Tuesday, March 16, 2010

0 ရွေးကောက်ပွဲ ၀င်ရေး မ၀င်ရေး NLD ဆုံးဖြတ်တော့မည်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ရပ်တည်ရေးနှင့် ပတ်သက်ပြီး မတ်လ၂၉ ရက်နေ့တွင် ကျင်းပမည့် ပါတီ ဗဟိုဦးစီးများ အစည်း အဝေးမှ ဆုံးဖြတ် သွားမည် ဖြစ်ကြောင်း ယနေ့ ဆွေးနွေးခဲ့ ကြသည်ဟု NLD က ပြောသည်။

ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေဂုံတိုင်ရှိ NLD ရုံးချုပ် (ဓာတ်ပုံ - AP)

ရန်ကုန်မြို့ NLD ရုံးချုပ်၌ ယနေ့ နေ့လယ် ၁ နာရီမှ ညနေ ၃ နာရီခွဲ အထိ ကျင်းပသော အစည်း အဝေးတွင် ယင်းသို့ ပါတီ ရပ်တည် ရေးနှင့် ပတ်သက်၍ ဆွေးနွေး ခဲ့ကြခြင်း ဖြစ်သည်ဟု NLD ပြောရေး ဆိုခွင့်ရှိသူ တဦး ဖြစ်သည့် ဦးခင်မောင်ဆွေက ပြောဆိုသည်။

“ဒီနေ့ အစည်း အဝေးဟာ ပါတီ ဆက်လက် ရပ်တည်ရေး အတွက် ပါသလို၊ ရွေးကောက်ပွဲ ဥပဒေ၊ နိုင်ငံရေး ပါတီများ မှတ်ပုံ တင်ခြင်း ဥပဒေ တွေဟာ ဒီမိုကရေစီ ကျင့်စဉ်နဲ့ အညီ ပါတီတွေ ဖွဲ့နိုင်တဲ့ အနေ အထားကို ရောက်မလာတဲ့ အတွက်ကြောင့် ဒီဥပဒေ အပေါ်မှာ ရင်ဆိုင် သွားမယ် ဆိုတဲ့ သဘောာထား တရပ်ကို ဒီနေ့ချမှတ် ဖြစ်ကြပါတယ်”ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။

NLD သည် ပြီးခဲ့သည့် နှစ် ဧပြီလအတွင်းက ထုတ်ပြန်ခဲ့သော ရွှေဂုံတိုင် ကြေညာစာတမ်းပါ နိုင်ငံရေးအကျဉ်းသား အားလုံး ခြွင်းချက် မရှိ လွှတ်ပေးရန်၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြန်လည် သုံးသပ်ပြင်ဆင်ရန်နှင့် ရွေးကောက်ပွဲတွင် အလွှာ အသီးသီး ပါဝင်ပြီး နိုင်ငံတကာက စောင့်ကြည့်လေ့လာခွင့်ပြုရန် စသည့်အချက်များကို စစ်အစိုးရက လိုက်လျောလျင် ၂၀၁၀ ရွေးကောက်ပွဲ ကိုလက်ခံမည်ဟူသော မူပေါ်တွင် ရပ်တည်ထားသည်။

စစ်အစိုးရက ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး မတ်လ ၉ ရက်နေ့မှစတင်၍ အစိုးရပိုင် နေ့စဉ်ထုတ် သတင်းစာများတွင် ရွေးကောက်ပွဲကော်မရှင်ဥပဒေ၊ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေနှင့် အမျိုးသား လွှတ်တော် ရွေးကောက်ပွဲ ဥပဒေများကို ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွင် အခန်း (၂) နိုင်ငံရေးပါတီ တည်ထောင်ခြင်းနှင့် မှတ်ပုံတင်ခြင်း ခေါင်းစဉ်အောက်မှ နံပါတ် ၄ တွင် ပါတီ တည် ထောင်လိုသူများ ကိုက်ညီရမည့် အချက်များဖော်ပြရာ၌ (င) တွင် ထောင်ဒဏ်ကျခံနေရသူ မဟုတ်ခြင်းဟု ထည့်သွင်းထားသည်။

NLD အနေဖြင့် ယင်းဥပဒေအရ ပါတီမှတ်ပုံ တင်ခြင်း ပြုလုပ်ပါက နေအိမ်အကျယ်ချုပ်ကျနေသည့် ပါတီခေါင်းဆောင် ဒေါ်အောင် ဆန်း စုကြည်ကို ပါတီမှ ထုတ်ပယ်ရမည် ဖြစ်ပြီး ပါတီ၏ မူဝါဒ ဖြစ်သော ရွှေဂုံတိုင် ကြေညာစာတမ်းကိုလည်း ဖျက်သိမ်းရမည့် အတွက် အကျပ်အတည်းဖြင့် ရင်ဆိုင် နေရသည်။

နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၌ တည်ဆဲ ပါတီများသည် ရက်ပေါင်း ၆၀ အတွင်း ရွေးကောက်ပွဲ ကော်မရှင်သို့ လျှောက်ထားရန်ပျက်ကွက်ပါက နိုင်ငံရေးပါတီအဖြစ်မှ အလိုအလျောက် ပျက်ပြယ်သွားမည်ဟုလည်း ပါရှိသည်။

စစ်အာဏာရှင် စနစ်ကို နှစ်ပေါင်း ၂၀ ကျော်ကြာ ဆန့်ကျင် တော်လှန်နေသော်လည်း အောင်မြင်မှု မရသေးသော NLD သည် တရားဝင် ပါတီအဖြစ် ဆက်လက် ရပ်တည် မည်လော သို့မဟုတ် ပါတီ အဖျက်သိမ်း ခံမည်လော ဆိုသည်ကို လာမည့် မေလ ၇ ရက်နေ့ မတိုင်မီ ဆုံးဖြတ်ချက်ချရတော့မည် ဖြစ်သည်။

NLD ခေါင်းဆောင် တဦးဖြစ်သူ ဦးဝင်းတင်ကမူ စစ်အစိုးရမှ ထုတ်ပြန်လျက်သော ရွေးကောက်ပွဲ ဥပဒေ၊ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေများကြောင့် ပါတီရပ်တည်ရေးအတွက် အကျပ်အတည်းဖြစ်သော်လည်း NLD အနေဖြင့် ရွှေဂုံတိုင် ကြေညာ စာတမ်းအတိုင်းသာ ရပ်တည်လျက်ရှိနေကြောင်း ပြောဆိုသည်။

ဦးဝင်းတင်က ဆက်လက်၍ NLD အနေနှင့် ရွှေဂုံတိုင် ကြေညာစာတမ်းကို လက်ကိုင်စွဲထားပြီး အောင်မြင်သည်အထိ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ ပြည်သူလူထုအနေနှင့်လည်း NLD ၏ မူတရပ်ဖြစ်သော ရွှေဂုံတိုင် ကြေညာစာတမ်းကို နားလည်လက်ခံပြီး NLD အဖွဲ့သာမက တိုင်းရင်းသား အဖွဲ့များအားလုံးနှင့် ပြည်သူလူထုအနေဖြင့်လည်း ရွှေဂုံတိုင် ကြေညာစာတမ်းကို ကိုင်စွဲကြရန်၊ စည်းလုံးညီညွှတ်ကြရန် တိုက်တွန်းပြောဆိုသည်။

စစ်အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေသည် ဒေါ်အောင်ဆန်းစုကြည်၊ ၈၈ မျိုးဆက် ကျောင်းသားများ၊ ၁၉၉၀ ရွေးကောက်ပွဲ အတွင်း ဒုတိယအများဆုံး မဲရရှိခဲ့သည့် ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ခေါင်းဆောင် ခွန်ထွန်းဦးတို့ အပါအ၀င် နိုင်ငံရေးအကျဉ်းသားများ အားလုံးကို လာမည့် ရွေးကောက်ပွဲတွင် မပါဝင်နိုင်ရေးအတွက် စနစ်တကျ ပြင်ဆင် ရေးဆွဲထားခြင်း ဖြစ်ကြောင်း နိုင်ငံရေးသမား အများအပြားက ပြောဆိုနေကြသည်။

NLD နှင့် SNLD တို့သည် ဖျက်သိမ်းခံရမှုမှ ရှောင်ရှားနိုင်ရန် ခေါင်းဆောင်များကို ထုတ်ပယ်၍ ပါတီ မှတ်ပုံတင်ရန် ဆုံးဖြတ်မည် ဆိုပါကလည်း ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ခြင်း မရှိလျှင် ပါတီဖျက်သိမ်းခံရမှု အန္တရာယ်နှင့် ရင်ဆိုင်ရမည် ဖြစ်သည်။

ယနေ့ကျင်းပသော NLD အစည်းအဝေးသို့ ကျန်းမာရေးကြောင့် နေအိမ်တွင် အနားယူနေရသော ဥက္ကဌ ဦးအောင်ရွှေ အပါအ၀င် CEC ၂၀ ခန့် တက်ရောက်ခဲ့ပြီး ဒုတိယဥက္ကဌ ဦးတင်ဦးနှင့်အတူ အခြား CEC အဖွဲ့ဝင်များက NLD ရပ်တည် ရေးအတွက် တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
ရင်းမြစ်။ ။ ဧရာဝတီ

0 ရန်ကုန်တိုင်း ပန်းပဲတန်းမြို့နယ်အတွင်းရှိ အဆောက်အအုံတစ်ခုတွင် ပြိုကျမှုဖြစ်ပွား


မတ်လ ၁၄ ရက်နေ့ညနေပိုင်းတွင် ရန်ကုန်မြို့ ပန်းပဲတန်းမြို့နယ် ၆ ရပ်ကွက်၊ လမ်း ၃၀နှင့် ကုန်သည်လမ်းထောင့်ရှိ အဆောက်အအုံတစ်ခုတွင် ပြိုကျမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။ ပြိုကျမှုဖြစ်စဉ်ကြောင့် ဆောက်အအုံ၏ အပေါ်ဆုံးထပ်တွင်နေထိုင်သော အသက် ၁၆နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး သေဆုံးခဲ့ကြောင်းသိရပြီး အဆောက်အအုံပြိုကျစဉ်က ကျန်မိသားစုဝင်များ နေအိမ်တွင်မရှိကြောင်း သိရသည်။
အဆိုပါပြိုကျမှုသို့ သက်ဆိုင်ရာကယ်ဆယ်ရေးအဖွဲ့များမှ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေစဉ် အဆောက်အအုံအတွင်းပိုင်းမှ ထပ်မံပြိုကျမှုဖြစ်ပွားခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင်အချို့နှင့် ကယ်ဆယ်ရေးကူညီ ဆောင်ရွက်သူအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် အဆိုပါအဆောက်အအုံသည် အန္တရာယ်ရှိအဆောက်အအုံအဖြစ် သတိပေးကြေညာချက် ထုတ်ပြန်ထားသော အဆောက်အအုံဖြစ်ကြောင်း ကြေညာထားချက်အရ သိရှိရပါသည်။

@Weekly Eleven Journal

Sunday, March 14, 2010

0 ဖုံးမော်နေ့နအဖ၏ (၂၀၁၀)ပြည့်နှစ်ရွေးကောက်ပွဲဥပဒေနှင့်ပတ်သတ်၍ ဆွေးနွေးချက်အသံဖိုင်(လွတ်မြောက်နယ်မြေ-ထိုင်း)

0 နအဖ၏(၂၀၁၀)ပြည့်နှစ်ရွေးကောက်ပွဲဥပဒေနှင့်ပတ်သတ်၍ သုံးသပ်ဆွေးနွေးရှင်းလင်းပွဲ ဓာတ်ပုံမှတ်တမ်း


ယနေ့ မတ်လ(၁၄)ရက် တနင်္ဂနွေနေ့တွင် လွတ်မြောက်နယ်မြေတနေရာ၌ အဖွဲ့အစည်းအသီးသီးမှ ပုဂ္ဂိုလ်များ၊ တသီးပုဂ္ဂလ တက်ရောက်လာကြသူများ။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ (M.P.U)က နအဖ၏ (၂၀၁၀)ပြည့်နှစ် ရွေးကောက်ပွဲဥပဒေနှင့်ပတ်သတ်၍ သုံးသပ်ဆွေးနွေးရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြပါတယ်။

သတင်း-ကိုလတ်
လွတ်မြောက်နယ်မြေတွင် ၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအနိုင်ရ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းထားသည့် MPU (Members of Parliament Union) က ယနေ့ မတ်လ (၁၄) ရက် တနင်္ဂနွေနေ့ နံနက် (၉) နာရီမှ နေ့လည် (၁၂) နာရီအထိ “နအဖထုတ်ပြန်သည့် ၂၀၁၀ ပြည့်နှစ် အ ထွေထွေရွေးကောက်ပွဲဆိုင်ရာ ဥပဒေများအပေါ် ဆန့်ကျင်ရှုတ်ချမှု ရှင်းလင်းပွဲ” ကို ဖဒိုမန်းရှာလားဖန်းခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှင်းလင်းပွဲတွင် MPU အဖွဲ့ဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက ၂၀၁၀ ပြည့်နှစ် အထွေထွေရွေး ကောက်ပွဲဆိုင်ရာ ဥပဒေများအပေါ် ဆန့်ကျင်ရှုတ်ချကြောင်း ကြေညာပြီး ၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအ ထွေထွေရွေးကောက်ပွဲရလဒ် ပျက်ပြယ်ခြင်းမရှိကြောင်း တရားဝင် ထုတ်ပြန်အသိပေးကြေညာသည်။ ထို့ နောက် တက်ရောက်လာသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနှင့် အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိ ပုဂ္ဂိုလ်များက ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်သည့် သူတို့၏ အမြင်များ၊ လက်ရှိမြန်မာ့နိုင်ငံရေးအခြေအ နေများကို လွတ်လပ်ပွင့်လင်းစွာ အကျယ်တ၀င့် သုံးသပ်ရှင်းလင်းဆွေးနွေးကြသည်။

ထို့နောက် MPU (Members of Parliament Union) မှ တာဝန်ရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက မတ်လ (၁၃) ရက် ဖုန်းမော်နေ့အခမ်းအနားတွင် တိုက်တွန်းခဲ့သည့် “လက်ရှိနိုင်ငံရေးအခြေအနေအရ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသားပါတီများ ပါဝင်ဖွဲ့စည်းထားသည့် ပြည်သူ့လွှတ် တော်ကိုယ်စားပြုကော်မတီ (CRPP) ကို လည်းကောင်း (သို့မဟုတ်) တာဝန်သိသည့် တာဝန်ရှိသည့် ၁၉၉၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲမှ ရွေးချယ်တင်မြှောက်ခြင်းခံရသည့် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်များကိုလည်းကောင်း ပြည်သူ့အစိုးရတရပ် အမြန်ဆုံးဖွဲ့စည်းရန် တိုက်တွန်းကြောင်း၊ ပေါ်ပေါက်လာမည့် ပြည်သူ့အစိုးရကို တခဲနက် ထောက်ခံအားပေးမည်ဖြစ်ကြောင်း” ထုတ်ပြန်ကြေညာချက်ကို ထောက်ခံကြောင်း နှင့် ပြည်တွင်းပြည်ပရှိ ဒီမိုကရေစီတိုက်ပွဲဝင် အဖွဲ့အစည်းအသီးသီးအနေနှင့်လည်း တိုက်တွန်းထောက်ခံကြစေ လိုကြောင်း မေတ္တာရပ်ခံပန်ကြားခဲ့သည်။

0 ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ (MPU)၏ ထုတ်ပြန်ကြေငြာချက်


1 လွတ်မြောက်နယ်မြေဖုန်းမော်နေ့အခမ်းအနားတွင် ပြည်သူ့အစိုးရတရပ်အမြန်ဆုံးဖွဲ့စည်းရန် တိုက်တွန်း

မတ်လ (၁၃) ရက် စနေနေ့တွင် လွတ်မြောက်နယ်မြေတနေရာ၌ (၂၂) နှစ်မြောက် ဖုန်းမော်နေ့ အခမ်း အနား ကျင်းပသည်။ အခမ်းအနားတွင် နံနက် (၁၀) နာရီမှ (၁၁) နာရီအထိ ကွယ်လွန်သူ ရဲဘော်ဖုန်းမော်နှင့် တကွ ဒီမိုကရေစီတိုက်ပွဲအတွင်း ကျဆုံးခဲ့ကြသူများအတွက် ရေစက်ချတရားနာသည်။ နံနက် (၁၁) နာရီမှ (၁၂) နာရီအထိ ဖုန်းမော်နေ့ ဖြစ်မြောက်ရေးကော်မတီက အခမ်းအနား တက်ရောက်လာသူများကို အကျွေးအ မွေးဖြင့် တည်ခင်းဧည့်ခံသည်။ ထို့နောက် နေ့လည် (၁၂) နာရီ ညနေ (၅) နာရီအထိ အခမ်းအနားတက် ရောက်လာကြသည့် အဖွဲ့အစည်းအသီးသီးမှ ပုဂ္ဂိုလ်များ၊ တသီးပုဂ္ဂလ တက်ရောက်လာကြသူများက လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေနှင့် ပတ်သက်၍ လွတ်လပ်ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

အခမ်းအနားအပြီးတွင် လက်ရှိနိုင်ငံရေးအခြေအနေအရ “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ရွေးကောက်ပွဲအ နိုင်ရ တိုင်းရင်းသားပါတီများ ပါဝင်ဖွဲ့စည်းထားသည့် ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPP) ကို လည်းကောင်း (သို့မဟုတ်) တာဝန်သိသည့် တာဝန်ရှိသည့် ၁၉၉၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲမှ ရွေးချယ်တင်မြှောက်ခြင်းခံရသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များကိုလည်းကောင်း ပြည်သူ့အစိုးရတ ရပ် အမြန်ဆုံးဖွဲ့စည်းရန် တိုက်တွန်းကြောင်း၊ ပေါ်ပေါက်လာမည့် ပြည်သူ့အစိုးရကို တခဲနက် ထောက်ခံအား ပေးမည်ဖြစ်ကြောင်း” ကြေညာချက်ထုတ်ပြန်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ ဆက်သွယ်မေးမြန်းလိုသူ များ ဖုန်းမော်နေ့အခမ်းအနား ဖြစ်မြောက်ရေးကော်မတီဝင်များဖြစ်သည့် ကိုသံဒုတ် (၀၈၆၁၁၉၈၀၉၁)၊ မန်းစိန် ဟန် (၀၈၁၉၇၃၁၉၈၂) နှင့် ကိုမင်းဇော် (၀၈၇၈၄၀၈၅၀၅) တို့ထံ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။
ပေးပို့သော zawyaအားကျေးဇူးတင်ရှိပါသည်။

Saturday, March 13, 2010

0 မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့ အထိမ်းအမှတ်နှင့် ၂၀၁၀ စစ်အစိုးရကျင်းပမည့် ရွေးကောက်ပွဲအား ကန့်ကွက်ရှုံ့ချချီတက်ဆန္ဒပြပွဲ



ှဗီဒီယို ။ ။ ကိုမောင်တူး
ကိုဖုံးမော်ကျဆုံးသည့်နေ့ဖြစ်တဲ့ ၂၂နှစ်ပြည့်မှာ ဂျပန်ရောက် ဒီမိုကရေစီအရေးလှုပ်ရှားသူ မြန်မာလူမျိုးများ၊ မြန်မာ့ဒီမိုကရေစီအရေး စိတ်ဝင်စားသူ ဂျပန်လူမျိုးများ အင်အား (၃၀၀)ခန့် ကယနေ့နေ့လည် ၃နာရီ၌ ဂျပန်နိုင်ငံရှိ လူဦးရေ အထူထပ်ဆုံးဖြစ်သော လူစည်ကားရာမြို့တမျို့ဖြစ်တဲ့ shibuyaမြို့ကိုဖြတ်ပြီးဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး ။ မတရားဥပဒေထုတ်ပြန်ထားသော နအဖ၏ (၂၀၁၀) ရွေးကောက်ပွဲ ကန့်ကွက်ရူတ်ချပြီး မြန်မာနိုင်ငံရှိ ထောင်ထဲတွင် အကျဉ်းကျနေရသော နိုင်ငံေ၇းအကျဉ်းသားများ၏အခြေအနေများကို ဂျပန်ပြည်သူများ သိရှိစေရန်ရည်ရွယ်ပြီး သရုပ်ဖော်ပုံများပြုလုပ်ကာ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

0 “ဘာလည်းဟဲ့ … လူ့ ငရဲ”
ရေးသူ- (သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် )


ပေးပို့ပေးသော ကိုဒီမိုဝေယံအားကျေးဇူးတင်ရှိပါသည်။

0 In to the Spring

မှုန်ရီ မောင့်ညနေခွန်းဆက်ခဲ့တယ် xxx သာယာသံသာတဲ့ မောင့်နေခြည်-- တိုင်တည်တောင်းတိုင်းဝေး xxx ဆုမြတ်ခြွေလွဲရပြီလေ--
ခိုဝင်တနေ့နေ့တော့ တွေ့ကြမယ် xxx တွေ့ရမယ်လေ---
အော်--- အဆုံးကျတော့လေ-- ဒဏ္ဏာရီလို၊ ပုံပြင်လိုလို ---- နဂိုက မင်းမရည်ရွယ်ခဲ့သူ စီစဉ်ရွေးကာ အဖြေတဲ့လား xxxxxx
နေခြည် xxxxx မိုးရဲရင်ဆောင်းရဲရမယ် x xx---


ဝိညာဉ်ပူးတယ် ဆိုတဲ့စကားကို ခင်ဗျားတို့ကြားဘူးမလားမသိဘူး။
အဲ့သလို အခါမျိုးကျရင် ထိတ်လန့်စိုးရိမ်မှုဆိုတဲ့ဝေါဟာရဆိုတာ ကျနော်တို့ကြားမှာ တခါမှမစဉ်းစားခဲ့ဘူးတဲ့အရာလိုဖြစ်ခဲ့တယ်။အဆောင်ကော်ရစ်တာမှာ ကျနော်တို့တတွေ နာနာကျင် ခါလှိုက်နေတဲ့အခါမျိုးမှာ---
“ တက္ကသိုလ်နယ်မြေကိုစစ်ခွေးတွေ ရိုင်းရိုင်းစိုင်းစိုင်းစော်ကားဖို့ ကြိုးစားတဲ့အခါတိုင်း ကျနော်တို့ရဲ့ လိပ်ပြာတွေလေ ခင်ဗျားတို့လိုပဲခံစားနေပါတယ်”တဲ့

မတ်လ (၁၃) ရက်တိုက်ပွဲဆိုတာ
၁၉၆၂၊ - ၇၄-၇၅--၇၆ ခေတ်အဆက်ဆက်တိုက်ပွဲဝင်ခဲ့တဲ့ခရီးကြမ်းတခုပေါ်က တိုက်ပွဲအချိုးအကွေ့တခုဖြစ်တယ်။ကျနော်တို့တတွေ ရထားဘူတာရုံတွေကို အကြိမ်ကြိမ်ဖြတ်ပြီး အိမ်ပြန်ဖို့ကြိုးစားခဲ့ကြတယ်။
အရိုးတွန်သံတွေကိုစိတ်ထဲမှာ ဂီတတခုလို တိတ်တိတ်လေးသီပြီး ခွပ်ဒေါင်းအလံတော်ကိုလွှင့်တင်ခဲ့ဘူးတယ်။
အပြင်မှာ မြူခိုးတွေဝေနေတယ်။ သံတိုင်တထပ်သော့ခပ်ထားတဲ့ အခန်းကျဉ်းလေးတွေမှာ တချို့--နံကျိုး၊ သွေးအန်၊ မိသားစုပျက်---ဒါပေမဲ့ ---ရှေ့ဆက်ခဲ့ကြတယ်။
အနက်ရောင်သင်္ကေတတွေနဲ့ ဒေါင်းအလံကိုလွှင့်တင်ပြီဆိုရင် ကျနော်တို့မာကျောမှုကို အာဏာပိုင်တွေကလည်းသဘောပေါက်ပါတယ်။လေးနက်မှုတွေ၊ အမှောင်ကိုရင်ဆိုင်ရဲတဲ့သတ္တိတွေ၊ အဆုံးစွန်ရွှက်လွှင့်ချင်တဲ့ ဆန္ဒတွေ---ထုထည်ကြီးမားတဲ့ အာခံစိန်ခေါ်မှုတွေ----အနက်ရောင်ခွပ်ဒေါင်းအလံတော်ကို ကိုင်ပြီးတရားဝင်ကြေကွဲခွင့်ဆိုတာမျိုး ကျနော်တို့ခေတ်မှာ တခါမှ မရှိခဲ့ပါဘူး။

ဒါပေမဲ့ ကျနော်တို့တတွေ ရင်ခုန်လေးမြတ်ခဲ့၊ ဂါရဝပြုခဲ့ဘူးတဲ့ ရဲဘော်တွေကိုတော့ ဘယ်သူမှသတ်လို့ရမှာမဟုတ်ပါဘူး။
နှင်းခဲပျော်ချိန်တဲ့လေ----
အိမ်ရှေ့-လမ်းကလေးဆီကိုဖြတ်လျှောက်နေတုန်း ကောင်းကင်ကိုမော့ကြည့်မိတော့ ဘဲငန်းရိုင်းတွေ ဗွီ ပုံစံ ( V Shape) အုပ်စုဖွဲ့ပြန်သန်းနေတာကိုမြင်လိုက်ရတယ်။ ကနေဒါဘက်ဆီက ဘဲငန်းရိုင်းတွေ အခုလိုပုံစံနဲ့ အမေရိကားဘက်ဆီကိုပျံသန်းလာပြီဆိုရင်တော့နွေဦးရောက်တော့မယ် ဆိုတာသေချာသွားပြီ။ သူတို့က နွေဦးတခုလုံး အမေရိကားဘက်ဆီကို ခိုလှုံနေကျ။
နှင်းကျလာတော့မယ်ဆိုရင် သူတို့က နောက်ထပ်နိုင်ငံတခုကို ပျံသန်းသွားကြအုံးမယ်။ သူတို့ပျံသန်းရာနောက်မှာ- စိတ်ကဦးတည်ချက်မဲ့လွင့်မျောနေသလိုမျိုး---------
“ကျနော်တို့ ရင်မှာ အကြိမ်ကြိမ်ပွန်းပဲ့နေခဲ့တဲ့ ဒဏ်ရာတွေကတော့ ဆောင်းဦးတွေ၊ နွေဦးတွေရယ်လို့ ရွေးချယ်ပျံသန်းပိုင်ခွင့်မရှိပါဘူးဗျာ” တဲ့6/8 စည်းချက် ရစ်သမ်တွေအတိုင်း ကျနော်ရဲ့စိတ်တွေကိုတချက်ချင်းရွေ့ကြည့်မိနေတယ်။


မှုန်ရီ မောင့်ညနေခွန်းဆက်ခဲ့တယ် xxx သာယာသံသာတဲ့ မောင့်နေခြည်-- တိုင်တည်တောင်းတိုင်းဝေး xxx ဆုမြတ်ခြွေလွဲရပြီလေ--
ခိုဝင်တနေ့နေ့တော့ တွေ့ကြမယ် xxx တွေ့ရမယ်လေ---
အော်--- အဆုံးကျတော့လေ-- ဒဏ္ဏာရီလို၊ ပုံပြင်လိုလို ---- နဂိုက မင်းမရည်ရွယ်ခဲ့သူ စီစဉ်ရွေးကာ အဖြေတဲ့လား xxxxxx
နေခြည် xxxxx မိုးရဲရင်ဆောင်းရဲရမယ် x xx---

ကျနော်တို့တတွေ စွဲစွဲလန်းလန်းတီးခပ်ခဲ့ဘူးတဲ့ “မိုးရဲရင်ဆောင်းရရမယ်” ဆိုတဲ့သီချင်းလေ----ကောင်မလေးရဲ့ ပါးပြင်ပေါ်မှာ စီးဆင်းနေတဲ့ သနပ်ခါးမြစ်တစင်းနဲ့အတူ သိမ်သိမ်မွေ့မွေ့ ကျန်ရစ်ခဲ့ဘူးတယ်။
ဆွတ်ပျံ့ကြေကွဲစိတ်တွေဆီကို နိုင်ထက်စီးနင်းစော်ကားခံရမှုတွေက အချိန်အခါမဲ့ရောက်လာတဲ့အခါမျိုးမှာ-ကျနော်တို့ရဲ့ တေးဂီတတွေ အသံပြောင်းခဲ့ရတယ်။အဆောင်ရဲ့လှေခါးထစ်တွေ ကို ဆက်တက်လို့မရတော့လောက်အောင် ယမ်းနံ့တွေက ကျွံဝင်လာတယ်။

တရုတ်စကားပန်းတွေ က ကြယ်တွေကိုဝိညာဉ်ခပ်ဖို့ အတွက် ဖွေးဖွေးလှုပ်ပွင့်ပြီး ညကိုလင်းစေခဲ့ပေမဲ့ ကျောင်းရှေ့အုတ်တံတိုင်းဆီကိုဆုတ်ခွာရင်းခုန်ကျော်လိုက်တဲ့ အရိပ်တွေ၊ စက်ဝိုင်းပုံစံရေပန်းရှေ့မှာပြိုကျသွားတယ်။
သွေးညှီနံ့တွေ၊ ဆေးရုံလူနာတင်ကားတွေ၊ မီးလန့်သံချောင်းခေါက်သံတွေ၊အမှောင်ထဲမှာ အလောင်းတွေကိုလာလုဖို့ ကြံစည်နေတဲ့ မြေခွေးတွေ--အော်---ကျမ်းစာအလိုအရတော့ -- တရားစီရင်ချက်ချမဲ့နေ့ ( The Day of Judgement ) ဆိုတာရောက်ကိုရောက်လိမ့်လာလိမ့်မယ် တဲ့အကြိမ်ကြိမ်သစ္စာဆိုခဲ့ရတာပါပဲ။ ရာဇဝတ်မှုတွေကို ပြန်လည်တုန့်ပြန်နိုင်တဲ့နေ့ကို ကျနော်တို့ထိတွေ့နိုင်ကြပါစေသား လို့။

၁၉၉၄-၉၅နွေဦးမတ်လ(၁၃)နှစ်ပတ်လည်နေ့ထဲမှာအဲ့ဒီနှစ်နွေဦးကထူးထူးခြားခြားပူလွန်းတယ်။ ပင်မကျောင်းဆောင်ရှေ့လှေခါးထစ်တွေပေါ်မှာထိုင်ရင်းတံလျှပ်ရိပ်တွေ တလက်လက်ထနေတဲ့ ကွန်ကရစ်လမ်းပေါ်မှာ တရုတ်စကားပွင့်တွေကြွေနေတာကို ကျနော်တို့တတွေငေးကြည့်နေခဲ့တယ်။ကျောင်းတွေပိတ်ထားပေမဲ့ ကျနော့စိတ်ထဲမှာ သူတို့တတွေ သေချာပေါက်လာမှာပဲလို့တွေးနေခဲ့တယ်။
မြင်ကွင်းဆီကို အရိပ်တွေတခုပြီးတခုကျလာတယ်။တချို့က အကျဉ်းထောင်တွေထဲက လွတ်လာကြတယ်။တချို့က မြောက်ပိုင်း ကျောင်းသားတပ်မတော်ဆီမှာ ခါးသီးတဲ့အိပ်မက်ဆိုးတွေနဲ့ပြန်လာခဲ့ကြတယ်။
တချို့ကတော့-- ပါဂျောင်ဒေသ၊ လိုင်ဇင်စခန်းမှာ တောကောင်တွေပူးဝင်တွယ်ကပ်ပြီးရက်ရက်စက်စက်လူသတ်မှုတွေကို ကျူးလွန်ခဲ့ကြ၊နောက်တော့-- လူတွေရဲ့မျက်လုံးတွေကိုရင်မဆိုင်ရဲပဲ၊ အခန်းအောင်းနေခဲ့ကြတယ်။
ဖြစ်ချင်တော့ ကျူးလွန်ခဲ့သူတွေရော၊ အကျူးလွန်ခံခဲ့ရသူတွေရော-- ကျနော့ရဲ့သူငယ်ချင်းတွေ၊ နူးနူးညံ့ညံ့ရင်ခုန်ခဲ့ဘူးသူတွေတောနက်နက်တွေထဲမှာ---ဘာတွေဖြစ်ခဲ့ကြရတာလဲ--
သူတို့ရဲ့ဒဏ်ရာတွေကို ကြေကြေကွဲကွဲ နားထောင်ခဲ့ရပြီး ဂစ်တာကြိုးတွေကိုဆွဲဖြတ်ခဲ့ဘူးတယ်။

ဒါပေမဲ့-- မတ်လရဲ့အော်သံတွေကို မေ့ရဲတဲ့သူ ရှိမယ်လို့မထင်ဘူး။ဘယ်လိုပဲ အိပ်မက်ဆိုးတွေကြုံခဲ့ကြုံခဲ့၊ ကိုယ့်ရဲ့အိမ်လိုဖြစ်နေတဲ့ အဆောက်အဦတခုအောက်မှာရောက်သွားပြီဆိုရင်တော့
ကျောင်းသား ဆိုတဲ့ စိတ်ဓါတ်တွေက ပြန်လည်ရှင်သန်လာခဲ့ကြတယ်။တခါတလေတော့--ဘဝဆိုတာအံ့သြဖို့တော့ အကောင်းသား။ ရက်ရက်စက်စက်ကျူးလွန်ခဲ့သူတွေနဲ့ အစော်ကားနှိပ်စက်ခံလိုက်ရသူတွေ--
အခုလို သစ်ရွက်ကြွေနွေဦးတခုမှာပြန်ဆုံကြလိမ့်မယ် လို့ ဘယ်မှာမျှော်လင့်ကြပါ့မလဲ။ဒဏ်ရာတွေ မကျက်ခင် နောက်ထပ်ဒဏ်ရာတွေမနက်အောင် ကျနော်တို့တတွေ ဘဝတွေကို ခက်ခက်ခဲခဲကျင်ယူခဲ့ရတယ်။
အရာအားလုံးကိုပြန်ဆုံဆည်းစေမဲ့ ဖြစ်ရပ်တခုက ကျနော်တို့ကြားကိုမကြာခင်ရောက်လာခဲ့တယ်။

၁၉၉၁ နိုဘယ်ငြိမ်းချမ်းရေးကျောင်းသားလှုပ်ရှားမှုအပြီး တက္ကသိုလ်တွေကို (၈) လကျော်ပိတ်ပြီးတဲ့နောက်၊ ရန်ကုန်စက်မှုတက္ကသိုလ်ကိုနှစ်ပိုင်းခွဲပစ်လိုက်တယ်။ အထက်ဗမာပြည်ကျောင်းသားတွေအတွက် မန္တလေးစက်မှုတက္ကသိုလ် ကို ရန်ကင်းတောင်ခြေအလွန်မှာဖွင့်ပေးလိုက်တယ်။အောက်ဗမာပြည်က ကျောင်းသားတွေကတော့ ရန်ကုန်စက်မှုတက္ကသိုလ် မှာဆက်လက်တက်စေခဲ့တယ်။ ဒါပေမဲ့ ၁၉၉၂ ခုနှစ်ကတည်းကဖွင့်ခဲ့တဲ့မန္တလေးစက်မှုတက္ကသိုလ် ဟာ ပဉ္စမနှစ် နဲ့နောက်ဆုံးနှစ် လျှပ်စစ် နဲ့ စက်မှုဘာသာရပ်တွေအတွက် ဆက်လက်သင်ကြားနိုင်တဲ့ဆရာတွေ၊
လိုအပ်တဲ့ပစ္စည်းတွေ မရှိခဲ့ဘူး။ ဒါကြောင့် ရန်ကုန်စက်မှုတက္ကသိုလ်ကိုပြန်ပြီးလာတက်ရတယ်။ မန္တလေးစက်မှုတက္ကသိုလ်က ကျောင်းသားတွေရန်ကုန်ကိုကျောင်းလာတက်ရပေမဲ့ အတန်းထဲမှာ စာသင်ချိန်ကောက်ခံတဲ့အခါတိုင်း Attendance Sheet နှစ်ရွက်ကိုခွဲကောက်တယ်။အတန်းထဲမှာ ကျောင်းသားတွေကိုခွဲခြားဆက်ဆံလိုက်ကတည်းက ပြဿနာတွေကစတင်လာခဲ့တယ်။ ကြို့ကုန်းဆောင် အဆောင်တွေမှာကျောင်းသားချင်းရိုက်ပွဲတွေ၊ ဆရာတွေနဲ့ ကျောင်းသားတွေကြားက ပဋိပက္ခတွေ တစထက်တစစိပ်လာတယ်။ အထူးသဖြင့် ပါမောက္ခ ဦးကြင်စိုးကို
ကျောင်းသားအများစုက “ ကြိုးစင်”လို့ခေါ်ကြတယ်။ သူ့ရဲ့စစ်တပ်ပုံစံ ကိုင်တွယ်မှုတွေကို မကျေလည်ကြဘူး။

ရန်ကုန်စက်မှုတက္ကသိုလ်မှာ ကျောင်းသားချင်းရိုက်ပွဲဖြစ်တယ် ဆိုတာ ကျနော်တို့ကျောင်းတက်ခဲ့ဘူးတဲ့အစဉ်အလာအရ၊ တခါမှမကြားဘူးဘူး။ကျနော်တို့နဲ့ပြဿနာတက်တာဆိုလို့ မဆလ အစိုးရပဲရှိခဲ့တယ်။ ဘယ်လိုဖြစ်ကုန်တာလဲ။ ကျောင်းနာမည်တွေကလည်းပြောင်းခဲ့တယ်။စစ်အစိုးရဟာ ကျောင်းသားတွေရဲ့စိတ်ဓါတ်တွေကိုလည်း ပြောင်းဖို့ကြိုးစားနေခဲ့တယ်။ မတ်လတိုက်ပွဲမှာ
ပါဝင်ခဲ့တဲ့သူတွေစုပေါင်းပြီးတိုင်ပင်ကြတယ်။ တခုခုလုပ်မှ ဖြစ်မယ်လို့ ဆုံးဖြတ်ခဲ့ကြတယ်။၁၉၉၅ ခုနှစ်ကျောင်းပြန်ဖွင့်တဲ့အခါ၊ ရန်ကုန်စက်မှုတက္ကသိုလ်မှာ “ တက္ကသိုလ်များ၊ရန်ကုန်၊ချင်းတွင်းမိသားစု” တက္ကသိုလ်များ၊ရန်ကုန်၊မန္တလေးမိသားစု နဲ့ ဖြူးမိသားစု --စတဲ့လူမှုရေးအသင်းတွေ စတင်ဖွဲ့စည်းလိုက်တယ်။ တကယ်တော့ အဲ့ဒီကာလတုန်းက တက္ကသိုလ်တွေမှာဘာအဖွဲ့အစည်းမှဖွဲ့စည်းခွင့်မရှိပါဘူး။ စစ်ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ခင်ညွှန့်ဟာ အဆောင်အသီးသီးကိုလာပြီး၊မျိုးဆက်ဟောင်းမျိုးဆက်သစ် မိတ်ဆုံစားပွဲတွေပြုလုပ်နေတဲ့အချိန်၊
( သူက စစ်ကိုင်းဆောင်ကျောင်းသားဟောင်းလို့ဆိုတယ်၊ ဟုတ်မလားတော့ မသိပါဘူး)။

တက္ကသိုလ်နယ်မြေအတွင်းကိုထိန်းသိမ်းထားနိုင်ပြီ လို့ ယုံကြည်ထားခဲ့တဲ့အချိန်၊ ရန်ကုန်စက်မှုတက္ကသိုလ်ထဲမှာဆိုရင် နံပါတ်ဖိုးရောင်းတဲ့အခန်းတွေကို ကျောင်းအာဏာပိုင်တွေက တမင်လွှတ်ပေးထားတယ်။ ကျနော်တို့တတွေလည်း ပေါ့ပေါ့ပါးပါးခရီးတွေနဲ့သီချင်းတွေသီခဲ့ကြတယ်။ဒါပေမဲ့ ငပလီ၊ ကျိုက်ထီးရိုး၊ ပုဂံ၊ လက်ခုပ်ကုန်း၊ ချောင်းသာ--စတဲ့ကမ်းခြေတွေ၊ စေတီပုထိုးတွေဆီကို အပျော်ခရီးထွက်နေကြတဲ့
ကျောင်းသားထုဟာမကြာခင်မှာအုပ်စုဖွဲ့ပြီးစစ်အာဏာရှင်တွေကိုပြန်လည်အန်တုကြလိမ့်မယ် ဆိုတာ အာဏာပိုင်တွေမျှော်လင့်မထားခဲ့ဘူး။အဲ့ဒါကတော့ ၁၉၉၆ မတ်လ (၁၃) ရက်မှာ ကိုဘုန်းမော် အထိန်းအမှတ်နေ့ကို အကြီးမားဆုံးကျင်းပပြီးကျောင်းသားထုကိုဆွဲကိုင်လှုံ့ဆော်လိုက်တဲ့အနက်ရောင်လှုပ်ရှားမှုပါ။ ကျောင်းသူတွေက ဂျီဟောဆောင်၊ သဇင်ဆောင်တွေမှာ နှင်းဆီပန်းစီးတွေကိုင်ပြီး ဆုတောင်းမေတ္တာပို့ခဲ့ကြသလို၊
ကျောင်းသားတွေကလည်း ပုဂံလမ်း၊ အဓိပတိလမ်း၊ လှည်းတမ်းလမ်းဆုံ နဲ့ တက္ကသိုလ်အသီးသီးမှာ နှင်းဆီပန်းတွေကိုလိုက်လံဝေငှကြတယ်။အနက်ရောင်ဖလင်ပျက်တွေပေါ်မှာ “ ကိုဘုန်းမော်ကိုသတိယပါ” ဆိုတဲ့စာသားတွေကို အပ်ဆူးတွေနဲ့ ထိုးခြစ်ပြီးရေးသားထားခဲ့တာတွေကိုဝေငှခဲ့ကြတယ်။ ရန်ကုန်စက်မှုတက္ကသိုလ်၊ကွန်ပြူတာတက္ကသိုလ်နဲ့ ရန်ကုန်တက္ကသိုလ်ထဲက စားသောက်ဆိုင်တွေမှာ ကျောင်းသားတွေက
အစိုးရသတင်းစာတွေကို ဆွဲဖြဲမီးရှို့ပစ်လိုက်ကြတယ်။ ဆရာတွေကလည်း ကျောင်းသားကျောင်းသူတွေကိုလိုက်ဖမ်းပြီး အင်္ကျီလဲဝတ်ပေးဖို့ပြောရတာ တနေကုန်နီးပါးလောက်ဖြစ်နေတယ်၊ မနိုင်တော့ဘူးလို့ ဝန်ခံကြရှာတယ်။
ဒီအရိပ်တွေဟာ ၁၉၉၆ ဒီဇင်ဘာ ကျောင်းသားလှုပ်ရှားမှု ကို အဓိက လောင်စာအဖြစ် မီးရှို့ကူးစက်စေခဲ့တယ်။

နိဂုံး
၁၉၉၅ ခုနှစ် မတ်လ(၁၃) ရက်နေ့ ကြို့ကုန်းဆောင်မှာ စုစည်းခဲတဲ့ကျောင်းသားတွေအကြောင်းကို ပြန်ပြောပြချင်တဲ့ရည်ရွယ်ချက်က တခုတည်းပါ။

ဘယ်လိုနေရာတွေမှာ ဘယ်လိုအခက်အခဲတွေ၊ အိပ်မက်ဆိုးတွေကြုံခဲ့ကြုံခဲ့၊ ကျောင်းအရိပ်အောက်ကိုပြန်ရောက်ကြပြီဆိုရင်--ကျနော်တို့တတွေ ကျောချင်းပြန်ကပ်ခဲ့ကြတယ်။ ကြုံခဲ့သမျှအရာအားလုံးကို နာနာကျင်ကျင်ဂီတအဖြစ်သိမ်းဆည်း ဖန်တီးခဲ့ကြတယ်။ပြောမဲ့သာပြောရတာပါ-- ကျောင်းအရိပ်အောက်မှာ မှ မဟုတ်ပါဘူး။ဘယ်နေရာကိုပဲရောက်ရောက်၊ တယောက်သမိုင်းကိုတယောက်ကလေးလေးစားစားနားထောင်ပြီးအရေးတော်ပုံစိတ်ဓါတ်ဆိုတာ ရဲဘော်ရဲဘက်ပီသမှုဖြစ်တယ် ဆိုတာကိုနားလည်ကြမယ်ဆိုရင်--
ကျနော်တို့တတွေ ကံ့ကော်အိပ်မက်ရှည်တခုမှာ ပြန်ဆုံကြမှာပါ။

မတ်လရဲ့တိုက်ပွဲခေါ်သံတွေ၊ရဲဘော်တို့ရဲ့ နှလုံးသွေးဆီကို မီးခပ်လောင်မြှိုက်ကူးစက်နေဆဲဆိုတာ--ယုံကြည်နေပါတယ်။
အောင်မိုးဝင်း

0 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဒုက္ကဌဘဘဦးတင်ဦး ၏ အသက် (၈၃) ပြည့်မွေး နေ့ အခမ်းအနား











မတ်လ (၁၂) ရက်နေ့တွင် ကျရောက် သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဒုက္ကဌဘဘဦးတင်ဦး ၏ အသက် (၈၃) ပြည့်မွေး နေ့ အခမ်းအနား အား အဖွဲ့ ချုပ် အမျိုးသမီးများ မှဦးဆောင်၍ ဘဘဦးတင်ဦးအားမွေးနေ့ကန် တော့ ပွဲ ကို အဖွဲ့ချုပ်ရုံးတွင်ကျင်းပရာ ရန်ကုန်တိုင်း အတွင်းရှိ မြို့  နယ် အသီးသီး မှ အမျိုးသမီး အဖွဲ့ ၀င်များတက်ရောက် ခဲ့ကြသည် ။တက်ရောက်လာကြသည့် ပါတီဝင်များအားအမျိုးသမီးအဖွဲ့ ၀င်များအား မုန့် ဟင်းခါးဖြင့် ပြန် လည် ဧည်ခံ ခဲ့သည်ဟုသတင်းရရှိပါသည်.။

ပေးပို့သူ မမြတ်လေးငုံအား ကျေးဇူးတင်ရှိပါသည်။

0 ဦးဝင်းတင်၏ ရှစ်ဆယ်နှစ်ပြည့်စကားသ၀ဏ်လွှာ


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မတီ ဝင် ဦးဝင်းတင်က စစ်အာဏာရှင်တွေဟာ လှည့်စားဖျားယောင်းပြီး ဖိနှိပ်ချုပ်ခြယ်မှု တွေကို တိုးမြှင့်လုပ်တော့မယ်လို့ လူထုကြီး တရပ်လုံးကို သတိပေးလိုက်ပြီး ဒီအကျပ်အတည်းက လွတ်မြောက်အောင် စစ်အာဏာရှင်စနစ်ကို မကြောက်မရွံ့ တုံ့ ပြန်ကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဒီတိုက်တွန်းချက်တွေကို သူ့ရဲ့ နှစ် ၈၀ ပြည့် မွေးနေ့ အထိမ်းအမှတ် ထုတ် ပြန်တဲ့ သဝဏ်လွှာမှာ ရေးသားထားတာ ဖြစ်ပါတယ်။ အဲဒီသဝဏ်လွှာထဲမှာ ဒီနေ့ ကာလဟာ ဒီမိုကရေစီအင်အားစုတွေ အတွက် အကျပ်တည်းဆုံး ကာလကို ဆိုက် ရောက်နေတယ်လို့ ဖော်ပြထားပါတယ်။
စစ်အာဏာရှင်စနစ်ကို ကိုင်စွဲ တိုက်ခိုက်ရ မယ့် လက်နက်တွေကတော့
၁။ မကြောက်တရားလက်နက်၊
၂။ သွေးစည်းညီညွတ်ရေးလက်နက်နဲ့
၃။ စစ် အာဏာရှင်စနစ် ဆန့်ကျင်ရေး ရည်မှန်းပန်းတိုင် တခုတည်းချမှတ်၊ ရှေးရူရင်ဆိုင်ချီ တက်ရေး လက်နက်တွေ

ပဲ ဖြစ်တယ်လို့ ဉီးဝင်းတင်က သူ့သဝဏ်လွှာမှာ ရေးသား ထားပါတယ်။

ဒီလက်နက်သုံးမျိုးအကြောင်းနဲ့ ပတ်သက်လို့ ဉီးဝင်းတင်က အခုလို ရှင်းပြ ပါတယ်။ “လက်နက်သုံးမျိုးပဲ ရှိတယ်၊ အကြောက်တရားလက်နက်ဆိုတာ ကျနော် ကတော့ ရဲရဲတင်းတင်းကို လုပ်စေချင်တယ်၊ ရဲရဲတင်းတင်းကို တွန်းလှန်စေချင်တယ်၊ ဆန့်ကျင်စေချင်တယ်၊ တိုက်ဖျက်စေချင်တယ်၊ တုံ့ပြန်စေချင်တယ်လို့ ကျနော်က ပြောချင်တယ်၊ အဲတော့ ရဲတင်းပါ၊ ရဲတင်းတဲ့ အဆင့်မှာမှ ကျနော်တို့ မရောက်ဘူး ဆိုရင် မကြောက်တရားကို ကိုင်ပါ၊ မကြောက်ပါနဲ့၊ အဲဒါမှ ထပ်ပြီး နည်းနည်း ကြောက်သေးတယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည် ပြောဖူးတဲ့ စကားလို ကြောက် ကြောက်နဲ့ပဲ လုပ်ကြပါ၊ ကျနော်တို့က ဒီသွေးစည်းညီညွတ်ရေးကို လုပ်ကြမယ်။

အဲဒီသွေးစည်းညီညွတ်ရေးကို လုပ်တဲ့အခါမှာ အခြေခံတရား ဖြစ်တဲ့ အသံ ညီခြင်း၊ အလုပ်ညီခြင်း၊ အဖွဲ့ညီခြင်းဆိုတဲ့ အဆင့်သုံးဆင့်နဲ့ ပိုင်းပြီးတော့ အားထုတ် သွားကြမယ်၊ အဲလို အားထုတ်နိုင်ခြင်း အားဖြင့်သာ ကျနော်တို့လက်ထဲမှာ လက် နက်ကောင်း ရှိလိမ့်မယ်လို့ ပြောချင်ပါတယ်။ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးကို ကျနော်တို့ တခုတည်းသော ပန်းတိုင်အဖြစ် ရောက်ရမယ်။ “ကျနော်တို့မှာ ရည်မှန်းချက် ပန်းတိုင်နည်းနည်း တခါတလေကျတော့ များ နေတတ်တယ်၊ ဝေ၀ါး နေတတ်တယ်ပေါ့၊ အဲဒါကြောင့် ကျနော်တို့က စစ်အာဏာရှင် စနစ် ဆန့်ကျင်ရေးကိုတော့ တခုတည်းသော ပန်းတိုင်အဖြစ် မှတ်ထားရမယ်၊ တခု တည်းသော ပန်းတိုင်အဖြစ်သာချမှတ် ထားရမယ်၊ အဲဒီ ပန်းတိုင်ကို ကျနော်တို့က ရှေးရူသွားရမယ်။ အဲဒီပန်းတိုင် တခုတည်းကိုပဲ ဉီးတည်ရမယ်၊ အဲဒီပန်းတိုင် တခု တည်းကိုပဲ အရောက် ချီတက်ရမယ်၊ ကျနော် အဲဒါကို တိုက်တွန်းချင်တာပဲ။”
ခုရက်ပိုင်းအတွင်း စစ်အစိုးရထုတ်ပြန်လိုက်တဲ့ ရွေးကောက်ပွဲဥပဒေကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် အတိုက်အခံ ဒီမိုကရေစီအင်အားစုတွေရဲ့ အခြေအနေဟာ အမွန်းကျပ်ဆုံး အခြေအနေကို ရောက်နေပြီလို့ ဦးဝင်းတင်က သူ့ရဲ့ အသက် ၈၀ ပြည့် စကားသဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

dvbမှ

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.