ဒီနေ့ ၁၂ နိုဝင်ဘာ ၂၀၁၁ စနေနေ့။ ၁၂ ၁၁ ၁၁။
မနေ့ညက အလဲဗင်းမီဒီယာအုပ်စုက ကမကထပြုကျင်းပတဲ့ ၁ ခြောက်လုံးပွဲ၊ ကျွန်တော့်အခေါ် ၁၁ သုံးလုံး ဂုဏ်ပြုပွဲက အပြန် ကျွန်တော့်မှာ အတွေးရေလျဉ်ကြော မျောလို့ မဆုံးနိုင် ဖြစ်ခဲ့ရပါတယ်။
တွေးမိသလောက် ရေးချရရင်လဲ အခန်းဆက် ၀တ္ထုရှည်ကြီးတစ်ပုဒ်လောက် ရေးစရာတွေရှိတယ်။ သို့သော် ကျွန်တော့်မှာ လတ်တလော ရေးရမယ့်တာဝန်တွေက တစ်ပတ်ပြီးတစ်ပတ် ဖိစီးနေလေတော့ အတိတ် အကြောင်း ချင်းရာတွေကို ခဏ ရွှေ့ဆိုင်းထားရပါတယ်။
သို့ပေမယ့် ၁ ခြောက်လုံးပွဲမှာ မင်းကိုနိုင်ရဲ့ မိခင် ဒေါ်လှကြည်နဲ့ အစ်မဖြစ်သူကို ပြန်ဆုံမိပြီး ခဏ တဖြုတ် စကားပြောဖြစ်ခဲ့တဲ့နောက် ကျွန်တော်တို့က ကိုပေါ်လို့ ခေါ်တဲ့ မင်းကိုနိုင်အကြောင်း သတိရ စရာလေးတွေ တွေးနေမိတယ်။ ကိုပေါ်ပြန်ထွက်လာရင် မိန်းမပေးစားဖို့ NLD ဦးဝင်းထိန်က တိုက်တွန်းတော့ အစ်မကြီး ဒေါ်လှကြည်က ပြုံးနေတယ်။ ကျွန်တော်က ကိုပေါ်မှာ ရည်ရွယ်ထားသူရှိပြီလား မေးပေမယ့် ဘေးပတ်ဝန်းကျင်က အသံဗလံတွေနဲ့မို့ မကြားတာလားမသိ၊ ပြန်မဖြေကြဘူး။
ကျွန်တော်က ၁၉၈၉ တုန်းက အထူးတိုက်မှာ ကိုပေါ်က ကျွန်တော့်ကို ပြောပြဖူးတဲ့ အတွေ့အကြုံလေးကို ပြန်ပြောပြတယ်။ အရင်ကလဲ ပြောပြဖူးတယ်။ အခု ထပ်ပြောတော့လဲ ရယ်ရတာပါပဲ။ ကျွန်တော်က ဘေးအခန်းကို လှမ်းအော်မေးတယ်။ ကိုပေါ်ရေ- မင်းရည်းစားတွေဘာတွေရှိလား၊ ရှိရင် romance ဇာတ်လမ်းလေးတွေ ပြောစမ်းကွာ ဆိုတော့ ရှိတာပေါ့ဆရာရယ် ဆိုပြီး သူစဉ်းစားထားတဲ့ ၀တ္ထုဇာတ်လမ်း တွေ လျှောက်ပြောတယ်။ ကျွန်တော်က ဒါလောက်တော့ ပါးတာပေါ့။ မင်းစိတ်ကူးယဉ်ဇာတ်တွေ ပြောမနေနဲ့၊ တကယ့်ကိုယ်တွေ့ပြောကွာဆိုတော့ သူဟာ ရည်းစားတောင်မထားဖူးတဲ့အကြောင်း၊ ဒါပေမယ့် အမေတို့က မိန်းမပေးစားဖို့ မုဒုံကို ခေါ်သွားဖူးကြောင်း စီကာပတ်ကုံးပြောပြတယ်။ ရန်ကုန် သင်္ကန်းကျွန်းအိမ်ကနေ မော်လမြှိုင်ကို ရထားနဲ့သွား၊ အဲဒီကနေ မုဒုံကို ကားနဲ့သွား၊ သူနဲ့ပေးစားဖို့ စပ်ဟပ်ထားတဲ့ မိန်းကလေးအိမ်ကိုရောက်၊ လူချင်းရင်းနှီးအောင် စကားတွေဘာတွေ ပြောကြပြီး နောက်တစ်နေ့မှာ ကောင်မလေးက သူ့ချစ်သူနောက် ခိုးရာလိုက်သွားလို့ သူတို့သားအမိ ခေါင်းငိုက် ဆိုက်ချပြီး ရန်ကုန်ပြန်လာရတယ်လို့ ပြောတယ်။ ယုတ္တိယုတ္တာနဲ့ အပြောကောင်းကောင်းနဲ့ ပြောတော့ ကျွန်တော်ကလဲ ယုံတာပေါ့။ စိတ်မကောင်းလဲ ဖြစ်မိတယ်။
နောက်တစ်ခါ သူတို့ရပ်ကွက်နားက နွားနို့ရောင်းတဲ့ကုလားကြီးတစ်ယောက်ရဲ့သမီး အသက် ၁၈ နှစ်လောက် ဟင်ဒူကုလားမလေးနွားနို့လိုက်ပို့တဲ့ မြင်ကွင်းကို ပြောပြတယ်။ ညနေ ဆည်းဆာအချိန် နေရောင်ကဘယ်လိုရှိချိန်မှာ ဆာရီမီးခိုးပြာလေးနဲ့ ကုလားမလေး နွားနို့ပုံးကို ခေါင်းပေါ်ရွက်ပြီး လမ်းလျှောက်လာရင် ကိုပေါ်က လက်ဖက်ရည်ဆိုင်က ထိုင်ငေးနေတတ်တယ်ဆိုကိုး။ ကုလားမလေးရဲ့ နို့နှစ်ရောင်ဖြူဝင်းနေတဲ့ အသားအရည်အလှကို ဖွဲ့နွဲ့ပြောပြသေးတယ်။
လမ်းလျှောက်လာတဲ့ ကုလားမလေးကို ကြည့်ရတာ ရေလှိုင်းလေးတွေ စည်းချက်ကျကျ လှုပ်ခါပြီး ပြေးလာသလိုပဲဆိုတဲ့ တင်စားချက်လေးတွေလဲ ထည့်ပြောတတ်တယ်။ ကျွန်တော်က ကိုပေါ် အဲဒီကုလားမလေးကို မင်း ကြိုက်နေတာလားဆိုတော့ မဟုတ်ပါဘူးတဲ့။ အလှအပကိုခံစားခဲ့တာပါလို့ ပြောတယ်။
၁၉၉၀ မေလ ရွေးကောက်ပွဲ မတိုင်ခင် တစ်လအလိုမှာ ကျွန်တော့်ကို ပြန်လွှတ်တယ်။ ရွေးကောက်ပွဲဝင်ဖို့ ပုံစံတွေကို အဖွဲ့ချုပ်က ထောင်ထဲကိုပို့ပေးတယ်။ ကျွန်တော်က ၀င်မယ်ဆိုပြီး လက်မှတ်ထိုးပေးလိုက်တော့ လမ်းနှစ်လမ်းပဲ ရှိတယ်။ ၁၀(က)နဲ့ ထားနေရာက ထောင်ချချင်ချမယ်၊ လွှတ်ပေးရင် ပေးမယ်။ နောက်ဆုံးတော့ ပြန်လွှတ်ပေးလို့ ရွေးကောက်ပွဲဝင်နိုင်ခဲ့တယ်။
ကျွန်တော် ရွေးကောက်ပွဲမတိုင်မီလွတ်နိုင်တယ်လို့ မှန်းလို့ရတဲ့အချိန်ကစပြီး ကိုပေါ်က သူ့အဖေ အမေနဲ့အစ်မတွေကို မှာစရာရှိတာတွေ မှာတယ်။
၁၉၉၀ ဧပြီ ၂၉ မှာ ကျွန်တော် လွတ်တော့ အမြန်ဆုံးဆက်သွယ်ပြီး ကိုပေါ့်မိသားစုနဲ့တွေ့တယ်။ ကိုပေါ့်မိခင်ကြီး ဒေါ်လှကြည်ဟာ အဲဒီကတည်းက ယောဂီလုံချည်ပဲဝတ်တယ်။ သားပြန်မလွတ်မချင်း မြန်မာပြည် ဒီမိုကရေစီနိုင်ငံမဖြစ်မချင်း ယောဂီဝတ်နဲ့ပဲနေမယ်လို့ သနိဋ္ဌာန်ချထားတာလို့ ပြောပါတယ်။ (၁ ခြောက်လုံး ညမှာ ပြန်ဆုံတော့လဲ ဒေါ်လှကြည်ကို ယောဂီလုံချည်နဲ့ပဲတွေ့ရပါတယ်။)
ကိုပေါ့်မိသားစုနဲ့ ကျွန်တော်ခင်ခင်မင်မင် စကားတွေပြောကြရင်း ကိုပေါ်ရဲ့ ချစ်ရေးချစ်ရာပုံပြင်တွေကို သူပြောတဲ့အတိုင်း ပြောပြတော့ သူတို့တွေ ရယ်လိုက်ကြတာ။ အဲဒါတွေ တစ်ခုမှ မဟုတ်ဘူးတဲ့။ မုဒုံကကောင်မလေးဆိုတာလဲ ဘယ်ကလာ ကြံကြံဖန်ဖန်တဲ့။ သူတို့ရပ်ကွက်ထဲ နွားနို့ပို့တဲ့ကောင်မလေးလဲ မရှိပါဘူးတဲ့၊ နှုတ်ခမ်းမွေးကားကားနဲ့ ဟင်ဒူကုလားတွေပဲ ရှိတယ်တဲ့။ ကျွန်တော်လဲ ရယ်လိုက်ရတာပဲပေါ့။ တကယ်ကတော့ ကိုပေါ်ဟာ ကျွန်တော့်ကို ခုတုံးလုပ်ပြီး သူ့အနုပညာဈာန်ကို ကွန့်မြူးနေတာ။ ၀တ္ထုရေးဖို့ စိတ်ကူးတွေကို သူ့ဇာတ်ကြောင်းသဖွယ် ကျွန်တော့်ကို ပြောပြောပြီး လေ့ကျင့်နေတာကိုး။
ကျွန်တော် အပြင်မှာ ၆လပဲနေလိုက်ရပါတယ်။ ၁၉၉၀ အောက်တိုဘာမှာ ပြန်ဖမ်း၊ စစ်ကြောရေးတွေ ပြီးတော့ အင်းစိန်ထောင်ပို့၊ ဟိုရောက်ဒီရောက်နဲ့ နောက်ဆုံး အထူးတိုက်ထဲပြန်ရောက်၊ ကိုပေါ့်ဘေးအခန်း ကို ပြန်ရောက်သွားပါလေရော။ ဦးဝင်းထိန်က ၁ခန်း၊ ကျွန်တော်က ၂ ခန်း၊ ကိုပေါ်က ၃ခန်း။ ကျွန်တော်ပြန်လာပြီဆိုတာလဲ ကြားရော၊ ၁၀ခန်းရှိတဲ့ အထူးတိုက်တစ်တိုက်လုံး ၀က်ဝက်ကွဲအောင် ရယ်လိုက်ကြတာ၊ ဟားလိုက်ကြတာ။ တစ်ခန်းနဲ့တစ်ခန်း စကားလက်ဆင့်ကမ်းပြီး ပြောကြတာက ``ဝေါ အမတ်ကြီးကို အင်းစိန်ထောင် အထူးတိုက်က ကြိုဆိုပါ၏´´
ကြိုဆိုပွဲပြီးပြီးချင်း ကျွန်တော်က ကိုပေါ်ကို လှမ်းပြောတယ်။ ဟေ့ ကိုပေါ် မင်း နွားနို့သည်ကုလားမလေးနဲ့ ငါတွေ့ခဲ့တယ်။ နေကောင်းပါတယ်ကွာ၊ မင်းလွတ်လာသည်အထိ စောင့်ပါမယ်လို့ မှာလိုက်တယ်လို့ ပြောလိုက်တော့ ကိုပေါ် အော်အော်ပြီးရယ်လိုက်တာများ၊ တော်တော်နဲ့ မရပ်နိုင်ဘူး။
မောင်ဝံသ
Saturday, November 12, 2011
0 အလှအပခံစားတတ်တဲ့ ကိုပေါ် (မောင်ဝံသ)
0 The Lady ရုပ်ရှင်ဇာတ်ကားမှ သရုပ်ဆောင်Michelle Yeoh၏ မြန်မာစကားဖြင့်ပြောဆိုကြိုးစားသရုပ်ဆောင်ထားသောဇာတ်ဝင်ခန်းတခု(ရုပ်/သံ)
0 မြန်မာအစိုးရ တစ်ချိုးထဲ ပြောင်းလဲ??
(The Diplomat မှ 11 Nov 2011 ရက်စွဲပါ Burma government turns one သတင်းဆောင်းပါးကို transparencymyanmar ဘာသာပြန်ဆိုသည်)
မြန်မာတပ်မတော်အစိုးရသည် ၁၉၆၂ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးအရပ်ဖက်အစိုးရကို အာဏာရရှိစေသည့် ရွေးကောက်ပွဲ များကို လွန်ခဲ့သော ၁၂ လခန့်က ကျင်းပပေးခဲ့သည်။ ၎င်းရွေးကောက်ပွဲသည် အတုအယောင် ဟု ဝိုင်းဝန်းသတ်မှတ်ခံရသည့်အပြင် ယခုတိုင်များစွာ ရှုတ်ချခြင်း ခံနေရဆဲဖြစ်သော်လည်း ထိုကဲ့သို့သော အစိုးရအပြောင်းအလဲကပင် နိုင်ငံတကာက ကြိုဆိုသော လမ်းကြောင်းပေါ်သို့ မြန်မာနိုင်ငံကို တွန်းတင်ပေးလိုက်ပြီ ဖြစ်သည်။
သမ္မတသစ်ဦးသိန်းစိန်သည် နိုင်ငံရေးပါတီများဆိုင်ရာ ဥပဒေကို ပြင်ဆင်ပေးခြင်း၊ နိုင်ငံရေးအကျဉ်းသား ၃၀၀ ခန့်ကို လွှတ်ပေးခြင်း၊ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သင့်မြတ်ရန် ကြိုးစားလာခြင်း၊ မြန်မာပြည်သူ တစ်ရပ်လုံး ကန့်ကွက်သော မြစ်ဆုံရေလှောင်တမံ စီမံကိန်းအား တရုတ်ကို အာခံဖျက်သိမ်းပေးခြင်း စသည်တို့ကို ပြုလုပ်ခဲ့သည်။
ထို့အပြင် အလုပ်သမားသမဂ္ဂများ ဖွဲ့စည်းခွင့်ပေးသည့်အပြင် မီဒီယာဆင်ဆာစည်းကမ်းများကိုလည်း လျှော့ပေါ့ပေးခဲ့သည်။ ဤအချက်များ ကို အားတက်စရာ လက္ခဏာများအဖြစ် အများစုက ရှုမြင်လျက်ရှိကြသည်။
ဒေါ်အောင်ဆန်းစုကြည်သည်လည်း ရန်ကုန်နယ်နမိတ်ကိုကျော်ကာ ခရီးသွား၍ သူမ၏ပရိသတ်များကို တွေ့ဆုံ နိုင်ခဲ့သည်။ ဒါရိုက်တာ Lue Besson ရိုက်ကူး၍ Mitchelle Yeoh ပါဝင်သရုပ်ဆောင်ထားသော သူမ၏ ဘဝဇာတ်ကြောင်း ရုပ်ရှင် The Lady ကိုလည်း ကမ္ဘာတစ်ဝှမ်း ရုံတင်ပြသ တော့မည်။ ထိုအတောအတွင်း ဦးသိန်းစိန်အစိုးရက သူမ၏ NLD ပါတီ တရားဝင်ပြန်လည် မှတ်ပုံတင်နိုင်ရန် တံခါးဖွင့်ပေးလိုက်ပြီဖြစ်သည်။
ဤကိစ္စသည် မကြုံစဖူးကမ်းလှမ်းမှုတစ်ခုဖြစ်၍ ရွေးကောက်ပွဲဥပဒေကို ပြင်ဆင်ပြီးပါက လာမည့် ရွေးကောက်ပွဲ များတွင် NLD ပါတီ ဝင်ပြိုင်နိုင်ကြောင်း ရည်ညွှန်းခြင်းဖြစ်သည်။ ၁၅ နှစ်ခန့်နေအိမ်တွင် အကျယ်ချုပ်ထိန်းသိမ်းခံခဲ့ရသော ဒေါ်အောင်ဆန်းစုကြည်ကလည်း “သမ္မတ ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲလိုစိတ်သည် စစ်မှန်၍ ရိုးသားကြောင်း” သူမ ယုံကြည်သည်ဟုပြောဆိုခဲ့သည်။
မြန်မာနိုင်ငံကို အစဉ်တစိုက်ဝေဖန်ခဲ့ကြသည့် အနောက်နိုင်ငံများကလည်း အတော်အတန်အသိအမှတ် ပြုလာ ကြသည်။ လတ်တလော Sanctions များကို ဆက်၍ထားဦးမည်ဖြစ်သော်လည်း မြန်မာအစိုးရကသာ လူ့အခွင့်အရေး ညှဉ်းပန်းမှုများရပ်ဆိုင်းကာ စစ်မှန်စွာ ပြောင်းလဲမည် ဆိုပါက တရားသဖြင့် မျှတစွာတုန့်ပြန်မည်ဟု အမေရိကန် ပြည်ထောင်စုက ပြောကြားထားသည်။
မြန်မာအစိုးရနှင့် တပ်မတော်က အနောက်နိုင်ငံ Sanctions များ ရုတ်သိမ်းသွားမှုကို လိုလားနေသည့် အပြင် ၂၀၁၄ တွင် ဂုဏ်သတင်းမွှေး အာဆီယံဥက္ကဋ္ဌ တာဝန်ကိုယူရန် နေပြည်တော်က ပြင်ဆင်နေခြင်းကြောင့် ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ ကယ်ဆယ်ရေးအဖွဲ့အစည်းများ၊ လူ့အခွင့်အရေး အုပ်စုများက မြန်မာနိုင်ငံကို ပို၍ ဂရုတစိုက် သတိပြုလာကြသည်။
သို့သော် အပြောင်းအလဲများသည် အားကောင်းမောင်းသန်ဖြစ်ရန် အလှမ်းဝေးနေဆဲဖြစ်နေသည်။ ကျယ်ကျယ် ပြန့်ပြန့် ပြုပြင်ပြောင်းလဲမှုများ ထွက်ပေါ်လာခြင်းမရှိသေးပေ။ နိုင်ငံရေးအကျဉ်းသား ၁၉၀၀ ခန့်မှာ အကျဉ်းထောင် သံတိုင်များနောက်တွင် ကျန်ရှိနေဆဲဖြစ်သည်။ မျှတမှုကို ပေါ်လွင် စေရန် ရွေးကောက်ပွဲဥပဒေ ပြင်ဆင်မှုအပါအဝင် များစွာပြုလုပ်ရန် လိုအပ်နေသည်ဟု ဒေါ်အောင်ဆန်းစုကြည်ကလည်း ထုတ်ဖော်ပြောဆိုထားသည်။
၂၀၀၈ အခြေခံဥပဒေအရ လွှတ်တော်အမတ်နေရာ လေးပုံတစ်ပုံကို တပ်မတော်အား ပေးအပ်ထားပြီးမှ ကျန်နေရာများအတွက် မနစ်က နိုဝင်ဘာတွင် ရွေးကောက်ပွဲ ပြုလုပ်ပေးခဲ့ရာ တပ်မတော်အစိုးရက တည်ထောင်ထားသော ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ၈၀ ရာခိုင်နှုန်း အနိုင်ရရှိ သွားခဲ့သည်။
ထိုကဲ့သို့ အရပ်ဖက်လူမှုစနစ်အတွင်း စစ်တပ် ပါဝင်စွက်ဖက်ခဲ့ခြင်း၏ တိုက်ရိုက်ရလဒ်အဖြစ် တစ်ချိန်က အညွှန့်လူခဲ့ဘူးသော မြန်မာ့ စီးပွားရေးမှာ ဒေသတွင်း အောက်ဆုံးသို့ ကျဆင်းမွဲတေသွားခဲ့လေသည်။ နိုင်ငံ၏ တိုင်းရင်းသားအုပ်စုများအကြားမှ ပဋိပက္ခသည်လည်း ယခင်အတိုင်း သွေးစွန်းမြဲဖြစ်သည့်အပြင် မြန်မာ့တပ်မ တော်၏ ခြိမ်းခြောက်အနိုင်ကျင့်နှိပ်စက်မှု သတင်းများမှာလည်း အရင်းအတိုင်းထွက်ပေါ်နေမြဲပင်ဖြစ်သည်။
မြန်မာနိုင်ငံအကြောင်း နောက်ထပ်ရုပ်ရှင်ဇာတ်ကားတစ်ခုသည်လည်း မြန်မာအစိုးရ၏ စိတ်ရှည်သည်းခံမှုကို စမ်းသပ်ရန် အဆင်သင့် ဖြစ်နေပါသည်။ Bringing Justice to Women ဟု အမည်ပေးထားသော မှတ်တမ်းရုပ်ရှင်ကားသည် မြန်မာပြည်တွင်းစစ်နယ်မြေတွင် အမျိုးသမီးများအား လိင်အကြမ်းဖက်ကျူးလွန်မှုကို စစ်ပွဲ၏ လက်နက်တစ်ခုအဖြစ် စနစ်တကျအသုံးပြုနေပုံကို ကချင်ပြည်နယ်၌ မေးမြန်းထားသည့် အင်တာဗျူး များစွာကို ရိုက်ကူးထားခြင်းဖြစ်သည်။
ယင်းမှတ်တမ်း ရုပ်ရှင်နှင့်အတူ Luc Besson ၏ The Lady ဇာတ်ကားတို့သည် မြန်မာအစိုးရဆင်ဆာကို ကျော်၍ မြန်မာနိုင်ငံအတွင်း ရုံတင်ပြရန် ဖြစ်နိုင်ချေမရှိသေးပါ။
ရွေးကောက်ပွဲများအပြီး တစ်နှစ်ခန့်အလွန် နေပြည်တော်မှ အသွင်သစ်၊ ဟန်ပန်သစ်ကို ကြိုဆိုရမည် ဖြစ်သော်လည်း နှစ်ပေါင်း ၅၀ စစ်အုပ်ချုပ်ရေး ကာလတစ်လျှောက် မွေးထုတ်ပေးခဲ့သော၊ ဘာတွေ တကယ်ပြောင်းသွားသလဲဟု မေးနေကြဆဲဖြစ်သော ဝေဖန်ဆန်းစစ်သူများစွာကို အနိုင်ယူနိုင်ရန်အတွက် မြန်မာ့တပ်မတော်နှင့် သမ္မတဦးသိန်းစိန်အစိုးရတို့အနေဖြင့် များစွာအချိန်ယူလုပ်ဆောင်ရဦးမည်ဖြစ်ပေသည်။
0 ၁၁ ရက်၊ ၁၁ လ၊ ၂၀၁၁ ခုနှစ် "၁" ခြောက်လုံးစုံသည့်နေ့ ဂုဏ်ပြုဆုတောင်းပွဲအခမ်းအနားတွင် မင်းကိုနိုင်မိခင် ဒေါ်လှကြည်၏ ရင်တွင်းပြောစကား
ရန်ကုန်မြို့  ဆီဒိုးနားဟိုတယ်တွင်ကျင်းပသော ၁၁ ရက်၊ ၁၁ လ၊ ၂၀၁၁ ခုနှစ် "၁" ခြောက်လုံးစုံသည့်နေ့ ဂုဏ်ပြုဆုတောင်းပွဲအခမ်းအနားတွင် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုမင်းကိုနိုင်မိခင် ဒေါ်လှကြည်၏ ရင်တွင်းပြောစကား
ကျွန်မဒီလိုပွဲမျိုး အတွေ့အကြုံမရှိပါဘူး၊ အဲဒီအတွက်ကြောင့် ဒီလိုပွဲမျိုးမှာ စကားပြောခွင့်ရတဲ့ဟာကို စကားပြောမှားဆိုမှားရှိရင် ကျွန်မကိုခွင့်လွှတ်ပါလို့ အနူးအညွတ် တောင်းပန်ပါ တယ်။ အခုကျွန်မမွေးနေ့မှာ ကျွန်မသားမွေးနေ့မှာ ကျွန်မလာတဲ့အခါ ကျွန်မကိုတွေ့တဲ့ ကလေးတွေက ပြောပါတယ်။ အမေ အမေ့သားကို အမေ မပိုင်တော့ပါဘူး။ တိုင်းပြည်က ပိုင်ပါတယ်လို့ပြောပါတယ်။ အဲဒီပြောလိုက်တဲ့ စကားလေးကို ကျွန်မအရမ်းဝမ်းလည်းသာပါတယ်။ ပီတိလည်းဖြစ်ပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ သူတို့တွေဟာ သားအပေါ်မှာ ချစ်ကြတာကိုး။ နောက်ပြီးတော့ ကျွန်မမှာ မွေးထားတဲ့ သားလေးက တစ်ယောက်တည်းပါ။ အခု ကျွန်မမှာ သားတွေ အများကြီး ရှိနေပါပြီ။ ဝေမျှပေးတဲ့ သားတွေ၊ သမီးတွေ အများကြီး ရှိခဲ့ပါ ပြီ။ အခုလို အချိန်အခါမှာ မိဘတိုင်းဟာ ကျွန်မကို ဘယ်လိုခံစားရပါသလဲလို့ မေးကြပါတယ်။ သားသမီးရှိကြတဲ့ မိဘတွေက ဒီလိုအချိန်အခါမှာ ဘယ်လိုခံစားရမလဲဆိုတာ ရင်ထဲမှာ အကုန်လုံးရှိကြတယ်ဆိုတာ ကျွန်မပြောဖို့ မလိုပါဘူး။ အဲဒီလိုပဲ ထင်ပါတယ်။
ကျွန်မတို့လိုပဲ မိသားစုအပေါင်းတွေဟာ အများအတွက်ကို အနစ်နာခံပြီးတော့ ပါရမီ ဖြည့်ပေးနေကြတဲ့ မိသားစုအားလုံးကို ကျွန်မ ကျေးဇူးတင်ပါတယ်။ အဲဒီထဲမှာမှ လူဆိုတာ လောကဓံတရား ဆိုတာ အကုန်လုံးရှိကြပါတယ်။ အဲဒီတော့ မေတ္တာမျှဝေပေးနေတဲ့ မိသားစုတွေ အားလုံးကို အကုန်လုံးပဲ ကျေးဇူးတင်ပါတယ်။ မင်းကိုနိုင်နဲ့တကွ အကျဉ်းထောင်အသီးသီးမှာ ရှိနေကြတဲ့ နိုင်ငံရေးအကျဉ်းသားအပေါင်းတို့ အမြန်ဆုံး လွတ်ငြိမ်းချမ်းသာခွင့်ရပါစေလို့ ကျွန်မ ဆုတောင်းခဲ့ပါတယ်။ မိသားစုတွေ အကုန်လုံးပါ မေတ္တာပို့ အမျှပေးဝေနေသလို မိသားစုတွေကို ကျွန်မ ဘာလက်ဆောင် ပေးချင်သလဲဆိုတော့ ရှင်ဇနကဘိဝံသ ဟောထားတဲ့ တရားလေးတစ်ပုဒ် ရှိပါတယ်။ လူမှုဆိုလျှင် လူလိုပင် လောကဓံ ရှိမြဲ ၀မ်းနည်းဝမ်းသာ အများပါပဲ။ ကျွန်မ ပြောချင်ပါတယ်။ အခုချိန်မှာ ကျွန်မတို့ မိသားစုတွေ အကုန်လုံးဟာ သားလေးတွေကို မျှော်လင့်နေကြပါတယ်။ အဲဒီလို မျှော်လင့်တဲ့အတိုင်းပဲ အမြန်ဆုံးလွတ်ပါစေလို့ ကျွန်မ ဆုတောင်း မေတ္တာပို့သပါတယ်။ ဒါပါပဲ ကျွန်မ ပြောချင်ပါတယ်။
Eleven Media Group
1 ဒေါ်အောင်ဆန်းစုကြည်ကိုဝန်းရံပေးပါ -( မောင်မောင်ဝမ်း)
တောင်အာဖရိက နိုင်ငံက အသားရောင်ခွဲခြားမှု့ ဆန့်ကျင်ရေး လှုပ်ရှားမှု့ခေါင်းဆောင်လည်းဖြစ်၊ သမ္မတဟောင်းတဦးလည်းဖြစ် ၊နိုဘယ်ငြိမ်းချမ်းရေးဆုရှင် လည်းဖြစ်တဲ့ နယ်လ်ဆင် မင်ဒရဲလား ဆိုတာကိုတော့ တော်တော်များများ သိနေကြပါတယ်။ သူ့ရဲ့လှုပ်ရှားမှု့တွေ အကြောင်းကိုလည်း သိကြပါတယ်… ကျနော် တင်ပြချင် တာက အဲဒါတွေမဟုတ်ပါဘူး…။ နှစ်ပေါင်း ၃၈ နှစ်တိုင် ချစ်ကြိုးတွေသွယ်ကာ ရစ်ခါနဲ့ ခရောင်းလမ်းကို အတူလျှောက်ခဲ့ပြီးခါမှ…..လမ်းခွဲခဲ့ကြတဲ့…မင်ဒရဲလား နဲ့ သူ့ ဇနီး ၀င်နီမင်ဒရဲလား အကြောင်းပဲဖြစ်ပါတယ်….သာမာန်ကြည့်မယ်ဆို လင်မယားကွဲတာ များ အဆန်း လုပ် နေရ သလား လို့ ထင် စရာ အကြောင်း ရှိပါတယ်…ဆန်း ပါတယ် သိပ်ကို ဆန်း ပါတယ်… တကယ်တော့ သူတို့ လင်မယားနှစ်ယောက်ကွဲပြဲ လမ်းခွဲရခြင်း အကြောင်းတရား အခြေခံ ဟာ….နိုင်ငံရေး ကြောင့်ပါလို့ပြောရင် သိတဲ့သူနည်း နေပါသေးတယ်….။ သိတဲ့သူတွေ လည်း သိနေပြီး ဖြစ်ပါလိမ့်မယ် ..သို့သော် မသိသေးတဲ့ သူတွေအတွက် နိုင်ငံရေး အတွေ့အကြုံကို လက်ဆင့်ကမ်း ယူကြ တာပေါ့…….စာရေးဆရာ အောင်သင်း ခနခဏ ပြောတဲ့ စကား ကိုပဲ ထပ်မံကိုးကား ပြောပရစေ.. လူမိုက်ဆိုတာ ကိုယ်တိုင်မှားမှ နောင်တရတယ်တယ်တဲ့ လူလိမ္မာ ဆိုတာ သူများအမှားကို သင်ခန်းစာ ယူတယ်တဲ့….အလွန် မိုက်မဲသော သူများ က ကိုယ်တိုင် မှားတာ တောင် သံဝေဂ မယူကြဘူးတဲ့။ အဲဒီတော့ စောစောက ဟာခရီးဆက် ကြည့်ရ အောင် ဒီအကြောင်း မပြောခင် တောင်အာဖရိက လှုပ်ရှားမှု့ အကြောင်း လေး အကြမ်း သဘောတင်ပြ ချင် သေးတယ်
တောင်အာဖရိက နိုင်ငံမှာ လူဖြူ နဲ့လူမဲ ဆိုတာရှိပါတယ်…..ဒါပေမဲ့ လူနည်းစုက လူဖြူတွေဖြစ်ပြီး လူအများစုက လူမဲတွေပါ၊ လူနည်းစု ဖြစ်တဲ့ လူဖြူတွေ ဟာ နိုင်ငံတော် အာဏာကို နှစ်ပေါင်းများစွာ ချုပ်ကိုင် ထားပြီး လူမဲေ တွကို ဖိနှိပ်မှု့ တွေ ခွဲခြားဆက်ဆံမှု့တွေနဲ့ နှိပ်ကွပ်လာရာက အစ မခံနိုင်တော့ တဲ့အဆုံး လူမဲတွေဟာ အသားရောင်ခွဲခြားမှု့ဆန့်ကျင်ရေး လှုပ်ရှားမှု့ တွေကို လုပ်ဆောင်ခဲ့ ပါတယ်။ အဲဒီလှုပ်ရှား မှု့ကို အဓိက ဦးဆောင်ခဲ့တာ ကတော့ အေအင်စီ ပါတီ ဆိုတာပဲ ဖြစ် ပါတယ် ၊ နယ်လ်ဆင်မင်ဒရဲလား ဟာ အဲဒီ့ပါတီ ရဲ့ ခေါင်းဆောင် တဦးပါ။ လူဖြူ အစိုးရဟာ သူ့ကိုဖမ်းပြီး ထောင်သွင်း အကျဉ်းချထားလိုက်တာ ( ၂၇ ) နှစ်တောင်ကြာခဲ့ပါတယ်……ဒီလိုနဲ့ နေလာရင်းက အကျဉ်းစခမ်းထဲမှာ မင်ဒရဲလားဟာ စဉ်းစားလာတယ် တောင်အာဖရိကနိုင်ငံရဲ့ အသား ရောင် ခွဲခြား မှု့ ဆန့်ကျင်ရေး အပေါ်သုံးသပ် မိလာတယ်……
လူမဲတွေ အများစုဟာ သေကျေ ပျက်စီးခဲ့ ရပြီ ထောင်တွင်း မှာလည်း နှစ်ရှည်လများ အကျဉ်းချခံ နေရသူတွေ ဘ၀ပျက်သွား သူပျက် နေ သူ တွေဆိုတာ လည်းဒုနဲ့ဒေး၊ အခုထိလူမဲ လွတ်မြောက်ရေးလမ်းစ ဆိုတာ သဲသဲကွဲကွဲ မမြင်နိုင် သေးဘူး…… ကမ်းမမြင် လမ်းမမြင်ကူးခပ်နေဆဲ…. တဘက် လူဖြူအစိုးရကို လည်းကြည့် အချိန်နဲ့ အမျှ လူမဲတွေရဲ့ အနုနည်း အကြမ်းနည်းတွေနဲ့ ဆန့်ကျင်ခံရ မှု့ နိုင်ငံတကာ အသိုင်းဝိုင်းရဲ့ ၀ိုင်းဝန်း ကဲ့ရဲ့ရှုတ်ချ ခံရမှု့ တိုင်းပြည်ရဲ့အထွေထွေ စီးပွားကျဆင်းမှု့ဒါတွေ အားလုံးဟာ နှစ်ဘက်စလုံး အတွက်အနှုတ် လက္ခဏာ ဆောင်သော ဖြစ်စဉ်တွေလို့ရှုမြင်မိလာတယ်……… .ရယ်ဒီကယ်လစ်ဇင် (တော်လှန်အမြစ်ဖြုတ်ဝါဒ) အပေါ်သံသယရှိလာတယ်..။
တိုက်ပွဲနဲ့အောင်ပွဲမှာတခုပဲရှိရမယ်.. အောင်ပွဲမရှိရင်တိုက်ပွဲ… တိုက်ပွဲမရှိရင်အောင်ပွဲဆိုတဲ့…လမ်းရိုးလမ်း ဟောင်းကနေခွဲထွက်ဘို့ကို… အားသန် လာတယ်…နိုင်ငံရေး ဖြစ်စဉ် တခုမှာ တွေ့ဆုံ ဆွေးနွေး အဖြေရှာ ခြင်းဖြင့် လည်း လှမ်းလို့ရနိုင် တယ်ဆိုတဲ့…. အတွေးအခေါ်က မြစ်တွယ်လာတယ်……ဒါပေမဲ့… ဒီကိစ္စဟာ ထင်သလောက်တော့မ လွယ်နိုင်ဘူး…. အရင်ဆုံးရင်ဆိုင်ရမှာက…. သူ့ရဲ့လုပ်ဖော်ကိုင် ဘက်ရဲ ဘော် တွေ….ဒါကို နားလည်အောင်ရှင်းပြရမယ်….
ဒီလိုနဲ့မင်ဒရဲလားဟာ.. အကျဉ်းထောင်အတွင်းက နေလူဖြူအစိုးရနဲ့ ဆက်ဆံရေးလမ်းကြောင်း ကိုစတင် ဖွင့်လှစ်ခဲ့တယ်…..။ ဘာပဲဖြစ်ဖြစ်အခက်အခဲ ဆိုတာ ရင်ဆိုင်ရမယ် ဆိုတာ သူက ကြိုတင် ခန့်မှန်းပြီး သားပါ…ဒေါသ တွေထွက်ခဲ့ရ တယ်…အံကြိတ်ခဲ့ရ တယ်… သီးခံခဲ့ရတယ်… ဇွဲရှိခဲ့ရ တယ်….. သူရဲ့ကြိုးစားမှု့တွေ ဟာ အတိုင်းတာ တခုမှာအရာထင်လာခဲ့တယ်… လူဖြူအစိုးရက သူ့နဲ့ လာရောက် ဆွေးနွေးမှု့တွေ စတင်လာခဲ့တယ်…… တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်း ကပွင့်လာပြီ. အဲဒီမှာပြသနာက …. သူ့ရဲဘော်တွေကသူ့ကိုအယုံအ ကြည်မရှိ ဖြစ်လာ ကြ တယ် လေ…ဖောက်ပြန် သွေဖီသူအဖြစ် မြင်လာကြ တယ်…..အဆိုးဆုံး ဖြစ်ရပ်က တော့ သူသိပ်ချစ် သိပ်အားကိုး အားထား နေရတဲ့ ဇနီးဖြစ်သူ ၀င်နီမင်ဒရဲလား ကိုယ်တိုင်က. .ငြိငြင်ခြင်းကိုခံခဲ့ရတယ်…..၀င်နီ ခံယူထားတာ က “ သွေးစွန်းသော လက်တွေနဲ့ ဘယ်တော့မှ လက်ဆွဲနှုတ်မဆက်ဘူးတဲ့ ” ……….
ဝင်နီမင်ဒရဲလားဟာ တောင်အာဖရိက လူမဲလူထုအပေါ်မှာ နိုင်ငံရေးသြဇာရှိ သူတယောက်ပါ… အထူးသ ဖြင့် လူမဲလူငယ်ထုရဲ့မိခင်ဖြစ်ခဲ့တယ်…..သူက မင်ဒရဲလားရဲ့စေ့စပ် ဆွေးနွေးညှိနှိုင်းမှု့ အယူအဆကို လုံးလုံးလက်မခံခဲ့ဘူး….. လူငယ်တွေက သွေးထိုး လှုံ့ဆော် မြှောက်ပေးခဲ့တယ်….. ဆက်လက်ပြီး အကြမ်းဖက် လုပ်ရပ်တွေကို အစဉ်ဆက်မပြတ်လုပ် ဆောင်လာခဲ့တယ်… .အဆိုးဆုံး ကိစ္စကတော့… Necklace လို့ခေါ်တဲ့ အကြမ်းဖက်လုပ်ငန်းစဉ်ပဲ ( Necklace ဆိုတာ အင်္ဂလိပ် ဝေါဟာရ မှာ လည်ဆွဲ ဆိုတဲ့ဖွင့်ဆိုချက်နဲ့ လှပ သလောက် နိုင်ငံရေး နယ်ပယ်မှာ ကြောက်စရာ ကောင်းတယ်….… အုပ်ချုပ်သူအစိုးရရဲ့ အာဏာစက် ပျောက်ပြီး…လူအုပ်ကြီးက သူ့တို့ သဘောထား သူ့တို့ဆုံးဖြတ်ချက်နဲ့စီရင် အကြမ်းဖက်တာ ကို ခေါ်တယ်… ဒါကတောင်အဖရိကမှာ တင်မကပါဘူး…. နိုင်ငံ တော်တော် များများမှာ ဖြစ်ပျက် နေစဲပါ… ဥပမာထိုင်းနိုင်ငံမှာ မြန်မာ နိုင်ငံသား ရွေ့ပြောင်း အလုပ်သမားတွေ ကို ထိုင်းလူမျိုးတချို့က ကားတာယာတွေ စွပ် လည်ပင်းလေးပဲဖော်ထားပြီး ဓါတ်ဆီလောင်း မီးရှို့သတ်တာ မျိုး… .တောင်အာဖရိကမှာလည်း Necklace တွေ က ဒီနည်းကို အသုံးပြု တတ်ကြတယ် ) သူတို့ရဲ့ ပစ်မှတ်က လူဖြူ အစိုးရနဲ့ လူဖြူတွေတင် မကတော့ ဘူး သူတို့ လူမဲအချင်းချင်း တွေ ပါ အသတ် ခံ ရတဲ့ အထဲမှာ ပါဝင် လာတယ်…ကမ္ဘာမှာတော့ (Black..on..Black…violence) လို့ကျော်ကြားတယ်…..လူမဲ အချင်းချင်းလည်း တယောက်ကိုတယောက် မယုံကြည်ကြတော့ ပဲ… စိတ်မထင်ရင် မထင်သလို အစိုးရဘက်တော်သား ၊ အစိုးရကိုထောက်ခံသူ သတင်းပေး ဆို သတ်ဖြတ် ကြတယ်။ အပြစ်မဲ့ လူမဲပြည်သူတော်တော် များများ Necklace တွေလက်ချက်နဲ့ အသက်ဆုံးရှုံးခဲ့ကြရတယ် ။ နောက်ဆုံးမတော့ ၀င်နီမင်ဒရဲလား ကိုယ်တိုင် ၁၄ နှစ်သားလေး တစ်ယောက်ကို ရက်ရက်စက်စက်သတ်ဖြတ်မှု့မှာ နောက်ကွယ်က ပါဝင်တယ်ဆို….အရေးယူအပြစ်ပေးခြင်းခံခဲ့ရပြီး…ထောင်နန်းစံခဲ့ရတယ်လေ။ အရင်ကထဲက အေအင်စီ ပါတီအနေနဲ့ ၀င်နီမင်ဒရဲလား ကိုသဘောမတွေ့ ခဲ့ပါဘူး…..ဒါပေမဲ့ မင်ဒရဲလားရဲ့ပုဂ္ဂိုလ်ရေး အရ မေတ္တာ ရပ်ခံ ချက် အ ပေါ်မှာသီးခံ နေကြတယ်…နောက်တော့ မင်ဒရဲလား ကိုယ်တိုင် လုံးဝ ခွင့်မလွှတ် နိုင်တော့တဲ့ အနေထားကို ရောက်ရှိ လာတော့တယ်……. တဘက်က လူဖြူ အစိုးရ ဟာအခုလို အကြမ်းဖက် လှုပ်ရှားမှု့များကို လက်ညှိုးထားလာကြ တယ်….လူမဲတွေဟာ …နိုင်ငံ ရဲ့ အုပ်ချုပ်ရေး ကိစ္စတွေ မှာဝင်ရောက်နိုင်လောက်အောင် ယဉ်ကျေးသူတွေ မဟုတ် ဘူးတဲ့………
တကယ်တော့ ၀င်နီမင်ဒရဲလား ဟာ မင်ဒရဲလား ထောင်သွင်းအကျဉ်းကျခံနေရ ဆဲ ကာလ များမှာ အေအင်စီ ပါတီကို ဦးဆောင်ခဲ့သူ အသားရောင်ခွဲခြားမှု့ဆန့်ကျင်ရေးလှုပ်ရှား မှု့များ ကို စဉ် ဆက်မပြတ် လုပ်ဆောင်ပေးခဲ့သူ…မင်ဒရဲလား လွတ်မြောက်ရေးနဲ့ …နိုင်ငံရေးနယ်ပယ်မှာ သြဇာ သိက္ခာရှိရေး ကို အစွမ်းကုန် လုပ်ဆောင် ပေးခဲ့သူ … .ဇနီးကောင်း တဦးဖြစ် ခဲ့ပါတယ်… သို့သော် လည်း… အချစ်တွေ မေတ္တာတရားတွေ…အနစ်နာခံမှု့တွေနဲ့ရစ်နှောင် လာခဲ့တဲ့ အိမ်ထောင် သက် ၃၈နှစ် တာကာလအရောက်မှာတော့… .ယုံကြည်မှု့တွေ ကွဲပြားခဲ့ကြတဲ့ ဇနီးမောင်နှံဟာ လမ်းခွဲခဲ့ကြ ပါတယ်…..။
သူတို့နှစ်ဦးလမ်းခွဲအပြီး သတင်းဌာန တွေကို ပြောကြ ဆိုကြတဲ့စကား တွေ တချို့က လည်း စိတ်ဝင်စားစရာပါ ။ ၀င်နီက ပြောတယ်………… “ကျမ…သူ့အပေါ်ကိုဘယ်လောက် အနစ်နာ ခံ ပေးဆပ်ခဲ့ သလည်း ဆိုတာ…. အားလုံး သိ ပါတယ်… လင်သား တယောက်အနေနဲ့ရော… ခေါင်းဆောင်တယောက် အနေ နဲ့ပါ…ရိုသေ လေးစားခဲ့ပါတယ်…ဒါပေမဲ့… လူဖြူအစိုးရ နဲ့ လက်ကမ်း ပြီး…စေ့စပ် ဆွေးနွေး အပေး အယူလုပ် ကထဲက သူ့ အပေါ်ကို ကျမ တော်တော် ငြိုငြင် မိတယ်….အဆိုးဆုံး ကတော့…ငြိမ်းချမ်းရေးနိုဘယ်ဆုကို… သွေးစွန်းတဲ့ လူသတ်လက်တွေနဲ့….. ယှဉ်တွဲယူတဲ့ အပေါ် ကျမ လုံးဝ မကျေနပ် ဘူး…ဒီကိစ္စ ကို တားတယ်…… မင်ဒရဲလား ဟာ…တောင်အာဖရိကရဲ့လူမဲတော်လှန် ရေးကို အမြတ် ထုတ်သွားသူတယောက်ပါ……
မင်ဒရဲလားကတော့ သိပ်ရှည်ရှည် ဝေးဝေး မပြောခဲ့ဘူး……ဒီအထဲက လိုရင်းလေး တချက်က သိပ်ကောင်းတယ်…..မျိုးချစ်မျက်ကန်း ဆိုတာ…မျိုးချစ်မဟုတ် ပါဘူးတဲ့…….. တောင်အာဖရိက မှာရှိတဲ့ လူထုဟာ မင်ဒရဲလားရဲ့စွမ်းဆောင်ရည်တွေကို တဖြေးဖြေးခြင်း နားလည်လာ ကြ တယ်…. နယူးယောက်တိုင်း(မ်) သတင်းစာမှာ ဖော်ပြခဲ့တဲ့….တောင်အာဖရိက ကလူမဲ ဆရာဝန် တယောက်ရဲ့ ထင်မြင်ချက်က လည်း….
“ကျနော်အစပထမ မင်ဒရဲလားရဲ့လုပ်ဆောင်ချက် များ အပေါ်သံသယရှိခဲ့တယ်… သတိကြီး စွာနဲ့ စောင့်ကြည့်နေခဲ့တယ်…. တကယ်က သူ့ရဲ့လုပ်ရပ်ကမှန်ကန်တယ်ဗျ…… ဒီနေ့တောင် အာဖရိကမှာ အစစအရာရာ နိမ့်ကျ နေတဲ့….လူမဲထုရဲ့ ဘ၀ကို လက်တွေ့ ကျကျ မြှင့်တင် လိုတယ်…. အဲဒီလို မြှင့်တင်ဘို့ဆိုတာ… တော်လှန်ရေးနဲ့ တဘက်ကို တဘက် အမြစ်ပြတ် ချေမှုန်း သွားလို့ မဖြစ်နိုင် ဘူး… လူမဲ ပြည်သူတွေအနေနဲ့ ကလည်း ဒါတွေကို စိတ်ကုန် နေပါပြီဗျာ….. ကျနော် ကတော့… ၀င်နီမင်ဒရဲလား ရဲ့ Necklace တွေကိုကြည့်ပြီး…တော်တော် အော့နှလုံးနာမိတယ်….. ဒီနေ့လူထု လိုလား တာ… တန်းတူ အခွင့်ရေးတွေရ ဘို့နဲ့. နိမ့်ကျနေတဲ့ဘ၀တွေကို မြှင့်တင်ပေးဘို့ပဲ…ဒါတွေသာ ပြည့်စုံအောင်လုပ်ပေးနိုင်မယ်ဆို ကျေနပ် တယ်….. တဘက်နဲ့တဘက် အငြိုးအာဃာတကြီးတွေနဲ့ ချေမှုန်း တိုက်ခိုက် နေမှု့တွေကိုလည်း စိတ်မ၀င်စားဘူး…….ကျနော်ကတော့ မင်ဒရဲလား လုပ်ရပ်ကို အကြွင်းမဲ့ ထောက်ခံတယ်….”
တခါက တောင်အာဖရိက နိုင်ငံရဲ့လူမဲပြည်သူတွေအပေါ်မှာ နိုင်ငံရဲ့မိခင် လို့တင်စားသတ်မှတ်ခြင်း ခံခဲ့ရတဲ့ ၀င်နီမင်ဒရဲလားတစ်ယောက်ကတော့…ခုတော့သူ့ကို အများစုက (the woman once called the "mother of the Nation" by many black South Africans but now called the "mugger of the Nation" ) မုဆိုးတပိုင်း မိန်းမရိုင်းလို့ သတ်မှတ်ခေါ်ဝေါ်နေကြပါပြီ
အနှစ်ချုပ်အားဖြင့်တင်ပြလိုတာ ကတော့….. ယနေ့မြန်မာနိုင်ငံမှာလည်း…. ဒေါ်အောင်ဆန်းစုကြည် ဟာ. . လက်ရှိ
အစိုးရသစ် နဲ့ပူးပေါင်းဆွေးနွေး လုပ်ဆောင်ခြင်း အပေါ်….ဝေဖန် တိုက်ခိုက် နေသူများ လည်းရှိနေပါတယ်….ဒါကလည်းသူတို့ယုံကြည်ချက်သူတို့ရှုဒေါင့်နဲ့ပဲလေ…..ကျနော်တို့ပြည်သူလူထုဟာ.ခေါင်းဆောင်ကို အားကိုးတယ်….. ဒါပေမဲ့ မျက်စိမှိတ်ပြီး..အားကိုး ကြ တာတော့ မဟုတ် ပါဘူး…ဒေါ်အောင်ဆန်းစုကြည် ဟာ အားကိုး ထိုက်တဲ့ ခေါင်းဆောင် ဖြစ်နေလို့ အားကိုး ကြတာ…အနိမ့်ဆုံး လူတွေမှာ ဘယ်ဟာ အကောင်း လည်း ဘယ်ဟာ အဆိုးလည်း ဆိုတာခွဲခြားနိုင်တဲ့… အတွေးအခေါ် လောက်တော့ ရှိနေပါတယ်…. . ဒေါ်အောင်ဆန်းစုကြည် အပေါ် ဝေဖန် တိုက်ခိုက် နေ မှု့များ ဟာ လည်း… တကယ်တော့… ၀င်နီမင်ဒရဲလား… မင်ဒရဲလား ကို တိုက်ခိုက် တာလောက် မဆိုးသေးပါဘူး…. ၀င်နီမင်ဒရဲလား လောက် လည်း စွမ်းစွမ်း တမံ… မနှောက်ယှက်နိုင်လောက်ပါဘူး… .၀င်နီမင်ဒရဲလားလောက်လည်း နိုင်ငံရေးသြဇာမရှိပါဘူး…ဒီလို နိုင်ငံရေးသြဇာရှိတဲ့သူကတိုက်တာတောင် မင်ဒရဲလား ဆိုးဆိုးဝါးဝါးဘာမှဖြစ်မသွားပါဘူး..ဒီတော့… ကြီးကြီးမားမားစိုးရိမ်ဖွယ်ရာ မှာမရှိပါဘူး….ဝေဖန်တိုက်ခိုက်နေသူများကလည်း…ဝေဖန်တိုက်ခိုက်နိုင်တဲ့ အခွင့်အရေးရှိပါတယ်….ကျနော်တို့ကလည်း ဒေါ်အောင်ဆန်းစုကြည်ကိုထောက်ခံခွင့်ရှိပါတယ်…..
ပြည်သူလူထုတရပ်လုံးရဲ့တာဝန်က
ဒေါ်အောင်ဆန်းစုကြည် ကို ၀န်းရံပေးဘို့ပါပဲ………….
အားလုံးကိုလေးစားစွာဖြင့်
( မောင်မောင်ဝမ်း )
ရည်ညွန်းကိုးကားချက်များ
http://www.dailymail.co.uk/news/article-1256425/Nelson-Mandelas-ex-wife-accuses-President-betraying-blacks-South-Africa.html
http://www.theroot.com/views/mandelas-obama-tavis-and-black-expectations
http://news.bbc.co.uk/2/hi/2115644.stm
http://en.wikipedia.org/wiki/Necklacing
http://allafrica.com/view/group/main/main/id/00011206.html
0 ပြည်ပမီဒီယာများ၏ မေးမြန်းမှုများကို ဖြေကြားရန် ဇာဂနာယာယီရပ်ဆိုင်း
ထောက်လှမ်းရေးစခန်းမှာ လွန်ခဲ့တဲ့ ၂၁နှစ်က ကျဆုံးသွားခဲ့ရတဲ့ ဦးမောင်ကို အမှတ်တရဆွမ်းကျွေးပွဲမှာတွေ့မြင်ရတဲ့ လူရွှင်တော် ဇာဂနာ(ဇာဂနာfacebook)
အကျဉ်းသားတွေဆီတကယ်ရောက်အောင်ပို့နေတာပါခင်ဗျာ။ကျွန်တော်အလိမ်ခံရပါစေ။ကျွန်တော့် သူငယ်ချင်းတွေရဲ့ လက်ထဲရောက်အောင်ပို့နိုင်တာအမှန်ပါပဲ။ကိုယ်တိုင်ဘာတစ်ခုမှမလုပ်ဖူးပဲ
အပြစ်ပြောတာတစ်ခုထဲသာလုပ်တတ်ကြဖူးသူများကိုတော့သီးသန့်ရှင်းပြမနေနိုင်ပါ။စေတနာမှန်သူတွေတကယ်အလုပ်လုပ်နေတာပါ။
ပြည်ပအခြေစိုက် မီဒီယာများ၏ ဆက်သွယ်မေးမြန်းမှုများကို ဖြေကြားရန် ယာယီရပ်ဆိုင်းလိုက်ကြောင်း လူရွှင်တော်ဇာဂနာက သူ၏ Facebook အင်တာနက်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။ အဆိုပါ ကိစ္စနှင့် ပတ်သတ်ပြီး လူရွှင်တော် ဇာဂနာအား The Messenger Journal မှ ဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းက "ကျွန်တော်တို့ စေတနာနဲ့ လုပ်နေတဲ့အလုပ်တွေကို စေတနာပျက်အောင်၊ စေတနာကွက်အောင် အနှောင့်အယှက်ပေးသလို ဖြစ်နေတယ်။ သူတို့ ပြောတာဆိုတာတွေကြောင့် ကျွန်တော်တို့ကို ထောင်ဝန်ထမ်းတွေ မကူညီတော့ရင် ကျွန်တော်တို့ သူငယ်ချင်းတွေပဲ ဒုက္ခရောက်မယ်။ လှူနေတဲ့သူတွေလဲ မလှူရဲလောက်အောင် ဖြစ်နေတယ်"ဟု ပြောကြားခဲ့သည်။
အောက်တိုဘာလ ၁၂ ရက်နေ့ ဒုတိယအကြိမ် လွတ်ငြိမ်းချမ်းသာခွင့်နှင့် နိုင်ငံရေးအကျဉ်းသားအဖြစ်မှ လွတ်မြောက်လာခဲ့သော လူရွှင်တော်ဇာဂနာသည် မလွတ်မြောက်သေးသည့်နိုင်ငံရေးအကျဉ်းသား များကို ငွေကြေး၊ ဆေးဝါး၊ အစားအစာနှင့် လိုအပ်သည်များကို အောက်တိုဘာ ၂၄ ရက်နေ့မှ စတင်ပြီး ပေးပို့ လှူဒါန်းခဲ့သည်။ အဆိုပါ ကိစ္စနှင့် ပတ်သတ်ပြီး ပြည်ပမီဒီယာအချို့မှ သတင်းအချက်အလက်များ မှားယွင်းဖော်ပြခဲ့ရာ လူရွှင်တော် ဇာဂနာက ပြည်ပ မီဒီယာများနှင့် ဆက်ဆံရေးယာယီရပ်တန့်ရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။ "မီဒီယာတွေ အနေနဲ့က ဒါမျိုးမတော်တဆ လွဲချော်တာတွေ ဖြစ်တတ်တယ်။ တမင်လုပ်မယ်လို့တော့ မထင်ဘူး။ မှားယွင်းဖော်ပြခဲ့မိရင်လည်း မှားယွင်းကြောင်း ရှင်းသင့်တယ်။ မီဒီယာသမားနဲ့ နိုင်ငံရေးသမား၊ အနုပညာသမားဆိုတာ မကင်းရာ မကင်းကြောင်းတွေ ဖြစ်တဲ့အတွက် ညှိနှိုင်းလို့ ရမယ်ထင်ပါတယ်" ဟု ၀ါရင့် သတင်းစာဆရာ ဆရာမောင်ဝံသက ပြောသည်။
ပြည်ပမီဒီယာများသည် လုံးဝလွတ်လပ်သော အနေအထားတွင် ရှိနေရာ သတင်းအချက်အလက်များကို အချိန်နှင့် တပြေးညီ ထိရောက်လျင်မြန်စွာ ဖြန့်ဝေနိုင်စွမ်းရှိသကဲ့သို့ ၎င်းတို့ ဖြန့်ဝေသော သတင်းအပေါ်တွင် တာဝန်ယူမှုအပြည့်အ၀ပေးရန် လိုအပ်ကြောင်း ပြည်တွင်းစာနယ်ဇင်းအသိုင်းအ၀ိုင်းမှ သုံးသပ်သည်။ "ပြည်ပအခြေစိုက် မီဒီယာတိုင်း၊ သတင်းထောက်တိုင်း ကိုတော့ မဆိုလိုပါဘူး။ တချို့ ပြည်ပ သတင်းဌာန တွေ၊ တချို့ ပြည်ပအခြေစိုက် မြန်မာသတင်းထောက်တွေ သတင်းတင်ပြပုံ၊ အင်တာဗျူးမေးပုံတွေက ပြည်သူ ကို တကယ်သတင်းအမှန်ပေးချင်တာထက် သူတို့ လိုချင်တဲ့လမ်းကြောင်းကို မရောက်ရောက်အောင် ဆွဲတင် သလိုဖြစ်နေတယ်။ သတင်းလက်ခံသူတွေကို သူတို့စိတ်ထဲမှာ ဘယ်လိုထင်ထားလဲ၊ ပြည်သူက မအဘူး ဆိုတာ သဘောပေါက်စေချင်တယ်" ဟု ပြည်တွင်းသတင်းဂျာနယ်တစ်ခုမှ တာဝန်ခံအယ်ဒီတာတစ်ဦးက ပြောသည်။
ပြည်ပမီဒီယာများနှင့် ဆက်ဆံရသောအခြေအနေကို လူရွှင်တော်ဇာဂနာက"တခါတလေကျရင် သူတို့က အစိုးရမကောင်းကြောင်းကို ကျွန်တော့်ကို အတင်းပြောခိုင်းသလိုဖြစ်နေတယ်။ သူတို့ ပြောချင်တာကို ကျွန်တော့်ကို အတင်းတိုက်တွန်းပြီး ပြောခိုင်းသလိုဖြစ်နေတယ်။ သူတို့အနေနဲ့ အဲဒီလို ဆန္ဒရှိတယ်ဆိုရင် ဒီမှာ ကိုယ်တိုင်လာပြောကြစေချင်တယ်" ဟု ပြောကြားခဲ့သည်။ ဒုတိယအကြိမ် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မြစ်ကြီးနားအကျဥ်းထောင်မှ လွတ်မြောက်လာသော လူရွှင်တော် ဇာဂနာသည် လုပ်ဖော်ကိုင်ဘက် အနုပညာရှင်များ၏ အကူအညီဖြင့် နိုင်ငံတစ်ဝှမ်းရှိ အကျဉ်းထောင် ၄၂ ခုမှ မလွတ်မြောက်သေးသည့် နိုင်ငံရေးအကျဉ်းသားများအား လိုအပ်သည့် ကူညီမှုများ ဆောင်ရွက်ပေးနေကြောင်း သိရသည်။
သတင်း--- The Messenger Journal Facebook
Friday, November 11, 2011
0 ရွေသဘာဝဓာတ်ငွေ့ဖြင့် ချက်ခြင်း၂၄နာရီ မီးရရေးလှုပ်ရှားမှု ရခိုင်ပြည်နယ်မြို့နယ်အများအပြားပြုလုပ်
လူကြီးမင်းများဆီသို့ ကျွန်တော်တို့ ၂၄ နာရီလှုပ်ရှားမှု အင်အားစု (ရခိုင်ပြည်) မှ တဆောင်တိုင်လပြည့်ည ချက်ချင်း ၂၄ နာရီ လျှပ်စစ်မီးရရှိရေး လှုပ်ရှားမှု ဓါတ်ပုံများနှင့်သတင်းအချက်လက်များကို ပေးပို့လိုက်ပါတယ်။ ကျွန်တော်တို့ရဲ့ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ(RNDP) သို့ ပေးပို့ထားသော ချက်ချင်း ၂၄ နာရီ လျှပ်စစ်မီးရရှိရေး တောင်းဆိုထားသော စာ ကိုပါ ပူးတွဲ ပို့ပေးလိုက်ပါတယ်။ ဖိုင်အားလုံးကို attach ထဲမှ ရယူနိုင်ပါတယ်။
မှတ်ချက်- ကျွန်တော်တို့အဖွဲ့သားများရဲ လှုပ်ရှားမှုဓါတ်ပုံများကို ဖော်ပြအသုံးပြုလိုပါက (ဓါတ်ပုံ- ၂၄ နာရီလှုပ်ရှားမှုအင်စု (သို့) 24 Hours Action Groups (Rakhine State) လို့ ဖော်ပြပေးစေချင်ပါတယ်။
၂၄ နာရီလှုပ်ရှားမှုအင်အားစု (ရခိုင်ပြည်)
24 Hours Action Groups (Rakhine State)
24 Hours Electricity Actions Call
0 "အပျိုရည် အဖျက်ခံရတဲ့ မန္တလေးနဲ့ ဂန္ဓရာဇ်မျော့ဖြူကြီးများ"

ကျောက်ဆည်ကိုကျော်ပြီး... စစ်ကိုင်း၊ ပုလိပ် တစ်ဝိုက်ရောက်ပြီဆိုရင် ရထားပေါ်ကနေ ထုံးဖွေးဖွေးနဲ့
စစ်ကိုင်းတောင်ကို လှမ်းမြင်နေရပြီ။ မြစ်ငယ်တံတားကျော်ပြီးလို့တစ်အောင့်လောက် ရှိရင် ရေဖွေးဖွေးနဲ့တောင်သမန်အင်းလယ်ထဲမှာ ဦးပိန်တံတားကို မှုန်ပြပြ မြင်ရပြီ။ တန်ခွန်တိုင်ရွာ၊ မြို့ဟောင်း၊ ရှမ်းစု အစဉ်အတိုင်း အမြန်ရထားကြီး တဂျိုင်းဂျိုင်း ဝင်လာသံနဲ့အတူ ကျွန်တော့် နှလုံးသားလည်း တဒိန်းဒိန်း ခုန်လာခဲ့ပြီ။ ဪ မန္တလေးရောက်တော့မှာကိုး။
ကျွန်တော် လူမှန်းသိတတ်စအထိတော့ မန္တလေးက အပျိုစင် စစ်စစ်ပါ။ မြန်မာမှု၊ မြန်မာ့ ဓလေ့ တွေနဲ့ ထုံမွှမ်းခဲ့တဲ့မြို့။ မြန်မာ့ယဉ်ကျေးမှု သုခုမ အနုပညာ ဝတ်ရုံကို တခမ်းတနားခြုံပြီး လှချင်တိုင်း လှခဲ့တဲ့မြို့၊ ဗုဒ္ဓသာသနာရောင်ဝါ ထိန်ထိန်သာလို့ ရှုမညီးအောင်လှတဲ့မြို့၊ ရှမ်းရိုးမ၊ ငရံ့ပင်းတောင်၊ မန္တလေးတောင်၊ မင်းဝံတောင်တန်းကြီးတွေကငုံ့ကြည့်ပြီး ငေးယူရလောက်အောင် အပျိုသွေး သန့်သန့်နဲ့ လှလွန်းတဲ့မြို့၊ယဉ်ကျေးဖော်ရွေ၊ ပျူပျူငှာငှာ ပီယဝါစာ ဆိုတတ်တဲ့မြို့၊ သဒ္ဓါ့တရား ထက်သန်ပြီး အလှူအတန်း ရက်ရောတဲ့မြို့ပါ။
အဲ့ဒီလောက် အဆင်းရော အချင်းရော ပြည့်စုံတဲ့ အပျိုစင် မန္တလေးဟာ စစ်အာဏာရှင် ခေတ်တစ်လျှောက်လုံး၊ ကျွန်တော်တို့ မျက်စိရှေ့မှာတင် တစတစ အပျိုရည်အဖျက်ခံရတာကို ရင်နာနာနဲ့ အံကြိတ်ကြည့်ခဲ့ရတယ်။
ရဟန်းရှင်လူမြို့ခံလူထုကြီး စုဝေးပေါင်းစုံလေ့ရှိတဲ့ မန်းရာပြည့်ကွင်းကြီးဆိုတာ အခုတော့ ရတနာပုံတိရိစ္ဆာန်ဥယျာဉ်ဖြစ်သွားပြီ။ ကျောက်တော်ကြီးဘုရားပွဲဆိုရင် မန္တလေးအနီးတဝိုက် ရွာတွေက ပွဲလာသူတွေနဲ့ လှည်းဝိုင်းကြီးတွေ၊ ပွဲဈေးတန်းတွေနဲ့ စည်ကားလေ့ရှိခဲ့တဲ့ မင်းတုန်းမင်းကြီး ကောင်မှုတော် သုဓမ္မာဇရပ်တန်းတွေဆိုတာ ပက်ပက်စက်စက် လစ်လျူရှုခံရတော့ မြက်ရိုင်းတောတွေကြားမှာ ဆွေးမြေ့ယိုယွင်းနေခဲ့ပြီ။ အရင်တုန်းက ကြာမျိုးစုံ၊ ဗေဒါပြာ၊ ဘဲစာတွေနဲ့ ပန်းချီကားတစ်ချပ်လို .မှုန်နေအောင်လှခဲ့ဘူးတဲ့ ရေ ကျုံးဆိုတာ အင်္ဂတေတွေ မံ၊ ထုံးတွေရန် ထားတော့ နဂိုအလှပျက်သွားပြီ။ နန်းမြို့ရိုးနဲ့ ပြအိုးပြသာဒ်တွေဆိုတာလည်း ရှေးမူမပျက် မထိန်းသိမ်းဘဲ ပြိုကျတဲ့ နေရာတွေသာ အခုခေတ်သုံး အပေါစားအုပ်ချပ်တွေနဲ့ ဖာထေးထားတော့ အပျိုမလေး မျက်နှာမှာ ပွေးဝဲယားနာ စွဲနေသလိုမျိုး ဖြစ်သွားတော့တာပေါ့။
မန္တလေးမြို့ကြီး သိသိသာသာ အပျိုရည် ပျက်စေတဲ့ အဖြစ်အပျက်တွေကတော့ ၁၉၈၁ နဲ့ ၁၉၈၄ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုကြီးနှစ်ခုဘဲ။ မြို့လည်ခေါင်တစ်ခုလုံးနီးပါး ပြောင်တလင်း ခါသွားစေတဲ့အပြင် ၊ မန္တလေး မြို့နေရွာခံ ဇာတိသားစစ်စစ်တွေမြို့ပြင် အရှေ့တောင်အရပ်က ပဲဖြူကုန်း သိုးခြံ စတဲ့ မြို့သစ်ဘက် ရောက်ကုန်စေခဲ့တယ်။ အဲ့ဒီအချိန်ကစလို့မန္တလေးမြို့လယ်မှာ မျော့ဖြူကြီးတွေ စရောက်လာခဲ့တော့တာဘဲ။ မြို့လယ်က ကောင်းပေ့ ညွန့်ပေ့ဆိုတဲ့ တိုက်မြင့်ကြီး တွေ ကြည့်လိုက်ရင် အဲ့ဒီမျော့ဖြူကြီးတွေဘဲ ကပ်နေတာ တွေ့ရလိမ့်မယ်။
မန္တလေး အပျိုရည် အဖျက်ခံရတာ နဝတနဲ့နအဖ လက်ထက်မှာ အဆိုးဆုံးဘဲ။ တစ်မြို့လုံး နေရာအနှံ့ မာလာငါးဟင်းဆိုင်၊ ယူနန်အသားကင်နဲ့ ဟော့ပေါ့ဆိုင်တွေဆိုတာ မမြင်ချင်အဆုံး။ မနက်ခင်းစောစော ကျုံးဘေးဖက် လမ်းလျှောက်လျှောက်၊ ၆၂ လမ်းဘေးပဲ ပြေးပြေး၊ အသားနီ စပ်စပ် ခေတ်ပျက်မှာ သူဌေးဖြစ်လာပုံရတဲ့ မျှော့ဖြူကြီးတွေဆိုတာ မနည်းရှောင်ယူနေရပြီ။ ၂၆ ဘီလမ်း အတိုင်း အရှေ့ဖက်ကို ထောင်တက်လိုက်တော့ အောင်ပင်လယ်ဖက် မရောက်ခင် ဘေးလမ်းတွေထဲ ဝင်ကြည့်လိုက်ပါ။ သံတံခါးအမြင့်ကြီးတွေ၊ အုတ်တံတိုင်းအမြင့်ကြီးတွေ ကာရံ ထားတဲ့ ဝင်းကြီးတွေ အများအပြား တွေ့ရလိမ့်မယ်။ သိန်းပေါင်း သောင်းဂဏန်းထိ ပေါက်နေတဲ့ အဲ့ဒီလို နေရာမျိုးတွေကို လွယ်လင့်တကူ ဝယ်နိုင်တဲ့ ငွေကြေးတွေ ဒီမျော့ဖြူကြီးတွေ ဘယ်ကရ ကြသလဲ။ ကျွန်တော်တို့ တိုင်းပြည်ရဲ့ အသွေးအသား၊ အဆီအနှစ်တွေကို အာဏာပိုင်တွေနဲ့ ပေါင်းပြီး စုပ်ယူနေကြတာ အားလုံးအသိပဲ။
မြေပေါ် မြေအောက် သယံဇာတဆို ရေနံ၊ ဓါတ်ငွေ့၊ ကျောက်မျက်ရတနာက စလို့ ပယဆေး၊ မန်ကျီးစေ့၊ ဆီးစေ့တောင်မချန်ဘူး။ ထိန်းသိမ်းအပ်တဲ့ သဘာဝတောကောင်ကြီးတွေတင်မက ဖွတ်၊ ပတတ်၊ ဖား၊ မြွေ၊ ကင်း၊ လိပ် တောင် ချမ်းသာမပေးကြဘူး။ အခုဆို အကုန်ရှားပါးကုန်ပြီ။
ကိုယ့်နိုင်ငံက အဖိုးတန် အသွေးအသားတွေကို ပေါချောင်ကောင်း စုပ်ယူနေတဲ့ ဒီမျော့ဖြူ ကြီးတွေဆီက ဘာတွေရသလဲ။ ပြန်ကြည့်လိုက်ပါဦး။ စားသုံးဖို့သင့်တော်ခြင်း ရှိ-မရှိ။ ရေတို ရေရှည် ကျန်းမာရေးအတွက် သင့်တော်မှု ရှိ-မရှိ မသေချာတဲ့ အခြေခံ စားသောက်ကုန်နဲ့ ဆေးဝါးတွေ၊ အရည်အသွေးနိမ့်တဲ့ ကျီးအာသီးလို လူသုံးကုန်ပစ္စည်းတွေ ပြန်ရတာပဲ။ အဆိုးဆုံးကတော့ အာဏာပိုင်တွေကို ပေးကမ်းပြီး စိတ်ကြွဆေး၊ မူးယစ်ဆေးဝါးတွေ တစ်ခေါက်သယ်လာရုံနဲ့ သိန်းသောင်း ဂဏန်းချီ ပွနိုင်တော့ မန္တလေးမြေကွက်တွေ မတန်မဆ ဈေးပေး ဝယ်နိုင်တာ မဆန်း လှပါဘူး။ ဒီမျော့ဖြူကြီးတွေဟာ မသာအိမ် ဖဲလိမ်ရိုက်နေကြတာပဲ။
ဗမာတွေ ကိုယ့်အရိုးနဲ့ ကိုယ်ပြန်အထိုးခံနေကြရတာ။ ကိုယ့်ဆီကထွက်တဲ့ ကုန်ကြမ်းနဲ့ လုပ်ထားတဲ့ ပစ္စည်းတွေ ဈေးကြီးပေးဝယ်သုံးနေရတာ မဟုတ်လား။ အုပ်ချုပ်သူတွေ အသုံးမကျ တော့၊ တိုင်းပြည်မှာ ကုန်ထုတ်လုပ်မှု (production) မယ်မယ်ရရ မရှိဘူး။ ကုန်ချောတွေ မထုတ် နိုင်ဘူး မဟုတ်လား။
အိုသွားတဲ့ဈေးချို
မန္တလေးရဲ့ အဝေးရောက်သားဖြစ်တဲ့ ကျွန်တော့်အဖို့တော့ အခွင့်သာလို့ အလည် တစ်ခေါက် ပြန်တိုင်း ဈေးချိုတော့ မရောက်ရောက်အောင် သွားတယ်။ ရုံကြီးတွေထဲ ဟိုဝင် ဒီထွက်နဲ့ မောသွားအောင်ကြည့်ပြီးမှ မန္တလေးနန်းကြီးသုတ် (သို့) ခိုတောင်မုန့်တီသုတ်စား၊ ရွှေရင်အေး သောက်၊ အုန်းနို့ကျောက်ကျောစားပြီးရင် အရီးတောင်း လက်ဖက်သုတ်လေး ဝယ်ပြီးမှ အိမ်ပြန်တာ ထုံးစံလို ဖြစ်နေခဲ့တယ်။
ဒါပေမယ့် တစ်ခေါက်ထက် တစ်ခေါက် မန္တလေးဈေးချိုဟာ ပိုပိုပြီး ရုပ်ပျက်လာခဲ့တာ သတိ ထားမိတယ်။ အခုဆို မှတ်မိစရာ ဆိုလို့ မန္တလေးနာရီစင်တစ်ခုပဲ ကျန်တော့တယ်။ အဲ့ဒီ နာရီစင် ဟောင်းလေးတော့ မဖျက်ပါစေနဲ့လို့ဘဲ ဘုရားတနေမိတယ်။ ဈေးချိုဟာ အပြင်ပန်းတင် ရုပ်ပျက် သွားတာ မဟုတ်ဘူး။ အတွင်းအနှစ်သားရတွေဖြစ်တဲ့ ယဉ်ကျေးဖော်ရွေမှု၊ ပီယဝါစာ ပြောဆိုတတ်မှု စတဲ့ ဂုဏ်ဒြပ်တွေပါ ယုတ်လျော့ ပျောက်ဆုံးကုန်တာ ဝမ်းနည်းဖွယ် တွေ့မြင်ခဲ့ရတယ်။
“ယဉ်ယဉ်ကျေးကျေး မြန်မာဆန်သူ၊ အစဉ်မနှေး ဖော်ရွေသူ''
ပျူပျူငှာငှာ ချစ်စရာဈေးချိုသူ” ဆိုတဲ့ သီချင်းစာသားလေးနဲ့ “မောင်ကြီးနှမ ကျားကိုက်ခံရ ပါစေ ရှင်၊ ဈေးမပိုစေရပါဘူး” ဆိုတဲ့ ဈေးဝယ်သူ မောင်ကြီးကို ဖမ်းစားနိုင်တဲ့ အပြောအဆိုလေးတွေ ဒဏ္ဍာရီထဲမှာ ကျန်ရစ်ခဲ့ပြီ။
ပြီးခဲ့တဲ့နှစ် ဈေးချိုရောက်ခဲ့တုန်းက ထုံးစံအတိုင်း အရီးတောင်းလက်ဖက် ဝင်ဝယ်ဖြစ်တော့ မျက်နှာခြင်းဆိုင်က အခြားဆိုင်တစ်ဆိုင်ရဲ့ ဆဲဆိုကြိမ်းမောင်းပြီး သူခိုးယိုးစွပ်နေတာ စိတ်မချမ်း မြေ့ဖွယ် ကြုံခဲ့ရတယ်။ ဈေးရောင်းသူက ဈေးဝယ်ယူ (Customer) ကို ဒီလိုပြောဆို ဆက်ဆံတာဟာ ဟိုအရင်ခေတ် ဂုဏ်သတင်းကျော်ဇောတဲ့ ဈေးချိုသူရဲ့ ပုံရိပ်ကို ရိုက်ချိုးနင်းချေပစ်လိုက်တာပဲ။
မန္တလေးရဲ့ ဓလေ့ထုံးစံများစွာနဲ့ အထင်ကရ ပွဲတော်ကြီးတွေ သမိုင်းဝင်နေရာ ဌာနကြီး တော်တော်များများဟာ တိမ်မြုပ်ပျောက်ကွယ်လု နီးနေပြီ။ အထင်ရှားဆုံး သာဓကကတော့ မန္တလေး သင်္ကြန်ဘဲ။ ကျွန်တော်တို့ခေတ်တုန်းက သင်္ကြန်ဆိုတာ ယဉ်ကျေးစွာ ရေပက်သူကပက်၊ စတုဒီသာ ကျွေးသူက ကျွေး၊ ဇီဝိတဒါန ပြုသူကပြု သက်ကြီးရွယ်အိုတွေ ခေါင်းလျှော် ခြေသည်းလက်သည်း လှီးသူက လှီး၊ သံချပ်ဆိုသူကဆိုနဲ့ တစ်မြို့လုံး ယဉ်ကျေးပျော်ရွှင်စွာ စည်ကားခဲ့တယ်။ အခုခေတ် မန္တလေးသင်္ကြန်ဆိုတာ ကျုံးဘေးပတ်လည် တစ်ဝိုက်မှာသာ ရိုင်းစိုင်းယုတ်မာသူတွေ၊ နှမချင်း မစာနာ မူးရစ် ရမ်းကားတဲ့ ပွဲတော်ကြီး ဖြစ်သွားပြီ။ လူကောင်းသူကောင်းတွေနဲ့ ယဉ်ကျေးသူတွေ မန္တလေး သင်္ကြန်ကို ရင်မခုန်ကြတော့ဘူး။
နိဂုံးချုပ် ပြောရရင် မန္တလေးဟာ အပျိုရည်အဖျက်ခံခဲ့ရပြီ။ ပညာမဲ့ပြီး အမျှော်အမြင်မရှိ၊ ကိုယ်ကျင့်သိက္ခာ မတည်ကြည်တဲ့ အုပ်ထိန်းသူရဲ့ လက်အောက်မှာ အမျိုးကောင်း သားသမီးတွေ အဖျက်ဆီးခံရတတ်တာ ဓမ္မတာဆိုပေမယ့် ဖွတ်သထက် မညစ်ဖို့၊ အပျိုရည် ဆုံးပေမယ့် ပြည့်တန်ဆာအဆင့် မရောက်ဖို့ ထိန်းသိမ်း စောင့်ရှောက်ရမှာ ကျွန်တော်တို့အားလုံးရဲ့ တာဝန် ဖြစ်တယ်။ မျှော့ဖြူကြီးတွေရဲ့ သွေးစုပ်တာ မခံရဖို့ အုပ်ချုပ်သူတွေမှာ အဓိက တာဝန်ရှိသလို ပြည်သူ ပြည်သားတိုင်း ဝံသာနုရက္ခိတတရားတွေ လက်ကိုင်ထားကြဖို့ လိုတယ်။ ကိုယ့်သမီးကို အပျိုရည် ပျက်စေရုံမက ပြည့်တန်ဆာဘဝ ရောက်အောင် ရောင်းစားမယ့် ပထွေးဆိုးလို အုပ်ချုပ်သူ အစိုးရ မင်းဆိုးမင်းညစ်တွေကို ရဲရဲဝံ့ဝံ့ ဆန့်ကျင်တွန်းလှန်ရမှာ နိုင်ငံသားတိုင်းရဲ့ မွေးရာပါ တာဝန်တစ်ရပ်ဘဲ ဆိုတာ တင်ပြတိုက်တွန်း လိုက်ပါတယ်။
တာဝန်ကျေပွန်သော နိုင်ငံသားတိုင်းအား ဦးညွတ်လျက်
လေးစားစွာဖြင့်
မင်းကောင်းချစ်
myatphonelin facebookမှ