Saturday, March 5, 2011

0 စစ်တပ်ဟာ နိုင်ငံတော်ရဲ့ ဘဏ္ဍာရေးနှစ် ၂၀၁၁-၂၀၁၂ အတွက်ဘဏ္ဍာရေးငွေတွေကို လိုချင်သလို သုံးစွဲခွင့်ရှိမယ်ဆိုတာဥပဒေနဲ့ညီညွတ်မှု မရှိဘူးလို့Nldမှထုတ်ပြန်ကြေငြာ

Untitled 11 2

0 မြန်မာနိုင်ငံ လွတ်မြောက်ရေး အတွက် အားလုံးဝိုင်းဝန်း ဆောင်ရွက်ပေးကြပါ ။

မင်္ဂလာပါ မိတ်ဆွေတို့ .......

သင်တို့ တိုင်းပြည်ကို တကယ်ချစ်တယ်လို့ ခံယူထားလျှင် ယနေ့ တိုင်းပြည် အခြေအနေဆိုးဝါးနေတာကို
လက်ပိုက်ပြီး ကြည့်မနေကြဘဲ နိုင်ရာတာဝန်လေးများကို ထမ်းရွက်ပေးကြပါ ။ ယခု ကျနော်ပေးပို့သော စာအုပ်များကို သေချာစွာ
ဖတ်ရှုလေ့လာ၍ ကိုယ်နိုင်ရာ တာဝန်လေးများကိုသာ ညီညာစွာ ဆောင်ရွက်နိုင်ခဲ့ရင် မြန်မာနိုင်ငံရဲ့ အနာဂတ်ဟာ ပိုမိုတိုးတက်လာမှာ အသေအချာ ဖြစ်သလို မြန်မာနိုင်ငံသားတို့ရဲ့ ဘ၀ အဆင့်အတန်းဟာလည်း တိုးတက်မြင့်မားလာမှာ အသေအချာပါဘဲ ဆိုတာကို ယုံကြည်စွာနဲ့ လက်ကိုင်ထားပြီး နီးစပ်ရာက လူအများ သိအောင်လည်း ထပ်မံဖြန့်ဖြူးပေးကြပါလို့ လေးစားစွာ မေတ္တာရပ်ခံ လိုက်ပါတယ် ခင်ဗျာ ။

ခင်မင်လေးစားလျှက်

ဗမာ့သွေး


မြန်မာပြည်လွတ်မြောက်ရေး အဖွဲ့ချုပ် (Free Burma Federation) မှ ထုတ်ဝေထားသော


(၁) လူထုတိုက်ပွဲလက်စွဲ


(၂) လူထုတိုက်ပွဲလက်စွဲ (အတွဲ-၂)


(၃) လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ကြစို့


(၄) အာဏာရှင်စနစ်အား ဆန့်ကျင်တော်လှန်ကြစို့


စာအုပ်များအား ပူးတွဲပေးပို့အပ်ပါသည်။



လေးစားစွာဖြင့်

ခင်မမမျိုး

0 နှင်းဆီနီ တော်လှန်ရေး ကို မိတ်ဆက် တင်ပြခြင်း

တိုင်းပြည်ကို တကယ် ချစ်မြတ်နိုးကာ စစ်မှန်သော တိုးတက်ကောင်းမွန်ရေးကို အဓိက လိုလားသူ အများစုက ပြည်သူလူထုကို နှစ်ပေါင်းများစွာ ဒုက္ခပေးပြီး တိုင်းဘဏ္ဍကို လက်ဝါးကြီး အုပ်ထားပြီး လက်တစ်ဆုပ်စာ လူတစုကောင်းစားရေး ၀ါဒကို အကောင်အထည် ဖော်ဆောင်ရွက်နေတဲ့ စစ်အုပ်ချုပ်ရေး အောက်က ရုန်းထွက်လွတ်မြောက်ဖို့ အတွက် တော်လှန်ရေး တရပ်စတင် ဆင်နွှဲပါတော့မယ် ။ မြန်မာနိုင်ငံမှာ နေထိုင်တဲ့ နိုင်ငံသားများ အနေဖြင့် ဆင်းရဲချမ်းသာ မကွဲပြားဘဲ လူ့အခွင့်အရေး ပျောက်ဆုံးနေခြင်း ဆိုသည့် ရောဂါ တရပ်ကို အဆိုးဆုံးဝေဒနာ အဖြစ် တသားတည်း ခံစားနေရပါသည် ။ ထိုဝေဒနာကို ကုစားရန် တော်လှန်ရေး ဆိုသည့် ဆေးဝါးကို မသောက်သုံးနိုင်သမျှတော့ ကျွန်ူပ်တို့ ရောဂါပျောက်ရန် မလွယ်လှချေ ။ ကိုယ့်မှာ စွဲကပ်နေတဲ့ ရောဂါ သက်သာဖို့ အတွက် ဆေးခါး ကြီးကို မှီဝဲရပေမယ့် အကျိုးရလဒ် က အစွမ်းထက်လှတာကို ဥပမာ ထားစေလိုပါတယ် ။ အနာသိရင် ဆေးရှိတဲ့ ဆိုတဲ့ စကားအတိုင်း အာဏာရှင် စနစ်အောက်က ရုန်းထွက်လွတ်မြောက်ဖို့ တော်လှန်ရေး တရပ် ဆင်နွှဲကျင်းပရတာ လောကဓမ္မတာလို ဖြစ်နေတာ အားလုံးအသိပါ ။

လူဖြစ်လာရင် လူ့အခွင့်အရေးလေးတော့ ပြည့်ြ့ပည့်၀၀ ရသင့်တယ်လို့ လူအများက နားလည်သဘောပေါက်လာကြလို့ ကမ္ဘာ တ၀ှမ်း မှာ လူ့အခွင့်အရေး တိုက်ပွဲများစွာကို အတိတ်က ဆင်နွှဲခဲ့ကြသလို ယခုမျက်မှောက် ကမ္ဘာအထိလည်း မလွတ်လပ်သော နိုင်ငံများက တောင်းဆိုတိုက်ပွဲဝင် နေဆဲပါဘဲ ဆိုတာကို သတင်းနည်းပညာ တိုးတက်ထွန်းကားနေတဲ့ ဒီခေတ်ကြီးမှာ အားလုံးလည်း တွေ့မြင်ကြရမှာပါ ။ ဒီလို အချိန်အခါမျိုးမှာ ကျနော်တို့ နိုင်ငံက လူ့အခွင့်အရေး တောင်းဆိုတိုက်ပွဲဝင်သံ မကြားခဲ့ရင် နိုင်ငံတကာအသိုင်းအ၀ိုင်းက မြန်မာအစိုးရ တရားမျှတနေပါတယ်လို့ မှတ်ချက်လေး တစ်ခုချလိုက်တာနဲ့ ကျနော်တို့ နိုင်ငံသားတွေရဲ့ ရှေ့ရေးဟာ အင်မတန်မှ ရင်လေးစရာ ကောင်းတဲ့ အနေအထားကို သူ့အလိုလို ရောက်ရှိသွားပါလိမ့်မယ် ။ ဒါကြောင့် ကျနော်တို့ရင်ထဲက မကျေနပ်တာ မှန်သမျှကို လက်ရှိ စစ်အာဏာရှင်များထံမှ တောင်းဆို တိုက်ပွဲဝင်ရန် မှာ ကျွန်ူပ်တို့အတွက် တာဝန်ဝတ္တရား ပင်ဖြစ်လေသည်ဟု လက်ခံထား၍ လူထုခွန်အားကို အမြန်ဆုံး ပြနိုင်ရန် ကြိုးစားပေးကြပါ ။

အတိတ်သမိုင်းစာမျက်နှာများကို ပြန်လှန်ကြည့်လိုက်လျှင်လည်း တော်လှန်ရေး ဆိုတဲ့ စကားလုံးကို မတွေ့ချင်မှ အဆုံး တွေ့မြင်နေရအုံးမှာပါဘဲ ။ တကယ်သေသေချာချာ စဉ်စားကြည့်လိုက်မယ် ဆိုရင် တော်လှန်ရေး ဆိုတဲ့ စကားလုံးဟာ မုန်းစရာ မကောင်းဘဲ ချစ်စရာတောင် ကောင်းလာတယ်လို့ ထင်မိပါတယ် ။ တော်လှန်ရေး ဆိုတဲ့ အဓိပ္ပာယ်ကိုက လက်ရှိ အနေအထား ထက် ပိုမို တိုးတက် ကောင်းမွန်သော အနေအထား သို့ ရောက်ရှိရန် ကြိုးစားလုပ်ဆောင်ခြင်းလို့ ထင်မြင်ယူဆမိပါတယ် ။ အသိဥာဏ်ရှိသော လူသားတို့ သဘာဝ အကောင်း အဆိုးကို အကြောင်းအကျိုး နှင့် ဆက်စပ်မိသော အခါ ဆိုးဝါးလှသော စနစ်များကို ဖယ်ရှား၍ ကောင်းမွန်သော စနစ်များကို ကျင့်သုံးလိုက်နာရန် ကြိုးစားလေ့ ရှိကြပါသည် ။ လူ့အသိဥာဏ်တို့သည် တဆင့်ပြီး တဆင့် မြင့်တက်လာသည်နှင့် အမျှ ပိုမိုကောင်းမွန်သော အနေအထားကို ရောက်ရှိရန် ကြိုးစားရာက စလို့ ကမ္ဘာတခွင်လုံးတွင် တော်လှန်ရေး ဆိုသည့် စကားသံများကို အစဉ် သုံးစွဲနေကြအုံးမည် ဖြစ်လေသည် ။

ယနေ့ ကျနော်တို့ တိုင်းပြည် လက်ရှိအနေအထားတွင် အာဏာရှင် စနစ်ဆိုး ကြောင့် လူ့အခွင့်အရေး မှန်သမျှ ပျောက်ဆုံးနေသည်ကို သိရှိနားလည်ကာ လူပီသသော လူသားဘ၀ကို ပိုင်ဆိုင်လိုသူများက ဒီစနစ်ဆိုးအောက်မှ ရုန်းထွက်လွတ်မြောက်ရန် အစဉ်အမြဲ ကြိုးစားနေကြသည် ။ သင်သည်လည်း လူသားတယောက်ပီသစွာ လူ့အခွင့်အရေးမှန်သမျှ ရရှိခံစားနိုင်ရန် အတွက် ကျွန်ူပ်တို့နှင့် ပူးပေါင်း ပါဝင်ဆောင်ရွှက်လိမ့်မည်ဟု ယုံကြည်ထားပါသည် ။ တဦးချင်းစီပေါင်းစပ်ရာက ဖြစ်ပေါ်လာသော ပြည်ထောင်စုကြီးတွင် တဦးတယောက် နှင့် မဖြစ်လောက်ပါဟူသည့် အတွေများကို ဖျောက်ထားကြကာ ဒီတိုင်းပြည် အရေးဟာ ဒို့အရး ကိစ္စပါဆိုတဲ့ အတွေးများကို ဆုပ်ကိုင်ထား၍ တော်လှန်ရေးရဲ့ ပထမ ခြေတလှမ်းကို စတင် လမ်းလျှောက်ကြပါလို့ လေးစားစွာ တိုက်တွန်း နိုးဆော်လိုပါတယ် ။

ဘယ်အရာမျှ မတည်မြဲတဲ့ ဒီကမ္ဘာကြီးမှာ သူတို့တွေ အာဏာအစဉ် တည်မြဲလိမ့်မယ် လို့ ယူဆထားတဲ့ လူအများက တွေးခေါ်နေကြတဲ့ ဖောက်ပြန်တဲ့ အတွေးများက ရုန်းထွက်ကြပါ ။ အတိတ်က ကျရှုံးခဲ့တာကို ပူဆွေးသောကနဲ့ အစဉ်အမြဲ ရှုံးနိမ့်လိမ့်မယ် ဆိုတဲ့ အယူအဆကို တွေးခေါ်နေသူများက ဘ၀ကို ရေစုန်မြောလိုက်လိုသူများရဲ့ အယူဝါဒများ ဖြစ်လို့ ရဲရဲကြီး စွှန့်ပယ် ဖြစ်လိုက်ကြစမ်းပါ ။ ကျနော်တို့ အမျိုးသား ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို နိုင်ငံရေး သုခမိန်ပါလို့ ယခု ချိန်ခါမှာ တင်စားခေါ်ဝေါ်နေကြပေမယ့် တခါက သူ့ကိုလည်း လူအများက မဖြစ်နိုင်တဲ့ အလုပ်များကို လုပ်ချင်တဲ့ စိတ်ကူးယဉ် နိုင်ငံရေး သမားပါလို့ ကွယ်ရာမှာ ပြစ်တင်ဝေဖန် ပြောဆိုကြတာပါဘဲ ။ လူ့သဘာဝ အရ ဝေဖန်ကြတာကို ဂရုမစိုက်ဘဲ လူထုခွန်အားကို အကျိုးရှိစွာ အသုံးချပြီး လွတ်လပ်ရေး ပန်းတိုင်သို့ တကြောင်းတည်းသော လမ်းစဉ်ကို တစိုက်မတ်မတ်ချီတက်နိုင်ခဲ့လို့ တိုင်းတပါး ကျွန်ဘ၀ ရုန်းထွက် လွတ်မြောက်လာတယ် ဆိုတာ ပုံပြင်တွေ မဟုတ်ပါဘူး ။

အစိုးရ အသစ်ကို စိတ်ကူးယဉ်ပြီး စောင့်စားလိုတဲ့ ဆန္ဒနဲ့ ရွေးကောက်ပွဲကို လက်ခံလိုတဲ့ လူအများလည်း အခုချိန်ခါမှာ အမှန်နဲ့ အမှားကို ပိုင်းခြား သိမြင်လောက်ပြီလို့ ယူဆမိပါတယ် ။ လွှတ်တော် အမတ်ရာထူးကို ဒီမိုကရေစီ ပန်းတိုင်လို့ ယူဆပြီး ပေးတာယူ ၊ ကျွေးတာစား ၊ လက်ညိုးထောင် ခေါင်းငြိမ့်ဘ၀ နဲ့ ကျေနပ်နေရမယ့် လူအများကို အားထားနေလို့လည်း အပိုပါဘဲ ဆိုတာ သူတို့တွေ လုပ်ရပ်က သက်သေခံနေပါတယ် ။ အစိုးရ အသစ်ရဲ့ အုပ်ချုပ်ရေး ယန္တာရားကိုက ပြည်သူလူထု ဘ၀ ပိုမို ဒုက္ခရောက်အောင် ကြံရွယ်ထားတယ် ဆိုတာ မိုးထိအောင် လှေကားထောင်မယ့် ကုန်ဈေးနှုန်းများက လက်တွေ့ကျကျ သက်သေပြနေပါပြီ ။ ပြည်သူလူထုရဲ့ လူနေမှု ဘ၀ တိုးတက်ထွန်းကားဖို့ အရေးအတွက် ဒီမိုကရေစီ စနစ်ကို တည်ထောင်ပေးပါမယ်လို့ ပါးစပ်က အမြုပ်တစီစီ ထွက်အောင် ကြွေးကြော်နေကြပေမယ့် သူတို့တွေ လုပ်ရပ်က အရင်းရှင် ပဒေသရာဇ် စနစ်ကို နောက်ပြန်သွားနေတယ် ဆိုတာ ပေါ်လွင်ထင်ရှားနေပါတယ် ။ အစိုးရ အသစ်ရဲ့ စနစ်မကျတဲ့ အုပ်ချုပ်ရေး နဲ့ ယိုင်နဲ့နေတဲ့ ဥပဒေများပေါ်က ရူးကြောင်ကြောင် လုပ်ရပ်များကြောင့် ကုန်ဈေးနှုန်း အဆမတန်ကြီးမြင့်လာမှုကို ပထမဦးစွာ ဒုက္ခ အဖြစ် ခံစားရတာက ပြည်သူလူထု ကြီးပါဘဲ ။

ပြည်သူလူထု ကြားက ပေါက်ဖွားလာတဲ့ တပ်မတော်သားများ နှင့် လက်နက် ကိုင် အဖွဲ့အစည်းများ အနေဖြင့်လည်း တပ်မတော်ရဲ့ ဖခင်ကြီးမိန့်မှာခဲ့တဲ့ စကားများကို လေးစားစွာ လိုက်နာ၍ အာဏာရှင် အစိုးရ ကို ပြည်သူအများနှင့် လက်တွဲ ပူးပေါင်းပါဝင် ဆောင်ရွက်ကြပါက မကြာမှီ အချိန်ကာလမှာ တပ်မတော်သားတို့ဘ၀များ တိုးတက် မြှင့်မားလာနိုင်ကာ ပြည်သူအများ စိတ်ချမ်းသာလာရမည်မှာ အမှန်ပင် ဖြစ်ပါသည် ။


မြတ်ဗုဒ္ဓရဲ့ သာသနာဟာ အာဏာရူးတွေရဲ့ လုပ်ရပ်ကြောင့် ကွယ်ပျောက်လုနီးပါး ဖြစ်နေတာကို သိရှိပြီး ဖြစ်ထားတဲ့ သာသနာကို ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ သံဃာတော် အရှင်သူမြတ်များ အနေဖြင့်လည်း သာသနာကို စော်ကားတဲ့ မိစ္ဆာဒိဌိ အယူဝါဒကို လက်ကိုင်ထားတဲ့ အာဏာရှင်များ ဆန့်ကျင်လုပ်ရှားနေသည့် ပြည်သူအပေါင်းနှင့် လက်တွဲကာ သန့်ရှင်းစင်ကြယ်သော သာသနာကို ပြန်လည်တည်ဆောက်နိုင်ရေး အတွက် ပူးပေါင်း ပါဝင်ဆောင်ရွက်ပေးပါရန် တပည့်တော် နဖူးမြေစိုက် ဦးခိုက်လျှောက်ထားလိုက်ရပါသည် သံဃာတော် အရှင်သူမြတ်တို့ဘုရား .။

ရှေ့ဆက်သွားရင် ဒီထက် ပိုမိုဆိုးဝါးလာစရာ အကြောင်းဘဲ ရှိပါတယ် ဆိုတာကိုတော့ ကုန်လွန်ခဲ့တဲ့ ၂၂ နှစ်က ကျနော်တို့ကို ကောင်းကောင်း သက်သေပြထားတယ် ။ တကမ္ဘာလုံးက ပြုပြင်ပြောင်းလဲရေး လုပ်ပါလို့ တောင်းဆိုလို့ ယူနီးဖောင်းချွတ် ချွတ်ထမီဝတ်ပြီး လွှတ်တော်တက်ပြနေတာကို အပြောင်းအလဲပါလို့ ခံယူထားရလောက်အောင် ပြည်သူလူထုကို ငတုံးငအ လို့ သတ်မှတ်ထားတဲ့ ဒီအစိုးရကို ဆန့်ကျင်ရန်မှ တပါး အခြား မရှိတော့ပါဘူး ။ သမိုင်းဝင်တဲ့ ဒီလို တိုက်ပွဲကြီးကို တနိုင်ငံလုံး အတိုင်းအတာနဲ့ ဆင်နွှဲနိုင်ကြရင် မကြာခင် ပြည်သူအများ လိုလားတောင့်တနေတဲ့ လွတ်လပ်၍ တရားမျှတကာ ခေတ်မှီဖွံ့ဖြိုးသော နိုင်ငံတော် အဖြစ်ကို ချီတက်နိုင်မှာ မလွဲဧကန်ပါဘဲ ။ သေချာစွာ ယုံကြည် လက်ကိုင် ထားသင့်တာက လူထု ခွန်အားကို ကျော်လွှားနိုင်တဲ့ အာဏာရှင် အစိုးရ ဆိုတာ သမိုင်းမှာ မရှိခဲ့သလို အနာဂတ်မှာလည်း ရှိလာမှာ မဟုတ်ပါဘူး ။ ဒါကြောင့် ဒီတော်လှန်ရေးနဲ့ ပက်သက်တဲ့ အရင်းအမြစ် အခြေခံ အချက်အလက်များကို ပြည်သူလူထု အများ သိရှိနိုင်အောင် ကျနော် လေးစားစွာ တင်ပြအစီရင်ခံချင်ပါတယ် ။

ရည်ရွယ်ချက် - စစ်အာဏာရှင် အစိုးရကို ဖြုတ်ချပြီး ပြည်သူလူထုကိုယ်စားပြု အစိုးရ တရပ် ဖွဲ့စည်းရန်



လုပ်ဆောင်ချက် - နိင်ငံလုံးဆိုင်ရာ အထွေထွေ သပိတ်ကြီး ကို ကျင်းပ၍ လူထု ခွန်အားဖြင့် အာဏာရှင် အစိုးရကို

ဖြုတ်ချနိုင်အောင် အစွမ်းကုန် ကြိုးစား လုပ်ဆောင်ရမည် ။



ဘယ်အချိန်မှာစတင်လုပ်မလဲ - မတ်လ ၁၃ ရက်၊ ၂၀၁၁၊ နံနက် ၉ နာရီ ကနေစမယ်။



ဘာလုပ်မလဲ - အတိတ်က ပြည်သူလူထု ကောင်းစားရေး အတွက် စတေးခံကာ သွေး မြေကျတိုက်ပွဲဝင်ခဲ့ကြတဲ့

သူရဲကောင်းများကို အောက်မေ့တမ်းတကာ ဂုဏ်ပြုလိုသည့် ဆန္ဒများ ကို ပြဆိုသည့် အနေဖြင့်

အနက်ရောင် အကျီ သို့မဟုတ် အနက်ပိတ်စ တခုကို လက်မောင်းမှာ ပါတ်ပြီး ချီတက်ကြမှာပါ ။

တိုင်းပြည်ကို တကယ် ချစ်မြတ်နိုးကာ တန်ဖိုးထားသူများပါလို့ ကိုယ့်ကိုကိုယ် ခံယူထားကြတဲ့ ပြည်သူလူထု တရပ်လုံးက အာဏာရှင် စနစ်ကြောင့် တိုင်းပြည်ကြီး ပြိုကျ ပျက်စီးနေတာကို လက်ပိုက်ကြည့်မနေကြဘဲ ဒီတော်လှန်ရေးကြီးမှာ ပါဝင် ဆင်နွှဲလာကြမှာ အသေအချာပါဘဲ ။ ကျွန်ူပ်တို့ ဘိုးဘွားများ လက်ထက်က စလို့ ကျင့်သုံးလိုက်နာခဲ့တဲ့ မဟုတ်လျှင် မခံ ၊ မတရားလျှင် တွန်းလှန်ဆိုတဲ့ စိတ်ဓါတ် အခံများကို အမွေဆက်ခံထားတဲ့ ပြည်သူအများက ဒီလိုလုပ်ရှားမှုကြီးမှာ ပါဝင်ဆင်နွှဲကြရင် ကျနော်တို့ အဓိက ရည်ရွယ်ချက် မကြာခင်မှာ အထမြောက်လာပါလိမ့်မယ် ဆိုတာကို စွဲမြဲစွာ ယုံကြည်ထားပြီး ရုန်းထဖို့ အဆင်သင့် ပြင်ပေးထားပါ ။

တော်လှန်ရေးကို ဆင်နွှဲလိုသူများ အင်အားကောင်းလာတဲ့ အခါ တိုင်းပြည် အတွက် အဓိက လိုအပ်နေတဲ့ အချက်များကို သံပြိုင် ကြွေးကြော်ကာ ချီတက်သွားကြပါမယ် ။ အဲဒီလို ချီတက်နေရင်းမှာဘဲ လက်ရှိအစိုးရက ပြည်သူလူထု အလိုဆန္ဒကို မလိုက်လျောခဲ့ရင် အာဏာရှင်များ အား ဖြုတ်ချ၍ လူထုကိုယ်စားပြု အစိုးရကို ဖွဲ့စည်းကာ တိုင်းပြည်၏ အချုပ်အချာ အာဏာကို လူထု လက်ထဲသို့ ပြန်လည် လွှဲပြောင်းပေး အပ်သွားမှာပါ ။



ပွဲမ၀င်ခင် အပြင်က ကျင်းပဆိုတဲ့ အတိုင်း ၁၃ရက်နေ့မှာ ကျင်းပတဲ့ နှင်းဆီနီရောင် တော်လှန်ရေးကြီး အောင်မြင်စွာ ဆင်နွှဲကျင်းပနိုင်ရေး အတွက်

နည်းပညာကို အသုံးချကာ လူအသုံးများတဲ့ Facebook တို့ Gmail တို့ကနေ ကြွေးကြော်သံများ ဖြန့်ဝေပေးထားကြမယ် ။

ပြည်တွင်းမှာလည်း အဓိက လူစည်ကားရာ ကျောင်းများ ၊ ဈေးများ အစရှိတဲ့ နေရာများမှာ တော်လှန်ရေး ကြွေးကြော်သံ လက်ကမ်းစာစောင်များ ၊ ပိုစတာများကို ဖြန့်ဝေပေးထားကြမယ် ။

လူထုလုပ်ရှားမှုကို ပိုမိုစိတ်အား တက်ကြွစေမယ့် အလံများ ၊ ပိုစတာများကို အသင့်အနေ အထား ရောက်အောင် စီစဉ်ထားကြမယ် ။



ကြွေးကြော်သံများ အနေဖြင့်



အာဏာရှင် အစိုးရ အလိုမရှိ ............. အလိုရှိတာ ဒီမိုကရေစီ

ရုပ်သေး အစိုးရ အလိုမရှိ .............. အလိုရှိတာ ဒီမိုကရေစီ

အတုအယောင် လွတ်တော် ဖျက်သိမ်းရေး..........ဒို့အရေး .. ဒို့အရေး..

လူထု အစိုးရ ဖွဲ့စည်းရေး ........................... ဒို့အရေး... ဒို့အရေး

တရားမျှတမှု မရှိတဲ့ အစိုးရ .............ဆန့်ကျင်ကြ ..........ဆန့်ကျင်ကြ

တိုင်းပြည်ကို ဒုက္ခပေးတဲ့ အစိုးရ အလိုမရှိ ..........အလိုရှိတာ လူထုအစိုးရ

အရေးတော်ပုံ<<<<< အောင်ရမည်.............. အရေးတော်ပုံ<<<<< အောင်ရမည်.............. ရာထူးနဲ့ အာဏာကို အသုံးချကာ ပြည်သူလူထုအား ဒုက္ခမျိုးစုံပေးလျှက် ရှိသော အာဏာရှင် အစိုးရအား ပြည်သူလူထုမှ လက်မခံကြောင်းကို စည်းလုံးစွာ ပြဆိုနိုင်ပါက မကြာခင် အချိန်အတွင်းမှာ ပြည်သူလူထု လက်ရှိ ခံစားနေရသော ဒုက္ခများမှ ကင်းလွတ်ကာ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးကို အမှန်တကယ်လုပ်ဆောင် နိုင်မည့် လူထုအစိုးရ ပေါ်ထွန်းလာမည်မှာ အမှန်ပါဘ ဆိုတာကို ကိုင်စွဲထားပြီး အေးချမ်းသာယာ၍ ခေတ်မှီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးဆီသို့ ညီညာစွာ ချီတက်ကြပါစို့ ပြည်သူလူထု အပေါင်းတို့ ခင်ဗျာ........... ။ ခင်မင်လေးစားလျှက် ဗမာ့သွေး

Wednesday, March 2, 2011

0 ဗမာပြည်တွင်းတိုက်ခိုက်မှုများရပ်ဆိုင်းရေးအတွက်ကရင်တိုင်းရင်းသားများက ဘန်ကီမွန်းကို လက်မှတ်ရေးထိုး မေတ္တာရပ်ခံ

Karen Civilians Letter to Ban Ki-Moon to Help Stop Attacks in Burma in Burmese Launguage

0 အာဏာရှင်ကိုဆန့်ကျင်ဘို့ ခုပဲစကြစို့ Just Do it against Military Dictatorship

Just Do it against Military Dictatorship
Facebookစာမျက်နှာမှာလူငယ်တဖွဲ့ကနေတော်လှန်ရေးတပ်လှန့်သံတခုနဲ့ပေါ်ထွက်လာတော့အဲဒီလူငယ်တွေကိုချီးကျူးမိ ပါတယ်။ဘာဖြစ်လို့လည်းဆိုတော့ စစ်အာဏာရှင်များဟာ နိုင်ငံရေးကိုဇက်ကြိုးပြတ်အောင်လုပ်နေတဲ့အချိန်ကာလများမှာ တိုင်းပြည်ဒီမိုကရေစီလွတ်မြောက်ရေးတိုက်ပွဲအတွက်တတပ်တအားပါဝင်လာတာကိုတွေ့ရလို့ပါ။အခုဆိုရင်သူတို့ရဲ့စည်းရုံးလှုံ့ဆော်ဆောင်ရွက်ချက်တွေဟာတော်တော်တောင်ခရီးပေါက်နေပြီ၊တော်တော်များများရင်ထဲမှာJD(just-Do-it အတိုကောက်)ဆိုတာသန္ဓေတည်နေပြီ။တချို့အမြင်လေးတွေကိုလည်းတွေ့ရတယ်၊တွေ့ဆုံဆွေးနွေးရေးလမ်းစဉ်ကိုတောင်သူတို့ကအယုံကြည်မရှိတော့ဘူး၊

ဒီနေရာမှာကျနော်လည်းဒီသဘောထားဝင်နေတာကာလတခုရှိသွားပြီဗျ၊မူလအစက တွေ့ဆုံဆွေးနွေးရေးဆိုတာကျနော့်နိုင်ငံရေးယုံကြည်ချက်ထဲမှာသံမိုစွဲထားသလိုရှိနေတဲ့အရာတွေပါ၊ဒါ့အတွက်ကိုယ့်ဘ၀ကိုကာလတခုမှာပေးဆပ်ခဲ့ဘူးပါတယ်ဒါပေမဲ့အခုသိပ်မယုံကြည်တော့ဘူး(စွန့်ပယ်ဆုံးဖြတ်တယ်လို့တော့မဆိုလိုပါဘူး)အလုပ်သိပ်မဖြစ်တော့ဘူးလို့ထင်လို့ပါ၊တကယ်လည်းအခုထိအလုပ်မဖြစ်ပါဘူးအားမလိုအားမရစိတ်နဲ့ပြောတာပါလို့စွပ်စွဲမယ်ဆိုလည်းခံဘို့အသင်ပါပဲ။တိုင်းပြည်လူထုကတဖြည်းဖြည်းနဲ့ဆင်းရဲတွင်းနက်လာလိုက်တာ၁၉၈၈မတိုင်မှီကထက်တောင်ပိုဆိုးလာတယ်၊စစ်အာဏာရှင်များဘက်ကသိသာတဲ့နိုင်ငံရေးပြုပြင်ပြောင်းလည်းမူ့မပြောနဲ့နောက်ဆုံးထွက်သက်တွေအထိအာဏာကိုဆုတ်ကိုင်သွားကြဘို့ကိုတောင်အတည်ပြုဆုံးဖြတ်ပြီးနေကြပြီ၊ဒီတော့ကျနော်တို့မှာရွေးချယ်စရာလမ်းကသိပ်များ များစားစားမကျန်တော့ဘူးတခုတည်းသောနည်းလမ်းပဲကျန်တော့တယ်..ဒါကတော့လူထုတိုက်ပွဲ…….နိုင်ငံတကာဒီမိုကရေစီလွတ်မြောက်လာတဲ့တိုင်းပြည်တော်တော်များများကိုလေ့လာကြည့်တဲ့အခါအာဏာရှင်ကိုလူထုတိုက်ပွဲနဲ့အောင်ပွဲဆင်လာတာပဲများတယ်။ဟိုးလွန်ခဲ့တဲ့နှစ်များစွာကစလို့ဒီကနေ့လွတ်မြောက်ရေးတိုက်ပွဲဆင်နွဲနေတဲ့နိုင်ငံတွေအဆုံး…လူထုတိုက်ပွဲနဲ့ပဲ အဆုံးသတ်သွားကြတယ်။

ဒါကိုလူငယ်တွေကရိပ်မိတယ်၊သူတို့အမြင်ကပြတ်သားတယ်၊တခုတည်းသောနည်းလမ်းကိုသဘောပေါက်တယ်။တချို့ကလည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မချင့်မရဲ အားမလိုအားမရဖြစ်ကြတယ်၊ ဒီနေရာမှာ ကျနော်နည်းနည်းလောက်ပြောပရစေ၊ဥပမာလေးနဲ့ပေါ့……..ဒေသတခုမှာသိပ်ဆိုးသွမ်းနေတဲ့လူတစ်ယောက်ရှိတယ်… အရပ်မခံနိုင်လောက်အောင်ကိုဆိုးတာ….လူထုကို ဒုက္ခပေးတာများလာတော့ နောက်ဆုံးသီးမခံနိုင်တော့ဘူး ဒေသမှာရှိတဲ့ ကိုးကွယ်ရာ..ဆရာတော်ကိုတင်လျှောက်ကြတယ်….ဆရာတော်ကတော့…ဘုရားဒေသနာတော်တွေ၊ဇာတ်တော်တွေကို ကိုးကားပြီးတရားချတယ်…အဆုံးသတ်ကတော့..သူ့တရားသူစီရင်သွားပါလိမ့်မယ်ပေါ့……ဒါပေမဲ့ဘယ်လိုမှသီးမခံနိုင်တော့တဲ့ရပ်ကွက်ကလူငယ်တွေကဆုံးဖြတ်ပြီ…..ဒီကောင်ကိုဒီအတိုင်းကတော့မရဘူး….ဆရာတော်ပြောသလိုသူ့တရားသူ..စီရင်သွားပါလိမ့်မယ်ဆိုတာ...သူအရင်အစီရင်မခံရခင်..တို့ကအရင်အစီရင်ခံနေရတယ်….ဒီတော့အပြတ်ရှင်းပစ်တာပဲကောင်းတယ်ဆိုရင်…..ဆိုပါစို့..ဒါကိုဘုန်းတော်ကြီးဆီတင်လျှောက်ကြမယ်…ဘုန်းတော်ကြီးကဒကာတို့ဆုံးဖြတ်တာ..ကောင်းတယ်…ဒီအ တိုင်းဖြစ်သင့်တယ်လို့ဘယ်ပြောပါ့မလည်း၊ဘုန်းကြီးဆိုတာ..ဘုန်းကြီးဝိနည်းကိုစောင့်ထိန်းရသေးတယ်လေ…အဲဒီလိုသွား ပြောလိုက်ရင်…အာပတ်သင့်သွားမှာပေါ့…..တကယ်ကဒီလိုလုပ်ရပ်မျိုးလုပ်မယ်ဆိုရင်တောင်..ဘုန်းကြီးကိုမလျှောက်သင့်တဲ့ စကားပါ၊ကိုယ်လုပ်သင့်တယ်ထင်တာကို ကိုယ်တိုင်လုပ်သွားတာ အကောင်းဆုံးပါ….ဒီလိုပဲပြောပရစေတော့ဗျာ……

နောက်တခါနိုင်ငံရေးလူတ်ရှားဆောင်ရွက်နေတဲ့လူငယ်များကိုကျနော့်အတွေ့အကြုံလေးတွေတင်ပြပေးချင်ပါ တယ်။ကျနော်တို့၁၉၈၈လူထုအရေးတော်ပုံကြီးပေါ်ပေါက်ဘို့ကြိုးစားဆောင်ရွက်နေတဲ့ကာလများဆီမှာအမြဲကြားရတဲ့ စကားရှိပါတယ်..မြင့်မိုရ်တောင်ကိုဇီးစေ့နဲ့ပေါက်လို့ဘာဖြစ်မှာလည်းတို့နံရံကိုကြက်ဥနဲ့ပေါက်သလိုဖြစ်မှာပေါ့ဆိုတဲ့စကားတွေပါ။ တော်တော်ခံရခက်တဲ့စကားတွေဆိုမမှားပါဘူး မင်းတို့လုပ်လို့ဘာဖြစ်လာမှာလည်း မင်းတို့မှာ လက်နှက်ဆို အပ်တိုတချောင်းတောင်ရှိတာမဟုတ်ဘူး ဟိုမှာ ကတတိုင်းပြည်လုံး လက်နှက်နဲ့အုပ်ချုပ်ထားတာတို့ ဆိုတာတွေလည်း ပါသေးတယ်။ ဒီကြားထဲ မဆလ ပါတီ ဥက္ကဌကြီး အာဏာရှင် ဦးနေ၀င်းက …ရုပ်မြင်သံကြားကနေ…စစ်တပ်ဆိုတာ မိုးပေါ်ထောင်မပစ်ဘူး…ပစ်ရင်မှန်အောင်ပစ်တယ်…စသဖြင့်ပေါ့…ကျနော့်တို့ရင်ထဲဘယ်လိုဖြစ်ခဲ့မိသလည်းဆိုတော့ နည်းနည်းအားငယ်မိတယ် ကြောက်မိတယ်…ဒါအမှန်ပါ၊ ငါတို့ဖြစ်ကောဖြစ်ပါ့မလားဆိုတဲ့ သံသယတွေဝင်မိတာလည်း အခါခါ…..နောက်ဆုံးဇာတ်သိမ်းခန်းမှာတော့မဆလပါတီကြီးဘုန်းဘုန်းလည်းပြိုကျသွားပြီးသမ္မတသုံးဆက်ပြုတ်ကျသွားခဲ့တာ အားလုံးသိပြီးသားပါ…..အခုလည်း လူငယ်မျိုးဆက်သစ်တွေက လူထုတော်လှန်ရေးကြီးဖော်ဆောင်မယ်ကြံတော့ ဒီလိုစကားလုံးတွေမဟုတ်ပေမဲ့…..ဒီလိုအနှစ်သာရမျိုးကိုဆောင်တဲ့စကားသံတွေအရေးသားတွေ..အပြောအဆိုတွေ..ခနဲ့တဲ့တဲ့..အသံတွေကြားရဦးမှာပါပဲ…၊တခါတုန်းကလူငယ်တဦးနဲ့အွန်လိုင်းပေါ်မှာအဲဒီ့အကြောင်းအရာပြောဖြစ်ကြတော့ကျနော်ကရီစရာနဲ့ရောပြောလိုက်တယ်….ချဲသမားစကားနဲ့ပြောရရင်…အဲသလိုအသံတွေကြားရပြီဆိုဂွင်ကျဂွင်နမှန်နေပြီလို့သာ အောင်မေ့ပေတော့…ဒီဂွင်အတိုင်းဆင်းလာတာပဲ…မင်းတို့ဖော်ဆောင်နေတဲ့လူထုတော်လှန်ရေးမလွဲမသွေကိုအောင်မြင်မှာကွ လို့ပြောပြီးသဘောကျမိပါသေးတယ်. ကျနော်၈၈လူထုတော်လှန်ရေးကာလလူထုတရားပွဲတခုမှာပြောခဲ့ဘူးတဲ့စကားကို အမှတ်ရမိနေပါသေးတယ်….“ကျနော်တို့မြင့်မိုရ်တောင်ကိုဇီးစေ့နဲ့ပေါက်ပါတယ်…ဒါပေမဲ့မြင့်မိုရ်တောင်ကြီးပြိုကျသွားပါ တယ်…ဘာလို့လည်းဆိုတော့ ဇီးစေ့ထဲမှာ နည်းနည်းလေးနဲ့အင်အားပြင်းထံတဲ့..နယူးကလီးရား ပါသွားလို့ပါ…နောက်တခါ နံရံကိုကြက်ဥနဲ့ပေါက်ပါတယ်…အခါခါပေါက်ပါတယ်…နံရံကတော့မပြိုပါဘူး..ကြက်ဥတွေကတော့..တလုံးပြီးတလုံးကွဲပါ တယ်…ဒါပေမဲ့ပေါက်ပါများလို့လားမသိဘူး…ကာလကြာတော့..အဲဒီ့ကြက်ဥအရည်တွေကပုတ်ကုန်ပါတယ်…ပတ်ဝန်းကျင်လူထုမခံနိုင်တော့ပါဘူး…နောက်ဆုံး..အပုတ်နံ့တွေလှိုင်နေတဲ့ အဲဒီနံရံကြီးကို လူထုက လာဖြိုလှဲချလိုက်ပါတယ် ”

ကျနော်တို့နိုင်ငံမှာကခေတ်အဆက်ဆက်အာဏာရှင်များကနိုင်ငံရေးဆိုတာကိုပုံဖျက်သွားကြလေတော့…နိုင်ငံရေးလို့အသံကြားလိုက်တာနဲ့အားလုံးကတွန့်ဆုတ်သွားတော့တာပဲ…တကယ်တော့နိုင်ငံရေးဆိုတာတနိုင်ငံသားလုံးရဲ့အရေးပါ…အားလုံးနဲ့သက်ဆိုင်ပါတယ်…နိုင်ငံလွတ်မြောက်ရေးအတွက်အားလုံးမှာဘက်ပေါင်းစုံကတာဝန်ရှိပါတယ်….အနိမ့်ဆုံးစိတ်ဓါတ်လေးနဲ့ပဲဖြစ်ဖြစ်ဝိုင်းဝန်းပံ့ပိုးပေးကြပါ၊တချို့ကလည်းအထိနာမှာကြောက်လို့စိုးရိမ်ကြတဲ့သူတွေရှိပါတယ်။သူတို့ကို လည်းအပြစ်မဆိုသာပါဘူးဒါပေမဲ့တခုတော့ရှိပါတယ်…ရောဂါပျောက်ကင်းဘို့ကုသရာမှာ…တင်ပါးကိုဆေးထိုးအပ်စိုက်လို့ နာကျင်ခြင်းမျိုးတော့ပေးဆပ်ရပါလိမ့်မယ်….တခုခုကိုလိုချင်ရင်..တခုခုတော့ပေးဆပ်ရပါလိမ့်မယ်၊ Freedom is not free ( လွတ်မြောက်မူ့ဆိုတာ အလကားမရပါဘူး )

တချို့ကစိုးရိမ်ချက်လေးတွေရှိပါတယ်….လူနည်းနည်းလေးပဲရှိသေးတယ်..ဖြစ်ပါ့မလားတဲ့….ခုဆိုရင် JD အဖွဲ့ကစည်းရုံးထားတာတော်တော်များများရှိနေပါပြီ..တကယ်တော့လိုအပ်တာခေါင်းဆောင်မူ့ပေးနိုင်သောအရည်အသွေးရှိပြီးယုံကြည်ချက်၊ခံယူချက်ပြင်းထံတဲ့သူ အနည်းငယ်ပဲလိုတာပါ..အများကြီးမလိုပါဘူး…တူနီးရှားမှာ လူငယ်အယောက် လေးဆယ်နဲ့ပဲဦးဆောင်သွားတာပါ၊အဲဒီလေးဆယ်နဲ့ပဲစတင်ခဲ့တာပါ၊မြန်မာလူထုကမခံရပ်နိုင်ဖြစ်နေတာကြာပါပြီဥပမာပြောရရင် ယမ်းပုံကြီးတပုံလိုပါပဲ..မီးပွားစလေးတချက်ကျဘို့ပဲလိုနေတာပါ၊

တိုင်းပြည်ဟာ…တစတစဆင်းရဲတွင်းနက်နေပါပြီ…ရွေးချယ်စရာလမ်းလည်းမကျန်တော့ပါဘူး…တခုတည်းသောလမ်းပဲရှိပါတော့တယ်…(နိုင်ငံရေးသီအိုရီတွေ..ဒသနတွေနဲ့ကာပြောပြောနေယုံနဲ့အလုပ်မဖြစ်နိုင်တော့ပါဘူး)…စစ်အာဏာရှင်တွေလုပ်နေသမျှ..ဘာတခုမှယုံကြည်စရာအကြောင်းမရှိတော့ပါဘူး…..တိုင်းပြည်လွတ်မြောက်ဘို့အကောင်းဆုံးနည်း လမ်းကတော့..ယခုလူငယ်တွေဦးဆောင်နေတဲ့ Just Do it ကိုဝန်းရံလိုက်ပါ..သင်ကိုယ်တိုင်..JD အဖြစ်ခံယူပါ။အဆုံးသတ် ဒီမိုကရေစီလွတ်မြောက်ရေးတိုက်ပွဲကိုဆင်နွဲပါ၊အာဏာရှင်များကို မြန်မာ့မြေပေါ်ကနေအပြီးတိုင်မြေမြူတ်ပစ်လိုက်ပါ၊

အာဏာရှင်ကိုဆန့်ကျင်ဘို့..ခုပဲစကြစို့

အားလုံးကိုလေးစားစွာဖြင့်

( မောင်မောင်ဝမ်း )

Tuesday, March 1, 2011

0 သစ္စာဖေါက်ရုပ်ရှင်

ကျွန်ပ်၏ ဖြတ်သန်းလာသော ဘ၀လမ်းကြောင်းခရီးကို ပြန်လည်သုံးသပ်မိသည်။ ဘ၀ခရီးကို ပထမ၊ ဒုတိယ၊ တတိယဟူ၍(၃)ပိုင်းပိုင်းခြားလိုက်ပါမည်။
ဘ၀၏ ပထမအရွယ်လမ်းကြောင်းကို ပြန်လည်သုံးသပ်သော် . . . ငယ်စဉ်ဘ၀ထဲက ၀ါသနာပါလာသောပန်းချီပညာရပ်နှင့် ဓါတ်ပုံ(ရုပ်ငြိမ်/ရုပ်သေ) Still Cameraman ဘ၀ပင်ဖြစ်သည်။ ဟုတ်သည် … ကျွန်ုပ်၏ ဖေါ်ကျူးထားသောပန်းချီကားများသည် ငြိမ်သက်နေသည့် ပုံရိပ်များကို အသက်ဝင်လာအောင် တင်ပြထားမှုများကများလှသည်။ ဥပမာအားဖြင့် “အောင်စည်အောင်မောင်း”၊“ဒိုး”၊ “စစ်နှင့်ငြိမ်းချမ်းရေး”၊ “သစ္စာဖေါက်(88-1)” စသည့်ပန်းချီကားများဖြစ်တော့သည်။“အောင်စည်အောင်မောင်း” နှင့် “ဒိုး” ပန်းချီကားတို့သည် သဘင်သည် အမျိုးသမီးကနေသောဟန်ပန် (လက်များ၊ ခါးများ၊ ခြေများ)လှုပ်ရှားမှုဟန်ကိုဖန်တီးထားခြင်း၊ “စစ်နှင့်ငြိမ်းချမ်းရေး” ပန်းချီကားတွင် ငြိမ်းချမ်းရေးငှက်အတွင်းရှိစစ်သဏ္ဍာန်များလှုပ်ရှားပေါ်လွင်နေခြင်း၊ ငြိမ်းချမ်းရေး(ဂျိုးငှက်)၏ ပျံသန်းမှုကားသံဆူးကြိုးမှတစ်ဆင့် ဖြတ်သန်းတော့မည့်အလားဖြစ်နေခြင်း၊ “သစ္စာဖေါက်” ပန်းချီကားတွင် ငြိမ်သက်စုဝေးနေသောငှက်အုပ်စုမှ တစ်ကောင်တည်းပျံသန်းထွက်ခွာခြင်းစသည့်သဏ္ဍာန်များပင်ဖြစ်တော့သည်။

          ရုပ်ငြိမ်ဓါတ်ပုံပညာရပ်တွင်လည်းလှပသောရှုခင်းတွင် အလင်းရောင်အနေအထားများမှ တစ်ဆင့် ခံစားရသူ ကြည့်ရှုသူတို့၏ စက္ခုအာရုံတွင် လှုပ်ရှားမှုကိုဖြစ်ပေါ်စေခြင်း၊ သဘာဝ၏အလှတရားများကို သက်ဝင်မှုရှိလာအောင် ဖန်တီးပေးထားမှုများပင်ဖြစ်သည်။ ဤသည်တို့ကားပထမအရွယ်၏ ခံစားမှု၊ ဖန်တီးမှု အတ္တနယ်ပယ်ပင်ဖြစ်တော့သည်။

          ဘ၀၏ ဒုတိယအရွယ်တွင် ဖေါ်ကျူးတင်ပြမှုကိုပြောပြပါတော့မည်။ ရုပ်ငြိမ်ပန်းချီ ၀ါသနာရှင်ဘ၀မှ
ဘ၀၏ကံဇာတာအပြောင်းအလဲကြောင့် ရုပ်ရှင်သရုပ်ဆောင်/ဒါရိုက်တာဘ၀သို့ခြေလှမ်းခဲ့ရပြီဖြစ်တော့သည်။

          ရုပ်ရှင်သရုပ်ဆောင်/ဒါရိုက်တာတည်းဟူသောအနုပညာသမားတစ်ယောက်၏ ဖေါ်ကျူးမှု ပေးဆပ်မှုတို့ကားသေနေသောအရုပ်များ၊ ရုပ်ပုံလွှာများကိုရှင်လာအောင်၊ လှုပ်ရှားလာအောင် ဖေါ်ပြမှုပင်ဖြစ်သည်။ ငြိမ်သက်နေသောရေပြင်ထဲသို့ ခဲတစ်လုံးပစ်ချလိုက်သကဲ့သို့ ရုပ်ရှင်ကြည့် ပရိသတ်၏ နှလုံးသားကိုလောဘ၊ ဒေါသ၊ မောဟ၊ ဟာသစသည့် ခံစားမှုမျိုးစုံကိုပစ်ထည့်ပေးရသောအလုပ်ပင်ဖြစ်သည်။ အများပြည်သူပရိသတ်များကလည်းပျော်ပျော်ပါးပါးကြီးကိုအားပေးလက်ခံကြတော့သည်။ မိမိ၏ ခန္ဓာအားရင်း၍ ခံစားမှုမျိုးစုံကိုပေးဆပ်ခဲ့ခြင်းဖြစ်သည်။ မိမိ၏ ဘ၀ကိုမေ့ခြင်းမဟုတ်၊ ကျေးဇူးရှင်လုပ်ငန်းကို ပြစ်မှားခြင်းမဟုတ်၊ လက်တွဲဖေါ် အနုပညာသမားများကို ချိုးနှိမ်ခြင်းမဟုတ်၊ ပုဂ္ဂလိကခံစားမှုသက်သက်သာဖြစ်တော့သည်။ ယင်းကဲ့သို့ ရသမျိုးစုံပေးခြင်းကိုအကုသိုလ်အလုပ်ဟူ၍ မိမိမလုပ်တော့သည့်အချိန်၊ မိမိလုပ်ပိုင်ခွင့် မရှိတော့သည့် အချိန်ကာလကြမှ ကယောင်ကတန်းတွေးခေါ်မိခြင်းတော့မဟုတ်။ ဤအနုပညာလောကတွင် ကျင်လည်စဉ်ကာလကတည်းကတစ်ခုတည်းသော နွေရာသီကျောင်းပိတ်ရက်တွင် သားနှင့် သမီးငယ်တို့၏ အင်းစိန်တောရကျောင်းတွင် ဆရာတော်ကြီးအား “ရုပ်ရှင်အနုပညာသမားတွေ သေလွန်တဲ့အခါ ဘယ်ဘုံကိုရောက်မှာလဲ” ဟုမေးမြန်းလိုက်သည့် မေးခွန်းစကားကို ကြားမိစဉ်ကတည်းကတွေးခေါ်မှုစတင် သန္ဓေတည်မွေးဖွားလာခဲ့ခြင်းဖြစ်သည်။စင်စစ်အနုပညာလောကသည်အတ္တနယ်ပယ်တွင် အကုသိုလ်ဝေဌသူတို့နှင့် အကုသိုလ်လက်ခံအားပေးကြသူများဟုရင့်ရင့်သီးသီး ပြတ်ပြတ်သားသားကိုကိုယ့်ပေါင်ကိုယ်လှန်ထောင်းလိုက်ရပါတော့သည်။

          ယခု . . . ဘ၀၏ တတိယအရွယ်သို့ ရောက်ခဲ့ပြီ။ ကံကောင်းကြီးလှစွာဖြင့် အနုပညာလောကထဲမှ နှင်ထုတ်ခံလိုက်ရပြီဖြစ်တော့သည်။ အချိန်ကာလကန့်သတ်မှုမရှိအနုပညာလုပ်ငန်းများကိုလုပ်ကိုင်ခွင့် မပြုတော့ချေ။ ၀မ်းမြောက်စွာဖြင့် ကျေးဇူးတင်စွာဖြင့် သာဓုခေါ်ဆိုလိုက်ပါသည်။ ရုပ်ရှင်သမားဘ၀မှ ရုပ်သေလောကထဲသို့ ပြန်လည်၍ ခြေစုံပစ်ဝင်ခဲ့ရပြီ ဖြစ်တော့သည်။ အကြောင်းမှာ . . . သေဆုံးသွားသောလူတို့အား (အခမဲ့)မီးသင်္ဂြိုလ်ပေးရမှုပင်ဖြစ်တော့သည်။ ယခုမှ ပရဟိတနယ်ပယ်တွင် ဘ၀တစ်ခုလုံးစုန်းစုန်းမြုပ်၍ လုပ်ကိုင်ပေးဆပ်ခွင့်ကိုရရှိတော့သည်။ အမျှော်အမြင် ကြီးမားလှသောဘက်စုံအနုပညာရှင်ကြီးဘဘဦးသုခ၏ ကျေးဇူးပင်ဖြစ်တော့သည်။ အနုပညာလောက၏ အကုသိုလ်ပွားများမှုများကိုကုသိုလ်တရားဖြင့် မိမိ၏ အနုပညာသည်ဘ၀ကို ခုတုံးလုပ်ကာ ပြန်လည်၍ပေးဆပ်မှု၊ အကြွေးဆပ်မှု၊ ကျေးဇူးဆပ်ခွင့်ပင်ဖြစ်တော့သည်။ (ကျန်ရစ်ခဲ့သောအနုပညာမောင်နှမများ၊ ထပ်မံမွေးဖွားပေါ်ပေါက်လာသောအနုပညာညီငယ်/ ညီမငယ်များ၏ အတွင်းစိတ်သဏ္ဍာန်တွင်လည်းရှိနေမည်ဟုယူဆပါသည်။ ရှိလည်းရှိနေစေချင်သည်။ ရှိမှုကိုအကောင်အထည် ဖေါ်ထုတ်ကြရန် တိုက်တွန်းအားပေးလိုက်ပါသည်)။ ဒါမှလည်းအတ္တနယ်ပယ်မှ ပရဟိတနယ်ပယ်သို့ရောက်ရှိမည်ဖြစ်သည်။

ကျွန်ုပ်ဆိုလိုသည်မှာ“မင်းတို့လည်းမင်းတို့ရဲ့ အနုပညာလောကကြီးကိုစွန့်လွှတ်ပြီး ငါ့လိုသုဘရာဇာဖြစ်အောင်လုပ်ကြ” ဟူ၍မဟုတ်။အတ္တနယ်ပယ်မှ ပရဟိတနယ်ပယ်သို့ကူးရာတွင် အနုပညာလောကကိုလည်းစွန့်ရန်မလို၊ သုဘရာဇာလည်းလုပ်ရန်မလို။ ကိုယ်ကျင်လည်ရာဘ၀(အနုပညာလောက)မှ အများအကျိုးပြုမည့် ပညာရေး၊ ကျန်းမာရေး၊ ဘာသာရေး၊ နိုင့်ငံအရေး၊ အမျိုးသားရေးကိစ္စရပ်များတွင် စစ်မှန်သောစိတ်ဓါတ်၊ သဒ္ဒါပွားသောလုပ်ရပ်၊ အထူးအားဖြင့် သီလလုံစွာ ဗြဟ္မာစိုရ်တရား(၄)ပါးလက်ကိုင်ပြုကျင့်သုံးရန်သာဖြစ်တော့သည်။ သင်တို့သည် ကျွန်ုပ်ထက်သာသည်။ ကျွန်ုပ်ထက်စွမ်းသည်။ ကျွန်ုပ်ထက် အခွင့်အရေးများသည်။ အများအကျိုးဆောင် ကိုယ့်အကျိုးလည်းအောင်မည်။ အောင်မြင်မှု ပန်းတိုင်နှစ်ခုကိုလက်ကိုင်ပြုထားသူများဖြစ်သည်။ ကိုယ်ဝါသနာပါရာ အနုပညာလုပ်ငန်းကိုလုပ်ကိုင်ခွင့်ရတုန်းရခိုက် အခွင့်အရေးလေးမှာအများအကျိုးအတွက် ပေးဆပ်နိုင်သူများဖြစ်တော့သည်။
          ကျွန်ုပ်အတွက်သည်ကားတစ်ခုတည်းသောပေးဆပ်မှုသာရှိတော့သည်။

          ဤကဲ့သို့ . . . ဘ၀၏ တတိယအရွယ်တွင် သေဆုံးသွားသောရုပ်အလောင်းများအားကောင်းမွန်စွာသင်္ဂြိုလ်ပေးခြင်း၊ ကျန်ရစ်သူမိသားစုများ၏ အပူမီးကို ငြိမ်းအေးပေးခြင်းတို့ကိုလုပ်ကိုင်လာခဲ့စဉ် … နေ့စဉ် နေ့စဉ်နှင့်အမျှ ရုပ်သေရုပ်ငြိမ်ဖြစ်သွားသူတို့၏ သေဆုံးမှုခန္ဓာကိုယ်များကိုထိတွေ့မြင်တွေ့မှုများ၊ အသုဘကမ္မဋ္ဌာန်းခံယူခဲ့ရမှုများ၊ သံဝေဂတရားများ ပေါ်ပေါက်လာမှုတို့သည်ကား ကျွန်ုပ်အတွက်များစွာခံစားလာခဲ့ရတော့သည်။ နေရာလုပွဲကြောင့် တိုက်နေတဲ့စစ်၊ အာဏာကြောင့်တိုက်နေတဲ့စစ်ပွဲ၊ စားဝတ်နေရေးအတွက် တိုက်နေတဲ့စစ်ပွဲ၊ ဘာသာရေးကြောင့် တိုက်နေတဲ့စစ်ပွဲ၊ ပညာရေးကြောင့် တိုက်နေရတဲ့စစ်ပွဲ၊ ကျန်းမာရေးအတွက် တိုက်နေတဲ့စစ်ပွဲ၊ အချစ်ကြောင့် တိုက်နေတဲ့စစ်ပွဲ၊ အိမ်ထောင်ရေးကြောင့်တိုက်နေတဲ့စစ်ပွဲ၊လူမျိုးရေးကြောင့် တိုက်နေတဲ့စစ်ပွဲ၊ နိုင်ငံရေးကြောင့် တိုက်နေတဲ့စစ်ပွဲ၊ အာဃာတကြောင့် တိုက်နေတဲ့စစ်ပွဲစသည့် စသည့် ဘ၀စစ်ပွဲများကိုတိုက်ရင်းခိုက်ရင်းနောက်ဆုံးတော့လည်း . . . မီးခိုးနဲ့ပြာ ဘ၀ဘဲ ရောက်တော့တာပဲဟု မြင်လာမိတော့သည်။ ဒါဟာ . . . ကျွန်ုပ်ရဲ့ သံဝေဂ။

          ဒါကြောင့် . . . ဘ၀၏တတိယအရွယ်တွင် ပေါ်ပေါက်လာသော ကျွန်ုပ်ရဲ့ဆန္ဒ၊ ရုပ်သေသမားဘ၀မှ ရုပ်ရှင်သမားဘ၀၊ ရုပ်ရှင်သမားဘ၀မှ ရုပ်သေဘ၀သို့ ဘ၀၏သံသရာလည်ပတ်ခြင်းကိုခံနေရသော ဆန္ဒသည်ကား ဘ၀သံသရာမှ လွတ်မြောက်လိုသည့် ဆန္ဒ၊ရုပ်၊ နာမ် ချုပ်ငြိမ်းရာဘ၀၊ သေခြင်းကင်းရာဘ၀၊ ရှင်ခြင်းများနှင့်သာရပ်တည်လိုသည့်ဘ၀၊ ငြိမ်းချမ်းမှု မဂ်ဖိုလ်နိဗ္ဗာန်သို့ အရောက်လှမ်းလိုသည့် ဆန္ဒပင်ဖြစ်တော့သည်။

          ထို့ကြောင့် . . . ကျွန်ုပ်သည်ကား “ရုပ်သေ”မှ “ရုပ်ရုင်”သို့ . . .
                                        “သေခြင်း”မှ “ရှင်ခြင်း” မြဲရာအရပ်သို့ချီတတ်အားထုတ် ကြိုးကုတ်ရန်သာရှိတော့သည်ဟု . . . ။
(ယုံကြည်မိပါသည် . . . ဤစာပိုဒ်အားဖတ်မိသူစာဖတ်ပရိသတ်၊ အထူးအားဖြင့် ကျွန်ုပ်နှင့် လက်တွဲမဖြုတ် စွန့်လွှတ်စွန့်စားရုန်းကန်ပေးဆပ်နေကြသောလူမှုရေးသမားများ၏ အသံကား . . “ခင်ဗျား၊ မင်း၊ ဦး၊ အစ်ကို၊ ငါ့မောင်လေးကတော့ ငါတို့နဲ့ လမ်းခွဲချင်လို့လား၊ ငြီးငွေ့လို့လား၊ စိတ်ဓါတ်ကျလို့လား၊ စိတ်ပျက်လို့လား၊ မပေးဆပ်ချင်တော့ဘူးလား၊ သတ္တိကြောင်တာလား၊ ကိုယ်လွတ်ရုန်းတာလား၊ သစ္စာဖောက်လား” ဟူ၍ ပြောဆိုကြ၊ ကဲ့ရဲ့ကြ၊ ဝေဖန်ကြ၊ ရှုံ့ချကြမည်ဟုမျှော်လင့်လျှက် . . . . )

ကျော်သူ
(၂၅.၂.၂၀၁၁ ခုနှစ် နံနက် (၄း၀၀)နာရီတွင် ပေါ်ပေါက်မွေးဖွားလာမှု။)

0 အာဏာရှင် ကို ဖယ်ရှား ရန် အတွက် JUST DO IT လှုပ်ရှားမှု တွင် သင်ကိုယ်တိုင် ပါဝင်ပါ။

ရဟန်း ရှင် လူ မိဘ ပြည်သူ တပ်မတော် သား များ နှင့် လူငယ် ကျောင်းသား ကျောင်းသူ များ ခင်ဗျား...
မြန်မာ နိုင်ငံ ၏ စစ်အာဏာရှင် သန်းရွှေ နှင့် ၎င်း တို့ ၏ လက်တစ်ဆုပ် စာ အာဏာရှင် စစ်ဗိုလ်ချုပ် တစ်
စု အား ဖယ်ရှား နိုင် ရန် အတွက် ယခု အချိန် သည် အချိန် ကောင်း အခါကောင်းပင် ဖြစ်ပါသည်။

မြန်မာ နိုင်ငံ တွင်း နေထိုင် သူ အပေါင်း တို စစ်အာဏာရှင် လက်အောက် မှ ရုန်းထွက် ရန် ပြင်ဆင်ကြ။
ယခု အချိန် ထက် ပို ကောင်းသော အချိန် မရှိ၊ အာဏာရှင် လက်အောက် မှ ပြည်သူများ အာဏာရှင် ကို
ဖယ်ရှား နိုင်ခဲ့တာ ကျုပ်တို့ ပြည်သူများ မျက် မြင့်တွေ့ ပြီး ဖြစ်ပါလိမ့်မည်။
အာဏာရှင် ကို ဖယ်ရှားနိုင်ရန် ယခု ပင် ချက်ခြင်းစကြလော့။

အာဏာရှင် ကို ဖယ်ရှား ရန် အတွက် JUST DO IT လှုပ်ရှားမှု တွင် သင်ကိုယ်တိုင် ပါဝင်ပါ။ JUST DO IT
သည် သင်ကိုယ်တိုင် ဖြစ်သည်။

ပထမ ခြေလှမ်း အနေ ဖြင့် “JUST DO IT ” ဟု ရေးပြီး သင်ကိုယ်တိုင် တစ်နေရာရာတွင် ကပ်ထား
နိုင်သည်။ သင့် သူ့ ငယ်ချင်း တစ်ယောက် ကို လည်း အီမေး ပို့ နိုင်သည်။ ကိုယ်တိုင်ရေး ထားသော စာ
အား သင့်မိတ်ဆွေ ကို ပေး နိုင် သည် ။သင်၏ Facebook စာမျက် နှာ တွင် ရေးသားထား နိုင်သည်။
အာဏာရှင် ကို ဖယ်ရှား ရန် ယခု ပင် ချက် ခြင်း စတင် ကြလော့။

အရေးတော်ပုံ  အောင်ရမည်
အရေးတော်ပုံ  အောင်ရမည်
အရေးတော်ပုံ  အောင်ရမည်

စစ်အာရှင် စနစ် ကို ဖယ်ရှား နိုင်ရန် ဤနေရာတွင် သင်ပါဝင်ပါ။
http://www.facebook.com/pages/Just-Do-It-against-Military-Dictatorship/194818177209500

0 တစ်ရွာမပြောင်း သူကောင်းမဖြစ်



တစ်ရွာမပြောင်း သူကောင်းမဖြစ်
      နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ၁၀.၃.၂၀၁၁ (ကြာသပတေး) နေ့တွင် မျိုးဆက်သစ် ကလေးငယ်များအတွက် အခြေခံအင်္ဂလိပ်စာသင်တန်းကို ဒုတိယအကြိမ်အဖြစ်စတင်၍ သင်ကြားပို့ ချပေးတော့မည်ဖြစ်သည်။ သင်တန်းတက်ရောက်လိုသော တတိယတန်းမှ အဌမတန်းအရွယ် ကလေး ငယ်ပေါင်း (၃၀၀) ဦးခန့် လာရောက်စာရင်းပေးသွင်းပြီး ဖြစ်ပါသည်။ ယင်းကလေးငယ်များအား ၅.၃.၂၀၁၁ (စနေ) နေ့တွင် သင်တန်း Levels ခွဲခြားရန်အတွက် စမ်းသပ်ဖြေဆိုမှုများ ပြုလုပ်၍ အတန်းခွဲ (၆) ခု ခွဲခြားကာ သင်ကြားပို့ချပေးမည် ဖြစ်ပါသည်။
      ၂၀၁၀ ခုနှစ် ပထမအကြိမ် အခြေခံအင်္ဂလိပ်စာသင်တန်းတွင် ကလေးငယ်ပေါင်း (၄၀) ဦးခန့်သာ ရှိခဲ့သောကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ သုခကုသိုလ်ဖြစ်ဆေးခန်း အဆောက်ဦး အပေါ်ထပ်တွင် သင်ကြားမှုကို အသင်းသားများဖြစ်သော လူမှုရေး ဆရာ/မများ၏ အကူအညီဖြင့် ကုသိုလ်ဖြစ် သင်ကြားပေးနိုင်ခဲ့သည်။ ယခု ကလေးငယ်ပေါင်း (၃၀၀) ဦး ခန့် တိုးပွားလာသည့်အတွက် အခြေခံအင်္ဂလိပ်စာသင်တန်း သင်ကြားမည့် စေတနာဝန်ထမ်း ဆရာ/မများလည်း လိုအပ်လျှက် ရှိပါသည်။ စိတ်ပါဝင်စား၍ သင်ကြားလိုသည့် စေတနာ့ဝန်ထမ်း ဆရာ/မများသည် နာရေးကူညီမှု အသင်း(ရန်ကုန်) ၅၈၀၁၃၃၊ ၅၈၁၃၆၃၊ ၀၉-၈၆ ၄၀၂၂၀ သို့၎င်း၊ အမှတ်(၁၃/က)၊ ဗိုလ်မှူးဗထူးလမ်း၊ ၄၂ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်သို့ လာရောက်စုံစမ်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။
      ထပ်မံ၍ ၁၄.၃.၂၀၁၁ မှ ၁၈.၃.၂၀၁၁ နေ့ရက်များတွင် ယဉ်ကျေးလိမ္မာဗုဒ္ဓဘာသာ ကလေး သင်တန်းနှင့် ဧပြီလတွင်လည်း မျိုးဆက်သစ်ကလေး ပန်းချီသင်တန်းတို့အား ပညာရှင်ကြီးများမှ လာရောက်သင်ကြား ပို့ချမည်ဖြစ်သည်။
      ထို့အပြင် မျိုးဆက်သစ်ကလေးငယ်များ သက်တောင့်သက်သာစွာဖြင့် ပညာသင်ကြားနိုင်စေ ရန် သင်တန်းခန်းမများအား ထပ်မံ၍ အလိုရှိသောကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်) သုခကုသိုလ်ဖြစ်ဆေးခန်း အပေါ်ထပ်ရှိ “သုခအလင်း” စာကြည့်တိုက်၊ ပြန်ကြားရေးဌာနအခန်းနှင့် ဘုရားခန်း (အစည်းအဝေးခန်းမ) တို့အား ယခု ဆောက်လုပ်ပြီးစီးတော့မည်ဖြစ်သည့် နာရေးကူညီမှု အသင်း(ရန်ကုန်) ရုံးချုပ်အဆောက်အဦးသို့ သက်ဆိုင်ရာပစ္စည်းများ၊ စာအုပ်/စာပေများ၊ ကွန်ပျူတာ ပစ္စည်းများ၊ ဘီဒိုများ အစရှိသည်တို့ကို နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ လူမှုရေး အသင်းသား/ သူများ၏ လုပ်အားဖြင့်စုပေါင်း၍ ၂၇.၂.၂၀၁၁ (တနင်္ဂနွေ) နေ့တွင် ပြောင်းရွေ့ခဲ့ကြပါသည်။
      “သုခအလင်း” စာကြည့်တိုက်သည် ဖေဖော်ဝါရီ (၁၃) ရက်နေ့ ဗိုလ်ချုပ်မွေးနေ့တွင် (၁) နှစ် သားအရွယ်သို့ ရောက်ရှိခဲ့ပြီဖြစ်သည်။ ယင်း (၁) နှစ်သားအရွယ် “သုခအလင်း” စာကြည့်တိုက်အား မျိုးဆက်သစ် လူမှုရေးသမားများ၏ စည်းလုံးခြင်းအင်အား၊ ဖေးမမှုအကြင်နာတရားတို့ဖြင့် လက်ရှိ “သုခအလင်း” စာကြည့်တိုက်ထက် ပိုမို၍ကျယ်ဝန်းသော ဧရိယာခန်းမ၊ ပိုမို၍အသိပညာ ပွားများစေ မည့် စာအုပ်/စာပေများဖြင့် နောင်တစ်ချိန်တွင် နိုင်ငံ့ခေါင်းဆောင်၊ နိုင်ငံ၏ သားကောင်း သမီးကောင်း များကို ဖော်ထုတ်မွေးဖွားနိုင်ရန်အတွက် ယခုကဲ့သို့ တစ်ရွာမပြောင်း သူကောင်းမဖြစ်ဆိုသည့် စကားအတိုင်း ကောင်းမြတ်သော နေရာရွေ့ပြောင်းမှုကို မင်္ဂလာရှိစွာဖြင့် လုပ်ဆောင်ခဲ့ကြပါသည်။
ကိုကျော်သူ

Monday, February 28, 2011

0 စစ်တပ် နှင့် အမိန့်နာခံမှု - အပိုင်း (၆)

တပ်မှူးတပ်သား ပြောစကား (၀၄၉)


လစ်ဗျားကို ကြည့်လိုက်ရင်၊ အကုန်လုံးက ကဒါဖီ ပေးကျွေး ထောက်ပံ့မှုနဲ့ ကြီးထွား လာတဲ့ စစ်ခေါင်းဆောင်တွေချည့်ပဲ၊ အခု သူ့ကို အကုန်လုံး အမိန့်မနာခံကြဘူး ဖြစ်နေတာ။ အဲဒီတော့ ဒါက ကြည့်လိုက်လို့ရှိရင် breaking point လို့ ခေါ်တာပေါ့နော်။ ဒီ ကျိုးပေါက် ပျက်စီးသွားနိုင်တဲ့ point (ဆုံမှတ်) တစ်ခုကို ရောက်သွားတဲ့အချိန်မှာတော့ မရဘူး။ ဘယ်လိုမှ သူတို့ ဆက်ပြီး သစ္စာမခံနိုင်ဘူးဆိုတဲ့ breaking point ကို ရောက်သွားတာ ကျနော်တို့ တွေ့ရတယ်။
မြန်မာ့တပ်မတော်ရဲ့ ဒုတိယကာကွယ်ရေးဦးစီးချုပ်(ကြည်း) နဲ့ ကာကွယ်ရေး ဒုတိယ၀န်ကြီး ခန့်အပ်ရေး အတွက် ၁၉၇၄ ပထမ အကြိမ်ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ အခြေအတင်ဖြစ်ရပုံ၊ ၁၉၈၈လူထုအုံကြွမှု ကာလမှာ တပ်မတော် (လေ)က တပ်မတော်(ကြည်း)ရဲ့အမိန့်ကို မနာခံပဲ နေခဲ့ပုံ၊ ဒီကနေ့ လစ်ဗျားတပ်မတော် မှာ အမိန့်မနာခံတော့တဲ့ ‘ဒုတိယအတွေး’ (second thought) ၀င်သွားခဲ့ပုံ၊ စတာတွေကို အငြိမ်းစားဗိုလ်ချုပ် ကြီး သူရဦးတင်ဦး၊ တပ်မတော်(လေ) အရာရှိဟောင်းတဦးနဲ့ ဗိုလ်ကြီးဟောင်းစိုင်းဝင်းကျော်တို့က ဒီသီတင်း ပတ်ရဲ့ “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ်ကဏ္ဍမှာ ပြောပြထားပါတယ်။ ဦးရော်နီညိမ်းက “စစ်တပ် နှင့် အမိန့်နာခံမှု - အပိုင်း (၆)” ခေါင်းစဉ်နဲ့ စီစဉ် တင်ဆက်ထားပါတယ် ။

ဦးတင်ဦး။ ။ အဲဒီ ၀န်ကြီးချုပ် (အငြိမ်းစား ဗိုလ်မှူးချုပ်) ဗိုလ်ချုပ်စိန်ဝင်းကို ဒါနဲ့ပတ်သက်တာ အားလုံးက တော့ မဖြစ်သင့်ဘူး။ ကျနော် လက်မခံနိုင်ဘူးလို့ သွားပြောတော့၊ ကျနော် တော်တော်လေးပြောဆိုပြီးတော့ ၀န်ကြီးချုပ်က ကျနော်ပြောတာကို လက်ခံလိုက်တယ်။ လက်ခံလိုက်တော့ အဲဒီမှာ လွှတ်တော်အစည်းအဝေး က စနေပြီ ခင်ဗျ။ လွှတ်တော် သဘာပတိက ကယားပြည်နယ်ဥက္ကဌ ခင်ဗျ။ လွှတ်တော်အစည်းအဝေးကို (၁၅) မိနစ်လောက် ဆိုင်းငံ့လိုက်ပြီးတဲ့နောက်၊ ပြန်ပြီးတော့ နောက်ထပ် ကျနော်တို့ ကျကျနနပြန်တင်လိုက် တဲ့ အခါကျတော့၊ ဗိုလ်မှူးကြီးတင့်ဆွေက ကာကွယ်ရေးဒုဝန်ကြီးပဲ ပြန်ဖြစ်သွားပြီးတဲ့နောက်၊ အဲဒါကို နောက်ဆုံး အဆိုတင်လိုက်ပြီး ဆုံးဖြတ်ချက် ကျသွားတာပဲ ခင်ဗျ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ ပထမ list မှာ ဒုဝန်ကြီးက ဗိုလ်မှူးကြီးတင့်ဆွေ ပါမလာဘူးဆိုတော့ ဘယ်သူ က ပါလာပါသလဲ ခင်ဗျ။

ဦးတင်ဦး။ ။အဲဒါ သူတို့ မဆလ ဘက်ကနေပြီးတော့ ပါတီဌာနချုပ်ကနေ တယောက်ထည့်လိုက်သေး တယ်။ ပုဂ္ဂိုလ်တယောက် ထည့်လိုက်သေးတယ်။ နာမည်တော့ ကျနော် သိတယ်။ မပြောတော့ပါဘူးဗျာ။ ထား ပါတော့။ သူတို့ကို အောက်ကနေ ပါတီကနေပြီးတော့ faction ရိုက်လိုက်သလား မသိဘူးလေ။ ညှပ်ပြီးထည့် လိုက်ပြီးတော့ ကပ်ပါသွား တာ။ ကျနော် တော်တော် စိတ်ဆိုးတယ်၊ အဲဒီတုန်းက။ ဒီလို ခင်ဗျားတို့ ဒီလိုလုပ် လို့ ဘယ်ဖြစ်မလဲဗျ လို့၊ မူလက ကျနော်တို့ ဒီအဖွဲ့က ဆုံးဖြတ်ပြီးသားကို ဟိုဘက်ကနေ၀င်ပြီး ဒီလို ထိုးတာ တော့ ကျနော် လက်မခံနိုင်ဘူးပြောတော့၊ နောက်ဆုံး ၀န်ကြီးချုပ်ကလည်း ကျနော်ပြောတာကို သဘောတူ တယ်။ ကျနော် တဆင့် လျှော့ပေးလိုက်ပြီးပြီလေ။ ပြီးတော့ ဒီ ကိစ္စမှာလည်း သူက senior အဖြစ်ဆုံးပဲဗျ။ (မြန်မာ့တပ်မတော်တွင် ပထမဆုံး တည်ထောင်ခဲ့သော အမှတ် (၇၇) ခြေမြန်တပ်မ) တပ်မမှူး အရင်ဆုံးဖြစ်တဲ့ လူပါ။ အကျင့်စာရိတ္တမှာ အစစအရာရာ လုပ်ရည်ကိုင်ရည်လည်း ရှိတယ်။ အဲဒါကြောင့် ကျနော်က သူ မပါ လာရင် မဖြစ်ဘူး ဆိုပြီး တင်တော့၊ ရသွားတယ် ခင်ဗျ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ ဗိုလ်မှူးကြီးတင့်ဆွေကို ဒုဝန်ကြီးအဖြစ် nominateလုပ်ဖို့ဟာ ဗိုလ်မှူးကြီးကြည် မောင်က အဆိုတင်သွင်းတယ် ဆိုတော့၊ အဲဒီ ဗိုလ်မှူးကြီးကြည်မောင်က အင်္ဂလန်သံအမတ်ကြီး လုပ်သွားပြီး ကျန်းမာရေးဝန်ကြီး လည်း လုပ်သွားတဲ့ အဲဒီအချိန်က စစ်ဦးစီးဗိုလ်မှူးကြီး (ကြည်း) လုပ်နေတဲ့ ဗိုလ်မှူးကြီးကြည်မောင်ပေါ့နော်။ NLD ဦးကြည်မောင် မဟုတ်ဘူးပေါ့။

ဦးတင်ဦး။ ။ ဟုတ်ပါတယ်။ ခင်ဗျားပြောတဲ့အတိုင်း သံအမတ်လုပ်သွားပြီး၊ ပထမ Colonel GS လုပ်ခဲ့တဲ့ ဗိုလ်ကြည် မောင်ပါ ခင်ဗျ။ ဒီဟာနဲ့ပတ်သက်လို့ one and half ဗိုလ်မှူးကြီးတင်ဦး (နံပါတ်တစ် ခေါင်းဆောင် ဦးနေ၀င်း နှင့် နံပါတ်နှစ်ခေါင်းဆောင် ဦးစန်းယုတို ကြားမှာ နေရာဝင်ယူထားသောကြောင့်၊ နိုင်ငံခြားမီဒီယာ တွေက one and half ဟု အမည်ပေးထားခဲ့သော တပ်မတော်ထောက်လှမ်းရေးညွှန်ကြားရေးမှူး နှင့် ပါတီ တွဲဘက်အတွင်းရေးမှူး ဖြစ်ခဲ့သူ ကွယ်လွန်သူ ဗိုလ်မှူးချုပ်ဟောင်းတင်ဦး) က ယူလာတာပဲလေ။ သူက ဒီလို ပြောလိုက်တယ်လို့ ပြောတာကိုး။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ထောက်လှမ်းရေးညွှန်ကြားရေးမှူးပေါ့ နော်။

ဦးတင်ဦး။ ။ သိတယ်နော်။ ထောက်လှမ်းရေးကပါ။ နောက်တော့ ဗိုလ်မှူးချုပ်တင်ဦး၊ ဦးနေ၀င်းရဲ့အနားမှာ တောက်လျှောက် အတူတကွ လုပ်ဆောင်နေတဲ့ လူဆိုတော့၊ သူ့ဆီက ဒီဟာက signal ပါလာတယ်ပေါ့ ဗျာ။ အဲဒီဟာ ပါလာတယ်ဆိုပြီးတော့ ဖြစ်တာကနေ၊ ပြန်ဆွေးနွေးကြပြီးတော့ ဒီလို ဖြစသွားကြတာပဲ လေ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ဒါ အန်ကယ်တို့ အရင်တုန်းကလည်း ဒီလိုပဲ ဖြစ်ခဲ့တယ်။ အန်ကယ်က ဒုချုပ် (ကြည်း)ကို အများဆန္ဒအရ ဗိုလ်မှူးကြီးတင့်ဆွေကို ဖြစ်စေချင်တယ်။ ဒီလိုမျိုး ဖြစ်သင့်တယ်လို့ အများက လည်း ယူဆထားပေမယ့် အာဏာရှင်က ဒါဖြစ်စေဆို အကုန် လိုက်ဖြစ်ရတာကို၊ အန်ကယ် ဘယ်လိုမြင်ပါ သလဲ။

ဦးတင်ဦး။ ။ ဟိုတုန်းကတော့ ကေဒါမြှုပ်နှံရေးမူဆိုပြီးတော့ (ပါတီ)ဗဟိုကနေ ထည့်ပြီး မြှုပ်နှံလိုက်တယ်။ မထူးပါဘူး။ ခုလည်း အရင်ပုံစံအတိုင်း သွားတာပါပဲ။

ဦးရော်နီညိမ်း။ ။ ၁၉၈၀ခုနှစ် နောက်ပိုင်းနှစ်တွေမှာလည်း ဒုတိယကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်ကြီးအေးကိုဟာ အငြိမ်းစားယူပြီးတော့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဖြစ်သွားတဲ့ အချိန်မှာ၊ လစ်လပ်သွားတဲ့ ဒုချုပ်(ကြည်း) နေရာကို ထောက်လှမ်းရေးညွှန်ကြားရေးမှူးဟောင်း ဖြစ်တဲ့ ပါတီရဲ့တွဲဘက်အတွင်းရေးမှူး ထောက်လှမ်းရေးဗိုလ်မှူးချုပ်တင်ဦးက ဗိုလ်ချုပ်တင်စိန်ကိုပေးဖို့ စီစဉ်ခဲ့ ပေမယ့်၊ တိုက်ခိုက်ရေးတပ်ကစစ်ခေါင်းဆောင်တွေက လက်မခံကြလို့ မြန်မာ့တပ်မတော်ရဲ့ဒုတိယအကြီးအကဲ ဖြစ်တဲ့ ဒုချုပ်(ကြည်း)ရာထူးနေရာမှာ လပေါင်းများစွာ လစ်လပ်နေပြီးတော့၊ နောက်ဆုံးမှာမှ အခြေအနေအား လုံးကို စောင့်ကြည့်နေတဲ့ ဦးနေ၀င်းက၊ အခုအခါ တစည (တိုင်းရင်းသားစည်းလုံးညီညွတ်ရေး) ပါတီဥက္ကဌ၊ ထိုစဉ်ကတော့ ဒုတိယဗိုလ်ချုပ်ကြီးထွန်းရီကို ဒုတိယကာ ကွယ်ရေးဦးစီးချုပ်(ကြည်း)အဖြစ် ခန့်အပ်ခဲ့တာကို တွေ့ခဲ့ရပါတယ်။ ၁၉၈၈ ခုနှစ် လူထုအုံကြွမှု အရေးတော်ပုံကာလမှာ တပ်မတော်(လေ)မှာ အမိန့်မနာခံဘဲ ဖြစ် ခဲ့ရတဲ့ ဖြစ်စဉ်တခုကတော့၊ အခုအခါမှာ လစ်ဗျားနိုင်ငံက ဗိုလ်မှူးကြီး မွမ်မာကဒါဖီ Moammar Gadhafi ရဲ့ ဆန္ဒပြလူထုကို ဗုံးကြဲတိုက်ခိုက်ဖို့ ပေးတဲ့အမိန့်ကို မနာခံတဲ့ လစ်ဗျားလေတပ်က ဖြစ်စဉ်နဲ့ ဆင်တူလွန်းလှ တယ်လို့၊ တပ်မတော်(လေ) အရာရှိဟောင်းတဦးက ပြောပြခဲ့ပါတယ်။

တပ်မတော်(လေ) အရာရှိဟောင်း။ ။ ကျနော်တို့ အဲဒီ အဖြစ်အပျက်ကလေးကတော့ ဖြစ်ခဲ့တာပဲ လေ။ မြောက်ဥက္ကလာပမှာ တပ်မတော်(လေ)က တိုက်လေယာဉ်တွေနဲ့ အပေါ်ကနေ အနည်းဆုံးပေါ့လေ၊ ပစ်ဖို့လို့ ဗုံးကြဲဖို့လို့ အဲဒီလို အမိန့်ထွက်လာတဲ့ အခါကျတော့၊ ပထမတုန်းကတော့ အဲဒီလို ပစ်ဖို့ အမိန့်မဟုတ်ဘူး ဗျ၊ အနည်းဆုံးတော့ အပေါ်ကနေ ဗုံးအတုချဖို့ ပေါ့၊ အဲဒီလို ပြောတော့ အဲဒီမှာ တချို့အရာရှိတွေက အပေါ်က လေယာဉ်ကနေ ဘာပဲပစ်ချချ အောက်ကို တခုခု ကျသွားရင်၊ ဗုံးမဟုတ်သော်လည်း လေတပ်က ဗုံးချတယ် ဆိုပြီးတော့ ပြဿနာ တက်နိုင်တယ်။ သူတို့ မလုပ်နိုင်ဘူး ဆိုပြီးတော့ ငြင်းကြတယ်ဗျ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ခင်ဗျ။ အဲဒီတော့ (ဒုတိယ)ကာကွယ်ရေးဦးစီးချုပ်(လေ)ဖြစ်တဲ့ဗိုလ်ချုပ်တင်ထွန်း ကို တပ်မတော်(ကြည်း)က ပေးတဲ့အမိန့်ကို၊ တခါ ဗိုလ်ချုပ်တင်ထွန်းက တပ်မတော်(လေ)ကို ဘယ်လိုပြန်ပြီး အမိန့်ပေးပါသလဲခင်ဗျ။ စစ်ဦးစီးဗိုလ်မှူးကြီး(လေ) ကနေ တဆင့် ပေးတာလား ဒါမှမဟုတ် မင်္ဂလာဒုံက (၅၀၂) လေတပ်စခန်းကို တိုက်ရိုက်ပေးတာပါလား ခင်ဗျ။

တပ်မတော်(လေ) အရာရှိဟောင်း။ ။ တိုက်ရိုက် အမိန့်ပေးပုံရတယ် ခင်ဗျ။ အဲဒီလို တိုက်ရိုက်အမိန့်ပေး တာကို အောက်က လေသူရဲအရာရှိတွေက နေပြီးတော့၊ မလိုက်နာနိုင်ပါဘူး ဆိုပြီးတော့၊ သူတို့ကနေပြီး တချို့အရာရှိတွေက လက်မှတ်ထိုးပြီးတော့ ထွက်တော့မယ်ပေါ့။ ကျနော်တို့ကို ဒီလိုအမိန့်ပေးလာရင် မလုပ် နိုင်ဘူး၊ လက်မှတ်ထိုးပြီး ထွက်မယ်ပေါ့။ နောက်တခါ ကျနော်တို့ လေယာဉ်တွေမှာ ဗုံးတွေ တပ်ဆင်ပေးတဲ့ အခါကျတော့၊ အရာရှိမဟုတ်တဲ့ အခြားအဆင့်ရဲဘော်တွေက လက်နက်တို့ ဗုံးတို့ တပ်ပေးရပါတယ်။ အဲဒီလို တပ်ပေးရတဲ့အခါ၊ သူတို့ကလည်း ဘာဖြစ်လို့ ဒီလို လက်နက်တွေဗုံးတွေ တပ်ရတာလဲ ဆိုပြီးတော့ သံသယ ရှိတယ်။ အဲဒီလို သံသယရှိလာပြီး သူတို့ကလည်း လေယာဉ်ဘေးနားမှာ တခါထဲ၊ လေယာဉ်မှာ ဗုံးတပ်ဖို့ကို မလုပ်တော့ဘူးဗျ။ မတပ်ကြတော့ဘူး။ လက်နက်တပ်ဖို့ ဗုံးတပ်ဖို့ကို သူတို့ မတပ်ကြတော့ဘူး။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ အဲဒီတုန်းက (၅၀၂) လေတပ်စခန်း စခန်းမှူးက ကျနော်တို့ သိထားတာကတော့ ဗိုလ်မှူးချုပ်မောင်မောင် ပေါ့နော်။ စစ်တက္ကသိုလ် ဗိုလ်သင်တန်း အပတ်စဉ် (၁)ကပဲ၊ ဆင်းပါတယ်။ အဲဒီတော့ ဒီ ဗိုလ်မှူးကြီးမောင်မောင်က၊ အဲဒီအချိန်မှာ တန်းစီပြီးတော့ လေသူရဲတွေကို ဒီအမိန့်ကို ပေးတာလား ခင်ဗျ။

တပ်မတော်(လေ) အရာရှိဟောင်း။ ။ ဟုတ်တယ်ဗျ။ သူလည်း အဲဒီတုန်းက အထက်က အမိန့်ကြောင့်ထင် တယ်။ အားလုံးကို “မင်းတို့ ဒီလို လုပ်ကြ” ဆိုပြီးတော့ အမိန့်ပေးတဲ့ သဘောပဲ။ ဒါပေမယ့် ခုနက ပြောသလို ပေါ့၊ ရဲဘော်တွေကလည်း မနာခံ၊ အရာရှိတွေကလည်း မနာခံတဲ့အခါကျတော့၊ သူတို့ မလုပ်တော့ မလုပ်ဖြစ် ပါဘူး။ အဲဒီအချိန်က ဖြစ်နေတာကတော့ တပ်မတော်ကလည်း ဘယ်ဘက်လိုက်ရမှန်း မသိဘူးဗျ။ သို့သော် လည်းပဲ အမှန်အတိုင်းပြောရရင် တပ်မတော်သားတွေကလည်း အဲဒီအချိန်ကဖြစ်နေတဲ့ အခြေအနေ၊ လက်ရှိ သူတို့ ခံစားနေရတဲ့အခြေအနေကို သူတို့ ကျေနပ်ကြတာတော့ မဟုတ်ဘူး။ ဘယ်ဘက်လိုက်မယ် ညာဘက် လိုက်မယ်တော့ မဟုတ်ဘူး။ သို့သော် မတရားတာက မတရားတာပဲ ပေါ့။ ကိုယ့်တိုင်းသူပြည်သားတွေကို လေယာဉ်ပျံပေါ်ကနေ ဗုံးကြဲချပြီးတော့ ပစ်သတ်ရမယ်ဆိုတာကတော့ အဓိပ္ပါယ်မရှိဘူး လေ။ အဲဒါကြောင့်မို့ ဘယ်သူမှ ဒီအမိန့်ကို မလိုက်နာဘဲနဲ့၊ အဲဒီအချိန်မှာတော့ အနည်းဆုံးတော့ သူတို့တွေရဲ့ ယုံကြည်မှုကို သူတို့ တကယ် ပြနိုင်ခဲ့တယ်။ ကျနော်တို့ကို ဒီလိုအမိန့်နဲ့ အာဏာနဲ့ ခိုင်းလာရင် ကျနော်တို့ မလုပ်နိုင်ဘူး၊ ကျနော် တို့ ထွက်မယ်ဆိုပြီး တချို့အရာရှိတွေက လက်မှတ်ထိုးပြီး ထွက်စာတင်တဲ့အထိ ဖြစ်ခဲ့တာ ကျနော်တို့ သိခဲ့ရ ပါတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ အဲဒီတော့ တပ်မတော်(လေ)(၅၀၂)လေတပ်စခန်းက လေသူရဲတွေက၊ ဒီအလုပ် ကို မလုပ်နိုင်ဘူးဆိုပြီး အမိန့် မနာခံတဲ့အခါမှာ၊ တပ်မတော်(ကြည်း)က ဘာများ ဆက်လက်အရေးယူ ဆောင် ရွက်တာ ရှိပါသလဲ ခင်ဗျ။ ဧရာဝတီရေတပ်စခန်းဆိုရင် လုံခြုံရေးအကြောင်းပြပြီး၊ အပြင်ကနေပြီးတော့ army တပ်ရင်းတရင်းနဲ့ ၀ိုင်းထားသလို (၅၀၂) လေတပ်စခန်းကိုရော တပ်မတော်(ကြည်း)က တပ်ရင်းတပ်ဖွဲ့တွေက အပြင်က ၀ိုင်းထားတာ ရှိပါသလား ခင်ဗျ။

တပ်မတော်(လေ) အရာရှိဟောင်း။ ။ အဲဒီလိုတော့ မရှိခဲ့ပါဘူး။ ဒါပေမယ့် ကျနော်တို့ကို အပေါ်ကနေ အနည်းဆုံးတော့ စာကြဲချဖို့ အမိန့်ပေးတဲ့ အတွက်ကြောင့် “လူစုခွဲပါ။ လူစုမခွဲရင် ပစ်မယ်” ဆိုတဲ့ စာပေါ့နော်။ အဲဒီဟာမျိုးတွေ ကျနော်တို့ ကြဲချခဲ့ရပါတယ်။

ဦးရော်နီညိမ်း။ ။ "စစ်တပ် နှင့် အမိန့်နာခံမှု" ကို လေ့လာနေစဉ်မှာပဲ မျက်မှောက်မှာ ဖြစ်ပေါ်နေတဲ့ အကောင်းဆုံး နမူနာဥပမာကတော့ လစ်ဗျားနိုင်ငံရဲ့ အခြေအနေပါပဲ။ စစ်တပ်ကြီးကို ထူထောင်လာခဲ့တဲ့ လစ်ဗျားခေါင်းဆောင် ဗိုလ်မှူးကြီးမွမ်မာကဒါဖီရဲ့ အမိန့်ကို မနာခံဘဲ တော်လှန်ပုန်ကန်ကြပြီးတော့၊ ဆန္ဒပြ လစ်ဗျားပြည်သူလူထုနဲ့ ပူးပေါင်းသွားကြတဲ့ အခြေအနေတွေကို မြန်မာ့တပ်မတော် အရာရှိဟောင်းတွေ ဖြစ် ကြတဲ့ ဗိုလ်ကြီးဟောင်း စိုင်းဝင်းကျော်၊ အသံလွှင့်ဆောင်းပါးရှင် ဗိုလ်မှူးဟောင်း ဦးမြတ်နိုး၊ ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်၊ ဗိုလ်မှူးဟောင်း ဦးစိုင်းသိန်းဝင်း တို့နဲ့လည်း လစ်ဗျားစစ်တပ်ရဲ့ အမိန့်မနာခံမှု အခြေအ နေကို၊ ဆက်သွယ်မေးမြန်း ဆွေးနွေးကြည့်ခဲ့ပါတယ်။

ဦးရော်နီညိမ်း။ ။ ဒီ လစ်ဗျားကို ကြည့်လိုက်ရင်၊ အကုန်လုံးက ကဒါဖီ ပေးကျွေး ထောက်ပံ့မှုနဲ့ ကြီးထွား လာတဲ့ စစ်ခေါင်းဆောင်တွေချည့်ပဲ၊ အခု သူ့ကို အကုန်လုံး အမိန့်မနာခံကြဘူး ဖြစ်နေတာ။ အဲဒီတော့ ဒါက ကြည့်လိုက်လို့ရှိရင် breaking point လို့ ခေါ်တာပေါ့နော်။ ဒီ ကျိုးပေါက် ပျက်စီးသွားနိုင်တဲ့ point (ဆုံမှတ်) တစ်ခုကို ရောက်သွားတဲ့အချိန်မှာတော့ မရဘူး။ ဘယ်လိုမှ သူတို့ ဆက်ပြီး သစ္စာမခံနိုင်ဘူးဆိုတဲ့ breaking point ကို ရောက်သွားတာ ကျနော်တို့ တွေ့ရတယ်။ အဲဒီ breaking point က ဘာလဲဆိုတော့ ရက်ပိုင်းလေး အတွင်းမှာ လူတွေကို ရာနဲ့ထောင်နဲ့ ချီပြီးတော့ အကုန်လုံး ပစ်ခတ်သတ်ဖြတ်လိုက်တာကို လုပ်လာတဲ့အခါ မှာ၊ မကြိုက်တဲ့ သဘောမတွေ့တဲ့ တပ်မှူးတပ်သားတွေ အကုန်လုံး ကဒါဖီကို အာခံကြတယ်။ မြန်မာပြည်မှာ ဒီလိုမျိုးအခြေအနေတွေ ဖြစ်ပေါ်လာလို့ ပစ်ခတ်ဖြိုခွင်းရတဲ့ အခါမှာ second thought ပေါ့၊ ဒုတိယအတွေး ဖြစ်တဲ့ “ငါတို့ မှားနေပြီလား ? ငါတို့ခေါင်းဆောင်တွေ မှားနေပြီလား ?” ဆိုတဲ့ အဲဒီ second thought ကို တွေးသွားလိုက်နိုင်တဲ့ အခြေအနေကို၊ တွန်းပို့မယ့် breaking point ကို တပ်မှူးတပ်သားတွေ ကျော်ဖြတ်နိုင် ပါ့မလား၊ ဘယ်လို မြင်ပါသလဲ ခင်ဗျ။ ပထမဦးဆုံး ဦးစိုင်းဝင်းကျော်က ပြောပြပေးပါလားခင်ဗျ။

ဗိုလ်ကြီးစိုင်းဝင်းကျော်။ ။ သိပ်ဖြစ်နိုင်ပါတယ် ခင်ဗျ။ breaking point သူတို့ ရောက်လာတဲ့ အချိန်ကျရင် တော့၊ သူတို့ကိုယ်တိုင်ဆုံးဖြတ်ချက်ချပြီးတော့မှ မျဉ်းတစ်ခုကို သူတို့ ရဲရဲဝံ့ဝံ့ပြတ်ပြတ်သားသား ကျော်ဖြတ် လိမ့်မယ်၊ ကူးပြောင်းလာလိမ့်မယ်လို့ ကျနော် ယုံကြည်ပါတယ် ခင်ဗျ။ အခြေအနေတွေကလည်း အဲဒီလိုမျိုး ဖြစ်လာဖို့အတွက် တောင်းလည်း တောင်းဆိုနေတယ်။ အဲဒီလိုမျိုး ဖြစ်လာဖို့ အလားအလာတွေကလည်း အများကြီး ရှိပါတယ်။ အခုအချိန်မှာ အမှန်တရားကို သိနားလည်တဲ့ အင်အားစုတွေကလည်း၊ တပ်မတော်ထဲ မှာ အများကြီး ဖြစ်နေပါပြီ။ အတိုင်းအတာ ကာလတခုအထိ၊ အဆုံးအဖြတ်ပေးရမယ့် အဲဒီ ကာလကိုရောက် လာပြီး မျဉ်းတစ်ခုကို ဖြတ်ကျော်မယ်ဆိုရင် အဓိက ကတော့ ကိုယ့်ကိုယ်ကို ယုံကြည့်မှုရှိဖို့ လိုပါတယ် ခင်ဗျ။ နောက်ပြီးတော့ ကိုယ့်တာဝန်ကိုယ် သတ္တိရှိရှိနဲ့ ယူရဲဖို့ လို တယ်။ ကိုယ့်သမိုင်းကို ကိုယ် ရေးဖို့လိုတယ်၊ အဲဒီ ကိုယ်ရေးတဲ့ သမိုင်းဟာလည်း အမှန်တရားဘက်ကို ရပ်တည်တဲ့ သမိုင်းဖြစ်မယ်ဆိုရင်၊ အဲဒီအမှန်တရားက နောင်တချိန်မှာ စကားပြောလာပါလိမ့်မယ် ခင်ဗျ။ အဓိက ကတော့ ကိုယ့်ရဲ့ ရပ်တည်ချက်က ဘာလဲဆိုတာ၊ တိတိကျကျ ဝေဖန် ဆန်းစစ်ဖို့ အချိန်ရောက်ပါပြီ။ အရေးကြီးတဲ့ ဆုံးဖြတ်ချက်ကို လုပ်ရမယ့် ကာလတခုကို ရှေ့အနာဂတ်မှာ ရောက်ချင်လည်း ရောက်လာမှာပါ။ ရောက်လာမယ်ဆိုရင် လိမ္မာပါးနပ်စွာ နဲ့ မျဉ်းတစ်ခုကို သတ္တိရှိရှိ ယုံကြည်မှု အပြည့်အ၀နဲ့ ဘယ်လိုကူးဖြတ်မလဲ ဆိုတာ သမိုင်းက တောင်းဆိုနေပါတယ်။ မတရား မှုတွေ အားလုံးရဲ့ နောက်ဆုံးနိဂုံးဟာ ပြန်ပြီးတော့မှ တွန်းလှန်တဲ့ အနေအထားနဲ့ နိဂုံးချုပ်သွားလိမ့်မယ်လို့ ကျနော် ယုံကြည်ပါတယ်။ အဓိကကတော့ ကျနော်တို့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိဖို့ လိုပါတယ် ခင်ဗျ။

ဦးရော်နီညိမ်း။ ။ သောတရှင်များ ခင်ဗျာ၊ ရှေ့သီတင်းပတ် စနေနေ့ မနက်နဲ့ ညနေခင်းတွေမှာတော့ ဗီအိုအေ မြန်မာပိုင်းအစီအစဉ် “တပ်မှူးတပ်သား ပြောစကား” ကဏ္ဍမှာ “စစ်တပ် နှင့် အမိန့်နာခံမှု အပိုင်း (၇)” ကိုဆက်ပြီး ထုတ်လွှင့်ပေးသွားပါမယ်။ စောင့်မျှော်နားဆင်ကြပါ။ ကျနော် ရော်နီညိမ်းပါ။ (VOA)

Sunday, February 27, 2011

0 ပြုပြင်ပြောင်းလဲရေးကိုလိုလားသည့် သွေးစည်းညီညွတ်သည့်လစ်ဗျားပြည်သူများကြောင့် ပြုတ်ကျတော့မည့်ဆဲဆဲ အာဏာရှင်ကဒါဖီ (ရုပ်/သံ)

0 အချိန်တန်ပြီ

(ကာနယ် အောင်သန်း)

မြန်မာ နိုင်ငံသည် တောင်ကိုရီယား၊ မြောက်ကိုရီးယားတို့လို မနက်ဖြန်စစ်ဖြစ်မည်လား၊ သန်ဘက်ခါ စစ်ဖြစ်မည်လား မသိနိုင်သော အခြေအနေတွေလည်း ရှိမနေ၊ တကမ္ဘာလုံး တပ်အနှံ့ဖြန့်၍ အကြမ်းဖက်ဝါဒကို တိုက်ဖျက်နေ သည့် နိုင်ငံလည်းမဟုတ်၊ အိမ်နီးချင်း တရုတ်နှင့်လည်း သူတို့လောက် အဆင်ပြေတာ သူတို့ပဲရှိသည်၊ အိန္ဒိယ နှင့်လည်း ထိုနည်းလည်းကောင်းပင်။ ဘယ်အမေရိကန်မှလည်း မြန်မာနိုင်ငံကို တိုက်ဖို့ စိတ်ကူးရမည်မဟုတ်။ ဆိုရသော် တနိုင်ငံလုံးအတိုင်းအတာဖြင့် စစ်တပ်ကြီးဖွဲ့ပြီး မည်သည့်နေရာကို သွား၍ တိုက်မည်နည်း၊ တွေး ကြည့်၍ ရသလောက်မှာ အိမ်ကြက်ချင်း အိုးမဲသုတ်၍ ခွပ်ခိုင်းနေသည့် လက် ရှိစစ်ခေါင်းဆောင်သာလျှင် ဖြစ်သည်။
ယခုအချိန်အခါသည် မြန်မာနိုင်ငံသူနိုင်ငံသားတိုင်း နိုင်ငံ၏အနာဂတ်အတွက် မဟုတ်တောင် မိမိကိုယ်တိုင်၏ အနာဂတ်အတွက် အလေးအနက် စဉ်းစားရမည့်အချိန်ဟု ဆိုချင်သည်။ အားလုံးသိကြသည့်အတိုင်း နအဖအ စိုးရက မြန်မာနိုင်ငံသူနိုင်ငံသားတိုင်း စစ်မှုမထမ်းမနေရဥပဒေကို ပြဌာန်းလိုက်ပြီ ဖြစ်သည်။ ယောက်ျားလေး ရော မိန်းကလေးပါ သက်တမ်းနှစ်နှစ်ရှိသော စစ်တပ်တာဝန်ကို ထမ်းဆောင်ရမည်ဟု ဆိုထားသည်။ စစ်မှု ထမ်းတာဝန်ကို ကင်းလွတ်ခွင့်ရသော ပုဂ္ဂိုလ်များမှာ သာသနာရေးဆိုင်ရာပုဂ္ဂိုလ်များနှင့် စစ်မှုထမ်းရန် မသင့် တော်သောသူများ၊ စစ်မှုမထမ်းနိုင်ကြောင်း အထောက်အထားခိုင်လုံစွာဖြင့် တင်ပြလာသော ပုဂ္ဂိုလ်များ (တ နည်းအားဖြင့် သူ၏ ဆွေတော်မျိုးတော်များ၊ ပိုက်ဆံရှိသူများ) စသည် စသည်ဖြင့် ဖော်ပြပါရှိလေသည်။

ဤဥပဒေနှင့် ပတ်သက်၍ ပြောစရာဆိုစရာတွေက အများကြီးရှိသည်၊ ထိုအထဲတွင် ဘယ်အကြောင်းကြောင့် စစ်မှုမထမ်းမနေရဥပဒေကို ပြဌာန်းရသနည်းဆိုသော မေးခွန်းက အဓိကဖြစ်ပါလိမ့်မည်၊ အရွယ်ရောက်သူ တိုင်း စစ်မှုမထမ်းမနေရ ထမ်းရလောက်အောင် လက်ရှိမြန်မာနိုင်ငံ၏ အခြေအနေက မည်ကဲ့သို့ဖြစ်နေသ နည်း သို့တည်းမဟုတ် ဒီမိုကရေစီနိုင်ငံများ၏ သဘောသဘာဝကြောင့်လော၊ လက်ရှိအစိုးရသည် ကျွန်ုပ်တို့ ကိုယ်တိုင် ကျေကျေနပ်နပ် တင်မြောက်ထားသည့် ဒီမိုကရေစီအစိုးရလော။ ဒီမိုကရေစီနိုင်ငံများ၏ စနစ်အရ ဆိုလျှင် ဤဥပဒေကို ပြဌာန်းဖို့ မည်သည့်လွှတ်တော်၏ ထောက်ခံချက်ကို ယူခဲ့သနည်း၊ လက်ရှိစစ်တပ်ကိုပင် လူလုံးသူလုံးပေါ်အောင်မထားနိုင်သော စစ်အစိုးရသည် တနိုင်လုံးအတိုင်းအတာဖြင့် တည်ရှိလာမည့် စစ်တပ် ကြီးအား မည်ကဲ့သို့ထောက်ပံ့မည်နည်း။

အဖြေကား ရှင်းပါသည်။ လက်ရှိစစ်တပ်သည် ကြီးနိုင်ငယ်ညှဉ်းစစ်တပ်ဖြစ်သည်။ ထိပ်ပိုင်းက ရာထူးကြီး ပုဂ္ဂိုလ်များက ပိုက်ဆံများ သုံးမကုန်ဖြုန်းမကုန်အောင် အခွင့်အထူးတွေ ခံစားခွင့်တွေရနေကြသလောက် အောက်ပိုင်းမှ သာမာန်စစ်သားများမှာ ငတ်တလှည့် ပြတ်လှည့်ဖြင့် နေလာခဲ့ရသည်က စစ်အစိုးရ စတက်က တည်းကပင် ဖြစ်သည်။ စစ်တပ်၏ လက်ရှိစနစ်သည် အထက်ဖားအောက်ဖိစနစ်ဖြစ်လေရာ အခံရဆုံးသော ပုဂ္ဂိုလ်များမှာ အောက်ခြေစစ်သားလေးများပင် ဖြစ်သည်။ ထို့ပြင် စစ်အစိုးရ ထိပ်ပိုင်းပုဂ္ဂိုလ်များသည် ကိုယ် တိုင်က သေမှာ ဖိန့်ဖိန့်တုန်အောင် ကြောက်သလောက် မိမိလက်အောက်ရှိ စစ်သားများ၏ အသက်ကိုမူ ရှိ သည်ဟုပင် မထင်သောသူများ ဖြစ်သည်။ သူတို့၏ ပေါ်လစီအမှားများကို ခါးစည်းခံရသူများမှာလည်း သူတို့ ကိုယ်တိုင်မဟုတ် အရာရှိပေါက်စများ၊ သာမာန်စစ်သားများသာ ဖြစ်သည်။

နိုင်ငံတော်၏ အန္တရာယ်အတွက်ဟု အသံကောင်းဟစ်ကြွေးပြီး အိမ်ကြက်ချင်း အိုးမဲသုတ်ပြီး ခွပ်ခိုင်းနေသည် မှာလည်း စစ်အစိုးရပင် ဖြစ်သည်။ သို့သော် သာမန်စစ်သားများသည် ဘာမှအခွင့်အရေး ခံစားခွင့်မရှိ၊ မိမိပေး ဆပ်သလောက် လောက်လောက်လားလား အသိအမှတ်အပြုမခံရ။ စစ်သားဆိုသည်မှာ စစ်တိုက်ဖို့၊ သေရဲဖို့ နှင့် သေဖို့ဟု ကျဉ်းမြောင်းသော အတွေးများကို အခြေခံထားသော စစ်အစိုးရ ထိပ်ပိုင်းပုဂ္ဂိုလ်များသည် စစ် သားဆိုလျှင် အချိန်မရွေး သေခိုင်းဖို့ အဆင်သင့် ဖြစ်နေကြသည်။ သို့သော် ထိုသို့သေရသည်က နိုင်ငံအ တွက်မဟုတ်ဘဲ စစ်အာဏာရူးများ၏ အာဏာတည်မြဲရေးအတွက်ဖြစ်နေသည်က ရင်ထုမနာဖြစ်စရာပင် ဖြစ် သည်။ စစ်သားတစ်ယောက် သေသည်ဆိုသည်မှာ မဆန်း၊ သို့သော် သေရတာ တန်ရဲ့လား စဉ်းစားဖို့လို သည်။

လက်ရှိစစ်တပ်အခြေအနေကို အကဲဖြတ်ကြည့်မည်ဆိုလျှင် ပရမ်းပတာဖြစ်နေသည်မှာ အသေအချာပင် ဖြစ် သည်။ စစ်တပ်၏ ကြီးနိုင်ငယ်ညှဉ်းဒဏ်ကို မခံနိုင်၍ စစ်တပ်ထဲမှ ထွက်ပြေးနေကြသော တပ်ပြေးများက နေ့ စဉ်နှင့်အမျှ ရှိနေသည်။ တော်လှန်ပုန်ကန်မှုများကိုလည်း မကြာခဏဆိုသလို ကြားနေရသည်။ အရာရှိဦးရေ နှင့် စစ်သားဦးရေကလည်း အချိုးအစားမညီမျှ ဖြစ်နေသည်။ ထို့ကြောင့် စစ်သားစုဆောင်းရေးကို ပြန်ပေးဆွဲ သလိုမျိုး၊ လူကုန်ကူးသလိုမျိုး စုဆောင်းနေရသည်။ စစ်တပ်ထဲကို ဝင်ဖို့ စဉ်းစားသည့်သူက လက်ရှိ အချိန် တွင် လူမိုက်ပင်ဖြစ်သည်။ ဒီအက်စ်အေ စသည့် ဗိုလ်လောင်းသင်တန်းများသို့ သွားရောက်၍ တက်ကြသည့် သူများကလည်း (စစ်တပ်အာဏာရှိနေစဉ်ကာလတွင်) အများအားဖြင့် နိုင်ငံကာကွယ်ရေးဆိုသည်ထက် စစ် တပ်ထဲမဝင်မီကပင် ဆွေမျိုးကောင်းစားရေးဝါဒကို အခြေခံပြီး ဝင်ခြင်းဖြစ်သည်။

အကောင်ကြီးကြီးဖြစ်လာတော့ ရသမျှ သဲ့ယူသည်။ အမှန်တရားကို လက်ကိုင်ထား၍ နိုင်ငံအတွက် အလုပ် လုပ်သော စစ်ဗိုလ်များသည်လည်း ကြာရှည်စွာ သက်ဆိုးမရှည်၊ များများဘုရားထူးနိုင်သည့် ပုဂ္ဂိုလ်သည်သာ ဘုရားအဖြစ်သို့ ရောက်နိုင်သည်။ ယနေ့စစ်ဗိုလ်ချုပ်များ၏ ဘဝသည် အလွန်သနားစရာကောင်းသည်။ နေ့ မြင်ညပျောက်ဆိုသော ဘဝသည် သူတို့၏ ဘဝပင် ဖြစ်သည်။ အခြားဌာနများကို အသာထား၍ ကာကွယ်ရေး ဌာနတခုတည်းက ဗိုလ်ချုပ်များသည်ပင် လေးနှစ်ထက်ပို၍ နေရသည်က ခပ်ရှားရှားဖြစ်နေသည်။ ဗိုလ်ချုပ်တ ယောက်ကို လေးနှစ်ထက် ပိုမထားသောစနစ်သည် စစ်တပ်၏ တရားဝင်ထုတ်ပြန်မထားသော၊ လက်တွေ့ ကျင့်သုံးသော စနစ်ပင်ဖြစ်သည်၊ ထိုသို့ မလုပ်၍လည်း မဖြစ်၊ နောက်မှာက နေစရာပေးစရာတွေက အများ ကြီး ကျန်သေးသည်။

ရုရှားလို နိုင်ငံတခုတည်းမှာပင် ပညာသင်လွှတ်ထားသော အရာရှိပေါက်စ အရေအတွက်သည်ပင် သောင်းဂ ဏန်းချီ၍ ရှိနေသည်။ ဒီတော့ မြန်မြန်စား ''ဝ'' လျှင် မြန်မြန်ဆင်းဆိုသည်က လက်ရှိစစ်တပ်၏ ကျင့်သုံးနည်း တခုပင် ဖြစ်သည်။ နိုင်ငံတော်ဘဏ္ဍာများ အလဟဿဖြစ်သည်/မဖြစ်သည်ထက် တော်လှန်ပုန်ကန်မှု မဖြစ်ဖို့ က အရေးကြီးနေတော့ အသံမထွက်နိုင်အောင် မပြတ်ခွံ့ထားပေးရသည်။ ဆင်းသွားလျှင်လည်း အသံမထွက် ဖို့၊ အသံထွက်နိုင်သေးလျှင် စကားလုံးမထွက်နိုင်အောင် လုပ်နိုင်ဖို့က အရေးကြီးသည်။ တပ်မတော်ထဲတွင် ကောင်းရာကောင်းကြောင်း လုပ်သည့်သူများ၊ နိုင်ငံ၏အကျိုးကို ရှေ့ရှုမိသူများမှာ ''တပ်မတော်ဖြိုခွဲသူ'' ဟူ သော ခေါင်းစဉ်အောက်တွင် ဘဝကို မရှုမလှ နိဂုံးသတ်ကြရသည်မှာလည်း ကောင်းကျိုးလိုလားသူ စစ်ဗိုလ် များအတွက် သင်ခန်းစာကြီးတခုလို ဖြစ်နေသည်။ ကောင်းတာလုပ်ဖို့ ရွံ့ကြရသည်။ ထို့ကြောင့် ထိုသို့ဖြစ်နေ သော စစ်တပ်ထဲကို ကျွန်ုပ်သို့ ဝင်သင့်ကြပါလား။

ထို့ပြင် လက်ရှိမြန်မာနိုင်ငံသူနိုင်ငံသားတိုင်း၏ အခြေအနေမှာ အားလုံးသိတော်မူကြသည့်အတိုင်း ဆွမ်းတော် ထား၍ ဝမ်းတော်မှ အနိုင်နိုင်ဟူသော ဘဝမျိုးဖြစ်သည်။ အောက်ခြေလူတန်းစားများမှာ နေ့စဉ်နှင့်အမျှ ဝမ်းတ ထွာအတွက် နေ့မအား ညမနား အလုပ်လုပ်နေကြရသည်။ မြန်မာနိုင်ငံတွင် ထွက်ပေါ်နေသော ကျောက်သံ ပတ္တမြားမှစ၍ ရေနံ၊ သဘာဝဓာတ်ငွေ့အလယ်၊ ကျွန်းသစ်များအဆုံး နိုင်ငံတဝန်းထွက်ပေါ်နေသော သယံဇာ တများကိုလည်း ဗိုလ်သန်းရွှေနှင့် နီးစပ်သော လက်တဆုပ်စာပင်မရှိသော လူတန်းစားများမှတပါး ပြည်သူလူ ထုအနေဖြင့် မည်သည့်အကျိုးခံစားခွင့်မှ မရှိသည်မှာလည်း အားလုံးအမြင်ပင်ဖြစ်သည်။

မြေပေါ်တွင်ရှိသမျှ ရောင်းစား၍ ရနိုင်သမျှ အပင်များအားလုံး ခုတ်လှဲပြီး ကုန်သွားသောအခါ ဒေသခံပြည်သူ များကို တအိမ်ထောင် သစ်ပင်ဘယ်နှစ်ပင် စိုက်ရမည် စသည်ဖြင့် အတင်းအဓမ္မ ခိုင်းပြန်သည်။ ဒေသခံပြည် သူများအနေဖြင့်မူ မိမိလယ်ကွက်ထဲတွင် ပေါက်သော သစ်ပင်ကိုပင် ထိ၍မရ။ ရောင်းစားသည်ကို ထားဘိဦး၊ အိမ်ဆောက်သည်ကိုပင် မိလျှင် အဖမ်းခံရသည်။ နှလှန်မထူနိုင်သည်အထိ ဒဏ်ရိုက်ခံရသည်။ မိမိလယ်ကွင်း ထဲ မိမိတို့ပိုင်နက်ထဲတွင် ပေါက်နေသော သစ်ပင်များကို အမြစ်မှစ၍ တူးဖော်ကာ ကားကြီးကားငယ် အသွယ် သွယ်တို့ဖြင့် နေ့ညမပြတ် သယ်နေကြသည်ကိုသာ လက်မှိုင်ချစွာ ကြည့်နေကြရသည်။

ကျွန်းပေါသည့် အရပ်တွင် နေရပါလျက် ဝါးအိမ်များဖြင့် နေကြရသည်။ ဆိုရလျှင် ပြည်သူများမှာ နိုင်ငံရေး၊ စီး ပွားရေး မည်သည့်ဘက်တွင်မှ နလန်မထူနိုင်။ ထို့ကြောင့် နိုင်ငံစီးပွားရေးအဆင်ပြေဖို့ မစဉ်းစားဘဲ၊ နိုင်ငံသား များ၏ ဘဝဖူလုံမှုကို ဦးစားမပေးဘဲ လက်ရှိသေကာနီး အချိန်အထိ အာဏာတည်မြဲရေးကို ဦးစားပေးလုပ် ဆောင်နေသော သန်းရွှေ၏ လုပ်ရပ်သည် မည်သို့မှ လက်ခံနိုင်စရာမရှိပေ။ အရွယ်ရောက်ပြီးသူတိုင်း တနိုင်ငံ လုံးအတိုင်းအတာဖြင့် စစ်မှုထမ်းရမည်ဆိုသော်လည်း ထိုအထဲတွင် သူ၏ ဆွေတော်မျိုးတော်များအတွက် ခြွင်းချက်များဖြင့် အကာအကွယ်ပေးထားသည်။ ဘွဲ့ရသူများ၊ သို့မဟုတ် အရည်အချင်းတမျိုးမျိုး ရှိသူများကို အရေးပေါ် ပြန်တမ်းဝင်အရာရှိအဖြစ် ခန့်အပ်နိုင်သည်ဆိုကတည်းက ဖိုးလပြည့်တို့လို၊ ပြည့်ဖြိုးတေဇတို့လို သူ၏ မြေးမြစ်များ စစ်တပ်ထဲသို့ (မပြောကောင်းပြောကောင်း) ရောက်လာမည်ဆိုလျှင်ပင် အရာရှိဖြစ်မည်ဆို သည်က သေချာပြီးသား ဖြစ်နေသည်။

ထိုစစ်မှုထမ်းတာဝန်ကို ထမ်းဆောင်နိုင်ပါလျက် ရှောင်လွှဲသော ပုဂ္ဂိုလ်များအတွက် စစ်အစိုးရ၏ လက်သုံး ထောင်ဒဏ်များက အသင့်စောင့်ကြို၍နေလေသည်။ ပြည်သူများကို အလွန်အလေးထားသောသူများပင် ဖြစ် သည်။ အမှန်အားဖြင့် စစ်တပ်ကို သူလုပ်ချင်သလိုလုပ်၍ ပြဿနာပေါ်လာသော ယခုအခါမှ ပြည်သူကို ခုတုံး လုပ်ခြင်းသည် အကြံကုန် ဂဠုန်ဆားချက်ခြင်းသာ ဖြစ်ပါသည်။

ယခု စစ်တပ်ထဲ၌ ရှိသောသူများတွင် ထိပ်ပိုင်းပုဂ္ဂိုလ်များကလည်း စစ်ဘက်ရာထူးပြုတ်မှာ စိုးရသည်နှင့်၊ ရသ လောက်သဲ့နေရသည်နှင့် စစ်ဘက်ကို စိတ်မဝင်စားနိုင်။ ရှေ့တန်းမှာရှိသော စစ်သားများကလည်း စစ်တိုက်ဖို့ စိတ်မပါ။ ဖြစ်လည်း ဖြစ်သင့်သည်။ ယခု သူတို့တိုက်နေသော သူများသည် ယခင်က သူတို့မိတ်ဆွေများပင် မ ဟုတ်ပါလော။ ကာယကံရှင်ချင်း မတည့်၍ မဟုတ်ဘဲ သန်းရွှေနှင့် မတည့်၍သာ သူတို့တွေ ရန်သူဖြစ်နေကြ ရသည်။ သို့သော် သူတို့တွေ ချွေးတွေနှင့် တစက်စက် ဖြစ်နေသည့်အချိန်တွင် အဘိုးကြီးကတော့ အဲယား ကွန်းထဲက မထွက်၊ မြေးအချော့မပျက်။ ကြာတော့ သူတို့တွေသာ စိတ်ပျက်လာကြရသည်။ ထို့ကြောင့် ထိုနေ ရာများတွင် ဘုမသိ ဘမသိသူများနှင့် အစားထိုးဖို့ လိုလာသည်။ သူ သွားတွေ့သည်က သူငယ်နိုင်ဖြစ်ခဲ့သော ပြည်သူများ ...။

လက်ရှိစစ်တပ်သည် ကမ္ဘာ့သမိုင်းတွင် မော်ကွန်းတင်ပြီးသော စစ်တပ်ဖြစ်သည်။ သူတို့သည် မိမိကိုးကွယ် သော အကိုးကွယ်ခံ သံဃာတော်များကို သူခိုး၊ ဓားပြလို စော်ကားပုတ်ခတ်ခဲ့သည်။ အမျိုးဘာသာ သာသနာ ကို ကာကွယ်ရန်ထက် ကိုယ်တိုင်က အမျိုးဘာသာကို ဖျက်ဆီးပြသည်။ သံဃာတော်များကို နှိမ်နင်းမည့် စစ် သည်များကို မတော်မတရားသော ဝါဒမှိုင်းများတိုက်၍ သတ်ရဲအောင်၊ ရိုက်ရဲအောင်လုပ်သည်။ ယခင် တနိုင် ငံလုံးက သူရဲကောင်းများဟု ယူဆထားသော စစ်သားများကိုလည်း သိက္ခာတရား ကုန်းကောက်စရာ မရှိ အောင် လုပ်ပစ်သည်။ ယခင်က တသားတည်းရှိခဲ့သော ပြည်သူနှင့် စစ်တပ်ကို ခွဲခြားပစ်သောသူသည် လက် ရှိစစ်ခေါင်းဆောင်သာလျှင် ဖြစ်သည်။ ဗိုလ်ချုပ်စကားနှင့် ပြောရမည်ဆိုလျှင် ဤကဲ့သို့သော စည်းကမ်းမရှိ သော စစ်တပ်သည် တိုင်းပြည်တွင် ရှိနေသည်ထက် မရှိသည်က ပိုကောင်းသည်ဟုသာ ပြောချင်သည်။

လက်ရှိမြန်မာနိုင်ငံသည် မည်သို့ပင် စဉ်းစားစဉ်းစား စစ်မှုမထမ်းမနေရလုပ်ရလောက်အောင် ဆိုးဝါးနေသော နိုင်ငံတနိုင်ငံမဟုတ်သည်မှာ အသေအချာပင် ဖြစ်သည်။ ယခင် အင်္ဂလိပ်များကို မောင်းထုတ်သည့် အချိန်က ရော ဂျပန်တွေကို မောင်းထုတ်ခဲ့သည့် အချိန်ကပါ စစ်ထဲမဝင်မနေရ ရှိခဲ့သည်ဟု မကြားခဲ့စဖူး။ နိုင်ငံတဝန်း ရောင်စုံသောင်းကျန်းမှု ဖြစ်သောအခါတွင်လည်း စစ်မှုမထမ်းမနေရ ဥပဒေမပြဌာန်းခဲ့ရ၊ (ယခု သူတို့၏ လက် ထက်တွင် နိုင်ငံသည် မကြုံစဖူး ငြိမ်းချမ်းသာယာနေသည်ဆိုမှ စစ်မှုမထမ်းမနေရဆိုတော့ နားတွေပင် မျက်စိ လည်လမ်းမှားကုန်သည်)။

အကယ်၍ ထိုအချိန်က ပြဌာန်းခဲ့လျှင်လည်း ပြည်သူများအနေဖြင့် ကြည်ကြည်ဖြူဖြူ လိုက်နာခဲ့ကြမည်မှာ အ သေအချာပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် တနိုင်ငံလုံးက ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် နိုင်ငံရေး ခေါင်းဆောင်များ၏ နိုင်ငံအတွက် မိမိကိုယ်ကို အနစ်နာခံ၊ အစတေးခံသည်ကို ယုံကြည်ကြသည်။ ကြည်ညို ကြသည်။ ယခုစစ်ခေါင်းဆောင်များ နိုင်ငံအတွက် အနစ်နာခံသည်ဟုပြောလျှင် ကမ္ဘာပေါ်တွင် ရှိရှိသမျှသော ပြက်လုံးဆရာများ စုပေါင်း၍ထုတ်သော ပြက်လုံးထက်ပင် ရယ်စရာကောင်းနေမည်မှာ အမှန်ပင် ဖြစ်သည်။ နာဂစ်မုန်တိုင်းဒဏ်ကြောင့် အတိဒုက္ခရောက်နေသော ပြည်သူများကို ပစ်ထားပြီး သူအာဏာတည်မြဲရေးအ တွက် အဓိကအရေးကြီးဆုံးဖြစ်သော ဖွဲ့စည်းပုံအခြေခံဥပဒေကို မဖြစ်ဖြစ်အောင် အတည်ပြုသည်။ အချိန် တိုင်းတွင် နိုင်ငံသည် သူ့အတွက်ချည်း ဖြစ်နေသည်။ စည်းမျဉ်းစည်းကမ်းတွေက လူသားတွေရဲ့အသက်ထက် အရေးကြီးနေသည်။ အလွန်အနစ်နာခံသူများပါပေ။

အမှန်တကယ် စစ်မှုမထမ်းမနေရဥပဒေ ပြဌာန်းခဲ့သင့်သည့်ကာလမှာ ဒုတိယကမ္ဘာစစ်လိုမျိုး တိုင်းတပါးသား ကို မောင်းထုတ်နေရသည့်ကာလ၊ ရောင်စုံသောင်းကျန်းနေသည့် ကာလများကပင်ဖြစ်သည်။ ယခုမူ မြန်မာ နိုင်ငံသည် တောင်ကိုရီယား၊ မြောက်ကိုရီးယားတို့လို မနက်ဖြန်စစ်ဖြစ်မည်လား၊ သန်ဘက်ခါ စစ်ဖြစ်မည်လား မသိနိုင်သော အခြေအနေတွေလည်း ရှိမနေ၊ တကမ္ဘာလုံး တပ်အနှံ့ဖြန့်၍ အကြမ်းဖက်ဝါဒကို တိုက်ဖျက်နေ သည့် နိုင်ငံလည်းမဟုတ်၊ အိမ်နီးချင်း တရုတ်နှင့်လည်း သူတို့လောက် အဆင်ပြေတာ သူတို့ပဲရှိသည်၊ အိန္ဒိယ နှင့်လည်း ထိုနည်းလည်ကောင်းပင်။ ဘယ်အမေရိကန်မှလည်း မြန်မာနိုင်ငံကို တိုက်ဖို့ စိတ်ကူးရမည်မဟုတ်။ ဆိုရသော် တနိုင်ငံလုံးအတိုင်းအတာဖြင့် စစ်တပ်ကြီးဖွဲ့ပြီး မည်သည့်နေရာကို သွား၍ တိုက်မည်နည်း၊ တွေး ကြည့်၍ ရသလောက်မှာ အိမ်ကြက်ချင်း အိုးမဲသုတ်၍ ခွပ်ကြသလို တိုင်းရင်းသားအချင်းချင်း တိုက်ကြရုံသာ ရှိသည်။ ဖြစ်ရောဖြစ်သင့်ပါရဲ့လား။

ကရင်တိုင်းရင်းသားများ၊ ရှမ်းတိုင်းရင်းသားများ ... စသည့် တိုင်းရင်းသားများနှင့် သန်းရွှေ၏တပ်များ တိုက် ကြခြင်းသည် သန်းရွှေနှင့် မတည့်၍ တိုက်ကြခြင်းသာဖြစ်သည်။ ပြည်သူလူထုနှင့် မည်သို့မျှမပတ်သက်၊ ပြည် သူလူထုအနေဖြင့် စိတ်လည်း မဝင်စား၊ စိတ်ဝင်စားစရာလည်း မလို၊ မည်သည့်တိုင်းရင်းသားမဆို အဖိနှိပ်ခံရ လျှင် ခံချင်မည်မဟုတ်၊ ပြန်လည်ခုခံမည်သာဖြစ်သည်။ တိုင်းရင်းသားများနှင့် သန်းရွှေ၏ တပ်များတိုက်ကြ ခြင်းသည် မည်သို့ပင် အသံကောင်းဟစ်စေကာမူ ပြည်ထောင်စုအကျိုးလည်းမဟုတ်၊ အကျိုးလည်းမရှိ၊ ပြည် သူများအနေဖြင့်လည်း သူ့ကို ယုံ၍ အလင်းဝင်လာကြသော ဒီကေဘီအေတပ်ဖွဲ့များ၊ ကေအိုင်အေ ကချင်အဖွဲ့ များကို မည်ကဲ့သို့ လုပ်ပစ်သည်ကို ကြည့်ပါက အမှန်တကယ် တိုင်းပြည်ကို ပြိုကွဲအောင်လုပ်နေတာ ဘယ်သူ လဲဆိုတာ အသေအချာ မြင်နိုင်သည်။ သွေးထိုးနေတာ ဘယ်သူလဲဆိုတာ သိနိုင်သည်။

ပြည်သူများသည် တိုင်းရင်းသားတပ်ဖွဲ့များနှင့် သန်းရွှေ၏ တပ်များ တိုက်ပွဲဖြစ်၍ သန်းရွှေ၏တပ် အကျအဆုံး များသည်ဆိုလျှင် ဝမ်းသာကြသည့်သူများသာ ဖြစ်သည်။ မည်သူမျှ သူတို့အတွက် ဝမ်းမနည်း၊ များများသေဖို့ သာ ဆုတောင်းသည်။ မည်သည့်နေရာတွင် မည်သည့်အဖွဲ့က ဗုံးခွဲသည်၊ လျှပ်စစ်ကြိုးတွေကို ဖြတ်တောက် သည် ပြည်သူလူထုကို ဘယ်လိုနစ်နာအောင်လုပ်သည်ဟု ပြောလျှင်လည်း မည်သူမျှ မယုံ၊ သန်းရွှေ၏ လက် ချက်ဟုသာ အားလုံးယုံကြသည်။ လူတကာကို လှည့်စားသည့်နေရာတွင် သန်းရွှေသည် ပါရဂူဖြစ်သည်။ သူ ၏ ဘေးနားက လူတွေအားလုံးကို သူသည် ကောင်းစွာလှည့်စားထားနိုင်သည်။ သို့သော် ထိုအလှည့်စားခံ ထားရသည့်သူများကလည်း သူတို့သည် အဘိုးကြီးကို လှည့်စားထားနိုင်သည်ဟု ယုံကြည်ကြသည်။ ဤသည် ကပင် သန်းရွှေ၏ အရည်အချင်း ဖြစ်လေသည် (မျိုးရိုးစစ်ကြည့်လျှင် သန်းရွှေသည် မျက်လှည့်ဆရာမျိုးရိုးက လာတာလည်း ဖြစ်နိုင်သည်)။

ထို့ပြင် ဗမာ၊ ကရင်၊ မွန်စသည့် ပြည်ထောင်စုတိုင်းရင်းသားများ၏ ဘုံရန်သူမှာ စစ်အစိုးရသာလျှင်ဖြစ်သည်။ ဗမာကလည်း ကရင်ကို မဆန့်ကျင်၊ ကရင်ကလည်း မွန်ကို မဆန့်ကျင်၊ အားလုံးဆန့်ကျင်နေကြသည်က စစ် အစိုးရကိုသာလျှင် ဖြစ်သည်။ ယခု မိမိတို့၏ရန်သူ စစ်အစိုးရ၏ တပ်ထဲသို့ ဝင်၍ အချင်းချင်းတိုက်ကြဖို့ ဆို သည်မှာ ဦးနှောက်မရှိသော လုပ်ရပ်သာဖြစ်သည်။ ဖြစ်လည်း မဖြစ်သင့်၊ မလွှဲသာမရှောင်သာ၍ စစ်သားလုပ် ကြရမည်ဆိုလျှင် မိမိကိုယ်ကို ကြည်ညိုနိုင်သော စစ်သားဖြစ်ဖို့လိုသည်။ ဝါဒမှိုင်းတိုက်ခံထားရ၍ မဟုတ်ဘဲ မိမိကိုယ်တိုင်က မိမိတိုက်ရသော စစ်ပွဲကို တရားသောစစ်ပွဲဟု မြင်ထားဖို့လိုသည်။ ဤသို့ဆိုလျှင် သေလျှင် လည်း မွန်မြတ်သော သေခြင်းပေတည်း။

ကျွန်ုပ်တယောက်တည်း၏ သဘောအရဆိုပါမူ စစ်တပ်ထဲဝင်ရပြီဆိုမှဖြင့် သန်းရွှေ၏တပ်ထဲသို့ ဝင်၍ သန်း ရွှေ၏ ကျွန်လုပ်မည့်အစား အသင်တို့နှစ်သက်ရာ တိုင်းရင်းသားတပ်တတပ်တပ်သို့ ဝင်၍ တရားသော စစ်ပွဲ ကို ဆင်နွှဲဖို့သာ တိုက်တွန်းချင်သည်။ ကျေးရွာများအနေဖြင့်လည်း လူဦးရေတထောင်ရှိသော ကျေးရွာဖြစ် လျှင် အရွယ်ရောက်ပြီး ဦးရေသည် အောက်ထစ်ဆုံး တရာထက်တော့ မနည်းပေ။ ထိုအရေအတွက်ဖြင့် မြို့ နယ်ရဲစခန်းတခုကို ကောင်းကောင်းသိမ်း၍ ရသည်။ လူဦးရေတသောင်းရှိလျှင် အရွယ်ရောက်ပြီး လူဦးရေ တ ထောင် အနည်းဆုံး၊ တသိန်းရှိလျှင် တသောင်း၊ ဆယ်သိန်းဆိုလျှင် တသိန်း၊ ဆယ်သန်းဆိုလျှင် ဆယ်သိန်း ထိုပမာဏမျှလောက်ဆိုလျှင် စစ်အစိုးရကို ကျကျနနကြီး ဖြုတ်ချ၍ ရသည်။ ညီညွှတ်ရေးစိတ်ဓာတ်ရှိဖို့သာ အ ရေးကြီးသည်။ ခပ်ရှင်းရှင်းဆိုရသော် လက်ရှိလူဦးရေ၏ ငါးပုံတပုံမျှဖြင့် လက်ရှိခေတ်သစ်ဖက်ဆစ်အစိုးရကို ဖြုတ်ချနိုင်သည်။

နိုင်ငံရေးအဖွဲ့အစည်းများအနေဖြင့်လည်း ယခု (စစ်မှုမထမ်းမနေရ) ဥပဒေကို ပြည်သူတွေဘက်မှ မားမားမတ် မတ်ရပ်တည်ပြီး ဖြေရှင်းပေးဖို့ ပြည်သူတွေကိုယ်စား အလေးအနက် တောင်းဆိုချင်ပါသည်။ နိုင်ငံရေးခေါင်း ဆောင်ဆိုသည်၏ သရုပ်အမှန်ကို ကောင်းစွာထင်ဟပ်စေချင်ပါသည်။ ပြည်သူတွေအနေဖြင့် ယခုဥပဒေကို လက်ခံ/လက်မခံဆိုသည်ကိုမူ နှစ်ခါပြန်ပင် စဉ်းစားစရာမလိုပါ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အနေဖြင့်လည်း စစ်အစိုးရအနေဖြင့် ယခုဥပဒေကို မဖြစ်မနေ အကောင်အထည်ဖော်သည့်အခါ ပြည်သူ များ အပေါ် အမြတ်ထုတ်သလိုမဖြစ်စေဘဲ အကူအညီများပေးဖို့ တောင်းဆိုချင်ပါသည်။ ယခုဥပဒေကို နိုင်ငံအကျိုး ရှေ့ရှု၍ ကောင်းစွာအသုံးချနိုင်လျှင် စစ်အစိုးရပြုတ်ကျသွားသည်အထိ အောင်မြင်မှုရနိုင်သည်။ တခုတော့ ရှိ သည်၊ သင်တို့ အမြင်မကျဉ်းမြောင်းဖို့တော့ လိုသည်။


အို မြန်မာနိုင်ငံသူ နိုင်ငံသားအပေါင်းတို့ ...

အသင်တို့သည် အသင်တို့၏ ဘဝ၊ အသင်တို့၏ အနာဂတ်အတွက် နိုးထချိန်ရောက်ပြီတကား ...
အသင်တို့ နိုးထကြလော့ ...




အားလုံးကို လေးစားစွာဖြင့် ...

ကာနယ်အောင်သန်း

သတိ ။ ။ သန်းရွှေသည် တိုင်းရင်းသားများ တမျိုးနှင့်တမျိုး မတည့်အောင် အနှေးနှင့်အမြန် ဖန်တီးလာနိုင်သည်။

0 ကရင်မလေး နှစ်ဦးအား သူပုန်အား ရိက္ခာ ၀ယ်ပေးသည်ဟုမဟုတ်မမှန်စွတ်စွဲပြီး ထောင်ဒဏ်(၁၀)နှစ်ချ

တောင်ငူခရိုင် ထန်းတပင်မြို့နယ်တွင် ဘုန်ကြီးကျောင်းမှာ အလှူပြုလုပ်ဖို့ချက်ပြုတ်ရန် ဆားလိုနေ၍ ထန်းတပင်မြို့သို့ သွားရောက်ဝယ်ယူပြီအပြန်တွင် စစ်တပ်ဂိတ်မှစစ်ဆေးရာ ဆိုင်ကယ်ထိုင်ခုံအောက်မှ ဆားထုပ် (၁၀)ထုပ်ကိုတွေ့ရှိသွားပြီး သူပုန်နှင့်ဆက်သွယ်တယ်၊ ရိက္ခာထောက်ပံပေးတယ်ဆိုပြီး အကြောင်းအရာ မခိုင်လုံပဲ ကရင်မလေးနှစ်ဦးအား ခ.လ.ရ (၃၆)မှဗိုလ်ကြီးဘုန်းကောင်းမြတ်မှ မတရားဖမ်းဆီးခဲ့ပါတယ်၊

သတင်းကြားလို့အလှူပြုလုပ်မဲ့ဘုန်းကြီးကျောင်းမှဆရာတော်နှင့်ရွာသူရွာသားများကကိုယ်တိုင်လာရောက်ရှင်းပြခဲ့သော်လည်းမရခဲ့ပါ။
ဖြစ်ဖြစ်ချင်းနေ့ .11.10နေ့မှာပဲ ထန်းတပင် တရားရုံသို့ချက်ချင်းဆွဲချက်တင်ပြီး တရားခံဧ။် အကျိုးခံစားခွင့်များ လုးံဝမပေးပဲ တရားခွင်ထဲသို့ဗိုလ်ကြီးကောင်းမြတ်ကျော် ကိုယ်တိုင် ၀င်ထိုင်ပြီး တရားသူကြီးအား ထောင်(၁၀)နှစ်ကျခံစေရန် ထိုင်ပြီး ညွှန်ကြားခဲ့ပါတယ်။

မြို့နယ်တရားသူကြီး (ပထမတန်းအာဏာရ) ရုံတွင်ထောင်ဒဏ်များကို အများဆုးံ (၇) နှစ်ပဲချမှတ်ပိုင်ခွင့် ဥပဒေချမှတ်ထားပါတယ်။
စီးနှင်းလာတဲ့ဆိုင်ကယ်လော်ဂျာကိုပါသိမ်းဆဲလိုက်ပြီး ကရင်မလေးနှစ်ဦးကို အလုပ်ကြမ်းနှင့် ထောင်ဒဏ်(၁၀) နှစ်စီ မတရားအပြစ်ပေးခံလိုက်ရပါတယ်။ ဒီသတင်းကိုကြားသိလိုက်ရတဲ့ ရွာသူရွာသားများနှင့် ဥပဒေနှင့်သက်ဆိုင်သောဝန်ထမ်းများကလဲ မခံမရပ်ဖြစ်ယုံမှလွဲ၍ ဘာများ တတ်နိုင် ကျရအုးံမှာလဲ။

ဒီစစ်အာဏာရူးတွေရဲ့လက်ထက်မှာ အပြစ်မဲ့ ပြည် သူတွေဘယ်လောက်များလည်စဉ်းခံနေကြရအုးံမှာလဲ လို့တွေးနေရင်းဒီ သတင်းလေးကို တင်ပြရေးသား လိုက်ရတာပါ ။
အောင်မောင်း
(ပြည်တွင်း)

0 ၅ ကျပ်တန်ဝရမ်း၊ သခင်အောင်ဆန်းနှင့် ကမ်းနားသစ်တပင်အကြောင်း (မျိုးမြင့်ချို)

ဇေဗီးယား (Xavier) ဟူသည့်အမည်ကို ကျနော် ၅ တန်း ၆ တန်းကျောင်းသားအရွယ်လောက်တွင် စတင်ကြားဖူးသည်ထင်၏။ နောက်ပိုင်းကျမှ သူနှင့်တွဲ၍ ဟင်္သာခရိုင်တို့ဗမာအစည်းအရုံးညီလာခံ၊ ဇလွန်မြို့၊ ဒေါင့်ကြီးတရားပွဲ၊ ချင်းပြည်နယ်အရေးမဟောရ၊ ကာကွယ်ရေးဥပဒေ၊ ဦးဝမ်းမသူးမောင်၊ ကျုံမငေး သခင်တင်မောင်၊ သခင်အောင်ဆန်းနှင့် ၅ကျပ်တန်ဖမ်းဝရမ်း စသည့် သမိုင်းပုံရိပ်နှင့်ခေတ်ပြိုင်ဇာတ်ကောင်များကို တစတစသိခွင့်ရလာခဲ့၏။ ဇေဗီးယားကိုမူ မျက်ခြေပြတ်သွား၏။

လူအချို့အကြား ၅ ကျပ်တန်ဝရမ်းနှင့်စပ်၍ အမြင်မတူသည်များလည်း ကြားရဖူး၏။ မစ္စတာဇေးဗီးယား၏လက်ထောက် မြန်မာပုလိပ်အရာရှိ တဦးက “စတိလောက်ငွေဖြင့် ဖမ်းဝရမ်းထုတ်လျှင် လူစိတ်ဝင်စားမှာမဟုတ်။ စိတ်မဝင်စားလျှင် ဟိုးလေးတကျော်မဖြစ်။ ဟိုးလေးတကျော်မဖြစ်လျှင် လွတ်ရေးလွယ်၏။ အန္တရာယ်နည်း၏” ဟု တွေးပြီး ဇေးဗီးယားအားအကြံပြုသည်ဆို၏။ ထို့ကြောင့် အောင်ဆန်းသည် ၅ ကျပ်တန် ဝရမ်းပြေးဖြစ်ရ၏။ ထို့ကြောင့်အောင်ဆန်းလွတ်၏ဟု ဆိုသည်။

တချို့က ဇေဗီးယားက အောင်ဆန်းလိုခေါင်းဆောင်ကို နာမ်နှိမ်လိုသဖြင့်၊ အောင်ဆန်းသည် ၅ ကျပ်သာတန်သည့်ဝရမ်းပြေး၊ သောက်ရေး လုပ်စရာမလို ဆိုပြီး “ချိုး” ချင်စိတ် သက်သက်ဖြင့် ထို ဖမ်းဝရမ်းထုတ်ခြင်းဖြစ်၏ဟု ဆိုသည်။ ဖမ်းမိခြင်း မမိခြင်းထက် “မင်းတို့ခေါင်းဆောင် ၅ ကျပ် ထက်ပိုမတန်” လုပ်ပြချင်ခြင်းက အဓိကဟုဆိုသည်။ ထို့ကြောင့် ၅ကျပ်တန်ဖမ်းမိန့်ဖြင့် အောင်ဆန်းခမျာဝရမ်းပြေးရရှာ၏ဟု ဆိုသည်။

“၅ကျပ်ဖြင့်ဖြစ်စေ၊ ၅ သိန်းဖြင့်ဖြစ်စေ ဖမ်းမိန့်မထုတ်သင့်” ဟု မစ္စတာဇေးဗီးယားအားအကြံပြုခဲ့သူ တဦးတလေရှိခဲ့သည်ဟု မကြားမိဖူးပါ။ ထို့ကြောင့် ဇေဗီးယားကို ကျနော်လူချင်းတွေ့ မေးမြန်းကြည့်ချင်သည်။ သို့သော် သူဘယ်ရောက်လို့ဘယ်ပေါက်၊ ဘာဖြစ်လို့ဘာဖြစ်မှန်းကား အစရှာမရတော့။ ခေတ်များခြားသွားပြီ။ သို့သော် ကျနော်မျက်ခြေပြတ်ခဲ့ရသူ..ဇေဗီယား၊ ကျနော်တွေ့ချင်သူ..ဇေဗီးယားအား တွေ့မယ့်တွေ့တော့ အမေရိကားမှာ။ ထိုဝရမ်းနှင့် စပ်သည့် အချိတ်အဆက်တချို့ လည်း သူနှင့်အတူတွေ့ပြန်၏။



၁၉၅၉ ခုနှစ်တွင် Taplinger Publishing Co., Inc. New York,USA မှ လွတ်လပ်ပြီးဗမာပြည်၏ ဒုတိယမြောက်သမ္မတ ဒေါက်တာ ဆာဘဦး၏ ကိုယ်တိုင်ရေးအထုပ္ပတ္တိဖြစ်သော My Burma ဆိုသည့်စာအုပ်ကိုထုတ်ခဲ့၏။ ယင်းစာအုပ်၏ စာမျက်နှာ ၁၄၄ နှင့် ၁၅၁ တွင် သူ့ကိုပြန်တွေ့ရ၏။ “The police official who was the harshest of all was Xavier, an Anglo-Indian born in Burma. He started life as a planter in Moulmein, where he figured as the accused in a sensational murder case. The charge against him was that he tortured one of his employees to death by first smearing him with jaggery and later forcing him to sit night and day for several days on an anthill so the ants could crawl over him and bite him. The man eventually died of exhaustion. Xavier was tried by a judge of the chief Court in Rangoon with European jury. He was found not guilty and acquitted. Not long after he blossomed forth as an Inspector of Police in Rangoon Police Force. He soon acquired a reputation as a fine detective and a good criminal investigator………… စသည်ဖြင့် တမျက်နှာသာသာခန့်ရေးထား၏။ ခြုံ၍ပြန်သော် “ဇေဗီးယားသည် ပုလိပ်အရာရှိများအနက် အကြမ်းဆုံးကောင်ဖြစ်၏။ အင်္ဂလိပ်-အိန္ဒိယကပြား မြန်မာပြည်ပေါက်။ မော်လမြိုင်မှာခြံစိုက်ပြီး ဘဝစခဲ့။ ဟိုးလေး တကျော်ဖြစ်ခဲ့သည့် လူသတ်မှုတခုမှာ တရားခံစွပ်ဆွဲခံရသူ။ ခြံအလုပ်သမားတယောက်ကို ထန်းလျှက်ရည်သုတ်ကြိုးတုတ်ပြီး ပုရွက်ဆိတ်အုံပေါ် ရက် အကြာကြီးတင်ထားပြီးနှိပ်စက်။ နောက်ဆုံး ထိုလူထိုဒဏ်ဖြင့် သေရ။ သူ့အား ရန်ကုန်မှတရားသူကြီးချုပ်က ဥရောပသားဂျူရီလူကြီးများဖြင့်တရားစီရင်။ အပြစ်မရှိဆိုကာ ကွင်းလုံးကျွတ်လွတ်။ သိတ်မကြာမီ ရန်ကုန်ပုလိပ်အဖွဲ့တွင် အင်စပက်တော်ဖြစ်လာ။ ရာဇဝတ်မှုစုံထောက်ကောင်းတဦးအဖြစ် ကျော်စော လာ။ သူနှင့်သူ့အထက်အရာရှိ အလက်ဇန်းဒါးတို့အား ရန်ကုန်မြစ်တွင်းသောင်းကျန်းနေသည့် ဆန်ခိုးဂိုဏ်းတခုအား နှိမ်နင်းရန်အထက်မှတာဝန်ပေး။ သိတ် မကြာလိုက် ဂိုဏ်းခေါင်းဆောင်ဟုဆိုသူအား လက်ရဖမ်းမိ။ ထိုသူ့အိမ်တက်ရှာ။ သက်သေပြစရာဘာမှမတွေ့။ မီးခံသေတ္တာထဲမှ ငွေတသိန်းကျော်ကို သိမ်းယူ ခဲ့။ အမှုရုံးတင်ချိန်တွင် ထိုငွေများအား သက်သေအဖြစ်မတင်။ ငွေတွေဘယ်ရောက်သွားလဲမေးတော့ အမှုစစ်နေတုန်း အကုန်သုံးပစ်လိုက်ရသည်ဟု မျက်နှာ ပြောင်တိုက်ပြီး ခပ်တည်တည်နှင့်ထွက်ဆို။ ရုံးတော်ကိုမထေမဲ့မြင်ပြုမှုကြောင့် ရာထူးကျရင်ကျ၊ မကျရင် ဋ္ဌာနတွင်းအရေးယူခံရမည်ဟု လူအများက ထင်နေ ကြ။ သို့သော် ထိုသို့မဟုတ် အမှုပြီးတော့ဘာမျှမဖြစ်သည့်အပြင် ရာထူးပင်တက်သွား”



ဆက်၍ စာမျက်နှာ ၁၄၅ တွင်…. It was Xavier who was the District Superintendent of Police in charge of Yamethin District when U Saw and police started taking repressive measure against the Thakins. He issued a warrant of arrest against Thakhin Aung San, prominent student leader, for the alleged incitement to a breach of the peace. The warrant could not be executed, as Thakhin Aung San could not be found in the Yamethin District; whereupon Xavier issued a proclamation offering a small reward to anyone who could give information leading to his arrest. He offered a small reward partly to disgrace Thakhin Aung San and partly to make it appear that Thakhin Aung San was not a young leader worth bothering too much about. He evidently did not realize then that Thakhin was already on his way to Japan as one of Thirty Comrades who would come back soon at the head of a large army as the Liberator of Burma. ခြုံ၍ ပြန်လျှင် “ဂဠုန်ဦးစောနှင့်ပုလိပ်များက သခင်များအားနှိပ်ကွပ်စဉ်တွင် ဇေးဗီးယားက ရမည်းသင်းခရိုင်ရာဇဝတ်ဝန်။ ထင်ရှားသည့်ကျောင်းသားခေါင်းဆောင် အောင်ဆန်းအား ငြိမ်ဝပ်ပိပြားရေးကိုပျက်ပြားအောင် လူထုအားသွေးထိုးသည်ဟုဆိုကာ ဖမ်းဝရမ်းထုတ်၏။ ထိုအချိန်တွင် အောင်ဆန်းက ရမည်းသင်းတွင် မရှိတော့။ ထို့ကြောင့် ထိုဖမ်းဝရမ်းလည်းအရာမထင်တော့။ ဤတွင် သူက အောင်ဆန်းကိုဖမ်းမိရန် သတင်းပေးနိုင်သူအား မဖြစ်စလောက်ဆုငွေလေး ပေးမည်ဟု ကြေညာပြန်၏။ သတင်းပေးနိုင်အား ဤမဖြစ်စလောက်ဆုငွေပေးမည်ဟုထုတ်ပြန်ခြင်းမှာ တပိုင်းအားဖြင့် အောင်ဆန်းအား သိက္ခာကျအသရေ ပျက်စေရန် ဖြစ်ပြီး နောက်တပိုင်းမှာ အောင်ဆန်းသည် ဆုငွေအများကြီးထုတ် ဖမ်းနေရလောက်အောင်မတန်။ အပင်ပန်းခံလုပ်ထိုက်စရာမလိုသူ ဟု ဆိုခြင်း။ သူ လုံးလုံးမသိလိုက်သည်က ထိုအချိန်မှာ အောင်ဆန်းက ဗမာပြည်တွင်မရှိတော့..ဂျပန်သို့ခရီးနှင် နှင့်ပြီဆိုခြင်းဖြစ်၏”

စာမျက်နှာ ၁၅၁ တွင် ဦးဘဦးနှင့်ဇေဗီယားလူချင်းဆုံခန်း။ စင်္ကာပူခံတပ်ကျပြီ။ အင်္ဂလိပ်တို့ခြေမကိုင်မိလက်မကိုင်မိ။ အခြေအနေမကောင်း။ ရန်ကုန်ရှိ ဗြိတိသျှဘုရင်ခံအစိုးရ ပြေးပေါက်ရှာချိန်၊ ဦးဘဦးလည်း သူ့ဆရာသမားများနည်းတူ ပြည်သူကိုထားပြီး ကိုယ်လွတ်ရုန်းရတော့မည်။ ရန်ကုန်ကနေ ပုသိမ်ကိုသွား မိဘများကိုခေါ်၊ မြောင်းမြမှခယ်မနှင့်သားသမီးများသွားခေါ်ကာ ကသာတွင်ပြေးနှင့်နေသည့် ဟိုက်ကုတ်အဖွဲ့နှင့်သွားပေါင်းရန် စီမံကိန်းဆွဲ၏။ နောက်ဆုံးခယ်မနှင့်ကလေးများခေါ်ပြီး ကသာသွားဖို့ ဟင်္သာတရောက်လာ။ ထိုအချိန်က ဂျပန်များ စစ်တောင်းမြစ်ခြေနားကပ်နေလေပြီ။ ဗြိတိသျှနှင့်သူ့ မင်းခစားများအတွက် နောက်ကျသည့်ဖနောင့်သစ္စာဖေါက်။

ဟင်္သတကနေဆက်ထွက်ရန်ပြင်။ သင်္ဘောမရှိ။ ကူသူကယ်သူမဲ့။ မြန်မာလူမျိုးအရေးပိုင် (Deputy Commissioner) တဦးအား အကူအညီတောင်း။ ဆင်ခြေဆင်လက်အမျိုးမျိုးပေးပြီးငြင်း။ ဒါနဲ့နောက်ဆုံး ဇေးဗီးယားနှင့်တွေ့။ ထိုအချိန်တွင် ဇေးဗီးယားက ဟင်္သာတခရိုင်ရာဇဝတ်ဝန်။ ….. District Superintendent of Police who happened to be the Xavier I have already mentioned was very helpful. He managed to get a launch belonging to the Irrawaddy Flotilla Company ………………...when we left, we were soon followed by another launch. On requiring I found out that it was the launch of the Deputy Commissioner of Henzada. I was very annoyed: he could have carried me and my children in his boat, for his destination was the same as mine. Later I learned why he did not want to take us. Soon after we passed Prome, The Deputy Commissioner was called back by Mr. Swithinbank, and on making inquiries I found that he had failed to hand over to Mr. Swithinbank Government treasure worth several lakhs, although directed to do so. However, the District Superintendent of Police, Mr. Xavier, according to reports, did succeed in getting away with some Government treasure on board his launch. Several Deputy Commissioners from Delta similarly managed to abscond with Government treasure. Some of them who were not Burmans went over to India, where a few got into trouble criminally. Burman Deputy Commissioners who were suspected of misappropriating Government treasure were never employed again, either during time of the Japanese occupation or after liberation. ခြုံ၍ပြန်သော်… “သင်္ဘောထွက်လာပြီး သိတ်မကြာခင်မှာ နောက်သင်္ဘောတစီးလိုက်လာ။ မေးမြန်းကြည့်မှ ခုနအကူအညီပေးဖို့ငြင်းခဲ့သည့် မြန်မာအရေးပိုင်၏ သင်္ဘောဖြစ်နေ။ “သွားရမယ့်ခရီးလည်းအတူတူ..ဘာကြောင့် ငါနဲ့ငါ့ကလေးတွေကို တပါတည်းမခေါ်ရတာလဲ” ဟု တွေးပြီးစိတ်ပျက်မိ။ နောက်တော့မှ ဘာ့ ကြောင့် ငါတို့ကို သူမခေါ်လိမ့်သဘောပေါက်။ ပြည်မြို့ကိုဖြတ်ပြီးမကြာလိုက် မစ္စတာ ဆွစ်သင်းဘင့်က သူ့ကိုပြန်ခေါ်။ အကြောင်းက အစိုးရဘဏ္ဍာတိုက်မှ ငွေသိန်းပေါင်းများစွာကို ပြန်အပ်ဖို့ညွှန်ကြားထားရက်နှင့် မအပ်ပဲသုတ်လာခဲ့သည့်အတွက်။ သို့သော် ဇေဗီးယားကား အစိုးရဘဏ္ဍာများ သင်္ဘောနှင့်တိုက်ပြီး လွတ်မြောက်သွားကြောင်း အစီရင်ခံစာများအရသိရ။ ထိုသို့ မင်းဘဏ္ဍာကိုယ့်ဟာမှတ်ခဲ့သည့် မြစ်ဝကျွန်းပေါ်ဒေသမှ မြန်မာမဟုတ်သည့် အရေးပိုင်များက အိန္ဒိယသို့လစ်ကြ၏။ လွတ်သူလွတ်၊ ရာဇဝတ်သင့်သူသင့်ကြ၏။ အလားတူပြုခဲ့သည့် မြန်မာအရေးပိုင်များကား ဂျပန်ခေတ်တွင်လည်းကောင်း လွတ်လပ်ရေး ခေတ်တွင်လည်းကောင်း ရာထူးနေရာပြန်အခန့်မခံရတော့ပေ”

ကျနော်ခြေရာကောက်၍ရသမျှ ဇေဗီးယားကားဤတွင်ပျောက်ပြန်၏။

ဒေါက်တာဘဦးကိုယ်တိုင်ရေးအထုပ္ပတ္တိကိုဖတ်ရင်း ကံ့ကော်တောမျိုးအောင် ၏ “အလိုက်သင့်မောင်ဘဦး” ကို သတိရမိ၏။

မျိုးမြင့်ချို

0 ရွေးကောက်ပွဲလွန်ကာ ပေါ်ပေါက်လာမည့် သိန်းစိန် အစိုးရ -
ရေးသူ-ထွန်းအောင်ကျော်

ရွေးကောက်ပွဲလွန် ကာလတွင် NLD မှ ဒေါ်အောင်ဆန်းစုကြည် လွတ်လာသည့် အပေါ် ထိပ်တိုက် ရင်ဆိုင်ရေးထက် အမျိုးသား ပြန်လည် သင့်မြတ်ရေး လမ်းစဉ်ကိုချမှတ်ပြီး တစိုက်မတ်မတ်ပြောလာခဲ့သည်။
တဖက်မှလည်း ရွေးကောက်ပွဲကို တရားမျှတမှု ရှိလိမ့်မည်၊ မိမိတို့ ကျိုးစားလျှင် အနိုင်ရ ရှိနိုင်သည်ဟူသည့် မျှော်လင့်ချက်တို့ ဖြင့် ရွေးကောက်ပွဲ ၀င်ခဲ့ကြသည့် ပါတီများနှင့် တသီး ပုဂ္ဂလများသည် ၄င်းတို့ မျှော်လင့် သလို ဖြစ်မလာဘဲ ဗြောင်လိမ်၊ဗြောင်မဲခိုး သည့်လုပ်ရပ်များကို မျက်ဝါးထင်ထင် တွေ့ မြင်ရသည့်အခါရွေးကောက်ပွဲကို ထောက် ခံမိသည်ကို နောင်တရကြပြီး NLD နှင့် ပူးပေါင်းလိုကြောင်း ပြောကြားခဲ့ကြသလို မသန့်  ရှင်းသည့် ရွေးကောက်ပွဲ ကိုလည်း အသိအမှတ် မပြုကြောင်း ကြေငြာခဲ့ကြသည်။
တဖက်မှလည်း တတိယ အုပ်စု ဆိုသည့် အမည်ဖြင့် ရွေးကောက်ပွဲပေါ်ထင် ညစ်ပတ်မှုများကို လစ်လျှူရှုပြီး မြန်မာ နိုင်ငံကို စီးပွါးရေး ပိတ်ဆို့ ထားမှုကို ရုတ်သိမ်းရန် လိုအပ်ကြောင်း ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်များနှင့် အဝေးရောက် ပညာတတ်အမည်ခံတို့က တစိုက်စိုက်မတ်မတ် ပစ်မှတ်တစ်ခုအဖြစ် တောင်းဆိုပြီး ဒေါ်အောင်ဆန်း စုကြည်ကို ဘေးကြပ်နံကြပ် ဖြစ်လာစေရန် ဖိအားပေးပြီး ချောင်ပိတ်ရန် ကြိုးစား လာကြသည်။
ဒေါ်အောင်ဆန်းစုကြည်ကလည်း စိးပွါးရေး ပိတ်ဆို့ ထားမှုနှင့် ပတ်သက်၍ စစ်အစိုးရနှင့် ဆွေးနွေး အဖြေရှာလိုကြောင်း ကမ်းလှမ်းခဲ့သော်လည်း ဗိုလ်သန်းရွှေတို့က တစုံတရာတုန့်  ပြန်မှု မပြုဘဲ လစ်လျှူရှု ခဲ့သည်။ NLD ပါတီကို တရားမ၀င် ကြေငြာခြင်းမှ ပယ်ဖျက်ရန် ဥပဒေ ကြောင်းအရ ဗဟိုတရားရုံးချုပ်သို့ ဦးတည် လျှောက်ထားခဲ့သော်လည်း စစ်အစိုးရ၏ ဗဟိုတရားရုံးရုပ်သေးအဖွဲ့မှပယ်ချခဲ့ပြန်သည်။

ထိုအခါ အမျိုးသား ပြန်လည် သင့်မြတ်ရေး လမ်းကြောင်းအရ NLD ဖက်မှ အစစ အရာရာသဘောထားကြီးပြီးလျှင် တွေ့ ဆုံ ဆွေးနွေး ရင်ကြားစေ့ရေးကို လိုလားသဖြင့် အလျှော့ပေး သည်းညည်းခံမှုကို ဗိုလ်သန်းရွှေ တို့က ဒင်းတို့ငါတို့ကို ဘာမှ မလုပ်နိုင်ပါဘူးဟုတင်းမာမြဲတင်းမာနေသည်။

အမျိုးသား ပြန်လည် သင့်မြတ်ရေး လုပ်ငန်းသည် တဖက်သတ် အလျှော့ပေးရေး မဟုတ် ဆိုသည်ကို သဘောပေါက်စေရန် NLD မှ စီးပွါးရေး ပိတ်ဆို့ထားမှုသည် ဆက်လက် တည်ရှိရန် လိုအပ်သည်။ စစ်အစိုးရဘက်မှ အပြုသဘောဆောင်သည့် ပြောင်းလဲမှု တစုံတရာ မရှိဘဲလွှတ်မပေးသင့်ကြောင်းမကြာမီကထုတ်ပြန်ကြေငြာခဲ့သည်။
ကျွန်ုပ် အနေနှင့် NLD သည် လမ်းမှန်အပေါ်သို့ ပြန်လည်ရောက်ရှိလာသည်ဟု မြင်သည်။ အမျိုးသားရင်ကြားစေ့ရေးသည် NLD မှ တဘက်သတ် နအဖ အုပ်စု လုပ်သမျှ ခေါင်းငုံ့ခံ ၍ မြှောလိုက်ခြင်း မဟုတ်။ အမျိုးသားရင်ကြားစေ့ရေး သည် NLD ဖက်မှ လျော့သလို နအဖ ဘက်မှလည်း လျော့ချညှိနှိုင်း ဆက်ဆံလာရေးပင် ဖြစ်သည်။ ထို့ကြောင့် နအဖ ဘက်မှ ငါ့မြင်း၊ ငါစိုင်း စစ်ကိုင်း ရောက်ရောက် လုပ်နေသမျှ NLD အနေဖြင့် ပြည်သူအားကိုယူ၍ ဖိအားပေးဖို့လိုပေသည်။

ဒေါ်အောင်ဆန်းစုကြည်မရှိခင်နှင့် ရှစ်လေးလုံး အရေး အခင်း မဖြစ်ခင်ကပင် မြန်မာ နိုင်ငံသည် သယံဇာတ ပေါကြွယ်ဝသော နိုင်ငံဘ၀ ၊ပညာတတ်များ ထွန်းကားပေါက် ပွါးရာ ပွဲလည်တင့်သည့် နိုင်ငံတစ်ခု ဘ၀မှ စစ်အာဏာရှင်များ၏ ကိုယ်မကျွမ်းကျင်သည့် တိုင်းပြည်၏ စီးပွါးရေး၊ နိုင်ငံရေး၊ ကျန်းမာရေး၊ တို့ကို လက်ဝါးကြီးအုပ်၍လွဲမှားစွာ ၄င်းတို့ ကိုယ်ကျိုးစီးပွါးအတွက် အုပ်ချုပ်ခဲ့၍ မြန်မာ နိုင်ငံသည် ကမ္ဘာ့ လူမွဲ စာရင်းဝင် နိုင်ငံ တနိုင်ငံ ဖြစ်လာခဲ့ရသည်မှာ ၁၉၈၇ ခုနှစ် မှ စတင်၍ ဖြစ်သည်။ ထို့ကြောင့် မြန်မာ နိုင်ငံ လူမွဲ နိုင်ငံ ဖြစ်နေသည်မှာ စီးပွါးရေး ပိတ်ဆို့မှု မရှိခင်တင်ကတည်းက ဖြစ်ကြောင်း အများသိဘို့လိုသည်။ စီးပွါးရေးဖွင့်လာသည်ဆို သော ယနေ့  စီးပွါးရေး စနစ်သည် စစ်အုပ်စုများ လက်ဝါးကြီးအုပ် ဝေစားမျှစားစီးပွါးရေးစနစ်ဖြစ်သည်။

ပြည်သူ အတွက်စီးပွါးရေး ဖွင့်ထားသည် မဟုတ်။ ၄င်းတို့ အတွက် တိုင်းပြည် သယံဇာတ များကို ဗြောင်ခိုးခွင့် ရရန်ဖွင့်ထားသည့် စီးပွါးရေး စနစ်ဖြစ်သည်။
ဗိုလ်သန်းရွှေတွင် သဘာဝဓါတ်ငွေ့ ရောင်းရငွေ နှစ်စဉ် ၄ ဘီလီယံ (ဒေါ်လာသန်း- ၄- ထောင်) သည်မြန်မာ ပြည်သူများ၏ ကျန်းမာရေး ပညးရေး စီးပွါးရေးတို့ကိုကောင်းကောင်း မြှင့်တင်ပေး နိုင်သည့် ၀င်ငွေ ဖြစ်သည်။ ၄င်းငွေများ ဘယ်ရောက် ကုန်သနည်း???။

ယူသင့်သည့် သင်ခန်းစာများ

၁၉၉၀ ရွေးကောက်ပွဲပြီးနောက် န၀တ၊ နအဖ တို့က ရေငုံ နှုတ်ပိတ် NLD ရွေးကောက်ပွဲ အနိုင်ရမှုကို ရွေးကောက်ပွဲ ကျင်းပပေးသည့် န၀တမှချီးကြူး ဂုဏ်ပြုမှုအလျှင်း မရှိဘဲ ၊ဗိုလ်ချုပ်စောမောင်က `“ကျုပ်တို့ ရွေးကောက်ပွဲကို သန့် သန့် ရှင်းရှင်း လုပ်ပေးခဲ့တာပဲ” ဟုသာပြောခဲ့ပြီး သူပြောခဲ့သည့် မိန့် ခွန်းအရ `“ဘယ်သူနိုင်နိုင်၊ နိုင်တဲ့ သူကို အာဏာလွှဲပေးပြီး စစ်တန်းလျားသို့ ပြန်မယ်” ဆိုသည့် စကားကိုမေ့ချင်ယောင်ဆောင်၍ အခြေခံဥပဒေ မရှိသောကြောင့် အာဏာ လွှဲပြောင်း မပေး နိုင်သေးကြောင်း ပြောဆိုလာ ခဲ့သည်။ ထိုအခြေအနေတွင် လူထုကြီးကလွန်စွာတက်ကြွနေသည်။ NLD ဘာလုပ်လုပ် နောက်က အသေခံ၍ လိုက်မည့် သဘော ဖြစ်သည်။ သို့ရာတွင် ပြည်သူ လူထု မျှော်လင့် သလို NLD ပါတီသည် အရှိန်တက်နေသည့် ပြည်သူ့ ဆန္ဒကို ဆုပ်ကိုင်ဖမ်းယူမည် ဦးဆောင်ရမည့်အစား ဂန္ဓီ ခန်းမ ညီလာခံတွင် တကယ်လုပ်သင့်သည့် ထိပ်တိုက်ရင်ဆိုင် ပြီး အစိုးရ အဖွဲ့ကို သတ္တိရှိရှိ ဖွဲ့စည်းပြီး ထောင်ထဲသို့ အစိုးရ အဖွဲ့ ဝင်များ တန်းစီဝင်ရ၊ ၀င်ရ ၀င်မည်ဆိုသည့် သတ္တိမမွေး နိုင်ခဲ့သဖြင့် ပြည်သူ့ အားဖြင့် အရှိန်ကောင်းကောင်း တိုက်ပွဲ ၀င်နိုင်သည့် အခွင့်အရေး ကောင်းကြီးကို လက်လွတ်ခဲ့ရပြန်သည်။

၁၉၉၀ လွှတ်တော် အမတ်များ အစိုးရ ဖွဲ့ ရန် ကြံစည်မှုဖြင့် နောက်ပိုင်း အဖမ်းခံရပြီး ထောင်တွင်း သေသူသေ၊ နယ်ခြားပြေး၍ အဝေးရောက် အစိုးရ ဖွဲ့ သူဖွဲ့ ဖြင့် ၁၉၉၀ ရွေးကောက်ပွဲ ရလာဒ်သည် ဇာတ်မြောကြီး ဖြစ်လာခဲ့ရသည်။ ပြည်ပရောက် ၁၉၉၀ အမတ်များသည် ရွေးကောက်ပွဲရလာဒ်ကို အကောင်အထည်ဖော်ဖို့ ထက်ရွေးကောက် ပွဲရလာဒ်ကို အသုံးချပြီး လိုင်စင်ရ ရာသက်ပန် ၀န်ကြီးချုပ်များ၊ အမတ်များ ဖြစ်လာခဲ့ကြသည်။ `“အပြင်လူ မ၀င်ရ” ဆိုသည့် ဆောင်ပုဒ်ဖြင့် ၁၉၉၀ လွှတ်တော်အမတ်များသည် ၄င်းတို့က သာ အစိုးရ ဖွဲ့ ပိုင်ခွင့် ရှိသည်။ အခြားသူများလာလျှင် ၁၉၉၀ ရွေးကောက်ပွဲရလာဒ်ကို ဖျက်ဆီးရာ ရောက်သည်ဟု ခြံခတ် နိုင်ငံရေးဖြင့် အစိုးရ အမည်ခံ NGO တပိုင်း ဖြစ် လာ ကြသည်။
လက်နက်ကိုင်တော်လှန်ရေး အကြောင်းပြောလျှင် တီကောင်ကို ဆားနှင့် ပက်သလို တွန့်သွား တတ်ကြသည်။ ထောက်ပန့် ကြေး အဖြတ်ခံရမည်စိုးသဖြင့် တော်လှန်ရေး စကားကို မပြော ရဲကြ။ အမှန်စင်စစ် ၁၉၉၀ ရွေးကောက်ပွဲ ရလာဒ်ကို အသုံးချပြီး တော်လှန်ရေး နယ်မြေရှိ တိုင်းရင်းသား တော်လှန်ရေး အင်အားစုများနှင့်မပူးပေါင်းဘဲ ခြံခတ် နိုင်ငံရေး လုပ်နေ ခြင်း ကသာ ၁၉၉၀ ရွေးကောက်ပွဲ ရလာဒ်ကို ဖျက်ဆီးနေခြင်း ဖြစ်သည်။

(၈၈) မျိုးဆက်


မင်းကိုနိုင် ၊ ကိုကိုကြီး၊ မင်းဇေယျာ၊ဌေးကြွယ်၊ ဂျင်မီ၊ မြအေး၊ စသော ၈၈-မျိုးဆက် ခေါင်ေးဆာင်များ နှစ်ပေါင်း ၁၆နှစ်- ၁၈ နှစ်ကြာ ထောင်နန်းစံ ဘ၀ လွတ်မြောက်
လာပြီးနောက် မျိုးဆက်ပြတ်တောက်မှုကို ဦးတည် လုပ်ဆောင်လာမှုထက် NLD နှင့် ပူးတွဲ လုပ်ဆောင်လာမှုကို လွဲမှားစွာ လုပ်ခဲ့ကြသဖြင့် နအဖ၏ သတ်ကွင်းထဲသို့ ပြန်လည် ၀င်ရောက်သွားခဲ့သည်။ NLD လုပ်ရပ်ကို ထောက်ခံသည်ကို မငြင်းလိုပါ။ သို့ရာတွင် ၈၈ -ခေါင်းဆောင်များသည် သမိုင်းရှိသည်။ မိမိကွန်ယက်ကို မိမိတည်ဆောက်ရမည့်အစား NGO များ အဖြစ် အထင်ခံရမည်ကို သေးသိမ် သည်ဟု အယူအဆ မှားခဲ့ကြသည်။။စင်စစ် ၈၈ မျိုးဆက်များ၊ နောင်မျိုးဆက်သစ်တို့ နှင့် ကွင်းဆက်ချိတ်နိုင်ရန် ပေါ်လစီ မရှိခဲ့ခြင်းနှင့် လူမှုရေး လုပ်လျှင် နိုင်ငံရေး သိက္ခာ ကျသွားလေမလား ဆိုသည့် စိုးရိမ် မှုတို့က နောက်တကြိမ် ထောင်နန်းစံမှုကို ဖြစ်ပေါ်စေသည်ဟု သုံးသပ်သည်။ ယနေ့  ဒေါ်အောင်ဆန်းစုကြည် လူမှုရေး ကိစ္စများကို ထဲထဲဝင်ဝင် ၀င်ရောက် ကူညီသည်ကို ကြည့်လျှင် ထိုစဉ်က ၈၈-မျိုးဆက်တို့ လူမှုရေးဝင်ရောက် လုပ်ကိုင်လျှင် ၂၀၁၀ ခုနှစ်တွင် လူထု အခြေပြု ခေါင်ေးဆာင်များ ပြည်သူလူထုကြီးကိုစည်းရုံးပြီး သော လူများဖြစ်နိုင်သည်။

၈၈-မျိုးဆက်ကို ၈၈-လွန် ၉၆ မျိုးဆက်တို့ သိကောင်းသိမည်။ ၁၉၉၀- ခုနှစ်မွေးသော ယနေ့  ၂၀၁၀ မျိုးဆက် လူငယ်များ ကြားဖူးယု့သာ ကြားဖူး ကြမည်ဖြစ်သည်။
ပြည်တွင်းရှိ လူငယ် တယောက်က `“မင်းကိုနိုင် ” အမည်ကြားသည့် အခါ စတီရီယို အဆိုကျော် မဟုတ်လားဟု မေးသည်ဟု ပြောသံကြားဖူးသည်။ ကိုကျော်သူနှင့်
မဇီးကွက်တို့ နာရေး ကူညီမှု အသင်းသည် အလွန်အောင်မြင်သည်။ ပြည်သူ့ လေးစားမှုကို ရသည့် ၈၈-မျိုးဆက် အနေနှင့် လွတ်လာသည့် ၁၉၉၆ ခုနှစ်မှစ၍ လူမှုရေးကိုဇောက်ချ လုပ်လျှင် ၂၀၁၀ သည်ပွဲကြီး ပွဲကောင်း နွှဲ နိုင်သည့် အနေအထားတွင် ရှိနိုင်သည်။
ယနေ့ ၈၈-မျိုးဆက်ခေါင်းဆောင်များ`“သူ့ စိတ် နှင့် ကိုယ့်ကိုယ် ထောက်မင်းသား များဘ၀ ” ရောက်ရသည်မှာအလွန်ဝမ်းနည်းစရာကောင်းသည်။”
၎င်းတို့၏ စွန့်စားမှုကို လေးစားပါသည်။ ၄င်းတို့ ယခုကဲ့သို့ ခံစားနေရခြင်းကို ကြားသိပြိး အမြဲ ယူကြုံးမရ ဖြစ်မိသည်။ အလွန် တန်ဘိုးရှိသော အနာဂါတ် ခေါင်းဆောင်များထောင်တွင် မဆုံး ပါးသွားကြပါစေရန်ဆန္ဒပြုပါသည်။

ဒေါ်အောင်ဆန်းစုကြည်

ဒေါ်အောင်ဆန်းစုကြည်ကို တချို့က ဘာမှ မလုပ်နိုင် လမ်းလွဲလိုက်နေသည်ဟုဝေဖန်ကြသည်။ တချိန်တွင် နတ်စင် အဖြစ် ကိုးကွယ်ရာ ဖြစ်သွားနိုင်သည်ဟု ဆိုကြသည်။
ဒေါ်အောင်ဆန်းစုကြည် လုပ်ရပ်များကိုကြည့်ပါ။ သူမ လုပ်နိုင်သမျှလုပ်ခဲ့သည်။ ပြည်သူ လူထုနှင့် ထိတွေ့ ဘို့ ကြိုးစားတိုင်း သူမ ပါသော ရထားတွဲ ကိုဖြုတ်ချ ချန်ထားခြင်းခံခဲ့ရသည်။ သူမ ပါသောကား တံတားထိပ်တွင် ပိတ်၍ ထားသဖြင့် ကားထဲတွင် ၇-ရက်မျှနေခဲ့ရသည်။ ဒီပဲယင်း အရေး အခင်းတွင်သူမ အသက်ကိုပင် ရန်ရှာ လာခဲ့သည်။ သူမ လုပ်နိုင်သလောက် လုပ်သလို နအဖ ကလည်း အပြတ် လိုက်ပိတ်သည်။ နောက်ဆုံး အသေ သတ်ဖို့ ကြ။ိုးစားသည်မှာ အများ အသိပင် ဖြစ်သည်။
ဒေါ်စုရှိလျှင် ပြည်သူကို ဦးဆောင်ပြီး နအဖကို တွန်းလှန် နိုင်သည်ကို ဗိုလ်သန်းရွှေ ကောင်းကောင်းသိသည်။ ထို့ကြောင့်ဒေါ်စုကို နေအိမ် အကျယ်ချုပ်ဖြင့် ၁၅-နှစ်
ခန့် ထားခဲ့သည်။ အဓိက တရားခံမှာ အန်ကယ်ကြီးများ အုပ်စုသာ ဖြစ်သည်။ နအဖ အကြိုက်ခေါင်းငုံ့ လိုက်နေသော အန်ကယ်ကြီးများသည် NLD နှင့် ပြည်သူ့  အင်
အားစုတို့ကို ဖျက်ဆီးခဲ့သည့် ရွှေ ပြည်အေး သမားများသာ ဖြစ်သည်။ NLD ပါတီ တည်ရှိမှု မပျက်ရန် ဆိုသည့် အကြောင်း ပြချက်ဖြင့် တက်ကြွသည့် NLD လူငယ်များကို အဖွဲ့ မှ ထုတ်ပယ်ခြင်း၊ လူထု လှုပ်ရျားမှု များတွင် မပါဝင်ဘဲ မျက်စိမှိတ်နေခြင်းဖြင့် NLD ပါတီသည် အင်အား ယုတ်လျှော့ ခဲ့ရသည်။ နအဖ၏ပြင်းထန်သော ဖိနှိပ်မှု ညစ်ပတ်မှုများကလည်း တဖက်တွင်ရှိနေသည့် အတွက် ၄င်း အချက် ၂ ခုပေါင်းလိုက်သောအခါ NLD ပါတီနှင့် အဖွဲ့  ၀င် သန်းဂဏန်းမှသောင်းဂဏန်း အဆင့်ကျရောက် လာခဲ့ရသည် ကို မည်သူမျှ မငြင်းနိုင်ပါ။

NLDပါတီ
NLD ပါတီ သည် တရားဝင် ပါတီအဖြစ် အသိအမှတ် ပြုမှု မရှိတော့ချေ။ သိန်းစိန် အစိုးရ တက်လာ သည့်အခါ NLD ပါတီ ကို တမျိုး လှည့်ပြီး မှတ်ပုံတင်လျှင် နိုင်ငံရေး ပါတီ အဖြစ် အသိအမှတ် ပြုမည်ဟု ချဉ်းကပ် လာနိုင်သည်။ သန်းရွှေ။ သိန်းစိန် တို့မှ မသိအမှတ် ပြုပြု- မပြုပြု ပြည်သူက NLD ပါတီ ကို အသိအမှတ် ပြုနေမည်သာ ဖြစ်သည်။ အထူးသဖြင့် ဒေါ်စုက ဦးဆောင်လျှင် ပြည်သူတို့က NLD ပါတီ ကို ပြည်သူ့ ပါတီ အဖြစ်လူထုက လက်ခံမည်မှာ မငြင်းနိုင်ပါ။

NLD ပါတီ အနေဖြင့် ချဉ်းကပ်နည်း ၂ မျိုးဖြင့် ချဉ်းကပ်နိုင်သည်။
အတွင်း အပြင် ချဉ်းကပ်နည်းဆိုလျှင် မမှား နိုင်ပါ။ အတွင်းမှ ချဉ်းကပ်ခြင်း ဆိုသည်မှာ လွှတ်တော်တွင်း ရောက်ရှိနေသော ဒီမိုကရေစီ အင်အားစုများ၊ တိုင်းရင်းသား အင်အား စုများ၊ နှင့် ချစ်ကြည် ရင်းနှီးမှု ရယူပြီး လွှတ်တော်တွင်း တိုက်ပွဲများကို ပြင်ပမှ အားပေးခြင်း၊ ကူညီခြင်းတို့ဖြင့် မတရား ဥပေဒေများကို တိုက်ဖျက်၍ ဒီမိုကရေစီနည်းလမ်းကျ ဥပဒေတို့ကို ပြင်ဆင်ခြင်း ဆိုသည့် ဘောင်တွင်းက တိုက်ပွဲဖော်နည်းဖြင့် ချဉ်းကပ် ခြင်းကို အားပေး ကူညီခြင်းဖြင့်ခိုင်မာသောမဟာမိတ်ဖွဲ့ စည်းခြင်း။

အပြင်စည်းမှ တိုက်ခြင်းသည် ကျယ်ပြန့် သလောက် အန္တရာယ်လည်း များသည်။ လွတ်လပ်သော လူ့ ဘောင် အဖွဲ အစည်း၊ လူတန်းစား အဖွဲ့ အစည်းများကို တည် ထောင်ရာတွင် အားပေး ကူညီခြင်း၊ အောင်ခြေ လူတန်းစား အတွင်းသို့  စိမ့် ဝင်ပြီး လူထု၏ သာရေး၊ နာရေးများကို ကူညီခြင်း ၊ လူငယ်ကွန် ယက်များကို တူညီသော လမ်းကြောင်းများ ချပေးပြီး လက်တွေ့  ၀င်ရောက် လုပ်ကိုင်စေခြင်းဖြင့် လူထု လူတန်းစားများကို ဦးဆောင် နိုင်သော၊ အောက်ခြေထု ထောက်ခံသော ခေါင်းဆောင်ကောင်းများကို မွေးမြူ ခြင်းတို့ဖြင့် တချိန်တွင် လူထု အားဖြင့် လူထု တိုက်ပွဲကို ဖော်ဆောင်ရာတွင် အတွေ့ အကြုံ ရှိပြီးသားသွေးသစ်များဖြင့်၊ လူထုအား ကိုသုံး၍တော်လှန်ရေးကို ဦးဆောင်သွားရန် အထိ ပိုင်းဖြတ်ပြင်ဆင်ထားရန် လိုသည်။

သိန်းစိန်အစိုးရ
သိန်းစိန် အစိုးရသည် ရုပ်သေး အစိုးရ ဖြစ်နိုင်သလို ၊ ဗိုလ်နေ၀င်း၏ သြဇာကို ဗိုလ်သန်းရွှေ အင်အား ပြည့်သည့်နေ့ တွင် ရုန်းထွက် သကဲ့သို့ ကိုယ့် သြဇာ ကိုယ်တည်ဆောက်မည့် အစိုးရလည်း ဖြစ်နိုင်သည်။ သိန်းစိန်သည် သန်းရွှေ ၏ လူယုံဖြစ်သည်မှာ မငြင်းနိုင်ချေ။ လူယုံ ဖြစ်သည့် အတွက်ကြောင့်သာ သမ္မတ ရာထူးကို ပေးထားခြင်း ဖြစ်သည်။ သို့ရာတွင် သိန်းစိန် အစိုးရသည် အညစ်ပတ်ဆုံး၊ အရှက်တရား အကင်းမဲ့ ဆုံး လုပ်ရပ်ဖြင့် ရွေးကောက်ပွဲတွင် ဗြောင်မဲလိမ်၊ မဲခိုးသည့် စနစ်ဖြစ်သည့် ကြိုတင်မဲ ဆိုသည့် ဘယ်က ရောက်လာမှန်းမ သိ သည့်မဲများဖြင့်အတိုက်အခံများကိုတဖက်သတ်အနိုင်ယူခဲ့သည့်အပြင်ကျင်းပခဲ့သောရွေးကောက်ပွဲကိုလည်းအတိုက်အခံများက အသိအမှတ် ပြု ပေးရန်ကောက်ကျစ်စွာ ကြံ ဆောင် နိုင်ခဲ့ပေသည် မည်သို့ပင်ဖြစ်စေသိန်းစိန်အစိုးရသည်ဂုဏ်သိက္ခာမရှိသော လူထုထောက် ခံမှုမရှိသောအစိုးရဖြစ်သည်



စနစ်တခု ပြောင်းလဲရာတွင် တရား ခံဖြစ်သွား သူများ


အာဏာရှင် စနစ်မှ ဒီမိုကရေစီ စနစ်ပြောင်းလဲသွားသော နိုင်ငံများကို လေ့လာလျှင် ထိုနိုင်ငံများတွင် ဗိုလ်ကျ စိုးမိုးနေသော အာဏာရှင် ပါတီဝင်များ(သို့မဟုတ်)
ပါတီဝင်ဟောင်းများနှင့် ဒီမိုကရက်တစ် အင်အားစုတို့ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင် ကြရာ၌ ဒီမိုကရက်တစ်များက အနိုင်ရပြီး အစိုးရများ ဖြစ်လာကြသည်။
သို့ရာတွင် အာဏာရှင် လက်အောက်တွင် ပျက်စီး ယိုယွင်းနေသောစီးပွါးရေး၊ လူမှုရေး၊ပညာရေး၊ ကျန်းမာရေး၊ တို့ကို ပထမ သက်တမ်း(၄)နှစ် အတွင်းမြှင့်တက်လာရန်မစွမ်းဆောင်နိုင်ကြချေ။ အကြောင်းမှာ အုပ်ချုပ်ရေး အတွေ့ အကြုံ နည်းပါး ခြင်းကြောင့်၎င်း၊ ပြည်သူများ၏ နိုင်ငံရေး အတွေးအခေါ်မှာ အာဏာရှင် လက်အောက်
တွင် ဖိနှိပ်ခံ၊ အောက်တန်း နောက်တန်း ကျနေသည့် ဘ၀မှ ဒီမိုကရေစီ စနစ် ဖြစ်ပေါ် လာသည်နှင့် တပြိုင်နက် နေ့ ခြင်း၊ ညခြင်း၊ ၄င်းတို့ ဘ၀ တိုးတက်ပြောင်းလဲ သွား လိမ့်မည်ဟု လွဲမှားစွာ တွေး ထင်ခြင်းကြောင့် ၄င်း တို့ ထင်သလို ဘ၀ တိုးတက်မှု နှေးကွေးမြဲ နှေးကွေး နေသည်ကို တွေ့ ၇သည့်အခါ ၊ နောက်တကြိမ် ရွေးကောက်ပွဲတွင် ယခင်အစိုးရ ပါတီဝင် ဟောင်းများကို မဲပေးခဲ့သဖြင့် ယခင် ကွန်မြူနစ် ပါတီ ၀င်ဟောင်းများ အစိုးရ တလှည့် ဖြစ်လာခဲ့ပြန်ပါသည်။
သို့ရာတွင် ၄င်းတို့သည် ယခင်က အာဏာရှင် ဘ၀၌ တဖက်သတ် အာဏာဖြင့် အစိုးရဖွဲ့ စည်းပုံမျိုး မဟုတ်တော့ဘဲ ပြည်သူကရွေး လိုက်သည့် ဒီမိုကရေစီ နည်းအရ တက်လာ သည့် အစိုးရများ ဖြစ်လာခဲ့ကြပါသည်။ ၄င်းအချက်ကို ဆိုဗီယက်ရုရှားနိုင်ငံ၊ ပိုလန် နိုင်ငံတို့ တွင်တွေ့နိုင်သည်။

ထို့ကြောင့် ဗိုလ်သန်းရွှေ တို့က ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲ အမည်ခံ ကာကလိမ် ကကျစ် ရွေးကောက်ပွဲ လုပ်ပြီး သိန်းစိန် အစိုးရကို မွေးထုတ် ပေးလိုက်ခြင်းသည်NLD ပါတီ နှင့် ဒီမိုကရေစီ အင်အား စုတို့ အတွက် တမျိုး ကောင်းပါသည်။
သိန်းစိန် အစိုးရသည် သူ့ သက်တမ်း ၅-နှစ်အတွင်း မြန်မာ နိုင်ငံ လူမှုရေး၊ စီးပွါးရေး၊ ပညာရေး၊ ကျန်းမာရေး၊ တို့ကို ဦးမော့ လာစေရန် မစွမ်းဆောင်နိုင်ပါ။ ထို့ ကြောင့် ပြည်သူ လူထုကြီး၏ မကျေနပ် ချက်ကို သည်လည်း တိုး၍ လာမည်သာ ဖြစ်သည်။ သိန်းစိန် အစိုးရ နောင် ၅-နှစ်အတွင်း ရွေးကောက်ပွဲ လုပ်သည့် အချိန် အခါ မရောက်ခင် မြန်မာ ပြည်သည်အုံကြွမှုကြီးနှင့်တိုးပါလိမ့်မည်။

ထိုသို့ အုံကြွ လာသည့်အခါ NLD ပါတီ အနေနှင့် ရှေ မှ နောက်မတွန့် ဘဲ ဦးဆောင်နိုင်ဖို့ ယနေ့ မှ စ၍ ပြင်ဆင်ရမည်ဖြစ်သည်။ သုံး လေးနှစ်အတွင်း အတွင်း မြန်မာ ပြည်သည် ပြောင်းလဲ လာတော့မည် ဖြစ်သည်။ ဦးဆောင်သူက ရဲရဲ ဦးဆောင်လျှင်ရွေ့ နိုင်ပါသည်။


ထွန်းအောင်ကျော်

0 လစ်ဗျားကိုလေ့လာသင့်တယ်

ယနေ့အာရပ်နိုင်ငံမှာ …. ဖြစ်နေတာတွေကို …. ဗမာစစ်အစိုးရက … အသေးစိပ်လေ့လာနေမှာသေချာတယ် …. အထူးသဖြင့် … လစ်ဗျား…ကိုအသေးစိပ်..လေ့လာသင့်တယ် …တခြားနိုင်ငံတွေမှာ …. ဖြစ်တာနဲ့ …. စိတ်တွေ “ထ“ ပြီး ဖြစ်စေသတည်းလို့..
စိတ်ကူးယဉ် လို့…. မရဖူး …. အတိုက်ခံက …. အစီစဉ် ….နဲ့…ပြင်ဆင်မှုမရှိခဲ့ဖူး … စစ်တပ်က …. ငွေကုန်ခံပြီး… စီစဉ်ပြင်ဆင်ခဲ့တယ်
…..
စစ်တပ်မှာ ….. command and control ဟာရေးအကြီးဆုံးပဲ…. ဒါကြောင့် ၈၈၈၈တုန်းက ဦးနေ၀င်း ဟာသူ့တပ်ကို စစ်တန်းလျားကိုပြန်ခေါ်သွားပြီး ….အပြင်လူထုနဲ့ ..မထိတွေ့ အောင် … ထိန်းသိမ်းထားခဲ့တယ် …. အစိုးရကို
လုံးဝလွှတ်ပေးလိုက်တယ်…. ရုပ်နဲ့နာမ် .. ခွဲထုတ်လိုက်သလို …. အစိုးရအာဏါကိုလက်လွှတ်လိုက်ပြီး …. တကယ့်အာဏါရဲ့ ..အရင်းခံ..ဖြစ်တဲ့ ….စစ်တပ်ကိုပိုင်..အောင်ကိုင်ထားနိုင်ခဲ့တယ် .. ပြီးမှ chaos ကိုဖန်ထီးပြီး… ခေါင်းဖြတ်တာတွေ ..ဖြစ်လာတော့မှ …. Chaos ကို ကြောင်းပြပြီး ..စစ်တပ်ကို..အာဏါ ပြန်သိမ်းခိုင်းတာပဲ …. တချို့ က … ထောက်လှမ်းရေးက…
မြှောက်ပေးလို့ပြောမယ် .ဘယ်လို ဖြစ်စေ…. ဂလဲ့စား … ခြေလိုတဲ့စိတ်တွေ…လွှမ်းမိုးလာရင် …. လက်လွန်နိုင်တာပဲ ….
ဖြစ်ခဲ့ရင် …. ထောင်ချောက်ထဲတန်းဝင်သွားမှာပဲ ….

အီဂျစ်မှာလည်း … ဒီပုံကစားသွားတာပဲ … အဓိက ..ထူးခြားတာက … အီဂျစ်စစ်တပ်က..အစကတည်းက ..မပစ်ပါဖူးလို့…ကြေငြာထားတယ် …. တကယ်တန်း ..မူပါရတ်ထွက်ပေးလိုက်တော့ … စစ်တပ်က ပဲ… ကယ်တင်ရှင်လုပ်ပြီိး ..
အာဏါပြန်ယူ..လိုက်တာပဲ… (အချိန်) ဆွဲကစားမှာပဲ ….တူနီးရှားလည်း..ထို့နည်းအတူတူပါပဲ….

လစ်ဗျားက .. ကဒါဖီ..ကတော့..တကယ့်လူမိုက် …. အာဏါရူးစစ်စစ်ပဲ …. ဒါကြောင့်..မဆင်မခြင် ….ပစ်ရုံမက … လေယဉ်တွေကို ..သုံးပြီး … လက်နက်မဲ့..ပြည်သူတွေကို … စက်သေနပ်နဲ့ပစ် ..ဗုံးကြဲခိုင်းတာပေါ့…..

ဘယ်စစ်တပ်မဆို … ကိုယ့်ပြည်သူတွေကိုပစ်ရတယ်..ဆိုတာလွယ်တဲ့..အလုပ်မဟုတ်ပါဖူး … စည်းကျော်သွားရင် …သေနတ်ပြောင်းဟာ … မိမိဖက်…လှည့်လာတာပဲ… ကြာကြာပစ်.. လို့လဲမရဖူး…..လစ်ဗျားက..နမူနာပြလိုက်တာပဲ …..

လစ်ဗျားမြို့တော် …. ကလူတွေကို …ချီးကျုးဖို့…ကောင်းတယ်..ပစ်မယ်မှန်းသိရဲ့နဲ့… ချီတက်ရဲတယ် ….
နောက်ဆုံး…တပ်..တပ်..ချင်း..တိုက်ရမှာပဲ …… ဇာတ်ကမပြီးသေးဖူး.. နောက်ဆုံး... ရက်စက်လွန်းလို့… နေတိုးက ..၀င်ချင်ဝင်ရနိုင်တယ် … Bosnia မှာလိုပေါ့..

ကဒါဖီ..က..မြို့တော်မှာ … သူ့ခံတပ်ကို..ထားတော့ …. အံတုလာတဲ့ပြည်သူစီက ..ရှောင်ရခက်တယ် ….. ဗိုလ်ချုပ်သန်းရွှေ့က ….. ၈၈၈၈ ကိုကောင်းကောင်း..လေ့လာပြီး … လူထုနဲ့စစ်တပ်ကို ..ခွဲထုတ်လိုက်တယ် ….နေပြည်တော်ကို..စစ်တပ်မြို့တော်..လုပ်လိုက်.. တော့ …အရေးအခင်းထပ်ဖြစ်ရင် …. လူထုက
စစ်ဌါနချုပ် ကိုဝင်သိမ်းမဲ့ … အန္တရာယ် က ဝေးသွားတယ် … အမေရိကန်ရေတပ်လည်း.. လွယ်လွယ်ဝင်မကူနိုင်ဖူး …. တရုတ်ကမမြင် ရတဲ့.. ခံတပ်တခုပဲ ….. commandand control မပျက်သ၍ … စစ်တပ်ကို … အမိန့်ပေး.. ခိုင်းနိုင်တယ် ….

ဗိုလ်ချုပ်သန်းရွှေ က သူ့အစီအစဉ်နဲ့ သူအကွက်ချ … လုပ်နေချိန်မှာ …ပြည်ပရောက် … အတိုက်ခံတွေက … ဘာလုပ်ကြသလဲ? .. ဗေဒင်ရူးကြီး …ယတြာချေတယ်..ဆိုပြီး … ထင်ကြေးနဲ့ … ၀ိုင်းဆဲကြရုံကလွဲလို့ … ဘယ်သူ …
ဗျူဟာ..ဖက်ကကြည့်ကြသလဲ?

ဗိုလ်ချုပ်သန်းရွှေ..တယောက်တော့ ..ပြုံးနေမှာ..မြင်ယောင်သေးတယ် ….အာရပ်နိုင်ငံတွေ..ရဲ့..ဖြစ်စဉ်တွေကို .. အသေးစိပ် ..လေ့လာနေမှာ ..သေချာတယ်
….
တရုပ်အထိ တောင် …. ရိုက်ခပ်လာတယ်..မဟုတ်လား?

ကျနော် … ဒီလို … ဗျူဟာ အရကြည့်ပြီး … စစ်ဗိုလ်..မဟုတ်တာကြောင့် ….ကျနော်.. ဂျပန်ရောက်တုန်း က ….
တိုင်းရင်းသားစစ်ဗိုလ်ဟောင်း..တယောက်ကို..မေးဖူးတယ် ….ကျနော်..မျက်စိ..ပွင့်ခဲ့ရတယ် … ဒါပေမဲ့ … တရုတ်ကို..အတုခိုးပြီး …လှိုင်ခေါင်းတွေ ..ဆောက်ထားတာ..မသိရသေးဖူး…

နိုင်ငံတိုင်းဟာ … ကိုယ့်နိုင်ငံ ..ရဲ့ …. ရာဇ၀င် …ယဉ်ကျေးမှု..အတိုင်း…ကိုင်တွယ်ရတာပဲ …ကိုယ်လူမျိုးအကြောင်း..ကိုယ်သိရမယ် …. သိ သူက အောင်ပွဲ..ခံတာပဲ…

စစ်တပ်ဆိုတာ … အမြဲ..ရန်သူကိုရင်ဆိုင်ဖို့ ..ပြင်ဆင်ရတယ် ..အစီအစဉ်..ရှိတယ် ….

ဗျူဟာကို ကြည့်နိုင်ကြပါစေ ….

ရာဇ၀င် နဲ့..ဖြစ်ရပ် တွေကို ..လေ့လာတယ်..ဆိုတာ ..သင်္ခန်းစာ..ယူနိုင်ဖို့ပဲ …..

ကြည့်တတ်..မြင်တတ်ရင် ..(၂)ဖက်စလုံး..အတွက် ..သင်္ခန်းစာယူစရာတွေ အများကြီးပါ


ဘိုကျော်ငြိမ်း

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.