Saturday, July 31, 2010

0 တစ်ချက်ခုတ် သုံးချက်ပြတ် ကုသိုလ်



နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူနှင့် ဦးသန်းစိန်တို့အဖွဲ့သည် ပြည်မြို့ ရွှေပေါက်ပင်ဆရာတော်ကြီးအား ၀ါတွင်းဆွမ်းကပ်ရန် ၂၈.၇.၂၀၁၀ (ဗုဒ္ဓဟူး) နေ့တွင် ပြည်မြို့သို့ သွားခဲ့ရာ နေ့လည် (၂း၀၀) နာရီခန့်တွင် ပြည်မြို့သို့ ရောက်ရှိခဲ့သည်။ ပြည်မြို့ ရွှေပေါက်ပင် ကျောင်းသို့ ရောက်ရောက်ခြင်း ဆရာတော်ကြီးအား ဦးတိုက်ကာ ရွှေပေါက်ပင် ကျောင်းဝင်းအတွင်းရှိ အများပြည်သူ လှူဒါန်းထားသော အများပြည်သူအတွက် အုတ်ရေကန်နှင့် အ၀ီစိရေတွင်း အခြေအနေ ကို ကြည့်ရှုကြပြီး ၃၀.၇.၂၀၁၀ (သောကြာ) နေ့ နံနက်တွင် ရွှေပေါက်ပင်ဆရာတော်ကြီးအား ဆွမ်းလောင်းလှူမည့် အစီအစဉ်ကို ဆရာတော်ကြီး၏ တပည့်များနှင့် တိုင်ပင်ဆွေးနွေးကြသည်။

နေ့လည် (၃း၀၀) နာရီခန့်တွင် ပြည်မြို့ ပရဟိတလူငယ်အဖွဲ့ ခေါင်းဆောင် ကိုညီညီအောင်၊ ကိုမိုးကြီး တို့အဖွဲ့နှင့် တွေ့ဆုံကြစဉ် အောင်လံမြို့နယ် မကွေးတိုင်း ငပျင်းကျေးရွာရှိ ကိုထွန်းမင်းနိုင် (၃၂) နှစ်သည် ပဲတီစိမ်းခြွေနေစဉ် ခြွေလှည့်စက်အတွင်းသို့ ညာဘက် ခြေထောက် ထိခိုက်မိသည့် အတွက် ဒူးခေါင်းအောက်ပိုင်း ဖြတ်ပစ်ခဲ့ရပြီး ယခု ဒုတိယအကြိမ် ပေါင်ရင်းမှထပ်မံ၍ ဖြတ်တောက် ရမည် ဖြစ်သည့်အတွက် ကိုထွန်းမင်းနိုင်၏ ခွဲစိတ်ကုသမှုအတွက် သွေးလိုအပ်နေကြောင်း သိရှိရသည်။ လိုအပ်သော သွေးအမျိုးအစားမှာ B (ဘီ) သွေးအမျိုးအစားဖြစ်ကြောင်း သိရှိရသည့် အတွက် ဥက္ကဌ ဦးကျော်သူမှ လှူဒါန်းမည်ဟု ပြောဆိုကာ ပြည်မြို့ ဆေးရုံကြီးသို့ သွားရောက်ကာ လူနာအား အားပေး စကားပြောကြား၍ လိုအပ်သော သွေးအား လှူဒါန်းခဲ့သည်။

ယင်းနေ့ ၂၈.၇.၂၀၁၀ (ဗုဒ္ဓဟူး) နေ့ ည (၇း၀၀) နာရီတွင် ရွှေပေါက်ပင်ဆရာတော် ဘုရားကြီး ၏ ဆရာရင်းဖြစ်သော ဘ၀နတ်ထံပျံလွန် သွားတော်မူပြီးဖြစ်သော ကမ္ဘာ့ရွှေရင်အေး ဆရာတော် (ရွှေဗျိုင်းနားဆရာတော်ကြီး) ၏ သက်တော် (၁၀၅) နှစ်ပြည့် ပူဇော်ပွဲ အခမ်းအနားကို သံဃာတော် များ၊ သီလရှင်များ၊ တပည့်ဒါယကာ ဒါယကာမများနှင့် ရတနာမာန်အောင်ကျောင်းတွင် ကျင်းပရာသို့ ရွှေပေါက်ပင်ဆရာတော် ဘုရားကြီးနှင့်အတူ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူနှင့် ဦးသန်းစိန်တို့အဖွဲ့သည် သွားရောက်ပူဇော်ကန်တော့ ခဲ့ပါသည်။

၂၉.၇.၂၀၁၀ (ကြာသပတေး) နေ့တွင် ရတနာမာန်အောင် ကျောင်းဝင်းအတွင်းရှိ ရွှေဗျိုင်းနား ဆရာတော်ဘုရားကြီး၊ ယက်ကန်းစဉ်တောင် ဆရာတော်ဘုရားကြီး၊ တစ်သုံးလုံး ဆရာတော် ဘုရားကြီး တို့၏ ရုပ်ထုတော်များ ထားရှိရာ အဆောင်အတွင်းသို့ ရွှေပေါက်ပင်ဆရာတော် ဘုရားနှင့် အတူ သွားရောက်၍ သင်္ကန်းများ ဆပ်ကပ်လှူဒါန်း ပူဇော်ခဲ့ကြသည်။ နေ့လည် (၂း၀၀) နာရီခန့်တွင် ပြည်မြို့ ပရဟိတလူငယ်အဖွဲ့မှ တယ်လီဖုန်းဆက်သွယ်ကာ O (အို) သွေးအမျိုးအစား တစ်လုံး လိုအပ် ကြောင်း ပြောကြားသည့်အတွက် ဦးသန်းစိန်မှ သွားရောက်ပြီး လှူဒါန်းခဲ့သည်။ လူနာ၏ အမည်မှာ ဦးလေးကြည် (၆၆) နှစ် ၀က်တောရွာ၊ ပေါက်ခေါင်းမြို့နယ်မှ ဖြစ်ပြီး အစာအိမ် သွေးကြောပေါက်၍ ခွဲစိတ်ရမည့် လူနာဖြစ်သည်။ ဦးသန်းစိန်နှင့်အတူ ပြည်မြို့ ပရဟိတလူငယ်အဖွဲ့မှ ကိုဇော်လတ်အောင် သည်လည်း ကိုဘိုစန်း (၃၃) နှစ် ကိုင်းစုရွာ၊ ရွှေပန်းတောအခြေစိုက်၊ အောင်လံမြို့သည် ၀မ်းဗိုက်တွင် ဓါးထိုးခံရ၍ ခွဲစိတ်ကုသရန် သွေးလိုအပ်ပါ၍ သွားရောက်လှူဒါန်းခဲ့သည်။

၃၀.၇.၂၀၁၀ (သောကြာ) နေ့နံနက်တွင် ဗုဒ္ဓဆင်းတုများအား ရေချမ်းသပ္ပါယ်ခြင်း၊ သစ်သီး ဆွမ်းကပ်လှူခြင်း၊ ဗုဒ္ဓစွယ်တော်အား ပူဇော်ကန်တော့ခြင်း၊ သံဃာတော်များအား အာရုံဆွမ်း ဆက်ကပ်ခြင်း၊ ရွှေပေါက်ပင်ဆရာတော် ဘုရားကြီးအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခြင်း၊ ရေစက်သွန်း ချ အမျှဝေခြင်းများ ပြုလုပ်ကာ ရန်ကုန်မြို့သို့ နေ့လည် (၁၂း၀၀) နာရီတွင် ပြန်လည်ထွက်ခွာခဲ့သည်။

ထို့ကြောင့် မိမိတို့ ခရီးစဉ်ရည်ရွယ်ချက်သည် ရွှေပေါက်ပင်ဆရာတော်ကြီးအား ၀ါတွင်း ဆွမ်းကပ်ရန် ဖြစ်သော်လည်း ရွှေဗျိုင်းနား ဆရာတော်ဘုရားကြီး၏ သက်တော် (၁၀၅) နှစ် ပူဇော်ပွဲနှင့် ကြုံကြိုက်ခြင်း၊ အရေးပေါ် ခွဲစိတ်ကုသရန် သွေးလိုအပ်သော လူနာများအား တိုက်ရိုက် သွေးလှူဒါန်းခွင့် ရရှိခဲ့ခြင်း တို့ကြောင့် တစ်ချက်ခုတ် သုံးချက်ပြတ် ဒါနကုသိုလ် ခရီးစဉ်ဟု သတ်မှတ်နိုင်ပါတော့သည်။

သတင်းနှင့်ဓာတ်ပုံ.. ကိုကျော်သူ

0 ဗိုလ်ချုပ်သန်းရွှေရဲ့ ချွေးမနဲ့ မြေးတို့ တောင်ကိုရီးယားနိုင်ငံတွင် အပန်းဖြေ ဆေးကုသရန် ရောက်ရှိခဲ့

0 သန်းရွှေရဲ. မာယာခရီးကြမ်း

ဗုဒ္ဓါဂါယာဆိုတာ ဗုဒ္ဓဘာသာဝင်တွေအားလုံး ကြည်ညိုလေးစားကြတဲ့နေရာဖြစ်ပါတယ်၊သံဝေဂ ရဖွယ်ရာဖြစ်သလို၊ သံဝေဇနိယလေးဋ္ဌာနကို သွားရောက်ပြီး ဖူးမျှော်ကန်တော့သူတိုင်း လက်ရှိဘ၀နှင့် နောင်တမလွန်ဘ၀တွေမှာ ကောင်းတဲ့ အကျိုးတွေ ရရှိနိုင်တာကို ဗုဒ္ဓရှင်တော်ကိုယ်တိုင် ဟောကြားခဲ့လို. အလွန်မှန်ကန်တဲ့ သစ္စာတရားတခုပါပဲ၊၊

ဘုရားပွင့်တော်မူရာ ဗုဒ္ဓဂါယာမဇ္ဈိမဒေသဆိုတာ အလွန်သန်.ရှင်းတယ်၊မွန်မြတ်တယ်၊သစ္စာလေးပါးတရားတော်ကို သိတော်မူခဲ့တဲ့ ဗောဓိပင်နှင့်ရွှေပလ္လင်တော်မြတ်ရှိရာ နေရာတခုလဲဖြစ်ပါတယ်၊တနည်းအားဖြင့် ဂါယာက မဟာဗောဓိ စေတီတော်သည် “မှန်” အကြည်တချပ်လိုပါပဲ၊ ကိုယ်မျက်နှာမှာ အိုးမဲတွေရှိနေရင် အမည်းရောင်တွေမြင်ရမယ်၊ ကောင်းတဲ့ သနပ်ခါးနှင့်တူတဲ့ ကုသိုလ်ရှိသူဆိုရင်လဲ အဖြူရောင်တွေ တွေ.ရမှာပါ၊၊

ဒုက္ခရောက်မှ ဘုရားကို သတိရ၊ချမ်းသာပျောက်မှ တရားတော်ကို တမ်းတ၊လူသေပြီး အသုဘချခါနီးမှ ရဟန်းသံဃာကို ဆီးကပ်တဲ့ လူ.လောက သဘာဝကို မြင်နိုင်ပါတယ်၊ဒီကနေ. တောက်လောင်နေတဲ့ မြန်မာနိုင်ငံရဲ. လူနေမူဘ၀အစ သာသနာ့အန္တရာယ်များအလယ် အုပ်ချုပ်တဲ့ စစ်အစိုးရနှင့် နိုင်ငံအပေါ် သစ္စာတရားပျက်နေတဲ့ နိုင်ငံရေးသမားအမည်ခံ အတ္တသမားများရဲ. အကြံအဥာဏ်တွေကို ဂါယာက မှန်တချပ်ရှေ့မှာ ထောင်ပြလိုက်ရင် ပြည်သူလူထုက အမှန်တကယ် သာဓုခေါ်ဆိုနိုင်လား၊ဂါယာဆိုတာ သစ္စာနယ်မြေ၊အမှန်တရားကိုမြတ်နိုးပြီး လောကတ္ထစရိယ လောကလူသားတွေအကျိုး အတွက် ဆောင်ရွက်ပေးသွားခဲ့သော သဗ္ဗညု ဗုဒ္ဓရှင်တော်ဘုရား၏ ရောင်ခြည်တော်ကွန်.မြူးရာဖြစ်ပါတယ်၊၊

မာယာဆိုတာ လှဲ.ပတ်တာ၊လိန်လည်တာ၊မရိုးမသား ကွေ.ကောက်ပြီး ကောက်ကျစ်စဉ်းလဲ မာယာများတဲ့သူတွေနဲ. ဗုဒ္ဓဂါယာ မဟာဗောဓိတော်နှင့် လုံးဝမအပ်စပ် ဖြောင့်ဖြောင့် ဆန်.ကျင်တာပါ၊ရဟန်းသံဃာနှင့် ပြည်သူလူထုများစွာကို သတ်ဖြတ်ခဲ့သော အကုသိုလ်မိုက်ကျွေးတွေဟာ ဘယ်ဘုရားကမှ မကယ်နိုင်ပါဘူး၊”သဒိသံပါကံ ဇနေတိ’’ မကောင်းတာ လုပ်ရင် မကောင်းကျိုး ခံရမယ်လို. ဗုဒ္ဓကဟောခဲ့ပြီးဖြစ်ပါတယ်၊ဗိုလ်ချုပ်မှူးကြီး သန်းရွှေအပါဝင် စစ်ဝါဒီအုပ်စု လူပေါင်း (၇၀)ကျော် ဂါယာမှာလာပြီး ဘုရားရှေ.မှာမာယာများနေမယ်ဆိုရင် ဘုရားက မချွတ်ထိုက်တဲ့ လူမိုက်တွေမို. တိတ်ဆိတ်စွာ နေမှာပါ၊ဒါပေမဲ့ သူတို.ပြစ်မှားခဲ့တဲ့ အကုသိုလ်တွေက သူတို.နောက်ကို အရိပ်ကဲ့သို. ထပ်ချပ် မကွာလိုက်နေမှာပါ၊၊

စည်းနှင့်ဝါး ညီညွတ်စွာ “ကပြ” လျှင် အက ကောင်းလို. သတ်မှတ်နိုင်သလို ဗုဒ္ဓဘာသာဆိုတာ ကိုယ်နဲ.လုပ်ဆောင်တဲ့ ကာယကံမူ၊နုတ်တဲ့ပြောတဲ့ ၀စီကံမူ၊ကြံစည်တွေးတောမူ မနောကံမူ၊ဒီကံသုံးပါးကို ကုသိုလ်သဘော ဖြစ်အောင် ဘ၀ကို ထူထောင်သွားမယ်ဆိုရင် ဗုဒ္ဓဘာသာ အစစ်ဖြစ်တယ်၊ဗုဒ္ဓလဲ ပရိနိဗ္ဗာန်စံခဲ့ပြီ၊ဓမ္မသဘင်လည်း ကွယ်ပျောက်မသွားရ အောင်လို. ရှင်မဟာကဿပ အစရှိတဲ့ ရဟန္တာမထေရ်ကြီးများအစ လက်ရှိသံဃာတော်များက ပိဋတ်တော်တွေကို ပခုံးထမ်း အဆက်ဆက် သာသနာပြုလာခဲ့မှာ လက်တွေ.အမြင်ပဲဖြစ်ပါတယ်၊၊

မြန်မာနိုင်ငံမှာ စစ်တပ်ကနေ တောင်ဥက္ကလာပ၊ ငွေကြာရံပရိယတ္တိစာသင်တိုက်က ဘုရားဆင်းတုတော်များ ရိုက်ချိုး၊ ကျောင်းတိုက်တွေဖျက်၊သံဃာတော်တွေကို ဖနှောက်နဲ.ကန်၊တုတ်တွေနှင့်ရိုက်၊ သေနတ်တွေနှင့် ပစ်သတ်ခဲ့လို.သံဃာတွေ အများအပြား ပျံတော်မူခဲ့ရတဲ့ နေ.ရက်တွေဟာ ဗုဒ္ဓဂါယာ မှန်တချပ်ရှေမှာ ပေါ်လွင်နေမှာဖြစ်ပါတယ်၊ဘုရားကို ကြည်ညို၊ သံဃာကို ကိုးကွယ်၊ဗုဒ္ဓတရားတော်အတိုင်း လိုက်နှာကျင့်သုံးမယ်ဆိုရင် ဗုဒ္ဓါဂါယာသွားစရာမလို အမှန်တကယ် ရိုးရိုးသားနဲ. မြန်မာပြည်က သံဃာတွေကို ၀န်ချတောင်ပန်မှသာ အပြစ်က သက်သာမှာပါ၊ဘုန်းတော်ကြီးတွေကို အများကြီးသတ်ခဲ့ပြီးမှ ဘုရားမှာဝန်ချတောင်းပန်တာဟာ AIDS ရှိတဲ့သူကို ဘာမီတွန် အကိုက်အခဲပျောက်ဆေး တိုက်၍ ဆေးကုသလိုဖြစ်နေပါတယ်၊သတ်တာတယောက် တောင်းပန်တာက တယောက်လုပ်လို.မရပါဘူး၊၊

သစ္စာတရား၏တန်ခိုး တနည်းအားဖြင့် သစ္စာလေးပါးကို သိတော်မူခဲ့တဲ့ မဟာဗောဓိပလ္လင်မှာ သစ္စာတရားမရှိတဲ့ စစ်ဝါဒီများက သံဃာတွေနှင့် တိုင်းပြည်သူပြည်သားတွေအပေါ် ကျူးလွန်ခဲ့တဲ့ အကုသိုလ်တွေကို ၀န်ချမတောင်းပန်ရင် ဂါယာမှာ မယာများပြီး ဆက်လက်ဟန်ဆောင်တာက ပိုပြီးဆိုးပါတယ်၊ ဆိတ်ပေါင်ကြားက ပစ္စည်းလို ဟိုဖက်ကပ် ဒီကပ်နဲ. အကုသိုလ်အထုပ်ကို ခေါင်းပေါင်းထားတဲ့ ပန်ချာပီခေါင်းပေါင်း ကုလားဝန်ကြီးချုပ်နဲ. တမူးနယ်စပ်က တိုင်းရင်းသားတွေကို သဘောတူသတ်ဖြတ်ဖို. လက်မှတ်ထိုးပြီးမှ ဗုဒ္ဓဂါယာမှာ တရားထိုင်ပြနေတာ အလွန်ရှက်စရာကောင်းပါတယ်၊၊

နိဗ္ဗာန်ကို ပန်းတိုင်အဖြစ်ထားရင် ပန်းတိုင်၏ အလိုသို.သာလိုက်ရမယ်၊အတ္တ၊မာနတွေရဲ. အလိုဆန္ဒကို မလိုက်ရဘူး၊ ဒီမိုကရေစီနှင့် လူ.အခွင့်ရေးဟာ မြန်မာနိုင်ငံရဲ. ပန်းတိုင်လို. ဦးတည်ခဲ့ရင် ဒီမိုကရေစီရဲ. အနှစ်သာရနှောက်သာ လိုက်ရမယ်၊စစ်ဝါဒနှင့် စစ်အုပ်ချုပ်ရေးစနစ်ကို ကြောခိုင်းရမယ်၊နိဗ္ဗာန်လို. ပါးစပ်ကအော်ပြီး လုပ်တာက အကုသိုလ်ချည်း ဆိုရင် အော်လို. မောတာပဲရှိမယ်၊ဒီမိုကရေစီလို. ပြောပြီး အခြေခံ ဒီမိုကရေစီအခွင့်ရေးတွေ ဖန်တီးတည်ဆောက်ပေးမူမရှိ လျှင် ဂါယာက ဘုရားကတော့ သန်းရွှေဟာ မယာသမားပါလားလို. ဘုရားမပြောနဲ့ ကမ္ဘာတခုလုံးကတောင် သိနေပါပြီ၊ တိုင်းပြည်ပေါ် သစ္စာမရှိတဲ့သူတွေ တကယ်ဖြူစင်တဲ့ သစ္စာနယ်မြေရောက်တာဟာ သူတို.အကုသိုလ် ရေချိန်အမှတ် ဒီဂရီကို တကယ်သိသွားပြီး ငါ့ဘ၀တော့ ကြီးရင့်လေ ကွဲပြဲထွက်တဲ့ ဒူးရင်းသီးလိုပါလားဆိုပြီး သံဝေဇနိယဋ္ဌာနမှာ တကယ်သံဝေဂ ရသွားရင်လဲ ကောင်းပါတယ်၊၊

ဗိုလ်ချုပ်မှူးကြီး သန်းရွှေအပါဝင် ဗိုလ်ချုပ်တွေအားလုံး တကယ်သံဝေဂ ရစေချင်ပါတယ်၊သူတို.တတွေက ပွဲစဉ်တိုင်း အနိုင်ရချင်တဲ့ ပုထုဇဉ်လူမိုက်တွေမို.၊ဆက်ပြီး မမိုက်ကြဘဲ၊သစ္စာတရားနှင့် ကံကြမ္မာကို လှဲ.စားလို.မရပါဘူး၊ တနေရာထဲ မွေးခဲ့ကြ၊နေရာအတူမှာ ကြီးခဲ့ရ၊တရေထဲသောက်ပြီး အတူတူနေထိုင်လာခဲ့သည်မှာ နှစ်ပေါင်းများစွာရှိခဲ့ပြီ၊ အေးစေ ချင်သည်၊တိုင်းပြည်မှာ လောင်ကျွမ်းနေတဲ့ အပူရှိန်တွေရဲ. ဒဏ်ကို တိုင်းသူပြည်သားအားလုံး ခံနေရသည်၊ ဗုဒ္ဓေါဝါဒ ဆရာတော်က စစ်သားကို မုန်းလို.မဟုတ်၊စစ်သားလုပ်တဲ့ အလုပ်က ပြည်သူတွေ မပြုံးနိုင်လို.သာ ဆုံးမသြ၀ါဒပေးရသည်၊ ပြည်သူက မမုန်း၊သံဃာတော်တွေက စစ်သားအပေါ်ကို မေတ္တာမပျက်အောင်လည်း တရားဓမ္မတွေ အကြိမ်ကြိမ်ဟောခဲ့ပြီ၊ ကိုယ့်ရဲ. တိုင်းပြည်သူ ပြည်သားအားလုံးကို တကယ်ချစ်ဖို.လိုပါတယ်၊၊

ဘုရား၊ရဟန္တာမှအပ၊ပုထုဇဉ်လူးသားတွေဟာ အိုမှာ၊နာမှာ၊သေမည့်ဘေးကို ဆိုက်ရောက်လာပြီဆိုရင် ထိန်.လန်. ကြောက်ရွံ.နေတတ်တာ သဘာဝပါ၊အိုနာ၊သေရေး၊ဒုက္ခဘေးကလဲ ဘယ်သူမှ မလွတ်ပါဘူး၊ကိုယ့်ဘ၀၊ ကိုယ့်စည်းစိမ်ကို တန်ဘိုးထားရင် တိုင်းသူပြည်သားတွေရဲ. အကျိုးစီးပွားကိုလဲ အလေးထားနိုင်တဲ့ မုဒိတာ တရားကိုမွေးရမယ်၊ ရဟန်း သံဃာတွေကို ဘယ်လောက်ပဲ သတ်ဖြတ်ခဲ့စေအုန်း ဘုရားသားတော် ရဟန်းတော်တွေက ဗုဒ္ဓသားတော်မို. မေတ္တာ တရားဆိုတာ လူရွေးလို.မရသလို ကိုယ်ရဲ. တိုင်းသူပြည်သားအားလုံးအပေါ်မှာ မေတ္တာဓာတ်တွေ အပြည့်ရှိပြီးသားပါ၊၊

ဂါယာနှင့် မာယာ တလမ်းဆီပဲ၊မယာများတဲ့ နှလုံးသား အမည်းနဲ. ဂါယာဘုရားမှာ သံဝေဂ မပွားခင်၊ မုဒိတာပွားတဲ့ အနေနဲ. ဒေါ်အောင်ဆန်းစုကြည်ကို ရွှေတဂုံဘုရားမှာ ဖူးခွင့် ပေးသွားနိုင်ရမယ်၊ဂါယာဆိုတဲ့ မြင့်မြတ်တဲ့နေရာမှာ သွားရောက်ဖူးမျှော်ခဲ့ရင် မယာတွေ ဆေးကြောပြီး တဒုန်းဒုန်း တတိုင်းတိုင်း နှိမ့်စက်ခံနေရတဲ့ ထောင်အတွင်းက အပြစ်မဲ့ နိုင်ငံရေးအကျဉ်းသားများ အားလုံးကို တကယ်မေတ္တာစိတ်နှင့် လွတ်ပေးသင့်ပါတယ်၊လွတ်ပေးပါလို.လဲ ဗုဒ္ဓေါဝါဒ ဆရာတော်က မေတ္တာရပ်ခံပါတယ်၊၊

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနေနဲ. ဗုဒ္ဓဂါယာ အပြန် မြန်မာနိုင်ငံကို ရောက်တဲ့ အချိန်မှာ တိုင်းသူပြည်သားတွေအပေါ်မှာ မေတ္တာတရားကြီးစွာနှင့် ဆက်ဆံပြီး ထောင်ထဲမှာ ၀ါဆိုနေရသည့် သံဃာတော်များအားလုံးလည်း ကိုယ်ကျောင်း ကိုယ့်ကံ ကိုယ်ဆရာသမား မိဘများနှင့်အတူ ပျော်ရွင်စွာ နေထိုင်နိုင်အောင်၊အားလုံးသော နိုင်ငံရေးကြောင့် အကျဉ်းကျနေသည့် ကိုယ့်တိုင်းပြည်က ကိုယ်.ရဲ. သားသမီးများလို မေတ္တာဓာတ်ကြီးမားစွာထား၍ ‘’ဗုဒ္ဓဂါယာလွတ်ငြိမ်းချမ်းသာခွင့်” အနေနဲ. လွတ်ပေးပြီး ကုသိုလ်ယူပါလို. တိုက်တွန်းလိုပါတယ်၊၊

ဗိုလ်ချုပ်မှူးကြီးရဲ. ဗုဒ္ဓဂါယာ တခေါက်ဟာ တိုင်းသူပြည်သားတွေအတွက် အလွန်ဝမ်းမြောက်စရာ ဖြစ်နိုင်တဲ့ လုပ်ဆောင် ချက်မျိုး ဖြစ်လာစေရန် ဗုဒ္ဓေါဝါဒဆရာတော်က မျှော်လင့်ပါတယ်၊ဒကာကြီး ဦးသန်းရွှေလဲ အသက်ရွယ် ကြီးလာပြီ၊ ဒကာမကြီး ဒေါ်ကြိုင်ကြိုင်လည်း စိတ်ရှိတိုင်း မပါနိုင်တော့တဲ့ နိယာမ တရားသဘောကို သံဝေဂတရားများ ရ၍ အုပ်ချုပ်တဲ့သူများက တိုင်းသူပြည်သားတွေအပေါ်မှာ မေတ္တာရေပက်ဖြန်းလို. တိုင်းသူပြည်သားတွေကလဲ အုပ်ချုပ်တဲ့ သူတွေကို မုဒိတာပွားကာ အပြန်အလှန် မေတ္တာတရားတွေနှင့် အတူတကွ ပေါင်းသင်းနေထိုင်နိုင်ရေး ငြိမ်းချမ်းရေး အထိမ်းမှတ်အဖြစ် ဒကာကြီးက “ဗုဒ္ဓဂါယာ လွတ်ငြိမ်းချမ်းသာခွင့်” မေတ္တာရေစင်ကို စတင်တည်ဆောက်၍ အမှောင်ထဲက ထောင်အကျဉ်းသားတွေအားလုံးကို ပျော်ရွင်ခွင့်ပေးကာ တိုင်းပြည် ငြိမ်းချမ်းတဲ့ လမ်းကိုရောက်စေနိုင်ပါတယ်၊၊

မာယာမများပဲ ဂါယာသွားခဲ့တာလား၊ဘ၀တမလွန် သာယာဖို.အတွက် ဗုဒ္ဓဘာသာဆိုတာ လက်တွေ.လုပ်ပြရတာ ဖြစ်ပါတယ်၊ဒါကြောင့် ဗောဓိပင်နှင့် ရွှေပလ္လင်မှာ အမှန်တကယ် တရားကို မြင်ခဲ့ရင်ဖြင့် တိုင်းသူပြည်သားတွေအားလုံး ၀မ်းသာစရာဖြစ်သလို၊ ဗိုလ်ချုပ်မှူးကြီးနှင့်အတူ ပါသွားတဲ့ အခြားသော ဗိုလ်ချုပ်တွေကလည်း တရားနှင့်တွေ.ပြီး နှလုံးသား တွေဖြူစင်၍ တိုင်းပြည်ကောင်းဖို.အတွက် ကောင်းတဲ့ အကြံအဥာဏ်ကောင်းများကိုသာပေးရမယ်၊ မကောင်းတဲ့ အကုသိုလ်ဖြစ်မည့် မကောင်းတဲ့ အကြံဆိုးတွေကို ရှောင်ရှားနိုင်ရမယ်၊ ကာယကံ၊၀စီကံ၊မနောကံ ဒီကံသုံးပါးကို ထိမ်းသိမ်းပြီး တိုင်းပြည်ရဲ.ကောင်းကျိုးကိုယ်သာ ရှေးရုဖို.ရာ ဂါယာဘုရားမှာ သစ္စာအဓိဋ္ဌာန်ပြုခဲ့မယ်လို. မျှော်လင့်ပါတယ်၊၊

တိုင်းပြည်မှာ ရှိတဲ့ ပြည်သူပြည်သားတွေကို အုပ်ချုပ်တဲ့ ဒကာကြီးများက မေတ္တာရေ စတင်ပက်ဖြန်းနိုင်ပါစေ……..၊၊


မေတ္တာဖြင့်


ဗုဒ္ဓေါဝါဒဆရာတော်


အမေရိက

Friday, July 30, 2010

0 မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံ ရောက်ရှိ

North Korea's Foreign Minister Pak Ui Chun, left, looks at a jade Buddha statue while visiting Myanmar's famed Shwedagon Pagoda Thursday, July 29, 2010, in Yangon, Myanmar. North Korea's foreign minister visited Myanmar on Thursday for high-level talks that come on the heels of a U.S. warning against any cooperation between the two nations on nuclear technology.

ဗိုလ်ချုပ်မှူးကြီးသန်းရွှေမျက်နှာနဲ့တူအောင်ထုထားတဲ့ ကျောက်စိမ်းဆင်းတုတော်အားကြည့်နေစဉ်

မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ပတ်ခ်ဝေချွန်း (Pak Ui-Chun) ဟာ ၄ ရက်ကြာ ခရီးစဉ်နဲ့ မြန်မာနိုင်ငံကို ဒီကနေ့ပဲ ရောက်လာပါတယ်။ နျူကလီးယားလက်နက် ဖန်တီးရေး ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး မြန်မာနဲ့ မြောက်ကိုရီးယား အဆက်အဆံတွေ ရှိနေတယ်လို့ နိုင်ငံ တော်တော်များများက သံသယတွေ ရှိနေချိန်မှာ အခုလို မြောက်ကိုရီးယားရဲ့ အဆင့်မြင့် အရာရှိ မြန်မာနိုင်ငံကို ရောက်လာတာကြောင့် ရှိနေတဲ့ သံသယတွေကို ပိုပြီး ကြီးလာစေတယ်လို့ စောင့်ကြည့် လေ့လာသူတွေက သုံးသပ်နေကြပါတယ်။ အပြည့်အစုံကို ဘန်ကောက်မြို့ကနေ ဗွီအိုအေ ၀ိုင်းတော်သား ကိုကျော်အောင်လွင်က တင်ပြပေးထားပါတယ်။

မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ပတ်ခ်ဝေချွန်းဟာ ရန်ကုန်မြို့ကို ဒီကနေ့ ရောက်ပြီးတော့ မနက်ဖြန်မှာ နေပြည်တော်ကို ခရီးဆက်မှာပါ။ မြန်မာစစ်အစိုးရက နျူကလီးယား လက်နက် ပိုင်ဆိုင်ဖို့ ရည်ရွယ်ချက်တွေနဲ့ ကြိုးစားမှုတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေ ထွက်နေတဲ့အချိန်၊ မြောက်ကိုရီးယားကလည်း နျူကလီးယား လက်နက် ပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး ကမ္ဘာ့နိုင်ငံကြီးတွေနဲ့ မသင့်မမြတ် ဖြစ်နေတဲ့အချိန်မှာ မြန်မာနဲ့ မြောက်ကိုရီးယား ဆက်ဆံရေးတွေ တိုးတက်လာနေတာကြောင့် နှစ်နိုင်ငံပေါင်းပြီး နျူကလီးယား လက်နက်ကိစ္စ လုပ်နေကြသလား ဆိုတဲ့ မေးခွန်းတွေက ပိုပြီး ကျယ်လောင်လာနေပါတယ်။

၁၉၇၄ ခုနှစ် တ၀ိုက်က မြောက်ကိုရီးယား နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး တာဝန် ထမ်းဆောင်ခဲ့ဖူးတဲ့ သခင်ချန်ထွန်းကလည်း နျူကလီးယားနဲ့ ပတ်သက်ပြီး စိုးရိမ်မှု ရှိတဲ့သူပါ။ မြန်မာနဲ့ မြောက်ကိုရီးယား ဆက်ဆံရေးမှာ ထူးခြားတဲ့ အချက်တချို့ ရှိတဲ့အကြောင်း သခင်ချန်ထွန်းက ရှင်းပြပါတယ်။

“မြောက်ကိုရီးယားက မြန်မာပြည်လာပြီးတော့ တောင်ကိုရီးယား သမ္မတ လာရောက် လည်ပတ်ချိန်မှာ အာဇာနည်ကုန်းမှာ ဗုံးခွဲတဲ့အတွက် ဒီက လူ ၂၀ ကျော်လောက် သေသွားတာ။ မြန်မာအရာရှိတွေရော၊ တောင်ကိုရီးယား အရာရှိတွေရော ပါသွားကြတယ်။ ဒီဟာနဲ့ ပတ်သက်ပြီး ဘာမှ မှားပါတယ်ဆိုတဲ့အကြောင်း တောင်းပန်တာ မတွေ့ရဘူး။ မတွေ့ဘဲနဲ့ အခုကြတော့ တရင်းတနှီး ဆက်ဆံနေတာ တွေ့ရတယ်။

“တရင်းတနှီး ဆက်ဆံတာလည်း မြန်မာအစိုးရ အနေနဲ့ကတော့ အခုဟာ အဏုမြူဗုံး မြောက်ကိုရီးယားက လုပ်နိုင်နေပြီဆိုတဲ့ သဘောမျိုး သတင်းတွေက ထွက်နေတော့ မြောက်ကိုရီးယားထံက ဒီနည်းပညာတွေကို လိုချင်လို့ ရင်းရင်းနှီးနှီး ပြန်ပြီးတော့ ဖြစ်အောင် ဆက်သွယ်နေတယ်လို့ ဒီလိုပဲ ယူဆပါတယ်။”

နိုင်ငံတကာ ဆက်ဆံရေး သဘောအရ တနိုင်ငံနဲ့ တနိုင်ငံ ရင်းနှီးတာ မကောင်းဘူးလားခင်ဗျ။

“ရင်းနှီးမှုကတော့ ကောင်းပါတယ်။ ဒါပေမဲ့ ကမ္ဘာအနေနဲ့က မြောက်ကိုရီးယားက ဖွထားတဲ့ နိုင်ငံတခု ဖြစ်တယ်လေ။ သူက အဏုမြူဗုံးလုပ်တယ် ဘာညာ ဆိုပြီး ဖြစ်နေတဲ့ အခါကြတော့ အဲဒီလိုအချိန်မှာ ကိုယ်ကလည်း မြောက်ကိုရီးယားနဲ့ ပူးတွဲပြီးတော့ ဒီပညာကို ရအောင်ယူတယ်ဆိုတဲ့ သတင်းတွေ ထွက်နေတော့ အမေရိကန်တို့၊ ဥရောပသမဂ္ဂတို့ ဘာတို့က အငြိုအငြင်တွေ အများကြီး ခံရမယ်လို့ ဒီလိုပဲ မြင်ပါတယ်။”

သခင်ချန်ထွန်း ပြောခဲ့တာ ဖြစ်ပါတယ်။

အာဆီယံ အရှေ့တောင်အာရှ နိုင်ငံများအသင်းမှာ နျူကလီးယား ကင်းမဲ့ရေးဆိုတဲ့ သဘောထား ရှိပါတယ်။ မြန်မာပြည်က နျူကလီးယား ပိုင်ဆိုင်ဖို့ ကြိုးစားနေတယ်ဆိုတဲ့ သတင်းက အာဆီယံ ဒေသတွင်းနိုင်ငံတွေ အတွက်လည်း အထူး သတိထားနေရတဲ့ ကိစ္စပါလို့ မလေးရှားနိုင်ငံက မြန်မာ့အရေးကို အားပေးထောက်ခံတဲ့ လွှတ်တော်အမတ် လင်မ်ကစ်ဆင်း (Lim Kit Siang) ကဆိုပါတယ်။

“တကယ်လို့သာ မြန်မာဘက်က နျူကလီးယား ပိုင်ဆိုင်ဖို့ လုပ်လာရင် ဒေသတွင်း နိုင်ငံတွေရဲ့ သတ်မှတ်ချက်တွေကို ဆန့်ကျင်ရုံတင်မက နိုင်ငံတကာ အသိုင်းအ၀ိုင်းကိုပါ ဆန့်ကျင်တဲ့ သဘောဖြစ်လို့ အထူး သတိထားရပါလိမ့်မယ်။” လို့ ပြောသွားခဲ့တာပါ။

မြောက်ကိုရီးယားနဲ့ သံတမန် ဆက်ဆံရေးတွေ ပြန်စခဲ့ပြီး နောက်ပိုင်း မြန်မာနဲ့ မြောက်ကိုရီးယား ဆက်ဆံရေးကို စောင့်ကြည့်ပြီး သတင်းဆောင်းပါးတွေ ရေးနေတဲ့ ထိုင်းနိုင်ငံ အခြေစိုက် ဧရာဝတီ မဂ္ဂဇင်းက ကိုဝေမိုးက မြောက်ကိုရီးယားက လက်နက်တွေ မြန်မာပြည်မှာ တကယ်ရှိနေပြီဆိုရင် အိမ်နီးချင်း နိုင်ငံတွေအတွက် ခြိမ်းခြောက်မှု တကယ်ပဲ ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

“စိုးရိမ်စရာ ကောင်းတာက မြောက်ကိုရီးယားရော မြန်မာရောက အရမ်းလျှို့ဝှက်တဲ့ နိုင်ငံတွေဆိုတော့ သူတို့နှစ်နိုင်ငံ ဆက်ဆံရေးကို တခြားနိုင်ငံတွေက သိရခက်တယ်။ ဥပမာ ဘယ်လိုမျိုး ဒုံးပျံတွေ ရောင်းနေလဲ၊ ဒါမှမဟုတ် ဘယ်လိုမျိုး နည်းပညာတွေကို မြောက်ကိုရီးယားက မြန်မာပြည်ကို တင်ပို့နေတယ်ဆိုတာ သိရခက်တယ်။

“ကျနော်တို့ သိသလောက်ဆိုရင် မြောက်ကိုရီးယားက ၀ယ်ထားတဲ့ ၂၄၀ မမ ရော့ကက်လောင်ချာဆိုရင် ထိုင်းနိုင်ငံလိုဟာမျိုး၊ တရုတ်နိုင်ငံလိုမျိုးအထိ ကောင်းကောင်း ခြိမ်းခြောက်နိုင်တယ်။ နယ်စပ်အထိ ကားတွေပေါ်တင် မောင်းသွားပြီးတော့ ပစ်လို့ရတယ်။ ဇီဝလက်နက်လိုဟာမျိုး၊ ဓာတုလက်နက် ကျည်ဖူးလိုဟာမျိုးတွေကို သယ်လို့ရတယ်။ မြောက်ကိုရီးယား မြန်မာပြည်ကို ရောင်းတဲ့ဟာတွေက။”

မြန်မာစစ်အစိုးရဟာ နျူကလီးယား အစီအစဉ်အတွက် မြောက်ကိုရီးယားဆီက အကူအညီတွေ ယူနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာနဲ့ ပတ်သက်ပြီး ဒီကိစ္စဟာ အာဆီယံဒေသ နိုင်ငံတွေအတွက် သာမက အမေရိကန် အတွက်ပါ စိုးရိမ်စရာကိစ္စ ဖြစ်တဲ့အကြောင်း မကြာခင်ကပဲ ဗီယက်နမ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ အာဆီယံဒေသ လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က ပြောခဲ့ပါသေးတယ်။

မြန်မာနဲ့ မြောက်ကိုရီးယား သံတမန် ဆက်ဆံရေးဟာ ၁၉၈၃ ခု ရန်ကုန်မြို့ အာဇာနည်ကုန်း ဗုံးခွဲမှု ပြီးတဲ့နောက်ပိုင်း နှစ်နိုင်ငံ အဆက်အသွယ် ဖြတ်ထားပြီး ၂၀၀၇ ခုနှစ်ကစလို့ သံတမန် ဆက်ဆံရေး ပြန်စခဲ့တာပါ။ ၂၀၀၈ ခုနှစ်တုန်းကတော့ မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းနဲ့ ဗိုလ်ချုပ်ကြီး သူရရွှေမန်းတို့ မြောက်ကိုရီးယားကို သွားခဲ့ကြပါသေးတယ်။ အခု မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးရဲ့ မြန်မာပြည် ခရီးစဉ်ဟာ နှစ်နိုင်ငံ ဆက်ဆံရေး ပြန်စပြီး ၃ နှစ်အကြာမှာ ရောက်လာတဲ့ အဆင့်မြင့် ကိုယ်စားလှယ် ခရီးစဉ် ဖြစ်ပါတယ်။

နျူကလီးယား အစီအစဉ်နဲ့ ပတ်သက်ပြီး မြောက်ကိုရီးယားနိုင်ငံနဲ့ ဆက်ဆံတယ်ဆိုတာ မဟုတ်ပါကြောင်း မြန်မာ နိုင်ငံခြားရေး ၀န်ကြီးဌာနက ငြင်းဆိုထားပါတယ်။

(ဗီအိုအေ)

0 “ကျောင်းသားတွေ၊လူငယ်တွေကိုပြောပြချင်တဲ့ ရှစ်လေးလုံးအရေးတော်ပုံကြီးအကြောင်း”

(၁)

ရှစ်လေးလုံးအရေးတော်ပုံကြီးဖြစ်ခဲ့တာ ၂၂နှစ်ရှိပါပြီ ။ ဗမာပြည်မှာက ပြည်သူကိုအနိုင်အထက်ပြုအုပ်စိုးနေတဲ့ စစ်အာဏာရှင်တွေက သမိုင်းတွေကိုဖျောက်ဖျက် ပစ်တာ၊ သမိုင်းမှားတွေလုပ်ပစ်တာမျိုးတွေရှိနေတဲ့အတွက် ဒီ၂၂နှစ်တာကာလမှာမှ မွေးဖွားခဲ့တဲ့သူတွေနဲ့ အဲဒီအချိန်က မူလတန်းအောက်မှာပဲရှိဦးမဲ့လူငယ်တွေ ၊ ကျောင်းသားတွေ အများစုဟာ ရှစ်လေးလုံးအရေးတော်ပုံကြီးနဲ့ သမိုင်းဖြစ်ရပ်မှန်တွေကို မသိကြရပါဘူး ။



အာဏာရှင်တွေက ဒီလောက်၂၂နှစ်တာကာလမဆိုထားနဲ့ နေ့စဉ်ဖြစ်နေတဲ့အခြေအနေတွေကိုတောင် ပြည်သူတွေ သတင်းမှန်ဖြစ်ရပ်မှန်မသိအောင် ဖျောက် ဖျက်လိမ်ညာဖုံးကွယ်နေတာပါ ၊ အားလုံးလက်လှမ်းတမှီရှိမဲ့ ရွှေဝါရောင်တော်လှန်ရေးလို့တင်စားကြတဲ့ ၊ ၂၀၀၇ စက်တင်ဘာက သံဃာတော်တွေမေတ္တာပို့ စီတန်းလမ်းလျှောက်ပွဲကိုတောင် သံဃာအတုအယောင်တွေကလုပ်တာပါ ဆိုတာမျိုး ဒီသုံးနှစ်နီးပါးသာရှိသေးတဲ့ကာလတိုလေးက ဖြစ်စဉ်ကိုတောင် လိမ်ညာဖျက် ဆီးနေတာပါ ။



ဘာဖြစ်လို့လဲ ! သူတို့ ,သမိုင်းတွေကို ဘာကြောင့်ဖျက်ဆီးချင် ထိမ်ချန်ဖုံးကွယ်ချင် လိမ်ညာချင်နေရတာလဲ ! ရှစ်လေးလုံးအရေးတော်ပုံကြီးအပါအ၀င် သမိုင်းဖြစ် စဉ်တွေထဲမှာ ကြက်သီးမွှေးညှင်းထလောက်အောင် စိတ်ဓါတ်တက်ကြွ အားကျအတုယူစရာကောင်းတဲ့ ကျောင်းသားတွေပြည်သူတွေရဲ့ ရဲရင့်မှုတွေ ၊ တောက်ခေါက်ဒေါသထွက် မချိတင်ကဲဖြစ် ၊ ခံပြင်းနာကျည်းသွားစေမဲ့ အာဏာပိုင်တွေရဲ့ရက်စက်ယုတ်မာမှုတွေ ၊ အပြစ်မဲ့လက်နက်မဲ့ ကျောင်းသားပြည်သူတွေ ရဟန်းသံဃာတွေကို စစ်မြေပြင်တခုလို နံပါတ်တုတ်တွေနဲ့ရိုက် ၊ ဘက်နက်နဲ့ထိုး ၊ သေနတ်နဲ့ပစ်၊ စစ်ကြောရေးစခန်းနဲ့ အကျဉ်းထောင်တွေထဲမှာ ရက်ရက် စက်စက် ညှင်းပန်းနှိပ်စက်လုပ်နေတဲ့ ကြေကွဲဝမ်းနည်းစရာ သွေးအလိမ်းလိမ်းမြင်ကွင်းတွေ ရှိနေပြီး သူတို့ကို အစဉ်သဖြင့်စိတ်ခြောက်ခြားနေစေလို့ပါ ။ သမိုင်း တွေကို ပြည်သူတွေပြန်အမှတ်ရနေရင် ၊ နောင်လာနောက်သားတွေသိရင် မတရားသဖြင့်အနိုင်ကျင့်ရယူထားတဲ့ သူတို့အာဏာကုလားထိုင်ကို ကိုင်လှုတ်လာနိုင် တယ်လို့ အမြဲတမ်းတွေးကြောက်နေတာကြောင့် သမိုင်းတွေကို ဖျောက်ဖျက်လိမ်ညာ ထိမ်ချန်ဖုံးကွယ်နေတာပါ ။



ကဗျာလေးတပုဒ်ရှိပါတယ် ၊ ရှစ်လေးလုံးအရေးတော်ပုံကြီးကို စစ်တပ်က န၀တ(နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့)အမည်ခံအာဏာသိမ်းအပြီး ၊ သူတို့ကိုးကွယ်တဲ့ဗေဒင်ဆရာညွှန်ကြားချက်အတိုင်း သွေးညှီနံ့လွှမ်းနေတဲ့အတိတ်ဆိုးတွေအတွက် မြို့တိုင်းလမ်းမကြီးတိုင်းကခြံစည်းရိုးတွေကိုထုံးသုတ်ဘို့ အမိန့် ထုတ်တဲ့အချိန်ထွက်လာတဲ့ “သွေးမော်ကွန်း”ဆိုတဲ့ ကဗျာလေးပါ ၊ ဘယ်သူရေးမှန်းမမှတ်မိတော့ပါဘူး ၊ “သမိုင်းသစ်ရေး…၊ ငါတို့သွေးကို….၊ ထုံးဖြူဆေးသုံး…၊ ဖျောက်ဖျက်ဖုံးလဲ……..၊ မဆုံးကမ္ဘာတည်လိမ့်မည်……”တဲ့ ။ ကနေ့ထိ ရင်ဘတ်ထဲစွဲကျန်နေတဲ့ အဲဒီကဗျာလေးလိုပါပဲ ၊ သမိုင်းတွေကို ဘယ်လိုနည်းလမ်းတွေနဲ့မှ ဖျောက်ဖျက်ဖုံးကွယ်လို့မရဘူးဆိုတာ အာဏာရှင်တွေ သိနေလောက်ပါပြီ် ။



(၂)



ရှစ်လေးလုံးအရေးတော်ပုံကြီးကို စကားလုံးအရအမျိုးမျိုးပြောကြပါတယ် ၊ ရှစ်ဆယ့်ရှစ်အရေးအခင်း ၊ ၁၃၅၀ပြည့်အရေးတော်ပုံ ၊ ရှစ်လေးလုံးအရေးတော်ပုံ ၊ ရှစ်ဆယ့်ရှစ်သပိတ်တိုက်ပွဲ စသဖြင့်ပြောကြပြီး ၊ နောက်ပိုင်းမှာ အရေးအခင်းဆိုတဲ့စကားလုံးက န၀တလိုစစ်အာဏာရှင်တွေက တန်ဘိုးပေါ့သွားအောင်သုံးတာ ၊ သာမန်ဆန်တယ် ၊ အရေးတော်ပုံဆိုတာက အကြောင်းရာကြီးဖြစ်တယ်နဲ့ပြောကြရင်း နောက်ပိုင်းတော့ရှစ်လေးလုံးအရေးတော်ပုံကြီးလို့ပဲ အားလုံးကအသိ အမှတ်ပြု သုံးနှုန်းခဲ့ကြပါတယ် ။



ဘယ်လိုပဲပြောပြော ဗမာ့သမိုင်းရောကမ္ဘာ့သမိုင်းမှာပါ အံ့သြစိတ်လှုပ်ရှားစရာကောင်းတဲ့ ဘာသာစုံ ၊ လူမျိုးစုံ ၊ အလွှာစုံ ၊ လူထုအုံကြွမှုကြီး ၁၉၈၈ခုနှစ်မှာ ဗမာ နိုင်ငံနေရာအနှံ့ဖြစ်ပေါ်ခဲ့တယ်ဆိုတာနဲ့ အဲဒီအုံကြွမှုကြီးကို ကျောင်းသားတွေအသေခံဦးဆောင်ခဲ့ကြတယ်ဆိုတဲ့ သမိုင်းဖြစ်ရပ်တွေကို နောင်လာနောက်သားတွေ အမှန်အတိုင်းသိရှိကြဘို့က အဓိကဖြစ်ပါတယ် ။



ရှစ်လေးလုံးအရေးတော်ပုံကြီးဖြစ်ပေါ်လာစေတဲ့ ဆင့်ကဲဖြစ်စဉ်တွေမှာ အဓိက, က အဲဒီအချိန်မှာနှစ်၄၀သက်တမ်းရှိနေပြီဖြစ်တဲ့ ၁၉၄၈ခုနှစ်လွတ်လပ်ရေးရပြီး ထဲကဖြစ်ခဲ့တဲ့ ပြည်တွင်းစစ်မီးပဲဖြစ်ပါတယ် ။ ဦးနုနဲ့ဦးနေ၀င်းအပါအ၀င် တိုင်းပြည်အုပ်ချုပ်ခဲ့သူတွေက ပြည်သူတွေအပေါ်စေတနာမမှန်ခဲ့ဘူး ၊ လက်နက်ကိုင် ပုန်ကန်ကြတဲ့ တိုင်းရင်းသားတွေ ၊ အဖွဲ့စည်းတွေကို မျှမျှတတဆွေးနွေး ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်ရမဲ့အစား စစ်ပွဲတွေကိုပဲဖန်တီးမွေးမြူပြီး နိုင်ငံ့ဘဏ္ဍာငွေတွေကို စစ်သုံးစရိတ်ခေါင်းစဉ်တွေပြ ၊ ကိုယ့်မိသားစုကြွယ်ဝချမ်းသာရေးတွေပဲလုပ်ခဲ့ကြလို့ ၊ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံစာရင်းဝင် လို့ဖြစ်လာတဲ့အထိ ပြည်သူတွေဖွတ်ဖွတ်ညက်ညက်ကျေမွဲတေစေခဲ့တာကြောင့်နဲ့ ၊ နိုင်ငံ့ခေါင်းဆောင်ပိုင်းက ကိုယ်ကျိုးစီးပွားရှာအဂတိလိုက်စားမှုရဲ့နောက်ဆက်တွဲ ဥပဒေမဲ့မှု ၊ မတရားအနိုင်ကျင့်မှုတွေ အောက်ခြေအဆင့်အာဏာပိုင်တွေအထိ အဆင့်ဆင့်ကျူးလွန်လာခဲ့ကြတာကြောင့် ပြည်သူတွေမျိုသိပ်ခံစားခဲ့ရတဲ့နာကျည်းမှုတွေက ရှစ်လေးလုံးအရေးတော်ပုံကြီးအဖြစ် ပေါက်ကွဲထွက်ခဲ့တာပဲဖြစ်ပါတယ် ။



ဗကပ(ဗမာပြည်ကွန်မြူနစ်ပါတီ) ၊ KNU ၊ KIA ၊ SSA ၊ စတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့မျိုးစုံနဲ့ ပြည်တွင်းစစ်မီးအရှိန်ကိုမြင့်စေခဲ့တာက အဲဒီပြည်တွင်းစစ်နဲ့ မတည်မငြိမ်ဖြစ်နေတဲ့အခြေအနေတွေကိုအကြောင်းပြပြီး (၁၉၆၂ ခု မတ်လ ၂ ရက်)နေ့မှာ တော်လှန်ရေးကောင်စီအနေနဲ့အာဏာသိမ်းခဲ့တဲ့ ဗိုလ်ချုပ်နေ၀င်းနဲ့ စစ်ဝါဒီတွေကြောင့်ပဲဖြစ်ပါတယ် ၊ အယောင်ဆောင်ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲပျက်ပြီး ပြည်တွင်းစစ်အဟုန်မြင့် တက်ခဲ့သလို စစ်တပ်သြဇာထူထောင်လိုမှု တွေကြောင့် ၁၉၆၂ -7JULY ကျောင်းသားသတ်ပွဲနဲ့ကျောင်းသားသမဂ္ဂအဆောက်အဦဖြိုဖျက်တာ ၊ ၁၉၇၄ ဇွန်အလုပ်သမားအရေးအခင်းကို ပစ်ခတ်သတ်ဖြတ် နှိမ်နှင်းတာ ၊ ၁၉၇၄ ဒီဇင်ဘာမှာ ဦးသန့်ဈာပနစီစဉ်သူ ကျောင်းသားတွေကို ပစ်ခတ်သတ်ဖြတ် နှိမ်နှင်းတာ ၊ ၁၉၇၆ မတ်လ၂၃ ရက်နေ့ သခင်ကိုယ်တော်မှိုင်း ရာပြည့်ပွဲမှာ ကျောင်းသားတွေကို ပစ်ခတ်သတ်ဖြတ်နှိမ်နှင်းတာ စတဲ့ ပြည်သူတွေကျောင်းသားတွေအပေါ် လက်နက်အားကိုးအကြမ်းဖက်ဖြေရှင်းမှုတွေကို ကျူးလွန်ခဲ့ပါတယ် ။



အဲဒီဖြစ်စဉ်တွေမှာ အံကြိတ်ခံခဲ့ရတဲ့ ကျောင်းသားတွေပြည်သူတွေရဲ့လက်ဆင့်ကမ်းနှိုးဆော်မှုတွေက ရှစ်လေးလုံးအရေးတော်ပုံကြီးဖြစ်လာဘို့ အကြောင်းချက် တွေ ဖြစ်ပါတယ် ၊ အနီးစပ်ဆုံးအကြောင်းအရာကတော့ ပြည်တွင်းစစ်ကြောင့် စစ်သုံးစရိတ်တွေများခဲ့သလို ကိုယ်ကျိုးစီးပွားရှာမှုတွေကြောင့် စီးပွားရေးချွတ်ခြုံကျ၊ ငွေကြေးမတည်မငြိမ်ဖြစ်လာတဲ့အပေါ် တစ်ရာတန် ၊ နှစ်ဆယ့်ငါးကျပ်တန် ၊ သုံးဆယ့်ငါးကျပ်တန် ၊ ခွန်နှစ်ဆယ့်ငါးကျပ်တန် ငွေစက္ကူတွေကို တရားမ၀င်တော့ ကြောင်း (၁၉၈၇ စက်တင်ဘာလ ၅ ရက်နေ့မှာ)ကြေငြာလိုက်တာပါပဲ ။ အဲဒီအချိန်ထိုးတက်သွားတဲ့ ကုန်ဈေးနှုန်းအခြေအနေနဲ့ လက်ထဲငွေမရှိတော့မှု ဆိုတဲ့ပြဿနာက ပြည်သူတွေအတွက် အဆိုးရွားဆုံး ဆင်းရဲမွဲတေမှုဖြစ်လာပြီး နာကျည်းမှုတွေ ပေါက်ကွဲပွင့်အံထွက်ဘို့ အခြေပြုလာပါတယ် ။



အာဏာပိုင်တွေရဲ့ မတရားသဖြင့်ဥပဒေတွေ ၊ အမိန့်အာဏာတွေတိုင်းကို ရှေ့ကနေဦးဆောင်ဆန့်ကျင်တာ ကျောင်းသားတွေပဲဖြစ်ပါတယ်၊ ဒါ့ကြောင့် တော်လှန် ရေးကောင်စီကနေ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ(မဆလ)အမည်ခံအုပ်စိုးခဲ့တဲ့ ဗိုလ်ချုပ်နေ၀င်းနဲ့စစ်ဝါဒီတွေရဲ့ ရန်ဘက်သဖွယ်အညှိုးထားတာခံရပါတယ် ။ ငွေစက္ကူတွေတရားမ၀င်ကြောင်းကြေငြာချိန် မာစဒါဂျစ်ကားမီးရှို့ဆန္ဒပြခဲ့တဲ့ စက်မှုတက္ကသိုလ်(RIT)ကျောင်းသားတွေကိုအညှိုးထားမှုကနေ ကျောင်းသားနဲ့အရပ် သားဖြစ်တဲ့ရန်ပွဲအကြောင်းပြပြီး (၁၉၈၈ ခု မတ်လ ၁၃ ရက်နေ့ည) ရန်ကုန်စက်မှုတက္ကသိုလ်(RIT)ကျောင်းဝန်းထဲ လုံထိန်းရဲတွေနဲ့ စစ်မြေပြင်တခုလိုပစ်ခတ်ခဲ့တဲ့ အတွက် RIT ကျောင်းသား ကိုဖုန်းမော်၊ ကိုစိုးနိုင်တို့သေဆုံးပြီး ကျောင်းသားအများအပြားထိခိုက်ဒါဏ်ရာရခဲ့ကြပါတယ်။



အဲဒီဖြစ်စဉ်ကြောင့် “ဒါး ဒါးချင်း လှံ လှံချင်းယှဉ်ယုံပဲ”လို့ ပြည်သူတွေကို စိန်ခေါ်ခဲ့တဲ့ ၊ “ဆူဆူပူပူလုပ်ရင်တော့ စစ်တပ်ကိုသုံးရင် မသက်သာဘူးသာ မှတ်ကြပေတော့ ၊ စစ်တပ်ဆိုတာ ပစ်ရင်မိုးပေါ်ထောင်မပစ်ဘူး ” လို့ ခြိမ်းခြောက်ခဲ့တဲ့စစ်အာဏာရှင်တွေအပေါ် ကျောင်းသားတွေရဲ့ဆန့်ကျင်အုံကြွမှုတွေ ဆက်တိုက်ဖြစ်လာပါတော့တယ် ။ ရန်ကုန်စက်မှုတက္ကသိုလ်(RIT)ကနေ ၊ လှိုင်တက္ကသိုလ်(RC2)၊ ရန်ကုန်တက္ကသိုလ်(Main) ၊ ဆေးတက္ကသိုလ် စတဲ့ကျောင်းတွေ

ကို ချက်ခြင်းကူးစက်သွားပြီး “ဖမ်းဆီးကျောင်းသားပြန်လွတ်ရေး ၊ သေဆုံးမှုဖြစ်စဉ်အမှန်ကြေငြာရေး ” ဆိုတဲ့တောင်းဆိုမှုတွေနဲ့ ဆန္ဒပြပွဲတွေဖြစ်လာပါ တော့တယ် ။



စစ်အာဏာရူးအရိုင်းတွေကတော့ လူသတ်ပွဲတွေဆက်လက်ကျူးလွန်ခြင်းနဲ့သာ တုန့်ပြန်လိုက်ပါတယ်၊ မတ်လ ၁၆ ရက် အင်းလျားကန်(တံတားဖြူ)မှာ ဆန္ဒပြ ကျောင်းသားတွေကို ဘက်နက်နဲ့ထိုး ၊ နံပါတ်တုတ်တွေနဲ့ရိုက် ၊ စစ်ဖိနပ်နဲ့နင်းတာတွေကြောင့် တံတားနီလို့ပြောင်းလဲတင်စားခေါ်ရလောက်အောင် သွေးချင်းချင်း နီခဲ့ရပါတယ် ၊ အဲဒီနေရာမှာ အသက်တွေစတေးခဲ့ရသလို မဆန့်မပြဲကြပ်သိပ်နေအောင်ဖမ်းတင်သွားတဲ့ အချုပ်ကားပြာကြီးတွေပေါ် အသက်ရှူကြပ်မွန်းသေသွား သူတွေ ရှိလာခဲ့ပါတယ် ။ အဲဒီအတွက် ကျောင်းသားတွေကလဲ အသတ်ခံ ၊ အဖမ်းခံပြီး ဆန္ဒပြပွဲတွေ ရဲရဲရင့်ရင့်ဆက်လုပ်ခဲ့တာကြောင့် ဇွန်လ အထက်တန်း ကျောင်းတွေဖွင့်တဲ့အချိန်မှာ အခြေခံပညာကျောင်းသားတွေပါဝင်လာကြတဲ့အထိ ကူးစက်ခဲ့ပါတော့တယ် ။



ရန်ကုန်တက္ကသိုလ်ထဲမှာ နေ့စဉ်လိုတရားဟောပွဲတွေရှိလာပြီး ကျောင်းသားတွေကြားထဲ ကျောင်းသားသမဂ္ဂရှိခဲ့ဘူးတယ် ၊ ကျောင်းသားသမဂ္ဂဖျက်ဆီးခံခဲ့ရတာ ကြောင့် ကျောင်းသားအခွင့်အရေးတွေဆုံးရှုံးနေရတာဖြစ်တယ်ဆိုတာမျိုး ခံစားသိရှိလာကြပါတယ် ၊ “ကျောင်းသားသမဂ္ဂဖွဲ့စည်းရေး-ဒို့အရေး ၊ ဖမ်းဆီး ကျောင်းသားပြန်လွတ်ရေး -ဒို့အရေး” ဆိုတဲ့ကြွေးကြော်သံတွေနဲ့ ဆန္ဒပြချီတက်လာတဲ့ကျောင်းသားအုပ်(အများစုအထက်တန်းကျောင်းသားတွေ)နဲ့ လုံထိန်း တွေရဲ့ရိုက်ပွဲ (ဇွန်၂၁ မြေနီကုန်း)ဟာ ပြည်သူတွေပါ ပါဝင်လာစေတဲ့ ကျောင်းသားအရေးအခင်းကနေ လုထုအရေးအခင်းကိုကူးပြောင်းသွားတဲ့ ပွဲဖြစ်ပါတယ်။



အဲဒီလိုကျောင်းသားထုလှုပ်ရှားမှုတွေနဲ့ ဆင့်ကဲဖြစ်စဉ်တွေကနေ ရှစ်ဂဏန်းလေးလုံးစုံတဲ့နေ့မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လူထုလူတန်းစားအသီးသီးက မဆလ (တစ်ပါတီအာဏာရှင်စနစ်)ကိုဖြုတ်ချကြရအောင်ဆိုတဲ့ ကြေငြာချက်တွေ ၊လှုံ့စော်စာတွေ ပေါ်ထွက်လာပြီးတဲ့နောက် ရှစ်လေးလုံးအရေးတော်ပုံကြီးလို့ ဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ် ။



(၃)



သပိတ်…သပိတ် - မှောက် …မှောက်

ကျောင်းသားသမဂ္ဂဖွဲ့စည်းရေး - ဒို့အရေး …ဒို့အရေး

ဖမ်းဆီး ကျောင်းသားပြန်လွတ်ရေး - ဒို့အရေး …ဒို့အရေး

ကုန်ဈေးနှန်းကျဆင်းရေး - ဒို့အရေး …ဒို့အရေး

တပါတီစနစ် - အလိုမရှိ ..အလိုမရှိ

အရေးတော်ပုံ - အောင်ရမည် …အောင်ရမည် ..။



အဲဒီလိုကြွေးကြော်သံတွေနဲ့ ရှစ်လေးလုံးအရေးတော်ပုံကြီးကို စခဲ့တာပါ ။ ရန်ကုန်အနေနဲ့ကတော့ သြဂုတ်လ ၈ရက်(ရှစ်ရက်ရှစ်လရှစ်ဆယ့်ရှစ်)မှ စတာမဟုတ် ပါဘူး ၊ မတ်လကစတဲ့ ကျောင်းသားလှုပ်ရှားမှုတွေကနေ ၊ ဇွန် ၊ ဇူလိုင် ၊ သြဂုတ် ဆက်တိုက်ဖြစ်လာခဲ့တာပါ ၊ ဇွန်လနဲ့ ဇူလိုင်လတွေမှာဆိုရင် အထူးသဖြင့် အထက်တန်းကျောင်းတွေမှာ ဆန္ဒပြမှုတွေဆက်တိုက်လိုဖြစ်နေခဲ့တာပါ ။ ဟိုမြို့နယ် ဒီမြို့နယ် ဟိုကျောင်း ဒီကျောင်း ဟိုနေရာ ဒီနေရာ စသဖြင့် နေရာ ကွက်ကြားဆန္ဒပြပွဲတွေ ဖြစ်နေပြီး ပြည်သူတွေပါ (ရန်ကုန်တမြို့လုံးလို)ပါလာတာက ၃.၈.၈၈ နေ့ပါ ။



အဲဒီနေ့က ကန်တော်ကြီးပန်းခြံဗိုလ်ချုပ်ကြေးရုပ်ရှေ့မှာ မနက်ရှစ်နာရီကျော်လောက်ကျောင်းသားတွေစုရုံးကြပြီး နတ်မောက်ကျောင်း(စက်မှုလက်မှုအထက်တန်း ကျောင်း)ရှေ့ကနေ ကားတွေတားချောဆွဲ ဆူးလေကိုမောင်းခိုင်းကြပါတယ် ၊ မြို့တော်ခန်းမရှေ့ကားတွေရပ်ပြီး သပိတ်…သပိတ် - မှောက် …မှောက် လို့ ပြေးဆင်းကြွေးကြော်လိုက်တဲ့အချိန် လူတွေ ..ပျားအုံကြီးကိုတုတ်နဲ့ဆွလိုက်သလို ၀ိုင်းအုံလာလိုက်တာ တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှမကြုံဘူးတဲ့အဖြစ်ပါပဲ ၊ ကုန်ဈေးနှန်း ကျဆင်းရေး - ဒို့အရေး …ဒို့အရေး လို့ကြွေးကြော်ရင်း ကျွန်တော်တို့ပြည်သူတွေအတွက် တိုက်ပွဲဝင်နေပါပြီ ၊ လက်ခုတ်တီးပြီးအားပေးကြပါ အော်တော့ တီးလိုက်ကြတဲ့လက်ခုတ်သံတွေ ၂၆ နှစ်အောင့်ထားမျိုသိပ်ထားခဲ့ရသမျှ ဖွင့်ဟအားပေးလိုက်ကြတာ..၊ ဓါတ်ပုံရိုက်ရင်ကာဘို့ ၊ မျက်ရည်ယိုဗုံးနဲ့ ပစ်ရင်ကာဘို့ ၊ လက်ကိုင်ပုဝါလေးတွေပေးကြပါတောင်းတော့ တိုက်တွေပေါ်ကနေတောင်ပစ်ချပေးကြတာ ။ လေထဲမှာ လက်ကိုင်ပုဝါလေးတွေဝဲလို့ ၊ ပြည်သူတွေရဲ့တခဲနက် အားပေးမှုက ပြန်တွေးတိုင်း ၊ ကြက်သီးမွှေးညှင်းထရလောက်အောင်ပါပဲ ။



မတရားမှုတွေများလွန်းလို့ ဆင်းရဲမွဲတေလွန်းလို့သာ ဆန္ဒပြအုံကြွခဲ့ကြတာဖြစ်ပြီး ပြည်သူတွေနဲ့ကျောင်းသားတွေ(အများစု)က နိုင်ငံရေးနားလည်လို့မဟုတ်ပါဘူး၊ ဘာတွေတောင်းဆိုရမလဲတောင်မသိကြပါဘူး ၊ နေ၀င်းနဲ့ မဆလအစိုးရပြုတ်ကျဘို့ပဲ သိကြတာပါ ။ အဲဒီအချိန်မှာ ဗိုလ်ချုပ်စိန်လွင်(1962 ၊ 7 July ကျောင်းသား သတ်တပ်ရဲ့တပ်ရင်းမှုး)သမတဖြစ်နေတော့ “ဆန်တပြည်၁၅ကျပ် စိန်လွင် ခေါင်းကိုဖြတ် ” “ဆန်တပြည်၁၅ပြား နေ၀င်းသေမှစား” “စိန်လွင် ခြောက်တန်း တစောက်ကန်း စောက်ရမ်းမလုပ်နဲ့” ဆိုတာမျိုးတွေလဲ အော်ကြပါတယ် ။ တပါတီစနစ် - အလိုမရှိ ..အလိုမရှိ အော်နေကြပေမဲ့ တပါတီစနစ်ကပဲမကောင်းတာလား ၊ အာဏာရှင်စနစ်ကပဲမကောင်းတာလား ၊ ဒီမိုကရေစီဆိုတာဘာလဲ မသိကြသေးပါဘူး ။



“အဲဒီနေ့က မုန်တိုင်းဆင်မဲ့ကောင်းကင်ပြင်တခုလိုပဲ ၊ လူလှိုင်းတွေတလိမ့်လိမ့် ၊ ဟစ်ကြွေးသံတွေတချိမ့်ချိမ့်နဲ့ မြေမိုးပွက်လျံသိမ့်သိမ့်ညံခဲ့ ၊ ရှစ်ရက် ရှစ်လ ရှစ်ဆယ့်ရှစ် တဲ့ ၊ ခေတ်တခေတ်ကို ထုဆစ်ပေတော့မည် ” မုန်တိုင်း၈၈ ဆိုတဲ့ကဗျာအစပိုဒ်လေးလိုပါပဲ ၊ ရှစ်လေးလုံးနေ့မှာတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အုံကြွဆန္ဒပြခဲ့ကြပါတယ် ၊ ရန်ကုန်မှာတော့ ကမ္ဘာအေးဘုရားလမ်းမကြီးပေါ် ၊ ခုဆီဒိုးနားနဲ့ က္ကိုင်းလမ်းဆုံကြား ကားလမ်းတခြမ်း စစ်ကားတန်း လက်နက်မျိုးစုံနဲ့စောင့်နေတာကို စတင်တွေ့ရပြီး ပြည်သူတွေက “ပြည်သူ့စစ်သား ဒို့စစ်သား ၊ ပြည်သူ့တပ်မတော် ဒို့တပ်မတော်” လို့ ဟစ်အော်ကြပါတယ် ၊ တချို့ကျောင်းသားငယ်တွေက ထိုင်ကန်တော့ကြပါတယ် ။ ညဆယ့်တစ်နာရီခွဲဝန်းကျင်မှာတော့ မြို့တော်ခန်းမရှေ့မှာ ရန်ကုန်မြို့မီး အမှောင်ချပြီး ပစ်ခတ်သတ်ဖြတ်တဲ့ပွဲကြီး စပါတော့တယ် ၊ ဗိုလ်ချုပ်အောင်ဆန်း ဓါတ်ပုံကိုင်ထားတဲ့ ဆယ့်လေးငါးနှစ်လောက်ကျောင်းသူလေးရဲ့ခေါင်း ဂျီ3မောင်း ပြန်ပြင်းအားကြောင့် ပွင့်ထွက်သွားပြီး လက်နက်မဲ့လူအုပ်ကြီး သွေးသံအရဲရဲ အလဲလဲအပြိုပြိုဖြစ်ကုန်ပါတော့တယ် ။



အစွမ်းကုန်ရက်စက်ပြပစ်ခတ်သတ်ဖြတ်ပြလိုက်လို့ ကျောင်းသားတွေနဲ့လူထုကြီးရဲ့ ဆန္ဒပြသပိတ်မှောက်အုံကြွမှုတွေ ရပ်မသွားပါဘူး ၊ စစ်တပ်ကလဲ ထပ်ထွက် ထပ်ပစ်တာပါပဲ ၊ မခံမရပ်နိုင်ပေါက်ကွဲလာတဲ့ လူထုကြီးကတော့ တောင်ဥက္ကလာနဲ့မြောက်ဥက္ကလာတွေမှာ ရဲတွေကိုခေါင်းဖြတ်သတ်တာမျိုး ပြန်ခံချကြပါတယ် ၊ ၉ရက် ၁၀ ရက် ၁၁ ရက် ၁၂ ရက်နေ့တွေတောက်လျှောက်ပစ်လိုက်တာ ရန်ကုန်ဆေးရုံကြီးဝန်းထဲတောင်မချန်ပစ်ထဲ့လို့ ဆရာဝန်တွေပါသေဆုံးခဲ့ကြရပါတယ်။ တနေရာထဲမှာ အစုလိုက်အပြုံလိုက်ပစ်သတ်ခံရမှုမှာ ကျောင်းသား ၊ ရဟန်း ၊ ယောက်ကျား ၊ မိန်းမ ၊ ကလေး အားလုံးလူသုံးရာကျော် အလောင်းချင်းထပ် နေအောင်ပစ်သတ်ခံခဲ့ကြရတဲ့ စစ်ကိုင်းမြို့ကအဆိုးဆုံးလို့ပြောကြပါတယ် ။



ဘယ်လောက်ပစ်ပစ် အသေခံတိုက်မယ်ဆိုတဲ့ ကျောင်းသားတွေနဲ့လူထုကြီးရဲ့စိတ်ဓါတ်ကို စစ်ဝါဒီတွေအရှုံးပေး နည်းဗျူဟာပြောင်းရပါတော့တယ် ၊ ၁၂ ရက်နေ့ ည မှာ စိန်လွင်အနားယူပြီဖြစ်ကြောင်း ကြေငြာပြီးသေနတ်သံတွေရပ်သွားပါတော့တယ် ။ နိုင်ငံတော်သမတအဖြစ် ဒေါက်တာမောင်မောင်တက်လာပေမဲ့ မြို့တိုင်း မှာ သပိတ်စခန်းတွေဖွင့်ပြီး ကိုယ့်အုပ်ချုပ်ရေးနဲ့ကိုယ် လုပ်ကြပါတယ် ၊ ကိုယ့်ဘာသာတရားစီရင်ကြပါတယ် ၊ ဆန္ဒပြသူတွေသောက်မဲ့ရေအိုးကိုအဆိပ်ခတ်တာ ၊ အသိပျောက်စေတဲ့ထုံဆေးမူးယစ်ဆေးတွေထိုးပေးပြီး သံဃာတွေကျောင်းသားတွေကိုသတ်ခိုင်းတာမျိုးတွေ ရှိတဲ့အတွက် မိတဲ့သူတွေကို ခေါင်းဖြတ်သတ်တာတွေ ရှိလာပါတယ် ၊ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မင်းမဲ့စရိုက်ဖြစ်စဉ်တွေလို့ သုံးနှုန်းပြီး ပြည်သူတွေကြောက်ရွံ့ထိတ်လန့်စေမဲ့ရက်စက်မှုမျိုးတွေကိုသာ ကွက်ဖေါ်ပြခဲ့ပါတယ် ၊ ဘာကြောင့်ဖြစ်ရတယ် ၊ ဘယ်လိုလူတွေအသတ်ခံရတာဆိုတာတွေမပြပဲ ပြည်သူတွေ ရမ်းရမ်းကားကားလူသတ်တယ်ဆိုတာမျိုးဖြစ်အောင် ဖုန်းကွယ်လိုက်ပါတယ်။



ဟုတ်ပါတယ် ။ ပြည်သူတွေရဲ့ လက်စားချေတဲ့လူသတ်ပွဲတွေ ၊ တန်ပြန်သပိတ်ဆိုပြီး ဆန္ဒပြသူတွေကိုလုပ်ကြံသတ်ဖြတ်လာသူတွေကို ပြည်သူတွေကိုယ်တိုင် တရားစီရင်တဲ့ လူသတ်ပွဲတွေ တကယ်ဖြစ်ခဲ့ပါတယ် ၊ ဘာကြောင့်ဖြစ်ရတာလဲဆိုတာတော့ ထည့်ပြောရမှာပါ ။ မင်းရှိနေလျက်နဲ့အားကိုးမရလို့ ၊ မင်းကိုယ်တိုင်က မင်းဆိုးမင်းညစ်ဖြစ်နေလို့ ကိုယ့်တရားကိုယ်စီရင်ဖြစ်လာရတာတွေပါ ၊ လွတ်လပ်ရေးရပြီးတာတောင် လွတ်လပ်ရေးအရသာမခံစားရပဲ အမျိုးသားချင်းကျွန်လို ပြန် အုပ်ချုပ်ခံလာရတဲ့ နှစ်ပေါင်းများစွာမျိုသိပ်ခံစားလာရတဲ့ ၊ လက်နက်မဲ့ဆန္ဒပြမှုကို ဗလာချီပစ်သတ်ခံထားရတဲ့ လူတွေရဲ့မခံမရပ်နိုင်ပေါက်ကွဲမှုတွေပဲဖြစ်ပါတယ် ။



မြို့တိုင်းမှာ သပိတ်စခန်းတွေဖွင့်ကြပြီး နေရာအများစုမှာ သံဃာတော်တွေဦးဆောင်လို့ ကိုယ့်မြို့နယ်/ရပ်ရွာတွေကို ကိုယ့်ဘာသာအုပ်ချုပ်ကြပါတယ် ၊ ဓါး ၊ လှံ ၊ လောက်လေး ၊ ဂျင်ကလိတွေနဲ့ ရပ်ကွက်အဆင့်ထိ ကိုယ့်ဒေသလုံခြုံရေးကိုယ်တာဝန်ယူကြပါတယ် ၊ ရန်ကုန်ဆေးရုံကြီးကတော့ ရန်ကုန်တိုင်းသပိတ်စခန်း အဖြစ်ရှိခဲ့ပြီး တရားဟောပွဲတွေတောက်လျှောက်ကျင်းပခဲ့ပါတယ် ၊ ကိုဇာဂနာလို ရယ်စရာဟာသတွေ ပုံနှိုင်းပြောပြဟောပြောတဲ့သူရှိသလို ၊ မင်းသိင်္ခလို ခပ်ကြမ်းကြမ်းတွေပြောပြီး ဆဲပြီးဟောပြောတဲ့သူတွေလဲရှိပါတယ် ၊ ရှေ့နေတွေ ၊ စာရေးဆရာတွေ ၊ ဂီတနဲ့အနုပညာရှင်တွေ၊ အသိုင်းဝိုင်းစုံကလာရောက် ဟောပြောကြပြီး ဒီမိုကရေစီ ၊ လူ့အခွင့်အရေး စတဲ့ နိုင်ငံရေးဝေါဟာရတွေခေတ်စားလာသလို ကြွေးကြော်သံလည်းပြောင်းသွားခဲ့ပါတယ် ။



“ဒီမိုကရေစီရရှိရေး - ဒို့အရေး … ဒို့အရေး …၊ စစ်အာဏာရှင်စနစ်ကျဆုံးရေး - ဒို့အရေး … ဒို့အရေး ” တဲ့။



ရဟန်းပျိုများသမဂ္ဂ ၊ သံဃာ့သမဂ္ဂီ ၊ သီလရှင်များသမဂ္ဂ ၊ အိမ်ထောင်ရှင်မများသမဂ္ဂ ၊ တောင်သူလယ်သမားများသမဂ္ဂ၊ အလုပ်သမားသမဂ္ဂ ၊ စသဖြင့် အလွှာစုံ အသင်းအဖွဲ့တွေဖွဲ့ဆန္ဒပြကြသလို ၀န်ထမ်းတွေကလဲ သက်ဆိုင်ရာဌာနတွေအလိုက် စုဖွဲ့ဆန္ဒပြကြပါတယ် ၊ ရဲ ၊ လေတပ်နဲ့ ရေတပ် တပ်ဖွဲ့ဝင်အချို့လဲ တဖြည်းဖြည်းပါဝင်လာကြပါတယ် ၊ မိန်းမလျှာတွေကတောင် အလှဖန်တီးရှင်များသမဂ္ဂလို့ ဆန္ဒပြခဲ့ကြပါတယ် ။



လူတိုင်းလူတိုင်းဟာ သက်ဆိုင်ရာအဖွဲ့အစည်းတံဆိပ်နဲ့ နဘူးစီးအနီတွေ ၊ လက်ပါတ်အနီတွေပါတ်ပြီး ထိုင်သပိတ် ၊ အစာငတ်ခံဆန္ဒပြပွဲ ၊ လမ်းလျှောက် ကြွေးကြော်ချီတက်ပွဲ ၊ မဆလ အသက်၂၆နှစ် ရေးထားတဲ့အခေါင်းကိုမီးရှီု့ပွဲ ၊ ခွေးလည်ပင်းမှာ နေ၀င်း , စိန်လွင်ရေးပြီးလွှတ်ပွဲ စသဖြင့်အသွင်သဏ္ဍာန်မျိုးစုံနဲ့ တစ်နိုင်ငံလုံးမှာ အုံးအုံးကြွက်ကြွက် ဆန္ဒထုတ်ဖေါ်ပြသခဲ့ကြပါတယ် ။



နိုင်ငံတော်သမတ ဒေါက်တာမောင်မောင်က “ဆန္ဒတွေ မစောကြပါနဲ့ ၊ တစ်ပါတီစနစ်ကိုပဲ ကြိုက်ကြိုက် ပါတီစုံကိုပဲကြိုက်ကြိုက် ရွေးကောက်ပွဲကြီး လုပ်ပြီးဆုံးဖြတ်ကြတာပေါ့ ၊ ကျောင်းသားသမဂ္ဂအဆောက်အဦးကြီးကိုလဲ ပျော်ပျော်ကြီး အုတ်မြစ်ချကြတာပေါ့လို့ ” နတ်ကတော်တွေထက် ချွဲပျစ်တဲ့လေသံနဲ့ ညတိုင်းလို မြန်မာ့အသံနဲ့ရုပ်မြင်သံကြားကနေတောင်းပန်ပြော ပြောနေပေမဲ့ ၊ နောက်ကွယ်မှာတော့ ပြည်သူတွေကိုသတ်ဖြတ်နှိမ်နှင်းဘို့ ကောက်ကျစ်စဉ်းလဲစွာ အကြံထုတ်ပြင်ဆင်နေခဲ့ပါတယ် ။



လူထုအုံကြွမှုကြီး တစ်နိုင်ငံလုံးအတိုင်းတာနဲ့လေးဆယ့်နှစ်ရက်အကြာ ၁၉၈၈ခုနှစ် ၊ စက်တင်ဘာလ ၁၈ ရက်နေ့ ညနေမှာ ရာထောင်ချီတဲ့စစ်သားတွေက မြို့ကြီး တွေကို ပစ်ခတ်စီနင်းပြီး စစ်တပ်အနေနဲ့အာဏာပြန်သိမ်းလိုက်ကြောင်း ကြေငြာပါတော့တယ် ။ ဗမာပြည်စစ်တပ်အတွက်မဆန်းတော့တဲ့ အပြစ်မဲ့ပြည်သူကို သတ်ပွဲတွေထဲမှာ အရက်စက်အပြင်းထန်ဆုံးသတ်ပွဲကြီးဖြစ်ပါတယ် ၊ G-3 , G-4 မောင်းပြန်ရိုင်ဖယ်တွေအပြင် စက်လတ်လိုအမျိုးအစားတွေနဲ့ပါ အတွဲလိုက် ပစ်ခတ်ခဲ့ကြပါတယ် ၊ ပြည်သူတွေက စစ်ကားတွေဝင်မလာရအောင် သစ်ပင်တွေခုတ်လှဲ လမ်းတွေပေါ်ကန့်လန့်စီချပိတ်ဆို့ ၊ လက်ထဲရှိ လောက်လေးတွေ ၊ ဂျင်ကလိတွေနဲ့ခံချ လုပ်ကြသေးပေမဲ့ အဆမတန်ရက်စက်မှုရဲ့ဒါဏ်ကို မခံနိုင်ကြတော့ပါဘူး ၊ အားမတန်မာန်လျှော့ပေးခဲ့ကြတဲ့နောက်မှာ စောမောင်နဲ့ခင်ညွန့် ဦးစီးတဲ့ စစ်တပ်က န၀တ(နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့)ဆိုပြီး စစ်တပ်အစိုးရအမည်ခံအုပ်ချုပ်ခဲ့ပါတော့တယ်။



(၄)



စိတ်ဓါတ်..။ ရှစ်လေးလုံးအရေးတော်ပုံကြီးကနေ ကျောင်းသားပြည်သူတွေရင်ထဲထည့်ပေးလိုက်တာကတော့ အသက်အပါအ၀င် ကိုယ်ကျိုးစီးပွားအားလုံးစွန့်လွှတ် တိုက်ပွဲဝင်မယ် ၊ မတရားမှုကိုရဲရဲအံတုမယ်ဆိုတဲ့ စိတ်ဓါတ်ပါပဲ ၊ စစ်အာဏာရှင်တွေက လက်နက်မျိုးစုံ ၊ ယုတ်မာကောက်ကျစ်မှုမျိုးစုံ ၊ မတရားမှုမျိုးစုံနဲ့ အဲဒီ စိတ်ဓါတ်ကိုချိုးနှိမ်ဘို့ကြိုးစားခဲ့ပေမဲ့ ကနေ့ထိ ခိုင်ခိုင်မြဲမြဲ တိုက်ပွဲဝင်နေကြဆဲဖြစ်ပါတယ် ။



အထက်မှာပြောပြခဲ့သလို ပြည်သူတွေနဲ့ကျောင်းသားတွေ(အများစု)က နိုင်ငံရေးနားလည်လို့မဟုတ်ပဲ မတရားမှုတွေများလွန်းလို့ ဆင်းရဲမွဲတေလွန်းလို့သာ ဆန္ဒပြ အုံကြွခဲ့ကြတာဖြစ်တဲ့အတွက် လိုအပ်ချက်တွေကတော့အများကြီးရှိခဲ့ပါတယ် ၊ ခေါင်းဆောင်တွေစုစည်းပြီး ကြားဖြတ်အစိုးရမဖွဲ့နိုင်ခဲ့တာ ၊ တောတွင်း လက်နက်ကိုင်အင်အားစုတွေနဲ့ပေါင်းစည်းပြီး နိုင်ငံတော်အာဏာကိုအရမယူနိုင်ခဲ့တာ ၊ စနစ်တကျမဟုတ်တဲ့စုဖွဲ့မှုတွေနဲ့ အသေချာပြင်ဆင်စီစဉ်မှုတွေမရှိပဲ လျှပ်တပြက်ဆုံးဖြတ်လုပ်ဖြစ်ခဲ့ကြတာတွေဟာ ရှစ်လေးလုံးအရေးတော်ပုံကြီးကနေသင်ခန်းစာယူရမှာတွေဖြစ်ပါတယ် ။



မဆလအမည်ခံ နေ၀င်း ၊ စန်းယု ၊ စိန်လွင် အစိုးရတွေကိုဖြုတ်ချနိုင်ခဲ့တာ ၊ ပြည်သူတွေကျောင်းသားလူငယ်တွေကို နိုင်ငံရေးနားမျက်စေ့ပွင့်စေခဲ့တာ ၊ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ)နဲ့အတူ မင်းကိုနိုင် ၊ ကိုကိုကြီး တို့လို ကျောင်းသားခေါင်းဆောင်တွေ ၊ ဒေါ်အောင်ဆန်းစုကြည် ၊ ဦးတင်ဦး တို့လို လူထုခေါင်းဆောင်တွေပေါ်ထွက်လာခဲ့တာ ၊ လက်နက်ကိုလက်နက်ချင်းပြန်ချနိုင်မှသာရမယ်လို့ ယုံကြည်ချက်တွေနဲ့ ကျောင်းသားတပ်မတော် (ABSDF)ဖွဲ့စည်းပေါ်ပေါက်ခဲ့တာ ၊ ၁၉၉၀ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကြီးပေါ်ပေါက်ခဲ့တာတွေဟာ ရှစ်လေးလုံးအရေးတော်ပုံကြီးကနေရရှိခဲ့တဲ့ အောင်မြင်မှု တွေဖြစ်ပါတယ် ။



ရှစ်လေးလုံးအရေးတော်ပုံကြီး ၊ လူထုအုံကြွမှုပုံစံကနေ ရပ်ဆိုင်းလိုက်တာဟာ စစ်တပ်ကပစ်သတ်နှိမ်နှင်းလို့ဆိုတာထက် တောင်းဆိုဆန္ဒပြနေတဲ့လိုအပ်ချက်ကို စစ်တပ်ကလုပ်ပေးမယ်ဆိုတဲ့မြှူဆွယ်မှုကြောင့် ရပ်ဆိုင်းလိုက်တာလို့ထင်ပါတယ် ၊ “တပ်မတော်က နိုင်ငံတော်အာဏာကိုချုပ်ကိုင်လိုက်ပါပြီ ၊ ဆန္ဒပြပွဲ တွေရပ်ကြပါ ၊ နိုင်ငံရေးပါတီတွေထောင်ခွင့်ပေးပြီး ပါတီစုံအထွေထွေရွေးကောက်ပွဲကြီးလုပ်ပေးပါ့မယ် ၊ ပြီးရင် အနိုင်ရပါတီကိုအာဏာလွှဲပေးပြီး စစ်တပ်က စစ်တန်းလျား ပြန်မှာပါ ”ဆိုတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောမောင်ရဲ့ ကတိစကားကို ယုံစားမိခဲ့ကြလို့ လို့ထင်ပါတယ် ။



၁၉၈၉ မှာ ကိုမင်းကိုနိုင်နဲ့ ကျောင်းသားခေါင်းဆောင်တွေဖမ်း ၊ ဒေါ်အောင်ဆန်းစုကြည်ကိုဖမ်းလုပ်ပြီး မဆလကနေအမည်ပြောင်း တစည (တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ)အနိုင်ရအောင်နည်းမျိုးစုံကြိုးစားခဲ့ပေမဲ့ ပြည်သူတွေရဲ့နိုင်ငံရေးနိုးကြားမှုက ၁၉၉၀ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပါတီ (NLD) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုပဲ ထူးထူးကဲကဲမဲပေးခဲ့ကြပါတယ် ။ ပြည်သူတွေဆန္ဒမဲပေးခဲ့ကြတဲ့ အနိုင်ရပါတီကိုအာဏာလွှဲမပေးပဲ ကတိတွေကိုချိုးဖေါက်ပြီး စစ်အာဏာရှင်တွေက လူပြောင်းနာမည်ပြောင်း ကနေ့ထိဆက်အုပ်ချုပ်နေဆဲဖြစ်ပါတယ် ။ ရှစ်လေးလုံးအရေးတော်ပုံကြီးကိုအာဏာသိမ်းခဲ့တဲ့ ဗိုလ်ချုပ်မှုးကြီး စောမောင်နဲ့ ဗိုလ်ချုပ်ခင်ညွန့်တို့ကိုဖယ်ရှားပြီး ဗိုလ်ချုပ်မှုးကြီးသန်းရွှေက န၀တအမည်ကနေ နအဖ(နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွင့်ဖြိုးရေးကောင်စီ)လို့ ပြောင်းလဲအုပ်ချုပ်နေခဲ့ပါတယ် ။



၁၉၉၆ ကျောင်းသားအရေးအခင်း ၊ ၉၉၉၉ အရေးအခင်း ၊ ၂၀၀၇ သြဂုတ်လ လောင်စာဆီဈေးမြင့်တက်မှုလမ်းလျှောက်ပွဲ ၊ တစ်ကိုယ်တော်ဆန္ဒပြပွဲများစွာနဲ့ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးဆိုတာတွေဟာ ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့နောက်ဆက်တွဲ အရှိန်အဟုန်တွေဖြစ်ပါတယ် ။



ရှစ်လေးလုံးအရေးတော်ပုံဆိုတာ ဒဏ္ဍာရီမဟုတ် ၊ ရာဇ၀င်ဖြစ်တယ် ။ ကျောင်းသားတွေ ၊ ဗမာပြည်သူတွေရဲ့ အထင်ကရသမိုင်းကြီးဖြစ်တယ် ။ သေချာနားစွင့် ကြည့်ပါ ၊ နှလုံးသားနဲ့နားထောင်ကြည့်ပါ ၊ “ လွတ်တပ်မှအမျှဝေပါ ” ဆိုတဲ့ ရှစ်လေးလုံးအရေးတော်ပုံကြီးမှာကျဆုံးခဲ့တဲ့ဝိဥာဉ်တွေရဲ့ ဒို့အရေးဒို့အရေး ကြွေးကြော်သံတွေနဲ့ ဆက်လက်တိုက်ပွဲဝင်ကြပါလို့ မှာကြားနေသံတွေ ကြားရပါလိမ့်မယ် ။



စစ်အာဏာရှင်စနစ်ကျဆုံးသည်အထိ

မောင်ကျောင်းသား ။

ပေးပို့သော ဒီမိုဝေယံအားကျေးဇူးတင်ရှိပါသည်.

Thursday, July 29, 2010

0 ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်း


“ရဲဘော်တို့ မေးစရာ စကားရှိတယ်။ တကယ်လို့ အကြီးအမှူးတွေထဲက ဘယ်သူဖြစ်ဖြစ် ကိုယ်ကျိုးငဲ့ပြီး လူမျိုးရဲ့အကျိုးနဲ့ ကိုယ့်နိုင်ငံ ဆန့်ကျင်တဲ့ အကြီးအမှူးတွေဟာ ကြာကြာမနေနိုင်ပါဘူး။ အချိန်တန်တဲ့အခါ ပြုတ်ကျမှာပဲ။ ရာဇ၀င်မှာ ကြည့်လိုရှိယင် ဘယ်လောက်ကြီးတဲ့လူဖြစ်ဖြစ် မတရားလုပ်တဲ့အခါ ပြုတ်ကျတာ ချည်းပဲ။ ဒီလို မတရားတဲ့ အကြီးအမှူးတွေရှိယင် ရဲဘော်တို့ အပေါ်မှာလဲ တည်တယ်။ ဥပမာ မတရားတဲ့ အကြီးအမှူးတစ်ယောက်က ၀တ္တရားနှင့်မဆိုင်တဲ့ နိုင်ငံနှင့်လူမျိုးအကျိုးနဲ့ မပတ်သတ်တဲ့ အမိန့်မျိုးပေးတဲ့အခါ အမိန့်ဟာ နည်းကျ၊ မကျ၊ တရား၊ မတရား နိုင်ငံနှင့်လူမျိုးမှာ အကျိုးရှိမရှိ ကြည့်ရမယ်။ အဲသလို ကြည့်တဲ့အခါ ကိုယ့်စိတ်ထဲမှာ မရှင်းယင် သူ့ထက်ကြီးတဲ့ အကြီးအမှူးကို ဖြစ်စေ၊ တစ်ခြား အကြီးအမှူးတစ်ယောက်ဖြစ်ဖြစ် သွားမေးရမယ်။ ဒီအခါမှာ ရဲဘော်တို့ဟာ ဘယ်ဒင်း မှန်တယ်၊ မှားတယ် သိနိုင်မယ်။”
“လက်ဖွဲ့အနေနဲ့ဆောင်ပြီး သတ္တိနှင့် သစ္စာရှိလျှင် မောင်တို့ ခြေချရာအရပ်များသည် အောင်မြေချည်း ဖြစ်ရလိမ့်မည်။”

“ကျုပ်အဖို့ ပြောရယင် ရဲဘော်တို့ထဲကပဲဖြစ်ဖြစ်၊ အခု တပ်ထဲမှာရှိတဲ့ စစ်သားကလေးကစပြီး အားလုံး ရဲဘော်တွေထဲကပဲဖြစ်ဖြစ် ကျုပ်ထက် အရည်အချင်း၊ အကျင့်စာရိတ္တ၊ အလုပ်အကိုင်၊ နိုင်ငံချစ်စိတ်၊ အမျှော် အမြင်ရှိတယ်လို့ တွေ့တာနဲ့တစ်ပြိုင်နက် ကျုပ်ဟာ အဲဒီလို တော်တဲ့လူကို ထိုးတင်ပြီး နောက်လိုက်လုပ်ဖို့ အသင့်ရှိတယ်။ ဒါကြောင့် ရဲဘော်တို့အားလုံး ကြိုးစားကြပါ၊ တော်အောင် ကြိုးစားကြပါ။”

“တစ်ခြား မှာကြားလိုတဲ့အချက်ကတော့ ပြောနေကျ စကားပဲ။ ဒါပေမယ့် ထပ်ပြီး အဓိပ္ပါယ်လေးနက် အောင် ပြောပြလိုက်အုံးမယ်။ ငါတို့စစ်တပ်ဟာ နိုင်ငံသူ နိုင်ငံသားတွေကို ညှဉ်းဖို့ မဟုတ်။ လက်နက်အားကို တန်ခိုးပြဖို့ မဟုတ်။ စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံဖြစ်ရမယ်။ နိုင်ငံဟာ စစ်တပ်ရဲ့ အစေခံ မဖြစ်ရဘူး။ ဒါက စကားရိုင်းရိုင်းနှင့် နားလည်အောင် ပြောပြတာပဲ။ ဒီစကားကို ကျုပ်ပြောတာဟာ စစ်တပ်ကို ကျုပ် ပြန်နှိပ်ချင်တဲ့ သဘောနဲ့ ပြောတာ မဟုတ်ဘူး။ ငါတို့ဟာ လက်နက်ကိုင် လူတွေဖြစ်ကြသော်လဲ မတရားမလုပ်။ နိုင်ငံရဲ့ ရန်သူ တွေ မဟုတ်။ နိုင်ငံရဲ့ မိတ်ဆွေတွေ ဖြစ်တယ်ဆိုတာ အားလုံးသဘောပေါက်အောင် ပြောပြခြင်းပဲ။”

“အမှန်ပြောရယင် လူတွေဟာ ပုထုဇဉ်တွေပဲ။ အားရှိတဲ့အခါ အားနည်းတဲ့လူတွေကို ညှဉ်းချင်တဲ့ စိတ်ရှိတယ်။ အားနည်းတဲ့လူတွေကလဲ အားနည်းတဲ့အခါတုန်းကတော့ အားကြီးနေတဲ့လူတွေကို လက်နက် အားကို အာဏာအားကို လုပ်ချင်တယ် ပြောကြတယ်။ မိမိတို့ကိုယ်တိုင် အားကြီးတဲ့နေရာ အာဏာရှိတဲ့နေရာ ရောက်တဲ့အခါကျတော့ အရင်တုန်းက ပြောတာတွေ မေ့ပြီး တစ်မျိုးလုပ်ကြတာပဲ။ ဒါ ထုံးစံအတိုင်းပဲ။ ငါတို့က ဒီလို မဟုတ်။ အားနည်းတဲ့အခါလဲ အားကြီးတဲ့လူကို မတရားယင် မကြောက်၊ အားကြီးတဲ့အခါလဲ အားငယ်တဲ့ လူကို မတရားမလုပ် ဆိုတဲ့အတိုင်း လုပ်ချင်တယ်၊ ပြချင်တယ်။ အဲဒါကြောင့် စစ်တပ်ဟာ နိုင်ငံရဲ့ အခြေခံဖြစ် တယ်လို့ ပြောတာပဲ။”

“ငါတို့တတွေဟာ မှားပြီးတာတွေကို ထပ်မမှားကြရဘူး။ ငါတို့ဟာ အမှန်နဲ့အတူ ဟုတ်တာနှင့် မဟုတ် တာ ခွဲခြားသိရမယ်။”

“ဇာတိမာန် ကောင်းကောင်း ထားတတ်ကြရအောင် လုပ်ကြပါ။ ကိုယ့်နိုင်ငံကို ချစ်ပါ။ ဗမာတွေဟာ လူဖျင်းတွေ၊ လူကြောက်တွေ၊ လူပိုတွေ၊ လူရိုင်းတွေ၊ လူ့ဂွစာတွေ၊ လူ့မတရားတွေလို့ ဒီကမ္ဘာက အထင်ခံရ အောင် မလုပ်ကြပါနှင့်။ ဗမာတွေဟာ ဒီလို မဟုတ်ဘူးဆိုတာ အလုပ်လုပ်ပြီး ဂုဏ်ယူကြပါ။ အဲဒါ ကျုပ် လူမျိုး ရေးတရားနှင့်ပတ်သတ်ပြီး မှာချင်တာပဲ။”

“နောက်ဆုံး တစ်ခုမှာချင်တာက ငါတို့သာ နိုင်ငံချစ်တယ်ဆိုတဲ့ စိတ်ဓာတ်မထားကြဖို့ပဲ။ ဒီနိုင်ငံမှာ ဖြစ်ဖြစ်၊ ဒီပြင်နိုင်ငံတွေမှာဖြစ်ဖြစ် စစ်သားတွေချည်း နိုင်ငံချစ်ကြတာ မဟုတ်ဘူး။ တစ်ခြား စစ်သားမဟုတ်ပေ မယ့် နိုင်ငံအတွက် အမျိုးမျိုး အနစ်နာခံ၊ အမျိုးမျိုး စွန့်စားလုပ်ကြတဲ့လူတွေလည်း ရှိတယ်။ အဲဒါကြောင့် စစ်သားမှစစ်သားဆိုတဲ့ စိတ်ဓာတ်သဘောထားကို ပြောင်းကြရမယ်။ သို့ပေမယ့် တစ်ခု နားလည်စေချင်တယ်။ ကျုပ်ဟာ စစ်တပ်ကို မတရားနှိမ်မယ်။ လူလည်လုပ်မယ်။ စစ်တပ်ရဲ့အခွင့်အရေးကို မတရားချိုးဖျက်မယ်ဆိုယင် ကျုပ် အစွမ်းကုန် ကြိုးစားတိုက်ဖျက်မယ်ဆိုတာ ရဲဘော်တို့ သိစေချင်တယ်။ ယနေ့ ဒီမှာ ပြောတာတွေအားလုံး စစ်သားတွေ သိပါစေ။ သိအောင် ပြောပြကြပါ။ အဲဒါ နောက်ဆုံးမှာကြားခြင်းပဲ။”

“ကျုပ်တို့ တိုင်းသူပြည်သားတွေဟာ သိပ်စိတ်ပျက်နေစရာ မလိုပါဘူး။ နောက်ထပ် စိတ်ပျက်စရာတွေ အများကြီး ရှိပါသေးတယ်။ နောက်ထပ် စိတ်ပျက်စရာတွေ အများကြီးရှိတယ်ဆိုပေမယ့် နောက်ဆုံးကျတော့ အောင်ဖို့ပါပဲ။”

“ကျွန်တော် သိပ်သဘောကျတာပဲ။ ဘုန်းကြီးတွေတောင် ခေတ်ပညာအတတ်တွေ တစ်ချို့သင်ကြား နေတယ်လို့ ကြားရတယ်။ ဘယ်ထိအောင် တော်တယ်၊ မတော်တယ်လို့တော့ မသိဘူး။ ဒီအတိုင်းသာ မှန်လို့ရှိ ယင် ဘုန်းကြီးများဟာ မိမိဘာသာရေးနဲ့လဲ မဆန့်ကျင်၊ တိုင်းပြည်အကျိုးရှိရာ ရှိကြောင်းအလုပ်တွေကို လုပ်ပေး ကြမယ်ဆိုယင် ဗမာပြည်ဟာ တိုးတက်ဖို့ နိမိတ်ပဲ။”

“နောက်ပြီးတော့ ပြည်သူတွေရဲ့အကျိုးကို တကယ်ကာကွယ်မယ့်သူတွေဟာ ပြည်သူတွေပဲ။ သည့်ပြင် လူတွေဆိုတာ ဒီလောက် မဖြစ်နိုင်ဘူး။”

“အဲဒါကြောင့် တိုင်းသူပြည်သားလူအများ၊ ခေါင်းဆောင်ဆိုတဲ့လူတွေကို ပြောလိုတာကတော့ တကယ် ကျွန် မဖြစ်ချင်ယင် ကျွန်မဖြစ်တဲ့နည်းလမ်းတွေ ရှာပြီးတော့ တကယ့်စွန့်စားမှုနှင့် တကယ့်အလုပ်တွေကို လုပ်ပြ ကြပါ။ အချောင်သမားအလုပ်တွေ၊ တပွဲထိုးဝါဒတွေ၊ ဒါမျိုးတွေနှင့် လုပ်မယ်ဆိုယင်တော့ ဗမာပြည် မစွန်နိုင်ဘူး ဆိုတာ တထစ်ချမှတ်ထားပါ။”

“ကျုပ်တို့ဟာ တိုင်းပြည်အကျိုးကို ရှေးရှုရမယ်။ လူတယောက်တလေ၊ တဖွဲ့တပါတီ၊ မုန်းရုံနဲ့ ကိုယ်ထင် တာကို လုပ်လို့ မဖြစ်ဘူး။ တိုင်းပြည်နာမှာကို ကြည့်ရမယ်။ ရာထူးတွေ သိပ်မလိုချင်နဲ့အုံး။ ဆာနေတဲ့လူတွေကို သိပ်မငြူစူကြပါနဲ့။ စားကြပါစေ။ သို့သော် သူတို့စားသလို ကိုယ်လိုက်စားချင်တာလဲ ခေါင်းဆောင်အစစ် မဟုတ် ဘူး။ ကိုယ့်ကိုယ်ကို တန်ဖိုးမထားတဲ့ လူညာခေါင်းဆောင်တွေပဲ။ ဘယ်သူဖြစ်ဖြစ် ခေါင်းဆောင်ဖြစ်ချင်ယင် ခေါင်းဆောင်လုပ်နိုင်တဲ့ အရည်အချင်းနဲ့ ပြည့်စုံပြီး လက်ရှိခေါင်းဆောင်တွေထက် တိုင်းပြည်ကောင်းအောင် ရွပ်ရွပ်ချွံချွံ လုပ်ကြပါ။”

“သူများနှာခေါင်းနဲ့အသက်ရှုပြီး တန်တန် မတန်တန် ရာထူး မလိုချင်ကြပါနဲ့။ ကိုယ့်ကိုယ်ကို တန်ဖိုးထား ကြပါ။ တိုင်းပြည်က အသိအမှတ်ပြုပြီး လိုက်လာတဲ့ ခေါင်းဆောင်မျိုး ဖြစ်အောင် လုပ်ကြပါ။ အရည်အချင်းလဲ မရှိ။ ဘယ်သူကမှ အသိအမှတ်ပြုလောက်အောင် စွန့်စားချက်လဲ မရှိ။ ကြီးကျယ်ချင်တဲ့လူတွေဟာ ဘယ်တော့ မှ ခေါင်းဆောင်မဖြစ်နိုင်ဘူး။ အဲဒီလူမျိုးတွေကိုတော့ ကျုပ်သဘောပြောမယ်ဆိုယင် ဘယ်တော့မှ လျှော့ဖယ် မပေးဘူး။ မညှာတန်း ကျုပ်တိုက်ဖျက်ပစ်မှာပဲ။ သို့သော်လဲ ကျုပ်ထက်သာတယ်လို့ ပြနိုင်တဲ့လူပေါ်ယင် ကျုပ်တို့တော့ ကိုယ့်ကိုယ်ကို တသက်လုံးခေါင်းဆောင်ဖြစ်အောင် ဘုရားသခင် ဖန်းဆင်းထားတယ်လို့ ယုံတဲ့လူ မဟုတ်ဘူး။ အဲဒီလို သာတဲ့လူကို ဖယ်ပေးဖို့ အသင့်ပဲ။ အဲဒါ နောက်ဆုံးစကားပဲ။

ပေးပို့သော NamNamအားကျေးဇူးတင်ရှိပါသည်။

0 အိန္ဒိယရှိ မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူများ ဆက်လက်ဆန္ဒပြလျှက်ရှိ




Myanmar Pro-democracy activists burn a poster of Myanmar leader senior general Than Shwe during a protest against his visit in New Delhi on July 28, 2010. Than Shwe received a red-carpet welcome in New Delhi as he began the formal leg of a five-day state visit to India amid protests and criticism from rights groups.

photo by gettyimages

Wednesday, July 28, 2010

1 အခုလိုမကောင်းမှုတွေကျူးလွန်ခဲ့တဲ့အတွက် မိုးကြိုးပစ်မှာကြောက်လို့အပေါ်ကိုမော့ကြည့်တာ

0 8888 flashback

အခု လာမယ့် ရှစ်ရက်နေ၊့  ရှစ်ရက်ရှစ်လရှစ်ဆယ့်ရှစ်မှာ ကျွန်တော်တို့ ကျောင်းသားတွေဦးဆောင်ပြီးတပြည်လုံးအတိုင်းအတာနဲ့ အထွေထွေသပိတ်ကြီး မှောက်ကြမယ်´´

ထိုတနေ့ ကို ကျွန်တော်မမေ့ပါ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာ အခြေစိုက် ဘီဘီစီသတင်းထောက် ခရစ်တိုဖာဂါးနက် နှင့် ကျွန်တော်တို့ အင်တာဗျူးလုပ်သောနေ့ ။ နှစ်စဉ် ဂျူလိုင်လ နောက်ဆုံးပတ်ရောက်တိုင်း အရာရာသည် အသစ်တဖန်ပြန်ဖြစ်၏။ အဖေ့ကို တခုတ်တရလွမ်းသည်။ ရှစ်လေးလုံးကို သတိကြမ်းကြမ်းရသည်။လုပ်ချင်တာတွေ တောက်လျောက်လုပ်ခဲ့ကြသော စိတ်တူကိုယ်တူသူငယ်ချင်းတို့ ထံ စိတ်က ပြေးသည်။

သည်အကြောင်းတွေ မပြောခင် ``ဂျွန်ကဖီး´´အကြောင်း ပြောမှဖြစ်ဦးမည်။ မြေနီကုန်း၊ ရွှေမန်းရုံဘေးတွင်ရှိသော လက်ဘက်ရည်ဆိုင်ဖြစ်သည်။ နှပ်ဖျော် ရသည်။ ရှုကွင်း ကောင်းသည်။ တခါတရံ ကိုမျိုးဇော် စပ်ပေးသော ပန့် ရှ် သောက်သည်။ သူ့ အခန်းထဲ ရှေးဟောင်းပန်းပုရုပ်တွေ ငေးလို့ ရသည်။` ဂျူး´ ရည်းစား ဖေသက်နီရှိသည်။ မြေနီကုန်းညဈေးထဲ လမ်းလျှောက်ကာ စာအုပ်အဟောင်းတန်းမွှေပြီး မောင်ပိန်ခေါက်ဆွဲကြော်ဆိုင်ထိုင်၏။ စား၏။ သောက်၏။ အရှာဘီကြက်သားသုတ်ကောင်းသည်။

နာကျင်စရာများက မတ်လ ၁၆ ရက်နေ့ တွင် ကျွန်တော့်ရင်ထဲ ထိုးစိုက်၏။ ချက်ကောင်းကို ဒုတ်ဒုတ်ထိ၏။``ဇော်ဇော် အင်းလျားကန်ဘောင်ပေါ်မှာ ပါသွားပြီ…´´။ ဌေးကြွယ်စကားကြားရပြီး ကျွန်တော်တို့ `တောက်´ပြိုင်တူခေါက်လိုက်ကြသည်။ အားလုံးလည်း အလဲလဲအကွဲကွဲနှင့် အသက်လု ထွက်ပြေးလာသူတွေ မဟုတ်ပါလား။ ဂျွန်ကဖီးမှာ ဇော်ဇော်ထိုင်ဖို့ ခုန်တလုံးချန်ထားပေးပြီး ၀မ်းနည်းကြောင်းပြကြသည်။ စကား ဟဟ မပြောနိုင်ကြ။ ဇော်ဇော် မရှိ။ ဒါပေသည့် ကျွန်တော်တို့ ၏ ဇော်ဇော်ရှိသည်။

နောက်တနေ့ မန္တလေးဆောင်ရှိ ကျွန်တော့်စာသင်ခုံကို ကျောခိုင်းပြီး `အာစီ´ရှေ့ ရောက်သည်။ ကျောင်းသားအရေး တောင်းဆိုကြသည်။ သမဂ္ဂဖွဲ့ ရေး ဟောကြသည်။ ဒီမိုကရေစီရေး ကြွေးကြော်ကြသည်။ လက်ခုပ်သံတွေ တဖျောင်းဖျောင်းမဆုံးခင် လုံထိန်းရဲတွေ ကျောင်းထဲဝင်လာပြီး ကျောင်းသားတွေကို ရိုက်ကြ၊ နှက်ကြ၊ ဖမ်းကြသည်။ ည ၇း၃၀ မှ ကျွန်တော်ကျောင်းဝင်းထဲမှ ခိုးကြောင်ခိုးဝှက်လွတ်မြောက်ခဲ့၏။ အကြမ်းပတမ်းဖမ်းချုပ်ခံရပြီး အော်ဟစ်လိုက်ပါသွားသော ဘ၀တူကျောင်းသားများကို ပြန်ပြန်မြင်ပြီး တညလုံးအိပ်မရ။´တောက်´ အကြိမ်ကြိမ်ခေါက်မိသည်။

``ဌေးကြွယ် ပါသွားပြန်ပြီ…´´။ သတင်းဆိုး။ မင်္ဂလာမရှိသော သတင်းကိုကြားရ၏။ ကျောင်းတွေပိတ်လိုက်သော်လည်း ဂျွန်ကဖီး မပိတ်။ ဌေးကြွယ်နှင့် ဇော်ဇော် မရှိငြား ကျွန်တော်တို့ ၏ ဂျွန်ကဖီးဝိုင်းကားကျန်ရစ်သူများနှင့် ဆက်ဖွင့်ထားဆဲ။ ကျွန်တော်တို့ အားလုံးစိတ်ထဲ တခုခုလုပ်ချင်နေသည်။ မီးပွိုင့်မှ အချက်ပြမီးတွေကို ခဲနှင့် ထုချင်သည်။ တုတ်နှင့် ပြေးခုန်ရိုက်ချင်သည်။ ၁၉ နှစ်သား ကျွန်တော့်ခေါင်းထဲ သွေးပွက်ပြီ။

ဂျွန် ၂၁ ရက် နံမည်ကျော်မြေနီကုန်းအရေးအခင်းကဖြင့် ကျွန်တော်လွဲရသည်။ သို့ သော် ကိုယ်တိုင်ဆင်နွဲလိုက်ရသော ထင်အောင်၏ မြိန်ရည်ရှက်ရည်ပြောပြသမျှကို နားထောင်ပြီး အကျေနပ်ကြီးကျေနပ်ရ၏။ ``ထောင်ထဲရောက်နေတဲ့ ငါတို့ သူငယ်ချင်းတွေအတွက်´´ဟုဆိုကာ `ချီးယား´ လုပ်ကြသည်။ လူထုသည် ကျောင်းသားတွေကို သနား၏။ ကျောင်းသားတွေဘက် မားမားရပ်သည်။

ဆဲဗင်းဂျူလိုင်ည။ ဌေးကြွယ်နှင့် ဇော်ဇော် ပြန်လွတ်သည်။ အရင်တုန်းက ဂျွန်ကဖီး ကို ကျွန်တော်တို့ ပြန်မြင်ရပြီ။ မြေနီကုန်းဂျွန်ကဖီးသည် ကျွန်တော်တို့ ဆုံရပ်။ လိုချင်တာ အကုန်ရသည်။ ဖြစ်ချင်တာ အားလုံးဖြစ်နိုင်သည်။ သက်ဝင်လှုပ်ရှားလှသည်။ တခါတရံ တနေရာရာတွင် မိုးစင်စင်လင်းသွားတတ်သေး၏။

သို့ သော် အားလုံး၏ ရင်ဘတ်အောက်အနက်ဆုံးတနေရာဝယ် ဆူးတချောင်းကား တွင်တွင်ထိုးစိုက်နေဆဲ။မဆလ အစိုးရ၏ ကျွန်တော်တို့ ကျောင်းသားတွေအပေါ် လူမဆန်သောရမ်းကားနှိပ်စက်မှု `ဆူး´…။ ထိုဆူးကိုဆွဲနှုတ်ပြီး အပိုင်းပိုင်းချိုးပစ်ရဦးမည်။ မတိုင်ပင်ဘဲ အားလုံးဆုံးဖြတ်ထားနှင့်ပြီ။

နိုင်ငံခြားအသံလွှင့်ဌာနသတင်းတွေကို လူတွေပိုနားထောင်လာသည်။ လူတွေ၏ ခံစားမှုနှင့် အစပ်အဟပ်တည့်သည်။ မြန်မာ့ရုပ်မြင်သံကြားသတင်းနှင့် ကျောင်းသားတို့ ၏ တကယ့်အဖြစ်အပျက်များမှာ အကြီးအကျယ်လွဲ ၏။ ကျောင်းသားထု ပို ဒေါသထွက်ရသည်။ ပြည်သူတွေ မခံမရပ်နိုင်ဖြစ်ကြသည်။ ဂျွန်ကဖီးမှ ကျွန်တော်တို့ စကားဝိုင်း၏ ဦးတည်ရာသည် မဆလပါတီဖြုတ်ချရေးဖြစ်လာသည်။ အသံမြင့်လာကြသလို အရှိန်လည်း တက်လာကြသည်။ ကျောင်းသားတွေဘာလုပ်မလဲ ပြည်သူတွေနားစွင့်၏။

ဂျူလိုင်နောက်ဆုံးပတ် နေ့ တနေ့ ဖြစ်သည်။ ဂန္ဒမာလမ်း၊ ဌေးကြွယ်အိမ်တွင် ဒဂုန်ခင်ခင်လေး၏စာဆိုတော်ဝတ္ထုအကြောင်း၊ သီပေါဘုရင် အလွဲများအကြောင်း သူနှင့်ကျွန်တော် စကားကောင်းနေတုန်း ထင်အောင်ဖုန်းဆက်သည်။ ``သတင်းထောက်တယောက်နဲ့ စကားပြောဖို့ ရှိတယ်၊ နေရာအခက်အခဲဖြစ်နေတယ်၊ မင်းကူညီနိုင်မလား…´´ဟု ဌေးကြွယ်အကူအညီတောင်းသောအခါ ကြာကြာမစဉ်းစားလိုက်ရပါ။ ``ငါ့အိမ်မှာ
လုပ်မယ်´´ လို့ ကျွန်တော်ပြောတော့ သူဝမ်းသာသွားသည်။

ထင်အောင်၊ ဌေးကြွယ်၊ ဌေးအောင်၊ ကိုကိုလတ်၊ တင်မောင်မောင်ထွေး၊ အေးငြိမ်းသူ၊ ကေခိုင်၊ ကေခိုင့်မိတ်ဆွေအမျိုးသမီးတယောက်နှင့် ကျွန်တော်တို့ ဘီဘီစီသတင်းထောက်ခရစ်တိုဖာဂါးနက်နှင့် ကျွန်တော့်အခန်းထဲ အင်တာဗျူးလုပ်ကြသည်။ သူ့ ကင်မရာဖြင့် ကျွန်တော်ဓာတ်ပုံရိုက်ပေးရသည်။ တင်မောင်မောင်ထွေးစကားပြန်လုပ်သည်။ ကျောင်းသူတွေ မုဒိန်းကျင့်ခံရကြောင်း အေးငြိမ်းသူပြောတော့ ယောက်ျားလေးတွေအခန်းပြင်ထွက်ပေးရသေးသည်။ တယောက်စီပြောခိုင်းသည်။ ကျန်တာ ဘာမှမသိကြတော့။ မဆလပါတီ
ပြုတ်ကျရေးနှင့် ဒီမိုကရေစီရေးသာ ကျွန်တော်တို့ သိသည်။ အန္တရယ် မသိ။ ထောင် မသိ။ ကြိုး မသိ။ နောက်ဆုံး မိမိအသက်ကိုပင် ဂရုမစိုက်နိုင်အားတော့။

အဖေက လက်ဖက်သုတ်၊ ရေနွေးကြမ်းနှင့် ဧည့်ခံသည်။ အင်တာဗျူးပြီးတော့ ခရစ်တိုဖာဂန်းနက်က လက်ဘက်သုတ်ကောင်းကြောင်း ချီးမွှမ်းသည်။ အဖေနှင့် အိမ်သားများကို ပြုံးပြသည်။ ကျွန်တော်တို့ နှင့် လည်း အပြန်အလှန်လက်ဆွဲနှုတ်ဆက်ကြသည်။ အပေါ်ထပ်ဝရံတာမှ ရပ်ကြည့်နေသော ကျွန်တော်နှင့်ဌေးကြွယ်ကို အငှားလေးဘီးကားပေါ်မှ ဂါးနက်တယောက် လက်ဝှေ့ ယမ်းနှုတ်ဆက်ထွက်ခွာသွားတော့သည်။ အချိန်ကား စုစုပေါင်း တနာရီခွဲခန့် ကြာမည်ထင်၏။ ထိုတနာရီခွဲကို ကျွန်တော့်နောက်ဆုံးတိုင် အမှတ်တရ ဖြစ်နေပါဦးမည်။

``ဂျွန်ကဖီး´´မရှိတော့ပြီ။

၁၈ ချမ်းသာလမ်း၊ စမ်းချောင်း နှစ်ထပ်အိမ် မရှိတော့ပြီ။

အဖေ မရှိတော့ပြီ။

ထိုအင်တာဗျူးတွင် ပါဝင်ခဲ့ကြသူများ မြေပြင်ပေါ်တွင်အသက်ရှင်သန်လျက် တကွဲတပြား ရှိနေကြဆဲ။

သူတို့ အားလုံး၏ သဘောထားစစ်စစ်များကို စိတ်အေးလက်အေးပြောခွင့်ရဖို့ ကျွန်တော်တို့ ခရီးထွက်နေရဦးမည်........။

ပေးပို့သော .koaungmyohtunအားကျေးဇူးတင်ရှိပါသည်။

0 စစ်အစိုးရခေါင်းဆောင်နဲ့ အိန္ဒိယခရီးစဉ်







Tuesday, July 27, 2010

0 နအဖစစ်အာဏာရှင်သံဃာသတ်သမားသန်းရွှေ၏ အိန္ဒိယခရီးစဉ်ဒုတိယနေ့ မြင်ကွင်း

0 Made in Foreign


နာရေးကူညီမှုအသင်း(ရန်ကုန်)သည် နာရေးကိစ္စများကို အခမဲ့ ဖေးမကူညီ ပံ့ပိုးမှုများ ပြုလုပ် ပေးရာ၌ အအေးခန်းထားရှိပေးခြင်း၊ မီးသင်္ဂြိုလ်ပေးခြင်းများကို ပိတ်ရက် နားရက်မရှိ နေ့စဉ် ထမ်းဆောင် ပေးလျှက်ရှိပါသည်။ ၂၀၀၁ ခုနှစ် ဇန်န၀ါရီလ (၁) ရက်နေ့မှ စတင်၍ ၂၀၁၀ ခုနှစ် ဇူလိုင် (၂၅) ရက်နေ့အထိ နာရေးကူညီမှုပေါင်း (၉၀၆၀၂) ဦး အခမဲ့ ကူညီပေးခဲ့ပြီး ဖြစ်ပါသည်။

မီးသင်္ဂြိုလ်ပေးရာ၌ (၁) ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ (၂) သစ်တောမပြုန်းတီးရေး၊ (၃) ငွေကြေးကုန်ကျမှု လျော့ချရေး တို့အတွက် ရည်ရွယ်၍၄င်း နာရေးရှင်များ စိတ်ချမ်းသာမှု ရရှိရန် အဓိကထား၍ သစ်သားအခေါင်းများအစား မှန်ခေါင်း၊ အလူမီနီယံခေါင်းတို့ဖြင့် အသုံးပြုကာ မီးသင်္ဂြိုလ် စက်ခန်းအတွင်းသို့ ရုပ်အလောင်းရောက်ရှိမှသာ စက်ခန်းတံခါးပိတ်ပြီး ရုပ်အလောင်းအား အသင်းမှ ပြုလုပ်ထားသော သစ်သားကဒ်ပေါ် ရုပ်အလောင်းကို ပြောင်းရွှေ့၍ မီးသင်္ဂြိုလ်စက်ထဲသို့ ထည့်ကာ မီးသင်္ဂြိုလ်မှုကို ပြုလုပ်ဆောင်ရွက် ပေးပါသည်။

အချို့သော နာရေးကိစ္စရပ်များတွင် နာရေးရှင်တို့သည် ဂူသွင်းသင်္ဂြိုလ်ခြင်းများကို ပြုလုပ်လျက်ရှိသည်။ ထိုသို့ ဂူသွင်းသင်္ဂြိုလ်ရာ၌ သစ်သားအခေါင်းများကို အသုံးပြုကြရသည်။ ထိုအခါ သစ်သားအခေါင်းများ၏ တန်ဖိုးစရိတ်မှာ ( ၅ သိန်း၊ ၁၀ သိန်း၊ ၅၀ သိန်း ) စသဖြင့် ဈေးနှုန်းများ အသီးသီး ရှိသည်။ ထိုသို့သောအခါတွင် နာရေးကူညီမှုအသင်း(ရန်ကုန်)သည် နာရေးရှင်တို့ အဆင်ပြေစွာဖြင့် ဂူသွင်းသင်္ဂြိုလ်နိုင်ရန် အသင်းတွင်ရှိသော အသင့်လုပ်ပြီးသား နိုင်ငံခြားဖြစ် အခေါင်း များဖြင့် အခမဲ့ အကူအညီ ပေးလျှက်ရှိပါသည်။ ထို နိုင်ငံခြားဖြစ် အခေါင်းများသည် သစ်သားအခေါင်း၊ ဖိုက်ဘာအခေါင်းများ၊ အလူမီနီယံအခေါင်းများ ဖြစ်ကြသည်။ နိုင်ငံရပ်ခြားတွင် ဆုံးပါးသွားကြသော မြန်မာလူမျိုးများကို အမိမြန်မာပြည်သို့ သယ်ဆောင်သင်္ဂြိုလ်ပေးခြင်းများ ပြုလုပ်ရာတွင် နိုင်ငံရပ်ခြားမှ လေယာဉ်ဖြင့် သယ်ဆောင်လာသော ရုပ်အလောင်းများအား နိုင်ငံခြားဖြစ် အခေါင်းများဖြင့် ရုပ်အလောင်းအား ထည့်သွင်းသယ်ဆောင်ကာ မီးသင်္ဂြိုလ်ရာတွင် ယင်းအခေါင်းများအား ထည့်သွင်း မီးသင်္ဂြိုလ်ခြင်း မပြုဘဲ နာရေးကူညီမှုအသင်း(ရန်ကုန်) အစီအစဉ်ဖြင့် သစ်သားကဒ်များဖြင့် မီးသင်္ဂြိုလ်ပေးပြီး ကျန်ရစ်သော နိုင်ငံခြားဖြစ် အခေါင်းအား နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ပေးလှူ ထားခဲ့ခြင်း ဖြစ်သည်။ ယင်းကဲ့သို့ လှူဒါန်းမှုများ မြောက်များစွာရှိသည့်အနက် ယနေ့ ၂၆.၇.၂၀၁၀ (၀ါဆိုလပြည့်) နေ့တွင် ထူးထူးခြားခြား တိုက်တိုက်ဆိုင်ဆိုင် နိုင်ငံခြားဖြစ် အခေါင်း လှူဒါန်းသော အလှူရှင် (၂) ဦး ရှိခဲ့ပါသည်။

Easten Honesty ကယ်မီကယ်လ် ဓါတုပစ္စည်းများ တင်ဆောင်သော ပင်လယ်ကူးသဘောင်္ သည် ၁၂.၇.၂၀၁၀ ရက်နေ့၌ တောင်တရုတ်ပင်လယ်တွင် မီးလောင်ပေါက်ကွဲမှု ဖြစ်ခဲ့ရာ မြန်မာနိုင်ငံသား သဘောင်္သား (၃) ဦး ဒဏ်ရာ အကြီးအကျယ် ရရှိခဲ့သည့်အနက် ဦးထွန်းထွန်းဝင်း အသက် (၃၉) နှစ်သည် မလေးရှား နိုင်ငံ ဆေးရုံမှ အရေးပေါ် စင်ကာပူဆေးရုံသို့ လွဲပြောင်းကုသခဲ့ရာ ၂၂.၇.၂၀၁၀ နေ့တွင် ကွယ်လွန်အနိစ္စ ရောက်ခဲ့သည်။ သေဆုံးသူ၏ ရုပ်အလောင်းအား ကာယကံရှင် တို့၏ ဆန္ဒအရ မြန်မာပြည်သို့ ပြန်လည် သယ်ဆောင်သင်္ဂြိုလ်ပေးခြင်း ပြုလုပ်ခဲ့ရာ လေယာဉ်ဖြင့် ရုပ်အလောင်း သယ်ဆောင်လာသော ဖိုက်ဘာအခေါင်းအား ၂၆.၇.၂၀၁၀ ရက်နေ့တွင် ရေဝေးသုဿန်၌ မီးသင်္ဂြိုလ်ခြင်း အခမ်းအနား ပြီးဆုံးသွားချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လာရောက်လှူဒါန်း ပေးအပ်ခဲ့ပါသည်။

နောက်တစ်ဦးဖြစ်သော ဦးဇေယျာစိုး အသက် (၃၇) နှစ်သည် မလေးရှားနိုင်ငံ ဂျို့ဟိုးဆိပ်ကမ်း တွင် အလုပ်လုပ်စဉ် နှလုံးသွေးကြောပိတ်ရောဂါဖြင့် ဂျို့ဟိုးဆေးရုံတွင် ၁၈.၇.၂၀၁၀ နေ့ရက်တွင် ကွယ်လွန်အနိစ္စ ရောက်ခဲ့သည်။ ရန်ကုန်သို့ ကာယကံရှင်တို့၏ ဆန္ဒအရ ၂၃.၇.၂၀၁၀ နေ့ရက်တွင် ပြန်လည်သယ်ဆောင်လာပြီး ထိန်ပင်သုဿန် အအေးခန်းတွင် ထားရှိကာ ၂၆.၇.၂၀၁၀ ရက်နေ့တွင် ထိန်ပင်သုဿန်၌ပင် မီးသင်္ဂြိုလ်ခဲ့ပြီးနောက် ကျန်ရစ်သူမိသားစုမှ နာရေးကူညီမှုအသင်း(ရန်ကုန်) သို့ မလေးရှားနိုင်ငံလုပ် ဖိုင်ဘာအခေါင်းအား လှူဒါန်းပေးအပ် ခဲ့ပါသည်။

ဤကဲ့သို့ နာရေးကူညီမှုများ အကူအညီပေးရာတွင် အချို့သော နာရေးရှင်များသည် ရုပ်အလောင်းအား သယ်ဆောင်ရာတွင် မော်တော်ယာဉ်၊ နိဗ္ဗာန်ယာဉ် အကောင်းစား၊ ဂျပန်နိုင်ငံတွင် အသုံးပြုသော နိဗ္ဗာန်ယာဉ် အကောင်းစားတို့ဖြင့် အကူအညီပေးရန် တောင်းဆိုကြသည်။ အမှန်စင်စစ် မည်သည့် နိဗ္ဗာယာဉ်ဖြင့် သယ်သယ်၊ မည်သည့် အခေါင်းဖြင့် သင်္ဂြိုလ် သင်္ဂြိုလ် နောက်ဆုံးတော့ မီးခိုး နဲ့ပြာ ဖြစ်မှာမလွဲပင်။ သေဆုံးသွားသူနှင့် ပါသွားမည်ကား ကုသိုလ် အကုသိုလ် သီလတို့ပင် ဖြစ်တော့သည်။

ထို့ကြောင့် … ယင်းကဲ့သို့ လှူဒါန်းဒါန ပြုခဲ့ကြသော ဦးထွန်းထွန်းဝင်းနှင့် ဦးဇေယျာစိုး တို့အား ရောက်ရာ ဘုံဌာနမှ သာဓု ခေါ်ဆိုနိုင်ရန် အမျှ … အမျှ … အမျှ ပေးဝေငှ လိုက်ပါ၏။

သတင်းနှင့်ဓာတ်ပုံ။ ။ ကိုကျော်သူ

Monday, July 26, 2010

0 ရွေးကောက်ပွဲကို ပြည်သူအားလုံး သပိတ်မှောက်သင့်ကြောင်း ဦးဝင်းတင်ပြောကြား


စစ်အစိုးရကျင်းပမယ့် ရွေးကောက်ပွဲကို ပြည်သူတွေ ဆန့်ကျင်သပိတ်မှောက်ခြင်း အားဖြင့် ၂၀ဝ၈ ခုနှစ် အခြေခံဥပဒေကြောင့် တိုင်းပြည်ရဲ့ အနာဂတ်မှာ ကြုံရနိုင်တဲ့ အဆိပ်အတောက် ဘေးအန္တရာယ်တွေကို ကြိုတင်ရှောင်ရှား နိုင်မှာ ဖြစ်တယ်လို့ NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်က ရှင်းလင်းပြောကြားပါတယ်။

စစ်အစိုးရ ကျင်းပမယ့် ရွေးကောက်ပွဲကို ဆန့်ကျင် သပိတ်မှောက်ဖို့ NLD ပါတီက ဘာ့ကြောင့် ဆုံးဖြတ်ရတာလဲ၊ ဒေါ်အောင်ဆန်းစုကြည်ကရော ရွေးကောက်ပွဲ သပိတ်မှောက်ရေးနဲ့ ပတ်သက်လို့ ဘယ်လို တိုက်တွန်းထားသလဲ ဆိုတာတာတွေနဲ့ ပတ်သက်လို့ ဦးဝင်းတင်ကို အာအက်ဖ်အေ အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်းထားပါတယ်။
(Rfa)

Sunday, July 25, 2010

0 မကောင်းဆိုးရွားသန်းရွှေ၊ငရဲပြည်သို့သွားဟူသောစာတမ်းများဖြင့် အိန္ဒိယတွင်ဆန္ဒပြပွဲယနေ့ပြုလုပ်




0 အပြိုင်အဆိုင် ပေးဆပ်မှုများ

နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အများပြည်သူတို့အား သောက်သုံးရေ ရရှိရေးအတွက် အ၀ီစိတွင်း တူးဖော်ခြင်း နှင့် အုတ်ရေကန်များ တည်ဆောက်လှူဒါန်းခြင်း အစုစုတို့အတွက် “အများ ပြည်သူအတွက် အများပြည်သူ ကောင်းမှု နာရေးကူညီမှုအသင်း(ရန်ကုန်)”ဟု ကမ္ဗည်းရေးထိုးကာ ဒေသခံ လူမှုရေးသမားများ ဖြစ်ကြသော ပြည်မြို့ ပရဟိတလူငယ်အဖွဲ့ (ကိုညီညီအောင်၊ ကိုမိုးကြီး)နှင့် လူငယ့်အားမာန် ပရဟိတလူငယ်အဖွဲ့ (ပုတီးကုန်း) တို့နှင့် ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ပဲခူးတိုင်း၊ ပြည်မြို့၊ သဲကုန်းမြို့နယ်၊ ပုတီးကုန်းတိုက်နယ် အတွင်းရှိ ဇီးကုန်းလေး ကျေးရွာ၊ သက္ကယ်ချင်းကုန်းကျေးရွာ၊ ပန်းတောင်းမြို့နယ်ရှိ မကျည်းစုကျေးရွာနှင့် ပြည်မြို့ ရွှေပေါက်ပင်ကျောင်းတိုက်တို့တွင် ရေစက်သွန်းချ၍ ကျေးရွာများသို့ အပ်နှံပွဲကိုလည်း ၁၉.၇.၂၀၁၀ ရက်နေ့တွင် အောင်မြင်စွာနှင့် ကျင်းပပြီးစီးခဲ့သလို ယခု ပဲခူးတိုင်းရှိ ခနီးကျေးရွာ၊ ခနာကျေးရွာ၊ ကျောင်းတိုက်ကျေးရွာ၊ ညောင်ပင်ကန်ကျေးရွာ၊ လက်ပံကုန်းကျေးရွာနှင့် စက်ကုန်းကျေးရွာ တို့တွင်လည်း နာရေးကူညီမှုအသင်း(ရန်ကုန်)နှင့် ပူးပေါင်း၍ ပဲခူးမြို့ ဒေသခံ လူမှုရေးသမား ပရဟိတလူငယ်အဖွဲ့ (ကိုသူရိန်ဝင်း)တို့ ဦးဆောင်၍ တူးဖော်တည်ဆောက်ခြင်း၊ သောက်သုံးရေ သယ်ဆောင်ရန်အတွက် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရန် ကွန်ကရစ်လမ်း ခင်းပေးခြင်း၊ ရေတူးဖော်ရာအရပ်သို့ မော်တော်ယာဉ်နှင့် သွားလာ၍ မရသော ဒေသများသို့ ခက်ခဲစွာ စက်လှေဖြင့် တူးဖော်ရေးပစ္စည်းများ သယ်ဆောင်၍ နေညမအား လုပ်ကိုင်ဆောင်ရွက် ပေးဆပ်ခဲ့ရာ မကြာမီ အချိန်ကာလတွင် ရေစက်သွန်းချ အမျှပေးဝေ လှူဒါန်းအပ်နှံ သွားတော့မည် ဖြစ်ပါသည်။

ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)နှင့် ပူးပေါင်း၍ ပေးဆပ်ကြသော နယ်ခံအသီးသီးမှ လူငယ်ပရဟိတအဖွဲ့၊ လူမှုရေးအဖွဲ့များသည် မြန်မာပြည်သား အချင်းချင်း ရိုင်းပင်းကူညီသော စိတ်ဓါတ်ဖြင့် ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ သတ်မှတ်ထားသော အလှူငွေ အတိုင်းအတာအတွင်း အများပြည်သူတို့အတွက် အကောင်းဆုံး၊ အခန့်ညားဆုံး၊ အခိုင်ခံဆုံး၊ အသုံးအ၀င်ဆုံး၊ အကျိုးအရှိဆုံး ဖြစ်စေရန်အတွက် စေတနာရှေ့ထား၍ သီလလုံစွာ ကိုယ့်ရပ် ကိုယ့်ဒေသအတွက် အပြိုင်အဆိုင် ပေးဆပ်မှုများသည် တိုင်းပြည်တစ်ပြည်၏ အဖိုးမဖြတ် နိုင်သော အနာဂတ် မျိုးဆက်သစ်များ၏ ကောင်းသော ပေးဆပ်မှုတို့ပင် ဖြစ်တော့သည်။

ကျော်သူ

2 အိန္ဒိယသွားမဲ့ စစ်အစိုးရခေါင်းဆောင် သန်းရွှေအတွက် သံဝေဇနိယ







 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.