Monday, August 27, 2012

0 လွှတ်တော်သည် ကိုယ်ပိုင်အကျိုးစီးပွားရှေ့တန်းတင် ပြောရမည့်နေရာ မဟုတ်ပါ ( ဘိုးလှိုင် )

Photo..ကာတွန်း ဟန်လေး
လွှတ်တော်ကြီးက “တောင့်တောင့် ကြီးဖြစ်နေတယ်” ဆိုတဲ့ ပြောသံကို ကျွန်တော်သတိပြုမိလိုက်တယ်။ ကိုယ်တိုင် လွှတ်တော်အနားမသီဘူးတဲ့အတွက် ကိုယ်တွေ့မျက်မြင်မဟုတ်သော်လည်း၊ ပြောကြဆိုကြတာတွေက သွက်သွက်လက်လက်ရှိပုံမရ၊ ဒက်ကနဲ၊ ချက်ကနဲ အချက် ကျကျပြောတာရှိမှရှိလေစ။ ကျွန်တော် သံသယဖြစ်မိတယ်။ အထူးသဖြင့် ကိုယ်စားလှယ်တစ်ယောက်ပြောတာသိသိ သာသာလွဲချော်နေပြီ၊ တိုင်းပြည်ရဲ့အကျိုးစီးပွားနှင့် ဆန့်ကျင်နေပြီဆိုလျှင် တော့ သူပြောနေဆဲမှာပဲ၊ ကြားဖြတ်ပြီး ၀င်ထောက်သင့်တယ်။ Intenrupt လုပ် တယ်လို့ ဗြိတိသျှလွှတ်တော်မှာ သုံးနှုန်း ပါတယ်။

တစ်ယောက်ပြောနေဆဲ အခြား တစ်ယောက်ဝင်ထောက်သင့်ပါသလား။ ယေဘူယျပြောရရင်တော့ရှောင်သွားသင့်တယ်။ သူပြောတာ ဂရုစိုက်နားထောင် သင့်တယ်။ စည်းကမ်းပြည့်ဝသောဒီမိုကရေစီ စနစ်မှာ လွှတ်တော်ကိုယ်စားလှယ်များ စည်းနဲ့ကမ်းနဲ့ ပြောဆိုရမှာပါ။ သို့သော်ပုဂ်္ဂိုလ်တစ်ယောက်ကပြောတဲ့အခါ နိုင်ငံအကျိုးနှင့် မဆိုင်တာပြော တယ်၊ သူပြောတာအကြောင်းအရာသိပ် လွဲနေတယ်ဆိုလျှင်တော့ စည်းကမ်းဖောက်နေပြီ။ တစ်ယောက်ယောက်က ၀င်ထောက်မှ တော်ပါလိမ့်မယ်။ တည့်မတ်ပေးဖို့လိုပါ တယ်။ လွှတ်တော်ကိုယ်စားလှယ်များ အချင်းချင်း
ထိန်းပေးဖို့ (Check and Balance) တာဝန်ရှိပါတယ်။ခုတော့ လွှတ်တော်နှစ်ရပ်လုံးမှာ မပြောသင့်တာတွေပြောတာကို ဖတ်ရပါတယ်။ လွဲချော်နေတဲ့၊ မှားယွင်းနေတဲ့ အချက်အလက်ကိုပြောတာလည်း ဖတ်ရပါတယ်။ ပြင်ပေး
မယ့်လူ၊ထောက်မယ့်လူ ရှိပုံမရဘူးထင်ရပါတယ်။

ပြောစရာဥပမာဟောဒီမှာ
++++++++++++++++
“အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က လွှတ်တော်အမတ်များ ငိုက်မနေကြရန် သတိပေး” ခေါင်းစဉ်နဲ့ Hot News စာမျက် နှာ ၁၆ မှာပြောတဲ့အတိုင်း (တချို့အပိုင်း) ပြည့်ပြည့်စုံစုံသတင်းပေးထားတာဖတ်ရပါ တယ်။ Hot news အယ်ဒီတာနှင့် အဖွဲ့ ကို အလွန်ကျေးဇူးတင်ပါတယ်။
အဲဒီသတင်းမှာ ဥက္ကဋ္ဌနှင့် လွှတ်တော် ကိုယ်စားလှယ်တစ်ဦးအပြန်အလှန် ပြော တဲ့စကားကို ကြားဖြတ်ဝင်ပြော(Intenrput) ပြီး ကန့်ကွက်မည့်သူမပေါ်ခဲ့လို့ ကျွန်တော်အားမလိုအားမရဖြစ်မိတာပါ။ (သတင်းမှာ ကိုယ်စားလှယ်ရဲ့နာမည် ဖော်ပြထားသော်လည်း၊ အများသိပြီးတဲ့ အတွက် ကျွန်တော်နာမည်မထည့်တော့ ပါဘူး။) ဆွေးနွေးတဲ့အကြောင်းအရာနဲ့ ပတ်သက်ပြီး ဥက္ကဋ္ဌခလုတ်နှိပ်မဲခွဲဆုံးဖြတ်ခိုင်းရာမှာတော့ ဆုံးဖြတ်ချက်က
ဖြစ်သင့်တဲ့အတိုင်းဖြစ်သွားတာတွေ့ရလို့ ကိုယ်စား လှယ်များကို ကျေနပ်ပါတယ်။ဆွေးနွေးတာက အလုပ်ရှင်အလုပ် သမားဥပဒေနဲ့ ဆိုင်ပါတယ်။တစ်နေရာ မှာ ဥက္ကဋ္ဌမှ ပြောပုံက ဒီလိုပါ

ဥက္ကဋ္ဌ- ပြန်ဖတ်ပြမယ်၊ ပြန်ဖတ်ပြမယ်။ လွှတ်တော်အမတ်တွေ ငိုက်မနေကြပါနဲ့ငိုက်နေတော့ဘာမှမသိသလိုဖြစ်နေမယ် အစချီကာ....ပြောလေ ပြောလေ။

လွှတ်တော်ကိုယ်စားလှယ်- ကျွန်တော်တို့ကစီးပွားရေးသမားတစ်ယောက်ဆိုတော့။

ဥက္ကဋ္ဌ- ဘယ်လောက်ချသင့်သလဲ။

လွှတ်တော်ကိုယ်စားလှယ်- ငွေဒဏ်ပဲချ သင့်တယ်။

ဥက္ကဋ္ဌ- ထောင်ဒဏ်မပါဘူးပေါ့။ဆက်လက်ပြောဆိုတာကိုHotNewsJournalက ဖော်ပြပါတယ်။သို့သော်ဒီမျှနဲ့ပဲကျွန်တော်ဆွေးနွေးစရာစကားပါသွားပါပြီ။ဝေဖန်ရလျှင်လွှတ်တော်ကိုယ်စားလှယ်က““ကျွန်တော်တို့ကစီးပွားရေးသမားဆိုတော့””ဆိုတဲ့စကားကအတော်မဆီလျော်ဖြစ်တယ်ခင်ဗျ။ အောက်ခြေလွတ်နေတယ်။ ဘ၀မေ့နေတယ်ဆိုတာ ထင်ရှားပါတယ်။လွှတ်တော်ထဲမှာ ပြောခွင့်ဆိုခွင့်ရတာ လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ ရတဲ့အခွင့်အရေးဖြစ်ပါတယ်။
ပြည်သူ တွေက ရွေးကောက်တင်မြှောက်လို့၊ ပြည်သူကို ကိုယ်စားပြုသော သူပဲဖြစ်ရပါမယ်။ ပြည်သူကို ကိုယ်စားပြုပြောဖို့ စေလွှတ်ခံရသူဖြစ်လို့ လွှတ်တော်တွင် ပြောဆိုရန်ကိုယ်စားလှယ်လို့ (ရာထူး)အမည်တပ်ထားတာ ရှင်းပါတယ်။ယခုပြောတဲ့လွှတ်တော်ကိုယ်စားလှယ်ကြီးကသူဟာလွှတ်တော်ကိုယ်စားလှယ် ဖြစ်တဲ့အကြောင်းမေ့သွားတယ်ဗျ။

““ကျွန်တော်တို့က စီးပွားရေးသမားတစ်ယောက် ဆိုတော့”” တဲ့။ လွှတ်တော်ထဲမှာ ပြော ဆိုဖို့ ဘယ်စီးပွားရေးသမားကိုမှ အခွင့်ပေးမထားပါဘူးခင်ဗျာ။ လွှတ်တော်ကိုယ် စားလှယ်ဘ၀ကို မေ့တာပေါ်လွင်ပါတယ်။

စည်းကမ်းပျက်တယ်
++++++++++++++
လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ကိုယ်စားပြုတဲ့ ပြည်သူတွေထဲမှာ လယ်သမား၊ အလုပ်သမား၊ စီးပွား ရေးသမား၊ ကုန်သည်၊ ပွဲစား၊ ကျောင်း သား၊ ကလေး၊ သက်ကြီးရွယ်အိုစတဲ့ လူတန်းစား အစုံပါဝင်ပါတယ်။ ကိုယ်စားလှယ်က သူတို့အားလုံးရဲ့ အကျိုးစီးပွားကို ဦးထိပ်ထားဆွေးနွေးရန် တာဝန်ရှိပါတယ်။ယခုေုတာ့ ““ကျွန်တော်တို့က စီးပွားရေးသမားတစ်ယောက်ဆိုတော့””လို့ စကားခံပြီးပြောတဲ့အတွက် စည်းကမ်းပျက်တယ်
လို့ ကျွန်တော်ယူဆပါတယ်။ ဘာလို့အဲဒီစကားကိုမကန့်ကွက်ကြတာလဲ
လွှတ်တော်ဥက္ကဋ္ဌပြောစကားတွေ ကြည့်ရတာတော့ ပြောသင့်ပြောထိုက် တာတွေပါပါတယ်။ ““ငိုက်မနေကြနဲ့”” စသည်။ ““ကျွန်တော်တို့ကစီးပွားရေးသမား တစ်ယောက်ဆိုတော့””ဆိုတဲ့ အသံထွက် လာတဲ့အခါမျိုး
မှာ ရှေးဒီမိုကရေစီလွှတ် တော် (၁၉၄၈-၆၂)ထဲမှာသာ ဖြစ်ခဲ့လျှင် တော့ လွှတ်တော်အမတ်တစ်ယောက်ယောက်က ဒီလိုကြားဖြတ်တောက်မှာ
သေချာတယ်။

““ဥက္ကဋ္ဌကြီးခင်ဗျာ။လွှတ်တော်အမတ်မင်းကသူ့ကိုယ်သူဘ၀မေ့ပြီးကျွန်တော်တို့ကစီးပွားရေးသမားတစ် ယောက် ဆိုတော့လို့ပြောနေပါပြီ။ ဘ၀မေ့ပြီးပြောနေတာ ဥက္ကဋ္ဌကြီးတားမြစ်ပေးပါ။””
အခြားသူများကပါ တစ်ယောက် တစ်ပေါက် ၀င်ပြောကြပါလိ့မ်မယ်။ လက်ခုပ်သြဘာသံလည်း ထွက်မှာပဲ။ သောသောညံသွားလျှင်တော့

ဥက္ကဋ္ဌက ငြိမ်ကြပါ(သို့)စည်းကမ်းရှိကြပါ လို့ပြောပြီး ငြိမ်ခိုင်းမယ်။ စည်းကမ်းထိန်း ပေးလိမ့်မယ်။

လွတ်လပ်ရေးခေတ်ဦး လွှတ်တော် မှတ်သားဖွယ်များ
++++++++++++++++++++++++++++++++++
လွတ်လပ်ပြီးစ လွှတ်တော်မှာ အချီ အချ၊ အပြန်အလှန်ပြောစကားတွေရှိ
ပါတယ်။ အဲဒီခေတ်သတင်းစာတွေက မှတ်တမ်းတင်ထားပါတယ်။ လွှတ်တော်မှတ်တမ်းစာအုပ်ကြီးတွေမှာလည်း အပြည့် အစုံမှတ်တမ်းတင်
ထားပါတယ်။ ပြည်သူလူထုဗဟုသုတအတွက် စာနယ်ဇင်းများ က သုတေသနလုပ်ပြီး တတ်နိုင်သမျှ ဖော်ပြလျှင် သိပ် တန်ဖိုးရှိပါလိမ့်မယ်။
ကျွန်တော်မှတ်မိတာကလေးတစ်ခု ကဒီလိုပါ။ အမတ်တစ်ယောက်က၀န်ကြီးချုပ် ဦးနုကို အမျိုးမျိုးဝေဖန်စကားပြောပြီး ““၀န်ကြီးချုပ်ပေးတဲ့ ကတိတည်ဖို့လိုပါတယ်””လို့ ပြောတဲ့အခါမှာ ဦးနုက ““အမတ်မင်းလို
ပုဂ်္ဂိုလ်မပြောပါနှင့်၊ကျွန်တော့်ကိုအတိုက်အခံလုပ်နေတဲ့ထိပ်တန်းခေါင်းဆောင်တွေကတောင်ကျွန်တော်ရဲ့ကိုယ့်ကျင့်သိက္ခာကို မပုတ်ခတ်ရဲ ပါဘူး။ စံရှားတင်ဘယ်မှာလဲလို့ တစ်ခါမေးခွန်းထုတ်တာပဲ ခံရဖူးပါတယ်””
လို့ဖြေတော့ လွှတ်တော်က တ၀ါးဝါးဖြစ်သွားပါသတဲ့။အဲဒီခေတ်လွှတ်တော်ထဲမှာ အပြန် အလှန်ဝေဖန်တာ၊ ကြားဖြတ်ဝင်ပြောရာ မှာ နာမည်ရသူတွေ အတော်များများ ရှိပါတယ်။ ဦးသိန်းဖေမြင့်၊ ၀ိဓူရသခင် ချစ်မောင် စသည်
တို့ပါပဲ။ ရုပ်ရှင်မင်းသမီး ဒေါ်စံရှားတင်နဲ့ ဦးနုကို သမုတ်ကြတဲ့ စကားကို ရည်ညွှန်းပြီးပြောတာဖြစ်တယ်။ လွှတ်တော်ထဲမှာ ဦးနုက အဲဒီလို ပြော လိုက်တော့ စံရှားတင်က ““ကာယကံရှင် က သူ့သိက္ခာရှင်းလို့ ဒီလိုပြောရဲ
တာပေါ့”” လို့ မှတ်ချက်ချပါသတဲ့။ အဲဒီခေတ်သတင်းစာမှာ ဖတ်ရပါတယ်။
တစ်ခါမှာတော့.......

ဗိုလ်ချုပ်နေ၀င်း- အဲဒီအချိန်တုန်း က ကျွန်တော်တို့တောင် ပြန်ပေးဆွဲပြီးအတင်းအာဏာ သိမ်းခိုင်း ဖို့ စီစဉ်ကြလို့ ကျွန်တော်လုံခြုံရာမှာ ပုန်းနေခဲ့ရတယ်။ အဲဒီထဲ ဦးသိန်းဖေမြင့်ပါပါတယ်။

ဦးသိန်းဖေမြင့်- ကျွန်တော်ယခုလိမ္မာနေပါပြီခင်ဗျာ။(ပြောစကားအတိအကျမဟုတ်ပါ။ကျွန်တော်မှတ်သားမိသမျှကို အဓိပ္ပာယ်ပေါ်အောင်ပြန်ရေးတာပါ။

ဗြိတိသျှပါလီမန်မှာ ဒီဘိတ်


ဗြိတိသျှပါလီမန်ကို ကမ္ဘာ့ သက်တမ်းအရင့်ဆုံး ပါလီမန်အဖြစ် အသိအမှတ်ပြုပြီး အခြားနိုင်ငံများကလည်း အတုယူကြပါတယ်။

အပတ်စဉ် ၀န်ကြီးချုပ်ကို အမတ်များက မေးခွန်းထုတ်တဲ့ Prime Minister’s Question Time မှာ ဆိုရင် အတိုက်အခံတွေက ပိတ်သာလေးနဲ့ နံဘေးပြန်ထုတာပဲ။
Interruption တွေလုပ်လွန်းလို့ ဆူဆူညံညံဖြစ်တဲ့အခါ ဥက္ကဋ္ဌက Order, order လို့ပြောရတယ်။ ဒီနေရာမှာ order (အော်ဒါ)က အမိန့်မဟုတ်ပါ။ စည်း ကမ်းရှိကြပါလို့ အဓိပ္ပာယ်ရပါတယ်။

သမိုင်းတွင်တဲ့ Interruption
+++++++++++++++++++
ဒုတိယကမ္ဘာစစ်စောစောပိုင်း (၁၉၄၀ပြည့်နှစ်ထဲ)မှာ ဗြိတိန်စစ်ရေး အခြေအနေဖြစ်နေတယ်။ ဂျာမန်တွေ အောင်ပွဲတွေရ၊ ဥရောပသိမ်းထားတယ်။ ကမ္ဘာမှာ ပြိုင်ဘက်မရှိလို့ ယူဆထားတဲ့ Royal Navy လည်း သိပ်မဟန်လှဘူး။ နော်ဝေးဘက်မှာဖြစ်တဲ့ Narvik battle မှာ အတော်အခြေအနေဆိုးတယ်။ ဒီတော့ စစ်ရေးအခြေအနေကို အောက်လွှတ် တော် (House of Commons) မှာ ၁၉၄၀ ပြည့် မေလ(၇)ရက်မှ (၈)ရက်အထိ အခြေအတင် (debate) ပြောကြတယ်။ ၀န်ကြီးချုပ် ချိန်ဘာလိန်က ဒီဘိတ်ဖွင့် မိန့်ခွန်းပြောပြီး ဝေဖန်ကြတာ တစ်ယောက်တစ်ပေါက်။ ဥက္ကဋ္ဌကြီးက အော် ဒါအော်ဒါနဲ့ ခဏခဏ ငြိမ်ခိုင်းရတယ်။ပြောကြသူတွေအတော်များပါတယ်။
ရေတပ်ဦးစီးချုပ်(ငြိမ်း)ကလွှတ်တော် အမတ်ဖြစ်ပြီးစ မကြာသေးဘူး။ Sir Roger Keyes က““နယ်လဆင် ကပြောခဲ့တယ် ခင်ဗျ”” “သတ်္တိအရှိဆုံးခြေလှမ်းဟာ၊အန္တရာယ်အကင်းဆုံးလို့ ကျွန်တော်ထင်တာပဲ” တဲ့။အဲဒီ
စကား ဒီကနေ့အတွက်လည်း မှန်ကန်နေဆဲပါခင်ဗျာ”” လို့ပြောလိုက်တယ်။ တွန့်ဆုတ် တွန့်ဆုတ်မလုပ်နဲ့ရဲရဲချလို့ အဓိပ္ပာယ်ရတဲ့စကားမို့ လွှတ်တော်က လက်ခုပ်သြဘာပေးတယ်လို့ မှတ်တမ်းရှိပါတယ်။ နောက်ဆုံးမမေ့နိုင်တဲ့
စကားကိုပြော သူက အတိုက်အခံအမတ်(နောင်အခါ စစ်ရေး ကက်ဘိနက်ဝန်ကြီးဖြစ်လာသူ) Leo Amery ဖြစ်ပါတယ်။သူပြောတဲ့ သမိုင်းဝင်စကားက ထိရောက်လွန်းလို့ မူရင်းအတိုင်းရေးလိုက်ပါတယ်။

This is what Cromwell Said,” you have sat too long here for any good you have been doing,Depant,I say, and let us have done with you. In the name of God, go”

ဘာသာပြန်- ခရွမ်းဝဲက ဒီလိုပြောခဲ့ပါ တယ်။ ““ခင်ဗျားတို့ ဘာမှအသုံးမကျဘဲဒီမှာထိုင်နေကြတာကြာလှပြီ။ထွက်ကြ ဗျာ၊ကျုပ်ပြောမယ်၊ခင်ဗျားတို့ကို မလိုချင် တော့ဘူး။ဘုရားအလိုကျပြောလိုက်မယ်၊ သွားစမ်း။””

In the name of God, go ကိုလီယို အေမာရီက အော်ထည့်လိုက်ပါသတဲ့။
လီယိုအေမာရီက ဒီစကားပြောတော့ သြဘာသံသောသောညံသွားတယ်။ လွှတ်တော်အမတ်အားလုံးကလည်း စစ် ဖြစ်နေချိန်မှာ ၀န်ကြီးချုပ် ချိန်ဘာလိန် ပျော့ညံ့တယ်။ခေါင်းဆောင်နေရာနဲ့မတန်ဘူးလို့ သဘောတူ
ကြတယ်။နောက်ဆုံးစကား ” In the name of God ,go” နဲ့ ပဲ ချိန်ဘာလိန် ၀န်ကြီးချုပ်ရာထူးမှဆင်းပေး ရတယ်။နောက်နေ့မှာ ချာချီ ၀န်ကြီးချုပ် ဖြစ်တယ်။

(ယခုဖော်ပြတဲ့ သမိုင်းမှတ်တမ်းကို Internet မှာ လွယ်လွယ်တွေ့နိုင်ပါတယ် ။ Noway debate ရိုက်ထည့်ပြီး ရှာရင်ရ တယ်။ N.Chamberlam ရိုက်ထည့်ပြီး ရှာရင်လည်း ရတယ်။In the name of God, go နဲ့ရှာရင်
လည်း ရပါတယ်။ Wikipedia က ညွှန်လိမ့်မယ်။)

ဒါကြောင့် ကျွန်တော်(တစ်ဦးတည်း) ၏ ကိုယ်ပိုင်သဘောကတော့ လွှတ်တော်ဆိုတာ တိုင်းရေးပြည်ရေးဆွေးနွေးတဲ့နေ ရာဖြစ်လို့ထောက်တန်ထောက်၊ကွက် တန်ကွက်၊အော်တန်အော်ရမည့်နေရာလို့ ယူဆပါတယ်။ဒီလိုလုပ်လျှင်ဖြင့် Healthy debate (လျော်ကန်သင့်မြတ်တဲ့အခြေ အတင်စကား) အဖြစ် တိုင်းသူပြည်သား များက ထောက်ခံ
ကြိုဆိုမှာ မုချပါပဲလို့ ကျွန်တော်၏အမြင်ကို တင်ပြပါတယ်။

ဘိုးလှိုင်

0 ဒီလှိုင်းစာစောင် အတွဲ၁ ။ အမှတ်(၂၉)

0 အမေရိကန်တွင် Apple တို့အနိုင်ရ၊ ကိုရီးယားတွင် Samsung တို့အနိုင်ရ


နှစ်လရှည်ကြာ ဆင်နွဲလာတဲ့ မူပိုင်ခွင့် တိုက်ပွဲ အဆုံးသတ်သွားပြီဖြစ်ပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ်မြောက်ပိုင်းက တရားရုံးဆုံးဖြတ်ချက်ကတော့ Apple ရဲ့  မူပိုင်ခွင့် နည်းပညာ ၆ခုကို Apple မှကူးချတယ်ဆိုခြင်း ဖြစ်ပါတယ်။ ဒါကြောင့် အမေရိကန် ဒေါ်လာ ၁ ဘီလျံလျော်ကြေးပေးဖို့ တရားရုံးမှ ဆုံးဖြတ်လိုက်ပါတယ်။ တရားစီစစ်ရေးအဖွဲ့ဝင် ၉ဦးလုံးမှ အတည်ပြုပေးတဲ့ ဆုံးဖြတ်ချက် ဖြစ်ပါတယ်။

တောင်ကိုရီးယားနိုင်ငံ၊ ဆိုလ်းမြို့ မှာတော့ Samsung က အနိုင်ရပါတယ်။ Apple မှ Samsung မှ Wireless နည်းပညာ မူပိုင်၂ ခု ကူးချတယ်လို့ အတည်ပြုပြီး မူပိုင်ခွင့် တစ်ခုစီအတွက် အမေရိကန်ဒေါ်လာ ၃၅၂၉၈ စီပေးရပါမယ်။ မပြီးသေးပါဘူး။ Apple ရဲ့ ဆက်စပ်ပစ္စည်းများ ဖြစ်တဲ့ စမတ်ဖုန်း၊ ကျောက်သင်ပုန်း ကွန်ပျူတာ ရောင်းချခွင့်များကို တားမြစ်လိုက်ပါတယ်။

သို့ပေမယ့် အနှစ်ချုပ်ကြည့်လိုက်တဲ့အခါ Samsung မှ ရှုံးသယောင် ရှိသွားပါတယ်။ ငွေကြေးအားဖြင့် ဒဏ်ငွေ ဆောင်ရမှုကလည်း အမေရိကန်ဒေါ်လာ ၁ ဘီလျံဖြစ်တဲ့အတွက် ဆိုးလ်တရားရုံး ကဒဏ်ငွေထက် အဆပေါင်းများစွာ များပြားနေပါတယ်။ ဒါတောင် Apple က အမေရိကန်ဒေါ်လာ ၂.၅ ဘီလျံတောင်းဆိုခဲ့ခြင်း ဖြစ်ပါတယ်။ ဒါတင်မလုံလောက်သေးပါဘူး။ အမေရိကန်မှာ Samsung ရောင်းချခွင့်ကိုတောင် ပိတ်ခိုင်းလိုက်ပါ သေးတယ်။ သို့ပေမယ့် တရားရုံးရဲ့ ဆုံးဖြတ်ချက်ကြောင့် ဒဏ်ငွေ ဆောင်ရုံနဲ့ ပြီးဆုံးသွားပါတယ်။ သို့ပေမယ့် နည်းပညာ မူပိုင်ခွင့် ကူးချပါတယ်ဆိုတဲ့ အမည်းစက်ကြီးကတော့ ကျန်နေခဲ့မှာ ဖြစ်ပါတယ်။ သို့ပေမယ့် Samsung Galaxy SIII ရဲ့ အောင်မြင်မှုက ယင်းအမည်းစက်ကို ဖုန်းလွမ်းနိုင်မယ်လို့ မျော်လင့်နေကြဆဲ ဖြစ် ပါတယ်။

အမေရိကန်တရားရုံးမှာ Samsung က ပြန်လည် တရားစွဲဆိုထားတဲ့ ဒီဇိုင်းကိစ္စကတော့ အရှုံးနဲ့ အဆုံးသတ် သွားပါတယ်။ iPad, iPhone ဒီဇိုင်းများဟာ Samsung နဲ့ ဘာမှမပက်သက်ဘူးလို့ ဆုံးဖြတ်ပေးခဲ့လို့ ဖြစ်ပါတယ်။

ဆိုးလ်မြို့ ကတရားရုံးမှာလည်း ကိုရီးယားကိုယ်စားလှယ် Apple ဟာ Samsung က ဒီဇိုင်းလိုက်တုပါတယ် လို့ ဆိုနေပြန်ပါသေးတယ်။ ဒီမှာတော့ Apple ကရှုံးနိမ့်သွားပါတယ်။ Wireless နည်းပညာ ကူးချမှု နှစ်ခုကို စစ်ဆေး တွေ့ရှိလို့ အမေရိကန်ဒေါ်လာ ၈သောင်းနီးနီး ဆောင်ရုံနဲ့တင် အဆုံးသတ်သွားပါတယ်။

အိမ်ကွင်း၊ အဝေးကွင်းကွာခြားမှုကြောင့်လားလို့ မေးခွန်းထုတ်စရာ ရှိလာပါတယ်။ တရားရုံးဆို ဘက်မလိုက်ပါဘူးလို့ ဘယ်သူအာမခံနိုင်မလဲ။ ကယ်လီဖီုးနီးယားက တရားသူကြီး ၉ဦးက ကော အမေရိကန်နိုင်ငံသားတွေ မဟုတ်လား။ ဆိုလ်းမှာ ဆိုရင်ရော- ကိုရီးယားလူမျိုး တရားသူကြီးတို့ရဲ့ ဆုံးဖြတ် ချက်က အတည်ဖြစ်သွားရပါတယ်။

သို့ပေမယ့် တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ဘယ်သူမှ မလွန်ဆန်နိုင်ပါဘူး။ ရှေ့ဆက်ဖြစ်လာနိုင်တာကတော့ အမေရိကန်မှာ Samsung ရောင်းအားကျပြီး တောင်ကိုရီးယားမှာ Apple ရောင်းချခွင့် မသေချာတော့ပါဘူး။ သို့ပေမယ့် ဒါဟာလည်း အချိန်ကာလတစ်ခုတည်းသာ ဖြစ်ပါတယ်။ နောက်ထပ် ၁၀ စုနှစ် တစ်ခုကြာတဲ့ အခါ ဒီ Titan နှစ်ခု ဒီတရားရုံးတွေမှာ ပြန်လည် မတွေ့ဆုံနိုင်ဘူးလို့ မည်သူမှ မပြောနိုင်ပါ။ ယမန်နှစ် ဧပြီလက စတင်တဲ့ မူပိုင်ခွင့် တိုက်ပွဲမှာတာ့ Samsung က ရှုံးသွားပါတယ်လို့ ရင်နာနာနဲ့ လက်ခဲ့တဲ့ Samsung ခရေဇီများ ရှိလာပါတယ်။ Samsung ပိုင်ရှင် စီအီးအိုကိုယ်တိုင်လည်း ကျဆင်းသွားတဲ့ ကုမ္မဏီရဲ့  ဂုဏ်သိက္ခာ အတွက် စိတ် မကောင်းဘူးလို့ အင်တာဗျူးတစ်ခုခုမှာ ပွင့်ပွင့်လင်းလင်းပြောဆိုခဲ့ပါတယ်။
------
Ref:news.cn/ bbc/cnnews.

TechSpace Journal


0 ကချင်နှင့်ရခိုင် ကလေးငယ်များအတွက် ပညာရေးရန်ပုံငွေဈေးရောင်းပွဲတော်မှ ကိုမင်းကိုနိုင်ပြောကြားခဲ့သည့် အမှတ်တရစကား


ရန်ကုန်အခြေစိုက် ပရဟိတလူငယ်များကွန်ယက်က ကချင်နှင့်ရခိုင် ကလေးငယ်များအတွက် ပညာရေးရန်ပုံငွေဈေးရောင်းပွဲတော်ကို ရန်ကုန်မြို့တော်ဝင်စင်တာ၌ သြဂုတ်လ၊(၂၅)ရက် တွင်ကျင်းပခဲ့သည်။ အဆိုပါဈေးရောင်းပွဲတော်သို့ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့မှ မင်ကိုနိုင်၊ဂျင်မီနှင့်အဖွဲ့တက်ရောက်အားပေးခဲ့ပြီး မင်းကိုနိုင်မှ အမှတ်တရ စကားပြောကြားခဲ့သည်။ မင်းကိုနိုင်ပြောကြားခဲ့သည့် အမှတ်တရစကားမှာ.....

"ကျနော်ဒီလိုပွဲမျိုး မမျှော်လင့်ခံပါဘူး။ကျနော်တို့ ထောင်တွေထဲမှာ လှိမ့်ပိတ်ခံနေရတုန်းက ကျနော်သိရတဲ့ လူငယ်တွေဟာဂိမ်းဆော့ဖို့လောက်ပဲသိတယ်၊ နိုင်ငံခြားသွားပြီးတော့ပညာသင်မယ်၊ကဲမယ်ဆိုတာလောက်ပဲသိတယ်လို့၊ကျနော်သတင်းတွေရခဲ့ပါတယ်၊

အဲဒီသတင်းတွေလုံးဝမှားတယ်ဆိုတာ ဒီကနေ့လူငယ်တွေသက်သေပြနိုင်ခဲ့ပါပြီ၊ဒီလို လူငယ်တွေဟာ အများအကျိုးကိုစိတ်ဝင်စားတယ်၊ စိတ်ဝင်စားတဲ့အလျောက် ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ အလုပ်လုပ်ကြတယ်ဆိုတာ အနာဂတ်အတွက် ကျနော်တို့အင်မတန် အားတက်ပါတယ်၊ ကျနော်တို့ခေတ်တွေတုန်းကတော့ လူငယ်တွေဟာအများအတွက် လုပ်ချင်ပေမယ့် လုပ်ကွက်ပုံစံပျောက်လို့လုပ်စရာမရှိသလောက်နည်းပါတယ်၊ ခင်ဗျားတို့ခေတ်မှာတော့ခင်ဗျားတို့ကိုယ်တိုင်ဖောက်ခဲ့တဲ့လမ်းလို့ကျနော်မြင်ပါတယ်၊

ခင်ဗျားတို့ကိုယ်တိုင်ဖောက်တဲ့လမ်းကိုခင်ဗျားတို့ကိုယ်တိုင် ပန်းတွေလည်းစိုက်သွားပြီ၊ အဲဒီအတွက်ရောက်ခဲ့သမျှလမ်းပေါ်မှာ ခင်ဗျားတို့သစ်ပင်ကြီးတွေလိုရပ်တည်နိုင်ပြီလို့ကျနော်ထင်ပါတယ်၊ တကယ်တော့ဒီနေ့ရည်ရွယ်ပြုလုပ်တဲ့ ကချင်ပြည်နယ် ရခိုင်ပြည်နယ် ကျနော်ကိုယ်တိုင်ရောက်ခဲ့ပါတယ်။ ကချင်မှာစစ်ဘေးဒဏ်ခံခဲ့ရတဲ့ ဒုက္ခသည်စခန်းတွေထဲက မိဘနဲ့ခွဲနေရတဲ့ခလေးတွေ၊ ကျောင်းမနေရတဲ့ရင်သွေးတွေ ကျနော်ကိုယ်တိုင်မြင်ခဲ့ရပါတယ်၊ ရခိုင်မှာလည်း အလားတူပဲပဋိပက္ခတွေကြောင့် စာသင်ကျောင်းပါပျောက်သွားတဲ့ခလေးတွေ ကျနော်တွေ့ခဲ့ရပါတယ် ၊

အဲဒီအတွက်လက်တွေ့ကျတဲ့အလုပ်ကို ကျနော်ကိုယ်တိုင်မလုပ်နိုင်သေးပေမယ့် ခုလူငယ်တွေက လက်တွေ့ကျကျ လုပ်နိုင်တာကို ကျနော်ဝမ်းသာလို့မဆုံးပါဘူး၊ နောက်တစ်ခုလည်း အားလုံးဝိုင်းပြီးတော့စဉ်းစားစေချင်ပါတယ်၊ ကချင်ပြည်နယ်မှ ရခိုင်ပြည်နယ်မှ မကပါဘူး စစ်ဘေးဒဏ်ခံရမှ ပဋိပက္ခတွေ အဓိကရုဏ်းဒဏ်တွေခံရမှ မဟုတ်ပါဘူး ဘာစစ်မှမဖြစ်ဘဲ ဘာမီးမှမလောင်ပဲ နဲ့လည်း ကျနော်တို့ချစ်တဲ့ကျနော်တို့တိုင်းရင်းသားတွေ ခင်ဗျားတို့ ကျနော်တို့ရဲ့သားအရွယ်တွေ ညီအရွယ် တူအရွယ်လေးတွေ လ္ဘက်ရည်ဆိုင်တွေမှာ တန်းစီးပြီးစားပွဲထိုးနေကြတာ၊ စားသောက်ဆိုင်တွေမှာ အရွယ်နဲ့မမျှအောင် အချိန်ပေးပြီးတော့ စာမသင်နိုင်ဘဲနဲ့ စားပွဲထိုးနေကြတဲ့ အဲဒီခလေးတွေအတွက် ခင်ဗျားတို့စဉ်းစားပေးပါ၊

ကျနော်လည်းစဉ်းစားနေပါတယ်၊ကျနော်တို့ဘာတွေလုပ်နိုင်မလဲ၊ အဲဒီခလေးတွေရဲ့ ရိုးရိုးလားရှယ်လားဆိုတဲ့ အမေးအပေါ်ကျနော်တို့သိပ်ခံစားရပါတယ်၊ အဲဒီခလေးတွေဘာကြောင့်ကျောင်းမနေနိုင်ရတာလဲ၊ အဲဒီခလေးတွေဘာကြောင့်အခွင့်အရေးဆုံးရှုံးရတာလဲ၊ခင်ဗျားတို့အဖြေ၀ိုင်းရှာပေးပါ၊ကျနော်လည်းရှာပါမယ်၊အဲဒီခလေးတွေအတွက်ဘာလုပ်ပေးနိုင်မလဲ၊ကျနော်ရောခင်ဗျားတို့ရောဝိုင်းပြီးစဉ်းစားပါ၊

အဖြေမရခင်မှာခလေးတွေသူများနည်းတူတက္ကသိုလ်တက်ချင်မှာပဲခင်ဗျားတို့လိုဂိမ်းတွေဆော့ချင်မှာပဲ၊ခင်ဗျားတို့လိုလင်းလက်တောက်ပနေတဲ့အနာဂတ်ကိုပိုင်ဆိုင်ချင်မှာပဲ၊အဲဒီအတွက်နောက်ထပ်လည်းခင်ဗျားတို့ခုလိုတညီတညွတ်တည်းအလုပ်လုပ်ပေးနိုင်ရင်စားပွဲထိုးနေတဲ့ခလေးတွေရော၊စစ်ဘေးဒဏ်ကြောင့်ပြေနေရတဲ့ခလေးတွေရော၊မီးလောင်ပြီးကျောင်းပျောက်ခဲ့ရတဲ့ခလေးတွေရော၊အားလုံးအားလုံးအနာဂတ်ဟာပိုပြီးလှပါလိမ့်မယ်၊ပိုညပီးကောင်းလာပါလိမ့်မယ်၊

ဒါကြောင့်ကျနော်တို့ယုံကြည်တဲ့မနက်ဖြန်ပိုလှတဲ့အနာဂါတ်တစ်ခုကိုခင်ဗျားတို့လက်တွေနဲကိုယ်တိုင်ဖန်တီးနိုင်ပါစေလို့ကျနော်အပြည့်အ၀အားပေးခဲ့ပါတယ်၊ အတူတူရပ်ပါမယ်လို့ပြောခဲ့ပါတယ်၊ ကျေးဇူးတင်ပါတယ်။""

88 Generation studients

Sunday, August 26, 2012

1 ဘုန်းကြီးကျောင်းမြေပေါ်တွင် ဖိနပ်မစီးသူနှင့် .သန့်ရှင်းသန့်ပြန့်နေသော ကော်ဇောသစ်ကြီးပေါ်တွင် ဖိနပ်စီးသူ

Photo..ခွန် ဒီးယမ် Facebook



0 တရုတ်ပြည်၏ မြန်မာနိုင်ငံနှင့်ပတ်သက်သည့် မူဝါဒအပေါ် Human Rights Watch အဖွဲ့မေးခွန်းထုတ်

တရုတ် ပြည်ဘက်ခြမ်းရှိ ကချင်စစ်ပြေးဒုက္ခသည် စခန်းတခုဖြစ်သော ယန်လုစခန်းရှိဒုက္ခသည်များအား KIO, နယ်မြေထဲသို့ ပြန်ပို့ မည့်ကားအားစောင့်ဆိုင်းနေစဉ်။တရုတ်အာဏာပိုင်များရဲ အရာရှိအရာငယ် (ရဲ)အယောက်(၁၀၀)ခန့် စောင့်ကြပ်နေPhoto- Lachid Kachin
(UPI သတင်းဌာနမှ 24 August 2012 ရက်စွဲပါ “HRW questions Bejing's policy on Myanmar” ကိုဘာသာပြန်ဆိုသည်)

တရုတ်နိုင်ငံသည် ဒုက္ခသည်များကို မြန်မာနိုင်ငံသို့ အတင်းပြန်လည်ပို့လွှတ်နေခြင်းဖြင့် နိုင်ငံတကာက စောင့်ထိန်းရမည့် ကျင့်ဝတ်များကို ချိုး ဖောက် လျက်ရှိကြောင်း Human Rights Watch(HRW) က သြဂုတ်လ ၂၃ ရက်နေ့တွင် ဝေဖန်ပြောကြားသည်။

HRW ကသတင်းထုတ်ပြန်ရာတွင် ဘေဂျင်းအစိုးရသည် ကချင်တိုင်းရင်းသားဒုက္ခသည် ၁၀၀၀ ကို မြန်မာနိုင်ငံသို့ အတင်းအဓမ္မပြန်ပို့ခဲ့ရာ ၎င်းတို့မှာ

အန္တရာယ်များကြုံတွေ့ရလာနိုင်ကြောင်း ဆိုသည်။ HRW မှဒုက္ခသည်ဆိုင်ရာ ဒါရိုက်တာ Bill Frelick ကပြောကြားရာတွင် ယူနန်ပြည်နယ်တွင် ဒုက္ခသည် များအား ယာယီအမိုးအကာများ လုပ်ဆောင်ပေးရန် တရုတ်ပြည်ကို တောင်းဆိုထားကြောင်း ပြောကြားသည်။

"တရုတ်သည် မြန်မာစစ်တပ်မှ ကျူးလွန်မှုများ လုပ်ဆောင်လျက်ရှိသော လက်ရှိပဋိပက္ခ နယ်မြေအတွင်းသို့ ကချင်ဒုက္ခသည်များကို ပြန်လည် မောင်းထုတ်နေခြင်းဖြင့် နိုင်ငံတကာက လိုက်နာရမည့် ဥပဒေများကို မလေးမစားပြုလုပ်လျက်ရှိသည်" ဟု ၎င်းက နယူးယောက်တွင် ထုတ်ပြန်သော ကြေညာချက်၌ ထည့်သွင်းရေးသားသည်။

ပြီးခဲ့သည့် ဇွန်လက ထုတ်ဝေသော အစီရင်ခံစာတွင် HRW ကပြောကြားရာတွင် မြန်မာနိုင်ငံ၌ ၂၀၁၁ ခုနှစ် ဇွန်လကစပြီး ဒုက္ခသည် တစ်သောင်းခန့် ထွက်ပြေးခဲ့ကြရကြောင်း ပြောဆိုသည်။

ဧပြီလအတွင်း ဖြစ်ပွားသော ကချင်ပြည်နယ်မှ တိုက်ပွဲများကြောင့် လူပေါင်း ၃၁ ဦးသေဆုံးခဲ့ရသည်။

Yangon chronicle

2 လူရွှင်တော်အရိုင်းကိုကန့်ကွက်ခြင်း


တင်ထားတဲ့စာမှုန်နေလို့ မူရင်း ဖတ်ရန် အရိုင်း၏ စကားများ ( အခုအချိန်မှာ ပါတီတွေများစွာပေါ်ထွက်လာပါတယ် အဖွဲ့အစည်းအသီးသီးပေါ်ထွက်လာတဲ့အခါ အချို့က သွယ်ဝိုက်သောအားဖြင့် တိုင်းပြည်ကို အပျက်အဆီး လုပ်ချင်တာ နေရာတိုင်းမှာ တွေ့နေရပါတယ် ။ ဒါတွေဟာ တိုင်းပြည်အတွက် အဆိပ်အတောက်ဖြစ်မယ်ထင်လို့ - - - တောင်သူလယ်သမားများ အရေးနဲ့ပတ်သက်၍ နိုင်ငံရေးအမြတ်ထုတ်မှု တချို့ကို တွေ့နေရသည့်အတွက် နားမယောင်ဘဲ - - -

ဦးအရိုင်းခင်ဗျား ၀င်းချိုသာ ဆန္ဒမပြရင် ကုမ္မဏီက တောင်သူ တွေကို အခုလို လူလိုသူလို ခေါ်လျော်ပါ့မလား ခင်ဗျား ။ ဆန္ဒပြသူတွေကို ညစ်ထားပြီး ကျန်သူတွေကို ရွေးလျော်တာကိုးဗျ ။ ခက်တာက ဆန္ဒပြသူတွေမရှိရင် အခုလူတွေကို မလျော်ဘူးဆိုတဲ့ အတွင်းစိတ်ကလေးကိုမြင်အောင်ကြည့်ပါဗျာ ။

နေမျိုးဝေ

0 ကျွန်တော်တို့က လူတွေပါဗျာ


ကျွန်တော်တို့က လူတွေပါဗျာ

၂ဝ၁၂ခုနှစ်၊ သြဂုတ်လ၊ ၂၄ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ နံနက်(၁ဝးဝဝ)နာရီ အချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)ဥက္ကဌဦးကျော်သူ၊ အတွင်းရေးမှူးဒေါ်ရွှေဇီးကွက်၊ အလုပ်အမှုဆောင် ဦးဖြိုးကိုကိုတို့သည် ရခိုင်ပြည်နယ်စစ်တွေမြို့သို့ သွားရောက်ခဲ့ပြီး စစ်တွေမြို့သို့ကြိုတင်ပြီး ရှေ့ပြေး ရောက်ရှိနေကြသော နာရေးကူညီမှုအသင်း(ရန်ကုန်)အသင်းသားများ ဖြစ်ကြသော ဦးကျော်ဝင်း၊ ဦးရောဘတ်အောင်၊ ဦးထွန်းထွန်းဝင်း(ပန်းသီး) နှင့် နာရေးကူညီမှုအသင်း(စစ်တွေ) အဖွဲ့သားများ ပူးပေါင်းကာ ရခိုင်ပြည်နယ်ရှိ ဒုက္ခသည် စခန်းများသို့ သွားရောက်ကူညီလှူဒါန်း အားပေးစကားများ ပြောကြားခဲ့ကြသည်။

စစ်တွေမြို့သို့ရောက်ရှိသည်နှင့် စစ်တွေမြို့ဘုရားကြီးသို့ ဦးစွာဝင်ရောက်ဖူးမျှော်ပြီးသည့်နောက် ဓညဝတီ ဘောလုံးကွင်း ၊ မင်းဂံကွက်သစ်(အမှတ်-၈)၊ ဓညဝတီ ရပ်ကွက်(နာဇီအနီး)၊ ရွှေစေတီကျောင်း၊ ဂစ်ခြေကျောင်း၊ မဟာသီဝဘုရားကျောင်း(ဟိန္ဒူ) ကျောင်းတို့ရှိ ဒုက္ခသည်စခန်းများသို့ သွားရောက်ခဲ့ကာ ဒုက္ခသည် အပေါင်းတို့အား ဆန်အိတ်များလှူဒါန်းခဲ့ပြီး အားပေးနှစ်သိမ့်မေတ္တာပို့သမှုများကို ပြုလုပ်ပေးခဲ့ကြသည်။ ထိုဒုက္ခသည်စခန်းများတွင် အိမ်ထောင်စုပေါင်း (၄၃၂)စု၊ လူဦးရေပေါင်း (၁၇၂၈)ဦး ကျော်ခန့်တို့သည် နေရေး၊ စားရေး၊ ကျန်းမာရေး စသည်တို့နှင့်ကြုံတွေ့နေမှုများကို ရင်နင့်စွာဖြင့် တွေ့ကြုံခဲ့ရသည်။ ယောကျာင်္းဖြစ်သူ အသတ်ခံရ၍ လသားအရွယ်ကလေးငယ်လေးအား ချီပိုးထားသော မိခင်တစ်ဦး၊ မိဘမဲ့ကလေးငယ်များ၊ သားသမီးမဲ့မိအိုဖအိုများ၊ အိုးအိမ်မီးလောင်ပျက်ဆီးခဲ့ရသော အခြေအနေမဲ့ဒုက္ခသည်များစသည့် ဘဝပေါင်းမြောက်များစွာပျက်စီးခဲ့ရသော မိသားစုဝင်များတို့၏ ကြေကွဲ ဖွယ်ရာဘဝများကို ရင်နင့်စွာဖြင့် တွေ့ကြုံခဲ့ရသည်။

ထိုကဲ့သို့ဘဝပေါင်းများစွာဆုံးရှုံးခဲ့ရသော ရခိုင်ဒေသရှိဒုက္ခသည် များထဲတွင် မြန်မာ၊ ရခိုင်၊ ဟိန္ဒူ စသည့် ဗုဒ္ဓဘာသာဝင်များအားလှူဒါန်းကူညီခြင်းနှင့် အားပေးစကားပြောကြားခြင်း မေတ္တာပို့သပေးခဲ့ခြင်းတို့သည် ဒုက္ခသည်အပေါင်းအားလုံးအတွက် လောကဓံကိုရင်ဆိုင် နိုင်သည့်အင်အားများပေါ်ပေါက်စေခဲ့သည်။ ထို့ပြင်စစ်တွေမြို့ရှိ ရွှေဂရုနာ အခမဲ့ ဆေးပေးခန်းသို့လည်း သွားရောက်ကာ အားပေးစကားပြောကြားခဲ့ပြီး ဦကျော်သူ၊ ဒေါ်ရွှေဇီးကွက်တိုမှ အလှူငွေ (တစ်သိန်းကျပ်)၊ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အလှူငွေ (ခုနှစ်သိန်းကျပ်)၊ အသင်းသား ဖြစ်သူ ဦးကျော်ဝင်းမှ အလှူငွေကျပ်(ငါးသောင်း) တို့ကို လှူဒါန်းခဲ့သည်။ ထို့နောက် ညနေ ၅နာရီအချိန်တွင် နာရေးကူညီမှုအသင်း(စစ်တွေ)နှင့်မောင်းတောမြို့၊ အမျိုးသားကူညီစောင့်ရှောက်ရေး ဖောင်ဒေးရှင်း၊ ဒုက္ခသည်ကူညီရေးအဖွဲ့ဝင်များနှင့် တွေ့ဆုံကာ ရခိုင်ပြည်နယ် အတွင်းရှိ ကူညီစောင့်ရှောက်ရေး ကိစ္စများ၊ လူမှုရေးအသင်းအဖွဲ့များ၏ လုပ်ငန်းစဉ်များ၊ စောင့်ထိန်းရမည့် တာဝန်ဝတ္တရားများနှင့် တာဝန်သိမှု၊ တာဝန်ရှိမှု၊ တာဝန်ယူတတ်မှု စသည့် လူမှုရေးကိစ္စရပ်များအား ပွင့်လင်းစွာဆွေးနွေးပွဲအား ကျင်းပခဲ့ကြသည်။ ဥက္ကဌဦးကျော်သူသည် ပြည်ပခရီးသို့ သြဂုတ်လ ၂၉ရက်နေ့တွင် ထွက်ခွာ ရတော့မည်ဖြစ်၍၊ ဒေါ်ရွှေဇီးကွက်နှင့် ဦးဖြိုးကိုကိုတို့နှင့်အတူ ၂၀၁၂ခုနှစ်၊သြဂုတ်လ၊ ၂၅ရက်နေ့ နံနက်တွင် ရန်ကုန်မြို့သို့ ပြန်လာခဲ့ကြသည်။ ကျန်ရစ်ခဲ့သော နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အသင်းသားများသည် သြဂုတ်လ ၂၆ရက်နေ့ တွင် ရန်ကုန်မှ သင်္ဘော၊ မော်တော်ကားတို့ဖြင့် ကြိုတင်၍ စစ်တွေမြို့သို့ ပို့ထားသော ကယ်ဆယ်ရေးပစ္စည်းများနှင့် ဆေးဝါးပစ္စည်းများအား ဘူးသီးတောင်၊ မောင်းတောမြို့များရှိ ဒုက္ခသည်များထံသို့ ဆက်လက်ချီတက်ကာ ကယ်ဆယ်ထောက်ပံ့ရေး လုပ်ငန်းများကို ပေးဆပ်သွားမည်ဖြစ်ပါသည်။

ရန်ကုန်မြို့သို့ အပြန်ခရီးလမ်းကြောင်းတွင် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ မီးလောင်လွင်ပြင်များ၊ မိမဲ့ဘမဲ့ ဖြစ်သွားသော ကလေးငယ်များ၊ အိုးအိမ်အဝတ်အထည် ပစ္စည်းဥစ္စာများ ပျက်ဆီးဆုံးရှုံးသွားကြရသော မိသားစုဝင်များ၏ ပုံရိပ်များသည် ကျွန်တော်တို့အတွက် စိတ်အစဉ်တွင် မေ့ဖျောက်၍မရနိုင်အောင် စွဲလန်းမိကာ ငြိမ်းချမ်းရေးကို တောင့်တမိပြီး တစ်ချိန်က ကျွန်တော်ရေးဖွဲ့ထားခဲ့သော “ ကျွန်တော်တို့က လူတွေပါဗျာ ” ဟူသော ကဗျာ စာပိုဒ်အား မြင်ယောင်မိတော့သည်။

ကျွန်တော်တို့က လူတွေပါဗျာ



တိရိစ္ဆာန်တွေတောင် ကမ္ဘာ့ရန်သူတွေ ဘယ်လောက်ဘဲဖြစ်ဖြစ်၊

သမိုင်းရဲ့နာကျည်းမှုတွေ ဘယ်လောက်ဘဲကြီးကြီး၊

အာဃာတတွေ ဘယ်လောက်ထားထား၊

အမုန်းတရားတွေ ဘယ်လောက်ဘဲရှိရှိ၊

ဗြဟ္မစိုရ်တရားရှိမှ မြင်တွေ့ရတဲ့ မြင်ကွင်းလေးတွေက ငြိမ်းချမ်းမှုကိုရစေတယ်လေ။

သူတို့က တိရစ္ဆာန်တွေပါ။ အခု … ကျွန်တော်တို့က လူတွေပါဗျာ။

ဒါကြောင့် . . . လူဆိုတာ ဗြဟ္မစိုရ်တရားလေးပါးလက်ကိုင်ထားမှ ငြိမ်းချမ်းရေးကိုရမယ်။

ငြိမ်းချမ်းရေးကိုရမှ တိုင်းပြည်အေးချမ်းမယ်။

တိုင်းပြည်အေးချမ်းမှ မြို့နယ်အေးချမ်းမယ်။

မြို့နယ်အေးချမ်းမှ ရပ်ကွက်အေးချမ်းမယ်။

ရပ်ကွက်အေးချမ်းမှ မိသားစုအေးချမ်းမယ်။

မိသားစုအေးချမ်းမှ မိမိကိုယ်တိုင်အေးချမ်းမယ်။

ကျွန်တော်တို့က လူတွေပါဗျာ . . . . ။ ။

(ကျော်သူ)

2 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌဒေါ်အောင်ဆန်းစုကြည်ကော့မှူးမြို့နယ်သို့သွားရောက်

ဒေါ်အောင်ဆန်းစုကြည်အား လှိုက်လှိုက်လှဲလှဲ ၀မ်းသာအားရ ပြေးဖက်အနမ်းချွေမည့် ကောမှူးသူတဦး
မည်မျှပင်ခက်ခဲကြမ်းတမ်းသောလမ်းဖြစ်ပါစေ ပြည်သူ့အတွက် လမ်းဆက်လျှောက်မဲ့ အမေစု

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ၊ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်အောင်ဆန်းစုကြည်သည်၂၀၁၂ခု၊သြဂုတ်လ(၂၅)ရက်နေ့နံနက်(၁၁)နာရီကကော့မှူးမြို့နယ်မဆယ်ဆိပ်ကျေးရွာ၊ရွှေတံခါးဘုန်းတော်ကြီးကျောင်းသို့ရောက်ရှိခဲ့သည်။

ရှးဦးစွာဆရာတော်ထံတွင်လှူဘွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းပြီး၊ငါးပါးသီလခံယူသည်။ထို့နောက်ကျေးရွာရှိပြည်သူများ
အားတွေ့ဆုံဆွေးနွေးခဲ့သည်။

ရွှတံခါးဘုန်းတော်ကြီးသင်မူလတန်းကျောင်းမှကလေးများအားသွားရောက်အားပေးစကားပြောကြားခဲ့ပြီးစာအုပ်၊ခဲတံနှင့်အခြားကျောင်းသုံးပစ္စည်းများပေးအပ်လှူဒါန်းခဲ့သည်။ —
Photo..AP,News and Information Department of NLD

2 ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့် ကာလရှည် ပဉ္ဖင်းထပ်ဝတ်မည်

ယခင်စစ်အစိုးရလက်ထက် စစ်ထောက်လှမ်းရေးအကြီးအကဲဖြစ်သူ ဦးခင်ညွန့်သည် မကြာမီလပိုင်းအတွင်း ကာလရှည် ပဉ္ဖင်းခံရဟန်းဝတ်ရန် အစီအစဉ်ရှိကြောင်း ၎င်း၏ မိသားစုအသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

"ဒီလိုအစီစဉ်ဖြစ်တာက ဦးခင်ညွန့်ရဲ့ အစ်ကိုဖြစ်သူက တိုက်တွန်းတဲ့အတွက် အခုတစ်ခေါက်ထပ်ပြီး ပဉ္ဖင်းခံမှာဖြစ်ပါတယ်။ ဒါနဲ့ဆို သူဝတ်တာ နှစ်ကြိမ်ရှိပြီ။ ပထမဦးဆုံးတကြိမ်က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ ပြန်လွတ်လာပြီး လအနည်းငယ်အတွင်းမှာပဲ ဝတ်တာ ပါ"ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။

၎င်းသည် ယခင် စစ်အစိုးရလက်ထက်၌ စစ်ထောက်လှမ်းရေးအကြီးအကဲ့တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး လာဘ်ပေးလာဘ်ယူအမှုဖြင့် နှစ်ရှည်ထောင်ဒဏ်ကြခံခဲ့ရပြီး အစိုးရသစ်လက်ထက်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ တတိယအကြိမ်မြောက် လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ထဲ၌ ပါဝင် လာသူတစ်ဦးဖြစ်သည်။

"ဦးခင်ညွန့် ပြန်လွတ်လာတဲ့အချိန်က ဝန်ကြီးအချို့နဲ့ စီးပွားရေးလုပ်ငန်းရှင်အချို့ လာတွေ့ပြီး အားပေးခဲ့တယ်။ ပြီးတော့ သူ့ကို နိုင်ငံရေး လောကထဲ ပြန်ဝင်အောင် တိုက်တွန်းကြတဲ့လူတွေလည်းရှိတယ်။ ဒါပေမယ့် အဲဒီအချိန်တုန်းက သူက အချိန်မတန်သေးဘူးဆိုပြီး ပြောခဲ့တယ်"ဟု ၎င်းအားထောက်ခံသူ ဗိုလ်မှုးကြီဟောင်းတစ်ဦးက ပြောသည်။

ယင်းသို့ စစ်ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်လွတ်မြောက်လာသည့်အချိန်၌ အရပ်သားအစိုးရသစ်၏ ဝန်ကြီးအချို့ နှင့် နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင်အချို့မှ တွေ့ဆုံအားပေးမှုများ ပြလုပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ၎င်းပြန်လည်လွတ်မြောက်လာပြီးနောက်ပိုင်းတွင် တော်ဝင်ဆောက်လုပ်ရေးကုမ္ပဏီဥက္ကဋ္ဌ ဦးကိုကိုထွေးက ဦးခင်ညွန့် အသုံးပြုရန် ကား သစ်တစ်စီး ပေးအပ်ခဲ့ခြင်းကြောင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စသုံးလုံး)၏ ခေါ်ယူစစ်ဆေးမှု ခံခဲ့ရသေးကြောင်း စစ်ထောက်လှမ်းရေးအရာရှိ ဟောင်းတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

sweet(Yangonchronicle)

0 ကချင်ဒုက္ခသည်များကို တရုတ်နိုင်ငံ အတင်းပြန်ပို့

ယန်လုစခန်းနှင့် လောင်းဖိုင်စခန်းမှ ဒုက္ခသည်တွေကို နေလို့ မရအောင် အတင်းအကြပ် အင်အားသုံးပြီး မောင်းထုတ်တဲ့အပြင် ဒုက္ခသည်တွေ ခိုလှုံနေထိုင်တဲ့ အဆောက်အအုံတွေကို ပါ နောက်ထပ်နေလို့ မရအောင် တစ်စစီ ဖျက်ဆီးပစ် တဲ့ ယုတ်မာတဲ့ တရုတ်အစိုးရ ရဲ့ လုပ်ရပ်
Photo..Jade land
(BBC News မှ 24 August 2012 ရက်စွဲပါ “China forcing Kachin refugees back to Burma” သတင်းကို ဘာသာပြန်ဆိုသည်)

တိုက်ပွဲဖြစ်ပွားနေသော မြန်မာနိုင်ငံ မြောက်ပိုင်းဒေသမှ ထွက်ပြေးလာကြသော ကချင်ဒုက္ခသည် များအား အဓမ္မ အတင်းပြန်ပို့ခြင်းကို ရပ်ဆိုင်း ရန် တရုတ်နိုင်ငံရဲ့ လူအခွင့်အရေးအုပ်စုက တောင်းဆိုလိုက်ပြီး ဒုက္ခသည်များအား ညှင်းပန်းနှိပ်စက်မှု ၊အကြမ်းဖက်မှုတို့ကို ရင်ဆိုင်နေရကြောင်း ပြောကြားလိုက်သည်။

တရုတ်နိုင်ငံသည် ပြီးခဲ့သောအပတ်အတွင်း ဒုက္ခသည် အနည်းဆုံး ၁၀၀၀ခန့်ကို မြန်မာနိုင်ငံဘက်သို့ နှင်ထုတ်ခဲ့သည်ဟု နယူးယောက်အခြေစိုက် Human Rights Watch အုပ်စုက စွပ်စွဲပြောကြားသည်။

ယူနန်ပြည်နယ်အတွင်းရှိ ယာယီတဲစခန်းများမှ နောက်ထပ်ဒုက္ခသည် ၄၀၀၀ခန့်ကို ပြန်ပို့ရန်စီစဉ် နေသည်ဟု Human Right Watch ကပြော ကြားသည်။

မြန်မာ့တပ်မတော်နှင့်ကချင်တပ်ဖွဲ့များအကြား မနှစ်ကတိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သောကြောင့် ကချင်ပြည်နယ်တွင် ၁၇နှစ်ကြာ အပစ်အခတ် ရပ်စဲသွားခဲ့သည်။

တရုတ်နိုင်ငံသည် ကချင်ဒုက္ခသည်များကို ပြန်လည်မောင်းထုတ်ခြင်းအားဖြင့် နိုင်ငံတကာဆိုင်ရာ လိုက်နာရမည့် ဝတ္တရားများ ကိုချိုးဖောက် နေသည်ဟု လူ့အခွင့်အရေးအုပ်စုက ပြောကြားသည်။

Human Rights Watch အုပ်စု၏ ဒုက္ခသည် အစီအစဉ် ဒါရိုက်တာ ဘီးဖရီးလစ်ခ်က “တရုတ်နိုင်ငံအနေဖြင့် ယခုကိစ္စကို အရေးပေါ် ပြောင်းလဲ လုပ်ဆောင်ကာ ဒုက္ခသည်များအား ယာယီအကာအကွယ်ပေးမှု ဆောင်ရွက်ပေးသင့်သည်”ဟု တိုက်တွန်းပြောကြားသည်။

အတင်းအကြပ် ပြန်ပို့ခံရသော ဒုက္ခသည်များသည် ယူနန်ပြည်နယ် ရှိယာယီစခန်းများတွင် ၂၀၁၁ဇူလိုင်လကစ၍ နေထိုင်ခဲ့ကြသူများ ဖြစ်သည်ဟု Human Right Watch ၏ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ယူနန်ပြည်နယ်တွင် ခိုလှုံနေသည့် အရေအတွက် ၇၀၀၀နှင့်၁၀၀၀၀ကြားရှိသော ဒုက္ခသည်များထံသို့ ကုလသမဂ္ဂနှင့် နိုင်ငံတကာ ကယ်ဆယ်ရေး အေဂျင်စီများအား သွားရောက်ခွင့်ပေးရန် ကိစ္စကို လည်းတရုတ်နိုင်ငံက ငြင်းဆန်ထားသည်ဟု Human Rights Watch ကထုတ်ဖော် ပြောကြားသည်။

Human Rights Watch ကဇွန်လတွင် ထုတ်ပြန်သော ၆၈ မျက်နှာပါ အစီအရင်ခံစာတွင် တရုတ်နိုင်ငံရောက် ကချင်ဒုက္ခသည်များအတွက် အစားအစာ၊ အမိုးအကာ ၊ရေနှင့် သန့်ရှင်းရေးကိစ္စ တို့ အကန့်အသတ် ရှိနေသည်ဟု တင်ပြထားသည်။

ကချင်ပြည်နယ်တွင် မြန်မာ့တပ်မတော်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော်တို့ အပြန်အလှန် တိုက်ခိုက်မှုကြောင့် ထောင်ပေါင်းများစွာသော ဒေသခံများ အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင် နေကြရသည်။ လူ့အခွင့်အရေး ညှင်းပန်းနှိပ်စက်မှုနှင့် ပတ်သက်သည့် သတင်းများစွာလည်း ထွက်ပေါ် လျက်ရှိသည်။

ဤလက်နက်ကိုင် ပဋိပက္ခသည် စစ်အုပ်ချုပ်ရေးကြောင့် ယိုယွင်းနေသော မြန်မာနိုင်ငံကို အသွင်ကူးပြောင်းရန် ကြိုးစားနေသည့် အရပ်ဖက် အစိုးရသစ် ရင်ဆိုင်နေရသော အကြီးအမားဆုံး စမ်းသပ်မှုများထဲမှ တစ်ခုဖြစ်သည်ဟု ဘီဂျင်းမှ ဘီဘီစီသတင်းထောက် မာတင်ပေးရှင့် ကတင်ပြထား သည်။

Yangon chronicle

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.