Saturday, April 9, 2011
0 ငြိမ်းချမ်းရေးနေအိမ်ထဲက “ဆရာပါ”
ငြိမ်းချမ်းရေးနေအိမ်ထဲက “ဆရာပါ”
      ၂၀၀၈ ခုနှစ်၊ ဒေါ်ပတ္တမြားခင်မွေးနေ့ အထိမ်းအမှတ်ဆွမ်းကျွေးအလှူပွဲကို ပြည်လမ်းရှိ တိပိဋကတ်ဘုန်းတော်ကြီးကျောင်း၌ ကျင်းပစဉ် ဆရာပါရဂူမှ “ကိုကျော်သူ ခင်ဗျားရဲ့ အတ္ထုပတ္တိ၊ ခင်ဗျားရဲ့ သမိုင်းကြောင်းစာအုပ်ကို ကျွန်တော်ရေးအုံးမယ်ဗျာ” တဲ့။
      ၂၀၀၉ ခုနှစ်၊ နိုဝင်ဘာလ (၂) ရက်နေ့ ကျွန်တော်၏ မွေးနေ့ပွဲအမှတ်တရအဖြစ် Kyaw Thu’s Art Zone ပန်းချီပြပွဲလုပ်စဉ်က “ကိုကျော်သူ ခင်ဗျားက စုတ်တံကိုင်ပြီး တော်လှန်ရေးလုပ်နေတဲ့ သူရဲကောင်းပဲ။ ခင်ဗျားရဲ့အကြောင်းကို ကျွန်တော်ရေးအုံးမယ်ဗျာ” တဲ့။
      ၂၀၁၀ ခုနှစ်၊ နေမျိုးဆေးရဲ့ ပန်းချီပြပွဲမှာ နောက်တစ်ကြိမ် “ကိုကျော်သူ ခင်ဗျားတို့ သုခအလင်း စာကြည့်တိုက်ကို ကျွန်တော် ပါရဂူရှန်တိနိကေတန် စာကြည့်တိုက်က စာအုပ်တွေ လှူချင်တယ်ဗျာ။ လာယူအုံး။ ကိုကျော်သူက တိုက်ပွဲဝင်နေတဲ့ အနုပညာသမား” တဲ့။
      တစ်လေးလုံးနေ့ (၁.၁.၂၀၁၁) နှစ်သစ်ကူးနေ့ ကျွန်တော့်၏ဇနီး ရွှေဇီးကွက်မွေးနေ့ အမှတ်တရ Kyaw Thu’s Art Zone Vol:2 ဒုတိယအကြိမ်မြောက် ပြပွဲလုပ်တဲ့နေ့ အဲဒီနေ့ကလည်း ဆရာပါက “ကိုကျော်သူ ခင်ဗျားကို ကျွန်တော်ပြောရအုံးမယ်။ ခင်ဗျားလို လူမှုတော်လှန်ရေး အနုပညာသမားတွေ ကျွန်တော်တို့နိုင်ငံမှာ အများကြီးလိုတယ်။ ခင်ဗျားရဲ့ရေးချက်တွေက တော်လှန် ရေး ရေးချက်တွေ။ ပေါက်ကွဲမှုရေးချက်တွေ။ ငြိမ်းချမ်းမှုရေးချက်တွေ။ ဒီလိုလူမျိုးအကြောင်းကို ကျွန်တော်ရေးအုံးမယ်” တဲ့။ ဒါကြောင့် ကျွန်တော်အဲဒီတုန်းက ဆရာပါကို ပြန်ပြောကြားခဲ့တယ်။ “ဆရာပါရေ သမိုင်းကြောင်းတွေရေးမယ်ဆိုရင် မြန်မြန်သာရေးလိုက်ပါတော့။ ကျွန်တော်မသေခင် ဖတ်သွားချင်ပါရဲ့။ သေပြီးမှထွက်လာတဲ့ စာအုပ်တစ်အုပ်ကို ကျွန်တော်ခံစားလို့၊ ဖတ်ရှုလို့ရတော့မှာ မဟုတ်ဘူး” လို့။ အဲဒီမှာ ဆရာပါက “ရေးထားပြီးပါပြီ။ ကျွန်တော့်ရဲ့ နှလုံးသားထဲမှာ၊ ဦးနှောက်ထဲမှာ၊ စာရွက်ပေါ်ချမရေးရသေးတာ တစ်ခုပါဘဲ၊ စာမျက်နှာပေါ်ကနေ ခင်ဗျားအကြောင်း ချရေးခွင့်ရတဲ့နေ့ တစ်နေ့၊ စာဖတ်ပရိတ်သတ် အများပြည်သူဖတ်ရှုခွင့်ရတဲ့ အချိန်ကာလကြရင် ခင်ဗျားရဲ့ အတ္ထုပတ္တိ၊ ကျွန်တော့်ရဲ့ဆန္ဒကို အကောင်အထည်ဖော်တော့မှာပါ” တဲ့။ အဲဒီလိုနဲ့ အဲဒီအချိန် အဲဒီကာလတစ်ခုကို စောင့်စားရင်း၊ မျှော်လင့်ရင်းနဲ့ . . . . ။
      ခုတော့ ဆရာပါ ဆုံးရှာပြီ။ ကမ္ဘာမြေကြီးက ထွက်ခွာသွားရှာပြီ။
      ဆရာရေးချင်တဲ့ ဆရာတင်ပြချင်တဲ့ ကျွန်တော့်ရဲ့သမိုင်းကတော့ တည်ရှိနေဆဲ၊ ရှင်သန်နေဆဲ။ တကယ်တော့ သမိုင်းဆိုတာ ကိုယ့်သမိုင်း ကိုယ်ရေးရတာပါ ဆရာရယ်။ ကျွန်တော့်သမိုင်းကောင်းဖို့ ကျွန်တော်ဖန်တီးရမှာပါ။ ကျွန်တော့်သမိုင်းလှဖို့ ကျွန်တော်တည်ဆောက်ရမှာပါ။
      ဆရာပါ . . . ဆရာကတော့ ဆရာသမိုင်းကောင်းဖို့ ဆရာဖန်တီးခဲ့ပြီပဲ။ ဆရာသမိုင်းလှဖို့ ဆရာတည်ဆောက်ခဲ့ပြီပဲ။ ဒါအပြင် အနာဂတ်မြန်မာပြည်ရဲ့ သမိုင်းလမ်းကြောင်း သာယာလှပဖို့ ဆရာ လမ်းဖွင့်လှစ်ပေးခဲ့ပြီပဲ။ ဆက်လျှောက်လှမ်းဖို့ ကျွန်တော်တို့အားလုံးရဲ့ တာဝန်ပဲ။ ကမ္ဘာမြေပြင်မှ ထွက်ခွာသွားလေသူ ဆရာပါတစ်ယောက် ရှန်တိနိကေတန် (သို့) ငြိမ်းချမ်းရေးနေအိမ် အဆောက်အ အုံထဲမှာ ရှင်သန်ပျော်မွေ့နေမယ်လို့ ယုံကြည်လျက် . . . . ။
ကျော်သူ
      {“ပါရဂူ ရှန်တိနိကေတန် စာကြည့်တိုက်”ကို ထူထောင်သူ စာရေးဆရာကြီး ပါရဂူ အသက် (၉၁) နှစ်သည် ၉.၄.၂၀၁၁ (စနေနေ့) နံနက် (၉း၃၀) အချိန်တွင် ရန်ကုန်မြို့၊ အာရှတော်ဝင်ဆေးရုံ ကြီး၌ ကွယ်လွန်သွားပြီဖြစ်ပါသည်။ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဥက္ကဌ ဦးကျော်သူ၊ အတွင်းရေး မှူး ဒေါ်သန်းမြင့်အောင်နှင့် အသင်းသားများသည် ဆရာပါရဂူ၏ ရုပ်အလောင်းအား ရေဝေးသုဿန် ရှိ အအေးခန်းသို့ သယ်ယူပို့ဆောင်ပေးခဲ့ပါသည်။ ဆရာပါရဂူ၏ နောက်ဆုံးနှုတ်ဆက်ခြင်း အခမ်းအနား ကို ၁၁.၄.၂၀၁၁ (တနင်္လာနေ့) ညနေ (၅း၀၀) နာရီတွင် ရေဝေးသုဿန်၌ ကျင်းပမည်ဖြစ်ပါသည်။}
0 အသင့်အနေအထား မျိုးဆက်သစ်ကလေးငယ်များ
အသင့်အနေအထား မျိုးဆက်သစ်ကလေးငယ်များ
      မဟာသင်္ကြန်ပွဲတော်အပြီး ၂၃.၄.၂၀၁၁ (စနေ) နေ့တွင် ကျင်းပမည်ဖြစ်သော နာရေးကူညီမှု အသင်း(ရန်ကုန်)၏ (၁၀) နှစ်မြောက် ဈေးရောင်းပွဲအခမ်းအနားအား နံနက် (၉း၀၀) နာရီမှ ညနေ (၄း၀၀) နာရီအထိ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ပါသည်။ ထိုသို့ နာရေးကူညီမှုအသင်း (ရန်ကုန်) ၁၀ နှစ်ပြည့် အခမ်းအနားတွင် ကျေးဇူးရှင် စာရေးဆရာ၊ ဒါရိုက်တာ နာယကကြီး ဘဘ ဦးသုခအား ဂုဏ်ပြုမှတ်တမ်းတင်သည့်အနေဖြင့် ဘဘ ဦးသုခ၏ ကျောက်ရုပ်ဖွင့်ပွဲကိုပါ နံနက် (၉း၀၀) နာရီအချိန်တွင် စတင်ဖွင့်လှစ်ရန် ရည်ရွယ်ထားပါသည်။ နာရေးကူညီမှုအသင်း(ရန်ကုန်)အား စတင်မျိုးစေ့ချပေးခဲ့သော ဘဘ ဦးသုခအား နောင်လာနောင်သားများ သိရှိအမှတ်ရစေလိုသော ဆန္ဒဖြင့် ဘဘ ဦးသုခ၏ ရုပ်ထုအားထုလုပ်ကာ နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးချုပ်ရှေ့ မြက်ခင်း ပြင်တွင် ထားရှိမည်ဖြစ်ပါသည်။
      နာရေးကူညီမှု အသင်း(ရန်ကုန်)၏ (၁၀) နှစ်မြောက် ဈေးရောင်းပွဲအခမ်းအနားတွင် လူမှုရေး သမား ဂီတပညာရှင်များမှ ကြွရောက်လာသော ဧည့်ပရိတ်သတ်များအား တီးခတ်ဖျော်ဖြေပေးခြင်း၊ အမှတ်တရပစ္စည်းများ ရောင်းချခြင်း၊ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အများပြည်သူတို့အား ဖေးမ ကူညီမှုများကို လိုက်လံရှင်းလင်းပြသခြင်း၊ သုခကုသိုလ်ဖြစ်ဆေးခန်း၏ ဆေးကုသမှုများကို လိုက်လံ ရှင်းလင်းပြသခြင်း၊ စားဖွယ်သောက်ဖွယ်များကို ရောင်းချပေးခြင်းတို့အပြင် မျိုးဆက်သစ် ကလေးငယ် များ၏ အကပဒေသာ၊ မြန်မာ/အင်္ဂလိပ် သီချင်းများဖြင့် ဖျော်ဖြေပေးခြင်းနှင့် နာရေးကူညီမှုအသင်း (ရန်ကုန်)၏ အဆောက်အဦး အသစ်ဖွင့်လှစ်ခြင်း အခမ်းအနားများ ပါဝင်မည်ဖြစ်သည်။
      မျိုးဆက်သစ်ကလေးငယ်များသည် ယခုအချိန်မှစ၍ ကြွရောက်လာသော ဧည့်ပရိတ်သတ်များ အား ဂီတသီချင်းများ၊ အကပဒေသာများနှင့် ပီပြင်စွာဧည့်ခံနိုင်ရေးအတွက် သီချင်းတိုက်ခြင်း၊ အက တိုက်ခြင်း၊ အကသင်ခြင်းတို့ကို ပြင်းထန်စွာလေ့ကျင့် နေပြီဖြစ်ပါသည်။ သီချင်းတိုက်ရာတွင် ဂီတ ပညာရှင် ကိုဇာနည်၊ အကသင်ကြားခြင်းကို ယဉ်ကျေးမှုတက္ကသိုလ်မှ ဆရာမ ဒေါ်ချောအိအိငြိမ်းနှင့် အသင်းသူ/သားများ၊ အသင်းအုပ်ချုပ်သူများကပါ ၀ိုင်းဝန်းပံ့ပိုးကာ ဦးရွှေရိုးနဲ့ ဒေါ်မိုး၊ သူငယ်တော် အက၊ နပန်းဆံ စသည့်အကပညာများကို သင်ကြားပေးလျှက်ရှိသည်။ မျိုးဆက်သစ် ကလေးငယ် များသည် အတတ်ပညာ၊ နည်းပညာများကို သင်ကြားပေးရာတွင် လျင်မြန်စွာ တတ်သိ နားလည် လွယ်ခြင်းတို့ကြောင့် အများပြည်သူတို့အပေါ် အကျိုးပြုမည့်၊ အကျိုးရှိမည့် အတတ်ပညာများ အသိဥာဏ်များ၊ လူမှုရေးစိတ်ဓါတ်များ မွေးဖွားရှင်သန်မှုရှိရန် အရေးကြီးလှသည်။ ထို့ကြောင့် နာရေး ကူညီမှုအသင်း(ရန်ကုန်)ရှိ မျိုးဆက်သစ်ကလေးငယ်များ (၅၀၀) ဦးရေကျော်ခန့်တို့၏ အင်္ဂလိပ်စာ အခြေခံသင်တန်းကို ပို့ချပေးလျက်ရှိသလို ကလေးငယ်များ၏ ဘာသာ သာသနာ လူမှုရေးအသိ စိတ်ဓါတ်များ ယဉ်ကျေးလိမ္မာထက်မြက်စေရန်အတွက် အဖက်ဖက်မှ သင်ကြားပို့ချပေးလျှက်ရှိသည်။ 
ကိုကျော်သူ
0 တရုတ်နှင့်အိန္ဒိယမြန်မာပြည်ကိုဘာကြောင့်လိုအပ်နေတာလဲ
ကျွန်တော့် အနေနဲ့ အခုလုပ်တဲ့ ရေဝေတောတောင်ပွဲမှာ ပြောတာ ပညာရှင်မဟုတ်ပါဘူး။ ကျွန်တော် စာတော့ရေးတယ်၊ စာရေးသူ ဆိုတော့ လမ်းပေါ်က လူပေါ့။ ဒါပေမယ့် ကျွန်တော်တို့မှာ ဘာရှိလဲ ဆိုတော့ ခံစားမှုတွေ ရှိတယ်။ နောက်ပြီး ကျွန်တော်တို့မှာ တွေးခေါ်မှုတွေရှိတယ်။ အဲဒီနှစ်ခုအပြင် နောက်တစ်ခုကတော့ သမိုင်းတွေးခေါ်ခြင်းပေါ့။ ကျွန်တော်တို့ အတိတ်က ဘာလဲ။ ပစ္စုပ္ပန်က ဘာလဲပေါ့။ အဲဒါနဲ့ပဲ ကျွန်တော်တို့ပြောမယ့် အရာတွေဟာ ဆက်စပ်နေတယ်။
          ကျွန်တော်တို့ မြန်မာပြည်က အန္ဒိယနဲ့ တရုတ်ပြည်ကြားမှာ ရှိနေတယ်။ တရုတ်၊ အိန္ဒိယ တို့ထက် စာရင် နိုင်ငံအနေနဲ့ သေးသေးလေး။ အဲဒီနိုင်ငံတွေ နှစ်ခုကြားက ရေမြေ တောတောင် သဘာဝ ပတ်ဝန်းကျင်ကောင်း ရှိနေသလို သယံဇာတကလည်း ကြွယ်ဝတယ်။ အဲဒီရေမြေ တောတောင်ဟာ ဒါတို့ပြေ၊ ဒါတို့မြေ သာပြောနေတယ်။ ကျွန်တော် တို့ တစ်ကယ်ရော ပိုင်သလား။
         ကျွန်တော်ဘာသာ နောက်နေတာ ရှိတယ်။ တောစောင့်နတ်၊ တောင်စောင့်နတ်တို့နဲ့ သမာဒေ၀ နတ်ကောင်းနတ်မြတ်တို့ ပိုင်တာလားပေါ့၊ ဒါမှမဟုတ်လည်း Company ကြီးတွေက ပိုင်တာလား။ ဒါမှ မဟုတ်လည်း ပြည့်ရှင်မင်းက ပိုင်တာလားပေါ့။ ကျွန်တော်တို့ကရော ဘာပိုင်သလဲပေါ့၊ ကျွန်တော်တို့က လမ်းပေါ်ကလူတွေလေ။
        တရုတ်ပြည် ယူနန်တက္ကသိုလ်က ပါမောက္ခတစ်ယောက်ဆီက စာအုပ်လေးတစ်အုပ် ကျွန်တော်ရတယ်။ သူရေးတဲ့ 'The Policy Of China, India To Watch Burma' စာအုပ် တစ်အုပ် (၂၀၁၀) ပြည့်နှစ်ကထွက်တယ်။ အဲဒီ စာအုပ်ထဲမှာ သူတို့ တရုတ်ပြည်နဲ့ အန္ဒိယအနေနဲ့ မြန်မာပြည်လေးကို လိုအပ်ပါတယ် တဲ့။
        တရုတ်ပြည် မြန်မာနိုင်ငံကို လိုအပ်တဲ့ အကြောင်းအချက်က တရုတ်ပြည်က အန္ဒိယပြည်ကို ထွက်ပေါက်ရမှာ မို့လို့တဲ့။ မြန်မာပြည်ကနေပြီး အိန္ဒိယကို ထွက်ပေါက်ရရင် Special Dimension တစ်ခု တိုးလာတယ်တဲ့။ အပြည်ပြည်ဆိုင်ရာ Dimension တစ်ခု တိုးလာတယ်တဲ့။ ဒါကြောင့် မြန်မာပြည်မှာ အန္ဒိယကို သွားတဲ့ ကုန်းလမ်းလည်း ရှမှာပဲ၊ ရေလမ်းလည်း ရှိမှာပဲတဲ့။ ဒါကြောင့် မြန်မာပြည်မှာ သဘာဝဓာတ်ငွေ့ပိုက်လိုင်းတွေပါ ရအောင်လုပ်မှာပဲတဲ့။ အဲဒါဆို ပြီးပြည့်စုံပြီပေါ့။ အဲဒါ အင်မတန် အရေးကြီးတယ်။ အဲဒါ ကျွန်တော်တို့အပေါ်ထားတဲ့ သူ့သဘောထား ပထမတစ်ချက်ပေါ့။
         နောက်တစ်ချက်က သူတို့ရဲ့ စွမ်းအင် လိုအပ်ချက်အတွက် မြန်မာပြည်ဟာ အရေးကြီးပါတယ်တဲ့။ (၂၀၀၈) ခုနှစ်မှာ တရုတ်ပြည်ရဲ့ စွမ်းအင် (၅၀) ရာခိုင်နှုန်းကို နိုင်ငံခြား ကနေတင်ပို့ရပါတယ်တဲ့။ (၂၀၂၀) ပြည့်နှစ်မှာ သူတို့ရဲ့ စွမ်းအင်လိုအပ်ချက်က (၆၀) ရာခိုင်နှုန်း တင်သွင်းရလိမ့်မယ်တဲ့။ အဲဒီ တင်သွင်းရတဲ့ ပမာဏရဲ့ (၈၀) ရာခိုင်နှုန်းက မလကာရေလက်ကြားကို ဖြတ်ရမှာ။ ဒီမလကာ ရေလက်ကြားကို ဖြတ်ရင် တရုတ်ပြည်နဲ့ မတည့်တဲ့ အင်အားစုက လွှမ်းမိုးထားရင် သူတို့ ဒုက္ခရောက်မှာတဲ့။ မြန်မာပြည်ကို ဖြတ်ပြီး ရေနံသယ်ရာ လမ်းကြောင်း ဖန်တီး နိုင်ခဲ့ရင် အာဖရိကနဲ့ အရှေ့အလယ်ပိုင်းက စွမ်းအင်တွေကို ဈေးချိုချိုနဲ့ ရလာမှာတဲ့။ အဲဒီတော့ မြန်မာပြည်ဟာ သူတို့ အတွက်တော့ အရေးကြီးတယ်တဲ့။
        နောက်တစ်ခုက မြန်မာပြည်မှာရှိတဲ့ သဘာဝဓာတ်ငွေ့က (၂၅) ဘီလီယံ ကုဗပေ ရှိသတဲ့။ သူတို့ တရုတ်ပြည်ရဲ့ result ကလည်း အဲဒီလောက်ဘဲ ရှိတော့ မြန်မာပြည်က အင်မတန် ချမ်းသာတယ်တဲ့။
         နှစ်ခုရှိပါတယ်။ တစ်ခုက သူတို့ရဲ့ အိန္ဒိယကို သွားဖို့ ထွက်ပေါက်၊ နောက်တစ်ခုက သူတို့ရဲ့ စွမ်းအင် လုံခြုံမှုအတွက်၊ နောက် တတိယ အချက် ရှိသေးတယ် တတိယ အချက်က စီးပွားရေးတဲ့။ ငါတို့ တိုင်းပြည်လေးက သေးပေမယ့် စိုက်ပျိုးလို့လည်းရတယ်၊ ကျောက်မျက်တွေလည်းရှိတယ်၊ သဘာဝ သတ္တုတွင်းထွက်တွေ ရှိတယ်၊ သစ်ပင်တွေ ရှိတယ်ပေါ့။ အဲစာအုပ်လေးထဲမှာ ရေးထားတယ်။ ရေအားလျှပ်စစ်လည်း ရှိတယ်။ နောက်တစ်ခုက နှစ်နိုင်ငံ နယ်စပ်က ကီလိုမီတာ (၂၁၀၀) လားမသိဘူး ရှိတယ်။
         တရုတ်ပြည်ချည်းကိုပြောရင် ကျွန်တော်တို့ တရားမျှတချင်မှ မျှတမယ်။ အိန္ဒိယပြည်ကလည်း ကျွန်တော်တို့ကို လိုအပ်တာပဲတဲ့။ မဏိပူရတို့ အန္ဒိယပြည်ကို ရောက်ဖို့က ကုလားတန်မြစ်ဘက်စုံ စွမ်းအင်စီမံကိန်း လုပ်တာ၊ စီးပွားရေးလမ်းကြောင်း ပွင့်ဖို့လုပ်တာ။ ကျွန်တော်တို့က အဲလို နေရင်းက ကုန်းလမ်းတံတားကြီး ဖြစ်နေတယ်။
             ကျွန်တော် ဒီစာအုပ်ကို ဖတ်ပြီး ထားဝယ်ရေနက်ဆိပ်ကမ်းလုပ်တာတွေဟာ ကျွန်တော်တို့ နိုင်ငံလေးကို လိုအပ်နေကြတယ် ပေါ့။
             နောက်တစ်ခုလည်းရှိသေးတယ်။ ကျွန်တော်တို့မှာ မေခ နဲ့မလိခ ဆိုတာရှိတယ်။ မလိခ ကတော့ မြန်မာပြည်က လာတာ။ မေခက ဟိုဘက် တရုတ်ပြည်က လာတာ။ အဲဒီတော့ မေခနဲ့ မလိခ နှစ်ခုကြားက ဆက်နေတဲ့ နေရာက မလိအင်မိုင်ဇွပ် ဒေသမှာ သစ်တောတွေ ကုန်သွားပြီ။ အဲဒီအပေါ်မှာ ရေအားလျှပ်စစ်စီမံကိန်း တွေလုပ်တယ်။
            တစ်နှစ်တုန်းက (၂၀၀၉) ခုနှစ်အောက်တိုဘာလ ဖြစ်မယ်။ အင်တာနက် သတင်းတစ်ပုဒ် ရှိတယ်၊ အဲဒီထဲမှာ ဘာပါလဲဆိုတော့ မြန်မာပြည်ကနေပြီးတော့ တရုတ်ပြည် အနောက်တောင်ပိုင်းမှာ ရှိတဲ့ မဟာဓာတ်အားလိုင်းထဲကို လျှပ်စစ်ဓာတ်အား (၃) ထရီလီယံ (၀ပ်) တင်သွင်းလိုက်တိုင်း သူတို့ဆီမှာ ကျောက်မီးသွေး သုံးစွဲမှု ပမာဏ တော်တော်များများလျော့သွားပါတယ်တဲ့။ ကာဗွန် ထုတ်လွှတ်မှု လည်းလျော့သွားပါတယ်တဲ့။ သူတို့ကတော့ ကောင်းနေတာပေါ့လေ။ အဲဒီစာအုပ်ထဲမှာ ပါပါတယ်။
          နောက်ပြီး သူတို့က မြစ်ညှာဘက်မှာ ဆည်မဆောက်ဘူးတဲ့။ ဘာလို့လည်းဆိုတော့ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှာစိုးလို့တဲ့။ biodiversity ဘာညာတွေကြောင့် မဆောက်ပါဘူးတဲ့။ အဲဒီတော့ ကျွန်တော်တို့က တော်တော်လေးတော့ သတိထားဖို့ ကောင်းနေပြီ။
           ကျွန်တော်တို့ စကားပြောသလိုဘဲ လမ်းပေါ်ကလူဆိုတော့ သိပ်နားမလည်ဘူး။ ဒါပေမယ့် ဧရာဝတီမြစ်ကြီး ပျောက်သွားမှာကိုတော့ ကျွန်တော်တို့က ကြောက်တယ်၊ ဧရာဝတီမြစ်ဆိုတာ ကျွန်တော်တို့ကို စိတ်ရွှင်စေတဲ့ မြစ်ကြီးဘဲ။ အဲဒီ မြစ်ကြီး နောက်ရှိမလားပေါ့။
            ကျွန်တော်ငယ်ငယ်တုန်းက မြစ်ကြီးနား ရောက်တာပေါ့။ ကျွန်တော်ဆရာဝန်ပေါက်စဘ၀က အဲဒီ ဧရာဝတီမြစ်ဘေးမှာ ညနေစောင်း ဆိုရင်လေ ကျေး တွေပျံတယ်၊ ညနေစောင်းနော်။ မနက်ခင်းဆို ကောင်းကင်ကြီး တစ်ခုလုံး သက်ရှိ သက်တံ တွေနဲ့ အဲဒီအရပ်ကို အင်မိုင်ဇွပ် လို့ခေါ်တဲ့ ရေ၀င်တဲ့ ပေါက်လို့ခေါ်တယ်။ အဲဒီ အပေါက်က ရေမ၀င်ရင် ကျွန်တော်တို့ ဘယ်လို လုပ်မလဲပေါ့။ ကျွန်တော်တော့ မသိဘူး၊ မစဉ်းစားတတ်ဘူး။ ကျွန်တော်သိပ်နားမလည်ဘူး။ ကျွန်တော်စဉ်စားတာက ဘာလို့လဲပေါ့။
         နောက်တစ်ခု ကျွန်တော် စဉ်းစားမိတာ ရှိတယ်။ ငါတို့ နိုင်ငံတော်သီချင်းဆိုကြတယ်။ ဒါတို့ပြေ၊ ဒါတို့မြေ၊ တို့ပိုင်တဲ့မြေလို့ အခု တော့ ငါတို့ပိုင်သေးလား။ ငါတို့ပိုင်ထားရတဲ့ သယံဇာတတွေကို အရင်တုန်းကလည်း ဒီသယံဇာတတွေကြောင့်ပေါ့လေ။ ကျွန်ဖြစ်ခဲ့ရတယ်။ အဲဒီတုန်းက ဘယ်လိုခေါ်လဲ ဆိုတော့ Rape Of Burma တဲ့။ ဗမာပြည်သယံဇာတကို အနိုင်ကျင့်ခြင်းပေါ့။ အဲဒါနဲ့ ကျွန်တော်တို့ ကျွန်ဖြစ်ခဲ့ရတယ်။ အခုဟာက သယံဇာတ လိုချင်လို့ ကိစ္စမရှိဘူး။ အဲဒီ သယံဇာတလိုချင်တဲ့ နောက်ပိုင်းမှာ သဘာဝပတ်ဝန်းကျင်ကို ဖျက်ဆီးတာတွေ ပါလာတယ်။
            ကျွန်တော် တစ်ခါ ပြောဖူးတယ် Ecological Rape Of Burma သယံဇာတတင်မဟုတ်တော့ဘူး။ ကျွန်တော်တို့ရဲ့ သဘာဝပတ်ဝန်းကျင်ပါ အနိုင်ကျင့်ခံနေရတာပေါ့။ အဲဒီလိုမျိုး ယူတာ မကောင်းဘူးပေါ့။ ကျွန်တော်တို့ဆီကို လာတာ သယံဇာတကို ယူတာ ကိစ္စမရှိဘူး။ Ethically ဖြစ်ရင်ကောင်းတာပေါ့။ ကျွန်တော်တို့ဆီက လူတွေကလည်း နားလည်ပြီးတော့ ဒါတွေ လာယူတဲ့သူတွေကလည်း ကျွန်တော်တို့ အတွက်ပါ ထည့်စဉ်းစားဖို့ လိုတာပေါ့။ ကျွန်တော်တို့ စဉ်းစားတာက ကျွန်တော်တို့ လုပ်တဲ့အထဲမှာ သူတို့ ပါပါလာရင် ကောင်းတာပေါ့။ ပါအောင် ကျွန်တော်တို့ ဘယ်လို ခေါ်မလဲ။ ကျွန်တော်တို့ အားလုံးက ဒီမြေက လူတွေပဲလေ။
ကိုတာ
[By Soe Wei Yan Htoon Facebook]
0 သတင်းတွေ ပျင်းသွားလို့ မဖြစ်သေးဘူး။
သတင်းတွေ ပျင်းသွားလို့ မဖြစ်သေးဘူး
ကျွန်တော်တို့ တတွေ ဘာ့ကြောင့် နောက်ကျကြပါသလဲ။
    ပြည်တွင်းက သတင်းသမားတွေ၊ ပြည်ပက ဘလော့ခ်တွေ၊ နိုင်ငံရပ်ခြားသတင်းဌာနတွေ နောက်ကျနေကြတယ်။ သတင်းတွေ မြန်ဆန်ဖို့ အရေးကြီးသလိုမျိုး သတင်းတစ်ခု ထွက်မလာမီကအဲဒီသတင်းရဲ့ ရှေ့ ပြေးအချက်အလက်တွေနဲ့ ပကတိ အခြေအနေမှန်တွေဟာ မီဒီယာတချို့ မှာတင်ထားပြီးဖြစ်လို့ သတင်းချစ်ခင်သူတွေအတွက် သတင်းသုံးသပ်ချက်ကို ပိုဆာလောင်တတ်ပါတယ်။
    ဘယ် ရင်းမြစ်ကဖြစ်ဖြစ် ပစ်လွှတ်လိုက်တဲ့ သတင်းကို အမြန်ဆုံး ပိုင်းခြားလက်ခံနိုင်ဖို့ သတင်းရည်ဝ ဖို့ လည်း လိုအပ်ပေမယ့် ရယူသူ အများစုဟာ သူတို့ ရဲ့ ကိုယ်ပိုင်အားလပ်ချိန်လေးမှာ ဖတ်ရှုနားထောင်ရတာ ဖြစ်လို့ ဒီလိုအခြေအနေမျိုး ရှိချင်မှ ရှိပါလိမ့်မယ်။
    အရည်မရ အဖတ်မရ ကြီးတော်နွား ကျောင်းနေတဲ့ မြန်မာ့မျိုးချစ်များအနေနဲ “့ကြယ်တွေလတွေတောင် မြင်လိုက်ရတယ်” ဆိုတဲ့ ဝေဖန်သုံးသပ်ချက်မျိုးကို ခပ်စောစော ချ ပြ နိုင်ရပါမယ်။
     ဒီ့ အတွက် မီဒီယာအမျိုးမျိုးက သတင်းတွေကို အူစင်းစင်းနဲ့ ဖတ်ရပါမယ်။ နိုင်ငံရေးမှာ ရန်ငါ စည်းထားချင် ထားလို့ ရပေမယ့် သတင်းရေးမှာ အားလုံးဟာ ရောင်းရင်းတွေလို့ မှတ်ယူသင့်ပါတယ်။                                                    
    “မုန်းရင် တုံး” ပါလိမ့်မယ်။
     ရန်ကုန်မြို့ တော်ဝန်နဲ့ မန္တလေးမြို့ တော်ဝန်ကို သမ္မတသစ်ရဲ့ ထုတ်ပြန်မှုဟာ သတင်း မဟုတ်သလိုအရင် ရန်ကုန်မြို့ တော်ဝန် ဦးအောင်သိန်းလင်း နေရာပျောက်သွားရတာ သတင်း မဟုတ်ပါဘူး။ပြည်ထောင်စုဝန်ကြီးနဲ့ ဒုဝန်ကြီးစာရင်း ကြေညာတဲ့နေ့ မှာဘဲ တိုင်းနဲ့ ပြည်နယ်ဒေသကြီး ၀န်ကြီးချုပ်နဲ့ ဝန်ကြီးအသီးသီးရဲ့ နံမည်တွေနဲ့ သူတို့ ရဲ့ ပို့ စ် တွေကို ပူးတွဲ ထုတ်ပြန်သွားတာကို အစိုးရသတင်းစာတွေမှာ တွေ့ ရပါတယ်။
      မန္တလေးတိုင်းဒေသကြီး။ ဦးဖုန်းဇော်ဟန်  -     မြို့ တော်ဝန်၊ စည်ပင်သာယာရေးဝန်ကြီး။
      ရန်ကုန်တိုင်းဒေသကြီး။ ဦးလှမြင့်  -     စည်ပင်သာယာရေးဝန်ကြီး။
      ဦးလှမြင့်ရဲ့ နံမည်ဘေးမှာ မြို့ တော်ဝန် ဆိုတဲ့ ပို့ စ် ပါ မလာပါဘူး။
      ဒီကိစ္စကို မိတ်ဆွေတချို့ နဲ့ ဝေဖန်ဆွေးနွေးခဲ့ပါသေးတယ်။
      ဦးဖုန်းဇော်ဟန်  -   မြို့ တော်ဝန်၊ စည်ပင်သာယာရေးဝန်ကြီး။
      ဦးလှမြင့်   -    မြို့ တော်ဝန်၊ စည်ပင်သာယာရေးဝန်ကြီး။
      အဲဒီလိုမျိုး ကနဦးကတည်းက ထွက်မလာတာ ဘာ့ကြောင့်များလဲ။ သတင်းချစ်ခင်သူတွေ တွေးကောင်းတိုင်း တွေးဖို့  ကျွန်တော်တို့  အ စ  ဖော်ပေးသင့်ပါတယ်။
      သတင်းတွေ ပျင်းသွားလို့ မဖြစ်သေးဘူး။
 အောင်မျိုးထွန်း
    ၈- ၄- ၂၀၁၁
0 တနင်္သာရီတိုင်း ထားဝယ်မြို့နယ် တလိုင်းတောင်ရွာဥက္ကဋ္ဌ ဦးကျော်ထွေးမှ ကျေးရွာအတွင်းအဓမ္မခိုင်းစေငွေကောက်ခံပြီး ကိုယ်ကျိုးအတွက်သုံးစွဲနေခြင်းအားအများသိစေရန်
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် တလိုင်းတောင်ရွာဥက္ကဋ္ဌ ဦးကျော်ထွေး၏ပုံ
talineywar
Thursday, April 7, 2011
0 မင်္ဂလာဒိုးအနုပညာအင်အားစု-ဂျပန်မှ(၂၀၁၁) ရဲရဲတောက်သင်္ကြန်သံချပ်တေးများ
၂၀၁၁ ခုနှစ်ရဲ့ မြန်မာပြည် သင်္ကြန်အမှီ တင်ဆက်ဖျော်ဖြေ တင်ဆက်နိုင်ရန်အတွက် ဂျပန်နိုင်ငံရောက် မင်္ဂလာဒိုး အနုပညာအင်အားစုမှ နှစ်စဉ် ကျင်းပနေကျ မြန်မာ့ရိုးရာ သင်္ကြန်ပွဲများတွင် တင်ဆက်နေကျ ဒိုးပတ်သံများဖြင့် နိုင်ငံတကာရောက် မြန်မာမိသားစုများနှင့် မြန်မာပြည်တွင်းမှ မိဘပြည်သူများအတွက် စိတ်သောကကင်းဝေးနိုင်စေရန်နှင့် ဒုက္ခအပေါင်းမှ ကင်းငြိမ်းစေရန် ရည်ရွယ်ချက်ဖြင့် အစဉ်လာ မပျက် တစ်နှစ်တခေါက် မှန်မှန်ရောက်ရှိလာတဲ့ မင်္ဂလာဒိုးရဲ့ သံချပ်များ အများပြည်သူများ ရှေ့မှောက်သို့ ရောက်ရှိလို့ လာခဲ့ပြန်ပါပြီ။
ယခုနှစ်တွင်လည်း စင်တက်တေး မဟာလူသား နွေကလာကာအဖွင့် ၂၀၁၁ ခုနှစ် ရုပ်သေးလွှတ်တော်၊ အားကစား၊ စောင်မကြည့်ရှူခြင်း၊ နိုင်ငံတော်လုပ်ကြံမှု၊ အပြောကတော့ ရွှေမန်း၊ အထူးသတင်းကြေငြာချက်၊ ဆူနာမီ စသည့် တေးသံချပ်များဖြင့် မြန်မာပြည်တွင်းမှ မိဘရဟန်းရှင်လူ ပြည်သူများ ကြည့်ရှုနိုင်စေရန် နှစ်စဉ် နှစ်တိုင်း အတာသင်္ကြန် မရောက်ခင်မှာ သံချပ် သီချင်းခွေ ဗွီဒီယိုတွေ ထုတ်လုပ်ပြီး ပြည်တွင်းနဲ့ နိုင်ငံတကာကို ဖြန့်ချီခဲ့တာ နှစ်စဉ် နှစ်တိုင်းပင် ဖြစ်ပါတယ်။
မြန်မာပြည် သင်္ကြန်နှင့်အတူ နှစ်စဉ် ဧပြီလတွင် ကျင်းပနေကြ တိုကျိုသင်္ကြန်ပွဲတော်သည် ယခုနှစ် ဂျပန်နိုင်ငံတွင် ဆူနာမီငလျင်ကြီးလှုပ်ခပ်ခဲ့သောကြောင့် ယခုနှစ် မေလ (၁၅) ရက်နေ့  တွင် ကျင်းပမည်ဟု မြန်မာ့ဒီမိုကရေစီအဖွဲ့ ချုပ်မှ ဥက္ကဌ ဦးလှိုင်အေးက ပြောကြားခဲ့ပါသည်။
မင်္ဂလာဒိုး အနုပညာအင်အားစု ဂျပန်မှ ရဲရဲတောက် တေးသံချပ်များကို အဖွဲ့ ခေါင်းဆောင် ဦးမျိုးသန့် မှ တာဝန်ယူဦးဆောင်ပြီး သံချပ်များကို ဦးမျိုးသန့် ၊ ကိုသောင်းထွန်းဦး၊ ကိုထွန်းဝေတို့ မှ ရေးသားကြပြီး မြန်မာပြည် အလွမ်းပြေ ယိမ်းအကနှင့် ဒိုးပတ်သံများဖြင့် ဝေေ၀ဆာဆာ မြူးမြူးကြွကြွ တင်ဆက်ထားသည်ကို တွေ့ ရမှာဖြစ်ပြီး မကြာမီအင်တာနက်စာမျက်နှာများတွင် ဗွီဒီယိုဖြင့် တစ်ဝကြီး ကြည့်ရှုနိုင်ရန် စီစဉ်လျက် ရှိပါသည်။ တိုကျို သင်္ကြန်ပွဲတော်တွင်လည်း အဖွဲ့ ဝင် (၃၀) ကျော်ဖြင့် ခြိမ့်ခြိမ့်သဲသဲ ဖျော်ဖြေမည်ဖြစ်ပြီး ဦးမျိုး သန့်  090 9241 4960 နှင့် ကိုထွန်းဝေ 080 3099 1503 kotunwai@gmail တို့ ထံ မေးမြန်းဆက်သွယ်နိုင်ကြောင်း သိရှိရပါသည်။
ပေးပို့သောကိုထွန်းဝေ(မင်္ဂလာဒိုး)အားကျေးဇူးတင်ရှိပါသည်..
Wednesday, April 6, 2011
0 ဂျပန်ရှိနျူကလီးယားနှင့်ပါတ်သက်သည့် ရှင်းလင်း ဟောပြောပွဲ(ရုပ်/သံ)
ဟောပြောပေးခဲ့တဲ့သူ..အိုခမိုတို တိုမိုဟီရိ
၂.၄.၂၀၁၁ ( စနေနေ့ )က ညနေ ၆ နာရီမှ ၈ နာရီအထိ ဂျပန်နိုင်ငံ၊ တိုကျို၊ရှိဘုရရှိ ရှိဘုရကွန်ဖရင့်ဟောတွင် နျူကလီယာနှင့်ပါတ်သက်သော ရှင်းလင်းဟောပြောပွဲတစ်ရပ် ပြုလုပ်ခဲ့ပါတယ်။
ထိုပွဲကို မြန်မာနိုင်ငံသားအပါအဝင် အခြားနိုင်ငံမှလူမျိုးများ အားလုံးပေါင်းအယောက် ၈၀ ခန့် တက်ရောက် နားထောင်ခဲ့ကြပါတယ်။ မြန်မာလူမျိုးများမှလည်း မိမိတို့ သိလိုသည့်အချက်များကို ပြန်လှန် မေးမြန်းခဲ့ကြ
ပါတယ်။
ဟောပြောပေးခဲ့တဲ့သူကတော့ အိုခမိုတို တိုမိုဟီရိ ဖြစ်ပြီး အနုမြူဓါတ်ပေါင်းဖိုနဲ့ပါတ်သက်လို့ ကျွမ်းကျင်မှုရှိသည့်အပြင် အတွေ့အကြုံလည်းရှိခဲ့သူတစ်ဦးဖြစ်ပါတယ်။ သူဟာ စစ်အကယ်ဒမီဘွဲ့ရတစ်ဦးဖြစ်ပြီး လေတပ်မှ စစ်ဗိုလ်ချုပ်
တစ်ဦးဖြစ်သလို ၁၉၈၆ ခုနှစ်က ဆိုဗီယက်နိုင်ငံ မော်စကိုတွင် ဂျပန်စစ်သံမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။ ၎င်းမှ ဂျပန်ဘာသာစကားဖြင့် ရှင်းလင်းပြောကြားပြီး တနဘဲ ဟိစအို ( ဦးရွှေဘ ) မှတိုက်ရိုက် မြန်မာလို စကားပြန်ပေးခဲ့ပါတယ်။ အခြား စပိန်၊ ပြင်သစ်၊ အင်္ဂလိပ်၊ဗီယက်နန်၊ တရုတ်၊ ဖီလစ်ပိုင် လူမျိုးများအတွက်လည်း သက်ဆိုင်ရာတာဝန်ယူထားသူ ဂျပန်လူမျိုးများမှ အသီးသီး စကားပြန် ဆောင်ရွက်ပေးခဲ့ကြပြီး အခမ်းအနားကို ည ၈ နာရီခန့်တွင် ရုပ်သိမ်းခဲ့ပါတယ်။
MMCPမှ ကိုကိုကျိုက်အားကျေးဇူးတင်ရှိပါသည်။
Tuesday, April 5, 2011
0 “ငုံ့မခံရဖို့ တုံ့ပြန်ကြစို့” ၂၀၁၁ မြန်မာ့ရိုးရာ အတာသင်္ကြန် သံချပ်သီချင်းများ
52330845 Thangyat Complete
ပေးပို့သော ကိုမြင့်မောင်အားကျေးဇူးတင်ရှိပါသည်..
Sunday, April 3, 2011
0 ငါ့ဆိုင်းဘုတ်ကြီးထောင်မယ်၊ ကားလမ်းပေါ်ဆင်းလျှောက်ကြ...
မြန်မာပြည်မှာတော့ မဟုတ်ဘူး။ ဂျပန်မှာ ပြောပါတယ်။ ဘတ်စ်ကားမှတ်တိုင်တစ်ခုကို ခပ်လှမ်းလှမ်းကိုက်တစ်ရာလောက်ကို ရွှေ့ ချင်ရင်တောင် အစည်းအဝေးတွေထိုင်၊ အခြေအတင်ငြင်းခုန်နဲ့ ခရီးသည်တွေအတွက် အဆင်ပြေ မပြေကို အတော်လေးထည့်စဉ်းစားပြီးမှ ဆုံးဖြတ်ကြတယ်လို့ ကြားဖူးပါတယ်။
ပြည်သူလူထုရဲ့ သွားရေးလာရေး၊ အခြေခံစားဝတ်နေရေးတွေမှာ အတတ်နိုင်ဆုံး သက်သာချောမွေ့ စေရေးဟာ အစိုးရတစ်ရပ်ရဲ့ အဓိကပစ်မှတ်ထားလုပ်ဆောင်ရမယ့် နိုင်ငံရေးလို့ သဘောထားကြပါတယ်။
ရေပေါ်ဆီလူချမ်းသာတွေနဲ့ အာဏာရမိသားစုတွေရဲ့ စိတ်အလိုရှိသမျှကို လိုက်ပြီး ဖြည့်ဆည်းပေးနေတဲ့အစိုးရမျိုးဆိုတာ လူထုရဲ့ ထောက်ခံမှုကို ဘယ်တော့မှမရဘဲ အဆုံးတစ်နေ့ မှာ မရှုမလှကျဆုံးသွားကြတာဘဲ မဟုတ်လား။
တခါတရံ လုပ်ငန်းရှင်ကြီးတွေနဲ့ လုပ်ပိုင်ခွင့်တစ်ခုခုရထားတဲ့ စီးပွားရေးသမားကြီးတွေရဲ့ရမက်လောဘဟာ အခြေခံပြည်သူလူထုရဲ့ ရပိုင်ခွင့်နဲ့ လွတ်လပ်မှုကို နိုင့်ထက်စီးနင်းပြုပြီးမထေမဲ့မြင်စော်ကားလာတဲ့မြင်ကွင်းမျိုးတွေကို ကျွန်တော်တို့ မြန်မာပြည်ကြီးမှာ ရှောင်လို့ မရလောက်အောင် တွေ့ လာရပါတယ်။
ဒါမျိုးပုံစံတွေနဲ့ တိုးတက်သာယာဝပြောသော ပြည်ထောင်စုမြန်မာနိုင်ငံကို ဘယ်လိုထုဆစ်ပုံဖော်ကြမလဲ။
ပြောသင့်တာတော့ ပြောရပါဦးမယ်။
ကျွန်တော်တို့ လမ်းထဲမှာရှိတဲ့ နှစ်လေးဆယ်မက ကြာခဲ့တဲ့ လမ်းဘေးဓာတ်တိုင်တစ်တိုင်ဟာလွန်ခဲ့တဲ့ တစ်နှစ်လောက်က ငါးပေလောက် နေရာရွေ့ သွားဖူးပါတယ်။ အဲဒီ ဓာတ်တိုင်နောက်ကလုံးချင်းအိမ်ကို ၂ ခန်းတွဲ ၁၄ ခန်း ကန်ထရိုက်တိုက်ဆောက်ပါတယ်။ မြေညီထပ်ခေါင်းရင်းခန်းရဲ့ အိမ်ပေါက်ဝရှေ့ တည့်တည့်မှာ အဲဒီဓာတ်တိုင်ရှိနေပြီး ဈေးကောင်းရဖို့ အခက်တွေ့ နေလို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်ရဲ့ စွမ်းပကားနဲ့ ဓာတ်တိုင်ခမျာ လမ်းထောင့် ရောက်သွားခဲ့ပါတယ်။
ဒီကိစ္စဟာ ရပ်ကွက်သူရပ်ကွက်သားတွေရဲ့ အကျိုးစိးပွားနဲ့ အခွင့်အရေးကို မထိခိုက်လို့ပြောစရာမလိုပေမယ့် တစုံတယောက်ရဲ့ ကိုယ်ကျိုးစီးပွားအတွက် အစိုးရနဲ့ သက်ဆိုင်တဲ့အရာတစ်ခုဟာ အလွယ်တကူနေရာပြောင်းပေးလိုက်ရတဲ့ကိစ္စမျိုးတွေ ဒီတိုင်းပြည်မှာ ရှိနေတယ်ဆိုတာ လက်ခံရပါမယ်။
အခု ကျွန်တော်ပြောမှာက လူအများကြီး ဒုက္ခရောက်၊ အခက်အခဲတွေ့ ၊ အသက်အန္တရယ်နဲ့ နီးရလောက်တဲ့ အခြေအနေဆီ တွန်းပို့ လိုက်တဲ့ စီပွားရေးသမားလုပ်ငန်းရှင်ရဲ့ စက်ဆုတ်ဖွယ်ကောင်းတဲ့ လောဘနဲ့ ဒါကို ခွင့်ပြုခဲ့တဲ့ အာဏာပိုင်တွေအကြောင်းပါ။
မြေနီကုန်းမီးပွိုင့်ဆိုတာ ရန်ကုန်မြို့ ရဲ့ လူသွားလူလာအရှုပ်ဆုံးနေရာတစ်ခုပါ။
ဗားကရာလမ်းနဲ့ ပြည်လမ်းထောင့်၊ ပဒုမ္မာပန်းခြံလေးရဲ့ အရှေ့ ဗားကရာလမ်းဘက်ထိပ်လေးမှာ ကြော်ငြာဗီနိုင်းဆိုင်းဘုတ်ကြီးတစ်ခုစိုက်ဖို့ လူသွားပလက်ဖောင်းအလယ်တည့်တည့ှ်မှာ ၃ ပေ ပတ်လည်ကွန်ကရစ်တုံးကြီးကို ဖောင်ဒေးရှင်း လာချထားပါတယ်။ ပလက်ဖောင်းအကျယ် ရှိတာက ၄ ပေ မပြည့်ပါဘူး။ တစ်ဘက်က ဗားကရာလမ်းက ပြည်လမ်းဘက်ချိုးကွေ့ မယ့် ကားတွေ ဥဒဟိုမောင်းနေကြတဲ့ကားလမ်းပါ။ ပလက်ဖောင်းရဲ့ တခြားဘက် ပဒုမ္မာပန်းခြံလေးရှေ့ မှာ မြောင်းရှိပါတယ်။
ပိုဆိုးတာက အဲဒီဖောင်ဒေးရှင်းကြီး လာမလုပ်ခင်ကတည်းက ဒီနေရာ လူသွားပလက်ဖောင်းပေါ်မှာ ဓာတ်တိုင် ၂ တိုင်ရှိနေခဲ့ပါတယ်။ နဂိုကတည်းက ပြည်သူတွေ လမ်းလျှောက်တဲ့အခါ ဟိုရှောင်ဒီတိမ်းနဲ့ အဆင်မပြေရတဲ့ နေရာပါ။ ခုတော့ လူတွေ ကားလမ်းပေါ် လမ်းဆင်းလျှောက်နေရပါတယ်။
မြေနီကုန်းလမ်းဆုံမှာလည်း စီးပွားရေးကြော်ငြာဆိုင်းဘုတ်တွေလည်း လူမြင်သူမြင်မကောင်း လောက်အောင် မွစိတက်နေပါပြီ။ ဆိုင်းဘုတ်ထောင်ခွင့်ရထားတဲ့ လုပ်ငန်းရှင်ကြီးလည်း အမြတ်အစွန်းတွေ တောင်ပုံရာပုံ မောက်နေပါပြီ။ ဖြစ်ချင်တော့ နေရာလွတ်လေးဆိုလို့ အဲဒီနေရာလေးဘဲ ကျန်နေတာလုပ်ငန်းရှင်ကြီး ရှာဖွေတွေ့ ရှိသွားပုံရပါတယ်။ သူ့ လောဘဇောဟာ ဘာကိုမှ မမြင်တော့ပုံရတာကိုကျွန်တော်တို့ အောင့်အီးနားလည်ပေးနိုင်ပေမယ့် သူလုပ်ချင်တာကို လုပ်ခွင့်ပေးခဲ့တဲ့ သက်ဆိုင်ရာစည်ပင်သာယာရေးဝန်ကြီးဌာန (အရင် မြို့ တော်စည်ပင်) ကိုတော့ လက်ခံလို့ မရပါဘူး၊ နားလည်ပေးဖို့ မဖြစ်နိုင်ပါဘူး။
လမ်းသွားလမ်းလာပြည်သူလူထုရဲ့ သွားရေးလာရေးကို ကြီးစွာအနှောင့်အယှက်ပေးနေပြီးအခန့် မသင့်ရင် လူတွေ ကားတိုက်ခံရပြီး အသက်အန္တရယ်ရှိလာနိုင်တဲ့ အနေအထားမျိုးကို မသိကျိုးကျွံ ခွင့်ပြုပေးတဲ့ အဓိကတာဝန်ရှိသူ စည်ပင်သာယာဌာနကို အတိဒုက္ခရောက်ကြရတဲ့ ပြည်သူလူထုကိုယ်စားကျွန်တော်တို့ က ဒီကိစ္စကို ဆက်မလုပ်ဖို့ ပြောပေးရမှာဘဲ။ ကန့် ကွက်ကြောင်း အသိပေးရမှာဘဲ။
; တစ်နေကုန် ရန်ကုန်မြို့ မှာ ဘတ်စ်ကားစီး၊ ပလက်ဖောင်းပေါ် လမ်းလျှောက်သွားလာနေရပြီး ဘ၀ရှင်သန်ရေးအတွက် အသည်းအသန်ရုန်းကန်နေရတဲ့ ရန်ကုန်သူရန်ကုန်သားတွေရဲ့ ဘ၀အမောကိုမြွေပူရာကင်းမှောင့်ဘ၀ဆိုးမျိုး ထပ်မရောက်စေချင်ပါဘူး။
သည်းခံရတယ်ဆိုတာလည်း အကန့် အသတ်နဲ့ ပါ။ အဆင်မပြေတာတွေ များလာတဲ့အခါ ပြည်သူတွေဘက်က ဒေါသစိတ်တွေ စုပုံလာတတ်ပါတယ်။ အုပ်ချုပ်သူအစိုးရဆီ ဦးတည်တဲ့ ဒေါသတွေဟာလူမှုရေးတည်ငြိမ်မှုကို တွန်းတိုက်စေပါတယ်။
အလုပ်မရှိအကိုင်မရှိ ခွေးကို နားဖာချေးကလော်ပေးတယ်လို့ ဆိုချင်လည်း ဆိုနိုင်ပါတယ်။
အောင်မျိုးထွန်း
၃- ၄- ၂၀၁၁
0 " ဆုံးရှုံးနေသော လူ့အခွင့်အရေးများ "
Human Rights
0 သမ္မတကြီးရဲ့ ပထမ ဆုံး မိန့်ခွန်း
ပြည်သူလူထု ကြီး ခင်ဗျာ....
ကျနော်ကတော့  ပြည်သူလူထုကြီးက ရွေးချယ် တင်မြှောက်ထားတဲ့  အစိုးရ အသစ်မှ သမ္မတကြီးဖြစ်ပါတယ် ခင်ဗျာ ။
ဒီနေ့ ကျနော် ပြောချင်ခဲ့တဲ့ အကြောင်းအရာများကတော့  ကျွန်ူပ်တို့ အုပ်ချုပ်လာခဲ့သည့် နှစ်ပေါင်း နှစ်ဆယ်ကျော် အချိန်အတွင်း   မြန်မာနိုင်ငံကြီး ကို  အဖက်ဖက်မှ ဆုတ်ယုတ်ပျက်စီးလာသည်ဟု  ပြောဆိုနေကြသူများ ကို  တွေ့ရ၍  များစွာ ၀မ်းနည်းမိပါသည် ။ ထို့ကြောင့် ကျွန်ူပ်၏  ပထမဆုံး မိန့်ခွန်း တွင်  တိုးတက်လာသည့် အချက်အလက်များကို ပြည်သူလူထု သိသာစေရန် စုစည်း တင်ပြ ပြောဆိုလိုပါတယ် 
( ၁ ) နိုင်ငံတကာ နှင့်  ကုန်ဈေးနှုန်းများ  ရင်ပေါင်တန်းနိုင်စေရန်  ကုန်သည်များကို စိတ်ကြိုက် ဈေးကစားခွင့် ပေးထား၍ ကုန်းဈေးနှုန်းများ အဆမတန် တိုးတက်လာခြင်း
( ၂ ) အရွယ်မရောက်သေးသည့် ကလေးငယ်များကိုပင်  အလုပ်ပေးချင်သည့် စိတ်ဆန္ဒဖြင့်  စစ်တပ် အတွင်းသို့ ဇွတ်အတင်းသွတ်သင်းမှု ကြောင့် စစ်တပ်အင်အား ပိုမို တိုးပွားလာခြင်း
( ၃ ) ကိုယ့်နိုင်ငံသား အချင်းချင်း ပြန်လည် သတ်ဖြတ်ရန် ဆိုသည့်  ရည်ရွယ်ချက်များ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်ခေတ်မှီ  လက်နက်များ ၀ယ်ယူရခြင်းကြောင့်  စစ်အသုံး စရိတ်များ ပိုမို တိုးပွားလာခြင်း
( ၄ )  ပညာတတ်သူများသည်   တွေးခေါ်စဉ်းစားသည် အခါ ပင်ပန်း ဆင်းရဲမည် ကို စိုးရိမ်သော ကြောင့်  ဘာမှ  မသိနားမလည်လျှင် ဘာမှတွေးလေ့မရှိကြ၍   ပြည်သူများ အား ချစ်ခင် လေးစားသည့် ကျွန်ူပ်တို့ အနေဖြင့်   ရည်ရွယ်ချက် မြင့်မားစွာ ဖြင့် ပညာရေး သင်ကြားမှု အစီအစဉ်များ ကြောင့်  ပညာမတတ်သူ အရေ အတွက် ပိုမို တိုးပွားလာခြင်း
( ၅ ) သဘာဝ ဘေးအန္တာရယ် ကို ကြိုတင်သိနေရင် ပြည်သူအများ စိုးရိမ်ထိတ်လန့်နေမည်စိုး၍  ကိုယ်ချင်းစာ တရားများ ဖြင့်  အချိန်မှီသတင်း   မထုတ်ပြန်နိုင်မှု ကြောင့် အသက်ဆုံးရှုံးမှုများ တိုးပွားလာခြင်း
( ၆ )  ပင်ပန်း နွမ်းနေသော ပြည်သူလူထု  အပန်းဖြေနိုင်ပါစေ ဆိုသည့် စိတ်ထားဖြင့် လွတ်လပ်စွာ ခွင့်ပြုပေးမှု အပြင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ပါဝင် ဆောင်ရွက်မှုများ ကြောင့်  အနှိပ်ခန်း များနှင့် ပြည့်တန်ဆာများ ပိုမို များပြားလာခြင်း
( ၇ )  ကိုယ်ပိုင် အိမ်ယာများ ဖြင့် နေထိုင်ကြလျှင်  ငါအိမ် ဆိုသည့် အစွဲများဖြင့်  စွဲလမ်းကာ  စိတ်ဒုက္ခရောက်ကြရမည်ဆိုးသည့် အတွက်  အိမ်ပိုင် ၊   ယာပိုင်များ မရှိစေရန် ရည်ရွယ် ဆောင်ရွက်မှု ကြောင့် အိုးမဲ့ အိမ်မဲ့များ  ပိုမို တိုးပွားလာခြင်း
( ၈  )   နှစ်ပါင်းများစွာ ပညာ သင်ကြားရ၍  ပင်ပန်းဆင်းရဲ ခဲ့သည့် အပြင်  အလုပ်လုပ် ကိုင် ဆောင်ရွက်နေရသည့်ကိုယ့်နိုင်ငံသားမျာကို  ကြည့်ကာ သနား ဂရုဏာ သက်မိ၍  နှောင်းလူအများ  ထိုသို့ ပင်ပန်းဆင်းရဲ မခံစားရစေ ရန် ဖန်တီးပေးထားမှု ကြောင့် ဘွဲ့ရ  အလုပ်လက်မဲ့များ ပိုမို တိုးပွားလာခြင်း
( ၉ )   တရားရေးရာ အမှုထမ်းများ အလုပ် အကိုင် အခွင့်လမ်းကောင်းများ ရရှိစေရေး အတွက် ထိုအဖွဲ့အစည်းများ အလုပ်အကိုင်ပေါများလာစေရေးကို  ဦးတည်ထားသည့် အပြင် ဥပဒေ စိုးမိုးရေး ကို အာရုံစိုက် အားထုတ်မှု ကို သက်သေပြသည့် အနေဖြင့်အတည်ပြု ထုတ်ပြန်ထားသည့် ပြည်သူများ လိုက်နာ ရန် ခက်ခဲသော ဥပဒေ အသစ်များ ပိုမို တိုးပွားလာခြင်း
( ၁၀ ) အာဏာရှင် စနစ်ဟု ကျွန်ူပ်တို့ကို စွပ်စွဲ ပြောဆို၍ တွန်းလှန်ရန် ကြိုးစားကြသည့် အတွက် ဖမ်းဆီးထိန်းသိမ်းထားရသည့်နိုင်ငံရေး အကျဉ်းသားများ ပိုမို တိုးပွားလာခြင်း
( ၁၁ )  အင်တာနက်ကို စတင် အသုံးပြုသည့် လူငယ်များက ကော်နက်ရှင် ကောင်းပါစေလို့ ဆုတောင်းကြသည့် အတွက်ဘာသာတရားကို  ပိုမိုအလေးထားလာစေရန် အကြံအစည်များဖြင့် ဆက်သွယ်ရခက်သည့်  တယ်လီဖုန်းလိုင်းများနှင့်နှေးကွေးသည့် အင်တာနက်လိုင်းများ  ပိုမိုများပြားလာခြင်းကြောင့် ကုန်ကျစရိတ်များ ပိုမိုတိုးပွားလာကာ ထိုအရာများကို သုံးစွဲသူများ ဖြုန်းတီးပစ်လိုက်ရသည့်  အချိန်များ ပိုမို တိုးပွားလာ ခြင်း
( ၁၂ ) လျှပ်စစ် ဓါတ်အားများ အလျှံပယ် ထုတ်ယူကာ ဖြန့်ဖြူးလိုက်လျှင် ပြည်သူလူထု  အမြဲတမ်း အလုပ်လုပ်နေရကာအနားမယူရမည်ကို   စိုးရိမ်သည့် ကျနော်တိုသည် လျာထားချက်နှင့် ပြည့်မှီအောင် မထုတ်လုပ်နိုင်သည့် ရေအားလျှပ်စစ်စက်ရုံများ နှင့် ထိုစီမံကိန်းများ  ထုတ်လုပ်သည့် လျှပ်စစ် ဓါတ်အားများ အပြင်  တိုင်းပြည် သယံဇာတ ရင်းမြစ်များကို တိုင်းတပါးသို့ တင်ပို့ရောင်းချမှုများ ပိုမို တိုးပွားလာခြင်း
( ၁၃ ) ကိုယ့်နိုင်ငံတွင်  အလုပ်မ လုပ်ကိုင်ရသည်ကို ပျင်းရိပါသည်ဟု အကြောင်းပြလျှက်  တိုင်းတပါးသို့ ထွက်ခွါ၍ ပင်ပန်းဆင်းရဲ ဒုက္ခ ခံလိုကြသည့်  မြန်မာနိုင်ငံသားများ ပိုမို တိုးပွားလာခြင်း
( ၁၄ ) ရှေးဟောင်း ယဉ်ကျေးမှုများကို မြတ်နိုးထားသည့် ကျနော်တို့ တိုင်းပြည်မှ လူအများ အတွက် တိုင်းတပါးမှ အသုံးမလိုတော့သည့် ယဉ်ယန္တား အစုတ်အပြတ်များ  တင်သွင်းကာ အသုံးပြကြခြင်းကြောင့် လေထု ညစ်ညမ်းမှုများ ပိုမိုတိုးပွားလာစေအောင် စီမံဆောင်ရွက် သည့် အခါ  အချို့သော လူအများက  အသစ်များ တင်သွင်းလာမည် ကို စိုးရိမ်သော ကြောင့် လုပ်ပိုင်ခွင့် အာဏာကို  အစိုးရမှကိုယ်တိုင်ရွေးချယ် ခွင့်ပြုမှု ကြောင့်  အခွန်အခများ တိုးပွားလာကာ ကမ္ဘာမှာ ယာဉ်ယန္တာရား ဈေး အကြီးဆုံး နိုင်ငံ  အထိ တိုးတက်လာခဲ့ခြင်း
( ၁၅ )  စစ်မှန်သော ဗုဒ္ဓဘာသာ၏ အကျင့်မှန်များသည် ပင်ပန်းဆင်းရဲကာ လိုက်နာရန် ခက်ခဲသည့် အတွက်ယခင်  နိုင်ငံတော် အကြီးအကဲများ၏ လမ်းညွှန်ချက်ကို  လက်တွေ့ကျကျ အကောင်အထည် ဖော် ဆောင်ရွက်နိုင်မှု ကြောင့်ဗုဒ္ဓဘာသာဝင်  အမည်ခံ အတုအယောင် များ   ပိုမို တိုးပွားလာသလို တဖက်ကလည်း ဗုဒ္ဓရဲ့ စစ်မှန်တဲ့ ဓမ္မကိုဆန့်ကျင်ကန့်ကွက်လိုသည့်  အယူအဆများ ကို လက်ကိုင်ထားသည့် လူအင်အား ပိုမိုများပြားလာခြင်း
 ( ၁၆ ) အဖော်အချွတ်ကို ဦးစားပေးကာ ညစ်ညမ်းစကားလုံးများကို များများ သုံးစွဲမှ အနုပညာ အစစ်ပါလို့ ထင်မှတ်ထားကာထိုကဲ့သို့သော ဖျော်ဖြေမှုမျိုးကို အနစ်နာခံကာ နေရာပေါင်းစုံမှ မျှဝေ ပေးနေသည့်  အနုပညာရှင်များ ပိုမိုတိုးပွားလာခြင်း
(၁၇ ) အမှု အခင်း တခု ဖြစ်ပွားသည့် အခါ အမှုမှန် ပေါ်စေရေးထက် ထိုအမှုကို အမြန်ဆုံး ပြီးပြတ် ဆောင်ရွက်လိုသည့် ရဲတပ်ဖွဲ့နှင့်ထောက်လှမ်းရေးတပ်များ၏  အင်တိုက်အားတိုက်  ဆောင်ရွက်မှု ကြောင့် အပြစ်မရှိ အပြစ်ရှာကာ  ဖမ်းဆီး ညှင့်းပန်း နှိပ်စက်ခံရသည့်  ပြည်သူလူထု အရေအတွက် ပိုမို တိုးပွားလာခြင်း
( ၁၈ ) လယ်ပိုင် ယာပိုင်များ ရှိခြင်းကြောင့် တောင်သူလယ်သများများ နေ့မအား ၊ ညမနား  ကြိုးစားလုပ်ဆောင် နေရသည်ကို သနားဂရုဏာ သက်မိသည့် အတွက်  စီမံကိန်းများကို အကြောင်းပြ၍  လယ်ယာ မတရား သိမ်းယူမှုပေးမှု များလုပ်ဆောင်ခဲ့သည့် အတွက်  လယ်ယာလက်မဲ့ ဖြစ်ခဲ့ရသည့်  တောင်သူလယ်သများ အရေအတွက် ပိုမို တိုးပွားလာခြင်း
( ၁၉ )  အစိုးရ အတိုက်အခံများက ကျွန်ူပ်တို့ကို အဖက်ဖက်က နိမ့်ကျနေအောင် လုပ်နေသည်ဟု စွပ်စွဲ ပြောဆို၍  တွေ့သမျှ  မြစ်ချောင်းများကိုဆည်မြောင်းများ ဆောက်လုပ်မှု ကြောင့် ယခုအခါ မြစ်များ အတွင် ရေစီးအားနည်း၍ မြစ်ကြမ်းပြင် မြင့်တက်လာအောင် စွမ်းဆောင်ပြခဲ့ခြင်း
( ၂၀  )  ယခင်က ပိန်းပိတ်အောင် မှောင်မည်းနေသည့် တောကြီး မျက်မည်းများသည် အန္တာရ ယ်ရှိသည်ဟု ယူဆသောကြောင့်စေတနာနှင့် ခုတ်ထွင်  ရှင်းလင်းမှု ကြောင့် ပြုန်းတီးလာသည့် သစ်တောများ နှင့် တောင်ဂတုံးများ တိုးပွားလာခြင်း
( ၂၁ ) လယ်ယာ  စိုက်ပျိုးရေး ဂဏ္ဍများတွင်လည်း အထွက်တိုး သီးနှံများ စိုက်ပျိုး၍  တကယ် အထွက်တိုးလာလျှင်တောင်သူလယ်သများ ဦးကြီးများ သိမ်းဆည်းရ ဒုက္ခရောက်မည် ကို စိုးရိမ်သော  စိတ်စေတနာကို အရင်းခံကာ အထွက်လျော့နည်းသည့် သီးနှံများကို စိုက်ပျိုးနေရသည့် စိုက်ဧကများ   တိုးပွားလာခြင်း နှင့် မြန်မာနိုင်ငံထွက်သီးနှံများတွင်  တွင် အာဟာရဓါတ်များ အပြည့်အ၀ ပါရှိပါက ပြည်သူများ သွေးတိုး ဆီးချို အစရှိသည့် ရောဂါများကိုခံစားရကာ ဒုက္ခရောက်မည်ကို စိုးရိမ်စိတ်ဖြင့် အာဟာရ ဓါတ် လျော့နည်းသည့် မျိုးစိတ်များကို စိုက်ပျိုးခိုင်းမှု ကြောင့် ယခုအခါ မြန်မာသီးနှံ ကို ကမ္ဘာ့နိုင်ငံ တော်တော်များများ က  လက်မခံအောင် စွမ်းဆောင်နိုင်ခဲ့ခြင်း
 ယခုကဲ့သို့  ဘက်စုံထောင့်စုံ ၊ ဂဏ္ဍပေါင်းစုံမှ တိုးတက်နေသည်ကို မနာလို မရှု စိမ့် နိုင်ကြကာ  အမျိုးမျိုး ဝေဖန်၍ ပြစ်တင်ပြောဆိုနေကြသည်ကို  ပြည်သူလူထု တရပ်လုံး သိရှိပြီး ဖြစ်ပါတယ် ။ ဒါ့အပြင် ပြည်တွင်းမှ ဒီမိုကရေစီ အင်အားစုများကလည်း  ကျွန်ူပ်တို့ စွမ်းဆောင် နိုင်မှုကြောင့် တိုင်းပြည် တိုးတက် ဖြစ်ထွန်းနေသည့် မြင်ကွင်းများကိုတွေ့မြင်နေရ၍ ထိုအချက်များနှင့် ဆန့်ကျင်ဘက် များ ဖြစ်ပွားအောင် ပြည်သူလူထု အား သွေးထိုး လှုံ့ဆော် ပေးလျှက် ရှိကာ အမှန်တရားများဟု ဆိုလျှက်  ဆက်လက် ဖြန့်ဝေ  နေကြတာကို  တွေ့နေရတုန်းပါဘဲ ။  ပြည်သူလူထုကြီး  အသိဥာဏ် ရှိရင် စဉ်းစားတတ်မှာပါ ။ ကျနော်တို့က ပြည်သူလူထု တော်တော်များများကို မစဉ်းစားတတ်အောင် လုပ်ကိုင်ပေးထားလို့ ဒီမိုကရေစီ အင်အားစုများရဲ့ စကားကို  အမှန်လို့ ထင်နေကြတာပါ ။  ကျနော်တို့လုပ်တာ မှန်သလား ၊ ဒီမိုကရေစီ ဘက်တော်သားတွေ ပြေတာ မှန်သလား ဆိုတာ အထက်ပါ အချက်အလက်များက သက်သေခံ ထားနေပါတယ် ။
ဒါကြောင့်  အထက်ပါ အချက်အလက်များသည် ချွင်းချက် မရှိ ပြည့်စုံမှန်ကန်နေပါတယ်လို့ ပြည်သူအများဆီက အတည်ပြု ပြေားကြားတဲ့ အသံများကို ကြားလိုပါတယ် ။ ကျွန်ူပ် တာဝန် ထမ်းဆောင်တဲ့ ငါးနှစ်သက်တမ်း အတွင်း  အထက်ပါ အချက်အလက်များ ပိုမိုတိုးတက်စေအောင် ဆောင်ရွက်မည့် အပြင် အခြားခြားသော တိုးတက်မှု အသစ်များကို လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ပြောကြားရင် ကျနော့်ရဲ့ မိန့်ခွန်းကို အဆုံးသတ်ပါရစေ ခင်ဗျာ....။
သမ္မတကြီး၏ ပထမဆုံး  မိန့်ခွန်းတွင် ဖော်ပြခဲ့သည့် အချက်များသည် ယနေ့မြန်မာနိုင်ငံ ပကတိ အခြေအနေများကို ဖော်ပြနေ၍  မှန်ကန်ပါကြောင်း ထောက်ခံသည့် အနေဖြင့် အများသိအောင် စီစဉ် တင်ဆက် ရေးသားလိုက်ပါတယ် ။
ခင်မင်လေးစားလျှက်
ဗမာ့သွေး
0 တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သစ်နှင့် အမေရိကန် မြန်မာ တပ်မတော်နှစ်ရပ် ဆက်ဆံရေး - အပိုင်း (၁)
တပ်မှူးတပ်သား ပြောစကား (၀၅၄)
မြန်မာနိုင်ငံက အစိုးရသစ်ရဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် ဖြစ်လာခဲ့သလို အမေရိကန်ပြည်ထောင်စုက လည်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အထူးသံတမန်အဖြစ်၊ ကာကွယ်ရေး ၀န်ကြီးဌာနက အာရှ-ပစိဖိတ်ရေးရာ လက်ထောက်ကာကွယ်ရေး ၀န်ကြီး ဒဲရစ်(က်) မစ်ရှဲ(လ်) (Derek Mitchell) ကို ခန့်အပ်လိုက်ပါပြီ။ ဒီသီတင်းပတ်ရဲ့ “တပ်မှူးတပ်သား ပြောစကား” ကဏ္ဍမှာ၊ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ရဲ့ ဘ၀ဖြစ်စဉ်အကျဉ်းချုပ်နဲ့ အမေရိကန်-မြန်မာ တပ်မတော်နှစ်ရပ်တို့ရဲ့ ဆက်ဆံရေးတွေကို၊ ဗိုလ်မှူးဟောင်းဦးအောင်လင်းထွဋ် နဲ့ မေးမြန်း ဆွေးနွေးပြီး၊ ဦးရော်နီညိမ်းက တင်ဆက်ထားပါတယ်။
ဦးရော်နီညိမ်း။     ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ရဲ့profile (ဘ၀ကောက်ကြောင်းတစေ့ တစောင်း) ကို ကျနော်တို့ ပြန်ကြည့်တဲ့အခါမှာ၊ သူဟာ ရန်ကုန်ဇာတိဖြစ်တယ်။ ရန်ကုန်မြို့ ဆူးလေဘုရားလမ်းမှာ ကြီးတယ်။ မီးသတ်နဲ့ မျက်နှာချင်းဆိုင်က၊ တိုက်ကြီးမှာ နေတယ်လို့ အခု profile ပို့ထားတဲ့ တစ်ယောက်က၊ အဲဒီလောက်ထိ အသေးစိတ်ရေးထားတာ ကျနော်တို့ တွေ့ရပါတယ်။ သူဟာ “အထက(၁) လသာ” က နေပြီး ၁၉၇၂ ခုနှစ်မှာ ဆယ်တန်းအောင်တယ်။ ပြီးတော့ ရန်ကုန်ဝိဇ္ဖာနှင့်သိပ္ပံ တက္ကသိုလ်မှာ ဥပဒေအဓိက ဘာသာရပ်နဲ့၊ တက္ကသိုလ်တက်တယ်။ တက္ကသိုလ်အရံတပ်ရင်းမှာ ပါဝင်ခဲ့တယ်။ စစ်တက္ကသိုလ်အပတ်စဉ်(၁၇)ကိုခေါ်တာ နောက် ကျတဲ့အတွက်ကြောင့်မို့ ၁၉၇၂ ခုနှစ်မှာ ဆယ်တန်းအောင်ပေ မယ့်၊ သူဟာ အပတ်စဉ်(၁၇)ကနေစပြီး ဖြေခွင့်ရခဲ့တယ်။ ဒါပေမယ့် သူ အပတ်စဉ် (၁၇)နဲ့လည်း ပါမသွားဘူး။ သိပ်မကြာဘူး၊ စစ်တက္ကသိုလ်အပတ်စဉ်(၁၈) ခေါ်တော့လည်း သူ ၀င်ဖြေတယ်။ အဲဒါလည်း မရဘူး။ နောက်ဆုံး ဥပဒေအဓိက (ဒုတိယနှစ်) ဖြစ်နေတဲ့အချိန်မှာ၊ သူဟာ အသက်မှီနေသေးတဲ့အတွက် အပတ်စဉ်(၁၉)နဲ့ ဖြေတဲ့အချိန်မှာတော့၊ ရသွားတယ်။ အဲဒါကလည်း အဲဒီအချိန်က ကာကွယ်ရေးဦးစီးချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီးသူရကျော်ထင်နဲ့ မင်္ဂလာဒုံဗိုလ်သင်တန်း အပတ်စဉ်တူ ဂျပန်ခေတ်က တက်ခဲ့ဖူးတဲ့၊ မော်ကွန်းဝင်ကြီးတစ်ဦးရဲ့ လိုက်လံပြောဆို ဆောင်ရွက်ပေးမှုကြောင့် ဖြစ်တယ်လို့၊ အခုဒီ profile ထဲမှာ ပေးပို့လာသူက ရေး ထားတာ ကျနော်တို့ တွေ့ရပါတယ်။ ဒါပေမယ့် ကျနော်တို့က အဲဒီမှာ ဘာမြင်ကြည့်လို့ရလဲ ဆိုတဲ့အခါကျတော့၊ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ဟာ တပ်မတော်အပေါ်မှာ တကယ့်ကို သံယောဇဉ်ကြီးကြီးနဲ့၊ အဲဒီလောက် ခက်ခက်ခဲခဲနဲ့ တပ်မတော်အရာရှိဘ၀ကိုရယူထားတဲ့ ပုဂ္ဂိုလ် တစ်ယောက်ဟာ၊ ဘယ်လိုပဲပြောပြော တပ်မတော်အတွက်ရော အဲဒီ ကမှတဆင့် မြန်မာနိုင်ငံအတွက်ရော၊ သူဟာ ကောင်းရာမွန်ရာကို လုပ်ချင်တဲ့ စိတ်ဆန္ဒ မရှိနိုင်ဘူးလား။ ဒါကိုလည်း ကျနော်တို့ အဲဒီလိုမျိုး ဒီဘက်ကနေ၊ မြင်ကြည့်လို့ မရဘူးလား။ ဗိုလ်မှူးအောင်လင်းထွဋ် သူနဲ့ အထက်အောက် ကပ်ရက်၊ စစ်တက္ကသိုလ်မှာ နေခဲ့ဖူးတော့ ဘယ်လိုမြင်ပါသလဲ ခင်ဗျ။
ဗိုလ်မှူးအောင်လင်းထွဋ်။    ။ ကျနော်တို့ စစ်တက္ကသိုလ် ရောက်တဲ့အချိန်ခါမှာ ဗိုလ်ချုပ်မင်းအောင်လှိုင်က ဒုတိယနှစ်၊ ကျနော်တို့က ပထမနှစ် ပါ။ ကျနော်တို့ ပထမနှစ် ဖြစ်စဉ်တုန်းကတော၊့ ဗိုလ်ချုပ်မင်းအောင်လှိုင် ကို တွေ့ရင် ကျနော်တို့ တော်တော်ကြောက်ရပါတယ်။ ကျနော်တို့ သူ့ရှေ့က ဖြတ်သွားရင်တော့ လက်ကပ်ရင် ကပ်ပြန်ပြီ။ လက်အိပ်နှိုက်ရင် နှိုက်ပြန်ပြီ ဆိုတဲ့ အမျိုးမျိုးအပြစ်ရှာပြီး အင်မတန်လုပ်တဲ့ အတွက် ကြောင့်မို့၊ ကျနော်တို့ ပထမနှစ်တွေ အနေနဲ့၊ ဒုတိယနှစ်ဗိုလ်လောင်း မင်းအောင်လှိုင် အပေါ်မှာတော့၊ သူ့ကိုမြင်ရင် ကျနော်တို့ ဝေးဝေးက ရှောင်တဲ့အနေအထားမျိုး ရှိပါ တယ်။
ဦးရော်နီညိမ်း။     ။ ဟုတ်ကဲ့ စစ်စည်းကမ်း အလွန်တရာ လိုက်နာတယ်။ စည်းကမ်းကြီးမားတဲ့ ပုဂ္ဂိုလ်ဖြစ် တယ်လို့ရော တဘက်ကနေ မြင် ကြည့်လို့ မရဘူးလား။
ဗိုလ်မှူးအောင်လင်းထွဋ်။    ။ မှန်ပါတယ်၊ အဲဒီလို အကောင်းအမြင်နဲ့ ကြည့်မယ်ဆိုရင်တော့၊ စစ်တက္ကသိုလ်ထဲမှာ သူ စစ်စည်းကမ်းဖောက်လို့ တခြားဗိုလ်လောင်းတွေလို အချုပ်ကျတာတို့ ဘာတို့တော့၊ မတွေ့ခဲ့ဘူးပါ ဘူး။ သူ့မှာ ကောင်းတဲ့ အချက်လေးတွေလည်း ရှိနိုင်ပါတယ်။
ဦးရော်နီညိမ်း။     ။ ဟုတ်ကဲ့၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သူ့ရဲ့နေရာကို ဆက်ခံဖို့ ရွေးတယ်ဆိုတဲ့ နေရာမှာလည်းပဲ၊ ဗိုလ်ချုပ်ကြီးမင်းအောင် လှိုင်ရဲ့ အထက်က စီနီယာတွေ အကုန်လုံးကို ရှင်းဖယ်ထုတ်ပြီးတော့မှ၊ သူ့ကို ဒီနေရာကို ပေးခဲ့ရတာလို့ ကျနော်တို့ မြင်ကြည့်လို့လည်း ရနိုင် ပါတယ်။ သူ ဗိုလ်သင်တန်းဆင်းပြီးတဲ့ နောက်ပိုင်းမှာ ဗိုလ်ချုပ်ကြီးဖြစ် လာတဲ့ အထိ၊ ဘ၀ဖြစ်စဉ် ဘယ်လိုဖြတ်သန်းခဲ့ပါသလဲ။
ဗိုလ်မှူးအောင်လင်းထွဋ်။    ။ သူတို့ 19th Intake (စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်း အပတ်စဉ် - ၁၉) ကျောင်းဆင်းသွားပြီးတဲ့အခါမှာ၊ ဗိုလ်ချုပ်မင်းအောင်လှိုင်ဟာ တပ်မ(၈၈)က တပ်ရင်းတရင်းမှာ တာဝန်ကျ ခဲ့ဖူးတယ်လို့ ကျနော်တို့ သိပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကတော့ ၁၉၇၉ လောက်တုန်းက တပ်မ(၈၈) ဒု-တပ်မမှူး။
ဦးရော်နီညိမ်း။     ။ ဟုတ်ကဲ့၊ အဲဒီအချိန်မှာ စတုတ္ထအကြိမ်ပါတီညီလာခံ ၁၉၈၁မှာ ကျင်းပတဲ့အချိန်မှာ၊ ဗိုလ်မှူးကြီးသန်းရွှေဟာ တပ်မ(၈၈)ရဲ့ တပ်မမှူးဆိုတာ တွေ့ထားရပါတယ်။ (မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်က ခြေမြန်တပ်မမှူးများလည်း၊ ပါတီဗဟိုကော်မီတီဝင်များ ဖြစ်ခဲ့ကြ ပြီး၊ လေးနှစ်တစ်ကြိမ် ပြုလုပ်သော ပါတီညီလာခံများတွင်၊ လက်ရှိပါတီဗဟိုကော်မီတီဝင်များ အပါအ၀င် ညီလာခံတက်ရောက်ကြသည့် ကိုယ် စားလှယ်များ အားလုံးတို့၏ ကိုယ်ရေးဖြစ်စဉ်များကို စာအုပ်အဖြစ်ပုံနှိပ်ပြီး၊ ညီလာခံတွင် ဖြန့်ဝေပေးထားသည်။)
ဗိုလ်မှူးအောင်လင်းထွဋ်။    ။ ဗိုလ်ချုပ်မင်းအောင်လှိုင်တို့က ၁၉၇၇ ဒီဇင်ဘာမှာ သူတို့ ကျောင်းဆင်းသွားတာ ပါ။ ဒါကြောင့်မို့ ၁၉၇၈၊ ၁၉၇၉၊ ၁၉၈၀ လောက်မှာတော့ ကိုမင်းအောင်လှိုင်တို့ အနေနဲ့ လုံခြုံရေးတပ်စုမှူးလို လို အနီးကပ်လိုက်တဲ့ လူလိုလိုနဲ့ သူတို့ ဒီတပ်မမှာ staff လည်း မဟုတ်၊ ကျန်တဲ့ တပ်စုမှူးလည်းမဟုတ်ပဲ၊ နေခဲ့ထိုင်ခဲ့တဲ့ အနေ အထားမျိုးရှိပါတယ်။
ဦးရော်နီညိမ်း။     ။ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ကို တပ်မ(၄၄) တပ်မမှူးအနေနဲ့ တွေ့ရပြီးတဲ့နောက်၊ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး၊ နပခ (အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်-အမ်း) တိုင်းမှူး၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ-ကျိုင်းတုံ် တိုင်းမှူးတွေ ဖြစ်ပြီးတဲ့နောက်မှာ၊ သူဟာ ကစထ(၂)(ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့ - ၂) ရဲ့ ကစထမှူး ဖြစ်လာတာကို တွေ့ရပါတယ်။ အဲဒီကနေမှ သူဟာ ညှိကွပ် (တပ်မတော် ညှိနှိုင်းကွပ်ကဲရေးမှူး ကြည်း-ရေ-လေ)) ဆိုတဲ့နေရာကို ရောက်သွားတဲ့ အချိန်မှာတော့၊ သူ့ကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေက နိုင်ငံခြားသွာရင်လည်း ခေါ်သွားတာကို တွေ့ရပါတယ်။ ဥပမာ သိရိလင်္ကာ၊ အိန္ဒိယ၊ တရုတ်တွေကို သွားတုန်းက။ ဒါဟာ ဗိုလ်ချုပ်ကြီးနေ၀င်းတုန်းက လုပ်ခဲ့တဲ့ အစဉ် အလာမျိုးလား။ ဘာကြောင့်လဲဆိုတော့ ဗိုလ်ချုပ်ကြီးနေ၀င်းဟာ သူ ထပ်ပြီးတော့ အဆင့်ရာထူး တိုးမြှင့်ပေးတော့မယ့်၊ စစ်ရာထူးကြီးတွေကို ခန့်မယ်လို့ သူရည်မှန်းထားတဲ့ ပုဂ္ဂိုလ်တွေ ကို၊ အနီးကပ်လေ့လာဖို့အတွက် နိုင်ငံခြားခရီးသွားရင် သူနဲ့အတူ ခေါ်သွားလေ့ ရှိတယ်ဆိုတာ၊ ကျနော်တို့ စာအုပ်စာတမ်းတွေမှာ တွေ့ရပါတယ်။ အဲဒီတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာလည်း ဒီထုံးစံကိုပဲ လိုက်သလား။ ဗိုလ်မှူး ဘယ်လိုမြင် ပါသလဲခင်ဗျ။
ဗိုလ်မှူးအောင်လင်းထွဋ်။    ။ ကိုရော်နီ သတိထားမိပါလိမ့်မယ်။ အိန္ဒိယကို သွားတုန်းက၊ ဗိုလ်ချုပ်ကြီးမြင့်အောင်(တပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ဖြစ်လာမည်ဟု သတင်းပြေးနေရာမှ၊ အနားပေးခြင်းခံခဲ့ရသော စစ်ရေးချုပ်ဟောင်း ဒုတိယဗိုလ်ချုပ်ကြီးဟောင်းမြင့်အောင် - DSA 18) ပါ သွားပါတယ် ခင်ဗျ။
ဦးရော်နီညိမ်း။     ။ အိန္ဒိယကိုသွားတဲ့ ပထမ တခေါက်မှာလား၊ ဒုတိယ တခေါက်မှာလား ခင်ဗျ။
ဗိုလ်မှူးအောင်လင်းထွဋ်။    ။ ဒုတိယ တခေါက်မှာပါ။ မနှစ်က သွားတုန်း၊ ဗိုလ်ချုပ်ကြီးမြင့်အောင်ကို ခေါ်သွား ပါတယ်။ အဲဒီအချိန်တုန်းကတော့ ကာကွယ်ရေးဦးစီးချုပ်ဟာ ဗိုလ်ချုပ်ကြီးမြင်အောင် ဖြစ်လာမယ် မှန်းထား ကြတာပါ။ နောက်ပိုင်း တရုတ်ပြည်သွားတဲ့အခါကျတော့၊ ဗိုလ်ချုပ်မင်း အောင်လှိုင် ပါသွားတယ်။
ဦးရော်နီညိမ်း။     ။ ဟုတ်ကဲ့၊ အဲဒီတော့ စကားကို ပြန်ကောက်ရရင်၊ ဘယ်လိုပဲပြောပြော ဒီပုဂ္ဂိုလ်ဟာ၊ ခေတ်ပညာတတ်ပုဂ္ဂိုလ် တစ်ယောက် ဖြစ်တယ်။ ထက်ထက်မြက်မြက် ရှိတယ်။ အဲဒီလို ပုဂ္ဂိုလ်ဟာ အခု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဖြစ်လာတယ်။ သမ္မတတို့ ဒုသမ္မတတို့ပြီး ရင်၊ သူဟာ အာဏာအရှိဆုံးလို့ တောင် ပြောလို့ရတယ်။ အဲဒီတော့ တိုင်းပြည်အတွက် သူ ဘယ်လိုလုပ်သွားမယ်လို့ မျှော်လင့်ပါသလဲ။ တပ်မတော်အတွက်ရော တိုင်းပြည် အတွက်ရော။
ဗိုလ်မှူးအောင်လင်းထွဋ်။    ။ ကိုမင်းအောင်လှိုင် စကားတခွန်းကို ကျနော် သွားသတိရမိပါတယ်။ သူ ကစထမှူး ဘ၀တုန်းက “၀” နယ်မြေကို သွားတဲ့အခါမှာ၊ အဓိကကတော့ဗျာ border guard (နယ်ခြားစောင့် တပ်) ကိစ္စရယ်၊ ဘိန်းစိုက်တဲ့ ကိစ္စရယ်နဲ့ ပတ်သက်ပြီး သူ ပြောခဲ့တဲ့စကား တခွန်း ရှိခဲ့ပါတယ်။ အမေရိကန်ကသာ အကူအညီပေးမယ်။ ငါတို့နဲ့ အမေရိကန်နဲ့သာ အဆင်ပြေမယ်ဆိုရင်တော့၊ မင်းတို့ကို ချမယ်ဆိုတဲ့ သူ ကြိမ်းဝါးခဲ့တဲ့ အနေအထားမျိုးပါ။ အဲဒီအချိန်တုန်းက သူပြောခဲ့တာကို ကျနော် မှတ်မိလိုက်ပါတယ် ခင်ဗျ။ သူတို့ရဲ့ စိတ်ကူးစိတ်သန်းကလည်း၊ ငယ်စဉ်ကတည်းက တပ်မ(၈၈)ဆိုတာ တရုတ်ကျောထောက်နောက်ခံ ပေးထားတဲ့ ကွန်မြူနစ်နဲ့ တိုက်လာခဲ့တာ ဆိုတော့၊ တရုတ်ကိုတော့ သူက လိုလိုလားလားနဲ့ ပေါင်းချင်သင်း ချင်တဲ့ အနေအထားမျိုးမရှိဘူး၊ ဆိုတာတော့ ရှင်းပါတယ် ခင်ဗျ။
ဦးရော်နီညိမ်း။     ။ ဟုတ်ကဲ့ ကျနော်တို့ မြန်မာ့တပ်မတော် ခေါင်းဆောင်တွေကို လေ့လာခဲ့တဲ့ တလျှောက်လုံးမှာလည်းပဲ၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်မှာ ဆိုရှယ်လစ်စနစ်ကို ကျင့်သုံးတယ် ဆိုတာတောင်မှ ပဲ၊ အနောက်နိုင်ငံတွေကိုပဲ အထင်ကြီးတယ်၊ အနောက်အုပ်စုနိုင်ငံ တွေကိုပဲ လိုလားတာကို ကျနော်တို့ တွေ့ရ တယ်။ ဥပမာအားဖြင့် ဂျာမန် Fritz Warner (၁၉၆၂ ခုနှစ်က စပြီး၊ တပ်မတော်ကာကွယ်ရေး ပစ္စည်းစက်ရုံ -ကပစ-များအတွက် လိုအပ်သမျှ ဆောင်ရွက်ပေးသည့် ဂျာမန်ကုမ္ပဏီ) ကုမ္ပဏီနဲ့ပဲ၊ စစ်လက်နက်ပစ္စည်းတွေ ထုတ်လုပ်ခဲ့တာ တွေ့ရတယ်။ နောက်ပိုင်းမှာလည်း တောက်လျှောက် စစ်သင်တန်းတွေ တက်ဖို့၊ နိုင်ငံခြားကို ပို့တဲ့အခါမှာလည်း ၁၉၈၈ မတိုင်ခင်ကဆိုရင်၊ အရှေ့အုပ်စုနိုင်ငံတွေနဲ့ အခု နောက်ပိုင်းပို့တဲ့ တရုတ်လို နိုင်ငံ မျိုးတွေဆီကို၊ ပို့တာ မတွေ့ခဲ့ပဲ၊ အမေရိကားတို့ ဗြိတိန် တို့ကိုပဲ ပို့တာကို တွေ့ခဲ့ရပါတယ်။ အဲဒီတော့ ဘာပဲပြောပြော စစ်ခေါင်းဆောင် အဆက်ဆက်ဟာ အနောက်ကိုပဲ လိုလားတယ်။ အနောက်အုပ်စုနဲ့ပဲ ပြေလည်ချင် တယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေလည်းပဲ ဒီသဘောရှိတယ်။ အကြိမ်ကြိမ် ကြိုးစားနေတယ်၊ ကြိုးစားခဲ့တယ်ဆို တာ၊ ဗိုလ်မှူးတို့လည်း ကျနော်တို့ အင်တာဗျူးတွေမှာ ပြောပြခဲ့တာပဲ။ အဲဒီတော့ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် လည်း ဒီသဘောပဲရှိတယ်လို့၊ အခု ဗိုလ်မှူးက မြင်တယ် ဆိုတော့၊ အနောက်အုပ်စုကရော သူ့အပေါ်မှာ ဘယ်လို မြင်မလဲ။ ဗိုလ်မှူးက အမေရိကန်နိုင်ငံမှာ သံတမန်အဖြစ် လုပ်ကိုင်ခဲ့ဖူးတဲ့အတွက် ဘယ်လိုမြင်ပါ သလဲ။ အခုဆိုရင် ဒီမှာ ဒီက DEA (Drug Enforcement Administration – အမေရိကန်ပြည်ထောင်စု တရားရေးဝန်ကြီးဌာန လက်အောက် ခံ၊ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့) အဖွဲ့တွေတောင်၊ ဗိုလ်ချုပ်ကြီးကိုကို နဲ့တောင်မှ တချို့ သွားတွေ့ပြီး စကားပြောပြီးပြီဆိုတဲ့၊ သတင်းတွေ လည်း ကျနော်တို့ ကြားရပါတယ်။ (မြန်မာနိုင်ငံက) ပြည်ထဲရေးဝန်ကြီးဌာနနဲ့ DEA နဲ့ သက်ဆိုင်တဲ့ အတွက်ကြောင့်မို့လို့။ အဲဒီတော့ ဆက်ဆံ ကူးလူးမှု တော့ ရှိနေတယ်။ အဲဒီအခါကျတော့ အမေရိကန်တပ်မတော်က ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်အပေါ်မှာ ဘယ်လို သဘောထားမယ်၊ ဘယ်လို မျှော်လင့်မယ်လို့၊ ဗိုလ်မှူးအနေနဲ့ မြင်ပါသလဲခင်ဗျ။
ဗိုလ်မှူးအောင်လင်းထွဋ်။    ။ ကျနော့အမြင်ပြောရရင်တော့ ခုနက ကိုရော်နီပြောသလိုပဲ၊ ကျနော်တို့ ရှိစဉ် တုန်းကရော၊ ကျနော်တို့ အရင့်အရင် ဗိုလ်ချုပ်ကြီးမောင်အေးတို့ ကိုယ်တိုင်ကိုက၊ အမေရိကန်နဲ့ အနောက် အုပ်စုကိုပဲ လေးစားပါတယ်။ အထင်လည်းကြီးပါတယ်။ စစ်ပစ္စည်း၊ စစ် ၀တ် ၊ နောက်ဆုံးဗျာ အသုံးအဆောင် ပစ္စည်းကအစ Made in USA ဆိုတဲ့ ဟာမျိုးကိုမှ သဘောကျတဲ့လူပါ။ ဗိုလ်ချုပ်မင်းအောင်လှိုင်အနေနဲ့ ပြောရရင်လည်း၊ အဲဒီလို လူတွေထဲမှာ ပါပါတယ်ခင်ဗျ။ အဲဒီတော့ အမေရိကန်အစိုးရအနေနဲ့ကလည်း၊ ကျနော်တို့ စစ်တပ်ထဲမှာ ရှိစဉ် ကတည်း ကိုက ကျနော်တို့ စစ်တပ်အပေါ်မှာ၊ စစ်သားနဲ့ (နိုင်ငံကိုအုပ်ချုပ်နေသော) စစ်အုပ်စုနဲ့ ဆိုတာကို ခွဲပြီးတော့မြင်ပါတယ်။ ကျနော်တို့ကိုယ်တိုင် လည်း အမေရိကားမှာ သင်တန်းတက်ခဲ့ဖူးတဲ့ အခါကျတော့၊ ဒါကို သိတယ်။ နောက်ပိုင်း ဒီဘက်အစိုးရ ဗိုလ်ချုပ်သန်းရွှေတို့ အုပ်ချုပ်တဲ့အခါကျ တော့၊ ဒီ အုပ်ချုပ်တဲ့ ခေါင်းဆောင်ပိုင်းတွေကသာ၊ မတရားမှုတွေ မသမာမှုတွေ လုပ်နေတယ် ဆိုတာကို၊ အမေရိ ကန်အစိုးရအနေနဲ့ ကောင်း ကောင်းသိပါတယ်။ စစ်တပ်အပေါ်မှာ သိမ်းကျုံးပြီးတော့ အမေရိကန် အစိုးရအနေ နဲ့ အကောင်းမမြင်တဲ့ အနေအထားမျိုးတော့ မရှိပါဘူး။
ဦးရော်နီညိမ်း။     ။ ဟုတ်ကဲ့ အခုကျနော်တို့ ဒီအမေရိကန် စစ်တပ်ကို ပြန်ကြည့်လိုက်တဲ့အခါမှာ သူတို့ဟာ၊ ဘယ်တိုင်းပြည်နဲ့ဖြစ်ဖြစ် ရုတ်တ ရက် အဆင်မပြေတော့ဘူး ဖြစ်သွားရင်၊ နိုင်ငံရေးအရ အဆက်အသွယ် ဖြတ်တောက်ပေမယ့် စစ်ရေးစစ်ရာကိုတော့ ဆက်ပြီး ဆက်ဆံရေးထား ရှိတာကို၊ ကျနော်တို့ တွေ့ခဲ့ရပါတယ်။ ဥပမာဆိုရင် အင်ဒိုနီးရှား၊ သမ္မတ ဆူကာနို (Sukano) လက်ထက်မှာ၊ လက်ဝဲယိမ်းသွားတဲ့အတွက် ကြောင့်မို့ အမေရိကန်နဲ့အင်ဒိုနီးရှား အဆင်မပြေဖြစ်ခဲ့ပေမယ့်၊ တပ်မတော်နှစ်ခုရဲ့ ဆက်ဆံမှု၊ ဆက်သွယ်မှုကိုတော့ ဆက်ပြီး ထားရှိခဲ့တဲ့ အတွက်ကြောင့်၊ အမေရိကန်အနေနဲ့ရော အင်ဒိုနီးရှားအနေနဲ့ပါ အကျိုးမယုတ်ခဲ့ဘူး ဆို တာ ကျနော်တို့ သွားတွေ့ရပါတယ်။ ထိုနည်းလည်း ကောင်းပဲ၊ မြန်မာနိုင်ငံနဲ့ကျတော့၊ ၁၉၈၈ ခုနှစ်မှာ အမေရိ ကန်ဘက်က လုံးဝကို ဖြတ်တောက်လိုက်တာပေါ့နော်။ ဗိုလ်မှူးတို့ အသိဆုံးပဲ။ ဗိုလ်မှူးတို့က ၁၉၈၈ခုနှစ်မတိုင် ခင်မှာ အမေရိကန်အစီအစဉ်နဲ့ အမေရိကားမှာလာပြီး သင်တန်း တက်ခဲ့ဖူးတဲ့ လူတွေ၊ အခု ပြင်သစ်ကို ရောက် နေတဲ့ သံအမတ်ကြီး ဗိုလ်မှူးကြီးကျော်စွာမင်းတို့ ဆိုရင်လည်း၊ ဒီမှာ လာပြီး သင်တန်းတက်သွားတာ ပဲ။ အဲဒီတော့ ဒါတွေကိုကြည့်ခြင်းအားဖြင့် မြန်မာဘက်ကတော့ အဆက်အဆံ မဖြတ်လိုဘူး။ ဒီဘက်က ဖြတ်လိုက်တာကို မှားတယ်လို့၊ အမေရိကန်နိုင်ငံရေးသမားတွေက တော်တော် များများ ထောက်ပြကြတယ်။ အထူးသဖြင့် အခုအနားယူတော့မယ့် (အမေရိကန်ကွန်ဂရက်လွှတ်တော်မှ ဗာဂျီးနီးယားပြည်နယ် ကိုယ်စားပြု) ဒီမိုကရက် အထက်လွှတ်တော်အမတ် ဂျင်ဝက်(ဘ်) (Democrat Senator Jim Webb of Virginia State) လို လူမျိုး။ သူကိုယ်တိုင်က စစ်သားဖြစ်ခဲ့တဲ့ အခါကျတော့၊ ဘာပဲပြောပြော စစ်တပ်ဆက်ဆံရေးကိုတော့ ပြန်ပြီး ထားချင်တယ်ဆိုတဲ့ ဟာမျိုးကို၊ သူက မကြခဏ၊ ရှေ့မှာ ရော ကန့်လန့်ကာ နောက်မှာရော၊ ပြောလေ့ရှိ တယ်။ စစ်တပ်ဆက်ဆံရေးဟာ၊ ဘယ်လိုပဲပြောပြော၊ ဆက်ပြီး ထားရှိရမယ့် အနေအထားမျိုးကို၊ လိုလား တယ် ဆိုတာ၊ အခုမှ အမေရိကန်က သဘောပေါက်သွားသလား။ အခုမှ ပြန်ပြီး မြန်မာစစ်တပ်ကို လူပျိုလှည့် နေ သလား။ အခုမှ ပြန်ပြီးတော့ ချဉ်းကပ်ဖို့ ကြိုးစားနေသလား။ အဲဒီလို အချိန်အခါမျိုးမှာ၊ အခု ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာတယ်။
ဗိုလ်မှူးအောင်လင်းထွဋ်။    ။ ၁၉၈၈ နောက်ပိုင်းပေါ့လေ၊ လုံးဝပြတ်သွားတာ မှန်ပေမယ့် တစိပ်တပိုင်းတော့လည်း ကျနော်တို့ အဆက်အသွယ် ရှိခဲ့ပါတယ်။ တခုပဲ ရှိပါတယ်။ ကျနော်တို့က အဲဒီအချိန်တုန်းက ဘာသွား အခက်အခဲရှိသလဲ ဆိုတော့၊ 1990 Election (မြန်မာနိုင်ငံမှာ ၁၉၉၀ ပြည့်နှစ် မေလ ၂၇ ရက်နေ့တွင် ကျင်းပခဲ့သော ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ) မှာ၊ စစ်တပ်ကနေပြီး အာဏာလွှဲမပေးတဲ့ အပေါ် မှာ၊ ဒီက အမေရိကန်နိုင်ငံရေးသမားတွေနဲ့၊ အမေရိကန်စစ်တပ်ကြားမှာ အများကြီး ပြဿနာဖြစ်သွားပါတယ်။
ဦးရော်နီညိမ်း။     ။ ဟုတ်ကဲ့ မူးယစ်ဆေးဝါးနှိမ်နင်းရေးဆိုတဲ့လမ်းကြောင်း တစ်ခုလေးပဲ ချန်ထားခဲ့ပြီးတော့၊  ကျန်တာအားလုံး အဆက်ဖြတ် ပစ်လိုက်တယ်လို့ ကျနော်တို့ တွေ့ခဲ့ရပါတယ်။ အဲဒီတော့ မူးယစ်ဆေး ၀ါးနှိမ်နင်းရေးလမ်းကြောင်းလေးနဲ့ရော တပ်မတော်နှစ်ခုရဲ့ ဆက်ဆံရေး တဲတဲလေး ကျန်နေသေးရဲ့လား ခင်ဗျ။
ဗိုလ်မှူးအောင်လင်းထွဋ်။    ။ အဲဒီတုန်းက မူးယစ်ဆေးဝါးနှိမ်နင်းရေး လမ်းကြောင်းကတော့၊ ၁၉၉၂ ခုနှစ် လောက် ကတည်းက စပြီးတော့မှ၊ အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီ (NSC – National Security Council) အဖွဲ့နဲ့ ကျနော်တို့ Opium Yield Survey (ဘိန်းအထွက် နှုန်း လေ့လာတိုင်းတာရေး) ကို၊ ၂၀၀၃ ခုနှစ် အထိ၊ ဒီပဲယင်း (အရေးအခင်း) မတိုင်ခင်အထိ အဆက်အဆံ ရှိခဲ့ပါတယ်။
ဦးရော်နီညိမ်း။     ။ “တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သစ်နှင့် အမေရိကန်- မြန်မာတပ်မတော်နှစ်ရပ် ဆက်ဆံရေး - ဒုတိယပိုင်း” ကိုတော့၊ နောက် သီတင်းပတ်၊ စနေနေ့ မနက်ခင်းနဲ့ ညနေခင်းတွေမှာ တင်ဆက်ပေးသွားပါမယ်။ စောင့်မျှော် နားဆင်ကြပါ။ ကျနော် ရော်နီညိမ်းပါ။(VOA)
0 ဇာဂနာသင်္ကြန် -ပြည်သူတွေရဲ့ ဘ၀အကြောင်းသဘာဝနဲ့  သရုပ်ပြ ဟာသ (၁၉၉၀)
Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.