Saturday, March 12, 2011
0 ဟံသာဝတီဦးဝင်းတင် ၈၁ နှစ်ပြည့်မွေးနေ့ဂုဏ်ပြု ပို့စကဒ်နှင့်ဂုဏ်ပြုသီချင်း
0 ဂျပန်နိုင်ငံFukushima ညူကလီးယားရီအက်တာ အမှတ်(၁)စက်ရုံမှာဒီကနေ့ဒုံးကနဲအသံထွက်ပေါ်လာပြီးပေါက်ကွဲမှုတခုဖြစ်ပေါ်ခဲ့
မနေ့က ဂျပန်နိုင်ငံတွင်၈.၉ ပြင်းအားရှိ ပြင်းထန်ကြီးမားသောမြေငလျင်နှင့် ဆူနာမိကြောင့် လူအများအပြားထောင်ချီသေဆုံးခဲ့ရပြီံး ဒီနေ့ညနေ ၃နာရီခွဲကျော်လောက်မှာတော့ Fukushima နယူကလီးယားရီအက်တာ အမှတ်(၁)စက်ရုံမှာ ဒုံးကနဲအသံထွက်ပေါ်လာပြီးပေါက်ကွဲမှုတခုဖြစ်ပေါ်ခဲ့ပြီးစက်ရုံက မျက်နှာကြက်အမိုးလည်းအောက်ကိုပြုတ်ကျခဲ့ပြီးအဖြူရောင်မီးခိုးများထွက်ပေါ်လာတယ်လို့ဆိုပါတယ်.ပေါက်ကွဲရခြင်းအကြောင်းရင်းကိုမသိသေးဘဲ ၀န်ထမ်း၎ယောက်ဒဏ်ရာပြင်းထန်စွာရရှိသွားတယ်လို့ဆိုပါတယ်..
ပေါက်ကွဲမှုမဖြစ်ပေါ်ခင်နေ့လည် ၂နာရီခန့်က ဓာတ်ရောင်ခြည်ယိုစိမ့်မှုဖြစ်ပေါ်နိုင်မဲ့စက်ထဲမှာ Pressureအလွန်အမင်းမြှင့်တက်နေတဲ့အတွက်လျှော့ချပြီး အထဲကအပူငွေ့ရည်ကို အငွေ့အဖြစ်ပြုလုပ်တဲ့လုပ်ငန်းကို အောင်မြင်စွာလုပ်ဆောင်ခဲ့တယ်လို့ဆိုပါတယ်..ပေါက်ကွဲမှုဟာဒီလုပ်ဆောင်မှုနဲ့ဆက်စပ်နေတယ်လို့ ဂျပန်သတင်းဌာနများကဆိုပါတယ်.
မနေ့က နျူကလီးယား ဓါတ်ပေါင်းဖို ၂ နေရာမှာ ဓာတ်ရောင်ခြည်ယိုစိမ့်မှုဖြစ်နိုင်တယ်ဆိုပြီး ဂျပန်အစိုးရမှ နျူကလီးယား ဓါတ်ပေါင်းဖို ပတ်ဝန်းကျင်တွင်နေထိုင်နေကြသော ဒေသခံပြည်သူ ( ၅၉၀၀၀)ကျော်ကို၁၀ကီလိုမီတာကျော်သို့ ပြောင်းရွှေ့နေထိုင်ဖို့သတိပေးထုတ်ပြန်ကြေငြာခဲ့ပါတယ်။
ဓာတ်ပေါင်းဖိုကြီးတခုလုံးပေါက်ကွဲပျက်စီးမှုဖြစ်ပါကဂျပန်တနိုင်ငံလုံးပျက်ဆီးဆုံးရူံးမည့်အန္တရာယ်က လက်ရှိကြီးမားစွာဖြစ်ပေါ်နေပါတယ်။
ပြင်းထန်ကြီးမားသောမြေငလျင်နှင့် ဆူနာမိကြောင့် သေဆုံး/ပျောက်ဆုံးသူပေါင်း ၂၈၀၀ကျော်ခန့်ရှိတယ်လို့လက်ရှိသတင်းဌာနများကကြေငြာထားပါတယ်။
update news
နျူကလီးယား ဓါတ်ပေါင်းဖို ပတ်ဝန်းကျင်တွင်နေထိုင်နေကြသော ဒေသခံပြည်သူများအား ၁၀ကီလိုမီတာကျော်သို့ ပြောင်းရွှေ့နေထိုင်ဖို့ကြေငြာချက်မှ ၂၀ကီလိုမီတာအထိပြောင်းရွှေ့နေထိုင်ရန် ဂျပန်အစိုးရမှကြေငြာသွားပါတယ်။
ဂျပန်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ EDANOမှ အထက်ပါပေါက်ကွဲမှုဟာ အထဲမှာပေါက်ကွဲခြင်းမဟုတ်ဘဲ အပြင်မှာပေါက်ကွဲခြင်းဖြစ်တဲ့အတွက် ဓာတ်ရောင်ခြည်ယိုစိမ့်မှုလည်းမဖြစ်ပေါ်ပါဘူးဟု သတင်းစာရှင်းလင်းပွဲမှာပြောဆိုသွားပါတယ်..
0 ဂျပန်နိုင်ငံတွင်၈.၉ ပြင်းအားရှိ ပြင်းထန်ကြီးမားသောမြေငလျင်နှင့် ဆူနာမိကြောင့်လူအများအပြားသေဆုံး
BBC
Thursday, March 10, 2011
0 ရွှေနိုင်ငံ - မြင့်သိန်း
ဒီအကြောင်းတွေ ပြန်တွေးချင် ရေးချင်တဲ့ ဆန္ဒသိပ်မရှိပေမယ့် အခုလတ်တလော ဖြစ်ပျက်နေတဲ့ အခြေအနေ တွေကြောင့် သိသလောက်တော့ နောက်လူငယ်တွေ န၀တမှိုင်းမမိရအောင် ဖြစ်ရပ်မှန်တွေကို မိမိအသိဉာဏ် နဲ့ ဝေဖန်သုံးသပ်နိုင်စေချင်လို့ ရေးလိုက်ရပါတယ်။ ကျနော်တို့ငယ်စဉ်ကာလ ၁၉၆၂ ခုနှစ် ရှေ့ပိုင်းကာလများ က မြန်မာပြည်ကို ‘ရွှေနိုင်ငံ’ လို့ သိခဲ့ကြပါတယ်။ အင်္ဂလိပ်စာပေတွေမှာတောင် Golden Land, Golden Burma လို့ တင်စားရေးတတ်ကြပါတယ်။ ထိုအချိန်က တကယ်လည်း အရှေ့တောင်အာရှမှာ လျှမ်းလျှမ်း တောက် ထိပ်တန်းရောက်နေတဲ့ နိုင်ငံတနိုင်ငံ ဖြစ်နေခဲ့ပါတယ်။ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး အစစ အရာရာ ခုလက်ရှိအခြေနေနဲ့ ဘယ်လိုမှ နှိုင်းယှဉ်လို့မရအောင် ထိပ်တန်းမှာ ရှိခဲ့ပါတယ်။
ဒါပေမယ့် မြန်မာပြည်အတွက် ကံဆိုမိုးမှောင်ကျခဲ့ရတာကတော့ ၁၉၆၂ ခုနှစ် မတ်လ (၂) ရက်နေ့က ဦးနေ ၀င်း (ဗိုလ်ချုပ်နေ၀င်း) က အာဏာသိမ်းယူပြီး မြန်မာနိုင်ငံကို ဆိုရှယ်လစ်နိုင်ငံအဖြစ် သွတ်သွင်းခံလိုက်ရတာ ပါပဲ။ အဲဒီအချိန်မတိုင်မီက မြန်မာနိုင်ငံဟာ အခုမြန်မာလူမျိုးတွေ အခုလခစားအဖြစ် သွားပြီး အလုပ်လုပ်နေ ကြတဲ့ နိုင်ငံများလိုပဲ အလွန်စည်ပင်ဖွံ့ဖြိုးပြီး အခြားနိုင်ငံများကနေ အရင်းအနှီးများမြှုပ်နှံပြီး Company တွေ ထောင်၊ စီးပွားရေးတွေလုပ်နဲ့။ အဲဒီလို စီးပွားရေးတွေကောင်း၊ တိုင်းပြည်က သာယာဝပြောနေတော့ နိုင်ငံခြား သားအလုပ်သမားအများလည်း ဒီနိုင်ငံမှာ လာအလုပ်လုပ်ကြနဲ့၊ အခု စင်္ကာပူတို့ မလေးရှားတို့အတိုင်းပဲပေါ့။ ပညာရေးဆိုရင်လည်း မြန်မာနိုင်ငံက တက္ကသိုလ်များရဲ့ ဂုဏ်သတင်းကျော်ကြားမှုတို့ကြောင့် အခြားနိုင်ငံတွေ ကနေ လာရောက်ပညာသင်ယူသူတွေ ရှိခဲ့သလို ဆရာအဖြစ် လာရောက်လုပ်ကိုင်သူတွေလည်း ရှိခဲ့ပါတယ်။အရင်ရှိခဲ့တဲ့ တိုင်းပြည်ရဲ့ ဥစ္စာပစ္စည်းများကြောင့် ဦးနေ၀င်း (မဆလ) လက်ထက်အစပိုင်းမှာ သိသိသာသာ ကြီး မထိခိုက်သေးပေမယ့် တဖြေးဖြေးနဲ့ နိုင်ငံတော်က ချိနဲ့လိုက်လာပါတယ်။
မဆလလက်ထက် တက်ခါစမှာ ပြည်သူတွေကို တိုင်းပြည် ထူးထူးခြားခြား ပြောင်းလဲတိုးတက်တာတွေကို ထင်ထင်ရှားရှား လုပ်မပြနိုင်တော့ ယာဉ်မောင်းစနစ်ကို လက်ဝဲကပ်မောင်းစနစ်ကနေ လက်ျာကပ်မောင်းစနစ်အဖြစ် တနိုင်ငံလုံးပြောင်းလဲပစ် လိုက်ပါတယ်။ ဒီနေရာမှာလည်း နိုင်ငံတော်ဘဏ္ဍာကို အလဟဿ ဖြုန်းတီးပြီး အကြီးအကျယ် ပွဲလမ်းသဘင် တွေ၊ အနုပညာသည်တွေနဲ့ ပြုလုပ်ခဲ့ပါတယ်။ ဒီနေရာမှာ စဉ်းစားကြည့်ပါ။ လက်ျာကပ်မောင်းစနစ်ပြောင်းလဲ တာနဲ့ တိုင်းပြည်ကြီး တိုးတက်ခေတ်မီတာနဲ့ ဘာမှမဆိုင်ပါဘူး။ ဒီနေ့ တိုးတက်တဲ့ နိုင်ငံတော်တော်များများမှာ လက်ဝဲကပ်မောင်းစနစ်ပဲ သုံးစွဲနေတာပါပဲ။ဒီနေရာမှာ န၀တနဲ့ မဆလ တူတာကို တွေ့နိုင်ပါတယ်။ န၀တ တက်ခါစမှာလည်း ပြည်သူတွေကို ထူးထူးခြား ခြား ပြောင်းလဲတိုးတက်တာတွေ လုပ်မပြနိုင်တာနဲ့ ဘာမဆိုင် ညာမဆိုင် တနိုင်ငံလုံး နိုင်ငံနာမည်ကစပြီး မြို့ နာမည်တွေ ပြောင်းပစ်လိုက်လို့ ဆိုင်းဘုတ်တွေ ပြင်ရေးရတာ နိုင်ငံတော်ကြီး တိုးတက်အောင်လုပ်တာလား။ ဆိုရှယ်လစ်ခေတ်မတိုင်မီက မြန်မာနိုင်ငံရဲ့ စီးပွားရေးက ခိုင်မာသလို လူတွေရဲ့ စာရိတ္တမဏ္ဍိုင်ကလည်း ခိုင်မာ ကြပါတယ်။
ဆိုရှယ်လစ်ခေတ်ရောက်တဲ့အချိန်မှာ အခြေခံစားသောက်ကုန်များဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား ... စတဲ့ ပစ္စည်းများကအစ ခွဲတမ်းနဲ့ဝယ်ကြရပါတယ်။ စခါစက ပြည်သူတွေမှာ စီးပွားရေးက သိပ်မယိုင်သေးတော့ စာ ရိတ္တပိုင်းမှာလည်း မဆိုးလှသေးဘူးပေါ့။ ခွဲတမ်းနဲ့ ၀ယ်ရတာတောင် ကိုယ်အသုံးမလိုအပ်ရင် မယူကြဘူး။ဒါပေမယ့် ဒီစာရိတ္တကို မပျက်ပျက်အောင် စနစ်က သင်ပေးလာတော့ တစတစနဲ့ စာရိတ္တမဏ္ဍိုင်လည်း ပျက်စီး ရတော့တယ်။ မပျက်ခံနိုင်မလား၊ ဥပမာ - စီးကရက်ကို ကုန်သည်တွေ သူ့ဘာသာ ဖြန့်ဖြူးနေတာကို အလုပ် သမားသက်သာဆိုပြီး စက်ရုံအလုပ်ရုံ၊ ရုံးတွေမှာ ခွဲတမ်းပေးတယ်။ ဒီနေရာမှာလည်း ဒီရုံးတွေ အလုပ်ဌာနတွေ မှာ တကယ်ဆေးလိပ်သောက်သုံးသူက ဘက်လောက်ရှိလို့လဲ။ ဒါကြောင့် ဒီစနစ်စခါစမှာ စီးကရက်ပေးရင် ယူမယ့်သူ သိပ်မရှိလှဘူး။ ဒါလည်း ဘယ်လိုဖြစ်လာလဲဆိုတော့ ဆေးလိပ်ရောင်းဝယ်ပြီး လုပ်ကိုင်စားသောက် ရသူတွေမှာ ဆေးလိပ်ရောင်းစရာမရှိဖြစ်လာတော့ သူတို့က ခွဲတမ်းရတဲ့သူတွေဆီကနေ ပြန်ဝယ်လာတယ်။ နောက်တော့ အမြတ်ပေးဝယ်တယ်။ ဒီလိုနဲ့ တဖြေးဖြေးနဲ့ လူတွေက အမြတ်ရမှန်းသိလာတော့ ဆေးလိပ် သောက်သူရော မသောက်သူကပါ ခွဲတမ်းကို အကုန်ယူကြတော့တယ်။ အဲဒီကနေ မှောင်ခိုစီးပွားရေးစနစ်ကြီး ကြီးထွားလာပြီး လူတွေရဲ့ စာရိတ္တတွေလည်း ပျက်စီးလာကြတော့တယ်။ဒီအချိန်မှာ သာမန်ပြည်သူတွေကိုတော့ ခွဲတမ်းစနစ်နဲ့ ရှားပါးချို့တဲ့အောင် လုပ်ထားပြီး ဗိုလ်ချုပ်တွေ၊ ဗိုလ်မှူး ချုပ် စတဲ့ စစ်ဘက်အရာရှိကြီးများ၊ (အဲဒီအချိန်က ဗိုလ်ချုပ်မှူးကြီးရာထူး မရှိသေးသလို အခုလောက်လည်း ဗိုလ်ချုပ်တွေ မဖောင်းပွသေးဘူး) အရပ်ဘက် အရာရှိကြီးများအတွက်တော့ အထူးအခွင့်အရေးအနေနဲ့ ပဒုမ္မာ ကုန်တိုက်လို အခွင့်ထူးခံ လူတန်းစားတွေအတွက် ဖွင့်ပေးထားတဲ့ ကုန်တိုက်တွေမှာ အဆင်သင့် ရှားပါးပစ္စည်း တွေ၊ ပစ္စည်းကောင်းတွေ ရောင်းချပေးပါတယ် (အဲဒီဆိုင်မှာ ရောင်းတဲ့ ဘီစကွတ်က အပြင်မှာရနိုင်တဲ့ ကြည် ကြည်ဘီစကွတ်နဲ့ လုံးဝမတူတဲ့ အကောင်းစားတွေပါ။ ၈၈ အရေးအခင်းဖြစ်လို့ အဲဒီဆိုင် အဖောက်ခံရတော့မှ သာမန်ပြည်သူတွေ မြင်ဖူးကြရတာပါ)။ အဲဒီအချိန်ကစပြီး မြန်မာပြည်မှာ တန်းစီတိုးစား မှောင်ခိုလူတန်းစားတ ရပ် ပေါ်ပေါက်လာခဲ့ရတာပါ။စာရေးသူငယ်ငယ်က ကြုံခဲ့ရတဲ့ မှတ်မိနေတဲ့ အဖြစ်အပျက်ကလေးတခုက နေပြည်တော်ရုပ်ရှင်ရုံမှာ ရုပ်ရှင် ကြည့်ဖို့် လက်မှတ်ပိုနေလို့ ရုပ်ရှင်ကလည်း လူကြိုက်များတဲ့ ရုပ်ရှင်မို့ လက်မှတ်မှောင်ခိုဈေးကလည်း ကောင်း နေတော့ ပိုနေတဲ့ လက်မှတ်ကလေးကို မုန့်ဖိုးလေးဘာလေးများ ရလိုရငြား ပြန်ရောင်းမိခဲ့တယ်။ အဲဒီအချိန်မှာ ပဲ လူတယောက်က အရောင်းအ၀ယ်လုပ်နေတာကို ၀င်ဖမ်းပြီး ရဲလက်အပ်မယ်လုပ်လို့ မနည်းတောင်းပန်ယူရ တယ်။ နောက်တော့မှ ဖမ်းတဲ့သူက ရုပ်ရှင်ရုံမန်နေဂျာကိုယ်တိုင် ဖြစ်နေတာ သိရတယ်။ သူက မှောင်ခိုလက် မှတ်ရောင်းတာကို နှိမ်နင်းရေးလုပ်ရာမှာ ဦးဆောင်နေပြီးတော့ မှောင်ခိုလက်မှတ်ရောင်းဝယ်တာကို သတင်း ပေးတဲ့သူ၊ ဖော်ထုတ်ပေးတဲ့သူတွေကိုလည်း ဆုချီးမြှင့်တဲ့အနေနဲ့ ရုပ်ရှင်မေတ္တာလက်မှတ် ပေးမယ့်အကြောင်း ရှင်းပြလိုက်ပါတယ်။အဲဒီအဖြစ်အပျက်ကလေးက အခုဖြစ်ပျက်နေတဲ့ အခြေအနေနဲ့ နှိုင်းယှဉ်ကြည့်နိုင်အောင်ပါ။ အဲဒီအချိန်နဲ့ ခု ခေတ်အုပ်ချုပ်တဲ့ တာဝန်ယူသူတွေရဲ့ အခြေခံစိတ်ဓာတ်နဲ့ အတွေးအခေါ် ကွာဟနေတာတွေ့ ရှိနိုင်ပါတယ်။ ဟိုခေတ်က လူတွေက စည်းကမ်းစနစ်ကျအောင် ခေါင်းပုံဖြတ်အမြတ်ကြီးစားတဲ့ စနစ်ပျောက်ပျက်အောင်လုပ် ဖို့ တာဝန်တရပ်အနေနဲ့ ကြိုးစားလုပ်တာတွေ့နိုင်ပြီး ခုခေတ်လူတွေကတော့ မိမိအတွက် အကျိုးအမြတ်ရရေး ကို အဓိကထားတာ ထင်ထင်ရှားရှား တွေ့ မြင်နိုင်ပါတယ်။ အဲဒီအချိန်က ပညာရေးအခြေအနေကလည်း ထိပ်တန်းမှာ ရှိနေပါတယ်။ ကျောင်းတွေကို ပြည်သူပိုင်မသိမ်းခင် အချိန်က စိန်ပေါလ်၊ မက်သဒစ်၊ စိန်ဂျွန်း ... စတဲ့ နာမည်ကြီး ခရစ်ယန်သာသနာပြုကျောင်းတွေ အများကြီး ရှိခဲ့ သလို ၀ှါကြုံး၊ နန်ယန်း ... စတဲ့ နိုင်ငံခြားက လာဖွင့်တဲ့ ကျောင်းတွေလည်း အများအပြား ရှိခဲ့ပါတယ်။ ဒီလို ကျောင်းတွေရှိလို့ အစိုးရကျောင်းတွေက ပညာသင်တာ ညံ့ဖျင်းတယ်လို့လည်း မရှိခဲ့ပါဘူး။ လသာ၊ တောင် ဥက္ကလာ၊ ရေကျော် စတဲ့ အစိုးရကျောင်းတွေဟာလည်း ထိပ်တန်းကျောင်းစာရင်းထဲမှာရှိသလို မြို့မကျောင်း ကလည်း ထိပ်တန်းအမျိုးသားကျောင်းတကျောင်းအဖြစ် ရပ်တည်နိုင်ခဲ့ပြီး ဆယ်တန်းစာမေးပွဲတွေမှာ အမှတ် အများဆုံးရတဲ့ ကျောင်းတွေထဲမှာ စာရင်းဝင်ခဲ့ပါတယ်။အားကစားနဲ့ ပတ်သက်ပြီးပြောရရင်လည်း ထိပ်တန်းပါပဲ။ အဲဒီအချိန်က အရှေ့တောင်အာရှသာမက အာရှတ လွှားမှာ မြန်မာက တော်တော်များများ ထိပ်တန်းက နေရာယူထားခဲ့ပြီး တချို့အားကစားတွေမှာ ကမ္ဘာ့အဆင့် ထိ ၀င်နိုင်ခဲ့ကြပါတယ်။ ဒါလည်း သိပ်တော့မထူးဆန်းလှဘူး။ အဲဒီအချိန်က ကျောင်းသားအားကစားပြိုင်ပွဲ တွေ၊ တက္ကသိုလ်ပေါင်းစုံအားကစားပြိုင်ပွဲတွေ၊ တိုင်းနဲ့ ပြည်နယ်အားကစားပြိုင်ပွဲတွေ အဆက်မပြတ် ကျင်းပ ပေးခဲ့တယ်။ ပြည်သူတွေအနေနဲ့လည်း စားဝတ်နေရေးကို ခုလိုမကြောင့်ကြကြရတော့ အားကစားကို ကောင်း ကောင်း အားပေးလိုက်စားနိုင်တဲ့ အခြေအနေရှိကြတယ် (အခုလည်း အားကစားလိုက်စားကြတာပါပဲ။ ဘယ် သူနိုင်မယ်၊ ဘက်နှစ်လုံးကြော ... စသည်ဖြင့်လေ)။မဆလလက်ထက်မှာ အရေးအခင်းတွေလည်း အများကြီး ဖြစ်ခဲ့ဖူးတယ်။ ၆၂ ခုနှစ် ဆဲဗင်းဂျူလိုင်ကျောင်းသား အရေးအခင်း၊ ကျွန်းဆွယ်ကျောင်းသားအရေးအခင်း၊ အလုပ်သမားအရေးအခင်း၊ ဦးသန့်အရေးအခင်း၊ ၈၈ အ ရေးအခင်း စသည်တို့နဲ့  တရုတ်အရေးအခင်းလို ဆန်ပြဿနာကနေ လူထုဆူပူမှုတွေ ဖြစ်လာမှာစိုးလို့ လမ်း လွှဲတဲ့အနေနဲ့ ဖန်တီးလုပ်ကြံတဲ့ အရေးအခင်းတွေလည်း ဖြစ်ခဲ့ပါတယ်။ ကျောင်းသားအရေးအခင်း၊ အလုပ်သ မားအရေးအခင်းတွေ အားလုံးဟာ မဆလစနစ်ဆိုးရဲ့ ညံ့ဖျဉ်းတဲ့စီမံအုပ်ချုပ်မှုကြောင့် ကျောင်းသား၊ အလုပ်သ မားတို့ကနေ ပညာရေး၊ စီးပွားရေးအခြေအနေတွေ ပိုမိုတိုးတက်ကောင်းမွန်လာအောင် တောင်းဆိုတိုက်ပွဲဝင်ခဲ့ ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီတိုက်ပွဲတွေကို မဆလကနေ ရက်ရက်စက်စက် ဖြိုခွင်းပစ်ခဲ့ပါတယ်။ အဲဒီ လို ဖြိုခွင်းပစ်ခဲ့ပေမယ့် အဲဒီအချိန်က ကျောင်းသား အလုပ်သမား မပေါင်းစည်းမိကြသေးသလို ဖြစ်ပျက်ခဲ့တာ တွေကလည်း ကျောင်းထဲ၊ အလုပ်ခွင်ထဲမှာ ဖြစ်ပျက်ခဲ့တာမို့ ပတ်သက်တဲ့သူတွေနဲ့ တချို့တလေကလွဲလို့ တိ တိကျကျ သေသေချာချာ သိသူနည်းပါးခဲ့ပါတယ်။မီဒီယာတွေ ခုခေတ်လို မတိုးတက်သေးတာကလည်း အစိုးရအနေနဲ့ သတင်းမှောင်ချတာတို့ ၀ါဒဖြန့်တာတို့ လုပ်ဖို့ ပိုမိုလွယ်ကူစေတဲ့ အကြောင်းတရပ်ဖြစ်ခဲ့ပါတယ်။ အချို့နယ်ဘက်က လူတွေဆို အဲဒီလိုဖြစ်ပျက်ခဲ့ တယ်ဆိုတာ တကယ်ကို မသိကြဘူး။ ၈၈ ခုနှစ် အရေးအခင်းကတော့ အလုပ်သမား၊ ကျောင်းသား၊ သံဃာ (ဘုရားသား)၊ သားသုံးသားပေါင်းမိပြီးတော့ ဖြစ်ပျက်တဲ့ ကိစ္စတွေကလည်း အရင်အဖြစ်တွေလို ကျောင်းထဲ၊ စက်ရုံအလုပ်ရုံထဲမှာသာ ဖြစ်တာမဟုတ်တော့ဘဲ နေရာအနှံ့ ဖြစ်နေတာမို့ သတင်းတွေက တော်တော်မြန်မြန် ပျံ့နှံ့သွားနိုင်ခဲ့တယ်။ ပြည်သူတွေအနေနဲ့ကလည်း မဆလရဲ့ ခါးသီးတဲ့ဒဏ်တွေကို ဘယ်လိုမှသည်းခံနိုင်စွမ်း မရှိတော့တာမို့ လူတန်းစားအဆင့်အတန်းတိုင်း ပါဝင်လာခဲ့ကြလို့ နောက်ဆုံး မဆလ ပြုတ်ကျရတဲ့ အဆင့်ထိ ရောက်ခဲ့ရတယ်။ ကျနော်ကိုယ်တိုင်လည်း အားရ၀မ်းသာနဲ့ ချီတက်လာကြတဲ့ ဆန္ဒပြသူတွေကို လက်ခုပ် လက်ဝါးတီးပြီး ရန်ကုန်မြို့ရဲ့ လမ်းဆုံတနေရာကနေ အားပေးနေတုန်း၊ ဆန္ဒပြပွဲမှာ ချီတက်လာတဲ့ တပ်မတော် သားတွေကို အကာအကွယ်ယူပြီး လိုက်လာကြတဲ့ သူငယ်ချင်းတွေနဲ့တွေ့ပြီး သူတို့နဲ့အတူ ချီတက်တဲ့အထဲ လိုက်ပါခဲ့ပါတယ်။အဲဒီတုန်းက တိုင်းပြည်မှာ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးအတွက် ကာကွယ်ပေးမယ့် ယန္တရားလည်း ပျက်ပြယ်ခဲ့လို့ ပြည်သူတွေကိုယ်တိုင် ကိုယ့်ရပ်ရွာလုံခြုံရေးကိုယ်တာဝန်ယူခဲ့ကြရတယ်။ ည ဘက်ဆို ရပ်ကွက်ထဲမှာ ကင်းစောင့်ကြရတယ်။ ဒီဖြစ်ရပ်တွေက တကယ့်သမိုင်း ၀င်ဖြစ်ရပ်တွေပါ။ ဒါတွေကို သေးသိမ်အောင် ပျောက်ပျက်အောင် လုပ်လို့မရနိုင်ပါဘူး။မြန်မာ့တပ်မတော်ယခင်က မြန်မာ့တပ်မတော်ဟာ ခုလက်ရှိတပ်မတော်နဲ့ နှိုင်းယှဉ်စရာကို မမြင်ပါဘူး။ အဲဒီအချိန်က ပြည်သူ တွေကလည်း တပ်မတော်သားတွေကို ချစ်ကြည်လေးစားကြသလို တပ်မတော်သားတွေကလည်း ပြည်သူ တွေအတွက်ဆို အသက်ပေးရဲတဲ့ စိတ်ဓာတ်အပြည့်ရှိကြတယ်။ နောက်ပိုင်းစစ်တပ်ကတော့ စစ်ဝတ်စုံကို အ ခွင့်ကောင်းယူပြီး ရသမျှ ကိုယ်ကျိုးရှာဖို့ကလွဲပြီး ခံယူချက်က မရှိသလောက်ဖြစ်နေပါပြီ။ ဒီထဲမှာ တကယ်စိတ် ဓာတ်ပြည့်ဝတဲ့ စစ်သားကောင်းတွေမရှိဘူးလို့ မဆိုလိုပေမယ့် မရှိတော့သလောက် အလွန်နည်းနေပါပြီ။ ကိုယ် ကျိုးရှာရုံသက်သက်ဆို တော်သေးတယ်။ တချို့က အာဏာပါ အလွဲသုံးစားလုပ်တတ်ကြတယ်။တလောလေးကမှ ဖြစ်ပျက်ခဲ့တဲ့ ပဲခူးက သေနတ်နဲ့ ပစ်သတ်မှုကတော့ ထင်ထင်ရှားရှား မြင်သာတဲ့ ဥပမာပါပဲ။ ယခင်ကတော့ တပ်မတော်သားတွေကို ပြည်သူတွေက ချစ်ကြတော့ တော်လှန်ရေးနေ့ချီတက်ပွဲတွေမှာ ဘယ် သူကမှ နှိုးဆော်နေစရာမလိုဘဲ ကိုယ့်အသိစိတ်နဲ့ကိုယ်သွားပြီး ပန်းကုန်းဆက်ကြ သောက်ရေနဲ့ အအေးတွေ သွားကမ်းကြနဲ့ အင်မတန်ကြည်နူးစရာအတိဖြစ်ခဲ့တယ်။ ကိုယ်တိုင်ငယ်စဉ်ကလည်း တပ်မတော်သားတွေကို အားကျပြီး ကြီးရင် စစ်ဗိုလ်လုပ်မယ်၊ တိုင်းပြည်ရန်သူတွေကို တိုက်မယ်ဆိုပြီး စစ်သီချင်းတွေ အလွတ်ကျက် ပြီး ဆိုရင်း အရူးထမိသေးတယ်။အဲဒီအချိန်က တရုတ်ဖြူတပ်တွေက ကျူးကျော်ဝင်ရောက်လာတာကို နှိမ်နင်းရင်း ကျဆုံးသွားတဲ့ သူရဲကောင်း စစ်သည်တွေ ရှိခဲ့တယ်လေ။ လေသူရဲ ဗိုလ်ပီတာဆို ခုထိမှတ်မိနေသေးတယ်။ လူတိုင်းရဲ့နှုတ်ဖျားမှာ တသသ နဲ့။ တရုတ်ဖြူတွေကို သွားတိုက်ရင်း လေယာဉ်ပျက်ကျပြီး ကျဆုံးသွားတာလေ။ ဒီဘက်ခေတ်မှာတော့ စစ် ဗိုလ်စစ်သားဆို သာမန်ပြည်သူတွေက မေတ္တာ စေတနာမရှိကြတော့ဘူး။ ကိုယ်ကျိုးရှာ အမြတ်ထုတ်တဲ့သူ တွေကသာ သူတို့စီးပွားရေးလုပ်စားဖို့ ကပ်ဖားရပ်ဖားလုပ်ပြီး ပေါင်းနေကြတာ။မြန်မာလူမျိုးတွေရဲ့ မကောင်းတဲ့အလေ့တခု ပြောရဦးမယ်။ အဲဒါက တခြားမဟုတ်ဘူး၊ အကြောင်းကြောင်း ကြောင့် တပ်က ထွက်လာသူ၊ အငြိမ်းစားယူထားသူ ... စတဲ့ တပ်ထွက်တွေကို တပ်မှာတုန်းကရှိခဲ့တဲ့ ရာထူး အတိုင်း ဗိုလ်ကြီး၊ ဗိုလ်မှူးကြီး ... စသဖြင့် တပ်က ရာထူးအခေါ်အဝေါ်အတိုင်း ဆက်ပြီးခေါ်နေကြတာပဲ။ ကျ နော်ငယ်ငယ် စစ်တပ်က အာဏာသိမ်းပြီး အရပ်ဘက်ကိုရောက်လာတဲ့ တပ်ထွက်တွေကို လူတွေ အဲဒီလို ခေါ် တာတွေ ကြားရတော့ ဘာဖြစ်လို့ သူတို့ကို မရှိတော့တဲ့ ရာထူးကြီးကို ဆက်ခေါ်နေကြ တာပါလိမ့်လို့ လူကြီး တွေကို မေးမိတယ်။ သူတို့က အဲဒီလိုခေါ်မှ ကြိုက်တာလို့ပဲ အဖြေရတယ်။ကျနော်ကတော့ အဲဒီအချိန်ထဲက ဒီလိုခေါ်ပြောနေတာကို ဘ၀င်မကျ ခဲ့ဘူး။ ဒါကိုထောက်ခြင်းအားဖြင့် စစ် တပ်ကသူတွေဟာ သူတို့ရာထူးကို အရမ်းမက်မောပြီး သေတဲ့အထိ မစွန့်လွှတ်နိုင်ဘူးဆိုတာ ထင်ရှားနေတာ ပဲ။ စစ်တပ်ကလူတွေ ပြောလေ့ရှိတဲ့ စကားတခုရှိတယ်။ ရေဘူးပေါက်တာ မလိုချင်ဘူး၊ ရေပါတာပဲ လိုချင် တယ်ဆိုတာလေ။ ဒါကြောင့်လည်း တိုင်းပြည်မှာ ရေပါဖို့ အဓိကထားလုပ်ကြရင်းက ပါတဲ့ရေက သောက်လို့ သုံးလို့မရဘဲ တိုင်းပြည်သာ ဆင်းရဲသထက်ဆင်းရဲပြီး အာရှရဲ့ထိပ်တန်း နိုင်ငံတနိုင်ငံကနေ ကမ္ဘာအဆင်းရဲဆုံး နိုင်ငံအဖြစ် ရောက်ခဲ့ရတော့တယ်။
စက်မှုလက်မှုလုပ်ငန်းများ ပြည်သူပိုင်မသိမ်းခင်ကာလက မြန်မာပြည်မှာ စက်မှုလုပ်ငန်းတွေ အတော်လေး ထွန်းကားပြီး အရှိန်ရနေတဲ့ အ ချိန်ပါ။ အဲဒီထဲမှာမှ ကလေးကစားစရာကအစ အ၀တ်အထည်၊ စားသောက်ကုန်နဲ့ အခြားစက်မှုလုပ်ငန်း အ တော်များများဟာ မြန်မာလူမျိုးစစ်စစ်များ ပိုင်ဆိုင်ဦးစီးခဲ့တဲ့ လုပ်ငန်းတွေပါ။ ကစားစရာဆို ဘေဘီစတိုး၊ အ ထည်အလိပ်ဆိုရင်လည်း ခေတ်အကြိုက်၊ ရွှေကျီး ... စတဲ့ နိုင်လွန်စက်ရုံတွေ၊ စားသောက်ကုန်လုပ်ငန်းတွေ ဆိုလည်း ဗာကင်စည်သွပ်စက်ရုံ၊ ပွင့်ကောင်း ငါးပိငန်ပြာရည်စက်ရုံ ... စတဲ့ နာမည်ကြီးစက်ရုံတွေ ဒုနဲ့ဒေးရှိခဲ့ တာပါ။ အဲဒီအချိန်က အရှိန်အတိုင်းသာ မြန်မာနိုင်ငံကြီး ဆက်သွားခဲ့မယ် ဆိုရင် ခုချိန်ဆို ကမ္ဘာ့အလယ်မှာ ထိပ်တန်းနိုင်ငံတခု ဖြစ်နေမှာမလွဲပါဘူး။ မဆလခေတ်စကာစမှာလည်း စောစောကရေးခဲ့သလို တက်နေတုန်း အရှိန်ကောင်းနေတုန်းဆိုတော့ သိသိ သာသာကြီး ချက်ချင်းထိုးမကျသွားခဲ့ဘူး။ ဒါပေမယ့် ရေရှည်မှာတော့ ဘာမှမယ်မယ်ရရ ထွန်းကားတိုးတက် အောင် မလုပ်ဆောင်ပေးနိုင်တဲ့အပြင် ကိုယ်ကျိုးစီးပွားကိုသာ ဦးစားပေးခဲ့တဲ့အတွက် တိုင်းပြည်ကြီးမှာ ချုံးချုံး ကျပြီး ပြည်သူအများကတော့ ဆင်းရဲတွင်းနက်ခဲ့ကြရပါတော့တယ်။ဘာနဲ့တူလဲဆိုတော့ ဘာမှလဲဟုတ်တိ ပတ်တိ မလုပ်တတ်၊ လက်ကြောတင်းအောင်လည်း မလုပ်ချင်တဲ့ လူ ပေါ်ကြော့တယောက်က လင်ယောက်ျား ဖြစ်တဲ့ သူဌေးကြီးသေပြီး အမွေတွေရထားတဲ့ သူဌေးကတော်မုဆိုး မကို မိန်းမအဖြစ်ရလိုက်သလိုပေါ့။ ဘာမှလည်း မလုပ်တတ်တော့ အရင်ယောက်ျား ရှာထားခဲ့တဲ့ ပစ္စည်းတွေ ကို ထိုင်ဖြုန်းရင်း တဖြည်းဖြည်းနဲ့ ဘာမှမကျန်တော့တဲ့အခါကျတော့ ခြံစည်းရိုးတိုင်ချွတ်ရောင်း၊ အိမ်ခေါင်မိုး ခွာရောင်းနဲ့ ရှိသမျှ ရောင်းစားလို့ရတာမှန်သမျှ ရောင်းစားနေတော့ တအိမ်လုံး ဘာမှမယ်မယ်ရရ မကျန်တော့ တဲ့ အဖြစ်မျိုးနဲ့ ကြုံကြရပါတော့တယ်။မဆလ တက်စအချိန်က ဂျပန်က စစ်လျော်ကြေးအနေနဲ့ ပေးခဲ့တဲ့ အကြီးစားစက်ရုံလုပ်ငန်းဖြစ်တဲ့ မော်တော် ယာဉ်လုပ်ငန်း၊ အိမ်သုံးပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းတွေဆိုရင် လူကြိုက်များပြီး အရောင်းသွက်တဲ့ ပစ္စည်း တွေဖြစ်ခဲ့တယ်။ အဲဒီအချိန်က နာမည်ကြီးခဲ့တဲ့ မာဇဒါကားတွေ (လေးဘီး၊ ဖယ်မလီယာ၊ သရီးတူးသရီး ... စ တာ)၊ ဟီးနိုးကား (ဘတ်စကား၊ တီအီးအလဲဗင်း ... စတာ) တွေ ထုတ်လုပ်ပေးခဲ့သလို အိမ်သုံးပစ္စည်းတွေအ နေနဲ့ National တံဆိပ်နဲ့ ရေခဲသေတ္တာ၊ မီးသီးမီးချောင်း၊ လျှပ်စစ်ထမင်းအိုး ... စသည်တို့ကို ထုတ်လုပ်ခဲ့တာ လူကြိုက်များလို့ ရောင်းမလောက်ခဲ့ဘူး။
အခုတော့ အဲဒါတွေအားလုံး တိမ်မြုပ်ပျောက်ကွယ်သွားပြီလေ။အဲဒီအချိန်က အာရှမှာ မော်တော်ကားကို အောင်အောင်မြင်မြင် ထုတ်နိုင်တာ ဂျပန်နဲ့ ကိုးရီးယားပဲရှိသေး တယ်။ တရုတ်တောင် ဒီလောက်မအောင်မြင်သေးဘူး။ ယိုးဒယားတို့ မလေးရှားတို့ဆိုတာ အဝေးကြီး။ အခု တော့ အဲဒီနိုင်ငံတွေက နောက်ဆုံးပေါ်ကားတွေကို ကမ္ဘာ့နာမည်ကြီး ကားကုမ္ပဏီတွေနဲ့ ပူးပေါင်းထုတ်လုပ် နေကြပြီလေ။ မြန်မာက ရှေ့က စခဲ့ပေမယ့် စီမံခန့်ခွဲမှု ညံ့ဖျင်းမှုကြောင့် ခုတော့ လုံးဝဇာတ်သိမ်းသွားရတယ်။ဒီလိုဖြစ်ရတာတွေဟာ မြန်မာပြည်မှာ တကယ်တော်တဲ့ ထူးချွန်တဲ့သူတွေကို နေရာမပေးတဲ့အပြင် အထက် ပိုင်းရာထူး အားလုံးနီးပါးကို မိုးပေါ်ကကျလာတဲ့ တပ်ထွက်တွေနဲ့အစားထိုးပြီး တက်လမ်းတွေကို ပိတ်ထားခံ လိုက်ရတာလည်း မြန်မာပြည်ကြီး တိုးတက်ဖို့ လမ်းကြောင်းကနေ သွေဖီသွားခဲ့ရတဲ့ အကြောင်းတခုပါပဲ။ လုပ် ငန်းခွင်ထဲရောက်လာတဲ့ တပ်က ပုဂ္ဂိုလ်ကလည်း ကိုယ်ကျိုးကို ဦးစားပေးပြီး တပ်ထဲက အကျင့်အတိုင်း ဟောက်စားပြီး လုပ်ငန်းကို နားမလည်ဘဲ တွေ့ကရာလုပ်လို့ တချို့လူကြီးတွေက မခံနိုင်လို့ ပင်စင်ယူ အလုပ် ထွက်ကြနဲ့ တကယ်တော် တကယ်တတ်ကြတဲ့သူ တော်တော်များများက အလုပ်ခွင်ကနေ စွန့်ခွာသွားကြ တယ်။ဒါကြောင့် ၈၈ အရေးအခင်းနောက်ပိုင်းမှာ ၀န်ထမ်းတော်တော်များများ ထွက်ကုန်ကြပြီး နိုင်ငံခြားရောက်သွား ကြတဲ့သူတွေနဲ့ တချို့လည်း အပြင်လုပ်ငန်းထွက်လုပ်ကြသူနဲ့ ၀န်ထမ်းဦးရေ တော်တော်များများ လျော့သွား တယ်။ ဒီကြားထဲမှာ ၈၈ အရေးအခင်းမှာ ပါဝင်ခဲ့လို့ အလုပ်ထုတ်ပစ်ခံရသူ၊ အရေးအခင်းအပြီး (၃၃) ချက် သဘောထား စစ်တမ်း ကောက်ယူတဲ့အခါမှာ ဘုမသိဘမသိ အလုပ်ဖြုတ်ခံလိုက်ရသူတွေကလည်း ရှိသေးတယ်။ အဲဒီလို အလုပ်ဖြုတ်ပစ်တာလည်း အလုပ်သမားတွေကို ဘာအကြောင်းမှ ခိုင်ခိုင်လုံလုံမပြဘဲ ဘာခံစားခွင့်မှ လည်းမပေးဘဲနဲ့ ဒီအတိုင်း ဥပဒေမဲ့ ထုတ်ပစ်ခံခဲ့ကြရတာ။ အဲဒီအချိန်ထဲက ဥပဒေမဲ့ လုပ်ချင်ရာလုပ်ခဲ့ကြတာ၊ အချိန်ကြာလာတဲ့အမျှ ပိုပြီး အတင့်ရဲ၊ လက်ရဲဇက်ရဲ ဖြစ်လာတော့တာပေါ့။ ခုနောက်ဆုံး နယ်စပ်ဒေသတွေနဲ့ တခြားနေရာတွေမှာ လူမသိသူမသိ ရမ်းကားရာကနေ နောက်ဆုံး ပဲခူးမြို့လို မြို့ကြီးပေါ်မှာတောင် ဘယ်သူ့မှ ဂရုမစိုက်ဘဲ ပစ်သတ်ရဲတဲ့အထိ ကျူးလွန်လာတော့တာပါပဲ။ ဒါတွေကြောင့် အခုအမည်ခံ ရွေးကောက်ပွဲကြီးမှာ မနိုင်နိုင်အောင် လုပ်ပြီး အာဏာကို တရားဝင်ဖြစ်အောင် လုပ်ယူပြီးရင် တိုင်း ပြည်ကြီးနဲ့ ပြည်သူတွေရဲ့အခြေအနေက မတွေးရဲလောက်အောင် ရင်လေးစရာပါပဲဆိုတာ ဆင်ခြင်တွေးတော နိုင်ကြပါစေ။ ။
မြင့်သိန်း
0 FIFA ဥက္ကဌကြီး ရဲ့  နှစ်ရက်တာ
ကမ္ဘာ့ဘော်လုံးအဖွဲ့ ချုပ်ရဲ့ ထိပ်ဆုံးပုဂ္ဂိုလ် ကိုယ်တိုင် မြန်မာနိုင်ငံကို အလည်အပတ် ရောက်ရှိလာတာ ဒါဟာ ပထမဆုံးအကြိမ် ဖြစ်နေလို့ပါဘဲ။ ဒီခရီးစဉ်ရဲ့နောက်ကွယ်မှာ ဘာတွေဘယ်လို ရှိနိုင်သလဲ လို့အားလုံးက စိတ်ဝင်တစား ဖြစ်နေကြပါတယ်။ ဦးခင်မောင်ထွေး ( ပျဉ်းမနား )ရဲ့ ရိသဲ့သဲ့ဆော်တော်တော် ဆောင်းပါးတွေကိုလည်း ဆရာ မြန်မာ့ဘော်လုံး စည်းကမ်း ထိန်းသိမ်းရေးကော်မတီ ခေါင်းဆောင် ဖြစ်ပြီးကတည်းက မဖတ်ရတော့တာမို့ ဆပ်ဘလတ်တာကြီးနဲ့ ပက်သက်ပြီး ဆရာ ဝေဖန်မယ့် ဆောင်ပါးမျိုးကို ကျွန်တော်တို့  ဖတ်ခွင့် ရတော့မယ် မထင်ပါဘူး။ တချိန်တုန်းက GOAL ပရောဂျက် ကို ဆရာ ဝေဖန်ခဲ့တာနဲ့ အခု သူရောက်လာမယ့် အချိန်နဲ့က ကွက်တိဒက်ထိ ဖြစ်နေလို့ လွမ်းမိပါသေးတယ်။ တိုက်ဆိုင်တယ် ဆိုမလားဘဲ။ ဒီကနေ့ နေပြည်တော်က ကျောက်မျက်ခန်းမသစ်ကြီး ဖွင့်ပွဲမှာ ဦးအောင်ကိုဝင်း၊ ဦးတေဇ တို့ကို တွေ့ လိုက်ရပေမယ့် မြန်မာ့ဘော်လုံးအဖွဲ့ ချုပ်ဥက္ကဌ ဦးဇော်ဇော်ကို မတွေ့ ရတာ နည်းနည်းတော့ ဆန်း နေသလားလို့  တွေးမိပါတယ်။
ကျောက်မျက်တူးဖော်ရေး လုပ်ကွက်တွေ ချ ပေးပြီး ဘော်လုံးအသင်းတွေ ထူထောင်ခိုင်း တယ်လို့ တင်းတွေ ထွက်ပေါ်နေတော့ Max ဇော်ဇော် ကို တမင်များ ချန်ထားသလား လို့စဉ်းစားမိတာပါ။ စီးပွားရေးသမားကြီးတစ်ယောက်ကတော့ “ ဘော်လုံးကလပ်တွေ ကိစ္စက နိုင်ငံရေးကို စိတ်မပါကြအောင် လှည့်တာ... ” ပြောတော့ လက်မခံချင်ပေမယ့် အာဆီယံအဆင့်မှာ မြန်မာ့အမျိုးသား ဘော်လုံးအသင်းရဲ့  ရလဒ်က ( ဗီယက်နမ် ၇- ၀ မြန်မာ ) အဆိုရွားဆုံးစံချိန်တင်ခဲ့တာမို့  မချိတင်ကဲ လက်ခံခဲ့ရပါတယ်။
ဘလတ်ကြီး... မနက်ဖြန် သုဝဏ္ဏကွင်းက လန်ဒန်အိုလံပစ် ခြေစစ်ပွဲ ကြည့်ပါလိမ့်မယ်။ ဘလတ်တာကြီး... မန္တလေးမှာ ဖီဖာရန်ပုံငွေနဲ့ ဆောက်လုပ်ထားတဲ့ ဘော်လုံးသင်တန်းကျောင်း ဖွင့်ပွဲကို တက်ရောက် ချီးမြှင့်ပါလိမ့်မယ်။ ဘလတ်တာကြီး... MNL ကလပ်သင်းတွေနဲ့ အမျိုးသားဘော်လုံးအသင်း တိုးတက်ဖို့ အရေးတွေကို အကြံဥာဏ်ကောင်းများ ပြောပါလိမ့်မယ်။ မာရာဒိုနာကို ဘလတ်တာကြီးက ဘယ်တော့မှ အကောင်း မပြောခဲ့ပေမယ့် ( သူ သဘောတွေ့တာက ပီလီ ) အခုတော့ သူဟာ မာရာဒိုနာလမ်းကို တထပ်တည်း လိုက်နေသလို ဖြစ်နေပါတယ်။ နိုင်ငံတကာက ပစ်ပယ်ဝိုင်းကျဉ်ခံထားရတဲ့ တိုင်းပြည် ခေါင်းဆောင်တွေကို မာရာဒိုနာတစ်ယောက် လိုက်လိုက်တွေ့ပြီး ကမ္ဘာ့ဘော်လုံးလောက ပူညံပူညံ ဖြစ်ကုန်တာကို ဆွိစ် နိုင်ငံသားကြီး အရသာရှိမှန်း သိလာပုံရပါတယ်။
နေပြည်တော်မှာ ဘယ်သူနဲ့ တွေ့မလဲ ဆိုတာ စောင့်ကြည့်နေကြပြီး အကျိုးအမြတ်ကတော့ နှစ်ဘက်စလုံး ထွက်မှာ သေချာနေပါတယ်။ ကျောက်မျက်ပွဲကြီးမှာ ခင်းကျင်းပြသထားတဲ့ စိမ်းရည်လဲ့လဲ့ ကျောက်တုံးတွေက သွားရည်ယိုစရာ သိပ်ကောင်းပါတယ်။ မြန်မာပြည်မှာ နှစ်ရက်နေပြီး FIFA ဥက္ကဌကြီး ပြန်ပါလိမ့်မယ်။ မြန်မာ့ဘော်လုံးဝါသနာရှင်တွေ ဘာရခဲ့ပြီး ဘာပေး လိုက်ရပါသလဲ။ ပေးချင် ပေးလိုက်ရပါစေ... ကျွန်တော်တို့  တစ်ခုခု ရ ချင်ပါတယ်...။
အောင်မျိုးထွန်း
၈- ၃- ၂၀၁၁
Wednesday, March 9, 2011
1 ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေး အတွက် မွေးနေ့ဆုတောင်း [ 10.3.2011 ]
0 တိရိစ္ဆာန်အကြောင်း စကားလက်ဆုံ..
Translation of Animal Talk
ကိုမောင်မောင်လှကြိုင်မှ ဒီနေရာကနေ ဘာသာပြန်ဆိုထားပါတယ်.
Tuesday, March 8, 2011
0 Dog eats Dog (သို့) ဇာတ်တူသား အစားခံရနိုင်သည့် စစ်အစိုးရ ဒေါက်တိုင် ပုဆိန်ရိုးများ (၁)
ရောစ် ဒန်ကလီ ပြီးတော့ ဘယ်သူ့ အလှည့် လဲ ......
မြန်မာ တိုင်း ဂျာနယ် ရဲ့ အမှု ဆောင် အရာ ရှိချုပ် ဖြစ်သူ မစ္စတာ ရောစ်ဒန်ကလီကို စစ်အစိုး ရ က သူ့ ရဲ့ ဂုဏ်သိက္ခာ ကို ပါ ထိခိုက်စေတဲ့ အမှု အပါအ၀င် အမှု မျိုးစုံ တပ်ပြီး ဖမ်းဆီး ထားလိုက်ပြီး ဖြစ်ပါတယ်။ အခု တော့နာမည် ဆိုးနဲ့ ကျော်ကြားလှ တဲ့ ဒီ အင်းစိန် အကျဉ်းထောင် ထဲ မှာ ရောစ်ဒန်ကလီ ဟာ သူနဲ့  အရင်က လုပ်ဖော် ကိုင် ဖက် တွေ ဖြစ်တဲ့ ထောက် လှမ်း ရေး တွေ နဲ့ 
ကံရေစက် မကုန် သေးလို့ ပြန်ဆုံ စည်း နိုင်တဲ့အခွင့် အရေး ရရှိ တယ် လို့ ကြံဖန် ပြောရမှာပါ။
လက်ရှိ မြန်မာ စစ်အစိုးရ လက်ထက်မှာ သော် ၎င်း ယခင် မဆလ၊န၀တ အစိုးရ တွေ မှာ သော် လည်းကောင်း
ဇာတ် တူသား စားတဲ့ အစဉ် အလာ ( Dog Eat Dog) ဟာ ထွန်းကားခဲ့ပါတယ်။
 စစ်အစိုးရ ရဲ့ ဇာတ်တူ သား စားတဲ့ အကျင့် ကြောင့် အခု ရွှေနန်းဆောင် မှာ စံနေ နေရာက နေ အခု
ထောင် နန်း စံ သွား ရတဲ့ သူတွေ မနည်း လှပါဘူး။ သူတို့ ထဲက တစ်ချို့ တွေ ကတော့အကျဉ်း ထောင်
အခန်းကျဉ်းလေး ထဲ မှာ ပဲ စစ်အာဏာရှင်ကိုအံ ကြိတ် ၊ တောက်ခေါက်ပြီး ဘ၀ တပါးပြောင်းသွား ခဲ့ရပါတယ်။
ဒီစနစ်မှာ ပါဝင် ပတ်သက် သူတွေ အတွက် ကြမ္မာ ဆိုးနဲ့  အဆုံး သတ် ရတဲ့ ဒီစနစ် ဆိုး ဟာ ခောတ်သစ်လူ အဖွဲ့ အစည်းမှာ မရှိ သင့် တော့ ပါဘူး။ ဘယ်တော့ အဆုံး သတ် နိုင်မလဲ ။
Freedom News Group ရဲ့  နောက်ထပ် ဘယ် သူ ဖြစ်မလဲ (Who’s next?) အစီအစဉ် ကနေ စာနယ်
ဇင်း နယ် မှာ နောက် ထပ် ကံကြမ္မာ ဆိုး နဲ့ ကြုံ နိုင် သူ ငါးဦး ကို ရွေးချယ် ဖော်ပြ လိုပါတယ်။
နောက် တစ် ပတ် (Who’s Next?) အစီအစဉ် မှာ တော့ စီးပွားရေး လုပ်ငန်းရှင်တွေ၊ ကျော်ကြားသူတွေ နဲ
ဖြစ် နိုင် ချေရှိ တဲ့ စစ်ဗိုလ်ချုပ် တွေ ကို ဖော်ပြ မှာပါ။
ဒီတစ် ပတ် မှာ ဖော်ပြထား တဲ့ စာ နယ်ဇင်း သမား များကတော့.....
 ဒေါက်တာ နေ၀င်းမောင်
မြန်မာ E.gress ဆို တဲ့ လူမှု အခြေခံ အဖွဲ့ အစည်း တစ်ခု ကို ဖွဲ့ စည်း ခဲ့ပြီး အဲဒီ အဖွဲ့ က အဖွဲ့ ဝင်တွေ ကို လည်း စစ်အစိုး ရ လိုလား သူတွေ ဖြစ်စေခဲ့ သူ State Bully၊ စစ်အစိုးရ လက်ကိုင်တုတ် ပုဆိန်ရိုး နေ၀င်းမောင်
“တကယ်တော့ နေ၀င်း မောင် ဟာ သနား စရာ ငါးသတ္တ၀ါ လေး ပါ”
Living Color မဂ္ဂဇင်း နဲ့  The Voice ဂျာနယ် တို့ ကို တည်ထောင် သူ နဲ့ အယ်ဒီတာ ချုပ် ဖြစ်ပါတယ်။
အမေရိကန် နိုင်ငံ ယေလ်း တက္ကသိုလ် ကနေ ဘွဲ့ ရရှိခဲ့တယ် ဆို တာကြောင့် မြန်မာ စာနယ်ဇင်း အသိုင်း
အ၀ိုင်း မှာ လစ်ဘရယ် ပညာ ရေး နဲ့  နိုင်ငံ တကာ ပညာရေး အတွေ့ အကြုံ အရှိ ဆုံး သူ တစ်ဦး ဖြစ်ပါတယ်။
အဲဒီအတွက် လည်း ကြီးကြပ် ဦးစီး တဲ့ မီဒီယာ ထုတ်လုပ်မှု တွေ မှာ နိုင်ငံ တကာ အဆင့် မှီ တဲ့ အဆင့် ကို
တွေ့ ကြရမှာ ဖြစ်ပါတယ်။
ဒေါက်တာ နေ၀င်းမောင် ဟာ ယခင် စစ်ထောက်လှမ်း ရေး အကြီးအကဲ ဟောင်း ရဲ့ သားဖြစ်သူ နဲ့  အကျိုး
တူ စီး ပွား လုပ် ခဲ့ရာ ကနေ နောက်တော့ စစ်ထောက်လှမ်း ရေး တစ်ဇာတ်သိမ်း သွား တဲ့ အချိန်မှာ စစ်ဗိုလ်
ချုပ် တွေ နဲ့  ဆက်ဆံ ရေး အသစ် ထူထောင်ရင်း သူကိုယ်တိုင် သော် လည်းကောင်း သူ့ ရဲ့  မီဒီယာ တွေ
မှာ သော်လည်း ကောင်း စစ်အစိုးရ ရဲ့ ရွေးကောက်ပွဲ ကို ထောက်ခံ တဲ့ အကြောင်း တွေ စစ်တပ် ဖွဲ့ စည်း
မှု နဲ့  စစ်အစိုးရ က ဒီမို ကရေ စီ ရေး အသွင်းပြောင်းမှု တွေ ကို ချီးမွမ်း ခန်း ဖွင့် ပြီး ရေးသား ခဲ့ပါတယ်။
ဒါအပြင် မြန်မာ E.gress ဆို တဲ့ လူမှု အခြေခံ အဖွဲ့ အစည်း တစ်ခု ကို ဖွဲ့ စည်း ခဲ့ပြီး အဲဒီ အဖွဲ့ က အဖွဲ့ 
ဝင်တွေ ကို လည်း စစ်အစိုး ရ လိုလား သူတွေ ဖြစ်စေခဲ့ပါတယ်။
သူ့ ရဲ့ အနာဂတ် ဖြစ် နိုင် ချေ
အနောက် နိုင်ငံ တက္ကသိုလ် တစ် ခု ကနေ ဘွဲ့ ရ ခဲ့တဲ့ ဟာ သူ့ အတွက် တော့ ပညာ မတတ်တဲ့ စစ်ဗိုလ်
ချုပ် တွေ အတွက် မျက် စေ့ စပါး မွှေး ဆူးစရာပါ။ တစ်ခါတစ်လေမှာ လည်း သူ ကိုယ်တိုင် စစ်အစိုးရ ကို
ထေ့ငေါ့ မှု လေးတွေ လုပ် တဲ့ အတွက် သူဟာ လည်း ဒန်ကလီ ပြီး နောက် ဖြစ် နိုင် ချေ အများ ဆုံး လူ
လို့  မြန်မာ စာနယ် ဇင်း အသိုင်း အ၀ိုင်း က သုံး သပ် ကြပါတယ်။
သူ က စစ်အစိုးရ ဘုန်းတော်ဘွဲ့ ကို တောင်စဉ် ခုနှစ် ထပ် ချီးမွမ်း ခန်း ဖွင့် ခဲ့ပေ မဲ စစ်အုပ် စု ကတော့
E.gress ကနေ လွှတ်တော် အမတ် နေ ရာ အတွက် ၀င်ရောက် အရွေးခံ ခဲ့ တဲ့ သူတွေ ကို တစ်နေ ရာ
မှ မပေး ခဲ့ခြင်း အား ဖြင့် မင်း ကို တို့ အလို မရှိ ဆိုတာ အထင် အရှား ပြခဲ့ပါတယ်။
ဒေါက်တာ နေ၀င်းမောင် နဲ့ ပတ်သက်ပြီး  ၀ါရင့် စာနယ်ဇင်း ဆရာ တစ်ဦးက “တကယ်တော့ နေ၀င်း
မောင် ဟာ သနား စရာ ငါးသတ္တ၀ါ လေး ပါ”လို့ မှတ် ချက် ပြုပါတယ်။
......... @@@@ .........
ဒေါက်တာ တင်ထွန်း ဦး
 ၁၉၈၀ ပြည့်လွန် နှစ် တွေ မှာ  ပညာ အခြေခံ နည်းတဲ့ လူတန်းစား ကို ပစ်မှတ် ထားပြီး ထုတ်ဝေခဲ့တဲ့
သူ့ ရဲ့  သုတ စွယ်စုံ မဂ္ဂဇင်း ဟာ အထို အလျှောက် အောင်မြင် ခဲ့ပါတယ်။  စစ်အစိုး ရ လက်ထက် ဂျာ
နယ် တွေ ထုတ်ဝေခွင့် ရချိန် မှာ တော့ သူက ဂျာနယ် ခောတ်ဦး ပိုင်းမှာ ပဲ ပြည်မြန် ဂျာနယ်၊ ထွန်းတောက်
ကြယ် ဘောလုံး ဂျာနယ် နဲ့  Family Health ဆေး ဂျာနယ်တွေ ကို ထုတ်ဝေခဲ့ ပါတယ်။
နောက်တော့ သူ ဟာ အင်္ဂလိပ်-မြန်မာ နှစ် ဘာသာနဲ့  ထုတ်တဲ့  မြန်မာ တိုင်း ဂျာနယ် ရဲ့  ရှယ်ယာ တစ်ဝက် ကို ပိုင် ဆိုင် သူ လို့  ဆိုင်းမဆင့် ဗုံမပါ နဲ့  လူသိများလာ ပါတယ်။
 သူ နဲ့ ရင်းရင်း နှီနှီး ရှိ ခဲ့တဲ့ ဆရာဝန် တစ်ဦး ကတော့ သူ ရဲ့ စွယ်စုံ မီဒီယာ တိုက် က ၀င်ငွေ ဟာ မြန်မာ တိုင်းဂျာနယ် အရှင်သခင် တွေ ဖြစ်တဲ့ ယခင် စစ်ထောက် လှမ်းရေး ဟောင်းတွေ ဆီ က ရှယ်ယာ ကို ၀ယ်ယူ နိုင်လောက် တဲ့ အင်အား မရှိ ဘူး လို့ ဆိုပါတယ်။
 ဒေါက်တာ တင်ထွန်းဦး ရဲ့ ဂျာနယ် တိုက် မှာ တာဝန်ထမ်းဆောင် ဖူးခဲ့တဲ့ တစ်ယောက် ကတော့ သူဟာ
မြန်မာ တိုင်းလို ဂျာနယ် တစ်စောင် ကို ဦးစီးထုတ် နိုင်လောက်အောင် စွမ်းဆောင် နိုင်သူ မဟုတ်ဘူးလို့ ဆိုပါ
တယ်။
ဒါပေမယ့် ပြန်ကြား ရေး ၀န်ကြီး ဗိုလ်ချုပ် ကျော်ဆန်း အပါအ၀င် ၊နအဖ စစ်အရာ ရှိ တစ်ချို့ ရဲ့ 
မြှောက်စား ခံရသူ ဖြစ်ပါတယ်။
သူ့ ရဲ့ အနာဂတ် ဖြစ် နိုင် ချေ
ဒေါက်တာ တင်ထွန်း ဦးဟာ ပြီးခဲ့တဲ့ နှစ် နိုဝင်ဘာလ က ရွေးကောက်ပွဲ ကို ပုဇွန်တောင် မြို့ နယ် ကနေ ပြည်ထောင်စု ကြံ့ခိုင်ရေး နဲ့ ဖွံ့ ဖြိုးရေး ပါတီ ကိုယ်စား ပြု ၀င်ရောက် ယှဉ်ပြိုင် ခဲ့ပေ မယ့် အနိုင် မရရှိ ခဲ့ပါ ဘူး။ သူဘာကြောင့် အနိုင် မရဘူးလဲ ဆိုတာ သူ့ ဘာသူ သိပါလိမ့်မယ်။ စစ်အစိုးရ ကတော့ စာနယ်ဇင်းသမားတွေ ကို ပစား ပေးချင်တဲ့ သဘော မရှိတာရော ၊ ရှင်းဖို့ ကြုံလာတဲ့ အခါမျိုး မှာ အမတ် မင်း ဖြစ်နေရင် နဲနဲ အခက်ကြုံနေပါမယ်။ နဲနဲ လွယ်အောင် လုပ်ထားတဲ့ သဘော ဆိုတာ သူ ရိပ်စား မိမှာပါ။
......... @@@@ .........
ကိုကို (စက်မှုတက္ကသိုလ်)
ဆယ်စုနှစ် တစ်စု ကို သမင် လည်ပြန် ကြည့် မယ်ဆိုရင် တော့ သူဟာ ထောင်ထဲ မှာ ကွယ်လွန် သွား ခဲ့ရတဲ့နိုင်ငံခြားရေး ၀န်ကြီး ဟောင်း ဦးဝင်းအောင် ရဲ့ သားဖြစ်သူ တည်ထောင်ထားတဲ့ 7 Days News Journal ကနေမှ ဘ၀ စတယ်ပြောရင် ရပါတယ်။
 အဲဒီနောက် တော့ ပန်းသတင်း ဂျာနယ် ကို Flower News ဂျာနယ် အဖြစ်ပြောင်း လဲ ထုတ်ဝေပါတယ်။
နောက် တော့ ၀န်ကြီး သားမက် စာရေးဆရာ မာဂျေ ဗိုလ်မှုး ၀ဏ္ဏ နဲ့  သိကျွမ်း ရာကနေ ရန်ကုန်တိုင်း ဂျာနယ် ကို ထုတ်ဝေပါတယ်။
လတ်တလော မှာ တော့သူလဲ မြန်မာ နိုင်ငံ စာပေ နှင့် စာနယ်ဇင်း (ဗဟို) မှာလည်း ရာထူး ကြီးကြီး ရထားပြီး အသစ် ဖွဲ့ စည်း ထားတဲ့ သတင်းထောက် များ ကာကွယ်ရေး အဖွဲ့ ကိုမှာ လည်း သြဇာ ရှိတဲ့ သူ တစ်ဦး ဖြစ်ပါတယ်။ သူ့ ရဲ့ သတင်းထောက်များ ကာကွယ်ရေး အဖွဲ့  ရောစ်ဒန်ကလီ ကို တော့ မကာကွယ်ပေး နိုင် ဘူး လို့ ဆိုပါတယ်။
ဒါဆို နိုင်ငံ ရေး နဲ့ ပတ်သက် ဆက်နွယ်မှု တွေကြောင့် ထောင် ကျနေသူ တွေ ကို ရော ကာကွယ် မပေး နိုင်ဘူးလား လို့ မေးခွန်း ထုတ်စရာ ရှိပါတယ်။
နာဂစ် မုန်တိုင်း မှာ ဒုက္ခရောက်သူတွေ ကို ကူညီခဲ့လို့ ထောင် ဒစ် ကျခံ နေရတဲ့ ကိုဇော်သက်ထွေး လို လူမျိုးဆို ကူညီ နိုင်ကောင်းပါရဲ့ လို့ မေးစရာ ရှိပါတယ်။
သူ့ ရဲ့ အနာဂတ် ဖြစ် နိုင် ချေ
 သူကို တော့ နအဖ က သိပ် မျက် မုန်းကျိုးနေတာ မရှိပေမယ့် သူ့ ထက် သူ လူစွမ်းကောင်း မြန်မာစာနယ်ဇင်း လောက မှာ တော့ သူဟာ အခြား အခါ တစ်ပါးက ဆရာ သမား များရဲ့ မျက်စေ့ နောက်ခြင်းကို ခံနေရပါတယ်။
ပြန်ကြား ရေး ၀န်ကြီး ဗိုလ်ချုပ် ကျော်ဆန်း ရဲ့ လူ အရင်း တစ်ယောက် ပေမယ့် သူ ဗိုလ်ချုပ် ကျော်ဆန်း အလွန် ကာလ တွေ မှာ သူဟာ ခေါင်းပေါင်းစ ဖြူ နိုင်မယ် မထင် ပါဘူး။ ဘာဖြစ်လို့ လဲ ဆိုတော့ မြန်မာ စစ်ဗိုလ်ချုပ် တွေ ဟာ ပထမ လူ ကို ရှင်းတဲ့ အခါ မှာ သူရဲ့ တူသားနောင်မယ် တွေကို အကုန် ရှင်းတာ အကျင့်ပါနေ လို့ ပါပဲ။
......... @@@@ .........
မြတ်ခိုင်
 ၁၉၈၀ ပြည့်လွန် နှစ် ကာလ များက ရုပ်ရှင်ဝေဖန် ရေး ဆောင်းပါးများ ဖြင့် နာမည် ကျော်ကြားတဲ့ ကွယ်လွန် သူ ဆရာ စိန်ခင်မောင်ရီ ၏ တပည့်ရင်း ဟု လူသိများ ပါတယ်။ ၁၉၉၅ ခုနှစ် မတိုင်ခင်အထိ တော့ မြန်မာ မဂ္ဂဇင်း တွေ မှာ အနုပညာနယ်ထဲက  ကျော်ကြားသူတွေ ရဲ့ ဆောင်းတွေရေးပြီး ရပ်တည် ခဲ့ရသူ ဖြစ်ပါတယ်။ ၁၉၉၆ ခုနှစ် ဂျာနယ် ခောတ်ဦးမှာ လျှပ်တပျက် ဂျာနယ် ကိုထုတ်ဝေခဲ့ပြီး နောက်တော့ ရပ်နား ခဲ့ရပါတယ်။
 ၁၉၉၉  ခု နှစ်မှာ စစ်ထောက်လှမ်းရေး ဟောင်းဗိုလ်မှုးချုပ် ကျော်ဝင်း နဲ့ ရင်းနှီးရာကနေ မဟာဂျာနယ် ကို ထုတ်ဝေခွင့် ရခဲ့ ပါတယ်။ နောက် တော့ စစ် ထောက်လှမ်း ရေး ကိုဖယ်ရှား လိုက်တော့မဟာ ဂျာနယ် ဟာ တစ်နွယ် ငင် တစ် စင် ပါ ရပ်တန့်  သွားခဲ့ရပါတယ်။
ဗိုလ်မှုးချုပ် ကျော်ဝင်း ဟာစစ်ထောက်လှမ်း ရေး အရာရှိ တွေ ထဲ မှ တစ်ဦးတည်း သော အဖမ်း မခံ ရသူ ဖြစ်ပါတယ်။သူဟာစွန်ရဲ ဆိုတဲ့ ကလောင် နာမည် နဲ့  မဟာဂျာနယ်မှာ ဆောင်းပါးတွေ ရေးပါတယ်။
စစ်ထောက်လှမ်း ရေး ပြည်ဖုံးကား ချချိန် မှာ သူဟာ ပြန်ကြား ရေးဝန်ကြီး ဗိုလ်ချုပ် ကျော်ဆန်းနဲ့  ပိုမိုခိုင်မာတဲ့ ဆက်ဆံရေး တွေ ကို ထူထောင် နိုင်ခဲ့ပြီး နောက်ပိုင်း မှာ ဂျပု ကျော်ဆန်း လို့ လူသိများ တဲ့ ပြန်ကြားရေး ၀န်ကြီး ရဲ့  လူယုံ ဖြစ်လာခဲ့ပါတယ်။
 ပြန်ကြားရေး ၀န်ကြီး နဲ့ ရင်းနှီးတာကြောင့် သူ ဟာ နာမည် ဆိုးနဲ့ ကျော်ကြားတဲ့ စာပေနဲ့ စာနယ်ဇင်း အဖွဲ့ ကိုတောင်လျှပ်တပျက် ဂျာနယ် နဲ့ မော်နီတာ ဂျာနယ် တွေ ကို ထုတ်ဝေပါတယ်။
ဒီဂျာနယ် တွေ ကို ထုတ်ဝေနိုင် ဖို့ အတွက် သူ့ ဂျာနယ်မှာ  ငွေကြေးထည့်ဝင်  ပေး နေသူတွေ ကတော့ IDEA ဗီနိုင်းကုမ္ပဏီက ဖြစ်ပါတယ်။
 နောက်ပိုင်းမှာ တော့ စစ်အင်ဂျင်နီယာ တစ် ဖြစ်လဲ အဆိုတော် နေရဲမာန်က မော်နီတာ ဂျာနယ် အတွက် ငွေကြေး ထည့် ၀င်ထားတယ် လို့ ဆိုပါတယ်။
 Freedom News Group က ရွေးချယ်ထုတ် နှုတ် ပြထားတဲ့ စာနယ်ဇင်း နယ်ပယ်က ပုဂ္ဂိုလ်ငါးဦးထဲမှာတော့ မြတ်ခိုင် ဟာ စာရေးပြီး အသက်မွေးဝမ်း ကျောင်းသူ စစ်စစ် တစ်ယောက်ဖြစ်ပါတယ်။
 သူဟာ ပြေလည်တဲ့ ဆက်ဆံ ရေး ကို အလွှာ ပေါင်းစုံနဲ့  ထူထောင် နိုင်ပြီး ကိုကိုကြီးကျယ်၊ လမ်းလျှောက် အယ်ဒီတာ စတဲ့ သူ့ ရဲ့ ကလောင်ခွဲ တွေ က လည်း ထင်ရှားပါတယ်။
 အချစ် ဂျာနယ် ပြီး နောက် သူထပ်မံ ထုတ်ဝေ တဲ့ လျှပ်တပျက် ဂျာနယ်မှာ အမျိုးသမီး ၀န်ထမ်းအများစု ကို ခန့် ထား ခဲ့ပြီး ဆုကဗျာ ဆို တဲ့ မော်ဒယ် တစ် ဖြစ်လဲ သတင်း ထောက် မလေး နဲ့ ထောင်မှုး(အင်စိန်-ရုံးအဖွဲ့ စီမံခန့် ခွဲမှု) တစ်ဦး ဖြစ်ပြီး စူးရှမြတ်မြတ် ဆိုတဲ့ အမည်နဲ့ မအောင်မြင်တဲ့ အချစ် ၀တ္ထု ရေး တဲ့ စာရေး ဆရာမ တစ်ဦး နဲ့ ရင်းနှီးမှု တွေ ရှိတယ်ဆိုတာ ကတော့စာနယ်ဇင်း လောက ရဲ့ သူ့ နောက် ကွယ်မှာ ပြောကြားတဲ့ တီးတိုး သံတွေ ထဲ က တစ် ခု ဖြစ်ပါတယ်။
သူ့ ရဲ့ အနာဂတ် ဖြစ်နိုင်ချေ
 မြတ်ခိုင် နဲ့ ပတ် သက် ပြီး သူနဲ့ အရင်းနှီးဆုံး စာနယ်ဇင်း သမား တစ်ဦးက မှတ်ချက် ချတာကတော့ “သူဟာ သိပ်ဆုံးရှုံးမှု မရှိဘဲ နဲ့  စာနယ်ဇင်း လောက ကနေ ကွယ် ပျောက်သွားနိုင်တယ်” လို့ မှတ် ချက် ပြုပါတယ်။
 သူ့  ကို မျက်စိစပါးမွေး ဆူးစရာ အဖြစ် စစ်အစိုးရက မြင်ထားတာ ကတော့ သူဟာ အမေရိကန်ထောက်လှမ်း ရေး အဖွဲ့ အစည်း တစ်ခု ဖြစ်တဲ့ စီအိုင်အေ အတွက် ပဲ လုပ်ပေး နေသလိုလို လေသံ ပစ်ထားလို့  ဖြစ်ပါတယ်။
 အရင်က တော့ သံယံဇာတ လောက်ပဲ အာရုံထားတဲ့ စစ်အစိုးရ ဟာ အခု တော့ မီဒီယာတွေကို ပါ အာရုံစိုက်နေတာ ကလည်း သူ့ အတွက် ရင်လေး စရာ ဖြစ်ပါတယ်။
 သူ့ ကို မလိုမုန်း ထားတဲ့ သူတွေ ကတော့ ဗိုလ်ချုပ် ကျော်ဆန်း မရှိရင် မြတ်ခိုင် ပြီးပြီ လို့ ဆိုပါတယ်။
ဓာတ်ပုံများ ကို AP, AFP,Irrawaddy နှင့် Freedom News တို့ မှ ရယူပါသည်။
http://freedomnewsgroup.com/
Sunday, March 6, 2011
0 အာရောဂျံ ပရမံလာဘံ
အာရောဂျံ ပရမံလာဘံ
      “အာရောဂျံ ပရမံလာဘံ” ကျန်းမာခြင်းသည် လာဘ်တစ်ပါး ဟူသော စကားအရ ကျန်းမာခြင်း သည် လူသားများအတွက် အဓိကဖြစ်တော့သည်။ ကျန်းမာကောင်းမွန်လျှင် စားဝတ်နေရေး၊ ပညာရေး စီးပွားရေး၊ လူမှုရေးလုပ်ငန်းများကို စွမ်းစွမ်းတမန် လုပ်ကိုင်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် ကျန်းမာရေး ကို အထူးဂရုစိုက်ကြသည်။ အထူးအားဖြင့် မြန်မာပြည်သူ/သား အများစုသည် ကျန်းမာရေးကို အထူး ဂရုမစိုက်နိုင်ကြချေ။ ဆေးကုသစရိတ် မြှင့်မားခြင်းတို့ကြောင့် အခပေး ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသခြင်း မပြုလုပ်နိုင်ကြချေ။
      နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ သုခကုသိုလ်ဖြစ်ဆေးခန်းတွင် ၂၀၁၀ ခုနှစ် တစ်နှစ်တာ အတွင်း လူနာစုစုပေါင်း (၃၃၄၄၈) ဦးနှင့် ခွဲစိတ်ကုသရန် လိုအပ်သော လူနာစုစုပေါင်း (၂၁၄၀)ဦးတို့ကို ပြည်သူ့ဆေးရြုံကီး (၈) ရုံတွင် (အခမဲ့) ခွဲစိတ်ကုသပေးခဲ့ရသည်။ နာရေးကူညီမှု အသင်း(ရန်ကုန်)ရှိ သုခကုသိုလ်ဖြစ်ဆေးခန်းသို့ လာရောက်ကုသကြမည့် ရောဂါဝေဒနာသည် များအား တိုကင်ပေးစနစ်ဖြင့် စနစ်တကျ သက်ဆိုင်ရာ ဆရာဝန်ကြီးများမှ ကုသပေးမှုကို ပြုလုပ် ခဲ့သည်။ ယခင်က တိုကင်ပေးချိန်ကို နံနက် (၈း၃၀) နာရီတွင် စတင်၍ ပေးခဲ့ရာ၌ ည (၁း၀၀) ခန့်မှ စတင်၍ လာရောက်အိုးပစ်အိမ်ပစ် တိုကင်လာရောက်ယူရခြင်း၊ နံနက်မလင်းခင်အချိန်တွင် လိုင်းကားစီးရခြင်း၊ ကားငှါးရခြင်းတို့ အခက်အခဲများ ဖြစ်ပေါ်ခဲ့သည်။ ထို့အပြင် ယင်း တိုကင် လာရောက်ယူကြသော လူနာရှင်များကို လူသားချင်းစာနာ စိတ်ကင်းမဲ့စွာ တိုကင်နေရာ ရောင်းခြင်း တို့ကိုပြုလုပ်သော တုတ်၊ ဓါးတို့ဖြင့် ခြိမ်းခြောက်သော မသမာသူတချို့ရှိကြောင်း သိရှိခဲ့ရသည်။ ထို့ကြောင့် ၂.၃.၂၀၁၁ (ဗုဒ္ဓဟူး) နေ့မှ စတင်၍ ဆေးဝါးကုသလိုသော လူနာများအတွက် မသမာမှုများ၊ လူသားချင်းစာနာစိတ်မရှိမှုများ၊ ဒုစရိုက်မှုများပပျောက်စေရန် ရည်ရွယ်၍ နေ့လည်ပိုင်း (၂း၀၀) နာရီအချိန်သို့ ပြောင်းလဲ၍ တိုကင်ပေးစနစ်ကို ဆောင်ရွက်ခဲ့သည်။ သို့ရာတွင် ကျန်းမာရေးအား အလေးထားကုသလိုကြသော လူနာများ၊ လူနာရှင်များအား အသင်းသူ/သားများ၊ ၀န်ထမ်းများ အားလုံး မိမိတို့၏ ကိုယ်ရေးကိုယ်ထာ ကိစ္စရပ်များအား ဘေးချိတ်ထားကာ အချိန်ပေး၍ တတ်ကြွစွာ လာရောက်ဖေးမ ကူညီခဲ့သည်။ နေပူရှိန်ပြင်းပြင်းထဲတွင် လာရောက်တိုကင်ယူကြသော လူနာရှင်များ ကိုလည်း အခါအားလျော်စွာ အအေး၊ ဖျော်ရည်တို့ဖြင့် ကုသိုလ်ယူ၍ တိုက်ကျွေးသူများလည်း ရှိသည်။
      သုခကုသိုလ်ဖြစ်ဆေးခန်းတွင် နေ့စဉ်လူနာပေါင်း (၂၀၀) ကျော်တို့ကို (အခမဲ့) ဆေးဝါးကုသ ပေးခြင်းကို ကုသိုလ်ဖြစ် ဆရာဝန်ကြီး (၄၈) ဦးတို့ဖြင့် အလှည့်ကျ ကုသပေးလျှက်ရှိသည်။ ထိုကဲ့သို့ အခက်အခဲပေါင်းစုံနှင့် ရင်ဆိုင်တွေ့ကြုံနေသော်လည်း နာရေးကူညီမှုအသင်း(ရန်ကုန်)မှ လူမှုရေး သမားများသည် နေ့စဉ် လာရောက်ကုသနေကြသော လူနာများ၊ နာရေးကိစ္စရပ်များ၊ မျိုးဆက်သစ် ကလေးငယ်များ၏ ပညာရေးတိုးတက်မှုများကို ဖေးမကူညီ စွမ်းဆောင်ပေးနိုင်ကြရခြင်းမှာ ပြည်တွင်း ပြည်ပ အလှူရှင်များ၏ ကျေးဇူးတရားကြောင့်ပင် ဖြစ်သည်။
      အလှူရှင်ရှိမှ . . . လူမှုရေးသမားများ ပေးဆပ်နိုင်မည်။
      လူမှုရေးသမားများ ပေးဆပ်မှ . . . ပညာရေးတိုးတက်မည်။
      ပညာရေးတိုးတက်မှ . . . ကျန်းမာရေးကောင်းမည်။
      ကျန်းမာရေးကောင်းမှ . . . တိုင်းပြည်တိုးတက်သာယာမည်။
ကိုကျော်သူ
1 ရုရှားနိုင်ငံလုပ် An-148အမျိုးအစား လေယာဉ်လေ့ကျင့်ပျံသန်းမောင်းနှင်နေ စဉ် ပျက်ကျ၍မြန်မာလူမျိုး လေယာဉ်မှုး နှစ်ဦးသေဆုံး. (tbsရုပ်သံ၊ သတင်း)
စစ်အစိုးရမှ မြန်မာနိုင်ငံသို့ ပို့ရန်စီစဉ်ထားသှော ခရီးသည် ၁ဝဝ အထိစီးနင်းနိုင်သောရုရှားနိုင်ငံလုပ် Antonov-148အမျိုးအစား လေယာဉ်လေ့ကျင့်ပျံသန်းမောင်းနှင်နေစဉ် Moscowတောင်ဖက်ရှိ Belgorod ဒေသတွင်ပျက်ကျရာ မြန်မာ နိုင်ငံသားလေယာဉ်မှုး ဒုဗိုလ်မှူးကြီး ထိန်လင်းအောင် လေ-၂၂၅၂ တေဇ-၂၂ အသက် (၃၇) နှစ်၊ဗိုလ်မှူး ဇော်ထွန်းအောင် လေ-၂၂၅၇ တေဇ-၂၂ အသက် (၃၇) နှစ်အပါအ၀င် ခြောက်ဦးသေဆုံးသွားသည် ဟုရုရှားသတင်းမီဒီယာကကြေငြာသွားပါတယ်...
Photo/ AP
Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.