Saturday, June 19, 2010

0 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှယနေ့ပြုလုပ်သော ပြည်သူလူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်(၆၅)နှစ်ပြည့် မွေးနေ့အခမ်းအနားဓာတ်ပုံများ


ကြည်ဝေ (ဧရာဝတီ)
လရိပ်ပြာအောက် ကုမုဒြာတို့ ပွင့်သစ်ခဲ့
မတူညီတဲ့ ဒေသတွေက တူညီတဲ့ မျှော်လင့်ချက်တွေနဲ့
သင့်ခေါင်းဆောင်မှုရဲ့ နောက်မှာ ပြည်သူတွေဟာ သွေးစည်းညီညာခဲ့ကြ
သံမဏိဒါး ကျခဲ့ကြ
သင်ဟာ လေထဲက ဖယောင်းတိုင် မဟုတ်
မုန်တိုင်းကြားမှာ မြူးပျော်ပျံတက်
မုန်တိုင်းကို ကြိုဆိုနှုတ်ဆက် မုန်တိုင်းငှက်ဖြစ်တယ်။
.......................................
.......................................
.......................................
အော်နေတဲ့ စစ်နဲ့ ငြိမ်းချမ်းရေး
ဂီလာန အမှောင်ခေတ်နဲ့ အိမ်မက်မဲ့ ညတာရှည်များ
အောင်မြင်စွာဖြတ်သန်းသွားကြစို့။
တန်းတူရေးလား သွေးခွဲရေးလား
တွေ့ဆုံရေးလား ပျက်သုဉ်းရေးလား
နာကျဉ်းခြင်းလား ခွင့်လွှတ်ခြင်းလား
ကော်ဇောနီလား ကြိုးနီလား
အချိန်က စည်းခြားခဲ့ပြီ
သစ္စာတရားဟာ ထာဝရ ဘက်လိုက်နေလိမ့်မယ်။

ပင်နီ တိုက်ပုံဝတ်၊ မျက်မှန် ထူထူ တပ်ထားသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်ဟောင်း တဦးက ကဗျာဆရာ၊ စာရေးဆရာ ဖျာပုံနီလုံဦး ရေးစပ် ထားသော ဒေါ်အောင်ဆန်း စုကြည်မွေးနေ့ အမှတ်တရ ကဗျာကို ရွတ်ဆို အပြီး လူပေါင်း ၇၀၀ ကျော်၏ လက်ခုပ် သံတို့က ခြံဝင်း အတွင်း ဆူညံ သွားတော့သည်။

အင်းစိန် မြို့နယ် ၁၀ မိုင်ကုန်း ဈေးအနီးက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) လွှတ်တော် ကိုယ်စားလှယ် ဒေါ်မေနှင်းကြည်၏ ခြံဝင်း အတွင်း ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်၏ အသက် ၆၅ နှစ်ပြည့် မွေးနေ့ကို ကျင်းပနေခြင်း ဖြစ်သည်။

မီးထွန်းညှိထားသော ဖယောင်းတိုင်ကို ညာလက်ဖြင့်ကိုင်ပြီး ဘယ်လက်ဖြင့် နှင်းဆီပွင့် အ၀ါရောင်ပန်းခက်ကို ကိုင်ထားကြသော ဒေါ်အောင်ဆန်းစုကြည် ၏ မွေးနေ့ ဆုတောင်းပွဲသို့ လာရောက်ကြသူများသည် “အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံး လွတ်မြောက်ပါစေ၊ ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံး လွတ်မြောက်ပါစေ၊ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အမြန်ဆုံး လွတ်မြောက်ပါစေ”ဆိုသည့် ကြွေးကြော်သံများကို မာန်ပါပါနှင့် တက်တက်ကြွကြွ ကြွေးကြော် ကြသည်။

ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ကို ဒီမိုကရေစီအင်အားစုများ၊ လူငယ်များ နှင့် အမျိုးသမီး များက တန်ဖိုးထား၍ ဦးစီးဦးဆောင် ပြုကာ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကိစ္စများအား ဆောင်ရွက်ကြောင်း၊ ပြည်တွင်းတွင်လည်း တပြည်လုံး အားဖြင့် တတ်နိုင်သမျှ ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်နေကြသည်ကိုတွေ့မြင်ရကြောင်း NLD ခေါင်းဆောင် တဦးဖြစ်သူ သတင်းစာ ဆရာကြီး ဦးဝင်းတင် က ပြောသည်။

“ဒီနေ့ ဒီအချိန်အခါမှာ သစ်ပင်မရှိခြင်းကြောင့် ရေကြီးတယ်၊ ရေရှားတယ်၊ မိုးခေါင်တယ်ဆိုတာကို ကျေးလက်မှာရှိတဲ့ လူထု ကိုယ်တိုင်ကိုက သိရှိလာပါပြီ၊ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ လူသားတရပ်လုံးနဲ့ ဆက်စပ်နေတဲ့ ဒီသစ်ပင်စိုက်တဲ့အလုပ်ကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ကြပါမယ်၊ အလေးအနက်သဘောထားပြီး ဆောင်ရွက်ကြတာ ဖြစ်ပါတယ်”ဟု ဦးဝင်းတင်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဦးဥာဏ်ဝင်းကလည်း“ပြည်သူလူထုအားလုံး ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အပြည့်အ၀ရဖို့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မှုနဲ့ အမြန်ဆုံး ပြန်ရပါစေ”ဟု ဆုတောင်း သည်။

မွေးနေ့ပွဲသို့တက်ရောက်လာသော ဒီမိုကရေစီအင်အားစု၊ ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ အတွင်းရေးမှူး ဦးအေး သာအောင် ကလည်း နအဖ ကျင်းပမည့် ရွေးကောက်ပွဲသည် နိုင်ငံရေးပြဿနာများကို ဖြေရှင်းနိုင်မည် မဟုတ်သောကြောင့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ပြီး မြန်မာနိုင်ငံ အရေးတွင် ပါဝင်စေချင်ကြောင်း ပြောဆိုသည်။

“မြန်မာနိုင်ငံမှာကျင်းပမယ့် ရွေးကောက်ပွဲဟာ တိုင်းပြည်အတွက် နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းပေးမယ့်အဖြေမဟုတ်ပါဘူး ဆိုတာ သိတဲ့အတွက် ဒီရွေးကောက်ပွဲအပြီးမှာလည်း အခက်အခဲတွေ အကျပ်အတည်းတွေနဲ့ နိုင်ငံရေးပြဿနာတွေရှိနိုင်ပါတယ်၊ ဒီပြဿနာတွေ အားလုံးကို ညှိညှိနှိုင်းနှိုင်းနဲ့ ဖြေရှင်းနိုင်မယ့် လူက ဒေါ်အောင်ဆန်းစုကြည်ဖြစ်တယ်၊ ဒါကြောင့် ဒေါ်အောင်ဆန်း စုကြည် ကို အမြန်ဆုံးလွတ်စေချင်တယ်။ လွတ်ပါစေလို့လည်း ဆုတောင်းပါတယ်”ဟု ဦးအေးသာအောင် က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ဆုတောင်းပွဲသို့ တက်ရောက်လာကြသူ အများစုမှာ NLD အဖွဲ့ဝင်များ ဖြစ်ပြီး နိုင်ငံရေး အသိုင်း အ၀ိုင်းနှင့် ဒီမိုကရေစီအင်အားစုများမှ ဖိတ်ကြားထားသူများလည်းပါဝင်သည်။ ထို့အပြင် အကျဉ်းကျနေသော နိုင်ငံရေး အကျဉ်း သား မိသားစုဝင်များလည်း လာရောက်ပြီး ဆုတောင်းကြသည်ကို တွေ့မြင်ရသည်။

“သားဖေဖေကလည်း နိုင်ငံရေးသမားပါပဲ၊ ဖေဖေအမြန်ဆုံးလွတ်ပါစေလို့ ညအိပ်ရာ ၀င်တိုင်း ဆုတောင်းတယ်၊ ပြီးရင် ဘွားဘွား ဒေါ်အောင်ဆန်းစုကြည်လည်း အမြန်ဆုံးလွတ်မြောက်ပါစေလို့ ဆုတောင်းတယ်”ဟု အသက် ၇ နှစ်အရွယ် မောင်ခိုင်လင်းအောင် ဆိုသော နိုင်ငံရေး အကျဉ်းသား တဦး၏ သားက ညအိပ်ရာဝင် ဆုတောင်းကို ပြောပြသည်။

မောင်ခိုင်လင်းအောင်၏ ဘခင်မှာ ကိုစိုးမိုးထွန်းဖြစ်ပြီး အင်းစိန်ထောင်၌ ပုဒ် ၁၃/၁ နှင့် ၁၇/၁ တို့ဖြင့် ထောင်ဒဏ် ကျခံနေရသူ ဖြစ်သည်။

တခြားသော နိုင်ငံရေး အကျဉ်းသား တဦး၏ ဇနီး ဒေါ်ခင်ဝင်းကလည်း“မြန်မာနိုင်ငံကောင်းအောင် မွန်အောင် ဒီမိုကရေစီရအောင် လုပ်ပေးနိုင်တဲ့သူက ဒေါ်အောင်ဆန်းစုကြည်ပဲ ရှိတယ်ဆိုတာကို ယုံကြည်တဲ့အတွက် မွေးနေ့ဆုတောင်းပွဲမှာ အခုလိုလာပြီး ဆုတောင်းပါတယ်”ဟု ပြောသည်။

သူမ၏ ခင်ပွန်း ဦးတင်ဦး ဆိုသူမှာ စစ်ကိုင်းတိုင်း ခန္တီးထောင်တွင် ထောင်ဒဏ်နှစ်ရှည် ကျနေပြီး သားဖြစ်သူမှာလည်း မွန်ပြည်နယ် သထုံထောင်တွင် ကျနေကြောင်း ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ပါစေဟု အမြဲ ဆုတောင်း လေ့ရှိကြောင်း သူက ပြောသည်။

“ဒေါ်အောင်ဆန်း စုကြည် လွတ်မြောက်ရေး၊ ရှေ့ဆက် ပြီးတော့ ကျန်းကျန်း မာမာနဲ့ မြန်မာ့ ဒီမိုကရေစီ အတွက် ဆောင်ရွက် ကြိုးပမ်း နိုင်ရေး အဲဒါတွေကို ရည်စူးပြီးတော့ မနက်က သံဃာ ၅ ပါးကို အာရုံဆွမ်း ကပ်ပါတယ်၊ နေ့လည်ပိုင်းမှာ ဧည့်သည်တွေကို ဖိတ်ပြီးတော့ ဆုတောင်းပွဲ ကျင်းပတယ၊် ငှက်လွှတ်တယ်၊ ငါးတွေ လွှတ်တယ်”ဟု NLD ဗဟို ဦးစီးအဖွဲ့ဝင် အမျိုးသမီး အဖွဲ့ခေါင်းဆောင် ဒေါက်တာ မေ၀င်းမြင့်ကလည်း ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ပွဲတွင် နှစ်စဉ် သံဃာတော်များ အားဆွမ်းကပ်ခြင်း၊ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များအား ပညာသင်ထောက်ပံ့ကြေးငွေ ပေးအပ်ခြင်းတို့ကို ပြုလုပ်ခဲ့ပြီး ယခုနှစ်အတွက် နိုင်ငံရေး အကျဉ်းသား မိသားစုဝင် ကျောင်းသူ ကျောင်းသားပေါင်း ၁၂၇ ဦးကိုပေးအပ်မည်ဟု ဆိုသည်။

အဆိုပါ နိုင်ငံရေးအကျဉ်းသားမိသားစု ၀င်များမှာ NLD အဖွဲ့ဝင်များသာမက မြန်မာ့ ဒီမိုကရေစီအရေးကိုလိုလားသော ဒီမိုကရေစီ အင်အားစုမှ မည်သည့်အဖွဲ့အစည်းကမဆို နိုင်ငံရေးအကျဉ်းသား မိသားစုဝင် သားသမီးများကိုပါ ပညာသင်ထောက်ပံ့ကြေး ပေးကြောင်း သိရှိရသည်။

မွေးနေ့ ဆုတောင်းပွဲကျင်းပသော အင်းစိန် ဆယ်မိုင်ကုန်းဈေး အနီးတ၀ိုက်တွင် လုံထိန်းများအပြည့် ပါဝင်သော ကား ၄ စီး၊ ရဲကား ၃ စီး ၊ လိမ္မော်ရောင် မော်တော်ဆိုင်ကယ်များဖြင့် ရဲများ၊ အရပ်ဝတ်ရဲများ စသည်ဖြင့် လုံခြုံရေး ချထားပြီး မွေးနေ့ပွဲသို့ လာရောက် သူများအား အရပ်ဝတ်ရဲများနှင့် စစ်ထောက်လှမ်းရေးများက ဗီဒီယို၊ ဓာတ်ပုံရိုက် မှတ်တမ်းများ ရိုက်ယူနေသည်ကို တွေ့မြင်ရ သည်။

“ဆယ်မိုင်ဈေး အပြင်က ဈေးသည်တွေကို မနေ့ညနေပိုင်းကတည်းက ဈေးရောင်းခွင့်မပေးဘူး၊ ဈေးသည်တွေအားလုံး ရှင်းထား တယ်၊ ဒေါ်မေနှင်းကြည်အိမ်တ၀ိုက်ကိုလည်း အရပ်ဝတ်ရဲတွေနဲ့ လုံခြုံရေးချထားတယ်”ဟု အင်းစိန်မြို့နယ်မှ ရယက အဖွဲ့ဝင် တဦးက ပြောသည်။

ယနေ့ ကျရောက်သည့် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၆၅ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် အခမ်းအနားများကို ထိုင်း နိုင်ငံ အပါအ၀င် ဂျပန်၊ အိန္ဒိယ ၊ မလေးရှား စသည့် နိုင်ငံတကာရှိ မြန်မာ့အရေးလှုပ်ရှားသူများနှင့် ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင် လေးစားသူများက ကျင်းပကြကြောင်းလည်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၎င်း၏ နေအိမ်သို့ အမေရိကန်နိုင်ငံသား မစ္စတာ ဂျွန် ၀ီလျံ ယက်ထော တိတ်တဆိတ် ၀င်ရောက် မှုဖြင့် တရားစွဲခံရပြီး နေအိမ်အကျယ်ချုပ် ၁ နှစ် ခွဲ ချခံထားရသည်။ လာမည့် နိုဝင်ဘာ လတွင် ပြစ်ဒဏ်ကျခံချိန် ကုန်ဆုံးမည်ဖြစ် သည်။

၂၀၀၃ ခုနှစ်မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှုအပြီးတွင် နေအိမ်အကျယ်ချုပ်ဖြင့် ၆ နှစ် အဖမ်းခ့ခဲ့ရပြီး နောက် ပြန်လည် လွတ်မြောက်ရန် နီးကပ်လာချိန်တွင် ယခုကဲ့သို့ အကျယ်ချုပ် ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် သည် ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ်အကျယ်ချုပ်ဘ၀ ဖြင့်စုစုပေါင်းနေရချိန် ၁၄ နှစ်ကျော် ရှိပြီ ဖြစ်သည်။

0 ဒေါ်အောင်ဆန်းစုကြည်မွေးနေ့တွင် နာရေးကူညီမှုအသင်းမှ ဓာတ်မှန်ခန်းဖွင့်


ဓါတ်ခန်းဖွင့်ပြီဟု ဆိုရာတွင် ကျော်သူတစ်ယောက် ဓါတ်ကြောင်၊ နတ်ကြောင်၊ ဘိုးတော်ယောင်၊ ဘိုးတော်ကြောင် ဖြစ်သွားပြီဟု ဝေဖန်ကဲ့ရဲ့ ရှုတ်ချကြဦးမည် ဖြစ်သည်။ လူဆိုရာတွင် တစ်ဖက်သား၏ လုပ်ရပ်များကို ထဲထဲဝင်ဝင် မလေ့လာ မသုံးသပ်ကြဘဲနှင့် ဦးစွာ အသံလေး ကြားလိုက်ယုံနှင့် ပြစ်တင်ဝေဖန် ကဲ့ရဲ့ရှုတ်ချကြရိုး ထုံးစံလိုပင် ဖြစ်နေကြပြီ။ ထိုကဲ့သို့ ထုံးစံများကို ပျက်သွားမည်ကို စိုး၍၄င်း၊ အကဲ့ရဲ့ ခံခြင်၍၄င်း၊ အပြစ်တင် ခံခြင်၍၄င်း၊ ကျော်သူဓါတ်ခန်းဖွင့်ပြီ ဟူသော ခေါင်းစည်းကို လောကကြီးကို အရွဲ့တိုက်၍ ပေးလိုက်ရခြင်း ဖြစ်သည်။ လူမှုရေးလုပ်ငန်းကို လုပ်ကိုင်ရာတွင် ကျော်သူသည် ကြောင်ခြင်း၊ ယောင်ခြင်းတို့ကို မပြုလုပ်။ တိကျမှန်ကန်သော အတွေးအခေါ် အယူအဆတို့ဖြင့် ပေးဆပ်မှုတို့ကိုသာ လုပ်ဆောင်နေသည်ဟု သိစေချင်သည်။

ဓါတ်ဟူသည်ကား မိမိတို့ ဆိုင်ရာဆိုင်ရာ သဘောကို ဆောင်တတ်ခြင်းကြောင့် ဓါတ် ဟုခေါ်သည်။ မိမိတို့ ဆိုင်ရာဆိုင်ရာ သဘောတည်ရှိနေသည်ကို ဆောင်တတ်သည်။ ပထ၀ီ၊ အာပေါ၊ တေဇော၊ ၀ါယော ဟူ၍ ဓါတ်ကြီးလေးပါး ရှိသည်။ ထိုဓါတ်ကြီးလေးပါးကို မြန်မာလို မြေဓါတ်၊ ရေဓါတ်၊ မီးဓါတ်၊ လေဓါတ် ဟူ၍ ခေါ်၏။

မြေဓါတ်သည် … ခက်မာခြင်း၊ နူးညံ့ပျော့ပြောင်းခြင်း လက္ခဏာ။

ရေဓါတ်သည် … အတူတကွဖြစ်သော ရုပ်တို့ကို တဖျင့်တပါး မလွင့်ပါးရအောင် ဖွဲ့စည်းခြင်း၊

ယိုစီးခြင်း လက္ခဏာ။

မီးဓါတ်သည် … ပူခြင်းသဘော၊ အေးခြင်းသဘော လက္ခဏာ။

လေဓါတ်သည် … အတူတကွဖြစ်သော ရုပ်တို့ကို မပြိုမကျရအောင် ထောက်ကန်ခြင်း၊

ဖောင်းကြွ၊ လှုပ်ရှား၊ တွန်းဝှေ့၊ လွင့်ပါးခြင်း လက္ခဏာ ဖြစ်တော့သည်။

အချုပ်ဆိုရသော် သက်ရှိသက်မဲ့ အရာဝတ္ထုတို့သည် ဓါတ်ကြီးလေးပါး၏ အစွမ်းသတ္တိ များကြောင့် ဖြစ်တည်နေသည်။

ကျွန်တော်တို့သည် လူ့လောကကြီးထဲသို့ရောက်ရှိ ရပ်တည်နေစဉ် ကာလတာအတွင်း နာရေးကူညီမှုအသင်း(ရန်ကုန်)တည်း ဟူသော အသင်းအဖွဲ့အဖြင့် လူသားတို့၏ လိုအပ်သော အကျိုးကိစ္စများ၊ ကွက်လပ်များကို အခမဲ့ ဖြည့်ဆည်းပေးနေသော လူမှုရေးသမားများပင် ဖြစ်သည်။

နာရေး၊ ကျန်းမာရေး၊ မီးဘေး၊ ရေဘေး၊ လေဘေး စသဖြင့် ဘေးဒုက္ခမျိုးစုံတို့ကို အများပြည်သူတို့၏ အလှူငွေဖြင့် အများပြည်သူတို့အတွက် ပေးဆပ်နေကြခြင်းပင် ဖြစ်သည်။

ထိုသို့ ပေးဆပ်ကြရာဝယ် … ယခု မကျန်းမာသော လူနာများ ပြည်သူများအတွက် ရောဂါဝေဒနာ ရှာဖွေခြင်းတည်း ဟူသော ဓါတ်မှန်ခန်းကို ၁၉.၆.၂၀၁၀ (စနေနေ့) မင်္ဂလာရှိသော နေ့တစ်နေ့တွင် ဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်ပါသည်။

ဤတွင် ဓါတ်ကြီးလေးပါးကို ပါဠိဝေါဟာရဖြင့် “မဟာဘူတ” ဟူ၍လည်း ခေါ်ဆိုသည်။ အဓိပ္ပါယ်မှာ ကြီးမားထင်ရှားစွာဖြစ်တတ်ခြင်းကို ဆိုလိုသည်။

ထို့ကြောင့် ဓါတ်မှန်ဟု ဆိုရာတွင် မှန်ကန်မှုများကို ကြီးမားထင်ရှားစွာ ဖြစ်ပေါ်စေခြင်းဟု သတ်မှတ်လိုက်ပါတော့သည်။

ဤကဲ့သို့ အများပြည်သူတို့၏ အလှူငွေဖြင့် အများပြည်သူတို့၏ ရောဂါဝေဒနာများကို ရှာဖွေ ကုသပေးမည့် အများပြည်သူ၏ နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ သုခကုသိုလ်ဖြစ်ဆေးခန်းတွင် ဓါတ်မှန်တည်းဟူသော မှန်ကန်မှုများကို ကြီးမားထင်ရှားစွာ ရှာဖွေပေးသော ဓါတ်မှန်ခန်း တနည်းအားဖြင့် ဓါတ်ခန်းကို ၂၁.၂.၂၀၁၀ (တနင်္ဂနွေနေ့) ရက်တွင် ပနက်ချခဲ့ပြီး မင်္ဂလာရှိသော နေ့မြတ်ဖြစ်သည့် ၁၉.၆.၂၀၁၀ (စနေနေ့) ရက်တွင် ဖွင့်လှစ်မွေးဖွား နိုင်ပြီ ဖြစ်ပါသဖြင့် အများပြည်သူအပေါင်းမှ သာဓု ခေါ်ဆိုနိုင်ကြပါစေ သတည်း။

ဤနေ့ ၁၉.၆.၂၀၁၀ (စနေ)နေ့ နံနက် (၉း၀၀) နာရီ တိတိ နာရေးကူညီမှုအသင်း(ရန်ကုန်) တည်ရှိရာ ၁၃/က၊ ဗိုလ်မှူးဗထူးလမ်း၊ ၄၂ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်တွင် ဓါတ်မှန်ခန်း (ဓါတ်ခန်း) ဖွင့်ပွဲ အခမ်းအနားကို အလှူရှင်များ၊ ဧည့်သည်တော်များ၊ အသင်းသူ/သားများ၊ မျိုးဆက်သစ်ကလေးငယ်များ၊ သုခကုသိုလ်ဖြစ်ဆေးခန်းရှိ လူနာများကို ကောက်ညှင်းပေါင်း၊ ဗယာကြော် (အကြော်စုံ)၊ ကော်ဖီ တို့ဖြင့် ဧည့်ခံ ကျွေးမွေးပြီး ချိုးငှက်၊ စာကလေး၊ ခို တို့ကို ငြိမ်းချမ်းမှုအား ရည်စူး၍ ဘေးမဲ့လွှတ်ကာ မိုးပျံပူဖေါင်းများ လွှတ်တင်ခြင်းဖြင့် အခမ်းအနားကို အောင်မြင် စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်ခဲ့ပါသည်။

ယင်းနေ့တွင် တိုက်တိုက်ဆိုင်ဆိုင် မွေးနေ့တူသော မွေးနေ့ရှင်များကလည်း အလှူငွေများ လာရောက်လှူဒါန်းခြင်း၊ ရေခဲမုန့်တို့ဖြင့် လာရောက်ကျွေးမွေး လှူဒါန်းခြင်း၊ ငှက်များကို ဘေးမဲ့လာရောက် လွှတ်တင်ခြင်း တို့ကိုလည်း တက်ကြွစွာဖြင့် လာရောက် ဒါနပြုကြပါသည်။

ဖွင့်ပွဲ အခမ်းအနားတွင် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အများပြည်သူလူထုအပေါ် ပေးဆပ်ခဲ့သော ရေဘေး၊ လေဘေး၊ မီးဘေး၊ နာရေးနှင့် ဆေးဝါးကူညီမှု လုပ်ဆောင်ချက်များနှင့် မျိုးဆက်သစ် ကလေးငယ် များအတွက် ဖွင့်လှစ်သင်ကြားပေးနေသော အင်္ဂလိပ်စာသင်တန်း၊ ပန်းချီသင်တန်း၊ ယဉ်ကျေးလိမ္မာ ဗုဒ္ဓဘာသာသင်တန်း စသည့် လှုပ်ရှားမှု ပုံရိပ်များအား မှတ်တမ်းတင်ထားမှုတို့ကို ပရိုဂျက်တာဖြင့် ပြသခြင်း၊ ဓါတ်ပုံများဖြင့် ပြသခြင်း၊ အသင်းသူ/သားများမှ လိုက်လံရှင်းလင်း ပြသခြင်း တို့အပြင် ဓါတ်မှန်ခန်း ဓါတ်မှန်ရိုက် စက်ကိရိယာတို့အား အသုံးပြုပုံတို့ကို သက်ဆိုင်ရာ တာဝန်ရှိ ပညာရှင်များ၊ ဆရာဝန်ကြီးများ၊ ဆရာဝန်မကြီးများမှ စာနယ်ဇင်းသမားများ၊ ဧည့်သည်တော်များအား စေတနာရှေ့ထား၍ လိုက်လံ ပြသ ရှင်းလင်းမှုများ ပြုလုပ်ခဲ့ပြီး နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ပေးဆပ်မှုများ DVD အခွေနှင့် တီရှပ်အင်္ကျီ များအား ပေးဝေခဲ့ပါသည်။

ဓါတ်မှန်ခန်း (ဓါတ်ခန်း) အလှူရှင်များဖြစ်ကြသော ကွယ်လွန်သူ သမီးလေး ခိုင်ရွန်းလဲ့ရည်အား ရည်စူး၍ ဖခင် ဦးဌေးအောင် + မိခင် ဒေါ်ချိုချိုမြင့် ညီမလေး ဖြူစင်လဲ့ရည် မိသားစု (အဆောက်အဦး မတည်အလှူငွေ သိန်း ၁၅၀ ကျပ်)၊ ကွယ်လွန်သူ မိဘများအားရည်စူး၍ (ဦးခင်အောင်) + ဒေါ်ကြည်ကြည်သက် သမီး မသီတာအောင် မိသားစု (ဓါတ်မှန်စက် မတည်အလှူငွေ သိန်း ၁၀၀ ကျပ်)၊ ကွယ်လွန်သူ မိဘနှစ်ပါးဖြစ်သော ဦးစိန် + ဒေါ်တီ တို့အားရည်စူး၍ ဦးကျင်စိန်၊ ဦးသန့်စင် + ဒေါ်ခင်ဝင်းမော် သား မောင်ကောင်းဆွေသန့် မိသားစု (ဓါတ်မှန်စက် မတည်အလှူငွေ သိန်း ၁၀၀ ကျပ်)နှင့် ပြည်တွင်း ပြည်ပ အများပြည်သူ အလှူရှင်များ အပြင် သုခကုသိုလ်ဖြစ်ဆေးခန်းတွင် ကုသိုလ်ဖြစ် ဆေးဝါးကုသပေးကြသော ဆရာဝန်ကြီးများ၊ ဆရာဝန်မကြီးများ အားလုံးကို အများပြည်သူတို့ ကိုယ်စား အထူးကျေးဇူးတင် မှတ်တမ်းတင် အပ်ပါသည်။

ကျော်သူ

0 ပြည်သူလူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် (၆၅)နှစ်ပြည့်မွေးနေ့အတွက် မွေးနေ့ဆုတောင်း

ImageChef.com - Custom comment codes for MySpace, Hi5, Friendster and more


အမေစု ရဲ့ရှားပါးပုံတွေ၊ မွေးနေ့ဆုတောင်းပုံတွေနဲ့အတူ ၀ိုင်မြစ်ချိုရဲ့ ငြိမ်းချမ်းရေးရဲ့ပြယုဉ်သီချင်းလေးကိုနားထောင်ခံစားစေလိုပါတယ်။

0 တော်လှန်မျိုးဆက် မီးရှူးတန်ဆောင် လမ်းပြကြယ်စင် ဒီမိုကရေစီမိခင်


( ၆၅-နှစ်ပြည့် ဂါရ၀ပြုဆောင်းပါး )

မောင်ခင်အေးတင့်(မဒေါက်)

၂၀၁၀ခုနှစ် ဇွန်လ (၁၀)ရက်။


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီလ ဇွန်(၁၉)ရက်နေ့ဆိုရင် အသက်(၆၅)နှစ် တင်းတင်းပြည့်မြောက်ခဲ့ပါပြီ။ စစ်အာဏာရှင်စနစ်ကို ဖြိုချဖျက်သိမ်းပစ်ဖို့ အားစိုက်ကြိုးပမ်းနေတာလည်း (၂၁)နှစ် ကြာမြင့်ခဲ့ပါပြီ။ ဒီအတွင်း အာဏာသိမ်းစစ်အုပ်စုရဲ့ မတရားဖမ်းဆီး ချုပ်နှောင်ခံရတာလည်း (၁၄) နှစ်ကျော်ခဲ့ရပါပြီ။


သူ့ရဲ့မွေးနေ့ကို ကမ္ဘာ့လူသားတယောက်လို လူသားပီသစွာ၊ လွတ်လပ်ငြိမ်းချမ်းပျော်ရွှင်စွာ ကျင်းပခဲ့ရတယ်လို့ မရှိခဲ့ရဘဲ စစ်အာဏာရှင်စနစ်ရဲ့ အနိဌာရုံဆိုးကျိုးတွေကိုသာ လူမျိုးစုံပြည်သူလူထုတရပ်လုံးနဲ့အတူ ခါးစည်းရင်ခံ ရင်ဆိုင်ဖြတ်သန်းနေခဲ့တာပါ။ ဒီကနေ့ထက်တိုင်လည်း သန်း(၅၈)သော ပြည်သူတွေနဲ့အတူ မားမတ်ရပ်တည် စစ်အာဏာရှင်ကို ရဲဝံ့ အံတု ဖီဆန်တိုက်ပွဲဝင်နေဆဲပါပဲ။

အမှန်တရားအတွက် မတရားမှုအတွက် ဘယ်သောအခါမှ နောက်ဆုတ် အရှုံးပေးမယ့်သူလည်း မဟုတ်သလို နိုင်ငံရေးသီလနဲ့ ကိုယ် ကျင့်သိက္ခာအတွက် ဘယ်အရာနဲ့မှ ဘယ်တော့မှ အလဲအလှယ်ပြုမယ့် သူမျိုးလည်းမဟုတ်ဘူးဆိုတာ လက်တွေ့ စွန့်လွှတ်ပေးဆပ်မှု တွေက အခိုင်အမာ ပြောပြနေပါတယ်။

သူ့ရဲ့ပိုင်ဆိုင်မှုမှန်သမျှကို စွန့်လွှတ်ပေးဆပ်ထားပြီးသားဖြစ်သလို အသက်ဝိဉာဉ်နဲ့ ကိုယ်ကျိုးစွန့်ဖို့ကိုလည်း နောက်မတွန့် ကြိုတင် ပြင်ဆင် လေ့ကျင့်ထားသူလည်း ဖြစ်ပါတယ်။ တိုင်းပြည်နဲ့လူမျိုးအတွက်၊ အဖိနှိပ်ခံလူမျိုးအားလုံးအတွက် ဘာမဆို ရင်ဆိုင်ဝံ့တဲ့ စွန့် လွှတ်ဝံ့တဲ့ အာဇာနည် အမျိုးသမီးကြီးတယောက်ဆိုလည်း မှန်ပါလိမ့်မယ်။ ဖအေတူသမီးမို့ ဖအေ့သွေးပြတာလို့လည်း ပြောနိုင်မယ် ထင်ပါတယ်။

ဖခင်ဖြစ်တဲ့ လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း သွန်သင်ပေးခဲ့တဲ့ စကားကို မြေ၀ယ်မကျ နားထောင်တတ်တဲ့ သမီးလိမ္မာ တဦးလို့လည်း ပြောရမယ်ထင်ပါတယ်။ အာဂ အမျိုးသမီးကြီးပါတကား။

လောကကြီးမှာ ကြောက်စရာ ဘာမှမရှိဘူး၊ အေး မမှန်တာပြောဖို့ကို ကြောက်ရမယ်၊ မတရားတာ မဟုတ်တာလုပ်ဖို့ကို ကြောက်ရမယ်၊ ဒီနှစ်မျိုးကလွဲရင် လောကမှာ ကြောက်စရာ ဘာတခုမှမရှိဘူးလို့ ဖခင်က သင်ကြားသွန်သင်ခဲ့တယ် မဟုတ်ပါလား။ အခု တကယ့်ကို ဖခင် မှာကြားခဲ့တဲ့အတိုင်း ဦးဆွေးဆံမြည့် လျှောက်လှမ်းနေတာပဲ မဟုတ်ပါလား။ အာဇာနည်မျိုးရိုး ပီသလှပါတယ်။ ပုလဲလုံးက အရောင်ထွက်သလို ဂုဏ်ကျက်သရေနဲ့ ပြည့်စုံကုံလုံလှပါတယ်။ အတုယူ အားကျဖွယ်ကောင်းလှပါပေတယ်။

အသည်းနာစရာ ကောင်းတာကတော့ ဖခင်ဗိုလ်ချုပ် ဦးစီးတည်ထောင်ခဲ့တဲ့ တပ်မတော်ကြီးက အာဏာရှင် စစ်ဗိုလ်ချုပ်တစုရဲ့ ခါးပိုက် ဆောင်တပ်အဖြစ် အသုံးချခံနေပြီး မြန်မာ့ဒီမိုကရေစီသူရဲကောင်း၊ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်၊ ပြည်သူ့ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကို ဖမ်းဆီးထိန်းသိမ်း အကျဉ်းစံဘ၀အဖြစ် ချုပ်နှောင်ထားတာကိုပါပဲ။

ဒါပေမဲ့ ဒီမိုကရေစီ မိခင်ကြီးကတော့ တည်ငြိမ်ရင့်ကျက်စွာနဲ့ တိုင်းပြည်ကို စစ်အာဏာရှင်စနစ်အောက်က လွတ်မြောက်စေဖို့ အကြမ်း မဖက် နှလုံးရည်တိုက်ပွဲနည်းလမ်းနဲ့ ပြည်သူလူထုကြီးကို ဦးဆောင်ပြီး ကြိုးပမ်းအားထုတ် ရုန်းကန်တိုက်ပွဲဝင်နေဆဲပါ။ နောက်ဆုံးတော့ အမှန်တရားက ပြည်သူလူထုကြီးနဲ့အတူ အောင်ပွဲခံသွားမယ်ဆိုတာ ရာဇ၀င်သမိုင်းတွေက သက်သေပါပဲ။

တောင်အာဖရိက လူမည်းခေါင်းဆောင် နယ်လ်ဆင်မဲင်ဒဲလားလို လူဖြူအစိုးရအောက်က လူမည်းပြည်သူလူထုကြီး လွတ်မြောက်ဖို့ မိမိရဲ့ ခန္ဓာအသက်ကို အကျဉ်းထောင်ထဲမှာ ဆယ်စုနှစ်(၃)ခုနီးပါး စတေးပေးဆပ်ခဲ့ရသလို မြန်မာပြည်သူလူထုတရပ်လုံး စစ်အာဏာရှင်ရဲ့ စစ်သံခွာဖိနပ်အောက်က လွတ်မြောက်ဖို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ကလည်း အလားတူ အကျဉ်းစံဘ၀နဲ့ အသက်စတေးနေဆဲပါ။ နောက်ဆုံးတော့ အကြမ်းမဖက် နှလုံးရည်တိုက်ပွဲကသာ အကြမ်းဖက်တဲ့ အုပ်ချုပ်သူအစိုးရတွေကို အနိုင်ယူအောင်မြင်ပြီး အာဏာရှင် စနစ်ကို နိဂုံးချုပ်စေခဲ့တာပဲ မဟုတ်ပါလား။

အာဏာရှင်တို့ရဲ့ ပင်ကိုဗီဇအတိုင်း အာဏာရှင်စစ်အုပ်စုက ပြည်သူ့ခေါင်းဆောင်ကို အကြိမ်ကြိမ် လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားခဲ့ပါတယ်။ အထင်ပေါ်ဆုံးကတော့ လွန်ခဲ့တဲ့(၇)နှစ် ၂၀၀၃ခုနှစ် မေလ(၃၀)ရက်နေ့က ဒီပဲယင်း လုပ်ကြံမှုကြီးလို့ ကင်ပွန်းတပ်အခေါ်ခံရတဲ့ တဖက် သတ် နိုင်ငံရေးသတ်ဖြတ်မှုကြီးပါပဲ။

တကယ်ကတော့ နိုင်ငံတော်ကိုယ်တိုင်က ကြိုးကိုင်စီစဉ်တာမို့ နိုင်ငံတော်လုပ်ကြံမှုကြီးလို့ ခေါ်ရမှာဖြစ်ပါတယ်။ ကံကောင်းထောက်မ စွာပဲ အသက်ဘေးက သီသီလေး လွတ်မြောက်ခဲ့ရသလို စစ်အုပ်စုရဲ့ ကောက်ကျစ်စဉ်းလဲမှုကို ကမ္ဘာက မြင်တွေ့ကြားသိသွားခဲ့ပါတယ်။

အဲဒီအချိန်ကတည်းက ဒီကနေ့အချိန်ထိ မတရားဖမ်းဆီး ချုပ်နှောင်ခံနေရတာပါပဲ။ ပြစ်ဒဏ်စေ့လို့ လွတ်ရက်ရောက်ပြန်တော့လည်း စစ်အာဏာရှင်အုပ်စုက နည်းမျိုးစုံနဲ့ အကွက်ဆင်အမှုချပြီး ဆက်လက် ဖမ်းဆီးထားပြန်ပါတယ်။ ဒါကိုကြည့်ရင် စစ်ဝါဒီ အကြမ်းဖက် သမားတွေဟာ အကြမ်းမဲ့နှလုံးရည်သမား ပြည်သူ့ခေါင်းဆောင် အမျိုးသမီးကြီးကို ဘယ်လောက်တောင် ကြောက်ရွံ့တယ်ဆိုတာ သိမြင် နိုင်ပါတယ်။

ပြည်သူ့ခေါင်းဆောင် အမျိုးသမီးကြီးကတော့ အမှန်တရားနဲ့ တရားမျှတမှုအတွက် ဖခင်ဗိုလ်ချုပ်ရဲ့ စကားကို မြေ၀ယ်မကျ နားထောင် မကြောက်တရားကို ဆုပ်ကိုင်ပြီး ပြည်သူ့ရှေ့က မားမားမတ်မတ် ရပ်တည်ပြီး မဆုတ်မနစ် တိုက်ပွဲဝင်နေလျှက်ပါပဲ။

ဒီ့အတွက်ကြောင့်လည်း နိုင်ငံတကာအသိုက်အ၀န်းက ဂုဏ်ပြုချီးမြှင့်ပေးအပ်တဲ့၊ အင်မတန် လေးနက် ခိုင်ကျည်တဲ့ အဓိပ္ပါယ်သက်ရောက်တဲ့ အမျိုးမျိုးသော ဆုတံဆိပ်ပေါင်း(၄၇)ခုကို လက်ခံရရှိထားတာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်လို တိုင်းပြည်နဲ့လူမျိုးအတွက် ဒီမိုကရေစီရေးအတွက် ကိုယ်ကျိုးစွန့်အနစ်နာခံ လုပ်ဆောင်နေတဲ့သူတိုင်းကို ချီးမြှောက်ဂုဏ်ပြုတဲ့သဘောဖြစ်သလို ရှေ့ကို ဆက်လက်တိုက်ပွဲဝင်နိုင်ဖို့ စိတ်ခွန်အားကိုဖြစ်စေတဲ့ အထိမ်းအမှတ် သင်္ကေတတွေပါပဲ။

မဆုတ်မနစ် ဇွဲလုံ့လနဲ့ ကြိုးပမ်းအားထုတ်နေမှုကို အလေးအနက် အသိအမှတ်ပြု ထောက်ခံပါတယ်။ မြန်မာပြည်သူတွေနဲ့အတူ ရှိနေပါ တယ်၊ ဆက်လက်တိုက်ပွဲဝင်သွားပါ၊ တနေ့ကျရင် အမှန်တရားက အောင်ပွဲခံ အနိုင်ရစမြဲပါလို့ နိုင်ငံတကာအသိုင်းအ၀န်းက သတင်း စကားပါးနေတာပဲ မဟုတ်ပါလား။

ဒီမိုကရေစီမိခင်ကြီးသာ အပြင်မှာရှိနေခဲ့ရင် သူ့ရဲ့ အသက်(၆၅)နှစ်မြောက်မွေးနေ့မှာ စစ်အာဏာရှင်စနစ်ရဲ့ ခါးသည်းလှတဲ့ ဒုက္ခမျိုးစုံကို ရာစုဝက်နီးပါး ရင်ဆိုင်ခံစားနေရတဲ့ အဖိနှိပ်ခံပြည်သူလူထုကြီးကို မွေးနေ့လက်ဆောင် စကားပါးလိမ့်မယ်လို့ ယုံကြည်မိပါတယ်။

ကိုယ့်ရဲ့လွတ်မြောက်မှုအတွက် ကိုယ်ကိုယ်တိုင် မကြောက်တရားကို တည်ဆောက်ပြီး တိုက်ပွဲဝင်ကြပါ။

ကြောက်နေမယ်ဆိုရင် တသက်လုံး ကြောက်နေကြရမှာပါ။ အကြောက်တရားအောက်မှာ မပိနေပါစေနဲ့။ ဒီအချိန်မှာ ကြောက်ပြီးတော့ လုပ်သင့်သလောက် မလုပ်ခဲ့လို့ရှိရင် နောက်ဆက်ပြီးတော့ ကြောက်နေရတဲ့စနစ်ကို ရှင်သန်အောင် လုပ်ပေးသလို ဖြစ်သွားပါလိမ့်မယ်။

အမှန်တရားအတွက၊် တရားမျှတမှုအတွက်၊ ကိုယ်ကျင့်သိက္ခာပိုင်းအတွက် လူတိုင်းအားလုံးမှာ တာဝန်ရှိကြပါတယ်။

မမှန်တာ မတရားတာတွေအတွက် ရင်ဆိုင်အံတုရဲတာဟာ လုပ်သင့်လုပ်ထိုက်တဲ့ မွေးရာပါ တာဝန်ဝတ္တရားတခုကို ထမ်းဆောင်တာ ဖြစ်သလို သတ္တိကို ပျိုးထောင်မွေးမြူခြင်းလည်း မည်ပါတယ်။ ဒီကနေမှ အလေ့အကျင့်အဖြစ် ရောက်ရှိသွားပြီး သတ္တိစိတ် ဖြစ်ပေါ်လာ တာပါ။

ထပ်ခါထပ်ခါ အပြန်ပြန် လေ့ကျင့်တည်ဆောက်ခြင်းကနေ သတ္တိစိတ်ကို မွေးမြူကြပါ။ အဲဒီကမှ ဆက်ကာဆက်ကာ အဆင့်ဆင့်ကနေ မကြောက်တရား ဖြစ်ပေါ်လာမှာပါ။ မိမိကိုယ်တိုင်ကကို မကြောက်တရားကို လေ့ကျင့်ပျိုးထောင် တည်ဆောက်သွားမယ်ဆိုတဲ့ ပြင်းပြတဲ့ ဆန္ဒ၊ အာသီသရှိဖို့က အဓိက အခရာကျပါတယ်။ ကိုယ့်ဟာကို လုပ်ယူရမှာသာ ဖြစ်ပါတယ်။ ကိုယ့်ဟာကို သံဓိဌာန်ချ ပိုင်းဖြတ်ချက်ချ ရမှာ ဖြစ်ပါတယ်။

အကြိမ်ကြိမ် လေ့ကျင့်တည်ဆောက်ယူခြင်းကသာ အကြောက်တရားစိတ်ကို အောင်မြင်ကျော်လွှားနိုင်မှာပါ။ ခိုင်ခံ့တည်ကြည်မှု ဖြစ်ပေါ် လာမှာပါ။ အမှန်တရားအတွက်၊ တရားမျှတမှုအတွက် မကြောက်တရားရှိလာခြင်း ဖြစ်ပေါ်လာခြင်းဟာ မိမိတို့ရောက်ချင်တဲ့၊ သွားချင်တဲ့ ပန်းတိုင်ကို ဆွဲခေါ် တွန်းတင်ပေးသွားမဲ့ စွမ်းအင် ရရှိလာခြင်းပါပဲ။ ဘာမှမလုပ်ဘဲနဲ့တော့ ဘာမှကိုဖြစ်လာစရာ အကြောင်းမရှိပါဘူး။

ကိုယ်မလုပ်လည်း သူများလုပ်ပါလိမ့်မယ်။ ကိုယ်ကတော့ နောက်မှလုပ်မယ်ဆိုတဲ့ အတွေးအခေါ်မျိုးဟာ စစ်ကျွန်ဘ၀ကို သက်ဆိုးရှည် စေမယ့် အချောင်သမားစိတ်သာ ဖြစ်ပါတယ်။ အဲဒါကြောင့် လူတိုင်းလူတိုင်းဟာ ကိုယ့်ဘ၀လွတ်မြောက်ရေး ကိုယ်ကိုယ်တိုင် ကြိုးပမ်း အားထုတ် တိုက်ပွဲဝင်ကြပါ….. ဆိုတဲ့ ဒီကနေ့ကာလ လိုအပ်ချက်ကို တိုက်တွန်းမှာကြားလိမ့်မယ် ထင်ပါတယ်။

သူ့ရဲ့ အားအကောင်းဆုံး အဓိကအချက်ကလည်း မကြောက်တရားကို ပိုင်ဆိုင်ဆုပ်ကိုင် ထားနိုင်တာပါပဲ။ ထိပ်ဆုံးကရှိနေတဲ့ တရား လည်းပဲ ဖြစ်ပါတယ်။ တကယ့် အရေးကြီးဆုံးဘ၀ လောကအမြင်၊ ဘ၀ဒဿနလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ဇွဲသတ္တိရှိတယ်၊ ကြီးမားတဲ့ ဉာဏ်ပညာရှိတယ်၊ ရဲစွမ်းသတ္တိ ရှိတယ်၊ တာဝန်သိမှု တွေ ရှိတယ်၊ စည်းကမ်းရှိမှုတွေ ရှိတယ်။ ဒါတွေဟာ အလွန်အရေးကြီးတဲ့ စိတ်ဓါတ်သတ္တိ တွေ ဖြစ်ပါတယ်။

နောက် ဒုတိယ အရေးကြီးဆုံး အကြီးမားဆုံး စိတ်ပိုင်းဆိုင်ရာသတ္တိက အနစ်နာခံခြင်းနဲ့ စွန့်လွှတ်ခြင်းပါပဲ။ အားလုံးသိကြတဲ့အတိုင်း သူ့ရဲ့ ကိုယ်ရေးကိုယ်တာ အကုန်လုံး စွန့်လွှတ် ထားတယ်၊ ဘ၀တခုလုံး ဒီမှာ မြှုပ်နှံထားတယ်။

အဲဒါကြောင့်ပဲ သူ့ထက်ဝါရင့်တဲ့ ပုဂ္ဂိုလ်ကရော ၀ါနုတဲ့ ပုဂ္ဂိုလ်ကရော၊ အသက်ကြီးတဲ့ ပုဂ္ဂိုလ်ကရော၊ အသက်ငယ်တဲ့ ပုဂ္ဂိုလ်ကရော၊ တိုင်းသူပြည်သားအားလုံးကရော၊ ဒါ့အပြင်ကို ကမ္ဘာကပါ ထောက်ခံနေ ၀ိုင်းဝန်းနေ ၀န်းရံနေကြတာ ဖြစ်တယ်လို့ အရင် ဟံသာဝတီ သတင်းစာ အယ်ဒီတာချုပ် ဆရာကြီးဦးဝင်းတင်က မနှစ်(၆၄)နှစ်မြောက်မွေးနေ့မှာ စာလုံး ၆၄ လုံး သ၀ဏ်လွှာနဲ့ ဂုဏ်ပြုစပ်ဆို ရေးဖွဲ့ ခဲ့တာကို ပြန်လည်ဖော်ပြရင်း…

စစ်အာဏာရှင်စနစ်ကို မြန်မာ့မြေပေါ်မှ အပြီးတိုင် မောင်းထုတ်ပစ်ဖို့ ကြိုးပမ်းတိုက်ပွဲဝင်နေကြတဲ့ ဒီမိုကရေစီရေး နိုင်ငံရေးအင်အားစုများ အားလုံးကလည်း ပြည်သူ့ခေါင်းဆောင်ရဲ့နောက်မှာ တညီတညွတ်တည်း အောင်ပွဲရသည်အထိ သွေးစည်းစွာ မဆုတ်မနစ် လိုက်ပါဝန်းရံ တိုက်ပွဲဝင်သွားကြမှသာ ဒီကနေ့ မြန်မာ့နိုင်ငံရေး အပြောင်းအလဲကို မုချ ဖြစ်ပေါ်စေမှာ ဖြစ်တယ်ဆိုတာ သတိပေးနှိုးဆော်ရင်း လာမယ့် ဇွန်(၁၉)ရက်မှာ ကျရောက်တဲ့ အသက်(၆၅)နှစ်ပြည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် အမေစုကို ရိုသေကိုင်းရှိုင်းစွာ ဦးညွှတ်ဂါရ၀ပြုလိုက် ရကြောင်းပါ။

· အမေစု အသက်ရာကျော် ရှည်ပါစေသောဝ်။



· ကိုယ်စိတ်နှစ်ပါး ကျန်းမာရွှင်လန်းချမ်းမြေ့ပါစေသောဝ်။



· လူမျိုးစုံပြည်သူတရပ်လုံးနဲ့အတူ မားမတ်ခိုင်ကြည်စွာ

ဆက်လက်ရပ်တည်၍ စစ်အာဏာရှင်စနစ်ကို မုချ ဖျက်သိမ်းနိုင်ပါစေသောဝ်။

အမေစုမွေးနေ့အတွက် အထူးဂါဝရပြုဆောင်းပါးရေးသားပေးပို့သော မောင်ခင်အေးတင့် (မဒေါက်)အား ဒေါင်းမာန်ဟုန်ဘလောက်မှ ကျေးဇူးတင်ရှိပါတယ်...

0 (၆၅) နှစ်ပြည့် အမေ ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့မင်္ဂလာအတွက် ဆုတောင်းသ၀ဏ်လွှာ။


၂၀၁၀ ခုနှစ် ဇွန်လ (၁၉) ရက်နေ့မှာဖြင့် ကျွန်ုပ် အလွန်လေးစားချစ်ခင်ရပါသော မြန်မာပြည်သူပြည်သားအပေါင်းတို့၏ နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးအလုံးစုံသော လူ့အခွင့်အရေးများစွာအတွက် စကြာဝဠာတံတိုင်းကြီးသဖွယ် မားမားမတ်မတ်ရင်ဆိုင်ကာကွယ် ဖြေရှင်းရပ်တည်ပေးလျှက်ရှိသော၊ လွတ်လပ်ရေး ပိသုကာ၊ မျိုးချစ်ဗမာလူမျိုးတို့၏ ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ အာဇာနည်သွေးအနှစ် သမီးအစစ်ဖြစ်သော၊ သူရိန်နေမင်းသဖွယ် အလင်းပေးစွမ်းနေသော အမေဒေါ်အောင်ဆန်းစုကြည် ကမ္ဘာမြေလူ့လောကသို့ရောက်ရှိခဲ့သည်မှာ(၆၅)နှစ်တိတိ ပြည့်မြောက်တော့မည် ဖြစ်ပါသည်။ ၄င်း ဇွန်လ (၁၉) ရက်နေ့သည် အင်မတန်မှ ကျက်သရေမင်္ဂလာအပေါင်းတို့နှင့် ပြည့်စုံသော အမေဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ရက်မြတ်မင်္ဂလာပင် ဖြစ်ပါသည်။

အမေဒေါ်အောင်ဆန်းစုကြည်၏ (၆၅) နှစ် မြောက်မွေးနေ့မှသည် နောက်နောင်နှစ်ပေါင်းများစွာတိုင် အမေ လူ့လောကတွင် သက်ရှိထင်ရှားရှိနေသ၍ မြန်မာပြည်သူပြည်သားများ မတရားညှဉ်းပန်းနှိပ်စက်ခံရမှု၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှု အစရှိသည်တို့အား ဆက်လက်ကာကွယ်ရပ်တည်ပေးစွမ်းနိုင်ပါစေ အမေ။ ခုအချိန်မှာ သားတို့အနေနှင့် အမေ့အား ပြန်လည်ကာကွယ်ပေးနိုင်စွမ်း မရှိသည့်အတွက် လွန်စွာမှ စိတ်မကောင်း ၀မ်းနည်းရသော်လည်း၊ အမေ၏ ဦးဆောင်လမ်းပြသည့် လမ်းမပေါ်သို့ မလွဲမသွေ ဆက်လက်လျှောက်လှမ်းပြီး၊ စည်းကမ်းကျနသာယာသော ဒီမိုကရေစီ နိုင်ငံတော်သစ်ဆီကို ရောက်အောင်သွားပါ့မယ် အမေ။ အမေရဲ့မွေးနေ့ရက်မြတ်မှသည် နောင်နှစ်ပေါင်း၊သမိုင်းပေါင်းများစွာတိုင် အမေ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းတို့နှင့် ပြည့်စုံပြီး တရားမျှတမှုမရှိသော ၊ လူသားမဆန်သော ၊ နအဖစစ်အစိုးရ၏ ဖိနှိပ်ချုပ်ချယ် ညှဉ်ပန်းနှိပ်စက်မှုအောက်မှ မြန်မာပြည်သူပြည်သားအပေါင်းတို့နှင့်အတူ အမြန်ဆုံးကျွတ်ထွက်လွတ်မြောက်နိုင်ရမည်ဟု သတင်းကမ္ဘာ ဤနေရာမှ သားတို့ ယုံကြည်စွာနှင့် တောင်းဆုပြုလိုက်ပါ တယ်အမေ။

အမေ့ထံသို့ သားတို့ ပို့သလိုက်သော ဆုတောင်းမေတ္တာသည် မည့်သည့်အတားအဆီးအနှောင့်အယှက်မှ မရှိဘဲ ဖြောင့်ဖြူးသာယာစွာဖြင့် အမေ့ထံသို့ ရောက်ရှိပါစေသားဟု လူတွေကြား၍ နတ်တွေသိရန် တိုင်တည်သစ္စာပြုလိုက်ပါတယ် အမေ။

အမေ့အား အစဉ်အမြဲ လေးစားဦးညွှတ်လျှက် -

သားမောင် ရဲရဲတောက် BurmaPaparazi

0 ဒီကနေ့ စစ်အာဏာရှင်ကို အံတုရဲတဲ့ သံဃာ့အာဇာနည် အသျှင်ဂမ္ဘီရ


(သက်တော်(၃၁)နှစ်ပြည့် ဂါရ၀ပြုဆောင်းပါး)

မောင်ခင်အေးတင့်(မဒေါက်)

၂၀၁၀ခုနှစ် ဇွန်လ(၁၇)ရက်။

ဇွန်လ(၁၉)ရက်နေ့ဟာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၆၅)နှစ် ပြည့် မွေးနေ့ဖြစ်သလို ဆရာတော် အသျှင်ဂမ္ဘီရရဲ့ သက်တော် (၃၁)နှစ်ပြည့် မွေးနေ့လည်း ဖြစ်ပါတယ်။ 


တိုင်းပြည်နိုင်ငံတခုဟာ အာဏာရှင်စနစ်အောက် ဒါမှမဟုတ် အာဏာရှင်တွေရဲ့ အုပ်စိုးတာကို ခံနေရပြီဆိုရင် နိုင်ငံရေးလွတ်လပ်ခွင့်အပါအ၀င် ကျန်တဲ့အားလုံးသော အခွင့်အရေးမှန်သမျှ ဆုံးရှုံးရတော့တာပါပဲ။ အသက် ရှင်ရပ်တည်ခွင့်၊ ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်၊ ရှာဖွေလုပ်ကိုင် စားသောက်ပိုင်ခွင့်အစရှိတဲ့ အခြေခံရပိုင်ခွင့် မွေးရာ ပါ အခွင့်အရေးတွေအားလုံး ဆုံးရှုံးသွားတော့တာပါပဲ။

ဒီလိုဆုံးရှုံးသွားတဲ့နေရာမှာ အခြေခံအခွင့်အရေးတွေနဲ့တပါတည်း လူသားတွေရဲ့ ကိုးကွယ်ယုံကြည်မှုပါ ဆုံးရှုံး ပျောက်ကွယ်ရပါတယ်။ လူသားတဦးချင်းစီတိုင်းရဲ့ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်တင် လက်လွှတ်ပေးရ တာမျိုးမဟုတ်ဘဲ သာသနာတော်ကို ထိန်းသိမ်းစောင့်ရှောက်ပြန့်ပွားအောင် ထမ်းဆောင်နေကြတဲ့ သာသနာ့ ၀န်ထမ်း ဘာသာရေးခေါင်းဆောင်တွေပါ ဖမ်းဆီးနှိပ်စက်တာကို ခံကြရလေ့ရှိပါတယ်။

တနည်းအားဖြင့် ဘာသာရေးလွတ်လပ်ခွင့်ကို ဖိနှိပ်ချုပ်ချယ် ကန့်သတ်လိုက်တာပါပဲ။ ဒါဟာ ဗုဒ္ဓဘုရားရှင်ရဲ့ အဆုံးအမ ဩ၀ါဒ တရားဒေသနာတော် ၀ိနည်းတွေကို စည်ပင်ပြန့်ပွားအောင် အားစိုက်ခွန်စိုက် ဟောကြား နေတဲ့ ဆရာတော် သံဃာတော်တွေရဲ့ တရားဓမ္မဟောပြောခွင့်ကို ပိတ်ပင်လိုက်တာနဲ့ အတူတူပါပဲ။ သာသနာ ပြန့်ပွားတိုးတက်ရေးကို မလုပ်ရလို့ တားမြစ်လိုက်တာပါပဲ။

ဒါဆို ဒီလိုမျိုး ပိတ်ပင်လိုက်သူတွေဟာ ဘယ်ဘာသာသာသနာကိုမှ မကိုးကွယ် မယုံကြည်တဲ့ ဘာသာမဲ့၊ သာသနာမဲ့တွေလို ဖြစ်သွားသလို ဗုဒ္ဓ၀ါဒအယူအဆအရဆို မိစ္ဆာဒိဌိဖြစ်သွားလို့ အ၀ီဇိငရဲကို အုပ်စုလိုက်သွား ရတော့မှာပေါ့။ အမှန်ကတော့ မိမိရဲ့အာဏာ တည်တံ့ဖို့အတွက် အရာရာကို နိုင်ငံရေးဆိုတဲ့ ခေါင်းစဉ်တပ်ပြီး ကြည့်လိုက်တာကြောင့် တဆက်တည်းဆိုသလို အခွင့်အရေးချိုးဖောက်မှုတွေ ဆိုးဆိုးဝါးဝါး ဖြစ်သွားတော့ တာပါပဲ။

အာဏာရှင်အုပ်စုက သူ့ရဲ့အာဏာပါဝါအတွက် အကျိုးစီးပွားတွေအတွက် သူလက်သတ်မွေးထားတဲ့ ဒေါက် တိုင်အသင်းအဖွဲ့တွေကို အသုံးချပြီး အကာအကွယ်ပြုကြသလို နိုင်ငံကာကွယ်ရေးနဲ့ လုံခြုံရေး၊ ငြိမ်းချမ်းရေး အတွက် အဓိကထား ဖွဲ့စည်းထူထောင်ထားတဲ့ လက်နက်ကိုင်အမှုထမ်း အရာထမ်းတွေကို သူ့အာဏာပါဝါ အတွက် ခါးပိုက်ဆောင်တပ်အဖြစ် အသုံးချ ကာကွယ်လေ့ရှိပါတယ်။

ဒီလိုဆိုရင် ဘာသာသာသနာကို ပြန့်ပွားတိုးတက်အောင် ထိန်းသိမ်းစောင့်ရှောက်နေသူတွေ၊ ကိုးကွယ်ယုံ ကြည်သူတွေ၊ ဘာသာရေးသာသနာရေးခေါင်းဆောင်တွေကလည်း မိမိတို့ရဲ့ ဘာသာသာသနာ မပျက်စီး အောင် မတိမ်ကောအောင် အရှည်အားဖြင့် တည်တံ့အောင် ထိန်းသိမ်းကာကွယ်ဖို့လည်း တာဝန်ရှိမှာဖြစ်ပါ တယ်။ မဖြစ်မနေ ထိန်းသိမ်းကာကွယ်ကြရမှာလည်း ဖြစ်ပါတယ်။ ဒါမှသာ ဗုဒ္ဓဘုရားရှင်ရဲ့ အဆုံးအမ ဩ၀ါဒ တရားတော်တွေအပေါ် နားထောင် လိုက်နာကျင့်ကြံရာလည်း ရောက်ပါလိမ့်မယ်။

မြန်မာပြည် ခေတ်သမိုင်းအဆက်ဆက်မှာ ပေါ်ပေါက်ခဲ့တဲ့ ဘုရားသားတော် သံဃာ့အာဇာနည်တွေဟာ ဒီ ဘာသာသာသနာ ထွန်းကားတည်တံ့ ပြန့်ပွားရေးအတွက် ထိန်းသိမ်းကာကွယ်ခဲ့ကြသူတွေသာ ဖြစ်ကြပါ တယ်။ လွန်ခဲ့တဲ့(၂)နှစ်ကျော်က ဖြစ်ပျက်ခဲ့တဲ့ သမိုင်းဝင် ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုဟာ အာဏာပိုင်များ က သာသနာတော် ပျက်သုဉ်းအောင်၊ ဘာသာသာသနာ ဆိတ်သုဉ်းပျောက်ကွယ်အောင် အကြမ်းဖက် လုပ်ဆောင်လာတာကို အစဉ်အလာအရ ထိန်းသိမ်းကာကွယ်ဖို့ သံဃာ့အာဇာနည်တွေက ၀ိနည်းတော်အရ ကာကွယ်စောင့်ရှောက်ဖို့ ခုခံဟန့်တားတဲ့ ကြိုးပမ်းမှုတခုသာ ဖြစ်ပါတယ်။

အရင် အင်္ဂလိပ် ကိုလိုနီအစိုးရလက်ထက်မှာလည်း သံဃာ့အာဇာနည်း အများအပြား ပေါ်ထွန်းခဲ့ပါတယ်။ မြန်မာတမျိုးသားလုံးကို မျိုးချစ်စိတ်ဓါတ် စတင်မွေးဖွားပေးခဲ့တဲ့၊ မျက်စေ့ဖွင့်ပေးခဲ့တဲ့ ပထမဦးဆုံး သံဃာ့ အာဇာနည်ကတော့ ရခိုင်လူမျိုး ဆရာတော်အသျှင် ဦးဥတ္တမပဲ ဖြစ်ပါတယ်။

အင်္ဂလိပ်ခေတ် မြန်မာပြည်မှာ နိုင်ငံရေးနဲ့ ပထမဆုံး အပြစ်ပေးခံရတဲ့ ဆရာတော်လည်း ဖြစ်ပါတယ်။ မြန်မာ တပြည်လုံး အင်္ဂလိပ်လက်အောက် ကျရောက်ပြီး အင်္ဂလိပ်မင်း အထက်အရာရှိတွေကို မဆိုထားနဲ့ အစိုးရ ၀န်ထမ်း မင်းစေလောက်ကိုတောင် ပြားပြားဝပ် မော်မကြည့်ရဲတဲ့အချိန်မှာ ကရက်ဒေါက် ထွက်သွား ဆိုတဲ့ ဆရာတော် ဦးဥတ္တမရဲ့ သတိပေး တပ်လှန့်သံဟာ မြန်မာပြည်တပြည်လုံးကို တုန်လှုပ်ခြောက်ခြားသွားစေခဲ့ ပြီး မြန်မာတွေရဲ့ မျိုးချစ်စိတ်ဓါတ်ကို နှိုးဆွပေးလိုက်ပါတယ်။ အဲဒီကနေ ဘိနပ်သပိတ် ဖြစ်ပေါ်ခဲ့ပါတယ်။

ဆရာတော်ဟာ မြန်မာ့လွတ်လပ်ရေးမှာလည်း ရှေ့တန်းက ရဲရဲဝံ့ဝံ့ တက်ကြွစွာ ဦးဆောင်ပါဝင်ခဲ့တဲ့အတွက် ထောင်(၃)ကြိမ် ကျခံခဲ့ရပါတယ်။ ထင်ရှားကျော်ကြားလှတဲ့ ရဲရဲတောက် သံဃာ့အာဇာနည် ဆရာတော်တပါး လည်း ဖြစ်ပါတယ်။ ဒါကြောင့် ဆရာတော်ကို ဂုဏ်ပြုတဲ့အနေနဲ့ ရွှေတိဂုံခြေရင်းက ကန်တော်မင်ပန်းခြံ ကို ဦးဥတ္တမပန်းခြံအဖြစ် အရင်က ပြောင်းလဲခေါ်ခဲ့ပေမဲ့ ဒီကနေ့မှာတော့ ကန်တော်မင်္ဂလာပန်းခြံ လို့ ပြောင်းလဲ ခေါ်ခဲ့ပြန်ပါတယ်။

နောက် ဆရာတော်တပါးကတော့ အသျှင်ဦးဝိစာရ ကိုယ်တော်ကြီး ဖြစ်ပါတယ်။ ဥပုဂ်စောင့်ခွင့်မပေးတာ၊ သင်္ကန်းချွတ်လူဝတ်လဲခိုင်းတာ၊ ကိုလိုနီအုပ်ချုပ်သူတွေက အမိန့်စာပေးပို့တဲ့နေရာမှာ သံဃာတော်တွေကို တောင် မောင်မင်းနာခံရမည် ဆိုတဲ့ ရိုင်းစိုင်းမောက်မာတဲ့ အသုံးအနှုန်းတွေကို သုံးစွဲတဲ့အတွက် ဆရာတော် က တရားဟောတာ အစာအငတ်ခံတာ အစရှိတဲ့ အကြမ်းမဲ့နည်းလမ်းတွေနဲ့ အံတုဆန့်ကျင်ပါတယ်။

အမှန်ကတော့ အစဉ်အလာ ဘာသာကိုးကွယ်ယုံကြည်မှုကို ဖိနှိပ်ချုပ်ချယ်တာဖြစ်တဲ့အတွက် လက်မခံနိုင် ဘူးလို့ ဆန့်ကျင့်ကန့်ကွက်တာပဲ ဖြစ်ပါတယ်။

အဲဒါကြောင့် ဆရာတော် အသျှင်ဦးဝိစာရဟာ ထောင်(၃)ကြိမ် ချခံရသလို လူမဆန်တဲ့ ရက်စက်နှိပ်ကွပ်မှု တွေကိုလည်း ခါးသည်းစွာ ခံခဲ့ရပါတယ်။ နောက်ဆုံးတော့ (၁၆၆)ရက်တိတိ အစာငတ်ခံတိုက်ပွဲမှာ ဆရာ တော် ပျံလွန်တော်မူခဲ့ရပါတယ်။ ဒါကြောင့် ဆရာတော်ကို ဦးညွတ်ဂုဏ်ပြုတဲ့အနေနဲ့ ဦးဥတ္တမပန်းခြံအနား ရွှေတိဂုံဘုရားအနောက်ဖက်မုဒ်အနီးမှာ ဦးဝိစာရကျောက်တိုင်ရယ်လို့ စိုက်ထူကဗျည်းတင်ခဲ့ရပါတယ်။

ဆရာတော်ဦးဝိစာရဟာ အစဉ်အလာ မပျက်စေဖို့၊ သာသနာတော် မမှေးမှိန်စေဖို့အတွက် အချက်(၃)ချက်ကို အဓိကတောင်းဆိုခဲ့ပါ တယ်။ အဲဒါကတော့…

(၁) ထောင်ဒဏ်အပြစ်ပေးခံရသော ရဟန်းတော်များကို သင်္ကန်းဝတ်ခွင့်ပေးရန်၊

(၂) ထောင်အတွင်း၌ ၀ိနည်းတော်အရ တလ(၂)ကြိမ် ဥပုသ်နေ့တိုင်း ဥပုသ်ပြုခွင့်ပေးရန်၊

(၃) နိုင်ငံရေးရာကိစ္စများနှင့် ပတ်သက်၍ ထောင်တွင်းရောက် ရဟန်းများအား ထိုက်တန်သော သီတင်းသုံး

ခွင့်ပြုရန် တို့ဖြစ်ပါတယ်။

ဒါ့အပြင် ပြည်သူလူထုက ကဗျည်းတင်ခဲ့တဲ့ အခြားသော သံဃာ့အာဇာနည်တွေလည်း ကျန်ရှိပါသေးတယ်။

အလားတူ ဒီကနေ့ခေတ်မှာလည်း သံဃာ့အာဇာနည်တွေ ဆက်လက်ပေါ်ထွက်နေပါတယ်။ အထင်ရှားဆုံးလို့ ဆိုနိုင်တဲ့ သံဃာ့အာဇာနည်ကတော့ ၂၀၀၇ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုကို ဦးစီးဦးဆောင်ပြုခဲ့တဲ့ ဆရာတော်

အသျှင်ဦးဂမ္ဘီရ ဖြစ်ပါတယ်။

လက်ရှိကို စစ်အုပ်စုက ကလေးထောင်မှာ ထောင်သွင်းအကျဉ်းချထားပါတယ်။ ဆရာတော်ဟာ၂၀၀၇ခုနှစ် နိုဝင်ဘာလ(၄)ရက်နေ့က မန္တလေးတိုင်း စဥ့်ကိုင်မြို့မှာ အဖမ်းခံခဲ့ရပြီး အမှုပေါင်း ၁၇မှုနဲ့ ထောင်ဒဏ်(၆၈)နှစ် ချခံခဲ့ရပါတယ်။ ၂၀၀၈ခုနှစ် ဇွန်လကုန်ပိုင်းက အယူခံဝင်ရာမှာ (၅)နှစ်လျှော့ပေးခဲ့တဲ့အတွက် အခု ထောင် ဒဏ်(၆၃)နှစ် ကျခံနေရတာ ဖြစ်ပါတယ်။ အသျှင်ဂမ္ဘီရကို ၁၉၇၉ခုနှစ် ဇွန်လ(၁၉)ရက် အင်္ဂါနေ့မှာ အဖ ဦးမင်းလွင်၊ အမိ ဒေါ်ရေးတို့မှ မကွေးတိုင်း ပေါက်မြို့နယ် ကိုင်းလယ်ကျေးရွာမှာ မွေးဖွားခဲ့ပါတယ်။

မွေးချင်း (၇)ယောက်ရှိပြီး အသျှင်ဂမ္ဘီရမှာ (၅)ယောက်မြောက် ဖြစ်ပါတယ်။ လူအမည်က မောင်ညီညီလွင် ဖြစ်ပြီး ရဟန်းဘွဲ့အမည်ကတော့ ဦးစန္ဒောဘာသ ဖြစ်ပါတယ်။ သူငယ်တန်းမှ လေးတန်းအထိ ပေါက်မြို့၊ အောင်တံခွန်ရပ်၊ အမှတ်(၄) မူလတန်းကျောင်းမှာ တက်ရောက်ခဲ့ပြီး သူငယ်တန်းမှ လေးတန်းအထိ အတန်း စဉ်တိုင်းမှာ ပထမ အမြဲရတဲ့အတွက် ကျောင်းအုပ်ဆရာမကြီးရဲ့ ချစ်ခင်မှုကို အထူးခံရသူလည်း ဖြစ်ပါတယ်။

အသက်(၁၂)နှစ်အရွယ် (၅)တန်းကျောင်းသားဘ၀တွင် ကလေးစစ်သားဖြစ်ခဲ့ဘူးပြီး နောက် မိဘများက ပေါက်မြို့သို့ ပြန်လည် ကယ်တင်ခေါ်ယူလာခဲ့ပါတယ်။ အာဏာပိုင်များက ပေါက်မြို့သို့ လာရောက်စုံစမ်း သဖြင့် ထောင်ဒဏ်ကျခံရမည့်အရေးကို စိုးရိမ်သောကြောင့် ပေါက်မြို့ လေသာတောင်ကျောင်းတိုက် ဆရာ တော်ထံမှာ သာမဏေအဖြစ် ရောက်ရှိပြီးနောက် ရန်ကုန် အင်းစိန်ရွာမကျောင်းသို့ တဖန်ရောက်သွားပြီး သာသနာ့ဘောင်မှာ ပျော်မွေ့ကာ မူလတန်း၊ အငယ်တန်း၊ အလတ်တန်း၊ အကြီးတန်းစာမေးပွဲများနဲ့ နိကာယ် လေးကျမ်းကို ထူးချွန်စွာ အောင်မြင်ခဲ့ပါတယ်။

အသက် (၂၀)အရွယ်တွင် ရဟန်းဘောင်သို့ ၀င်ရောက်ခဲ့ပါတယ်။ စာဝါလိုက်နေစဉ်အတွင်း ကရင်ပြည်နယ် မြိုင်ကြီးငူ မှာ (၅)နှစ်ကြာမျှ ဗုဒ္ဓဘာသာပြန့်ပွားရေးအတွက် သာသနာပြုခဲ့ပါတယ်။

ဆရာတော်၏ ပင်ကိုယ်စိတ်နေစိတ်ရင်းက မိမိ၏ တိုင်းပြည်နဲ့လူမျိုးအပေါ် အထူးချစ်ခင်သူ၊ အမှန်တရားကို မြတ်နိုး လွတ်လပ်မှုကို ခုံမင်သူ၊ ဖိနှိပ်စိုးမိုး အနိုင်ကျင့်မှုများကို စက်ဆုပ်သူ ဖြစ်ပါတယ်။ နေထိုင်ရာ ပေါက်မြို့ တွင်လည်း စာကြည့်တိုက်တခုကို ထူထောင်ခဲ့သလို ဇီဝိတဒါန သွေးလှူခြင်းအမှုကိုလည်း နှစ်စဉ်နှစ်တိုင်းလို ဒါနပြုခဲ့ပါတယ်။

ဆရာတော်ဟာ ဓမ္မာစရိယတန်းပြီးရင် သာသနာပြုတက္ကသိုလ်တက်ရန် ရည်ရွယ်ချက်ရှိခဲ့ပြီး တက္ကသိုလ်မှ ဘွဲ့ ရပြီးပါက အိန္ဒိယနိုင်ငံမှာ သာသနာ့ပညာ ဆက်လက်သင်ကြားပြီး နိုင်ငံတကာသာသနာပြု ဓမ္မကထိက အဖြစ် ရှင်သန်သွားဖို့ကို ရည်မှန်းချက်ထားရှိခဲ့ပါတယ်။ နိုင်ငံရေးသိပ္ပံ၊ ရသစာပေ၊ ကဗျာ၊ ဂီတ တို့ကိုလည်း လေ့လာလိုက်စားခဲ့သလို ဘာသာရေးဆိုင်ရာ ဆောင်းပါး၊ ၀တ္ထု၊ ကဗျာတို့ကိုလည်း ရေးသားခဲ့ပါသေးတယ်။

ဓမ္မာစရိယတန်း စာဝါလိုက်နေစဉ် ၂၀၀၅ခုနှစ်မှာတော့ ပြည်သူလူထုရဲ့ စားဝတ်နေရေး၊ ပညာရေး၊ ဘာသာ ရေး အဘက်ဘက်မှနိမ့်ကျနေမှုကို အထူးသိမြင်လာတဲ့အတွက် လစ်လျူမရှု့ရက်နိုင်တော့ဘဲ သံဃာထု အတွင်း စည်းရုံးမှုအလုပ်တွေကို စတင်ပြုလုပ်ခဲ့ပါတော့တယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျောင်းသားပြည်သူတွေကို စစ်တပ်က ကြိုးကိုင်စီစဉ်တဲ့ ဒီပဲယင်းသတ်ဖြတ်မှုကြီး ကြောင့် စစ်အာဏာပိုင်တွေအပေါ် အထူးစိတ်နာခဲ့သလို စစ်အာဏာပိုင်တွေရဲ့ ဘာသာတရားကင်းမဲ့မှု၊ သာသနာတော်အား အသရေညှိုးနွမ်းအောင်ပြုလုပ်မှုနဲ့ မိမိအာဏာတည်မြဲရေး တခုတည်းကိုသာ ကြည့်မှု တွေကြောင့် ဆရာတော် အသျှင်ဂမ္ဘီရဟာ မိမိရဲ့ရည်မှန်းချက်ကိုဖျက်ကာ တနိုင်ငံလုံးမှာရှိတဲ့ သံဃာတော် အရှင်သူမြတ်အားလုံးလိုလိုနဲ့ ပေါင်းစည်းလက်တွဲနိုင်အောင် မအိပ်မနေ အားစိုက်လုံးပမ်းခဲ့ရာမှ ၂၀၀၇ခုနှစ် စက်တင်ဘာအရေးတော်ပုံကြီး ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။

အဲဒါကြောင့် ၂၀၀၈ခုနှစ် ဧပြီလ ၂၁ရက်နေ့ လန်ဒန်မှာ ကျင်းပပြုလုပ်တဲ့ ဆင်ဆာဆုပေးပွဲမှာ Bindmans Law and Campaigning Awardကို ရရှိခဲ့ပြီး ၂၀၀၈ခုနှစ် ဒီဇင်ဘာလ(၁၀)ရက် လူ့အခွင့်အရေးနေ့ အီတလီနိုင်ငံ မာဘင်ဂိုမြို့မှာ ကျင်းပတဲ့ လူ့အခွင့်အရေးနေ့အခမ်းအနားက Honorary Citizenshipဆုကို ထပ်မံ ရရှိခဲ့ပါတယ်။ ဒီ့မတိုင်ခင် ၂၀၀၇ ဒီဇင်ဘာ(၃၁)ရက်နေ့ ဘားမားဒိုင်ဂျက်ဝက်ဆိုဒ် Person of the Year 2007 မဲပေးပွဲမှာ မဲပေးသူဦးရေ အများဆုံးနဲ့ အသျှင်ဂမ္ဘီရကို ရွေးချယ်ခြင်းခံခဲ့ရပါတယ်။

အဲ့ဒါကြောင့် လာမယ့် ဇွန်လ(၁၉)ရက်နေ့မှာ ကျရောက်တဲ့ ဆရာတော် အသျှင်ဂမ္ဘီရရဲ့ သက်တော်(၃၁)ပြည့် မွေးနေ့ကို ဂါရ၀ပြု ရှစ်ခိုးကန်တော့ရင်း ဆောင်းပါးရှင်နဲ့ ဆုံဆည်းခဲ့ပုံလေးကို အရင်းအတိုင်း ဖော်ပြလိုက် ပါတယ်။

(၂)ကြိမ်ထက်မနည်း ဆုံဖြစ်ခဲ့ပါတယ်။ နောက်ဆုံးတကြိမ်ကိုသာ မှတ်မိတာမို့ မှတ်မိသလောက်ကို ရေးသား ခံစားလိုက်ပါတယ်။

၂၀၀၇ခုနှစ် စက်တင်ဘာမတိုင်ခင် တလလောက်လို့ အမှတ်ရပါတယ်။ လောရှမ်းရွာကလေးတခုမှာပါ။ ဆရာ တော်က အခြားရဟန်းတော်တွေနဲ့ ရောက်လာပါတယ်။ (၁၀)ပါးလောက် ရှိမယ်ထင်ပါတယ်။ ဆရာတော် စည်းရုံးထားတဲ့ ကိုယ်တော်တွေပါ။ မှတ်မှတ်ရရ ကရင်ကိုယ်တော်တွေ၊ ရခိုင်ကိုယ်တော်တွေလည်း ပါပါ တယ်။ ဆရာတော်ကိုတော့ ကြီးကြပ်သူအဖြစ် ကွမ်းတ၀ါးဝါး ကွမ်းတမြုံမြုံနဲ့ ဆုံခဲ့ရပါတယ်။

တနေ့ ကျနော်တို့ အလုပ်လုပ်နေကြတုန်း ဆရာတော်ကကြည့်ပြီး ပြောပါတယ်။ ကျုပ် ကိုယ်တော်တွေကို မြန်မာနိုင်ငံ နိုင်ငံရေးသမိုင်းကြောင်းလေးလည်း နည်းနည်းဆွေးနွေးပေးပါဦးလို့ တောင်းဆိုလာတဲ့အတွက် ၁၉၄၈ခုနှစ် လွတ်လပ်ရေးရယူခဲ့ပုံကအစ ၁၉၅၈ခုနှစ် အိမ်စောင့်အစိုးရ ပေါ်ပေါက်လာပုံ၊ ဒီဆယ်နှစ်တာ အတွင်း နိုင်ငံမှာ ပါလီမန်ဒီမိုကရေစီစနစ်နဲ့ အုပ်ချုပ်ခဲ့ပုံ၊ ဒီမိုကရေစီအခြေခံစနစ် အမြစ်မတွယ်ခင် ၁၉၆၂ခုနှစ် မှာ စစ်တပ်က အာဏာသိမ်းယူခဲ့ပုံ၊ မဆလတပါတီအာဏာရှင်စနစ် ပေါ်ပေါက်ခဲ့ပုံ။

အဲဒီကစလို့ အခုချိန်ထိ မြန်မာပြည်ဟာ အလင်းရောင်ကင်းမဲ့သွားပြီး အမှောင်ထုထဲ ကျရောက်သွားပုံ၊ ဗိုလ် ချုပ်အောင်ဆန်း ချမှတ်ခဲ့တဲ့ အခြေခံမူ(၇)ချက်အရ ၁၉၄၇ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်ပေါ်လာပုံနဲ့ ဖျက် သိမ်းခံရပုံ၊ စစ်တပ်အရင်းအနှီးအတွက် ဆိုရှယ်လစ်တံဆိပ်ကပ်ပြီး ပြည်သူပိုင်သိမ်းပုံ၊ နောက် ၁၉၇၄ခုနှစ် ဖွဲ့စည်းပုံကို စစ်တပ်က တဖက်သတ်ရေးဆွဲခဲ့ပုံ၊ နောက်ဆုံး ၁၉၈၈ လူထုအရေးတော်ပုံကြီးက ၁၉၇၄ ဖွဲ့စည်း ပုံကို ဖျက်သိမ်းပစ်လိုက်နိုင်ပုံ အစရှိတဲ့ သမိုင်းကြောင်းကို..

ဆရာတော့်ဆန္ဒအတိုင်း လုပ်ဆောင်ပေးခဲ့တဲ့အတွက် ဆရာတော်ဟာ ၀မ်းသာကြည်နူးပီတိဖြစ်ပြီး ကျုပ် ကိုယ်တော်တွေ ဒါမှကောင်းကောင်း သဘောပေါက်သွားမှာ မဟုတ်ရင် ကိုယ်တော်တွေ ဘာမှသိမှာ မဟုတ် ဘူးလို့ ပါးစပ်နီနီနဲ့ ကွမ်းမြုံရင်း ရယ်သွမ်းသွေး ပြောခဲ့တာတွေကို အမှတ်တရ ပြန်ပြောင်းသတိရမိပါတယ်။

အမှန်ပြောရရင် အဲဒီတုန်းက အသျှင်ဂမ္ဘီရကို သာမန်ရဟန်းတော်လောက်သာ ထင်ခဲ့ပြီး ဒီလိုဖြစ်လာလိမ့်မယ် လို့ မသိခဲ့ရိုးအမှန်ဆိုတာ ၀န်ခံပါရစေ။ ဘာကြောင့်ဆို ဆရာတော်ဟာ သာမန် ရဟန်းတပါးလိုသာ ပြောဆိုပြု မူ နေထိုင်ခဲ့လို့ ဖြစ်ပါတယ်။ အညာသားလည်း ဖြစ်တဲ့အခါကျတော့ အသားကလည်း ညိုညို၊ အရပ်ကလည်း မနိမ့်မမြင့်၊ ကွမ်းကလည်း စားဆိုတော့ အညာသား တောဘုန်းကြီးတပါး ပုံစံမျိုးလောက်ပဲ တွက်မိခဲ့လို့ ဖြစ်ပါ တယ်။

၂၀၀၇ လှုပ်ရှားမှုကြီး ပေါ်ပေါက်လာတဲ့အခါကျမှ ဒီသံဃာ့လှုပ်ရှားမှုကို ဦးဆောင်တဲ့ ဆရာတော်တပါးအဖြစ် အသျှင်ဂမ္ဘီရဆိုတဲ့ ဘွဲ့အမည်ကို ကြားရတာပါပဲ။ ဒါပေမဲ့ ဒီဘွဲ့အမည်ဟာ ကျနော်တို့ ကိုယ်တော်ဟုတ်မဟုတ် မသိခဲ့သေးပါဘူး။ ဆရာတော်ရဲ့ ဘွဲ့အမည် အရင်းကိုလည်း ကောင်းကောင်းမသိခဲ့ပါဘူး။ နောက်ပိုင်းကျမှ အသျှင်ဂမ္ဘီရ ကိုယ်တော်ဟာ ကျနော်နဲ့ဆုံဆည်းခဲ့တဲ့ ကိုယ်တော်ဆိုတာ ကောင်းကောင်းသိလိုက်ရပါတော့ တယ်။

အဲဒီအခါကျမှ အသျှင်ဂမ္ဘီရရဲ့ လုပ်ဆောင်ချက်အပေါ် အတော်အံ့အားသင့်သွားပြီး ဂုဏ်ယူလေးစားမိပါတော့ တယ်။ ဆရာတော်နဲ့ ပတ်သက်တာတွေ ပြန်စဉ်းစားကြည့်မိပါတော့တယ်။ ၂၀၀၇မတိုင်ခင် အသျှင်ဂမ္ဘီရလို့ ကျော်စောလာမယ့် ဆရာတော်ဟာ နေ့မအား ညမအား အထက်မြန်မာပြည်၊ အောက်မြန်မာပြည်နဲ့ မြန်မာ ပြည်တပြည်လုံးကို လှည့်လည်သွားရောက် စည်းရုံးနေတာကို သိလိုက်ရပြီး ကျနော်တို့ဆီကိုလည်း ၀င်လိုက် ထွက်လိုက်နဲ့ အလုပ်များနေတာကို သတိပြုမိပါတော့တယ်။

တခါလာရင် အရပ်ရပ် အနယ်နယ်က ရဟန်းတော်တွေကို ခေါ်ဆောင်လာပြီး လှုပ်ရှားမှုအတွက် လိုအပ်တာ တွေကို လေ့ကျင့်ပြင်ဆင်နေတယ်ဆိုတာ ကောင်းစွာ သဘောပေါက်လာပါတယ်။ ရိပ်မိလာပါတော့တယ်။ ဆရာတော်ကတော့ ခါတိုင်းလို ပုံစံမပျက်ပါပဲ။ သာမန်ဘုန်းကြီးတပါးထက် မပိုပါဘူး။

ဒီလိုနဲ့ ဆရာတော်ဟာ ၂၀၀၇ခုနှစ် သံဃာ့လှုပ်ရှားမှုကြီးကို ဦးဆောင်ဦးရွက် ပြုခဲ့ပါတယ်။ အာဏာပိုင်တွေရဲ့ နောက်ယောင်ခံလိုက်နေမှုကို ရှောင်တိမ်းပုန်းအောင်း ခိုလှုံရင်းနဲ့ နိုဝင်ဘာ(၄)ရက်နေ့မှာ ပုန်းအောင်းနေထိုင် နေတဲ့ စဥ့်ကိုင်နယ်ထဲမှာ အဖမ်းဆီးခံလိုက်ရပါတော့တယ်။

အကိုဖြစ်သူ ကိုအောင်ကျော်ကျော်၊ ညီဖြစ်သူ ကိုအောင်ကိုကိုလွင်နဲ့ ယောက်ဖဖြစ်သူ ကိုမိုးထက်လျှမ်းတို့ မှာလည်း ၂၀၀၇သံဃာအရေးအခင်းတွင် ပါဝင်ပတ်သက်မှုများကြောင့် ဖမ်းဆီးခံကြရပြီး ရှမ်းပြည်တောင် ကြီးထောင်၊ ရခိုင်ပြည်နယ် ကျောက်ဖြူထောင် စတဲ့ နယ်ဝေးထောင်တွေမှာ နှစ်ရှည်ထောင်ဒဏ်တွေ ကျခံ နေကြရသလို အစ်မဖြစ်သူ မလွင်လွင်မြင့်မှာလည်း နာဂစ်ကယ်ဆယ်ရေး လုပ်ဆောင်ခဲ့တဲ့အတွက် ပုန်း အောင်းတိမ်းရှောင်နေရပါတယ်။

လာမယ့် ဇွန်လ(၁၉)ရက်နေ့ဟာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၆၅)နှစ် ပြည့် မွေးနေ့ဖြစ်သလို ဆရာတော် အသျှင်ဂမ္ဘီရရဲ့ သက်တော် (၃၁)နှစ်ပြည့် မွေးနေ့လည်း ဖြစ်ပါတယ်။

ဆရာတော်ရဲ့ ပြောနေကျစကားတခွန်းကို အမှတ်တရအဖြစ် ပြန်လည်ဖော်ပြပေးရင်းနဲ့ ဆရာတော်ရဲ့ မွေးနေ့ အခါသမယကို ဦးခေါင်းမြေထိ ရှစ်ခိုးဂါရ၀ပြုလိုက်ရပါတယ်။

ကျုပ်တို့ဘုန်းကြီးတွေဆိုတာက လူတွေလို ဇနီးမယား၊ စည်းစိမ်ဥစ္စာ တွယ်တာစရာတွေ ဘာမှရှိတာမဟုတ် ဘူး၊ ကျုပ်တို့လူဖြစ်လာရတာကိုက သာသနာပြုဖို့အတွက်ဗျ၊ လူတွေအတွက်ဗျ၊ သာသနာပြုနိုင်ဖို့ဆိုတာက လည်း လူတွေရဲ့ဘ၀ စားဝတ်နေရေး၊ လူမှုရေး၊ မင်းဆိုးမင်းညစ်တွေဘေးက ပြေလည်ကင်းလွတ်နေမှဗျ၊ ဘာ သံယောဇဉ်မှမရှိတဲ့ ကျုပ်တို့က လူတွေရဲ့အခက်အခဲတွေကို ပြေလည်အောင်ဖြေရှင်းပေးရမယ်။ ဒီအလုပ်တွေ ကို လုပ်ကတည်းက ဘ၀တွေ၊ အသက်တွေ ရင်းထားရတာ၊ အဖမ်းခံရမှာနဲ့သေမှာ နှစ်မျိုးပဲရှိတယ်“

      • ဆရာတော် သက်တော် ရာကျော်ရှည်ပါစေ။

      • အနာရောဂါ ကင်းဝေးပါစေ။

      • သာသနာတော် အရှည်တည်တံ့အောင် ကာကွယ်စောင့်ရှောက်နိုင်ပါစေ။

ဆောင်းပါးအမြဲပို့ပေးသော
မောင်ခင်အေးတင့်(မဒေါက်)အား ဒေါင်းမာန်ဟုန်ဘလောက်မှ အထူးကျေးဇူးတင်ရှိပါကြောင်း

0 ၂၀၁၀ လူမှုရေး တတိယခြေလှမ်း

၃/၂၀၁၀ ဈာပန ပို့ဆောင်ရေးသင်တန်းအား နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသူ အသင်းသား အသစ်များအား ၁၇ - ၆ - ၂၀၁၀ (ကြာသပတေးနေ့)တွင် နံနက် (၉း၀၀) နာရီမှ ညနေ (၃း၀၀) နာရီအထိ အသင်း၏ ဥက္ကဌ ဦးကျော်သူ၊ တွဲဖက်အတွင်းရေးမှူး ဦးဇင်ထွန်းအောင်၊ ပြန်ကြားရေးဌာနမှ ဒေါ်မေဇွန်ဦး တို့မှ သင်ကြားပေးခဲ့ပါသည်။ ယင်း သင်တန်းအား (၁) လ တိတိ ပို့ချမည် ဖြစ်ပြီး၊ နောက် ဖျတ်ခနဲပေါ် ဆတ်ခနဲလုပ် (ဓါတ်ပုံသင်တန်း)နှင့် သရုပ်ဆောင်သင်တန်း (လူမှုဆက်ဆံရေးသင်တန်း)ကို ဆက်လက် တက်ရောက်ရမည် ဖြစ်ပါသည်။

၂၀၁၀ ခုနှစ်အတွင်း နာရေးကူညီမှုအသင်း(ရန်ကုန်)၏ မျိုးဆက်သစ် လူမှုရေးသင်တန်းသည် ယခုဆိုလျှင် တတိယမြောက်သင်တန်းဖြစ်ပါသည်။ ဤကဲ့သို့ သင်တန်းများ ပို့ချသင်ကြား ပေးခြင်းသည် နာရေးကူညီမှု လူမှုရေးလုပ်ငန်းရပ် တစ်ခုတင်မက ပြည်သူလူထု လိုအပ်မှုများကို ဖြည့်ဆည်း ပံ့ပိုး ကူညီမှုများ လုပ်နိုင်ရန် အတွက်၎င်း၊ လူမှုဆက်ဆံရေး ယဉ်ကျေးသိမ်မွေ့စေရန် ၄င်း၊ အကျင့်စာရိတ္တ ကောင်းမွန်ပြီး သီလလုံခြုံသော အနာဂတ် မျိုးဆက်သစ် ခေါင်းဆောင်ကောင်းများ ပေါ်ထွက်လာရန် ရည်ရွယ်၍ အတွေ့အကြုံများကို ရှင်းလင်းတင်ပြ ပို့ချပေးခြင်း ဖြစ်သည်။

ယင်း သင်တန်းတွင် မျိုးဆက်သစ် သင်တန်းသူ/သားများမှ မိမိတို့ နာရေးကူညီမှုအသင်း (ရန်ကုန်)တွင် လုပ်အားပေးခြင်း၊ ပြည်သူလူထုအပေါ် ပေးဆပ်မှုများ ပြုလုပ်ခြင်းတို့နှင့် ပတ်သက်၍ မိမိတို့၏ ခံစားချက်များ ဆန္ဒများအား တစ်ဦးချင်း ဖော်ထုတ် ပြောကြားခဲ့ကြပါသည်။

ကျော်သူ

0 အများပြည်သူ သာဓုခေါ်ဆိုနိုင်စေသော်


အများပြည်သူ (ပြည်တွင်း ပြည်ပ)မှ လှူဒါန်းထားသော အလှူငွေများဖြင့် အများပြည်သူ အတွက် ရေတွင်း (အ၀ီစိတွင်း) တူးဖော်ပေးခြင်း၊ အုတ်ရေကန် တည်ဆောက်ပေးခြင်း၊ ရေစုပ်စက် မော်တာများ တပ်ဆင်ပေးခြင်း တို့ကို နာရေးကူညီမှုအသင်း(ရန်ကုန်)မှ လက်ဆင့်ကမ်း ကုသိုလ်ယူ လုပ်ဆောင်ပေးခဲ့ရာ ယခုဆိုလျှင် ပြည်မြို့နယ်ရှိ ရေဒုက္ခကျရောက်နေသော ဇီးကုန်းလေးကျေးရွာ၊ မကျည်းစုကျေးရွာ၊ သက်ကယ်ချင်း ကုန်းကျေးရွာ တို့တွင် ရေရှည်စီမံကိန်းဖြစ်သော ရေကုသိုလ်လုပ်ငန်းကို အကောင်အထည်ဖော် ပြီးစီးသွားပြီ ဖြစ်ပါ၍ အများပြည်သူအပေါင်းတို့မှ သာဓု ခေါ်ဆိုနိုင်ရန် တင်ပြလိုက်ပါသည်။

ဆက်လက်၍ ဒလမြို့နယ်၊ ပဲခူးမြို့နယ်၊ ပြည်မြို့နယ် စသည့် ရေဒုက္ခသည်များထံသို့ ရေရှည် ကုသိုလ်အလုပ်မျိုးဖြစ်သော အ၀ီစိ တူးဖော်ခြင်း၊ အုတ်ရေကန် တည်ဆောက်ပေးခြင်းတို့ကို နယ်ခံ ပရဟိတ လူမှုရေးမျိုးဆက်သစ်များနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)တို့ ပူးပေါင်းကာ ဆက်လက်၍ လုပ်ဆောင် ပေးဆပ်လျှက်ရှိပါသည်။ မိုးကျပြီဖြစ်၍ အ၀ီစိ တူးဖော်ခြင်း၊ အုတ်ရေကန် တည်ဆောက် ပေးခြင်းတို့အတွက် ရေတူး စက်ကိရိယာများ၊ အုတ်ရေကန် တည်ဆောက်ရန် အုတ်၊ သဲ၊ ကျောက်၊ ဘိလပ်မြေ စသဖြင့် ကုန်ကြမ်းများအား အချို့ဒေသများကို သယ်ဆောင် သွားလာရာတွင် ကုန်းလမ်းခရီးဖြင့် မသွားနိုင်တော့ချေ။ ရေလမ်းခရီးကို လှေဖြင့် ခဲရာခဲဆစ် ကုန်ကြမ်း ပစ္စည်းများကို သယ်ယူ ပို့ဆောင် တူးဖော် တည်ဆောက်ပေးခြင်းတို့ကို နာရေးကူညီမှုအသင်း (ရန်ကုန်) အနေဖြင့် တက်နိုင်သလောက် စွမ်းအား ဥာဏ်အား ၀ီရိယအားတို့ဖြင့် ပေးဆပ်လျှက် ရှိပါသည်။
ကိုကျော်သူ

Friday, June 18, 2010

0 နိုင်ငံပိုင်ပစ္စည်းတွေကိုမိမိကိုယ်ပိုင်ပစ္စည်းလို လုပ်ချင်နေသလိုလုပ်နေတဲ့ နအဖအား ဝေဖန်ချက်

ဒီလိုမျိုး ကုန်ကြမ်းကို ကုန်ကြမ်းအတိုင်း ပြည်ပကိုပို့နေတာတွေကို သေသေချာချာ အချက်အလက် စုဆောင်းပြီး
စာတမ်းပြုစာမယ်ဆိုရင် ဘယ်လောက်အထိ နစ်နာတယ်ဆိုတာ အများကြီးထွက်လာမယ်။

စီမံခန့်ခွဲလို့ မတတ်တာထက်စာရင် ရတဲ့နည်းနဲ့ သမလိုက်မယ်ဆိုတဲ့သူတွေများနေလို့ပဲ။
ပြည်သူတွေအတွက်ဆိုတဲ့ တိုင်းပြည်အတွက်ဆိုတဲ့ စေတနာ အနည်းအကျဉ်းလောက် ရှိခဲ့မယ်ဆိုရင်ပဲ
ဒီထက်ကောင်းမွန်အောင် လုပ်လို့ ဖန်တီးလို့ ရနေတာတွေ အများကြီးပါ။

ဥပမာ.. သစ်မာအကောင်းစားတွေ အလုံးလိုက် ပို့နေတာ ဘယ်လောက်ရှိနေပြီလည်း။ သစ်တောတွေတောင်
ပြုန်းသလောက်ရှိနေပြီ။ ကျွန်တော် ဒီက ပရိဘောဂ ပစ္စည်းတွေရောင်းတဲ့ ဆိုင်တွေရောက်တိုင်း ဈေးနှုန်းတွေ လိုက်ကြည့်တယ်။ အကောင်းစားသစ်နဲ့လုပ်ထားတဲ့ ကလေးစာကြည့်စာပွဲတလုံးကို မြန်မာငွေနဲ့ဆို ၄သိန်းနဲ့ ၆သိန်းကြားလောက် ရောင်းကြတယ်။ အဲဒီစာပွဲတလုံးမှာ သုံးထားတဲ့ သစ်က ဘယ်လောက်မှ ရှိတာလဲ မဟုတ်ဘူး။ သစ်မာ ကုလားထိုင် လက်ရာကောင်းကောင်းနဲ့ဆို အနည်းဆုံး တလုံးကို ၁သိန်းကျော် လောက်ရတယ်။ တကယ်ဆို ဒါက ကျွမ်းကျင်တဲ့ လက်သမားတွေအတွက် ဘာမှခက်တဲ့ နည်းပညာမျိုးလည်း မဟုတ်ဘူး။ ကိုယ်တိုင်က ဒီဇိုင်းတွေ ဈေးကွက်တွေ မတီထွင်နိုင်ဘူးဆိုရင်တောင် အဲဒီသစ်တွေကို အလုံးလိုက်မရောင်းပဲနဲ့ ပရိဘောဂထုတ်တဲ့ ကုမ်ပဏီကို မက်လုံးပေးလို့ရတယ်။ မြန်မာပြည်မှာ စက်ရုံလာဆောက်မှ သစ်ရောင်းပေးမယ်ဆိုရင် အဲဒီကုမ်ပဏီတွေ မလာပဲနဲ့နေမလား။ အဲဒီလိုမျိုးတင်းကျပ်မယ်ဆိုရင် မြန်မာပြည်က လက်သမားတွေလည်း အလုပ်အကိုင်တွေ ဈေးကောင်းကောင်းရမယ်။ ပြီးတော့ တိုင်းပြည်အခွန်ကို အဲဒီစက်ရုံ ကုမ်ပဏီတွေဆီက ကောက်လို့ရသေးတယ်။ သူတို့မှာ အဲဒီလိုအတွေးတွေမရှိဘူး။ ဖုန်းတလုံးကို ဘယ်လိုတင်းကျပ်ပြီး လူတွေဈေးကြီးကြီးပေးရအောင် ဖန်တီးမယ်။ ကားအစုတ်တစီးကို လူတွေဝယ်မစီးနိုင်အောင် လုပ်ထားမယ်.. အခွင့်အာဏာနဲ့ အရာရာကို လက်ဝါးကြီးအုပ်ထားချင်တဲ့ စိတ်ဓါတ်တွေပဲရှိတယ်။
ချက်ချင်းငွေရတာလောက်နဲ့ လုပ်ပိုင်ခွင့်လေးရှိတုန်း သမလိုက်မယ်ဆိုတဲ့သူတွေပဲ ကြီးစိုးထားတာကိုး။

ဒီမှာ ၂ပေခွဲပတ်လည်ရှိတဲ့ စာပွဲပုလေးတလုံးကို အင်ဒိုနီးရှားကနေလုပ်ပြီး ပို့တယ်။ သစ်တောင်မဟုတ်ဘူး။
လွှစာမှုန့်တွေကို အထပ်ပြားလိုမျိုးလုပ်ပြီး စာပွဲလုပ်ရောင်းတာ။ တလုံးကို မြန်မာငွေ ၂သောင်းနဲ့ ၃သောင်းကြားလောက်ရှိတယ်။ နောက်ဆုံးကုန်ကုန်ပြောမယ် မြန်မာပြည်က မီးသွေးတောင် ယိုးဒယားက အနိမ့်ဈေးနဲ့ဝယ်ပြီး ဒီမှာ အသားကင်စားဖို့အတွက် စက္ကူကပ်ထူပုံးနဲ့ သပ်သပ်ရပ်ရပ်လေးထုတ်ပြီး ဈေးကွက်ကို ဖန်တီးယူပြီး ရောင်းကြတယ်။

ပင်လယ်ထွက်ကုန်တွေ ကြည့်ဦးမလား။ မြန်မာပြည်ကထွက်တဲ့ ပလာတူးငါးတွေကို ယိုးဒယားက ခရမ်းချဉ်သီးအနှစ်လေးထည့် သံဗူးနဲ့ထုတ်လိုက်ပြီး မြန်မာတွေ ဈေးကြီးကြီးနဲ့ ပြန်ဝယ်စားနေတာ ကျွန်တော့်တသက်လောက် ရှိနေပြီ။ ယိုးဒယားငံပြာရည်မှ ပိုကောင်းတယ်မဟုတ်လား။ အဲဒါတွေဟာ မြန်မာပြည် ပင်လယ်က ထွက်တဲ့ငါးတွေနဲ့ထုတ်ထားတဲ့ ပစ္စည်းတွေပဲ။ စစ်အစိုးရကတော့ ထိုင်းမြန်မာ ဖက်စပ် ဆိုပြီး ငါးဖမ်းခွင့်တွေ ချပေးပြီး ပိုက်ဆံယူတာလောက်သိတယ်။

ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းမှာ မှတ်ထားဖူးတာရှိတယ်။ အတိအကျတော့ မမှတ်မိပေမယ့် ဗိုလ်ချုပ်ပြောသွားတာ မြန်မာတွေဟာ အိမ်နောက်ဖေးမှာ ငရုပ်ပင်စိုက်ပြီး စားလို့ရရက်နဲ့ ကုလားပြည်က ငရုပ်သီးကို ဝယ်စားတယ်ဆိုပြီး ဆုံးမတာမျိုး ကြားဖူးတယ်။ အခုခေတ်မှာတော့ အဲလိုမဟုတ်တော့ဘူး ဗိုလ်ချုပ်ရေ။ မြန်မာတွေ ယိုးဒယားကို ဈေးပေါပေါနဲ့ ငရုပ်သီးအိတ်လိုက်ရောင်းပြီး ယိုးဒယားက ထုတ်တဲ့ ငရုပ်ဆီကို ဈေးကောင်းကောင်းပေးပြီး ဝယ်စားနေကြရတာ။ အခုတော့ ပင်လယ်ထွက်တွေက ယိုးဒယားတခုထဲ မဟုတ်တော့ဘူး။ ငါးသလောက်တွေ ဘင်္ဂလားဒေ့ရှ်ဖက်ကို ရောင်းတယ်။ ဘင်္ဂလားက
ရေခဲရိုက်ပြီး ပို့ကုန်ထပ်လုပ်တယ်။ ဘယ်သူပိုမြတ်လဲ။ ကျွန်တော်ဆိုလိုချင်တာ မြန်မာတွေ အကွက်မမြင်တတ်လို့ ခံရတယ်ဆိုတာမျိုး မဟုတ်ဘူး။ ကျွန်တော့်လို အပလာကောင်တောင် ဒီလောက်မြင်တတ်တာပဲ။ တကယ့် စီးပွားရေးလုပ်နေတဲ့ သူတွေဆို ပိုမြင်ကြမှာပဲ။ ပိတ်ဆို့ အရေးယူထားလို့ မလုပ်နိုင်တာလို့လည်း မပြောနဲ့ဦး။
၁၉၉၀ နှစ်လွန် စီးပွားရေးလုပ်ပိုင်ခွင့်တွေ အသင့်သင့်ဖြစ်ထွန်းနေတုန်းက အခြေအနေနဲ့ အခုအခြေအနေ လုံးဝမတူတာ အမှန်ပဲ။ အဲဒီတုန်းက စီးပွားဖြစ်နေတဲ့ ကုန်သည်တချို့တောင် ဒီမိုကရေစီမလိုဘူး.. အခုလိုစီးပွားဖြစ်နေတာ သူတို့အတွက် အိုကေတယ်ဆိုပြီး ပြောကြတဲ့သူရှိတယ်။ အခု အဲဒီကုန်သည်တွေက အရာရာမှာ အာဏာရှိသူနဲ့ မပြီးပဲ အလုပ်မဖြစ်ကြတော့ဘူး။ ပေးထားကမ်းထားတောင်မှ အဆင်မပြေတွေဖြစ်လာတော့ ညည်းသံထွက်လာတယ်။ ငါတို့အိတ်က တဖြေးဖြေးသေးလာပြီး သူတို့အိတ်ကပဲ တဖြေးဖြေး ကြီးလာတယ်ဆိုပြီး သဘောထားမှန်တွေ သိလာကြတယ်။

အဆိုးဆုံးက စစ်တပ်ဟာ အာဏာရှင်ရဲ့ အလွဲသုံးစားလုပ်တာကို ခံရတယ်။အာဏာရှင်ဆိုတဲ့ အသိုင်းအဝိုင်းဟာ စီးပွားရေး အကွက်ကို ခံစားတတ်လာတယ်။ဘာကြောင့် ခံစားတတ်လာလည်းဆိုရင် စီးပွားရေးသမားတွေရဲ့ အကွက်ဆင်ပေးလို့ ငွေရပေါက်ကို သိလာကြတယ်။ မဆလ ခေတ်တလျှောက် ပါတီကောင်စီခေတ်မှာ စီးပွားမဖြစ်ခဲ့တဲ့ စစ်တပ်ထဲက အရာရှိတချို့ဟာ အခုလို စီးပွားရေးလုပ်ငန်းတွေမှာ အခွင့်အာဏာကို အသုံးပြုရင် မြိုးမြိုးမြက်ဲမြက်လေး ငွေရတာတွေ သိလာတယ်။ နောက်ပိုင်း သူတို့သားသမီးတွေကိုယ်တိုင် စီးပွားရေးလောကထဲ ဝင်လာကြတယ်။
အဲ..ဒါပေမယ့် သူတို့တွေဟာ တရားသဖြင့် စီးပွားရေးမှာ ယှဉ်ပြိုင်နိုင်တဲ့ လူတန်းစားမျိုးတော့ မဟုတ်ကြတော့ စစ်တိုက်သလိုပဲ စီးပွားရေးလုပ်ကြတယ်လို့ ကျွန်တော်မြင်တယ်။

ထားပါတော့ မြို့တမြို့မှာ ဆန်ကိုယူပြီး သွားရောင်းရင် အဲဒီမြို့ပေါက်ဈေးအတိုင်းဆို အကျိုးအမြတ်ရှိနိုင်တယ်။ သယ်သွားရင် မြတ်တယ်။ အဲဒီမှာ ရောင်းမယ့် ဆန်ကိုသယ်ဖို့အတွက် ပါမစ်ဆိုတာကို တပ်မှာ ငွေပေးပြီး ယူရတယ်။ ဟိုတုန်းက ငွေပေးလိုက်ရင် ပါမစ်ရပြီးအဆင်ပြေနိုင်ကြသေးတယ်။ အခုတော့ မဟုတ်တော့ဘူး။ ကုန်သည်တွေပေးကမ်းတဲ့ ပိုက်ဆံတွေက ကိုယ်တိုင်ရင်းနှီးနိုင်လောက်တဲ့ အထိဖြစ်လာကြတော့ ကုန်သည်တွေ ပေးကမ်းတာကို စားမနေတော့ဘူး။

ကိုယ့်နဲ့ပတ်သက်တဲ့ သားသမီး အသိုင်းဝိုင်းထဲက လူကိုယ်တိုင် စီးပွားရေးလောကထဲ ဝင်လာပြီးတော့
အပြိုင်အဆိုင်ဖြစ်လာမယ့် ကုန်သည်ရဲ့ လုပ်ပိုင်ခွင့်ကို ချမပေးတော့ပဲ သူတို့ကိုယ်တိုင် လုပ်တော့တာပဲ။
ဆန်ဈေးကောင်းတာသိတယ်။ ကုန်သည်တွေ ဆန်ပို့လို့ မရအောင်လုပ်ထားပြီး သူတို့ပဲလုပ်မယ်ဆိုတဲ့ စီးပွားရေး စနစ်လို့ပဲ ကျွန်တော်မြင်တယ်။ ဒါတဖက်ကို ပိတ်ဆို့ပြီး အနိုင်ယူတဲ့ တိုက်ကွက်မဟုတ်ရင်ဘာလဲ။

အခုဆိုကြိုပြီးတော့တောင် ပြင်ဆင်ထားကြပြီ။ အောက်ခြေလေးတွေ လမ်းဘေးမှာ ဂိတ်ကြေးကောက်စားကြတာကအစကြီးရင်ကြီးသလောက်နယ်ချဲ့လာကြတာကြည့်တော့။ရွေးကောက်ပွဲဘယ်နေ့လုပ်မယ်လည်း မပြောသေးဘူး။

နောက်တက်လာမယ့် အစိုးရက ဘယ်အဖွဲ့ဆိုတာလည်း မသိနိုင်သေးသလို တိုင်းပြည်ရဲ့ စီးပွားရေး ပေါ်လစီတွေကို ဘယ်လိုကျင့်သုံးမယ်ဆိုတာတွေက နောက်မှာထား။ နိုင်ငံပိုင် ကော်ပိုရေးရှင်းတွေကိုတောင်
ပေါ်ပေါ်တင်တင် မိဘ လက်ငုတ်လက်ရင်း ပုံစံမျိုးနဲ့ အမွေခွဲနေကြတာက မြန်မာပြည်ရဲ့ နောက်တက်လာမယ့် အစိုးရရဲ့ ပေါ်လစီအသစ်လို့ပဲ ကျွန်တော်တွေးမိတယ်။

တောအုပ်ကြီးထဲမှာ ခြေင်္သေ့တွေပဲ ကြီးစိုးမယ်လို့ တွေးထားပြီး ခြေင်္သေ့အင်အားပဲများအောင် လုပ်မယ်ဆိုရင်တော့ အဲဒီတောအုပ်မှာ နောက်ဆုံးတော့ ခြေင်္သေ့တွေအခြင်းခြင်း ဇတ်တူသားစားပြီး ဇတ်သိမ်းခန်းရောက်မယ်ဆိုတာပဲ။


မဟူရာ။

0 လွတ်လပ်ရေးမော်ကွန်းဝင်ဗိုလ်မှူးမင်းလွင်၏ ဈာပန သတင်း


ဗိုလ်မှူးမင်းလွင် (ငြိမ်း) (ဒါးပိန်မြို့)၊ လွတ်လပ်ရေးမော်ကွန်းဝင် (ပထမဆင့်)၊ နိုင်ငံ့ဂုဏ်ရည် (ပထမဆင့်)၊ ဦးစီးအရာရှိ(ပ) ပညာသည်(ငြိမ်း)၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း။ အသက် (၈၈) နှစ် သည် ၁၅.၆.၂၀၁၀ (အင်္ဂါ) နေ့တွင် ကွယ်လွန်သွားပါသဖြင့် ကွယ်လွန်သူ၏ ဆန္ဒအရ ၁၆.၆.၂၀၁၀ (ဗုဒ္ဓဟူး) နေ့ ညနေ (၃း၀၀) နာရီတွင် ဗဟန်းမြို့နယ် ဇီဝိတဒါနသံဃာ့ဆေးရုံမှ ရေဝေးသုဿန်သို့ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူကိုယ်တိုင် နိဗ္ဗာန်ယာဉ်အား မောင်းနှင်၍ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အသင်းသားများက မိသားစုနှင့် အတူ လိုက်လံပို့ဆောင် မီးသဂြိုင်္လ် ပေးခဲ့ကြပါသည်။

ကိုကျော်သူ

0 ဒေါ်အောင်ဆန်းစုကြည်(၆၅)နှစ်ပြည့်မွေးနေ့အတွက်ထိုင်းနိုင်ငံ ဆာမူထော်ကျောင်းတွင် ပြုလုပ်သောဂျပန်ရောက်မြန်မာတို့၏အလှူဒါန(ဓာတ်ပုံမှတ်တမ်း)


ဒေါ်အောင်ဆန်းစုကြည်(၆၅)နှစ်ပြည့်မွေးနေ့အတွက်ထိုင်းနိုင်ငံ၊မဲဆောက်မြို့၊ဆာမူထော်ကျောင်းတွင် ဂျပန်ရောက်မြန်မာတို့မှအလှူဒါနပြုလုပ်ခဲ့ပြီး ကလေးများအား ပန်းချီပြိုင်ပွဲကျင်းပပြုလုပ်ပေးခဲ့ကြပါသည်။
ဓာတ်ပုံ. zawya

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.