Saturday, June 4, 2011

0 ဂျွန်မက်ကိန်းကိုယ်တိုင်မြန်မာပြည်ကအပြန်Twitterသုံးလို့ရတဲ့နေရာမှာတင်လိုက်တဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့အတူတွေ့ဆုံဆွေးနွေးနေတဲ့ပုံ


ဓာတ်ပုံကို slideshowပုံစံဖြင့်စမ်းသပ်မှုတခုအနေနဲ့စမ်းတင်ထားခြင်းဖြစ်ပါသည်.

Friday, June 3, 2011

0 ပြုပြင်ပြောင်းလဲရေးမလုပ်လျင် တော်လှန်ရေးဆန်သည့် အပြောင်းအလဲနှင့် ကြုံရလိမ့်မည်ဟု မြန်မာအစိုးရကို ဂျွန်မက်ကိန်း သတိပေး

ရန်ကုန်၊ ဇွန် ၃၊ ၂၀၁၁ (YPI) - မြန်မာအစိုးရအနေဖြင့် ယခုအချိန်တွင် တစ်ဆင့်ချင်း ပြုပြင်ပြောင်းလဲရေးမလုပ်လျင် အာရပ်နိုင်ငံများကဲ့သို့ နောက်ပိုင်းမှာ ပြည်သူများက တော်လှန်ပြီး အပြောင်းအလဲပြုလုပ်လာသည်ကို ကြုံရမည်ဖြစ်ကြောင်း အမေရိကန်အထက် လွှတ်တော်အမတ် ဂျွန်မက်ကိန်းက ယနေ့နံနက်ပိုင်း ရန်ကုန်မြို့တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် သတိပေးပြောကြားလိုက်သည်။ “(နိုင်ငံရေး) အပြောင်းအလဲတွေက ဖြစ်နေပြီ။ အာရပ်နိုင်ငံမှာပဲ အဲဒီအပြောင်းအလဲတွေက ဖြစ်နေမှာ မဟုတ်ဘူး။ အခုချိန်မှာ အပြောင်းအလဲမလုပ်တဲ့ အစိုးရတွေဟာ နောက်ပိုင်းမှာ (ပြည်သူတွေက) တော်လှန်ပြီး အပြောင်းအလဲလုပ်တာကို ရင်ဆိုင်ရလိမ့်မယ်” ဟု ဂျွန်မက်ကိန်းက သူ၏မိန့်ခွန်းတွင် ပြောကြားသည်။

အမေရိကန်အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း သတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ်။ ၂၀၁၁ ဇွန် ၃

မြန်မာပြည်သူ၊ ပြည်သားများသည် ဒီမိုကရေစီရရှိရေးအတွက် စိတ်အားထက်သန်နေကြပြီး နှစ်ပေါင်းများစွာ ပေးဆပ်မှုများ ပြုလုပ်နေကြရကြောင်းလည်း မက်ကိန်းက သူ၏ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသွားသည်။အကယ်၍ မြန်မာအစိုးရအနေဖြင့် စစ်မှန်သော ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် အမှန်တကယ်လုပ်ဆောင်လိုသော ဆန္ဒရှိပါက အမေရိကန်ပြည်ထောင်စုတွင် သူလို (အားပေး ကူညီမည့်) မိတ်ဆွေများတွေ့ရလိမ့်မည်ဖြစ်ကြောင်းလည်း မက်ကိန်းက ပြောကြားသွားခဲ့သည်။နေပြည်တော်တွင် အစိုးရအရာရှိများနှင့် တွေ့ဆုံစကားပြောရာ၌ မြန်မာအစိုးရသစ်သည် အမေရိကန်ပြည်ထောင်စုနှင့် ပိုမိုကောင်းမွန်သော ဆက်ဆံရေးမျိုး တည်ဆောက်သွားလိုသည့် သဘောထားမျိုးကို မြင်တွေ့ခဲ့ရကြောင်းလည်း မက်ကိန်းကပြောပြသွားသည်။သို့သော်လည်း နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ရေးဆိုသည်မှာ နွေးထွေးပျူငှာသော စကားလုံးများနှင့် တည်ဆောက်ရုံနှင့်မပြီးဘဲ တိကျခိုင်မာသော လုပ်ရပ်များနှင့်ပါ တည်ဆောက်ရမည်ဖြစ်ကြောင်းလည်း မက်ကိန်းက ပြောကြားသွားသည်။“ကျွန်တော်အနေနဲ့ကတော့ (နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ဖို့) ကူညီလို့ရတဲ့နေရာကနေ ကူညီပေးဖို့ အဆင်သင့်ပါပဲ” ဟုလည်း မက်ကိန်းက ထည့်သွင်းပြောခဲ့သည်။

အမေရိကန်အစိုးရဘက်မှလည်း မြန်မာအစိုးရပေါ်တွင် ထားရှိသည့် မူဝါဒများအားလုံးကို ချပြသင့်ပြီး မြန်မာအစိုးရက မေတ္တာရပ်ခံသည်များကိုလည်း ထည့်သွင်းစဉ်းစားပေးသင့်ပါကြောင်း မက်ကိန်းက ပြောဆိုသည်။ မက်ကိန်းသည် မိန့်ခွန်းပြောစဉ်မှာသာမက သတင်းသမားများ၏ မေးခွန်းများကို ဖြေဆိုရာတွင် ယခင်လာရောက်သည့် အမေရိကန်အရာရှိများနှင့် မတူပဲ 'မြန်မာ'ဟူသော အသုံးအနှုန်း သာမက 'ဗမာ'ဟူသော အသုံးအနှုန်းကိုပါ မသုံးစွဲဘဲ 'ဒီနိုင်ငံ' 'ဒီအစိုးရသစ်' ဟူသော အသုံးအနှုန်းများကိုသာ သုံးစွဲသွားခဲ့သည်။

နေပြည်တော်တွင် မြန်မာအစိုးရအရာရှိများနှင့်တွေ့ဆုံစဉ် နိုင်ငံတကာကြက်ခြေနီ (International Committee of Red Cross – ICRC)ကို အကျဉ်းသားများနှင့် တွေ့ဆုံခွင့်ပေးရေးကိုလည်း တိုက်တွန်းခဲ့ကြောင်း မက်ကိန်းက သတင်းသမားများကို ပြောကြားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်မြို့ပြင်ပသို့ မကြာမီ ခရီးထွက်မည်ဖြစ်ရာ သူမ၏ခရီးစဉ်အတွင်း ဘေးကင်းစေရန် အစိုးရအနေဖြင့် အကာအကွယ် ပေးရမည်ဖြစ်ကြောင်း၊ ထိုသို့ ကာကွယ်ပေးဖို့ တောင်းဆိုရသည်မှာ မြန်မာနိုင်ငံတွင် နာမည်ကြီးသော နိုင်ငံသားတစ်ယောက်ကို အထူးတလှယ်ဆက်ဆံပေးဖို့ တောင်းဆိုသည်ဟု မမြင်သင့်ကြောင်း၊ နိုင်ငံသားတိုင်း ရသင့်ရထိုက်သည့် အခွင့်အရေးတစ်ခုအဖြစ် တောင်းဆိုသည်ဟုသာ ထင်မြင်သင့်ကြောင်းလည်း မက်ကိန်းက ပြောကြားသွားသည်။ မြန်မာအစိုးရသစ်အနေဖြင့် လုပ်ဆောင်သင့်သည်မှာ ဒေါ်အောင်ဆန်းစုကြည်၊ လူမျိုးစု တိုင်းရင်းသားများ၊ အခြားအတိုက်အခံများနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဖြစ်ရာ ထိုသို့သောလုပ်ဆောင်ချက်များ လုပ်ဆောင်မှသာ တရားဝင် အစိုးရတစ်ရပ် ဖြစ်လာမည် ဖြစ်သည်ဟု မက်ကိန်းက အကြံပြုပြောဆိုသည်။ မက်ကိန်းက မြန်မာအစိုးရအနေဖြင့် ပြုပြင်ပြောင်းလဲရေးလုပ်လိုသော ဆန္ဒရှိသည်ကို တွေ့ရကြောင်း၊ အနာဂတ်မှာ အစိုးရသစ်နှင့် ဒေါ်အောင်ဆန်းစုကြည်အကြား တွေ့ဆုံဆွေးနွေးရေးများ ဖြစ်လာစရာ ရှိကြောင်းလည်း မက်ကိန်းကပြောကြားသွားသည်။

မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် စီးပွားရေး ပိတ်ဆို့အရေးယူမှုကို ဘယ်အချိန်ရုပ်သိမ်းမည်၊ မရုပ်သိမ်းမည်ကို သတင်းသမားတစ်ဦးက မေးမြန်းရာတွင် မက်ကိန်းက စီးပွားရေးပိတ်ဆို့အရေးယူမှုကို ရုပ်သိမ်းရန်အတွက် မြန်မာအစိုးရအနေဖြင့် ထင်သာမြင်သာရှိသော ပြုပြင်ပြောင်းလဲမှုများလုပ်ဆောင် ပြရမည်ဟု ဖြေကြားသွားသည်။ရန်ကုန်မြို့မှ စီးပွားရေး သတင်းအယ်ဒီတာတစ်ဦးက “အခု လာတဲ့ ဂျွန်မက်ကိန်းကို အစိုးရက အတော်လေး အရေးပေးတာ တွေ့ရတယ်။ သတင်းစာမှာ ဖေါ်ပြပုံနေရာပေးပုံကိုကြည့်ရင် သိနိုင်တယ်။ သူနဲ့ မြန်မာအစိုးရအကြား တစ်ခုခု နားလည်မှု ရထားသလားလို့ ခန့်မှန်းမိတယ်၊ အဲလို ရခဲ့တယ်ဆိုရင်တော့ အမေရိကန် အစိုးရဘက်က စီးပွားရေး ပိတ်ဆို့မှုတွေထဲက တချို့ဟာတွေကို နည်းနည်းချင်း ပြန်ရုပ်ပေးတာမျိုး ဖြစ်လာနိုင်တယ်” ဟုသုံးသပ်ပြောဆိုသည်။

Yangon PressInternational

0 အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းနှင့်တွေ့ဆုံပြီးနောက် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ Press Conferenceရုပ်/သံ


videoအကျယ်ကြည့်ရန်ပုံကိုနှိပ်ပါ။
video၊ ။ National League for Democracy

1 John MacCain visit Naypyidaw (ရုပ်/သံ)





videoအကျယ်ကြည့်ရန်ပုံကိုနှိပ်ပါ။

0 ငွေဆောင်မြို့နယ်ခွဲအတွင်းမှ တောင်သူလယ်သမား၆ဦး၏ဘိုးဘွားပိုင်လယ်မြေများအား မတရားအဓမ္မသိမ်းဆည်းခံရခြင်းအား တိုင်ကြားခြင်း

Thursday, June 2, 2011

0 အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းမှ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား သွားရောက်တွေ့ ဆုံ (သတင်းဓါတ်ပုံ)


ရန်ကုန်၊ ဇွန် ၂၊ ၂၀၁၁ (YPI) - မြန်မာနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသော အမေရိကန်အထက် လွှတ်တော်အမတ် ဂျွန်မက်ကိန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ယနေ့ နေ့ခင်းပိုင်းတွင် တက္ကသိုလ် ရိပ်သာလမ်း၊ အင်းလျားကန်စောင်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်၌ တစ်နာရီကျော်ကြာ တွေ့ဆုံပြီး မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲစေဖို့ ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်ရာ၌ ဒေါ်အောင်ဆန်းစုကြည်က သူမအနေနှင့် မက်ကိန်းနှင့်တွေ့ဆုံစကားပြောရသည်မှာ အားရကျေနပ်မိသည်ဟု သတင်းသမားများကို ပြောပြသည်။

“ကျွန်မအမြင်မှာတော့ Senator မက်ကိန်းက အမေရိကန် နိုင်ငံရေးလောကမှာ အင်မတန်မှ အရေးပါတယ်။ အင်မတန်မှ သြဇာကြီးတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က မက်ကိန်းပေါ် သူမ၏အမြင်နှင့် ပတ်သက်ပြီး ပြောပြသည်။

မကြာသေးမီက သူမနှင့် တွေ့ဆုံခဲ့ကြသော ကုလသမဂ္ဂ အထူးသံတမန် ဗီဂျေ နမ်ဘီယားမှာ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကို ကိုယ်စားပြုလာရောက်သူဖြစ်ပြီး ဂျိုးဇက်ယွန်းမှာ အမေရိကန်အစိုးရ၏ ၀န်ထမ်းတစ်ဦးမျှသာဖြစ်ကြောင်း၊ ၄င်းတို့နှင့် စာလျင် မက်ကိန်းမှာ သြဇာပိုမိုကြီးမား ကြောင်း ဒေါ်အောင်ဆန်းစုကြည်ကဆိုသည်။


မြန်မာ့နိုင်ငံရေးပြုပြင်ပြောင်းလဲရေးလုပ်ဆောင်ရာတွင် အမေရိကန်အနေဖြင့် ဆက်လက်ထောက်ခံအားပေး သွားမည်ဟု မက်ကိန်းက ပြောဆိုသွားကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က သတင်းသမားများကို ပြန် ပြောပြသည်။

သို့သော်လည်း နိုင်ငံရေးပြုပြင်ပြောင်းလဲရေးအတွက် မက်ကိန်းတစ်ခေါက်လာရုံ၊ တွေ့ဆုံဆွေးနွေးရေးတွေ လုပ်ရုံနှင့် ဖြစ်လာမည်မဟုတ်ဘဲ မြန်မာနိုင်ငံရေးပြုပြင်ပြောင်းလဲရေးမှာ ပြည်သူလူထုပေါ်တွင်သာ မူတည်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ယခုလို ပြောပြသည်။

“ဗမာပြည်ရဲ့ နိုင်ငံရေးခရီးက အန်တီတို့နဲ့ သံတမန်တွေနဲ့ တွေ့တဲ့အပေါ်မှာ မူမတည်ဘူး။ ပြည်သူလူထုတွေပေါ်မှာပဲ မူတည်တယ်။ အန်တီတို့ သံတမန်တွေနဲ့ တွေ့တယ်ဆိုတာက နိုင်ငံရေးခရီးရဲ့ တစ်စိတ်တစ်ပိုင်းပဲ။ တကယ့်နိုင်ငံရေးခရီးကို လျှောက်ရမယ့်သူတွေက မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေပဲ။ အဲဒီတော့ အဲဒီခရီးဟာ ဘယ်လိုပုံစံသွားမယ်ဆိုတာ နိုင်ငံသားတွေကပဲ ဆုံးဖြတ်ရမယ်။”

မြန်မာ-အမေရိကန် ဆက်ဆံရေးနှင့် ပတ်သက်ပြီး သတင်းသမားတစ်ဦးက ဒေါ်အောင်ဆန်းစုကြည်၏ အမြင်ကို မေးမြန်းရာ၌ ဒေါ်အောင်ဆန်းစုကြည်က မြန်မာ-အမေရိကန်ဆက်ဆံရေးကို စဉ်းစားရာတွင် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများနှင့် အမေရိကန်အစိုးရဆက်ဆံရေး၊ မြန်မာအစိုးရနှင့် အမေရိကန်အစိုးရ ဆက်ဆံရေးဟူ၍ နှစ်မျိုးနှစ်စားစဉ်းစား ကြည့်ရမည်ဖြစ်ကြောင်း ယခုလို ပြန်လည်ဖြေကြားသွားသည်။

“ကျွန်မအမြင်မှာတော့ မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေနဲ့ အမေရိကန်ရဲ့ ဆက်ဆံရေးကတော့ မဆိုးပါဘူး။ ကောင်းတယ်လို့ဆိုရမှာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ရဲ့ လူ့အခွင့်အရေးကိစ္စအတွက် လှုပ်ရှားပေးတာကို။ ကျွန်မတို့ ဒါကို တန်ဖိုးထားတယ်။ ဒါကို သဘောကျတယ်။ ဒါကို ကျေးဇူးတင်တယ်။ အစိုးရနဲ့ (အမေရိကန်) ဆက်ဆံရေးကတော့ အစိုးရအချင်းချင်းကြားမှာပဲ” ဟု ဒေါ်အောင်ဆန်းစုကြည်ကရှင်းပြသည်။

မက်ကိန်းသည် လွန်ခဲ့သော ၁၅ နှစ်ကလည်း မြန်မာနိုင်ငံသို့ လာရောက်ကာ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ဖူးပြီး ယခုအကြိမ်သည် ၄င်း၏ ဒုတိယအကြိမ်မြောက်တွေ့ဆုံခြင်း ဖြစ်သည်။ သူပါဝင် ယှဉ်ပြိုင်သည့် ရီပတ်ဗလစ်ကင် ပါတီမှာ မြန်မာနိုင်ငံအရေးနှင့် ပတ်သက်လျင် သမ္မတ အိုဘားမား ခေါင်းဆောင်သည့် ဒီမိုကရက်တစ် ပါတီထက် ပိုမိုတက်ကြွသည့် သဘောထားမျိုးရှိပြီး မက်ကိန်းတစ်ဦးချင်း အနေဖြင့်လည်း မြန်မာ့ ဒီမိုကရေစီ အရေးကို ပိုမိုစိတ်ဝင်စားသလို ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပေါ်တွင်လည်း ပုဂ္ဂိုလ်ရေးအရ လေးစားမှု ရှိသူဖြစ်သည်။
Photo/ reuterssoezeyatun စာစု။ (YPI)Yangon PressInternational

0 အထက်လွှတ်တော် အမတ် မစ္စတာ ဂျွန်မက်ကိန်း၏ မြန်မာပြည်ခရီးစဉ်အတွင်း တွေ့ဆုံသူများ မှတ်တမ်း

မြန်မာနိုင်ငံကို ဇွန်လ ၁ ရက်နေ့မှာ ရောက်ရှိလာတဲ့ အမေရိကန်ပြည်ထောင်စု အထက်လွှတ်တော်အမတ် မစ္စတာ ဂျွန်မက်ကိန်းနှင့်အဖွဲ့က ဇွန်လ ၁ ရက်နေ့မှာပဲ မြန်မာနိုင်ငံဒုတိယ သမ္မတ သီဟသူရတင်အောင်မြင့်ဦး နဲ့ မွန်းလွဲ နှစ်နာရီ ခွဲ အချိန်ခန့်က တွေ့ဆုံခဲ့ပါတယ်။

ဇွန်လ ၂ရက်နေ့ မနက်ခင်းပိုင်းမှာ အန်အယ်ဒီအဖွဲ့ချုပ်လူမှုထောက်ကူပြုအဖွဲ့က အိတ်ခ်ျအိုင်ဗီ ၊အေအိုင်ဒီအက် ကာကွယ်တားဆီးရေးလုပ်ငန်းများကို ဆောင်ရွက်နေတဲ့ မဖြူဖြူသင်းတို့အဖွဲ့နဲ့ တွေ့ဆုံခဲ့ပါတယ်။

ဇွန် ၂ ၊ မနက် ၁၁ နာရီ ၀န်းကျင်မှာတော့ ရုပ်ရှုင် သရုပ်ဆောင် ကျော်သူ ဦးစီးတဲ့ နာရေးကူညီမှု အသင်းနဲ့ သုခ ကုသိုလ်ဖြစ် ဆေးခန်းကို သွားရောက်တွေ့ဆုံခဲ့ပါတယ်။

နေ့လည် ၁၂ နာရီမှာတော့ အဆိုတော် ဇေယျာသော်၊ ဦးကျော်ဆန်းတို့နဲ့ အတူ နေ့လည်စားစားမှာ ဖြစ်ပြီး နေ့ခင်း ၁နာရီ ၀န်းကျင်မှာတော့အမေရိကန်သုံးရုံးမှာ နိုင်ငံရေးပါတီ ၅ပါတီ( NDF, ရခိုင်, ကချင်, တစည, ဒီမိုကရက်တစ်ပါတီ) နဲ့ တွေ့ဆုံမည် ဖြစ်ကြောင်း နေ့လည် ၂ နာရီ မှာ အန်အယ်ဒီအဖွဲ့ချုပ် ရုံးမှာ စီအာပီပီ၊ အန်အယ်ဒီအဖွဲ့ ၀င်တို့နှင့် တွေ့ဆုံမှာဖြစ်ပြီး ညနေ ၃ နာရီ ၀န်းကျင်အချိန်မှာ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည် ဖြစ်ကြောင်း ကြားနေရပါတယ်။

ဇွန် ၃ ရက်နေ့ မနက် ၈ နာရီ မိနစ် ၄၀ ၀န်းကျင်မှာတော့ ရန်ကုန်မြို့က သတင်းစာဆရာတွေနဲ့ တော်ဝင်လမ်းက အမေရိကန်စင်တာမှာ တွေ့ဆုံမှာဖြစ်တယ်လို့ သိရပါတယ်။

အမည် ကန့်သတ်မထားပါ၊ မည်သည့်သတင်းထောက်မဆို တတ်နိုင်ပါသည်။

ဒီနေ့ ဂျွန်မက်ကိန်းနှင့် အန်တီတွေ့ပြီးနောက် အန်တီက သတင်းထောက်များ၏ အမေးများကို ပြန်လည်ဖြေကြားပေးခဲ့ပါသည်။

ပြည်တွင်း ဂျာနယ်များမှ သတင်းထောက်များ၊ နိုင်ငံခြားသတင်းဌာနများမှ သတင်းထောက်များ စုစုပေါင်း ၈၀ ကျော် တက်ရောက်သတင်းယူခဲ့ဟု သိရပါသည်။ထိုထဲမှာ သတင်းထောက်မဟုတ်သော သူအချို့ ကိုလည်း တွေ့ရပါသည်။


ထူးထူးခြားခြား တွေ့ဆုံမည့်သူများ ထပ်မံ တိုးလာလျှင်လည်း ဆက်လျက် ပြောပြနေပါဦးမယ်။

မေသင်္ကြန်ဟိန်း facebookမှ

0 John McCain နှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)



John McCain နှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)

အမေရိကန်နိုင်ငံ အထက်လွှတ်တော်အမတ် John McCain နှင့် အမေရိကန်သံရုံးအရာရှိ များသည် ၂.၆.၂၀၁၁ (ကြာသပတေး)နေ့ နံနက် (၁၁း၀၀) နာရီအချိန်တွင် ရန်ကုန်မြို့၊ မြောက်ဒဂုံ မြို့နယ်၊ ဗိုလ်မှူးဗထူးလမ်းရှိ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လာရောက်ကာ အသင်းဥက္ကဋ္ဌ ဦးကျော်သူ၊ ဘဏ္ဍာရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်၊ အတွင်းရေးမှူး ဒေါ်သန်းမြင့်အောင်နှင့် အလုပ်အမှုဆောင်အဖွဲ့များ၊ အသင်းသူ/သားများနှင့် လာရောက်တွေ့ဆုံခဲ့သည်။

လူမှုရေးလုပ်ငန်းများဖြစ်သော နာရေး (အခမဲ့) ကူညီမှု၊ ဆေးဝါး (အခမဲ့) ကုသမှု၊ ပညာရေး (အခမဲ့) ပညာဒါနပြုမှုများကို တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ခဲ့သည်။ ဧည့်သည်တော်များအား နာရေးကူ ညီမှုအသင်း(ရန်ကုန်)၏ အများပြည်သူတို့အပေါ် (အခမဲ့) ကူညီပေးမှုများ၊ သုခကုသိုလ်ဖြစ်ဆေးခန်း ၏ (အခမဲ့) ဆေးဝါးကုသမှုများ၊ ပညာဒါနအဖြစ် (အခမဲ့) ပညာသင်ကြားမှုများ၊ သုခအလင်း စာကြည့်တိုက်၊ နာရေးလမ်းကြောင်း လက်ခံမှုရုံးခန်းတို့အား လိုက်လံပြသခဲ့သည်။ ထို့နောက် အမေရိကန်နိုင်ငံ၏ အထက်လွှတ်တော်အမတ် John McCain သည် ယမန်နေ့က မြန်မာပြည်ရှိ ကြီးကျယ်ခမ်းနား၍ အရောင်အဆင်းများ တောက်ပသောအဆောက်အဦးများရှိရာ နေရာသို့ ရောက်ရှိ ခဲ့ကြောင်း၊ ယနေ့မှ မြန်မာပြည်သူလူထုတို့၏ လူနေမှုစရိုက်များ၊ ဆင်းရဲဒုက္ခရောက်နေမှုများ၊ မြန်မာနိုင်ငံ၏ လက်ရှိအနေအထား အစစ်အမှန်ကို တွေ့ရှိရသည့်အတွက် ၀မ်းနည်းမိကြောင်း၊ ယခုလို လူသားချင်းစာနာထောက်ထားသည့် အဖွဲ့အစည်းများနှင့် တွေ့ဆုံခွင့်ရရှိသည့်အတွက် လွန်စွာဝမ်း မြောက်မိကြောင်းတို့ကို ပြောကြားသွားသည်။ ထို့ပြင် နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ လူမှုရေးမျိုး ဆက်သစ်သင်တန်း အမှတ်စဉ် (၃/၂၀၁၁)မှ သင်တန်းသူ/သားများနှင့် တွေ့ဆုံကာ “မိမိကိုယ်မိမိ ကယ်ဆယ်ခွင့် မရရှိသူတွေကို နာရေးကူညီမှုအသင်း(ရန်ကုန်)ရဲ့ လူမှုရေးသမားများက ၀ိုင်းဝန်း ကယ်ဆယ် အကူအညီများပေးနိုင်ပါစေလို့ ဆုတောင်းမေတ္တာပို့သပါတယ်။ ဘုရားသခင်မှလည်း ကောင်းချီးပေးပါစေ” ဟု အားပေးစကားများ ပြောကြားခဲ့ပြီးနောက် ဧည့်သည်တော်မှတ်တမ်း စာအုပ်တွင် ဆုတောင်းမေတ္တာပို့စာသား ရေးသားလက်မှတ်ထိုးကာ မွန်းတည့် (၁၂း၀၀) နာရီအချိန် တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ နှုတ်ခွန်း ဆက်ကာ ပြန်လည်ထွက်ခွာသွားခဲ့သည်။

ပေးပို့သော နာရေးကူညီမှုအသင်း (ရန်ကုန်)အားကျေးဇူးတင်ရှိပါသည်။
ဒါလေးကို ကြည့်ပြီးတော့ စိတ်မကောင်းဖြစ်မိတာ တခုက ဒို့တိုင်းပြည် အကြီးအကဲ အမည်ခံများဟာ လူတကာကို လှည့်စားဖို့ သာကြိုးစားပြီးပြည်သူလူထုရဲ့ မှီခိုအားထားရာ အခုလို နေရာမျိုးကို လာရောက်ဖို့ တခါမှ စိတ်ကူးရှိဟန် မတူပါဘူး။
တမ္ဘာလုံးက လူမှုရေး လုပ်ငန်း လုပ်ဆောင်နေသူတွေကို ဘွဲ့တံဆိပ် အမျိုးမျိုးချကာ ချီးကြူးဂုဏ်ပြုနေကြချိန်မှာ ဒို့တိုင်းပြည်ကလည်း ဥပဒေအမျိုးမျိုးချကာ နှိပ်ကွပ်ပြနေတုန်းပါဘဲ ။

သူတို့လျှောက်လှမ်းနေတဲ့ ခရီးလမ်းက အာဏာတည်မြဲရေး အတွက် ဖြစ်နေလို့ ပြည်သူလူထု အတွက် စဉ်းစားဖို့ ဆိုတာ အချိန်မရကြတာ အသေအချာပါဘဲ ။

တိုင်းပြည်ရဲ့ သယံဇာတကို ဈေးပေါပေါနဲ ထိုးအပ်ပြီး သူတို့ ဘက်က ရပ်တည်ဖို့ တရုတ်ပြည်ကို ချီတက်သွားတဲ့ ဦးသိန်းစိန် တစ်ယောက်ဘယ်သောအခါမှလည်း ဒီလို နေရာမျိုးကို ရောက်လာမှ မဟုတ်ပါဘူး ..........။

ဆက်လက် ငုံ့ခံနေသမျှတော့ ဖိနှိပ်မှုတွေက ဆက်တိုက် တိုးလာအုံးမှာ အသေအချာဘဲ ဆိုတာ အတိတ်သမိုင်းက သက်သေပြခဲ့သလို လက်တွေ့မှာလည်း လုပ်ဆောင်နေကြဆဲ ဖြစ်လို့ အနာဂတ် အတွက် မျှော်လင့်ချက်လေး ရှင်သန်စေချင်ရင် ဒို့တတွေ ရုန်းထကြမှ ရလိမ့်မယ် .......။
ဗမာ့သွေး

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ တောင်ဒဂုံ HIV/AIDS ကုသ စောင့်ရှောက်ရေး ဂေဟာသို့ရောက်ရှိလာသောUS senator John McCain

0 ဒေါက်တာကျော်ရင်လှိုင်၊ NLD၊ စက္ကြာမှန်ပြောင်းနှင့် ဗေဒါကျောင်း



အားလုံးရှင်းသွားရင်လည်း ကောင်းမယ်။ ဒါမှမဟုတ် ပိုရှုပ်ပြီး ရှင်းမရလင်းမရ ဖြစ်သွားလည်းအေးတာဘဲ။ ခုတော့ တည့်မလိုလိုနဲ့  ကောက်ကွေ့ ၊ ဝေ့၀ိုက်မယ်ထင်ပေမယ့် ဖြောင့်နေအောင် ဒုန်းစိုင်းကြနဲ့ ။

NLD မှာ နိုင်ငံရေးသင်တန်းပေးမယ့် ဒေါက်တာကျော်ရင်လှိုင်ကိစ္စပါ။ ကိုကျော်ရင်လှိုင်နဲ့ ပက်သက်ပြီး ၂၀၁၀ ဖေဖော်ဝါရီလပိုင်းလောက်က သတင်းဆောင်းပါးတစ်ပုဒ်ရေးဖူးပါတယ်။အီးမေးနဲ့ ဖြန့် ဝေခဲ့ပါတယ်။ ကိုကျော်ရင်လှိုင်ဟာ လေးဆယ်ကျော်မျိုးဆက်ပါ။

ပညာရှင်များဟောပြောပွဲကို UMFCCI မှာ သူ လာဟောပြောသွားဖူးပါတယ်။ အဲဒီတုန်းကစင်မြင့် ပေါ်ကနေတည်ဆဲအစိုးရကို “စစ်အစိုးရ” လို့ သုံးနှုန်းပြီး အထပ်ထပ်အခါခါ ဝေဖန်ပြောဆို သွားပေမယ့် နိုင်ငံရေးရပ်တည်မှုအရတော့ ဆရာကျော်ဝင်းတို့ ဒေါက်တာနေ၀င်းမောင်တို့  “လိုင်း” ပါဘဲ။ အပြင်မှာနေတော့ နည်းနည်းရဲတဲ့ပုံ ရှိပါတယ်။ မြန်မာပြည်ဒေဝေါကြီးလို့ ခုထိ ၀ိုင်းဆွမ်းကြီးလောင်းနေကြတဲ့ “အီးဂရက်”အဖွဲ့ ရဲ့  ရပ်ခံမှုနဲ့ လည်း နီးစပ်မယ့် အသွေးအရောင်ရှိပါတယ်။

ကိုကျော်ရင်လှိုင်က ပညာရှင်တစ်ယောက်ဖြစ်တာမို့  နတ်သားဖြစ်ဖြစ်၊ ငရဲသားဖြစ်ဖြစ်သူ့ အယူအဆနဲ့ သူ့ ပညာကို နာလိုသူတွေရှိရင် ဟောရပြောရမှာဘဲဖြစ်ပါတယ်။ လှီးရဖြတ်ရမယ့်အပိုင်းကိုတော့ သူ နားလည်ပြီးသားနေပါလိမ့်မယ်။ ပြည်တွင်းမှာ နိုင်ငံရေးနဲ့ နှီးနွှယ်ပြီးလုပ်ကြကိုင်ကြသူတွေ ဒါကိုသဘောပေါက်ပြီးသားပါ။

ဒါပေမယ့် လွန်ခဲ့တဲ့ (၄)ရက်လောက်က ဖတ်ရတဲ့ အီးမေးတစ်စောင်မှာ ဗေဒါသင်တန်းကျောင်းက
ကိုကျော်ရင်လှိုင်ပို့ ချမယ့် ဘာသာရပ်တွေကို သူတို့ ဗေဒါကျောင်းမှာ သင်ကြားပေးမယ့်ပုံစံနဲ့  လာတက်ရောက်ချင်သူတွေကို စာရင်းပေးနိုင်ပါပြီလို့  မက်ဆေ့ပေးထားတာတွေ့ ရပါတယ်။ ဗေဒါသင်တန်းဆီ အပ်နှံတဲ့ ပက်တ်ကေ့တစ်ခုလုံးကို ဇွန်လ (၂၀)ရက်နေ့ NLD မှာ စတင်သင်ကြားမယ့် နိုင်ငံရေးသိပ္ဖံသင်တန်းဆီ ရှန်တိန်လွှတ်မယ့်သဘောလို့  ထင်ရပါတယ်။ ဒီသတင်းကိုလည်း ဖေ့ဘုတ်မှာ ဥမ္မာဦးဆိုတဲ့ အကောင့်ပိုင်ရှင်တစ်ယောက် တင်ထားတာ ဖတ်လိုက်ရပါတယ်။

ကိုကျော်ရင်လှိုင်နဲ့  မျိုးရန်နောင်သိန်းရဲ့ ဗေဒါကျောင်းဟာ ချိတ်ဆက်မရှိသေးဘူးဆိုတာသေချာ သလောက်ပါဘဲ။ ကာယကံရှင်ကိုကျော်ရင်လှိုင်လည်း ဗေဒါကျောင်းရဲ့ ဖိတ်ခေါ်ချက်ကြော်ငြာကိုဖတ်ပြီး ဘယ်လိုကောက်ချက်ချမလဲဆိုတာထက် NLD မှာလုပ်မယ့် သူ့ ပညာဝေငှမှုကို ဆက်လုပ်ဖြစ်၊ မဖြစ် ရင်လေးနေမယ့်ပုံပါဘဲ။

NLD ဆိုတာ ရာဇ၀င်နဲ့ နေခဲ့တဲ့ပါတီကြီးတစ်ခုပါ။ ကနေ့ ထက်တိုင် စစ်အုပ်ချုပ်မှုဆန့် ကျင်ရေးနဲ့  ဒီမိုကရေစီရေးအတွက် ပြည်သူတွေအတွက် အားကိုးရာ ဘူမိနက်သန်ပါ။ NLD ဆိုတာနဲ့ အားလုံးက လှည့်ကြည့် ငဲ့ကြည့်ကြရပါတယ်။ HARDလိုင်း လို့ သတ်မှတ်ထားကြပါတယ်။
ကိုကျော်ရင်လှိုင်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့  ဒီနိုင်ငံရေးသိပ္ဖံပို့ ချမှုကိစ္စကို ညှိနှိုင်းတိုင်ပင်ခဲ့တယ်လို့  NLD ပြောခွင့်ရ ဦးအုန်းကြိုင်က ထုတ်ဖော်သွားပါတယ်။ ကိုကျော်ရင်လှိုင်တစ်ယောက်NLD မှာ ကရားရေလွှတ်တာ မဆန်းလှပေမယ့် UMFCCI တို့  ငါးလုပ်ငန်းအဖွဲ့ ချုပ်တို့ မှာဟောပြောခဲ့တဲ့ပညာရှင်တွေ NLDကို ရွေ့ မျောစီးဆင်းသွားတာ စတိုင်ဘောင်းဘီရှည်နဲ့ တိုက်ပုံကို တွဲမြင်လိုက်ရသလို ကျင့်သားမရသေးလို့ ပြောရင် ခံရမှာပါဘဲ။

“စစ်ဘက် အရပ်ဘက် တွဲရမယ်”မှာ သပွတ်အူလည်နေကြတဲ့ မြန်မာ့နိုင်ငံရေးဟာစက္ကြာမှန်ပြောင်းကြည့်ရသလို လက်ကလေးကလှည့်ပေးမှ အရောင်တွေ စုံတာမဟုတ်လား။


အောင်မျိုးထွန်း
၁- ၆- ၂၀၁၁

0 မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်မှကမ္ဘာကျော် ရော့ခ်ဂီတအဖွဲ့U2နှင့်Amnesty Internationalနှစ်(၅၀)ပြည့်မွေးနေ့တွင်ပြောကြားသောမိန့်ခွန်း


ကမ္ဘာကျော် ရော့ခ်အဆိုတော်Bono ရဲ့ "One" သီချင်း မဖြေဖျော်ခင်လေးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့  စိတ်ဝင်စားဖွယ် စကားလက်ဆောင်တိုလေးနှင့် အစပြု ဖြေဖျော်ခဲ့ပါတယ်။

စကားလက်ဆောင်တိုလေးက မေလ ၂၈ရက်တွင်ကျရောက်မည့် ၅၀ကြိမ်မြောက် Amnesty International နေ့ ကို ဂုဏ်ပြုခါ အဆုံးလေးမှာတော့ “to bring about change, it starts with just one person” ( ပြောင်းလဲမှုကိုစတင်နိုင်ရန် လူတဦးတယောက်နှင့်စတင်နိုင်သည်။ ) ဟူသော စကားလေးဖြင့် အဆုံသတ်ထားပါတယ်...
On Amnesty's 50th anniversary, U2 sings "Happy Birthday" to Amnesty International and shares a special message from Aung San Suu Kyi. Join Canadians united against injustice by launching http://AI50.ca today.

0 အဖေ့ ကို ပြန်လွှတ်ပေးကြပါတော့ (ဗမာ့သွေး)


အဖေ.........
သမီးဘ၀မှာ အဖေဆိုတာ
ပြင်ပကမ္ဘာမှာ မမြင်တွေ့ရသေးပါဘူး ........။
မြင်ဘူးချင်လိုက်တာ အမေရယ်ဆိုတော့
ကြိတ်ပြီး ရှိုက်ကာ မျက်ရည်ကျတတ်တဲ့
အမေ့က အမြဲတမ်းလိုလို

ဝမ်းနည်းစွာ ငိုကြွေးပြတဲ့ အခါတိုင်း
အမေ့ကို တင်းကြပ်စွာဖက်ထားပြီး
ခေါင်းရင်းခန်းက သမီးကို ချီထားတဲ့
အဖေ့ဓါတ်ပုံလေးကို ငေးကာကြည်ရင်း
သမီးလည်း ရောလို့ မျက်ရည်တွေ
ကျခဲ့ရတာ များလှပါပြီ အဖေ……….။

သူငယ်ချင်းတွေမှာ အဖေရှိလို့
ကျောင်းကို လိုက်ပို့ခဲ့ကြတယ်
စားချင်တာတွေ ၀ယ်ကျွေးပြီး
နွေးထွေးစွာ ကြင်နာပြနေကြတယ်……..
သမီးမှာတော့ တစ်ယောက်ထဲပါလားလို့
တွေးမိလိုက်တိုင်း အဖေ့ကို တမ်းတနေရတုန်းပါဘဲ အဖေ....။

သုံးယောက်ထဲ နဲ့ တည်ထောင်ထားတဲ့
မိသားစုမှာ အဖေမရှိတော့ မပြည့်စုံသလို
ခံစားရတယ်လို့ အမေပြောတိုင်း
အဖေ့ကို အရမ်းတမ်းတ မိတဲ့ အခါအဖေ့ဓါတ်ပုံအောက်က
အမှန်တရားကို လက်ကိုင်ထားလို့
ဒုက္ခခံစားရတာ ဒီမိုကရေစီ စနစ်
မထွန်းကားလို့ပါ ဆိုတဲ့ စာသားလေးကို
သေချာ နားမလည်ပေမယ့်
အကြိမ်ကြိမ် စာလုံးပေါင်း ဖတ်နေဆဲပါဘဲ အဖေ……..။

တခါမှ မကြုံဘူးအောင် ရွှင်လန်းနေတဲ့ အမေ

မှန်ရှေ့မှာ တသသနဲ့ ဖီးလိမ်းလို့ ခြယ်သနေတယ်…….
မသေချာတဲ့ အတွေးတစ ပေမယ့်
အမေ့ကိုကြည့်ပြီး ပျော်မြူးခဲ့ရတယ်…..
မနေနိုင်လို့ အမေ့လက်ကို ကိုင်စွဲပြီး
ဘာကြောင့်လည်း ဆိုတာ မေးလိုက်တဲ့ အချိန်
အမေ့ စကားကြောင့် တကိုယ်လုံး
မြှောက်တက်သွားတယ် အဖေပြန်လာတော့မယ်တဲ့……….။


သဘာဝ အတိုင်း နေထွက်လာတာ
မှန်ပေမယ့် အဲဒီနေ့ ပိုလှသလိုဘဲနော်
ဆိုတော့ အမေက ရီပြတယ်……..။

အဖေ့ အကြောင်းကို တွေးရင်း
ပျော်မြူးနေတဲ့ သမီးနဲ့အမေ
မနက်စာ အတွက် ၀မ်းဟာနေတာတောင်
သတိမထားဖြစ်ခဲ့ကြဘူး……..။


ဒီလိုနဲ့ အဖေကို သွားကြိုဖို့ အတွက်
ချီတက်ခဲ့ကြတယ်………..။
လူများစွာကို ငေးကြည့်ရင်းက
ဘ၀တူတွေ အများကြီးပါဘဲလားဆိုပြီး
အမေ့က အံ့သြစွာ စကားဆိုတာကို
သေချာ နားမလည်ပေမယ့် တခုခုတော့ ခံစားရသလိုပါဘဲ….။



ထောင်ဘူးဝက အဖေထွက်အလာကို
စိတ်လုပ်ရှားစွာ သမီးစောင့်ရင်း
အဖေ့ထွက်လာခဲ့ရင်
ပြေးဖက်မယ် ဆိုတဲ့ စိတ်ကူးလေးနဲ့
ကြည်နူးခဲ့တယ် အဖေ………..။


လူတစ်ယောက် ထွက်လာတိုင်း
အမေ့လက်ကို ဆွဲကာ
အဖေလား ဆိုပြီး သမီး ညွှန်ပြပေမယ့်
ထွက်ပေါက်ကို စူးစိုက်ကြည့်နေတဲ့ အမေ
စိတ်လုပ်ရှားနေတယ် ဆိုတာ
အေးစက်တဲ့ အမေ့လက်ဖျားတွေက
သက်သေခံထားနေတယ်…..အဖေရယ်..။

သမီးတို့ နှစ်ယောက် ဗိုက်ဆာဖို့လည်း
သတိမရကြပါဘူး………..ထောင်ဘူးဝမှာ
မျှော်နေဆဲပါ……..

အဖေနဲ့တူတူ ထမင်းစားမယ်ဆိုပြီး
သမီးနဲ့ အမေ တိုင်ပင်ထားတယ်
မြန်မြန်လာပါတော့ အဖေရယ်…..။

ဒီလိုနဲ့ နေတောင် အတော်စောင်းလို့
လူအပေါင်းလည်း ပြန်သွားကြပြီ
သမီး အဖေလည်း မလာသေးပါလား ဆိုပြီး
တုန်ရီနေတဲ့ အသံနဲ့ အမေပြောကြားရင်း
အရုပ်ကြိုးပြတ် အမေလဲကျသွားပြီ
အဖေ……..ရေ..။

ငယ်သံပါအောင် အော်လိုက်တဲ့
သမီး အသံကြောင့်
လူတစ်ယောက် အမေ့ကို ပြေးထူမကာ
အသဲအသန် လှုပ်နိုးပေမယ့်
စိတ်ထိခိုက်လွန်းတဲ့ ဒဏ်ကြောင့်
အသက်ပါသွားတဲ့ အမေ
သမီးကို ထားခဲ့ပြန်ပြီ ….အဖေရယ်……..။

မိခင်အလောင်းကို ဖက်ငိုကာ
ထောင်ဘူးဝကို ငေးစိုက်ကြည့်ရင်း
ကလေးငယ်လေးက
နာကျင်စွာ ဟစ်အော်လိုက်တယ်.
အဖေ့ ကို ပြန်လွှတ်ပေးကြပါတော့…………..။

ဒီမြင်ကွင်းနဲ့ အသံကြောင့်
စိတ်လုပ်ရှားသွားတဲ့ ကျနော်
တုန်ရီနေတဲ့ လက်များကို
ကြွေကွဲသွားတဲ့ နှလုံးသားက
မောင်းနှင်လို့ ကဗျာတပုဒ် အဖြစ်
မွေးထုတ်ကာ စဉ်းစားမိတာက
သူတို့သာ လူသားမှန်ရင်
ကိုယ်ချင်းစရာ တရားတော့
ရှိတန်ကောင်းပါရဲ့လို့ တိတ်တခိုး ရည်ရွတ်လျှက်………..။

ပေးပို့ခံစားဖွဲ့ဆိုသော ကိုဗမာ့သွေးအားကျေးဇူးတင်ရှိပါသည်.

Wednesday, June 1, 2011

0 ဇေယျာသော်ရဲ့ အက်စစ်စတင်ခြင်း



မကြာခင်ကမှ ကော့သောင်း အကျဉ်းထောင် ကနေ လွတ်လာတဲ့ အက်စစ် အဖွဲ့က ဟစ်ဟော့ပ် အဆိုတော် ဇေယျာသော်ရဲ့အကြောင်းကို တင်ဆက်ပေးထားပါတယ်။

အက်စစ်အဖွဲ့ထဲမှာ နိုက်ထရစ်အက်စစ်အဖြစ် ပါဝင်တဲ့ ဇေယျာသော်ဟာ ဟစ်ဟော့ သီချင်း တွေဆိုနေခဲ့ရင်း ၂၀ဝ၇ သံဃာ့အရေးအခင်း ကာလ လောက်မှာ Generation Wave ဆိုတဲ့ မျိုးဆက်သစ်လူငယ်များ အစည်းအရုံးကို သူ့သူငယ်ချင်းတွေနဲ့ပူးတွဲတည်ထောင်ခဲ့ ပါတယ်။

ဒါကြောင့်ပဲ သူဟာ မတရားသင်း တည် ထောင်မှု၊ ပါဝင်မှုဆိုပြီးတော့ ၂၀ဝ၈ မှာ ထောင်ကျခဲ့ပြီး လွတ်ဖို့လပိုင်းအလို ၂၀၁၁ မေလ ၁၇ ရက် ကပဲ လွတ်ငြိမ်းချမ်းသာခွင့်နဲ့လွတ်မြောက်လာခဲ့ပါတယ်။

သူလွတ်မြောက်ပေမယ့် တခြားနိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ဖို့လိုသေးကြောင်း သူလွတ်လွတ်လာချင်းမှာပဲ ဇေယျာသော်က ဘီဘီစီကို ပြောခဲ့ပါတယ်။

ဇေယျာသော်က သူဘာကြောင့် နိုင်ငံရေး လုပ်ရသလဲ၊ ထောင်ထဲမှာ ဘာတွေ ကြုံတွေ့ခဲ့ရသလဲ၊ ဂီတနဲ့နိုင်ငံရေးကို ဘယ်လို ခွဲခြားလုပ်မလဲ၊ Generation Wave အဖွဲ့နဲ့ရော ဘယ်လို ဆက်လုပ်ဆောင်သွားမလဲ စတာတွေကို ဇေယျာသော်က ပြောပြထားပါတယ်။(ဘီဘီစီ)

ပြည်တွင်းလူငယ်များအကြားရေပန်းစားလူကြိုက်များခဲ့တဲ့ ကိုဇေယျသော်ရဲ့ အက်စစ်စတင်ခြင်း သီချင်းကိုနားထောင်နိုင်ပါတယ်..

0 မေ (၃၀)ရယ် ၊ ကျတော့် ကောင်မလေးမွေးနေ့ရယ် ၊အဖြစ်အပျက်တွေရယ်.......


မလှမပ နျူရိုးဆစ်ည
ပျံကျ မိန်းမတွေနဲ့ တွဲက နေပြန်ပြီ
တလွဲဆံပင်ကောင်း လှချည်လား
မ.ထ. သ ကားတွေ ကတလွဲ ကွ မင်းကလဲ …
မင်းကာသာ

“- [၁၇၇ ကားပေါ်မှာ မော်နီတာ ဂျာနယ် ရောင်းတဲ့ သူလောက် တောင် ငါတို့ မစွန့်လွှတ်နိုင်သေးဘူး ]”

မင့်နယ်မြေ မပြောင်းသေးဘူးကွ သူငယ်ချင်း …
ချူချာတဲ့ အိပ်မက် မင်းဆက်မက်ခွင့်ဆိုတာက
ဒီမှာဘဲ…. ရှိတယ် …
မထွေးနဲ့ ….
နှမျောမနေနဲ့ တော့
ငါတို့ လူမျိုးတွေ ဆေးကျွေးခံထားရတာ
ဝိ၀ိခေတ်ကတည်းက ကွာ …..
မင်းက အရက်သောက်တဲ့ အချိန် စကားမပြောနဲ့ ကွ
ရှော့ ရှိတယ်ကွ….
ဝင်ငွေချင်းမတူပေမယ့် ငါတို့ ငယ်ပေါင်းတွေ ခံစားချက်တူတာ ယုံတယ် …
ခု ရန်ကုန်မြို့ အလယ်ခေါင် က
အထင်ကရ အဆောက်အဦး ဆေးပြန်သုတ်နေပြီလေ….
ပြောင်းလဲမှာပါကွာ ….
မင်းလဲ ၂၀၀၈ နာဂစ် ကလို သိပ်မမိုက်နဲ့တော့

ဟုတ်ပြီလား …
မင်းကိုငါ ချစ်တယ် ….
ငါတို့ ဗိုလ်ချုပ်ပြောတဲ့ “…..” နိုင်ငံ မဖြစ်အောင် ….တော့
ငါတို့ …သွေးထွက်ရဦးမယ် ကွ…..။

ဘာလို့ဆို
ငါတို့ရာဇ၀င်မှာ ...
လွယ်လွယ်နဲ့ စပယ်က ဘယ်တော့မှ မပွင့်ခဲ့ဘူး ….
မင်း စိတ် သွေးထား သူငယ်ချင်း ….။ ။
ပေးပို့သော khit nayအားကျေးဇူးတင်ရှိပါသည်..

Tuesday, May 31, 2011

0 ကျေနပ်မိပါပြီ။


ရွှေဇီးကွက် ရဲ့ ဆောင်းပါး "ကျေနပ်မိပါပြီ"ကိုသူ့ရဲ့Facebookကနေကူးယူဖော်ပြလိုက်ပါတယ်။

ကျွန်မငယ်ငယ်ကတည်းက ရုပ်ရှင်မကြည့်တက်ခဲ့ပါ။ တစ်နှစ်နေလို့ တစ်ခေါက်ရုပ်ရှင်ရုံကို မရောက်ခဲ့ပါဘူး။ ရှင်းရှင်းဝန်ခံရရင် ကျွန်မရုပ်ရှင်လုံးဝ မကြိုက်ခဲ့ပါ။

ရုပ်ရှင်သရုပ်ဆောင် ကျော်သူရယ်လို့ ဖြစ်လာမယ့် ကျွန်မခင်ပွန်းနဲ့ အိမ်ထောင်ကျခဲ့စဉ် ကလည်း သူဟာ ရုပ်ရှင်သရုပ်ဆောင် တစ်ယောက် မဟုတ်သေးပါဘူး။ တက္ကသိုလ်ကျောင်းသားလေး မောင်ကျော်ဝင်း (ခ) မောင်မောင်ပါ။ သို့သော်လည်း ဘ၀ကံ အကျိုးပေးကြောင့် ရုပ်ရှင်သရုပ်ဆောင် ကျော်သူ၏ ဇနီးအဖြစ်နဲ့ ဘ၀လမ်းကို လျှောက်လှမ်းခဲ့ရပါတော့တယ်။

တကယ်တော့ သူရုပ်ရှင်သရုပ်ဆောင်တစ်ယောက် ဖြစ်ခဲ့ရတာ ကျွန်မရဲ့ ပယောက မကင်းဘူး လို့လည်းပြောနိုင်ပါတယ်။ ကျွန်မတို့ အိမ်ထောင်ကျပြီး မကြာခင်မှာပဲ သူ့ရဲ့ အမနဲ့ ညီတို့ဟာ နိုင်ငံရပ် ခြားကို ထွက်ခွာသွားခဲ့ကြပါတယ်။ ဒီတော့ သူ့ရဲ့မိဘများက ကျွန်မ တို့ကိုလည်း နိုင်ငံခြားသွားဖို့ တိုက်တွန်းကြပါလေရော။ ကျွန်မက မြန်မာပြည်ကို သိပ်ချစ်တဲ့သူ၊ မြန်မာလူမျိုးတွေနဲ့ဘဲ နေချင်တဲ့သူ။ ကျွန်မမိဘတွေကိုလည်း မခွဲနိုင်ပါဘူး။ အဲဒါကြောင့် ကျွန်မသာ မြန်မာပြည်မှာနေရမယ်ဆိုရင် သူလုပ်ချင်တာ လုပ်နိုင်တယ်လို့ ခွင့်ပြုလိုက်ရာက သူဟာ ရုပ်ရှင်သရုပ်ဆောင် ကျော်သူရယ်လို့ ဖြစ်လာခဲ့တာပါ။ အဲဒီမှာ ကျွန်မတစ်ခါမှ အိပ်မက်တောင် မမက်ခဲ့ဖူးတဲ့ ဘ၀ကို မကြိုက်နှစ်သက်ဘဲနဲ့ လက်ခံလိုက်ရပါတယ်။ ကျွန်မတစ်ခါတလေ သူ့ကို “ပြည်သူပိုင်ကြီး”လို့ ခေါ်ခဲ့ပါတယ်။ ဟုတ်တယ် လေ။ ကျွန်မလိုချင်တာက ငြိမ်းအေးတဲ့ ကိုယ်ပိုင်သီးသန့်ဘ၀လေး။ ဒါပေမယ့် ကျွန်မရခဲ့တာက …. ထားလိုက်ပါတော့။ ကျွန်မပြောချင်တာက။ ကျွန်မရုပ်ရှင်သရုပ်ဆောင်တစ်ယောက်ရဲ့ ဇနီးဘ၀ကို မကြိုက်ခဲ့ဘူးဆိုတာကိုပါ။
ဒီလိုနဲ့ နာရေးကူညီမှုအသင်းကြီး စတင်တည်ထောင်ခဲ့တဲ့ ၂၀၀၁ ခုနှစ်၊ ဇန်န၀ါရီလ (၁) ရက်နေ့ကို ရောက်လာခဲ့တယ်ဆိုပါတော့။ အဲဒီမတိုင်ခင် (၃) နှစ်လောက်ကတည်းက ကျွန်မဖေဖေရဲ့ နှစ်မ၊ မန္တလေးတက္ကသိုလ် မြန်မာစာပါမောက္ခ ဒေါ်လှမြတ်ဆီက သူ နာယက အဖြစ် ဆောင်ရွက်နေတဲ့ မန္တလေး ဗြဟ္မာစိုရ်အသင်းကြီးအကြောင်းကို ကြားသိနေခဲ့ရပါတယ်။ ကျွန်မလေ ကျွန်မချစ်တဲ့ ကျွန်မတို့ လူမျိုးတွေအတွက် အကျိုးရှိမယ့် အဲဒီအလုပ်ကို ရန်ကုန်မှာလုပ်ဖို့ အရမ်းကို စိတ်အားထက် သန်ခဲ့တယ်။ တစ်ချိန်ချိန်မှာတော့ လုပ်ဖြစ်အောင် လုပ်မယ်လို့ စိတ်ကူးတွေယဉ်နေတုန်း အဒေါ်က ရန်ကုန်မှာ ဘဘ ဦးသုခတို့၊ ဆရာဦးအောင်သင်းတို့ စလုပ်ကြမယ်လို့ သတင်းပေးလာတော့။ ၀မ်းသာ အားရနဲ့ ကျွန်မတို့ အလှူငွေလည်း ထည့်ဝင်ရင်းနဲ့ ကိုယ်တိုင်လည်း ၀င်ရောက်လုပ်ကိုင်ခဲ့ကြပါတယ်။ ကျွန်မ မြန်မာပြည်မှာ နေလိုက်ရကျိုးက အခုမှ နတ်တော့တာလေ။ ကိုယ်လည်း ကုသိုလ်ရ၊ အများလည်း အကျိုးရှိတဲ့အလုပ်ကို လုပ်လိုက်ရလို့ ကျွန်မအရမ်းကျေနပ်ပြီ။

အဲဒီထက် ကျေနပ်ရတာကတော့ ကျွန်မတို့အသင်းဟာ ထင်ထားတာထက်ပိုပြီး အချိန်တိုတိုနဲ့ လူသိများ အောင်မြင်လာခဲ့ရတာဟာ အဲဒါ ဘာကြောင့်လဲလို့ သေချာပြန်ကြည့်လိုက်တော့ ကျွန်မတို့ အသင်းမှာ နာမည်ကျော်ကြား လူသိများပြီးသား၊ လူချစ်လူခင်များပြီးသား အနုပညာရှင်တွေ ပါနေကြ လို့ဆိုတာ ကျွန်မလုံးဝ မငြင်းနိုင်ပါ။ ဟုတ်တယ် လုံးဝမငြင်းနိုင်ပါ။ အကယ်ဒမီခြောက်ထပ်ကွမ်း ရုပ်ရှင်ဒါရိုက်တာ၊ စာရေးဆရာကြီး ဦးသုခ၊ စာရေးဆရာကြီး ဦးအောင်သင်း၊ အကယ်ဒမီရုပ်ရှင် သရုပ်ဆောင်၊ ဒါရိုက်တာ ကျော်သူ၊ စာရေးဆရာမ သန်းမြင့်အောင်တို့ရဲ့ အနုပညာသြဇာဟာ သည်နေရာမှာ ဘယ်လောက်ထိသက်ရောက် အကျိုးပြုနေတယ်ဆိုတာ ကျွန်မတို့အသိဆုံးပါ။

၂၀၀၂ ခုနှစ်၊ အောက်တိုဘာလ (၈) ရက်နေ့မှာ ရွှေဟင်္သာတောရ၊ သီရိမန္တစံကျောင်းတော် ဆရာတော် ဘဒ္ဒန္တရာဇိန္ဒာဘိဝံသ ဆရာတော်ဘုရားကြီးရဲ့ ဒါယကာ၊ ဒါယကာမများဖြစ်တဲ့ ဦးဋ္ဌေး အောင်ဝင်း ဇနီးဒေါ်ဆွေဆွေဝင်းနဲ့ ရဟန်းဒါယကာမကြီး ဒေါ်ခင်စောနွဲ့တို့ ဦးဆောင်တဲ့ ဆွေမျိုးတစ်စု က နာရေးကူညီမှုအသင်းအတွက် အလှူငွေကို ဆရာတော်ကြီးရဲ့ ရှေ့မှောက်မှာ ရေစက်သွန်ချ လှူဒါန်း လိုကြောင်း ပြောကြားတဲ့အတွက် အလှူငွေသွားရောက် လက်ခံပေးခဲ့ကြရပါတယ်။ ဆရာတော်ကြီးကို ရှိခိုးကန်တော့ မိတ်ဆက်စကား လျှောက်ထားကြတဲ့အခါ ကိုကျော်သူကို ဆရာတော်ကြီးက သူ့ရဲ့ ဒကာမတစ်ဦးဖြစ်တဲ့ အင်္ဂလန် သံအမတ်ကြီး ဒေါက်တာ ကျော်ဝင်း ကတော် ဒေါ်ကြည်ကြည်ရဲ့တူ အနုပညာလုပ်နေတဲ့ တစ်ယောက်လာလို့မေးတော့ ကိုကျော်သူက ဟုတ်မှန် ကြောင်း ယခု နာရေးကူညီမှုအလုပ်ကိုလည်း လုပ်နေကြောင်း ပြန်လည်လျှောက်ထားရာ ဆရာတော် ကြီးက “အေးပေါ့ သံဃာတွေ စာမေးပွဲအောင် အောင်၊ ဘွဲ့တံဆိပ်ရအောင် ဖြေဆိုထားကြသလိုပေါ့။ ဂုဏ်အရှိန်ရှိတော သာသနာပြုရတာ ပိုတွင်ကျယ် သလို၊ နာမည်ရှိပြီးသား ရုပ်ရှင်သရုပ်ဆောင်ဆိုတော့ လူမှုရေးလုပ်ရတာ ပိုလွယ်ကူ အောင်မြင်လွယ်တာပေါ့။” လို့ မိန့်ကြားလိုက်တဲ့ စကားတစ်ခွန်းနဲ့ပဲ ကျွန်မလေ ကျွန်မခင်ပွန်းဟာ ရုပ်ရှင်သရုပ်ဆောင် အနုပညာရှင်တစ်ဦးဖြစ်နေတာကို ကျေနပ်မိပါပြီ။

(ဆောင်းပါးအသစ် မရေးနိုင်သေးခင်မှာ ၂၀၀၂ ခုနှစ်၊ နိုဝင်ဘာလ (၄) ရက်နေ့ထုတ် အလင်းတန်း ဂျာနယ်မှာ ဖော်ပြခဲ့ဘူးတဲ့ ကျွန်မရဲ့ ပထမဆုံးဆောင်းပါးကို ပြန်လည်တင်ပြလိုက်ပါတယ်။ ဒီဆောင်းပါးကို နာရေးကူညီမှုအသင်းက ထုတ်ဝေတဲ့ “ပေးဆပ်နေသူများ” စာအုပ်ထဲမှာလည်း ထည့်သွင်းခဲ့တော့ ဖတ်ဖူးတဲ့သူတွေလည်း ရှိကြမှာပါ။ မဖတ်ရသေးတဲ့သူတွေအတွက်တော့ အသစ်ပေါ့။)

0 အစာငတ်ခံဆန္ဒပြသော နိုင်ငံရေးအကျဉ်းသားများ၏ တောင်းဆိုချက်များအား အကျဉ်းဦးစီးဌာနမှ... ရှင်းလင်းချက် အပေါ် အေအေပီပီ၏ တုန့်ပြန်ချက်




သတင်းထုတ်ပြန်ကြေငြာချက်
ရက်စွဲ - မေလ ၃၁ ရက်၊ ၂၀၁၁ ခုနှစ်

ယနေ့ နေ့စွဲဖြင့် ထုတ်ဝေသော မြန်မာနိုင်ငံရှိ အပတ်စဉ်ထုတ် ဂျာနယ်များတွင် အင်းစိန်အကျဉ်းထောင်တွင်း ယခင်အပတ်မှ အကျဉ်းသားရပိုင်ခွင့်များအား အစာငတ်ခံ ဆန္ဒပြခဲ့သည့် အပေါ် အကျဉ်းဦးစီးဌာနမှ ရှင်းလင်းပြောကြားချက်ကို ထည့်သွင်းဖေါ်ပြခဲ့သည်။
ထိုရှင်းလင်းချက်များသည် မဟုတ်မမှန် လိမ်လည်သည့် ရှင်းလင်းချက်များပင်ဖြစ်သည်ဟု မိမိတို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) အေအေပီပီ မှ သဘောထား တုန့်ပြန်လိုက်ပါသည်။
နိုင်ငံရေးအကျဉ်းသားများ၏ အစာငတ်ခံတောင်းဆိုမှုများမှာ အကျဉ်းသားများ၏ အဆင့်အတန်း နိမ့်ကျလှသော နေထိုင်ရမှု နိုင်ငံရေးအကျဉ်းသားများအပေါ် ပိုမိုဖိနှိပ်အုပ်ချုပ်မှု၊ နိုင်ငံရေး အကျဉ်းသား များကို အခြားအကျဉ်းသားများနည်းတူ ခံစားခွင့်များမပေးဘဲ ချွင်းချန်ထားမှုများအပေါ် ရည်ရွယ်၍ တောင်းဆို ဆန္ဒပြခြင်းသာဖြစ်သည်။
၁။ နိုင်ငံတော်မှ တရက်လျှင် ၂၈၈ သိန်းကျပ် အကုန်အကျခံကာ ကျွေးမွေးလျှက်ရှိသည်ဟု ဖေါ်ပြထား ပေသည်။ ၂၀၀၉ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့တွင် အကျဉ်းဦးစီးဌာန ညွှန်ချုပ် ဦးဇော်ဝင်းက မြန်မာနိုင်ငံတွင် အကျဉ်းသားပေါင်း ၂၄၈,၆၆၄ ဦး ရှိသည်ဟု ပြောကြားခဲ့သည်။ သို့အတွက် အကျဉ်းသားတဦးအတွက် ထမင်းတနပ်စားစရိတ်မှာ ၅၇.၉ ကျပ် (ပျမ်းမျှ ဒေါ်လာ ၁၀ ဆင့်) သာ ရရှိမည်ဖြစ်သည်။
ထို့အပြင် မြန်မာနိုင်ငံရှိ အစိုးရဌာနများအနက် အကျဉ်းဦးစီးဌာနသည် လာဘ်ပေးလာဘ်ယူမှု အများဆုံးဌာနထဲတွင် တခုအပါအ၀င်ဖြစ်သည်။ အထက်အာဏာပိုင်များအဆင့်ဆင့် ဖြတ်စားပြီး အကျဉ်းထောင်သို့ရောက်လာသော ရိက္ခာမှာလည်း ရိက္ခာဂိုဒေါင် ၀န်ထမ်းများ ဖြတ်စားခြင်း၊ ဖိုကြီး(ထမင်း၊ ဟင်းချက်ဆောင်)၀န်ထမ်းများ ဖြတ်စားခြင်း၊ ဖိုကြီး ဘုတ်ကိုင်များဖြတ်စားခြင်း၊ အကျဉ်းထောင် ၀န်ထမ်းများအား အချိုးကျ ပဲဟင်းအပြစ်၊ အသားပုံစံများ ဝေငှပေးရခြင်း၊ တန်းစီးများ၊ အခန်းလူကြီးများ၊ အခန်းစာရေးများ၊ ဘုတ်ကိုင်များ အဆင့်ဆင့်ဖြတ်စားခြင်းများကြောင့် အမှန်တကယ် အကျဉ်းသားများ ခံစားခွင့်မှာ မပြောပလောက်သော အစာရေစာများကိုသာ စားသုံး နေရပေသည်။
၂။ အကျဉ်းသားများအာ အကောင်းဆုံးဖြစ်အောင် စီမံ ချက်ပြုတ်ကျွေးမွေးနေပါသည်။ အချဉ်ရည် ချက်ပြုတ်ရာတွင် ငါးခေါင်းများ သို့မဟုတ် ငါးခြောက်များထည့်၍ ကျွေးမွေးနေပါသည်ဟု ပြောကြား ခဲ့သော်လည်း လက်တွေ့တွင် ထိုသို့မဟုတ်ပဲ ဟင်းနုနွယ်အရိုးနှင့် အရွက်ကိုသာ ရေလုံပြုတ်၍ ကျွေးမွေးခြင်း ဖြစ်သည်။ ငါးအရိုးမျှပင် မပါရှိဘဲ ဟင်းနုနွယ်အရိုးမျှသာ ပါရှိပါသည်။
၃။ အင်းစိန်ထောင်အတွင်း ကြမ်းပိုး၊ ခြင်၊ ယင်များကို အပတ်စဉ် နှိမ်နှင်းနေသည်ဆိုသည့် ပြောဆိုချက်မှာလည်း လိမ်လည်ပြောဆိုမှုများပင်ဖြစ်ပေသည်။ အကျဉ်းသားများ၏ ပြောဆိုချက်မှာ တနှစ်လောက်မှ တခါသာ ဆေးဖြန်းခြင်းများကို ပြုလုပ်သည်ဟုသိရှိရသည်။ ထို့ကြောင့် အကျဉ်းသား ဦးရေ၏ တ၀က်မှာ အမြဲတမ်း ၀ဲ၊ ယားနာများပေါက်လျှက်ရှိပါသည်။
၎။ အကျဉ်းသားရပိုင်ခွင့်အတွက် တောင်းဆိုသည့်အချက်များကိုမဖြေရှင်းပဲ လုံခြုံရေး၊ ရံပုံငွေ စသည့် အကြောင်းပြချက်များသည် မခိုင်လုံသည့်အပြင် ပြည်သူများနှင့်ပါ ရန်တိုက် သွေးထိုးပေးသည့် စကားများကို ပြောကြားခဲ့သည်။
အင်းစိန်အကျဉ်းထောင်တွင် နံရံအထပ်ထပ် ပေ ၃၀ အမြင့်အထိကာရံထားသည့်အပြင် အကျဉ်းသားတဦး အဆောင်ထဲမှ ထောင်အပြင်သို့ရောက်ရှိရန်မှာ သော့ပိတ်ထားသော တခါး ၉ ထပ်ကို ကျော်ဖြတ်ရမည်ဖြစ်ပေသည်။ နိုင်ငံတော်ဘဏ္ဍာဆိုသည်မှာ ပြည်သူများမှ ရရှိသော အခွန်တခုတည်းကသာ ရသည်မဟုတ်ပေ။
၅။ ကိုလိုခေတ်နှင့် မဆလ ခေတ်တွင် နိုင်ငံရေးအကျဉ်းသားများကို သီးသန့်အဆောင်များတွင် ထားရှိခဲ့သည်။ နိုင်ငံရေးအကျဉ်းသားများကို ရာဇ၀တ်အကျဉ်းသားများ၊ ရူးသွတ်သူများနှင့် ရောနှော ထားခြင်းဖြင့် နိုင်ငံရေးအကျဉ်းသားများအပေါ် အနိုင်ကျင့်ခံရမှု၊ အသတ်ခံရမှုများ ရှိခဲ့သည်။ အင်းစိန်ထောင်တွင် နိုင်ငံရေးအကျဉ်းသား ၄၂၀ ရှိသည့်အနက် တိုက်ခန်းများတွင် ၂၀၀ ကျော်ထားရှိပြီး အကျဉ်းသား ၂၀၀ လောက်ကို ထားမည်ဆိုလျှင် အဆောင်ရှိ အခန်း ၃ ခန်းလောက်တွင် ထားရှိနိုင်ပါသည်။
၆။ ထောင်ဝင်စာတွေ့ရာတွင် သာမန်အကျဉ်းသားများကို မှတ်တမ်းထားရှိခြင်းမရှိဘဲ နိုင်ငံရေးအကျဉ်းသားများကိုသာ မှတ်တမ်းထားရှိသည်မှာလည်း သဘောထားပါပါ စီစဉ်ခြင်းသာ ဖြစ်ပေသည်။
၇။ ယခုအခါ ထိုအစာငတ်ခံဆန္ဒပြသူများကို ပြစ်ဒဏ်တိုက်များသို့ပို့ဆောင်ပြီး မိသားစု ထောင်ဝင်စာတွေ့ခွင့် ပိတ်ပင်ထားပါသည်။
အထက်ပါအချက်များကြောင့် ကြံ့ဖွံ့အစိုးရအား မိမိတို့ နိုင်ငံရေးအကျဉ်းသာများ ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) အနေဖြင့် အောက်ပါတောင်းဆိုချက်များ တောင်း ဆိုလိုက်သည်။

၁။ အစားအသောက်များနှင့်ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများမှ အကျဉ်းသားတဦး ခံစားရမည့် ရပိုင်ခွင့်များ အမှတ်တကယ် ရရှိမှု ရှိ၊ မရှိကို အပတ်စဉ် စစ်ဆေးမှုများပြုလုပ်ပေးရန်
၂။ ယခင်တုန်းကလို အိုင်စီအာစီမှ အကျဉ်းထောင်တွင်း ၀င်ရောက်စစ်ဆေးခွင့် နှင့် ကူညီ ထောက်ပံ့မှုများကို ပြန်လည်ခွင့်ပြုရန်
၃။ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်းများ အကျဉ်းထောင်နှင့် ရဲဘက်စခန်းများအား သွားရောက်စစ်ဆေး လေ့လာခွင့်ပေးရန်
၎။ ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက် နေရာထိုင်ခင်းများစီစဉ်ပေးရန်
၅။ သီးသန့်အကျဉ်းသား၊ သာမန်သီးသန့်အကျဉ်းသားများ (နိုင်ငံရေးအကျဉ်းသား) အား သီးသန့်အဆောင်များ တွင် ထားရှိပေးရန်
၆။ အခြားအကျဉ်းသားများနည်းတူ လျှော့ရက်ခံစားခွင့်ပြုရန်၊ ထောင်ဝင်စာတွေ့ရတွင် တင်းကြပ်သည် စည်းမျဉ်းများ လျှော့ချပေးရန်
အထက်ပါတောင်းဆိုချက်များကို ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာအစိုးရများ၊ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်းများမှ ၀ိုင်းဝန်း တောင်းဆိုပေးရန်ကိုလည်း မိမိတို့ နိုင်ငံရေးအကျဉ်းသာများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) အနေဖြင့် အနူးအညွတ် တောင်းဆို လိုက်ပါသည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)

ဆက်သွယ်ရန်…
ကိုတိတ်နိုင်(အတွင်းရေးမှုး) +၆၆(၀) ၈၁ ၂၈၇ ၈၇၅၁
ကိုဘိုကြည်(တွဲဖက်အတွင်းရေးမှုး) +၆၆(၀) ၈၁ ၉၆၂ ၈၇၁၃

Thanks N Regards,

Assistant Association for Political Prisoners (Burma)
Office Ph: 66-55-545495
Web: http://www.aappb.org/, http://www.fbppn.net/

0 ဟောင်ကောင်တက္ကသိုလ်တွင်ပြုလုပ်သော မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့်ရာစုနှစ်အထိမ်းအမှတ်စကားပြောခြင်းအခမ်းအနားအစအဆုံး(ရုပ်/သံ)



Video..http://www0.hku.hk/

Monday, May 30, 2011

0 လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်မှ ဟောင်ကောင်တက္ကသိုလ်ကျောင်းသား/ကျောင်းသူများအား ဒီကနေ့ပြောကြားလိုက်သောမိန့်ခွန်း(ရုပ်/သံ)





Professor Ian Holliday, Dean of Social Sciences, HKU (Left) and Aung San Suu Kyi (Right) at Burma


Burmese political leader, the 1991 Nobel Peace Prize recipient Aung San Suu Kyi


Professor Ian Holliday presents to Aung San Suu Kyi Professor Jao Tsung-i's calligraphy


Professor Ian Holliday, Dean of Social Sciences, HKU (Left) and Aung San Suu Kyi (Right) at Burma


Professor Ian Holliday, Dean of Social Sciences, HKU (Left) and Aung San Suu Kyi (Right) at Burma


HKU Vice-Chancellor Professor Lap-Chee Tsui thanks the lady in his speech for her graciousness in agreeing to take part in the Dialogue.


HKU Centenary Dialogue with Aung San Suu Kyi


HKU Centenary Dialogue with Aung San Suu Kyi


HKU Centenary Dialogue with Aung San Suu Kyi


source/ The university of HonKong

0 အမှန်ကို မလုပ်ရဲရင်တောင်မှ အမှားတွေကို မထောက်ခံကြပါနဲ့


မကြိုက်တဲ့အရာတွေကို ငြင်းပယ်ဖို့ သတ္တိရှိကြပြီး အမှန်ကို မလုပ်ရဲရင်တောင်မှ အမှားတွေကို မထောက်ခံကြဖို့ တိုက်တွန်းနှိုးဆော်ချင်ပါတယ်။

ကျနော် ၊ကျမတို့ Generation Wave(မျိုးဆက်သစ်လူငယ်များအစည်းအရုံး) အဖွဲ့ဝင် ၊အောင်ဇေဖြိုး၊အာကာဗိုလ်၊သီဟ၀င်းတင်တို့သည်စစ်အစိုးရ၏မတရားဖိနှိပ်မှုတွေကိုအမှန်အတိုင်းထုတ်ဖော်ဖွင့်ဟခဲ့ခြင်းကြောင့် ၂၀၀၈ ခုနှစ်၊မတ်လ (၁၂)ရက်နေ့ တွင်အာဏာပိုင်တွေရဲ့ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရသည်မှာ ယနေ့ဆိုလျှင်(၃)နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါသည်။

ထိုလူငယ်များနည်းတူ စစ်အစိုးရ၏ တစ်ဘက်သတ် စွပ်စွဲချက်အမျိုးမျိုးနှင့် ထောင်ဒဏ်အသီးသီး ကျခံနေရသော Generation Wave(မျိုးဆက်သစ်လူငယ်များအစည်းအရုံး) အဖွဲ့ဝင်လူငယ်(၁၉)ဦးသည်လည်း စစ်အစိုးရ၏ အကျဉ်းထောင်များတွင် ပြစ်ဒဏ်များ ချမှတ်ခံနေရဆဲ ဖြစ်ပါသည်။

ယုံကြည်မှုနှင့် လွတ်လပ်မှုအတွက် ၊အမှန်တရားနှင့် မိမိတို့၏ နိုင်ငံရေးခံယူချက်တို့အတွက် ယခုလိုမတရားဖမ်းဆီးထိန်းသိမ်းခြင်းခံနေရတဲ့ Generation ve(မျိုးဆက်သစ်လူငယ်များအစည်းအရုံး) အဖွဲ့ဝင်များဖြစ်ကြသော ကိုဇေယျာသော် ၊ကိုအောင်ဇေဖြိုး ၊ကိုအာကာဗိုလ် ၊ကိုသီဟ၀င်းတင် တို့ အပါအ၀င် ကျွန်ုပ်တို့၏ GW အဖွဲ့ဝင်များအား စစ်အစိုးရအာဏာပိုင်များမှ အမြန်ဆုံးပြန်လွှတ်ပေးရေးအတွက် ယခုကဲ့သို့ ရဟန်းရှင်လူ မိဘပြည်သူများ သိစေရန်အတွက် “ အီးမေးလ်ဖြန့်ဝေခြင်းလှုပ်ရှားမှု” အားပြုလုပ်ခြင်းဖြစ်ပါသည် ။

GenerationWave(မျိုးဆက်သစ်လူငယ်များအစည်းအရုံး)သည်အာဏာရှင်စနစ်အားအကြမ်း မဖက်သည့်နည်းလမ်းမျိုးစုံဖြင့် ဆန့်ကျင်တော်လှန်ခဲ့သည်မှာ ယနေ့တိုင်ဖြစ်ပါသည် ။

စစ်အာဏာရှင်စနစ် အပြီးသတ်ကျဆုံးရေးနှင့် တစ်မျိုးသားလုံး၏ စစ်ကျွန်ဘ၀ အာက်မှ လွတ်မြောက်ရေးအတွက်တောင်းဆိုရင်းအဓမ္မဖမ်းဆီးခံနေရမှုကို စစ်အစိုးရ အာဏာပိုင်များမှ အမြန်ဆုံးလွှတ်ပေးရေးအတွက် ယခုလို အီးမေးလ်ဖြန့်ဝေခြင်းလှုပ်ရှားမှု ပြုလုပ် တောင်းဆိုခြင်းဖြစ်ပါသည် ။ ထို့ကြောင့် ယခုအီးမေးလ်အား အခြားသူများသို့ ထပ်ဆင့်ဖြန့်ဝေခြင်းဖြင့် ပူးပေါင်းကြပါရန် ဆန္ဒပြုပါသည် ။

"ပြည်သူလူထုတွေကို ကျနော်ပြောချင်တာကတော့ မကြိုက်တဲ့အရာတွေကို ငြင်းပယ်ဖို့သတ္တိရှိကြပြီး အမှန်ကိုမလုပ်ရဲရင်တောင်မှ အမှားတွေကိုမထောက်ခံမိကြဖို့ တိုက်တွန်းနှိုးဆော်ချင်ပါတယ် "

ဇေယျာသော် (Generation Wave)

“ ကျနော်တို့ကျေးဇူးဆပ်နေကြတာပါ။ ကျနော်တို့ရှေ့ကအာဇာနည်သူရဲကောင်းတွေသူတို့ခေတ်ကာလအလိုက် တိုင်းတပါးရဲ့ ကျွန်ဘ၀ကနေလွတ်မြောက်အောင် လုပ်ပြီး သမိုင်းပေးတာဝန်ကျေခဲ့ပါပြီ။ နောက်လာမယ့် သူတွေအတွက်ကျေးဇူးကြွေးကို ဆပ်သွားကြပါပြီ။ န်ာတို့ခေတ်မှာတိုင်းပြည်ကောင်းစားဖို့လို ပါတယ်။ ဒါကျနော်တို့ရဲ့ တာဝန်ပါ။ ကိုယ့်တာဝန်ကိုယ်သိကြပါ ”

သီဟ၀င်းတင်(Generation Wave)

"ခင်ဗျားက GW လို့ပြောရင်ကျွန်တော်က လူငယ်လို့ပြောမယ် ခင်ဗျားက ဒီမိုကရေစီလို့ပြောရင် ကျွန်တော်က ပြည်သူလူထုလွတ်မြောက်ရေးလို့ပြောမယ်”

ငြိမ်းချမ်း (Generation Wave)

လေးစားစွာဖြင့်


Generation Wave(မျိုးဆက်သစ်လူငယ်များအစည်းအရုံး)



Photo.Zayarthaw Facebook

0 မြန်မာနိုင်ငံ ပညာရေး နိမ့်ကျသွားရခြင်း အကြောင်းနှင့် တရားခံများ


ကိုလိုနီခေတ် ပညာရေးကို ကျွန်ပညာရေးဟု ခေါ်ခေါ်၊ ဘာပဲခေါ်ခေါ် ပညာရေးမှာ ကမ္ဘာ့အဆင့်ကို ကောင်းကောင်း မှီခဲ့ဖူပါသည်။ ကိုလိုနီခေတ်က ဘွဲ့ရခဲ့သူများသည်

လွတ်လပ်ရေး ရပြီးနောက် ရန်ကုန်တက္ကသိုလ်တွင် ဆရာများ ဖြစ်လာခဲ့ကြသည်။ ဆရာများ၏ သင်ကြားပေးခြင်း ခံရသော တပည့်များမှာလည်း ကမ္ဘာ့အဆင့်ကို မီခဲ့ကြသည်။ ဦးနု အစိုးရက အင်္ဂလန်၊ အမေရိကန်၊ ကနေဒါ၊ ဩစတြေးလျ၊ စသော နိုင်ငံများသို့ ပညာတော်သင်များ စေလွှတ်သည်။ ပညာတော်သင်များ၏ ၉၉ ရာခိုင်နှုန်းမှာလည်း အမိနိုင်ငံသို့ ပြန်လာပြီး ကျရာ တာဝန်များကို ထမ်းရွက်ကြသည်။

တက္ကသိုလ်များနှင့် ကျောင်းများတွင်လည်း အရည်အချင်းကို ဦးစားပေးပြီး တကယ်တတ်သူကိုသာ အအောင် ပေးတတ်သဖြင့် တက္ကသိုလ် ၀င်တန်း စာမေးပွဲ အောင်ချက်သည် အများဆုံး ၁၂ ရာခိုင်နှုန်းသာ ရှိခဲ့သည်။ ၁၉၅၉ ခုနှစ်တွင်မူ ၃ ဒသမ ၄ ရာခိုင်နှုန်းသာ ရှိခဲ့ပါသည်။


ကျောင်းသား ဆန္ဒပြပွဲများ မကြာခဏ ဖြစ်ပေါ်လေ့ ရှိကြပါသော်လည်း မည်သည့် အာဏာပိုင် ပုဂ္ဂိုလ်ကမှ တိုင်းပြည် နောင်ရေး ဒုက္ခပေးမည့် ဘုန်းဘောလအော အအောင်ပေးသည့် စနစ်၊ ကျောင်းသား အချင်းချင်း သွေးကွဲစေမည့် စနစ်၊ ကျောင်းသားများ မဆူပူ ပြီးရော၊ အစိုးရ ဆန့်ကျင်ရေး မလုပ်တာက လွဲပြီး ကျန်ကိစ္စများ ကြိုက်သလို လုပ်ထားခွင့်၊ ဥပမာ၊ ကျောင်းဆောင်များတွင်း အရက်သောက် ဆေးဝါး သုံးစွဲသည်များကို လျစ်လျူပြုထားခြင်း စသည့်ကိစ္စများ ခွင့်မပြုခဲ့ကြပါ။

ပညာရေး စနစ်တွင်လည်း နိုင်ငံပိုင်ကျောင်းများသာမက အလွတ်ပညာသင် ကျောင်းများ၊ ခရစ်ယာန် သာသနာပြု ကျောင်းများပါ ရှိသဖြင့် မိမိတို့ ကြိုက်ရာ ကျောင်းတွင် သင်ကြားနိုင်ခဲ့ကြပါသည်။ တက္ကသိုလ် ၀င်တန်းအောင်လျှင် တက္ကသိုလ်တွင် မိမိစိတ်ကြိုက် ၀ါသနာပါရာ ဘာသာရပ်ကို ရွေးချယ်ခွင့် ရှိပါသည်။ စာမေးပွဲ အောင်မအောင်၊ မိမိ ရည်မှန်းရာ ဘွဲ့ရမရမှာ ကြိုးစားမှုနှင့် ကံအပေါ်မှာ မူတည်ပါသည်။

စာတော်သူ အများစုမှာလည်း မိမိတို့ စိတ်မပါပါက ဆရာဝန် အင်ဂျင်နီယာ စသော ဘာသာရပ်များကို မသင်ကြဘဲ Honours ခေါ် ဂုဏ်ထူးတန်းကို မိမိတို့ စိတ်ကြိုက် ဘာသာရပ်ဖြင့် တက်ရောက် သင်ကြားကြ ပါသည်။

ဤသို့ဖြင့် ၀ိဇာ၊ သိပ္ပံ၊ စီးပွားရေး၊ ပညာရေး၊ စိုက်ပျိုးရေး၊ ဆေးပညာ၊ အင်ဂျင်နီယာ အတတ် စသည်တို့တွင် တကယ် စိတ်ပါသူများသာ တက်ရောက် ဘွဲ့ယူခဲ့ကြပြီး၊ ‘တကယ် တတ်သူက တတ်လိုသူကို ပညာသင်ပေး’ သော ခေတ်နှင့် စနစ် ဖြစ်ခဲ့ပါသည်။

၁၉၆၂ ခုနှစ်တွင် စစ်အာဏာရှင် စနစ် ပေါ်ပေါက်လာပြီး ၁၉၆၃ ခုနှစ် ဇူလိုင်လ ၇ ရက် ကျောင်းသားများ ဆန္ဒပြပွဲကို ဂျီသရီး မောင်းပြန်သေနတ်များ အသုံးပြုကာ ရက်ရက်စက်စက် ဖြိုခွင်းခဲ့ပြီး၊ ကျောင်းသားသမဂ္ဂ အဆောက်အဦကို မိုင်းဗုံးများဖြင့် ဖောက်ခွဲ ဖျက်ဆီးရုံနှင့် အားမရသေးဘဲ အာဏာရှင် ဗိုလ်နေ၀င်းက ‘ဓားကို ဓားချင်း၊ လှံကိုလှံချင်း’ ရင်ဆိုင်ရန် အသင့်ရှိသည် ဟု ‘လူမိုက် ဓားကြိမ်း ကြိမ်း’ ခဲ့ပါသည်။

သို့သော် ကျောင်းသား လှုပ်ရှားမှုမှာ ရပ်တံ့မသွားဘဲ ၁၉၆၃ ခုနှစ် နိုဝင်ဘာလတွင် အပြင်းထန်ဆုံး အဆင့်သို့ ရောက်ရှိလာရာ စစ်အာဏာပိုင်တို့က ရန်ကုန်တက္ကသိုလ် လက်အောက်ခံ ၀ိဇာ မဟာဌာန၊ သိပ္ပံ မဟာဌာနနှင့် လူမှုရေး သိပ္ပံမဟာဌာန (နောင် စီးပွားရေး တက္ကသိုလ်) တို့ကို ရက်အကန့်သတ်မရှိ ပိတ်ပစ်လိုက်ပြီး၊ ဆေးပညာ မဟာဌာန၊ အင်ဂျင်နီယာ မဟာဌာနနှင့် ပညာရေး မဟာဌာနတို့ကိုမူ ဆက်လက် ဖွင့်ထားခဲ့ပါသည်။

ဤကား ကျောင်းသားများကို သွေးခွဲအုပ်ချုပ်လိုက်ခြင်း (divided and rule) ၏ အစ ပထမပေတည်း။

သို့သော် ကျောင်းသား ဆန္ဒပြမှုများမှာ မန္တလေးတက္ကသိုလ်၊ နယ်ကောလိပ်များနှင့် ဂျီတီအိုင်ခေါ် အစိုးရ စက်မှု လက်မှု သိပ္ပံအထိ ကူးစက်သွား၍ မန္တလေးတက္ကသိုလ် လက်အောက်ခံ ဆေးပညာ မဟာဌာနနှင့် စိုက်ပျိုးရေး မဟာဌာနမှ လွဲပြီး ကျန်ဌာန အားလုံးကို တနှစ်နီးပါး ပိတ်ထားခဲ့သည်။

ကျောင်းသားများ ငြိမ်ဝပ်ပိပြားရေး အတွက် ဗိုလ်နေ၀င်းက ပညာရေးဌာန အတွင်းဝန် (နောင် ပညာရေးဝန်ကြီး ဖြစ်လာသူ) ဒေါက်တာညီညီကို တာဝန်ပေးလိုက်သည်။ ဒေါက်တာညီညီနှင့် အပေါင်းအပါများကလည်း ‘ဗောင်းတော်ငြိမ့် စိတ်တော်သိ’ ပြီး၊ တိုင်းပြည်နောင်ရေး ဘာဖြစ်ဖြစ် မိမိတို့ လူစု ‘စစ်အာဏာရှင် လက်ကျန် အရိုးအရင်း စားရနည်းလား’ ဟူသော တကိုယ်ကောင်း စိတ်ဖြင့် ‘စနစ်သစ် ပညာရေးကြီး’ ကို အကောင်အထည် ဖော်လိုက်ကြပါတော့သည်။

၎င်း စနစ်သစ် ပညာရေးကြီးတွင်

(၁) ယခင် မဟာဌာနများကို institute ခေါ် တဘာသာသင် (၀ါ) ပညာရပ် တခုတည်းကို သင်ပေးသော တက္ကသိုလ်ကလေးများ အဖြစ် ပြောင်းလဲ ဖွင့်လှစ်ရန် (ကျောင်းများ ကွဲသွားခြင်းဖြင့် ကျောင်းသားများ သွေးကွဲစေရန် ရည်ရွယ်ချက်)။

(၂) အမှတ် အများဆုံး ရသူများကို ဆေးပညာ မဟာဌာန တဖြစ်လဲ ဆေးတက္ကသိုလ်များသို့ ၀င်ခွင့်ပြုရန်။ ဒုတိယ အဆင့်ရှိသူများကို အင်ဂျင်နီယာ မဟာဌာန တဖြစ်လဲ စက်မှု တက္ကသိုလ်သို့ တက်ခွင့်ပြုရန် (ဤနည်းဖြင့် ကျောင်းသားများ တဦးကို တဦး ငုံ့ကြည့်ကြပြီူး သွေးကွဲသွားစေရန်)။

ဤနည်းမှာ နောင်တွင် ထိရောက်သင့်သလောက် ထိရောက်သွားပါသည်။ ဆေးတက္ကသိုလ် ကျောင်းသားများက ၀ိဇာနှင့် သိပ္ပံတက္ကသိုလ်ကို အမှိုက်ပုံးဟု နောက်ပြောင် ခေါ်ကြပါတော့သည်။ တခါက သမိုင်းရှိ တက္ကသိုလ်များ အားကစားကွင်းတွင် ပညာရေး တက္ကသိုလ် အမျိုးသမီး ဘောလီဘော အသင်းနှင့် ၀ိဇာနှင့် သိပံ္ပ အမျိုးသမီး အသင်းတို့ ယှဉ်ပြိုင်ကြရာတွင် ၀ိဇာနှင့် သိပ္ပံ ကျောင်းသားများက ‘ဆရာမတွေ လင်လိုချင် သမိုင်းကွင်းကိုဝင်’ ဟု စကြရာ ဆရာမလောင်းများက ‘RASU ကျောင်းသား မစဉ်းစား၊ ပျာတာ ခိုင်းဖို့ထား’ ဟု ပြန်နှိမ်ကြပါသည်။

(၃) ကျောင်းသားများ တက္ကသိုလ်တွင် ကြာရှည် မနေနိုင်စေရန် စာမေးပွဲတွင် လူတိုင်းလောက်နီးနီးကို အအောင်ပေးရန်။ ၄င်းနည်းကြောင့် တက္ကသိုလ်များမှာ ဘွဲ့လက်မှတ် ထုတ်ပေးသည့် စက်ရုံကြီးများသဖွယ် ဖြစ်သွားပြီး၊ ၄င်းဘွဲ့ရများမှာ တက္ကသိုလ်ဆရာ ဖြစ်လာသောအခါ ‘မတတ်သူက မသိသူကို သင်ပေး’ သည့်အတွက် ပညာရည် အဆင့်အတန်း အလွန်နိမ့်ကျ သွားပါတော့သည်။

အထက်ပါ ကိစ္စနှင့် ပတ်သက်၍ စာရေးသူသည် ၁၉၇၀ ခုနှစ်က တချိန်က မိမိ၏ ဆရာဖြစ်ခဲ့ဖူးသော ပါမောက္ခကြီး တဦးကို တင်ပြခဲ့ဖူးပါသည်။ “ဆရာရယ် ကျွန်တော်တို့ခေတ်က ဆရာစစ်တာ ကြမ်းလွန်းလို့ ထိသွားရတဲပ ကျွန်တော်တို့ သူငယ်ချင်းတွေဟာ ခုခေတ် ကျောင်းသားတွေထက် အများကြီးသာပါတယ်” ဟု ပြောလိုက်ရာ ပါမောက္ခကြီးက “ဒါတော့ ငါလည်း ဘာတတ်နိုင်မလဲကွ၊ ပေါ်လစီက ဒီလို ဖြစ်နေတာကိုး” ဟု ပြန်ဖြေပါသည်။

စာရေးသူက ထပ်ပြီး “ဆရာတို့ ဒီကိစ္စကို ဆွေးနွေးကြဖို့ တော်ပြီထင်တယ်။ အခုဆို တိုင်းပြည်ရဲ့ ပညာရေးဟာ ပျက်စီးခြင်း လမ်းပေါ်ရောက်နေပြီ။ နောင်ဆိုရင် အဖတ်ဆယ်မရ ဖြစ်တော့မယ်” ဟု ပြောလိုက်ရာ ဆရာကြီးက “ဟေ့ကောင် ငါ့ကို အိုကြီးအိုမရောက်မှ ထောင်ထဲသွားပြီး အနှိပ်စက်ခံရအောင် မင်းက ချောက်တွန်း နေတာလား” ဟုသာ ပြန်ပြောရှာပါတော့သည်။

(၄) ကျောင်းသားများ ဆန္ဒမပြလျှင် ပြီးရော၊ ကျောင်းတက်တက် မတက်တက်၊ ဖဲရိုက်၊ အရက်သောက်။ ဆေးခြောက်ရှု၊ နံပါတ်ဖိုး ထိုးနေကြသော်လည်း မမြင်ဟန် ဆောင်နေရန်။ ၄င်း အချက်ကြောင့် HIV Positive ဖြစ်သူ များလာခြင်း။

(၅) ဒေါက်တာညီညီက အခမ်းအနားတခုတွင် မိန့်ခွန်းချွေလိုက်ပုံမှာ ‘ဆိုရှယ်လစ် နိုင်ငံ တည်ဆောက်နေပြီ ဖြစ်လို့ အမြတ်ကြီးစားစနစ် ဦးစားပေးတဲ့ ဘဲဥတဒါဇင်ကို တကျပ်ဖြင့် ၀ယ်ပြီး တလုံးကို ၁၀ပြားဖြင့် ပြန်ရောင်းသော် မည်မျှ မြတ်မည်နည်း’ဆိုတဲ့ ဂဏန်းသင်္ချာမျိုး၊ လောကသာရပျို့ပါ ‘ကြွက်သေတခု အရင်းပြု၍ ကြွယ်မှုတတ်ဆုံး သူဌေးထုံးကို နှလုံးမူလျက် ကြံစည်လျက်ဖြင့် သူ့ထက်ကဲလွန် ကြွယ်စေမင်း’ ဆိုတဲ့ လင်္ကာမျိုးကို မသင်စေတော့ဖို့ ညွန်ကြားထားပါတယ် ဟူသတည်း။

ရှေးရိုး မြန်မာ့စဉ်လာ ဆိုစကားမှာမူ ‘ဂဏန်းမသင်၊ လာဘ်မမြင်၊ ကူးလျှင် ရှုံးမည်မှတ်’ ဟု အတိအကျ ဆိုထားပါသည်။ ၁၉၈၇ ခုနှစ်တွင် ဒေ၀ါလီခံပြီး LDC (ဖွံ့ဖြိုးမှု အနိမ့်ဆုံး နိုင်ငံများ စာရင်းဝင်) အဖြစ် လျှောက်ထားခဲ့ရပြီး၊ ၁၉၈၈ ခုနှစ်တွင် လူထု အုံကြွမှုကြီး ဖြစ်ပေါ်လာသည်မှာ မဆန်းတော့ပါ။

(၆) တက္ကသိုလ်များတွင် ယခင်က အင်္ဂလိပ်ဘာသာဖြင့် သင်နေရာမှ မြန်မာဘာသာဖြင့် ပြောင်းလဲ သင်ယူစေရာတွင် ဝေါဟာရများကို မြန်မာလို မည်သို့ ခေါ်သည်ကို ဘာသာပြန်ဆိုသူ ဆရာများကိုယ်တိုင် အသေအချာ မတွေးနိုင်တော့ဘဲ သင့်သလို ဘာသာပြန်လိုက်ရာမှ မြန်မာစကားကို မြန်မာတို့ နားမလည်နိုင်သော ဝေါဟာရသစ်များ ထွက်ပေါ်လာသည်။ ၄င်းကိစ္စနှင့် ပတ်သက်၍ ကွယ်လွန်သူ မြန်မာစာ ပါမောက္ခဟောင်း ဦးဝန် ခေါ် ဆရာကြီး မင်းသုဝဏ် က အကျယ် ရေးခဲ့ပါပြီ။ ယခု ဥပမာ နှစ်ခု တင်ပြပါမည်။

ပထမ တခုမှာ New Born Baby ကို ဆရာဝန်မကြီး တဦးက တိုက်ရိုက် ‘ဖွားသစ်စ ကလေး’ ဟု ဘာသာပြန်လိုက်ပါသည်။ မြန်မာ့ရိုးရာတွင်မူ ‘မွေးကင်းစ ကလေး’ ဟူသော စကား ရှိပြီး ဖြစ်ပါသည်။ ‘မွေးဖွားခြင်းမှ ကင်းလွတ်စ ကလေး’ ဟု အဓိပ္ပါယ် ရပါသည်။ တောအရပ်ရှိ မိရိုးဖလာ လက်သည် အဒေါ်ကြီးများ ကြားလျှင် “တွေ့ဘူးပေါင်တော်၊ ကြုံဖူးပေါင် ကြားဘူးပေါင်တော်။ ဖွားသစ်စက ကလးရယ်လို့၊ မွေးကင်းစ ကလေးပဲ ကြားဖူးပါရဲ့” ဟု ပြောကြမည်မှာ မချွတ်။

ဒုတိယ ဥပမာ။ သိပ္ပံနှင့် အင်ဂျင်နီယာ အတတ်တို့တွင် သုံးသော Adsorption ဆိုသော စကားလုံးကို မြန်မာလို တိုက်ရိုက် ‘ကယ်တင်ခြင်း’ ဟု ဘာသာပြန်လိုက်ကြသည်။ ၄င်း ဘာသာပြန်သူ ဆရာကြီးနှင့် စာရေးသူတို့ ၄င်း၏ ကားဖြင့် သွားရာတွင် မိုးတွင်း မိုးရွာပြီး ကားရှေ့မှန်တွင် ရေနွေးငွေ့များ ရိုက်နေပြီး ရှေ့ကို မမြင်ရတော့ပါ။ ထိုအခါ အဆိုပါ ပါမောက္ခကြီးက “ဟေ့ကောင် ရှေ့မှန် ရေငွေ့ရိုက်နေပြီ၊ ဘာမှ မမြင်ရတော့ဘူး။ အ၀တ်နဲ့ သုတ်ပါဦးကွ။ တော်တော်ကြာ ကားတိုက်ပြီး မင်းရော ငါပါ ကြွသွားလိမ့်မယ်” ဟု ပြောပါသည်။

စာရေးသူက အ၀တ်ဖြင့် ရေငွေ့များကို သုတ်ရင်း “ဆရာ ဒါ အင်္ဂလိပ်လို Adsorption ဖြစ်တာ မဟုတ်လား” ဟု မေးလိုက်ရာ ဆရာကြီးက “ဒါပေါ့ကွ” ဟု ဖြေပါသည်။ စာရေးသူက “ဒါကို ဆရာ ဘာကြောင့် ရေငွေ့တွေ ကပ်တင်နေတာလလို့ မပြောတာလဲ။ စာအုပ်တွေထဲမှာတော့ ကပ်တင်ခြင်းလို့ ဘာသာပြန်ထားတယ် မဟုတ်လား” ဟု မေးလိုက်ရာ ဆရာကြီးက “ဦးစံရှားလိုပေါ့ကွာ၊ မှားတဲ့အခါလည်း မှားပေမပေါ့” ဟုသာ ဆိုရှာပါသည်။

နောက်ဆုံး ၁၉၈၀ ခုနှစ်ကျော် ကာလများတွင် ဗိုလ်နေ၀င်း၏ အချစ်တော် သမီး ခင်စန္ဒာဝင်း စင်္ကာပူတွင် အင်္ဂလိပ်စာ ညံ့ဖျင်းမှုကြောင့် စာမေးပွဲ ကျလေတော့မှ အာဏာရှင်ကြီး၏ တချက်လွှတ် အမိန့်ဖြင့် တက္ကသိုလ်များတွင် အင်္ဂလိပ်ဘာသာဖြင့် သင်ရပြန်တော့သည်။ အမှတ် (၇) တွင် ရှင်းပြပါမည်။

(၇) စစ်အစိုးရနှင့် ‘့မြန်မာ့ ဆင်းရဲမွဲတေမှု လမ်းစဉ်’ တို့ကြောင့် ပညာတတ် အများစုမှာ ၁၉၇၀ ခုလောက်က စပြီး မြန်မာနိုင်ငံကို စွန့်ခွာကာ ‘ရေကြည်ရာ မြက်နုရာ’ ကို ရှာကြပါသည်။ ဗိုလ်နေ၀င်း စေလွှတ်သော ပညာတော်သင် များထဲမှလည်း ၂၅ ရာခိုင်နှုန်းလောက်မှာ မြန်မာပြည်သို့ ပြန်မလာကြတော့ပါ။

ပြန်လာသူ ၇၅ ရာခိုင်နှုန်းလောက်ထဲမှလည်း တ၀က်လောက်မှာ အုပ်ချုပ်သူ စစ်ဗိုလ်များက အရပ်သားများကို ‘ကျွန်နှင့် သခင်ပမာ ဆက်ဆံနေမှုကို မခံနိုင်တော့ဘဲ နိုင်ငံခြားသို့ ပြန်ထွက်ကုန်ကြပါသည်။ ထို့ကြောင့် မြန်မာပြည်တွင် ဆရာကောင်း ရှားပါးကုန်ပြီး ပညာရည် အဆင့်အတန်း တဖြည်းဖြည်း နိမ့်ကျသထက် နိမ့်ကျလာပါတော့သည်။

(၈) ကွယ်လွန်သူ သမိုင်းပါမောက္ခ ဒေါက်တာ သန်းထွန်းက သမိုင်းဘာသာရပ်သည် နိုင်ငံတိုင်းအတွက် အရေးကြီးသော ဘာသာရပ် ဖြစ်၍ ‘မအအောင်၊ မတုံးအောင် သမိုင်းသင်ရတယ်’ ဟု အဆိုအမိန့် ရှိခဲ့ဖူးပါသည်။

သို့သော် ဒေါက်တာညီညီ၏ စနစ်သစ် ပညာရေးအရ အမှတ်အနည်းဆုံး လူများကို သမိုင်း အဓိက သင်ရန် ပို့သဖြင့် အလွန်ဝါသနာပါ၍ စာကြိုးစားသူ တယောက်တလေမျှအပ သမိုင်းသုတေသီ လူချွန်လူကောင်းများ ထွက်လာရန် မလွယ်ပါ။ မြန်မာစာ အဓိက ဘာသာရပ်မှာလည်း ထိုနည်း ဖြစ်သွားပါသည်။

(၉) မြန်မာစာအတွက် ပို၍ ကံဆိုးသည်မှာ အာဏာရှင် ဗိုလ်နေ၀င်း မြန်မာစာ ကော်မရှင်တွင် နာယက တက်လုပ်ပြီး သတ်ပုံ သဒ္ဒါတို့ကို ၄င်း၏ စိတ်တိုင်းကျ ရေးဆွဲ ပြင်ဆင်ခိုင်းလိုက်ခြင်းပင် ဖြစ်သည်း။ အကျယ်ကို ဆရာကြီး ကြေးမုံ ဦးသောင်း ရေးခဲ့ပြီးဖြစ်၍ ထပ်မရေးလိုတော့ပါ။

‘တခါတရံ၊ လောကဓံ၊ ဆက်ဆံကိုလည်း၊ သေးသေးတင်’ ဟူသော က၀ိလက္ခဏာ သတ်ပုံလင်္ကာနှင့် ဗိုလ်နေ၀င်း၏ တနှင့် တစ်ရေးထုံးကို နှိုင်းယှဉ်ကြည့်ကြပါဟုသာ ဆိုချင်ပါသည်။ တပင်ရွှေထီး ဘုရင်ကို တစ်ပင်ရွှေထီး ဟုများ ရေးနေကြပြီလား မသိပါ။

မြန်မာပြည်တွင်းမှ လူများမှာ ဓားဂုတ်ပေါ်ဝဲပြီး သုံးခိုင်းနေ၍ ၄င်း သတ်ပုံကြမ်းကို သုံးနေရသည်ကို နားလည်နိုင်ပါသည်။ သို့သော် ပြည်ပရောက် စစ်အစိုးရကို ဆန့်ကျင်နေသူများထုတ်သည့် သတင်းစာ ဂျာနယ် စသည်တို့တွင် ၄င်း သတ်ပုံကျမ်းအတိုင်း လိုက်နာ ရေးနေကြသည်ကို ၀မ်းနည်းဖွယ် တွေ့နေရပါသည်။ ဆရာကြီး ကြေးမုံ ဦးသောင်းကတော့ ကွယ်လွန်သည်အထိ စစ်အစိုးရ သတ်ပုံကျမ်းကို သပိတ်မှောက်ပြီး က၀ိလက္ခဏာ သတ်ပုံညွှန်းအတိုင်းသာ ရေးသားခဲ့ပါသည်။ ဤနေရာတွင် ပြည်ပရောက် မြန်မာများ Oversea Chinese တို့ကို စံနမူနာ ယူသင့်ပါသည်။

တရုတ်ပြည်ကြီးမှာ နာမည်များကို Latin အက္ခရာဖြင့် ရေးရာတွင် ၁၉၇၈ လောက်မှစ၍ တြိဝဏ (Tri Syllabic) ဖြင့် ရေးနေရာမှ ဒွိဝဏ (Di Syllabic) သို့ ပြောင်းလိုက်ပါသည်။ ဥပမာ Teng Shiao Peng မှ Deng Shiaobeng သို့ ပြောင်းရေးပါသည်။ သို့သော် ထိုင်ဝမ်၊ ဟောင်ကောင်၊ စင်္ကာပူနှင့် အခြားနေရာများရှိ တရုတ်များက ရှေးရိုးစဉ် တြိဝဏ ဖြင့်သာ ဆက်၍ ရေးနေကြပါသည်။ ဥပမာ စင်္ကာပူ တရုတ်နာမည်များ (Lee Kwan Yew စသဖြင့်) ပြည်ပရောက် မြန်မာများ အားလုံး ဗိုလ်နေ၀င်း ထင်ရာစိုင်းထားသည့် သတ်ပုံကျမ်းကို သပိတ်မှောက်သင့်သည်ဟု ရိုးသားစွာ ထင်ပါသည်။

ကိုလိုနီခေတ်ကရော မြန်မာဘုရင် ခေတ်ကပါ အင်္ဂလိပ်စကား Tactic ကို ပရိယာယ်ေ၀၀ုစ်၊ Strategy ကို သေနင်္ဂဗျူဟာ ဟု စစ်ပရိယာယ် ဟု ဘာသာပြန်ခဲ့ကြပါသည်။ မြန်မာတိုင်း နားလည်သော စကားလုံးများ ဖြစ်ကြပါသည်။


က၀ိလက္ခဏာ သတ်ပုံဆရာက ‘မင်းပရိယာယ်၊ ငတင့်တယ်၊ နားဝယ်မလည်ရှာ’ ဟု သုံးခဲ့ပါသည်။ ရာဇပရိယာယ် ဟုလည်း သုံးတတ်ကြပါသည်။ နာမည်ကျော် အဆိုတော်ကြီး မာမာအေးက ၁၉၆၀ ခုနှစ်လောက်က သီဆိုခဲ့သော ‘မေ့ကွက်ကိုရှာ’ သီချင်းတွင်လည်း ‘ချစ်ပရိယာယ်ကို သိသလိုလိုနဲ့’ ဟူသော စာပိုဒ်ပါပါသည်။

လွတ်လပ်ရေး ခေတ်ဦးပိုင်းလောက်က လက်ဝဲသမားများက Tactic ကို နည်းဗျူဟာဟု၊ Strategy ကို မဟာဗျူဟာ ဟုပြန်လိုက်ကြပြီး နိုင်ငံရေး စာအုပ်များတွင် သုံးစွဲနေကြသည်။ မှားသည်တော့ မဆိုလိုပါ။ သို့သော်လည်း မြန်မာစကား မြန်မာ နားလည်ရန် ခက်သော ဝေါဟာရများ၊ ခက်ဆစ် အဓိပ္ပါယ် ထုတ်ပေးရမည့် ဝေါဟာရများ ဖြစ်နေမည်ကတော့ မလွယ်ပါ။ စစ်ကြိုခေတ်က အဆိုတော်ကြီး ပြည်လှဖေနှင့် ဒေါ်မေရှင် တို့ သီဆိုခဲ့သော ယခုခေတ်တိုင် ရေပန်းစားနေသည့် ‘ချစ်ဗျူဟာ’ ဆိုသော သီချင်းလည်း ရှိပါသည်။

နိဂုံးချုပ်အားဖြင့် မြန်မာ့ပညာရေးနှင့် မြန်မာစာ အဆင့်အတန်း လုံးဝကျဆင်းသွားရခြင်းမှာ ‘၀မရှိဘဲ ၀ိလုပ်ချင်’ ‘မတတ်ဘဲနှင့် ဆရာတက်လုပ်ချင်သော ဗိုလ်နေ၀င်းနှင့် နောက်လိုက်နောက်ပါ ဗာလာနံ စစ်ကဲများ ၀န်ကြီး ဖြစ်ချင်သော ဒေါက်တာညီညီနှင့် နောက်လိုက် နောက်ပါများ၏ ‘မဟာကျေးဇူးတော်ကြီးများကြောင့်သာ ဖြစ်လေတော့ရာ ယင်း ‘ပုဂ္ဂိုလ်ကြီး’ များကိုသာ တရားခံအဖြစ် လက်ညှိုး ထိုးပြရတော့မည် ဖြစ်ပါကြောင်း။

လောကပါလ နတ်မင်း

(ရခိုင်အမျိုးသား သတင်းစာမှ ကူးယူဖော်ပြသည်။)

0 ဦးနေမျိုးဝေနှင့် အပေါင်းအပါတစ်စု ဆန္ဒပြမည်




မည်သူမျှ မည်သည့်ပါတီကိုမှကိုယ်စားမပြုဘဲ အကျဉ်းသားများလွတ်ငြိမ်းချမ်းသာခွင့်နှင့်ပတ်သတ်၍ မိမိတို့၏ကိုယ်ပိုင်သဘောဆန္ဒများကိုထုတ်ဖော်ဆန္ဒပြကြမည်။
Nay Wai facebookမှ

0 ဘုရား သော်မှ ငြင်းမရ




ဘုရား သော်မှ ငြင်းမရ

၂၉.၅.၂၀၁၁ (တနင်္ဂနွေနေ့) နေ့လည် (၁း၀၀) နာရီအချိန်တွင် သာကေတမြို့နယ်၊ ဇိနမာရ်အောင်စေတီတော်အနီးရှိ ဗဟိုရ်စည်ကျောင်း၏ ပဓာန နယကဆရာတော် ဘဒ္ဒန္တဥတ္တရ သက်တော် (၆၉)နှစ်၊ ၀ါတော် (၄၉)၀ါ၏ အန္တိမဈာပန အခမ်းအနားကျင်းပရန်အတွက် နာရေးကူညီမှု အသင်း(ရန်ကုန်)မှ အသင်းသားများသည် ဂျပန်နိုင်ငံတွင် အသုံးပြုလျှက်ရှိသော နိဗ္ဗာန်အထူးယာဉ် ကြီးဖြင့် သွားရောက်၍ ဆရာတော်ကြီး၏ ရုပ်ကလပ်တော်အား ပင့်ဆောင်ကာ ရေဝေးသုဿန်သို့ သယ်ဆောင်ကူညီ ဖေးမခဲ့ကြသည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် ဂျပန်နိုင်ငံ၌ အသုံးပြုလျှက်ရှိသော အထူးနိဗ္ဗာန်ယာဉ် ကြီးနှင့် အခြားနိဗ္ဗာန်ယာဉ်များအား အသင်းရှိမော်တော်ယာဉ်အဖွဲ့ ခေါင်းဆောင်များသည် နေ့စဉ် နေ့တိုင်း ဆီ၊ ရေ၊ မီး စသဖြင့် စက်မှုပိုင်းဆိုင်ရာကိစ္စရပ်များအား စက်ပြင်အဖွဲ့အား စစ်ဆေးမှုများ ခိုင်းစေ ပြုလုပ်ပေးလျှက်ရှိသည်။ သို့ရာတွင် ယခု သာကေတမြို့နယ်၊ ဇိနမာရ်အောင်စေတီတော် အနီးရှိ ဗဟိုရ်စည်ကျောင်း၏ ပဓာန နယကဆရာတော် ဘဒ္ဒန္တဥတ္တရ သက်တော် (၆၉)နှစ်၊ ၀ါတော် (၄၉)၀ါ၏ အန္တိမဈာပန အခမ်းအနားသယ်ဆောင်ရာ လမ်းကြောင်းတွင် ယင်းအထူးနိဗ္ဗာန်ယာဉ်ကြီးမှာ စက်ချို့ယွင်း၍ ထိုးရပ်သွားတော့သည်။ ထို့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ တယ်လီဖုန်း ဆက်သွယ်၍ အထူးနိဗ္ဗာန်ယာဉ် နောက်တစ်စီးအား အမြန်လာရောက်ပို့ဆောင်မှုကို ပြုလုပ်ရတော့ သည်။ ထပ်မံ၍ ရောက်ရှိလာသော အထူးနိဗ္ဗာန်ယာဉ်ပေါ်သို့ ဆရာတော်ကြီး၏ ရုပ်ကလပ်တော်အား ထပ်မံပြောင်းရွှေ့ ပင့်ဆောင်၍ ရေဝေးသုဿန်သို့ သယ်ဆောင်ကာ အန္တိမဈာပန မီးသင်္ဂြိုလ်ခြင်း အခမ်းအနားအား အောင်မြင်စွာ ကျင်းပပြုလုပ်ပေးနိုင်ခဲ့သည်။

ဘုရား သော်မှ ငြင်းမရ … မင်းကဘာမို့လဲဟု … အမြဲဆင်ခြင်နေလိုပါသည်။ (သုခ)

ယင်းဖြစ်ရပ်သည် သက်ရှိလူသားများတွင် မည်မျှပင်စည်းစိမ်ဥစ္စာ ကြွယ်ဝ ကြွယ်ဝ၊ မည်မျှပင် တန်ခိုးအာဏာရှိ ရှိ၊ မည်မျှပင်ကျန်းမာရေးကို လိုက်စား လိုက်စား . . . နောက်ဆုံး၌ အနိစ္စတရားအား မလွန်ဆန်ပေ။ ထို့အတူ သက်မဲ့ရုပ်ဝတ္ထု ပစ္စည်းများသည်လည်း မည်မျှပင်ခေတ်မီ ခေတ်မီ၊ မည်မျှပင် နည်းပညာတိုးတက် တိုးတက်၊ မည်မျှပင် အကြမ်းခံ ခံ၊ မည်မျှပင်ထိန်းသိမ်း ထိန်းသိမ်း . . . နောက်ဆုံးတော့ ပျက်စီးယိုယွင်းရမည်မှာ ဓမ္မတာပင် ဖြစ်တော့သည်ဟု မျက်မြင်ကိုယ်တွေ့ သံဝေဂ ရမိပါတော့သည်။

ကျော်သူ

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.