Saturday, November 13, 2010

1 ယနေ့တွေ့မြင်ရသောဒေါ်အောင်ဆန်းစုကြည်၏ ပုံရိပ်မြင်ကွင်းများ



Getty Images
"စကားပြောလို့ရအောင် အသံနည်းနည်းလေး တိတ်ပြီး နေပေးကြပါ။ တိတ်တိတ်လေး နေပေးကြမှ ပြောတာကို ကြားရမှာပေါ့။ တကယ်ပြောရမယ့် အချိန်ကျမှ အသံမထွက်ဘဲ မနေကြနဲ့။ နောက်က မကြားရင်လည်း ရှေ့ကလူတွေက နောက်က လူတွေကို ပြန်ပြောပြပေါ့။ အဲဒီလို တစ်ယောက်နဲ့ တစ်ယောက်မျှတတဲ့ စိတ်ထားကြမှပေါ့။ ရှေ့ကလူတွေကလည်း နောက်က လူတွေကို ငဲ့ပြီး တိတ်တိတ်လေး နေမယ်။ အမလေး စစချင်း တကယ်ထဲကို နိုင်ငံရေးသင်ခန်းစာ ပေးနေရတာပဲ။ မတွေ့ရတာလည်း ကြာပြီ ဆိုတော့ ပြောစရာတွေက အများကြီးပဲ။ အခုက အသံချဲ့စက် မရှိလို့ မကြားရဘူး။ အားလုံး ကြားချင်ရင် မနက်ဖြန် ရုံးကိုလာခဲ့။ အသံချဲ့စက်နဲ့ ပြောမယ်"

0 ပြည်သူလူထုကြီးအားနူတ်ခွန်းဆက်နေသောဒေါ်အောင်ဆန်းစုကြည်၏ ရုပ်သံမှတ်တမ်း

0 ဒေါ်အောင်ဆန်းစုကြည်က ပြည်သူလူထုကြီးအားယခုကဲ့သို့နူတ်ဆတ်



မတွှေ့ရတာလည်းကြာပြီဆိုတော့ ပြောစရာတွေကလည်းအများကြီးပဲ.. အသံချဲ့စက်မရှိတော့ အားလုံးတော့ကြားရမှာမဟုတ်ဘူး..
အားလုံးကြားချင်ရင်တော့မနက်ဖြန်ရုံးကိုလာခဲ့.. အသံချဲ့စက်နဲ့ပြောမယ်…
(ထွက်ထွက်ခြင်း အမေစုကိုယ်တိုင်ပြောစကား)

နိုဝင်ဘာလ ၁၄ရက်နေ့ (မနက်ဖြန်) နေ့လည် ၁၂ နာရီတွင် Nld ရုံးချုပ်ရှေ့တွင် အသံချက်စက်နှင့် ပြောမည်ဖြစ်ကြောင်း အန်တီစု ကိုယ်တိုင် ပြောကြားသွားပါတယ်.

ဒေါ်အောင်ဆန်းစုကြည်၏ ပထမဦးဆုံးနူတ်ဆတ်အသံဖိုင်(ဧရာဝတီ)

Daw Aung San Suu Kyi ထွက်ထွက်ခြင်း ပြောသော စကားများ by thargyi74
ဓာတ်ပုံ။ ။ getty images

0 ဒေါ်အောင်ဆန်းစုကြည်လွှတ်မြောက်သွားပါပြီ



ဒီကနေ့လည်းဒေါ်အောင်ဆန်းစုကြည်ကိုစောင့်မျှော်နေသူများ (ဓာတ်ပုံသတင်း)
ဓာတ်ပုံ။ ။ Reuters
ဒေါ်အောင်ဆန်းစုကြည်က နေအိမ်ခြံဝင်းအတွင်းမှနေ၍ အိမ်ပြင်မှ လူအုပ်စုကြီးကို နှုတ်ဆက်စကား ပြောကြားနေပြီ ဖြစ်သည်။

ဗေဒါရောင် ဝမ်းဆက် ဝတ်ဆင်ထားသာ ဒေါ်အောင်ဆန်းစုကြည်မှာ ကျန်းမာရေး ကောင်းမွန်ပြီး လန်းလန်းဆန်းဆန်း ရှိသည်ဟု နားထောင်နေသူ တဦးက မဇ္ဈိမသို တယ်လီဖုန်းမှတဆင့် ပြောပါတယ်။

အနီရောင် ပန်းတပွင့်နှင့် အဖြူရောင် ပန်းတပွင့်တိုကို ပရိတ်သတ်ထဲမှ ပေးလာ၍ ပန်ဆင်ထားသည်။
---------------
ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်လိုက်ပါပြီ။ မြန်မာစံတော်ချိန် ၅ နာရီ ၁၅ တွင် လွှတ်ပေးလိုက်တာ ဖြစ်သည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ်မှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်က ပြောပါတယ်။

နေအိမ်ရှေ့တွင်ပင် လူထုကို စကားပြောရန် ဒေါ်အောင်ဆန်းစုကြည်က စီစဉ်လျှက်ရှိသည်ဟု ဦးဝင်းတင်က ပြောသည်။

အနည်းဆုံး ၄ ထောင်ခန့်ရှိသော စောင့်မျှော်နေသော လူအုပ်ကြီးက ဒေါ်အောင်ဆန်းစုကြည်နေအိမ်ရှေ့ ခြံဝသို့တိုးကာ စောင့်ဆိုင်းနေကြသည်။ ဒေါ်အောင်ဆန်းစုကြည်ကို လူအုပ်စုကြီးက မတွေ့ရသေးသော်လည်း ဒေါက်တာတင်မျိုးဝင်းနဲ့ ဦးဥာဏ်ဝင်းတို့က လူအုပ်စုကြီးကို ထိန်းထားရသည်။

ရွှေဂုံတိုင်ရုံးချုပ်ရှေ့တွင်တော့ လူ ၁ သောင်းကျော်က စောင့်ဆိုင်းနေရာ ဒေါ်စုနေအိမ်ဘက်သို့ စတင်ထွက်ခွာကြပြီ ဖြစ်သည်။

နှုတ်ဆက်စကား ပြောကြားပြီးနောက် ဒေါ်အောင်ဆန်းစုကြည်က နေအိမ် အတွင်းသို့ ပြန်လည် ဝင်ရောက်သွားပြီ ဖြစ်သည်။

ဦးတင်ဦးနှင့် ဇနီးနှင့် ဦးအုန်းကြိုင်တို့လည်း နေအိမ်တွင်းသို့ လိုက်ပါ ဝင်ရောက်သွားသည်။

မနက်ဖြန် မွန်းတည့် ၁၂ နာရီတွင် ရွှေဂုံတိုင် ရုံးချုပ်သို့ လာရောက် တွေ့ဆုံနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က လူအုပ်စုကြီးကို ထဲ့သွင်း ပြောကြားသွားသည်။

မဇ္ဈိမ

0 စည်းလုံးညီညွှတ်တဲ့အမျိုးသားအင်အားစုကြီးတရပ် ဒေါ်အောင်ဆန်းစုကြည်ကိုဗဟိုပြုပြီးတော့ပေါ်ထွက်နိုင်တယ်(လူထုစိန်ဝင်း)


ိDvbမှ ဆက်သွယ်မေးမြန်းချက်အသံဖိုင်ဖြစ်ပါတယ်။

အခုဒေါ်အောင်ဆန်းစုကြည် လွတ်လာတယ်ဆိုတာ အင်မတန်ဝမ်းသာစရာကောင်းတဲ့ မင်္ဂလာရှိတဲ့ သတင်းဖြစ်ပါတယ်။ တစ်တိုင်းပြည်လုံး တင်မကဘူး တစ်ကမ္ဘာလုံးကလည်းပဲ ၀မ်းမြောက်ဝမ်းသာကြိုဆိုကြမှာပါ။ သူအခု လွတ်လာတဲ့အချိန်ဟာ အင်မတန် အချိန်ကောင်းလို့ ဆရာတော့ ယူဆတယ်။ ဒေါ်အောင်ဆန်းစုကြည်လွတ်လာတဲ့ သတင်းဟာ အခြေအနေတွေကို အဆိုးကနေအကောင်းဘက်ကို ပြောင်းသွားနိုင်တဲ့ အခြေအနေမျိုးဖြစ်တယ်။ အခွင့်အရေးကိုသာ ရယူတတ်မယ်ဆိုရင် ဒါဟာတိုင်းပြည်အတွက် အင်မတန်ကောင်းတဲ့ အခွင့်အရေးတစ်ရပ် ဖြစ်နိုင်ပါတယ်။ ဘာကြောင့်လည်း ဆိုတော့အခုလို ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မခံချိမခံသာဖြစ်နေကြတဲ့၊ ရွေးကောက်ပွဲဝင်ခဲ့တဲ့ နိုင်ငံရေးပါတီတွေ၊ တစ်သီးပုဂ္ဂလတွေ၊ မဲဆန္ဒရှင်ပြည်သူတွေအားလုံးဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဗဟိုပြုပြီးတော့ ၀န်းရံပြီးတော့ လာကြပါလိမ့်မယ်။ အဲလိုဆိုလို့ရှိရင် ဒါဟာတိုင်းပြည်အတွက် အင်မတန်အရေးကြီးတဲ့ အမျိုးသားအင်အားစုကြီး တစ်ရပ်ပေါ်ထွန်းပြီးတော့ လာနိုင်တယ်။ ဒီအခွင့်အရေးကို ဒေါ်အောင်ဆန်းစုကြည် ရအောင်ယူစေချင်တယ်။ ဒီအခွင့်အရေးရအောင်ယူပြီးတော့ ခိုင်မာတဲ့ အမျိုးသားအင်အားစုကြီးတစ်ရပ်ကို စုစည်းနိုင်ခဲ့ရင် နောင်ဖြစ်လာမယ့် အစိုးရအနေနဲ့က လွှတ်တော်အတွင်းရော၊ လွှတ်တော်အပြင်ရော အင်အားစုတွေ၊ နိုင်ငံရေးပါတီတွေအပြင် ဒေါ်အောင်ဆန်းစုကြည်ကို ဗဟိုပြုပြီးတော့ ၀န်းရံနေတဲ့ အမျိုးသားအင်အားစုကြီးနဲ့ စကားမပြောဘဲကိုပဲ နေလို့မရဘူးဆိုတဲ့ အခြေအနေမျိုးဖြစ်လာပါလိမ့်မယ်။ အဲလိုဆိုလို့ရှိရင် ဆရာတို့က ဒေါ်အောင်ဆန်းစုကြည်ဟာ အစိုးရနဲ့ဆွေးနွေးပြီးတော့ အစိုးရကလည်းပဲ တကယ်အမျိုးသားအင်အားစုကြီးကို လစ်လျူရှုမထားဘဲ တိုင်းပြည်ကောင်းကျိုးအတွက် ဆွေးနွေးမယ်ဆိုလို့ရင် ဆရာတို့တိုင်းပြည်မှာ ဘယ်တုန်းကမှမရဘူးသေးတဲ့ အမျိုးသားညီညွတ်ရေးကြီး တစ်ရပ်ပေါ်ထွန်းနိုင်ပါလိမ့်မယ်။ တပ်မတော်အတွင်းကလည်း အမျိုးသားညီညွတ်ရေးရယူနိုင်မယ့် အင်အားစုတွေ၊ ငြိမ်းချမ်းပြီး တိုးတက်ချင်တဲ့ အင်အားစုတွေ တပ်မတော် အတွင်းမှာလည်း အများကြီးရှိပါလိမ့်မယ်။ တပ်မတော်အတွင်းက အင်အားစုတွေကလည်း အမျိုးသားညီညွတ်ရေးအတွက် တွန်းအားပေးလိမ့်မယ်လို့ ထင်တယ်။ အဲသလိုဆိုရင် အမျိုးသားညီညွတ်ရေး၊ ငြိမ်းချမ်းရေးဟာ မဖြစ်နိုင်စရာမရှိပါဘူး။ ငြိမ်းချမ်းတဲ့နည်းနဲ့ ပန်းတိုင်ကိုရောက်အောင်သွားနိုင်တဲ့ အခွင့်အရေးကို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အမိအရ ဆုပ်ကိုင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။
လူထုစိန်ဝင်း

0 " ဒေါ်အောင်ဆန်းစုကြည်၏ နှလုံးသားပုံရိပ်များ- ( အပိုင်း ၇ ) ”-
ရေးသူ-(မောင်မောင်ဝမ်း)


(မောင်မောင်ဝမ်း) nov 12,2010

"ကျနော်တို့တတွေ “ည” ဆိုတဲ့ ကာလတစ်ခုကို အချိန်အားဖြင့် အဓိပ္ပါယ်အားဖြင့် လိုသလို ဆွဲယူလို့ မရနိုင်တော့ဘူးလား။ ည ဟာ နေ့ ရဲ့ ရှေ့တော်ပြေး ၊ လေပြေလေညှင်းကလေးကော မဖြစ်နိုင်ဘူးလား။ ည ဟာ အနှုတ်လက္ခဏာ မဟုတ်ဘဲ အပေါင်းလက္ခဏာရဲ့ မိခင် အဖြစ် ကျနော်တို့ ပြောင်းယူလို့ မရနိုင်တော့ဘူးလား။" (ကဗျာဆရာ-ငြိမ်းဝေ )
------------------------------------------
အမိမြန်မာနိုင်ငံရဲ့ဒီမိုကရေစီနဲ့လူ့အခွင့်ရေး ရရှိရေး-အမျိုးသားလွတ်မြောက်မှု့တိုက်ပွဲဟာ သိပ်ကြမ်းတမ်းလှပါတယ်။ ခက်ခဲနက်နဲလှပါတယ်။ အမှောင်ထုအားကြီးလွန်းလှပါတယ်။ ပေးဆပ်မှု့တွေလည်း များလွန်းလှပါတယ်။

အဖိုးတန်သောအရာမှန်သမျှ ခက်ခက်ခဲခဲလုပ်ယူမှ ရတတ်တယ်....ဆိုတဲ့ ဥပဒေသကလည်း ရှိနေတယ်မဟုတ်လား။ အမှောင်ဆုံးသော သန်းခေါင်ဟာ အရုဏ်ဦးဖို့အတွက် နိမိတ်လက္ခဏာရပ်တွေများဖြစ်လာလေလိမ့်မလား။

ဒီလိုနဲ့...တနေ့ ကျနော်အိမ်ကို ပြန်အရောက်ပြီး မကြာခင်မှာပဲ အိမ်ရှေ့ကို ထောက်လှမ်းရေးက ကားတစီးထိုးဆိုက်လာတယ်။ကားပေါ်ကနေ လူ ၃ဦးဆင်းလာပြီး အိမ်ထဲကိုဝင်လာတယ်။ ကျနော်က သိလိုက်ပါတယ် ။ သူတို့ဘယ်သူတွေလဲ ဆိုတာ ။

ကျနော်က အိမ်ရှေ့ဧည့်ခန်းမှာ လူမှု့ဝတ္တရားအရ ဧည့်ခံလိုက်တော့ သူတို့ထဲက တယောက်က မိတ်ဆက်ပေးတယ်၊ တယောက်က ဗိုလ်ကြီးအဆင့်ရှိသူ၊နောက်တစ်ယောက်ကတော့ ဒုတပ်ကြပ်တယောက် ၊ ကျနော့်ကို မိတ်ဆက်ပေးနေသူက ကျနော်နေထိုင်ရာအရပ်မှာ တာဝန်ကျနေတဲ့ နယ်မြေခံ ထောက်လှမ်းရေးတပ်ကြပ်ကြီး။ ကျနော်နည်းနည်းတော့သဘောပေါက်လိုက်တယ် ။ဒါလာဖမ်းတာတော့ မဖြစ်နိုင်သေးဘူး...ဆိုပြီး (ဘာရယ်လို့တော့မဟုတ်ပါဘူး။ ခန့်မှန်းကြည့်မိတာပါ။) အကြီးဆုံးအဆင့်ဖြစ်တဲ့ ဗိုလ်ကြီးဆိုသူက စ ပြောလာတယ်--------။

“မနက်ဖြန်မှာ ကျနော်တို့ လူကြီးက ခင်ဗျားတို့ကျောင်းသားတွေနဲ့တွေ့ချင်တယ်ဆိုပြီး....အကြောင်းကြားလာလို့ ကျနော်တို့ ခင်ဗျားဆီ လာခဲ့တာပါ”။ ပြောပြောဆိုဆိုနဲ့ သူ့ရဲ့လက်ကို ကမ်းပေးတော့ ကျနော်လည်း လက်ဆွဲနှုတ်ဆက်ရင်း ကနေ........

“ ဘယ်သူလဲ.. ခင်ဗျားတို့လူကြီးဆိုတာ ဘယ်သူလဲ” ဆိုတော့......

“ အဲဒါတော့ ကျနော်လည်းမသိဘူး.. ကျနော်တို့တပ်မှုး (ထောက်လှမ်းရေး ၁၆-တောင်ဥက္ကလာပ )ကနေ လွှတ်ပြီး အကြောင်းကြားခိုင်းလိုက်လို့ လာပြောတာပါ”

“ ဒါဆို .. ခင်ဗျားတို့ထောက်လှမ်းရေးတပ်မှုးတော့ မဟုတ်နိုင်ဘူး ”

“ သူတော့ မဟုတ်ပါဘူး … လူကြီးတယောက်တော့ လူကြီးတယောက်ပဲ”

ကျနော်သဘောပေါက်လိုက်ပြီ၊လွန်ခဲ့တဲ့ ၂ ရက်က နအဖဆီ အကြောင်းကြားစာကို ကျနော်တို့တတွေ အန်တီအိမ်ထဲမှာ လုံခြုံရေးတာဝန်ယူထားတဲ့ ထောက်လှမ်းရေးတွေကနေ တဆင့်ပို့ခိုင်းလိုက်တာ အဲဒီကိစ္စပဲ ဖြစ်နိုင်လောက်မယ်။ စိတ်ထဲမှာ ကောက်ချက်ချနေရင်းက…

“ အဲဒါ… ခင်ဗျားတို့ကျောင်းသားတွေ စုစုပေါင်း ၅ ယောက်ကနေ ၁၀ယောက်ထက် မပိုဘဲတွေ့ချင်တယ်တဲ့.. ဖြစ်နိုင်..မဖြစ်နိုင် ကျနော့်ကို အခုအကြောင်းပြန်လို့ရနိုင်မလား”

မိုးကအတော်ကို ချုပ်နေပြီ၊ စီစဉ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်။ တွေ့ရမှာက မနက်ဖြန်ဆိုတော့ သိပ်တော့လွယ်လိမ့်မယ်လို့ ကျနော်မထင်မိ..။

“ မနက်ဖြန်တွေ့ရမယ်ဆိုတာတော့.. သိပ်လွယ်မယ် မထင်ဘူးဗျ.. ။ကျနော်ကျန်တဲ့သူတွေကို လိုက် အကြောင်းကြားရဦးမှာ”

“ဒါဆို ဘယ်နေ့လောက် ဖြစ်နိုင်မလဲ…သိပ်တော့ မခွာနဲ့ပေါ့ဗျာ”

ကျနော်စဉ်းစားကြည့်မိတယ်။ဒီကိစ္စကို ပေါ့ပေါ့လုပ်လို့မဖြစ်၊ ကျနော် လူကြီးတွေနဲ့တိုင်ပင်မှဖြစ်မည်။သို့်မဟုတ်ဘူး ဆိုရင် ကျနော်တို့သမိုင်းကို ထိခိုက်နိုင်သည့်အရာ ဖြစ်နေရင် ဘယ်လို လုပ်မလဲ၊ သူတို့နဲ့ဆက်ဆံရတာ နည်းနည်းတော့ လန့်သည်။အဖမ်းခံရမှာကို လန့်တာတော့မဟုတ်ပါ၊ ကျနော်တို့ သမိုင်းပုတ်မြောင်းထဲ ထိုးကျသွားမှာကို စိုးရိမ်မိသည်။ ထောက်လှမ်းရေးတွေ လုပ်တတ်သည့် အကျင့်ဆိုးတွေကို တွေ့ကြုံဖူးသူတယောက်အနေဖြင့် လွယ်လွယ်နဲ့မဆုံးဖြတ်ရဲ…….။

“ ကျနော် အဆုံးဖြတ်ပေးလို့ မရနိုင်ဘူးဗျ…..။ တိုင်ပင်ရဦးမယ်..။ ဒါတော့ခွင့်ပြုပါ ”

ထောက်လှမ်းရေးအရာရှိ နည်းနည်းတော့ စိတ်ရှုတ်သွားဟန်ရှိတယ်..။ ပြီးမှ သူက..

“ နေဦး.. ကျနော် လူကြီးဆီ လှမ်းသတင်းပို့ မေးကြည့်ဦးမယ် ” ဆိုပြီး ကျနော့် တို့အိမ်ထဲကနေ ကားရပ်ထားတဲ့နေရာကို ထွက်သွားပြီးဖုန်းတလုံးနဲ့ အဆက်သွယ်သွားလုပ်နေတာကို ပြတင်းပေါက်ကနေ လှမ်းမြင်နေရတယ်။နည်းနည်းတော့ကြာတယ် ။ ၁၅ မိနစ်လောက်ရှိမယ်ထင်တယ်။ အိမ်ထဲကျန်ရစ်ခဲ့တဲ့သူတွေကတော့ ဖွင့်ထားတဲ့ တီဗွီ ကို ကြည့်ရင်း စောင့်နေကြတယ်။နောက်ပြန်ဝင်လာပြီး…….

“ သဘက်ခါလောက်တော့ဖြစ်အောင်လုပ်ပေးပါ....တဲ့”
“ ကျနော်ကြိုးစားကြည့်ပါ့မယ်…။ ဒါပေမယ့် အာမ တော့ မခံရဲဘူး ..။ တွေ့မယ် ..မတွေ့ဘူး..ဆိုတာ။ ကျနော်တို့တိုင်ပင်ချင်ပါသေးတယ် ..။ တကယ်လို့ အကြောင်းပြန်ကြားမယ်ဆိုရင်.. ဘယ်လိုလုပ်ရမလဲ ”

“ ဟုတ်ပြီလေ ....ကျနော်တို့ ခင်ဗျားဆီကို လာဆက်သွယ်ပါ့မယ် .. ။ကျနော်တို့ဆီကို အမြန်ဆုံးအကြောင်းပြန်ပေးပါ ”

ပြောပြောဆိုဆိုနဲ့ အရာရှိလုပ်သူက ထပြီး ကျနော်အပါဝင် အိမ်မှာရှိနေတဲ့ သူငယ်ချင်းမိသားစုများကို နှုတ်ဆက်ပြီး ထွက်သွားတော့တယ်။ ကျနော်က သူငယ်ချင်းလုပ်သူနဲ့မိသားစုကို မှာထားရတယ်။တကယ်လို့ သူတို့ ဒီကိုလာပြီး ဆွေးနွေးတာတို့ ......စကားပြောတာတို့ကို မှတ်ထားပေးဖို့ ၊ အဲသလိုမဟုတ်ရင် သူတို့က ပြင်ပမှာ မဟုတ်မဟတ်တွေ ပြောဆိုလာရင် အခက်ကြုံမှာ ကြောက်ရလို့ သက်သေထူထားတာပါ။

ဒီလိုနဲ့ နောက်ရက်မှာပဲ ကျနော်တို့ကျောင်းသားများနဲ့ဆုံတွေ့ပြီး နအဖ ထောက်လှမ်းရေးအရာရှိရဲ့ကမ်းလှမ်းချက်ကို တင်ပြတိုင်ပင် ဆွေးနွေးကြတယ်။ အားလုံးကတော့ သွားရောက်တွေ့ဆုံဖို့ ကို သဘောတူခဲ့ကြပြီး ၊ ဆက်လက်ပြီးတော့ အန်တီစုအပါဝင် လူကြီးတွေနဲ့ဆက်လက်တိုင်ပင်ဖို့ ကိုပါ စီစဉ်ခဲ့ကြတယ်။ အန်တီစုအပါဝင် NLD က လူကြီးတွေနဲ့တွေ့ဆုံတော့ အားလုံးက သွားရောက်တွေ့ဆုံဖို့ ကို အားပေးခဲ့တယ်။ အန်တီစုကတော့-----

“ အန်တီတို့တောင် တွေ့ဆုံဆွေးနွေးဖို့ အမြဲတောင်းဆိုနေတာပဲ …။ အခုလို သားတို့ကို တွေ့ဖို့ ကမ်းလှမ်းချက်အတွက် သွားသင့်ပါတယ်…။ဘာပဲဖြစ်ဖြစ် အကျိုးအကြောင်း သိရတာပေါ့ ”

ကျနော် ညနေဘက် နေတော်တော်စောင်းလို့ အိမ်ပြန်သွားတော့ နယ်မြေခံထောက်လှမ်းရေးတပ်ကြပ်ကြီးက အိမ်မှာ အဆင်သင့်စောင့်နေတယ်..။ ကျနော်က အကျိုးအကြောင်းကို ရှင်းပြပြီး ကျနော်တို့ကျောင်းသားများ လာခေါ်ဖို့ ကိုပါ စီစဉ်ခိုင်းတော့ သူက ..” အားလုံးစီစဉ်ပေးမယ့်အကြောင်း” ပြောပြီးပြန်သွားခဲ့တယ်။

ကျနော့်ရဲ့စိတ်ထဲမတော့ မယုံရဲယုံရဲ နဲ့ အကောင်းဘက်ဖြစ်ပါစေလို့ပဲ မျှော်လင့်ရင်း ..။
နောက်တနေ့မှာတော့ ကျနော်တို့ကို သတ်မှတ်ထားတဲ့နေရာမှာ သူတို့ ကားနှစ်စီးနဲ့လာကြိုတယ်။ တစီးက ကျနော်တို့ကို ခေါ်သွားတဲ့ကားဖြစ်ပြီး နောက်တစီးကတော့ ထောက်လှမ်းရေးအမှတ် ( ၁၆ ) က တပ်မှုးစီးလာတဲ့ကား။ သူက ကျနော်တို့ကားရဲ့ရှေ့ဘက်ကနေ မောင်းရင်း.. သွားနေတာကတော့ မြို့ထဲဘက်ပဲ..။ ဘယ်ကိုသွားနေတာလဲဆိုတာ ကျနော်တို့လည်း တိတိကျကျ မသိဘူး..။နောက်တော့မှ.. ၀န်ကြီးများရုံးထဲကို ထိုးဝင်သွားတယ်။ အဲဒီဝန်းထဲရောက်တော့ ထောက်လှမ်းရေး ဘာရုံးလည်း မသိဘူး ။နည်းနည်းတော့အဆောက်အဦက ကြီးတယ်.. ။ ကျနော်တို့ကို ကားပေါ်က ဆင်းခိုင်းပြီး..”ပါလာတဲ့အိတ်တွေ၊ စာအုပ်တွေကို အပြင်မှာ ထားခဲ့ဖို့ ” ပြောတယ်။ နောက် အစည်းဝေးခန်းမလို (အခန်းကို လေးထောင့်စားပွဲ ပုံစံ ပတ်လည်ခင်းထား)နေရာကို ရောက်တော့ ကျနော်တို့ကို ထိုင်ခိုင်းလိုက်တယ်။ ကျနော်တို့ကို စားပွဲရဲ့တဘက်မှာ တန်းစီပြီး ထားတယ်။ပြီးတော့ ထောက်လှမ်းရေး ဗိုလ်ကြီးလုပ်သူက ကျနော်တို့ထဲက ပါလာတဲ့သူတွေရဲ့ နာမည်ကို တယောက်ချင်းစီ လိုက်မေးပြီး... သူ့ရဲ့မှတ်စုစာအုပ်လေးထဲမှာ ရေးမှတ်တယ်..။

သိပ်မကြာခင်မှာပဲ .. အရပ်ဝတ် အရပ်စား လူ၅ ယောက်လောက် ၀င်လာပြီး အအေးပုလင်းတွေနဲ့၊ ကိတ်မုန့်တွေ သယ်လာပြီး.. ကျနော်တို့ကို တည်ခင်းကျွေးမွေး.. သူတို့ အားလုံးကလည်း ကျနော်တို့ကို ပြုံးပြုံးရွှင်ရွှင်နဲ့ ဆက်ဆံနေလေတော့.. ကျနော့်စိတ်ထဲမှာ ” အခြေအနေကတော့ သိပ်မဆိုးဘူး ” လို့ကောက်ချက်ချမိတယ်..။ ကျနော်က ဘေးနားမှာရှိတဲ့ ကျောင်းသား ခင်မောင်သိန်း ( NLD-ကိုကိုးကျွန်း လွှတ်တော်ကိုယ်စားလှယ် ဦးလှသန်း သား ) ကို တိုးတိုးလေး ကပ်ပြောတယ်…။

“ ဟေ့ကောင် ...အကုန်စားကွ…။ ထောက်လှမ်းရေးက ဒီလိုကျွေးတာ စားရခဲတယ်” ဆိုတော့ -ဘေးတဘက်က ကျောင်းသူတဦးက လက်ညှိုးလေးကို ပါးစပ်နားမှာကပ်ပြီး……

”ရှုး..တိုးတိုး.. အခန်းထဲမှာ အသံဖမ်းစက်တွေ တပ်ထားရင်တပ်ထားမှာ ။ သိပ်စကားမပြောနဲ့တော့ ”
ဆိုတော့မှ ကျနော်တို့လည်း ချကျွေးတာတွေကို စားနေချိန်မှာပဲ.. ကင်မရာတွေ ကိုင်လာတဲ့လူတချို့ အခန်းထဲ ၀င်လာတယ်..။

ကျနော်တို့စားသောက်နေတဲ့ပုံတွေကို..တဖျန်းဖျန်းနဲ့ ဓါတ်ပုံရိုက်ယူတော့တာပဲ..။ဘာတွေလုပ်ကြမှန်းတော့ မသိသေးဘူး။ ဓါတ်ပုံရိုက်သူတွေ ထွက်သွားပြီး ခဏလေးအကြာမှာပဲ အခန်းထဲကို ယူနီဖောင်းနဲ့လူကြီးလို့ပြောတဲ့သူ ၀င်လာတယ်။ ထောက်လှမ်းရေးတပ်မှုးရယ်၊ ဗိုလ်ကြီးရယ်က ထ အလေးပြု နေချိန်မှာ.... ကျနော်အကဲခပ်လိုက်တော့.. အဆင့်က ဗိုလ်မှုးကြီးအဆင့် ။ ကျနော်က လူပုဂ္ဂိုလ်ကို သေသေချာချာ မသိဘူး ။ သူက စားပွဲထိပ် တည့်တည့်မှာ နေရာယူအပြီး ထောက်လှမ်းရေးက ဗိုလ်ကြီးက ကျနော်တို့တယောက်ချင်းစီရဲ့နာမည်ကိုခေါ်ပြီး အဲဒီ ဗိုလ်မှုးကြီးနဲ့ မိတ်ဆက်ပေးတယ်။

ကျနော်တို့ကို မိတ်ဆက်ပေးပြီးမှ.. သူကပဲ..” ဒါကတော့ ဗိုလ်မှုးကြီးသန်းထွန်း ပါ ” ဆိုတော့မှ ကျနော်လည်း သိတော့တယ်။ ဗိုလ်ချုပ်ခင်ညွန့်ရဲ့လက်ရုံး (သူ့ ရာထူး တိတိကျကျတော့ ကျနော်လည်း မသိဘူး).. ပြီးတော့ သူ့ရဲ့ရင်ဘတ်မှာလည်း အမျိုးသားညီလာခံကိုယ်စားလှယ်ဆိုတာကြီးလည်း တပ်လာသေးတယ်ဗျ။ သဘောကတော့ ၀တ်စုံပြည့်၊တာဝန်ပြည့်သဘော။ ကျနော်တို့အားလုံးကို တချက်ဝှေ့ကြည့်ပြီး..ပြုံးပြတယ်..။ ပြီးမှ သူ့ရှေ့မှာတင်ထားတဲ့ ယူလာတဲ့ မှတ်စုစာအုပ်လေးကိုဖွင့်ရင်း………

“ ကျနော် ဖတ်ပြတာလေး သေသေချာချာနားထောင်ပေးပါနော် ” ဆိုပြီး......

” မကြာသေးမှီက ကျောင်းသားများရဲ့ကမ်းလှမ်းဖိတ်ခေါ်ချက်ကို သိရှိရတဲ့အကြောင်း..၊ အဆိုပါ ကမ်းလှမ်းချက်ကို လက်ခံရန်မှာ အချိန်ကာလအားဖြင့် စောနေသေးကြောင်း..၊ အခြေနေတရပ်ကိုစောင့်ကြည့်ရန်လိုနေသေးကြောင်း ...” စသဖြင့်စာအုပ်လေးကို ကြည့်ပြီးဖတ်ပြပါတယ်။

“ ကျနော် ပြောတာရှင်းရဲ့လား မသိဘူး ” ဆိုတော့ ကျနော်တို့အားလုံးက ”ရှင်းတဲ့အကြောင်း”ပြန်ပြောလိုက်တယ်။ စိတ်ထဲမတော့ ”ဒါလေးဖတ်ပြတာများ စာအုပ်ဖွင့်ဖတ်လုပ်နေရသေးတယ်၊ဒီအတိုင်း ပါးစပ်က ပြောလည်း ရနေရဲ့သားနဲ့။”လို့ ပြောမိတယ်။

ပြီးမှ ဗိုလ်မှုးကြီးသန်းထွန်းက ကျနော်တို့ကို .. “ဘာများပြောချင်သေးလဲ”ဆိုတော့.. ကျနော်တို့လည်း တယောက်ချင်းစီ ပြောတော့တာပဲ…။

ကျနော်တို့လုပ်ဆောင်နေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းစဉ်ကို ကျနော်ကရှင်းပြတယ်.. ။ကျနော်တို့ထဲက ကျောင်းသူ ခင်လေးငယ်နဲ့ အေးအေးခိုင် တို့ကလည်း အန်တီစုရဲ့ယနေ့ရပ်တည်ချက်၊သဘောထားတွေကို ပွင့်ပွင့်လင်းလင်းချပြကြတယ်။ သူကတော့ သိပ်ပြန်မပြောပါဘူး၊နားပဲထောင်နေတယ်။ ကျနော်တို့ ဗိုလ်မှုးကြီးသန်းထွန်းနဲ့စုစုပေါင်းဆွေးနွေးချိန် နာရီဝက်သာသာပါပဲ။နောက်တော့ပြန်လာခဲ့ကြတယ်။

ကျနော်တို့ကိုပြန်ပို့တော့ ထောက်လှမ်းရေးဗိုလ်ကြီးလုပ်သူက လိုက်ပို့ပေးတယ်။သူက ကျနော်တို့သဘောမနောကို သိနေလို့လားမသိဘူး၊” အန်တီစုအိမ်ဘက်လိုက်ပို့ပေးရမှာ မဟုတ်လား“ ဆိုတော့.. ကျနော်တို့က တပြိုင်နက်ထဲ ခေါင်းငြိမ့်လိုက်ကြတယ်။

အန်တီစုအိမ်ရောက်တော့ အဆင်သင့်ပဲ ကျန်တဲ့လူကြီးတွေဖြစ်တဲ့.. ဦးအောင်ရွှေ၊ဦးတင်ဦး၊ ဦးကြည်မောင်တို့နဲ့ပါတွေ့တော့ အကျိုးအကြောင်းကို တင်ပြကြတယ်။ အန်တီကတော့…

“ သားတို့အနေနဲ့ လုပ်စရာရှိတာတွေ လုပ်ခဲ့ပြီးပြီပဲ.. ကိုယ့်တာဝန်ကျေတာပေါ့.. ကိုယ်ကလည်း ကိုယ်လုပ်စရာရှိတာ ဆက်လုပ်ပေါ့ ”

ကျနော့်ရင်ထဲမတော့ နည်းနည်း စိုးထိတ်မိတာ ရှိတယ်..။
အထူးသဖြင့် ကျနော်တို့ နိုင်ငံရေးလောကမှာက အဲသလို နအဖ က ပုဂ္ဂိုလ်တွေနဲ့ ထိတွေ့ဆက်ဆံလာပြီဆို ၀ိုင်းဆော်ပလော်တီးခံရတာတွေက ရှေ့မှာ သင်ခန်းစာတွေက ရှိနေလေတော့…ကျနော်က ဖွင့်ပြောမိတယ်။

“ အန်တီ အပါအ၀င်..ဘဘ တို့ကို ကျနော်တို့ အသိပေးထားချင်ပါတယ်..။ အဲဒါဘာလဲဆိုတော့ ကျနော်တို့ အခုလုပ်ဆောင်နေတဲ့ ကိစ္စရပ်တိုင်းကို ရိုးသား ပွင့်လင်းစွာလုပ်ကိုင်နေပါတယ် ...ဆိုတဲ့အကြောင်းကို လူကြီးတွေ သက်သေထား အသိပေးထားချင်ပါတယ်” ..

ဦးတင်ဦးက ချက်ချင်းပဲ....... “ ဘဘတို့သိပါတယ်.. သားတို့စိတ်မပူပါနဲ့ ”

ဒီလိုပြောလိုက်တော့မှ ကျနော်တို့စိတ်သက်သာရာ ရခဲ့တယ်။ ပွင့်ပွင့်လင်းလင်းပြောရရင်.. ကျနော့်ကို မကျေနပ်လို့ နအဖက ထောင်ချပစ်လိုက်မှာထက် ....မိမိ ဒီမိုကရေစီ အင်အားစုတွေက အထင်မှား ဆန့်ကျင်မှာ ကို အကြောက်ဆုံးပါ။ တကယ်လည်းကြုံတွေ့ရတာပါပဲ၊ နောက်ရက်မှာပဲ စာတွေဖြန့်တယ်၊ အဲဒီစာတွေက ”ကျနော်တို့ လုပ်ဆောင်နေတဲ့ကိစ္စတွေဟာ သစ္စာဖောက်လုပ်ရပ်တွေဖြစ်ကြောင်း၊ ကျနော်တို့ကို ၀ိုင်းဝန်းဆန့်ကျင်ကြဖို့” ဆိုပြီး လုပ်ဆောင်လာတော့ ကျနော်တို့ တော်တော်စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ ဘာတတ်နိုင်မှာလည်းလေ.. အန်တီပြောခဲ့တဲ့စကားအတိုင်းပဲ..
” ရည်ရွှယ်ချက်နဲ့လုပ်ဆောင်ချက်ကောင်းမွန်ရင် တနေ့တော့ နားလည်လာကြမှာပါ ” ဆိုတဲ့ စကားကိုပဲ နှလုံးသွင်းရင်း ဖြေသိမ့်ခဲ့ရပါတယ်။

-----------------------------------------------------
”မျှော်လင့်ချက်ဆိုသည်မှာ ဘယ်တော့မှ အချည်းအနှီး မဖြစ်။ မနက်ဖြန်အထိ ဆက်လက် အသက်ရှင်နိုင်ဖို့ လူတစ်ယောက်ကို အဓိက တွန်းအားပေးသည့် ခွန်အားမှာ မျှော်လင့်ချက်သာ ဖြစ်သည် မဟုတ်လား။ ” ( စာရေးဆရာမ - ဂျုး )
------------------------------------------------------
အဲဒီနေ့က ၁၉၉၅ ခုနှစ် အောက်တိုဘာလ ( ၁၀ )ရက် သီတင်းကျွတ်လပြည့်နေ့ ၊
မြန်မာ ဓလေ့ထုံးလမ်းစဉ်လာမှာတော့ အနန္တော အနန္တ ( ၅ )ပါး အပါဝင် လူကြီးသူမ ဆရာသမား များကို လက်ဆယ်ဖြာမိုး ရှိခိုး ကန်တော့ကြတဲ့နေ့လည်းဖြစ်တယ်။ ဒီလိုရှိခိုး ကန်တော့ကြခြင်းဟာ မြန်မာ့ရိုးရာအစဉ်လာပါ၊ လက်နှက်ချခြင်းမဟုတ်၊အညံ့ခံခြင်းမဟုတ်၊ အောက်ကျခံခြင်းမျိုးလည်း မဟုတ်ပါ၊ ကျနော်တို့ စီစဉ်ခဲ့တဲ့ ဂါရ၀ပြုပွဲဆိုတာ သာမန်ကြည့်မယ်ဆို ဒီလောက်ပါပဲ ၊

ဒါပေမယ့် ရင်ထဲမှာရှိနေကြတဲ့ ရည်ရွှယ်ချက်တွေလည်း ရှိနေပါသေးတယ် ။ ဒါကတော့ သင့်မြတ်ခြင်းမှသည် ပူးပေါင်းဆောင်ရွက်လုပ်ကိုင်နိုင်သော အမျိုးသားပြန်လည်သင့်မြတ်ရေးဆီကို ဦးတည်ပါတယ်။
အန်တီစု ခြံဝန်းအတွင်းမှာ မြို့နယ်အသီးသီးက လူငယ်တွေဆောက်လုပ်ပေးထားတဲ့ မဏ္ဍပ်ကြီးကတော့ အဲဒီနေ့မှာ တင့်တင့်တယ်တယ် ကြွားကြွားဝံ့ဝံ့၊

ပထမဦးဆုံး ကျင်းပပြုလုပ်ခဲ့တဲ့ အခမ်းအနားဆိုလည်း မှန်ပါတယ်။ ကျနော်တို့အားလုံး တတ်နိုင်သလောက် တာဝန်ကျေပွန်စွာ ဖိတ်ခေါ်ခဲ့ပါတယ်။ ပထမဦးဆုံးကျင်းပမယ့် အခမ်းအနားဆိုတော့ နည်းနည်းတော့ ရင်ခုန်ပါတယ် ။ ဘာဖြစ်လို့လည်းဆိုတော့ ဒီအခမ်းအနားကို အောင်အောင်မြင်မြင် ဖြစ်စေချင်တာ အမှန်ပါ၊ အဲဒီကာလက အခြေနေကလည်း သိပ်အကောင်းချည်းမဟုတ်သေးတော့ ...ရန်စွယ် အန္တရာယ်တွေကိုလည်း စိုးရိမ်ရပါတယ်။

အန်တြီ့ခံဝန်းထဲမှာ ကျင်းပမယ့် ပထမဆုံးအခမ်းအနားကို မပျက်ပျက်အောင် လာဖျက်နိုင်မယ့် အရာတွေကိုလည်း ကြိုတွေးပြီး ကြိုစီစဉ်နိုင်အောင် ဖန်တီးထားရပါတယ်။ လုံခြုံရေးကို ပါတီလူငယ်တွေနဲ့ ကျနော်တို့ကျောင်းသားတွေပဲ ယူခဲ့ပါတယ်။ အန်တီစု ခြံဝန်း တံခါးပေါက်ကြီးကို ဒိုးယိုပေါက် ဖွင့်လိုက်ပါတယ်။ အန်တီစု လုံခြုံရေးကို တာဝန်ယူပေးနေတဲ့ ထောက်လှမ်းရေးတွေကို အဲဒီနေ့မှာပဲ မေတ္တာရပ်ခံပြီး ”တနေ့တာ အတွက် ကျနော်တို့ တာဝန်ယူပေးမယ့် အကြောင်း ” ကို သဘောတူညီချက်ရအောင် ဆွေးနွေးခဲ့တာ အဆင်ပြေခဲ့ပါတယ်။ (အန်တီက ထောက်ခံပြောဆိုတာလည်း ပါတာပေါ့လေ၊)

အခမ်းအနား ကျင်းပမယ့် ခန်းမရဲ့ရှေ့ဘက်မှာတော့ ကြိုဆိုရေးနဲ့ မှတ်တမ်းဌာန ဖွင့်ထားပါတယ်။ မှတ်မှတ်ရရ ကျနော့်ရင်ထဲမှာ မမေ့နိုင်တဲ့ မှတ်တမ်းလေးတစ်ခုကတော့ ...ဆရာမောင်လင်းယုန် ( ရှမ်းပြည်) ရေးပေးသွားတဲ့
ဆရာကြီး မင်းသုဝဏ်ရဲ့ ကဗျာလေးပါ---။

" ဒေါင်းပျိုထိုးဆွတ် ၊ ဘယ်ညာခွပ်၍
လွတ်လပ်ရလေ၊တို့တတွေသည်
အိုးဝေ ကျေးဇူးပါတကား။"
.....တဲ့၊
-----------------------------------------------------------------------------
တက်ရောက်လာကြတဲ့ လူကြီးတော်တော်များများ မှတ်တမ်းတွေ ရေးပေးကြပါတယ်။ (အန်တီစု အပါအ၀င်ပေါ့လေ၊) တက်ရောက်လာကြတဲ့ လူကြီးတွေ တော်တော်များများရှိပါတယ်။ မှတ်မိသလောက်ဆို အယောက်( ၆၀ ) နီးပါးတော့ ရှိမယ်ထင်ပါတယ်။ ထူးခြားတာက ထင်ရှားတဲ့စာရေးဆရာကြီး နန်းညွန့်ဆွေ ၊ မြသန်းတင့်နဲ့ ဆရာအောင်သင်းကိုပါ ဖိတ်ကြားခဲ့ပါတယ်။ ဆရာကြီးတွေကလည်း တက်ရောက်ပေးပါတယ်။ အမျိုးသမီးထဲကတော့ လူကြီးပိုင်းက ဆရာမကြီး ဒေါ်ကြည်ဦး(ကိုဇာဂနာ့ အမေ) နဲ့ ဒေါ်ကြည်ကြည် ရယ်။နောက်နှစ်ယောက်ကတော့ အန်တီစု နဲ့ ဒေါ်ချိုချိုကျော်ငြိမ်း= ပေါင်း လေးဦးပဲ ရှိပါတယ်။

ရာသီဥတုကလည်း အဲဒီနေ့က တော်တော့်ကို သာသာယာယာ ရှိခဲ့တာ ဆုတောင်းပြည့်ခဲ့သလား ထင်ရလောက်အောင်ပါ၊ ကုက္ကိုင်း လမ်းမကြီးပေါ်က အန်တီစုရဲ့ ခြံဝန်းရှေ့မှာရော ၊ ခြံတွင်းမှာရော ပရိသတ်တွေအပြည့် ။ ကားတွေ အစီအရီ ၊ပြန်စဉ်းစားကြည့်မိတိုင်း အောက်မေ့ သတိရစရာတွေ ...ရင်ထဲဝင်ရောက်လာပါတယ်။ အခုချိန်မှာ အဲဒီလူကြီးတွေထဲက တချို့ဆို ကွယ်လွန်သွားကြပါလေပြီ၊

စိတ်မကောင်းစရာမြင်ကွင်းတခုကလည်း ရှိသေးသဗျ ။ အန်တီ့ ခြံဝန်းထိပ်နားက အဆောက်အဦငယ်လေးမှာ အမြဲနေရာယူထားတဲ့ ထောက်လှမ်းရေးတွေက သူတို့ထိုင်နေကျ နေရာလေးမှာ ငုတ်တုတ်ကလေးတွေ ထိုင်နေကြတော့ ..၀င်လာကြတဲ့ ပရိသတ်တိုင်းက သူတို့ကို ကြည့်သွားကြလေတော့.. ပရိသတ်ရဲ့အကြည့်ကို သူတို့ အကြည့်မခံနိုင်လောက်အောင် ထိတ်လန့်သွားခဲ့ပုံရပါတယ်။နောက်ဆုံး ဘယ်လိုမှ နေလို့မရလောက်အောင်ကို ဖြစ်လာကြလို့ ထင်တယ်။ထောက်လှမ်းရေးတွေဟာ သူတို့အိမ်ငယ်လေးထဲ ပြေးဝင်သွားရလောက်အောင်ပါပဲ။ (တူသောအကျိုးပေးဆိုတာ ဒါမျိုးများလား။)

ဦးခွန်ထွန်းဦးကတော့ သူတို့ရဲ့ရိုးရာ တိုင်းရင်းသားဝတ်စုံအပြည့်နဲ့ လာတာကို တွေ့လိုက်ရတယ်။ တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က လူကြီးတွေလည်း အသီးသီး ၊ ဗိုလ်ချုပ်ရဲ့အပါးတော်မြဲ (ဗိုလ်ထွန်းလှ ( တက္ကသိုလ်နေ၀င်း ) ရယ် ...ဗိုလ်မင်းလွင် ရယ်၊) ၂ ဦးလုံး ရောက်လာတယ် ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပါတီဝင်တွေနဲ့လူငယ်တွေကလည်းအပြည့် ၊ သူတို့ကတော့ပျော်နေကြတယ်။ နောင်ဆို အခမ်းအနားတွေ ၊ နိုင်ငံရေးပွဲတွေကို လုပ်မယ်ဆို ပူစရာမလိုတော့ဘူးလေ ၊ အန်တီ့ ခြံဝန်းအတွင်းမှာ အဆင်ပြေသွားပြီ၊ နိုင်ငံရေးလောကမှာ အတန်ငယ်ပျောက်နေတဲ့ သူတွေကိုလည်း ပြန်တွေ့ရတယ်။

အခမ်းအနား စတော့ လူကြီးတွေက စင်မြင့်ပေါ်မှာ နေရာယူပေးတယ်။ အန်တီရယ်၊ ဒေါ်ချိုချိုကျော်ငြိမ်းရယ် နှစ်ယောက်ကတော့ ကျနော်တို့ကျောင်းသား၊လူငယ်တွေနဲ့အတူပဲ နေရာယူပြီး လူကြီးတွေကို ကန်တော့တယ်၊ ပြီးမှ ကျောင်းသားတွေ ၊ လူငယ်တွေက သူတို့နှစ်ဦးကို ကန်တော့ကြတယ်။ စိတ်ချမ်းမြေ့စရာ အကောင်းဆုံးနဲ့ ပျော်စရာအကောင်းဆုံးမြင်ကွင်းတခုက.. ကျနော်က လူကြီးတွေ တစ်ယောက်ချင်းစီကို နာမည်ခေါ် မိတ်ဆက်ပေးတော့ တစ်ယောက်ခေါ်လိုက်တိုင်း... မတ်တပ်ရပ်ပြတဲ့လူကြီးက မတ်တပ်ရပ်ပြ၊ ထိုင်ရာက လက်ထောင်ပြတဲ့လူကြီးက လက်ထောင်ပြပေါ့ ၊

ဆရာကြီးမင်းသုဝဏ်ကို နာမည်ခေါ် မိတ်ဆက်ပေးတော့ ဆရာကြီးက သိဟန် မတူဘူး။ အဲဒါ ဘေးမှာရှိတဲ့ ဗိုလ်မှုးအောင်က လက်တို့လိုက်မှ လက်ညှိုးလေးထောင်ပြတယ် ။( အတန်းထဲမှာဆရာမက နာမည်ခေါ်လို့ လက်ညှိုးထောင်ပြတဲ့ ပုံသဏ္ဍာန်မျိုးလေး။) လူထုက သဘောကျလွန်းလို့ ရီလိုက်ကြတာ၊ တခါ ဗိုလ်မှုးအောင်ကို မိတ်ဆက်ပေးပြန်တော့ ဗိုလ်မှုးအောင်က မသိလိုက်ပြန်ဘူး။ ဘေးကလူက လှမ်းပြောမှ လက်ထောင်ပြတယ်။ လူကြီးတွေအားလုံးလည်း ပျော်ရွှင်နေပုံရတယ်။ သခင်ချစ်မောင်က ဆုတောင်းစကားကို ပြန်လည်ပြောကြားပေးတယ်။

မှတ်မှတ်ရရ ဖြစ်သွားတာလေး တခုလည်းရှိသေးတယ်.. ။ ဒါက ဆရာအောင်သင်းကို ကျနော်တို့က စကားပြောပေးဖို့  မေတ္တာရပ်ခံလို့ ဆရာက စကားပြောပေးတယ်..။ စစချင်း ဘာပြောသလဲ ဆိုတော့……

“ ငါ လူငယ်တွေ၊ကျောင်းသားတွေကို သနားတယ်ကွာ ..။ တကယ်တော့ မင်းတို့တတွေဟာ.. စာသင်ရမယ့် အချိန်မှာ စာမသင်နိုင်..။ တိုင်းပြည်တာဝန်တွေကို မနိုင့်တနိုင်ထမ်းပိုး .. ထောင်တွေတန်းတွေကျကြ၊ အနှိပ်စက်တွေခံရ .. ငါ့ရင်ထဲ မချိဘူး …။ အဲဒါဘာဖြစ်လို့ .. ဒီလိုဖြစ်ရတာလည်း.. သိလား.. မှတ်ထားကွ.. ငါ အပါဝင် ( စင်မြင့်ပေါ်ကလူကြီးတွေကို လက်ညှိုးထိုးပြပြီး ) ဒီလူကြီးတွေ မကောင်းခဲ့လို့ ....ညံ့ခဲ့ကြလို့ ...ဒီလိုဖြစ်တာကွ ” ဆိုတော့ စင်မြင့်ပေါ်မှာရှိနေတဲ့လူကြီးတွေ ရိုးတိုးရွတ... လှုပ်စိလှုပ်စိတွေဖြစ်ကုန်တယ်။ နောက်ဆက်ပြောသေးတယ်…။

“ ရှင်ဘုရင်ဆိုတာလည်း.. ရှင်ဘုရင်အလုပ်ကို လုပ်ရတယ်… တနေ့ သက်ဦးဆံပိုင်ဘုရင်တပါးက တိုင်းခန်းလှည့်လာတော့ အမျိုးသမီးတယောက်က မန်ကျည်းပင်ပေါ်မှာ အရွက်နုလေးတွေ တက်ခူးနေတယ်လေ.. ။အဲဒါကို တယောက်လှမ်းပြောတယ်..။” ဟဲ့.. ရှင်ဘုရင်ကြွလာပြီ.. သစ်ပင်ပေါ်က ဆင်း ” ဆိုတော့ .. သူကပြောတယ်..” ရှင်ဘုရင်..ရှင်ဘုရင် အလုပ်လုပ်..မကျည်းရွက်သည်က မကျည်းရွက်သည်အလုပ် လုပ်မယ် ...” တဲ့ ။

နားထောင်နေကြတဲ့ ပရိသတ် လက်ခုပ်သံတွေ ညံသွားတယ်။ ( နောင်အခါမှတော့ ဆရာအောင်သင်းက ကျနော်နဲ့တွေ့တဲ့အခါ ပြောပါတယ်.. ။
"ငါ့ကို ဒီလိုအခမ်းအနားတွေမှာ စကားပြော မခိုင်းပါနဲ့ကွာ..."တဲ့။ ..”ငါကလည်း မှန်တာတွေပြောမိရင် .. ငါ့ကို အတော်အမြင်ကပ်ကြမှာကွ...”တဲ့ …။ )
တကယ်လည်း အမြင်ကပ်ခံခဲ့ရပါတယ်..။ ကျနော်လူကြီးအချို့နဲ့တွေ့တဲ့အခါမှတော့ ”နောက်တခါ ဆရာအောင်သင်းလို လူမျိုးတွေကို အခမ်းအနားဖိတ်ခေါ်မယ်ဆို သူတို့မလာနိုင်ဘူး..”ဆိုပြီး ပြင်းထန်စွာ ကန့်ကွက်ပါတော့တယ်….။


အန်တီကတော့ လူငယ်တွေရဲ့အခန်းကဏ္ဍကိုပဲ ရှေ့တန်းတင် ပြောဆိုသွားပါတယ်။
” လူငယ်တွေဟာ တိုင်းပြည်မှာအရေးကြီးတဲ့အကြောင်း၊ သူ့အနေနဲ့ လူငယ်တွေကို အားကိုးတဲ့အကြောင်း ” ပြောသွားတယ်။

အခမ်းအနားပြီးတဲ့ အချိန်မှာတော့ ဆရာအောင်သင်းက ကျနော့်ကိုပြောတယ်..။
” ဟေ့ကောင်.. ငါ မစုနဲ့တွေ့ချင်တယ်ကွာ ” ဆိုလို့ ကျနော် အန်တီစု ရှိရာကို ဆရာ့ကို ခေါ်သွားပြီး တွေ့ဆုံပေးတော့…

“ မစု.. ကျနော့်ကိုသိလား ”

ဆရာအောင်သင်းက သူ့ရဲ့မျက်မှန်ကိုင်းလေးကို မ တင်ရင်း မေးလိုက်တယ်။

“ ဆရာ့လို လူမျိုးကို ကျမ မသိလို့ ဘယ်ဖြစ်မလဲ ဆရာ.. သိပ်သိတာပေါ့…ဆရာက နာမည်ကျော်ပဲ ” ဆိုတော့ ဆရာအောင်သင်းရဲ့မျက်နှာပြင် ၀င်းလက်သွားတာကို တွေ့လိုက်ရတယ်။

“ ကျမ မိတ်ဆွေတဦးက မြန်မာစာသင်ပေးမယ့် ဆရာတယောက်လို လို့ ဆို ပြောတုန်းက ကျမ ဆရာ့ကိုတောင် ပြေးသတိရမိသေးတယ် ”

ဆရာအောင်သင်းနဲ့ အန်တီစု ရယ်ရယ်မောမောနဲ့ အိမ်ရှေ့က ဆင်ဝင်အောက်နားလေးမှာရပ်ပြီး စကားတွေ ဖောင်ဖွဲ့ကြတော့တယ်။ ကျနော်လည်း ကျန်တဲ့ကိစ္စရပ်တွေကလည်းရှိနေသေးတာမို့ အနားကခွာလာတော့ ဘာတွေဆက်ပြောကြလဲ မသိတော့ဘူး။

နောက်ရက်များ မကြာခင်မှာတော့ ဆရာအောင်သင်းရော.. ဆရာကြီး မြသန်းတင့်ရော နှစ်ယောက်လုံးကို စာပေရေးသားခွင့်၊စာပေဟောပြောပွဲတွေမှာ ဟောပြောခွင့်ပိတ်လိုက်တယ်လို့ကြားရတော့တာပါပဲ။ တကယ်တော့ ကျနော်တို့ ဒီအခမ်းအနားကို ကျင်းပရခြင်းရဲ့အဓိကရည်ရွှယ်ချက်ကိုက သင့်မြတ်စေချင်တဲ့ရည်ရွှယ်ချက်ပါ၊ ဒါပေမယ့်လည်း အတိုက်အခံအင်အားစုဘက်မှာတော့ အတိုင်းတာတခုထိ သင့်မြတ်မှု့၊ညီညွတ်မှု့၊ လက်တွဲလုပ်ဆောင်မှု့ဆိုတဲ့ အကျိုးရလာဒ်ကောင်းတွေကို ပေါ်ထွက်လာစေခဲ့ပါတယ်။
နအဖ ဘက်ကတော့ သင့်မြတ်ဖို့ နေနေသာသာ။ နှိပ်ကွပ်မှု့တွေရဲ့ အရှိန်က လျှော့ကျ မသွားခဲ့ပါဘူး။ ဒါ အတော့်ကို ရုပ်ဆိုးအကျည်းတန်လှတဲ့ ကိစ္စပါ ။
ဆရာအောင်သင်း ကျနော့်ကို ပြောခဲ့တဲ့ စကားလေးရှိပါတယ်……….။

“ တိုင်းပြည်ကိုချစ်တယ်ဆိုတာ..လူတွေကို ချစ်တာကိုပြောတာ..။ လူတွေကို ချစ်တာ တိုင်းပြည်ကို ချစ်တာပဲ။ တိုင်းပြည်ကိုချစ်တယ်ဆိုပြီး … နိုင်ငံရဲ့မြေကြီးကို ကုန်းနမ်းနေလို့ မရဘူး.. ။ တခြားတဖက်က စဉ်းစားမယ်ဆိုရင်.. လူတွေကို မုန်းတာဟာ..တိုင်းပြည်ကို မုန်းတာပဲ ....”တဲ့။

ကျနော်တို့အားလုံး ကျေနပ်ပါတယ်။ ဒီအခမ်းအနား ကျင်းပပေးခဲ့ရခြင်းအပေါ် ပီတိတွေဖြစ်ခဲ့တယ်။ ဘာပဲပြောပြော ......ဒီမိုကရေစီအင်အားစုတွေဘက်မှာတော့ အတိုင်းတာတခုမှာ ညီညွတ်ရေးဖြစ်စေခဲ့ပြီ မဟုတ်ပါလား။

တရုတ်ခေါင်းဆောင်ကြီး တိန်ရှောင်ဖိန်ပြောခဲ့တဲ့စကားတခွန်းရှိတယ်…။

”ကြောင်ဖြူ ၊ကြောင်နီ၊ ကြောင်ဝါ ခွဲဖို့မလိုဘူး…ကြွက်ခုတ်တတ်ဖို့ ပဲ လိုတယ် .....” တဲ့။
အပိုင်း ( ၈ ) ဆက်ပါဦးမည်။
ပြီးခဲ့သောအပိုင်း(၆)ကို http://www.dawnmanhon.com/2010/11/blog-post_2232.html မှာဖတ်ရူနိုင်ပါတယ်။

0 Supporters await Suu Kyi release in Yangon (AFP)

0 DKBA မှ ဖမ်းဆီးပြီး ပြန်လွှတ်ပေးခဲ့သည့် နအဖဗိုလ်ကြီးသက်နိုင်နှင့်တွေ့ ဆုံမေးမြန်းမှု


Video - sawkyawkwee (KIC)

0 ယနေ့ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်လာမည်ဟု သတင်းထွက်ပေါ်သောကြောင့်မျှော်လင့်စွာ လာရောက်စောင့်ဆိုင်းနေသောအဖွဲ့ဝင်များနှင့်ပြည်သူများ




မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် ကို ထောက်ခံသူတွေက သူ့ကို လွှတ်ပေး နိုင်တယ် ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ သူ့ရဲ့ နေအိမ် နဲ့ ရုံးချုပ် ဝန်းကျင် မှာ စုရုံး စောင့် ဆိုင်း နေခဲ့ကြပေမဲ့ သောကြာနေ့နှောင်းပိုင်း အထိ ပြန်လွတ်မလာ သေးပါဘူး။

ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ် အကျယ်ချုပ် သက်တမ်းကုန်ဆုံးမယ့် နိုဝင်ဘာ ၁၃ ရက် စနေနေ့ ကျမှ လွှတ်ပေးဖွယ်ရာ ရှိတယ်လို့ယူဆ နေကြ ပါတယ်။အစိုးရ ဘက်က အခု အချိန် အထိ တရားဝင် ထုတ်ပြန်ချက် တစုံတရာ မရှိသေး ပေမဲ့ မြန်မာ နိုင်ငံ ကနေ လာတဲ့ သတင်းတွေ အရ ဒေါ်အောင်ဆန်း စုကြည်ကို လွှတ် ပေးဖို့ အမိန့် စာရွက် စာတမ်း တွေကို အာဏာပိုင် တွေက လက်မှတ် ထိုးပြီးပြီလို့ သိရပါတယ်။ဒီကနေ့ မနက် ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ် ပတ်ဝန်းကျင်မှာ သူ့ကို လေးစား ထောက်ခံ သူတွေ အပြင် သတင်းထောက်တွေ လည်း စုဝေး ရောက်ရှိ နေကြပါတယ်။ဒေါ်အောင်ဆန်း စုကြည် ပြန်လွတ်လာမယ့် နေ့မှာ သူ့ကို ကြိုဆို ကြဖို့ ဆက်သွယ်ရ ခက်ခဲတဲ့ ပြည်နယ် တွေက အန်အယ်လ်ဒီ အဖွဲ့ဝင်တွေ ကလည်း ရန်ကုန်က ရုံးချုပ်မှာ လာရောက် စောင့်ဆိုင်း နေကြ တဲ့ အတွက် ရုံးမှာ နေစရာတောင် မရှိဘူးလို့ အန်အယ်လ်ဒီ အဖွဲ့ဝင် တွေက ဘီဘီစီကို ပြောပါတယ်။သောကြာနေ့ ညနေပိုင်း အထိ ထောင်နဲ့ ချီတဲ့ လူတွေ အန်အယ်လ်ဒီ ရုံးချုပ်မှာ စောင့်နေတယ်လို့ လည်း အန်အယ်လ်ဒီ အဖွဲ့ဝင် တွေက ပြောပါတယ်။ဒေါ်အောင်ဆန်း စုကြည် လွတ်လာတဲ့ အခါ ကြိုဆိုဖို့ ပန်းကုန်း တွေ အသင့် ပြင်ထားပြီး သတင်းစာ ရှင်းလင်းပွဲ လုပ်ဖို့ လည်း ပြင်ဆင်ထား တဲ့ အန်အယ်လ်ဒီ ရုံးချုပ်က မြင်ကွင်း ကို ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ တုန်းက လပွတ္တာ မြို့နယ် ကနေ ရွေးကောက် ခံခဲ့ရတဲ့ အန်အယ်လ်ဒီ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးကြည်ဝင်းက ပြော ပါတယ်။

လွတ်လာဖို့ မျှော်လင့်ချက်များ
Supporters of Daw Aung San Suu Kyiလွတ်လာတဲ့ အထိ စောင့်နေ ကြမယ် ဆိုသူ တွေ လည်း ရှိသောကြာနေ့ နှောင်းပိုင်း အထိ ပြန်လွတ် မလာသေးပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူတွေ ကတော့ မျှော်လင့်ချက်တွေ ဆက်ထား နေကြပြီး နေအိမ်ရှေ့နဲ့ ရုံးချုပ် မှာ ဆက်လက် စောင့်ဆိုင်း သွားကြမယ်လို့ ပြောပါတယ်။အသက် ၆၅ နှစ် အရွယ် နိုဘယ်လ် ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်း စုကြည်ဟာ ပြီးခဲ့တဲ့ အနှစ် နှစ်ဆယ် အတွင်းမှာ အချိန် ကာလ အတော် များများ ကို နေအိမ် အကျယ်ချုပ် နဲ့ ကုန်လွန် ခဲ့ရပါတယ်။

မိခင်ကို တွေဖို့ မသေချာသေး
ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာ မှာကို အန်အယ်လ်ဒီ ပါတီဝင် တွေနဲ့ သူ့ကို ကြည်ညို လေးစား သူတွေ စိတ်လှုပ်ရှားစွာ စောင့်စား မျှော်လင့် နေကြချိန်မှာပဲ မိခင် ပြန်လွတ်လာတဲ့ အခါ တွေ့ဆုံဖို့ ရည်ရွယ်ပြီး မြန်မာ နိုင်ငံ ပြည်ဝင်ခွင့် ဗီဇာ လျှောက်ခဲ့တဲ့ ဒေါ်အောင်ဆန်း စုကြည်ရဲ့ သား ငယ် မောင်ထိန်လင်း ခေါ် ကင်မ် အဲရစ် ကတော့ အခု အချိန် အထိ ဗီဇာ မရသေးလို့ တော့ စိတ်ပျက် နေပါတယ်။ပြီးခဲ့တဲ့ တနင်္လာ နေ့က ထိုင်းနိုင်ငံ မြန်မာ သံရုံးမှာ ကင်မ် အဲရစ်က သွားရောက် ဗီဇာ လျှောက်ထားခဲ့တာပါ။ ကြာသပတေး နေ့ကတော့ မြန်မာ သံရုံးက သူ့ကို ဗီဇာ ထုတ်ပေး ခဲ့တယ် ဆိုတဲ့ သတင်းတွေ ပေါ်ထွက်ခဲ့ပါသေးတယ်။သားငယ် ကင်မ် ဟာ ၂၀ဝ၁ ခုနှစ်က မြန်မာ နိုင်ငံကို လာရောက်ခွင့် ရခဲ့ပြီး မိခင် နဲ့ နောက်ဆုံး တွေ့ဆုံ ခဲ့တာ ဖြစ်ပါတယ်။(BBC)
photo by AP

Friday, November 12, 2010

0 Aung San Suu Kyi

0 စစ်အစိုးရကိုတိုင်းရင်းသားလက်နတ်ကိုင်အဖွဲ့ကြီးခြောက်ဖွဲ့က ပူးပေါင်းတိုက်စစ်ဆင်ဖို့ တပ်ပေါင်းစုကြီး ဖွဲ့လိုက်ပြီ။

ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူ (KNU) ကရင်နီတပ် (KNPP) မွန်ပြည်သစ်ပါတီ (NMSP) ရှမ်းတပ်မတော် မြောက်ပိုင်း (SSA N) လွတ်လပ်တဲ့ကချင်တပ်မတော်(KIA) က ထိုးစစ် တိုက်စစ်တွေအတွက် လက်နတ်ကိုင်တပ်ဖွဲ့တွေကနေ အနည်းဆုံးတပ်သား သုံးသောင်း စုပြီး ထိုးစစ် ဆင် တိုက်ပွဲဝင်မှာဖြစ်ကြောင်း straitstimes သတင်းမှာဖော်ပြထားပါတယ်။

ဒီနေရာမှာသွားရောက်ဖတ်ရူနိုင်ပါတယ်။



Myanmar rebel groups form new alliance: activist


(AFP)

NEW YORK — Six Myanmar ethnic rebel groups have formed a coalition to step up hostilities with the country's junta, a representative for an activist group said.

Three of the groups had previously signed ceasefire accords with the junta, which faces renewed international criticism over the country's November 7 national election.

The alliance accord was made three days before the election at a meeting in Thailand, Gum Sang Nsang, a representative of the Kachin National Organization said following a meeting at the UN headquarters late Tuesday.

The Kachin National Organization is allied to the Kachin Independence Army (KIA), one of the signatories.

He said the others were the Karenni National Progressive Party (KNPP), the Karen National Union (KNU), the Mon New State Party (MNSP) and the Shan State Army-North (SSA-N). Together they could muster at least 30,000 fighters, he said.

The Kachin group, the MNSP and the Shan State Army had all signed ceasefires with the junta but had become disillusioned and rejected the outcome of the vote, said Gum Sang Nsang.

He warned that hostilities would increasingly be moved to urban areas. "The war will no longer be restricted to the jungle."

Gum Sang Nsang said the junta and ethnic rebel groups had both reinforced their troop numbers in disputed areas since the election.

The Myanmar government has battled ethnic rebels since the former Burma gained independence in 1948.

In border areas where civil war continues, rights groups have accused the junta of waging a brutal counter-insurgency campaign involving the rape, torture and murder of villagers whose homes are routinely destroyed.

Copyright © 2010 AFP. All rights reserved. ©AFP: The information provided in this product is for personal use only. None of it may be reproduced in any form whatsoever without the express permission of Agence France-Presse.

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.