
ဆန္ဒတစ်ခုကို ဖြည့်ဆည်းခြင်း
ကျွန်တော်တို့ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီး ဒေါ်ခင်ကြည် ရှိစဉ်က မိခင်ကြီး ဒေါ်ခင်ကြည်၏ မိတ်ဆွေသူငယ်ချင်းတစ်ဦးဖြစ်သူ ဒေါ်တင်တင်သည် ဒေါ်ခင်ကြည် ကျန်းမာရေးချို့တဲ့စဉ် ကာလတစ်လျှောက်လုံး အနီးကပ်ပြုစုစောင့်ရှောက် ပေးခဲ့သူတစ်ဦးဖြစ်သည်။ ဒေါ်တင်တင်သည် ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီး ဒေါ်ခင်ကြည်နှင့် ခင်မင်ရင်းနှီးမှုမှာ နိုင်ငံရေးနှင့် ပတ်သက်ခြင်းမရှိ၊ စီးပွားရေးနှင့်လည်း ပတ်သက်ခြင်းမရှိ လူမှုရေးသက်သက်ဖြင့်သာ ခင်မင်ကူညီ ပတ်သက်ခဲ့သူ တစ်ဦးဖြစ်သည်။
ယခုအချိန် ဒေါ်တင်တင်သည် လေဖြတ်ဝေဒနာခံစားနေကာ အစားအသောက်တို့ ပါးစပ်မှ လည်း စားခြင်း၊ သောက်ခြင်းတို့ကို မပြုလုပ်နိုင်ချေ။ ၂.၇.၂၀၁၁ (စနေ) နေ့တွင် ဒေါ်တင်တင်အား သူ၏ မိသားစုဝင် သားသမီးများက မိခင်ဒေါ်တင်တင်၏ အလုပ်ချင်ဆုံးသော ဆန္ဒတစ်ခုကို ပြုလုပ် ပေးခဲ့သည်။ ယင်းဆန္ဒမှာ နာရေးကူညီမှုအသင်း(ရန်ကုန်)ထံသို့ အလှူငွေ ထည့်ဝင်လိုသော ဆန္ဒပင် ဖြစ်သည်။
ထို့ကြောင့် ၂.၇.၂၀၁၁ (စနေနေ့) နံနက် (၉း၀၀) နာရီအချိန်တွင် ပါရမီလမ်းရှိ မိခင် ဒေါ်တင်တင်၏ နေအိမ်သို့ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူမှ သွားရောက်၍ အလှူငွေ US$ 500 လှူဒါန်းမှုကို လက်ခံအားပေး ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ မိခင်ကြီး ဒေါ်တင်တင်၏ အလုပ်ချင်ဆုံးသော ဆန္ဒတစ်ခုကို ဖြည့်ဆည်းပေးနိုင်ခဲ့ပြီဖြစ်သောကြောင့် မိခင်ကြီး ဒေါ်တင်တင် ကျန်းမာချမ်းသာ ၀မ်းသာစွာဖြင့် သာဓု အနုမောဒနာ ခေါ်ဆိုနိုင်ခဲ့ပါတော့သည်။
ကိုကျော်သူ

သတင်းအကျဉ်းချုပ် ...



နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အများပြည်သူတို့အပေါ် ပေးဆပ်မှုများအား အများပြည်သူ အလှူရှင်တို့ သိရှိမုဒိတာပွားစေရန် ဟူသော ရည်ရွယ်ချက်တစ်ခုတည်းနှင့် အလှူရှင်များအား (ကန့်သတ်) အနေဖြင့် ပြန်လည်၍ လက်ဆောင်ပေးအပ်ခဲ့သော နာရေးကူညီမှုအသင်း(ရန်ကုန်)၏ “တစ်နေ့တာပေးဆပ်မှုများ” နှင့် “ဂီတလူမှုရေးသူရဲကောင်းများ Vol:1” ဟူသော DVD အချပ်များကို ဖန်တီး ပေးဆပ်ခဲ့ပြီးဖြစ်သည်။
ယင်းအခွေများတွင် ဂီတလောကမှ လူမှုရေးစိတ်ဓါတ်ရှိသော ဂီတပညာရှင်များတို့သည် တစ်တတ်တစ်အား ပါဝင်ကူညီသီဆိုခဲ့ပြီးဖြစ်သည်။ ပထမဆုံးသော “တစ်နေ့တာပေးဆပ်မှု” DVD အခွေတွင် ဂီတပညာရှင် အနဂ္ဃနှင့် Hip Hop အဆိုတော် (၁၀) ဦးတို့က အယူသီးမှု တိုက်ဖျက်ရေး ခံစားမှုသံစဉ် “လက်ကမ်းလိုက်” ဟူသောသီချင်းတစ်ပုဒ်ကို ပေးဆပ်သီဆိုပေးပြီးဖြစ်ရာ ယခုထပ်မံ ဖန်တီးမည့် ဂီတလူမှုရေး သူရဲကောင်းများ Vol:2 အတွက် အဆိုတော် အနဂ္ဃမှ ၂.၇.၂၀၁၁ (စနေ) နေ့တွင် ဒုတိယခြေလှမ်းအဖြစ် ထပ်မံ၍ ရေးစပ်သီဆိုထားသော အယူသီးမှုတိုက်ဖျက်ရေး သီချင်း သစ်အား Home Studio တစ်ခု၌ စိတ်ဓါတ်ထက်သန် ပြင်းပြစွာဖြင့် သီချင်းသွင်းရန် ကြိုးပမ်းနေပြီ ဖြစ်ကြောင်း အလှူရှင်များ၊ လူမှုရေးသမားများ၊ လူမှုရေးဂီတပညာရှင်များအား သတင်းကောင်းပါး လိုက်ပါသည်။

ကိုကျော်သူအားကျေးဇူးတင်ရှိပါသည်...

သတင်းအကျဉ်းချုပ် ...

မင်းတခြမ်းခင်းထားသမျှ နောက်က ကျန်တဲ့ တခြမ်းတွေကို ငါလိုက်ခင်းနေရတယ်...(မြို့တော်ဝန် အသစ် ဦးလှမြင့်)
Photo..Khinmgwin(ap)အားကျေးဇူးတင်ရှိပါသည်...

သတင်းအကျဉ်းချုပ် ...
“ကျွန်တော်က ရှဲဒိုးစာရေးဆရာပါ။”
။၁။
“Do you approve of the do-it-yourself trend?” the side walk radio announcer asked a passer by, holding the microphone up to him.
“Positively not,” the man replied, with unexpected vehemence. “I’m definitely against it”
“Why are you so against it?” asked the surprised announcer.
“I’m a ghost writer,” was the reply.
။၂။
ဒီဟာသလေးကို ဘာသာပြန်မပြခင်မှာ အလျင် ၁၀စုနှစ်တစ်ခုကျော်ကျော်ကို ပြန်သွားကြည့်ရအောင်။ အဲဒီအ ချိန်က နိုင်ငံရဲ့ ဒီမိုကရေစီ အရေးကို ရှေ့ဆောင်လုပ်နေကြတဲ့ ဒေါ်အောင်ဆန်းစုကြည်အပါဝင် ကျောင်းသား ခေါင်းဆောင်၊ တိုင်းရင်းသားခေါင်းဆောင် တော်တော် များများက အကျဉ်းထောင်တွေထဲမှာ..။ အဲဒီလို ဦးဆောင် သူတွေ ထင်ရှားသူတွေ အဖမ်းဆီးခံအဖိနှိပ်ခံထားရလို့ အရှိန်ကျိုးနေတဲ့ နိုင်ငံရဲ့ ဒီမိုကရေစီအရွေ့ကို အသွင် တစ်ခုနဲ့ရှေ့တိုးရွေ့ချဉ်းကပ်လာတာပါဘဲ။
ဆေဗယ်ဆိုဆိုင်ယတီတွေ၊ လူမှုအခြေပြုအဖွဲ့အစည်းတွေများလာရင်လည်း နိုင်ငံတစ်နိုင်ငံဟာ ဒီမိုကရေစီအ သွင်ကူးလာတတ်တယ်။ ဟိုနိုင်ငံကြည့်ပါလား။ ဒီနိုင်ငံကြည့်ပါလားဆိုပြီး ဥပမာတွေ၊ ဖလော်တွေ၊ ဒိုင်ယလော့ တွေ၊ အက်ရှင်ပလန်တွေနဲ့ ဝင်တိုးလာခဲ့တယ်။ အဲလိုတိုးလာခဲ့တာဟာ ကျွဲခိုပေါ်နွားခိုးပေါ်သလို ခိုးကြောင်ခိုး ဝှက်မှသည် ပေါ်ပေါ်တင်တင် လုပ်လာကြရတဲ့ လူမှုရေးလုပ်ငန်းတွေဟါ ၁၀စုနှစ်တစ်စုကျော်ဖြတ်သန်း လာ ပြီးတဲ့နောက် မြွေမသေတုတ်မကျိုးနဲ့ တချို့နေရာတွေမှာ ရွှေမိုးငွေမိုးရွာခဲ့သလို တချို့နေရာတွေမှာ သဲထဲရေ သွန်ဖြစ်လာခဲ့ပါတော့တယ်.။
အဲလိုပြင်လိုက် ပျက်လိုက် ထပ်ပြင်လိုက်နဲ့ ရှေ့တိုးရင်း ပြည်တွင်းမှာ အသွင်အမျိုးမျိုးနဲ့ အားသွန်လုပ်ကိုင် အောင်မြင်လာကြတာမှာ နောက်ပိုင်း ယခုဒီမိုကရေစီအစိုးရရဲ့ ကျေးဇူးရှင် ယခင်စစ်အစိုးရ ကိုယ်တိုင် နောက် ပိုင်းမှာ ကြံ့ခိုင်ရေးအဖွဲ့အစည်းဆိုတာမျိုးတွေ လုပ်လာပြီး နေရာဝင်လုလာခဲ့တာပါဘဲ။ ဒါပေမယ့် ပြည်သူ့ရဲ့ယုံ ကြည်ချက်တွေ၊ မေတ္တာတွေကတော့ သူတို့အပေါ်သီးပွင့်မ သွားခဲ့ရှာ ပါဘူး။
အဲဒီလို ကျွဲခိုးနွားခိုးပေါ်သလိုလုပ်နေရတဲ့ လူမှုရေးအဖွဲ့တွေ၊ အန်ဂျီအိုအဖွဲ့အစည်းတွေထဲကနေ ထင်ထင် တောက်တောက်ဖောက် ထွက်လာတာကတော့ စာရေးဆရာ၊ တေးဆို၊ တေးရေး၊ သရုပ်ဆောင်၊ ဒါရိုက်တာ အကယ်ဒမီ ဘဘဦးသုခတည်ထောင်ပြီး ရုပ်ရှင်မင်း သား ကိုကျော်သူ၊ စာရေးဆရာမသန်းမြင့်အောင်နှင့် အနုပ ညာရှင်အသီးသီးနဲ့ လူမှုရေးဝန်ထမ်းကြီးငယ်များက မိမိတို့နိုင်ရာတာဝန်များ ကနေ အသီးသီးတာဝန်ယူ ဝန်းရံ ထိန်းသိမ်းပြီး ယနေ့အထိအောင်မြင် ထင်ရှားကာ ပြည်သူတွေအားလုံးရဲ့ အားကိုးရာ စံပြအဖွဲ့အ စည်းဖြစ်လာတဲ့ “နာရေးကူညီမှုအသင်းကြီး” ဖြစ်ပါတယ်။
အောင်မြင်ထင်ရှားလာပြီးတဲ့နောက် အမျိုးမျိုးသော အတိုက်အခံ တွေ၊ အတွန်းအပိတ်တွေကို ခါးစည်းခံပြီး ခုနောက်ဆုံး အမေရိကန်ရဲ့အမြင့်ဆုံးကိုယ်စားလှယ် မစ္စတာဂျွန် မက်ကိန်း ကိုယ်တိုင် လာရောက်လည်ပတ်ခြင်းဖြင့်ချီးမြောက်ခံရတဲ့အထိကို စံပြုဖွယ်အောင်မြင်ခဲ့ပါတယ်။ ဒါပေမယ့် အဲလိုပြည်ပ တိုင်းတစ်ပါးကလူတွေကတောင် အသိမှတ်ပြုအားပေးနေခဲ့တဲ့သည့် နာရေးကူညီမှု လိုအဖွဲ့စည်းမျိုးကို သန့်စင်သောခံယူချက်နဲ့ အားပေးအားမြောက်မပြုနိုင်တဲ့အပြင် မသာပါးစပ်ထဲက ငွေတစ် မတ်ကို ဝင်လုချင်တဲ့ အဖွဲ့အစည်းတွေလည်းရှိခဲ့သလို ပြည်သူတွေလည်းသိခဲ့ပါတယ်။
ပြည်သူ့မေတ္တာ၊ ပြည်သူ့ယုံကြည်မှုဆိုတာ အဲလိုဖြတ်လမ်းကယူလို့မရဘူးဆိုတာတောင် မဝေခွဲတတ်တဲ့သူမျိုး တွေက နိုင်ငံ့ဒီမိုကရေစီအရေးလုပ်ဆောင်မယ်ဆိုတော့ ကျွန်တော်ဖျော့တော့တော့ လေးရယ်မိတယ်။ ငါတို့ ကံဆိုးဦးမှာဘဲလို့လည်း သက်ပြင်းချမိတယ်။ နောက်တော့လည်း ကိုယ့်အတွေးဟာ သူတို့အလုပ်တွေဖြစ်လာ တာပါဘဲ ထူးမခြားနားပတ်ပျိုးကို ကိုယ်တို့တိုးတိုးလေး အသံထပ်မြှင့်ဆိုကြရပြန်ရော။
။၃။
ဒီနေရာမှာ ကျွန်တော်အငေါ်တူးတွေးချင်တာလေးတစ်ခုက အရင်တုန်းကလူတွေလိုဘဲ၊ အခုလွှတ်တော်တက် နေတဲ့ ဝန်ကြီး၊ ဝန်ငယ်၊ ဝန်လတ်တွေဟာ ဒေါ်အောင်ဆန်းစုကြည်ကိုမူဝါဒရေးရာအရ ယှဉ်ပြိုင်အနိုင်ယူဖို့မ ကြိုး စားဘဲ။ အငြိုးအတေး အခုအခံကြီးနဲ့ ရန်ရှာနေ သလိုလုပ်နေတာက ဘယ်သူပြောင်းပြောင်း၊ ဘယ်မူပြောင်း ပြောင်း ပေါ်လွင်နေတာပါဘဲ။ တကယ်တော့ သူတို့လိုလုပ်ပိုင်ခွင့် ရှိနေ သူ တွေ ဟာ အိမ်ထဲကထွက်တာနဲ့ နောက် ယောင်ခံအလိုက်ခံ၊ လာနုတ်ဆက်သူကို အိမ်အထိလိုက်ဖိအားပေးခံနေရရှာတဲ့ ဒေါ်အောင် ဆန်းစုကြည် လိုလူ မျိုးထက် အဘက်ဘက်မှာသာလွန်စွာနဲ့ တိုင်းကျိုးပြည်ပြုလုပ်ငန်းတွေကို လုပ်နိုင်ပါရက်နဲ့ မိန်းမတစ် ယောက်ကို ခေါင်းပေါင်းစတလူလူနဲ့ယောက်င်္ကျားကြီးတွေက သဘောထားမကြီးနိုင်ဘဲ ဖိအားပေး ရက်စက်နေတာဟာ ဒီမို ကရေစီစနစ် ကို အကောင်ထည်ဖော်နေတဲ့ လူကြီးလူကောင်းတွေပါဆိုပြီး လူရှေ့ထွက်ပြောနေတာ သူတို့အစား သည်းသည်းခါခါကိုရှက်မိတယ်။
တိုင်းပြည်ဆင်းရဲနေတာသိရှိပါတယ်ဆိုပြီး မိန့်ခွန်းပြောတဲ့ခေါင်းပေါင်းရဲ့လက်မှာစွပ်ထားတဲ့ လက်စွပ်က သိန်း ရာချီတန်တဲ့ အရည်ေ ကာင်းကျောက်ကြီးဋ္ဌာပနာလို့။ ပြည်သူတွေဘဝကို အသိမှတ်ပြုဖို့ ရထားတက်စီးပြတဲ့ ခေါင်းပေါင်းစီးတဲ့ရထားက ကျွန်တော်တို့နေ့တိုင်း ကြော်ခွဆင်းရတဲ့ပန်းသည်တွေ၊ ကုန်ထုတ်တွေမပါဘူး။ အဲဒီ ခေါင်းပေါင်းကို တစ်မနက်လောက် မြောက်ဥက္ကလာအဝိုင်းကြီးကနေ ဒါမှမဟုတ် လှိုင်သာယာမီးခွက်ဈေး ထိပ် ကနေ မြို့ထဲလောက်အထိ ကားတိုးစီးဖို့ဖိတ်ခေါ်ကြည့်ချင်စိတ်လည်း အူထဲမှာမြူးသွားတယ်။ သူငယ်ချင်းတစ် ယေက်ကတော့ ငါနဲ့တွေ့လို့ကတော့ ထောက်လှမ်းရေးလုပ်ပစ်လိုက်မယ်ဆိုပြီး ရယ်ဟဟကျိန်းတယ်။ ယိုသူမ ရှက်မြင်သူရှက် ဆိုတာ ဒါမျိုးထင်တာဘဲ။ မီဒီယာလွတ်လပ်ခွင့်မြင့်တင်မယ်လို့ ကတိပေးထားတဲ့ခေါင်းပေါင်းက ဘဲ သတင်းစာရှင်း လင်းပွဲလာရင် ကင်မရာ၊ ရီကော်ဒါ၊ ဖုန်းတွေကို ဂျာနယ်ပိုင်ပစ္စည်းဖြစ်ကြောင်း ထောက်ခံစာ ယူလာရမယ်ဆိုပြီးလည်း တခါမှမကြားဖူးတဲ့ ပါးစပ်ဥပဒေတွေထထုတ်တယ်။ တကယ်ဆို လုံခြုံရေးအခြေခံစနစ် တွေ တိုးမြှင့်လိုက်ယုံနဲ့ပြေလည်ရမှာကို ကိုယ့်ကိုပြည်သူနဲ့ ရွှေလမ်းငွေလမ်းဖောက်ပေးမယ့် မီဒီယာကို လည် ပင်းညှစ်ချင်တဲ့ အကျင့်နဲ့အဲလိုလူတွေက ဒီမိုကရေစီဂါထာ ထထကျူးတော့ ကိုယ်စိတ်ပျက်လက်ပျက် ဟက် ဟက်ပက်ပက်ရယ်ခဲ့ဖူးတယ်ဆိုတာ မလွန်းဘူးဗျနော်။ တကယ်ပါ ကင်မရာတို့၊ ဖုန်းတို့၊ အသံဖမ်းစက်တို့ကို ထောက်ခံစာ ရေးပေးရတယ်ဆိုတာ ဘယ်ကမ္ဘာက မီဒီယာလောကမှာမှမကြားဖူးတဲ့ စကားပါဗျာ..။
ဝါးလုံးသိမ်းရမ်းတဲ့အနေနဲ့ နိုင်ငံတကာကိုလည်းနည်းနည်းထည့်ပါရစေ။ နိုင်ငံတကာက ကိုယ်စားလှယ်တွေ လည်း အဲဒီကိစ္စမှာ ရှက်တတ်ရင်ရှက်လို့ရပါတယ်။ ဒီလိုလူတွေကို ပြုံးပြ လက်ဆွဲလာနုတ်ဆက်ပြီးအခွင့်အရေး ယူသွားတာဟာ ခင်ဗျားတို့ကိုယ်တိုင်လည်း အခြောက်စိတ်ရှိနေလို့ဘဲလို့ ပြောရတော့မှာဘဲ။ သူတို့ကတော့ ပြောမှာပေါ့ ငါ့ခေတ်မှာ ငါ့နိုင်ငံတော်အကျိုးငါသည်ပိုးဖို့ဘဲရှိတယ် မင်းတို့ငတုန်းတွေကိစ္စမင်းတို့ဖာသာနိုင် အောင် ရှင်းဆိုပြီးပေါ့။
။၎။
ဒီစကားတွေပြောနေရလောက်အောင် မင်းကဘာကောင်လဲဆိုရင်တော့ ကျွန်တော်ဘာကောင်မှမဟုတ်ပါဘူး။ ဒါပေမယ့် မဖြစ်မနေဖြေရ မယ်ဆိုရင်တော့ အကောင်တော့အကောင်ဘဲ ဒါပေမယ့် ဒီမိုကရေစီ စစ်စစ်ကိုဆာ လောင်နေတဲ့ကောင်ပါလို့ ဖြေလိုက်မှာပါဘဲ။ တိုင်းပြည် အတွက်အလုပ်လုပ်နေတယ်လို့ လေလုံးမထွားချင် ပေမယ့် ပြည်သူတစ်ဦးအနေနဲ့တော့ တိုင်းပြည် အ ရေးအရာကို လမ်းကြောင်း တစ်ခုပေါ်ကနေအမြဲ စောင့် ကြပ်ကြည့်ရှုခဲ့သလို သက်ပြင်းလည်း အမြဲထူထူပူပူ ရှိနေခဲ့သူပါ။ အဲဒါဆိုလည်း ခေါင်းပေါင်း ပေါင်းပြီး စင်ပေါ် တက်ခဲ့ကွာဆိုရင်လည်း မိန်းမတစ်ယောက် မျက်စောင်းခြောက်ခြောက်တွေထိုးပြီး ဇွတ်ကြောက်နေတဲ့ အ ခြောက်ကြီးေ တွနဲ့တစ်စားပွဲထဲ ထိုင်ပြီးပြုံး ရလောက်အောင် သတ္တိမရှိတဲ့အတွက်နိုးလို့ဘဲဖြေရမှာဘဲ..။ ဒါ ကျွန် တော့်ရဲ့ ခရမ်းရောင် သံမဏိခံယူချက်ဘဲ။ လိုအပ်ရင် အသက်ဓာတ်တွေ ယိမ်းချင်ယိမ်းသွားမယ်။
ခင်ဗျားတို့ အဟုတ်ဖြစ်တဲ့နေ့ ကျွန်တော်အပါအဝင်ပြည်သူတွေရဲ့လပ်ခုပ်သံလည်း တစ်ကယ်အုတ်အုတ်ကျယ် ကျယ်မြည်ထွက်လာပါ လိမ့်မယ်။
ကဲပါ အထက်ကကျွန်တော် ဘိုလိုကူးချပြထားတဲ့ ဟာသလေးကို စီလျော်အောင်ဘာသာပြန်ပြပါရစေတော့။ သူ့ အဓိပ္ပာယ်ကတော့ ရေဒီယိုအစီစဉ်တစ်ခုက အစီစဉ်ကြေငြာသူက လမ်းမှာ သူအစီစဉ်တင်ဆက်နေရာဘေး က ဖြတ်သွားသူတစ်ယောက်ကို မိုက်ခရို ဖုန်းထိုးပေးရင်း မေးလိုက်တာ “ခင်ဗျား ကိုယ်ထူကိုယ်ထလုပ်ရတဲ့ စနစ် ကို သဘောကျလားဗျ ”တဲ့..။ အဲဒါကို အမေးခံရတဲ့သူက ရေဒီယိုအစီစဉ်ကြေငြာသူ လုံးဝမျှော်လင့်မထား တဲ့ အဖြေဖြစ်တဲ့ “သဘော မကျဘူး။ လုံးဝလည်းမထောက်ခံဘူး” လို့ ပြန်ဖြေ လိုက် သတဲ့။ အဲတော့ အစီစဉ်ကြေ ငြာသူက “ဘာဖြစ်လို့ ဒီ လောက်တောင်မလိုလားရတာလဲဗျာ” လို့ပြန်မေးလိုက်တော့ ..သူက “ကျွန်တော်က ရှဲဒိုး စာရေးဆရာလေ” တဲ့…ခုလက်ရှိ ဒေါ်အောင်ဆန်းစုကြည်အပါအဝင်၊ နိုင်ငံရဲ့ကောင်းရာကောင်းကြောင်းတွေကို လုပ်နေတဲ့ သူတွေကို တာဝန်ရှိသူတွေရဲကဆက်ဆံနေပုံ..သဘောထားနေပုံက အဲဒီဟာသလေးထဲက ရှဲဒိုးစာ ရေးဆရာလိုဖြစ်နေသလား လို့ တွေးပြုံးလေးပြုံးရင်း………………..။ ။
ချစ်ခင်လေးစားစွာဖြင့်
စိမ်းခက်စိုး
(သောကြာနေ့) ဇွန်လ ၃၀၊ ၂၀၁၁
နံနက် - ၁၂း ၃၉ နာရီ

သတင်းအကျဉ်းချုပ် ...

ဒါပြည်တွင်းမှာ ဇူလိုင်လထဲမှာ ဖြန့်ဝေဖို့လုပ်ထားတဲ့ ပို့စကဒ်ဒီဇိုင်းလေးပါ။ အွန်လိုင်း. ပြည်တွင်းသို့တတ်နိုင်သမျှဖြန့်ဝေပေးကြပါရန်...
ပေးပို့သောခေတ်နေအားကျေးဇူးတင်ရှိပါသည်...

သတင်းအကျဉ်းချုပ် ...
၂၀၁၀ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြတဲ့ ပါတီခေါင်းဆောင်တချို့က ရယ်သလို မောသလိုနဲ့ သတင်းတပ်ဖွဲ့ ဝင်တွေကို ပြောတတ်တယ်။ “ကျုပ်တို့ကိုတော့ ဟိုတားဒီတားနဲ့ NLD ကိုတော့ လုပ်ချင်တာ လုပ်ခွင့်ပေးတယ်။ ခင်ဗျားတို့က မမိုက်ပါဘူးဗျာ”တဲ့။ မှတ်ပုံတင်နိုင်ငံရေးပါတီထက် မှတ်ပုံတင်မထားတဲ့ ပါတီကို ပစား ပေးနေခြင်းအပေါ် နားမလည်နိုင်လာတော့တဲ့ပုံ ရှိလာပါတယ်။
ခက်တာက ပြည်သူအများစုအနေနဲ့ ရွေးကောက်ပွဲဝင်ပါတီတွေ ဘာလုပ်နေသလဲဆိုတာထက် NLD ဘာလုပ်နေသလဲဆိုတာကို ပိုစိတ်ဝင်စားကြတယ်။ ဒေါ်စု ဘာလုပ်တော့မလဲဆိုတာ လူထုနိုင်ငံရေးလိုဖြစ်နေတာ ဘယ်လိုလုပ်ကြမလဲ။ ရေခဲမုန့်ကျွေးပြီး ဒေါ်စုနိုင်ငံရေးကို မကြည်နဲ့နော်လို ပြောလို့ရတာမှ မဟုတ်ဘဲ။ နည်းနည်းလေးတော့ ကြောက်တယ်၊ ဒါပေမယ့် မထောက်ခံဘဲလည်း မနေနိုင်ပေါ့။ ဒေါ်အောင်ဆန်းစုကြည် နောက်ဆုံးတစ်ခေါက် နေအိမ်အကျယ်ချုပ်က မလွတ်ခင်မှာ ပြည်ထဲရေး ဌာနက တာဝန်ရှိသူနဲ့ ဒေါ်စုတို့တက္ကသိုလ်ရိပ်သာလမ်းက အိမ်မှာ တွေ့ကြတော့ လိုအပ်တာ ပြောပါ။ ကူညီပါ့မယ်လို့ ရဲအရာရှိကြီး ကမ်းလှမ်းခဲ့တာကို မှတ်မိပါသေးတယ်။ ဒေါ်စုနဲ့ NLD အခုလို နိုင်ငံရေး ဆက် မလုပ်ဖို့ ပြည်ထဲရေးဝန်ကြီးက အကြောင်းကြားစာ ပို့ လိုက်ပြီးတဲ့နောက် ပြည်ထဲရေးဝန်ကြီးနဲ့ တွေ့ဆုံ လိုပါကြောင်း ဒေါ်စုဘက်က ပြန်လည် ပြောဆိုလိုက်ပါတယ်။ သမ္မတကြီးရဲ့ အစိုးရအဖွဲ့မှာပါတဲ့ ပြည်ထောင်စုဝန်ကြီး အဆင့်လောက်ကိုသာ စကားပြောခွင့် တောင်းဆိုတာဖြစ်ပါတယ်။ ပြန်လည် လွတ်မြောက်ပြီးတဲ့ နောက်ပိုင်း အစဉ်တစိုက် တွေ့ဆုံဆွေးနွေးဖို့ကို ဒေါ်စုတောင်းခဲ့ပေမယ့် အစိုးရသစ်ကလည်း တုတ်တုတ်မှ မလှုပ်ခဲ့ပါဘူး။
အစိုးရသစ်ရဲ့ဟန်းနီးမွန်းရက်(၁၀၀) ပြည့်ခါနီးတဲ့အထိ တုံဏိဘာဝေပါဘဲ။ အာဏာပိုင်တွေဘက်က ဒေါ်စုနဲ့ NLDကို ဘယ်လိုအနေအထား၊ ဘယ်လောက်အတိုင်း အတာမှာ “တည်”ထားစေချင်သလဲဆိုတာ စဉ်းစားရပါမယ်။ ရွေးကောက်ပွဲလမ်းကြောင်းပေါ် အမှန်တကယ် တက်စေချင်တာလား၊ နိုင်ငံရေးလိုလို လူမှုရေးလိုလိုနဲ့ လုံးပြီး ပျော်သလိုနေ၊ ရေချိန်တစ်ခုထက် မကျော်စေနဲ့ သဘောလား။ အီလယ်လယ်ဖြစ်လာတော့လည်း တောင်တွေးမြောက်တွေး တွေးလာကြပါတယ်။
နံပတ်ဖိုက်ဂီယာထိုးပြီး အရှိန်နဲ့မောင်းလာတဲ့ကားကို နံပတ်ဝမ်း တန်းထည့်ခိုင်းလို့တော့ မဖြစ်ပါဘူး။ လေးကနေသုံး၊ သုံးကနေ နှစ်ပေါ့။ ၂၀၀၈ဖွဲ့ စည်းပုံကို NO လုပ်တယ်၊ ၂၀၁၀ရွေးကောက်ပွဲကို NO လုပ်တယ်၊ ၉၀ရလဒ်ကို မဖြည်ဘူး၊ ဒဏ်ရာဗရပွ ခံထားရတဲ့ အတိုက်အခံပါတီကြီး NLDကို ဂငယ်ကွေ့ တန်းကွေ့ခိုင်းလို့တော့ မဖြစ်ပါဘူး။ ကိုယ့်နေရာမှာသူ၊ သူ့နေရာမှာကိုယ်ဆိုပြီး အပြန်အလှန် ကိုယ်ချင်းစာစိတ်တော့ ထားကြမှ နိုင်ငံရေးစိတ်ဝမ်းကွဲမှုတွေ လျော့ပါးပြီး ပြန်လည်သင့်မြတ်ရေးဆိုတာ ဖြစ်မှာမဟုတ်လား။
ဒေါ်စု ပြန်လွတ်ခါစ ပြောတာဆိုတာတွေဟာ အတော်ကလေး ညင်သာလို့ တည်ဆဲအစိုးရပေါ်မှာ အင်မတန် ပျော့ပျောင်းပြီးခါမှ အခုလို တင်းတင်းမာမာ ဖြစ်လာရတာဟာ သူ့ကို ဥပေက္ခာပြုထားလို့၊ သိုသိုသိပ်သိပ်တောင် အဆက်အသွယ် မလုပ်လို့ဘဲဖြစ်ပါတယ်။ ဒီကာလတလျောက်မှာ ဒေါ်စုဘက်က လမ်းကြောင်းတွေ မြောက်မြားစွာဖွင့်ပေးခဲ့၊ လျို့ဝှက်စွာနဲ့ အများကြီးလိုက်လျောခဲ့ပါတယ်။ ကာယကံရှင်တွေ သိကြပါတယ်။ ဖိုင်နယ်မပြောနဲ့ ကွာတားလောက် မရောက်ခင်မှာဘဲ လမ်းစတွေ၊ လမ်းကြောင်းတွေ ပြတ်တောက်ကုန်ပါတယ်။ ဒေါ်စု စိတ်ပျက် လက်ပျက်ဖြစ်ရပါတယ်။
ပြည်တွင်းငြိမ်းချမ်းရေးကာလတုန်းက တောထဲကကွန်မြူနစ်ပါတီကို ရန်ကုန်မြို့ပင့်ဖိတ်ပြီး ဆွေးနွေး စကားပြောကြတော့ အထမမြောက်ခဲ့ဘူး။ ရန်ကုန်မှာ ကွန်မြူနစ်ဆဲလ်အသစ်တွေ မွေးခဲ့နိုင်တာဘဲ အဖတ်တင်တယ်လို့ ဝေဖန်ခဲ့ဖူးပါတယ်။ နောက်သုံးနှစ်ဆို ဒေါ်စု အသက်(၇၀)ပြည့်ပါတော့မယ်။ မြန်မာ့နိုင်ငံရေးရဲ့ ဟာကွက်စစ်စစ်ကို လက်တွေ့ကျကျ ဖြည့်ဆည်း ဆောင်ရွက်ပေးလိုတဲ့စိတ် ဒေါ်စုမှာ တည်ရှိနေပါပြီ။ ဒေါ်စုဟာ ကွန်မြူနစ်မဟုတ်လို့ အရင်က မြန်မာ့သမိုင်း အကြမ်းပတမ်းကာလက အတွေ့အကြုံတွေနဲ့ ယှဉ်ထိုးဖို့ မသင့်ပါဘူး။
ပြည်သူတွေလည်း အေးချမ်းချင်ကြတယ်၊ အစိုးရလည်း အေးချမ်းချင်တယ်၊ နိုင်ငံရေးသမားတွေလည်း အေး
ချမ်းချင်တယ်၊ ဒေါ်စုလည်း အေးချမ်းချင်တယ်။ တော်လှန်ရေးတွေဖြစ်မှ၊ အဆုံးစွန် “၀ုန်း”လိုက်မှ ဆိုသူတွေကိုတော့ ထားပစ်ခဲ့လိုက်ပါ။ ဘယ်သူမှ ဆူဆူပူပူဖြစ်တာ မမြင်ချင်ဘူး၊ မြင်ချင်တာက အစိုးရတာဝန်ရှိသူတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် တစားပွဲထဲထိုင်ပြီး နိုင်ငံရေးအကြောင်းတွေ ပြောဆိုကြတာပါ။ အပြန်အလှန် ကူညီရိုင်းပင်းနေကြတာပါ။ ဒါဟာ မြန်မာပြည်သား အားလုံးရဲ့ဆန္ဒပါ။ NLDရဲ့ ဆန္ဒမဟုတ်ဘူး၊ KNUရဲ့ ဆန္ဒမဟုတ်ဘူး။ အမေရိကန်ရဲ့ဆန္ဒမဟုတ်ဘူး၊ ကုလသမဂ္ဂရဲ့ ဆန္ဒမဟုတ်ဘူး။ ပြည်ထောင်စုသားအားလုံးရဲ့ ဆန္ဒပါ။
ဒီမိုကရေစီရေးအတွက် နှစ်ပေါင်း (၂၀)ကျော် ရုန်းကန်၊ မျှော်လင့်တာတွေ မဖြစ်ခဲ့တာများပြီး အသက်အရွယ်
အားဖြင့်လည်း ကြီးရင့်လာပြီဖြစ်တဲ့ ဒေါ်စုအတွက် ကမ္ဘာကျော်အတိုက်အခံဆိုတဲ့ ဂုဏ်ပုဒ်ကို နောက်ဆုံးထွက်သက် အထိ ဖက်တွယ်သွားပြီး ထောင်ထဲကို ပြန်ဝင်သွားဖို့လည်း ၀န်လေးနေမှာ မဟုတ်ပါဘူး။ ဒီလိုမျိုး အဆုံးသတ်မှုကိုပြည်သူတွေက မမြင်ရက်ပါဘူး။ မြန်မာ့သမိုင်းမှာ ဒီလိုမှတ်တမ်းမျိုး ရေးသားတော့မယ့် ခေတ်သစ်သမိုင်းဆရာတို့ရဲ့ လက်ညှိုးထိုးအပြစ်တင်မယ့် သမိုင်းတရားခံဘ၀ကို ကျွန်တော်တို့ အားလုံး အပို့မခံပါရစေနဲ့။
ဒေါ်အောင်ဆန်းစုကြည် လုပ်ပေးနိုင်တာတွေ ရှိပါတယ်။ ပြည်ထဲရေးဝန်ကြီးအနေနဲ့ဒေါ်စုနဲ့ စကားစမြည် ပြောကြည့်ပါ။ တစ်နိုင်ငံလုံး အပြုံးပန်းတွေဝေပြီး မေတ္တာတွေ လွှမ်းသွားပါစေ့မယ်။
အောင်မျိုးထွန်း
၃၀- ၆- ၂၀၁၁

သတင်းအကျဉ်းချုပ် ...

KIA ဌာနချုပ် လိုင်ဇာ။
သတင်းတွေက အမျိုးမျိုးထွက်နေတယ်။ လိုက်ဇာမြို့ကိုတိုက်ဖို့ တရုတ်ပြည်ထဲကို စစ်သားတွေရာချီပြီး ပို့နေတယ်ဆိုတာကော၊ ကချင်ငြိမ်းချမ်းရေးတပ်တွေကို ကေအိုင်အေနဲ့ပြန်တိုက်ခိုင်းမယ်ကော. . .အမျိုးမျိုးပါပဲ။
စစ်သားဆိုတာကတော့ ဟိုဘက်ဒီဘက် ဘယ်စစ်သားမဆို စစ်ပွဲကိုကြုံလာရရင် အနိုင်ရဖို့ တိုက်ကြပါလိမ့်မယ်။ ဒါ ခေတ်အဆက်ဆက်၊ သမိုင်းအဆက်ဆက် အတိုင်းတိုင်းအပြည်ပြည်က စစ်သားတိုင်းရဲ့ ဖြတ်သန်းမှုပါ။ စစ်ပွဲတပွဲဖြစ်လာတိုင်း စစ်သားတွေကတော့ သူတို့စစ်ပွဲမှာ အောင်မြင်ရေး အတွက် တိုက်ခိုက်ကြမှာပါပဲ။ တချိန်တည်းမှာသူတို့ရှင်သန်ရေး၊ စစ်ပွဲတွေဆိုတာ ပန်းနဲ့ပေါက်တာမဟုတ်ဘူး။ ကျည်ဆံ၊ ဗုံးဆံတွေနဲ့ ပစ်ကြတာပါ။ ဒီတော့ ကိုယ့်အသက်ရှင်သန်ရေးအတွက် ကိုယ်ဆန့်ကျင်တိုက်ရတဲ့ ရန်သူကို သတ်ကြရတော့မှာပါ။ စစ်ပွဲတွေမှာ တရားမျှတမှုဆိုတာ မရှိပါဘူး။ အနိုင်ရရေးအတွက် နည်းလမ်းမျိုးစုံကို အသုံးပြုကြပါလိမ့်မယ်။ ဟိုဘက် ဒီဘက် ဆန့်ကျင်ဘက် နှစ်ဘက်စလုံးက စစ်ပွဲတွေကို မနိုင်နိုင်အောင် အားထုတ်တိုက်ကြတဲ့အခါ နည်းလမ်းမျိုးစုံသုံးပါတော့မယ်။
စစ် ဆိုတာ ဖြစ်လာရင် စစ်သားတွေအဖို့က နိုင်အောင် တိုက်ဖို့တခုပဲ ရှိပေမယ့် အဲဒီ စစ်ဘာကြောင့်ဖြစ်ရသလဲ၊ အဲဒီ စစ်ကို မဖြစ်အောင် ကာကွယ်တားဆီးလို့ရနိုင်သလား၊ စစ် ကိုရှောင်ကွင်းမယ့် တခြားနည်းလမ်းရှိနိုင်သလား ဆိုတာတွေကို ရှာဖွေဖို့ကတော့ ခေါင်းဆောင်တွေ၊ အဲဒီ စစ်ပွဲကို ဖန်တီးတဲ့ အာဏာပိုင်တွေ၊ နိုင်ငံရေးသမားတွေ ရဲ့အလုပ်ပါ။
မြန်မာပြည် လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းမှာ တကမ္ဘာလုံး ရှောင်လို့ ကွင်းလို့မရမယ့် ဒုတိယကမ္ဘာစစ်ကြီးဖြစ်လာတော့ ကိုလိုနီနဲ့ ဖက်ဆစ် ရဲ့ အားပြိုင်တဲ့ အဲဒီစစ်ပွဲကြီးမှာ ဘယ်ဘက်အခြမ်းကပါကြမလဲ ဆိုတာ ကျွန်ဘ၀ရောက်နေတဲ့ နိုင်ငံအသီးသီးက လွတ်လပ်ရေး လှုပ်ရှားမှုတွေလုပ်နေကြတဲ့ ခေါင်းဆောင်အသီးသီးတွေကြားမှာ ဆွေးနွေးစရာဖြစ်လာပါတယ်။ အင်္ဂလိပ်၊ အမေရိကန်နဲ့ မဟာမိတ်နိုင်ငံများဟာ သူတို့ကို စစ်ရေးအရကူညီတဲ့ ကိုလိုနီနိုင်ငံများကို စစ်ကြီးပြီးရင် လွတ်လပ်ရေးပေးမယ် လို့ စည်းရုံးခဲ့သလို ဂျပန်လို ဖက်ဆစ် တွေကလည်း အာရှတိုက်သာတူညီမျှရေး ဆိုတဲ့ ကြွေးကြော်သံနဲ့ စစ်ချီစစ်မောင်းပြုခဲ့ကြတယ်။ အင်္ဂလိပ်ကို စစ်ကူမကူ ဆုံးဖြတ်ကြတဲ့ အခါမှာ လက်ဝဲအင်အားစုတွေ(သခင်စိုးတို့ ကွန်မြူနစ်တွေ)၊ အင်္ဂလိပ်လိုလားတဲ့ ၀ါရင့်နိုင်ငံရေးသမားကြီးတွေ(ဦးစောတို့လိုလူမျိုးတွေ)က အင်္ဂလိပ်ကို ပြတ်ပြတ်သားသားကူမယ်၊ ဂျပန်ကို ဖက်ဆစ်အနေနဲ့ ဆန့်ကျင်ရမယ်လို့ ဆုံးဖြတ်ကြပါတယ်။
ဒို့ဗမာအစည်းအရုံး အထွေထွေညီလာခံ ကျင်းပတော့ အင်္ဂလိပ်ကို စစ်ရေးအရ ကူမကူ ခေါင်းစဉ် ကို ဆွေးနွေးဖို့လာတဲ့ သခင်လူငယ်အများစု ကို ဖိန့်ဖိန့်တုန်သွားအောင် ဘယ်သူနဲ့မှ မတူတဲ့ အဆိုတရပ်ကို တင်သွင်းခဲ့တဲ့သူကသခင်အောင်ဆန်းပါ။
ဒီစစ်ကြီးကို အခွင့်အရေးတရပ်အနေနဲ့ သဘောထားပြီး အင်္ဂလိပ်ကို လက်နက်ကိုင်တိုက်မယ် တဲ့။ လက်နက်ဆိုလို့အပ်တိုတချောင်းတောင်မရှိတဲ့ သခင်တွေက အင်္ဂလိပ်ကို လက်နက်ကိုင်တိုက်မယ်လို့ အဆိုတင်သွင်းလိုက်တာဟာ ဘယ်က လက်နက်ရမှာလဲ လို့ ပြန်မေးစရာဖြစ်ခဲ့ပါတယ်။ ဒီတော့ သခင်အောင်ဆန်းက“သူခိုးဓါးပြတောင် ကိုယ့်လက်နက်ကို ဖန်တီးနိုင်သေးရင် ခင်ဗျားတို့ ကျုပ်တို့ တိုင်းပြည်လွတ်လပ်ရေးအတွက် အလုပ်လုပ်မယ့် သူတွေက ဘာလို့ မရှာနိုင်ရမှာလဲ” လို့ ပြန်ပြောခဲ့တယ်။ အဲဒီ အစည်းအဝေးမှာ အဲဒီ စကားဟာ နောင်တချိန် ဒီနေ့ခေတ် မြန်မာ့တပ်မတော်ရယ်လို့ ဖြစ်လာမယ့် တပ်မတော်သမိုင်းကို စဖွင့်လှစ်ပေးခဲ့တဲ့ စကားတခွန်းပါ။ ခေတ်မြန်မာပြည်မှာ တပ်မတော်ဆိုတာကို ပထမဆုံးပေါ်ပေါက်လာဖို့ ဖန်တီးခဲ့တဲ့ စကားတခွန်းပါ။
တပ်မတော်ရဲ့ သမိုင်းကို ပြန်ပြောရင် ဟိုးပဝေသဏီက ပဒေသရာဇ်တွေရဲ့ သမီးပေးနှမယူပြီး ကိုယ့်အမျိုးသားချင်းတိုက်တဲ့ တပ်မတော်တွေ၊ အိမ်နီးချင်းနိုင်ငံတွေကို အားအားရှိတိုက်ခဲ့တဲ့ တပ်မတော်တွေကို စကားထဲ ထည့်လုပ်ပြီးပြောတယ်ဆိုတာ အင်မတန်မှ ရှက်စရာကောင်းပါတယ်။ ဒီနေ့မြန်မာ့တပ်မတော်ဆိုတာ အင်မတန်မှ ဥာဏ်အမြော်အမြင်ကြီးမားတဲ့ တိုင်းပြည်အတွက် အသက်ကိုစတေးခဲ့ကြတဲ့ မျိုးချစ်စိတ်ဓါတ်ပြင်းထန်တဲ့ လူငယ်တွေရဲ့ကြိုးပမ်းမှုနဲ့ပေါက်ဖွားခဲ့တဲ့ တပ်မတော်ပါ။ ပဒေသရာဇ်တွေရဲ့ လက်ကိုင်တုတ်တပ် မဟုတ်ဘူး။
တပ်မတော်ရဲ့ ဖခင် ဆိုတာ အလကားနေရင်း မြှောက်ပင့်ပေးထားတဲ့ စကားမဟုတ်ပါဘူး။ သူစခဲ့တဲ့ စကားအတိုင်း အဲဒီ တပ်မတော်ကြီး ရုပ်လုံးပေါ်လာဖို့ သူကိုယ်တိုင် ပြည်ပကိုထွက် သူကိုယ်တိုင် အဆက်အသွယ်ရှာ သူကိုယ်တိုင် ပါဝင်ဖွဲ့စည်းခဲ့တာ အားလုံး သိပြီးသားပါ။
အဲဒီ အစည်းအဝေးမှာ သခင်အောင်ဆန်းကို ခံစားမှုနဲ့စကားပြောတယ်၊ မဖြစ်နိုင်တာကို ပြောတယ်လို့ ကောက်ချက်ချကြမယ့် လုပ်ဖေါ်ကိုင်ဖက်တွေ ဘယ်လောက်များကြမလဲ ဆိုတာ တွေးကြည့်လို့ရပါတယ်။
ပထ၀ီအနေအထားအရ ဒုတိယကမ္ဘာစစ်မှာ မြန်မာပြည်ဟာ စစ်တလင်း ဖြစ်ကို ဖြစ်ရမယ့်အခြေအနေပါ။ အဲဒီအချိန်မှာ နိုင်ငံအသီးသီးက ခေါင်းဆောင်တွေဟာ အင်္ဂလိပ်ချပေးတဲ့ နိုင်ငံရေးလမ်းကြောင်းကိုပဲ ဈေးအလျှော့အတင်းဆစ်ကြရင်း လွတ်လပ်ရေးအတွက် ပုံဖေါ်ကြတယ်(ဥပမာ အိန္ဒိယက နေရူးတို့လိုပေါ့)။ ဗိုလ်ချုပ်အောင်ဆန်းကတော့ စစ်တလင်းဖြစ်မယ့် တိုင်းပြည်ရဲ့ အခြေအနေကို တိုင်းပြည်အတွက် အကျိုးရှိမယ့်ဆုံးဖြတ်ချက်ပြတ်ပြတ်သားသားချခဲ့တယ်။ ဗိုလ်ချုပ်ဟာ သွေးဆာနေတဲ့ စစ်သွေးကြွမဟုတ်ဘူး။ ဒါပေမယ့် ဒီဒုတိယကမ္ဘာစစ်ကိုပဲ အသုံးချပြီး မြန်မာတွေကို ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေပိုရှိလာမယ့် အမျိုးသားစိတ်ဓါတ်တွေမြင့်မားလာခွင့်ကို ဖန်တီးခဲ့တယ်။ ဂျပန်နဲ့ပေါင်းပြီး အင်္ဂလိပ်ကိုတိုက်ခဲ့ပေမယ့် တချိန်မှာ ဂျပန်ကို ပြန်တော်လှန်ရမယ်ဆိုတာကိုလည်း အမြဲပြင်ဆင်ပြောဆိုခဲ့ပါတယ်။ဖက်ဆစ်နဲ့ပေါင်းခဲ့ပေမယ့် ဖက်ဆစ်မဟုတ်ဘူးဆိုတာကို သူ့ကို အကဲခတ်ခဲ့တဲ့ လော့ဒ်မောင့်ဘက်တန် လို မဟာမိတ်ခေါင်းဆောင်တွေကတောင် ပြတ်ပြတ်သားသား အသိအမှတ်ပြုရတဲ့ အထိ အနေအထိုင်မှန်ခဲ့တယ်။ ဒါကြောင့်ပဲ စစ်ပြီးတဲ့အချိန်မှာ ဖက်ဆစ် စစ်ရာဇ၀တ်ကောင်အနေနဲ့ စစ်ခုံရုံးမတင်ခံရတာပေါ့။ အင်္ဂလိပ်အလိုတော်ရိ နိုင်ငံရေးသမားတချို့(ဦးစောတို့ အုပ်စုလို့ပဲ သိထားပါတယ်)က ဗိုလ်ချုပ်ကို စစ်ခုံရုံးတင်ဖို့ ကြိုးစားခဲ့ကြသေးတယ်။
ဝါဒစွဲနဲ့ လက်ဝဲ အုပ်စုတွေက ဖက်ဆစ်နဲ့ပေါင်း လို့ ဆန့်ကျင်ကြတယ်။ ၀ါဒစွဲနဲ့ပဲ အဲဒီလက်ဝဲတွေက စစ်ပြီးလို့ ကက်ဘိနက်အုပ်ချုပ်ရေးမှာ လွတ်လပ်ရေးကို တိုက်ယူရမယ်လို့ ဆုံးဖြတ်ခဲ့ကြပြန်ပါတယ်။
၁၉၄၇ ဇန်န၀ါရီလ ၂၇ ရက်နေ့မှာ ချုပ်ဆိုခဲ့တဲ့ တနှစ်အတွင်းလွတ်လပ်ရေးပေးပါ့မယ် လို့ အင်္ဂလိပ်အစိုးရက တိတိလင်းလင်း ကတိပြုခဲ့တဲ့ အောင်ဆန်းအက်တလီစာချုပ်ပါ အချက်တွေကြောင့် ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဖဆပလ အဖွဲ့ချုပ်ကို ကွန်မြူနစ်တွေက ဖေါက်ပြန်သွားပြီလို့ စွတ်စွဲ၊ လွတ်လပ်ရေးဟာ အတုပါ လို့သတ်မှတ်ပြီး လက်နက်ကိုင်ခဲ့တယ်။
လွတ်လပ်ရေးရဖို့ လက်နက်ကိုင်လမ်းစဉ်ကိုပဲရွေးချယ်ဖို့ ဆုံးဖြတ်ကြ၊ ဗိုလ်ချုပ်ကိုလည်း တိုက်တွန်းကြတယ်။
အဓိက ပြောချင်တဲ့ သမိုင်းရဲ့ အခန်း၊ အစိတ်အပိုင်းက ဒီမှာပါ။
အဲဒီအချိန်မှာ ဗိုလ်ချုပ်အောင်ဆန်းမှာ ပြည်သူ့ရဲဘော်အပါအ၀င် တပ်မတော်တရပ်လည်းရှိနေပြီ။ အင်္ဂလိပ်နဲ့ ဂျပန်နဲ့တိုက်ခဲ့တဲ့ အထိုက်အလျောက်စစ်ရေးအတွေ့အကြုံလည်း ရှိနေပြီ။ လက်နက်တွေဆိုတာ တနိုင်ငံလုံး အလျှံပယ်ဖြစ်နေတယ်။(နောက်တော့ အဲဒီ လက်နက်တွေနဲ့ပဲ တောခိုကြ၊ ပြည်တွင်းစစ်ကြီးဖြစ်ခဲ့ရပါတယ်)။ အဲဒီအချိန်မှာ စစ်သွေးကြွ ဘာမဆိုတိုက်မယ်ဆိုတဲ့ ခေါင်းဆောင်တယောက်သာ ဆိုရင် တိုက်မယ်လို့ ဆုံးဖြတ်မှာပါပဲ။ ဒါပေမယ့် ဗိုလ်ချုပ်အောင်ဆန်းဟာ ဘယ်ဝါဒကိုမှလည်း ရှေ့တန်းမတင်၊ ဘယ်သူ့ကိုမှလည်းမျက်နှာမထောက်၊ ပြည်သူလူထု အကျိုးစီးပွားတခုတည်းကိုသာ ရှေ့ရှုဦးတည်တဲ့ အင်မတန်မှ အမြှော်အမြင်ကြီးမားတဲ့ ခေါင်းဆောင်ကောင်းတယောက်ပါ။ တိုင်းပြည်ဟာ အင်္ဂလိပ်နဲ့ ဂျပန်နဲ့ စစ်တလင်းမှာ ဖွတ်ဖွတ်ညက်ညက်ကျေနေပြီဆိုတာ သူ သဘောပေါက်တယ်။ အတတ်နိုင်ဆုံး စစ်ကိုရှောင်ကွင်းပြီး နိုင်ငံရေးနည်းနဲ့သာ ဖြေရှင်းဖို့၊ စားပွဲဝိုင်းမှာတွေ့ဆုံဆွေးနွေးညှိနှိုင်းမှုတွေလုပ်ပြီး လွတ်လပ်ရေးကို ယူဖို့ ဆုံးဖြတ်ခဲ့တယ်။ အိန္ဒိယက နေရူးတို့က ဒိုမီနီယာန်လွတ်လပ်ရေးသာယူပြီး တိုင်းပြည်ဖွံ့ဖြိုးမှုကို အရင်လုပ်ဖို့ အကြံပေးတာတောင် ကွန်မြူနစ်တွေရန်ကြောင့်လက်မခံခဲ့ဘူး။ မြန်မာပြည်ရဲ့ နိုင်ငံရေးမှာ မညီညွတ်မှုကြောင့် ဆုံးရှုံးရတာတွေ အများကြီးပါ။ ကျနော်တို့ရဲ တပ်မတော်ဖခင် တပ်မတော်ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းဟာ လိုအပ်ရင် တိုက်ဖို့ဝန်မလေးပေမယ့် မလိုအပ်ရင် အသက်တချောင်းတောင်အဆုံးရှုံးမခံတဲ့ ခေါင်းဆောင်ကောင်းတယောက်ဖြစ်ပါတယ်။
တကယ်လို့များ တပ်မတော်မှာ ဗိုလ်ချုပ်လို အမြှော်အမြင်ကြီးမားတဲ့ ခေါင်းဆောင် တယောက်တလေ လောက် ရှိမယ်ဆိုရင်ဗျာ . . .။
ခု ကချင်ပြည်နယ် အရေးကိစ္စမှာ လက်ရှိအစိုးရ ဟာ အနိုင်ရအောင်တိုက်မယ့် အလားအလာကိုပဲ တွေ့ရတယ်။ ညှိနှိုင်းဖြေရှင်းပြီး ငြိမ်းချမ်းရေးကို တည်ဆောက်မယ့် အလားအလာမတွေ့ရဘူး။ အထူးသဖြင့် တရုတ်နဲ့လုပ်ထားတဲ့စီမံကိန်းတွေကို ကာကွယ်ဖို့ လက်ရှိအစိုးရဟာ ဇွတ်တိုးဝင်တော့မယ့် သဘောတွေ့နေရတယ်။
ကချင်လက်နက်ကိုင်အဖွဲ့အစည်းတွေဆိုတာ ဘာကြောင့်ပေါ်လာလဲ ဆိုတဲ့ ပြဿနာရင်းမြစ်ကို မကြည့်ပဲ၊ မဖြေရှင်းပဲနဲ့တော့ ဘယ်တော့မှ ပြေလည်တဲ့ အဖြေတရပ်ကို ရမှာမဟုတ်ဘူး။ ငါတို့မှာ အင်အားရှိတယ်၊ အပြုတ်တိုက်ပစ်လိုက်လို့ရတယ် လို့ ဆုံးဖြတ်လိုက်ရင် နောက်ဆက်တွဲ ပေးဆပ်ရမယ့် သမိုင်းရန်ကြွေးတွေဟာ မဆုံးနိုင်တင်နေကျန်နေခဲ့တော့မှာပါ။ တပ်မတော်သားတွေဟာလည်း စစ်ပွဲတွေမှာ အသက်တွေအများကြီးပေးဆပ်ကြရဦးမယ်။ ခုကိုပေးဆပ်နေရပြီမလား။ အဲဒီလို သေရကြေရတာတွေအားလုံး ဒီပြည်ထောင်စုသားတွေချည်းပါ။ ခုသေသွားတဲ့ ရဲဘော်တွေ၊ အရာရှိအကြပ်တပ်သားတွေရဲ့ မိသားစုတွေဟာ ဘယ်လောက်ပူဆွေးဝမ်းနည်းနေကြမလဲ။ အဲဒီ ရဲဘော်တွေ၊ အရာရှိအကြပ်တပ်သားတွေရဲ့မိသားစုတွေလိုပဲ တပ်မတော်သားတွေအားလုံးကိုတွေးစေချင်တဲ့ အတွေးတခုက တကယ်လို့ ဒီစစ်ကိုတိုက်ဖို့မလိုပဲ တခြားနည်းနဲ့ဖြေရှင်းလို့ရရင်ကော ဆိုတာပါပဲ။ လိုင်ဇာမြို့ထဲမှာ ကချင်လက်နက်ကိုင်တပ်တွေချည်းပဲ ရှိတာမဟုတ်ဘူး။ အပြစ်မဲ့တဲ့ သာမန်ကချင်ပြည်သူလူထုတွေ၊ အပြစ်မဲ့တဲ့ ကလေးသူငယ်လေးတွေအများကြီးဗျ။(မနေ့တနေ့ကမှ ဒုက္ခသည်စခန်းထဲ မွေးထားတဲ့ကလေးလေး တယောက်တောင် ရှိလိမ့်မယ်) အဲဒီလို အပြစ်မဲ့တဲ့သူတွေဟာ ရက်ရက်စက်စက် တိုက်ပွဲတွေကို ကြုံလိုက်တွေ့လိုက်ရရင် ဘယ်တော့မှ မကြေနိုင်တဲ့ ရန်ကြွေးတွေဟာ များသထက်များသွားတော့မှာပါပဲ။ ဒီပြည်ထောင်စုကြီးအတွင်းမှာ သေနတ်သံတွေစဲဖို့၊ ထာဝရငြိမ်းချမ်းဖို့ဆိုရင် ဒီလမ်းဟာ တက်တက်စင်အောင်လွဲမယ့်လမ်းကြီးပါ။ အမေရိကန်တွေ ဘယ်လောက်ပဲစစ်အင်အားကြီးကြီး အယ်လ်ကိုင်ဒါတွေရဲ့ ခြောက်လှန့်မှုကို နိစ္စဓူဝ ခံနေရတယ်မလား။ ဒါ စ ကတည်းက ကိုင်တွယ်ဖြေရှင်းပုံမှားယွင်းလို့လို့ပဲ ကျနော်မြင်ပါတယ်။
လက်ရှိအစိုးရအနေနဲ့ လုပ်စရာတွေအများကြီး၊ လုပ်ဖို့ကြိုးစားနေတာတွေ အများကြီးလို့ ကျနော်နားလည် ခံယူမိပါတယ်။ မနေ့က ဆရာခင်မောင်ညိုရဲ့ဆောင်းပါးလေးကို ဖတ်ပြီး အစိုးရအနေနဲ့ ကြိုးပမ်းအားထုတ်နေတာတွေ ရှိပါလိမ့်မယ် လို့မြင်မိပါတယ်။ ဆင်းရဲမွဲတေမှုပပျောက်ရေး ဆိုတဲ့ခေါင်းစဉ်နဲ့ ဆွေးနွေးနေတာ၊ ဆက်သွယ်ရေးက လက်ကိုင်ဖုန်းတွေကို တိုးချဲ့ချပေးနေတာ၊ (ဈေးနှုန်းတွေ ဒါ့ထက်ချိုဖို့၊ လိုင်းတွေဒါ့ထက်ကောင်းဖို့၊ အင်တာနက်အသုံးပြုမှုတွေ နိုင်ငံတကာအဆင့်အတန်းမီဖို့ တွေကတော့ လိုပါသေးတယ်) စတဲ့ လုပ်ရပ်တွေဟာ အပြုသဘောဆောင်တဲ့ လုပ်ရပ်တွေလို့မြင်ပါတယ်။ တချိန်တည်းမှာ အဲဒီလို လုပ်ချင်တာတွေ များတဲ့ အစိုးရတရပ်အဖို့ အတိုင်းတိုင်းအမြို့မြို့မှာ ဖေါက်ခွဲတိုက်ခိုက်မှုတွေ ရှိနေလို့ကတော့ ဘာမှ လက်တွေ့အကောင်အထည်ပေါ်လာမှာ မဟုတ်ပဲ ငါးနှစ်သက်တမ်းကုန်ဆုံးသွားလိမ့်မယ်။ သက်တမ်းစေ့ရင် အပေါင်းလက္ခဏာတိုးတက်မှုထက်၊ ရှိပြီးသားတွေတောင် ဖေါက်ခွဲ ဖျက်ဆီးခံလိုက်ရတဲ့ အနုတ်လက္ခဏာကိုဆောင်သွားလိမ့်မယ်။ ခုကို ကချင်ပြည်နယ်မှာ တံတားတွေ ဘယ်နှစင်းပျက်စီးခဲ့ပြီလဲ။
ထပ်ပြီးတောင်းဆိုပါရစေ။
အစိုးရအနေနဲ့ အတတ်နိုင်ဆုံး စစ်ကို ရှောင်ကွင်းပြီး ငြိမ်းချမ်းရေးကို တည်ဆောက်ပေးပါ။ နောက်ဆုံးအချိန်အထိ သဘောထားကြီးကြီးနဲ့ စေ့စပ်ဆွေးနွေးပေးပါ။ ကချင်တိုင်းရင်းသားများရဲ့ အနာတွေ၊ ခံစားမှုတွေကို နားလည်စာနာပေးပါ။ တခြားပြည်နယ်အသီးသီးမှာ ဖြစ်ပေါ်နေတဲ့ တိုင်းရင်းသားများနဲ့ ပဋိပက္ခအားလုံးကိုလည်း ငြိမ်းချမ်းစွာနဲ့ဖြေရှင်းပေးဖို့တောင်းဆိုပါရစေ။
ချိုတူးဇော်

သတင်းအကျဉ်းချုပ် ...
အမေစုက သူအပါအ၀င် ပြည်သူအားလုံးရဲ့ လုံခြုံမှုဟာလက်ရှိ အာဏာပိုင်အစိုးရမှာအဓိကတာဝန်ရှိ
တယ်လို့ ပြောထားတော့ စစ်အစိုးရနဲနဲအကြပ်ရိုက်သွားတယ်၊ ဒါနဲ့သူတို့လုံခြုံရေးကို ကောင်းကောင်းမနိုင်သေးကြောင်းနဲ့ အစိုးရကိုလက်နက်ကိုင်တိုက်နေသူတွေရှိကြောင်း၊ ဒီလက်နက်ကိုင်တွေကြောင့် ပြည်သူတွေလုံခြုံရေးကိုထိခိုက်ကြောင်း ဇတ်လမ်းကြိုဆင်ထားရတော့မယ်၊
ဒါနဲ့ပဲ လက်နက်ကိုင်တိုင်းရင်းသားတွေကို ရန်စတိုက်ခိုက်၊ ပြည်တွင်းမှာစစ်အစိုးရကပဲ ဗုံးထောင်ခွဲပြီး သောင်းကျန်သူတွေဗုံးခွဲကြောင်း သက်သေပြဖို့ကြိုးစား၊ နိုင်ငံရေးသမားတွေအစား လူဆိုးလူမိုက်တွေကို ထောင်ကနေရွေးထုတ်ပြီး အကြမ်းဖက်သင်တန်းပေး စတာတွေလုပ်နေသလို ၊ တစ်ဘက်ကလည်း နိုင်ငံတကာနဲ့ ပြည်တွင်းမှာ အမေစုနဲ့ NLD ရဲ့လှုပ်ရှားမှုတွေက အရှိန်ရလာတော့ အထက်လိုဂွင်တွေဆင်ပြီး အမေစုခရီးထွက်မှ နအဖကနေ သောင်းကျန်သူတွေလုပ်ကြံတဲ့ပုံစံဖန်တီး လုပ်ကြံဖို့ကို မစောင့်နိုင်တော့ပဲ ပေါ်တင်တားမြစ်တာတွေလုပ်လာပြီ... ဒါကထောင်ထဲပြန်ထည့်ဖို့ဂွင်ဆင်နေတာ။ တကယ်တော့ နအဖအကြောက်ဆုံးက ကမ္ဘာပေါ်မှာအမေစုတစ်ယောက်ပဲရှိတယ်၊
ဒီတော့တချိန်လုံးသူတို့ ကြံစည်အားထုတ်နေတာက အမေစုကိုထိန်းသိမ်းဖို့ ဒါမှမဟုတ်လုပ်ကြံဖို့ပဲ၊ ဒီလိုလုပ်ကြံနိုင်မဲ့သူတွေထဲမှာ မိန်းမတွေလည်းဖြစ်ကောင်းဖြစ်နိုင်တယ်၊ သူတို့ကိုယ်တိုင်ဗုံးတွေကို မသိပဲသယ်လာမိတာ၊ ဒါမှမဟုတ်သယ်ဆောင်လာချိန် အဝေးကလှမ်းဖေါက်ခွဲပြီး အသေခံဗုံးလိုလုပ်ပြီးအစဖျောက်လိုက်ကြောင်း သုံးသပ်မိပါတယ်၊
ဒါကြောင့်အမေစုကိုပြောလိုတာက ပြည်သူတွေအတွက် ကိုယ်ကတာဝန်ယူထားမယ်ဆိုရင် ကိုယ့်အသက်ကိုကိုယ်ကာကွယ်ဖို့လည်း တာဝန်ရှိတယ်ဆိုတာကို ဖခင်ဗိုလ်ချုပ်အောင်ဆန်းကို သင်ခန်းစာယူဖို့လိုပါတယ်၊ ဗိုလ်ချုပ်ရဲ့ အဓိကအမှားက အဲဒါပဲလို့ထင်တယ်။ ဆိုလိုတာက မိဘက သားသမီးကိုချစ်တယ်ဆိုရင် မိမိအသက်တိုရာတိုကြောင်းလုပ်တတ်တဲ့အကျင့်တွေကိုပစ်ပယ်ပြီး အသက်ရှည်ရှည်နေရဖို့ကျင့်ရမှာလည်းအဓိက တာဝန်တစ်ခုလို့ ကျနော်ယုံကြည်ပါတယ်။
source: facebook (zawonelay)

သတင်းအကျဉ်းချုပ် ...
မျှဝေသော ကိုအောင်မျိုးထွန်းအားကျေးဇူးတင်ရှိပါသည်...

သတင်းအကျဉ်းချုပ် ...