Saturday, March 20, 2010
0 နအဖ စစ်အုပ်စုကျင်းပမည့်ရွေးကောက်ပွဲနှင့်ဗလာနတ္ထိလူ့အခွင့်အရေး
မြန်မာနိုင်ငံသူနိုင်ငံသားများ အသက်သွေး ချွေးဘ၀တွေ စတေးကာ ထောင်ကျခံ နှိပ်စက်ခံပြီး တိုက်ပွဲဝင်နေ ကြတာဟာ လူသားတွေမှာသာပိုင်ဆိုင်တဲ့ အခွင့်အရေးကြီး လေးရပ်ပြည့်ပြည့်၀၀ ရရှိဖို့ဖြစ်ပါတယ်။ အခြေခံ ဒီအခွင့်အရေး လေးရပ်ဟာ တိရစ္ဆာန်တွေမှာ မရှိပါဘူး။ လူသားနှင့်တိရိစ္ဆာန်ကို ပိုင်းခြားပေးလိုက်တာဟာလဲ ဒီအခွင့်ရေးကြီးလေးရပ်ပါပဲ။ ဒါကြောင့် ယနေ့ နအဖ ကျင်းပမဲ့ရွေးကောက်ပွဲဟာ ဒီအခွင့်ရေး လေးရပ်ပေတံနှင့်ညီမညီ ဆန်းစစ်သင့်ပါတယ်။ ကဲ ဆန်းစစ်ကြည့်ကြရအောင်………
၁။လွတ်လပ်စွာပြောဆိုခွင့်….. နအဖ စစ်အုပ်စုရဲ့ရွေးကောက်ပွဲက လွတ်လပ်စွာပြောဆိုခွင့် တကယ်ပေးသ လား။ လုံးဝမပေးပါ။ သူတို့မွေးထားတဲ့ အေးလွင်အုပ်စု စည်းရုံးရေးသွားစဉ် စစ်အုပ်စုရဲ့လက်ကိုင်ဒုတ် ကြံဖွတ်တွေ စွမ်းအားရှင်တွေ ၀ိုင်းရိုက်လို့ အခုစည်းရုံးရေးတောင် မလုပ်ရဲတော့ဘူး။ အခု နအဖ ထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲဥပဒေတွေဟာ တရားမျှတမှုမရှိပါဘူး၊ တစ်ဖက်သက် အနိုင်ကျင့် ရေးထားတယ်ဆိုတာကို ကလေးကအစသိပါတယ်။ ဒါပေမဲ့ဘယ်သူတွေ ပြောဆိုဝေဖန်ရဲလဲ။ ပြောဆိုဝေဖန်လို့ ရပါသလား။ လုံးဝမရပါ။
ဒါဆိုရင်မိမိတို့ရဲ့ ဘ၀ဟာ တိရိစ္ဆာန်နဲ့ဘာမှမခြားနားပါဘူး။ တိရိစ္ဆာန်မှာက ဘာသာစကားမရှိလို့ သူတို့တိရိစ္ဆာန် လောကသားအချင်ချင်း ဘယ်ဟာမှားတယ် ဘယ်ဟာမှန်တယ်ဆိုတာကိုမပြောနိုင်ပါဘူး။ သူတို့ကပြောဆို နိုင်တဲ့စွမ်းရည်မရှိလို့ မပြောဆိုနိုင်တာဘာမှ မဆန်းပေမဲ့ ပြောဆိုနိုင်စွမ်းရှိပါလျက် ဘာမှမပြောနိုင်ဘူး ပြောခွင့်မရှိဘူးဆိုရင် ကျနော်တို့မြန်မာနိုင်ငံသူ နိုင်ငံသားတွေအားလုံး ကိုယ့်နောက်ကိုယ် စမ်းကြည့်ဖို့လိုပြီ၊ အမြီးပေါက်မပေါက်ကိုပါ။ ကဲအမြီးမပေါက်ချင်ရင် လူသားစင်စစ်လူပီသချင်တယ်ဆိုရင် လွတ်လပ်စွာပြောဆိုခွင့်
ကိုအသက်ပေးတိုက်ကြပါ။
၂။လွတ်လပ်စွာရေးသားခွင့်….နအဖ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်စွာ ရေးသားခွင့်ပေးပါသလား။
လုံးဝမပေးပါ။ မည်သည့်စာစောင် မည်သည့်စာအုပ် မည်သည့်သတင်းစာမှာမှ လွတ်လပ်စွာ ရေးသားခွင့် မပေးပါ။ သူတို့အုပ်စုသာ ထင်သလိုကြိုက်သလို လွတ်လပ်စွာရေးနေသော်လည်း ပြည်သူ့ဖက်ကိုယ် ကားလုံးဝ ရေးခွင့်မပေးပါ။ ဒါဟာတစ်ဖက်သတ် အနိုင်ကျင့်ခြင်းပါပဲ။ ကျနော်တို့ပြည်သူတွေဟာ တိရစ္ဆာန်တွေ မဟုတ်ပါဘူး။ တိရိစ္ဆာန်တွေမှာ စာရေးသားခြင်း အတက်ပညာမရှိလို့ မရေးနိုင်တာ မရေးရတာ မဆန်းပေမဲ့ စာရေးသားနိုင်တဲ့ အတက်ပညာတွေတက်ထားပါလျက် ကိုယ့်လူမျိုးကိုယ့်နိုင်ငံအတွက်ဘာမှရေးသားခွင့် မရှိဘူး မရေးရဘူးဆိုတာဟာ မိမိတို့ပြည်သူတွေကို လူရာမသွင်းတာပဲ ။ပြည်သူတွေကို တိရစ္ဆာန်တွေ လိုသဘောထားတာပဲ။ မိမိတို့လူသားတွေသာ ပိုင်ဆိုင်တဲ့ လွတ်လပ်စွာရေးသားခွင့်ကို နအဖ စစ်အုပ်စု ရဲ့ ရွေးကောက်ပွဲတွေမှာ လုံးဝကိုမတွေ့ဘူးဆိုတာ ကလေးကအစသိပါတယ်။ လူသားတွေသာ ပိုင်ဆိုင်တဲ့ လွတ်လပ်စွာရေးသားခွင့် ကိုရအောင်တိုက်ယူကြပါ။ လူသားစင်စစ် လူပီသချင်ကြပါတယ် ဆိုရင်ပေါ့….
၃။လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်...... ပြည်သူအားလုံး ဒီအခွင့်ရေးရကြပြီလား။ လုံးဝမရပါ။ အားလုံးသိ
ကြတဲ့အတိုင်း ကိုယ်ကြည်ညိုကိုးကွယ်တဲ့သံဃာတော်တွေ နအဖ စစ်အကျဉ်းထောင်ထဲမှာ မြတ်စွာဘုရား ရှင်ရဲ့ မေတ္တာသုတ် ဓမ္မတရားတော်ကို ရွတ်ဆိုမိရုံနဲ့ ထောင်ထဲမှာနှစ်ရှည် အကျဉ်းကျခံ နှိပ်စက်ခံနေရတဲ့ သံဃာတော်တွေကို လွတ်ပေးပါ။ အပြစ်မရှိပဲ ဖမ်းထားကြတယ်လို့ ဘယ်သူတွေပြောရဲပါသလဲ။ သံဃာ့မဟာနာယက ကြီးတွေ ကိုယ်တိုင်တောင် မပြောရဲဘူး။ သံဃာမဟာနာယကကြီးတွေ ကိုယ်တိုင် မြတ်စွာဘုရားရှင်ဟော ခဲ့တဲ့ မင်းကျင့်တရားဆယ်ပါးကို ဟောခွင့်မရှိလို့ မဟောရဲကြဘူး။ တရားပွဲတွေ နအဖပါမစ်မပေးလို့ မဟောရဘူး.. မတရား ချိပ်ပိတ်ခံထားရတဲ့ ဘုန်းကြီးကျောင်းတွေ၊ အခုထိပြန်မဖွင့်ပေးသေးဘူး။ သံဃာတော်တွေကို ဆွမ်းကပ်လို့ ထောင်ထဲချတာ အားလုံးသိကြတဲ့အတိုင်း ဘယ်မှာလဲ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်။
တိရိစ္ဆာန်တွေမှာ ဘာသာတရားမရှိလို့ မရတာမဆန်းပေမဲ့ ဘာသာတရားရှိတဲ့ လူသားတွေမှာ ဒီအခွင့် အရေးမရရှိတာ မိမိရနေတဲ့ဘ၀ဟာ တိရစ္ဆာန်ဖြစ်နေရတာနဲ့ အတူတူပါပဲ။ အမြီးမပေါက်တာ တစ်ခုပဲ ကျန်ပါတော့တယ်။ ဒါကြောင့်မိမိတို့ လူသားတွေသာ ပိုင်ဆိုင်တဲ့ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့် ပြန်လည်ရရှိဖို့ အသက်ပေး တိုက်ယူကြပါ။
၎။ လွတ်လပ်စွာတွေးခေါ်ခွင့်…… .ဒီအခွင့်အရေးကောရကြပြီလား။ လွတ်လပ်စွာတွေးခေါ်ခွင့်က ကိုယ်စိတ်ထဲ ကိုယ်တွေးတာ ဘယ်သူသိတာမှတ်လို့လဲ နအဖ အုပ်စုတွေက မင်းကိုလွတ်လပ်စွာ မတွေးခေါ်ရဘူးလို့ ချုပ်ချယ်နေလို့လားလို့ မေးစရာရှိပါတယ်။ ဟုတ်ကဲ့ဖြေပါမယ်... ချုပ်ချယ်နေပါတယ်။ ဘာကြောင့်လဲ..ကျနော်တို့ ပြည်သူတွေ အားလုံးသိကြတဲ့အတိုင်း မိမိကတွေးခေါ်ယူဆတယ်ဆိုတာ လွတ်လပ်စွာပြောချင်လို့ လွတ်လပ် စွာရေးချင်လို့ပါ။ မိမိတွေးခေါ်တာ မှန်သမျှမရေးရဘူး မပြောရဘူးဆိုတာ သိနေတဲ့အတွက် မိမိတွေးခေါ် နေလဲ အလကားပါပဲဆိုပြီး အတွေးအခေါ်တွေကိုပါ သတ်ပစ်လိုက်ရာ ရောက်ပါတယ်။ ဒါကြောင့် မြန်မာလူမျိုး တော်တော်များများဟာ တွေးခေါ်စဉ်းစားရမှာကို သေမှာထက်ကို ကြောက်နေကြပါတယ်။ မတွေးခေါ်ရဲကြတော့ပါဘူး။ ဒီလုပ်ရပ်ဟာ မှန်လားမှားလားဆိုတာကို တွေးခေါ်စဉ်းစားမ မရှိကြတော့ပါဘူး။ အထက်ကအမိန့်ဆိုပြီး ခိုင်းတာမှန်သမျှ မှားမှားမှန်မှန် မစဉ်းစားပဲ အကုန်လုပ်ကြတာပါပဲ။ နအဖ စစ်အုပ်စုထဲမှာလဲ တော်တော်များများဟာ လူမပီသကြတော့ပါဘူး။ လူသားတွေသာ ပိုင်ဆိုင်တဲ့လွတ်လပ်စွာ တွေးခေါ်ခွင့်ဆိုတာကို သူတို့တော်တော်များများ မေ့ကုန်ကြပါပြီ။ တိရစ္ဆာန်တွေလိုပဲ ထူးမခြားနားဘ၀တွေနဲ့ နိဂုံးချုပ် နေကြပါတယ်။
တချို့ပါမောက္ခတွေ၊ ဆရာဝန်တွေ၊ စစ်ဗိုလ်တွေ ၊ဘွဲ့ရတွေ တော်တော်များများဟာ ဘာမှပညာမတတ်တဲ့ ဘာမှအတွေးအခေါ် မရှိတဲ့ ကိုယ့်လူမျိုး ကိုယ်ပြန်သတ်နေတဲ့ လူယုတ်မာကြီး ဦးသန်းရွှေ ခိုင်းတာမှန်သမျှ လိုက်လုပ်နေကြတာဟာ လွတ်လပ်စွာတွေးခေါ်ခွင့် မြန်မာနိုင်ငံမှာ ပျောက်နေခဲ့တာ ကြာခဲ့လို့ဖြစ်ပါတယ်။ သူတို့လုပ်ရပ်တွေ မှန်သလား မှားသလား မတွေးခေါ် နိုင်ကြတော့ပါဘူး။ တိရိစ္ဆာန် တွေလိုပါပဲ။ ဘာမှမတွေးခေါ်ကြတော့ပါဘူး။ ဒါကြောင့်သူတို့တွေ သေကြတဲ့အခါမှာလဲ ဘာမှသမိုင်းမှတ်တမ်း မကျန်ပဲ တိရိစ္ဆာန်တွေလိုပဲ ခွေးသေ ၀က်သေ သေကြရတာဖြစ်ပါတယ်။ ဒါကိုယ် သူတို့ရဲ့အာဏာရှင်ဖခင်ကြီး ဗိုလ်နေ၀င်းက လမ်းပြခဲ့ပြီးဖြစ်ပါတယ်။ ဒါဟာမြန်မာနိုင်ငံမှာ လွတ်လပ်စွာ တွေးခေါ်ခွင့်မရှိခြင်းရဲ့ အကျိုးဆက် တွေဖြစ်ပါတယ်။
နအဖ စစ်အုပ်စုကျင်းပမဲ့ ရွေးကောက်ပွဲဟာ ဒီအခွင့်အရေးလေးရပ် လုံးဝပေးမထားပါဘူး။ ဒါကိုယ်သိပါလျက် လုံးဝ အညံ့ခံကြမည်ဆိုလျှင် မိမိတို့ရလာတဲ့ လူဘ၀ဟာ တိရိစ္ဆာန်ဘ၀နဲ့ဘာမှမခြားနားပါဘူး။ လူသားတွေ မှာသာ ပိုင်ဆိုင်တဲ့ လူအခွင့်အရေးကို လူသားတွေဖြစ်တဲ့ ပြည်သူတွေ ကိုယ်တိုင်တိုက်ပွဲဝင် ဆန္ဒပြကြိုးစားကြ မှသာလျှင် ဧကန်မုချ ရရှိမှာဖြစ်ပါတယ်။ အချောင် ရေသာခိုစိတ်ဓါတ်ဖြင့် မရရှိနိုင်ပါ။ မိမိတို့လူသားတွေသာ ပိုင်ဆိုင်တဲ့ လူ့အခွင့်အရေးလေးရပ်ကို မိမိတို့မြင့်မြတ်တဲ့ လူသားတွေ ကိုယ်တိုင်ဆန္ဒပြတိုက်ပွဲဝင် ကြိုးစား ကာ ရအောင်နိုင်အောင် ယူနိုင်ကြပါစေဟု ဆန္ဒပြုရင်း…………………..
မင်းသုည(ဗုဒ္ဓတက္ကသိုလ်)
ပေးပို့သော ကိုအရှည်ကြီးအားကျေးဇူးတင်ရှိပါသည်။
0
“အန်အယ်လ်ဒီနှင့် ၂၀၁၀ ရွေးကောက်ပွဲ ”
လူထုစိန်ဝင်း၏ အမြင်
မိုးမခ၀က်ဘ်ဆိုက် (မတ် ၁၉၊ ၂၀၁၀)
ရွေးကောက်ပွဲဥပဒေကို ကြေညာတဲ့နေ့က စပြီးတော့ တယောက်ပြီး တယောက် လူငယ်တွေရော လူကြီးတွေ ရော လာလာပြီးတော့ မေးကြတယ်။ မေးကြတဲ့အကြောင်းကတော့ အန်အယ်လ်ဒီဟာ ရွေးကောက်ပွဲ ၀င်မယ် ထင်သလား။ ပါတီမှတ်ပုံမတင်ဘဲ ရွေးကောက်ပွဲလည်း မ၀င်ဘူးဆိုပြီးတော့ ရွှေဂုံတိုင်ကြေညာစာတမ်းကိုပဲ ဆုပ်ကိုင်ပြီး ရပ်တည်သွားမလား ဆိုတဲ့မေးခွန်းကို တယောက်ပြီး တယောက်မေးကြတယ်။ မေးကြတဲ့သူတိုင်း ကိုလည်း တခုတည်းသော အဖြေကိုပဲ ကျနော်ပေးခဲ့တယ်။
အဲဒါဘာလဲဆိုတော့ အန်အယ်လ်ဒီဟာ ပါတီလည်း မှတ်ပုံတင်မှာပဲ၊ ရွေးကောက်ပွဲလည်း ၀င်မှာပဲဆိုတဲ့ အဖြေ ပဲ။ ဘာကြောင့်ဒီလို တပ်အပ်ဖြေလိုက်သလဲဆိုတော့ နှစ် (၂၀) ကာလအတွင်း အန်အယ်လ်ဒီ ဌာနချုပ် ခေါင်း ဆောင်တွေရဲ့ ရပ်တည်ချက်ဟာ ထင်ရှားနေတယ်။ သူတို့ရပ်တည်ချက်ကဘာလဲဆိုရင် အစိုးရ မကြိုက်တာ မှန်သမျှ ဘာမှမလုပ်ဘူး၊ အစိုးရခိုင်းတာပဲ လုပ်မယ်။ ဒါသူတို့ရဲ့ အနှစ် (၂၀) လုံး ရပ်တည်ချက်ပဲ။ အဲဒီအနှစ် (၂၀) အတွင်းမှာ တိုင်းပြည်အတွက် အရေးကြီးတဲ့ကိစ္စတွေ ပေါ်ပေါက်လာတဲ့ အခါတိုင်းမှာလည်း အန်အယ်လ် ဒီဟာ မသိကျိုးကျွန်ပြုနေခဲ့တာပဲ။
ပြည်သူပြည်သားအတွက် အရေးကြီးတဲ့အချိန်မှာ ပြည်သူလူထုအတွက် ဘာမှမလုပ်ဘဲ ရပ်တည်နေရင် အဲဒီပါ တီဟာ ဘာအဓိပ္ပါယ်ရှိမှာလဲ။ ပါတီတခုရဲ့ တန်ဖိုးဆိုတာ ပြည်သူလူထုအကျိုးကို ဘယ်လောက် သယ်ပိုးရွက် ဆောင်သလဲ ဆိုတဲ့အချက်နဲ့ တိုင်းတာရတယ်။ ဒီနေ့ အန်အယ်လ်ဒီဌာနချုပ်ရဲ့ လုပ်ဆောင်ချက်တွေကို ကြည့် ရင်တစညတို့ ကြံ့ဖွံ့တို့နဲ့ ဘာမှမထူးတော့ဘူး။ အစိုးရခိုင်းတာပဲ လုပ်မယ်။ အစိုးရမကြိုက်တာ မလုပ်ဘူး။ ဒါ ဆိုရင်တော့ တစညနဲ့လည်း တူတူပဲ၊ ကြံ့ဖွံ့နဲ့လည်း အတူတူပဲ။
တခါတုန်းက ဆရာပြောခဲ့ဖူးတယ်။ အန်အယ်လ်ဒီပါတီဟာ အသက် ၈၀ ကျော်တွေ ၉၀ ကျော်တွေ ဖြစ်ကုန် ကြပြီ မျက်စေ့မမြင်တဲ့သူလည်း မမြင်တော့ဘူး။ နားမကြားတဲ့သူလည်း မကြားတော့ဘူး။ အစည်းအဝေး လုပ် ရင်းနဲ့ ထိုင်ရင်းနဲ့ ငုတ်တုတ်ကြီး မေ့နေတဲ့သူလည်း မေ့နေကြပြီ။ အသက်အရွယ်တွေ အိုမင်းနေကြပြီ။ လူငယ် တွေနဲ့ အစားထိုးသင့်တယ်လို့ ပြောခဲ့တယ်။ အဲဒီမှာ စကားလုံးတလုံး သုံးလိုက်တယ်။ အန်အယ်လ်ဒီပါတီဟာ နိုင်ငံရေးပါတီတခု၊ ဌာနချုပ်တခုနဲ့ မတူဘူး။ နိုင်ငံရေးပါတီဆိုတာ အမြဲတမ်း နိုင်ငံရေးအကြောင်း လူမှုရေးအ ကြောင်းတွေ ဆွေးနွေးငြင်းခုံနေကြတယ်။ ဘယ်နိုင်ငံရေးပါတီမဆို။ အန်အယ်လ်ဒီပါတီမှာတော့ အကုန်လုံး ဟာတိတ်ဆိတ်နေတာပဲ။ ဒါကြောင့်မို့လို့ ဆွံ့အနားမကြားကျောင်းနဲ့ တူတယ်လို့ အဲဒီတုန်းက ပြောခဲ့တယ်။ ပြောတော့ တော်တော်လေးကိုပဲ သူတို့ တီကို ဆားနဲ့ တို့လိုက်သလို ဖြစ်ပြီး မခံချိမခံသာတွေ ဖြစ်ကုန်ပြီး မိုက် မိုက်ရိုင်းရိုင်း တုံ့ပြန်တာတွေလည်း ကြားရတယ်။
အဲဒီလိုပြောပြီးတော့ ဒုတိယတခေါက် ထပ်ပြီးတော့ ပြောဖို့ ရှိသေးတယ်။ အဲဒီ ပြောမယ့်ဟာကတော့ ဌာနချုပ် ကိုအမြောက်နဲ့ ပစ်ကြ၊ အဲဒါကို ဒုတိယအကြိမ်ပြောဖို့ ရည်ရွယ်ထားတာ။ အဲဒီအခြေအနေမှာ အန်အယ်လ်ဒီပါ တီအပေါ်မှာ တဘက်က ပရက်ရှာ(ဖိအား)တွေလည်း သိပ်များလာတယ်။ အဲဒီအတွက် ခဏလေးတော့ စောင့် နေလိုက်ဦးမယ် ဆိုပြီးစောင့်နေလိုက်တာ။
စောင့်နေလိုက်တဲ့အတွက် ဌာနချုပ်ကို အမြောက်နဲ့ထုကြဆိုတာကို မပြောလိုက်ရဘူး အဲဒီတုန်းက ပြောလိုက် ရရင် တော်တော်ကောင်းမယ်ဆိုပြီး အခုနောင်တရမိတယ်။ ဘာကြောင့် ဌာနချုပ်ကို အမြောက်နဲ့ထုခိုင်းတာလဲ ဆိုတော့ အန်အယ်လ်ဒီဌာနချုပ်ဟာ အနှစ် (၂၀) အတွင်းမှာ ဘာတခုမှ တိုင်းပြည်အတွက် ပြည်သူလူထုအ တွက်လုပ်တာမရှိခဲ့ဘူး။ ပါတီဌာနချုပ်ဟာလည်း ဒီမိုကရေစီပါတီတခုနဲ့ မတူဘူး။ မဆလပါတီနဲ့ ဘာမှ မထူး တော့ဘူး။ တယောက်ထဲကနေပြီးတော့ အကုန်လုံးကို စီမံခန့်ခွဲပြီး အမိန့်ပေးနေတာ။ အဲဒီအမိန့်ပေးနေတာကို ပြန်ပြီးတော့ ပြောလား ဆိုလား ငြင်းလား ခုံလားလည်း ဘာမှမရှိဘူး။ အဲဒီတော့ အန်အယ်လ်ဒီဌာနချုပ်ဟာ တ တိုင်းပြည်လုံးမှာရှိတဲ့ အန်အယ်လ်ဒီ အောက်ခြေပါတီဝင်တွေနဲ့ လုံးဝကင်းကွာပြီးတော့ တခြားစီဖြစ်နေပြီ။
အဲဒီတော့ သာမန်အားဖြင့် အပြင်မှာ နောက်ရင်းပြောင်ရင်း လူငယ်တွေကို ပြောလေ့ရှိတယ်။ အန်အယ်လ်ဒီ လက်ရှိ ရှိနေတဲ့ (၈၀) ကျော် (၉၀)ကျော် စီအီးစီတွေအစား တက်တက်ကြွကြွနဲ့ ရဲရဲတောက် လုပ်ကိုင်နေကြတဲ့ အမျိုးသမီးတွေနဲ့ အစားထိုးလိုက်ရင်တောင်မှ အန်အယ်လ်ဒီဟာ ဒီ့ထက် အဆတရာလောက်ကို ပိုပြီးတော့ ကောင်းသွားမယ်လို့ ပြောခဲ့တယ်။ အန်အယ်လ်ဒီမှာ အင်မတန်တော်ပြီး အင်မတန် သတ္တိရှိကြတဲ့ အန်အယ်လ် ဒီပါတီဝင် ပီသတဲ့ အမျိုးသမီးတွေ တပြည်လုံး အများကြီးရှိကြတယ်။
လူတွေကို မသိပေမယ့်လို့ နာမည်တွေကို ကြားဖူးနေပြီး ခေါင်းထဲမှာစွဲနေတဲ့ နာမည်တွေ မန္တလေးက ဒေါ်ဝင်း မြမြတို့၊ မိတ္ထီလာက ဒေါ်မြင့်မြင့်အေးတို့၊ ရန်ကုန်က နော်အုန်းလှတို့၊ ဘားအံက နန်းခင်ထွေးမြင့်တို့၊ မကွေးက ဒေါ်ခင်စောဌေးတို့၊ ဒေါ်အုန်းမြတို့၊ ခင်စန္ဒာဝင်းတို့ဆိုတဲ့ နာမည်တွေ အဲဒီအမျိုးသမီးတွေဟာ တကယ်တမ်း ပြည်သူလူထုအတွက် တက်တက်ကြွကြွ အလုပ်လုပ်ကြတယ်။ ဘယ်ပြဿနာပဲ ဖြစ်ဖြစ် ငြိမ်မနေကြဘူး သူတို့ ၀င်ပါကြတယ်။ ကလေးစစ်သားကိစ္စလည်း ၀င်ပါကြတာပဲ။ လယ်ယာမြေ အသိမ်းခံရတဲ့ကိစ္စလည်း ၀င်ပါကြ တာပဲ။ နာဂစ်ကိစ္စဆိုလည်း တက်တက်ကြွကြွ ၀င်လုပ်ကြတာပဲ။ အဲဒီအမျိုးသမီးတွေနဲ့ အစားထိုးလိုက်ရင် တောင်မှ အန်အယ်လ်ဒီဟာ ပိုကောင်းသွားမယ်ဆိုပြီး နောက်ပြောင်ပြီး အပြင်မှာ ပြောလေ့ရှိတယ်။
အဲလိုပြောရလောက်အောင်ပဲ လက်ရှိ အန်အယ်လ်ဒီရဲ့ ခေါင်းဆောင်မှု စီအီးစီတွေဟာ ဘာမှကိုပဲ သုံးမရ လောက်အောင် ဖြစ်နေတယ်။ ဒါကြောင့်မို့လို့ ဒီရွေးကောက်ပွဲဥပဒေ ထွက်လာတဲ့အခါ သေချာပေါက် အစိုးရအ ကြိုက် လိုက်လုပ်မှာပဲလို့ ဆရာက ယူဆပြီး မှတ်ပုံလည်းတင်မှာပဲ ရွေးကောက်ပွဲလည်း ၀င်မှာပဲလို့ ပြောလိုက် တယ်။
ရွေးကောက်ပွဲ ၀င်တာ ကောင်းတယ် မကောင်းဘူး၊ မှတ်ပုံတင်တာ ကောင်းတယ် မကောင်းဘူးလို့ ဆရာက ပြောတာမဟုတ်ဘူး။ ဒါက မည်သူမဆို နိုင်ငံသူနိုင်ငံသားတိုင်း လွတ်လွတ်လပ်လပ် ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ ကိစ္စ၊ ဆရာ့အနေနဲ့ အကောင်းအဆိုး ဘာမှ ဝေဖန်စရာ အကြောင်းမရှိဘူး။ ရွေးကောက်ပွဲ ၀င်မယ့်သူတွေကိုလည်း ဆရာ ဘာမှပြောစရာ အကြောင်းမရှိဘူး။ အန်အယ်လ်ဒီပါတီအနေနဲ့ကတော့ မူမရှိတဲ့အဖြစ်ကို ထောက်ပြတာ ပါ။
သူတို့ပါတီကို ဒေါ်အောင်ဆန်းစုကြည် မပါဘဲ အန်အယ်လ်ဒီဟာ ရွေးကောက်ပွဲဝင်ခဲ့ရင် နောက်ဆုံးမှာ သူတို့ပဲ ခွက်ခွက်လန်အောင် ရှုံးပြီးတော့ အရှက်ကွဲကြမှာ။ ၁၉၉၀ ရွေးကောက်ပွဲတုန်းက တစညက (၇) နေရာ အနိုင်ရ တယ်။ ဒီတကြိမ်ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီဟာ (၇) နေရာမပြောနဲ့ (၃) နေရာ (၄) နေရာတောင် အနိုင်ရ မယ်လို့ ဆရာတော့ မထင်ဘူး။ ဘာလို့ဆိုတော့ အန်အယ်လ်ဒီပါတီဟာ လူထုက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါ တီလို့ နားလည်ထားတာ၊ ဒေါ်အောင်ဆန်းစုကြည် မပါတဲ့ အန်အယ်လ်ဒီဟာ အသက် ၀ိညာဉ်မရှိတဲ့ အဖွဲ့အ စည်းပဲဖြစ်မယ်။ သူတို့ဘယ်လိုနည်းနဲ့မှ ရွေးကောက်ပွဲမှာ နိုင်မှာမဟုတ်ဘူး။ နိုင်တာ ရှုံးတာထား၊ ရွေးကောက် ပွဲ ၀င်တာမ၀င်တာလည်း သူတို့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ လုပ်ခွင့်ရှိပါတယ်။ ဒါတွေကို ကောင်းတယ် မ ကောင်းဘူးလည်း မပြောဘူး၊ မှတ်ပုံတင်သင့် မတင်သင့်လည်း ဆရာမပြောဘူး။ အန်အယ်လ်ဒီ ရွေးကောက်ပွဲ ၀င်မလား၊ မ၀င်ဘူးလားလို့ လာလာမေးကြတဲ့သူတွေကို အဲလိုဖြေလိုက်တာ။ အဲလိုဖြေရတဲ့ အကြောင်းရင်းကို ဆရာ ရှင်းပြတာ။
ဒါက တလျှောက်လုံးပေါ့လေ မောင်စူးစမ်းတို့ပြောခဲ့တဲ့ စကားရှိတယ်။ ရွေးကောက်ပွဲမှတပါး အခြားနည်းလမ်း မရှိပြီ။ ရွေးကောက်ပွဲဆိုတာဟာ ထွက်ရပ်လမ်းမဟုတ်ဘူး။ အခြားနည်းလမ်းတွေနဲ့လည်း အကျပ်အတည်းမှ လွတ်မြောက်အောင် လုပ်လို့ရတာ ရှိနိုင်တယ်၊ ရှိအောင်လည်း ရှာရမယ်။ ဒါနိုင်ငံရေးပါတီတွေရဲ့ တာဝန်ဖြစ် တယ်။ ၈၈ တုန်းက အန်အယ်လ်ဒီ မရှိခဲ့ပါဘူး။ ၈၈ ကြောင့် အန်အယ်လ်ဒီပါတီဆိုတာ ပေါ်ပေါက်လာတာ။ အခု အန်အယ်လ်ဒီမှာ စီအီးစီ လုပ်နေတဲ့ ပုဂ္ဂိုလ်တွေ ၈၈ တုန်းက ဒီလူတွေ ဘယ်မှာရှိသလဲ။ ၈၈ ကြောင့်မို့ သူတို့ ဟာ စင်ပေါ်ရောက်လာတဲ့သူတွေပါ။ အန်အယ်လ်ဒီမရှိလည်း ၈၈ လို တနိုင်ငံလုံးအတိုင်းအတာနဲ့ ကြီးမားတဲ့ အုံကြွမှုကြီးတခုဟာ ဖြစ်ပေါ်လာခဲ့တာပဲ။ အခုလည်း ၈၈ လိုပဲ အန်အယ်လ်ဒီမရှိလဲဘဲ တိုင်းပြည်က ဘာမှမဖြစ် ပါဘူး။ အန်အယ်လ်ဒီရှိနေလည်း ဘာမှ မဖြစ်ပါဘူး။
လွန်ခဲ့တဲ့ (၂) နှစ် (၃) နှစ်က အင်တာနေရှင်နယ် ဟယ်ရယ်ထရီဗြွန်းမှာ ဆရာဆောင်းပါးရေးခဲ့တယ်။ အခြေအ နေဟာ ဒီအတိုင်းသာသွားလို့ရှိရင် နောက်ဆုံးမှာ လူတွေဟာ မခံမရပ်နိုင်ဖြစ်ပြီး သည်းမခံနိုင်တဲ့အဆုံး အုံကြွမှု တွေ ပေါ်လာနိုင်တယ်။ အဲဒီလို သွေးချောင်းစီးမှုတွေ မဖြစ်စေချင်တဲ့အတွက် အားလုံးဟာ နိုင်ငံရေးပါတီရော အစိုးရရော လူကြီးလူကောင်းတွေ စကားပြောကြပါ။ ဆွေးနွေးညှိနှိုင်းပြီး အဖြေရှာကြပါလို့ ဆရာ ရေးခဲ့ဖူး တယ်။ ဒါတွေကို ဆရာတို့က ကြိုပြီးတော့မြင်နေလို့ပဲ။
၇၄ ခုနှစ်တုန်းကလည်းပဲ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ မရှိတာနဲ့စာရင် ရှိတာက ကောင်းတာပေါ့လို့ဆိုပြီး တော့တခဲနက်ထောက်ခံခဲ့ကြတာပဲ။ ရွေးကောက်ပွဲတွေ တခုပြီး တခုလုပ်ခဲ့တာပဲ။ သို့သော်လည်း အဲဒါတွေ ဟာ ကောင်းတဲ့ရလဒ် ရခဲ့သလား။ မရခဲ့ဘူး။ မရခဲ့လို့ပဲ ၈၈ နဲ့ အဆုံးသတ်သွားခဲ့တာပဲ။ အခုလည်းပဲ ဒီရွေး ကောက်ပွဲကြောင့် ရလဒ်ကောင်းတွေ ထွက်လာမယ်လို့ ဘယ်လိုမှ ပြောလို့မရဘူး။ လက်တွေ့ ပြည်သူလူထုရဲ့ အခြေခံစားဝတ်နေရေး ပြဿနာကို ဖြေရှင်းနိုင်ခြင်း မရှိသေးဘူး။ မရှိရင် နောက်ဆုံးမှာ လူတွေဟာ ငတ်လာ ရင်တော့ ဘယ်သူမှ ငြိမ်နေကြမှာမဟုတ်ဘူး။ ဒီလို ၈၈ တုန်းကလို သွေးချောင်းစီးမှုတွေ ဖြစ်လာမှာကို စိုးရိမ် တယ်။ မဖြစ်စေချင်ဘူး။ မဖြစ်စေချင်တဲ့အတွက် အဲဒါကြောင့်လည်း စကားပြောကြပါ။ ဆွေးနွေးကြပါလို့ ပြော နေရခြင်းဖြစ်တယ်။ ဒါမလုပ်ရင် ဘာလုပ်မလဲဆိုတာ တိုင်းသူပြည်သားတွေရဲ့ တာဝန်မဟုတ်ဘူး။ နိုင်ငံရေးသ မားတွေ၊ တိုင်းပြည်ကို ဦးဆောင်နေသူတွေရဲ့ သူတို့ရဲ့တာဝန်ဖြစ်တယ်။ ဒီတာဝန်ကို သူတို့ဟာ ကျေပြွန် အောင် ထမ်းဆောင်ဖို့အတွက် သူတို့ဟာ ဒီနည်းလမ်းတွေကို ရှာရမှာပဲ။”
0 NLD ရွေးကောက်ပွဲဝင်မည် စဉ်းစားနေသည်၊ ထို့ကြောင့် ဤသို့ဝေဖန်ရပါသည်
NLD ရွေးကောက်ပွဲဝင်မည် စဉ်းစားနေသည်၊ ထို့ကြောင့် ဤသို့ဝေဖန်ရပါသည်၊
စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲဥပဒေကို ဝေဖန်နေကြသည်။ ပြည်တွင်းမှ နိုင်ငံရေးပါတီများ၊ နိုင်ငံတကာမှ အစိုးရများ အပြင် ကုလသမဂ္ဂမှပါ ဝေဖန်နေကြပါသည်။ ယင်းကား ဤဥပဒေမှာ ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ်ပြီး ထုတ်ထားခြင်းဖြစ်သည်။ ထို့ကြောင့် တရားမျှတမှူမရှိဟု တညီတညွတ်တည်း ပြောဆိုနေကြသည်။ ဤနေရာ၌ အရှည်သဖြင့် မရေးချင်တော့။ လူတိုင်းလိုလို ရွေးကောက်ပွဲဥပဒေကို လေ့လာပြီးကြပြီးဖြစ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကမူ ပို၍ပင်လေ့လာတွက်ချက်ပြီးကြပြီးဖြစ်သည်။ တချိန်ထဲမှာပင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစည်းဝေးမတိုင်ခင်က တပါတ်အလိုကပင် ကျွန်တော်သည် ဆောင်းပါးဖြင့် သတိပေးရေးသားခဲ့သည်။ သူတို့အဖွဲ့ချုပ်အတွင်း စိတ်ဝမ်းမကွဲကြရန် ၊သွေးစည်းညီညွတ်ရန် ရေးသားတင်ပြခဲ့သည်၊ ယခုတော့ အစည်းအဝေးထိုင်ပြီးသည်နှင့် ကွဲပြဲလာနေကြပြီဆိုသော သတင်းကြားလာရပြီ။
NLD ၏ နောက်ခံသမိုင်းကို ဤနေရာ၌ စဉ်းစားကြည့်သည်။ နိုင်ငံရေးပါတီအဖြစ်ပေါ်ပေါက်လာခြင်း၊ လှုပ်ရှားလာခြင်း မှသည် ယခုအချိန်ထိ လေ့လာကြည့်သည်။ မတရားအမိန့်ကို တာဝန်အရ ဖီဆန်ကြ ဆိုသော စကားမှာ သူတို့ဆီက လာသော ကြွေးကြော်သံဖြစ်သည်။ ယခုမတရားသောအမိန့်ကို ထုတ်ထားပါသည်။ သူတို့မည်သို့အတွက်ကြောင့် မဖီဆန်ကြပါသနည်း။ နိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်လိုက်သည်ဆိုလျင် ရွေးကောက်ပွဲကို ၀င်ရမည်ဖြစ်သည်၊
ရွေးကောက်ပွဲကိုဝင်လျင် ၉၀ ခုနှစ်ကလို NLD က တနိုင်ငံလုံးတွင် မဲအပြတ်အသတ်နိုင်မည်ဟု ထင်လျှင် ငါးပါးကြီးမှောက်ပါလိမ့်မည်၊ ရိုးစင်းစွာ ပြောလိုပါသည်၊
ကောင်းပါပြီ။ ယခု စစ်အစိုးရက တနိုင်ငံလုံးတွင် အကွက်ချပြီး စီစဉ်နေပြီးဖြစ်သည်။ စစ်အစိုးရ၏ ကောက်ကျစ်ယုတ်မာမူများကို ယခုကတည်းက ကြားနေကြသည်။ သူတို့ကို မည်သို့နည်းနှင့်မျ ယဉ်နိုင်ရန်အကြောင်းတရားမရှိချေ။ သူတို့မှ တရားဥပဒေမရှိ။
၎င်းမှာရွေးကောက်ပွဲကို ၀င်လျှင် အရှုံးနှင့် ရင်ဆိုင်ရမည်ကို လွယ်လွယ်ကလေး သုံးသပ်တင်ပြခြင်းဖြစ်သည်။ှ ဒေါ်အောင်ဆန်းစုကြည်မပါသော ၊ဦးဝင်းတင် မပါသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် မည်သည့်နည်းနှင့်မျ ပျံသန်းနိုင်သော အခြေအနေမရှိ။ တောင်ပံကျိုးနေသောငှက်တကောင်လိုဖြစ်နေပါလိမ့်မည်။ ထားပါတော့။ နိုင်လျှင်လည်းရှုံး ရှုံးလျှင်လည်း ရှုံး လုပ်မည့် ဤပြိုင်ပွဲမှာ မည်သည့်နည်းနည်းနှင့်မျှ ၀င်ပြိုင်သင့်စရာ အကြောင်း မရှိ။ ဤအချက်ကို ထည့်တွက်ကြည့်ရန်အရေးကြီးသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် အဖွဲ့အစည်းတခု ပါတီတခု ဖြစ်သည်။ သို့သော် ယင်းအဖွဲ့ချုပ်ထက်၊ အဖွဲ့အစည်းထက် ၊ အခြားလူပုဂ္ဂိုလ်များထက် ဒေါ်အောင်ဆန်းစုကြည်၏ ဂုဏ်ပုဒ်ကပို၍ ကြီးမားပါသည်။ သူမမှာ နိုင်ငံရေးသြဇါတိက္ကမ အလွန်ရှိပါသည်။ သူမကြောင့် နိုင်ငံတကာမှ လေးစားနေကြခြင်းဖြစ်သည်။ အဖွဲ့ချုပ်မှ နိုင်ငံရေးပေါ်လီစီကြောင့် ၊တော်လို့တတ်လို့ ကြောင့် ၊ မူဝါဒချမှတ်နိုင်ခြင်းကြောင့် ပြည်ပမှ လေးစားနေကြခြင်းမဟုတ်။ နိုင်ငံတကာမှလေးစားနေကြခြင်းမဟုတ်။ ဒေါ်အောင်ဆန်းစုကြည်ကို လေးစားနေကြခြင်းကြောင့် ဆိုသည်ကို ကမ္ဘာကြီးတခုလုံးရှိလူတိုင်း သိရှိနားလည်ကြပါသည်။
နောက်တခုမှာ ၂၀၀၈ ရွေးကောက်ပွဲဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည်ဟု လက်မှတ်ထိုးရတော့မည်။ မည်သည့်လက်မျိုးနှင့် ယင်းမှတ်ပုံတင်စာရွက်ပေါ်မှာ လက်မှတ်ထိုးရန်
ကောင်းပါသည်ခင်ဗျားဆိုကာ ကာကွယ်စောင့်ရှောက်ပါမည်ဟု ခံဝန်ဂတိလက်မှတ်ထိုးရမည်ဆိုခြင်းမှာ NLD အဖို့ ရှက်စရာဖြစ်သည်။ ယင်းမှာ နိုင်ငံရေးပြသနာဖြစ်သည်။ နိုင်ငံရေးပါတီအဖြစ်ရပ်တည်ရေးမှာ မူဝါဒခိုင်မြဲစေရန် အရေးကြီးသည်။ မိမိမူဝါဒထိခိုက်နေပြီဆိုလျှင် သတိထားရတော့မည်ဖြစ်သည်။ မူဝါဒကင်းမဲ့သောပါတီအဖြစ် သက်ရောက်သွားပြီဆိုက ယင်းနိုင်ငံရေးပါတီမှာ လှုပ်ရှားရန်မလွယ်ကူတော့။ လူတွေအယုံအကြည်နည်းပါးသွားသည်။ ယခုတောင်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပုဂ္ဂိုလ်တွေကို ပြည်သူတွေက စိတ်ပျက်နေကြပါပြီ။
ဝန်းနည်းစရာကောင်းသည်မှာ အင်မတန်တက်ကြွသော အဘဦးဝင်းတင်က မှတ်ပုံတင်မည်ဆိုပါက အနားယူတော့မည်။ အဖွဲ့ချုပ်မှ ထွက်ပါတော့မည်ဟု ပြောဆိုလာသည်။ ဤသည်မှာ အလွန်အရေးကြီေးသာ အကြောင်းအရာဖြစ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ခြင်္သေ့ကဲ့သို့ ရဲရင့်သော ဒေါ်အောင်ဆန်းစုကြည်ကရှိနေပြီး ကျားကဲ့သို့ သတ္တိကောင်းသော အဘဦးဝင်းတင်က ၀န်းရံထားနေ၍သာ ဤအဖွဲ့ချုပ်က ဂုဏ်သတင်းကျော်ကြားနေခြင်းဖြစ်သည်။ ပါတီမှတ်ပုံတင်လျင် ဒေါ်အောင်ဆန်းစုကြည်သည်လည်း အဖွဲ့ချုပ်တွင် မပါဝင်တော့ ။ ချက်ချင်း ဦးဝင်းတင်က ထွက်သွား၍ အဖွဲ့ချုပ်တွင် မပါဝင်တော့ဟု ပြော၍ရနိုင်ပါသည်။ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာလတွင် လွပ်မြောက်လာမည်မို့ ယင်းအချိန်မှာ အဖွဲ့ချုပ်တွင် နိုင်ငံရေးတာဝန်က ဆက်လက်ထမ်းဆောင်နိုင်ပါသည်ဟု ပြောသံကြားရသည်။ ဘယ်အချိန်မှာ လွပ်မည်မှန်းမသိသော အခြေအနေကို ထည့်ပြီးစဉ်းစားနေသည်မှာ သဘာဝတော့မကျလှချေ။
သို့သော် ဒေါ်အောင်ဆန်းစုကြည်က အဖွဲ့ချုပ်သို့ ခုထွက်လိုက် ခုပြန်ဝင်လိုက်နှင့် လိပ်ခေါင်းလို နိုင်ငံရေးလုပ်မည့်သူတော့ မထင်။ မူဝါဒတွေ၊ ပေါ်လီစီတွေ၊ နှင့် ခံယူချက်ပြင်းထန်သောသူမို့ ဤမျှစည်းပျက်ကမ်းပျက်ဖြစ်နေသော မခိုင်မြဲသည့်ပုဂ္ဂိုလ်တို့နှင့် လက်တွဲလိမ့်မည်မထင်တော့ချေ။ သူမတဦးတည်းကို လွှတ်ပေးရုံနှင့်မပြီးသေး၊ အဖမ်းဆီးခံနေရသော နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးမှသာ သူမဖမ်းဆီးထားရာမှ လွှတ်ပေးမည်ကိုလက်ခံမည်ဟု ပြောဆိုထားသူဖြစ်သည်။ ပြီးတော့ မတရားတဲ့ အမိန့်အာဏာဟူသမျှ တာဝန်အရဖီဆန်ကြရန် ဒေါ်အောင်ဆန်းစုကြည်က မနေ့ကဘဲ ပြောသေးသည်။
ခြင်္သေ့လည်းမရှိ ကျားလည်းမရှိသော ယင်းဂူကို စစ်အစိုးရက မည်သည့်အချိန်မဆို ဖြိုဖျက်နိုင်သည်ကို မမေ့လျှော့သင့်။ အဓိကလုပ်စရာတခုသာရှိသည်။ ယင်းအချက်ကို မေ့နေကြသည်၊ ယခုစစ်အစိုးရက တချက်ခုပ် သုံးချက်ပြတ်လုပ်လိုက်သည်၊ မှတ်ပုံတင်သည်နှင့် ၂၀၀၈ ဥပဒေတွေလည်း အတည်ဖြစ်ပြီ။ ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားဖမ်းဆီးခံနေရသော သူတွေလည်း ယင်းအဖွဲ့ချုပ်မှာ မရှိတော့။ သူတို့ကလည်း သက်ဆိုးရှည်မည်၊ ဤအချက်တွေကို NLD က ဖြေရှင်းနည်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို အဖွဲ့ချုပ်က ထုတ်ပါယ်လိုက်သောနည်းဖြင့် ဖြေရှင်းခြင်းမှာ အထူးရှက်စရာဖြစ်သည်။ ယင်းနည်းမှာ မလိုအပ်သောအချက်ဖြစ်သည်။
သည်လိုဆိုလျင် ဒေါ်အောင်ဆန်းစုကြည်လည်း အဖွဲ့ချုပ်မှာ ရာသက်ပန်ရှိနေရမည့်နည်းလမ်း၊ ၂၀၀၈ ဥပဒေပျက်စီးစေမည့်နည်းလမ်း၊ စစ်အစိုးရဖြုတ်ချစေမည့်နည်းလမ်းများကို ရှာကြံသင့်သည်၊ ထို့ကြောင့် နိုင်ငံရေးသုံးသပ်သူများက ရှာဖွေဆန်းစစ်နေကြသည်၊ ကျွန်တော်ရှာဖွေသောနည်းလမ်းကို ရဲဝံ့စွာ တင်ပြချင်သည်။ နိုင်ငံရေးပြသနာကို တင်ပြခြင်းမို့ လူတွေကို သေတွင်းပို့ခြင်းဟုတော့ မထင်မှတ်စေလို။ အဘဦးဝင်းတင်ပြောသလို အကြောက်တရားကို စွန့်ကြ။ သွေးစည်းညီညွတ်ကြ။ စစ်အာဏာရှင်စနစ် ကျဆုံးရေးအတွက် ရည်မှန်းချက်ရှိကြစေရန် ရည်ရွယ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဗဟိုကော်မီတီတွေကို တင်ပြခြင်းဖြစ်သည်။
Mandate ရထားပါသည်ဟု ခဏခဏပြောနေသောလွှတ်တော်ကိုယ်စားလှယ်တို့မှာ ယခုအချိန်တွင် ဤတာဝန်ကို ထမ်းဆောင်ရပါတော့မည်၊ ၄င်းမှာကျွန်တော်တွေ့ရှိသောနည်းလမ်းမှာ သုံးပွင့်ဆိုင် ဖိုခနောက်ချိန်ခွင်လျှာ ညီနေရေးဖြစ်သည်။ ဤနည်းလမ်းအတိုင်းကျင့်ကြံလျှင် ဒေါ်အောင်ဆန်းစုကြည်မှာ အဖွဲ့ချုပ်တွင်ရှိနေပါလိမ့်မည်။ ယင်းသုံးပွင့်ဆိုင်ဖိုခနောက်နည်းလမ်းကား ဤသို့ဖြစ်ပါသည်။ ပြည်သူတွေရွေးချယ်တင်မြှောက်
ခြင်းခံရသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက အခြားနိုင်ငံရေးခေါင်းဆောင်များနှင့် စင်ပြိုင်အစိုးရကို ချက်ချင်းဖွဲ့စည်းရန်လိုအပ်ပါသည်။ ထို့ကြောင့် အနည်းဆုံးအစိုးရအဖွဲ့ဝင်
၁၀ ဦးခန့်ဖြင့် ကြေညာရပါလိမ့်မည်။ ယင်းကဲ့သို့ကြေညာ၍ အဖမ်းဆီးမခံရချေ။ အကြောင်းမှာ ၀န်ကြီးချုပ်ဟောင်းဦးးနုက ၈၈ အရေးအခင်းတွင် စင်ပြိုင်အစိုးရကို ဖွဲ့ခဲ့သည်ကို သတိထားရမည်ဖြစ်သည်။ သူ့တုံးက အဖမ်းအဆီးမခံခဲ့ရ။ ဖမ်းခံထိလျင်လည်း ၁၀ ယောက်သော နိုင်ငံရေးခေါင်းဆောင်တို့က ဖြုံမှာမဟုတ်။
နိုင်ငံတကာကို အကူအညီတောင်း၍လည်း ရနိုင်သည်။ ကမ္ဘာ့ကုလသမဂ္ဂကိုလည်း တောင်းနိုင်ပါသည်။ တနည်းအားဖြင့် အမေရိကန်အစိုးရကိုလည်း စစ်ရေးအရ အကူအညီတောင်းနိုင်သည်။ လက်ရှိတပ်မတော်ကိုလည်း တပ်ရင်းများကိုပြန်ဖို့ အမိန့်ချက်ချင်းထုတ်ပြန်ပေးရပါလိမ့်မည်။ နအဖစစ်ကောင်စီကို မတရားအသင်းအဖြစ် ကြေညာရပါလိမ့်မည်။ လွပ်ငြိမ်းချမ်းသာခွင့်ကိုချက်ချင်းထုတ်ပြန်ရပါလိမ့်မည်။ တရက်တည်းတနေ့တည်းမှာ အမျိန့်အာဏာများကို ချက်ချင်းထုတ်ပြန်ပေးရန်အရေးကြီးပါသည်။ ယင်းသို့ စင်ပြိုင်အစိုးရမှ အမိန့်အာဏာထုတ်ပြန်သည့်အခါ ပြည်သူ့လွှတော်ရွေးကောက်ပွဲကို စင်ပြိုင်အစိုးရမှ မည်သည့်နေ့ရက်အချိန်ကာလတွင် ပြုလုပ်မည်ဖြစ်ကြောင်း ကြေညာရန်လိုပါသည်။ ဤအချက်များမှာ နအဖစစ်အစိုးရလည်းပြုတ်ကျသွားသလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လည်း ရပ်တည်စေမည့်နည်းလမ်းဖြစ်သည်။
အကယ်၍ဤအချက်ကို မစဉ်းစားဘဲ နအဖ၏ထောင်ချောက်ကိုသာ စဉ်းစားပြီး ရွေးကောက်ပွဲဝင်ရန်မှတ်ပုံတင်မည် ဆိုပါက ရက်ပေါင်း ၆၀ ဆိုသော သတ်ကွင်းမှာ လည်စင်းခံရုံသာ ရှိပါတော့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မပျက်စီးအောင် ထိမ်းသိမ်းရမည့်တာဝန်မှာ အဖွဲ့ချုပ်ဝင်တို့ဖြစ်သည်။ ရွေးကောက်ပွဲဝင်ရန်မှတ်ပုံတင်သည်နှင့် အဖွဲ့ချုပ်မှာ ပျက်စီးသွားပြီဟု ချက်ချင်းပြောဆိုကြပါတော့မည်။ ဦးအောင်ရွှေသည် မြန်မာ့နိုင်ငံရေးလောကတွင် အဓိကမဟုတ်သလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင်လည်း အဓိကမဟုတ်ချေ။ သူ၏စဉ်းစားတွေးခေါ်ပုံသည် ယခုအချိန်၌ အလွန်မှားယွင်းနေသည်။ သူ့လမ်းစဉ်အတိုင်းလိုက်နာမည်ဆိုက အဖွဲ့ချုပ်မှာ မလွယ်တော့၊
ထို့ကြောင့် NLD ရွေးကောက်ပွဲဝင်ရန်စဉ်းစားနေသည်ဆိုလျင် ကျွန်တော်တို့ဝေဖန်ရပါတော့မည်။ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်စရာမလိုတာ့ပါ။ တစညပါတီနှင့်ပေါင်းပြီး ရွေးကောက်ပွဲကိုပြုလုပ်ကျင်းပလိုက်လျင် ပို၍ပင်သင့်တော်သွားပါလိမ့်မည်။ အကြောင်းမှာ နိုင်လျင်လည်းရှုံး၊ ရှုံးလျှင်လည်းနိုင်မည့်ပွဲမို့ အတိုက်အခံပါတီမဟုတ်သည့်အတူတူ မဟာမိတ်လုပ်ပြီး ရွေးကောက်ပွဲဝင်ရုံသာ ရှိပါသည်။သို့သော် မြန်မာနိုင်ငံရေးလောကတွင်ကား မြောင်းထဲကိုပါမက မြေမြုပ်ခံလိုက်ရပါပြီ၊ နာမည်ဆိုးနှင့်ကျော်ကြားသော စစ်အစိုးရ၏ ရွေးကောက်ပွဲကို ကမ္ဘာကဆန့်ကျင်ပေးနေသည်မှာ လူတိုင်းမပါဝင်၍ဖြစ်သည်၊ တနည်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည်ကိုချန်ထား၍ ဖြစ်သည်။
နာမည်ကောင်းရှိနေသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ယခုအချိန်ထိ ပန်းပန်လျက်တုံး ရှိနေပါသေးသည်။ ဤပန်းကို နွမ်းကြွေအောင် မပြုလုပ်မိရန် လိုပါသည်။ နာမည်ဆိုးနှင့်ကျော်ကြားသော မကောင်းဆိုးဝါး နအဖစစ်အစိုးရသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ခြေနှင့်နင်းချေရုံမက လည်ပင်းကိုတက်နင်းနေသည်မှာကြာပါပြီ။သူနှင့်မှ အတူတူတွဲလုပ်ရန်ကြိုစားသောသူတို့မှာ မူဝါဒ မရှိသူများ။ နိုင်ငံရေးခံယူချက်မရှိသူများသာဖြစ်သည်။ ထို့ကြောင့် သေသေချာချာ စဉ်းစားကြပြီးမှ စစ်အစိုးရကို မတရားအသင်းကြေညာရန် စင်ြ့ပိုင်အစိုးရကိုဖွဲ့စည်းမှသာ အဖွဲ့ချုပ်ရပ်တည်သွားမည်ဟု ပြောချင်သည်။ တနည်းအားဖြင့် မှတ်ပှံတင်မှ နိုင်ငံရေးပါတီအဖြစ် ပြည်သူတွေက လက်ခံမည်ဟု မထင်။ ပြည်သူတွေက မှတ်ပုံမတင်လျင် နိုင်ငံရေးပါတီအဖြစ် ပို၍ပင်လက်ခံထားပါသည်ဆိုသောအချက်ကို မမေ့လျော့ကြရန် အချိန်မှီ သတိပေးလိုက်ရပါကြောင်း ဆိုပါက မှားမည်မထင်။
ခိုင်အောင်ကျော် ( နယူးယောက် )
source။ ။ လမင်းခင်
0 ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့တို့၏ ထုတ်ပြန်ကြေငြာချက်
0 သံရုံးရှေ့ ဆန္ဒပြ မြန်မာလူငယ်များကို အိန္ဒိယရဲက ထိန်းသိမ်း
နယူးဒေလီ (မဇ္ဈိမ) ။ ။ အိန္ဒိယနိုင်ငံ နယူးဒေလီရှိ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ မြန်မာလူငယ် ၇ဝ ခန့် မြန်မာသံရုံးရှေ့၌ ဆန္ဒပြနေစဉ် ရဲက ထိန်းသိမ်းသွားသည်။

၂ဝဝ၈ ခုနှစ် အခြေခံဥပဒေကို အခြေခံထားသော ရွေးကောက်ပွဲဥပဒေကို စစ်အစိုးရက ထုတ်ပြန်လိုက်ရာက မကျေနပ်ကြသော မြန်မာ့အရေး တက်ကြွလှုပ်ရှားသူများက ယနေ့နံနက် ၁၁ နာရီခန့်တွင် ”ဗိုလ်ချုပ်သန်းရွှေ ငရဲပြည်သွား” ဟု အဓိပ္ပာယ်ရသော အင်္ဂလိပ်လို ကြွေးကြော်သံကို အော်ဟစ်လျက် သံရုံးအုတ်နံရံတွင် အနီရောင် သင်္ဘောဆေး မှုတ်ဆေးဘူးများဖြင့် သုတ်လိမ်းကြစဉ် ရဲများက ထိန်းသိမ်းလိုက်ခြင်း ဖြစ်သည်။
“အခုထိတော့ ကျနော်တို့ကို ဘာပုဒ်မနဲ့ တပ်မယ်ဆိုတာ မသိရသေးဘူး။ အခုထိတော့ ဘာမှ မပြောနိုင်သေးဘူး။ ရဲစခန်းထဲမှာပဲ ရှိသေးတယ်။ ဒီစခန်းမှူးနဲ့ နအဖ သံအမတ်နဲ့ တွေ့နေတယ်လို့ သိရတယ်။ ရဲမှူးကို သံရုံးက ခေါ်လို့ သွားနေတယ်။ အခုအချိန်ထိတော့ ကောင်းကောင်းမွန်မွန် ထားတယ်” ဟု ဆန္ဒပြပွဲကို ဦးဆောင်သူ တဦးဖြစ်သည့် ကိုကင်မ်က ဖမ်းဆီးထိန်းသိမ်းခံနေရသည့် ရဲစခန်းအတွင်းမှ ဖုန်းဖြင့် မဇ္ဈိမကို ပြောဆိုခဲ့သည်။

သူတို့ကို ချန်နာကရာပူရီအရပ်ရှိ ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း သတင်းရေးသားစဉ်က နောက်ဆုံး သိရသည်။
ဆန္ဒပြသူများက အနီရောင်လှုံ့ဆော်မှုသဏ္ဍာန် ဆေးနီများသုတ်လိမ်းကြသလို မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ဓာတ်ပုံများကိုလည်း နံရံများနှင့် သံရုံးတံခါးပေါက်ကြီးတွင် ချိတ်ဆွဲကာ ဆေးသုတ်ခဲ့ကြသည်။
မြန်မာနိုင်ငံတွင်း ဖမ်းဆီးခံနေရသည့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ပေးရန်၊ လွတ်လပ်ပြီး ယုံကြည်စိတ်ချရသော ရွေးကောက်ပွဲများကို ကျင်းပရန်၊ မြန်မာစစ်အစိုးရ ကျူးလွန်သည့် လူသားမျိုးနွယ် ဆန့်ကျင်သည့် ပြစ်မှုများနှင့် စစ်ရာဇဝတ်များကို စုံစမ်းစစ်ဆေးမည့် ကုလသမဂ္ဂအနေဖြင့် ကော်မရှင်တရပ် ဖွဲ့စည်းရန် ဆန္ဒပြသူများက တောင်းဆိုခဲ့ကြသည်။

မြန်မာစစ်အစိုးရသည် နှစ်ပေါင်း ၂ဝ အတွင်း ပထမဆုံးအကြိမ် ကျင်းပမည့် ရွေးကောက်ပွဲကို မည်သည့်နေရက်တွင် ကျင်းပမည်ဟု ကြေညာထားခြင်း မရှိသော်လည်း ယခုလ ဒုတိယပတ်အတွင်းမှ စတင်၍ ရွေးကောက်ပွဲ ဥပဒေကို ထုတ်ပြန်ကြေညာလာခဲ့သည်။
အဆိုပါဥပဒေအရ ထောင်ဒဏ်ကျခံနေရသူသည် နိုင်ငံရေးပါတီဝင်မဖြစ်ရဟု ကန့်သတ်ထားသလို လက်ရှိ နိုင်ငံရေးပါတီများအနေဖြင့်လည်း ပါတီမှတ်ပုံတင်ခြင်း ပြန်လည်ပြုလုပ်ရမည်ဖြစ်သည်။
ဥပဒေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသား ၂၁ဝဝ ကျော်ကို ရွေးကောက်ပွဲဖြစ်စဉ်မှ ပထုတ်နိုင်အောင် ရေးဆွဲထားခြင်းဖြစ်သည်ဟု ဒီမိုကရေစီ လိုလားသော အတိုက်အခံများနှင့် မြန်မာ့အရေး လေ့လာသူအများအပြားက ယုံကြည်ကြသည်။
နယူးဒေလီအစိုးရသည် ၁၉၉၅ ခုနှစ် မတိုင်ခင်အထိ မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို တက်ကြွစွာ ထောက်ခံအားပေးခဲ့သော်လည်း အရှေ့မျှော်မူဝါဒဖြင့် တဆစ်ချိုးကွေ့သွားကာ မြန်မာစစ်ဗိုလ်ချုပ်များနှင့် တရင်းတနှီး ဆက်ဆံရေး ထူထောင်လာခဲ့ပြီး၊ အရှေ့တောင်အာရှ နိုင်ငံများအတွင်း ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လာခဲ့သည်။

စစ်အစိုးရ ထုတ်ပြန်သည့် ရွေးကောက်ပွဲ ဥပဒေများကို အနောက်နိုင်ငံများက ဆန့်ကျင်ရှုတ်ချမှုများ ပြုလုပ်ခဲ့သော်လည်း အိန္ဒိယအစိုးရကမူ ယနေ့ထိတိုင် ရေငုံနှုတ်ပိတ်နေဆဲဖြစ်သည်။
နယူးဒေလီတွင် မြန်မာနိုင်ငံသား ဒုက္ခသည်နှင့် ဒုက္ခသည်အဖြစ် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးသို့ လျှောက်ထားသူများ စုစုပေါင်း ၅ဝဝဝ ခန့် နေထိုင်ကြသည်။
ဓာတ်ပုံ။ ။ မိုးမခ
Friday, March 19, 2010
0 ဆင်ဖြူတော်နဲ့ ခွေးတိုးပေါက်
မင်းမှာသစ္စာ လူမှာကတိတဲ့။ လူတိုင်းကြားဖူးတဲ့ စကားပါ။ ခက်တာက အနှစ် လေးငါးဆယ်ကျော် မင်းစိုးရာဇာဆိုတဲ့ ဗမာလူ့အဖွဲ့အစည်းရဲ့ ဖောက်ပြန်တဲ့ အစိုးရ အဆက် ဆက်က သစ္စာလည်းမတည် ကတိလည်း ဘယ်တုန်းကမှ မမြဲလေတော့ ဒီနေ့ခေတ်လူ အများက ဒီစကားဟာ ဘုရားဟော ဘုတ်အုပ်ကြီးတွေထဲက ဟာတွေလို့ပဲ ပေါ့ပေါ့ သဘောထားကြတော့တယ်။ အဲဒီလို အဆက်ဆက်သော အုပ်စိုးသူ ဖောက်ပြန်ရေး သမားတွေရဲ့ ဖောက်ပြန် သစ္စာဖောက်သမျှတွေထဲမှာ အောက်တန်းအကျတကာ့ အကျဆုံး၊ အယုတ်တကာ့ အယုတ်ဆုံး စံချိန်သစ်ကို ပြိတ္တာသန်းရွှေ့နဲ့ စစ်မိစ္ဆာတွေက မတ်လ (၈) ရက် နေ့က ချိုးလိုက်ပါပြီ။ စိတ်ကြိုက်ကုလားဖန်ထိုး စိတ်ကြိုက်ချိုးပြီး ကိုယ့်ဖဲကိုယ်ဝေခဲ့တဲ့ (၉၀) ခု ရွေးကောက်ပွဲဆိုတာကို ပယ်ဖျက်လိုက်ပြီဆိုပါလား။ သူတို့ကိုယ်တိုင် လုပ်ခဲ့ပြီး ရလာဒ်ကို လေးစားပါမယ်၊ အနိုင်ရပါတီကို အာဏာလွဲပေးပါမယ်ဆိုတဲ့ ကတိကို ဖောက်ဖျက်တာပါ။ တကယ်ဆို ဒီလို ကြီးကျယ်တဲ့ ကိစ္စရပ်ကို သီးခြား အမိန့်စာနဲ့ ကြေငြာရမှာ ဖြစ်ပေမဲ့ အခုတော့ ခိုးကြောင်ခိုးဝှက်နဲ့ ရွေးကောက်ပွဲ ဥပဒေတွေထဲမှာ လုံးချထည့်လိုက်တယ်။ ယောက်ျား ရင့်မကြီး စစ်ဗိုလ်စစ်သားလုပ်ပြီး သူရဲဘောနည်းတာ၊ သစ္စာဖောက်တာပါ။
လွယ်လိုက်တာ။ နိုင်ငံ့အရေးကိစ္စကိုလုပ်ချလိုက်ပုံက ဘုရားကြို ဘုရားကြားကနေ ကလေးကုလား ခွေးစကားပြောဆိုသလိုပါပဲ။ ကြောင်လိုက်တဲ့ သူရဲဘော၊ သတ္တိဆိုတာ ဒီဗိုလ်ချုပ်တွေဆီမှာ မုန်ညင်းစေ့ တစေ့စာတောင် မရှိဘူးဆိုတဲ့သဘောပဲ။ ကျလိုက်တဲ့ ဗမာ့သိက္ခာ ကုန်းကောက်ချင် ငရဲပြည်ထိ လိုက်ရမည့်ကိန်း။ ပြီးခဲ့တဲ့ ၂၀၀၇ သံဃာ့အရေးအခင်းတုန်း ကလည်း ကိုယ်ကိုးကွယ်တဲ့ ဘုရားကျောင်းကန်တွေဖျက် သံဃာတွေသတ်ပြီး အမျိုးဘာသာ သာသနာ့ဂုဏ်ကို သူမတူအောင် စော်ကား နှိမ့်ချနိုင်ခဲ့သလို ၂၀၀၈ နာဂစ်မုန်တိုင်းဘေးမှာ လည်း ဒုက္ခသည်တွေကိုဒုက္ခထပ်ပေး၊ နှိပ်စက်၊ အလှူပစ္စည်းတွေကို ခိုးဝှက်ပြီး ကမ္ဘာ့ အလယ်မှာ ဗမာ့ဂုဏ်သိက္ခာကို အစွမ်းကုန် ချပြနိုင်ခဲ့ကြတဲ့ မဟာဗာလနံ လူမိုက်ဗိုလ်ချုပ်တွေပါ။ ထောင်သောင်းချီတဲ့ ကျဆုံးရဲဘော် သူရဲကောင်းတွေ၊ ဒေါ်စုတို့၊ ဦးဝင်းတင်တို့၊ မင်းကိုနိုင်တို့နဲ့ တခြားအကျဉ်းစံ သူရဲကောင်း နှစ်ထောင်ကျော်တို့ ရှိနေလို့သာ တော် တော်တော့သေးတယ်။ သူတို့ရဲ့ ဇွဲ သတ္တိ၊ အာဇာနည်လုပ်ရပ်တွေနဲ့ ကမ္ဘာ့အလယ်မှာ ဗမာ့ဂုဏ် သိက္ခာကို ဖာထေးနေရတယ်။ နိုင်ငံ့ခေါင်းဆောင်ဆိုတဲ့ ဒီဗာလနံ ဗိုလ်ချုပ်တွေလိုသာဆို ဗမာ့ဂုဏ်သိက္ခာဟာ ကမ္ဘာ့အလယ်မှာ ခေါင်းဖော်ရဲ စရာတောင်မရှိဘူး။
သူရဲဘောကြောင်သော၊ သစ္စာမဲ့သော၊ ယုတ်မာသော၊ ကောက်ကျစ်သော၊ စဉ်းလဲ သော၊ တိုင်းပြည်နှင့် လူမျိုးအပေါ် ကျေးဇူးမဲ့သော၊ အရှက်သိက္ခာ ကင်းမဲ့သော၊ မိုက်မဲသော၊ ကြမ်းကြုတ်သော၊ အတ္တကြီးသော၊ တရားမဲ့သော၊ သောတထောင်ပြည့်အောင်ရေ အဲဒီ့ မကောင်းမှု ဂုဏ်ပုဒ်အားလုံးနဲ့ ပြည်စုံနေတဲ့ ပြိတ္တာသန်းရွှေနဲ့ မိစ္ဆာစစ်အုပ်စုရဲ့ အောက်တန်း ကျတဲ့ ဘ၀နဲ့ ဗီဇကို ဒီမတရားဥပဒေတွေက ထုတ်ဖော်ပြလိုက်တာပဲ။ အစိုးရမင်း အမည်ခံပြီး ကိုယ်လုပ်ခဲ့တဲ့ အလုပ်၊ ကိုယ်ပြုခဲ့တဲ့ ကတိကို ခိုးကြောင်ခိုးဝှက်နဲ့ ဖျက်တယ်ဆိုတာ ကိုယ်ဂွေးကို ကိုယ်ပြန်မျိုသလိုပါပဲ၊ ဒီဗိုလ်ချုပ်တွေ သူရဲဘောကြောင်ပုံကတော့ လိုအပ်ရင် အဲဒီပျော့စိစိကြီး မာလာရင်လည်း မျိုအုံးမယ်ဆိုတဲ့ ပုံစံတွေပဲ။
အပုပ်နံ့ တထောင်းထောင်းထနေတဲ့ သူတို့ရဲ့ဥပဒေဆိုတဲ့ မိလ္လာကျင်းအဖုံးကို ဖွင့်ပြပါ ဦးမယ်။ သီးခံကြပါတော့။ ဥပဒေတွေက ဒေါ်စုနဲ့ NLD အတွက် တိုင်းချုပ်ထားတဲ့အတိုင်းပဲ။ ကွက်တိ။ အကျဉ်းကျခံနေသူတွေ ပါတီဝင်မဖြစ်ရဘူး ( နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ- ၁၀/ င) ပါတီခေါင်းဆောင်မဖြစ်ရဘူး ( နပမ ဥ- ၄/င) ရွေးကောက် ခံခွင့်မရှိဘူး ( ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ- ၁၀/ က ) ပြီးတော့ ပါတီတွေရဲ့ လွတ်လပ်ခွင့်နဲ့ ရပ်တည်ခွင့်ဆိုတာကို သူတို့ လက်ခုတ်ထဲက ရေဖြစ်အောင်လုပ်ထားတယ်။ (နပမ ဥ- ၂၀၊ ၂၄)။ ဒါတောင် စစ်ကျွန်ဖွဲ့စည်းပုံထဲမှာ ဒေါ်စုမပါနိုင်အောင်၊ အတိုက်အခံ လုပ်မယ့်သူတွေ မလှုပ်နိုင်အောင် ပြဋ္ဌာန်းထားတဲ့ ကန့်သတ်ချက်တွေ အများကြီးရှိပြီးသား။ တခါ သူတို့ ဖွဲ့လိုက်တဲ့ ကြက်တူရွေးကော်မရှင်က ဘယ်လို ချုပ်ချယ်ရေးနည်းဥပဒေတွေ လုပ်လာဦးမယ်မသိသေးဘူး။ ယုတ်မာမှုတွေ သူရဲဘောကြောင်မှုတွေ ဆက်ရန်ရှိသေးတယ်။
အိန္ဒိယပြည်ဆိုတာ ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံ၊ လူဦးရေ သန်း (၁၁၀၀) ရှိတယ်။ မှတ်ပုံတင်စာရင်းအရ လူမျိုးပေါင်း (၁၆၀၀) ကျော်နဲ့ ပြည်နယ်/ နယ်မြေ (၄၀) ကျော်ရှိတယ်။ ဒီတော့ နိုင်ငံရေးပါတီတွေကလည်း အများကြီး၊ ရွေးကောက်ပွဲ ကော်မရှင်မှာ မှတ်ပုံတင်ထား တဲ့ နိုင်ငံရေးပါတီက (၆၇၀) ကျော်တောင်ရှိတယ်။ မှတ်ပုံမတင်ဘဲ နိုင်ငံရေး စည်းရုံးရေး လုပ်နေတဲ့ ပါတီတွေကလည်း ရာကျော်ရှိတယ်။ မှတ်ပုံမတင်လည်း သက်ဆိုင်ရာ မဲဆန္ဒနယ်က ရွေးကောက်ပွဲ အရာရှိဆီမှာ စာရင်းသွင်းပြီး ရွေးကောက်ပွဲ ၀င်နိုင်တယ်။ ရွေးကောက်နည်း ဥပဒေတွေကို လေးစားလိုက်နာရင် ပြီးတာပဲ။ မှတ်ပုံတင်ထားတဲ့ ပါတီတွေကလည်း ရွေး ကောက်ပွဲကို ၀င်ချင်ဝင်တယ်၊ မ၀င်ချင်မ၀င်ဘူး။ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရှိတယ်။ ရွေးကောက်ပွဲကို ၀င်ကိုဝင်ရမယ်လို့ စစ်အုပ်စုရဲ့ ဥပဒေလို အကြပ်ကိုင်ထားတာမရှိဘူး၊ အဓမ္မပုဒ်မတွေ မရှိဘူး။
ဗဟိုအဆင့် ပါတီ ( National) ဒေသပါတီ (State/ Regional) ဆိုတာကို ကော်မရှင်က ဆုံးဖြတ်တာမဟုတ်ဘူး။ နည်းဥပဒေအရ ကော်မရှင်က အတည်ပြု သတ်မှတ်ပေးရတာသာ ဖြစ်တယ်။ ဗဟိုအဆင့် ပါတီဖြစ်ဖို့အတွက် ပြည်နယ် အနည်းဆုံး (၁၅)ခုကနေ တပြည်လုံး ဆန္ဒမဲရဲ့ ( ၅) ရာခိုင်နှုန်း ရဖို့လိုတယ်။ ဒါမှမဟုတ် လွှတ်တော်မှာ ပြည်နယ်ငါးခုကို ကိုယ်စား ပြုတဲ့ လွှတ်တော်ရှိ အမတ်ဦးရေရဲ့ (၃) ရာခိုင်နှုန်း ရှိဖို့လိုတယ်။ အဲဒီအချက်တွေနဲ့ ပြည့်စုံရင် အလိုလို ဗဟိုအဆင့် ပါတီဖြစ်တယ်။ ကော်မရှင်က လက်ခံအသိအမှတ်ပြုပေးယုံပဲ။ လူထုသဘော ဆန္ဒကိုပဲ အခြေခံတယ်။ ပြီးတော့ ဟိုလူကို မစည်းရုံးရ၊ ပါတီဝင် မဖြစ်စေရ၊ ခေါင်းဆောင်မလုပ်စေရ ဆိုတာမျိုး ဖောက်ပြန်တဲ့ ကန့်သတ်ချက်တွေမရှိဘူး။
ဒီနေ့ အိန္ဒိယမှာ အာဏာရနေတဲ့ အိန္ဒိယအမျိုးသား ကွန်ဂရက် ပါတီရဲ့ ခေါင်းဆောင် ဟာ ကွယ်လွန်သူ ၀န်ကြီးချုပ်ဟောင်း မစ္စတာ ရာဂျစ်ဂန္ဒီရဲ့ ဇနီး အီတလီနွယ်ဖွား ဆိုနီယာ ဂန္ဒီဖြစ်တယ်။ သူ ၀န်ကြီးချုပ် လုပ်ချင်ရင် အချိန်မရွေးလုပ်နိုင်တယ်။ နိုင်ငံခြားသား သို့မဟုတ် တိုင်းခြားနွယ်ဖွား ဆိုပြီး ခွဲခြား ကန့်သတ်ထားတာမရှိဘူး။ ဘာစည်းကမ်းကမှ ပိတ်ပင်ထားတာ မရှိဘူး။ ဒါပေမဲ့ အခြေအနေအရ သူမလုပ်ဘူး။ လောဘနည်းပြီး စိတ်ဓာတ်ရင့်ကျက် သဘောထားကြီးသူတွေရဲ့ ပြယုဂ်ပါပဲ။
နောက်ပိုပြီး စိတ်ဝင်စားစရာကောင်းတာက ပြစ်ဒဏ်ကျ အကျဉ်းသားတွေလည်း ရွေးကောက်ခံပိုင်ခွင့်ရှိတယ်။ သာဓက က ၁၉၇၅ ခုနှစ်မှာ အင်ဒီရာဂန္ဒီက တိုင်းပြည်အ၀ှန်း အရေးပေါ်အခြေအနေ ကျေညာတယ်။ လူထု လွတ်လပ်ခွင့် တချို့ကို ယာယီရုတ်သိမ်းတယ်။ အတိုက်အခံ နိုင်ငံရေးသမား အမြောက်အများကို ဖမ်းဆီးထောင်ချထားတယ်။ အင်ဒီရာဂန္ဒီရဲ့ အရေးပေါ် အုပ်ချုပ်ရေးကို ပြည်သူတွေက အပြင်းအထန် ဆန့်ကျင် ကန့်ကွက်ကြတယ်။ အဲဒီအချိန်က အလုပ်သများခေါင်းဆောင် အိန္ဒိယ မီးရထားအလုပ်သမားသမဂ္ဂဥက္ကဋ္ဌ မစ္စတာ ဂျော့ဖာနန်ဒက် (Mr George Fernandes) လည်း တဦးအပါအ၀င်ဖြစ်တယ်။ မစ္စတာ ဖာနန်ဒက်ဆိုတာ ဗမာပြည်သူတွေရဲ့ ဒီမိုကရေစီတိုက်ပွဲကို အပြည့်အ၀ အားတက်သရော ထောက်ခံအားပေးနေသူဖြစ်တယ်။ အိန္ဒိယ မီးရထား ဋ္ဌာနဟာ ကမ္ဘာမှာ အကြီးဆုံး ကော်ပို ရေးရှင်းကြီးဖြစ်ပြီး အလုပ်သမား သန်း (၂၀) ကျော်ရှိတယ်။ အိန္ဒိယရဲ့ သယ်ယူပို့ဆောင်ရေး ကဏ္ဍရဲ့ အဓိက မဏ္ဍိုင်ဖြစ်တယ်၊ အသက်သွေးကြောဖြစ်တယ်။ မစ္စတာ ဖာနန်ဒက်က မီးရထား သပိတ်မှောက်ပြီး အရေးပေါ်အုပ်ချုပ်ရေးကို ကန့်ကွက် တိုက်ပွဲဆင်တယ်။ အိန္ဒိယတပြည်လုံး ကမောက်ကမ ဖြစ်ကုန်တယ်။ သူဟာ တခြားတဖက်မှာလည်း လျှို့ဝှက် သံလွှင့်ဋ္ဌာနတခု ထူထောင်ပြီး လူထုကို စည်းရုံးတယ်။ မီးရထား သံလမ်းများနဲ့ အစိုးရ အဆောက်အဦတွေကို ဖောက်ခွဲတိုက်ခိုက်ဖို့ ကြိုးစားခဲ့တယ်လို့ဆိုတယ်။
ဒီအခြေအနေတွေကြောင့် ၁၉၇၆ ခုနှစ်မှာ အင်ဒီရာဂန္ဒီရဲ့ ဖိတ်ခေါ်ချက်နဲ့ မစ္စတာ ဖာနန်ဒက်က ပုန်းအောင်းရာကနေ ဆွေးနွေးဖို့ ထွက်လာတယ်။ ဒီတော့မှ အင်ဒီရာဂန္ဒီက ဖမ်းဆီးပြီး နိုင်ငံတော်ပုန်ကန်မှုနဲ့ တရားစွဲတယ်။ အစိုးရရုံးများကို ဖောက်ခွဲတိုက်ခိုက်ရန် အားထုတ်မှုနဲ့ ရုံးတင်တယ်။ ဘာရိုးဒါး ဒိုင်းနမိုက် အမှုအခင်း ( Baroda Dynamite Case) လို့ နိုင်ငံရေးအရ လူသိများတယ်။ နောက်ဆုံး တပြည်လုံးအုံကြွ ဆန့်ကျင်ကြလို့ အင်ဒီရာဂန္ဒီက အရေးပေါ်အုပ်ချုပ်ရေးကို ရုတ်သိမ်းပေးလိုက်ရတယ်။ ရွေးကောက်ပွဲသစ် လုပ်ပေးဖို့ ကတိပြုခဲ့ ရတယ်။ ဒီလိုနဲ့ ၁၉၇၇ မှာ ရွေးကောက်ပွဲတွေလုပ်တော့ မစ္စတာ ဖာနန်ဒက်က ထောင်ထဲ ကနေ ၀င်ပြိုင်တယ်။ အနိုင်ရတယ်။ သူ့ပါတီ ( Janata Party) လည်း အပြတ်အသတ် အနိုင်ရပြီး အစိုးရဖွဲ့နိုင်ခဲ့တယ်။ မစ္စတာ ဖာနန်ဒက်လည်း ထောင်ထဲကထွက်တာနဲ့ တခါတည်း အစိုးရအဖွဲ့ဝင် ၀န်ကြီး ဖြစ်ခဲ့တယ်။ အဲဒီအချိန်ကစလို့ မစ္စတာ ဖာနန်ဒက်ဟာ အကျမရှိ တော့ဘဲ အမတ်နိုင်ငံရေးသမား၊ အိန္ဒိယရဲ့ နိုင်ငံရေးခေါင်းဆောင်ဖြစ်လာခဲ့တယ်
အိန္ဒိယလို လူမျိုးစုံ၊ ဘာသာစုံနဲ့ ၀ါဒသောင်းခြောက်ထောင်ရှိတဲ့ နိုင်ငံမှာတောင် ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ဥပဒေထုံးနည်းတွေဟာ တင်းကြပ်မထားဘဲ လူထုရဲ့ သဘောဆန္ဒကို အလေးပေး အခြေခံထားတယ်။ ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်တဲ့ လူထုဆန္ဒကို အထူးအရေးပေး စဉ်းစားဆောင်ရွက်တယ်။ စစ်အုပ်စုရဲ့ အဓမ္မဥပဒေတွေ ကတော့ မနှိုင်းယှဉ်သာအောင် အောက်တန်းကျလှတယ်။ နှိုင်းယှဉ်စရာတကွက်တောင် မမြင်မိပါဘူး။ နံ့သာဆီနဲ့ အီး၊ သမုဒ္ဒရာနဲ့ ကျင်ငယ်ရေလို ကွာခြားတယ်။ သူတို့ အဓမ္မဥပဒေတွေက ပေးယောင်ပဲ ပြထားပြီး၊ လူထုအခွင့်အရေးကမရှိ၊ မရ။ ဗိုလ်ချုပ်တွေရဲ့ ဆန္ဒက ပဓာန ဖြစ်နေတယ်။
အဲဒီထဲမှာ အဆိုးဆုံး အယုတ်ဆုံးနဲ့ တမျိုးသားလုံးရဲ့ အချုပ်အခြာ ဂုဏ်သိက္ခာကို စော်ကားထားတာကတော့ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ အပိုဒ် (၃၃) ဖြစ်တယ်။ အဲဒီအပိုဒ်မှာ လွှတ်တော်ကို ခွေးတိုးပေါက်က၀င်လာတဲ့ စစ်ဓားပြ အမတ်တွေကို စစ်ဦးစီး ချုပ်က ဖြုတ်နိုင်တယ်၊ အစားထိုးခန့်နိုင်တယ်လို့ ဆိုထားတယ်။ ဒီနေ့ခေတ် ကမ္ဘာ့နိုင်ငံရေးမှာ တိုင်းပြည်/လူမျိုးတခုရဲ့ အချုပ်အခြာဟာ ပြည့်သူလွှတ်တော် ပါလီမန်ပဲ။ လူထုက ရွေးကောက်ခံထားရတဲ့ နိုင်ငံသားတဦးဟာ လွှတ်တော်ဥက္ကဋ္ဌဆီမှာ ကျမ်းကျိန်ပြီးတာနဲ့ အချုပ်အခြာအာဏာပိုင် လွှတ်တော်ရဲ့အစိတ်အပိုင်း အဖွဲ့ဝင် သို့မဟုတ် လွှတ်တော် အမတ် ဖြစ်တယ်။ ဒီတော့ ဒီအမတ်ဟာ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာ ပြယုဂ်သင်္ကေတပဲ။ ဒီအမတ်ကို တရားရုံးတခုခုက တရားမမှုနဲ့ ပြစ်ဒဏ် စီရင်ချက် ချပြီးမှသာ လွှတ်တော် ဥက္ကဋ္ဌက နည်းဥပဒေများနဲ့အညီ လွှတ်တော်အမတ်အဖြစ်က ရပ်စဲနိုင်တယ်။ နောက်တနည်းက သူ့ကိုရွေးကောက်တင်မြောက်လိုက်တဲ့ မဲဆန္ဒနယ်က သတ်မှတ်ထားတဲ့ မဲဆန္ဒရှင် အရေ အတွက်က လက်မှတ်ထိုးထားတဲ့ ရုတ်သိမ်းစာ ( Re-Call ) ကို လွှတ်တော်ဥက္ကဋ္ဌဆီ ပို့ရတယ်။ လွှတ်တော်ဥက္ကဋ္ဌက နည်းလမ်းတကျ အရေးယူတယ်။ ဒါပဲ။ လွှတ်တော်အမတ်ကို ဘယ်သူတဦးတယောက်ကမှ ဖြုတ်ချတာ ရုပ်သိမ်းတာ မလုပ်နိုင်ဘူး။ ရာဇ၀တ်မှုနဲ့ စွဲဆိုခံထားရတဲ့ အမတ်ကိုတောင် လွှတ်တော် ဥက္ကဋ္ဌရဲ့ သဘောတူညီမှု မပါဘဲ စစ်ဆေးခွင့်၊ အရေးယူ အပြစ်ပေးခွင့်၊ ဖမ်းဆီးခွင့် မရှိဘူး။ ဒါကြောင့် ဒီအပိုဒ်ပါ ပြဋ္ဌာန်းချက်ဟာ နိုင်ငံ့ဝန်ထမ်းတဦးသာဖြစ်တဲ့၊ ပြည်သူ့ရိက္ခာကို စားနေတဲ့ စစ်ဦးစီးချုပ်က နိုင်ငံ/ ပြည်သူရဲ့ အချုပ်အခြာ အာဏာပိုင် လွှတ်တော်ကို ခွထိုင် စော်ကားထားတာဖြစ်တယ်။ ဘာတွေ ဘယ်လိုဖြစ်ဖြစ် အနှစ်သာရကတော့ စစ်အာဏာရှင်စနစ်လို့ ပြောထားတာဖြစ်တယ်။
ဥပဒေဆိုတာ တရား (ဓမ္မ) ဆိုတဲ့ စကားလုံးနဲ့ အစဉ်ဒွန်တွဲနေတယ်။ တရားဥပဒေ လို့ပဲရှိတယ်။ တရားမျှတမှု ရှိရတယ်။ သဘာဝဓမ္မကျရတယ်။ ဒါမှသာ လူအများလေးစား ကြည်ညိုလိုက်နာတယ်။ ကာကွယ်စောင့်ရှောက်တယ်။ မတရားတဲ့ဥပဒေကို လေးစား လိုက်နာသူမရှိဘူး။ ကိုယ်ကျိုးအတွက် အသုံးချသူသာ ရှိတယ်။ အခု စစ်အုပ်စုရဲ့ ဥပဒေဆိုတာတွေက တောတွင်း ဥပဒေလို အဓမ္မလိုက်နာခိုင်းတဲ့ အမိန့် ( Diktat ) တွေပဲ ဖြစ်တယ်။ ဆန်းတော့မဆန်းပါဘူး။ အာဏာကို ဓားပြတိုက်ယူထားတဲ့ အဓမ္မ၀ါဒီတွေ ထုတ်ထားတာဆိုတော့ တရားဥပဒေ ဘယ်ဖြစ်နိုင်ပါတော့မလဲ။
အဲဒီအထဲကဘဲ ဒီမိုကရေစီ ရလိမ့်နိုး၊ ရအောင်လုပ်လို့ ရလေနိုးနဲ့ ဆင့်ဟိုဒင်း ခွေးမျှော်ဆိုသလို နိုး ဆရာကြီးတွေက ရှိသေးတယ်။ စစ်အုပ်စု ဖွင့်ပေးတဲ့ ပုံစံထဲကနေ ရသလောက်လုပ်နေပြီး တဖြည်းဖြည်းချင်း ပြောင်းယူမယ်ဆိုကြတယ်။ ဒီပုံစံ ဒီဥပဒေ ဒီဘောင်တွေထဲကနေ ဒီမတရားဖွဲ့စည်းပုံနဲ့ ဥပဒေကို ပြင်ဘို့ဆိုတာ နွားသိုးချိုကို နို့ညစ်ဖို့ အားထုတ်သလိုပါပဲ။ မှတ်ထား သင်းကွပ်နဲ့ အမြုံညားလို့ ဘာမှ ပေါက်ဖွားမလာဘူး။ ဒီမိုကရေစီတရားဆိုတဲ့ လူ့ယဉ်ကျေးမှု သင်းကွပ်ထားတဲ့ စစ်အာဏာရှင်တွေနဲ့ သူတို့ရဲ့ အမြုံစစ်ကျွန် ဖွဲ့စည်းပုံဥပဒေတွေကနေ ဒီမိုကရေစီရလိမ့်နိုး ထင်စားနေသူတွေဟာ လမင်းကို ဒိန်ခဲထင် စာရနိုးနဲ့ အူနေတဲ့ မြေခွေးထက် မိုက်မဲတယ်ဆိုရင်တောင် မလုံလောက်သေးဘူး။
ဒီမတရားဥပဒေတွေကို ဖျက်ဖို့ဆိုတာ နည်းလမ်းတခုပဲရှိတယ်။ အဲဒါကတော့ လူထု အားပဲ ဖြစ်တယ်။ ဆရာကြီး ဦးဝင်းတင် ပြောနေတဲ့ လူထုကို မျက်နှာမူဖို့ဆိုတာ ဒါကို ရည်ရွယ်ရင်း ဖြစ်ပါတယ်။ နိုင်ငံရေးမှာ တခါခါ နည်းနာပရိယာယ်တွေဟာ အရေးပါတာ မှန်ပေမဲ့ အခါခပ်သိမ်း နည်းနာတွေနောက်ကိုပဲ လိုက်နေရင်း ကျောရိုးပျောက်ပြီး လမ်းမှား ရောက် လူထုနဲ့ ကင်းကွာ ချောက်ကျတတ်ပါတယ်။ ဒီနေ့ ရင်ဆိုင်နေရတာက စစ်အုပ်စုရဲ့ စစ်ကျွန်ဖွဲ့စည်းပုံကို လက်ခံမလား လက်မခံဘူးလားဆိုတဲ့ ကျောရိုးကျတဲ့ အခြေခံမူ ပြဿနာ ဖြစ်ပါတယ်။ အခြေခံမူ ကိစ္စရပ်တွေကို ပရိယာယ်နည်းနာနဲ့ ဖြေရှင်းဖို့ ကြိုးစားရင် ဖောက်ပြန်ရေးလမ်းကြောင်းပေါ် ရောက်သွားတတ်ပါတယ်။ ရှစ်လေးလုံးကာလက မဆလ အစေခံ လွှတ်တော် ညွှန်ချုပ် ဦးအောင်ခင်တင့်က သူ့ညီ ဒီမိုကရေစီဘက်သား အောင်ခင်ဆင့် ကို ပြောတဲ့စကားအတိုင်း ပြောရရင် " နှမပေးချင် ပေးလို့ရတယ်၊ အမေတော့ ပေးလို့ မရဘူး"။ အခြေခံမူနဲ့ နည်းပရိယာယ် ခြားနားချက်ကိုပြောတာပါ။
ဒီနေ့စစ်အာဏာရှင်တွေရဲ့ ဖွဲ့စည်းပုံတို့ ရွေးကောက်ပွဲတို့ ဆိုတာ ဘက်ပေါင်းစုံက ဖိအားအကြပ်အတည်းတွေကြောင့် ပေါ်လာတာပါ။ ဗိုလ်ချုပ်တွေရဲ့ စိတ်ကောင်း စေတနာ ကောင်းရှိလို့ ပေါ်လာတာမဟုတ်ပါဘူး။ ရာစုတ၀က်ကျော် သူတို့ ဓားပြတိုက် အပိုင်စီးထားတဲ့ နိုင်ငံတော်အာဏာ၊ နိုင်ငံရေးအ၀န်းအ၀ိုင်း တံခါးကို အရပ်သား နိုင်ငံသားတွေအတွက် ဖွင့်ပေးတာတောင် မရိုးမသား ကလိမ်ကကျစ်နဲ့ အချုပ်အနှောင်တွေနဲ့ ဖွင့်ပေးတာပါ။ မွန်ပညာရှိ အမတ် အမတ်ဒိန်မဏိရွတ်လို တခါးတဖက်ပိတ်ပြီး တဖက်ပဲ ဖွင့်ပေးထား တာတောင် မဟုတ်ဘူး။ မတရားဥပဒေတွေနဲ့ ချည်တုပ်ပြင်ဆင်ပြီး ခွေးတိုးပေါက်လောက်ပဲ ဖွင့်ပေးထားတာပါ။ ဒီလိုခွေးတိုးပေါက်က ၀င်ဘို့ဆိုတာ " ခေါ်ရင်သွား၊ ခိုင်းတာလုပ်၊ ခံမပြောနဲ့၊ ခိုးစား" ဆိုတဲ့ "ခ" လေးလုံးသမားတွေလောက်သာ လုပ်နိုင်ပါတယ်။
တကယ်တော့ စစ်ကျွန်ဖွဲ့စည်းပုံနဲ့ မတရားဥပဒေတွေဟာ အမျိုးသားဇာတိမာန်နဲ့ အချုပ်အခြာအာဏာကို သားကြောဖြတ်တဲ့ ဓားတွေ ယန္တယားတွေပဲ။ ရွေးကောက်ပွဲ ဆိုတာက လည်း ဒီသားကြောဖြတ်ဓားကို အသက်သွေးတဲ့ ပွဲပါပဲ။
ဒါကြောင့်လည်း ဆရာကြီး ဦးဝင်းတင်က ဘာလဲဟဲ့ လူ့ငရဲဆိုတဲ့ သူ့စာအုပ်မှာ "စစ်အစိုးရဟာ ဘီလူးရုပ်ကို ဖုံးဖို့ ကြိုးစားနေပါပြီး၊ လူယောင်ဆောင်ဘို့ စိုင်းပြင်းနေပါပြီ။ ရွေးကောက်ပွဲဆိုတာ အဲဒီလူယောင်ဆောင်ရာမှာ လိမ်းချယ်မဲ့ သနပ်ခါးဖြစ်ပါတယ်။ သနပ်ခါး ဘယ်လိုလိမ်းလိမ်း ဘီလူးကတော့ ဘီလူး အစွယ်နဲ့ပြူးပြူးပဲနေမှာပါ။……. နိုင်ငံရေးအင်အားစု အားလုံး၊ တိုင်းရင်းသားလူမျိုးစုအားလုံး၊ နိုင်ငံရေး လှုပ်ရှားသူအားလုံးရဲ့ အဓိကတာဝန်က ဘီလူးကို အစွယ်ချိုးဖို့၊ အစွယ်နုတ်ဖို့ပဲ ဖြစ်ပါတယ်။ စစ်ဘီလူးရဲ့ လူယောင်ဆောင်ပွဲကြီးမှာ နိုင်ငံရေးနားမယောင်ကြဖို့ပဲ ဖြစ်ပါတယ်" လို့ ရေးထားပါတယ်။
ဒါက အနှစ် (၂၀) လောက် စစ်ဘီလူးတွေရဲ့ ငရဲခန်းမှာ နေခဲ့ရပြီး အခုထိလည်း အချိန်မရွေးအဲဒီငရဲခန်းကိုပြန်ရောက်နိုင်တဲ့ အန္တရယ်ကြားက မူအပေါ်မှာ ကြံ့ခိုင်သူတယောက်ရဲ့ အမှာစကားပါ။ နိုင်ငံရေးမှာ လုပ်ဟန် ပျော့ပြောင်းဖို့ လိုတာမှန်ပါတယ်။ လုပ်ဟန်ပျော့ပြောင်းခြင်းဆိုတာ မူကို ဈေးဆစ်ခံဖို့ မဟုတ်ပါဘူး။ ကိုယ့်ကိုကိုယ် လေးစားတန်ဘိုးထားတဲ့ လူတယောက်အတွက်တော့ မူဟာ အသက်ဖြစ်ပါတယ်။
အဓိပ္ပါယ်က " ဆင်ဖြူတော်ဆိုတာ ခွေးတိုးပေါက်က မ၀င်ဘူး" ။
ရဲဘော်ကျော်သန်း
Kyaw_than2004@yahoo.com
0 ပြည်ထောင်စုအမျိုးသားကောင်စီ - မြန်မာနိုင်ငံ ( NCUM ) မှအမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှုကြီး အကောင်အထည် ဖော်ဆောင်ရေး နှိုးဆော်ချက်
0 စိတ်ကူးမယဉ်ကြဖို့
အောင်ဒင်
မတ် ၁၈၊ ၂၀၁၀
နအဖ စစ်အုပ်စုက ရွေးကောက်ပွဲ ဥပဒေတွေကို ထုတ်ပြန်၊ ရွေးကောက်ပွဲကော်မရှင် ကိုဖွဲ့စည်းပြီး၊ အဲဒီ ကော်မရှင်က ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေတွေ ထုတ်ပြန်နေပါပြီ။
နအဖ က ရွေးကောက်ပွဲ ဥပဒေများ နဲ့၊ ဒေါ်အောင်ဆန်းစုကြည် နဲ့တကွ နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော်ကို ရွေးကောက်ပွဲ မဝင်နိုင်အောင် တားမြစ်လိုက်တဲ့ အပြင် သူတို့ အားလုံးကို ပါတီထောင်ခွင့်၊ ပါတီဝင်ဖြစ်ခွင့်တွေပါ ပိတ်ပင်လိုက်ပါတယ်။
၁၉၉၀ ရွေးကောက်ပွဲရလာဒ် ကိုလည်း ဖျက်သိမ်းလိုက်တဲ့ အပြင် ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကိုပါ ရက် ၆၀ အတွင်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အကျဉ်းကျနေကြသူ တွေအားလုံးကို ပါတီက ထုတ်ပစ်ပြီး ပါတီကို ကော်မရှင်မှာ ပြန်လည်မှတ်ပုံတင်ဖို့ ဖိအားပေးနေပါတယ်။
အဲဒီလို မလုပ်ခဲ့ရင်ပါတီဟာ အလိုအလျောက် ဖျက်သိမ်းပြီး ဖြစ်မယ်လို့ ခြိန်းချောက်နေပါတယ်၊ ဒါကြောင့်မို့ အဖွဲ့ချုပ်ဟာ မကြာမီ အချိန်အတွင်းမှာ အင်မတန် အရေးကြီးတဲ့ ဆုံးဖြတ်ချက် တစ်ခုကို ချရတော့မှာ ဖြစ်ပါတယ်။
ဒီလို အချိန်မျိုးမှာ မတရားမှုတွေကို သိသိကြီးနဲ့ ခေါင်းငုံ့ခံဖို့ တိုက်တွန်းနေကြတဲ့ အသံတွေကြားနေရပါတယ်။ ပါတီ တရားဝင် ဆက်လက်ရပ်တည်နိုင်ရေး အတွက် နအဖ ချမှတ်ထားတဲ့ စည်းမျဉ်းတွေအတိုင်း ပါတီကို ပြန်လည်မှတ်ပုံတင်သင့်တယ်၊ လူထုကို ရွေးချယ်စရာ အခွင့်အရေးပေးနိုင်ဖို့ အတွက် ရွေးကောက်ပွဲဝင်သင့်တယ်လို့ အကြောင်းရှာနေကြတာလည်း ကြားရပါတယ်။ အဲဒီ အတွေးအခေါ်တွေကို တုန့်ပြန်ဖို့ ဒီစာစုကို ရေးပါတယ်။
(၁) ပြည်တွင်းက ဝါရင့်နိုင်ငံရေးသမားကြီးဦးသုဝေ က ပြောပါတယ်။ ဒီရွေးကောက်ပွဲဟာ စစ်တပ်က စနစ်တကျ နိုင်ငံရေးနယ်ပယ်က နောက်ဆုပ်တာဖြစ်တယ်၊ ဒါကြောင့်မို့ ဒီရွေးကောက်ပွဲကို ဝင်ရမယ်လို့ ဆိုပါတယ်။ ဒီသဘောတရားကိုပဲ အခွင့်ထူးခံ စာနယ်ဇင်းသမားတစ်စု နဲ့ အလံနီဟောင်းတွေက တွင်တွင်ကြီး ဝါဒဖြန့်ချိနေတာ ကြာပါပြီ။
လုံးဝမှားပါတယ်။ တကယ်က စစ်တပ်က နိုင်ငံတော်အာဏာကို ထာဝရ ဆုတ်ကိုင်နိုင်ဖို့ စနစ် တကျ ရှေ့တိုးလိုက်တာပါ။ မြန်မာနိုင်ငံမှာ ထာဝရ စစ်အာဏာရှင်စနစ်ကို တည်ဆောက်ဖို့ ရှေ့တစ်လှမ်းတိုးလိုက်တာပါ။
နအဖ ရဲ့ အကြံအစည် က သူတို့ရဲ့ ဘိုးတော်ကြီး ဦးနေဝင်း ရဲ့ အကြံအစည် နဲ့အတူတူပါပဲ။ ကွဲပြားတာက လက်ရှိ စစ်အာဏာရှင်တွေက ဦးနေဝင်း ရဲ့ အားနည်းချက်လို့ သူတို့ယူဆတာတွေကို ပြင်ဆင်ထားတာပါပဲ။
ဦးနေဝင်း က ၁၉၆၂ မှာ အာဏာသိမ်းပြီး ၁၉၆၄ မှာ မဆလ ပါတီထောင်တယ်။
တစ်ပါတီ အာဏာရှင်စနစ် ဖွဲ့စည်းပုံဆွဲပြီး ၁၉၇၃ မှာ အတည်ပြုတယ်။
၁၉၇၄ က စပြီး ၄ နှစ် တစ်ကြိမ်ရွေးကောက်ပွဲတွေလုပ်တယ်။
နအဖ က ၁၉၈၈ မှာ အာဏာကို မဆလ အစိုးရထံကနေ လွှဲပြောင်းယူတယ်။
၁၉၉၃ ကနေ ၂၀၀၇ အထိ ၁၃နှစ်ကျော်ကြာ ထာဝရ စစ်အာဏာရှင်စနစ် ဖွဲ့စည်းပုံကို ရေးဆွဲတယ်။
၂၀၀၈ မှာ အဓမ္ဓအတည်ပြုတယ်။
အခု ၂၀၁၀ မှာ စစ်တပ်နှင့် လက်အောက်ခံပါတီများ ပါတီစုံရွေးကောက်ပွဲကို လုပ်ဖို့ ပြင်ဆင်နေတာပါ။
ဦးနေဝင်းက စစ်တပ်ကို ကျောထောက်နောက်ခံထားတဲ့ မဆလပါတီ ထောင်ပြီး နိုင်ငံတော်အာဏာကို ဆုပ်ကိုင်ခဲ့ပေမည့် အဲဒီ စစ်တပ်ပါတီထောင်ရေးကို အားနည်းချက်လို့ နအဖ ကမြင်ပုံရပါတယ်။ ဦးနေဝင်းက စစ်တပ်ကို အခြေပြုပြီး ပါတီထောင်တဲ့ အခါ အရပ်သားတွေကိုလည်း ပါတီထဲဖိတ်ခေါ်ရတယ်။ ဆိုရှယ်လစ်ဟောင်းတွေ၊ ကွန်မြူနစ်ဟောင်းတွေ၊ ပမညတ ဟောင်းတွေ က ဦးနေဝင်းရဲ့ မဆလ ပါတီထဲဝင်ပြီး ဦးနေဝင်းကို ပါတီခေါင်းဆောင်အဖြစ်က ဖယ်ရှားဖို့ကြိုးစားတာကို ကြုံခဲ့ရဖူးပါတယ်။ တပ်တွင်းမှာလည်း ပါတီဝင်တဲ့ စစ်ဗိုလ်၊ စစ်သားတွေနဲ့ ပါတီမဝင်တဲ့ စစ်ဗိုလ်၊ စစ်သားတွေအကြား အမိန့်ပေးစနစ် ဖရိုဖရဲ ဖြစ်တာလည်း ရှိခဲ့ပါတယ်။ ၁၉၇၄ အစပိုင်းလုပ်တဲ့ ရွေးကောက်ပွဲတွေမှာလည်း လူထုထဲက ယှဉ်ပြိုင်ရွေးကောက်ခံသူတွေပေါ်လာပြီး ပါတီက ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်လောင်းကို အနိုင်ရသွားတာတွေလည်း ရှိခဲ့ပါတယ်။
နအဖ က အဲဒီလို ပြန်အဖြစ်မခံတော့ပါဖူး၊ ဒီတခါတော့ စစ်တပ်ကိုယ်တိုင်က ပါတီမထောင်တော့ပဲ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ စစ်တပ်နဲ့ ကာကွယ်ရေးဦးစီးချုပ်ကို အာဏာကုန်ပေးထားခြင်းဖြင့် စစ်တပ်ရဲ့ ရာသက်ပန်အာဏာပိုင်စိုးမှုကို စိတ်ချရအောင် ဖန်တီးထားလိုက်ပါတယ်။
ဦးနေဝင်းရဲ့ တစ်ပါတီစနစ်ကို ပြန်မသွားတော့ပဲ စစ်တပ် လက်အောက်ခံပါတီများကို စစ်ဗိုလ်ဟောင်းများ၊ မဆလဟောင်းများ၊ ကြံ့ဖွံ့များ၊ လက်နက်ချပြီး ဖြစ်တဲ့ တိုင်းရင်းသားများ၊ အလိုတော်ရိစီးပွါးရေးသမား များနဲ့ ဖန်တီးပြီး စစ်တပ်နဲ့ စစ်တပ်လက်အောက်ခံပါတီများရဲ့ ပါတီစုံစနစ်ကို တီထွင်ဖော်ထုတ်လိုက်တာပါ၊
ဒါကိုပဲ စစ်တပ်က နိုင်ငံရေးနယ်ပယ်ကနေ စနစ်တကျ ဆုတ်ခွါနေတာဖြစ်တယ်လို့ ယုံကြည်နေမယ်ဆိုရင် စိတ်ကူးယဉ်တာပဲ ဖြစ်ပါလိမ့်မယ်။
(၂) တချို့က လည်း နအဖရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ တိုင်းရင်းသားလူမျိုးစုများအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေ ပေးထားတာမို့ ဒီ ဥပဒေ ကိုထောက်ခံသင့်တယ်၊ ဒီရွေးကောက်ပွဲကို ဝင်သင့်တယ်လို့ ပြောကြပါတယ်။
ဒါလည်း မှားပါတယ်၊ ဒီ ၂၀၀၈ ဖွဲ့စည်းပုံမှာ လူမျိုးစု ၆ စု အတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ၅ ခုနဲ့ တိုင်း တစ်ခု ဖန်တီးပေးထားပေမည့် အဲဒီ လူမျိုးစုတွေ တကယ်တမ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရကြတာ မဟုတ်ပါ၊ သူတို့ရဲ့ ဒေသဦးစီး အဖွဲ့တွေ နဲ့ တိုင်းဦးစီး အဖွဲ့တွေကို ဖွဲ့စည်းတဲ့ အခါမှာ စစ်တပ်က ခန့်အပ်တဲ့ စစ်ဗိုလ်တွေက ဦးစီးအဖွဲ့ရဲ့ ၂၅% ကိုနေရာယူထားမှာပါ။
ဦးစီးအဖွဲ့ရဲ့ အမြင့်ဆုံး ဥက္ကဌရာထူးကိုလည်း နိုင်ငံတော်သမ္မတက တိုက်ရိုက်ခန့်အပ်တာဝန်ပေးမှာ ဖြစ်ပြီး သူတို့ဖာသာ ရွေးချယ်ခွင့် မရှိပါ။
အဲဒီ ဦးစီးအဖွဲ့တွေမှာလည်း စစ်တပ်ကိုယ်စားလှယ်တွေကသာ လုံခြုံရေး နဲ့ နယ်စပ်အရေးကိစ္စတွေကို တာဝန်ယူကွပ်ကဲမှာပါ၊ ဦးစီးအဖွဲ့ ရှိနေပေမည့် တကယ်တမ်း အုပ်ချုပ်ရေး ကိစ္စတွေကို မြန်မာပြည်မ က ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ခံ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန က တာဝန်ယူဆောင်ရွက်မှာပါ။
အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရဲ့ ဒေသတာဝန်ခံက ဦးစီးအဖွဲ့ရဲ့ အတွင်းရေးမှူးတာဝန်ကို ယူပြီး တကယ်အုပ်ချုပ်မှာပါ။
တခါ ပြည်မက သမ္မတ က ခန့်အပ်တဲ့ တရားသူကြီးတွေက အဲဒီ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရ ဒေသတွေ၊ တိုင်းတွေ ရဲ့ တရားစီရင်ရေးကို တာဝန်ယူမှာ ဖြစ်ပြီး ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ခံ ရဲတပ်ဖွဲ့က ဒေသလုံခြုံရေးကို တာဝန်ယူမှာပါ။
ဒီတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရ တယ်လို့ ဆိုထားပေမယ် တကယ်တမ်း ကိုယ်ပိုင်အုပ်ချုပ်စရာ ဘာမှ မကျန်တော့ပါ၊ စစ်တပ်ကပဲ အားလုံးကို အုပ်ချုပ်မှာပါ၊ ဒါကိုမှ ဒီဖွဲ့စည်းပုံမှာ တိုင်းရင်းသား အခွင့်အရေးတွေ အများကြီးပေးထားတယ်လို့ ယုံကြည်နေရင် စိတ်ကူးယဉ်တာပဲ ဖြစ်ပါလိမ့်မယ်၊
(၃) တချို့က ပါတီ တရားဝင် ဆက်လက်ရပ်တည်နိုင်ရေး အတွက် အဖွဲ့ချုပ် ပြန်လည် မှတ်ပုံတင်သင့်တယ်၊ အဖွဲ့ချုပ် သာရွေးကောက်ပွဲရင် သေချာပေါက်နိုင်မှာပါ လို့ ပြောနေကြတာလည်း ကြားရပါတယ်။ ဒီတော့ ဒေါ်အောင်ဆန်းစုကြည် နဲ့ အကျဉ်းကျပါတီဝင်တွေ ကို ပါတီက ခဏထုတ်ပယ်၊ ပြန်ပြီး အသစ်မှတ်ပုံတင်၊ ရွေးကောက်ပွဲမှာ အနိုင်ရအောင်လုပ်ပြီးမှ ထုတ်ထားတဲ့ ပါတီဝင်တွေ ကို ပြန်လက်ခံကြတာပေါ့လို့ စဉ်းစားနေကြသူတွေလည်း ရှိကြပါတယ်။
လုံးဝ မှားပါတယ်၊ နအဖ က ရွေးကောက်ပွဲကို သန့်ရှင်းမျှတ စွာကျင်းပပေးမှာ မဟုတ်ပါ။ တဖက်သတ်ရေးဆွဲပြီး အဓမ္မအတည်ပြုထား တဲ့ဖွဲ့စည်းပုံ၊နိုင်ငံတကာ အစိုးရတွေရဲ့ တောင်းဆိုချက်တွေကို ဂရုမစိုက်ပဲ ထုတ်ပြန်လိုက် တဲ့ ရွေးကောက်ပွဲ ဥပဒေတွေ၊ နအဖ ဝန်ကြီးတွေ၊ ကြံ့ဖွံ့ခေါင်းဆောင်တွေ ရဲ့ ပြည်သူ့ဘဏ္ဏာတွေသုံးပြီး လုပ်နေတဲ့ ကြိုတင်မဲဆွယ်မှုတွေ၊ အလိုတော်ရိ စီးပွါးရေးသမား တွေကို ရန်ကုန်မြို့ကြီးက အဆောက်အအုံတွေ၊ နိုင်ငံပိုင်လုပ်ငန်းတွေ ခွဲဝေပေးနေတာကို ကြည့်ရင် သိလောက်ပါရဲ့။
နအဖ ရဲ့ ဖိအားပေးမှုကို ခံပြီး ပါတီ ကို ပြန်မှတ်ပုံတင်ရင်တောင်မှ နအဖ က အဖွဲ့ချုပ်ကို အကြောင်းပေါင်းစုံ နဲ့ လိုအပ်ရင် ဖျက်သိမ်းလို့ ရအောင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေမှာ ပြဋ္ဌန်းထားချက်တွေ ရှိပါတယ်။
အဲဒီ ပြဋ္ဌန်းချက်တွေ အရ နအဖရဲ့ ရွေးကောက်ပွဲကော်မရှင်က အဖွဲ့ချုပ်ကို မတရားသင်း အဖွဲ့တွေ၊ သူပုန်တွေ၊ အကြမ်းဖက်အဖွဲ့တွေ၊ နဲ့ တိုက်ရိုက်သော်၎င်း၊ သွယ်ဝိုက်၍သော်၎င်း ဆက်သွယ်တယ်လို့ စွတ်စွဲပြီး ဖျက်သိမ်းနိုင်ပါတယ်။
ဒါမှမဟုတ်လည်း နိုင်ငံခြား အစိုးရ များ၊ အဖွဲ့အစည်း များကနေ ထောက်ပံ့ငွေ၊ ပစ္စည်းတွေကို တိုက်ရိုက်သော်၎င်း၊ သွယ်ဝိုက်၍သော်၎င်း ယူတယ်လို့ စွတ်စွဲပြီး ဖျက်သိမ်းနိုင်ပါတယ်။
ဒါမှမဟုတ်လည်း အဖွဲ့ချုပ်ဟာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပါ ပြဋ္ဌန်းထားချက်တွေကို မလိုက်နာဘူး၊ ဖောက်ဖျက်တယ် လို့ စွတ်စွဲပြီး ဖျက်သိမ်းနိုင်ပါတယ်။
ဒါမှ မဟုတ်လည်း နအဖ က အဖွဲ့ချုပ်ကို မတရားသင်း အဖြစ် ကြေညာပြီး ဖျက်သိမ်းနိုင်ပါတယ်။ ဘယ်လိုမှ ပြေးမလွတ်ပါဘူး။ ဒီတော့ ပါတီကို ပြန်လည်မှတ်ပုံတင်ပြီးရင် ဆက်လက်ရပ်တည်ခွင့်ရလိမ့်မယ်လို့ ယုံကြည်ထားရင် စိတ်ကူးယဉ်တာပဲ ဖြစ်ပါလိမ့်မယ်၊
ပြီးတော့လည်း ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း များများစားစား တင်သွင်းခွင့် ရမှာ မဟုတ်ပါ။ နအဖ က ခေါင်းခေါက်ရွေးချယ်ထားတဲ့ ပုဂ္ဂိုလ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲကော်မရှင်က အဖွဲ့ချုပ်က တင်သွင်းမည့် ကိုယ်စားလှယ်လောင်း အများစုကို အကြောင်းအမျိုးမျိုးနဲ့ ယှဉ်ပြိုင်ခွင့် ငြင်းပယ်ပါလိမ့်မယ်။
နအဖက အဖွဲ့ချုပ်ကို သူ့ရဲ့ ရွေးကောက်ပွဲကို နိုင်ငံတကာ က အသိအမှတ် ပြုရေးအတွက် လုံလောက်ရုံမျှ စတိလောက်သာ ဝင်ပြိုင်စေချင်တာ ဖြစ်တဲ့ အတွက် အဖွဲ့ချုပ်ဟာ အလွန်ဆုံး ကိုယ်စားလှယ် ၂၀ လောက်ပဲ ယှဉ်ပြိုင်ခွင့် ရပါလိမ့်မယ်။ ယှဉ်ပြိုင်ခွင့် ရတဲ့ ကိုယ်စားလှယ်အနည်းငယ်တောင် နိုင်ချင်မှ နိုင်ပါလိမ့်မယ်။ နိုင်ရင်တောင် ကော်မရှင်က အနိုင်ရလာဒ်ကို ပယ်ဖျက်နိုင်ပါသေးတယ်။
ဒီတော့ ရွေးကောက်ပွဲမှာ အင်နဲ့အားနဲ့ ယှဉ်ပြိုင်ခွင့် ရလိမ့်မယ် လို့ ယုံကြည်နေရင် စိတ်ကူးယဉ်တာပဲ ဖြစ်ပါလိမ့်မယ်၊
လူထုကို လည်းလျှော့ မတွက်သင့်ပါ။ အနှစ် ၂၀ ကျော်အတွင်းမှာ အဖွဲ့ချုပ်ဟာ လူထုက ရွေးချယ်တင်မြှောက်ခံထားရပေမည့် ရွေးကောက်ပွဲရလာဒ်ကို အကောင်အထည် မဖော်နိုင်ခဲ့ပါ။ လူထု အတွက် ဒီမိုကရေစီ ကို မတည်ဆောက်ပေး၊ မဆောင်ကျဉ်းပေး နိုင်ခဲ့တဲ့ အပြင် နအဖ ရဲ့ အထုအထောင်း၊ အတိုက်အခိုက် တွေကိုသာ ခါးစည်းခံခဲ့ရတာပါ။ ဒါပေမည့်လည်း လူထုက သူတို့ကိုယ်စား တိုက်ပွဲဝင်နေတယ်လို့ ယုံကြည်လက်ခံထားကြပြီး လူထုရဲ့ ခေါင်းဆောင် အဖြစ် အသိအမှတ် ပြုထားတုံးပါ။
အဲဒါကိုမှ ဒီလောက် အရေးကြီးလှတဲ့အချိန်၊ နအဖ က သူ့ရဲ့ ထာဝရ စစ်အာဏာရှင်စနစ် တည်ဆောက်ရေးလုပ်ငန်းကြီးကို အပြီးသတ်တော့မည့် အချိန်မှာ၊ အဖွဲ့ချုပ်က နအဖ ဖိနှိပ်သမျှ လိုက်လျောပြီး ဒေါ်အောင်ဆန်းဆုကြည်နဲ့ အကျဉ်းကျ ပါတီဝင်များကို ပါတီက ထုတ်ပယ်၊ သူတို့ကိုယ်တိုင် ကြေညာထားတဲ့ ရွှေဂုံတိုင် ကြေညာစာတမ်းကြီးကို လွှင့်ပစ်၊ နအဖ ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေးစားလိုက်နာပါ့မယ်၊ ကာကွယ်စောင့်ရှောက်ပါ့မယ် လို့ ကတိကဝတ် တွေပြုပြီး ကော်မရှင်မှာ ပြန်မှတ်ပုံတင်၊ ရွေးကောက်ပွဲ ဝင်ရင်ဖြင့် ပြည်သူလူထုက ဒီပါတီကို သူတို့ကိုယ်စားပြု ခေါင်းဆောင်အဖြစ် အသိအမှတ်ပြု ထောက်ခံမှာ မဟုတ်တော့ပါ။
လူထုကို သစ္စာဖောက်တဲ့ပါတီ၊ စစ်တပ်ရဲ့ လက်ဝေခံပါတီ၊ စစ်တပ်အလိုကျ ရပ်တည်ရတဲ့ ပါတီအဖြစ် ပဲ သတ်မှတ်ပါလိမ့်မယ်။
စစ်တပ်အလိုကျ ရပ်တည်နေရတဲ့ နိုင်ငံရေးပါတီဟာ လူထုကို အကျိုးပြုနိုင်ဖို့ ဝေလာဝေး ဆိုတာ လူထုက ကောင်းကောင်းသိကြပါတယ်။ ဒီတော့ ငါတို့ ရွေးကောက်ပွဲဝင်ရင် အသေအချာ နိုင်မှာပဲ၊ လူထုက ထောက်ခံနေမှာပဲလို့ ယုံကြည်နေမယ်ဆိုရင် စိတ်ကူးယဉ်တာပဲ ဖြစ်ပါလိမ့်မယ်။
“ငါတို့ ရွေးကောက်ပွဲ မဝင်ရင် လူထုမှာ ရွေးချယ်စရာ အခွင့်အလမ်းမရှိတော့ဖူး၊ ဒါဆို နအဖ လူတွေပဲ နိုင်သွားလိမ့်မယ်၊ ဒါကြောင့် လူထု ရွေးချယ်စရာရှိနိုင်ဖို့ ငါတို့ ရွေးကောက်ပွဲဝင်ရမယ်” လို့ ဆင်ခြေပေးနေသူတွေလည်းရှိပါတယ်၊ လုံးဝ မမှန်ပါ။
လူထုကို လျှော့မတွက်သင့်သလို အထင်လည်းမသေးသင့်၊ အသုံးလည်းမချသင့်ပါ။ လူထုက သူတို့ မယုံကြည်သူကို မဲပေးမှာမဟုတ်ပါ။ သူတို့ယုံကြည်ခဲ့သူက မှားတဲ့ဖက်ရောက်သွားရင်လည်း သည်းခံမှာ မဟုတ်ပါ။ သူတို့အတွက် ဒီရွေးကောက်ပွဲဟာ အဖြေမဟုတ်ဖူးဆိုတာ ကောင်းကောင်းသိကြသူတွေပါ။
ကုလသမဂ္ဂ နဲ့ နိုင်ငံတကာ အစိုးရတွေက ဒေါ်အောင်ဆန်းစုကြည် နဲ့ အဖွဲ့ချုပ်၊ နိုင်ငံရေးအကျဉ်းသားတွေ ပါဝင်ခွင့်မရတဲ့ ရွေးကောက်ပွဲဟာ ဂုဏ်သိက္ခာရှိမှာ မဟုတ်ဖူး၊ အသိအမှတ် ပြုခံရမှာ မဟုတ်ဖူးလို့ ခဏခဏပြောနေတာပါ။
အခု နအဖ က ရွေးကောက်ပွဲဥပဒေတွေ ထုတ်ပြန်အပြီးမှာ ဒီအသံတွေ က ပိုပြီး ကျယ်လောင်လာပါတယ်။
ဘယ်အစိုးရကမှ နအဖ ရဲ့ ရွေးကောက်ပွဲဥပဒေတွေကို သဘောမတူပါ။ ဒီပုံစံအတိုင်း နအဖ က ရွေးကောက်ပွဲ ဆက်လုပ်မယ်၊ အဖွဲ့ချုပ်ကလည်း မပါဝင်ဖူး ဆိုရင် ရွေးကောက်ပွဲက ထွက်လာတဲ့ ရလာဒ်ကို နိုင်ငံတကာအစိုးရတွေက အသိအမှတ်ပြုဖို့၊ လက်ခံဖို့ အတော်ခက်ပါလိမ့်မယ်။
အဲဒါဆို နအဖ က အသေအလဲ လိုချင်တောင့်တနေတဲ့ တရားဝင်အသိအမှတ်ပြုခံရမှု (Legitimacy) နဲ့ အလှမ်းဝေးနေဦးမှာပါ။
အဖွဲ့ချုပ်က ရွေးကောက်ပွဲဝင်လိုက်ရင်ဖြင့် နိုင်ငံတကာအစိုးရတွေက ရွေးကောက်ပွဲရလာဒ်ကို မလွှဲမရှောင်သာ အသိအမှတ်ပြုရတော့မှာပါ။ဒီတော့ ဗိုလ်ချုပ် သန်းရွှေ ရဲ့ စစ်တပ်အုပ်စိုးမှု တရားဝင်ပြုရေး အထူးစီမံကိန်းကြီး ရဲ့နောက်ဆုံးအဆင့်မှာ အဖွဲ့ချုပ်က နောက်ဆုံး အုတ်တစ်ချပ် စီဖြည့်ပေးသူ မဖြစ်စေချင်ပါ။
“နိုင်ငံတကာ အစိုးရတွေနဲ့ ကုလသမဂ္ဂ ကလည်း ဘာတွေပဲပြောပြော နောက်ဆုံးကျတော့ အဖျားရှူးသွားတာပါပဲ “ လို့ ထင်ရင်လည်း ထင်နိုင်ပါတယ်။ ဒါပေမယ့် နိုင်ငံတကာ အစိုးရတွေရဲ့ အားနည်းမှုက ပါတီ ပြန်မှတ်ပုံတင်ရေး၊ မတင်ရေး၊ ရွေးကောက်ပွဲ ဝင်ရေး၊ မဝင်ရေး ဆုံးဖြတ်ချက်အတွက် အကြောင်းပြစရာ မဖြစ်သင့်ပါ။ အဖွဲ့ချုပ် တည်ထောင်တုန်းကလည်း နိုင်ငံတကာ တောင်းဆိုချက်ရ ထောင်တာမဟုတ်ခဲ့ပါဘူး၊ လူထုရဲ့ တောင်းဆိုမှုကြောင့်ပါ။ အခုလည်း လူထု မျက်နှာကိုပဲ ကြည့်ပြီး ဆုံးဖြတ်သင့်ပါတယ်။
(၄) နိုင်ငံရေးတိုက်ပွဲ ပုံသဏ္ဌာန် အပြောင်းအလဲ တစ်ခုကတော့ ကျနော်တို့ လိုချင်သည်ဖြစ်စေ၊ မလိုချင်သည်ဖြစ်စေ ပေါ်လာတော့မှာပါ။ ပြီးခဲ့တဲ့ ၂၁ နှစ်လုံး ကျနော်တို့ရဲ့ ဒီမိုကရေစီ လှုပ်ရှားမှုကြီးဟာ ၁၉၉၀ ရွေးကောက်ပွဲရလာဒ်ကို အလံထောင်ပြီး တိုက်ပွဲဝင်ခဲ့တာပါ။
မကြာခင်မှာ ကျနော်တို့ဟာ ထာဝရ စစ်အာဏာရှင်စနစ်ကို ဖျက်သိမ်းရေးအတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းရေး လှုပ်ရှားမှုအသွင် ကူးပြောင်းရပါတော့မယ်။ ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေးတွေ ရရှိဖို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းမှ ဖြစ်ပါလိမ့်မယ်။
တိုင်းရင်းသားလူမျိုးစုများအားလုံး တန်းတူညီမျှ အခွင့်အရေး ရရှိဖို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းမှ ဖြစ်ပါလိမ့်မယ်။ အဲဒီအခါမှာ ကျနော်တို့ အားလုံး ရည်ရွယ်ချက်တစ်ခုတည်း အတွက် ညီညီညွတ်ညွတ် ဆက်တိုက်ကြရမှာပါ။
အဲဒီလို နိုင်ငံရေးတိုက်ပွဲ ပုံသဏ္ဌာန် အသစ်ကို မပြောင်းခင် နောက်ဆုံးအချိန်ပိုင်းကလေးမှာ ကျနော်တို့ အားလုံး နအဖရဲ့ ရွေးကောက်ပွဲကို တခဲနက် ဆန့်ကျင်ကြဖို့ နဲ့၊ ရွေးကောက်ပွဲရလာဒ်ကို နိုင်ငံတကာ အစိုးရတွေက အသိအမှတ်မပြုအောင် တောင်းဆိုဖို့ ရှိသမျှအားတွေ အကုန်သုံးပြီး လှုပ်ရှားကြရမှာပါ။
အဲဒီလို နအဖ ရဲ့ ရွေးကောက်ပွဲ ရလာဒ်ကို နိုင်ငံတကာက အသိအမှတ် မပြုအောင် စွမ်းဆောင်နိုင်မှ နိုင်ငံရေးတိုက်ပွဲ ပုံသဏ္ဌာန်အသစ်ကို ကျနော်တို့ အားကောင်းမောင်းသန် ဆက်ပြီး တိုက်ပွဲဝင်နိုင်မှာပါ။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ရရှိရေး၊ တိုင်းရင်းသားလူမျိုးစုများအားလုံး တန်းတူညီမျှ ရေး လှုပ်ရှားမှူကြီးဟာ မပြီးဆုံးသေးပါဘူး။ ဆက်ပြီး ခရီးဆက်ရပါဦးမယ်။
ရှေ့ဆက်ရမည့် ခရီးမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်များဟာ လူထုနဲ့ အတူ ဆက်ရှိနေမှာလား ? လူထုကို ကျောခိုင်းသွားကြမှာလား?
http://moemaka.com/index.php?option=com_content&task=view&id=6065&Itemid=1