Tuesday, September 28, 2010

0 အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်တည်ထောင်ဖွဲ့စည်းခြင်း (၂၂) နှစ်မြောက် အခမ်းအနားတွင်ဘဘဦးဝင်းတင်မှပြောဆိုချက်


“သောင်ပြင်မှာ လွတ်တဲ့ခွေးက ကမ်းဘက်ကို ပြန်ကူးလာနိုင်တယ်၊ ဟောင်လို့ရတယ်၊ ကိုက်လို့ရတယ်၊ မာန်ဖီလို့ ရတဲ့ အခွင့်အရေးတွေရှိတယ်။ ရွေးကောက်ပွဲဝင်မယ့် လူတွေကတော့ သားသတ်ရုံကို အပို့ခံရတဲ့ နွားတွေလိုပဲ ဘာမျှော်လင့်ချက်မှ မရှိတော့ဘူး” 

Sunday, September 26, 2010

0 မီးလျှံကြားမှာ ပြည်သူ့ရင်ခွင် ခိုလှုံသူ ဗိုလ်ကြီးစိုင်းဝင်းကျော်

တပ်မှူးတပ်သား ပြောစကား (၀၂၇)

၂၀၁၀ စက်တင်ဘာ (၂၆)


voaမှ တွေ့ဆုံမေးမြန်းချက်အသံဖိုင်
မကြာခင်ကမှ အသစ်ခန့်အပ်လိုက်တဲ့ မြန်မာ့တပ်မတော်က စစ်တိုင်းမှူးအသစ် အများစုနဲ့ ဗိုလ်သင်တန်းအပတ်စဉ်တူ ဖြစ်ပြီးတော့၊ စစ်တက္ကသိုလ် အပတ်စဉ်(၂၄)က၊ ကျောင်းဆင်းခဲ့ တဲ့၊ ရှစ်လေးလုံးလူထုအုံကြွမှု အရေးတော်ပုံကာလမှာ ပြည်သူ့ရင်ခွင်ခိုလှုံခဲ့သူ၊ ဗိုလ်ကြီးဟောင်းစိုင်းဝင်းကျော်ရဲ့ ပြောစကားတွေကို၊ ဒီသီတင်းပတ် “တပ်မှူးတပ်သား ပြောစကား” အ ပတ်စဉ်ကဏ္ဍမှာ၊ ဦးရော်နီညိမ်းက စီစဉ်တင် ဆက်ထားပါတယ်

ဦးရော်နီညိမ်း။ ။ ဗိုလ်ကြီးအနေနဲ့က ကျနော်တို့ “ရှစ်လေးလုံး လူထုအုံကြွမှု အရေးတော်ပုံကြီး” အတွင်းမှာ ဆန္ဒပြပြည်သူတွေ ကျောင်းသားတွေကို ပစ်ခတ်နှိမ်နင်းဖို့အတွက် အမှတ် (၂၂)ခြေမြန်တပ်ရင်းလက်အောက်ခံ ခမရ(၂၀၈)က ရန်ကုန်မှာလာပြီး တာဝန်ယူတဲ့အချိန်မှာ ဗိုလ်ကြီးလည်း တာဝန်အရ ပါလာရပြီးတော့မှ ဒီ ပစ်တာခတ်တာတွေအပေါ် ဗိုလ်ကြီးက မှားယွင်းတဲ့လုပ်ရပ်တစ်ခုလို့ မြင်တဲ့အတွက်ကြောင့် ပြည်သူ့ရင်ခွင်ဘက်ကို ကူးပြောင်းခဲ့တယ်ဆိုတဲ့အထိ ကျနော်တို့ သိရှိခဲ့ရပြီးပါပြီ။ အခုလိုမျိုးကူးပြောင်းတဲ့အခါမှာ ဗိုလ်ကြီးဘယ်လို အခက်အခဲရှိလဲ ခင်ဗျ။

ဗိုလ်ကြီးစိုင်းဝင်းကျော်။ ။ အဲဒီတုန်းက မဟာဝိဇယစေတီနားက အမှတ်(၁)ဆက်သွယ်ရေးတပ်ရင်းမှာ ကျနော်တို့ ခေတ္တ အခြေပြုနေရပါတယ်။ အဲဒီတုန်းက ကျနော် တာဝန်ထမ်း ဆောင်တာက “ကက(ကြည်း) အရံအင်အား အကူပစ်လက်နက်ကြီးတပ်ခွဲ စိန်ပြောင်းကြီးတပ်စုမှူး” ပေါ့နော်။ ကျနော် ထမ်းဆောင်တဲ့အချိန်မှာ သူတို့က စစ်အာဏာသိမ်းဖို့အတွက် အသင့်ပြင်ထားတာပေါ့ဗျာ။ ဒီရည်ရွယ်ချက်တွေတော့ ကျနော်တို့ မသိဘူးပေါ့ဗျာ။ ကျနော်တို့ထဲမှာ သတင်းတွေ ဖြန့်ထားတာကတော့ ရန်ကုန်မြို့ထဲမှာ တောတွင်းက လက်နက်ကိုင် အဖွဲ့အစည်းတွေလည်း စိမ့်ဝင်နေတာတွေ ရှိတယ်၊ အချိန်မရွေး တိုက်ပွဲဖြစ်လာနိုင်တယ်၊ လိုအပ်ရင် မင်းတို့ကို ရဟတ်ယဉ်တွေဘာတွေနဲ့ ရွှေ့ရလိမ့်မယ် ဆိုတာမျိုး အသေးစိတ်တွေ သူတို့ ညွှန်ကြားထားတာ ရှိပါတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ဗိုလ်ကြီး ခင်ဗျ၊ အဲဒီအချိန်က ဒေါက်တာမောင်မောင်က စစ်အုပ်ချုပ်ရေး ရုတ်သိမ်းလိုက်ပါပြီလား ခင်ဗျ၊ စက်တင်ဘာလထဲ ရောက်သွားပါပြီလား ခင်ဗျ။

ဗိုလ်ကြီးစိုင်းဝင်းကျော်။ ။ ဟုတ်ကဲ့၊ အဲဒီအချိန်တုန်းက စစ်အုပ်ချုပ်ရေးကို ရုတ်သိမ်းလိုက်ပါပြီ။ ရုတ်သိမ်းပြီးတော့မှ “ဦးတင်အောင်ဟိန်း ဦးဆောင်တဲ့ စုံစမ်းရေးကော်မရှင်”ဖွဲ့ပြီး စုံစမ်း စစ်ဆေးတာတွေ သူလို့လုပ်ပါတယ်။ အဲဒီကာလမှာကိုက အာဏာသိမ်းဖို့အတွက် နောက်ဆုံးမှာ တပ်မတော်ကို အဆင်သင့် ပြင်ခိုင်းထားတာပါ။ အဲဒီ ရည်ရွယ်ချက်တွေကိုတော့ အောက်ခြေထိ ကျနော်တို့ မသိပါဘူး။ ဒါပေမယ့် ကျနော်နဲ့ အနီးကပ်နေတဲ့ ကျနော့်သူငယ်ချင်း တချို့တော့ ရှိပါတယ်။ သူတို့နဲ့ ကျနော် စကားပြောကြည့်တဲ့အခါမှာလည်း၊ သူတို့က လက်ရှိအခြေအနေတွေကို မနှစ်မြို့ကြပါဘူး။ ဘာဖြစ်လို့များ လူထုနဲ့ တပ်မတော်ကြား ဒီလောက်ထိ ဝေးကွာသွားကြသလဲ၊ ဒီလောက်ထိ နားလည်မှုလွဲသွားကြသလဲပေါ့၊ ဘယ်အခြေ နေထိ ရောက်သွားသလဲ ဆိုတာ၊ ကိုယ့်ကိုယ်ကို ဆန်းစစ်ဝေဖန်မှုတွေ အများကြီးရှိပါတယ်။ နောက်ပြီးတော့ အဲဒီတုန်းက ဦးအောင်ကြီးထုတ်ဝေတဲ့ ဗိုလ်ချုပ်ထံသို့ ပေးစာများ၊ အဲဒါ တွေက ကျနော်တို့တပ်ထဲမှာ အတိုင်းအတာတစ်ခုထိ ရိုက်ခတ်မှုတွေ ရှိပါတယ်။ အဲဒီစာ တချို့လည်း ကျနော်ဖတ်ရပါတယ်။ ဖတ်ရတဲ့ အခါကျတော့ ကျနော်တို့ဆီမှာ သို့လောသို့ လော အတွေးတွေ အများကြီး ပေါ်လာပါတယ်ခင်ဗျ။ နောက်ဆုံးမှာ ဦးတင်အောင်ရဲ့အစီရင်ခံစာ ထွက်လာပြီးတော့၊ မဆလ ဒေါက်တာမောင်မောင် ဦးဆောင်တဲ့ အစိုးရက “ပြည်သူ့ ဆန္ဒခံယူပွဲ” ကျင်းပမယ်ဆိုပြီး ကြေညာတာ ရှိပါတယ်။ ဒါပေမယ့် လူထုရဲ့ကြွေးကြော်သံက ပြောင်းလဲသွားပါတယ်။ နောက်ဆုံးမှာ မဆလအစိုးရပြုတ်ကျရေးကို ဦးတည်တောင်းဆိုတဲ့ တောင်းဆိုမှုတွေ ဖြစ်ပေါ်လာပါတယ်။

(“ဦးတင်အောင်ဟိန်း ဦးဆောင်တဲ့ စုံစမ်းရေးကော်မရှင်” = မြန်မာနိုင်ငံတ၀န်း ရှစ်လေးလုံးလူထုအုံကြွမှုကြီး ဖြစ်ပေါ်ခဲ့သည့် ၁၉၈၈ သြဂုတ်လ(၈)ရက်နေ့ နောက်ပိုင်း၊ မြန်မာ့နိုင်ငံရေး စနစ်တွင် တပါတီစနစ် နှင့် ပါတီစုံစနစ် ရွေးချယ်ရေးအတွက် လူထုသဘောထားဆန္ဒကို စုံစမ်းလေ့လာသည့် ကော်မရှင်ဖွဲ့စည်းရန်၊ အာဏာရ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ အရေး ပေါ်ပါတီညီလာခံ နှင့် ပြည်သူ့လွှတ်တော် အရေးပေါ်အစည်းအဝေးတို့မှ ဆုံးဖြတ်ခဲ့သည်။ ထိုဆုံးဖြတ်ချက်အရ ထိုစဉ်က တရားသူကြီးချုပ်ဦးတင်အောင်ဟိန်း ခေါင်းဆောင်သည့် စုံစမ်း ရေးကော်မရှင်ကို၊ အာဏာရ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရက “ရှစ်လေးလုံး လူထုအုံကြွမှု အရေးတော်ပုံကြီး” အတွင်းမှာ ဖွဲ့စည်းခဲ့သည်။)

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ ကြားဖြတ်အစိုးရ တောင်းဆိုတဲ့ ကိစ္စများလားခင်ဗျ။


ဗိုလ်ကြီးစိုင်းဝင်းကျော်။ ။ ဟုတ်ကဲ့၊ ကျနော်တို့ကိုယ်တိုင် ကျနော်တို့ မျက်စေ့ရှေ့မှာ လမ်းတွေပေါ်မှာ ကားတွေနဲ့ လူထုတွေက လိုက်ပါသွားပြီးတော့မှ နဖူးစည်းအနီတွေနဲ့ “ဒီမိုက ရေစီ ရရင်ရ၊ မရရင်ချ” ဆိုတဲ့ ကြွေးကြော်သံတွေလည်း ကြားရပါတယ်။ ကိုယ်တိုင်လည်း မြင်ရပါတယ်။ လူထုက နောက်ဆုံးတော့ ဒီမိုကရေစီတင် မကပါဘူး၊ အဓိက ကတော့ မဆလ အစိုးရပြုတ်ကျရေး၊ အစိုးရပြောင်းလဲရေး၊ မဆလ အစိုးရ ဆင်းပေးဖို့အတွက် သူတို့ အဓိက တောင်း ဆိုတာ ဖြစ်ပါတယ်။

ဦးရော်နီညိမ်း။ ။ တပ်မတော် အရာရှိအနေနဲ့ ဗိုလ်ကြီးကလည်း ရန်ကုန်မြို့က အခြေအနေတွေကို ထိန်းသိမ်းဖို့ တာဝန်နဲ့ ရောက်ရှိနေတဲ့အချိန်ခါမှာ၊ ဗိုလ်ကြီး ဘယ်လိုမြင်မိပါ သလဲ ခင်ဗျ၊ ဘယ်သူ့ဘက်က မှန်တယ်၊ ဘယ်သူ့ဘက် က မှားတယ်လို့။

ဗိုလ်ကြီးစိုင်းဝင်းကျော်။ ။ ကျနော်တို့ မျက်စေ့ရှေ့မှာပဲလေ၊ ဆန္ဒပြတဲ့လူအုပ်ကြီးတွေက အုပ်လိုက်အုပ်လိုက် သူတို့ မြို့တွင်းကိုချီတက်သွားကြတာ ကျနော်တို့ တွေ့တယ်လေ၊ ဒီ လောက်များပြားတဲ့လူတွေ ထောင်နဲ့သောင်းနဲ့ချီတဲ့လူတွေ ရန်ကုန်လမ်းပေါ်မှာ နေ့တိုင်းနေ့စဉ်လိုလို စီတန်းလှည့်လည်ဆန္ဒပြကြတာကို ဘာဖြစ်လို့များ ကျနော်တို့က သေနတ်တွေ အသင့်ကိုင်ပြီးတော့မှ လူထုနဲ့ ထိပ်တိုက်တွေ့နေသလဲပေါ့။ ကျနော်တို့ သိတာကတော့ ရန်သူဆိုတာ တောထဲမှာတိုက်ရတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေပဲ ကျနော်တို့ တွေ့ဖူးတယ်။ ဒါပေမယ့် ဒီလိုမျိုး ကိုယ့်ပြည်သူတွေနဲ့ ရန်ကုန်မြို့လယ်ခေါင်လိုနေရာမျိုးမှာ ထိပ်တိုက်တွေ့လိမ့်မယ်လို့ ကျနော်လည်း တခါမှ မမျှော်လင့်ခဲ့ဘူး။ တနေရာရာမှာတော့ အကြီးကျယ်မှား နေပြီဆိုတဲ့သံသယတွေ ကျနော်တို့ ရှိပါတယ်။ သံသယတွေရဲ့နောက်ဆက်တွဲမှာ စဉ်းစားမိတာကတော့ “မဖြစ်တော့ဘူး” လို့ ကျနော်ဒီဘ၀မှာတော့ မပျော်ပိုက်တော့ဘူး ဆိုပြီးတော့မှ ဆုံးဖြတ်ပြီးတော့မှ ကျနော် လူထုဘက်ကို ကူးပြောင်းခဲ့တာဖြစ်ပါတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ခင်ဗျ၊ ခုနက ကျနော်မေးခဲ့တဲ့ မေးခွန်းလေးပဲ ထပ်ပြီးမေးပါရစေ ခင်ဗျ။ လူထုရဲ့ရင်ခွင်ကို ကူးပြောင်းတဲ့အခါမှာ ဗိုလ်ကြီး ဘယ်လိုအခက်အခဲများ ရှိပါ သေးလဲ ခင်ဗျ၊ ဘယ်သူတွေနဲ့ဆက်သွယ်ပြီးတော့၊ ခုနက ပြောသလို ယုံကြည်မှုအပိုင်းပေါ့၊ အဲဒီအချိန်က အရမ်းကို ပြင်းထန်နေတယ်၊ တစ်ဖက်နဲ့တစ်ဖက် မယုံကြည်နိုင်တဲ့ အနေအ ထားမှာ ဒီအခြေအနေကို ဗိုလ်ကြီး ဘယ်လိုများ ကျော်လွှားခဲ့ပါသလဲ ခင်ဗျ။

ဗိုလ်ကြီးစိုင်းဝင်းကျော်။ ။ မဟာဝိဇယစေတီကနေ ကျနော်ထွက်လာတဲ့အခါ အဲဒီတစ်ညလုံး ကျနော် စဉ်းစားပါတယ်။ အဲဒီမတိုင်ခင်လည်း ကျနော် စဉ်းစားပါတယ်။ နောက်ဆုံး ကျနော် သူတို့ထုတ်ပေးထားတဲ့ ကြီးကြပ်ကန့်သတ်ပစ္စည်းတွေပေါ့၊ လက်နက်ခဲယမ်းမီးကျောက်တွေကို စနစ်တကျသိမ်းဆည်းပြီး ကျနော် တာဝန်ထမ်းဆောင်ခဲ့တဲ့နေရာမှာ ထားပြီး တော့မှ ကျနော် ထွက်လာခဲ့ပါတယ်။ ကျနော့်အနေနဲ့ တပ်မတော်ကို လက်နက်ကိုင်ပြီး ပြန်လည်တိုက်ခိုက်ဖို့တော့ အဲဒီတုန်းကတည်းက ဆန္ဒမရှိပါဘူး။ နောက်ပြီးတော့ ကျနော် ထွက် လာတဲ့အချိန် မဟာဝိဇယစေတီနားမှာ ဆန္ဒပြတဲ့ ကားတစ်စီးနှစ်စီး ဖြတ်သွားတာရှိပါတယ်။ အဲဒီအချိန်မှာ ကျနော် လက်ပြပြီးတော့ သူတို့ကို ကျနော် အကူအညီ တောင်းပါတယ်။ ကျနော်ပြောတယ်၊ ကျနော့်ကို ဒေါ်အောင်ဆန်းစုကြည်ဆီ ပို့ပေးပါလို့ ကျနော်ပြောတဲ့အခါ၊ သူတို့က ပြည်သူ့ရင်ခွင့် ခိုဝင်တယ်ဆိုပြီးတော့မှ လူထုက ၀မ်းပန်းတသာနဲ့ ကျနော့်ကို ကြို ဆိုပြီး၊ အထူးသဖြင့် ကျောင်းသားတွေပေါ့၊ အဲဒီတုန်းက ဆန္ဒပြတဲ့ ကျောင်းသားတွေ အုပ်စုရှိပါတယ်၊ main (ရန်ကုန်တက္ကသိုလ် - ပင်မဆောင်)ထဲက ထွက်လာတာပါ။ အဲဒီကားက၊ သူတို့ ဘယ်အဖွဲ့စည်းလဲဆိုတာ ကျနော် မမှတ်မိတော့ပါဘူး။ သူတို့က ကျနော့်ကို ကားပေါ်တင်သွားပြီးတော့မှ၊ အဲဒီအခါ ကျနော် လူထုရဲ့မေတ္တာကို စပြီးခံစားရတာပေါ့ဗျာ။ အားလုံး က လူတွေမမြင်အောင် ၀ိုင်းအုပ်ပြီးတော့ ခေါ်သွားတာပါ။ အဲဒီတုန်းက စစ်သားဆိုရင် လူထုက အရမ်းကို နာကြည်းနေတာပါ ခင်ဗျ၊ အထူးသဖြင့် တပ်မ(၂၂) ဆိုရင် ပို နာကြည်းနေ တာပါ။ ဒါကြောင့် ကျနော့်ကို မမြင်အောင်ဖွက်သွားပြီးတော့မှ၊ တက္ကသိုလ်ရိပ်သာလမ်း အမှတ်(၅၄)၊ ဒေါ်အောင်ဆန်းစုကြည်ခြံထဲကို ကျနော့်ကို ပို့ပေးပါတယ်။ အဲဒီမှာ ဒေါ်အောင်ဆန်း စုကြည် နဲ့ ကျနော်တွေ့ပါတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ခင်ဗျ၊ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ကြီးကို ဘယ်လိုများ အမှာစကား ပြောကြားခဲ့ပါသလဲ၊ ဗိုလ်ကြီးကလည်း ဘယ်လိုအကြောင်းအရာတွေ များ ဒေါ်အောင်ဆန်းစုကြည်ကို ဆွေးနွေးဖြစ်ပါသလဲ ခင်ဗျ။

ဗိုလ်ကြီးစိုင်းဝင်းကျော်။ ။ ကျနော်နဲ့ ဒေါ်အောင်ဆန်းစုကြည် စကားပြောဆိုတဲ့အချိန်မှာတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့က ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းရေးကိုပဲ သူ လိုလား ပါတယ် ခင်ဗျ၊ သူ့အနေနဲ့က တပ်မတော်ကို၊ တပ်မတော် အဓိကတော့ မဟုတ်ဘူးပေါ့၊ မဆလ တပါတီအာဏာရှင်ခေါင်းဆောင်တွေကလည်း မြန်မာပြည်ရဲ့ အသွင်ကူးပြောင်းရေး အ တွက် ငြိမ်းချမ်းတဲ့နည်းလမ်းတွေနဲ့ အားလုံးအဆင်ပြေပြေ ဖြစ်သွားလိမ့်မယ်လို့ အများကြီး မျှော်လင့်ထားပါတယ်။ အားလုံးကလည်း စိတ်ဓါတ်တက်ကြွနေကြတဲ့အချိန်မှာ အပြောင်းအ လဲက ညင်ညင်သာသာနဲ့ ချောချောမွေ့မွေ့ ဖြစ်လာမယ်ဆိုရင်၊ အားလုံးက နိုင်ငံသစ်တည်ထောင်ဖို့အတွက် စိတ်တူကိုယ်တူနဲ့ လက်တွဲလုပ်ဖို့ လိုအပ်တဲ့အကြောင်း ပြောဖြစ်ကြပါတယ်။ ကျနော့်အနေနဲ့ကလည်း တပ်မတော်ထဲမှာ အမှန်တရားကိုလိုလားတဲ့ အင်အားစုတွေ အများကြီးရှိပါတယ်။ လူထုဘ၀ကို စာနာနားလည်တဲ့အင်အားစုတွေ အများကြီးရှိပါတယ်။ သူတို့ ကိုယ်တိုင်လည်း ပြုပြင်ပြောင်းလဲမှုတွေကို လိုလားတယ်ဆိုတဲ့အကြောင်း ကျနော်ပြောဖြစ်ပါတယ် ခင်ဗျ။ အဲဒီနောက်ပိုင်းမှာ ဆန္ဒပြဘို့ထွက်လာတဲ့ တပ်မတော်သားတွေနဲ့ ကျနော် တွေ့ချင်ပါတယ်လို့ ကျနော် ခွင့်တောင်းတဲ့အခါကျတော့ သရက်တောကျောင်းတိုက်ကို ပို့ပေးပါတယ်ခင်ဗျ၊ သရက်တောကျောင်းတိုက်မှာ မှော်ဘီကနေ ထွက်လာတဲ့ ဆန္ဒပြတဲ့ရဲဘော် တွေနဲ့ ကျနော်တွေ့ပါတယ်။ နောက်ပြီး တချို့သော အရာရှိ နှစ်ယောက်သုံးယောက်လောက်နဲ့လည်း ကျနော် တွေ့ပါတယ်။ အဲဒီ သရက်တောကျောင်းတိုက်မှာပဲ ခေတ္တခဏ နေပြီး တော့ နောက်ပိုင်းမှာ ဗကသ (ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ)အကူအညီနဲ့ လသာအထက(၂)မှာ ကျနော် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ဖြစ်ပါတယ် ခင်ဗျ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ခင်ဗျ၊ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ဖြစ်သွားတဲ့ အကြောင်းအရင်းနဲ့ နောက် အဲဒီနေ့က သတင်းစာရှင်းလင်းပွဲအတွေ့အကြုံတွေလည်း နောက်လူတွေ သိ ရှိအောင် ပြောပြပေးပါလား ခင်ဗျ။

ဗိုလ်ကြီးစိုင်းဝင်းကျော်။ ။ အဓိက ကျနော့်ကို အကူညီပေးတာကတော့ ကိုမိုးဟိန်း (ယခု အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင်နေထိုင်သူ ရှစ်လေးလုံးကျောင်းသားခေါင်း ဆောင်တစ်ဦး) ပေါ့နော်၊ ကိုမိုးဟိန်းက ဗကသ ရိက္ခာတာဝန်ခံအနေနဲ့ ကျနော်တို့ ဆီလာပြီးတော့ အစားအသောက်တွေ ဝေငှတာ ရှိပါတယ်။ သရက်တောကျောင်းတိုက်မှာ ကိုမိုးဟိန်း နဲ့တွေ့တော့ “အစ်ကိုကြီး ကျနော် ဘာအကူညီ ပေးရမလဲ” မေးတဲ့အခါကျတော့၊ ကျနော်က သူ့ကိုပြောတယ်၊ “အေးကွာ၊ ငါတို့ရဲ့ အတွေ့အကြုံတွေ ငါတို့ရဲ့ အမြင်တွေကို လူထုကို တင်ပြချင်တယ်။ အဲဒါ မင်း စီစဉ်ပေးလို့ ရမလား”ဆိုတော့၊ “ရပါတယ် အစ်ကိုကြီး”ဆိုပြီး သူက ကျနော့်ကို စီစဉ်ပေးပါတယ် ခင်ဗျ။ အဲဒီလို သူ စီစဉ်ပေးပြီး နောက်ပိုင်းမှာ ဒီ သတင်းစာ ရှင်းလင်းပွဲက အထမြောက်သွားတာပါ။ သတင်းစာရှင်းလင်းပွဲ လုပ်ပြီးတဲ့အချိန်လောက်မှာလည်း ကိုမိုးသီးဇွန်(ကျောင်းသားခေါင်းဆောင်၊ ထိုစဉ်က “ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသား များသမဂ္ဂ”၏ အထွေထွေအတွင်းရေးမှူး) လာပြီးတော့မှ ကျနော်နဲ့ တွေ့ဆုံစကားပြောတာတွေ ရှိပါတယ် ခင်ဗျ။ သတင်းစာရှင်းလင်းပွဲလုပ်ရတဲ့ အဓိကရည်ရွယ်ချက်ကတော့ ကျနော် တို့အနေနဲ့ ရှစ်လေးလုံးအရေးတော်ပုံကြီးမှာ တပ်မတော်သားတွေဟာလည်း ပြည်သူလူထုနဲ့ တသားတည်းပါပဲ၊ ပြည်သူလူထုနဲ့အတူ တပါတီအာဏာရှင်စနစ်ကို ကျနော်တို့ မကြိုက်ပါ ဘူး၊ ဒီအာဏာရှင်စနစ်ရဲ့ ဖိနှိပ်ချုပ်ခြယ်မှုတွေကိုလည်း ကျနော်တို့တပ်မတော်သားတွေဟာ ပြည်သူနဲ့အတူ မျှဝေပြီးတော့မှ ခံစားရတာပါ။ အောက်ခြေအဆင့် တပ်မတော်သား အရာရှိ အကြပ်တပ်သားတွေအားလုံးကလည်း ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် လိုလားတယ်။ မဆလ တပါတီအာဏာရှင်စနစ်ကိုလည်း ကျနော်တို့ မလိုလားဘူး။ တပ်မတော်သား တွေကို မဆပါတီထဲ မ၀င်မနေရ အတင်းအကြပ်ဝင်ခိုင်းပြီးမှ အရံပါတီဝင်တွေ အနေနဲ့သော်လည်းကောင်း၊ တင်းပြည့်ပါတီဝင်တွေ အနေနဲ့သော်လည်းကောင်း စုစည်းပြီး၊ ပါတီတည် ဆောက်ထားတာကို ကျနော်တို့ မလိုလားဘူး။ ဗမာပြည်ရဲ့ နိုင်ငံရေးအကြပ်အတည်းတွေကို ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ ဖြေရှင်းစေချင်တယ်။ ပြည်သူလူထုအများစု သွေးထွက်သံယို ဖြစ် ပြီးတော့မှ အသက်များစွာဆုံးရှုံးပြီးတော့မှ ကိုယ့်အချင်းချင်း သတ်တာဖြတ်တာတွေ ဖြစ်ပြီးတော့မှ နိုင်ငံရေးပဋိပက္ခတွေ ဖြေရှင်းရတာမျိုးကို၊ ကျနော်တို့ မလိုလားဘူး။ အထူးသဖြင့် တပ်မတော်ကို နိုင်ငံရေးအကျပ်အတည်းမှာ တပါတီအာဏာရှင်စနစ်ရဲ့လက်ကိုင်ထုတ်အနေနဲ့ အသုံးချတာကို ကျနော်တို့ လုံးဝလက်သင့်မခံနိုင်ဘူး။ အဲဒီအတွက်ကြောင့် ပြုပြင်ပြောင်း လဲမှုတွေကို အမြန်ဆုံးနည်းလမ်း၊ အကောင်းဆုံးနည်းလမ်း၊ ငြိမ်းချမ်းတဲ့နည်းလမ်းတွေနဲ့ ဖြေရှင်းပေးပါ၊ တပ်မတော်သားအများစုကိုလည်း မဆလပါတီဝင်အဖြစ်ကနေ အမြန်ဆုံး ရုတ် သိမ်းပေးပါဆိုပြီးတော့ သတင်းစာရှင်းလင်းပွဲမှာ ကျနော် အတိအလင်း တောင်းဆိုပါတယ်ခင်ဗျ။ သတင်းစာရှင်းလင်းပွဲပြီးတဲ့ နောက်ပိုင်းမှာပဲ သိပ်မကြာပါဘူး၊ မဆလပါတီက အစည်း ဝေးလုပ်ပြီးတော့မှ ဦးအေးကို (မြန်မာ့ဆိုရှယ် လစ်လမ်းစဉ်ပါတီ အထွေထွေအတွင်းရေးမှူး နှင့် ဒုတိယသမ္မတ ဖြစ်ခဲ့သူ အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး ဦးအေးကို)ကိုယ်တိုင် လက်မှတ် ရေးထိုးပြီး တပ်မတော်သားတွေကို မဆလပါတီဝင်အဖြစ်ကနေရပ်စဲကြောင်း ကြေညာချက် ထွက်လာတာ ရှိပါတယ်ခင်ဗျ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ခင်ဗျ။ ဗိုလ်ကြီးအနေနဲ့ အဲဒီလိုမျိုး တွေ့ကြုံရတဲ့အချိန်မှာ၊ ကျနော်တို့ အခု ပြန်မြင်ကြည့်တဲ့အခါကျတော့၊ တတိုင်းပြည်လုံး အုန်းအုန်းကျွက်ကျွက်နဲ့ ဗိုလ် ကြီးတို့လို ပြည်သူ့ရင်ခွင် ကူးပြောင်းလာတဲ့ အရာရှိတွေတင် မကဘူး၊ တပ်မတော်သားတွေလည်း ရှိတယ်။ နောက်တခါ ၀န်ထမ်းတွေ ပေါ့နော်၊ အပြောင်းအလဲတစ်ခုတော့ မကြာခင် ရောက်တော့မှာပဲလို့ ဖြစ်နေတဲ့အချိန်မှ၊ာ ဗိုလ်ကြီးက တပ်မတော်အရာရှိ အတွေ့အကြုံရှိ ပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ အဲဒီအချိန်မှာ ဗိုလ်ကြီး ဘယ်လိုမြင်လဲခင်ဗျ၊ ဒီအရေးတော်ပုံကြီးက ဆန္ဒပြဆန့်ကျင် ကန့်ကွက်ပြီးတော့ ရင်ထဲက ဆန္ဒတွေ ထုတ်ဖော်ပြသရာကနေ၊ နောက်တစ်ဆင့်ဖြစ်တဲ့ အာဏာရှင်စနစ်ပြုတ်ကျရေးအထိကို အောင်မြင်သွားနိုင်တဲ့ အခြေနေရှိတယ်လို့ ဗိုလ်ကြီး အဲဒီအချိန်တုန်းက မြင်မိပါသလား၊ သို့မဟုတ် ဒီအတိုင်းကတော့ မအောင်မြင်နိုင်ဘူး၊ ဘာတွေလုပ်ဖို့ လိုသေးတယ် ဘယ်လိုဆက်သွားဖို့ သင့်တယ် စသည်ဖြင့် ဗိုလ်ကြီး မြင် ခဲ့တာတွေ ရှိပါသလား ခင်ဗျ။

ဗိုလ်ကြီးစိုင်းဝင်းကျော်။ ။ ရှိပါတယ် ခင်ဗျ၊ ကျနော်လည်း ကျနော့်လုံခြုံရေးအတွက်ပေါ့နော်၊ ကျောင်းသားတွေအကူအညီနဲ့ နေရာအနှံ့အပြားမှာ ကျနော်ရွှေ့ပြောင်းပြီးတော့ နေထိုင် ရတာတွေရှိပါတယ်။ အဲဒီနောက်ပိုင်းမှာ အာဏာသိမ်းမှု ဖြစ်လာပါတယ်ခင်ဗျ။ အာဏာသိမ်းမှုဖြစ်လာပြီးတဲ့နောက်ပိုင်းမှာ ဘယ်သူကမှ ကျနော်တို့ လုံခြုံရေးကို တာဝန်ယူနိုင်တဲ့ အခြေ အနေ မရှိပါဘူး၊ အဲဒီလိုပဲ ကျောင်းသားတွေ အများစုကပဲ ကူညီလုပ်ဆောင်ပေးလို့ ပြည်သူလူထုတွေကြား၊ ရပ်ကွက်တွေကြားထဲမှာပဲ၊ နေထိုင်ပုန်းအောင်းပြီးတာ့ ဖြတ်သန်းရတဲ့ ကာ လတွေ ရှိပါ တယ်။ အဲဒီတုန်းက ကျနော်မြင်တာကတော့ အဲဒီ အာဏာမသိမ်းခင်ကာလ၊ အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းအထိလည်း လူထုရဲ့စိတ်ဓာတ်က တက်ကြွမှု တစုံတရာ ရှိပါ တယ် ခင်ဗျ။ ကျနော်တို့ “ ၁၉၈၈ လူထု အရေးတော်ပုံကြီး”ဟာ အမျိုးသားရေးဆိုင်ရာလှုပ်ရှားမှုကြီးပါ။ အမျိုးသားရေးဆိုင်ရာလှုပ်ရှားမှုကြီး ဖြစ်တဲ့အတွက်ကြောင့် လူထုအားလုံးက လည်း အပြောင်းအလဲကို လိုလားပါတယ် ခင်ဗျ။ ခေါင်းဆောင်တွေကလည်း အများကြီး ထွက်လာပါတယ်။ ဒေါ်အောင်ဆန်းစုကြည်တို့၊ အဘဦးတင်ဦးတို့၊ အဘ ဦးနုတို့ ၊ ဦးအောင် ကြီး တို့ကအစ အကုန်လုံး ထွက်လာပါတယ်။ ထွက်လာတဲ့အခါ ကျနော်မြင်တာကတော့၊ အဲဒီအချိန်ကသာ ပြုပြင်ပြောင်းလဲရေးကို တိတိလင်းလင်း တာဝန်ယူနိုင်တဲ့ ခေါင်းဆောင်တစ် ယောက်ကသာ ပြတ်ပြတ်သားသား လုပ်ခဲ့မယ်ဆိုရင် Do or Die ပေါ့နော်၊ စစ်စကားအရပြောမယ်ဆိုရင် “သေမလားရှင်မလား”ဆိုတဲ့ ပြဿနာမှာ ပြတ်ပြတ်သားသား ရွေးချယ်ပြီး တော့မှ၊ အာဏာသိမ်းဖို့ အစီစဉ်တစ်ခုကို အောင်မြင်အောင်ကြံဆောင်နိုင်မယ့် ခေါင်းဆောင်တစ်ယောက်သော်လည်းကောင်း၊ တစ်ဖွဲ့သော်လည်းကောင်း ရှိမယ်ဆိုရင်၊ ကျနော်ထင် တယ်၊ ဗမာပြည်နိုင်ငံရေးအကြပ်အတည်းက အချိန်တိုတိုအတွင်းမှာ အများကြီးပြောင်းလဲသွားနိုင်တဲ့ အခြေအနေရှိပါတယ်၊ ဒီလောက်ထိ နှစ်နဲ့ချီပြီးတော့မှ ဖြစ်လာစရာ အနေအထား မျိုးမရှိဘူးလို့ ကျနော်မြင်ပါတယ် ခင်ဗျ။

ဦးရော်နီညိမ်း။ ။ သောတရှင်များ ခင်ဗျာ၊ “ရှစ်လေးလုံး လူထုအုံကြွမှု အရေးတော်ပုံကြီး” ကာလမှာ လူထုကိုဖြိုခွင်းဖို့ တာဝန်ပေးအပ်ခြင်းခံခဲ့ရတဲ့ ခြေမြန်တပ်မ(၂၂)၊ ခမရ (၂၀၈) က တပ်ခွဲမှူးတစ်ဦးဖြစ်တဲ့ ဗိုလ်ကြီးစိုင်းဝင်းကျော်ရဲ့ ရှစ်လေးလုံး အလွန်ကာလမှာ သူဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေနဲ့ နိုင်ငံရေးအကျဉ်းသားဘ၀အထိ ရောက်ရှိသွားခဲ့ရတဲ့ အကြောင်းတွေကို နောက်သီတင်းပတ် အောက်တိုဘာလ (၂) ရက်၊ တနင်္ဂနွေနေ့ မနက်၊ “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ်ကဏ္ဍမှာ ဆက်ပြီး တင်ဆက်ပေးသွားမှာ ဖြစ်ပါ တယ် ခင်ဗျာ။ စောင့်မျှော် နားဆင်ကြပါ။ ကျနော် ရော်နီညိမ်းပါ။

0 ငါးကျမ်းပြန် (ထားဝယ်) ဆရာတော်ကြီး ဘ၀နတ်ထံပျံလွန်တော်မူ


သင်္ဃန်းကျွန်းမြို့နယ်၊ ငါးကျမ်းပြန် (ထားဝယ်) သာသနာ့ရိပ်သာကြီးနှင့် သင်္ဃန်းကျွန်းမြို့နယ် သြ၀ါဒစရိယ ဘဒ္ဒန္တသုမင်္ဂလ သက်တော် (၉၃)နှစ်၊ သိက္ခာတော် (၇၃)၀ါ ဆရာတော်ကြီးသည် ၂၂.၉.၂၀၁၀ (ဗုဒ္ဓဟူးနေ့) ညနေ (၃း၁၅) နာရီတွင် ဘ၀နတ်ထံ ပျံလွန်တော်မူသွားပါသဖြင့် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ရွှေကရ၀ိတ်ဖောင်တော်ဖြင့် ဆရာတော်ဘုရားကြီး ရုပ်ကလပ်တော် အား (၅) ရက်တိုင်တိုင် အပူဇော်ခံထားရှိခဲ့ပြီး အန္တိမအဂ္ဂိဈာပန အခမ်းအနားအား ၂၆.၉.၂၀၁၀ (တနင်္ဂနွေနေ့) ညနေ (၄း၀၀) နာရီတွင် သင်္ဃန်းကျွန်းမြို့နယ်ရှိ ကျောင်းတိုက်မှ ရေဝေးသုဿန်သို့ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူ ကိုယ်တိုင် နိဗ္ဗာန်ယာဉ်အား မောင်းနှင်၍ ဆရာတော်ဘုရားကြီး၏ ရုပ်ကလပ်တော်အား ရေဝေးသုဿန်သို့ ပင့်ဆောင်ရာတွင် နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသူ/သားများက ကူညီပေးဆပ် ပံ့ပိုးပေးခဲ့ရာ ရပ်ဝေး/နီး တပည့်ရဟန်း သံဃာတော်များ၊ သီလရှင်များ၊ ဒါယကာ၊ ဒါယကာမ အပေါင်း တို့နှင့် စည်းကမ်းရှိရှိ စည်ကားသိုက်မြိုက်စွာ အန္တိမအဂ္ဂိ ဈာပနပူဇာသဘင်အား အောင်မြင်စွာ ကျင်းပ ပြုလုပ်နိုင်ခဲ့ပါသည်။

သတင်းနှင့်ဓာတ်ပုံအတွက် ကိုကျော်သူအားကျေးဇူးတင်ရှိပါသည်။

0 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ဒု)ဥက္ကဌဘဘဦးတင်ဦး စင်ကာပူနိုင်ငံသို့မျက်စိဝေဒနာကုသရန်အတွက်သွားမည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဒု) ဥက္ကဌ ဘဘ ဦးတင်ဦးသည် ၄င်း၏မျက်စိဝေဒနာကိုကုသရန်အတွက် ၂၈.၉.၂၀၁၀ နေ့ နံနက်၁၀း၁၀နာရီအချိန်ထွက်ခွာမည့်MAIလေကြောင်းလိုင်းMI511လေယာဉ်ဖြင့် စင်ကာပူနိုင်ငံသို့ ခွဲစိတ်ကုသရန်အတွက် သွားရောက်မည်ဟုသိရှိရပါသည်။ စင်ကာပူနိုင်ငံရှိ TENTOCKSENG ဆေးရုံကြီးတွင် မျက်စိဝေဒနာကို ခွဲစိတ်ကုသမှုခံယူပြီးလျှင် ၃၀.၉.၂၀၁၀ နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။

လေးစားဦးညွှတ်လျှက်
Burma Paparazi

0်င်္်Free Burma


အဓိကကတော့ ကျွန်ုပ်တို့မြန်မာ နိုင်ငံမှာ စစ်တာဟာလက်နက်အားကိုးနဲ့ တတိုင်းပြည်လုံးကို ထင်တိုင်းကြဲ အနိုင်ကျင့်နေတာကိုသိမြင်ကြဖို့ပါပဲ ◄♥►

၁။ စစ်တပ်ဟာ စစ်တိုက်ဖို့ သတ်ဖို့ဖြတ်ဖို့ ရက်စက်ဖို့ ၀န်မလေးဘူး ဒါကစစ်တပ်အလုပ်နဲ့ စစ်တပ်သဘောပါ ။

၂။ တို့နိုင်ငံမှာအခုဖြစ်နေတာက စစ်တပ်က တနို်င်ငံလုံး မှာရှိတဲ့ လုပ်ပိုင်ခွင့် အခွင့်အာဏာ အားလုံးနှင့် ဌါနအားလုံးကို ကိုယ်နှင့်မဆိုင် ကိုယ်မပိုင်နားမလည်ပဲလက်နက်အားကိုးနဲ့ အနိုင်ကျင့်ပြီး သက်ဆိုင်ရာဌါန ပညာတတ်တွေအပေါ်မှာ အတင်းအာဓမ္မ အနိုင်ကျင့်အုပ်ချုပ်နေတယ် ဗိုလ်ကျနေတယ် ။

၃။ ပြည်သူတွေအတွက်ဥပဒေတွေကို ထင်သလိုထုတ်နှိပ် စက်တယ် ၊စစ်အာဏာရှင် နှင့် အပေါင်းအပါတွေကတော့ ဥပဒေ အပေါ်ကနေ ထင်သလိုလုပ်ထင်တိုင်းကြဲ ပြည်သူကိုအနိုင်ကျင့်နိုင်တယ် ။

၎။ ဒီ လူရိုင်းလူမိုက်စိတ်ဝင်နေတဲ့လူတွေရဲ့ လုပ်ရပ်ကြောင့် တတိုင်ပြည်လုံးပြည်သူတွေ မွေးယာပါနိုင်ငံသားအခွင့် အရေးတွေနှင့် ငါတို့မြန်မာ တမျိုးသားလုံး၏ အမျိုးသားရေး မူဖြစ်တဲ့ တရားမျှတမှု့နှင့် လွတ်လပ်မှု့ကို လုံးဝမခံစားကြရဘူး စစ်အာဏာရှင်ကြီးတွေ ရဲ့ အာဏာလက်ကိုင်တုတ်တွေရဲ့လက်အောက်မှာ စစ်ကျွန်ဘ၀နဲ့ နေနေရတယ် ။၎င်းတို့၏ မိုက်မဲမှု့ကြောင့် ပြည်သူပြည်သားတွေ ကုံးကောက်စရာ မရှိအောင်မွဲနေရတယ် ။နိုင်ငံတော် ဘဏ္ဏာကို ပြည်သူတွေ တိုက်ရိုက်သော်၎င်းသွယ်ဝိုက်၍ သော်၎င်းဘာမျှ မခံစားရဘူး ။

၅။ လက်ရှိမြန်မာ နိုင်ငံဆိုတာ စက်မူနိုင်ငံ မဟုတ်၊ ကုန်ထုတ်လုပ်မှုနိုင်ငံမဟုတ်၊ စိုက်ပျိုးရေးလယ်ယာထွက် ကုန်ထုတ်နိုင်ငံမဟုတ် ၊လက်ရှိမြန်မာပြည်သူတို့၏ ဘ၀သည် လက်လုပ်လက်စားဘ၀နိုင်ငံ အဖြစ် ပြည်သူတွေခါးစီးခံနေရသည်။

၆။ လက်ရှိစစ်အာဏာရှင်တို့သည် လက်နက်အားကိုးဖြင့် အနိုင်ကျင့်ရုံကလွဲပြီး
ဘာမှမသိဘာမှမလုပ်တတ် ဘာမှမလုပ်နိုင် ။ တိုင်းရင်းသားစည်းလုံးညီညွတ်မှုနှင့် တိုင်ရင်းသားတို့ဖြင့်လည်း ချစ်ခင်ရင်းနှီးစွာ ပြည်ထောင်စုစိတ်ဓာတ်ကိုလည်း မဖေါ်ဆောင်နိုင် တိုင်ရင်းသားတို့ကလည်း လက်ရှိစစ်တပ်နှင့်တပ်မတော်သားတွေကို လွန်စွာမှရွံရှာမုန်းတီးကြသည် ။

၇။ တပ်မတော်သား ညီငယ်ရဲဘော်လေးများအနေဖြင့် ပြည်သူတွေ၏ တရားမျှတမှု့နှင့် လွတ်လပ်မှု့ ပြည်သူပိုင်ဖြစ်တဲ့မြန်မာနိုင်ငံတော် အပေါ်သစ္စာစောင့်သိရိုသေကြမလားး၊ ဒါမှမဟုတ် အာဏာမက် အာဏာရူးပြီး ဘယ်သူမှထောက်ခံသူမရှိလို့ ညီလေးတို့ကိုပဲ နိုင်ငံကယ်တင်ရှင်ကြီးတွေ မင်းတို့ငါတို့မှ လက်နက်နဲ့ပြည်သူတွေနဲ့ တိုင်းရင်းသားတွေကို ဖမ်းမထားလျှင် မြန်မာပြည်ကြီးတော့ပျက်ပါပြီဆိုတဲ့ အာဏာရှင်ကြီးတွေရဲ့ ပထွေးကြီးနေ၀င်းက စပြီးရိုက်သွင်းခဲ့တဲ့စကားတွေကို ညီလေးတို့အနေဖြင့် ထ္မင်းစားတဲ့ဦးနှောက်နဲ့ထိုးထွင်းသိပြီး ပြည်သူတွေရဲ့ အခွင့်အရေးတွေကိုကာကွယ်ကြမလား ။ ဒါမမဟုတ် ချီးစားတဲ့ခွေးအုံးနှောက်နဲ့ပဲ အာဏာမက်အာဏာရူးပြီး မိဘပြည်သူတွေကို ကာကွယ်မစောင့်ရှောက်ပဲပြည်သူ့ရန်သူစစ်အာဏာရှင်ကြီးတွေကိုပဲတပ်မတော်သာပထွေးတပ်မတော်သာမိဒွေးဝါဒတွေနဲ့ပဲ စစ်ကျွန်စစ်ခွေးဘ၀မှာပဲ ပြည်သူ့ရန်သူ အဖြစ်နဲ့ဘ၀င်မြင့်မာန်တက်နေကြတော့မလားညီလေးတို့ ပြန်ပြီးသုံးသပ်ဖို့တော့ကောင်းနေပြီဖြစ်တဲ့အကြောင်း သတိပေးပြောကြားလိုက်ပါရစေ ။

0 နအဖဥာဏ်ဝင်းတို့စီးနင်းလိုက်ပါလာခဲ့သောကားပေါ်တွင် “ဒေါ်အောင်ဆန်းစုကြည်ကို ၀ိုင်းဝန်းကာကွယ်စောင့်ရှောက်ကြ၊” စာတန်းပါ sticker အကပ်ခံရ။


ယခုလ စက်တင်ဘာလ (၂၄) ရက်နေ့ က အမေရိကန်နိုင်ငံ နယူးယောက်မြို့  ကုလသမဂ္ဂအဆောက်အဦး၌ ကုလသမဂ္ဂအထွေထွေညီလာခံတက်ရောက်ရန် ရောက်ရှိနေခဲ့သော နအဖ နိုင်ငံခြားရေးဝန်ကြီး ဥာဏ်ဝင်းတို့  စီးနင်းလိုက်ပါလာခဲ့သော ကားပေါ်တွင် ဒေါ်အောင်ဆန်းစုကြည်ပုံပါသော “ဒေါ်အောင်ဆန်းစုကြည်ကို ၀ိုင်းဝန်းကာကွယ်စောင့်ရှောက်ကြ၊ ကိုယ်ကျိုးရှာ စစ်ခေါင်းဆောင်များအား တိုက်ခိုက်ခြေမှုန်းကြ” စာတန်းပါ sticker အား ကပ်ထားပေးလိုက်သည့် ဖြစ်ရပ်အား မှတ်တမ်းတင်ထားသော ဓါတ်ပုံ ဖြစ်ပါသည်။


ကိုနစ်နေမန်းမှ

1 ဂျပန်နိုင်ငံရှိUNရုံးရှေ့တွင်ကျင်းပသောရွှေဝါရောင်တော်လှန်ရေး(၃)နှစ်မြောက် နှစ်ပတ်လည်နေ့တွင် အရှင်ထာဝရမိန့်ကြား


video။ ။ TibetKanagawa

0 သူရဲကောင်း ဖိတ်စာ

ကျွန်တော်တို့ မြန်မာနိုင်ငံ အာဏာရှင်စနစ် ဆိုးအောက်မှ လွတ်မြောက်ပြီး ဒီမိုကရေစီ နိုင်ငံသို့ လမ်းလျှောက်ကြမည့် ခရီးစဉ်တွင် သင်သည် အဓိက အကျဆုံးလူဖြစ်နေသည် ကို မမေ့ပါနှင့် ။ ထိုသို့ပြောလိုက်၍ သင့်ကို မြှောက်ပြောတာဟု မထင်ထားပါနှင့် ။ ကျွန်တော့် မညာတတ် ၊ မလိမ်တတ်ပါ ။ ဘာကြောင့် ကျွန်တော် ထို့သို့ပြောရသည်ကို ရှင်းပြပါမည် ။ သင်သည် မြန်မာနိုင်ငံသားဟု သင့်ကိုယ်သင့် ခံယူထားလျှင် သင့်နိုင်ငံတိုးတက် ကောင်းမွန်ရေးကို သင်ကိုယ်တိုင်လုပ်ဆောင် ရပေမည် ။ အခြေအနေ အရပ်ရပ်ကို မှန်မှန်ကန်ကန် တွေးခေါ်ပြီး တကယ်လက်တွေ့ ကျကျ လုပ်ကြဖို့ အရေးကြီးနေပြီ ။ အဘက်ဘက်က ဆုတ်ယုတ်နေသော ကျွန်ူပ်တို့ တိုင်းပြည်ကို တကယ်ကောင်းစားစေချင်လျှင် သင့်ကိုယ်သင် အရင်ပြင်ရမည် ဖြစ်သည် ။ လူတကာ လက်ညိုးဝိုင်းထိုး နေသာ အာဏာရှင်တွေ သက်ဆိုးရှည်ရေး လမ်းစဉ်ကို သင့်ကူညီထောက်ပံ့ပေးနိုင်သလို ဒီမိုကရေစီ လမ်းဖောက်နေသူများကို ကူညီပေးနိုင်သူမှာလည်း သင်သာ ဖြစ်သည် ။ သင့်၏ ခွန်အားများကို အကျိုးရှိစွာ အသုံးချမည်လော ၊ တိုင်းပြည်ကို နွံနစ်သထက်နစ်လာအောင် ကူ၍ တွန်းချမည်လော ။ သေချာစွာ ဆင်ခြင်စဉ်းစားသင့်သည် ။

သင် အတိတ်က မှားခဲ့ကောင်း မှားခဲ့နိုင်ပါသည် ။ သို့သော် ပုစ္စုပ္ပန် လုပ်ရပ်များတွင် သင့်အမှားတွေ ပြင်ဆင်ပြီး အနာဂတ် တွင် ပိုမိုကောင်းမွန်သော နည်းလမ်းများဖြင့် တိုင်းပြည်အတွက် ဆက်လက်ကြိုးစားကြဖို့သာ ရှိပေသည် ။

ကျွန်ူပ်တို့ အားလုံး တော်လှန်ရေးဇတ်ကားများ ၊ ဇတ်ကြမ်းကား ရုပ်ရှင်များ ကြည့်ဖူးကြသည် ဟု ထင်မိပါသည် ။ ထိုဇတ်ကားများ ကြည့်သည့်အခါ ပြည်သူလူထု အား အကြမ်းဖက်သူ လူဆိုးတို့မှ ညင်းပန်းနှိပ်စက်သည့် အခန်းများတွင် ကယ်တင်ရှင် သူရဲကောင်းများ မြန်မြန်ရောက်လာ စေရန်ကြည့်နေရင်း မျှော်လင့်မိကြသည် မဟုတ်ပါလော ။ ထိုဇတ်ကားများ သည် ဒါ၇ိုက်တာ၏ ဇတ်ညွှန်းအတိုင်း ကနေကြသည်ကို သိလျှက်နှင့်ပင်သူရဲကောင်းတို့ ရောက်လာချိန်ကို မချင့်မရဲ စောင့်စားရင်း အားမလို အားမရ ဖြစ်ခဲ့ကြဘူးသည်ကို ပြန်လည် အမှတ်ရ ကြည့်ပါ ။

ထို့ကဲ့သို့ သူရဲကောင်း ရောက်လာ၍ ရန်သူလက်တွင်းမှ ပြည်သူလူထုကို ကယ်တင်ခန်းများ ကြည့်ရသည့် အခါတွင် စိတ်တွင် ကြည်နူးကာလက်ခုပ်လက်ဝါး တီးကာ အားပေးသည့် လူများကိုပင် အများအပြားတွေ့ရှိရပါသည် ။

ယခုအချိန်တွင်လည်း မြန်မာနိုင်ငံ ပြည်သူလူထုသည် အာဏာရှင်စနစ်ဆိုးအောက်မှ လွတ်မြောက်အောင် ဆောင်ကြဉ်းပေးနိုင်မည့် သူရဲကောင်းကိုစောင့်မျှော်လျှက် ရှိပါသည် ။ သို့သော် မည်သူမည်ဝါ သူရဲကောင်းလုပ်ရမည်ဟု သတ်မှတ်ထားချက် မရှိပါ ။ ထို့ကြောင့် သူရဲကောင်းတွေကို ချစ်မြတ်နိုးသော ကျွန်ူပ်တို့ တမျိုးသာလုံး သူရဲကောင်း ဖြစ်အောင် ကြိုးစားနိုင်ဖို့ အခါအခွင့်သင့်လေပြီ ဖြစ်သည် ။ အာဏာရှင်စနစ်ဆိုးအောက်မှလွတ်မြောက်အောင်ကယ်တင်ပေးမည့် သူရဲကောင်းသည် သင်ကိုယ်တိုင်လည်း ဖြစ်နိုင်ပါသည် ။ အခြားသူများကို သူရဲကောင်းဘွဲ့အပ်နှင်းဖို့ စောင့်နေမည့်အစား သင့်ကိုယ်သင် သူရဲကောင်းဘွဲ့အပ်နှင်းလိုက်သည်က အကောင်းဆုံးဖြစ်ပေလိမ့်မည် ။

"မြတ်ဗုဒ္ဓကလည်း မိမိကိုယ်သာ ကိုးကွယ်ရာလို့ ဆုံးမလမ်းပြခဲ့ဘူး တယ်" ။ " ငါသာလျှင် ငါ့ကံ၏ အရှင်သခင်ဖြစ်၍ငါသာလျှင် ငါ့စိတ်၏ အကြီးအကဲ ဖြစ်သတည်း " ဟုတ် ဗိုလ်ချုပ်အောင်ဆန်းက ကဗျာ တပုဒ်ထဲတွင် ရေးပြခဲ့ဘူးတယ် ။ ဒီစကားတွေကို ဥပမာထားပြီး ကျွန်တော်တို့ ကြိုးစားကြရမယ် ။

တကယ်ရွေးစရာ လမ်းမရှိတော့လို့ တိုက်ပွဲဝင်ကြပါစို့လို့ လိုက်လံ နိုးဆော်နေတာပါ ။ ပြည်သူတွေ ဆင်းရဲ ဒုက္ခရောက်နေတာလည်း အားလုံးမျက်မြင်ကိုယ်တွေ့ပါဘဲ ။ ၂၂ နှစ်တော်လှန်ရေး ဆင်နွှဲခဲ့တာ မအောင်မြင်ပါဘူးလို့ ပြောလာတဲ့သူတွေကို ပြန်မေးကြည့်ပါအုံး ။ ၂၂ နှစ်လုံးလုံးတိုင်းပြည် ဘဏ္ဍာတွေကို စိတ်ကြိုက်အသုံးချခဲ့ ပြီး ပြည်သူလူထု ဘ၀ကို လက်နက်ပြအုပ်စိုးထားတဲ့ အစိုးရ ကကော တိုင်းပြည်အတွက် ဘာတွေများ လုပ်ပေးပြီးပြီးလဲ ။ လွန်ခဲ့တဲ့ ၂၂ နှစ် က ပြည်သူလူထု ရပ်တည်ရတဲ့ အခြေအနေထက် အခုအခြေအနေ ပိုမိုဆိုးရွားလာတာ ဘယ်သူကြောင့်လဲ ။

ဆက်ငုံ့ခံနေရင်တော့ အမျိုးပျေက်မှာ သေချာတယ် ။ အာဏာကို လွန်စွာ တွယ်ကာမက်နေတဲ့ လူတွေက မေတ္တာတရားဆိုတာ နားမလည်ကြတော့ဘူး ။

ဘုရားတွေ လှည့်တည်နေတဲ့ သူတို့တစ်တွေကဘဲ သံဃာတွေကို သတ်ပြခဲ့တယ် ။ အဲဒါသာသနာကို စော်ကားတာလား ၊ ချီးမြှောက်တာလား စဉ်းစားစရာ မလိုတော့ဘူး ။ လူမျိုးနဲ့သာသနာ တည်မြဲစေဖို့ အတွက် ကြိုးစားရမည့် အချိန်အခါမှလည်း သင့်က အဓိကကျဆုံး လူသားဖြစ်ပေသည် ။

သင့်ပတ်ဝန်းကျင်တွင် ကြီးဆိုးနေသည့် မတရား အဓမ္မမှုများ ကို ကာကွယ်ရန်မှာ သင်၏ တာဝန်ဝတ္တရား ပင်ဖြစ်လေသည် ။

ငြိမ်းချမ်းရေး ဆိုတဲ့ စကားလုံးကို သူတို့နားလည် အောင် အဓိပ္ပာယ်ဖွင့်ဆိုပေးနိုင်တဲ့ လူတွေ သူတို့ အနားမှာ တစ်ယောက်မှ မရှိပါဘူး ။ ဖြစ်ချင်တာဖြစ်ပစ်သာပစ် ကွာ ဆိုတဲ့ သူတို့ ပါးစပ်ဖျားက အမိန့်စကားအောက်မှာ အသက်ကွယ်ကာ ပျောက်ခဲ့ရတဲ့ ရဟန်းရှင်လူ ကျောင်းသား ကျောင်းသူတွေ နည်းတော့တာ မဟုတ်ဘူး ။ တဖြည်းဖြည်းနဲ့ လူ့အခွင့်အရေးတွေ ဆုံးရှုံးလာတာ နိုင်ငံတော် သီချင်းတောင် ခင်ဗျာတို့ လွတ်လွတ်လပ်လပ်ဆိုလို့ ရတော့လို့လား ။ ကျွန်တော်သိတဲ့ ဒီမိုကရေစီ လမ်းစဉ်ဆိုတာ လူထုက အုပ်ချုပ် အာဏာအပ်နှင်းတာ ဖြစ်တယ် ။ လူထုဆန္ဒကို လည်း လွတ်လပ်စွာ ဖော်ထုတ်ခွင့်ရှိတယ် ။ အခုတော့ စာနယ်ဇင်း လွတ်လပ်ခွင့်တောင် မရှိဘူး ။ ဒါဟာ ဒီမိုကရေစီ လမ်းစဉ် ကို ချည်းကပ်တာ မဟုတ်ဘူး ။ ဖက်ဆစ်စနစ်ကို ပြန်လည် အသက်သွင်းဖို့ ကြိုးစားနေတာ ။ ဒါတွေကို ငုံခံနေစရာ အကြောင်းမရှိဘူး ။ ပြည်သူ့ဆန္ဒဖော် တွေကို ဖော် ထုတ်ပြသရမယ် ။ သမိုင်းကြွေးတွေ ဆပ်စရာ အများကြီး ဘဲ ၊ ထပ်ပြီး အကြွေးတင် မခံကြတော့နဲ့ ရသလောက် တော့ နိုင်ရာတာဝန်ထမ်းပြီး ဆပ်ဖို့ကြိုးစားပေးကြပါ ။

နောင်လာမည့် မျိုးဆက်တွေကို ကျွန်ူပ်တို့ကဲ့သို့ စနစ်ဆိုးကြီးရဲ့ ဒဏ်ကို မခံစားရစေဖို့ ယခုချိန်က စပြီး အာဏာရှင်စနစ်ကို တိုက်ထုတ်ဖို့ ကြိုးစား အားထုတ်ကြရမည် မှာ မြန်မာနိုင်ငံသားတိုင်း၏ တာဝန်ဖြစ်ပေသည် ။

ကျွန်ူပ်တို့လိုချင်သော အုပ်ချုပ်ရေး ပုံစံကို ကျွန်ူပ်တို့ ကိုယ်တိုင်ပင် ဖန်တီးရယူရမည် ။ ကျွန်ူပ်တို့ တိုင်းပြည်အား ငြိမ်းချမ်းသာယာ၍ ခေတ်မှီဖွံ့ဖြိုးတိုးတက်မှု ကို အမှန်တကယ် လိုလားလျှင် ကျွန်ူပ်တို့ လက်တွဲကာ ၀ိုင်းဝန်းကြိုးစားကြရမည်ဖြစ်သည် ။ထိုသို့သော တရားမျှတ၍ ခေတ်မှီ ဖွံ့ဖြိုးတိုးတက်သော အုပ်ချုပ်ရေး စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် လူထုဆန္ဒဖော်ထုတ်ပွဲ များ ကျင်းပ၍ တောင်းဆို တိုက်ပွဲဝင်ရန်ကြံစည်ကြိုးကုတ် အားထုတ်လုပ်ဆောင် သင်သည့် အချိန်အခါ သို့ရောက်ရှိလာပေမည် ။ တိုက်ပွဲဝင်ရာတွင် လည်း အချိန်တိုတိုနှင့် အထိရောက်ဆုံးဖြစ်အောင် ကျွန်ူပ်တို့ဘက်မှ စီစဉ်ထားရှိကြရမည် ဖြစ်လေသည် ။ ယခုတိုက်ပွဲသည် ကျွန်ူပ်တို့ တိုင်းပြည် အတွက် နောက်ဆုံး ဒီမိုကရေစီ တိုက်ပွဲ ဖြစ်သည်ဟု ဆုံးဖြတ်ကာ မကြေက်မရွံ့ နောက်မတွန့်ဘဲ တိုက်ပွဲဝင်ကြလျှင် မုချအောင်မြင်မှု ရမည် ဖြစ်သည် ။ သင်၏ သတ္တိနှင့်စွမ်းရည်ကို ယုံကြည်သလို့ သင်၏ တိုင်းပြည်အပေါ်ထားရှိသော တိုင်းပြည် ကို ချစ်မြတ်နိုးစိတ် ကိုလည်း ကျွန်ူပ် အကြွင်းမဲ့ ယုံကြည်ပါ၏ ။ ထိုကြောင့် နောင်အခါဝယ် မြန်မာပြည်၏ ဒီမိုကရေစီ သူရဲကောင်း ပါလို့ ပြည်သူလူထု နူတ်ဖျားမှ ရွတ်ကာ စိတ်ဝယ် တသသနှင့် တမ်းတရသည့် သူရဲကောင်းလာမည့် သင့်ကို ကျွန်ူပ်မှ တိုက်ပွဲဝင်ရန် လေးစားစွာ ဖိတ်ခေါ် အသိပေး အကြောင်းကြားလိုက်ပါသည် ။

ခင်မင်လေးစားလျှက်

ဗမာ့သွေး

0 ဓမ္မခွန်အား ရွှေဝါရောင်တော်လှန်ရေး (စက်တင်ဘာ ၂၀၀၇ ခုနှစ်)၃နှစ်ပြည့်


တိုင်းပြည်အနှံ့ ပြည်သူတို့ဘဝ လက်တွေ့ ဖြစ်ပေါ်ခံစားနေရသည့် အဖြစ်အပျက်မျိုးစုံကိုသိနိုင်စေရန် ရည်ရွယ်၍ ဒုတိယအကြိမ်မြောက် ရေဒီယိုဖြန့်ဝေလှူဒါန်းခြင်း၊-ပဋ္ဌမအကြိမ် ၂၀၀၉-အမျိုးသားနေ့မှာ ရေဒီယိုအလုံး ၃၀၀- ဖြန့်ဝေလှူဒါန်း၊-ဒုတိယအကြိမ် ရွှေဝါရောင်သုံးနှစ်ပြည့် ရေဒီယိုအလုံး ၃၀၀-ဖြန့်ဝေလှူဒါန်းခဲ့ပါသည်။
အောက်ပါကြေညာချက်နှင့်ပတ်သက်ပြီးဆက်သွယ်မေးမြန်းနိုင်ပါသည်။

ဦးပညာဇောတ-ပြည်ပတာဝန်ခံ(၀၀၁-၇၁၈၂၃၀၀၆၀၅)၊
http://allburmamonksalliance.com/
http://allburmamonksalliance.org/

0 တိုင်းရင်းသားခေါင်းဆောင်တွေ ထိုင်းနိုင်ငံမှာ လျှို့ဝှက် တွေ့ဆုံ


မြန်မာနိုင်ငံ နယ်စပ်ဒေသတွေမှာ ရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေ၊ စစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲထားတဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေဟာ ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့မှာ နောက်ထပ်တကြိမ် လျှို့ဝှက်တွေ့ဆုံ ဆွေးနွေးနေကြတယ်လို့ သိရပါတယ်။

ချင်းမိုင်မြို့မှာ စက်တင်ဘာလ ၂၄ ရက်နေ့က စလို့ ဆွေးနွေးနေကြတဲ့ အဖွဲ့တွေကတော့ နယ်ခြားစောင့်တပ် အသွင်ပြောင်းဖို့ ဖိအားပေးခံနေရတဲ့ KIO ကချင်လွတ်လပ်ရေးအဖွဲ့၊ NMSP မွန်ပြည်သစ်ပါတီ၊ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း SSA-N နဲ့ စစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲမထားတဲ့ KNU ကရင်အမျိုးသား အစည်းအရုံး၊ CNFချင်း အမျိုးသားတပ်ဦးနဲ့ KNPP ကရင်နီအမျိုးသား တိုးတက်ရေးပါတီ စတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၆ ဖွဲ့ ဖြစ်တယ်လို့ သိရပါတယ်။

တိုင်းရင်းသားအဖွဲ့တွေ အခုလို တွေ့ဆုံ ဆွေးနွေးခဲ့ကြတာနဲ့ ပတ်သက်ပြီး KNU ခေါင်းဆောင်တဦးလည်းဖြစ်၊ ENC တိုင်းရင်းသား လူမျိုးများကောင်စီရဲ့ အထွေထွေ အတွင်းရေးမှူးလည်းဖြစ်တဲ့ ပဒို စောဒေးဗစ်ထော ကို ဆက်သွယ် မေးမြန်းကြည့်ရာမှာ ဆွေးနွေးနေမှုတွေနဲ့ ပတ်သက်ပြီး ပြောဆိုဖို့ အချိန်စောနေသေးကြောင်း အာအက်ဖ်အေ ကို ပြောပါတယ်။

ဒီ အစည်းအဝေးမှာ KNPP အဖွဲ့က ဥက္ကဌ ခူးထဲဘူးဖဲ၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဘီထူး၊ KNU အဖွဲ့က ဒုဥက္ကဌ စောဒေဗစ်တာကပေါ၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၊ NMSPအဖွဲ့က ဥက္ကဌ နိုင်ထောမွန်နဲ့ စစ်ဦးစီး အရာရှိတွေ အပါအဝင် အဖွဲ့အသီးသီးက ခေါင်းဆောင်တွေ တက်ရောက်နေကြတာ ဖြစ်သလို အစည်းအဝေးမှာ ဆွေးနွေးနေကြတဲ့ အကြောင်းအရာ အသေးစိတ် အချက်အလက်တွေကိုတော့ ထုတ်ဖော် မပြောဆိုပဲ လျှို့ဝှက်ထားပါတယ်။

ပြီးခဲ့တဲ့ မေလကုန်ပိုင်းကလည်း ဒီ တိုင်းရင်းသားအဖွဲ့တွေဟာ အခုလိုမျိုး တကြိမ် တွေ့ဆုံခဲ့ကြပြီး လက်နက်ကိုင်အဖွဲ့ အချင်းချင်းကြား စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းဆောင်ရွက်ကြဖို့ သဘောတူခဲ့ကြသလို စစ်မှန်တဲ့ ပြည်တောင်စုတရပ် ပေါ်ပေါက်ရေးအတွက် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းအရ ဖြေရှင်းနိုင်ဖို့ တိုင်းရင်းသား လူမျိုးစုတွေအကြား တန်းတူညီမျှမှု အခြေခံတဲ့ အမျိုးသား ညီညွတ်ရေးကို တည်ဆောက်ကြမယ်ဆိုတဲ့ သဘောတူညီချက် တရပ် လက်မှတ် ရေးထိုးခဲ့ကြသေးတယ်လို့ သိရပါတယ်။

အခုတကြိမ် ထပ်မံ တွေ့ဆုံဆွေးနွေးမှုကတော့ တိုင်းရင်းသားလက်နက်ကိုင် နယ်မြေတွေမှာ စစ်အစိုးရက စစ်ရေးအရ ဖိအားပေးမှုတွေ ပိုများလာနေတဲ့အပေါ် ဘယ်လို ရင်ဆိုင်ဖြေရှင်းကြမလဲ ဆိုတာတွေကို အဓိကထား ဆွေးနွေးဖို့ ရှိနိုင်ကြောင်း နိုင်ငံရေး အသိုင်းအဝိုင်းက သုံးသပ် ပြောဆိုနေကြပါတယ်။
(RFA)

0 ၂၀၁၀ ဖိုးစူ နိုင်ငံရေး

အမှိုက်တွေလာပြီဗျို့ ... အမှိုက်တွေ

၎ လွှာ၊ ၅ လွှာ၊ ၆ လွှာ ...ခေါင်းရင်းခန်း၊ ခြေရင်းခန်း

ဟိုဘက်အိမ်.... ဒီဘက်အိမ်

အမှိုက်တွေ လာပြီဗျို့ ....

အမှိုက်လှည်းလေး တွန်းကာတွန်းကာနှင့် ဖိုးစူ လာပါပြီ။

စမ်းချောင်းသား ဖိုးစူ။

ပစ္စည်း သယ်ပေးသည်။ အိမ် ရှင်းပေးသည်။

နောက်ဖေးလမ်းကြားနှင့် အိမ်ကြားက အမှိုက်တွေ ပြောင် သွားစေရမည်။

မြောင်း ကော်ပေးသည်။

လိုအပ်လျှင် ခေါ်လိုက်။ ဖိုးစူ ရောက်လျှင် အရှုပ်တွေ ပျောက်မည်။

ငွေရေးကြေးရေး ခြေသလုံးမွှေး။ ရသည်။ ဖြစ်သည်။ ကြိုက်သလောက်ပေး။

ဖိုးစူ ရေရှည်ကြည့်သည်။ မိတ်ဆွေ များချင်သည်။ ရန်သူ မရှိစေရ။

ဒါ...ဖိုးစူ `မူ´ ၊ ဖိုးစူ `အထာ´ ။

ပရိသတ် စိတ်ချမ်းသာလျှင် ဖိုးစူ ပျော်သည်။



ထိုထိုသော ဖိုးစူသည် ခေတ်မီသည်။ ဟိုစပ်စပ် ဒီစပ်စပ်....။

နိုင်ငံရေး စိတ်ဝင်စားသည်။ ဒီမိုကရေစီ လိုချင်သည်။ အဖမ်းခံရမည်ကို အသားကုန် လန့်သည်။

ဒဂုံစင်တာ ဗုံး ပေါက်ကွဲတုန်းက ဖိုးစူကို ခဏ ခေါ်စစ်ဖူးသည်။

ခဲ မှန်ခဲ့ဖူးသည့် ဖိုးစူ....။



အမှိုက်လှည်း တွန်းသည့် ဖိုးစူကို အငံ့ထင်လျှင် မှားမည်။

ဝင်ကြုံးသည်။ ၂၀၁၀ ရွေးကောက်ပွဲနိုင်ငံရေးကို ဖိုးစူ ၀င်ကြုံးသည်။

ကြုံးတာမှ တပါတီမှ မဟုတ်။ ၃ ပါတီ ၀င်ကြုံးပစ်သည်။

ကြံ့ ဖွံ့ ပါတီ။

အေးလွင်ပါတီ။

တ.စ.ည ပါတီ။



နိုင်ငံသားတယောက် ပါတီတခုပဲ ၀င်ခွင့်ရှိသလား။ လေး ငါး ပါတီ ၀င်လျှင် ရသလား။ မရဘူးလား။

ဖိုးစူ ဒါတွေ မသိ။ ခေါက်ထား....။

သူ့ အကြောင်းပြချက်နှင့် သူ ဟုတ် နေသည်။ ဖိုးစူ ဟုတ် နေသည်။



ကြံ့ ဖွံ့ ပါတီက ရေလျှံတယ်၊ `ခွင်´ မိတယ် ဟု ပြောသည်။

အေးလွင်ပါတီကို ခွပ်ဒေါင်းလေး ကြိုက်လို့ တဲ့။ ကြည့်မြင်တိုင် ဟိုဘက်ကမ်းမှာ ကြံ့ ဖွံ့ ၀ိုင်း `သမ´တာ

ခံ ခဲ့ရတာကိုတော့ မကျေနပ်ကြောင်း တဖွဖွ ပြောသည်။

အမှိုက်ဖောက်သည်ကြီးကို မျက်နှာ နာ လွန်းလို့  တ.စ.ည ၀င်သည် ဟု မပီကလာပီကလာနှင့်

ဖိုးစူ ပြောသည်။ ဒါ ဖိုးစူ နိုင်ငံရေးဖြစ်မည်။



ရသည်။

ကြိုက်တာလုပ်ခွင့်ရှိသည်။

ဟိုပါတီမ၀င်နဲ့ ... ဒီပါတီ ၀င်.... ဆရာကြီး မလုပ်နဲ့ ။ ဖိုးစူ တဲ့၊ တစူတည်း ရှိသည်။

ပါတီ ၃ ခုဝင် ဖိုးစူတဲ့ကွ။

နောက်ထပ်လည်း ပါတီတွေ ၀င်နေဦးမည်။



၃ ပါတီ ၀င်ထားရသည်ကိုပင် အား မရသေး။ ၃ ပါတီ ၀င်ထားရသည်ကိုပင် မ ၀ သေး။

အဖမ်းမခံရဘူး ဆိုလျှင် ဖိုးစူ ပါတီတွေ ၀င်နေဦးမည်။ ရှိသမျှပါတီ အကုန်ဝင်မည်။

ပါတီဝင်ကဒ်တွေ တထပ်ကြီး ကိုင်ထားမည်။

ဒါကို ဖိုးစူ ကျေနပ်သည်။ ဂုဏ်ယူသည်။

အစ်ကို ကြိုက်လား...ကောင်းလား... ကျွန်တော့်ကို မေးတော့ ကျွန်တော် ပြုံးပြလိုက်သည်။



တကယ်တော့ ဖိုးစူနှင့် ကျွန်တော် ခင်ခဲ့သည်မှာ ဆယ်စုနှစ်ချီခဲ့ပြီမို့  သူ့ ကို အလွတ် ကျက်ခဲ့ပြီးပြီ။

ဘာလာလာ ဘာဖြစ်ဖြစ် စမ်းချောင်းသားဖိုးစူသည် ကျွန်တော့်ဖိုးစူ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် ကောင်းလား ဟု ကျွန်တော်မေးတော့ အစ်ကိုကတော့ အရောက်ပို့ နေပြန်ပြီ ဟု ပြောသည်။ အစ်ကို့ ညီဘဲ...အစ်ကိုကြိုက်ရင် ကျွန်တော်ကြိုက်တယ် တဲ့။

ဂွတ်မယ်ဆို ဒူး ဖိုးစူ။



ရွေးကောက်ပွဲလုပ်မည့်နေ့ ကို ဖိုးစူ မသိပါ။ မဲပေးနည်းစနစ် ဘာညာ ဖိုးစူမသိပါ။

လွှတ်တော်အမတ်မင်းများအမည် နှင့် ဘယ်နှစ်ပါတီပြိုင်ကြမလဲ ဖိုးစူမသိပါ။

ဝီစကီတိုက်ပြီး ရှင်းပြတောင် ဖိုးစူ စိတ်မ၀င်စား။

သို့ သော် မဲရုံသို့ သွားဖြစ်အောင်သွားမည်။ လက်ယားလောက်အောင် မဲ ပေးချင်နေသည်ဟု ပြောသည်။

ရွေးကောက်ပွဲ သပိတ်မှောက်ကြ....ဖိုးစူ မကြားဖူးပါ။

မဲ မပေးခွင့် ရှိသည်...ဖိုးစူ နားမလည်။

၉၀ ရွေးကောက်ပွဲ ဖိုးစူ မဲ ပေး၊ မပေး ကျွန်တော် မမေးဖြစ်ခဲ့။



ဖင်မနိုင်ဘဲ ပဲကြီးဟင်း သောက်ချင်သည့် ဖိုးစူတယောက် ၂၀၁၀ တွင် မဲ ပေးတော့မည်။

အဲဒါ ရှော့ခ်...ရှော့ခ်၊ အဲဒါ...ရှော့ခ်....။

ဝင်ထားသမျှပါတီတွေ အကုန်လုံးကို မဲ ပေးမည် လုပ်နေသည်။

ခြင်္သေ့ကို အမှန်ခြစ်မည်.....

ခွပ်ဒေါင်းကို အမှန်ခြစ်မည်....

စပါးနှံကို အမှန်ခြစ်မည်....

နောက်ထပ် ထပ်ဝင်ဦးမည့် ပါတီတွေ၏ သင်္ကေတတွေကိုလည်း အမှန်ခြစ်မည်....



တကယ်တော့ ဖိုးစူ အားနာတတ်သည်။

ပိုဆိုးသည်မှာ ဖိုးစူ မလိမ်တတ်။

ရေရှည်ကြည့်သည်။ မိတ်ဆွေများချင်သည်။ ရန်သူ မရှိစေရ။

ဒါ...ဖိုးစူ `မူ´ ၊ ဖိုးစူ `အထာ´ ။

သူဝင်ထားသည့် ပါတီတွေ အားလုံးကို တပြေးညီ ကြိုက်သည်။ ပိန်မသာလိမ်မသာ ကြိုက်သည်။

ဘယ်သကောင့်သားကိုမှ ပို မကြိုက်။

ပါတီတခုခုက လာဘ်ထိုးဖို့  မစဉ်းစားနှင့် ။ လာဘ်ကို ယူမည်။ အားလုံး အမှန်ခြစ်မည်။

ကျွန်တော်ပြောလည်း မရ။

စမ်းချောင်းသား ဖိုးစူ ဖြစ်သည်။



အမှိုက်တွေလာပြီဗျို့ ...အမှိုက်တွေ

၎ လွှာ၊ ၅ လွှာ၊ ၆ လွှာ ...ခေါင်းရင်းခန်း၊ ခြေရင်းခန်း



AMT

အောင်မျိုးထွန်း

ပေးပို့သူ။ ။ အောင်မျိုးထွန်း

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.