Saturday, August 14, 2010

0 အားလုံးကိုစိန်ခေါ်လိုက်ရင် ကျုပ်တို့ဦးမှ ဖြစ်တော့မယ်


နောက်ဆုံးမှာစိန်ခေါ်ပွဲဘဲဖြစ်သည်။ သြဂုတ်လ ၉ ရက်နေ့က ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက ကုလသမဂ္ဂနှင့် ပူးပေါင်းခြင်းမပြုခြင်းသမျှ စစ်အစိုးရ၏ ၂၀၁၀ေ၇ွးကောက်ပွဲကို အသိအမှတ်မပြုနိုင်ဟုစိန်ခေါ်လိုက်သည်။ ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲရက်ကို မကြေညာသေးပါလား ဆိုပြီးစိန်ခေါ်လိုက်သည်။ ယနေ့တွင် နိုင်ဝင်ဘာလ ရ ရက်နေ့၌ ရွေးကောက်ပွဲ ပြုလုပ်မည်ဟု စစ်အစိုးရကကြေညာလိုက်ပြီ။ သည်တော့စိန်ခေါ်ပွဲကိုကြည့်ကြဖို့ဘဲရှိတော့သည်။ ရှေးဦးစွာစိန်ခေါ်ပွဲသည် သဘာဝကျပါရဲ့လားဆိုပြီး တွေးကြည့်ဖို့လိုသည်။ မည်သူတွေကောင်းစားရေးအတွက် စိန်ခေါ်ပွဲနည်း။ နိုင်ငံတကာသည် မြန်မာပြည်သူတို့အတွက် နအဖစစ်အစိုးရကို စိန်ခေါ်ထားသည် ။ဤအချက်ကို မြန်မာပြည်သူတို့ နားလည်ပါသလား။ ခံစားတတ်ပါသလား။ နလဘိန်းတုံးများဖြစ်နေသောသို့မဟုတ် နိုင်ငံရေးနှင့် ကင်းကွာနေပါသည်ဟု ပြောခံနေရသောပြည်သူများရှိပါသလား။ ယင်းပြည်သူများကို နိုင်ငံရေးပါးဝပါသည်ဟု ဆိုသော ရွေးကောက်ပွဲဝင်မည့်ပါတီများက ပြောဆိုရန်မသင့်ပေဘူးလား။ ဦးအေးလွင်က ပြည်သူတွေမှာ နိုင်ငံရေးနှင့် ကင်းကွာနေ၍ အကြောက်တရားတွေ ၀င်နေကြသည်ဟုပြောဆိုထားပါသည်။ သည်မျှလောက်နိုင်ငံရေးခန့်မှန်းမိသူဖြစ်လျင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်မှပင် အသိအမှတ်မပြုပါဟု ကြေညာထားသော ရွေးကောက်ပွဲကို ယင်းပုဂ္ဂိုလ်များက ဤကိစ္စကိုခန့်မှန်းရကြမည်ထင်သည်။ နလဘိန်းများကို ပြောဆိုနိုင်ကြမည်ထင်ပါသည်။ နိုင်ငံရေးနှင့် ကင်းကွာနေသောပြည်သူများကို ရှင်းပြရဲသော သတ္တိများရှိနေကြဖို့လိုပါသည်။ ကမ္ဘာ့ကုလသမဂ္ဂမှ စိန်ခေါ်ထားလိုက်ခြင်းသည် မြန်မာနိုင်ငံကောင်းစားရေးအတွက်ဖြစ်သည်။ ယင်းအချက်ကို ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေးပါတီများက ကျနော်တို့ထက် ပို၍နားလည်ကြမည်ဖြစ်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲရက်ကို မကြေညာခြင်းနှင့် စပ်လှဉ်း၍ပြောဆိုလိုက်ခြင်းမှာ ၂၀၁၀ နှစ်၏အချိန်ကာလကို တွက်ချက်၍ပြောဆိုခြင်းဖြစ်သည်။ ယခုနိုဝင်ဘာ ရ ရက်နေ့တွင် ပြုလုပ်မည်ဆိုလာသည်။ သည်တော့အချိန်ကာလကို တွက်ချက်ကြည့်က ၃ လ ပင်မရှိတော့။ ယင်းကြားထဲစည်းရုံးရေးမဆင်းရသေး။ကိုယ်စားလှယ်များတောင်မရှိသေး။ ပါတီရုံးမရှိသေး။ ပါတီသဘောထားများ ကြေညာချက်မရှိသေး။ပါတီဖွဲ့စည်းပုံတွေ မရှိသေး။ရွေးကောက်ပွဲဝင်မည်ပြောနှင့်နေကြသောပါတီများမှာ အလွန်အောက်ကျနောက်ကျ နိုင်လွန်းလှပါသည်။ စစ်အစိုးရ၏ပြုသမျခံနေရပါသည်။ ကြံ့ဖွဲ့ပါတီကိုပင် မျက်စောင်းထိုး၍ မကြည့်ဝံ့စရာဖြစ်နေရပါသည်။ စကားကြီးစကားကြယ် နိုင်ငံရေးစကားပြောဖို့ လွပ်လွပ်ခွင့် တရားမျှတခွင့်တို့မှာ သူတို့နှင့် လားလားမျှမဆိုင်။ ကြေညာစတမ်းသဘောထားထုတ်ရုံမျှနှင့် ပါတီဖျက်သိမ်းခံရနိုင်သည်ဟု ရခိုင်အမျိုးသားတိုးတက်ရေးပါတီကို ပြည်နယ်ရွေးကော်ပွဲကော်မရှင်ကခြိမ်းခြောက်လိုက်သောသတင်းကိုကြားရပြီ။ တခြားပါတီများကိုလည်း သိစေအောင်လုပ်ခြင်းဖြစ်သည့်သဘော။ ဦးဖြိုးမင်းသိန်းတို့က စောစောစီးစီးရွှေညောင်ပင်က လမ်းခွဲလိုက်ပြီ။ မကြာမှီလမ်းခွဲမည့် ပါတီများထွက်ပေါ်လာနိုင်သည်။ သဘောက သူတို့မှာလုပ်ပိုင်ခွင့်ဘောင်က ဘာမှမရှိသည်ကို အောင့်အီးသည်းညဉ်းမခံနိုင်သည့်အဆုံး ရွေးကောက်ပွဲမှာ သူတို့အနေနှင့် မ၀င်ရောက်တော့ဟု ကြေညာကြတော့မည်အလားအလာ ရှိလာနိုင်သည်။ ကျွန်တော်ထင်သည်။ ကြံ့ဖွံ့ပါတီကို ယှဉ်ပြိုင်မည့် ပါတိကြီးမှာ တပါတီမျှမရှိသေးချေ။ သူတို့လိုငွေအင်အားမတောင့်တင်းကြောင်း ၀န်ခံနေကြပြီ။ စည်းရုံးရေးဆင်း၍မရကြောင်း ညီညူနေကြပြီ။ ပြီးတော့ တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း ပြိုင်ပြီးယှဉ်ပြိုင်၍လည်းရမည်မဟုတ်။ အဘယ့်ကြောင့်ဆိုသော် တိုင်းရင်းသားနယ်မြေမှာ သူတို့လူမျိုးပါတီကိုဘဲ ဦးစားပေးကြမည်ဖြစ်သည်။ ရှေးဦးစွာကြံ့ဖွံ့နှင့် တစညပါတီတို့နှင့်ယှဉ်ပြိုင်၍နိုင်မည်ဟု မထင်ထားလျင် ရွေးကောက်ပွဲကို မည်သည့်နည်းနှင့်မျှ ၀င်ရောက်ရန်မသင့်။ ယခုလည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၄၄၀ နေရာမှာ ပြည်သူတွေက ၃၃၀ နေရာရွေးချယ်ပြီး စစ်တပ်က ၁၁၀ ရွေးချယ်ပြီးသားရှိမေမည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ၂၂၄ နေရာမှာ ၁၆၈ နေ၇ာကို ပြည်သူတွေက ရွေးချယ်မှာဖြစ်ပြီး ၅၆ ယောက်က ကာကွယ်ရေးစစ်ဦးချုပ်က ရွေးချယ်ပေးမည်ဖြစ်သည်။ ဆိုရလျှင် တိုင်းရင်းသားပြည်နယ်များမှ လွှတ်တော်ကိုယ်စားလှယ် အများဆုံး ၁၀ ဦးခန့်ရွေးချယ်ခံရသည်ထားဦး။ ရ၀ ဦးသားရွေးချယ်ခံရမည်ဖြစ်ပြီး ကျန်သော ၂၅၀ လွှတ်တော်ကိုယ်စားလှယ်မှာ ကြံ့ဖွံ့နှင့် တစည ပါတီမှဖြစ်သွားနိုင်ပါသည်။ မည်သည့်နည်းနှင့်မျှ လွှတ်တော်ကိုယ်စားလှယ် ၃၃၀ ထဲတွင် အတိုက်အခံပါတီများမှ ၁၀၀ ခန့်ပင်အနိုင်ရရှိမည်မဟုတ်။ သည်တော့ စစ်တပ်က ၁၁၀ ဦးရေနှင့် ပေါင်းလိုက်လျင် နေရာ ၄၄၀ တွင် စစ်အစိုးရက သူတို့ပါတီနှင့် သူတို့ကိုယ်စားလှယ်အတွက် နေရာရှိပြီးသားဖြစ်နေပါပြီ။ကျွန်တော်တို့မှာ ဒီမိုကရေစီအင်အားစုဖြစ်သော အတိုက်အခံကောင်းများရှိကြပါသည်။ စုစည်း၍မရကြသောကြောင့် အတွေးအခေါ်မတူညီကြခြင်းကြောင့် ပြန့်ကြဲနေကြခြင်းသာဖြစ်သည်။ အကယ်၍ ယခုလိုနအဖစစ်အစိုးရ၏အချိုးကျ လွှတ်တော်ကိုယ်စားလှယ်နေရာကို တွက်ချက်ကြည့်ပြီး ကျန်သောနေရာများအတွက် မိမိတို့ အတိုက်အခံများဘက်က တွက်ချက်ကြည့်လျင် ရွေးကောက်ပွဲမှာ လုံးဝမ၀င်သင့်ကြောင်း တွေ့ရှိနိုင်ပါသည်။ ဒီမိုကရေစီသူရဲကောင်းများသည် ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြှို်မည့်သူထဲတွင် တွေ့မြင်နေကြပါသည် ။ အကျဉ်းထောင်ထဲတွင် နှစ်ပေါင်းများစွာရှည်ကြာပြီး နေလာခဲ့သော နိုင်ငံရေးသမားကြီးတို့မှာ ဒီမိုကရေစီတိုက်ပွဲကို ခုအချိန်ထိ ခါးတောင်းကျိုက်ပြီး တွန်းလှန်တိုက်ပွဲဝင်နေကြဆဲဖြစ်သည်ကို တွေ့မြင်နေရပါသည်။ တုပ်တုပ်မျှ မလှူပ်ရဲသော နိုင်ငံရေးကစားကွက်တွင် ဒီမိုကရေစီအောင်ပွဲခံနိုင်ဖို့အရေး နိုင်ငံရေးသမားကြီးတို့က စစ်တုရင်ကစားနေကြသည်မှာ အင်အားချိန်ခွင်လျာမညီဘဲဖြစ်နေပါသည်။ အကယ်၍ယခုလိုချိန်ခွင်လျှာညီမည့်အချိန်မှာ စစ်အစိုးရ၏ရွေးကောက်ပွဲတွင် ၀င်ရောက်မယှဉ်ပြိုင်တော့ပါဟု ကြေညာလိုက်သည်ဆိုလျင် စစ်အစိုးရသည် မည်သည့်နည်းနှင့်မျ ရွေးကောက်ပွဲကိုရှေ့ဆက်မတိုးတော့။ အကြောင်းမှာသူတို့ပွဲဖြစ်မြောက်နေခြင်းမှာ ရွေးကောက်ပွဲဝင်မည့်ပါတီများကြောင့်ဖြစ်သည်။ဆိုကြပါစို့။ ၂၀၁၀ ရွေးကောက်ပွဲတွင် မိမိတို့ရှုံးမည်ပွဲ၌ မပါဝင်ခြင်းကြောင့် နိုင်ငံရေးလာကမှ ထွက်ခွါသွားရလိမ့်မည်လည်းမဟုတ်ချေ။ ယင်းမှာနိုင်ငံရေးကစားကွက်ပုံဖေါ်ခြင်းတခုသာဖြစ်သည်။

နအဖဖစစ်အစိုးရသည် စိန်ခေါ်လိုက်သည်ဆိုသော်လည်း သူတို့မှာ အနာဒဏ်ရာမရှိမဟုတ်။ နောက်ကြောမှာထိုးထားသောဒဏ်ရာက နာကျင်နေသည့်ကြားမှ စိန်ခေါ်လိုက်ခြင်းသာဖြစ်သည်။ သို့ဖြစ်၍စစ်အစိုးရပုံဖေါ်ခြင်းကို လိုက်မည်လားဆိုသော ပြသနာကို စဉ်းစားရန်လိုပြီ။ တချိန်တည်းမှာပင် မိမိတို့နိုင်ငံရေးပုံသဏ္ဍန်ကို အကောင်အထည်ဖေါ်သင့်ရန်လည်းလိုသည်။ ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခြင်းသည် အာဏာပြသနာဖြစ်သည်။ မိမိတို့ပြောချင်ဆိုချင်သော ပြသနာမှာ အာဏာပြသနာဖြစ်သည်။ ထို့ကြောင့် အာဏာတစက်မျှမရရှိသော ယင်းပုံစံခွက်ကို ပြုပြင်နေစရာလည်းမလို။ ပုံစံခွက်တခုကို မိမိတို့ဘာသာ ဖန်တီးရန်လိုသည်။ ဤနေရာ၌ ပြည်တွင်းပြည်ပပြသနာတွေရှိနေသည်။ ပြည်ပအနေအထားသည် ရွေးကောက်ပွဲကို အသိအမှတ်မပြုဟုဆိုထားနှင့်ပြီ။

ပြည်တွင်းမှမူ သာမန်ပြည်သူတွေက ရွေးကောက်ပွဲတွင် မဲမပေးရေးကို ပြောဆိုနေကြပြီ။ စစ်တပ်ထဲတွင်မူ နှစ်ခြမ်းကွဲနေပြီ။ ရဲမွန်တပ်ရင်းသည် နေပြည်တော်အမိန့်အာဏာဟူသမျှကို လက်မခံတော့ ။ သူတို့၏မိသားစုစားဝတ်နေရေးအတွက် သေနတ်တပြင်ပြင်ရှိနေပြီ။ ငတ်ပြတ်နေသောသူတို့၏မိသားစုများအတွက် ရဲမွတ်တပ်ရင်းမှ ရဲဘော်များသည် နေပြည်တော်မှလာသော အမိန့်ကို မနာခံတော့။ တသွေးတသံတမိန့်ဟု နာမည်ကြီးနေသော နအဖတပ်မတော်သည် ယခုပြိုကွဲနေပြီဖြစ်သည်။ ခလရ ၂၂ မှာလည်း ထွက်ပြေးသူထွက်ပြေးနှင့် တပ်ပြေးတွများနေကြပြီ။ တပ်မတော်ပြိုကွဲမှ နိုင်ငံရေးရာသီပြောင်းလဲသွားမည့် လက္ခဏာရှိနေပြီ။ ဤအချက်သည်နိုင်ငံရေးအခြေအနေများကို ပြောင်းလဲစေနိုင်သော အချက်များဖြစ်နေသည်။ကျွန်တော်တို့မှာ နိုင်ငံရေးအခြေနေပြောင်းလဲနိုင်သော နည်းလမ်းများရှိနေပါသည်။ ယင်းမှာပြည်တွင်းနိုင်ငံရေးအခြအနေတင်းကြပ်လာမူများရှိနေခြင်း။ တပ်မတော်အတွင်းပြိုကွဲလာပြီး အမိန့်မနာခံမူများရှိနေခြင်း။ နိုင်ငံတကာမှ အသိအမှတ်မပြုခြင်းများဖြစ်ပေါ်ခြင်း။ အပစ်အခတ်ရပ် ငြိမ်းချမ်းရေးတပ်များပြသနာတက်လာခြင်း စသည်တို့မှာနိုင်ငံရေးရာသီများကို ပြောင်းလဲသွားစေနိုင်ပါသည်။ ယခုအချိန်တွင် ပြည်သူတွေက ဒိမိုကရေစီသူရဲကောင်းများကို လိုချင်နေကြပါပြီ။ တိုင်းပြည်ကယ်တင်မည့်ပုဂ္ဂိုလ်များကို ရှာဖွေနေကြ တမ်းတနေကြပါပြီ။ နိုဝင်ဘာလ ရ ရက်နေ့မတိုင်ခင် ဒီမိုကရေစီသူရဲကောင်းများကို ပြည်သူတွေ မြင်ချင်တွေ့ချင်နေကြပါပြီ။ ပြည်သူတွေကြားဖြတ်အစိုးရတခုကို ဖွဲ့ချင်နေမြင်ချင်နေကြပါပြီ။ ယင်းကြားဖြတ်အစိုးရထဲတွင် ဒေါ်အောင်ဆန်းစုကြည် ပါနေစရာလည်းမလိုချေ။ အကြောင်းမှ ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံရေးအရ ညစ်ပတ်မသွားအောင် ကြားဖြတ်အစိုးရနှင့် ခပ်ကင်းကင်းထားရန်အရေးကြီးနေပါသည်။ သို့ဖြစ်၍ကျွန်တော်တို့ တခုခုပြောကြဆိုကြဖို့ မသင့်ပေဘူးလား။ စစ်အစိုးရ၏နိုဝင်ဘာလ ရ ရက်နေ့ ရွေးကောက်ပွဲကို အကောင်းဆုံးဖျက်ဆီးပစ်လိုက်သောနည်းမှာ ကုလသမဂ္ဂနှင့် ပြည်သူတွေက ပူးပေါင်းရေးသာဖြစ်နေသည်မဟုတ်ပါလား။ သည်တော့ စိန်ခေါ်လာလို့ကတော့ ကိုယ်ကဦးမှ ဖြစ်မည်ကိုစဉ်းစားဖို့သာလိုနေပါတော့သည်။

ခိုင်အောင်ကျော် ( နယူးယောက် )



0 စစ်အုပ်စု၏၂၀၁၀ရွေးကောက်ပွဲကျင်းပရက်ကြေငြာမှုအပေါ် ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီ၏ ထုတ်ပြန်ချက်

2010 August 14 NCUB Statement on Objection to Regime_s Election Bur
ပေးပို့သော မမြတ်လေးငုံအားကျေးဇူးတင်ရှိပါသည်။

0 ဆင်ဖြူတော်ရူးရူးနေသူများ


မနေ့ကမြန်မာ့အလင်းသတင်းစာခေါင်းကြီးပိုင်းမှာ တလောကရခိုင်ပြည်နယ်က ဖမ်းဆီးရမိခဲ့တဲ့ မျိုးဗီဇ ဖောက်ပြန်ပြောင်းလဲမှုကြောင့်အရေပြားရောဂါစွဲကပ်နေတယ်လို့လူပြောများနေတဲ့ ပန်းနုရောင်ဆင်အား ဆင်ဖြူတော်လို့ခေါ်ဝေါ်သမုတ်ပြီး နေပြည်တော်ကို အခြံအရံတွေနဲ့ တခမ်းတနားခေါ်လာတယ်လို့ရေးထားပါတယ်.. သတင်းစာဖတ်သူလူအများကိုလှည့်စားလိုသောဖြင့် အဖြူအမဲဓာတ်ပုံဖြင့် ၎င်းဆင်အားထုံးအဖြူသုတ်၍သတင်းစာထဲမှာဖြတ်ညုပ်ကပ်ဖော်ပြထားပါတယ်.. ဒါဟာဘာကိုပြတာလဲဆိုရင် တပ်ချုပ်ကြီးဟာ တိုင်းပြည် တိုးတက်ဖို့ထက် ဘုရင်ရူး ရူးတာ ဘယ်လောက် လွန်ကဲတယ် ဆိုတာ ဒီအချက်ကို ကြည့်ပြီး သိနိုင်တယ်။ စစ်ဗိုလ်ချုပ်ကြီးတွေ ခောတ်နောက်ပြန်ဆွဲနေပြီး တိရိစ္ဆာန်ကိုးကွယ်တာကိုလည်း ဖော်ပြနေတာဘဲဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး၊ ဗိုလ်ချုပ်ကြီးသူရရွှေမန်း၊ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်နှင့် အတွင်းရေးမှူး ၁ ဗိုလ်ချုပ်ကြီး သီဟသူရတင်အောင်မြင့်ဦးတို့ ၅ ဦးသာ စီးနင်းခွင့်ရသော ATR 72-500 အမျိုးအစား လေယာဉ်အား ဆင်ဖြူတော်လို့နံမည်သုံးရန် ဗိုလ်ချုပ်မှူးကြီးကမှာကြားတယ်လို့လည်းဆိုပါတယ်။

၂၀၀၉ ခုနှစ်အတွင်း စစ်အစိုးရက ငါးထောင်တန်ငွေစက္ကူအသစ် ထုတ်ဝေခဲ့ပြီး “ဆင်ဖြူ တော်” တံဆိပ်ကို ငွေစက္ကူသစ်၏ အမှတ်အသား အဖြစ်သုံးစွဲခဲ့ခြင်း၊ စစ်အစိုးရ အုပ်ချုပ်ရေးယန္တရားကို ပျဉ်းမနား၊ ကြပ်ပြေးသို့ ပြောင်းရွှေ့ အခြေစိုက်ခဲ့ရာ၌ မြို့တော်သစ်ကို နေပြည်တော် ဟု တရားဝင် သတ်မှတ် သုံးစွဲစေခဲ့ခြင်းများတွင် ဗေဒင်နက္ခတ် သဘောတရားများ အဓိက ပါဝင်နေသည်ကို တွေ့မြင်နိုင်ကြောင်း ရန်ကုန် ဗေဒင်ဆရာ အသိုင်းအဝန်းက သုံးသပ်သည်။

“ရှေးမြန်မာ ဘုရင်မင်းတွေ ဘုန်းတန်ခိုးကြီးလာရင် ဆင်ဖြူတော် အလိုလိုပေါ်ရတယ်။ ဒါမှမဟုတ် အိမ်နီးချင်းတိုင်းပြည်တွေက ဆင်ဖြူတော် ဆက်သရတယ်။ ဆင်ဖြူတော် စီးရတဲ့ ဘုရင်တွေက ရန်စွယ်အပေါင်းကို အောင်နိုင်တယ် ဆိုတဲ့ သက်သေ သာဓကတွေ မြန်မာရာဇ၀င် သမိုင်းတွေမှာ အထင်အရှားရှိတယ်။ ဒါကြောင့် ဒီနာမည်ကို ဗေဒင်သဘောနဲ့ ပေးထားတာ” ဟု ၎င်းက ပြောသည်။

သမိုင်းပညာရှင် ဆရာကြီး ဒေါက်တာသန်းထွန်းမကွယ်လွန်ခင်က ဗိုလ်ချုပ်ခင်ညွန့်ရဲ့ လက်ထက် မြန်မာပြည်မှာ ဆင်ဖြူတော် ပေါ်တယ်ဆိုပြီး သတင်းတွေမှာ တခမ်းတနားဖော်ပြကြ ကန်တော့တဲ့သူတွေက ကန်တော့ကြတော့လည်း “တိရစ္ဆာန်က တိရစ္ဆာန်ပဲ။ လူက တိရစ္ဆာန်ကို ရှိခိုးတာ တိရစ္ဆာန်ထက် နိမ့်လို့” ရှိခိုးတာလို့ ခပ်ရှင်းရှင်း ပြောဆိုခဲ့ပါတယ်။ ဒီလိုမှန်ကန်တဲ့ပြောဆို ရပ်တည်မှုတွေကြောင့် ဆရာ့ရဲ့ ကလောင်ကို ပိတ်ပင်တာတွေလည်း ကြုံခဲ့ရပါတယ်။

သုံးစားလို့မရတဲ့ ဆင်ဖြူကို ရေချိုးပေးတဲ့ ဗိုလ်ခင်ညွန့်တယောက် ဘုန်းတန်းခိုး တက်ဖို့ နေနေသာသာ ရာထူးပြုတ်ပြီး မြောင်းထဲရောက်သွားတာ တပ်ချုပ်ကြီး သိနည်းလည်ဖို့ကောင်းပါတယ်။ “ဆင်ဖြူတော်မှီပြီး ကြံစုတ်” ဆိုတဲ့ စကား အတိုင်း စစ်ဗိုလ်ချုပ်တွေဟာ မိမိတို့ရာထူးအာဏာနေရာရရှိရေး။ မိမိတို့ကောင်းစားရေးအတွက် မြန်မာပြည်ကြီး နေ့ချင်းညချင်း ကြွယ်ဝချမ်းသာပြီး ဖွံ့ဖြိုးတိုးတက်တော့မယ်ဆိုပြီး ဘုရင်ရူးရူးနေတဲ့ သန်းရွှေအကြိုက် သတင်းစာထဲမှာပါတဲ့အတိုင်း ဗုံမြှောက်ပေးနေကြပါတယ်။



သတင်းစာထဲကထုံးအဖြူသုတ်ထားတဲ့ ဆင်နဲ့ ဖမ်းမိတဲ့ဆင်ရဲ့အရောင်ကို နိုင်းယှဉ်ကြည့်နိုင်ရန် ပုံကို mouse ထောက်ကြည့်ပါ။

ဒေါင်းမာန်ဟုန်

0 နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ပညာကုန် ပေးဆပ်မှုနှင့်အမျိုးသားများတန်းတူ ပေးဆပ်မှု


နာရေးကူညီမှုအသင်း(ရန်ကုန်)၏ “ဖျတ်ခနဲပေါ် ဆတ်ခနဲရိုက်” ဓါတ်ပုံသင်တန်းအား ၃/၂၀၁၀ အဖြစ် သင်ကြား ပို့ချလျှက်ရှိရာ ၂၂.၇.၂၀၁၀ နေ့မှစတင်၍ ဓါတ်ပုံပညာရပ် အကြောင်း အခြေခံကို စာတွေ့သင်ကြားခြင်း၊ ပရိုဂျက်တာဖြင့် ပြသသင်ကြား ပို့ချခဲ့ရာ သင်တန်း တတိယအပါတ်တွင် ဓါတ်ပုံပညာရှင် TV သက်မွန်နှင့် ဓါတ်ပုံပညာရှင် ကိုမြင့်သန်းတို့မှ Indoor ဓါတ်ပုံရိုက်နည်း၊ မီးအလင်းအမှောင် အယူအဆများကို သင်တန်းသူ/သားများအား လက်တွေ့ရိုက်ကူးခြင်းတို့ကို သင်ကြားပို့ချခဲ့သည်။ ထိုသို့ လက်တွေ့ သင်ကြားပို့ချရာတွင် ဦးကျော်သူ၊ ဒေါ်ရွှေဇီးကွက်၊ ဒေါ်သန်းမြင့်အောင်တို့နှင့် သင်တန်းသူ/သား အချို့မှ အလှည့်ကျ သရုပ်ပြ ရိုက်ကူးခြင်းကို ကူညီပေးခဲ့ကြသည်။

ထို့နောက် Outdoor နာရေးသတင်း ဓါတ်ပုံရိုက်ကူးခြင်းကိုလည်း လက်တွေ့ကွင်းဆင်း၍ နာရေးပို့ဆောင်ရာ လမ်းကြောင်း တို့တွင် လိုက်ပါ၍ သင်ကြားပို့ချခဲ့သည်။

ထို့ပြင် မျိုးဆက်သစ် ကလေးငယ်တို့၏ “အဖြူထည် ပန်းချီပြပွဲ”တွင်လည်း ပေါ်ပြူလာ အယ်ဒီတာချုပ် ကိုမျိုး(မြန်မာစာ) အကူအညီဖြင့် အင်တာဗျူး (အမေးအဖြေ) ရိုက်ကူးခြင်း ပညာရပ်ကို လည်း လက်တွေ့ သင်ကြားပေးခဲ့သည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)သည် နာရေးကိစ္စ၊ ဆေးဝါးကုသမှုတို့အပြင် လူမှုရေးသင်တန်း များ မျိုးဆက်သစ်ကလေးငယ်တို့၏ ပညာရေး သင်တန်းများ၊ အဖြူထည်တို့၏ ပန်းချီသင်တန်းများ အပြင် မျိုးဆက်သစ် လူငယ်/ရွယ်တို့အတွက် ဖျတ်ခနဲပေါ် ဆတ်ခနဲရိုက် ဓါတ်ပုံပညာသင်တန်း အစရှိသည့် သင်တန်း အသီးသီးတို့အား ပို့ချသင်ကြား ပေးဆပ်ရာတွင် မိမိတို့ တတ်စွမ်းသော ပညာရပ် အသီးသီးတို့အား မချွင်းမချန် ပညာကုန် သင်ကြားပို့ချ ပေးဆပ်လျှက် ရှိပါသည်။

အမျိုးသားများတန်းတူ ပေးဆပ်မှု


နာရေးကူညီမှုအသင်း(ရန်ကုန်)သည် နာရေးကိစ္စဆောင်ရွက် ပေးဆပ်ရာတွင်၎င်း၊ ဆေးဝါး ကုသပေးခြင်း ဆောင်ရွက်ရာတွင်၎င်း၊ လူမှုရေးလုပ်ငန်းရပ်များနှင့် ပတ်သက်သော ပေးဆပ်မှု အသီးသီးတို့တွင် အမျိုးသားများတန်းတူ အမျိုးသမီးများသည်လည်း တက်တက်ကြွကြွ ပေးဆပ်လျှက် ရှိပါသည်။

ပေါ်ပြူလာဂျာနယ် အယ်ဒီတာချုပ် ကိုမျိုး(မြန်မာစာ) ၏ အဒေါ်ဖြစ်သူ၏ နာရေးဈာပန လမ်းကြောင်းတွင် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အတွင်းရေးမှူး ဒေါ်သန်းမြင့်အောင်၊ ဘဏ္ဍာရေး မှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက်တို့ ဦးဆောင်၍ အသင်းသူ/သားများနှင့် လိုက်လံသယ်ယူ ပို့ဆောင် သင်္ဂြိုလ်ပေးခဲ့သည်။ ဘ၀တစ်ပါးသို့ ပြောင်းလဲသွားသောသူသည် အသက် (၈၀) ကျော် ဖြစ်ပြီး တိုက်ရိုက်သင်္ဂြိုလ်ခြင်း ဖြစ်သည့်အတွက် ဂျပန်နိုင်ငံရောက် မြန်မာလူမျိုး ကိုဗညား လှူဒါန်းထားသော အထူးနိဗ္ဗာန်ယာဉ်ကို ဒေါ်ရွှေဇီးကွက်မှ နာရေးနေအိမ်မှ မောင်းနှင်ကာ ရေဝေးသု ဿန်သို့ ပို့ဆောင် သင်္ဂြိုလ်ပေးခဲ့သည်။

ထို့ကြောင့် လူမှုရေးလုပ်ငန်း လုပ်ဆောင်ရာတွင် ပေးဆပ်မှုအသီးသီးတို့သည် မည်မျှပင် ခက်ခဲခြင်း၊ ကြမ်းတမ်းခြင်း၊ အနှောက်အယှက်များခြင်း၊ ရာသီဥတုဒဏ် ပြင်းထန်ခြင်း ရှိစေကာမူ နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ လူမှုရေးသမား အမျိုးသမီးများသည် အမျိုးသားများတန်းတူ ကိုယ်ကျိုးစွန့်၍ အများပြည်သူတို့အတွက် ပေးဆပ်ဆောင်ရွက်လျှက် ရှိပါသည်။

သတင်းနှင့်ဓာတ်ပုံ။ ။ ကိုကျော်သူ

0 ရွေးကောက်ပွဲရက် ကြေညာချက်အပေါ် ကုလသမဂ္ဂနဲ့ နိုင်ငံကြီးများ တုံ့ပြန်ပြောဆို

လာမယ့် နိုဝင်ဘာလ (၇) ရက် တနင်္ဂနွေနေ့မှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ မြန်မာစစ်အစိုးရက ကြေညာလိုက်ပါတယ်။ ဒီကြေညာချက်အပေါ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း က သတိနဲ့ တုံ့ပြန် ပြောဆိုလိုက်ပါတယ်။

ကုလသမဂ္ဂ ပြောခွင့်ရပုဂ္ဂိုလ် မစ္စတာ မာတင် နက်ဆာကီက သတင်းထောက်တွေကို ပြောဆိုရာမှာ- မြန်မာ စစ်အစိုးရအနေနဲ့ မြန်မာနိုင်ငံ ငြိမ်းချမ်းသာယာ ဝပြောစေရေးအတွက် အားလုံးပါဝင်ပြီး လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲတွေ ကျင်းပပါ့မယ်လို့ လူသိရှင်ကြား ကတိပြုထားတဲ့အတိုင်း ဆောင်ရွက်ဖို့ လိုကြောင်း၊ မြန်မာပြည်သူတွေရဲ့ အခြေခံ လွတ်လပ်ခွင့်တွေကို ဖော်ဆောင်ဖို့၊ မြန်မာ့နိုင်ငံရေးဘဝမှာ ပါဝင်နိုင်အောင် နိုင်ငံရေးအကျဉ်းသား အားလုံးကို ချက်ခြင်းလွှတ်ဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က အလေးအနက် တိုက်တွန်းလိုကြောင်း ပြောဆိုပါတယ်။

ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမည်ကိုတော့ ထုတ်ဖော် ပြောဆိုမသွားခဲ့ပါဘူး။

အမေရိကန်ပြည်ထောင်စုကတော့ နိုဝင်ဘာလ (၇) ရက်နေ့မှာ ကျင်းပမယ်ဆိုတဲ့ မြန်မာပြည် ရွေးကောက်ပွဲဟာ ယုံကြည် လက်ခံနိုင်စရာ မရှိနိုင်ဘူးလို့ ပြောဆိုလိုက်ပါတယ်။

အဓမ္မ ဖိနှိပ်နေတဲ့ မြန်မာ့နိုင်ငံရေး ဝန်းကျင်မျိုးမှာ ရွေးကောက်ပွဲအတွက် တန်းတူရည်တူ ယှဉ်ပြိုင်နိုင်တဲ့ ပြင်ညီ ကစားကွင်းမျိုး မရှိပါကြောင်း၊ ထွက်ပေါ်လာတဲ့ ရလဒ်ဟာလည်း လက်ခံနိုင်ဖွယ်မရှိကြောင်း အမေရိကန်အစိုးရ နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ်Phillip Crowley က ပြောလိုက်ပါတယ်။

အလားတူ ရီပတ်ဘလီကင် လွှတ်တော်အမတ် Mitch McConnell ကလည်း နိုဝင်ဘာလ (၇) ရက် ရွေးကောက်ပွဲဟာ အတုအယောင် ရွှေရည်စိမ်သက်သက်သာ ဖြစ်တဲ့အတွက် အမေရိကန်ပြည်ထောင်စုနဲ့ တကွ ကျန် နိုင်ငံတွေအားလုံးက အသိအမှတ် ပြုကြရမှာ မဟုတ်ကြောင်း၊ ၂၀၁၀ ခုနှစ် နိုဝင်ဘာ (၇) ရက်ဟာ မြန်မာပြည်သူတွေကို စစ်အာဏာရှင်စနစ်က ဆက်လက်လွှမ်းမိုး အုပ်ချုပ်ခွင့်ရသွားတဲ့ နေ့ရက်တရက်သာ ဖြစ်လာတော့မှာ ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့တောင်အာရှရေးရာ ဝန်ကြီး Jeremy Browne ကလည်း နိုဝင်ဘာ (၇) ရက် ရွေးကောက်ပွဲဟာ ပြင်းထန်တဲ့ ဖိနှိပ်မှုတွေအောက်မှာ စစ်အစိုးရ အာဏာမြဲရေးအတွက် ပုံစံထုတ်ထားတာ ဖြစ်တဲ့အတွက် နိုင်ငံတကာအဆင့်မှာ ဘယ်လိုမှ လက်ခံနိုင်ဖွယ် မရှိကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခွင့် မရတဲ့အတွက်လည်း တရားဝင် အသိအမှတ်ပြုခံရမှာ မဟုတ်ကြောင်း ပြောလိုက်ပါတယ်။

သံတမန်အတော်များများနဲ့ လေ့လာသူတွေကတော့ စီးပွားရေး ဖွံ့ဖြိုးလာနေတဲ့ တရုတ်နဲ့ အိန္ဒိယကြားက သဘာဝသယံဇာတ ပေါကြွယ်တဲ့ မြန်မာပြည်မှာ နိုင်ငံခြား အရင်းအနှီးတွေ လှိမ့်ဝင်လာကြအောင်၊ အရပ်သား အစိုးရ မျက်နှာဖုံးတပ်ဖို့ ကြိုးပမ်းချက်အဖြစ် စစ်အစိုးရရဲ့ ရွေးကောက်ပွဲကို ရှုမြင်ကြပါတယ်။
(Rfa)

0 အကြပ်ကိုင် ဖွံ့ဖြိုးရေးပါတီ သို့ အိတ်ဖွင့်ပေးစာ

အကြပ်ကိုင် ဖွံ့ဖြိုးရေး ပါတီ ရဲ့ ခွေးခြင်္သေ့ ဆိုင်းဗုဒ်
အကြပ်ကိုင် ဖွံ့ဖြိုးရေးပါတီ နှင့် ဦးဆောင်သူများအတွက် မြန်မာပြည်က ပေးတဲ့စာ

၁၉၉၃ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း အကြောင်းလို့ ပြောလို့ရတဲ့ စာလို့ လွယ်လွယ်မှတ်ပြီး လေးလေးနက်နက် တွေးတောကြံဆ လှုပ်ရှား ပြုပြင်ကြပါလို့ လူထုတရပ်လုံးအပါအဝင် အားလုံးကို အရင်ဆုံး စကားချီးလိုက်ပါတယ်။

ဒီအသင်းဟာ စဖွဲ့စဉ် အချိန်ထဲက ကြီးးထွားအောင်ဘဲ အရင်လုပ်လာတာကို တွေ့ရမယ်။ အဲလို ကြီးထွားအောင်လည်း ပြည်သူလူထုတရပ်လုံးကို အကြပ်ကိုင်ပြီး အသင်းဝင်ဖြစ်လာအောင် လုပ်လာတယ်။ ဒါကို ပြည်သူ လူထုတရပ်လုံး အသိပဲ ဖြစ်တယ်။ဒါတင်ပဲလား ဆိုတော့ မဟုတ်သေးဘူးဗျ။ တိုင်းပြည်က ထွက်ရှိတဲ့ သယံဇာတ တွေအပါအဝင် ဂုတ်သွေးစုတ်လို့ ရသမျှတွေကို ဆင့်ကဲ ဆင့်ကဲ ခွံ့ကျွေးနေရတာကိုလည်း သိကြမှာပါ။ အဲဒိတော့ ခု ဒီစာ ရေးတဲ့အချိန်ကစပြီး လူထုတရပ်လုံးအတွက် စတေးခံ အကောင်းဆုံး မြေသြဇာ အဖွဲ့ကြီးကနေ ဒီအသင်းကို ကြံ့ဖွံ့လို့ သရော်ခေါ်မဲ့အစား အကြပ်ကိုင် ခွံ့ကျွေးရေးလို့ ခေါ်ဖို့အတွက် အမည်ပေးကင်ပွန်းပါ တပ်ပေးလိုက်ပါပြီ။

လက်တွေ့မှာတော့ ဒီအသင်းကြီး ကြီိးထွားလာအောင် ပြည်သူတွေ တော်တော်လေး အကြပ်ကိုင် ခံလိုက်ရတယ်။ အခု ရွေးကောက်ပွဲ နီိးလာတော့ သူတိုရဲ့ မူလဇာတိစိတ်ဓါတ်က ပြန်ပေါ်လာပြီ။ ဘယ်လိုတွေ ပေါ်လာလည်း ဆိုရင် -

ပြည့်တန်ဆာမ စိတ်ဓါတ် နှင့်တူအောင် ပြည်သူလူထုတရပ်လုံးကို ပြုလုပ်နေတဲ့ အကြပ်ကိုင် ဖွံ့ဖြိုးရေးအသင်းကြီးရဲ့ နိုင်ငံရေး လှုပ်ရှားမှုများ

အကြပ်ကိုင် ဖွံ့ဖြိုးရေး အသင်း ရဲ့ လိုအပ်တာများ မှာစားခြင်း မှတ်တမ်းပုံ
ပြည်သူအပေါင်းတို့ ခင်ဗျား

ကနေ့ နိင်ငံရေး ပါတီတွေ ဖွဲ့ခွင့်ပေးတဲ့အခါ.... မူလ တည်ထောင်စဉ်က ပြည်သူ့အတွက် အလုပ်အကြွေးပြုပါမယ် ဆိုတဲ့ ဆောင်ပုဒ်တွေ မူတွေ ချပြထားတဲ့ အကြပ်ကိုင် ဖွံ့ဖြိုးရေး အသင်းကြီးဟာ တကယ့် လက်တွေ့မှာတော့.. နေ့ချင်းညချင်း (နေ့မွေးညကြီး) အဖွဲ့ကြီး ဖြစ်လာတာ ဘယ် နာယကကြီး ( သန်းရွှေ )၊ဘယ် ဥက္ကဌကြီး(သိန်းစိန်)များ ငြင်းရဲပါသလဲ။



တပ်မတော်ဆိုတာလည်း

ကျုပ်တို့ ဒီနေ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်နေသူတွေကို ဝန်းရံနေတာ၊ အားဖြည့်နေတာတွေဟာ ပြည်သူအတွက်ဆိုတာ ခင်ဗျားတို့လည်း အသိပဲဖြစ်တယ်။ ခင်ဗျားတို့လို ပြည်သူကိုတော့ မလိမ့်တပတ် မလိမ်ရဲဘူး။ မညာရဲဘူး ။ လုပ်ရင်ရဲတယ်။ ဒါလုပ်ရင် အဖမ်းခံရမယ်ဆိုတာ သိသိကြီးနဲ့လုပ်တာ ဖြစ်တဲ့အတွက်လည်း ခံရဲတယ်။ ဒါပေမဲ့ ကျုပ်တို့ဟာ ခင်ဗျားတို့လို ပြည်သူကကျွေးသော/တိုက်သော ထမင်း၊လ္ဘက်ရည်ကို သောက်/စားပြီး ပြည်သူလူထုရဲ့ သစ္စာကို စောင့်သိရိုသေပါမယ်လို့ သစ္စာ မဆိုထားဘူး။ အဲလိုပဲ သစ္စာတွေ ဆိုပြီးတော့ ထမင်းရှင်ဖြစ်တဲ့ ပြည်သူလက်ကို ပြန်ကိုက်နေရတာပါလား ဆိုတာလည်း သိဖို့လိုတယ်။ နောက်တခု ဗိုလ်ချုပ်ဖွဲ့ခဲ့တဲ့ အစိမ်းရောင်နဲ့ တပ်မတော်ဟာ ခုလို မိန်းမကျင့် မိန်းမကြံ ကြံဖို့အတွက် ဖွဲ့ခဲ့တာ မဟုတ်ဘူး။ ဘာကြောင့်ဆိုရင် ၂၀၀၃ ခုနှစ်တုန်းက ခိုးကြောင်ခိုးဝှက်နဲ့ လူ၃၀၀ လောက်ပါတဲ့ လူအုပ် မိန်းမ ယာဉ်တန်းကို စစ်သားတွေ စစ်ဗိုလ်တွေ ရဲတွေ ပါဝင်ညွှန်ကြားပြီး ထောင်သားတွေ သူခိုးဓါးပြတွေနဲ့ ရိုက်သတ်ရဲတဲ့ အာဃ သတ္တိမျိုးကို တမလွန်က ဗိုလ်ချုပ်သာ မြင်ခွင့်ရရင် ဘယ်လိုနေမလဲ။ ဗိုလ်ချုပ်ဖွဲ့ခဲ့တဲ့ တပ်မတော်သားတွေဆိုတာ အဲဒီလို ယုတ်မာတဲ့ သတ္တိမရှိဘူး ဆိုတာ ခင်ဗျားတို့ သိမှာပါ။ အစိမ်းနုရောင်ဖြစ်တဲ့ ကျောင်းသားဆိုတဲ့ သူတွေ (မျိုးဆက်သစ်/မျိုးဆက်ဟောင်း) တွေကလည်း မလုပ်ရဲကြပါဘူး။
အကြပ်ကိုင် ဖွံ့ဖြိုးရေးအသင်းမှ ခေါင်းဆောင်ဇာတ်မင်းသားများ မှ တရုပ်ကို ကြိုဆိုနေပုံ
ဒီအဖွဲ့ စဖွဲ့ကတည်းက ခေါင်းဆောင်ကိုက လူလိမ်၊ ဖွဲ့စည်းရတဲ့ရည်ရွယ်ချက်က....အာဏာကို မလွှဲချင်တာနဲ့ အာရုံပြောင်းရအောင်က နံပတ်တစ်။ ပြည်သူကို ပြန် သတ်ရအောင် ဗိုလ်ကျရအောင်က နံပတ်နှစ်။ ငြင်းချင်သလား.... လက်တွေ့ ပြည်သူတိုင်း ပေးဆပ်လိုက်ရ တာကတော့ ဒီအဖွဲ့ကြီး (နေ့မွေးညကြီး) ဖြစ်အောင် အမျိုးမျိုး အကြပ်ကိုင်တာ ခံရတာပါဘဲ။

ပြည်သူလူထုကြီးခင်ဗျား..

နေ့မွေးညကြီး ဆိုတဲ့ အဓိပ္ပာယ်ကို လေးလေးနက်နက် တွေးဆဖို့ လိုလာပါပြီ။ နေ့မွေးညကြီးဆိုတာ လောကမှာ ညဘက်ကြီးပွားတာကို ပြောတာပါ။ ညဘက်မှာ ကြီးပွားတာ ဘာလဲဆိုရင် ပြည့်တန်ဆာမတွေလို့ ပြောလို့ရပါတယ်။ ဘာကြောင့်လဲဆိုရင် ၁၉၈၈ အာဏာသိမ်းပြီးကတည်းက ယနေ့ အခြေအနေ အချိန်အခါထိ ကြည့်မယ်ဆိုရင် ပြည့်တန်ဆာခန်းတွေ အနှိပ်ခန်းတွေ ထောင်ချင်ရင် အကြပ်ကိုင်ဖွံ့ဖြိုးရေးပါတီနဲ့ နွယ်ကြရတာ လူတိုင်းအသိပါ။ ဘယ်လောက် ပေါများလာပြီလဲ ဆိုတာကိုတော့ အားလုံးအသိပဲဖြစ်ပါတယ်။ ပြည်တွင်းမှာ ပိုလျှံနေလို့တောင် နယ်စပ်တွေမှာပါထွက်ပြီး ပြည့်တန်ဆာ လုပ်ကြရတဲ့ အဆင့်ထိကို လုပ်ဆောင်နေတဲ့ အသင်းကြီးဆိုရင် ရိုင်းသွားမလား၊ ဒါပေမဲ့ အဲလိုဖြစ်အောင် လုပ်နေတော့လဲ ဒီလိုပဲ သတ်မှတ်လိုက်ပါတယ်။ နေ့မွေးညကြီးပါတီပေါ့ဗျာ။

တချိန်ကဆိုရင် သန်းရွှေ က ဆိုက်ဝါး ၊ မ.ဆ.လရဲ့ ဆိုဒ်ဝါးဌာနမှူးကြီး လုပ်လာသူဆိုတော့ ပြည်သူတွေကို အတော်လေး အထင်အမြင်သေးတဲ့ အခံက သူ့မှာ အတော်လေး ကြီးကြီမားမား ရှိနေပါတယ်။ ငါက ဆိုဒ်ဝါးဆရာကြီး ဒီပြည်သူတွေကို ငါထင်တိုင်း လိမ်လို့ရတယ်၊ ညာလို့ရတယ်ဆိုပြီး သူက ဒီလိုဘဲမြင်ထားတယ်။ ဒီစိတ်အခံက ကြီးမားလွန်းတော့ သူ့လက်အောက်က ဗိုလ်ချုပ်တွေကို မောင်အေးကအစ ပါးစပ်တောင် ဟခွင့်ပေးမထားပါဘူး။ တပ်ထိပ်ပိုင်းက ဗိုလ်ချုပ်တွေ ဒါကို မငြင်းရဲပါဘူး။ ဒါ ဒီအဖွဲ့ကြီးရဲ့ အဆိုးဆုံး ပြည်သူအပေါ်ထားတဲ့ အမြင်နဲ့ သဘောထားတွေပါ။

အဓိက တာဝန်ရှိသူအား နံမည်ပေးကင်းပွန်းတပ်ခြင်း

ကနေ့ အကြပ်ကိုင်ခွံ့ကျွေးရေးပါတီကို သူတို့ကိုယ်သူတို့ ဘယ်လိုဘဲ နံမည်လှအောင် ပေးထား ပေးထား၊ ကျနော်တို့နဲ့ ပြည်သူလူထုကြီးက ကိုယ်တိုင်လက်တွေ့ မြည်းဖူးပြီးပြီမို့ သူတို့ရဲ့ သရုပ်မှန်အတိုင်း ကျနော်တို့ မြေသြဇာအဖွဲ့က လူထုတရပ်လုံးကိုယ်စား သရုပ်မှန်အတိုင်း နံမည်ပေးလိုက်ပါတယ် ။ ပြည်သူတွေက အရှိကို အရှိအတိုင်း မြင်ရဲသူ၊ သတ္တိရှိသူတိုင်း ကျနော်တို့ ပေးထားတဲ့ နံမည်နဲ့ ၇ှုမြင်ကြပါ.. ခေါ်ဆိုကြပါလို့ တင်ပြပါတယ်။ သန်းရွှေ နာယက လုပ်ပြီး သိန်းစိန် ဥက္ကဌ အဖြစ် ဦးစီးပြီး ဖွဲ့ထားတဲ့ ပါတီကို ပြည်ထောင်စု အကြပ်ကိုင်ရေးနှင့်ခွံ့ကျွေးရေးပါတီ လို့ အမည်ပြောင်းလဲ ခေါ်ဆိုလိုက်ကြပါစို့။

ကျနော်တို့ မြန်မာပြည်သူတွေကလဲ သမိုင်းမှာ ဥပမာ… တိုင်းနိုင်ငံသာယာ ၀ပြောလွန်းလို့ ကျေးဇူးတုန့်ပြန်တဲ့အနေနဲ့ သတိုးဓမ္မရာဇာဘွဲ့ခံ ဘုရင်တပါးကို သာလွန်မင်းတရားကြီး လို့ ခေါ်ဝေါ်ခဲ့ကြပြီးတော့ မင်းဆိုးမင်းညစ် နရသူ ကိုလဲ ကုလားတွေ လာသတ်လို့ သေရသူမို့ ကုလားကျမင်း လို့ ခေါ်ဝေါ်ခဲ့ကြတာဟာဖြင့် မြန်မာတို့ရဲ့ အစဉ်အလာပါ။ ဒီလိုဘဲ ကနေ့ အကြပ်ကိုင်ဖွံ့ဖြိုးရေးပါတီရဲ့ နာယကကြီး သန်းရွှေလိုဘဲ ကေသရာဇာင်္ခြင်္သေ့မင်း နံမည်တောင် ထည့်ကာ မှည့်ခေါ်ထားပြီး ဗမာ့ရာဇ၀င်မှာ စည်းစိမ်အမူးယစ်ဆုံး ကမ်းကုန်အောင် တကိုယ်ကောင်းအဆန်ဆုံးဖြစ်တဲ့ မင်းဆိုးမင်းညစ်။ တရုပ်တပ်တွေကို ဒူးတုန်အောင် ကြောက်ပြီး ပြေးခဲ့လို့ နံမည်လှလှလေး ယူထားတဲ့ နရသီဟပတေ့ ကို ပြည်သူတွေကလဲ တရုပ်ပြေးမင်း တဲ့။ ကနေ့ သန်းရွှေဟာလဲ တကိုယ်ကောင်းဆန်တာ လွန်ကဲတဲ့နေရာမှာတော့ အထူးပြောပြစရာတောင် လိုမယ်မထင်ပါဘူး။ သူ့အာဏာ တည်မြဲရေးအတွက် တရုတ်အစိုးရက ကုလသမဂ္ဂမှာ ဗီတိုအာဏာ နဲ့ အကာအကွယ် ပေးအောင်.... တတိုင်းတပြည်လုံးကို တရုတ်ကို ထိုးကျွေးထားသူမို့ ကျနော်တို့ မြေသြဇာအဖွဲ့ကတော့ အရှိကို အရှိအတိုင်း သန်းရွှေကို တယုတ်ကျွေးမင်း လို့ ကဗျည်းကင်မွန်းတပ်ပေးလိုက်ပြန်ပါပြီ ။

ဒီနေ့ ပုဂံမှာဆိုရင် စာချိုးလေး တခု ရှိပါတယ်။ စာချိုးလေးက ( အနုမှာ . အာန္နဒါ...။ ဥာဏ်တော်....သဗိညု ။ ထု....ဓမ္မရံ...နရသူ..ငရဲခံ ) လို့တောင် ပြည်သူတွေက အဲဒီ မင်းဆိုးမင်းညစ်ကို ငရဲပြည် ပို့ထားလိုက်ပါသေးတယ်။ ဒါ ကျနော်တို့ ချိုးထားတဲ့ စာအချိုးမဟုတ်ပါဘူး။ ပုဂံသူ ပုဂံသားတွေ ချိုးထားတဲ့စာပါ။ သန်းရွှေတို့က ကြိုးစား ဖုံးဖိနေတဲ့ စာချိုးလေးပါ ။ ပြည်သူတွေက အဲဒီလောက်တောင် ရွံကြ မုန်းကြတာပါ။ သန်းရွှေ ကတော့ နရသူထက်ကို ဆိုးရွားသူ ဆိုတော့ … ?

ကနေ့ အကြပ်ကိုင်ဖွံ့ဖြိုးရေးပါတီက နိုင်ငံရေးပါတီတွေ ဖွဲ့ခွင့်ဘဲ ပေးသေးတယ်။ ငါတို့ ပါတီက လက်ရှိ ဓါးမြကြီး သိန်းစိန် ဦးဆောင်ထားတာဆိုပြီး ဘယ်ပါတီမှ စည်းရုံးရေး ဆင်းခွင့် မပေးသေးတာ၊ သူတို့က ဗြောင်စည်းရုံးရေး ဆင်းရုံတင်မက သူတို့ပါတီထဲဝင်ရင် မှတ်ပုံတင် နေ့ချင်းလုပ်ပေးနေတာ။ သူတို့ပါတီထဲဝင်ရင် နိုင်ငံတော်က အတိုးနှုန်းထက် ချိုသာတဲ့နှုန်းနဲ့ ငွေချေးပေးတာတွေ လုပ်နေပါတယ်။

ဒါဟာ ဘာကိုပြသလဲဆိုတော့ နိုင်ငံရေးစည်း ( ထုပ်စည်းထိုးရင် တားထားတဲ့ စည်းလိုမျိုးပေါ့ ) ကို ခိုးကျော်ပြနေတာ။ ကျော်ပြနေတာမှ ဗြောင်ကျကျ လူပါးဝ ကျော်ပြနေတာပါ။ အမှန်တော့ ငါတို့က ဥပဒေလဲ ခိုးမှာဘဲ၊ ထုံးထမ်းစဉ်လာလဲ ခိုးမှာဘဲ၊ ငါတို့က ခိုးရဲတယ် ဘယ်ပါတီ၊ ဘယ်အဖွဲ့အစည်း၊ ဘယ်ပြည်သူကို ဂရုစိုက်ရမှာလဲ ဆိုတဲ့ ပုံစံနဲ့ လုပ်ပြနေတာပါဘဲ။ ဒါဟာ..ဘာကိုပြသလဲဆိုရင် သန်းရွှေ ပါးစပ်က တဖွဖွ ပြောနေတဲ့ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ နိုင်ငံတော်ကြီး ဆိုပြီး ပြောနေတဲ့သူ ကိုယ်တိုင်က ကိုယ်ချမှတ်ထားတဲ့စည်းကမ်းကို ကိုယ်တိုင်ပြန်ချိုးဖေါက်ပြနေတော့ စည်းကမ်းပြည့်မပြည့်တော့မသိဘူး။ သူတို့ မိန်းမတွေ ဦးစီးပြီး ဖွဲ့စည်းလိုက်တဲ့ အမျိုးသမီးရေးရာဆိုတာ ပေါ်လာမှပဲ ပြည့်တန်ဆာခန်းတွေ ၊ မာ့ဆက် ခန်းတွေဆိုတာ လက်ညိုးထိုးမလွဲတော့ဘူးဆိုတာလည်း အားလုံးအသိပါပဲ။ အဲဒိတော့ အဲဒီလို လူတွေ ပါဝင်ဖွဲ့စည်းထားတဲ့ ကြံ့ဖွတ်ပါတီမျိုးဟာ ပြည်သူတွေကို ပြည့်တန်ဆာ စိတ်ဓါတ် မွေးခိုင်းနေတာ ဟုတ်မဟုတ် အသေအချာ ပြန်သုံးသပ်ကြပါ။ မဟုတ်ဘူးဆိုရင် မြေသြဇာတို့ လာ ရှစ်ခိုးတောင်းပန်ပါ့မယ်။

ဒီထက်ပိုဆိုးတာက... အခုလိုပြည်သူတွေကို မွဲပြာကျပြီး စိတ်ဓါတ်အောက်တန်းကျအောင် လုပ်ထားနိင်လေ တနည်းအားဖြင့် ပြည်သူတွေ ငတ်နေလေ ရွေးကောက်ပွဲ တိုင်းမှာ ဒီလိုငွေလေးနဲနဲခင်းပေးပြီး နိုင်အောင်လုပ်မယ်လို့ သူတို့စီမံချက် ချထားပြီးဖြစ်နေလို့ ကျနော်တို့ ပြည်သူတွေက ကွက်ကျော်မြင်ကြစေချင်ပါတယ်။ ငွေလေး မသထာရေစာ ထုတ်ချေးပေးတာကိုဘဲ..မောင်မင်းကြီးသားတို့ပါတီက ကျေးဇူးကြီးမားလှပါပေတယ် ဆိုတဲ့ပုံစံ ဖြစ်အောင်/မြင်အောင် လုပ်လိုက်တာပါဘဲ။

တကယ်ပြည်သူတွေအပေါ် စေတနာထားတယ်ဆိုရင် ကျနော်တို့ ပါတီဥက္ကဌကြီးလို ၀င်ငွေ ရနိင်တဲ့ အလုပ်မျိုးတည်ဆောက်ပေးပါ့မယ်၊ ကတိတွေပေးပါလား ။ ကနေ့ ပြည်သူတွေ ငတ်ပြီး ကျပ်တည်းနေရတာ ဘယ်သူတွေအုပ်ချုပ်လို့လဲ ဆိုတာလဲ ရဲရဲကြီး ၀န်ခံရဲပါသလား မောင်မင်းကြီးသား အကြပ်ကိုင်ဖွံ့ဖြိုးရေးပါတီဝင်တို့….


တကယ်ဆိုရင် ကျနော်တို့ အမိမြန်မာပြည်ကြီးဟာ ဘယ်သူ့ဆီကမှ ငွေချေးနေစရာ မလိုအောင် နိုင်ငံတော် ဘတ်ဂျက်ထဲကနေ ပံ့ပိုးပေးနိုင်တဲ့ တိုင်းပြည်ပါ။ သန်းရွှေဟာ..သူ့အာဏာ တည်မြဲရေးအတွက်ဘဲ။ တချိန်လုံးတွေး… သူ့ မြေးတွေ နောင်လုံခြုံရေးဘဲ။ တွေးနေတဲ့သူဆိုတော့ နိုင်ငံတော်ဘက်ဂျက်တွေ ထွက်ရှိတဲ့ သယံဇာတတွေကိုလည်း ထင်သလို သုံးစွဲနေတာကို တွေ့ရှိကြမှာပါ။ ကနေ့ ဧရာဝတီတိုင်းဟာ ကျန် ကမ္ဘာ့ပထ၀ီ အနေအထားနဲ့ လုံးဝ မတူတဲ့နေရာပါ။ ဧရာဝတီတိုင်း ဒီရေကနေ ဒီရေလျှပ်စစ်ဓါတ်အား၊ သူတို့ ပြောပြောနေတဲ့ (မီဂါဝပ်) အား သိန်းနဲ့ချီ ထုတ်လုပ်နိုင်ပြီး တတိုင်းတပြည်လုံးကို လျှပ်စစ် အိမ်တိုင်း အိမ်တိုင်း.လျှပ်စစ်..( ဥပမာ ..မီတာယူနစ် ၁၀၀-၁၅၀) လောက် ဖရီးပေးနိင်တယ်လို့ မြေသြဇာတို့ လေ့လာထားတာ ရှိပါတယ်။


ဒီပါတီဟာ ဒီလို မစို့မပို့ငွေလေးကို ပိုကြီးကြီး မြင်အောင်ပေးပြီး ပြည်သူတွေ ပိုကျပ်တည်းနေဖို့ လိုတယ်လို့ ခံယူထားသူတွေဖြစ်တယ်။ အကြပ်ကိုင်ပါတီကြီးက ဒီလို ဆက်လက်စည်းရုံးမယ်ဆိုရင် ကျုပ်တို့ ပြည်သူတွေ ကြွယ်ဝလာအောင် လုပ်ပေးမလား.. မစို့မပို့ ငွေလေးထုတ်ချေးပြီး မယားငယ်လို ထားမလားဆိုတာ ပြည်သူလူထုတရပ်လုံးက တွေးကြည့်ဖို့  လိုပါတယ် ။

ကနေ့ သန်းရွှေက စတင်ဖွဲ့စည်းကတည်းက မူမမှန်တဲ့ ရည်ရွယ်ချက်တွေနဲ့....ပြီးတော့ နရသီဟပတေ့လိုဘဲ ခြင်္သေ့တံဆိပ်ကြီး ယူသုံးပြီး နရသီဟပတေ့ စေါက်ကျင့်နဲ့ တပုံစံထဲ ချိုးပြနေတဲ့ ကြံ့ဖွတ်ပါတီကြိးကိုလဲ..ကျနော်တို့ မြေသြဇာပေးလိုက်တဲ့..အကြပ်ကိုင့်ဖွံ့ဖြိုးရေး ခေါ်မလား....ကြံ့ဖွတ်ဘဲ ဆက်ခေါ်မလား.. တခြား ပိုသင့်လျှော်မဲ့ နံမည်ဘဲ ထပ်ပေးကြမလား၊ သင့်လျှော်တဲ့ အမည်နာမပေးပြီး ဝိုင်းဝန်းကန့်ကွက်ဖို့ လိုနေပါပြီ။

ကနေ့ ငွေလေး မစို့မပို့ ချေးပေးပြီး..ပါတီထပ်ဝင်ခိုင်းတာကို ဘယ်လိုမြင်ကြပါသလဲ။ ငွေပေးပြီး ပြည်သူတွေကို ဒူးထောက်ခိုင်းတာဟာ ကျုပ်တို့ဆီက မတရားညစ်ယူထားတဲ့ငွေနဲ့ ကျုပ်တို့ ပြည်သူတွေကို ဒဲ့ဒိုး ( ရိုင်းရိုင်း ) ပြောရရင် ဒါဟာ..ပြည့်တန်ဆာစိတ်ဓါတ် ရိုက်သွင်းနေတာဘဲ ဖြစ်ပါတယ်။ ငွေပေးပြီး လိုတာခိုင်းလို့ ရစေတဲ့ စိတ်ဓါတ်ဟာ ပြည့်တန်ဆာတွေရဲ့ စိတ်ဓါတ်ဘဲ။ အဲဒါ အကြပ်ကိုင်ပါတီဝင်တွေရဲ့ စိတ်ဓါတ်ဘဲ။ ကိုယ်ငွေနဲ့ ကိုယ့်ကို တဖက်လှည့် လည်ပင်းကြိုးကွင်းတပ်နေတာဆိုတာကို လူထုတရပ်လုံးက သိထားကြဖို့လိုပါတယ်။

ဗိုလ်ချုပ်ရဲ့ ဇူလိုင် (၁၃) ရက်နေ့ နောက်ဆုံး မိန့်ခွန်းထဲက ဗိုလ်ချုပ်စကားကို ယူသုံးရရင် ( ယခင်အစိုးရ လက်ထက်တုံးက လာတ်စားတဲ့ သူတွေရှိတယ်။ အဲဒီလို လာတ်စားတဲ့ သူတွေဟာ တိုင်းပြည်ရဲ့ ရန်သူ နံပါတ်တစ် ဖြစ်တယ်။ အဲဒီလို တိုင်းပြည်ရဲ့ နံပါတ်တစ် ရန်သူကို ရိုးရိုးသားသားဖြစ်စေ၊ မရိုးမသားဖြစ်စေ (ဒါကတော့ အကြပ်ကိုင်လို့ မယားငယ်လို အခွင့်အရေးပေးလို့ဖြစ်ဖြစ်) မဲပေးခဲ့ရင် ခင်ဗျားတို့ ကိုယ့်လည်ပင်းကို ကြိုးကွင်းစွပ်တယ်လို့ ပြောချင်ပါတယ်)

အဲဒီတော့ ဗိုလ်ချုပ်အောင်ဆန်းလေသံနဲ့ လူထုတရပ်လုံးအတွက် စတေးခံ အကောင်းဆုံး မြေသြဇာအဖွဲ့ကနေ ကနေ့ ပြတ်ပြတ်သားသား တတိုင်းတပြည်လုံး သိအောင် ကြေငြာလိုက်ပါတယ်။

( ကနေ့  အကြပ်ကိုင်ခွံ့ကျွေးရေးပါတီ ဟာ အကြပ်ကိုင်ပြိး ပြည်သူတွေကို ပြည့်တန်ဆာ စိတ်ဓါတ်ရိုက်သွင်းနေတာကို....ဘယ်လိုပင်..နိင်ငံရေးပြေလည်မှု ရသွားပါစေ.....ခင်ဗျားတို့ ကျူးလွန်ခဲ့တဲ့ပြစ်မှုတွေကို ဘယ်လိုအစိုးရဘဲတက်တက် ဘယ်လိုပင် သင်ပုန်းချေတာလုပ်လုပ် ကျနော်တို့ လူထုတရပ်လုံးအတွက် စတေးခံ အကောင်းဆုံးမြေသြဇာ အဖွဲ့က နံပါတ်တစ် တရားခံလို့ သတ်မှတ်ပေးဖို့ နောက်တက်လာမဲ့ အစိုးရကို တရားစွဲဆိုခွင့်ပေးဖို့ ခု စာနဲ့အတူ တောင်းဆိုလိုပါတယ်)။

အကြပ်ကိုင် ဖွံ့ဖြိုးရေးအသင်းက တာဝန်ရှိသူတွေကိုလဲ ဒီလို ခင်ဗျားတို့တည်ထောင်ထားတဲ့ အဖွဲ့ကြီးဟာ ပြည်သူတွေ ငွေလေးနည်းနည်းလေးပေးတာကို ဒူးထောက်ကြရတာ ကျုပ် အုပ်ချုပ်ရေးကြောင့် ဖြစ်ရတာပါလို့  အရင်ဝန်ခံခိုင်းရပါမယ်။

အရေးကြီးဆုံးနဲ့ လူထုအတွက်ပါဆိုတဲ့သူတွေ အတွက်ကတော့ လာပါပြီ

ရွေးကောက်ပွဲဝင်မဲ့ ဒီမိုကရေစီ စစ်စစ်ပါတီတွေကိုလဲ ခင်ဗျားတို့လက်ထက်မှာ ပြည်သူတွေ အခုလိုမစို့မပို့ ငွေလေးချေးတာကို ဒူးမထောက်ရအောင် ပြည်သူတွေ ငွေကြေး (၀င်ငွေကောင်းတဲ့) အလုပ်စီမံချက်တွေ ချပြပေးကြပါလို့ တခါထဲ တောင်းဆိုလိုက်ပါတယ်။ တပွဲထိုး ငွေချေးတာမဟုတ်ဘဲ ပုံမှန်အလုပ်နဲ့ လူတန်းစေ့ ၀င်ငွေ ရစေမဲ့ လုပ်ငန်းတွေကို ဘယ်လို ဖေါ်ဆောင်မယ်ဆိုတာကို ပြည်သူတွေကို ချပြပေးပါ။ လမ်းဖေါက်တံတားဆောက်တာ လာမရွီးကြပါနဲ့။ ဒါ အစိုးရတိုင်းရဲ့ အလုပ်ပါ။

အေးငါတို့ကို နိုင်အောင်မဲထည့်တဲ့ ဒေသအရပ်ကိုမှ လမ်းဖေါက်ပေးမယ် ပြောလာရင် အဲဒါ စိတ်ဓါတ် အလွန်ယုတ်မာတဲ့သူရဲ့ အတွင်းစိတ်ဆိုတာကို သိထားကြပါ။ အဲဒါ ဘိန်းရာဇာ ဖါခေါင်းတွေရဲ့ စိတ်ဓါတ်ဆိုတာ မြင်ယောင်လိုက်ကြပါလို့ လူထုတရပ်လုံးအတွက် စတေးခံ မြေသြဇာအဖွဲက ပွင့်ပွင့်လင်းလင်း ထောက်ပြလိုပါတယ်။ အဲဒီတော့ ကနေ့ အကြပ်ကိုင် ဖွံ့ဖြိုးရေးပါတီကြီးကို သတိပေးလိုပါတယ်။ ကနေ့ ခင်ဗျားတို့ လုပ်နေတာတွေဟာ ဖါခေါင်းအတွေးအမြင်..ဖါခေါင်းလုပ်ရပ်၊ တနပ်စားဥာဏ်တွေ ဆိုတာရယ် ဖါခေါင်းအကြံဥာဏ်တွေ ဖြစ်နေတယ်ဆိုတာ ပြန်သုံးသပ်ကြပါ။ ပြီးတော့ ခင်ဗျားတို့ပါတီ ကြီးပွား ကြီးထွားလာလေလေ တိုင်းပြည်မွဲသွားလေလေပါလား ဆိုတာ ပြန်စဉ်းစား ကြပါအုံးလို့ ထပ်မံသတိပေးရင်း... ကနေ့ လုပ်နေတဲ့ ဖါခေါင်းအကြံဥာဏ် ဖါခေါင်းစီမံချက်တွေကို ရပ်တန်းကရပ်ပါ။ မဟုတ်ရင် နာမယ်ဆိုတာကို.. ပြတ်ပြတ်သားသား သတိ ပေးလိုက်ပါတယ်။

ဒီစာကို အဆုံးသတ်ရရင်တော့ ဒီစာဟာ ပြည်သူလူထုတရပ်လုံးအနေနဲ့ ဖတ်သင့်သလို၊ အကြပ်ကိုင်ခွံ့ကျွေးရေး ပါတီအနေနဲ့ သေချာစဉ်းစားပြီး ကိုယ့်သေတွင်းကို တူးထားသင့်သလို ပြည်သူလူထုအတွက်ပါ တိုင်းပြည်တိုးတက်ပြောင်းလဲဖို့ လုပ်နေတာပါဆိုတဲ့ ရွေးကောက်ပွဲဝင်မဲ့ ပါတီတွေအနေအတွက်လည်း အလွန် အရှက်အကြောက်ကို ပေါ်လွင်စေမဲ့စာ တစောင်ဖြစ်မယ်လို့ ယုံကြည်ပါတယ်။ ဒီစာရေးနေတဲ့အချိန်မှာ မြန်မာပြည်ရဲ့ အကြပ်ကိုင်ခွံ့ကျွေးရေး ပါတီရဲ့ လမ်းဖေါက်လုပ်ရေး လုပ်ငန်းခွင်ကို လှမ်းကြည့်နေရင်း…

ဒွေးခြံ
လူထုတရပ်လုံးအတွက် စတေးခံ
အကောင်းဆုံး မြေသြဇာ အဖွဲ့
http://www.thebestmanure.org/

0 "အရေးကြီးပြီ"သီချင်းဖန်တီးရှင် အဆိုတော်ထူးအိမ်သင်ကွယ်လွန်ခြင်း(၆)နှစ်ပြည့်အမှတ်တရလွမ်းဆွတ်ခြင်း



ဖခင် ဦးထွန်းမြင့်နှင့် မိခင် ဒေါ်မြရင်တို့မှ ဇူလိုင်လ ၁ ရက်၊ ၁၉၆၃ ခုနှစ်တွင် ပုသိမ်မြို့၌ မွေးဖွားခဲ့သည်။ အဖေ ဗမာ၊ အမေ မွန် ဖြစ်သည်။ မွေးချင်း ၆ ယောက်အနက် သားအကြီးဆုံး ဖြစ်သည်။ ငယ်နာမည် သန်းထွန်းစိုးမှ ပြောင်းလဲခဲ့သော အမည်ရင်းမှာ ကျော်မြင့်လွင် ဖြစ်ပြီး၊ ကိုငွေသီးဟု အဓိပ္ပာယ်ရသော 'ပေါ်စွမ်း' ဟူသည့် မွန်ဘာသာဖြင့် ငယ်နာမည်လည်း ရှိခဲ့သည်။ သျှပ်၊ ဘဲဥ၊ ငှက်ကြီးဟုလည်း ချစ်စနိုး ခေါ်ကြသည်။
မူလတန်း ပညာကို အမှတ် (၂ဝ) အ-မ-က တွင် ပညာ သင်ကြားခဲ့ပြီး၊ ပုသိမ် အ-ထ-က (၃) မှ အထက်တန်း အောင်မြင်ခဲ့သည်။ ၁၉၇၉ - ၈ဝ တွင် ဧရာဝတီတိုင်းရှိ ပုသိမ်‌ ဒေသ ကောလိပ်‌သို့ တက်‌ရောက်‌ခဲ့သည်။ ၁၉၈၁ ခုနှစ်‌တွင် မိသားစုနှင့်အတူ မော်‌လမြိုင်‌သို့ ပြောင်းရွှေ့ ခဲ့ပြီးနောက် မော်လမြိုင်‌ တက္ကသိုလ်‌မှ ရုက္ခဗေဒ အထူးပြုဖြင့် သိပ္ပံဘွဲ့ ရရှိခဲ့သည်။
ဂီတနှင့် ပတ်သက်သော ငယ်ဆရာများမှာ ဦးကျောက်စိမ်းနှင့် ဦးစန်းတင့် (လမ်းစဉ်လူငယ် ဘင်ခရာတပ်ဖွဲ့၊ ပုသိမ်မြို့) ဖြစ်ပြီး၊ မော်လမြိုင်တွင် ဂီတဆရာ ဦးအောင်စိုး (KC Francis) ထံမှ ဂီတ သင်္ကေတနှင့် ဂီတပညာ သင်ယူခဲ့သည်။
၁၉၈၁ ဒေသ ကောလိပ် ကျောင်းသားဘဝတွင် 'မြ' အမည်ရှိ ကျောင်းတွင်း ကဗျာစာအုပ်ထဲ၌ ကလောင်အမည် သျှပ်မှူးကျော် ဖြင့် ကဗျာများ ရေးသားခဲ့သည်။ ထိုစာအုပ်တွင် ပါဝင်ခဲ့သော ကဗျာဖြစ်သည့် 'အမေ … အမေ ဝမ်းရည်စပ်တယ် ဆိုရင် ခွင့်လွှတ်ပါ။ သားရင်ထဲမှာ ကဗျာ' ဟူသော ကဗျာမှာ သူ့အား ကဗျာဆရာ အဖြစ် ထင်ရှား အမှတ်ရစေခဲ့သည်။ ထို့နောက် ၁၉၈၂ တွင် ကလောင်အမည် လင်းထက်ဖြင့် 'မြတ်နိုးခြင်းအားဖြင့် ကြင်နာသည်ဖြစ်၍' ဝတ္ထုတိုကို ရှုမဝ မဂ္ဂဇင်းတွင် စတင် ရွေးချယ်ခြင်း ခံခဲ့ရသည်။ လင်းထက် နာမည်ဖြင့်ပင် ကဗျာများလည်း ရေးခဲ့သည်။ သူ၏ အခြား ကလောင်အမည် တခုမှာ ရဲသင်ရန် ဖြစ်သည်။ ထူးအိမ်သင် အမည်ဖြင့် ရေးသားခဲ့ပြီး ပုံနှိပ် ဖော်ပြခဲ့သည့် တပုဒ်တည်းသော ကဗျာမှာ 'သက်တန့်မြစ်' ဖြစ်ပြီး သရဖူ မဂ္ဂဇင်း (ဟောင်း) နှစ်ပတ်လည် အထူးထုတ်တွင် ပါဝင်ခဲ့သည် ။ ၁၉၈၆ ခုနှစ်တွင် 'နာရီပေါ်မှ မျက်ရည်စက်များ' တေးစီးရီးဖြင့် ဂီတလောကသို့ စတင် ဝင်‌ရောက်ခဲ့သည်။ ထူးအိမ်သင်သည် ကိုယ်ပိုင်သံစဉ် သီချင်း အများစုကို ရေးသား သီကုံးခဲ့ပြီး ဂီတ ပညာရှင်တဦး ဖြစ်ရန် ကြိုးပမ်း အားထုတ်ခဲ့သည်။

၁၉၈၆ ခုနှစ်တွင် ပထမဆုံး တေးစီးရီး 'နာရီပေါ်မှ မျက်ရည်စက်များ' စတင် သွင်းယူခဲ့ပြီးနောက် မှော်ဆရာအိပ်မက်၊ သက်ငြိမ်၊ အတ္တပုံဆောင်ခဲများ၊ အကြင်နာ အိပ်မက်၊ အရင်အတိုင်း၊ စကားလုံးမရှိတဲ့ ကောင်းကင်၊ ထူးအိမ်သင် (Unplugged Live) ၊ မြို့ပြလရောင် တမ်းခြင်း၊ အမေ (သို့မဟုတ်) မေတ္တာတော်ဘွဲ့၊ အစိမ်းရောင် ရက်စွဲများ၊ တနေ့စာ အလွဲများ၊ ချစ်ခြင်းအားဖြင့်တို့ တေးစီးရီးများ သွင်းပြီ ထုတ်ဝေ ဖြန်ချိခဲ့သည်။

၁၉၈၈ ရှစ်လေးလုံး လူထု အရေးတော်ပုံကြီးကို စစ်တပ်က သွေးထွက် သံယိုနှိမ်နင်းပြီး နိုင်ငံတော် အာဏာအရပ်ရပ်ကို သိမ်းယူပြီးနောက် ဒီမိုကရေစီ လိုလားသူ အများအပြား နယ်စပ်ဒေသ အသီးသီးကို ထွက်ပြေးပြီး စစ်အာဏာရှင်တွေကို လက်နက် တော်လှန်ဖို့ ကြိုးပမ်းရာမှာ ထူးအိမ်သင်လည်း ပါဝင်ခဲ့သည်။ သူသည် မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (မကဒတ)၊ ကျောင်းသား တပ်မတော်တို့ ဖွဲ့စည်းရာမှာ ပါဝင်ခဲ့ပြီး၊ ကျောင်းသား တပ်မတော်၏ စစ်တေးသီချင်း တပုဒ် ဖြစ်တဲ့ "အရေးကြီးပြီ" သီချင်း ရေးဖွဲ့ပေးသည်။ နောက်ပိုင်းမှာ မိခင်ကို ချစ်မြတ်နိုး လွမ်းဆွတ်လှသဖြင့် မြန်မာပြည်တွင်းသို့ ပြန်လည် ဝင်ရောက်သွားခဲ့သည်။

နောက်ဆုံး သီချင်းခွေအတွက် Oasis တေးသံသွင်းတွင် အသံသွင်းမှုများ ပြုလုပ်ခဲ့ကာ ၁၄-၈-၂၀၀၄ နံနက် ၁၁း၄၀ နာရီတွင် ကွယ်လွန်ပြီး ဇနီး သွယ်သွယ်ထွေးနှင့် သမီး မိကွန်ထော တို့ ကျန်ရစ်သည်။


ထူးအိမ်သင်ပုံရိပ်များနှင့်အတူ အရေးကြီးပြီသီချင်းအတူတကွနားထောင်လိုလျှင် audio playbuttomခလုတ်လေးကိုနှိပ်ပါ။

ထူးအိမ်သင် သီဆို ထုတ်ဝေခဲ့သော တေးသီချင်းခွေများ

စဉ် သီချင်းခွေ အမည် ထုတ်ဝေသည့် ခုနှစ် အသံဖမ်း တေးဂီတ ထုတ်လုပ်ရေး
၁ နာရီပေါ်က မျက်ရည်စက်များ ၁၉၈၇ Oasis The Aces ဂန္ဓမာ တေးသံသွင်း
၂ မှော်ဆရာအိပ်မက် ၁၉၈၈ (ဖေဖော်ဝါရီ) Oasis The Aces ပန်းနုလဝန်း တေးသံသွင်း
၃ သက်ငြိမ် ၁၉၈၉ (အောက်တိုဘာ) Oasis The Aces Country Boy Recording
၎ အတ္တပုံဆောင်ခဲများ ၁၉၉၁ (ဇန်နဝါရီ) Oasis Emperor စံပယ်ဦး တေးသံသွင်း
၅ အကြင်နာအိပ်မက် ၁၉၉၁ (ဇွန်) Oasis, May T Four, Emperor, Success ယင်းမာ တေးသံသွင်း
၆ အရင်အတိုင်း ၁၉၉၁ (ဒီဇင်ဘာ) Oasis Emperor ဂျူပီတာ တေးသံသွင်း, Ko Ye Music Production
၇ စကားလုံးမရှိတဲ့ ကောင်းကင် ၁၉၉၅ (ဖေဖော်ဝါရီ) Oasis Emperor နှင်းဆီလှိုင်း တေးထုတ်လုပ်ရေး
၈ ထူးအိမ်သင် (Unplugged Live) (23-2-1995 One man show at Aung San Stadium) ၁၉၉၆ (ဒီဇင်ဘာ) Oasis Iron Cross Sein Min Music Production
၉ မြို့ပြလရောင်တမ်းချင်း ၁၉၉၆ (အောက်တိုဘာ) May Session Players Mercury Recording
၁ဝ ဝင်ရိုးစွန်းမီး ၁၉၉၇ (ဖေဖော်ဝါရီ) LYNN Session Players NASA Recording
၁၁ အမေ (သို့) အွ့ကင်းမဲ့ မေတ္တာတော် သီချင်း ၁၉၉၇ (မေ) LYNN Iron Cross IC Music Production
၁၂ အမှတ်တရ ဒဏ်ရာသီချင်းများ ၁၉၉၉ (ဇွန်) Oasis Emperor Emperor Heart Music Production
၁၃ အစိမ်းရောင် ရက်စွဲများ ၂ဝဝ၁ (နိုဝင်ဘာ) Oasis Iron Cross စံပယ်ဦး တေးသံသွင်း
၁၄ တနေ့စာအလွဲများ ၂ဝဝ၃ (အောက်တိုဘာ) Oasis Emperor မန်းသီရိ တေးသံသွင်း
၁၅ ချစ်ခြင်းအားဖြင့် ၂ဝဝ၅ (သြဂုတ်) Oasis, PTL, Nawarat Iron Cross, The Trees, Session Players CMP Music Production
၁၆ သီချင်းခွေကြမ်း - - - -

မြန်မာ့ သတင်းဆက်သွယ်ရေး နည်းပညာအဖွဲ့။
နည်းပညာနှင့် မြန်မာ့ ကွန်ရက် မော်ကွန်းတိုက်။
စာပေ၊ သတင်းနည်းပညာနှင့် လွတ်လပ်ငြိမ်းချမ်းသော နိုင်ငံတော်။
photos။ ။ htooeainthin fan club

Friday, August 13, 2010

0 ရှစ်လေးလုံးအရေးတော်ပုံကြီးအတွင်းကျဆုံးခဲ့ရသော ကျောင်းသူလေး မ၀င်းမော်ဦး၏ မိဘများနှင့် စကားပြောကြားခြင်း။


ပေးပို့လာသော ရွှေကျောင်းသား အားကျေးဇူးတင်ရှိပါသည်။

0 ဒေါ်စု ရွေးကောက်ပွဲတွင် မပါနိုင်ရန် အကွက်ချစီစဉ်ဟု ဦးဝင်းတင် ပြော

(Nej)
၂၀၁၀ နိုဝင်ဘာ (၇) ရက်နေ့တွင် ရွေးကောက်ပွဲ ကျင်းပမည်ဟု နအဖစစ်အစိုးရက ကြေညာလိုက်ခြင်းသည် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ပတ်သက်မှု မရှိစေရန် တမင်အကွက်ချ၍ စီစဉ်လုပ်ဆောင်ခဲ့ခြင်းသာ ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ထိပ်ပိုင်းခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်က ဝေဖန်လိုက်သည်။

“ဒီရွေးကောက်ပွဲဟာ တရားမျှတမှု၊ လွတ်လပ်မှု ရှိမှာ မဟုတ်ဘူးလို့ ဒေါ်စုက ပြောထားပြီးသားပါ။ အခု ရွေးကောက်ပွဲ ကျင်းပရက်ကိုလည်း ဒေါ်စု မလွတ်သေးတဲ့ကာလမှာ ကျင်းပနိုင်ဖို့ စီစဉ်နေတာ ဖြစ်တယ်။ ဒါက ဒီရွေးကောက်ပွဲမှာ အစကတည်းကိုက ဒေါ်စု မပါအောင်ကို ရည်ရွယ်ချက်ရှိရှိနဲ့ တမင်အကွက်ဆင် စီစဉ်ထားတယ်ဆိုတာ ဘယ်သူမှ ငြင်းလို့မရပါဘူး” ဟု ၎င်းက ခေတ်ပြိုင်သို့ ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်အား ချမှတ်ခဲ့သည့် နေအိမ်အကျယ်ချုပ် (၁) နှစ်ခွဲ သက်တမ်းသည် လာမည့် နိုဝင်ဘာ (၁၃) ရက်နေ့တွင် ပြည့်မြောက်မည်ဖြစ်ပြီး ယခု ရွေးကောက်ပွဲကို သူမ လွတ်မြောက်ရက် မတိုင်မီ တပတ်အလိုတွင် ကျင်းပရန် စီစဉ်သည့်အပေါ် ဦးဝင်းတင်က ပြောကြားလိုက်ခြင်းဖြစ်သည်။

၎င်းက “ရွေးကောက်ပွဲ လုပ်တဲ့ကာလမှာ ဒေါ်စု အပြင်မှာရှိနေရင် သူတို့အတွက် အန္တရာယ်များတယ် သို့တည်းမဟုတ် အနှောင့်အယှက် ဖြစ်စေနိုင်တယ်လို့ ယူဆလို့ ဒီလိုလုပ်တာလို့ ကျနော် မြင်တယ်။ ဒါက အဓိက အချက်ပဲ” ဟု ပြောသည်။

ပြီးခဲ့သည့် မတ် (၈) ရက်ထုတ် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေတွင် ပါတီထောင်လိုသူများအနေဖြင့် ထောင်ဒဏ်ကျခံနေရသူ မဖြစ်စေရဟု အတိအလင်း ဖော်ပြထားပြီး ထောင်ဒဏ်ကျခံနေရသူများသည် ပါတီဝင်ဖြစ်ခွင့်မရှိဟု နအဖစစ်အစိုးရက ပြဋ္ဌာန်းခဲ့သည်။

ထို့အပြင် ထောင်ကျသူကို ပါတီဝင်အဖြစ်မှ ထုတ်ပယ်ခြင်းမပြုပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်၍ ပါတီကို ဖျက်သိမ်းရမည်ဟုလည်း ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေဖြစ်သူ ဦးဉာဏ်ဝင်းက “လာမယ့် နိုဝင်ဘာ (၁၃) ရက်နေ့ဆိုရင်၊ ဥပဒေအရဆိုရင် ဒေါ်စု ပြန်လွတ်မယ်ပေါ့။ အခုကျခံခဲ့တဲ့ သက်တမ်းကာလတလျှောက်မှာ ဒေါ်စုက ကောင်းကောင်းမွန်မွန်နဲ့ နေထိုင်ခဲ့တယ်။ စစ်အစိုးရက အဲဒီမတိုင်ခင် ကျင်းပတယ်ဆိုတာ ဒီလွတ်ရက်ကို ရှောင်တာ ဖြစ်နိုင်တယ်။ ဒါပေမယ့် သူတို့ဘက်က ဘယ်လိုဆုံးဖြတ်တာလဲတော့ မသိပါဘူး” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ နေအိမ်ခြံဝင်းအတွင်းသို့ ကျူးကျော်ဝင်ရောက်လာသော အမေရိကန်နိုင်ငံသား ဂျွန် ဝီလီယံ ယက်တောကို လက်ခံခဲ့မှုကြောင့် နေအိမ်အကျယ်ချုပ် ဥပဒေဆိုင်ရာ ပြည်တွင်းလုံခြုံရေး ဥပဒေ ချိုးဖောက်မှုဖြင့် နေအိမ်အကျယ်ချုပ် သက်တမ်း (၃) နှစ် ကျခံရန် အင်းစိန် အထူးတရားရုံးက ၂၀၀၉ ခု သြဂုတ် (၁၁) ရက်နေ့တွင် ချမှတ်ခဲ့သည်။

အဆိုပါ တရားရုံးအာဏာ၏ အမိန့်ကို အုပ်ချုပ်ရေးအာဏာဖြင့် ပြင်ဆင်၍ နအဖခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်ဖြင့် နေအိမ်အကျယ်ချုပ် (၁၈) လ ကျခံစေရန် ပြစ်ဒဏ်ကို ပြောင်းလဲချမှတ်လိုက်ခြင်းဖြစ်သည်။

ဦးဉာဏ်ဝင်းက “ဒေါ်စုကို အခုချထားတဲ့ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ (၄၀၁) ဆိုတာက တရားစီရင်ရေးအာဏာ မဟုတ်ဘူး။ အုပ်ချုပ်ရေးအာဏာဖြစ်တယ်။ အာဏာအရ စည်းကမ်းချက် သတ်မှတ်ပြီး နေအိမ်အကျယ်ချုပ် လုပ်ထားတာ ဖြစ်တယ်။ (၄၀၁) က အများဆုံး (၁) နှစ်ခွဲပဲ ကျခံရတယ်။ အခုဟာက ဆိုင်းငံ့အပြစ်ဒဏ် (၁) နှစ်ခွဲက အခြေအနေအရ ကောင်းကောင်းမွန်မွန် နေထိုင်ရင် ဖျက်ချင် ဖျက်လိုက်မယ်။ ဒါမှမဟုတ် ကျန်တဲ့ (၁) နှစ်ခွဲက အစကနေပြန်စပြီ ချရင်လည်း ရတယ်။ (၂) မျိုး ရှိတယ်ပေါ့” ဟု ပြောဆိုသည်။

၁၉၉၀ အထွေထွေရွေးကောက်ပွဲတွင် မဲအပြတ်သတ် အနိုင်ရရှိခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီက လာမည့်ရွေးကောက်ပွဲသည် တရားမျှတမှုမရှိ၊ တဖက်သတ် ရေးဆွဲထားသည့် ဥပဒေများအရ ကျင်းပမည့်ရွေးကောက်ပွဲဖြစ်သဖြင့် ပါဝင်ယှဉ်ပြိုင်မည်မဟုတ်ကြောင်း အတိအလင်း ကြေညာထားသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) မှ တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်ကမူ ဒေါ်အောင်ဆန်းစုကြည်၏ လွတ်မြောက်ရက် အတိအကျကို မသိရှိနိုင်ကြောင်း ပြောကြားသည်။

“ဒေါ်စုကို စွဲချက်တင်တာက ၂၀၀၉ မေလ (၅) ရက်နေ့ကပါ။ မေ (၁၄) မှာ အင်းစိန်ထောင်ကို ခေါ်သွားတယ်။ နောက်ဆုံး ပြစ်ဒဏ်ချတာက သြဂုတ် (၁၁) ရက်နေ့မှာ ချတာဖြစ်တယ်။ ဒါပေမယ့် စစ်အစိုးရက ဘယ်ရက်ကနေ စရေတွက်ပြီး ပြစ်ဒဏ်ချတာ မသိတော့ လွတ်ရက်အတိအကျကို ကျနော်တို့ မသိနိုင်ဘူး။ အခုလိုမျိုး နိုဝင်ဘာ (၇) ရက်မှာ ရွေးကောက်ပွဲလုပ်ရင် ဒေါ်စုကို အဲဒီနောက်ပိုင်းမှ လွှတ်ဖို့ရှိနိုင်တယ်” ဟု ၎င်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အကျဉ်းကျနိုင်ငံရေးသမား (၂,၁၀၀) ကျော်တို့၏ ပါဝင်ခွင့် အခန်းကဏ္ဍကို လာမည့် ရွေးကောက်ပွဲတွင် ကန့်သတ်ထားမည်ဆိုပါက တရားမဝင်သော ရွေးကောက်ပွဲအဖြစ် သတ်မှတ်ရလိမ့်မည်ဖြစ်ကြောင်း အမေရိကန်၊ ဗြိတိန်နိုင်ငံနှင့် အခြားလူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့တို့က ပြောဆိုထားသည်။

0 မြန်မာပြည်သူပြည်သားများကံဆိုးမိုးမှောင်မကျဖို့နအဖရဲ့မတရားသောရွေးကောက်ပွဲအား နည်းမျိုးစုံနဲ့တိုက်ဖျက်ကြစို့

သို့

မြန်မာပြည်သူပြည်သားအပေါင်း

ပြည်တွင်း၊ နယ်စပ်၊ နှင့်နိုင်ငံတကာရှိဒီမိုကရေစီအင်အားစုများအပေါင်းတို့ခင်ဗျား

လေးစားစွာဖြင့်အကြံပြုရေးသားလိုက်ပါသည်။

နအဖကသူတို့ရွေးကောက်ပွဲကို နိုဝင်ဘာ(၇)ရက်နေ့လုပ်မယ်ကြေငြာလိုက်ပါပြီ။

ထိုနေ့ရောက်ရန်ရက်ပေါင်း(၈၅)ရက်လိုပါသေးသည်။

အကြမ်းအားဖြင့် ဘုန်းမော်နေ့မှ တံတားနီနေ့အထိ(၃)ရက်သာကြာခဲ့ပါသည်။

ဇူလိုင်ကျောင်းသားအရေးအခင်းများမှရှစ်လေးလုံးနေ့အထိ(တလ)သာကြာခဲ့ပါသည်။

ဆရာနန္ဒသိန်းဇံပြောသလို ကျနောတို့ရဲစိတ်ဓါတ်အင်အားသာရှိလျှင်မီးခင်းတဲ့ခရောင်းလမ်းကိုတောင်ဖြတ် ကျော်နိုင် ကြမှာသေချာပါတယ်။

ဒါကြောင့်တတ်နိုင်သမျှအစွမ်းကုန်စုစည်းကြ၊ နအဖရွေးကောက်ပွဲကိုနည်းလမ်းပေါင်းစုံ(အနုနည်း၊အကြမ်းနည်း ကြိုက်တဲ့နည်းနဲ့) ဖျက်ဆီးကြ။ ၂၀၀၈ ဖွဲ့စည်းပုံနှင့် ၂၀၁၀ ရွေးကောက်ပွဲဥပဒေများကိုမီးရှို့ဖျက်ဆီးကြ။ လက် နက်ကိုင်တပ်များအားလုံးပြည်သူလှုပ်ရှားမှုနှင့်ပူးပေါင်းပါဝင်တိုက်ပွဲဝင်နိုင်အောင်လက်နက်များကိုအသင့်ပြင် ထားကြ။တတ် နိုင်တဲ့နည်းနဲ့နအဖအမိန့်အာဏာအားလုံးကို မျက်ကွယ်ပြုကြ။ နိုင်ငံရေးပါတီများ ရှဲဒိုးကက်ဘိ နက်များဖွဲ့ထားကြ။ နအဖနဲ့ထိပ်တိုက်မတွေ့လိုသူများရှောင်ရှားကြ၊ အလိမ္မာသုံးကာ ငြင်းဆန်ကြ။ လူထုလူတန်းစားအားလုံးမဖြစ်ဖြစ်တဲ့နည်ဖီဆန်တွန်း လှန် ကြ။ အထွေထွေသပိတ်ကိုဆင်နွဲကြ။ ပြည်ချစ်စစ်သည်များ… စစ်သားအချင်းချင်းစစ်ကျွှန်ဇာတ်သွင်းထားမှုကိုတွန်းလှန်ပုန်ကန်ကြ။ ဗိုလ်ချုပ်ယုတ်များကို ပူးကပ် လုပ်ကြံကြ။ပြည်သူတို့နှင့် ပူးပေါင်း ကြ။ ရောက်လေရာအရပ်မှာနအဖနှင့် နအဖဒေါက်တိုင်များကို ထိပ်တိုက်ရင်ဆိုင်ကြ။

နိုဝင်ဘာ(၇)ရက်၊ ၂၀၁၀ခုနှစ် မှသည်အဆုံးသတ်ပြည်သူ့တိုက်ပွဲဆီသို့တတ်နိုင်သရွေ့ပြင်ဆင်ကြ။

စစ်အာဏာရှင်တွေနဲ့စစ်အာဏာရှင်စနစ်ပြုတ်ကိုပြုတ်ကျစေရမည်။

ဒီမိုကရေစီအောင်ကိုအောင်ရမည်။

ဒီမိုကရေစီတော်လှန်ရေးသစ္စာဖြင့်

ရဲထွဋ်

0 ဘဘဦးတင်ဦးနှင့် ဘဘဦးဝင်းတင်ဦးဆောင် ၍ တာမွေမြို့နယ် NLD အဖွဲ့ဝင်များထဲမှ အကျဉ်းကျနေသောပါတီဝင်များ၏ မိသားစုများကို တွေ့ဆုံ


ယနေ့ ၁၃ ရက် နေ့တွင် ဘဘဦးတင်ဦးနှင့် ဘဘဦးဝင်းတင်ဦးဆောင် ၍ တာမွေမြို့နယ် NLD အဖွဲ့ဝင်များထဲမှ အကျဉ်းကျနေသောပါတီဝင်များ၏ မိသားစုများကို တွေ့ဆုံ၍ အားပေးစကားပြောကြားသည့် ပုံများ

(ဓါတ်ပုံများပေးပို့ လာသော ဒီမိုဝေယံအား ကျေးဇူးတင်ရှိပါသည်)။

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.