Sunday, February 27, 2011

0 အချိန်တန်ပြီ

(ကာနယ် အောင်သန်း)

မြန်မာ နိုင်ငံသည် တောင်ကိုရီယား၊ မြောက်ကိုရီးယားတို့လို မနက်ဖြန်စစ်ဖြစ်မည်လား၊ သန်ဘက်ခါ စစ်ဖြစ်မည်လား မသိနိုင်သော အခြေအနေတွေလည်း ရှိမနေ၊ တကမ္ဘာလုံး တပ်အနှံ့ဖြန့်၍ အကြမ်းဖက်ဝါဒကို တိုက်ဖျက်နေ သည့် နိုင်ငံလည်းမဟုတ်၊ အိမ်နီးချင်း တရုတ်နှင့်လည်း သူတို့လောက် အဆင်ပြေတာ သူတို့ပဲရှိသည်၊ အိန္ဒိယ နှင့်လည်း ထိုနည်းလည်းကောင်းပင်။ ဘယ်အမေရိကန်မှလည်း မြန်မာနိုင်ငံကို တိုက်ဖို့ စိတ်ကူးရမည်မဟုတ်။ ဆိုရသော် တနိုင်ငံလုံးအတိုင်းအတာဖြင့် စစ်တပ်ကြီးဖွဲ့ပြီး မည်သည့်နေရာကို သွား၍ တိုက်မည်နည်း၊ တွေး ကြည့်၍ ရသလောက်မှာ အိမ်ကြက်ချင်း အိုးမဲသုတ်၍ ခွပ်ခိုင်းနေသည့် လက် ရှိစစ်ခေါင်းဆောင်သာလျှင် ဖြစ်သည်။
ယခုအချိန်အခါသည် မြန်မာနိုင်ငံသူနိုင်ငံသားတိုင်း နိုင်ငံ၏အနာဂတ်အတွက် မဟုတ်တောင် မိမိကိုယ်တိုင်၏ အနာဂတ်အတွက် အလေးအနက် စဉ်းစားရမည့်အချိန်ဟု ဆိုချင်သည်။ အားလုံးသိကြသည့်အတိုင်း နအဖအ စိုးရက မြန်မာနိုင်ငံသူနိုင်ငံသားတိုင်း စစ်မှုမထမ်းမနေရဥပဒေကို ပြဌာန်းလိုက်ပြီ ဖြစ်သည်။ ယောက်ျားလေး ရော မိန်းကလေးပါ သက်တမ်းနှစ်နှစ်ရှိသော စစ်တပ်တာဝန်ကို ထမ်းဆောင်ရမည်ဟု ဆိုထားသည်။ စစ်မှု ထမ်းတာဝန်ကို ကင်းလွတ်ခွင့်ရသော ပုဂ္ဂိုလ်များမှာ သာသနာရေးဆိုင်ရာပုဂ္ဂိုလ်များနှင့် စစ်မှုထမ်းရန် မသင့် တော်သောသူများ၊ စစ်မှုမထမ်းနိုင်ကြောင်း အထောက်အထားခိုင်လုံစွာဖြင့် တင်ပြလာသော ပုဂ္ဂိုလ်များ (တ နည်းအားဖြင့် သူ၏ ဆွေတော်မျိုးတော်များ၊ ပိုက်ဆံရှိသူများ) စသည် စသည်ဖြင့် ဖော်ပြပါရှိလေသည်။

ဤဥပဒေနှင့် ပတ်သက်၍ ပြောစရာဆိုစရာတွေက အများကြီးရှိသည်၊ ထိုအထဲတွင် ဘယ်အကြောင်းကြောင့် စစ်မှုမထမ်းမနေရဥပဒေကို ပြဌာန်းရသနည်းဆိုသော မေးခွန်းက အဓိကဖြစ်ပါလိမ့်မည်၊ အရွယ်ရောက်သူ တိုင်း စစ်မှုမထမ်းမနေရ ထမ်းရလောက်အောင် လက်ရှိမြန်မာနိုင်ငံ၏ အခြေအနေက မည်ကဲ့သို့ဖြစ်နေသ နည်း သို့တည်းမဟုတ် ဒီမိုကရေစီနိုင်ငံများ၏ သဘောသဘာဝကြောင့်လော၊ လက်ရှိအစိုးရသည် ကျွန်ုပ်တို့ ကိုယ်တိုင် ကျေကျေနပ်နပ် တင်မြောက်ထားသည့် ဒီမိုကရေစီအစိုးရလော။ ဒီမိုကရေစီနိုင်ငံများ၏ စနစ်အရ ဆိုလျှင် ဤဥပဒေကို ပြဌာန်းဖို့ မည်သည့်လွှတ်တော်၏ ထောက်ခံချက်ကို ယူခဲ့သနည်း၊ လက်ရှိစစ်တပ်ကိုပင် လူလုံးသူလုံးပေါ်အောင်မထားနိုင်သော စစ်အစိုးရသည် တနိုင်လုံးအတိုင်းအတာဖြင့် တည်ရှိလာမည့် စစ်တပ် ကြီးအား မည်ကဲ့သို့ထောက်ပံ့မည်နည်း။

အဖြေကား ရှင်းပါသည်။ လက်ရှိစစ်တပ်သည် ကြီးနိုင်ငယ်ညှဉ်းစစ်တပ်ဖြစ်သည်။ ထိပ်ပိုင်းက ရာထူးကြီး ပုဂ္ဂိုလ်များက ပိုက်ဆံများ သုံးမကုန်ဖြုန်းမကုန်အောင် အခွင့်အထူးတွေ ခံစားခွင့်တွေရနေကြသလောက် အောက်ပိုင်းမှ သာမာန်စစ်သားများမှာ ငတ်တလှည့် ပြတ်လှည့်ဖြင့် နေလာခဲ့ရသည်က စစ်အစိုးရ စတက်က တည်းကပင် ဖြစ်သည်။ စစ်တပ်၏ လက်ရှိစနစ်သည် အထက်ဖားအောက်ဖိစနစ်ဖြစ်လေရာ အခံရဆုံးသော ပုဂ္ဂိုလ်များမှာ အောက်ခြေစစ်သားလေးများပင် ဖြစ်သည်။ ထို့ပြင် စစ်အစိုးရ ထိပ်ပိုင်းပုဂ္ဂိုလ်များသည် ကိုယ် တိုင်က သေမှာ ဖိန့်ဖိန့်တုန်အောင် ကြောက်သလောက် မိမိလက်အောက်ရှိ စစ်သားများ၏ အသက်ကိုမူ ရှိ သည်ဟုပင် မထင်သောသူများ ဖြစ်သည်။ သူတို့၏ ပေါ်လစီအမှားများကို ခါးစည်းခံရသူများမှာလည်း သူတို့ ကိုယ်တိုင်မဟုတ် အရာရှိပေါက်စများ၊ သာမာန်စစ်သားများသာ ဖြစ်သည်။

နိုင်ငံတော်၏ အန္တရာယ်အတွက်ဟု အသံကောင်းဟစ်ကြွေးပြီး အိမ်ကြက်ချင်း အိုးမဲသုတ်ပြီး ခွပ်ခိုင်းနေသည် မှာလည်း စစ်အစိုးရပင် ဖြစ်သည်။ သို့သော် သာမန်စစ်သားများသည် ဘာမှအခွင့်အရေး ခံစားခွင့်မရှိ၊ မိမိပေး ဆပ်သလောက် လောက်လောက်လားလား အသိအမှတ်အပြုမခံရ။ စစ်သားဆိုသည်မှာ စစ်တိုက်ဖို့၊ သေရဲဖို့ နှင့် သေဖို့ဟု ကျဉ်းမြောင်းသော အတွေးများကို အခြေခံထားသော စစ်အစိုးရ ထိပ်ပိုင်းပုဂ္ဂိုလ်များသည် စစ် သားဆိုလျှင် အချိန်မရွေး သေခိုင်းဖို့ အဆင်သင့် ဖြစ်နေကြသည်။ သို့သော် ထိုသို့သေရသည်က နိုင်ငံအ တွက်မဟုတ်ဘဲ စစ်အာဏာရူးများ၏ အာဏာတည်မြဲရေးအတွက်ဖြစ်နေသည်က ရင်ထုမနာဖြစ်စရာပင် ဖြစ် သည်။ စစ်သားတစ်ယောက် သေသည်ဆိုသည်မှာ မဆန်း၊ သို့သော် သေရတာ တန်ရဲ့လား စဉ်းစားဖို့လို သည်။

လက်ရှိစစ်တပ်အခြေအနေကို အကဲဖြတ်ကြည့်မည်ဆိုလျှင် ပရမ်းပတာဖြစ်နေသည်မှာ အသေအချာပင် ဖြစ် သည်။ စစ်တပ်၏ ကြီးနိုင်ငယ်ညှဉ်းဒဏ်ကို မခံနိုင်၍ စစ်တပ်ထဲမှ ထွက်ပြေးနေကြသော တပ်ပြေးများက နေ့ စဉ်နှင့်အမျှ ရှိနေသည်။ တော်လှန်ပုန်ကန်မှုများကိုလည်း မကြာခဏဆိုသလို ကြားနေရသည်။ အရာရှိဦးရေ နှင့် စစ်သားဦးရေကလည်း အချိုးအစားမညီမျှ ဖြစ်နေသည်။ ထို့ကြောင့် စစ်သားစုဆောင်းရေးကို ပြန်ပေးဆွဲ သလိုမျိုး၊ လူကုန်ကူးသလိုမျိုး စုဆောင်းနေရသည်။ စစ်တပ်ထဲကို ဝင်ဖို့ စဉ်းစားသည့်သူက လက်ရှိ အချိန် တွင် လူမိုက်ပင်ဖြစ်သည်။ ဒီအက်စ်အေ စသည့် ဗိုလ်လောင်းသင်တန်းများသို့ သွားရောက်၍ တက်ကြသည့် သူများကလည်း (စစ်တပ်အာဏာရှိနေစဉ်ကာလတွင်) အများအားဖြင့် နိုင်ငံကာကွယ်ရေးဆိုသည်ထက် စစ် တပ်ထဲမဝင်မီကပင် ဆွေမျိုးကောင်းစားရေးဝါဒကို အခြေခံပြီး ဝင်ခြင်းဖြစ်သည်။

အကောင်ကြီးကြီးဖြစ်လာတော့ ရသမျှ သဲ့ယူသည်။ အမှန်တရားကို လက်ကိုင်ထား၍ နိုင်ငံအတွက် အလုပ် လုပ်သော စစ်ဗိုလ်များသည်လည်း ကြာရှည်စွာ သက်ဆိုးမရှည်၊ များများဘုရားထူးနိုင်သည့် ပုဂ္ဂိုလ်သည်သာ ဘုရားအဖြစ်သို့ ရောက်နိုင်သည်။ ယနေ့စစ်ဗိုလ်ချုပ်များ၏ ဘဝသည် အလွန်သနားစရာကောင်းသည်။ နေ့ မြင်ညပျောက်ဆိုသော ဘဝသည် သူတို့၏ ဘဝပင် ဖြစ်သည်။ အခြားဌာနများကို အသာထား၍ ကာကွယ်ရေး ဌာနတခုတည်းက ဗိုလ်ချုပ်များသည်ပင် လေးနှစ်ထက်ပို၍ နေရသည်က ခပ်ရှားရှားဖြစ်နေသည်။ ဗိုလ်ချုပ်တ ယောက်ကို လေးနှစ်ထက် ပိုမထားသောစနစ်သည် စစ်တပ်၏ တရားဝင်ထုတ်ပြန်မထားသော၊ လက်တွေ့ ကျင့်သုံးသော စနစ်ပင်ဖြစ်သည်၊ ထိုသို့ မလုပ်၍လည်း မဖြစ်၊ နောက်မှာက နေစရာပေးစရာတွေက အများ ကြီး ကျန်သေးသည်။

ရုရှားလို နိုင်ငံတခုတည်းမှာပင် ပညာသင်လွှတ်ထားသော အရာရှိပေါက်စ အရေအတွက်သည်ပင် သောင်းဂ ဏန်းချီ၍ ရှိနေသည်။ ဒီတော့ မြန်မြန်စား ''ဝ'' လျှင် မြန်မြန်ဆင်းဆိုသည်က လက်ရှိစစ်တပ်၏ ကျင့်သုံးနည်း တခုပင် ဖြစ်သည်။ နိုင်ငံတော်ဘဏ္ဍာများ အလဟဿဖြစ်သည်/မဖြစ်သည်ထက် တော်လှန်ပုန်ကန်မှု မဖြစ်ဖို့ က အရေးကြီးနေတော့ အသံမထွက်နိုင်အောင် မပြတ်ခွံ့ထားပေးရသည်။ ဆင်းသွားလျှင်လည်း အသံမထွက် ဖို့၊ အသံထွက်နိုင်သေးလျှင် စကားလုံးမထွက်နိုင်အောင် လုပ်နိုင်ဖို့က အရေးကြီးသည်။ တပ်မတော်ထဲတွင် ကောင်းရာကောင်းကြောင်း လုပ်သည့်သူများ၊ နိုင်ငံ၏အကျိုးကို ရှေ့ရှုမိသူများမှာ ''တပ်မတော်ဖြိုခွဲသူ'' ဟူ သော ခေါင်းစဉ်အောက်တွင် ဘဝကို မရှုမလှ နိဂုံးသတ်ကြရသည်မှာလည်း ကောင်းကျိုးလိုလားသူ စစ်ဗိုလ် များအတွက် သင်ခန်းစာကြီးတခုလို ဖြစ်နေသည်။ ကောင်းတာလုပ်ဖို့ ရွံ့ကြရသည်။ ထို့ကြောင့် ထိုသို့ဖြစ်နေ သော စစ်တပ်ထဲကို ကျွန်ုပ်သို့ ဝင်သင့်ကြပါလား။

ထို့ပြင် လက်ရှိမြန်မာနိုင်ငံသူနိုင်ငံသားတိုင်း၏ အခြေအနေမှာ အားလုံးသိတော်မူကြသည့်အတိုင်း ဆွမ်းတော် ထား၍ ဝမ်းတော်မှ အနိုင်နိုင်ဟူသော ဘဝမျိုးဖြစ်သည်။ အောက်ခြေလူတန်းစားများမှာ နေ့စဉ်နှင့်အမျှ ဝမ်းတ ထွာအတွက် နေ့မအား ညမနား အလုပ်လုပ်နေကြရသည်။ မြန်မာနိုင်ငံတွင် ထွက်ပေါ်နေသော ကျောက်သံ ပတ္တမြားမှစ၍ ရေနံ၊ သဘာဝဓာတ်ငွေ့အလယ်၊ ကျွန်းသစ်များအဆုံး နိုင်ငံတဝန်းထွက်ပေါ်နေသော သယံဇာ တများကိုလည်း ဗိုလ်သန်းရွှေနှင့် နီးစပ်သော လက်တဆုပ်စာပင်မရှိသော လူတန်းစားများမှတပါး ပြည်သူလူ ထုအနေဖြင့် မည်သည့်အကျိုးခံစားခွင့်မှ မရှိသည်မှာလည်း အားလုံးအမြင်ပင်ဖြစ်သည်။

မြေပေါ်တွင်ရှိသမျှ ရောင်းစား၍ ရနိုင်သမျှ အပင်များအားလုံး ခုတ်လှဲပြီး ကုန်သွားသောအခါ ဒေသခံပြည်သူ များကို တအိမ်ထောင် သစ်ပင်ဘယ်နှစ်ပင် စိုက်ရမည် စသည်ဖြင့် အတင်းအဓမ္မ ခိုင်းပြန်သည်။ ဒေသခံပြည် သူများအနေဖြင့်မူ မိမိလယ်ကွက်ထဲတွင် ပေါက်သော သစ်ပင်ကိုပင် ထိ၍မရ။ ရောင်းစားသည်ကို ထားဘိဦး၊ အိမ်ဆောက်သည်ကိုပင် မိလျှင် အဖမ်းခံရသည်။ နှလှန်မထူနိုင်သည်အထိ ဒဏ်ရိုက်ခံရသည်။ မိမိလယ်ကွင်း ထဲ မိမိတို့ပိုင်နက်ထဲတွင် ပေါက်နေသော သစ်ပင်များကို အမြစ်မှစ၍ တူးဖော်ကာ ကားကြီးကားငယ် အသွယ် သွယ်တို့ဖြင့် နေ့ညမပြတ် သယ်နေကြသည်ကိုသာ လက်မှိုင်ချစွာ ကြည့်နေကြရသည်။

ကျွန်းပေါသည့် အရပ်တွင် နေရပါလျက် ဝါးအိမ်များဖြင့် နေကြရသည်။ ဆိုရလျှင် ပြည်သူများမှာ နိုင်ငံရေး၊ စီး ပွားရေး မည်သည့်ဘက်တွင်မှ နလန်မထူနိုင်။ ထို့ကြောင့် နိုင်ငံစီးပွားရေးအဆင်ပြေဖို့ မစဉ်းစားဘဲ၊ နိုင်ငံသား များ၏ ဘဝဖူလုံမှုကို ဦးစားမပေးဘဲ လက်ရှိသေကာနီး အချိန်အထိ အာဏာတည်မြဲရေးကို ဦးစားပေးလုပ် ဆောင်နေသော သန်းရွှေ၏ လုပ်ရပ်သည် မည်သို့မှ လက်ခံနိုင်စရာမရှိပေ။ အရွယ်ရောက်ပြီးသူတိုင်း တနိုင်ငံ လုံးအတိုင်းအတာဖြင့် စစ်မှုထမ်းရမည်ဆိုသော်လည်း ထိုအထဲတွင် သူ၏ ဆွေတော်မျိုးတော်များအတွက် ခြွင်းချက်များဖြင့် အကာအကွယ်ပေးထားသည်။ ဘွဲ့ရသူများ၊ သို့မဟုတ် အရည်အချင်းတမျိုးမျိုး ရှိသူများကို အရေးပေါ် ပြန်တမ်းဝင်အရာရှိအဖြစ် ခန့်အပ်နိုင်သည်ဆိုကတည်းက ဖိုးလပြည့်တို့လို၊ ပြည့်ဖြိုးတေဇတို့လို သူ၏ မြေးမြစ်များ စစ်တပ်ထဲသို့ (မပြောကောင်းပြောကောင်း) ရောက်လာမည်ဆိုလျှင်ပင် အရာရှိဖြစ်မည်ဆို သည်က သေချာပြီးသား ဖြစ်နေသည်။

ထိုစစ်မှုထမ်းတာဝန်ကို ထမ်းဆောင်နိုင်ပါလျက် ရှောင်လွှဲသော ပုဂ္ဂိုလ်များအတွက် စစ်အစိုးရ၏ လက်သုံး ထောင်ဒဏ်များက အသင့်စောင့်ကြို၍နေလေသည်။ ပြည်သူများကို အလွန်အလေးထားသောသူများပင် ဖြစ် သည်။ အမှန်အားဖြင့် စစ်တပ်ကို သူလုပ်ချင်သလိုလုပ်၍ ပြဿနာပေါ်လာသော ယခုအခါမှ ပြည်သူကို ခုတုံး လုပ်ခြင်းသည် အကြံကုန် ဂဠုန်ဆားချက်ခြင်းသာ ဖြစ်ပါသည်။

ယခု စစ်တပ်ထဲ၌ ရှိသောသူများတွင် ထိပ်ပိုင်းပုဂ္ဂိုလ်များကလည်း စစ်ဘက်ရာထူးပြုတ်မှာ စိုးရသည်နှင့်၊ ရသ လောက်သဲ့နေရသည်နှင့် စစ်ဘက်ကို စိတ်မဝင်စားနိုင်။ ရှေ့တန်းမှာရှိသော စစ်သားများကလည်း စစ်တိုက်ဖို့ စိတ်မပါ။ ဖြစ်လည်း ဖြစ်သင့်သည်။ ယခု သူတို့တိုက်နေသော သူများသည် ယခင်က သူတို့မိတ်ဆွေများပင် မ ဟုတ်ပါလော။ ကာယကံရှင်ချင်း မတည့်၍ မဟုတ်ဘဲ သန်းရွှေနှင့် မတည့်၍သာ သူတို့တွေ ရန်သူဖြစ်နေကြ ရသည်။ သို့သော် သူတို့တွေ ချွေးတွေနှင့် တစက်စက် ဖြစ်နေသည့်အချိန်တွင် အဘိုးကြီးကတော့ အဲယား ကွန်းထဲက မထွက်၊ မြေးအချော့မပျက်။ ကြာတော့ သူတို့တွေသာ စိတ်ပျက်လာကြရသည်။ ထို့ကြောင့် ထိုနေ ရာများတွင် ဘုမသိ ဘမသိသူများနှင့် အစားထိုးဖို့ လိုလာသည်။ သူ သွားတွေ့သည်က သူငယ်နိုင်ဖြစ်ခဲ့သော ပြည်သူများ ...။

လက်ရှိစစ်တပ်သည် ကမ္ဘာ့သမိုင်းတွင် မော်ကွန်းတင်ပြီးသော စစ်တပ်ဖြစ်သည်။ သူတို့သည် မိမိကိုးကွယ် သော အကိုးကွယ်ခံ သံဃာတော်များကို သူခိုး၊ ဓားပြလို စော်ကားပုတ်ခတ်ခဲ့သည်။ အမျိုးဘာသာ သာသနာ ကို ကာကွယ်ရန်ထက် ကိုယ်တိုင်က အမျိုးဘာသာကို ဖျက်ဆီးပြသည်။ သံဃာတော်များကို နှိမ်နင်းမည့် စစ် သည်များကို မတော်မတရားသော ဝါဒမှိုင်းများတိုက်၍ သတ်ရဲအောင်၊ ရိုက်ရဲအောင်လုပ်သည်။ ယခင် တနိုင် ငံလုံးက သူရဲကောင်းများဟု ယူဆထားသော စစ်သားများကိုလည်း သိက္ခာတရား ကုန်းကောက်စရာ မရှိ အောင် လုပ်ပစ်သည်။ ယခင်က တသားတည်းရှိခဲ့သော ပြည်သူနှင့် စစ်တပ်ကို ခွဲခြားပစ်သောသူသည် လက် ရှိစစ်ခေါင်းဆောင်သာလျှင် ဖြစ်သည်။ ဗိုလ်ချုပ်စကားနှင့် ပြောရမည်ဆိုလျှင် ဤကဲ့သို့သော စည်းကမ်းမရှိ သော စစ်တပ်သည် တိုင်းပြည်တွင် ရှိနေသည်ထက် မရှိသည်က ပိုကောင်းသည်ဟုသာ ပြောချင်သည်။

လက်ရှိမြန်မာနိုင်ငံသည် မည်သို့ပင် စဉ်းစားစဉ်းစား စစ်မှုမထမ်းမနေရလုပ်ရလောက်အောင် ဆိုးဝါးနေသော နိုင်ငံတနိုင်ငံမဟုတ်သည်မှာ အသေအချာပင် ဖြစ်သည်။ ယခင် အင်္ဂလိပ်များကို မောင်းထုတ်သည့် အချိန်က ရော ဂျပန်တွေကို မောင်းထုတ်ခဲ့သည့် အချိန်ကပါ စစ်ထဲမဝင်မနေရ ရှိခဲ့သည်ဟု မကြားခဲ့စဖူး။ နိုင်ငံတဝန်း ရောင်စုံသောင်းကျန်းမှု ဖြစ်သောအခါတွင်လည်း စစ်မှုမထမ်းမနေရ ဥပဒေမပြဌာန်းခဲ့ရ၊ (ယခု သူတို့၏ လက် ထက်တွင် နိုင်ငံသည် မကြုံစဖူး ငြိမ်းချမ်းသာယာနေသည်ဆိုမှ စစ်မှုမထမ်းမနေရဆိုတော့ နားတွေပင် မျက်စိ လည်လမ်းမှားကုန်သည်)။

အကယ်၍ ထိုအချိန်က ပြဌာန်းခဲ့လျှင်လည်း ပြည်သူများအနေဖြင့် ကြည်ကြည်ဖြူဖြူ လိုက်နာခဲ့ကြမည်မှာ အ သေအချာပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် တနိုင်ငံလုံးက ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် နိုင်ငံရေး ခေါင်းဆောင်များ၏ နိုင်ငံအတွက် မိမိကိုယ်ကို အနစ်နာခံ၊ အစတေးခံသည်ကို ယုံကြည်ကြသည်။ ကြည်ညို ကြသည်။ ယခုစစ်ခေါင်းဆောင်များ နိုင်ငံအတွက် အနစ်နာခံသည်ဟုပြောလျှင် ကမ္ဘာပေါ်တွင် ရှိရှိသမျှသော ပြက်လုံးဆရာများ စုပေါင်း၍ထုတ်သော ပြက်လုံးထက်ပင် ရယ်စရာကောင်းနေမည်မှာ အမှန်ပင် ဖြစ်သည်။ နာဂစ်မုန်တိုင်းဒဏ်ကြောင့် အတိဒုက္ခရောက်နေသော ပြည်သူများကို ပစ်ထားပြီး သူအာဏာတည်မြဲရေးအ တွက် အဓိကအရေးကြီးဆုံးဖြစ်သော ဖွဲ့စည်းပုံအခြေခံဥပဒေကို မဖြစ်ဖြစ်အောင် အတည်ပြုသည်။ အချိန် တိုင်းတွင် နိုင်ငံသည် သူ့အတွက်ချည်း ဖြစ်နေသည်။ စည်းမျဉ်းစည်းကမ်းတွေက လူသားတွေရဲ့အသက်ထက် အရေးကြီးနေသည်။ အလွန်အနစ်နာခံသူများပါပေ။

အမှန်တကယ် စစ်မှုမထမ်းမနေရဥပဒေ ပြဌာန်းခဲ့သင့်သည့်ကာလမှာ ဒုတိယကမ္ဘာစစ်လိုမျိုး တိုင်းတပါးသား ကို မောင်းထုတ်နေရသည့်ကာလ၊ ရောင်စုံသောင်းကျန်းနေသည့် ကာလများကပင်ဖြစ်သည်။ ယခုမူ မြန်မာ နိုင်ငံသည် တောင်ကိုရီယား၊ မြောက်ကိုရီးယားတို့လို မနက်ဖြန်စစ်ဖြစ်မည်လား၊ သန်ဘက်ခါ စစ်ဖြစ်မည်လား မသိနိုင်သော အခြေအနေတွေလည်း ရှိမနေ၊ တကမ္ဘာလုံး တပ်အနှံ့ဖြန့်၍ အကြမ်းဖက်ဝါဒကို တိုက်ဖျက်နေ သည့် နိုင်ငံလည်းမဟုတ်၊ အိမ်နီးချင်း တရုတ်နှင့်လည်း သူတို့လောက် အဆင်ပြေတာ သူတို့ပဲရှိသည်၊ အိန္ဒိယ နှင့်လည်း ထိုနည်းလည်ကောင်းပင်။ ဘယ်အမေရိကန်မှလည်း မြန်မာနိုင်ငံကို တိုက်ဖို့ စိတ်ကူးရမည်မဟုတ်။ ဆိုရသော် တနိုင်ငံလုံးအတိုင်းအတာဖြင့် စစ်တပ်ကြီးဖွဲ့ပြီး မည်သည့်နေရာကို သွား၍ တိုက်မည်နည်း၊ တွေး ကြည့်၍ ရသလောက်မှာ အိမ်ကြက်ချင်း အိုးမဲသုတ်၍ ခွပ်ကြသလို တိုင်းရင်းသားအချင်းချင်း တိုက်ကြရုံသာ ရှိသည်။ ဖြစ်ရောဖြစ်သင့်ပါရဲ့လား။

ကရင်တိုင်းရင်းသားများ၊ ရှမ်းတိုင်းရင်းသားများ ... စသည့် တိုင်းရင်းသားများနှင့် သန်းရွှေ၏တပ်များ တိုက် ကြခြင်းသည် သန်းရွှေနှင့် မတည့်၍ တိုက်ကြခြင်းသာဖြစ်သည်။ ပြည်သူလူထုနှင့် မည်သို့မျှမပတ်သက်၊ ပြည် သူလူထုအနေဖြင့် စိတ်လည်း မဝင်စား၊ စိတ်ဝင်စားစရာလည်း မလို၊ မည်သည့်တိုင်းရင်းသားမဆို အဖိနှိပ်ခံရ လျှင် ခံချင်မည်မဟုတ်၊ ပြန်လည်ခုခံမည်သာဖြစ်သည်။ တိုင်းရင်းသားများနှင့် သန်းရွှေ၏ တပ်များတိုက်ကြ ခြင်းသည် မည်သို့ပင် အသံကောင်းဟစ်စေကာမူ ပြည်ထောင်စုအကျိုးလည်းမဟုတ်၊ အကျိုးလည်းမရှိ၊ ပြည် သူများအနေဖြင့်လည်း သူ့ကို ယုံ၍ အလင်းဝင်လာကြသော ဒီကေဘီအေတပ်ဖွဲ့များ၊ ကေအိုင်အေ ကချင်အဖွဲ့ များကို မည်ကဲ့သို့ လုပ်ပစ်သည်ကို ကြည့်ပါက အမှန်တကယ် တိုင်းပြည်ကို ပြိုကွဲအောင်လုပ်နေတာ ဘယ်သူ လဲဆိုတာ အသေအချာ မြင်နိုင်သည်။ သွေးထိုးနေတာ ဘယ်သူလဲဆိုတာ သိနိုင်သည်။

ပြည်သူများသည် တိုင်းရင်းသားတပ်ဖွဲ့များနှင့် သန်းရွှေ၏ တပ်များ တိုက်ပွဲဖြစ်၍ သန်းရွှေ၏တပ် အကျအဆုံး များသည်ဆိုလျှင် ဝမ်းသာကြသည့်သူများသာ ဖြစ်သည်။ မည်သူမျှ သူတို့အတွက် ဝမ်းမနည်း၊ များများသေဖို့ သာ ဆုတောင်းသည်။ မည်သည့်နေရာတွင် မည်သည့်အဖွဲ့က ဗုံးခွဲသည်၊ လျှပ်စစ်ကြိုးတွေကို ဖြတ်တောက် သည် ပြည်သူလူထုကို ဘယ်လိုနစ်နာအောင်လုပ်သည်ဟု ပြောလျှင်လည်း မည်သူမျှ မယုံ၊ သန်းရွှေ၏ လက် ချက်ဟုသာ အားလုံးယုံကြသည်။ လူတကာကို လှည့်စားသည့်နေရာတွင် သန်းရွှေသည် ပါရဂူဖြစ်သည်။ သူ ၏ ဘေးနားက လူတွေအားလုံးကို သူသည် ကောင်းစွာလှည့်စားထားနိုင်သည်။ သို့သော် ထိုအလှည့်စားခံ ထားရသည့်သူများကလည်း သူတို့သည် အဘိုးကြီးကို လှည့်စားထားနိုင်သည်ဟု ယုံကြည်ကြသည်။ ဤသည် ကပင် သန်းရွှေ၏ အရည်အချင်း ဖြစ်လေသည် (မျိုးရိုးစစ်ကြည့်လျှင် သန်းရွှေသည် မျက်လှည့်ဆရာမျိုးရိုးက လာတာလည်း ဖြစ်နိုင်သည်)။

ထို့ပြင် ဗမာ၊ ကရင်၊ မွန်စသည့် ပြည်ထောင်စုတိုင်းရင်းသားများ၏ ဘုံရန်သူမှာ စစ်အစိုးရသာလျှင်ဖြစ်သည်။ ဗမာကလည်း ကရင်ကို မဆန့်ကျင်၊ ကရင်ကလည်း မွန်ကို မဆန့်ကျင်၊ အားလုံးဆန့်ကျင်နေကြသည်က စစ် အစိုးရကိုသာလျှင် ဖြစ်သည်။ ယခု မိမိတို့၏ရန်သူ စစ်အစိုးရ၏ တပ်ထဲသို့ ဝင်၍ အချင်းချင်းတိုက်ကြဖို့ ဆို သည်မှာ ဦးနှောက်မရှိသော လုပ်ရပ်သာဖြစ်သည်။ ဖြစ်လည်း မဖြစ်သင့်၊ မလွှဲသာမရှောင်သာ၍ စစ်သားလုပ် ကြရမည်ဆိုလျှင် မိမိကိုယ်ကို ကြည်ညိုနိုင်သော စစ်သားဖြစ်ဖို့လိုသည်။ ဝါဒမှိုင်းတိုက်ခံထားရ၍ မဟုတ်ဘဲ မိမိကိုယ်တိုင်က မိမိတိုက်ရသော စစ်ပွဲကို တရားသောစစ်ပွဲဟု မြင်ထားဖို့လိုသည်။ ဤသို့ဆိုလျှင် သေလျှင် လည်း မွန်မြတ်သော သေခြင်းပေတည်း။

ကျွန်ုပ်တယောက်တည်း၏ သဘောအရဆိုပါမူ စစ်တပ်ထဲဝင်ရပြီဆိုမှဖြင့် သန်းရွှေ၏တပ်ထဲသို့ ဝင်၍ သန်း ရွှေ၏ ကျွန်လုပ်မည့်အစား အသင်တို့နှစ်သက်ရာ တိုင်းရင်းသားတပ်တတပ်တပ်သို့ ဝင်၍ တရားသော စစ်ပွဲ ကို ဆင်နွှဲဖို့သာ တိုက်တွန်းချင်သည်။ ကျေးရွာများအနေဖြင့်လည်း လူဦးရေတထောင်ရှိသော ကျေးရွာဖြစ် လျှင် အရွယ်ရောက်ပြီး ဦးရေသည် အောက်ထစ်ဆုံး တရာထက်တော့ မနည်းပေ။ ထိုအရေအတွက်ဖြင့် မြို့ နယ်ရဲစခန်းတခုကို ကောင်းကောင်းသိမ်း၍ ရသည်။ လူဦးရေတသောင်းရှိလျှင် အရွယ်ရောက်ပြီး လူဦးရေ တ ထောင် အနည်းဆုံး၊ တသိန်းရှိလျှင် တသောင်း၊ ဆယ်သိန်းဆိုလျှင် တသိန်း၊ ဆယ်သန်းဆိုလျှင် ဆယ်သိန်း ထိုပမာဏမျှလောက်ဆိုလျှင် စစ်အစိုးရကို ကျကျနနကြီး ဖြုတ်ချ၍ ရသည်။ ညီညွှတ်ရေးစိတ်ဓာတ်ရှိဖို့သာ အ ရေးကြီးသည်။ ခပ်ရှင်းရှင်းဆိုရသော် လက်ရှိလူဦးရေ၏ ငါးပုံတပုံမျှဖြင့် လက်ရှိခေတ်သစ်ဖက်ဆစ်အစိုးရကို ဖြုတ်ချနိုင်သည်။

နိုင်ငံရေးအဖွဲ့အစည်းများအနေဖြင့်လည်း ယခု (စစ်မှုမထမ်းမနေရ) ဥပဒေကို ပြည်သူတွေဘက်မှ မားမားမတ် မတ်ရပ်တည်ပြီး ဖြေရှင်းပေးဖို့ ပြည်သူတွေကိုယ်စား အလေးအနက် တောင်းဆိုချင်ပါသည်။ နိုင်ငံရေးခေါင်း ဆောင်ဆိုသည်၏ သရုပ်အမှန်ကို ကောင်းစွာထင်ဟပ်စေချင်ပါသည်။ ပြည်သူတွေအနေဖြင့် ယခုဥပဒေကို လက်ခံ/လက်မခံဆိုသည်ကိုမူ နှစ်ခါပြန်ပင် စဉ်းစားစရာမလိုပါ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အနေဖြင့်လည်း စစ်အစိုးရအနေဖြင့် ယခုဥပဒေကို မဖြစ်မနေ အကောင်အထည်ဖော်သည့်အခါ ပြည်သူ များ အပေါ် အမြတ်ထုတ်သလိုမဖြစ်စေဘဲ အကူအညီများပေးဖို့ တောင်းဆိုချင်ပါသည်။ ယခုဥပဒေကို နိုင်ငံအကျိုး ရှေ့ရှု၍ ကောင်းစွာအသုံးချနိုင်လျှင် စစ်အစိုးရပြုတ်ကျသွားသည်အထိ အောင်မြင်မှုရနိုင်သည်။ တခုတော့ ရှိ သည်၊ သင်တို့ အမြင်မကျဉ်းမြောင်းဖို့တော့ လိုသည်။


အို မြန်မာနိုင်ငံသူ နိုင်ငံသားအပေါင်းတို့ ...

အသင်တို့သည် အသင်တို့၏ ဘဝ၊ အသင်တို့၏ အနာဂတ်အတွက် နိုးထချိန်ရောက်ပြီတကား ...
အသင်တို့ နိုးထကြလော့ ...




အားလုံးကို လေးစားစွာဖြင့် ...

ကာနယ်အောင်သန်း

သတိ ။ ။ သန်းရွှေသည် တိုင်းရင်းသားများ တမျိုးနှင့်တမျိုး မတည့်အောင် အနှေးနှင့်အမြန် ဖန်တီးလာနိုင်သည်။

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.