Saturday, February 12, 2011

0 အောင်ဆန်းပေးတဲ့ မြန်မာပြည်


လူ့လောကထဲ သူနေခဲ့ရတာက
၃၂နှစ်၊၅လ၊၆ရက်တည်းရယ်ပါ။
၁၃.၂.၁၉၁၅ မှ ၁၉.၇.၁၉၄၇
နက်မောက်ဦးသောဘိတကျောင်း..
ရေနံချောင်း အမျိုးသားကျောင်း...
ရန်ကုန်တက္ကသိုလ်တွေမှ ပညာဆည်းပူးခဲ့..
၁၉၄၃ ကျောင်းသားသမဂ္ဂအမှု့ဆောင်နဲ့
နိုင်ငံရေးဘဝစတင်
နိုင်ငံရေးလုပ်သက်၁၃နှစ်
အဓိကဖြတ်သန်းမှု့တွေကတော့
မြန်မာ့လွတ်လပ်ရေး(သို့)
စတုတ္ထမြန်မာနိုင်ငံတော်....။

အရပ်ပုပု
မျက်မှောင်ကုတ်ကုတ်
ပိုသီပတ်သီ အညာသား။
ဘီအေကျောင်းသား
စကားမပြော
ပြောရင်မရပ်
ညှင်းသိုးသိုး အရိုးခံ
ခေါင်းအမာဆုံး
ဇွဲအရှိဆုံး
စိတ်ဓာတ်အပြင်းထန်ဆုံး လူသား။

သူမသိ နားမလည်တာတွေကအများသား
ရေမကူးတတ်ဘူး
စက်ဘီးမစီးတတ်ဘူး
စန္ဒရားမတီးတတ်ဘူး
သီချင်းကောင်းကောင်း နားမထောင်ခဲ့ရဘူး
မိန်းမ မပိုးတတ်ဘူး။

ဘိလပ်ပြန်သန်းကို မေရှင့်သီချင်း ဆိုခိုင်းခဲ့သူ
ချစ်ရတဲ့နာစ့်မလေးကြည်ကို လူငှားနဲ့ ပိုးခဲ့ရသူ
ဗွီအိုင်ပီဆိုတဲ့ စာတန်းကို အလွန်စက်ဆုပ်ရွံရှာသူ
လမ်းဘေးမှာ ကျောက်ကျောရေသောက်တဲ့ ၀န်ကြီးချုပ်
မင်္ဂလာဆောင်မှာ ခဲဖိုးတောင်းတာ နားမလည်တဲ့သူ။

လွတ်လပ်ရေးကိုစဉ်းစားရင်း စစ်ဖိနပ်ပြောင်းပြန်စီးတဲ့သူ
လွတ်လပ်ရေးကိုစဉ်းစားရင်း ဆံပင်ညှပ်မပြီးခင် ထထွက်သွားတဲ့သူ
တွေ့ချင်လွန်းလို့ လမ်းမှာတားတဲ့ ရွာသားတွေနဲ့
အတူလမ်းဘေးမှာအကြော်စားတဲ့ ၀န်ကြီးချုပ်
သူ့ ကိုယ်သူ ပြည်သူတစ်ယောက်အဖြစ်ခံယူတဲ့ ၀န်ကြီးချုပ်
- ကြည်... ပဲပြုတ်နဲ့ နံပြားရရင် စားချင်တယ် - ဆိုတဲ့
မိန်းမကို မနက်စာပြင်ခိုင်းတဲ့ သူ့ ရဲ့ ကမ္ဘာကျော်စာ။

ဗိုလ်ချုပ်အဆင့်ရဲ့ အမှားနဲ့ သာမန်ရဲဘော်အဆင့်ရဲ့ အမှန်ကို
ကွဲကွဲပြားပြားသိတဲ့သူ
လူငယ်ဘ၀၊ လူ့ ဘ၀ရဲ့ စည်းစိမ်အရသာတွေ
ခံစားဖို့ အချိန်မရခဲ့တဲ့သူ
သူ့ ဖြတ်သန်းမှုမှာ
လွတ်လပ်ရေးဆိုတာတစ်ခုတည်းနဲ့
ပကတိရိုးရှင်းသန့်စင်ခဲ့တဲ့သူ
သူ့ကို
ဒဂုန်တာရာက ကင်ပွန်းတပ်
အောင်ဆန်း သို့မဟုတ် အရိုင်းတဲ့။
လုပ်သက်က ခပ်နုနုကျောင်းသားပေါက်စ
သခင်ပေါက်စ
စစ်သားပေါက်စ
နိုင်ငံရေးသမားပေါက်စ
ဘ၀တွေက အဖုံဖုံ
အသက်က ၃၀ မရှိတရှိ။

ဒီအောင်ဆန်း လက်တောက်လောက်လေးကို
ဘာ့ကြောင့်
နေမ၀င်အင်ပါယာကြီး ဒူးထောက်ခဲ့ရပါသလဲ...။

တကယ်ဆိုတော့
ငါတို့အောင်ဆန်းက
နယ်နယ်ရရမဟုတ် -
ရိုးသားတဲ့မြန်မာတွေထက်
ပိုရိုးသားတဲ့အောင်ဆန်း
သတ္တိပြောင်တဲ့ မြန်မာတွေထက်
ပိုသတ္တိရှိတဲ့ အောင်ဆန်း
စွန့်လွှတ်ရဲတဲ့ မြန်မာတွေထက်
ပိုစွန့်လွှတ်ပြတဲ့ အောင်ဆန်း၊
ဒီလိုအောင်ဆန်း

သူ့ သွေးသားအရိုးအချဉ်တွေအားလုံးလွတ်လပ်ရေးတစ်ခုတည်းနဲ့အပြီး
စုစည်းတည်ဆောက်ပြတဲ့ အောင်ဆန်း
တကယ့်အရိုးခံ အောင်ဆန်းပေါ့။

ဒီအောင်ဆန်းကို
လွတ်လပ်ရေးလမ်းဝမှာ ဘွားကနဲ မြင်လိုက်ရရုံပဲ
အောင်ဆန်းရဲ့ ဆရာတွေ မှိုင်း၊ မြ၊ ချိုတို့ကအစ
- ငါတို့ အားကိုးပါရစေ - ဆိုလာကြ၊
ရှေးဘိုးဘွားမိဘပြည်သူတွေက
- ငါတို့ ကိုကယ်မယ့် မင်းလောင်းပေါ်ပြီ - ပြုံးပျော်ကြ
လူငယ်သွေးသောက်မြန်မာတွေက
- ငါတို့ စွန့်ပါရစေ - ဆိုပြီး ရှေ့ထွက်လာကြ
စုကြ၊ ရုံးကြ၊ စည်းလုံးကြ။

တကယ့်ဗမာတွေ
မဟာအောင်ဆန်းအနောက်က
ပြည်သူ့ ဒီလှိုင်းလုံးကြီးတွေရဲ့
တ၀ုန်းဝုန်း ရိုက်ခတ်သံဟာ
အဲဒီအချိန်က ၀ိတိုရိယဘုရင်မကြီးကိုတောင်
အိပ်မက်တွေ အေးခဲစေခဲ့သပေါ့။

အောင်ဆန်းရှေ့ ရောက်ရင်
ရှမ်းတွေက ရှမ်းစကားမဆိုကြ
ကချင်တွေကလည်း ကချင်စကားမဟကြ
အောင်ဆန်းကို ယုံကြည်စွာနဲ့
သူတို့ သခင်အဖြစ် သိမှတ်ပြုကြ
အားလုံးသော တိုင်းရင်းသားတွေ။
ဒီပြည်လုံးကျွတ်အားကို
စုစည်းနိုင်ခဲ့လိုလည်း
အင်္ဂလိပ်တွေက ဒီအောင်ဆန်းလက်တောက်လောက်နဲ့
တစ်စားပွဲထဲ ၀ိုင်းခဲ့ကြပေါ့


အကင်းပါးသူတွေပီပီ
မတိုက်မီက ရှုံးနေတဲ့ ဒီစစ်ကို
ဒင်းတို့ မတိုက်ဝံ့ကြ
မျက်နှာမပျက် အောင်မြင်စွာ ဆုတ်ခွာမယ့်လမ်းကို
သူတို့ ရွေးခဲ့ကြ
အောင်ဆန်းနဲ့အတွေ့ မှာ။

ယုံကြည်အားကိုးတဲ့ မျက်လုံးပေါင်း သန်း ၆၀
အောင်ဆန်းမှာ ရှိတယ်
လွတ်လပ်ရေးကို တရှိုက်မက်မက်တောင့်တတဲ့ နှလုံးသားသန်း ၃၀
အောင်ဆန်းမှာရှိတယ်
အောင်ဆန်းသေဆို သေပြ၀ံ့တဲ့သူ
အောင်ဆန်းမှာ တပြည်လုံးရှိတယ်
ဒီ မျက်လုံးနှလုံးအသက် ဗို့ အားသိန်းသန်းချီ မီးဆလိုက်အားတွေနဲ့
နေမ၀င်အင်ပါယာကို ပြတ်ပြတ်သားသား လှမ်းထိုးလိုက်တဲ့အခါ
အခြောက်တိုက် ဘ၀င်မြင့်နေသူတွေ
အားလုံး အရည်ပျော်သွားခဲ့ကြ။
ဘယ်ရာဇ၀င်မှာ ခင်ဗျားတို့ တွေ့ ဘူးလဲ။
ဂျပန်ဆိုတာ မနူးမနပ်မဟုတ်ဘူး။
အင်္ဂလိပ်ဆိုတာက ဝေလာဝေး
သူငယ်နှပ်စားမဟုတ်။
ဒင်းတို့တွေတောင် ရအောင် စည်းရုံးနိုင်တဲ့သူ
အောင်ဆန်း။

ဒီအောင်ဆန်းက စစ်ကို မလို
ဒါပေမဲ့
ရရင်ရ မရရင်ချ ဆိုတာ အောင်ဆန်းဝါဒ
လွတ်လပ်ရေးကို အမြန်ဆုံးလိုချင်နေတဲ့
အဲ့ဒီအချိန် ပြည်သူတွေရဲ့ တစ်ဦးတည်းသော ကိုယ်စားလှယ်
ငါတို့ အောင်ဆန်းပေါ့။

အောင်ဆန်း
ဒီအချိန်ဆို
၉၆ နှစ်ရှိပြီ
အောင်ဆန်းပြောမယ်
အဘိုးရဲ့ စကား နားထောင်...။
- မမေ့နဲ့
မင်းတို့ ကနေ့ ရှူနေတဲ့ လေဟာ
ငါတို့ မနေ့က ချွေးစက်တွေဆိုတာ၊
မမေ့နဲ့
မင်းတို့ မြန်မာဆိုတဲ့ စကားတစ်ခွန်းကိုရဖို့
ငါတို့ ဘုံးဘောလအော ကျဆုံးပေးခဲ့ရတာ၊
မမေ့နဲ့
မင်းတို့ ကမ္ဘာ့မြေပုံပေါ်တက်နိုင်ဖို့
ငါတို့ အလောင်းကောင်တွေဆင့်ပြီး ထမ်းတင်ပေးခဲ့တာ
မမေ့နဲ့။

မြန်မာလူမျိုးတိုင်းမှာ
အဖေနှစ်ယောက်ရှိတယ်
တစ်ယောက်က
ကိုယ့်သွေးသားအဖေ
ကျန်တစ်ယောက်က
မြန်မာလူမျိုးကို မွေးပေးတဲ့အဖေ
မြန်မာလူမျိုးရဲ့ အဖေ
မြန်မာ့အဖေ
အောင်ဆန်းပေါ့။

ကျုပ်အဖေနဲ့အဖိုးဟာ အောင်ဆန်းသားတွေ
အောင်ဆန်းက ကျုပ်အဖိုး
ကျုပ်သားက အောင်ဆန်းရဲ့ မြစ်ပေါ့
သူ့ အဘိုးကို သူ လွမ်းတတ်နေပြီ
သူ့ သားကျရင်လဲ သူ့ အဘေးနဲ့
ပေးတွေ့ နိုင်ဖို့
အခုကတည်းက အသေအချာ
ကျုပ် မှာထားရအုံးမယ်....
မူရင်းရေးသားသူရဲ့ နာမည်အတိအကျ ရှာ၍မရပါ။ သို့သော အမျိုးမျိုး ဖြည့်စွက်ရေးသားထားသော ကဗျာ မူကွဲများလဲ ရှိနေသေးပါသည်။

0 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးချုပ်တွင်ပြုလုပ်သော(၆၄)နှစ်မြောက်ပြည်ထောင်စုနေ့အခမ်းအနားမြင်ကွင်းများ




ဓာတ်ပုံ။ ။ ဒီမိုဝေယံ။ Ap

0 သေမင်းလက်မှ လွတ်မြောက်ခဲ့သည့် မြန်မာသင်္ဘောသားများ

ဆိုမာလီဓားပြများလက်မှ လွတ်မြောက်လာသည့် တောင်ကိုရီးယား ကုန်တင်သင်္ဘောမှ မြန်မာသင်္ဘောသား ၁၁ ဦးသည် ယခုလ ၄ ရက်နေ့က ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့ရာ မြန်မာတိုင်း(မ်)မှ လက်ထောက်စာတည်း ရဲလင်းထွဋ်က တွေ့ဆုံမေးမြန်းခဲ့သည်။

ဖမ်းဆီးရမိသည့် ဓားပြတစ်ဦးအား သင်္ဘောသားတစ်ဦးနှင့်အတူ တွေ့ရစဉ်။

တန်ချိန် ၁၁,၅၀၀ ရှိ MT. Samho Jewelry သင်္ဘောသည် ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ယူအေအီးနိုင်ငံမှ သီရိလင်္ကာနိုင်ငံသို့ အသွား ပြန်ပေး ဆွဲခံခဲ့ရခြင်းဖြစ်ကာ ပြန်ပေးဆွဲခံရချိန်တွင် သင်္ဘော ပေါ်၌ တောင်ကိုရီးယား နိုင်ငံသား ရှစ်ဦး၊ အင်ဒိုနီးရှားနိုင်ငံသား နှစ်ဦးနှင့် မြန်မာနိုင်ငံသား ၁၁ ဦး တာဝန်ထမ်း ဆောင်နေသည်။
"အဲဒီနေ့ မနက် ၇ နာရီ ကျော်လောက်မှာ အရေးပေါ်အချက်ပေးသံ ကြားရတော့ အင်ဂျင်ခန်းတို့၊ဘာတို့စစ်ကြည့်နေတုန်း Chief Officer (ကုန်းချုပ်)က လာခေါ်လို့ ဘာဖြစ်မှန်းမသိဘဲ လိုက်သွားခဲ့တာ။ သင်္ဘောချည်ကြိုးတွေထားတဲ့ အခန်းထဲကို အကုန်လူစုပြီး ဝင်ခဲ့
ရတယ်။ အဲဒီတော့မှ သိရတာ။ ၈ နာရီ လောက်ကနေစပြီး တံခါး
ပိတ်ပြီး အခန်းထဲမှာနေတာ နှစ်နာရီ သုံးနာရီလောက် ကြာတယ်။ "အပြင်မှာတော့ သေနတ်သံတွေဘာတွေ ကြားနေရတာပေါ့။ အဲဒီ တော့မှ ကျွန်တော်တို့ ၀င်ပုန်းနေတဲ့ အခန်းတံခါးကို ဓားပြတွေက အပြင်ကနေ လာဖွင့်တာ။ အဲဒီလိုလာဖွင့်တဲ့ အချိန်မှာ မီးသတ်ပစ္စည်း တွေထားတဲ့အခန်းကို ဆက်ထားတဲ့ အပေါက်ကနေ ကူးသွားပြီး အဲဒီ အခန်းထဲမှာ နာရီဝက်လောက်ကြာမယ်။ အဲဒီအခန်းကကျတော့ တံခါးက လွယ်လွယ်ကူကူဖွင့်လို့ရတော့ ဖွင့်ဝင်လာပြီး အကုန်လုံးကို ကုန်းပတ် ပေါ်တက် ခိုင်းတယ်။ လူစစ်ပြီးတော့ ကုမ္ပဏီကို ဖုန်းဆက်ဖို့ သူကြီး (ကပ္ပတိန်)ကို ခိုင်းတယ်"ဟု သင်္ဘောသားတစ်ဦးဖြစ်သူ ကိုကျော်စွာ က ပြောသည်။
ပင်လယ်ဓားပြဦးရေမှာ အင်အား ၃၀ ခန့်ရှိပြီး သင်္ဘောသားအားလုံးကို ကုန်းပတ်ပေါ်တွင် နှစ်နာရီခန့်ကြာ ထားပြီးနောက် ကပ္ပတိန်၏ တောင်းဆိုမှုကြောင့် အတွင်းသို့ ပြန်လည်ဝင်စေခဲ့သည်ဟုဆိုသည်။
ထို့နောက် ဓားပြ ၁၃ ဦးကိုသာ ချန်ထားခဲ့ပြီး ကျန်ဓားပြများမှာ ၎င်းတို့၏ မိခင်သင်္ဘောဖြင့် ပြန်လည် ထွက်ခွာသွားသည်ဟု ဆိုသည်။
မြန်မာသင်္ဘောသားများသည် ပထမ ဦးဆုံးရက်တွင် နေ့လယ်စာ မစားရဘဲ ဒုတိယရက်တွင် ထမင်းစားရကာ တတိယနေ့တွင် ဟင်းနှင့် ကြက်ဥသုံးလုံးကို နေ့လယ်စာ၊ ညစာအဖြစ် အာလူးပြုတ်နှင့် ကြက်သားစားရသည်ဟု ဆိုသည်။
"၁၅ ရက်နေ့ နံနက် ၈ နာရီလောက်က နေ ၂၁ ရက်နေ့ နံနက် ၅ နာရီလောက် အထိ ဓားပြတွေလက်ထဲမှာ နေခဲ့ရတာ။ ၁၈ ရက်နေ့ အထိကို ကိုရီးယား ထမင်းချက်က ချက်ပေးတာပဲ စားရတယ်။ မြန်မာနှစ်ယောက်က ကူပေးတယ်။ ၁၈ ရက်နေ့မှာ တိုက်ပွဲဖြစ်တော့ သင်္ဘော အပြင်ဘက်ကို ထုတ်ထားခံရတော့ ထမင်းချက်လို့မရတော့ဘူး။ ပင်လယ်ဓားပြ ထမင်းချက်ကြီးက ပေါင်မုန့်တွေ လာပေး တယ်။ ဆေးလိပ်တွေ လာတိုက်တယ်။ နွားနို့ဘူး လာပေးတယ်" ဟု ကိုကျော်စွာက ပြောသည်။
ထို့နောက် ၂၁ ရက်နေ့ နံနက် ၄ နာရီ ၄၅ မိနစ်ခန့်တွင် ထပ်မံတိုက်ပွဲဖြစ်ကြပြီး တောင်ကိုရီးယားရေတပ်ဘက်မှ ပစ်ခတ်သော ကျည်ဆန်များက သင်္ဘောကို စတင်ထိမှန်ခဲ့သဖြင့် သင်္ဘောသားများမှာ နီးစပ်ရာနေရာများတွင် ၀င်ရောက် ပုန်းခိုရသည်ဟု ဆိုသည်။

ဆိုမာလီဓားပြများ ဖမ်းဆီးခဲ့သည့် ကုန်တင်သင်္ဘောကို တောင်ကိုရီးယား ရေတပ်မှ ပြန်လည်သိမ်းပိုက်ပြီးနောက် ရေတပ်သားများ သင်္ဘောပေါ်သို့ တက်ရောက်လာစဉ်။ ဓာတ်ပုံများ-အောင်မိုးသူ
တောင်ကိုရီးယားရေတပ်မှ ရဟတ်ယာဉ်တစ်စင်း၊ တစ်စင်းလျှင် အထူး တိုက်ခိုက်ရေးတပ်သား ၁၅ ဦးခန့် ပါဝင်သည့် စပိဘုတ်သုံးစင်း၊ စုစုပေါင်း အင်အား ၅၀ ခန့်ဖြင့် ဓားပြများ ဖမ်းဆီးထားသည့် အဆိုပါ သင်္ဘောအား ၀င်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"သင်္ဘောကို တောင်ကိုရီးယား ရေတပ်က ၀င်စီးတဲ့အခါကျတော့ အဲဒီ ကုန်းပတ်ပေါ်မှာရှိနေတဲ့ ဓားပြ ခေါင်းဆောင်ရယ်၊ ဒုတိယခေါင်းဆောင် ရယ်၊ နောက်တစ်ယောက်ရယ် သုံးယောက်စလုံးကို အဲ့ဒီနေရာမှာတင် ပစ်သတ်တာ။ ကျွန်တော်တို့ထဲမှာ လာဝင်ပုန်းတဲ့ တစ်ယောက်ဆို ကျွန်တော်နဲ့ လက်တစ်ကမ်းအကွာမှာတင် သူ့ကိုပစ်သတ်တာ အနည်း ဆုံး ရှစ်ချက်နဲ့ ၁၀ ချက်လောက်ရှိမယ်။ "ပထမ ကျွန်တော်တို့ကိုလည်း သေနတ်နဲ့ ချိန်တယ်။ ချိန်တော့ ကျွန်တော်တို့က Crew! Crew! မြန်မာ Crew! ဆိုပြီး အော်ရတာပေါ့။ အော်တော့မှ ဘေးက ဒီကောင့်ကို ပစ်သတ်တာ။ ပထမပိုင်း ကိုယ်ကိုပစ်တယ်ဗျ။ ကိုယ်ကို ခုနစ်ချက် ရှစ်ချက်လောက် ပစ်တယ်။ ပြီးတော့ ခေါင်းကို ပစ္စတိုနဲ့ ထုတ်ပြီး ထပ်ပစ်တယ်။ ပြီးတော့ အိမ်သာထဲကို ပစ်မလို့။ အပြင်ကနေ အိမ်သာကို ဖောက်ပစ်မလို့။ အထဲမှာ သင်္ဘောသားတွေပဲ ရှိတယ်လို့ ပြောလိုက်မှ မပစ်တော့တာ။ ပစ်လိုက်ရင် အထဲကကောင်တွေ နှစ်ကောင်လည်း သေမယ်ဗျ"ဟု ကိုကျော်စွာက ပြောသည်။
"ပထမဦးဆုံး ရေဒါနှစ်ခုကြားထဲ ၀င်ပုန်းနေရတယ်။ အဲဒီအချိန်မှာ သင်္ဘောကို ရဟတ်ယာဉ်နဲ့ ပတ်ပစ်တယ်။ အပြင်မှာ အာရ်ပီဂျီ (လောင်ချာ)ကိုင်ထားတဲ့ကောင်နဲ့ မရှင်းဂန်း(စက်သေနတ်ကြီး) သေနတ်ကြီးကိုင်ထားတဲ့ နှစ်ကောင်က စနိုက်ပါနဲ့ ပစ်နေတာလို့ ပြောတယ်။ အာရ်ပီဂျီ ကိုင်ထားတဲ့ကောင်က စနိုက်ပါနဲ့အပစ်ခံရတာ သေချာတယ်။ အဲဒီကောင် မျက်စိပွင့်ထွက်ပြီး သေတယ်။ လက်နက်ကြီးက အဲဒီနှစ်ခုပဲ။ ကျန်တာက အေကေ ၄၇ တွေပဲ ကိုင်ထားကြတာ။
"သင်္ဘောကို ကျည်လာထိတော့ အိမ်သာနဲ့နီးတဲ့သူတွေက အိမ်သာထဲကို ၀င်ပုန်းကြတယ်။ ရေဒါနှစ်ခုကြားထဲကို ၀င်ပုန်းတဲ့သူ တွေထဲက လေးယောက်ကို ရဟတ်ယာဉ်နဲ့ပစ်နေတဲ့ ဘက်ကို ဓားပြတွေက သေနတ်နဲ့ချိန်ပြီး ထွက်ခိုင်းတယ်။ ရဟတ်ယာဉ်ကလည်း တော်တော်နိမ့်နိမ့်အထိ ဆင်းပစ်တယ်။ မီးမထိုးဘဲ လူခေါင်းနေရာလောက်ကို ချိန်ပစ်ပုံရတယ်"ဟု ၎င်းကပြောသည်။
ထိုသို့ တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် ပစ်ခတ်နေစဉ် သေနတ်ကိုင် ဓားပြအချို့မှာ သင်္ဘောအတွင်းပိုင်းသို့ ဆင်းပြေးကြပြီး သင်္ဘောအပြင်ပိုင်းတွင် သေနတ်မပါသော ပင်လယ်ဓားပြအချို့ နှင့် သင်္ဘောသားများမှာ အတူတကွ ကျည်ကွယ်ရာနေရာများ၌ ပုန်းခို ကျန်ရစ်ခဲ့ကြသည်ဟု ဆိုသည်။
"ဒီကောင်တွေက ကျွန်တော်တို့ကို အပြင်ထွက်ခိုင်းတယ်။ ဒါပေမယ့် ဒီကောင်တွေမှာ သေနတ်မပါတော့ ကျွန်တော်တို့ မထွက်ကြဘူး။ ထွက်ရင်လည်း သေမှာပဲ။ ပြီးတော့ ကျွန်တော် တို့ထဲက တစ်ယောက်ကို ရေဒီယို သွားဖွင့်ခိုင်းလို့ သွားဖွင့်တယ်။ ရေဒီယိုဖွင့် ခိုင်းပြီး တော့ မပစ်ပါနဲ့၊ ရပ်ပါပေါ့။ ဒီမှာ အန္တရာယ်အရမ်းများတယ်ဆိုပြီး တောင်ကိုရီးယားရေတပ်ကို ပြောခိုင်းတယ်။
ပြီးတော့ ဓားပြတစ်ကောင်က တစ်မိနစ်ကို လူတစ်ယောက်သတ်မယ်လို့ပြောတယ်။ အပစ်ရပ်ဖို့၊ ဆက်ပစ်နေတော့ သူကြီးကို ဆွဲထုတ် သွားတယ်။
"ရေတပ်ကနေ ပြန်ပြောတာက မင်းတို့ ကိုယ့်ဟာနဲ့ ကိုယ်လုံခြုံအောင်နေပါတဲ့။ ငါတို့ဆက်ပစ်နေတယ်တဲ့။ သတိပေးနေတာပေါ့။ အားလုံးပြီးတော့ သူကြီး ဘယ်မှာသေနတ်ထိလာလဲ ကျွန်တော်တို့လည်း မသိဘူး။ ကျည်ဆန်တွေက အများကြီးပစ်နေကြတာ။ ပြီး တော့ ရဟတ်ယာဉ်ပေါ်ကပစ်တဲ့ ကျည်ဆန်တွေက သင်္ဘောသံပြားတွေကို နှစ်ထပ် သုံးထပ်အထိကို ဆင့်ပေါက်တယ်။ အဲဒီတော့ ဘယ်ကျည်ဆန်ထိလို့ ထိမှန်းတောင်သိမှာမဟုတ်ဘူး"ဟု ကိုကျော်စွာက ပြောသည်။
ရေတပ်မှ ပစ်ခတ်တိုက်ခိုက်ချိန်များတွင် ဓားပြများက သင်္ဘောသားများအား သင်္ဘော၏အမြင့်ဆုံးနေရာတွင် ထားရှိစေပြီး ပြန်လှန် ပစ်ခတ်ကြခြင်း ဖြစ်သည်ဟု ဆိုသည်။
မြန်မာသင်္ဘောသားတစ်ဦးဖြစ်သူ ကိုထွန်းလင်းကလည်း "အခုဟာက ကံကောင်းလို့လွတ်လာတဲ့ အနေအထားပါ။ တစ်ယောက် မဟုတ် တစ်ယောက် ထိသွားနိုင်တယ်။ သင်္ဘောသားအလုပ်က နဂိုကတည်းက ဒီနေ့ သင်္ဘောပေါ်တက်သွားပြီးရင် ဘယ်တော့ ကမ်းပြန်ရောက်မယ်ဆိုတာ တိတိကျကျ မပြောနိုင်ဘူး။ အသက် အန္တရာယ်ရှိတယ်။ အခုလိုမျိုးဆိုတော့ ပိုပြီး အသက်အန္တရာယ်နဲ့ ပိုနီးတယ်" ဟု ပြောသည်။
တောင်ကိုရီးယားရေတပ်က ပြန်လည်တိုက်ခိုက် ကယ်တင်နိုင်ရန်အတွက် လမ်းခရီးတွင် သင်္ဘော အင်ဂျင်ချွတ်ယွင်းသွားကြောင်း လိမ်လည်အကြောင်းပြ၍ အချိန်ဆွဲရပ်တန့်ခြင်းကို နှစ်ကြိမ်ပြုလုပ်ခဲ့ပြီး သင်္ဘောပေါ်ရှိ ဓားပြများ လူစုကွဲ အင်အားနည်း သွားစေရန် အတွက် သင်္ဘောသားများက ပူးပေါင်းအားထုတ်ပေးခဲ့ကြသည်။
"ပထမဦးဆုံးနေ့ မွန်းတည့် ၁၂ နာရီ လောက်မှာကတည်းက ရေဒီယိုနှစ်လုံး စလုံးကို ဖွင့်ထားတာ။ ဓားပြတွေ လစ်ရင် ရေဒီယိုကနေ သူကြီးက အဆက်အသွယ်လှမ်းလုပ်တယ်။ ၁၈ ရက်နေ့ မွန်းလွဲ ၁ နာရီမှာ သင်္ဘောသုံးစင်းတွေ့တယ်။ ကျွန်တော်တို့ သင်္ဘောသား တွေက ရေဒါမှာကြည့်ပြီးတော့ သင်္ဘော နာမည်၊ အရှည်ဘယ်လောက်၊ ဘာ သင်္ဘောဆိုတာပြောပြီး မြှောက်ပေးတော့ ကျွန်တော်တို့ သင်္ဘောပေါ် တင်ထားတဲ့ ဘုတ်လေးကို ကရိန်းနဲ့ဆွဲချပြီး ဒီကောင်တွေ သွားတိုက်ကြတော့မှ ရေတပ်က ရဟတ်ယာဉ်ထွက်လာပြီး ဒီကောင်တွေကို လိုက်ပစ်တော့တာ။ ကျွန်တော်တို့က ရေဒါမှာ ရေတပ် သင်္ဘောကိုဖွက်ထားပြီး သင်္ဘောသုံးစင်းကိုပဲ ပြထားခဲ့တာ။ ဥပမာ ကျွန်တော်တို့ ရေဒါမှာပြထားတဲ့ သင်္ဘောသုံးစီးက ၁၀ မိုင်မှာရှိတယ်ဆိုရင် ရေတပ်က ၁၅ မိုင်လောက်မှာရှိတယ်။ ကျွန်တော် တို့ ရေဒါထောက်ထားတာက ၁၀ မိုင် မှာပဲ ထောက်ထားတော့ ရေတပ်ကို မမြင်ရတော့ဘူး" ဟု ကိုကျော်စွာက ပြောသည်။
အဆိုပါ သင်္ဘော ပင်လယ်ဓားပြများ လက်သို့ ကျရောက်ရခြင်းမှာ Chief Officer တာဝန်ပေါ့လျော့မှုကြောင့်လည်း ပါဝင်ကြောင်း မြန်မာသင်္ဘောသားအချို့က ဆိုကြသည်။
"Chief Officer တာဝန်ပေါ့လို့ဖြစ်တာ။ ကျွန်တော်တို့သင်္ဘောမှာ အားနည်းချက်တွေရှိတယ်။ ပင်လယ်ဓားပြ စောင့်ကြည့်ကာကွယ်မှု မရှိဘူး။ ဒီလိုဖြစ်ထားတဲ့လမ်းကြောင်းမှာ၊ ဒီတာဝန်ချိန်မှာ Chief Officerက ရေဒါ မကြည့်ဘူး။ ကွန်ပျူတာပဲ နှိပ်နေတယ်။ ပြီးတော့ ရာသီဥတုကောင်းနေတယ်။ ငါးဖမ်းသင်္ဘောလောက်ရှိတဲ့ ပင်လယ်ဓားပြသင်္ဘော ပေါ်နိုင်တာကို ရေဒါကို မကြည့်ဘူး။ အဲဒီကောင်ကို ကြိုမြင်လိုက်ရင် ပြင်ဆင်ဖို့အချိန်ပိုရနိုင်တယ်။ ပြေးလို့လည်း ရနိုင်တယ်။ "ပြီးတော့ နံနက် ၇ နာရီ နေ့သမားတွေ ထမင်းစားပြီး ထွက်တဲ့ အချိန်မှာ ဓားပြတစ်ယောက်က သင်္ဘောပေါ်ကို ရောက်နေပြီ"ဟု အမည်မဖော်လိုသည့် မြန်မာသင်္ဘောသားတစ်ဦးက ပြောသည်။
ထို့ပြင် ယခု ပြန်လည်ရောက်ရှိလာသော မြန်မာသင်္ဘောသားအချို့မှာ ရပိုင်ခွင့်ရှိသည့် ခံစားခွင့်နှင့်လစာများ အပြည့်အ၀မရရှိသေးဟု ဆိုသည်။
"ဓားပြလက်မှာနေရတဲ့ ခုနစ်ရက်စာအတွက် ဘာမှမရသေးဘူး။ ကျွန်တော်တို့ရခဲ့တာက လစာအပြင် ပေးတဲ့ Allowance ၂၆ ရက်စာပဲ ရခဲ့တယ်။ ကျန်တဲ့ဟာတွေကို အေးဂျင့်မှာရှင်းမယ်လို့ ပြောလိုက်တယ်။ "လစာရှင်းတဲ့နေ့မှာ ဘာပြောလဲဆိုတော့ အရင်လူဟောင်း တွေက နှစ်လစာ မရသေးဘူး။ အဲဒါကို အားလုံး ရှင်းပေးလိုက်ပြီးတော့ ဇန်န၀ါရီအတွက် လစာကို ရုံးမှာရှင်းပေးမယ်လို့ ပြောတယ်။ Dangerous money ကိုကျတော့ ကျန်တဲ့ အကုန်လုံးကိုခေါ်ပြီးတော့ ညီညီမျှမျှ ပေးမယ်ဆိုပြီး နှစ်ခါ သုံးခါ ခဏနေရင် ပေးမယ်၊ ခဏနေရင် ပေးမယ်ဆိုပြီးတော့ ခုနစ်နာရီလောက်ကျတော့ ကိုရီးယားတွေကိုခေါ်ပြီး ပြန်ထွက်သွားတာ ပေါ်မလာတော့ဘူး"ဟု မြန်မာသင်္ဘောသားတစ်ဦးက ပြောသည်။
စမ်းချောင်းမြို့နယ်တွင် နေထိုင်သော တက်မကိုင်(၁) ကိုအောင်မိုးသူ က "သင်္ဘောလိုက်တာ သုံးနှစ်ကျော် လေးနှစ်နီးပါးလောက် ရှိပြီ။ ဒါမျိုးက ဒီတစ်ခါဆိုးဆိုးရွားရွား ကြုံရတာပဲ။ ဒီသင်္ဘောပေါ်ရောက်တာတော့ ခုနစ်လနဲ့ ရက်ပိုင်းပဲ ရှိသေးတယ်။ ကျွန်တော်က ရှစ်လစာချုပ်နဲ့။ ရှေ့လ စင်ကာပူ ပြန်ရောက်ရင် ဆင်းဖို့လုပ်နေတာ။ မားသားဘုတ်ပေါ် ပြန်ဆင်းသွားတဲ့ ဓားပြတွေက ကျွန်တော် တို့ရှိတဲ့ ပစ္စည်းတွေ၊ စုထားတဲ့လစာတွေကို အကုန်ယူသွားကြပြီးသား။ တချို့လည်း အင်္ကျီတွေ၊ နာရီတွေကိုလည်း သူတို့က ယူဝတ် ထားလိုက်တာဆိုတော့ တချို့လည်း အလောင်းတွေပေါ်က ပြန်မယူချင်တော့ဘူး။" "ကိုရီးယား ကမ်းခြေစောင့်တပ်က ကျွန်တော်တို့ ဆုံးရှုံးသွားတာတွေကို ပြန်ရအောင်လုပ်ပေးမယ်ဆိုပြီး စစ်လိုက်ဆေးလိုက်တာလည်း မပြောပါနဲ့တော့၊ တစ်ညလုံးပဲ။ မရလည်း သိပ် ဂရုမစိုက်တော့ပါဘူး။ ဒီလို ကိုယ့်အိမ်ကိုယ် ပြန်လာရတာပဲ ကျေးဇူးတင်လှပြီ။ နောက်တစ်ခါ သင်္ဘောပြန်တက်ရင်တော့ အဲဒီဘက် လမ်းကြောင်းတွေ သွားတဲ့ သင်္ဘောလိုင်းတွေကိုတော့ မလိုက်တော့ဘူး။ ဒီ အာရှလိုင်းဘက်ပဲ ပြန်လိုက်မယ်လို့ စိတ်ကူးထားတယ်" ဟု ၎င်းက ပြောသည်။
ဓားပြများလက်မှ ပြန်လည်လွတ် မြောက်လာခဲ့သော မြန်မာသင်္ဘောသားများက ၎င်းတို့ရင်ဆိုင်ခဲ့ရသော ဖြစ်ရပ်များမှာ အသက်ဘေး နှင့် အလွန်နီးစပ်ပြီး အန္တရာယ်အလွန်များသော်လည်း သင်္ဘောသားအလုပ်အကိုင်ကို မစွန့်လွှတ်နိုင်သေးကြောင်းနှင့် နောင်တွင် လည်း သင်္ဘောထပ်မံလိုက်ဖြစ်နေဦးမည်ဟု ဆိုသည်။

0 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုတွင်ကျင်းပသော (၆၄) ကြိမ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားမှ ထုတ်ပြန်ကြေညာချက် ၁၂၊၀၂၊၂၀၁၁ နှင့် သဘာပတိမိန့်ခွန်း

0 ဗိုလ်ချုပ်အောင်ဆန်း ၉၆ နှစ်မြောက်မွေးနေ့အထိမ်းအမှတ် အဖွဲ့ချုပ်စာအုပ်လှူ


စစ်အာဏာရှင်ကသမိုင်းကိုနည်းအမျိုမျိုးနဲ.ဖျောက်ဖျက်ဖို.ကြိုးစားနေပေမယ်.ခုဗိုလ်ချုပ်အောင်ဆန်းမွေးနေ.မှာ
...မျိုးဆက်သစ်ခလေးတွေရဲ.ဗိုလ်ချုပ်အောင်ဆန်းကဗျာကိုသတိရှိစွာနဲ.ရွတ်ဆိုနေတဲ.ခလေးတွေကသမိုင်းကို
ဖျောက်ဖျက်လို.မရဘူးဆိုတာသက်သေပြလိုက်ပါပြီ။

ဗိုလ်ချုပ်အောင်ဆန်း ကဗျာကို အနှစ်သာရ ရှိရှိ မာန်ပါပါဖြင့် ရွတ်ဆိုနေကြသော မူလတန်း ကလေးငယ်များ နှင့် ဗိုလ်ချုပ်အောင်ဆန်း ၉၆ နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်တိုင်း အတွင်းရှိ မင်္ဂလာဒုံ ၊တိုက်ကြီး မှော်ဘီ ၊လှည်းကူးမြို့နယ်များရှိ မူလတန်းကျောင်းများနှင့် ဘုန်းတော်ကြီးကျောင်း ( ၁၀၀ ) ကျော်အား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအမျိုး...သမီးအဖွဲ့မှ ဒေါက်တာမေ၀င်းမြင့်နှင့် ဒေါ်ခင်ဌေးကြွယ် ၊ ရန်ကုန်တိုင်းစည်း မှ ဒေါက်တာမျိုးအောင်နှင့် ဦးစိုးဟန် ၊ လူငယ်မှ မခင်မြတ်သူ အပါအ၀င် မြို့နယ်စည်းများ ဦးဆောင်၍ စာအုပ်များ သွားရောက်လှူဒါန်းခဲ့ကြသည် ။

1 အီဂျစ်အာဏာရှင်သမ္မတမူဘာရက် သမ္မတရာထူးမှ တရားဝင်နုတ်ထွက်သွား(Aljazeera Live video)


အီဂျစ်အာဏာရှင်သမ္မတမူဘာရက် သမ္မတရာထူးမှ တရားဝင်နုတ်ထွက်သွားပြီဖြစ်သည်။ မူဘာရက် အာဏာဆင်းပေးလိုက်ပြီ.........................................ပြည်သူ့အောင်ပွဲ ဆီသို့ အီဂျစ် ထောင်ပေါင်းများစွာ ပျော်ရွှင်နေကြပြီ။ အီဂျစ်ပြည်သူများတိုက်ပွဲ အောင်မြင်စွာပြီးဆုံးသွားသည့်အတွက် လွန်စွာ ၀မ်းမြောက်ဂုဏ်ယူမိပါ ကြောင်း။ ,,,,,,,,l

photo/ Cnn
အီဂျစ်ပြည်လုံးကျွတ် လူထုဆန္ဒပြပွဲရဲ့ ၁၈ ရက်မြောက်နေ့၊ ယမန်နေ့ ဖေဖော်ဝါရီ ၁၁ရက် ညနေခင်းမှာ အီဂျစ်ဒုသမ္မတ ဆူလမင်က ရုပ်သံက ကြေညာလိုက်ရာမှာ လက်ရှိ အာဏာရှင် သမ္မတကြီး မူဘာရက်က အာဏာကို စွန့်လိုက်ပြီ။ အီဂျစ်တပ်မတော်ခေါင်းဆောင်များကို တိုင်းပြည်ကို ဆက်လက်ထိန်းသိမ်းဖို့ လက်လွှဲလိုက်ပြီလို့ ဆိုလိုက်ပါတယ်။

အီဂျစ်တပ်မတော်နဲ့ လက်ရှိဒုသမ္မတတို့က တိုင်းပြည်ကို ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းရေး ဆောင်ရွက်သွားမယ်၊ မူဘာရက် ကြီးစိုးစဉ်က အနှစ် ၃၀ လုံးလုံး ထုတ်ပြန်ထားတဲ့ အရေးပေါ်ဥပဒေဆိုတာကို အခြေအနေတိုးတက်လာတဲ့ အပေါ်မှာ မူတည်ပြီး ရုတ်သိမ်းပေးမယ်လို့ ပြောလိုက်ပါတယ်။ လက်ရှိ မူဘာရက်ဟာ မြို့တော်ကိုင်ရို သမ္မတနန်းတော်ကနေ ထွက်ခွာသွားပြီ တိုင်းပြည်ရဲ့ အစွန်အဖျားက အပမ်းဖြေစခန်းတခုမှာ ရွှေ့ပြောင်းနေထိုင်နေပြီလို့ သတင်းများက ပြောပါတယ်။

လူထုတရပ်လုံးက တခဲနက် ၀မ်းသာအားရ အောင်ပွဲခံနေကြပြီး လမ်းပေါ်က လုံခြုံရေးယူထားတဲ့ တပ်မတော်သားများကို အားပေး နှုတ်ဆက်ကြပါတယ်။ ကိုင်ရိုမြို့တော်ရဲ့ တာရီရာ ရင်ပြင်က သပိတ်မှောက်အင်အားစုတွေကော မြို့တော်ပြည်သူတွေအပါအ၀င် တနိုင်ငံလုံးက လမ်းပေါ်ထွက်ပြီး သူတို့ရဲ့ လက်နက်မဲ့ လူထုတော်လှန်ရေး အောင်ပွဲကို ဆင်နွဲနေကြတာကို တွေ့နေရပါတယ်။ လက်ရှိအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီး တန်တာဝီက သမ္မတနန်းတော်ထဲ ကားနဲ့ မောင်းဝင်သွားချိန်မှာ လူထုက ၀ိုင်းဝန်း ဟစ်ကြွေးပြီး ထောက်ခံမှု ပြပါတယ်။ သူကိုယ်တိုင်က ခေတ္တရပ်ပြီး လူထုကို ကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ်။

အတိုက်အခံခေါင်းဆောင်တွေ၊ နိုင်ငံရေး အင်အားစုတွေ၊ လူငယ်နိုင်ငံရေးမျိုးဆက်သစ်တွေက လူထုအုံကြွမှု၊ လူထုတော်လှန်ရေးနဲ့ အနှစ် ၃၀ ကြာ အခြေခံဥပဒေအတုတွေ၊ ရွေးကောက်ပွဲ အတုတွေ၊ တိုင်းပြည်အရေးပေါ်ဥပဒေတွေနဲ့ ဖိနှိပ်အုပ်ချူုပ်ခဲ့သူ အာဏာရှင်မူဘာရက် ဖြုတ်ချနိုင်ခဲ့တာအတွက် သူတို့တိုင်းပြည်ရဲ့ လွတ်လပ်ရေးနဲ့ ဒီမိုကရေစီရေး အောင်ပွဲဖြစ်တယ်။ သူတို့ အီဂျစ်နိုင်ငံသားအားလုံးရဲ့ လူသားဂုဏ်သိက္ခာကို ပြန်လည် မြှင့်တင် ရယူလိုက်နိုင်တာ ဖြစ်တယ်လို့ ပြောဆိုခဲ့ကြပါတယ်။

“ကျနော်တို့ အားလုံး တသက်လုံး အရှက်မဲ့သူတွေ၊ ဂုဏ်သိက္ခာမရှိသူတွေ၊ သတ္တိမဲ့သူတွေ အဖြစ်ကနေပြီးတော့ ဒီနေ့၊ ဒီရက်မှာ ဂုဏ်သိက္ခာရှိသူတွေ၊ အကြောက်တရားကို ဖယ်ရှားနိုင်သူတွေ င်္ပြီးတော့ အားလုံးရဲ့ရှေ့မှာ ငါတို့ အီဂျစ်နိုင်ငံသားတွေ ဟေ့ လို့ ဂုဏ်ယူဝင့်ကြားနိုင်တဲ့ နေ့၊ စာမျက်နှာသစ်ကို ဖွင့်လိုက်တာ ဖြစ်တယ်။ အီဂျစ်နိုင်ငံသား ဖြစ်ရတာ ဂုဏ်ယူစရာဖြစ်တဲ့ နေ့ဖြစ်တယ်။ ခေတ်ဖြစ်တယ်”

လို့ တာရီရာရင်ပြင်က လူငယ်မျိုးဆက်သစ်တွေက သူတို့ရဲ့ ဖေ့စ်ဘွတ်တွေ၊ တွစ်တာတွေကနေ ကမ္ဘာကြီးကို ပြောလိုက်ပါတယ်။

(မိုးမခ)

0 “ ပိတ်လှောင်ထားသော စစ်အာဏာရှင်စနစ်နှင့် ချုပ်နှောင်ထားသော ထောင်နံရံများအား ဂီတသံစဉ်ဖြင့် ရိုက်ချိုးချေဖျက်မည့် Unplugged ဂီတပွဲ ”

၂၀၁၁-ဖေဖေါ်ဝါရီလ(၁၃)ရက်-ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အမှတ်တရအဖြစ် မြန်မာနိုင်ငံမှ နိုင်ငံရေးအကျဉ်းသားအားလုံးလွတ်မြောက်ရေးအတွက်ဂီတပွဲ

 စစ်အာဏာရှင်လက်အောက် ဗမာပြည်သူများ လွတ်မြောက်ရေးနှင့် တရားမျှတမှု၊ လွတ်လပ်ရေး၊ ဒီမိုကရေစီရေးလှုပ်ရှား
    ဆောင်ရွက်ရင်း မတရားဖမ်းဆီးခံထားရသော နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ငြိမ်းချမ်းရေးနှင့် အမှန်တရားကိုမြတ်နိုးသော ဂီတအနုပညာရှင်များနှင့် နိုင်ငံရေးအင်အားစုများမှ “ ပိတ်လှောင်ထားသော စစ်အာဏာရှင်စနစ်နှင့် ချုပ်နှောင်ထားသောထောင်နံရံများအား ဂီတသံစဉ်ဖြင့် ရိုက်ချိုးချေဖျက်မည့် Unplugged ဂီတပွဲ ” ကိုပြုလုပ်မည် ဖြစ်ပါသဖြင့် မိတ်ဆွေများ၏ လွတ်လပ်နေသော
     အချိန်များကိုလာရောက် အသုံးပြုပေးပါရန် လေးစားစွာဖိတ်ကြားလိုက်ပါသည်။

    နေ့ရက် ။    ။ ၁၃.၂.၂၀၁၁ (တနင်္ဂနွေနေ့)

              အချိန် ။    ။ ညနေ ၆း၀၀ နာရီမှ ည ၉း၀၀ နာရီထိ

              နေရာ ။     ။ အီကဲဘုကုရို ကူမင်စင်တာ (၆ ထပ်)

                            Ikebukuro Kumin Center, 6F ( East Stage )

အောက်ဖေါ်ပြပါ link မှလည်း ဂီတပွဲတော်အစီအစဉ်ကို တိုက်ရိုက်ကြည့်ရှုအားပေးနိုင်ပါသည်။

 http://www.ustream.tv/channel/mgbiruma

Friday, February 11, 2011

0 ဂျပန်ရောက်မြန်မာနိုင်ငံသားများ၏အမျိုးသားခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ထံမှ တယ်လီဖုံးဖြင့်သြ၀ါဒခံယူဆွေးနွေးပွဲ




ယနေ့ ၂၀၁၁ ခုနှစ်၊ဖေဖေါ်ဝါရီလ၊ ၁၁ရက်နေ့တွင် ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီအင်အားစုများ စုပေါင်း ဖွဲ့စည်းထားသော မြန်မာ့ဒီမိုကရေစီကွန်ရက် Network for Democray in Burma(NDB)မှ အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား တယ်လီဖုန်းဖြင့် တွေ့ဆုံ၍ သြဝါဒခံယူပွဲကို ဂျပန်နိုင်ငံ တိုကျိုမြို့ (MINAMI OTSUKA)တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
photo.ဦးသန်းဝင်း။Video..maungwto

0 ကြောက်စိတ် - ထက်ကျော်


ဒီဆောင်းပါးဟာ “HERBERT CASSON” ရဲ “BRAIN BUILDING FOR ACHIEVEMENT”
ဆိုတဲ့ စာအုပ်ထဲက ကြောက်ရွံ့စိုးရိမ်စိတ်များနဲ့ ပတ်သက်ပြီး တင်ပြထားတဲ့အခန်းတစ်ခန်းကို ဆီလျော်အောင်  ဘာသာပြန်တင်ပြထားတာဖြစ်ပါတယ်။ မူရင်း စာရေးဆရာဟာ ကမ္ဘာကျော် တက်ကျမ်းဆရာကြီးတစ်ဦးဖြစ်ပြီး၊ သူ့ရဲ့စာအုပ်များဟာ တိုးတက်မှုကိုလိုလားတဲ့ လူငယ်လူကြီးမရွေး လက်ကိုင်ထားရတဲ့ စာအုပ်များဖြစ်ပါတယ်။

“BRAIN BUILDING FOR ACHIEVEMENT” မှာ သူက ကြောက်စိတ်ဖြစ်ပေါ်လာပုံ၊ ကြောက်စိတ်ဟာ လူတွေကို ဘယ်လိုအကျိုးသက်ရောက်မှုဖြစ်စေပုံ စတာတွေကို ဒီလိုတင်ပြထားပါတယ်။
ကြောက်စိတ်ဆိုတာ လူတွေကို အမြဲဒုက္ခပေးနေတဲ့ အဆိုးဆုံး စိတ် ရောဂါတစ်ခုဖြစ်ပါတယ်။ ကြောက်စိတ်ကြောင့် ဦးနှောက်စွမ်းရည်ကို ထိခိုက်ပျက်စီးနိုင်တယ်။ ကြောက်စိတ်ကြောင့် ကိုယ့်ကိုလေးစားမှုတွေပျက်ပြယ်သွားနိုင်တယ်။ ကြောက်စိတ်ကြောင့် ဘဝတိုးတက်မှုကို ထိခိုက် ပျက်စီးနိုင်တယ်။ ဒါပေမဲ့ လူတွေက တစ်ခုမဟုတ်တစ်ခုဆိုသလို အမြဲလိုလို ပဲကြောက်နေတတ်ကြတယ်။ကြောက်စရာကောင်းတာတွေကို ကြောက်ကြသလို စိတ်ကူးနဲ့မှန်းဆပြီး ကြောက်နေကြတာတွေလည်း ရှိတယ်။ ဒီလိုဖြစ်နေတဲ့အတွက် အယူသီးတဲ့လူတွေကို ခြောက်လှန့်၊ ကြုံလာမယ့်အန္တရာယ်တွေကို ကာကွယ်ပေးမယ်လို့ပြော၊ ဟိုပူဇော်မှု၊ ဒီပူဇော်မှုတွေလုပ်ပြီး ငွေလိမ်စားနေကြတဲ့ လူတွေဟာအများအပြားပါ။ အာဏာရှင်တွေကတော့ လူတွေကို မကြောက် ကြောက်အောင်ခြောက်ပြီး အုပ်ချုပ်တတ်ကြရဲ့။

လူတစ်ယောက်ဟာ သူ့ရဲ့ဦးနှောက်စွမ်းရည်နဲ့ အရည်အချင်းများအလိုက် သူတို့ရဲ့အခွင့်အလမ်းကို ရှာဖွေတတ်ကြပါတယ်။ ဒီအချိန်မှာပဲ သူ့ရဲ့ ကြောက်စိတ်ကို သူပြန်တွေ့လာကြရမြဲပါ။ ရှေ့တစ်လှမ်းတိုးတိုင်း အတားအဆီးတစ်မျိုးမဟုတ် တစ်မျိုးတွေ့လာရတာကိုး။
ဒါဟာ ဘဝတစ်လျှောက်လုံးတွေ့ရမှာပါ။ အခက်အခဲကိုသာ ကြောက်နေရင်တော့ တိုးတက်မှုဟာ မလွှဲမသွေ နှေးသွားမှာ ဖြစ်ပါတယ်။

ဆီးနှင်းတွေက ပန်းဥယျာဉ်တစ်ခုလုံးကို ထိခိုက်စေသလို ကောင်းကျိုးမပေးတဲ့ ကြောက်စိတ်ကြောင့်လည်း ဦးနှောက်စွမ်းရည်ကိုထိခိုက်စေပါတယ်။ ကြောက်စိတ်က စဉ်းစားဆင်ခြင်နိုင်မှုကို အနှောင့်အယှက် ပေးနေလေတော့ ကြောက်နေတဲ့ လူတစ်ယောက်ဟာ ဘယ်မှာဦးနှောက်ကောင်းကောင်းနဲ့ အလုပ်လုပ်နိုင်ပါ့မလဲ။ ဘဝလုံခြုံရေးနဲ့ တည်မြဲရေးကိုပဲ အာရုံစိုက်နေရတော့ အခြားဘက်တွေမှာ အားနည်းသွားတဲ့သဘောပါ။

လူတစ်ယောက် ကြောက်စိတ်ဝင်လာပြီဆိုရင် ပျော့ညံ့သွားပြီသာမှတ်၊ အလုပ်လက်မဲ့ဘဝနဲ့ သုံးလလောက် နေရသူတစ်ဦးဟာ သူအလုပ်မရနိုင်တော့ဘူးလို့ ထင်မှတ်သွားတတ်တယ်။ တစ်နှစ်လောက်သာ အခြေအနေဆိုးတွေကို ရင်ဆိုင်နေရရင်တော့ ငါဒုက္ခရောက်တော့မယ်လို့ မကောင်းတဲ့အမြင်တွေ ဝင်သွားတတ်တယ်။ ကြောက်စိတ်တွေကြောင့် လူဟာပိုပြီး ပျော့ညံ့သွားတတ်တာဟာ ဓမ္မတာပါပဲ။

လူတော်တော်များများဟာ ကင်ဆာရောဂါကို ကြောက်ကြတယ်။ ကင်ဆာရောဂါဟာ ကူးစက်မှု မရှိသလို မျိုးရိုးကြောင့်လည်း ရောဂါမကူးစက်နိုင်ဘူးလို့ ပညာရှင်တွေက ပြောကြတယ်။ ဒါပေမဲ့ လူအတော်များများဟာ မိသားစု တစ်ခုတည်းမှာ ကင်ဆာရောဂါဖြစ်လာတယ်ဆိုရင် ကျန်တဲ့လူတွေကို ကူးစက်မှာ ကြောက်တတ် ကြတယ်။ တကယ်တော့ ဒီရောဂါဟာ မိုးကြိုးပစ်သလိုမျိုးပါ။ မိုးကြိုးဆိုတာ ဘယ်အချိန်၊ ဘယ်အခါ၊ ဘယ်နေရာမှာ ပစ်မယ်မှန်းမသိဘဲ ကြိုပြီး ကြောက်လန့်နေတာမျိုးနဲ့တူပါတယ်။ ဒီလို ကြောက်တတ်မှုဟာ စိတ်ပင်ပန်း၊ လူပင်ပန်း ဖြစ်တာသာအဖတ်တင် ပါလိမ့်မယ်။

လူတစ်ယောက်ဟာ တောနက်တစ်ခုထဲမှာ အိမ်တစ်လုံးဆောက်ပြီး နေထိုင်ဖို့အတွက် အခြေအနေဖန်တီး လာတယ်ဆိုပါတော့။ သူဟာ အိမ်ဆောက်နေစဉ် မြွေ၊ ကျား စတဲ့ တောကောင်တွေကိုတွေးမိပြီး ကြောက်ရွံ့တဲ့ ဓာတ်ကလွှမ်းမိုးလာတယ် ဆိုပါတော့။ အဲဒီ့အချိန်မှာ သူဟာ တူတွေ၊ ဆောက်တွေ၊ လွှတွေဆိုတဲ့ လက်သမား ကိရိယာတန်ဆာပလာတွေကို ဘေးချထားပြီး ဓားတွေ၊ လှံတွေ၊ လေးမြားတွေကိုင်ရင်း သတိနဲ့နေနေရပါတယ်။ ဒီတော့ သူ့ရဲ့ မူလ အလုပ်က လစ်ဟင်းသွားပါလေရော။ ဒါဟာ ကြောက်ရွံ့နေမှုကြောင့် စဉ်းစားမှုတွေဟာ နုံနဲ့ပြီးသွားတာကို ဖော်ပြနေတာပဲဖြစ်ပါတယ်။ စိတ်နုတဲ့သူတွေက ပိုးဆိုးပါတယ်။ ဘာမှမဟုတ်တာတွေကို အတွေးနယ်ချဲ့ပြီး တစ်စိတ်ကိုတစ်အိတ်လုပ်လို့ ကြောက်နေတတ်ကြပြန်တယ်။ မရှိတဲ့အန္တရာယ်ကို ရှိတယ်ထင်ပြီးတော့လည်း ကြောက်နေကြပြန်ရော။ အခြေအနေသစ်၊ အပြောင်းအလဲသစ်တစ်ခုနဲ့ တွေ့ပြီဆိုရင် ကြောက်စရာ၊ လန့်စရာတွေကိုပဲ ရှာကြံတွေးတောပြီး ကြောက်နေတတ်တဲ့ လူမျိုးတွေပါ။ သူတို့ဟာ အတွေးပေါင်းစုံနဲ့ အတွေးနယ်ချဲ့ပြီး ကြောက်စရာမရှိ ကြံဖန်တွေးပြီး အကြောက်လွန်နေကြသူတွေဖြစ်ပါတယ်။

အကြောက်တရား ၅၇ ပါးရှိတယ်လို့ ပြောကြတယ်။ အချို့ ကဘေးလူတွေက တောင်ပြောမြောက်ပြော ပြောခံရမှာကို ကြောက်တယ်။ ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေကိုလည်း ကြောက်ကြတယ်။ အလုပ်ပြုတ်မှာ၊ ရာထူးကျမှာ ကြောက်တယ်။ ဆင်းရဲမွဲတေသွားမှာကြောက်တယ်။ လမ်းပေါ်ကလူတွေကို အချိန်နည်းနည်းယူပြီးသတိထားကြည့်လိုက်စမ်းပါ။ သူတို့မျက်နှာတွေမှာ ကြောက်စိတ်ဝင်နေတာတွေကို တွေ့ရလိမ့်မယ်။ ကြောက်စိတ်ကြောင့် ပူပန်သောကတွေဖြစ်၊ သောကကြောင့်မအေးချမ်းနိုင်၊ အရေးရယ်အကြောင်းရယ်ဆိုရင် ခြေမကိုင်မိ လက်မကိုင်မိဖြစ်ကြ၊ ကိုယ့်စွမ်းရည်ကိုလည်း ကိုယ်အသုံးမချနိုင်တဲ့အခါ စိတ်ပိုင်းရော ရုပ်ပိုင်းမှာပါရောဂါရလာကြရာက တစ်ဆင့်အိပ်မပျော်တာ၊ ရူးသွပ်သွားကြတာ၊ ကိုယ့်ကိုယ်ကိုယ် သတ်သေကြတာတွေ အထိဖြစ်သွားကြပါတော့တယ်။ လူဆိုတာ သတ္တိရှိအောင် သတ္တိမွေးကြဖို့ လိုပါတယ်။

သတ္တိရှိတဲ့လူဆိုတာ ဘာပဲလုပ်လုပ် သောကနည်းပါတယ်။ မိသားစုကိစ္စအတွက် အနည်းအကျဉ်း သောက ရှိနေကောင်းရှိမယ်။ ဒါပေမဲ့ ပြိုင်ဘက်ကို ယှဉ်ပြိုင်ဖို့ဝန်မလေးတတ်ကြဘူး။ မကြောက်ကြဘူး။ အန္တရာယ်ကြားမှာ စွန့်စားလုပ်ကိုင်ရဲကြတယ်။ အဲဒီလိုလူတွေဟာ ဘေးအန္တရာယ်ကို တွေးပူနေကြသူတွေ မဟုတ်ဘဲ ပေါ်လာမယ့် အခွင့်အလမ်းကိုပဲ မျှော်လင့်နေကြတဲ့သူတွေပဲ ဖြစ်ပါတယ်။
ကြောက်စိတ်ကို ဖြေဖို့ဆိုရင် ကိုယ်တွေးပြီး ကြောက်ကြောက်နေတတ်တဲ့ ကြောက်စရာတွေ
ဟာ တကယ်ဖြစ်လာမှာ မဟုတ်ပါဘူးဆိုတာ ပထမဆုံးသဘောပေါက်အောင်လုပ်ဖို့ပါပဲ။ ဒီအချက်
ကို “လွိုက်အာမခံကုမ္ပဏီကြီး” ကိုကြည့်ရင် သိနိုင်မှာပါ။ ဒီအာမခံလုပ်ငန်းရဲ့ အောင်မြင်မှု၊ တိုးတက်မှုနဲ့ တည်ငြိမ်မှုတွေက သက်သေပြနေပါတယ်။ နှစ်တစ်ရာကျော်ပြီဖြစ်တဲ့ ကုမ္ပဏီသက်တမ်းမှာ လူတွေ တွေးကြောက်ပြီး အာမခံထားနေတဲ့ ကိစ္စတွေသာ တကယ်ဖြစ်လာခဲ့ရင် “လွိုက်အာမခံလုပ်ငန်း” ဆိုတာ ရှိတော့မှာ မဟုတ်ပါဘူး။ ဗြိတိန်နိုင်ငံမှာရှိတဲ့ အခိုင်မာဆုံးငွေကြေးအာမခံကုမ္ပဏီကြီးဖြစ်တဲ့ “လွိုက်”ဟာ အန္တရာယ်ကို တွေးမကြောက်လို့ ဒီလိုရပ်တည်နိုင်တာဖြစ်ပါတယ်။

စစ်ပွဲတွေမှာကြည့်၊ စစ်သားတွေသာ ကြောက်စိတ်မွေးနေရင် ဘယ်မှာ အောင်မြင်ပါ့မလဲ။ သူတို့
ဟာ ကြောက်စိတ်တွေကို စိတ်စွမ်းရည်တွေနဲ့ ဖယ်ရှား၊ ဥပေက္ခာပြုသင့်တာတွေကို ဥပေက္ခာပြုပြီး
ကိုယ့်ကိုယ်ကိုယ် ထိန်းကျောင်းသွားကြတာ ဖြစ်ပါတယ်။
စိတ်ဓာတ်စွမ်းအားတွေရရှိလာရင် ရင်ဆိုင်နေရတဲ့အခက်အခဲမှန်သမျှတွေဟာ ဘာမှမပြောပလောက်တဲ့ ကိစ္စမဟုတ်ဘဲ အသေးကလေးမှ တကယ့်အသေးကလေးတွေ ဖြစ်သွားတတ်ပါတယ်။
ဒါကြောင့် “ကြောက်စိတ်တွေကိုဖယ်ကြပါ” လို့ တိုက်တွန်းပါရစေ....
Ref:Herbet Casson 'Brain Building For Achievement

7days news journalဂျာနယ် အတွဲ(၉) အမှတ်(၄၆)မှ ပြန်လည်ကူးယူ မျှဝေလိုက်ပါသည်။

0 “သံဝေဂ”ရစရာ လမ်းကြောင်း (၂) ခု

“သံဝေဂ”ရစရာ လမ်းကြောင်း (၂) ခု
      နာရေးကူညီမှုအသင်း(ရန်ကုန်)သည် သေဆုံးသွားသော ရုပ်အလောင်းများအား မီးသင်္ဂြိုလ်မှု ပြုလုပ်ပေးရာတွင် ယခုဆိုလျှင် မီးသင်္ဂြိုလ်ခ (၂) ဆ တိုးမြှင့်၍ ရန်ကုန်မြို့တော် စည်ပင်သာယာဌာန သို့ ပေးဆောင်၍ နာရေးကူညီမှုလုပ်ငန်းများကို နေ့စဉ်နေ့တိုင်း ပျှမ်းမျှ (၄၅/၅၀) ဦးတို့ကို  (အခမဲ့) ဖေးမကူညီသင်္ဂြိုလ်ပေးလျက် ရှိပါသည်။ ထို့အပြင် ရဲမှုခင်းများဖြစ်သော (ရေနစ်၊ ရထားကြိတ်၊ လမ်းဘေးသေ၊ ဆွဲကြိုးချ .... ) စသည့် နာရေးကိစ္စများကိုပါ ထမ်းရွက်ကူညီဖေးမ ပေးလျှက်ရှိသည်။
      ယနေ့ ၁၁.၂.၂၀၁၁ (သောကြာ) နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ပို့ဆောင်ရသော နာရေး ကိစ္စများတွင် ထူးခြားသော သံဝေဂရစရာ နာရေးလမ်းကြောင်း (၂) ခုကို တွေ့ကြုံခဲ့ရသည်။ 
      ပထမဦးစွာ တောင်ဒဂုံမြို့နယ်နေ ဦးကျော်ဝင်း အသက် (၄၂) နှစ်သည် လောကဓံ၏ နှိပ်စက်ခြင်းဒဏ်ကို မခံနိုင်သည့်အဆုံး မိမိကိုယ်မိမိ သစ်ပင်တွင်ကြိုးဆွဲ၍ ဆွဲကြိုးချ အဆုံးစီရင် သွားခြင်းပင်ဖြစ်သည်။ နံနက်အစောပိုင်းတွင် ရပ်ကွက်လမ်းထိပ်သစ်ပင်၌ ဆွဲကြိုးချသေဆုံးနေ ကြောင်း ရပ်ကွက်နေ ရပ်မိရပ်ဖတို့မှတွေ့ရှိပြီး တောင်ဒဂုံရဲစခန်းမှတဆင့် နာရေးကူညီမှုအသင်း (ရန်ကုန်)သို့ အကြောင်းကြား၍ သွားရောက်သယ်ဆောင်ပြီး စံပြဆေးရုံသို့ ပို့ဆောင်ကူညီ ပေးခဲ့ရသည်။ (သေဆုံးသူ ဦးကျော်ဝင်းသည် ညပိုင်းအချိန်၌ ဦးမောင်မောင် ဆပ်ကပ်ပွဲသို့ သွားရောက်ကြည့်ရှုခဲ့သည်ကို မြင်တွေ့ရသည်ဟု ရပ်ကွက်နေ ရပ်မိရပ်ဖများက ပြောကြားခဲ့သည်။)
      ဒုတိယ ထူးခြားသော နာရေးလမ်းကြောင်းမှာ စိန်ပန်းမြိုင်(၁)လမ်း၊ ၃၃ ရပ်ကွက်၊ ဒဂုံမြို့သစ် မြောက်ပိုင်းနေ ဒေါ်လေး (ကရင်ချောင်း)၏ နာရေးလမ်းကြောင်းဖြစ်သည်။ ဒေါ်လေး (ကရင်ချောင်း) သည် ဘုရား၊ ရဟန်း၊ သိမ်၊ ကျောင်း၊ ဒါယိကာမကြီး ဖြစ်သည်နှင့်အညီ လောကဓံ၏ လှည့်စားခြင်း၊ နှိပ်စက်ခြင်းတို့ကို မြတ်စွာဘုရား ဟောကြားခဲ့သော တရားဓမ္မနှင့်အညီ နေထိုင်၊ ကျင့်ကြံ၊ အားထုတ်မှု တို့ကြောင့် အသက် (၁၀၀) နှစ်အထိ သက်တမ်းစေ့ နေထိုင်သွားနိုင်ခဲ့သော အမေကြီးတစ်ဦးပင် ဖြစ်တော့သည်။
      ၂၀၁၁ ခုနှစ်၊ ဇန်န၀ါရီလအတွင်း နာရေးကူညီမှုအသင်း(ရန်ကုန်)မှ နာရေးစုစုပေါင်း (၁၂၅၈) ဦး ရှိခဲ့သည့်အနက် သံဃာတော် - (၂၂)ပါး၊ သီလရှင် - (၆)ပါး၊ ကျား - (၆၈၀)ဦး၊ မ - (၅၃၁)ဦး၊ ကလေး - (၁၅)ဦး၊ ရဲမှုခင်းဆိုင်ရာ - ကျား - (၄) ဦးတို့အား အခမဲ့ ကူညီဖေးမ သင်္ဂြိုလ်ပေးခဲ့သည်။
      ထိုကဲ့သို့ နေ့စဉ်နေ့တိုင်း အချိန်တိုင်း၊ မိနစ်တိုင်း၊ စက္ကန့်တိုင်းတို့တွင် နာရေးကိစ္စများ အဆက်မပြတ် တွေ့ကြုံဖေးမကူညီမှုများကို လုပ်ဆောင်နေကြရာဝယ် ဦးမောင်မောင်ထွေး ရေးသားထားသော “အသုဘရှုကြွပါ” ဓမ္မဒါန စာအုပ်ငယ်ထဲမှ “လူသေကြီးက မြတ်ဓမ္မ ဟောပြနေ့ တိုင်းသာ၊ ငါသေသလိုလည်း သင်တို့လည်း သေမြဲဓမ္မတာ၊ မသေခင်က ကုသလ ပြုကြဖန်ခါခါ၊” ဟူသော အဖိုးတန်စာပိုဒ်လေးအား အဖန်ဖန်ပွားများ နေမိတော့သည်။ 

ပေးပို့သော ကိုကျော်သူအားကျေးဇူးတင်ရှိပါသည်။။

0 ၂၁ ရာစု ပင်လုံညီလာခံနှင့်စပ်လျဉ်း၍

သမိုင်းဝင် ပင်လုံစာချုပ် (၁၂-၂-၁၉၄၇)
၂၁- ရာစု ပင်လုံညီလာခံဟု ခေါ်ကြမည်ဆိုလျှင် ပင်လုံဆိုသည့် မြို့အမည်ထည့်ဖို့ လိုပါသေးသလားဟု မေးမည့်လူများ ရှိချင်ရှိမည်....

၁။ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် တိုင်းရင်းသား ခေါင်းဆောင် နှစ်ဆယ့်တစ်ဦးတို့က ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက် နေ့တွင် ရှမ်းပြည်နယ်၊ ပင်လုံမြို့တွင် သမိုင်းမှတ်တိုင်တစ်ခုစိုက်ထူခဲ့ပေမဲ့ ယခုအခါမှာ ယင်းသမိုင်း မှတ်တိုင် လှုပ်တုပ်တုပ်ဖြစ် နေပါပြီ။ ယင်း လှုပ်တုပ်တုပ်ဖြစ်နေသော သမိုင်းမှတ်တိုင်ကို ကြံ့ကြံ့ခိုင်ခိုင်ဖြစ်စေရန် ရည်ရွယ်၍ ဒုတိယပင်လုံ ညီလာခံ/၂၁ ရာစု ပင်လုံညီလာခံ ကျင်းပရန် ကျွန်န်ုပ်တို့က ၂၄-၁၀-၁၀ ရက်နေ့တွင် ကလေးမြို့ ဆုံးဖြတ်ချက်ကြေညာ စာတမ်းအဖြစ် ကြေညာခဲ့ပြီး ဖြစ်ပါသည်။

၂။ ၁၂-၂-၄၇ နေ့မှာ ကျင်းပပြုလုပ်ခဲ့သော ပထမ ပင်လုံညီလာခံ၏ အဓိက ရည်ရွယ်ချက်မှာ တောင်းတန်းသားများ ဖြစ်ကြသည့် ရှမ်း၊ ကချင် နှင့် ချင်းတို့နှင့် ကြားဖြတ် ဗမာအစိုးရ (Interim Burmese Government) ပူးပေါင်းပြီး လွတ်လပ်ရေး အရယူပြီး၊ ဖယ် ဒရယ်ပြည်ထောင်စု၊ ပြည်ထောင်စု စစ်စစ် ထူထောင်ရန်တို့ ဖြစ်ကြောင်း ပေါ်လွင် ထင်ရှားပါသည်။ ပင်လုံစာချုပ်မှာ အချက်ကိုးချက် ပါ၍ စာချုပ်၏ အနက်အဓိပ္ပါယ်ကို မေမြို့စုံစမ်းရေး ခေါ်သည့် ဒုတိယစုံစမ်းရေး စာအုပ်တွင် ဖော်ပြပါရှိပါသည်။ ယခုအခါမှာ ပထမ ပင်လုံညီလာခံ သဘောတူ ဆုံးဖြတ်ချက်များ မှေးမှိန်လုမတတ်ဖြစ်နေသည်။ ထို့ကြောင့် ဒုတိယ ပင်လုံညီလာခံ/ ၂၁ ရာစု ပင်လုံ ညီလာခံ လိုအပ်နေခြင်းဖြစ်ပါသည်။ ပင်လုံညီလာခံကို ဒေါ်အောင်ဆန်းစုကြည်က အမြော်အမြင်ကြီးစွာနှင့် ၂၁ ရာစု ပင်လုံညီလာခံ အဖြစ် မှည့်ခေါ်သည်မှာ အလွန်လျော်ကန် သင့် မြတ်သည်ဟု ယုံကြည်သဖြင့် ထိုသို့ပင် သုံးစွဲကြပါစို့။

ပူကျင့်ရှင်းထန်
၃။ ၂၁- ရာစု ပင်လုံညီလာခံဟု ခေါ်ကြမည်ဆိုလျှင် ပင်လုံဆိုသည့် မြို့အမည် ထည့်ဖို့ လိုပါသေးသလားဟု မေးမည့် လူများ ရှိချင် ရှိမည်။ ပင်လုံ ဆိုတဲ့စကားလုံး ကြားလိုက်တာနှင့် တပြိုင်နက်ထဲ လူတွေရဲ့ စိတ်ထဲမှာ ပေါင်းစည်းရေး စိတ်ဓါတ်၊ ပြည်ထောင်စု စိတ်ဓါတ် နှိုးဆွပေးပါသည်။ ထို့ကြောင့် ပင်လုံတော့ ထည့်ရမည်။
ပင်လုံဆိုသည့် အမည်သည် ပြည်ထောင်စုနေ့ ပင်လုံစိတ်ဓါတ် ပေါ်ပေါက်လာအောင် ဦးဆောင်စည်းရုံးသူ ဗိုလ်ချုပ်အောင်ဆန်းက လည်း ပင်လုံစိတ်ဓါတ်၊ ပြည်ထောင်စု စိတ်ဓါတ်နှင့် ပင်လုံစာချုပ် နှင့် ပတ်သက်၍ ၁၉၄၇-ခုနှစ်၊ ဇွန်လ (၁၀-၁၈) ရက်ထိ ကျင်းပ ခဲ့သည့် ပထမ တိုင်းပြုပြည်ပြုလွတ်တော်တွင် ပြောကြားရာ၌ ပင်လုံစာချုပ်၏ စာဖြင့် ရေးထားသောသဘောတူညီ ချက်များ (Agreement in written) ကိုသာမက၊ စာဖြင့် မရေးထားသော်လည်း ထိုသဘောတူညီချက်ကို ဖြစ်စေခဲ့သော စာချုပ်၏ အနှစ် သာရအရ (Agreement in Spirit) ကို လေးစား လိုက်နာရမည်ဖြစ်ကြောင်း လေးနက်တည်ကြည်စွာ ပြောကြားခဲ့သည်။
 ၎င်းပြင် အခြေခံဥပဒေ ရေးဆွဲရာမှာလည်း ဗိုလ်ချုပ်လမ်းညွှန် ၇ ချက် ထားခဲ့သော်လည်း ဗိုလ်ချုပ်ကျဆုံးပြီး အခြေအနေဥပဒေ ပြဋ္ဌာန်းလာသောအခါ ဗိုလ်ချုပ်နှင့် တိုင်းရင်းသားများ ရည်မှန်းထားသည့် ပြည်ထောင်စုစစ်စစ် အခြေခံဥပဒေ ဖြစ်မလာဘူး။ ဤအချက်ကို Consitutional Advisor ဦးချန်ထွန်း (ဗိုလ်ချုပ်နှင့် အငြင်းပွားခဲ့ဖူးသူ) ကလည်း မှန်ကန် ကြောင်း ဝန်ခံခဲ့ကြောင်း Thinker က အောက်ပါအတိုင်း ရေးသည်။ "Constitutional Advisor admitted that Our constitution thought in theory federal is in practice unitary"

၎။ သို့ဖြစ်၍ ယခုအချိန်အထိ နှစ်ပေါင်း (၆၂) နှစ်အတွင် ဒီမိုကရေစီ အစိုးရ၊ ၁၉၅၈-ခုနှစ်က စတင်ခဲ့သော ပြောင်းလဲလာသော အစိုး ရ အဆက်ဆက်တွင် တိုင်းရင်းသား လူမျိုးများ၏ ဒီမိုကရေစီရေးနှင့် တန်းတူရေး မှေးမှိန်ကွယ်ပျောက်သွားသည့်အတွက် တိုင်းရင်း သား လူမျိုးများသည် ဒီမိုကရေစီရေး တန်းတူရေးရာ ရှိရန်အတွက် ဥပဒေတွင်း၊ ဥပဒေ ပ (လက်နက်ကိုင်) တိုက်ပွဲများ ယခုထက် တိုင် အဆက်မပြတ် ဖြစ်ပေါ်နေပါသည်။ ဗမာ အပါအဝင် တိုင်းရင်းသားအားလုံးသည်တိုင်းရင်းသား ညီညွတ်ရေးအတွက် ညှိနှိုင်း တည်ဆောက်ခဲ့သော ပင်လုံစိတ်ဓါတ်၊ ပြည်ထောင်စု စိတ်ဓါတ်သည် ပျောက်ကွယ်လုမတတ် ဖြစ်နေပါသည်။
ထိုစိတ်ဓါတ်ကို ပြည်လည်နှိုးဆွ အသက်သွင်းရန် လိုအပ်လာပါသည်။ ယခု ၂၁-ရာစု ပင်လုံညီလာခံသည် ကလေးမြို့က ဆုံးဖြတ် ချက် ကြေညာစာတမ်းတွင် ပါရှိသည့်အတိုင်း တပြည်ထောင်စနစ်လည်း မဟုတ်၊ ခွဲထွက်ခွင့်လည်း မရှိသော ဖယ်ဒရယ် ပြည်ထောင် စု၊ ပြည်ထောင်စုစစ်စစ် တည်ထောင်နိုင်ရန် ညှိနှိုင်း ဆွေးနွေးရန် ဖြစ်သည်။ မည်သည့်အဖွဲ့အစည်းနှင့်မျှ ထိပ်တိုက် ရင်ဆိုင်တိုက် ခိုက်ရန် မဟုတ်ပါ။

သို့ဖြစ်ပါ၍ ယခုကျင်းပရန် ရည်မှန်းထားသော ၂၁-ရာစု ပင်လုံညီလာခံသည် အာဏာရ န-အ-ဖ အပါအဝင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ တိုင်းရင်းသား ပါတီများ၊ လွတ်လပ်ရေး တိုက်ပွဲအဆင့်ဆင့်တွင် ပါဝင်ခဲ့ကြသည့် မျိုးချစ် နိုင်ငံရေးရဲဘော်ဟောင်းများ၊ ၈၈-မျိုးဆက်ကျောင်းသားများ၊ တိုင်းရင်းသား လူငယ်များနှင့် ဒီမိုကရေစီ အင်အားစုများ၊ အားလုံး စုပေါင်း ညှိနှိုင်း၍ ၂၁-ရာစု ပင်လုံညီ လာခံ ခေါ်ယူကျင်းပရန် ဖြစ်သည်။ ဤလုပ်နည်း လုပ်ဟန်သာလျှင် အမျိုးသား ပြန်လည် သင့်မြတ်ရေး ငြိမ်းချမ်းစွာ ဖြစ်ပေါ်ရေး အတွက် အကောင်းဆုံးဖြစ်သည်ဟု ယုံကြည်သည်။ ၂၀၀၈- အခြေခံဥပဒေ ပုဒ်မ ၃၅၄ (က) နှင့် (ခ) အရဖြစ်ပါသည်။

အားလုံး လက်ခံနိုင်သော ၂၁ ရာစု ပင်လုံညီလာခံ အမြန်ပေါ်ပေါက်ပါစေ!
ပူကျင့်ရှင်းထန်- ဥက္ကဋ္ဌ
ဇိုမီးအမျိုးသားကွန်ကရက်- ဖေဖော်ဝါရီ ၃၊ ၂၀၁၁
စာ မူရင်း - သျှမ်းသံတော်ဆင့်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.