Saturday, May 22, 2010

0 ထိုင်းနိုင်ငံ နှင့် မြန်မာ နိုင်ငံ တို့ တွင် နေထီးဆောင်းမှု ဖြစ်စဉ်အားတွေ့မြင်ရစဉ်

0 နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဒုတိယအကြိမ်မြောက် ဆံသဒါန


၂၂ - ၅ - ၂၀၁၀

နာရေးကူညီမှုအသင်း(ရန်ကုန်) မြောက်ဒဂုံရုံးသို့ ဒုတိယအကြိမ်မြောက် အဖြစ် Shun Cai (စွင့်ချိုင်) ဆံပင်နှင့် အလှပြုပြင်ရေး (၂၈ လမ်း)မှ ဆရာ ဂျွန်ဆင် ဦးဆောင်ပြီး ဆံပင်ညှပ်ဆရာ (၂၉)ဦး တို့မှ မိမိတို့ တတ်ကျွမ်းသော ပညာရပ်ဖြင့် နာရေးကူညီမှု အသင်းသူ အသင်းသားများနှင့် နွေရာသီ အခြေခံအင်္ဂလိပ်စာသင်တန်း တတ်ရောက်နေကြသော မျိုးဆက်သစ် ကလေးငယ်များတို့ အပြင် သုခကုသိုလ်ဖြစ်ဆေးခန်းသို့ လာရောက်ဆေးဝါး ကုသကြသော လူနာများ၊ လူနာရှင်များကို လည်း ဆံပင်ညှပ်ခြင်းဖြင့် ဒါန ပြုခဲ့ကြပါသည်။

0 မျိုးဆက်သစ်ကလေးသူငယ်များအား အင်္ဂလိပ်စာ Essay ပြိုင်ပွဲဆုပေးခြင်း




နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် အခမဲ့ ဖွင့်လှစ်သင်ကြားပေးနေသော မျိုးဆက်သစ် ကလေးသူငယ်များ အင်္ဂလိပ်စာ တိုးတက်မြှင့်မားရန် ရည်ရွယ်ထားသော အင်္ဂလိပ်စာအခြေခံ နွေရာသီသင်တန်းတွင် Level – 2 မှ ကျောင်းသူ/သားများကို My Daily Activities With My Family and My Friends ခေါင်းစဉ်နှင့် Essay ပြိုင်ပွဲ ကျင်းပပေးခဲ့ရာတွင် -

ပထမ . . . မဆုဝတီအောင်

ဒုတိယ . . . မသက်မှူးဝေ

တတိယ . . . သရဖီလှိုင် တို့ ရရှိသွားခဲ့ပါသည်။

လုပ်အားပေး ဆရာမများဖြစ်ကြသော ဒေါ်နီနီအေး၊ ဒေါ်ဧရာမောင်မောင်တို့မှ အမှတ်ပေး စီစစ်ပြီး နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူမှ ဆုရရှိသော မျိုးဆက်သစ် ကလေးသူငယ်များအား ဆုများ ချီးမြှင့်ပေးခဲ့ပါသည်။

0 ကုသိုလ် နှင့် အကုသိုလ် လွန်ဆွဲပွဲ


နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ၂၁.၅.၂၀၁၀ (သောကြာ)နေ့တွင် သောက်ရေ/သုံးရေ လိုအပ်လျှက်ရှိသော သံလျင်မြို့နယ်၊ သုံးခွမြို့ဘက်သို့အသွား လမ်းတစ်လျှောက်ရှိ ပျဉ်းမကန်စံပြကျေးရွာ၊ တံတားပြာကျေးရွာ၊ အနောက်စုကျေးရွာ၊ စွယ်တော်ကွင်းကျေးရွာ၊ ရွှေဘိုစုကျေးရွာနှင့် ဒေးပေါက်စံပြကျေးရွာ တို့တွင် ရေလှူဒါန်းမှုကို နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ လုပ်အားပေးလူငယ်များနှင့် ကိုလူချောအဖွဲ့ (ရုပ်ရှင်သရုပ်ဆောင် လူကြမ်းမင်းသား) ပူးပေါင်းပြီး ကုသိုလ်ဖြစ် လှူဒါန်းခဲ့ကြပါသည်။

ဦးစွာ သံလျင်မြို့ တာဝ (ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်)ကျောင်း အရှေ့ရှိ တော်ဝင်နှင်းဆီ အမျိုးသမီးသီးသန့် အဆင့်မြင့် ဘော်ဒါဆောင်မှ မိမိတို့ပါသွားသော ရေဂါလံ (၂၅၀၀) ဆံ့ ပလပ်စတစ် ရေတိုင်ကီပုံးများထဲသို့ ကား (၂) စီး ရေဖြည့်ပြီး သုံးခွမြို့နယ်ရှိ ရေဒုက္ခသည်တို့ရှိရာ ကျေးရွာများသို့ သွားရောက် ရေအလှူ ပြုခဲ့ကြပါသည်။

ထူးခြားချက်မှာ … မိမိတို့သည် သောက်ရေ သုံးရေ ရေဒုက္ခသည်များထံသို့ သွားရောက်လှူဒါန်းရန် ရေအလှူရှင်တို့ထံမှ ရေများဖြည့်ဆည်းနေချိန် နံနက် (၁၁း၀၀) နာရီအချိန်တွင် မိုးများ ရွာသွန်းခဲ့ပါသည်။ သောက်ရေ/သုံးရေ ရေဘေးဒုက္ခသည်များကို မိမိတို့သည် လူအချင်းချင်း ရိုင်းပင်းကူညီ ပံ့ပိုးမှုများ ပြုလုပ်ခဲ့ကြသလို မိုးနတ်သားများမှလည်း မိုးရေစက်များဖြင့် ရေဒုက္ခသည်များထံသို့ မိုးရေ လှူဒါန်းမှုများ ပြုလုပ်ခဲ့ကြခြင်းပင် ဖြစ်တော့သည်။

ထိုကဲ့သို့ လူအချင်းချင်း ကယ်တင်ဖေးမခြင်းတင်မက ဒေ၀တာ နတ်မင်းများကလည်း ပံ့ပိုးကူညီ ခြင်းများ ပြုလုပ်ပေးနေသော်လည်း . . . အချို့သော ရေဒုက္ခသည် ကျေးရွာ ဒေသများတွင် ရေချို တစ်ဆင့် လှူဒါန်းသူတို့အား ရေပိုက်ကြီးကြီးနှင့် မလှူရန် လာရောက်တားမြစ်ခြင်း၊ ဒေသခံလူထုက ပေ (၈၀) ခန့် အ၀ီစိတွင်း တူးလျှင် ရေချိုထွက်သည်ဟု ပြောကြားသော်လည်း မိမိတို့ ကုသိုလ်ဖြစ် အသင်းအဖွဲ့တို့အား ပေ (၂၀၀) ခန့်တူးမှ ရေချိုထွက်နိုင်ကြောင်း မုသားသုံးပြီး ဖျက်လို ဖျက်ဆီးနှင့် လာရောက်ပြောဆိုသူများ၊ ရေဘေးဒုက္ခသည် ရွာများရှိရာ လမ်းဆုံ လမ်းခွများတွင် ရွာများသို့ အ၀င်တွင် ထိုရွာများသို့ မိမိတို့ ကားများဖြင့် ၀င်ရောက်ပါက ပြဿနာတက်မည်ဖြစ်ကြောင်း၊ သွားလို့ရမည် မဟုတ်ကြောင်း လာရောက်ဟန့်တားခြင်းများ ကြုံတွေ့ခဲ့ရပါသည်။

ထိုသို့သော . . . ကုသိုလ်နှင့် အကုသိုလ် လွန်ဆွဲပွဲတွင် ကျွန်တော်တို့သည် ကိုယ့်လမ်း … ကိုယ်သွား၊ ကိုယ့်အလုပ် … ကိုယ်လုပ်၊ ကိုယ့်တာဝန် … ကိုယ်ကြေ၊ ကိုယ့်သီလ … ကိုယ်လုံ၊ ကိုယ့်သမိုင်း … ကိုယ်ရေးပြီး ဒူးမထောက် ဦးမညွှတ်ဘဲ ကုသိုလ်ရေး ကိစ္စရပ်များကို ရဲရဲရင့်ရင့် ရင်ဆိုင်ချီတတ်သွားမည် ဖြစ်ပါကြောင်းနှင့်. . .

ယနေ့  (၂၂.၅.၂၀၁၀) ရက်နေ့ တွင်လည်း ယင်းဒေသများသို့ နာရေးကူညီမှုအသင်း(ရန်ကုန်) လူမှုရေး အဖွဲ့သားများနှင့် ရုပ်ရှင်လူကြမ်းသရုပ်ဆောင် (ကိုလူချော) အဖွဲ့သားများ ပူးပေါင်းကာ ဒါနကုသိုလ်ကို ရဲရဲရင့်ရင့် သွားရောက်ပြီး ရေလှူဒါန်းမှုများ ဆက်လက် ပြုလုပ်လျှက်ရှိပါကြောင်း . . . . ။

ကိုကျော်သူ

0 ဘာလဲဟဲ့ ရွေးကောက်ပွဲနဲ့ မီဒီယာလွတ်လပ်ခွင့်


စစ်အစိုးရဟာဒီနှစ်ထဲမှာဘဲ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကျင်းပပေးတော့မယ်လို့ ကျေညာထားပါတယ်။ လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲဖြစ်ရေးမှာ မီဒီယာတွေလွတ်လပ်မှုရှိရေးဟာလည်းအရေးပါပါတယ်။ လက်ရှိပြည်တွင်းမီဒီယာတွေရဲ့အခြေအနေတွေကိုကြည့်ရင် ရွေးကောက်ပွဲနီးလာလို့ ပါတီခေါင်းဆောင်အကြောင်းတွေဖော်ပြတာ ပါတီလမ်းစဉ်အကြောင်းတွေဖော်ပြတာတွေကိုတော့ တွေ့မြင်လာရပါပြီ။ ဒါပေမဲ့ အဲဒီဖော်ပြချက်တွေအပါအ၀င် တခြားမီဒီယာလွတ်လပ်ခွင့်တွေအားလုံးဟာ အရင်အခြေအနေနဲ့နှိုင်းစာရင် ဘာမှထူးခြားတိုးတက်လာတာမရှိသေးဘူးဆိုတဲ့အကြောင်း ဆွေးနွေးတင်ပြသွားပါမယ်။

ပြည်တွင်းမှမီဒီယာတွေ လွတ်လပ်မှုရှိသလား မရှိဘူးလား ဘယ်လောက်အထိဆိုးရွားနေသလဲဆိုတာသိနိုင်အောင် မကြာသေးခင်က ပြုလုပ်ပြီးစီးသွားခဲ့တဲ့ ရဲချုပ်ခင်ရီရဲ့ နေပြည်တော်သတင်းစာရှင်းလင်းပွဲအကြောင်းပြောပြပါ့မယ်။ နေပြည်တော်မှာ သတင်းစာရှင်းလင်းပွဲလုပ်မယ်ဆိုတဲ့အခါ စစ်အစိုးရစာပေစစ်စီရေးဌာနဟာ နိုင်ငံခြားသတင်းထောက်များအသင်းကိုဖိတ်ပါတယ်။ နောက် သူတို့ရွေးချယ်ထားတဲ့ ပြည်တွင်းဂျာနယ်တိုက်တချို့ကိုဖိတ်ပြီး သွားမဲ့ သတင်းထောက်အမည်စာရင်းကို တောင်းခံပါတယ်။ သူတို့မကြိုက်တဲ့သူဆိုရင် သက်ဆိုင်ရာတိုက်က နောက်ထပ်တခြားသတင်းထောက်တယောက်ရဲ့နံမည်ပေးရပြန်ပါတယ်။ နေပြည်တော်အထိ သတင်း သွားယူမဲ့ကိစ္စ စာပေစစ်စီရေးက စီစဉ်တယ်ဆိုပေမဲ့ သက်ဆိုင်ရာဂျာနယ်တိုက်တွေကနေ ကိုယ့်ခရီးစရိတ်ကိုယ်စိုက်ထုတ်ရပါတယ်။ ကိုယ့်ထမင်း ကိုယ်ဝယ်စားရပါတယ်။ ပြောရရင် ကိုယ့်စားရိတ်နဲ့ကိုယ်သွားရစားရတာမျိုးပါ။

ဒါပေမဲ့ နေပြည်တော်ရောက်တာနဲ့ ဇာတ်လမ်းကစပါတော့တယ်။ သတင်းစာရှင်းလင်းပွဲရောက်သွားတဲ့ ပြည်တွင်းသတင်းထောက်တွေထဲက စစ်အစိုးရ အလိုတော်ရိသတင်းထောက်ကြီးတချို့နဲ့ရွေးချယ်ထားတဲ့ သတင်းထောက်အချို့ကို စာပေစစ်စီရေးဌာန ညွန်ကြားရေးမှူး ဗိုလ်မှူးတင့်ဆွေက ရဲချုပ်ခင်ရီ ရှင်းလင်းလို့ပြီးရင် မေးရမဲ့ မေးခွန်းစာရွတ်လိပ်တခုစီပေးပါတယ်။ သတင်းထောက်တယောက်အနေနဲ့ မေးခွန်းစာရွတ်လိတ်ရပြီဆိုလို့ရှိရင် ဒီတာဝန်ကို ရှောင်လွဲလို့မရပါဘူး။ တကယ်လို့ ဗိုလ်မှူးတင့်ဆွေ ခိုင်းတဲ့ ဒီအလုပ်ကိုမလုပ်ခဲ့ရင် အဲဒီသတင်းထောက်ကို နံမည်ပျက်စာရင်း၊ မနာခံသူစာရင်းသွင်းမှာဖြစ်ပြီး နောင်အခွင့်အခါသင့်တာနဲ့ ကိုယ်အလုပ်လုပ်ရာဂျာနယ်တိုက်ကနေ အလုပ်ထုတ်ပစ်တဲ့အထိ အရေးယူခံရအောင် လုပ်ပါဦးမယ်။ ရှေ့မှာ ဒီလိုလုပ်ခဲ့တဲ့ သာဓကတွေလည်းရှိခဲ့ဘူးပါတယ်။ ဒီတော့ သတင်းစာရှင်းလင်းပွဲမှာ ရဲချုပ်ခင်ရီ ရှင်းလင်းပြီးသွားတဲ့အခါသတင်းထောက်တွေကို မေးခွန်းတွေမေးဖို့ဖိတ်ခေါ်ပါတယ်။ ဒီအခါ စောစောကမေးခွန်းလိပ်ကလေးတွေ ရထားတဲ့ သတင်းထောက်တွေဟာ မေးမြန်းရမဲ့နေရာကို ကမန်းကတန်းသွားပြီးတန်းစီရပါတယ်။ ကိုယ့်အလှည့်ရောက်ရင် ကိုယ့်ကိုပေးထားတဲ့ မေးခွန်းစာရွတ်ထဲကအတိုင်း မေးပေးရပါတယ်။ စစ်အစိုးရ စာပေစစ်စီရေးအနေနဲ့ ဒီလိုလုပ်ရတာအကြောင်းရှိပါတယ်။

ပထမအချက်က-
ကိုယ်ခိုင်းထားတဲ့သူအများအပြား တန်းစီမေးခွန်းတွေ မေးနေကြလေတော့ တကယ့်မေးခွန်းတွေ မေးကြမဲ့ နိုင်ငံခြားသတင်းထောက်တွေ ၊ နိုင်ငံခြားသံတမန်တွေ မေးမြန်းခွင့်မရတော့ပါဘူး ။ ဒီလိုမေးမြန်းခွင့်မရတော့ အဲဒီလူတွေမေးကြမဲ့ စစ်အစိုးရတာဝန်ရှိသူတွေ ဖြေရကြပ်စေမဲ့မေးခွန်းတွေကို ရှောင်လွဲပြီးသားလည်းဖြစ်သွားပါတယ်။ ဒါတင်မက သူတို့ဘာသာသူတို့ ပြောရင် မကောင်းတဲ့အချက်အလက်တွေကို သတင်းထောက်တွေမေးလို့ဖြေရတာပါဆိုတဲ့ပုံစံပေါက်အောင် လည်း တချို့မေးခွန်းတွေ ဆင် ထားလိုက်ပါသေးတယ်။ စစ်အစိုးရရဲ့ သတင်းစာရှင်းလင်းပွဲဆိုတာ အဲဒီလို ကလိမ်ကကျစ်လုပ်တဲ့ပွဲမျိုးဖြစ်ပါတယ်။
နောက်- ဒီလိုသတင်းစာရှင်းလင်းပွဲပုံစံမျိုးလုပ်တာဟာ ခုတခေါက်မှာမှမဟုတ်ပါဘူး။ လွန်ခဲ့တဲ့ နှစ်တချို့ကတည်းကလုပ်ခဲ့တာပါ။ သတင်းစာရှင်းလင်းပွဲပြီးလို့ ကိုယ့်စားရိတ်နဲ့ကိုယ် ရန်ကုန်ပြန်ကြရတဲ့ သတင်းထောက်တွေဟာ ရန်ကုန်ရောက်ပြီးတဲ့နောက် ကိုယ်မြင်လာတွေ့လာသမျှတွေကို ရေးခွင့်မရကြပြန်ပါဘူး။ သတင်းစာရှင်းလင်းပွဲမှာ ဘာတွေပြောပြော ဘယ်လိုဘဲဖြစ်နေနေ စစ်အစိုးရသတင်းစာတွေမှာပါတဲ့ အချက်အလက်တွေကိုဘဲ ကိုးကားရေးသားကြရပါတယ်။ ဒီလိုသူတို့ခေါ်တဲ့အချိန်မှာ ကိုယ့်စားရိတ်နဲ့ကိုယ်သွား ၊ ဟိုကိုရောက်တော့လည်း သူတို့မေးခိုင်းတာတွေကိုမေးပေးရ ပြန်လာတော့လည်း သူတို့ခွင့်ပြုတာရေး၊ ခွင့်မပြုတာမရေးနဲ့ဆိုတော့ အတော့ကိုလူပါးဝတာဘဲဆိုပြီး သတင်းထောက်တွေကတော့ ခံပြင်းဒေါသထွက်ကြပါတယ်။ ဒါပေမဲ့တော့ ဘာမှတော့မတတ်နိုင်ကြပါဘူး။

သတင်းစာရှင်းလင်းပွဲမြင်ကွင်း

အလားတူ ပြီးခဲ့တဲ့ရက်ပိုင်း မြန်မာနိုင်ငံကို အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ Kurt Cambell လာရောက်ပြီး ပြန်ထွက်ခါနီးမှာ သတင်းစာရှင်းလင်းပွဲတခုလုပ်ခဲ့ပါသေးတယ်။ အဲဒီသတင်းစာရှင်းလင်းပွဲကို ပြည်တွင်းပြည်ပ သတင်းစာဆရာတွေ တက်ရောက်သတင်းယူခွင့်ရခဲ့ကြပါတယ်။ ဒါပေမဲ့ ပြည်တွင်းသတင်းထောက်တွေအားလုံးကတော့ မစ္စတာ Kurt Cambell ရဲ့ ထုတ်ပြန်ချက်တခုတလေကိုမှ ရေးသားခွင့်မရခဲ့ကြပါဘူး။ မသိနားမလည်လို့ရေးခဲ့ကြတဲ့ ဂျာနယ်တွေမှာလည်း ဖော်ပြခွင့်မရခဲ့ကြပါဘူး။ ဒါတင်မက မစ္စတာ Kurt Cambell နဲ့ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံတဲ့ဓာတ်ပုံတွေကိုလည်း လုံးဝဖော်ပြခွင့်မပေးခဲ့ပါဘူး။ အားလုံးကို စစ်အစိုးရစာပေစစ်စီရေးက စိစစ်ပိတ်ပင်ခဲ့တာပါ။ အခုရွေးကောက်ပွဲနီးလာလို့နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးပါတီတွေအကြောင်း၊ ဖော်ပြခွင့်ရလာတော့လည်း စောစောကပြောခဲ့သလို စာပေစစ်စီရေးရဲ့ဆိုးဆိုးရွားရွားရွားဖြတ်တောက်ပိတ်ပင်တာကို ခံကြရပြန်တာပါဘဲ။ ဥပမာအားဖြင့် NLDပါတီက ဦးတင်ဦး၊ ဦးဝင်းတင်၊ဦးဥာဏ်ဝင်းတို့ရဲ့ ပြောဆိုချက်တွေကို ဖော်ပြလို့မရသလောက် ဖြတ်တောက်ခံရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကဆိုရင် အလံကိစ္စ ပြဿနာပေါ်ခဲ့ပါတယ်။ စစ်အစိုးရ အလိုတော်ရိ အေးလွင်၊ ရဲထွန်းတို့ညီအကိုတွေ ကျောင်းသားသမဂ္ဂအလံနဲ့ သမိုင်းဝင်ဒေါင်းအလံတွေကို အလွဲသုံးစားလုပ်တဲ့ကိစ္စပါ။ ဒီကိစ္စ ၀င်ရောက်ဆွေးနွေးတဲ့ ကျောင်းသားခေါင်းဆောင်ဟောင်းတွေရဲ့ပြောဆိုချက်တွေကို ဂျာနယ်စာမျက်နှာထဲမှာဖော်ပြခွင့်မရခဲ့ပါဘူး။ ယုတ်စွအဆုံး နေပြည်တော်အထိသွားပြီး ကန့်ကွက်လွှာတင်သွင်းလာသူတွေရဲ့ ကန့်ကွက်လွှာပါအချက်အလက်တွေ၊ ပါဝင်လတ်မှတ်ရေးထိုးသူတွေရဲ့နံမည်ကိုလည်း ဖော်ပြခွင့်မပေးခဲ့ပါဘူး။ ဒါကြောင့်လည်း ဒီအကြောင်းအရာတွေကို မြန်မာပြည်ကစာဖတ်ပရိသတ်တွေ၊ ကျယ်ကျယ်ပြန်ပြန့်မသိကြတော့ပါဘူး။ နအဖစစ်အစိုးရဟာ ပြည်တွင်းမီဒီယာတွေနဲ့ပတ်သတ်ရင် ရုပ်မြင်သံကြားလုပ်ငန်း၊ သတင်းစာနဲ့ရေဒီယိုအသံလွှင့်လုပ်ငန်းတွေကို ကောင်းကောင်းချုပ်ကိုင်ထားပါတယ်။ နည်းနည်းပါးပါးလောက်ဘဲရှိတဲ့ အပတ်စဉ်ထုတ်ဂျာနယ်တွေကိုကြတော့ အထက်မှတင်ပြခဲ့သလို နည်းပေါင်းစုံနဲ့ဖိနှိပ်ချုပ်ခြယ်တာတွေလုပ်ပါတယ်။ အဲ နိုင်ငံပြင်ပလွတ်လပ်တဲ့မီဒီယတွေဖြစ်တဲ့ ဘီဘီစီ၊ ဗီအိုအေ၊ ဒီဗွီဘီ၊ အာအက်ဖ်အေအသံလွှင့်ဌာနတွေကိုတော့ ရန်တိုက်ပေးနေတယ်၊ သွေးထိုးပေးနေတယ်၊ ခလောက်ဆန်အကောက်ကြံနေတယ်၊ လေလှိုင်းသံလူသတ်သမားဖြစ်တယ်။စသဖြင့် မဟုတ်တမ်းတရားစွတ်စွဲထားတာတွေကို စစ်အစိုးရပိုင်သတင်းစာတွေမှာနေ့စဉ်ဖော်ပြပါတယ်။ ရုပ်မြင်သံကြားကနေလည်း နေ့စဉ်ကြေငြာရုံမက ရုပ်ရှင်ရုံတွေကပါ နေ့စဉ်ကြေငြာစေတာတွေ့ရပါတယ်။ ဆိုလိုတာက ဒီအသံလွှင့်ဌာနတွေရဲ့ အသံလွှင့်ချက်တွေကိုလက်မခံ ဆန့်ကျင်တယ်ဆိုတဲ့သဘောပါ။

ချုပ်လိုက်ရင် မြန်မာနိုင်ငံမှာ မကြာခင်မှာရွေးကောက်ပွဲကျင်းပပေးတော့မယ်လို့ကြေငြာထားပေမဲ့ ဒီနေ့အချိန်အထိစစ်အစိုးရဟာ ပုဂ္ဂလိကရုပ်မြင်သံကြားလုပ်ငန်းတွေလုပ်ပိုင်ခွင့်မပေးပါဘူး၊ လွတ်လပ်တဲ့ရေဒီယိုအသံလွှင့်ဌာနတွေတည်ထောင်ခွင့်မပေးပါဘူး၊ နေ့စဉ်သတင်းစာလည်းထုတ်ဝေခွင့်မပေးပါဘူး။ ယုတ်စွအဆုံး တပတ်ကိုမှတကြိမ်စာမျက်နှာ အကန့်အသတ်နဲ့ထုတ်ဝေရတဲ့ဂျာနယ်တွေကိုတောင် သာမန်ပြည်သူတွေကို ထုတ်ဝေခွင့်ချပေးတာမျိုးမရှိသေးပါဘူး။ ဒါကြောင့်လည်း ရွေးကောက်ပွဲကျင်းပမယ်၊ ပါတီတွေထောင်လာကြပြီဆိုတဲ့အတိုင်း ရွေးကောက်ပွဲဆိုင်ရာအကြောင်းတွေ ပါတီဆိုင်ရာအကြောင်းတွေ နိုင်ငံရေးသမားတွေနဲ့ဆိုင်တဲ့အကြောင်းတွေက စာမျက်နှာထက်မှာစုံစုံလင်လင်မတွေ့မမြင်ခဲ့ကြရပါဘူး။ ဒီအတွက်ပြည်သူတွေကလည်း ဘာမှမသိခဲ့ကြရပါဘူး။ ခြုံပြီးပြောရရင် စစ်အစိုးရဟာ ခုလိုဘဲလွတ်လပ်စွာရေးသားထုတ်ဝေခွင့်မပြု၊ ထုတ်ဝေခွင့်ပြုထားတဲ့ပုဂ္ဂလိကဂျာနယ်အနည်းငယ်တွေကိုလည်း ဘာမှဖော်ပြခွင့်မပေးဘဲ ဆက်လက်ဖိနှိပ်ချုပ်ခြယ်သွားအုံးမယ်ဆိုရင် ကျင်းပတော့မဲ့ရွေးကောက်ပွဲဟာ ဘယ်လိုမှတရားမျှတမှုရှိနိုင်မှာမဟုတ်ဘူးလို့သုံးသပ်တင်ပြလိုက်ရပါတယ်။

ပြည်ပဆောင်းပါးရှင် - တိုင်းကျော်အားကျေးဇူးတင်ရှိပါသည်။

0 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးစိုးမြင့်ကွယ်လွန်

0 အလုံမြို့နယ်က ရဲအရာရှိနယ်ထိန်း ဒုရဲအုပ်ဌေးအောင်၏ အကျင့်ပျက်လဒ်စားမှု


http://onsobhq.blogspot.com/မှ

Friday, May 21, 2010

0 ဗန္ဓုလတံတား အဆင်း ဒေါပုံသင်္ဘောကျင်း အနီးတွင် သစ်လုံးကားတစ်စီး တိမ်းမှောက်မှု ဖြစ်ပွား


အငှားယာဉ်နှစ်စီးအား သစ်လုံးများပိနေစဉ်

မေလ ၂၀ ရက်နေ့ နံနက် ၁၁း၂၀ ၀န်းကျင်တွင် ဗန္ဓုလ တံတားအဆင်း ဒေါပုံသင်္ဘောကျင်းအနီး လမ်းဆုံတစ်နေရာတွင် သစ်လုံးကြီးများ သယ်လာသော ယာဉ်တစ်စီး တိမ်းမှောက်ခဲ့မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။


အဆိုပါ သစ်လုံးကားကြီး တိမ်းမှောက်မှုကြောင့် လမ်းကူးရန် စောင့်နေသူ မိသားစုလေးဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး လမ်းကူးခဲ့သူ အသက် ၁၂ နှစ်ဝန်းကျင်ရှိ ကလေးငယ်တစ်ဦး အဆိုပါ သစ် လုံးကားကြီးနှင့် ပိ၍ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။


ထို့အပြင် သစ်လုံးကားကြီး ဘေးတွင် မောင်းနှင်လာသော ပါရမီတက္ကစီပေါ်တွင် ပါရှိသည့်ခရီးသည် အမျိုးသားတစ်ဦး အမျိုးသမီး တစ်ဦး အဆိုပါ ဖြစ်စဉ်နေရာ၌ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။


''ကျွန်တော်က စဖြစ်တဲ့အချိန် တုန်းက ဖြစ်တဲ့နေရာရဲ့ ၀န်းကျင် နေရာတစ်နေရာရဲ့ ကွမ်းယာဆိုင် မှာရှိနေခဲ့တယ်။ နံနက် ၁၁း၂၀ လောက်မှာ ဒုန်းဒုန်းလို့ အသံကြားတော့ လှည့်ကြည့်လိုက်တဲ့အခါ မှာ အဲ့ဒီသစ်လုံးအကြီးတွေ တင်လာတဲ့ ကားကြီးက အလယ်ဖောင်ကျွန်းကို ကျော်ဖြတ်ပြီး ဘေးတစ်ဖက်က တက်လာတဲ့ ပါရမီ ကားတစ်စီးရယ်၊ စီးတီးတက္ကစီ တစ်စီးကို သစ်လုံးတွေက ကျိုးပြတ်ပြီး ပိသွားတာ တွေ့ရတယ်။ မပိခင်ချိန်မှာ လမ်းဖြတ်ကူးတဲ့ အမျိုးသမီးသုံးဦး၊ အမျိုးသားကြီးတစ်ဦး ကလေးငယ်တစ်ဦး ကားနဲ့ ပိသွားတယ်။ အဲ့ဒီအခါမှာ ကျွန်တော်တို့က နီးစပ်ရာရှိတဲ့လူတွေ က ကားထဲက ဆွဲထုတ်တဲ့အခါ မှာ အမျိုးသမီးကြီးတစ်ဦး၊ အမျိုးသားကြီးတစ်ဦးနှင့် ကလေးငယ် တစ်ဦးကို ဆွဲထုတ်ပြီး နီးစပ်ရာ ကားတစ်စီးနဲ့ ဆေးရုံကြီးကိုပို့ခဲ့တယ်။ ဒါပေမယ့် ကလေးငယ် တစ်ဦးက လုံးဝဆွဲထုတ်လို့မရဘူး သစ်လုံးကားနဲ့ ပိနေခဲ့ပါတယ်''ဟု အဆိုပါဖြစ်စဉ် ရပ်ကွက်အနီးတွင် နေထိုင်ပြီး မျက်မြင်တွေ့ခဲ့ရသူ ကိုကျော်မင်းအောင်က ရှင်းပြခဲ့သည်။


ယင်းဖြစ်စဉ်တွင် အပြင်းအထန် ဒဏ်ရာရရှိခဲ့သူ မိသားစုလေးဦးမှ ဖခင်ဖြစ်သူ ဦးစိုးမြင့်က ''ကျွန် တော်တို့ မိသားစု လေးဦးက တောင်ဥက္ကလာပ မြို့နယ်မှာနေတာပါ။ ဒေါပုံမှာနေတဲ့ သမီးဆီ လာတဲ့အခါမှာ လမ်းဖြတ်ကူးဖို့ စောင့်နေတဲ့အချိန်မှာ ဘယ်လိုဖြစ်လို့ ဖြစ်သွားမှန်းမသိဘူး။ ကျွန်တော်တို့ကို သစ်လုံးကားကြီးက ပိခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော် က ကံကောင်းလို့ ကားရဲ့ အစပ် နားကပဲ ပိခဲ့တာပါ။ ပတ်ဝန်းကျင် က လူတွေ ၀ိုင်းကယ်ပြီး ဆေးရုံကို သိပ်မကြာခင်မှာ ရောက်ခဲ့တယ်။ ဒါပေမယ့် ကျွန်တော့်ဇနီးဖြစ်တဲ့ ဒေါ်လှကြည်က ဒဏ်ရာတွေ ကြောင့် စကားတောင် မပြောနိုင်ဘူး။ ဒါ့အပြင် ကျွန်တော့်ရဲ့ အသက် ၁၃ နှစ် အရွယ်သာရှိတဲ့ ပန်းအိဖြူကလည်း မွန်းလွဲ တစ်နာရီခွဲ အချိန်လောက်မှာ သွေးတွေအန်ပါတယ်။ ဆရာဝန်ကတော့ သူ့ကို ခွဲစိတ်ခန်းဝင်ရမယ်လို့ ပြောတယ်။ ခြေထောက်တစ်ဖက်လည်း ပြုတ်သွားတယ်လို့ ပြောတယ်၊ အတွင်းဒဏ်ရာလည်း ကြီးကြီးမားမားရခဲ့တယ်''ဟု ပြော ကြားခဲ့သည်။


ရန်ကုန်ပြည်သူ့ ဆေးရုံကြီးရှိ အရေးပေါ်နှင့် ထိခိုက်ဒဏ်ရာခွဲစိတ် ဌာနမှ တာဝန်ရှိသူ ဆရာဝန်တစ် ဦးကလည်း ''ဒဏ်ရာရရှိခဲ့တဲ့ လေးယောက်ထဲက ပန်းအိဖြူက ဒဏ်ရာတော်တော်လေး ပြင်းခဲ့တယ်။ သူ့ကို ခွဲစိတ်မှုတွေပြုလုပ်မယ်။ ဒေါ်လှကြည်ကိုတော့ ဓာတ်မှန်နဲ့ အဖြေတွေကို စောင့်ကြည့်မယ်။ ကျန်တဲ့ ဦးစိုးမြင့်နဲ့ မ၀င်းသီရိကို တော့ ဒဏ်ရာအခြေအနေပေါ်မူ တည်ပြီး ပြန်လွှတ်သင့်ရင် ပြန်လွှတ်ပါမယ်''ဟုပြောကြားခဲ့သည်။


အဆိုပါ ဖြစ်စဉ်ကြောင့် ပွဲချင်းပြီး အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး ဒဏ်ရာသူ လေးဦးရှိခဲ့ကြောင်း သိရှိရသည်။


သေဆုံးသူအားကားထဲမှဆွဲထုတ်နေစဉ်

0 ဦးသုမောင်(ခ)ဦးဗလ၏ဘ၀နိဂုံးအဆုံးပုံရိပ်ဈာပနအခမ်းအနား မြင်ကွင်းမှတ်တမ်း နှင့် သတင်းလွှာ

ကမ္ဘာမြေပြင်ကိုခေတ္တအလည်အပတ်ရောက်ရှိပြီးထာဝရပြန်လည်ထွက်ခွာသွားသော ရုပ်ရှင်သရုပ်ဆောင်၊စာရေးဆရာ၊တေးသံရှင်အကယ်ဒမီဦးသုမောင်(ခ)ဦးဗလ၏ဘ၀နိဂုံးအဆုံးပုံရိပ်ဈာပနအခမ်းအနား မြင်ကွင်းမှတ်တမ်း နှင့် သတင်းလွှာ



သောကြာကြယ်ကြီး လနဲ့နီးသောနေ့ ည ၉း ၀၀ အချိန်၊ ရန်ကုန်မြို့ ကမာရွတ်မြို့နယ် ပြည်လမ်းမပေါ်ရှိ သုခကမ္ဘာ အထူးကုဆေးခန်းတွင် ကွယ်လွန်သွားသော ရုပ်ရှင်သရုပ်ဆောင် စာရေးဆရာ၊ တေးသံရှင် ၊ သဘာဝမင်းသားကြီး အကယ်ဒမီဦးသုမောင် (ခ) ဦးဗလ၏ ကြွင်းကျန်ရစ်သော ရုပ်ကလာပ်ကို ယနေ့ ၂၀.၅.၂၀၁၀ နံနက် ၁၀ နာရီတွင် ရေဝေးသုဿန်၌ မီးသဂြိင်္ုဟ်ခဲ့ပါသည်။ အကယ်ဒမီဦးသုမောင်၏ ဈာပနအခမ်းအနားသို့ ရုပ်ရှင်သရုပ်ဆောင်များ၊ စာပေနှင့်စာနယ်ဇင်းမှ စာပေပညာရှင် ညီအစ်ကိုမောင်နှစ်မများ ၊ ရုပ်ရှင်ဒါရိုက်တာများ၊ မိသားစုဆွေမျိုးသားချင်းများ၊ အကယ်ဒမီဦးသုမောင် ၏ ချစ်ပရိတ်သတ်များမှ စည်ကားသိုက်မြိုက်စွာ နောက်ဆုံးအနေဖြင့် ဂါရ၀ပြုပို့ဆောင် နှုတ်ဆက်ခဲ့ကြပါသည်။ မင်းသားကြီးဦးသုမောင်၏ ဈာပနကို နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အစအဆုံး တာဝန်ယူ ဆောင်ရွက်ပေးခဲ့သည်ဟု သတင်းရရှိခဲ့ပါသည်။

လေးစားဦးညွှတ်လျှက်
Burma Paparazi

0 JohnsonnJohnsonကုန်ပစ္စည်းမိတ်ဆက်ပွဲမှာ လူတွေအထင်ကြီးတဲ့ရွှေမင်းသမီးက7daysnews ဂျာနယ်မှဂျာနယ်လစ် မိန်းကလေးတစ်ဦးကို ကိုယ်ထိလက်ရောက်စော်ကားခြင်း




၁၉.၅.၂၀၁၀ဗုဒ္ဓဟူးနေ့ညနေတွင်ရန်ကုန်မြို့ဆီဒိုးနားဟိုတယ်တွင်ကျင်းပသောJohnsonnJohnsonကုန်ပစ္စည်းသစ်မိတ်ဆက်ပွဲတွင်ရုပ်ရှင်သရုပ်ဆောင်အကယ်ဒမီထက်ထက်မိုးဦးမှ7DaysNewဂျာနယ်မှဂျာနယ်လစ်မိန်းကလေးတစ်ဦး၏ဆံပင်ကိုဆွဲကာပါးကိုရိုက်ပြီးကိုယ်ထိလက်ရောက်စော်ကားခဲ့သည်ဟုခိုင်လုံတိကျသေချာသောသတင်းရပ်ကွက်မှသတင်းရရှိပါသည်။ဖြစ်စဉ်မှာအဆိုပါဂျာနယ်မှဂျာနယ်လစ်မိန်းကလေးကရုပ်ရှင်သရုပ်ဆောင်အကယ်ဒမီထက်ထက်မိုးဦးအားအင်တာဗျူးရန်အတွက်၎င်းအခမ်းအနား၌ ချိန်းဆိုထားခဲ့သည်။ချိန်းဆိုပီးနောက်ဂျာနယ်လစ်မိန်းကလေးမှရုပ်ရှင်သရုပ်ဆောင်အကယ်ဒမီထက်ထက်မိုးဦး၏အိမ်ထောင်ရေးကိစ္စမှာတည်မြဲသွားပီလားဟုမေးမိရာ၎င်းမှစိတ်ဆိုးမာန်ဆိုးနှင့်မိန်းကလေး၏ဆံပင်ကိုဆွဲကာပါးကိုရိုက်နှက်ပြီးလက်သည်းများနှင့်လည်းကုတ်ခြစ်ခဲ့သည်ဟုသိရှိရပါသည်။

အထက်ပါဖြစ်စဉ်အားဂျာနယ်လစ်မိန်းကလေးဘက်မှမြန်မာနိုင်ငံစာပေနှင့်စာနယ်ဇင်းကော်မတီနှင့်မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးသို့တိုင်ကြားမည်ဟုလည်းသိရပါသည်။ယခုကဲ့သို့မင်းမဲ့စရိုက်ဆန်ဆန်ပြုမူခြင်းများသည်မြန်မာနိုင်ငံတွင်နအဖစစ်အစိုးရ၏ဆွေမျိုး
များနှင့်ပိုက်ဆံရှိအသိုင်းအ၀ိုင်းများကြားတွင်အတော်ခေတ်စားနေပါသည်။ထို့အပြင်မီဒီယာဘက်မှသာအမြဲရပ်တည်မည်ဟုကြွေးကြော်ထားသော ဆရာကြီးများအနေနှင့်မီဒီယာဘက်မှရပ်တည်မည်လား..?ရွှေမင်းသမီးဘက်မှရပ်တည်မည်လားဆိုသည်ကိုတော့ မြန်မာနိုင်ငံ၏လွန်စွာမှ မှန်ကန်တိကျသေချာသော၊ လူ့အခွင့်အရေးကိုလေးစားမှုအပြည့်အ၀ရှိသော
တရားဥပဒေပိတ်ကားပေါ်တွင်ဆက်လက်ရှုစားကြပါလို့…………….

ပေးပို့သော မာဃ၀ိဇ္ဇာအားကျေးဇူးတင်ရှိပါသည်။

Thursday, May 20, 2010

0 ပန်းတွေနဲ့ ဝေပြီး..နှောင်းတစ်မြေ့ မြေ့ နဲ့ ကျန်ရစ်သူတို့ ရဲ့ အလွမ်း


အဆိုတော် စာရေးဆရာ ဒါရိုက်တာ သရုပ်ဆောင် ဦးသုမောင် (ခ) ဦးဗလ ၂၀၁၀ ခုနှစ်၊ မေလ၊ ၁၆ ရက်နေ့ ည (၉း၀၀) နာရီအချိန်တွင် ကွယ်လွန်အနိစ္စ ရောက်ခဲ့ရာ ကြွင်းကျန်ရစ်သော ရုပ်ကလပ်ကို ၂၀၁၀ ခုနှစ်၊ မေလ၊ ၂၀ ရက်နေ့ နံနက် (၁၀း၀၀) အချိန် ရေဝေးသုဿန်တွင် မီးသဂြိုင်္လ်ခြင်း အခမ်းအနားကို ပြုလုပ်ခဲ့ပါသည်။ ယင်းအခမ်းအနားတွင် စာပေ၊ ဂီတ၊ ရုပ်ရှင် အနုပညာရှင်ပေါင်းများစွာနှင့် ကိုသုမောင်အား ချစ်ခင်လေးစားကြသော ပရိတ်သတ်အပေါင်းမှ စည်ကားသိုက်မြိုက်စွာ လာရောက်ကြပါသည်။

ထူးခြားချက် ၂ ခုမှာ ကမ္ဘာမြေပြင်မှ ထွက်ခွာသွားသော ကိုသုမောင်၏ ကြွင်းကျန်ရစ်သော ရုပ်ကလပ်ကို မေလ၊ ၁၆ ရက်နေ့ သုခကမ္ဘာဆေးခန်းမှ ရေဝေးသုဿန်သို့ သယ်ယူပို့ဆောင်သည့်အချိန်တွင် မိုးများရွာသွန်းပေးခြင်းနှင့် မေလ၊ ၂၀ ရက်နေ့ ရေဝေးသုဿန်တွင် မီးသဂြိုင်္လ်မည့် အခမ်းအနားနေ့တွင် ပိတောက်ပန်းများ ပွင့်ခြင်းတို့ပင် ဖြစ်သည်။

ကိုကျော်သူ

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.