Wednesday, November 10, 2010

0 မြ၀တီမြို့တွင်ဖြစ်ပျက်ခဲ့သောလတ်တလာအခြေအနေဓာတ်ပုံများ



ပေးပို့သောZayaအားကျေးဇူးတင်ရှိပါသည်။

0 ဒေါ်အောင်ဆန်းစုကြည်ကို ဘာလုပ်စေချင်ကြသနည်း

ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီမှ ခေါင်းဆောင်တချို့ ခွဲထွက်ထူထောင်ထားသောခမောက်ပါတီ NDF ၀င်ပြိုင်သည့် မဲဆန္ဒနယ်မြေများတွင် န.အ.ဖ.ပါတီ ( ကြံ့ ဖွံ့ )သည်အနိုင်ရရန် “အထုတ်ကြီး” ဗျူဟာဖြင့် လျှာထွက်မတတ် အသည်းအသန်ကြိုးစားရသည်။

မဲပေးနိုင်ခွင့်ရှိသူစုစုပေါင်း၏ ၅၀ ရာခိုင်နှုန်းခန့် သာ လာရောက်မဲပေးကြသည်။ ဤမျှအခြေအနေကို
ကြံ့ဖွတ်ပါတီသည် မျက်ကလဲဆန်ပြာ ဖြစ်ရ၏။အလုံးစုံကျကျနနပြင်ဆင်ပြီးသော်ငြားလုံခြုံမှု မလုံလောက်သေးဟု ခံယူထားပုံရှိပါသည်။

ဒေါ်အောင်ဆန်းစုကြည်၏ပုံရိပ် ပြိုးတိုးပြောက်တောက် ထင်ဟပ်ရုံမျှဖြင့် NDF အပေါ် လူထုထောက်ခံမှု
အနေအထားသည် ၂၀၁၀ ရွေးကောက်ပွဲတစ်ခုလုံး၏ အနှစ်ချုပ်သံခိပ်ဖြစ်သည်။ လူထုခံစားမှုအစစ်အမှန်နှင့်
ဒေါ်အောင်ဆန်းစုကြည်သြဇာ နုပျိုလန်းဆတ်နေမှုကို စစ်အစိုးရ နဖူးတွေ့ ဒူးတွေ့ တွေ့ လိုက်ရခြင်းဖြစ်သည်။

သမိုင်းနှင့် အတိတ်ကို တစုံတယောက်၏ အာဏာဖြင့် ဖျောက်ဖျက်ပစ်၍ မရပါ။ အသံများ၊ ခံစားမှုများ၊
ဒဏ်ရာများသည် ရပ်တန့် မှုန်ဝါးသွားသည်မဟုတ်။ သွေးသစ်လောင်းကာ လက်ဆင့်ကမ်း၏။ ဒီမိုကရေစီ
ဆိတ်သုဉ်းနေသမျှ၊ လူထုမပြေလည်သေးသမျှ ထိုတိုင်းပြည်၏ နိုင်ငံရေးသည် ဇာတ်ရည်မလည်။

အလုံးစုံအာဏာထိန်းချုပ်မှုတွင် ဗိုလ်ချုပ်ကြီးများကို ဒေါ်အောင်ဆန်းစုကြည်မယှဉ်နိုင်သလို နိုင်ငံရေးတွင်
ဒေါ်အောင်ဆန်းစုကြည်ကို ဗိုလ်ချုပ်ကြီးများ လိုက်မမီပါ။ ဒေါ်အောင်ဆန်းစုကြည် မီးစိမ်းမပြသေးသမျှ
မြန်မာ့နိုင်ငံရေးသည်သည် ကျောက်ချနေပါဦးမည်။
ပြီးခဲ့သည့်ရွေးကောက်ပွဲသည် မြန်မာနိုင်ငံသားအားလုံး ရှုံးသော ရွေးကောက်ပွဲဖြစ်သည်။ မည်သည့်အဖြေ
ထွက်ထွက် အံ့သြစရာဘာတစ်ခုမှ မရှိပါ။
မျှော်လင့်ချက် ဘာမှမရှိတော့ဟု စိတ်ပျက်လက်ပျက်မဖြစ်ကြစေချင်ပါ။
ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာတော့မည်။
ဒေါ်အောင်ဆန်းစုကြည် ဘာလုပ်မည်နည်း။
ဒေါ်အောင်ဆန်းစုကြည်ကို ဘာလုပ်စေချင်ကြသနည်း။
ဒေါ်အောင်ဆန်းစုကြည် သတင်းအချက်အလက်များများရနိုင်ဖို့  သေရေးရှင်ရေးတမျှ အရေးကြီးနေပါသည်။


အောင်မျိုးထွန်း
၉- ၁၁- ၂၀၁၀
မှတ်ချတ်။ ။ အထုတ်ကြီး=ကြိုတင်မဲဟုခေါ်သော ကြိုတင်ခိုးမဲအထုတ်

0 မြဝတီမြို့ သို့တိမ်းရှောင်နေကြသော မြန်မာပြည်သူများအား မြဝတီ မြို့သို့ ပြန်လည်မပို့ ဆောင်စဉ် သတင်းဓာတ်ပုံ


ပေးပို့သောမမြတ်လေးငုံအားကျေးဇူးတင်ရှိပါသည်။

Tuesday, November 9, 2010

0 ရွေးကောက်ပွဲ နောက်ဆက်တွဲ သတင်းတိုများ



မြ၀တီမှစစ်ပြေး ဒုက္ခသည် သောင်းချီ၍ ထိုင်းဘက်ရောက်

ဧရာဝတီ Monday, 08 November 2010 19:38
ကရင်ပြည်နယ် မြ၀တီမြို့မှ စစ်အစိုးရနှင့် DKBA တိုက်ပွဲကြောင့် ထိုင်းနိုင်ငံ မဲဆောက်မြို့ဘက်သို့ တိမ်းရှောင်လာသူ ဒုက္ခသည် ၃၀၀၀၀ ခန့် ရှိကြောင်း ထိုင်းအာဏာပိုင်များက ထုတ်ပြန်သည်ဟု သိရှိရသည်။

မြဝတီမြို့ရှိ အဓိကကျသော အစိုးရရုံးနေရာများကို ဗိုလ်မှူးကြီး စောလားပွယ် (ဗိုလ်နှုတ်ခမ်းမွေး) ဦးဆောင်သော DKBA က ထိန်းချုပ်ထားပြီဖြစ်ကြောင်း သိရသည်။ နအဖတပ်များကလည်း ပြန်လည်သိမ်းပိုက်ရန် တပ်များစုစည်းနေကြောင်း၊ တိုက်ပွဲများအတွင်း ၇ ယောက်သေဆုံးပြီး ၂၀ ခန့်ဒဏ်ရာရကြောင်းသိရသည်။ ကြံ့ဖွံ့ပါတီမှ ကိုယ်စားလှယ်တဦး၏ ဖခင်ဖြစ်သူလည်း အသတ်ခံရသည်ဟု ဆိုသည်။

ခေတ္တငြိမ်နေတဲ့ မြဝတီတိုက်ပွဲမှာ ဒီကေဘီအေ ဘက်က အင်အား ၄ဝဝ ကျော်ရှိနေပြီး၊ ထိုင်း-မြန်မာနယ်စပ် ချစ်ကြည်ရေးတံတားနဲ့ ကိုက် ၁ဝဝ လောက်ဝေးတဲ့ ကြံခင်းကျောင်းတိုက်ရှေ့ အာရှလမ်းမကြီးပေါ်နဲ့ ကြံခင်းလမ်းပေါ်မှာ နေရာယူထားကြတာကို တွေ့ရတယ်လို့ မြို့ခံတယောက်က ပြောပါတယ်။

တိုက်ပွဲကြောင့် ကြံခင်းလမ်းထိပ် ဆိုင်ခန်းထဲမှာ ပိတ်မိနေသူ တယောက်က ဒီကေဘီအေဘက်က နအဖ စစ်တပ်တွေရှိရာ ချစ်ကြည်ရေးတံတားဘက်ကို အာပီဂျီ၊ စက်သေနတ်၊ လက်ပစ်ဗုံးတွေနဲ့ပါ ပစ်ခတ်တာကို တွေ့ရတယ်လို့ မဇ္ဈိမကို ပြောပါတယ်။

“ကျနော်တို့ အခုဝပ်နေရတယ်။ သူပုန်တပ်တွေက ကျနော်တို့ဆိုင်ရှေ့မှာ ရှိနေတယ်။ .. ဒီကနေ မြဝတီ တံတားဘက်ကို RPG တွေနဲ့ လှမ်းပစ်နေတာ ၁ဝ လုံးလောက် ရှိနေပြီး တံတားပြိုနေပြီလား မသိဘူး။ ကျနော်တို့လည်း ထွက်မကြည့်ရဲဘူး။ အပြင်မှာ သူပုန်တပ်တွေ အများကြီးပဲ” သူက ပြောပါတယ်။

တိုက်ပွဲကြောင့် လူနှစ်ယောက် သေဆုံးရာမှာ ဆိုက္ကားသမားနဲ့ ခရီးသည်လို့ ပြောပါတယ်။

ဒီကေဘီအေ တပ်ရင်းမှူးတယောက်ကတော့ နှစ်ဖက်အကျအဆုံး များတယ်လို့ မဇ္ဈိမကို ပြောပြီး၊ မြို့ခံတွေအဆိုအရ ဒီကေဘီအေဘက်က ပေါ်တာဆွဲတာတွေ ရှိနေတယ်လို့ သိရပါတယ်။

“လမ်းမတွေပေါ် မထွက်ရဲဘူး။ ဘယ်သူမှလည်း အသွားအလာ မလုပ်တော့ဘူး။ ပစ်ခတ်မှုတွေထဲမှာ ပါသွားမှာစိုးလို့။ အခု မီးတွေလည်း ဖြတ်ထားတယ်။ ဘာမှ လုပ်လို့မရဘူး။ ဘယ်မှလည်း သွားလို့မရဘူး။ ပစ်ခတ်သံတွေကတော့ တဒိန်းဒိန်း ကြားနေရတယ်” လို့ မြို့ခံတယောက်က ပြောပါတယ်။

မနက်ကစတဲ့ တိုက်ပွဲဟာ ယခု ခေတ္တငြိမ်သက်နေရာက ဒီနေ့မွန်းလွဲပိုင်းမှာ ပြန်ဖြစ်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေကြောင့် ထိုင်းနိုင်ငံ မဲဆောက်ဘက်ကို ထွက်ပြေးလာသူ အရေအတွက်က တိုးလာနေပါတယ်။


ဦးသုဝေက အလုပ်သမားဝန်ကြီးကို ရှုံးနိမ့်

ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်အတွက် ဝင်ပြိုင်တဲ့ ဒီမိုကရက်တစ်ပါတီ (မြန်မာ) DPM ဥက္ကဋ္ဌ ဦးသုဝေက အလုပ်သမားဝန်ကြီး ဦးအောင်ကြည်ကို မဲ ၈ ထောင်ကျော်နဲ့ အပြတ်အသတ် ရှုံးသွားပါတယ်။

ဦးအောင်ကြည်က ထောက်ခံမဲ ၂၈၅၆၆ ရခဲ့ပြီး၊ ဦးသုဝေက ၂ဝ၂၅၇ ရတာကြောင့် ၈၃ဝ၉ မဲ လျော့နည်းပြီး ရှုံးရတာပါ။ မဲအားလုံးရဲ့ ၅ဝ. ၅ ရာခိုင်နှုန်းကို ဦးအောင်ကြည်က ရပြီး၊ ဦးသုဝေက ၄၁. ၅ ရာခိုင်နှုန်း ရပါတယ်။ မင်္ဂလာတောင်ညွန့်မှာ မဲပေးခွင့်ရှိသူ ၁၅၆၂၂၃ ယောက် ရှိတဲ့အနက် ၄၈၈၂၃ ယောက် (၄၆. ၂ ရာခိုင်နှုန်း) မဲပေးခဲ့ပါတယ်။

“ဒီရလာဒ်ဟာ တော်တော်အံ့သြစရာ ကောင်းပါတယ်။ ပထမ မဲရေတွက်တော့ ရပ်ကွက်မဲရုံတွေမှာ ကျနော် သာနေတယ်။ နောက်ဆုံးတော့ ဘယ်က သာသွားသလဲဆိုတော့ အစိုးရဌာနတွေဖြစ်တဲ့ မီးခြစ်စက်ရုံ၊ စက်ဘီးစက်ရုံ၊ မီးရထားဝင်း၊ စည်ပင်သာယာဝင်းတို့ အဲဒီမှာက မဲတွေ အများကြီးရတယ်။ သူတို့က ၃ဝဝ လောက်ရရင် ကျနော်တို့ ၃ဝ လောက်ပဲ ရတယ်။ အဲဒီမှာ အများကြီး ကွာသွားတယ်။ အစိုးရဌာနဆိုင်ရာတွေက ရတဲ့ မဲတွေနဲ့ အနိုင်ယူသွားတာပဲ” လို့ ရှုံးနိမ့်သူ ဦးသုဝေက ဆိုပါတယ်။

မင်္ဂလာတောင်ညွန့်မှာ ဦးအောင်ကြည်နဲ့ ဦးသုဝေအပြင် တစညမှ ဦးခင်မောင်လွင်၊ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီမှ ဦးဇော်ဝင်းနဲ့ တသီးပုဂ္ဂလ ဦးလှမျိုးမြင့်တို့ ဝင်ပြိုင်ခဲ့ပါတယ်။

ဗဟန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်အတွက် DPM မှ ဒေါက်တာ ညိုညိုသင်း အနိုင်ရတယ်လို့ ဦးသုဝေက ပြောပါတယ်။ ပါတီရဲ့ မဲရုံကိုယ်စားလှယ်က ဗဟန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်ကို သွားပြီး၊ အနိုင်ရကြောင်း လက်မှတ်ထိုးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပဲခူးတိုင်း သာယာဝတီမြို့နယ် တိုင်းဒေသကြီးလွှတ်တော် အမှတ် ၁ နဲ့ ၂ အတွက် DPM မှ ဦးငွေလှိုင်နဲ့ ဦးသောင်းစိန် အနိုင်ရတယ်လို့ ပါတီရုံးချုပ်ကို အကြောင်းကြားလာတယ်လို့ ဦးသုဝေက ပြောပါတယ်။ မဲအရေအတွက် အသေးစိတ် အချက်အလက်ကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။


လေးမျက်နှာက ကြိုတင်မဲစာရင်းတွင် သံဃာတော်နှင့် လူသေ အမည်များ ပါဝင်

ဧရာဝတီတိုင်း လေးမျက်နှာ မြို့နယ်တွင် ကြိုတင်မဲ စာရင်းများ၌ သံဃာတော်များနှင့် သေဆုံးပြီးသူများ၏ အမည်များပါ ပါဝင်နေကြောင်း၊ မဲရေသည့်အချိန်တွင်လည်း စောင့်ကြည့်ခွင့်မရကြောင်း ဒေသခံများက ပြောသည်။ အဆိုပါ ဒေသတွင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော် ၃ ခုစလုံး၌ ကြံ့ဖွံ့ပါတီက အနိုင်ရရှိခဲ့ကြောင်း သိရသည်။


မွန်ကိုယ်စားလှယ်လောင်းများ အားသာ


မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ကိုယ်စားလှယ် ၂ ဦးသည် မော်လမြိုင်နှင့် မုဒုံမြို့နယ်တို့၌ ပြည်နယ်လွှတ်တော်တွင် အနိုင်ရကြောင်း၊ ဘုရားသုံးဆူတွင်လည်း ဦးနိုင်ချစ်ဦးက အမျိုးသားလွှတ်တော်တွင် အနိုင်ရရှိကြောင်း သိရသည်။ယင်းပါတီမှ ပါတီခေါင်းဆောင်တဦးက မွန်ကိုယ်စားလှယ် ၃၄ ဦးအနက် ထက်ဝက်ခန့်သည် အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်တွင် အနိုင်ရမည်ဟု မျှော်လင့်ကြောင်း ပြောသည်။

ရွေးကောက်ပွဲရလဒ် အသိအမှတ်မပြုရန် ပြော

မဲရေတွက်ရာတွင် ရွေးကောက်ပွဲ ကော်မရှင်၏ ထင်သာမြင်သာ မရှိခြင်း၊ မရှင်းလင်းခြင်းတို့ကြောင့် ထွက်ပေါ်လာမည့် ရလဒ်ကို အတိုက်အခံပါတီများအနေဖြင့် အသိအမှတ်မပြုကြရန် NDF ပါတီက တိုက်တွန်းထားကြောင်း သိရသည်။ “မဲရေတွက်တဲ့ နေရာမှာရော၊ ကြိုတင်မဲ ကိစ္စတွေရောမှာ ဘာမှ ရှင်းလင်းတာမရှိလို့ တခြားပါတီတွေကို ရလဒ်ကို အသိအမှတ်မပြုကြဖို့ ပြောထားပါတယ်” ဟု NDF ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေက ပြောသည်။

သန်လျင် ဘော့သပြေကန်ရွာတွင် အသက်မပြည့်သူများပါ မဲပေးရ

(ဧရာဝတီ )

သန်လျင်မြို့နယ် ဘော့သပြေကန်ရွာတွင် အသက် ၁၈ နှစ် မပြည့်သေးသူများကိုပါ အတင်းအကျပ် မဲထည့်ခိုင်းကြောင်း၊ အသက် ၁၃ နှစ်အရွယ် ကလေးများပင် ပါဝင်ကြောင်း ဒေသခံများကပြောသည်။ အဆိုပါရွာ မဲရုံအမှတ် ၄ တွင် အိန္ဒိယတိုင်းသားများကို သီးသန့်စု၍ ကြံ့ဖွံကိုသာ မဲပေးခိုင်းကြောင်း၊ ကြံ့ဖွံ့ပါတီဝင်များက ကျေးရွာအတွင်း ၎င်းတို့ပါတီကိုသာ မဲထည့်ရန်နှင့် မထည့်ပါက ဖမ်းဆီးမည်ဟု ခြိမ်းခြောက်ကြောင်းလည်း လေ့လာသူများက ပြောသည်။

မြဝတီတွင် ပေါ်တာဆွဲနေ

မြဝတီတွင် နအဖ အစိုးရ စစ်တပ်နှင့် ရဲများက ပေါ်တာလိုက်လံ ဆွဲနေသဖြင့် အလုပ်သမား အများစု ထိတ်လန့်ကာ ထိုင်းနိုင်ငံ ဘက်ခြမ်းသို့ ပြေးဝင် ခိုလှုံ နေကြောင်း မြဝတီ ဒေသခံတဦးက ဧရာဝတီသို့ သတင်းပေးပို့သည်။

ပဲခူးတိုင်း ကိုယ်စားလှယ် ၉ ဦး နေပြည်တော်ကို စာပို့

တရားမျှတမှုမရှိသည့် ကြိုတင်မဲများ ကောက်ယူခဲ့ခြင်း ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များက ကြံ့ဖွံ့ပါတီ မဲရုံစောင့် ကိုယ်စား လှယ်များကို ကြောက်ရွံ့နေရခြင်း ၊ တံခါးပိတ် မဲရေတွက်မှုများရှိခဲ့ခြင်းတို့ကြောင့် ၎င်းအပါအ၀င် ပဲခူးတိုင်းမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၉ ဦးက နေပြည်တော်သို့ အိတ်ဖွင့်စာတစောင်ကို ပေးပို့မည် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲဖြစ်စဉ်များသည် ပွင့်လင်း မြင်သာ မှု မရှိသည့်အပြင် မတရားမှုများ ဖြစ်ပွားခဲ့ကြောင်း ပြည်ထောင်စု ဒီမိုကရေစီပါတီ ဥက္ကဌ ဦးသိန်းဌေးက ပြောသည်။



ရွှေပြည်သာသာတွင် မသမာသော မဲရေတွက်မှုရှိ

(ဧရာဝတီ)

ရန်ကုန် ရွှေပြည်သာမြို့နယ်တွင် အဓမ္မကြိုတင်မဲ ကောက်ယူထားမှုနှင့် မသမာသော မဲရေတွက်မှုများ ရှိခဲ့ကြောင်း တသီးပုဂ္ဂလ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ခင်သိန်းဝင်းက ပြောသည်။ “ကျမ မဲ ၃ သောင်းကျော်ရတာ ၁ သောင်းခွဲ ကျော်ကျော်ကို ပယ်မဲအဖြစ် သတ်မှတ်တယ်။ ကြံ့ဖွံ့ပါတီရဲ့ မဲတွေကတော့ တခုမှ ပယ်မဲ မရှိပါဘူး။ သူတို့ မဲတွေမှာတော့ အမှန်ခြစ်တွေက တာဝတိံသာ ရောက်နေလည်း ပယ်မဲမဖြစ်ဘူး” ဟု ၎င်းက ဆိုသည်။

စာရင်းမရှိသဖြင့် မဲမထည့်ရသူများနှင့် တဦးတည်း မဲ ၈ မဲ ထည့်သွားသူ သန်လျင်တွင်ရှိ

(ဧရာဝတီ )

သန်လျင်မြို့နယ် အောင်ချမ်းသာ ရပ်ကွက်မှ ပြည်သူတချို့ မဲသွားထည့်ရာ မဲရုံစောင့်သူက မဲစာရင်း မရှိကြောင်း ပြောသဖြင့် မဲထည့်ခွင့် မရခဲ့ကြောင်း၊ အဆိုပါမြို့နယ် ညောင်သုံးပင် ကျေးရွာတွင်လည်း လူတဦးတည်းက မဲ ၈ မဲ ထည့်သွားကြောင်း လေ့လာသူ များက ပြောသည်။



လားရှိုးမြို့နယ် တွင် မဲပုံးသယ်လာသည့် ကားမှောက်

လားရှိုးမြို့နယ် ၁၂ ရပ်ကွက်ရှိ မဲရုံအမှတ် ၃ မှ မဲပုံးများ သယ်ဆောင် သွားသည့် ကားမှာ ယမန်နေ့ ညနေက တိမ်းမှောက်မှုဖြစ် ပွားခဲ့ကြောင်း သတင်း ရရှိသည်။ ကားပေါ်တွင် လိုက်ပါသွားသည့် မဲရုံစောင့် ဆရာ၊ ဆရာမများမှာ ယခုအခါ လားရှိုး ဆေးရုံတွင် ဆေးကုသမှု ခံယူနေကြောင်း၊ ထို ကားပေါ်တွင် ပါသွားသည့် မဲပုံးများလည်း ပျောက်ဆုံးနေသဖြင့် မြို့ခံများက စိတ်ဝင်တစား စောင့်ကြည့်နေကြကြောင်း လားရှိုး မြို့ခံတဦးက ပြောသည်။


မိုးကုတ်တွင် မဲမပေးသူများပြား၊ ကြံ့ဖွံ့နိုင်

မိုးကုတ်မြို့တွင် ကြံ့ဖွံ့ပါတီက မဲအရေးအတွက် ၁၀၀၀၀ ကျော်ဖြင့် နိုင်ကြောင်း သတင်းရရှိသည်။ မိုးကုတ် ဒေသခံ အများစုမှာ မဲထွက် မပေးကြကြောင်း ဒေသခံတဦးက ပြောပြသည်။


ချမ်းအေးသာဇံမှာ ကျန်းမာရေးဝန်ကြီး အနိုင်ရ

မန္တလေးတိုင်း ချမ်းအေးသာဇံမြို့နယ် ပြည်သူ့လွှတ်တော်အတွက် အဓိကပြိုင်ဘက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ ကျန်းမာရေးဝင်ကြီး ဒေါက်တာ ကျော်မြင့်က အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ NDF ကိုယ်စားလှယ် ဦးခင်မောင်သက်ကို ၁၃ဝ၄ မဲ အကွာနဲ့ အနိုင်ရသွားပါတယ်။

ဒီအကြောင်းကို ချမ်းအေးသာဇံ တိုင်းဒေသကြီးလွှတ်တော် NDF ကိုယ်စားလှယ်လောင်း ဦးတင်အောင်အောင်ရဲ့ ရွေးကောက်ပွဲ ကိုယ်စားလှယ် ဦးသန်းညွန့်က ပြောပြတာပါ။


ဒေါက်တာကျော်မြင့်က ၃ဝ၅၉၁ မဲ၊ ဦးခင်မောင်သက်က ၂၉၂၈၇ မဲ ရပါတယ်။ တစည ဦးစံရင်က ၆၅၅၈ မဲ ရပြီး၊ တသီးပုဂ္ဂလ ဦးစိန်လှကတော့ ၆၆၅၇ မဲ ရကြပါတယ်။

ဒေါက်တာကျော်မြင့်ရဲ့ မဲတွေမှာ ကြိုတင်မဲ ၃၃၇၆ မဲ ပါဝင်ပြီး ဦးခင်မောင်သက်ရဲ့ ကြိုတင်မဲ ၈၅၆ မဲ ပါဝင်တယ်လို့ ဦးသန်းညွန့်က ပြောပါတယ်။ ကြိုတင်မဲ ပမာဏ ၂၅ဝဝ ကျော် ကွာခြားတာကြောင့် ရှုံးရတာလို့ ဆိုပါတယ်။

ပေါက်တောမှာ RNDP နိုင်ဟု ဆို

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်မှာရှိတဲ့ လွှတ်တော် ၃ ရပ်လုံးမှာ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP က အနိုင်ရတယ်လို့ RNDP စစ်တွေရုံးချုပ် ပြန်ကြားရေးတာဝန်ခံ ဦးသိန်းထွန်းအေးက မဇ္ဈိမကို ပြောပါတယ်။

ပြည်သူ့လွှတ်တော်မှာ ဦးအောင်ကျော်ဇံ၊ အမျိုးသားလွှတ်တော်မှာ ဦးကျော်ထွန်းအောင်၊ ပြည်နယ်လွှတ်တော် အမှတ် ၁ မှာ ဦးမောင်ကျော်သိန်းနဲ့ အမှတ် ၂ မှာ ဦးတက်ထွန်းအောင်တို့ အနိုင်ရတယ်လို့ ဆိုတာပါ။

ပေါက်တော လွှတ်တော် ၃ ရပ်လုံးမှာ ကြံ့ခိုင်ဖွံ့ဖြိုး၊ တစည၊ RNDP နဲ့ မြို (ခေါ်) ခမီ အမျိုးသား ညီညွတ်ရေးပါတီတို့ ဝင်ပြိုင်ကြပါတယ်။



ဘိုကလေးမှာ မဲပုံးလုသွား

ဧရာဝတီတိုင်း ဘိုကလေးမြို့နယ် မြသိန်းတန် ကျေးရွာအုပ်စု ကြံခင်းရွာမှာ ရွာသားတွေက မဲပုံးတွေကို မနေ့ ည ၇ နာရီလောက်မှာ လုယူထွက်ပြေးမှုတခု ဖြစ်ပွားခဲ့တယ်လို့ မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီ ပြည်သူ့လွှတ်တော် အမတ်လောင်း ဒေါ်ခင်စန္ဒာဦးက ပြောပါတယ်။


ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ အငြင်းပွားနိုင်စရာ ကြိုတင်မဲတွေရှိနေတာကြောင့် မကျေနပ်တဲ့ ရွာသားတွေက မဲပုံးတွေ လုယူခဲ့တာလို့ သူမက မဇ္ဈိမကို ပြောပါတယ်။“ မဲပုံးကို လုပြီး ထွက်ပြေးသွားတယ်၊ ကြံ့ခိုင်ရေးက ကြိုပြီးတော့ မဲအများကြီး ယူထားတာကိုး။ အဲဒီမဲတွေအားလုံးကို ကြံ့ခိုင်ရေးက ရတယ်။ မဲရုံတိုင်း မဲရုံတိုင်းမှာလေ အဲဒီလိုမျိုး မဲမသမာမှုတွေရှိတယ်”


ကြံခင်းရွာမှာ မဲရုံ ၄ ရုံရှိပြီး၊ ဒီအထဲကမှ တရုံမှာ ဖြစ်ခဲ့တာပါ။



ချောင်းဦးမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး နိုင်

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် လွှတ်တော် ၃ ရပ်လုံးမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အမတ်လောင်းတွေကပဲ အနိုင်ရတယ်လို့ အဓိကပြိုင်ဘက် အမျိုးသားဒီမိုကရေစီအင်အားစု NDF က ပြောပါတယ်။


ပြည်သူ့လွှတ်တော်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ဦးစောလှထွန်းက မဲ ၁ သောင်းကျော်နဲ့ သူ့ကို နိုင်သွားတယ်လို့ NDF အမတ်လောင်း ဦးနေဝင်းက ဆိုပါတယ်။ ဦးစောလှထွန်းက ထောက်ခံမဲ ၂၂၂၅၂ မဲ ရပြီး၊ ဦးနေဝင်းက ၉၉၉၁ မဲ ရတာကြောင့် ၁၂၂၆၁ မဲ လျော့နည်းခဲ့တာပါ။

အမျိုးသားလွှတ်တော်အတွက် ယှဉ်ပြိုင်ရာမှာလည်း ကြံ့ခိုင်ဖွံ့ဖြိုးရေး ဦးကံညွန့်က NDF က ဦးကျော်ညိမ်းကို အနိုင်ရသလို၊ တိုင်းဒေသကြီးအတွက်လည်း ကြံ့ဖွံ့ကပဲ နိုင်တယ်လို့ သူက ဆိုပါတယ်။

ချောင်းဦးမှာ မဲပေးပိုင်ခွင့်ရှိသူ ၆ သောင်းကျော်အနက် ၄ သောင်းကျော် မဲပေးခဲ့ပါတယ်။ မဲပေးသူ ဦးရေထဲမှာ ၁၅.၄ ရာခိုင်နှုန်းက ကြိုတင်မဲတွေဖြစ်ပြီး၊ ကြိုတင်မဲရဲ့ ၈၈.၉ ရာခိုင်နှုန်းက ကြံ့ဖွံ့အတွက် ဖြစ်သွားတယ်လို့ ဦးနေဝင်း အဆိုအရ သိရပါတယ်။

ABSDF က အဆင်သင့်ဟု ပြောဆို

ကရင်ပြည်နယ် မြဝတီနဲ့ ဘုရားသုံးဆူဘက်မှာ ဖြစ်ပွားနေတဲ့ ဒီကေဘီအေနဲ့ စစ်အစိုးရတပ်အကြား တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF က နိုင်ငံရေး၊ စစ်ရေးအရ ပူးပေါင်းသွားဖို့ အဆင်သင့်ဘဲလို့ ဥက္ကဋ္ဌ ကိုသံခဲက ပြောပါတယ်။

“ABSDF ကတော့ KNU ရဲ့ တပ်မဟာ ၇ ဒေသထဲမှာတော့ ကျနော်တို့ အမြဲတမ်း ပူးတွဲပြီးမှ အလုပ်လုပ်နေပါတယ်။ ပူးပေါင်းပါဝင်ဖို့ ABSDF က အဆင်သင့်ဖြစ်ပြီ။ ကာယကံရှင်တွေနဲ့ ကျနော်တို့က လက်တွေ့ကျကျ လက်တွဲလုပ်နိုင်ဖို့အတွက်က တေ့တေ့ဆိုင်ဆိုင် ဆွေးနွေးဖို့ပဲ လိုတော့တယ်” လို့ ကိုသံခဲက ပြောပါတယ်။

“ဒီနေ့ အခုဖြစ်နေတဲ့ မြဝတီကတိုက်ပွဲတွေက ၂ဝ၁ဝ ရွေးကောက်ပွဲပြီးပြီးချင်း နအဖ က ပထမဆုံး တွေ့ရတဲ့ စစ်ရေး အကျပ်အတည်းပဲ။ ဒီနေ့ ဗမာပြည်မှာဖြစ်နေတဲ့ ၂ဝ၁ဝ အပေါ်ကို စိန်ခေါ်လိုက်တာပဲ။ အထူးသဖြင့် ၂ဝဝ၈ ဖွဲ့စည်းပုံနဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲဟာ အားလုံး လက်မခံနိုင်ဘူးဆိုတာကို နိုင်ငံရေး၊ စစ်ရေးနည်းနဲ့ တုံ့ပြန်တဲ့ သဘောလို့ ယူဆတယ်။ ရှေ့ဆက်ပြီးတော့ ဒီအတိုင်းသာ နအဖက ခေါင်းမာမာနဲ့ ဆက်သွားနေမယ်ဆိုရင် သည့်ထက်မကတဲ့ ဗမာပြည်ထဲမှာ အကျပ်အတည်းပေါင်းစုံကို ဆက်ပြီးတွေ့ရလိမ့်မယ်” လို့ သူက ဆိုပါတယ်။

NDF ဒေါက်တာမြတ်ဥာဏစိုး အနိုင်ရ

ရန်ကုန်တိုင်းဒေသကြီးထဲက အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် ၄ မှာ အဓိကပြိုင်ဘက် ကြံ့ခိုင်ဖွံ့ဖြိုးရေးမှ စာရေးဆရာ တက္ကသိုလ်မြတ်သူကို အနိုင်ရတယ်လို့ အမျိုးသားဒီမိုကရေစီအင်အားစု NDF မှ ဒေါက်တာ မြတ်ဥာဏစိုးက ပြောပါတယ်။

တက္ကသိုလ်မြတ်သူက ကြိုတင်မဲ ၆၄ဝဝ အပါအဝင် မဲပေါင်း ၇၈၇၁၄ ရရှိပြီး၊ ဒေါက်တာမြတ်ဥာဏစိုးကတော့ ကြိုတင်မဲ ၂၉ဝဝ အပါအဝင် မဲပေါင်း ၈၃၅၅၈ ရပါတယ်။

’’အဓိက ပြိုင်ဘက်က စာရေးဆရာ တက္ကသိုလ်မြတ်သူပါခင်ဗျ။ နောက်ဆုံး မဲစုစုပေါင်းပေါ့နော်။ အားလုံးမှာ ကျနော်က ၈၃၅၅၈။ ကျနော်ရဲ့ ပြိုင်ဘက်က ၃ ယောက်ရှိရာမှာ ကျန်တဲ့ တစညနဲ့ ဒီမိုကရက်တစ် ပါတီကတော့ အင်အားနည်းပါတယ်။ တက္ကသိုလ်မြတ်သူက ၇၈၇၁၄ ပါခင်ဗျ” လို့ ဒေါက်တာမြတ်ဥာဏစိုးက ပြောတယ်။ မဲပေးနိုင်သူ လူဦးရေ ၄ သိန်းအနက် မဲပေးခဲ့သူက ၆ဝ ရာခိုင်နှုန်း ပေးတယ်လို့ ဆိုပါတယ်။

တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီ တစည မှ ဦးသီဟမြင့်အောင်က မဲ ၄ သောင်းနီးပါးနဲ့ တတိယ၊ ဒီမီုကရက်တစ်ပါတီ (မြန်မာ) မှ ဦးတင့်နိုင်က စတုတ္ထ နေရာရပါတယ်။

အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၄ မှာ ပါဝင်တဲ့ မြို့နယ်တွေကတော့ တာမွေ၊ မင်္ဂလာတောင်ညွှန့်၊ ပုဇွန်တောင်၊ ဘိုတထောင်နဲ့ ဒေါပုံ မြို့နယ် ဖြစ်ပါတယ်။

0 ဒီကေဘီအေနှင့် နအဖစစ်တပ်တို့၏ မြ၀တီတိုက်ပွဲနှင့်မြန်မာစစ်ပြေးဒုက္ခသည်များ (ဓာတ်ပုံသတင်း)


photo။ ။ AP / Reuter

0 ဒီကေဘီအေနှင့် နအဖစစ်တပ်တို့၏ မြ၀တီတိုက်ပွဲ၊

0 မောင်လေး ၀ယ်ထားပြီးပြီ

ခုတလော....စိတ်တွေကို ၀ီစကီနဲ့ ရော ရော မြိုချ။
ကျုပ်ပေးခဲ့တဲ့ မဲ ကျုပ် ဖုန်းထဲမှာ မှတ်တမ်းရှိတယ်။
အရွေ့ တစ်ခုခုကို မျှော်လင့်ပြီး ၂၀၁၀ ရွေးကောက်ပွဲမှာ မဲပေးခဲ့တဲ့ မိတ်ဆွေများ
ဆန့် ငင်ဆန့် ငင် ဖြစ်ကြ။
အဓိက က မိုးလင်းခါနီးမှ မြို့ နယ်ကော်မရှင်ကို ရောက်လာတဲ့ `` အထုတ်ကြီး ´´ ကိစ္စပါဘဲ။
အထုတ်ကြီးကြောင့် ဟက်တက်ကွဲသွားကြသူများရဲ့ ``မင်းသားလေးလို လွမ်းပြမယ်´´ အဆွေးသံစဉ်တွေကို
ပျစ်ပျစ်နှစ်နှစ် ကြားနေရ။
၂၀၁၅ အထိ အထုတ်ကြီးက လိုက်လာဦးမယ်ဆိုဘဲ။
အထုတ်ကြီးကို လွတ်သွားတဲ့ ဒီမိုအမတ်တချို့  တိုရေရှားရေ ရှိခဲ့။ ရှားရှားပါးပါး အိုင်ယာလန်ထီ ပေါက်သလိုမျိုး။
စမ်းချောင်းမှာ....
ပြည်သူ့ လွှတ်တော် NDF ၁၃၇၁၃၊ ကြံ့ ဖွံ့ ၁၂၂၈၆၊ တစည ၂၉၃၈၊ 88´ ၂၉၃၉၊ ဒီပီပါတီ ၅၁၆၂။
အမျိုးသားလွှတ်တော် NDF ၁၆၂၆၂၊ ကြံ့ ဖွံ့ ၁၁၆၂၉၊ တစည ၄၁၅၀၊ 88´ ၄၇၄၈။
အထုတ်ကြီး လွတ်နိုင်ခြေ ရှိသလား။ အထုတ်ကြီးနဲ့ ရိုက်မိမလား။
ဒါရိုက်တာများ ဖြေကြပါဗျို့ ....။
၂၀၀၈ ဖွဲ့ စည်းပုံဥပဒေတုန်းက ကျုပ်တို့ စမ်းချောင်း....အထုတ်ကြီးဒဏ် ထိ ခဲ့ဘူးတယ်။
ခဲတွေလည်း ခဏခဏမှန်၊ စာတွေလည်း တဖုတ်ဖုတ်နဲ့ ပြုတ်ကျ။
ရန်ကုန်မှာ စမ်းချောင်းဆိုတာရှိတယ်။ သူဟာ ရန်ကုန်ရဲ့ အဓိပတိတစ်ပါးဘဲ။
အဲဒီမှာ နေ့ ရော ညပါ ကျုပ်အသက်ရှူ။
ပြဇာတ်တစ်ပုဒ်ဖြစ်ပေမယ့် ကားလိပ်ချလို့ ချသွားမှန်း မသိအောင် သရုပ်ဆောင်ကြဖို့ ကောင်းတယ်။
သမီးလေးကို တစ်အုပ်၊ သားလေးကို တစ်အုပ် အထက ၂ စမ်းချောင်းက ကျောင်းအုပ်ကြီးအကြောင်းစာအုပ်
ရောင်းတယ်။ ၃၀၀၀ မပေးနိုင်လို့ တစ်အုပ်ပြန်ပေးလိုက်ပါ သမီးလေးရေ....။
မောင်လေး ၀ယ်ထားပြီးပြီလို့ ။


အောင်မျိုးထွန်း
၈- ၁၁- ၂၀၁၀
မှတ်ချတ်။ ။ အထုတ်ကြီး =ကြိုတင်မဲထုတ်

Monday, November 8, 2010

0 မြန်မာ့ရွေးကောက်ပွဲ မဲမသမာမှုတွေနဲ့ ပြီးဆုံး

ရန်ကုန်မြို့ရှိ မဲရုံတရုံတွင် ရွေးကောက်ပွဲ ကော်မရှင်မှ တာဝန်ရှိသူများ မဲရေတွက်နေစဉ်။
ဓာတ်ပုံ ASSOCIATED PRESS
ရန်ကုန်မြို့ရှိ မဲရုံတရုံတွင် ရွေးကောက်ပွဲ ကော်မရှင်မှ တာဝန်ရှိသူများ မဲရေတွက်နေစဉ်။ နိုဝင်ဘာ ၇၊ ၂၀၁၀။
မြန်မာနိုင်ငံ တနိုင်ငံလုံးက မဲရုံပေါင်း ၃၀,၀၀၀ ကျော်မှာ ဒီနေ့မနက် ၆ နာရီက စပြီး မဲပေးခဲ့ကြပြီး ညနေ ၄ နာရီမှာ မဲရုံတွေ ပိတ်သွားခဲ့ပါတယ်။ မြန်မာနိုင်ငံက မဲပေးခွင့်ရှိသူ ၂၉ သန်းထဲက အနည်းစုကသာ မဲရုံတွေမှာ မဲပေးခဲ့ကြတယ်လို့ သတင်းတွေက ဖော်ပြကြပါတယ်။

မဲပေးသူတွေ နည်းပြီး ခြောက်ကပ်နေတဲ့အပေါ် စိုးရိမ်ထိတ်လန့်မှု ဖြစ်နေကြသူတွေက ရန်ကုန်မြို့မှာ စားသောက်ကုန်တွေ ၀ယ်ယူ စုဆောင်းကြတာကြောင့် အခြေခံစားကုန် ဈေးတွေ တက်သွားခဲ့ပါတယ်။ ဓာတ်ဆီတွေကိုလည်း ၀ယ်ယူ သိုလှောင်နေကြတာကြောင့် ဓာတ်ဆီဈေးက တဂါလံကို ၂,၅၀၀ ကျပ်နဲ့ ၃,၅၀၀ ကျပ်အထိ ဖြစ်သွားခဲ့တယ်လို့ ရန်ကုန်ကလာတဲ့ သတင်းတွေမှာ ဖော်ပြကြပါတယ်။

နေပြည်တော်မှာတော့ မြန်မာစစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ ဇေယျာသီရိမြို့နယ်က မဲရုံမှာ မဲသွားပေးခဲ့ပြီး ဇေယျာသီရိ မဲဆန္ဒနယ်မှာ ပြည်ခိုင်ဖြိုးပါတီက လက်ရှိ မြန်မာစစ်အစိုးရရဲ့ နံပါတ် ၃ ခေါင်းဆောင် သူရ ဦးရွှေမန်းနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီက ဦးချစ်စိန်တို့ ၂ ဦးတည်း ယှဉ်ပြိုင်ခဲ့ကြပါတယ်။

ဇေယျာသီရိ မဲဆန္ဒနယ်မှာတော့ မဲပေးနိုင်သူ လူဦးရေရဲ့ ၆၂% က လာပြီး မဲပေးခဲ့ကြတယ်လို့ တာဝန်ရှိသူတွေက သတင်းထောက်တွေကို ပြောကြားခဲ့ပေမဲ့ နေပြည်တော်ရဲ့ ခရိုင်မြို့နယ် ၈ မြို့နယ်မှာ မဲပေးခွင့်ရှိသူ ၆၀၀,၀၀၀ ကျော်ရဲ့ ၅၀% သာ တကယ်တမ်း မဲလာပေးခဲ့ကြတာလို့ သတင်းထောက်တွေက ဆိုပါတယ်။

တခြားသော နေပြည်တော်ခရိုင် မဲဆန္ဒနယ်မြေတွေမှာတော့ ဇမ္ဗူသီရိမြို့နယ်မှာ လက်ရှိ ၀န်ကြီးချုပ် ဦးသိန်းစိန်၊ ပုဗ္ဗသီရိမြို့နယ်မှာ လက်ရှိ စစ်အစိုးရ အတွင်းရေးမှူး သီဟသူရ ဦးတင်အောင်မြင့်ဦးတို့က ပြည်ခိုင်ဖြိုးပါတီရဲ့ အမတ်လောင်းတွေအဖြစ် ၀င်ပြီး ယှဉ်ပြိုင်ခဲ့ကြပါတယ်။

ရန်ကုန်တိုင်းမှာ အများက စိတ်ဝင်စားနေကြတဲ့ လက်ရှိ ပြည်ခိုင်ဖြိုးပါတီက ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်းနဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း၊ တသီးပုဂ္ဂလ အမတ်လောင်း ဦးကောင်းမြင့်ထွဋ်တို့ရဲ့ တောင်ဥက္ကလာပမြို့နယ် မဲဆန္ဒနယ်က ရွေးကောက်ပွဲမှာတော့ အခု တောင်ဥက္ကလာပ ၅ ရပ်ကွက်က မဲရုံတွေမှာ ရေတွက်ပြီးစီးသွားခဲ့တာမှာ ကြိုတင်မဲတွေနဲ့ ပေါင်းပြီး ဦးအောင်သိန်းလင်းက အနိုင်ရသွားခဲ့တယ်လို့ ဦးကောင်းမြင့်ထွဋ်က ဗွီအိုအေကို ပြောခဲ့ပါတယ်။

တောင်ဥက္ကလာပမြို့နယ်မှာ မဲရုံပေါင်း ၂၀၃ ရုံရှိပြီး ကျန်တဲ့ရပ်ကွက်တွေက မဲရုံတွေမှာလည်း မဲတွေ ရေတွက်နေဆဲ ဖြစ်ပါတယ်။

ရှမ်းပြည်နယ်မှာတော့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ကို ဒေသခံတွေ အားလုံးက မဲပေးခဲ့ကြတယ်လို့ ယုံကြည်တဲ့အကြောင်း ကျားဖြူပါတီလို့ လူသိများတဲ့ SNDP ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ဧရာဝတီ သတင်းဌာနကို ပြောဆိုခဲ့ပါတယ်။

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ထဲမှာ ဒီ ၂ ရက်အတွင်း ဗုံးပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပြီး မြ၀တီမြို့မှာတော့ ဗုဒ္ဓဘာသာ ကရင်တပ်ဖွဲ့ (DKBA) က နယ်ခြားစောင့်တပ် ဖွဲ့ရေးကို လက်မခံသူတွေက မဲရုံတွေရှေ့မှာ လက်နက်တွေ ကိုင်ဆောင်ပြီး ဆန္ဒပြမှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။ အာဏာပိုင်တွေရဲ့ တုံ့ပြန်မှုတွေ မရှိသေးဘဲ ဒီသတင်းကိုလည်း အာဏာပိုင်တွေက အတည်ပြုခြင်း မရှိသေးပါဘူး။

(VOA)

1 Nldအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဌာနရုံးချုပ်တွင် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရန်(၅)ရက်သာလိုတော့သည်ဟုရေးသား

photo/ AP

Sunday, November 7, 2010

0 ရန်ကုန်၊ နေပြည်တော်ရွေးကောက်ပွဲမြင်ကွင်းများ(ရုပ်/သံ)

0 (၂၀၀၇)ရွှေဝါရောင်တော်လှန်ရေးမှာအသတ်ခံရတဲ့ ဂျပန်သတင်းထောက် nagai kenji၏ သူငယ်ချင်းသတင်းထောက်မြ၀တီတွင်အဖမ်းခံရ


(၂၀၀၇)ရွှေဝါရောင်တော်လှန်ရေးမှာ စစ်ခွေးတွေရဲ့သတ်ဖြတ်ခြင်းခံခဲ့ရတဲ့ ဂျပန်သတင်းထောက် nagai kenjiအလုပ်လုပ်တဲ့ APFသတင်းဌာနမှ သတင်းထောက်တဦးဖြစ်သူ YAMAJI TORO (ခ) MATSUMOTO TOROအသက်(၄၉)သည် နယ်စပ်ကိုကျော်ဖြတ်၍ ရွေးကောက်ပွဲကျင်းပသော ဒီကနေ့တွင် တရားမ၀င်ဖြတ်ကျော်မှုဖြင့် မြဝတီရဲစခန်းအချုပ်တွင် မနက် ၈နာရီခွဲခန့်အချိန်က ချုပ်နှောင်ထားခြင်းခံရသည်။ သူဟာ(၂၀၀၇)ရွှေဝါရောင်တော်လှန်ရေးမှာအသတ်ခံရတဲ့nagaikenjiရဲ့ ရင်းနှီးသော လုပ်ဖော်ကိုင်ဖက်သူငယ်ချင်းလည်း ဖြစ်ပါတယ်။

ဂျပန်နိုင်ငံရှိ မြန်မာ့ဒီမိုကရေစီလှုပ်ရှားသူများမှအဆက်အသွယ်အရ YAMAJI TOROဟာ နအဖရဲ့ ၂၀၁၀ရွေးကောက်ပွဲသတင်းသွားယူဖို့ ထိုင်းနိုင်ငံအနောက်မြောက်မှလှေဖြင့် မြ၀တီသို့ဝင်ြ့ပီးသူနဲ့အတူ ဗီဒီယိုကင်မရာနဲ့အတူမြန်မာပြည်တွင်းမှာအသုံးပြုနိုင်တဲ့ လက်ကိုင်ဖုံးပါကြောင်းသိရပါသည်။

အဖမ်းခံရသေးခင် အဲဒီနေ့မနက်စောစောမှာ သူအသုံးပြုတဲ့ Social Websiteတခုဖြစ်တဲ့ TWITTER မှာ ' မြန်မာစစ်အစိုးရကထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲကာလမှာ နိုင်ငံခြားသား မီဒီယာသတင်းထောက်တွေကို နိုင်ငံတွင်းလုံး၀၀င်ရောက်ခွင့်မပေးဘူးဆိုတာကို ရအောင်ဝင်မယ် ဘယ်လောက်အထိဘဲမင်းတို့တားတား ဘယ်လိုပုံစံမျိုးနဲ့မင်းတို့ပိတ်ပင် မှန်ကန်တဲ့သတင်းယူရမဲ့အလုပ်က ငါတို့တွေရဲ့အလုပ်' ကြည့်လိုက်စမ်းပါ Nagai sanလို့ ၂၀၀၇ေ၇ွှဝါရောင်တော်လှန်ရေးမှာ အသတ်ခံခဲ့ရတဲ့ သူ့ရဲ့သူငယ်ချင်းနံမည်နဲ့ တိုင်တည်ရေးထားကြောင်းသိရှိရပါသည်။

သူ၏သူငယ်ချင်းအား အသတ်ခံရသည့်နေရာတွင်လွမ်းသူ့ပန်းခွေချနေစဉ်(၂၀၀၇)
အဖမ်းခံနေရတဲ့ YAMAJI TOROဟာ မြန်မာပြည်သို့တကြိမ်ရောက်ဖူးပြီး အဲဒီအချိန်ဟာလည်း (၂၀၀၇)ရွှေဝါရောင်တော်လှန်ရေးမှာ အသတ်ခံရတဲ့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်သူငယ်ချင်း ရဲ့အလောင်းကို သွားရောက်ယူငင်တဲ့အခါလည်းဖြစ်ပါတယ်။

သတင်း ။ ။ ဒေါင်းမာန်ဟုန်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.