Saturday, June 25, 2011

0 အဘမင်းသိင်္ခ (၇၃) အမှတ်တရ


အဘမင်းသိင်္ခ (၇၃) အမှတ်တရ

၂၅.၆.၂၀၁၁ (စနေနေ့)၊ နံနက် (၉း၀၀) နာရီအချိန်တွင် မြောက်ဒဂုံမြို့နယ်၊ မဟာမြိုင်အိမ်ရာ အတွင်းရှိ သန္တိသုခသာသနာ့ဗိမာန်တော်ကြီး၌ ကွယ်လွန်သူ အဘဒေါက်တာ မင်းသိင်္ခ၏မွေးနေ့ (၇၃) နှစ်မြောက်အမှတ်တရပွဲနှင့် ပညာသင်ထောက်ပံ့ပွဲ အခမ်းအနား၌ နာရေးကူညီမှုအသင်း(ရန်ကုန်) အတွက် အလှူငွေပေးအပ်ခြင်းကို ကျင်းပပြုလုပ်ခဲ့ပါသည်။

ယင်းအခမ်းအနားတွင် နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ (၃) ကြိမ် ရွတ်ဆိုကာ အခမ်းအနားကို ဖွင့်လှစ်ခဲ့ရာ အဘ မင်းသိင်္ခ၏ တပည့်ရင်းမှ ၀ိဇ္ဇာအပေါင်းတို့အား ပင့်ဖိတ် ၍ အဘမင်းသိင်္ခအား သတိရအောက်မေ့ခြင်းအဖြစ် (၂) မိနစ်ခန့် ငြိမ်သက်ခဲ့ကြပြီးနောက် အဘ ဆရာကြီး မင်းသိင်္ခ၏ ကျေးဇူးတရားများအား ရည်စူးကန်တော့ခဲ့ကြသည်။ ထို့နောက် ရာမ ဦးအုန်းမောင် မှ ကန်တော့ရခြင်း၏ ရည်ရွယ်ချက်နှင့် ခင်ပွန်းကြီးဆယ်ပါး၏ ဂုဏ်ကျေးဇူးများကို မမေ့မလျော့ခြင်းသည် အကျိုးထူး အကျိုးမြတ်များ ရရှိခံစားရမည်ဖြစ်ကြောင်း ပြောကြားပြီးနောက် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူမှ အဘဆရာကြီးမင်းသိင်္ခနှင့် ပတ်သက်၍ အမှတ်တရ စကားပြောကြားခြင်းနှင့် အဘ ဆရာကြီးမင်းသိင်္ခသည် ရုပ်ခန္ဓာ ကွယ်လွန်အနိစ္စ ရောက်ရှိ သွားခဲ့ပြီ ဖြစ်သော်လည်း ကျွန်တော်တို့၏ အနီးအနားတွင် အစဉ်ထာဝရ ရှိနေသကဲ့သို့ ခံစားမိကြောင်း ပြောကြားခဲ့သည်။ အဘ ဆရာကြီးမင်းသိင်္ခ၏ တပည့်ရင်း ဆရာ/မများမှ နာရေးကူညီမှုအသင်း (ရန်ကုန်)သို့ (၁) သိန်းကျပ်၊ ဆရာမ ချစ်စုသွယ်မှ (၅) သောင်းကျပ် စုစုပေါင်း အလှူငွေကျပ် ၁၅၀၀၀၀/- (တစ်သိန်းငါးသောင်း) ကျပ်တိတိအား လှူဒါန်းခဲ့ရာ ဥက္ကဌ ဦးကျော်သူမှ လက်ခံရယူ သာဓုခေါ်ဆိုခဲ့ပါသည်။

အမှန်တရားရဲ့ အခြားတဖက်ဟာ အမှားမဟုတ်ဘူးနော် … အခြားသော အမှန်တရားတစ်ခုသာ ဖြစ်တယ်။ (မင်းသိင်္ခ)
ကိုကျော်သူအားကျေးဇူးတင်ရှိပါသည်..

0 ကချင်ဒေသတွင်ဖြစ်ပွားနေသော စစ်ပွဲများကို ရပ်ဆိုင်းပေးရန် ဂျပန်ရောက်ကချင်တိုင်းရင်းသားများ တောင်းဆို



တိုကျို၊ ဇွန်(၂၄)

ယခုလ(၉)ရက်နေ့မှစ၍ မြန်မာအစိုးရစစ်တပ်များနှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)တို့အကြား ဖြစ်ပွားနေသော စစ်ပွဲများကို ရပ်ဆိုင်းပေးရန်ဂျပန်ရောက် ကချင်တိုင်းရင်းသားများ စုပေါင်း၍ တိုကျိုရှိ မြန်မာအစိုးရသံရုံးရှေ့တွင် ယနေ့နေ့လယ်ပိုင်းက သွားရောက်ဆန္ဒပြ တောင်းဆိုခဲ့ကြသည်။

အစိုးရစစ်တပ်၏ ထိုးစစ်ဆင်မှုများကြောင့် ကချင်ပြည်နယ်အတွင်း မတည်ငြိမ်မှုများ တနေ့တခြား တိုးတက်များပြားလာပြီး စစ်ကိုကြောက်ရွံ့၍ တရုတ်ပြည်နှင့်လိုင်ဇာမြို့ဖက်သို့ ထွက်ပြေးလာသူ တိမ်းရှောင် လာသူ တသောင်းကျော်ရှိသွားပြီး စစ်တပ်အခြင်းခြင်း တိုက်ခိုက်နေရုံမျှမကဘဲ အပြစ်မဲ့ ကချင်လူထုကိုပါ ညှင်းပန်းနှိပ်မှုများထင်ထင်ရှားရှား ရှိလာသည့်အတွက် ထိုးစစ်များကို ရပ်ဆိုင်းပေးရန် တောင်းဆို ခြင်းဖြစ်ကြောင်း ကချင်အမျိုးသားအစည်းအရုံး(KNO-Japan)၏ ဥက္ကဋ္ဌ ဦးပီတာဘရန်ဆိုင်းက ပြောသည်။

၎င်းက ``တိုင်းရင်းသားအားလုံးအရေး၊ လူ့အခွင့်အရေး၊ အပစ်အခတ်ရပ်ဆဲရေး၊ သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးဆိုတာတွေကို ကျနော်တို့တောင်းဆိုထားတယ်၊ ကချင်နဲ့(၁၇)နှစ်တိုင် အပစ်အခတ်ရပ်ဆဲထားတယ်။ ဒါဟာ ကျနော်တို့ကချင်တွေအနေနဲ့စစ်ကိုမလိုလားလို့ စားပွဲဝိုင်းပေါ်မှာ အားလုံးပါဝင်တဲ့တွေ့ဆုံဆွေးနွေးရေးကို လုပ်ချင်လို့ပဲဖြစ်တယ်။ ဒါပေမယ့် အခု နောက်ဆုံးမှာ ဘာမှအကျိုးမှရှိမလာဘဲ တိုက်ပွဲတွေကို ပြန်စခဲ့ရတယ်။ ကျနော်တို့တိုင်းရင်းသားတွေဖက်က စစ်ကိုခုခံကာကွယ်တဲ့အနေနဲ့ဘဲပါဝင်နေရတဲ့အနေအထားမှာရှိပါတယ်´´ဟု ရှင်းပြသည်။

ကချင်တပ်မတော်အနေနှင့် နအဖ၏အခြေခံဥပဒေပါအချက်များအတိုင်း နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို လက်ခံလိုက်မည်ဆိုပါက ကချင်တိုင်ရင်းသားတို့၏ လွတ်လပ်ခွင့်များ ထာဝရ ဆုံးရှုံးသွားနိုင်ပြီး ကချင်ဆိုသည့်အမည်ပင် ပျောက်သွားနိုင်သည့်အတွက် လက်နက်ကိုင်လမ်းစဉ်ကို ဆက်လက်လျှောက်လှမ်းနေရခြင်းဖြစ်ကြောင်း စစ်ပွဲများကို ရပ်ဆိုင်း၍ အပစ်အခတ်ရပ်ဆဲရန် ၄င်းတို့ဖက်မှ တရားဝင်ထုတ်ပြန်ကြေငြာထားပြီး အစိုးရစစ်တပ်များ၏ ထိုးစစ်များကြောင့် စစ်ဘေးရှောင်ဒုက္ခသည်များ ပိုမိုများပြားလာနေသည့်အတွက် စစ်ရပ်ဆိုင်းရန်နှင့်ဒုက္ခသည်အရေးကို ကူညီဆောင်ရွက်ပေးရန်အတွက် ကုလသမဂ္ဂ၏ ကြားဝင်ဆောင်ရွက်ပေးမှုကို လိုလားကြောင်းလည်း ပြောပြသွားသည်။

တောင်းဆိုဆန္ဒပြပွဲကို မြန်မာ့ဒီမိုကရေစီကွန်ယက်၏ကူညီပံပိုးမှုဖြင့် ကျင်းပကြခြင်းဖြစ်ပြီး ဂျပန်ရောက်တိုင်းရင်းသားပေါင်းစုံနှင့် စစ်ဆန့်ကျင်သူမြန်မာနိုင်ငံသားများလည်း ပူးပေါင်းပါဝင်ခဲ့ပြီး အင်အား(၁၅၀)ခန့်က အပစ်အခတ်ရပ်ဆဲရေးကို ဂျပန်၊ မြန်မာနှစ်ဘာသာဖြင့် ဟစ်ကြွေးတောင်းဆိုကြ၍ စစ်ရပ်ဆိုင်းပေးရန်၊ တွေ့ဆုံဆွေးနွေးရေးကို အမြန်ဆုံးပြုလုပ်ပေးရန် စသည့်တောင်းဆိုချက်များပါဝင်သည့် တောင်းဆိုစာတစောင်ကို မြန်မာသံရုံးသို့ပေးအပ်ခဲ့သည်။

အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ခဲ့သည့် အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု၏ ဂျပန်ကိုယ်စားလှယ် ကိုမိုင်ကျော်ဦးက``ဒီစစ်ပွဲကို အမြန်ရပ်ဆိုင်းစေချင်တယ်။ ဒီစစ်ပွဲကြောင့် ကျနော်တို့တိုင်းရင်းသားတွေ ပြည်ထောင်စုဖွားတွေကြားမှာ မယုံကြည်မှုတွေ၊ ပဋိပက္ခတွေကို ပိုဖြစ်စေတယ်။ တွေ့ဆုံဆွေးနွေးရေးကလဲ ဘာလို့မဖြစ်သေးတာလဲဆိုတော့ မယုံကြည်ကြသေးလို့။ ကျနော်တို့ တိုင်းရင်းသားတွေ တဖက်မှာ ခုခံစစ်တွေဆင်နွှဲရင်း တွေ့ဆုံဆွေးနွေးရေးကို မျှော်လင့်နေပါတယ်´´လို့ ပြောပြသွားသည်။

ဆက်လက်၍ လာမည့်ရက်များအတွင်း တိုကျိုရှိ ကုလသမဂ္ဂတက္ကသိုလ်အဆောက်အဦးရှေ့တွင် သွားရောက်တောင်းဆိုရန်ဆန္ဒဖော်ထုတ်ရန်နှင့် မြန်မာအစိုးရအပေါ် တစုံတရာသောအတိုင်းအတာဖြင့် သြဇာသက်ရောက်မှုရှိသော ဂျပန်အစိုးရအနေနှင့်လည်း စစ်ရန်ဆိုင်းပေးရန် ဖိအားပေးမှုများ ပြုလုပ်ပေးရေးအတွက် ဂျပန်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနရုံးရှေ့တွင်လည်း သွားရောက်တောင်းဆိုဆန္ဒထုတ်ဖော်ရန်အစီအစဉ်များရှိကြောင်း သိရသည်။

သတင်းရေးသား-သန့်မျိုးထွေး

0 အောင်ဆန်းစိတ်ဓာတ် .... တေးဆို --- ကိုအောင်မျိုးဟိန်းအဖွဲ့

0 စစ်ပြေးဒုက္ခသည် ၄၀၀ နီးပါး မြစ်ကြီးနားမြို့ပေါ်ရှိ ဘုရားကျောင်းနှစ်ခုတွင် လာရောက်ခိုလှုံ


မြစ်ကြီးနား၊ ၂၄ ဇွန်၊ ၂၀၁၁ (YPI) - မြစ်ကြီးနားမြို့ပေါ်ရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်းနှစ်ကျောင်းသို့ စစ်ပြေးဒုက္ခသည် အယောက် ၄၀၀ နီးပါး ယမန်နေ့က လာရောက်ခိုလှုံလာကြသည်။

တပ်ကုန်းနှစ်ခြင်းခရစ်ယာန်ဘုရားရှိကျောင်းတွင် ဒုက္ခသည် ၇၀ ကျော်ခိုလှုံနေပြီး ဇီးလွန်နှစ်ခြင်း ခရစ်ယာန် ဘုရားရှိကျောင်းတွင် ၃၀၀ ကျော်ခိုလှုံနေကြသည်။

အဆိုပါစစ်ပြေးဒုက္ခသည်များသည် ၀ိုင်းမော်မြို့နယ်ထဲရှိ ကဇူးကျေးရွာနှင့် ဂါးရာယန်းကျေးရွာများမှ ရွာလုံးကျွတ်ထွက် ပြေးလာကြသူများပါဝင်သကဲ့သို့ မြစ်ကြီးနား-လိုင်ဇာကားလမ်းပေါ်ရှိ ရွာပေါင်းများစွာအနက် ဂျာဘူရွာအပါအ၀င် ရွာလေးရွာမှ ရွာလုံးကျွတ် ထွက်ပြေးလာသူများလည်းပါဝင်သည်။ တချို့မှာ မြစ်ကြီးနားအထိ ရောက်မလာကြတော့ဘဲ ၀ိုင်းမော်မြို့ရှိ ဘုရားရှိခိုးကျောင်းများတွင် ခိုလှုံနေသူများလည်းရှိသည်ဟုဆိုသည်။

ကဇူးကျေးရွာမှ ထွက်ပြေးလာသည့် အသက် ၅၂ နှစ်အရွယ် ဒေါ်ကျန်ဝင်က “အဲဒီစစ်ဖြစ်တဲ့နေ့က ကျမတို့ အိမ်နံရံတွေ အားလုံး ကျည်ဆံထိလို့ပေါက်ပြဲကုန်တာ။ တော်သေးတယ် - ကျမတို့ အသက်ရှင်နေသေးလို့။ ပြောမပြတတ် လောက်အောင်ခံစားရပါတယ်” ဟု ပြောပြသည်။

ကဇူးကျေးရွာနှင့် ဂါးရာယန်းကျေးရွာများအနီးတွင် ပြီးခဲ့သည့် ဇွန်လ ၁၃ ရက်နေ့ကမြန်မာအစိုးရစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်ဖွဲ့(KIA) အကြား ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်မှုများဖြစ်ပွားခဲ့ရာ အလားတူစစ်ပွဲမျိုး ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်သောကြောင့် ယမန်နေ့က သုံးဘီးဆိုင်ကယ်များဖြင့် မြစ်ကြီးနားမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်လာကြခြင်းဖြစ်သည်ဟု အဆိုပါရွားများမှ ထွက်ပြေးလာသည့် စစ်ပြေးဒုက္ခသည်များက ပြောပြသည်။၁၃ ရက်နေ့နောက်ပိုင်း တိုက်ပွဲများ ထပ်မံမဖြစ်ပွားတော့သော်လည်း ရွာအနီးအနားတွင် မြန်မာစစ်တပ်များ တပ်စွဲထားသောကြောင့် စိုးရိမ်ရသဖြင့် ယခုလို ထွက်ပြေးလာရခြင်းဖြစ်သည်ဟု ဂါးရာယန်းကျေးရွာမှ အသက် ၃၀ကျော် စစ်ပြေးဒုက္ခသည် အမျိုးသားတစ်ဦးက ပြောပြသည်။

မြစ်ကြီးနား-လိုင်ဇာကားလမ်းပေါ်ရှိ ဂျာဘူရွာတ၀ိုက်တွင်တော့ လောလောဆယ် စစ်ပွဲများမဖြစ်ပွားသေးသော်လည်း အနီးအနားဝန်းကျင်တွင် တိုက်ပွဲများဖြစ်ပွားနေသည်ကို ကြားသိနေကြရသဖြင့် မိမိတို့ရွာများဆီသို့ စစ်မီးမကူးစက်လာမီ ကြိုတင်ထွက်ပြေး လာကြခြင်းဖြစ်သည်ဟု ထိုရွာများမှ ထွက်ပြေးလာကြသော စစ်ပြေးဒုက္ခသည်များက ဆိုသည်။

ဂျာဘူကျေးရွာမှ အသက် ၅၂ နှစ်ရှိ စစ်ပြေးဒုက္ခသည် အမျိုးသမီးကြီးတစ်ဦးက ထိုသို့ကြိုတင် ထွက်ပြေးလာရသည်မှာ ၁၉၉၄ ခုနှစ်မတိုင်မီ (မြန်မာအစိုးရနှင့် KIA ကြား အပစ်အခတ်မရပ်စဲမီ) တိုက်ပွဲများ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့စဉ်က မြန်မာစစ်တပ်က ကချင်တိုင်းရင်းသားများအပေါ် ရက်ရက်စက်စက် ပြုကျင့်ခဲ့သည့် ဖြစ်ရပ်မျိုးကဲ့သို့ ထပ်မံကြုံတွေ့ရမည်စိုးသောကြောင့် ကြိုတင်ထွက်ပြေးတိမ်းရှောင်လာရခြင်းဖြစ်သည်ဟု ယခုလို ပြောပြသည်။

“(အဲဒီတုန်းကအဖြစ်အပျက်တွေကို) မျက်စိထဲ ပြန်မြင်ယောင်လိုက်မိလို့ အခုလိုပြေးလာတာ။ အဲဒီတုန်းက ဆို မြန်မာစစ်တပ်တွေက ကျွန်မတို့ယောက်ျားတွေကို ပေါ်တာဆွဲတယ်။ မိန်းမတွေကို မုဒိန်းကျင့်ပြီး သတ်ခဲ့တယ်။ မိုင်းတွေထောင်ထားတဲ့နေရာမှာဆို ရွာသားတွေကို အရင်သွားခိုင်းတယ်။ ဒီလိုမျိုးတွေဖြစ်ခဲ့ လို့ (နောက်ထပ်ကြုံမှာ စိုးလို့) အခုလို ပြေးလာခဲ့တာ။”

၁၇ နှစ်ကြာ နှစ်ဘက်စစ်တပ်အကြား အပစ်အခတ်ရပ်စဲခဲ့ပြီးမှ ယခုလ ၉ ရက်နေ့စပြီး ပြန်လည်ဖြစ်ပွားလာသည့် စစ်ပွဲတွင်လည်း မြန်မာစစ်တပ်က ကချင်အမျိုးသမီးများကို အဓမ္မပြုကျင့်မှုများရှိခဲ့ကြောင်း ကချင်အမျိုးသမီးအစည်းအရုံး - ထိုင်းနိုင်ငံ (Kachin Women’s Assocation Thailand) က ယခုအပတ်အတွင်း ကြေငြာချက်တစ်စောင် ထုတ်ပြန်ထားသည်။

အသက် ၁၅နှစ်မှ ၅၀ နှစ်အတွင်းရှိ ကချင်အမျိုးသမီး ၁၈ ယောက်ကို မြန်မာစစ်တပ်များက အဓမ္မပြုကျင့်ခဲ့ သည်ဟု အတည်ပြုရကြောင်း ၄င်းကြေငြာချက်ကဆိုသည်။

မြစ်ကြီးနားမြို့ပေါ်ရှိ ခရစ်ယာန်ဘုရားကျောင်းတစ်ခုအတွင်းလာရောက်ခိုလှုံနေသည့် ကချင်စစ်ပြေးဒုက္ခသည်များ

မြစ်ကြီးနားမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်လာသော ရွာသူ၊ရွာသားများသည် တောင်ယာလုပ်ငန်းကို အဓိက အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် လုပ်ကိုင်ကြသူများဖြစ်သည်။

စစ်ပြေးဒုက္ခသည်များထဲတွင် ကျောင်းသား၊ ကျောင်းသူများလည်း ပါဝင်ရာ ၄င်းတို့၏ ပညာသင်ကြားရေး အနှောက်အယှက်ဖြစ်ရသည်မှာ စိတ်မကောင်းစရာဖြစ်ကြောင်း ကျောင်းသူ၊ကျောင်းသားများနှင့် အတူထွက်ပြေးလာသည့် ဂျာဘူကျေးရွာက ဆရာမတစ်ဦးက ပြောပြသည်။

“ကလေးတွေက မူလတန်းကနေ ၈ တန်းအထိ ပါတယ်။ ၇၀ လောက်ရှိတယ်။ သူတို့တွေက သနားစရာပဲ။ ဇီးလွန်(ဘုရား)ကျောင်းက ကလေးတွေ ကျောင်းစိမ်း၊ ကျောင်းဖြူနဲ့ထွက်လာရင် သမီးတို့လည်း ကျောင်းတက်ချင်းတယ်ဆိုပြီးငိုကြတယ်” ဟု အထက်ပါဆရာမက စိတ်မကောင်းစွာပြောပြသည်။

ကျောင်းသားသုံးဦး၏ မိခင်ဖြစ်သည့် အသက် ၄၂ နှစ်အရွယ် ကဇူးကျေးရွာက မဂျာဘောက်မှာ သူမ၏ သမီးများ ကျောင်းပြန်တက်ရ တော့မည်မဟုတ်ဟု တွေးကာ မျက်ရည်စက်လက်နှင့် စိတ်မကောင်းဖြစ်နေသည်။

“သမီးဖြစ်သူက ကျောင်းအရမ်းတက်ချင်တယ်။ စစ်ဖြစ်တဲ့ မနက်ကဆို လွယ်အိပ်ပဲလိုက်ရှာနေတာ… ကျွန်မတော့ သူတို့ကိုကြည့်ပြီးဝမ်းနည်းတယ်”ဟု မဂျာဘောက်က ဆိုသည်။

မြန်မာစစ်တပ်၏ နှိပ်စက်မှုဒဏ်ကို မခံရစေရေး ထွက်ပြေးတိမ်းရှောင်လာကြသည့် စစ်ပြေးဒုက္ခသည်များကို ဘုရားကျောင်းများက နေစရာနှင့်စားစရာများပေးထားသောကြောင့် လောလောဆယ် စားရေးနှင့်နေရေး အဆင်ပြေနေသေးသော်လည်း မည်သည့်အချိန်ရောက်မှ နေရပ်ပြန်သွားနိုင်မည်ကို မသိကြရာ အများစုမှာ ၄င်တို့၏ မသေချာ၊ မရေရာသော အနာဂတ်အတွက် စိုးရိမ်ပူပန်နေကြသည်။

မိမိတို့အနေဖြင့် ယခုလို အသက်ဘေးမှ လွတ်ကင်းရာ၊လွတ်ကင်းကြောင်း ထွက်ပြေးတိမ်းရှောင် လာခဲ့ရသော်လည်း နောက်တွင်ချန်ထားခဲ့ရသည့် လယ်ယာ၊ ကြက်၊ ၀က်၊ ကျွဲ၊ နွားများအတွက် စိုးရိမ်မကင်းဖြစ်နေကြသည်ဟုလည်း ဆိုကြသည်။

စစ်ပွဲစတင်ဖြစ်ပွားခဲ့သည့် ဇွန် ၉ ရက်မှစ၍ ထွက်ပြေးလာသည့် ကချင်စစ်ပြေးဒုက္ခသည် ၁၃,၀၀၀ ကျော်မှာ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့နှင့် ၄င်းတို့ထိန်းချုပ်ထားရာဒေသများသို့ ရောက်ရှိလာခဲ့ကြပြီး နယ်စပ်ချင်းထိစပ်နေသည့် တရုတ်နိုင်ငံပိုင်နက်အတွင်းသို့ တိမ်းရှောင်သွားသူများလည်းရှိသည်။


Yangon PressInternational

Friday, June 24, 2011

0 မန္တလေးဈေးချိုဟိုတယ်အနီးတွင် ဒီကနေ့ကားဗုံးပေါက်ကွဲမှုဖြစ်ပွား (ဓာတ်ပုံသတင်း)


စစ်မုန်းပုန်ကန်Facebookမှတဆင့်ဖော်ပြလိုက်ပါတယ်....

0 ဒီမိုကရေစီဘက်တော်သားတစ်ယောက်နဲ့ စကားပြောဖြစ်တဲ့ ဇွန်လတစ်ည

“ခင်ဗျားတို့ မြေအောက်ကို ခိုင်အောင်လုပ်ဗျာ…
ကျတော်တော့ ဘာမှမလုပ်သေးဘူး…”
အသွင်ကူးပြောင်းရေးဟာ
ဆိုမားလီးယားအတွက် မထူးဘူးတဲ့ဗျာ ။
အီဂျစ်မှာတော့ မီးစင်ကြည့်ကလိုက်ကြတာဘဲမဟုတ်လား…
အထင်အမြင်တွေလွဲလိမ့်မယ်နော် ။
“…ဘာလုပ်မှာလဲ သေချာသိအောင်လုပ်ပါကွာ…”
အကျပ်အတည်းကြားထဲမှာ ငါတို့ရှင်သန်နေကြရတာလေ ။


“ငါတို့ကွင်းက အစမ်းသပ်ခံဖြစ်နေတာ
အနှစ်နှစ်ဆယ်ကျော်လာပြီ…
ငါတို့ရန်သူတွေမှာ ဆူးနှစ်ချောင်းရှိတာ သတိထား…
တိုင်းရင်းသားအရေး နဲ့ အမျိုးသားရေး”
“မြန်မာပြည်ကို သွေးအသစ်လဲရင် သွေးဘယ်နှစ်ပုလင်းကုန်ထပ်ကုန်ဦးမလဲ××××”


“ဒီမှာ ကိုယ့်လူ×××ခင်ဗျားကို ကျတော် ပြောဦးမယ်×××
အာဏာရှင်ရန်သူထက် ကျတော် တို့မျိုးဆက်တွေကို ဖျက်နေတာ
အသားထဲက လောက်ကောင်တွေဗျ­­××××”
“ခင်ဗျားဘာဆက်လုပ်မှာလဲ
စစ်ကြောရေးမှာ××××××
အလောင်းတွေရယ်…
အော်သံတွေရယ် ရှိမယ်…
ခင်ဗျားဆီမှာတော့
ဘန်ကောက် ညတွေရယ်
လူငယ်နောက်ပေါက်တွေရယ်
အစားဂွင်တွေရယ်
နိုင်ငံရေး ဘောဂဗေဒတွေရယ်…ရှိရင်ရှိမယ် ”
“လွတ်မြောက်နယ်မြေမှာ ခင်ဗျားရူးသွားတာ မမြင်ချင်ဘူးဗျာ ××××”


“ခင်ဗျားတို့ အပြင်ကပုဂ္ဂိုလ်တွေလဲ

ညစ်တွန်းတွန်းရင်းနဲ့ ပရိုပိုဆယ် နိုင်ငံရေး ဖြစ်နေပြီနော်…
အချင်းချင်းလျှောက် ဖဲ့နေတာတွေကကော…
ခင်ဗျားသိမှာပါ×××××”


“…ကျတော်တို့ရှေ့လျှောက် ခက်ဦးမယ်…”
“ဥက္ကာဦးသာတောင် မောင်လွဏ်းဆွေထက်နက်တယ် ဗျ××××”
“ရသတို့ ၊ idiots တို့ တောင် ခင်ဗျားတို့ထက် ညီညွတ်မှုရှိတယ် …”
လူငယ်တွေကိုသွေးမခွဲဘူး ။


“ငါတို့ နိုင်ငံရေးလုပ်တယ်×××
ငါတို့ ထောင်ကျတယ်×××
ငါတို့ ၀ရမ်းပြေးဘ၀ရောက်တယ် ××× ငါတို့ ရယ်မောနိုင်သေးပါတယ် ...”


“ငါတို့ ဖြတ်သန်းခဲ့တာ အာဏာရှင်အဆက်ဆက်…
သွေးပျက်ခဲ့ကြတာလူနည်းစု ပါ ×××”
ဒီလိုဘဲ…ဘ၀ကို စုတ်ပြတ်တာတွေနဲ့ အထိုင်ကျနေအောင်
ငါတို့ ကိုဖန်ဆင်းပေးထားတာ ဘုရားသခင်မဟုတ်ဘူး


‘စနစ်’ ။
“…သွေးမပျက်နဲ့
မင်းတို့ ပေးဆပ်နေတာကိုသာ သေချာအောင်ဆက်လုပ်×××”
“ဒဏ်ရာတွေကို အာငွေ့မှုတ်ရင်း…
ကိုယ့်အလုပ်ငါတို့ ဆက်လုပ်မယ်
ဟုတ်ပြီလား...”


“၂၀၁၅ - ဆင်းရဲနွမ်းပါးမှုပပျောက်ရေး

‘အစိုးရသစ်’တဲ့ ဗျာ××××”

“….တကယ်ကတော့ …
နှလုံးသားအဟောင်းနဲ့ လူတွေ×××”
“အ”ရမယ်လို့ မပြောချင်ပါဘူး
လူငယ်ဘ၀ကို အကျိုးရှိဖို့အတွက် အနာဂတ်အပျောက်မခံနဲ့ လေ
ဆက်လုပ်ရမှာတွေက အများကြီးရှိသေးတယ်…”
မင်းရပ်တည်နေတာ “ဂုဏ်သိက္ခာ အတွက်လား ×××အကျိုးစီးပွါးအတွက်လား …”
“အိပ်ယာဝင်တိုင်း စဉ်းစားရမယ့် အချက်ထဲက
အန္တိမ ဗျူဟာတစ်ခု ဆိုတာ မမေ့နဲ့ …”။ ။

သွင်ထူး

၂၃ ရက် ၊ဇွန်လ ၊၂၀၁၁ ခုနှစ် ။

ပေးပို့သော ခောတ်နေအား ကျေးဇူးတင်ရှိပါသည်။

0 ဂျာနယ်များတွင် ဖော်ပြခွင့်မရသော တိုင်းရင်းသား ရေးရာ ဆောင်းပါး။

တိုင်းရင်းသား ပြည်သူတွေနှင့် တိုင်းရင်းသား စည်းလုံးညီညွှတ်ရေး

ငြိမ်းဆက်လင်း(မြစ်မခ)

နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံမေးမြန်းဖြစ်တိုင်း ကျွန်မမှာ တူညီတဲ့ မေခွန်းတစ်ခုကို အမြဲ မေးလေ့ရှိခဲ့ပါတယ်။ `တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးအတွက် ဘယ်လို ရည်မှန်းချက်မျိုး ရှိပါသလဲ`ဆိုတဲ့ မေးခွန်းပါပဲ။ အထူးသဖြင့် တိုင်းရင်းသားပါတီတွေက ခေါင်းဆောင်တွေ ဖြေတဲ့အဖြေနဲ့ အခြား နိုင်ငံရေးပါတီက ခေါင်းဆောင်တွေ အများစုကတော့ တိုင်းရင်းသားတွေ အားလုံး စည်းလုံးညီညွှတ်စေချင်တယ်။ ပြည်တွင်းစစ် မဖြစ်လိုဘူး ဆိုတဲ့ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးကို အမှန်တကယ်ကို့ သဘောညီကြတာလည်း တွေ့ရပါတယ်။

ကျွန်မတို့ မြန်မာနိုင်ငံမှာ မြန်မာလူမျိုးက ၆၀% နေထိုင်ကြပြီး အခြားတိုင်းရင်းသားများက ၄၀% ၀န်းကျင်ခန့် နေထိုင်ကြပါတယ်။ မြန်မာပြည်မှာ နေထိုင်ကြတဲ့ တိုင်းရင်းသားပေါင်း ၁၃၅ မျိုး ရှိကြောင်း၊ရှမ်းတိုင်းရင်းသားနဲ့ ကရင်တိုင်းရင်းသားတို့ကတော့ တိုင်းရင်းသားလူမျိုးတွေထဲမှာ လူဦးရေအများဆုံးနဲ့ လူမျိုးကြီးတွေဖြစ်ကြောင်း အကြမ်းအားဖြင့် ယေဘူယျလေ့လာခဲ့ဖူးပါတယ်။ ကျွန်မကိုယ်တိုင်ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့လေးတစ်မြို့မှာ ကြီးပြင်းခဲ့သူ ဖြစ်တဲ့အတွက် တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးကို စိတ်ဝင်တစား၊ အလေးထားမိခဲ့ပါတယ်။

ကျွန်မငယ်ငယ်တုန်းကတော့ တိုင်းရင်းသားတွေနဲ့ပတ်သက်ပြီး အသိထဲမှာ စွဲနေတာက ၁၉၄၇ ခုနှစ်တုန်းက ချုပ်ဆိုခဲ့တဲ့ ပင်လုံစာချုပ်ပါပဲ။ ငယ်စဉ်က သင်ကြားခဲ့ရတဲ့ မြန်မာ့သမိုင်းမှာလည်း ပါဝင်ခဲ့တယ်၊ ကျက်ခဲ့ မှတ်ခဲ့ဖူးတာကြောင့်လည်းစွဲနေခဲ့ခြင်းဖြစ်ပါလိမ့်မယ်။ ပင်လုံစာချုပ်ကို ရှမ်း၊ ကချင်၊ ချင်း စတဲ့ တိုင်းရင်းသားခေါင်းဆောင်ကြီးတွေအပါအ၀င် တိုင်းရင်းသားပေါင်းစုံပါဝင်ပြီး ချုပ်ဆိုခဲ့ကြရင်း လွတ်လပ်ရေးအတွက် အားလုံး စည်းလုံးပြီး တိုက်ပွဲဝင်ခဲ့ကြတယ်၊ အဲဒါကြောင့်လည်း လွတ်လပ်ရေးကို ရရှိခဲ့ကြောင်း မှတ်ခဲ့ရပါတယ်။

၁၉၄၈ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့မှာ မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိခဲ့ပါတယ်။ လွတ်လပ်ရေးရရှိပြီးကာလတုန်းကလည်း တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးဟာ စိတ်ဝင်စားဖို့ကောင်းတဲ့ မြန်မာနိုင်ငံရေးဖြစ်စဉ်တွေ ဖြစ်ခဲ့တယ်လို့ ရှေ့မီနောက်မီ လူကြီးများရဲ့ ပြောပြချက်တွေကြောင့် စိတ်ဝင်စားခဲ့မိပါတယ်။ ဒါ့အပြင် တိုင်းရင်းသားထဲက အချို့က လက်နက်ကိုင်သွားခဲ့တာတွေကိုလည်းတွေကိုလည်း ၁၉၄၈ခုနှစ်မြန်မာပြည်ဒိုင်ယာရီ(မြဟန်)၊ ရှာရှာဖွေဖွေ မြန်မာ့သမိုင်းအတွဲ၂၊ စတဲ့ စာအုပ်တွေကို ဖတ်မိခြင်းအားဖြင့် သိခဲ့ရတယ်။

၁၉၄၈ ခုနှစ်နောက်ပိုင်းမှာ စတင်ပြီး ဗမာပြည်ဟာ တိုင်းရင်းသားတွေနဲ့ အဆင်မပြေမှုတွေ ဖြစ်ပွားခဲ့ပြီး စည်းလုံးညီညွှတ်ခြင်းကို ပျက်ဆီးစေခဲ့တာပါပဲ။ တကယ်တော့ ပင်လုံစာချုပ်ဆိုတာကတော့ တိုင်းရင်းသားခေါင်းဆောင်တွေရင်ထဲမှာ စွဲခဲ့တဲ့ စာချုပ်ပါ။ ပင်လုံစာချုပ်ထဲက အတိုင်း ပြည်နယ်ပြည်မ အခွင့်အရေးတန်းတူ ရကြလိမ့်မယ်လို့လည်း ရှေးကတည်းက ထင်မှတ်ခဲ့ကြတာပါ၊ ဒါပေမဲ့ ခုချိန်ထိ ဖြစ်မလာသေးဘူးလို့ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ဆုံတိုင်း ရင်ဖွင့်စကားကြားခဲ့ရပါတယ်။ ပင်လုံစာချုပ်အတိုင်းသာဆို ပြည်နယ်ပြည်ပ အေးချမ်းလိမ့်မယ်၊ တိုင်းရင်းသားလက်နက် ကိုင်တိုက်ပွဲတွေ ဖြစ်လာစရာ မရှိပါဘူးလို့ ချင်းအမျိုးသား တိုင်းရင်းသားခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဦးကျင်ရှင်းထန်ကလည်း ပြောခဲ့ဖူးပါတယ်။

၁၉၅၇ကနေ ၁၉၆၀ ကာလတွေမှာ တိုင်းရင်းသားအဖွဲ့တွေဟာ တစ်ဖွဲ့ပြီး တစ်ဖွဲ့လက်နက် ကိုင်ခဲ့ကြတယ်လို့ သမိုင်းမှတ်တမ်းတွေအရ သိရပါတယ်။ ဘာကြောင့်လက်နက်ကိုင်ခဲ့တာလည်း ဆိုတာကို ဟိုအရင်တုန်းကတော့ နားမလည်ခဲ့ပါဘူး၊ ဒါပေမဲ့ လက်နက် ကိုင်ရလောက်တဲ့ အကြောင်းရင်းတွေ ရှိနေခဲ့မယ်ဆိုတာကိုတော့ ခန့်မှန်းမိခဲ့ပါတယ်။

ကျွန်မကတော့ ငယ်စဉ်ကတည်းက ရှမ်းပြည်နယ်မှာ နေထိုင်ကြီးပြင်းခဲ့ရသူ ပီပီ တိုင်းရင်းသားတွေရဲ့ ဖြူစင်ရိုးသားမှုကို ယုံကြည်ခဲ့သူ ဖြစ်တယ်။ သူတို့ မျက်လုံးတွေကို ကြည့်ပြီး သူတို့ စကားတွေကို နားထောင်ပြီး သူတို့လုပ်ရပ်တွေကို မြင်ရပြီး သူတို့ကို မောင်နှမ သွေးချင်းလိုပဲ မြင်ခဲ့ပါတယ်။ မြန်မာပြည်မှာ ကြီးပြင်းခဲ့ကြ၊ လွတ်လပ်ရေးတိုက်ပွဲကို အတူတကွ ပါဝင်ခဲ့ကြတဲ့ မောင်နှမ သားချင်းတွေပဲ ဆိုတဲ့ အသိက စွဲမြဲခဲ့တယ်။ ငယ်စဉ်ကာလတွေမှာ သူတို့တွေရဲ့ တိုင်ပြည်အပေါ်ထားတဲ့ စိတ်စေတနာတွေကိုလည်း မြင်ခဲ့ရပါတယ်။ ပြည်တွင်းစစ်ဆိုတာကို အောက်ပြည်အောက်သူတွေ ကြောက်ကြသလို တိုင်းရင်းသားတွေကလည်း ကြောက်ကြပါတယ်။ စစ်ဆိုတာ အသံမကြားခင်၊ တိုက်ပွဲဆိုတာ မဖြစ်ချင်ကြပါဘူး။

၁၉၈၉ ခုနှစ်မှာ ဗိုလ်ချုပ်ခင်ညွှန်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ပြီး ငြိမ်းချမ်းရေး ကမ်းလှမ်းခဲ့တယ်၊ အဲဒီကမ်းလှမ်းချက်ကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့က ငြိမ်းချမ်းရေးယူခဲ့ကြကြောင်း မြန်မာ့အလင်းသတင်းစာနဲ့ ကြေးမုံသတင်းစာပါ သတင်းတွေအရ သိရဖတ်ရတော့ ရိုးရိုးသားသား ၀မ်းသာခဲ့မိပါတယ်။ ပြည်နယ်တွေမှာ ယခင်ကထက်ပိုပြီး အေးချမ်းဖို့ ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် အခွင့်အလန်းတွေရှိလာခဲ့တာကိုလည်း ကြားရတဲ့အတွက် ၀မ်းသာခဲ့ရပါတယ်။

၁၉၉၃ လောက်မှာ ရန်ကုန်မြေပေါ် ခြေချခဲ့ပေမဲ့ ပြည်နယ်တွေရဲ့ ဖွံဲ့ဖြိုးမှု သတင်းတွေကို အမြဲနားစွင့်နေခဲ့မိတယ်။ ကျွန်မတို့ ၇ှမ်းပြည်နယ်မှာ ရှိခဲ့တဲ့ သမိုင်းဝင် ဂုတ်ထိတ် တံတားကို ဘယ်အချိန်မှာများ ပြန်လည် ပြုပြင်ပေးမလဲ၊ တကယ့်ကို နိုင်ငံခြား ခရီးသွားဧည့်သည်တွေကို စွဲဆောင်လို့ရတဲ့ တံတားပဲ ဆိုတာလည်း သိထားတော့ နိုင်ငံတော် ၀င်ငွေ တိုးစေမယ်လို့လည်း မျှော်လင့်ခဲ့ပါတယ်။ ခုတော့ ဂုတ်ထိတ်တံတားဆိုတာ ပျက်ဆီးနေပါပြီ၊ တပ်မတော်အစိုးရလက်ထက်မှာ အမြဲပဲ တည်ဆောက်ရေးတွေမှာ ပြည်နယ်တွေ ဘယ်လောက်ပါခဲ့သလဲ ဆိုတာကိုတော့ စိတ်ဝင်စားခဲ့တာပါပဲ။လမ်းတွေဖောက်တဲ့ထဲမှာ ပြည်နယ်တွေ ပါသလား။ ဆိုတာလည်း အမြဲစောင့်ကြည့်မိခဲ့တာပါပဲ။

ဒီကြားထဲမှာ ၂၀၀၇ ခုနှစ်လောက်တုန်းက ကချင်ပြည်က သူငယ်ချင်းတွေနဲ့ တွေ့တော့ သူတို့ ကချင်ပြည်နယ်ထဲမှာ တရုတ်လူမျိုးတွေ အ၀င်များလာတဲ့ ကိစ္စတွေ ကချင်ပြည်နယ်ရဲ့ တစ်ဝက်တိတိကို တရုတ်တွေ ပိုင်နေပါပြီလို့ ပြောရင်း မျက်ရည်ကျတယ် ပြီးတော့ ပြည်နယ်ရောက်နေတဲ့ တိုင်းရင်းသားတွေရဲ့ ဒုက္ခတွေကို ပြောဆို ရင်ဖွင့်ကြရင်း။ သူနဲ့ အတူ ကျွန်မလည်း လိုက်ပါ ခံစားခဲ့ရပါတယ်။

ကျွန်မတို့လို ရန်ကုန်မှာ နေထိုင်ကြတဲ့သူတွေမှာတောင် လိုအပ်ချက်တွေ၊ မပြည့်စုံမှုတွေ၊ နှိမ့်ကျမှုတွေ၊ မပြေလည်မှုတွေ အနိုင်ကျင့်ခံရမှုတွေ ရှိနေခဲ့တာ သူတို့လို ပြည်နယ်တွေက လူတွေ ဆိုရင်တော့ ပိုဆိုးမှာပါပဲ။ လူမသိ သူမသိ နာကျင် ဇာတ်လမ်းတွေ ဘယ်လောက် များခဲ့ပါသလဲ။ တရားဥပဒေ မစိုးမိုးတဲ့ ဒေသတွေမှာ သူတို့ရဲ့ ပြည်နယ်တွေက ပိုဆိုးပါတယ်လို့ သူက ပြောပြီး ငိုတော့ ကျွန်မကလည်း လိုက်ငိုမိပါတယ်။

သူဘာပြောချင်သလဲ ဆိုတာကို ကျွန်မသိခဲ့တယ်လေ။ ကျွန်မငိုချင်းနဲ့အတူ ကိုယ့်ကိုယ်ကိုယ်လည်း တာဝန်မကျေတဲ့သတင်းထောက်လို့ မြင်လာမိတယ်။ ကျွန်မတို့ ရှမ်းပြည်က တောင်တန်းတွေမှာ သစ်ပင် တွေမရှိတော့တဲ့ကိစ္စ၊ ချောင်းတွေဟာ ပျက်ဆီးကုန်တဲ့ ပြသနာ၊ ရှမ်းပြည်ကို ဆန်သယ်ခွင့်မပေးလို့ ပြောင်းစားခဲ့ရတဲ့ နေ့ရက်တွေ၊ ဆေးရုံမှာ ဆရာဝန်ရှိလို့ ဆရာဝနှ်ေမျှာ်ရင်း သေဆုံးခဲ့ရတဲ့ ဒေသခံတွေ၊ ဘယ်ကို တိုင်လို့တိုင်ရမှန်းမသိဘဲ ခံလိုက်ရတဲ့ မုဒိန်းမှုတွေဆိုတာ ဘယ်မီဒီယာမှာမှ မပါခဲ့ဘူး။ ကျွန်မ သတင်းထောက် ဖြစ်လာချိန်မှာ ရေးခဲ့ပေမဲ့ ဘယ်တုန်းကမှ ဖော်ပြမခံခဲ့ရဘူးလေ။ ကျွန်မဟာ တိုင်းရင်သား သတင်းတွေကို ပြည်သူတွေ သိအောင် မရေးနိုင်ခဲ့ပါဘူး။ အဲဒီအတွက် အပြစ်တင်ပါတယ် ကိုယ့်ကိုယ်ကိုပါ။

ဒါဟာ ကျွန်မတို့ ရှမ်းပြည်နယ်တစ်ခုတည်းတင် ကြုံနေရတာ မဟုတ်ဘူး ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကချင်ပြည်တွေမှာလည်း အလားတူ ဝေဒနာတွေ ဒဏ်ရာတွေနဲ့ ဆိုတာကို ဖြည်းဖြည်းချင်းသိလာခဲ့ရတယ်။ ကျွန်မက တိုင်းရင်းသား ဆိုရင်ပိုစာနာတတ်လာတော့တယ်။

၂၀၀၉ ခုနှစ်မှာ နယ်ခြားစောင့်တပ် ပြသနာနဲ့ပတ်သက်ပြီး တိုင်းရင်းသားအဖွဲ့အချို့ လက်နက် ပြန်ကိုင်ခဲ့တဲ့ သတင်းတွေကိုလည်း ကြားခဲ့ရပါတယ်။၂၀၁၀ခုနှစ် ၀န်းကျင်မှာ နယ်စပ်ဒေသအချို့မှာ ဗုံးပေါက်ကွဲမှုတွေဖြစ်ပြီး ဒေသခံ တိုင်းရင်းသားတွေ အေးချမ်းယာကို ပြေးလွှားနေထိုင်ခဲ့ရတယ်ဆိုတဲ့ သတင်းတွေကို မြန်မာ့အလင်းနဲ့ ကြေးမုံသတင်းစာပါ သတင်းတွေအရ ကြားရတော့လည်း စိတ်မကောင်းဖြစ်ရပြန်ပါတယ်။ တိုင်းရင်းသားဆိုတာက ကျွန်မတို့နဲ့ သွေးရင်းသားရင်းလို သဘောထားရမယ့် မောင်နှမတွေပါ။

နယ်ချဲ့တွေကို အတူးတကွ တိုက်ခဲ့ကြတဲ့ သူတွေပါ။ ထိုဒေသတွေမှာလည်း အေးချမ်းသာယာစေချင်ပါတယ်။ တိုက်ပွဲတွေ ကြားမှာ ပြေးလွှားနေတဲ့ လူတွေကို မြင်ယောင်ပြီး စာနာလာတယ်၊ စိတ်မကောင်းဖြစ်လာရတယ်။ တကယ့်ကို စိတ်ထိခိုက်ရပါတယ်။

ဘာကြောင့်များ ပြည်တွင်းမှာ ကိုယ့်အချင်းချင်းတိုက်ပွဲတွေ ဖြစ်နေရတာလဲ၊ တိုက်ပွဲတွေကို ရပ်တန့်ပေးပါလို့ပဲ အော်ဟစ်ချင်စိတ်တွေ ပေါ်လာခဲ့တယ်၊ အဲဒီကာလမှာပဲ တိုင်းရင်းသားပါတီခေါင်းဆောင်တဦးက ပြောတယ်။ ခုလို တိုက်ပွဲတွေ ဖြစ်နေတာက တိုင်းရင်းသားလက်နက်ကိုင်တွေက အချက် ၃ ချက်ကို တောင်းဆိုလို့လို့သူက ပြောတယ်။ ပထမအချက်က ဖမ်းထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ အားလုံးကို လွှတ်ပေးပါတဲ့။ ဒုတိယ အချက်က တိုင်းရင်းသားခေါင်းဆောင်တွေအားလုံးရယ် ဒေါ်အောင်ဆန်းစုကြည်ရယ် ပြီးတော့ အစိုးရရယ် တွေ့ဆုံဆွေးနွေးပေးပါတဲ့။ တတိယအချက်က ပြည်နယ်တွေမှာရှိတဲ့ သဘာဝအရင်းအမြစ်တွေနဲ့ပတ်သက်ပြီး ပြည်နယ်တွေကိုလည်း ခံစားခွင့်ပေးပါတဲ့။ အဲဒီအချက် သုံးချက်ကို တောင်းဆိုနေတာလို့ သူက ရှင်းပြတယ်။ တကယ်ပဲ အဲဒီအချက်တွေကို လက်ခံပေးလိုက်ရင် ပြည်တွင်း စစ်တွေချုပ်ငြိမ်းသွားပါလိမ့်မယ်လို့ သူက ရှင်းပြပါတယ်။

ယနေ့အစိုးရသစ်လက်ထက်မှာ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးကို ယခင်ကထက်ပိုပြီး ဆောင်ရွက်နိုင်လိမ့်မယ်လို့ အားလုံးက မျှော်လင့်ထားကြပါတယ်။ မတ်လ ၃၀ ရက်နေ့က ပြည်ထောင်စု လွှတ်တော်မှာ ပြောကြားခဲ့တဲ့ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်ရဲ့ မိန့်ခွန်းထဲမှာလည်း တိုင်းရင်းသားရေးနဲ့ပတ်သက်ပြီး လေးလေးနက်နက်ပြောကြားခဲ့တာကို မြန်မာ့ရုပ်မြင်သံကြားကတဆင့် တွေ့ခဲ့မြင်ခဲ့ရတယ်။

နိုင်ငံတော် သမ္မတကြီးဦးသိန်းစိန်က မိန့်ခွန်းပြောကြားရာမှာ `ကျွန်တော်တို့ နိုင်ငံမှာ အင်အားသုံးရပ်တောင့်တင်းနေဖို့လိုပါတယ်။ အဲဒီအင်အားတွေကတော့ (၁) နိုင်ငံရေးအင်အား(၂) စီးပွားရေးအင်အားနဲ့ (၃) နိုင်ငံတော်ကာကွယ်ရေးအင်အားတို့ဖြစ်တယ်။ နိုင်ငံရေးအင်အားဆိုတာကတော့ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပဲ ဖြစ်ပါတယ်။ လူမျိုး စုပေါင်း ၁၀၀ ကျော်နဲ့စုစည်းနေထိုင်ကြတဲ့ ကျွန်တော်တို့ နိုင်ငံအတွက် တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးဟာ အလွန်အရေးကြီးပါတယ်။ တို်င်းရင်းသားစည်းလုံးညီညွှတ်မှု ပြိုကွဲရင် နိုင်ငံတော်ကြီးလည်း အစိတ်စိတ်အမြွာမြွာ ပြိုကွဲပျက်စီးသွားမှာ ဖြစ်တဲ့အတွက် တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးကို အထူးအလေးထားပြီး တည်ဆောက်သွားမှာဖြစ်ပါတယ်`လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

နိုင်ငံတော်သမ္မတကြီးရဲ့ မိန့်ခွန်းကို ပြည်သူလူထုက အင်မတန် နှစ်ထောင်းအားရဖြစ်ခဲ့ကြပါတယ်။ ပညာရှင်များကလည်း သဘောကျနှစ်ခြိုက်ခဲ့ကြတယ်၊ တိုင်းရင်းသားတွေကလည်း နယ်စပ်တွေမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင် တိုက်ပွဲတွေရဲ့ ငြိမ်းချမ်းရေးကို မျှော်လင့်ခဲ့ကြပါတယ်။ ပြည်နယ်တွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ပြည်နယ်ဝန်ကြီးများမှ အထူးဂရုပြုဆောင်ရွက်ပေးနိုင်ဖို့အတွက် တိုင်းရင်းသားပြည်သူတွေကလည်း တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးကို အလေးထားနေကြပါတယ်။ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးကို လိုလားနေသူများအနေနဲ့ ငြိမ်းချမ်းရေးကို မျှော်လင့်ထားကြတာပါ။

တိုင်းရင်းသား စည်းလုံးညီညွှတ်ရေး မရသေးသရွေ့ ငြိမ်းချမ်းရေး မရနိုင်ပါဘူး လို့ ပြောနေတဲ့ ဆရာဒဂုန်တာရာရဲ့ အသံကိုလည်း မကြာမကြာ ကြားနေရပါတယ်။ ကိုယ့်တိုင်းရင်းသား အချင်းချင်း တိုက်နေရတာလောက် ရင်နာဖို့ကောင်းတာ မရှိဘူးဗျာလို့ ပြောခဲ့ဖူးတဲ့ တပ်ရင်းမှူးတစ်ယောက်ရဲ့ အသံကိုလည်း ပြန်ကြားမိပါတယ်။ တိုက်ပွဲဆိုတာ စစ်မြေပြင်ဆိုတာ ဘယ်သူမှ မဖြစ်ချင်ကြပါဘူး။ အထူးသဖြင့် တိုင်းရင်းသား ပြည်သူတွေဟာ စစ်ဆိုတာကို ကြောက်ခဲ့တာ၊ တိုက်ပွဲဆိုတာ မဖြစ်ချင်တော့ဘူးဆိုတာ သိစေချင်လှပါတယ်။
Myit Makha Mediagroup

Thursday, June 23, 2011

0 အမေရိကန် အောက်လွှတ်တော် ကြားနာပွဲမှာ ဒေါ်စု ဗွီဒီယိုကနေ မိန့်ခွန်းပြော(ရုပ်/သံ)


မြန်မာပြည်ရဲ့ လျှို့ဝှက် ကန့်လန့်ကာ နောက်ကွယ်ကို ထိုးဖောက် ကြည့်ရှုခြင်း၊ ရွေးကောက်ပွဲ အတုအယောင်နဲ့ ခက်ခဲတဲ့လမ်းကြောင်း ဆိုတဲ့ ခေါင်းစဉ်ပါ ကြားနာပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က အမေရိကန် ကွန်ဂရက်စ် လွှတ်တော်မှာ ဗွီဒီယိုကနေတဆင့်မိန့်ခွန်းပြောဆိုလိုက်ပါတယ်...
မိန့်ခွန်းအပြည့်အစုံမူရင်း
DASSK Message to House Subcommittee Heraing June 22 2011

Wednesday, June 22, 2011

1 ကားပေါ်မှာလိုက်လာပြီး ပရိသတ်မိုင်း မထိတဲ့ မောင်မျိုးမင်းနှင့် မင်းအုပ်စိုး


မောင်မျိုးမင်း(ရင်တွင်းဖြစ်) ရိုက်ကူးတဲ့ ကားပေါ်မှာ လိုက်လာတယ် ဆိုတဲ့ သရဲကား

Video။ ။Burmese Classic
အခုတလော ရပ်ထဲရွာထဲမှာ လူပြောသူပြောများနေတဲ့ မြန်မာဗီဒီယိုဇာတ်ကား၊ လူကြည့်များနေတဲ့ ဗီစီဒီအခွေနဲ့ပတ်သက်လို့ ဝေဖန်သံမျိုးစုံကြားရလွန်းလို့ “မိုင်တိုင် (၇၆)”ကို နှစ်ခေါက်သုံးခေါက် ကြည့်ဖြစ်ပါတယ်။ နေပြည်တော်သွားတဲ့လမ်းဆိုတော့ ဆင်ဆာခွင့်မပြုတာ... တကယ့်အဖြစ်အပျက်၊ လူကြီးတစ်ယောက် သားရဲ့ကားက တကယ်တိုက်ခဲ့တာ... ဦးပိုင်လိမိတက် ကားလိုင်းဖြစ်လို့ ဆင်ဆာထိတာ... စသဖြင့် ဗီဒီယိုပရိသတ်တွေရဲ့ ထင်မြင်ချက်ပေါင်းစုံ ပလူပျံနေပေမယ့် အားလုံး တညီတညွတ် တည်း ပြောကြတာက “ကြည့်လို့ ကောင်းတယ်”ဆိုတာပါဘဲ။

ဗီဒီယိုဇာတ်ကား နာမည်အမှန်က “ကားပေါ်မှာလိုက်လာတယ်”ဖြစ်ပြီး လူတွေပါးစပ်ဖျားမှာတော့ “မိုင်တိုင်(၇၆)”လို့ ရေပန်းစားပါတယ်။ ဆင်ဆာအဖွဲ့ရဲ့တားမြစ်မှုကို ခံထားရပေမယ့် အပြင်လောကမှာ ဈေးကွက်မြင့်ပြီး လူအကြည့်ဆုံး၊ ရောင်းအကောင်းဆုံးအခွေ ဖြစ်နေပါတယ်။ မင်းအုပ်စိုး၊ ခွန်းဆင့်နေခြည်နဲ့ လင်းဇာနည်ဇော်တို့အဓိက သရုပ်ဆောင်ပါတယ်။ ဒါရိုက်တာက မောင်မျိုးမင်း (ရင်တွင်းဖြစ်)ပါ။ ဆင်ဆာအဖွဲ့ ရဲ့ ၁၃ / ၂၀၁၀ အစည်းအဝေးမှ အများပြည်သူသို့  ပြရန်မသင့်၍ ခွင့်မပြုခဲ့တဲ့ ဇာတ်ကားဖြစ်ပြီး ဘာသာ သာသနာနှင့် ယုံကြည်ကိုးကွယ်မှုကို ယုံမှား သံသယဖြစ်စေခြင်း၊ ကြည့်ရှုသူပရိသတ်အတွက် အကျိုးပြုမှု မရှိသော လူအများစိတ်ခြောက်ခြားဖွယ် သရဲတစ္ဆေ ၀ိညာဉ်ဇာတ်ကားများကို ရိုက်ကူးဖော်ပြခြင်း မပြုရန် ညွှန်ကြားထားပြီးဖြစ်ခြင်းအပြင် စာပေစိစစ်ရေးမူအချက် (၇၀)မှ လူမှုရေးမူ (၇)နှင့် ငြိစွန်းနေ၍ ဗီဒီယိုဆင်ဆာအဖွဲ့ မှ ထောက်ညွှန်ချက် (၁၀)ချက်ဖြင့် အများပြည်သူသို့ ပြသရန် မသင့်သောကြောင့် ခွင့်မပြုခဲ့တာလို့ “မိုင်တိုင် (၇၆)”နဲ့ ပတ်သက်ပြီး ဗီဒီယိုဆင်ဆာအဖွဲ့ က ဆင်ခြေပေး တုန့်ပြန်ခဲ့ပါတယ်။

ကျွန်တော့်အမြင်ပြောရရင် ဗီဒီယိုဆင်ဆာအဖွဲ့ရဲ့ လုပ်ရပ်အမှားကြီး မှားပါတယ်။ ဒီဇာတ်ကားကို ခွင့်မပြုတာဟာ အခု လူတွေပြောနေကြတဲ့၊ စွပ်စွဲနေကြတဲ့ အကြောင်းအချက်တွေကို အဓိကပေတံ အဖြစ် ကိုင်ပြီး ချိန်ထိုးခဲ့လို့ဘဲ ဖြစ်နိုင်ပါတယ်။ ဆင်ဆာအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ အများပြည်သူ ကြည့်ရှုရန် သင့်တော်တယ်ဆိုပြီး ထွက်ခဲ့ပြီးသား သရဲလိုလို၊ စုန်းလိုလို၊ ရာဇ၀င်လိုလို ကားမျိုးတွေ အများကြီးရှိပါတယ်။ ယုတ္တိရှိမှ၊ ပရိသတ်ကို အကျိုးဖြစ်စေမှဆိုတဲ့ စံချိန်စံညွှန်းကြီးကို ကျစ်ကျစ်ဆုတ်ကိုင်ပြီး မြန်မာရုပ်ရှင် ဗီဒီယိုဇာတ်ကား တွေကို ဆန်တုတ်တိုက် ချနေမယ်ဆိုရင်တော့ “မြန်မာ့ရုပ်ရှင်ဗီဒီယို အဆင့်အတန်းမြင့်မားရေး၊ နိုင်ငံတကာအဆင့်သို့ ထိုးဖောက်နိုင်ရေး” ဆိုတဲ့ ကြွေးကြော်သံတွေဟာ အရူးချီးပန်းဟစ်အော်သံ တွေဘဲ ဖြစ်မှာပါ။

ရုပ်ရှင် (Movie) ရဲ့အနက်အဓိပ္ပာယ်စစ်စစ်ကို နားလည် တတ်ကျွမ်းကြဖို့ လိုအပ်နေပါပြီ။ နိုင်ငံတကာအဆင့်ကို မလှမ်းပါနဲ့ဦး၊ အာရှအဆင့်ကို မပြောပါနဲ့ဦး၊ အာဆီယံနိုင်ငံတွေက ထုတ်လုပ်လိုက်တဲ့ ရုပ်ရှင်တွေကို ကြည့်ကြပါ။ သူတို့တွေရဲ့“အများပြည်သူသို့ ပြသရန်မသင့်”ဆိုတာဘာကိုခေါ်တာလဲ၊ ဘာနဲ့ ချိန်ထိုးတာလဲဆိုတာ လေ့လာစူးစမ်းဖို့ ကောင်းတယ်။ ကမ္ဘာ အဆင့် ရောက်ချင်ရင် ကိုယ့်အရပ် ကိုယ့်ဇာတ် လုပ်နေလို့ မရပါဘူး။ ၀ါးလုံးခေါင်းထဲ လသာ နေလို့ မဖြစ်ပါဘူး။ ကျွန်တော်တို့ဆီမှာ စက်ပိုင်းဆိုင်ရာ ချို့တဲ့ပါတယ်။ အတတ်ပညာပိုင်းဆိုင်ရာ အားနည်းပါတယ်။ ဒီနှစ်ချက်ဟာ ဘာ့ကြောင့်ဖြစ်ခဲ့ရတာလဲဆိုတာ ရုပ်ရှင်လောကသားတွေ သိကြပါတယ်။

ဒါပေမယ့် ကျွန်တော်တို့ရဲ့ အိုင်ဒီယာတွေ၊ စဉ်းစားပေါက်တွေ၊ Fine Art တွေဟာ လုံးဝ မချို့တဲ့ဘူး၊ လုံးဝအားမနည်းဘူး။ နိုင်ငံတကာအဆင့်နဲ့ယှဉ်ရင် အလှမ်းမဝေးဘူး။ ဒီအချက်တစ်ခုဘဲ ထူးထူးခြားခြား ပေမီဒေါက်မီရှိနေတာလေးကို နိုင်ငံကို ချစ်မြတ်နိုးလှပါတယ်ဆိုတဲ့သူတွေက အားပေးအားမြှောက် လုပ်ပေးရမယ့်အစား ရှင်သန်ကြီးထွားခွင့်မရအောင် စောင့်ကြည့်သင်းကွပ် နေတာဟာ အင်မတန် ၀မ်းနည်းစရာပါ။ “ပရိသတ် အကျိုးပြုမှု မရှိ” ဆိုတဲ့ ကြိမ်လုံးနဲ့ ရိုက်ရိုက်နေတာကို ကျောကော့အောင် ခံနေကြရလွန်းလို့ အစစအရာရာ ချည့်နဲ့နေပါပြီ။ ရုပ်ရှင်ဆင်ဆာ၊ စာပေဆင်ဆာတွေက ချမှတ်ထားတဲ့ ခေတ်နဲ့ အဆီအငေါ်မတဲ့၊ ကန့်လန့်တိုက်၊ ကင်ပေတိုင်ဆန်ဆန် အချက်အလက်တွေကို ပြန်လည် ပြင်ဆင်သင့်ပါပြီ။ အမျိုးသားရေးတစ်ခုလို ဦးတည်ပြီး ပြောင်းပြန်လှန်ပစ်ရမှာတွေကို ရဲရဲတင်းတင်း ကိုင်တွယ်ဆောင်ရွက်သင့်ပါပြီ။

“မိုင်တိုင် (၇၆)”ကို ပရိသတ်တွေ အုတ်အော်သောင်းနင်း အားပေးကြပြီး၊ ဆင်ဆာအဖွဲ့က မျက်စိ စပါးမွှေးစူးတာမျိုးဟာ ရုပ်ရှင်နယ်ပယ်မှာတင်မဟုတ်ဘဲ ကျန်တဲ့ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ပညာရေး၊ ကျန်းမာရေးနယ်ပယ်များမှာလည်း အလားတူ ပရိသတ်နဲ့ အာဏာပိုင်အဖွဲ့ တို့  ပေါင်းစပ်လို့  မရ နိုင်သေးတဲ့ ဖြစ်ရပ်မြောက်များစွာ ရှိနေပါတယ်။ နိုင်ငံနဲ့ လူမျိုး ရှေ့ ရေးအတွက် စိုးရိမ်မိပါတယ်။ ပြောကြကြေးဆိုရင် ဒီဇာတ်ကားဟာ ဘုရားဟော ငါးပါးသီလထဲက “သေရည်သေရက် သောက်စား ခြင်းကို ရှောင်ကြဉ်ပါမည်”ဆိုတဲ့ ကောင်းမြတ်တဲ့သီလတစ်ပါးကို စောင့်ထိန်းချင်တဲ့စိတ် ဖြစ်ပေါ်လာအောင် တိုက်တွန်းလှုံ့ဆော်ထားပြီး အဲဒီပစ်မှတ်ကို “မိ” အောင် ဇာတ်အိမ်။ ဇာတ်ကွက်ကို တည်ဆောက် ထားတဲ့အပြင် သရုပ်ဆောင်အားလုံးလည်း ကွက်တိသရုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဇာတ်ညွှန်းဆရာ၊ ဒါရိုက်တာ၊ သရုပ်ဆောင်တွေနဲ့တကွ နောက်ကွယ်က ပံ့ပိုးပေးတဲ့သူအားလုံး ပင်ပင်ပန်းပန်း အားထုတ်ခဲ့ကြပုံ ရပါတယ်။ အကယ်ဒမီဆုတွေ ဘာတွေတောင် မှန်းနိုင်ပါသေးတယ်။

ဒါပေမယ့် “မိုင်တိုင် (၇၆)” ဟာ ဆင်ဆာမိုင်း “ထိ” ခဲ့ပါတယ်။
ဒါပေမယ့် “မိုင်တိုင် (၇၆)” ဟာ ပရိတ်သတ်မိုင်း “မထိ” ခဲ့ပါဘူး။

အောင်မျိုးထွန်း
၂၂- ၆- ၂၀၁၁

1 ဂွဒ် ဂါးဗားမန့် ဖြစ်ဖို့ . .-
ရေးသူ- ချိုတူးဇော်

လတ်တလော ဖြစ်ပေါ်နေတဲ့ ကချင်၊ ကရင် နဲ့ ရှမ်း ပြည်နယ်တွေက စစ်ပွဲတွေဟာ အစိုးရ ရဲ့ အမြော်အမြင်နည်းပါးမှု၊ ငါတကောကော မောက်မာမှု၊ တွေကြောင့်ဖြစ်ရတယ် လို့ပဲ ရှင်းရှင်းပြောချင်တယ်။

စစ် ဆိုတာ ငါ့မှာ အင်အားရှိတယ်၊ ငါနိုင်အောင် တိုက်နိုင်တယ် လို့ ဆိုပြီးတော့ လည်း တိုက် စရာမှ မဟုတ်တာ။ ဘယ်လိုနည်းနဲ့ပဲ အာဏာကို ရ ထား၊ ရ ထား၊ အစိုးရ တရပ်ဟာ သူအုပ်ချုပ်နေတဲ့ တိုင်းသူပြည်သားတွေရဲ့ ထိခိုက်နာကျင်မှုတွေ၊ ပျက်စီးဆုံးရှုံးမှုတွေကို ပြည့်စုံအောင် ကာကွယ်ပေးနိုင်မှ အစိုးရကောင်း( Good government) ဖြစ်ပါလိမ့်မယ်။ ပါးစပ်က ဂွဒ်ဂါးဗားမန့် လို့ပြောတိုင်းဖြစ်တာမဟုတ်ပါဘူး။ ဒီလို စစ်ဖြစ်ဖို့မပြောနဲ့ သွားရင်းလာရင်း၊ ရထားတွေမှောက်ပြီး၊ ကားတွေမှောက်ပြီး လူတွေအစုလိုက်အပြုံလိုက်ပျက်စီးဆုံးရှုံးရတယ်ဆိုရင်တောင် အစိုးရ မှာ တာဝန်ရှိတယ်။ တာဝန်လည်း ယူရမယ်။ ဒါမှ ဂွဒ်ဂါးဗားမန့် လို့ခေါ်တယ်။ အလကားနေရင်းတော့ မဂွဒ် ဘူးဗျ။ခု ကချင်ပြည်နယ်မှာ အစိုးရနဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ဖြစ်ရတဲ့ စစ်ပွဲတွေဟာ အစိုးရအနေနဲ့တာဝန်လုံးလုံးလျားလျားယူရမယ့် ဖြစ်ရပ်တွေဖြစ်တယ်။

ပြည်သူလူထုကို ကိုယ်စားပြုတဲ့အစိုးရဖြစ်ချင်ရင်၊ အစိုးရကောင်းဖြစ်ချင်ရင် ပြည်သူက မကြိုက်ဘူးလို့အော်နေမှတော့ နားထောင်ပေါ့။ မြစ်ဆုံရေကာတာစီမံကိန်းဟာ ဘယ်လိုအကျိုးမြတ်ပဲ ရှိရှိ၊ ပြည်သူတရပ်လုံးက မလုပ်ပါနဲ့ လို့ ၀ိုင်းအော်နေတာကို ငါတကောကောပြီး ဆက်လုပ်တာကိုးက အစိုးရရဲ့ ရပ်တည်ချက်ဟာ ငါတကောကော ကော ရာ မကျဘူးလား။ အဲဒီ မြစ်ဆုံ၊ အဲဒီ ဧရာဝတီ နဲ့ မြန်မာပြည်ကို တည်ဆောက်ထားတာ။ နေရာတကာ အကျိုးမြတ်ရှိတိုင်း လုပ်လို့ မရဘူး။

အထူးသဖြင့် တိုင်းပြည်ကိစ္စဆိုတာ အကျိုးအမြတ်ထွက်တိုင်း လုပ်ရတာမဟုတ်ပါဘူး။ ကျွန်တော်တို့ မြတ်လို့ ရွှေတိဂုံကိုရောင်းလို့မရဘူး၊ မြတ်လို့ ခါကာဘိုရာဇီကို ပေးလို့မရဘူး။ ဒါ တိုင်းပြည် ကိစ္စ။ တိုင်းပြည်ရဲ့ ရပ်တည်ချက်ဟာ ဘယ်လောက်ဆင်းရဲဆင်းရဲ၊ ဘယ်လောက် အကျိုးအမြတ်နည်းနည်း ကိုယ့်မြေ၊ ကိုယ့်ရေ၊ ကိုယ့်သယံဇာတကို စောင့်ရှောက်စောင့်ထိန်းမှုမရှိပဲ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးလို့အော်နေလည်း အလကားဖြစ်မှာပဲ။ လွတ်လပ်ရေးဆိုတာ သူတပါး ကျွန် ပြုသိမ်းပိုက်ထားမှ ဆုံးရှုံးတာမဟုတ်ဘူး။ ရှိရှိသမျှ သယံဇာတတွေ လက်သည်မပေါ်အောင် ၀ိုင်းပြီး အလုအယက် အောက်ဈေးနဲ့ လက်ဝါးကြီးအုပ် ခံနေရတာလည်း လွတ်လပ်ရေး ဆုံးရှုံးတာပါပဲ။ အင်္ဂလိပ်တွေ ကိုလိုနီ နယ်ချဲ့ တုန်းက သယံဇာတတွေကို ထုတ်ပြီးသယ်သွားတယ်။ ကုန်ကြမ်းတွေကို ဈေးပေါပေါနဲ့ထုတ်လုပ်တယ်။ ကုန်ချောတွေကို အမြတ်တင်ပြီးလာရောင်းခဲ့တယ် တဲ့။ ဒါဆို ခု ကျွန်တော်တို့ နိုင်ငံကို အိမ်နီးချင်းနိုင်ငံတွေက ဘယ်လို ဆက်ဆံနေ၊ ဘယ်လို ပြုမှုနေသလဲ နှိုင်းယှဉ်စဉ်းစားကြည့်ဖို့လိုလိမ့်မယ်။ ကျွန်တော်တို့ ဆိပ်ကမ်းတွေ၊ ကျွန်တော်တို့ လမ်းတွေ၊ ကျွန်တော်တို့မြစ်တွေကို သူတို့ပြည်နယ်တခုထွက်ပေါက်ရဖို့ အသုံးချနေတာ. . .ကိုယ့်အိမ်ထဲ ၀င်ချင်သလိုဝင်၊ ထွက်ချင်သလိုထွက်၊ ကိုယ့်ပစ္စည်းတွေ သုံးချင်သလိုသုံး၊ ကိုယ့်မှာဖြင့် နှမအပျိုတွေနဲ့။ ပြည်သူက ဒါကို မလုပ်စေချင်လို့ မလုပ်ပါနဲ့ လို့တောင်းဆိုရင် အစိုးရက ဂွဒ် ချင်တယ်ဆို ပြည်သူနဲ့ တသွေးတည်း ၊ တသံတည်း နေလိုက်ပေါ့ဗျာ။

ခု ကချင်ပြည်နယ်မှာ တံတားတွေ အဖေါက်ခွဲခံလိုက်ရတော့ ဒီ ၂၀ လုံးတည်ဆောက်ထားသမျှ အလကားဖြစ်ရ၊ ပိုက်ဆံတွေလည်းဆုံး၊ အချိန်တွေလည်းဆုံး ၊ ဒီလိုမျိုးတွေဖြစ်လာနိုင်တယ် လို့ အစက မစဉ်းစားမိခဲ့ဖူးလားလို့ မေးချင်ပါတယ်။ ဒီလိုမျိုးတွေဖြစ်မှာစိုးလို့ အဖွဲ့အစည်းအသီးသီးနဲ့ ပြည်သူလူထုအနေနဲ့ စစ်မှန်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို လုပ်ပါလို့ အကြိမ်ကြိမ်တောင်းဆိုခဲ့ကြပါတယ်။

စစ် ဆိုတာ မလွှဲမရှောင်သာ ထိပါးလာလို့ပြန်တိုက်ရတယ်ဆိုတောင် အစိုးရက မပါးနပ်လို့၊ လိမ္မာပါးနပ်စွာ မဖြေရှင်းတတ်လို့ လို့ သုံးသပ်ရပါတယ်။ ခုလို ကိုယ့်ပြည်သူကိုယ့်ပြည်သားချင်းဖြစ်ရတာကတော့ အတိုင်းထက်အလွန်ဖြစ်သွားပါပြီ။ကချင်မှာ ကချင်ဒေသခံပြည်သူတွေကို ရထားလမ်းတွေ အလှည့်ကျစောင့်ခိုင်းတယ်ဆိုတဲ့ သတင်းတက်လာပြန်ပါပြီ။

ဒီလုပ်ရပ်ဟာ ကေအိုင်အေ နဲ့ ထိပ်တိုက်မတွေ့ချင်လို့ စစ် ကိုရှောင်ကွင်းချင်လို့ လို့အကြောင်းပြကောင်း ပါလိမ့်မယ်။ ဒါပေမယ့် ပြဿနာတရပ်ကို အရင်းအမြစ်က မဖြေမရှင်းပဲ ခုလို ငါးပွက်ရာငါးစာချဖြေရှင်းတဲ့နည်း က ပြဿနာတွေကင်းမသွားတဲ့အပြင်၊ ကြီးထွားသထက်ကြီးထွားလာမယ်၊ တခြားဘေးထွက်ဆိုးကျိုးတွေ များလာမယ် လို့ ဆင်ခြင်မြော်မြင်သင့်တယ်။

အစကတည်းက တိုင်းရင်းသားတွေနဲ့ နားလည်ယုံကြည်မှုတွေတည်ဆောက်ထားပြီး စစ်မှန်တဲ့ ငြိမ်းချမ်းရေးကိုသာ တည်ဆောက်ထားနိုင်ရင် ဘယ် လက်နက်ကိုင်အဖွဲ့အစည်းကမှ လမ်းတွေ တံတားတွေကို ဖျက်မှာမဟုတ်ဘူး။ အဲဒီ လမ်းတွေတံတားတွေကို ဘယ် စစ်ဗိုလ်တွေရဲ့ ပိုက်ဆံနဲ့မှ ဆောက်ထားတာမဟုတ်ဘူး။ ပြည်တွေရဲ့ချွေးနည်းစာ တိုင်းပြည်ရဲ့ သယံဇာတတွေကို ရောင်းချလို့ရတဲ့ပိုက်ဆံတွေနဲ့ဆောက်ထားတာ။ ပျက်စီးတော့ ကိုယ့်ပိုက်ဆံပဲ ကုန်သလိုပါ။ ကိုယ်ပဲ အဆင်မပြေဖြစ်ရတာပါ။

အစကတည်းက ဒီလို သမိုင်းနောက်ပြန်ဆွဲမယ့် ဖြစ်ရပ်တွေ ပေါ်လာနိုင်ပါလား လို့ မစဥ်းစားခဲ့တာ အံ့သြမဆုံးဘူး။

ပြည်သူအနေနဲ့ အနုပညာရှင်တွေအနေနဲ့၊ စာပေပညာရှင်တွေအနေနဲ့

ဒါမျိုးတွေဖြစ်လာမှာစိုးတဲ့အတွက် နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးဖို့၊

..အမျိုးသားပြန်လည်သင့်မြတ်ရေးကို တည်ဆောက်ဖို့၊ တွေ့ဆုံဆွေးနွေးရေးတွေ လုပ်ပေးဖို့ အကြိမ်ကြိမ်အလီလီ မေတ္တာတွေ ရပ်ခံခဲ့တဲ့ကြားက . . .။

ထပ်ပြောရပါဦးမယ် . . .

ကျွန်တော်တို့ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ကို လိုချင်ပါတယ်။

တပ်မတော်သားတွေပဲ ဖြစ်ဖြစ်၊

တိုင်းရင်းသားတွေပဲ ဖြစ်ဖြစ်၊

ဘယ်လိုပြည်သူပြည်သားတွေမဆို သေကြေပျက်စီးတာ မလိုလားပါဘူး၊

တိုင်းရင်းသားအဖွဲ့အစည်းအသီးသီး အပါအ၀င်၊ အတိုက်အခံ နိုင်ငံရေး အင်အားစုတွေနဲ့အမြန်ဆုံး တွေ့ဆုံဆွေးနွေးပေးဖို့ တောင်းဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေကို ခြွင်းချက်မရှိ လွှတ်ပေးပြီး အစိုးရအနေနဲ့ ပြည်သူလူထု နဲ့ ကမ္ဘာ ရဲ့ ယုံကြည်မှု ကို အရင်ဆုံးတည်ဆောက်ပါ။

ဒီလို လုပ်ရင် အစိုးရ အနေနဲ့ အကျိုးမဲ့ မှာမဟုတ်ဘူး၊ အကျိုးများစေမယ် ဆိုတာ

ဖွဲ့ထားတဲ့ နိုင်ငံရေးအကြံပေးတွေ၊ စီးပွားရေးအကြံပေးတွေ၊ ..ပါးစပ်ပိတ်နေကြသလားဗျာ။

ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဖို့လို့ ကြွေးကြော်ပြီး ရွေးကောက်ပွဲဝင် ပြည်သူမဲနဲ့ အမတ်လုပ်နေတဲ့ ပုဂ္ဂိုလ်တွေလည်း မျက်နှာပြောင်တိုက်နိုင်ပါပေရဲ့ဗျာ . . .။

ချိုတူးဇော်

Tuesday, June 21, 2011

0 ကြေးမုံသတင်းစာတွင် မမှန်ကန်ရေးသားထားသော သတင်းအား ကချင်ပြည်နယ်သူ/ပြည်နယ်သားများအားအသိပေးထုတ်ပြန်ချက်

KIA-a-shiga-ndau-20-6-2011

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.