Saturday, December 24, 2011

0 Expression of Freedom


" This short film is directed by Thet Swe Win on the occasion of the Art of Freedom Film Festival.

Director - Thet Swe Win

Cast

... Artist - Chan Aung Zaw
The Monk - Aung Hmuu Wai
Teacher - Tin Zaw Tun
The Guitarist - Wai Phyo Hein
The boy with umbrella - Thiha Aung

Camera - Sony HDV-1000NSee More— with Mg Parlay and 48 others.
My Very First 2nd Short Film for freedom of art.
Thet Swe Win

0 NLD ပညာရေး ရန်ပုံငွေ ဂီတဖျော်ဖြေပွဲနှင့် ဈေးရောင်းပွဲတော် ဒီဇင်ဘာ ၃၀ တွင် ကျင်းပမည်


The Trees, Emperor, Metal Zone, Plus 3, Spectrum, Lazy Club, Vertical Vibration, Hip-Hop (ACID, Cyclone, Snare, Blue Berry)၊ Young Rock Bands – Big Bag, Reason, Wanted ဂီတအနုပညာရှင်အဖွဲ့ များမှ -

Rဇာနည်၊ ဟဲလေး၊ ဥာဏ်လင်းအောင်၊ အေသင်ချိုဆွေ၊ ၀ိုင်းစုခိုင်သိန်း၊ ချမ်းချမ်း၊ ဇော်ဝင်းထွဋ်၊ အဲလက်စ်၊ ဘိုဖြူ၊ ဖြိုးကြီး၊ သျှီ၊ အိမ့်ချစ်၊ ဟယ်ရီလင်း၊ မာရဇ္ဇ၊ ဟန်ထွန်း၊ လင်းလင်း၊ ဂျီလတ်၊ သအို၊ အောင်ခန့် ၊ ချစ်သုဝေ၊ N ကိုင်ရာ၊ မျိုးကျော့မြိုင်၊ ဆောင်းဦးလှိုင်၊ စည်သူလှိုင်၊ စည်သူလွင်၊ မိုးမိုး၊ မေခလာ၊ ရှင်ဘုန်း၊ နီနီဇော်၊ ခင်ဘုန်း၊ ထူးအယ်လင်း၊ Sကဲနက်၊ လင်းနစ်၊ နွဲ့ ယဉ်ဝင်း၊ ကဗျာဘွဲ့ မှူး၊ မီးမီးခဲ၊ သံသာဝင်း၊ ဇော်ပိုင်၊ Lလွန်းဝါ၊ ဖိုးကာ၊ အ၀ိုင်း၊ ထက်နေကြည်၊ ထွန်းအိန္ဒြာဗို၊ ယုဇန၊ ဖြူဖြူကျော်သိန်း၊ ကိုရဲလွင်၊ ကိုနေ၀င်း၊ သားထွေး၊ ဂျေမောင်မောင်၊ ဂျေညီညီ၊ ရင်ဂို၊ စံလင်း၊ တိုးလွင်၊ အောင်အောင်၊ အုပ်ကြီး၊ ညီညီလွင်၊ ကိုထွဋ်၊ စိုးထက်၊ ဂျေညီမလေး၊ ကောင်းမြတ်၊ ကြက်ဖ၊ ရသ၊ ဘိုလေး၊ ယုန်လေး၊ ငယ်ငယ်၊ စန္ဒီမြင့်လွင်၊ Jenny တို့  ပါဝင်သီဆိုမည်ဖြစ်ကြောင်း သိရှိရပါသည်။


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က စီစဉ်သည့် ပြည်ထောင်စုတိုင်းရင်းသားများ ပညာရေးရန်ပုံငွေ တေးဂီတဖျော်ဖြေပွဲနှင့် ဈေးရောင်းပွဲတော်ကို ရန်ကုန်မြို့၊ မင်းဓမ္မလမ်းပေါ်ရှိ မြန်မာကွန်ဗင်းရှင်းစင်တာ၌ ယခုလ ၃၀ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သည်ယနေ့ ကျင်းပသည့် စာနယ်ဇင်းရှင်းလင်းပွဲတွင် ပွဲစီစဉ်သူများက ပြောသည်။

ယခင်က အဆိုပါပွဲများကို သုဝဏ္ဏ မိုးလုံလေလုံ အားကစားခန်းမတွင် ယခုလ ၁၅ ရက်နေ့မှာ ကျင်းပရန် အားကစားခန်းမမှ တာဝန်ရှိသူများနှင့် သဘောတူညီမှုရရှိခဲ့သော်လည်း နောက်ပိုင်းတွင် အားကစားခန်းမ တာ ၀န်ရှိသူများဘက်မှယင်းနေ့တွင်အခြားပွဲကျင်းပရန်အစီအစဉ်ရှိကြောင်းအကြောင်းကြားလာသည့်အတွက် ပွဲစီစဉ်သူများက မင်းဓမ္မလမ်းပေါ်ရှိ မြန်မာကွန်ဗင်းရှင်းစင်တာသို့ ပြောင်းရွှေကျင်းပရန် စီစဉ်ရခြင်းဖြစ်ကြောင်း ပွဲစီစဉ်သူများက ပြောသည်။

ဈေးရောင်းပွဲတော်ကို မနက် ၉ နာရီတွင် စတင်ကျင်းပမည်ဖြစ်၍ စင်တင်တေးဂီတအစီအစဉ်ကို ညနေသုံးနာရ်ီတွင်စတင်မည်ဖြစ်သည်။ ယင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပြည်သူလူထုနှင့် နွေးထွေးစွာ ထိတွေ့ မည်ဖြစ်ကြောင်း ပွဲဖြစ်မြောက်ရေးကော်မတီ အတွင်းရေးမှူး ဦးဖြိုးမင်းသိန်းက စာနယ်ဇင်းများကို ပြောသည်။

ယင်းပွဲများအတွက် လုံခြုံရေးကို ပိုမိုဆောင်ရွက်သွားရန်ရှိကြောင်းကိုလည်း ဦးဖြိုးမင်းသိန်းက ယခုလို ပြောဆိုသည်။

“အခုကာလမှာ သိထားတဲ့အတိုင်းပဲ မကြာခဏဖြစ်တတ်တဲ့ ဗုံးပေါက်ကွဲမှုတွေဟာမျိုး ရှိနေတော့ ဒီပွဲကို လာတဲ့ ပရိသတ်တွေအပေါ်မှာ လုံခြုံရေးအရ ပိုပြီး လုပ်ရမယ့် အခြေအနေမျိုးတွေ ရှိလာနိုင်ပါတယ်”

ထိုသို့ လုံခြုံရေးအတွက် ဆောင်ရွက်ရသည့်အခါမှာ “ပူးပေါင်းပါဝင်နိုင်ဖို့ဆိုတဲ့ အခြေအနေကိုလည်း မေတ္တာရပ်ခံလိုပါတယ်” ဟုလည်း ဦးဖြိုးမင်းသိန်းက ပြောသည်။

အဆိုပါပွဲအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးဌာနမှ လုံခြုံရေးတာဝန်ယူထားသူ ၂၅၀၊ ရဲတပ်ဖွဲ့ဝင် ၁၀၀ နှင့် ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီတစ်ခုဖြစ်သည့် Excel Myanmar Group မှ မိုင်းနှင့် ဗုံးရှင်းလင်းရေး အတွေ့အကြုံရှိသူများ အပါအ၀င် ၀န်ထမ်း အင်အားငါးဆယ် ပွဲလုံခြုံရေးအတွက် ထားရှိမည် ဟုလည်း ဦးဖြိုးမင်းသိန်းက ဖြည့်စွက်ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးကို တာဝန်ယူမည့် လူငယ်များကိုလည်း Excel Myanmar Group က ဒေါ်အောင်ဆန်းစုကြည်၏ ခြံထဲတွင် စနစ်တကျသင်တန်းပေးထားကြောင်းလည်း အဆိုပါ လူငယ်များထဲမှ တစ်ဦးက ပြောသည်။

အနုပညာရှင်ပေါင်း ၈၀ ခန့်လာရောက်ဖျော်ဖြေမည့် ဂီတဖျော်ဖြေပွဲအတွက် လက်မှတ်များကို NLD ရုံးချုပ်အပါအ၀င် နေရာ ခြောက်နေရာတို့တွင် ၀ယ်ယူရရှိနိုင်ပြီး ယခင်ရောင်းချထားသည့် လက်မှတ်များလဲလှယ်ခြင်းကို ယင်းလက်မှတ်ရောင်းချရာ နေရာများ၌ပင် လှဲလှယ်ပေးသွားမည်ဟု ဦးဖြိုးမင်းသိန်းက ဆိုသည်။ ။

Yangon Press International

0 ယခုလက်ရှိနိုင်ငံရေးအကျဉ်းသား၁၅၇၂ဦး၊ထိုအထဲမှ ၉၁၈ဦးသည်မည်သည့်ထောင်များတွင်ရှိနေသည်ကိုသေချာပေါက်အတည်ပြုနိုင်




0 နိုင်ငံရေးအကျဉ်းသား ကိုသက်နွယ် (ခ) ကိုငြိမ်းလူ ကျန်းမာရေး အထူးစိုးရိမ်နေရ


သတင်းထုတ်ပြန်ချက်
၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်
... အင်းစိန်ထောင်တွင် ထောင်ဒဏ်တသက်တကျွန်း ကျခံနေရသော ကိုသက်နွယ် (ခ) ကိုငြိမ်းလူသည် ဝေဒနာ ပြင်းထန်စွာခံစားနေရပြီး ထောင်ထဲတွင် သတိလစ်မေ့မျောသွားသည့်အတွက် ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် အင်းစိန် ပြည်သူ့ဆေးရုံကြီးသို့ ထပ်မံ တင်ပို့လိုက်ကြောင်းသိရှိရသည်။
ကိုသက်နွယ်ခေါ်ကိုငြိမ်းလူအား ၂၀၀၂ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် လက်နက်များဖွက်ထားသည်ဟု စွပ်စွဲကာ နေအိမ်တွင် ၀င်ရောက်ရှာဖွေ၍ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း မည်သည့်လက်နက်မျှရှာဖွေ တွေ့ရှိခြင်း မရှိဘဲ ၂၀၀၃ ခုနှစ်တွင် ကိုသက်နွယ်၏အမဖြစ်သူ ဒေါ်မာလာနွယ်ကိုပါ ပုဒ်မ ၃၊ ၅၁/၀၃၊ ၅၂/၀၃၊ ၁၇/၁၊ ၁၃/၁ စသည့်ပုဒ်မများဖြင့် စွဲဆိုကာ ထောင်ဒဏ်တသက်တကျွန်း ချမှတ်ခဲ့ခြင်းဖြစ်သည်။

စစ်ကြောရေးကာလ ထောက်လှမ်းရေး ၂၆ ၏ ညှင်းပန်းနှိပ်စက်မှုဒဏ်များကြောင့် အာရုံကြောများ ထိခိုက် ခဲ့ရသည့်အတွက် အင်းစိန်ထောင်မှ စိတ်ရောဂါအထူးကုဆေးရုံကြီးကို ၂ ကြိမ်တက်ခဲ့ရသည်။ ရန်ကုန်ပြည်သူ့ ဆေးရုံ သို့လည်း မကြာခဏ တက်ရောက်ကုသခဲ့ရကြောင်း သူ၏အမဖြစ်သူ ဒေါ်မာလာနွယ်က ပြောဆိုသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ ၈ ရက်နေ့တွင်လည်း အဆုပ်တွင်းရေ၀င်ခြင်း၊ အသည်းရောင်ခြင်းကြောင့် အင်းစိန်ဆေးရုံသို့ တက်ရောက် ခဲ့ရသည်။

အကျဉ်းထောင်တွင်း ဆေးဝါးကုသမှုနှင့် ပတ်သက်ပြီး အမဖြစ်သူ ဒေါ်မာလာနွယ်က ကိုသက်နွယ်အား အခြား တိုက်များတွင် မထားဘဲ အရူးတိုက်တွင် တဦးတည်းထားရှိကြောင်း၊ ၀န်ထမ်းများ၊ ထောင်မှုး၊ ထောင်ပိုင်များ သွားရောက်လေ့မရှိကြောင်း၊ သတိလစ်မေ့မျောချိန်တွင် ဆေးမှုးသာလာရောက်ကြည့်ရှုကြောင်း၊ ဆေးဝါးကုသမှု မရရှိကြောင်း ပြောဆိုပါသည်။
ယခုတကြိမ် အင်းစိန်ပြည်သူ့ဆေးရုံသို့ ကုသရာတွင်လည်း ကိုသက်နွယ်မှာ လမ်းလျှောက်နိုင်ခြင်းမရှိဘဲ ၀န်ထမ်းတယောက်က တွဲခေါ်သွားရသည်။ မျက်လုံးများ ကြောင်တောင်တောင်ဖြစ်နေပြီး စကားပြောရာတွင် မပီမသ သာလျှင်ပြောဆိုနိုင်ပြီး မကြာခဏသတိလစ်နေခဲ့သည်။ အမဖြစ်သူကိုတောင် မမှတ်မိလောက်အောင်ဖြစ်နေသည်ဟု အင်းစိန်ပြည်သူ့ဆေးရုံသို့ သွားရောက်ကြည့်ရှုခဲ့သူ အမဖြစ်သူ ဒေါ်မာလာနွယ်က ထပ်မံပြောဆိုခဲ့သည်။
အေအေပီပီ၏ အတွင်းရေးမှုး ကိုတိတ်နိုင်က `အခုကျနော်တို့နောက်ဆုံး ကြားရတဲ့ သတင်းအရဆိုရင် အင်းစိန် ပြည်သူ့ဆေးရုံကလည်း ကြပ်ကြပ်မတ်မတ် ကုသပေးမှုမရှိတာကြောင့် ကိုသက်နွယ်ရဲ့ ကျမ္မာရေးအခြေအနေက အသက်အန္တရာယ်စိုးရိမ်နေရတဲ့ အခြေအနေ ရှိနေပါတယ်။ ကိုသက်နွယ်လို ကျမ္မာရေးအထူးဆိုးဝါးတဲ့လူတွေကို အစိုးရအနေနဲ့ အချိန်ဆိုင်းမနေဘဲ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ လိုပါတယ်` ဟု ပြောဆိုလိုက်သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)
ဆက်သွယ်ရန်
ကိုတိတ်နိုင် (အတွင်းရေးမှူး) +၆၆ (၀) ၈၁ ၂၈၇ ၈၇၅၁
ကိုဇော်ထွန်း (အလုပ်အမှုဆောင်) +၆၆ (၀) ၈၉ ၉၅၂ ၇၃၄၀

0 အမျိုးသားခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့် လွှတ်တော်နှစ်ရပ်မှဥက္ကဋ္ဌများတွေ့ဆုံ



ဦးတင်ဦးအတွက်အမှတ်တရလက်ဆောင်အားဒေါ်အောင်ဆန်းစုကြည်မှတဆင့်သူရဦးရွှေမန်းမှပေးအပ်စဉ်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံစဉ်။




ဒေါ်အောင်ဆန်းစုကြည် နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးတင်အေး တို့ ယနေ့နံနက် ဆယ်နာရီ ဆယ်မိနစ်တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးတွင်တွေ့ ဆုံ။(မှတ်ချက်။။အဲဒီလို ခုံကို တန်းမတူ ပုံမတူ မြှင့်တင်ထားတဲ့စရိုက် မပျောက်သေးတာ ခွဲခြားဆက်ဆံခြင်းကို အခြေထားသေးကြောင်း ပြတာပါ။)
Photo..Messenger journal

Friday, December 23, 2011

0 လွမ်းစိမ့် သို့မဟုတ် သမိုင်းရေချိန်. . .

ကျနော့်ဖေ့စ်ဘွတ်ခ်မှာ အက်ဒ်ထားတဲ့ အာရ်အိုင်တီကျောင်းတော်သားဟောင်း၊သူငယ်ချင်းကောင်းတယောက် က“လွမ်းစိမ့်”ကဘာတွေများနိုင်ငံတော်ရဲ့လျှို့ဝှက်ချက်တွေကိုဖေါ်ထုတ်ထားတဲ့ကားမို့လို့သမိုင်းတန်ဖိုးရှိတယ်ပြောနေရတာလဲ၊ ဘယ်လောက်များကြီးကျယ်လို့လဲ လို့ ဝေဖန်ပါသတဲ့ဗျာ။

ကြည့်ပြီးတဲ့သူတိုင်းလွမ်းစိမ့်ဟာဘယ်လိုကားလည်းလို့သိပါတယ်။နမူနာလေးပဲကြည့်ပြီးမျှဝေခံစားရတဲ့သူတွေအဖို့လည်း ခန့်မှန်း သိကြပါလိမ့်မယ်။

တခါတလေ မျက်စိ ကနေ အနားမှာကပ်နေတဲ့ နား ကို မမြင်ရသလို၊ ကျနော်နားက သူငယ်ချင်းဆိုတဲ့သူငယ်ချင်း တွေ ကျနော့်အပေါ် ပုဂ္ဂိုလ်ရေးမကြည်လင်မှုနဲ့ မမြင်ကြရင် ကျနော့်ကားကြည့်ပြီး ပရိသတ်ရဲ့ တုန့်ပြန်သံ မှန် ကတဆင့်ပဲ မြင်အောင်ကြည့်ဖို့ အကြံပေးလိုက်မိပါတော့တယ်။

တကယ်တော့ လွမ်းစိမ့် ကို ကျနော် နိုင်ငံရေးရေချိန်တခုအနေနဲ့ကို. . ရိုက်ခဲ့တာပါ။အာဏာရှင်စနစ်တိုင်းမှာ စာပေလွတ်လပ်ခွင့်၊ အနုပညာလွတ်လပ်ခွင့်ဟာ အာဏာရှင်တွေရဲ့ပလက်ဖေါင်းရေချိန်အနေနဲ့ကို ခန့်မှန်းလို့ရတဲ့ ကိစ္စတခုပါ။

အာဏာရှင်တွေရဲ့ အပြင်းအပျော့ အတင်းအမာဟာ အဲဒီ ရေချိန်နဲ့ပဲ ခန့်မှန်းယူလို့ရပါတယ်။လွမ်းစိမ့် ဟာ ၈၈ သမိုင်းကို ပါးပါးကလေး ဖြတ်သန်းပြထားတဲ့ နိုင်ငံရေး ရေချိန်တခုပါ။

၈၈ သမိုင်းဟာ မြန်မာပြည်သူလူထုရဲ့ နိုင်ငံရေးနိုးကြားမှုကို ပြတဲ့သမိုင်းဖြစ်သလို၊၁၃၀၀ ပြည့် အရေးတော်ပုံ
၁၉၄၆ အထွေထွေသပိတ်ကြီးစတဲ့ လူထုအုံကြွမှုတွေထက်ကို ကြီးမားတဲ့ ပြည်သူ့အရေးတော်ပုံကြီးပါ။ သမိုင်းကို လုပ်ကြံဖန်တီးဖျောက်ဖျက်တာဟာ ဟိုးရာဇ၀င်အဆက်ဆက်မှာကတည်းက မြန်မာဘုရင်တွေလုပ်ခဲ့တဲ့ အကျင့်ဆိုးပါ။

ဦးကုလားရာဇ၀င်၊ မှန်နန်းရာဇ၀င်၊ ရာဇ၀င်အဆူဆူဟာ ကုလားပြည်ကသမိုင်းတွေကိုလည်း ဖြတ်ညှပ်ကပ်ထည့်၊ ငါးရာ့ငါးဆယ်ထဲက နိပါတ်တွေကိုလည်း ဖြတ်ညှပ်ကပ်ထည့်နဲ့ ခုခေတ် စနစ်တကျ လေ့လာတဲ့ နိုင်ငံတကာသမိုင်းဆရာတွေဆီမှာမျက်နှာငယ်လှပါတယ်။

၆၂ ခုနှစ်ကစပြီး သမိုင်းမှာ တိုင်းပြည်ချောက်ထဲကျဖို့လက်တလုံးအလိုမှာတပ်မတော်က ကယ်တင်ရတယ်ဆိုပြီး သမိုင်းကို လိုသလိုလိမ်လာလိုက်တာ၊ ခု ၈၈ ကိုလည်းလူဆိုးလူရမ်းကားတွေလက်က တပ်မတော်က ကယ်တင်ထားတယ် ပဲ ရှိသေးတယ်။

ကျနော့်လွမ်းစိမ့် ထဲ အစိုးရကို ဆန့်ကျင်တိုက်ခိုက်တာလည်းမပါ၊ဆဲရေးတိုင်းထွာနေတာလည်းမပါ၊ ၈၇ ၈၈ ကာလက စက်မှုတက္ကသိုလ်ကျောင်းသားတွေဘယ်လိုယဉ်ကျေးစွာနဲ့ ကျောင်းတွေတက်ခဲ့ကြ၊ ကျောင်းက စာပေလှုပ်ရှားမှုတွေမှာပါလိုက်ကြ၊ဆရာဆရာမနဲ့ကျောင်းသူကျောင်းသားတွေရဲ့ဆက်ဆံရေး၊ပျော်စရာကောင်းတဲ့ ကျောင်းတော်ကြီးနဲ့ ရုတ်ချည်းပျောက်ကွယ်ခဲ့ရတဲ့အဲဒီရွှေရောင်နေ့ရက်တွေကို တင်ပြခဲ့တယ်။

၈၈၈၈ ပြည်သူ့အရေးတော်ပုံအကြောင်းကိုပြောတိုင်း၊ ချန်လှပ်ထားလို့မရတဲ့ သမိုင်းနောက်ခံအချက်တခုဖြစ်တဲ့ ၈၇ငွေစက္ကူကြေညာမှုကိုပါးပါးကလေးထည့်ခဲ့တယ်။အဲဒီလိုထည့်သွင်းဖေါ်ပြတာတောင်ဆန့်ကျင်ဘက်အမြင်နဲ့မဟုတ်ပဲ၊ ဘတ်စ်ကားတွေကလည်းကားခမယူ၊ကန်တင်းတွေကလားမရှိရှိတာချက်ပြီးကျောင်းသားတွေကိုချကျွေးခဲ့တာ တွေကို ပြခဲ့တယ်။

ဒါကိုပဲ ဆင်ဆာအဖွဲ့က ခါးခါးသီးသီးဖြတ်ခဲ့တာ။ နောက်တကားလုံးပိတ်ခဲ့တာ။ဇာတ်ကားရဲ့အဆုံးသတ်မှာလည်း အမျိုးသားပြန်လည်သင့်မြတ်ရေးကိုပဲ ဦးတည်ပြခဲ့တယ်။

လိပ်ပြာသန့်သန့်နဲ့ကျနော်ဖန်တီးတင်ပြခဲ့ပေမယ့်၊လိပ်ပြာသန့်သန့်နဲ့မကြည့်နိုင်တဲ့သူတွေကဖိန့်ဖိန့်တုန်အောင် ကြောက်ရွံ့ပိတ်ခဲ့တယ်။ကျနော်လေ့လာကြည့်မိသလောက်သမိုင်းဆိုတာချစ်ကြောက်ရိုသေမှုရှိရမယ့်(သင်ခန်းစာယူတတ်ရမယ့်၊ ယူဖို့အတွက်) သင်ကြားရတဲ့ ဘာသာရပ်ပါ။ လူမျိုးတမျိုးတိုင်းပြည်တပြည်ဟာ အဲဒီသမိုင်းကိုမှ လိမ်နေညာနေပြီ ဆိုရင်ဖြင့်၊ သုံးစားလို့မရအောင် နိမ့်ပါးသထက်နိမ့်ပါးလို့သွားပါမယ်။

မြန်မာပြည်ရဲ့အဓိကပြဿနာကအဲဒါပါ။သမိုင်းကိုဘယ်လိုလူတွေလိမ်သလဲလို့မေးရင်သူရဲဘောကြောင်တဲ့သူတွေက လိမ်ပါတယ်။မဟုတ်တာလုပ်တယ်။ ပြီးရင် ၀န်မခံရဲဘူးပေါ့ဗျာ။

သူရဲဘောကြောင်တယ်ဆိုတာ အမှန်ကို ၀န်မခံရဲတဲ့ စိတ်သတ္တိနည်းတဲ့ သူတွေကိုခေါ်တာပါ။သူတပါးကို လက်နက်နဲ့ အကြမ်းဖက်တယ်၊ အဓမ္မမှုကိုပြုတယ်၊ နိုင့်ထက်စီးနင်းလုပ်တယ်ဆိုတာရာဇ၀တ်မှုကျူးလွန်တယ်လို့ခေါ်ပါတယ်။ အစိုးရပဲဖြစ်ဖြစ်၊ တပ်မတော်ပဲဖြစ်ဖြစ်၊ အပြစ်မဲ့တဲ့သူပဲဖြစ်ဖြစ်၊ အပြစ်ရှိတဲ့သူပဲဖြစ်ဖြစ် ခုလို နိုင့်ထက်စီးနင်းလုပ်တာတွေဟာ ရာဇ၀တ်မှုတွေချည်းပါပဲ၊
မမျှမတ၊ မတရားတဲ့ ဥပဒေတွေကို လူတစုက စိတ်တိုင်းကျရေးဆွဲပြဋ္ဌာန်းပြီး အများပြည်သူကိုအတင်းနာခံခိုင်း၊ အဲဒီဥပဒေတွေနဲ့ မညီလို့ဆိုပြီး ဖမ်းဆီးတာတွေဟာလည်း အဓမ္မမှုတွေပါပဲ၊ရာဇ၀တ်မှုတွေပါပဲ။

ဒါတွေအားလုံးကို ပြည်ဖုံးကားချဖို့ဆိုတာ ခု ဘယ်လောက်ရိုးဖြောင့် ပွင့်လင်း သလဲ ဆိုတဲ့ပေတံနဲ့ပဲ တိုင်းရမှာ. . .ခုချိန်ထိတော့နိုင်ငံရေးအကျဉ်းသားလို့တောင်အပြောမခံ၊ယုံကြည်ချက်ကြောင့်အကျဉ်းကျခံနေရသူတွေလို့တောင် အသိအမှတ်မပြုသေးတဲ့ အဆင့်မှာပဲ ရှိပါသေးတယ်။

မနက်ဖြန်ပဲ လွှတ်တော့မလိုလို၊ နောက်လမှာပဲလွှတ်တော့မလိုလို သတင်းတွေကိုလွှင့်ရင်း
. . . .

ဘာပဲဖြစ်ဖြစ် ကျနော်တို့ ကိုယ့်သမိုင်းကိုယ် ဆက်ရေးကြရပါလိမ့်မယ်။

ချိုတူးဇော်

0 ဗိုလ်ချုပ်ရုပ်ရှင်နဲ့ ဇာဂနာ့အမြင်

0 NLD တရားဝင်ပါတီအဖြစ် မှတ်ပုံတင်ရန်အတွက်ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်သို့ထွက်ခွာ (ရုပ်/သံ-ဓာတ်ပုံ)




အမျိုးသားခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်သို့ရောက်ရှိ (Photo-AP.getty images)

NLD တရားဝင်ပါတီအဖြစ် မှတ်ပုံတင်ရန်အတွက် ယနေ့ နံနက် ၇း၀၀ နာရီက မြန်မာ့လေကြောင်းဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့ ရန်ကုန်မင်္ဂလာဒုံလေဆိပ်မှ ထွက်ခွါခဲ့ရာ နေပြည်တော်လေဆိပ်သို့ ၇း၄၅ နာရီတွင် ရောက်ရှိခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူဦးတင်ဦး၊ ဦးဥာဏ်ဝင်း၊ ဦးဝင်းမြင့်၊ ဦးခွန်သာမြင့်၊ ဦးစိုးဝင်း နှင့် ဒေါက်တာ တင်မာအောင် တို့အတူ လိုက်ပါသွားခဲ့ကြပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုေ၇ွးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးတင်အေး၊ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရ ဦးရွှေမန်း တို့ တွေ့ဆုံကြမယ်လို့ သတင်းရရှိပါတယ်.....
(Burma Vj media network)

0 လွတ်လပ်ခြင်းအနုပညာရုပ်ရှင်ပွဲတော် (The Art of Freedom Film Festival)မှာပါဝင်ယှဉ်ပြိုင်မဲ့ Beyond ...ရုပ်/သံဇာတ်လမ်းတို


Different People have Different Believes for Different Reasons about the Political Prisoners in Myanmar ... They use different words to describe these Political Prisoners ...

However, beyond this different usage of terms ... there will be ...

You can imagine something after seeing this short film "Beyond ..." This short film is directed by Tun Tun Aye on the occasion of the Art of Freedom Film Festival.

0 ပြည်ပရောက် မြန်မာအလုပ်သမားများကို ၀င်ငွေခွန် ကင်းလွတ်ခွင့်ပြု

Thursday, December 22, 2011

0 လွတ်လပ်ခြင်းအနုပညာရုပ်ရှင်ပွဲတော် ဇာတ်ကားပေါင်း ၁၈၀ ကျော် ၀င်ရောက်ယှဉ်ပြိုင်


လွတ်လပ်ခြင်းအနုပညာရုပ်ရှင်ပွဲတော်ဆိုတော့ လွပ်လပ်ခြင်းက အဓိကလား၊ အနုပညာက အဓိကလား ဆိုတာမေးစရာဖြစ်လာပြီ။ ဒါပေမယ့် ဒီနှစ်ခုက ဒွန်တွဲနေပါတယ်။ လွတ်လပ်ခြင်းရှိမှ တန်ဖိုးရှိတဲ့ အနုပညာကို ဖန်တီးလို့ဖြစ်မှာပါ။ အနုပညာဆိုတာကလည်း ကျွန်မတို့အားလုံးရဲ့ လွတ်လပ်ခြင်းကိုအများကြီး အထောက်အကူပြုနိုင်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်မတို့ဟာ လွတ်လပ်ခြင်းအနုပညာရုပ်ရှင်ပွဲတော်အတွက် ဆောင်ပုဒ်အနေနဲ့ Free Art, Free Thought, Freedom ။Free Art လွတ်လပ်တဲ့အနုပညာ၊ အနုပညာလွတ်လပ်မှု၊ Free Thought လွတ်လပ်တဲ့အတွေးအခေါ်၊ အတွေးအခေါ်လွတ်လပ်မှု၊ အဲဒါမှစစ်မှန်တဲ့လွတ်လပ်မှုကို ကျွန်မတို့ဦးတည်နိုင်မှာဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်
၆ နိုဝင်ဘာ ၂၀၁၁

လွတ်လပ်ခြင်းအနုပညာရုပ်ရှင်ပွဲတော် (The Art of Freedom Film Festival) သို့ မြန်မာနိုင်ငံမှ ၀င်ရောက်ယှဉ်ပြိုင်သည့်ရုပ်ရှင်ကားပေါင်း၁၈၀ရှိသော်လည်းပြည်ပနိုင်ငံများမှပေးပို့ယှဉ်ပြိုင်သောဇာတ်ကားများမှာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း စာတိုက်ကြီးမှ ဆက်သွယ်ရေးစည်းကမ်းစနစ်နှင့် အင်တာနက်ကွန်နက်ရှင် တို့ကြောင့် ပြိုင်ပွဲမှ ပယ်ဖျက်ရရန်အခြေအနေ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။

“စာတိုက်ကနေတစ်ဆင့်ပို့တာတွေက ဒီဗီဒီတွေဖြစ်နေတဲ့အတွက် ဆင်ဆာကနေတစ်ဆင့်ထုတ်ယူဖို့ စာတိုက်ကြီးက အကြောင်းကြားတယ် ၊ဆင်ဆာကို ဖြတ်နေရင် တစ်လလောက်ကြာမှာမို့ဒီကားတွေက အဆင်မပြေဘူး။ နောက်ပြီး ကိုသူရ စာနယ်ဇင်းရှုင်းလင်းပွဲမှာ ပြောသွားခဲ့တဲ့ အွန်လိုင်းမှာ ၁၆ ကားလောက်ရောက်နေပြီဆိုတာအပြင် နောက်ထပ်ထပ်ပို့ထားတာတွေ ရှိနေပေမယ့် မြန်မာပြည်ကွန်နက်ရှင် အနေအရ ဒေါင်းလော့ဒ်ဆွဲဖို့အဆင်မပြေဘူး။ ဒါကြောင့် ပြည်ပအနေနဲ့က လူကြုံနဲ့ထည့်ပေးလိုက်တဲ့ ဇာတ်ကားလောက်ပဲပါတော့မယ်” ဟု ရုပ်ရှင်ပွဲတော်မှအကဲဖြတ် အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ဆိုသည်။

လွတ်လပ်ခြင်းအနုပညာရုပ်ရှင်ပွဲတော်သို့ ပေးပို့ယှဉ်ပြိုင်သည့် ဇာတ်လမ်းများမှာ ဇန်န၀ါရီလ ၁ ရက်မှ ၃ ရက်အထိ ကျင်းပပြသမည့် ရုပ်ရှင်ပွဲတော်အတွက် အလွန်များပြားသည့်ပမာဏဖြစ်နေပြီး ပြိုင်ပွဲကပေးထားတဲ့ Theme အား ဖေါ်ပြနိုင်မှုနှင့် အရည်အသွေးပေါ်ကို အကဲဖြတ်အဖွဲ့မှ ကိုသူရ (ခ) ဇာဂနာနှင့် မင်းထင်ကိုကိုကြီးတို့က ပထမအဆင့်အနေဖြင့် ရွေးချယ်ကာ ပြပွဲအတွက်ပြသသွားမည်ဖြစ်သည်။

ထိုမှပြပွဲအပြီး ဒုတိယအဆင့်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် အကဲဖြတ်အဖွဲ့ဝင်နှစ်ဦးမှ ရွေးချယ်အကဲဖြတ်ပြီး Beast Shoot ဆု၊ Beast Documentary ဆု၊ Audience Choice ဆုအပြင် အခြားခေါင်းစဉ်တစ်ခုဖြင့် ဆုတစ်ခုလည်းရှိကြောင်း သိရသည်။

ထိုပြိုင်ပွဲအတွက် မောင်မောင်ဦး(စနိုးဝှိုက်)၊ ကိုပေါက်၊ ၀ိုင်း စသည့်နာမည်ကြီး ဒါရိုက်တာအများအပြား ပါဝင်ရိုက်ကူးယှဉ်ပြိုင် ထားကြပြီး ဇာတ်ကား ၁၈၀ ကို ပထမအဆင့်စီစစ်ရွေးချယ်ပြီးပါက ဒီဇင်ဘာ ၃၁ ရက် ညနေတွင် တော်ဝင်စင်တာ ၇ ထပ်တွင်းကျင်းပမည့် ရုပ်ရှင်ပွဲတော်ဖွင့်ပွဲအားဒေါ်အောင်ဆန်းစုကြည် နှင့် တာဝန်ရှိသူများမှ တက်ရောက်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။ထို့နောက် ဇန်န၀ါရီ ၁ ရက်မှ ၃ ရက်အထိ ပထမအဆင့်ရွေးချယ်ခံရသည့် ရုပ်ရှင်များကို တော်ဝင်စင်တာရှိ ရုပ်ရှင်ရုံ ၃ ရုံ၌ပြသကာ ဇန်န၀ါရီ ၄ ရက်တွင် ဆုပေးပွဲ ကျင်းပသွားမည်ဖြစ်သည်။ ထိုအတွက် ယခုအချိန်အထိ ရုပ်ရှင်အစည်းအရုံးဆင်ဆာဋ္ဌာနမှ တစ်စုံတစ်ရာ တားမြစ်ပြောဆိုခြင်းမရှိသေးကြောင်း သိရသည်။

လွတ်လပ်ခြင်းအနုပညာရုပ်ရှင်ပွဲတော်(The Art of Freedom Film Festival)မှာ လွတ်လပ်ခြင်းအပေါ်ဖွင့်ဆိုမှုကို အခြေခံ၍ရိုက်ကူးဖန်တီးထားသည့် ရုပ်ရှင်ဇတ်ကားများမှတစ်ဆင့် မြန်မာပြည်သူများအကြား လွတ်လပ်ခြင်း၏ အနှစ်သာရအတွေးအခေါ်အယူအဆများ ပျံ့နှံ့စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။ ရုပ်ရှင်ပွဲတော်တွင် ဆုရရှိသူများအား ဒေါ်အောင်ဆန်းစုကြည်မှ ဆုချီးမြှင့်သွားမည်ဖြစ်ပြီး အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ Newyork Institute ၏ကမ်းလှမ်းချက်ဖြင့် အဆိုပါတက္ကသိုလ်တွင် ရုပ်ရှင်သင်တန်း သုံးလ သင်ယူခွင့်ရမည်ဖြစ်သည်။
7Day News Journal

0 သမီးမေမေကို လူဆိုးတွေ သတ်သွားတယ်။ [ သွန်းနေစိုး ]

လှည်းတန်းတွင် ဗုံးကွဲသည်ဟု ကြားရချင်း၌ ကျနော့်ရင်ထဲ ဗြောင်းဆန်သွားမိပါသည်။
ပြီးတော့ ချက်ချင်း သွေးတွေဆူပွက်၊ ဘာကိုမှ မမြင်နိုင်အောင် ဖြစ်သွားမိသည်။

ယုတ်မာလိုက်ကြတာ၊ ယုတ်မာကြပြန်ပြီ။ စိတ်ထဲတွင် အခါခါ ရေရွတ်မိ၏။
ဒေါသလည်း ထွက်သည်။ ထိုဒေါသအား ပေါက်ကွဲခွင့်လည်း မရပါသောကြောင့် ယောက်ျားတန်မဲ့ ငိုချင်သလိုလိုပင်ဖြစ်သွားမိ၏။

သေတာက တစ်ယောက်၊ ဒါဏ်ရာပြင်းတာက တစ်ယောက်တဲ့။ မိန်းလေးတွေ ... တဲ့။ သတင်းတွေက ဆက်တိုက်ဆိုသလို လာ၏။
မီဒီယာများ တာဝန်ကျေကြပါပေသည်။ အခကြေးငွေ တစ်ပြားတစ်ချပ်မှ မရပါဘဲလျက် ဗုံးကွဲမှုသတင်းတွေကို တဖျပ်ဖျပ် ဆက်ကာဆက်ကာ တင်ပေးနေ၏။
ဖတ်ရင်း ဖတ်ရင်း သတင်းက ပိုစုံလာသလိုရှိသည်။ ထိုစဉ်မှာပင် ကျနော့်ရင်ထဲ ထိတ်လန့်မှုတစ်ခု ကြီးစိုးလာခဲ့လေ၏။
ဒီသတင်းရဲ့ အရေးကြီးဆုံးအပိုင်းကို သိမှ သိရပါမည်လော။
သတင်းတစ်ခုမှာ ဘယ်ဟာ အရေးကြီးသလဲဟု ကျနော်က ခွဲခြားနေခြင်းမဟုတ်ပါ။
သို့သော် ကျနော်သိလိုလှသည့် အရေးကြီးဆုံး အပိုင်းမှာ ဒီကိစ္စလုပ်သူ (တကယ့်) လက်သည်တရားခံ ဘယ်သူနည်းဟူသော မေးခွန်းပင်ဖြစ်ပါသည်။
ထို တကယ့်လက်သည်အား အများရှေ့မှောက်ဆွဲထုတ်ခြင်းကို မြင်ရလိုပါသည်။
အများရှေ့မှောက်တွင် တိကျခိုင်မာစွာ စစ်ဆေး၍၊ အများရှေ့မှောက်တွင် ထိရောက်သော ပြစ်ဒါဏ်ကို တိကျခိုင်မာစွာ ပေးစေ့ချင်ပါသည်။

အငြှိုးထားတတ်သူဟု မထင်စေ့လိုပါ။ သို့သော် အပြစ်ပြုသူအား ခွင့်မလွှတ်တတ်သည်မှာ ကျနော်စိတ်ရင်း ဖြစ်ပါသည်။
ယခုကိစ္စ ဗုံးခွဲသူကိုလည်း ဘာလုပ်ချင်ပါသနည်း။
အများရှေ့မှောက် တရားခွင်တွင် တည့်တည့်ကြီး စိုက်ကြည့်ခွင့်ရချင်ပါသည်။

မင်း ဘာကြောင့် ဒီလိုလုပ်ရသလဲ?
မင်း ဘာကြောင့် ဒါလောက် အောက်တန်းကျရသလဲ?မင်းကို စေခိုင်းတာ ဘယ်သူတွေလဲ?
မင်းကကော ခိုင်းတိုင်းလုပ်ရအောင် လူ့အသိဥာဏ် မရှိတော့ဘူးလား?
ဘာကိုကြောက်လို့ လုပ်တာလဲ? ဘာကို မျှော်လင့်ပြီးလုပ်တာလဲ?
ဒီလို လုပ်ရပ်နဲ့ မင်းပြန်ရမယ့်ဟာ တန်ရဲ့လား?
မင်းတစ်ဘ၀လုံး ဒီလုပ်ရပ်အမည်းစက်ကို စိတ်စနိုးစနှောင့်လုံးဝမဖြစ်ဘဲ ဆက်အသက်ရှင်နေနိုင်မလား?
စသဖြင့် ထိုတရားခံအား (အခွင့်ရလျှင်) မေးချင်သော စကားလုံးများစွာရှိပါသည်။
သို့သော် ကျနော် မမေးတော့ပါ။ ထိုမေးခွန်းတွေ အားလုံးပါဝင်နေမည့် မျက်လုံးအကြည့်တစ်ခုသည်ပင် လုံလောက်လိမ့်မည် ထင်၏။

အကယ်၍ တရားခံကိုသာ ပြည်သူ့ရှေ့မှောက် တရားခွင် တင်ခွင့်ရခဲ့ပါလျှင် အားလုံးဝိုင်းကြည့်ကြမည့် မျက်လုံးအကြည့်များနှင့်ပင်
ထိုသူ ... ရှက်တတ်လျှင် လဲသေသွားလောက်ပါလိမ့်မည်။
မရှက်တတ်လျှင်လည်း သူ့တစ်ဘ၀လုံး ခြောက်လှန့်နေပေတော့မည် ... ဟု ကျနော်ယုံကြည်ပါသည်။

ဗုံးကွဲမှုသတင်းများက နောက်ပိုင်းတွင် ဆက်တိုက်လာနေ၏။
အစက ၁၈နှစ်အရွယ် မိန်းမငယ်ာကလေးတစ်ဦးသေ။ တစ်ဦးဒါဏ်ရာရသည် ... တဲ့။
`ဟာ အရွယ်ငယ်ငယ်ကလေးတွေ´ ဟု စိတ်မကောင်းခြင်းကြီးစွာ ဖြစ်မိသည်။

နောက်တော့ သတင်းထပ်လာ၏။
ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသွားသူမှာ သန့်စင်ခန်း ၀န်ထမ်း မမြစမ်းရည် အသက် ၃၀ နှစ်ဖြစ်ပြီး ဒဏ်ရာရရှိသူမှာ သန့်ရှင်းရေးဝန်ထမ်း မခင်မြတ်နွယ် အသက် ၂၄ နှစ်ဖြစ်သည်ဟု သိရပါသည်။
... တဲ့။

သန့်စင်ခန်း ၀န်ထမ်းလေးတွေ ဆိုပဲ။
သူတို့ခမျာ လခမှ ဘယ်လောက်ရကြရှာလေမလဲ?
အောက်ခြေ၀န်ထမ်းကလေးတွေဖြစ်၍ ဘယ်လိုမှ ကြွယ်ပိုးကြွယ်ဝရှိကြလိမ့်မည် မဟုတ်မှန်း အတိအကျ ခန့်မှန်းလို့ရပါသည်။
အလုပ်က မမြင့်မားသောငြား ရိုးသားသန့်စင်သော အလုပ်ကို မွန်မြတ်ဖြူစင်စွာ လုပ်ကိုင်ကြသူကလေးများ။
သူတို့မှာ မှီခိုနေသော မိသားစုတွေများရှိလိမ့်မလား?
တကယ်လို့ရှိနေမယ်ဆိုရင် အဲဒီမိသားစုတွေအနေနဲ့ နောင်ဘယ်လိုများ ဆက်ပြီးရပ်တည်သွားကြမှာပါလိမ့်မလဲ?

ယခုပင်လျှင် အခွန်အခ၊ လမ်းပန်းဆက်သွယ်ရေး (ရထားခ)၊ မီတာခတွေ ဈေးတက်တော့မည့်အကြောင်း သတင်းတွေကြားရ၏။
ဒီလိုအချိန်မှာ အိမ်၏၀င်ငွေကို အဓိကရှာဖွေပေးနေသူ သေဆုံးသွားလို့ကတော့ ကျန်ရစ်သူတွေအဖို့ ပဋာမြေလူးရမယ့် ကိန်းပေပဲ။

နိုင်ငံခြားတွေမှာတော့ အလုပ်တာဝန်ထမ်းဆောင်ရင်း သေဆုံးသွားရှာသူဆိုလျှင် ထောက်ပံ့ကြေးတွေ တနင့်တပိုးရသည်ဟု ကြားဘူးပါ၏။
ဒီလိုကိစ္စမျိုးတွေကိုကော ပေးလေ့ရှိသလား ကျနော်သေချာ မသိ။
ဘာပဲဖြစ်ဖြစ် ယခု သေဆုံးသွားရှာသော ၀န်းထမ်းမလေးနှင့် ဒါဏ်ရာရသူမှာလည်း သူ့အလုပ်တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နေခြင်းပါပဲ။
အကယ်၍ တာဝန်မသိပဲ အပြင်သာ လျှောက်သွားနေမည်ဆိုလျှင် ဒီလို ကံဆိုးမှုမျိုးနှင့် သူတို့ရင်ဆိုင်တိုးကောင်းမှ တိုးရပေလိမ့်မည်။
သည် အများသုံးသန့်စင်ခန်းဆိုတာ အစိုးရပိုင်ဆိုလျှင် ပင်စင်တော့ ရလိမ့်မည် ထင်၏။ ပုဂ္ဂလိကပိုင်ဆိုလျှင်ရော ...။
ဘာပဲဖြစ်ဖြစ် ကံဆိုးရှာသော အောက်ခြေ၀န်ထမ်းလေးများအတွက် ထောက်ပံ့မှုတစ်ခုခုတော့ ပြုသင့်သည်ဟု ထင်မိပါသည်။

ခံစားချက်တွေကတော့ တကယ့်ကို ဗြောင်းဆန်နေခြင်းပါ။
သေဆုံးသွားသူအတွက် စိတ်မကောင်းတာရော။
ကျန်ရစ်မည့် မိသားစုအတွက် စာနာပူပန်မိတာရော။
လုပ်သွားသည့် လူမဆန်သော လက်သည်အတွက် ဒေါသဖြစ်မိတာရော။
အားလုံးရောပြွန်းကာ လူက ဘာအတွေးကိုမှ ဖမ်းယူဆုပ်လို့ မရချင်တော့။

စိတ်လှုပ်ရှားစွာ တောင်စဉ်ရေမရ လျှောက်တွေးမိသည်။
တစ်ချို့လူများ အပေါ့စွန့်သွားလေ့ရှိသော နံရံများတွင် ရေးလေ့ရှိသည့် စာတမ်းတစ်ခုရှိ၏။
`ဤနေရာတွင် ခွေးများသာ သေးပေါက်ကြသည်´ ဟု ရေးတတ်သည်။
ထိုစာတမ်းမျိုးမှီးကာ ဗုံးဖောက်တတ်တဲ့နေရာတွေမှာ ..
`ဤနေရာတွင် ခွေးတောင်မှ အပြစ်မဲ့ပြည်သူကို ဗုံးမခွဲ။
ဗုံးခွဲသူမှာ ခွေးထက်အောက်တန်းကျသူများ ဖြစ်လိမ့်မည်။´
ဟု ရေးထားရင် ကောင်းမလား။
ဒါပေမဲ့ ဘယ်သူက ဘယ်နေရာ လာခွဲမလဲဆိုတာ ကြိုမသိနိုင်တော့ခက်တာပဲ။
သေချာသည်ကတော့ ဤသို့ ဗုံးခွဲသူ ဆိုသည်မှာ သရဲဘောကြောင်သူများသာ ဖြစ်ပေလိမ့်မည်။

ထို့ကြောင့်လည်း ... ဗုံးခွဲကြောင်းသတင်းကြားပြီးချင်းတွင်

ဘယ်အဖွဲ့က ခွဲခွဲ၊ ဘယ်သူ ခွဲခွဲ၊ ဘာကြောင့် ခွဲခွဲ
လူမဆန်သောလုပ်ရပ်၊ သူရဲဘောကြောင်သော ဖျက်လိုဖျက်ဆီးလုပ်ရပ်ဟု
ပြင်းထန် အထင်သေးစွာ ရှုံ့ချ ကန့်ကွက်ပါသည်။
ဘာရည်ရွယ်ချက်ရှိနေသနည်း? ဘာကို ဦးတည်နေသနည်း?
ဘယ်လိုတွက်တွက် ဘာမှအကျိုးမရှိသော လုပ်ရပ်သာဖြစ်သည်။
အင်မတန် အောက်တန်းကျသော စိတ်ဓာတ်နှင့် ပြုမူခြင်းသာဖြစ်သည်။
... ဟု ကျနော်ရေးမိခြင်းပင်။

ထိုစဉ်မှာပင် ... တိုက်တိုက်ဆိုင်ဆိုင် ကျနော့်နားထဲ အသံလေးတစ်သံကို ကြားယောင်လာမိ၏။
သမီးမေမေကို လူဆိုးတွေ သတ်သွားတယ် .... ဟု ၀မ်းပမ်းတနည်း ရေရွတ်လိုက်သော အသံ။
လွန်ခဲ့သော တစ်ပတ်ကျော်ကျော်လေးကမှ ကျနော်ကြားမိခဲ့ခြင်းပါ။

ကျနော့်အသိတစ်ယောက်၏ အလှူတစ်ခုသို့ သွားရင်း ကြားခဲ့ရခြင်းဖြစ်၏။
လူရင်းတွေချည်းမို့ အဲဒီအလှူမှာ ကျနော်တို့ သက်တောင့်သက်သာ ရှိလှပါသည်။
ထိုလှူတွင် ချစ်စရာအင်မတန်ကောင်းသော ကလေးမလေးတစ်ယောက်ကို တွေ့၏။
ပါးဖောင်းဖောင်းလေးတွေက နီမြန်းလျက်။ ကျစ်ဆံမြီးတိုနှံ့နှံ့လေးနှစ်ဘက်ကို ဘယ်ညာခွဲဖြာချထား၏။
တစ်ယောက်တည်း။ ကျနော်ထိုင်ရာ စားပွဲမှာ လာစားနေသည်။ ရှိလှမှ လေး ငါးနှစ်လောက်ပါ။
အလှူပေးသူ ကျနော့်သူငယ်ချင်းအိမ်တွင် ကလေးငယ် မရှိကြောင်း ကျနော်သိသည်။
မုန့်ဟင်းခါးကို ကိုယ့်ဖာသာ ခပ်စားရင်း ပါးစပ်များပေပွနေသော ကလေးငယ်ကို ရယ်ချင်စိတ်နှင့် ချစ်စနိုးကြည့်ရင်း စပ်စုမိ၏။

`သမီး မိဘတွေရော၊ သမီး´ ဆိုသော်
`ဖေဖေကြီးက နောက်ဘက်မှာ ပန်းကန်တွေ ဆေးနေတယ်´
တဲ့။ ကြည့်ရတာ ဒီအလှူမှာ ကူညီလုပ်ကိုင်ပေးဖို့ ခေါ်ထားသော သူတစ်ဦးဦး၏ သမီးငယ်ဖြစ်ပေမည်။
`သမီးမေမေကရော နောက်ဘက်မှာပဲလား´
ကလေးငယ်က ခေါင်းခါ၏။ ကျနော် ထပ်မေးမိပြန်သည်။
`သြော် ပါမလာဘူးလား သမီး´
`မေမေ မရှိဘူး ဦးဦး´ ကလေးမလေးက တိုးတိုးလေး ပြောသည်။
ကျနော် ခေါင်းကို ငဲ့ကာနားထောင်မိစဉ် နောက်တစ်ခွန်းထပ်ပြောပြန်၏။
... `သမီးမေမေကို လူဆိုးတွေသတ်သွားတယ်´
ထိုစကားက ပို၍တိုးပါသည်။ သို့သော် နားစိုက်ထောင်မိတာဆိုတော့ တိတိပပ ကျနော်ကြားလိုက်မိ၏။
ကြားကြားချင်းပင် ရင်ထဲ လှိုက်ကနဲဖြစ်သွားသည်။
ပြောပြီးချင်းပင် ကလေးမကလေးက ခေါင်းငုံ့သွားသည်။

ခုနက တောက်ပသော မျက်ဝန်းလေးများတွင် မျက်ရည်များ စွတ်စိုနေလေမလား။
ကလေး၏ စကားသံနောက်ဆုံးတွင် အဖျားခပ် တုန်ယင်သွားခြင်းကိုတော့ ကျနော်သတိပြုမိလိုက်ပါသည်။
သူ ဘာမှ ဆက်မပြောတော့။ ဆက်မပြောနိုင်တော့တာလည်း ဖြစ်ပေလိမ့်မည်။
အေးစက်တင်းမာသော လောကကြီးကို အမိမဲ့ဘ၀နှင့် ဘယ်လိုများ ဒီကလေးဖြတ်သန်းနေရပါသနည်း။ နောက် ဆက်ပြီး ဘယ်လိုများဖြတ်သန်းရဦးပါမည်နည်း။
ကျနော်လည်း ထပ်မမေးနိုင်တော့ပါ။ ငေါင်၍ ငေးကြည့်နေမိပါသည်။
လူကြီးတစ်ယောက်နှင့် ကလေးတစ်ယောက်ရှိနေသော စားပွဲဝိုင်းတွင် တိတ်ဆိတ်ခြင်းက လွှမ်းမိုး၍ သွား၏။

ထိုစဉ်မှာပင် တိုက်ဆိုင်သည်ဟု ပြောရမလား? ရက်စက်လွန်းသော တိုက်ဆိုင်မှုပင်ဖြစ်ပါလိမ့်မည်။
မိသားစု တစ်စု ၀င်လာ၏။
အဖေရယ် အမေရယ် သမီးလေးတစ်ယောက်ရယ်။
အဖေနဲ့ အမေက ဘေးတစ်ဘက်တစ်ချက်ဆီက။ သမီးလေးက အလည်ခေါင်က။
သမီးလေးကို လက်ချင်းတွဲလို့ ခြံရံလို။
ကလေးက ဖအေနှင့် မအေ၏မျက်နှာ တစ်လှည့်စီကြည့်ကာ ရယ်ပြုံး၍ လာသည်။
ကျနော်တို့နား ဖြတ်ကျော်သွားသော် ခိုးခိုးခစ်ခစ်ရယ်သံလွင်လွင်ကို ကြားရ၏

ကျနော်နှင့် တစ်ဝိုင်းတည်းအတူထိုင်နေသော မိတဆိုး ကလေးမလေးက တစ်ချက်လှမ်းကြည့်ကာ ဖျပ်ကနဲမျက်လွှာပြန်ချသွားသည်။
ဒီတစ်ခါတော့ ကျနော် သေချာသိလိုက်ပါသည်။ သူ့မျက်ဝန်းများတွင် မျက်ရည်များ ဆို့၍နေကြလေ၏။
ပြီးတော့ သူ့မျက်နှာကလေး ဘယ်တော့မှ ပြန်မော့မလာတော့ပါ။
ကျနော်သည်လည်း သူ့ကို ဆက်မကြည့်နေနိုင်တော့။ အဘယ့်ကြောင့်ဆိုသော် ကျနော်လည်း မျက်ရည်ဝဲလာသောကြာင့်ဖြစ်ပါသည်။

နောက်မှ သိရပါသည်။ ထိုကလေးမလေး၏ မိခင်သည်လည်း တစ်ချိန်က ဗုံးကွဲမှုတစ်ခုမှာ သေဆုံးခဲ့ရတာတဲ့။
ကလေးက လည်ဝယ်တော့ သူ့ကို ဘယ်လိုညာညာ အမှန်တိုင်းသိမြင်နေ၏။
`သမီးအမေကို လူဆိုးတွေ သတ်သွားတယ်´
ထိုစကားကို မေးသူရှိတိုင်း ပြောပြတတ်သည်။
သို့သော် ထိုစကားပြောပြီးတိုင်း သူမခမျာ ရပ်တန့်လိုက်ရမြဲ။
လူဆိုးတွေက ဘယ်သူလဲ? ကလေးမလေး မသိ။
ဘာကြောင့် သတ်တာလဲ? ကလေးမလေး မသိ။
ဒီလိုရက်ရက်စက်စက်လုပ်ရအောင် သူမအမေမှာ ဘာအပြစ်များရှိရှာလို့လဲ? ကလေးမလေး မသိ။

သူမ သေချာသိသည်ကတော့ ...
မိဘနှစ်ပါး လက်ကို တစ်ဘက်တစ်ချက်ကိုင်စွဲကာ လုံခြုံနွေးထွေးစွာ သွားလာခွင့်၊
မိဘနှစ်ပါး၏ မျက်နှာကို ကြည်နူးစွာ မော့ကြည့်ရင်း ပျော်ရွှင်ချမ်းမြေ့စွာ ရယ်မောခွင့်ကို
ဒီတစ်သက် သူမ မရနိုင်တော့ခြင်းသာပဲ ဖြစ်လေသည်။

(ယခု သေဆုံးသွားရရှာသော အပြစ်မဲ့ သန့်ရှင်းရေးဝန်ထမ်းမလေးတွင်ရော အိမ်ထောင်ရှိနေသလား? သမီးကလေးရှိနေမလား? ကျနော်မသိပါ။
သမီးအမေကို လူဆိုးတွေ သတ်သွားတယ်ဟူသော စကားသံမျိုးတော့ နောက်ထပ် မကြားလိုတော့တာ အသေအချာပဲဖြစ်ပါသည်။
မကြားချင်တာ မဟုတ်ပါ။ မကြားဝံ့ခြင်းဖြစ်ပါသည်။
ဘာပဲဖြစ်ဖြစ် ယခုသေဆုံးသွားရှာသူမှာ မိသားစုတော့ ရှိနေမှာပေါ့။
သမီး မမကို လူဆိုးတွေသတ်သွားတယ်။ သမီး ဒေါ်ဒေါ်ကို လူဆိုးတွေသတ်သွားတယ် ... လို့များ မြည်တမ်းနေကြမလား?
အမေ့ သမီးကို လူဆိုးတွေသတ်သွားတယ်ကွယ်လို့များ တုန်တုန်ရီရီ မျက်ရည်တစမ်းစမ်းဖြင့် ရေရွတ်သံကြားရလေမလား?

လှည်းတန်းလမ်းဆုံမှ ဗုံးပေါက်ကွဲသံတစ်ခုသည် ကျနော်တို့ နှလုံးသားအားလုံးကို ထုနှက်ဖိဆီးနေတော့မည် ဖြစ်ပါလေတော့သည်။)

Thorn Nay Soe (Facebook)

Wednesday, December 21, 2011

0 လှည်းတန်းလမ်းဆုံရှိ အဆင့်မြင့် အများသုံး သန့်စင်ခန်းတွင် ဗုံးပေါက်ကွဲ

Photo..messenger journal,Yangon press international


Video..Burma vj medianetwork
myitmakhamediagroup
ယနေ့နံနက် ၁၁ နာရီ ၅ မိနစ်အချိန် လှည်းတန်းမီးပွိုင့် ပြည်လမ်းနှင့် တက္ကသိုလ်ရိပ်သာလမ်းထောင့်ရှိ အများပြည်သူသုံးသန့်စင်ခန်းတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါဗုံးပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး အမျိုးသားတစ်ဦးမှာဒဏ်ရာအကြီးအကျယ် ရရှိခဲ့ကြောင်း သိရသည်။

`၀ုန်းဆိုပြီး အသံကြားလိုက်ရတယ်။ ပထမတော့ ဘာဖြစ်မှန်း မသိဘူး။ နောက်တော့မှ ဗုံးပေါက်တာမှန်းသိတာ။ အမျိုးသမီးတစ်ဦးတော့ သေတယ်ကြားတယ်´ ဟု လှည်းတန်းမီးပွိုင့်အနီးတွင် ရှိနေသူ အမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါ အများပြည်သူသုံးသန့်စင်ခန်းအတွင်း ဗုံးနှစ်လုံးထောင်ထားခြင်းဖြစ်ပြီး ကျန်ရှိနေသော ဗုံးတစ်လုံးအား အင်ဂျင်နီယာတပ် GE မှလာရောက်ရှင်းလင်းသွားပြီဖြစ်ကြောင်း သိရှိရသည်။

`လောလောဆယ် ကျန်တဲ့ဗုံးကို တာဝန်ရှိသူတွေ လာရောက်ရှင်းလင်းနေတယ်။ ဒဏ်ရာရတဲ့ အမျိုးသမီးကို တော့ ဆေးရုံကိုခေါ်သွားပါပြီ´ ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ဒဏ်ရာပြင်းထန်စွာရရှိသော အမျိုးသမီးတစ်ဦးမှ စိုးရိမ်ဖွယ်အခြေအနေရှိပြီး သေဆုံးသည့် အမျိုးသမီးတစ်ဦး၏ လက်အပိုင်းအစများနှင့် အသားစများမှာ အများသုံးသန့်စင်ခန်းနှင့် အပြင်ဘက် ကတ္တရာလမ်းပေါ်တွင် ပြန့်ကျဲ လျက်ရှိကြောင်း တွေ့ရသည်။

ဗုံးပေါက်ကွဲရာနေရာသို့ မီးသတ်ကားများ ဆေးရုံကားများ၊ ဗုံးရှာဖွေရေးအဖွဲ့များနှင့်အတူ လုံခြုံရေး တင်းကျပ် စွာချထားကြောင်း တွေ့ရသည်။

7Day News Journal
လှည်းတန်းလမ်းဆုံတွင် မကြာသေးမီကမှ ဖွင့်လှစ်ထားသည့် အများသုံး သန့်စင်ခန်းအတွင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ အမျိုးသမီး ၂ ဦးသေဆုံးပြီး သန့်ရှင်းရေးဝန်ထမ်းတစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိထားကြောင်းသတင်းရရှိသည်။

ပေါက်ကွဲမှုမှာ ၁၁ နာရီဝန်းကျင်ခန့်တွင် ဖြစ်ပွားခဲ့ပြီး ယင်းအရှိန်ကြောင့် အဆောက်အဦ၏ အမိုးနှင့် မျက်နှာစာအချို့ပွင့်ထွက်ခဲ့သည်။ လက်ရှိအခြေအနေတွင် ကျန်ရှိဗုံးတစ်လုံးအား ထပ်မံရှာဖွေလျက်ရှိကြောင်း ယင်းအနီးတ၀ိုက်တွင် ရှိနေသည့် တာဝန်ကျ ရဲဝန်ထမ်းတစ်ဦးကပြောသည်။

“ရဲတွေကတော့ ဒဏ်ရာရထားတဲ့တစ်ယောက်က ရှင်ဖို့သိပ်မသေချာဘူးလို့ပြောတယ်။ လှည်းတန်းမှာ အခု ကြက်ခြေနီတွေ အရန်မီးသတ်တွေ၊ အင်ဂျင်နီယာ တပ်ရင်းကလူတွေ အင်အား ၁၀၀ လောက်ရောက်နေတယ်။ အခုလူတွေကို ရှင်းနေတာတွေ့ရတယ်”ဟု 7Day News သတင်းထောက်မှ သတင်းပေးပို့သည်။

ဒဏ်ရာရရှိခဲ့သော သန့်ရှင်းရေးဝန်ထမ်းအမျိုးသားတစ်ဦးကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသပေးလျက်ရှိကြောင်းလည်း သတင်းရရှိသည်။

အဆိုပါ သန့်စင်ခန်းမှာ တက္ကသိုလ်ရိပ်သာလမ်းနှင့် ပြည်လမ်းထောင့်ရှိ ရန်ကုန်တက္ကသိုလ်ဧရိယာအတွင်း မကြာသေးမီက ဖွင့်လှစ်ထားခြင်းဖြစ်သည်။

Messenger News Journal

ရန်ကုန်မြို့ ပြည်လမ်းနှင့် တက္ကသိုလ်ရိပ်သာ လမ်းထောင့်ရှိ အများသုံးအိမ်သာတွင် ယနေ့ နံနက်ပိုင်းက ဗုံးပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့ပြီး၊ အမျိုးသမီး တစ်ဦးသေဆုံးကြောင်း သတင်းရရှိသည်။ ယခုအချိန်တွင် ထိခိုက် ဒဏ်ရာရသူ စာရင်း အတည်ပြုနိုင်ခြင်း မရှိသေးဘဲ လှည်းတန်းလမ်း၊ ပြည်လမ်းနှင့် အင်းစိန်လမ်းတို့ကို ခတ္တပိတ်ပြီး စုံစမ်းရှာဖွေမှုများ ပြုလုပ်နေကြောင်း သိရသည်။

1 မြောက်ပိုင်းဒေသ မှ အရိုးတွန်သံများ ( အပိုင်း - ၁ ) (အောင်မိုးဝင်း)


ကျောင်းသားတပ်မတော်(မြောက်ပိုင်း)ရဲ့တိုက်ပွဲဝင်ခွပ်ဒေါင်းအလံကို မြတ်မြတ်နိုးနိုးလွှင့်ထူခဲ့တဲ့ ရဲဘော်တွေအားလုံးကို မင်္ဂလာနှစ်သစ်ဖြစ်ပါစေ လို့ နှုတ်ဆက်လိုက်ပါရစေ။ နှစ်သစ်မှာ အနာဂတ်အတွက် တက်ကြွလန်းဆန်းတဲ့ခြေလှမ်းတွေနဲ့ ရှေ့ခရီးဆက်ကြမယ်။ မကောင်းဆိုးဝါးတွေ ပူးကပ်နေတဲ့ပတ်ဝန်းကျင် ကို ရှင်းထုတ်ကြမယ်။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ( အထက်ဗမာပြည်) ရဲဘော်တယောက်အနေနဲ့၊ ၁၉၉၀ မန္တလေးညီလာခံကို လာရောက်တက်ခဲ့ကြတဲ့ မိုးညှင်းဒေသက ကျောင်းသားတပ်မတော် ရဲဘော်တွေကို အထူးတလည် နှုတ်ခွန်းဆက်သ ချင်သလို၊ကျောင်းသားတပ်မတော် ( မြောက်ပိုင်း)ရဲ့တော်လှန်ရေးသမိုင်းဂုဏ်သိက္ခာကိုသွေးစီးချောင်းတွေပေါ်မှာမျှောချ၊အဖွဲ့ဖျက်ပစ်သည်အထိ သေးသိမ်အောင်လုပ်ခဲ့ကြတဲ့၊ သူ့လူကိုယ့်ဘက်သား လူသတ်သမားများကိုတော့ သမိုင်းစာရင်းရှင်းတမ်းအဖြစ် ဆက်လက်လုပ်ဆောင်သွားကြပါမယ်။ ကျောင်းသားတပ်မတော်နဲ့ တော်လှန်ရေးကို အသက်စွန့်ပြီး ချစ်ခဲ့ကြပေမဲ့၊ ကျဆုံးစာရင်းမှာ အသိအမှတ်ပြုမခံရတဲ့ ရဲဘော်တွေအတွက် ဆက်လက်မေးခွန်းထုတ် ကြရပါလိမ့်မယ်။ စိန်ခေါ်တောင်းဆိုကြရပါလိမ့်မယ်။ ဒါပေမဲ့ ကျနော်တို့ဟာ ဗုဒ္ဓဘာသာတွေပါ။ သူတပါးကျူးလွန်ခဲ့တဲ့ အကုသိုလ်ကံတွေကို ကျနော်တို့ဆီ လောင်မြိုက်ကူးစက်မှုတွေ မရှိစေချင်ပါဘူး။ ပြဿနာတွေကို စိတ်အေးအေးထားပြီး ဖြေရှင်းကြရပါလိမ့်မယ်။ လူပုဂ္ဂိုလ်တစုံတယောက်အပေါ်မှာ မုန်းတီးခြင်းမျိုး၊ တဖွဲ့နဲ့တဖွဲအုပ်စုဖွဲ့ သိက္ခာချတိုက်ခြင်းမျိုးကို ရှောင်ရှားပြီး၊ ဒီမိုကရေစီအရေးတော်ပုံရုန်းကန်မှုရဲ့ အားနည်းချက်တွေကို သင်ခန်းစာယူကြသင့်ပါတယ်။

မှတ်တမ်းအဖြစ်လောက်သာ ထားရှိခြင်းမပြုလုပ်ပဲ၊ ဆက်လက် အရေးယူဆောင်ရွက်ရပါမယ်။
တကယ်တော့ ဒီအကြောင်းအရာတွေကို ဒီမိုကရေစီအရေးတော်ပုံအောင်မြင်ဆုံးခန်း တိုင်တဲ့အချိန်ကျမှ ဖွင့်ပြောဖို့ မြိုသိပ်ခဲ့ကြပါတယ်။ ဒီမိုကရေစီအရေးတော်ပုံကို လေးမြတ်စွာလုပ်ကိုင်နေကြတဲ့ ကျောင်းသားတပ်မတော်ရဲဘော်တွေ နဲ့ လှုပ်ရှားမှု သမိုင်းကို မထိခိုက်စေချင်တာတကြောင်း၊ ကျန်တဲ့ မျိုးဆက်သစ်လူငယ်တွေ ဟာ ဒီအကြောင်းအရာတွေကို ဖတ်ပြီး နိုင်ငံရေးအပေါ် စိတ်ပျက်သွားမှာ တကြောင်းကြောင့် ဖွင့်မပြောချင်ခဲ့ပါဘူး။ ဒါပေမဲ့ အစုလိုက်အပြုံလိုက်၊ လူသတ်မှုမှာပါဝင်ပတ်သက်နေခဲ့တဲ့သူတွေဟာ၊ ကျောင်းသားတပ်မတော်(မြောက်ပိုင်း) ကို စံနစ်တကျဖျက်ဆီးသွားပြီး နောက်၊ ထိုင်းနယ်စပ်မှာ အကျင့်ပျက်ခြစားမှုတွေကို အုပ်စုလိုက်ကျူးလွန်ပြီး၊ နိုင်ငံတကာက ထောက်ပံ့တဲ့ငွေတွေကို အောင်သေအောင်စား စည်းဇိမ်ခံ ပျော်မြူးခဲ့ကြတယ်။ ပြည်ပ ဒီမိုကရေစီအရေးတော်ပုံလှုပ်ရှားမှုကို နာမည်ပျက်အောင်လုပ်ခဲ့ကြတယ်။ နိုင်ငံတကာကယုံကြည်မှုမဲ့လာပြီးNGOsတွေနဲ့ငွေထောက်ပံ့သူတွေကပြည်တွင်းကိုအာရုံရွေ့သွားတဲ့အခါမှာတော့ ပြည်တွင်းနိုင်ငံရေးကို ဝင်ရောက်ရှုပ်ကြဖို့ ခြေလှမ်းပြင်နေကြတယ်။ ဒီတခါတော့ မရတော့ပါဘူး။
(၂)
ဒီနေရာမှာ KIA နဲ့ ပတ်သက်လို့ ပြောစရာတခုရှိပါတယ်။ ကျောင်းသားတွေ အယောက်(၉၀) ကျော်ဖမ်းထားတာကို ကြားတော့ KIA ဗိုလ်မှူးတွေက လာရောက်မေးပါတယ်။ ( ထုံးစံအားဖြင့်တော့ KIA က ကျောင်းသားတပ်မတော်အပေါ်မှာ ဝင်ရောက်စွက်ဖက်လေ့မရှိပါဘူး)၊ “ ငါတို့မှာ ဘရန်ဆိုင်းလက်ထက်ကတည်းက ရန်သူ့ထောက်လှမ်းရေးဆိုလို့ (၅) ယောက်လောက်သာ မိဘူးပါတယ်။ မင်းတို့ဟာက များလှချည်းလား။ ဟုတ်လို့လား” ဆိုတော့ “ ရော်နယ်အောင်နိုင် က အော် - ဗိုလ်မှူးတို့ကလည်း ကျားကိုက်ပါတယ် ဆိုမှ အပေါက်နဲ့လား လို့ မေးနေရသေးတယ်။ ဗိုလ်မှူးတို့က ငါးယောက်ပဲ မိတယ်ဆိုတော့ ညံ့တာပေါ့” လို့ ရယ်မောပြီးဖြေတယ်လို့သိရပါတယ်။ ရော်နယ်အောင်နိုင် ရဲ့ “ All the Wars are Dirty” အင်တာဗျူးမှာ ကေအိုင်အေ အပေါ်အပြစ်တွန်းချထားတဲ့ စကားတွေကို ပြုံးမိပါတယ်။ လူသတ်တာတွေကြားတော့ ဖုံးမရဖိမရ အနံ့တွေထွက်လာတဲ့အခါကျတော့ ကေအိုင်အေ က စစ်ခေါင်းဆောင်တွေ ဇွတ်အတင်းဝင်ရောက်လာပြီး ရပ်ခိုင်းတော့တယ်။ နန်းအောင်ထွေးကြည် ကို ခေါ်ထုတ်သွားတယ်။
တကယ်တော့ လူသတ်မှုအပြင် နောက်ထပ်မေးရမဲ့ မေးခွန်းတခုကတော့ အေဘီ ( မြောက်ပိုင်း) ဟာ ဗဟိုလို မဟုတ်ပါဘူး။ ဗဟိုကော်မတီတွေက ချမ်းသာကြပါတယ်။ ကေအိုင်အေ ဆီက ကျောက်စိမ်းတွင်းတွေအပါအဝင် အထောက်အပံ့တွေရထားကြပါတယ်။ အဲ့ဒီ ရံပုံတွေတွေ ဘယ်ရောက်သွားသလဲ ဆိုတာကလည်း စိတ်ဝင်စားစရာပါ။ ကာယကံရှင်တွေဖြေဆိုနိုင်ကြပါလိမ့်မယ်။
(၃)
ပထမပိုင်းအနေနဲ့ မြောက်ပိုင်းဒေသမှာ အသတ်ခံခဲ့ရတဲ့ ကျောင်းသားရဲဘော်တွေရဲ့ စာရင်းကို ပေးပို့လိုက်ပါတယ်။ လူနှစ်ယောက်အကြောင်းကိုတော့ အထူးပြောချင်ပါတယ်။
တဦးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် ရဲမေ မခင်ချိုဦး အကြောင်းပါ။ သူမ နဲ့ စွပ်စွဲခံရတဲ့ ပြည်စိုးနိုင် (ရန်ကုန်) ကို လိုင်စင်လို အေးခဲတဲ့ရာသီအောက်မှာ မြေမြှုပ်ပြီး၊ ခေါင်းကိုသာမြေပေါ်ဖေါ်ထားခဲ့တယ်။ နှိပ်စက်မှုဒဏ်ကြောင့် သေဆုံးသွားတဲ့အခါ၊ မခင်ချိုဦး ကို အေးခဲနေတဲ့ ရုပ်အလောင်းအား Oral Sex လုပ်ခိုင်းတယ်။ မျိုးဝင်းတို့ အုပ်စုတစုလုံးက မုဒိမ်းကျင့်ပြီး ခေါင်းဖြတ်သတ်ဖို့ လုပ်တဲ့အခါ၊ “ နောင်ဘဝမှာ ခုလို ခေါင်းပြတ်ကြီးနဲ့ မသေပါရစေနဲ့၊ သေနတ်နဲ့ပစ်သတ်ပေးပါ” လို့ တောင်းဆိုတဲ့အတွက် သံချောင်းက သေနတ်နဲ့ဝင်ပစ်ပေးခဲ့တယ်။ ဒုတိယတဦးကတော့ ကိုကျော်ဝေ ပါ။ သူ့ကို ပျော့မိုင်းနဲ့ချည်ပြီး ဘောလုံးကွင်းထဲပတ်ပြေးခိုင်းတယ်။ ပျော့မိုင်းကွဲသွားခဲ့တဲ့အတွက် လက် ပြတ်သွားတယ်။ အဲ့ဒီ လက်ပြတ်ကြီးနဲ့ပဲ အချုပ်ထဲမှာ ဆက်လက်ချုပ်နှောင်ထားခဲ့တယ်။ သူ့လိုပဲစစ်ကြေရေးကာလမှာ မိုင်းခွဲခံရတဲ့သူတွေရှိပါတယ်။
အောက်ဖေါ်ပြပါသူတွေက ဖေဖေါ်ဝါရီ (၁၂) ရက်နေ့မှာ ခေါင်းဖြတ် အသတ်ခံရသူတွေဖြစ်တယ်။ ရဲဘော်၊ တပ်ကြပ်ကြီး၊ ဗိုလ်ကြီး ဆိုတဲ့ အမည်တွေဟာ အဲ့ဒီကာလက ကျောင်းသားတပ်မတော်ရဲ့ ရာထူးတွေအဖြစ်အသုံးပြုထားခြင်းဖြစ်ပါတယ်။

(၁) ကိုထွန်းအောင်ကျော် ( ကျောင်းသားတပ်မတော်ဥက္ကဋ္ဌ၊ မန္တလေး)
သံပြားအားမီးဖုတ်ပြီး ပေါင်ခြေသလုံးထံ ကပ်ထားခြင်း၊ ဗိုက်ပေါ်သို့ ကတ္တရာစီးပြားများကို မီးရှို့၊ အစက်ချ မီးမွှေးခြင်း၊ သံချောင်းများကို မီးဖုတ်ခါ၊ ပေါင်အတွင်းသို့ ထိုးသွင်းခြင်း၊ စိတ်ဓါတ်ပျက်ပြားခြောက်ခြားစေရန်၊ ကိုကျော်ဝေကို ထင်းတုံးပေါ်တင်ပြီး ခေါင်းဖြတ်သတ်ထားခါ၊ ထိုခေါင်းပြတ်မှ၊ ပန်းထွက်နေသော သွေးများကို၊ သောက်ခိုင်းခြင်း၊ ကိုချိုကြီး၏ လက် ကို လက်ကောက်ဝတ်မှ ခုတ်ပြတ်သော်လည်း၊ ခုတ်ချက်မမှန်ကာ၊ လက်ဝါးအရင်းပိုင်းမှ ပြတ်ထွက်ခါ၊ ( လက်မ တချောင်းထဲပင် ကျန်ထားပါသည်)၊ ထိုလက်ပြတ်အား ကိုက်ထားခိုင်းခြင်း၊ ခေါင်းဖြတ်သတ်ခံရချိန်ထိ၊ ဒုတ်ကောက်ဖြင့်သာလမ်းလျှောက်နိုင်ပြီး၊ အသတ်ခံလိုက်ရချိန်တွင်၊ ခေါင်းမပြတ်သဖြင့်၊ ပြန်ထလာသည်ကို၊ ပေါက်ပြားနောက်ဖင်ဖြင့်၊ ရိုက်ချ သတ်ခံရပါသည်။

(၂) ကိုချိုကြီး ( မန္တလေး)
စစ်ဆေးရေးကာလတွင် ဗိုက်ပေါ်တွင် မီးရှို့ခံရခြင်း၊ လက်ဝါးကပ်တိုင်တွင် လက်များကို သံချောင်းဖြင့် ရိုက်နှက်စစ်ဆေးခံရခြင်း၊ ကိုကျော်ဝေအား ခေါင်းဖြတ်သည့်နေ့တွင် လက်ဝါးအရင်းပိုင်းမှ ခုတ်ဖြတ်ခံရခြင်း၊ ခေါင်းဖြတ်သည့်အခါတွင်၊ ထူးခြားစွာဖြင့် တည်ငြိမ်စွာ ခုတ်ဖြတ်ခံသွားပါသည်။

(၃) ရဲဘော် ကျော်ဝေ ( မန္တလေး)
ဦးခေါင်းအား ထင်းတုံးပေါ်တင်ပြီး၊ ကိုမျိုးဝင်းမှ ခေါင်းဖြတ်သတ်ခဲ့ပါသည်။ အသတ်မခံရသေးချိန်တွင်၊ တောင်းပန်သေးသော်လည်း အသတ်ခံရမည်ကို သိသောအခါ၊ ဓမ္မစစ် ကျောင်းသားကွ၊ မင်းတို့ သတ်လို့ ငါသေပေမဲ့၊ ငါ့ဝိညာဉ်မသေဘူးကွ၊ ကျော်ဝေ- ဓမ္မစစ် ကျောင်းသားကွ၊ သတ်လိုက် ရတယ် လို့ အော်ဟစ်သွားခဲ့ပါသည်။ စစ်ကြောရေးကာလတွင်လည်း မိုင်းခွဲပွဲတွင် လက်ကို မိုင်းခွဲခံရခါ လက်ဖြတ်ပစ်ရသူဖြစ်ပါသည်။

(၄) ရဲဘော် အောင်ဖိုး ( ရန်ကုန်)
ကိုသံချောင်း၊ ကိုမျိုးဝင်း၊ ကိုအောင်နိုင်တို့မှ ကော်မတီဝင်များနေထိုင်ရာ တည်းစခန်းရှေ့သို့ခေါ်ယူပြီး ခြေထောက်တွင် မိုင်းအပျော့စားကပ်ပြီး၊ မိုင်းခွဲခါ ခြေဖြတ်ခံရ၊ ( ထိုမိုင်းခွဲပွဲတွင်) မငယ် ( နန်းအောင်ထွေးကြည်) အပါအဝင် နှိပ်စက်ခံခဲ့ရသော်လည်း၊ ကံကောင်းထောက်မစွာ၊ လက်မိုင်းခွဲမခံခဲ့ရ၊ နောက်ပိုင်းတွင် ထိုခြေပြတ်ဘဝနှင့်ပင်၊ ခေါင်းဖြတ်သတ်ခံရပါသည်။

(၅) ရဲဘော် ကျော်ကျော်မင်း (မုံရွာ)
သေဒဏ်ချမှတ်လိုက်သည်ဟု အမိန့်စာပြန်သောအခါတွင်၊ အောက်ပိုင်း ရုတ်တရက်သေ၊ မိမိကိုယ်မှ သေးထွက်မှန်းကို မိမိမသိသည်အထိ၊ ထိတ်လန့်ခါ၊ ခေါင်းဖြတ်မည့်နေရာသို့ တွဲခေါ်ယူခဲ့ရပါသည်။

(၆) ရဲဘော် မောင်မောင်ကြွယ် ( ရန်ကုန်)
ဒေါ်ချိုချိုကျော်ငြိမ်း၏ မွေးစားသားဟုဆိုသည်။ အပတ်စဉ် (၅) ကာလတွင်၊ ကိုမျိုးဝင်းအား အများဆုံးဝေဖန်ခဲ့သူဖြစ်သည်။ မိမိ၏ပါးစပ်အား တိတ်ဖြင့်ကပ်ခါ၊ ကိုမျိုးဝင်း ကို အသံတိတ်ဆန္ဒပြခဲ့သည်။ ကျောင်းသားတပ်ထောက်လှမ်းရေးများ၏ ( အထူးသဖြင့် ကိုမျိုးဝင်းမှ ညှင်းပမ်းနှိပ်စက်ခဲ့) ခေါင်းဖြတ်သတ်ခံခဲ့ရပါသည်။

(၇) တပ်ကြပ်ကြီး တူးတူး ( မြစ်ကြီးနား)
ခေါင်းဖြတ်ခံနီးတွင် ဆုတောင်းခိုင်းသောအခါ၊ မည်သည့်စကားတလုံးမှ မဆိုပဲ၊ ခေါင်းဖြတ်သတ်ခံရ၊

(၈) ကိုလှမြင့် ( တပ်ကုန်း)
ခေါင်းဖြတ်သတ်ခံရချိန်ထိ၊ မိမိမှာ ထောက်လှမ်းရေး မဟုတ်ကြောင်း၊ ပြင်းထန်စွာငြင်းဆန်သွားပါသည်။

(၉) ရဲဘော် ရန်အောင် ( ရန်ကုန်)
ခေါင်းဖြတ်သောအခါ ပြန်ထလာသဖြင့်၊ ရင်ဘတ်အား သေနတ်ဘက်နက် ဖြင့် ထိုးသတ်ခံရ၊

(၁၀) တပ်ကြပ်ဋ္ဌေးမြင့်ဝင်း ( ရန်ကုန်)
အပတ်စဉ် (၅) သင်တန်းကာလ၊ တပ်တွင်းဆွေးနွေးပွဲတွင်၊ ကိုမျိုးဝင်းအား ပြင်းထန်စွာ ဝေဖန်ခဲ့သဖြင့်၊ ခေါင်းဖြတ်သတ်ခါနီးတွင်၊ ကိုမျိုးဝင်းမှ၊ “ ဟေ့ကောင် မင်း ငါ့ကို အပတ်စဉ် (၅) တုံးက ပြောသလို ပြောနိုင်သေးလားဟု အငြိုးကြီးစွာ မေးခဲ့သည်ကို ကျနော်ကိုယ်တိုင်နားဖြင့်ကြားရပြီး၊ ဋ္ဌေးမြင့်ဝင်းမှ သေနတ်နှင့် ပစ်သတ်ပေးရန်တောင်းဆိုသဖြင့်၊ သေနတ်ဖြင့် ပစ်သတ်ခံရပါသည်။

(၁၁) ရဲမေ မခင်ချိုဦး ( ရန်ကုန်)
အသတ်ခံရခါနီးတွင်၊ ငိုယိုရှစ်ခိုးတောင်းပန်သော်လည်း၊ ရဲဘော်များအားလုံးရှေ့တွင် ကိုယ်တုံးလုံးချွတ်ပြီး၊ သေနတ်ဖြင့် ပစ်သတ်ခံရပါသည်။

(၁၂) ဗိုလ်သာဓု ( ရန်ကုန်)
ခေါင်းဖြတ်သတ်ခံခဲ့ရ

( ၁၃) ရဲဘော်အောင်အောင် ( ကသာ)
ခေါင်းဖြတ်သတ်ခံရသည်

(၁၄) ရဲဘော်အေးမြင့် ( ကသာ)
ခေါင်းဖြတ်သတ်ခံရသည်

(၁၅) တပ်ကြပ်ကြီး သောင်းမြင့် ( စစ်ကိုင်းတိုင်း)
ခေါင်းဖြတ်သတ်ခံခဲ့ရသည်

(၁၆) ရဲဘော် သက်နိုင် ( ရန်ကုန်)
ခေါင်းဖြတ်သတ်ခံရ

(၁၇) ပြည်စိုးနိုင် ( ရန်ကုန်)

ညတွင်းချင်းပင် ဖမ်းဆီးခံရခါ၊ လိုင်စင် ကဲ့သို့ ရေခဲသောအရပ်တွင် မြေကြီးထဲတွင် ကိုယ်ကို မြှုပ်ခါ၊ ခေါင်းလေးသာ ဖေါ်ထားပြီး နှိပ်စက်ခဲ့ပါသည်။ ဘုန်းနှိမ့်စေရန် မခင်ချိုဦးအား ခေါင်းပေါ်သို့ ကျော်ခွ ခိုင်းခဲ့ကြသည်။ ထို့နောက် ဥနှောက်အမြေးပါးယောင် ရောဂါအခံရှိသော ပြည်စိုးနိုင် သည် ဦးခေါင်းကို ရိုက်နှက်ပါ များသည့်အတွက်၊ မနက်ရောက်သောအခါ၊ စစ်ဆေးရင်းသေဆုံးသွားခဲ့ရပါသည်။ မခင်ချိုဦးနှင့်လည်းဖောက်ပြန်နေသည် ဟု စွပ်စွဲခံခဲ့ရပါသည်။

အထက်ပါစာရင်းထဲမှာ ကိုကျော်ဝေ ( မန္တလေး) နဲ့ ပြည်စိုးနိုင် တို့က ဖေဖေါ်ဝါရီ (၁၅) ရက်သတ်ဖြတ်ခံရမှုထဲမှာ စာရင်းမကြေငြာခဲ့ပါဘူး။ စာရင်းမကြေငြာပဲ အသတ်ခံရသူတွေက
(၁) ကိုကျော်ဝေ ( မန္တလေး)
(၂) ကိုစိုးဝင်းသန်း ( မန္တလေး)- KIA ဆေးရုံမှာတက်နေစဉ်၊ သန်းဇော် နှင့် လူတစုမှလာရောက်ခေါ်ဆောင်သွားခါ အာသံကုန်းတွင် သတ်ဖြတ်ခဲ့သည်။
(၃) ကိုဝင်းနောင် (ရန်ကုန်) ဧပြီလဆန်းပိုင်းအတွင်း ဗန်းမော်ခရိုင်မှာ အသတ်ခံရ၊
(၄)ကိုရန်ရှင်း (ရန်ကုန်)- ရက်စက်စွာနှိပ်စက်ခံခဲ့ရပြီး ခုတ်ထစ် သတ်ဖြတ်ခံခဲ့ရသည်
(၅) ဦးကျော်ကျော်ဘုန်း ( ခရိုင်မှူး) - ရှေ့တန်းမှာ လူမဆန်စွာ ညှင်းပမ်းနှိပ်စက် သတ်ဖြတ်ခံခဲ့ရသည်

ဒုတိယပိုင်းမှာ စစ်ကြောရေးစခန်းတွင် သေဆုံးခဲ့သူ (၁၄) ယောက်နှင့် ကျောင်းသားတပ်မတော် ( မြောက်ပိုင်း) စစ်ကြောရေးစခန်းနှင့်အကျဉ်းထောင်မှာ တာဝန်ယူခဲ့သူများရဲ့နာမည်စာရင်းတွေ၊ အဖြစ်အပျက်တွေကို တင်ပြသွားပါမယ်။

0 ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်က သူ့ညီမထိုင်းဝန်ကြီးချုပ်Yingluck ရဲ့ ခရီးစဉ်ချောမွေ့အောင် မြန်မာပြည်ကိုအရင်လာရတယ်လို့The Bangkok Postမှာဝန်ခံ



ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်က သူ့ညီမ (ယခု ထိုင်းဝန်ကြီးချုပ်) Yingluck ရဲ့ မြန်မာပြည်ခရီးစဉ်အတွက် ချော့မွေ့အောင် သူကိုယ်တိုင် မြန်မာပြည်ကို အရင်ဝင်ရတာပါလို့ The Bangkok Post မှာ ဝန်ခံထားသဗျ။ သတင်းတွေထဲ မပါပေမယ့် ဦးသန်းရွှေနဲ့တောင် သွားတွေ့ခဲ့သေးသတဲ့။ သမ္မတဦးသိန်းစိန်နဲ့လည်း တွေ့ခဲ့ကြောင်း၊ သူ့ညီမနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဖို့ အဆင်ပြေအောင် လုပ်ခဲ့ကြောင်း ဆိုထားပါတယ်။ နောက်ကွယ်က ဘာတွေ ဘယ်လိုလုပ်ခဲ့သလဲတော့ မပြောတတ်ပါ။

ထိုင်းပြည်သူများကတော့ သက်ဆင်နဲ့အပေါင်းပါများ လက်ဝါးကြီးအုပ်သွားမှာကို စိုးရိမ်နေကြပါတယ်။ သက်ဆင်က သူ့လက်ထက်တုန်းကလည်း မြန်မာပြည်နဲ့ အဆင်ပြေအောင်နေခဲ့ကြောင်း၊ အနောက်နိုင်ငံကြီးများလို ဆုပေးဒဏ်ပေး စံနစ်ကို မကျင့်သုံးပဲ မြန်မာပြည်အတွက် ဆုတွေပဲပေးခဲ့ကြောင်း ဆိုလိုက်သေးတယ် - ဘာဆုတွေပေးပြီး ဘယ်သူတွေယူသွားကြသလဲ မပြောတတ်ပါ။

လောလောဆယ်တော့ ထိုင်းက မြန်မာပြည်ရဲ့ သဘာဝဓါတ်ငွေ့ဝယ်ဖို့နဲ့ လမ်းဖေါက်ဖို့ တာစူနေပါတယ်။ ဘာပဲပြောပြော ကိုယ့်အိမ်နီးချင်းနဲ့ ချစ်ကြည်ရေးတိုးတက်တာကို ကြိုဆိုပါတယ်။ အရေးကြီးတာက ဖြစ်ပေါ်လာမယ့် အကျိုးအမြတ်တွေကို နှစ်နိုင်ငံ ထိပ်ပိုင်းလူများကသာ ခွဲဝေယူနေကြတာမျိုးမဟုတ်ပဲ နှစ်နိုင်ငံလုံးရဲ့ ပြည်သူပြည်သားများအားလုံး ခွဲဝေခံစားနိုင်ကြမယ်ဆိုရင် ပိုပြီးမင်္ဂလာရှိပါလိမ့်မယ်။

မောင်သစ်စိမ်း(MMCP)

0 အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် ယင်လတ်ရှင်နာဝါထရာတို့ ထိုင်းနိုင်ငံဆိုင်ရာ သံအမတ်ကြီးရဲ့နေအိမ်မှာတွေ့ဆုံ



အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် ယင်လတ်ရှင်နာဝါထရာတို့ ဒီကနေ့ ဒီဇင်ဘာလ ၂၀ ရက်နေ့က ရန်ကုန်မြို့ ပြည်လမ်းမှာရှိတဲ့ ထိုင်းနိုင်ငံဆိုင်ရာ သံအမတ်ကြီးရဲ့နေအိမ်မှာ ညနေ ၅း၄၅ ကနေ ၆း၁၅ နာရီ အထိ နာရီဝက်ကြာ တွေ့ဆုံ စကားပြောခဲ့ကြပါတယ်။



Photo..AP/Video-Burma vj medianetwork

Tuesday, December 20, 2011

1 ရွှေည၀ါဆရာတော်ကိစ္စ နောက်ကွယ်မှာ လျှို့ဝှက်သောရည်ရွယ်ချက်များရှိနေ


Photo..aoungthaung.blogspot.com/
ရွှေည၀ါဆရာတော်နှင့် ဒယကာ ဒါယိကာမများ၏ အသနားခံ တောင်းပန်မှု အပေါ် မဟန ၄၇ ပါးထံမှ အကြောင်းမပြန်ပဲ နှုတ်ဆိတ်လျက်ရှိနေသည်။ ဒီအတောအတွင်း ၄၇ပါးနောက်ကွယ်မှ ချုပ်ကိုင်သူရှိနေသည်ဟူသော သိုးသိုးသန့်သန့်သတင်းများကိုလည်း ကြားနေရသည်။ နောက်ကွယ်မှာ ကြိုးကိုင်သူမှာ ဦးအောင်သောင်းနှင့် အပေါင်းအပါတစ်စုဟု သိရသည်။ ရွှေည၀ါဆရာတော်ကို ခေါ်ယူသတိပေးခြင်းမျိုးမရှိပဲ ပြင်းထန်သည့်ဆုံးဖြတ်ချက် ကြေငြာခဲ့သည်။ ထိုကြေငြာချက်မတိုင်မီ ရက်ပိုင်းအလိုက ဗန်းမော်ဆရာတော်ကြီးကိုယ်တိုင် ရွှေည၀ါကျောင်းတိုက်သို့ လာရောက်ကာ ရွှေည၀ါဆရာတော်၏ ဆောင်ရွက်ချက်များအတွက် ချီးကျူးစကားဆိုခဲ့သည်။

ရွှေည၀ါဆရာတော်အားခေါ်ယူမေးမြန်းစုံစမ်းမှုမပြုပဲတဖက်သတ်အမိန့်ချမှတ်ခြင်း၊အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် လာရောက်တွေ့ဆုံပြီးမှာ သတင်းများထွက်ပေါ်လာခြင်း၊အကြောင်းပြချက်မှာ မခိုင်လုံပဲ NLD၏ အမည်ပါ ပါလာခြင်း၊

စည့်အချက်များသည် ရွှေည၀ါနှင့် ရွှေည၀ါကို လေးစားထောက်ခံသော ရဟန်းပျိုသံဃာများနှင့် ဒယကာ ဒါယိကာမများ ကို တမင် ဒေါသဖြစ် ပေါက်ကွဲ ဆူပူမှုဖြစ်အောင် အကွက်ဆင်ခြင်းဖြစ်သည်။ မဟန အဖွဲ့ကိုလည်း ဂုဏ်သိက္ခာညှိုးနွမ်းစေပြီး၊ ရွှေည၀ါနှင့် မဟနကို တမင် ထိပ်တိုက်တွေ့ စေရန် ဖန်တီးခြင်းဖြစ်သည်။ ကြောက်စရာကောင်းလှပေစွ၊ အကြံပက်စက်လှသည်။

နောက်ကွယ်မှာ ထို့ထက်နက်ရှိုင်းသော ရည်ရွယ်ချက်များကိုတွေ့ရသည်။ ဒေါ်အောင်ဆန်းစုကြည်နဲ့NLD ကြာင့် ရွှေည၀ါဆရာတော် ဒုက္ခရောက်သွားသည် ဟုသောအမြင်ကို ဖြစ်စေချင်သည်။ သံဃာထု၏ ဒေါ်အောင်ဆန်းစုကြည်အပေါ် ထောက်ခံမှုကို ဖြိုခွဲချင်သည်။ အစိုးရကို အကျပ်တွေ့စေချင်သည်။ အစိုးရကနောက်ကွယ်ကကြိုးကိုင်နေသည်ဟု အများကိုမြင်စေပြီး အစိုးရနှင့် နိုင်ငံရေးအင်အားစုများအကြား သံသယများဖြစ်စေလိုသည်။ အောင်သောင်းနှင့် အပေါင်းအပါများ၏ လုပ်ရပ်ပင်ဖြစ်တော့သည်။



မဟန ဆရာတော် ၄၇ ပါးစလုံးဖုန်းများပိတ်ထားကြသည်။ မီဒီယာသမားများ၏ ဆက်သွယ်မေးမြန်းမှု မလုပ်နိုင်ကြပါ။ တွေ့ဆုံမေးမြန်းမှု မပြုနိုင်အောင်လည်း လမ်းကြောင်းများပိတ်ဆို့ထားကြသည်။ စောင့်ကြည့်နေသောလူထုကြီး စိတ်မရှည်ဖြစ်လာသည်။ အကွက်စေ့လှပါပေ့ အောင်သောင်းရယ်။

ဦးအောင်သောင်း နာမည်မကောင်းခဲ့ပါ။ တိုင်းပြည်ကို လက်ညှိုးထိုးရောင်စား၊ ဆွေမျိုးသားချင်းကောင်းစားရေးလုပ်သူဟုနာမည်ထွက်နေသည်။ နုရင်ဘတ်ခုံရုံးကို ကြောက်သူဟုလည်း ကြားဖူးသည်။ ဒီပဲရင်းကိစ္စတွင်နောက်ကွယ်မှ အဓိက ကြိုးကိုင်သူဖြစ်သည်။ သူ့တွင်ထူးခြားသော အရည်အချင်းရှိသည်။ ဂျပိုးကို လိပ်ဖြစ်အောင် ကလိမ်စေ့ငြမ်းဆင် ပြောနိုင်သည်။ ဒီတွင် မဟန ကိုယ်တော်ကြီးများ မျက်စိလည်ကုန်တာဖြစ်နိုင်သည်။ အောင်သောင်းတစ်ယောက် ဘုန်းကြီးတွေနားကပ်ပြီး ဘာလုပ်တာလဲ လူတိုင်းသိသည်။ အောင်သောင်းတစ်ယောက် နိဗ္ဗာန်ရောက်ကြောင်း တရားနာလိုသဖြင့် ဘုန်းကြီးနားကပ်ခြင်းမဟုတ်ပေ။ အောင်သောင်းလိုလူမျိုးကို နိဗ္ဗာန်ရောက်ကြောင်းတရားဟောလို့ ရ မရ ရင်းနှီးသောဆရာတော်များ အသိဆုံးပင်။

ယခုကြားဖြတ်ရွေးကောက်ပွဲအတွက် အောင်သောင်းပူပန်နေသည်။ ကြားဖြတ်ရွေးကောက်ပွဲကြောင့် ပြီးခဲ့တဲ့ရွေးကောက်ပွဲ၏ အပုပ်နံ့များလည်းထွက်လာနိုင်သည်။ အစိုးရနှင့်လွှတ်တော်ကို အောင်သောင်း ချည်းကပ် သွေးထိုးနေသည်။ ရလာဒ်က ယခုအချိန်အထိ ကြားဖြတ်ရွေးကောက်ပွဲအတွက် အချိန်စာရင်းမထုတ်ပြန်နိုင်သေး။ အောင်သောင်းတွင် နောက်ခံခိုင်ခိုင်မာမာရှိနေသေးသည်။

အခြေအနေ အချိုးအကွေ့တစ်ခုမရောက်ခင်၊ တိုးတက်မှုများနောက်ပြန်မဆုတ်ခင်၊ တစ်ဦးနှင်တစ်ဦး သံသယများ မဖြစ်ပေါ်ခင် အားလုံးဝိုင်းဝန်းဖို့လိုသည်။ အတွေ့အကြုံရှိသော၊ အမျှော်အမြင်ရှိသော ပညာရှင်များ လိုအပ်နေသည်။ ၀ိုင်ဝန်းတိုင်ပင် ဆွေးနွေးကြပါ။

သားရွှေအိုးထမ်းလာမည့် လမ်းကြောင်းဖော်ပေးကြပါ။ အမှန်တရားအတွက် ပြည်သူအများက နောက်ကလိုက်ဖို့ အသင့်ရှိနေသည်။

ဒါ ယာယီတွေပါ Facebook

0 မိုးထက်မြင့်သောစိတ်ထားများ







နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လပါတ်အစည်းအဝေး ၁၈.၁၂.၂၀၁၁ (တနင်္ဂနွေ) နေ့၌ ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလတွင် ပခုက္ကူရေဘေးသင့် ဒုက္ခသည်များထံသို့ အများပြည်သူတို့၏ လှူဒါန်းမှုအစုစုတို့ကိုရေဘေးသင့်ဒေသများရှိ ဒုက္ခသည်များထံသို့ ကုန်းတစ်တန်၊ ရေတစ်တန်၊ လှေတစ်တန်၊ ကားတစ် တန်၊ ဆိုင်ကယ်တစ်တန်၊ နွားလှည်းတစ်တန်၊ ခြေလျင်တစ်မျိုး ရုန်းကန်၍ ကိုယ်ကျိုးစွန့်ကာသွားရောက်ပေးဆပ်ကူညီဖေးမပေးခဲ့သည့် အသင်းသား(၈)ဦးတို့အားနာရေးကူညီမှုအသင်း(ရန်ကုန်)မှ “လူမှုရေးသူရဲကောင်း” ၂၀၁၁ ခုနှစ်အဖြစ် ဂုဏ်ပြုမှတ်တမ်းတင်အခမ်းအနားနှင့် ပူးတျွဲကျင်းပပေးခဲ့သည်။

ယင်းအခမ်းအနားအားကိုယ်ကျိုးစွန့်ကာခဲရာခဲဆစ်သွားရောက် ကူညီမှုဓါတ်ပုံကားချပ်များအား Slide Show အဖြစ် ပြသကာဂုဏ်ပြုလွှာ၊ ဂုဏ်ပြုဆုတို့ကိုပေးအပ်ခဲ့သည်။ နာရေးကူညီမှုအသင်း (ရန်ကုန်) အနေဖြင့် အများပြည်သူတို့၏ နာရေး၊ ကျန်းမာရေး၊ ပညာရေးကိစ္စရပ်များအား (အခမဲ့) ကူညီပံ့ပိုးပေးခဲ့သလို သဘာဝဘေးအန္တရာယ်နှင့် အရေးပေါ်ကယ်ဆယ် ထောက်ပံ့ရေးများကိုပါ လုပ်ကိုင်လျှက် ရှိရာထိုကဲ့သို့ လူမှုရေးစိတ်ဓါတ် ပြင်းပြသောလူငယ်မျိုးဆက်သစ် သူရဲကောင်းများ၏ အင်အားကိုပါ လိုအပ်လျှက်ရှိသည်။ ထို့ကြောင့် ယင်းကဲ့သို့ ကိုယ်ကျိုးစွန့်ကာသွားရောက်ကူညီဖေးမခဲ့သောလူမှုရေးသမားများ၊ မျိုးဆက်သစ်ခေါင်းဆောင်များအားအသိအမှတ်ပြု ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားများကိုကျင်းပပြုလုပ်ပေးခြင်းဖြစ်သည်။ယင်းကဲ့သို့ လူမှုရေးသူရဲကောင်းဆုများကို ရရှိခဲ့သောသူများမှာ - ဦးအောင်စိုး၊ ဦးတင်မင်းနိုင်၊ ဦးဇေယျာလင်း၊ ဦးချားလစ်၊ ဦးစိုင်းသူရဟန်၊ ဦးမြတ်သူ၊ ဦးဖြိုးဇင်ကျော်၊ ဦးဇော်မင်းတို့ဖြစ်ကြသည်။ ၄င်းတို့သည် ဒေသခံလူမှုရေးအဖွဲ့များနှင့် အတူတကွ လက်တွဲကူညီဖေးမနိုင် ခြင်းဖြစ်သည့်အတွက် ဒေသခံလူမှုရေးအဖွဲ့များ၊ ဒေသခံရပ်မိ/ဖအားလုံးကိုလည်း “အများပြည်သူအတွက် အများပြည်သူကောင်းမှု” ဟူသောကုသိုလ်ကောင်းမှုကြီးကိုလုပ်ဆောင်နိုင်သည့်အတွက် များစွာကျေးဇူးတင် မှတ်တမ်းတင်လိုက်ပါသည်။

နေ့လည်ပိုင်းတွင် စာပေဟောပြောပွဲအခမ်းအနားအားစာရေးဆရာကြီးလယ်တွင်းသားစောချစ်မှ “မိုးထက်မြင့်သောစိတ်ထားများ” ဟူသောခေါင်းစဉ်ဖြင့် နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသူ/သားများအားဟောပြောပေးခဲ့သည်။ ထို့ကြောင့် “အနိမ့်ကျဆုံးသောကုသိုလ်အလုပ်မျိုးကို မြင့်မြတ်သောနှလုံးသားရှိသူတို့သာလုပ်ဆောင်နိုင်ကြသည်” ဟူသောဆရာတော် ဦးတိက္ခ မိန့်ကြားထားသောလူမှုရေးသမားအတွက် ဆောင်ပုဒ်ကဲ့သို့ ဆရာကြီးလယ်တွင်းသားစောချစ် ဖော်ကျူးဟောပြောသွားခဲ့သောဟောပြောချက်၏ အဓိကအနှစ်သာရမှာလူမှုရေးသမားများ၏ စိတ်ဓါတ်တို့သည် မိုးထက်မြင့်သောစိတ်ထားများထားရှိနိုင်မှသာလူမှုရေးသမားစစ်စစ်၊ ပေးဆပ်သူစစ်စစ် ဖြစ်ပေတော့မည် ဖြစ်သည်။


“လူမှုရေးသမားများ၏ ခြေလှမ်းတိုင်းသည် ကုသိုလ်ရေးခြေလှမ်းများဖြစ်ရမည်။”

ကိုကျော်သူ

0 ဒုတိယအကြိမ်မြောက် အညတရသူရဲကောင်း ဂုဏ်ပြုပွဲအခမ်းအနား-တိုကျို၊ ဂျပန်။(18.12.2011)သို့ပေးပို့ လာတဲ့  video message များ


We just sharing unknown heros honour ceremony( second time) which held in Tokyo at 18.12.2011.

with best regards,
min htet zaw

0 လွှတ်ပေးမှာပါ ဖြေးဖြေးပေါ့..


ကာတွန်း...ဟာကြူလီကသာ

1 အဲ့ဒီအခန်းဖြတ်..BAN THAT SCENE !!!!

Sunday, December 18, 2011

0 ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် သမိုင်းကြောင်းကောင်းသူများကိုသာဦးဆောင်စေသင့်


ငြိမ်းချမ်းမှုဖော်ဆောင်ရေး အဖွဲ့ခေါင်းဆောင်များအဖြစ် တာဝန်ယူထားသည့် ဦးအောင်သောင်းနှင့် ဦးသိန်းဇော်

ပြည်ခိုင်ဖြိုးပါတီ၏ ရန်ပုံငွေများကို ထိန်းချုပ်ခွင့်ရထားသူ ဦးအောင်သောင်းသည် လတ်တလောဖြစ်ပွားနေသည့် ရွှေညဝါဆရာတော်ကို မန္တလေးတိုင်း NLD ရုံးတွင် ငြိမ်းချမ်းရေးတရားဟောမှုကိစ္စနဲ့ပက်သက်ပြီး ကျောင်းတိုက်မှ နှင်ထုတ်ရာတွင် နောက်ကွယ်မှ အဓိကပါဝင် ပတ်သက်နေသူ တစ်ဦးဖြစ်ကြောင်းသိရ

မြန်မာနိုင်ငံတွင် အမြန်လိုအပ်နေသည့် ပြည်တွင်းငြိမ်းချမ်းရေးရရှိရန် ဆောင်ရွက်ရာတွင် ပြည်ထောင်စု အစိုးရဘက်မှ သမိုင်းကြောင်း ကောင်းသူများကို ဦးဆောင်စေသင့်ကြောင်း မြန်မာ့နိုင်ငံရေးအသိုင်းအဝိုင်းက တစ်ညီတစ်ညွတ်တည်း ဆိုကြသည်။

ငြိမ်းချမ်းရေးတည်ဆောက်ရန် နှစ်ဦးနှစ်ဖက် ဆွေးနွေးရာတွင် နားလည်မှုအရင်းခံကာ ဆွေးနွေးရသည့်အတွက် သမိုင်းကြောင်းကောင်းသူ၊ အကျင့်စာရိတ္တ ကောင်းမွန်သူ၊ နာမည်ပျက် မရှိသူများကို ဦးစားပေးရွေးချယ်သင့်ပါကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဗဟိုအလုပ်အမှုဆောင် ဦးဥာဏ်ဝင်းက ပြောကြားသည်။

“ငြိမ်းချမ်းရေးဆွေးနွေးတဲ့သူတွေဟာ ရိုးသားမှု မရှိဘူးဆိုရင် ရလဒ်ကောင်းတွေ မပေါ်လာနိုင်ဘူး”ဟု ယင်းက ဆက်လက် ပြာကြားသည်။

လက်ရှိအချိန်တွင် အစိုးရသစ်အနေဖြင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းမှုဖော်ဆောင်ရေး အဖွဲ့ခေါင်းဆောင်များအဖြစ် တောင်သာမြို့နယ် ပြည်ခိုင်ဖြိုး ပါတီ၏ ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းနှင့် မြစ်ကြီးနားမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်တို့အား တာဝန်ပေးထားသည်။

ငြိမ်းချမ်းမှုဖော်ဆောင်ရေး အဖွဲ့ခေါင်းဆောင်များအဖြစ် တာဝန်ယူထားသည့် ဦးအောင်သောင်းနှင့် ဦးသိန်းဇော်တို့သည် တပ်မတော်အစိုးရ လက်ထက်တွင် အတိုက်အခံပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ယာဉ်တန်းအား တိုက်ခိုက်မှုနှင့် အကျင့်ပျက် လာဘ်စားမှုတို့တွင် အကြီးအကျယ်ပါဝင် ပတ်သက်နေသူများ ဖြစ်သည်ကို တွေ့ရှိရကြောင်း ပြည်တွင်းငြိမ်းချမ်းရေးနှင့်ပတ်သက်၍ လေ့လာသုံးသပ်နေသူ တစ်ဦးက ဆိုသည်။

“အရင်အစိုးရအဖွဲ့ဝင်တွေထဲမှာ လာဘ်စားတဲ့နေရာမှာ နာမည်ကြီးတဲ့သူတွေက လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးနေတော့ အစိုးရဖက်ကကို တစ်ဖက်နိမ့်နေပြီ။ ဆက်ပြောရရင် ဒီလိုလူတွေက နိုင်ငံအဆင့်ကိစ္စရပ်တွေ ကိုင်တွယ်နေတာက သမ္မတကြီးပြောပြောနေတဲ့ သန့်ရှင်းတဲ့အစိုးရ ဆိုတာကို ပြည်သူတွေ တစ်မျိုးထင်စရာ ဖြစ်နေတယ်” ဟု ယင်း၏အမြင်ကို ပွင့်လင်းစွာ ထုတ်ဖော်ပြောကြားသည်။

ပြည်ခိုင်ဖြိုးပါတီ၏ ရန်ပုံငွေများကို ထိန်းချုပ်ခွင့်ရထားသူ ဦးအောင်သောင်းသည် လတ်တလောဖြစ်ပွားနေသည့် ရွှေညဝါဆရာတော်ကို မန္တလေးတိုင်း NLD ရုံးတွင် ငြိမ်းချမ်းရေးတရားဟောမှုကိစ္စနဲ့ပက်သက်ပြီး ကျောင်းတိုက်မှ နှင်ထုတ်ရာတွင် နောက်ကွယ်မှ အဓိကပါဝင် ပတ်သက်နေသူ တစ်ဦးဖြစ်ကြောင်း သိရသည်။

ယခင်အစိုးရလက်ထက်က သာသနာရေးဝန်ကြီးဌာနတွင် ညွှန်ချုပ်အဖြစ်တာဝန်ယူခဲ့သူ ရဟန်းလူထွက် ဦးအံ့မောင်နှင့် မဟနဆရာတော်တစ်ချို့ ပူးပေါင်းဆောင်ရွက်သည့် ယင်းကိစ္စရပ်တွင် ဦးအောင်သောင်းမှ လိုအပ်သည်များကို ပံ့ပိုးကူညီကြောင်း ယင်းတို့နှင့်နီးစပ်သည့် အသိုင်းအ၀ိုင်းက ထုတ်ဖော် ပြောကြားသည်။

“ဆရာတော်ကို NLD မှာ တရားဟောလို့ဆိုပြီး ကျောင်းတိုက်ကနှင်ထုတ်တာဟာ ဦးအောင်သောင်းရဲ့ မရိုးသားမှုနဲ့ နိုင်ငံရေး အကောက်ကြံမှုကို ဖော်ပြ နေတာပါ။ ဒီကိစ္စရပ်ကို ဦးဇင်းတို့တတွေ ပြေလည်စွာဖြေရှင်းဖို့ ကြိုးစားရမှာပါ။ သူဆင်တဲ့ အကွက်ထဲကိုတော့ အရောက်မခံပါဘူး”ဟု ကြည့်မြင်တိုင်မြို့နယ်၊ သာဓု ကျောင်းတိုက်အတွင်းမှ သံဃာတစ်ပါးက မိန့်တော်မူသည်။

အစိုးရအဖွဲ့အတွင်း သမ္မတကြီး၊ စက်မှုဝန်ကြီးနှင့် ရထားပို့ဆောင်ရေးဝန်ကြီးတို့ ဦးဆောင်သည့် ပြုပြင်ပြောင်းလဲရေးသမားများ နေရာရနေသော်လည်း ဦးအောင်သောင်းနှင့် ဦးသိန်းဇော်တို့ကဲ့သို့ ခေတ်နောက်ပြန်ဆွဲလိုသူများ၏ အန္တာရာယ်ကိုလည်း သတိပြုမိရန်လိုကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ပြောကြားသည်။

“သူ ဒီအကွက်ကိုဆင်တာက ရွေးကောက်ပွဲဝင်ဖို့ ပြင်နေတဲ့ NLD ကို အကျပ်ရိုက်စေနိုင်တယ်။ ဘုန်းကြီးကို ကျောင်းတိုက်က ဖယ်ခိုင်းတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဘုန်းကြီးတပည့်တွေ၊ နိုင်ငံရေးသမားတွေ ဆူဆူပူပူလုပ်ရင် ဖမ်းမယ်။ သူတို့တွေ အဖမ်းခံရရင် NLD ရဲ့ရွေးကောက်ပွဲဝင်မယ့် ဆုံးဖြတ်ချက်လည်း ပြောင်းသွားမယ်။ ဒီအထိ ရည်ရွယ်ပြီး လုပ်တာ”ဟု ယင်း နိုင်ငံရေးလေ့လာသူက သုံးသပ်ပြသည်။

ပြည်တွင်းငြိမ်းချမ်းရေးကို အမြဲဂရုပြုတတ်သူ ရွှေညဝါဆရာတော်က ကျောင်းတိုက်မှ နှင်ထုတ်ခံရသည့် ကိစ္စရပ်များနှင့်ပတ်သက်ပြီး ငြိမ်းချမ်းစွာ ဖြေရှင်းမည် ဖြစ်ကြောင်း ဒီဇင်ဘာ ၁၅ ရက်တွင် မီဒီယာများအား သတင်းထုတ်ပြန်ပြီး၊ နိုင်ငံတော်သံဃာ မဟာနာယက အဖွဲ့သို့လည်း ဒီဇင်ဘာ ၁၅ ရက်နေ့စွဲဖြင့် လျှောက်ထားလွှာတစ်စောင် ပေးပို့လိုက်သည်။

ရွှေညဝါဆရာတော်နှင့်ပက်သက်သည့် ဦးအောင်သောင်း၏ လုပ်ဆောင်ချက်သည် သမ္မတကြီး ဖော်ဆောင်နေသည့် အမျိုးသား ပြန်လည်သင့်မြတ်ရေး လမ်းစဉ်ကို ကြီးစွာအနှောင့် အယှက်ဖြစ်နိုင်ကြောင်း နိုင်ငံရေးပါတီတစ်ခု၏ ဗဟိုအလုပ်အမှုဆောင်တစ်ဦး ဆက်လက် ပြောကြားသည်။

“NLD ဝင်လာရင် သူနေရာပျောက်တော့မယ်လေ။ဒါကြောင့် သူကလွှတ်တော်ထဲကို NLD မဝင်လာရအောင်ရယ်၊ သူ့ကိုယ်ကျိုးစီးပွား တိုးတက်အောင် ရယ်ကို လုပ်တာ၊ ဒီလို မရိုးသားမှုတွေလုပ်လေ၊ သူလုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးကိစ္စတွေ ပျက်ပြားလေပဲ”ဟု ယင်းက ဆိုသည်။၏

ဦးအောင်သောင်းသည် ဒီပဲယင်းလုပ်ကြံသတ်ဖြတ်မှုတွင် အဓိကပါဝင်ခဲ့သူတစ်ဦးဖြစ်ပြီး ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင်လည်း သိသာသည့် အကျိုးရလဒ်များ ရရှိခဲ့သည်ကို မတွေ့ရသည့်အတွက် ငြိမ်းချမ်းမှုဖော်ဆောင်ရေး အဖွဲ့ခေါင်းဆောင်အဖြစ်မှ နှုတ်ထွက်ပေးသင့်ကြောင်း ပြည်သူအများစုက ဆိုသည်။

“သူတို့လည်းဗျာ ဆယ်သက်စားမကုန်အောင် ချမ်းသာနေတာ၊ ဘာကြောင့် အေးအေးဆေးဆေးမနေဘဲ ပြည်သူတွေကို ဒုက္ခဆက်ပေးနေတာလဲ မသိဘူး”ဟု ရန်ကုန်မြို့ခံတစ်ဦးက ဆိုသည်။

YC(KS)

0 လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ပုံများနှင့် ၂၀၁၂ ပြက္ခဒိန်
















 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.