Cartoon aungmaw
ဇေယျာသော်( GW)
ယခုကြေငြာသွားသောသတင်းအရ GW( Generation Wave)မှအဖွဲ့ဝင်များ ပါရှိသေးမည် မဟုတ်သေးကြောင်း မိမိတို့အဖွဲ့တွင် အများစုမှာ နှစ်ကြီးသမားများကြောင်း GW အဖွဲ့ဝင် ဇေယျာသော် ကပြောသည်။`ကျနော်တို့အဖွဲ့က လူတွေက နှစ်ကြီးသမားတွေပါ။ သူတို့ကို စာရင်းပြန်ပြုစုရဦးမယ် ဆိုတော့ ဘယ်သူတွေ ပါမလဲ ဆိုတာ ပြောနိုင်မယ်။စာရင်းပြုစုရင်လည်း ကျနော်တို့အဖွဲ့တခုတည်းကိုပဲပြုစုမှာ မဟုတ်ဘူး။ အားလုံးကို စာရင်းလုပ်မှာပါ`
လူထုဦးစိန်ဝင်း (ဝါရင့်သတင်းစာဆရာ)
အခုလို နားလှည့်ပါးရိုက်တဲ့ ပုံစံမျိုးတွေ လုပ်တဲ့ဟာက ရှင်းရှင်းပြောရရင် ဘာနဲ့တူသလဲဆိုတော့ သူတို့ကိုယ်သူတို့ အရှက်ကွဲနေသလိုဖြစ်နေတယ်။ ကမ္ဘာ့အလယ်မှာရော ပြည်သူလူထုအလယ်မှာရော သူတို့သိက္ခာမရှိသလိုဖြစ်နေတယ်။ ဒီလူတွေဟာ ဘယ်လောက်အထိ အငြိုးအာဃာတ ကြီးနေသလဲ၊ အရပ်စကားနဲ့ပြောရရင် ကလိမ်ကကျစ်တွေ များနေသလဲဆိုတာ လူတွေက အဲလိုပဲဖြစ်ကုန်တာပေါ့။ ဒါဟာ သိပ်မကောင်းဘူးလို့ထင်တယ်။ ဘာလို့လဲဆိုတော့ ဒီပြဿနာဟာ တိုင်းပြည်မှာ အရေးကြီးဆုံး ပြဿနာလိုလဲ ဖြစ်တယ်။ လူတိုင်းရဲ့ခေါင်းထဲမှာ ရင်ထဲမှာ ရောက်နေတဲ့ ပြဿနာလည်းဖြစ်တယ်။ ဒီပြဿနာမျိုးကို ကျွန်တော်ထင်တယ် တစ်ခါထဲကို ခဝါဖွတ်သလို လျှော်ချလိုက်ပြီးတော့ ရှင်းလိုက်ရင်တော့ သူတို့အဖို့လည်း အကောင်းဆုံး ဖြစ်မယ်လို့ ကျွန်တော်တို့ထင်တယ်။ လူတွေက အခု ဦးသိန်းစိန်တို့ ဘာတို့ကို လူတွေက လေးစားနေတဲ့ အထင်ကြီးနေတဲ့ ဝမ်းသာအားရ ဖြစ်နေတဲ့ဟာတွေ အကုန်လုံးအဲဒါတွေ ဆုံးရှုံးသွားအောင် လုပ်နေတာပဲဗျ။ အဲဒီတော့ ကျွန်တော့်အထင်ကတော့ ဒီပြဿနာကို အခုလို နှစ်ပေါင်း၆၀ကနေ၃၀ရောက်၊ ၆၀နဲ့ ၆၀ခံနေရတာကနေ ၃၀ပဲခံရခံရ ခွန်ထွန်းဦးလိုလူမျိုး နှစ်ပေါင်း ၉၀ ကနေပြီးတော့ ၃၀ပဲခံရခံရ တူတူပဲဗျ၊ နှစ်ပေါင်း ၃၀ ဆိုတာကလည်း နည်းနည်းနောနောနှစ်မဟုတ်ဘူး။ အဲဒီတော့ ကျွန်တော်က ဒီဟာတွေလုပ်မနေဘဲနဲ့ နိုင်ငံရေးအကျဉ်းသားတွေကိစ္စကို လွှတ်ဖို့ကိစ္စကို စဉ်းစားဖို့လိုတယ်။ နောက်တစ်ခါ အခြေအနေကြုံခဲ့သော်၊ ကြုံမှကြုံဦးမလားတောင် မသိပါဘူး။ ပေါ်ခဲ့သော် တစ်ခါတည်း လွှတ်ပေးဖို့ တစ်ခါတည်း ဒီပြဿနာတွေကို ရှင်းဖို့ စဉ်းစားဖို့ကောင်းတယ်လို့ ကျွန်တော်ကထင်ပါတယ်။
၈၈မျိုးဆက်ကျောင်းသားကိုကိုကြီး (စမ်းချောင်း)
ကိုကိုကြီး (စမ်းချောင်း)က သူ့အနေဖြင့် ယခု ကြေငြာချက်အား အံ့သြမိကြောင်း ၊သူ့အနေနှင့်၂၀၁၂ တွင် အများကြီးမျှော်လင့်ထားကြောင်း ပြောင်းလဲလိမ့်မည်ဟုလည်း ယူဆထားခဲ့ကြောင်း ယခုကြေငြာချက် အရ နှစ်အနည်းငယ်ကျခံနေရသူများသာ လွတ်မြောက်နိုင်ကြောင်း ပြောသည်။
` ကျနော်ကတော့ အညာခံရတယ်လို့ပဲ စိတ်ထဲမှာ ခံစားရတယ်ဗျာ။ ကျွန်တော်တင်မဟုတ်ဘူး၊ တစ်နိုင်ငံလုံးလဲ မဟုတ်ဘူး၊ ကမ္ဘာကြီးတောင်အညာခံရတယ်လို့ ယူဆတယ်ဗျာ။ ဟီလာရီကလင်တန်လဲ မတတ်နိုင်ဘူးလို့ ယူဆတာပေါ့ဗျာ။ မဖြစ်သင့်ပါဘူးဗျာ ´ဟု၎င်းကပြောသည်။ကိုကိုကြီးစမ်းချောင်းသည်အောက်တိုဘာ၁၂ရက်နေ့ ၂၀၁၁ခုနှစ်တွင်လွတ်ငြိမ်းချမ်းသာခွင့်ဖြင့်လွှတ်မြောက်လာသောနိုင်ငံရေးအကျဉ်းသားဟောင်းတဦးဖြစ်သည်။
ချစ်ကိုလင်း(၈၈ မျိုးဆက်ကျောင်းသား)
`ဒီသတင်းက ထောင်ထဲမှာ တစ်ရက် တစ်မနက်နေနေရတဲ့ သူတွေအတွက်တော့ ၀မ်းသာစရာပါ။ အမိန့်နဲ့ ပတ်သတ်လို့ သဘာဝမကျဘူး။ သူတို့ကို ချွင်းချက်မရှိ မလွှတ်ပေးသေးတဲ့အတွက် အများကြီးစိတ်မကောင်း ဖြစ်မိပါတယ် ´ ဟု ကပြောသည်။ယုံကြည်ချက်ကြောင့် အကျဉ်းကျခံထားရသူများအတွက် ထိုကဲ့သို့ အမိန့်မျိုးနှင့် ဘယ်လိုမှ အကျုံးမ၀င်ကြောင်း လွတ်မြောက်နိုင်စရာ မရှိသေးကြောင်း ဒီမိုကရေစီစနစ်ဖော်ဆောင်ရေးလုပ်ကိုင်နေကြသူများအဖို့ ယခုလိုအခြေအနေမျိုးတွင် အသုံးချသင့်ကြောင်း မကြာသေးခင်က ပြန်လည်လွတ်မြောက်လာသော ၈၈ မျိုးဆက် ကျောင်းသားတစ်ဦးဖြစ်သည့် ကိုချစ်ကိုလင်း ကပြောသည်။
ကိုချစ်ကိုလင်းသည် အောက်တိုဘာ ၁၂ ရက်နေ့၊ ၂၀၁၁ ခုနှစ်တွင် ပခုက္ကူထောင်မှ လွတ်ငြိမ်းချမ်းသာခွင့်နှင့်လွတ်မြောက်လာသူဖြစ်ပြီး။ သူ၏ ဇနီးသည် မသက်သက်အောင်မှာလည်း ၈၈ မျိုးဆက်ကျောင်းသူဖြစ်ပြီး မြင်ခြံအကျဉ်းထောင်တွေ ထောင်ဒဏ် ၆၅ နှစ် ကျလျက်ရှိကြောင်း သိရှိရသည်။
ဒီကြေညာချက်ကြောင့် နှစ်ပေါင်း ၅၀လုံးလုံး ဗြောင်လိမ်ခဲ့တဲ့ အစိုးရရဲ့ လုပ်ရပ်တွေဟာ တကျော့ပြန်လာပြီလားလို့ စိတ်ထဲမှာ တွေးမိပါတယ်။ အခုချိန်မှာ ဟိုဝန်ကြီးက ပြောလိုက်၊ ဒီဝန်ကြီးက ပြောလိုက်၊ လူ့အခွင့်အရေး ကော်မရှင်က ပြောလိုက်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးတော့မလိုလိုနဲ့ ပြောခဲ့ကြပြီးမှ မလွှတ်ချင်တဲ့အတွက် တိုင်းပြည်ကို ဗြောင်လိမ်သလိုဖြစ်နေပြီး ဘာကိုမှ မယုံကြည်ရတော့သလို ဖြစ်သွားပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေရဲ့ ကိစ္စဟာ အင်မတန်အရေးကြီးပါတယ်။ ဒါကြောင့် အခုကြေညာချက်ဟာ အစိုးရကို သိက္ခာကျစေခဲ့သလို ယုံကြည်မှုလည်း ကင်းမဲ့စေပါတယ်။ ဒီကြေညာချက်ကြောင့် အစိုးရအဖွဲ့သစ်ရဲ့ လုပ်ဆောင်မှုတွေအပေါ် ယုံချင်သလိုဖြစ်နေတဲ့ စိတ်တွေတောင် ပျောက်ဆုံးသွားပါတယ်။ ဒါကိုမှ မယုံရရင် ဒေါ်စုကို ဒီမိုကရေစီဖြစ်ထွန်းရေးမှာ ပါဝင်ခွင့်ပေးတာတွေ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးကြိုးပမ်းမှု လုပ်တာတွေကို ဘယ်လိုလုပ်ပြီး ယုံကြည်ရတော့မလဲ။ အစိုးရအတွက်တော့ အင်မတန်အရှက်ကွဲပြီး သိက္ခာကျစေတဲ့ ကြေညာချက်ဖြစ်ခဲ့ပါတယ်။ နောက်တစ်ချက်ကတော့ ဒါဟာ လွတ်ငြိမ်းချမ်းသာခွင့် မဟုတ်ပါဘူး။ လုပ်ရိုးလုပ်စဉ် လျော့ရက်ပေးတာမျိုးပါ။ ဒီလိုမျိုးဆိုတာ ထောင်ထဲမှာ ရှိပြီးသားပါ။ နောက်ပြီး နိုင်ငံရေးအကျဉ်းသားတွေကို ရာဇဝတ်သားတွေနဲ့ တန်းတူသဘောထားပြီး လုပ်နေတာတွေဟာ နိုင်ငံရေးအကျဉ်းသားတွေကို သိက္ခာချနေတဲ့ လုပ်ရပ်လို့ မြင်ပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေကို မလွှတ်ပေးပဲနဲ့တော့ ဒီမိုကရေစီဖြစ်ထွန်းရေးကို မလုပ်နိုင်ပါဘူး။
ဦးဝင်းတင် (ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်, NLD)
အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာNLD ပါတီရွေးကောက်ပွဲဝင်ရုံလောက်နဲ့ ဖြစ်လာမှာ မဟုတ်ဘူး။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပြန်လည်တည်ဆောက်တယ် ဆိုတာကလည်း လက်နက်ကိုင်တွေနဲ့ အပစ်အခတ်ရပ်ရုံနဲ့ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး တည်ဆောက်တာမဟုတ်ဘူး။ တကယ်အနှစ်သာရရှိတဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို အစိုးရအနေနဲ့ စစ်စစ်မှန်မှန် လုပ်ဆောင်ဖို့ လိုနေပြီ။ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရတဲ့ သူတွေကိုသီးသန့်လွှတ်ပေးမှ အမျိုးသားပြန်လည် သင့်မြတ်ရေး လမ်းကြောင်းပေါ် ရောက်မယ်လို့ ပြည်သူတွေက ယူဆနေကြတယ်။ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူတွေကို ထိန်းသိမ်းတာတွေ ရပ်စဲခြင်းမရှိရင် မြန်မာနိုင်ငံမှာ ဒီမိုကရေစီလမ်းကြောင်းကို သွားနေတယ်လို့ လုံးဝယူဆလို့မရနိုင်တဲ့ အခြေအနေမျိုးတွေ ဖြစ်သွားနိုင်တယ်။
ဒေါက်တာ သန်းထွဋ်အောင် (CEO, Eleven Media Group)
ဒီကြေညာချက် ထွက်လာပြီးနောက်မှာ ကျွန်တော်နားလည်မိတာကတော့ အနှစ် ၂၀အောက် ထောင်ဒဏ်ကျခံနေရတဲ့သူတွေကို ပြစ်ဒဏ် လေးပုံတစ်ပုံ လျော့မယ်ဆိုတာ ဖြစ်ပါတယ်။ ကိုမင်းကိုနိုင်တို့ အပါအဝင် ထောင်ဒဏ် ၆၅နှစ် အထက်ကျခံနေရသူတွေဟာ အမှုတစ်ခုချင်းစီအလိုက် ထောင်ဒဏ် ၁၅နှစ်နဲ့ လေးမှုအထက် ကျသူတွေ ဖြစ်နေပါတယ်။ ဒီအတွက်ကြောင့် သူတို့တွေဟာ အနှစ် ၂၀အောက် လေးပုံတစ်ပုံထဲပါနေတယ်လို့ နားလည်ပါတယ်။ အခု လျော့ချလိုက်တဲ့အတွက် ထောင်ထဲမှာ ၄၈နှစ်နဲ့ ၄ လကျော်ကျော်လောက် ဆက်ရှိနေရမဲ့ သဘောဖြစ်နေပါတယ်။ ဒါကြောင့် သူတို့တွေ လွတ်လာဖို့ မလွယ်ပါဘူး။ ဒီလို လေးပုံတစ်ပုံ လျော့ချပုံအရကြောင့် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ နိုင်ငံရေးအကျဉ်းသားတွေ အများကြီးလွတ်လာဖို့ မမျှော်လင့်ရပါဘူး တစ်ချို့လွတ်ရက်နီးလို့ ရက်စေ့တဲ့သူတွေတော့ ပါကောင်းပါလာနိုင်ပေမဲ့ ခေါင်းဆောင်တွေကတော့ ကျန်နေခဲ့ရမဲ့ သဘောရှိပါတယ်။ အစိုးရအနေနဲ့ကတော့ ဒီမိုကရေစီစနစ်ကို သွားနေတယ်၊ ပြုပြင်ပြောင်းလဲမှုအတွက် ကောင်းတာတွေလည်း လုပ်သင့်သလောက် လုပ်နေတဲ့အချိန်မှာ ဒီလူတွေကို လွှတ်ပေးတာဟာ အရေးကြီးတဲ့ အခန်းကဏ္ဍ ဖြစ်နေပါတယ်။ နောက်တစ်ချက်ကတော့ ပြည်သူတွေ လိုလားတောင့်တနေတဲ့ ဒီမိုကရေစီ ဝိသေသတွေ၊ ဒီမိုကရေစီ ဖြစ်ထွန်းမှုတွေမှာ ဒီလူတွေ ပါဝင်ခွင့်မရသေးတာကြောင့် အနှောက်အယှက် ဖြစ်နေဦးမယ်လို့ ကျွန်တော်ထင်ပါတယ်။
ကိုမြတ်သူ (ကိုမင်းကိုနိုင် ဦးဆောင်သော ၈၈မျိုးဆက်ကျောင်းသား အဖွဲ့၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်)
အခုကြေညာသွားတဲ့ လွတ်ငြိမ်းချမ်းသာခွင့်ထဲမှာ ခိုးဆိုးဓားပြမှုတွေနဲ့ ရာဇ၀တ်မှု ကျူးလွန်နေသူတွေကို နိုင်ငံတော်အတွက် စွန့်လွတ်အနစ်နာခံထားတဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေနဲ့ တစ်တန်းတည်းထားပြီး သတ်မှတ်မယ်ဆိုရင် လုံးဝမတရားပါဘူး။ ဒီလိုရာဇ၀တ်မှု ကျူးလွန်သူတွေကို ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေသူတွေနဲ့ တစ်တန်းတည်း ထားလိုက်တာဟာ နိုင်ငံတော်သစ်အတွက် အန္တရာယ်အရမ်းကြီးပါတယ်။ ဖြစ်စေချင်တာက ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေကို တရားရှင် လွှတ်ပေးသင့်တာပါပဲ။ ဒီလိုမှ မဟုတ်ရင် ဒီလွတ်ငြိမ်းချမ်းသာခွင့်ဟာ ထင်သာမြင်သာမရှိဘဲ ပွင့်ပွင့်လင်းလင်းလည်း မရှိဘူး။ ဒီမိုကရေစီနိုင်ငံသစ်ကို သွားနေတယ်ဆိုတာကိုလည်း ကျွန်တော်တို့ ဘယ်လိုဆက်ပြီး ယုံကြည်ရမှာလဲ။
ဒါရိုက်တာ ၀ိုင်း
ဒီလိုလျော့ချမှုတွေကို ဘယ်သူတွေကမှ ထောက်ခံမှာ မဟုတ်သလို ဘယ်သူတွေကမှ သဘောကျမှာလည်း မဟုတ်ဘူးလို့ ထင်ပါတယ်။ ဖြစ်သင့်တာကတော့ case တစ်ခုချင်းစီကို case by case ပြန်ပြီး စဉ်းစားသင့်တယ်၊ သုံးသပ်သင့်တယ်လို့ ထင်ပါတယ်။ ဒီအမှုတွေကို စီရင်ခဲ့တဲ့ ကိစ္စတွေကို ပြန်ပြီး စိစစ်သင့်တယ်။ အမှုတွေဟာ တရားဝင်၊ မဝင်၊ တကယ်ရှိ၊ မရှိ ပြန်သုံးသပ်သင့်တယ်လို့ ထင်ပါတယ်။ နောက်ပြီးတော့၊ အစိုးရကို မကောင်းပြောခဲ့တာလေး တစ်ခုနဲ့ ဒီလူတွေကို ၆၅နှစ်လောက် ထောင်ထဲမှာ မထားသင့်တော့ပါဘူး။ မုဒိမ်းမှုကျူးလွန်တဲ့သူတွေတောင် ဆယ်နှစ်လောက်ပဲ ထောင်ကျတာ။ ဟိုအရင်ခေတ်က အစိုးရကို မကောင်းပြောခဲ့တာပဲ။ ဒီဘက်ခေတ် အစိုးရလက်ထက်မှာ ဒီလူတွေကို လွှတ်ပေးလိုက်ပြီး ဒီမိုကရေစီ အခင်းအကျင်းမှာ ပါခိုင်းလိုက်ပေါ့။ ဒီဘက်ခေတ်မှာ ဒီလူတွေက ဥပဒေနဲ့ မညီတာတွေလုပ်ရင် ဒီဘက်ခေတ်ဥပဒေနဲ့ ပြန်ပြီး အရေးယူပေါ့။ နိုင်ငံရဲ့ အပြောင်းအလဲမှာ ဒီလူတွေကို ပါဝင်ခွင့်မပေးတာဟာ ဒီမိုကရေစီစနစ်နဲ့ ဆီလျော်မှုမရှိပါဘူး။ လွှတ်ပေးစေချင်ပါတယ်။ ဒီလိုတွေကို လွှတ်ပေးခြင်းအားဖြင့် ဒီမိုကရေစီဖြစ်ထွန်းရေးမှာ ပိုကောင်းတာတွေ ဖြစ်လာလိမ့်မယ်လို့လည်း ယူဆပါတယ်။
တရားလွှတ်တော်ရှေ့နေ ဦးသန်းမောင်
ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေအတွက် သူတို့ရဲ့ မိသားစုဝင်တွေရော အများပြည်သူတစ်ရပ်လုံးကပါ လွတ်စေချင်နေကြပါပြီ။ သူတို့တွေက ရာဇ၀တ်မှု ကျူးလွန်ထားတာ မဟုတ်ဘဲ နိုင်ငံအတွက် အနစ်နာခံပြီး ရောက်နေကြရတာလေ။ အခုကြေညာသွားတဲ့ လွတ်ငြိမ်းချမ်းသာခွင့်ထဲမှာ ရာဇ၀တ်မှု ကျူးလွန်ထားသူတွေနဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေကို ရောနှောပြီး သုံးနှုန်းပြောဆိုတာ ခွဲခွဲခြားခြား မသိရတာတွေကို တော်တော်လေးကို စိတ်မကောင်းဖြစ်ရပါတယ်။ ဒါကို ကြည့်ချင်အားဖြင့် ဒီမိုကရေစီနိုင်ငံကို သွားနေတဲ့ အစိုးရသစ်တစ်ရပ်ဆိုတာကို ယုံကြည်နိုင်ဖို့ အရမ်းကို ခက်ခဲနေပါတယ်။
ဒါရိုက်တာ မင်းထင်ကိုကိုကြီး
ဒီကြေညာချက် ထွက်လာတဲ့အခါမှာ Something is better than nothing လို့ ထင်ပေမဲ့ ပြည်သူတွေကရော၊ နိုင်ငံခြားမှာရှိနေတဲ့သူတွေကရော လွတ်လွတ်ကျွတ်ကျွတ် လွတ်လာမှာကို မျှော်လင့်နေကြတာ တွေ့ရပါတယ်။ ဒါကြောင့်မို့ အခုလို ဈေးဆစ်ပြီး လုပ်နေတာတွေကို လျော့ပြီး ဒီလူတွေ (ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ) ဒီမိုကရေစီဖြစ်ထွန်းမှုမှာ ပါလာပြီဆိုရင် ပိုပြီး အကျိုးရှိတာတွေ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ နောက်ပြီး အခုချိန်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး လုပ်နေတယ်။ NLD နဲ့ ဒေါ်စုကို ရွေးကောက်ပွဲဝင်ဖို့ အခင်းအကျင်းတွေ လုပ်ပေးခဲ့တယ်။ ဒါတွေဟာ နိုင်ငံတကာ ပြည်သူတွေရော၊ ပြည်တွင်း ပြည်သူတွေအတွက်ပါ မျှော်လင့်ချက်တွေ ဖြစ်စေခဲ့တယ်။ သူတို့တွေ ဖြစ်ချင်နေတဲ့ မျှော်လင့်ချက်တွေကို ပြည့်စေချင်တယ်။ NLD မှတ်ပုံတင်ဖို့နဲ့ ဒေါ်စုကို ရွေးကောက်ပွဲဝင်စေဖို့ အကြာကြီးစောင့်ပေးခဲ့တာပဲဗျာ။ အဲသလောက်တောင် စောင့်ပေးခဲ့ပြီးခါမှာ ဒီလူတွေကိုလည်း နိုင်ငံရေးအခင်းအကျင်းထဲ ပြန်ပြီးတော့ ပါဝင်နိုင်အောင် လုပ်ပေးရင် ပိုကောင်းလိမ့်မယ်လို့ ထင်ပါတယ်။
ဦးကြည်မြင့် (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)
ပြီးခဲ့တဲ့ လွှတ်တော်အစည်းအဝေးတွေတုန်းကလည်း လွတ်ငြိမ်းချမ်းသာခွင့်တွေနဲ့ ပါတ်သတ်ပြီး အဆိုတင်သွင်းကြသလို တပ်မတော်သားကိုယ်စားလှယ်တွေရော အာဏာရ ပြည်ခိုင်ဖြိုးပါတီက ကိုယ်စားလှယ်တွေပါ ထောက်ခံဆွေးနွေးခဲ့ကြတယ်။ လွှတ်တော် ဥက္ကဋ္ဌတွေကလည်း ဒီကိစ္စကို ပြောခဲ့တယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေကို လွှတ်ပေးဖို့ ယခင်ကထက် နီးကပ်လာပြီလို့ ဒီဇင်ဘာလဆန်းတုန်းက ပြောထားပါတယ်။ ဟီလာရီကလင်တန်လာတုန်းကလည်း ဒီကိစ္စကို အဓိက ကိစ္စတစ်ခုအဖြစ် ဆွေးနွေးခဲ့ကြတယ်။ ဘာပဲဖြစ်ဖြစ် မဏ္ဍိုင်တစ်ခုနဲ့တစ်ခု အပြန်အလှန်လေးစားမှုရှိဖို့ လိုပါတယ်။ ဥပဒေပြုရေး မဏ္ဍိုင်ထဲမှာပါဝင်တဲ့ လွှတ်တော်တွေ၊ စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ မီဒီယာတွေ၊ ပဉ္စမမဏ္ဍိုင်ဖြစ်တဲ့ ပြည်သူတွေရဲ့ ဆန္ဒကို အုပ်ချုပ်ရေးမဏ္ဍိုင်က အသိအမှတ်ပြု လေးစားသင့်ပါတယ်။ အခုထုတ်ပြန်ချက်က အုပ်ချုပ်ရေးမဏ္ဍိုင်ဖြစ်တဲ့ အစိုးရအပေါ်မှာပဲ မူတည်နေပါတယ်။
source : DVB-Weekly Eleven News .
Tuesday, January 3, 2012
2 လွတ်ငြိမ်းချမ်းသာခွင့်အပေါ်နိုင်ငံရေးအကျဉ်းသားဟောင်းများ၊သတင်းစာနယ်ဇင်းဆရာများ၊ လွှတ်တော်ကိုယ်စားလှယ်များ၏အမြင်များ
0 ၂၀၁၂ ကုသိုလ်နိဒါန်း
၁.၁.၂၀၁၂ ရက်နေ့သည် နာရေးကူညီမှုအသင်း(ရန်ကုန်)သည် အများပြည်သူတို့အား (အခမဲ့) ကူညီဖေးမ ပံ့ပိုးခဲ့သည်မှာ (၁၁)နှစ် တင်းတင်းပြည့်မြောက်ခဲ့သည့် နေ့ထူးနေ့မြတ် တစ်ရက်ဖြစ်ပေသည်။
နံနက် (၆း၀၀) နာရီအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ သြ၀ါဒစရိယ ဆရာတော်များ ဖြစ်ကြသည့် ဘဒ္ဒန္တ အရှင်ဣန္ဒက (တွံတေး)နှင့် ဘဒ္ဒန္တ အရှင်ဉာဏိဿရ (မဟာဂန္ဓာရုံ) ဆရာတော်ကြီး နှစ်ပါးထံမှ သြ၀ါဒတရားခံယူပြီး ကြွရောက်လာကြသော သံဃာတော် အရှင်သူမြတ် (၁၁) ပါးတို့အား အာရုံဆွမ်း၊ သင်္ကန်းပရိက္ခရာ၊ အလှူငွေများဆက်ကပ်လှူဒါန်းကာ ကြွရောက်လာကြသော ဧည့်သည်တော် များနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသား/သူများနှင့် အလှူရှင်များ၊ ဆေးဝါးလာရောက်၍ ကုသကြသော လူနာများ၊ လူနာရှင်များတို့အား နံနက်စာအဖြစ် မုန့်ဟင်းခါးဖြင့် ဧည့်ခံကျွေးမွေးခဲ့သည်။
ယင်းနေ့တွင် နာရေးအကူအညီ တောင်းခံမှု (၄၄) ဦးရှိသည့်အနက် နံနက် (၁၁း၀၀) နာရီအချိန်၌ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ အကူအညီတောင်းခံလာမှု အမှတ်စဉ် (၁၁) ဦးမြောက် နာရေးဈာပန လမ်းကြောင်းဖြစ်သည့် မြောက်ဥက္ကလာပ မြို့နယ်၊ သုမိတ္တာ (၁၄)လမ်း၊ (၁) ရပ်ကွက်နေ ဒေါ်ငွေစိန် အသက် (၉၂)နှစ်၏ ရုပ်အလောင်းအား နာရေးကူညီမှုအသင်း(ရန်ကုန်)မှ နိုင်ငံခြားအခေါင်းဖြင့် မီးသင်္ဂြိုလ်ပေးခြင်း၊ အထူးနိဗ္ဗာန်ယာဉ်ဖြင့် ကူညီပေးခြင်း၊ ၀တ်ရွတ်အဖွဲ့ဖြင့် ကုသိုလ်ယူမေတ္တာပို့ အမျှပေး ဝေခြင်း၊ ရေသန့်ဗူးများ နာရေးလိုက်ပါ ပို့ဆောင်သူတို့အား ဝေငှပေးခြင်း၊ နာရေးပို့ဆောင်သူများ လိုက်ပါ စီးနင်းနိုင်ရန်အတွက် အသင်းသား ကိုစည်သူမှ BM မော်တော်ယာဉ် (၅) စီးကူညီပေးခြင်း၊ ရက်လည် ဆွမ်းကပ်ရန် သင်္ကန်းပရိက္ခရာနှင့် အသင်းသား/သူများတို့၏ ချွေးနဲစာဖြင့် လှူဒါန်းထားသော အလှူငွေ (၂၇၀၀၀၀ိ/-) ကျပ်လှူဒါန်းပေးခြင်း၊ မျိုးဆက်သစ်စာနယ်ဇင်း(လူငယ်) (၃၁)ဦးနှင့် လက်တွဲ၍ အနု ပညာရှင်များ၊ နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသူ/သားများ၊ ၀န်ထမ်းများတို့မှ နာရေးနေအိမ်မှ ဒေါ်ငွေစိန် အသက် (၉၂)နှစ်၏ ရုပ်အလောင်းအား အထူးနိဗ္ဗာယာဉ်ရပ်ထားသော လမ်းထိပ်သို့ လက်ဆင့်ကမ်းကာ ၀ိုင်းဝန်းကူညီဖေးမ သယ်ဆောင်၍ ရေဝေးသုဿန်သို့ စည်ကားသိုက်မြိုက်စွာ ပို့ဆောင်မီးသင်္ဂြိုလ်ပေးခဲ့သည်။
ပေါ်ပြူလာဂျာနယ်မှ ၂၀၁၂ ခုနှစ်အတွက် အမှတ်တရ ထုတ်ဝေသည့် “နှစ်သစ်အကြိုအပြုံး” ပြက္ခဒိန်များကိုလည်း နာရေးကူညီမှုအသင်း(ရန်ကုန်) ၀န်ထမ်းများ၊ အသင်းသူ/သားများ၊ အလှူရှင်များ၊ ဧည့်သည်တော်များ တို့အား လက်ဆောင်အဖြစ် ပေးအပ်ခဲ့သည်။ ယင်းနေ့တွင် နှစ်သစ်ကူးအလှူဒါန ပြုလုပ်လိုသူ ပြည်တွင်း/ပမှ အလှူရှင်များ လာရောက်လှူဒါန်းမှုသည်လည်း များစွာရှိခဲ့သည်။ နာရေး ကူညီမှုအသင်း(ရန်ကုန်)၏ အသင်းသူ မခင်ဋ္ဌေးကြွယ်မှလည်း နာရေးကူညီမှုအသင်း(ရန်ကုန်) (၁၁)နှစ် ပြည့် အထိမ်းအမှတ်အဖြစ် အလှူငွေ (၁၁) သိန်းကျပ်တိတိအား လှူဒါန်းမှုကို ပြုလုပ်ခဲ့သည်။
ဈာပနအခမ်းအနား ကူညီဆောင်ရွက်ပြီးနောက် နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ “သုခ” အဟာရ စားသောက်ဆိုင်တွင်လည်း နံနက်စာ ထမင်း+ဟင်းများတို့ဖြင့် ဧည့်ခံကျွေးမွေးခဲ့ကာ နေ့လည် (၂း၀၀) နာရီအချိန်တွင် ရွှေယင်းမာ ကော်ဖီမှုန့်ပိုင်ရှင် ဒေါ်သူဇာမှလည်း ကော်ဖီဖြင့် လာရောက်ဒါနပြု၍ Performance Art Show အစီအစဉ်များ တင်ဆက်ဖျော်ဖြေခဲ့သည်။ ယင်း ဖျော်ဖြေမှုတွင် အနိစ္စသဘော တရားများ၊ ငြိမ်းချမ်းရေးအတွက် ဖော်ကျူးပြသမှုများကို အဓိကထား၍ ပြသသွားသည်။ အခမ်းအနားသို့ တက်ရောက်လာကြသော ဧည့်သည်များထဲ၌ Cartoonist & Caricaturist ပညာရှင်များ ဖြစ်ကြသည့် ဆရာတာရာ၊ ဆရာ အောင်မင်းမင်းနှင့် ပန်းချီဆရာ တာမလာမှလည်း ခဲခြစ်ရေးဆွဲခြင်း မိမိတို့ တတ်ကျွမ်းသည့် ပညာရပ်များတို့ဖြင့် ၀ိုင်းဝန်းကာ နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသူ/ သားများ တို့၏ တစ်နေ့တာ ဘ၀အမောများကို ဖြေဖျောက်ရင်း ပျော်ရွှင်စွာဖြင့် ည (၆း၃၀) နာရီအချိန်၌ အောင်မြင်စွာဖြင့် ပြီးဆုံးခဲ့ပေတော့သည်။
ကိုကျော်သူ
Monday, January 2, 2012
0 ညနေ ၄ နာရီအက်ဖ်အမ် ရေဒီယိုမှ လွတ်ငြိမ်းချမ်းသာခွင့်မှာ ထောင်ကျနှစ်များကိုသာလျော့ပေးသွားခြင်းဖြစ်
လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် အစိုးရသက်တမ်းတွင် တတိယအကြိမ်မြောက်လွတ်ငြိမ်းချမ်းသာခွင့်ဆိုတာ....Cartoon Aungmaw
ညနေ ၄ နာရီသတင်းတွင် လွတ်ငြိမ်းချမ်းသာခွင့် ကြေညာခဲ့ခြင်းနှင့် ပတ်သက်ပြီး ထပ်မံသိရှိရသမျှ
ထောင်ဒဏ် နှစ် ၂၀ ကျခံနေရသူအား ၄ ပုံ၁ ပုံသို့လျော့ပေါ့လိုက်သည်ဟု သိရသည်။ ကိုနေဖုန်းလတ်မိခင်က ၎င်း၏ သားဖြစ်သူမှာ နှစ် ၂၀ ချမှတ်ခံထားရသဖြင့် လွတ်မြောက်နိုင်ကြောင်း ပြောသည်။
မသက်သက်အောင် ၏ မိခင်ဖြစ်သူ ဒေါ်စုစုကြည်က ၆၅ နှစ်ချမှတ်ခံထားရသည့် သမီးဖြစ်သူမှာ နှစ် ၃၀ သို့လျှော့ပေါ့မည့် အထဲပါဝင်မည်ဟု ယခုလက်ရှိ အချိန်ထိကြားသိရသည့် အချက်အလက်ပေါ် မူတည်ပြောဆိုသည်။
ထင်ရှားသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် လွှတ်ပေးမည့်အထဲ မပါဝင်သေးကြောင်း မိသားစုဝင် မမီမီလွင်က ပြောသည်။ “ မပါပါဘူးရှင် ၊ မပါပါဘူး၊ သူတို့ကြေညာချက်က မရှင်းမရှင်းတွေ၊ အဲဒီအတိုင်းဆို နှစ် ၄၀ လောက်ကျန်ဦးမယ် ” ဟု YPI သို့ပြောသည်။
yangon press international
ထောင်ဒဏ် နှစ် ၂၀ ကျော်သမားတွေက ထောင်ဒဏ် အနှစ် ၂၀၊ ထောင်ဒဏ် အနှစ် ၃၀ ကျော်သမားတွေက ထောင်ဒဏ် အနှစ် ၃၀၊ ထောင်ဒဏ် အနှစ် ၂၀ အောက်က လူတွေက ၄ပုံ၁ပုံ၊ သေဒဏ်သမားတွေကို တကျွန်း လွတ်ငြိမ်းချမ်းသာခွင့်ရမည်ဟု နိုင်ငံပိုင် ရုပ်မြင်သံကြားလိုင်းမှ ညနေ ၄ နာရီအချိန်တွင် ထုတ်ပြန်ကြေညာလိုက်သည်။
Burma Vj media network
ယခု ကြေငြာချက် အတိုင်း ဆိုလျှင် မည်သည့် ၈၈ မျိုးဆက်ကျောင်းသား မှ လွတ်မြောက် အုံးမည် မဟုတ်သေး ချေ။
0 လွတ်လပ်ရေးနေ့အတွေးတမျှင်
နယ်ချဲ့ဖက်ဆစ် တွန်းလှန်ပစ်လို့
ကျွန်ဖြစ်တဲ့ဘဝ လွတ်မြောက်ခဲ့ရ။
ထိုမှတဖန် အကောက်ကြံလို့
အဖိုးတန် မီးရှူးတန်ဆောင်
ဒို့ခေါင်းဆောင်တွေသွေးမြေကျ
ဆုံးရှုံးခဲ့ရ။
တဖန်ရှေ့ဆက် ချီတက်ခဲ့ရာ
သူခိုးလက်က တဝက်လုပြန်
ဗြောင်းဆန်တဲ့ ဒို့တိုင်းဒို့ပြည်
ဖွတ်ဖွတ်ကိုကျေ အခြေနေတကယ်ဆိုး
ဘယ်လိုအမြင်မျိုးမှမြင်လို့မရ
နာတာရှည်ရောဂါထ ဆေးကုလို့မရ။
ကျီးကန်းက ပက်လက်ပျံ
ငါးဒန်က ကောင်းကင်တက်
ပိုးဆိုးပက်လက် သူခိုးမျိုးနန်းတက်
အမျိုးမျိုးအသက်ထွက်နိုင်တဲ့ခုချိန်မှာ
ပြည်သူ့ဘဝဆိုတာ နုံချာလှ
ပုံပမာပြရရင် ကျွန်စုပ်တဲ့သရက်တောင်
သူတို့ထက်တောက်ပြောင်။
၎-ရက်ဇန္န၀ါရီ ရောက်လာပြန်ပြီ
နှစ်ချီကျင်းပပေးခဲ့ လွတ်လပ်ရေးနေ့တဲ့
မလွတ်လပ်သေးတဲ့ နိုင်ငံရေးအကျဉ်းသား
လွှတ်ပေးမှာလား ပြောသံသာကြား
အမှန်တရားက ဘယ်အနားရောက်နေမှန်း
လမ်းမမြင် ကမ်းမမြင်လေတော့
လည်တမော့မော့နဲ့ စောင့်မျှော်ကြရုံပေါ့။
နတ်သုဒ္ဓာမှာ မစင်တစက်ပါရုံနဲ့ နတ်သုဒ္ဓာပစ်ရသတဲ့။
ကိုကိုအောင်(ဆန်ဖရန်စစ္စကို) ဇန္န၀ါရီ ၄ ၂၀၁၂
0 တိုကျိုဒေသတွင် အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်ခဲ့
တိုကျို ။ ။ အင်အား ၇.၀ ရှိသည့် အင်အားပြင်းထန်သော ငလျင်တစ်ခုမှာ ဂျပန်နိုင်ငံ တိုကျိုဒေ သတွင် လွန်ခဲ့သော တနင်္ဂနွေနေ့က လှုပ်ခတ်သွားခဲ့ကာ ဂျပန် ဘုရင်မင်းမြတ်ဖြစ်သူ Akihito မှ နှစ်သစ်ကူး အထိမ်းအမှတ်အဖြစ် လွန်ခဲ့ သည့် မတ်လအတွင်းက ဖြစ်ပွားခဲ့ရသည့် ဆူနာမီ နောက်ဆက်တွဲ ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ကို လုပ်ဆောင် နိုင်ရန် အတွက် ပြည်သူများကို ပြောကြားနေစဉ်အတွင်း ယခုလို ဖြစ်ပွားခဲ့ရခြင်း လည်း ဖြစ်သည်။
အဆိုပါ ငလျင်မှာ ဒေသစံတော်ချိန် နေ့လည် ၂ နာရီ ၂၈ မိနစ်တွင် ဖြစ်ပွားခဲ့ရခြင်း ဖြစ်ပြီး ပင်လယ်ရေအောက် မိုင် ၂၃၀ အကွာ တွင် ဖြစ်ပွား ခဲ့ ရခြင်း ဖြစ်သည်ဟု ဂျပန်မိုးလေဝသနှင့် ဇလဗေဒအဖွဲ့မှ ထုတ်ပြန်ပြောကြားခဲ့သည်။ ငလျင်၏ ဗဟိုချက်မှာ နိုင်ငံအေ နာက်မြောက်ပိုင်း ပစိဖိတ်ကျွန်း တစ်ခုဖြစ်သည့် Torishima တွင် ဖြစ်ပွားခဲ့ရခြင်း ဖြစ်ပြီး တိုကျိုမြို့တောင်ဘက် ကီလိုမီတာ ၅၆၀ အကွာတွင် ဖြစ်ပွားခဲ့ရခြင်း ဖြစ်သည်။
ယခုလို ငလျင်ကြောင့် ဆူနာမီဖြစ်ပေါ်ခဲ့သည့် သတိပေးချက် ထုတ်ပြန်ခြင်း မရှိခဲ့ကြောင်းလည်း သိရသည်။ သို့ရာတွင် ယင်းငလျင် အရှိန်ကြောင့် တိုကျို မြို့ရှိ အဆောက်အအုံများမှာ ယိမ်းယိုင် လှုပ်ရှားခဲ့ရသော်လည်း ဂျပန်ဘုရင့် ဖလား ဘောလုံးပွဲ ကျင်းပနေသည့် နေ ရာကိုမူ ထိခိုက်ခဲ့ခြင်း မရှိကြောင်းသိရသည်။ ယခုငလျင်ကို လမ်းလျှောက်သွားနေသူများမှာ သတိမထားလိုက်မိဘဲ နေအိမ်များ တွင် နေ ထိုင်သူအချို့သာ သိလိုက်ကြောင်း တိုကျို Disneyland မှပြောရေးဆိုခွင့်ရှိသူ တစ်ဦးမှ ပြောကြားခဲ့သည်။
အလားတူပင် စီးပွားရေးလုပ်ငန်းများမှာလည်း ပုံမှန်အတိုင်းပင် လည်ပတ်ခဲ့ကြောင်း နှင့် အဆိုပါ ကစားကွင်ရှိ အချို့သောပျော်စရာ စီးနင်းမှုများမှာ စက်မှအလိုအလျှောက် ရပ်တန့်ပေးခဲ့ကြောင်းလည်း သိရသည်။ ဂျပန်နိုင်ငံမှာ လွန်ခဲ့သည့် နှစ် မတ်လ ၁၁ ရက်နေ့က လှုပ်ခတ်သွားခဲ့သည့် ငလျင်ကြောင့် ဆူနာမီရေလှိုင်းကြီး ဖြစ်ပွားခဲ့ရပြီး လူပေါင်း ၁၉၀၀၀ ကျော် သေဆုံးခဲ့ရသည့်အပြင် နှုကလိယ စက်ရုံကိုလည်း ထိခိုက်ပျက်စီးစေခဲ့သဖြင့် ဆိုးရွားလှသည့် နောက်ဆက်တွဲဖြစ်ရပ်များကို ခံစားခဲ့ရသည့်နိုင်ငံတစ်ခုလည်း ဖြစ်သည်။
source : channelnewsasia
Mrtv4
0 NLD ရဲ့အလံ နဲ့တံဆိပ်ကို၈၈ မျိုးဆက် ကျောင်းသားလူငယ်များ( ပြည်ထောင်စု မြန်မာနိုင်ငံ)ပါတီမှကန့်ကွက်ကြေငြာ(အသံဖိုင်)
0
ဖြစ်စေချင်တဲ့ မြန်မာ့နိုင်ငံရေး ကိစ္စတခု -
ရေးသူ-လွင်အောင်စိုး
မြန်မာ့ဒီမိုကရေစီအရေး ဖြစ်ထွန်းအောင် တည်ဆောက်ကြရာမှာ ကျနော်တို့ နိုင်ငံသားတွေဟာ ကိုယ်နားလည်သလို၊ ဆန္ဒရှိသလို နည်းလမ်း အမျိုးမျိုးနဲ့ တည်ဆောက်ကြပါတယ်။ အမြင်တွေ ကြွဲပားတတ်ပါတယ်။ လုပ်နည်းလုပ်ဟန်တွေ ကွဲပြားတတ်ပါတယ်။
ကြွဲပားတိုင်း ရန်သူ မဟုတ်ပါဘူး။ တိုက်ခိုက် ဖျက်ဆီးရမယ့် ကိစ္စ၊ ပြစ်တင်ဝေဖန်ရမယ့် ကိစ္စ မဟုတ်ပါဘူး။ ဟုတ်ခဲ့ရင် ကိုယ်တိုင်က အာဏာရှင်စနစ်ကို ကျင့်သုံးသလို ဖြစ်သွားပါတယ်။
(ကွဲပြားတိုင်း ရန်သူလို့ သတ်မှတ်တဲ့) ဒီသဘောမျိုးကို လက်ရှိအစိုးရက လုပ်နေဆဲပဲလား ဆိုတာ ကျနော်တို့ စောင့်ကြည့်ရပါမယ်။ လက်ရှိအထိမှာတော့ အများအားဖြင့် မတွေ့ရသေးပါဘူး။ ဒါပေမယ့် နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ငြိမ်းချမ်းသာခွင့် ပေးတဲ့ကိစ္စ၊ ပြည်တွင်းစစ် ရပ်စဲတဲ့ကိစ္စ၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို တည်ဆောက်တဲ့ကိစ္စ၊ တရားဥပဒေ စိုးမိုးရေးနဲ့ လူ့အခွင့်အရေးတွေကို ဖော်ဆောင်ပေးတဲ့ကိစ္စ စတဲ့ အရေးကြီးဆုံး အမျိုးသားရေးကိစ္စကြီးတွေအပေါ်မှာ မစမ်းသပ်ရသေးပါဘူး။
အမြင်နဲ့ နည်းလမ်းတွေ ကွဲပြားသွားတာကို အသိအမှတ်ပြုခြင်းဟာ ဒီမိုကရေစီရဲ့ အခြေခံအားဖြင့် လိုက်နာရတဲ့ မူဖြစ်ပါတယ်။ တန်ဖိုးထားအပ်ပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိစနစ်ကိုက ပါတီစုံ ဒီမိုကရေစီစနစ် ဖြစ်ပါတယ်။ အမြင်နဲ့ နည်းလမ်း ကွဲပြားသူတွေ လွတ်လပ်စွာ နိုင်ငံရေး လုပ်နိုင်အောင် လမ်းဖွင့်ပေးထားတဲ့ စနစ်ပါ။
တကယ်တော့ ဒီလိုကွဲပြားနေတာတွေအပေါ် အချိန်၊ ငွေ၊ အင်အား အကုန်ခံပြီး ပြောဆိုဝေဖန်နေမယ့် အစား မိမိ လက်ရှိလုပ်နေတဲ့ အလုပ်ကိုသာ ဟာကွက်၊ အားနည်းချက် နည်းသထက်နည်းအောင် ပိုပြီး အလေးအနက် ဂရုစိုက်သင့်ကြပါတယ်။ ဘယ်သူမှ ပြီးပြည့်စုံအောင် ကောင်းတဲ့ Perfect တွေ မဖြစ်လို့၊ ဖြစ်အောင် မဖန်တီးနိုင်ကြသေးလို့ ကိုယ်နဲ့ အမြင်ကွဲသူတွေဆီက ကောင်းတာတွေ တွေ့မိတဲ့အခါမှာ အတုယူနိုင်ရင် ကိုယ့်အတွက်လည်း ပိုကောင်းလာတာ ရှိပါတယ်။
တကယ်လို့ အမြင်ကွဲလွဲနေသူတွေရဲ့ လုပ်ရပ်က အောင်မြင်သွားရင်တောင် ရည်မှန်းချက် တူနေတာဖြစ်လို့ ကိုယ့်အတွက်လည်း ဘာမှ ဆုံးရှုံးနစ်နာစရာ ထိခိုက်စရာ မရှိပါဘူး။ သူ အာဏာရမှ၊ ကိုယ်က အာဏာရမှ ရယ်လို့ မဟုတ်ပါဘူး။ ကိုယ်နဲ့ အမြင်ကွဲပြားသည့်တိုင်အောင် ပြည်သူတွေ လက်ခံနိုင်တဲ့သူ ဘယ်သူဖြစ်ဖြစ် အာဏာရသွားရင် ကိုယ်ကိုယ်တိုင်က ပြည်သူ့ဆန္ဒကို လေးစားသူ၊ အဖွဲ့အစည်းအဖြစ် သိက္ခာရှိရှိ ရပ်တည်နိုင်ပါတယ်။
ဥပမာတခုအနေနဲ့ ၂ဝဝ၈ အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ McCain က Obama ကို ရှုံးသွားလည်း ပြုံးပြုံးရွှင်ရွှင်နဲ့ အားပေးပြီး ဆုမွန်ကောင်းတွေ ပေးလိုက်ပါသေးတယ်။ ကျနော်ကတော့ မြန်မာ့နိုင်ငံရေးကို အဲသလို ဖြစ်စေချင်ပါတယ်။
လွင်အောင်စိုး
၂-၁-၂ဝ၁၂
0 အီးဂရက်စ် ထူထောင်သူ ဒေါက်တာနေ၀င်းမောင် ဈာပန (ဓာတ်ပုံ)

ဒေါက်တာနေ၀င်းမောင် သေဆုံးမှုဟာ မြန်မာပြည်က ဆေးလောက ချွတ်ခြုံကျနေပုံကိုမီးမောင်းထိုးပြ လိုက်တာဖြစ်ပါတယ်။ နှစ်သစ်ကူးနေမှာသူဟာ ရင်ပတ်အောင့်လာတယ်။ နှစ်သစ်ကူးပါတီကို မိတ်ဆွေတွေနဲ့  မဆင်နွဲနိင်ပဲ သူကိုယ်တိုင်ကားမောင်းပြီး တေဇပိုင် ၀ိဒူရိယ ဆေးရုံးကို သွားရတယ်လို့ သိရတယ်။ ဒီဆေးရုံက ကိုးမိုင်တရုပ်သငြိုင်းကို စစ်တပ်ကသိမ်းပြီးေ...တဇကို ရောင်းထားတာဖြစ်တယ်။
ဟိုရောက်တော့ ဆေးရုံးမှာဆရာဝန်တွေမရှိပဲ နစ်သစ်ကူးပါတီ ဆင်နွဲနေကြတယ်လို့ သိရတယ်။ ဒါနဲ့ သူဟာ ရန်ကုန်ဆေးရုံကြီးကို ဆက်ပြီးကားမောင်းသွားရတယ်။ ရောက်ရောက်ချင်း ပဲသေဆုံးသွားတယ်လို့ ဆိုပါတယ်။ ဒါဟာမြန်မာ ပြည်က ပြည်သူကျမ်းမာရေးစနစ် ပြိုကျနေပုံကို ကွက်ကွက်ကွင်းကွင်း ဖေါ်ပြလိုက်တာဖြစ်တယ်။ သူလို့ ပြည်စုံပြီး ပေါက်ရောက်တဲ့ လူတယောက်တောင် အဖြစ်ဆိုးနဲ့ ကြုံရတဲ့အတွက် အောက်ခြေဆင်းရဲ သားပြည်သူတွေဟာ နေစဉ် နှလုံးရောဂါနဲ့ ဘယ်လောက်သေနေကြမလဲဆိုတာ မစဉ်းစားဝံအောင်ဖြစ်ပါတယ်။ သူဟာ နှလုံးရောဂါရှိသူဖြစ်တယ်။ ဒါဟာဒုတိယအကြိမ် နှလုံးရောဂါဖေါက်ခြင်း ( Second Attack ) ဖြစ်ပါတယ်။
သူသာ တကယ်လို့ အမေရိကန်မှာဆိုရင် သေဆုံးမှာမဟုတ်ပါဘူး။ သူဟာလူချစ်လူခင်များသူတဦးဖြစ်ပြီး၊ ငယ်ငယ်ရွယ်ရွယ်နဲ့ သူရဲ ထူးဆန်းတဲ့သေဆုံးမှုကို ၀မ်းနည်းကြောင်း သူမိတ်ဆွေတွေက အင်တာနက်စာမျက်နှာတွေမှာဖေါ်ပြထားကြပါတယ်။ လူတွေက နှစ်ဆုံးမှာမီးလောင်နှစ်သစ်ကူးမှာ အသက်ထွက် ၂၀၁၂ က တော့ အစိုးရအတွက် နမိတ်မကောင်းဘူးလို့ ပြောနေကြပါတယ်။
Photo..Khin Maung Nyo Facebook
0 ဒေါ်အောင်ဆန်းစုကြည်၏အားနည်းချက်များကို စောင့်ကြည်ရန် ဒေါက်တာသန်းထွဋ်အောင် ညွန်ကြား
နိုင်ငံကျော် အလဲဗင်းမီဒီယာအုပ်စု၏ အကြီးအကဲ ဒေါက်တာသန်းထွဋ်အောင်သည် ဒိမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အားနည်းချက် များကို စောင့်ကြည့်မှတ်တမ်းတင်ရန် ၎င်း၏ သတင်းထောက်တစ်ချို့ကို ညွန်ကြားထားကြောင်း ရန်ကုန်မြို့ စာနယ်ဇင်အသိုင်းက ပြောကြားသည်။
အားစားဂျာနယ်ထုတ်ဝေရာမှတဆင့် သတင်းဂျာနယ်ထုတ်ဝေပြီး နာမည်ကျော်ကြားသူ ဒေါက်တာသန်းထွဋ်အောင်သည် မြစ်ဆုံအရေးကို အကြောင်း ပြုပြီး နိုင်ငံရေးလုပ်ရန် ခြေလှမ်းပြင်နေကာ ၎င်း၏ဖေ့ဘုတ်တွင် ၈၈အရေးခင်းကာလက နိုင်ငံရေးလှုပ်ရှားမှုများကို တင်ထားကြောင်း ၎င်းနှင့်နီးစပ်သူတစ်ဦးက ဆိုသည်။
နိုင်ငံရေးလုပ်ခြင်းအပါအ၀င် ဘ၀ပုံသဏ္ဍန်ကို လူတစ်ဦးချင်း လွတ်လပ်စွာရွေးချယ်ခွင့်ရှိကြောင်း သို့ရာတွင် အောက်လမ်းနည်း ဖြတ်လမ်းနည်းများ သုံးပြီး လုပ်ကိုင်ရန်မသင့်ကြောင်း ပြင်သစ်အခြေစိုက် နယ်စည်းမခြားသတင်းထောက်အဖွဲ့မှ အလဲဗင်းကို ဆုချီးမြှင့်ခဲ့ရာ ထိုင်းနိုင်ငံ ချင်မိုင်အခြေစိုက် ဧရာဝတီ မဂ္ဂဇင်းအယ်ဒီတာ ဦးအောင်ဇော် ထောက်ခံပေးခဲ့ကြောင်း ဦးအောင်ဇော်သည် ဘက်မလိုက်သည့် မီဒီယာသမား ရပ်တည်ချက်အကြောင်းပြုပြီး နာမည်ကြီးသူ များကို တိုက်ခိုက်ကာ နာမည်ကြီးအောင်လုပ်သူတစ်ဦးဖြစ်သဖြင့် ဒေါ်စုကို တိုက်ခိုက်ရန် ကြိုးစားနေကြောင်း ၀ါရင့် အယ်ဒီတာတစ်ဦးက ပြောကြားသည်။
နိင်ငံရေးလုပ်ခြင်း၊ မလုပ်ချင်းသည် ဒေါက်တာသန်းထွဋ်အောင်၏ လွတ်လပ်စွာ ရွေးချယ်ခွင့်ဖြစ်သော်လည်း နိင်ငံရေးလောဘတက်ပြီး အောက်လမ်း နည်း ဖြတ်လမ်းနည်းများသုံးပြီး လုပ်ကိုင်ရန်မသင့်ကြောင်း ၎င်းက သုံးသပ်ပြောကြားသည်။
MP(yangonchronicle2011)