Saturday, December 31, 2011

0 ဒီကနေ့ကျင်းပပြုလုပ်သော လွတ်လပ်ခြင်းအနုပညာ ရုပ်ရှင်ပွဲတော် (The Art of Freedom Film Festival)







လွတ်လပ်ခြင်းအနုပညာရုပ်ရှင်ပွဲတော်ကိုယနေ့ညနေလေးနာရီတွင်ပြည်လမ်းတော်ဝင်စင်တာခုနှစ်လွှာ၌စတင်ခဲ့ပြီးညနေငါးနာရီခွဲတွင်အခမ်းအနားကိုဖွင့်လှစ်ခဲ့သည်။အခမ်းအနားမစတင်မီတွင်(၁၆)နှစ်ခန့်ထုတ်ဝေခွင့်မရရှိခဲ့သည့်ငြိမ်းချမ်းရေးနှင့် သက်ဆိုင်သောသီချင်းကို အဆိုတော်ဆောင်းဦးလှိုင်က သီဆိုခဲ့ပြီး ခွန်အားဖြည့်မိငယ်သီချင်းကိုအဆိုတော်နေ၀င်းနှင့်ဂီတမိတ်အဖွဲ့သားတို့မှတစ်ကြိမ်စီသီဆိုဖျော်ဖြေခဲ့ကြသည်။အဆိုပါအခမ်းအနားသို့ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်တက်ရောက်အဖွင့်စကားပြောကြားခဲ့ပြီး အနုပညာရှင်များစွာတက်ရောက်လာခဲ့သည်ကိုလည်းတွေ့ရသည်။(messenger journal)

ရုပ်ရှင်ပွဲတော်တွင် ဝင်ရောက် ယှဉ်ပြိုင်သော ဇာတ်ကားပေါင်း ၁၈၈ ကား အနက်မှ ၅၃ ကားအား ဇကာတင် ဇာတ်ကားများအဖြစ် ရွေးချယ်ခဲ့ပြီး ဆုရွေးချယ်ခြင်းကို ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ (လွတ်လပ်ရေးနေ့) တွင် ကျင်းပပြုလုပ်မည် ဖြစ်ရာ ဇကာတင် ၅၃ ကားမှ ၅ ကားကို ဆုပေးအပ်မည် ဖြစ်ကြောင်း အဆိုပါပြိုင်ပွဲကို ကြီးကြပ်ဒိုင် အဖြစ် ဆောင်ရွက်နေသူ ဦးသူရ (ခေါ်) ဇာဂနာက ပြောကြားသည်။

ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံတွင် ပထမဆုံး အကြိမ် ကျင်းပသော လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော် အတွက် ရွေးချယ်ခံရသော ဇကာတင် ဇာတ်ကားများတွင် ပြိုင်ပွဲစည်းကမ်းနှင့် မညီညွတ်မှုကြောင့် ထုတ်ပယ်ခြင်း ခံရသည်ဟု ကနဦး သတင်းများ ထွက်ပေါ်ခဲ့သော ဒါရိုက်တာ ဝိုင်း၏ " အဲဒီအခန်းဖြတ် " ဇာတ်ကားလည်း ပါဝင်လာခဲ့ကြောင်း အဆိုပါ ရုပ်ရှင်ပွဲတော် ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သော The Voice Weekly သတင်းထောက်က ပြောကြားသည်။

Photo..Getty images.

0 လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၂၀၁၂ နှစ်သစ်ကူး ဆုတောင်း စကားသံ(ရုပ်/သံ)




၂၀၁၂ ခုနှစ်မှာ အမေစု မင်္ဂလာအပေါင်းနဲ့ပြည်စုံပြီး
ပြည်သူတွေရဲ့ ရင်ထဲကဆန္ဒတွေကို အမြန်ဆုံး အကောင်အထည်ဖေါ်နိုင်ပါစေ.....။ ပန်းချီ..မင်းကျော်ခိုင်

0 ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည့် ပြည်ထောင်စုတိုင်းရင်းသားများ ပညာရေးရန်ပုံငွေ ဂီတဖျော်ဖြေရေး(ရုပ်/သံ)

တိုင်းရင်းသားများ ပညာရေးရန်ပုံငွေ တေးဂီတဖျော်ဖြေပွဲမှ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဖွင့်အမှာစကား




Aung Aung (Brother of Htoo Eain Thin) performs Yarzawin Myar Yae' Thato Thamee at National League for Democracy Party's Charity Concert show in Yangon, Myanmar on 30 December 2011.

Video.. htootayzar

0 အထွက်နှင့် အဝင် (သို့မဟုတ်) ၂၀၁၂ကိုထွေးပွေ့ခြင်း

၂၀၁၁ ရယ်..နှုတ်ဆက်လိုက်ပုံများ ကြမ်းလိုက်ပါဘိတော့

အနိဌာရုံတွေ တဝကြီးလက္ကားပေး နင်သွေးအေးလိုက်ပုံက

ထောင်ဗူးဝတွေမှာ လူ့အခွင့်အရေးဓမ္မတေးတွေ အကျယ်ကြီးဖွင့်ပြ

ထောင်ဆေးရုံ ကုတင်အသီးသီးပေါ်က နိုင်ကျဉ်းတွေခင်ဗျာတော့

ဗျာဓိတရားနဲ့ အာဏာရှင် ပူးပေါင်းထားတဲ့အထုအထောင်းတွေအောက်မှာ

ယုံကြည်ချက်နှလုံးသွေးတွေ ရပ်မသွားအောင်

ကောင်းကောင်းမွေးမြူနေရ.. ။

မနောမြေပေါ်က သေနတ်သံဗုံးသံတွေက

ဝုန်းဆန်နေအောင်ရိုင်းမိုက် သမ္မတကြီးက ရပ်လိုက်ဆိုတာတောင်

ထပ်မိုက်ပြနေကြတဲ့

ဂွတ်ဂါးဗားမန့်ရဲ့ သမင်လိုက်ပွဲတွေကလည်း

အံ့သြကုန်နိုင်ဖွယ်... ။

တိုင်းပြည်က တခြားနေရာ မတိုးတက်ရင်သာနေရမယ်

မြောက်ဥက္ကလာလူသတ်မှု ဗိုလ်ချုပ်လမ်းပေါ်ကလူသတ်မှု

ယာကူဇာ ဂိုဏ်းစတား သနားတယ်ကွယ်.. ။

အုပ်ချုပ်သူလူတန်းစားနဲ့ လားလားမှမဆိုင်တဲ့

အများသုံးအိမ်သာလေးကိုတောင်

စက်ပစ်ကွင်းများထင်ရော့သလား

သနားစရာမိန်းမငယ်နှစ်ဦးရဲ့ သွေးအလူးလူးမြင်ကွင်း

လုံခြုံအေးချမ်းမှုတွေ ကင်းမဲ့

ခုတ်တဲ့နေရာက တခြား ရှတဲ့နေရာက တလွဲ... ။

ဗုဒ္ဓဘာသာ ကိုးကွယ်တဲ့တိုင်းပြည်တဲ့

ကြေးစည်သံတွေတောင် အ လို့

ရွှေညဝါ ဥူးသုမင်္ဂလ ဆရာတော်တွေကိုပါ ပါးစပ်ပိတ်

လက်ထိပ်သံတွေကတော့ တချွင်ချွင်မည်... ။

၂၀၁၁ရဲ့ နောက်ဆုံးထွက်သက်မှာ

ရက်ရက်စက်စက် နှုတ်ဆက်လိုက်ပုံကတော့

တမြို့လုံးတုန်ဟည်း ပေါက်ကွဲသံကြီးနဲ့အတူ

စက်ဆန်းအေဘီစီ မီးဘေး အသက်သွေးများစွာဆုံးရှံး

ဘဏ္ဍာငွေတွေ ဆုံးရှုံး လူမှုဝန်ထမ်းကောင်းတွေဆုံးရှုံး

..... ... ..ဆုံးရှုံး ..... ... ...ဆုံးရှုံး

သပွတ်အူအကြီးစားတွေကတော့ သုံးလို့မကုန် ဖြုန်းလို့မဆုံး.. ။

လူ့အခွင့်အရေး ပေါက္ခရဝဿမိုးပြေးလေး တပြိုက်နဲ့

စတုတ္ထမဏ္ဍိုင်တံခါးတချပ် ဖြတ်ကနဲ ဟ သွားရုံကလွဲလို့

နင် ဘာမှလည်း သုံးစားလို့မရခဲ့ပါဘူး ၂၀၁၁ရယ်.. ။

ဒါကြောင့် နင် သွားလိုရာသွားနိုင်ပြီလို့နှုတ်ဆက်လိုက်ပါရဲ့

တပြိုင်တည်းပါပဲ အရှေ့ဘက်က ရောင်စဉ်တန်းတွေကြားမှာ

အဿထိုရ် မြင်းရဲ့ခွာသံတွေနဲ့အတူ

၂၀၁၂ဟာ ဒုန်းစိုင်းလို့လာချေပေါ့.. ။

ကိုင်း.. ငါတို့လက်တွေ စုစည်းလို့

ယုံကြည်ချက်ထီးရိပ်အောက်ကနေ

၂၀၁၂ကို ထွေးပွေ့ လာမယ့်ဘေး ပြေးတွေ့ပြီး

ကလောင်သွားထက်ထက်နဲ့ ထောင်တံခါးတွေကို ဖျက်ကြစို့

မိုးမခပင်တွေ အထက်မှာလည်း

ချိုးဖြူငှက်တွေ ပျံဝဲဖို့

ဂရုဏာလက်တို့ပေါင်းစည်း

ဒုက္ခမီးတွေ ငြှိမ်းကြပါစို့... .. ။ ။

Zaw Myint Facebook

0 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှပြုလုပ်သော ပြည်ထောင်စုတိုင်းရင်းသားများပညာရေး ရန်ပုံငွေ တေးဂီတဖျော်ဖြေပွဲ

ရန်ပုံငွေပွဲမှာ အဆိုတော်အားလုံး လက်မှတ်ထိုးထားတဲ့ ၁၂၅ သိန်းတန် တီရှပ်



ကျွန်မ တက္ကသိုလ်ကျောင်းသူဘဝတုန်းက ကဗ္ဘာကျော် Beatles အဖွဲ့ရဲ့ ရှိုးတစ်ခုကို ရောက်ခဲ့ပါတယ်။ အဲဒါပြီးတော့ နှစ် ၄၀ကျော်ပြီးတော့ဒါပထမဦးဆုံး ဒီလို ဂီတရှိုး ပွဲတော်တစ်ခုကို ရောက်ခဲ့တာ ဖြစ်ပါတယ်။ အနှစ်လေးဆယ်ကျော်ပြီးတော့စောင့်ခဲ့ရတာ စောင့်ရကျိုးနပ်ပါ...တယ်။ ကျွန်မပြော ချင်တာက တစ်ချို့အရာတွေက ဘယ်လောက်ကြာကြာပဲစောင့်ရစောင့်ရ စောင့်ရ ကျိုးနပ်ပါတယ်လို့ ပြောချင်ပါတယ်။ ( တေးဂီတဖျော်ဖြေပွဲတွင် ဒေါ်အောင်ဆန်းစုကြည်မှ နှုတ်ဆက် စကားပြောကြားခြင်းမှ ) by ဒီမို ဖက်တီး

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကြီးမှူးကျင်းပတဲ့ ပြည်ထောင်စုတိုင်းရင်းသားများ ပညာရေးရန်ပုံငွေ တေးဂီတဖျော်ဖြေပွဲကို ဒီကနေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ မရမ်းကုန်းမြို့နယ် မင်းဓမ္မကုန်းမှာရှိတဲ့ MCC ဝင်းအတွင်း ကျင်းပပြုလုပ်နေတာဖြစ်ပါတယ် ။ အဲ့ဒီပွဲကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးနဲ့ ပရိသတ်တွေ အများအပြား လာရောက် အားပေးခဲ့ကြတာဖြစ်ပါတယ်။
Burma vj media network

Friday, December 30, 2011

0 မီးဘေးသင့် ပြည်သူများကို ဒေါ်အောင်ဆန်းစုကြည် သွားရောက်အားပေး


မီးဘေးဒုက္ခသည်များ ထားရှိရာ မဟာဝိဇယ ဘုန်းတော်ကြီးကျောင်းသို့ ဒေါ်အောင်ဆန်းစုကြည် ယနေ့နေ့လည် ၁၁း၃၀ တွင်လာရောက်ခဲ့သည်။ ကျောင်းထိုင်ဆရာတော်သို့ မည်သည့်လိုအပ်ချက်ရှိပါသလဲဟု လျှောက်ထားရာ ဆရာတော်က သင်္ကန်းတစ်စုံသာလိုသည်ဟု မိန့်သည့်အတွက် သင်္ကန်းတစ်စုံလှူဒါန်းခဲ့ကြောင်း၊ ဆရာတော်က မိန့်သည်။

ထို့နောက် ဒေါ်အောင်ဆန်းစုကြည်မှာ မီးဘေးဒုက္ခသည်များကို လိုက်လံနှစ်သိမ့်၊ အားပေးပြီး၊ ၄င်းတို့အတွက် လိုအပ်ချက်များကို မေးမြန်းခဲ့သည်။ ဒုက္ခသည်များက ပြန်လည်ထူထောင်ရေးအတွက် အိမ်ဆောက်ပစ္စည်းများ လိုအပ်ကြောင်း ပြန်လည်ပြောပြခဲ့ကြောင်း သတင်းရရှိသည်။ ထို့ကြောင့် မီးဘေးသင့်ပြည်သူများ၏ လိုအပ်ချက်အရ အိမ်ဆောက်ပစ္စည်းများကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လှူဒါန်းရန် စီစဉ်နေကြောင်း သတင်းရရှိသည်။ ဒေါ်အောင်ဆန်းစုကြည်မှာ မီးဘေးသင့်ပြည်သူများကို လိုက်လံအားပေးပြီးနောက် ၁၂း ၁၅ မိနစ်တွင် ပြန်လည်ထွက်ခွာသွားသည်။


7Day News Journal/Video. .Burma vj media network

0 မင်္ဂလာ အုပ်စုကြောင့် ရုပ်ရှင်လောက ပြိုလဲလာဟု သရုပ်ဆောင်များ၊ ဒါရိုက်တာများ စွပ်စွဲ

ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းနှင့် အထူးနီးစပ်သူ ဦးဇော်မင်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် မင်္ဂလာအုပ်စု၏ ချက်လှယ်နေမှုကြောင့် မြန်မာ့ ရုပ်ရှင်လောက ပြိုလဲလာခြင်းဟု ရုပ်ရှင်ဒါရိုက်တာတစ်ဦးက ပြောကြားသည်။

မြန်မာနိင်ငံတွင် ၂၀၁၂ ခုနှစ်ခုနှစ်တွင် ရိုက်ကူးပြီးစီးသော ဇတ်ကာကို လက်ရှိရုံတင်စနစ်အရ ၂၀၁၄ ခုနှစ်( ၂နှစ် နီးပါးကြာမှ) မှ ရုံတင်ခွင့်ရကြောင်း ရုပ်ရှင်ရုံများကို နှစ်ရှည်ငှားရမ်းလုပ်ကိုင်နေသော မင်္ဂလာအုပ်စုအနေဖြင့် ဆင်ဆာခွင့်ပြုချက်ရ ကားတစ်ကားကို ပြသချိန်သုံးပတ်နှုန်း သတ်မှတ်ထားကြောင်း အထက်ပါ ဒါရိုက်တာက ဆိုသည်။

မင်္ဂလာအုပ်စုပိုင် သမ္မတရုပ်ရှင်ရုံ တစ်ပွဲရုံပြည့် (၁၀၆၄၁၀၀)၁၀သိန်းရပြီး တစ်နေ့ ငါးပွဲပြသလျှင် တစ်ပတ်ကို သိန်း (၃၇၂)ကျော် ဝင်ငွေရှိကြောင်း တပတ် ဝင်ငွေ ၆၀% သိန်း(၂၂၀) ကျော်ဝင်သည့် ကားကို သုံးပတ်ပြသခွင့်ပြုပြီး ၈၀% ကျော်သိန်း(၂၉၇)သိန်း ရသည့်ကားကို ၄ပတ် ပြသခွင့်ပြုကာ အကယ်ဒမီ ဆုရကားကို ၀င်ငွေ ၆၀% မကျော်လျှင် ၂ပတ်သာ ပြခွင့်ရှိကြောင်း လူငယ်ထုတ်လုပ်သူတစ်ဦးက ပြောကြားသည်။

ထုတ်လုပ်သူများအနေဖြင့် မင်္ဂလာအုပ်စုမှ သတ်မှတ်ထားသော ငွေဝင်စံချိန်မှီအောင် ရုပ်ရှင်လက်မှတ်မျာ ပြန်ဝယ်ကာ မေတ္တာ လက်မှတ် ပေးဝေရ သဖြင့် အမြတ်မရတော့ကြောင်း အထူးသဖြင့် သမ္မတရုံ ရှေ့ဆုံတန်း ၆၀၀ တန်း ၅ တန်းမှာ မော့ကြည့်ရသဖြင့် လူမဝင်သည်ကို ထုတ်လုပ်သူမှ ဝယ်ဖြည့်ရ သည်ဟု ၎င်းဆိုသည်။

၂နှစ်နီးပါကြာမှ ရုံတင်သည့် ပြဿနာကို ဖြေရှင်းလိုလျှင် နေပြည်တော်နှင့် ရှေ့ဆောင်များတွင် မြန်မာကားများ ပြသခြင်းဖြင့် ဖြေရှင်းနိုင်ကြောင်း နှစ်ရှည် ငှားရမ်းထားသော ရုံများအနေဖြင့် မြန်မာကားများကို ဦးစားပေးပြသရန် လိုအပ်ပြီး မြန်မာကားမရှိမှသာ နိုင်ငံခြားကား ရုံတင်မည်ဆိုလျှင် ရုပ်ရှင်လောက ပြန်လည် ခေါင်းမော့လာမည်ဟု ရုပ်ရှင်လောကသားများက ဆိုသည်။

ရုပ်ရှင်ထုတ်လုပ်သူများအနေဖြင့် ဇတ်ကားတစ်ကားပြသနိင်ရန် သိန်းထောင်းချီ ရင်းနှီးထားရချိန်တွင် မင်္ဂလာအုပ်စုအနေဖြင့် ရုပ်ရှင်ရုံတစ်ရုံ တစ်လ ရှစ်သိန်းဖြင့် အစိုးထံမှ ငှားရမ်းလုပ်ကိုင်ခွင့်ရရှိနေသည်ဟု မြန်မာ့ရုပ်ရှင်လုပ်ငန်းမှ သိရှိရသည်။

မင်္ဂလာ ကုမ္ပဏီမှနှစ်ရှည် ငှားရမ်းထားသော ရုပ်ရှင်ရုံများမှာ ရန်ကုန်တွင် သမ္မတ၊ သွင်၊ နေပြည်တော်၊ ရှေ့ဆောင်ရုံတို့ဖြစ်ပြီး မန္တလေးတွင် ဝင်းလိုက်၊ မြို့မရုပ်ရှင်ရုံဖြစ်ကာ မင်္ဂလာရုပ်ရှင်ရုံမှာ ကုမ္ပဏီပိုင်ဖြစ်ကာ အားလုံးရုံကောင်းများကို လက်ဝါးကြီးအုပ်ထားသည်။

MP(yangonchronicle2011)

0ှမင်္ဂလာတောင်ညွန့်မြို့နယ်မီးလောင်ပေါက်ကွဲမှုတွင်ဝံ့ဝံ့စားစားထမ်းဆောင်ရင်းအသက် စွန့်ခဲ့ကြသောမြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များကိုလေးစားဦးညွှတ်ဂုဏ်ပြုပါသည်




ှမင်္ဂလာတောင်ညွန့်မြို့နယ်၊ကူးတို့ဆိပ်ရက်ကွက်တွင်းဖြစ်ပွားခဲ့တဲ့မီးလောင်ပေါက်ကွဲမှုတွင်ဝံ့ဝံ့စားစားထမ်းဆောင်ရင်း အသက်စွန့်ခဲ့ကြသော မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များကို လေးစားဦးညွှတ်ဂုဏ်ပြုပါသည်။
ရိုက်နေရင်းနဲ့မျက်ရည်ကျခဲ့မိပါတယ် ။ (Photo..Thu Ra Myo)

0 မြောက်ပိုင်းဒေသ မှ အရိုးတွန်သံများ (အပိုင်း-၃-) (အောင်မိုးဝင်း)


( လူသတ်အာဏာရူး စစ်ဘီလူးတို့ လက်ချက်ဖြင့်ခေါင်းဖြတ်အသတ်ခံလိုက်ရသော...ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂခေါင်းဆောင်
ကိုထွန်းအောင်ကျော် )

မိတ်ဆွေတွေကို အသိပေးစရာ နှစ်ခုရှိပါတယ်။ တကယ်တော့ ကျနော်ဟာဒီလိုစိတ်ထိခိုက်၊ဒဏ်ရာအနာတရ ဖြစ်စရာကောင်းတဲ့အကြောင်းအရာတွေကိုအင်တာနက်မှာတင်ပြီးမရေးချင်ပါဘူး။၁၉၉၈ထိုင်းနယ်စပ်ကိုရောက်လာကတည်းက ဒီကိစ္စတွေကို ရှင်းကြဖို့ ပွင့်ပွင့်လင်းလင်းပြောဆိုခဲ့ဘူးတယ်။ “အရေးတော်ပုံပြီး ရင် ရှင်းမှာပါ” ဆိုတဲ့ စကားနဲ့သာ ချွေးသိပ်ခဲ့တယ်။ ဒါပေမဲ့ သိကြတဲ့အတိုင်းပဲ။ ပြည်ပမှာ ဒီလို စရိုက်တွေနဲ့ သွားလို့ကတော့ အရေးတော်ပုံသက်တမ်း နောက်ထပ် နှစ်(၅၀) ကြာလည်း ပြီးနိုင်မယ် မထင်ဘူး။ လွန်ခဲ့တဲ့တနှစ်ကျော်လောက်ကဒေါက်တာနိုင်အောင်တယောက်၊ကျနော့်ဆီကိုလမ်းကြုံလို့အလည်ဝင်လာပါတယ်။ အဲ့ဒီတုံးကလည်း သူကတဆင့်၊ ရော်နယ်အောင်နိုင် ဆီကို စကားလက်ဆောင်ပါးလိုက်ပါတယ်။ ကာယကံရှင်တွေနဲ့တွေ့ဆုံဆွေးနွေးဖို့ လုပ်ပါ။ ဒီကိစ္စဟာ လူတွေသက်ရှိထင်ရှားရှိနေစဉ်မှာ ရှင်းရမယ် လို့ ပြောလိုက်ပါတယ်။ အဲ့ဒီစကားတွေကို ကျနော့ဘာသာ ကြားကနေ ပွဲစားလုပ်ပြောပေးနေတာ အကြောင်းရှိ ပါတယ်။ သူ့ကို သဲကြီးမဲကြီးလိုက်နေတဲ့ အုပ်စုတွေရှိနေသလို၊ အချိန်ကြာလာတာနဲ့အမျှ၊ ဒီကိစ္စကြီးက ရှုပ်ထွေးလာတော့မှာမို့ပါ။ ပက်ပက်စက်စက် ခံလိုက်ရသူတွေက အများကြီးပဲလေ။ ဘယ်လိုလုပ်ကြေအေးနိုင် မှာလဲ။ ပြီးတော့ ရော်နယ်အောင်နိုင်တယောက်ဘီဘီစီမှဘယ်လိုအလုပ်ပြုတ်ခဲ့သလဲ ဆိုတဲ့အချက်တွေကို လည်း ကျနော်သိနေလို့ပါ။

ကျနော်က ဒီလိုတွေးတယ်။ “လူသတ်မှုကြီးကဆိုးဆိုးဝါးဝါးဖြစ်ခဲ့ပြီ။ကျူးလွန်ခဲ့သူတွေကကာယကံရှင်တွေကို သေသေချာချာ တောင်းပန်ပြီး အဖွဲ့အစည်းအတွက် သိက္ခာပြန်ဆယ်လို့ရမဲ့ ဇာတ်သိမ်းခန်းလေးတခုလိုမျိုးဆို သိတ်ကောင်းမှာပဲ”လို့စိတ်ကူးခဲ့မိတယ်။ဥပမာရဝမ်ဒါမှာပြန်လုပ်တဲ့ပြန်လည်သင့်မြတ်ရေးဇာတ်လမ်းတွေလိုမျိုးပေါ့။ ဒါပေမဲ့ ဒါကလည်း ကျနော့်စိတ်ကူးပါ။ ကြုံတွေခံစားခဲ့ရသူတွေရဲ့ ဆန္ဒကိုသာ ဦးစားပေးစဉ်းစားကြရမှာ မဟုတ်လား။ လူသတ်မှုမှာ တာဝန်ရှိသူတွေက ဘာမှအကြောင်းမပြန်လာတဲ့အတွက် ခုလို အင်တာနက် ပေါ်မှာ ချရေးပြီး ပြည်သူလူထုနဲ့သတင်းသမာတွေကို ချပြရတဲ့အဆင့်ကိုရောက်သွားတာပါ။ ဒါကလည်း ကျနော်ရွေးတဲ့ လမ်းမဟုတ်ဘူး။ ကာယကံရှင်တွေ ရွေးတဲ့လမ်းဖြစ်တယ်။

ဒုတိယကအချက်ကတော့ကျနော့ရဲ့ဆောင်းပါးတွေဟာဖေ့ဘွတ်မှာတင်ရေးပြီးပျောက်သွားလိမ့်မယ်ထင်ရင်တော့ အကြီးအကျယ် မှားသွားပါလိမ့်မယ်။ ဒီ အစုလိုက်အပြုံလိုက် လူသတ်မှုကြီးကို တင်ပြတဲ့အခါ ကျနော်တို့သင်ကြားခဲ့တဲ့ အင်ဂျင်နီယာဘာသာရပ် တခုဖြစ်တဲ့ System Dynamics လို တည်ဆောက်ထားခဲ့ပါတယ်။ လူတွေ၊ အဖြစ်အပျက်တွေ၊ အကြောင်းအရာတွေကို ခန့်မှန်းတွက်ချက်ထားတဲ့ System တွေမှာ ထည့်ထားတယ်။ အဲ့ဒီ ဒီဇိုင်းကို ပုံဖေါ်လည်ပတ်ကြည့်တယ်။ အရှိန်တခုရောက်ရင် သတ်မှတ်ထားတဲ့ အချက်အလက်တွေ၊ ဇာတ်ဆောင်တွေဟာ ဟော့ဒီ System ထဲမှာ အလိုလို လိုက်ပြီးလည်ပတ်ရပါတယ်။ မလည်ပတ်ဘူးဆိုရင်၊ နောက်တဆင့်မှာ ကြိတ်ချေခံရတတ်ပါတယ်။ အခုမှ စလည်ပတ်ခါစပဲ ရှိပါသေးတယ်။ အရှိန်ရလာတာနဲ့အမျှ၊ ခရီးတခုဟာ မလွှဲမသွေရောက်လာမှာပါ။ လူတွေဟာ ကိုယ့်ရဲ့ဂုဏ်သိက္ခာကို ဘယ်အရာနဲ့မှ မလဲဖို့လိုပါလိမ့်မယ်။ ဒီ အဖြစ်အပျက်ကြီးကို မျက်ဝါးထင်ထင်တွေ့မြင်ခဲ့တဲ့သူတချို့ ဟာ ယနေ့ချိန်ထိ တာဝန်မဲ့စွာ တိတ်ဆိတ်နေတာကို တွေ့ရပါတယ်။ ရှက်စရာကောင်းတဲ့ ဂုဏ်သိက္ခာတွေပါပဲ။ သွေးဆူပြီး ဆန္ဒစောနေတဲ့ မိတ်ဆွေတွေလည်း ဇာတ်လမ်းကို ဆုံးအောင်နားထောင် စေချင်ပါတယ်။ ပြည်သူလူထုရဲ့ အသံကို နားထောင်ကြည့်ပါ။ ကာယကံရှင်တွေရဲ့အသံတွေကို နားထောင်ကြည့်ပါ။ အဆင်ပြေသွားမှာပါ။ တရားကို နတ်စောင့်ပါတယ်။

မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ ( အပိုင်း-၃-) ကို သုံးသပ်ကြည့်နိုင်ကြပါစေ။

(က)

ကမ်းပါးပြိုတဲ့ ညအောက်ကိုမှ အနီးကပ်ရောက်သွားမိခဲ့ကြတယ်

တဖြည်းဖြည်းမှောင်မိုက်လာတဲ့ ပါဂျောင်ရဲ့ အာသံကုန်းမြင့်ပေါ်မှာ ငါ့တို့ခန္ဓာကိုယ်တွေက ရွေ့နေဆဲပဲလေ ဟိုး--- အေးစက်တဲ့လေထုထဲကနေ “ တက္ကသိုလ် ---- ဒို့ ကျောင်း------” ဆိုတဲ့ ဆွေးဆွေးမြေ့မြေ့ ဆိုနေသံတွေလေ--- အိမ်ပြန်ချင်လိုက်တာကွာ--- “တက္ကသိုလ်နယ်မြေတနေရာဆီမှာ--” သီချင်းကို ဘယ်သူဆိုနေတာလဲ။ ----- ငါတို့လည်း သီချင်းသံတွေနဲ့အတူ လွင့်မျောနေတယ်။

“လှဆောင်” ဆိုတဲ့ကောင်က ခေါင်းပြတ်ကြီးကို ကန်ချရင်း “ ကျောင်းသားဆိုတဲ့ကောင်တွေ တော်တော်ခေါင်းမာတဲ့ကောင်တွေပဲ” “ တော်တော်လည်း သွေးသောက်ရဲဘော်တွေ ပီသကြပါလား” တဲ့သန်းဇော်တို့ အုပ်စုက သူတို့လက်ထဲက ဓါးတွေကို ပစ်ချလိုက်တယ်။ “ ဒီကောင်တွေကို ခုတ်ရတာ တော်တော်နဲ့ မပြတ်ဘူး”တဲ့သူ့တို့ရဲ့အသံနက်ကြီးတွေကို့ ဝိညာဉ်တွေ နဲ့ လိုက်ကြည့်နေမိတယ်

ကျော်ဝေ- ချိုကြီး- စိုးဝင်းသန်း--- ထစမ်း ထစမ်း ခေါင်းပြတ်တွေကို နောက်မှ ပြန်ဆက်ကြကွာ---
အဲ့ဒီ လှဆောင်၊ မျိုးဝင်း၊ သန်းဇော် ၊ သံချောင်း ဆိုတဲ့ကောင်တွေ နောက်ကို လိုက်ကြရမယ်
သူတို့ရဲ့ လိပ်ပြာတွေကို ငါတို့ ဝိညာဉ်တွေနဲ့ ချုပ်ထားကြဟေ့
သူတို့ရဲ့ လိပ်ပြာတွေကို ငါတို့ ဝိညာဉ်တွေနဲ့ ချုပ်ထားကြ----
ဟိုမယ် ----ဟိုမယ်-- “လှဆောင်” ဆိုတဲ့ကောင် ကချင်ပြည်နယ်ထဲမှာ ပြန်ပေါ်လာပြီ
သေချာနားထောင်စမ်း သေချာနားထောင်စမ်း.အဲ့ဒီ လူသတ်သမားတွေရဲ့ခြေသံတွေကို ငါတို့ကြားနေဆဲပဲ

ကျော်ဝေ-- မင်းဟစ်ကြွေးခဲ့တဲ့စကားတခွန်း ပြန်အော်ပြောလိုက်စမ်းကွာ

“ငါ့ကို မင်းတို့ သတ်လို့ရမယ်- ငါ့ဝိညာဉ်ကို မင်းတို့မသတ်နိုင်ပါဘူးကွာ၊ ဓမ္မစစ်ကျောင်းသား ကျော်ဝေ ကွ”

“ငါ့ကို မင်းတို့ သတ်လို့ရနိုင်မယ်- ငါ့ဝိညာဉ်ကို မင်းတို့ မသတ်နိုင်ပါဘူး” “ငါ့ကို မင်းတို့ သတ်လို့ရနိုင်မယ် ငါ့ဝိညာဉ်ကို မင်းတို့ မသတ်နိုင်ပါဘူး”

(ခ)

ဝိညာဉ်စီး တယ်ဆိုတဲ့ ဝေါဟာရကို ခင်ဗျားတို့ ကြားဘူးမလားမသိဘူး။ ကျနော်ကတော့ အသံထွက်ခွင့်မရရှာတဲ့ ဝိညာဉ်တွေ ကို ကျနော့အခန်းငယ်လေးထဲမှာ သိမ်းထားခဲ့တယ်။ ညတိုင်ရင် ဗုဒ္ဓရုပ်ပွားတော်ရှေ့မှာ သစ္စာဆိုခဲ့တယ်။ “ သူတို့အတွက် ထုတ်ပြော နိုင်ခွင့်ရမဲ့ အခွင့်အရေး တခါလောက်ဖြစ်ဖြစ် ရပါရစေသား” လို့။

ခုတော့ ကာယကံရှင်တွေရဲ့ ကျွံဝင်လာတဲ့ စကားတွေထဲမှာ ဝန်ခံခြင်းတဝက်၊ အမှားတသက် ထင်ထင်ရှားရှားတွေ့နေရပြီ။

ဧရာဝတီမဂ္ဂဇင်း ( အင်္ဂလိပ်) ဆောင်းပါးထဲမှာ ဆောင်းပါးရှင်တွေက မြောက်ပိုင်းလူသတ်ပွဲနဲ့ပတ်သက်ပြီး၊ ရော်နယ်အောင်နိုင် ကို မေးခွန်းတခုမေးတော့၊ ရော်နယ်အောင်နိုင်က လူသတ်မှုကို ငြင်းဆန်မှုမရှိစွာပဲ ဖြေခဲ့တယ်။ “ ကျောင်းသား (၁၅) ယောက်ဟာ ထောက်လှမ်းရေးအစစ်အမှန်ဖြစ်ကြောင်း ခိုင်မာတဲ့အထောက်အထားတွေရှိပါ သတဲ့။ “ဆောင်းပါး (၁) နဲ့ (၂) မှာ ကျနော် ခင်းထားတဲ့ လမ်းကြောင်းထဲကို တည့်တည့်ဝင်လာတာပဲ” လို့ တွေးနေမိတယ်။ တကယ်တော့ ရော်နယ်အောင်နိုင်တယောက်၊

၁၉၉၂ ဖေဖေါ်ဝါရီ (၁၈) ရက်နေ့ The Nation သတင်းစာ ကို ပြန်ဖတ်သင့်တာပေါ့။ မြောက်ပိုင်း လူသတ်ပွဲ အပြီးမှာ၊ The Nation သတင်းထောက် YindeeLertcharoenchok က အဲ့ဒီနေရာကို ရောက်သွားပြီးမြောက်ပိုင်းABSDFခေါင်းဆောင်တွေ၊မသတ်ရသေးတဲ့ဖမ်းဆီးထားခံရတဲ့ကျောင်းသားတွေနဲ့တွေ့ဆုံအင်တာဗျူးထားမှုကို ဆောင်းပါးလုပ်ထားတာ။ ဆောင်းပါးအမည်က Burmese Rebels Defend Executions။ အဲ့ဒီဆောင်းပါးရဲ့ ( အပိုဒ်-၁၃) မှာ ကျော်ကျော် ( ကချင်) နဲ့ ရော်နယ် အောင်နိုင်က အခုလို ဝန်ခံထားတယ်။

Aung Naing and Kyaw Kyaw , however, admitted that torture, particularly “ beating and telephone-wire electric shocks ” were applied to force confessions.

“ဝန်ခံဖို့အတွက် ရိုက်နှက်ခြင်းနဲ့ လျှပ်စစ်ရှော့တိုက်ခြင်းလို နှိပ်စက်ညင်းပမ်းမှုတွေကိုအသုံးပြုခဲ့ပါတယ်” တဲ့။ သူတို့လိုချင်တဲ့အဖြေမထွက်မချင်းနှိပ်စက်ညှင်းပမ်းမှုတွေကိုရက်ရက်စက်စက်လုပ်ခဲ့ကြတာဆိုတာမို့လား။ နှိပ်စက်ခံရသူတွေက နောက်ဆုံး သူတို့ပြောတာ ဟုတ်ဟုတ် မဟုတ်ဟုတ်၊ စစ်ကြောရေးစခန်းက လွတ်ရင်ပြီးရော၊ “ဟုတ်တယ်” လို့ အဖြေပေးလိုက်ကြရတော့တယ်။

တကယ်တော့ မြောက်ပိုင်းလူသတ်မှုဖြစ်ပွားနေစဉ်ကာလတုံးက ကျနော်နဲ့လုပ်ဖေါ်ကိုင်ဘက် ဗကသ ( အထက်ဗမာပြည်) ခေါင်းဆောင် တချို့ ဟာ မန္တလေးအကျဉ်းထောင်ထဲမှာပါ။ မန္တလေးထောက်လှမ်းရေးအုပ်စုတွေက သူတို့ကို အကျဉ်းထောင်ထဲကနေ ညတိုင်းဆွဲထုတ်ပြီး၊ ဓါတ်ပုံတွေကို ပြပြီး သေချာမှုတွေ ယူသတဲ့။ “ ဒါ-- ထွန်းအောင်ကျော် ဟုတ်တယ်မို့လား” “ ဒီ ပုံကတော့ စိုးဝင်းသန်း မို့လား” “ ဒီကောင်ကရော ဘယ်သူလဲ”

အကျဉ်းထောင်တွင်းမှာ ရောက်နေရှာတဲ့ ဗကသတွေဟာ ကြိတ်ပြီး ငိုခဲ့ရတယ် လို့ ဆိုတယ်။ လူတွေသေပြီးတိုင်း ဓါတ်ပုံတွေက အမြန်ရောက် ရောက်လာတော့ ပါဂျောင် စခန်းရဲ့ လူသတ်မှုတွေထဲမှာ အစိုးရစစ်ထောက်လှမ်းရေးရဲ့လူတွေက တောက်လျှောက် သတင်းပို့နေတယ် ဆိုတာ ခန့်မှန်းလို့ရတာပေါ့။ ဓါတ်ပုံတွေကို ကြည့်လိုက်ပြန်တော့လည်း လူသေတွေကို ညမှာ သေသေချာချာ ရိုက်ထားတာလို့ ဆိုတယ်။

ဒါဖြင့် မန္တလေး ထောက်လှမ်းရေးဆီကို ဓါတ်ပုံတွေ ပေးပို့နေသူတွေက ဘယ်သူလဲ။

မန္တလေးထောက်လှမ်းရေးတွေဆီကို ဓါတ်ပုံတွေ ပေးပို့နေသူတွေက ဘယ်သူတွေလဲ။

သေချာတာတော့ ထောက်လှမ်းရေးလို့စွပ်စွပ်ခံရ၊ အသတ်ခံရတဲ့သူတွေမဟုတ်ဘူးလေ။


(ဂ)

ကိုထွန်းအောင်ကျော်ကို ဖမ်းဆီးချုပ်နှောင်ထားစဉ်ကာလမှာ “နန်းအောင်ထွေးကြည်” ဆိုတဲ့ ဘေဘီရဲမေလေးက သူနဲ့ စကားပြောခွင့်ရခဲ့တယ်။ နန်းအောင်ထွေးကြည်ဆိုတာ ကျနော်တို့တင်ပြထားတဲ့ ဓါတ်ပုံ ( ရဲမေ ၄ ယောက်ရပ်နေတဲ့ပုံ) ထဲက ညာဘက်အစွန်က ကောင်မလေး။ တကယ်တော့ မြောက်ပိုင်း ကျောင်းသားတပ်မတော် ရဲ့ စစ်ထောက်လှမ်းရေးခေါင်းဆောင်တွေဟာ နန်းအောင်ထွေးကြည် ကိုလည်း ထောက်လှမ်းရေးလို့စွပ်စွဲ၊ ဖမ်းဆီးနှိပ်စက်ခဲ့ကြတယ်။ သူမမျက်နှာကို မီးရဲရဲထောက်နေတဲ့ ထင်းမီးနဲ့ ထိုးနှိပ်စက်ခဲ့တယ်။ နဂိုက ချောမောလှပခဲ့တဲ့ မျက်နှာတခုလုံး ဒဏ်ရာဒဏ်ချက်တွေရခဲ့ရှာတယ်။ ပြီးတော့ နှမချင်းမစာနာ မိုက်မိုက်ရိုင်းရိုင်း စစ်ဆေးနည်းတွေကို လုပ်ခဲ့တယ်။ ကိုထွန်းအောင်ကျော် ကိုယ်တိုင်ကလည်း အသတ်ခံရတော့မယ် လို့ သူကိုယ်တိုင်သဘောပေါက်သွားတဲ့အခါမှာတော့ နန်းအောင်ထွေးကြည် ကို ပြောရှာတယ်။ “ မငယ်ငါ့စိတ်ထဲမှာတော့နင်လွတ်သွားလိမ့်မယ်လို့ထင်နေတယ်။ ဟုတ်တယ်ဟာ ငါ့စိတ်ထဲမှာ တကယ့်ကို ယုံကြည်နေတာ နင်လွတ်သွားလိမ့်မယ်။ နင်လွတ်သွားတဲ့ အခါကျရင် ဟော့ဒီနေရာလေးမှာ ဖြစ်ပျက်ခဲ့တဲ့ အရာတွေအားလုံးကို ပြန်ပြီးပြောပြပေးပါမယ် လို့ ဂတိပေးစမ်းပါဟာ” တဲ့။ “ စိတ်ချပါအကိုကြီး ကျမပြောပြပါမယ်” တဲ့။ နန်းအောင်ထွေးကြည် က မျက်ရည်တွေကြားကနေ ဂတိပေးခဲ့တယ်။

ဘဝဆိုတာ အံသြ ဖို့ ကောင်းပါတယ်။ နန်းအောင်ထွေးကြည်အပါအဝင် မြောက်ပိုင်းဒေသမှာ ကြုံတွေ့ခံစားလာခဲ့ရသူတွေ၊ ကျူးလွန်ခဲ့သူတွေ အများအပြား နဲ့ ဆုံဆည်းခွင့်၊ စကားပြောဆွေးနွေးခွင့်တွေ ရလိုက်တယ်။ မငယ် (ခ) နန်းအောင်ထွေးကြည်က “ ကျမလေ ဒီအဖြစ်အပျက်တွေကို တရက်မှ မမေ့နိုင်ခဲ့ဘူး” တဲ့။ သူမက ဘယ်သူ့ကိုမှ အဆက်အသွယ်မလုပ်ပဲ သူတယောက်တည်း အော်စီမှာ ဇာတ်မြှုပ်နေပြီး ဘဝကို ရှင်သန်ခဲ့ရတယ်။ ငရဲက သယ်လာတဲ့ ဒဏ်ရာတွေကို ကျနော်မြင်နေရတယ်။ ဟုတ်မှာပေါ့လေ။ ကျနော်လည်း သူတို့တတွေပြန်ပြောပြတဲ့ ဇာတ်လမ်းတွေကို ဆက်ပြီးနားမထောင်ရဲလောက်အောင်ပဲ။ ပါဂျောင်ဒေသ က အော်ဟစ်ဆူညံနေတဲ့ ဝိညာဉ်တွေ ကျနော့ရင်တခုလုံးဆီ မချိမဆန့်လူးလွန့်နေတယ်။ “မငယ်” ကို ကျနော်အားပေးခဲ့ဘူးတယ်။

“ ဖြစ်ခဲ့တာတွေအတွက် ယူကြုံးမရဘူးဗျာ။ ဒါပေမဲ့ အချိန်တန်ရင် ဒီလူတွေ သူ့အရှိန်နဲ့သူသွားမှာပါ။ ခင်ဗျား မပူပါနဲ့။ တည်ငြိမ်အောင်နေပါ။ အကုသိုလ်ကံတွေကို ရောက်မလာစေနဲ့။ ဒီ လူတွေ ဝဋ်လည်အုံးမှာပါ။ ယုံစမ်းပါ” လို့။ နန်းအောင်ထွေးကြည်က ကျနော့ကို ပြောတယ်။ “ ကိုအောင်မိုးဝင်း ကလည်း ထိန်လင်း အတိုင်းပဲ သံဝေဂ တရားစကားတွေ ပြောတယ် တဲ့။ အေးလေ။ သူမရဲ့ ဘဝမှာ ရက်ရက်စက်စက်ကြုံတွေ့ခဲ့တာဆိုတော့ ပြင်းပြင်းထန်ထန်တုန့်ပြန်ချင်တဲ့စကားလုံးတွေကို အလိုရှိမှာ အမှန်ပဲ။ ကျနော်တွေးတာက ဒီလိုပါ။ ဒါဟာ အစုလိုက်အပြုံလိုက် လူသတ်ပွဲ ပဲ။ လူတွေကို လပေါင်းများစွာဖမ်း၊ နှိပ်စက်ညှင်းပမ်းပြီးမှ ခေါင်းဖြတ်သတ်တာမျိုးတွေဆိုတာ ကျနော်နေနေတဲ့ အမေရိကန်ပြည်ထောင်စုမှာ တခါတလေပြတဲ့ စိတ္တဇ လူသတ်ကား ရုပ်ရှင်တွေမှာပဲ ကြည့်ဘူးတယ်။ ဒါပေမဲ့ ဒီလောက်မများဘူး။ ဒီလိုလူမျိုးတွေကိုရင်ဆိုင်ဖို့အတွက်ဝုန်းဝုန်းဒိုင်းဒိုင်းစိတ်ခံစားမှုတွေနဲ့သွားလုပ်လို့မဖြစ်ဘူး။ စံနစ်တကျပြင်ဆင်ရမယ်။ သူတို့လိုပဲ သွေးအေးအေးနဲ့ တုန့်ပြန်ရမယ်။ ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူတွေယောင်ယောင် ဟန်ဆောင်ထားတဲ့ မျက်နှာဖုံးတွေကို တဆင့်ခြင်းဆွဲချွတ်ပစ်ရမယ်။

တခါတလေတော့လည်း ရီစရာတော့ ကောင်းတယ်။ လူသတ်မှုနဲ့ ဆက်နွယ်နေတဲ့ သူတွေက သူတို့ကို အင်တာနက်မှာ တယောက်ယောက်က ချတိုင်း၊ နောက်ကွယ်ကနေ ကျနော်က မြှောက်ပေးတယ် လို့ ထင်ကြတယ်။ ကျနော်က ဘာလို့နောက်ကွယ်က နေရမှာလဲ။ ထိုင်းနယ်စပ်ကို ခြေချ ကတည်းက ဒီကိစ္စကို ဗြောင်မေး၊ ဗြောင်ပြော၊ ဗြောင် စိန်ခေါ်နေခဲ့တာပဲ မို့လား။ လာရင် ရှေ့တည့်တည့်က လာမှာ စိတ်ချ လို့ စိတ်ထဲမှာ ပြောနေမိတယ်။ ကျနော်ကြောက်ရမဲ့အဖွဲ့ဆိုတာ တဖွဲ့မှ မရှိဘူးလေ။ ကြောက်တတ်ရင် အစောကြီးကတည်းက နိုင်ငံရေးမလုပ်ဘူး။ အထူးသဖြင့် ခွေးအ လိုလို လူမျိုးတွေကို ကြောက်စရာမလိုဘူး။ ခွေးအ ဆိုတာက အုပ်စုရှိမှ အမဲလိုက်ရဲတယ်။ အပုပ်ကို စားတယ်။ ဒါပေမဲ့ ခွေးအ တွေ အမဲလိုက်လေ့ရှိတဲ့ နေရာဒေသဟာ သိတ်ကျဉ်းပါတယ်။ အလွန်ဆုံးရှိလှ နယ်စပ်နဲ့မဲဆောက်ပေါ့။ ကျနော်တို့ အမဲလိုက်မဲ့နေရာက အများကြီးပါ။ ဘာပဲဖြစ်ဖြစ်၊ သမိုင်းဆိုတာကတော့ ရှင်းကြရအုံးမှာပါ။ လူဆိုတာ စိုက်တဲ့အတိုင်း ရိတ်သိမ်းကြရမယ်။

(ဃ)

ကချင်လွတ်မြောက်ရေးတပ်မတော် ( KIA) ၊ မငယ် (ခ) နန်းအောင်ထွေးကြည်နဲ့ ပတ်သက်လို့ မှတ်မှတ်ရရဖြစ်နေတဲ့ အကြောင်းအရာလေးတခုကို ပြောပြချင်ပါတယ်။ ၁၉၉၂ အစိုးရသတင်းစာရှင်းလင်းပွဲမှာ ကေအိုင်အေ နဲ့ မန္တလေး၊ ရန်ကုန် ကျောင်းသားထုကို ရန်တိုက်ပေးထားတာတွေ့ကြပါလိမ့်မယ်။ ကေအိုင်အေ ဟာ ကချင်ကျောင်းသားတွေကို အသုံးချပြီး ဗမာကျောင်းသားတွေကို သတ်တယ်-- ဘာညာ ဆိုတဲ့ ဝါဒဖြန့်မှုတွေပါ။ စစ်အစိုးရရဲ့ သတင်းစာရှင်းလင်းပွဲကို သံယောင်လိုက်ပြီး လျှောက်ပြောနေတဲ့ သူတွေရှိတယ်။ တချို့ကတော့ ဖြစ်သမျှ ရာဇဝတ်မှုကို သေဆုံးသွားတဲ့ မျိုးဝင်းအပေါ်မှာ လွှဲချပြီး ဇာတ်လမ်းဆင်ရှောင်ထွက်ဖို့ ကြိုးစားချင်ပုံရပါတယ်။ တကယ်တော့ ရှောင်ထွက်လို့မရပါဘူး။ အာသံကုန်းမြင့်မှာ လူသတ်မှုကို ကျူးလွန်ခဲ့တာ မျိုးဝင်းတယောက်တည်း မဟုတ်သလို၊ ဖမ်းဆီးထားတဲ့ မန္တလေးကျောင်းသားတချို့ကို ရိုက်နှက်နှိပ်စက်ပြတဲ့ အထဲမှာ ရော်နယ်အောင်နိုင်လည်းပါပါတယ်။ မန္တလေးက ကျောင်းသားခေါင်းဆောင်တယောက်ဖြစ်တဲ့ ကိုရာကျော်ရဲ့မျက်နှာ ကို စစ်ဖိနပ်နဲ့ ချွတ်ပြီး ရိုက်ခဲ့တာ ရော်နယ်အောင်နိုင်ပါ။ ဗမာပြည်ဆီကို ထွက်ပြေးလွတ်မြောက်သွားတဲ့ ကိုရာကျော် ကတော့ မန္တလေး အကျဉ်းထောင်ထဲမှာ ထောင်ဒဏ် နှစ်ရှည်ကျရင်း ကျဆုံးခဲ့ပါတယ်။

မျိုးဝင်း တို့ အုပ်စုက ကေအိုင်အေဟာ သူတို့နောက်က ရှိတယ်။ သူတို့ကသာ ကေအိုင်အေနဲ့ပိုင်တယ် ဆိုတဲ့ ထင်ယောင်ထင်မှား ဟန်ပန်တွေကို လုပ်ခဲ့ကြပုံရပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ခေါင်းဆောင်တချို့က သတိပေးခဲ့တယ် လို့ဆိုပါတယ်။ “ ကျနော်တို့မှာ အတွေ့အကြုံရှိတယ်။ ဖြုတ်ထုတ်သတ် လုပ်ခဲ့မိလို့ ကျနော်တို့ပါတီဟာ တလျှောက်လုံးပေးဆပ်နေရတယ်။ ခင်ဗျားတို့မလုပ်ကြပါနဲ့ဗျာ” လို့ တိုက်တွန်းခဲ့တယ်။ နားမထောင်ပါဘူး။ လူသတ်မှုတွေ နားနဲ့မဆန့်အောင် ကြားလာရတဲ့အခါ ကေအိုင်အေခေါင်းဆောင်တွေရောက်လာပြီး အတင်းဝင်ရောက်တားဆီးပါတော့တယ်။ ကေအိုင်အေ ဟာ မျိုးဝင်းနဲ့ ကျောင်းသားတပ်မတော် မြောက်ပိုင်းခေါင်းဆောင်တွေကို အင်မတန်စိတ်ပျက်သွားခဲ့တယ်။ နန်းအောင်ထွေးကြည်ကို သူတို့စစ်မေးမယ် ဆိုပြီး၊ လွှဲပြောင်းယူခဲ့တယ်။ ဗိုလ်ချုပ်ဇော်မိုင် နဲ့ ခေါင်းဆောင် သုံးယောက်က နန်းအောင်ထွေးကြည်ကို စစ်ဆေးစဉ်ကာလက မှတ်တမ်းတွေ ကို ယူပြီး ပြန်လည်မေးခွန်းထုတ်ခဲ့တယ်။

“သမီးရဲ့ ထောက်လှမ်းရေး ကိုယ်ပိုင်နံပါတ်က (------x+) ဟုတ်လား”

“ ဟုတ်ပါတယ်”

ဗိုလ်ချုပ်ဇော်မိုင်နဲ့ ကေအိုင်အေ ခေါင်းဆောင်တွေက ရီကြတယ်။ “ ကဲ--- ငါ့သမီး ခုချိန်က စပြီး သမီးဝန်ခံပြောဆိုနေတဲ့ ထောက်လှမ်းရေးဆိုတာကြီးကို မေ့လိုက်တော့။ “သမီးပြောတဲ့ ကိုယ်ပိုင်နံပါတ်က ဗိုလ်ချုပ်နေဝင်း နဲ့ တန်းတူဖြစ်နေတယ်” တဲ့။ ဗမာစစ်ခေါင်းဆောင်တွေနဲ့ တသက်လုံးတိုက်လာခဲ့တဲ့ ကေအိုင်အေ က ရန်သူရဲ့ ကိုယ်ပိုင်နံပါတ်တွေ၊ သင်တန်းဆင်း နံပါတ်တွေကို အလွတ်ရတာပေါ့။ တကယ်တော့ စစ်ထောက်လှမ်းရေးနံပါတ်ဆိုတာတွေကလည်း မျိုးဝင်း၊ သံချောင်းနဲ့ စစ်ကြောရေးမှာ ပါဝင်ခဲ့သူတွေက ဇွတ်အတင်းဖန်တီးဝန်ခံခိုင်းတာ ဆိုတော့ နန်းအောင်ထွေးကြည်အနေနဲ့ အဲ့ဒီအတိုင်းပဲ နုတ်တိုက်ရွတ်ဝန်ခံ ထွက်ဆိုရတော့တယ်။

ဗိုလ်ချုပ်ဇော်မိုင်က နန်းအောင်ထွေးကြည်ကို ပြောတယ်။ “ ငါ့သမီး- ဒီကိစ္စက ပြန်ပြီးရှင်းရမယ်။ ဒီလိုခံနေလို့မဖြစ်ဘူး။ ငါ့သမီးတို့က ခံခဲ့ရတာကိုး။ ဒါပေမဲ့ အချိန်ကို စောင့်ပါ။ ငါတို့လည်း အပစ်အခပ်ရပ်ဆဲတော့မှာဆိုတော့ ----” မကြာခင်မှာပဲ ကေအိုင်အေ နဲ့ ဗမာအစိုးရကြားမှာ ငြိမ်းချမ်းရေးသဘောတူညီမှု စကားပြောပွဲတွေက စတင်ခဲ့တယ်။ နန်းအောင်ထွေးကြည်လည်း ဒုက္ခသည်စခန်းက တဆင့် အော်စီ ( ------) ကို ထွက်လာခဲ့တော့တယ်။ ဗိုလ်ချုပ်ဇော်မိုင်ပြောသလိုပါပဲ။

“ကျမ အချိန်ကိုစောင့်နေခဲ့ရတယ်” တဲ့။ စောင့်ခဲ့ရတဲ့ အချိန်ကလည်း အနှစ် (၂၀) လောက်ဖြစ်သွားတယ်။

တကယ်တော့ မြောက်ပိုင်း လူသတ်မှုဟာ တချက်ခုတ် (၃) ချက်ပြတ် ကြံတဲ့ပွဲဖြစ်တယ်။

(၁) ဒီမိုကရေစီအင်အားစုဘက်က ကျောင်းသားအစစ်အမှန်တွေကို သတ်ပစ်တယ်

(၂) ကျောင်းသားတပ်မတော်နဲ့ ကျောင်းသားသမဂ္ဂကြားမှာ အထင်အမြင်မှားအောင်ရန်တိုက်ပေးတယ်။

(၃) ဖေဖေါ်ဝါရီ (၁၂) ပြည်ထောင်စုနေ့မှာ အစုလိုက်အပြုံလိုက် သတ်ပြလိုက်ခြင်းအားဖြင့်၊ ကေအိုင်အေ ဟာ ဗမာကျောင်းသားတွေကို သတ်ဖြတ်လိုက်ကြပြီ ဆိုပြီး ဗမာကျောင်းသားနဲ့ ကေအိုင်အေ ကို ရန်တိုက်ပေးလိုက်တယ်။ မျိုးဝင်းတို့အုပ်စုကို ကချင်လက်နက်ကိုင်တပ်က ပစားပေးထား မြှောက်ပင့်ထားပြီး ဗမာကျောင်းသားတွေကို သတ်ခဲ့တယ် ဘာညာပေါ့။ ၁၉၉၂ သတင်းစာရှင်းလင်းပွဲရဲ့ ရည်ရွယ်ချက်က အဲ့ဒါပါပဲ။ မျိုးဝင်းတို့အုပ်စုရဲ့ နှိပ်စက်မှု အစစ်အမှန်တွေကို ရောထည့်ပေးလိုက်ပြီး စစ်အစိုးရက သူတို့လိုချင်တဲ့ နိုင်ငံရေးဝါဒဖြန့်ချီပွဲကို လုပ်ခဲ့တယ်။

ပြဿနာက ပြည်သူတွေဟာ အစိုးရသတင်းစာရှင်းလင်းပွဲထဲက အချက်အလက်တွေကို ဘာတခုမှ မယုံကြည်ခဲ့ကြတော့၊ မြောက်ပိုင်းမှာ နှိပ်စက်သတ်ဖြတ်ခဲ့ တာတွေကိုလည်း နားမထောင်ခဲ့ကြတော့ဘူး။ ပြန်ဝင်လာတဲ့ ကျောင်းသားတွေက သူတို့ရဲ့ ဒဏ်ရာကို လှန်ပြလည်း အစိုးရရဲ့လုပ်ကြံဝါဒဖြန့်မှု လို့ ထင်နေခဲ့ကြတယ်။ လှိုင်းက တအားကြီးနေတဲ့အချိန်၊ ဗိုလ်ချုပ်ခင်ညွှန့်ရဲ့ စစ်ထောက်လှမ်းရေးတွေ ကလည်း ဒီအချက်ကို သဘောပေါက်ပုံရတယ်။ မြောက်ပိုင်းကနေ အသက်လုပြေးလာတဲ့ ကျောင်းသားတွေလည်း ကံမကောင်းကြပါဘူး။ ထောင်ဒဏ်နှစ်ရှည်တွေ ကျကုန်ကြပြန်တယ်။

(င)

ကိုထွန်းအောင်ကျော် အကြောင်းကို ပြောမယ်ဆိုရင် ဗကသ ညီလာခံနှစ်ခုအကြောင်းကိုမိတ်ဆက်ပေးရမယ်။ ၁၉၈၈ အရေးတော်ပုံ အပြီး နောက်ဆုံးကျင်းပတဲ့ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများညီလာခံ နှစ်ခုလုံးဟာ မန္တလေးမှာ ကျင်းပခဲ့တာဖြစ်တယ်။ ၁၉၈၉ မှာကျင်းပတဲ့ဗကသညီလာခံကိုမန္တလေးတက္ကသိုလ်၊ အင်းဝဆောင် (၉) မှာ ပြုလုပ်ခဲ့တယ်။ ရန်ကုန်ဗကသခေါင်းဆောင်တွေက ကိုပြုံးချို၊ ကိုဇော်ဇော်အောင်၊ ကိုရန်မျိုးသိန်း ( ဆေးတက္ကသိုလ်)၊

ဒုတိယအကြိမ်ကျင်းပတဲ့ ညီလာခံက ၁၉၉၀ ၊ မန္တလေး မစိုးရိမ်တိုက်ထဲမှာ ကျင်းပတာဖြစ်တယ်။ ရန်ကုန် ဗကသ က နှစ်ဖွဲ့ကွဲ နေတယ်။ ကိုကိုကြီး ဦးဆောင်တဲ့ ဗကသ နဲ့ ကိုအောင်ထွန်း( ကျောင်းသားသမဂ္ဂ သမိုင်းစာအုပ်ရေးသူ)၊ ဗသက်အောင်၊ ဖြိုးမင်းသိန်း တို့ ခေါင်းဆောင် တဲ့ (အောက်ဗမာပြည်၊ ဗကသ)၊ အခု ရှစ်လေးလုံးမျိုးဆက်မှာ လုပ်နေတဲ့ ကိုထွန်းမြင့်အောင် ဆိုတာလည်း ဖြိုးမင်းသိန်းနဲ့တဖွဲ့တည်းပဲလေ။ ၁၉၉၀ တလျှောက်၊ ရန်ကုန် ဗကသ နှစ်ဖွဲ့လုံး မန္တလေးကို လာကြရတယ်။ ကိုပြုံးချို၊ ကိုညိုထွန်း၊ ကိုကိုကြီး တို့တတွေလည်း သက်ရှိထင်ရှားရှိနေပါသေးတယ်။ ပြည်ပမှာရောက်နေသော မဟာ့ မဟာ ကျောင်းသားတော်လှန်ရေး ခေါင်းဆောင် ဆိုသူများ----- ကိုယ့်သမိုင်းတွေချည်း ကိုယ်ရည်သွေး အမွှန်းတင်ပြောမနေပါနဲ့။ သူများတွေရဲ့ သမိုင်းတွေကိုလည်း အသိအမှတ်ပြုကြပါအုံး။ အပြင်မှာ သမိုင်းလိမ်တာတွေ၊ လက်ဝါးကြီးအုပ်တာတွေများလာတယ်။ ဂိုဏ်းဂဏဖွဲ့ရန်ဖြစ်တာကလည်း များလာတယ်။ တယောက်နဲ့တယောက် ကလည်း လေးစားမှုမရှိတော့ဘူး။ နောက်မျိုးဆက်တွေကလည်း မလေးစားတော့ဘူးလေ။ သမိုင်းနားမလည်တော့ ဗကသ ခေါင်းဆောင်က ထောက်လှမ်းရေးဖြစ်၊ NGOs တွေဆီမှာ ပိုက်ဆံရှာနိုင်တဲ့သူတွေက ခေါင်းဆောင်ဖြစ်လို့ဖြစ်နဲ့။ ပြည်ပမှာ အဲ့သလို မိုးကြီးချုပ်နေမဲ့အစား၊ ရှစ်လေးလုံးမျိုးဆက်ရဲ့ ဂုဏ်သိက္ခာကို ပြန်ပြီးတော့ ဆယ်ယူကြစေချင်ပါတယ်။

ကိုထွန်းအောင်ကျော်

ရှစ်လေးလုံးအရေးတော်ပုံကြီးအတွင်းမှာ မန္တလေး ကျောင်းသားတွေရဲ့ ကိုယ်ပိုင်အသံလွှင့်ဋ္ဌာနတခုရှိပါတယ်။ GTI ကျောင်းဝင်း အတွင်းကနေ ထုတ်လွှင့်တာပါ။ ကိုထွန်းအောင်ကျော် ဆိုတာ ဂျီတီအိုင် ကျောင်းသားသမဂ္ဂရဲ့ ဥက္ကဋ္ဌ ပါ။ သူ့ကို ချစ်ခင်လေးစားသူ တွေက “အကိုကြီး” လို့ခေါ်ဆိုလေ့ရှိတယ်။ အရေးတော်ပုံအရှိန်မြင့်လာတယ်။ သူ့ကိုလည်း သပိတ်တပ်ပေါင်းစုထဲမှာ တွေ့လာရတယ်။ ရန်ကုန်ဆေးရုံကြီးဝင်းအတွင်း အစည်းအဝေးပွဲတွေမှာ သွားတက်ခဲ့တယ်။ ဒေါ်ခင်ကြည်ဈာပန အခမ်းအနားတွေမှာ ဦးဆောင်ပါဝင် ခဲ့တယ်။ ရန်ကုန်ကျောင်းသားခေါင်းဆောင်တော်တော်များများက သူ့ကို သိကြပါတယ်။ သူ့ရဲ့ ညီ ကိုလတ် က ကိုမောင်မောင်ဝမ်းတို့နဲ့ အတူ မကသ မှာ လုပ်တယ်။

ဗကသ သမဂ္ဂညီလာခံ ( ၁၉၈၉)


၁၉၈၈ သြဂတ်စ် (၂၈) မှာ ပြုလုပ်ခဲ့တဲ့ ဗကသ ညီလာခံဟာ တတိုင်းပြည်လုံးက ကျောင်းသားတွေကို မစုစည်းနိုင်ခဲ့ဘူး။ ကျောင်းသားတွေဟာ တနိုင်ငံလုံးကို ကိုယ်စားပြုမဲ့ ညီလာခံတခုကိုကျင်းပကြဖို့ ပြင်ဆင်ခဲ့ကြတယ်။ ထုံးစံအတိုင်း ဗကသ၊ မကသ ကွဲနေတော့ မန္တလေးမှာ ညီလာခံနှစ်ခုဖြစ်ခဲ့တယ်။ တခုက- မန္တလေးတက္ကသိုလ်၊ အင်းဝဆောင် (၉) မှာ ကျင်းပတဲ့ ဗကသ ညီလာခံ။ နောက်တခုက ကိုမောင်မောင်ဝမ်း၊ ကိုလတ်၊ တို့ ဦးစီးကျင်းပတဲ့ ရတနာဘုံမ္မိနယ်မြေ ကဉ္စနဆောင် ထဲက၊ မကသ ညီလာခံ။ ရန်ကုန် ဗကသ ကနေ တက်လာတဲ့ ကျောင်းသားခေါင်းဆောင်တွေက ကိုပြုံးချို၊ ကိုဇော်ဇော်အောင်၊ ရန်မျိုးသိမ်း တို့ဖြစ်တယ်။ ကိုညိုထွန်း ကတော့ မန္တလေးမှာ ဗကသ ဖွဲ့စည်းဖို့အတွက် ဘုရားကြီး၊ မြတောင်၊ မစိုးရိမ် -- စတဲ့ ဘုန်းကြီးကျောင်းအစည်းအဝေးတွေမှာ ကတည်းက ကျောက်ချ ပါဝင်နေတော့တယ်။ အဲ့ဒီညီလာခံမှာ- ဗကက ( အထက်ဗမာပြည်) ဥက္ကဋ္ဌ က ကိုသန့်စင် ( ဆေးတက္ကသိုလ်) နဲ့ အပြိုင် ကျောင်းသားထုထောက်ခံတဲ့ခေါင်းဆောင်က ကိုထွန်းအောင်ကျော်။ သူကလည်း လူချစ်လူခင်များတယ်။ ၁၉၈၉ ဗကသ ညီလာခံကို ရော်နယ်အောင်နိုင် ( အနကလ)၊ ကိုစိုးလင်း ( အနကလ) တို့လည်း ပါဝင်ခဲ့ကြပါတယ်။ လူထုဒေါ်အမာ၊ MA ဒေါ်အုံး၊ ဒေါ်ကြည်ကြည် ( သခင်ဇင့် မိန်းမ) တို့လို နာမည်ကြီး မျိုးချစ် ပုဂ္ဂိုလ်တွေအပြင်၊ နိုင်ငံရေးအဖွဲ့အသီးသီးက ပုဂ္ဂိုလ်တွေ၊ ရဟန်းသံဃာတော်တွေ၊ တက်ရောက်ခဲ့ကြတယ်။ ဒီညီလာခံထဲမှာ ဗိုလ်ကြီးမြင့်ဦးရဲ့ စစ်ထောက်လှမ်းရေးတွေကလည်း တရားဝင်တက်ရောက် သတင်းယူခဲ့ကြတယ်။ အဲ့ဒီတုံးက ကိုထွန်းအောင်ကျော်ဘေးမှာ တိုးတိုးတိတ်တိတ် နဲ့ အကြံပေးလိုက် လုပ်နေတာ ရော်နယ်အောင်နိုင် ပဲ မဟုတ်လား။ တကယ်တော့ ရော်နယ်အောင်နိုင်၊ ကိုထွန်းအောင်ကျော်၊ ကိုစိုးလင်း ဆိုတာ ညီလာခံမှာ တတွဲတည်းထိုင်ခဲ့တဲ့ သူငယ်ချင်တွေမဟုတ်လား။ ကဲ-- ဗကသခေါင်းဆောင်တယောက်ဟာ ထောက်လှမ်းရေးဖြစ်လို့ ခေါင်းဖြတ်သတ်လိုက်ပါတယ် ဆိုတဲ့ အခိုင်အမာဝန်ခံချက်တွေကို မန္တလေးသားတွေကို ရှင်းပြပေးသင့်တာပေါ့။ မန္တလေးသားတွေကလည်း ဒီကိစ္စကို ပြင်းပြင်းထန်ထန် တုန့်ပြန်ကြမယ်ဆိုတာတော့ ယုံကြည်စေချင်ပါတယ်။

အချက်အလက်တွေ များနေမှာမို့ တတိယပိုင်း ကို ဒီမှာပဲ ရပ်လိုက်ပါမယ်။

စတုတ္ထပိုင်းမှာ “ နန်းအောင်ထွေးကြည်” ရဲ့ အစီရင်ခံစာတွေ ကို သူမရဲ့ မူရင်းလက်ရေးနဲ့အတူ တင်ပြပေးပါမယ်။

အောင်မိုးဝင်း

0 ကူးတို့ဆိပ်အတွက် နိဗ္ဗာန်ကူးတို့


နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ ပြန်ကြားရေးအဖွဲ့ဝင်များသည် ၁.၁.၂၀၁၂ ရက်နေ့တွင် ကျင်းပ မည်ဖြစ်သော (၁၁)နှစ်ပြည့် အခမ်းအနားအတွက် လုပ်ငန်းဆောင်တာများကို ၂၉.၁၂.၂၀၁၁ ရက်နေ့ နံနက် (၀၁း၃၀) နာရီအချိန်ခန့်အထိ လုပ်ဆောင်ကြပြီး မြောက်ဒဂုံမြို့နယ်ရှိ နာရေးကူညီမှုအသင်း (ရန်ကုန်) ရုံးချုပ်တွင် အိပ်စက်အနားယူရန် ပြင်ဆင်နေစဉ် “အုန်း” ကနဲဟူသော ကျယ်လောင်သော မြည် ဟိန်းသံကြီးနှင့်အတူ အဆောက်အဦးတစ်ခုလုံး တုန်ခါသွားတော့သည်။ ထို့ကြောင့် ပြန်ကြားရေးအဖွဲ့ဝင် များသည် ရုံးအဆောက်အဦး တစ်ခုလုံးကို အထက်အောက် လိုက်လံစစ်ဆေးကြရာ ထူးခြားမှု တစ်စုံတစ် ရာ မရှိသည့်အတွက် အနားယူအိပ်စက်ခဲ့သည်။

နံနက် (၅း၃၀) နာရီအချိန်ခန့်တွင် ပုဇွန်တောင်မြို့နယ်နေ အသင်းသား/သူများထံမှ မင်္ဂလာ တောင်ညွန့်မြို့နယ်၊ ကူးတို့ဆိပ်ရပ်ကွက်၊ ကူးတို့ဆိပ်လမ်းရှိ ဂိုဒေါင်များ မီးလောင်ပေါက်ကွဲမှု သတင်းဆိုး ကြီးအား ကြားသိရတော့သည်။ သတင်းကြားလျှင်ကြားချင်း၌ ဥက္ကဋ္ဌ ဦးကျော်သူမှ ကူညီ ကယ်ဆယ်ရေး အတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့အား တွဲဖက်အတွင်းရေးမှူး(၂) ဦးစန်းအေး ဦးဆောင်၍ သွားရောက် စုံစမ်းမှုကို ပြုလုပ်ခဲ့သည်။ ပေါက်ကွဲမှု၊ မီးလောင်မှုတို့ကြောင့် ထိခိုက်ဒဏ်ရာရသူများ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ ရောက်ရှိနေကြောင်း အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်မှသိရှိကာ ဒု-ဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင် နှင့် အသင်းသား/သူအချို့တို့မှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်၍ လူနာများအား ဆေးဝါးနှင့် အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ရာ ဆေးဝါး တန်ဖိုး (၅)သိန်း၊ လူနာတစ်ဦးလျှင် (၁) သောင်းကျပ်နှင့် လူနာဦးရေ (၈၀) ဦးခန့်ကို ကိုယ်တိုင်ကိုယ်ကျ လူနာများလက်ထဲသို့ ပေးအပ်လှူဒါန်းခဲ့ပါသည်။ ရုံးချုပ်တွင် လည်း စုံစမ်းရေးအဖွဲ့ ပြန်လည်ရောက်ရှိသည်နှင့် မီးဘေးဒုက္ခသည်များအတွက် လိုအပ်လျှက်ရှိသော စောင်၊ ဒန်အိုး၊ ဒန်ခွက်၊ စတီးဇလုံ၊ စတီးမတ်ခွက်၊ စတီးဇွန်းကြီး၊ ဆပ်ပြာတို့အား မင်္ဂလာဈေးနှင့် သံသုမာ လမ်းရှိ ဆိုင်ခန်းများတွင် သွားရောက်ဝယ်ယူကာ ခေါင်းလျှော်ရည်၊ အ၀တ်အထည် (ကျား/မ/ကလေး) များကို၎င်း၊ မီးဘေးဒုက္ခသည်များထဲတွင် ပါဝင်ခဲ့သော သံဃာတော်(၇)ပါး အတွက် သင်္ကန်းများနှင့် စုစုပေါင်းတန်ဖိုး သိန်း (၄၀) ကျပ်ခန့် လှူဒါန်းမှုကို ဦးကျော်သူနှင့် အသင်းသား/သူများမှ သွားရောက် လှူဒါန်းမှုများပြုခဲ့သည်။ လှူဒါန်းမှုခရီးစဉ် မထွက်ခွာမှီ အလှူရှင်တစ်ဦးမှ ခေါင်းအုံး အလုံး (၂၀၀)ကျော် လာရောက်လှူဒါန်းမှုပြုခဲ့ပါ၍ ယင်းခေါင်းအုံးများကိုပါ တစ်ပါးတည်း မီးဘေးဒုက္ခသည် စခန်းရှိရာသို့ သယ်ဆောင်လှူဒါန်းနိုင်ခဲ့သည်။

ထိုသို့ လှူဒါန်းမှုပြုလုပ်ရာတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဆေးဝါးအလှူငွေ လှူဒါန်းပြီး၍ ပြန်လာ ကြသော ဒေါ်သန်းမြင့်အောင်၊ ဒေါ်ရွှေဇီးကွက်နှင့် အသင်းသူ/သားများနှင့် ချိတ်ဆက်ပူးပေါင်းကာ မင်္ဂလာ တောင်ညွှန့်မြို့နယ်ရှိ “မဟာဝိဇယာရာမတိုက် ပုသိမ်ညွှန့်ရာကျော်ကျောင်းကြီး”ရှိ ကျောင်းထိုင်ဆရာ တော်ကြီးထံတွင် ကိုယ်တိုင်ကိုယ်ကျစုပေါင်း၍ လှူဒါန်းမှုကို ပြုလုပ်နိုင်ခဲ့သည်။ ပုသိမ်ညွှန့်ရာကျော် ကျောင်းကြီးအတွင်းရှိ “အောင်သြဘာသိဒ္ဓိဓမ္မာရုံ” ၌ နေထိုင်နေရကြသော မီးဘေးဒုက္ခသည်များအား ၀င်ရောက်၍ အားပေးစကားများ ပြောကြားခဲ့ပါသည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)သည် နာရေးကိစ္စများ၊ ကျန်းမာရေးကိစ္စများ၊ ပညာရေးကိစ္စများကို (အခမဲ့) ကူညီဖေးမ ပေးလျှက်ရှိသလို ရန်သူမျိုးငါးပါးဖြစ်သော ရေဘေးဒုက္ခ၊ လေဘေးဒုက္ခ၊ စစ်ဘေးဒုက္ခ၊ မီးဘေးဒုက္ခစသည့် ဒုက္ခမျိုးစုံတို့ကိုလည်း ကူညီဖေးမ လှူဒါန်းမှုများကို အသင်းသူ/သားများ၊ ၀န်ထမ်းများ နှင့် လက်ချင်းယှက်ကာ စည်းလုံးညီညွှတ်စွာဖြင့် ဗြဟ္မစိုရ်တရားလေးပါး လက်ကိုင်ထားကာ မင်္ဂလာတောင် ညွှန့်မြို့နယ် ကူးတို့ဆိပ်ရှိ မီးဘေးဒုက္ခသည်များအား အများပြည်သူတို့မှ လှူဒါန်းမှုတို့ကို နာရေးကူညီမှု အသင်း(ရန်ကုန်)မှ နိဗ္ဗာန်ကူးတို့အဖြစ် ကူညီဖေးမ ပေးဆပ်မှုပင်ဖြစ်တော့သည်။

ကိုကျော်သူ

0 ပြည်သူပေးတဲ့ ပရိတ်သတ်ပေးတဲ့ ဆုကိုရမဲ့ 'အဲ့ဒီအခန်း ဖြတ်' ရုပ်ရှင်ဇာတ်ကားတို (ချိုတူးဇော်)

Photo..Popular myanmar
အစက်ကလေး ချ ပါရစေ.
ပြိုင်ပွဲဆိုမှတော့ ပြိုင်ပွဲလုပ်တဲ့သူတွေက သူတို့စိတ်ကြိုက်စည်းမျည်း၊ စည်းကမ်းတွေကို ထုတ်မှာဓမ္မတာပါပဲ။ အဲဒီပြိုင်ပွဲကိုဝင်ရမှဖြစ်မယ်.၀င်ကိုဝင်ချင်တယ်ဆိုရင်အဲဒီစည်းမျည်းစည်းကမ်းတွေကိုလိုက်ကို လိုက်နာဖို့ လိုပါတယ်။

လွတ်လပ်ခြင်းရုပ်ရှင်ပွဲတော် မှာ ပြိုင်ပွဲလုပ်မယ်ဆိုတော့ တချို့ပရိတ်သတ်တွေက ကျနော့်ကို စာတွေရေးပြီး မေးမြန်းကြပါတယ်။ “ဆရာချို ၀င်မပြိုင်ဘူးလား” တဲ့။

ကျနော်က“ကျနော်ဘယ်ပြိုင်ပွဲမှာဝင်လေ့မရှိပါဘူးခင်ဗျာ”လို့ပဲပြန်ဖြေခဲ့ပါတယ်။အနုပညာလွတ်လပ်ခွင့်နဲ့ပါတ်သက်ပြီး ကျနော့်ယုံကြည်မှု ကို အထူးတလည်ဘာမှမပြောချင်၊ မရေးချင်ပါဘူး။ ကျနော့်ဇာတ်ကားတွေကို စဉ်ဆက်မပြတ် ကြည့်ခဲ့တဲ့ပရိတ်သတ်သာဆိုရင်ကျနော်ဘယ်လိုအနုပညာသမား၊ဘယ်လိုရပ်တည်ခဲ့တယ်ဆိုတာ နားလည် လက်ခံပြီးသားဖြစ်မှာပါ။ လွတ်လပ်ခြင်းအနုပညာ ကို ယုံတဲ့ကျနော်ဟာ “အနုပညာ ဆိုတာ ပြိုင်စရာမဟုတ်” လို့လက်ခံယုံကြည်ပါတယ်။ အဲဒါ ကျနော့်တကိုယ်ရည် ယုံကြည်မှုပါ။ ဘယ်သူ့ကို မှလည်း မတိုက်ခိုက်လို၊ ကျနော့်လို မယုံကြည်သူများကိုလည်း လွတ်လပ်စွာကွဲလွဲစေ့ချင်ပါတယ်။

လွတ်လပ်ခြင်း ရုပ်ရှင်ပွဲတော်ကျင်းပတဲ့ သူတွေဟာ ကျနော်နဲ့ မတည့်တဲ့သူ၊ ရန်သူ၊ ပြိုင်ဘက်တယောက်မှ လည်း မပါတဲ့အတွက် ဆန့်ကျင်စရာလည်းမလို၊ တိုက်ခိုက်စရာလည်းမလိုပါဘူး။

ကိုသူရဆိုတာလည်း ကိုယ်ချစ်ခင်လေးစားတဲ့ အနုပညာနောင်တော်တဦးဖြစ်သလို၊ ကိုမင်းထင်ကိုကိုကြီးဆိုတာ ကျနော်နဲ့ညီအကိုလိုရင်းချာတဲ့ မိတ်ဆွေသူငယ်ချင်းပါ။
ဝိုင်း ရဲ့ ကားလေး ပြိုင်ပွဲကနေပယ်တယ်ဆိုတော့ အဲဒီညီအကိုလိုချစ်တဲ့ အနုပညာရောင်းရင်းတွေလုပ်တဲ့ပွဲမှာ ညီအကိုလိုချစ်တဲ့ညီငယ်ဝိုင်းအတွက်ရော၊တခြားမျိုးဆက်သစ်ညီငယ်တွေ၊အနုပညာသမားလေးတွေအတွက်ရော..
ကျနော့်အမြင်ကလေးတခုကို ပို့စ်လေးတခုအနေနဲ့ ရေးဖြစ်ပါတယ်။
သူတို့အချင်းချင်း ရန်တိုက်ပေးစရာလည်းမလိုသလို၊သူတို့တွေထဲက ဘယ်သူနဲ့မှလည်း ကျနော်ရန်ဖြစ်စရာ မလိုပါဘူး။တဆိတ်ကလေးရှိ ကိုယ့်အမြင်လေးနဲ့မတူရင် ရန်တွေဖြစ်ကြတာ . . .ငြီးငွေ့စရာကောင်းလှပါပြီ။

“အနုပညာ ပြိုင်စရာမဟုတ်ပါဘူး” ကိုယ့်ခံစားရသလို ကိုယ့်ဖါသာလွတ်လပ်စွာဖန်တီးပြီး ကိုယ့်ဖါ
သာပြလို့ရပါတယ်. .လို့.. ဆိုတာပါ။

ဝိုင်း ရဲ့ကားလေးက အင်တာနက်ပေါ်ပြန့်နှံ့သွားတော့ ပရိသတ်တွေလည်းကြည့်ရတယ်၊ အားလုံးလည်းနှစ်ချိုက်ကြတယ်။
ဝိုင်းက ကျနော့်ညီငယ်လိုဆိုတော့ သူ့ကိုရည်ရွယ်ပြီး ရေးပါတယ်။

ညီလေးရေ..ဆုတံဆိပ်တွေနောက်ကိုမလိုက်နဲ့၊
အနုပညာဆိုတာလေ. .မင်းရိုးသားစွာခံစားဖန်တီးတင်ပြမှုကို ပရိတ်သတ်တွေက အသိအမှတ်ပြု
ပြီး ဆုတွေပေးလိမ့်မယ်။ ပရိတ်သတ်ပေးတဲ့ဆု ကို မင်းရပြီးသားပါလို့။
“ပရိတ်သတ်ပေးတဲ့ ဆု” ဆိုတာလေ..ရုပ်ရှင်သမိုင်းမှာ ပထမဆုံး သုံးနှုန်းခဲ့တဲ့သူကတော့ ကွယ်လွန်သူ ဂီတလုလင်ဘဘဦးကိုကို ပါ။
“မှုန်ရွှေရည်” ကားမှာ နောက်ခံဂီတ ကောင်းလွန်းပေမယ့်၊
အဲဒီခေတ်အခါက တေးဂီတအကယ်ဒမီဆိုတာမရှိသေးတော့ မရခဲ့ဘူး။

ဒီတော့ ဒီဘက်ခေတ် အကယ်ဒမီရတဲ့အခါ ဘဘဦးကိုကို က ပရိတ်သတ်ပေးတဲ့ ဆု ကို ကျနော် မှုန်ရွှေရည် ကတည်းက ရခဲ့ပြီးသားပါ လို့ စင်ပေးမှာပြောခဲ့ပါတယ်။

အနုပညာသမားတွေဟာ ပြည်သူအတွက် ရဲရဲရင့်ရင့် လွတ်လပ်စွာဖန်တီးမယ်ဆိုရင် ပြည်သူပေးတဲ့ ပရိတ်သတ်ပေးတဲ့ ဆု ကို ရကြစမြဲပါ။
ဒီဘက်ခေတ် မျိုးဆက်သစ်အနုပညာသမားလူငယ်လေးတချို့ဟာ ပြိုင်ပွဲရှိမှ ဖန်တီးကြသလို၊ ပြိုင်ပွဲတွေ၊ ဆုတံဆိပ်တွေနောက်ပဲ ကောက်ကောက်ပါအောင်လိုက်နေကြသလို တချို့ရေလိုက်လွဲနေကြတာတွေ့လို့ “လွတ်လပ်ခြင်းအနုပညာ စိတ်ဓါတ်” ကလေးကိုလည်းဖြန့်ဝေတဲ့အနေနဲ့ “ချီလေတဲ့ချီလေ...ညီလေးရေ” လို့ ပို့စ်ကလေးတခု ရေးမိပါတယ်။

အကြောင်းကြောင်းကြောင့် ပြိုင်ပွဲဆိုတာတွေ မရှိတော့ရင်တောင်...ပြည်ပကနေ အကြောင်းကြောင်းကြောင့် ပြိုင်ပွဲတွေမှာပါဝင်ခွင့်မရလို့ စိတ်ဓါတ်ကလေးတွေညှိုးနွမ်းကြမယ့် အနုပညာသမားလေးတွေအတွက် လည်း ရည်စူးပါတယ်။
ဟောဒီ လွတ်လပ်သောကောင်းကင် ယူကျုတို့၊ အိုင်ကျုတို့၊ ဖေ့စ်ဘွတ်ခ်တို့မှာ လွတ်လပ်စွာဖန်တီးတဲ့ အနုပညာကြယ်တွေ လွတ်လွတ်လပ်လပ် ထွန်းတောက်ကြစေချင်။
အစဉ်အမြဲ တပွင့်ပြီးတပွင့် သူ့ထက်ငါ အပြိုင်လှစေချင် လို့ရေးပါတယ်။အနုပညာဆိုတာ ပြိုင်စရာမဟုတ်၊ ပြစရာ လို့ ကျနော်က ယုံကြည်တာလေးကိုလည်း တင်ပြရင်းအဲဒီ လို ယူကျုတွေ အိုင်ကျုတွေ ဖေ့စ်ဘွတ်ခ်တွေပေါ်က လွတ်လပ်စွာဖန်တီးကြတဲ့ မြန်မာအနုပညာသမားလေးတွေရဲ့ အနုပညာတွေကိုလည်း
မြန်မာပြည်ရဲ့ လွတ်လပ်ခြင်းအနုပညာ ရုပ်ရှင်ပွဲတော်ကြီးထဲ ထည့်ပေးကြစေ့ချင် ကြောင်းပါ။

ကျနော်ကတော့ စည်းကမ်းတွေမလိုက်နာနိုင်တဲ့အတွက် မပါပါရစေနဲ့ခင်ဗျာ၊ ကျနော့်စည်းကမ်းလေးနဲ့ပဲ ကျနော်နေပါရစေ။ ကိုချော(မောင်ချောနွယ်)ရဲ့ငူငှက်ကလေးတွေသူ့အလိုလိုကြွေကျတဲ့ညောင်သီးလေးတွေကို စားပါစေ။ ကျနော်တို့အနုပညာဆိုတာ.. ကျနော်တို့ဒဏ်ရာတွေကို ကုစားဖို့သက်သက်ပါ။
ကြိုးဝိုင်းထဲ ၀င်ဖို့၊ပြေးလမ်းပေါ်တက်ဖို့ မဟုတ်ပါဘူးဗျာ။ ။

ချစ်ခင်စွာ

ချိုတူးဇော်

0 မင်္ဂလာတောင်ညွန့် မီးဘေး အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၊နိုင်ငံရေးအကျဉ်းသား၊ ၈၈ မျိုးဆက်ကျောင်းသားတွေနဲ့ အနုပညာရှင်များသွားရောက်ကူညီလှူဒါန်း


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဦးတင်ဦး မီးဘေးသင့် ပြည်သူများကို လာရောက်အားပေး(The Voice Weekly )

မင်္ဂလာတောင် ညွန့် စက်ဆန်းရှိ ဂိုတောင်တွေ မီးလောင်ပေါက်ကွဲခဲ့မှုနဲ့ပတ်သက်ပြီး ဆက်လက်စုံစမ်း ဖော်ထုတ်ဖို့ လိုအပ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးရဲ့ တိုင်းရင်းသားရေးရာ ရခိုင်ဝန်ကြီး ဦးဇော်အေးမောင်က ပြောကြားလိုက်ပါတယ်။
မီးဘေးသင့် ပြည်သူတွေအတွက် မင်္ဂလာတောင်ညွန့်မြို့နယ် ပုသိမ်ညွန့်ခြောက်လမ်းထိပ်ရှိ မဟာဝိဇယာရာမကျောင်းတိုက်တွင် ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ပေးထားပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ ဥကဌ ဦးတင်ဦးနဲ့ အဖွဲ့ဝင်တွေ၊ နိုင်ငံရေးအကျဉ်းသားတွေ၊
ရွှေညဝါ ဆရာတော်နှင့် ၈၈ မျိုးဆက် ကျောင်းသားမျာ့း  အနုပညာရှင်တွေက သွားရောက်ကူညီလှူဒါန်းမှုတွေပြုလုပ်နေပါတယ်။
DVB

0 ဘိုဘိုကျော်ငြိမ်း ပြည်တော်ပြန်လာ


ဦးသန့် အရေးအခင်း ဖြစ်ပွားပြီးချိန် ၁၉၇၄ ခုနှစ် နှောင်းပိုင်းမှ စတင်၍ မြန်မာနိုင်ငံ ပြည်ပသို့ ရောက်ရှိနေခဲ့သူ ဘိုဘိုကျော်ငြိမ်းမှာ Air Bagan လေကြောင်းလိုင်းဖြင့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ မှ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ Air Bagan လေကြောင်းလိုင်းဖြင့် ယနေ့ ညနေ ( ၆ ) နာရီ ခန့်တွင် ရောက်ရှိလာ ခဲ့ကြောင်း မင်္ဂလာဒုံ လေဆိပ်သို့ သွားရောက် သတင်းရယူနေသူ The Voice Weekly အယ်ဒီတာ တစ်ဦးက ပြောကြားသည်။

ဘိုဘိုကျော်ငြိမ်းမှာ ဖဆပလ အစိုးရခေတ် ပြည်ထဲရေး ဝန်ကြီးနှင့် ဒုတိယ ဝန်ကြီးချုပ် တာဝန်များကို ထမ်းဆောင်ခဲ့သူ ဦးကျော်ငြိမ်း၏ သားဖြစ်ပြီး ဒီမိုကရက်တစ် ပါတီ (မြန်မာ) အတွင်းရေးမှူး ဖြစ်သူ ဒေါ်ချိုချိုကျော်ငြိမ်း၏မောင် ဖြစ်သည်။

The Voice Weekly

Thursday, December 29, 2011

0 မီးလျှံ၊ ပေါက်ကွဲသံနှင့် ရန်ကုန်ဆောင်းည




Yangon Press International
မိမိနှင့်အနီးဆုံးနေရာကို မိုးကြိုးပစ်လိုက်သလို ဒိန်း ဆိုသည့် မိုးပေါ်မှ မြည်ဟီးသံကြီးကြောင့် ဗိုလ်တထောင်မြို့နယ်တွင် နေထိုင်လျှက်ရှိသည့် ကိုမိုးအောင် အိပ်မောကျနေရာမှလန့်နိုးလာသည်။ အနီးတွင် အိပ်နေသည့် ဇနီးဖြစ်သူက ထထ ဘာဖြစ်လဲ မသိဘူး ၊ ကြောက်စရာကြီးဟု ပြောရာ အိပ်ချင်မူးတူးဖြင့် မိုးကြိုးပစ်သလား မသိဘူးဟု ပြန်ပြောရာ၊ မဖြစ်နိုင်တာ မိုးတွင်းမှ မဟုတ်တာဆိုသဖြင့် မျက်စေ့ကို အတင်းဖွင့်ကာ အိမ်ရှေ့ထွက်ကြည့်မိသည်။ လမ်းထဲတွင်လည်း အိမ်အတွင်းမှ လူများ ထွက်ကြည့်နေကြသည်။ လမ်းထိပ်တွက်ကြည့်သူ၊ တက္ကစီကားများက သာကေတဘက်သို့ မောင်းနှင်သွားကြသည်။ မကြာမီ မိနစ်ပိုင်းတွင် ပုဇွန်တောင်တွင် နေထိုင်သူ မိတ်ဆွေတဦးက ဖုန်းဆက်လာသည်။ စက်ဆန်းရှိ စီအန်ဂျီဆိုင် ပေါက်ကွဲသည်ဟု ယူဆရသည်ဟု ကြားရကြောင်း အိမ်အပေါ်ဆုံးထပ်မှ လှမ်းကြည့်တော့ မီးတွေလောင်နေသည်ကိုမြင်ရသည်ဟှုမ်းပြောသည်။

တခုခုတော့ ဖြစ်နေပြီ၊ ပေါက်ကွဲပြီးမီးလောင်သည်လား မီးလောင်မှုကြောင့် ပေါက်ကွဲသည်လား မသဲကွဲသေး၊ စမ်းချောင်းတွင် နေထိုင်သည့် ကျွန်တော်တို့ သတင်းထောက်ကလှမ်းဆက်သည်၊ သူတို့နေထိုင်သည့်နေရာတွင်လည်း ပေါက်ကွဲသံကြား လိုက်ရသည်တဲ့၊ အနီးအနားလိုအကျယ်ကြီးကြားရသည်ဟု ဆိုသည်။

သာကေတဘက်တွင် နေထိုင်သူက သူ့ကိုဖုန်းလှမ်းဆက်တော့ စက်ဆန်းဘက်တွင် မီးတွေလောင်နေတာ မြင်ရသည်ဆိုသည်။ သတင်းရဖို့ စက်ဆန်းဘက်သို့ သွားမည့်အကြောင်း လှမ်းပြောသည်။

သည့်နောက်တွင်တော့ စက်ဆန်းသို့မကြာမီ သူရောက်တော့မည် အကြောင်း၊ မီးလောင်ရာနှင့် အနီးဆုံးသို့ ရောက်အောင်လမ်းလျှောက် ၀င်သွားနေသည့်အကြောင်း လှမ်းပြောသည်။

သည့်နောက်တော့ အမျိုးသမီး ၂ ဦး စက်ဆန်းလမ်းမဘေး အုတ်သဲကျောက် ရောင်းဝယ်သည့် ဆိုင်များရှေ့ လွင့်စင်လာပြီး အသက်ဆုံးရှုံးနေသည့် သတင်း၊ ဆောင်းဘောက်စ်လို အီလက်ထရွန်းနစ်ပစ္စည်းများထားသည့် ဂိုဒေါင်များမှ မီးစတင်လောင်သည့် အကြောင်း၊ မီးလောင်ပြီး မကြာခင် မီးသတ်ကားနှင့် ရပ်ကွက်နေသူများ ၀ိုင်းဝန်းငြိမ်းသတ်နေစဉ် အလွန်ပြင်းထန်သည့် ပေါက်ကွဲမှု ဖြစ်ပွားရာ မီးသတ်ဝန်ထမ်းများနှင့် အတူ ၀ိုင်းဝန်းငြိမ်းသတ်နေသူများပါ အသက်ဆုံးရှုံးဒဏ်ရာရကြခြင်းဖြစ်သည်။

ဒဏ်ရာရသူ ကလေးငယ်တဦးအား ယာဉ်ထိန်းရဲတဦးက သယ်ဆောင်လာစဉ်

ယင်းနေရာတ၀ိုက်တွင် စုစုပေါင်း ဂိုဒေါင် ၃၂ လုံးရှိသည်ဟုလည်း မီးသတ်နှင့် လုံခြုံရေး တာဝန်ကျသူများကဆိုသည်။ အနီးနား သင်္ဘောကျင်းတွင်လည်း လောင်စာဆီသိုလှောင်ကန်ရှိသဖြင့် အဆိုပါနေရာသို့ မကူးစက်အောင်လည်း ကြိုးစားတားဆီးနေကြသည်။

နံနက် ၂နာရီခွဲကျော်ကျော် ယင်းရုံးလေး မှတ်တိုင်အနီး ရောက်သည့်အခါ မီးလောင်ရာအတွင်းသို့ မသက်ဆိုင်သူများ မ၀င်နိုင်ရန် ကယ်ဆယ်ရေးနှင့် ရဲတပ်ဖွဲ့များက စောင့်ကြပ်နေကြသည်။ ကျွန်တော်တို့ ဓါတ်ပုံ သတင်းထောက်က ယင်းအတားအဆီးကြားမှ တိုးဝင်သွားပြီး အတွင်းဘက်မီးငြိမ်းသတ်နေသည့် ဂိုဒေါင်များဆီသို့ ၀င်ရောက်သွားသည်။

စက်ဆန်းလမ်းမပေါ်တွင်တော့ စောင်ဖြင့်အုပ်ထားသည့် အလောင်းတလောင်းနှင့် အခြားအမျိုးသမီးအလောင်းတလောင်း လမ်းဘေးတွင် တွေ့ရသည်။ ဒဏ်ရာရသူများအား ဦးစားပေးကာ ဆေးရုံသို့ခေါ်ဆောင်သွားနေကြသည်။ လူနာတင်ယာဉ်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက ပို့ဆောင်တာရှိသလို အရပ်သားများက လည်း နီးစပ်ရာ တက္ကစီခေါ်ကာ ရန်ကုန်ဆေးရုံကြီးသို့ သွားပို့ပေးကြသည်။

ဒဏ်ရာရသူများက အချို့စကားပင်မပြောဆိုနိုင်ကြ၊ ပေါက်ကွဲမှုဖြစ်ပွားပြီး ကြောက်လန့်ကာ ဘာပြောရမှန်းမသိဖြစ်နေသူများလည်း တွေ့ရသည်။ သားအမိသုံးယောက်ရှိသည့် မိသားစုဆိုလျင် အိပ်မောကျနေရာမှ ပေါက်ကွဲမှုအသံကြီးကြားပြီး သူတို့နေထိုင်ရာ တဲအိမ်ထဲ အစအနများဝင်လာခဲ့သည်။ ၁ နှစ်ကျော်ကလေးက လွင့်ထွက်သွားသည်။ မိခင်ဖြစ်သူက သူတို့အဖြစ်အပျက်ကို ဆေးရုံကြီးအရောက်တွင် ပြောပြသည်။ ပေါက်ကွဲသံကြောင့် နားအူနေပြီး မကြားရသဖြင့် သူ့ကို အော်ပြီးမေးမြန်းရသည်။

ဂိုဒေါင်များရှိသည့်နေရာ၊ ကူးတို့ဆိပ်ရပ်ကွက် ကအတွင်းမှာ မီးလောင်ပေါက်ကွဲမှု ဖြစ်ပေမယ့် စက်ဆန်းကားလမ်းမပေါ်ရှိ အိမ်မှ ဘုရားစင်များ၊ မှန်ပြူတင်းများ ကွဲအက်ပျက်စီးကုန်သည်။ ယင်းအိမ်များမှ မိသားစုများလည်း သဲ၊ အုတ်တင်သည့်ကားများပေါ် ပစ္စည်းများ ကောက်တင်ပြီး လူပါရွှေ့ပြောင်းနိုင်ရန် အဆင်သင့် ပြင်ထားကြသည်။ သူတို့လို ကားပေါ်အဆင်သင့်ပြင်ထားသူတွေ ၄၊ ၅ ဆယ်စီးမက တွေ့ရသည်။ ကားလမ်းပေါ်တွင်လည်း မှန်ကွဲစတွေ ပြန့်ကျဲနေသည်။

လမ်းဘေးတွင် လဲကျသေဆုံးနေသည့် အမျိုးသမီး၏ ယောက်ကျားဖြစ်သူက မီးလောင်မှုဖြစ်ခါစ သူနဲ့အတူ ထွက်ပြေးကြစဉ် သူ့နဘေးမှ သူ့မိန်းမလွင့်စင်ပျောက်သွားရာ လိုက်လံရှာဖွေရင်း တနာရီဝန်းကျင်အကြာမှ ယင်းနေရာတွင်တွေ့လိုက်ရသည်ဟု ပြောသည်။

မီးလောင်ရာ အတွင်းဘက် ၀င်သွားသည့် သတင်းထောက်က ပြန်ပြောရာမှာတော့ မီးသတ်ကား ၂ စီးအတွင်းတွင် ပိတ်မိနေသည်။ မီးလောင်စပြုနေသည့် ဂိုဒေါင်တွေထဲ မီးသတ်များဝင်ရောက် ငြိမ်းသတ်နေသည်ကိုတွေ့ရသည်။ အရပ်သားများ ပုဇွန်တောင်ချောင်းနဘေးရှိ သဲအိတ်အကာများနဘေး ပုန်းနေသည်ကိုလည်းတွေ့ရသည်။ ဘုန်းကြီးကျောင်းများ လူနေအိမ်များ ပေါက်ကွဲမှုအရှိန်ကြောင့် ပြိုပျက်နေသည့် မြင်ကွင်း၊ မီးသတ်တပ်ဖွဲ့များ အသက်အန္တရာယ်ကြားမှ ငြိမ်းသတ်နေသည့် မြင်ကွင်းမြင်တွေ့ရသဖြင့် ကင်မရာဖြင့် မှတ်တမ်းတင် ဓါတ်ပုံရိုက်ယူခဲ့သည်။

တနာရီကျော်အကြာတွင်တော့ မီးဘေးသင့်သူများအား အနီးနားရှိ မူလတန်းကျောင်း ၂ ကျောင်းနှင့် မဟာဝိဇယ ဘုန်းတော်ကြီးကျောင်းတွင် ယာယီ စခန်းဖွင့်ကာ နေရာချထားပေးသည်ကိုတွေ့ရသည်။

နံနက် ၄နာရီ ၁၀ မိနစ်တွင် ရန်ကုန်ဆေးရုံကြီးသို့ ဒဏ်ရာရသူများ ၀င်လာနေဆဲ၊ အရေးပေါ် ခွဲစိတ်ကုသရမည့်သူများကိုလည်း ဆေးရုံဝန်ထမ်းများက လုပ်ဆောင်နေကြသည်ကိုတွေ့ရသည်။

မိသားစုဝင်ပျောက်ဆုံးနေသူတွေလည်း ဆေးရုံကြီးမှာလာရှာကြသည်။ များသောအားဖြင့် ခြေ၊ လက်နှင့်ခေါင်းတွေမှာ ဒဏ်ရာရထားကြသည်။ ကလေးငယ်တဦး ဆေးရုံကြီးသို့ရောက်လာစဉ်တွင် အော့အန်နေသည် ခြေလက်တွေမှာ ရွံ့နွံတွေပေနေသည်။

အရေးပေါ်ကားတွေ၊ အငှားယာဉ်တွေနှင့် တဖွဲဖွဲဝင်လာနေသည်။ နံနက် ၄ နာရီအထိ သေဆုံးသူ ၁၁ ယောက်ရှိပြီ၊ မီးသတ် တပ်ဖွဲ့ဝင်တဦးပါဝင်သည် ဒဏ်ရာရသူ ၅၀ ကျော်ရှိနေပြီ၊ ဒဏ်ရာရသူများထဲ မီးသတ်အဖွဲ့ဝင်တွေက ၃၀ ကျော်ပါဝင်သည်ဟု သိရှိရသည်။ ဆေးရုံကြီးတ၀ိုက်တွင် လာရောက်ကြည့်ရှုသူက ၂/ ၃ ရာနီးပါးရှိမည်။ ယာဉ်ထိန်းရဲ ၀တ်စုံဝတ်ထားသူ ရဲဝန်ထမ်းက ဒဏ်ရာရသူ ကလေးငယ်ကို ပိုက်ကာ ကယ်ဆယ်ရေးယာဉ်ပေါ်မှ ဆင်းလာသည်ကိုတွေ့လိုက်ရသည်။

ချမ်းချမ်းစီးစီး ဒီဇင်ဘာလ မကုန်မီရန်ကုန်မြို့၏ အနိဋ္ဌာရုံ မြင်ကွင်းများအကြား အချင်းချင်းကူညီရိုင်းပင်းမှုကို တွေ့ရသဖြင့် ရင်ထဲအနည်းငယ် နွေးထွေးသလို ခံစားလိုက်ရသည်။ ။
Video.. Burma vj media

0 နှင်းကျနေတဲ့လမ်းမပေါ်မှ ကွယ်လွန်သူမြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအီးလ် အသုဘအခမ်းအနားမှာပူဆွေး ငိုကြွေးနေကြတဲ့နိုင်ငံသားများ(ရုပ်/သံ)

0 ၈၈ မျိုးဆက် ကျောင်းသူ မမီးမီးကို ရွှေဘိုထောင်သို့ ပြောင်းရွှေ့

ဒီဇင်ဘာ ၂၇ ရက်နေ့ ညက ကသာထောင်မှာ ထောင်ဒဏ် ၆၅ နှစ်နဲ့ ၆ လ ကျခံနေရတဲ့ ၈၈မျိုးဆက် ကျောင်းသူ မမီးမီး (ခ) မသင်းသင်းအေးကို အကြောင်းပြချက် တစုံတရာမရှိပဲ ရွှေဘိုထောင်သို့ ညတွင်းချင်း ပြောင်းရွှေ့လိုက်တယ်ဟု ကသာထောင်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက စုံစမ်းသိရပါတယ် ။

မမီးမီး၏ ခင်ပွန်းဖြစ်သူ ကိုလှမိုး ထောင်ဝင်စာ သွားတွေ့ဆုံပြီး ပြန်လာတာ သုံး ၊ လေး ရက်ပဲ ရှိသေးတဲ့အချိန်မှာ အခုလိုအကြောင်းကြားခြင်း မရှိပဲ ပြောင်းရွှေ့လိုက်တာ ဖြစ်ပါတယ် ။ ကသာထောင်မှာ နေခဲ့ရစဉ်က မမီးမီးဟာ ကျန်းမာရေး ကောင်းမွန်ပြီး ထောင်အာဏာပိုင်တွေနဲ့လဲ ပြဿနာ တစုံတရာ တက်တာမျိုး မရှိခဲ့ပါဘူး ။ ဒီကနေ့ ဒီဇင်ဘာ ၂၈ ရက်နေ့ နေ့လယ် ၁နာရီအချိန်ခန့်တွင် မမီးမီး ရွှေဘိုထောင်သို့ ရောက်ရှိသွားခဲ့ပါတယ်ဟု မမီးမီး၏ ခင်ပွန်းဖြစ်သူ ကိုလှမိုးက ပြောပါတယ် ။

မမီးမီး အခုလိုထောင်ပြောင်းရွှေ့တဲ့အပေါ် ခင်ပွန်းဖြစ်သူ ကိုလှမိုးက "သိပ်တော့ဘဝင်မကျဘူး ။ လွှတ်မဲ့ဟာကို လွှတ်ဖို့ပဲ ကြိုးစားကြပါ။ ထောင်ပြောင်းတာ ရွှေ့တာတွေ မလုပ်စေချင်တော့ဘူး ။ အခုချိန်မှာ ထောင်ပြောင်းဖို့ထက် လွှတ်ပေးဖို့ အချိန်က နီးနေပြီလေ ။ ကျနော်တို့ အနေနဲ့ နည်းနည်းတော့ စိတ်က ပူတာပေါ့ ။”ဟု ဘားမားဗီဂျေ မီဒီယာကို ပြောပါတယ် ။

၈၈ မျိုးဆက် ကျောင်းသူ မမီးမီးဟာ ၂၀၀၇ ခုနှစ် သြဂုတ်လအတွင်း လောင်စာဆီဈေး နှင့် ကုန်ဈေးနှုန်း ကျဆင်းရေးအတွက် ရန်ကုန်မြို့တွင်း လမ်းလျှောက် ဆန္ဒပြခဲ့သဖြင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာ ဖြစ်ပါတယ် ။ မမီးမီးကို အင်းစိန်ထောင် မှ ပုသိမ်ထောင် ၊ ကသာထောင်တွေကို ပြောင်းရွှေ့ခဲ့ပြီး အခုအခါမှာ ရွှေဘိုထောင်ကို ထပ်မံပြောင်းရွှေ့ခံခဲ့ရတာ ဖြစ်ပါတယ် ။

“အမှန်ဆို ဇန်နဝါရီ ၄ ရက်နေ့ လွတ်လပ်ရေးနေ့မှာ လွှတ်မယ့်လူ ဆိုရင်တော့ ဒီလို တကူးတက ထောင်ပြောင်းနေဖို့ လုပ်တော့မှာ မဟုတ်ဘူး ။ ထောင်ပြောင်းတယ်ဆိုတာ ကျနော်တို့ ကိုယ်တိုင်လဲ ထောင် ၉ ခု ပြောင်းခဲ့ရတယ် ။ အဲလို ထောင်တခါပြောင်းရင် လုံခြုံရေး ယူရတာနဲ့ ဘာနဲ့ညာနဲ့ တော်တော်ကြီးကို အချိန်ယူပြီး လုပ်ရတဲ့ ကိစ္စတခု ပါ။ အခုဟာက ဘယ်လိုနားလည်ရမှန်း မသိပါဘူး ။ ဒီဟာက ပုံမှန်မဟုတ်ဘူး ။ ရိုးသားမှုလဲ မရှိဘူး ။ တကယ်တမ်း နောက် လေး ၊ ငါး ၊ဆယ်ရက်နေရင် မှာ လွှတ်တော့မယ့် လူတယောက်ကို လုံခြုံရေး ယူ ၊ ဘာတွေယူပြီး ပြောင်းနေတယ်ဆိုတာကတော့ ဒါက ဖြစ်ရိုးဖြစ်စဉ်တော့ မဟုတ်ဘူး ။ ကျနော်ကတော့ တော်တော်လေး စိုးရိမ်မိတယ် ။ လွှတ်ပေးဖို့ နီးစပ်ရာထောင်ကို ပြောင်းရွှေ့တာမျိုးပဲ ဖြစ်ပါစေလို့ ဆုတောင်းရမှာပါ ” ဟု ၈၈ မျိုးဆက်ကျောင်းသားတဦး ဖြစ်တဲ့ ကိုကိုကြီး (စမ်းချောင်း) က ဘားမားဗီဂျေ မီဒီယာကို ပြောပါတယ် ။

By ဇာဏီ (Burma VJ Media Network)

0 ဗိုလ်ချုပ်တပ်လှန့်သံ


ဗိုလ်ချုပ်တပ်လှန့်သံ
ခန္တီတရား၊ သည်းခံငြား၊ စိတ်ထားဘယ်သို့ဖြည့်သနည်း။

လူမိုက်အမှု၊ ငါပြန်ပြုလျှင်၊ သူလိုငါလည်း၊ လူမိုက်ပဲဟု၊ စိတ်ထဲတွေးဆ၊ အေးမြမြနှင့်၊ ဒေါသမထွက်၊ စိတ်မပျက်၊ သက်သက်အနာခံသတည်း။

“ငါ့အပေါ်၌ လူမိုက်ပြုသော စော်ကားမှုကို ငါကပြန်ပြုလျှင် ငါလည်းလူမိုက်ဖြစ်မှာပဲ” ဟု စိတ်ထဲမှာ တွေးဆ၍ ဒေါသမထွက်ဘဲ စိတ်ပျက်အားငယ်လို့လည်းမနေဘဲ၊ စိတ်အေးအေးနှင့် မိမိကသာ အနာခံလိုက်ခြင်း သည် ခန္တီပါရမီ၏ သဘောတည်း။ (အရှင်ဇနကာဘိဝံသ၊ ရုပ်စုံဗုဒ္ဓ၀င်အမေးအဖြေ စာမျက်နှာ-၂၆) ဟူသော စာပိုဒ်ပါ ဆရာတော်အရှင်ရာဇိန္ဒ (ရဝေနွယ်-အင်းမ)၏ “ခန္တီပါရမီ” ဘာသာရေးဆောင်းပါးအား ဖတ်ရှုမိစဉ် မိမိ၏ အတိတ် ကာလများဆီမှ ပုံရိပ်များကို ဖြိုးခနဲ ဖျတ်ခနဲ ပေါ်လာမိသည်။

အချိန်ကား ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ။ နေပူမိုးရွာထဲ ဖိနပ်မပါဘဲနှင့် လမ်းလျှောက်ကာ ရန်ကုန်မြို့တွင်း လှည့်လည်၍ မေတ္တာပို့သ ဆုတောင်းပေးနေကြသည့် ဗုဒ္ဓ၏သားတော် သံဃာတော်တို့အတွက် ဆွမ်းဘုန်းပေးရန် အခက်အခဲများဖြစ်ပေါ်နေ၍ ရွှေတိဂုံစေတီတော်မြတ်၏ အရှေ့ဘက်မုဒ်ဦး (ကြေးသွန်းဘုရားကြီး)တွင် ခေတ္တ ကြွရောက်သီတင်းသုံး နားနေကြစဉ် မိမိတို့ ဗုဒ္ဓဘာသာဝင်များအနေဖြင့် ဆွမ်းဆက်ကပ်ရန်အတွက် အမျိုးဘာသာ သာသနာစိတ်များ ဖြစ်ပေါ်လာခဲ့သည်။ မိမိတို့ ဗုဒ္ဓဘာသာဝင်များတင်မက သံဃာတော်များ၏ မေတ္တာတန်ခိုးကြောင့် အခြားသောဘာသာဝင်များကပါ ၀င်ရောက်လှူဒါန်းမှုများ ဖြစ်ပေါ်လာခဲ့သည်။

ထိုစဉ်အခါက မိမိသည် တိုင်းပြည်မငြိမ်သက်စေရန် ဆန္ဒမရှိ၊ နိုင်ငံတော်ပုန်ကန်မှုကို ပြုလုပ်ခြင်းမရှိ၊ စီတန်းလှည့်လည် ဆန္ဒပြမှုတွင်လည်း ပါဝင်ခြင်းမရှိ၊ အော်ဟစ်တောင်းဆိုမှုများကိုမပြု . . . အဆုံးစွန်ပြောရသော် မိမိ၏ လက်နှစ်ဖက်ကို လက်သီးလက်မောင်းတန်းပြီး အော်ဟစ်တောင်းဆိုမှုကို ပြုခြင်းမရှိဘဲ သံဃာတော်များအား ရိုသေ၀ပ်တွား လက်အုပ်မိုး၍ ထမင်းဗူး(ဆွမ်း)များကို ပခုံးအထက် လက်နှစ်ဖက်မမြှောက်ဘဲ (မကျော်ဘဲ) ရိုသေ ကိုင်းရှိုင်းစွာ ဆွမ်းကပ်ခဲ့သည်ကို ပရိသတ်ကြီးလည်း မြင်တွေ့ရမည်မှာမလွဲပေ။

သို့သော် . . . ဤသို့ ဆွမ်းဆက်ကပ်မှုကြီး၏ နောက်ဆက်တွဲဇာတ်လမ်းကား ပြည်ထဲရေးရုံးချုပ်၊ အောင်သပြေစစ်ကြောရေးစခန်းများဆီသို့ ဘ၀ပေးကုသိုလ်နှင့် ရောက်ခဲ့ရသည်။ မေးတဲ့သူက မေး၊ ဖြေတဲ့သူက ဖြေ၊ စစ်တဲ့သူက စစ်၊ ပြောတဲ့သူက ပြော . . . လိမ်ညာလို့မရ။ အမှန်အတိုင်း ထွက်ဆိုကြရသည်။ မိမိသည် မည်သည့်ပြစ်မှုကိုမှ မလုပ်ခဲ့ဟု ယုံကြည်မှုကြောင့်လည်းကောင်း၊ အနန္တော အနန္တဂုဏ်ကျေးဇူးကြောင့်၎င်း၊ သမာဒေ၀နတ်မြတ်အပေါင်း၏ မေတ္တာစွမ်းပကားတို့ကြောင့်၎င်း၊ ယင်းဋ္ဌာနကြီးများ၌ ရက်ရှည် နှစ်ရှည်မနေခဲ့ရ။ “ကိုယ်ပြုသောကံ ပဲ့တင်သံ ကိုယ့်ထံ ပြန်လာမည်”ဆိုတဲ့ စကားမှန်ပြီဟေ့ဟု ကြွေးကြော်မိတော့သည်။ ထိုဋ္ဌာနကြီးမှ မိမိ၏နေအိမ်သို့ ပြန်မည့်နေရက်တွင် ရဲမှူးကြီးမှ “ကဲ… ကိုကျော်သူ၊ ခင်ဗျားအိမ်ပြန်ရတော့မယ်၊ ခင်ဗျား ဒီကနေထွက်ပြီး အပြင်ကိုပြန်ရောက်တဲ့အခါ ကိုယ့်ရဲ့ အနုပညာလုပ်ငန်းနဲ့ လူမှုရေးလုပ်ငန်းတွေကို လုပ်တာကိုဘဲ မြင်ချင်ပါတယ်”တဲ့ဗျာ။ ဒါဘဲပေါ့ဗျာ… အမှန်တရားရဲ့ နောက်ကွယ်မှာ အမှန်တရားဘဲရှိတယ်ဆိုတာ။

မှားသွားပြီဗျ။ အမှန်တရားရဲ့နောက်ကွယ်မှာ အမှားတွေ၊ အာဃာတတွေ၊ မစ္ဆိရိယတွေ၊ မုန်းတီးမှုတွေ . . . များစွာပါလား။ ကိုယ်ပြုသောကံ ပဲ့တင်သံလည်း ပြန်မလာတော့ပါလား…. ဟု တဒင်္ဂ ဖျတ်ခနဲ စိတ်ထဲပေါ်ပေါက် လာကာ ဒေါသစိတ်၊ နာကျည်းစိတ်တို့ ဖွားခနဲ…. ဖွားခနဲ ပေါ်ပေါက်လာခဲ့သည်။ တောဘဲ ခိုရမလိုလို၊ လမ်းပေါ် ထွက်ပြီး အော်ဟစ်ရမလိုလို၊ လူဘဲ ရိုက်ရမလိုလို၊ ဆဲဘဲ ဆဲရမလိုလိုစတဲ့ အကုသိုလ်စိတ်တွေ ဖျတ်ခနဲ ဖျတ်ခနဲ ပေါ်ခဲ့မိသည်။

“(မင်း၊ ခင်ဗျား၊ ကိုမောင်၊ ကျော်သူ) ရုပ်ရှင်ရိုက်ခွင့်ပိတ်လိုက်ပြီ”တဲ့ဗျာ။ ကဲ... ဒါဆို “လူမိုက်အမှု၊ ငါပြန် ပြုလျှင်၊ သူလိုငါလည်း၊ လူမိုက်ပဲ” ဟုဆိုတဲ့စကားအရ ငါဟာလူမိုက်လား၊ သူဟာလူမိုက်လားဟု စဉ်းစားမိ တော့သည်။ “ငါက သံဃာတော်ကို ဆွမ်းဆက်ကပ်တာဘဲ လူမိုက်မဖြစ်နိုင်ဘူး။ ဒါဆိုရင် ငါရဲ့အနုပညာ လုပ်ငန်းတွေကိုပိတ်တဲ့ ရုပ်ရှင် လုပ်ငန်းက လူမိုက်လား၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက လူမိုက်လား၊ ပြန်ကြားရေးဋ္ဌာနက လူမိုက်လား….” ဟု မိမိစိတ်မှာ ဒွိဟဖြစ်ခဲ့ရသည်။

သို့သော် . . . ငါးရာ့ငါးဆယ် သရဘင်္ဂဇာတ်တော်မှာ သရဘင်္ဂရသေ့က “လောကမှာ ဒေါသကို ပယ်သတ် လိုက်ရင် တစ်ရံတစ်ခါမျှ မစိုးရိမ်ရတော့ဘူး” လို့ဟောကြားခဲ့တယ်ဆိုတဲ့ အသိတရား ၀င်လာမိတော့တယ်။ အဲဒီ သည်းခံခြင်းတရားသဘောကို မြင်တွေ့ခဲ့ပြီး “အော်… ရုပ်ရှင်လုပ်ငန်း၊ ရုပ်ရှင်အစည်းအရုံး၊ ပြန်ကြားရေးတို့တွေဟာ ငါ့ကို ခန္တီပါရမီ ဖြည့်ဆည်းပေးတဲ့ လူတွေပါလား၊ အဖွဲ့အစည်းတွေပါလား”လို့ ဆင်ခြင်နှလုံးသွင်းလိုက်လို့ မိမိရင်ထဲ နှလုံးသားထဲမှာ သည်းခံခြင်းဆိုတဲ့ တရားအသိ၊ တရားအားတွေ ၀င်လာမိတော့တယ်။

အော်… ဒါဟာ ဖြစ်ချိန်တန် … ဖြစ်၊ ပျက်ချိန်တန် … ပျက်၊ ဘဘဦးသုခပြောတဲ့ “ဘ၀သံသရာ” ဆိုတာ ပါလား။ ကောင်းမှုပြုသော်လည်း ကောင်းကျိုးမပြု၊ မကောင်းမှုပြုသော်လည်း ကောင်းကျိုးကပြု။ ဒါဘ၀ အဆက်ဆက်က ပြုခဲ့တဲ့ မိမိရဲ့ကုသိုလ် အကုသိုလ်တွေနဲ့ဘဲ သက်ဆိုင်ပါလားဆိုတဲ့ မိမိပြုလုပ် ပေးဆပ်နေတဲ့ နာရေးကူညီမှုအသင်း(ရန်ကုန်)နဲ့ နေ့စဉ်ကြုံတွေ့နေရတဲ့ “အနိစ္စ” ဆိုတာကို မြင်တွေ့မိလိုက်ပါတော့တယ်။

ဒီလို “အနိစ္စ” ဆိုတဲ့ အသိတရားနဲ့အတူ မိမိ ၂၀၀၁ ခုနှစ်မှစပြီး အများပြည်သူတို့အတွက် ကူညီဖေးမ ပေးဆပ်မှုတွေကို လုပ်ကိုင်ခဲ့တဲ့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှာဘဲ ၂၀၀၈ ခုနှစ်ကစပြီး ဥက္ကဋ္ဌအဖြစ် ထဲထဲ ၀င်ဝင် နေ့မအား၊ ညမအား ပိတ်ရက် နားရက်မရှိဘဲ (အခမဲ့) ကူညီဖေးမမှုများဖြစ်သော နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေးဒဏ် (အရေးပေါ်ကယ်ဆယ်ရေး) စတဲ့ကုသိုလ်ဖြစ် လုပ်ငန်းထဲတွင် ပေးဆပ်မှုများကို ခြေစုံပစ် ၀င်ရောက်၍ လုပ်ကိုင်ခဲ့ပါတော့တယ်။ မိမိနှင့်ပတ်သက် ဆက်နွယ်ခဲ့ဖူးသော ရုပ်ရှင်အနုပညာလောကကြီးထဲသို့ မိမိရဲ့ခြေလှမ်း လှမ်းဝင်ဖို့ပင် လုံးဝ မကြိုးစားခဲ့တော့ပေ။ လူ့လောကကြီးထဲ ရောက်တုန်းရောက်ခိုက် (၃၁) ဘုံတွင် မည်သည့်ဘုံတွင်မှ မလုပ်နိုင်သော မရနိုင်သော ဤကုသိုလ်ကောင်းမှုတော်ကြီးကို မိမိလက်မလွှတ်နိုင်တော့ချေ။

သို့သော် . . . မိမိသည် ဤနာရေးကူညီမှု၊ ဆေးဝါးကုသကူညီမှု၊ ပညာရေးကူညီဖေးမမှု၊ သဘာဝဘေး (အရေးပေါ်ကယ်ဆယ်ရေး) ကူညီဖေးမ လှူဒါန်းမှုတည်းဟူသော နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ကုသိုလ် ကောင်းမှုတော်ကြီးကို ကူညီဖေးမ ပေးဆပ်ခဲ့မှုသည် (၁၁)နှစ်ပြည့်ရန် တစ်လအလိုအချိန်၌ မိမိအား စွန့်ပစ် ထားခဲ့သော၊ မိမိက စွန့်လွှတ်ခဲ့သော အနုပညာလောကကြီးထဲသို့ ပြန်ဝင်ရောက်ရန် အကြောင်းဖန်လာတော့သည်။

“အော် . . . . ဘ၀သံသရာ…….။”

မိမိတို့ လေးစားကြည်ညို အားကျဂုဏ်ယူနေကြတဲ့ “အမေဒေါ်အောင်ဆန်းစုကြည်”က မိမိတို့ မြန်မာနိုင်ငံရဲ့ အထွဋ်အမြတ်ဖြစ်သူ အာဇာနည်ပုဂ္ဂိုလ်ကြီး “ဗိုလ်ချုပ်အောင်ဆန်း”ရဲ့ အတ္ထုပတ္တိ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူး တော့မည်တဲ့။ အနုပညာအင်အားပေါင်းစုံ၊ ပြည်သူလူထုအင်အားပေါင်းစုံ၊ အစိုးရဋ္ဌာနများ၏ အကူအညီတို့နှင့် အမျိုးသားရေးစိတ်ဓါတ် ပြည့်ဝစွာဖြင့် မြန်မာပြည်ရဲ့ အတ္ထုပတ္တိ၊ ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပတ္တိမော်ကွန်း မှတ်တိုင်ကို စိုက်ထူတော့မည်ဖြစ်သည်။ မြန်မာပြည်ဖွား ဗုဒ္ဓဘာသာ မြန်မာလူမျိုးတစ်ယောက်အနေဖြင့် မိမိ ကျင်လည်လှုပ်ရှားရာ လူမှုရေးနယ်ပယ်မှ ၀မ်းမြောက်ဝမ်းသာစွာဖြင့် ကျေးဇူးတင် ဂုဏ်ယူမုဒိတာပွားနေမိ တော့သည်။

ဒေါ်အောင်ဆန်းစုကြည်မှ ရုပ်ရှင်အနုပညာသည်များနှင့် တွေ့ဆုံကြမည့် (၃.၁၂.၂၀၁၁) ရက်နေ့တွင် မိမိအား လာရောက်ရန် အကြောင်းကြားခဲ့သည့်အတွက် မိမိသွားရောက်ခဲ့သည်။ (၄)နှစ်တာ ကာလဝေးကွာခဲ့သော အနုပညာမောင်နှမများနှင့် ပြန်လည်ဆုံတွေ့ခဲ့ရသည်။ အားလုံး၏မျက်လုံးများသည် ချစ်ခင်လေးစား ကြည်ညို ကြသော အမေဒေါ်အောင်ဆန်းစုကြည်အား တွေ့ဆုံခွင့်ရ၍ တောက်ပ၀င်းလက်နေကြသည်ကို မြင်တွေ့ရမိသည်။ အမေဒေါ်အောင်ဆန်းစုကြည်၏ဆန္ဒကို အကောင်အထည်ဖော်ရန် အားလုံးသဘောတူညီ၍ ဇာတ်ကားရိုက်ကူးမှုကို စတင်နိုင်ရန်အတွက် ဖြစ်မြောက်ရေးကော်မတီအဖွဲ့များ ဖွဲ့စည်းကြသည်ကို နောက်မှ မိမိသိရသည်။ သို့သော်… မိမိထံသို့မည်သူမျှ အကြောင်းကြား အသိပေးခြင်းမရှိခဲ့ချေ။ မည်သို့ရှိစေ… မိမိဝမ်းမြောက်ကြည်နှုးမိသည်။ အနုပညာလောကသားများအတွက် ဂုဏ်ယူဝမ်းမြောက် မုဒိတာပွားနိုင်ခဲ့သည်။ ယခုဖော်ထုတ်ကြမည့် ဗိုလ်ချုပ် အောင်ဆန်း ရုပ်ရှင်ဇာတ်ကားကြီးကား မြန်မာ့သမိုင်း၊ မြန်မာ့အတ္ထုပတ္တိ၊ မြန်မာ့ရာဇ၀င်၊ မြန်မာ့မော်ကွန်း၊ မြန်မာအာဇာနည်ဟူ၍ ကမ္ဘာပေါ်ရှိ လူသားများအားလုံး မျက်စိထောင့်ထောက်ကြည့်ကြမည့် ဂုဏ်ယူဖွယ်ရာ အမျိုးသားရေးကိစ္စ ဖြစ်တော့သည် မဟုတ်ပါလား။

(၂၀.၁၂.၂၀၁၁) ရက်နေ့တွင် မိမိထံသို့ထပ်မံ၍သတင်းပို့လာသည်။ ဒေါ်အောင်ဆန်းစုကြည်မှ တွေ့လိုသည် ဟု ချိန်းဆိုသည့်အတွက် မိမိသွားရောက်ခဲ့သည်။ အမေကပြောသည် “ယခု ‘ဗိုလ်ချုပ်အောင်ဆန်း’ ဇာတ်ကားမှာ သား, ပါရမယ်၊ သား,ကိုပါ အမေတာဝန်ပေးတယ်… ကိုယ်စားလှယ်အဖြစ်နဲ့ ….” ဟု။ မိမိမည်သို့မျှ ပြန်လည် ပြောရန် အင်အားမရှိတော့ချေ။ အမေနေအိမ် အကျယ်ချုပ်မှ လွတ်မြောက်ခဲ့သည့် နေ့ရက်က အမေ့ဆီ မိမိတစ်ဦးတည်း သွားရောက်တွေ့ဆုံ ဂါရ၀ပြုခဲ့သည်။ အဲဒီနေ့ အဲဒီအချိန်မှာ မိမိက အမေ့အား “အမေ … တိုင်းပြည်နဲ့ လူမျိုးအတွက် အမေပေးတဲ့တာဝန်တွေကို သား ထမ်းဆောင်ပေးဆပ်ပါ့မယ်”ဟု ပြောကြားခဲ့ဖူးသည်။ အမှန်မှာ.... “အမေရေ၊ သား ဒီအနုပညာအလုပ်ကို ပြန်မလုပ် ပါရစေနဲ့တော့၊ သားရဲ့လူမှုရေးလုပ်ငန်းမှာ စိတ် သန့်သန့်ရှင်းရှင်းနဲ့ သီလလုံခြုံစွာ ကုသိုလ်ရေးအတွက်ဘဲ ငြိမ်းချမ်းစွာ လုပ်ပါရစေတော့” ဟုပြောဆိုသင့်သည် မဟုတ်ပါလား။ သို့သော် အမေသည် မိမိ၏ သူရဲကောင်းကြီးဖြစ်သည်။ အမေ့ကိုလေးစားသည်၊ ချစ်ခင်သည်၊ ကြည်ညိုသည်။ အမေသည် အမှန်စင်စစ် လူမှုရေးသူရဲကောင်းတစ်ဦးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လူမှုရေး သမားတို့မည်သည် စွန့်လွှတ်မှု၊ အနစ်နာခံမှု၊ စွန့်စားမှု၊ ပေးဆပ်မှု၊ ငြိမ်းချမ်းမှု၊ ဖေးမမှု၊ ကူညီမှုစသည့် ဂုဏ်ပုဒ်များ ရှိဖို့လိုသည်။ အမေ့မှာ ယင်းဂုဏ်ပုဒ်များထက်မကသော ဂုဏ်ပုဒ်ကြီးများ၊ စွမ်းအားများ၊ ပါဝါများရှိသည် မဟုတ်ပါလား။ ထို့ကြောင့်အမေ့ရဲ့ “သားကိုတာဝန်ပေးတာ” ဟူသော စကားရပ်ကို မိမိ မလွန်ဆန် ၀င့်တော့ပေ။

ထို့ကြောင့်… မိမိအား ဘကြီးမိုး(ဦးမိုးသူ)၊ ညီမငယ် ဒါရိုက်တာ-ကြည်ဖြူသျှင်နှင့် ညီငယ် ဒါရိုက်တာဝိုင်းတို့မှ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဇာတ်ကား ရိုက်ကူးအကောင်အထည်ဖော်ကြမည့် အဖွဲ့တွင် ဒု-ဥက္ကဋ္ဌနေရာမှ ဆောင်ရွက်ပေးရန် ပြောဆိုလာသည်။ ထပ်မံ၍ (၂၃.၁၁.၂၀၁၁) ရက်နေ့တွင်လည်း ကြီးလေးသောတာဝန်များ၊ ၀တ္တရားများအားထပ်မံ၍ ထမ်းဆောင်ပေးရန် အဓိကနေရာများတွင် မိမိအားထည့်သွင်းရန် စီစဉ်ကြပြန်သည်။ မိမိပြန်လည်၍ ပြောကြားခဲ့ရသည်။ “အလုပ်တစ်ခု လုပ်ကိုင်ဆောင်ရွက်တဲ့နေရာမှာ စည်းစနစ်ကျဖို့လိုတယ်၊ အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းပြီးရင် လူစုံအစည်းအဝေး လုပ်ပြီးမှ ဆုံးဖြတ်ချက်ကို အတည်ပြုရတယ်၊ အများသဘောတူတဲ့ ဆုံးဖြတ်ချက်ဖြစ်ရမယ်” ဟု မိမိတတ်သလောက် မှတ်သလောက် ပြန်လည်ပြောကြားခဲ့သည်။

အဘယ့်ကြောင့်ဆိုသော်…. မိမိ ဈေးကိုင်ခြင်းမဟုတ်။ မိမိနှင့် ရုပ်ရှင်လောကပတ်သက်မှု မရှိတော့ပါ။ မိမိ ပါဝင် လာမှုအား မကြိုက်သည့်သူ၊ မနှစ်မြို့တဲ့သူတွေသည်လည်း ရှိနေသည်မဟုတ်ပါလား။

သို့သော်… အမေက မိမိကို အားပေးစကား ပြောကြားခဲ့သည်။

“သား… လူများအတင်းပြောတာ၊ အပုပ်ချတာတွေကို ဂရုမစိုက်နဲ့၊ ကိုယ်လုပ်ရမယ့်လုပ်ငန်းကို ကိုယ်လုပ်” တဲ့။

“အမေဆိုရင် အတင်းပြောတာ၊ အပုပ်ချ၊ အပြစ်ပြောခံရတာ အများဆုံးသော နိုင်ငံရေးလောကထဲမှာ နေရတာ၊ သေကြောင်းကြံတဲ့သူရှိသလို၊ နှင်းဆီပန်းပွင့်လေးတွေ လာပေးတဲ့သူလည်း ရှိတာဘဲလေ။ ဒါပေမယ့် အမေအားလုံးနဲ့ လက်တွဲနိုင်တယ်။ လောကကြီးကို ဒီလိုဘဲ တည်ဆောက်ရမယ်၊ ဒီလိုဘဲ ရင်ဆိုင်ရမယ်” တဲ့။

ဟုတ်ပါတယ်အမေ။ ဒါပေမယ့် ယခု အနုပညာသည်တွေ တည်ထောင်ကြမယ့် မြန်မာ့သမိုင်း မှတ်တိုင်ကြီး အတွက် သားဟာ အနှောင့်အယှက် မဖြစ်လိုပါဘူးအမေ။ အမေပေးတဲ့တာဝန်ကို သား ကျေပွန်ချင်ပါတယ်အမေ။ သမိုင်းမှတ်တိုင် စိုက်ထူတဲ့ လုပ်ငန်းကြီးမှာ သားလည်း ပါဝင်ချင်တာပေါ့အမေ။ သားနည်းတူ အနုပညာသည်တိုင်း မြန်မာပြည်သူလူထု အားလုံး တစ်ယောက်မကျန် ပါဝင်ချင်ကြပါတယ်အမေ။

တစ်ခုဘဲ သားပြောချင်ပါတယ်အမေ။

ဒီလို မြန်မာ့သမိုင်းမှတ်တိုင်ကြီးကို ဖော်ကျူးကြတဲ့နေရာမှာ ပါဝင်ကြတဲ့ အနုပညာရှင်တွေအားလုံးဟာ နေရာကအဓိကမဟုတ်၊ မိမိတို့ပေးဆပ်မှု၊ အနစ်နာခံမှု၊ စိတ်ဓါတ်ခွန်အား၊ လူမှုခွန်အားများသာအဓိကဟု ပြောလိုပါတယ်။ ပါဝင်သူအချင်းချင်းသော်၎င်း၊ မပါဝင်ဘဲဘေးမှနေ၍၄င်း၊ အတင်းအဖျင်း၊ ဝေဖန်၊ ဘုပြော၊ ပုတ်ခတ် တိုက်ခိုက်မှုတွေ လုပ်နေကြတာဟာ အကုသိုလ်တွေ သယ်ဆောင်နေကြတယ်လို့ အသိတရားလေးများ ရကြ စေချင်တယ်။

ယခု ဖော်ကျူးဖန်တီးကြမည့် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဇာတ်ကားမှ ရရှိမည့် အကျိုးအမြတ်များကို မြန်မာ ပြည်တွင်းရှိ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး စတဲ့ကဏ္ဍများကို လှူဒါန်းမှုပြုမယ်လို့ အမေ ပြောကြားထားသည့် အတွက် အမျိုးသားရေးစိတ်ဓါတ်ကို ဖော်ကျူးမည့် သမိုင်းအတ္တုပ္ပတ္တိ ဇာတ်ကားတစ်ကားဖြစ်သလို ဘာသာ သာသ နာအတွက် သာသနာပြုမည့် လုပ်ငန်းကြီးတစ်ရပ်ဟု မြင်တွေ့မိပါတယ်။

ဒါကြောင့် နိုင်ငံရေးဘဲလုပ်လုပ်၊ စီးပွားရေးဘဲလုပ်လုပ်၊ ပညာရေးဘဲလုပ်လုပ်၊ ကျန်းမာရေးဘဲလုပ်လုပ်၊ လူမှုရေးဘဲ လုပ်လုပ်၊ ယခုကဲ့သို့ အမျိုးသားရေးကို ဖော်ထုတ်ကြမယ့် သမိုင်းပေးတာဝန်ကို ထမ်းရွက်ကြမယ့် အနုပညာအလုပ်ကိုဘဲ လုပ်လုပ် ပေးဆပ်ကြမည့်သူတိုင်း သီလ၊ သမာဓိလုံခြုံစွာဖြင့် စည်းလုံးညီညွတ်ကြပြီး မိမိတို့ရဲ့ အောင်မြင်မှုပန်းတိုင်ကို မမေ့မလျော့သော သစ္စာအဓိဋ္ဌာန် ဆုံးဖြတ်ချက်တည်းဟူသော ပါရမီ (၁၀)ပါးတို့ဖြင့် မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဗြဟ္မစိုရ်တရားလေးပါး ပွားများပြီး ပညာဥာဏ်ကိုသုံးကာ မိမိတို့ရည်ရွယ်သော လုပ်ငန်းကို အောင်မြင်ပြီးမြောက်စွာ အကောင်အထည်ဖော်ကြဖို့သာ အရေးကြီးပါကြောင်း ပါဝင်ကြမည့် အနုပညာရှင်များ၊ အများပြည်သူလူထုများအားလုံးကို တပ်လှန့်နှိုးဆော် လိုက်ရပါတော့သည်။

ပါရမီ (၁၀) ပါးလက်ကိုင်ထား၍ သမိုင်းမှတ်တိုင်ကို ဖော်ထုတ်ကြပါစို့လားဗျာ . . . . ။

ကျော်သူ

0 မြို့ ဝန်ကြီး... ဒါတွေသိပါသလား


ရန်ကုန်မှာ စည်ပင်သာယာအဖွဲ့ က ၂၀၁၀ ရွေးကောက်ပွဲ မစခင်လောက်ကတည်းကကွန်ကရစ်လမ်းတွေကို ယခင်အချိန်တွေကထက် တိုးချဲ့ ခင်းပေးလာတာကိုတွေ့ ရပါတယ်။ ဒါပေမယ့် အခုရက်ပိုင်းမှာတော့ ရန်ကုန်ရဲ့ မြို့ နယ်အနှံ့ မှာရှိတဲ့လိုင်စင်လက်ဝယ်မရှိတဲ့ လက်ဘက်ရည်ဆိုင်တွေကို ဒဏ်ကြေးငွေ (၁၀)ဆ ဆိုပြီးထပ်မံကောက်ခံလာပါတယ်။
လက်ဘက်ရည်ဆိုင်တွေဖွင့်ခွင့်လိုင်စင်မရှိတာက၂၀၀၅ခုနှစ်လောက်ကတည်းကစပြီးတရားဝင်လိုင်စင်လျှောက်ထားခွင့်ကို ချထားပေးခြင်းမရှိလို့  ၀မ်းရေးအတွက်ရိုးရိုးသားသား ရှာဖွေစားသောက်လိုသူတွေအဖို့  အခက်အခဲဖြစ်နေရပါတယ်။
ဒါပေမယ့်စည်ပင်သာယာအဖွဲရဲ့တိုက်ရိုက်ကွပ်ကဲမှုအောက်မှာရှိတဲ့လိုင်စင်ရဆောက်လုပ်ရေးကန်ထရိုက်တွေကတော့ သူတို့ ဆောက်လုပ်တဲ့ အဆောက်အဦတွေရဲ့  အထပ်အမြင့်နဲ့ အကျယ်အ၀န်းတွေကို တရားမ၀င်တဲ့နည်းလမ်းအမျိုးမျိုးနဲ့ သက်ဆိုင်ရာဌာနအရာရှိတွေကို လာဘ်ထိုးပြီး ဆောက်လုပ်နေကြပါတယ်။

ဓာတ်လှေကားတပ်ဆင်ဆောက်လုပ်ခွင့်စည်းကမ်းနဲ့ မညီတဲ့ နေရာတွေမှာလည်းလာဘ်ငွေအပေးအယူနဲ့ ဆောက်လုပ်နေကြပါတယ်။ မြို့ တော်ရဲ့ ဂရမ်မြေမဟုတ်တဲ့ပါမစ်မြေတွေမှာတော့တရားဝင်လိုင်စင်ကိုင်မထား တဲ့ဆောက်လုပ်ရေးကန်ထရိုက်တွေက ဆောက်လုပ်ခွင့်ပြုမိန့်မယူဘဲ စည်ပင်အရာရှိတွေနဲ့ “ဒဏ်ကြေးဆောင်ပြီးဆောက်” ဆိုတဲ့ နားလည်မှုနဲ့  ဒဏ်ကြေးနဲ့ အတူ လာဘ်ငွေပါ ယူပြီး (၃)ထပ်ခွဲ
အဆောက်အဦတွေ ဆောက်လုပ်နေကြပါတယ်။

တရားဝင်လိုင်စင်မရှိဘဲ ဆောက်လုပ်နေတဲ့ကန်ထရိုက်တွေဟာ ပြဿနာတစ်ခုခုဖြစ်ပေါ်လာရင်လည်း ရှောင်ပြေးဖိုလွယ်ကူနေတာကြောင့်မြေကွက်ပိုင်ရှင်တွေနဲ့အခန်းကြိုဝယ်သူတွေအပေါ်လိမ်ညာအခွင့်အရေးယူနိုင်ဖို့  လမ်းဖွင့်ပေးထားသလိုဖြစ်နေပါတယ်။ အရင်တုန်းကလည်း ဆောက်လုပ်ရေးကန်ထရိုက်တွေ လိမ်ညာမှု၊
အရေအသွေးမပြည့်မီတဲ့ အဆောက်အဦတွေ ဆောက်လုပ်မှုတွေကြောင့် ဆောက်လုပ်ရေးလိုင်စင်ကို တရာဝင်လျှောက်ထားခိုင်းပြီး အာမခံငွေ တင်ပြီးမှ အလုပ်လုပ်ခွင့်ပြုတာဖြစ်ပါတယ်။
ခုတော့ တရားဝင်လိုင်စင်ရှိတဲ့ကန်ထရိုက်တွေကို ဂရမ်မြေရှိတဲ့နေရာတွေမှာဆောက်လုပ်ခွင့်ပေးပြီး လိုင်စင်မဲ့ ကန်ထရိုက်တွေကို အာမခံငွေ တင်စရာမလိုဘဲပါမစ်မြေရပ်ကွက်တွေမှာ လုပ်ကိုင်ခွင့်နဲ့ အတူ လိမ်ညာခွင့်ကိုပါ ပေးထားသလိုဖြစ်နေပါတယ်။ဒါ့ကြောင့်မည်သည့်နေရာမဆိုဆောက်လုပ်တဲ့ကန်ထရိုက်တွေကို
အာမခံငွေ ပေးစေပြီးမှ တရားဝင်ကန်ထရိုက်လိုင်စင်နဲ့ သာ ဆောင်ရွက်လုပ်ကိုင်စေသင့်ပါတယ်။

ဝမ်းရေးအတွက် ရိုးရိုးသားသား ရှာဖွေလုပ်ကိုင်နေကြတဲ့ လက်ဘက်ရည်ဆိုင်တွေက ရရှိမယ့်အခွန်ငွေတွေ နေရာမှာ တရားမ၀င် ဆောက်လုပ်နေတဲ့ ကန်ထရိုက်တွေဆီက ဥပဒေအတိုင်း ကြပ်ကြပ်မတ်မတ် ကောက်ခံလိုတဲ့အခွန်ငွေတွေနဲ့ညီညွတ်မျှတအောင်အစားထိုးခုနှိမ်ခြင်းကသာအောက်ခြေအလွှာလူတန်းစားများ
အတွက် အသက်ရှူချောင်နိုင်မယ့် နည်းလမ်းတစ်ခုဖြစ်တယ်လို့  ထင်မြင်ယူဆမိပါတယ်။

S ခင်ဇိုင်

Tuesday, December 27, 2011

0 နိုင်ငံကျော်Ironcrossတေးဂီတအဖွဲ့သားများနှင့် အမျိုးသားခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်(ရုပ်/သံ-ဓာတ်ပုံ)




Photo..IronCross Video.. Burma vj media network

0 အမှန်တရားသစ်ကို ရှာဖွေသူ (၁၁) ဦး


အမှန်တရားသစ်ကို ရှာဖွေသူ (၁၁) ဦး

နာရေးကူညီမှုအသင်း(ရန်ကုန်) (၁၁)နှစ်မြောက် အထိမ်းအမှတ် ၁.၁.၂၀၁၂ (တနင်္ဂနွေ)နေ့တွင် ပါမောင့်မန့် ပညာရှင် (၁၁)ဦးတို့မှ လာရောက်ကာ နေ့လည် (၂း၀၀) နာရီအချိန်မှစ၍ အမှတ်(၁၃/က)၊ ဗိုလ်မှူးဗထူးလမ်း၊ ၄၂ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်ရှိ နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးချုပ်တွင် တင်ဆက်ပြသမည် ဖြစ်ပါသည်။

“ပါဖောင့်မန့် အက် (Performance art) ဆိုတာ ပရိသတ်ကိုဖျော်ဖြေတဲ့ တင်ဆက်တဲ့ Entertainment မဟုတ်ပါဘူး ။ အနုပညာရှင်များရဲ့ ရင်ထဲမှ ပွင့်အန်ထွက်ကျလာတဲ့ ခံစားမှုများကို ဖော်ထုတ်တင်ဆက်တဲ့ အနုပညာအမျိုးအစားဖြစ်ပါတယ်။ အနုပညာပစ္စည်းဆိုတာ လူချမ်းသာများရဲ့ ဈေးကွက်ကစားမှု၊ အသုံးချခံမှုများကို စက်ဆုတ်ရွံရှာပြီး တော်လှန်ပြောင်းလဲထားတဲ့ အနုပညာပုံသဏ္ဍာန် အမျိုးအစားဖြစ်သည်။ ပါဖောင့်မန့် အနုပညာဆိုတာ၊ အနုပညာရှင်ရဲ့ ခံစားမှုကို ချက်ခြင်းတုန့်ပြန်ရိုက်ခတ် ခံစားလာရသည့်အတိုင်း တင်ဆက်ခြင်းဖြစ်ပါတယ်။ ပစ္စုပ္ပုန်တည့်တည့်မှာလုပ်ပြီး၊ ချက်ခြင်းပြီးပျောက် သွားတဲ့ အနုပညာပါ။ အရောင်းအ၀ယ်သဘောတရားတွေလုပ်လို့ မရတော့တဲ့အတွက် အနုပညာသမား စစ်စစ်ဘ၀ကို ခံယူချင်သူများသာ တင်ဆက်ပြသတဲ့အနုပညာ ပုံသဏ္ဍန်ဖြစ်ပါတယ်။ အနုပညာနဲ့ ငွေရှာမှု ကို စက်ဆုတ်ရွံ့ရှာသူများ မိမိရဲ့ခံစားမှုကို ရိုးရိုးသားသားနဲ့ စစ်မှန်စွာတင်ပြသူများသာ လုပ်ဆောင်တဲ့ အနုပညာအမျိုးအစား ဖြစ်ပါတယ်။ လွတ်လပ်မှုကိုမြတ်နိုးသူများ၊ အဆောင်အယောင်များကို ငြီးငွေ့ လွယ်သူများ၊ အမှန်တရားသစ်ကို ရှာဖွေသူများသာလုပ်ဆောင်နိုင်တဲ့ အနုပညာအမျိုးအစား ဖြစ်ပါတယ်။

ပါဖောင့်မန့် အနုပညာသမားတစ်ယောက်ဟာ ဇာတ်လမ်း (Script)၊ ဒါရိုက်တာ (Director) နဲ့ တိတိကျကျစည်းမျဉ်း၊ စည်းကမ်းဘောင်များနဲ့ လုပ်ဆောင်ဖျော်ဖြေခြင်းမဟုတ်ဘဲ၊ အနုပညာရှင်ဘ၀နဲ့ သမိုင်းကြောင်းက ခံစားမှုများကလူးလွန့်လာပြီး၊ စူးစူးနစ်နစ်ခံစားပြီး ပေါက်ကွဲလာတဲ့ ခံစားမှုများကို အနုပညာပုံသဏ္ဍာန်အသစ်နှင့် တင်ဆက်လိုက်တာဖြစ်ပါတယ်။ ဒီတင်ဆက်မှုများဟာ အနုပညာနဲ့ဘ၀၊ ဘ၀နဲ့သမိုင်းကြောင်း၊ သမိုင်းကြောင်းနဲ့ပတ်ဝန်းကျင်၊ စက်ဆပ်မှုများ ရှုပ်ထွေးစွာ ရောနှောပေါင်းစပ် လာခဲ့ပါတယ်။ ဒါကြောင့် ပါဖောင့်မန့်အနုပညာသမားများဟာ သူနေထိုင်တဲ့ လူနေအဖွဲ့အစည်းရဲ့ မကျေနပ်မှုများကို တင်ပြလာတာတွေ့နိုင်ပါတယ်။ ဥပမာ - နိုင်ငံရေး၊ လူမှုရေး၊ အရှုပ်အထွေးများ ပေါက်ကွဲ မှုများ၊ ပြုပြင်ပြောင်းလဲရေး သဘောတရားများဖြင့် ကိုယ်ရဲ့ပါဖောင့်မန့်အနုပညာနဲ့ တင်ဆက်လေ့ ရှိပါတယ်။

ရိကလင်း (Yues Klein)၊ ဂျိုးဆက်ဘွိုင် (Joseph Beuys) စတဲ့ ပါဖောင့်မန့် အနုပညာကို ၁၉၆၀ တစ်ဝိုက်တွင် စတင်ပြုလုပ်ခဲ့သည်။ အဲ့ဒီမှ တစ်ဆင့်အနောက်ဥရောပမှ အရှေ့ဥရောပသို့ ပျံ့နှံ့လာခဲ့ ပါတယ်။ ၁၉၆၀ ပတ်ဝန်းကျင်လောက်မှာပဲ ဂူထိုင်းအုပ်စုကလည်း ဂျပန်နိုင်ငံ၊ အာရှမှာ ပါဖောင့်မန့် အနုပညာကို စတင်လုပ်ဆောင်နေပြီး ဖြစ်ပါတယ်။ ၁၉၆၂ မှာတော့ ဂျပန်နိုင်ငံမှ ပါ့ဖောင့်မက်ပွဲတော် (performance festival) ကိုစတင် ကျင်းပပြုလုပ်ခဲ့ပါတယ်။ ထိုမှတစ်ဆင့် အာရှတိုင်းပြည်များကို တစ်စ တစ်စ ပျံ့နှံ့သွားခဲ့တယ်။ မြန်မာနိုင်ငံမှာ ၁၉၉၆ ခုနှစ်မှာ အနုပညာရှင် “ပိုပို”က စတင်ပြုလုပ်ခဲ့ပြီး ၁၉၉၇-၂၀၀၀ ထိ အောင်မြင့်၊ ထိန်လင်း၊ ငြိမ်းချမ်းစု၊ အေးကို ပြုလုပ်လာပြီး ပါဖောင့်မန့်အနုပညာကို ပျံ့ပွားစေ ခဲ့တယ်။ ၂၀၀၅ ခုနှစ်မှာ ပါဖောင့်မန့်ပွဲတော် (performance festival) ကို စတင်ပြုလုပ်နိုင်ခဲ့တယ်။

ယခုအချိန်မှာဆိုရင် နိုင်ငံတကာပါဖောင့်မန့် အနုပညာရှင်များနှင့် ပူးပေါင်းကာ (Exchange program)နှင့် (performance festival)များ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။”

ကိုကျော်သူ

0 နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ငြိမ်းချမ်းသာခွင့်ပေးတာဟာ အထူးခေါင်းခဲနေရတဲ့ ကိစ္စ မဟုတ်ပါ။


နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ကိစ္စကို အစိုးရ ထိပ်ပိုင်းအရာရှိကြီးတွေက သူတို့ကြုံကြိုက်သလို အစိုးရလုပ်ငန်းနဲ့ တရားဝင် ဆက်နွယ်တဲ့ နေရာတွေမှာ မကြာခဏ ထုတ်ဖော်ပြောဆိုနေကြပါတယ်။ တနည်းအားဖြင့် ဒီလိုအပြုအမူဟာ ကောင်းတယ်လို့ ဆိုနိုင်ပါတယ်။ အာဏာကို ခွဲဝေကျင့်သုံးတဲ့သဘောကို ဖော်ဆောင်နေကြတာပါပဲ။

ဒါပေမယ့် အကြောင်းအရာတခုအပေါ်မှာ သူတို့ပြောဆိုပုံ အမျိုးမျိုးအဖုံဖုံ ဖြစ်နေပါတယ်။ အရိပ်အမြွက် ပြလိုက်၊ တည့်တည့်ပြောလိုက်၊ ရက်အတိအကျ ပေးလိုက်၊ ခန့်မှန်းခြေပြောလိုက်နဲ့ နည်းနည်းစီကွဲနေကြလို့ လူထုအနေနဲ့ ဟိုဟာ ယုံရနိုး၊ ဒီဟာလက်ခံရနိုး ဇဝေဇဝါ ဖြစ်ရပါတယ်။ အစိုးရအပေါ် ပြည်သူတွေ ယုံကြည်အားကိုး ထောက်ခံအောင် အစိုးရကိုယ်တိုင်က အလုပ်နဲ့ အမြဲသက်သေပြနေရပါတယ်။ ဒါမှလည်း အစိုးရသက်တမ်း ကြာရှည်နိုင်ပါတယ်။ လူထု အကျိုးမဲ့စေတာမျိုး၊ သံသယ ဖြစ်စေတာမျိုး၊ ငြိုငြင်တာမျိုး မလုပ်တာ အကောင်းဆုံးပါပဲ။

အစိုးရ အပြောတွေအရ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ဖို့ကတော့ ကျိန်းသေသလောက် ရှိပါပြီ။ ဒီလိုပြောဆိုနေတာတွေဟာ ပြည်သူတွေ အာသီသပြင်းပြင်းနဲ့ တောင်းဆိုတဲ့ကိစ္စအပေါ် အရှိန်ပြန်ကျအောင် ချော့မော့ဖြောင့်ဖျပေးနေတယ်လို့ ယူဆရင်လည်း ရနိုင်သလို နိုင်ငံရေးအရ တခုခုကို ကစားနေတယ်လို့လည်း အဓိပ္ပာယ်ကောက်ချင် ကောက်လို့ ရနေပါတယ်။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ဒီ ၂ မျိုးစလုံးကို ဦးတည်ပြီး လုပ်ဆောင်တာ မဖြစ်သင့်ပါဘူး။

ဒီမိုကရေစီ အစိုးရ ဆိုတာ မိုးပေါ်က အလိုလိုကျလာတာ မဟုတ်ဘဲ ဒီမိုကရေစီသဘောအရ လူထုက ရွေးချယ် တင်မြှောက်ပြီး နိုင်ငံ့အရေးအရာတွေကို ဦးဆောင်စီမံဖို့ အများသဘောတူ ထားရှိတဲ့အဖွဲ့ ဖြစ်ပါတယ်။ ဥပမာတခုနဲ့ နှိုင်းယှဉ်ရရင် ပွင့်လင်းတဲ့၊ တာဝန်ခံတတ်တဲ့၊ ရိုးသားဖြောင့်မတ်ပြီး အားကိုးရတဲ့၊ အခကြေးငွေယူပြီး လုပ်နေတဲ့ ကားဒရိုင်ဘာနဲ့ တူပါတယ်။

ဒီကားဒရိုင်ဘာဟာ ကားပိုင်ရှင်ရဲ့ ဆန္ဒအတိုင်း ညွှန်ကြားရာကို ဘေးကင်းစွာနဲ့ ပို့ဆောင်ပေးဖို့သာ တာဝန်ရှိပြီး ကားပိုင်ရှင်ကို ဘယ်သွား၊ ဘာလုပ် ညွှန်ကြားလို့ မရပါဘူး။ အစိုးရဆိုတာလည်း ဒီသဘောအတိုင်းသာ ဖြစ်နေရပါမယ်။ နိုင်ငံ့အရေးအရာကိစ္စတွေကို ပြည်သူတွေရဲ့ ဆန္ဒအတိုင်းသာ ရိုးသားဖြောင့်မတ်စွာ ထိရောက်အောင် ဆောင်ရွက်ပေးဖို့ကလွဲလို့ အခြားဘာမှ မလုပ်အပ်ပါဘူး။

မြန်မာပြည်သူတွေဟာ နိုင်ငံရေးအကျဉ်းသားတွေကို နိုင်ငံတော်သမ္မတရဲ့ လွှတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ လွတ်မြောက်စေချင်တဲ့ဆန္ဒ ရှိကြပါတယ်။ ပြည်သူ့ဆန္ဒဖြစ်လို့ ဒါဟာ နိုင်ငံ့အရေးအရာကိစ္စတခု ဖြစ်လာရပါပြီ။

အကျဉ်းသားတွေကို လွှတ်ငြိမ်းချမ်းသာခွင့် ပြုဖို့ နိုင်ငံတော်သမ္မတထံမှာ လုပ်ပိုင်ခွင့်ရှိတယ်လို့ ၂ဝဝ၈ အခြေခံဥပဒေမှာ အတိအလင်းပြဌာန်းထားဟာ အင်မတန် ကောင်းမွန်လှပါတယ်။ သမ္မတကလည်း ဒီလုပ်ပိုင်ခွင့်ကို အသုံးချပြီး လွှတ်ပေးမယ်လို့ ပြောဆိုထားတာကလည်း ဘဝင်ကျစရာပါ။

ခုတလော ကြားနေရတဲ့ သတင်းတွေထဲမှာ အတိကျဆုံးက နိုင်ငံရေး အကျဉ်းသားတွေကို ၂ဝ၁၂ ခုနှစ် လွတ်လပ်ရေးနေ့နဲ့ ပြည်ထောင်စုနေ့ အသီးသီးမှာ ၂ သုတ်ခွဲပြီး လွှတ်ပေးမယ် ဆိုတဲ့သတင်းပါ။ ဒီသတင်းကြောင့် ပြည်သူတွေ ဝမ်းသာအားရဖြစ်ကြပါတယ်။ အစိုးရအပေါ်လည်း ပိုပြီး အကောင်းမြင်လာ ပါတယ်။ အမှန်တကယ်သာ ဖြစ်လိုက်ရင် အကောင်းမြင်တာအပြင် အပြုသဘောနဲ့ ပိုမို ယိုင်းပင်း ပူးပေါင်းလာနိုင်မယ့် ကောင်းကျိုးတွေပါ ဖြစ်ပေါ်လာနိုင်ပါတယ်။

အကျဉ်းသားတွေကို လွှတ်ငြိမ်းချမ်းသာခွင့် ပြုတာဟာ သမ္မတကနေ ပြည်သူ တဦးချင်းရဲ့ဆန္ဒအပေါ် အလေးအနက်ထားပြီး တုန့်ပြန်မှုလို့ ဆိုနိုင်ပါတယ်။ ဒါဟာ တရားဥပဒေ စိုးမိုးမှုနဲ့လည်း ဆိုင်သလို သမ္မတရဲ့ ဖြူစင်တဲ့ စေတနာ၊ ကိုယ်ချင်းစာ ငဲ့ညှာမှု၊ အမြော်အမြင်ကြီးမှုတို့နဲ့လည်း သက်ဆိုင်ပါတယ်။ နိုင်ငံသမ္မတ ဖြစ်နေတဲ့အတွက် ဒီလို စိတ်ထားနဲ့ အမူအကျင့်ဟာ အချိန်တိုင်းမှာ အမြဲရှိနေရမှာ ဖြစ်ပါတယ်။ လူတိုင်းက သမ္မတကို ကြည့်ပြီး စံနမူနာယူနိုင်အောင် အချိန်တိုင်းမှာ ပြသနေရမှာလည်း ဖြစ်ပါတယ်။

ဘယ်သူမှ စေတနာတရား ဖြူစင်မှုကို အချိန် အကန့်အသတ်နဲ့ ဖော်ထုတ်တာမျိုး ဘယ်သူမှ မလုပ်ကြပါဘူး။ ကိုယ်ချင်းစာတရား ဆိုတာကလည်း နေ့ရွှေ့ညရွှေ့ လုပ်ကောင်းတာမျိုး မဟုတ်ပါဘူး။ အဲဒီလိုပဲ အမြော်အမြင် စွမ်းပကားကို လိုအပ်မှ ထုတ်သုံး မလိုရင် သိမ်းထား ဆိုတာလည်း မဖြစ်သင့်ပါဘူး။ ဒီ ၃ ချက်ကို အမြဲ ထာဝစဉ် ထားရှိ ကျင့်သုံးနေရမှာ ဖြစ်ပါတယ်။

ဒီအတွက်ကြောင့် အကျဉ်းသားတွေကို လွှတ်ငြိမ်းချမ်းဟာခွင့်ပေးခြင်းဟာ နိုင်ငံရဲ့ နေ့ကြီးရက်ကြီးရောက်မှ ထုတ်ဖော်ပြသရတာမျိုး မဖြစ်သင့်ပါဘူး။ နိုင်ငံတကာ ဧည့်သည်တွေ ရောက်လာခါနီးမှ၊ နိုင်ငံတကာ ခရီးကို စတင်ခါနီးမှ၊ နိုင်ငံရေး ချိန်ခွင်လျှာ ညှိလိုတဲ့အခါမှ စတဲ့ နိုင်ငံရေး ကစားကွက်အနေနဲ့လည်း အသုံးမချသင့်ပါဘူး။

နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်စရာရှိရင် ဘာမှ နောက်ဆံတင်းမထားဘဲ နေ့ကြီးအခါကြီးတွေလည်း ရွေးနေစရာ မလိုဘဲ အမြန်ဆုံးသာ လွှတ်ပေးလိုက်စေချင်ပါတယ်။ ဒီမိုကရေစီနိုင်ငံဖြစ်လို့လည်း နိုင်ငံရေး အကျဉ်းသားတွေ ရှိနေခြင်းကိုက အနုတ်လက္ခဏာ ဆောင်နေပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေအဖို့ တရက် တနာရီ စောပြီး လွတ်မြောက်လာသမျှ တရက် တနာရီ ပိုမို စိတ်ချမ်းသာမယ့်အရေးကိုပါ ထည့်တွက် ငဲ့ညှာပေးရမှာ ဖြစ်ပါတယ်။ အစိုးရအနေနဲ့ အချိန်စောပြီး နာမည်ကောင်းလည်းရ အလုပ်လည်း ပိုမို မြန်ဆန် တွင်ကျယ်လာနိုင်မှာ ဖြစ်ပါတယ်။

လွင်အောင်စိုး

၂၆-၁၂-၂ဝ၁၁

0 မြန်မာနိုင်ငံမြေပုံမှာ ဘယ်လူမျိုးတွေဘယ်နေရာမှာနေတယ်ဆိုတာသိရအောင် တိုင်းနှင့်ပြည်နယ်နေရာများအလိုက်ထည့်ပေးပါ - (Flash Game)


အပေါ်မှ မြန်မာပြည်မြေပုံလေးကိုနှိပ်ပြီး တိုင်းနှင့်ပြည်နယ်များ၏ တည်နေရာများထည့်ပြီး Flash gameလေးကို ကစားကြည့်နိုင်ပါတယ်.ထည့်လို့မှန်သွားရင် တိုင်းရင်းသားသွေးစည်းညီညွတ်ရေး သီချင်း ထွက်ပေါ်လာပြီး နားထောင်နိုင်ပါတယ်.ပြန်ပိတ်ချင်ရင် ကွန်ပြူတာရဲ့ကီးဘုတ်က ESC ကီးလေးကိုနှိပ်လိုက်ပါ။

0 ဂျပန်နိုင်ငံခြားရေးဝန်ကြီး ကိုအီချီယို ဂမ်ဘာ (Koichio Gamba)မှအမျိုးသားခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အားဂျပန်နိုင်ငံသို့ လာရောက်ရန်ဖိတ်ခေါ်(ရုပ်/သံ)



ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာသော ဂျပန် နိုင်ငံခြားရေးဝန်ကြီး ကိုအီချီယိုဂမ်ဘာ( Koichio Gamba) သည် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား သွားရောက်တွေ့ဆုံခဲ့ပါတယ်..
အခုလို ဂျပန်နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးအဆင့် လာရောက်တွေ့ဆုံဆွေးနွေးတာဟာ ၉နှစ်အတွင်းမှာ ပထမဦးဆုံးလာရောက်ခြင်းဖြစ်ပါတယ်..
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ဂျပန်နိုင်ငံကဖွံ့ဖြိုးမှု ဆိုင်ရာ အကူအညီ(ODA)လူသားခြင်းစာနာမှုနဲ့ ပတ်သတ်လို့အကူအညီပေးတဲ့အခါမှာတိုင်းရင်းသားဒေသတွေမှာလည်း တန်းတူညီတူညီညီမျှမျှပေးဖို့ အရေးကြီးတယ်ဆိုတာကိုပြောသွားပါတယ်..

0 “The_ROPE” for The Art of Freedom Film Festival

Monday, December 26, 2011

1 ကျွန်တော် လူကက်ဆက်


http://www.kaungkin.com/ မှကူးယူတင်ပြပါသည်။

တလောက သန်းဂျီးမတွေ အကြောင်း ရေးလိုက်တော့ တချို့လည်း သဘောတွေ့ကြ တချို့ကလည်း ပူပန်ကြ အသံမျိုးစုံ ကြားခဲ့ရပါတယ်။ ဒီတခါတော့ တမျိုးပြောင်ပြီး “ပိုး” တွေအကြောင်းရေးမယ် စိတ်ကူးမိပါတယ်။ ပိုး က ရိုးရိုးပိုးမျိုး မဟုတ်ပါဘူး ဂီတပိုး၊ အနုပညာပိုးများ အကြောင်းပါ။ သန်းဂျီးမ တွေကို ရေနွေးတွေကြိုထားတဲ့ ဒယ်အိုးထဲထည့်လိုက်တော့ အားလုံးကြွကုန်ပေမယ့် ဒီအနုပညာပိုးက ရေနွေးအိုးထဲ ထည့်လည်း မသေ၊ လျှပ်စစ်နဲ့ တို့လို့လည်း မသေ၊ အင်မတန် ချိုးရ နှိမ်ရခက်တတ်ပါတယ်။

၁၉၉၈ နေ ၂၀၀၄ နှစ်ကုန်ပိုင်းထိ အင်စိန်ထောင်၊ မန်းထောင်နဲ့ မြောင်းမြထောင် သုံးထောင်ကို ဂန္ဓာရီလှည့်လည် စံမြန်းစဉ် ကာလ ခြောက်နှစ်ခွဲ အတွင်း ထောင်အာဏာပိုင်နဲ့ အရှင်းရဆုံးအမှုဟာ ထောင်တွင်း သီချင်းအော်ဆိုမှု အများဆုံးပါ။ တခါကဆို စိတ်နဲ့ ရေးပြီးစ သီချင်းအသစ်တပုဒ်ကို ထ အသံစမ်း ဆိုကြည့်တော့ထောင် ၀န်ထမ်းတွေ နံပတ်တုတ်တွေ တိုက်ထဲကို အလန့်တကြားပြေးဝင်လာ ကြပါတယ်။ နောက်တော့ ကျွန်တော် သီချင်းဆိုတာ ဆိုလည်းသိရော ဆဲလိုက်ဆိုလိုက်တာ မိုးမွှန်သွားတော့တာပါပဲဗျာ။ သူတို့ အဆိုအရ ကျွန်တာ့်သီချင်းဆိုသံဟာ ခွေးဟောင်သံထက်ကို ဆိုးတယ်လို့ဆိုပါတယ်။ အဲဒီလောက်ထိ ပါရမီ ထူးခြားပါတယ်။ အဲဒီကြားထဲက ကိုထိန်လင်းက စိတ်ကူးလွဲနေတာ ပန်းချီဆွဲရမှာ မဟုတ်ဘူးဗျ သီချင်းဆိုရမှာလို့ တခါတလေ ကာရာအိုကေမှာ တစုံတယောက် ပြောလာရင်တော့ ကျွန်တော်လက်ထဲက မိုက်ကရိုဖုန်းဟာ ဆွဲပြီး လုမယူခဲ့ရင် တခြားလူရဘို့ မမြင်တော့ပါဘူး။ အဲလောက် ရူးပါတယ်။

ရှူးတဲ့ အထဲမှာတော့ ကာလတခုမှာ လူကက်ဆတ် ဖြစ်သွားတဲ့အထိပါ။ အဲဒီကာလက စီဒီတွေ မပေါ်သေးတဲ့ ကတ်ဆတ်ခေတ် ဖြစ်တာမို့ လူကတ်ဆတ် ဖြစ်သွားရတာပါ။ ခုလို စီဒီခေတ်၊ အိုင်ပေါ့ ခေတ်ဆိုရင်တော့ လူစီဒီ၊ လူအိုင်ပေါ့တို့ ဘာတို့ ဖြစ်သွားနိုင်ပါတယ်။ လူကတ်ဆက်က ဘယ်တုန်းက ဖြစ်ခဲ့ဘူးပြန်တာတုန်းဟု မေးသော် ၁၉၉၁ စက်တင်ဘာ နောက်ပိုင်း ကနေ ၁၉၉၂ မိုးလယ်ပိုင်း အတွင်း ကချင်ပြည်နယ် ပါဂျောင်ဒေသ ABSDF (NB) ထပ်ဖွဲ့၏ အကျဉ်းသား ဘ၀ကဟု တိတိကျကျ ပြောမှဖြစ်ပါလိမ့်မယ်။

အဲဒီလိုပြောရတဲ့ အကြောင်းကတော့ တောင်ပိုင်း ထိုင်းနယ်စပ်မှာ ABSDF တပ်ဖွဲ့ဟာ တော်လှန်ရေး တပ်ဖွဲ့တခုအဖြစ် ဆက်လက် ရပ်တည်နေပြန်ပါတယ်။ အဲဒါကြောင့် မဆီမဆိုင် အလကားနေရင်း မတ်တတ်က တချို့က ဒီတပ်ဖွဲ့က ရဲဘော်တွေကို ဒီပြသနာတွေနဲ့ ဆက်စပ်ပတ်သတ် နေသယောင် ထင်ယောင်ထင်မှား မဖြစ်ရဘို့ တိတိကျကျ ကြိုပြောထားရခြင်း ဖြစ်ပါသဗျ။ ပြသနာက တောင်ပိုင်းတပ်ဖွဲ့ ဦးဆောင်သူ တွေထဲမှာက ကိုမျိုးဝင်း နာမည်တူက ရှိနေတော့ အလကားနေရင်း ကိုမျိုးဝင်း အိပ်ယာအောက် ရေ၀ပ်တဲ့ကိန်း ၀င်နိုင်တာ မြင်ယောင်မိလို့ပါ။

ကျွန်တော်အနေနဲ့ ဒီအကြောင်းအရာကို ရေးသားဘို့ လက်တွန့်တဲ့အထဲမှာ အဓိက အချက်တခုကတော့ နှစ်ပေါင်း (၂၀) ကျော်လာတဲ့ ကျောင်းသား တော်လှန်ရေးသမိုင်း အလံတော်ကို မည်သို့ပင်ဖြစ်စေ ချစ်နေဦးမည် ဆိုတဲ့ စာသားလို ဒုက္ခအပေါင်း ခါးစည်းခံပြီး စွဲစွဲမြဲမြဲ လုပ်နေတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိနေသေးတယ် ဆိုတာကိုလည်း သိနေတဲ့အခါ အတော် လက်တွန့်မိတယ်ဆိုတာ ရိုးသားစွာဝန်ခံပါတယ်။

ပြည်ပကို ထွက်ခွင့် စပြီးရတော့ ချင်းမိုင်ကို ပန်းချီပြပွဲ ကိစ္စနဲ့ လာတဲ့အချိန်မှာ လက်ရှိ အေဘီခေါင်းဆောင် (ကို)သံခဲက သမီးလေးနဲ့အတူ ဆိုင်ကယ်လေးနဲ့ လယဉ်ကွင်းမှာလာ ကြိုသဗျ။ ကျွန်တော်တို့ တောစခိုကာစက အိန္ဒိယ လေခွန်းစခန်းမှာ ကျွန်တော့်အနွံအတာ အများကြီး သည်းခံနားလည်မှု ပေးခဲ့တဲ့သူငယ်ချင်း ဖြစ်လို့ပါ။ ပန်းချီပြပွဲ ဖွင့်ပွဲအပြီး နောက်တရက်မှာတော့ သံခဲက မင်းကို ဒီနေ့ စပါယ်ရှယ်ဒင်နာ ကျွေးမယ်ဆိုပြီး လာခေါ်ပါတယ်။ သိတဲ့အတိုင်း လက်ရှိ အေဘီဥက္ကဋ္ဌ တဦးက တည်ခင်းမယ့် ညစာဆိုတော့ တော်တော်လေး စိတ်ဝင်စားပြီး သူ့ဆိုင်ကယ်လေး နောက်ကနေ လိုက်သွားပါတယ်။ လမ်းမှာ စမူဆာတို့၊ နံပြားတို့၊ ဒန်ပေါက်တို့ရတဲ့ ကုလားဆိုင်တဆိုင်ကို ၀င်ပြီး ပဲဟင်းနဲ့ ကြက်သားဟင်း (၂) ထုပ် ၀င်ဝယ်သဗျ။ ပြီးတဲ့အခါကျတော့ သူတို့မိသားစု ငှါးထားတဲ့ အခန်းလေးကို သွားကြပါတယ်။

သူတို့မိသားစု သုံးယောက်နေတဲ့ အခန်းလေးထဲ ရောက်တော့ မဒမ်သံခဲက ကွန်တော့်အတွက် အထူးစီမံထားတဲ့ ဟင်း တခွက်နဲ့ စောင့်နေပါတယ်။ တခြား ဟုတ်ပါရိုးလားဗျာ။ ကျွန်တော်တို့ အိန္ဒိယမှာ နေခဲ့စဉ်က ရွှေလှံဗိုလ်လို့ နာမည်ကြီးတဲ့ ကုလားအော်ငြုပ်သီးကို ငပိနဲ့ ထောင်းထားသဗျ။ ပြောစရာတခု ရှိတာကတော့ မဒမ်သံခဲ (ကျွန်တော်တို့အခေါ် ဒေါ်လှိုင် (ခေါ်) မခင်ဆွေလှိုင်) ဟာ ကျွန်တော်တို့ မြောက်ပိုင်းပြသနာတွေဖြစ်တဲ့ ပါဂျောင်ရဲ့ တထိတ်ထိတ် တလန့်လန့်နဲ့ ဖြစ်ပျက်သွားတဲ့ အနိဌာရုံ မြင်ကွင်း အားလုံးကို မြင်တွေ့ခဲ့ရတဲ့ မျက်မြင် တဦးလည်း ဖြစ်ပါသဗျ။ ဒီလိုနဲ့သုံးဦးသား ရှေးဟောင်းနှောင်းဖြစ်တွေ ပြောရင်း မျက်ရည်ဖြိုင်ဖြိုင် ကျရပါတယ်။ (ရွှေလှံဗိုလ် ငြိုပ်သီး ကြောင့်ပါ။ ဒီငြုပ်သီးက စားတဲ့သူတိုင်း မျက်ရည်ကျအောင် စပ်ပါတယ်။)

ထမင်းစားပြီးတော့ စကားပြောကြရင်း ကိုထွန်းအောင်ကျော်တို့တွေ ထောက်လှမ်းရေးအဖြစ် စွပ်စွဲခံခဲ့ရပြီး ကျဆုံးခဲ့ရတာနဲ့ ပတ်သက်ပြီး လက်ရှိတောင်ပိုင်း ABSDF ကနေ အဲဒီ ကိစ္စမှာ ကျဆုံးသွားတဲ့ ကျောင်းသား ရဲဘော်တွေဟာ တော်လှန်ရေးသမား ကျောင်းသား ရဲဘော်တွေသာ ဖြစ်တဲ့အကြောင်း ကြေညာချက်ထုတ်ပေးဘို့ သင့်၊ မသင့်ကိစ္စ စကားပြောမိကြပါတယ်။ ဒီတော့ သူက ခပ်ရှင်းရှင်းပဲ ဒီလိုပြောပါတယ်။

"သူငယ်ချင်း မင်းစဉ်းစားကြည့် ဒီကိစ္စ ဖြစ်နေချိန် ငါက အနောက်ပိုင်း (အိန္ဒိယ) ဘက်မှာပဲ ရှိသေးတာ၊ မျက်စိနဲ့ တပ်အပ်မြင်ခဲ့တာလည်း မဟုတ်ဘူး။ ပြီးတော့ ဒီကိစ္စမှာ တိုက်ရိုက်ပါဝင်ခဲ့တဲ့ ပုဂ္ဂိုလ်တွေ သက်ရှိထင်ရှား ရှိနေပါရက်နဲ့ ဘာသဘောထားမှ မပေးဘဲ ရေငုံနေကြတာကို ငါက သဘောထားထုတ်ပေးဘို့ ဘာမှ မလိုဘူးထင်တယ်လို့ ပြောပါတယ်။"

သူပြောတာ အမှန်ပါပဲ။ အမှန်ကတော့ ကျွန်တော်တို့ မသေဘဲ ကျန်နေသူတွေ လုပ်ရမယ့် အလုပ်ပါ။ ကျွန်တော်တို့တွေရဲ့ အားနည်းချက်။ ကျွန်တော်တို့တွေရဲ့ တာဝန်ပျက်ကွက်မှု သက်သက်ဖြစ်ပါတယ်။

ပြီးတော့ ဆက်ပြောတာက "ငါတို့က အခုလက်ရှိ ရှိနေတဲ့ အခြေအနေကို ထိမ်းထားနိုင်ဘို့ကို မနည်းရုန်းကန် နေရတာ။ အပြင်ရောက်နေတဲ့ ကိုယ့်မြန်မာတွေ ကူညီနေလို့ ဒီလောက်ထိ ရပ်တည်နေနိုင်တာ။" ဒါလည်းအမှန်ပါ။ လောလောဆယ် ကျွန်တော်တို့ သုံးယောက် ထမင်းစားနေရတာကိုက သူတို့မိသားစု အိပ်ခန်းထဲမှာ စားနေရတာပါ။ အိပ်ခန်း၊ မီးဖိုချောင်နဲ့ ထမင်းစားခန်းကို ပေါင်းထားတဲ့ သရီး အင်န် ၀မ်း အခန်းလေးကို ကြည့်ပြီး လက်ရှိ အေဘီအတွက် စခန်းပြင်ထွက်ပြီး လှုပ်ရှားနေတဲ့ ခေါင်းဆောင်တဦးတောင် ခုလို ကြပ်ကြပ်တည်းတည်း ချို့ချို့တဲ့တဲ့ နေရရင် အထဲမှာ ရုန်းနေရတဲ့ ရဲဘော်တွေခမြာ ဘယ်လောက် ခက်ခဲကြမလဲဆိုတာကို ခန့်မှန်းမိပြီး စာနာမိပါတယ်။ ဒီလို အကြပ်တည်းကြား ခရီးဆက်နေတဲ့ သူတို့စိတ်ဓါတ်ကိုလည်း လေးစားမိသွားပါတယ်။ ဒါကြောင့် အခုရေးသားမယ့် လူကတ်ဆက် အဖြစ်အပျက်များမှာ လက်ရှိ ABSDF တပ်ဖွဲ့မှာ တာဝန် မရှိပါကြောင်း ကြိုတင် ပြောထားရပါတယ်။

ရိုးရိုးသားသား ပြောရရင် ခုလို ကြိုတင် ရှင်းလင်းထားရတာကလည်း သတင်းတွေထဲမှာ အမြဲ ပါပါလာတတ်တဲ့ ရဲဘော်သံခဲဆိုတဲ့ ဒီပုဂ္ဂိုလ်ကို နည်းနည်းလန့်တာလည်း ပါပါတယ်။ မလန့်လို့လည်း မရဘူးဗျ။ ကျွန်တော်ရဲ့ ငယ်ကျိုး ငယ်နာအားလုံးကို ဒီငတိက သိထားတာ။ မတော် အိန္ဒိယစခန်းမှာ နေခဲ့တုန်းက ကျွန်တော်ကြောင်ခဲ့တဲ့ ကသည်းမတွေထဲက တယောက်ယောက်နာမည်ကို မှားရိုက်သလိုနဲ့ အွန်လိုင်းကနေ ကျွန်တော့်မိန်းမ မေးလ်ထဲ ရိုက်ထည့်လိုက်တာမျိုးပေါ့ဗျာ။ ဆောရီး တလုံးထဲနဲ့တင် ကျွန်တော့် စပွန်ဆာ ပျောက်သွားနိုင်တဲ့ အကွက်လေးတွေက ရှိနေတော့ ကြိုခင်းရ ကျင်းရ တင်ရ မြောက်ရ တာလေးတွေတော့ ရှိတာပေါ့ဗျာ။ ကျွန်တော်တို့ လူပြက်တွေ ပြက်လုံးပြက်တာတောင်မှ မပြက်ခင်မှာ ရပ်ရွာ အခြေအနေကြည့်ပြီး ပဏာမ အမှုနဲ့ ဂါရ၀ပြုပါသည် ဆိုတာလေးတွေက လုပ်ရသေးတာကိုး။ နို့မဟုတ်ရင် ပွဲခင်းထဲ ဖါးခုန်ဝင်လာတာကနေ ကျားခုန်ဝင်လာတယ် ဖြစ်လို့ ပြေးပေါက်တွေ မှားခဲ့ရဘူးတဲ့ ကိုယ်တွေ့တွေက ရှိခဲ့တာကိုး။

နောက်ပြဿနာတခုကတော့ ကိုထွန်းအောင်ကျော် နာမည်တူ ပြဿနာပါ။ ခက်တာက ၂ ယောက်စလုံးက အေဘီ ဥက္ကဋ္ဌ တွေချည်းဖြစ်နေတာပါ။ ခုလောလောဆယ် အမေရိကားမှာ ရှိနေတဲ့ ကိုထွန်းအောင်ကျော်က တောင်ပိုင်းက ဥက္ကဋ္ဌဟောင်းဖြစ်ပြီး ကျွန်တော်တို့ရှေ့က ၁၉၇၄ မျိုးဆက်က ဖြစ်ပြီး ကျွန်တော်တို့ထက် အရင် ထောင်ပုံစံထမင်းကို စားခဲ့သူပါ။

ဒီလောက် နိဒါန်းပျိုးပြီးပြီ ဆိုရင်ဖြင့် ကျွန်တော့် လူကက်ဆက်ဖက်ကို လှည့်လို့ရပြီ ထင်တယ်ဗျာ။ ပြောမယ့်သာ ပြောရတာ အွန်လိုင်းမှာ စာရေးရတာလည်း မလွယ်ဘူးဗျ။ အများပြောကြသလိုအင်မတန် ၀ဋ်ကြွေးမကင်းတဲ့ လူတွေ လုပ်တဲ့အလုပ်ဗျ။ ရေးတဲ့စာမူက စာရိုက်လို့ မပြီးသေးခင် ကွန်မင့်က အောက်က အရင်တက်လာတဲ့ ခေတ်ကြီးကိုး။

ကျွန်တော်တို့ ပါဂျောင်မှာ ဖြစ်ပွါးခဲ့တဲ့ သန်းဂျီးမ အတွေ့အကြုံကို ဖတ်ပြီးကြတဲ့ နောက်မှာ အမျိုးမျိုး တုန့်ပြန်လာတာ တွေ့ရပါတယ်။ ကျွန်တော့်ကိုလည်း ဒီပြသနာကို ဘယ်သူတွေ ကျူးလွန်တယ်။ ဘယ်သူတွေ ဘယ်ပုံ သေဆုံးခဲ့ရတယ်။ ဘယ်သူတွေ အသက်မသေပဲ ကျန်နေတယ် … စသည်ဖြင့်ပေါ့ဗျာ။ ပြောရရင် ကျွန်တော်နဲ့အတူ ထွက်ပြေးလာကြတဲ့ ရဲဘော် (၅၀) လုံး ပြည်တွင်းမှာ အသက်ရှိထင်ရှား ရှိနေကြသလို တိကျတဲ့ စာရင်းဇယားနဲ့ ထုတ်ဘို့ကိုလည်း လုပ်နေကြတယ်ဆိုတာ ကြားရပါတယ်။

နောက်တကယ်ကြုံခဲ့ရတဲ့ ရဲဘော်တွေရဲ့ ပြောကြားချက်တွေက တဆင့် အချက်အလက်တွေကို ဖေ့ဘွတ် စာမျက်နှာပေါ် တက်လာတာလည်း တွေ့နေရတာမို့ အချက်အလက်တွေ သိချင်ရင်တော့ အဲဒီ စာမျက်နှာတွေကိုပဲ ညွန်းဆိုရပါတယ်။ ကျွန်တော် အဓိက ရေးချင်တာက အဲဒီ ကာလဆိုးကြီးမှာ ကျွန်တော်တို့ ဘယ်လိုခံစားရသလဲ၊ ဘယ်လို အသက်ရှင်အောင် မွေးခဲ့ကြသလဲ၊ ဘယ်လို အမှားတွေ ရှိခဲ့သလဲဆိုတဲ့ အချက်တွေကိုပါ။

ဒီလိုဗျ ဒီပြသနာတွေ မဖြစ်ခင်က ABSDF(NB) အဖွဲ့ရဲ့ ဥက္ကဋ္ဌက ကိုထွန်းအောင်ကျော်ပါ။ ဥက္ကဋ္ဌ အပါအ၀င် ဗဟိုကော်မတီဝင် အားလုံးလိုလိုကို ထောက်လှမ်းရေးတွေ ဆိုပြီး ဖန်းဆီးခဲ့တဲ့ အဖွဲ့မှာ ဥက္ကဋ္ဌ လုပ်ခဲ့သူက ကိုအောင်နိုင်။ အတွင်းရေးမှုးက ကိုမျိုးဝင်း ပါ။ စစ်ရေးတာဝန်ခံက ကိုသံချောင်း ပါ။ ကျွန်တော်တို့ကို ဖမ်းဆီးနှိပ်စက် စစ်ဆေးတဲ့ ကိစ္စတွေကိုတော့ ကျောင်းသားတပ် ထောက်လှမ်းရေးတပ်ဖွဲ့က ဆောင်ရွက်ပြီး ကိုမျိုးဝင်းက ဦးစီးသဗျ။

အဲဒီကာလမှာတော့ ထောက်လှမ်းရေးတပ်ဖွဲ့ဟာ ထင်တိုင်းကြဲခွင့် ရှိပါတယ်။ ကျွန်တော်တို့ကိုလည်း အချိန်မရွေး ထောင်ကနေ ခေါ်ထုတ်ပြီး အချက်အလက် လိုချင်သည်ဖြစ်စေ မလိုချင်သည်ဖြစ်စေ ခေါ်ယူပြီး ကြိုက်တဲ့နည်းနဲ့ စစ်ဆေးလို့ရပါတယ်။ ညှင်းပန်းနည်း မျိုးစုံကိုလည်း တီထွင်ခွင့် ရှိပါတယ်။ ဒီလိုပြောရတာကတော့ တကြိမ်မှာ ကျွန်တော့်ကိုခေါ်ပြီး ပါးစပ်ထဲကို ၀ါယာကြိုး ၂ ပင် ပူးထည့်ပါတယ်။ ပြီးပါးစပ်ကို တိတ်နဲ့ ပိတ်လိုက်ပါတယ်။ ပြီးတော့ ၀ါယာစကို လက်နဲ့ လှည့်ခေါ်ရတဲ့ တယ်လီဖုန်းနဲ့ဆက်ပြီး လျှပ်စစ်ဓါတ် ထွက်လာတဲ့အထိ လှည့်ပြီး ညှင်းဆဲပါတော့တယ်။ အမှန်တော့ စမ်းသပ်တာပါ။ အဲဒီကထွက်လာတဲ့ လျှပ်စစ်ဓါတ်ကြောင့် ကျွန်တော့် ခေါင်းတ၀ိုက်မှာ လျှပ်စစ်စီးနေတာကို မျက်လုံးမှိတ် အော်နေတဲ့ ကျွန်တော့်အာရုံမှာ မြင်နေရတဲ့ အထိပါပဲ။ စစ်နေတဲ့ ချာတိတ်တွေက ကျွန်တော့်ကိုကြည့်ပြီး တခွီးခွီး သဘောကျ ရယ်ပါတယ်။ အကြောင်းကတော့ ကျွန်တော့ မျက်နှာဟာ လျပ်စစ် စီးဆင်းမှုကြောင့် တွန့်လိမ်ရှုံ့တွ နေတဲ့ကြားက ကြွက်သားတွေ တဆတ်ဆတ် ဖြစ်သွားပုံဟာ တော်တာ် ရယ်စရာ ကောင်းနေပုံ ရပါတယ်။ အဲဒါကိုပဲ ထပ်ခါထပ်ခါ လုပ်ပြီး တခွိခွိ ဖြစ်နေပါတယ်။

နောက်တော့ သူတို့ရဲ့ ရှာဖွေတွေ့ရှိချက်ကို ဥက္ကဋ္ဌကို ခေါ်ပြီး ပြလိုက်ပါသေးတယ်။ ကြည့်ကြည့် နည်းနည်းလေး လှည့်ရင် နည်းနည်းလေး ရွဲ့တယ် များများလှည့်ရင် များများရွဲ့တယ် စသည်ဖြင့် ပေါ့ဗျာ။ အဲဒီချိန်က ကျွန်တော့်ကို နှိပ်စက်နေတဲ့ထဲက ဖိုးနှောင်းဆိုတဲ့ ကောင်လေးဆိုတာကလည်း (၁၈) နှစ်လောက် ရှိပါဦးမယ်ဗျာ။ တခါကျတော့လည်း ကျွန်တော့်ကို ထင်တိုင်း လှိမ့်ရိုက်နေရာက သူတို့ တစ်ချက်ရိုက်ရင် ကျွန်တော်က ဒူဝေေ၀လို့ အော် ပေးရမယ်လို့ ပြောလာပြန်သဗျ။ အဲဒီတော့ ကျွန်တော့်လိုကောင်မှာလည်း ပေါကြောင်ကြောင်နဲ့ ဒူဝေေ၀ ရတာပေါ့ဗျာ။ နောက်တော့ နာလွန်းမက နာတော့လည်း ဒူဝေေ၀ တင်မက ဒူဝေးဝေးဝေးဝေး ထိကွန့်ရတဲ့ အထိ ပေါ့ဗျာ။

အဲလို ထောက်လှမ်းရေး နှိပ်စက်ချိန်ကလွဲလို့ ကျန်တဲ့ အချိန်တွေကတော့ ကျွန်တော်တို့တွေဟာ အကျဉ်းထောင် တာဝန်ကျတဲ့ အဖွဲ့ရဲ့ လက်ထဲမှာပဲ နေရသဗျ။ အဲဒီ ထောင်ကုန်း တာဝန်ခံဆိုတဲ့ အဖွဲ့ကလည်း သူတို့ ခေါင်းဆောင်ပိုင်းနဲ့ ထောက်လှမ်းရေးအဖွဲ့က အယုံကြည်ရဆုံးထဲမှာမှ လက်ရဲဇက်ရဲ နာမည်ရသူတွေကို တပ်ဖွဲ့ ဖွဲ့ပေးထားတာမို့ ထောင်လုံခြုံရေးအဖွဲ့က ဒုတိယ တန်ခိုးထွားဆုံးပေါ့ဗျာ။

အဲဒီလုံခြုံရေးလက်မှာ ကျွန်တော်တို့အသက်ကို ၀ကွက် အပ်ထားရတာမို့ သူတို့ပြုသလို နုရပါတယ်။ သူတို့ကလည်း သူတို့ခန့်ထားတဲ့ တာဝန်နဲ့လျော်ညီစွာ လက်စွမ်းလက်စ အပြိုင်ပြရပါတယ်။ တညမှာတော့ ကျွန်တော်တို့ကို မျက်နှာတွေ စည်းထားပြီး အိပ်ယာထဲ လှဲခါနီးမှာ လူကက်ဆက် အထူးဖျော်ဖြေရေး အစီအစဉ် ဖြစ်ပေါ်လာပါတယ်။ အဲဒါကတော့ "မင်းတို့အထဲက ဘယ်သူ သီချင်းကောင်းကောင်းဆိုတတ် သလဲကွ" တဲ့။ အားလုံး တိတ်ပြီးနေပါတယ်။ ဘာများ လုပ်ဦးမလို့လဲ ပေါ့လေ။ "လုပ်ပါကွ တို့က ဒီကုန်းပေါ်မှာ နေ့နေ့ညည စောင့်နေရတာ။ ပျင်းစရာကြီး အပျင်းပြေ သီချင်းဆိုတဲ့ အစီအစဉ်လေး လုပ်ရအောင်" ဆိုတော့ ကိုဘောကြီး ဆိုတတ်တယ်ဆိုပြီး ကျွန်တော့်ဆီကို ကျွန်တော်တို့ထဲက တယောက်က ချွန်တွန်းလုပ် လွှတ်လိုက်ပါတယ်။

ကျွန်တော် အဖမ်းမခံရခင်မှာ အူကျသလို ဖြစ်လို့ ခွဲစိတ်မှုတခု လုပ်ခဲ့တာကို စွဲပြီး ကျွန်တော့်ကို ဖမ်းတဲ့အခါမှ "မင်းလို ထောက်လှမ်းရေးက မတန်မရာ ဗိုလ်ချုပ် ငယ်နာမည် မှည့်ရကောင်းလား" ဆိုပြီး နောက်နာမည်တခုရှိလား မေးပါတယ်။ အဲဒီမှာ တယောက်က တလောလေးက ဒီကောင် ဘောခွဲထားတာ ဘောကြီးလို့ ခေါ်ရအောင် ဆိုပြီး နံနှိမ်လိုက်ပြီးတဲ့နောက် ကျွန်တော့်နာမည်ဟာ ဘောကြီးဖြစ်လာပါတယ်။

နောက်ဆုံးတော့ ကျွန်တော်က တတ်သည့်ပညာ မနေသာဆိုသလို ဓနုဖြူစိုးသိန်းရဲ့ "လူပျိုကြီး" သီချင်းကို ခပ်နောက်နောက်လေး ဆိုပြလိုက်ပြီးတဲ့ နောက်မှာတော့ ကျွန်တော်ဟာ ထန်းပင်တက်လက်မှတ်ရတဲ့လူ တယောက် ဖြစ်သွားပြီး မကြာခဏဆိုသလို ဒီသီချင်းကို ဆိုပြရတဲ့ ဘ၀ ရောက်ပါတော့တယ်။ အဲဒီနောက်တော့ စောစောက သီချင်းဆိုခိုင်းတဲ့ လူက ကျွန်တော့်မျက်နှာနား လာရပ်ပြီး ပါးစပ်ဟလို့ ဆိုပါတယ်။ ကျွန်တော်ပါးစပ် ဟ လိုက်တော့ သူသောက်နေတဲ့ ဆေးပေါ့လိပ်ကို လာတပ်ပေးပြီး သောက်လို့ ပြောပါတယ်။ ဘယ်ပြောကောင်းမလဲဗျာ ကျွန်တော်ဟာ နေရင်းထိုင်ရင်း လူ (၇၀) ကျော်လောက်ထဲမှာ ဆေးပေါ့လိပ် ပထမဆုံး စသောက်ခွင့်ရတဲ့ ကံထူးသူ ဖြစ်သွားတာပေါ့။ သောက်တယ်ဆိုတာကလည်း သူ့စေတနာရှိသလောက် သုံးလေးဖွါပေါ့ဗျာ။ လက်ပြန်ကြိုး ချည်ထားတဲ့ အပြင် မျက်လုံးကလည်း စီးထားသေးတာကိုး။

ဒီလိုနဲ့ ကျွန်တော်တယောက် ဆေးလိပ်ကလေး သောက်ခွင့်ရပြီး ထောင်စောင့်တဲ့ ကောင်တွေရဲ့ မျက်နှာသာ ရတာလေး ကြားတဲ့အခါ နောက်ဘယ်သူ သီချင်း ဆိုချင်သေးလဲ ဆိုတဲ့အခါ နောက်ထပ် ဖိုးဆိုချင်လေးတွေ ပေါ်လာပါတယ်။ တယောက်က ဆိုနေချိန်မှ ကျန်တဲ့လူတွေက လှဲနေကြရပါတယ်။ သီချင်းဆိုတဲ့ သူကပဲ ထ ထိုင်ပြီး မျက်နှာ စည်းထားရက်က ဆိုပြရပါတယ်။ ဘာပဲဖြစ်ဖြစ် အဲဒီညလေးဟာ ကျွန်တော်တို့ ဘ၀မှာတော့ လက်ရှိခံနေရတဲ့ ဒဏ်ရာတွေ ဒုက္ခတွေထဲကနေ အပြန်အလှန် ဆိုပြကြတဲ့ သီချင်းလေးတွေထဲ စီဆင်းမျောပါ သက်သာခွင့်လေး တခဏရခဲ့တဲ့ ညလေးတည အစဖြစ်ခဲ့ပါတယ်။

ရာသီဥတုတွေ ပြောင်းလဲသလိုပဲ ကျွန်တော်တို့ လုံခြုံရေးတပ်ဖွဲ့ရဲ့ သဘောထားကလည်း အမျိုးမျိုးပြောင်း နေတာမို့ တညမှာတော့ လုံခြုံရေးတာဝန်ခံတဲ့ အဖွဲ့ရော ထောက်လှမ်းရေး တာဝန်ခံတဲ့ အဖွဲ့တွေရော တပ်ဖွဲ့ကို ခေါင်းဆောင်တဲ့ လူတွေပါ ထောင်ကုန်းအောက် တနေရာရာမှာ သောက်ကြပြီး တော်တော်ရေချိန် မှန်လာတော့မှ တက်လာကြတာပါတယ်။ ဒီလိုညမျိုးတွေဟာ ကျွန်တော်တို့တွေအတွက်တော့ မြိုင်ရာဇာတွတ်ပီ စကားကို ငှါးပြောရမယ်ဆိုရင်တော့ "ဒီည ကံမကောင်းပါလား" လို့ ပြောရမယ့် ညတွေပါ။ ထုံးစံအတိုင်း တရားခံတွေ ထ ဆိုတော့ ထ ထိုင်နေရပြီး မျက်နှာတွေ စည်းထားတဲ့ ကျွန်တော်တို့ရှေ့က အလာလမ်းပေါ်မှာ လူတွေ လမ်းလျာက်နေကြသံ ဆဲဆိုကြိမ်းမောင်းသံတွေပဲ ကြားနေရပြီး သူတို့ကိုတော့ ဘယ်မြင်ရမလဲဗျာ။ တယောက်က ဟာ ဒီကောင်တွေ သီချင်းဆိုကောင်းတယ်ဗျ ဆိုပြီး စလာပါတော့တယ်။

အဲဒီ အချိန်မှာ ထောင်မှူးလုပ်တဲ့ ကောင်က အားလုံးနားထောင် ခုချိန်က စပြီး မင်းတို့က လူကက်ဆက်တွေ လုပ်ရမယ်။ မင်းတို့ကို ဘယ်ဘက်ပါးကို ရိုက်လိုက်ရင် အဲဒါ ကက်ဆက်ဖွင့်တာပဲ။ မင်းတို့ရတဲ့ သီချင်းကို ဆိုရမယ်။ ညာဘက်ပါးကို ရိုက်လိုက်ရင် stop ပဲ နားလည်လားလို့ အော်လိုက်တော့ အားလုံးကလည်း နားလည်ပါတယ်လို့ ပြန်ဖြေလိုက်ရတာပေါ့ဗျာ။ အဲဒီလို ပြန်ဖြေပြီး သူတို့ကြားမှာ ဘယ်ကက်ဆက်ကို စဖွင့်ရင် ကောင်းမလဲဆိုတာ နည်းနည်းကြိတ်ပြောသံ တိုးတိုးကြားနေရပြီး ဘောကြီး၊ ဘောကြီး ဆိုတာလဲကြားရသဗျ။ စက္ကန့်ပိုင်းအတွင်းမှာပဲ ဖြန်းကနဲ ကျွန်တော့်ဘယ်ဘက်ပါး ပူကနဲ ဖြစ်သွားတာမို့ ကောက်ကာငင်ကာနဲ့ "လူပျိုကြီး" သီချင်းရဲ့ အင်ထရိုတီးလုံးလေး ပြာပြာသလဲကောက်ပြီး ပါးစပ်နဲ့ဆိုရင်း လူကက်ဆက်ဘ၀ အရှင်လတ်လတ် ကျရောက်သွားပါတော့တယ်။

ပြောရရင်တော့ အဲဒီညက ကျွန်တော်ကနေ အစပြုပြီး သီချင်းဆိုတတ်တဲ့ အကျဉ်းသား ရဲဘော်တော် များများဟာ လူစင်စစ်ကနေ လူကက်ဆက်ဘ၀ ရောက်သွားခဲ့ရသဗျ။ ပါးရိုက်တဲ့ လက်ဆတွေကတော့ အမျိုးမျိုးပေါ့ဗျာ။ တချို့ကျတော့လည်း ဆိုနေရင်းက ညာဘက်ပါးကို ပြင်းပြင်းရိုက်ပြီး ပိတ်လိုက်တော့ အူကြောင်ကြောင်နဲ့ ဘာဆက်လုပ်ရမယ်မသိ ဖြစ်နေချိန်မှာ ပြန်အိပ်တော့လေဆိုပြီး ရင်ဝကို ဘိနပ်နဲ့ ဆောင်ကန်လိုက်တာခံ ရပြီးမှ လန်ကျသွားတဲ့သူတွေလည်း ရှိပေါ့ဗျာ။

တကယ်စေ့စေ့တွေးကြည့်တော့ ဒါဟာ အကြီးအကျယ် စော်ကားတဲ့ကိစ္စပါ။ ဒါပေမဲ့ ကျွန်တော်ဆိုတဲ့ ကောင်က ဘယ်လောက်ထိ ရူးသလဲဆိုတော့ အဲဒီ အစီအစဉ်ကို စပြောပြ နေတုန်းက တော်တော် ဆန်းပြားတဲ့ စိတ်ကူးလေးပဲ တော်တော် စိတ်ကူးကောင်းတဲ့လူလို့ စိတ်ထဲက တွေးမိနေသေးဗျာ။ ပါးရိုက်ချလိုက်တော့မှ ဘုရားတမိတာဗျ။ အဲဒီနောက်ပိုင်းက စလို့ ကျွန်တော်တို့ အားလုံးဟာ ဒီ လူကက်ဆက် တွေအဖြစ် အစောင့်တွေနဲ့ ထောင်ကုန်းပေါ်တက်လာတဲ့ ဗွီအိုင်ပီတွေကို ဖျော်ဖြေရတာဟာ အစဉ်အလာတခု ယဉ်ကျေးမှုတခုဖြစ်လာ ပါတော့တယ်။

ကျွန်တော်အတွက်တော့ စောစောကလို လူက ၀မ်းတွင်းရူး ဖြစ်နေကြောင့်လည်း ဖြစ်လို ဒီသီချင်းသီဆိုတဲ့ အစီစဉ်မှာ ပါဝင်ရတဲ့ လုံလောက်တဲ့ နောက်အကြောင်းတခု ရှိပါတယ်။ သီချင်းဆိုခိုင်းတဲ့ လူက ကျွန်တော်တို့ကို နှိပ်ကွပ်နေတဲ့ ထောင်အာဏာပိုင်တို့ ထောက်လှမ်းရေးတို့ ဖြစ်ပေမယ့် နားထောင်နေတဲ့ လူအများစုကတော့ ထောက်လှမ်းရေးရဲ့ နှိပ်စက်မှု ဒဏ်နဲ့ သေလုမြောပါး ဖြစ်နေရသူတွေ၊ ဘယ်နေ့ထုတ်ပြီး သတ်မလဲဆိုတာ တထိတ်ထိတ် ဖြစ်နေရတဲ့ ဘ၀တူ တော်လှန်ရေး ရဲဘော် တွေဖြစ်နေလို့ပါ။ တကယ်လည်း နေ့မြင် ညပျောက် သွားတာတွေကလည်း မနည်းမနောကိုးဗျ။ ဒါကြောင့် ဘာပဲဖြစ်ဖြစ် အသက်ရှင်ခွင့် ရတဲ့အချိန်လေးတခုမှာ စိတ်လေးခဏ အနုပညာကြောင့် သက်သာရာရလည်း မနည်းဘူးဆိုတဲ့ စိတ်နဲ့ ပါးရိုက်ရိုက် မရိုက်ရိုက် သီချင်းဆိုကြချိန်တွေတိုင်း အရိုက်ခံပြီး ၀င်ဆိုခဲ့တဲ့အပြင် နောက်ပိုင်းမှာ တကိုယ်တော် အငြိမ့်ပြက်လုံး အစီအစဉ်လေးတွေပါ ဆောင်းပြီး တင်ဆက်ဖြစ်ပါတယ်။

ဒီလောက် ဖြစ်နေတဲ့ကြားမှာ ၀င်ပြီး ရီစရာ ပြက်လုံးထုတ်ရတာ တော်တော်အန္တရာယ် များသလို စိန်ခေါ်ချက်လည်း များပါတယ်။ နားထောင်နေတဲ့ လူတွက ကိုယ့်ကိုမှ မမြင်နိုင်တာကိုး ထိုင်နေရင်း ကနေ လုပ်ရတာ ဖြစ်သလို ကိုယ့်မျက်နှာကိုလည်း ပတ်စကြီးနဲ့ စည်းထားတာဆိုတော့ နောက်ဆုံးမှာ ရေဒီယိုကလာတဲ့ ရေနံချောင်း ဖေကံကောင်းဆိုတဲ့ ဦးဓါတ်ဆီ၊ ဦးဓါတ်ဆံတို့ ပြက်လုံးကို အစအဆုံး ရနေတာမို့ အဲဒီ ပြက်လုံးကို အခြေအနေ ကြည့်ပြီး တိုက်ရိုက်ပြက်တဲ့အခါ ပြက်၊ နည်းနည်း လစ်ရင် လစ်သလို ကိုယ် ထည့်ပြောချင်တာလေးတွေကိုလည်း ထည့်နဲ့ ထောင်တွင်း ပျော်တော်ဆက်တယောက်ဖြစ်ခဲ့ပါတယ်။

သီချင်းဆိုဘို့ တောင်းဆိုခံရတဲ့သူအတွက် တခုကောင်းတာက သူများတွေ မြေပေါ် မသက်မသာ လှဲအိပ် နေရချိန်မှာ သူက ထိုင်နေခွင့်ရတာ၊ နာေးထာင်နေတဲ့ အစောင့်က စေတနာရှိရင် ဆေးလိပ်လေး တဖွါ နှစ်ဖွါ သောက် ခွင့်ရတာတို့ဖြစ်ပြီး အင်မတန် အန္တရာယ်များတာကတော့ မူးပြီးတက်လာတဲ့ လူတွေရဲ့ အဓိက ပစ်မှတ်ဖြစ်သွား တတ်တာ၊ ကိုယ်ရွေးလိုက်တဲ့ သီချင်းမှားလို့ နားထောင်နေတဲ့ ကောင်က နားကြားမြင်းကပ်ပြီး ဆောင့်ကန်တာတို့ ခံရတတ်ပါတယ်။ ဥပမာ ထူးအိမ်သင်ရဲ့ "ညီလေးရေ" ဆိုတဲ့ သီချင်းမျိုးပေါ့ဗျာ။ "အောင်မာ ထောက်လှမ်းရေးက ရာစစ မှန်ရာလုပ်၊ ဟုတ်တာပြောဘို့ မမေ့နဲ့ လုပ်နေသေးတယ်။ ငါတို့ကို ရိနေတာပေါ့ ဟုတ်လား။" ဆိုတဲ့နောက်မှာ နှစ်ရက်၊ သုံးရက်လောက် အစာတောင် မြိုမရတဲ့ အခြေအနေမျိုးကို ကျရောက်သွားနိုင်လို့ပါ။

မှတ်မှတ်ရရကတော့ အမရပူရဘက်လာတဲ့ အေဘီယူဂျီလောကမှာ မုန်တိုင်း (၃) လို့ သိထားကြတဲ့ စံလွင်လေး (ခေါ်) စံစံက ခေတ်ဟောင်းတေးတွေ တော်တော်ရသလို အသံကလည်း တော်တော်ကောင်းပါတယ်။ သူမကြခဏ ဆိုလေ့ရှိတဲ့ သီချင်းကတော့ ဆရာမြို့မငြိမ်းရေးတဲ့ "ရေချိုးဆိပ်နဲ့ နပန်းဆံ" သီချင်းပါ။ ဒါကြောင့် မကြာခဏ သူ့ ပါးကလည်း လက်ဝါးတောင်းတတ်ပါတယ်။ "ဖြန်း" ကနဲ ပြီးတာနဲ့ လုပ်ပါဦးကွ။ "အိပွဲ့၊ အိပွဲ့" ပြောလိုက်ရင် သူက စဆိုပါတော့တယ်။ "အိပွဲ့ အိပွဲ့ ငှက်သမ္မာန် ခတ်သွားတယ်....."

ကိုစံလွင်လေးကို စစ်ဆေးတဲ့ အချိန်မှာ ဓါးမြောင်ကို မီးဖုတ်ပြီး ခြေသလုံးထဲ ထိုးထည့်တဲ့ ဒဏ်ရာကို တော်တော်ကြာကြာ ခံစားရ ရှာပါတယ်။ နောက်ပိုင်း စခန်းက ထွက်ပြေးကြတဲ့ထဲမှာ ကျွန်တော်တို့နဲ့ အတူပါလာပြီး၊ ၁၉၉၈ ကျွန်တော်တို့ နိုင်ငံရေး ပြန်လည်လှုပ်ရှားတဲ့ စွဲချက်တွေနဲ့ စစ်အစိုးရက ထောင်ပြန်ချတော့လည်း ကျွန်တော်တို့နဲ့အတူ ပျော်ပျာ်ကြီး ပါလာပါတယ်။ ၅ ည နဲ့ (၇) နှစ်ပါ။ မန်းလေးထောင်ထဲမှာ ကျွန်တော်တို့နဲ့ ဆက်ပြီး "အိပွဲ့၊ အိပွဲ့" သီချင်း ဆက်ဆိုကြပါတယ်။ ခုတော့ ထောင်က ပြန်လွတ်လာပြီး အထဲမှာ စ ဖြစ်ခဲ့တဲ့ ခုခံအားနည်းရောဂါကြောင့် တောင်မြို့မှာ ကွယ်လွန်ပြီလို့ ကြားရပါတယ်။

နောက် အဆိုကောင်း တယောက်ကတော့ စမ်းချောင်း အခြေခံပညာသမဂ္ဂ ကျောင်းသားလေးဘ၀က တောခိုလာတဲ့ ဘိုဘို (ခေါ်) မိုးကျော်သူ ပါ။ ငယ်ငယ်လေးနဲ့ တောခိုလာလို့ လူတကာ ချစ်ကြတဲ့ ဘိုဘို တယောက်ဟာလည်း အသက်မသေရေးအတွက် ကျွန်တော် NIP က ပါလို့ ထွက်ဆိုချက် ပေးပြီး အကျဉ်းသား ဖြစ်လာရရှာပါတယ်။ ဘိုဘိုက ကျောင်းသားတပ်ဖွဲ့ရဲ့ တီးဝိုင်းမှာ ပင်တိုင် အဆိုတော်ဖြစ်ပြီး အခမ်းအနားတွေမှာ တော်လှန်ရေးသီချင်းတွေ အမြဲ ဆိုရတာမို့ ကျောင်သားတပ်ထဲသာမက ကေအိုင်အေဖက်က မိသားစုတွေက အစ ချစ်ကြခင်ကြသူပါ။ သူတပါးကို အမြဲကူညီတတ်ပါတယ်။ သူက အမြဲတမ်း “သဘာဝရဲ့ရင်သွေးငယ်” သီချင်းကို ဆိုတတ်ပါတယ်။

ဒီလိုနဲ့ တညမှာတော့ အစောင့်တာဝန်ကျတဲ့ သူက ဘိုဘိုရဲ့ "သဘာဝရဲ့ရင်သွေးငယ်" အပြီးမှာ ကျောင်းသားတော်လှန်ရေး တပ်ဖွဲ့ သီချင်းတပုဒ်ကို ဆိုဘို့ တောင်းဆိုပါတယ်။ ဘိုဘိုက ဒီသီချင်းတော့ မဆိုပါရစေနဲ့ အကိုရယ်ဆိုပြီး တောင်းပန်ပါတယ်။ အဲဒီလို အချီအချ ဖြစ်နေကတည်း ဘိုဘို့ ဘေးမှာကပ်ပြီး လှဲအိပ်နေတဲ့ ကျွန်တော် စိတ်ထဲမှာ ပြဿနာတော့ စပြီဆိုတာ သိနေပါတယ်။ နောက်ဆုံးတော့ ဘိုဘိုဟာ မငြင်းသာတော့ပဲ “ပျံသာပျံပါခွပ်ဒေါင်းနီ” ဆိုတဲ့ သီချင်းကို လွမ်းလွမ်းဆွတ်နဲ့ စ ဆိုပါတော့တယ်။ ဒီလို အခြေအနေမျိုးမှာ ထွက်လာတဲ့ ဘိုဘိုရဲ့ သီချင်းသံကြောင့် ဒဏ်ရာကိုယ်စီနဲ့ မြေပေါ်မှာ မျက်နှာကို စည်းပြီး လှဲအိပ်နေကြရတဲ့ ကျွန်တော်တို့ အားလုံးဟာ စူးနစ်တဲ့ ဝေဒနာနဲ့ အတူ သီချင်းစာသားတွေနောက်မှာ မျောပါနေပါတော့တယ်။

…… ပျံသာပျံပါ ခွပ်ဒေါင်းနီ မုန်တိုင်း မိုးသက်ချီ.... တဲ့။

ကျွန်တော်တို့ဟာ ခွပ်ဒေါင်းနီသီချင်းမှာ သိပ်ကြာကြာ မနစ်မျောလိုက်ပါဘူး “ဖုန်း .. ခွပ် .. အင့်” ဆိုတဲ့ အသံနဲ့အတူ ဘိုဘိုရဲ့ တကိုယ်လုံး ကျွန်တော့် အပေါ်ပုံကျလာပါတယ်။ အကြောင်းကတော့ သူသီချင်းဆိုတဲ့ အချိန်မှာ အင်မတန် လက်ယဉ်ပြီး သွေးဆာတတ်တဲ့ လက်သီး ဆိုတဲ့ နောက်တန်း လုံခြုံရေးတာဝန်ကျ တယောက်ဟာ အရက်မူးဝင်လာပြီး သီချင်းဆိုနေတဲ့ ဘိုဘို့ မျက်နှာကို စစ်ဘိနပ်နဲ့ ဆောင့်ကန်ချလိုက်လို့ပါ။ ပြီးတော့ ပြန်ထခိုင်းပါတယ်။ ထောက်လှမ်းရေးက လူပါးဝလို့ ကျောင်းသားတော်လှန်ရေး သီချင်း ဆိုရကောင်းလားဆိုပြီး ပါလာတဲ့ M22 မောင်းပြန်သေနတ်ဒင်နဲ့ ခေါင်းကိုရိုက်ချလိုက်တဲ့ အခေါက်မှာတော့ ဘိုဘို့ခေါင်းက သွေးတွေ ကျွန်တော် မျက်နှာပေါ်ကို ပေါက်ပေါက် ပေါက်ပေါက် ကျလာပါတယ်။ အဲဒီမှာ မရပ်သေးပဲ ပြန်ထခိုင်းလိုက် ရိုက်ချလိုက်နဲ့ အကြိမ်ကြိမ် ထင်တိုင်းကြဲနေပါတော့တယ်။

ခံရတဲ့သူမှာတော့ မသိပါဘူး ကျွန်တော့်စောင်နဲ့ အင်္ကျီတွေကတော့ သွေးနဲ့ ရွဲနစ်နေပေမယ့် ကျွန်တော်လည်း မလှုပ်ရဲပါဘူး။ ဘယ်သူ့ဆီကမှလည်း ဘာအသံ ထွက်မလာပါဘူး။ အမှန်တရားကို ချစ်လွန်းလို့ တောခိုလာတဲ့ ကျွန်တော်တို့ အားလုံးဟာ ကိုယ့်နားထဲမှာ အတိုင်းသား ကြားနေရတဲ့ ဒီမတရားမှုကြီးအတွက် တားမြစ် ကန့်ကွက်ဘို့ နေနေသာသာ နားရွက်တောင် မခတ်ရဲပဲ ငြိမ်စင်းနေရတဲ့အဖြစ်ကို စေ့စေ့ပြန်တွေးကြည့်တိုင်း မိမိကိုယ် မိမိ စက်ဆုပ် အော့နှလုံးနာရပါတယ်။

တကြိမ်မှာတော့ မူးနေတဲ့ လက်သီးဟာ ဘိုဘို့ကို ပြန်ထခိုင်းပြီး မျက်နှာကို သေနတ်ပြောင်းနဲ့ ဆောင့်ထိုးချလိုက်ပါတယ်။ ကံဆိုးချင်တော့ သေနတ်ပြောင်းဟာ ဘိုဘို့ကို ချော်ပြီး အိပ်နေတဲ့ ကျွန်တော်နံကြားထဲကို အရှိန်နဲ့တိုးဝင် ဆောင့်ပါတော့တယ်။ နံရိုးတော့ ကျိုးပြီလို့ စိတ်ထဲမှာ ခံစားလိုက်ရပါတယ်။ နောက်ဆုံး အားရအောင် နှိပ်စက်နေတဲ့ တချိန်လုံး ဘယ်သူတဦး တယောက်ကမှ တားမြစ်ခြင်း မရှိပါဘူး။ တနာရီလောက်ကြာတော့ သူနာပြုအဖွဲ့ ရောက်လာပြီး ခေါင်းကကွဲ နေတာတွေကို အစိမ်းချုပ် ချုပ်နေကြတာ အားလုံးနားမှာ ကြားနေခဲ့ရပါတယ်။

ဒီဘိုဘို (ခေါ်) မိုးကျော်သူ ဟာ ၁၉၉၈ ခုနှစ် ကျွန်တော်နဲ့ အတူ စစ်အစိုးရက ဖမ်းဆီးထောင်ချတဲ့ အထဲမှာ အမှုတွဲဖြစ်ပြီး ကျွန်တော်တို့က ၅ည နဲ့ (၇) နှစ် သာကျပေမယ့် မိုးကျော်သူကို ၁၂၂ ပုဒ်မနဲ့ နှစ် (၂၀) ချလိုက်ပါတယ်။ မန်းထောင် ရဲ့ ညချမ်း ဂီတ ဆည်းဆာတွေ ဆိုရင် အမြဲပွဲတောင်းခံရပြီး မကြခဏ “ပျံသာပျံပါခွပ်ဒေါင်းနီ” သီချင်းကို ဆိုလေ့ရှိပါတယ်။

၂၀၀၀ ခုနှစ် မန်းထောင် ထောင်တွင်း တိုက်ပွဲတွေမှာ ကျွန်တော်တို့ကို ရိုက်နှက်ပြီး မြောင်းမြထောင်ကို ပို့လိုက်ချိန်မှာ ဘိုဘို တယောက်က မန်းထောင်မှာ ဆက်ကျန်နေရပြီး အဲဒီနေ့က နားကို ပိတ်ရိုက်ခံ လိုက်ရတဲ့အတွက် နားလေးသွားတယ်လို့ နောက်ပိုင်းကြားရပါတယ်။ ဟိုတလောကတော့ ဘိုဘို တယောက် ပြန်လွတ်လာပါတယ်။ အွန်လိုင်းပေါ်မှာ တနေ့က တွေ့တော့ ခုထောင်က လွတ်လာပြီး ဘာတွေလုပ်နေလဲဆိုတော့ (၈၈) က စပြီး ဒီမိုကရေစီတော်လှန်ရေး နှစ် (၂၀) ကာလ အတွင်း ထင်ရှားခဲ့တဲ့ တိုက်ပွဲဝင် တော်လှန်ရေး သီချင်းတွေကို ခုလူငယ်တွေ ကြားဖူးရအောင် ပြန်ဆိုမယ့် စီးရီးတခုကို လုပ်နေတယ်။ အခု အတီးပိုင်း ပြီးပြီ အဆိုတွေပဲ ကျန်တော့တယ်တဲ့။ ဘယ်သူဆိုမှာလဲလို့မေးတော့ …..


“အဟီး ကျွန်တော်ပဲပေါ့” ….. တဲ့။

လူငယ်တွေ ပြောလေ့ရှိတဲ့ စကားနဲ့ ပြောရရင်တော့ “အင်း...မနိုင်ပါလား” လို့ တွေးမိပါတယ်။

လူကက်ဆက် ဒုတိယပိုင်းဆက်လက်မျှော်ပါ ….. ။

ပန်းချီထိန်လင်း

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.