Saturday, March 17, 2012

0 ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တာဝန်ရှိသူတစ်ဦးက မဲဆန္ဒရှင်ပြည်သူများကို ခြိမ်းခြောက်



မင်္ဂလာတောင်ညွန့်မြို့နယ် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တာဝန်ရှိသူတစ်ဦးက မဲဆန္ဒရှင်ပြည်သူများကို ခြိမ်းခြောက်ခဲ့သဖြင့် ခြိမ်းခြောက်ခံရသော ပြည်သူတစ်ဦးက အသိသက်သေ ( ၈ ) ဦး ၏ လက်မှတ်နှင့်အတူ မင်္ဂလာတောင်ညွန့်မြို့နယ် ရဲစခန်းမှူးထံသို့ လိပ်မူပြီး အမှုဖွင့် အရေးယူပေးပါရန် တိုင်ကြားခဲ့သည်။(Photo.Burma vj media network)


ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ဦးဝင်းလှိုင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီတွင် တက်ကြွ လှုပ်ရှားနေသူ ဌေးဝင်းလှိုင်၏မိခင် ဒေါ်သန်းသန်းဌေးအား ခြိမ်းခြောက်ပြောဆိုမှုဖြင့် မင်္ဂလာတောင်ညွန့်မြို့နယ် ရဲစခန်းတွင် မတ်လ ၁၂ ၇က်နေ့က တိုင်ချက်ဖွင့်ခဲ့ကြောင်း အဆိုပါအမှုကို လိုက်ပါဆောင်ရွက်ပေးနေသူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင် ဦးလှမင်းဦးက Yangon Chronical သတင်းဌာနသို့ ပြောကြားသည်။

မင်္ဂလာတောင်ညွန့်မြို့နယ် တောင်ညွန့်ရထားရပ်ကွက် လိုင်းအမှတ် (၁၃)၊ အခန်း(H) ဝန်ထမ်းအိမ်ယာတွင် နေထိုင်သူ ဒေါ်သန်းသန်းဌေးမှ မတ်လ ၇ ရက်နေ့ နေ့လည် ၃ နာရီခွဲအချိန်တွင် ရပ်ကွက်ဓမ္မာရုံသို့ ချေးငွေသွားရောက် ထုတ် ယူစဉ် ချေးငွေလာရောက်ထုတ်ယူသူများရှေ့မှောက်တွင် လိုင်း အမှတ်(၁၅)၊ အခန်း(D) ဝန်ထမ်းအိမ်ယာတွင် နေထိုင်သူ ဦးဝင်းလှိုင် (ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်)က “ ဒေါ်သန်းသန်းဌေး ခင်ဗျား သားက NLD ပါတီမှာ အရမ်း တက်ကြွနေပါလားဗျ၊ အဲ့ပုံတွေကျုပ်တို့ ဓာတ်ပုံရိုက်ထားတာ စီဒီတစ်ခွေစာ အပြည့်ရှိတယ် ထောင်ကျသွားချင်သလား ” ဟုခြိမ်းခြောက်ပြောဆိုခဲ့သောကြောင့် ရဲစခန်းသို့တိုင်ကြားရခြင်းဖြစ်ကြောင်း ကိုလှမင်းမှ ဆိုသည်။

တရားလို ဒေါ်သန်းသန်းဌေးက “ ကျွန်မသားအကြီးကောင် ဇင်မျိုးလှိုင်က R.B.E အကြီးတန်းစက်ရုံဒီဇယ်ဌာနမှာ တာဝန်ထမ်းဆောင်နေတယ် ဦးဝင်းလှိုင်၏ ခြိမ်းခြောက်စကားထဲမှာက သားအငယ်ကောင် ဌေးဝင်းလှိုင် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်မှာ တက်ကြွလှုပ်ရှားသူအဖြစ် ဆက်လက် လုပ်ဆောင်နေမယ်ဆိုရင် အကြီးကောင်ကို အလုပ်ဖြုတ်ပစ်မယ်ဟု ထည့်ပြောသွားတယ် ” ဟု ဆိုသည်။

ဦးဝင်းလှိုင်အား တိုင်ကြားမှုနှင့် ပတ်သက်ပြီး မတ်လ ၂၈ ရက်နေ့တွင် စတင်ကြားနာမည်ဖြစ်ပြီး တရားလိုပြရှေ့နေအဖြစ် ပန်ဘဲတန်းမြို့နယ်မှ ဦးမောင်မောင်အေးမှ လိုက်ပါဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ရွေးကောက်ပွဲနှင့်ပတ်သက်၍ ခြိမ်းခြောက်မှုများ ပြုလုပ်ပါက ဥပဒေအရ အရေးယူ သွားမည် ဖြစ် ကြောင်း ပြောကြားထားသည်။

ထိန်လင်းလက်(transparencymyanmar)

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.