Saturday, September 29, 2012

0 ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်း ( အမေရိကန်နိုင်ငံ Yale တက္ကသိုလ်မှ ) -ဘာသာပြန်-Spring Flowers

အဲဒီအချိန်ထိ မရောက်သေးသရွေ့ကတော့ ကျမတို့ဟာ စိတ်ချရတဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်ပြီလို့ ပြောလို့ မရသေးပါဘူး ။ လူတွေက ကျမကို မေးလေ့ရှိကြတယ် ၊ '' နောက်ပြန်မလှည့်မယ့် ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ရောက်နေပြီလား '' တဲ့ ။ ကျမကတော့ မရောက်သေးဘူး လို့ဘဲ ဖြေပါတယ် ။
ဒီနေ့ ကျမပြောချင်တဲ့ အကြောင်းအရာကတော့ တရာဥပဒေစိုးမိုးရေး '' Rule of Law '' ပါဘဲ ။ ဒါပေမယ့် စာသင်ခန်းထဲမှာ ဆရာတွေ သင်လေ့ရှိတဲ့ Rule of Law မျိုး မဟုတ်ပါဘူး ။ ဆရာတွေက ကျမထက်သာအောင် ပိုပြီး ကျွမ်းကျွမ်းကျင်ကျင် ပြောနိုင်ကြမှာပါ ။ အခု ကျမက အဲဒီ Rule of Law ဆိုတာကို ကျမမြင်တဲ့ ၊ မြန်မာပြည်သူပြည်သားတွေမြင်တဲ့ ပုံစံရယ် ၊ ဘာကြောင့် အဲဒါဟာ ကျမတို့အတွက် အရေးကြီးသလဲဆိုတာကို ပြောချင်တာပါ ။

ပြောရရင်တော့ ကျမဘ၀မှာ (၁၉၈၈) ထိ ဥပေဒနဲ့ ပတ်သက်စရာ မလိုခဲ့သလောက်ပါဘဲ ။ ( ၁၉၈၈) ထိ ဥပဒေနဲ့ နီးနီးစပ်စပ်ဖြစ်သွားဖူးတာ ၂ ခါဘဲ ရှိဖူးခဲ့တယ်လို့ ဆိုရမယ် ။ ပထမတစ်ကြိမ်တုန်းက အောက်စဖို့ဒ်ကျောင်းသူဘ၀တုန်းကပါ ။ တလမ်းသွားလမ်းပေါ်မှာ စက်ဘီးစီးလာရင်း ကင်းလှည့်လာတဲ့ ရဲကားကို တန်းကို ၀င်တိုက်မိတာဘဲ ( ရယ်သံများ ) ။ ရဲက သည်းငြီးခံပြီး ကျမကို မေးပါတယ် '' ဒါတလမ်းသွားလမ်းဆိုတာ သိလား '' တဲ့ ။ ကျမလည်း သိပါတယ်ပေါ့ ။ အဲဒီနောက် သူလည်း ကိုယ့်လမ်းကိုယ်သွား ၊ ကျမလည်း စက်ဘီးပေါ်ခုန်တက်ပြီး ကျမလမ်းကို ကျမ ပြန်ထွက်လာခဲ့တာဘဲ ။

နောက်တကြိမ်ကလည်း အောက်စ်ဖို့ဒ်မှာပါဘဲ ။ အချိန်က လမ်းမှာ လူရှင်းပြီး မှောင်ရီပျိုးစအချိန်မှာ စက်ဘီးစီလာရင်း မီးနီကို အမှတ်တမဲ့ ဖြတ်ကူးမိတယ် ။ လမ်းတွေက ရှင်းနေပေမယ့် ကျမနောက်တည့်တည့်မှာ ကင်းလှည့်ရဲကားတစ်စီးတော့ ရှိနေပြန်ရော ( ရယ်သံများ ) ။ ဒီတော့ ကျမအဲဒီအချိန်ကတည်းက သိခဲ့ သင့်ပါတယ်......ကျမရဲ့ ရှေ့လာမယ့်အနာဂတ်မှာ ဥပဒေနဲ့ ပတ်သက်ရမှုဟာ ထူးတော့ထူးခြားရမယ်ဆိုတာကိုလေ ။ ( ရယ်သံများ ) တကယ်တမ်းထဲထဲဝင်ဝင် ဥပဒေနဲ့ ပတ်သက်ရမှုကတော့ ပထမဆုံးအကြိမ် အကျယ်ချုပ် ကျတုန်းကပါ ။ ( ၁၉၈၉ ) ဂျူလိုင်လ ( ၂၀ ) ရက်နေ့မှာ ရုတ်တရက် ယူနီဖောင်းဝတ်ရဲတွေ ၊ စစ်သားတွေတပြုံကြီး ကျမခြံထဲ ရောက်ချလာပြီး ရှိသမျလူတွေကို ၀ိုင်းထားတော့တာဘဲ ။ အစတုန်းက ကျမတွေးမိတာက ကျမကို ထောင်ကိုခေါ်သွားမယ်ဘဲ ထင်တာပါ ။ ဒါပေမယ့် ကျမကို အိမ်အကျယ်ချုပ်ချလိုက်ပြီး ကျန်တဲ့လူတွေကိုတော့ ထောင်ကို ခေါ်သွားပါတယ် ။

သူတို့လာဖမ်းတုန်းက ဖမ်းမိန့်ပါ တခါတည်း ယူလာပြီး ကျမကို ဖတ်ပြပါတယ် ။ အဲဒီဖမ်းမိန့်မှာပါတာက ကျမကို သူတို့ အိမ်အကျယ်ချုပ်ထားမယ် တဲ့ ၊ ''နိုင်ငံတော်ကို နှောင့်ယှက်ဖျက်ဆီးသူများမှ ကာကွယ်ဖို့ '' ဥပေဒအရ ကျမကို ဖမ်းရတာလို့ ဆိုပါတယ် ။ ကျမဟာ သူတို့အလိုအရ အဖျက်သမား ပါတဲ့ ။ အဲဒီဥပဒေပုဒ်မ Section 10 အရ လူတစ်ယောက်ကို ရုံးတင်စစ်ဆေးခြင်းမရှိဘဲ အိမ်ထဲမှာ ဖမ်းချုပ်ထားလို့ ရပါတယ် ။

အဲဒီ Section 10 ဆိုတဲ့ ဥပဒေမှာ အပိုင်း နှစ်ပိုင်းပါပါတယ် ၊ 10 A နဲ့ 10 B ပါ ။ 10 A အရ လူတစ်ယောက်ကို ရုံးတင်စစ်ဆေးခြင်းမရှိဘဲ ထောင်ချလို့ ရပါတယ်။ 10 B အရကတော့ ရုံးတင်စစ်ဆေးခြင်းမရှိဘဲ အိမ်အကျယ်ချုပ်ချလို့ ရပါတယ် ။ ဒီတော့ ကျမက 10 B အရ အိမ်မှာ အကျယ်ချုပ်ကျခဲ့တာပါ ။ အဲဒီ 10 B ဥပဒေအရ ဖမ်းမိန့်ကို ခြောက်လတစ်ကြိမ် ထပ်တိုးရတယ် ......အဲဒီလိုဆက်ပြီး သုံးနှစ်တိတိ ထပ်ထပ်တိုးသွားလို့ ရပါတယ် ။

ထပ်တိုး မတိုး ဆိုတဲ့ ဆုံးဖြတ်ချက်ကတော့ သူတို့ အခေါ် '' ဗဟိုဝန်ကြီးများကော်မတီ '' က ချမှတ်တာပါ ။ အဲဒီအဖွဲ့မှာ ပြည်ထဲရေး ၀န်ကြီးအပါအ၀င် ၀န်ကြီး သုံးလေးဦးပါပါတယ် ။

အဲဒီအချိန်တုန်းက ကျမမှာ ဥပဒေနဲ့ ပတ်သက်ဖူးတာ မရှိခဲ့သလောက်ဆိုတော့ ကျမထင်မိတာက ကျမကို အကျယ်ချုပ်ချတာဟာ ဥပဒေနဲ့ အညီလုပ်တာဘဲလို့ ထင်မိခဲ့တယ် ။ အဲဒီတုန်းက အိမ်ထဲမှာ ကျမ တစ်ယောက်တည်းပါ ၊ အစကတော့ ကျမသားနှစ်ယောက် ခဏတဖြုတ် ရှိပါတယ် ။ ဒါပေမယ့် နောက်တော့ သူတို့လည်း အင်္ဂလန်ကို ပြန်သွားကြတယ် ။

ဒီလိုနဲ့ ကျမအကျယ်ချုပ်ကျပြီးနောက် ခြံထဲမှာ အစောင့်စစ်သားတွေ လာနေပါလေရော.........အဲဒီအထိလည်း ဒါသူတို့ လုပ်ပိုင်ခွင့်ရှိလို့ လုပ်တာဘဲလို့ ထင်ခဲ့မိတယ် ။ နှစ်အတော်ကြာမှ ကျမနားလည်သွားတာက ကျမခြံထဲမှာ ဒီလို လာပြီး အခြေချနေထိုင်ခွင့် သူတို့မှာ လုံးဝမရှိဘူး ဆိုတာပါဘဲ ။ အဲဒီတော့မှဘဲ ငါ့ တိုင်းပြည်က ဥပဒေအကြောင်း ငါ အတော်မသိပါလား ဆိုတာကို စပြီး သဘောပေါက်သွားခဲ့ရတယ် ။ ဒီဥပဒေတွေကို တကယ်လေးစားလိုက်နာမှု ရှိမရှိ ဆိုတာလည်း အတော်လေး မသိခဲ့တာဘဲ ဆိုတာကိုပါ နားလည်သွားခဲ့တယ် ။

အကျယ်ချုပ်အတွင်းမှာ လှိုင်းတိုရေဒီယို နားထောင်ခွင့်ရခဲ့ပါတယ်။ ဒီရေဒီယိုကဘဲ ကျမကို ပြင်ပကမ္ဘာမှာ ဘာတွေဖြစ်နေလဲဆိုတာ သိအောင် လုပ်ပေးခဲ့တာပါ ။ရေဒီယိုကတဆင့် ကျမပါတီဝင်ပေါင်းများစွာ အဖမ်းခံရနေတယ်ဆိုတာကို သိခဲ့ပါတယ် ။ များသောအားဖြင့် သူတို့ကို Section 5 နဲ့ ဖမ်းတာများတယ် ။ Section 5 ဆိုတာက ( ၁၉၅၀ ) မှာ သူတို့အခေါ် '' အရေးပေါ်အခြေအနေ '' တွေဖြစ်ရင် သုံးဖို့ ထုတ်ခဲ့တဲ့ ဥပဒေပါ.......... အဲဒီကာလမှာတုန်းက ပုန်ကန်မှုအရှုပ်အထွေးတွေအများကြီး ရှိခဲ့တာကိုး ။

အဲဒီဥပဒေကို နောက်ပိုင်းမှာ ကျမတို့နိုင်ငံရေးသမားတွေက '' အမြင်ကတ်ပုဒ်မ '' လို့ ခေါ်ကြတယ် ။ သူတို့ သည်းမခံနိုင်ရင် အမြင်ကတ်ရင် လူတစ်ယောက်ကို အဲဒီပုဒ်မနဲ့ ငါးနှစ်လောက် ထောင်ချလိုက်လို့ ရတယ် ၊ ပြီးရင် ပုဒ်မအမျိုးမျိုးတပ်ပြီး အနှစ် ( ၂၀ ) လောက်ထိ ချလိုက်လို့ ရပါတယ် ။ ဒီပုဒ်မနဲ့ ထောင်ထဲမှာ ကာလ အရှည်ဆုံး (၁၈) နှစ်နဲ့ ( ၃ ) လလောက် တောက်လျှောက်နေလိုက်ရတဲ့ ကျမတို့ ပါတီဝင်တစ်ယောက် ရှိဖူးပါတယ် ။ အစတုန်းက သူ့ကို ( ၅ ) နှစ်ဘဲ ချထားတာပါ ။

ဒီတော့ ကျမကိုယ်တိုင်ကြုံရတဲ့ အတွေ့အကြုံက မြန်မာပြည်မှာ တရားဥပဒေစိုးမိုးမှုမရှိဘူးဆိုတာကို နားလည်သွားစေခဲ့ပါတယ် ။ ဥပဒေဆိုတာ ပြည်သူကို ကာကွယ်ပေးဖို့ ထားတာမဟုတ်ဘဲ အာဏာရှိသူတွေက သူ့တို့အကျိုးအတွက် အသုံးချနေခဲ့ကြတာပါ ။ ။ Section 5 တို့ ၊ Section 10 တို့၊ နောက်ပြီး တခြား Section တွေ ရှိပါသေးတယ် ။ အဲဒီထဲမှာ တရားမ၀င် အဖွဲ့အစည်းတွေနဲ့ ပတ်သက်တဲ့ ဥပဒေ Section 17 နဲ့လည်း ကျမအတော့်ကို ရင်းနှီးလာရသေးတယ် ။ ဒါတွေဟာ NLD ပါတီဝင်တွေကို သူတို့ ကြိုက်တဲ့ အချိန်မှာ ကြိုက်သလောက် ထောင်ချလို့ ရအောင် စစ်အစိုးရက သုံးခဲ့တဲ့ Section တွေပါဘဲ ။

အကျယ်ချုပ်မှာ သုံးနှစ်ကြာလို့ ကျမလွတ်ခါနီးလည်းကျရော ကျမကို နောက်ထပ် အကျယ်ချုပ်မှာ ဆက်ထားလို့ရအောင် Section 10 ကို ပြင်ဆင်လိုက်ကြပါတယ် ။ ဒီလိုနဲ့ တကယ်လည်း ကျမအထဲမှာ ( ၆ ) နှစ်ကြာသွားပါတယ် ။ လူတစ်ယောက်တည်းကို ထောင်ထဲမှာ ပိုကြာကြာထည့်ထားဖို့ အတွက် ပြင်လိုက်တယ်ဆိုတဲ့ ဥပဒေမျိုး လူကြီးမင်းတို့ ကြားဖူးကြပါသလား ။ ဒါကဘဲ ဥပဒေစိုးမိုးမှုအောက်မှာ မရှိဘူးဆိုတာဘာကို ပြောတာလဲဆိုတာကို နားလည်စေတာပါဘဲ ။

အိမ်အကျယ်ချုပ်မှာတုန်းက NLD ပါတီဝင်တွေ အများကြီး အဖမ်းခံရတာကို ရေဒီယိုကနေ ကြားရတယ် ။ ဒီတော့ ကျမတို့မှာ '' ဥပဒေအကူအဖွဲ့ Legal Aid Committee '' ဆိုတာ လိုမယ်လို့ ကျမဆုံးဖြတ်ခဲ့တယ် ။ ကျမတို့ နိုင်ငံမှာ အဲလို အဖွဲ့အစည်းမျိုး မရှိပါဘူး ၊ ဟိုးအရင်ကလည်း ရှိခဲ့မယ် မထင်ပါဘူး ။ ဒီလိုနဲ့ ( ၁၉၉၅ ) မှာ ကျမလွတ်လွတ်ချင်းဘဲ ငါတို့တော့ ဥပဒေအကူအဖွဲ့ဆိုတာ ရှိမှဖြစ်မယ်လို့ ကျမပါတီကို ရှင်းပြခဲ့တယ် ။

အဲဒီအဖွဲ့ကို ဦးဆောင်ဖို့ ကျမရွေးလိုက်တဲ့လူက အဲဒီတုန်းက ပါတီ ဥက္ကဖြစ်တဲ့ ဦးတင်ဦးပါဘဲ ။ သူက ဟိုးအရင်က စစ်တပ်မှာ ကာကွယ်ရေးဦးစီးချုပ် ဖြစ်ခဲ့ဖူးပြီး ကျွမ်းကျင်တဲ့ ရှေ့နေတစ်ယောက်လည်း ဖြစ်တယ် ။ စစ်တပ်က အထုတ်ခံလိုက်ရပြီးနောက် ဥပဒေဘက်ကို လိုက်စားခဲ့တာပါ ။ အဲဒီလိုနဲ့ ကျမက ဥပဒေအကူအဖွဲ့ကို ဖွဲ့ဖို့ သူ့ကိုပြောတယ် ။ ဒါမှလည့်း ကျမတို့ ပါတီဝင်တွေ Section တစ်ခုခုနဲ့ အစွဲခံရရင် ကာကွယ်ပေးလို့ရအောင်ပါ ။ ဒီ Section တွေအားလုံးဟာ အတိုက်အခံနိုင်ငံရေးသမားတွေကို နိုင်ငံရေးကနေ ဆွဲထုတ်လိုက်ဖို့ရာအတွက် ထောင်ချဖို့ ဆင်ခြေတွေချည်းပါဘဲ ။

ကျမရဲ့ အကြံကို ဦးတင်ဦးက လိုက်လျောပါတယ် ။ သူက အင်မတန် ကျွမ်းကျင်ပြီးအတွေ့အကြုံများတဲ့ စစ်သားတစ်ယောက်ပါ ။ အမိန့်ကိုလည်း တသွေမတိမ်းလိုက်နာတတ်တဲ့သူပါဘဲ ။ သူက ကျမကို commender လို့ ခေါ်လေ့ရှိတယ် ။ အဲဒီလိုနဲ့ ကျမအကြံပေးတော့ သူက အဲဒီအဖွဲ့ကို ဖွဲ့ပါတယ် ။ ဒါပေမယ့် လအတော်ကြာတော့ သူက အဲဒီအဖွဲ့ရဲ့ ထိရောက်မှုကို သူအယုံအကြည်မရှိဘူးလို့ ဆိုလာတယ် ။ ကျမပြောလို့သာ လုပ်ရတာ ၊ ဘာမှ အရာရောက်မယ်မထင်ဘူး တဲ့ ။ Section အမျိုးမျိုးနဲ့ တရားစွဲခံရတဲ့ ကျမတို့လူတွေကို ကာကွယ်ဖို့ကြိုးစားပေမယ့် ဘယ်တစ်မှုမှ နိုင်မှာ မဟုတ်ဘူးလို့ သူက ဆိုတယ် ။

ဒါပေမယ့် ကျမက သူ့ကို ရှင်းပြပါတယ်.......ကျမတို့လူတွေအဖမ်းခံရရင် ဒီအဖွဲ့လေးနဲ့ သူတို့ကို လွတ်အောင် ကူညီချင်နိုင်မှ ကူညီနိုင်မယ် ။ ဒါပေမယ့် ပထမဆုံးအနေနဲ့တော့ ကျမတို့ လူတွေကို '' ပစ်ထားမခံရဘူး '' ဆိုတဲ့ ယုံကြည်ချက် ရစေချင်တယ် ။ တိုင်းပြည်မှာ ရှိတဲ့ ဥပဒေနဲ့ သူတို့ကို ကျမတို့က အတတ်နိုင်ဆုံး ကာကွယ်ပေးဖို့ ကြိုးစားတယ်ဆိုတာ နားလည်စေချင်တယ် ။ ဒုတိယအချက်အနေနဲ့ တရားဥပဒေစိုမိုးမှုမရှိလို့ ဖြစ်ခဲ့တဲ့ ဒီအမှုတွေဟာ မှတ်တမ်းအဖြစ်နဲ့ အနာဂတ်မျိုးဆက်သစ်တွေအတွက် ကျန်ခဲ့မယ် ။ ဒါမှလည်း နောင်လာနောက်သားတွေက ဒါမျိုးကို ရှောင်လို့ရမယ်လေ ။

ဦးတင်ဦးက ကျမပြောတာကို လက်ခံပေမယ့် ထိရောက်မယ့် အကြံတစ်ခုဆိုတာယုံကြည်ကြောင်း မပြပါဘူး ။ ဒါပေမယ့် နောက်ပိုင်းတော့ သူမှားကြောင်း ၀န်ခံခဲ့တယ် ။ ကျမတို့ ပါတီဝင်တွေအတွက်ထားတဲ့ ကျမတို့ရဲ့ စေတနာတွေ.............ဆိုလိုတာက သူတို့ မလွတ်နိုင်ဘူးဆိုတာ သူတို့ သိတာပါဘဲ ၊ ဒါပေမယ့် တရားရုံးမှာ သူတို့အတွက် တစ်ယောက်ယောက်ကလာပြီး ကာကွယ်ပြောဆိုပေးတယ်ဆိုတာ သိရတာ သူတို့ ကျေနပ်တယ် ။ ဥပဒေအကူအဖွဲ့ကို မဖွဲ့ခင်တုန်းက အဲဒါမျိုး မရှိခဲ့ပါဘူး ။ ဒီလိုနဲ့ ကျမတို့ဘက်က သတ္တိကောင်းတဲ့ ရှေ့နေတွေ နည်းနည်းလာပြီး နိုင်ငံရေးအကျဉ်းသားတွေကို ကာကွယ်ပေးခဲ့တယ် ။

ကျမတို့ဘက်က တစ်မှုမှတော့ မနိုင်သလောက်ပါဘဲ ။ ဥပဒေအကူအဖွဲ့က ကိုင်ခဲ့တဲ့ ထောင်ပေါင်းများစွာသော အမှုတွေထဲမှာ ကျမတို့နိုင်ဖူးတာဆိုလို့ တကယ့်ကို တစ်ခုတည်း ရှိပါတယ် ။ ။ အဲဒီအမှုမှာ တရားသူကြီးက အမျိုးသမီးပါ.....အမျိုးသမီးဖြစ်နေလို့ဘဲ ထူးသွားတာလား မသိပါဘူး ။ ဒါပေမယ့် ကျမတို့လူကို လွှတ်လိုက်ပြီးတော့ သူလည်း နယ်ကို အရွှေ့ခံရတာပါဘဲ ....ကျမတို့အတွက် တရားမျှတမှုဆောင်ကျဉ်းပေးတဲ့ အတွက် အပြစ်ပေးခံရတဲ့သဘောပေါ့ ။

ဒီလိုနဲ့ ရှေ့ဆက်သွားရင်း ကျမတို့ သိလာရတာက တရားဥပဒေစိုးမိုးမှုမရှိဘဲ ကျမတို့တိုင်းသူပြည်သားတွေဟာ ဘယ်တော့မှာ အကြောက်တရားက လွတ်မှာ မဟုတ်ဘူးဆိုတာပါဘဲ ။ သူတို့ဘာအမှားမှ မလုပ်ရင်တောင် သူတို့ကို '' တိုင်းပြည်ရဲ့ ဥပဒေ '' ဆိုတာတွေနဲ့ ချုပ်နှောင်လို့ ရနေတာကြောင့် အမြဲတမ်းကြောက်နေရမှာပါဘဲ ။ ဒီလိုနဲ့ဘဲ တရားဥပဒေ စိုးမိုးမှုရဲ့ အရေးကြီးပုံကို ကျမတို့ဟာ နေ့စဉ်ဘ၀ကနေ သိခဲ့ရတယ် ။

ကျမတို့လူတွေမြောက်များစွာဟာ အဲဒီအချိန်တုန်းက သေးငယ်လွန်းတဲ့ အမှုတွေအတွက် အဖမ်းခံခဲ့ရတယ် ၊ ဥပမာ စစ်အစိုးရက အန္တရာယ်များတယ်လို့ သတ်မှတ်ထားတဲ့ ကမ္ဘာ့လူ့အခွင့်အရေးကြေငြာစာတမ်းကို ဖြန့်ဝေတာမျိုးနဲ့ပေါ့ ။ တကယ်တော့ ကျမတို့ NLD က လူ့အခွင့်အရေးဆိုတာဘာလဲဆိုတာကို ပြည်သူတွေ သိအောင်လုပ်ပေးခဲ့တာပါ ။ ဘာကြောင့်လည်းဆိုတော့ မြန်မာပြည်ဟာ ကမ္ဘာ့လူ့အခွင့်အရေးကြေငြာစာတမ်းမှာ လက်မှတ်ရေးထိုးခဲ့တဲ့ တိုင်းပြည်တစ်ခုဖြစ်တယ် ။ တကယ်လည်း အဲဒီအချိန်တုန်းက စစ်အစိုးရက ကမ္ဘာ့လူ့အခွင့်အရေးကြေငြာစာတမ်းကို တတ်နိုင်သလောက် ဖြန့်ဝေပေးဖို့ ကုလသမ္မဂနဲ့ သဘောတူညီထားခဲ့တယ် ။

ဒီတော့ ကျမတို့ လုပ်နေတာတွေဟာ စစ်အစိုးရက သဘောတူလုပ်ဆောင်နေတဲ့ အရာတွေပါဘဲ ....ဒါပေမယ့် အဲဒီ ကမ္ဘာ့လူ့အခွင့်အရေးကြေငြာစာတမ်းကို ကော်ပီကူးပြီး ဖြန့်ဝေရုံလေးနဲ့ ကျမတို့လူတချို့အဖမ်းခံခဲ့ရတယ်။ ဒါကြောင့် ကျမတို့အတွက်တော့ လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေးဆိုတာ ဒွန်တွဲနေပါတယ် ။ ကမ္ဘာ့ကုလသမ္မဂကြေငြာစာတမ်းအဖွင့်မှာလည်း ပါပါတယ် ....... လူ့အခွင့်အရေးတွေကို တရားဥပဒေစိုးမိုးမှုနဲ့ ကာကွယ်ပေးရမယ် လို့ပါ ။ ကျမတို့အနေနဲ့လည်း ဒါဟာ တကယ်လိုအပ်တယ်လို့ ယုံကြည်ပါတယ်။ တရားဥပဒေစိုးမိုးမှု မရှိရင် လူ့အခွင့်အရေးဆိုတာ မရှိပါဘူး ။ NLD က ကြားဖြတ်ရွေးကောက်ပွဲကို ၀င်ပြိုင်မယ်လို့ ပြီးခဲ့တဲ့ ဧပြီလက ဆုံးဖြတ်ပြီး ရွေးကောက်ပွဲ ဦးတည်ချက်တစ်ခုအနေနဲ့ တရားဥပဒေစိုးမိုးရေးကို ထည့်သွင်း သတ်မှတ်ခဲ့တယ် ။ တကယ်တော့ရွေးကောက်ပွဲ ဦးတည်ချက်က တရားဥပဒေစိုးမိုးရေးရယ် ၊ တိုင်းရင်းသား ပဋိပက္ခတွေ ငြိမ်းချမ်းသွားဖို့ရယ် ၊ အခြေခံဥပဒေကို ပြင်ဆင်ဖို့ရယ်ဆိုပြီး သုံးချက်ရှိပါတယ် ။

တချို့ကလည်း မေးကြတယ် ......တရားဥပဒေစိုးမိုးရေးကို တိုင်းရင်းသားကိစ္စရှေ့က ထားလို့ ကောင်းပါ့မလားတဲ့ ။ အဲဒါကို လက်တွေ့ကျကျပြောရရင် တရားဥပဒေစိုးမိုးရေးမရှိဘဲနဲ့ တိုင်းရင်းသားပဋိပက္ခကို ငြိမ်းသွားအောင် လုပ်လို့မရပါဘူး။ တရားဥပဒေအတိုင်း ဖြစ်ရရုံမကဘဲ အဲလိုဖြစ်တာကိုပါ သိသာမြင်သာစေပါ့မယ်ဆိုတာကို တိုင်းရင်းသားတွေကို ကတိမပေးနိုင်သရွေ့ကတော့ သူတို့ဘက်ကလည်း ငြိမ်းချမ်းရေးဖြစ်စဉ်ကို စိတ်ချလက်ချ ယုံကြည်မှုရှိရှိ ပါဝင်နိုင်မှာ မဟုတ်ပါဘူး ။ ဒီတော့ တရားဥပဒေစိုးမိုးမှုဟာ မြန်မာပြည်ရဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ လူ့အဖွဲ့အစည်းဆီကို သွားရာမှာ ပထမဆုံးခြေလှမ်းပါဘဲ ။ ကျမတို့ရဲ့ နေ့စဉ်ဘ၀ကို အုပ်ချုပ်နေတာဟာ တရားဥပဒေစိုးမိုးရေးဆိုတာ ကျမတို့ ခံရဖူးတဲ့ အတွေ့အကြုံအရ သိပါတယ် .....။

အဲဒီမှာမှ မရားတဲ့ဥပဒေတွေ ဖြစ်နေပြန်ရင်လည်း ကျမတို့ဟာ နေ့စဉ်နှင့်အမျှ မတရားသဖြင့် အအုပ်ချုပ်ခံဖြစ်ရဦးမှာပါဘဲ ။ အခုပြောခဲ့တဲ့ Section 5 တို့ Section 10 တို့ ဆိုတာ အစကတည်းက ကျင့်သုံးခဲ့ဖို့ မကောင်းတဲ့ ဥပဒေတွေပါ ။ အဲဒီ ဥပဒေတွေကို ဥပဒေကိုယ်ထည်ကြီးတစ်ခုလုံးကကို အပြီးအပိုင် ထုတ်ပစ်တာမျိုးကိုဘဲ ကျမတို့လိုလားပါတယ် ။ ခုထိတော့ ဖြစ်မလာသေးပါဘူး ။ လွှတ်တော်အတွင်းကနေ ကျမတို့ အပြင်းအထန်ကြိုးစားနေပါတယ် ။ ဒါပေမယ့် ကျမတို့ဟာ လွှတ်တော်ထဲမှာ လူနည်းစုဘဲ ရှိသေးတယ် ဆိုတာကိုတော့ မမေ့စေချင်ပါဘူး ။ ပြည်သူတွေရဲ့ အခြေခံ အခွင့်အရေးတွေကို မရစေတဲ့ ၊ အာဏာပိုင်တွေက လိုသလို အလွဲသုံးစားလုပ်တဲ့ ဒီဥပဒေတွေကို ဖယ်ပစ်မှ ရပါမယ် ။ ဒီဥပဒေတွေနဲ့ ဘယ်သူ့ကို မဆို စွဲချက်တင်လို့ ရပါတယ် ။ လူတစ်ယောက်ဟာ အဖျက်သမား ဆိုတာ ဘာကို အတိအကျဆိုလိုတာလဲ ။ ကျမဟာ အဖျက်သမားဟုတ်၊ မဟုတ်ဆိုတာ ဘယ်လို သက်သေပြမှာလဲ ။ ဒါပေမယ့် အာဏာပိုင်တွေကတော့ ကျမဟာ အဖျက်သမား ၊ ကျမဟာ တိုင်းပြည်အေးချမ်းတည်ငြိမ်နေမှုကို နှောင့်ယှက်သူ ဆိုပြီး ပြီး သူတို့ဟာသူတို့ ဆုံးဖြတ်တယ် ၊ ကျမကို နှစ်ပေါင်းများစွာကြာအောင် အကျယ်ချုပ်ထားနိုင်တယ်ဆိုတာကိုလည်း သူတို့ဘဲ ဆုံးဖြတ်တယ် ။ ဒီလိုနဲ့ဘဲ ပထမအကြိမ်က ၆ နှစ် ၊ ဒုတိယအကြိမ်က ၂ နှစ် ၊ နောက်ဆုံးအကြိမ်ကတခါ ၆ နှစ် အကျယ်ချုပ်မှာ နေလိုက်ရပါတယ် ။

ထောင်ထဲက ကျမ လုပ်ဖော်ကိုင်ဖက်ပါတီဝင်တွေထက်စာရင် ကျမရဲ့ အိမ်အကျယ်ချုပ်က အများကြီးသက်သာပါသေးတယ် ။ သူတို့ကို ထောင်ထည့်ပို့လိုက်တဲ့ Section 5 ဆိုတဲ့ ဥပဒေကလည်း လူ့အခွင့်အရေးချိုးဖောက်ရာမှာ အတူတူပါဘဲ ။ အဲဒီ Section 5 မှာ ခပ်ဆန်းဆန်း အပိုင်းလေးတစ်ပိုင်းကလည်း ပါသေးတယ် .....အဲဒါကတော့ နိုင်ငံတော်အစိုးရကို အကြည်ညိုအချစ်ခင်ပျက်စေသူကို Section 5 နဲ့ ချလို့ ရသတဲ့ ။ ( ရယ်သံများ ) ဒီတော့ ကျမမေးချင်တာက တစ်စုံတရာအပေါ် လူတစ်ယောက်ရဲ့ ချစ်ခင်မှု လျော့သွားစေတယ်ဆိုတာကို ဘယ်လို တိုင်းတာဆုံးဖြတ်ပါသလဲ ။ အင်မတန် မသေချာ မရေရာတဲ့ ဥပေဒဆိုတော့ ဘယ်သူ့ကိုမဆို အဲဒီအောက်မှာ ဆွဲထည့်ပစ်လို့်ရနေတယ် ။ ဒါကြောင့်ဘဲ ကျမတို့ ဒီကြားဖြတ်ရွေးကောက်ပွဲမှာ Rule of Law ဆိုတာကို ရှေ့ဆုံးက တင်ပြီး ၀င်ပြိုင်ဖို့ ဆုံးဖြတ်လိုက်တာပါဘဲ ။

ရွေးကောက်ပွဲမှာ ၄၄ နေရာမှာ ကျမတို့က ၄၃ နေရာနဲ့ နိုင်ခဲ့ပြီး လွှတ်တော်ထဲ ရောက်လာပါတယ် ။ အဲဒီထဲရောက်ပြီးကတည်းက ကျမကို လွှတ်တော်ဥက္ကဌက '' တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ '' မှာ ဥက္ကဌလုပ်ခွင့်ပေးပါတယ် ။ ( ရယ်သံများ ) ။ ရှင်တို့ ရယ်ကြမယ်ဆိုတာ ကျမသိပါတယ် ။ ကျမအဲလို Rule of Law and Tranquility Committee လို့ ပြောရင် လူတိုင်း ပြုံးတတ်ကြတယ်။...........ဒါပေမယ့် ရှင်တို့ တွေးမိတာလေးက ကောင်းတဲ့အတွေးပါ ( ရယ်သံများ ) ။


ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေး နှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဌ ( ဓါတ်ပုံ-ကိုမောပြေ)

တိုင်းပြည်ထဲမှာ ဥပဒေစိုးမိုးရေးကို တကယ်ကျင့်သုံးစေဖို့ ခြေလှမ်းတစ်ရပ်အနေနဲ့ ကျမတို့ဟာ အငြိမ်းစားယူထားတဲ့ တရားသူကြီးတွေ ၊ အတွေ့အကြုံရင့်တဲ့ ရှေ့နေတွေနဲ့ ဆွေးနွေးပွဲ လုပ်ခဲ့ကြတယ် ။ တိုင်းပြည်ထဲမှာ ဥပဒေပြန်စိုးမိုးလာစေဖို့ ဘာတွေလိုအပ်မလဲဆိုတာ သိအောင်ပါ ။

'' ပြန်စိုးမိုးလာဖို့ '' ဆိုတဲ့ စကားကို သုံးရတာက အရင်တုန်းက နိုင်ငံတွင်းမှာ ဥပဒေစိုးမိုးမှု ရှိခဲ့ပါတယ် ။ တရားသူကြီးဟောင်းတွေ ရှေ့နေဟောင်းတွေထဲက တစ်ယောက်က လွတ်လပ်ရေးရပြီးတဲ့နောက် မြန်မာပြည်သူတွေ ခံစားခွင့်ရဖူးတဲ့ လွတ်လပ်ညီမျှတဲ့ တရားရေးမဏ္ဍိုင်အကြောင်းကို ပြောပြပါတယ်....။ အဲဒီတုန်းက ကျမတို့နိုင်ငံဟာ ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့ပြီး တရားရေးဘက်မှာ အတော်ကို လွတ်လွတ်လပ်လပ် ရှိပါတယ် ။

မြန်မာ့တရားရေးမဏ္ဍိုင်ရဲ့ သမိုင်းကို ဖတ်ချင်ရင် Yale တက္ကသိုလ် Law School မှာ တက်သွားတဲ့ ဒေါက်တာမောင်မောင်ရဲ့ စာအုပ်ကို ဖတ်လို့ပါတယ် ။ သူက မြန်မာပြည်မှာ ပထမဆုံးအာဏာသိမ်းမှုမတိုင်ခင်ကာလက Yale Foundation က စကောလာရပြီး နှစ်နှစ်လောက် ပညာသင်ခွင့်ရခဲ့သူပါ ။ သူက ၁၉၈၈ အရေးအခင်းနောက်ပိုင်းမှာ မြန်မာပြည်သမ္မတ ခဏလေး ဖြစ်လိုက်ပါသေးတယ် ။ ဒါပေမယ့် ရာထူးမှာတော့ မကြာခဲ့ပါဘူး ။ သူ့စာအုပ်မှာ တချိန်တခါက ရှိခဲ့ဖူးတဲ့ မြန်မာပြည်ရဲ့ လွတ်လပ်တဲ့ တရားရေးမဏ္ဍိုင်အကြောင်းကို တွေ့နိုင်ပါတယ် ။
ဒေါက်တာမောင်မောင် ( မြန်မာနိုင်ငံသမ္မတ 19 August 1988 – မှ 18 September 1988 ထိ )

ဒါပေမယ့် စစ်တပ်အာဏာသိမ်းလိုက်တော့ ဒီလွတ်လပ်မျှတမှုလည်း ပျောက်သွားခဲ့ရတယ် ။ ရှေ့နေကြီးတွေ တရားသူကြီးဟောင်းတွေက ဒီလွတ်လပ်မျှတမှုကို ပြန်ရှင်သန်စေချင်ကြတယ် ။ တကယ်လည်း ဒါဟာ အရမ်းအရေးကြီးတဲ့ အချက်တစ်ခုပါဘဲ ။ ဘာကြောင့်လည်းဆိုတော့ စစ်အုပ်ချုပ်ရေးအောက်မှာ တရားရေးဌာနဟာ အစိုးရတွင်းအုပ်ချုပ်သူများလက်အောက်ကို လုံးဝကျရောက်နေခဲ့တယ် ။ နိုင်ငံရေးသမားတွေကို စစ်ဆေးတဲ့အခါမျိုးတွေမှာ တရားသူကြီးမင်းတွေဟာ စာအိတ်ကလေးတစ်ခုသူတို့ ရှေ့ကိုရောက်လာဖို့ ပေါ်တင်ဘဲ စောင့်ကြပါတယ် ......အဲဒီစာအိတ်ကလေးထဲမှာမှ တရားခံကို ဘယ်နှစ်နှစ်ချပါဆိုတဲ့ အမိန့်ပါတာကိုး ။ အဲဒီတော့မှ အဲဒီအမိန့်မှာ ပါတဲ့ နှစ်အတိုင်း တရားသူကြီးက ဘယ်နှစ်နှစ်ဆိုပြီး အမိန့်ချတာ ။

ကျမတို့ပါတီဝင်တွေကို ကျမတို့မှာ သင်တောင် သင်ထားရတယ်......လာဖမ်းတဲ့လူတွေကို ဘာအတွက်နဲ့ ဖမ်းတာလဲ ဆိုတာရယ် ၊ ဖမ်းမိန့်ပါရဲ့လား ဆိုတာရယ် မေးဖို့ ပါ ။ ကျမတို့ ပါတီဝင်တစ်ယောက်ဆိုရင် လာဖမ်းတော့ ဖမ်းတဲ့လူတွေကို မေးတယ် .........ဖမ်းဝရမ်းပါသလား ၊ ဘာအမှုနဲ့ ဖမ်းတာလဲ ပေါ့ ။ အဲဒီတော့ လာဖမ်းတဲ့လူကပြန်ဖြေတယ် '' ခင်ဗျား ဘာတွေ ရယ်စရာလာပြောနေတာလဲ ။ ခင်ဗျား ထောင်ဘယ်နှစ်ကျမယ်ဆိုတာတောင် ကျုပ်တို့ ဆုံးဖြတ်ပြီးပြီ '' တဲ့ ။ ( ရယ်သံများ )

မြန်မာပြည်ရဲ့ တရားဥပဒေစိုးမိုးမှုဆိုတာ ဒါပါဘဲ.... ။ အဲဒီလာဖမ်းတဲ့သူက ဒီလိုကိစ္စမျိုးဟာ သူတို့အတွက် လုပ်ဖို့ အခွင့်အရေးအပြည့်အ၀ရှိတယ်လို့ လုံးဝယူဆထားတယ် ။ သူပြန်ဖြေတာကလည်း တကယ်တော့ တရားဥပဒေအတိုင်းလုပ်ဖို့ဆိုတဲ့ မိုက်မိုက်မဲမဲ အလုပ်တွေကို လျှောက်လုပ်မနေနဲ့ ဆိုပြီး ကျမတို့အဖွဲ့ဝင်သိအောင် ပြောပြရုံလေးဘဲ ....မြန်မာပြည်မှာ ဥပဒေဆိုတာ အာဏာရှိသူအတွက်သာ အလုပ်လုပ်ပေးတာ မဟုတ်လား ။ အဲဒါကဘဲ ကျမတို့မြန်မာပြည်သူပြည်သားတွေအတွက် Rule of Law မရှိမှု ဆိုတာ ဘာလဲလို့ ဖော်ပြနေတာဘဲ ။ ဥပဒေဆိုတာ အာဏာရှိသူအတွက်သာဖြစ်ပြီး ပြည်သူတွေကို ကာကွယ်ဖို့ မဟုတ်ဘူး ။ ပြည်သူတွေရဲ့ ဒီမိုကရေစီအခွင့်အရေးတွေကို ကာကွယ်ပေးဖို့ ရှိမနေဘူး ။ စစ်အစိုးရကလည်း ဒီမိုကရေစီအခွင့်အရေးတွေဆိုတာကို ယုံတာမှ မဟုတ်တာလေ ။

ဒါပေမယ့် အခု ကျမအနေနဲ့ ဥပဒေစိုးမိုးရေးကော်မတီရဲ့ ဥက္ကဌဖြစ်လာပြီးဆိုတော့ ပြည်သူလူထုယုံကြည်မှုကို ရတဲ့ တရားရေးမဏ္ဍိုင်တစ်ခုကို ပြန်တည်ဆောက်ဖို့ လက်တွေ့လုပ်ဆောင်မှုတွေကို လုပ်ရပါမယ် ။ ကျမတို့ မြန်မာနိုင်ငံသားတွေက တရားဥပဒေကို ယုံမှ မယုံကြတော့တာလေ ။ ဒီမိုကရေစီဆိုတာ အစိုးရအာဏာပိုင်တွေရယ် ၊ လွှတ်တော်ရယ်နဲ့ တရားရေးမဏ္ဍိုင်ဆိုတဲ့ အကိုင်းအခက် ( ၃ ) ရပ်ကြားမှာ မျှအောင် ရပ်တည်ရတာပါ ။ အခုကျမတို့မှာ မယ်မယ်ရရပြောဖို့ တရားရေးမဏ္ဍိုင်ဆိုတာတောင် မရှိပါဘူး ။ ဘာကြောင့်လည်းဆိုတော့ စစ်အစိုးရလက်အောက်မှာ တရားရေးမဏ္ဍိုင်ဟာ စိစိညက်ညက်ကြေအောင် အလုပ်ခံလိုက်ပြီလေ ။

ခုနကပြောတဲ့ အစည်းအဝေးမှာ ကျမတို့ရဲ့ အကြံပေးတချို့ ပြောတာက လွှတ်လပ်မျှတတဲ့ တရားရေးမဏ္ဍိုင်ကို ပြန်လည်တည်ဆောက်ယူဖို့ အကောင်းဆုံးနည်းလမ်းက တရားသူကြီးအလောင်းအလျာတွေကို သင်ကြားပေးဖို့ဘဲ တဲ့ ။ ရှေ့နေဟောင်းကြီးတစ်ယောက်ပြောတယ် ......မြန်မာပြည်မှာ ဥပဒေစိုးမိုးမှုမရှိတာဟာ ဥပဒေရေးရာမှာ ကျွမ်းကျင်တဲ့ ပညာရှင် ရှေ့နေတွေ မရှိတော့လို့ဘဲ လို့ ဆိုပါတယ် ။ ဒါကြောင့်ဘဲ မြန်မာနိုင်ငံက တရားရုံးတွေမှာ လာဘ်စားမှုတွေ အကြီးအကျယ်ရှိနေတာပေါ့ လို့လည်း ပြောပါတယ် ။ ဒါကြောင့် ပညာတတ်ရှေ့နေတွေကို မွေးထုတ်ပေးမှဘဲ လက်ရှိအခြေအနေကို ကယ်တင်နိုင်မယ်လို့လည်း သူက ဆိုပါတယ် ။ ကျမကတော့ အဲဒီလို တွေးတာဟာ သိပ်ရိုးစင်းလွန်းတယ်လို့ ထင်ပါတယ် ။ နှစ်ပေါင်းများစွာ အကျင့်ပျက်ခြစားမှုတွေကိုပျောက်အောင်လုပ်ဖို့ ဆိုတာ အဲလောက် မလွယ်ပါဘူး ။ အကျင့်ပျက်နေပြီးတဲ့ တရားသူကြီးတွေဟာ Yale တက္ကသိုလ်လိုနေရာက စပယ်ရှယ်သင်တန်းတွေ လာတက်ရုံနဲ့ အကျင့်ပြန်ကောင်းသွားမှာမှ မဟုတ်တာ ( ရယ်သံများ )

ဒီတော့ ဒါဟာ ပညာကောင်းကောင်းတတ်တာတစ်ခုတည်းနဲ့ မဆိုင်ပါဘူး ။ သဘောထား attitude ၊ စိတ်ထား mindset တွေနဲ့လည်း ဆိုင်တဲ့ ကိစ္စဖြစ်တယ် ။ နှစ်ပေါင်းများစွာကြာအောင် တရားသူကြီးတင်မကဘူး .....သာမန်ဝန်ထမ်းတွေကလည်း အရမ်းကို အကျင့်ပျက်ခြစားနေလာခဲ့ကြတယ် ။ အကျင့်ပျက်ရတဲ့ အကြောင်းကို စပြောရရင် လစာမလောက်တာက စတာဘဲ ။ ဒီတော့ လူလူသူသူနေနိုင်ဖို့ အရေး ၊ ကိုယ့်သားသမီးကို ပညာသင်ပေးဖို့ အရေးတွေအတွက် လာဘ်ကို တောင်းကြတော့တာဘဲ ။ ရလည်း ရကြတယ်လေ ။ ဒီတော့ အဲလို အကျင့်ပျက်ခြစားတဲ့ ဘ၀နဲ့ ရင်းနှီးလာတဲ့လူဟာ သန့်ရှင်းတဲ့ လမ်းကြောင်းကို ပြန်လှည့်ဖို့ဆိုတာ မလွယ်တော့ဘူး။

ဟိုးအရင်က လခမဆိုးတဲ့ ၀န်ထမ်းတစ်ယောက်ဟာ လူတန်းစေ့နေနိုင်တယ် ။ သူ့မှာ နေဖို့ အိမ်ရှိတယ် ၊ စီးဖို့ကားရှိတယ် ။ ကလေးတွေကို ကျောင်းကောင်းကောင်း ထားနိုင်ခဲ့တယ် .။ သူနေတဲ့ ပတ်ဝန်းကျင်မှာ လေးစားခံရတယ် ။ ဟိုအရင်ခေတ်က ၀န်ထမ်းရဲ့ ဘ၀ဟာ ဒီလောက်ပါဘဲ ။ လာဘ်ပေးလာဘ်ယူခေတ်အတွင်းကျတော့ တချို့သော အစိုးရ၀န်ထမ်းတွေဟာ သိပ်ချမ်းသာလာကြတယ် ၊ အိမ်တွေများစွာပိုင်လာတယ် ။ ကားတွေတစ်စီးထက်မက ရှိလာတယ် ။ ကလေးတွေဆိုလည်း သူများမရတဲ့ အခွင့်အရေးမျိုးမျိုးကို ခံစားရတယ် ။ ဒီတော့ ဒီလူတွေကို လမ်းဟောင်းကို ပြန်သွားဖို့ မျှော်လင့်ရမှာ သိပ်မလွယ်ပါဘူး ။ အခုနေအခါ သူတို့ကို လုံလောက်တဲ့ လခတစ်ခုပေးရင်တောင်မှ....လခဆိုတာ လူတန်းစေ့နေနိုင်မယ့် လခမျိုးပေါ့လေ .....သူဌေးလခမျိုးတော့ မဟုတ်ဘူးပေါ့ ......အဲလို လူလူသူသူနေနိုင်မယ့် လခမျိုးပေးရင်တောင်မှ သူတို့ ကျေနပ်မှာ မဟုတ်ဘူး ။ ဘာကြောင့်လည်းဆိုတော့ အကျင့်ပါသွားပြီလေ ။

ဒီတော့ သူတို့ကို reeducation လုပ်ပေးရမယ်ဆိုတာ ပြန်လည် ပညာသင်ပေးခြင်းတစ်ခုတည်းကို ဆိုလိုတာမဟုတ်ဘူး ။ သဘောထား attitude တွေ ၊ စိတ်ထား mindset တွေကိုလည်း reeducation လုပ်ပေးရမယ် ( ပြန်လည်လေ့ကျင့်ပျိုးထောင်ပေးရမယ် ) ။ ဒီလို ဇိမ်ကျနေတဲ့ ဘ၀တွေနဲ့ အကျင့်ပါနေတဲ့သူတွေကို သင့်တော်တဲ့ စားဝတ်နေရေးတစ်ခုနဲ့ လူရိုသေ ရှင်ရိုသေပြီး သန့်ရှင်းတဲ့ ဘ၀တစ်ခုကို နေတတ်ဖို့ ဘယ်လို သင်ပေးကြမလဲ ...... ဒါဟာ တကယ်ခက်တဲ့ အလုပ်ပါဘဲ ။

အဲဒီမှာတခါ Rule of Law ဆိုတာ ပါလာပြန်ပါတယ် ။ သင့်တော်တဲ့ အရေးယူမှုတွေဆိုတာ လုပ်ကို လုပ်ရမယ် ။ '' မင်းတို့ကို အခု သင့်တော်တဲ့ လခတစ်ခုပေးမယ် ၊ ဒါနဲ့ မျှတအောင်နေ '' လို့ ဆိုရုံနဲ့ မလုံလောက်တော့ပါဘူး ။ အကျင့်ပျက် ၀န်ထမ်းတွေ ၊ အကျင့်ပျက်တရားသူကြီးတွေကို အရေးယူမယ့် ဥပဒေတွေ ကျမတို့မှာ ရှိရပါမယ် ။ ဒီတော့ တရားဥပဒေစိုးမိုးမှုကနေ နောက်ထပ်တရားဥပဒေစိုးမိုးမှုတစ်ခုကို မွေးဖွားသွားပေးပါလိမ့်မယ် ။ ကျမတို့ဟာ တရားရေးဘက်ကလူတွေကို ဥပဒေကို လိုက်စားလေးနာစေခြင်းအားဖြင့် ဒီလုပ်ငန်းကို စတင်ရမှာဖြစ်တယ် ။ ဒါသိပ်တော့ လွယ်မယ့် ကိစ္စမဟုတ်ပါဘူး ။ တရားရေးဘက်မှာ ပြုပြင်ပြောင်းလဲရေးတွေလုပ်ဖို့ ကျမတို့မှာ အကူအညီလိုပါတယ် ။

ကျမတို့ ကော်မတီက ပထမခြေလှမ်းအနေနဲ့ တရားရုံးမှာ တကယ်ကျင့်သုံးနေတာတွေဟာ ဘာတွေလဲဆိုတာကို သိဖို့ အမှုသုံးခုကို လေ့လာကြည့်ခဲ့ပါတယ် ။ တရားသူကြီးက ဘယ်လို ကျင့်ကြံသလဲ ၊ အစိုးရရှေ့နေက ဘယ်လို ပြုမူသလဲ ၊ အမှုသည်တွေက ဘယ်လို တရားမျှတမှုမျိုးကို မျှော်လင့်သလဲ စသည်ဖြင့်ပေါ့ ။ ဒီလို လက်တွေ့အလုပ်တွေကို ကျမတို့ လုပ်မှလည်း နောက်ပိုင်းမှာ သက်ဆိုင်ရာဌာနတွေကို အကြံပေးလို့ရမှာပါ ။ ပြည်ထဲရေး ၊ ကာကွယ်ရေး ၊ အစိုးရရှေ့နေရုံး ၊ ပြည်ကြားရေးဌာန ....ဒါတွေအကုန်လုံးဟာ မြန်မာပြည်မှာ ကျမတို့ Rule of Law ကို တည်ဆောက်ဖို့အတွက် အင်အားစိုက်ထုတ်ရမှာပါ ။

ဒါကိုသာလုပ်နိုင်ရင် ကျမတို့တိုင်းပြည်အတွက် အကြီးအကျယ်အောင်မြင်မှုတစ်ခုကို ရမှပါဘဲ ။ ဥပဒေစိုးမိုးမှု တိုင်းပြည်တွင်းမှာ ရှိပြီလို့ ပြောလာနိုင်တဲ့တစ်နေ့ကျရင် ဒီမိုကရေစီလမ်းစဉ်ဟာလည်း အောင်မြင်ပြီလို့ ပြောလို့ရမှာ ဖြစ်ပါတယ် ။ အဲဒီမရောက်သေးသရွေ့ကတော့ အောင်မြင်ပြီလို့ ပြောလို့ မရနိုင်ပါဘူး ။ ကျမတို့ အခု လွှတ်တော်ထဲမှာ ဥပဒေတွေကို ပြုနေရုံနဲ့ မပြီးသေးပါဘူး ။ ဒီဥပဒေတွေဟာ မှန်ကန်မျှတမှု ရှိရမယ် ၊ မှန်ကန်မျှတမှု ရှိနေရုံနဲ့လည်း မပြီးသေးဘဲ လေးစားလိုက်နာမှု ရှိရဦးမှာ ဖြစ်တယ် ။ သင့်တော်တဲ့ လမ်းစဉ်ရှိရမှာ ဖြစ်သလို မျှတတဲ့ ဥပဒေတွေလည်း ရှိရမယ် ။

အဲဒီအချိန်ထိ မရောက်သေးသရွေ့ကတော့ ကျမတို့ဟာ စိတ်ချရတဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်ပြီလို့ ပြောလို့ မရသေးပါဘူး ။ လူတွေက ကျမကို မေးလေ့ရှိကြတယ် ၊ '' နောက်ပြန်မလှည့်မယ့် ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ရောက်နေပြီလား '' တဲ့ ။ ကျမကတော့ မရောက်သေးဘူး လို့ဘဲ ဖြေပါတယ် ။

ဘာကြောင့်လည်းဆိုတော့ အရင်ဆုံးပြောရရင် အခြေခံဥပဒေက ကြားထဲ ခံနေတယ် ။ အခြေခံဥပဒေက စစ်တပ်ကို လွန်လွန်ကဲကဲ အာဏာတွေ အပ်နှင်းထားတယ် ။ စစ်တပ်က ဒီအာဏာတွေ ပိုင်ဆိုင်နေသမျှ ဒီမိုကရေစီလမ်းကြောင်းမှန်ပေါ်ကို ရောက်တယ်လို့ ကျမတို့ပြောလို့ မရပါဘူး ။

ဒါကြောင့်ဘဲ ကျမတို့က တရားဥပဒေစိုးမိုးရေးရယ် ၊ တိုင်းရင်းသားပဋိပက္ခတွေ အဆုံးသတ်ရေးရယ် ၊ အခြေခံဥပဒေကို ပြင်ဆင်ရေးရယ် သုံးချက်ကို ဒွန်တွဲထားတာပါ ။ ဒါတွေအားလုံးဟာ ဆက်စပ်နေပါတယ် ။ ဒီမိုကရေစီကို ပြန်လည်ရချင်တယ်ဆိုရင် ဒီသုံးခုကို ရကို ရမှဖြစ်မယ် ။ ဒီသုံးခုမှာ တစ်ခုမရှိရင် နောက်နှစ်ခုလည်း အလုပ်မဖြစ်ပါဘူး ။ အခြေခံဥပဒေကို မပြင်ဘဲ ဥပဒေစိုးမိုးရေးနဲ့ တိုင်းရင်းသားငြိမ်းချမ်းရေးဆိုတာမရနိုင်သလို ဥပဒေစိုးမိုးမှုမရှိဘဲနဲ့ တခြားနှစ်ခုကိုလည်း မရနိုင်ပါဘူး ။ ဒီလို ဆက်စပ်နေတာကြောင့်လည်း ကျမတို့ဟာ ဥပဒေစိုးမိုးရေးကို ပြန်ရဖို့ဆိုတာကို အရမ်းကို အလေးထားဆောင်ရွက်နေကြတာပါဘဲ ။ ဒါဟာ ဘာကိုဆိုလိုတာလည်းဆိုတော့ ကျမတို့ ပြည်သူတွေဟာ တိုင်းပြည်ရဲ့ ဥပဒေဘောင်အတွင်းမှာ ဒီထက်ပိုပြီး လုံခြုံစိတ်ချစွာနေလို့ရရပါမယ် ။

'' တရားဥပဒေစိုးမိုးမှု Rule of Law '' ဆိုတာ '' ဥပဒေနဲ့ အုပ်ချုပ်ခြင်း Rule by Law '' ဆိုတာနဲ့ မတူမှန်း ဒီက ဥပဒေကျောင်းသားတွေကို ရှင်းပြနေစရာမလိုဘူးလို့ ကျမထင်ပါတယ် ။ ဥပဒေတွေချည်းရှိရုံနဲ့ မရဘဲ မျှတတဲ့ ဥပဒေ Just Laws တွေလည်း ရှိဦးမှ ဖြစ်မှာပါ ။

ဒီတော့ မြန်မာပြည်ဟာ လမ်းအစမှာဘဲ ရှိပါသေးတယ် ။ ပြီးတော့ ဒီလမ်းဟာ ကျမတို့ သွားရမယ့် အခက်ခဲဆုံးလမ်းတစ်လမ်းဆိုတာကိုလည်း ကျမ မကြာခဏ သတိပေးပါတယ် ။ လူတော်တော်များများက တကယ့်အပြောင်းအလဲကြီးတစ်ခုဖြစ်ခဲ့ပြီ လို့ ထင်ကြပါတယ် ။ ကျမကတော့ အဲဒီလို ပြောလို့ ရမယ်မထင်ပါဘူး ။ အဲဒီ အပြောင်းအလဲကောင်း breakthrough ကြီးကို ရဖို့ အခွင့်အရေးပေးခံရတာပါ ။ ဒါကြောင့် ကျမကတော့ အဲဒီ အပြောင်းအလဲကောင်းကြီးကို '' ရနိုင်တယ် '' လို့ဘဲ ပြောပါတယ် ။ ရသေးတာမဟုတ်သေးပါဘူး ။ ရအောင်လုပ်ဖို့ အခွင့်အရေးရတာဘဲ ရှိပါသေးတယ် ။

ဘာသာပြန်ပေးသော Spring Flowers အားအထူးကျေးဇူးတင်ရှိပါတယ်..

0 ဒီမိုကရေစီလှေကြီးထွက်သင့်ပြီ

အမေရိကကို သမ္မတသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့နှစ်ဦး ရောက်နေသည့်အချိန်တွင် U.N.F.C.နှင့် NCUB ပူးပေါင်းကိုယ်စားလှယ်တို့လည်း ရောက်ရှိလာကြရာ လှို့ဝှက်ချက်တစ်ခုခုများ ရှိလေသလား တွေးမိသည်။

ကချင်၌ ပြဿနာမပြီးမချင်း၊ နိုင်ငံရေးအကျဉ်းသားများအားလုံး မလွတ်မချင်း မြန်မာ့သွင်းကုန်များကို ဖွင့်ပေးရန် မရှိဟု နိုင်ငံရေးပါရဂူများက သုံးသပ်ခဲ့ကြသည်။ ယခုအခါ၌ အဓိကအတိုက်အခံပါတီနှင့်အာဏာရအစိုးရတို့၏ တောင်းဆိုချက်အရ ပိတ်ဆို့မှုကို လျှော့ပေါ့၍ မြန်မာ့သွင်းကုန်ကို လက်ခံတော့မည်ဟု အမေရိကန်က ကတိပြုခဲ့သည်။ မြန်မာထုတ်ကုန်ဆိုသည်မှာ စက်ရုံပစ္စည်းများမဟုတ်၊ တွင်းထွက်ပစ္စည်းများသာ ဖြစ်ဖို့ များသည်။ ယင်းတွင်းထွက်ပစ္စည်းများသည် တိုင်းရင်းသားဒေသများတွင်သာ ရှိသည်က များသည်။ ယင်းကိုညှိုနှိုင်းချင်၍U.N.F.C.နှင့်N.C.U.B.ကိုယ်စားလှယ်တို့ ရောက်နေကြသလား စဉ်းစားစရာဖြစ်သည်။

နောက်တစ်ခုမှာ လက်ရှိပြုပြင်ပြောင်းလဲရေးကို တိုးတိုးတိတ်တိတ် တည်တည်ငြိမ်ငြိမ်ဖြင့် လုပ်ချင်ပုံ ရသည်။ သုံးပွင့်ဆိုင် အမည်မခံသော်လည်း သုံးပွင့်ဆိုင်သဘောမျိုးဖြင့် သမ္မတသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တတိယအဖွဲ့ကိုယ်စားလှယ်တို့ အလွတ်သဘော တွေ့ခဲ့ကြမည်ဆိုလျှင် ပြည်ထောင်စုကြီးအတွက် ကောင်းမှုမင်္ဂလာတစ်ခု ဟု ဆိုရမည်။ ဒေါ်အောင်ဆန်းစုကြည်သည် လက်ရှိပြုပြင်ပြောင်းလဲရေးကို လုပ်သူမှာ သမ္မတသိန်းစိန် ဖြစ်သည်ဟု ဆိုသည်။ သမ္မတသိန်းစိန်ကလည်း ဒေါ်အောင်ဆန်းစုကြည်သည် သူတို့နှင့် ပူးပေါင်းဆောင်ရွက်သူဖြစ်၍ ဆက်လက်ပြီး ပူးပေါင်းဆောင်ရွက်နေမည်ဟု မျှော်လင့်ကြောင်း အာရှအဖွဲ့ချုပ်အင်တာဗျူးမှာ မိန့်ကြားခဲ့သည်။ သူတို့နှစ်ဦးသည် တိုင်းရင်းသားလူမျိုများနှင့်ပတ်သက်လျှင် သဘောထားပျော့ပျောင်းသူများဟု သိရသည်။

သမ္မတသိန်းစိန်က နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ဖို့ ပြည်တွင်းငြိမ်းချမ်းရေး ရရှိရန် လိုအပ်ပုံကို ကုလသမဂ္ဂ အထွေထွေညီလာခံ တွင် ပြောကြားသွားသည်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း တိုင်းရင်းသားလူမျိုးများ၏ အရေးကို ဖြေရှင်းဖို့ လိုအပ်ပုံကို ပြောဆိုခဲ့သည်။ အမှန်တွင် ရောင်စုံသူပုန်ဟု နာမည်ကျော်ခဲ့သည့် မြန်မာ့ပြည်တွင်းစစ်ကြီးသည် ပါလီမာန်ဒီမိုကရေစီခေတ်ကတည်းကပင် တည်ရှိခဲ့သည့်အားလျှော်စွာ ကမ္ဘာ့အရှည်ကြာဆုံးပြည်တွင်းစစ်ကြီးလည်း ဖြစ်သည်။ ဖဆပလအစိုးရသည် အင်္ဂလိပ်ခေတ်က အရှိန်ဖြင့် နိုင်ငံဖွံ့ဖြိုးရေးကို လုပ်နိုင်ခဲ့သော်လည်း ယခုအချိန်တွင် ပြာပုံဘဝမှ ထရသဖြင့် အခြေအနေချင်းမတူပါ။ ပြည်တွင်းစစ်ကြီးနှင့်အတူ ဖွံ့ဖြိုးရေးလုပ်ငန်းကို လုပ်ဆောင်ရန် မဖြစ်နိုင်ပါ။

ထို့ကြောင့် အခြေခံဥပဒေဆိုသည်မှာ ပြည်ထောင်စု၏ အခြေခံအုတ်မြစ်ဖြစ်သည်။ ဤအခြေခံအုတ်မြစ် ခိုင်ခန့်မှာသာလျှင် လိုရာပန်းတိုင်ကို အရောက်သွားနိုင်ပါမည်။ ဥပမာကို ပြရလျှင် ကားတစ်စီးကို စီးရင်း ပြင်သွားမည်၊ ပြင်ရင်း စီးသွားမည်ဟု ပြောခဲ့လျှင် မမှားပါ။ သို့သော် ဘီး၊ အင်ဂျင်၊ ထရန်စမစ်ရှင်၊ ဘရိတ်ကိုကား ခရီးရှည်မထွက်မီ စစ်ရမည်။ ပြင်သင့်သည်များကို ခရီးမထွက်မီ လုပ်ထားလျှင် ခရီးက ပိုလုံခြုံသည်။

အသေးစားပြင်စရာရှိသည်များကို နောက်မှပြင်လျှင်လည်း ဖြစ်သည်။ ပြည်သူ့ထောက်ခံမှုသည် အတက်အကျ ရှိသည်။ ဓာတ်ဆီကဲ့သို့ပင် ဖြစ်သည်။ ကားကိုဓာတ်ဆီရှိသလောက် ရောက်ချင်သည့်နေရာကို မောင်းသွား၍ရသည်။ တောင်ကြီးအသွယ်သွယ် တောမြိုင်လယ်မှာ ဓာတ်ဆီကုန်သွားလျှင် ကားက မည်မျှပင် ကောင်းကောင်း မောင်း၍ မရတော့ပါ။

အမေရိကန်ပြည်ထောင်စု (၃၇)ဦးမြောက်သမ္မတ ရစ်ချတ်နစ်ဆင်က There's one thing solid in the fundamental of politics: What's up today is down tomorrow ဟု ပြောဖူးသည်။ သာမဏေဘဝကတည်းက မှတ်ဖူးသည်ကို ပြန်ရေးချခြင်းဖြစ်၍ လွဲနေလျှင် ခွင့်လွှတ်ပါ။ နိုင်ငံရေးဆိုတာ ဘုတ်ပျံရှုးပျံလို အတက်အကျရှိသည်၊ ယနေ့သမ္မတ မနက်ဖြန်အရပ်သားဖြစ်ချင်ဖြစ်မည်၊ နေ့မြင်ညပျောက်သဘောမျိုး ရှိသည်ဟု ဆိုလိုသည်။ လူထုထောက်ခံမှု ရှိချိန်တွင် သင့်အပြောသင့်အဆိုကို ယစ်မူးစွာ ထောက်ခံကြမည်၊သင့်ကျဆုံးသည့်အချိန်တွင်သင်ပြောခဲ့သမျှသင့်ထံ ပြန်လှည့်လာမည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံရေးဒီရေတက်ချိန်တွင် ဒီမိုကရေစီလှေကြီး ထွက်ပါ။ လုပ်သင့်လုပ်ထိုက်သည်များကို မနားတမ်း လုပ်ကြပါ။

Ven Ravika o

0 အဝေးတစ်နေရာမှ သာဓုခေါ်သံ

နာရေး(သေရေး)အား လူအများ ကြောက်ရွံ့ကြသည်။ မင်္ဂလာမရှိဟု သတ်မှတ်ကြသည်။ သို့သော် လူ့လောကကြီးသည် အငိုဖြင့်စတင်ခဲ့ပြီး အငိုဖြင့်သာ အဆုံးသတ်ကြခြင်းသည် လောကဓမ္မတာဖြစ်သည်။ အငိုဖြင့် ကွယ်လွန်သွားသူများအား အဆင်ပြေစွာ ဘဝကူးကောင်းစေရန် ရည်ရွယ်၍ နာရေးကူညီမှု အသင်း(ရန်ကုန်)၏ လူမှုရေးလုပ်ဆောင်ချက်များ၊ ပေးဆပ်မှုများအား ပြည်တွင်း/ပ အလှူရှင်များ၏ စဉ်ဆက်မပြတ် အားပေးကူညီ လှူဒါန်းမှုများအနက် ၂၇.၉.၂ဝ၁၂ (ကြာသပတေးနေ့) နံနက် (၁၁းဝဝ) နာရီအချိန်တွင် နိုင်ငံကျော်ရုပ်ရှင်/ဗီဒီယိုသရုပ်ဆောင် ခိုင်သင်းကြည်၏ မွေးနေ့အလှူဒါနအဖြစ် အလှူငွေ (၁ဝ) သိန်း ကျပ်တိတိအား ခင်ပွန်းဖြစ်သူ ကိုခန့်နိုင်၊ မိဘနှစ်ပါးနှင့်အတူ လာရောက်လှူဒါန်းခဲ့သည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လူမှုရေးလုပ်ငန်းများဖြစ်သည့် နာရေးကူညီမှု၊ ကျန်းမာရေး ဝန်ဆောင်မှု၊

0 အမေရိကန် ပြည်ထောင်စု၏ အမည်မည်း စာရင်းဝင်ဖြစ်သည့် ဦးဇော်ဇော် တိုင်းပြည်နှင့် လူမျိုး အတွက် အလုပ်လုပ်နေ၊ အလုပ်အကိုင်များ ဖန်တီးပေးနေ ဟုဆို

ပြုပြင် ပြောင်းလဲမှုများ အကောင်အထည် ဖော်ဆောင်ရွက်နေသော မြန်မာနိုင်ငံသို့ ပြည်ပ ရင်းနှီးမြှုပ်နှံသူများက အလျင်အမြန် ဝင်ရောက်ကာ အဖိုးတန် ငွေရလမ်းများ ရှာဖွေနေကြသော်လည်း စတော့ရှယ်ယာ ဈေးကွက်မရှိ၊ ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ် ထွက်ပေါ်ရန် နှောင့်နှေးလျက် ရှိဆဲဖြစ်သည့်အပြင် ပြည်တွင်း လုပ်ငန်းရှင်ကြီးများ မှာလည်း အမေရိကန်နှင့် ဥရောပ သမဂ္ဂတို့၏ ပိတ်ဆို့ အရေးယူမှုများနှင့် ငြိစွန်းလျက် ရှိသည်။

ထိုသို့သော အခြေအနေမျိုးတွင် မြန်မာနိုင်ငံ၏ အစွမ်းအစအရှိဆုံး လုပ်ငန်းရှင်များအနက်မှ တစ်ဦးဖြစ်သည့် ဦးဇော်ဇော်က ထိုအခြေအနေကို ပြောင်းလဲလိုသည်ဟု သူ၏ ရန်ကုန်မြို့ ရုံးခန်းတွင်ပြုလုပ်သော Reuters သတင်းဌာနနှင့် တွေ့ဆုံခန်း တွင် ပြောကြားခဲ့သည်။

ဦးဇော်ဇော်က ရှုပ်ထွေးသော ကုမ္ပဏီဆိုင်ရာ လုပ်ထုံးလုပ်နည်း တစ်ရပ်ကို အသုံးပြု၍ မြန်မာ့စီးပွားရေး အချက် အချာ နေရာ ရှိ သူ၏ ကုမ္ပဏီသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ ဝင်ရောက် လာနိုင်စေရန် လမ်းဖွင့်ပြီး ပိတ်ဆို့ အရေးယူ ခံထားရသော မြန်မာ့လုပ်ငန်းရှင်ကြီး တို့ကိုလည်း အမည်ကောင်း ပြန်ရရှိနိုင်ရန် အထောက် အကူ ဖြစ်စေမည် ဖြစ်သည်။

စင်ကာပူမှ မွေ့ရာလိုင်နင် ထုတ်လုပ်သည့် Aussino Group ကို စင်ကာပူဒေါ်လာ သန်း ၇ဝ (ကန် ဒေါ်လာ ၅၇.၁ သန်းခန့်) ဖြင့် လက်လွှဲရယူရန် အစီအစဉ်များ စတင် ဆောင်ရွက်နေပြီ ဖြစ်ကာ စင်ကာပူ အာဏာပိုင် တို့က သူပိုင်ကုမ္ပဏီ၏ စာရင်းဇယားများကို စစ်ဆေးသုံးသပ်ခြင်းကို ၃ လမှ ၆ လအတွင်း ပြီးစီးလိမ့်မည်ဟု မျှော်လင့်ထား ကြောင်း ဦးဇော်ဇော်က ပြောကြားခဲ့သည်။ ဤသို့ဖြင့် စင်ကာပူကုမ္ပဏီကို ဦးဇော်ဇော်၏ စွမ်းအင်လုပ်ငန်း ဌာနခွဲများက ကိုင်တွယ်ထားသော မြန်မာ ကျောထောက်နောက်ခံပြု ကုမ္ပဏီအဖြစ် အသွင်ပြောင်းရေး လမ်းစကို ရှင်းလင်း ဖွင့်လှစ်ပေးနိုင်မည် ဖြစ်သည်။

သစ်လုပ်ငန်း၊ ကျောက်မျက်ရတနာ လုပ်ငန်း၊ ရော်ဘာစိုက်ပျိုးရေး လုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်း၊ ဇိမ်ခံ အပန်းဖြေ စခန်းများ၊ စက်သုံးဆီ အရောင်းဆိုင်များ၊ ဘဏ်လုပ်ငန်း အစရှိသည့် လုပ်ငန်းမျိုးစုံ ပိုင်ဆိုင် လုပ်ကိုင်သော ဦးဇော်ဇော် ထက် သာလွန် အစွမ်းထက်သော လုပ်ငန်းရှင် သူဌေးကြီး အရေအတွက်မှာ မြန်မာနိုင်ငံတွင် များများစားစား မရှိလှပေ။

ဦးဇော်ဇော်က မြန်မာ့စီးပွားရေး ဦးဆောင်သူတို့ကို အနောက်နိုင်ငံတို့က လက်ကမ်း ကြိုဆိုရန်မှာ အချိန် အတိုင်းအတာ တစ်ရပ်မျှသာ လိုကြောင်း ထင်မြင်ချက် ပေးခဲ့သည်။

“အစိုးရကလည်း တကယ့်ကို အလုပ် လုပ်နေတယ်။ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးသလို သူတို့ရဲ့ ပြုပြင် ပြောင်းလဲ မှုတွေကလည်း သိပ်ကောင်းပါတယ်။ ပိတ်ဆို့အရေးယူမှုတွေဟာ အချိန် များများစားစား ကျန်တော့ မှာ မဟုတ်ဘူးလို့ ကျွန်တော် ထင်ပါတယ်”ဟု ဦးဇော်ဇော်က ပြောကြားခဲ့သည်။

လာမည့် သီတင်းပတ်အတွင်း စတင်မည့် သမ္မတ ဦးသိန်းစိန်၏ အမေရိကန် ပြည်ထောင်စု ခရီးစဉ်နှင့် စက်တင် ဘာ ၁၇ ရက်က စတင်ခဲ့သော နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်း စုကြည်၏ အမေရိကန် ပြည်ထောင်စု ခရီးစဉ် တို့ကလည်း တိုးတက်မှုများ ဆောင်ကြဉ်းလာနိုင်မည်ဟု သူက မျှော်လင့်ထားသည်။

၃ နှစ်ဆက်တိုက် အရှုံးပေါ် နေခဲ့သော Aussino ကုမ္ပဏီနှင့် ပေါင်းစည်းခြင်းအားဖြင့် ဦးဇော်ဇော် ၏ Max Myanmar ကုမ္ပဏီသည် နိုင်ငံတကာ ငွေလုံးငွေရင်း ဈေးကွက်အတွင်းသို့ ဝင်ရောက်ခွင့် ရရှိစေမည် ဖြစ်သည်။ Aussino သည် စင်ကာပူ အိတ်ချိန်း စောင့်ကြည့်စာရင်းတွင် ၂ဝ၁၁ ခုနှစ်၊ စက်တင်ဘာ ၆ ရက် ကတည်းက ပါဝင်နေခဲ့သည့် ကုမ္ပဏီ ဖြစ်ပြီး အမြတ်အစွန်း ပေါ်ပေါက်အောင် မပြုနိုင်ခဲ့လျှင် ပယ်ဖျက်ခံရမည် ဖြစ်သည်။

ဇွန်လ အတွင်းက ကြေညာခဲ့သော ဦးဇော်ဇော်၏ ကမ်းလှမ်းချက် အဆိုပြုလွှာအရ Aussino က ဦးဇော်ဇော်၏ Max Strategic Investments ကို ဝယ်ယူရန် အစု ရှယ်ယာသစ်များ ထုတ်ရမည် ဖြစ်သည်။ Max Strategic Investements သည် စင်ကာပူ အခြေစိုက် ရင်းနှီးမြှုပ်နှံမှု ဦးပိုင်ကုမ္ပဏီ တစ်ရပ်ဖြစ်ပြီး မြန်မာနိုင်ငံတွင် စက်သုံးဆီ အရောင်းဆိုင် လုပ်ငန်း လည်ပတ်လုပ်ကိုင်မည် ဖြစ်သည်။ ဤနည်းဖြင့် သူ၏ စွမ်းအင် လုပ်ငန်း ချဲ့ထွင်ရေးအတွက် ငွေကြေး အထောက်အပံ့ ပြုမည့် ကိရိယာ အသစ်တစ်ရပ် ရရှိစေမည် ဖြစ်သည်။

စီးပွားရေး မြို့တော် ရန်ကုန်မြို့ရှိ ဆေးရုံအသွင် ပြောင်းထားသော သူ၏ ရုံးချုပ်တွင် စင်ကာပူမှ ကြီးကြပ်ရေး အရာရှိ များနှင့် ရှေ့နေများ က သူ့ကုမ္ပဏီ၏ စာရင်းဇယားများ ကို စစ်ဆေးကြည့်ရှုလျက်ရှိကြောင်း ဦးဇော်ဇော်က ပြောကြား ခဲ့သော် လည်း သေချာသောအဖြေတစ်ရပ် ထွက်ပေါ်ခြင်းမရှိသေးပေ။

အချို့သော ဘဏ်လုပ်ငန်းရှင် တို့ကမူ အမေရိကန် ပြည်ထောင်စု၏ “အထူးသတ်မှတ် ဖော်ပြထားသော နိုင်ငံသားများ” စာရင်းတွင် ပါဝင်နေသည့် ဦးဇော်ဇော်၏ စီမံကိန်းကို စင်ကာပူ အာဏာပိုင်တို့က အတည်ပြု လိမ့်ဟုတ်၊ မဟုတ် သံသယ ရှိကြသည်။ အဆိုပါစာရင်းတွင် အမည်ပါဝင်သူတို့၏ အခြေခံ ပစ္စည်းများကို မပြောင်းမရွှေ့နိုင် အောင် ပိတ်ဆို့ထား မည် ဖြစ်သည့်အပြင် အမေရိကန် နိုင်ငံသား များကိုလည်း ယင်းတို့နှင့် လုပ်ငန်း ဆက်သွယ် ဆောင်ရွက်ခြင်း မပြုရန် ယေဘုယျအားဖြင့် တားမြစ်ထားကြောင်း၊ အမေရိကန် ပြည်ထောင်စု Treasury Department ၏ Website တွင် ဖော်ပြထားသည်။

သို့ရာတွင် ရင်းနှီးမြှုပ်နှံသူတို့ ကမူ အကောင်းမြင် ရှုထောင့်မှ ရှိနေဆဲဖြစ်သည်။ Aussino ၏ စတော့ဈေးနှုန်း သည် ယခုနှစ်အတွင်း ၂၆၈% မြင့်တက် လာခဲ့သည်။ စင်ကာပူ၏ စံချိန်အညွှန်းကိန်း Strait Times Index သည် အမြတ် ၁၆% သာ ရှိသည်။

စစ်တပ်က အရပ်သား တစ်ပိုင်း အစိုးရသို့ ပြီးခဲ့သည့်နှစ်အတွင်း အာဏာလွှဲပြောင်း ပေးခဲ့ချိန်မှ စတင်၍ ခေတ်ပြောင်း သွားခဲ့ပြီ ဖြစ်ကြောင်း ဦးဇော်ဇော်က ပြောကြားခဲ့သည်။ မြန်မာစစ်အစိုးရဟောင်း လက်ထက်က ခရိုနီစီးပွားရေး လုပ်ငန်းရှင်များသည် ယင်းတို့၏ ပုံရိပ်ကို ပြောင်းလဲရန် နည်းလမ်း အသွယ်သွယ်ဖြင့် ကြိုးစား ဆောင်ရွက်လျက် ရှိကြသည်။ အလှူအတန်းများ ပြုလုပ်ခြင်း၊ ဒေါ်အောင်ဆန်း စုကြည်နှင့် အဆက်အသွယ် ထူထောင်ခြင်း၊ တစ်ချိန်က မျက်နှာကြီး လုပ်ငန်းရှင်များကိုသာ အကျိုးအမြတ် များစေခဲ့သော လုပ်ငန်း စာချုပ်များ အပေါ် မှီခိုခဲ့သည့် ယင်းတို့၏ လုပ်ငန်း အင်ပိုင်ယာများကို ပြန်လည်ချိန်ညှိခြင်း အစရှိသဖြင့် ဆောင်ရွက် နေကြပေသည်။

ဦးဇော်ဇော်၏ ရုံးခန်းရှိ စားပွဲတစ်လုံးပေါ်မှ စာမျက်နှာ ၇၅ မျက်နှာပါရှိသော ကြွေရောင် ဖိတ်ဖိတ်လက် နေသည့် စာအုပ်က သူ၏ လူမှုရေးဆိုင်ရာ အလှူအတန်းများကို မှတ်တမ်းပြုစု ဖော်ပြထားပေသည်။ ဦးဇော်ဇော်က သူ့ကုမ္ပဏီသည် တစ်ချိန်ချိန်တွင် မြန်မာနိုင်ငံ အတွင်း၌ပင် ရင်းနှီးမြှုပ်နှံလိုသူတို့ကို စတော့ရှယ်ယာများ တိုက်ရိုက် ရောင်းချပေးနိုင်မည် ဟု မျှော်လင့်ထားသည်။ သို့သော်လည်း ပြည်တွင်း စတော့အိတ်ချိန်း ဈေးကွက်သည် ၂ဝ၁၅ ခုနှစ် အထိ မျှော်လင့်နိုင်ဖွယ် မရှိသေးပေ။

“ကျွန်တော်က ဒီတိုင်းပြည်ကို ကူညီနေတာပါ။ အလုပ်အကိုင်တွေ ဖန်တီးပေးနေတာပါ။ ပြည်သူတွေကို အကူအညီ ပေးနေ တာပါ။ ဒါပေမယ့် ကျွန်တော့်အပေါ် ပိတ်ဆို့အရေးယူမှုတွေ ရှိနေတုန်းပါပဲ။ မြန်မာနိုင်ငံဟာ နာမည်ကောင်း ပြန်ရဖို့ လိုအပ် သလို ကျွန်တော်တို့လည်း အဲဒီအထဲမှာ တစ်စိတ်တစ်ပိုင်း အပါအဝင် ဖြစ်ပါတယ်”ဟု ဦးဇော်ဇော်က ပြောကြား သွားခဲ့သည်။

Ref: Blacklisted Myanmar Tycoon Seeks Salvation in Singapore by Jason Szep

Reuters

http://www.myanmarij.com/မှ

0 မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ Harvard တက္ကသိုလ်တွင် ကြာသပတေးနေ့ကပြောကြားသော မိန့်ခွန်း(ရုပ်/သံ)

video platformvideo managementvideo solutionsvideo player

0 ဥပသကာတစ်ယောက်ရဲ့ စိတ်ဓါတ်

အိပ်မက်မကောင်းတာကတော့အမှန် ဒီရက်ပိုင်းအတွင်း ထမင်းလုံးတစ္ဆေခြောက်ခြင်းလည်းမဟုတ်၊ အိပ်မက်ဆိုးများ နှစ်ကြိမ် သုံးကြိမ်ခန့် မက်နေမိသည်။ မည်သူတွေမှန်း မသိသောသူများ၏ ဝိုင်းဝန်း ချုပ်ကိုင်မှုကြောင့် ရုန်းထွက်၍မရသော ကျွန်တော်၊ ရှိသမျှ အားအင်တို့ဖြင့် ရုန်းထွက်လိုက်သောအခါ မောပန်းနွမ်းနယ်မှုတို့ဖြင့် အိပ်မက်ဆိုးမှ နိုးထလာမိတဲ့ ကျွန်တော်၊ ချစ်စရာခွေးငယ်လေးအား ညင်သာစွာ ပွတ်သပ်မိစဉ် ကျွန်တော်၏လက်အား သူ၏ အစွယ်ဖွေးဖွေးတို့ဖြင့် ငုံခဲခြင်းကိုခံရကာ ဆွဲခါလှုပ်ရမ်း၍ ခွေးငယ်လေး၏ အစွယ်ဖွေးဖွေးတို့မှ လွတ်မြောက်သွားသောအခါ အစွယ်၏ ကိုက်ခဲမှုဒဏ်ရာကြောင့် နာကျင်စွာ အိပ်မက်ဆိုးမှ လန့်နိုးမိခြင်းတို့ကို ယခု ပြည်ပနိုင်ငံတွင် ၂ ကြိမ်၊ ၃ ကြိမ်ခန့် အိပ်မက်ဆိုးများ မက်ခြင်းကို ကြုံတွေ့ခဲ့ရသည်။

အိပ်မက်နှင့်ပတ်သက်၍ အချို့သောသူများသည် အိပ်မက်ဆိုးမက်ပါက အတိတ်နိမိတ်မကောင်း ခြင်း၊ ထို့ကြောင့် ကုသိုလ်ကောင်းမှုများ ပြုလုပ်ရန်လိုခြင်းတို့ကို ပြောကြားကြသော်လည်း အချို့သော သူများသည် အိပ်မက်ကို ပြောင်းပြန်ကောက်ယူရကြောင်းတို့ကိုလည်း ပြောကြပြန်သည်။ ဤသည်တို့မှာ အယူစွဲများပင်ဖြစ်သည်ဟု ကျွန်တော်ထင်မှတ်သည်။ ကျွန်တော်သည် နာရေးကူညီမှုအသင်း(ရန်ကုန်) တွင် စတင်လုပ်အားပေးအဖြစ် လုပ်ကိုင်ခဲ့စဉ်ကတည်းက ယခုအချိန်ထိ ကောင်းမှုကုသိုလ်တို့ကိုလက်တွေ့ နေ့စဉ်လုပ်ကိုင်ခဲ့ခြင်း၊ တရားဘာဝနာကိုလည်း ပွားများကာ သတိတရား၊ အသိတရားတို့ဖြင့် မိမိကိုယ် မိမိ အတတ်နိုင်ဆုံး ထိန်းကြောင်းနေသူတစ်ဦးလည်းဖြစ်သည်။ ထို့ကြောင့် အိပ်မက်နှင့်ပတ်သတ်၍ မည်သို့ပင် တိုက်ရိုက်မှန်ကန်သည်ဖြစ်စေ၊ သွယ်ဝိုက်၍ ပြောင်းပြန်ယူရသည်ဖြစ်စေ၊ ရင်ဆိုင်ရန် အသင့်အနေအထား ရှိခဲ့သည်။ အိပ်မက်ဆိုးတိုင်း လက်တွေ့တွင်ဆိုးမည်လား... အိပ်မက်ကောင်းတိုင်း လက်တွေ့တွင်ရော ကောင်းမည်လား...။

ကောင်းပြီ...။ ကျွန်တော်ယခု အိပ်မက်ဆိုးများမက်နေသည်။ သို့သော်ပြင်ပတွင်ကား ယခု အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီရှိ US. Capitol အတွင်းသို့ရောက်သောအခါ လွှတ်တော်အမတ်များ၊ အမေရိကန်နိုင်ငံခေါင်းဆောင်များ၊ မြန်မာဘုန်းတော်ကြီးများ၊ မြန်မာပြည်သူလူထုများ၊အမေရိကန်နိုင်ငံရှိNGOများ၊လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ မြန်မာ့ဒီမိုကရေစီအရေးကို တဖက် တလမ်းမှ စွမ်းဆောင်ခဲ့ကြသော မြန်မာပြည်တွင်းရှိ ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦး၊ နယ်စပ် ဒေသတွင်တိုင်းရင်းသားပြည်သူဒုက္ခသည်များအားကူညီဖေးမကာကျန်းမာရေးအား စောင့်ရှောက်ပေး နေသော ဒေါက်တာဒေါ်စင်သီယာမောင်၊ အမေရိကန်နိုင်ငံတွင်နေထိုင်လျှက် မြန်မာပြည် ဒီမိုကရေစီ ရရှိရေးအတွက် စွမ်းစွမ်းတမံ ကြိုးစားအားထုတ် ကူညီပေးခဲ့သော ကိုအောင်ဒင်၊ မြန်မာပြည်တွင်း ဒီမိုက ရေစီရရှိရေးအတွက် အင်တိုက်အားတိုက် ကိုယ်ကျိုးစွန့် အနစ်နာခံခဲ့သော ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် (ပွဲတက်ရောက်ခြင်းမရှိခဲ့) တို့နှင့်အတူ NED (National Endowment for Democracy) မှ ပေးအပ်သောဆုအား တက်ရောက်ရယူခဲ့ရသည်။ ထို့အပြင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်အား အမေရိကန်နိုင်ငံမှ ချီးမြှင့်သော Congressional Gold Medal ဆုပေးပွဲ အခမ်းအနားသို့ လည်း Hillary Clinton အပါအဝင် အမေရိကန်နိုင်ငံရှိ အစိုးရအရာရှိကြီးများနှင့်တကွ မြန်မာပြည်သူလူထု တို့နှင့်အတူ မြန်မာနိုင်ငံတော်သမ္မတရုံးဝန်ကြီး ဦးအောင်မင်း၊ သမ္မတအကြံပေးတို့နှင့်အတူ ထိုပွဲအား ကျွန်တော်ပါတက်ရောက်ခွင့် ရရှိခဲ့သေးသည်။

ထိုခရီးစဉ်တစ်လျှောက်တွင်လည်း မြန်မာနိုင်ငံအား စစ်မှန် သော ဒီမိုကရေစီရရှိရေးအတွက် ပံ့ပိုးကူညီကြသော အမေရိကန်နိုင်ငံအစိုးရ အရာရှိများ၊ လွှတ်တော် အရာရှိများ၊ အမေရိကန်နိုင်ငံ NGO အဖွဲ့အစည်းများနှင့်ပါ တွေ့ဆုံဆွေးနွေးခွင့် ရရှိခဲ့သည်။

ထိုသို့ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဖြစ်သူဦးအောင်မင်းသည်ယခင်အတိုက်အခံခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အား ချီးမြှင့်ဂုဏ်ပြုသည့်ပွဲအား တက်ရာက်ခြင်းသည် မင်္ဂလာရှိသော လုပ်ရပ် တစ်ခုဖြစ်သည့်အပြင် လွန်ခဲ့သော နှစ်ရက်ခန့်က အမေရိကန်နိုင်ငံသို့ရောက်ရှိလာသော မြန်မာနိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်သည်လည်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ရင်းနှီးစွာ တွေ့ဆုံ ဆွေးနွေးမှုများကို နယူးယောက်မြို့တွင် ပြုလုပ်ခဲ့ပြန်သည်။ ဤအကြောင်းအရာနှင့် ပတ်သတ်၍ အသံလွှင့်ငှာနတစ်ခုဖြစ်သော VOA မှ နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းအား မေးမြန်းထားရာတွင် ဝန်ကြီးဦးစိုးသိန်းမှ "နယူးရောက်မှာ အတူတူရောက်နေကြတဲ့ ကျွန်တော်တို့ဘက်ကလည်း နိုင်ငံတော် သမ္မတကြီး၊ ဟိုဘက်ကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္က​ဌ - မြန်မာ့ဒီမိုကရေစီခေါင်းဆောင် အမကြီးနှင့်တူတူရှိတော့ အမကြီးက လာပြီးတော့ နှုတ်ဆက်တာပေါ့ဗျာ၊ တွေ့တယ်၊ စကားလေးဘာလေး ပြောတယ်။ ရန်ကုန်မှာလိုပဲ၊ နေပြည်တော်မှာလိုပဲ တစ်ယောက်နှင့်တစ်ယောက် ရင်းနှီးကြတယ်လေ။ တွေ့ဆုံကြတယ်၊ ဒီသဘောပါ၊ အရင်တုန်းက တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းဆိုင်လို့ မရရာက အခုတော့ အတူတကွ လုပ်ဖော်ကိုင်ဖက်တွေအဖြစ် တွေ့ဆုံဆွေးနွေးတိုင်ပင်ခဲ့သည်။ ပြည်သူတွေ တိုးတက်ဖို့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး အကုန်ပေါ့ဗျာ၊ ဒီအတွက် နှစ်ယောက်ရဲ့အားက နည်းတဲ့ အားလားဗျာ" ဟူ၍ ပွင့်လင်းစွာဖြင့် ပြောကြားခဲ့သည်ကိုလည်း မင်္ဂလာရှိစွာ ကြားသိခဲ့ရပြန်သည်။

၂၆.၉.၂ဝ၁၂ ရက်နေ့တွင်လည်း ရန်ကုန်ရှိ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ သမ္မတကြီး ဦးသိန်းစိန်နေအိမ်မှ အသင်းသို့ အလှူငွေလာရောက်လှူဒါန်းလိုကြောင်း အကြောင်းကြားခဲ့ကာ ပကာသန ဟိတ်ဟန်မရှိဘဲ ရိုးသားပွင့်လင်းစွာဖြင့် အလှူငွေ (၁ဝ) သိန်း လာရောက်လှူဒါန်းခဲ့သည်။ ယင်းအလှူ လှူဒါန်းခြင်းအား သမ္မတကြီး ဦးသိန်းစိန်နှင့် ဇနီး ဒေါ်ခင်ခင်ဝင်း မိသားစုတို့မှ လှူဒါန်းခြင်းဖြစ်ကြောင်း ကိုယ်စားလာရောက်လှူဒါန်းသူ ဦးနွယ်ဦး မှ ပြောကြားခဲ့သည်။ အသင်း၏ လုပ်ငန်းရပ်များအား အသင်း၏ အုပ်ချုပ်ရေးမှူးနှင့် လုပ်အားပေးများတို့မှ လိုက်လံရှင်းလင်းပြသခဲ့ပြီးနောက် အလှူရှင် မှတ်တမ်းဓာတ်ပုံ ရိုက်ကူးခြင်းကိုပြုလုပ်ပြီး သာမန်မော်တော်ယာဉ်လေးဖြင့် ပြန်လည်ထွက်ခွာသွားကြောင်းကိုလည်း သိရှိခဲ့ ရသည်။

ထို့ကြောင့် အိပ်မက်ဆိုးလျှင် လက်တွေ့တွင်ဆိုးသည်လား…၊၊ အိပ်မက်ကောင်းလျှင် လက်တွေ့ တွင်ကောင်းသည်လား…။ အိပ်မက်ကိုပြောင်းပြန်ယူရသည်လား…။ အိပ်မက်ကိုတည့်(ဒဲ့)ယူရသည်လား… ဆိုသည့် အကြောင်းအချက်များသည် လားလားမျှ မသက်ဆိုင်တော့ကြောင်း ကျွန်တော်သိရှိခဲ့ရသည်။ အယူသီးမှုတစ်ခုကို ကျွန်တော်သည် လက်တွေ့တွင် ရိုက်ချိုးနိုင်ခဲ့ပြီဖြစ်သည်။ ယခင် အချိန်ကာလများတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ရန်သူသဖွယ် သဘောထားခဲ့သူများ၊ ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လုပ်ဆောင်ပေးဆပ်နေမှုများအား သံသယစိတ်ဖြင့် အမြဲစောင့်ကြည့် သတိပေး တားမြစ်ခြင်းကို ခံခဲ့ရမှုများ၊ ထို့နောက် ကျွန်တော် ကျော်သူအား အနုပညာလုပ်ငန်းများကို ပိတ်ဆို့တားမြစ်မှုများကို လုပ်ခဲ့သည့်အပြင် လူမှုရေးလုပ်ငန်းများကိုလည်း နိုင်ငံရေး အရိပ်အာဝါသ လွှမ်းခြုံထားသည်ဟု စွပ်စွဲခေါ်ယူ မေးမြန်းခဲ့မှုများ စသည့် အထင်အမြင် လွဲမှားခဲ့မှုများကို ခဝါချကာ ယခု ကဲ့သို့ ဒီမိုကရေစီ နိုင်ငံထူထောင်မှုတွင် တစ်ဦးကို တစ်ဦး လက်တွဲ ဖေးမ ကူညီ အသိအမှတ်ပြုခြင်းတို့နှင့် အတူ အများပြည်သူတို့အား ကူညီဖေးမပေးနေသော နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ကုသိုလ်ရေး လုပ်ငန်းများအား အသိအမှတ်ပြုကာ လာရောက်လှူဒါန်းခဲ့သော သမ္မတကြီး ဦးသိန်းစိန်နှင့် ဇနီး ဒေါ်ခင်ခင်ဝင်း မိသားစု၊ နိုင်ငံတော်သမ္မတ အကြံပေးပုဂ္ဂိုလ်ကြီးများနှင့် ဝန်ကြီးများ၊ နိုင်ငံခေါင်းဆောင်များ ၏ ယခုလုပ်ဆောင်ချက်များအား မင်္ဂလာတရားနှင့်အညီ မြန်မာပြည်သား ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဦးသန့်၏ ဗုဒ္ဓတပည့် ဥပါသကာတစ်ယောက်ရဲ့ စိတ်ဓာတ်ဟူသော ခံယူချက်ဖြင့် မှတ်တမ်းကဗျည်းတင် လိုက်ရပါတော့သည်။

ဗုဒ္ဓဘာသာဝင် တစ်ဦးအနေဖြင့် ကျွန်တော်သည် အရာရာကို သည်းခံခွင့်လွှတ်တတ်သည့် စိတ်ဓာတ်အမြင်ကို ခံယူကျင့်သုံးသည်။ သည်းခံခွင့်လွှတ်ခြင်း စိတ်ဓာတ် ကိုယ်ကျင့်သိက္ခာ မြင့်မားရေးစိတ်ဓာတ် အထူးသဖြင့် နူးညံ့သိမ်မွေ့မှု၊ လူသားခြင်းစာနာထောက်ထားမှု၊မေတ္တာ ဘာဝနာ ပွားများမှုတို့ဖြင့် ကြီးပြင်းလာခဲ့သူတစ်ဦး ဖြစ်ပါသည်။

(ဦးသန့် - ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်)

ကျော်သူ

0 ဂျပန်ဘဏ်များ မြန်မာနိုင်ငံသို့ ဒေါ်လာ ၁ ဘီလီယံချေးရန်ပြင်ပာု သတင်းများဖော်ပြ

(27 Sept 2012 ရက်စွဲပါ Channel News Asia မှ Tokyo meeting to pledge US$1b for Myanmar: report ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံသည် ကမ္ဘာ့အသိုင်းအဝိုင်း၏ တိုး၍ကြိုဆိုခြင်းကို ခံလာရခြင်းကြောင့် ငွေချေးဌားမည့်သူများသည် လာမည့်လ တိုကျိုတွင် တွေ့ဆုံသည့်အခါ မြန်မာနိုင်ငံအား ဒေါ်လာ ၁ ဘီလီယံချေးဌားရန်စီစဉ်လျက်ရှိသည်ပာု သတငးတစ်ရပ်က ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် နှစ်ပေါင်းများစွာ အပယ်ခံနိုင်ငံအဖြစ်မှ လျင်မြန်စွာတံခါးဖွင့်လာခြင်းကြောင့် အမေရိကန်ပြည်ထောင်စုက ၎င်း၏ နောက်ဆုံးကျန်ရှိသော အဓိကအရေးယူမှုများကို ရုတ်သိမ်းရန်ပြောကြားခဲ့ပြီးနောက် အဆိုပါသတင်းထွက်ပေါ်လာခြင်းဖြစ်သည်။

ဂျပန်စီးပွားရေးနေ့စဉ် Nikkei ကပြောကြားရာတွင် လာမည့်လအစောပိုင်း တိုကျိုတွင် IMF အစည်းအဝေးတွင် အရန်ဆွေးနွေးမှုအဖြစ် နိုင်ငံတကာအဖွဲ့အစည်းများသည် မြန်မာနိုင်ငံသို့ပြန်လည်၍ အကူအညီပေး ငွေချေးရန် ဆွေးနွေးကြမည်ဖြစ်သည်ပာု ဆိုသည်။

ကမ္ဘာ့ဘဏ်၊ IMF နှင့် ADB တို့သည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီနှင့် စီးပွားရေးဖွံ့ဖြိုးမှုတို့ကို ထောက်ပံ့ကူညီနိုင်ရန် ဒေါ်လာသန်း(၉၀၀)ရှိ ချေးငွေ တိုးချဲ့ပေးနိုင်ရန် စဉ်းစားလျက်ရှိကြောင်း အဆိုပါသတင်းစာက ဆိုသည်။

Japan Bank for International Cooperation နှင့်အခြားဂျပန်ဘဏ်များသည် မြန်မာနိုင်ငံအနေဖြင့် ယခင်ကြွေးမြီများပြန်ဆပ်နိုင်ရန် ပေါင်းကူး ချေးငွေပေးရန် အဆိုပြုမည်ပာု ဖော်ပြထားသည်။

ထို့ကြောင့် ယခုချေးငွေသစ်သည် စုစုပေါင်းပမာဏဒေါ်လာ ၁ ဘီလီယံရှိနိုင်ကြောင်း သတင်းစာက ပြောသည်။

ကမ္ဘာ့ဘဏ်နှင့် ADB ကဲ့သို့သော ငွေကြေးအဖွဲ့အစည်းမျိုးသည် ထိုသို့သော အကူအညီပေးမှုမျိုးကို အဆိုမပြုနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် အမေရိကန်ပြည်ထောင်စုမှ ကိုယ်စားလှယ်များသည် ဘုတ်အဖွဲ့အစည်းအဝေးတွင် ထိုအစီအစဉ်ကိုကန့်ကွက်ခဲ့ကြသောကြောင့်ဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင်လက ဝါရှင်တန်သည် မြန်မာနိုင်ငံ၌ ကမ္ဘာတစ်ဝှမ်းက မျက်စိကျနေသော ရေနံနှင့် ဓာတ်ငွေ့ကဏ္ဍအပါအဝင် ရင်းနှီးမြှုပ်နှံရန် ကုမ္ပဏီများအပေါ် မီးစိမ်းဖြစ်ခဲ့သည်။

ဗုဒ္ဓပာူးနေ့က နိုင်ငံခြားရေးဝန်ကြီး ပီာလာရီကလင်တန်သည် မြန်မာခေါင်းဆောင်ဦးသိန်းစိန်နှင့်တွေ့ဆုံစဉ်တွင် သွင်းကုန်ပိတ်ပင်ထားမှုအား ဖြေလျော့ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံအပေါ် အကြီးဆုံးငွေချေးသောနိုင်ငံဖြစ်သည်နှင့်အညီ ကမ္ဘာ့ဘဏ်၊ ADB နှင့် အခြားအဖွဲ့အစည်းများထံတွင် မြန်မာနိုင်ငံ ယခင်ကတင်ရှိသော ကြွေးမြီများကိုတင်ပြရန်နှင့် ဂျပန်ကငွေချေးရန် စပွန်ဆာပေးမည်ဖြစ်သည်ပာု Mainichi Shimbun ကအစောပိုင်းက သတင်းထုတ်ပြန်ခဲ့သည်။

တိုကျိုသည် ဧပြီလက မြန်မာနိုင်ငံကတင်ရှိနေသော ကြွေးမြီးယန်း(၅၀၀)ဘီလီယံအနက် ယန်း(၃၀၀)ဘီလီယံ(ဒေါ်လာ ၃.၉ ဘီလီယံ)အား လျော်ပစ်ရန် သဘောတူခဲ့သည်။

သယံဇာတဆင်းရဲပြီး ပို့ကုန်အပေါ်သာအားထားရသော ဂျပန်နိုင်ငံသည် တရုတ်ကရယူရန်ကြိုးပမ်းလျက်ရှိသော သယံဇာတကြွယ်ဝသည် မဲခေါင် ဒေသဖွံ့ဖြိုးရေးကို အားပေးရန်ကြိုးစားလျက်ရှိသည်။

ပြီးခဲ့သည့်အပတ်က ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်ပြည်ထောင်စုသို့ သမိုင်းဝင်အလည်အပတ် လာရောက်ခဲ့ပြီး အရေးယူမှုများရုတ်သိမ်းရန် တောင်းဆိုခဲ့သည်။

Yangon chronicle

0 ဒေါ်အောင်ဆန်းစုကြည်က Harvard နှင့် Yaleတွင် အတွင်းစိတ်ဓါတ်အခံ အကြောင်းပြော

(27 September 2012 ရက်စွဲပါ my San Antonio တွင် AP မှ John Christoffersen နှင့် Lindsey Anderson တို့ရေးသားသော Suu Kyi tells Harvard, Yale of 'inner resources'ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံ၏ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က Harvard တက္ကသိုလ်တွင် ကြာသပတေးနေ့ကပြောကြားသော မိန့်ခွန်း၌ မြန်မာနိုင်ငံသားများအနေဖြင့် လွတလပ်သောလူ့အဖွဲ့အစည်းအတွက် တာဝန်ယူမှုရှိသော နိုင်ငံသားများဖြစ်ရေးပြင်ဆင်ရန် ထည့်သွင်းပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် သူ၏မှတ်တိုင်ဖြစ်သော အမေရိကန်ခရီးစဉ်တွင် Harvard နှင့် Yale တက္ကသိုလ်တို့တွင် မိန့်ခွန်းပြောကြားခဲ့သည်။ သူ၏ Ivy League တွင်ပြောကြားသောမိန့်ခွန်းသည် သမ္မတဦးသိန်းစိန်က ကုလသမဂ္ဂအထွေထွေညီလာခံ၌ သူ့အားဂုဏ်ပြုသည့် အကြောင်းပါဝင်သော မိန့်ခွန်းပြောသည့်နေ့တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။

ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ရာတွင် သူနှင့် NLD အဖွဲ့ဝင်များသည် အာဏာရှင် လက်အောက်တွင် မသိနားမလည်သေးသော ကလေးများသဖွယ် ပြုမူခံရသည့် ပြည်သူများအား မဲဆန္ဒပေးခြင်း၏အရေးကြီးပုံနှင့် ဒီမိုကရေစီ၏ အဓိပ္ပါယ်ကို ပညာပေးခဲ့ရသည်။ ပြည်သူများသည် မိမိတို့လူအဖွဲ့အစည်းကို ပြောင်းလဲနိုင်သည့် ပါဝါရှိသည်ဆိုသည်ကို နားလည်ရန်လိုအပ်ကြောင်း သူကပြောခဲ့သည်။

“ရွေးကောက်ပွဲ ကျင်းပတဲ့နေ့မှာတော့၊ ပြည်သူတစ်ဦးချင်းဟာ သမ္မတနဲ့တန်းတူပါပဲ။ သူလဲ မဲတစ်မဲပေးခွင့်ရှိသလို၊ ရှင်တို့လည်း မဲတစ်မဲပေးခွင့် ရှိပါတယ်။ ဒါကိုအသုံးချပါ”ဟု ဒေါ်အောင်ဆန်းစုကြည်က မဲဆန္ဒရှင်များအား နှိုးဆော်ခဲ့သည်။

သူက ပြောကြားရာတွင် ပြည်သူများက သူ့အားအထင်ကရပုဂ္ဂိုလ်တစ်ဦး(icon)သာဖြစ်ပြီး နိုင်ငံရေးအတွေ့အကြုံမရှိဟု ပြောကြားမှုကို ကြားရသောအခါ အံ့ဩမိကြောင်းဆိုသည်။

“လွန်ခဲ့တဲ့(၂၄)နှစ်လုံးလုံး ကျွန်မဘာတွေလုပ်နေတယ်လို့ ထင်ပါသလဲ”ဟု သူကဆိုသည်။ သူသည် NLD တည်ထောင်ခဲ့သူတစ်ဦးတွင် ပါဝင်ခဲ့ပြီး၊ နေအိမ်အကျယ်ချုပ်ကာလတွင် ပြန်လွှတ်သည့်အခါ အလုပ်လုပ်ရန်ပြင်ဆင်နေခဲ့သည်ဟု ဖြည့်စွက်ပြောသည်။

ထိုနေ့ အစောပိုင်း Yale တက္ကသိုလ်တွင် ထုတ်ပြန်ချက်၌လည်း သူက စစ်မှန်သောဒီမိုကရေစီ တည်ထောင်နိုင်ရန် လွတ်လပ်သောတရားစီရင်မှု လိုအပ်ကြောင်း အလေးအနက်ထားပြောကြားခဲ့သည်။

“တရားဥပဒေစိုးမိုးရေးကို ပြန်လည်တည်ထောင်နိုင်ပြီဆိုရင်တော့၊ ဒီမိုကရေစီဖော်ဆောင်ရေးလုပ်ငန်းစဉ် အောင်မြင်ပြီလို့  ပြောလို့ရပါတယ်။ ဒီပွိုင့်ကိုမရောက်မချင်းတော့ ဒီမိုကရေစီဖော်ဆောင်ရေး လုပ်ငန်းစဉ်အောင်မြင်ပြီလို့ မထင်ပါဘူး”ဟု ဆိုသည်။

လက်တွေ့တွင် တရားစီရင်ရေးစနစ်မရှိဟု သူကပြောသည်။ “ဒါကြောင့် အားကောင်းတဲ့၊ လွတ်လပ်တဲ့၊ သန့်ရှင်းတဲ့တရားစီရင်ရေးစနစ် မရှိမချင်းတော့ မြန်မာနိုင်င်ငံဟာ စစ်မှန်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ ရှိနေပြီလို့မပြောနိုင်ပါဘူး”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

သို့သော်သူက မြန်မာနိုင်ငံသည် ဒီမိုကရေစီစင်မြင့်သို့ နောက်ကျမှဝင်ခဲ့ရသော်လည်း အကျိုးကျေးဇူးခံစားရမည်ဟု ပြောခဲ့သည်။

“နောက်ကျပေမယ့် အခြားသူများရဲ့အမှားများကို သင်ခန်းစာယူနိုင်ပါမယ်”ဟု သူက Harvard တွင်ပြောခဲ့သည်။

ပြီးခဲ့သည့်အပတ်က ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတ Barack Obama နှင့် ပုဂ္ဂလိက အလွတ်သဘောတွေ့ဆုံခဲ့ပြီး ကွန်ဂရက်၏ အမြင့်ဆုံးရွှေတံဆိပ်ဆု လက်ခံခဲ့သည်။ ထိုဆုကို ၂၀၀၈ ခုနှစ်က စစ်အုပ်ချုပ်ရေးကို ငြိမ်းချမ်းစွာတော်လှန်ခဲ့မှုကြောင့် ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

ဧပြီလတွင် ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်အမတ်အဖြစ် ရွေးကောက်ခံရပြီးကတည်းက အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံနှင့် သံတမန်ဆက်ဆံရေး ပုံမှန်ပြန်လည်ထူထောင်ခဲ့ပြီး အမေရိကန်ကုမ္ပဏီများ ရင်းနှီးမြှပ်နှံရန် ခွင့်ပြုခဲ့သည်။

ဗုဒ္ဓဟူးနေ့က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က အမေရိကန်သည် သွင်းကုန်ပိတ်ပင်ထားမှုကို ဖြေလျော့ပေးမည်ဟု ကြေညာ ခဲ့သည်။ ထိုပိတ်ပင်ထားမှုမှာ ကျန်ရှိသော အမေရိကန်အရေးယူမှုများအနက် အဓိကကျသော အစိတ်အပိုင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း ထိုသို့လုပ်ဆောင်ရန်ပြီးခဲ့သည့် အပတ်ကထောက်ခံခဲ့ပြီး၊ မြန်မာနိုင်ငံသည် ဒီမိုကရေစီအတွက် အရှိန်အဟုန် ဆက်ထိန်းရန် အမေရိကန်တစ်နိုင်ငံတည်းအပေါ် တည်မှီမနေသင့်ကြောင်း ပြောကြားခဲ့သည်။ သူသည် အရေးယူမှုများကို စစ်အစိုးရအား နိုင်ငံရေးအရ ဖိအားပေးရေးအတွက် နည်းပေါင်းများစွာ ထောက်ခံခဲ့သည်။

အမေရိကန်သည် ၎င်း၏စီးပွားရေးအရ အရေးယူမှုများကို မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို တုန့်ပြန်သောအားဖြင့် ယခုနှစ် အစောပိုင်းမှစ၍ တဖြည်းဖြည်းဖြေလျော့ပေးခဲ့သည်။

မြန်မာနိုင်ငံတွင် တဖြည်းဖြည်းဆင်းရဲလာပြီး၊ ပြည်သူလူထု၏ မကျေနပ်မှုများနှင့် ရင်ဆိုင်လာရအပြီးတွင် ပြောင်းလဲမှုများထွက်ပေါ်လာရကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

Harvard နှင့် Yale တွင်ကျောင်းသားများက ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်နေရစဉ် ကာလများအတွင်း မည်သို့စိတ်ဓါတ်ကို ထိန်းသိမ်းနေထိုင်သနည်းဟု မေးမြန်းခဲ့ရာ သူကအခြေအနေဆိုးများကို ရင်ဆိုင်နိုင်ရန် အတွင်းစိတ်ဓါတ်အခံ( inner resources)နှင့် အခြားအရာများကို အာရုံပြုမှုတို့လိုအပ်ကြောင်း ပြောခဲ့သည်။

“အဝေးနေရာကလူတွေ ကျွန်မတို့ကို ထောက်ခံတယ်လို့ပြောတာ ကြားရတိုင်း၊ အားဆေးတွေပါပဲ”ဟု သူက Harvard တွင်ပြောသည်။

Yangon chronicle

Friday, September 28, 2012

0 Asia Society တွင် သမ္မတ ဦးသိန်းစိန် ပြောကြားခဲ့သည့် မိန့်ခွန်း(ရုပ်/သံ)

ရှေးဦးစွာ တက်ရောက်လာကြတဲ့ Asia Society မှ ပုဂ္ဂိုလ်များအားလုံးကို ကျွန်တော့်အနေနဲ့ မင်္ဂလာပါလို့ နှုတ်ခွန်းအရင် ဆက်သ အပ်ပါတယ်။

ပထမဦးဆုံးအနေနဲ့ ကျွန်တော်ပြောလိုတာကတော့ ကျွန်တော်တို့ အစိုးရသစ်ရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေ အကောင်အ ထည် ဖေါ်နေချိန်မှာ၊ အစောပိုင်းလာလတွေမှာ မြန်မာနိုင်ငံကို ကိုယ်တိုင်ကိုယ်ကျ လာရောက်လေ့လာပြီးတော့ မြန်မာနိုင်ငံရဲ့ ပြု -ပြင်ပြောင်းလဲရေး လုပ်ငန်းတွေအပေါ်မှာ နိုင်ငံတကာကို ထောက်ခံပြောဆိုပေးခဲ့ကြတဲ့ Asia Society တာဝန်ရှိသူတွေကို ကျေးဇူး တင်ရှိပါကြောင်း ပြောကြားလိုပါတယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံမှာပဲဖြစ်စေ၊ အမေရိကန်ပြည်ထောင်စုမှာပဲဖြစ်စေ ဒီမိုကရေစီအုပ်ချုပ်မှုပုံစံအရ အစိုးရတစ်ရပ်ပြီး တစ် ရပ် ပြောင်းလဲနေမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ပေါ်ပေါက်လာတဲ့ အစိုးရ အရပ်ရပ်ပေါ်မှာ မူတည်ပြီး အစိုးရအချင်းအချင်း ဆက်ဆံမှု ပုံစံတွေလည်း ပြောင်းလဲလာမှာ ဖြစ်ပါတယ်။ အစိုးရတွေ ဘယ်လိုပဲပြောင်းပြောင်း နှစ်နိုင်ငံအတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ ပြည် သူများ အချင်းချင်း ချစ်ကြည်ရင်းနှီး ဆက်ဆံမှုကတော့ ခိုင်မြဲစွာ တည်တံ့ကျန်ရစ်နေဖို့ အရေးကြီးပါတယ်။

ဒီလို ရင်းနှီးချစ်ကြည်တဲ့ ဆက်ဆံမှုတစ်ခုကို အမေရိကန်ပြည်သူများနဲ့ မြန်မာနိုင်ငံပြည်သူများ အကြားမှာ ပေါက်ဖွားစေဖို့ အတွက် နှစ်နိုင်ငံရဲ့ ယဉ်ကျေးမှု ဓလေ့ စရိုက်တွေ၊ စီးပွားရေးဆောင်ရွက်ပုံတွေ၊ အနုပညာတွေကို အပြန်အလှန် သိရှိနားလည်ကြဖို့ လိုအပ်ပါတယ်။ ဒီလို အာရှ တိုက်နိုင်ငံများနဲ့ အမေရိကန် ပြည်ထောင်စု အကြား အပြန်အလှန် နားလည်မှုရှိအောင် ဖော်ဆောင်ပေးနေတဲ့ Asia Society ရဲ့ အခန်းကဏ္ဍကို အလွန်ပဲ အရေးကြီးတယ်လို့ ပြောလိုပါတယ်။

မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဖြစ်စဉ်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ပေါက်လာရုံ၊ လွှတ်တော်တွေ ပေါ်ပေါက်လာ ရုံ၊ ရွေးကောက်ပွဲတွေ လုပ်ရုံနဲ့ အောင်မြင်မှု ရနိုင်မှာမဟုတ်ပါဘူး။ မြန်မာ့လူ့အဖွဲ့အစည်းအတွင်းမှာ ကာလရှည်ကြာ ပျောက်ဆုံးနေ တဲ့ “Democratic Culture” လို့ဆိုတဲ့ “ဒီမိုကရေစီ ယဉ်ကျေးမှု” တစ်ရပ်ကို ပြန်လည်အသက်သွင်းရမှာ ဖြစ်ပါတယ်။

အခုအချိန်ဟာ ဒီမိုကရေစီစံနှုန်းတွေကို မိမိတို့ရဲ့ နိုင်ငံသားအားလုံးရဲ့ ရင်မှာ ကိန်းဝပ်ရှင်သန်လာအောင် ပြန်လည်လှုပ်နှိုးနေရတဲ့ အရေးကြီးတဲ့ အချိန်ဖြစ်ပါတယ်။ မတူကွဲပြားမှုတွေကို လက်ခံနားလည်ပြီး ညှိနှိုင်းပူးပေါင်းဆောင်ရွက်နိုင်တဲ့ လူ့အဖွဲ့အစည်း တစ် ရပ်ပေါ်ပေါက် လာရန် ကြိုးပမ်းဆောင်ရွက်နေချိန်လည်း ဖြစ်ပါတယ်။ ဒီကိစ္စကို ဆောင်ရွက်အကောင်အထည်ဖော်ရာမှာ အစိုးရ တစ်ရပ်တည်းရဲ့ အားနဲ့ ဆောင်ရွက်တာထက်၊ အရပ်ဘက်နဲ့ လူ့အဖွဲ့အစည်းများရဲ့ ကူညီဆောင်ရွက်မှုကိုလည်း ရယူရမှာ ဖြစ်တယ် လို့ ကျွန်တော့်အနေနဲ့ လက်ခံယုံကြည်ထားပါတယ်။

မြန်မာ့ လူ့ဖွဲ့အစည်းတွေ ရှင်သန်အားကောင်းလာစေဖို့အတွက် အကြံဉာဏ်တွေ၊ ဆွေနွေးညှိနှိုင်းမှုတွေ၊ စွမ်းဆောင်ရည် မြှင့်တင်မှု -တွေကို Asia Society က ကူညီဆောင်ရွက်သွားမှာဖြစ်တဲ့ အတွက် ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။

ဒီမိုကရေစီထွန်းကားတဲ့ လူ့အဖွဲ့အစည်းတစ်ခု တည်ဆောက်နိုင်ဖို့အတွက် ကြိုးပမ်းနေတဲ့ မြန်မာနိုင်ငံဟာ အမေရိကန် ပြည်ထောင် စုကဲ့သို့ မိတ်ဆွေကောင်းများကိုလည်း လိုအပ်ပါတယ်။ မြန်မာပြည်သူများနဲ့ အမေရိကန်ပြည်သူများအကြား ရင်းနှီးချစ်ကြည်မှု ပို မိုမြင့်မားလာစေဖို့ အတွက် Asia Society အနေနဲ့ စိတ်ကောင်း စေတနာမှန်နဲ့၊ အကူအညီများ အကြံဉာဏ်များဖြင့်လည်း ပံ့ပိုးပေး သွား နိုင်မယ်လို့ မျှော်လင့်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။
Eleven Media Group'

0 နိုင်ငံတော်သမ္မတဦးသိန်းစိန်မှ ( ၆၇)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံတွင် ပြောကြားသည့်မိန့်ခွန်း

ယခင်ကနိုင်ငံရေးအဓိကအတိုက်အခံအင်အားစုခေါင်းဆောင် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လည်း လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအနေဖြင့်သာမက ယခုအခါမှာ တရား ဥပဒေစိုးမိုးရေးဆိုင်ရာ လွှတ်တော်ကော်မတီ၏ ဥက္ကဋ္ဌဌအနေနဲ့လွှတ်တော် စင်မြင့်ကနေ ပါဝင်ဆောင်ရွက်နေပြီဖြစ်ပါတယ်။ ဒီရက်သတ္တပတ် အတွင်းမှာ တော့ သူမအနေနဲ့ နယူးယောက်မြို့မှာရှိနေပါတယ်။သူမရဲ့ဒီမိုကရေစီ ကြိုးပမ်းမှုများအတွက်အမေရိကန်ပြည်ထောင်စုမှာဂုဏ်ပြုခံနေရတာတွေကိုလည်း မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့ ကျွန်တော် ဝမ်းမြောက် ဂုဏ်ယူပါတယ်။
အထွေထွေညီလာခံ သဘာပတိကြီး၊ ကုလသမဂ္ဂအထွေထွေ  အတွင်းရေးမှူးချုပ်နှင့်တကွ ကြွရောက်လာကြတဲ့ ဂုဏ်သရေရှိ ဧည့်သည်တော်ကြီးများ ခင်ဗျား-

အဆွေတော်အား (၆၇)ကြိမ်မြောက် ကုလသမဂ္ဂ အ‌ထွေထွေ ညီလာခံကြီးရဲ့ သဘာပတိအဖြစ် ထိုက်ထိုက်တန်တန် ရွေးချယ်တင်မြောက်ခြင်း ခံရတဲ့အတွက် လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုပါကြောင်း ဦးစွာပြောကြားလိုပါတယ်။ ဆားဘီးယားနိုင်ငံနှင့် မြန်မာနိုင်ငံတို့ဟာ ကာလရှည်ကြာစွာကပင် ရင်းနှီးတဲ့ မိတ်ဆွေနိုင်ငံများ ဖြစ်ကြပါတယ်။ ယနေ့ကမ္ဘာကြီးက ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှု တွေကို ရင်ဆိုင်ဖြေရှင်းဖို့ အဆွေတော် ဦးစီးဦးရွက်ပြုတဲ့ အထွေထွေညီလာခံကြီးကစဉ်းစားဆွေးနွေး ဆောင်ရွက်သွားလျက်ရှိပါတယ်။ အဆွေတော်ရဲ့ ဉာဏ်ပညာ ကြီးမြင့်မှု၊ အတွေ့အကြုံ ကြွယ်ဝမှု၊ သံတမန်ရေးရာ လိမ္မာပါးနပ်မှုတို့ကြောင့် ကျွန်တော်တို့ရဲ့ ဒီလိုဆွေးနွေးမှုတွေဟာ မျှော်မှန်းတဲ့ရလဒ်များ ပေါ်ထွက်လာမယ်လို့ အလေးအနက် ယုံကြည် ပါတယ်။

 အလားတူပဲ (၆၆) ကြိမ်မြောက် ကုလသမဂ္ဂအ‌ထွေထွေညီလာခံကြီးရဲ့ သဘာပတိအဖြစ် အဆွေတော်ရဲ့ရှေ့က ဆောင်ရွက်ခဲ့တဲ့မစ္စတာနာဇီးအယ်လ်နာဆာကိုလည်း ပြောင်မြောက်စွာ ခေါင်းဆောင်မှု ပေးနိုင်ခဲ့ခြင်းအတွက် တန်ဖိုးထားကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။

သဘာပတိကြီးခင်ဗျား-

မြန်မာနိုင်ငံဟာ လွတ်လပ်၍ တက်ကြွသော နိုင်ငံခြားရေးမူဝါဒကို စဉ်ဆက်မပြတ် ကျင့်သုံးလာခဲ့ပါတယ်။ ယင်းနိုင်ငံခြားရေးမူဝါဒရဲ့ အခြေခံမူကြီးများထဲမှာ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိန်းသိမ်းရေးအတွက် တက်ကြွစွာပါဝင် ဆောင်ရွက်သွားရန် ပြဋ္ဌဌာန်းထားပါတယ်။ ဒီလို ထိန်းသိမ်းရာမှာ နိုင်ငံများအကြား ပေါ်ပေါက်လေ့ရှိတဲ့ သဘောထား ကွဲလွဲမှုများကို ငြိမ်းချမ်းစွာ ‌ဖြေရှင်းရေးကို

1 မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ ယေးတက္ကသိုလ်ဆွေးနွေးပွဲ (ရုပ်/သံ)

0 ကာကွယ်ရေးဦးစီးချုပ်က ဂျာနယ်ထုတ်ဝေရန်စီစဉ်နေကြောင်း သတင်းများထွက်ပေါ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သတင်းဂျာနယ်တစ်စောင်ထုတ်ဝေရန် စီစဉ်လျက်ရှိကြောင်း ယခု ရက်ပိုင်းအတွင်း မီဒီယာလောကတွင် သတင်းများထွက်ပေါ်လျက်ရှိသည်။

ယခင်စစ်ထောက်လှမ်ရေးဗိုလ်မှူးဟောင်းတစ်ဦးကိုဒုတိယဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ခေါ်ယူတွေ့ဆုံ၍ စီစဉ်ခိုင်းခဲ့ကြောင်း ယင်း ဗိုလ်မှူး၏ ဂျာနယ်ထုတ်ဝေရေးတာဝန်ယူပေးရန် ကမ်းလှမ်းခြင်းခံရသူ သတင်းအယ်ဒီတာတစ်ဦးက ဆိုသည်။

"သူက သိန်း ၃ထောင်လောက်ဆို ဖြစ်မလား၊ သတင်အဖွဲ့တွေကအစ တာဝန်ယူနိုင်မလားမေးတယ်"ဟု ၎င်းက ဆိုသည်။

ယခင်စစ်အစိုးရခေါင်းဆောင်ဟောင်းအသိုင်းအဝိုင်းတွင်ကိုယ်ပိုင်ဂျာနယ်ထုတ်ဝေခြင်းမှာ ခေတ်စားလျက်ရှိကြောင်း ကြံခိုင်ရေးပါတီခေါင်း ဆောင်တစ်ဦးက ပြောကြားသည်။

လက်ရှိရေးဆွဲလျက်ရှိသော မီဒီယာဥပဒေတွင် သတင်းမီဒီယာဌာနများ၏ ပိုင်ရှင်များကို တရားဝင် ထုတ်ဖော်ရန် ဆိုသည့်အချက်ကို ထည့်သွင်း ရန် မီဒီယာဥပဒေအလုပ်ရုံဆွေးနွေးပွဲများတွင် သတင်းစာဆရာများက ထောက်ပြဆွေးနွေးခဲ့ကြသည်။

ယခုလက်ရှိတွင်ဗိုလ်ချုပ်ကြီးဟောင်းသူရရွှေမန်း၏sweetviewsဂျာနယ်၊ကြံ့ခိုင်ရေးပါတီ၏ ငွေကြေးအထောက်အပံ့နှင့် ရပ်တည်နေသော အင်ပါယာဂျာနယ်နှင့် ဗိုလ်မှူးချုပ်ဟောင်း အောင်သိန်းလင်း၏ My Way ဂျာနယ်တို့မှာ ထုတ်ဝေလျက်ရှိသည်ကို တွေ့ရသည်။

SWEET (Yangon chronicle)

Thursday, September 27, 2012

0 မြန်မာထုတ်ကုန်အမေရိကန်သို့တင်ပို့မှု ပိတ်ပင်ထားခြင်းအား ဝါရှင်တန်အစိုးရမှပယ်ဖျက်။

မြန်မာစစ်အာဏာရှင်တို့အားစီးပွားရေးပိတ်ဆို့ဒါဏ်ခတ်အရေးမှုတခုဖြစ်တဲ့ မြန်မာနိုင်ငံထုတ်ကုန်များ အမေရိကန်နိုင်ငံသို့ တင်သွင်းမှုပိတ်ပင်ခြင်းအား အမေရိကန်အစိုးရကပယ်ဖျက်လိုက်ကြောင်းကို အမေရိကန်နိုင်ငံခြားဝန်ကြီး ဟီလာရီကလင်တန်ကကြေငြာလိုက်သည်။

ကုလသမဂ္ဂအထွေထွေညီလာခံတက်ရောက်နေသောသမ္မတဦးသိန်းစိန်အားအမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကလင်တန်မှ မြန်မာနိုင်ငံထုတ်ကုန်များ အမေရိကန်နိုင်ငံသို့ တင်သွင်းမှုပိတ်ပင်မှု ရုတ်သိမ်းလိုက်ခြင်းတွင် လက်နက်ရောင်းဝယ်မပါဝင်ဘဲ မြန်နိုင်ငံပြုပြောင်းလဲရေးလုပ်ငန်းစဉ်များပိုမိုအောင်မြင်တိုးတက်လာစေရန်အတွက် ရည်ရွယ်ကြောင်းကို ပြောဆိုခဲ့သည်။ မြန်မာနိုင်ငံအမျိုးသားပြန်လည်ရင်ကြားစေ့ရေးနှင့် ပြုပြင်ပြောင်းလဲရေးများလုပ်ဆောင်နေမှုကာလတွင်မြန်မာ့စီးပွားရေးအရှိန်အဟုန်ဖြင့်လျင်မြန်စွာဖွံဖြိုးတိုးတက်စေရန်အတွက်အမေရိကန်နိုင်ငံသို့သမိုင်းဝင်ခရီးစဉ်အဖြစ်ရောက်ရှိနေသောလူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်မှအမေရိကန်စီးပွားရေးပိတ်ဆို့မှုကိုရုတ်သိမ်းရန်အတွက် ထောက်ခံပြောဆိုခဲ့ပြီးနောက် ယခုလိုအမေရိကန်အစိုးရရဲ့ကြေညာချက်ထွက်ရှိလာခြင်းဖြစ်သည်။

အမေရိကန်နိုင်ငံခြားဝန်ကြီးကလင်တန်သည်ယမန်နေ့က မြန်မာသမ္မတနှင့်တွေ့ဆုံစဉ်အတွင်း မြန်မာနိုင်ငံပြုပြင်ပြောင်းလဲမှုများလုပ်ဆောင်ရာတွင် တိုးတက်မှုများတွေ့မြင်ရသောကြောင့် ကျေနပ်အားရမိကြောင်းချီးကျူးစကားဆိုခဲ့သည်။
Aung pan
(AP/John Minchillo)

0 ငြိမ်းချမ်းရေးနေ့လှုပ်ရှားမှုနှင့်ပတ်သက်သောအမြင်များအပေါ်ရှင်းလင်းတင်ပြချက်…

စက်တင်ဘာ ၂၁ ၂၀၁၂ သောကြာနေ့ ငြိမ်းချမ်းရေးလှုပ်ရှားမှုနဲ့ပတ်သက်လို့ အစိုးရဘက်ကတောင်ဘာမှမပြောရသေးခင် အတိုက်အခံနိုင်ငံရေးခေါင်းဆောင်တချို့က သူတို့ရဲ့စိုးရိမ်ပူပန်မှုကိုထုတ်ဖော်ပြောဆိုလာတာတွေတွေ့ရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးအနည်းငယ်ရှင်းလင်းတင်ပြလိုပါတယ်။ဝေဖန်မှုတွေထဲကတချက်ဖြစ်တဲ့ အုပ်ချုပ်သူတွေသွေးလန့်မှာ စိုးရိမ်တယ်ဆိုတာနဲ့ တချို့ပြောကြတဲ့နောက်ကြောင်းပြန်လှည့်သွားမှာကိုစိုးရိမ်တယ် ဆိုတာကိုအရင်ဆုံးရှင်းပါမယ်။

နောက်ကြောင်းပြန်လှည့်မှာကို ဘယ်သူမှမလိုလားပါဘူး။ ကျနော်တို့လည်းမလိုလားပါဘူး။ ဒါပေမယ့် ခုလှုပ်ရှားမှုမျိုးဟာ ဒီမိုကရေစီနိုင်ငံတခုမှာဘာမှပြောပလောက်တဲ့ကိစ္စမဟုတ်ပါ။ ပြည်သူတွေနဲ့ ပြည်သူ့အဖွဲ့အစည်းတွေက ငြိမ်းချမ်းရေးနေ့မှာ ငြိမ်းချမ်းရေးနေ့အတွက် ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒထုတ်ဖော်ကြတာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ တိုင်းပြည်မှာလည်း ကချင်စစ်ပွဲက အရှိန်ပိုမြင့်လာပြီး၊ ဒုက္ခသည်အရေအတွက်ဟာ သိန်းဂဏန်းကျော်လာပါတယ်။ နှစ်ဖက်တပ်တွေက အကျအဆုံးတွေများလာတဲ့အပြင် အပြစ်မဲ့ပြည်သူတွေပါ စတေးခံရတဲ့အထိဖြစ်လာပါတယ်။ ဒါကိုပြည်သူတွေက မလိုလားလို့ခုလိုလှုပ်ရှားကြတာဖြစ်ပါတယ်။ ဘာများအမှားအယွင်းရှိခဲ့ပါသလဲနားမလည်နိုင်ဖြစ်မိပါတယ်။

ဘယ်သူရာထူးကဆင်းပေးဖို့၊ အစိုးရကိုဖြုတ်ချဖို့၊စတဲ့စကားမျိုးပြောမိခဲ့လားလို့လည်းစဉ်းစားမိပါတယ်။ ငြိမ်းချမ်းရေးသီချင်းတွေဆိုပြီး၊ တပြည်လုံးငြိမ်းချမ်းဖို့ ဆုတောင်းကြတာ တစုံတယောက်ကိုများခြိမ်းခြောက်စော်ကားမိတာမျိုးဖြစ်သွားခဲ့ရင်တောင်းပန်ပါတယ်။ ဒီမိုကရေစီကူးပြောင်းမယ့်နိုင်ငံတခုမှာ ပြည်သူရဲ့ပါဝင်မှုထက်အရေးကြီးတာမရှိပါဘူးလို့ယုံကြည်ပါတယ်။ ပြည်သူက နိုင်ငံ့အရေးကို စိတ်မ၀င်စားရင်တောင် တက်ကြွလာအောင် တာဝန်ယူမှုရှိလာအောင် ပြည်သူကိုနှိုးဆော်မြှင့်တင်ပေးရမှာ ကျနော်တို့ တက်ကြွလှုပ်ရှားသူတွေရဲ့ တာဝန်မဟုတ်ဘူးလားခင်ဗျာ။

ခုဖြစ်စဉ်ဟာလည်းတဖက်ကငြိမ်းချမ်းရေးကိုတောင်းဆိုတာဖြစ်သလို၊အခြားတဖက်ကလည်း ပြည်သူတွေဒီမိုကရေစီအကူးပြောင်းမှာ တက်တက်ကြွကြွပါဝင်တတ်လာဖို့၊ အဲ့လိုပါဝင်မှုမှာ ငြိမ်းငြိမ်းချမ်းချမ်းစည်းကမ်းရှိရှိပါဝင်တတ်ကြဖို့ လေ့ကျင့်မှုတခုလည်းဖြစ်တယ်လို့ ရိုးသားစွာယုံကြည်ပါတယ်။

နောက်တချက်က လက်ရှိဒီမိုကရေစီကူးပြောင်းမှုဟာစစ်မှန်တယ်ဆိုရင် ပြည်သူတွေငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်တာကို တားဆီးဖို့လိုမလို စဉ်းစားစေချင်ပါတယ်။ နောက်ကြောင်းပြန်လှည့်မှာကို စိုးရိမ်ကြသူတွေကိုမေးချင်တာက ကျနော်တို့ပြည်သူတွေရဲ့ဘ၀တွေက ဒီအကူးအပြောင်းဖြစ်စဉ်ထဲမှာ ဘာတွေများရှေ့ကိုတိုးတက်လာခဲ့တာမြင်မိသလဲဆိုတာပါပဲ။ အလုပ်သမား၊ လယ်သမားတွေရဲ့ လူမှုဘ၀အခြေအနေတွေ၊ အခြေခံလူတန်းစားတွေရဲ့ဘ၀တွေ၊ ထမင်းနပ်မမှန်သူတွေရဲ့ဘ၀တွေ ဒီနှစ်ပိုင်းတွေမှာ ဘာများထူးခြားလာခဲ့ပါလဲ။ ဘတ်စ်ကားတွေလည်း စုတ်ပြတ်ကျပ်သိပ်ဆဲ၊လုပ်အားခ၀င်ငွေကလည်း ကုန်ဈေးနှုန်းကို မ၀ံ့မရဲမျှော်ကြည့်ရဆဲ၊ လှိုင်သာယာက ၉ပေ ၇ပေအဆောင်ခန်းလေးတွေထဲကမိသားစု၆ယောက်နေရတဲ့ဘ၀တွေလည်း အမောဖောက်နေဆဲ၊ ကိုယ့်ခြေထောက်အောက်က မြေကြီးကိုတောင်ကိုယ်ရဲရဲမနင်းရဲတဲ့လယ်သမားကြီးတွေဘ၀ကလည်း မြေယာဥပဒေသစ်ဆိုတာကြီးကို အပေါင်ဆိုင်ပို့ရင်း ကြွေးသစ်တွေ အထပ်ထပ်တင်နေဆဲ၊ အလုပ်လက်မဲ့ လူငယ်တွေနဲ့ကျောင်းသားတွေမှာလည်း ဘာမှန်းမသိတဲ့ အနာဂတ်ကို အဟုတ်မှတ်ပြီး အိပ်မက်မက်နေရဆဲ။ ဆိုတော့ နောက်ကြောင်းပြန်မှာစိုးတယ်ဆိုတာ ဘယ်သူတွေအတွက်လဲလို့ မေးရမလိုဖြစ်လာပါတယ်။

ကျနော်မြင်မိတာတော့ ရှေ့ကိုရောက်လာတယ်ပြောဖို့က နိုင်ငံရေးသမားတွေရဲ့ (tone) အသံနေအသံထား မာနေတာတွေ ပျော့ပျောင်းသွားစေဖို့ ဆက်သွယ်ရေးလမ်းကြောင်းတချို့ဖွင့်ပေးလိုက်တာပဲတွေ့ရပါတယ်။ စိုးရိမ်တယ်ဆိုတာ အဲ့ဒီ လမ်းကြောင်းလေးတွေပိတ်သွားမှာကို စိုးရိမ်တာများလားလို့တွေးမိပါတယ်။ပြည်သူတွေအတွက်ကတော့ ဘယ်တုန်းကမှ ရှေ့ကိုမရောက်သေးတဲ့အတွက် နောက်ကြောင်း ပြန်လှည့်စရာလည်းမမြင်မိသလိုခံစားရပါတယ်။

နောက်တချက်ကတော့ ပြည်သူတွေနဲ့ ပြည်သူ့ခေါင်းဆောင်များကြားက ယုံကြည်မှုနဲ့လေးစားမှုအကြောင်းပါ။ကျနော်နားလည်တာတော့ ပြည်သူ့ခေါင်းဆောင်တွေဆိုတာ ပြည်သူတွေရဲ့ တကယ့်ရင်ထဲကလာတဲ့အသံကို စုစည်းပြီး မတရားမှုတွေကို တရားအတိုင်းဖြစ်လာဖို့ ကိုယ်စားပြုလှုပ်ရှားကြတဲ့သူတွေပါ။ ကိုယ်လိုချင်တာရှိတဲ့အခါ (ကိုယ်က အစိုးရ/ုအုပ်ချုပ်သူတွေနဲ့ အဆင်မပြေတဲ့အခါ) ပြည်သူကိုဆွဲထုတ်ပြပြီး၊ ကိုယ်မလိုတဲ့အခါ (ကိုယ်နဲ့ အစိုးရ/ုအုပ်ချုပ်သူတွေနဲ့ ဆက်ဆံရေးပြေလည်နေတဲ့အခါ) ပြည်သူကို မဆူပူပါနဲ့၊ အသံမထွက်ပါနဲ့ဆိုပြီး ခေါက်ထားတတ်တဲ့သဘောမျိုးတွေဖြစ်လာမှာတော့ တန်ပြန်စိုးရိမ်မိပါတယ်။ ပြည်သူဆိုတာ သိပ်ရှိးရှင်းပါတယ်။ နိုင်ငံရေးပရိယာယ်တွေလည်း မသိ/မရှိသလို သိဖို့လည်းမလိုပါဘူး။ ကိုယ်ခံစားရတဲ့အတိုင်း ထုတ်ဖော်ပြောတတ်ဖို့ပဲလိုတာပါ။ ဒါကို လေးလေးစားစားနားထောင်ပြီး ဖြည့်ဆည်း ပေးရမှာက အစိုးရနဲ့ ပြည်သူ့ခေါင်းဆောင်တွေရဲ့ ပုခုံးပေါ်က ပြည်သူပေးထားတဲ့ပြည်သူ့တာဝန်ပါ။ ဒါလေးကိုတော့ ပြည်သူ့ခေါင်းဆောင်တွေ သတိတရရှိနေမယ်လို့မျှော်လင့်ပါတယ်။

ပြည်သူ့ဒီမိုကရေစီခေါင်းဆောင်တွေဆိုတာဟာ ပြည်သူ့အာဏာရှင်တွေမဟုတ်ပါဘူး။ ဒါကြောင့်မို့ ပြည်သူကိုဘာလုပ်ပါ၊ဘာပြောပါ၊ ဘာမပြောပါနဲ့ဘာမလုပ်ပါနဲ့လို့အမိန့်ပေးရမှာမဟုတ်ပဲပြည်သူကဖြစ်စေချင်တာကိုတာဝန်ယူပုံဖော်ပေးဖို့သာတာဝန်ရှိမယ်လို့ထင်မိပါတယ်။ နောက်ဆုံး ကိုယ်က တာဝန်မယူချင်ရင်(သို့)မယူနိုင်ရင်တောင်မှ ပြည်သူကသူ့ဟာသူ ပုံဖော်တာကို ဘယ်လိုအခန်းကဏ္ဍကနေပါဝင်ပေးမလဲဆိုတာ သုံးသပ်ရမယ်လို့ပဲ ထင်မိပါတယ်။

နောက်ပြီးခွင်ပြုချက်မရပဲ ဆန္ဒပြခဲ့တဲ့ကိစ္စကိုလည်းနည်းနည်းပြောချင်ပါတယ်။ ဥပဒေချိုးဖောက်တယ်ဆိုပြီး လွှတ်တော်အမတ်တချို့ကအစ နိုင်ငံရေးသမားများကပါ ထောက်ပြဝေဖန်ကြပါတယ်။ မှန်ပါတယ် ကျနော်တို့က လက်ရှိစီတန်းခွင့်ဥပဒေကို ချိုးဖောက်မိပါတယ်။ ကျနော်တို့ ခွင့်ပြုချက်တောင်းခဲ့တယ်။ မခိုင်လုံတဲ့ အကြောင်းပြချက်နဲ့ပယ်ချခံရတယ်။ နောက်ဆုံးခွင့်ပြုချက်မရပဲလုပ်ခဲ့မိတယ်။ ဒီအတွက်အရေးယူမယ်ဆိုလည်း ခံဖို့အဆင်သင့်ရှိပါတယ်။ ဒါပေမယ့် တခုစဉ်းစားဖို့လိုတာက အခြေခံဥပဒေ အခန်း(၈) ပုဒ်မ ၃၅၄ (ခ)မှာ လက်နက်မပါပဲစုဝေးခွင့် စီတန်း လှည့်လည်ခွင့် ကိုလွတ်လပ်စွာကျင့်သုံးနိုင်ကြောင်းပြဌာန်းထားပါလျက်နဲ့ ဒီစီတန်းလှည့်လည်ခွင့်ဥပဒေကဘာလို့ ထပ်ပြီးထုတ်ပြန်ရတာပါလဲ။ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ပေးပြီးတဲ့နောက်မှာ စာပေစိစစ်ရေးတင်နေရတာ နည်းမကျလို့ စိစစ်ရေးကိုဖျက်သိမ်းခဲ့ရပြီမဟုတ်ဘူးလားခင်ဗျာ။ မီဒီယာလောကမှာ ထုတ်တင်ကနေ တင်ထုတ်ဖြစ်ခဲ့တာအားလုံးသိပါတယ်။

စီတန်းလှည့်လည်ခွင့်မှာလည်း ဒီအတိုင်းပဲဖြစ်သင့်တယ်လို့ ပြောလိုပါတယ်။ စီတန်းလှည့်လည်သူတွေဟာ အကြမ်းဖက်ခဲ့ရင် ရာဇ၀တ်မှုနဲ့ အရေးယူလို့ရပါတယ်။ လူမျိုးရေးဘာသာရေးထိခိုက်စေရင်လည်း ဆူပူလှုံ့ဆော်မှုနဲ့ အရေးယူနိုင်ပါတယ်။ ပြည်သူပိုင်ပစ္စည်းတွေကို ဖျက်ဆီးခဲ့ရင်လည်း ဆိုင်ရာဥပဒေတွေရှိပါတယ်။ ဒါနဲ့များဘာလို့ စီတန်းခွင့်အတွက်ဥပဒေသပ်သပ် ထုတ်ပြန်ထားရသလဲ ပြည်သူတွေစဉ်းစားစေချင်ပါတယ်။ စီတန်းလှည့်လည်မှုမလုပ်ခင်မှာ သက်ဆိုင်ရာ အာဏာပိုင်တွေကို လေးလေးစားစား အသိပေးအကြောင်းကြားရင် လုံလောက်ပြီလို့ထင်ပါတယ်။

အာဏာပိုင်တွေဘက်ကလည်း ဆန္ဒထုတ်ဖော်သူတွေနဲ့ ဒေသခံပြည်သူတွေကို စောင့်ရှောက်ဖို့ ကြိုတင်သတင်းရရှိထားဖို့ပဲလိုအပ်ပါတယ်။တားဆီးပိတ်ပင်ဖို့ သူတို့မှာ အခွင့်ရေးမရှိပါဘူး။အဲ့လိုမလိုအပ်တဲ့ဥပဒေမျိုး၊ ခွင့်ပြုသင့်လျက်နဲ့ခွင့်မပြုလို့ရအောင်လုပ်ထားတဲ့ဥပဒေမျိုးနဲ့အဲ့ဒီဥပဒေကိုကျင့်သုံးနေသူတွေကသာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ဆန့်ကျင်နေတာဖြစ်ပါတယ်။ အဲ့ဒီအတွက် ဘယ်သူ့ကိုအရေးယူရမလဲသိချင်မိပါတယ်။ဆိုတော့ ကျနော်တို့က တည်ဆဲဥပဒေကို ချိုးဖောက်တာလား၊တည်ဆဲဥပဒေက ဖွဲ့စည်းပုံအခြေခံဥပဒေကိုချိုးဖောက်နေသလားဆိုတာ ၀ိုင်းဝန်းသုံးသပ်ပေးကြဖို့တောင်းဆိုချင်ပါတယ်။

နောက်ဆုံးအနေနဲ့တင်ပြချင်တာကတော့ ပြီးခဲ့တဲ့လှုပ်ရှားမှုဟာတဦးတယောက်ရဲ့ဆန္ဒ၊သို့မဟုတ်လှုံ့ဆော်မှုနဲ့ ဖြစ်ပေါ်လာခဲ့တာမဟုတ်ဘဲ အရှိန်ပြန်မြင့်လာတဲ့ စစ်ရေးပဋိပက္ခတွေနဲ့ပတ်သက်လို့ ၀မ်းနည်းစိုးရိမ်ပူပန်လာတဲ့ပြည်သူတွေက ပြည်သူ့လူ့အဖွဲ့အစည်း ၂၀ကျော်နဲ့အတူသူတို့ရဲ့ရင်ဘတ်ကိုစွန့်စွန့်စားစားဖွင့်လှစ်ပြတာပဲဖြစ်ပါတယ်။ ပြည်သူတွေရဲ့နှလုံးခုန်သံကိုနားထောင်ကြည့်စေချင်ပါတယ်။ ပြည်သူတွေရဲ့ရင်ဘတ်ကို ဆောင့်မတွန်းစေချင်ပါဘူး။ဒီလိုဆန္ဒဖော်ထုတ်မှုမျိုးဟာလက်ရှိအစိုးရအပါအ၀င် နိုင်ငံရေးခေါင်းဆောင်များရဲ့တိုင်းပြည်အရေးကိစ္စတွေကိုကိုင်တွယ်ဖြေရှင်းမှုတွေအပေါ် ပြည်သူတွေကဘယ်လိုနားလည်ခံစားရတယ်ဆိုတာ ရောင်ပြန်ဟပ်ပြခြင်းသာဖြစ်ပါတယ်။ ပြည်သူကိုကျေးဇူးတောင်တင်သင့်တယ်လို့မြင်မိပါတယ်။ အခုလိုရှင်းလင်းတင်ပြခြင်းဟာလည်း မည်သူတဦးတယောက်တစုတဖွဲ့ကိုမှအပြစ်ဆိုတုန့်ပြန်တာမဟုတ်ဘဲ၊ ပြည်သူတွေနဲ့ပြည်သူ့ခေါင်းဆောင်တွေရဲ့ကြားစည်းလုံးညီညွတ်မှုကိုထိခိုက်စေမယ့် အထင်မှားမှုတွေ၊ စိုးရွံ့မှုတွေ၊သံသယတွေကို လျှော့ချလိုရင်းသာဖြစ်ပါတယ်။ ပြောမှားဆိုမှားရှိခဲ့ရင်လည်း ခွင့်လွှတ်နားလည်ပေးစေချင်သလို ဝေဖန်ထောက်ပြမှု အားလုံးကိုလည်း ဆက်လက်ကြိုဆိုနေမှာဖြစ်ပါတယ်။

မိုဃ်းသွေး

0 ဖိနပ် အသစ်လဲမလား ... ဖနောင့်ဖြတ်ပစ်မလား

ကျွန်တော်တို့ ကြည့်ကြရအောင်။ ကျွန်တော်တို့ ဘာကြောင့် အခြေခံ ဥပဒေကို ပြင်ဖို့ လိုတယ် ... မှားယွင်းတဲ့ ဥပဒေတွေကို ပြုပြင် ပယ်ဖျက်ဖို့ လိုတယ် .. လို့ တဖွဖွ ပြောနေကြရတာလဲဆိုတာ။ ဒီနေရာမှာ လူတွေရဲ့ လုပ်ရပ် အမှားအမှန်ဆိုတာထက် ... မှားနေတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ စနစ် ... မှားယွင်းတဲ့ ဥပဒေ ... စတာတွေကို သက်သေနဲ့ ထောက်ပြချင်တာ အဓိကပါပဲ။

မြန်မာပြည်ရဲ့ နိုင်ငံရေး ဖြစ်စဉ်ထဲက အာဏာရှိသူတွေ၊ နိုင်ငံရေး လှုပ်ရှားသူတွေ အကုန်လုံး (အစိုးရ၊ ပြည်သူ့ဝန်ထမ်းတွေ၊ နိုင်ငံရေးသမားတွေ) က အများအတွက် ကောင်းဖို့ ရည်ရွယ်ပြီး မှန်တယ်ထင်တဲ့ အမှန်တရားအတိုင်း ဥပဒေကို လိုက်နာ လုပ်ကိုင်တယ်လို့ ယူဆလိုက်မယ်။ .. အဲဒီ ယူဆချက်ကို လက်ရှိ

နိုင်ငံရေးမှာ ဖြစ်နေတယ်လို့ ယူဆ(Assume) ထားလိုက်မယ်။ (ဘယ်သူမှားတယ် မှန်တယ် မပြောတဲ့သဘောပါ) ဒီ ယူဆချက်ပေါ်မှာ တင်ပြီး ကိစ္စ တစ်ခုခြင်းစီ (Case Study) လုပ်ကြည့်ရအောင်။

ဖြစ်ရပ် နံပါတ် (၁) .. ကမ္ဘာ့ငြိမ်းချမ်းရေးနေ့မှာ ပြည်သူတွေက ငြိမ်းချမ်းရေးအတွက် ချီတတ် ဆန္ဒထုတ်ဖေါ်ကြတယ်။ ဒါ အင်မတန်မှ ကောင်းပါတယ်။ အခြားနိုင်ငံတွေဆို အစိုးရကိုယ်တိုင်က ဦးဆောင်ပြီး ဒီလို ကိစ္စမျိုးတွေကို အားပေး လုပ်ဆောင်ကြပါတယ်။ မြန်မာပြည်မှာက အစိုးရ အားပေးချင်တယ်လို့ ယူဆလိုက်မယ်။ အဲ .. ဒါပေမယ့် .. စစ်တပ်က ပြည်တွင်းစစ်တိုက် နေလို့ အားပေးလို့ မရဘူး။

ဒါဟာ အခြေခံ ဥပဒေရဲ့ အမှားပဲ။ အစိုးရက စစ်မတိုက်ချင်ဘူး .. ငြိမ်းချမ်းရေး ဖေါ်ဆောင်ချင်တယ် ဆိုရင် .. အစိုးရ အမိန်ပေးတာကို စစ်တပ်က နာခံရမယ်။ အခြေခံ ဥပဒေမှာ အစိုးရဆိုတာ အုပ်ချုပ်ရေးအတွက် အမြင့်ဆုံး အာဏာပိုင်သူသာ ဖြစ်ရမယ်။ အစိုးရဟာ ပြဿနာတွေကို နိုင်ငံရေးအရ ဖြေရှင်းတဲ့နည်းနဲ့သာ အရင်ဆုံး ဖြေရှင်းရသူ ဖြစ်တယ်။ ဒါပေမယ့် အခြေခံ ဥပဒေအရ အစိုးရ သြဇာကို စစ်တပ်က လိုက်နာစရာ မလိုဘူး ဖြစ်အောင် ရေးထားတော့ စစ်တပ်က ဖြစ်နေတဲ့ ပြဿနာကို ဖြေရှင်းဖို့ သူနားလည်တဲ့ စစ်တိုက်တဲ့ နည်းနဲ့ အရင်ဆုံး ဖြေရှင်းတယ်။ နိုင်ငံရေး နည်းကို မသုံးဘူး။ ဒီတော့ ပြည်တွင်းစစ် ဖြစ်ရတယ်။

တကယ်လို့သာ အခြေခံ ဥပဒေမှာ အစိုးရဟာ အုပ်ချုပ်ရေး အာဏာ အမြင့်ဆုံး ဖြစ်ပြီး စစ်တပ်ဟာ ဝန်ကြီးဌာန တစ်ခုသာ ဖြစ်မယ်ဆိုရင် .. နိုင်ငံရေး နည်းနဲ့ အရင် ဖြေရှင်းပြီး ... စစ်ရေး နည်းက နောက်ဆုံး မလွဲသာမှ သုံးမှာ ဖြစ်တယ်။ အခုက အခြေခံ ဥပဒေက ပြောင်းပြန် ဖြစ်ပြီး စစ်တပ်က အစိုးရ အာဏာကို မဖြစ်မနေ လိုက်နာစရာ မလိုတော့ စစ်ရေး နည်းက အရင် .. နိုင်ငံရေး နည်းက နောက်က ဖြစ်နေတယ်။ ဒါဟာ အခြေခံဥပဒေရဲ့ ကြီးမားတဲ့ အမှား တစ်ခု ဖြစ်တယ်။

ဖြစ်ရပ် နံပါတ် (၂) .. ဆန္ဒ ထုတ်ဖေါ်သူတွေကို ခွင့်ပြုချက် မယူလို့ ရဲဌာနကနေ အရေးယူဖို့ လုပ်ရတယ်။ ဒါဟာလည်း ရဲတွေအတွက် မှန်ပါတယ်။ လူထုကို ရည်ရွယ်ချက်ရှိရှိ အနှောက်အယှက် ပေးလိုသူတွေက .. ခွင့်ပြုချက် မယူဘဲ မင်းမဲ့တိုင်းပြည်လို .. လမ်းပေါ်ထွက် လုပ်ချင်ရာ မလုပ်နိုင်အောင် .. ရဲတွေက တားမြစ်ရမှာ ဖြစ်တယ်။ ဒီတော့ ရဲက သူ့တာဝန် သူလုပ်တယ်။ ဥပဒေအရ တသတ်မှတ်တည်း လုပ်ကိုင်ရမှာ ဖြစ်လို့ လုပ်တာ ဖြစ်တယ်။ ရဲဌာနလည်း မှန်တယ်။ မှားနေတာက ဥပဒေပဲ။ စီတန်း လှည့်လည် ဆန္ဒပြခွင့် ဥပဒေကိုက မှားနေတာ ဖြစ်တယ်။ ဒါကို ပြင်ရမှာ ဖြစ်တယ်။

တကယ်လို့သာ ဆန္ဒပြခွင့် ဥပဒေဟာ .. သက်ဆိုင်ရာ ရဲဌာနကို မဖြစ်မနေ ကြိုတင် အကြောင်းကြား အသိပေးတာသာ လုပ်သင့်ပြီး ... ခွင့်ပြုမိန့် ယူစရာ မလိုကြောင်း ဥပဒေမှာ ပြဌာန်း သင့်ပါတယ်။ ဥပမာ .. လှုပ်ရှားမှု လွယ်စေတာ ဖြစ်အောင် .. အနည်းဆုံး ၄၈ နာရီကြိုတင် ပုံစံဖြည့် အသိပေးတာကို မဖြစ်မနေ လုပ်ရပြီး .. ခွင့်ပြုမိန့် တောင်းစရာ မလိုဘူးလို့ ဥပဒေက ပြဌာန်းလိုက်ရင် အခု ပြဿနာ ဖြစ်စရာ မရှိပါဘူး။ တကယ်လို့ ၄၈ နာရီ ပုံစံဖြည့် အသိပေးမှုကို ရဲ ဌာနက ဖတ်ပြီး လူထုကို အန္တရာယ် ဖြစ်စေမယ့် ဆန္ဒပြမှုလို့ သံသယ ရှိမယ်ဆိုရင် ... အန္တရာယ် မဖြစ်အောင် ရဲက စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ (တားမြစ်ရမှာ မဟုတ်ပါ။) အသိပေးမှုဟာ အခြား ပြစ်မှုဆိုင်ရာ ဥပဒေတွေ၊ လူ့အခွင့်အရေးတွေနဲ့ ငြိစွန်းမယ့် ဆန္ဒပြမှု မျိုးတွေ ဖြစ်မယ်နေမယ်ဆိုတာ တွေ့ရှိတာနဲ့ .. ချင်ခြင်း တားမြစ်ရမှာ ဖြစ်ပြီး .. ပြစ်မှုဆိုင်ရာ ဥပဒေတွေ၊ လူ့အခွင့်အရေးတွေကို ချိုးဖေါက်တဲ့ ဆန္ဒပြသူ (သို့) ဦးဆောင်သူတွေကို ဥပဒေအရ အရေးယူရမှာ ဖြစ်ပါတယ်။ အခုက ရဲကို အကြောင်းကြားတာ မဟုတ်ဘဲ ခွင့်ပြုမိန့်တောင်းနေရတော့ .. ရဲက လုံခြုံရေး အကြောင်းပြပြီး ခွင့်မပြု၊ .. လူထုက ဆန္ဒဇွတ်ပြ .. အဲဒီမှာတင် ... ဘယ်သူမှ အန္တရာယ် မဖြစ်ပါဘဲနဲ့ အလုပ် မရှုပ်သင့်တာ ရှုပ်နေရော။ ဥပဒေအရ လုပ်ရပါတယ်ဆိုပြီး ရဲတွေကိုလည်း လူမုန်းများရော။ .. တကယ်တမ်းက .. စီတန်းလှည့်လယ်ခွင့် ဥပဒေကိုက မှားနေတာ ဖြစ်တယ်။ ဒါကို ပြင်ရမှာ ဖြစ်တယ်။

ဒီတော့ဗျာ ... ကျွန်တော်တို့တွေ ... စီးရမယ့် ဖိနပ်က သေးနေတာကို ဖိနပ် အကြီးနဲ့ အစားထိုးမလား ... ခြေဖနောင့်ကို ဖြတ်ပြစ်မလားဆိုတာ ...အစိုးရနဲ့ ပြည်သူ့ကိုယ်စားလှယ် လွှတ်တော် အမတ်တွေ သေချာ စဉ်းစားပြီး .. ကိုယ့်အလုပ် ကိုယ်လုပ်ရာမှာ အကောင်းဆုံး ဖြစ်အောင် အခြေခံ ဥပဒေ အပါအဝင် ဥပဒေတွေကို ပြုပြင်၊ ပယ်ဖျက်၊ အသစ်ဆွဲတာတွေကို ... ပြည်သူ့ကျိုးအတွက် ပြည်သူကို ဗဟို ပြုတဲ့ အတွေးတွေနဲ့ ဘက်စုံ ထောင့်စုံကနေ ကြိုးစား လုပ်ကိုင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

ကိုထိုက် (၂၆.၉.၂၀၁၂)

0 "ဥပဒေအထက်တွင် မည်သူမျှမရှိစေရ အမိန့်ညွှန်ကြားချက်များသာ ရှိသည်။"

ကျွန်တော်တို့ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက်အနေနဲ့ စက်တင်ဘာ(၂၁)ရက်နေ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့မှာ ရန်ကုန်မြို့အတွင်းလှည့်လည် လမ်းလျှောက်ပွဲကျင်းပမဲ့လူငယ်မောင်မယ်ကွန်ရက်တွေရဲ့ လူထုလိုအပ်မှုကို လူငယ်မောင်မယ်တွေပီပီ ဥပဒေအရစာတင်ကြတယ်။

နိင်ငံသားရပိုင်ခွင့်နဲ့ကမ္ဘာမှာ မြန်မာကပြည်သူတွေကလဲ ငြိမ်းချမ်းရေးအတွက်ဆိုအသင့်ရှိကြတယ်ဆိုတာပြဖို့ ကြိုးစားချင်စိတ်ကိုလေးစားမိရင်း ငြိမ်းချမ်းမှုသရုပ်ကိုမထိခိုက်စေဖို့ ပူးပေါင်းဝန်းရံမှုအပြည့်ပေးမယ်ဆိုတဲ့စိတ်နဲ့ ကျွန်တော်တို့လဲ သွားရောက်ပေါင်းဖို့ပိုင်းဖြတ်ခဲ့ပါတယ်။

အဲဒီလိုနဲ့ စက်တင်ဘာ(၂၁)ရက် အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ မနက်(၉)နာရီမှာ ညီငယ် ကိုမိုဃ်းသွေးက အကိုလူတွေကို ၀ိုင်းကူထိန်ေးပေးပါဆိုလာတော့ အမြဲလိုလို လူထုတွေဘက်ကရပ်တည်ပြီး ပြဿနာတွေကို တည်တည်ငြိမ်ငြိမ်ရှင်းတက်တဲံ ဦးဝင်ချို(တစ်သီးပုဂ္ဂလ)ကိုဖုန်းဆက်ပြီး အကူတောင်းရတော့တာပေါ့။

အဲဒီလိုနဲ့ မိုဃ်းသွေးတို့ရောက်လာတယ်။လူတွေစီစဉ်နေရာချပြီး ငြိမ်းချမ်းစည်းကမ်းရှိစွာနဲ့ လမ်းလျှောက်ပွဲကြီး စတင်တော့တယ်။အဲဒီအချိန်က (၉)နာရီခွဲကျော်ကျော် လူထုတွေ့လဲတစ်ခဲနက် ပူးပေါင်းပါဝင်ကြ အိုဗျာ...တစ်ကယ့်ကို အမျိုးသားပွဲတော်ကြီးတစ်ခုလို...သူတို့တွေကိုင်ဆောင်ထားကြတာကလဲစစ်ပွဲတွေရပ်ဖို့ ငြိမ်းချမ်းမှုတွေထာဝရတည်မြဲဖို့.နိမိတ်ပုံတွေ....လူထုရင်ထဲကအမြဲမျှော်လင့်ပြောချင်နေတဲ့လိုအပ်နေတဲ့ ငြိမ်းချမ်းမှုတွေ၊တစ်ကယ့်ကို ကျေနပ်မှုတွေနဲ့ ငြိမ်းချမ်းရေးပွဲတော်ကြီး ငြိမ်းချမ်းစွာ ပြီးမြောက်အောင်မြင်စေဖို့ ဦးဆောင်ကျင်းပတဲ့ညီငယ်ညီမငယ်တွေကိုကြည့်ရင်း လေးစားမိတယ်။

ကျွန်တော်တို့လဲကျရာဇာတ်ရုပ်ကနေ ငြိမ်းချမ်းရးအတွက် ပါဝင်ပူးပေါင်း ကွန်ရက်အသီးသီးညီငယ်ညီမငယ် အကိုတော် အမတော်တွေကလဲ တက်တက်ကြွကြွ၊ပြည်သူလူထုကလဲ သောင်းသောင်းဖျဖျ နေမင်းရဲ့ ရှိန်ပြင်းမှုတွေဟာ လူထုရဲ့ ငြိမ်းချမ်းလိုမှုတွေကြောင့် မှိန်ဖျနေကျနေသယောင်လိုပဲ ခံယူလျှောက်နေသူတွေကြားမှာ ဘယ်လိုမှ အပူရှိန်တွေက မတားနိင်ခဲ့ကြဘူးလေ။အဲဒီလိုနဲ့ မြို့နယ်(၁၀)ခုကိုဖျတ်သန်း အတိတ်သမိုင်းဆိုးခဲ့ဘူးတဲ့ အင်းယားမြေမှာ ငြိမ်းချမ်းရေးကျောက်တိုင် ထူကြဖို့ပြင်ဆင်ထားတယ်ကြားတော့ဝမ်းနည်းဝမ်းသာမျိုးဆက်တွေရဲ့ ထောင့်စေ့နေတဲ့ ငြိမ်းချမ်းလိုမှုပြရုပ်တွေကြားမှာ ကျေနပ်စွာ၊အောင်မြင်စွာပြီးဆုံးတော့မဲ့ ငြိမ်းချမ်းရေးလမ်းလျှောက်ပွဲကြီးကနေ ကျွန်တော်တို့ပြန်ခဲ့ကြတယ်။ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့လူထုလမ်းလျှောက်ပွဲကြီး ငြိမ်းချမ်းစွာ အောင်မြင်စွာ ပျော်ရွှင်စွာ ပြီးဆုံးခဲ့ပါပြီ။

"နောက်ဆက်တွဲများ" ညပိုင်းမှာတော့သတင်းတွေတက်လာတယ်။မိုဃ်းသွေးတို့ကို အပြန်မှာ လိုက်ဖမ်းဖို့ကြိးစားတယ်ဆိုတာတွေ၊ပါဝင်ခဲ့သူတွေကို အမှုဖွင့်တရားစွဲမယ်ဆို တာတွေ၊ငြိမ်းချမ်းရေးကိုတောင်းဆိုလို့တော့မဟုတ်ဘူး ဥပဒေကိုဆန့်ကျင်လို့တာတွေ....

ကျွန်တော်တို့ငြိမ်းချမ်းရေးနေ့နဲ့သက်ဆိုင်မှုတွေကို ပြန်ကောက်ကြည့်ရအောင်....

၁။ဦးဆောင်စီစဉ်သူတွေဟာ နိင်ငံတော်က ကြီးမူးကျင်းပပြီး နိင်ငံသားတွေကို ပါဝင်ခွင့်ပေးရမဲ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးပွဲကို နိင်ငံတော်က လူထုနှင့်ပူးပေါင်းစီစဉ်ဖို့ မဖြစ်လာသေးခင်မှာ ဦးဆောင်ကျင်းပနိင်ဖို့ ဥပဒေကိုလေးစားလိုက်နာပြီး တရားဝင်စာတင်ခဲ့တယ်။

၂။ငြင်းဆန်ခဲ့တဲ့အကြောင်းပြချက်တွေဟာ တစ်ကယ်တန်း ငြိမ်းချမ်းစွာပြီးဆုံးခဲ့မှုတွေနဲ့ နိင်ငံတော်ကို လူငယ်မောင်မယ်တွေနဲ့ ပြည်သူတွေက သက်သေပြခဲ့ကြတယ်။

၃။စီတန်းလှည့်လည်ခွင့်ဥပဒေအရရော၊၂၀၀၈ဖွဲ့စည်းပုံဥပဒေ အရရော၊လူ့အခွင့်အရေး ဥပဒေတွေအရပါ ငြိမ်းချမ်းရေးအတွက် လူထုတွေ လမ်းလျှောက်ခွင့်ရှိပါတယ်။

ဒါဆို....ဘာလို့များဒီလူတွေကို အမှုဖွင့်တရားစွဲခံရဖို့၊ဖမ်းဆီးထိန်းဖို့ကြိုးစားလာကြတာလဲ???အခုတော့ ကိုမိုဃ်သွေး၊ မခင်စန္ဒာညွှန့်၊မဖွေးဖွေး၊ကိုကျော်ဘိုဘို၊ကိုကျော်ဂွန်း၊မမေစပံပယ်ဖြူ၊ ဦးဝင်ချို၊ကိုနေမျိုးဇင်၊ကျွန်တော်တို့ကို မြို့နယ်(၁၀)ခု အမှု(၁၀)မှုဖွင့်ခံနေကြရတယ်။

ကျွန်တော်တို့ သေချာစဉ်းစားတိုင်ပင်ကြတယ်။တစ်ကယ်ဆို ကျွန်တော်တို့ ဘယ်ဥပဒေကိုမှ မဖောက်ဖျက်ခဲ့ကြဘူး။တစ်ခုပဲ ဥပဒေနဲ့မညီတဲ့အကြောင်းပြချက်တွေပါတဲ့ တားမြစ်အမိန့်ကိုတော့ လက်မခံခဲ့ကြဘူး။ကျွန်တော်တို့ယုံကြည်ထားတာက စစ်အာဏာရှင်စနစ်တွေမှာသာ အမိန့်ကို အတိအကျမလိုက်နာရင်အန္တရာယ်ရှိနိင်ပေမဲ့ ဒီနေ့ဒီမိုကရေစီခေတ်မှတော့ ဘယ်ကမှန်းမသိတဲ့ အထက်အမိန့်ဆိုတာတွေထက် ဥပဒေကသာ နိင်ငံသားတိုင်း လိုက်နာကျင့်သုံးရမယ်လို့ ယုံကြည်နေခဲ့ကြတာလေ။အခုတော့ ကျွန်တော်တို့ နိင်ငံသားများ၏မူလအခွင့်အရေး ဥပဒေပါပြဠာန်းချက်ကို နိင်ငံသားတွေ ပီသစွာ ငြိမ်းချမ်းစွာကျင့်သုံးခဲ့ပေမဲ့ တားမြစ်အမိန့်တွေကိုမလိုက်နာလို့ အမှုဖွင့်ခံနေရတာဟာ ဥပဒေအထက်မှာ အမိန့်ဆိုတာတွေက အထင်အရှားရှိနေသေးတယ်လို့ပဲ ပြောချင်ပါတော့တယ်ဗျာ။

မှတ်ချက်။ ။ကျွန်တော်တို့ စစ်ချက်ပေးရတဲ့မြို့နယ်တော်တော်များများကလဲ တာဝန်နဲ့အထက်အမိန့်အရပါဗျာ လို့ပြောကြ တယ်လေ။ကျွန်တော်တို့ ခွင်လွှတ်နိင်ပါတယ်။ဒါပေမဲ့ ဥပဒေတွေ ပုံပျက်လာမှကြိုတော့ ခွင့်မပြုနိင်ပါဘူးဗျာ။ဘယ်လောက်များ ဥပဒေတွေပုံပျက်ချင်လာချင်ပြီလဲဆိုကျွန်တော်ရယ်၊အန်ကယ်ဦးဝင်းချီုရယ်ကို မေလ(၃၁)ရက်နေ့၊ဇွန်လ(၁)ရက်နေ့၊ဇွန်လ(၄/၅)ရက်နေ့တွေမှာ အိုးအိမ်ရုံးရှေ့မှာ ဆန္ဒပြခဲ့လို့ဆိုပြီးဇန်လ(၆)ရက်နေ့မှာအမှုဖွင့်ထားတာကိုပါ၊ စက်တင်ဘ(၂၃)ရက်နေ့မှာမှအမှုထပ်ပြီး ငြိမ်းချမ်းရေးနေ့အစစ်ခံမှုနဲ့အတူ အပိုအစစ်ခံခဲ့ရပါတယ်။ပုဒ်မကလဲ (၁၈)ပါပဲ...

ကျွန်တော်တို့ကတော့ မြန်မာပြည်ရဲ့ ဥပဒေစိုးမိုးနိင်မှုအတွက် အရမ်းကိုရင်လေးပြီး တော်တော်ကိုရှက်မိပါတယ်ဗျာ။ စဉ်းစားကြည့်ကြပါ။ကျွန်တော်တို့ကို အမှုဖွင့်တဲ့ပ်ုမ(၁၈)ဆိုတာက ဇူလိုင်လ(၅)ရက်နေ့မှာအသက်ဝင်တယ်ဆိုတာကို ဇူလိုင်လ(၆)ရက်နေ့သတင်းစာတွေမှာ စပြီးပါရှိ လူထုသိရှိရတာ၊ကျွန်တော်တို့ကို ဥပဒေအသက်မ၀င်ခင် ဇွန်လ(၆)ရက်နေ့ထဲက ဒီဥပဒေနဲ့အမှုဖွင့် ထားတယ်ဆိုတော့ကာ ဥပဒေတွေအသက်မ၀င်မှီထဲက လူထုဆီမရောက်မှီကတည်းက အာဏာသက်ဝင်မယ်ဆိုတာကိုအာဏာပိုင်တွေကကြိုသိနေရတာလား၊၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေမှာ နောက်ကြောင်းပြန်ဥပဒေသက်ရောက်ခြင်းမရှိစေရဘူးဆိုတဲ့ ဥပဒေပါအခွင့်အရေးက ပြည်သူတွေအတွက်တော့ အသုံးမ၀င်ဘူးလား၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြောင်းပြောင်းတင်းတင်းဖောက်ပြန်အမှုဖွင့်ခံနေရတဲ့ဒီလူတွေကဥပဒေကိုဖောက်ဖျတ်တာလား၊ ဥပဒေကိုဖောက်ဖျတ်ပြီးအမိန့်အတိုင်းလုပ်နေသူတွေက ဖောက်ဖျတ်တာလား...ပြည်သူလူထုတစ်ရပ်လုံးဝိုင်းစဉ်းစားအဖြေရှာပေးကြအုန်းဗျာ.......

သေချာတာကတော့ ဥပဒေအထက်မှာ အမိန့်ညွှန်ကြားချက်တွေရှိနေသေးတယ်ဆိုတာပါပဲ.........

လေးစားလျှက်
ကိုဝေဠု(ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက်တာဝန်ခံ ကျောင်းသားလူငယ်)

0 'အတိတ်ရဲ့အရိပ်တစ္ဆေ'- ပန်းချီထိန်လင်း (ရုပ်/သံ)

"စေတနာဝသန်ဂီတပွဲရဲ့ အပြင်ဘက်မှာ မမျှော်လင့်ဘဲ ဒေါက်တာနိုင်အောင်နဲ့ အင်တာဗျူးနေတာတွေ့လို့ မှတ်တမ်းတင်ထားခဲ့ပါတယ်။ တချိန်တုန်းက အင်မတန်ထိတ်လန့် ကြောက်ရွံ့ခဲ့ရဘူးတဲ့လူတယောက်ကို ခုလိုပြန်တွေ့ရမယ်လို့ ဘယ်ထင်မှာလဲ။

ပြီးတော့ အဲဒီအချိန် သူပြောနေတာတွေက ကိုယ့်ကိုကာလများစွာ ခြောက်ခြားစေခဲ့တဲ့ အိပ်မက်ဆိုးကြီးအကြောင်း။ သူပြောပြနေပုံကတော့ ထမင်းစားရေသောက်ပါဘဲ။ ကိုယ့်ကိုသူတွေ့ပြီး အတိတ်ကိုရောက်မသွားခင် ထိဆိုပါတော့"................

ပန်းချီထိန်လင်း

0 စည်းချက်မပျက်ပါနဲ့ Push and Pull

မကူလို့ လဲအပြစ်ပြောဘူး။ကိုယ်ယုံကြည်စွာနဲ့ ကိုယ်ရွေးချယ်ထားတဲ့ အတိုင်းဆက်လုပ်မယ်။အဓိကတိုင်းပြည်နဲ့ လူထုအတွက်ပဲ။ဆွဲသူနဲ့ တွန်းသူ စည်းချက်ညီဖို့ လိုတာကိုသိသိ ကြီးနဲ့ ငါတို့ လုပ်မှအောင်မြင်မယ်ဆိုတဲ့ မာနကို တိုင်ထိပ်မပို့ စေချင်ဘူး။ စည်းချက်ကိုမဖြတ်ပါနဲ့ ။ခြင်္သေ့  စားလိမ့် မယ်။
ကနေ့ ဗမာပြည်နိုင်ငံရေးမှာ အာဏာရှင်တည်းဟူသော အရာကြီးကို ပျောက်ကွယ်သွားအောင် အားလုံး ဝိုင်းဝန်း ကြိုးပမ်းနေကြတယ်လို့ ကျွန်တော်ယေဘူယျအားဖြင့် လက်ခံထားပါတယ်။

၂၀၁၀အစိုးရသစ်တက်လာပြီးနောက်မှာအစိုးရရဲ့ ဆန္ဒပေါ်မှာသာတည်နေသောအပြောင်းအလည်းတစ်ချို့ ဖြစ်လာပါတယ်။ဒီနောက်ပိုင်း ဒီမိုကရေဒီ အင်းအားစုတွေ အယူအဆအမျိုးမျိုး နဲ့ ပုံစံပြောင်းပြီးလုပ်လာကြပါတယ်။ တစ်ချို့ က အစိုးရကပြောင်းနေပြီ ဒီအပြောင်းအလဲကို ရှေ့ဆက်နိုင်အောင်အပြစ်တင်တာတွေ ဝေဖန်တာတွေမလုပ်ဘူးအတူပူးပေါင်းဆောင်ရွက်မယ်ဆိုသူတွေလည်းရှိသလို။မဟုတ်သေးဘူးငါတို့ မယုံသေးဘူးငါတို့ လိုချင်တဲ့ အပြောင်းအလဲထိရောက်အောင်ငါတို့ တွန်းအားပေးရမယ်ဆိုတဲ့ သူတွေလည်းရှိလာတယ်။

ကျွန်တော့် အမြင်ကတော့  ဒီသဘောတရားတွေဟာ နည်းနာမတူကွဲပြားတာလို့ ပဲမြင်တယ်။သွားမယ့် ပန်းတိုင် ဦးတည်ချက် ကတော့  တူတယ်ထင်တယ်ဗျာ။ပြောရရင်ဆွဲသူ(Pull)နဲ့  တွန်းသူ(push)ပဲကွာတာပဲ။ အခြေအနေကိုလည်း ဒီအစုနှစ်စုကသူတွေ ကောင်းကောင်းနားလည် သဘောပေါက်ကြမယ်ထင်တယ်။

ဆွဲသူ(ပူးပေါင်းဆောင်ရွက်မယ်)တွေ မှာကြာလာတာနဲ့ အမျှ လုပ်ရကိုင်ရခက်လာတယ်လို့ ထင်တယ်။ဥပမာဗျာ သူတို့ လည်းငြိမ်းချမ်းရေးလိုလားတယ်။ဒါပေမယ့်  သူတို့ လိုလားချက်ဆန္ဒကိုသူတို့ ဘယ်လိုထုတ်ဖော်ခဲ့ သလဲ။ကျွန်တော်မတွေ့ ပါ။ ကြားတော့ကြားတယ်။တခြားသော ကိစ္စများတွင်လည်း သူတို့ အနေနဲ့  ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်နေကြရတယ်လို့ မြင်တယ်။အဲဒါကိစ္စမရှိဘူးလေ။ သူတို့  ရွေးချယ်ထားတဲ့ နည်းမှာ ဒီလိုတွေပဲကြုံရမှာပဲ။

ကျွန်တော်ရပ်တည်တဲ့ အပိုင်းဖြစ်တဲ့  တွန်းအားပေးသူများဘက်မှာ အခြအနေတိုင်းမှာ အဆိုင်းမတွ တုန့် ပြန်နိုင်တယ်။ဒါပေမယ့်  ကြာလာတာနဲ့ အမျှကျွန်တော်တို့ မှာလည်း အကာအကွယ်မဲ့ တဲ့ ဥပဒေတွေအောက်မှာ ကြိတ်လှီးခံနေရတယ်။ကိစ္စမရှိဘူး ကျွန်တော်တို့ အသားကျပြီးသားပဲ။

ကျွန်တော် ပြောချင်တာကို အဓိကပြောတော့ မယ်ဗျာ။ ဒီနှစ်စု နားလည်မှုရှိရမယ်။စည်းချက်ညီရမယ်။ဆွဲနေသူတွေကို ကျွန်တော်တို့  ဖောက်ပြန်သွားပြီလို့ မဆိုဘူး။ဒီလိုပဲ ကျွန်တော်တို့ ကိုလည်း ဆူပူလှုံဆော်သူများလို့ မစွပ်စွဲနဲ့ ။မင်းတို့ လုပ်တာ နည်းလမ်းမှားတယ်လို့  မပြောနဲ့ ။အဓိက ငါတို့ တွေဘာလုပ်နေကြလည်းဆိုတာသာမမေ့ ကြဖို့ ပဲ။တွန်းသူတွေ ဒုက္ခရောက်တဲ့ အခါ ကူညီဖို့ အခက်အခဲရှိနေရင် မကူညီပါနဲ့  ကိုယ်လုပ်စရာရှိတာသာဆက်လုပ်ပါ။ကျွန်တော်တို့ နားလည်တယ်။

မကူလို့ လဲအပြစ်ပြောဘူး။ကိုယ်ယုံကြည်စွာနဲ့ ကိုယ်ရွေးချယ်ထားတဲ့ အတိုင်းဆက်လုပ်မယ်။အဓိကတိုင်းပြည်နဲ့ လူထုအတွက်ပဲ။ဆွဲသူနဲ့ တွန်းသူ စည်းချက်ညီဖို့ လိုတာကိုသိသိ ကြီးနဲ့ ငါတို့ လုပ်မှအောင်မြင်မယ်ဆိုတဲ့ မာနကို တိုင်ထိပ်မပို့ စေချင်ဘူး။ စည်းချက်ကိုမဖြတ်ပါနဲ့ ။ခြင်္သေ့  စားလိမ့် မယ်။

(မှတ်ချက်)တွန်းသူလားဆွဲသူလား ဘာမှန်းမသိသူများကိုထည့် မပြောပါ။

အားလုံးကိုလေးစားစွာဖြင့် 

လင်းထက်နိုင်(၂၆.၉.၂၀၁၂)

0 နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် လာရောက်တွေ့ဆုံ နှုတ်ဆက်-၂၅.၉.၂၀၁၂(ရုပ်/သံ)

Video..Hmuu Zaw

0 "လက်ပံတန်းတောင်စီမံကိန်းကို ဆက်သင့်မသင့် အနီးနားက ကြေးစင်တောင်စီမံကိန်းဒေသဘာတွေဖြစ်နေလဲဆိုတာ"

မုံရွာမြို့ အနောက်ဘက် ကမ်းကြေး စင်တောင်နှင့် စံပယ်တောင် အနီးတွင်နေထိုင် လျှက်ရှိကြသည့် ဒေသခံပြည်သူများ တွင်ရှုရှိုက်သည့် လေသန့်ရှင်းမှု မရှိခြင်း၊ သောက်သုံးရေ ညစ်ညမ်းခြင်း တို့ကြောင့် အမည် မဖော်နိုင်သည့် ရောဂါဆန်းများ ဖြစ်ပွားမှု များပြားနေကြောင်း သိရသည်။

ယင်းဒေသတွင် ဒေသခံ ၇၀၀၀ ကျော်တို့ နေထိုင်လျှက် ရှိပြီး ၂၀၁၀ ပြည့်နှစ်မှ စတင်ကာ ယခုနှစ်အထိ ၂ နှစ်အတွင်း သေဆုံးသည့် ဦးရေနှုန်းပိုမို မြင့်တက်လာပြီး ဆေးဝါးကုသမှုများလည်း စနစ်တကျ မခံယူနိုင်သေးကြောင်း ကြေးစင်တောင် အနီးရှိ ကံကုန်းကျေးရွာမှ ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် မတ်လမှဇူလိုင်လ သုံးလအတွင်း အသည်းကင်ဆာနှင့် သေဆုံးသူ၎ ဦးရှိခဲ့ကြောင်း၊ ယခင်က သေဆုံးမှုများနှင့် ပတ်သက်၍ မည်သည့် ရောဂါဟု အတိကျမသိရ သော်လည်း၂၀၁၀ ပြည့်နှစ် နောက်ပိုင်းတွင် သေဆုံးသူများကို စာရင်းသေချာစွာ ပြုစုကောက်ခံထားပြီး ရောဂါကိုလည်း စစ်ဆေး ရှာဖွေ မှတ်တမ်းများ ပြုစုထားကြောင်း ကံကုန်း ကျေးရွာတွင် နေထိုင်သည့် အသက်၆၂ နှစ်အရွယ်ရှိဦးဘိုသန်းက ဆိုသည်။

‘‘သေတာကတော့ အရင်ကလည်း တဖြုတ်ဖြုတ်နဲ့ သေကြတာ။ သေတာက ဘာမှမဆန်းဘူး ဆိုပေမယ့် ၂၀၀၃ ခုနှစ်က စပြီး လူလတ်ပိုင်းတွေ တဖြုတ်ဖြုတ်နဲ့ အသေများလာတာ ကိုတွေ့ရတယ်။ ကျနော်တို့ရွာမှာက သေတဲ့လူကို အခေါင်းထဲမှာ ဇာတာနဲ့ ဆေးမှတ်တမ်းတွေ အကုန်ထည့်ပေးတဲ့ ဓလေ့ရှိနေတော့ အရင်က ဘာရောဂါဆိုတာ မသိရဘူး။ လွန်ခဲ့တဲ့နှစ်နှစ် လောက်ကမှ သေဆုံးတဲ့နှုန်း များလာပြီး သေတဲ့ရောဂါတွေ ကလည်း ကင်ဆာရောဂါ ဆန်းတွေဖြစ်နေ တဲ့တွက်မှတ်တမ်း ယူခဲ့တာပါ”ဟု ၎င်းကပြောသည်။

သုံးလအတွင်း အသည်းကင်ဆာနှင့် သေဆုံးသူများမှာ ဦးအေးလွင် -၃၅ နှစ်၊ ဦးမြင့်အောင်- ၄၈နှစ်၊ အောင်ကိုလတ် – ၃၃ နှစ်နှင့် ဦးချစ်ဖေ- အသက် ၇၀ နှစ်တို့ဖြစ်သည်။ ၎င်းတို့အားလုံးမှာ အရက်နှင့် ဆေးလိပ် သောက်သုံးသူများ မဟုတ်ဘဲ အကောင်းပတိ မှရောဂါဖြစ်ကာ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

၂၀၁၀ ပြည့်နှစ်မှ၂၀၁၂ ခုနှစ်အတွင်း ကင်ဆာရောဂါနှင့် သေဆုံးသူများမှာ လူဦးရေ ၂၀ ကျော်လာပြီ ဖြစ်ကြောင်း ဦးဘိုသန်းက ပြောသည်။

အများဆုံး သေဆုံးသည့် ရောဂါများမှာ အသည်းကင်ဆာ၊ နှလုံးသွေးကြောကျဉ်း ရောဂါ၊ ချောင်းဆိုးပြီး လည်ပင်းကြီး၊ လေပိတ်ရောဂါ၊ နှလုံးအဆို့ရှင် ပျက်ဆီးခြင်း၊ သားအိမ်ကင်ဆာ၊ သွေးကင်ဆာ၊ အသည်းကင်ဆာ၊ အကြိတ်ကင်ဆာ၊ အဆုတ်ပြွန်မှ အကြိတ်ထွက်သည့် ရောဂါ၊ မျက်နှာများတွင် အကြိတ်နှင့် ဘုများထွက်သည့် ရောအတွင်း တွေ့ရှိပြောပြခဲ့သည့် ရောဂါဆန်းများ ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

ယင်းဒေသတွင် ကြေးစင်တောင်နှင့် စံပယ်တောင်တို့ ကိုဦးတည်ပြီး ကြေးနီထုတ်လုပ်မှုများ လုပ်ဆောင်လျှက် ရှိကြောင်း၊ ထုတ်ကုန်တိုးမြှင့် လုပ်ဆောင်ရန် အတွက် ကံကုန်းကျေးရွာ အနီးတွင် အက်စစ် ထုတ်လုပ်သည့် စက်ရုံ တည်ဆောက် ထားကြောင်း၊ အဆိုပါစက်ရုံမှ ထုတ်လုပ်သည့် အခိုးအငွေ့များကြောင့် နေ့စဉ် လေထု ညစ်ညမ်းမှုများ ဖြစ်ပေါ်လျှက်ရှိပြီး ဆိုးရွားသည့် အနံ့အသက်များကို ဒေသခံပြည်သူများ ရှုရှိုက်နေကြရကြောင်း သိရသည်။

ထို့အပြင် ကြေးနီထုတ်လုပ်မှု လုပ်ငန်းခွင်ကြောင့် ရေတွင်းများ သန့်ရှင်းမှုမရှိတော့ဘဲ သောက်ရေ သုံးရေ ပြတ်လပ်သည့် ပြဿနာနှင့် ကြုံတွေ့နေကြရသည်။

စက်ရုံမှ စွန့်ပစ်ရေဆိုးများကို သေချာစနစ်တကျ စွန့်ပစ်ခြင်း မရှိသည့် အတွက် ကျေးရွာတွင်းရှိ ရေတွင်းများထဲသို့ စီးဝင်ကာ ရေများတွင် ဆိုးရွားသည့် ကန့်အနံ့များ ထွက်ခြင်း၊ စိမ်းရွှေရွှေ အနံ့ဆိုးများ ဖြစ်ပေါ်ခြင်းနှင့် ရေအရောင်များမှာ စိမ်းပြာအရောင် ပြောင်းလဲလာခြင်းများ ဖြစ်ပေါ်လျှက်ရှိသည်။

‘‘ကြေးနီတောင်က ထွက်လာတဲ့ မြေတွေကို ထုံး၊ ထင်းရှူးဆီ၊ ဆာလ်ဖာ အမှုန့် ရောစပ် အရည်ဖျော်ပြီး ကျောက်တုံးတွေကို ဖျန်းတယ်။ အက်စစ်နဲ့လည်း ဖျန်းတယ်။ အဲဒီအချိန်မှာ မြေက အရည်ပျော်ကျပြီး စီးချင်တဲ့နေရာတွေ စီးဆင်းတယ်။ တခါတလေ အဲဒီ ဓာတ်သတ္တုရေတွေက မိုးရွာတဲ့အချိန် ရွာတွေထဲကို စီးဝင်တယ်။ အဲလိုဝင်ပြီး ကတည်းက ရွာဟာ လယ်လုပ်စားလို့ မရတော့ဘူး။ ရေတွင်း တွေခန်းတယ်။ လယ်မြေတွေ ဘာအသီးအနှံမှ စိုက်ပျိုးလို့ မရတော့ဘူး” ဟုဦးဘိုသန်းက ပြောသည်။

ယင်း အတွက်ကြောင့် ဒေသခံများမှာ ရေအတွက် နှစ်ပေါင်းများစွာ ဒုက္ခရောက်ကြရပြီး စိုက်ပျိုးရေး လုပ်ငန်းများလည်းပျက်စီး ဆုံးရှုံးခဲ့ရသည်။ အိမ်မွေး တိရစ္ဆာန်များ ဖြစ်သောနွား၊ ဆိတ်နှင့်ခွေးများမှာလည်း ယင်းရေကို သောက်သုံးသည့် အတွက် သေဆုံးကြကြောင်း သိရသည်။

‘‘လူတွေကတော့ အဲဒီရေကို မသောက်ရဲလို့ မသောက်ကြဘူး။ နွားတွေတော့ တိုက်စရာ ရေမရှိလို့ အဲဒီရေဘဲ တိုက်တယ်။ နွားတွေသေတော့ ဖျက်ကြည့်တဲ့ အခါ အသည်းတွေ ခြောက်နေတာ တွေ့ရတယ်”ဟု ရွာသာကွင်းတွင် နေထိုင်သည့် ကိုညိုထွန်းက ပြောသည်။

ကြေးစင်တောင်ရှိ ကြေးထုတ်လုပ်ရေး စီမံကိန်းကြောင့် ဒေသခံပြည်သူများ ကျန်းမာရေး ဆိုးရွားစွာ ထိခိုက်ဒဏ်ရာ ရရှိနေသော်လည်း အာဏာပိုင်များက တစုံတရာ ကျန်းမာရေး စောင့်ရှောက်မှု မပေးကြောင်း သိရသည်။

‘‘ဒီလိုတွေဖြစ်နေတဲ့ အချိန်မှာ ကျန်းမာရေးဌာနက ဘယ်သူကမှလည်းလာပြီး စောင့်ရှောက်တာ မရှိပါဘူး။ ကျနော်တို့က တင်ပြရင်လည်း ဘယ်ဆရာဝန်ကမှ ဘာကြောင့် ဒီလိုကင်ဆာတွေ ဆက်တိုက် ဖြစ်ပွားရတယ် ဆိုတာမျိုးတွေ မပြောရဲ ကြပါဘူး”ဟု ကံကုန်း – ဒုန်းတောတွင် နေထိုင်သည့် ကျေးရွာသား တဦးက ဆိုသည်။

လက်ပန်းတောင်းတောင်တွင် နေထိုင်လျှက် ရှိကြသည့် ဒေသခံများမှာလည်း စံပယ်တောင်နှင့် ကြေးစင်တောင်များကို နမူနာယူကာ လက်ပန်းတောင်းတောင် ကြေးနီထုတ်လုပ်သည့် စီမံကိန်းကို ၀ိုင်းဝန်း ကန့်ကွက်နေသည်။ သို့အတွက် စစ်ကိုင်းတိုင်း အစိုးရနှင့် ဒေသခံတို့အကြား တင်းမာမှုဖြစ်ကာ လမ်းလျှောက် ဆန္ဒထုတ်ဖော်ပွဲများ ဖြစ်ပေါ်ခဲ့သေးသည်။

စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရသည် ကြေးနီထုတ်လုပ်သည့် စီမံကိန်းဧရိယာအတွင်း နေထိုင်သည့် ပြည်သူများကိုသာမက မုံရွာမြို့ရှိဒေသခံများကိုပါ ကျန်းမာရေး၊ လူမှုရေးနှင့် စီးပွားရေး စောင့်ရှောက်မှုမရှိဘဲ စီမံကိန်းအတွင်းမှ ရရှိသည့် အကျိုး အမြတ်များကိုသာ မျှော်ကိုး လျှက်ရှိကြောင်း၊ ဒေသခံများ၏ လက်ရှိခံစားနေမှုကို ဖြေရှင်းမပေးဘဲ ယင်းစီမံကိန်း ဆက်လက် လုပ်ဆောင်နေခြင်းကိုလည်း နောက်ကွယ်မှ အကာကွယ်ပေးနေကြောင်း ဒေသခံများက ဆိုသည်။

ထို့အပြင် မုံရွာမြို့နယ်မှူးသည်လည်း ကြေးနီစီမံကိန်းမှ စွန့်ပစ်မြေများကိုယူကာ အသေးစား ကြေးနီထုတ်လုပ်နေသည့် ဒေသခံများထံမှ ခြိမ်းခြောက်ကာ လစဉ်ကြေးများ ကောက်ခံလျှက် ရှိကြောင်း၊ ဒေသခံများမှာ ယင်းဒေသတွင် စိုက်ပျိုးရေးလုပ်၍ မရသည့် အတွက်ရရာ အလုပ်များကို ရှာဖွေ လုပ်ကိုင်နေရကြောင်း သိရသည်။

လက်ရှိကြေးစင်တောင်နှင့် စံပယ်တောင် ကြေးနီစီမံကိန်းကြောင့် စွန့်ပစ် ထုံးရေလွှမ်း ဧရိယာ၆၄၆၁ ဧကရှိပြီး ယင်း ထုံးရေလွှမ်း ဧရိယာကြောင့် ကျေးရွာပေါင်း ၁၀ ရွာမှတောင်သူ ၁၂၆၆ ဦး နစ်နာဆုံးရှုံးလျှက် ရှိကြောင်း ဒေသခံများက ရှင်းပြသည်။

Ko wai lu

0 ဒေါ်အောင်ဆန်းစုကြည်နှင့် ဖို့ဝိန်းရောက် မြန်မာမိသားစုများ တွေ့ဆုံပွဲ (ရုပ်/သံ)

0 ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန်ခရီးစဉ်သည် မြန်မာနိုင်ငံ၏ အမှန်တကယ် ပါဝါများကို မှေးမှိန်စေ

(25 september 2012 ရက်စွဲပါ The Dilomat မှ Joshua Kurlantzick ရေးသားသော Suu Kyi’ s U.S visit;overshadowing the real powers in Burma ကိုဘာသာပြန်ဆိုသည်)

ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန်ပြည်ထောင်စုသို့ နှစ်ပတ်ခရီးစဉ်သည် ကြီးမားသောအောင်မြင်မှုရသည်ဟု သက်သေပြခဲ့ပြီးဖြစ်သည်။ ဥရောပမှာကဲ့သို့ပင် အမေရိကန်ပြည်ထောင်စုရှိ ပရိသတ်နှင့်တွေ့ဆုံရာတွင် ပရိတ်သတ်များ၏ နှစ်သက်အထင်ကြီးလေးစားမှုတို့ကို ခံစားရစေပြီး၊ ထိုကဲ့သို့သောအဆင့်မျိုးကို ဒလိုင်းလားမားနှင့် နယ်ဆင်မင်ဒဲလားတို့မှလွဲ၍ ယှဉ်နိုင်မည့်သူမရှိပေ။ သူမသည် လေယာဉ်ခရီးစဉ်အရှည်ကြီးကို စီးနင်းခဲ့ရသော်လည်း အနားယူခြင်းမရှိပဲ ဆုများတခုပြီးတခုလက်ခံခြင်း၊ တွေ့ဆုံပွဲများ၊ ကွန်ဖရင့်များ၊ ဆွေးနွေးပွဲများကို လက်ခံခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်နိုင်ငံ၏ဆက်ဆံရေး သို့မဟုတ် အခြားဒီမိုကရက်တစ် အင်အားကြီးနိုင်ငံများ၏ ဆက်ဆံရေးများသည် မြန်မာနိုင်ငံ၏အနာဂါတ်အတွက် အရေးကြီးရုံမျှမက၊ နိုင်ငံအတွင်းသို့ အကူအညီများတိုး၍ ဝင်လာရေးအတွက် အရေးပါလှသည်ဆိုသည့်အချက်မှာ သံသယရှိစရာမလိုသော အချက်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးကြသော မူဝါဒဆွေးနွေးပွဲများနှင့် အခြားပွဲများတွင်ပြောသော ဒေါ်အောင်ဆန်းစုကြည်၏ ပြောဆိုချက်များကိုကြည့်ပါက အမေရိကန်နှင့် ဥရောပတို့သည် မြန်မာနိုင်ငံ၏အနာဂါတ်အတွက် အရေးပါသော ပလေယာများ ဖြစ်သည်ဆိုသည့် အိုင်ဒီယာကို ဦးတည်ကြောင်းတွေ့ရသည်။

အနောက်နိုင်ငံများတွင် ဒေါ်အောင်ဆန်းစုကြည်ကိုသာ နှစ်သက်သဘောကျမှုများရှိပြီး၊ သမ္မတဦးသိန်းစိန်အပေါ်တွင် အလေးပေးမှုမရှိပေ။ ထို့ကြောင့် ဦးသိန်းစိန်၏ ကုလသမဂ္ဂ အထွေထွေညီလာခံတက်ရောက်မှုကို ဒေါ်အောင်ဆန်းစုကြည်၏ ဝက်ဝက်ကွဲခရီးစဉ်လောက် လူစိတ်ဝင်စားမှုရှိမည် မဟုတ်ပေ။သို့သော် ဦးသိန်းစိန်သည် အတိတ်က ၄င်း၏စစ်တပ်ပုံရိပ်များရှိသော်လည်း လွန်ခဲ့သည့်နှစ်နှစ်အတွင်း ကြီးမားသောပြုပြင်ပြောင်းလဲမှုများ အကောင်အထည်ဖော်ရာတွင် အဓိကကျသူတစ်ဦး ဖြစ်သည်။ ထို့အပြင် ဦးသိန်းစိန်သည် မကြာသေးမီက ၄င်း၏ကတ်ဘိနက်အတွင်း ပြောင်းရွှေ့မှုများ ပြုလုပ်၍ အစိုးရအဖွဲ့အတွင်းမှ အရေးကြီးသောသဘောထား တင်းမာသူများကိုခွဲခြားလိုက်ခြင်း သို့မဟုတ် အလုပ်မှနှုတ်ထွက်စေလျက် ပြုပြင်ပြောင်းလဲရေးသမားများ၏ ချုပ်ကိုင်မှုပိုမိုအားကောင်းအောင် လုပ်ဆောင်ရာတွင် အဓိကတာဝန်ယူလုပ်ဆောင်ခဲ့သူ ဖြစ်သည်။

ထို့အပြင် အမေရိကန်ပြည်ထောင်စုတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးပွဲများပြုလုပ်ရာတွင် ရှောင်ခဲ့ကြသောအချက်တခုမှာ ဒီမိုကရက်တစ် မြန်မာနိုင်ငံ၏အနာဂါတ်တွင် အရေးကြီးသောပလေယာများဖြစ်သော တရုတ်၊ အိန္ဒိယ၊ ထိုင်းနှင့် စကာင်္ပူတို့အကြောင်းပင် ဖြစ်သည်။ အမှန်တရားကို ပြောင်းလဲပစ်၍ ရလိမ့်မည်မဟုတ်ပေ။ မြန်မာနိုင်ငံသည် တံခါးဖွင့်လာသည်နှင့်အမျှ ၄င်း၏ အိမ်နီးချင်းများနှင့် ပိုမိုစုစည်းလာနိုင်မည်မှာ အမှန်ပင်ဖြစ်သည။်

ဒေါ်အောင်ဆန်းစုကြည်(မြန်မာနိုင်ငံ၏ဒီမိုကရေစီလှုပ်ရှားမှုများအပါအဝင်)နှင့် အိမ်နီးချင်းအင်အားကြီးများ အားလုံးကြားဆက်ဆံရေးမှာ အားနည်းလှပြီး တခါတရံဆိုးရွားလှသည်။ အိန္ဒိယနှင့်ပင် ဒီမိုကရေစီလှုပ်ရှားမှုဆက်ဆံရေးများမှာ ပြီးခဲ့သည့်နှစ်များအတွင်း ကောင်းမွန်စွာမရှိခဲ့ပေ။

အိန္ဒိယသည်ဆယ်စုနှစ်များစွာ မြန်မာနိုင်ငံမှဒီမိုကရေစီလှုပ်ရှားသူများကို ထောက်ပံ့မှုများပြုထားရာမှ ပို၍လက်တွေ့ကျသော မူဝါဒအဖြစ် အာဏာစစ်အစိုးရနှင့် ဆက်ဆံရေးပြုလုပ်ခဲ့ပြီးနောက် ဖြစ်သည်။ အကယ်၍ ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီမိုကရေစီလှုပ်ရှားသူများသည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အမှန်တကယ်အနိုင်ရတော့မည်ဖြစ်ရာ (ရွေးကောက်ပွဲသည် လွတ်လပ်၍တရားမျှတပါက သေချာပေါက်နီးပါးဖြစ်သည်)၎င်းတို့သည် လွန်ခဲ့သည့် ဆယ်စုနှစ်နှစ်ခုခန့်အတွက် ဒီမိုကရေစီလှုပ်ရှားမှုများကို ထောက်ခံကူညီခဲ့သော အနောက်နိုင်ငံများသို့သာ အာရုံစိုက်ခြင်းမပြုဘဲ အထက်မှ အရေးပါသော အိမ်နီးချင်းချင်းများနှင့် မိမိတို့၏ဆက်ဆံရေးကို အမြန်ဆုံးပြင်ဆင်ရလိမ့်မည်ဖြစ်သည်။

Yangon chronicle

Wednesday, September 26, 2012

0 နိုင်ငံရေးကို ဘန်းပြပြီးနံမည်ကြီးအောင်လုပ်တာ ဘာများအရသာရှိလဲလို့ ကျမမေးချင်တယ်-Daw Aung San suu Kyi interview with Fort Wayne Burmese(ရုပ်/သံ)

2 ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန် နယူးယောက်မြို့၊ The Mark ဟိုတယ်တွင်စက်တင်ဘာ ၂၅ နေ့ကတွေ့ဆုံ

ဒေါ်အောင်ဆန်းစုကြည် လာရောက် တွေ့ဆုံနှုတ်ဆက်တာကို ရိုးရိုးရှင်းရှင်း အသွင်သဏ္ဍာန်နဲ့ ရင်းရင်းနီးနီး ကြိုဆိုဖို့ ပြင်နေတဲ့ သမ္မတ ဦးသိန်းစိန် (သမ္မတကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ၁၅ မိနစ်ကြာ ရင်းနှီး နွေးထွေးစွာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး၊ ဆွေးနွေးမှုအပြီးမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဘီဘီစီက တွေ့ဆုံမှုနဲ့ ပတ်သက်ပြီး မေးကြည့်တော့ ``သမ္မတကြီးနဲ့ တွေ့ရတာ ၀မ်းသာပါတယ်`` လို့ပဲ ဒေါ်အောင်ဆန်းစုကြည်က တိုတိုတုတ်တုတ် ဖြေကြားသွားပါတယ်)။

သမ္မတဦးသိန်းစိန် တည်းခိုနေထိုင်ရာ နယူးယောက် The Mark ဟိုတယ်ကို ဒေါ်အောင်ဆန်းစုကြည် နယူးယောက်စံတော်ချိန် ည ၆ နာရီသာသာ (အမှန်တကယ်ချိန်းဆိုထားချိန်ထက် နာရီဝက်ခန့်စောပြီး) က ရောက်လာခဲ့ပါတာ ဖြစ်ပါတယ်။ ခေါင်းဆောင်နှစ်ဦးဟာ တကယ့်ကို မောင်ရင်းနှမပမာ ရင်းနှီးနွေးထွေးစွာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ဦးသိန်းစိန်ကို လေယာဉ်အကြာကြီး စီးခဲ့ရလို့ ခရီးပန်းနေလား၊ အဆင်ပြေလားလို့ မေးမြန်းတော့ သမ္မတကြီးက နေ့/ည မှားနေလို့ အနားယူချင်နေကြောင်းကို ပြောပါတယ်။ သမ္မတကြီးကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ``မစု... ပိန်သွားတယ်`` လို့ ပြန်ပြောတဲ့ အကြောင်း သူတို့နှစ်ဦးကို ဓာတ်ပုံရိုက်ခွင့်ရခဲ့တဲ့ သမ္မတနဲ့ အတူ အမေရိက ခရီးစဉ်ကို လိုက်ပါလာတဲ့ မီဒီယာသမားတဦးက ဘီဘီစီကို ပြောပါတယ်။

အမေရိက ခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန် တည်းခိုနေထိုင်ရာ နယူးယောက်မြို့၊ ၇၇ လမ်းပေါ်က ကြယ်ငါးပွင့် အဆင့်ရှိ The Mark ဟိုတယ်၊ ၁၆ ထပ်ရှိတဲ့ ဟိုတယ်ကြီးထဲမှာ သမ္မတဟာ ငါးထပ်မြောက်မှာ နေထိုင်နေတယ်လို့ သိရပါတယ်။ ဒီဟိုတယ်ကို ၁၉၂၇ ခုနှစ်က စတင် တည်ဆောက်ခဲ့တာမို့ သက်တမ်း ၈၅ နှစ် ရှိပြီ ဖြစ်ပါတယ်။

သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံပြီးနောက်မှာ ဒေါ်အောင်ဆန်းစုကြည် ပြန်လည် ထွက်ခွာသွားတာ ဖြစ်ပါတယ်။ အမေရိကန် ထောက်လှမ်းရေး လုံခြုံရေးအဖွဲ့ Secret Service ဟာ ဒေါ်အောင်ဆန်းစုကြည်ကို အလွန်ဂရုစိုက်ပါတယ်။ သူတို့ လုပ်ထုံးလုပ်နည်းအတိုင်း တသွေမတိမ်း ဆောင်ရွ
က်ပါတယ်။ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက ဒေါ်အောင်ဆန်းစုကြည်ကို ဆင်းတွေ့၊ ကြိုဆိုဖို့ လုပ်တာကိုတောင် ခွင့်မပြုပါဘူး။ ဒေါ်အောင်ဆန်းစုကြည်က သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံဖို့ နာရီဝက်စောပြီး ဟိုတယ်ကို ရောက်လာတာမှာ ဒေါ်အောင်ဆန်းစုကြည်ကို အခန်းတခုထဲမှာ အနားယူနေစေပြီး သတ်မှတ်အချိန်ရောက်မှ သမ္မတအခန်းရှေ့ကို လုံခြုံရေး အထပ်ထပ် အသင့်ပြင်ပြီးမှ ခေါ်ယူလာပါတယ်၊ အပြန်မှာလည်း လုံခြုံရေး အဆင့်ဆင့်နဲ့ ခေါ်ထုတ်သွားပါတယ်။ သမ္မတ ဦးသိန်းစိန်နဲ့အတူ ပါလာတဲ့ ၀န်ကြီးတွေ၊ အရာရှိကြီးတွေ၊ လုံခြုံရေးအရာရှိကြီးတွေနဲ့ အမေရိကန် နိုင်ငံခြားရေးဌာနဘက်က တာဝန်ယူထားသူတွေကမှ မြန်မာမီဒီယာတွေကို ပိုပြီး ဖော်ရွေ ခင်မင်နေတာ တွေ့ရပါတယ်။

BBC

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.