Sunday, August 19, 2012

0 ``ရိုဟင်ဂျာတွေဟာ မြန်မာလူမျိုးစုထဲမှာ ဘယ်တုန်းကမှ မပါခဲ့ပါဘူး`` လို့ ပြည်ထောင်စု လ၀က ၀န်ကြီး ဦးခင်ရီက ဘီဘီစီနဲ့ သီးသန့် ဆက်သွယ် အင်တာဗျူးမှာ ထပ်မံ ပြောဆို (အသံဖိုင်)


``ရိုဟင်ဂျာတွေဟာ မြန်မာလူမျိုးစုထဲမှာ ဘယ်တုန်းကမှ မပါခဲ့ပါဘူး`` လို့ ပြည်ထောင်စု လ၀က ၀န်ကြီး ဦးခင်ရီက သြဂုတ် ၁၉ က ဘီဘီစီနဲ့ သီးသန့် ဆက်သွယ် အင်တာဗျူးမှာ ထပ်မံ ပြောဆို လိုက်ပါတယ်။ ဒါ့အပြင် ၂၀၁၄ ပြည်လုံးကျွတ် သန်းကောင်စာရင်း ကောက်တဲ့အခါမှာလည်း လူဦးရေကိုသာ အခြေခံ ကောက်ယူမှာ ဖြစ်တယ်၊ ဘာသာရေးပေါ် အခြေခံမှာ မဟုတ်ဘူးလို့လည်း ၀န်ကြီးက ပြောပါတယ်။
(ဘီဘီစီ)

0 တနိုင်ငံလုံး အတိုင်းအတာဖြင့် လယ်ဧက ၅ သိန်းကျော် ရေနစ်မြုပ်ခံရ

ပြီးခဲ့သည့် သီတင်းပတ်များအတွင်း မုတ်သုန်မိုး ဆက်တိုက်ရွာသွန်းခဲ့သည့်နောက် ပြည်နယ်နှင့် တိုင်းဒေသကြီး ၆ ခုတွင် ရေနစ်မြုပ်လယ်မြေ ဧကစုစုပေါင်းမှာ ၅၂၈၀၀၀ ကျော်ရှိပြီဟု မြန်မာ့စိုက်ပျိုးရေး လုပ်ငန်းမှ အရာရှိကြီးတဦးက ပြောသည်။

မွန်ပြည်နယ် ပေါင်မြို့နယ်မှ လယ်စိုက်ခင်းတခု
ယခုရက်ပိုင်းအထိ ကောက်ယူရရှိထားသည့် စာရင်းများအရ ရေနစ်မြုပ်ခဲ့သည့် လယ်မြေ ၅၃၀၀၀၀ နီးပါးမှ ယခုလ ၁၈ ရက်နေ့ထိ ဧက ၁၃၆၀၀၀ ကျော် ရေပြန်ပေါ်လာပြီးနောက် ထိခိုက်သည့် လယ်မြေ ဧက ၅ သောင်း ၆ ထောင်ကျော်ရှိသည်ဟုလည်း ယင်းအရာရှိက YPI သို့ပြောသည်။

စိုက်ပျိုးရေး လုပ်ငန်းအရာရှိကြီးက “မြုပ်သွားတဲ့ လယ်မြေတိုင်းတော့ ပျက်စီးတာမဟုတ်ဘူး၊ တချို့က အထွက်နှုန်းလျော့မယ်၊ တချို့က ပျက်စီးတယ်၊ အခုလောလောဆယ် သိရသလောက်တော့ ပျက်စီးတဲ့ အချိုးအစားက နည်းတယ်၊ အထွက်နှုန်း ထိခိုက်တာက အခုထိ ဧက ၁ သိန်း၂ သောင်းနီးပါးရှိတယ်” ဟုပြောသည်။

ပြည်နယ်နှင့် တိုင်းအရ ရေနစ်မြုပ်မှု ဒဏ်ခံရသည့် အဆိုးရွားဆုံး ခံရသည့် ဒေသများမှာ မွန်၊ ကရင်၊ ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် ပဲခူး၊ ရန်ကုန်နှင့် ဧရာဝတီ တိုင်းဒေသကြီးတို့ဖြစ်သည်ဟုလည်း သိရှိရသည်။

သို့ရာတွင် ဆန်စပါးအသင်း ဗဟိုအလုပ်အမှုဆောင် တဦးဖြစ်သူ ဒေါက်တာစိုးထွန်း က ၎င်းတို့ကောက်ခံ ရရှိထားသည့်စာရင်းများအရ တနိုင်ငံလုံး အတိုင်းအတာဖြင့် ဧက ၆၁၅၀၀၀ ကျော်ရှိ၍ ရေပြန်လည်ပေါ်လာသည့် ဧကအရေအတွက်မှာ ၂၁၃၀၀၀ ကျော်ရှိသည်ဟု ပြောသည်။

ရေမြုပ်ခံရသည့် လယ်မြေများအား ထိခိုက်မှု လျော့နည်းအောင်၊ ပြန်လည်စိုက်ပျိုးမည့် လယ်မြေများအခြေအနေ ကြည့်ရှုစစ်ဆေးရန်၊ မျိုးစပါးလိုအပ်ပါက အထောက်အပံ့ပေးရန်နှင့် ပိုးသတ်ဆေး မြေသြဇာကဲ့သို့သော သွင်းအားစုများ ဖြည့်ဆည်းပေးရန် ရည်ရွယ်၍ အရေးပေါ်ကူညီရေး အဖွဲ့များ ယခုရက်အတွင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဋ္ဌာနမှဖွဲ့စည်းထားသည်ဟုလည်း မြန်မာစိုက်ပျိုးရေး လုပ်ငန်းမှ ဒုတိယအထွေထွေမန်နေဂျာ ဦးမြင့်ဦးက ပြောသည်။

ယင်းအဖွဲ့များ လာမည့် သီတင်းပတ်အစတွင် ယင်းအဖွဲ့များ မြန်မာနိုင်ငံ အောက်ပိုင်းနှင့် အထက်ပိုင်းဒေသများသို့ စတင်သွားရောက်မည်ဟုလည်း ဆိုသည်။

၎င်းက မြန်မာနိုင်ငံအောက်ပိုင်း ဒေသများတွင် ရေကြီးနေစဉ် မြန်မာနိုင်ငံအထက်ပိုင်း အချို့ဒေသများတွင် ပုံမှန်ထက် မိုးနည်းပါးကာ စပါး မစိုက်နိုင်သည့်ဖြစ်စဉ်များလည်း ရှိနေသည်ဟုလည်း ပြောသည်။

မိုးလေ၀သ ပညာရှင် ဒေါက်တာထွန်းလွင်က လက်ရှိမြန်မာနိုင်ငံ မိုးလေ၀သ အခြေအနေမှာ မြန်မာနိုင်ငံ အလယ်ပိုင်းနှင့်အရှေ့ပိုင်းဒေသများတွင်မိုးခေါင်နေချိန်၌ အောက်ပိုင်းဒေသများ၌ ရေကြီးမှုများ ဖြစ်ပွားနေသည့် ဖြစ်စဉ်သည် ထူးခြားသည့် ဖြစ်စဉ် တခုဖြစ်ကြောင်း ယခုလ (၄) ရက်နေ့က ပြုလုပ်သည့် ဟောပြောပွဲတွင် ပြောဆိုခဲ့သည်။ Yangon press international

0 ရာသီဥတု ဖောက်ပြန်မှု အချက်ပေး ခေါင်းလောင်းသံ ပိုမြည် လာပြီလား

သမိုင်းလမ်းဆုံ အနီး ရေကြီးမှုမြင်ကွင်း
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ် အမှတ် (၃)ရပ်ကွက်၊ အောင်သိဒ္ဓိလမ်းရေကြီးနေသည်ကို ယနေ့နံနက်ပိုင်းကတွေ့ရစဉ်။

မြန်မာနိုင်ငံ အထက်ပိုင်းနှင့် အောက်ပိုင်းတို့တွင် မိုးများနေပြီး အလယ်ပိုင်းတွင် မိုးခေါင် နေသည်။ တိုင်းနှင့်ပြည်နယ် အတော် များများတွင် အဆက်မပြတ် မိုးရွာသွန်းမှုများ ကြောင့် စံချိန်တင် မိုးရေချိန်များနှင့် အတူ ရေကြီး ရေနစ်မြုပ်မှုများ ဖြစ်ပွားနေသည်။ အဆက်မပြတ်မိုးရွာသွန်းမှုကြောင့် မြစ်ကြီးများ ရေမျက်နှာပြင် မြင့်တက်ကာ မြစ်ကမ်း တစ်လျှောက်ရှိ မြို့ရွာ အချို့ ရေလွှမ်းမိုး နေဆဲ။ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ တွင်မူ မိုးခေါင်နေ၍ အခက်အခဲများ ကြုံတွေ့ရလျက် ရှိသည်။ ကမ္ဘာကြီး ပူနွေးလာမှု၏ နောက်ဆက်တွဲ ဆိုးကျိုးများတွင် ပါဝင်သော ရာသီဥတု ပြောင်းလဲမှုများကို ကမ္ဘာသူ ကမ္ဘာသားများ သိသိသာသာ ခံစားလာရ သကဲ့သို့ မြန်မာနိုင်ငံတွင်လည်း ၂၀၀၈ နာဂစ် မုန်တိုင်း တိုက်ခတ် အပြီးတွင် ရာသီဥတု ပြောင်းလဲမှုများ ခပ်စိပ်စိပ် ဖြစ်ပေါ်လာလျက် ရှိသည်။

ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး အထက်ပိုင်း၊ ရခိုင် ပြည်နယ်၊ ဧရာဝတီတိုင်း ဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ တနင်္သာရီ တိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးတို့တွင် ရေဖုံးလွှမ်း လျက်ရှိ သည်။ စစ်ကိုင်းတိုင်း ဒေသကြီး အောက်ပိုင်း၊ မကွေးနှင့် မန္တလေးတိုင်း ဒေသကြီးတို့ရှိ ဒေသ အများစုတွင်မူ မိုးဥတု ၀င်သည်မှာ နှစ်လကျော် လာပြီ ဖြစ်သော်လည်း ယနေ့ အချိန်အထိ မိုးကောင်းစွာ မရွာသေး ကြောင်း ဒေသခံများ ထံမှ သိရသည်။

“ မိုးစရွာတော့ လမ်းပေါ်ထွက်ပြီး မိုးရေထိခံကြတယ် “ ဟု တစ်လ ကျော်ကြာ မိုးမရွာခဲ့သည့် မန္တလေးမြို့တွင် မိုးစတင်ရွာသည့် ဇူလိုင်လ ၂၄ ရက်နေ့မြင်ကွင်းကို အသက် ၂၀ အရွယ် အမျိုးသမီးတစ်ဦးက ပြောပြသည်။

မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသ စစ်ကိုင်းတိုင်း အောက်ပိုင်း၊ မကွေး တိုင်းနှင့် မန္တလေးတိုင်း ဒေသကြီးတို့တွင် မုတ်သုံဝင်သည့် ကာလကပင် မိုးရွာသွန်းခြင်း မရှိသည့်အတွက် သောက်သုံးရေ ရှားပါးခြင်း၊ စိုက်ပျိုး သီးနှံများ ပျက်စီးခြင်း၊ တိရစ္ဆာန် အစာများ ရှားပါးလာခြင်းတို့ ကြုံတွေ့ နေရကြောင်း ဒေသခံတို့၏ ပြောဆိုချက်များ အရ သိရသည်။ “ အလယ်ပိုင်း ဒေသမှာ မုတ်သုံကာလ မိုးရွာတာ မိုးရေချိန် ၇ လက်မ မကျော်သေးပါဘူး “ ဟု မိုးလေ၀သနှင့် ဇလဗေဒ ပညာရှင် ဒေါက်တာထွန်းလွင်က ဆိုသည်။

“ မိုးခေါင်လို့ တောင်သူတွေမနေ့ကမှ ပဲတွေစိုက်ရတယ်။ မိုး မရွာလို့ နွားစှာားပါးလို့ တောထဲကမာနဲ့ ဘင်ဂန်ပင်တွေကို ခုတ် ကျွေးရတယ်။ ဈေးထဲမှာ ရောင်းတဲ့ အမဲသားတွေတောင် ခါးကုန်တယ်”ဟု လက်ရှိ မိုးခေါင်လျက် ရှိသော ပခုက္ကူမှ ဒေသခံ ဦးသိန်းက ပြောကြားသည်။

လက်ရှိ မိုးခေါင်နေဆဲ ဖြစ်နေသော မုံရွာမှ ဒေသခံ ဦးအောင်နေမျိုး ကလည်း “စိုက်ထားတဲ့ပဲတွေ မိုးမရွာလို့ အကုန်သေကုန် တယ်။ တောင်သူတွေ တော်တော် ဒုက္ခရောက်နေကြပြီဗျာ” ဟု ညည်းတွား ပြော ဆိုသည်။

ဘင်္ဂလား ပင်လယ်အော် အတွင်းတွင် သြဂုတ်လ ပထမပတ်အထိ မုန်တိုင်း မဖြစ်ခဲ့သည့် အတွက် အလယ်ပိုင်း ဒေသများတွင် မိုးရရှိနိုင် ခြင်းမရှိခဲ့ပေ။ သို့သော် ဇူလိုင်လ နောက်ဆုံးပတ်တွင် တောင်တရုတ် ပင်လယ်၌ တိုင်ဖုန်းမုန်တိုင်း ဖြစ်ပွားခဲ့ပြီး မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသ အချို့ မိုးရရှိခဲ့သော်လည်း ကျန်ဒေသများမှာ မိုးရရှိရန် လိုအပ် နေဆဲဖြစ်သည်။

မိုးလေ၀သနှင့် ဇလဗေဒ ပညာရှင် ဒေါက်တာထွန်းလွင်က “ ဒီ နှစ်မှာ ထူးခြားချက်တွေ ရှိတယ်။ ပင်လယ်နဲ့ မြေပြင်ဆိုရင် ပင်လယ် ထဲမှာ မိုးပိုရွာတယ်။ ဒါကြောင့် ကမ်းရိုးတန်း ဒေသတွေ ပင်လယ်ရေ တက်ပြီး မြစ်ရေကြီးမှုတွေ ဖြစ်ပေါ်ခဲ့တာပါ” ဟု ဆိုသည်။

အနောက်တောင် မုတ်သုံလေသည် မြန်မာနိုင်ငံ မြောက်ပိုင်းသို့ မေလ အကုန်တွင် ၀င်ရောက်ခဲ့ပြီး အနောက်တောင် မုတ်သုံလေဦးသည် မြန်မာနိုင်ငံ မြောက်ပိုင်းကို ရောက်ရှိပြီးနောက် အစဉ်အလာ အရ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းကို ပြန်ဆင်း လာရသော်လည်း ယခု နှစ်တွင်မူ မြန်မာနိုင်ငံ မြောက်ပိုင်းကို မုတ်သုံလေဦး ၀င်ရောက်ပြီး ကတည်းက တစ်ခါတည်း အထိုင်ချ နေခဲ့ပြီး ပြန်ဆင်း မလာတော့ကြောင်း၊ ယင်းမှာ သြဂုတ်လဆန်း အထိ ဖြစ်ကြောင်း၊ ယင်းကို အကြောင်းပြုကာ မြန်မာနိုင်ငံတွင် ယခုကဲ့သို့ ရာသီဥတု ဖောက်ပြန် မှုများ ဖြစ်လာခြင်း ဖြစ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ပညာရှင် ဒေါက်တာထွန်းလွင်က ရှင်းပြသည်။

ယင်းကြောင့် မြန်မာနိုင်ငံ မြောက်ပိုင်းစွန်း ဒေသများဖြစ်သည့် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်း ဒေသကြီး အထက်ပိုင်းတို့တွင် မိုးများ နေ့စဉ် ရက်ဆက် ရွာသွန်းခဲ့ပြီး ဇွန်၊ ဇူလိုင်လတို့တွင် ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ရေတို့ မြင့်တက်ခဲ့ကာ မြစ်ရိုးတစ်လျှောက် မြို့၊ ရွာများ၊ လယ်ကွင်းများ၊ မြေနိမ့်ပိုင်းနေရာများသို့ ရေ၀င်ရောက်ကာ ရေကြီးမှု ဖြစ်ပေါ်ခဲ့သည်။

သမားရိုးကျ မဟုတ်ဘဲ ထူးခြားသည့် ရာသီဥတု ဖြစ်စဉ်များ ယခုနှစ်အတွင်း များလာကြောင်း ဒေါက်တာထွန်းလွင်က ဆိုသည်။

မြန်မာနိုင်ငံ မြောက်ပိုင်းဒေသများ ဖြစ်သော ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး အထက်ပိုင်းတို့တွင် နေ့စဉ် မိုးရွာသွန်းနေပြီး မိုးရွာသွန်းမှု ကြောင့် မိုးရေချိန် ပမာဏမှာ တစ်ပတ်လျှင် လေးလက်မ မှ ခြောက်လက်မ နီးပါး ရှိနေသည်။

မြန်မာနိုင်ငံအတွင်း စီးဆင်းသော မြစ်ကြီးများတွင် မြစ်ရေများ တိုးလာပြီး စိုးရိမ် ရေမှတ်များ ကျော်လွန်ခဲ့ကာ မြစ်ကမ်း တစ်လျှောက် ရှိ မြို့ရွာများ၏ အနိမ့်ပိုင်း ဒေသများသို့ မြစ်ရေ ၀င်ရောက်မှု များဖြစ် ပွားနေသည်။ သံလွင်မြစ်၊ ပဲခူးမြစ်၊ စစ်တောင်းမြစ်၊ တနင်္သာရီမြစ် တို့မှာ ရေကြီးလျက် ရှိသည်။ ရွှေကျင် မြစ်ရေမှာလည်း ဇူလိုင်လ အကုန် သြဂုတ်လ ဆန်းပိုင်းမှ စတင် မြင့်တက်ခဲ့သည်။

ပြီးခဲ့သည့် ဇွန်လကုန်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဧရာဝတီ မြစ်ရေသည် မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ် တိုင်းထွာချက်အရ စိုးရိမ်ရေ အမှတ် ၁၁၆၀ စင်တီမီတာသို့ ရောက်ရှိနေပြီး စိုးရိမ်ရေ အမှတ်ထက် ၁၀ စင်တီမီတာ (သုံးပေ) မြင့်တက်ခဲ့သည်။

ယင်းကဲ့သို့ မြစ်ရေကြီးမှုကြောင့် မြစ်ကြီးနား၊ ဗန်းမော်၊ ကသာနှင့် ရွှေကူမြို့များရှိ ရပ်ကွက်အချို့ ရေနစ်မြုပ် ခဲ့သည်။
ရန်ကုန်မြို့တွင်လည်း ပင်လယ်ရေပြင် မြင့်တက်မှုနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဆင်ခြေဖုံး မြို့နယ်ဖြစ်သော ဒဂုံဆိပ်ကမ်း (အရှေ့) မြို့နယ်တွင် လယ်ဧက ထောင်ချီ ရေနစ်မြုပ်ခဲ့သည်။

မိုးသည်းထန်စွာ ရွာသွန်းကာ ပင်လယ်ရေ မြင့်တက်မှုကြောင့် မြန်မာနိုင်ငံ အထက်ပိုင်း တွင်သာမက မြန်မာနိုင်ငံ အောက်ဆုံးပိုင်း ဖြစ်သော တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်မြို့ အနီးတစ်ဝိုက်ရှိ ကျေးရွာ များတွင်ပါ ရေနစ်မြုပ်ခဲ့သည်မှာ သြဂုတ်လ ဒုတိယ အပတ်ထိ ရေကျခြင်း မရှိသေးပေ။ တနင်္သာရီတိုင်း ဒေသကြီး တနင်္သာရီမြို့တွင် ဇူလိုင်လ နောက်ဆုံး အပတ်မှစပြီး မိုးသည်းထန်စွာ ရွာသွန်းသောကြောင့် လေးနှစ်အတွင်း အဆိုးရွားဆုံး မြစ်ရေလျှံကာ ကျေးရွာပေါင်း ၁၂ ရွာ ခန့် ရေလွှမ်းမိုး ခံရကြောင်း ဒေသခံများ ထံမှ သိရသည်။

ယင်းမြစ် ရေလျှံမှုကြောင့် ချောင်းကြီး၊ ချောင်းငယ်၊ ကျောက်မိကျောင်း၊ မြန်မာအင်းကော်၊ ညောင်ပင်ကွင်း ကျေးရွာအုပ်စုများ၊ ဆင်ခြေဖုံး ကျေးရွာအုပ်စု၊ ကျောက်တစ်လုံး ကျေးရွာအုပ်စု၊ ဖော့ဝ ကျေးရွာ အုပ်စုမှ ကျေးရွာပေါင်း လေးရွာ ရေဘေးသင့် ခဲ့သည်ဟု အဆိုပါကိစ္စကို ကူညီ ဆောင်ရွက်နေသည့် မြိတ်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဦးဥက္ကာက ပြောသည်။
မြို့ပေါ်ရှိ ကယ်ဆယ်ရေး စခန်းသုံးခုတွင် ရေဘေးသင့်သူ ၁၀၉ ဦးထက် မနည်းရှိပြီး အနီးအနား ကျေးရွာများမှ ရေဘေးသင့် သူများ စုစုပေါင်းတစ်ထောင်ကျော်ရှိသည်ဟု တနင်္သာရီမြို့နယ် NLD မှ ယာယီ တာဝန်ခံ ဦးအောင်ဆန်းဦးက ပြောဆိုသည်။ တနင်္သာရီမြစ်သည် ထားဝယ်မြို့ မေတ္တာမြို့နယ်ခွဲတွင် မြစ်ဖျားခံ စီးဆင်းလာပြီး တနင်္သာရီမြို့ကို ဖြတ်ပြီး စီးဆင်းသည်။

“ ထားဝယ်က ဆင်းလာတဲ့ရေက အရမ်းကြမ်းတယ်။ နှစ်ထပ်တိုက်တွေ တိုက်အိမ် အပေါ်ပိုင်း အထိ မြုပ်သွားတယ်” ဟု တနင်္သာရီ မြို့ခံ ကြက်ခြေနီ အဖွဲ့ဝင် တစ်ဦးက ပြောသည်။ မြ၀တီမြို့တွင်လည်း ရေလွှမ်းမိုး နေသောကြောင့် ရေဘေး ဒုက္ခသည်များအတွက် ကယ်ဆယ်ရေး စခန်း ၁၀ ခုကို ဖွင့်လှစ်ထားရသည်။
“ လက်ရှိမြန်မာနိုင်ငံမှာ အန္တရာယ်အကြီးဆုံးဟာ မြစ်ရေကြီးမှု ပါပဲ” ဟု ဒေါက်တာထွန်းလွင်က မှတ်ချက် ပေးသည်။

“ နှစ်စဉ် မုတ်သုံလေ ၀င်ရောက်သော ရက်များ (၁၉၅၆-၂၀၀၀ ) ရာသီဥတုပြောင်းလဲလာတာမှာ ဆရာကတော့ စိုက်ပျိုးရေးကို စိတ်ပူတယ်။ ရာသီဥတုဒဏ် ခံနိုင်တဲ့ စိုက်ပျိုးရေး သီးနှံတွေ စိုက်ပျိုး နိုင်ဖို့အတွက် သုတေသနလုပ်ငန်းတွေ လုပ်ဆောင်ဖို့လိုနေပြီ။ အခု လုပ်မှ နောက် ၁၀ နှစ်မှာ အကျိုးခံစားနိုင်မှာ။ Policy Level မှာက ရာသီဥတု ပြောင်းလဲခြင်းနဲ့ ပတ်သက်ရင် Mitigation နဲ့ Adaptation ကို နားလည်တာထက် သဘာဝဘေးအန္တရာယ်ကာကွယ်ရေးဆိုတာကို ဇောင်းပေးတဲ့ သဘောမျိုးတွေ ဖြစ်နေတယ်။ Mitigation နဲ့ Adaptation က သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေးမှာ အစိတ်အပိုင်း တစ်ခုဆိုတာကို Policy Level မှာ ကွဲကွဲပြားပြား ရှင်းရှင်းလင်းလင်း မဖြစ်သေးဘူးလို့ ဆရာမြင်တယ်” ဟု မြန်မာနိုင်ငံ၏ ရာသီ ဥတု ပြောင်းလဲခြင်း အစီရင်ခံစာ ရေးဆွဲရာတွင် ပါဝင်ခဲ့သော စီးပွား ရေးနှင့် ဂေဟစနစ် ဖွံ့ဖြိုး တိုးတက်ရေး အဖွဲ့ ( Eco Dev ) အုပ်ချုပ်မှု ဒါရိုက်တာ ဦးဝင်းမျိုးသူက ပြောကြားသည်။

Green Fund လိုမျိုး အစိုးရက ချပေးရန် လိုအပ်ကြောင်းလည်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များက ထောက်ပြကြသည်။
မြန်မာနိုင်ငံတွင် လက်ရှိ လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ပတ်သက်ကာ ဦးဝင်းမျိုးသူက “ဒုက္ခရောက်လိုက် သွားကူညီလိုက် ဒါမျိုးဖြစ်နေတယ်။ လက်ရှိ Economic Policy (စီးပွားရေးမူဝါဒ) မှာ Climate Change (ရာသီဥတု အပြောင်းအလဲ) ကို ထည့်စဉ်းစားတဲ့ Policy ကို မတွေ့သေးဘူး။ ဘာ စဉ်းစားစဉ်းစား Climate Change ကို အခြေခံပြီး စဉ်းစားရမှာ။ သက်ဆိုင်ရာ ၀န်ကြီးဌာန တွေက သူတို့ရဲ့ လုပ်ငန်းတွေ လုပ်တဲ့အခါမှာ Climate Concept (ရာသီဥတု အခြေခံ သဘော သဘာဝ) ကို ထည့်ပြီး စဉ်းစားရမယ်” ဟု ဦးဝင်းမျိုးသူက ပြောကြားသည်။

မြန်မာနိုင်ငံတွင် သဘာဝ ပတ်ဝန်းကျင်မှာ နှစ်ပေါင်း မြောက်မြားစွာ ယိုယွင်း လာသည့်အတွက် ချက်ချင်း ပြန်လည် ပြုပြင်ထိန်းသိမ်းရန် မဖြစ်နိုင်ကြောင်း၊ ဥပဒေ စိုးမိုးမှု အပိုင်းမှာ အဓိက ဖြစ်ကြောင်း၊ ထာဝစဉ် တည်တံ့မည့် ဖွံ့ဖြိုး တိုးတက်မှုမျိုး လုပ်ဆောင်ရန် လိုအပ်ကြောင်း အစုအဖွဲ့ ဖွံ့ဖြိုး တိုးတက်ရေးနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေး အဖွဲ့ (ECCDI) ဥက္ကဋ္ဌ ဦးကျော်တင့်က ပြောဆိုသည်။

ယင်းအပြင် မြန်မာနိုင်ငံရှိ မိုးလေ၀သ စခန်းများကိုလည်း အဆင့်မြှင့်တင်ရန် လိုအပ်ကြောင်း၊ ယခုလက်ရှိတွင် အားနည်းနေသေး ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် အချို့က ဆိုသည်။

မြန်မာနိုင်ငံတွင် မိုးလေ၀သ တိုင်းတာရေး စခန်း ၁၁၇ ခု၊ မိုးလေ၀သ ခန့်မှန်း ထုတ်ပြန် ပေးသည့် စခန်း သုံးခု(နေပြည်တော်၊ ရန်ကုန်၊ ကမ္ဘာအေး၊ မင်္ဂလာဒုံ)၊ လေကြောင်း မိုးလေ၀သ ထုတ်ပြန်ရေး စခန်း ခြောက်ခုရှိကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ထံမှ သိရသည်။

တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် လုပ်ဆောင်လျက် ရှိနေ သော ယနေ့ အချိန်အခါတွင် ရာသီဥတု ပြောင်းလဲမှုမှာ အဓိက စိန်ခေါ်မှု တစ်ရပ် ဖြစ်လာသည်။ နိုင်ငံ၏ ၇၀ ရာခိုင်နှုန်း သော ကျေးလက်နေ ပြည်သူများမှာလည်း ရာသီဥတု ပြောင်းလဲမှု ဒဏ်ကြောင့် အခက်အခဲများ ကြုံတွေ့ရလျက် ရှိသည်။ ယင်းတို့ကြောင့် နိုင်ငံတော် အဆင့် မည်သည့် ကဏ္ဍကို ဆောင်ရွက်သည် ဖြစ်စေ ရာသီဥတု ပြောင်းလဲလာ ခြင်းကိုပါ မလွဲမသွေ ထည့်သွင်း စဉ်းစားကာ ယင်းအတွက် နည်းဗျူဟာ စီမံကိန်းများ ချမှတ် ဆောင်ရွက်ချိန် တန်ပြီဖြစ်သည်။

မြန်မာနိုင်ငံသည် ယခု မုတ်သုံကာလတွင် မုန်တိုင်း တစ်ကြိမ်မျှ ဖြစ်ပေါ်ခဲ့ခြင်း မရှိသည့်အတွက် မိုးနှောင်းမုန်တိုင်း ရာသီဖြစ်သော အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင် မုန်တိုင်း ဖြစ်ပေါ်နိုင်ကြောင်း ဦးထွန်းလွင်က သုံးသပ်သည်။ ၂၀၁၀ တွင် တိုက်ခတ်ခဲ့သော ဂီရိမုန်တိုင်း သည် မိုးနှောင်း မုန်တိုင်း ရာသီတွင် တိုက်ခတ်ခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံအတွင်းသို့ လွန်ခဲ့သော ဆယ်စုနှစ် ခြောက်ခုအတွင်း ဆိုင်ကလုန်း မုန်တိုင်း ရှစ်လုံး ၀င်ရောက်ခဲ့သည်။ မြန်မာနိုင်ငံအတွင်း ၀င်ရောက်ခဲ့သည့် မုန်တိုင်းများ အနက် ဆိုးရွားသော မုန်တိုင်းများမှာ ၁၉၇၅ ခုနှစ်တွင် ပုသိမ်မုန်တိုင်း၊ ၁၉၈၂ ခုနှစ်တွင် ဂွမုန်တိုင်း၊ ၁၉၉၄ ခုနှစ် တွင် မောင်တောမုန်တိုင်း၊ ၂၀၀၆ ခုနှစ်တွင် မာလာမုန်တိုင်း၊ ၂၀၀၈ ခုနှစ် တွင် နာဂစ်မုန်တိုင်း၊ ၂၀၁၀ ပြည့်နှစ်တွင် ဂီရိမုန်တိုင်းတို့ ဖြစ်သည်။

ယခုနှစ် မိုးနှောင်း အလွန် နောက်ပိုင်း ကာလများ တွင် မိုးခေါင်စေဦးမည့် အယ်လ်နီညို ရာသီဥတု ၀င်ရောက်ဖွယ်ရှိရာ မိုးကောင်းရန် မလွယ်သဖြင့် ယင်းအတွက် နည်းလမ်းများ ရှာထားသင့် ပြီး ကြိုတင် ပြင်ဆင်ထားမှ သာလျှင် လက်တွေ့ ကြုံသည့်အခါ သက်သာရာ ရနိုင်မည်ဖြစ်ကြောင်း ဦးထွန်းလွင်က တိုက်တွန်း ပြောကြားသည်။ ၂၀၁၂ ခုနှစ်၏ လက်ကျန်ရာသီဥတု စက်တင်ဘာလတွင် မုတ်သုံ ဆုတ်ခွာတော့မည် ဖြစ်သည်။ ၂၀၁၂ ခုနှစ်၏ လက်ကျန် လေးရာသီတွင် မုန်တိုင်း သုံးကြိမ် ဖြစ်ပေါ်နိုင်သည်ကိုမူ ဦးထွန်းလွင် အထူးသတိပေး ပြောကြားသည်။

The voice Weekly

4 “မစိုးရိမ်လာပြီး ဝီရသူနားရွက်ကို တံတွေးစွတ်သွားသူ”-အရှင်-ဝီရသူ

ယခုလ ၁၂-ရက်နေ့က ဖြစ်ပါတယ်။ စာရေးသူ စာဝါပို့ချနေစဉ် အမှတ်(၇)ရဲစခန်းမှ နယ်ထိန်း ဦးသောင်းဟန် ရောက်လာပါတယ်။ မနက်ဖြန် ၁၃-၈-၂၀၁၂-ရက်နေ့မှာ ကလေးလုပ်သား မတင်နီလာအေးအမှု ရုံးတင်စစ်ဆေးမှာ ဖြစ်လို့ ရဲစခန်းကို မနက် (၉)နာရီ အရောက်လာဖို့ လျှောက်ထားသွားပါတယ်။

တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။ စာရေးသူက “ကလေးလုပ်သား မတင်နီလာအေးအမှု အေးစက်နေဆဲ” ခေါင်းစဉ်ဖြင့် သတင်းဆောင်းပါး တစ်ပုဒ်ရေးပြီး မိုးမခဝက်ဆိုက်ကို ပေးပို့ထားချိန်ဖြစ်ပါတယ်။ ၁၁-၈-၂၀၁၂-ရက်နေ့ထုတ် မြနန္ဒာဂျာနယ်လ်မှာ လည်း “နှိပ်စက်ခံရသူ အိမ်အကူက အိမ်ရှင်ကို အမှုဖွင့်တိုင်ကြားထားတာ (၁)လလောက်ရှိပေမယ့် ထူးခြားမှု မရှိသေးဟုဆို” ခေါင်းစဉ်ဖြင့် သတင်းတစ်ပုဒ်ပါလာပြီး နောက်တစ်နေ့ ၁၂-၈-၂၀၁၂-ရက် တနင်္ဂနွေနေ့မှာ ရုံးတင်စစ်ဆေးခွင့် အမိန့်ကျတာပါ။ တနင်္ဂနွေနေ့မှာ အမိန့်ကျတာ ဆန်းတော့ အဆန်းသားလို့ အောက်မေ့မိခဲ့ပါသေးတယ်။

စာရေးသူလည်း စာနယ်ဇင်းသမားတွေနှင့် ကလေးမလေးဘက်မှ ရှေ့နေလိုက်ပေးမည့် NLD.ပါတီဝင်တွေကို အကြောင်းကြားရပါတယ်။ ကလေးမလေး အတွက်တော့ စိတ်ချပြီးသားပါ။ ခံထားရသူ ဖြစ်လေတော့ ဘယ်အချိန်ထ,မေးမေး အမြဲတမ်းအဆင်သင့် ရှိနေမည့်သူပါ။ သင်ပေးစရာလည်း မလိုပါဘူး။ ဒါကြောင့် မကြောက်လန့်ဖို့ ရဲရဲတင်းတင်း ပြောဖို့ပဲ မှာထားလိုက်ပါတယ်။

၁၃-၈-၂၀၁၂-ရက်နေ့မှာ ချိန်းထားတဲ့အတိုင်း အမှတ်(၇)ရဲစခန်းကို သွားကြပါတယ်။ ဘုန်းကြီးတစ်ပါးရယ်၊ ဦးဇင်းနှစ်ပါးရယ်၊ ကလေးမလေးဘက်မှ သက်သေတွေရယ်၊ စာနယ်ဇင်းသမား သုံးယောက်ရယ် အားလုံး(၁၀)ယောက်ပါ။ ရဲစခန်းရောက်တော့ တရားရုံးကိုလွှတ်ပါတယ်။ တရားရုံးရောက်တော့ တရားရုံးက “ခုချိန်ထိ ရဲစခန်းက အမှုချမပေးသေးဘူး”လို့ ဆိုပြန်ပါတယ်။

အားလုံး မဟာအောင်မြေတရားရုံးမှာ ထိုင်စောင့်နေချိန်မှာတော့ ကလေးမလေးကို နှိပ်စက်ခဲ့သူ အိမ်ရှင် ဒေါ်နီနီတို့ လင်မယားက ကားနှင့်ပတ်ပြီး ခဏခဏလာကြည့်တာကို တွေ့ရကြောင်း တပည့်များက ဖုန်းဆက်ပြောပါတယ်။

ဒီလိုနှင့် မွန်းလွဲ(၁)နာရီမှာ အမှုစစ်ပါတယ်။ ဒေါ်နီနီရဲ့ အင်အားကလည်း မနည်းပါဘူး။ ပရိသတ်ထဲမှာထည့်ထားတာရော၊ သူ့ဘေးမှာဝန်းရံနေသူတွေရော၊ သူ့ရှေ့နေသုံးယောက်ရော စုံလို့ကိုနေပါတယ်။ ဒီကြားထဲ ရဲများက ပတ်ပတ်လည်မှာ လုံခြုံရေးအပြည့် ဒေါ်နီနီဟာ- မျက်မှန်လည်းတပ်ထား၊ ဦးထုပ်လည်းဆောင်းထားတဲ့ အပြင် ခေါင်းကိုအောက်ငုံ့ထားပြီး ယပ်တောင်နှင့် ကွယ်ထားတာကြောင့် ဘယ်သူမှ ဓာတ်ပုံရအောင် မရိုက်နိုင်ခဲ့ပါဘူး။

တရားသူကြီးက မေးခွန်းတစ်ချို့ မေးအပြီးမှာတော့ ကလေးမလေးဟာ ဒေါ်နီနီရဲ့ ရှေ့နေ ဦးညွန့်လှိုင်ရဲ့ ချောင်ပိတ် အကြပ်ကိုင် ခြိမ်းခြောက်တဲ့ မေးခွန်းတွေကို တစ်လျှောက်လုံးဖြေခဲ့ရတာ ညနေ(၄)နာရီ အထိပါပဲ။

အားလုံးတီးလုံးတိုက်ပြီး ချိန်ကိုက်လုပ်ထားတာကြောင့် ကလေးမလေးဘက်မှ ဘာမျှပြင်ဆင်ခွင့် မရခဲ့ပါဘူး။ NLD.ရှေ့နေတွေက ကလေးမလေးဘက်မှ လိုက်မည်လုပ်ပြန်တော့လည်း ပါဝါမလွှဲရသေးလို့ ဘာမျှမတတ်နိုင် ဖြစ်ခဲ့ရပါတယ်။

ပိုဆိုးတာက တရားသူကြီးက ကလေးမလေးကိုရှေ့နေကိစ္စ မမေးမြန်းတဲ့အပြင်၊ ဒေါ်နီနီရဲ့ ရှေ့နေ ဦးညွန့်လှိုင်က မဆီမဆိုင်မေးခွန်းတွေနှင့် အကြပ်ကိုင် ဖိနှိပ်မေးတာတွေကိုလည်း ဟန့်တားခြင်းမရှိဘဲ စိတ်တိုင်းကျ မေးခွင့်ပြုထားခြင်းပါပဲ။

ကြာတော့ ကလေးမလေးက စိတ်တိုလာပြီး သမီးဆိုတဲ့ဝေါဟာရကိုတောင် မသုံးစွဲတော့ဘဲ ကျွန်မ-ကျွန်မ-လို့ပဲ သုံးနှုန်းလိုက်ပါတော့တယ်။ ဒါကိုလည်း ရှေ့နေ ဦးညွန့်လှိုင်က ကလေးအရွယ်ဖြစ်ပါလျက် “သမီး”လို့ မပြောရကောင်းလားဆိုပြီး မြည်တွန်တောက်တီးပါသေးတယ်။

ကလေးမလေး စိတ်တိုမယ်ဆိုလည်း တိုစရာပါ တိုင်ချက်ဖွင့်ထားတာတွေ မမေးဘဲ၊ အရေးကြီးတာတွေ မမေးဘဲ ကလေးမလေးရဲ့ ဂုဏ်သိက္ခာထိခိုက်စရာတွေပါ ထည့်မေးလာတာဖြစ်ပါတယ်။

ဥပမာ= စာဖတ်တတ်လို့လား၊ ကကြီး-ခကွေး-ဆိုပြစမ်း၊ A-B-C-D ဆိုပြစမ်း ဆိုတာတွေရော၊ လျော်ကြေးငွေ သိန်းတစ်ရာတောင်း တယ်မလား၊ ဘယ်သူ့အားကိုးနဲ့ အဲဒီလို လုပ်တာလဲ။

ကလေးမလေးက ခေါင်းဒဏ်ရာ၊ လက်ဒဏ်ရာ၊ ပေါင်ဒဏ်ရာတွေကို လှန်ပြတဲ့ အခါလည်း အဲဒါတွေ မလိုအပ်ဘူး။ မပြောနဲ့၊ မေးတာပဲဖြေ။ စတာတွေပါပဲ။

ရုံးထဲမှာ တရားခံ ဒေါ်နီနီရယ်၊ သူတို့ရှေ့နေ အမျိုးသမီးနှစ်ယောက်ရယ်၊ အမျိုးသား (ဦးညွန့်လှိုင်) တစ်ယောက်ရယ်၊ တရားသူကြီးနှင့် ဆိုင်ရာတွေပဲ ရှိပါတယ်။ ကလေးမလေးဘက်မှ ဘယ်သူဘယ်ဝါမှ ဝင်ခွင့်မရခဲ့ပါဘူး။

ဦးညွန့်လှိုင်ကတော့ ဒေါ်နီနီကို အာမခံချက်ပေးထားတဲ့ “ထောင်တစ်ရက်မျှ မကျစေရဘူး-စိတ်ချ”ဆိုတဲ့ ကတိအတိုင်း မြေးအရွယ်ကလေးမလေးအပေါ် မညှာမတာ စော်ကားသွားတာပါ။

ပိုဆိုးတာက ကလေးမလေးက ဘာမျှပြောခွင့်မရခြင်းပါ။ သံဘရပ်ရှ်နှင့် အတိုက်ခံရတာ၊ မီးပူနှင့်အကပ်ခံရတာ၊ ထိုင်ခုံနှင့် ကိုင်ရိုက်လို့ လက်ကျိုးသွားတာ ခေါင်းမှာ ခုနစ်ချက်ချုပ်ရာတာ၊ ခြင်ဆေးခွေတွေ စားခိုင်းလို့ ပါးစပ်အမြှုပ်တွေ ထွက်ကျလာတာ၊ သမံတလင်းကြမ်းပြင်ပေါ်ကပ်နေတဲ့ မန်ကျည်းရွက်တွေကို လျှာနှင့်လျက်ပြီး ဖယ်ခိုင်းတာ ဘာတစ်ခုမျှ ပြောခွင့်မရခဲ့ပါဘူး။ ဦးညွန့်လှိုင်က မလိုဘူး မဆိုင်ဘူး၊ မပြောနဲ့ ဆိုပြီး ဟန့်တားခဲ့တာပါ။

သိန်းတစ်ရာတောင်းတယ်-ဆိုတာလည်း မဟုတ်ပါဘူး။ ပိုက်ဆံစကားတစ်ခွန်းမျှကို မပြောဘူးတာပါ။ ဒေါ်နီနီကိုယ်တိုင် စိန်ပန်းရပ်ကွက်က ရှေ့နေဦးထွန်းသိန်းဆီ ငိုယိုတောင်းပန်ပြီး အကူအညီတောင်းလို့ ဦးထွန်းသိန်းက စာရေးသူနှင့် ဆက်သွယ်ပြီး ဒေါ်နီနီရဲ့ အဒေါ်များဖြစ်တဲ့ ဒေါ်အေးအေးသန်းနှင့် ဒေါ်သိန်းသိန်းဝင်းတို့ကို ကလေးမလးနှင့် ညှိနှိုင်းခိုင်းတာပါ။ ကလေးမလေးက ငွေကျပ်သိန်းငါးဆယ်မယူနိုင်ဘူး၊ ထောင်ပဲချမယ်လို့ အကြောက်အကန် ငြင်းဆန်နေလို့ ဒေါ်အေးအေးသန်းက မနည်းချော့ပြီး အမေသိန်းနှင့် လမင်းသစ်လေး မျက်နှာထောက်ဖို့ အညှာကိုင်လိုက်မှ ကလေးမလေးက လက်ခံသွားတာပါ။ အဲဒီလို လက်ခံသွားတာကိုလည်း ဒေါ်အေးအေးသန်းတို့ တစ်ဖွဲ့လုံးက ဝမ်းသာပျော်ရွှင်မဆုံး ဖြစ်သွားကြတာပါ။ စာရေးသူဆီမှာ အထောက်အထားအပြည့်အစုံ ရှိပါတယ်။

နောက်တစ်ခုက ဒေါ်နီနီရဲ့ အကြံပက်စက်မှုပါ။ ကလေးမလေးကို ဆေးရုံလိုက်ပို့ အပြီးမှာ ဓာတ်မှန် အဟောင်းရော အသစ်ပါ ခွင်ဆင်ပြီး ယူသွားတာပါ။ ကလေးမလေးနှင့် အဖော်လိုက်လာသော ဘုန်းကြီးဦးကုဏ္ဍလက ဈေးချိုဝင်ပြီး စာအုပ်ဝယ်နေချိန်မှာ ဒေါ်နီနီက မလေးမလေးကို သိန်းနှစ်ဆယ်နှင့် ညှိမရလို့ ဆူပူကြိမ်းမောင်းပါတယ်။ ပြီးတော့ ကလေးမလေးလက်ထဲက ဓာတ်မှန်တွေလုယူပြီး “ဒါတွေ မလိုတော့ဘူး”ပြောပြီး ကားနောက်ဆုံးခန်းထဲ ပစ်ထည့်လိုက်ပါတယ်။ အပြန်မှာလည်း ကလေးမလေးကားပေါ်က ဆင်းတာနဲ့ တန်းပြီး ကားမောင်းထွက်သွားပါတယ်။ ဓာတ်မှန် အသစ်ရော အဟောင်းပါ ပြန်တောင်းချိန်မရအောင် တမင်လုပ်သွားတာပါ။

မနေ့က (၁၃-၈-၂၀၁၂) ရုံးမှအပြန် ရပ်ကွက်ကို တောင်းခိုင်းတော့ အသစ်ပဲ ပြန်ပေးပါတယ်။ လက်ကျိုးခေါင်းကွဲစက ရိုက်ထားတဲ့ အဟောင်းတွေကို ပြန်မပေးတော့ပါဘူး။

ဒေါ်နီနီရဲ့ လုပ်ပေါက်ကြောင့် ရပ်ကွက်လူကြီး ဦးဌေးကျော်ရယ်၊ ရဲမေတစ်ယောက်ရယ်၊ ရဲသားတစ်ယောက်ရယ် အားလုံးက ကလေးမလေးဘက်မှ မခံမရပ်နိုင်ဖြစ်နေလို့ ဓာတ်မှန်ကိစ္စ သက်သေလိုက်ပေးမယ့်အကြောင်း ပွင့်ပွင့်လင်းလင်း ပြောလာကြပါတယ်။

ပုဒ်မ(၃၂၅)ကို ရှောင်ကွင်းချင်လို့ ဓာတ်မှန်ဖျောက်ဖျက် ပစ်တာ(ပျောက်သလိုလုပ်ပစ်တာ)ပါ။ ပုဒ်မ(၃၂၅)က ခုနစ်နစ်ထိ ထောင်ဒဏ်ချနိုင်ပါတယ်။

အခုဆို ဒေါ်နီနီဟာ အာမခံလည်း ရသွားခဲ့ပါပြီ။ (၃၂၅)မှ (၃၂၃)တို့ လျှော့ပေါ့ပေးမှုကိုလည်း ရသွားပါပြီ။ မြို့နယ်အဆင့်မှာ (၃၂၅)သက်မှတ်ထားတာပါ။ တိုင်းအဆင့်ရောက်မှ (၃၂၃)အပြောင်းခံခဲ့ရတာပါ။ ခရိုင်ကလုပ်မပေးရဲလို့ တိုင်းကို တင်လိုက်တော့မှ တိုင်းဥပဒေအရာရှိ ဦးရဲအောင်မြင့်က (၃၂၃)လုပ်ပေးခဲ့တာပါ။

ကလေးမလေးအမှုနှင့် ILO-ကိုအေးသိန်းအမှု တိုက်ဆိုင်နေလို့ စာနယ်ဇင်းသမားတွေ မစုံလင်ခဲ့ပါဘူ။ NLD-သတင်းထောက် ဘကြီးအောင်ရယ်၊ မန္တလေးအလင်းဂျာနယ်မှ ကိုအောင်ပိုက်ရယ်၊ အင်ဒီပန်းဒန့်ဂျာနယ်မှ ကိုနန္ဒရယ် သုံးယောက်ဘဲ လာနိုင်ကြပါတယ်။ ကလေးမလေးဘက်မှာ ကလေးမလေးအမေတောင် ဝင်ခွင့်မရပေမယ့် ဒီသတင်းထောက်သုံးယောက်ကို ဝင်ခွင့်ပေးလို့ တရားသူကြီးကို ကျေးဇူးတင်ရမှာဖြစ်ပါတယ်။

ကလေးမလေးကို ချိုးချိုးနှိမ်နှိမ် စော်စော်ကားကား မေးနေတာတွေကို စာနယ်ဇင်းသမားတွေကလည်း မကျေနပ်ကြပါဘူး။

ကလေးမလေးကို ရှေ့နေငှားခွင့်မပေးတာ၊ ရှေ့နေငှားဖို့မမေးတာ၊ အုပ်ထိန်းသူရှေ့မှောက်မှာ မစစ်ဆေးတာ၊ အမှုလက်ခံရုံ၊ အမှုတည်ဆောက်ရုံတင်မဟုတ်ဘဲ တစ်ခါတည်းအပြီးစစ်ဆေးသွားတာတွေကိုလည်း ဥပဒေနားလည်သူများက ဘောင်မဝင်ဘူးလို့ ပြောနေကြသလို ပရိသတ်အားလုံးကလည်း မကျေမနပ်နှင့် ဝေဖန်နေကြပါတယ်။

ဒေါ်နီနီကတော့ သူ့ကိုယ်သူ ယုံကြည်မှုအပြည့်ပါဘဲ။ သူ့ကိုဓာတ်ပုံရိုက်တဲ့သူတွေ ဘုန်းကြီးတွေကို တရားစွဲဖို့ သူ့အကြောင်းရေးတဲ့ စာနယ်ဇင်းသမားတွေကိုလည်း တရားစွဲဖို့ အဆင်သင့်ပြင်ဆင်ထားကြောင်းသိရပါတယ်။ တကယ်လို့ အခြေအနေမကောင်းတော့ဘူးဆိုရင်လည်း လင်မယားနှစ်ယောက်လုံး DKBA-မှ ဗိုလ်နှုတ်ခမ်းမွှေးကြီးဆီ ပြေးဖို့ ပြင်ဆင်ထား ကြောင်း သိရပါတယ်။

တနင်္ဂနွေနေ့မှာ ကပ်အကြောင်းကြားပြီး၊ တနင်္လာနေ့မှာ ကပ်ချပေးတာကြောင့်ရယ်၊ ဒေါ်နီနီရဲ့ ဘက်တော်သားထဲက ပြောထားတဲ့ အတိုင်း “ငါတို့က တိုင်းရဲမင်းကြီးအထိ ဝင်ထားတာ၊ ငါတို့ကို တိုင်းအဆင့် ဥပဒေအရာရှိ ဦးရဲအောင်မြင့် ကိုယ်တိုင် ဦးညွန့်လှိုင်ကို ငှါးပေးထားတာ”စတဲ့ အကြောင်းတွေကြောင့်ရယ်၊ တရားရုံးထဲမှာ အိမ်ဖော်မလေးကို စိတ်တိုင်းကျ စကားလုံးတွေနှင့် ညှင်းဆဲနေတာကို ဟန့်ထားနိုင်ခွင့် မရတာရယ်ကြောင့် ဒေါ်နီနီဟာ ကလေးမလေးကို ကာယဗလနှင့် အနိုင်ကျင့်ပြီး နောက်ပိုင်းမှာ ဓနဗလနှင့် အနိုင်ယူဖို့ စနစ်တကျ အကွက်ချ ပြင်ဆင်ထားမှန်း သိသာနေပါတယ်။

အတ္တကြီးတဲ့ ဓနရှင်တွေရဲ့ ထုံးစံအတိုင်း ပြဿနာကို ငွေနှင့်ရှင်းချင်းနေတာပါ။ ငွေနှင့်အနိုင်ကျင့်နေကျ ဖြစ်လို့ အကျင့်ပါနေတာလို့လည်း ဆိုနိုင်ပါတယ်။

တိုင်းဒေသကြီး ရှေ့နေချုပ်၊ တိုင်းရဲမင်းကြီးနှင့်၊ မှုခင်းဆရာဝန်၊ ရဲ၊ တရားသူကြီးတွေကိုလည်း ငွေလမ်းခင်းထားမှာ သေချာနေပါတယ်။

ဝီရသူရဲ့နားရွက်ကို တံတွေးလာစွတ်သွားတာပါ။ ဓမ္မနှင့်အဓမ္မအားပြုင်တဲ့ ပွဲကြီးပါ။ ဒီပွဲမျိုး မနွှဲရတာကြာပါပြီ။ နွှဲခွင့်ရလို့ ကျေးဇူးတင်ပါတယ်။

ဓမ္မကိုဓနနှင့်အနိုင်ယူလိုသူ

ဓမ္မကို ဓနနှင့် အန်တုလိုသူတွေကို စောင့်ကြည့်ရမှာပါ။

အဓမ္မက ထာဝရနိုင်ရိုး

အဓမ္မက ထာဝရလွှမ်းမိုးနိုင်တာမျိုး ရှိခဲ့ဖူးပါသလား။

ယခုလ (၂၂)ရက်နေ့ ရုံးချိန်းရှိပါတယ်။ ကလေးမလေးဘက်မှ ရှေ့နေအဖြစ် ဆောင်ရွက်ပေးမယ့် ဦးဇော်ဟိန်းအောင်(LLB-အထက်တန်းရှေ့နေ)ဟာ မနသဥက္ကဋ္ဌဟောင်း ဦးဇော်ဝင်းရဲ့သား လူငယ်ရှေ့နေဖြစ်ပါတယ်။ လူငယ်ရှေ့နေ ဦးအောင်မျိုးဝင်းကလည်း ဦးဇော်ဟိန်းအောင်နှင့် အတူ မေတ္တာဖြင့် ကူညီဆောင်ရွက်ပေးမယ့် (LLB-အထက်တန်းရှေ့နေ)တစ်ယောက်ဖြစ်ပါတယ်။

ကလေးမလေးအမှုနဲ့ ပတ်သက်ပြီး ရှေ့နေဦးထွန်းသိန်း (စိန်ပန်း)က ရှေ့နေဦးဇော်ဟိန်းအောင်အား ငွေကျပ်တစ်သိန်း၊ စာရေးသူအား ငွေကျပ်တစ်သိန်း၊ ကလေးမလေးအား ငွေကျပ်ငါးသောင်း လှူထားပါတယ်။ စာရေးသူအတွက် လှူတဲ့ငွေကျပ်တစ်သိန်းကို ကလေးမလေးအမှုအတွက်ပဲ သုံးစွဲသွားမှာ ဖြစ်ပါတယ်။

ခုံအမှတ်- မဟာအောင်မြေ(တွဲ-၂၊ အထူးအာဏာ)

တရားသူကြီး- ဒေါ်နွယ်နီဦး

အစိုးရရှေ့နေ- ဒေါ်သင်းသဇင်

လိုပြ သက်သေ ဒေါ်သီတာ၊ ဒေါ်သိန်းသိန်း ဒေါ်သန်းသန်း၊ ဦးစန်းထွေး

ဒီအမှုနှင့်ပက်သက်သမျှ နှစ်ဘက်လုံး၏ အခြေအနေမှန်ကို သိလိုပါက။

ဦးဇော်ဟိန်းအောင်(LLB) ဖုန်း- 09-402607317

ဦးအောင်မျိုးဝင်း(LLB) ဖုန်း- 09-43170352

ဒေါ်သိန်းသိန်း(စိန်ပန်း) ဖုန်း- 02-65189

ဒေါ်နီနီ(တရားစွဲခံရသူ) ဖုန်း- 09-2057333

(ဓနဂုဏ်မောက်တဲ့ ဒေါ်နီနီတစ်ယောက် ရုန်းထွက်လို့ လွတ်မြောက်နိုင်ပါစေ)

ဦးပဉ္စင်း

ဝီရသူ(မစိုးရိမ်)

ဘဒ္ဒန္တဝိစိတ္တာဘိဝံသ

ဓမ္မသဟာယကျောင်းနာယက

မစိုးရိမ်တိုက်သစ်၊ မန္တလေး

Email.wirathu2012@gmail.com

15-8-2012
တိုင်စာပူးတွဲ

သို့/

ဒကာကြီးဦးစိုးသိန်း

တိုင်းဒေသကြီး တရားလွှတ်တော်ချုပ်

တိုင်းဒေသကြီး တရားလွတ်တော်ချုပ်ရုံး

မန္တလေး။ ရက်စွဲ။ ။သြဂုတ်လ၊၁၆-ရက်၊ ၂၀၁၂-ခုနှစ်

အကြောင်းအရာ။ ။မဟာအောင်မြေမြို့နယ်၊ တရားရုံးတွင် ၁၃-၈-၂၀၁၂-နေ့၌ကလေးလုပ်သား မတင်နီလာအေး၏ အမှုကို ရှေ့နေငှားခွင့်မရဘဲ ရုံးတင်သောနေ့တွင်ပင် ဇွတ်တရွက် အဓမ္မ တစ်ဖက်သက် စစ်ဆေးခဲ့ခြင်းကို၊ ဥပဒေနဲ့ အညီတရားမျှတမှု၊ မှန်ကန်မှု ရှိစေရန်အတွက် ပြန်လည်စစ်ဆေးပေးရန် မေတ္တာရပ်ခံခြင်း။
၁။ ကလေးလုပ်သား မတင်နီလာအေး(၁၄)နှစ် အရွယ်ရှိသူကို အိမ်ရှင်မှ အလုပ်စဝင်သည့်နေ့မှစ၍ နေ့စဉ်နှင့်အမျှ ညှဉ်းပန်းနှိပ်စက် ရိုက်နှက်မှုများ၊ ကိုယ်ထိလက်ရောက် အကြိမ်ကြိမ်ပြုလုပ်ခဲ့သဖြင့် ကလေးလုပ်သား မတင်နီလာအေး မှာ ဒဏ်ရာတွေ ခန္ဓာကိုယ်တစ်ခုလုံးတွင် အမြောက်အများ ရရှိခံစားနေရသည်မှာ ရပ်ကွက်သူ/ရပ်ကွက်သားအားလုံး၏ ပြောပြလျှောက်ထားချက်များအပြင် ကလေးလုပ်သား မတင်နီလာအေးကို ကြည့်ရှုရာတွင်လည်း ဘုန်းကြီးတို့ကိုယ်တိုင် ဒဏ်ရာဒဏ်ချက် အသစ်အဟောင်းများ မြင်တွေ့ရသည့်အတွက် များစွာစိတ်မကောင်းဖြစ်ရပါသည်။
၂။ ဤအခင်းဖြစ် ကိစ္စနှင့်ပတ်သက်၍ မတင်နီလာအေးနှင့် ရပ်မိ/ရပ်ဖတို့မှ အမှတ်(၇)ရဲစခန်းတွင် (၅-၇-၂၀၁၂)နေ့၌ အမှုဖွင့်တိုင်ကြားခဲ့သည်။ ၄င်းအမှုအား ရဲမှစစ်ဆေးဆောင်ရွက်ပြီး မြို့နယ်ဥပဒေရုံးသို့ အကြံပေးချက် တောင်းခံရာ၊ မြို့နယ်ဥပဒေရုံးမှ ခရိုင်ဥပဒေရုံးတင်၊ ခရိုင်ဥပဒေရုံးမှ တိုင်းဥပဒေရုံးတင်ပြီး အမှုကို ကြံ့ကြာအောင် ဆောင်ရွက်ထားရာမှ ရုတ်တရက်(၁၃-၈-၂၀၁၂)ရက်နေ့တွင် မြို့နယ်တရားရုံးတွင် အမှုတင်မည်ဟု-ဆိုကာ ကလေးလုပ် သား မတင်နီလာအေးအား အမှုတင်သည့်နေ့တွင်ပင် ရှေ့နေငှားခွင့်မရ၊ ရှေ့နေငှားဦးမလား-ဟူ၍လည်း မမေးဘဲ နေ့ချင်းပြီး အမှုကို တဖက်သတ် စစ်ဆေးခဲ့ပြီး တရားခံ၏ ရှေ့နေကိုသာလျှင် ရုံးမှ တရားသူကြီးမက ဖေဘာပေးပြီး ကြိုက်သလို၊ လိုသလို၊ မေးမြန်းခိုင်းပြီး ရုံးချိန်း ချိန်းလိုက်သည်ဟု-ကြားသိရသည်၊ ၄င်းဖြစ်ရပ်သည် တရားမျှတ မှန်ကန်မှု မရှိဘဲ တဖက်သတ်ဆောင်ရွက်ရာရောက်သည်။
သို့ပါ၍ မဟာအောင်မြေမြို့နယ် တရားရုံးတွင် စစ်ဆေးနေသော ကလေးလုပ်သား မတင်နီလာအေး၏ အမှုကို ဥပဒေနှင့်အညီ တရားမျှတမှန်ကန်မှု ရှိစေရေး ပြန်လည်စစ်ဆေးပေးရန် မေတ္တာရပ်ခံအပ်ပါသည်။

ဘဒ္ဒန္တဝိစိတ္တာဘိဝံသ(ဝီရသူ)
ဓမ္မသဟာယကျောင်းနာယက
မစိုးရိမ်တိုက်သစ်
မဟာအောင်မြေမြို့နယ်
မန္တလေး။

0 ဦးကြည်မောင် ကွယ်လွန်ခြင်း (၈)နှစ်ပြည့် အမှတ်တရ အခမ်းအနား

Photo..88generation studient
ဦးကြည်မောင် ကွယ်လွန်ခြင်း (၈)နှစ်ပြည့် အမှတ်တရ အခမ်းအနားကို ၁၉၊၈၊၂၀၁၂ နေ့ နံနက် ၉း၀၀ မှ ၁၂း၀၀ အထိရန်ကုန်မြို့၊ရွှေဂုံတိုင်ရှိဒို့ရိုးရာစားသောက်ဆိုင်၌ကျင်းပရာမင်းကိုနိုင်၊ကိုကိုကြီးနှင့်၈၈မျိုးဆက်ကျောင်းသားများလည်း တက်ရောက်ခဲ့ကြသည်။အဆိုပါ အခမ်းအနားတွင် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် မင်းကိုနိုင် ကအမှတ်တရစကားပြောကြားခဲ့သည် ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဌဟောင်း ဦးကြည်မောင် ကိုယ်ရေးအကျဉ်း


သြဂတ်စ်လဟာ ချစ်သူခင်သူ တန်ဘိုးရှိသူတွေကို သေမင်းကခေါ်တဲ့လလို့ ပြောရမလို ဖြစ်နေပါပြီ။ အခု သြဂတ်စ် ၁၉ ရက်နေ့ ဆိုရင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချူပ် ဒုဥက္ကဌအဖြစ် တာဝန်ယူခဲ့တဲ့ ဗိုလ်မှုးကြီးဟောင်း သီရိပျံချီဦးကြည်မောင် ကွယ်လွန်ခဲ့တာ ၈ နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။

ဘဘ ဦးကြည်မောင်လို့ လူငယ်တွေက ချစ်ခင်စွာ ခေါ်ဆိုခဲ့တဲ့ ဦးကြည်မောင်ကို ၁၉၂၀ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ အဖဦးဖိုးသိန်း၊ အမိဒေါ်ငွေခင် တို့မှ မွေးဖွားခဲ့ပါတယ်။ ၁၉၃၆ မှာ တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့ပြီး
၁၉၃၈ တတိယ ကျောင်းသားသပိတ် မှာ ပါဝင်ခဲ့၊ ၁၉၄၁ မှာ ဘီအေ နောက်ဆုံးတန်းကို မဖြေဆိုတော့ပဲ ဘီအိုင်အေတပ်ကို ၀င်ရောက်ခဲ့ပါတယ်။

၁၉၄၃ မှ ၁၉၄၅ ထိ ဂျပန်နိုင်ငံ စစ်တက္ကသိုလ်တခုတွင် အပတ်စဉ် (၅၇) သင်တန်းပြီးဆုံးသည် ထိ သင်တန်းတက်ခဲ့ပါတယ်။ ၁၉၄၅ တွင် သနက သို့၎င်း၊ ၁၉၄၈ တွင် တပ်ရင်းမှုး ၊ ၁၉၅၁ တွင် မြောက်ပိုင်းတိုင်း စစ်ဌာနချူပ် မေမြို့စစ်ဦးစီးပထမတန်း၊ ၁၉၅၃ တွင် တပ်မဟာ(၇) တပ်မဟာမှုး၊ ၁၉၅၅၊ ၅၆ တွင် အမေရိကန် စစ်တက္ကသိုလ်သို့ သင်တန်း တက်ရောက်ခဲ့ပြီး ၁၉၆၀ တွင် နေပြည်တော်စစ်ဌာနချုပ်(ရန်ကုန်)တိုင်းမှုး၊ ၁၉၆၂ တွင် တော်လှန်ရေး ကောင်စီဝင်၊ ၁၉၆၂ ၊ ၆၃ တွင် အနောက်တောင်တိုင်း စစ်ဌာနချူပ် တိုင်းမှုး အဖြစ် တာဝန်ယူခဲ့၊ စစ်တပ်နှင့် နိုင်ငံရေးကို ခွဲခြားသိမြင်သူ ဖြစ်သည့်အလျှောက် ၆၂ ခုနှစ် အာဏာသိမ်းခြင်းကို အပြင်းအထန် ဆန့်ကျင်ခဲ့တဲ့အပြင် ၁၉၆၃ ခုနှစ် တော်လှန်ရေးကောင်စီက ကြီးမှုးကျင်းပသည့် ဒူးယား နှီးနှောဖလှယ်ပွဲသို့ မတက်ရောက်ခဲ့ပဲ အမိန့်အာဏာဖီဆန်ခဲ့သဖြင့် အငြိမ်းစားပေးခြင်း ခံရပါတယ်။

၁၉၈၈ ဒီမိုကရေစီ ပြည်သူ့အရေးတော်ပုံကြီးတွင် ပြည်သူဖက်မှ ရပ်တည်ခဲ့၊ နောက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တွင် ပါဝင်ဆောင်ရွက်ခဲ့ပြီး ပါတီစုံအထွေထွေ ရွေးကောက်ပွဲတွင် ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) မှ ပါဝင်ယှဉ်ခဲ့ရာ မဲရာခိုင်နှုန်း(၇၃.၁၇) ဖြင့် အရွေးချယ်ခံ ခဲ့ရပါတယ်။

၁၉၉၀ ၊ ဇူလိုင် (၂၈၊၂၉) တွင်ကျင်းပသည့် ဂန္ဓီခန်းမအစည်းအဝေး ကို အောင်မြင်အောင် ဦးဆောင်ခဲ့တဲ့ အတွက် ဂန္ဓီအစည်းအဝေးအပြီးစစ်အုပ်စုမှ ဖမ်းဆီးပြီး ထောင်ဒဏ် နှစ်(၂၀) ချမှတ်ခဲ့သည်။ ၁၉၉၅ ခုနှစ် မတ်လ ၁၄ ရက်တွင် အင်းစိန်အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်ခဲ့ပါတယ်။

စစ်တပ်မှ အငြိမ်းစားယူပြီးနောက် ၂၅ နှစ်အတွင်း လေးကြိမ်အဖမ်းဆီးခံခဲ့ရပြီး ထောင် ၂ ကြိမ်ကျခဲ့ရာ ထောင်တွင် စုစုပေါင်း (၇) နှစ်နေခဲ့ရတယ်။

ဦးနှောက်ကိုပို့ပေးတဲ့ သွေးပြန်ကြော ၅၀ ရာနှုန်းပဲ အလုပ်လုပ်တော့တဲ့ နောက်ဆုံး အချိန်တွေမှာတောင် လူငယ်မျိုးဆက်သစ်တွေကို စာပေသင်ကြားပေးခြင်းကို ပြုလုပ်ခဲ့ပါတယ်။
၁၄ ၊ ၈၊ ၂၀၀၄ ခုနှစ် မွန်းလွဲ (၁၂း၁၅) မှာ ရွှေတောင်ကြား(၁) ရပ်ကွက်၊ ကမ္ဘောဇ ရိပ်သာလမ်းမှာရှိတဲ့ ဘဘနေထိုင်ရာအမှတ်(၂၄) နေအိမ်မှာပဲ ကွယ်လွန်ခဲ့ပါတယ်။
REF:မခင်မင်းဇော်

0 တရားခံ ဘယ်သူလဲဟေ့?


kachin duwa

1 အပြစ်မဲ့သော ပူဖောင်းငယ်လေးများ



၂ဝ၁၂ ခုနှစ်၊ သြဂုတ်လအတွင်း လျှပ်စစ်မီးကြိုးမှတဆင့် ဓါတ်လိုက်၍ နှစ်လောင်းပြိုင်သေဆုံးမှု ဖြစ်ရပ်တူ ထူးခြားဖြစ်စဉ်နှစ်ရပ် ကြုံတွေ့ခဲ့ရသည်။ ယင်းဖြစ်စဉ်ကို နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အသင်းသူ/သားများနှင့် ဝန်ထမ်းများမှ နိဗ္ဗာန်ယာဉ်နှစ်စီးဖြင့် ရေဝေးသုဿန်သို့ ပို့ဆောင်သင်္ဂြိုလ်မှု (၂) ကြိမ်တိုင်တိုင် ကူညီမှုပြုခဲ့သည်။

လွန်ခဲ့သော (၁ဝ) ရက်က အမှတ် ၄ဝ၊ သခင်မြလမ်း၊ မြောက်ဒဂုံမြို့နယ်တွင် လျှပ်စစ်ဓါတ်ယိုစီး နေမှုကြောင့် သားအမိနှစ်ယောက် ဓါတ်လိုက်၍ သေဆုံးမှုဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ မိုးရာသီ ဖြစ်သော ကြောင့် နေအိမ်အနီးတဝိုက်တွင်ရေများ ဖုံးလွှမ်းလျှက်ရှိသည်။ ၇.၈.၂ဝ၁၂ နံနက် (၆းဝဝ) နာရီအချိန်တွင် (၁၃)နှစ်အရွယ် (၈) တန်းကျောင်းသားမှာ ကျောင်းသွားရန်အတွက် မိခင်အားနှုတ်ဆက်၍ ထွက်ခွာသွား ချိန် ကျယ်လောင်သောအော်သံကြောင့် မိခင်မှာ သားရေနစ်နေပြီထင်သဖြင့် မိခင်သည် သားဇောဖြင့် ရေထဲသို့ ဆင်းလိုက်သွားချိန်တွင် ဓါတ်မီးတိုင်အား လဲမကျသွားစေရန် ဓါတ်တိုင်အားထိန်းထားသော ဆိုင်းကြိုးမှတဆင့် လျှပ်စစ်ယိုစီးဝင်ရောက်နေသဖြင့် ရေထဲသို့ လျှပ်စစ်များ ယိုစီးဆင်းနေသည့်အတွက် ကြောင့် သားအမိနှစ်ဦးမှာ ဓါတ်လိုက်၍ သေဆုံးမှုဖြစ်ပွားခဲ့သည်။

ထိုနည်းတူစွာ ၁၆.၈.၂ဝ၁၂ ရက်နေ့တွင် ရပ်ကွက်တွင်းရှိ နေအိမ်သွပ်နံရံမှ လျှပ်စစ်ဓါတ် ယိုစီး ဆင်းနေခြင်းကြောင့် ဦးလေးနှင့်တူနှစ်ဦး ဓါတ်လိုက်သေဆုံးမှု ဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ ယင်းနေ့ ညနေ (၆းဝဝ) နာရီအချိန်တွင် အမှတ် ၁၁၊ သရဖီလမ်း၊ (က)ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်နေ တူဖြစ်သူ မောင်ထွန်းထွန်းဝင်း အသက်(၂ဝ)နှစ်သည် မိုးပျံပူဖောင်းရောင်းရန်အတွက် ရပ်ကွက်ထဲရှိ အိမ်တန်းများ၏ လမ်းကြားထဲသို့ဝင်ရောက်စဉ် အိမ်နှစ်အိမ်၏အလယ်ရှိ လမ်းသွယ်လေးမှတဆင့် အနောက်လမ်းသို့ ဈေးသွားရောင်းရန်အဝင် အိမ်ဘေးနားတွင် ကာရံလျှက်ရှိသောသွပ်ပြားအား ထိမိကာ မောင်ထွန်းထွန်း ဝင်း တစ်ယောက် မြေကြီးပေါ်သို့လဲကျ သွားတော့သည်။ မောင်ထွန်းထွန်းဝင်း မြေကြီးပေါ်သို့လဲကျ သွားသည်နှင့်တပြိုင်နက် သူ၏လက်ထဲတွင် ကိုင်ဆောင်လာသော မိုးပျံပူဖောင်းငယ်တချို့သည် လေထဲသို့ လွင့်ပျံ၍တက်သွားခဲ့သည်။ မီးကြိုးကာဗာများပေါက်ပြဲကာ လျှပ်စစ်ယိုစီး၍ သွပ်ပြားအား ထိမိနေခြင်း ကြောင့် လျှပ်စစ်ဓါတ်များယိုစီးကာ မောင်ထွန်းထွန်းဝင်း အသက် (၂ဝ) နှစ်သည် ဓါတ်လိုက်၍ လဲကျ သွားခြင်း ဖြစ်ပေသည်။

ဦးလေးဖြစ်သူ ကိုမင်းကျော်စိုး အသက် (၂၅) နှစ်သည် လမ်းလျှောက်လာစဉ် တူ ဖြစ်သူ လဲကျသွားသည်ကိုမြင်၍ ပြေး၍ဆွဲထူလိုက်စဉ် ဦးလေးပါ ဓါတ်လိုက်၍ လဲကျသွားခဲ့သည်။ ထိုစဉ် ရပ်ကွက်တွင်းမှ လူများသည် ထိုဖြစ်ရပ်အားတွေ့မြင်ကာ နေအိမ်ပေါ်သို့တက်၍ ဓါတ်အားလိုင်းခလုတ် ဖြုတ်ချလိုက်သော်လည်း တူဝရီးနှစ်ယောက်စလုံး ဓါတ်လိုက်မြဲဖြစ်ကြောင်း တွေ့မြင်ရသည်။ ထိုစဉ် ရပ်ကွက်တစ်ခုလုံး မီးပြတ်သွားပါသဖြင့် ရပ်ကွက်မှ ကိုမင်းကျော်စိုးနှင့် တူဖြစ်သူ မောင်ထွန်းထွန်းဝင်း တို့အား အရေးပေါ်ကယ်တင်ခဲ့ကြသော်လည်း သင်္ဃန်းကျွန်း၊ စံပြဆေးရုံသို့အပို့ လမ်းခုလတ်တွင်ပင် အသက်ဆုံးပါးသွားခဲ့သည်။ အကယ်၍များ ရပ်ကွက်မီးပြတ်တောက်မှု မရှိခဲ့ပါက လဲကျသွားသော တူဝရီး နှစ်ယောက်အား စာနာစိတ်ဖြင့် ဆွဲထူပေးကြမည့် ရပ်ကွက်သူ/သားများအတွက် မတွေးဝံ့တော့ချေ။


ဘဝတစ်ပါးသို့ ကူးပြောင်းသွားသော ဦးလေးဖြစ်သူ ကိုမင်းကျော်စိုး (၂၅) နှစ်နှင့် တူဖြစ်သူ မောင်ထွန်းထွန်းဝင်း (၂ဝ) နှစ်တို့အား ရေဝေးသုဿန်သို့ နေ့မကူးဘဲ သင်္ဂြိုလ်ရန် နာရေးကူညီမှုအသင်း (ရန်ကုန်)သို့ ဖုန်းဆက်အကြောင်းကြားလာသဖြင့် သင်္ဃန်းကျွန်းစံပြဆေးရုံမှ ရေဝေးသုဿန်သို့ နာရေး ကူညီမှုအသင်း(ရန်ကုန်)မှ အသင်းသားများ၊ ဝန်ထမ်းများမှ ပို့ဆောင်သင်္ဂြိုလ်မှုကို ပြုလုပ်ကူညီပေးခဲ့သည်။

မောင်ထွန်းထွန်းဝင်းတစ်ယောက် ဝမ်းရေးအတွက် သမာအာဇီဝဖြင့် ရှာဖွေလုပ်ကိုင်နေသော လုပ်ငန်းဖြစ်သည့် မိုးပျံပူဖောင်းငယ်လေးများသည် ကမ္ဘာမြေပြင်မှ အထက်သို့လွင့်ပျံသွားခဲ့သလို အပြစ်မဲ့ သော မောင်ထွန်းထွန်းဝင်းနှင့် ဦးလေးဖြစ်သူ ကိုမင်းကျော်စိုးတို့သည်လည်း ကမ္ဘာမြေပြင်မှ တစ်ချိန်တည်း တစ်ပြိုင်တည်း ထွက်ခွာ သွားခဲ့ရတော့သည်။ ကွယ်လွန်သွားရှာကြသော တူဝရီးတို့နှစ်ဦးသည်လည်း မိုးပျံ ပူဖောင်းငယ်လေးများကဲ့သို့ အထက်ဘုံသို့ရောက်ရှိကြပါစေဟူ၍ ဆုတောင်းလိုက်ရပါသည်။

ထို့ကြောင့် လူ့လောကကြီးထဲသို့ အတူတကွ မရောက်လာကြသော်လည်း အတူတူနေ၊ အတူတူ စား၊ အတူတူသွား၊ အတူတူလောကကြီးမှ ပြန်လည်ထွက်ခွာသွားရသည်ကို သံဝေဂရစွာဖြင့် ကံတရားအား အပြစ်ပုံချရမည်ဖြစ်သကဲ့သို့ ကျွန်တော်တို့မြန်မာနိုင်ငံတွင် ပြန်လည်ထူထောင်ရေးကာလအပိုင်းအခြား၌ ပြည်သူ/သားအားလုံး အစစအရာရာ သွားသတိ၊ လာသတိ၊ စားသတိ ဟူသော “သတိ” တရားကို “အသိ” တရားနှင့်ယှဉ်တွဲ၍ နေထိုင်သွားလာ စားသောက်ကြဖို့ တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။

(ကျော်သူ)

0 အသစ်တက်လာသော နိုင်ငံတော်ဒုတိယသမ္မတအတွက် အကြံပြုချက်

Photo..AP
ဒုတိယသမ္မတ တစ်ယောက်အနေဖြင့် သူ့ကို ရွေးချယ်ပေးလိုက်သည့် တပ်မတော်သားများဘက်က လိုက်မည်လား။ ဒီမိုကရေစီ အလှည့်အပြောင်းကို လက်ရှိအစိုးရနှင့်အတူ ဝင်ရွှေ့နိုင် မည်လား။နိုင်ငံတော်၏ ထိပ်တန်းတာဝန်ရှိသူသုံးဦးတွင် တပ်မတော်သားကိုယ်စားလှယ်အုပ်စုမှ ရွေးချယ်လိုက်သော ဒုတိယသမ္မတလည်း ပါဝင်သည် ဖြစ်ရာ တပ်မတော်နှင့်ပြည်သူကြား သဘောထားအမြင် တစ်သားတည်းဖြစ်စေရေးအတွက် အစီအစဉ်သစ်များ ဆောင်ရွက်နိုင်၊မနိုင်ဆိုသည်မှာလည်း ဒုတိယသမ္မတ၏ ဆုံးဖြတ်ဆောင်ရွက်ချက်အပေါ် မူတည်မည် ဖြစ်သည်။
(ဤဆောင်းပါးကို ပြည်သူတစ်ဦး၏ ရှုထောင့်မှ ရေးသားအကြံပြု တင်ပြထားခြင်း ဖြစ်ပါသည်။)

ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ကျင်းပသည်မှာ တစ်လခွဲနီးပါးရှိခဲ့ပြီ။ လွှတ်တော် စတင်ကျင်းပသော ပထမဆုံးနေ့တွင် နိုင်ငံတော် သမ္မတက လွှတ်တော်သို့ လစ်လပ်သွားသော နိုင်ငံတော်ဒုတိယသမ္မတကို ပြန်လည်ရွေးချယ်ပေးရန် အကြောင်းကြားစာ ပို့သည်။

ထိုစဉ်ကတည်းက ဒုတိယသမ္မတ မည်သူဖြစ်မည်ကို ပြည်သူများအနေဖြင့် မျှော်လင့်လျက်ရှိသည်။ နိုင်ငံအရေး အခင်းအကျင်းသစ်ကို စတင်ပြောင်းလဲလာပြီး တစ်နှစ်ကျော်ကာလအတွင်း ပြည်သူများ နိုင်ငံရေးရာအပေါ် ဂရုပြုမိခြင်း (Political Awareness) ပိုရှိ လာသည်ကို တွေ့မြင်ရမည် ဖြစ်သည်။

ပြည်သူများ တစ်လကျော် စောင့်မျှော်လာခဲ့သည့် ဒုတိယသမ္မတအဖြစ် ကာကွယ်ရေးဦးစီချုပ် ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်းကို ခန့်အပ်သည်ကို သိရသည်။ နိုင်ငံတော်အစိုးရအဖွဲ့ ရာထူးများတွင် ဒုတိယသမ္မတရာထူးသည် အရေးပါသော ရာထူးတစ်ခု ဖြစ်ပေသည်။ ထို့ကြောင့် တက်လာသော ဒုတိယသမ္မတ၏ သဘောထားနှင့် လွှမ်းမိုးမှု မည်၍မည်မျှရှိမည်ကို ကျွန်တော်တို့ စောင့်ကြည့်ရပေလိမ့်မည်။

နိုင်ငံတော်အကြီးအကဲ သမ္မတဦးသိန်းစိန်သည် တပ်မတော်မှ အရပ်သားအစိုးရသို့ ပြောင်းလဲတာဝန်ယူသည့် လမ်းကြောင်းကို ဦးတည်ဆောင်ရွက်လျက်ရှိရာ ဒုတိယသမ္မတအဖြစ် ရွေးချယ်ခံရသော ဗိုလ်ချုပ်ကြီးဉာဏ်ထွန်းအနေဖြင့် မည်မျှအထိ လက်တွဲလုပ်ဆောင်နိုင်မည် ကူညီပံ့ပိုးနိုင် မည်မှာမူ စဉ်းစားစရာတစ်ခုဖြစ်သလို ဤအချက်ကိုလည်း ကျွန်တော်တို့ စောင့်ကြည့်ရန်သာ ဖြစ်သည်။

တစ်ဦး၊ တစ်ဖွဲ့ အာဏာပိုင်စနစ်မှ ဖြေလျှော့ခြင်း(Liberalisation)မှ စတင် အသွင်ကူးပြောင်းလာသောအဆင့် (Transition) ကာလ အတွင်း နိုင်ငံတော်တွင် ပြုပြင်ပြောင်းလဲမှုများ လုပ်ကိုင်လာသည်။ အဆိုပါကာလအတွင်း ခြိမ်းခြောက်မှုများကို အခွင့်အလမ်းအဖြစ် ပြောင်းခဲ့သည့်ဖြစ်စဉ်များ ရှိခဲ့သည်။ နိုင်ငံတကာမှ အားပေးထောက်ခံမှုများကို ရရှိခဲ့သည်။ ထို့အတူ တစ်ဖက်တွင် ဖြေရှင်းရမည့် ပြဿနာများလည်း ရှိနေသည်။ လွတ်လပ်ရေးနှင့်အတူ တွဲပါလာသည့် ပြည် တွင်းစစ်မီးကို အပြီးတိုင် ငြိမ်းသက်ဖို့ ကြိုးစားနေရသည့်ကာလ ဖြစ်သည်။

ထို့ပြင် မကြာသေးမီဇွန်လက ဖြစ်ပေါ်ခဲ့သော အတွင်းအောင်းနေရာမှ ပေါ်လာသည့် ရခိုင်ဒေသပဋိပက္ခကလည်း ရှိနေသည်။ အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ နိုင်ငံတကာမှ လူ့အခွင့်အရေးချိုးဖောက်မှုများဟု ကင်မွန်းတပ်သည်များ ရှိသည်။ အဆိုပါကိစ္စကပင် မြန်မာနိုင်ငံ၏ ဒီမိုကရက်တိုက် ဇေးရှင်းဖြစ်စဉ်အပေါ် သံသယပွားမှုများကိုပင် ဖန်တီးပေးခဲ့သည်။ အစိုးရအနေဖြင့် ရိုဟင်ဂျာကိစ္စသည် ကိုင်တွယ်ရခက်ခဲသော ပြဿနာတစ်ခုအနေဖြင့် လိပ်ခဲတည်းလဲ ဖြစ်နေဆဲပင် ဖြစ်သည်။

အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ရော ဒုတိယသမ္မတသစ်အနေဖြင့် မည်သို့ သဘောထားသနည်း ဆိုသည်မှာလည်း စဉ်းစားစရာ တစ်ခုပင် ဖြစ်သည်။

မည်သို့သော ဗျူဟာ၊ မည်သို့သော အတွေးအခေါ်များရှိပြီး မြန်မာနိုင်ငံ၏ နိုင်ငံရေးပြောင်းလဲမှုဖြစ်စဉ်တွင် မည်သို့ပါဝင်ကစားမည် ဆိုသည် ကလည်း ပြည်သူများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် စဉ်းစားရမည့်ကိစ္စ ဖြစ်သည်။

မြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအရ နိုင်ငံတော်၏ အုပ်ချုပ်ရေးအာဏာနှင့် ဥပဒေပြုရေးအာဏာတို့တွင် တပ်မတော်၏ ပါဝင်ပတ်သက်မှုများ ရှိနေသည်ဖြစ်ရာ တပ်မတော်နှင့် အရပ်ဖက်အစိုးရ မည်မျှလက်တွဲနိုင်မည်၊ အတိုက်အခံပါတီနှင့် တပ်မတော် မည်သို့သဘောထားရှိမည်ကလည်း စဉ်းစားစရာတစ်ခုပင် ဖြစ်သည်။ ဤကဲ့သို့ နိုင်ငံတကာနှင့် ပြည်သူတို့ကြားတွင် ပဟေဠိသဖွယ် ဖြစ်ပေါ်နေသော သံသယများကို ဖြေရှင်းပေးနိုင်မည့်သူမှာ မည်သူဖြစ်မည်နည်း။

တစ်ဦးတည်းသာရှိသည်။ ထိုသူကား အခြားသူမဟုတ် ဒုတိယသမ္မသစ်ကိုယ်တိုင်ပင် ဖြစ်တော့သည်။ ဒုတိယသမ္မတ တစ်ယောက်အနေဖြင့် သူ့ကို ရွေးချယ်ပေးလိုက်သည့် တပ်မတော်သားများဘက်က လိုက်မည်လား။ ဒီမိုကရေစီ အလှည့်အပြောင်းကို လက်ရှိအစိုးရနှင့်အတူ ဝင်ရွှေ့နိုင် မည်လား။

ကျွန်တော်အနေဖြင့်ပြောရလျှင် လက်ရှိဦးသိန်းစိန်အစိုးရ၏ နိုင်ငံရေး ပြုပြင်ပြောင်းလဲရေး ခြေလှမ်းများက သွက်လက်လှသည်။

သို့ကြောင့်လည်း နိုင်ငံတကာမှလက်ရှိအစိုးရကိုလိုလားမှုရှိခဲ့သည်။ မြန်မာ့ ပြုပြင်ပြောင်းလဲမှုဖြစ်စဉ်ကို အကောင်းမြင် အားပေးမှု ရှိခဲ့သည်။ ထိုသို့ ဖြစ်ခဲ့သည်မှာ လည်း အစိုးရအနေဖြင့် နှစ်ဦးနှစ်ဖက် ပြေလည်စေသည့် အခြေအနေသို့ ရောက်အောင်ညှိယူနိုင်ခဲ့ခြင်း။(သမ္မတဦးသိန်းစိန်သည်အဓိက(Main) ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သောဒီမိုကရေစီအင်အားစုများနှင့်လက်တွဲနိုင်ခဲ့ခြင်း)၊ဆန့်ကျင်ဘက်အင်အားစုများနှင့်ငြိမ်းချမ်းရေးတည် ဆောက် ခြင်းများ ပြုလုပ်ခြင်းများ ပြုလုပ်ခဲ့ခြင်းဖြစ်သောကြောင့်ဒုတိယသမ္မသစ်အနေဖြင့် မြန်မာ့နိုင်ငံရေးဖြစ်စဉ် ဖြောင့်ဖြူးစေရေးအတွက် အစိုးရနှင့် တစ်သားတည်း ဖြစ်သင့်သည်ဟု မြင်သည်။

အဘယ့်ကြောင့်ဆိုသော် အတိုက်အခံများဘက်ကလည်း လက်ရှိအခြေအနေ၌ သမ္မတကြီးကို ယုံကြည်မှုအပြည့် အဝရှိသော်လည်းဒုသမ္မတသစ်အတွက်မည်သို့ရှိမည်ကိုမသိနိုင်သောကြောင့် ဖြစ်သည်။ နောက်ကြောင်းပြန်လှည့်လိုသော သဘောထား ရှိမရှိကို ဒုတိယသမ္မတသစ်၏ အပြု သဘောဆောင်သော လုပ်ဆောင်ချက်က သူတို့ကို ယုံကြည်မှုတည်ဆောက်ပေးနိုင်မည် ဖြစ်သည်။

ထို့ပြင် မြန်မာနိုင်ငံအတွက် အရေးကြီးဆုံးကိစ္စများကိုပါ ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါလိမ့်မည်။ မြန်မာနိုင်ငံအတွက် အရေးကြီးဆုံးမှာ Peace Building (ငြိမ်းချမ်းရေးတည်ဆောက်ခြင်း) ဖြစ်ပါသည်။ ထို့အတွက်ကြောင့် မြန်မာနိုင်ငံ ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်တွင်ပါ ပူးတွဲပါဝင်ဖို့ စတင်သင့်သည်ဟု ရှုမြင်မိသည်။ တိုင်းရင်သားလူမျိုးနွယ်စု များနှင့် နားလည်မှုရရှိအောင် ပါဝင်ဆောင်ရွက်သင့်သည်။

နိုင်ငံတော်၏ ထိပ်တန်းတာဝန်ရှိသူသုံးဦးတွင် တပ်မတော်သားကိုယ်စားလှယ်အုပ်စုမှ ရွေးချယ်လိုက်သော ဒုတိယသမ္မတလည်း ပါဝင်သည် ဖြစ်ရာ တပ်မတော်နှင့်ပြည်သူကြား သဘောထားအမြင် တစ်သားတည်းဖြစ်စေရေးအတွက် အစီအစဉ်သစ်များ ဆောင်ရွက်နိုင်၊မနိုင်ဆိုသည်မှာလည်း ဒုတိယသမ္မတ၏ ဆုံးဖြတ်ဆောင်ရွက်ချက်အပေါ် မူတည်မည် ဖြစ်သည်။

နိုင်ငံတစ်နိုင်ငံရှိ အစိုးရတစ်ရပ်ဟူသည် သမ္မတကြီးတစ်ဦးတည်းနှင့်လည်း အစိုးရဟုပြော၍မရသလို ဝန်ကြီးတစ် ဦးတစ်ယောက်တည်းနှင့်လည်း အစိုးရဟု မမည်ဘဲ သမ္မတအပါအဝင် ဒုသမ္မတများ၊ ဝန်ကြီးများအပါအဝင် အုပ်ချုပ်ရေးယန္တရားတစ်ခုလုံးကို ပေါင်းစည်းပြီးမှ အစိုးရဟု ဆိုနိုင်မည်ဖြစ်ရာ ပါဝင်သူအားလုံး မပါဝင်ဘဲနှင့် ကောင်းမွန်သော အုပ်ချုပ် ရေးအတွက် မူဝါဒကောင်းများ ချမှတ်နိုင်မည်မဟုတ်သလို ဒီမိုကရေစီ၏ တန်ဖိုးများဖြစ်သော လွတ်လပ်ခွင့်၊ တန်းတူညီမျှမှုများကို ဖော်ဆောင်ပေးနိုင်မည် မဟုတ်ပေ။ သို့ဖြစ်သောကြောင့် တပ်မတော်မှ ရွေးချယ်တင်မြှောက်လိုက်သော်လည်း ဒီမို ကရေစီ ပြုပြင်ပြောင်းလဲရေး ခရီးရှည်ကြီးတွင် တက်ညီလက်ညီ ဝင်ရောက်ဆောင်ရွက်နိုင်ရေးသည် ပိုမို အရေးကြီးဆုံး ဖြစ်သည်။

သေချာစွာ ပြောနိုင်သည်ကတော့ ပြည်သူတွေရော၊ နိုင်ငံတကာအသိုင်းအဝိုင်းကရော၊ အတိုက်အခံများ၊ လူမျိုးစုများကြားတွင်ပါ ဒုသမ္မတအပေါ် ထားရှိသော သဘောထားမှာ ယုံကြည်မှုတည်ဆောက်ရန် လိုအပ်နေသေးသည်ဖြစ်ရာ ယုံကြည်မှုတည်ဆောက်ရေးအတွက် စတင်လုပ်ကိုင်သင့်နေပြီ။ ဒုသမ္မတအနေဖြင့် လက်ရှိအစိုးရနှင့် မူဝါဒမတူလျှင်၊ အတိုက်အခံအဖွဲ့အစည်းများနှင့် လက်မတွဲနိုင်လျှင်၊ ဒီမိုကရေစီတန်ဖိုးများကို ဂရုမပြုလျှင် တိုင်းပြည်၏ ပြုပြင်ပြောင်းလဲရေးတွင် အဟန့်အတား ဖြစ်နိုင်သည်။

ထိုသို့မဟုတ်ဘဲ လက်ရှိအစိုးရနှင့် တစ်သားတည်းဖြစ်ခဲ့လျှင်၊ အတိုက်အခံအဖွဲ့အစည်းများနှင့် ယုံကြည်မှု တည်ဆောက်ကာ လက်တွဲနိုင်ပြီး ဒီမိုကရေစီတန်ဖိုးများကို အလေးထားဆောင်ရွက်လျှင်၊ လက်ရှိ ရင်ဆိုင်နေရသော စိန်ခေါ်မှုများကို ဖြေရှင်းရာတွင် များစွာ အထောက်အပံ့ ဖြစ်နိုင်ပေ လိမ့်မည်။

ထို့ကြောင့်ဒုတိယသမ္မတသစ်တစ်ယောက်၏အခန်းကဏ္ဍသည်လည်းအရေးကြီးသည်ဖြစ်ရာ မြန်မာနိုင်ငံရေးဖြစ်စဉ်အပေါ် မည်သို့ သက်ရောက်မည်ဆိုသည်မှာ စောင့်ကြည့်ရဦးမည်သာဖြစ်ပြီး မည်သို့ဆောင်ရွက်မည်ဆိုသည်မှာမူ ကာယကံရှင်နှင့်သာ သက်ဆိုင်လိမ့်မည် ဖြစ်ကြောင်း နိုင်ငံသားတစ်ယောက်၏ ရှုထောင့်မှ တင်ပြလိုက်ရပေသည်။

Yangon chronicle

1 ကျောက်ဆည်မြို့နယ်ဒီမိုကရေစီအရေးတော်ပုံ ၂၄နှစ်ပြည့်အမှတ်တရ (၁၉.၈.၂၀၁၂) မနက်ဖြန်တွင်ကျင်းပမည်။

၁၉၆၂ခုနှစ်မန္တလေးတက္ကသိုလ်ကျောင်းသားသမဂ္ဂရဲ့နောက်ဆုံးဥက္ကဌ၊မန္တလေးတက္ကသိုလ်ကလောင်ရှင်များအတွင်းရေးမှူး ဆရာဦးစိုးဝင်းမောင်၊ဇနီး ဒေါ်မြသန်းတို့၏နေအိမ်တင်ဒီမိုကရေစီအရေးတော်ပုံ၂၄နှစ်ပြည့်အမှတ်တရအခမ်းအနား(ကျောက်ဆည်မြို့နယ်)ကျင်းပမည်ဖြစ်သည်။

ဦးစိုးဝင်းမောင်သည် ၁၉၆၂ ခုနှစ်မှ စစ်အာဏာရှင်ကိုဆန့်ကျင် တိုက်ပွဲဝင်ခဲ့သော တော်လှန်ရေးသမားတဦးဖြစ်ပြီး စစ်အာဏာရှင်တို့ရဲ့အကြိမ်ကြိမ်ဖမ်းဆီးမှုကိုခံခဲ့ရသည်။ ၁၉၈၈ ပြည်သူ့အရေးတော်ပုံ ဒီမိုကရေစီလှုပ်ရှားမှုအပြီး စစ်ခုံရုံးမှ နှစ်ရှည်ထောင်ဒါဏ်အပြစ်ပေးခံရကာ ၁၉၉၉ခုနှစ်တွင် မန္တလေး အိုးဘိုထောင်မှလွန်မြောက်လာပြီးမကြာခင် အဆုတ်ကင်ဆာရောဂါဖြင့် ကျဆုံးခဲ့ရသည်။

ဦးစိုးဝင်းမောင်ရဲ့သား၂ဦးဖြစ်ကြသောစက်မှုတက္ကသိုလ်ကျောင်းသားလှုပ်ရှားမှုကျောင်းသားခေါင်းဆောင် ရဲဘော်သံဒုတ်နှင့်မန္တလေးဆေးတက္ကသိုလ်ကျောင်းသားယနေ့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)ဥက္ကဌရဲဘော်သံခဲတို့မှာဖခင်၏တော်လှန်ရေးအမွေဆက်ခံပြီးယနေ့တိုင်မြန်မာ့ဒီမိုကရေစီအရေးတော်ပုံတိုက်ပွဲဆင်နွဲလျက်ရှိသည်။

ကျောက်ဆည်မြို့နယ်ဒီမိုကရေစီအရေးတော်ပုံ၂၄နှစ်ပြည့်အမှတ်တရအခမ်းအနားသို့ဒီမိုကရေအင်အားစုများ၊ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များနှင့် ကဗျာဆရာ၊စာရေးဆရာများ တက်ရောက်ကြမည်ဖြစ်ကြောင်းသတင်းရရှိသည်။

ကျောက်ဆည်မြို့နယ်ဒီမိုကရေစီအရေးတော်ပုံ ၂၄နှစ်ပြည့်အမှတ်တရအခမ်းအနားအစီအစဉ်။
နေ့ရက် - ၁၉.၈.၂၀၁၂ ။ တနင်္ဂနွေနေ့
အချိန် - နံနက် ( ၉: ၀၀ နာရီ )
နေရာ - ဦးစိုးဝင်းမောင်+ ဒေါ်မြသန်းနေအိမ်
စုကြီးထန်းတောရပ်၊ ကျောက်ဆည်မြို့။

aung pan

0 ပြည်ပမှတင်သွင်းသည့် စားအုန်းဆီများအတွင်း တိရစ္ဆာန်အသေကောင်များ တွေ့နေရ

ပြည်ပနိုင်ငံများမှ တင်သွင်းလာသည့် စားအုန်းဆီများတွင် မြေ၊ ကြွက်၊ ဖားကဲ့သိုသော တိရစ္ဆာန် အသေကောင်များကို တွေ့ရှိနေရကြောင်း ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“စားအုန်းဆီသိုလှောင်ကန်တွေမှာက မြွေ၊ ကြွက်၊ ဖားတွေကပေါတယ်လေ။ ဒီကောင်တွေက စားအုန်းဆီ သိုလှောင်ကန် တွေထဲမှာ သေနေတဲ့ အကောင်တွေ၊ ပြည်ပကတင်သွင်းလာတဲ့ စားအုန်းဆီတွေကို ပြည်တွင်းဈေးကွက်မှာ ပြန်ဖြန့်ဖြူးတော့ စားအုန်းဆီ ပီပါပုံးတွေကို ဆေးကြောသန့်စင်ခြင်း မရှိဘူး။ ဒီတော့ စားအုန်းဆီတွေမှာ တိရစ္ဆာန် အသေကောင်တွေ ရှိနေတာပေါ့။ ဒီစားအုန်းဆီတွေကို စားမိတဲ့ ပြည်သူတွေအတွက်ကတော့ ရင်လေးစရာ ပါပဲ”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

ထို့ကြောင့် နယ်စပ်ဂိတ်များမှ ဝင်ရောက်လာသည့် စားအုန်းဆီများနှင့် ပင်လယ်လမ်းမှ ဝင်ရောက်လာသည့် စားအုန်းဆီများ တင်သွင်း ဖြန့်ဖြူးရောင်းချခြင်းများကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ အထူးကြပ်မတ် စစ်ဆေး သွားတော့မည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ စားသုံးသူများ ကာကွယ်ပေးမှုဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်သွားတော့မည်ဖြစ်ကြောင်း စီးပွား/ကူးသန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“နယ်စပ်တွေကနေ တရားမဝင် စားသုံးဆီတွေ ဝင်ရောက်လာတဲ့ကိစ္စကို စစ်ဆေးဖို့ ဆေးဝါးကွပ်ကဲမှုဌာနကို တာဝန်ပေးထားပါတယ်။ ဒါပေမယ့် လောလောလတ်လတ်မှာ သူတို့က စတင်နိုင်ခြင်းမရှိသေးတော့ ဒီကိစ္စကို စီးပွား/ကူးသန်းက ကိုင်တွယ်တော့မှာပါ။ ပြည်သူတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်မည့် ဆီတွေပြည်တွင်းဈေးကွက်မှာ ဖြန့်ဖြူးရောင်းချနေတဲ့သူတွေကိုတွေ့ရင် ထိထိရောက်ရောက် အရေးယူသွားတော့မှာပါ”ပာု စီးပွား/ကူးသန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထို့ပြင် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံအတွင်းသို့ ကျန်းမာရေးထိခိုက်စေနိုင်မည့် တရားမဝင်နှစ်ပြန်ကြော် စားသုံးဆီများကို တင်သွင်းလျက် ရှိသည့်အတွက် ဆေးဝါးကွပ်ကဲမှုဌာန(FDA)မှ ဦးဆောင်၍ မြန်မာနိုင်ငံ၏ နယ်စပ်မြို့များတွင် အစားအသောက်နှင့် ကုန်စည်များအား စစ်ဆေးရေး စခန်းများ မကြာမီကာလအတွင်း ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဌာန(FDA)မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

Yangonchronicle

0 ဗြဟ္မစိုရ်ခြေလှမ်းများ၏ ပဲ့တင်သံများ

နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူ ဦးဆောင်၍ အသင်းသား (၆) ဦးတို့သည် ၁၇.၈.၂ဝ၁၂ နံနက် (၆းဝဝ) နာရီအချိန်တွင် သရေခေတ္တရာ(ပြည်)မြို့သို့ ဗြဟ္မစိုရ်ခြေလှမ်း ခရီးနှင်ခဲ့ကြသည်။ ကြို့ပင်ကောက်မြို့ သို့ နံနက် (၁ဝးဝဝ) နာရီအချိန်တွင်ရောက်ရှိခဲ့ကာ သုခကုသိုလ်ဖြစ်ဆေးခန်း(ကြို့ပင်ကောက်) လုပ်ငန်းလည်ပတ် ရာတွင် အထောက်အကူများစွာ အကျိုးပြုရန်အတွက် ကွန်ပြူတာတစုံအား သုခကုသိုလ်ဖြစ်ဆေးခန်း(ကြို့ပင် ကောက်)၏ အကြံပေး ကိုမင်းသူရထံသို့ လှူဒါန်းပေးအပ်ခဲ့သည်။ ထို့နောက် ပြည်မြို့သို့ ခရီးဆက်ခဲ့ကာ ပြည်မြို့ရှိ ရွှေပေါက်ပင်ဆရာတော်ကြီး ဘဒ္ဒန္တသောမာစာရထံကို ဝင်ရောက်ဦးခိုက်ခဲ့ပြီး သုခကုသိုလ်ဖြစ်ဆေးခန်း(ပြည်)သို့ သွားရောက်၍ ကွန်ပြူတာတစ်စုံအား ထပ်မံလှူဒါန်းခဲ့သည်။ သုခကုသိုလ်ဖြစ်ဆေးခန်း(ပြည်)သည် အများပြည်သူရဟန်းရှင်လူတို့အား ကျန်းမာရေးဝန်ဆောင်မှု(အခမဲ့) ပြုလုပ်ပေးနိုင်ရန် အခက်အခဲမြောက်များစွာကို ဖြတ်ကျော်ခဲ့ရသော ကုသိုလ်ဖြစ်ဆေးခန်း တစ်ခုလည်းဖြစ်သည်။ သုခကုသိုလ်ဖြစ်ဆေးခန်း(ပြည်)အား ဦးစီးဦးဆောင်လုပ်နေသော လူမှုရေးသမားများသည် မိုးမေတ္တာအသင်း အမည်ဖြင့် သွေးလှူဒါန်းခြင်းကို ၁.၇.၂ဝ၁ဝ ရက်နေ့မှစတင်၍ လူသားတို့၏ အသက်ကယ်တင်ရန် လိုအပ်သော သွေးလှူဒါန်းခြင်းများကို ကုသိုလ်ဖြစ်ပြုလုပ်ခဲ့ရာ၌ တရားဝင်မှတ်ပုံတင်ထားသော်လည်း ယနေ့ထိတိုင် မှတ်ပုံတင် မရရှိသေးချေ။ ၂ဝ၁ဝခုနှစ် မေလတွင် နာရေးကူညီမှုအသင်း(ရန်ကုန်)နှင့်စတင် ချိတ်ဆက်ခဲ့ပြီး သောက်သုံးရေ ရှားပါးသည့် အရပ်ဒေသများသို့ ရေလှူဒါန်းခြင်း၊အဝီစိရေတွင်းတူးဖော်ခြင်း၊အုတ်ရေကန်များတည်ဆောက်ခြင်း၊ ရေစုပ်ဆက်များတပ်ဆင်ခြင်းစသည့် ရေအကျိုးဆယ်ပါးကို ပြုလုပ်ခဲ့ပါသည်။ ထို့နောက် နာရေးကူညီမှုအသင်း (ရန်ကုန်)၏ လုပ်ထုံးလုပ်နည်း စည်းကမ်းချက်များနှင့် လူမှုရေးသမားများ၏ ကျင့်ဝတ်များ ကိုက်ညီမှုရှိသောကြောင့် ၈.၆.၂ဝ၁၁ ခုနှစ်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ သုခကုသိုလ်ဖြစ်ဆေးခန်းခွဲအဖြစ် သုခကုသိုလ်ဖြစ် ဆေးခန်း(ပြည်) ဟူ၍ ကျန်းမာရေးဝန်ဆောင်မှု စတင်ပြုလုပ်ခဲ့သည်။ သို့သော် ၈.၆.၂ဝ၁၁ ရက်တွင် စတင်၍ ဖွင့်လှစ်ခဲ့သော်လည်း (၂) ရက်တည်းသာ ဖွင့်ခွင့်ရရှိခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေး၏ တားမြစ်စာထုတ်ဖြင့် တားမြစ်ခြင်း ခံခဲ့ရသည်။ ထို့နောက် ဒုတိယအကြိမ်အဖြစ် ၃ဝ.၆.၂ဝ၁၁ ရက်နေ့တွင် ဆေးခန်းအား ပြန်လည်ဖွင့်လှစ်ခဲ့ရာ တစ်ရက်တည်းသာ ဆက်လက်ဖွင့်ခွင့်ရခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေး၏ ဆင့်ခေါ်၍ ဆက်လက်မဖွင့်ရန် လက်မှတ်ထိုး ခိုင်းသော်လည်း လက်မှတ်ရေးထိုးခြင်း မပြုခဲ့ပါ။ တတိယအကြိမ် ၁၂.၉.၂ဝ၁၁ ရက်နေ့တွင် ထပ်မံ၍ ဖွင့်လှစ်ခဲ့ရာ ယနေ့တိုင် ၉.၈.၂ဝ၁၂ ရက်နေ့အထိ လူနာစုစုပေါင်း (၁၄၃၃၅) ဦး၊ မျက်စိဝေဒနာသည် (၈၉) ဦးတို့အား အလင်းဖွင့် ပေးခဲ့ပြီး အသေးစား ခွဲစိတ်မှုအဖြစ် လူနာ (၄၆) ဦးတို့ကို (အခမဲ့) ကုသကူညီပေးခဲ့ပြီးဖြစ်သည်။ ထိုသို့ ကုသမှုများ ပြုလုပ်ခဲ့ရာတွင် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ၈.၆.၂ဝ၁၁မှ ၃၁.၇.၂ဝ၁၂ အထိ ကူညီထောက်ပံ့ငွေကျပ် (၄၇၅) သိန်းနှင့် ပြည်မြို့နှင့် အနယ်နယ်အရပ်ရပ်မှ စုပေါင်းလှူဒါန်းငွေကျပ် (၁၄၈) သိန်းတို့ဖြင့် ကူညီပံ့ပိုးမှုများ ပြုလုပ်ပေး နိုင်ခြင်းဖြစ်သည်။ ယင်းဆေးခန်းအား တပါတ်လျှင် တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓယူ၊ ကြာသာပတေးရက်နေ့၌ ကုသပေးရာ တစ်နေ့လျှင် လူနာ ၈ဝ~၁ဝဝ ဦးအထိ ကုသပေးနေရသည်။ မိုးမေတ္တာအသင်းမှ အလုပ်အမှုဆောင် (၁၁) ဦးတို့မှ နေ့စဉ်အလှည့်ကျ တာဝန်ခွဲဝေ၍ ပရဟိတကိစ္စရပ်များအား ပေးဆပ်လျှက်ရှိသလို တာဝန်ခံဆရာဝန်ကြီး ဒေါက်တာ ဦးထွန်းနိုင် ဦးဆောင်၍ လုပ်အားပေးဆရာဝန် (၂၁) ဦး အပါအဝင် လုပ်အားပေးသူနာပြုအကူ (၄ဝ) ဦးတို့ဖြင့် ကုသပေးလျှက်ရှိသည်။ ယခုဆိုလျှင် သမားတော်ကြီး ဒေါက်တာ ဦးမောင်မောင်ခင်နှင့် ခွဲစိတ်ဆရာဝန်ကြီး ဒေါက်တာ ဦးသိန်းဝင်းတို့အပြင် သွားဆရာဝန်များကလည်း ပူးပေါင်းကုသိုလ်ဖြစ် ကုသပေးလျှက်ရှိသည်။ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ သမိုင်းကြောင်းအား ပြန်လည်ကြည့်ရှုသော် အတိုက်အခိုက်၊ အနှောင့် အယှက်၊ အဟန့်အတားများကြားမှ ကြံ့ကြံ့ခံကာ အများအကျိုးအတွက် ပရဟိတစိတ်ဓါတ်စစ်စစ်တို့ဖြင့် တွန်းလှန်ခဲ့ သောကြောင့် ယခုအချိန်ကာလတွင် အများအကျိုးသယ်ပိုးမှုများ ထိရောက်အောင်မြင်မှုရှိခဲ့သည်။ ထိုနည်းတူစွာ မိုးမေတ္တာပရဟိတလူငယ်အဖွဲ့သည်လည်း နာရေးကူညီမှုအသင်း(ရန်ကုန်)နည်းတူ ပိတ်ပင်တားဆီးမှုများကြားမှ ဖောက်ထွက်ကာ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လုပ်ထုံးလုပ်နည်းစီမံကိန်းများအတိုင်း ပညာရေးကဏ္ဍကိုလည်း တိုးချဲ့မြှင့်တင်ပေးနေပြီဖြစ်သည်။ နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ သုခအလင်း ပညာဒါနလုပ်ငန်းမှလည်း မိုးမေတ္တာလူငယ်အဖွဲ့၏ သုခအလင်း ပညာဒါနအတွက် ငွေကျပ် (၁၂) သိန်းမတည်လှူဒါန်းမှုဖြင့် တက္ကသိုလ် ဝင်တန်း ကျောင်းသား/သူ (၃၆) ဦးတို့အား ဆရာကြီး ဦးသန်းလွင်မှ ဦးစီး၍ ပြည်မြို့ရှိ နာမည်ကြီး ကျူရှင်ဆရာ (၁၄) ဦးတို့နှင့် လက်ထောက်နည်းပြ (၁ဝ) ဦးတို့၏ ကူညီပံ့ပိုးမှုဖြင့် ပြည်မြို့ရှိ ကျောင်းသား/သူများကို (အခမဲ့) ပညာသင်ကြားပေးလျှက်ရှိသည်။ သုခကုသိုလ်ဖြစ်ဆေးခန်း(ပြည်)အနေဖြင့် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ပံ့ပိုးမှုများအပြင် ဆေးခန်း အဆောက်အဦးအလှူရှင် ဦးချစ်လှ (မိသားစု)၊ ဆေးခန်းတိုးချဲ့ အဆောက်အဦးအလှူရှင် (၅) ဦး၊ သွားဘက်ဆိုင် ရာဆေးခန်း ကုသရေးထိုင်ခုံအား ဒေါက်တာ ဦးတင်သိန်း(မိသားစု)နှင့် ရန်ကုန်မြို့ ၃၄ လမ်းနေ ဒေါက်တာ ဇေယျာသိန်း (မိသားစု)၊ သုခအလင်း ပညာဒါနအဆောက်အဦးအတွက် ဦးကြည်စိုးဦး (မိသားစု)တို့မှ သန့်ရှင်း မွန်မြတ်လှသော ကုသိုလ်အလှူဒါနများကြောင့် ယခုဆိုလျှင် ပြည်မြို့အနီးပါတ်ဝန်းကျင် အနယ်နယ်အရပ်ရပ်မှ ကျန်းမာရေးချို့တဲ့သော လူနာစုစုပေါင်း (၁၄၃၃၅) ဦးတို့အား အသက်ကယ်တင် ပေးနိုင်ခဲ့ပြီဖြစ်သည်။ ထို့အပြင် မိုးမေတ္တာပရဟိတ သွေးလှူအဖွဲ့အနေဖြင့်လည်း သွေးဖြင့်အသက်ကယ်တင်နိုင်ခဲ့သော သွေးအလုံးရေ (၁၉ဝ၉) လုံး ရှိခဲ့ပြီဖြစ်တော့သည်။ သုခကုသိုလ်ဖြစ်ဆေးခန်း(ပြည်)တွင် တိုးချဲ့ကုသမှုတစ်ရပ်ဖြစ်သော သမားတော်ကြီး ဒေါက်တာဦးမောင်မောင်ခင်နှင့်ဇနီး ဒေါ်ခင်ခင်အုန်း (မိသားစု)တို့၏ လှူဒါန်းမှုနှင့် ဓါတ်မှန်စက်အလှူရှင် ဒေါက်တာ ဦးသူရသီရိလတ် (မိသားစု)တို့မှ ဓါတ်မှန်ခန်းနှင့် ခွဲစိတ်ခန်း အဆောက်အဦးအတွက် အလှူငွေကျပ် သိန်း (၃ဝ) လှူဒါန်းပေးအပ်ခြင်းအား ၁၇.၈.၂ဝ၁၂ ရက်နေ့တွင် သုခကုသိုလ်ဖြစ်ဆေးခန်း(ပြည်)၌ ကျင်းပပြုလုပ်ခဲ့သည်။ ယင်း အခမ်းအနားတွင် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဥက္ကဌ ဦးကျော်သူနှင့် အသင်းသားများ၊ ပြည်မြို့၊ မိုးမေတ္တာ ပရဟိတလူမှုရေးသမားများ၊ သုခကုသိုလ်ဖြစ်ဆေးခန်း(ပြည်)ရှိ ဆရာဝန်များ၊ သူနာပြုဆရာမများ၊ အလှူရှင်များ၊ သုခအလင်း ပညာဒါန(ပြည်)ရှိ ဆရာ/မများ၊ ကျောင်းသား/သူများ စုံညီစွာတက်ရောက်ခဲ့ကြသည်။ ထပ်မံ၍ သုခကုသိုလ်ဖြစ်ဆေးခန်း(ပြည်)အတွက် အထူးလိုအပ်နေသော လူနာတင်ယာဉ် (၁) စီးအား ခေတ်သစ် ဆောက် လုပ်ရေးပိုင်ရှင် ဟာဂျီဦးဝင်းမောင် (မိသားစု)မှ လှူဒါန်းနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်နေပြီဖြစ်သည်။ လူမျိုးမရွေး၊ ဘာသာမရွေး၊ ဆင်းရဲချမ်းသာမရွေးတို့၏ ကျန်းမာရေးဝန်ဆောင်မှုပြုလုပ်ရာတွင် ယခုကဲ့သို့ လူမျိုးဘာသာမရွေးတို့၏ လူသားချင်းစာနာစိတ်၊ ကိုယ်ချင်းစာစိတ်၊ ပရဟိတစိတ်၊ ပေးဆပ်လိုသောစိတ်တို့ဖြင့် ပံ့ပိုး ကူညီလှူဒါန်းမှုအပေါ် လူမျိုးဘာသာပေါင်းစုံတို့၏ ကိုးကွယ်ရာဖြစ်သော ဘုရားသခင် အသီးသီးတို့သည်လည်း ကျေနပ်နှစ်သိမ့်ကြမည်ဖြစ်သလို ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်) အနေဖြင့်လည်း အများပြည်သူတို့ ကိုယ်စား သာဓု … သာဓု … သာဓု ဟူ၍ ဝမ်းမြောက်ပီတိဖြင့် ကျေးဇူးအထူးတင်ရှိ၍ မှတ်တမ်းတင်လိုက်ရ ပါတော့သည်။ “ကိုယ်ပြုသောကံ ပဲ့တင်သံ . . . ကိုယ့်ထံပြန်လာမည်” ကိုကျော်သူ

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.