်ကို နှိုင်းယှဉ်လိုက်ရရင်တော့သခင်စိုးနေတဲ့အကျဉ်းထောင်ဟာစီဒိုးနားလိုဇိမ်ခံဟိုတယ်ကြီးဖြစ်သွားနိုင်ပါတယ်။

နယ်ချဲ့ကိုလိုနီခေတ်ကထောင် နဲ့ ဦးနုဒီမိုကရေစီခေတ်ကထောင် ကို ယှဉ်ကြည့်ကြပါစို့။ ပါလီမန်အစိုးရ ခေတ်တုန်းက ၅ (ည) နဲ့အဖမ်းခံရတဲ့ ထင်ရှားတဲ့ စာရေးဆရာတွေဖြစ်တဲ့ လူထုဦးလှ၊ ဗန်းမော်တင်အောင် ၊ တက္ကသိုလ်နေဝင်း နဲ့ လေထီးဦးအုန်းမောင် တို့ထောင်ကျခဲ့ပါတယ်။ ထောင်ကျခဲ့ကြပေမဲ့ သူတို့အတွက် ထောင်ထဲမှာ စာကြည့်တိုက်ရှိတယ်။ စာဆိုတော်နေ့တွေတောင် ကျင်းပခွင့်ရကြပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေ စုပေါင်းပြီး ထောင်ထဲမှာ စာဆိုတော်နေ့ တွေတောင် ကျင်းပနိုင်ခဲ့ကြတယ် ဆိုပါတယ်။ သတင်းကျွတ်ပွဲ တန်ဆောင်တိုင်ပွဲလို အခါကြီးရက်ကြီးတွေမှာ ထောင်အာဏာပိုင်တွေ နဲ့ ညှိနှိုင်းပူးပေါင်းပြီး ပျော်ပွဲရွှင်ပွဲတွေ ကျင်းပနိုင်ခဲ့ကြပါတယ်။ အကျဉ်းသားတွေ စုပေါင်းပြီးကပြတဲ့ ပြဇတ်တွေ၊ အငြိမ့်တွေလည်း ထောင်ထဲမှာ ပျော်ပျော်ပါးပါး ကပြနိုင်ခဲ့ကြပါတယ်။ အကျဉ်းသားတွေအတွက်ထောင်ထဲမှာ လူမှုရေးလုပ်ငန်းတွေ အပင်ပန်းခံလုပ်ကိုင်ခဲ့တဲ့လူထုဦးလှဆိုရင် ထောင်သားတိုင်းကချစ်ခင်လေးစား တယ်လို့သိရပါတယ်။ ထောင်သားအချင်းချင်းပြဿနာတက်ပြီး ထောင်အရာရှိတွေ ဘာလုပ်ရမှန်းမသိ အောင် ဦးနှောက်ချောက်ရတဲ့ ကိစ္စမျိုးကို တောင် လူထုဦးလှက ဝင်ရောက်ဖြေရှင်းရင် ပြေလည်သွားတတ် ပါတယ် လို့သိရပါတယ်။ ဒါဟာ ထောင်အုပ်ချုပ်ရေးကိစ္စတွေမှာတောင် နိုင်ငံရေးအကျဉ်းသားတွေ ပါဝင် ဆောင်ရွက်ခွင့် ရရှိခဲ့တယ်ဆိုတာကို ပြသနေတဲ့သဘောဖြစ်ပါတယ်။ အပြင်ကမိတ်ဆွေ အသိတွေကိုလည်း ထောင်ထဲမှာ ထမင်းစား ဖိတ်တာ၊ အလည်ခေါ်တာမျိုးလဲ ရရှိခဲ့ကြရပါတယ်။ ၁၉၅၅ ခုနှစ်က သခင်ကိုယ်တော်မှိုင်း ကို ရန်ကုန်ထောင်ထဲဖိတ်ကြားပြီး ဗန်းမော်တင်အောင် ၊ တက္ကသိုလ်နေဝင်း နဲ့ လေထီးဦးအုန်းမောင် တိုက ကန်တော့ခဲ့ကြတယ်ဆိုပါတယ်။ အဲ့ဒီနေ့က ဗန်းမော်တင်အောင် ရဲ့ အခမ်းမှာတောင် ဗန်းမော်တင်အောင် နဲ့ လေထီးဦးအုန်းမောင် တို့နှစ်ဦး အမှတ်တယ ဓါတ်ပုံတွဲရိုက်ထားတာရှိတယ် လို့ကြားရဖူးပါတယ်။ ၁၉၅၆ ခုနှစ်ကလည်း ကျားဘငြိမ်း ကို ရန်ကုန်ထောင်ထဲအထိ ဖိတ်ပြီး လက်ဝှေ့ဟန်ရေးပြခိုင်းခဲ့တယ်။ နာမည်ကြီး လှံတံပစ် မခင်ထွေးကိုလည်း ထောင်ထဲဖိတ်ပြီး အားကစားသရုပ်ပြပွဲ ပြုလုပ်ခိုင်းခဲ့ပါတယ်။ ဗန်းမော်တင်အောင် ၊ တက္ကသိုလ်နေဝင်း နဲ့ လေထီးဦးအုန်းမောင် တို့က စာရေးဆရာ ဒဂုံတာရာကို ထောင်ထဲဖိတ်ခေါ်ပြီး ထမင်းဖိတ်ကြွေးခဲ့ပါတယ်။ ဆရာကြီး ဒဂုံတာရာဟာ ထောင်ထဲမှာ တနေကုန်နေပြီး မိတ်ဆွေစာရေးဖော်ရေးဖက်တွေ နဲ့ အားရပါးရ စကားတွေ လက်ဆုံကျခဲ့ကြပါတယ်။ ထောင်ထမင်း ထောင်ဟင်းစားပြီး ညနေ ထောင်ဗူးဝ ပိတ်ခါနီး မှ ထောင်ထဲကနေပြန်သွားတယ်လို့သိရပါတယ်။

အခုတော့ ဒီအကြောင်းတွေဟာ ယုံတမ်းစကား တွေလို့ ထင်မှတ်ရပါတယ်။ ဦးသန်းစိန် အစိုးရလက်ထတ် အကျဉ်းသားဘဝ နဲ့ တခြားစီဖြစ်နေပါပြီ။ ပျော်ပွဲရွှင်ပွဲတို့ အားကစားပွဲတို့ဆိုတာ ဝေးလို့ နေ့ထူးနေ့မြတ်တွေမှာ ကိုယ့်ဖာသာကိုယ် ဥပုသ်စောင့်တာတောင် အာဏာပိုင်တွေ က နိုင်ငံရေးလုပ်တယ် စွတ်စွဲပြီး ဝိုင်းဝန်းထိုးကြိတ်ကြပါတယ်။ မိတ်ဆွေအပေါင်းအသင်းတွေကို ဖိတ်ဖို့ နေနေသာသာ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့၊ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ အရာရှိလို ပုဂ္ဂိုလ်တွေကိုတောင် နအဖ က ထောင်ထဲလာတာကကြိုက်ပါဘူး။ ရန်ကုန်ထောင်ကြီးလည်း နေရာမပြောင်း၊ အဖမ်းခံရတဲ့ ပုဒ်မတွေလည်းမပြောင်း၊ ပြောင်းသွားတာကတော့ ကိုလိုနီစနစ်ကနေ ပါလီမန်ဒီမိုကရေစီစနစ်၊ ပါလီမန်ဒီမိုကရေစီစနစ် ကနေ အာဏာရှင်စနစ် ထဲရောက်သွားရတော့ နဝတ နအဖ လက်ထက်မှာ သံဃာကံဆောင်ပွဲလုပ်မိတဲ့ မန္တလေးမြို့မှ လေးပြင်လေးရပ် သံဃာဥက္ကဋ္ဌ ဆရာတော် ဦးရေဝတ၊ ဆရာမောင်သော်က၊ ဦးခင်မောင်မြင့်၊ ဦးတင်မောင်ဝင်း၊ ဗိသုကာဦးကျော်မင်း၊ ဦးမောင်ကို တို့ စစ်အစိုးရအကျဉ်းထောင်တွေထဲမှာ ကျဆုံးခဲ့ကြရပါတယ်။

တိုင်းတပါးသားတွေ ကိုယ့်နိုင်ငံကို ကျွန်လာပြုတာတောင် တိုင်းတပါးသားက မြန်မာ့ နိုင်ငံရေးသမားတွေကို တလေးတစားတန်ဖိုးထား တာ အထင်းသားမြင်ရနိုင်ပါတယ်။ နိုင်ငံဟာ ဒီမိုကရေစီရခါစ ဦးနုအစိုးရလက်ထက်မှာ လည်း နိုင်ငံရေးသမားတွေကို အဆင့်အတန်းရှိရှိ ဆက်ဆံခံရပါသေးတယ်။ စစ်အစိုးရတက်ပြီး ၁၉၆၂ ကစပြီး စစ်ဗိုလ်တွေဟာ နိုင်ငံရေးသမားတွေကိုကို အာဏာပြိုင်ဘက်လို သဘောထားလာရုံမက ရန်သူလိုပါ နှိပ်ကွပ်လာတာ တွေ့ရှိရပါတယ်။ဒီမိုကရေစီကိုပေးဖို့အချိန်မတန်သေးပါဘူး၊ မြန်မာပြည်ဟာ ဒီမိုကရေစီစနစ် နဲ့ အံဝင်ဂွင်ကျမဖြစ်သေးဘူး၊ ဒီမိုကရေစီဆိုတာ အနောက်နိုင်ငံကလာတာ စသဖြင့် စစ်အုပ်စုအဆက်ဆက်ခေါင်းဆောင်တွေက ထင်ရာမြင်ရာပြောနေကြသလို အရပ်သားအစိုးရ လို့ကြေငြာထားတဲ့ ဦးသိန်းစိန် အစိုးရ အဖွဲ့ဝင်တွေကလည်း ဒီလိုပဲ တသဝေမတိမ်းလိုက်ပြောတာပါပဲ။ စစ်အုပ်စုတွေ ကတိ မျိုးစုံကို အကြိမ်ကြိမ်အလီလီကို ဖောက်ဖျက်ပြီး ရေးတာတမျိုး၊ လုပ်တာတမျိုး နဲ့ လုပ်ချင်ရာလုပ်နေကြတာပါ။ ၁၉၆၂ ကစပြီး၁၉၈၈ ကနေ ယ္ခုအချိန်အထိ စစ်အုပ်စု ကနေ အရပ်သားအစိုးရ လို့ ပြောဆိုကြေငြာနေသည့်တိုင် ကျောင်းသားမျိုးဆက်တွေနဲ့ နိုင်ငံရေးမျိုးဆက် ခေါင်းဆောင်အသီးသီးကို ထောင်တွေထဲထည့် ပြီး အမျိုးမျိုးနှိပ်စက်ခဲ့ကြပါတယ်။ နိုင်ငံတကာ နဲ့ ပြည်တွင်း ကအပြင်းအထန်တောင်းဆိုလာပြန်တော့ မြန်မာပြည်မှာနိုင်ငံရေးအကျဉ်းသား လုံးဝမရှိပါဘူး လို့ဗြောင်ငြင်းဆန်လာပါတယ်။ ဥပဒေတွေကို ချိုးဖောက်လို့ဖမ်းဆီးထားကြရတာပါတဲ့။ အရှက်ကိုလုံးဝမရှိတဲ့ တာဝန်ခံမှု တာဝန်ယူမှုလုံးဝမရှိတဲ့ အာဏာကိုင်တွေဖြစ်တယ်ဆိုတာထပ်သိရပြန်တယ်။ မြန်မာပြည်မှာနိုင်ငံရေးအကျဉ်းသား လုံးဝမရှိပါဘူး ပြောနေရင်းက သူတို့လွှတ်လိုက်ရင် နိုင်ငံရေးအကျဉ်းသားလွှတ်တယ် ကြေငြာပြန်ပါတယ်။ ဒီလို မလိမ့်တပတ် အမြဲလုပ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေ မြန်မာပြည်မှာဘယ်လောက်ရှိသလဲ ဆိုတာလည်း အာဏာကိုင်တွေ ဘယ်တော့မှ ပြောလေ့ပြောထ မရှိပါဘူး။ စစ်အုပ်စုတွေက ယုံကြည်အကျဉ်းသား လို့မသတ်မှတ်ပေမဲ့ လုံခြုံအကျဉ်းသား၊ သီးသန့်အကျဉ်းသား စသဖြင့် ဘယ်လိုခေါ်ဆိုခေါ်ဆိုစေကာမူ " နိုင်ငံရေးအကျဉ်းသားတွေ မြန်မာပြည်မှာရှိပါတယ်" " "နိုင်ငံရေးအကျဉ်းသားတွေ မြန်မာပြည်မှာရှိပါတယ်" " နိုင်ငံရေးအကျဉ်းသားတွေ မြန်မာပြည်မှာရှိပါတယ်" ။

"ယုံကြည်နိုင်ငံရေးအကျဉ်းသားအဖြစ်" ခေါင်းစဉ်အဓိပ္ပါယ်သတ်မှတ်မှုမှာ နိုင်ငံတကာအဖွဲ့အစည်းတွေက အကြမ်းမဖက်အနုနည်းဖြင့် ပါဝင်ဆောင်ရွက်ယင်း အကျဉ်းချခံရသူတွေကိုသာ သတ်မှတ်ထားပါတယ်။ "မြန်မာ့နိုင်ငံရေးအကျဉ်းသား"ဆိုတဲ့ ခေါင်းစဉ် အောက်မှာတော့ အကြမ်းမဖက်အနုနည်းဖြင့် ပါဝင်ဆောင်ရွက်ယင်း အကျဉ်းချခံရသူတွေကိုသာမက၊ လက်နှက်ကိုင်လှုပ်ရှားမှုအတွင်း အဖမ်းဆီးထိမ် သိမ်းခံရသူ အကျဉ်းချခံရသူတွေကိုပါ ထည့်သွင်းသတ်မှတ်ပါတယ် လို့ နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) က ရဲရဲဝံ့ဝံ့ကြေငြာ သတ်မှတ်ထားပါတယ်။ နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအသင်း ဆိုတာက နိုင်ငံရေးအကျဉ်းသားဟောင်းတွေ နဲ့ ထောင်အတွေ့အကြုံကြီးသူတွေ ဖြစ်တာမို့၊ မြန်မာ့နိုင်ငံရေး မှာ ပြည်တွင်းစစ်ဖြစ်နေရတဲ့ နိုင်ငံမှာ ဒီလို ပြတ်ပြတ်သားသားရပ်တည်ပြသမှု ခေါင်းစဉ်အဓိပ္ပါယ်အဓိပ္ပါယ်သတ်မှတ်ပေးတာကို ကျနော် အတော်ကို ဝမ်းသာလက်ခံမိပါတယ်။ တိုင်းရင်းသားတွေ ရဲ့ လက်ရှိရင်ဆိုင်နေရတဲ့ အခက်အခဲတိုက်ပွဲတွေကို စာနာနားလည်မှု တန်ဖိုးးထားမှုတင်မက နိုင်ငံရေးအရ အမြင်ကျယ်ပြန့်မှုရှိတဲ့ အဓိပ္ပါယ်ပြည့်စုံတဲ့ ခေါင်းစဉ်အဓိပ္ပါယ်သတ်မှတ်မှုဖြစ်ပါတယ်။ ဒါဟာ အလွန်အရေကြီးပြီး "ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ နိုင်ငံရေးအကျဉ်းသားများ" ဆိုတဲ့ "စံ" ကို အကောင်းဆုံး သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။

မကြာခင်ကလုပ်ခဲ့တဲ့ လွတ်ငြိမ်းချမ်းသာခွင့်မှာ နိုင်ငံရေးအကျဉ်းသားတွေ ဆယ် ဂဏန်းပဲ ပါတဲ့အပေါ် ပြည်သူအများရဲ့ စိတ်ပျက်သံတွေ၊ လွတ်ငြိမ်းချမ်းသာခွင့် လို့တောင် မသပ်မှတ်နိုင်ဘူး စသဖြင့်ဝေဖန်ထောက်ပြကြပါတယ်။ နိုင်ငံရေး ယုံကြည်ချက်ကြောင့် ထောင်ချခံထားရတဲ့သူတွေ ရှိနေသရွှေ့ ဦးသိန်းစိန် အစိုးရအနေနဲ့ လွတ်လပ်ပြီး၊ ဒီမိုကရေစီ ကျင့်သုံးနေပြီလို့ မြန်မာနဲ့ကမ္ဘာကို ပြောဖို့ မသင့်တော်ပါဘူး။ ဘယ်သူမှလည်းလက်ခံမှာ မဟုတ်ပါဘူး။ ဦးသိန်းစိန်အစိုးရအဖို့ အရပ်သားအစိုးရဖြစ်နေတာမို့ နိုင်ငံရေးအကျဉ်သားတွေကို ပြန်ပေးဆွဲထားသလိုမျိုး အရင် စစ်အုပ်စုတွေဖြစ်တဲ့ နဝတ နအဖတွေလို ဆက်လက်ထိမ်းသိမ်းချုပ်နှောင်မထားသင့်တော့ပါဘူး။ စစ်မှန်တဲ့လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး နိုင်ငံရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး တကယ်လုပ်တယ်ဆိုတာ ပြည်သူတွေနဲ့ နိုင်ငံတကာကို အမြန်ဆုံးပြနိုင်ရင် အကောင်းဆုံးဖြစ်ပါတယ်။ ဒါမှသာ ပြည်သူတွေနဲ့ နိုင်ငံတကာအစိုးရတွေရဲ့ယုံကြည်မှုရပြီး မြန်မာ့ဒီမိုကရေစီရေး၊ ပြည်တွင်းစစ်ရပ်စဲရေး နဲ့ တိုင်းပြည်သာယာဝပြောရေး၊ စီးပွါးရေး ပညာရေး ကျမ္မာရေးတွေ အမြန်ဆုံး စတင်လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို ပြန်လွှတ်ပေးရေး၊ ဧပြီလမှာကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲတွေမှာ နိုင်ငံတကာ လက်ခံနိုင်လောက်တဲ့ လွတ်လပ် မျှတမှုရှိရေးနဲ့ တိုင်းရင်းသား ဒေသတွေမှာ ခံစားနေကြရတဲ့ ဆင်းရဲဒုက္ခတွေ အမှန်တကယ် ကင်းဝေးသွားအောင် ဆောင်ရွက်ရေးတွေဟာ လတ်တလောလုပ်ဆောင်ရမှာတွေဖြစ်ပါတယ်။

နိုင်ငံသားချင်း အချင်းချင်း ဘာဖြစ်လို့ အမုန်းပွါးနေတော့မှာလဲ။ ထောင်တံခါးတွေဖွင့် သံခြေချင်းတွေ လက်ထိပ်တွေဖြုတ် ပြီး ပြည်သူပြည်သားတွေ စိတ်ချမ်းသာမဲ့ မင်္ဂလာနေ့တွေ ဖန်တီးလိုက်ပါ တော့လားဗျာ။

နိုင်ငံရေးအကျဉ်းသား ဆိုသည်မှာ ထောင်ထဲ မှာ ကောင်းကောင်းမွန်မွန်နေရတယ်။ စားရတယ်။ လွယ်လွယ်သဘောပေါက်ထားကြတဲ့ အချို့လူတွေကို ယုံကြည်ချက်ကြောင့် အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသားတွေအဖြစ် အကျဉ်းကျခံနေကြရတာကို သိရှိဖို့လိုတယ်။ စစ်အာဏာရူးတွေ ဖမ်းချင်သလိုဖမ်း၊ တပ်ချင်တဲ့ပုဒ်မတပ်၊ ရက်ရက်စက်စက် စစ်ကြောရေးတွေဝင်ပြီး ရိုက်နှက်ဝန်ခံခိုင်း၊ စိတ်တိုင်းကျ နှစ်တွေနဲ့ထောင်ချပစ်၊ မိဘတွေနဲ့ဝေးရာထောင်တွေထဲထည့်၊ လိုအပ်ရင် လိုအပ်သလို ပုဒ်ထီး ပုဒ်မတွေ အသစ်ထပ်ရေးဆွဲပြဌာန်း ပြီး အရေးယူ၊ ထောင်တွေထဲမှာ လူ့ဂုဏ်သိက္ခါပျက်အောင် အထိလုပ်ပစ်၊ အစားအစာလုံလောက်အောင်မပေး၊ ကျမ္မာရေး လုံးဝဂရုမစိုက် စတာတွေနဲ့ စစ်အုပ်စု အာဏာတည်မြဲရေး ကို လုပ်ဆောင်ခဲကြ လုပ်ဆောင်နေကြဆဲ ဖြစ်ပါတယ်။ နုနယ်လှတဲ့ဘဝတွေကို ရင်းပြီး သူတို့တွေတိုက်ပွဲဝင်နေကြတယ်ဆိုတာ မြန်မာပြည်က စနစ်ဆိုးကို ဖယ်ရှားဖို့၊ စစ်အာဏာရှင်စနစ် ကို ဖယ်ရှားဖို့၊ တရားမျှတမှုတွေ ပြည်သူတရပ်လုံးရဖို့၊ လူ့ဂုဏ်သိက္ခါနဲ့လူတိုင်းလူတိုင်း လူပီသစွာ နေကြရဖို့၊ လူထုကိုကာကွယ်တဲ့ တရားဥပဒေပေါ်လာဖို့ အချုပ်ပြောရရင် လွတ်လပ်ခြင်း ညီမျှခြင်း တရားမျှတမှုတွေကို ပေးမဲ့ စစ်မှန်တဲ့ဒီမိုကရေစီစနစ် ပေါ်လာဖို့ ပေးဆပ်နေကြတယ်ဆိုတာကို သိရှိဖို့သာမက၊ နိုင်ငံရေးအရ နိုးကြားသိရှိဖို့ဟာ အထူးလိုအပ်လှပါတယ်။ ပြောတိုင်းယုံ တာမဟုတ်ဘဲ လက်တွေ့နဲ့ ချိန်ထိုးနိုင်ရပါမယ်။ ယခုအထိ မြန်မာပြည်အစိုးရအကျဉ်းထောင် တွေထဲမှာ ယုံကြည်ချက်ကြောင့်ဘဝကို စွန့်လွှတ်နေကြတဲ့ ရဟန်းသံဃာတွေ ကျောင်းသားလူငယ်တွေ တိုင်းရင်းသားများ အလွှာပေါင်းစုံမှ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်ယင်း ထောင်ကျနေရတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွတ်မြောက်ဖို့ ပြည်တွင်း ပြည်ပ ရှိ ကျနော်တို့က တပ်စွမ်းသမျှဝိုင်းဝန်း ကူညီပေးကြဖို့၊ တာဝန်သိ ကျေးဇူးသိတဲ့ နိုင်ငံသားကောင်းတွေအဖြစ်တာဝန်ယူ လုပ်ဆောင်ကြဖို့တိုက်တွန်းအပ်ပါတယ်။

ခွပ်ဒေါင်းကျောင်းသားတွေရဲ့ ရိုးသားမွန်မြတ်တဲ့ သမိုင်းစဉ်ကို ဂုဏ်ပြုကြပါစို့။

နိုင်ငံချစ်စိတ် အရင်းခံနဲ့ ဘဝတွေရင်းပြီး တိုက်ပွဲဝင်နေကြသူတွေ အားလုံးကို မမေ့ကြပါနဲ့။ သူတို့အားလုံးဟာ နိုင်ငံ့ မိတ်ဆွေတွေ မျိုးချစ်တွေဖြစ်ကြပါတယ်။ သူတို့ ကျေးဇူးတို့မမေ့ကြဘူး။

နိုင်ငံရေးအကျဉ်းသားအားလုံး ချွင်းချက်မရှိ အမြန်ဆုံး လွတ်မြောက်ဖို့သင့်လုပ်အားဖြင့် ဂုဏ်ပြုပါဝင်ကြပါစို့။

နိုင်ငံရေးအကျဉ်းသားတွေကိုယ်တိုင်ရေးသားတဲ့ ထောင်တွင်းနိုင်ငံရေးအကျဉ်းသားဘဝ အတွေ့အကြုံများအကြောင်း စာအုပ်နှစ်အုပ်လင့်ခ့် ကို ကလစ်လုပ်ပြီး နဝတ နအဖ စစ်အားဏာရှင်တွေ ဒီမိုကရေစီလိုလားသူတွေကို အကျဉ်းထောင်တွေထဲဘယ်လို နှိပ်စက်ကလူပြုသလဲ ထောင်တွေထဲ ဘယ်လိုနေရတယ် ဘယ်လိုစားရတယ်ဆိုတာတွေကို လေ့လာလို့ရပါတယ်။

ဘာလဲဟဲ့ လူ့ငရဲ (ဆရာကြီး ဦးဝင်းတင်) စာအုပ်

http://www.scribd.com/doc/77720423/U-Win-Tin-%E2%80%9C%E1%80%98%E1%80%AC%E1%80%9C%E1%80%B2%E1%80%9F%E1%80%B2%E1%80%B7-%E1%80%9C%E1%80%B0%E1%82%94%E1%80%84%E1%80%9B%E1%80%B2%E2%80%9D



လူရှင်သင်္ချိုင်း (ကိုနေလင်း) စာအုပ်

http://www.scribd.com/doc/77719413/Lu-Shin-Thin-Chine-by-Nay-Lin

လေးစားစွာဖြင့်

ဇော်ဝင်း

ခေတ္တ (မဲဆောက်)

မှတ်ချက်။ ။ ဆရာ ဦးအောင်ခင် ရဲ့ ဆောင်းပါးတွေကို ကိုးကားရေးသားထားတယ်။

0 အန်အယ်ဒီ ဖွဲ့စည်းပုံ အသစ်နဲ့ ပြန်လည် ဖွဲ့စည်းမယ်


ရန်ကုန်တိုင်း ဗဟန်းမြို့နယ်မှာရှိတဲ့ အမျိုးသား ဒီမိုရေစီ အဖွဲ့ချုပ် ဆိုင်းဘုတ် ဖွင့်ပွဲနဲ့အတူ ပါတီဝင်သစ်တွေကို ဇန်န၀ါရီ ၉ ရက်နေ့က စတင်ပြီး လက်ခံလိုက်ပါပြီ။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီရဲ့ ဖွဲ့စည်းပုံကိုလည်း အသစ်ပြန်လည် ဖွဲ့စည်းသွားမှာ ဖြစ်သလို ၈၈ မျိုးဆက် ကျောင်းသားတွေ အနေနဲ့လည်းဒေါ်အောင်ဆန်းစုကြည် သွားနေတဲ့ လမ်းကြောင်း အပေါ်မှာ ရပ်တည်ချက် သုံးချက်နဲ့ ဝိုင်းရံ ထောက်ခံ သွားမယ်လို့လည်း ကိုဖြိုးမင်းသိန်းက ပြောသွားခဲ့ပါ
တယ်။
Burma vj medianetwork

0 ဒေါ်အောင်ဆန်းစု ကြည် ကော့မှူးမြို့နယ်က ဝင်ပြိုင်မည်

လစ်လပ်နေတဲ့ လွှတ်တော်နေရာတွေအတွက် ဧပြီလကျရင် ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွမှာ NLD ပါတီက ဝင်ပြိုင်ဖို့ ပါတီမှတ်ပုံတင်ခွင့် ရရှိပြီးတဲ့နောက်မှာ NLD အမျိုးသားဒီမိုကရေစီ အဖွဲချုပ်ဟာ ပါတီကို အသစ်ပြန်လည် ဖွဲ့စည်းလိုက်ပြီ ဖြစ်ပါတယ်။ သဘာပတိအဖွဲ့နဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေအဖြစ် ဦးဆောင်အဖွဲ့တွေရဲ့ အမည်စာရင်းကို NLD ပါတီက ဒီကနေ့ ထုတ်ပြန်လိုက်တာပြီး ကြားဖြတ် ရွေးကောက်ပွဲအောင်နိုင်ရေးနဲ့ အဖွဲ့ဝင်သစ်တွေ စည်းရုံးရေးတွေကိုလည်း နိုင်ငံတဝန်းမှာ လုပ်ဆောင်နေပြီလို့လည်း NLD ပါတီကပြောပါတယ်။ ဒီအကြောင်း အပြည့်အစုံ ကိုတော့ မသင်းသီရိက တင်ပြပေးထားပါတယ်။

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အသစ်ပြန်လည် ဖွဲ့စည်းရာမှာ သဘာပတိအဖွဲ့နဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေအဖြစ် ဦးဆောင်အဖွဲ့ ၂ ဖွဲ့ရှိမှာဖြစ်ပြီး အဖွဲ့ဝင်တွေရဲ့အမည်စာရင်းကို ဒီကနေ့ ဇန်န၀ါရီ ၁၀ ရက်၊ အင်္ဂါနေ့မှာ NLD ပါတီက တရားဝင်ကြေညာချက်ထုန်ပြန်ခဲ့ပါတယ်။

သဘာပတိအဖွဲ့ဝင် ၅ ဦးနဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ၇ ဦးတို့ကို ပါတီရဲ့ ဖွဲ့စည်းပုံစည်းမျဉ်းတွေနဲ့အညီ ရွေးချယ်ခဲ့တာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကတော့ ဗဟိုအလုပ်အမှုဆောင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတယ်လို့ NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်လည်းဖြစ်၊ ပြောခွင့်ရသူလည်းဖြစ်တဲ့ ဦးအုန်းကြိုင်ကပြောပါတယ်။

“သဘာပတိအဖွဲ့မှာက-၁။ ဦးတင်ဦး (နာယက)၊

၂။ ဦးဝင်းတင်၊

၃။ ဦးသန်းထွန်း၊

၎။ ဦးလှဖေ၊

၅။ ဦးညွန့်ဝေ။

နောက် - ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှာက-

၁။ ဒေါ်အောင်ဆန်းစုကြည် (ဥက္ကဋ္ဌ)၊

၂။ ဦးဉာဏ်ဝင်း၊

၃။ ဦးဝင်းမြင့်၊

၎။ ဦးအုန်းကြိုင်၊

၅။ ဦးဟန်သာမြင့်၊

၆။ ဦးထွန်းထွန်းဟိန်၊

၇။ ဒေါက်တာမေဝင်းမြင့်- အဲလို ဖော်ပြထားပါတယ်။ နောင်တွင် သဘာပတိ အဖွဲ့နဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို သင့်လျော်သလို ပြင်ဆင်ဖြည့်စွက်မည် ဖြစ်ပါသည်။ အဲဒီလိုလည်း ဖော်ပြထားပါတယ်။”

နိုင်ငံရေးပါတီအဖြစ် တရားဝင်ရပ်တည်ခွင့်ရထားပြီဖြစ်တဲ့ NLD ဟာ အခုလို ပါတီကို အသစ်ပြန်လည်ဖွဲ့စည်းလိုက်သလို တချိန်တည်းမှာပဲ ဧပြီလ ၁ ရက်နေ့ကျရင် ပြုလုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက်လည်း အောင်နိုင်ရေး ကော်မတီတွေနဲ့ နိုင်ငံတဝန်းမှာ စတင်လှုပ်ရှားနေပြီ ဖြစ်ပါတယ်။ နို်င်ငံတဝန်း လစ်လပ်နေရာ ၄၈ နေရာစလုံးကို NLD ပါတီက ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်သလို ယှဉ်ပြိုင်မယ့်ကိုယ်စားလှယ်လောင်း စာရင်းကို ၁၁ ရက်နေ့မှာ နောက်ဆုံး တင်ကြရမှာဖြစ်ပြီး ဇန်နဝါရီ ၁၆ မတိုင်ခင် ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေကို ကြေညာမှာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ ရန်ကုန်တိုင်းအတွင်း လစ်လပ်နေတဲ့နေရာတွေထဲက ကော့မှူးမြို့နယ်ကနေ ယှဉ်ပြိုင်မယ်လို့လည်း ပြောပါတယ်။

“တခြားပြောင်းလဲစဉ်းစားထားတာ မရှိပါဘူး။ ကော့မှူးမြို့နယ်၊ ရန်ကုန်တိုင်းအတွင်းမှာပဲ ဝင်မယ်လို့ ပြောပါတယ်။ ရန်ကုန်တိုင်းမှာဝင်ရင်လည်းပဲ ပြည်သူလူထု၊ လူမှုအဆင့်အတန်းနည်းနည်း ဆင်းရဲတော့ပေါ့ဗျာ- အားပေးထောက်ကူရာ လည်းရောက်အောင် ဝင်မယ်လို့ စဉ်းစားပြီးတော့ သူ ကော့မှူးမြို့နယ်ကို ရွေးချယ်ထားပါတယ်။ အခုထက်ထိ တခြားပြင်ဆင်တာမျိုး ကျနော်တို့ မကြားပါဘူးခင်ဗျ။ သွားပြီးတင်မှာကတော့ ၁၆ ပေါ့ဗျာ။ ဒါပေမယ့် ဒီကာလအတွင်းမှာလည်းပဲ ဆုံးဖြတ်ပြီးတာနဲ့ ထုတ်ပြီးတော့ ပြောမှာပါ။”

ဒါ့အပြင်ရန်ကုန် NLD ရုံးချုပ်နဲ့ တိုင်းနဲ့ပြည်နယ်တွေက NLD ရုံးတွေမှာ အဖွဲ့ဝင်သစ်တွေကိုလည်း စတင်လက်ခံနေပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲအောင်နိုင်ရေးနဲ့ ပတ်သက်လို့လည်း လစ်လပ်တဲ့တိုင်း သို့မဟုတ် ပြည်နယ်တွေမှာ ၂၀၁၀ ဇွန်လ ၁၄ ရက်နေ့စွဲနဲ့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ထားတဲ့ စည်းကမ်းနဲ့အညီ NLD ပါတီက စည်းရုံးမှုတွေလုပ်ဖို့ကိုလည်း NLD ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဒီကနေ့ ထုတ်ပြန်ထားပါတယ်။

အဲဒီစည်းကမ်းချက်တွေထဲမှာ အစိုးရပိုင်အဆောက်အအုံတွေ၊ သာသနာပိုင် အဆောက်အအုံတွေထဲမှာ ပါတီစည်းရုံးရေး ဆိုင်ရာ မလုပ်ဖို့တွေ ပါဝင်ပါတယ်။ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပြီးခဲ့တဲ့ ၂၀၁၁ ဒီဇင်ဘာ ၁၂ ရက်နေမှာ နိုင်ငံရေးပါတီအဖြစ် ထူထောင်ခွင့် ကျခဲ့ပြီးနောက် ဇန်န၀ါရီလ ၅ ၇က်နေ့က တရားဝင်နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ကျခဲ့တာလည်း ဖြစ်ပါတယ်။

VOA

0 ရန်ကုန်တောင်ဒဂုံမှ တကိုယ်တော် ဆန္ဒပြပွဲ (ရုပ်/သံ)


ရန်ကုန်တောင်ဒဂုံမှာ တကိုယ်တော် ဆန္ဒပြပွဲ ဒီနေ့ ဖြစ်ခဲ့ပါတယ်။ ကျန်စစ်သားလမ်းမှာ အင်္ဂါနေ့ မနက် ဇန်န၀ါရီ ၁၀ ရက် ကိုးနာရီခွဲက အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်ဝင် ဦးစိုးကြွယ်ဟာ ဆိုင်းဘုတ်ကိုင်ပြီး တကိုယ်တော် ဆန္ဒပြခဲ့တာပါ။ အစိုးရ ၀န်ထမ်းတွေရဲ့ လဒ်စားမှုတွေ၊ ပြည်သူတွေအပေါ် အဓမ္မငွေကြေး ကောက်ခံတာတွေကို မကျေနပ်လို့ ဆန္ဒပြတာလို့ ဆန္ဒပြသူရဲ့ သားဖြစ်တဲ့ ကိုညီညီမင်းက ပြောပါတယ်။ တကိုယ်တော်ဆန္ဒပြသူ ဦးစိုးကြွယ်ကို နောက်ပိုင်းမှာ တောင်ဒဂုံရဲက ဖမ်းပါတယ်။ အာမခံပေးတယ်လို့  သိရပေမဲ့ အမှုစွဲတင်မှာ ဖြစ်ပါတယ်။ ညနေ ၃ နာရီ အထိ ရဲစခန်းထဲက ထွက်မလာသေးပါဘူး။ ။

နောက်ဆက်တွဲသတင်း..

အခြေခံ လူ့အခွင့်အရေးများ တောင်းဆိုဆန္ဒပြသည့် တောင်ဒဂုံ အမျိုးသား ဒီမိုကရေစီအဖွဲ့ဝင် ဦးစိုးကြွယ်ကို တောင်ဒဂုံရဲစခန်းမှ အာမခံဖြင့် ယနေ့ညနေတွင် ပြန်လည်လွှတ်ပေးလိုက်သည်။ လူနှစ်ဦးက အာမခံ လက်မှတ်ထိုးပေးထားရပြီး လတ်တလောတွင် ခြေချုပ်ဖြင့် ကန့်သတ်ထားရှိရာ မည်သို့ဆက်လုပ်မည်၊ မည့်သည့်ပုဒ်မဖြင့် တရားစွဲမည် ဆိုသည်ကိုမူ မသိရသေးကြောင်း မိသားစုဝင်များက ပြောသည်။ နိုင်ငံရေး အကျဉ်းသားဟောင်း ဦးစိုးကြွယ်သည် ယနေ့ မနက် ၉ နာရီခွဲခန့်က တောင်ဒဂုံမြို့နယ် ကျန်စစ်သား လမ်းပေါ်တွင် တောင်းဆိုချက် ၆ ချက်ကို ရေးသားကာ လမ်းလျှောက် ဆန္ဒပြခဲ့သည်။(ဧရာဝတီဝက်ဆိုဒ်)

Tin hlaing

Tuesday, January 10, 2012

0 လွတ်..ယုံကြည်ချက်အကျဉ်းသား

နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးလှုပ်ရှားမှု T Shirt Campaign စတင်ပြီ။







Photo.. zawhtetkoko

Monday, January 9, 2012

0 အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်ခွင့်လျှောက်လွှာ ။။ ( ပုံစံ )


Ah Bayah အားကျေးဇူးတင်ရှိပါသည်..

0 ဂုဏ်ယူလိုက်ပါသည်.NLD သီချင်း


အန်တီစုနဲ့ NLD ကို ဂုဏ်ပြုသီဆိုထားတဲ့ မန္တလေးက Mg Moe Aung နဲ့ Yzet Emolord တို့ရဲ့ HipHop သီချင်းလေးပါ...။

ရဲဘော် သူရိန်

0 တရားတယ် ထင်တဲ့ နည်းလမ်းနဲ့ ရအောင် ပြန်ယူမှာပါဘဲ ။


1940 ပြည့်နှစ် ဇန်န၀ါရီလ မှာ ဒို့ဗမာ့ အစည်းအရုံးရဲ့ အလုပ်မှုဆောင် အစည်းအဝေးကို မန္တာလေးမြို့မှာ ကျင်းပလေသည် ။ ထိုအချိန်မှာ ဗြိတိလျှ လေဘာပါတီ ခေါင်းဆောင် ဆာ စတက်ဖို့ကရစ် က ဗမာနိုင်ငံ အခြေအနေကို လေ့လာဖို့ ရောက်လာခိုက်နဲ့ ကြုံလို့ ဒို့ဗမာ့အစည်းအရုံးဝင် များနဲ့တွေ့ဆုံခဲ့စဉ်က ထိုလေဘာပါတီ ခေါင်းဆောင်က သခင်အောင်ဆန်းတို့ အဖွဲ့ကို အခုလို ပြောပါတယ် ။

ဗမာပြည်ကို မရောက်ခင်က ခင်ဗျာတို့ အစည်းအရုံးဟာ လူရမ်းကားလေးတွေ ၊ ဆင်ခြင်တုံတရား ကင်းမဲ့ကာ သူပုန်ထဖို့ ကြိုးစားနေသူတွေ ၊ ပညာလက်မဲ့ အလုပ်လက်မဲ့တွေ စုပေါင်းနေတဲ့ အဖွဲ့အစည်းကြီးလို့ သိထားရတာ ။ ဒီကိုရောက်မှ အားလုံး အမြီးနဲ့ခေါင်း လွဲနေသလို ဖြစ်နေတယ် ဆိုတာကို ပြောရင်း သဘောကျစွာ ဟားတိုက် ရီနေပါတယ် ။

ထိုအခါ သခင်အောင်ဆန်းက ရယ်မောလျှက် ဒါက ဓမ္မတာပါဘဲ ။ အုပ်စိုးသူ အစိုးရ ဆိုတာ အုပ်ချုပ်ခံ လူတန်းစား အပေါ်မှာ အခုလို သဘေထားလေ့ရှိပါတယ် ။ အထူးသဖြင့် ကျနော်တို့က အတိုက်အခံ လုပ်နေတော့ သူတို့တွေ ဒီလို သတင်းလွှင့်ကြမှာပါဘဲ ။

တခုပြောချင်တာက ဗမာပြည်မှာ ရှိတဲ့ လူငယ်လူရွယ်တော ပညာမဲ့ အလုပ်လက်မဲ့ လူပေလူတေ လေးတွေ ဖြစ်ရတယ် ဆိုရင် ဘယ်သူ့ အပြစ်လည်း ။ ဗြိတိသျှ အုပ်စိုးခြင်း အောက်မှာ ဖြစ်ရတဲ့ အခုလို အဖြစ်အပျက် အတွက် ဗြိတိသျှ လူမျိုးတွေ ရှက်စရာ ကောင်းတာပေါ့ လို့ပြန်ပြောပါတယ် ။

ကရစ်ပ် ။ ။ တခုလောက် မေးစမ်းပါရစေ ၊ စပ်စုတယ်လည်း သဘောမထားပါနဲ့ ၊ ရင်းနှီးလို့ အခုလို မေးရဲတာပါ ။ ခင်ဗျားတို့က အင်္ဂလိပ် လက်အောက်ခံ ဘ၀က လွတ်မြောက်ဖို့ ကြိုးစားနေကြတယ် ။ ဘယ်လိုနည်းနဲ့လွတ်မြောက်အေင် လုပ်ကြမှာလည်း ။

သခင်အောင်ဆန်း ။ ။ နည်းကတော့ ကျန်ာတို့ တရားတယ် ထင်တဲ့ နည်းလမ်းနဲ့ ရအောင်ပြန်ယူမှာပါဘဲ ။

ကရစ်ပ် ။ ။ မစ္စတာ အောင်ဆန်း ပြောတာ သိပ် နားမလည်ဘူး ၊ ထပ်ရှင်းစမ်းပါအုံး ။

သခင်အောင်ဆန်း ။ ။ ရှင်းပါတယ် ။ တရားတယ် ထင်တဲ့ နည်းလမ်း ဆိုတာ ရရာ နည်းလမ်းနဲ့ လုပ်ရမယ်လို့ ဆိုတာပါဘဲ ။ ဥပမာဗျာ ခင်ဗျာ အိပ်ထဲက ဖောင်တိန်လေးဟာ ကျနော်ပိုင်တဲ့ ဖောင်တိန် ဆိုပါတော့။ ခင်ဗျာက ကျနော့်ဆီက အနိုင်ကျင့်ပြီး လုယူသွားတယ် ထားပါတော့ ။ ဒီတော့ ကျန်ာက ခင်ဗျာကို ပြန်လည် တောင်းပန်ပြီး ပြန်ပေးပါလို့ ချော့တောင်းမယ် ၊ မရရင် နောက်တနည်းနဲ့ ပြန်တောင်းမယ် ။ ဒီလိုမှ မရတဲ့ အဆုံးကျတော့ မပေးဘူးလား ပေးမလား ဆိုပြီး ခြိမ်းခြောက်တောင်းမယ် ။ ဒါနဲ့မှ မရရင် ဟောဒီလို အတင်းလုမယ် ။

သခင်အောင်ဆန်းသည် ပြောပြာဆိုဆို ကရပ်စ်ဖို့ ၏ အိပ်ကပ်ထဲက ဖောင်တိန်ကို ဆွဲယူလိုက်ရာ ကရပ်စ်၏ ကုတ်အကျီ်အိပ်ကပ်ကြီးပါ ပြဲ၍ ပါလာတော့သည် ။

သခင်အောင်ဆန်းမှာ ဧည့်သည်တယောက်၏ အကျိံင်္ီ ပြဲသည်ကိုပင် အားမနာတတ် ၊ အလိုက်မသိတတ်ဘဲ ဆက်ပြောလိုက်သေးသည် ။ ကဲ အဲဒီနည်းဟာ ကျနော်တရားတယ် ထင်တဲ့နည်းဘဲ ။ ကျနော့် ဖောင်တိန်ပြန်ရတာ လိုရင်းဘဲ ။ ကရပ်စ်မှာ ဘာမှ မပြောနိုင်ဘဲ အားရပါးရ ဟားတိုက်၍ ရယ်မောနေတော့သည် ။

သခင်အောင်ဆန်းက ဆက်ပြီး ကဲ . အခုလို လုပ်ယူရတော့ ကောင်းသေးရဲ့လား ။ ကျနော့်မှတော့ ဖောင်တိန်ပြန်ရပါရဲ့ ခင်ဗျာမှာတော့ အင်္ကျီအိပ်ကပ် အပြဲခံရတာသာ အဖတ်တင်သာပေါ့ ။ စောစောကသာ ပေးလိုက်ရင် အင်္ကျီလည်း မပြဲဘူး ။ ကျနော့်လက်တောင် တော်တော် နာသွားတယ်။ ခု ကျနော် ပြောနေတာတွေက အပိုပြောတာလည်း မပါဘူး ။ ခြိမ်းခြောက်တာလည်း မဟုတ်ဘူး ။ တကယ်ဖြစ်လာနိုင်တာကို ပြောပြတာဘဲ ။

ကရပ်စ်မှာ ဘာမှ မပြောနိုင် ။ အူတတ်မတတ် ဖြစ်နေရှာသည် ။ နောက် အတန်ကြမှာ အို ချစ်စရာ ကောင်းတဲ့ အောင်ဆန်း ၊ ချစ်စရာ ကောင်းတဲ့ အောင်ဆန်းဟူ၍သာ ထပ်ကာထပ်ကာ ရေရွတ်၍ နေရှာပါတော့သည် ။

myat thi ha

Sunday, January 8, 2012

0 နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ဖို့အရေးတကြီးလိုအပ်နေပါပြီ၊

နိုင်ငံရေးအကျဉ်းသားဟောင်းများအနေဖြင့် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးအတွက် ယနေ့ဆက်လက်ပြီး ၀ါရင့်နိုင်ငံရေးသမားကြီးများနှင့်တွေ့ဆုံခဲ့ကြပါသည်၊နိုင်ငံရေးအကျဉ်းသားဟောင်းများသည် ယနေ့သခင်သိန်းဖေ၏နေအိမ်တွင် သွားရောက်ကာ ပါလီမန်ရှေ့နေကြီးဦးသန်းတင်၊ ရွှေတောင်ဦးအုန်းမောင်၊ ဦးထွေးမြင့်(ပြည်ချစ်)ဦးအုန်းကျော်တို့နှင့်တွေ့ဆုံကာ နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးအတွက် ဆွေးနွေးခဲ့ပါသည်၊

ညနေပိုင်းတွင်သတင်းစာဆရာကြီးလူထုဦးစိန်ဝင်းနှင့်လည်းသွားရောက်ကာ အကျဉ်းသားများ လွတ်မြောက်ရေးအတွက်ဆွေးနွေးခဲကြပါသည်။ ဦးထွေးမြင့်(ပြည်ချစ်)က ယခုလွတ်ငြိမ်းချမ်းသာမိန့်ဟာ လွတ်ငြိမ်းချမ်းသာလို့မခေါ်ထိုက်ပါဘူးဆိုပြီးပြောပါသည်။

နိုင်ငံရေးအကျဉ်းသားတွေကိုမလွှတ်ပေးတဲ့အတွက်နိုင်ငံရေးအဓိပ္ပါယ်ကိုစဉ်းစားလို့မရဘူးဟုဆိုပါတယ်၊ ငြိမ်းချမ်းစွာလုပ်ပါ့မယ်ဆိုတဲ့လူတွေကို တချီတမောင်းတော့ ချလိုက်အုံးမယ်ဆိုတဲ့ စိတ်ခံစားချက်ဖြစ်တယ်လို့ ဆိုပါတယ်၊

သတင်းစာဆရာကြီးလူထုဦးစိန်ဝင်းကလည်း နိုင်ငံရေးအကျဉ်းသားများအားလုံးလွတ်မြောက်ရေး၊ ပြည်တွင်းစစ်ရပ်စဲရေး၊ပြည်သူလူထုရဲ့ဝန်ထုတ်ဝန်ပိုးတွေကိုအမြန်ဆုံးလျှော့ချရေးဆိုတဲ့စံသုံးချက်ကို ယနေ့ကာလမှာအဓိကထားပြီးလုပ်ဆောင်ရန်ပြောကြားလိုက်ကြောင်းသိရပါတယ်၊

သတင်းစာဆရာကြီးလူထုဦးစိန်ဝင်းနှင့်သွားရောက်တွေ့ဆုံစဉ်

သခင်သိန်းဖေ၏နေအိမ်တွင်သွားရောက်ကာ ၀ါရင့်နိုင်ငံရေးသမားကြီးများနှင့်သွားရောက်တွေ့ဆုံစဉ်
Redstar Burma အားကျေးဇူးတင်ရှိပါသည်...

0 နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးအတွက်အဖြူရောင်တနင်္ဂနွေလှုပ်ရှားမှုစတင်


မြန်မာနိုင်ငံအနှံ့အပြားရှိအကျဉ်းထောင်များတွင်ကျန်ရှိနေသည့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး အတွက် ဇန်နဝါရီလ ၈ ရက်မှ စတင်ကာ အဖြူရောင် တနင်္ဂနွေလှုပ်ရှားမှုကိုစတင်လိုက်ကြောင်း ယင်းလှုပ်ရှားမှုတွင် ပါဝင်သူ ၈၈ မျိုးဆက်သစ် ကျောင်းသား ဦးကိုကိုကြီး (စမ်းချောင်း)က ရန်ကုန်တိုင်းမ် ဂျာနယ်သို့ပြောကြားသည်။

နိုင်ငံတော် သမ္မတကြီး က ထုတ်ပြန်သည့် တတိယ အကြိမ်လွတ်ငြိမ်းချမ်းသာ ခွင့်အမိန့်ဖြင့် လွတ်မြောက် လာသူ နိုင်ငံရေးအကျဉ်းသားအရေအတွက်မှာနည်းပါးသဖြင့် ယင်းလှုပ်ရှား မှုကိုစတင်ခြင်း ဖြစ်ကြောင်း သိရသည်။

တာမွေမြို့နယ် ​ကျောက်မြောင်းရပ်ကွက် အတွင်းရှိ နိုင်ငံရေးအကျဉ်းသားမိသားစု များကိုလမ်းလျှောက် တွေ့ဆုံနေ သည့် အဖြူရောင်တနင်္ဂနွေလှုပ်ရှားမှု အဖွဲ့ဝင်များ“ကျွန်တော်တို့ဒီအတိုင်းငြိမ် နေရင် မရတော့ဘူး။ တစ်ခုခုလုပ်မှရတော့မယ်ဆိုတဲ့ အတွေးပေါ်လာလို့ ဒီအဖြူရောင် တနင်္ဂနွေလှုပ်ရှားမှုကို နိုင်ငံရေးအင်အား စုတွေပေါင်းပြီး လုပ်ဆောင်ရတာပါ။ကျွန်တော်တို့တတွေနိုင်ငံရေးအကျဉ်းသားမိသားစုတွေ နဲ့ တွေ့ တဲ့အခါမှာ သူတို့တွေ လွတ်မြောက်ရေးကို အဆက်မပြတ် လုပ်နေတယ်ဆိုတဲ့ သတင်းစကားကို ပြောပြပါတယ်။

ထောင်ဝင်စာ သွားတွေ့တဲ့အခါ လိုအပ်တဲ့ပစ္စည်း တွေကိုထောက်ပံ့ပါတယ်။” ဟု ဦးကိုကိုကြီး(စမ်းချောင်း) က ဆိုသည်။ အဖြူရောင်တနင်္ဂနွေလှုပ်ရှားမှုအား နိုင်ငံရေး အကျဉ်းသားမိသားစု ကွန်ရက် Generation Wave ၊ နိုင်ငံရေး အကျဉ်းသား ဟောင်းများ၊ ၈၈မျိုးဆက်သစ်ကျောင်း သားများအဖွဲ့၊ ဗမာနိုင်ငံလုံးဆိုင် ရာ ကျောင်းသား များသမဂ္ဂ တို့က ပူးပေါင်း ပါဝင်သည့် အပြင်၊ မြန်မာတစ်နိုင်ငံလုံးရှိ နိုင်ငံရေးအကျဉ်းသား မိသားစုများနှင့် တွေ့ဆုံရန် ရှိကြောင်း ယင်းလှုပ်ရှားမှုတွင်ပါဝင်သူ ဗကသအဖွဲ့ဝင် မဖြိုးဖြိုးအောင်က ပြောသည်။ဇန်နဝါရီ ၈ ရက်က စတင်သည့် အဖြူရောင် တနင်္ဂနွေလှုပ်ရှားမှုအား ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်မှ စတင်ခဲ့ပြီး၊အကျဉ်းကျနေ သည့်နိုင်ငံရေး အကျဉ်းသား ၁၅ ဦး၏ မိသားစုနှင့် တွေ့ဆုံ ကာအားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။

Yangon Media Group
Photo..Burma vj media network

0 လွတ်လပ်ခြင်းအနုပညာ ရုပ်ရှင်ပွဲတော်ဆုချီးမြှင့်မှုအခမ်းအနားတွင် ကိုဇာဂနာခေါင်းဆောင်သောသီးလေးသီးနဲ့မြပုဏ္ဏမာအငြိမ့်အဖွဲ့မှတင်ဆက်သောဟာသပျက်လုံးများ


VIDEOဖိုင် ၁၄ဖိုင်တဆက်တည်းကြည့်နိုင်ပါတယ်..




Photo..Zarganar Facebook

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.