Saturday, December 10, 2011

0 YANGON SUBWAY PROJECT ???(ရုပ်/သံ)


ရန်ကုန် မြေအောက်လမ်းတော့ မပြောတတ်ဘူးခင်ဗျ။ ဩဂုတ်လတုန်းကတော့ နေပြည်တော်အတွက် ရုရှားက ၃၁ မိုင် မြေအောက်ရထားလမ်း ဖေါက်မယ်ဆိုသလို အသံတွေကြားမိပါတယ်။ နောက်ပိုင်းကျတော့ ပြည်ထောင်စုဝန်ကြီး ဦးမင်းအောင်က ပိုက်ဆံမရှိလို့ မဆောက်နိုင်ပါဘူးတဲ့။ သို့ပေမယ့် အဲဒီအစား လာမယ့်နှစ်အနည်းငယ်အတွင်း ရန်ကုန်-နေပြည်တော်-မန္တလေး မြေပေါ်အမြန်ရထားလိုင်း တရုတ်နဲ့ ပေါင်းဆောက်ဖို့ စီစဉ်ထားပါတယ်တဲ့။ ကျွန်တော့်အမြင်အရ မြေအောက်လိုင်း၊ မိုးပျံလိုင်း အစရှိတာတွေက မြေပြင်ပေါ်မှာ ပုံမှန်သွားနေတဲ့လိုင်းတွေ အင်မတန်ရှုပ်ထွေးလွန်းလို့ ယာဉ်ကြောပိတ်ဆို့မှုကို ရှောင်ရှားနိုင်အောင် ကြံဆပြီးလုပ်ထားကြတာတွေ ဖြစ်မယ်ထင်ပါတယ်။ ဒါကြောင့် လက်ရှိအနေအထားအားဖြင့် မြေပေါ်မောင်းနေတဲ့ ယာဉ်ကြောတွေ (မီးရထားလမ်း၊ ကားလမ်း) တွေကို ခေတ်မီသပ်ရပ်အောင် အရင်ဆုံးစီစဉ်ပြီးမှ မြေအောက်လိုင်း၊ မိုးပျံလိုင်းတွေ စဉ်းစားရင် လက်တွေ့ပိုကျမယ် ထင်ပါတယ်

မောင်သစ်စိမ်း(MMCP)

0 အမျိုးသားခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ ငြိမ်းချမ်းရေးနိုဘယ်ဆုရနှစ်(၂၀)ပြည့်အထိမ်းအမှတ်ဒီကနေ့သာဓုပရိယတ္တိ စာသင်တိုက်၊ ရွှေညဝါပညာ့ဗိမာန်တွင်ကျင်းပပြုလုပ်



နိုဘယ်လ် ငြိမ်းချမ်းရေး ဆုရှင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်း


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေးနိုဗယ်လ်ဆုရရှိတာ နှစ် ၂၀ ပြည့်တဲ့ အထိမ်းအမှတ်အဖြစ် ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ကြည့်မြင်တိုင်မြို့နယ် နတ်စင်လမ်းမှာရှိတဲ့ သာဓုပရိယတ္တိစာသင်တိုက် ရွှေညဝါပညာ့ဗိမာန်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
ဒီအခမ်းအနားကို 10/D နိုဗယ်လ်ကျောင်းသားတွေနဲ့ မြန်မာ့ဒီမိုကရေစီအင်အားစုတွေက ပူးပေါင်းကျင်းပ တာဖြစ်ပါတယ်။

နံနက် ၈း၃၀ကနေစတင်ခဲ့တဲ့ဒီအခမ်းအနားကိုမြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်ခဲ့ပါတယ်။

ဝါရင့်နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးအကျဉ်းသားဟောင်းတွေနဲ့ နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်တွေ တက်ရောက်လာခဲ့ကြပါတယ်။
၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့ဟာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေးနိုဗယ်လ်ဆု ရရှိတာ နှစ် ၂၀ ပြည့်ဖြစ်တဲ့အပြင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့လည်း ဖြစ်ပါတယ်။
Burma VJ Media Network

0 အားမငယ်ပါနဲ့ ဗန်းမော်ထောင်နန်းစံ အဖေရယ်(ကိုလူမော်လတ်)

lu maw lat
မိတ်ဆွေများသို့

ကျွန်တော်အလုံ nldလူငယ်တာဝန်ခံနဲ့၂၀၀၇ အကြမ်းမဖက်အမျိုးသားလှုပ်ရှားမှု လုပ်ခဲ့သူပါ။ ကျွန်တော်အဖေနဲ့အတူ ဗန်းမော်ထောင်မှာ နိုင်ငံေ၇းမှုနဲ့ နှစ်၇၀ ကျနေတဲ့ မမာမာဦးရဲ့ အဖေအဘ ဦးအုန်းမောင် ဆုံးချိန်က သူတို့မိသားစုပတ်သတ်လို့ နိုင်ငံရေးဘ၀ အကြောင်း ခံစားရတာလေး စရေး ဖြစ်ပါတယ်။ ဒုတိယစာကိုတော့ မင်္ဂလာပါ ဦးသိန်းစိန် နာမယ်နဲ့ ဆောင်းပါတိုလေးကို အင်းစိန်ထောင်မှာ နိုင်ငံရေးမှုနဲ.၂၉နှစ်ထောင်ကျနေတဲ့ တစ်ဦးတည်သောသမီး မသန္တာနဲ့သူ့ဖခင် လေဖြတ်နေသူ၊အခု ဒုတိယအကြိမ် ကျွန်တော်တာဝန်ယူ ရန်ကုန်ပြည်သူ.ဆေးရုံကြီးတင်ထားရသူ အသက်၈၁နှစ်အရွယ် အဘဦးခင်ညိုတို့အတွက် ပြီးခဲ့တဲ့လွတ်ငြိမ်းခွင့်နေ့မှာခံစားရတာလေးကို ရင်ဖွင့်ရေးထားချင်းဖြစ်ပါတယ်။

အခုစာကတော့ ဗန်းမော်ထောင်မှာ၂၀၀၄ ခုနှစ်မှာ နောက်ဆုံး ၄ကြိမ်မြောက် အဖြစ်အနှစ်၂၀ နိုင်ငံရေးမှုနဲ့အကျဉ်းကျနေတဲ့ ကျွန်နော့်ဖခင်အလုံnldဥက္ကဌဦးဘမြင့်ဆီ ၆.၁၂.၁၁နေ့မှာ ရန်ကုန်စာတိုက်ကြီးက နေ ပို့တဲ့စာပါ။ ဒီစာမှာတော့ နိုင်ငံရေး၊စီးပွားရေး၊လူမှုရေးတွေနဲ့ဝန်ပိနေလို့ အဖေထောင်ဝင်စာမလာနိုင်တာစိတ်မကောင်းကြောင်းနဲ့ကျွန်တော်တို.သားအဖ ကြားနိုင်ငံရေးအတွက် ရုန်းကန်ခဲ့ရမှုဘ၀တွေ၊ ရုန်းကန်နေဆဲနဲ.လက်ရှိနိုင်ငံရေးအခြေအနေပါ။ အစိုးရနဲ့အချောင်သမားတွေပေါ်မှာ ကျွန်တော်တို့ထားတဲ့စိတ်သဘောထားတွေကို ခံစားနားလည်နိုင်သမျှ ရင်ထဲရှိတဲ့အတိုင်း ရေးထားတာပါ။ ကျွန်တော်ချစ်သောမိတ်ဆွေများ ဖတ်ကြည့်ပေးစေလိုပါတယ်။

အားလုံပေါ်မေတ္တာဖြင့်
ကိုလူမော်လတ်

0 ရန်ကုန်တွင် ပြုပြင်ပြောင်းလဲမှုအသံ ကျယ်လောင်လာသည်နှင့်အမျှ ကချင်ပြည်နယ်တွင် ပဋိပက္ခ ဆက်လက်ကြီးထွား

(VOA News မှ 8 Dec 2011 ရက်စွဲပါ “AS Reform lauded in Rangoon, Conflict in Kachin State” သတင်းဆောင်းပါးကို yangonchronicle ဘာသာပြန်ဆိုသည်)

ပြီးခဲ့သော ဇွန်လက တာပိန်မြစ်ပေါ်ရှိ တရုတ်-မြန်မာ ဖက်စပ်ရေလှောင်တမံ အနီးမှ ဖြစ်ရပ်ကြောင့် ကချင်ပြည်နယ်တွင် ၁၇ နှစ်ကြာ အပစ်အခတ် ရပ်စဲမှု အဆုံးသတ်သွားခဲ့လေသည်။ တိုက်ပွဲကာလ ၆ လနှင့် စစ်ပြေးဒုက္ခသည် ထောင်ပေါင်းများစွာ ထွက်ပေါ်လာပြီးနောက်တွင် မြန်မာအစိုးရသစ်က ပြုပြင်ပြောင်းလဲမှုများကို ဦးတည်၍ တိုးတက်မှုများရရှိနေသော်လည်း ကချင်ပြည်နယ်ကို နောက်တွင်ချန်ထားခဲ့သည်။

ယခုလ အစောပိုင်း မြန်မာနိုင်ငံခရီးစဉ်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပီာလာရီကလင်တန်က “သမ္မတ ဦးသိန်းစိန် ဦးဆောင်သော တစ်နှစ် သား အရပ်ဖက်အစိုးရသည် ပြုပြင်ပြောင်းလဲမှုများကိုဦးတည်၍ သိသာထင်ရှားသော တိုးတက်မှုများရရှိအောင် အမှန်တကယ် ပြုလုပ်နိုင်ခဲ့သော်လည်း ယခု ထက် ပို၍ လုပ်ဆောင်စရာများစွာ ကျန်နေသေးသည်ပာု ပြောကြားခဲ့သည်။

မြန်မာ့တပ်မတော်က နယ်စပ်ဒေသ တိုင်းရင်းသားများအား နှိပ်ကွပ်သော စီမံချက်ကို ဆက်လက်လုပ်ဆောင်နေသော မြန်မာနိုင်ငံအနောက်ပိုင်းမှ စစ်အင်အားသုံး စနစ်တကျအနိုင်ကျင့်မှုများမှာမူ အဆိုးဝါးဆုံးကိစ္စများထဲမှ တစ်ခုဖြစ်ပေသည်။ ရှမ်းပြည်တပ်မတော်-တောင်ပိုင်း(SSA-S)က မြန်မာအစိုးရ နှင့် အပစ်ရပ်သဘောတူညီချက် လက်မှတ်ထိုးလိုက်ပြီဖြစ်သော်လည်း ကချင်လွတ်မြောက်ရေးတပ်မတော် KIA မှာမူ ကံမကောင်းသေးပေ။ ပြဿနာကို နိုင်ငံရေးအဖြေရှာရန် မြန်မာတာဝန်ရှိသူများက ကမ်းလှမ်းခြင်းမရှိကြောင်း KIA ဗိုလ်ချုပ် ဂွမ်မော်၏ အကြံပေးဒူခေါင်က ပြောကြားသည်။

“သူတို့က (အစိုးရက) မြန်မာနိုင်ငံ ပြောင်းလဲနေပါပြီလို့ နိုင်ငံတကာကြေညာပါတယ်။ ပာုတ်ပါတယ် မြန်မာနိုင်ငံပာာ ပြောင်းလဲနေပါတယ်။ ဒီတိုက်ပွဲပာာလည်း အသေးအမွှားပါ။ ရက်အနည်းငယ်အတွင်း ပြီးသွားမှာပါ။ ဒါပေမယ့် နိုင်ငံရေးအရပြောရမယ်ဆိုရင် သူတို့က(အစိုးရက) နိုင်ငံရေးလှုပ်ရှား ဆန့်ကျင်တဲ့အုပ်စုအားလုံးကို ရည်ရွယ်ချက်ရှိရှိနဲ့ ဖယ်ရှားပစ်ချင်ကြတာပါ။ အစိုးရက ဒီတိုက်ပွဲကို ပြင်းပြင်းထန်ထန် အရှိန်မြှင့်လိမ့်မယ်လို့ ကျွန်တော်တို့ ယူဆထားပါတယ်။ အခုကိုပဲ ကျွန်တော်တို့ ဒေသမှာ တကယ်ဖြစ်ပွားနေပါပြီ” ပာု ဒူခေါင်က ဆိုသည်။

ယခုနောက်ဆုံးအစိုးရတပ်ဖွဲ့များ၏ ဖိအားပေးမှုမှာ နယ်စပ်မြို့ မဂျရန်ကို ခြိမ်းခြောက်နေခြင်းဖြစ်ပြီး အကြောင်းရင်းမှာ ရေအားလျှပ်စစ် စီမံကိန်း များနှင့် နီးကပ်ပြီး နယ်စပ်ကုန်သွယ်ရေးအချက်အချာဖြစ်နေ၍ မပာာဗျူပာာမြောက် အရေးပါသောကြောင့်ဖြစ်သည်ပာု ဒူခေါင်က ပြောကြားသည်။ အစိုးရ က လာမည့်ရွေးကောက်ပွဲများတွင် KIA ကို ပါဝင်ယှဉ်ပြိုင်ခွင့်မပေးလိုခြင်းကြောင့် ပြဿနာပဋိပက္ခအတွက် နိုင်ငံရေးအဖြေရှာရန် မျှော်လင့်ချက် ဆက်လက် မှေးမှိန်နေသည်ပာု ယင်းက ပြောကြားသည်။

ကယ်ဆယ်ရေးအဖွဲ့အစည်းများအား တိုက်ပွဲဒဏ်ခံနယ်မြေများသို့ သွားရောက်ခွင့် ပေးထားသည်ပာုဆိုသော်လည်း လတ်တလော ကုလသမဂ္ဂ အကဲဖြတ်မှုများအရ ဒုက္ခသည်လူထုထံသွားရောက် ကူညီနိုင်ရေးမှာ ပြဿနာတစ်ရပ်ဖြစ်နေကြောင်း၊ အိုးမဲ့အိမ်မဲ့ ဖြစ်နေသော ဒုက္ခသည်အရေအတွက် ကိုပင် အတိအကျ မသိနိုင်သည်အထိ ပြဿနာရှိနေကြောင်း သိရှိရသည်။ ကုလသမဂ္ဂ အကဲဖြတ် အစီရင်ခံစာက အဓိက စိုးရိမ်စရာမှာ စားနပ်ရိက္ခာနှင့် ရေမလုံလောက်မှုဖြစ်ပြီး ထိုပြဿနာကို ကချင်ပြည်နယ်အချို့ဒေသများတွင် အရေးပေါ်ဖြေရှင်းရန် လိုအပ်နေသည်ပာု တင်ပြထားသည်။ နိုင်ငံတကာ ဖွံ့ဖြိုး ရေးအစီအစဉ်များနှင့် ဒုက္ခသည်များအကြား ဆက်သွယ်မှုလမ်းကြောင်းကို ကြီးကြပ်ထိန်းသိမ်းပေးနေသော ကချင်အဖွဲ့အစည်းတာဝန်ရှိသူ ဒါရိုက်တာ လာရစ်က ကုလအကဲဖြတ် အစီရင်ခံစာပါ အချက်များကို အတည်ပြုပြောဆိုသည်။

“ဒုက္ခသည် အရေအတွက် အတိအကျ သိရှိနိုင်ဖို့ အရမ်းကိုခက်ခဲနေပါတယ်။ လောလောဆယ်တော့ ၃ သောင်းကျော်နေပါပြီ။ နိုင်ငံတကာ ဖွံ့ဖြိုး ရေး အစီအစဉ်တွေ၊ ကယ်ဆယ်ရေးအုပ်စုတွေအတွက် လက်ရှိ ကြီးမားတဲ့ ပြဿနာအခက်အခဲကတော့ စားနပ်ရိက္ခာ ပြတ်တောက်မှုပါပဲ” ပာု ယင်းက ပြောကြားသည်။

မြန်မာနိုင်ငံ နယ်စပ်ဒေသများတွင် ဆယ်စုနှစ်များချီ၍ လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားခဲ့ခြင်းကြောင့် အရပ်သားများကို ပစ်မှတ်ထားခြင်း၊ ကလေး သူငယ်စစ်သားများ အဓမ္မစုဆောင်းခြင်း၊ အကျဉ်းသားများကို ပေါ်တာအဖြစ်ခိုင်းစေခြင်း၊ လိင်အကြမ်းဖက်မှုကို စစ်လက်နက်သဖွယ်သုံးစွဲခြင်း၊ စသည်တို့ အပါအဝင် အစိုးရတပ်ဖွဲ့များ ကျုးလွန်သော စစ်ရာဇဝတ်မှုများ ကျယ်ကျယ်ပြန့်ပြန့် စနစ်တကျဖြစ်ပွားနေကြောင်း အထောက်အထားဖြင့် စွပ်စွဲမှုများ တသီ တတန်း ထွက်ပေါ်လာခဲ့သည်။

ကချင်ပြည်နယ်မှ စစ်ရာဇဝတ်မှုများအကြောင်း ဖော်ထုတ်ထားသော အစီရင်ခံစာကို မကြာသေးမီက ထုတ်ပြန်ခဲ့သည့် Bryan Erykson က ယခု လပိုင်းများအတွင်း ကချင်ပြည်နယ်မှ တိုက်ပွဲကြောင့် အိမ်ပစ်ယာပစ် ထွက်ပြေးနေရသော ဒုက္ခသည်အရေအတွက် ၃၀၀၀၀ အသာလေးကျော်နေပြီ ပာု ပြောကြားသည်။ “တောထဲမှာ နေ့တိုင်းဖြစ်ပွားနေတဲ့ ပစ်ခတ်မှုတွေကို ကျွန်တော်တို့ စောင့်ကြည့်နေတာပါ။ ပစ်ခတ်မှုအများစုက မှတ်တမ်းမှတ်ရာ မရှိပဲ ဖြစ် ပွားနေတာပါ။ ဒါကြောင့် ပြဿနာရဲ့ပမာဏကို အချိန်နဲ့ တစ်ပြေးညီ သိအောင်ကြိုးစားဖို့ ခက်ခဲပါတယ်။ ဒီတော့ နေရာတကာ မြို့တိုင်း၊ ရွာတိုင်းက အရေ အတွက် ၂၀၀ မှ ၂၀၀၀ ကြားလူတွေပာာ နေအိမ်တွေကနေ ဖယ်ပေးကြဖို့ အဓမ္မ မောင်းထုတ်ခံရတယ်ဆိုတာလောက်ပဲ ကျွန်တော်တို့ပြောနိုင်မယ် ထင်ပါ တယ်။ ကချင်ထိန်းချုပ်ထားတဲ့ နယ်မြေထဲမှာ နေရာကအခိုင်အမာ၊ အချက်အချာ ကျတယ်ဆိုရင် မြန်မာစစ်တပ်က ဝေးဝေးကို ဖယ်ခိုင်းတော့တာပါပဲ။ ဒီနည်းနဲ့ပဲ အရပ်သားတွေ နေစရာမရှိဖြစ်နေရတာကို ကျွန်တော်တို့မြင်တွေ့နေရပါတယ်”ပာု Erykson က ဆိုသည်။

Erykson က ဆက်လက်၍ “မြန်မာအစိုးရတပ်များ ကချင်ထိန်းချုပ်နယ်မြေထဲသို့ တိုးဝင်လာသည်နှင့်အမျှ ပိုမိုထင်ရှားသော လူ့အခွင့်အရေး ချိုးဖောက်မှု အထောက်အထားများ တွေ့ရှိရသည်။ ၎င်းအထောက်အထားများတွင် ခြိမ်းခြောက်နှိပ်စက်မှုများ၊ ဥပဒေပြင်ပ ခြိမ်းခြောက်သတ်ဖြတ်မှုများ၊ လူသားဒိုင်းကာအဖြစ် အသုံးပြုခြင်းများ ပါဝင်သည်” ပာု ပြောကြားသည်။

မြန်မာအရပ်ဖက်အစိုးရသစ်သည် နိုင်ငံရေးအကျဉ်းသားများ ထိန်းသိမ်းထားကြောင်း ဝန်ခံခြင်းဖြင့် တိုးတက်ပြောင်းလဲမှုကို ပြသခဲ့သော်လည်း နယ်စပ် ဒေသများတွင် စစ်ရာဇဝတ်မှု ကျုးလွန်နေခြင်းကိုမူ ယခုတိုင်ဝန်ခံခြင်း မရှိသေးပေ။

0 ပြည်ထဲရေးသို့ တက်လှမ်းပြီ........


ဥပဒေဟူသည် လွှတ်တော်မှသာမဟုတ် လိုအပ်ချိန်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိင်ငံတွင် ပြည်ထဲရေးဝန်ကြီးမှလည်း လုပ်ထုံးလုပ်နည်း၊နည်းဥပဒေများအား ပြဋ္ဌာန်းခွင့်ရှိကြောင်း၊ပြဋ္ဌာန်းချက်များအား ပြည်ထောင်စုအစိုးရအဖွဲ့မှ သဘောတူညီမှုဖြင့် ပြဋ္ဌာန်းမှသာ နိင်ငံသားရပိုင်ခွင့် အခွင့်အရေးများအား စတင်သုံးစွဲ ခံစားခွင့်ရှိမည်ဖြစ်ကြောင်း...ဒီမိုကရေစီ နိင်ငံတစ်ခု၏ အသွင်ပြောင်းကာလတွင် စတင်သိရှိ ရပြီဖြစ်သည်။
မှတ်ချက်။ ။ဥပဒေများအား လွှတ်တော်တစ်ရပ်မှမဟုတ်ပဲ ယခုကဲ့သို့ ကျင့်ကြံ သုံးစွဲနေသောအခြားနိင်ငံများရှိပါက သိရှိလိုပါသည်။
လေးစားလျှက်
ကိုဝေဠု

Friday, December 9, 2011

0 ရွှေသဘာဝဓါတ်ငွေ့စီမံကိန်း တာဝန်ခံ ဒေဝူး ဒေသခံပြည်သူ့အသံ ကိုနားထောင်ရမည်

ရက်စွဲ။ ။၂ဝ၁၁ ခုနှစ်၊ ဒီဇင်ဘာလ၉ရက် ရခိုင်ရေနံစောင့်ကြည့်ရေးအဖွဲ့သတင်းထုတ်ပြန်ချက်။

ရွှေသဘာဝဓါတ်ငွေ့စီမံကိန်း တာဝန်ခံ ဒေဝူး ဒေသခံပြည်သူ့အသံ ကိုနားထောင်ရမည်

ရခိုင်ပြည်နယ်ရှိ ရွှေသဘာဝဓါတ်ငွေ့စီမံကိန်းမှ ၂၄ နာရီလျှပ်စစ်မီးရရှိရေးကို ရခိုင်ပြည်သူများတောင်းဆို

ဒေဝူးကုမ္ပဏီဦဆောင်သော ရွှေသဘာဝဓါတ်ငွေ့စီမံကိန်းပေါ် ရခိုင်ပြည်သူများ မကျေမနပ်ဖြစ်မှု မှာကြီးထွားလာ နေသည်။ထိုစီမံကိန်းမှ ၂၄ နာရီလျှပ်စစ်မီးရရှိရေးလှုပ်ရှားမှုများသည်လည်း ရခိုင်ပြည်နယ်အနှံ့ ကျေးလက်၊ မြို့ပြဒေသများတွင် ပေါ်ပေါက်လျှက်ရှိသည်။“ငါတို့ရွှေဂက်(စ်)ကိုငါတို့သုံး ခွင့်ရှိရမည်၊ အခုချက်ချင်း ၂၄ နာရီမီးပေးပါ” စာတန်းပါ တီရှပ်၊ နံရံကတ်ပိုစတာ၊စတေကာ နှင့် ပြက္ခတိန် လှုပ်ရှားမှုများသည် ပြည်နယ်တဝန်း မြို့၊ရွာများ၌ဖြစ်ပွားလျှက်ရှိသည်။ လွတ်တော်ထဲတွင် ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးမှ မြန်မာအစိုးရသည် ရခိုင်ကမ်းလွန်ပင်လယ်ပြင်ရှိ ဓါတ်ငွေ့ သိုက်များမှထွက်ရှိသော ရွှေသဘာဝဓါတ်ငွေ့ကို ရခိုင်ပြည်နယ်တွင်သုံးစွဲရန် အစီအစဉ်မရှိ၊ တရုတ်ကို တင်ပို့ရောင်းချမည်သာဖြစ်သည်ဟု ပြောဆိုလိုက်ရာမှ ဤလှုပ်ရှားမှုများမှာ အဆက်မပြတ်ပေါ်ပေါက်လာခြင်းဖြစ်သည်။

စွမ်အင်ဝန်ကြီး ဦသန်းဌေး၏ထုတ်ပြန်ချက်အပေါ် အမေရိကန်နိုင်ငံအခြေစိုက် ရခိုင်-မြန်မာပညာရှင် ဒေါက်တာအေးကျော်က ဤသို့တုန့်ပြန်ထားသည်။ “ရခိုင်ပြည်ကထွက်ရှိတဲ့ ဓါတ်ငွေ့ နှင့် သဘာဝ သယံဇာတတွေအပေါ် ရခိုင်ပြည်သူတွေ အကျိုးခံစားခွင့် ရှိသင့်ပါတယ်။ အခုဆိုရင် ရခိုင်ပြည်သူတွေဟာ ရရှိသင့်၊ရထိုက်သင့်တဲ့ အကျိုးခံစား ခွင့်ကို ဘာတစ်ခုမှ မရရှိကြဘူး။ ဒါကြောင့် မြန်မာနိုင်ငံ ကို စစ်မှန်တဲ့ပြည်ထောင်စုလို့ ကျွန်တော်တို့ ပြောလို့မရဘူး။ ပြည်ထောင်စုလို့ပြောရင်လည်း တကယ့်လက်တွေ့မှာ ဒါဟာ အတုယောင် ပြည်ထောင်စုတစ်ခု သာဖြစ်နေပါတယ်”။

ရခိုင်ပြည်နယ်ရှိသဘာဝဓါတ်ငွေ့သိုက်သည် အာရှတိုက်၏ အကြီးမားဆုံသော သဘာဓါတ်ငွေ့သိုက် များအနက်တစ်ခုဖြစ်သည်။ သို့သော်လည်း ရခိုင်ပြည်နယ်မှာ မြန်မာနိုင်ငံ၌ ဒုတိယအဆင်းရဲဆုံး ပြည်နယ်တစ်ခုအဖြစ် ကမ္ဘာ့ကုလသမ္မဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်(UNDP)၏ ၂ဝ၁၁ ခုနှစ် အစီရင်ခံစာ၌ ဖေါ်ပြထားသည်။ရခိုင်ပြည်နယ်ရှိ ပြည်သူ ၃ သန်းကျော်မှာ အစိုးရကဖြန့်ဝေပေးသည့် လျှပ်စစ်မီးကိုမရ ရှိကြပေ။ရခိုင်ပြည်နယ်၏ အဓိကမြို့ကြီးများသာ တစ်ရက်လျှင် ပုဂ္ဂလိကကုမ္ပဏီများက ဖြန့်ဖြူးရောင်းချ ပေးသည့် လျှပ်စစ်မီး ၅နာရီ၊ ၆နာရီခန့် ကိုသာ ရရှိကြသည်။ရန်ကုန်မြို့နေ ပြည်သူတို့က လျှပ်စစ်သုံးစွဲခ တစ်ယူနစ်ကို ၂၅ ကျပ်ဈေးနှုန်းဖြင့်အစိုးရကိုပေးနေရချိန်တွင် ရခိုင်ပြည်နယ်ရှိပြည်သူတို့မှာ လျှပ်စစ် သုံစွဲခတစ်ယူနစ်ကို ၄ဝဝ မှ ၆ဝဝ ကျပ်နှုန်းဖြင့် ပုဂ္ဂလိက ကုမ္ပဏီများအား ပေးဆောင်နေရခြင်းဖြစ်သည်။

“ဒီရွှေဂက်(စ်)စီမံကိန်း ကိုရခိုင်ပြည်သူတွေပိုင်တယ်၊ ဒီရွှေဂက်(စ်)စီမံကိန်း ကရရှိတဲ့ အကျိုးအမြတ်ကို ရခိုင်ပြည်သူတွေခံစားပိုင်ခွင့်ရှိရမယ်။ ဒေသခံပြည် သူတွေတောင်းဆိုနေတဲ့ ရွှေဂက်(စ်)စီမံကိန်းက ၂၄ နာရီလျှပ်စစ်မီးရရှိရေး တောင်ဆိုချက်ကို လိုက်နာဆောင်ရွက်ပေးရေးဟာ ဒေဝူးဦးဆောင်တဲ့ ကုမ္ပဏီတွေအတွက် အင်မတန်မှ အရေးကြီးပါတယ်။ ဒါကိုသူတို့မလုပ်ပေးနိုင်ဘူးဆိုရင် သူတို့ကုမ္ပဏီတွေ မြန်မာပြည်ကထွက်ခွာ သွားသင့်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ရဲ့ရင်းနှီးမြှတ်နှံမှုစီမံကိန်းတွေဟာ ပြည်သူတွေအတွက်အကျိုးအမြတ်မဖြစ်ဘဲနစ်နာဆုံရှုံးမှုတွေသာဖြစ်နေလို့ပါပဲ။” ဟုရခိုင့်ရေနံစောင့်ကြည့်ရေးအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ကျော်ခိုင် ကပြောကြားသည်။ ရခိုင့်ရေနံစောင့်ကြည့် ရေးအဖွဲ့ သည် မြန်မာနိုင်ငံရှိ ရေနံနှင့်သဘာဝဓါတ်ငွေ့စီမံကိန်းများကို စောင့်ကြည့်လေ့လာနေသည့် အစိုးရ မဟုတ်သောအဖွဲ့အစည်းတစ်ခုဖြစ်သည်။

“၂ဝဝ၄ ခုနှစ်ရွှေဂက်(စ်)စီမံကိန်းကိုစတင်အကောင်ထည်ဖေါ်ဆောင်ရွက်ကတည်းကပင် ဒီစီမံကိန်း ကြောင့် ရခိုင်ပြည်နယ်၌ လူ့အခွင့်အရေးချိုးဖေါ်က်မှုများ နှင့်သဘာဝ ပတ်ဝန်း ကျင်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်နေပါတယ်။အထူးသဖြင့် စီမံကိန်းကြောင့် တံငါသည်များနှင့် တောင်သူလယ်သမားများ၏ လူမှုဘဝ အခြေအနေများပျက်စီးဆုံးရှုံးလျက်ရှိပါတယ်။” ဟု ကျော်ခိုင် မှ ဆက်ပြောသည်။

ရွှေသဘာဝဓါတ်ငွေ့စီမံကိန်းသည် သဘာဝသယံပေါများသောရခိုင်ပြည်နယ်မှ သာမက မြန်မာနိုင်ငံဒေသ အရပ်ရပ်မှလည်း သယံဇာတရင်မြစ်များကိုပါ ဖြုန်းတီးလိုက်ခြင်းဖြစ်သည်။ တိုင်းပြည်ကထွက်ရှိသည့် သဘာဝဓါတ်ငွေ့နှင့် ရေအားလျှပ်စစ် အမြောက်အများကို ၎င်း၏အိမ်နီးချင်း နိုင်ငံများဖြစ်သော ထိုင်းနှင့် တရုတ်နိုင်ငံတို့ကိုတင်ပို့ရောင်းချနေသော်လည်း ဒေသတွင်းတွင်မြန်မာသည် ၂၄ နာရီလျှပ်စစ်မီးကို အသုံးမပြုနိုင်သော တစ်ခုတည်းသောနိုင်ငံဖြစ်နေသည်။

မြန်မာအစိုးရသည် ရွှေဂက်(စ်)စီမံကိန်းမှ နေ့စဉ် သဘာဝဓါတ်ငွေ့ပမာဏ ကုဗပေသန်း (၅ဝဝ) ကို နှစ်ပေါင်း (၃ဝ) ကြာအောင်ထိထုပ်ယူရန်စီစဉ်ထားသည်။ကုဗပေသန်း၎ဝဝ ကိုတရုတ်ကိုတင်ပို့ ရောင်းမည်ဖြစ်ပြီး ကျန်ရှိသော ကုဗပေ သန်း (၁ဝဝ) ကို အစိုးရပိုင်စက်ရုံများ၊စစ်တပ်ပိုင်စက်ရုံများ နှင့် အစိုးရနှင့်နီးစပ်သည့် စီပွားရေးပိတ်ဆို့မှုစရင်းဝင်သူများဖြစ်သည့် လက်နက်မှောင်ခို တေဇ ပိုင်ဆိုင်သော ထူးဘိလပ်မြေစက်ရုံ၊ ဘိန်းဘုရင်လော်စစ်ဟန်ပိုင်ဆိုငသော အေးရှားဝေါလ် ဘိလပ်မြေစက်ရုံ၊ ဇော်ဇော်၏ အိုင်ဂျီအီး ဘိလပ်မြေစက်ရုံ နှင့် အောင်ကိုဝင်း ပိုင်ဆိုင်သော ကမ္ဘောဇဘိလပ်မြေစက်ရုံ များအပါအဝင်စက်ရုံပေါင်း ငါးဆယ်ကျော် ကို ဖြန့်ဖြူးပေးမည်ဖြစ်သည်။

ရွှေသဘဝဓါတ်ငွေ့ကို ၂ဝ၁၃ ခုနှစ်မှစတင်၍ တရုတ်နိုင်ငံသို့ နှစ်ပေါင်း(၃ဝ)ကြာအောင်ထိ တင်ပိုမည်ဖြစ်ရာ ထိုသို့တင်ပို့ရာ၌ မြန်မာအစိုးရသည် ခန့်မှန်းခြေဝင်ငွေအမေရိကန်ဒေါ်လာ ၂၉ ဘီလီယံခန့်ကိုရရှိမည်ဖြစ်သည်။

”ဓါတ်ငွေ့တင်ပို့ရာကရတဲ့ ဘဏ္ဍာငွေတွေကို ရခိုင်ပြည်နယ် အတွက် သော်လည်းကောင်း၊ နိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးမှာသော်လည်းကောင်း သုံးစွဲမယ်ဆိုတမသေချာပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အစိုးရမှာ ဘဏ္ဍာငွေစီမံခန့်ခွဲမှုဆိုင်ရာပွင့်လင်းမြင်သာ တဲ့စနစ်မရှိဘူး။ နောက်ပြီးဓါတ်ငွေ့ ရောင်းလို့ရတဲ့ငွေတွေ ကိုဘယ်နည်း၊ဘယ်ပုံသုံစွဲမယ် ဆိုတာကိုထုတ်ဖေါ် ပြောကြားထား တာလည်းမရှိပါဘူး။” ဟုကျော်ခိုင်ကပြောသည်။

လက်ရှိ ရွှေသဘာဝဓါတ်ငွေ့ အစုရှယ်ယာများကို ကိုရီးယားနိုင်ငံဒေဝူးအင်တာနယ်ရှင်နယ်က ၅၁%၊ ကိုရီးယားနိုင်ငံပိုင် KOGAS ကုမ္ပဏီက ၈% ၊အိန္ဒိယနိုင်ငံ ONGC ကုမ္ပဏီက ၁၇% ၊အိန္ဒိယနိုင်ငံ GAIL ကုမ္ပဏီက ၉%၊ နှင့် မြန်မာစ်အစိုးရပိုင် မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေလုပ်ငန်း MOGE က ၁၅% စီ အသီးသီးပိုင်ဆိုင်ထားကြပါတယ်။
AOW Press Release _Shwe Gas Project Operator Daewoo Must Listen to Local People Voices
Contact:

Jockai Khaing (Executive Director)

Email: Jockai@arakanoilwatch.org

Phone: +66 82 184 1335



Thu Rein (Campaign Coordinator)

Email: Thurein@arakanoilwatch.org

Phone: +66 88 157 328


Info@arakanoilwatch.org

www.arakanoilwatch.org

0 Artist in Exile: A Profile of Chaw Ei Thein (ရုပ်/သံ)


This video was produced for freeDimensional, an NGO working with international artists who are living in the United States under political asylum after facing persecution in their home countries based on their art.

The goal of freeDimensional is to support culture in the service of free expression, justice and equality.

0 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှုးဟောင်း ဦးလွင်၏ ကိုယ်ရေးအထ္ထုပတ္တိအကျဉ်း



Photo..AP.Reuters

ဦးလွင် (ဗိုလ်မှူးကြီးမောင်လွင် - အငြိမ်းစား)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အတွင်းရေးမှုး

(၁၉၂၄ - ၂၀၁၁)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှုးဟောင်းဖြစ်တဲ့ ဦးလွင်ဟာ ဒီဇင်ဘာလ ၆ ရက်နေ့ ည ၈း၄၀ အချိန်က လူကြီးရောဂါနဲ့ အမှတ် (၁၅ A) ကမ္ဘောဇရိပ်သာ နေအိမ်မှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၈၈ နှစ် ရှိပြီဖြစ်ပါတယ်။ ကွယ်လွန်ချိန်မှာ သမီးဖြစ်သူ ဒေါ်စုစုလွင်နှင့် သားမက် ဦးထင်ကျော် (စာရေးဆရာ ဒလဘန်း) နှင့် မြေး ၃ ဦး ကျန်ရစ်ခဲ့ပါသည်။

ကိုယ်ရေးအထ္ထုပတ္တိအကျဉ်း

- သုံးခွမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ အဖွဲ့ဝင်။

- ၁၉၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့တွင် အဖ ဦးဘသာနှင့် အမိ ဒေါ်သိန်းတို့မှ မွေးဖွားသည်။

- ဒုတိယကမ္ဘာစစ်ကြီးမတိုင်မီ ၁၉၄၂ ခုနှစ်၊ ရန်ကုန်မြို့တွင် သူငယ်တန်းမှ ဆယ်တန်းအထိ ပညာသင်ကြားခဲ့။

- ၁၉၄၂ ခုနှစ်မှ ၁၉၄၅ ခုနှစ်အထိ ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA)၊ ဗမာ့ကာကွယ်ရေး တပ်မတော် (BDA)၊ ဗမာ့မျိုးချစ်တပ်မတော် (PBF) တို့တွင် ပါဝင်ခဲ့သည်။ BDA ပထမအပတ် ဗိုလ်သင်တန်းဆင်း၊ ဂျပန်ပြည် ဘုရင့်တပ်မတော် စစ်တက္ကသိုလ် ကျောင်းဆင်းဖြစ်သည်။ ၁၉၄၆ ခုနှစ်တွင် ပြန်တမ်းဝင်အရာရှိဖြစ်လာပြီး ၁၉၄၆-၅၈ ခုနှစ်တွင် သနက(၅)၊ အမှတ် (၇) ခြေလျင် တပ်ပေါင်းစုဌာနချုပ်၊ ကချင် (၁)၊ ခမရ (၁ဝ၄) တို့တွင် ဗိုလ်မှူးကြီးအဆင့်အထိ တာဝန် ထမ်းဆောင်ခဲ့သည်။

- ၁၉၅၂ မှ ၁၉၅၄ ခုနှစ်အထိ အဆင့်မြင့် စစ်သင်တန်းများကို အင်္ဂလန်ပြည် စစ်တက္ကသိုလ်များတွင် တက်ရောက်ခဲ့သည်။

- ၁၉၅၉ ခုနှစ်တွင် ဗိုလ်မှူးကြီးအဆင့်ဖြင့် စစ်သံမှူး (အမေရိကန် ပြည်ထောင်စု)၊ ၁၉၆၃ ခုနှစ်တွင် လပခ ဒုတိယတိုင်းမှူး၊ ၁၉၆၄ ခုနှစ်တွင် ရတခ တိုင်းမှူး၊ ၁၉၆၉ ခုနှစ်တွင် အမျိုးသားစီမံကိန်းဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ၁၉၇၁ တွင် တပ်မတော်မှ ပြန်တမ်းဝင်အရာရှိ အလုပ်ဝတ္တရားများကို ပြန်လည်အပ်နှံခွင့်ပြုခဲ့။

- စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီး၊ ၁၉၇၄ ခုနှစ်တွင် ဒုတိယဝန်ကြီးချုပ်၊ ၁၉၇၇ ခုနှစ်တွင် တတိယအကြိမ် ပါတီညီလာခံ၌ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်အဖြစ် ရွေးချယ်မခံတော့ဘဲ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီးမှ နိုင်ငံတော်ကောင်စီဝင်၊ ၁၉၈ဝ ပြည့်နှစ်တွင် အနားယူခဲ့။

- လွတ်လပ်ရေးမော်ကွန်းဝင် ပထမအဆင့်၊ နိုင်ငံ့ဂုဏ်ရည် ပထမအဆင့်၊ သီရိပျံချီဘွဲ့တို့ ချီးမြှင့်ခြင်း ခံခဲ့ရ။

- ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီး ပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် ဘဏ္ဍာရေးမှူး အဖြစ် တာဝန်ယူခဲ့။

- ဦးတင်ဦး၊ ဦးကြည်မောင်၊ ဒေါ်အောင်ဆန်းစုကြည်တို့ ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် ၁၉၉၁ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့တွင် ပြန်လည်ဖွဲ့စည်းခဲ့သည့် အလုပ်အမှုဆောင်အဖွဲ့တွင် အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သည်။

- ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွတ်မြောက်လာပြီးနောက် ၁၉၉၅ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့တွင် ပြန်လည်ဖွဲ့စည်းသည့် ဗဟို အလုပ်အမှုဆောင် ကော်မတီ၌ အတွင်းရေးမှူးအဖြစ် ဆက်လက်တာဝန်ပေးအပ်ခြင်းခံခဲ့ရ။

- ၂ဝဝ၃ ခုနှစ်၊ မေလ ၃ဝ ရက်နေ့ ဒီပဲယင်းအရေးအခင်းကြီး ဖြစ်ပွားစဉ် နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပြီး ၂ဝဝ၄ ခုနှစ်၊ ဧပြီလ ၁၃ ရက်နေ့တွင် ပြန်လည် လွတ်မြောက်လာခဲ့။

- ဇနီးမှာ ဒေါ်တင်တင်မလေးဖြစ်ပြီး သမီး ဒေါ်စုစုလွင်၊ သား ဦးကျော်ဆန်းလွင်တို့ ထွန်းကားခဲ့။

အေးမြတ်ထက် (BurmaVJ Media Network)

0 ထောင်တွင်းက ရရှိခဲ့တဲ့ အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့တဲ့ ဗကသ ကျောင်းသား ခေါင်းဆောင် တစ်ဦး ဖြစ်တဲ့ ကိုဇော်လင်းထွန်းရဲ့ ရက်လည်ဆွမ်းကျွေး အခမ်းအနား


ထောင်တွင်းက ရရှိခဲ့တဲ့ အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့တဲ့ ဗကသ ကျောင်းသား ခေါင်းဆောင် တစ်ဦး ဖြစ်တဲ့ ကိုဇော်လင်းထွန်းရဲ့ ရက်လည်ဆွမ်းကျွေး အခမ်းအနားကို ဒီဇင်ဘာလ ၆ ရက်နေ့က သူ့ရဲ့မွေးရပ်မြေဖြစ်တဲ့ ပဲခူးတိုင်း ကျောက်တံခါး မြို့နယ်မှာ ပြုလုပ်ခဲ့ပါတယ်။

အဲ့ဒီဆွမ်းကျွေးကို ကျောင်းသားလူငယ်တွေ၊ ရန်ကုန်မြို့က ဒီမိုကရေစီအရေး လှုပ်ရှားသူတွေနဲ့ ကျောက်တံခါး မြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တွေ လာရောက်ခဲ့ကြ...ပါသည်။
ကိုဇော်လင်းထွန်းဟာ ဗကသ ကျောင်းသား ခေါင်းဆောင် တစ်ဦးဖြစ်ပြီး ၂၀၀၃ ခုနှစ်က ဗကသ ပြန်လည်ဖွဲ့စည်းရေး အတွက် ကြေညာချက်ထုတ်ပြန်ခဲ့တဲ့အတွက် အသင်းအဖွဲ့ ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေ၊ မတရားအသင်းဥပဒေ၊ လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေတွေအရ ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခြင်းခံခဲ့ရသူဖြစ်ပါတယ်။
အင်းစိန်ထောင်တွင်း အကျဉ်းကျခံနေရစဉ် ကျန်းမာရေး ဆိုးရွားလာတဲ့အတွက် ဆေးစစ်ရာမှ အသည်း ကင်ဆာ ရောဂါနဲ့ ၃ လမှ ၆ လအထိသာ အသက်ရှင်သန်ခွင့်ရတော့မယ် ဆိုတော့မှ အောက်တိုဘာလ ၁၂ ရက်နေ့မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးတာ ခံခဲ့ရသူ ဖြစ်ပါတယ်။
ကိုဇော်လင်းထွန်းဟာ ထောင်တွင်းကနေ ရရှိခဲ့တဲ့ အသည်းကင်ဆာရောဂါနဲ့ နိုဝင်ဘာလ ၃၀ ရက်နေ့က ကွယ်လွန်ခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၃၈ နှစ်ရှိပြီ ဖြစ်ပါတယ်။
Burma VJ Media Network

Thursday, December 8, 2011

3 THE LADY ရုပ်ရှင်ကြည့်ခဲ့သူတယောက်၏အမြင်( ညီလင်းသစ်)



မနေ့ညက အဲဒီရုပ်ရှင် သွားကြည့်ဖြစ်ပါတယ်၊ လူများ,မများ မသိနိုင်တာနဲ့ ရုပ်ရှင်မစမီ နာရီဝက် ကျော်ကျော်လောက် ကတည်းက ကြိုရောက်နေ ဖြစ်တယ်၊ လက်မှတ်ဝယ်ဖို့ တန်းစီရင်း ခုံနေရာ ဘယ်လောက် ကျန်သေးသလဲ ပြတဲ့ မော်နီတာကို ကြည့်လိုက်တော့ ၈၀ ရာခိုင်နှုန်း လောက်ကို ကျန်နေသေးတာ တွေ့ရတယ်၊ ဒါနဲ့ အေးအေးဆေးဆေးပဲ ဖြစ်သွားတယ်..၊ ပြမယ့် ခန်းမထဲကို ဝင်လို့ရပြီ ဆိုတာနဲ့ ကျနော်တို့ ဝင်ထိုင်နေလိုက်ပြီး နည်းနည်းစီ ဝင်လာနေတဲ့ လူတွေကို ငေးကြည့်နေ မိတယ်၊ ကျနော့်စိတ်ထဲမှာ ဒီလိုဇတ်ကားမျိုးကို လာကြည့်သူတွေဟာ ဘယ်လိုလူမျိုး တွေများ ဖြစ်နိုင်မလဲလို့ အရမ်း သိချင်နေမိတယ်၊ မြန်မာပြည်ကို ရောက်ဖူးသူတွေလား၊ ဒါမှမဟုတ် မကြာခင်မှာ သွားမယ့်သူတွေလား၊ ဒါမှမဟုတ် ကမ္ဘာ့နိုင်ငံရေးကို စိတ်ဝင်စားလို့ ဒုက္ခနွံထဲက မတက်နိုင်သေးတဲ့ နိုင်ငံလေးနဲ့ အဲဒီအထဲက အမျိုးသမီး တစ်ယောက် အကြောင်း ပိုပြီး သိချင်သူတွေ များလား၊ ဒါမှမဟုတ် Luc Besson ဘာပဲရိုက်ရိုက် ကြည့်လိုက်မယ် ဆိုသူတွေလား...၊

ကျနော့်စိတ်ထဲ တွေးနေမိတာကို ဘေးက မအိမ်သူကို ပြောတော့ အင်မတန် လက်တွေ့ကျတဲ့ အကြံဥာဏ်ကို ပေးတယ်၊ 'သိချင်ရင် လိုက်မေးကြည့် ပါလား' တဲ့..၊ ဝင်လာသူတွေ ကတော့ ကျနော် မျှော်လင့်ထားသလို သက်လတ်ပိုင်းနဲ့ သက်ကြီးပိုင်းတွေ များတယ်၊ မြန်မာ တစ်ယောက်တလေများ ကံကောင်းစွာနဲ့ ပါလာမလားလို့ တစ်ယောက်မှ အလွတ်မပေးဘဲ ထိုင်ကြည့်နေသေးတယ်၊ အာရှသူလို့ ယူဆရတဲ့ အမျိုးသမီး တစ်ယောက်ကို တွေ့လိုက်ရတာက လွဲရင် ကျန်တဲ့ ပရိတ်သတ်တွေက အနောက်တိုင်းသား တွေချည်းပါပဲ၊ ဒီလို ရုပ်ရှင်မျိုးကို ကြည့်ပြီး ပြန်အထွက်မှာ တခြားမြန်မာ လူမျိုးတွေရဲ့ အမြင်ကို ကြားချင်၊ သိချင်မိတယ်၊ အဲဒီလိုနဲ့ ခန်းမထဲမှာ မီးတွေ မှောင်သွားခဲ့တယ်....၊

ဗိုလ်ချုပ်က သူ့သမီးလေးကို အစဉ်အလာ ကြီးခဲ့တဲ့ မြန်မာ့သမိုင်းကို ပြောပြနေတဲ့ အခန်းနဲ့ ဇတ်လမ်း စ,ပါတယ်၊ အဲဒီ အခန်းမှာ ပုဂံရဲ့ အရုဏ် တက် မြင်ကွင်းတွေကို ကြိုကြားကြိုကြား ညှပ်ပြီး ပြသွားတယ်၊ ပုဂံဟာ မြင်ကွင်းကျယ် ပိတ်ကားပေါ်မှာ ကြည့်ရတာ ပိုပြီး ကျက်သရေ ရှိနေသလိုပဲ၊ အဲဒီနောက်တော့ အတွင်းဝန်ရုံး လုပ်ကြံ သတ်ဖြတ်မှု၊ သိပ်မကြာခင်မှာပဲ ဒေါ်ခင်ကြည် နေမကောင်းလို့ မြန်မာပြည် ပြန်လာရတဲ့ အမေစု အခန်းတွေကို ပြပါတယ် ။

ပြီးတော့ ၈၈ အရေးတော်ပုံ၊ NLD ဖွဲ့စည်းမှု၊ ရွှေတိဂုံ ညီလာခံ.. စတာတွေ ဆက်လာပါတယ်၊ ဒီအခန်းတွေကို ပြတဲ့အခါ အများသိတဲ့ အတိုင်း ယိုးဒယားနယ်စပ်မှာ တူနိုင်သလောက် အတူဆုံး ဆက်တင်လုပ်ပြီး ရိုက်ထားတဲ့ အခန်းတွေနဲ့ ရန်ကုန်မြို့က တကယ့်နေရာတွေကို ရောမွှေပြီး ပြသွားတယ်၊ ဒီဇတ်ကား ရိုက်ဖို့ ဆုံးဖြတ်ပြီးတဲ့အခါ ဘာမှ မစသေးခင် ဒါရိုက်တာ Luc Besson နဲ့ အဖော် ၂ ယောက်က မြန်မာပြည်ကို လာပြီး ရှုခင်း၊ မြင်ကွင်းတွေကို ကင်မရာ အသေးလေးနဲ့ ၁၇ နာရီစာ ရိုက်သွားခဲ့တယ်လို့ ဆိုပါတယ်၊ အခု အဲဒီရှုခင်းတွေကို ဒီလို နေရာတွေမှာ ပြန်သုံးထားတာ ဖြစ်ပါတယ်၊ အမေစုရဲ့ အမှတ် ၅၄ အိမ်ကိုတော့ ယိုးဒယား နယ်စပ်မှာ တပုံစံတည်း ပြန်ဆောက်ပြီး ရိုက်ပါတယ်၊

ဇတ်လမ်းက အမေစုအဖြစ် သရုပ်ဆောင်တဲ့ မီရှဲလ်ယိုး (Michelle Yeoh) နယ်တွေကို စည်းရုံးရေး ခရီးထွက်တာ၊ နောက်တော့ နေအိမ် အကျယ်ချုပ် ထိန်းသိမ်းခံရတာတွေ ဆက်ပြတယ်၊ မီရှဲလ်ယိုးက ဇတ်ဝင်ခန်းတွေမှာ မြန်မာစကားကို သွက်သွက်လက်လက် ပြောနိုင်အောင် ကျင့်ထားတာ တွေ့ရပေမယ့် လေသံကတော့ အတော်လေး ဝဲတယ်၊ ဒီနေရာမှာ သူ့အသံနဲ့ ခပ်ဆင်ဆင်တူ နိုင်မယ့် မြန်မာ အမျိုးသမီး တစ်ယောက်ကို စကားပြောခိုင်းပြီး နောက်ခံအသံ ထပ်မယ်ဆိုရင် ဖြစ်နိုင်ပေမယ့် ကျနော်ကတော့ သူကိုယ်တိုင် ပြောတာကိုပဲ ပိုသဘောကျတယ်၊ ဒါဟာ သူ့ရဲ့ အားထုတ်မှု မဟုတ်လား၊ အစ တစ်ကြောင်း၊ နှစ်ကြောင်းလောက်မှာ နားထဲ တမျိုးဖြစ်ပေမယ့် နောက်တော့လည်း အသားကျ သွားပါတယ်။

မြန်မာ စစ်ဗိုလ်ချုပ်တွေရဲ့ ဇတ်ဝင်ခန်းတွေကိုလည်း အတတ်နိုင်ဆုံး ပီပြင်အောင် ကြိုးစားထားတာ တွေ့ရတယ်၊ ဒါပေမယ့် တချို့ဗိုလ်ချုပ်တွေက မျက်နှာကြည့်လိုက် တာနဲ့ ထိုင်းလူမျိုးမှန်း သိသာသလို တချို့ကလည်း မြန်မာစကား ပြောတဲ့လေသံ အရမ်း ဝဲလွန်းတာ သတိထား မိတယ်၊ စစ်ဗိုလ်၊ စစ်သားနဲ့ ပတ်သက်တာတွေ ပြရင် အများအားဖြင့် ရက်စက်၊ ကြမ်းတမ်းမှု၊ ကောက်ကျစ်မှုကို ပြနိုင်ဖို့ ကြိုးစားတာ တွေ့ရတယ်၊ ဒီအတိုင်း ဟုတ်လိုက်လေဗျာ-လို့ ဆိုရမယ့် အခန်းတွေ ရှိသလို ဇတ်နာအောင် သာသာထိုးထိုးလေး လုပ်ထားတာတွေလည်း ပါတယ်လို့ ပြောရမှာ ပါပဲ၊ ဒါဟာ ခံစားမှုကို ဦးစားပေးတဲ့ ရုပ်ရှင် မဟုတ်လား...၊

ဇတ်လမ်းရဲ့ အရေးပါတဲ့ အခန်းတစ်ခု ဖြစ်သလို ကျနော်လည်း အကြိုက်ဆုံး ဇတ်ဝင်ခန်းကတော့ အမေစုကို နိုဘယ်လ် ငြိမ်းချမ်းရေးဆု ပေးတဲ့အခန်းပါပဲ၊ အော်စလိုမြို့က ဆုပေးပွဲ ခန်းမ၊ အခမ်းအနား အပြင်အဆင်မှ စပြီးတော့ နောက်ဆုံး ဆုလက်ခံ ယူတဲ့ မိုက်ကယ်လ်အဲရစ်စ်၊ အလက်ဇန်းဒါးနဲ့ ကင်မ်တို့ ရပ်နေတဲ့ ပုံစံ အနေအထား အသေးစိတ်ကအစ ဂရုစိုက်ထားတာ သတိထား မိတယ်၊ တဖက်ကလည်း ရန်ကုန်က အိမ်ကြီးထဲမှာ အမေစု တဖြစ်လဲ မီရှဲလ်ယိုးက ရေဒီယို အဟောင်းကြီး တစ်လုံးကို နားထောင်နေတယ် ။

သူ့ကိုယ်စား မိသားစုကို ဆုလက်ခံယူဖို့ ဖိတ်ခေါ်လိုက် ချိန်မှာပဲ မီးပြတ်သွားတယ်၊ သူနဲ့အတူ ရေဒီယို နားထောင်နေတဲ့ အဖော် အမျိုးသမီးက ရေဒီယိုအသေးလေး ပြေးယူတယ်၊ အဲဒီအချိန် အခမ်းအနားကို လွတ်သွားမှာစိုးလို့ အမေစုက စိတ်လှုပ်ရှား နေတယ်၊ ရေဒီယို ရောက်လာတော့ အထဲမှာ ဓါတ်ခဲ မရှိပြန်ဘူး၊ အဲဒါနဲ့ လက်နှိပ်ဓါတ်မီးထဲက ဓါတ်ခဲတောင့်တွေထုတ်၊ ရေဒီယိုထဲ အမြန်ထည့်ပြီး ဖွင့်နားထောင် လိုက်တော့ သားကြီး အလက်ဇန်းဒါးက ကျေးဇူးတင်စကား ပြောနေခဲ့ပြီ၊ အမေစုကတော့ သားရဲ့အသံကို မျက်ဝန်းတွေ တလက်လက်နဲ့ နားထောင် နေတယ်။

ကျေးဇူးတင်စကား ပြောအပြီးမှာ ဂုဏ်ပြုအော်ခက်စထရာက တေးသွားတစ်ပိုဒ်ကို တီးမှုတ်လိုက်တယ်၊ ကျနော် အရမ်းကြိုက်တဲ့ Pachelbel Canon တူရိယာသက်သက် တေးသွား..၊ စန္ဒရားနဲ့ ချယ်လိုကို အားပြုထားတဲ့ တေးသွား...၊ အဲဒါကို ရေဒီယိုကနေ ကြားရတဲ့အခါ အမေစုက တဖက်ကနေ စန္ဒရားကို အသာအယာ လိုက်တီးပါတယ်..၊ မိသားစုနဲ့ ဝေးပြီး တစ်ဦးတည်း ပိတ်လှောင်ခံထားရတဲ့ အိမ်ကြီးထဲမှာ စိတ်ဓါတ်မာကျော ပါတယ်ဆိုတဲ့ အမျိုးသမီး တစ်ယောက်ကတော့ ညအမှောင်ထဲ စန္ဒရားခလုတ်တွေကို အသာအယာ တို့ထိလို့...၊ အဲဒီမြင်ကွင်းကို အလင်းအမှောင် နိုင်နိုင်၊ နောက်ခံဂီတ အားကောင်းကောင်းနဲ့ ပံ့ပိုးလိုက်တဲ့အခါ အမျိုးစုံတဲ့ ခံစားမှုတွေက ရင်ဘတ်ထဲမှာ ပြည့်ကျပ် လာတော့တယ်၊

ကျနော် ပြန်ပြောချင်တဲ့ နောက်တစ်ခန်းကတော့ ကင်ဆာရောဂါနဲ့ သိပ်မနေရတော့မယ့် အကြောင်း ရေးထားတဲ့ မိုက်ကယ်လ်အဲရစ်စ်ဆီက စာကို ဖတ်အပြီးမှာ ဗြိတိသျှ သံရုံးကတဆင့် အမေစုက ဖုန်းဆက်တဲ့ အခန်းပါ၊ အသံလှိုင်းတွေ သိပ်မကြည်တဲ့ ဖုန်းကို မျက်ဝန်းမှာ မျက်ရည်တွေ ဝဲပြီး ပြောတဲ့အခန်း...၊ 'ကျမ ပြန်လာဖို့များ လိုနေမလားဟင်' ဆိုတဲ့ စကားလေးကို ပြောချလိုက်တဲ့ မီရှဲလ်ယိုးရဲ့ မျက်နှာမှာ အရိပ်တွေ အများကြီး ဖြတ်ပြေးသွားတယ်၊ မိသားစု၊ သေကောင်ပေါင်းလဲ ခင်ပွန်း၊ နောက်ဆုံးကြားခြင်း ဖြစ်ကောင်းဖြစ်မယ့် အသံ၊ အချုပ်အနှောင်၊ သောက၊ ပြည်သူလူထု၊ ဒုက္ခဆင်းရဲ... အဲဒါတွေ အကုန်လုံးကို အဲဒီ စက္ကန့်ပိုင်းလေးမှာ မီရှဲလ်ယိုးရဲ့ မျက်နှာမှာ တွေ့လိုက်ရတယ်၊ ရင်နင့်ရတဲ့ အခန်းပါပဲ၊ တိတ်ဆိတ်နေတဲ့ ရုံထဲမှာ ကျနော့်ဘေးက မအိမ်သူလိုပဲ တိတ်တဆိတ် ရှိုက်သံတွေ ကြားနေရတယ်..၊

သရုပ်ဆောင်တွေ အဖြစ် မိုက်ကယ်လ်အဲရစ်စ်၊ အလက်ဇန်းဒါး၊ ကင်မ် တို့ရဲ့ ရုပ်သွင်၊ အမူအရာတွေ အတော်လေး တူပေမယ့် အမေစုရဲ့ ကာရိုက်တာကို ခံစားယူရတာတော့ လွယ်မယ့်အလုပ်လို့ ကျနော် မထင်ပါဘူး၊ ဒါပေမယ့် အရပ်အမောင်း၊ မျက်နှာသွင်ပြင်ခြင်း ဆင်သလို ရှိတဲ့ အာရှ သူ မင်းသမီး မီရှဲလ်ယိုးက အတော်လေးကောင်းအောင် သရုပ်ဆောင်သွား နိုင်တာ တွေ့ရပါတယ်၊ အထူးသဖြင့် တချို့အခန်းတွေမှာ အမေစုရဲ့ အကြည့်ကို 'ဖမ်း' နိုင်တာ သတိထား မိတယ်၊ ဇတ်လမ်းထဲမှာ မျက်ရည်ဝဲတာ..၊ မျက်ရည်ကျတာတွေ ပါ,ပါတယ်၊ အမေစုကော.. အပြင်မှာ ဒီလိုမျိုး ရှိဖူးလား? ကရုဏာတရား ကြီးမားလှတဲ့ အဲဒီမျက်ဝန်းတွေ ထဲမှာ မျက်ရည်တွေ ရစ်ဝဲနေတာ မြင်တွေ့ဖူးသူ မရှိသလောက် နည်းပါးလိမ့်မယ်လို့ ထင်ပါတယ်၊ ဒါပေမယ့် ဒီတိုင်းပြည်ကို ချစ်လွန်းတဲ့ ဒီအမျိုးသမီးကြီး ဟာလည်း သူ့ရဲ့ ကိုယ်ပိုင် မိသားစု အတွက် ငိုကြွေးရချိန်တွေ ရှိလိမ့်မှာ အသေအချာပါ၊ အနည်းဆုံး ရင်ထဲက နက်ရှိုင်းတဲ့ တစ်နေရာမှာ ဖြစ်ဖြစ်ပေါ့၊ ဘာပဲဖြစ်ဖြစ် အခုကတော့ ခံစားမှုကို နှိုးဆွရမယ့် ရုပ်ရှင်ဖြစ်လို့ ဒီလိုမျိုး သာသာထိုးထိုး ရှိနိုင်တာ သဘာဝပါပဲ၊

ဒီရုပ်ရှင်နဲ့ ပတ်သက်ပြီး ပြင်သစ်ဒါရိုက်တာ Luc Besson ကို အင်တာဗျူးတွေမှာ မေးကြတယ်၊ 'ခင်ဗျားရဲ့ ရုပ်ရှင်ကို ဒေါ်အောင်ဆန်းစုကြည်သာ ကြည့်ခွင့်ရရင် ဘာပြောမယ်လို့ ထင်သလဲ'..တဲ့၊ သူက ဖြေတယ်၊ 'ဖြစ်နိုင်တာ နှစ်ခုပါပဲ၊ ဒေါ်စုက ဟက်ဟက်ပက်ပက် ရယ်မောပြီး ဖြစ်ရလေ Luc ရယ်..၊ မင်းမို့ ကြံကြံဖန်ဖန် ဒီလိုမျိုး စိတ်ကူးယဉ်တွေ စဉ်းစားတတ် ပလေတယ်-လို့ ပြောရင်ပြော..၊ ဒါမှမဟုတ် သူ့မိသားစုရဲ့ ပုံရိပ်တွေကိုကြည့်ပြီး အောက်မေ့ သတိရစိတ်နဲ့ တိတ်ဆိတ်ချင်လည်း တိတ်ဆိတ် နေလိမ့်မယ်' တဲ့၊ တကယ်တမ်းမှာလည်း Luc Besson က ကံကောင်းစွာနဲ့ အမေစုကို လာတွေ့ခွင့် ရခဲ့ပါတယ်၊ အဲဒီမှာ သူက မေးလိုက်တယ်၊ 'အဆင်ပြေမယ်ဆိုရင် ဒေါ်စု ဒီဇတ်ကားကို ကြည့်ချင်သလား' ဆိုတော့ အမေစုက 'ကျမအတွက် အားရှိတဲ့ တစ်နေ့ကျရင် ကြည့်ဖြစ်မှာပါ'လို့ ပြန်ပြောတယ်လို့ ဆိုပါတယ်၊

အနှုတ်လက္ခဏာ တစ်ခုကို ပြောပါ ဆိုရင်တော့ ဇတ်ကား အဆုံးသတ်ဟာ ကျနော့် အတွက်တော့ မချင့်မရဲ ဖြစ်ရပါတယ်၊ ဒီဇတ်လမ်းကို ရိုက်နေတဲ့ အချိန်မှာ ဇတ်သိမ်းဟာ happy ending မဟုတ်သလို tragic ending လို့လည်း မဆိုနိုင်တဲ့ အချိန်ပါ၊ (အခုထိလည်း ဒီနှစ်ခုထဲက တစ်ခုမှ မဟုတ်သေးပါဘူး)၊ ဆိုတော့ ရုပ်ရှင်ဇတ်သိမ်းဟာ အထိုက်အလျောက် ခက်မှာ သေချာပါတယ်၊ ဒါပေမယ့် အခုလိုမျိုး ဇတ်သိမ်းပုံထက် ပိုပြီး အနုပညာ ဆန်မယ့် လုပ်ကွက်တွေ ရှိမယ်လို့ ကျနော်ထင်တယ်၊ ဘာပဲဖြစ်ဖြစ် ဒါရိုက်တာမှာလည်း သူ့အကြောင်းပြချက်နဲ့သူ ရှိမှာပါပဲ၊ မကောင်းဘူးလို့ ပြောရတာ လွယ်လွယ်လေးပါ၊ ရုပ်ရှင်တစ်ခုလုံးကို ခြုံကြည့်ရင်လည်း ဟာကွက်တွေ အများကြီးပါ၊ အထူးသဖြင့် အမေစုရဲ့ နိုင်ငံရေး လှုပ်ရှားမှု အသားပေး အခန်းတွေမှာပေါ့၊ ဒါပေမယ့် ရသလောက် သတင်းအချက်အလက် တွေနဲ့ပဲ သူများနိုင်ငံမှာ သိုသိုသိပ်သိပ်နဲ့ ဒီလိုမျိုး ရိုက်ခဲ့ရတာ ကျနော်တို့ မေ့ထားလို့ မဖြစ်ပါဘူး၊ ပြီးတော့ ဒီရုပ်ရှင်ဟာ မြန်မာ့နိုင်ငံရေးကို ရိုက်ကူးတဲ့ သတင်းမှတ်တမ်းကားလည်း မဟုတ်ပါဘူး၊ အဲဒီ နိုင်ငံရေးထဲမှာ တန်ဖိုးကြီးမား လှတဲ့ ပေးဆပ်၊ စွန့်လွှတ်မှုတွေနဲ့ နေထိုင်နေတဲ့၊ လူတွေက ချစ်စနိုးနဲ့ 'The Lady' လို့ နာမ်စားသုံး ခေါ်ဝေါ်ကြတဲ့ လွတ်လပ်ခြင်းရဲ့ နှင်းဆီတစ်ပွင့် အကြောင်းပါ၊ ကျနော့်အတွက်တော့ ရင်ကိုလာမှန် ခဲ့ပါတယ်...။ ။

ညီလင်းသစ်

1 ပြည်တွင်းစစ်၊ အဏုမြူအရေး၊ ဆန်စပါးနဲ့လယ်ယာမြေ၊ စီးပွားရေး

ပြည်တွင်းစစ်မှာ ကချင်နဲ့ တိုက်နေကြတုန်းပဲလို့ The New York Times သတင်းအရ သိရပါတယ်။ ငြိမ်းချမ်းရေးကိစ္စက လောလောဆယ် အဆင်မပြေသေးလို့ ဆက်တိုက်နေကြသတဲ့။ ကချင်ပြည်နယ်မှာ လူပေါင်း ၂၆၀ဝ၀ ကျော်လောက် ဟိုပြေးသည်ပြေး အပြောင်းအရွှေ့တွေနဲ့ ဒုက္ခရောက်နေကြရသတဲ့။ ကျွန်တော်တော့ သိပ်နားမလည်ဘူးဗျာ .. အမျိုးသားရင်ကြားစေ့ရေး အမှန်တစ်ကယ်လုပ်ချင်တယ် (သို့) အပြတ်ဝင်တိုက်ချင်တယ် ဆိုရင်လည်း ဘာကြောင့်ဒီလောက် အချိန်ဆွဲနေရတာလဲ။ ကြားထဲက ပြည်သူလူထုမှာ ဟိုပြေးသည်ပြေး၊ အိမ်နင်းချင်းနိုင်ငံများမှာ ဒုက္ခသည်ဖြစ်လိုဖြစ်နဲ့ ဒုက္ခများပါတယ်ဗျာ။ ဦးကျော်ဆန်း ဟိုတစ်ခါ WSJ နဲ့အင်တာဗျူးတုန်းက တိုက်ချင်ရင် သူတို့ဌါနချုပ်ကို တစ်ရက်တည်းနဲ့ ဝင်သိမ်းနိုင်ကြောင်း ပြောခဲ့ပါတယ်။ ကြည့်ရတာ .. ဒီလိုမလုပ်နိုင်ဘူးနဲ့ တူပါရဲ့။ နှစ်ဖက်သော စစ်ခေါင်းဆောင်များအနေနဲ့ မိမိတို့ရဲ့ ပြည်သူများအရေးကို အသေအချာထည့်စဉ်းစားစေလိုပါတယ် ခင်ဗျာ။ ဒုက္ခသည်ဆိုတဲ့အတိုင်း သူများနိုင်ငံမှာ ဒုက္ခသည်ဖြစ်ရတာ အင်မတန်ဆိုးပါတယ်။ ဘယ်နိုင်ငံပဲရောက်ရောက် ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့်ဘာသာစကား မဟုတ်တော့ အလုပ်အကိုင်၊ စားဝတ်နေရေး အင်မတန်ခက်ခဲပါတယ်။ အမေရိကလို နိုင်ငံရောက်တဲ့ ဒုက္ခသည်များတောင် အထူးသဖြင့် ဘာသာစကားနားမလည်၊ ယဉ်ကျေးမှုနဲ့ အံဝင်ဂွင်ကျမဖြစ်တော့ စားဝတ်နေရေးအတွက် အင်မတန်ဒုက္ခများကြောင်း သတင်းများမှာ မကြာခဏဖတ်နေရပါတယ်။ စဉ်းစားကြပါခင်ဗျ။ UPI မှာ နှစ်ခြင်းခရစ်ယာန်ဘုန်းတော်ကြီးတစ်ပါးက မြန်မာပြည်မှာ ဘယ်တော့မှ အမျိုးသားရင်ကြားစေ့ရေး ဖြစ်မှာမဟုတ်ဘူးလို့ မှတ်ချက်ပေးပါတယ်။ လောလောဆယ်တော့ ၁၀ဝ% ရင်ကြားစေ့ရေးမဖြစ်နိုင်သေးရင်တောင် ကြားထဲကပြည်သူကို ထောက်ထားပြီး အပစ်အခတ်ရပ်စဲရေးလောက်တော့ နှစ်ဘက်စလုံးက အောင်မြင်အောင် ကြိုးစားသင့်ပါတယ်ခင်ဗျ။

အဏုမြူအရေးကို ဆက်ရရင် .. ယခင်မြောက်ကိုရီးယားကနေ ယခု ရုရှားကို အာရုံပြောင်းလာကြပြန်ပါပြီ။ ယခင်က မြန်မာပြည်မှာ အဏုမြူစီမံကိန်းအတွက် ငွေကြေးမတတ်နိုင်ပါဘူးဆိုပြီး ဒီကိစ္စပြီးသွားပြီ အောက်မေ့နေတာ အခုတစ်ခါ ရုရှားမှာ ဒုံးကျည်ပညာနဲ့ အဏုမြူပညာ ဆက်သင်နေတဲ့ ကျောင်းသားတွေ ရှိနေသေးကြောင်း TIME မှာဖေါ်ပြထားပါတယ်။ အရက်သောက်လို့ အိမ်ပြန်အပို့ခံရတဲ့ မြန်မာကျောင်းသားတစ်ယောက်ကို ဘာကြောင့် ဒုံးကျည်တွေ ရှိချင်ရတာလဲလို့မေးတော့ "အိမ်မှာ ခွေးမွေးထားသလိုပေါ့ဗျာ။ သူများတွေကို ခြောက်လှန့်ဖို့ပေါ့"လို့ ဖြေသတဲ့။ ရုရှားက နောက်ကွယ်ကနေ အကူအညီပေးနေတာကို သံသယဖြစ်မိပါတယ်။ ဘာကြောင့်လဲဆိုရင် မြန်မာကျောင်းသားတွေ ဘယ်လိုဘာသာတွေ သင်နေသလဲလို့ မေးမြန်းကြည့်တော့ "တစ်ခြားနိုင်ငံက ကျောင်းသားတွေ အတွက်ဆိုရင်ဖြေနိုင်ပါတယ်။ မြန်မာကျောင်းသားတွေ အတွက်တော့ အဖြေမပေးနိုင်ဘူး။ မြန်မာနဲ့ အထူးစာချုပ်ချုပ်ထားလို့}} ဆိုတာ Global Security Newswire မှာလည်း ဖတ်လိုက်ရပါတယ်။ အမေရိကန် အဏုမြူသိပ္ပံပညာရှင် Kelley ကတော့ မြန်မာကျောင်းသားတွေ သင်နေတဲ့ ဒုံးကျည်ပညာက အဏုဒုံးကျည် မဖြစ်နိုင်ဘူးဆိုရင်တောင် လူအမြောက်အမြားသေစေနိုင်တဲ့ ဓါတုဗေဒ၊ ဇီဝဗေဒ လက်နက်တွေဖြစ်နိုင်ကြောင်း ဝေဖန်ထားပါတယ်။ အရင်တစ်ခါ အဏုမြူအကြောင်း စိတ်ကူးယဉ်ခဲ့တုန်းက ]]ကျန်းမာရေး}} အတွက်ပါလို့ မြန်မာက အကြောင်းပြတော့ ]]ကျန်းမာရေး}} ကဏ္ဍမှာ နိုင်ငံတော်ရဲ့ ဘတ်ဂျက် ၁% လောက်ပဲသုံးနေတဲ့ မြန်မာနိုင်ငံဟာ ကုသရေး၊ ဆေးဝါး အစရှိတာတွေကို လျစ်လျူရှုပြီး ကျန်းမာရေးအတွက် ဓါတ်ပေါင်းဖို လုပ်မယ်ဆိုတာကို ဘယ်သူကမှ အယုံအကြည်မရှိကြပါဘူး။ ဒီတော့ ဖြစ်နိုင်တာက လက်နက်လုပ်ဖို့ပဲပေါ့။ သို့ပေမယ့် ကုန်ကျမယ့်ငွေ မတတ်နိုင်လို့ စွန့်လွှတ်လိုက်ပါပြီလို့ ပြောထားခဲ့ပြီး ကျောင်းသားတွေကို ဘာကြောင့် ဆက်ပြီး ပညာသင်ခိုင်းနေသလဲဆိုတာ မေးခွန်းထုတ်စရာပါ။

ဆန်စပါးနဲ့ လယ်ယာမြေအကြောင်း ဆက်ရရင် .. မြန်မာပြည်မယ် ဟိုယခင်ကနဲ့စာရင် ဆန်တင်ပို့ ရောင်းချနိုင်မှု နည်းပါးလာခဲ့ပါတယ်။ ၁၉၃၄ ခုနှစ်တုန်းက တန်ချိန် သုံးသန်းကျော် နိုင်ငံခြားကို တင်ပို့ရောင်းချနိုင်ခဲ့ပေမယ့် ယခုအခါ တန်ချိန်တစ်သန်းတောင် အနိုင်နိုင်ဖြစ်နေကြောင်း Reuters မှာဖတ်ရပါတယ်။ အဓိကအကြောင်းရင်းတွေက ဆိပ်ကမ်းညံ့ဖျင်းမှု၊ အစိုးရနဲ့ အပေါင်းပါများက အုပ်စိုးမှု၊ စီးပွားရေးပိတ်ဆို့မှု အစရှိတာတွေကြောင့် ဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံအများစုမှာ ရာသီဥတုဆိုးရွားမှုကြောင့် ဆန်ဝယ်ယူလိုမှု များပြားပေမယ့် ဈေးကွက်မှာလည်း အိမ်နီးချင်းထိုင်းနဲ့ အိန္ဒိယနိုင်ငံများနှင့် ပြိုင်နေရပါတယ်။ မြန်မာပြည်ရဲ့ ဆန်အထွက်နှုန်းက ထိုင်းနဲ့အတူတူ တစ်နှစ်ကို တန်ချိန် သန်းသုံးဆယ် ထွက်ပါတယ်။ သို့ပေမယ့် ထိုင်းက တစ်နှစ်ကို တန်ချိန် ဆယ်သန်းရောင်းချနိုင်တယ် - မြန်မာက အထက်မှာဆိုခဲ့တဲ့အတိုင်း တစ်သန်းတောင် အနိုင်နိုင်ရောင်းနေရပါတယ်။ အဓိကပြဿနာက logistics နဲ့ ဆိပ်ကမ်းဝန်ဆောင်မှု ပါပဲ။ ရန်ကုန်ဆိပ်ကမ်းက ဆန်တန်ချိန် သုံးသောင်းမှငါးသောင်း နိုင်ငံခြားကိုတင်ပို့ဖို့ တစ်လအချိန်ယူရပါတယ်။ နောက်တစ်ခုက စာရင်းဇယား အတိအကျမရှိတဲ့ပြဿနာ။ နောက်ဆုံးအနေနဲ့ လယ်သမားများအတွက် ဆန်စပါးစိုက်ရင် ရလာမယ့် အကျိုးအမြတ် နည်းပါးမှုကြောင့် ဆန်စပါးမစိုက်ချင်ကြတော့တာနဲ့ လယ်ယာမြေပိုင်ဆိုင်မှု ပြဿနာများ ဖြစ်ပါတယ်။ ဟိုတစ်လောက ကိုဖိုးဖြူဦးဆောင်တဲ့ လယ်ယာမြေပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး ရန်ကုန်မှာ လယ်သမားဆန္ဒပြမှုတစ်ခု ဖြစ်လိုက်ပါသေးတယ်။ အဲဒီကိစ္စကို အစိုးရက ပြေလည်အောင် မဖြေရှင်းသေးဘူးနဲ့ တူပါတယ်။ care2 မှာ အဲဒီကိစ္စကို တရားမျှမျှတတ ဖြေရှင်းပေးဖို့ လက်မှတ်ထိုးတောင်းဆိုနေကြတာ တွေ့မိပါတယ်။ ဒီတော့ အစိုးရအနေနဲ့ အရေးကြီးတဲ့ ပို့ကုန်ဖြစ်တဲ့ ဆန်ကို သူများနိုင်ငံတွေလို တင်ပို့ရောင်းချချင်ရင် ဒီပြဿနာတွေကို အရင်ဆုံး ဖြေရှင်းပေးဖို့ လိုအပ်ပါတယ်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအကြောင်း ဆက်ပြောရရင် .. ဟိုတစ်ခါ ကျွန်တော်ရေးခဲ့သလိုပါပဲ အခုရန်ကုန်မှာ မြေဈေးတွေ မြောက်စပြုနေတာကို Reuters မှာဖတ်ရပါတယ်။ ရန်ကုန်မြို့လယ်က ကိုလိုနီခေတ် အဆောက်အဦ အဟောင်းတစ်ခုအတွက် ဒေါ်လာ တစ်သန်းခွဲကနေ အခု တစ်သန်းရှစ်သိန်း ဖြစ်နေပါတယ်။ ရန်ကုန်မှာ နေရာချဖို့ ကြိုးစားနေသူ အများစုကတော့ အာရှနိုင်ငံများပါပဲ။ ဂျာမန်တွေလည်း အတော်ခြေရှုပ်နေတာ တွေ့ရပါတယ်။ အဓိကအားဖြင့် ဟော်တယ်လုပ်ငန်း၊ ဘဏ်လုပ်ငန်းတွေကို မျက်စိကျနေပုံပါပဲ။ Exxon Mobil, Coca-Cola အစရှိတဲ့ အမေရိကန်ကုမ္ပဏီကြီးများကတော့ ]]သင့်လျော်မယ့်အချိန်}}ကို စောင့်နေဆဲပါ။ ဘာပဲပြောပြော လာမယ့်နှစ်မှာတော့ ရင်းနှီးမြှုပ်နှံမှုအသစ် အတော်များများ မြင်ကြရမယ်ထင်ပါတယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာတာနဲ့အမျှ ပြည်တွင်းက လုပ်ငန်းရှင်များအတွက်လည်း ယှဉ်ပြိုင်မှုတွေ ရှိလာတော့မှာပါ။ လိုလားသူများရှိသလို၊ မလိုလားသူများလည်း ရှိလာနိုင်ပါတယ်။ အခုကို .. မြန်မာပြည်ဟာ အခြားနိုင်ငံများနှင့် နှိုင်းယှဉ်လိုက်ရင် အတော်လေးခေတ်နောက်ကျနေတော့ နိုင်ငံခြားက ယှဉ်ပြိုင်သူတွေဝင်လာရင် သူတို့နဲ့မယှဉ်နိုင်လို့ နောက်ဆုံးကျ သူတို့ဝန်ထမ်းဖြစ်သွားမှာကို ဝေဖန်ထားတာ WSJ မှာ ဖတ်လိုက်ရပါတယ်။ အစိုးရအနေနဲ့ အားလုံးအတွက် ရှဥ့်လည်းလျှောက်သာ၊ ပျားလည်းစွဲသာဖို့ ထင်သာမြင်သာ၊ ခိုင်မာတဲ့ဥပဒေ ပြဌါန်းဖို့လိုတယ်လို့ မြင်မိပါကြောင်း .. ။

ခင်မင်စွာဖြင့်

မောင်သစ်စိမ်း(MMCP)

0 အာဏာရှင်ကို ဘယ်လိုဖယ်ရှားမလည်း( မောင်မောင်ဝမ်း )


( ဖော်ပြပါ ဆောင်းပါးသည် ဗွီအိုအေ အင်္ဂလိပ်ပိုင်းအစီစဉ်မှ March 8,2011 နေ့က ထုတ်လွှင့်သွားခဲ့သော How to Remove a Dictator ကို ဆီလျှော်အောင်ဘာသာပြန်ဆိုခြင်းသာဖြစ်သည် )

အီဂျစ်အာဏာရှင်….မူဘာရတ်ကိုလူထုကဖြုတ်ချနိုင်ခဲ့တဲ့…အကြမ်းမဖက်လူထုဆန္ဒပြပွဲများမှာလူမှု့ဆက်သွယ် ရေးကွန်ယက်မီဒီယာတွေဖြစ်တဲ့…facebookတို့twitterတို့ဟာလူကြိုက်အများဆုံးဖြစ်ယုံမက…အဲဒီ့တိုက်ပွဲတွေရဲ့လက်နှက်တန်ဆာပလာလည်းဖြစ်ခဲ့ပါတယ်။အီဂျစ်မှာရှိတဲ့လူထုတင်မက…ကမ္ဘာ့အခြားအရပ်ဒေသတွေမှာရှိ ကြတဲ့ ပြည်သူလူထုဟာလည်း အာဏာရှင်တွေကိုဖယ်ရှား သုတ်သင်နိုင်ဘို့အသုံးပြုဆဲပါ။ အဲဒီအထဲမှာ နောက်ထပ် မီဒီယာတခုကို အမေရိကန်နိုင်ငံ ၀ါရှင်တန်အခြေစိုက် ကုမဏ္ဍီတခုက ကမ္ဘာအရပ်ရပ်မှာရှိနေတဲ့ အာဏာရှင်များကိုပစ်မှတ်ထားပြီး…အပြောင်းအလည်းကိုဖြစ်ပေါ်စေနိုင်မဲ့အကြမ်းမဖက်နည်းဗျူဟာများကိုအ ခြေခံထားတဲ့…..ဂိမ်းအခွေများကိုထုတ်လုပ်လျှက်ရှိပါတယ်။

ဝါရှင်တန်အခြေစိုက်(The…York..Zimmerman)ဆိုတဲ့ရုပ်မြင်သံကြားနဲ့ရုပ်ရှင်ထုတ်လုပ်ရေးကုမဏ္ဍီမှ ဖော်ပြပါ….ဗွီဒီယိုဂိမ်းခွေများကိုထုတ်လုပ်ပေးလျှက်ရှိပါတယ်။ထုတ်လုပ်သူဖြစ်တဲ့…..Yorkကပြောတာကတော့…သူတို့ကုမဏ္ဍီမှဖော်ပြပါ…ဂိမ်းများကိုကမ္ဘာတလွှားဘာသာစကားပေါင်းများစွာနဲ့ ထုတ်လုပ်ပေးထား ပါတယ်တဲ့။ အာရ်ဗစ် ဘာသာနဲ့တောင်ဖန်တီးပေးထားတယ်လို့ဆိုပါတယ်။ အကြမ်းမဖက်လှုပ်ရှားမှု့အတွက်နည်းစနစ်များကို လေ့ကျင့်နိုင်တဲ့…အဆိုပါ…ဂိမ်းများကိုကမ္ဘာတလွှား မှာရှိတဲ့ လူများစွာအသုံးပြုနေပါတယ်။ အဲဒီ နည်းစနစ်များဟာ….အာဏာရှင် ပဲဖြစ်ဖြစ် ၊ ဖိနှိပ်သူအစိုးရပဲဖြစ်ဖြစ် အကြမ်းမဖက်တဲ့ လူထုလှုတ်ရှားမှု့တွေနဲ့ ဖြုတ်ချသွားနိုင်ဘို့…ဗျူဟာများကို မိမိကိုယ်တိုင်ဖန်တီးနိုင်ပါတယ်။

York….ကပြောတာကတော့…သူတို့ထုတ်လုပ်တဲ့အထဲမှာလူကြိုက်အများဆုံးဂိမ်းခွေကတော့…အာ ဏာရှင်ကိုဆွဲချခြင်း လို့အမည်ရတဲ့ အခွေပါ။ အဲဒီ့ ဂိမ်းခွေဟာ…ယူဂိုဆလပ် နိုင်ငံက အာဏာရှင် သမ္မတ မီလိုဆီဗစ် ကို ဖြုတ်ချ တဲ့နေရာမှာ အသုံးပြုခဲ့တဲ့ အကြမ်းမဖက် လူထုတော်လှန်ရေးနည်းစနစ်တွေကို အခြေခံထားပါတယ်….မီလိုဆီဗစ်ဟာ…ယူဂိုစလပ်နိုင်ငံက…သမ္မတဟောင်းတဦးဖြစ်ပြီး…၂၀၀၀ခုနှစ်ရွေး ကောက်ပွဲ အပြီး…ရွေးကောက်ပွဲရလာဒ် အငြင်းပွားမှု့များမှာ ရာထူးမှ နှုတ်ထွက်ပေးရသူပါ။ နောက်တော့ လူတွေကိုအစုလိုက်အပြုံလိုက်သတ်ဖြတ်မှု့မှာတာဝန်ရှိသူတယောက်ဖြစ်တဲ့အတွက်နိုင်ငံတကာစစ်ရာဇ၀တ်ရုံးမှ ဖမ်းဆီးလိုက်ပြီး…အမှု့ရင်ဆိုင်နေဆဲမှာပဲ…သေဆုံးခဲ့ပါတယ်။

အဲဒီ့ဗွီဒီယိုဂိမ်းထုတ်လုပ်ရေးကုမဏ္ဍီမှာလုပ်ကိုင်နေသူတဦးကတော့….ယူဂိုစလပ်ဗီးယားနိုင်ငံက..အာဏာရှင်..မီလိုစီဗစ်ကို ဖြုတ်ချဘို့ အကြမ်းမဖက်လှုတ်ရှားမှု့မှာ ခေါင်းဆောင်ပါဝင်ခဲ့တဲ့…Ivan Marovic ပဲဖြစ်ပါတယ်။အဲဒီ့အခါတုန်းကသူကတက္ကသိုလ်ကျောင်းသားတဦးဖြစ်ခဲ့ပြီး….ဆန္ဒပြပွဲတွေပေါ်ပေါက်ဘို့စည်းရုံးလှုံ့ဆော်ရသူပါ။….Yorkကုမဏ္ဍီက..သူ့ကိုဗွီဒီယိုဂိမ်းခွေတွေထုတလုပ်ဖန်တီးဘို့်ဘို့ဌားရမ်းခဲ့ပါတယ်….ဖိနှိပ်တဲ့အစိုးရတွေကိုဖယ်ရှားဘို့အတွက် အကြမ်းမဖက်လူထုလှုတ်ရှားမှု့နည်းဗျူဟာတွေ ပါဝင်ပါတယ်။ မကြာသေးခင်ကမှ ထုတ်လုပ်လိုက်တဲ့ ဂိမ်းခွေကတော့ ( People power- The Game of civil Resistance ) လို့အမည်ရပါတယ်။ အဲဒီထဲမှာတော့…အကြမ်းမဖက် လူထုလှုတ်ရှားမှု့မှာ လုပ်ကိုင်ဆောင်ရွက်ရမဲ့ နည်းဗျူဟာတွေ၊ရင်ဆိုင်ကြုံတွေ့ရမဲ့….အခက်အခဲတွေကိုကျော်လွှားနိုင်ဘို့တီထွင်ကြံဆချက်တွေ…မိမိအတွေးအခေါ်နဲ့..ဆုံဖြတ်လုပ်ကိုင်နိုင်တဲ့..အခက်အခဲကိုအန်တုကျော်လွားခြင်းတွေပါဝင်ပါတယ်။ဒီဂိမ်းခွေကို..လူငယ် များနဲ့ ပညာတတ်အသိုင်းအ၀ိုင်းက ကြိုက်နှစ်သက်ကြတယ်လို့ပြောပါတယ်။

Ivan ကပြောတာကတော့…ကမ္ဘာတလွား အာဏာရှင်များရဲ့ရက်စက်မှု့ကိုခံနေရတဲ့နိုင်ငံများမှာရှိတဲ့ လူတွေအတွက် အကြမ်းမဖက်လူထု လှုတ်ရှားမှု့များကိုဘယ်လိုအသုံးပြုရမလည်းဆိုတဲ့ နည်းစနစ်တွေကို အထောက်အကူဖြစ်စေနိုင်မဲ့အရာဖြစ်လာနိုင်ပါတယ်တဲ့။

( International Center on Non-Violent Conflict in Washington ) က အကြီးအကဲတဦးဖြစ်တဲ့ Jack Duvall ပြောတာကတော့….အခု ဗွီဒီယိုဂိမ်းခွေကိုတက္ကသိုလ်များမှာတောင်မှ အသုံးပြုနေကြပါတယ်။ ရာပေါင်းများစွာသောနိုင်ငံရေးသိပ္ပံပညာရှင်တွေ၊လူမှု့ဗေဒပညာရှင်တွေ၊ ဘွဲ့ကြို၊ ဘွဲ့ရကျောင်းသားတွေ၊အတွက် သာမာန်စာသင်ချိန်တွေမှာတော့…အခု ဂိမ်းခွေထဲမှာ အာရုံစူးစိုက် နေကြ တယ်လို့ သူကပြောပါတယ်။

People….Powerလို့အမည်ရတဲ့….ဂိမ်းခွေကိုအင်တာနက်ကနေဒေါင်းလုပ်လုပ်ယူလို့ရပါတယ်…တန် ဘိုးအားဖြင့်ကတော့..၁၀ ဒေါ်လာကုန်ကျမှာဖြစ်ပေမဲ့….မတတ်နိုင်သူများအတွက် အင်တာနက်ကနေ အခမဲ့ ဒေါင်းလုပ် လုပ်ယူလို့ရပါတယ်။ လက်တင်အမေရိက၊ အရှေ့ဥရောပ၊ အာရှ အစိတ်ပိုင်းတချို့ကနေ ဒေါင်းလုပ် လုပ်ယူလို့ရပါတယ်။ လောလောဆယ်မှာတော့ အင်္ဂလိပ်လိုပဲ ထုတ်လုပ်ထားပြီး…နောင်အခါများမှာတော့ အာရ်ဗီ၊ရုရှား၊စပိန် ဘာသာစကားများနဲ့လည်းထုတ်လုပ်သွားမှာဖြစ်ပါတယ်။

မူရင်းလင့်…… http://www.youtube.com/watch?v=SFg5NczB5FA

ဂိမ်းခွေလင့်….http://www.peoplepowergame.com/

*

http://api.ning.com/files/rKM7UhhUZBx9ydbKhzPgrjtjOBPWN*hrifsEA3WKiHv*G7SUIyix5z9yr3pERMlrzqEZwD*go7AdaFK4TUyV6riu5mT98LPq/PeoplePowerGameFlyerNov2010.pdf



အားလုံးကိုလေးစားစွာဖြင့်

( မောင်မောင်ဝမ်း )

0 ကချင်ပြည်နယ်သို့ တတိယခြေလှမ်း


၆.၁၂.၂၀၁၁ ရက်နေ့ နံနက် (၈း၂၀) နာရီအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသား များနှင့်အတူ “ဘ၀အလင်း” ပရဟိတအသင်း လူမှုရေးသမားများတို့သည် အေးစေတီဘုန်းတော်ကြီး ကျောင်းမှ ၀ိုင်းမော်မြို့သို့ ဆက်လက်ထွက်ခွာခဲ့ကြရာ မြစ်ကြီးနားမြို့ “အံတော်ရှင်” နာရေးကူညီမှုအသင်း ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များမှ မော်တော်ယာဉ်တစ်စီးဖြင့် အင်အားဖြည့်တင်း ကူညီခဲ့ကြပြီး မြစ်ကြီးနားတစ်ဖက်ကမ်းသို့ နံနက် (၆း၀၀) နာရီမှ ညနေ (၆း၀၀) နာရီအတွင်းသာ ဖြတ်သန်းခွင့်ပြုထား သည့် ဗလမင်းထင်တံတားကြီးကို ဖြတ်သန်းကာ ၀ိုင်းမော်မြို့ရှိ စစ်ဘေးဒုက္ခသည်စခန်းများသို့ စတင်၍ ကူညီဖေးမခဲ့ကြသည်။

လော်ဝေါ်ခရစ်ယာန်နှစ်ခြင်းအသင်းတော်၌ (၁၇၃)ဦး၎င်း၊ “ဘ၀အလင်း” ပရဟိတအဖွဲ့မှလည်း မိသားစု အသုံးအဆောင်ပစ္စည်းများဖြစ်သည့် (ဆပ်ပြာတုံး၊ ဆပ်ပြာမှုန့်၊ ဖိနပ်၊ မျက်နှာသုတ်ပုဝါ) အစ ရှိသည်တို့အား လှူဒါန်းပေးအပ်ပြီး ကလေးသူငယ်များတို့အား ဘီစကွတ်မုန့်များ ကျွေးမွေးလှူဒါန်းခဲ့သည်။ ထို့နောက် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူမှ ကချင်ပြည်နယ် စစ်ဘေး ဒုက္ခသည်များ ထံသို့ ရေးသားပေးလိုက်သည့် သ၀ဏ်လွှာအား ဖတ်ကြားခဲ့ရာ ဒုက္ခသည်တိုင်းရင်းသားများသည် လွန်စွာမှ ကျေနပ်ဝမ်းမြောက်ခဲ့ကြသည်။

ဆက်လက်၍ ၀ိုင်းမော်နှစ်ခြင်းအသင်းတော်များ အဖွဲ့ချုပ်ရုံး၌ စစ်ဘေးဒုက္ခသည် (၂၃၆)ဦးESifh ကိုယ်ဝန်ဆောင်မိခင် (၁၈)ဦးတို့အတွက် လှူဒါန်းခဲ့ပြီး စိန့်ဂျိုးဇက် ယာယီတည်းခိုရေးစခန်းရှိ စစ်ဘေး ဒုက္ခသည် (၆၄၀) ဦးတို့အား လှူဒါန်းခဲ့ပါသည်။ “ဘ၀အလင်း” ပရဟိတအဖွဲ့မှ လိုက်ပါလာသော ဆရာဝန် (၁)ဦးနှင့် မြစ်ကြီးနားမြို့ခံ ဆရာဝန်(၂)ဦးတို့စုပေါင်း၍ Mobile Clinic ဖွင့်လှစ်ကာ ကယ်ဆယ်ရေးစခန်း အတွင်းရှိ လူနာများတို့အား ကျန်းမာရေး စောင့်ရှောက်မှုကိုလည်း နွေးထွေးစွာကူညီဖေးမ ကုသခဲ့သည်။ ထိုသို့ ကုသပေးရာတွင် အရေပြားရောဂါဖြစ်သောလူနာများ များပြားသည်ကို တွေ့ရှိခဲ့ရသည်။ နှစ်ခြင်း ခရစ်ယာန်အသင်းတော် ကယ်ဆယ်ရေးစခန်း၌ (၆၈၈) ဦး၊ ခက်ချိုရှမ်းဇရပ်၌ (၄၁၁) ဦး၊ ခတ်ရှီးကျေးရွာ၌ (၇၁) ဦး၊ အမှတ်(၄)ရပ်ကွက်၊ သရက်တောကျောင်းတိုက်၌ (၅၇) ဦး၊ မူရင်းနှစ်ခြင်းကျောင်းတော်၌ (၁၀၂) ဦး၊ မဒိန် ရွာ၌ (၁၃) ဦး၊ လီဆူးဘုရားကျောင်း၌ (၈၅) ဦး၊ ဧ၀ကလိအသင်းတော်၌ (၁၆၆) ဦးတို့အား လှူဒါန်းမှုများ ပြုလုပ်ခဲ့ပြီးသည့်နောက် မြစ်ကြီးနားမြို့သို့ ဗလမင်းထင်တံတားကြီး မပိတ်မီ ပြန်လာခဲ့ကြရာ ညနေ (၅း၄၀) နာရီအချိန်တွင် တည်းခိုရာ အေးစေတီဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိခဲ့သည်။

ယင်းနေ့ ခရီးစဉ်တွင် လိုက်လံ၍ ကူညီပေးခဲ့သော “အံတော်ရှင်” နာရေးကူညီမှုအသင်း ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ဒေါ်ခန်းရင် ကချင်ရိုးရာ အ၀တ်အထည်အရောင်းဆိုင်တို့အား အထူးကျေး ဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ရင်း မိမိတို့၏ ကူညီထောက်ပံ့မှု ခရီးစဉ် တစ်နေ့တာ ရပ်နား လိုက်ပါတော့သည်။

“လူမှုရေးသမားများ၏ ခြေလှမ်းတိုင်းသည် ကုသိုလ်ရေးခြေလှမ်းများဖြစ်ရမည်။”






















(ကျော်သူ)

0 အဘဦးလွင် - ၈၈


အဘဦးလွင် - ၈၈

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အတွင်းရေးမှူးဖြစ်သူ ဘဘ ဦးလွင် အသက် (၈၈)နှစ်သည် ၆.၁၂.၂၀၁၁ ရက်နေ့ ည (၈း၄၀) နာရီအချိန်တွင် ကွယ်လွန်သွားကြောင်း နာရေးကူညီမှုအသင်း(ရန်ကုန်) မှ သိရှိရသည့်အတွက် ယင်းည (၉း၀၀) နာရီအချိန်တွင် ဘဘ ဦးလွင် နေထိုင်ရာ ရန်ကုန်မြို့၊ အမှတ် (၁၅/က)၊ ကမ္ဘောဇရိပ်သာ၊ ဗဟန်းမြို့နယ်နေအိမ်သို့ အသင်းသားများသွားရောက်၍ ကူညီမှုကို ပြုလုပ် ပေးခဲ့သည်။ ဘဘ ဦးလွင်၏ ကျန်ရစ်သော ရုပ်အလောင်းအား နေအိမ်တွင် နာရေးကူညီမှုအသင်း (ရန်ကုန်)ရှိ အအေးစနစ်သုံး Cool Box ပေါ်သို့ ၀ိုင်းဝန်းချီပိုးကာ ထားရှိခဲ့သည်။ ထို့ကြောင့် နာရေးကိစ္စ များအား လာရောက်နှစ်သိမ့် မေးမြန်းသူတို့အတွက် အသုဘရှုရန်၊ အနိစ္စတရားတို့ကို ရှုနိုင်ရန်အတွက် အဆင်ပြေခဲ့သည်။ ၈.၁၂.၂၀၁၁ (ကြာသပတေးနေ့) နေ့လည် (၁း၀၀) နာရီအချိန်တွင် ရေဝေးသုဿန်၌ နာရေးကူညီမှုအသင်း(ရန်ကုန်) အစီအစဉ်ဖြင့် မီးသင်္ဂြိုလ်ခြင်း အခမ်းအနားအား ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။

ငါဟုသမုတ်၊ နာမ်ရုပ်နှစ်ထွေ၊ အိုနာသေဘေး၊ ရောထွေးကာနေ၊ အနိစ္စဘဲ၊ မမြဲပုံသေ၊ တစ်နေ့ကျ၊ မရဏသေမင်းပြည်၊ မှန်မလွဲ သေမြဲဧကန်ပေ။

ကိုကျော်သူ

Wednesday, December 7, 2011

0 ဦး သိ န်း စိ န်အ စိုး ရ အ ဖွဲ့ လ စာ နဲ့ အဆောင် အယောင်

ကျော်လှမောင်(ကျောက်ဖြူ) ဒီဇင်ဘာ ၆၊ ၂၀၁၁

မေး။ ။ သမ္မတ ဦးသိန်းစိန်ရဲ့ လစာ ဘယ်လောက်ရပါသလဲ။

ဖြေ။ ။ သမ္မတ ဦးသိန်းစိန်က တလကို ကျပ်ငွေ သိန်း ၅၀ ရပါတယ်။

မေး။ ။ သမ္မတ ဦးသိန်းစိန်လစာက တခြားနိုင်ငံတွေနဲ့ ယှဉ်ရင် နည်းနေပါသလား

ဖြေ။ ။ ကျပ် သိန်း၅၀ ဆိုတာ တရားဝင်ငွေလဲနှုန်း တဒေါ်လာ ၆ကျပ်နဲ့တွက်ရင် သမ္မတ ကြီး ဦးသိန်းစိန်ရမဲ့ လစာဟာ တလကို အမေရိကန်ဒေါ်လာ ၈သိန်း ၃သောင်း ကျော်ပါတယ်။ ဒါကြောင့် တရားဝင်ငွေလဲနှုန်ူနဲ့ တွက်ရင် သမ္မတ ကြီး ဦးသိန်းစိန်ရဲ့လစာက အမေရိကန်သမ္မတ ကြီး အိုဘားမားရဲ့ တလ ၀င်ငွေထက် ၂၅ ဆ များနေသလို တလ ဒေါ်လာ ၂သောင်းခွဲရတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ထက်လဲ ၄ ဆနီးပါး များနေပါတယ်။ တွက်ရလွယ်အောင် တဒေါ်လာကို မှောင်ခိုဈေး ကျပ်တထောင်ထားတွက်ရင်တောာင် သမ္မတ ကြီး ဦးသိန်းစိန်ရဲ့လစာက တလကို အမေရိကန်ဒေါ်လာ ၅ ထောင် ရမှာဖြစ်ပါတယ်။



မေး။ ။ အာရှတိုက်က နိုင်ငံအကြီးအကဲတွေလစာနဲ့စာရင် ဘယ်လိုနေပါသလဲ။

ဖြေ။ ။ မှောင်ခိုငွေလဲနှုန်းနဲ့ဆိုရင်တောင် သမ္မတ ကြီး ဦးသိန်းစိန်ရဲ့လစာက မြန်မာကို အကူအညီပေးနေတဲ့ အိန္ဒိယနိုင်ငံရဲ့ အမျိုးသမီးသမ္မတ ကြီး ပရာဒိဗ္ဗ ဒေ၀ီဆင်းပတ္တေးလ် ထက် ဒေါ်လာ ၂ ထောင်များနေသလို အိန္ဒိယ၀န်ကြီးချုပ် မန်းမိုဟန်ဆင်း လစာထက် ဒေါ်လာ တထောင်များနေပါသေးတယ်။ အာဆီယံအဖွဲ့ဝင် ဗီယက်နမ် သမ္မတ ရဲ့ လစာက ဒေါ်လာ ၂၄၀ သာရှိတာမို့ မှောင်ခိုငွေလဲနှုန်းနဲ့ဆိုရင်တောင် သမ္မတ ကြီး ဦးသိန်းစိန်ရဲ့လစာက ဗီယက်နမ်သမ္မတ လစာထက် အဆ ၂၀ များနေပါတယ်။

မေး။ ။ မြန်မာပြည်သူတွေ ဆင်းရဲတွန်းနက်လို့ စီးပွားကျပ်နေချိန်မှာ သမ္မတလစာကို ခုလောက်အများကြီးပေးထားတာ သင့်တော်ပါသလား။
ဖြေ။ ။ ဘယ်လိုမှ မသင့်တော်ပါ။ တနေ့ တဒေါ်လာအောက် ဆင်းရဲတွင်းနက်နေတဲ့ ပြည်သူတွေက တိုင်းပြည်လူဦးရေရဲ့ ၃၂% ရှိနေတဲ့ မြန်မာနိုင်ငံမျိုးမှာ၊ တဦးချင်း GDP 469 ဒေါ်လာသာရှိတဲ့ မြန်မာလို နိုင်ငံမျိုးမှာ သမ္မတဦးသိန်းစိန်ရဲ့လစာက ပြည်သူတဦးချင်း ဂျီဒီပီထက် ဆယ်ဆကျော် များနေတာမို့ နိုင်ငံတကာကကြည့်ရင် အမြင်မတော် ဆင်တော်နဲ့ခလောက်ဆိုတဲ့ကိန်း ဖြစ်နေပါတယ်။

မေး။ ။ သမ္မတ ဦးသိန်းစိန်ကို လစာတွေ ခုလောက်အများကြီးပေးဖို့ ဘယ်သူက ဆုံးဖြတ်ခဲ့ပါသလဲ။ တခြား ဘာခံစားခွင့်တွေ ပေးထားပါသေးလဲ။

ဖြေ။ ။ သမ္မတ ဦးသိန်းစိန်ကို လစာတွေ ခုလောက်အများကြီးပေးဖို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တဦးတည်းက စစ်အစိုးရလက်ထက်မှာ လျို့ဝှက် ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ စစ်အစိုးရလက်ထက်မှာ သူထုတ်ချင်တဲ့ ဥပဒေကို ထုတ်ခွင့်ရဖို့ ၂၀၀၈ အခြေခံဥပဒေက ခွင့်ပြုထားပါတယ်။ အရပ်သားအစိုးရ ခေါင်းဆောင်မဲ့သူတွေရဲ့ လစာကို ချီးမြှင့်ငွေ စရိတ်နဲ့ အဆောင်ယောင်များဆိုင်ရာ ဥပဒေ ၅ မျိုးနဲ့ ထုတ်ပြန် သတ်မှတ်ခဲ့တာပါ။ သမ္မတ ကြီး ဦးသိန်းစိန်အတွက် ကား ၆ စီးနဲ့ ယာဉ်မောင်း ၆ ဦး ဆိုပီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဥပဒေနဲ့ ပြဌာန်း ပေးထားပါတယ်။

မေး။ ။ တခြားဆောင်အယောင်တွေ ဦးသိန်းစိန်အတွက် ဘာပေးထားပါသလဲ

ဖြေ။ ။

၁။အိမ်တော်ဝန်နဲ့ အိမ်တော် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (ပစ္စည်းထိန်း၊ စားဖိုမှူး၊ စားပွဲထိုး၊ ခ၀ါ၊ အိမ်အကူ၊ သန့်ရှင်းရေး စသည်များ)

၂။ အိမ်တော်နဲ့ အိမ်တော်ဝန်း ထိန်းသိမ်းစောင့်ရှောက်ရေး အခမဲ့ ခံစားခွင့်၊

၃။ အိမ်တော်ဆိုင်ရာ လိုအပ်တဲ့ ပရိဘောဂနဲ့ ထိန်းသိမ်းစောင့်ရှောက်မှု စရိတ်

၎။ လုံခြုံရေးအစောင့်အရှောက်၊

၅။ ကိုယ်ရံတော် အရာရှိနှစ်ဦးနဲ့ ကိုယ်ရေးအရာရှိ ၂ ဦး

၆။ ရေအခမဲ့ သုံးစွဲခွင့်၊

၇။ လျှပ်စစ်ဓါတ်အား အခမဲ့ သုံးစွဲခွင့်

၈။ ပြည်တွင်း ပြည်ပ ဖုန်းအခမဲ့ပြောဆိုခွင့်

၉။ မော်တော်ယာဉ် ၆ စီး။

၁၀။ ယာဉ်မောင်း ၆ ဦး။

၁၁။ မော်တော်ယာဉ် ၆ စီးအတွက် အမှန်ကုန်ကျသည့် စက်သုံးဆီ၊

၁၂။ မော်တော်ယာဉ် ၆ စီးအတွက် အမှန်ကုန်ကျသည့် စက်ဆီနှင့် ချောဆီ။

မေး။ ။ သမ္မတ ကြီး ဦးသိန်းစိန်မှာ နိုင်ငံတာဝန်ထမ်းဘို့အတွက် ကား ၆ စီးတောင် လိုပါသလား

ဖြေ။ ။ ဘယ်လိုကားမျိုးတွေ ဘယ်လောက်တန်တဲ့ကားတွေလို့ သတ်မှတ်မထားတဲ့အတွက် ကမ္ဘာမှာဈေးအကြီးဆုံးကားမျိုးကိုတောင် နိုင်ငံဘဏ္ဍာငွေနဲ့ ၀ယ်စီးခွင့်ရှိတယ်ဆိုတဲ့သဘော ဖြစ်နေပါတယ်။

ဒီနေရာမှာ သမ္မတဦးသိန်းစိန်လို တခြားနိုင်ငံခေါင်းဆောင်တွေရော ကား ၆ စီးတောင်သုံးသလားဆိုတာ ပြန်ကြည့်ဘို့လိုပါတယ်။ မြန်မာနိုင်ငံထက် စီးပွားရေးကောင်းတဲ့ အာဆီယံအဖွဲ့ဝင် အင်ဒိုနီးရှား သမ္မတဆိုရင် Mercedes Benze S600L W221 အမျိုးအစား ကျည်ကာကား ၂ စီးကိုသာ သုံးပါတယ်။ တစီးကိုသာ သမ္မတ စီးပီး ကျန်တစီးကို လုံခြုံရေးအတွက် တည်ကြက်ကားအဖြစ်သုံးပါတယ်။ဒါကြောင် သမ္မတဦးသိန်းစိန်က အင်ဒိုနီးရှားသမ္မတ ထက် ကားအစီးရေ ၃ ဆ ပိုသုံးထားပါတယ်။

မလေးရှားဝန်ကြီးချုပ်ဆိုရင်လဲ ကား ၃ စီးဘဲ သုံးပါတယ်။ မြန်မာထက် စီးပွားရေးတိုးတက်တဲ့ ထိုင်းနိုင်ငံ ၀န်ကြီးချုပ် အဖိဆစ်ဆိုရင် Mercedes Benze S600L- W220 ကျည်ကာကား တစီး BMW 730LI (E66) တစီးနဲ့ Range Rover ကျည်ကာကား တစီး ပေါင်း ၃ စီးသာသုံးပါတယ်။ တောင်ကိုရီးယားသမ္မတ ဆိုရင် ၂၀၀၅ ခုနှစ်ထဲက၀ယ်ထားတဲ့ BMW7 Series ကားတစီးဘဲသုံးပါတယ်။ မကြာခင်ကမှ သမ္မတ အတွက် ပြည်တွင်းဖြစ် ဟွန်ဒိုင်း ကျည်ကာကား ၃ စီး ထပ်ဝယ်ပေးထားပါတယ်။

မေး။ ။ ဒုသမ္မတ ဦးတင်အောင်မြင်ဦးနဲ့ စိုင်းမောက်ခမ်းတို့ရော လစာနဲ့ အဆောင်အယောင် ဘယ်လိုရပါသလဲ။

ဖြေ။ ။ ဒုသမ္မတ လစာကို တလ ကျပ်ငွေ သိန်း၄၀ ပေးထားပါတယ်။ အဆောင်အယောင်တွေကတော့

၁။အိမ်တော်ဝန်နဲ့ အိမ်တော် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (ပစ္စည်းထိန်း၊ စားဖိုမှူး၊ စားပွဲထိုး၊ ခ၀ါ၊ အိမ်အကူ၊ သန့်ရှင်းရေး စသည်များ)

၂။ အိမ်တော်နဲ့ အိမ်တော်ဝန်း ထိန်းသိမ်းစောင့်ရှောက်ရေး အခမဲ့ ခံစားခွင့်၊

၃။ အိမ်တော်ဆိုင်ရာ လိုအပ်တဲ့ ပရိဘောဂနဲ့ ထိန်းသိမ်းစောင့်ရှောက်မှု စရိတ်

၎။ လုံခြုံရေးအစောင့်အရှောက်၊

၅။ ကိုယ်ရံတော် အရာရှိတဦးနဲ့ ကိုယ်ရေးအရာရှိ ၂ ဦး

၆။ ရေအခမဲ့ သုံးစွဲခွင့်၊

၇။ လျှပ်စစ်ဓါတ်အား အခမဲ့ သုံးစွဲခွင့်

၈။ ပြည်တွင်း ပြည်ပ ဖုန်းအခမဲ့ပြောဆိုခွင့်

၉။ မော်တော်ယာဉ် ၅ စီး။

၁၀။ ယာဉ်မောင်း ၅ ဦး။

၁၁။ မော်တော်ယာဉ် ၅ စီးအတွက် အမှန်ကုန်ကျသည့် စက်သုံးဆီ၊

၁၂။ မော်တော်ယာဉ် ၅ စီးအတွက် အမှန်ကုန်ကျသည့် စက်ဆီနှင့် ချောဆီ။

မေး။ ။ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးရွှေမန်း အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့် နဲ့ ပြည်ထောင်စု တရားသူကြီးချုပ် ၃ ဦးလစာက ဘယ်လောက်ရပါသလဲ

ဖြေ။ ။ ချီးမြှင့်ငွေ စရိတ်နဲ့ အဆောင်ယောင်များဆိုင်ရာ ဥပဒေအရ တဦးကို တလ ကျပ်ငွေ ၃၅ သိန်း ပေးထားပါတယ်။ အဆောင်အယောင်တွေကတော့-

-အစိုးရအိမ်တွင် အခမဲ့ နေထိုင်ရမည်

-နေအိမ် ပရိဘောဂစရိတ် အခမဲ့

-လုံခြုံရေးအစောင့်အရှောက်

-ပြည်တွင်း ပြည်ပ အခမဲ့ ဆေးကုသခွင့် (ဒီအချက်ကို သမ္မတနဲ့ ဒုသမ္မတမှာ ထဲ့မထားပါ)

-ရေအခမဲ့သုံးခွင့်

-လျှပ်စစ်ဓါတ်အား အခမဲ့သုံးခွင့်

-ပြည်တွင်းခေါ်ဆိုမှုအတွက် တယ်လီဖုန်းအခမဲ့သုံးခွင့် (ပြည်ပအတွက် ဘယ်သူက ကျခံရမယ်ဆိုတာ ရေးမထားပါ)

-ကိုယ်ရေးအရာရှိတဦး

-အိမ်အကူနှစ်ဦး

-ထမင်းချက်နှစ်ဦး

-ဥယျာဉ်ထိန်းသိမ်းစရိတ် အခမဲ့

-မော်တော်ယာဉ် ၄ စီး

-ယာဉ်မောင်း ၄ ဦး

-မော်တော်ယာဉ်၎ စီးအတွက် တစီးကို တလ စက်သုံးဆီ ဂါလံ ၆၀ နှုန်း

-မော်တော်ယာဉ် ၄ စီးအတွက် တလ အမှန်ကုန်ကျသည့် စက်ဆီနှင့် ချောဆီ

မေး။ ။ ပြည်ထောင်စုဝန်ကြီးတဦးကို လစာနဲ့ အဆောင်အယောင် ဘယ်လိုပေးထားပါသလဲ

ဖြေ။ ။ ပြည်ထောင်စုဝန်ကြီးတဦးကို တလကျပ် သိန်း၃၀ ပေးပါတယ်။ ပြည်သူ့လွှတ်တော် ဒု ဥက္ကဌ အမျိုးသားလွှတ်တော် ဒု ဥက္ကဌတွေရဲ့လစာနဲ့ အတူတူ ဖြစ်ပါတယ်။ အဆောင်အယောင်တွေကတော့

-အစိုးရအိမ်တွင် အခမဲ့ နေထိုင်ရမည်

-နေအိမ် ပရိဘောဂစရိတ် အခမဲ့ (မပေးပါ)

-လုံခြုံရေးအစောင့်အရှောက်

-ပြည်တွင်း အခမဲ့ ဆေးကုသခွင့်

-ရေအခမဲ့သုံးခွင့်

-လျှပ်စစ်ဓါတ်အား အခမဲ့သုံးခွင့်

-ပြည်တွင်းခေါ်ဆိုမှုအတွက် တယ်လီဖုန်းအခမဲ့သုံးခွင့် (ပြည်ပအတွက် ဘယ်သူက ကျခံရမယ်ဆိုတာ ရေးမထားပါ)

-ကိုယ်ရေးအရာရှိတဦး

-အိမ်အကူနှစ်ဦး

-ဥယျာဉ်လုပ်သားနှစ်ဦး

-ဥယျာဉ်ထိန်းသိမ်းစရိတ် အခမဲ့

-မော်တော်ယာဉ် ၃ စီး

-ယာဉ်မောင်း ၃ ဦး

-မော်တော်ယာဉ် ၃ စီးအတွက် တစီးကို တလ စက်သုံးဆီ ဂါလံ ၆၀ နှုန်း

-မော်တော်ယာဉ် ၃ စီးအတွက် တလ အမှန်ကုန်ကျသည့် စက်ဆီနှင့် ချောဆီ

မေး။ ။ ပြည်ထောင်စု ဒုဝန်ကြီးတဦးကိုတော့ တလ ကျပ်ငွေ သိန်း ၂၀ ပေးပါတယ်။ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင်၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်၊ ဒု ရှေ့နေချုပ်၊ ဒု စာရင်းစစ်ချုပ်နဲ့ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ အဖွဲ့ဝင်တွေနဲ့ လစာ အဆောင်ယောင်တူပါတယ်။ အဆောင်အယောင်တွေကတော့-

-အစိုးရအိမ်တွင် အခမဲ့ နေထိုင်ရမည်

-နေအိမ် ပရိဘောဂစရိတ် အခမဲ့

-လုံခြုံရေးအစောင့်အရှောက်

-ပြည်တွင်း အခမဲ့ ဆေးကုသခွင့်

-ရေအခမဲ့သုံးခွင့်

-လျှပ်စစ်ဓါတ်အား အခမဲ့သုံးခွင့်

-ပြည်တွင်းခေါ်ဆိုမှုအတွက် တယ်လီဖုန်းအခမဲ့သုံးခွင့် (ပြည်ပအတွက် ဘယ်သူက ကျခံရမယ်ဆိုတာ ရေးမထားပါ)

-ကိုယ်ရေးအရာရှိတဦး

-အိမ်အကူတဦး

-ဥယျာဉ်လုပ်သားတဦး

-ဥယျာဉ်ထိန်းသိမ်းစရိတ် အခမဲ့

-မော်တော်ယာဉ် ၃ စီး

-ယာဉ်မောင်း ၃ ဦး

-မော်တော်ယာဉ် ၃ စီးအတွက် တစီးကို တလ စက်သုံးဆီ ဂါလံ ၆၀ နှုန်း

-မော်တော်ယာဉ် ၃ စီးအတွက် တလ အမှန်ကုန်ကျသည့် စက်ဆီနှင့် ချောဆီ



မေး။ ။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ခုလို ဥပဒေမျိုးကို သူ့သဘောနဲ့သူ ဘာကြောင့်ထုတ်ခွင့်ရခဲ့ပါသလဲ

ဖြေ။ ။ အဲသလိုလုပ်ခွင့်ရှိတယ်ဆိုတဲ့အကြောင်းကို အခြေခံဥပဒေ ၂၀၀၈ ပုဒ်မ ၄၄၃ မှာထဲက ပြဌာန်းထားလို့ဖြစ်ပါတယ် ဒီဥပဒေ ၅ မျိုးကို နအဖက ထုတ်တယ်လို့ဆိုတဲ့အတွက် နအဖအဖွဲ့ဆိုတာ အဲဒီဥပဒေထုတ်တဲ့အချိန်မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ဒုဗိုလ်ချုပ်မှူးကြီးမောင်အေး ၂ ဦးသာကျန်တော့တဲ့ အဖွဲ့ ဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိ ဦးသိန်းစိန်အစိုးရတဖွဲ့လုံးရဲ့ လစာ စရိတ်နဲ့ အဆောင်အယောင်တွေကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေတဦးတည်းက ဆုံးဖြတ်ပီး ဥပဒေထုတ် ပြဌာန်းခဲ့တာပါ။



မေး။ ။ ဒီ ဥပဒေကို ပြင်နိုင်မဲ့အလားအလာ ရှိပါသလား

ဖြေ။ ။ ဒီဥပဒေတွေကို မတရားဘူးဆိုပီး လွှတ်တော်မှာ အတိုက်အခံက ပြင်နိုင်သလားဆိုရင် အတိုက်အခံ အားနည်းနေတဲ့အတွက် လွှတ်တော် ပထမ ၅နှစ်သက်တမ်းအတွင်း ပြန်ပြင်ဘို့ မဖြစ်နိုင်တာ သေချာနေပါတယ်။ သဘောကတော့ လွှတ်တော် ဥက္ကဌတွေဖြစ်တဲ့ သူရဦးရွှေမန်း ဦးခင်အောင်မြင့်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဌ ဦးသိန်းစိုးတို့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးတို့ ၅ နှစ်အတွင်း ရထားတဲ့ ကား ၄ စီးကို စိတ်ချလက်ချသုံးနို်င်သလို နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဌလို ပုဂ္ဂိုလ်မျိုးကလဲ လေရှီး လဟယ် နန်းယွန်းဘက်တွေမှာ ကား ၃ စီးနဲ့ ၅ နှစ်ထိ (မောင်းစရာနေရာ ရှိရှိ မရှိရှိ) စိတ်အေးလက်အေး မောင်းနှင်နိုင်မှာ ဖြစ်တယ်ဆိုတဲ့ အဓိပ္ပါယ် ဖြစ်ပါတယ်။

မေး။ ။ သမ္မတ အပါအ၀င် အရပ်သား အစိုးရသစ်တဖွဲ့လုံး လစာသစ်ကို အပြည့်အ၀ မခံစားသေးဘဲ နအဖလက်ထက် အစိုးရအဖွဲ့ဝင်တွေ ခံစားတဲ့လစာကိုသာ ခံစားသွားမယ်လို့ သမ္မတ ဦးသိန်းစိန်ပြောတဲ့အကြောင်း မြန်မာသတင်းစာတွေမှာ ဖော်ပြထားပါတယ်။ အစိုးရသစ်က ဘာကြောင့် လစာလျှော့ယူပါသလဲ

ဖြေ။ ။ အဓိကအချက်တော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအမိန့်နဲ့ ပေးထားတဲ့ သူတို့လစာတွေက ပြည်သူတွေရဲ့ဝင်ငွေနဲ့ အရမ်းကွာနေတော့ ပြည်သူတွေ အုံကြွမှာ စိုးရိမ်ပီး ချွေးသိပ်တဲ့အနေနဲ့ လုပ်ပြတာပါ။ ရာသက်ပန် လျှော့ယူမယ်လို့ မပြောသလို ဘယ်လောက်ကြာအောင် လျှော့ယူမယ်လဲ ကတိပေးမထားပါ။

မေး။ ။ သမ္မတ ဦးသိန်းစိန်ရဲ့ မိန့်ခွန်းအရဆိုရင် နိုင်ငံတော်ရဲ့ လက်ရှိအခြေနေ နိုင်ငံတော်ရဲ့ ငွေကြေးအခြေအနေနဲ့ နိုင်ငံသားတွေရဲ့ အကျိုးကို ရှေ့ရှုတဲ့အနေနဲ့ လစာသစ်ကို မခံစားသေးဘဲ နအဖလက်ထက်က လစာဟောင်းကိုသာ အစိုးရတဖွဲ့လုံး ခံစားမယ်လို့ ပြောပါတယ်။ ဟုတ်ပါသလား။

ဖြေ။ ။ မဟုတ်ပါ။ နိုင်ငံတော်ရဲ့ လက်ရှိအခြေနေ နိုင်ငံတော်ရဲ့ ငွေကြေးအခြေအနေနဲ့ နိုင်ငံသားတွေရဲ့ အကျိုးကို ရှေ့ရှုတယ်ဆိုရင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေအမိန့်နဲ့ ထုတ်ထားတဲ့ ဥပဒေကို ဖျက်သိမ်းမှသာ ပြည်သူက ယုံမှာဖြစ်ပါတယ်။

နအဖလက်ထက်က လစာဟောင်းဆိုတာလဲ သိသူနည်းပါတယ်။ စစ်အစိုးရအာဘော်လို့ လူသိများတဲ့ ပိတောက်မြေ ဘလော့ဆိုက်အာဘော်အရဆိုရင် တလ ကျပ်ငွေ သိန်း၅၀ ရမဲ့ သမ္မတ ဦးသိန်းစိန်က ယခင် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ ယူခဲ့တဲ့ လစာ တလ ကျပ်ငွေ ၁၂သိန်းသာယူမှာဖြစ်ပီး တလကျပ်ငွေ သိန်း ၃၀ ရမဲ့ ၀န်ကြီးတွေက နအဖ၀န်ကြီးလစာ တလကို ၆သိန်း သိန်း၂၀ ရမဲ့ ဒုဝန်ကြီးတွေက ယခင် နအဖဒုဝန်ကြီးလစာ ၄ သိန်းသာ ယူမယ်လို့ ဆိုပါတယ်။ ရန်ကုန်မြို့က နိုင်ငံခြားသတင်းစာဆရာတဦးကတော့ နအဖ၀န်ကြီးတဦးလစာက ပိတောက်မြေ ဘလော့ဆိုက်ပြောသလိုမဟုတ်ဘဲ တလကျပ်ငွေ ၄ သိန်းဖြစ်ပီး ဒုဝန်ကြီးလစာက ၃ သိန်းသာဖြစ်တယ်လို့ ပြောတဲ့အတွက် ဘယ်လစာကို အမှန်ထားပီး အစိုးရသစ်က ခံစားမယ်ဆိုတာ မသဲမကွဲ ဖြစ်နေပါတယ်။

နအဖအစိုးရလက်ထက် စစ်အစိုးရခေါင်းဆောင်တွေရဲ့လစာကို နအဖက မထုတ်ပြန်ခဲ့လို့ အတိအကျ မသိရတဲ့လစာမျိုးကို သမ္မတ ဦးသိန်းစိန်ခေါင်းဆောင်တဲ့ အစိုးရသစ်က ခံစားမယ်လို့သာပြောပီး လစာကိန်းဂဏန်းကို သမ္မတ က ထဲ့မပြောလို့ ဘယ်လောက်လျှော့ယူမလဲဆိုတာ တိုင်းပြည်ကို မထုတ်ပြန်ဘဲ ရသလားဆိုတာလဲ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ နောက်ဆုံးတိုးတဲ့လစာဆိုရင် ၁၂ သိန်းဖြစ်ပီး ဒု ဗိုလ်ချုပ်မှူးကြီးမောင်အေးရဲ့လစာက ၁ဝ သိန်းဖြစ်ပါတယ်။ ၂ဝဝဝ ခုနှစ် ဧပြီ တရက်နေ့မှာတိုးတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အခြေခံလစာက တသိန်း၅သောင်းဖြစ်ပါတယ်။ ၂ဝဝ၆ ခုနှစ်မှာ ထပ်တိုးတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့လစာက တလကို ၁၂ သိန်းဖြစ်တာမို့ ၆နှစ်အတွင်း ၇ဝဝ ရာခိုင်နှုန်းတိုးလိုက်တဲ့ သဘောဖြစ်ပါတယ်။

၂ဝဝဝ ခုနှစ် ဧပြီ တရက်နေ့မှာတိုးတဲ့ ဗိုလ်ချုပ်ကြီးတဦးရဲ့လစာက တလကို တသိန်းဘဲရှိပါတယ်။ ၂ဝဝ၆ ခုနှစ်မှာ ထပ်တိုးတဲ့ ဗိုလ်ချုပ်ကြီးတဦးရဲ့လစာသစ်က ရှစ်သိန်းဖြစ်ပါတယ်။ ဒါကြောင့် ၆နှစ်အတွင်း မြန်မာ ဗိုလ်ချုပ်ကြီးတဦးရဲ့လစာလဲ ၇ဝဝ ရာနှုန်းတက်လာပါတယ်။

ဗိုလ်မှူးချုပ်တဦးရဲ့လစာက ၃သိန်းရှိပီး ဗိုလ်ချုပ်တဦးရဲ့လစာက ၄သိန်းရှိပါတယ်၊ စစ်အစိုးရ ဝန်ကြီးတဦးရဲ့လစာကိုလဲ ၄ သိန်းပေးထားတဲ့အတွက် ဝန်ကြီးတဦးနဲ့ ဗိုလ်ချုပ်တဦး တန်းတူ ဖြစ်နေပါတယ်။ ဒုတိယ ဗိုလ်ချုပ်ကြီးတဦးရဲ့လစာကို ၆သိန်းပေးထားပီး ဗိုလ်ချုပ်ကြီးတဦးရဲ့လစာကို ၈သိန်းပေးထားပါတယ်။

ဆိုလိုတဲ့သဘောက တိုင်းပြည်အုပ်ချုပ်ရေးတာဝန်ယူထားရတဲ့ နအဖခေတ် ဝန်ကြီးတဦးက ဒု ဗိုလ်ချူပ်ကြီးတဦးလောက် အရေးမပါတဲ့သဘော ဖြစ်ပါတယ်။ နအဖခေတ် ဒုဝန်ကြီး တဦးရဲ့လစာကိုလဲ ၃ သိန်းပေးထားတာမို့ ဗိုလ်မှူးချုပ်တဦးနဲ့ တန်းတူ ဖြစ်နေပါတယ်။ တဘက်ကြည့်တော့လဲ လစာ ၄သိန်းသာရတဲ့ တချိုံဝန်ကြီးတွေ ကား ၂ဒါဇင်ကျော် ထည်လဲ စီးနေတာ ဘယ်ကရတဲ့ငွေနဲ့ဝယ်တာလဲလို့ မေးစရာရှိပါတယ်။

အပေါ်ယံကြည့်ရင် လူထုက ဆင်းရဲနေချိန်မှာ အစိုးရခေါင်းဆောင်တွေက လစာသစ်ကို အပြည့်မခံစားထိုက်ဘူးလို့ သမ္မတ ဦးသိန်းစိန်ပြောတာ ကြိုဆိုထိုက်တယ်လို့ ထင်ရပါတယ်။ ဒါပေမဲ့ လစာသစ်ကို လုံးဝမခံစားတော့ဘူးလို့ ဦးသိန်းစိန်ပြောတာမဟုတ်သလို အချိန်ဘယ်လောက်ကြာကြာ နအဖအစိုးရအဖွဲ့ လစာဟောင်းနဲ့နေမယ်ဆိုတာလဲ သမ္မတ သစ်က ကတိပေးထားတာ မရှိပါဘူး။ ဒါကြောင့် လပိုင်းအတွင်းမှာဘဲ လစာသစ်ကို ပြန်လည်ခံစားတယ်ဆိုပီး လုပ်ခွင့်ရှိနေတယ်ဆိုတဲ့ အဓိပ္ပါယ် ဖြစ်နေပါတယ်။

ကျော်လှမောင်(ကျောက်ဖြူ) ဒီဇင်ဘာ ၆၊ ၂၀၁၁

Source:
-ချီးမြင့်ငွေ စရိတ်နဲ့ အဆောင်အယောင်များဆိုင်ရာ ဥပဒေ ၅ မျိုး
-Press reports

1 Aung San Suu Kyi interview with Virginia Tech


On December 5, 2011 Burmese democracy leader and Nobel Peace Prize Winner, Aung San Suu Kyi had a Skype interview with Virginia Tech geography Professor John Boyer and his 3000 student World Regions class.

0 ထိုင်းနိုင်ငံ မဲဆောက်မြို့ တွင် ဒီဇင်ဘာလ ၄ ရက်နေ့ ပြုလုပ်သော စာပေဟောပြောပွဲတွင် ပြောကြားခဲ့ သည့် စာရေးဆရာ ချစ်ဦးညို ၏ အသံဖိုင်



ထိုင်းနိုင်ငံ မဲဆောက်မြို့ တွင် ဒီဇင်ဘာလ ၄ ရက်နေ့ ပြုလုပ်သော စာပေဟောပြောပွဲတွင် ပြောကြားခဲ့သော စာရေးဆရာ မောင်စိန်ဝင်း(ပုတီးကုန်း) ၏ အသံဖိုင်

Burma VJ Media Network

Tuesday, December 6, 2011

0 ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခွင့် ရဲစခန်းမှ အကြောင်းပြန်ကြားစာ


သို့
ဦးဝင်းချို
ဒဂုံမြို့နယ်
အကြောင်းအရာ။ ။ ငြိမ်းချမ်းစွာ စုဝေးဟောပြောဆန္ဒဖော်ထုတ်ခွင့် လျှောက်ထားခြင်း ကိစ္စ
ရည်ညွှန်းချက် ။ ။ ၅.၁၂.၂၀၁ ရက်စွဲပါ ဦးဝင်းချိုပါ ၆ ဦး၏ တောင်းခံစာ

၁ ။ ဦးဝင်းချို၏ ရည်ညွှန်းစာပါ ငြိမ်းချမ်းစွာ စုဝေးဟောပြောဆန္ဒဖော်ထုတ်ခွင့် လျှောက်ထားတောင်းခံခြင်း သည် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့်ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေနှင့် အညီ လျှောက်ထား တောင်းခံခြင်းဖြစ်သော်လည်း အဆိုပါဥပဒေပုဒ်မ၂၄၌ပြဌာန်းထားသည့်အတိုင်းဤဥပဒေပါပြဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် လိုအပ်သော နည်းဥပဒေ စည်းမျည်း(သို့)စည်းကမ်းများ လိုအပ်သောအမိန့်ကြေညာစာ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ပြည်ထဲရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ပေးရဦးမည် ဖြစ်ပါသည်။
၂ ။ ဥပဒေပါ ပြဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ပုဒ်မ ၂၄ အရ ပြည်ထဲရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်များရရှိပြီးမှသာငြိမ်းချမ်းစွာစုဝေးခွင့်နှင့်ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့် လျှောက်ထားမှုများအပေါ် ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်းများကို နည်းဥပဒေလုပ်ထုံး
လုပ်နည်းများနှင့် အညီ ဆုံးဖြတ်နိုင်မည် ဖြစ်ပါသည်။
၃ ။ သို့ဖြစ်ပါ၍ ရည်ညွှန်းစာပါ ဦးဝင်းချိုပါ ၆ ဦး၏ လျှောက်ထားတောင်းခံမှုကို ပုဒ်မ ၂၄ အရ ပြည်ထဲရေး ၀န်ကြီးဌာနမှ နည်းဥပဒေထုတ်ပြန်ပြီးမှသာပြန်လည်လျှောက်ထားရန် အကြောင်းကြားပါသည်။

ပေးပို့သူ..ဦးဝင်းချို

0 ကချင်ပြည်နယ်သို့ ဒုတိယနေ့ခြေလှမ်း


ကချင်ပြည်နယ်သို့ ဒုတိယနေ့ခြေလှမ်း

၅.၁၂.၂၀၁၁ ရက်နေ့တွင် နံနက် (၉း၀၀)နာရီတွင် နာရေးကူညီမှုအသင်း(ရန်ကုန်)၊ အမရပူရမြို့ “ဘ၀အလင်း” ပရဟိတအဖွဲ့နှင့် ဒေသခံ လူမှုရေးအသင်းအဖွဲ့များ စုပေါင်း၍ အစည်းအဝေး ပြုလုပ်ကြပြီး (၁၁း၄၅) နာရီ အချိန်တွင် အစည်းအဝေးဆုံးဖြတ်ချက်အတိုင်း သက်ဆိုင်ရာ ဒုက္ခသည်စခန်းများသို့ စတင် ထွက်ခွာခဲ့သည်။ နာရေးကူညီမှုအသင်း(ရန်ကုန်)အနေဖြင့် ၀န်းသို ဘုန်းတော်ကြီးကျောင်းသို့ ထွက်ခွာခဲ့ ရာ အဆိုပါကျောင်းတွင် ရောက်ရှိနေသော ကျောင်းသား/သူများသည် ၁.၁၂.၂၀၁၁ ရက်နေ့တွင် စတင် ရောက်ရှိလာခဲ့ပြီး တာလောကြီး ကျေးရွာမှ စစ်ဘေးတိမ်းရှောင်နေကြသော ကျောင်းသား/သူ (၁၉၉) ဦး တို့ဖြစ်ကြသည်။ ၄င်း ကလေးငယ်များမှာ တာလောကြီး ကျေးရွာတွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွား နေမှုကြောင့် စာသင်ကြားရန် အခက်အခဲများစွာ ကြုံတွေ့ခဲ့ရသည့်အတွက် မြစ်ကြီးနားမြို့ပေါ်ရှိ စစ်ဘေး ဒုက္ခသည် ကယ်ဆယ်ရေးစခန်းများသို့ ရောက်ရှိလာခြင်းဖြစ်သည်။

ထပ်မံ၍ စီတာပူ ကချင်နှစ်ခြင်း ခရစ်ယာန်ဘုရားကျောင်းရှိ (၄၅၆) ဦး၊ မန်ခိန်ဘုရားရှိခိုးကျောင်းရှိ (၃၀၃) ဦး၊ ရွှေစက်နှစ်ခြင်းအသင်းတော်ရှိ (၂၁၇) ဦး၊ အင်ဂျန်ခုံ ဘုရားကျောင်းရှိ (၁၇၀) ဦးတို့အား တစ်ဦးလျှင် အလှူငွေ (၃၅၀၀) ကျပ်နှုန်းဖြင့် ကူညီလှူဒါန်း ထောက်ပံ့ခဲ့သည်။ ညနေ (၄း၀၀) နာရီ အချိန်မှ စ၍ နယ်မြေလုံခြုံရေးအရ မိမိတို့ တည်းခိုရာနေရာဖြစ်သော ဘုန်းတော်ကြီးကျောင်းသို့ ပြန်လည်၍ ရောက်ရှိကြကာ ညပိုင်းတွင် ၆.၁၂.၂၀၁၁ ရက်နေ့ လှူဒါန်းမှုအစီအစဉ်အား ဆွေးနွေးတိုင်ပင် ညှိနှိုင်းမှုကို ပြုလုပ်ခဲ့ကြသည်။

“လူမှုရေးသမားများ၏ ခြေလှမ်းတိုင်းသည် ကုသိုလ်ရေးခြေလှမ်းများဖြစ်ရမည်။”

ကျော်သူ

2 ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံပြီးနောက် ဗိုလ်ချုပ်အောင်ဆန်း၏ အတ္တုပ္ပတ္တိနှင့် ပတ်သက်ပြီး ရုပ်ရှင်သရုပ်ဆောင်တို့၏ သဘောထားအမြင်များ


ဝင့်သင်ဇာကျော် (မြစ်မခမီဒီယာ)

ဒေါ်အောင်ဆန်းစုကြည်မှ ရုပ်ရှင် သရုပ်ဆောင် အနုပညာရှင်များနှင့် တွေ့ဆုံခဲ့ပြီးနောက် ဗိုလ်ချုပ်အောင်ဆန်း၏ နှစ်တစ်ရာပြည့်အထိမ်းအမှတ်အဖြစ် ဗိုလ်ချုပ်အောင်ဆန်း၏ အတ္တုပ္ပတ္တိကို ရိုက်ကူးမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ အတ္တုပ္ပတ္တိရုပ်ရှင် ရိုက်ကူးမည်နှင့်ပတ်သက်ပြီး သရုပ်ဆောင်များ၏ အမြင်နှင့် သဘောထားများကို မေးမြန်း စုစည်းထားပါသည်။

ကိုသူရ (ခေါ်) ဇာဂနာ ( ဒါရိုက်တာ ရုပ်ရှင် သရုပ်ဆောင် )

အတိအကျပြောရရင် ကျနော့်ရဲ့ဆန္ဒကိုက အန်တီနဲ့ အနုပညာသည်တွေကို တစ်ရင်းတစ်နှီးရှိစေချင်တယ် အဆိုတော်တွေနဲ့လည်း တွေ့တယ် သို့သော် အားလုံးသိကြတဲ့အတိုင်း ဒီနေ့တွေ့သလောက် ဗမာပြည်မှာ များတဲ့ အနုပညာရှင်ရှိမှာ မဟုတ်ဘူး ဒီလိုမျိုး တရင်းတနှီးချစ်ချစ်ခင်ခင် ရှိစေချင်တယ် နောက်တော့ အန်တီကိုယ်တိုင်ကလည်း ကျွန်တော်ကိုယ်တိုင်ကလည်း ထောင်ထဲမရောက်ခင်က ဗိုလ်ချုပ်အောင်ဆန်းရဲ့ အတ္ထုပတ္တိကို ရိုက်ချင်တဲ့ဆန္ဒရှိတယ် ကျွန်တော်ကိုယ်တိုင်ကဇာတ်ညွှန်းရေးနေတယ် ဒါကိုလည်း အားလုံးရဲ့ရှေ့မှာ အန်တီကိုယ်တိုင်ကလည်း ဖြစ်စေချင်လို့ တိုက်တွန်းတယ်ဆိုတာကလည်း အနုပညာသမားတွေနဲ့ ပူးပေါင်းပြီး အလုပ်လုပ်ချင်လို့ အန်တီကိုယ်တိုင် ခေါင်းဆောင်ပြီးတော့ သူ့အဖေအကြောင်းကို လုပ်မှာဖြစ်တဲ့အတွက် အနုပညာရှင်သမားတွေကိုယ်တိုင်ကလည်း ကျွန်တော်တို့နဲ့အတူ တရင်းတနှီး တစ်ခုရှိတာက အနုပညာရှင်သမားတွေရဲ့ ခိုင်မာမှုပေါ့ ပေးဆပ်မှု ညီညွှတ်မှု ဆိုတာလေးကိုပေါ့ ဒီနေရာကနေ တည်ဆောက်ပြချင်တယ်။ အတတ်နိုင်ဆုံးတော့ ဒီမှာရှိတဲ့ အနုပညာရှင်တွေ အကုန်လုံး အားလုံးပါဝင်နိုင်အောင် ကျွန်တော်ကြိုးစားပါမယ်။

မောင်မျိုးမင်း (ဒါရိုက်တာ)

ဘယ်သူတွေပါဝင်မလဲဆိုတာလည်း မသိသေးပါဘူး အခုမှ သန္ဓေတည်ခါစ ဘဲရှိပါသေးတယ် ပြည်ပက ဒါရိုက်တာတွေလည်းပါမယ် သက်ဆိုင်ရာနိုင်ငံတွေပေါ့ အိန္ဒိယ ၊ အင်္ဂလန် ၊ဂျပန် ကလူတွေပါမယ် ၊ ဒီရိုက်မယ့် ဇာတ်လမ်းအပေါ်မှာလဲ ဘယ်လိုမှ မခံစားရဘူး ဒါက ဖြစ်သင့်တာကြာပြီ ကျွန်တော်တို့ကိုယ်တိုင် စိတ်ဝင်စားတယ် အန်တီနဲ့ မတွေ့ခင်ကတည်းက လွတ်လွတ်လပ်လပ် ရိုက်လို့ရရင် ဘာရိုက်လို့ရမလဲလို့ အင်တာဗျူးမှာလဲ ဖြေခဲ့ဖူးတယ် ဗိုလ်ချုပ်အတ္တုပတ္တိ ရိုက်ချင်တယ်လို့ ပြောခဲ့တယ် ၂၀၁၅ မှာ ဗိုလ်ချုပ်နှစ်တစ်ရာပြည့်အနေနဲ့ ပြသမှာပါ ။

ဝိုင်း (ဒါရိုက်တာ ရုပ်ရှင် သရုပ်ဆောင် )

နှစ်ရက်သုံးရက်အတွင်းမှာဘဲ ဒီလူတွေ စုံပြီးတော့ ဘာလုပ်မယ်ဘာလုပ်မယ်ဆိုတာကို တိုင်ပင်ဖို့ အရေးကြီးပါတယ် နောက်တစ်နှစ်လောက်ကြာမှ ဒီအလုပ်တွေက ဖြစ်မှာပါ သရုပ်ဆောင်ရှာရမယ် ၊ ဇာတ်ညွှန်းကို ဘယ်ပုံစံသွားရမယ်ဆိုတာ အဓိက ချဉ်းကပ်ရမှာပါ သမိုင်းရဲ့ အထောက်အထားမှာ အားနည်းချက် အားသာချက်ရှိတယ် ကိုယ်ယူရင် ယူသလိုရတဲ့အပိုင်းတွေလည်း ရှိတယ် အဲ့တော့ ဗမာနိုင်ငံရဲ့ သမိုင်းကို အားနည်းချက်ရော အားသာချက်ရော အမျှတဆုံးဖြစ်အောင် ဗိုလ်ချုပ်အကြောင်းသိတဲ့လူ ၊ တတ်ကျွမ်းတဲ့လူတွေကို နားလည်ပြီးတော့ ပြန်တိုင်ပင်ရအုံးမှာပါ ဇာတ်ညွှန်းတည်ဆောက်တဲ့ ပုံစံက နည်းနည်းလေး ပြသာနာရှိပါတယ်။ ရှင်းရှင်းပြောရရင် အကိုလိုချင်တာ ဇာတ်ညွှန်းရေးတဲ့ဆရာ သုံးယောက်လောက်ကို လိုချင်တာ ဒါအကို့ရဲ့စိတ်ကူးပေါ့နော် ဒါအကိုစိတ်ကူးထားတာ ဘယ်သူမှ မတင်ပြသေးဘူး ဒါက အကိုတွေးထားတဲ့ အတွေးပါ အကိုတို့က ဘေးကနေ ၀ိုင်းပေးလိုက်တာ ကောင်းပါတယ် သူ့ရဲ့ခြေဖျားကို အကိုတို့က မမီပါဘူး နိုင်ငံတကာ International နိုင်ငံတကာရဲ့ ခြေဖျားကို အကိုတို့ မမီနိုင်သေးပါဘူး။

ဇင်ဝိုင်း (ဒါရိုက်တာ ရုပ်ရှင် သရုပ်ဆောင်)

ဝမ်းသာပါတယ် အရမ်းဝမ်းသာပါတယ် ကျွန်တော်တို့ဆီမှာ ရိုက်ဖြစ်တယ် ကျွန်တော်တို့လည်း ပါဝင်ဆင်နွဲရမယ်ဆိုတော့ ပိုပြီး ၀မ်းသာပါတယ် ကျွန်တော်တို့ တက်နိုင်သလောက်ကြိုးစားမှာပါ။

ကြည်ဖြူသျှင် (ဒါရိုက်တာ )

နောက်ထပ်နောက်ထပ် ဇာတ်ကားတွေ ရိုက်နိုင်ဖို့အတွက် ပထမဆုံး စတဲ့ခြေလှမ်းပေါ့ ဘာလို့လဲဆိုတော့ နိုင်ငံတကာက ဒီလိုကားမျိုးဆိုရင် စိတ်ဝင်စားတယ် သူတို့စိတ်ဝင်စားမှုကိုရရင် အမတို့ ဒီလောကသားတွေ အတွက်လည်း နောက်ထပ်လှမ်းမဲ့ အနုပညာခြေလှမ်းတွေအတွက် အကြီးမားဆုံး လမ်းကြောင်းတစ်ခု ဖြစ်သွားမယ်။

ချိုပြုံး (ရုပ်ရှင်သရုပ်ဆောင် )

အန်တီတို့ကတော့ လူကြီးတွေထားတဲ့နေရာမှာ ရိုက်ပေးမှာပါ။

ထွန်းအိနြေ္ဒဗိုလ် (ရုပ်ရှင် သရုပ်ဆောင် )

ဗိုလ်ချုပ်အကြောင်းကို ဘာမှ မထိန်မချန်ဘဲ အမှန်အတိုင်းရိုက်ဖို့ ခေါ်ပြီးဆွေးနွေးကြတာပါ အမတို့အနေနဲ့ကတော့ သရုပ်ဆောင်မှ မဟုတ်ပါဘူး ဘယ်နေရာကနေနေ ကျွန်မတို့ကိုခိုင်းခိုင်း ပါဝင်ဖို့ အသင့်ပါဘဲ။ ဗိုလ်ချုပ်အကြောင်းဖြစ်နေတော့ ကျွန်မတို့ အမျိုးသမီး သရုပ်ဆောင်တွေ အနေနဲ့လည်း ပါဖို့ သိပ်မလိုဘူးပေါ့နော် နောက်ကျွန်မတို့က သရုပ်ဆောင်မှ မဟုတ်ပါဘူး အမေဘယ်နေရာကခိုင်းခိုင်း ကျွန်မတို့ သရုပ်ဆောင်ဖို့ အဆင်သင့်ပါဘဲ ကျွန်မလုပ်နိုင်သမျှ လုပ်ပေးဖို့ ကျွန်မ Ready ပါဘဲ။

ပြေတီဦး (ရုပ်ရှင် သရုပ်ဆောင် )

ကျွန်တော်တို့ မပြောတတ်သေးဘူးဗျ အဲ့ဒါတွေက အစိတ်အပိုင်းတွေ အများကြီးရှိတယ် ကျွန်တော်တို့က ဘယ်လို ပါဝင်မလဲ ဘယ်လိုလုပ်ကြမှာလဲ ဒီအချိန်မှာက လုပ်ချင်တယ်ဆိုတဲ့ ဆန္ဒတစ်ခုတည်းဘဲ ရှိသေးတယ်

နေတိုး (ရုပ်ရှင် သရုပ်ဆောင်)

သုံးလပိုင်းမှာလို့တော့ ဆုံးဖြတ်လိုက်တာ မရှိသေးပါဘူး အလျှင်နဲ့ အမြန်ဆုံးလုပ်ရမှာပေါ့ ။

ကျော်ကျော်ဗိုလ် (ရုပ်ရှင် သရုပ်ဆောင် )

အခုအကိုတို့ ငွေရေးကြေးရေးပိုင်းကစရော အနုပညာပိုင်းကစရော အစအစအရာရာ ပံ့ပိုးပေးဖို့ ဆုံးဖြတ်လိုက်တဲ့ အတွက်ကြောင့် ဦးဦးဖျားဖျား ဒီသုံးလပိုင်းမှာ နှင်းဆီအဖွဲ့ကမယ် နှင်းဆီအဖွဲ့ပြန်ကမယ် ကလို့ရသော ပွဲရဲ့ ၀င်ငွေအားလုံးကို ဗိုလ်ချုပ်အောင်ဆန်း အတ္တုပတ္တိရုပ်ရှင် ဇာတ်ကားကြီး ဖြစ်မြောက်ရေး အတွက် စတင်ပြီးလှူဒါန်းမယ်ဆိုတာ နှင်းဆီအဖွဲ့က လူတွေအားလုံး ဆုံးဖြတ်လိုက်တယ် အဲ့အတွက်ကြောင့်လည်း အရမ်းကို ပီတိဖြစ်တယ်။

0 ရခိုင့်ဂက်(စ်)ဖြင့် ၂၄ နာရီလျှပ်စစ်မီးရရှိရေးလှုပ်ရှားမှု တောင်ဂုတ်၊သံတွဲ မြို့နယ်များတွင်ဖြစ်ပွား



တောင်ကုတ်နှင့်သံတွဲမြို့များတွင် လှုပ်ရှားမှု ဓါတ်ပုံများ
“ငါတို့ရွှေဂက်(စ်)ကို ငါတို့သုံးခွင့်ရှိရမည်။ အခုချက်ချင်း ၂၄ နာရီမီးပေးပါ”

ယနေ့ ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာ လ(၅) ရက်နေ့ တွင် ရခိုင်ကမ်းလွန်မှ ထွက်ရှိသော ရွှေသဘာဝဓါတ်ငွေ့ဖြင့် ရခိုင် ပြည်အဝန်း ၂၄ နာရီလျှပ်စစ်မီးရရှိရေး ပိုစတာ ကပ်၊ဖြန့်၊ကြဲ လှုပ်ရှားမှုများ ကို ၂၄ နာရီလှုပ်ရှားမှုအင် အားစု-ရခိုင်ပြည် (24 Hours Action Groups-Rakhine State)ကဦးဆောင်ပြီး ရခိုင်ပြည်နယ် တောင်ဂုတ် နှင့် သံတွဲ မြို့နှစ်မြို့တွင်လုပ်ဆောင်လိုက်သည်။

ရခိုင်ကမ်းလွန်မှ တရုတ်နိုင်ငံထိ ကီလီုမီတာ (၂၈ဝဝ) ရှည်လျှားသည့် တရုတ်-မြန်မာ ဓါတ်ငွေ့ပိုက်လိုင်းကြီး အများမကြာမီ ၂ဝ၁၃ ခုနှစ်တွင် ပြီးစီး တော့မည်။မျက်တောင်တခတ်၊လျှပ်တပြက်သာလိုတော့သည်။ ပြီးစီးသည်နှင့်တပြိုင်နက် ရခိုင်ကမ်းလွန် A1/A3 လုပ်ကွက်များမှ ထွက်ရှိသည့်သဘာဝဓါတ်ငွေ့ ကို ဓါတ်ငွေ့ထွက်ရှိရာ ရခိုင်ပြည်နယ် ဖွံဖြိုးတိုးတက်ရေး ကဏ္ဍများတွင် အနည်းငယ်မျှ အသုံးမပြုဘဲ တစ်နှစ်လျှင် သဘာဝဓါတ်ငွေ့ပမာဏ ၁၂ ဘီလီယံ ကုဗမီတာ ခန့် ကို တရုတ်နိုင်ငံ သို့နှစ်ပေါင်း (၃ဝ)ကြာအောင်ထိ တင်ပို့ ရောင်းချ မည်ဖြစ်သည်။

စွမ်းအင်ဝန်ကြီး ဦးသန်းဌေး ကလည်း အဆိုပါ သဘာဝဓါတ်ငွေ့ကို ရခိုင်ပြည်နယ်တွင် အသုံးပြုမည်မဟုပ် ကြောင်းကို စက်တင် ဘာလ(၂၇)ရက်နေတွင် လွှတ်တော်ထဲ၌ အတိအလင်းထုပ်ဖေါ် ပြောကြား ထားပြီးဖြစ် သည်။ ကျွန်တော်တို့ ပြည်နယ်က ထွက်ရှိသော သဘာဝဓါတ်ငွေ့ကို ဖွံဖြိုးတိုးတက်မှုအနှေးကွေးဆုံး နှင့် ကျောမွဲပြာကျ ဖြစ်နေသော ကျွန်တော်တို့ ရခိုင်ပြည်နယ်အတွင်း အနည်း ငယ်မျှ အသုံးမပြုနိုင်ဟု စွမ်းအင်ဝန်ကြီး၏ ယတိပြတ်တုန့်ပြန်ချက်မှာ ရခိုင်ပြည်နယ်၏ ဖွံဖြိုးတိုးတက်မှုအခွင့်အရေး နှင့် ကျွန်တော်တို့၏အခြေခံရပိုင်ခွင့် ကို လက်လွတ်စံပယ် လျှစ်လျှူရှု ပြီး စော်ကား လိုက်ခြင်းပင်ဖြစ်သည်။

တဖန် မိမိတို့ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၄နာရီလျှပ်စစ်မီးရရှိရေး ကြိုးပမ်းလှုပ်ရှား မှုများကိုလည်း အာဏာပိုင်များကနည်းမျိုးစုံဖြင့် ဖြိုခွင်းရန်ကြိုးပမ်းလာသည်။ မကြာသေးမီက ရခိုင်ပြည်နယ်တွင်း ၂၄ နာရီလျှပ်စစ်မီးရရှိရေးအတွက် ငြိမ်းချမ်းစွာ တောင်းဆိုလှုပ်ရှားသူများကို ဖမ်းဆီး၊စစ်ဆေး၊ခြိမ်းခြောက်မှု နှင့် ပိုင်ဆိုင်မှုများကို သိမ်းပိုက်မှု စသည့် လုပ်ရပ်များကို ကြည့်ရှုခြင်းဖြင့် ရခိုင်ပြည်သူများမှာ ဖေါင်စီယင်း ရေငတ်ရသည် သာမက ဖေါင်ပေါ် ကပါ ကန်ချခံနေရ သည့် အဖြစ်မျိုးနှင့် ရင်ဆိုင်နေရသည်ဟု ကျွန်တော်တို့ ယုံကြည်သည်။

မည်သို့ပင် ဖိနှိပ်ချုပ်ချုယ်မှု၊ခြိမ်းခြောက်မှု၊ဖမ်းဆီးချုပ်နှောင်မှု မျိုးကို ရင်ဆိုင်ရစေကာမှု ကျွန်တော်တို့ ၂၄ နာရီအင်အားစု-ရခိုင်ပြည်(24-Hours Action Groups-Raknine State) မှ ရခိုင့်ဂက်(စ်)ဖြင့် ရခိုင်ပြည်နယ် အဝန်း ကျေးလက်၊မြို့ပြ ၂၄ နာရီလျှပ်စစ်မီးရရှိရေး ကို နည်းလမ်းမျိုးစုံဖြင့် အချိန်နှင့်တပြေးညီ ဆက်တိုက် တောင်းဆိုတိုက်ပွဲ ဝင်သွားမည်ဖြစ်သည်။

၂၄ နာရီလှုပ်ရှားမှုအင်အားစု(ရခိုင်ပြည်)

24 Hours Action Groups-Rakhine State

0 ကချင်ပြည်နယ်သို့ ပထမခြေလှမ်း


နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ကချင်ပြည်နယ်ရှိ စစ်ဘေးဒုက္ခသည်များအတွက် လူသားချင်း စာနာထောက်ထားသော စိတ်ဓါတ်တို့ဖြင့် ကူညီကယ်ဆယ်ရေး ကုသိုလ်ရေးလုပ်ငန်းများကို သိန်း (၂၀၀) ကျပ်ဖြင့် စတင်မတည်ကာ စစ်ဘေးဒုက္ခသည် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများထံသို့ ပြည်ထောင်စု စိတ်ဓါတ်ဖြင့် သွားရောက်ကူညီ လှူဒါန်းမှုများပြုရန်အတွက် ၂.၁၂.၂၀၁၁ ည (၉း၀၀) နာရီ အချိန်တွင် အောင်မင်္ဂလာအဝေးပြေးမှ ရွှေစင်စင်္ကြာ မော်တော်ယာဉ်ဖြင့် ထွက်ခွာခဲ့ရာ မန္တလေးမြို့သို့ ၃.၁၂.၂၀၁၁ ရက်နေ့ နံနက် (၅း၃၀) နာရီတွင် ဆိုက်ရောက်ခဲ့သည်။

မန္တလေးမြို့မှ မြစ်ကြီးနားမြို့သို့ ရထားဖြင့် ၃.၁၂.၂၀၁၁ ရက်နေ့ ညနေ (၆း၂၀) နာရီအချိန်တွင် စတင်ထွက်ခွာခဲ့ရာ ည (၁၁း၀၀) နာရီအချိန်တွင် ရွှေဘိုဘူတာသို့၎င်း၊ ၄.၁၂.၂၀၁၁ ရက်နေ့ နံနက် (၅း၀၀) နာရီအချိန်တွင် ကောလင်းဘူတာသို့၎င်း၊ နံနက် (၁၀း၁၅) နာရီတွင် အင်းတော်ဘူတာသို့၎င်း၊ (၁၁း၀၀) နာရီအချိန်တွင် မော်လူးဘူတာသို့ ရောက်ရှိခဲ့ပြီးနောက် စီးနင်းလိုက်ပါလာသော တွဲအမှတ်(၂)တွင် နာရေး ကူညီမှုအသင်း(ရန်ကုန်)၏ ဗီနိုင်းချိတ်ဆွဲခဲ့ရာ အများပြည်သူအပေါင်းတို့မှ စိတ်ဝင်စားစွာ လာရောက်ဖတ်ရှု ခဲ့ကြသည်။ နေ့လည် (၁း၃၀) နာရီအချိန်တွင် မိုးညှင်းဘူတာသို့ ဆိုက်ရောက်ခဲ့ပြီးနောက် မိမိတို့နှင့် အတူ တကွ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအား သွားရောက်လှူဒါန်းမှုများကို ပြုလုပ်မည့် မန္တလေးမြို့ အမရပူရမြို့ရှိ “ဘ၀အလင်း” ပရဟိတအဖွဲ့အား မိုးညှင်းမြို့ခံ ပြည်သူများက လှိုက်လှဲစွာ ကြိုဆိုကြပြီး အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ပြီးသည့်နောက် မြစ်ကြီးနားမြို့သို့ သွားရောက်ကူညီလှူဒါန်းကြမည့် လူမှုရေးသမားများအား ထမင်းထုပ်များ လှူဒါန်းကျွေးမွေးခဲ့သည်။

ည (၆း၀၀) နာရီအချိန်တွင် နမ္မတီးဘူတာသို့ ဆိုက်ရောက်ကာ နာရေးကူညီမှုအသင်း(ရန်ကုန်) နှင့် ဆက်သွယ်ထားသော မြို့ခံ နာရေးကူညီမှုအသင်းများတို့မှ လာရောက်ကြိုဆိုကြကာ ထမင်းထုပ်များဖြင့် ထပ်မံ၍ ကျွေးမွေးခဲ့သည်။ ည (၈း၀၀) နာရီအချိန်တွင် မြစ်ကြီးနားမြို့သို့ အောင်မြင်စွာဆိုက်ရောက်ခဲ့သည်။
“ဘ၀အလင်း” ပရဟိတအဖွဲ့နှင့် ချိတ်ဆက်ထားသော မြစ်ကြီးနားမြို့ခံ ဒေါ်ခန်းရင် ကချင်ရိုးရာ အ၀တ် အထည်များရောင်းသည့်ဆိုင်တွင် လူမှုရေးသမားများအဖွဲ့အား ညစာထမင်းများဖြင့် တည်ခင်းဧည့်ခံ ကျွေးမွေးခဲ့ပါသည်။ ထို့နောက်တွင် အေးစေတီဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ကာ စခန်းချ တည်းခိုခဲ့ပါသည်။

ယနေ့ ၅.၁၂.၂၀၁၁ ရက်နေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ခံ ပရဟိတအဖွဲ့အစည်းများ၊ အမရပူရ မြို့ရှိ “ဘ၀အလင်း” ပရဟိတအဖွဲ့နှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)တို့စုစည်းကာ ကယ်ဆယ်လှူဒါန်းရေး လုပ်ငန်းစဉ်များအား ဆွေးနွေးညှိနှိုင်း တိုင်ပင်ဆုံးဖြတ်ကာ လူသားချင်းစာနာမှု၊ လှူဒါန်းမှုများကို စစ်ဘေး ဒုက္ခသည် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ လက်ဝယ်သို့ရောက်ရှိရန်အတွက် အားသွန်ခွန်စိုက် လုပ်ဆောင်ပေးဆပ်နေပြီ ဖြစ်တော့သည်။

ဤအိမ်ပေါ်တွင် ကောင်းချီးမင်္ဂလာရောက်စေသော်

ကချင်ပြည်နယ်တွင် ငြိမ်းချမ်းမှုတွေ ရောက်စေသော်


ကချင်ပြည်နယ်သို့ ပထမခြေလှမ်း” သတင်းတွင် နောက်ဆက်တွဲအဖြစ် အောက်တွင် ထည့်ပေးပါရန်။

နာရေးကူညီမှုအသင်းသားများနှင့် အသင်းကိုယ်စားပြုသူများ၊ “ဘ၀အလင်း” ပရဟိတအဖွဲ့သားများ သည် ပြည်တွင်းစစ် တိမ်းရှောင်နေရသော ဒုက္ခသည်များနှင့် ပတ်သက်သော နောက်ဆုံးရ သတင်းများအရ မြစ်ကြီးနား၊ ၀ိုင်းမော် ဒုက္ခသည်စခန်းများတွင်သာမက ဗန်းမော်မြို့အနီး ပတ်ဝန်းကျင်ရှိ ဒုက္ခသည်စခန်းများ တွင် ရောက်ရှိနေကြသော စစ်ဘေးသင့် တိုင်းရင်းသား မိဘပြည်သူများအတွက်ပါ အကူအညီ အထောက် အပံ့များ အပူတပြင်း လိုအပ်နေကြောင်း သိရှိရသဖြင့် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ အမေရိကန်နိုင်ငံ Bufflo ပြည်နယ်ရှိ မြန်မာနိုင်ငံသားများတို့မှ လှူဒါန်းသော အမေရိကန်ဒေါ်လာ 775 $ နှင့် အခြားအလှူရှင် များလှူဒါန်းထားသော အလှူငွေများအပါအ၀င် ထပ်မံ၍ သိန်း (၁၃၀) ကျပ်တိတိကို ယနေ့ အားချင်းပေးပို့ လှူဒါန်းလိုက်ပြီ ဖြစ်ပါကြောင်းတင်ပြအပ်ပါသည်။

ဤအိမ်ပေါ်တွင် ကောင်းချီးမင်္ဂလာရောက်စေသော်

ကချင်ပြည်နယ်တွင် ငြိမ်းချမ်းမှုတွေ ရောက်စေသော်

ကိုကျော်သူ

2 နိုင်ငံရေးလုပ်တယ်ဆိုတာပေးဆပ်ဖို့.ရယူဘို့မဟုတ်( မောင်မောင်ဝမ်း)


ကျနော်ပြည်ပကိုထွက်မလာခင်….ဇာတိမြို့ရေနံချောင်းကနေ….ရန်ကုန်ကိုဆင်းလာဖြစ်တယ်….ကိစ္စတခုနဲ့ပါ…အဲဒီတုန်းကအခြေနေက…ပြည်တွင်းမှာရပ်တည်လို့မရလောက်အောင်…ဦးတည်နေပြီ……ထောင်ထဲကိုနောက်တခေါက်ထပ်ဝင်ဘို့ရာကလည်း….မျက်စက ခပ်ပစ်ပစ်……

ရန်ကုန်ရောက်လို့…သိပ်မကြာဘူး….ပြသနာကစတက်တော့တယ်…ဘယ်နေရာမှတည်းလို့မရဘူး..ကျနော်တည်းခိုရာအိမ်တိုင်းကိုလိုက်ပြီး….ထောက်လှမ်းရေးများက…ဒုက္ခလိုက်ပေးတယ်…ဘယ်လိုလုပ်သလည်းဆိုတော့….ညဘက်သန်းခေါင်ကျော်လောက်…ရဲတွေ…ရ၀တတွေနဲ့ဧည့်စာရင်းအမြဲလာစစ်တယ်….ဖမ်းတာ လည်းမဟုတ်ပြန်ဘူး…အဲဒီ့အိမ်ကမခွာမခြင်းညတိုင်းဧည့်စာရင်းလာစစ်တာ….ကြာတော့…အိမ်ရှင်တွေက ကြောက်လာတယ်…..အလိုက်သိသိပဲ…ခွာပေးပါတယ်…တည်းခိုအိမ်တလုံးပြီးတလုံးပြောင်းလာလိုက်တာ… နောက်ဆုံးတည်းစရာနေစရာမရှိတော့လို့…တည်းခိုခမ်းမှာသွားတည်းတယ်…..နှစ်ရက်ပဲတည်းရသေးတယ်… တည်းခိုခမ်းကမန်နေဂျာက…ဆက်တည်းခိုခွင့်မပေးတော့လို့…တော်တော်ကိုရွာလည်တာ….ဒါနဲ့အဲဒီ့အကြောင်း…ကျနော်က..ယခုထောင်ထဲရောက်နေတဲ့…၈၈ကျောင်းသားခေါင်းဆောင်..ကိုကိုကြီးဆီလှမ်းအကြောင်းကြားတော့…ကိုကိုကြီးက….သတင်းတပ်ဖွဲ့ကအရာရှိတချို့နဲ့အချေအတင်ဖြစ်ပါလေရော…နောက်တော့…ဘယ်လိုဖြစ်သွားတယ်မသိပါဘူး…ကျနော်က…ဟန်းဘက်အိတ်ဆွဲတည်းခိုခမ်းကဆင်းမယ်အလုပ်ရောက်မှ…တည်းခိုခန်း..မန်နေဂျာက…ဆက်တည်းလို့ရပါပြီ..အကို..ကျနော်တို့ကိုစိတ်မဆိုးပါနဲ့…နားလည်ပေးပါဗျာဆိုအခါခါတောင်းပန်ရှာတယ်…..။ကျနော်ကတော့သဘောပေါက်ပြီးသားမို့…ဘယ်သူကိုမှအပြစ်မတင်ရက်ပါဘူး……ဒီလိုနဲ့ဖြစ်ချင်တော့…နောက်နေ့လည်းရောက်ရော….ဗြုန်းဆို…အရင်ထောင်ထဲနဲ့စစ်ကြောရေးစခန်းမှာတုန်းကရထားတဲ့…ဒဏ်ရာ(အာရုံကြောညှပ်တဲ့ရောဂါ)ကပြန်ထလာပြီး…လုံးဝလမ်းလျှောက်လို့မရ…ထလို့လည်းမရဖြစ်တယ်လေ…နိုင်ငံရေးလုပ်ဖော်ကိုင်ဘက်ရဲဘော်တွေရောက်လာပြီး…ဘားလမ်းကကုသိုလ်ဖြစ်မွတ်စလင်..ဆေးရုံကိုပို့လိုက်တယ်……အဲဒီ့ဆေးရုံမှာက…ဒေါက်တာတင်မျိုးဝင်း(ဒေါ်အောင်ဆန်းစုကြည်မိသားစုဆရာဝန်ကြီး)ရှိတယ်…..သူကနိုင်ငံရေးလောကသားများဆို…လာသမျှအကုန်ဆေးဒိုင်ခံကုပေးနေတာ…

ဒီလိုနဲ့တနေ့…ကိုပေါ်(မင်းကိုနိုင်)၊ရယ်ကိုကိုကြီးရယ်၊ကိုသန်းတင်ရယ်ရောက်လာတယ်…..(အရင်ရက်က ကိုဌေးကြွယ်နဲ့ကိုမင်းဇေယျာရောက်လာပြီး…ငွေတွေလာပေးသွားတယ်)…..ကျနော် တို့ရဲဘော်တွေဝေးသွားတာတော်တော်ကြာသွားပြီလေ…..ရှေးဟောင်းနှောင်းဖြစ်တွေပြောဖြစ်ကြတယ်……ထောင်ထဲကအကြောင်းတွေ….စုံလို့ပေါ့….ကိုပေါ်နဲ့ကျနော်နဲ့ကအခုမှဆုံဖြစ်တာ….သူကကျနော့်ကိုဆေးရုံကဆင်းရင်…ကျန်းမာရေးအထူးဂရုစိုက်ဖို့ပြောတယ်…..ကျနော်တို့လုပ်စရာတွေရှိသေးတယ်တဲ့…..ကိုကိုကြီးကတော့ရီစရာတွေပြော ရင်း ဖြေသိမ့်လို့…..ကျနော်က ကုတင်ပေါ်က မထနိုင်ဘူး…ကိုပေါ်က ကုတင်ဘေးနားမှာ………..

ကျနော်တို့အားလုံးအရာရာဖိအားတွေနဲ့ရင်ဆိုင်နေရတာကို..သူက…အားမာန်တွေနဲ့ရင်ဆိုင်ဘို့ပြော တယ်…..အမှန်ပြောရရင်အဲဒီအချိန်မှာ…စိတ်အားငယ်နေမိတာအမှန်ပဲ….ပထမတကြိမ်…အဲဒီရောဂါဖြစ်တာ…အောက်ပိုင်းသေမလိုဖြစ်သွားတယ်…..အားလုံးကမစိုးရိမ်ဘို့အကြောင်းဝိုင်းအားပေးကြတယ်……အဲဒီအချိန်မှာ…..ကိုပေါ်ကတခုခုကိုတွေတွေကြီးစဉ်းစားရင်းက…“ကျနော်တို့ပေးရတဲ့အရင်းနှီးတွေကများတယ်ဗျာ……ဆိုင်းမဆင့်ဗုံမဆင့်ပြောချလိုက်တဲ့စကားကြောင့် အားလုံးက သူ့ဆီကို အာရုံရောက်သွားကြတယ်.။

“….ဘယ်တတ်နိုင်မလည်းလေ…ကိုယ်ယုံကြည်တဲ့လမ်းကို ကိုယ်ရွေးချယ်ခဲ့တာပဲ……ကျနော်တို့ အားလုံးမှာလူငယ်ဘ၀မကြုံဘူးကြဘူးနော်..သူပြောလိုက်တဲ့စကားကကျနော်ရင်ကိုတုန်ခါသွားတယ်……ကျနော်တို့အားလုံးမှာလူငယ်ဘ၀မရှိဘူးတဲ့……သိပ်မှန်တာပေါ့ဗျာ…..ကျနော်တို့ရဲ့လူငယ်ဘ၀တွေဟာ…အုတ်ရိုးအတွင်းမှာကုန်ဆုံးသွားကြတာကိုး……လူငယ်ဘ၀အရသာကိုကျနော်တို့မခံစားဘူးဘူး………လူငယ်တွေရဲ့ပျော်ရွင်ခံစားကြတဲ့စိတ်ခံစားမှု့တွေကို…..ကျနော်တို့သိပ်မသိဘူး……..ကျနော့်ရင်တွေမွမ်းကြပ်သွားတယ်……..ဘ၀ဆိုတာဘာလည်း….မေးခွန်း တွေက ခေါင်းထဲမှာ အစီအရီ……..ပြီးတော့…သူက ဆက်ပြောတယ်….

“ကျနော်ယုံကြည်တာကတော့…..နိုင်ငံရေးလုပ်တယ်ဆိုတာ…ပေးဆပ်ဘို့သက်သက်ပဲဗျ….ရယူဘို့မဟုတ်ဘူး”

………………..သူပြောခဲ့တဲ့စကားတွေက…ခုထိကျနော့်ရင်ထဲမှာကပ်တွယ်ငြိနေဆဲ……..နောက်ဆုံးကျနော့် ရောဂါသက်သာလာတော့….ကျနော် ဆုံးဖြတ်လိုက်ပြီ…တိုင်းပြည်ကခွာတော့မယ်…..( လိပ်ပြာက မသန့်ဘူး ) ကိုပေါ်ပြောခဲ့တဲ့စကားက…ကျနော့်အတွေးကိုလာရိုက်ခပ်ပြန်တယ်…..နိုင်ငံရေးလုပ်တယ်ဆိုတာ…ပေးဆပ်ဘို့သက်သက်ပဲ…ရယူဘို့မဟုတ်ဘူးတဲ့…သေချာတာတခုကတော့….ကျနော်ခင်ဗျားတို့လောက်မပေးဆပ်ရဲတော့တာ..အမှန်ပါပဲဗျာ……

နောက်ဆုံးရောဂါတော်တော်ရှင်းရှင်းဖြစ်သွားပြီးလမ်းလည်းကောင်းကောင်းလျှောက်လို့ရသွားတော့… ဆေးရုံကဆင်းခွင့်ရပြီ….အဲဒီနေ့မှာ….သူတို့တော်တော်များများရောက်လာကြတယ်……ကိုပေါ်..ကိုကိုကြီး…ကိုမင်းဇေယျာ ၊ ကိုဌေးကြွယ် အဲဒီနေ့ကတော်တော်စုံတယ်….ကျနော်တို့အားလုံး…ဘားလမ်း မွတ်စလင်ဆေးရုံအောက်ခြေက…လမ်းဘေးလဘက်ရည်ဆိုင်က…ခုံပုစားပွဲလေးမှာ..၀ိုင်းထိုင်ရင်း…စကားတွေဖောင်ဖွဲ့ခဲ့ကြတယ်…….ပတ်ပတ်လည်မှာလည်း…ထောက်လှမ်းရေးတွေကအပြည့်……..ကျနော်စိတ်ထဲမှာမကောင်းဘူး…မှိုင်နေ တယ်….ကိုမင်းဇေယျာက ကျနော့်ကိုကြည့်ပြီးမေးတယ်…….

“ မင်း…ပြန်နေမကောင်းဖြစ်နေလား…………”

“ ကောင်းပါတယ်….ကျနော် တခုခုအတွက် စဉ်းစားနေတာပါ….”

အမှန်တကယ်က….ကျနော်ညနေ၅နာရီမှာ….အမိမြေကစွန့်ခွာတော့မယ်….သူတို့ကိုအသိမပေးခဲ့ဘူး…ဘာလို့လည်းဆိုတော့…တခုခုဖြစ်လာရင်…သွားငြိနေမှာဆိုးလို့…..လက်မှတ်ပါဖြတ်ပြီးသွားပြီ……အားလုံးပျော်ပျော်ပါးပါးနဲ့ လမ်းခွဲခဲ့ကြတယ်…..ကျနော်သူတို့ရဲ့ကျောပြင်ကိုကြည့်ရင်း ၀မ်းနည်းသလိုခံစားလိုက်ရတယ်…..

“ ကျနော်တို့တတွေ…ဒီလိုဘယ်တော့များမှ….ပြန်ဆုံနိုင်မှာပါလိမ့်….”…..ကျနော်တို့ တတွေဟာပျော်စရာကောင်းလှတဲ့…လူငယ်ဘ၀တွေကိုအစတေးခံရင်း…ပျော်စရာမကောင်းတဲ့..နိုင်ငံရေးလောကကြီးကို ကျေကျေနပ်နပ်ကြီး ဖြတ်ကျော်ခဲ့ကြတယ်။ လုံခြုံအေးချမ်းပျော်ရွင်စရာဘ၀တွေဘယ်တော့ ရနိုင်မလည်းဟင်။

ဒါပေမဲ့…အခုနေ အခုချိန်အခါမတော့…..လိပ်ပြာ သိပ်မလုံလှဘူးဗျ……….ကျနော်က ကမ္ဘာ့ဟိုက်ပါပါဝါ…အမေရိကန်မြေပေါ်မှာ…အန္တယာယ်ကင်းကင်းနဲ့….မွေ့ရာပေါ်မှာအိပ်နေတဲ့အချိန်….ခင်ဗျားတို့တတွေက…အေးစက်လှတဲ့….သံမံတလင်း..အခင်းပေါ်မှာ..အကာကွယ်မဲ့..သံတိုင်ကြားက…လေထုကိုကာကွယ်ရင်း…..အနာဂါတ်မြန်မာပြည်ကို ပုံဖော်နေမယ်ဆိုတာ…ပြောနိုင်ပါတယ်လေ….။

ကိုပေါ်…ရေ…ခင်ဗျားအပါဝင်….နိုင်ငံရေးအကျဉ်းသားတွေ…ဒေါ်စုခြံဝန်းထဲက…ကုလားထိုင်တွေပေါ်မှာထိုင်ရင်း…..ရုပ်ရှင်ဂီတ က..အနုပညာရှင်တွေနဲ့…ပြုံပျော်..ကြည်နူးနေကြတဲ့ မြင်ကွင်းတွေလို….facebook အပါဝင် မီဒီယာလောကကြီးတခုလုံးကို သမိုင်းတွင်စေမဲ့….ဓါတ်ပုံတွေ…ဗွီဒီယိုတွေကြည့်ချင်လိုက်တာဗျာ…..

“ နိုင်ငံရေးလုပ်တယ်ဆိုတာ…ပေးဆပ်ဖို့…ရယူဘို့မဟုတ်ဘူးတဲ့..”

အားလုံးကိုလေးစားစွာဖြင့်

( မောင်မောင်ဝမ်း )

Monday, December 5, 2011

0 မြန်မာနိုင်ငံ နိုင်ငံရေးအကျဉ်းသားမိသားစုများအကျိုးဆောင်ကွန်ရက်၏ သတင်း ထုတ်ပြန်ချက်

အင်းစိန်အကျဉ်းထောင်ရှိ “လျှော့ရက်ခံစားခွင့်မရှိသော သီးသန့်၊ သာမန်သီးသန့်အကျဉ်းသားများအား လျှော့ ရက်ခံစားခွင့်ပေးရေး” အတွက် (၂၆-၁၀-၂၀၁၁) နေ့လည် ၁၂:၀၀ နာရီမှစ၍ နိုင်ငံရေးအကျဉ်းသားတို့ ဆန္ဒပြ ခဲ့ကြပါသည်။ ဆန္ဒပြနိုင်ငံရေးအကျဉ်းသားများအား ဆန္ဒပြနေစဉ်ကာလအတွင်း စစ်ခွေးတိုက်တွင် တိုက်ပိတ် ထားခဲ့ပါသည်။

ကိုညီညီထွန်း၊ ကိုစိုးမိုးထွန်း၊ ကိုဝဏ္ဏဌေးတို့ ၂၆-၁၀-၂၀၁၁ မှ ၂-၁၁-၂၀၁၁ နေ့အထိ ၇ ရက်ကြာ အစာငတ် ခံဆန္ဒပြပြီးနောက် ကိုညီညီထွန်း၊ ကိုဝဏ္ဏဌေးတို့သည် အင်းစိန်တွဲဖက်အကျဉ်းထောင်သို့ ရွှေ့ပြောင်းခြင်းခံခဲ့ရ ပါသည်။ ကိုကောင်းမြတ်လှိုင်၊ ကိုသော်ဇင်တို့မှာ ၂၆-၁၀-၂၀၁၁ မှ ၃-၁၁-၂၀၁၂ အထိ ၈ ရက်ကြာ အစာ ငတ်ခံဆန္ဒပြပြီးနောက် ၎င်းတို့အား ၄ ဆောင်သို့လည်းကောင်း ရွှေ့ပြောင်းထားခြင်းခံခဲ့ရပါသည်။ ကိုကောင်း မြတ်လှိုင်မှာ ခြေထောက်များ ဖောရောင်ကာ အစာအိမ်ရောဂါပါ ခံစားနေရသဖြင့် သတိလစ်လုလုထိအောင် ဖြစ်ခဲ့သောကြောင့် အစာငတ်ခံဆန္ဒပြမှုကို ရပ်ဆိုင်းပြီး အစာအိမ်ရောဂါကို ကုသနေရပါသည်။ ကိုအောင်နိုင်၊ ကိုသန်းနိုင်ဦးတို့သည် ၂၆-၁၀-၂၀၁၁ မှ ၃၁-၁၀-၂၀၁၁ နေအထိ ၅ ရက်ကြာ အစာငတ်ခံဆန္ဒပြခဲ့ကြပြီး နောက် ကိုအောင်နိုင်ကို မူလနေရာဖြစ်သော ၅ တိုက်သို့ ပြန်ပို့ထားသော်လည်း ကိုသန်းနိုင်ဦးအား ၅ တိုက်မှ ၅ ဆောင်သို့ ရွှေ့ပြောင်းထားခဲ့ပါသည်။ ကိုဉာဏ်ထွန်းလင်းမှာ ၂၆-၁၀-၂၀၁၁ မှ ၉-၁၁-၂၀၁၂ အထိ ၁၄ ရက်ကြာ အစာငတ်ခံဆန္ဒပြပြီးနောက် အစာအိမ်ရောဂါအခြေအနေ ဆိုးရွားလာသဖြင့် ဆေးရုံတက်ရောက်ကု သမှုခံယူပြီးနောက် မူလနေရာဖြစ်သော ၅ ဆောင်တိုက်သို့ ပြန်ပို့ထားပါသည်။

ဆန္ဒပြသော နိုင်ငံရေးအကျဉ်းသားများထဲမှ ၂ ဦးအား မူလနေရာသို့ ပြန်ပို့ထားခဲ့သော်လည်း ၂ ဦးကို တွဲဖက် အကျဉ်းထောင်သို့လည်းကောင်း ရွှေ့ပြောင်းထားကာ ကျန်လူများအားလုံးကို အဆောင်အသီးသီးသို့ ရွှေ့ ပြောင်းထားခဲ့ပါသည်။ အဆောင်သို့ရောက်ရှိသွားသော နိုင်ငံရေးအကျဉ်းသားများမှာ ကျန်းမာရေးမကောင်း သော၊ ရောဂါဘယထူပြောပြီး သန့်ရှင်းမှုမရှိသော အဆောင်အခန်းများတွင် အခြားအကျဉ်းသားများနှင့် စိတ် ဆင်းရဲ အနေဆင်းရဲစွာ အတူတူနေနေကြရပါသည်။ ၎င်းတို့အားလုံးအား ထောင်ဝင်စာ တလ (အစာငတ်ခံ ဆန္ဒပြမှုအား စတင်ရပ်ဆိုင်းရက်မှ တလကြာကာလ) ပိတ်ထားခံရပါသည်။

၃-၁၂-၂၀၁၁ စနေနေ့က အင်းစိန်အကျဉ်းထောင်အတွင်း အစာငတ်ခံဆန္ဒပြခဲ့ကြသော နိုင်ငံရေးအကျဉ်းသား များ ဖြစ်ကြသည့် ကိုညီညီထွန်း၊ ကိုစိုးမိုးထွန်း၊ ကိုကောင်းမြတ်လှိုင်၊ ကိုသော်ဇင်၊ ကိုဉာဏ်လင်းထွန်းတို့၏ မိ သားစုဝင်များသည် ထောင်ဝင်စာတွေ့ရန် အင်းစိန်အကျဉ်းထောင်သို့သွားရောက်ခဲ့ပါသည်။ ကိုဉာဏ်ထွန်း လင်းမှာ ၉-၁၁-၂၀၁၁ နေ့မှ စတင်ရေတွက်ပါက တလမပြည့်သေးသခြင့် မိသားစုမှာ ထောင်ဝင်စာတွေ့ခွင့်မ ရခဲ့ပါ။ ထောင်ဝင်စာတွေ့ခွင့်ရသော မိသားစုများအား ထောင်ဝင်စာတွေ့နေချိန်တွင် အာဏာပိုင်တို့၏ အထူး စောင့်ကြည့်မှု၊ သတင်းရေးသားမှတ်တမ်းတင်နေခြင်း စသောလုပ်ဆောင်ချက်များမှာ လွတ်လပ်စွာတွေ့ဆုံစ ကားပြောခွင့်ကို အနှောင့်အယှက်ဖြစ်စေခဲ့ပါသည်။

အစာငတ်ခံဆန္ဒပြမှု ပြုလုပ်နေစဉ်အတွင်း ၎င်းတို့၏ တောင်းဆိုမှုအား ထောင်အာဏာပိုင်တို့က လာရောက် တွေ့ဆုံခြင်း အပြုသဘောဆောင် ဖြေရှင်းပေးခြင်းမလုပ်ဘဲ ထားရှိခြင်းနှင့် အကျဉ်းဦးစီးဌာနမှ ဒုတိယညွှန် ကြားရေးမှူး ဦးကျော်ခင်က ထိုကိစ္စများသည် အကျဉ်းဦးစီးနှင့်မဆိုင်ကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန အ ထက်အစိုးရပိုင်းနှင့်သာဆိုင်ကြောင်း၊ ငါတို့တွေကို ဆန္ဒပြနေလို့ ဘာမှဖြစ်လာမှာမဟုတ်ကြောင်း ဆန္ဒပြနိုင်ငံ ရေးအကျဉ်းသားများအား ပြောကြား၍ ဆန္ဒပြနေစဉ်ကာလတလျှောက်လုံး အသက်သေဆုံးနိုင်သည်အထိ လျစ်လျူရှုထားခဲ့ပါသည်။ ၁၉၉၇ ခုနှစ်က သာယာဝတီအကျဉ်းထောင်တွင် အစာငတ်ခံဆန္ဒပြရင်း ကျဆုံးခဲ့ သော ကိုအောင်ကျော်မိုးအား ရန်ကုန်ထောင်အုပ်စုမှူး ဦးရွှေကျော်မှလည်း ယခုကဲ့သို့ ပြောကြားခဲ့ဖူးပါသည်။ ထောင်ဝင်စာတလပိတ်ထားခြင်း၊ မူလနေရာသို့ မပို့ဘဲ ရွှေ့ပြောင်းထားခြင်း တောင်းဆိုချက်များကို ဖြေရှင်း ဆောင်ရွက်ပေးခြင်းမရှိဘဲ အရေးယူဆောင်ရွက်မှုတို့သာ ပြုလုပ်နေခြင်းကြောင့် ငြိမ်းချမ်းစွာဖြင့် အစာငတ်ခံ ဆန္ဒပြကြသော နိုင်ငံရေးအကျဉ်းသားတို့၏ မိသားစုဝင်များကလည်း စိတ်မသက်မသာခံစားနေကြရသည်။

ယနေ့ကဲ့သို့ ဒီမိုကရေစီကို ဖော်ဆောင်နေပါသည်ဟု ပြောကြားနေသော အစိုးရတရပ်အနေဖြင့် အပြုသဘော ဆောင်ဖြေရှင်းပေးမှုမရှိခြင်း၊ ပြစ်ဒဏ်ပေးအရေးယူ ဆောင်ရွက်ချက်များ ရှိနေသေးခြင်းတို့အပေါ် ဒီမိုကရေစီ လိုလားသော နိုင်ငံရေးအင်အားစုများနှင့် ပြည်သူလူထုကြီးမှ လက်ရှိအစိုးရသစ်အပေါ် ယုံကြည်မှုကျဆင်း လာစေမည်ဖြစ်ပါသည်။

၁၉၉၆ ခုနှစ်မှစ၍ နိုင်ငံရေးအကျဉ်းသားတို့အား လျှော့ရက်ခံစားခွင့်ပိတ်ပင်ဖြတ်တောက်ခဲ့သော န၀တ၊ နအဖ စစ်အာဏာရှင်ဟောင်းတို့၏ သဘောထားမူဝါဒများအား ယနေ့ ဦးသိန်းစိန်အစိုးရအနေဖြင့် ဆက်လက်၍ လက်ခံကျင့်သုံးနေခြင်းသည် အမျှော်အမြင်ကင်းမဲ့သော စစ်တပိုင်းအစိုးရအဖြစ် ရပ်တည်နေမှုပင်ဖြစ်ပါသည်။

ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆုံးရှုံးနေမှုများအား ပြည်သူလူထုကြီးနှင့်တကွ ကမ္ဘာ့ဒီမိုကရေစီအင်အားစုများ သိကြပါစေ ...။

နိုင်ငံရေးအကျဉ်းသားမိသားစုများအကျိုးဆောင်ကွန်ရက်
သတင်းနှင့်ပြန်ကြားရေးဆပ်ကော်မတီ
(၄-၁၂-၂၀၁၁)

Sunday, December 4, 2011

1 လူရွှင်တော် ဦးဇာဂနာ နိုင်ငံခြားခရီးသွားမည်


source: m&c
မကြာသေးမီက လွတ်ငြိမ်းချမ်းသာခွင့် ရခဲ့သည့် လူရွှင်တော်ဦးဇာဂနာသည် နိုင်ငံကူးလက်မှတ် ရအပြီးတွင် ထိုင်း၊ ကမ္ဘောဒီးယား၊ အရေိကန်ပြည်ထောင်စုနှင့် ဂျာမဏီနိုင်ငံတို့သို့ ခရီးသွားရန် ရည်ရွယ်နေကြောင်း တနင်္ဂနွေနေ့ မီဒီယာများအရ သိရှိရသည်။ Myanmar Times သတင်းအရ ဦးသူရခေါ် လူရွှင်တော် ဦးဇာဂနာသည် လွတ်ငြိမ်းချမ်းသာခွင့် ရခဲ့အပြီး တစ်လအကြာ၊ နိုဝင်င်္ဘာလကုန်ပိုင်းက နိုင်ငံကူးလက်မှတ် ရခဲ့ကြောင်း သိရှိရသည်။

"ကျွန်တော်အရင်က နိုင်ငံကူးလက်မှတ်အတွက် ခြောက်ကြိမ်လျှောက်ထားခဲ့တာ အားလုံးအပယ်ခံခဲ့ရပါတယ်။ အခုတစ်ကြိမ်မှာတော့ သုံးပတ်ထဲနဲ့ ထုတ်ပေးခဲ့ပါတယ်"ဟု ဦးဇာဂနာကဆိုသည်။ ဦးဇာဂနာသည် ယခုလကုန်ပိုင်းတွင် ထိုင်းနှင့်ကမ္ဘောဒီးယား နိုင်ငံများသို့သွားရောက်ပြီး ဒီဇင်္ဘာလ ၃၁ ရက်နေ့မှ ဇန်နဝါရီလ ၄ ရက်နေ့အထိ ရန်ကုန်တွင်ကျင်းပပြုလုပ်မည့် Art of Freedom ရုပ်ရှင်ပွဲတော်အတွက် ဒါရိုက်တာများနှင့် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားကြောင်း သိရသည်။ "ကျွန်တော် ထိုင်းက ဒါရိုက်တာနှစ်ယောက်နဲ့ တွေ့ဖို့ရှိပါတယ်။ သူတို့က ဒီရုပ်ရှင်ပွဲမှာ အနိုင်ရတဲ့သူကို သင်ကြားပေးကြမယ်လို့ ဆိုပါတယ်"ဟု ဦးဇာဂနာက ဆိုသည်။

ထိုင်းနိုင်ငံတွင် နှစ်ရက်ကြာနေထိုင်ပြီး ကမ္ဘောဒီးယားမြို့တော် ဖနွမ်ပင်ရှိ Meta House documentary ရုပ်ရှင်ကျောင်းကို သွားရောက်လေ့လာမည်ဖြစ်ကြောင်း သိရသည်။ "ကျွန်တော်က The Phnom Penh Post ဆိုတဲ့ ဇာတ်လမ်းကိုဖတ်ပြီး ဒီကျောင်းကို သွားချင်နေခဲ့တာ"ဟု သူကဆိုသည်။ ရန်ကုန်ရုပ်ရှင်ပွဲတော်ပြီးလျှင် အမေရိကသို့ ခရီးဆက်မည်ဖြစ်ကြောင်း သိရသည်။ ထို့နောက် ဂျာမဏီသို့သွားပြီး သူထောင်တွင်းမှာရှိစဉ်က ရိုက်ကူးထားခဲ့သော The Prison Where I Live အမည်ရှိ documentary ရုပ်ရှင်သရုပ်ဆောင်နှင့် တွေ့ဆုံရန် စီစဉ်ထားကြောင်းလည်း သိရသည်။

ခင်မင်စွာဖြင့်

မောင်သစ်စိမ်း(MMCP)

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.