၂၁.၄.၂၀၁၂ ရက်နေ့ နံနက် (၁၀း၀၀) နာရီအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ “သာဓု ပါဗျာ” သံချပ်အဖွဲ့(ကုသိုလ်၊ ဗေလုဝ၊ မေတ္တာ၊ အရိုင်း)တို့မှအလှူငွေကျပ် (၅) သိန်းနှင့် မေတ္တာ + လွင်မီမီကို (မိသားစု)မှ (၁)သိန်းကျပ်၊ မေတ္တာမြင့်မြတ်ဟိန်းနှင့် (၇) ရက်သားသမီးမှ (၃) သောင်းကျပ်၊ ငြိမ်းချမ်းနိုင်+မဇင်မာအေးနှင့် သမီးတို့မှ (၁) သောင်းကျပ်၊ မောင်ဇေယျာမင်း+မစောမြတ်မွန် ၉ခ) မအိမွန်တို့၏ မင်္ဂလာဦးအလှူအဖြစ် (၅) သောင်းကျပ်တို့အား အသီးသီးလှူဒါန်းခဲ့ကြသည်။ “သာဓုပါဗျာ” အဖွဲ့သားများအား နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လုပ်ဆောင်ချက်များအား လိုက်လံရှင်းလင်းပြသခဲ့ကာ မှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခဲ့ကြသည်။ ယင်းအလှူဒါနပွဲသို့ ပြည်တွင်းသတင်းမီဒီယာများမှလည်း လာရောက်၍ မှတ်တမ်းတင်ခဲ့ကြ သည်။
မြန်မာနိုင်ငံတွင် သင်္ကြန်အချိန်ကာလအတွင်း သံချပ်တည်းဟူသော စကားလုံးကို မကြားမမြင်ခဲ့ ရသည်မှာ နှစ်ပေါင်းသုံးဆယ်နီးပါးခန့် ရှိခဲ့ပြီဖြစ်ရာ ယခု ၂၀၁၂ ခုနှစ် မဟာသင်္ကြန်ပွဲတော်တွင် ပြန်လည်၍ သံချပ်အဖွဲ့များဟူ၍ ရှင်သန်လာမှုသည် ပြည်သူ/သားများအတွက် များစွာဝမ်းသာပီတိဖြစ်ခဲ့ရပါသည်။ သံချပ်ဟူသောစကားသည် အများပြည်သူလူထုတို့၏ ဟစ်တိုင် ဆိုလျှင်လည်း မမှားချေ။ မြန်မာပြည်တွင်းရှိ ပြည်သူလူထုတို့ တွေ့ကြုံခံစားနေရသည့် အခက်အခဲ၊ အကြောင်းအရာများအား ဟစ်တိုင်သဖွယ် တီးလုံး သံစဉ်တို့ဖြင့် ပြည်သူလူထုကိုယ်စား ဖျော်ဖြေတင်ဆက်ရသော တင်ဆက်ပြသမှုတစ်ရပ်ပင် ဖြစ်သည်။
ထို့ကြောင့် ပြည်သူလူထုကိုယ်စား ဟစ်တိုင်သဖွယ် တောင်းဆိုမှုများကို ၂၀၁၂ ခုနှစ်တွင် ပြန်လည် ၍ ထိုးဖောက်ကာ သံချပ်သမိုင်းကို ပြန်လည်ကာ ရဲရဲဝံ့ဝံ့ဦးဆောင်ဖော်ထုတ်ခဲ့သော အဖွဲ့များအနက် ယခု “သာဓုပါဗျာ” အဖွဲ့အား လှူဒါန်းမှုအစုစုနှင့် ဖျော်ဖြေမှုအစုစုတို့အား နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူမှ သာဓု .. သာဓု .. သာဓု ဟုခေါ်ဆိုလိုက်ပါတော့သည်။
ကိုကျော်သူ
0 comments:
Post a Comment
လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်