Saturday, April 10, 2010

0 ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှနိုင်ငံရေးပါတီမှတ်ပုံတင်ခွင့် နောက်ဆုံးနေ့ရက်အသိပေးကြေငြာ

2010 04 09 - Announcement on the Last Date of Submiss
ပေးပို့သူ ရွှေနန္ဒအားကျေးဇူးတင်ရှိပါသည်။

0 နာရေးကူညီမှုအသင်းနှင့် စာနယ်ဇင်း၊ အနုပညာသမားများ နာရေးကုသိုလ်ပြုမည်

အံ့ဘုန်းမြတ် (ဒီဗီဘီ)

သရုပ်ဆောင် ကိုကျော်သူ ဦးဆောင်တဲ့ နာရေးကူညီမှုအသင်း (ရန်ကုန်) က နှစ်ဆန်းတရက်နေ့မှာ စာနယ်ဇင်းဆရာတွေ၊ အနုပညာရှင်တွေ နဲ့အတူ နာရေးကုသိုလ်ပြုဖို့ စီစဉ်နေပါတယ်။ နာရေးကူညီမှုအသင်းသားတွေနဲ့ စာနယ်ဇင်းဆရာတွေ၊ အနုပညာရှင်တွေ စုပေါင်းပြီး နှစ်ဆန်းတရက်နေ့မှာ ကွယ်လွန်အနိစ္စရောက်ကြတဲ့ နာရေးကိစ္စတွေ အတွက် ကုသိုလ်ပြုကြဖို့ စီစဉ်ထားတာ ဖြစ်တယ်လို့ နာရေးကူညီမှုအသင်း ဥက္ကကို ကျော်သူက ပြောပါတယ်။


“ကျနော်တို့ ၂၀၀၇ မတိုင်ခင်တုန်းကတော့ အမြဲတမ်းလုပ်နေကြ။ စာနယ်ဇင်းသမားတွေ လုပ်ပေးတယ်။ နောက် ကိုလူချောအဖွဲ့ပေါ့လေ လူကြမ်းအဖွဲ့တွေ၊ နောက် မမတို့အဖွဲ့ ဂွမ်းပုံကြီး တို့ဘာတို့အဖွဲ့ ဒီနှစ်ကတော့ စာနယ်ဇင်း လူ ငယ်တွေကို ဦးစားပေးပြီးတော့ လုပ်ပေးမယ် ဆိုပြီးတော့ သတင်းတော့ ကြေညာ ထားတာပေါ့၊ ကျနော်တို့ ဒီ နာရေး လမ်းကြောင်းတွေ လိုက်မယ်ပေါ့။”

ဒီနှစ်မှာတော့ လူငယ်စာနယ်ဇင်းသမားတွေကို အဓိကထားပြီး ကုသိုလ်ယူဖို့ ဖိတ်ကြားရတဲ့ ရည်ရွယ်ချက်က

“သူတို့ ကုသိုလ်လည်း ရစေချင်တယ်။ ပြီးတော့ ကျနော်တို့ရဲ့ လုပ်ဆောင်ချက်တွေကို သိစေချင်တာပါ။” လို့ ဆိုပါတယ်။

နာရေးကူညီမှုအသင်းအနေနဲ့ သင်္ကြန်ကာလအတွင်းမှာ ပိတ်ရက်မရှိ နာရေးကိစ္စတွေကို ကူညီဆောင်ရွက်ပေးမှာဖြစ်ပြီး အထူးသဖြင့် သင်္ကြန်အတက်နေ့ ည ၁၂ နာရီ မတိုင်ခင်အထိ နှစ်မကူးစေလိုတဲ့ နာရေးရှင်တွေအတွက်လည်း ကူညီပေးသွားမှာ ဖြစ်တယ်လို့လည်း ကိုကျော်သူက ပြောပါတယ်။ နာရေးကူညီမှုအသင်းကို ၂၀၀၁ ခုနှစ်မှာ စတင်ထူထောင်ခဲ့ပြီး ဆင်းရဲချမ်းသာမရွေးတို့ရဲ့ နာရေးကိစ္စတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ လူမှုရေးအဖွဲ့တခု ဖြစ်သလို လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံအနှံ့အပြားက မြို့နယ်ပေါင်း ၅၀ ကျော်မှာ နာရေးကူညီမှုအသင်းတွေကို ဖွင့်လှစ်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။

0 တိုကျိုမြို့မှာပြုလုပ်မဲ့ (၂၀၁၀) ၁၉ကြိမ်မြောက် မြန်မာမိသားစုအတာသင်္ကြန်ပွဲတော်

0 ၂၀၁၀ ရွေးကောက်ပွဲကိစ္စ အာဆီယံခေါင်းဆောင်တွေဖိအားပေး

မြန်မာနိုင်ငံက ရွေးကောက်ပွဲတွေကို လွတ်လပ်၊ တရားမျှတပြီး အားလုံးပါဝင်နိုင်တဲ့ ရွေးကောက်ပွဲတွေ ဖြစ်အောင် ပြုလုပ်ပေးဖို့ မြန်မာစစ်အစိုးရကို အာဆီယံခေါင်းဆောင်တွေက တောင်းဆိုလိုက်ပါတယ်။
ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ ထိပ်သီးဆွေးနွေးပွဲအပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ် ငုယင်တန်ဒန်းက ပြောဆိုရာမှာ မြန်မာအစိုးရအနေနဲ့ လွတ်လပ်၊ တရားမျှတပြီး အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲ ပြုလုပ်ပေးဖို့နဲ့ အဲဒီလို ပြုလုပ်ဖို့အတွက် အာဆီယံအပါအဝင် ကုလသမဂ္ဂ အဖွဲ့ကြီးနဲ့ အတူတကွ ဆောင်ရွက်ဖို့ အာဆီယံခေါင်းဆောင်တွေက တိုက်တွန်းလိုက်ကြောင်း ပြောပါတယ်။

ရွေးကောက်ပွဲတွေဟာ တရားမျှတမှု ရှိပြီး ဒီမိုကရေစီနည်းလမ်းကျဖို့နဲ့ အဖွဲ့အစည်းအားလုံး ပါဝင်ဖို့ လိုအပ်ကြောင်းနဲ့ ဒါမှသာ မြန်မာနိုင်ငံ တည်ငြိမ်ရေးအတွက် အထောက်အကူ ပြုနိုင်မှာ ဖြစ်ပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရင်းအမြစ်တွေကို အသုံးချနိုင်မှာ ဖြစ်ကြောင်း ဗီယက်နမ် ဝန်ကြီးချုပ်က ပြောပါတယ်။ ဒါ့ပြင် ပြီးခဲ့တဲ့အပတ်က မြန်မာနိုင်ငံကို သွားရောက်ခဲ့စဉ်ကလည်း အာဆီယံအဖွဲ့ရဲ့ သဘောထားနဲ့ ပတ်သက်ပြီး မြန်မာ စစ်ခေါင်းဆောင်တွေကို ပြောကြားခဲ့ပြီး ဖြစ်ကြောင်း ပြောပါတယ်။

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးကလည်း အခုထိပ်သီးဆွေးနွေးပွဲကနေ ထွက်ပေါ်လာတဲ့ အဓိက အချက်ကတော့ မြန်မာနိုင်ငံ ရွေးကောက်ပွဲဟာ သာမန်ရွေးကောက်ပွဲသက်သက် မဟုတ်ပဲ အထူး အရေးပါတယ်ဆိုတဲ့ အချက် ဖြစ်တယ်လို့ ပြောပါတယ်။ ဆက်လက်ပြီးတော့လည်း လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲ၊ ဒီမိုကရေစီနည်းလမ်းကျပြီး ယုံကြည်စိတ်ချရတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ လိုအပ်ကြောင်းနဲ့ မြန်မာအစိုးရကလည်း အဲ့ဒီလို ရွေးကောက်ပွဲမျိုး ဖြစ်အောင် လုပ်ပါမယ်လို့ ပြောဆိုထားတဲ့အတွက် ပြောထားတဲ့အတိုင်း ဖြစ်အောင်လုပ်ဖို့ အခုတောင်းဆိုချက်ဟာ အရေးပါကြောင်း ပြောပါတယ်။
အခုလို အာဆီယံခေါင်းဆောင် အတော်များများက မြန်မာနိုင်ငံ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ပြောဆိုလိုက်တာဟာ မြန်မာစစ်အစိုးရရဲ့ ခေါင်းမာမှုကြောင့် အာဆီယံအဖွဲ့ကြီးရဲ့ ဂုဏ်သိက္ခာကို ထိခိုက်လာနေတဲ့အပေါ် စိုးရိမ်ပူပန်လာတဲ့အတွက် ဖြစ်တယ်လို့ လေ့လာသူတွေက ပြောဆိုနေကြပါတယ်။
(RFA)

0 သန်လျင်မြို့မှထူးခြားဖြစ်စဉ် သတင်းအမျိုးမျိုးထွက်

အောက်ပါသတင်းမှအဆက်..
စီစီတီဗီ နှင့် စောင့်ကြည့်စစ်ဆေးချက် အရ တရားခံမှာ အဘွားအို တစ်ဦး ဖြစ်ကြောင်း တွေ့ရှိရပါသည်..
ထို အဖွားအိုသည် ယင်းဆေးရုံမှ ဝန်ထမ်း ဖြစ်ကာ ယခင် လင်မယားနှစ်ယောက် အတူတူ လုပ်ကိုင်
နေကြပြီး ယောက်ကျား သေဆုံးသွားသော အခါ စားဝတ်နေရေးကြပ်တည်းသောကြောင့် ယခုကဲ့သို့
လတ်ဆတ်သော လူသေများကိုသာ ဓါးနှင့် လှီးဖြတ်ကာ စားသုံးနေသည်ဟု သိရှိရပါသည်..
ရောဂါနှင့် သေသော လူသေများကို မစားသောက်ပဲ..လတ်လတ်ဆတ်ဆတ်သေသော လူသေများကိုသာ
ရွေးချယ် လှီးဖြတ်စားသောက်ပါသည်...
ယခုပေါ်ပေါက် လာရခြင်းမှာ ဓါးထိုးခံသေသွားရသော လူငယ်တစ်ယောက်ကို အသားကိုလှီးဖြတ် ထားပြီး..နောက်နေ့လူသေအလောင်းပြင်ဆင်သောအခါ..သေသေချာချာ...ဓါးဖြင့်လှီးဖြတ်ထားသည်ကိုတွေ့ရှိရာမှ အလောင်းရှင်မှ တရားစွဲဆို ခြင်းကြောင့် အမှုပေါ်လာရခြင်းဖြစ်ပါသည်..

ထိုအပြင် အဖွားအိုကို ဖမ်းဆီးလိုက်ပြီးချိန်တွင် ကုလားမတစ်ဦးလိုဝိဥာဉ် တစ်ခု ဝင်ရောက်ပူးဝင်ပြီး
ထိုကိစ္စ သည်..ထို ဝိဥာဉ်မှ အဖွားအိုကို ဝင်ရောက် ပူးဝင်ပြီး စားသောက်နေရပါသည်ဟု..ဘုန်းကြီးတပါးရှေ့မှာ ဝန်ခံဖြောင့်ချက်ပေးပါသည်...
သို့ပါသော်လည်း....ဥပဒေ တွင် မည်သို့မျှ လက်ခံနိုင်စရာ အကြောင်းမရှိသောကြောင့် အဖွားအို အား ဆက်လက်ဖမ်းဆီး ခေါ်ဆောင်သွားပါသည်...

နောက်ဆက်တွဲသတင်း

ထိုအလောင်းများပျက်စီးခြင်းနှင့်ပတ်သက်ပြီး လူအများထိတ်လန့်မှု ဖြစ်လာသည့်အတွက် သန်လျင်မြို့နယ် ရဲတပ်ဖွဲ့က ဆေးရုံဝင်း နှင့် ရင်ခွဲရုံကို အစောင့်ချထားပြီး ကင်မရာများနှင့် ရိုက်ယူကြောင်း၊ ထိုသို့ စောင့်ကျပ် ရိုက်ယူခဲ့ရာ ရင်ခွဲရုံအောက်တွင် ကျင်းဖြင့် အိမ်ဖွဲ့နေသော မြွေပါကဲ့သို့ တိရစ္ဆာန်က ညဘက် တက်စားခြင်းဖြစ်ကြောင်း တွေ့ရသည်ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူ တဦးက ပြော သည်။

အဆိုပါသတင်းနှင့် ပတ်သက်၍ သန်လျင်မြို့နယ် ရဲစခန်းကို ဆက်သွယ် မေးမြန်းရာ ဖြေကြားခြင်း မရှိပေ။

သန်လျင်ဆေးရုံနှင့် နီးစပ်သူတဦးကလည်း“ဒီသတင်းက တော်တော်လေးပျံ့နေတယ်၊ တကယ်တော့ မြွေပါလို အကောင်ကြောင့် ဆိုတာ သိရပါပြီ၊ ဒါပေမယ့် လူတွေကတော့ ကောလာဟလ ပုံစံနဲ့ အမျိုးမျိုး ချဲ့ထွင်ပြီး ပြောနေကြတုန်းပဲ”ဟု ဆိုသည်။

သန်လျင်ဈေးအနီး နေထိုင်သည့် ကျောင်းဆရာတဦးကမူ“သန်လျင်ဆေးရုံမှာ ရေခဲတိုက်မရှိဘူးလေ၊ အလောင်းတွေကို ရေခဲနဲ့ ဒီအတိုင်း ထားရတာကြောင့် ကြွက်ကိုက်တာလည်း ဖြစ်နိုင်တယ်လို့ စဉ်းစားမိပါတယ်၊ ဒါမှမဟုတ်ရင် တယောက်ယောက်ရဲ့ နောက်ပြောင်မှုလည်း ဖြစ်နိုင်တယ်ပေါ့၊ ကျနော်ကတော့ သိပ်မယုံပါဘူး”ဟု ပြောဆိုသည်။
(ဧရာဝတီ)မှ
................................................................................................................................................
သန်လျင်မြို့မှာထူးခြားဖြစ်စဉ်တစ်ခုကြောင့်လူတော်တော်များများစိတ်လှုပ်ရှားနေပါသည်..။ဖြစ်ပွားပုံမှာ..သန်လျင်မြို့ ပြည်သူ့ဆေးရုံရှိ ရင်ခွဲထောင်တွင်ထားသော ရုပ်အလောင်းများမှာ ထူးခြားဆန်းကြယ်စွာဖြင့် လက်များ၊ပေါင်များတွင် ကုတ်ဖဲ့စားသောက်ထားသည့် အနေအထားမျိုးဖြင့် ပျက်စီးနေသည်မှာ ယခုသတင်းရရှိသော အချိန်အထိ အလောင်း (၁၈)လောင်းခန့်ထိုသို့ဖြစ်ပွားလျက်ရှိပါသည်။
တာဝန်ရှိသူများကလည်းအထူးစောင့်ကြပ်လျက်ဂရုစိုက်စောင့်ရှောက်နေသော်လည်း ဆက်လက်ဖြစ်ပွားလျက်ရှိနေပါသည်..။

၎.၄.၂၀၁၀ နေ့ညတွင်လည်း အလောင်းနှစ်လောင်းကိုထားရှိရာ၊တစ်လောင်းမှာ နားရွက် တစ်ဖက် ပျက်စီးလျှက်ရှိပြီး.၊နောက်တစ်လောင်းမှာပေါင်သားများပျက်စီးလျှက်ရှိနေပါသည်။ထိုသို့ပျက်စီးသွားသောရုပ်အလောင်းများထဲမှ အချို့သော ပိုင်ရှင်များမှ ဆေးရုံအုပ်ချုပ်သူများအား တရားစွဲဆိုထားကြောင်းကိုလည်း ကြားသိရပါသည်။
ထို့ကြောင့် ၅.၄.၂၀၁၀ နေ့ နံနက်ပိုင်းတွင် တိုင်းအဆင့်ရှိ တာဝန်ရှိ သူများမှသန်လျင်ဆေးရုံကြီးသို့ရောက်ရှိလာပြီး မြို့နယ် တာဝန်ခံများကို ယခုအမှုအားအမြန်ဖော်ထုတ်ပေးရန် ဆူပူကျိန်းမောင်းလျက်ရှိသည်ကို တွေ့ရှိရသည်ဟု မျက်မြင် တစ်ဦးကပြောပြပါသည်။

ထိုညတွင် မြို့နယ်ရဲတပ်ဖွဲ့မှ ညပိုင်းတွင်အထူးဂရုစိုက်စောင့်ကြပ်နေပါသော်လည်း ၅.၄.၂၀၁၀ ညတွင်လည်း အလားတူအဖြစ်အပျက် ထပ်မံကြုံတွေ့ရပြန်ကြောင်း မြို့ခံများမှ တဆင့် သိရပါသည်။

ထိုသို့သောဖြစ်ရပ်များအတွက် မြို့ခံများအနေဖြင့် သို့လောသို့လော ထင်မြင်ချက်မျိုးစုံဖြင့် လူများအကြား ထိတ်လန့်ဖွယ်ရာ တစ်ခုအဖြစ် လူပြောများလျက်ရှိပါသည်။

Friday, April 9, 2010

0 (၂၀၁၀) မင်္ဂလာဒိုးသင်္ကြန်သံချပ်များ(တိုကျို)


အသံဖွင့်ပြီး နားမထောင်နိုင်သူများ အတွက် အသံကို ပိတ်ထားပါတယ် အသံပါနားဆင်ချင်သူများကတော့ Mute Button လေးကို နှိပ်ပြီး Unmute လုပ်ပါ။

Thursday, April 8, 2010

0 အင်န်အယ်ဒီ၏ ပြည်သူသို့ ပြန်ကြားချက်သည် စစ်အစိုးရ၏ အနှစ် ၂၀ ကြာ မအောင်မြင်သောလမ်းစဉ်ကို ထင်ရှားစေပြီ

ကိုမိုက်ခဲစိန်
ဧပြီ ၇၊ ၂၀၁၀
ယမန်နေ့က ထုတ်ပြန်လိုက်သော အင်န်အယ်ဒီ၏ ပြန်ကြားချက်သည် ပြည်သူကို တောင်းပန်စာ သက်သက်သာမဟုတ်၊ လက်ရှိမြန်မာနိုင်ငံရေးအကြပ်အတည်း၏ ကြေညာချက်၊ ဝေဖန်ချက် စာတမ်းတခု ဖြစ်ပေသည်။

သာမန်အားဖြင့်ကြည့်လျင် အနှစ် ၂၀ လုံးလုံး စစ်အာဏာရှင်တို့၏ ဖိနှိပ် ဖမ်းဆီး နှိမ်နှင်းခြင်းတို့ကို ခါးစီး၊ ရင်စီးလျက် ခံယူပြီး တိုင်းပြည်၏ ဒီမိုကရေစီရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးတို့အတွက် အစွမ်းကုန် သူတို့ စွန့်လွှတ် စွန့်စားခဲ့ကြပြီ။ ပြည်သူတို့နှင့်အတူ ရင်ကို မြေကတုတ်လုပ်၍ ခံယူတိုက်ပွဲဝင်ခဲ့ကြပြီ။ သို့သော်လည်း တဖက်သော စစ်အာဏာရှင်တို့၏ တဖက်သတ် ဖိနှိပ်ချေမှုန်းမှုတို့ကြောင့် အကျိုးမရှိခဲ့ရသည်ကို ပြည်သူ့လူထုအား ရှင်းပြတောင်းပန်စာ သက်သက်မျှသာ ထင်ပါက အမှားကြီး မှားပေလိမ့်မည်။

အမှန်တကယ်အားဖြင့် ဆိုရလျင်မူ ၁၉၈၈ စက်တင်ဘာ ၁၈ ရက်နေ့တွင် တိုင်းပြည်၏ အချုပ်အခြာ အာဏာကို လက်နက်ဖြင့် အကြမ်းဖက် အဓမ္မ သိမ်းပိုက်ခဲ့သော၊ ပြည်သူလူထုနှင့် ကျောင်းသားလူငယ်တို့၏ အသက်၊ ၀ိဉာဉ်၊ သွေးချွေးတို့ကို စစ်ဖိနပ်ဖြင့် နင်းခြေပြီး အာဏာပလ္လင်ပေါ်သို့ အတင်းတက် နေရာယူခဲ့သော စစ်အာဏာရှင်တို့၏ ထိုအချိန်က ကတိစကားဖြစ်သည့် ပါတီစုံရွေးကောက်ပွဲကြီးလုပ်ပေးမည်၊ ထိုရွေးကောက်ပွဲကြီးပြီးမြောက်ပါက တိုင်းပြည်အာဏာကို ပြည်သူတို့၏လွှတ်တော်ကို အပ်နှံပြီး စစ်တန်းလျားကို ပြန်ကြမည် ဆိုသော ကတိစကားကို လက်ခံယုံကြည်ပြီး စစ်အာဏာရှင်တို့ ခင်းသော ရွေးကောက်ပွဲဖြင့် ဖြေရှင်းကြမည်ဆိုသော လမ်းကြောင်းကို အနှစ် ၂၀ လုံးလုံး နှစ်နှစ်ကာကာဖြင့် ဦးနှောက်နှင့် အသည်းနှလုံးတွင် ပန်ဆင်ကြလျက် ကျောင်းသား၊ လူငယ်၊ ပြည်သူနှင့် နိုင်ငံရေးပါတီအသီးသီးတို့ သည်းခံ ကြိတ်မှိတ် အံကြိတ်ပြီင်္း လျောက်ခဲ့ကြသော ခလုတ်ကန်သင်း၊ ထောင်ခြောက်၊ အဆိပ်အတောက်တို့ဖြင့် ပြည့်စုံနေသော အနှစ် ၂၀ ကြာညောင်းခဲ့ပြီ ဖြစ်သော ငရဲလမ်းစဉ်မှ အင်န်အယ်ဒီပါတီကြီးနှင့် ခေါင်းဆောင်တို့က ရဲရင့်တည်ကြည်စွာ လမ်းခွဲစကား ဆိုလိုက်ခြင်းပင် ဖြစ်ပေတော့သည်။

၁၉၈၈ စက်တင်ဘာလ ၁၈ ရက်နေ့က ဆိုခဲ့သော ပေးအပ်ခဲ့သော ကတိစကားကို မတည်သော စစ်အာဏာရှင်တို့သည် နောင် အနှစ် ၂၀ ကျော် ကြာလတ်သောအခါတွင်လည်း ထပ်မံပြီး ကတိစကားကို ပေးကြပြန်လေပြီ။ ၂၀၁၀ တွင် ရွေးကောက်ပွဲလုပ်ပေးဦးမည်။ ပြည်သူ့လွှတ်တော်တွင် ဖြေရှင်းကြပေဦးမည် ဆိုလာပြန်လေသောအခါ အတိတ်က လျောက်ခဲ့ပြီးခဲ့ပြီဖြစ်သော ငရဲလမ်းစဉ်ကို မေ့လျော့သော မောဟအတိဖုံးကြကုန်လျက် နောင် သံသရာမဆုံးတော့မည့် ငရဲလမ်း အမှောင်တိုက်ထဲသို့ ပြည်သူလူထုနှင့် အနာဂတ်မျိုးဆက်တို့ကို ဆက်လက်တွန်းပို့ကြဦးတော့မည်လော။ ယခုအချိန်သည် စစ်အာဏာရှင်တို့ လှည့်စား အကောက်ကြံထားပြီးဖြစ်သည့် ငရဲလမ်းစဉ်မှ လမ်းခွဲကြရုံမှ တပါး အခြားမရှိတော့ပြီ ဖြစ်ကြောင်း အင်န်အယ်ဒီပါတီက နိုင်ငံရေးဉာဏ်အလင်းသစ် ပေးလိုက်ခြင်းသာ ဖြစ်တော့၏။

စစ်အာဏာရှင်တို့၏ ကတိစကား၊ သီလနှင့် သစ္စာ မတည်ကြည်မှု၊ ဖောက်ပြန်မှုတို့၏ သက်သေကို ထင်ရှားစေပြီးသည့်နောက်တွင် စစ်အာဏာရှင်တို့၏ ရွေးကောက်ပွဲသည် ယုံကြည်စရာ မဟုတ်တော့။ စစ်အာဏာရှင်တို့သည် တိုင်းပြည်၏ အနာဂတ်ကောင်းကျိုးကို ထမ်းဆောင်နိုင်သည့် အစိုးရဟူသော ဂုဏ်ရည်သိက္ခာနှင့် မညီညွတ်တော့ပြီ ဖြစ်ကြောင်းလည်း ထင်ရှားစေပြီ ဖြစ်ပါသည်။
ဒီမိုကရေစီကို လိုလားသော မြန်မာပြည်သူလူထုနှင့်တကွ နိုင်ငံတကာမိသားစုများကို လွန်ခဲ့သော အနှစ် ၂၀ ကျော်က ရွေးကောက်ပွဲလမ်းစဉ်ဖြင့် ငြိမ်းချမ်းစွာ အဖြေရှာကြမည်ဟု မျက်နှာချိုသွေးပြီး အချုပ်အခြာအာဏာနေရာကို အယုံသွင်းရယူခဲ့သော စစ်အာဏာရှင်တို့၏ တရားဝင်ဖြစ်တည်မှုသည် ယနေ့ အင်န်အယ်ဒီပါတီဝင်များ၊ ပါတီ၏ ခေါင်းဆောင်များ၏ တညီတညွတ်တည်း လက်တွဲဖြုတ်မှု၏ အောက်တွင် မည်သို့သော ဆင်ခြေများ၊ ငြင်းခုန်မှုများ၊ မျက်ရည်ခံထိုး ဖြေရှင်းမှုများနှင့် ဆက်လက်ခရီးဆက်ကြမည်နည်း။

ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးနှင့် သာတူညီမျှ ယှဉ်တွဲနေထိုင်ရေးကို မျှော်လင့်ယုံကြည်သူများနှင့် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးကို ဆောင်ရွက်လိုသူများအနေနှင့် စစ်အာဏာရှင်များနှင့် ၎င်း၏ ငရဲလမ်းစဉ်မှ လက်တွဲဖြုတ်ကြပြီး အင်န်အယ်ဒီ၊ ၈၈ မျိုးဆက်ကျောင်းသားများ၊ သပိတ်မှောက် သံဃာတော်များနှင့် အပြည့်အ၀ထောက်ခံ လက်တွဲ အားပေးသွားကြဖို့သာ အထင်ရှားဆုံး လမ်းဖြစ်တော့သည်။
ယခုကဲ့သို့ စစ်အာဏာရှင်၏ ငရဲလမ်းမှ ခွဲထွက်ဝံ့သူ အင်န်အယ်ဒီကို မိမိတို့ ဂုဏ်ယူစွာဖြင့် ဆက်လက်ထောက်ခံလက်တွဲသွားမည် ဖြစ်ကြောင်း ကတိစကားပြောကြယုံသာ။ တောင်းပန်စကား ဆိုနေစရာ မလိုပါ။ အင်န်အယ်ဒီသည် ခရီးမတ်တပ် လမ်းခုလပ်မှာ ကိုယ်လွတ်ရှောင်ခွာ သွားခဲ့ရသူ မဟုတ်၊ ပြည်သူလူထုနှင့်အတူ ဒီမိုကရေစီရေးလမ်မှန်ကို ဆက်လျောက်နေဦးမှာ ဖြစ်သမျှ တောင်းပန်စရာ မလိုပါ။

မိုးမခမှကူးယူဖော်ပြပါသည်။

0 ABMA Volume 1 No 5 ဂျာနယ်

0 စည်းလုံးညီညွတ်သောတိုင်းရင်းသားလူမျိုးစုများမဟာမိတ်အဖွဲ့(UNA)၏ ရွေးကောက်ပွဲကော်မရှင်ထုတ်ပြန်ချက်များအပေါ်သဘောထားကြေငြာချက်

0 ၂၀၁၀ရွေးကောက်ပွဲဆန့်ကျင်ဖို့ အတာသင်္ကြန်မှာဒီလိုဝတ်ကြစို့

0 အဖွဲ့ချုပ်ဟာ မိမိရဲ့ ဆုံးဖြတ်ချက်တွေကို ခိုင်ခိုင်မာမာ ရပ်တည်ရမယ်ဟု လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပြောဆို

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ အဖွဲ့ချုပ်၏ ၂၉ရက်နေ့က တညီတညွတ်တည်း ဆုံးဖြတ်လိုက်သည့် ပါတီမှတ်ပုံမတင်ရေး ဆုံးဖြတ်ချက်အား ကျေနပ်ကြောင်းနှင့် အဖွဲ့ချုပ်အနေနဲ့ မိမိရဲ့ ဆုံးဖြတ်ချက်တွေကို ခိုင်ခိုင်မာမာ ရပ်တည်ဖို့ ယနေ့ အကျိုးဆောင်ရှေ့နေကြီးများ ဖြစ်ကြသည့် ဦးကြည်ဝင်း၊ ဦးဥာဏ်ဝင်းတို့နှင့် ၂နာရီခန့် တွေ့ဆုံခွင့်ရစဉ် ပြောဆိုလိုက်ပါတယ်။

ဒီကနေ့နေ့လည် ၁နာရီကနေ ၃နာရီအအထထိ ဒေါ်အောင်ဆန်းစုကြည်နဲ့ ၂နာရီလောက် တွေ့ခွင့်ရပါတယ်။ အထူးအယူခံကိစ္စအတွက် ဥပဒေအကြောင်းအရာ အချက်(၇)ချက်ထဲက (၅)ချက်တော့ ညှိနှိုင်းပြီးစီးသွားပြီး.. ကျန်တဲ့ (၂)ချက်ကတော့ နောက်တခါသွားမှ ဥပဒေတွေမှာ ရှာဖွေပြီး ပြန်ညှိရမယ်။ ဒီနေ့ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ချုပ်ကိစ္စစကားပြောဖြစ်ပါတယ်။ ပြီးခဲ့တဲ့လ (၂၉)ရက်နေ့က ဆုံးဖြတ်လိုက်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်မတင်ကိစ္စကို အဖွဲ့ချုပ်ဝင်တွေ တညီတညွတ်တည်း ဆုံးဖြတ်နိုင်တာ ဝမ်းသာ.. ကျေနပ်တယ်... နောက်မနေ့က အဖွဲ့ချုပ်က ထုတ်ပြန်တဲ့ ပြည်သူသို့ ပန်ကြားချက်ကို သဘောတူတယ်။ ... နောက်အဖွဲ့ချုပ်ဟာ မိမိရဲ့ ဆုံးဖြတ်ချက်တွေကို ခိုင်ခိုင်မာမာ ရပ်တည်ဖို့ မှာကြားလိုက်ပါတယ်။ နောက်ဒေါ်အောင်ဆန်းစုကြည် မှာလိုက်တဲ့ အဖွဲ့ချုပ်ရဲ့ ဥပဒေကြောင်းအရ လုပ်ဆောင်ရမယ့် အချက်တွေကို.. အန်ကယ်တို့ သင်္ကြန်ပိတ်ရက်တွေ ပြီးရင်လုပ်ဆောင်ပါမယ်။ နောက် အဖွဲ့ချုပ်နဲ့ ပတ်သတ်တာတွေ မှာလိုက်တယ်... နောက်ပုဂ္ဂိုလ် တစ်ဦးချင်းအလိုက် မှာလိုက်တာတွေလည်း ရှိပါတယ်။ လုပ်ဆောင်စရာတွေ လုပ်ဆောင်ပြီးရင် အန်ကယ် ပြောပြနိုင်ပါမယ်။ ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုသွားပါတယ်။

နောက်တခုကတော့ တနေ့က ဦးအောင်ဆန်းဦး တားဝရမ်း ကိုတရားရုံးက ပယ်တဲ့ဟာကို ယူပြီး စည်ပင်ကို နေအိမ်ပြန်လည် ပြင်ဆင်ခွင့်ရဖို့ အန်ကယ်တို့ လုပ်ပေးရပါမယ်။ နေအိမ်က ပြင်လက်စတန်းလန်း နောက်ပြီးခြံထဲမှာရှိတဲ့ အပင်တွေက နာဂစ်တုန်းက ပါသွားတော့ အခုနွေရာသီဆိုတော့ တော်တော်ပူတယ်လေ။ ကျန်းမာရေး အနေနဲ့ကတော့ ကောင်းတယ်လို့မြင်ပါတယ်။ မိသားစုဆရာဝန် ဒေါက်တာတင်မျိုးဝင်းနဲ့ Medical Check Up လုပ်ဖို့ရှိတယ်လို့တော့ ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ စစ်အစိုးရရဲ့ မတရားတဲ့ ရွေးကောက်ပွဲ ဥပဒေ ထွက်ရှိလာပြီးတဲ့နောက် ပါတီမှတ်ပုံတင်မတင်၊ ရွေးကောက်ပွဲ ဝင်မဝင်ကိစ္စနဲ့ ပတ်သတ်ပြီး အကြပ်အတည်းများနဲ့ ယှဉ်ဆိုင်ခဲ့ရပြီး ပြီးခဲ့တဲ့ မတ်လ (၂၉)ရက်နေ့က ကျင်းပတဲ့ ပြည်နယ်နှင့်တိုင်းက ဗဟိုအလုပ်အမှုဆောင် ၁၀၀ကျော် အစည်းအဝေးမှာ ပါတီမှတ်ပုံမတင်ရန်နှင့် ရွေးကောက်ပွဲ မဝင်ရန်တညီတညွတ်တည်း ဆုံးဖြတ်ချက် ချနိုင်ခဲ့ပါတယ်။ စစ်အစိုးရမှ သတ်မှတ်ထားသည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ရမည့်ရက် နောက်ဆုံးရက်မှာ လာမည့်မေလ (၇)ရက်နေ့ နောက်ဆုံးဖြစ်ပါတယ်။

သတင်း ဒီမိုဝေယံ....

Wednesday, April 7, 2010

0 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှပြည်သူလူထုသို့ပန်ကြားလွှာနှင့် စီမံခန့်ခွဲရေးကော်မတီဖွဲ့စည်းမှု

0 ၂၀၀၈-၂၀၁၀ ဆန့်ကျင်ရေးနှင့် လူထုလှုပ်ရှားမှုဖော်ထုတ်ရေး ဆွေးနွေးပွဲမှ ဆုံး ဖြတ်ချက်များ

Tuesday, April 6, 2010

0 ပြည်သူသို့ ပန်ကြားချက်၊ ဒီမိုကရေစီ ရရှိရေး NLD ဆက်လက် ကြိုးပမ်းသွားမည်

မတ်လ ၈ ရက်နေ့က စစ်အစိုးရ ထုတ်ပြန်ခဲ့တဲ့ ရွေးကောက်ပွဲ ဥပဒေတွေအရ ရက်ပေါင်း ၆၀ အတွင်း ရွေးကောက်ပွဲ ကော်မရှင်မှာ မှတ်ပုံမတင်ရင် နိုင်ငံရေးပါတီအဖြစ် ရပ်တည်ခွင့် မရှိဘူးဆိုတဲ့ အချိန်မှာ အဓိက နိုင်ငံရေးပါတီကြီးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ပါတီမှတ်ပုံတင်မှာ မဟုတ်ဘူးလို့ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ ပြောကြားခဲ့ပါတယ်။

NLD ပါတီရဲ့ ရှေ့ဆက် ရပ်တည်ချက်နဲ့ ပတ်သက်ပြီး ပြည်တွင်းပြည်ပက စိတ်ဝင်တစား စောင့်ကြည့်နေတဲ့ အချိန်မှာပဲ ဒီနေ့ CEC အဖွဲ့ရဲ့ အစည်းအဝေးကနေ ပြည်သူသို့ ပန်ကြားလွှာတစောင် ထုတ်ပြန်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ပြောခွင့်ရ ဦးဝင်းတင်ကို ဒေါ်ခင်မျိုးသက်က ဆက်သွယ်မေးမြန်းရာ ဦးဝင်းတင်က အခုလိုပြောပါတယ်။

“ဒီနေ့ NLD အစည်းအဝေးလုပ်တယ်။ လူစုံတက်ပါတယ်၊ ဥက္ကဋ္ဌ ဦးအောင်ရွှေလည်း တက်ပါတယ်၊ ဒု-ဥက္ကဋ္ဌ ဦးတင်ဦးလည်း တက်ပါတယ်၊ အစုံတက်ကြပါတယ်။ အဲဒီမှာ ပြည်သူသို့ ပန်ကြားချက် ဆိုပြီးတော့ စာမျက်နှာ ၄ မျက်နှာလောက် ရှိတဲ့ စာတမ်းတစောင်ကို အတည်ပြုပါတယ်။”

ဒီပန်ကြားလွှာထဲမှာ NLD ရဲ့ လုပ်ဆောင်ချက်တွေကို ပြည်သူသိအောင် ချပြတဲ့အပြင် NLD က ပြည်သူလူထုကို ဘယ်တော့မှ ကျောခိုင်းမှာ မဟုတ်ဘဲ ဒေါ်အောင်ဆန်းစုကြည်ကို မဏ္ဍိုင်ပြုပြီး ဒီမိုကရေစီ ရတဲ့အထိ ဆက်လက် ကြိုးပမ်းသွားမယ်လို့လည်း ပြောပါတယ်။

“NLD လုပ်ခဲ့တဲ့ လုပ်ငန်းတွေနဲ့ ပတ်သက်ပြီးတော့ အသေးစိတ်ပြောပါတယ်၊ ဒီစာတမ်းထဲမှာ။ အမျိုးသား ပြန်လည်သင့်မြတ်ရေး ကိစ္စမျိုးတွေတို့၊ ပြည်သူ့လွှတ်တော်၊ ၁၉၉၀ ရွေးကောက်ပွဲရလဒ် ကိစ္စမျိုးတွေတို့ ပြောခဲ့တယ်။ နောက်ပိုင်းကျတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုဦးစီး အစည်းအဝေးကနေ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီရဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများဟာ တရားမျှတမှု လုံးဝမရှိလို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို နိုင်ငံရေးပါတီအဖြစ် ထပ်မံ မှတ်ပုံတင်မည် မဟုတ်ကြောင်း အများသဘောတူ ကန့်ကွက်သူမရှိ ဆုံးဖြတ်လိုက်သည် ဆိုတဲ့ အချက်ကို ကျနော်တို့ ဖော်ပြပါတယ်။

“ဒါပေမဲ့ အဖွဲ့ချုပ်ဟာ ရွှေဂုံတိုင် ကြေညာစာတမ်းမှာ ဖော်ပြခဲ့တဲ့ အတိုင်းပဲ ပြည်သူလူထုကို လည်းကောင်း၊ ဒီမိုကရေစီ အရေးတော်ပုံကို လည်းကောင်း ဘယ်သောအခါမှ ကျောခိုင်း စွန့်ခွာသွားမယ် မဟုတ်ပါ။ ပြည်သူလူထုနဲ့ တသားတည်း ရှိနေမယ်။ နောက် ပြည်သူလူထုရဲ့ ခေါင်းဆောင်၊ ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို မဏ္ဍိုင်ပြုပြီး ဒီမိုကရေစီ ရည်မှန်းချက်များ အောင်မြင်သည်အထိ စနစ်ကျသော၊ ငြိမ်းချမ်းသော၊ အကြမ်းမဖက်သော နည်းလမ်းများဖြင့် ဆက်လက် အားထုတ် ကြိုးပမ်းသွားမည် ဖြစ်ပါကြောင်း ဆိုပြီးတော့ ကြေညာပါတယ်။ အဲဒါပါပဲ။

“ဒီစာတမ်းကိုလည်း ကျနော်တို့ သဘောတူပြီး ဆုံးဖြတ်လိုက်ပါတယ်။ ဒါက တိုင်းပြည်ကို ကျနော်တို့ ပြောပြရမယ့် ကိစ္စတွေပေါ့ဗျာ။ ကျနော်တို့ ဆောင်ရွက်ခဲ့တာတွေ၊ ဒါတွေကို ပြောပြီးတော့ ရှေ့ ကျနော်တို့ ဘယ်လိုရပ်တည်ပြီး ဆောင်ရွက်သွားမယ် ဆိုတာကို ပြောတာပါပဲ။”

NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင် ပြောပြသွားတာ ဖြစ်ပါတယ်။

NLD က နိုင်ငံရေးပါတီအဖြစ် မှတ်ပုံမတင်တာဟာ ဒီနှစ်ထဲ ကျင်းပဖို့ ပြင်နေတဲ့ ရွေးကောက်ပွဲအတွက် ထုတ်ပြန်ခဲ့တဲ့ ဥပဒေတွေဟာ တရားမျှတမှု မရှိတာကြောင့်လို့ ဖော်ပြထားပြီး ဒီတရားမျှတမှု မရှိတဲ့ ဥပဒေ ထုတ်ပြန်မှုကို အာဆီယံအဖွဲ့ဝင် နိုင်ငံတွေနဲ့တကွ နိုင်ငံတကာကပါ ၀ိုင်းဝန်း ပြစ်တင်နေကြတာ ဖြစ်ပါတယ်။ (v0a)

0 “နင်ကအကောင်ကြီးလိုဲ့”
ကာတွန်း-ဟန်လေး

Monday, April 5, 2010

0 နအဖ ရဲ့ လက်ကိုင်တုတ် တွေ ကိုကျော်သူရဲ့ Facebook Website ကိုလုပ်ကြံလိုက်ခြင်း


လူမှုရေးလုပ်ငန်းများ လုပ်ဆောင်နေသော ကိုကျော်သူအား သူ၏ နာရေးကူညီမှုအသင်း(ရန်ကုန်)နှင့် ပတ်သက်သော သတင်း၊ ဆောင်းပါးများ ပါရှိနေသည့် Facebook Website ရှိ KyawthuFans တွင် Post များ၊ Comments များ ရေးသားမရခြင်းနှင့် သတင်းဆောင်းပါးအသစ်များ မပါရှိတော့သည့်အတွက် မေးမြန်း ကြည့်ရာတွင် ကိုကျော်သူမှ အောက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ပါသည်။

(ဟုတ်တယ် … Facebook Website က ကျွန်တော်ရဲ့ Kyawthufans ဆိုတာ .. ကျွန်တော်ရဲ့ Fan ပရိတ်သတ်တွေက လုပ်ပေးထားတာ။ ဒါကြောင့်လဲ ကျွန်တော်ရဲ့ လူမှုရေးကူညီမှု ကိစ္စတွေကို ပရိတ်သတ်ကို ချပြနိုင်ခဲ့ပါတယ်။ ကိုယ်ကျိုးမပါတဲ့ လုပ်ရပ်ပါ။ ဒါပေမယ့် (၃) ပတ်လောက်ရှိပြီ။ တစ်စုံတစ်ယောက် ဒါမှမဟုတ် အဖွဲ့အစည်းတစ်ခုကနေ အဲဒီ Facebook Website ကုမ္မဏီကို လုပ်ကြံဇာတ်ခင်းပြီး ပိတ်ခိုင်းလိုက်တာ။ နာရေးကူညီမှုအသင်း(ရန်ကုန်)ရဲ့ Gmail (ဂျီမေး)ကိုလည်း ပိတ်မယ် .. ဘာညာနဲ့ Warning (သတိ) ပေးပြီး အကြောင်းကြား စာပို့ခံရတယ်။

"ဘာတွေလည်းဗျာ .. အေးအေးဆေးဆေး အခမဲ့ မသာချပေးနေတဲ့ သူကို လာတိုက်ခိုက်တာ။ အခမဲ့ မသာချပေးနေတဲ့ သူကို မနာလိုတွေဖြစ်နေတာ။ ရှင်းရှင်းပြောရရင် ကျွန်တော် အလုပ်ကြံခံရတာပဲ။ ကျွန်တော်ကတော့ အေးဆေးပါ။ ဒါပေမယ့် ကျွန်တော်နဲ့ ပတ်သက်နေတဲ့ ပုဂ္ဂိုလ်ပိုင်းကတော့ ဒီအတိုင်း ကြည့်နေမှာ မဟုတ်ဘူး။ ၀ဋ်လည်လိမ့်မယ်လို့ပဲ ပြောလိုက်ပါမယ်။ ကိုယ့်ပြုသောကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာမယ်နော့ . . . . ။"

ကျွန်တော် နောက်ထပ်ပြီးတော့တင်ဖို့ ဆောင်းပါးလေးတွေ ရေးထားတာ ရှိတယ်။ ယခု ကျွန်တော်ရဲ့ kyawthufans အပိတ်ခံထားရတော့ နာရေးကူညီမှုအသင်း(ရန်ကုန်)ရဲ့ သတင်း၊ ဆောင်းပါးတွေတင်ဖို့ ရေးထားတာတွေလည်း တင်လို့မရဘူး ဖြစ်နေတာပေါ့။ ကျွန်တော် “ မျိုးဆက်သစ် Hip Hop လူမှုရေး သူရဲကောင်းများ” ဆိုတဲ့ ဆောင်းပါးလေး တင်ဖို့ ရှိပါတယ်။ တင်လို့ပြန်ရခဲ့ရင်တော့ Fans ပရိတ်သတ်များ အသစ်ထပ်ပြီး ဖတ်ရှုအားပေးလို့ ရမှာပါ…) ဟု ဖြေကြားသွားပါသည်။

Sunday, April 4, 2010

0 အပြည်ပြည်ဆိုင်ရာ မြန်မာမိသားစုများ၏ ပြည်သူ့ဂုဏ်ရည်ဆု


အပြည်ပြည်ဆိုင်ရာ မြန်မာမိသားစုများ၏

ပြည်သူ့ဂုဏ်ရည်ဆု

Washington D.C, Virginia, Maryland Metro Area, New York, Buffalo, Boston, Fort Wayne, Phoenix, Seattle, San Francisco and Los Angeles

www.citizenofburma.org

P.O Box 1276, Baldwin Park, CA 91706, USA

အမေရိကားရောက် မြန်မာမိသားစု အသိုင်းအဝန်းများမှ မြန်မာပြည်တွင်း စေတနာ့ဝန်ထမ်း လူမှုလုပ်ငန်း စွမ်းဆောင်သူများသို့ ၎င်းတို့၏လုပ်ရပ်များအတွက် ကျေးဇူးတင် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း အခမ်းအနား ကျင်းပပြီး နှစ်စဉ်ဂုဏ်ပြုမည့် ပြည်သူ့ဂုဏ်ရည် (Citizen of Burma Award) ဟု အမည်ပေးထားသည့် အစီအစဉ် တရပ်ကို ဝိုင်းဝန်း အကောင်အထည်ဖော်နေကြပါတယ်။

မြန်မာပြည်သားအချင်းချင်း ရိုင်းပင်းကူညီ ပြည်သူ့ ဂုဏ်ရည်လို့ ရိုးရိုးလေးကြွေးကြော်ထားတဲ့ အဲဒီ အစီအစဉ်မှာ ပူးပေါင်းပါဝင် ဆောင်ရွက်နေကြတဲ့ အမေရိကားမြို့စာရင်းများအရ ပြည်နယ်အသီးသီးမှ မြို့ကိုးမြို့အထိ ရှိနေပြီဖြစ်ပြီး၊ ကျန်စိတ်ပါဝင်စားတဲ့ မြို့တွေနဲ့ ဆက်သွယ်ဆောင်ရွက်နေပါတယ်။

ပထမအကြိမ်အနေနဲ့ အမေရိကန်ပြည်ထောင်စုမှာ ရှိနေတဲ့မြို့များနဲ့ စတင်မှာဖြစ်ပေမယ့် နောင်လာမယ့် နှစ်များမှာတော့ အပြည်ပြည်ဆိုင်ရာ မြန်မာမိသားစုများရဲ့ ဂုဏ်ပြုရေးအစီအစဉ်အဖြစ် ကျယ်ပြန့်လာစေရန် ရည်ရွယ်ထားပါတယ်။ ဒီအစီအစဉ်မှာ ပူးပေါင်းပါဝင်ကြတဲ့ မြို့များထဲမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပလိုတဲ့ မြို့တွေမှာ နှစ်စဉ် အလှည့်ကျဂုဏ်ပြုပွဲများ ကျင်းပသွားမှာဖြစ်ပြီး ပထမအကြိမ်ဂုဏ်ပြုပွဲကို ဧပြီလ၂၄ ရက်နေ့မှာ လော့စ်အိန်ဂျယ်လိစ်မြို့၌ ကျင်းပသွားဖို့စီစဉ်ထားပါတယ်။

မြန်မာပြည်တွင်း လူမှုရေးလုပ်ငန်းများကို ကိုယ်ကျိုးစွန့် အနစ်နာခံကာ အားကြိုးမာန်တက် လုပ်ဆောင်နေကြသူ များထဲက မိမိနှစ်သက်ရာ လူပုဂ္ဂိုလ် အဖွဲ့အစည်းတို့ကို ပြည်တွင်းပြည်ပမှ စိတ်ပါဝင်စားသူမည်သူမဆို အမည်စာရင်းများတင်သွင်းနိုင်ကြပြီး အဲဒီ တင်သွင်းတဲ့ အမည်စာရင်းများကို မြို့အသီးသီးမှ ရွေးချယ်ရေးအဖွဲ့ဝင် များက ငါးဦးစီပြန်လည်စိစစ်ဆန္ဒပြုကြမှာဖြစ်ပါတယ်။

မြို့အသီးသီးရဲ့ဆန္ဒပြုချက်များမှ မဲအများဆုံးရရှိသူငါးဦး (သို့မဟုတ်) ငါးဖွဲ့ကို အင်တာနက်ဆန္ဒမဲများမှတဆင့် အပြည်ပြည်ဆိုင်ရာ မြန်မာမိသားစု အသိုင်းအဝိုင်းများရဲ့ ဆန္ဒကိုတောင်းခံသွားမှာဖြစ်ပါတယ်။ နောက်ဆုံး ဆန်ကာတင် ငါးဦးကိုရွေးချယ်ရာမှာတော့ “လူမှုရေး လုပ်ငန်းများကို လုပ်ဆောင်ရာတွင် ကိုယ်ကျိုးစွန့်လွှတ် အနစ်နာခံမှု၊ ကျယ်ပြန့်ထိရောက် အောင်မြင်အောင် ဆောင်ရွက်ပြီးစီးနိုင်မှု၊ နိုင်ငံသားများနှင့် လူ့ဘောင် လောက အတွက်စံပြဖြစ်မှု”များအပေါ်တွင် အခြေခံလျှက် လျာထားရွေးချယ်သွားမှာ ဖြစ်ပါတယ်။

ဒီလို ဆန္ဒမဲများတောင်းခံခြင်းဟာ ပြည်သူအများ ဝိုင်းဝန်း ပါဝင်ဆောင်ရွက်နိုင်မယ့် အဓိကအစိတ်အပိုင်းဖြစ်ပြီး ပြည်တွင်းမှ လူမှုရေး သူရဲကောင်းများရဲ့ စိတ်စေတနာ သန့်သန့်နဲ့ လုပ်ဆောင်နေတဲ့၊ မြင့်မြတ်တဲ့ ဆောင်ရွက်
ချက်တွေအပေါ်မှာ အကဲဖြတ်၊ ခွဲခြား၊ အဆင့် သတ်မှတ် တာမျိုးမဟုတ်ဘဲ ပြည်တွင်း၊ပြည်ပ ပြည်သူအများစုရဲ့ ဆန္ဒကို ယေဘူယျ ထင်ဟပ်စေတဲ့ အင်တာနက်မှ ဆန္ဒပြုခြင်းပုံစံဖြင့်နှစ်စဉ်ရွေးချယ်ဂုဏ်ပြုသွားကြမှာဖြစ်ပါတယ်။

ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းမှ နိုင်ငံသားများရဲ့အကျိုးအတွက်လူမှုရေးလုပ်ငန်းများဆောင်ရွက်နေတဲ့နိုင်ငံသား များကို အဝေးရောက် ပြည်သူများက ကျေးဇူးတင် ဂုဏ်ပြုတဲ့ ဒီအစီအစဉ်အတွက် အမည်စာရင်း တင်သွင်းခြင်းကို www.citizenofburma.org မှာစတင် လက်ခံ နေပြီဖြစ်ပြီး နောက်ဆုံးဆန်ကာတင် ငါးဦးအား ဆန္ဒမဲပေးရွေးချယ်ခြင်းကိုတော့ ယခုနှစ်အတွက် ဧပြီလ ၁၂ရက်နေ့မှ ၂၁ရက် နေ့အထိလုပ်ဆောင်သွားကြမှာ ဖြစ်ပါတယ်။ ဆက်သွယ်ရန်လိပ်စာကတော့ - contacts@citizenofburma.org ဖြစ်ပါတယ်။ မြို့အလိုက် လက်ရှိဆောင်ရွက်နေသူများကို Our Community စာမျက်နှာမှာ တင်ပြထားပါတယ်။

မြန်မာပြည်သားချင်း

ရိုင်းပင်းကူညီ ပြည်သူ့ဂုဏ်ရည်

1 မင်္ဂလာဒိုး (ဂျပန်)၏ ရဲရဲတောက်သင်္ကြန်သံချပ်များ



2010 ရဲ့  ရဲရဲတောက်သင်္ကြန်တေးသံချပ်များကိုဂျပန်နိုင်ငံရောက် မဂ်လာဒိုး အနုပညာအင်အားစု အဖွဲ့ မှ
စတင်ထုတ်ဝေဖြန့် ချီလျက်ရှိကြောင်းသတင်းကောင်း ပါးအပ်ပါသည်။ မြန်မာပြည်တွင်းမှသင်္ကြန်ချစ်သူသောတရှင်များနှင့် ပြည်ပရောက်မြန်မာလူမျိုးများနားဆင်ဖို့အတွက် ထိုသံချပ်များကို မင်္ဂလာဒိုးဝက်ဆိုဒ်မှတဆင့်ကူးယူနားဆင်နိုင်ပါပြီ။ http://mingalardoe.homeip.net/
မိမိတို့ဝက်ဆိုဒ်မှမကြာမှီရက်အနည်းငယ်တွင် http://mingalardoe.homeip.net/ ဗွီဒီယိုကြည့်ရှုနိုင်ရန်အတွက် စီစဉ်လျက်ရှိပါသည်...

ကျေးဇူးတင်စွာဖြင့်

မင်္ဂလာဒိုးအနုပညာအင်အားစု

သတင်းနှင့်အင်တာဗျူး...... ဆက်သွယ်ရန် ဦးဝင်းရွှေ
09046664547(ခေါင်းဆောင်)
ဦးမျိုးသန့်  09092414960(ခေါင်းဆောင်)
ဦးသောင်းထွန်းဦး 08034494471
ဦးခင်မောင်ဇော် 09093707462
ဦးထွန်းဝေ 09099671770
ကိုအေးမင်းကို 08056752824
ပေးပို့သူ ..ကိုထွန်းဝေ(မင်္ဂလာဒိုး) အားကျေးဇူးတင်ရှိပါသည်။

0 ၂၀၀၈-၂၀၁၀ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုဖော်ထုတ်ရေး ဒုတိယအကြိမ်မြောက်ဆွေးနွေးပွဲဓာတ်ပုံမှတ်တမ်းများ (ထိုင်း)


ပေးပို့သော ကိုအရှည်ကြီးအားကျေးဇူးတင်ရှိပါသည်။

0 ချောင်းကြည့်သူရဲ့ အမှား(အမှတ် ၂၁)-ကိုကြီးပေါ်


အမှတ် ၂၁
ခုတလောမှာ ကိုကြီးပေါ် တယောက်ဖြင့် “မပြောဘဲနဲ့ ကြားကြားမိတယ် မကြည့်ဘဲနဲ့ကို မြင်မိပါတော့တယ်...” လို့ အုံ့ပုန်းချစ် သီချင်းထဲကလို ဆိုနေဖြစ်ရတာကတော့ ဒီလအတွင်းမှာ ပေါ်ထွက်လာတဲ့ “ဥပဒေ” တွေကြောင့်ပါပဲ။

တိုင်းဗာရာ မြန်မာဏသီ ရွှေပြည်တော်ကြီးမှာ အာဏာသစ်ငုတ် ဗိုလ်ချုပ်မင်းကြီးများရဲ့ ၀မ်းတော်နှလုံးက လေပုန်းမြူးသလို ယိုကျလာတဲ့ အနှီ ဥပဒေတော်ကြီးများက နာဂစ်မုန်းတိုင်းထက် အဆရာထောင် သာလွန် ပြင်းထန်လှပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဥပဒေမုန်တိုင်း တချက်တိုက် အပြီးမှာ ဘယ့်နှယ် ညာ့နှယ် သို့လော သို့လော လေမုန်တိုင်းများက တကမ္ဘာလုံးမှာ ဆက်တိုက် ဆက်လက် တိုက်ခတ်နေလို့ပဲ ဖြစ်ပါတယ်။ ဒီမုန်တိုင်းတွေကြားမှာ ကိုကြီးပေါ် တယောက် ချာလည်ချာလည်နဲ့ မူးနောက်နေရာက မှန်ပြောင်းနဲ့ မျက်စိ တည့်တည့်တိုးမိလို့ ချောင်းကြည့်လိုက်တော့မှ...

ပါတီကင်ပေတိုင် နဲ့ ကောက်ရွေးပွဲ

ဒီမိုကရေစီ နတ်ပြည်ကြီးကို ဖန်ဆင်းတည်ဆောက်နေတဲ့ ဗိုလ်ချုပ်မင်းကြီးများက ၂၀၁၀ မှာ ကောက်ရွေးပွဲ လုပ်ပေးမယ် ဆိုတဲ့ ကတိကို ပေးထားခဲ့တာ အတော်ကြာနေပါပြီ။ ဘယ်တော့ လုပ်မယ်မှန်း မသိရပေမယ့် ဒီကောက်ရွေးပွဲသည်သာလျှင် ဒီမိုကရေစီ နတ်ပြည်သို့ သွားရာ နတ်စောင်းတန်း ဖြစ်ပေတယ်လို့ မြန်မာ့အရေး ကျွမ်းကျင်သူဆိုသည့် ပုဏ္ဏားဖြူညိုတွေက ဟောမိန့်တော်မူကြပါတယ်။ ဟပေးထားတဲ့ တံခါးပေါက်ကနေ တိုးဝင်ရမယ်လို့ ဆိုတဲ့သူများကလည်း ပါတီထောင်ပြီး အရံသင့်စောင့်နေကြပါတယ်။ ငါ, ငါ့မယား, ငါ့ညီ, ငါ့ယောက်ဖ, ငါ့ခယ်မ တို့နဲ့ ထူထောင်တဲ့ ပါတီတွေ ဆိုတော့ ပြည်သူများ အားကိုးလောက်မယ် ထင်ပါရဲ့။

ထိုထိုသော ပုဂ္ဂိုလ်များ မျှော်လင့်နေတဲ့ ဥပဒေတော်ကြီးများဟာ ဒီလမှာတော့ ရှူးခနဲ ရှဲခနဲ ပေါ်ထွက်လို့ လာပါပြီ။ ရှူးခနဲ ရှခနဲ ဖြစ်ရတဲ့ အကြောင်းကတော့ အလွန် စပ်လို့ပါ။ ကုလားအော်ငြုတ်ထက် စပ်တဲ့ ကမ္ဘာအော်ငြုတ်ပေါ့။ အမှန်ပဲ... တကမ္ဘာလုံးက ၀ိုင်းအော်လိုက်ကြတာ စီစီညံလို့။ ပါတီ ပါတီနဲ့ တတီတီ လုပ်နေသူတွေတောင် တီလို့ တွန့်သွားကြရသေးသပ။

ကမ္ဘာပေါ်မှာ ပုဒ်မ အများဆုံး ပါရှိတဲ့ ၂၀၀၈ နာဂစ် အခြေခံဥပဒေ အရ ဖွဲ့စည်းမယ့် လွှတ်တော်များ ပေါ်ပေါက်လာဖို့ အတွက် ဒီ ကောက်ရွေးပွဲတွေကနေ အစပြုရမှာပါတဲ့။ အနှီ လွှတ်တော်ကြီးများကို ဘယ်နည်း ဘယ်ပုံ ဖွဲ့စည်းမယ်ဆိုတာတွေ ကိုကြီးပေါ် မပြောတတ်ပါဘူး။ အလွန် ရှုပ်ထွေး ပွေလီလှတာမို့ ဖတ်မိလေတိုင်း အမယ်ဘုတ်ရဲ့ သူချည်ခင် ဖြစ်လို့ချည်း နေတော့တာ။ ကိုကြီးပေါ်က ခပ်ညံ့ညံ့ပေကိုး။ ဘယ်နားလည်ပါ့မလဲ။ သူ့ဥပဒေမှာက သမ္မတရယ်, စစ်ဦးစီးချုပ်ရယ်, ကာကွယ်ရေးဝန်ကြီးရယ် “ဗိုလ် ကျား သေနတ်” ပတ်လည်ရိုက်နေတာ။ ကလေးဘ၀တုန်းက ကျားဗိုလ်ဆွဲတန်း ကစားရတာ ပျော်စရာ အလွန်ကောင်း မဟုတ်လား။ နိုင်ငံတော် လူကြီးမင်းများလည်း ကျားဗိုလ်ဆွဲတန်း ကစားရင်း ပျော်ပျော်ရွှင်ရွှင်နဲ့ တိုင်းပြည်အုပ်ချုပ်နိုင်အောင် ဗိုလ်ချုပ်မင်းကြီးများက စဉ်းစားစီစဉ်ထားပုံ ရပါတယ်။

ထားပါတော့။ ဒါက လွှတ်တော်ကြီး ပေါ်လာမှ ဒန် ဒန့် ဒန်... ရမှာ။ ကနဦး လုပ်ရမှာက ကောက်ရွေးပွဲ။ ဒီနေရာမှာ ကိုကြီးပေါ်က “ကောက်ရွေးပွဲ” လို့ ရေးတာ စာမှားရိုက်တာ မဟုတ်ပါဘူး။ အမှန်တကယ် ကောက်ရွေးပွဲမို့ ရေးတာပါ။ နို့ စကားအမှန်က “ရွေးကောက်ပွဲ” ပါ။ မင်းက ဘယ့်နှယ် ကောက်ရွေးပွဲ ရယ်လို့ ဖြစ်ရတာတုန်းလို့ စောဒက တက်ချင်မယ် ထင်ပ။ ကိုကြီးပေါ်မှာလည်း ဖြေစရာ အဆင်သင့် ရှိသပ။ မြန်မာစကားမှာ ရွေးကောက်ပွဲနဲ့ ကောက်ရွေးပွဲ အဓိပ္ပာယ်ချင်း လုံးဝ မတူပါဘူး။

ဟိုးရှေး ရှင်ဘုရင်ခေတ်တုန်းက “ကောက်” “တော်ကောက်” “ကောက်စား” ဆိုတဲ့ စကားတွေ ရှိခဲ့တယ် မဟုတ်လား။ ချောချောလှလှ မိန်းကလေးတွေကို ရှင်ဘုရင်က သဘောကျရင် မယားအဖြစ် သိမ်းပိုက်လိုက်တာကို “ကောက်”တယ် “တော်ကောက်”တယ်လို့ ခေါ်တာပါ။ အမှုထမ်း တယောက်ယောက်ကို အခွင့်အရေးတွေ အများကြီး ပေးလိုက်တာကို ရှင်ဘုရင်က “ကောက်စား”တယ်လို့ ခေါ်တာပါ။ အရှင်ကောက်စားလို့ တောက်ကြွားတယ် ဆိုတဲ့စကား ကြားဖူးတယ် ဟုတ်။ အခုလည်းပဲ ဗိုလ်ချုပ်မင်းကြီးက သူသဘောကျတဲ့သူတွေကို လွှတ်တော်ထဲ ၀င်စေ ဆိုပြီး “ကောက်”တော်မူမှာ ဖြစ်ပါတယ်။

လွှတ်တော်မှာ အမတ် ၂၅ ရာနှုန်းက ဗိုလ်ချုပ်မင်းကြီးက ခန့်အပ်စေလွှတ်မယ့် စစ်သားတွေ။ ကျန်တဲ့ အမတ် နေရာတွေအတွက် ဘယ်သူက ဘယ်ကနေ ၀င်ရောက် အရွေးခံလို့ ဗိုလ်ချုပ်မင်းကြီးက နေရာချထား စီစဉ်နေတာ အားလုံး သိကြားနေရတယ် မဟုတ်လား။ သူ ကောက်ပြီး နေရာချပေးထားတဲ့ သူကိုပဲ ပြည်သူတွေက ရွေးပေး ရမှာ မဟုတ်လား။ အခြားသူကို ရွေးခဲ့ရင်ကော ဗိုလ်ချုပ်မင်းကြီးက အသာ ကြည့်နေတော် မူမတဲ့လား။

“ရွေးကောက်”လို့ ပြောရင် ရွေးတာက အရင်။ အများထဲက တယောက်ကို ရွေးပြီး ဒီလူပဲလို့ ကောက်ပေးရမှာ။ “ကောက်ရွေး”လို့ ပြောရင် ကောက်တာက အရင်။ ကောက်ပြီးသားကိုပဲ ရွေးပေးရမှာ။ ဒါကြောင့် ကိုကြီးပေါ်က ကောက်ရွေးပွဲလို့ ရေးတာ ဖြစ်ပါတယ်။

ကိုကြီးပေါ်ကတော့ ဗိုလ်ချုပ်မင်းကြီးရဲ့ ကောက်ရွေးပွဲကို နဂိုကတည်းက သိပ်အာရုံမကျတော့ ကောက်ရွေးပွဲဥပဒေ ဆိုတာကြီးကိုလည်း သိပ်စိတ်မ၀င်စားပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ကိုကြီးပေါ်ကို ဗိုလ်ချုပ်မင်းကြီးက ကောက်မှာ မဟုတ်တာ သေချာနေတာကိုး။ သူသဘောကျမယ့် အရည်အချင်းမျိုး ကိုကြီးပေါ်မှာ ဘာမှ မရှိဘူးလေ။ တကယ်လို့ မျက်စိလည်ပြီး ကောက်မယ်သာဆို အဟဲ... ကိုကြီးပေါ်လည်း ယားကျိကျိ ဖြစ်မိမှာ အသေအချာ။

အဲ စိတ်ဝင်စားမိတာကတော့ ရွှေပြည်တော်ကြီးမှာ “ပါတီကင်ပေတိုင်”ကြီး ပေါ်လာတာကိုပါ။ ဥပဒေ ၁/၂၀၁၀ နိဒါန်းမှာ ဟောသလို ရေးထားပါတယ်။
ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ နိုင်ငံသားတိုင်းသည် လွှတ်တော်များသို့ ရွေးကောက် တင်မြှောက်ခွင့်နှင့် ရွေးကောက်တင်မြှောက် ခံပိုင်ခွင့်တို့ကို ကျင့်သုံးကြရာတွင် ကြီးကြပ်ပေးရန်နှင့် နိုင်ငံရေးပါတီများကိုလည်း ကြီးကြပ်ပေးနိုင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် တရပ်ကို ဖွဲ့စည်းနိုင်ရေးအတွက် ... အောက်ပါဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

ဒီဥပဒေရဲ့ အခန်း (၃) တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ ပုဒ်မ ၈ (ဋ) မှာ -
နိုင်ငံရေးပါတီများကို ဥပဒေနှင့်အညီ ဆောင်ရွက်စေရန် ကြီးကြပ်ခြင်း, ကြီးကြပ်စေခြင်းနှင့် လမ်းညွှန်ခြင်း - လို့ ပါပါတယ်။

ပြီးတော့ ပုဒ်မ ၉ မှာ - ကော်မရှင်၏ ဆုံးဖြတ်ချက်နှင့် ဆောင်ရွက်ချက်များသည် အပြီးအပြတ် ဖြစ်စေရမည် - တဲ့။

ကဲ... အဲဒါကြီးကို ပါတီကင်ပေတိုင် မခေါ်လို့ ဘာခေါ်ရမလဲ။

နောက်တခုက ဥပဒေ ၂/၂၀၁၀ မှာ ပါတီမှတ်ပုံတင်မယ် ဆိုရင် ပုဒ်မ ၆ အရ ၀န်ခံချက် ပေးရမယ်။ ၀န်ခံချက် ခြောက်ချက်အနက် (ဂ) မှာ - ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ရေး - လို့ ပါပါတယ်။

နိဂုံးချုပ်လိုက်တော့ ဗိုလ်ချုပ်မင်းကြီးက သူ့ကိုယ်စား ပါတီတွေကို နှိမ်နင်းဖို့ ကင်ပေတိုင်ကြီးကို ပေါ်တင် ဖွဲ့စည်းလိုက်တာပါပဲ။

ကဲ ဒီတော့လည်း လွှတ်တော်ထဲကနေ ဥပဒေကို တဖြည်းဖြည်း ပြင်ယူမယ်ဆိုပြီး စိတ်ကူးတယဉ်ယဉ် ဘ၀င်တလှပ်လှပ်နဲ့ ခေါင်းပေါင်း ဖုန်ခါနေတဲ့, ဆံတုံး ပန်းပန်နေတဲ့ နတ်စောင်းတန်း ခြေတော်ရင်းမှာ ဖ၀ါးတကြွကြွ ဖင်တကွကွ ဖြစ်နေသူများ ပါတီကင်ပေတိုင်ကြီးကို မည်သို့ရင်ဆိုင်ကြမည့်အကြောင်း ဆက်လက်၍ ချောင်းကြည့်ဦးမည် ဖြစ်ပါကြောင်း...။

ကိုကြီးပေါ်

ပေးပို့သူ ။ ။ မိုးသောက်ကြယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.