(ဧရာဝတီ)
ကချင်ပြည်နယ်ရှိ မြစ်ဆုံ ရေကာတာ စီမံကိန်း ဆောင်ရွက် နေသည့် အနီးဝန်းကျင်တွင် ယနေ့နံနက်က ဗုံးများ ဆက်တိုက် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မြစ်ဆုံရေကာတာ စီမံကိန်းကို တည်ဆောက်နေသည့် အေရှားဝေါလ် ကုမ္ပဏီ ဆက်သွယ်ရေးရုံး အဆောက်အဦးနှင့် တရုတ် လူမျိုး ပညာရှင်များ နေထိုင်သည့် နေရာများတွင် ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု ကချင်သတင်းစဉ်မှ အယ်ဒီတာ ကိုနော်ဒင်း ဧရာဝတီ သို့ ပြောသည်။
တရုတ်ပညာရှင်များ ရေးဆွဲထားသည့် မြစ်ဆုံ ရေကာတာ စီမံကိန်းကို ဝေဟင်မှမြင်တွေ့ရပုံ (ဓာတ်ပုံ - စိန်ဌေး)
အဆိုပါ ဗုံးပေါက်ကွဲမှုတွင် သေဆုံးသူ လေးဦးခန့်ရှိပြီး ထိခိုက်ဒဏ်ရာရမှုများလည်း ရှိသည်ဟု ကိုနော်ဒင်းက ပြောသည်။
မြစ်ကြီးနားမြို့ခံတဦးက“ဗုံး ၇လုံးပေါက်တယ်၊ ကားနှစ်စီးပျက်တယ်”ဟု ဆိုသည်။
အဆိုပါ ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ မြစ်ကြီးနား အမှတ် ၁ ရဲစခန်းသို့ ဆက်သွယ်မေးမြန်းသော်လည်း လုံခြုံရေးအရ မဖြေဆိုနိုင် ကြောင်း ငြင်းဆိုခဲ့သည်။
စုစုပေါင်း ဗုံးအရေအတွက်မှာ ၃၉ လုံးခန့် ဖြစ်ကြောင်း၂၇ လုံးမှာ ပေါက်ကွဲခဲ့ပြီး ၁၂လုံးမှာ ပေါက်ကွဲခြင်းမရှိကြောင်း အတည် မပြုနိုင်သော သတင်းများအရ သိရသည်။
ဗုံးပေါက်ကွဲမှုကြောင့် ပျက်စီးသွားသော အေးရှားဝေါလ် ကုမ္ပဏီ ဆက်သွယ်ရေးရုံး အဆောက်အဦး (ဓာတ်ပုံ - ကချင် သတင်းစဉ်)
ယခုဗုံးပေါက်ကွဲသည့် အချိန်သည် စစ်အစိုးရ၏ နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းရေးအစီအစဉ်ကို ကချင်လွတ်လပ်ရေး အဖွဲ့(KIO)က လူထုအစည်းအ၀းခေါ်ယူ၍ ငြင်းဆန်ထားသည့် အချိန်နှင့် တိုက်ဆိုင်နေသည့်အတွက် စစ်အစိုးရက KIO အဖွဲ့ အပေါ်တွင် အပြစ်ရှာခြင်းလည်းဖြစ်နိုင်ကြောင်း ကိုနော်ဒင်းက သုံးသပ်သည်။
ပြီးခဲ့သည့် သင်္ကြန်ရက်အတွင်းကလည်း ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ ၁၀၅ မိုင်ရှိ အေးရှားဝေါလ် ဂိတ်တွင်လည်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ သေး ကြောင်း နယ်စပ်သတင်းများ အရသိရသည်။
http://www.kachinnews.com/News/Four-killed-12-injured-in-bomb-blasts-in-Irrawaddy-Myitsone-dam-site.html
0 comments:
Post a Comment
လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်