Saturday, January 1, 2011

0 " သက်ရှိမိုင်း၊ သက်ရှိသမိုင်းနှင့် မိုင်းတပ်သားများအကြောင်း”-
ရေးသူ- မျိုးမြင့်ချို


ကျနော် စစ်မြေပြင်အင်္ဂျင်နီယာတက်တော့ သင်ရတဲ့အထဲမှာ အခြားဘာသာရပ်တွေအပြင် “မိုင်းနှင့် ထောင်ချောက်” “ဖေါက်ခွဲဖျက်ဆီးရေး” “စစ်မြေပြင်ခံစစ်နှင့်အတားအဆီး” ဆိုတဲ့ ဘာသာရပ် တွေလည်း ပါပါတယ်။ မိုင်းတလုံးချင်းစီမှာအသုံးပြုထားတဲ့ ခလုပ်အမျိုးအစားအလိုက် နင်းမိုင်း တိုက်မိုင်း ကြွမိုင်း ဆိုပြီး အလွယ်ခေါ်တဲ့ လူသတ်မိုင်းတွေ၊ ဖေါက်ဖွဲစက်နဲ့ဖေါက်ခွဲရတဲ့ ရှေ့ထွက်မိုင်းလို မိုင်းမျိုးတွေအပါအဝင်၊ ရေအောက်မှာနဲ့ရေမျက်နှာပြင်နားမှာကပ်ပြီးထောင်တဲ့ ရေမြုတ်မိုင်း၊ ယာဉ်တွေက ထောင်တဲ့ တင့်ဖျက်မိုင်းတွေအကြောင်း၊ ဖြုတ်နည်းတပ် နည်း၊ မိုင်းကွင်းများခင်းကျင်းနည်း၊ ရှင်းနည်း စတာတွေကိုအသေးစိတ်သင်ရပါတယ်။ နောက် ထောင်ချောက်များအကြောင်း ပေါက်ကွဲ စေတတ်တဲ့ ပစ္စည်းတွေနဲ့ ဆက်စပ်ပြီး ထောင်ချောက်လုပ်နည်းတွေ၊ ဖေါက်ခွဲဖျက်ဆီးရေး (တံတားချိုးတာ၊လမ်းဖျက်တာ) စတာတွေ။ နောက်တော့ စစ်မြေပြင်ခံစစ်စခန်းတွေ တည်ဆောက်ပုံ၊ ခံစစ်တခုချင်းစီရဲ့အရေးပါမှုအလိုက် အတားအဆီးစီစဉ်ပုံတွေသင်ရပါတယ်။

အရပ်အခေါ် “မိုင်းထောင်တယ်” ဆိုတာဟာ မိုင်းတပ်သားတွေပြောတဲ့ “အသက်သွင်းခြင်း” ဖြစ်ပါတယ်။ မက္ကနစ်ဇင်(Mechanism) ဆိုမယ့် ခလုပ်ပိုင်း၊ Spark လို့ပြောတဲ့ မီးပွင့်ခေါင်း၊ အစပျိုးဖေါက်ခွဲပေးမယ့် ဒီတိုနေတာ (Detonator) (ယမ်းအုံကြီးတဲ့မိုင်းတွေမှာ အားမြှင့်ယမ်း (Primer) ဆိုတာထပ်ပိုးရပါသေးတယ်) နဲ့ ယမ်းအုံဆက်စပ်ပြီး၊ နင်းရင်၊ တိုက်ရင် နင်းပြီးပြန်ကြွရင်ပေါက်ကွဲအောင် တပ်ဆင်ပေးရတာဖြစ်ပါ တယ်။ အဲဒါနဲ့ပြောင်းပြန်လုပ်တာကိုတော့ အရပ်အခေါ် ”မိုင်းဖြုတ်တယ်”ဖြစ်ပြီး၊ မိုင်းတပ်သားတွေကတော့ “သက်မဲ့လုပ်ခြင်း”လို့ ပြောပါ တယ်။ အသက်လည်းသွင်းလိုက်တယ် ခလုပ်ကိုလည်းဖြုတ်မိတယ်။ ဒါပေမယ့်မိုင်းကမကွဲဘူး ဆိုရင်တော့ “မိုင်းအ” လို့ခေါ်ပါတယ်။

စာတွေ့နဲ့လက်တွေ့ကိုပေါင်းတဲ့သင်ခန်းစာစတဲ့ ပထမဆုံးနေ့က နည်းပြဆရာအကြပ်ကြီးပေးခဲ့တဲ့ ပထမဆုံးလက်ချာကတော့… “မိုင်းတလုံး ထောင်တာပဲဖြစ်ဖြစ် မိုင်းအလုံးရေသိန်းချီပြီခင်းတာပဲဖြစ်ဖြစ် အဲဒါဟာ မိုင်းကွင်းတခုခင်းကျင်းတာဖြစ်တယ်လို့မှတ်ရမယ်။ မိုင်းကွင်းတခုကို ခင်းပြီဆိုတာနဲ့ မခင်းခင်မှာအရင်ဆုံး မင်းတို့ခံယူထားရမှာက (တစ်)မိမိကိုယ်ကို အန္တရာယ်မဖြစ်ဖို့ (နှစ်)မိမိလူများကို အန္တရာယ်မဖြစ်ဖို့ (သုံး) ရန်သူကိုထိခိုက်စေဖို့ဖြစ်တယ်ဆိုတာပဲ။ စစ်မြေပြင်မှာ မိုင်းတပ်သားဟာ သူ့ကိုယ်သူအန္တရာယ်မဖြစ်မချင်း သူဟာ မိုင်းကွင်းတွေခင်းနေ ရှင်းနေလို့ရသေးတယ်။ သူ့လူတွေကို အန္တရာယ်မဖြစ်မချင်း သူဟာ အပြစ်တင်ခံရတာနဲ့အရေးယူခံရတာကနေလွတ်တယ်။ အဲဒီ ၂ ချက်ကနေ ကင်းနေမှ မိုင်းတပ်သားဟာ ရန်သူကိုထိခိုက်အောင်လုပ်လို့ ရနေမှာဖြစ်တယ်ဆိုတာပဲ” ဖြစ်ပါတယ်။

ကျနော်တပ်ကထွက်ပြီးနောက် တပ်နဲ့ဝေးသွားသလို မိုင်းတွေနဲ့လည်းလှမ်းသွားပါပြီ။ အဲဒီတုန်းက သင်တန်းမှာနည်းပြဆရာအကြပ်ကြီး ပေးခဲ့တဲ့လက်ချာကိုလည်း မှတ်နေစရာမလိုတော့တဲ့အတူတူဆိုပြီး မေ့သလိုလိုတောင်ထားလိုက်ပါပြီ။ ဒါပေမယ့် တိုက်ဆိုင်တယ်ပဲဆိုမလား မပြောတတ်ပါ။ တရက် မိတ်ဆွေတယောက်နဲ့ အွန်လိုင်းမှာဆုံပါတယ်။ သူက လက်နက်ကိုင်တော်လှန်ရေးကိုယုံကြည်သလို တစုံတရာဖြတ် သန်းမှုလည်းရှိခဲ့သူပါ။ ကျနော်က လက်နက်ကိုင်တော်လှန်ရေးမဟုတ်တဲ့ အခြားနည်းနာတွေကိုယုံကြည်ပြီး ထောင်တွင်းဘဝကိုဖြတ်သန်း လာသူပါ။ မတူတဲ့လမ်းကနေနဲ့တူညီတဲ့ပန်းတိုင်ကို အရောက်သွားကြမယ်လို့ရည်ရွယ်ခဲ့ကြပေမယ့် အခုတော့ သူရောကျနော်ပါ တတိယနိုင်ငံ တွေမှာအခြေချနေပြီး တပိုင်တနိုင်နိုင်ငံရေးဆိုတာလေးနဲ့ ကိုယ့်ကိုယ့်ကိုချွေးသိပ်နေသူတွေဖြစ်နေပါပြီ။ သူနဲ့ကျနော်အွန်လိုင်းမှာ ပြည်တွင်း အခြေအနေနဲ့ဗမာ့နိုင်ငံရေးအခင်းအကျင်း ဆိုတာတွေပြောဖြစ်ပါတယ်။ ပြည်တွင်းနဲ့ပတ်သက်ပြီး ပြည်တွင်းနိုင်ငံရေးလုပ်နေကြသူတွေမှာ အမျိုးအစား ၂ မျိုးရှိတယ်လို့ သူမြင်ကြောင်းပြောပါတယ်။ တမျိုးက “ပေါ်တင်နိုင်ငံရေး”။ နောက်တမျိုးက “ငုတ်လျှိုးနိုင်ငံရေး” လို့ ဆိုပါတယ်။ အစဉ်အဆက်ပြောဆိုသုံးစွဲလာခဲ့ကြတဲ့ “ဥပဒေတွင်းဥပဒေပ” တို့ “မြေပေါ်(အိုဂျီ)မြေအောက်(ယူဂျီ)” တို့ဆိုတဲ့ ဝေါဟာရတွေကိုသုံးချင်ဟန် မရှိလို့ဖြစ်မယ်ထင်ပါတယ်။ “ပေါ်တင်နိုင်ငံရေး”မှာ အုပ်စုလိုက်ပြီးရှိကြောင်း ရွေးကောက်ပွဲဝင်လွှတ်တော်တက်မယ့်အစု၊ ရွေးကောက်ပွဲအသိ အမှတ်မပြုဝင်လည်းမဝင် န.အ.ဖကလည်း ဘယ်လိုထိရမှန်းမသိသေးတဲ့အစု၊ လူမှုရေးမျက်နှာစာနဲ့ နိုင်ငံရေးလက္ခဏာဆောင်အစု၊ ကလေး စစ်သားနဲ့ အဓမ္မလုပ်အားခေါင်းစဉ်အောက်က သူ့လူကိုယ့်လူ သိပ်မကွဲတဲ့အစုနဲ့ တကိုယ်တော်လှုပ်ရှားနေကြသူအစုတွေဖြစ်ပြီး၊ “ငုတ်လျှိုးနိုင်ငံ ရေး” မှာတော့ ဗ.က.သလို ကျောင်းသားအစုတွေ၊ သဏ္ဍန်စုံအမည်စုံနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လုပ်နေကြတဲ့ ပျောက်ကြားလူငယ်အစု၊ နည်းပညာ အခြေခံအင်တာနက်ကနေ အတွင်းအပြင် ချိတ်ဆက်လှုံ့ဆော် သူများအစုတွေပါကြောင်း အကြမ်းဖျဉ်းဆိုနိုင်တယ်လို့ပြောပါတယ်။ ပြဿနာက အမျိုးအစား ၂ မျိုးစလုံးမှာ လုပ်ရကိုင်ရတာ အကန့်အသတ်အလွန်ကြီးသလို အကျပ်အတည်းလည်း ရှိနေတယ်လို့ဆိုပါတယ်။

(ဖြည့်စာ-- ကျနော်က သူ အမျိုးအစားသတ်မှတ်ပုံနဲ့ အစုအဖွဲ့ခွဲဖြန့်ပြပုံတွေကိုတော့ သူ့အမြင်သာဖြစ်လို့ ဘာမှမငြင်းခုံဖြစ်ပါ။ ဒါပေမယ့် သူ့ အဖြန့်အခွဲအစုတွေထဲက “ကလေးစစ်သားနဲ့အဓမ္မလုပ်အားခေါင်းစဉ်အောက်က သူ့လူကိုယ့်လူသိပ်မကွဲတဲ့အစု” ဆိုတာနဲ့ပတ်သက်လို့တော့ ပြောဖြစ်ပါတယ်။ ဒီအကြောင်းတော့ နောက်မှရေးမယ်လို့ တွေးထားပါတယ်)

သူက အဲဒီလို အကန့်အသတ်နဲ့အခက်အခဲတွေ ဘယ်လိုဘယ်လောက်ပဲရှိရှိလုပ်ရမယ့်အလုပ်ကိုတော့ လုပ်နေကြရဦးမှာပဲလို့ဆိုပြီး -------“ပေါ်တင်ဖြစ်ဖြစ် ငုတ်လျှိုးဖြစ်ဖြစ်ပေါ့ကွာ ကိုယ်ရွေးချယ်ပြီးသား မူအတိုင်းတော့သွားရမှာပဲ။ အဲဒီလမ်းပေါက်ဖို့ လုပ်ဟန်နဲ့နည်းနာတွေလည်း ရှိနေကြတာပါပဲ။ လုပ်လည်းလုပ်နေကြတာပဲ။ ဒါပေမယ့် အခုတလော ငါတွေးမိနေတာလေးတခုရှိတယ်ကွ။ အဲဒါက လုပ်ဟန်နည်းနာတွေနဲ့ လည်းမဆိုင်ပါဘူး။ လုပ်တဲ့နေရာမယ် ဘယ်လိုခံယူမှုထားမလဲဆိုတာပါ။ ဘယ်လိုခံယူမှုမျိုးနဲ့လုပ်မလဲဆိုတာပါ။ မင်းကို အဲဒါပြောမလို့-“ ဆိုပြီး “မင်းစဉ်းစားကြည့်လေ။ လုပ်နေတဲ့သူက သူကိုယ်တိုင်ထောင်ထဲ ရောက်မသွားဖို့အရေးကြီးတယ်။ ထောင်ထဲရောက်သွားရင် ဘာမှ လုပ်မရတော့ဘူး။ ထောင်ထဲကနေ ဘာမှလုပ်လို့မရဘူး။ ပြည်တွင်းမှာနိုင်ငံရေးကို ထောင်မကျအောင်လုပ်တတ်ဖို့လိုမယ်။ အနိမ့်ဆုံး ထောင် ကျတော့မယ့်အပေါက်တိုးမိရင် ရှောင်တတ်တိမ်းတတ်ဖို့လိုမယ်။ နောက်တခုက ကိုယ်ကိုယ်တိုင်တော့ ထောင်မကျဘူးကွာ။ ဒါပေမယ့် ကိုယ့်လူတွေ ထောင်ထဲရောက်သွားပြန်တယ်ဆိုလည်း မနိပ်ပြန်ဘူး။ ကိုယ်ကတော့ အပြင်မှာရှိနေပါရဲ့။ ကိုယ့်လူတွေက အတွင်းမှာဆိုပြန် ရင်လည်း ဘာမှလုပ်မရပြန်တော့ဘူးလေကွာ။ သမင်တကောင်မွေးဖို့မလွယ်ပေမယ့် ကျားစားဖို့ကတော့လွယ်တယ်မဟုတ်လား။ ကိုယ်လည်း အထဲမရောက် ကိုယ့်လူတွေလည်းအပြင်မှာရှိမှ လုပ်စရာရှိတာလုပ်လို့ရမယ်မဟုတ်လားကွ။ ဆိုတော့ကွာ တစ်က ကိုယ်ထောင်ထဲမရောက် ရေး။ နှစ်က ကိုယ့်လူတွေထောင်ထဲမရောက်ရေး။ သုံးကမှ ကိုယ်လုပ်စရာရှိတာ ဆက်လုပ်နိုင်ရေးပေါ့ကွာ”

ကျနော့် သူနဲ့စကားပြောရင်း မိုင်းနည်းပြအကြပ်ကြီးရဲ့ ပထမဆုံးနေ့က ပထမဆုံးပေးခဲ့တဲ့လက်ချာအပြင် အဲဒီနေ့ကပေးခဲ့တဲ့ ဒုတိယ လက်ချာကို သတိရမိလိုက်ပါတယ်။ သူ့ ဒုတိယလက်ချာက….

“ငါကမင်းတို့ကို မိုင်းကွင်းခင်းကျင်းတဲ့အခါမှာ ခံယူထားရမယ့်သဘောထားတွေကို အရေးပါမှုအလိုက် အမှတ်စဉ်ထိုးပြီး ၁-၂-၃ ဆိုပြီး ပြော သွားတယ်။ တကယ်လည်း ဒါက မိုင်းတပ်သားတယောက်အနေနဲ့ ခံယူထားရမယ့်သဘောတရားပဲ။ ဆိုတော့ လက်တွေ့မှာရှေ့တန်း စစ်မြေ ပြင်တွေရောက်တဲ့အခါမယ် တချို့မိုင်းတပ်သားတွေက အမှတ်စဉ်တစ်နဲ့နှစ်ကိုသောက်တလွဲတွေးပြီး သောက်တလွဲလျှောက်လုပ်ကုန် တာတွေ လည်းတကယ့်ကိုရှိတယ်။ မိုင်းခင်းရင်းကိုယ့်ကိုပြန်ထိမှာကြောက်တော့ မိမိအန္တရာယ်မဖြစ်ရေးနဲ့မိမိလူတွေအန္တရာယ်မဖြစ်ရေးဆိုတာကို ကာဗာလုပ်ပြီး မိုင်းကိုအသက်မသွင်းတော့ဘူး။ ထောင်တော့ထောင်လိုက်တာပဲ။ မိုင်းအလုံးလိုက်ကြီးကိုမြေကြီးပေါ်မှာ ထောင်ထားလိုက်တာ။ အသက်သွင်းတာမဟုတ်ဘူး။ အသက်မရှိတဲ့မိုင်းဟာ ကျည်ဆံမရှိတဲ့သေနတ်လောက်တောင် အသုံးဝင်တာမဟုတ်ဘူး။ သေနတ်ကမှ ကျည် မရှိပေမယ့်ရိုက်လို့တော့ရသေးတယ်။ ဆိုတော့ အဲသလိုလုပ်တာရဲ့အကျိုးဆက်ကဘာဖြစ်လာသလဲ။

တစ်တချက် မိမိကိုယ်ကိုယ်လည်း အန္တရာယ်တော့မဖြစ်ဘူး။
နှစ်တချက် မိမိလူတွေကိုလည်းအန္တရာယ်မဖြစ်တော့ဘူး။
သုံးတချက် ရန်သူကိုလည်းဘာမှမလုပ်နိုင်တော့ဘူး။

ကိုယ့်ခံစစ်စခန်းမှာ အဲသလိုမိုင်းကွင်းမျိုးရှိတာနဲ့မရှိတာဘာမှမထူးဘူး။ အတူတူပဲလို့မင်းတို့ကထင်မယ်။ မတူဘူး၊ ထူးတယ်၊ ဘာမိုင်းကွင်းမှ မရှိတာထက် အဲသလိုမျိုးမိုင်းကွင်းရှိနေတာက အန္တရာယ်ပိုကြီးကြောင်း ငါ့အတွေ့အကြုံနဲ့ယှဉ်ပြီးပြောပြမယ်။ ငါ မိုင်းတပ်သားဘဝနဲ့ ရင်ဆိုင် ကုန်းတခုကိုရောက်တယ်။ ငါ့ရှေ့ကလူက ငါ့ကိုအဲဒီခံစစ်ရဲ့အတားအဆီးတွေနဲ့ မိုင်းကွင်းတွေကို မြေပုံတွေနဲ့ပဲလွှဲသွားတာ။ ငါ့မှာရောသူ့မှာရော မြေပြင်ကိုစစ်ဆေးပြီးမှလွှဲပြောင်းလက်ခံလုပ်ဖို့ အချိန်မရလိုက်ခဲ့ဘူး။ တပ်တွေအချိန်းအပြောင်းလုပ်ပြီး နောက်နေ့မနက်လင်းအားကြီးအချိန်မှာ အတွင်းဘက်တတိယခံစစ်စည်းရိုးတိုင်တွေကို လောင်ချာနဲ့လှမ်းပစ်သံကြားတော့မှ ကင်းသမားကလန့်နိုးပြီး အတွဲလိုက်ဆွဲချလိုက်တော့မှ တစခန်းလုံးလန့်ဖြန့်ပြီးနိုးကုန်ကြတာ။ ဒါပေမယ့် နောက်ကျသွားပြီ။ ရန်သူက ဘန်ကာတွေကိုတောင်ဖြိုနေပြီ။ ဘာမှပြန်လုပ်ချိန်မရတော့ဘူး။ အားလုံးခွေးပြေးဝက်ပြေး ပြေးနိုင်လို့လွတ်လာတာ။ နောက်တော့ စခန်းကိုပြန်တိုက်တယ်။ ပြန်ရတယ်။ အဲဒီညကကျတဲ့ ကင်းသမားတွေ အကုန်လုံးအရေးယူခံလိုက်ရတယ်။ ငါ့ကို ဗျူဟာမှူးက မိုင်းတွေဘာကြောင့်မကွဲတာလဲ။ ရန်သူကစနစ်တကျဖြုတ်သွားနိုင်ခဲ့လို့သာ စခန်းရဲ့ နောက်ဆုံးခံစစ်ခြေကိုကပ်လာနိုင်တာ ဟုတ်မဟုတ်ခေါ်မေးပြီး မိုင်းကွင်းတွေကို ပြန်စစ်ခိုင်းတယ်။ ငါ ပြန်စစ်တော့မှ ဘယ်မိုင်းမှအသက် သွင်းထားတာမရှိတာတွေ့တယ်။ တွေ့တဲ့အတိုင်း အစီရင်ခံလိုက်တယ်။ လွှဲပြောင်းလက်ခံလုပ်စဉ်က မြေပြင်ကိုစစ်ဆေးပြီးမှ လုပ်ခဲ့တာမဟုတ် တဲ့အတွက် ငါလည်းအရေးယူခံရတယ်။ အသက်ရှိနေတဲ့မိုင်းတလုံးဟာ သက်ရှိကင်းသမားတယောက်ထက်စိတ်ချရတယ်။ လူကမှ ပင်ပန်းရင် ကင်းငိုက်တတ်တယ်။ မိုင်းက ဘယ်တော့မှမငိုက်ဘူး။ သေနတ်တလက်ကျည်ထွက်ဖို့ဆိုတာ ပစ်သူလိုတယ်။ အသက်ရှိနေတဲ့မိုင်းက ကွဲဖို့လူမ လိုဘူး။ သက်မဲ့မိုင်းဟာ ဘာမှအသုံးမဝင်ဘူး။ ခံစစ်တွေမှာ မိုင်းဟာ လူထက်စိတ်ချရတဲ့ကင်းသမားပဲ။ မိုင်းကိုစိတ်ချပြီး ကင်းသမားဟာ ကင်း ငိုက်တတ်တယ်။ ဒါကြောင့်ကင်းစစ်ဆိုတာထားရတာပဲ။ ငါက ကင်းသမားကင်းငိုက်တာကို အပြစ်မရှိဘူးလို့ပြောတာမဟုတ်ဘူး။ ကင်းသမား လည်းလူပဲ။ မိုင်းက ကင်းစစ်မလိုဘူး။ ဆိုတော့ မိုင်းကိုစိတ်ချပြီး ကင်းသမားကငိုက်တယ်။ ငိုက်တော့ မိုင်းကသက်မဲ့မိုင်းဖြစ်နေတာ။ မိုင်းအဖြစ်သွားတာမဟုတ်ဘူး။ ဆိုတော့ ရန်သူကအတွင်းစည်းထဲအထိ လုံလုံခြုံခြုံရောက်လာတယ်။ သိလိုက်တဲ့အချိန်မှာ နောက်ကျကုန်ပြီ။ ဘာမှမတတ်နိုင်တော့ဘူး။ ဘာမိုင်းကွင်းမှမရှိထားဘူးဆိုတာကို ကင်းသမားကကြိုသိထားရင် ဘယ်လိုလုပ်ငိုက်ရဲမှာလဲ။ မင်းတို့စဉ်းစားကြည့်။ ကင်းသမားဆိုတာ ရန်သူဝင်တိုက်ရင် အရင်ဆုံးသေရမယ့်သူ။ သူကင်းငိုက်ရင် သူဟာအရင်ဆုံးသေလူပဲ။ သူမသေရေးအတွက်တော့ သူစဉ်း စားမှာပဲ။ အေး..အဲဒါပဲ။ မိမိကိုယ်ကိုအန္တရာယ်မဖြစ်ရေး မိမိလူတွေအန္တရာယ်မဖြစ်ရေးဆိုတဲ့ကာဗာနဲ့ မိုင်းကွင်းကိုအသက်မသွင်းရဲရင် အစကတည်းက မိုင်းတပ်သားမလုပ်တာအကောင်းဆုံးပဲ။ အဲသလိုမိုင်းကွင်းမျိုးနဲ့ အဲသလိုမိုင်းတပ်သားတွေရှိနေတာထက် မရှိတာကမှ ပိုကောင်းသေးတယ်” ဆိုတာပါပဲ။
ကျနော်စိတ်က အကျဉ်းထောင်အသီးမှာရှိနေတဲ့၊ ၂ ထောင်ကျော်မိုင်းတပ်သားတွေဆီရောက်သွားတယ်။ ရန်သူကိုထိရေးအတွက် မိုင်းတွေ အသက်သွင်းရင်း မိုင်းထိမှာမကြောက်ကြသူတွေ။ ကိုယ့်လူကိုကာကွယ်ရင်း ခြေချော်လက်ချော်မှာ အထိအရှတွေရှိတာမှန်ပေမယ် ရန်သူကို အတွင်းစည်းထဲအထိ အရောက်မခံခဲ့ကြသူတွေ။ သက်ရှိမိုင်းတွေနဲ့ကင်းသမားကို နိုးကြားစေခဲ့ကြသူတွေ။ တစခန်းလုံးကို မိုင်းကွင်းရဲ့ နောက်မှာလုံခြုံစေခဲ့သူတွေ။ ကိုယ့်အသက်နဲ့ရင်းပြီး မိုင်းခင်းနေကြသူတွေ။ သက်ရှိမိုင်းတွေရဲ့ သက်ရှိသမိုင်းတွေ။ အစကတည်းက မိုင်းတပ်သားလုပ်ဖို့ စာရင်းပေးသွင်းသူတွေဖြစ်ကြောင်းတော့ မိတ်ဆွေကိုပြောပြဖြစ်လိုက်ပါတယ်။

ကိုမျိုးမြင့် (facebookမှကူးယူဖော်ပြပါသည်။

0 ဒေါ်အောင်ဆန်းစုကြည်၊ ပြီးတော့... Voice ဂျာနယ်


ပြီးခဲ့သည့်လက အန်အယ်ဒီရုံးချုပ်ရှေ့ တွင် တစ်ကိုယ်တော်ဆန္ဒပြခဲ့သောငါးမင်းဆွေသည် ယခု ၂၀၁၁ ခုနှစ်၊ ဇန်န၀ါရီလ၊ ၄ ရက်နေ့ တွင် Voice ဂျာနယ်ရုံးချုပ်တည်ရှိရာ ရန်ကုန်မြို့ သမ္မတဟော်တယ်ရှေ့ တွင် တစ်ကိုယ်တော်ဆန္ဒပြမည်ဖြစ်ပါသည်။
Voice ဂျာနယ်နှင့် ငါးမင်းဆွေတို့ ၏ ဖြစ်ကြောင်းရယ်ကုန်စဉ်အား အောက်ပါတွင် ရှုစားတော်မူကြပါ။
ဆန္ဒပြပွဲတွေလည်း မကြည့်ရတာ ကြာပြီဆိုတော့ အပျင်းပြေမလားလို့ ။

အောင်မျိုးထွန်း
၁- ၁- ၂၀၁၁
NgaMinSwe vs Voice Journal

0 လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်မှဒီကနေ့ကျင်းပပြုလုပ်တဲ့ရုပ်ရှင်အနုပညာရှင်ကိုကျော်သူ၏ Art Zone ခံစားမှုပုံရိပ် ပန်းချီကားပြပွဲသို့တက်ရောက်








Photo။ ။ AP

0 လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်မှ ဂျပန်နိုင်ငံသားများအားလုံးအား ဂျပန်ဘာသာဖြင့်နှစ်သစ်ကူးနူတ်ခွန်းဆက်(ရုပ်/သံ)



Mainichi ဂျပန်သတင်းစာဌာနရှိသတင်းထောက်မှ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အား လာရောက်တွေ့ဆုံစဉ် ရိုက်ကူးထားသော videoဖိုင်အတိုဖြစ်ပါသည်။

0 " ရောင်နီလာ နံနက်ခင်းဆီသို့”-
ရေးသူ-မောင်မောင်ဝမ်း


အပိုင်း ( ၁ ) -

ကျနော်တို့ လူထု တော်တော်များများ မျှော်လင့်နေကြတာ ဒီမိုကရေစီနိုင်ငံတော်ကြီး ထူထောင်လိုက်ပြီဆိုရင်ကို နေ့ချင်းညချင်း တိုင်းပြည်ဟာ ၀ုန်းကနဲ ဖွံ့ဖြိုးတိုးတက် သာယာသွားလိမ့်မယ်လို့ ထင်ကြတာကိုး၊။

ဒီလို ထင်မြင်ယူဆချက်များကိုလည်း အဆိုး မဆိုသာပါဘူး၊ကျနော်တို့နိုင်ငံမှာက နိုင်ငံရေးနဲ့ပတ်သက်လာရင် သားကြောဖြတ်ခံထားရတာဆိုတော့ နိုင်ငံရေး သဘောတရားအရာမှာ အားနည်းရှာတယ်၊ယနေ့လူငယ်ထုရဲ့ရိုက်ခတ်လာတဲ့ အသံတွေကို နားစွင့်ကြည့်မယ်ဆို သိသာတယ်၊သူတို့က ရိုးရိုးသားသားပဲ ၊ နိုင်ငံရေး နားမလည်ဘူး၊။မသိဘူး၊။ဒါပေမယ့် မခံချင်စိတ်တော့ရှိတယ်၊။

လူငယ်တွေ ကျနော်တို့နိုင်ငံ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးရရှိရေးနဲ့စစ်အာဏာရှင်စနစ်အောက်က လွတ်မြောက်မှု့တိုက်ပွဲမှာ စိတ်ပါဝင်စားလာတာဟာ နိုင်ငံအတွက် အလားအလာကောင်းတရပ်လို့ ယုံကြည်မိပါတယ်။ဒါကို အတွေ့အကြုံရှိတဲ့ လူကြီးတွေက နွေးထွေးစွာ လက်ကမ်းကြိုဆိုရမယ်၊ကောင်းမွန် မှန်ကန်တဲ့လမ်းကြောင်းတွေကို လမ်းညွှန်ပေးနိုင်ရမယ်။

ကျနော်ငယ်ငယ်က နိုင်ငံရေးကို စ စိတ်ဝင်စားကာစ ...မသိလို့ သိတဲ့လူတွေတချို့ဆီ လိုက်လံဆည်းပူးခဲ့ ဖူးတယ်၊စလာကတည်းက သမားဂုဏ်တွေပြပြီး ကျနော်နားမလည်နိုင်တဲ့ စကားလုံးကြီးတွေနဲ့ ထုတော့ စိတ်တွေ အရမ်းပျက်သွားခဲ့ဖူးတယ်။

”အော်..နိုင်ငံရေးဆိုတာ ဒီလောက်တောင် ခက်ခဲနက်နဲပါလား..ငါ လိုက်လို့မမှီနိုင်ပါဘူးလေ..”ဆိုတဲ့ သိမ်ငယ်စိတ်တွေ ၀င်ခဲ့ဖူးတယ်။ အဲသလိုလူတွေက သူတို့သိထားတဲ့ အရာတွေ အခြား လူသိအောင် လက်ဆင့်ကမ်းချင်တာက နည်းနည်း။ သူတို့တော်ကြောင်း၊တတ်ကြောင်းကို တနည်းအားဖြင့် သွယ်ဝိုက် ကြွားနေတာတွေက များနေလို့..ရှောင်ခဲ့ရဖူးတယ်။

ဒီသင်ခန်းစာတွေအပေါ်ကိုကြည့်ပြီး ယနေ့လူငယ်တွေအပေါ် ကိုယ်ချင်း စာတယ်၊။ဒါ့ကြောင့် နားအလွယ်ဆုံး စကားလုံးတွေ ဥပမာတွေကို အချိန်ယူပြီး စဉ်းစားတယ်၊ပြီးတော့ ရိုးစင်းတဲ့ရှင်းလင်းချက် တွေနဲ့ ရှင်းပြပေးချင်တယ်၊

တချို့က ဒီမိုကရေစီကို လွဲမှားစွာ ခံယူနေတာတွေလည်းရှိတယ်၊။ကျနော်သိသလောက် အလွယ်ကူဆုံး ရှင်းလင်းချက်တွေနဲ့ရှင်းပြချင်တယ်။လူငယ်တွေ နားမဆန့်တဲ့စာတွေနဲ့ရှင်းပြမယ်ဆို သူတို့က “ဟင်”ကနည်းဆို လှည့်ထွက်သွားတတ်ကြ တာမဟုတ်လား၊ ကျနော်ရှင်းပြမယ့်သဘောက ဆယ်တန်းအောင်ခဲ့တဲ့ ကျောင်းသားတစ်ယောက်က ဆယ်တန်းဖြေမယ့် ကျောင်းသားငယ်ကို လမ်းညွှန်ပေးတဲ့ အဆင့်လောက်ပါ၊ကြီးကြီးကျယ်ကျယ် မဟုတ်ပါဘူး၊။ကျနော့်ရဲ့ရည်ရွှယ်ချက်က မျိုးဆက်သစ်လူငယ်တွေ နိုင်ငံရေးကို တစိတ်တဒေသ နားလည်စေချင်လို့၊ နိုင်ငံတနိုင်ငံမှာ အဲဒီလူထုဟာ နိုင်ငံရေးကို နားမလည်ဘူး၊ နားမလည်လို့ စိတ်မ၀င်စားဘူးဆိုရင် အုပ်ချုပ်သူ အစိုးရ အဆက်ဆက်ဟာ သူလုပ်ချင်ရာ လုပ်မှာပဲ၊။ ဒါကလည်း ရှင်းပါတယ်..။ တန်ဘိုးကို နားလည်မှ တန်ဘိုးဆိုတာ ထားတတ်တာကိုး၊ တန်ဘိုးနားမလည်တော့ တန်ဘိုးထားရကောင်းမှန်းမသိတော့ဘူး ၊။

” အော်..ငါတို့ရသင့်တာ ဒီလောက်ပါပဲလား..ဘုရားပေးသလောက်ပေါ့ ” ဆိုတဲ့အတွေးအခေါ်တွေနဲ့ရပ်တည်နေကြမှာ အမှန်ပဲ။ ပမာပြောရရင်..ကျနော့်ရှေ့တည့်တည့်မှာ အရမ်းတန်ဘိုးကြီးပါတယ်...ဆိုတဲ့ကျောက်စိမ်းအရိုင်းတုံးကြီးတတုံး လာပစ်ချထားကြည့်..။ ဒီကျောက်တုံးကြီးကလည်း ရှုတ်လိုက်တာ ဆို ကျနော်ကန်ထုတ်ပစ်လိုက်မှာ အမှန်ပဲ.. ကျနော်မှ အဲဒီတန်ဘိုးကိုဖြတ်နိုင်တဲ့ အသိ မရှိတာ..။ တန်ဘိုးကို သိတဲ့သူများကျ အသည်းအသန်ကို တူးဖော်ထုတ်လုပ်နေကြတာ မဟုတ်လား၊

နောက်တခုက နိုင်ငံရေးမှာ အယူအဆမှားရင် အလုပ်မှားတယ် ။ အလုပ်မှားရင် အကုန်လိုက်လွဲကုန်တော့တာပဲ။ အဲဒါ သိပ် အန္တရာယ်များတယ်။ ကျနော် ဒီဆောင်းပါးကို ရေးနေရင်းကနေ မေးခွန်းတချို့ထုတ်ကြည့်ချင်တယ်…..။

-ကျနော်တို့ မြန်မာနိုင်ငံသားတွေ နအဖ အပါအ၀င် အာဏာရှင်စနစ်ကို ဘာလို့ အလိုမရှိတာလဲ ?

- ကျနော်တို့ လိုချင် ဖြစ်ချင်နေတာတွေက ဘာလဲ ?

အဲဒီ မေးခွန်းနှစ်မျိုး ကျနော်တော်တော်များများကို မေးကြည့်ခဲ့ဖူးတယ်၊။ နအဖ စစ်အာဏာရှင်ကို ဘာ့ကြောင့် အလိုမရှိတာ လဲ၊ မကြိုက်တာလဲ ဆိုတဲ့ အရာအပေါ်မှာ တော်တော်ပြောနိုင် ဖြေနိုင်ကြပေမယ့် လို့ ကျနော်တို့လိုချင်တာ ဖြစ်ချင်နေတာ ဘာလဲ ဆိုတဲ့မေးခွန်းအပေါ်မှာ တော်တော်များများကေ၀၀ါးသွားကြတာ များတယ်။

နိုင်ငံရေးဆိုတဲ့ပြဿနာကို ဖြေရှင်းရာမှာ အရပ်ပြော ဇာတ်ပြောတွေနဲ့ ပြောလို့မရတော့ဘူး၊။ စနစ်ကျရတယ်၊။ စံချိန်စံညွှန်း ဥပဒေသတွေနဲ့ ညီညွှတ်ရတယ်၊။ကျနော်တို့ တော်တော်များများက နိုင်ငံရေးလို့ပြောလိုက်တာနဲ့အစိုးရကိုဆန့်ကျင်မယ်၊အစိုးရဆန့်ကျင်ရေးစကားတွေချည်းပြောကြမယ်၊ရေးကြမယ် ဒီလောက်တွေပဲများကြတယ်၊ဒီထက်ကျော်ပြီး စဉ်းစားကြတာနည်းတယ်၊။နအဖစစ်အာဏာရှင် မကောင်းကြောင်းပြောရတာ ကတ္တရာစေးပေပါကို အိုးမဲ သွားသွားခြစ်နေရသလိုပဲ။(နဂိုကတည်းက မဲပြီးသား ...ကိုယ်က အိုးမဲသွားခြစ်လည်း ထူး မဲမလာတော့ပါဘူး။) ၊မပြောမဖြစ်လို့ ပြောရတဲ့အခါကြတော့လည်း တမျိုးပေါ့၊။။။။။

ကျနော်တင်ပြချင်တဲ့အချက်ထဲမှာ ကျနော်တို့လိုချင်နေတာ..ဖြစ်ချင်နေတာ ဘာလဲဆိုတာကို အလေးပေး တင်ပြသွားချင်တယ်…. ဒါမှ ကျနော် အထက်မှာရေးသားထားခဲ့သလိုပဲ တန်ဘိုးကို သိနားလည်လာလိမ့်မယ်လို့ ယုံကြည်တယ်၊ တန်ဘိုးကို သိမှ လိုချင်လာမယ်၊ လိုချင်လာရင် အားထုတ်လာကြမယ်။

ကျနော်တို့အားလုံး သိထားတာက..စစ်အာဏာရှင်ပဲဖြစ်ဖြစ် ...ရိုးရိုးအာဏာရှင်ပဲဖြစ်ဖြစ်....မကြိုက်ဘူး။။၊ကြုံတုန်းပြောချင် သေးတယ်။အာဏာရှင်ဆိုတဲ့နေရာမှာ စစ်အာဏာရှင်တစ်ခုထဲကို မရည်ညွှန်းပါနဲ့။ အားလုံးသောအာဏာရှင်ကို ရည်ညွှန်းပါတယ်။ တိုက်ထုတ်ပါ၊ စစ်အာဏာရှင် မဟုတ်ဘဲ အရပ်သားအစိုးရထဲမှာ အရပ်သားအာဏာရှင်တွေလည်းရှိတယ် ။

ဥပမာ-ဖိလစ်ပိုင်နိုင်ငံက ဖယ်ရှားခံလိုက်ရတဲ့ သမ္မတဟောင်း မားကို့စ် လိုမျိုး ။(ပြမယ်ဆိုရင်တော့ အများကြီးပေါ့)၊ နောက် တစ်ပါတီအာဏာရှင် ဘယ်အာဏာရှင်ကိုမှ လက်မခံပါနဲ့၊ဘယ်အာဏာရှင်မှ လူထုကောင်းကျိုးမပေးဘူး၊ကျနော်ဘာ့ကြောင့်ဒီလိုပြောနေရသလဲဆိုရင် ကျနော်တို့လိုချင်နေတဲ့ အရာထဲမှာ ဒီမိုကရေစီအရေခွံခြုံလာပြီး အာဏာရှင်စနစ်ကို ပြန်အသက်သွင်းချင်နေတဲ့သူတွေ အဖွဲ့အစည်းတွေရှိနေလို့ ဒီလိုခွဲခွဲခြားခြားပြောပြရတာဖြစ်ပါတယ်။

ကျနော့်သဘောကို ပြတ်ပြတ်သားသား ထပ်ပြောချင်တယ်၊စစ်အာဏာရှင်မှ မဟုတ်ဘူး။ဘယ်အာဏာရှင်မှ မကြိုက်ဘူး။ အလိုမရှိဘူး၊အမြဲဆန့်ကျင်တိုက်ထုတ်သွားမယ်။

ကျနော်တို့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး လိုချင်တယ်။ ဒီမိုကရေစီဆိုတာဘာလဲ။လူ့အခွင့်ရေးဆိုတာဘာ လဲ ?
ခြေတလှမ်း လှမ်းတက်ကြည့်ရအောင်။ ဒီမိုကရေစီလိုချင်တယ်လို့အကြမ်းဖျင်းအားဖြင့် ဖြေကြည့်လိုက်ပါ…။
စစ်အစိုးရက ပြောလာလိမ့်မယ် သေချာတယ်…။

ခင်ဗျားတို့လိုချင်နေတဲ့ ဒီမိုကရေစီ ကျနော်တို့ပေးပါမယ်..လို့ အာမခံ ရုံမက..၂၀၀၈ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတောင် ပြဌာန်းပြီးပြီလေ..စည်းကမ်းပြည့်ဝသောဒီမိုကရေစီဆိုတာ…ဒီမိုကရေစီပဲလေ…ပေးပါမယ်..”လို့ ပြောနေတဲ့ဟာ ဘာလို့တောင်းနေရသေးတာလဲ..။ ကဲ...ဒါကို ဘယ်လိုပြန်ပြောကြမလဲ ။

ကျနော်တို့လိုချင်တာ.... စစ်မှန်သောဒီမိုကရေစီ…။
ဒါဆို .. စစ်မှန်တဲ့ ဒီမိုကရေစီရဲ့သဘောတရားက ဘာလဲ၊ သူ့ရဲ့ ၀ိသေသ လက္ခဏာရပ်တွေက ဘာတွေလဲ၊

။ဒီတော့ ကျနော်တို့ ကွဲကွဲပြားပြားဖြစ်ဖို့ လိုပြီ… ဒီမိုကရေစီဆိုရုံနဲ့ မလုံလောက်တော့ဘူး၊

စစ်အစိုးရကလည်း ဒီမိုကရေစီပြောနေတာပဲ၊
ကွန်မြူနစ်ကလည်း ပြည်သူ့ဒီမိုကရေစီ..တဲ့၊
မဆလ (မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ)တုန်းကလည်း ဒီမိုကရေစီကျင့်သုံးပါတယ်..တဲ့၊

ကျနော်တို့လိုချင်တာ ဘယ်လို ဒီမိုကရေစီပုံစံလဲ? ဒီမိုကရေစီဆိုတာ-------။

တခါက ကျနော့်ဒေသမှာ ”အမှတ်တရ” ဆိုတဲ့ လဘက်ရည်ဆိုင်လေးတစ်ဆိုင်ရှိတယ် ။ အဲဒီဆိုင်က ပိုင်ရှင်ကလည်း ကျနော်နဲ့နိုင်ငံ ရေး ဆွေးနွေးဖော် ဆွေးနွေးဘက်ဆိုတော့ ကျနော်အားတဲ့အချိန်မှာ အမှတ်တရ လဘက်ရည်ဆိုင်ကို လာလာထိုင်တယ်လေ။ များသောအားဖြင့် ကျနော်တို့နိုင်ငံရေးလှုပ်ရှားသူ အများစု စုဝေးရာ နေရာလေးဆိုလည်း မမှားပါဘူး၊။ဆိုင်ရဲ့ဖွဲ့စည်းပုံကလည်း ကျယ်တယ် ။ စားပွဲခုံက အပုလေးတွေ ။ ခုံသေးလေးတွေနဲ့ဝိုင်းဖွဲ့ထိုင်ကြရတာ ။ စားပွဲတ၀ိုင်းနဲ့တ၀ိုင်းကလည်း ကပ်မနေဘူး။ အဲဒီတော့ ဆွေးနွေးစရာရှိတဲ့ ကိစ္စတွေဆို လွတ်လွတ်လပ်လပ် စုပေါင်းဆွေးနွေးလို့ကောင်းတယ်…..။၁၉၈၈ နောက်ပိုင်းမှာ ဒီ လဘက်ရည်ဆိုင်လေးဟာ လူပိုစည်လာတယ် ပြောလို့ရမလား မသိဘူး၊။ ထောက်လှမ်းရေးများကလည်း အချိန်ပြည့် မျက်စိ ဒေါက်ထောက်ကြည့်တတ်တဲ့နေရာပေါ့၊

ကျနော်တို့နိုင်ငံရေးအင်အားစုများသာ ပျောက်တဲ့သူ ပျောက်သွားလိုက် ...။ ပေါ်တဲ့သူပေါ်လာလိုက်နဲ့ဖြစ်နေပေမယ့် ဆိုင်လေးကတော့ ပြောင်းလဲ မသွားဘူး ။ကျနော်လည်း ထောင်ထဲဝင်သွားပြီး ပြန်ထွက်လာတော့ မကြာခဏဆိုသလို အမှတ်တရ လဘက်ရည်ဆိုင်လေးကို ရောက်ဖြစ်ပါတယ်။ ဒီတခါထူးခြားတာက ဒီဆိုင်လေးမှာ ကျနော်နဲ့ နိုင်ငံရေးအကြောင်း ဆွေးနွေးကြတဲ့သူတွေဟာ အရင်သူတွေမဟုတ်တော့ဘူး။နောက်ထပ်မျိုးဆက်သစ်လူငယ်တွေဖြစ်လာ ကြတယ်။ကျနော်လာတတ်တဲ့အချိန်လောက်ဆိုရင် သူတို့တတွေလည်း ရောက်ရောက်လာတတ်ကြတယ်။မြို့ကလည်းမြို့ သေးလေးဆိုတော့ ဘယ်သူဘာလဲ ဆိုတာ သဲသဲကွဲကွဲ သိသာပါတယ်။

အခု ကျနော်နဲ့လာရောက်ဆုံစည်းတဲ့ လူငယ်တွေ ဘယ်သူဘယ်ဝှာဆိုတာကိုလည်း ကျနော်သဘောပေါက်ပြီးသားပါ၊ ကျနော်နဲ့ အမြဲစကားဝိုင်းဖွဲ့လာတတ်တဲ့ ပင်တိုင် လူငယ် လေးဦးရှိတယ် ။သူတို့က ချမ်းမြေ့၊ထက်အောင်၊စန်းမောင်ရယ်။ ကိုသွေးရယ်။ (ကိုသွေးဆိုတာ သူ့ကလောင်နာမည်ပါ။ကျနော်တို့က တော့ သူ့ကို နာမည်အရင်းဖျောက်ပြီး ကိုသွေးပဲ ခေါ်ကြတယ် ။)

အားလုံးက မြို့မှာရှိတဲ့ ကောလိပ်မှာ တက်နေတဲ့ ကျောင်းသားတွေ၊သူတို့မှာချစ်စရာကောင်းတာက စာအုပ်စာပေတွေ ဖတ်တတ်တဲ့အကျင့်ရှိတာရယ်၊ရိုးသားတာရယ်၊အများအကျိုးသယ်ပိုးလို စိတ်ရှိတာရယ်က လူငယ်တွေကြားမှာ နည်းနည်းထူးခြားနေသလိုပဲ။သူတို့သိချင်တာကိုလည်း နှိုက်နှိုက်ချွတ်ချွတ် မေးတတ်သလို မသိရင်လည်း ရိုးသားစွာ မသိဘူးလို့ ပွင့်ပွင့်လင်းလင်း ပြောတတ်ကြတယ်။

တနေ့ကျနော်နဲ့ အမှတ်တရ လဘက်ရည်ဆိုင်လေးထဲမှာ သူတို့လေးဦးနဲ့ ဆုံစည်းမိရာက အစ… ကိုသွေးက စကား စလာတယ်….။

“အကို.....ဒီမိုကရေစီဆိုတာကို အလွယ်ဆုံးနဲ့နားလည် အလွယ်ဆုံး ရှင်းပြပေးပါလား”

သူတို့သိချင်နေတဲ့အကြောင်းအရာကို စမေးလာတယ် ။ အားလုံးရဲ့အာရုံပြုမှု့တွေက ကျနော့်ဆီ စုပြုံရောက်လာရင်း……

“တတ်နိုင်သလောက်တော့ ရှင်းပြပေးပါ့မယ်…ဒါပေမယ့် ငါရှင်းပြချင်တဲ့ဟာတွေက ဘာမှနိုင်ငံရေးကို နားမလည်တဲ့သူတွေကို ဦး တည်ချင်တယ်…တော်လို့ သိလို့တော့ မဟုတ်ဘူးနော်..ငါသိသလောက်ကို ဖောက်သည်ချတဲ့ သဘောပါ..မင်းမေးလို့..ငါပြောပြမယ့် ဒီမိုကရေစီသဘောတရားဆိုတာကို အခြေခံအဆင့်လောက်က စကြတာပေါ့ကွာ”

“ကောင်းတာပေါ့ အကိုရာ..ကျနော်တို့က လုံးလုံးကို နားမလည်တာပါ..ဒါပေမယ့် နိုင်ငံရေးကို စိတ်ဝင်စားတယ်..ကိုယ့်နိုင်ငံကို တိုးတက်စေချင်တဲ့ ဆန္ဒတွေရှိတယ်..ဒါပေမယ့် ကျနော်တို့ကို ကောင်းကောင်းရှင်းပြနိုင်တဲ့သူတွေနဲ့ကလည်း အလှမ်းဝေး နေတယ်လေ..စာတွေလိုက်ဖတ်ပြန်တော့လည်း.. ကောင်းကောင်းနားမလည်ဘူးဗျ..ရေးထားတဲ့စာတွေက အရမ်းမြင့်တယ်”

ကျနော်သဘောပေါက်ပါတယ်။ဒီနေ့လူငယ်ထုမှာဖြစ်နေတဲ့ပြဿနာက အဲဒီဟာပါ၊

“ဒီလိုကွ..အဟမ်း..အဟမ်း..”

ကျနော်ချောင်းတချက်ဟန့်လိုက်တော့ နားထောင်နေတဲ့အထဲက ချမ်းမြေ့ဆိုတဲ့လူငယ်လေးက...

“ အကို.. ဆရာကြီးဂိုက်တွေ မပါစေနဲ့နော်.. ကျနော်တို့ မှီမှာ မဟုတ်ဘူး”

သူက ကျနော့်ကို လှမ်းနောက်လိုက်တယ်။

“မပါပါဘူးကွ..စိတ်ချပါ…ဒါပေမယ့် ပဲကိုင်တာလောက်တော့ ရှိကောင်းရှိမှာပေါ့ကွာ..(ပဲကိုင်ဆိုတဲ့ ဘန်းစကားက အိုင်တင်ခံတာကို ပြောတာပါ။) ဒါက တို့နိုင်ငံရေးလောကမှာ စတိုင်တမျိုးဖြစ်နေတာကိုးကွ… ”

အားလုံး ၀ိုင်းရီသံတွေ ဆူညံသွားကြတယ်။

“ဒီမိုကရေစီ ဘာလို့ ပေါ်ပေါက်လာတာလည်းဆိုတော့….ဟိုတုန်းက နိုင်ငံတွေ အရပ်ဒေသတွေမှာ အုပ်ချုပ်တဲ့သူတွေက..အာဏာကို သူတို့စိတ်ကြိုက် အသေဆုတ်ကိုင်ထားတတ်ကြတယ်။ အစဉ်အဆက်လည်း သူတို့သဘောကျပဲ လွှဲပြောင်းပေးတယ်…။ ဥပမာ..ဘုရင်စနစ်ကွာ…။ဖအေက အာဏာကို ဆုတ်ကိုင်ထားပြီး သူသေတော့လည်း..သားတို့...ညီတို့ စသဖြင့်ပေါ့...လက်သင့်ရာ လွှဲပြောင်းပေးသွားတာ..ပြည်သူလူထုဆိုတာ..အုပ်ချုပ်သူမင်းများရဲ့ ပြုသမျှခံ ဘ၀ပဲ...။လူထုဆန္ဒဆိုတာ ဘာမှကို မရှိတာ...။ အုပ်ချုပ်သူ ဘုရင်က ဒါဆို ဒါပဲ..ဒါလုပ်ဆို ဒါလုပ်ပဲ။ မှားမှားမှန်မှန်..သူက သေစေဆို သေစေပဲ..။ရှင်စေဆို ရှင်စေပဲ..။ကောင်းစားစေဆို ကောင်းစားစေပဲ..”

ကျနော်ပြောအပြီး......ကိုသွေးက ထပ်မေးတယ်။

“အဲဒီခေတ်အခါက..ဟစ်တိုင်တို့ ဘာတို့ ရှိတယ်လို့တော့ ကြားဖူးတယ်..။လူထုက ပြောစရာ..ရင်ဖွင့်စရာတွေရှိရင်..အဲဒီဟစ်တိုင်ကနေ သွားအော်ပေါ့..။အဲဒါကိုလည်း ရှင်းပြပေးပါလား”

“အဲဒါက အားလုံးသောသူတွေ မဟုတ်ပါဘူး..အမြော်အမြင်ကြီးမားတဲ့ဘုရင်ပဲ ပြောပြော...အုပ်ချုပ်သူပဲ ပြောပြော..သူတို့က ခွင့်ပြုထားတာပါ…။တနည်းအားဖြင့် ဒါဟာ ဒီမိုကရေစီရဲ့အစလို့လည်း ပြောမယ်ဆို ပြောနိုင်ပါတယ်”

အားလုံး ငြိမ်သက်စွာ နားထောင်နေကြတယ်။စိတ်ဝင်တစားရှိနေကြတာ သိရတော့ ကျနော်လည်း တော်တော် အားတက်လာတယ်။

“လူထုရဲ့ဆန္ဒကို အုပ်ချုပ်သူက အသိမှတ်ပြုလာရတော့တာပေါ့ကွာ…ဒါပေမယ့်လည်း သက်ဦးဆံပိုင် အုပ်ချုပ်သူတော်တော်များများကတော့ မရပါဘူး..သူတို့လုပ်ရပ် မှန်မှန်မှားမှား..သူတို့နဲ့ဆန့်ကျင်ဘက်ဖြစ်လာရင်..အရေးယူအပြစ်ပေးတာပဲ..။ဝေဖန်လို့မရဘူး..။ ပဒေသရာဇ် အာဏာရှင်စနစ်ပဲ..တချက်လွှတ်အမိန့်ပဲ..အာဏာက သူ့တို့ပါးစပ်ဝမှာလေ”

“ဒါဆို အခု နအဖ စစ်အာဏာရှင်များလိုပေါ့”

စကားတလုံးမှ ၀င်မပြောဘဲ ငြိမ်နားထောင်နေတဲ့ ထက်အောင်က အခုမှ ၀င်မေးလာ တော့..ကျနော်က ထက်အောင်ဘက်ကို လှည့်ကြည့်ရင်း…..

“ သေချာတာပေါ့… နအဖ ဗိုလ်ချုပ်မှုးကြီးကိုယ်တိုင်က ဘုရင်ကြောင်..ကြောင်နေတာကိုး.. သူတို့အတွေးအခေါ်တွေက လွန်ခဲ့တဲ့ နှစ်ရာနဲ့ချီ ကျန်ရစ်နေပြီကွာ..နအဖကို ခဏထားပါဦး။ အဲဒီကို မရောက်သေးဘူး”

ဘေးနားမှာရှိတဲ့ချမ်းမြေ့က ထက်အောင်ကို တံတောင်နဲ့အသာလေး လှမ်းတွတ်လိုက်တယ်..။ မင်းကလည်း လျှာကိုရှည်တယ်ဆိုတဲ့သဘော။

“ဒါပေမယ့် အဲဒီ့ သက်ဦးဆံပိုင် ဘုရင်ကို မကြိုက်လို့ ပုန်ကန်ခြားနားတဲ့သူတွေလည်းရှိတယ်…ခက်တဲ့တချက်က အဲဒီပုန်ကန်ခြားနားသူများက အာဏာကို ဆုပ်ကိုင်လိုက်ပြီဆို..သူတို့လည်း ဘာမှထူးမလာဘူး..။အရင်အုပ်ချုပ်သူ ဘုရင်လိုပဲ ဖြစ်လာတော့ တယ်..။ အစားထိုးစရာ စနစ်မရှိဘူး..။ဒါနဲ့ပဲ သံသရာလည်နေတာ..။ အဲဒီစနစ်နေရာမှာ အစားထိုးဖို့ တော်လှန်တဲ့အတွေးအခေါ် သူတို့မှာမရှိကြဘူး..။ အာဏာမှန်သမျှကို အုပ်ချုပ်သူကပဲ ချုပ်ကိုင်ထားတယ်လေ”

သောက်လက်စ မီးသေနေတဲ့ဆေးပေါ့လိပ်တိုလေးကို မီးညှိလိုက်ရင်း သုံးဖွာလောက် ဖွာထုတ်ပစ်လိုက်တယ်။တန်းလန်းဖြစ်သွားတဲ့ စကားစကို ပြန်ကောက်ရင်းက…..

“နောက်တော့ ဘီစီ၅၀၈လောက်မှာ ဂရိနိုင်ငံ အေသင်မြို့သားတွေက တော်လှန်တဲ့အတွေးအခေါ်တရပ်ကို စတင်ခဲ့ကြတယ်ကွ…။အဲဒါကတော့ ..ဒီမိုကရေစီအတွေးအခေါ် အစပေါ့…။သဘောကတော့ကွာ..အာဏာကို အုပ်ချုပ်သူတွေဆီမှာ ပုံအပ်ထားတဲ့ အစဉ်အလာကြီးကို ရိုက်ချိုးပစ်ပြီး အာဏာကို ပြည်သူကပဲ ပိုင်စိုးရမယ် ဆိုတာကို ပုံဖော်ခဲ့ကြတာလေ ။ ပြည်သူအားလုံး တန်းတူညီမျှမှု့ရှိရမယ်၊ ပြည်သူအားလုံး လွတ်လပ်မှု့ရှိရမယ်ဆိုတဲ့ အခြေခံတရားတွေပါ ပေါ်ထွန်းလာခဲ့တယ် ”

ငြိမ်နားထောင်နေတဲ့ ချမ်းမြေ့ဆီက စကားသံထွက်လာတယ်…..

“ ကျနော် သိပ်မရှင်းဘူး ဖြစ်နေတယ် အကိုရ… အာဏာကို ပြည်သူက ဘယ်လိုပိုင်စိုးရမှာလဲ…”

“အရင်တုန်းက တိုင်းပြည်အုပ်ချုပ်တဲ့ဘုရင်ပဲ ပြောပြော။ အုပ်ချုပ်သူပဲ ပြောပြော ။ သူက အထွတ်အထိပ် အာဏာကို သူလိုချင်သလို သုံးစွဲခဲ့တယ် ။ သူ့သဘော သူ့ဆန္ဒ သူ့အလိုကျ ကနေ..ပြောင်းပြန်ဖြစ်သွားတယ်ပေါ့ကွာ။ တိုင်းပြည်မှာရှိတဲ့ လုပ်ပိုင်ခွင့်တွေကို ပြည်သူကပဲဆုံးဖြတ်ပေးရမယ်…ပြည်သူကပဲ တာဝန်ခံပေးရမယ်..အုပ်ချုပ်သူဆိုတာ..ပြည်သူခိုင်းတာပဲ လုပ်ရမယ်..အုပ်ချုပ်သူက သူ့သဘော သူ့ဆန္ဒနဲ့ သူလုပ်ချင်ရာ လုပ်လို့မရဘူးလို့ ဆိုလိုတာ.. အဲဒါကို ဒီမိုကရေစီလို့ ခေါ်တာ.. ဒီမိုကရေစီရဲ့အဓိပ္ပါယ်ကိုက ပြည်သူ့အုပ်ချုပ်ရေး...တဲ့ ”

ငြိမ်နားထောင်နေတဲ့ စန်းမောင်ဆီက စကားသံ ထွက်လာတယ်…..။
“ ပြည်သူက အများကြီး ။ ဘယ်လို လုပ် အုပ်ချုပ်မှာလဲ အကိုရ.. ။ အကုန်လုံး အုပ်ချုပ်လုပ်ကိုင်ဖို့ဆိုတာ ဖြစ်မှ မဖြစ်နိုင်တာ..။ ဒီ လူအများကြီး ရဲ့တူညီတဲ့သဘောဆန္ဒတွေကို ရဖို့ …ဘယ်လို စုရုန်းကြမလဲ.. ဘယ်လို ဆုံးဖြတ်လုပ်ကိုင်ကြမလဲ.. တခုခု လုပ်မယ်ကြံတိုင်း..လူတွေအများကြီး လာကြ ဆွေးနွေးကြ....တိုင်ပင်ကြ..ဆုံးဖြတ်ကြဆိုတာ..ဒီနေ့လို ခေတ်မှာ သန်း ပေါင်းများစွာ ရှိတဲ့ လူတွေနဲ့ဆို ဘယ်လွယ်လိမ့်မလဲ..အဲဒါ ဘယ်လိုလုပ်ကြတာတုန်း”

ကျနော် တော်တော်ဝမ်းသာသွားတယ် ။ စန်းမောင် ရဲ့အမေးဟာ သိပ်ထိမိတဲ့အမေး…။ သူ့ရဲ့ပုခုံးကို လှမ်းပုတ်ရင်း…

“လူငယ်ဆိုတာ..ဒီလိုမှကွ..ကိုယ်သိချင်တာကို ရိုးရိုးသားသား..မေးနိုင်ရမယ်..။ဒါမှသိမှာ..။ငါမဖြေနိုင်ဘူးဆိုရင်..ဖြေနိုင် အောင် စာတွေလိုက်ရှာကြည့်မယ်..။လူပုဂ္ဂိုလ်တွေ လိုက်မေးကြည့်မယ်..။ ပြီးရင် ငါပြန်ပြောပြမယ်..။ငါလည်း မသိတာကို သိချင်ဟန် ဆောင်ရတာ မုန်းတယ်……ငါလည်း အများကြီးတော့ မသိပါဘူးကွာ..အမေရိကန် သမ္မတကနေဒီ ပြောသွား သလိုပါပဲ…။
လောကမှာ ကျနော် မသိတာဟာ သမုဒ္ဒရာကြီးဆိုရင်.. ကျနော်သိတာဟာ ရွက်လှေလေးတစ်စီးပါ..တဲ့။

“ ဒီမိုကရေစီဆိုတဲ့ အတွေးအခေါ်တရပ် မွေးဖွားနိုင်လိုက်တဲ့အခါ..တိုက်ရိုက်ဒီမိုကရေစီနဲ့ ကိုယ်စားပြုဒီမိုကရေစီဆိုတာ တခါထပ်ပြီး ရှိလာပြန်တယ် ”

ချမ်းမြေ့က လှုပ်လှုပ်ရွရွ ဖြစ်လာပြီး မေးမယ်အလုပ်.......။

“ချမ်းမြေ့......မင်းမေးမှာ ငါသိတယ်တယ်...ဆက်ပြောပါ့မယ်..။ တိုက်ရိုက်ဒီမိုကရေစီဆိုတာကတော့….ဆုံးဖြတ်လုပ်ကိုင်ရမယ့်ကိစ္စ တွေကို လူထုကြီးက စုဝေးပြီး လုပ်ဆောင်တဲ့အရာပေါ့ကွာ။ ဒါပေမယ့် လူဦးရေ နည်းနည်းလေးသာ ရှိတဲ့နေရာတွေအတွက် ပြဿနာ မရှိပေမယ့် .....ဒို့နိုင်ငံလို လူဦးရေ အများကြီး ရှိနေတဲ့ အခါကျတော့ ပြဿနာရှိတာပေါ့ ။ ဘယ်လိုလုပ် လူတွေ စုဝေးနိုင်လိမ့်မလဲ…။ တခါ တိုင်းရေးပြည်ရာ ကိစ္စဆိုတာကလည်း တခါတည်းနဲ့ ပြီးတဲ့ကိစ္စ မဟုတ်ဘူးလေ ။ အမြဲတန်းလောက်ရှိနေတာပဲ..။ အဲဒီအခါမှာ အခက်အခဲတွေ ရှိလာ တယ်………။ အဲဒီလိုဆိုတော့ ကိုယ်စားလှယ်တွေ ရွေးချယ်ရတော့တာပေါ့..။ အုပ်စုလိုက် ဒါမှမဟုတ် ဒေသအလိုက် ကိုယ်စားလှယ်တွေကို လူထုက ရွေးပေးရတယ်..။ လူထုကလည်း သူ့ကို တာဝန်ခံ ရွေးပေးရသလို ကိုယ်စားလှယ် လုပ်သူကလည်း လူထုအတွက် လူထုဖြစ်စေချင်တဲ့ဆန္ဒတွေကို အကောင်ထည်ဖော်ပေးရတယ်..။ ကိုယ်စားလှယ်ဆိုတာ လူထုအများကြီးကို ကိုယ်စားပြုပေးရတဲ့ အနည်းစုလေး ဖြစ်သွားတာပေါ့။ အဲသလို လုပ်လိုက်တော့ လူတွေ အများကြီး စုရုံးစုဝေး စရာမလိုတော့ဘူးပေါ့ကွာ..။

နောက်သဘော တခုက တို့ရပ်ကွက်ထဲမှာ သာရေးနာရေးလုပ်ဖို့  ရပ်ကွက်က ဆင့်ခေါ်လို့သွားပြီဆိုပါတော့ မင်းတို့ တအိမ်လုံး သွားကြမှာလား..မလိုပါဘူး။ ကိုယ့်အိမ်မိသားစုထဲက တစ်ယောက်ကို လုပ်ပိုင်ခွင့်ပေးလွှတ်လိုက်တာပဲ မဟုတ်လား..။ သူက မင်းတို့မိသားစုရဲ့ ကိုယ်စားလှယ်ပေါ့”

“ရှင်းသွားပြီ..အကိုရေ...ရှင်းပြီ..အာဏာရှင်စနစ်များနဲ့တော့ကွာပါ့နော်..အာဏာရှင်စနစ်တွေက အုပ်ချုပ်သူတွေတင် မကဘူး။သူ့ဆွေစဉ်မျိုးဆက်ပါ ဘာမဆိုင်ညာမဆိုင်နဲ့..အာဏာကို ဖဲ့သုံးနေကြတာ…။နအဖပဲ ကြည့်လေ...ဗိုလ်ချုပ်မှုးကြီးက သူတင် မကဘူး..အာဏာကို သူ့မိန်းမရော..သားတွေ သမီးတွေရော..နောက်ဆုံးမြေး အထိပါ ပေးထားတာ..။သူတို့ကို ဘယ်လူထုက ရွေးချယ်တင်မြှောက် အာဏာအပ်နှင်းထားလို့လဲ”


ကိုသွေးက စကားကို ထောက်ခံပြောရင်း ဒေါသသံတွေတောင် ပါလာတယ်။

“ဒါ့ကြောင့် အာဏာရှင်မှန်သမျှဟာ ဒီမိုကရေစီကို ကြောက်ကြတာပေါ့….. ငါကြားဖူးတာလေးတော့ ရှိတယ်ကွ.. ” ဘေးနားမှာ မျက်လုံးလေးမှေးပြီး နားထောင်နေတဲ့ ထက်အောင်က ၀င်လာတယ်။

“ တခါက .. ဒေသတခုမှာ ပွဲတော်ကျင်းပတော့.. ဥပဒေတခုထုတ်တယ်တဲ့.. ။ အဲဒီ ဥပဒေက .. ဤပွဲတော်အတွင်း မည်သူမျှ အရက်သေစာသောက်စားပြီး.. မူးယစ်ရမ်းကား ခွင့်မပြု...။ ပြုလုပ်လာပါက..ဥပဒေအရ ပြင်းပြင်းထန်ထန်..ထိပ်တုန်းခပ်ခံရမည်။
ပုံ…….သူကြီးသား သူငယ်ချင်း .....တဲ့။

ဒီလိုပဲပေါ့ကွာ”

အားလုံး ၀ါးကနဲ ပွဲကျသွားကြတယ်။အညာနေရဲ့ ပူပြင်းလှတဲ့ အပူရှိန်အောက်မှာ ကျနော်တို့ရဲ့ဆွေးနွေးပွဲ လဘက်ရည်ဝိုင်းလေးကတော့ အပူထဲက အိုအေစစ်လေးတခုလိုပါပဲ ။ ကျနော်တို့ဆွေးနွေးနေတာ အဆင့်မြင့်နိုင်ငံရေးကြီးတွေ မဟုတ်ပါဘူး ၊။ သို့သော် အဲဒီလို ဒီမိုကရေစီအခြေခံသဘောတရားလေးတွေကိုတောင်မှ လူငယ်တွေအတွက်..သိဖို့ အခွင့်အလမ်းတွေက နည်းနေတာ မဟုတ်လား၊။ နည်းနည်းလေးပဲ သိသွားပါစေဦး။ ကျနော် ကျေနပ်ပါတယ်။ သုညထက်စာရင် တစ် ဖြစ်လာတာပေါ့၊။

(ကိုးကားချက်-) http://vansangva.com/

အပိုင်း ( ၂ ) ဆက်ပါဦးမည်။

အားလုံးကို လေးစားစွာဖြင့်-

( မောင်မောင်ဝမ်း )

0 လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ပြောပြတဲ့ နှစ်သစ်သန္နိဌာန်


ကျွန်မအနေနဲ့ နှစ်သစ်ကူးတွေမှာ New year resolution တွေလုပ်လေ့မရှိပါဘူး။နေ့တိုင်းနေ့တိုင်းမှာပဲ အသစ်ပြန်လည်ပြီးတော့ ကိုယ့်ရဲ့ယုံကြည်ချက်နဲ့ သန္နိဌာန်တွေကို အားဖြည့်ရတာပါ အဲ့တော့ ကျွန်မတော့ New day resolution လို့ပဲ နေ့တိုင်းနေ့တိုင်းသတ်မှတ်ပါတယ်။ အမျိုးသားရင်ကြားစေ့ရေးကိုလည်း ကျွန်မတို့ ခုမှလုပ်တာမဟုတ်ပါဘူး၊လွန်ခဲ့တဲ့ အနှစ် ၂၀ ကတည်းကလုပ်ခဲ့တာပါ။ဒါကိုလည်း ကျွန်မတို့က နေ့တိုင်းနေ့တိုင်းအားသစ်တွေနဲ့ ကြီုးစားရတာပါ။နေ့တိုင်းနေ့တိုင်းကြီုးစားရမဲ့ကိစ္စပါ၊

၂၀၁၁ မှာလည်း နေ့တိုင်းကြီုးစားရမှာပါ ဖြစ်မြောက်တဲ့ထိ။ တယောက်နဲ့တယောက်မတူကြဘူး၊ ကျွန်မတို့ရဲ့အဖွဲ့အစည်းတွေကရော၊ တခြားဒီမိုကရေစီလိုချင်တဲ့သူတွေကရော၊ တော်တော်ကိုခိုင်ခိုင်မာမာနဲ့ နှစ်ပေါင်းမြောက်များစွာ ဒုက္ခခံပြီးတော့လုပ်တဲ့သူတွေ လုပ်ခဲ့တဲ့သူတွေရှိပါတယ်၊ ဆက်ပြီးတော့လုပ်သွားမယ်လို့လည်း ကျွန်မယုံကြည်ပါတယ်။

အဲ့ဒါအပြင်မှာ လူငယ်တွေက အခုနိုင်ငံရေး လုပ်ငန်းစဉ်တွေထဲမှာပါလာပါပြီ။ လူငယ်တွေက တက်တက်ကြွကြွနဲ့ ပိုမိုပြီးတော့ ပါဝင်ကြမယ်လို့လည်း ကျွန်မယုံကြည်ပါတယ်။ ၂၀၁၁ ဟာ မြန်မာနိုင်ငံအတွက် အလွန်အင်မတန်မှ အရေးပါတဲ့နှစ်လို့ထင်ပါတယ်။ ဘယ်လိုဖြစ်မယ်ဆိုတာတော့ ကျွန်မကလည်း ဗေဒင်ဆရာ မဟုတ်တော့ဒါကိုတော့ ကျွန်မ ပြောလို့တော့ မဖြစ်ပါဘူး။ ဒါပေမဲ့လည်း ဒါဟာ အင်မတန်မှ အရေးကြီးမဲ့ အခင်းအကျင်းဖြစ်မယ်။အရေးကြီးမဲ့နှစ် တခုဖြစ်မယ်။ အဲ့ဒီကမှ ကျွန်မကတော့ အကောင်းဆုံးဖြစ်အောင်ကြီုးစားမယ်။ အားလုံးပါဝင်နိုင်မဲ့ နိုင်ငံရေးဖြစ်စဉ် တခုပေါ်လာအောင်လို့ ကျွန်မတို့ ၀ိုင်းဝန်းပြီးတော့ ကြိုးစားရမယ်၊ အခုလည်းစကြီုးစားနေပါတယ်။

BBCမှဆက်သွယ်မေးမြန်းချက်

0 မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နှစ်သစ်ကူးနူတ်ခွန်းဆက်သ၀ဏ်လွှာ


(voa အသံဖိုင်)
နှစ်သစ်ကူး နှုတ်ခွန်းဆက် သဝဏ်လွှာ။

နှစ်ဟောင်းလွန်မြောက် နှစ်သစ်ရောက်ချိန်တွင် ကျွန်မ၏ နိုင်ငံရေးဘဝ ဖြတ်သန်းမှုကို ပြန်လည် သုံးသပ်ကြည့်သောအခါ.. ပြည်သူလူထု၏ ဒီမိုကရေစီနှင့် လူအခွင့်အရေးအတွက် ကြိုးပမ်းသည့်ကာလ၊ နေအိမ်အကျယ်ချုပ် ကျခံသည့်ကာလ၊ ပြန်လည် လွတ်မြောက်လာသည့်ကာလ ဟူ၍ ကာလသုံးပါးကို တွေ့မြင်ရပါသည်.။

ယင်းကာလသုံးပါးစလုံးတွင် ကျွန်မအတွက်လည်းကောင်း၊ ကျွန်မ၏ ရည်မှန်းချက်အတွက် လည်းကောင်း.၊ ကျမ၏ ကြိုးပမ်း ဆောင်ရွက်မှုများ အတွက်လည်းကောင်း၊ ထောက်ခံသူ အားပေးသူ ကူညီသူ အမြောက်အများရှိပါသည်။ နိုင်ငံ့ခေါင်းဆောင်များ၊ ဘာသာရေးခေါင်းဆောင်ကြီးများ၊ ငြိမ်းချမ်းရေး နိုဘယ် ဆုရှင်များ အပါအဝင်..ပုဂ္ဂိုလ်များ၊ ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ စသည်စသည်ပါဝင်သော အဖွဲ့အစည်းများ၊ အမေရိကန်နှင့် ဥရောပနိုင်ငံအများအပြားမှ နိုင်ငံသူ နိုင်ငံသားများ၊ ပြည်တွင်းပြည်ပမှ ကျွန်မတို့ တိုင်းရင်းသား ပြည်သူများ ပါဝင်ကြပါတယ်..။

ထိုသူများ၏ ကာယကံအားဖြင့်၊ ဝစီကံအားဖြင့်၊ မနောကံအားဖြင့် ရိုင်းပင်း ကူညီခဲ့သူများအတွက် ကျွန်မက အထူးတလည် ကျေးဇူးဥပကာရ တင်ရှိပါကြောင်း အလေးအနက် ဖော်ပြအပ်ပါတယ်..။

အထူးသဖြင့် ယခုတစ်ကြိမ် ပြန်လွတ်ရာတွင် ပိုမို တက်ကြွနေသော လူငယ်များအပါအဝင် ပြည်သူများမှ အင်တိုက်အားတိုက် ထောက်ခံ အားပေးမှုကြောင့် ကျွန်မအလွန် ဝမ်းမြောက် ကြည်နှူးရပါသည်။ အမျိုးသားပြန်လည် သင့်မြတ်မှုရရှိရေး စစ်မှန်သော ပြည်ထောင်စုစိတ်ဓာတ် တဖန်နိုးထ ရှင်သန်လာရေးတို့ အတွက် ပြည်သူ့နိုင်ငံရေး လူမှုကွန်ယက်ကြီး တစ်ရပ် ထူထောင်ခြင်းဖြင့် ကျွန်မတို့ မဖြစ်မနေ ကြိုးပမ်းရပါဦးမယ်။ မင်္ဂလာနှစ်သစ်တွင် ခွန်သစ်အားသစ် လုပ်ငန်းပုံစံသစ်ဖြင့် တိုင်းရင်းသားပြည်သူအားလုံး လက်တွဲကြိုးပမ်းကြပါစို့ဟု နှိုးဆော်ရင်း နှုတ်ခွန်း ဆက်သလိုက်ပါသည်.။

ရက်စွဲ ၁-၁-၂၀၁၁

ဒီမိုကရေစီရေး မုချအောင်ရမည်.

အောင်ဆန်းစုကြည်။

Daw Aung San Suu Kyi's New Year Message for 2011

Yangon, December 31 -- Given below is the advanced copy of the NewYear Message of democracy icon Aung San Suu Kyi acquired by ++++++.
...This message is to be issued in Burmese on January 1 next year.


“On studying my political life at the time of the New Year, I foundout three periods – t...he period of my struggle for democracy and humanrights for the people, the period of house arrest and the period after my release.

“In all these three periods, the great majority of people have comeout in support of me as well as my aspirations and my struggles. These peoples include leaders of nations, leaders of religiousdenominations, Nobel laureates, United Nations, European Union,Amnesty International, peoples of United States and many European
countries and people of all nationalities in and out of our country.

“I would like to stress my deep gratitude to all these peoples."

“I am very happy to note that more enthusiastic and tremendous support has been shown to me by the people including youths on myrelease from detention this time. I shall relentlessly struggle for bringing about a wide-ranging political and social network for national reconciliation and re-emergence of genuine Union Spirit.

Allow me to call on all the people of the country to join with me in this task with renewed vigour. This is my message.”The cause of democracy shall certainly prevail.

( Signature )

Aung San Suu Kyi

As Aung San Suu Kyi came out of office, the awaiting newsmen requested her to speak a few words in English on the occasion of theNew Year eve.

Aung San Suu Kyi in English said: “We hope that we will see a yearthat is happier for all the people of the world including the peopleof Burma. We do hope for more inclusive political process in the country that will bring about national reconciliation. We do also hope that there would be greater freedom of information for the sake of journalists and correspondents in Burma.”

(Source: Inside Burma)

http://www.facebook.com/#!/notes/ohn-mar-oo/daw-aung-san-suu-kyis-new-year-message-for-2011/10150368121095243

1 ၂၀၁၁ မင်္ဂလာနှစ်သစ်မှာ မြန်မာပြည်သူပြည်သားများရွှင်လန်းချမ်းမြေ့ပါစေ...


၂၀၁၁ နှစ်သစ်ဦးကစလို့ မင်္ဂလာအပေါင်း နှင့်ခညောင်းပြီး မြန်မာပြည်သူပြည်သားများ စစ်အာဏာရှင်စနစ်ဆိုးအောက်မှအမြန်ဆုံးလွတ်မြောက်ပါစေလို့ဆုတောင်းလိုက်ပါတယ်။

Friday, December 31, 2010

0 ဗိုလ်ချုပ်တင်အေး ရဲ့တူ ၊တူမ တို့ဖွင့်လှစ်ထားတဲ့အောဆွိ KTV တွင်လူသတ်မှု ဖြစ်ပွား

တောင်ငူမြို့ ခပေါင်းတံတားအဆင်း အုတ်တွင်း မြို့နယ်ပိုင်နယ်မြေအတွင်း ရန်ကုန်-မန္တလေးကားလမ်းဘေးတွင် ဖွင့်လှစ်ထားသော ဗိုလ်ချုပ်တင်အေးရဲ့ တူ၊တူမဖွင့်လှစ်ထားတဲ့ KTVဆိုင်တွင် ၂၅.၁၂.၂၀၁၀ ရက်နေ့ ညပိုင်း ရ နာရီလောက် အချိန်တွင် ဆိုင်အတွင်းစားသောက်နေကြသော ကိုဇော်ဇော်ဝင်း၊ ကိုစိုးသိန်းတို့သူငယ်ချင်း ၄ ယောက်တို့အဖွဲ့နှင့် ဆိုင်ရှိစားပွဲထိုးနှင့်စကားများကြရာ ဆိုင်ရှင်ဖြစ်သူ ဗိုလ်ချုပ်တင်အေးဧ။် တူ၊တူမ ကမျက်စပြစ်၍ ရိုက်သတ်ပစ်ဟု ပြောကာ တစ်ဆိုင်လုံး ၀ိုင်းရိုက်ကြသဖြင့် ကိုဇော်ဇော်ဝင်း ဦးခေါင်းဒဏ်ရာ ရသေဆုံးသွားပါတယ်။ ကိုစိုးသိန်းကတော့ ခေါင်းမှဒဏ်ရာကို ၈ချက်ချုပ်လိုက်ပြီး ဆေးရုံကမဆင်းရသေးပါဘူး။ လက်ရှိစားပွဲထိုး ၄ ယောက်ကိုအဖမ်းပြထားပါတယ်။

အနီးအနားဝန်းကျင်ဧ။်ပြောပြချက်အရ ဆိုင်ရှင် ဗိုလ်ချုပ်တင်အေးဧ။်တူ၊တူမတို့ကအခုဖြစ်ပွားခဲ့တဲ့လူသတ်မှုက ဦးလေးရဲ့ဝိတ်ကိုအသုးံချပြီး အစွမ်းကုန်လွတ်မြောက်အောင်လုပ်သွားမယ်လို့သိရပါတယ်။

သေဆုးံသူကိုဇော်ဇော်ဝင်းရဲ့အလောင်းကို၂၇ရက်နေ့နေ့လည်၂နာရီခွဲအချိန်တွင်သဂြိုလ်လိုက်တယ်လို့သိရပါတယ်။
အုတ်တွင်းရဲစခန်းမှူးက ဒီအမှုကိုရှင်း ခက်နေတယ်လို့ ကြားသိရပါတယ်။

လူသတ်မှုဖြစ်ပွားခဲ့တဲ့ ဗိုလ်ချုပ်တင်အေးရဲ့တူ၊တူမ ပိုင်ဆိုင်တဲ့ အောဆွိ KTVဆိုင်တွင် အမျိုးသားများအတွက် လိုချင်တာအကုန်ရတဲ့နေရာ လည်းဖြစ်ပါတယ်။


ပေးပို့သော အောင်မောင်း 8888(ပြည်တွင်း)အားကျေးဇူးတင်ရှိပါသည်။

0 နှုတ်ဆက်လိုက်တယ် ၂၀၁၀


အလိမ်အညာ တွေ နဲ့ ပြည့်နေတဲ့ ၂၀၁၀

တကယ်ပါ............

ယုတ်မာရက်စက် ဝမ်းတထွာ အတွက်နဲ့

အုပ်စိုးသူတွေရဲ့ အာဏာစက်အောက်မှာ

ကမ္ဘာပျက်လောက်အောင် ငိုငြီး သံတွေ

အငတ်ဘေးတွေ နဲ့ တို့တိုင်းပြည်

သဘာဝ ဘေးတွေနဲ့ တို့တိုင်းပြည်..

အကျင့်ပျက် ချစားမှုတွေနဲ့ တို့တိုင်းပြည်

ကိုယ့်အတွေးကိုယ် ခိုးရောင်းနေရတဲ့ အဖြစ်

တကယ် ညစ်တယ်။

နှုတ်ဆက်လိုက်တယ် ၂၀၁၀

မင်းကျန်ခဲ့တော့

ငါတို...့ လျောက်မယ့်လမ်း

မင်းလာ မလွမ်းနဲ့ .......

အထုပ်အပိုးတွေ ပြင် ရှေ့ခရီးနှင်ဖို့

တို့ မောင်နှမတွေ အတွက်

အမေ မီးဖိုချောင်ဝင်နေပြီ ......

ကြမ်းတမ်းမယ့်ခရီးလမ်း

မငြီး စတမ်းပေါ့ ကွာ။...။

ငါတို့ ရဲ့ လက်ထဲမှာ

ကြိုးတစစီ ရှိတယ်

အမေ လိုချင်တဲ့ ကွန်တလက်

ငါတို့ရဲ့ လက်တွေနဲ့ ယက်မယ်

ကဲ ....လာကြ

၂၀၁၁ အတွက် ကွန်ယက်

အမေ့လက်ထဲ ထည့် ဖို့

ငါတို့.........ချည်နှောင်ကြစို့။...........။
Sannay Min

0 ၂၀၁၁ အကြို

၂၀၁၁ အကြို

၂၀၁၀ ခုနှစ် ဒီဇင်ဘာလအတွင်း ၂၀၁၁ ခုနှစ် အကြိုအဖြစ် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ (အခမဲ့)နာရေးပို့ဆောင်မှုများ၊ (အခမဲ့)ဆေးဝါးကုသပေးမှုများအပြင် မျိုးဆက်သစ် လူမှုရေးသင်တန်း များ၊ ပညာရေးသင်တန်းများပါ အခမဲ့ဖွင့်လှစ်ပို့ချ ပေးခဲ့ပါသည်။ ယင်းကဲ့သို့ သင်တန်းများပို့ချရာတွင် လူမှုရေးသင်တန်းများကို နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဥက္ကဌ ဦးကျော်သူ၊ တွဲဖက်အတွင်းရေးမှူး ကိုဇင်ထွန်းအောင်၊ အလုပ်အမှုဆောင် ဒေါ်မေဇွန်ဦး၊ ဒေါ်ကြည်ကြည်စိန်တို့နှင့် အတွေ့အကြုံရှိသော အသင်းသား/သူတို့မှ ပို့ချပေးခဲ့သည်။ ဈာပနပို့ဆောင်ရေးသင်တန်းများ၊ ဈာပနသယ်ဆောင်ခြင်း လက်တွေ့/စာတွေ့ သင်ကြားလုပ်ဆောင်မှုများဖြင့် ပြသခဲ့သည်။ ထို့အပြင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပတ်သက်၍ သဘာဝသီးနှံများဖြင့် ထုတ်လုပ်သော (ခေါင်းလျှော်ရည်၊ ဆပ်ပြာရည်) တို့ကို လက်တွေ့/စာတွေ့ နာရေးကူညီမှုအသင်း(ရန်ကုန်) အတွင်းရေးမှူး စာရေးဆရာမ ဒေါ်သန်းမြင့် အောင်ဦးစီး၍ ဒေါ်ကြည်ကြည်စိန်၊ ဒေါ်ခင်ပပမျိုး၊ ဒေါ်အေးအေးခိုင်တို့မှ လူမှုရေးသင်တန်းသူ/ သားများအား လက်တွေ့ထုတ်လုပ် သင်ကြားပြသခဲ့သည်။ ယင်း ခေါင်းလျှော်ရည်၊ ဆပ်ပြာရည်တို့မှ ဓါတုပစ္စည်းများ မပါဝင်ဘဲ သဘာဝသီးနှံတို့ဖြင့်သာ ထုတ်လုပ်ခြင်းဖြစ်သည့်အတွက် သုံးစွဲသူတို့အား ဈေးနှုန်းသက်သာ၍ ကျန်းမာရေးအရလည်း ဘေးဥပါဒ်ဖြစ်ခြင်းတို့ကို ကာကွယ်နိုင်သည်။

မျိုးဆက်သစ်ကလေးငယ်များအတွက် အင်္ဂလိပ်စာအခြေခံသင်တန်းတွင်လည်း တစ်ဦးချင်း တစ်ယောက်ချင်း အင်္ဂလိပ်ဘာသာဖြင့် စကားပြောခြင်း၊ ပုံပြင်များပြောကြားခြင်းတို့နှင့် စာရေးစာဖတ် အင်္ဂလိပ်စာအခြေခံများကို ဆရာ ဦးဝင်းကို၊ ဆရာမ ဒေါ်ဧရာမောင်မောင်၊ ဆရာမ ဒေါ်နီနီအေးတို့နှင့် လုပ်အားပေးအသင်းသူများမှ ပူးတွဲသင်ကြားပေးခဲ့သည်။

ထို့ပြင် အဆင့်မြင့် အကြီးတန်း အင်္ဂလိပ်စာသင်တန်းအဖြစ် တက္ကသိုလ်ဝင်တန်းမှ တက္ကသိုလ် တက်ရောက်နေကြသောသူများအား English Four Skills သင်တန်းအဖြစ် အင်္ဂလိပ်စာ ဆရာမ ဒေါ်မြသန်း (ဦးကျော်သူ မိခင်)၊ ဆရာ ဦးဝင်းကို၊ ဆရာမ ဒေါ်ဧရာမောင်မောင်၊ ဆရာမ ဒေါ်နီနီအေး တို့မှ လုပ်အားပေးအသင်းသူများနှင့် တွဲဖက်၍ ဖွင့်လှစ်သင်ကြားပေးလျှက်ရှိသည်

၂၀၁၀ ခုနှစ် ဒီဇင်ဘာလအတွင်း နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ သုခကုသိုလ်ြဖစ်ဆေးခန်း တွင် မကြာမီဖွင့်လှစ်တော့မည်ဖြစ်သော မျက်စိခွဲစိပ်ခန်းအတွက် အလှူငွေများကိုလည်း ပြည်တွင်း/ပ အလှူရှင်များမှ သဒ္ဒါတရားထက်သန်စွာ လှူဒါန်းမှုများရှိခဲ့သည်။ ၂၁.၁၂.၂၀၁၀ နေ့တွင်လည်း အဆိုတော် ကော်နီမှလည်း အလှူငွေများ လာရောက်လှူဒါန်းခဲ့ပါသည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)မှ နာရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးကိစ္စ အ၀၀တို့ကို အထောက်အကူပြု လူအား၊ ငွေအား၊ လုပ်အားတို့ဖြင့် လှူဒါန်းကြကုန်သော ဆရာဝန်၊ ဆရာဝန်မကြီးများ၊ ပညာသင်ကြားပေးသော ဆရာ/မကြီးများနှင့် လုပ်အားဒါနအလှူကို လာရောက် ပေးဆပ်ကြသော လူမှုရေးသမားများ အသင်းသား/သူများ၊ ၀န်ထမ်းများအားလုံးကို ၂၀၁၁ ခုနှစ် အကြိုတွင် အထူးကျေးဇူး မှတ်တမ်းတင်၍ သာဓု သာဓု သာဓုဟု ခေါ်ဆိုလိုက်ပါသည်။

ကိုကျော်သူ


၂၀၁၁ အကြိုအတွက် ဘိုဘိုရဲ့ ရင်ခုန်နှစ်သစ်သီချင်းလေးပါ..

0 ဒေါ်အောင်ဆန်းစုကြည်နှင့်လူငယ်တွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်သုံးသပ်ပြောကြားသော မိန့်ခွန်း


မြန်မာသတင်း သမားများကွန်ရက်

ဒေါ်အောင်ဆန်းစုကြည်=ကျွန်မတို့မေးတဲ့မေးခွန်းတွေကို တော့ သက်သက်နောက်ဆုံးမှ ဖြေပါမယ်။ ဒီကိစ္စတွေကို ခြုံငုံပြီးတော့ ပြောတဲ့နေရာမှ လက်တွေ့ကျကျကျွန်မတို့လုပ်နိုင် တဲ့ဘက်ကနေပြီးတော့ ပြောပါ့မယ်။ ဒီတော့ အရေး ကြီးက ဘာလဲဆိုတော့ ဆက်သွယ်ရေးပဲ။ ဆက်သွယ်ရေးကွန်ရက်တခုဖြစ်ဖို့။ ကျွန်မနေအိမ်အကျယ်ချုပ် ကလွတ်လာပြီးတော့ နိုဝင်ဘာလ ၁၄ ရက်နေ့မှာ ပြည်သူတွေအတွက် ပြည်သူတွေနဲ့ဖွဲ့စည်းထားတဲ့ ပြည်သူ့ကွန်ရက်ကြီးတခု ဒီမိုကရေစီအတွက် စပြီးပြုစုပျိုးထောင်ရမယ်လို့ ကျွန်မပြောခဲ့ပါတယ်။ အဲဒီတော့ ကွန်ရက်ဆိုတဲ့ အဓိပ္ပာယ်က တခုနဲ့တခု ဆက်ထားတာ။ ကွန်ရက်ဆိုတာ ပိုက်ကွန်တခုကိုကြည့်လိုက်လို့ရှိ ရင် ကြိုးလေးတွေ ကြိုးလေးတွေနဲ့ ဆက်ထားတာ။ ကြိုးလေးတချောင်းစီတချောင်းစီက အင်အားမရှိပေ မယ့် ကြိုးတွေ အားလုံးဆက်ထားတဲ့ကွန်ရက်ကြီးက အင်မတန်မှအင်အားရှိပါတယ်။ အဲဒီကွန်ရက်ကြီးက အင်အားလည်းရှိတယ်၊ အလုပ်လည်းဖြစ်တယ်။ ဥပမာဆိုရင်ငါးဖမ်းလို့ရတယ်ပေါ့(ဒေါ်အောင်ဆန်းစုကြည်ကပြုံးရယ်ပြီးပြောသည်)။ကျွန်မတို့ရဲ့ကွန်ရက်ဆိုတာ
အများအင်အားနဲ့လုပ်ထားတာဖြစ်တယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကို ဗဟိုလုပ်ထားတာမဟုတ်ပါဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တခုတည်းလုပ်ဖို့တော့ဒီမိုကရေစီရဖို့ လမ်းကြောင်းက ရှည်သွားမှာစိုးလို့ အားလုံးနဲ့ချိတ်ဆက်ပြီး လုပ် တယ် ဆိုတဲ့ သဘောပါပဲ။ အဲဒါကြောင့်မို့ အားလုံးရဲ့အကြံဥာဏ်တွေ၊ အားလုံးရဲ့အတွေးအခေါ်တွေကို ကျွန်မတို့ ဖိတ်ခေါ်တာဖြစ်ပါတယ်။ ပြီးတော့ ဒီလိုကွန်ရက်လုပ်ဖို့ဆိုတာက အဓိက က ဆက်သွယ်ရေးလမ်းကြောင်း က အရေးကြီးပါတယ်။ ကျွန်မတို့ လက်တွေ့ကျကျလုပ်ချင်တာက လူငယ်တွေပြောတဲ့ဟာကို နားထောင် သွားတဲ့အခါမှာ လူမှုရေးအဖွဲ့အစည်းလေးတွေရှိတယ်၊ အရပ်သားလူမှုရေးအဖွဲ့အစည်းတွေရှိတယ်။ တယောက်နဲ့တယောက် ဆက်သွယ်မှုမရှိဘူး။ တယောက်က တယောက်ဘာလုပ်နေမှန်းမသိဘူး။ အဲဒါ ကို ထပ်ခါထပ်ခါပြောသွားကြတယ်။ အဲဒါကြောင့်မို့လို အင်အားက ရှိသင့်သလောက် မရှိဘူးဆိုတဲ့သဘောရှိ ပါတယ်။ အဲဒီတော့ ကျွန်မက ဒီလိုလုပ်ချင်ပါတယ်။ အခုကျွန်မတို့အဖွဲ့ချုပ်က လူငယ်တွေကနေပြီးတော့အခုဒီလူငယ်တွေမပြန်ခင်မှာ ဆက်သွယ်ဖို့ ၊ ဘယ်လိုနည်းနဲ့ဆက်သွယ်ရမလဲပေါ့။ တယ်လီဖုန်း နံပါတ် ဖြစ်ဖြစ်၊ လိပ်စာဖြစ်ဖြစ်ပေးထားပြီးတော့ ၊ အဲဒီလိုဆက်သွယ်တဲ့နေရာမှာ ဘာနဲ့ပတ်သက်လို့ဆက်သွယ် စေချင်တာလဲဆိုတာ
တခါတည်းရေးသွားပါ။ ဥပမာဆိုလို့ရှိရင် -သွေးလှူရေးကိစ္စ။ သွေးလှူရေးကိစ္စနဲ့ ဆက်သွယ်ချင်ပါတယ်ဆိုရင် တခြားသွေးလှူတဲ့ကိစ္စနဲ့ဆက်သွယ် ချင်တဲ့ အဖွဲ့အစည်းတွေနဲ့ဆက်သွယ် ပေးလို့ရပါတယ်။ နောက်တခုကလည်း စာအုပ်တွေကိစ္စအကြောင်းပြောသွားကြတယ်။ စာဖတ်ချင်ကြ တယ်၊ စာအုပ်ကောင်းတွေဖတ်ဖို့ခက်တယ်ဆိုတော့ ကျွန်မတို့လူငယ်တယောက်ကပြောတယ်။ ဒီကိစ္စ မှာ သူကူညီပေးနိုင်ပါတယ်လို့ပြောတယ် (အဆိုပါပြောကြားသော လူငယ်သည်မြန်မာသတင်းသမားများကွန် ရက်မှ အဖွဲ့ဝင် သတင်းသမားတဦးဖြစ်သည်)။ E-Book တို့လို အင်တာနက်ကနေ စာဖတ်လို့ရတဲ့နည်း တွေနဲ့ ကူညီချင်ပါတယ်လို့ပြောပါတယ်။ အဲဒီလို စာအုပ်တွေဘာတွေနဲ့ပတ်သက်ပြီးဆက် သွယ်ချင်တဲ့သူ စာဖတ်ချင်တဲ့သူ၊ စာအုပ်ကောင်းတွေရှာချင်တဲ့သူတွေ အနေနဲ့ စာအုပ်ကောင်းတွေကိုမြည်းကြည့်ချင်တဲ့သူ တွေက လိပ်စာနဲ့ဖြစ်ဖြစ်၊ တယ်လီဖုန်းနံပါတ်နဲ့ဖြစ်ဖြစ်၊ တစ်နည်းနည်းနဲ့ဖြစ်ဖြစ်၊ ဘယ်လိုဆက်သွယ်ရမလဲ ဆိုတာတွေကို ဒီမှာပေးသွားပြီးတော့ အဲဒီဟာတွေနဲ့ပတ်သက်ပြီး ကူညီချင်တဲ့သူတွေက လည်း လိပ်စာနဲ့ တယ်လီဖုန်းနံပါတ်တွေကို ပေးသွားပါ။ ဥပမာဆိုရင် ကျွန်တော်တို့၊ ကျွန်မတို့က ဘယ်လိုနည်းနဲ့ကူညီ နိုင်ပါတယ်ဆိုပြီးရေးသွားမှ အကူအညီလိုတဲ့သူနဲ့ ကူညီချင်တဲ့သူကို ချိတ်ဆက်ပေးလို့ရမှာပါ။ကူညီချင်
တဲ့သူကလည်း ဘယ်လိုကူညီနိုင်သလဲ။ အကူအညီလိုချင်တဲ့သူကလည်း ဘယ်လိုအကူအညီလိုချင်သလဲဆို တာရေးသွားပါ။ အဲဒီကနေစပြီးတော့ လက်တွေ့ကျကျ ကွန်ရက်လေးစပြီးတော့လုပ်မယ်။ ကျွန်မတို့ကနေ ပြီးတော့ အကူအညီလိုချင်တဲ့သူနဲ့ အကူအညီလိုချင်တဲ့သူကို ချိတ်ဆက်ပေးမယ်။ ဒီမှာလာပြီးတော့လည်း တောင်းလို့ရပါတယ်။ အဲဒီဟာက ပညာရေးပေါ့။ ပညာရေးနဲ့ပတ်သက်ပြီးတော့ ကျွန်တော်ကတော့ ရေဒီယိုကိုင် နိုင်ငံရေးသမားဆိုတော့ ကျွန်မလည်း ရေဒီယိုကိုင် နိုင်ငံရေးသမားပဲ။ ခုနစ်လုံးလုံး ရေဒီယို နားထောင်ပြီးတော့ နိုင်ငံရေးဘယ်လိုဘာတွေဖြစ်နေလဲ ဆိုတာ လေ့လာခဲ့ရတာ။ အဲဒီတော့ ရေဒီယိုကိုင် နိုင်ငံရေးသမားဆိုတာ အထင်သေးစရာမဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ်လည်း အထင်မသေးပါနဲ့။ စိတ်ဓာတ်အင်အားပြည့်ဝနေရင် ကိုယ်လုပ်တဲ့နိုင်ငံရေးဟာ ထိရောက်တယ်ဆိုတာ ယုံကြည်ပါ။ နောက် ကျွန်မတို့ ဥပဒေရေးရာတွေနဲ့ပတ်သက်လို့ အဲဒါကလည်း စောစောက ပြောသလို လက်တွေ့ကျကျ စီမံ ကိန်းတခု ချက်ချင်းဖော်ထုတ်လို့ရပါတယ်။ ကျွန်မတို့ဥပဒေရှင်ကြီးများက ဒီကိစ္စတွေနဲ့ပတ်သက်လို့ ကူညီဖို့အသင့်ပါပဲ။ ကျွန်မတို့ ခုနပြောသွားတဲ့အထဲမှာ ဥပဒေပညာရှင်လူငယ်များပါပါတယ်။ ဥပဒေပညာ ရှင်လူငယ်များကလည်း ကျွန်မတို့ရဲ့ ဥပဒေအထောက်အကူပြုအဖွဲ့နဲ့ဆက်သွယ်ပါ။ ကျွန်မတို့ ဥပဒေ အထောက်အကူပြုအဖွဲ့က ပညာပေးနိုင်သလို လူငယ်ဥပဒေပညာရှင်တွေဆီက ကျွန်မတို့ကလည်း အကူ အညီယူဖို့လိုပါတယ်။ ကျွန်မတို့ ဥပဒေအထောက်အကူပြုအဖွဲ့က နိုင်ငံရေးအမှုတွေနဲ့ပတ်သက်လို့၊ ပြည်သူ့အခွင့်အရေးနဲ့ပတ်သက်လို့ ဖြစ်ပေါ်လာတဲ့အမှုတွေကို လိုက်ပေးရပါတယ်။ အဲဒီလို အမှု လိုက်ပေးတဲ့ နေရာမှာ လူမလောက်ပါဘူး။

ဒေါ်အောင်ဆန်းစုကြည် = ရှေ့နေတွေအများကြီးလိုပါတယ်။ အထူးသဖြင့်ငယ်ငယ်ရွယ်ရွယ်ရှေ့နေတွေပေါ့။ ငယ်ငယ်ရွယ်ရွယ်ဆိုတာပြေးနိုင်လွှားနိုင်လို့ပါ။ ပြေးနိုင်လွှားနိုင်ဆိုတာ ဟိုလိုပြေးရလွှားရတာမျိုး ပြောတာမဟုတ်ဘူး(ဒေါ်အောင်ဆန်းစုကြည်နှင့်ပရိသတ်များ၏ရယ်သံများပြိုင်တူထွက်ပေါ်လာသည်)။ တခါတလေ နယ်ကို လွှတ်ရတယ် ရန်ကုန်ထက်ဝေးတဲ့နေရာတွေကို လွှတ်ရတယ်။ အဲဒီလိုဆိုတော့ ပေါ့ပေါ့ပါးပါးနဲ့သွားနိုင် လာနိုင် ကျန်းမာရေးကောင်းတဲ့လူငယ်တွေကို ကျွန်မတို့ အလိုရှိပါတယ်။ အဲဒါကြောင့်မို့ ဥပဒေပညာရှင် လူငယ်တွေကလည်း ကျွန်မတို့ရဲ့ ဥပဒေအထောက်အကူ အဖွဲ့နဲ့ဆက်သွယ်ပါ။ဘယ်လိုကူညီရမလဲဆိုတာပြောရင်းနဲ့ဘယ်လိုအကူအညီလိုချင်တယ်ဆိုတာလည်းပြောပါ။
အဲဒီမှာ ဥပဒေနဲ့ပတ်သက်ပြီး ပိုပြီးတော့ သိချင်တာတွေရှိတယ်၊ ပညာလိုချင်တယ်ဆိုရင်၊ ခုနက ပညာကိစ္စနဲ့ဆက်သွယ်သွားတာပေါ့။ ပညာရေးကိစ္စ ဆိုတော့။ အဲဒီမှာ ကျွန်မနားထောင်နေတာ တခုတော့ ကျွန်မ တော်တော်ကျေနပ်မိတယ်။ ဒီလိုပညာရေးနဲ့ ပတ်သက်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တော်တော်ကြာ လုပ်ခဲ့တာတွေ ရှိပါတယ်။ လုပ်လည်းလုပ် နေပါတယ်။ ကျွန်မတို့အဖွဲ့ လုပ်နိုင်တဲ့အတိုင်းအတာနည်းလို့ သာ အများမသိကြတာပါ။ ပညာရေးအားနည်းနေတဲ့အချိန်မှာ ကျွန်မတို့ကိုယ်တိုငကျောင်းတွေမထောင်နိုင်တဲ့နေရာမှာ ပံ့ပိုးနိုင်တဲ့နေရာ၊ အရေးကြီးတဲ့နေရာနှစ်ခုကတော့ အင်္ဂလိပ်ဘာသာစကားနဲ့ကွန်ပျူတာပညာပဲ။ အဲလိုကျွန်မထင်မိပါတယ်။ အခုခေတ် မှာဆိုလို့ရှိရင်အင်္ဂလိပ်ဘာသာစကားတတ်လို့ရှိရင် အလုပ်အကိုင်အတွက်လည်း လွယ်ကူတယ်။စာအုပ် ကောင်းတွေဖတ်ဖို့လည်း အထောက်အကူဖြစ်ပါတယ်။ ကွန်ပျူတာပညာဆိုတာကတော့ ကျွန်မရှင်းပြဖို့ မလိုပါဘူး။ ကျွန်မတို့လည်း ကျွန်မတို့ရဲ့လူငယ်တွေကိုအင်္ဂလိပ်ဘာသာစကားနဲ့ကွန်ပျူတာ ပညာသင်ဖို့ ဟာ တတ်နိုင်သမျှ သင်တန်းတွေလုပ်ပြီးတော့၊ သင်တန်းတွေကိုပို့ပြီးတော့ကြိုးစားလုပ်ဆောင်ခဲ့ပါတယ်။ ဒီဟာတွေကို စိတ်ဝင်စားတဲ့လူငယ်တွေအတွက်လည်း ထပ်ပြီးတော့ တိုးချဲ့လုပ်နိုင်ဖို့ ကျွန်မတို့ကြိုးစားပါ့ မယ်။ အဲဒီအထဲမှာ ပညာပေးအစီအစဉ်ဆိုတာလည်းပါပါတယ်။ ပညာပေးအစီအစဉ်မှာဆိုရင် နိုင်ငံရေးကိစ္စ တွေနဲ့ပတ်သက်လို့၊စီးပွားရေးကိစ္စတွေ၊ လူမှုရေးကိစ္စတွေ၊ ဥပဒေရေးရာကိစ္စတွေနဲ့ပတ်သက်လို့ ကျွန်မတို့ရဲ့ အဖွဲ့ချုပ်ဝင်တွေသာမက အဖွဲ့ချုပ်အပြင်က အသိပညာရှင်၊ အတတ်ပညာရှင်တွေကိုပါ ဖိတ် ခေါ်ပြီး သင်တန်းတွေ၊ ဟောပြောပွဲတွေကျွန်မတို့လုပ်ပါ တယ်။ ဒီဟာတွေ အရင်တုန်းကလည်းလုပ်တယ်၊ အခုလည်းဆက်ပြီးတော့ လုပ်ပါ့မယ်။ အဲဒီလိုလုပ်တဲ့အခါမှာ စိတ်ဝင်စားတဲ့ NLDပြင်ပက လူငယ်တွေ လာရောက်နိုင်အောင်လို့ ကျွန်မတို့စီစဉ်ပါ့မယ်။နောက်ဆုံးကျတော့ ဆက်သွယ်ရေးပေါ့။ ဆက်သွယ်ရေး လမ်းကြောင်းကြီးကိုဖွင့်ထားမယ်ဆိုလို့ရှိရင် ဒီလိုကျွန်မတို့ရဲ့ပညာပေးအစီအစဉ်မှာစိတ်ဝင်စားတဲ့လူငယ် တွေပါဝင်နိုင်မှာဖြစ်ပါတယ်။ အဲဒါကတော့ အရင်ကတည်းကလည်းလုပ်ခဲ့တဲ့ကိစ္စလေ။ အခုလည်းလုပ်နေ ဆဲ။ နောင်လည်းဆက်ပြီးတော့လုပ်သွားပါ့မယ်။ ခုနကပြောတဲ့အထဲမှာ စီးပွားရေးပေါ့နော်။ စီးပွားရေးဆို တာအသက်မွေးဝမ်းကြောင်းပညာပေါ့။ အဲဒါကလည်း အားလုံးဆက်နွယ်နေပါတယ်။

ကျွန်မတခုတော့ သတိထားမိတယ်။ လူငယ်တွေကသိပ်ပြီးတော့အလုပ်အကိုင်အကြောင်းတော့ သိပ်ပြီးမပြောကြဘူး။

အလုပ်အကိုင်မရရှိနိုင်တဲ့အခြေအနေကိုပဲပြောတယ်။ ဒါကိုလည်းကျွန်မသဘောကျတယ်။ ဘာဖြစ်လို့ လဲဆိုတော့ တကယ့်အရင်းခံပြသနာကိုကြည့်တယ်ဆိုတဲ့သဘောပေါ့။ ကျွန်တော်တို့မှာ အလုပ်အကိုင်မရှိပါဘူးလို့ပြောတာထက် အလုပ်အကိုင်တွေမရနိုင်ဘူး၊ ရတဲ့ ပညာတွေနဲ့သင့်တော်တဲ့အလုပ်တွေရှာလို့ မရဘူးဆိုပြီးပြောသွားတာဟာ အဓိကပြသနာကို

မြင်တတ်တဲ့ စိတ်ဓာတ်ကို ဖော်ပြတယ်ဆိုတာမြင်လို့ ကျွန်မအင်မတန်မှအားတက်ပါတယ်။ အဲဒီတော့ ဒီလိုအလုပ်အကိုင်တွေရရှိဖို့ဆိုတာ ပညာတင်မဟုတ်ဘူး၊အခြေအနေကလည်းရှိရမယ်။ ဒီကိစ္စကိုလည်း ကျွန်မ မကြာခဏ ပြောရပါတယ်။ဘာဖြစ်လို့လဲဆိုတော့ အရင်တစ်ခါ အထိန်းသိမ်းမခံရခင် ခုနစ်၊ရှစ်နှစ်လောက်ကတည်းက ကမ္ဘာ့ကုလသမဂ္ဂ အသိုင်းအ၀ိုင်းမှာ ရေပန်းစားလာတဲ့အဆိုတခုရှိတယ်။

လူတွေကို ငါးပေးမယ့်အစား ငါးမြှားဖို့သင်ပေးရမယ်။အဲဒီတော့ ကိုယ့်ဟာကိုယ် လုပ်စားနိုင်အောင် ပညာပေးရမယ်။ အဲဒီဆောင်ပုဒ်လေးကတော်တော်ကျယ်ကျယ်ပြန့် ပြန့် အသုံးကျတယ်ပေါ့နော်။ ကျွန်မကအဲဒါကိုဖြည့်ဆည်းပြီးတော့ ပြောပါတယ်။ ငါးဖမ်းဖို့သင်ပေးရုံတင် မကဘူးငါးဖမ်းနိုင်တဲ့အခြေအနေလည်း ပေးရမယ်။ ဖန်တီးပေးရမယ်။ ကျွန်မကတော့ ရိုးရိုးပဲပြောတာပေါ့ နော်။ ငါးဖမ်းဖို့သင်ပေးပြီးတော့ ရေလုံးလုံးမရှိတဲ့ တောင်ထိပ်ပေါ်မှာ သွားပြီး တင်ထားလည်း အလကားပဲ။ အဲဒီတော့ ငါးဖမ်းနိုင်ဖို့ အခြေအနေကို ဖန်တီးပေးရမယ်ဆိုတာ ဘာနဲ့ဆက်နွယ်သွားလဲဆိုတော့ လူမှုရေး၊နိုင်ငံရေးအခြေအနေတွေနဲ့ဆက်နွယ် သွားတယ်။ လူမှုရေး၊ နိုင်ငံရေးနဲ့ပတ်သက်လို့ကျွန်မတို့ရဲ့ လူငယ် တော်တော်များများက လူမှုရေးလုပ်ငန်းတွေကို စိတ်ဝင်စားတယ်ဆိုတာသိရတယ်။ လူမှုရေးလုပ်ငန်းတွေကိုစိတ်ဝင်စားတဲ့အခြေခံအကြောင်းကတော့ နှစ်မျိုးရှိတယ်လို့ ကျွန်မမြင်မိတယ်။တစ်ခုကတော့ လိုအပ်နေ လို့။ ကိုယ့်ကိုယ်ကိုယ်ပဲ ကူရတော့မယ်။ ကိုယ့်ဘာသာကိုယ်လုပ်မှဖြစ်တော့ မယ်ဆိုတဲ့အသိစိတ်ဓာတ်နဲ့ လူမှုရေးလုပ်ငန်းတွေမှာ ၀င်ပါတာပဲလို့ ကျွန်မမြင်တယ်။ ဒုတိယကိစ္စကတော့နိုင်ငံရေးလုပ်ရင် ထောင်ထဲ ရောက်မယ်၊ လူမှုရေးလုပ်ရင်တော့သိပ်မဆိုးဘူးဆိုပြီး အဲဒီအမြင်လေးနဲ့ လူမှုရေးလုပ်တဲ့အပိုင်းလည်းရှိတယ်လို့ ကျွန်မထင်ပါတယ်။ အဲဒီတော့ ကျွန်မတို့ နိုင်ငံရေးလုပ်တဲ့အခါမှာလေထောင်ကျချင်လို့ လုပ်တာ မဟုတ်ဘူး။ အထိန်းသိမ်းခံချင်လို့ လုပ်တာမဟုတ်ဘူး။

မလုပ်သင့်၊ လုပ်သင့်ဆိုတာခွဲခြားပြီးတော့ လုပ်သင့် လို့ လုပ်တဲ့အခါမှာကျရင်လည်း မရှောင်နိုင်တဲ့ အနေအထားမျိုးဖြစ်ပါတယ်။ ဘယ်သူကမှတော့ ထောင်လည်းမကျချင်ဘူး၊ အထိန်းသိမ်းလည်းမခံချင်ဘူး။ ကျွန်မတို့က ထောင်မကျမှ ကိစ္စတခုကို လုပ်မယ်ဆိုပြီး တော့ အဲလိုစိတ်ဆုံးဖြတ်ထားလို့တော့ မရဘူးလို့ထင်တယ်။ စောစောကဆိုလို့ရှိရင် အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်ကိုမတရားအသင်း ကြေညာလို့ရှိရင် ဘယ်လိုလုပ်မလဲဆိုပြီးတော့မေးခွန်းတခုမေးပါတယ်။ ဖမ်းလား၊ ဆီးလား၊ အဖွဲ့ချုပ်ဝင်တွေအမျိုးမျိုးအနှောင့်အယှက်ပေးလား လုပ်လာရင် ဘယ်လိုလုပ်မလဲ မေးပါတယ်။ဥပဒေအရ ကျွန်မတို့ရဲ့ မတရားအသင်းရယ်လို့ ကြေညာလို့မရပါဘူး။မှတ်ပုံတင်မပေးတာ သက်သက်ပဲ။ မှတ်ပုံမတင်ထားတဲ့အသင်းလို့ ပြောရင်တော့ ရနိုင်တယ်။ မတရားအသင်းကြေညာခံရ အောင်လို့ ကျွန်မတို့ က ဘယ်ဥပဒေကိုမှမဖောက်ခဲ့ပါဘူး။ ဖမ်းလား၊ ဆီးလားဆိုတာကတော့ တရားဝင် အသင်းအနေနဲ့တောင်ဖမ်းဆီးခံနေရတာပဲ။ သိပ်တော့လည်း ထူးမှာမဟုတ်ပါဘူးလို့ ကျွန်မပြောချင်တယ်။ ကျွန်မတို့လည်း တော်တော်တော့ အတွေ့အကြုံရနေပါပြီ။ ဒါပေမဲ့လည်း အဖမ်းအဆီးမခံချင်ပါဘူး။ အလုပ်မဖြစ်လို့။ 

Thursday, December 30, 2010

0 ဒေါ်အောင်ဆန်းစုကြည်နှင့်ဗုဒ္ဓဘာသာအမြင်

Burma Project USA ကို တည်ထောင်သူ၊ မြန်မာနိုင်ငံ ဒီမိုကရေစီရေးကျွမ်းကျင်သူနှင့် မြန်မာနိုင်ငံတွင် (များသောအားဖြင့်) ရဟန်းဘ၀ဖြင့် ( ၈ )နှစ်တာ နေထိုင်ခဲ့ဖူးသည့် မစ္စတာ အလန် ကလီးမင့်ထ်စ်က ဒေါ်အောင်ဆန်းစုကြည်နှင့် စကားပြောဖြစ်ခဲ့သည်များကို Comversation with Aung San Su Kyi ခေါင်းစဉ်ဖြင့် Shambhala Sun, September 1997 တွင် ရေးသားဖော်ပြခဲ့ပါသည်။ ထင်ရှားသည့် မြန်မာအမျိုးသမီးကြီးတစ်ဦး၏ ဗုဒ္ဓဘာသာအမြင်များကို သိရှိနိုင်စေရန် မိတ်ဆက်ဖော်ပြလိုက်ပါသည်။


အလန်ကလီးမင့်ထ်စ် “ဗုဒ္ဓဘာသာနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေးနှစ်ရပ်လုံးအတွက် ကျွန်တော်ပို့ ချနေခဲ့တဲ့ နှစ်တွေအတွင်းမှာ ကျွန်တော်နဲ့ တွေ့သမျှလူတွေအားလုံးက ခင်ဗျားကို သူရဲကောင်းဆိုတဲ့ ဝေါဟာရတွေနဲ့ တံဆိပ်တပ်ချင်နေကြတယ်ဗျ၊ ခင်ဗျားနဲ့ အင်တာဗျူးတဲ့ Vanity Fair ကတော့ ခင်ဗျားကို “မြန်မာ့စိန့်ဂျုန်း” လို့တောင် မျက်နှာဖုံးကမ္ဗည်းထိုးထားပါပကော။”

ဒေါ်အောင်ဆန်းစုကြည် “ဘုရား ဘုရား၊ ကျွန်မ အဲလိုမမျှော်လင့်ရပါလားရှင်။”

အလန်ကလီးမင့်ထ်စ် “တိတိကျကျဗုဒ္ဓဘာသာဝေါဟာရနဲ့ ပြောရင်တော့ ခင်ဗျားဟာ ဗုဒ္ဓဘုရားအဖြစ် ရောက်ရှိဖို့အတွက် အခြားသူတွေ လွတ်မြောက်မှုရရှိကြပါစေ ဆိုတဲ့ စေတနာဆန္ဒတွေနဲ့ ပညာပါရမီ၊ ကရုဏာပါရမီ၊ မေတ္တာပါရမီတွေကို ဖြည့်ဆည်းအားထုတ်နေတဲ့ ဘုရားအလောင်း မဟာဣတ္ထိယ တစ်ယောက်လို့တောင် ရည်ညွှန်းပြောဆိုနေကြတာ ကြားရတယ်ဗျ။”

ဒေါ်အောင်ဆန်းစုကြည် “အိုး ကျွန်မကတော့ ဘုရားပဲ တနေမိတော့တာပါပဲ။ ကျွန်မက အဲဒီအဆင့်နဲ့ အလှမ်း ဝေးလွန်းပါတယ်ရှင်။ လူတွေက ကျွန်မကို အဲလိုမျိုးတစ်စုံတစ်ယောက် ဖြစ်နိုင်တယ်လို့ ထင်နေကြတာကို အံ့သြလို့ မဆုံးအောင်ပါပဲ။

ကျွန်မကသာ အဲဒီလိုမြင့်မားတဲ့စွမ်းရည်မျိုးရှိနိုင်ပြီလို့ ထင်မိတဲ့အချိန် တစ်နေ့နေ့မှာတော့ ဗောဓိသတ္တ (ဘုရားလောင်း) တစ်ဆူတော့ ကျွန်မ ဖြစ်ချင်ပါရဲ့ရှင်။ တကယ်တော့ ကျွန်မက မိမိကိုယ်ကိုယ်မိမိ တိုးတက်အောင် ဆောင်ရွက်ကြိုးပမ်းနေကြတဲ့ လူတွေထဲက လူတစ်ယောက်လို့တော့ ပြောနိုင်ပါတယ်။ ဒါပေမယ့် ဗောဓိသတ္တဖြစ်ရေး အဓိဋ္ဌာန်ပြုဖို့ (ဘုရားဆုပန်ဖို့) သင်လျော်တဲ့ လူလို့တော့ ကျွန်မကိုယ် ကျွန်မ မတွေးမိ မထင်မိ၊ မပြုလုပ်မိသေးပါဘူး။

ကျွန်မက ကောင်းအောင် လုပ်ဖို့ပဲ အားစိုက်ကြိုးစားဖြစ်ပါတယ်။(ရယ်လျက်) ဒါကလည်း ကျွန်မအမေက ကျွန်မကို ပြုစုပျိုးထောင်ခဲ့တဲ့ နည်းလမ်းပါပဲလေ။ ပြောရရင်တော့ ကောင်းမှုရဲ့ ကောင်းကျိုးကို ကျွန်မအမေက အလေးထားခဲ့တာကိုး။ အချိန်တိုင်း ကောင်းအောင်နေနိုင်တယ်လို့တော့ ကျွန်မမပြောလိုပါဘူး၊ ဒါပေမယ့် တတ်နိုင်သလောက်တော့ ကျွန်မကြိုးစားဖြစ်ပါတယ်။

ကျွန်မက စိတ်တိုတတ်တယ်ရှင့်။ ဒါပေမယ့် အခု အရင်လောက်စိတ်မတိုတော့ဘူးလို့ ပြောရမယ်။ ၀ိပဿနာက အများကြီး အထောက်အကူပြုတယ်လေ။ ဒါပေမယ့် တစ်စုံတစ်ယောက်ဟာ သူတော်ယောင်တစ်ယောက်၊ သီလကြောင်တစ်ယောက်လို့ ထင်မိတဲ့အချိန်မှာတော့ ကျွန်မစိတ်တိုမိတုန်းဆိုတာ ကျွန်မ၀န်ခံပါတယ်။

မသိနားမလည်တာ၊ ရိုးရိုးသားသားမှားမိတာလေးတွေကို ကျွန်မက နားလည်ပေးနိုင်ပေမယ့် သီလကြောင် သဘောမျိုးကိုတော့ ကျွန်မ နည်းနည်းလေးမှ သည်းမခံနိုင်ဘူး။ ဒီတော့ ကျွန်မ သတိပဋ္ဌာန် တရားပွားများမှ ဖြစ်မယ်လေ။ ကျွန်မ စိတ်တိုနေပြီဆိုရင် “အော် ငါစိတ်တိုနေပါလား ”လို့ သိနေရမယ်။ ကွန်မကတော့ စိတ်တို နေတဲ့ ကျွန်မကိုယ်ကို ရှုမှတ်လိုက်တာပါပဲ။ ပြီးတော့ “ငါစိတ်တိုနေတယ် ငါစိတ်တိုနေတယ်” လို့ ကျွန်မဘာသာ ကျွန်မ ရွတ်ဆိုဖြစ်တယ်၊ အဲဒီလို ကျွန်မရဲ့ ဒေါသကို ကျွန်မထိန်းချုပ်ပါတယ်။ ဒီလိုမျိုး ဒေါသကို ဆက်မပွားအောင် ထိန်းချုပ်ပါတယ်။

အလန်ကလီးမင့်ထ် လွန်ခဲ့တဲ့နှစ်တော်တော်ကြာက ဘုရားဆုပန်ထားတယ် ဆိုတဲ့ မြန်မာနိုင်ငံ ၀န်ကြီးချုပ်ဟောင်း ဦးနုကို အင်တာဗျူးခဲ့တယ်ဗျ၊ သူ့ကို ကျွန်တော်က “ တပ်မတော်ကို ထိန်းချုပ် အမိန့်ပေးခွင့်ရှိတဲ့ ၀န်ကြီးချုပ်တစ်ယောက်အနေနဲ့ ဗောဓိသတ္တအဖြစ် ဘုရားဆုပန်ထားတာ ဘယ်လိုမျိုးဖြစ်လေမလဲ ” လို့ မေးတော့ ဦးနုက (ကျွန်တော်အမှတ်မမှားဘူးဆိုရင်) “ အဲဒါဟာ ၀န်ထုပ်ဝန်ပိုးကြီးတစ်ခု၊ အမြဲတမ်း သီလပိုင်းဆိုင်ရာ အကြပ်အတည်းကြီး တစ်ခုလောက်နီးနီးပဲ”လို့ ဖြေခဲ့တယ်ဗျ။ သူပြောတာက ဗုဒ္ဓဘာသာဝင်ကောင်း တစ်ယောက်အနေနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကို အသုံးပြုဖို့ တာဝန်ရှိနေတဲ့ နိုင်ငံရေးသမားတစ်ယောက် ဖြစ်နေတာဟာ သဟဇာတမဖြစ်လှဘူးတဲ့ဗျ။ ခင်ဗျားအနေနဲ့ရော အဲဒီလို အကြပ်အတည်းမျိုး ခံစားရပါသလား။

ဒေါ်အောင်ဆန်းစုကြည် မခံစားရပါဘူး၊ ကျွန်မအနေနဲ့ အကြပ်အတည်းမမြင်ပါဘူး၊ ကျွန်မက ဘုရားဆုပန်နိုင်တဲ့ အနေအထားမျိုးမှာ ရှိနေတယ်လို့ မထင်ဘူးလေ။ ကျွန်မရဲ့ ပထမရည်သန်ချက်က လောကရေးရာများမှာ ဗုဒ္ဓအရှင်ရဲ့ ဥပဒေသတွေအတိုင်း လိုက်နာကျင့်သုံးဖို့ပါပဲ။ တကယ်လည်း ကျွန်မ တရားအားထုတ်ဖြစ်ပါတယ်။ ဒါကလည်း ကျွန်မတို့ လူသားအားလုံးမှာ မျက်ကွယ်ပြုလို့မရတဲ့ ဘာသာရေးအတိုင်းအတာ တစ်ခုတော့ ရှိရမယ်လို့ ကျွန်မကိုယ်တိုင်က ယုံကြည်နေလို့ပါ။ ပြောရရင်တော့ အသက်အရွယ်ထောက်လာတဲ့ နောက်ပိုင်း အချိန်တွေမှာ ဘာသာရေးထဲမှာ နှစ်ပြီး အားထုတ်ရမယ့် သာမန်ဗုဒ္ဓဘာသာတစ်ယောက်အဖြစ် ကျွန်မကိုယ်ကျွန်မ စဉ်းစားထားပါတယ်။

အလန်ကလီးမင့်ထ် ခင်ဗျားရဲ့ ဘ၀ကို နောက်ကြောင်း ပြန်လိုက်ရင် ခင်ဗျားရဲ့ ပုဂ္ဂလိကတိုးတက်မှုအပေါ်မှာ ထူးခြားတဲ့ အကျိုးဆက်တွေကို ဖြစ်ပေါ်လာစေတဲ့ အလွန်အရေးကြီးတဲ့ အတွေ့အကြုံတွေ၊ ပုဂ္ဂိုလ်ရေး သင်ခန်းစာတွေက ဘာတွေများဖြစ်မလဲ။

ဒေါ်အောင်ဆန်းစုကြည် ရိုးရိုးလေးပါပဲ။ ဘ၀မှာ ကျွန်မဘာလေ့လာပြီးပြီလဲဆိုတော့ “အကြီးမားဆုံးဆင်းရဲမှုကို ပေးတာဟာ မိမိတို့ကိုယ်တိုင်ရဲ့ မှားယွင်းတဲ့ အပြုအမူပဲ” ဆိုတာပါ။ တစ်ခြားလူက လုပ်လို့မရပါဘူး။ ဒါကလည်း ကျွန်မကြီးပြင်းလာရတဲ့ ဘ၀အခြေအနေကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကျွန်မအမေက ကျွန်မကို “အမှားလုပ်တာဟာ ဘာကောင်းကျိုးမှ မပေးဘူး ” ဆိုတဲ့ ဥပဒေသကိုပဲ ကျွန်မကို သွန်သင်ပေးခဲ့တာပါ။

ကျွန်မကိုယ်တိုင်ရဲ့ အတွေ့အကြုံအရလည်း အဲဒီအတိုင်းပဲ အမှန်ဖြစ်ခဲ့ပါတယ်။ “အခြားလူတွေက ရှင့်ကို ဆိုးကျိုးဖြစ်အောင် လုပ်လို့မရဘူး ” ဆိုတဲ့ အပြုသဘောဆောင်တဲ့ အမြင်မျိုး ရှင့်မှာ ရှိမယ်ဆိုရင်တော့ သူတို့က ရှင့်ကို ခြိမ်းခြောက်လို့လည်း မရဘူးပေါ့။ ရှင့်အနေနဲ့ အခြားလူတွေအပေါ်မှာ မေတ္တာတရား မထားတော့ဘူးဆိုရင် ရှင်လည်း ချမ်းသားမယ်လို့တော့ မထင်ပါဘူးရှင်။

အလန်ကလီမင့်ထ် ခင်ဗျားကိုယ်ခင်ဗျား ဘယ်လိုလူစားမျိုးလို့ သတ်မှတ်မလဲ

ဒေါ်အောင်ဆန်းစုကြည် အင်း တစ်ခါတစ်ရံမှာ တစ်ခြားလူတွေက ကျွန်မကို မြင်တာနဲ့ ကျွန်မကိုယ်ကျွန်မမြင်တာ မတူတတ်ဘူးရှင့်။ ဆိုကြပါစို့ ကျွန်မကို သတ္တိကောင်းလိုက်တာလို့ ပြောကြတဲ့ကိစ္စလေ၊ ကျွန်မကိုယ်ကျွန်မ “သတ္တိကောင်းကြီး”လို့ တစ်ခါမှ မတွေးမိပါဘူး (---------) ကျွန်မကိုယ်ကျွန်မ ထူးခြားတဲ့ပုဂ္ဂိုလ်အဖြစ်လည်း မမြင်မိပါဘူး၊ ကျွန်မကိုယ် ကျွန်မမြင်မိတာကတော့ ကြိုးစားနေသူတစ်ယောက်အဖြစ်ပါ။ ကျွန်မ ဘယ်တော့မှ အရှုံးမပေးပါဘူး။ ကျွန်မက “အရှုံးမပေးဘူး ” လို့ ပြောတဲ့အခါ ဒီမိုကရေစီရေးအတွက် အလျှော့မပေးဘူး လို့ ပြောနေတာမျိုး မဟုတ်ပါဘူး၊ အဓိကအခြေခံအားဖြင့် ကျွန်မဟာ ပိုမိုကောင်းမွန်တဲ့ လူတစ်ယောက်ဖြစ်ဖို့ ကြိုးစားတဲ့ နေရာမှာ အရှုံးမပေးဘူး လို့ ဆိုလိုတာ ဖြစ်ပါတယ်။

အလန်ကလီမင့်ထ် ဆိုတော့ စိတ်ဓါတ်ကြံ့ခိုင်မှု သို့မဟုတ် ပါရမီအဓိဋ္ဌာန်တရားလို့ ပြောရမယ့် ဒီအဇ္ဈတ္တမောင်းနှင်အားကပဲ ခင်ဗျားကို ဘာဆိုတာ သတ်မှတ်ကြမှာပေါ့။

ဒေါ်အောင်ဆန်းစုကြည် ဟုတ်ပါတယ်။ လူတွေကတော့ ကျွန်မရဲ့ စိတ်ဓါတ်ကြံ့ခိုင်မှုနဲ့ ပတ်သက်ပြီး အများကြီးပြောနေကြတာပါပဲ။ ဒါပေမယ့် ကျွန်မကိုယ်ကျွန်မ စိတ်ဓါတ်ကြံ့ခိုင်သူကြီးရယ်လို့လည်း မထင်မိပါဘူး၊ ကျွန်မဟာ “ကြိုးစားနေသူတစ်ယောက်”လို့ပဲ ထင်ပါတယ်ရှင်။

အလန်ကလီးမင့်ထ် ဗုဒ္ဓ၀ိပဿနာတရားက ခင်ဗျားအပေါ်မှာ ဘယ်လိုသက်ရောက်မှုရှိသလဲဗျ။

ဒေါ်အောင်ဆန်းစုကြည် စိတ်ပျိုးထောင်မှုပုံစံတစ်မျိုးပါပဲ။ စိတ်ပိုင်းဆိုင်ရာ ပညာရေးနဲ့ ဖြူစင်ရေးလမ်စဉ်တစ်ခုပါ။ အခြေခံအားဖြင့်တော့ သတိလေ့ကျင့်မှုပါပဲ။ ရှင်ဘာလုပ်နေတယ်ဆိုတာ သတိရှိရှိ သိနေရင် ရှင့်အနေနဲ့ မစင်ကြယ်တာတွေကို ရှောင်ကြဉ်နိုင်တာပေါ့။

အလန်ကလီမင့်ထ် နေ့စဉ် ကျင့်ဝတ်တစ်ခုအဖြစ် တရားထိုင်ဖြစ်အောင် ဘယ်အရာက ခင်ဗျားကို တွန်းအားပေးသလဲဗျ။

ဒေါ်အောင်ဆန်းစုကြည် ကျွန်မ တရားထိုင်ဖြစ်တဲ့ အဓိက အကြောင်းကတော “ကျွန်မလုပ်သင့်တယ်လို့ ထင်တာကို ( မမြဲမှု အနိစ္စသဘောကို ကိုယ်တိုင်ကိုယ်ကျ နားလည်ဖို့ သတိပဋ္ဌာန်ပွားများမှုလိုမျိုး ) လုပ်နေတယ် ” လို့ သိတဲ့ အသိက ရလာတဲ့ စိတ်ကျေနပ်မှုလေးပါပဲ။ ကျွန်မမှာ ဘ၀နဲ့ပတ်သက်ပြီးတော့ အလွန်ရိုးရှင်းတဲ့ စိတ်သဘောထားတွေပဲ ရှိပါတယ်။ ကျွန်မအနေနဲ့ တရားမျှတမှု သို့မဟုတ် မေတ္တာတရားဆိုတဲ့ နာမည်နဲ့ ကျွန်မ လုပ်သင့်တယ်လို့ ထင်တဲ့ တစ်စုံတစ်ရာရှိရင် အဲဒါကို ကျွန်မလုပ်မှာပါ။

အလန်ကလီမင့်ထ် ခင်ဗျားရဲ့ အဇ္ဈတ္တအတွင်းသားအသစ်တွေကို ရှာဖွေတဲ့နေရာမှာ ၀ိပဿနာက ဘယ်လို အထောက်အကူပြုသလဲ။ ၀ိပဿနာဆိုတာ မိမိကိုယ်ကိုယ် ရှာဖွေခြင်းလုပ်ငန်းစဉ်တစ်မျိုးလား။

ဒေါ်အောင်ဆန်းစုကြည် ၀ိပဿနာဆိုတာ မိမိကိုယ်ကိုယ်ရှာဖွေခြင်းလား စိတ်သန်စွမ်းရေးလား ဆိုတာ ကျွန်မမသိပါဘူး။ ကျွန်မကို သင်ကြားပေးတာကတော့ ကိုယ့်ကိုယ်ကို ရိုးသားဖို့ပါပဲ။ ငယ်ငယ်လေးကတည်းက ကျွန်မမှာ ကိုယ့်အလုပ်နဲ့ ကိုယ့်ခံစားချက်ကို ခွဲခြမ်းစိတ်ဖြာတဲ့ အလေ့အကျင့် ရှိခဲ့ဖူးပါတယ်။ ဒီတော့ ကျွန်မမှာ ကျွန်မကိုယ်တိုင်နဲ့ ပတ်သက်ပြီး အသစ်တွေ့ရှိချက် တစ်စုံတစ်ရာမရှိပါဘူး၊ ဒါပေမယ့် ၀ိပဿနာကတော့ မှန်ကန်တဲ့(သမ္မာမဂ္ဂင်)လမ်းကို လိုက်ဖို့ လောကုတ္တရာခွန်အားကို ပေးပါတယ်။

ပြီးတော့ ကျွန်မအတွက် ၀ိပဿနာဆိုတာ ဘ၀နေနည်းတစ်ခုပါပဲ။ ဘာဖြစ်လို့ဆိုတော့ ၀ိပဿနာအားထုတ်တယ်ဆိုတာက သတိတရားကို ပွားများပြီး စိတ်ကို ထိန်းချုပ်ဖို့ သင်ယူနေရတာမို့ပါ။ ဒီသတိတရားက နေ့စဉ်ဘ၀ထဲမှာ အထောက်အကူ ဖြစ်နေမှာပါ။ ကျွန်မအတွက်တော့ ဒါဟာ ၀ိပဿနာတရားရဲ့ လက်တွေ့အကျဆုံး အကျိုးကျေးဇူးတစ်ခုပါပဲ။ ကျွန်မရဲ့ သတိအာရုံတွေ မြင့်မားလာတယ်လေ။ ခုဆို ကျွန်မဟာ အလုပ်လုပ်တဲ့ နေရာမှာ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆ လုပ်မိ ကိုင်မိတာတွေ နည်းလာပါတယ်။

အလန်ကလီမင့်ထ် ၀ိပဿနာကို ခင်ဗျား ဘယ်လိုသင်ယူလေ့လာခဲ့ပါသလဲ။

ဒေါ်အောင်ဆန်းစုကြည် ကျွန်မ မဟာစည်သာသနာ့ရိပ်သာကို သွားခဲ့တယ်ရှင့်။ ဒါပေမယ့် ဒါကလည်း ဟိုလွန်ခဲ့တဲ့ ကျွန်မ အသက်နှစ်ဆယ်ကျော် အရွယ် မြန်မာပြည်ကို ပြန်လာတဲ့ တစ်ခေါက်ကပါ။ ပြောရရင်တော့ ထိထိရောက်ရောက် တရားမထိုင်ဖြစ်ပါဘူး။ တကယ်တမ်း ၀ိပဿနာကို အားစိုက်ပွားများဖြစ်တာကတော့ နေအိမ်အကျယ်ချုပ် ကာလနှစ်တွေမှာပါ။ စာအုပ်တွေကို အမှီပြုပြီး အားထုတ်ခဲ့ရပါတယ်၊ ဆရာတော် ဦးပဏ္ဍိတရဲ့ “ ဒီဘ၀ဒီခန္ဓာမှာ” ဆိုတဲ့ စာအုပ်က အများကြီး အထောက်အကူပေးခဲ့ပါတယ်။

အလန်ကလီမင့်ထ် “အခါအားလျော်စွာ ခင်ဗျားဟာ ရန်ကုန်မှာရှိတဲ့ ဆရာတော်ဦးပဏ္ဍိတရဲ့ ကျောင်းကိုသွားပြီး ဆရာတော့်ကို ဂါရ၀ပြုလေ့ရှိတယ် လို့ သိရပါတယ်။ ခင်ဗျားအတွက် အထောက်အကူပြုတဲ့ ဆရာတော်ရဲ့ တရားအချို့ကို မျှဝေပေးပါလား။”

ဒေါ်အောင်ဆန်းစုကြည် “ဆရာတော်က ကျွန်မကို ဟောကြားခဲ့သမျှ မှတ်မိနေတယ်ရှင့်။ အရေးကြီးဆုံးဒေသနာတစ်ခုကတော့ သတိတရားကို အပိုလုပ်မရဘူးဆိုတာပဲ။ ဆရာတော် မိန့်တာက “ကျွန်မတို့အနေနဲ့ ပညာတွေ ၀ီရိယတွေ အများကြီး ရှိလို့ရတယ်။ ဒါပေမယ့် သတိကိုတော့ အပို လုပ်မရဘူး”တဲ့။ အင်း ကျွန်မလည်း ဒီလွန်ခဲ့တဲ့ (၇)နှစ်အတွင်း (ရယ်လျက်) တကယ့်ကို သတိတရား ပွားများဖြစ်ပါတယ်။ ပြီးတော့ ဆရာတော်က ကျွန်မကို စကားပြောတဲ့အခါ စေ့စပ်ငြိမ်းချမ်းမှုကို ဦးတည်မယ့် စကားကိုပဲ စူးစိုက်ပြောဆိုဖို့ အကြံပြုခဲ့ပါသေးတယ်။ ကျွန်မပြောသင့်တဲ့ စကားဟာ နားထောင်သူအတွက် အမှန်လည်း ဖြစ်မယ်။ အကျိုးလည်း ရှိမယ်။ နားဝင်လည်း ချိုရမယ်ပေါ့လေ။ ဆရာတော်က ဗုဒ္ဓအလိုတော်ကျ စကားနှစ်ခွန်းရှိပါတယ် တဲ့။ မှန်လည်းမှန်၊ အကျိုးလည်းရှိ ၊လက်ခံဖွယ်လည်း ဖြစ်တဲ့ စကားနဲ့ မှန်လည်း မှန်၊ အကျိုးလည်း ရှိ သို့သော် လက်ခံနိုင်ဖွယ် မရှိတဲ့ နားဝင်မချိုတဲ့ စကားတွေပေါ့ရှင်။

အလန်ကလီမင့်ထ် “ထေရ၀ါဒဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ အခြားသော ဂိုဏ်းဂဏ ဘာသာတရားတွေဆီကနေ သင်ယူ လေ့လာဖို့ စိတ်ကို ဖွင့်ထားတာမျိုး။ မျှမျှတတ ဖြစ်အောင် ဆောက်တည် ထားတာမျိုး ရှိပါသလား။”

ဒေါ်အောင်ဆန်းစုကြည် “ကျွန်မက ထေရ၀ါဒဗုဒ္ဓဘာသာတစ်ယောက်ဆိုပေမယ့် မဟာယာနဗုဒ္ဓဘာသာနဲ့ ၀ဇိရယာန ဗုဒ္ဓဘာသာတွေကိုလည်း လေးစားပါတယ်။ ပြီးတော့ ကျွန်မက အခြားသော ဘာသာတရားများကိုလည်း နှစ်နှစ်ကာကာ လေးစားပါတယ်။ ကျွန်မစိတ်ထဲမှာ လူတစ်ဦးတစ်ယောက်က အခြားလူတစ်ဦးတစ်ယောက်ရဲ့ ဘာသာတရားကို အထင်အမြင်သေးခွင့်ရှိတယ်လို့ မမြင်မိပါဘူး။ ကျွန်မက တစ်ခြားလူတွေရဲ့ ဘာသာရေးအတွေ့အကြုံနဲ့ အမြင်တွေကို နားထောင်ဖို့ အလွန်စိတ်ဝင်စားပါတယ်။ ကျွန်မကို သင်ကြားပေးဖို့ အသင့်ဖြစ်နေတဲ့ လူတွေများစွာဆီက ကျွန်မ အများကြီး သင်ယူရပါဦးမယ်။”

အလန်ကလီမင့်ထ် “ ခင်ဗျားလေးစားတဲ့ မဟာယာနဗုဒ္ဓဘာသာရဲ့ အသွင်လက္ခဏာတွေက ဘာတွေများဖြစ်မလဲဗျ”

ဒေါ်အောင်ဆန်းစုကြည် “ မဟာယာနဗုဒ္ဓဘာသာမှာ ထေရ၀ါဒထက် ပိုပြီး ကရုဏာတရား အကြောင်းပြောကြတယ်။ ကျွန်မအဲဒါလေးကို သဘောကျတယ်။ ကျွန်မတို့ ဒီနေ့ကမ္ဘာမှာ ကရုဏာတရား အများကြီး လိုနေတာဆိုတော့လေ။ တကယ်တော့ ကရုဏာတရားဆိုတာ ထေရ၀ါဒဗုဒ္ဓဘာသာရဲ့ သွန်သင်ချက် အစိတ်အပိုင်း တစ်ခုပါပဲ၊ ဒါပေမယ့် ကျွန်မက ကရုဏာတရားတွေ တကယ်လက်တွေ့ အကောင်အထည် ပေါ်လာအောင် ကျွန်မတို့ကမ္ဘာ့ပြည်သူတွေ ဆောင်ရွက်ကြတာကို ပိုပြီး မြင်ချင်တာပါပဲရှင်။

ဘာသာပြန်သော ဓမ္မဂင်္ဂါ အားကျေးဇူးတင်ရှိပါသည်။
မူရင်းစာမျက်နှာ

0 လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အား ယခုလထုတ်ကမ္ဘာကျော် တိုင်းမဂ္ဂဇင်းမျက်နှာဖုံးမှာဖော်ပြ



အပြစ်မဲ့တဲ့ ပြည်သူတွေကို ထိခိုက်မယ့် ကိစ္စကို အလေးဂရုထားပါတယ်။ ကျွန်မတို့အားလုံးအတွက် အကျိုးရှိမယ်ဆိုရင် စိးပွားရေးပိတ်ဆို့မှုကို ကျွန်မအနေနဲ့ ပြန်စဉ်းစားဖို့ အဆင်သင့်ပါပဲလို့ ဒေါ်အောင်ဆန်းစုကြည်က TIME သတင်းထောက်နဲ့တွေ့ဆုံရာမှာ ပြောကြားခဲ့ပါတယ်။သူမအနေနဲ့ စစ်ဗိုလ်ချုပ်ကြီးတွေနဲ့ တွေ့ဆုံဆွေးနွေးချင်ပေမဲ့လည်း၊ လှစ်လျှုရှု.ခံရဆဲပါ။ ကျွန်မသူတို့စစ်ဗိုလ်ချုပ်ကြီးတွေနဲ့ စနေနေ့တိုင်း လက်ဖက်ရည်ဝိုင်းမှာ မိတ်ဖြစ်ဆွေဖြစ် စကားတွေပြောချင်ပါတယ်လို့လည်း ပြောခဲ့ပါတယ်။
ကျမ အကျယ်ချုပ်ကျနေစဉ်က နေ့စဉ် ၅နာရီ၊ ၆နာရီ ရေဒီယိုနားထောင်ဖြစ်တယ်။ သတင်းတွေကို ပြောပြမဲ့သူမရှိတော့ ဂရုတစိုက်နားထောင်ဖြစ်ခဲ့ပါတယ် လို့လည်းပြောကြားခဲ့ပါတယ်။
ွှ့
29.12.2010, TIME သတင်းမှ ကောက်နုတ်ချက်

0 Aung San Suu Kyi: Burma's First Lady of Freedom



Renowned photographer Platon talks about evading the Burmese secret police to make a portrait of Aung San Suu Kyi

Read more: http://www.time.com/time/video/player/0,32068,731023907001_2040082,00.html#ixzz19YxhNDqj

0 ရွေးကောက်ပွဲနှင့်တိုင်းရင်းသားလူမျိုးစုများအရေး(ရုပ်/သံ)

Tuesday, December 28, 2010

0 မာဆက်ဖမ်းခြင်းမဟုတ်၊ ဓါးပြတိုက်ခြင်းလော ..


အောင်င်္ဂလာအဝေးပြေးဝင်းအတွင်းတွင် မာဆက်များအား ရန်ကုန်တိုင်းအရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ ဖမ်းဆီးရာတွင် မာဆက်နှင့်ဆက်နွယ်ပတ်သက်သည့် ပစ္စည်းများအပြင် ၀န်ထမ်းကောင်မလေးများ၏ စုဆောင်းထားသည့် ငွေကြေးများ၊ အ၀တ်အစားများ၊ MP4များကို ၀န်းထမ်းမိန်းကလေးများ၏ သေတ္တာများတွင် ခတ်ထားသည့်သော့များကို ရိုတ်ဖျက်ကာ ယူဆောင်သွားကြပါသည်။

ထိုလုပ်ရပ်သည် တာဝန်အရဖမ်းဆီးသိမ်းဆီးခြင်းမဟုတ်ပဲ ရှာဖွေပုံစံတွင် ထိုပစ္စည်းများကို ထည့်သွင်း ဖေါ်ပြထားခြင်းမရှိပဲသိမ်းယူခဲ့ကြောင်း၊ ထိုလုပ်ရပ်မျိုးများသည် ထိုဖြစ်စဉ်တစ်ခုထဲသာမဟုတ်ပဲ အများအပြားရှိခဲ့ဘူးကြောင်း၊ အောင်မင်္ဂလာဝင်း အတွင်းနှင့်အပြင်ဖက်များတွင် မာဆက်များဖမ်းဆီးခံရသောပိုင်ရှင်များ၊ ၀န်ထမ်းများမှ ပြောပြချက်များအရသိရှိခဲ့ရပါသည်။

အောင်မင်္ဂလာဝင်းအတွင်း ဖမ်းဆီးသည့် ၂၁-၁၂-၂၀၁၀ရက်နေ့တွင် အရှေ့ပိုင်းရဲတပ်ဖွဲ့မှခရိုင်မှူးကိုယ်တိုင် ဦးစီးဖမ်းခဲ့ကြောင်း၊ ထိုသို့ခရိုင်မှူး ကိုယ်တိုင်ပါဝင်တာတောင် ဒီလောက်ဖြစ်တာ၊ ခရိုင်မှူးများမပါရင် ဘာတွေများ ခိုးယူဓါးပြတိုက်သွားမည်မသိကြောင်း၊ ဖမ်းခံရသူများနှင့် ပတ်သတ်သည့်သူများက ပြောကြားကြောင်း သတင်းရရှိပါသည်။

မတရားမှုများကို ရွံမုန်းသူ....

(ပြည်တွင်းမှ ပေးပို့ချက်.....)

San Maung facebookမှ

0 ယနေ့ မြန်မာစာပေလောကတွင် ကြုံတွေ့နေရသော ပြဿနာများ

အဓိကအားဖြင့် မြန်မာစာပေလောကမှာကြုံနေရတဲ့ ပြဿနာတွေဟာ စာပေစိစစ်ရေးကြောင့်ဖြစ်ပါတယ်။
ကျွန်တော်ဟာ မြန်မာစာပေလောကသားတစ်ယောက်ပါ။ ဒါကြောင့်မြန်မာစာပေနယ်မှာ စာပေစိစစ်ရေးဟာ
ဘယ်လောက်ဆိုးရွား ဒုက္ခပေးလှတယ်ဆိုတာကို အချက်အလက်တွေရှာဖွေပေးပို့လိုက်ပါတယ်။
ဖြစ်နိုင်ရင် BBC အနေနဲ့ တစ်ပြည်လုံးသိအောင် ဖြန့်ချိပေးပါခင်ဗျား

၁။ စာပေစိစစ်ရေးတွင် တိကျသော မူဝါဒမရှိပါ။
စာပေစိစစ်ရေးဟာ မြန်မာစာပေအညွန့်တုံးဖို့သက်သက် ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။
သူတို့ရဲ့ စည်းကမ်းတွေဆိုပြီး စာအုပ်စိမ်းလေးတစ်အုပ်နဲ့ စည်းကမ်းချက်၁၀၀လောက်ထုတ်ထားပါတယ်။
ဒါပေမယ့် တိကျရေရာတဲ့၊ ဥပဒေသဘောသက်ဝင်တဲ့ အချက်တစ်ချက်မှ မပါပါ။
အကုန်ယေဘုယျသဘော လျှောက်ရေးထားတာချည်းပါပဲ။
ဥပမာအားဖြင့် ... မြန်မာ့ယဉ်ကျေးမှုနဲ့ ဆန့်ကျင်သော စာပေများရေးသားခွင့်မပြု ဆိုတာမျိုး
လူငယ်များအတုယူမှားစေနိုင်သောစာပေများမရေးသားရ ဆိုတာမျိုးတွေ
ချည်းပါ။ အဲဒီလို အချက်တွေက အဓိပ္ပါယ်ကောက်ရတော်တော်ခက်ပါတယ်။
မြန်မာ့ယဉ်ကျေးမှုနဲ့ ဆန့်ကျင်သောဆိုတာ ဘာကို ခေါ်တာလဲ။ လုံချည်မ၀တ်တာ ဘောင်းဘီဝတ်တာ ကို ဆိုလိုတာလား။
ဒါဆို တပ်မတော်နေ့အခမ်းအနားဟာ ပိတ်ပင်သင့်တဲ့အခန်းအနားတစ်ခုဖြစ်တယ်။
အားလုံးဘောင်းဘီဝတ်ကြလို့ မြန်မာ့ယဉ်ကျေးမှုနဲ့ ဘယ်သူမှ မညီတာကြောင့်ပါ။
တကယ်တော့ စည်းမျဉ်းတစ်ခုဆိုတာ ဒီလိုယောင်ဝါးဝါးချလို့ရတာမှမဟုတ်ဘဲ။ တိတိကျကျအဓိပ္ပါယ်သတ်မှတ်ချက်ရှိရမယ်။
ဒါမှ လိုက်နာဖို့ ဥပဒေဖြစ်မယ်လေ။

၂။ စာပေစိစစ်ရေးဝန်ထမ်းများမှာ အရည်အချင်းမပြည့်မီပါ။
အထူးသဖြင့် စာပေကို နားလည်နိုင်တဲ့ဥာဏ်ရည်မရှိတာပါပဲ။
ညွှန်မှုးကစလို့ အဆင့်ဆင့်ဝန်ထမ်းအားလုံးဟာ အကြောက်တရားနဲ့သာ လည်ပတ်နေကြတာဖြစ်တယ်။
ဒီစာလေးလွှတ်လိုက်ရင် ငါ့ကို အထက်လူကြီးကများဆူလေမလား အပြစ်ပြောလေမလား။
အလုပ်ဖြုတ်လေမလားဆိုတဲ့စိတ်နဲ့ လုပ်ကိုင်နေရတာကြောင့် မလိုလားအပ်ပဲ စာပေများစွာ ဖြတ်တောက်ခြင်းခံနေပါတယ်။
ဒါဟာလည်း အထက်အချက်၁မှာပြောထားသလို အဓိပ္ပါယ်တိကျတဲ့ဥပဒေမရှိတာကြောင့်ဖြစ်ပါတယ်။
သူတို့လုပ်ပုံက အထက်လူကြီးတစ်ယောက်ယောက်လာရင် သြ၀ါဒတွေခြွေသွားတယ်။
အဲဒါကို စာအုပ်လေးနဲ့လိုက်မှတ်ပြီး အဲဒီလူကြီးပြောသွားတာတွေဟာ ဥပဒေတွေဖြစ်နေရောပဲ။
ဥပဒေကို ဒီလိုပြဌာန်းလို့ရသလား။ အဖွဲ့အစည်းနဲ့စနစ်တကျ တည်ဆောက်ပြဌာန်းရမှာမဟုတ်ဘူးလား။
ပြီးတော့ စိစစ်ရေးရဲ့ ဌာနတွင်းအစည်းအဝေးတွေဟာလည်း အဆင်ဆင့် ဆူပူကြိမ်းမောင်းတဲ့ပွဲတစ်ပွဲသာဖြစ်နေပါတယ်။
အပတ်စဉ်အစည်းအဝေးရှိပါတယ်။ များသောအားဖြင့် ဗိုလ်မှုတင့်ဆွေဆိုတဲ့လူက သူ့ထက်အသက်ကြီး ၀ါကြီးတဲ့ ၀န်ထမ်းတွေကို
၂ပြားမတန်အောင် ဆဲနေတဲ့ပွဲတွေချည်းပါပဲ။ဒီတော့ စိစစ်ရေးဝန်ထမ်းအားလုံးဟာ အပတ်စဉ်မှာ အဆဲမခံရရေးသည်သာ ဦးစားပေးလုပ်ဆောင်တဲ့အရာဖြစ်နေပါတယ်။


၃။ စာပေစိစစ်ရေးတွင် အကြီးအကျယ်လာဘ်စားနေကြသည်။
ရုတ်တရက်ကြည့်ရင် ဘာစားပေါက်မှ မရှိဘူးထင်ရတဲ့ စိစစ်ရေးညွှန်မှုးဗိုလ်မှုးတင့်ဆွေဟာ
သိန်းထောင်ကျော်တန် ကွန်ဒိုတိုက်ခန်းကြီး ၀ယ်ထားပါပြီ။
လာဘ်ပေးသူတွေကို မျက်နှာလိုက်ပြီး လာဘ်မပေးနိုင်သူတွေကို ဖိနှိပ်တာ စာပေစိစစ်ရေးရဲ့ ထုံးစံလိုဖြစ်နေပါတယ်။
စာအုပ်တစ်အုပ်ပဲတင်တင် စာနယ်ဇင်းပဲတင်တင် ရုံးအတွက်လက်ဆောင်ဆိုပြီးသပ်သပ်ပေးရပါတယ်။
အနည်းဆုံး ဂျာနယ်ဆို ၃၀ ၄၀ ။ စာအုပ်ဆို ၅၀ ၆၀ ပေး၇တာပါ။ အဲဒါတွေကို ထုတ်ဝေသူတွေက မဖြန့်ရသေးခင် သူတို့က
အပြင်မှာ ရောင်းစားပါတယ်။
စာနယ်ဇင်းတွေထဲမှာ မြတ်ခိုင်ရဲ့ လျှပ်တပြက်အုပ်စု၊ စာပေတိုက်တွေထဲမှာ အောင်မြင်စာပေတို့ဟာ
စိစစ်ရေးကို လာဘ်အကြီးအကျယ်ပေးနေသူတွေဖြစ်ကြပါတယ်။
ဒါကြောင့် မြတ်ခိုင်တို့ဂျာနယ်တွေဟာ တခြားသူတွေထက် အခွင့်အရေးအများကြီးပိုရတယ်။
တခြားမှာ ဖြုတ်တဲ့သတင်းကို သူတို့ဆီထည့်ခွင့်ရတယ်။
တချို့မျက်နှာမွဲဂျာနယ်လေးတွေဆို အရေးကြီးတဲ့သတင်းတွေကို နောက်ဆက်တွဲတင်ချိန်မှ ထည့်ရဲတယ်လို့ သိရပါတယ်။
ဂျာနယ်တွေအတွက် ထွက်ခါနီးမှ ကပ်ရတဲ့အရေးကြီးသတင်းတွေကို နောက်ဆက်တွဲဆိုပြီး တင်လို့ရပါတယ်။
တကယ်လို့ သတင်းတစ်ခုဟာ ကိုယ့်ဂျာနယ်အတွက် လှုပ်လောက်တဲ့သတင်းဖြစ်နေမယ်ဆိုရင် ကြိုတင်ထားလို့ကတော့
စာပေစိစစ်ရေးက စာရေးမတွေက မြတ်ခိုင်ကို ဖုန်းနဲ့ သတင်းပေးပါတယ်။
မြတ်ခိုင်က စိစစ်ရေးကို ပိုက်ဆံပေးထားပြီး တခြားဂျာနယ်တွေရဲ့ သတင်းဦးကို အဲဒီလိုခိုးပါတယ်။
အောင်မြင်စာပေကျတော့ စာရေးဆရာအစစ်မယ်မယ်ရရမရှိပဲ စာရေးချင်သူတွေဆ်ီက စာမူတွေကို
၃သောင်း၎သောင်းလောက်နဲ့ဝယ်ပြီး ကလောင်နာမည်အမျိုးမျိုးတပ်ရောင်းစားပါတယ်။
သူတို့ထုတ်သမျှကလည်း ညစ်ညမ်းစာပေ အဆိပ်အတောက်စာပေတွေချည်းများပါတယ်။
အဲဒီစာမူမျိုးတွေ တခြားတိုက်ကတင်ရင် မကျပေမယ့် သူတို့တိုက်ကတော့ လာဘ်ပေးထားတာကြောင့် ဆင်ဆာခွင့်ပြုပါတယ်။


၎။ စာပေစိစစ်ရေးသည် အကြွင်းမဲ့အာဏာရှင်ပုံစံဖြင့် တည်ဆောက်ထားသည်။
လူဆိုးသူခိုးပဲဖြစ်ဖြစ် မုဒိန်းမှု လူသတ်မှုပဲဖြစ်ဖြစ် အယူခံဝင်လို့ရပါတယ်။
စာမူတစ်ခု စာအုပ်တစ်အုပ်ကို ပိတ်ပင်ရင်တော့ လုံးဝအယူခံဝင်ခွင့်မရှိပါ။
စာရေးဆရာတွေဆို အပိတ်ပင်ခံရတဲ့ သူတို့စာမူကို ပြန်ထုတ်ယူခွင့်တောင်မရတော့ပါ။
သိမ်းတယ်ဆိုပြီး အပြီးအပိုင်ပိတ်လိုက်ပါတယ်။
ဘာကြောင့်ပိတ်သလဲ အကြောင်းပြချက်မပေးပါ။ ပေးရင်လဲ အချက်၁ မှာဖော်ပြထားသလို ယောင်ဝါးဝါး
အကြောင်းပြချက်တွေချည်းပါပဲ။
တကယ်လို့ စာရေးဆရာတစ်ယောက်ဟာ ကိုယ့်စာမူအပိတ်ခံရလို့ ညွှန်မှုးကို ၀င်တွေ့ချင်ရင်လည်း အတွေ့မခံပါ။
ညွှန်မှုးရုံးခန်းရှေ့က စာရေးကတင် အတော်ရိုင်းရိုင်းပျပျဆက်ဆံတာခံရပါတယ်။
ညွှန်မှုးရှိလျက်နဲ့ မရှိဘူးပြောတာမျိုး။ ခင်ဗျားတို့လို ကိစ္စအသေးအဖွဲအတွက် ညွှန်မှုးခေါင်းရှုပ်မခံနိုင်ဘူး စတဲ့စကားတွေနဲ့
မိုက်မိုက်ရိုင်းရိုင်းပြောလွှတ်ပါတယ်။
ညွှန်မှုးရုံးခန်းဟာ တံခါး၂ပေါက်ရှိပါတယ်။ ညွှန်မှုးဝင်တဲ့အပေါက်က တစ်ဘက်။ စာပေလောကသားတွေဝင်ဖို့ မလွယ်ပေါက်
လေးက တစ်ဘက်ပါ။ အဲဒီမလွယ်ပေါက်လေးက ၀င်ခွင့်ရဖို့တောင် ညွှန်မှုးကို လာဘ်ထိုးနေကြသူတွေသာ ၀င်နိုင်ပြီး
အပေါက်စောင့်စာရေးကို လာဘ်ပေးပြီးမှ ဖြတ်သန်းရတာ ဖြစ်ပါတယ်။


၅။ စာပေစိစစ်ရေးသည် စာပေဆိုင်ရာ စီးပွားရေးလုပ်ငန်းအား စစ်အာဏာရှင်တစ်စုသာ လုပ်နိုင်အောင် ကန့်သတ်ထားသည်။
အခု ထုတ်နေတဲ့ ဂျာနယ်တွေကို ကြည့်ပါ။ အများစုက စစ်အာဏာရှင်တွေနဲ့ မကင်းတဲ့လူတွေချည်းပါပဲ။
7Days အုပ်စုက သောင်းစုငြိမ်းဆိုတဲ့ ၀န်ကြီးသား။
Eleven Media Group က စိုးရှိန်ဆိုတဲ့ ဗိုလ်ချုပ်မှုးကြီးတူ ရှယ်ယာပါတယ်။
ရန်ကုန်မီဒီယာဂရုပ်က ကိုကို(စက်မှု) ဆိုတဲ့ ဖော်လံဖား။
ပြည်မြန်မာအုပ်စုက ကြံဖွံအမတ် ဒေါက်တာတင်ထွန်းဦး။
ပေါ်ပြူလာအုပ်စုက ဗိုလ်ချုပ်ဝင်းမြင့်ရဲ့ သားသမီးတွေ။
လျှပ်တပြက်အုပ်စုကတော့ သစ္စာဖောက်မြတ်ခိုင်။
... အစရှိသဖြင့် အားလုံးဟာ စစ်အာဏာရှင်တွေနဲ့ မကင်းတဲ့လူတွေချည်းဖြစ်ပါတယ်။
အဲဒီလိုလူတွေကိုတော့ တစ်ဦးတစ်ဦးကို ဂျာနယ် ၅စောင် ၆စောင်စီလောက် လုပ်ခွင့်ပေးထားပြီး
စာပေသမားစစ်စစ်တွေအတွက်ကတော့ ဂျာနယ်ထုတ်ဝေခွင့်ကတ်ဝယ်ထုတ်ကြရပါတယ်။
သတင်းဂျာနယ်အတွက် ထုတ်ဝေခွင့်ကတ်က အပြင်ပေါက်ဈေး သိန်း၅၀အထက်မှာရှိပြီး
တခြားအမျိုးအစားဂျာနယ်တွေအတွက်ကတော့ သိန်း၃၀၀န်းကျင်မှာရှိပါတယ်။
ဒါတောင် နောက်ခံစစ်အာဏာရှင်အဆက်အသွယ်မရှိပဲထုတ်ရင် ခဏခဏအပိတ်ခံရတာမျိုး
အဖြတ်အတောက် သူများထက်ပိုခံရတာမျိုးနဲ့ အမျိုးမျိုးဒုက္ခပေးပါတယ်။


၆။ စာကောင်းပေမွန်များ အထွက်နည်းရေးသည် စာပေစိစစ်ရေး၏ အဓိက ဦးတည်ချက်ဖြစ်သည်။
တော်ရုံတန်ရုံလူဟာ စာအုပ်ထုတ်ဖို့ဆိုရင် စာပေစိစစ်ရေးကိုကြောက်တာနဲ့ စိတ်ပျက်သွားလောက်ပါတယ်။
စာအုပ်တစ်အုပ်ကို သုံးကြိမ်တိတိအပြန်ပြန်အလှန်လှန်တင်ပြပြီးမှ ခွင့်ပြုချက်ပေးပါတယ်။
ပထမအဆင့် - စာမူတင်ပြရတာပါ။ စာမူသုံးစုံ တင်ပြရပါတယ်။
အဲဒီစာမူသုံးစုံကို စာစစ်မှုးလို့ခေါ်တဲ့စာရေးကနေ ဌာနခွဲမှုး၊ ဌာနမှုး၊ လက်ထောက်ညွှန်မှုး၊ ဒုညွှန်မှုး။ ညွှန်မှုးစသဖြင့်
အဆင်ဆင့်ဖတ်ပြီး အကြိမ်ကြိမ်ဖြတ်တောက်ပြင်ဆင်မှုပြုပါတယ်။
အဆင့်တစ်ဆင့်တစ်ဆင့်(လူတစ်ယောက်တစ်ယောက်ဆီ)မှာ အချိန်၃လစီကြာခွင့်ရှိပါတယ်။
ဒီအဆင့်မှာတင် ခွင့်ပြုချက်မရတော့တာက တစ်လကို အုပ်၄၀၀ခန့်ရှိပါတယ်။
ဒုတိယအဆင့် - မျက်နှာဖုံးတင်ပြရပါတယ်။
ဒီအခါမှာလည်း ခုနကလိုပဲ အဆင့်ဆင့် ဖြတ်တောက်ပြင်ဆင်ကြသေးတာပါ။
ဒီလိုမျက်နှာဖုံးတင်ချိန်မှာ မျက်နှာဖုံးကို မကြိုက်ရင် အကြိမ်ကြိမ်ပြောင်းလဲခိုင်းသလို
ဒီအချိန်ကျမှ စာပေစိစစ်ရေးမှာ မူဝါဒအပြောင်းအလဲဖြစ်တာကြောင့် ပထမအဆင့်ခွင်ပြုထားပြီးသား
စာမူကိုပါ ပြန်ပိတ်လိုက်တာမျိုးလည်းရှိပါတယ်။
မူဝါဒအပြောင်းအလဲဆိုတာကလဲ တစ်လတစ်ကြိမ်လောက်ဖြစ်နေတာမျိုးပါ။
အပတ်စဉ်အစည်အဝေးမှာ အထက်လူကြီးရဲ့ နှုတ်ထွက်စကားတစ်ခွန်းဟာ ဥပဒေပါပဲ။
ဒီလိုအဆင့်ကျမှ ပြန်အပိတ်ခံရတဲ့ စာမူပေါင်းက ပျမ်းမျှ တစ်လကို အုပ်၁၀၀ခန့်ရှိပါတယ်။
နောက်ဆုံးအဆင့်ကတော့ - ချုပ်လုပ်ပြီး ဖြန့်ချီရန်စာအုပ်တင်ပြရတာပါ။
ဒါကို မူချောတင်တယ် ခေါ်ပါတယ်။ ဒီအချိန်မှာလည်း အခန့်မသင့်ရင် ပြန်ပိတ်တာမျိုးရှိနိုင်ပါတယ်။
ဒါမှမဟုတ် စာမူဘ၀မှာသူတို့ ဖြတ်တောက်ပြင်ဆင်ထားတဲ့ထဲက တစ်လုံးတစ်လေများမှားယွင်းရိုက်မိရင်
တစ်ခါတည်း စာအုပ်အားလုံးပြန်ရိုက်ခိုင်းပါတယ်။
ဒီလိုအဆင့်ဆင့်စော စိတ်ဒုက္ခငရဲတွေကို ဖြတ်သန်းပြီးလို့မှ စာအုပ်စာတမ်းအဖြစ်ထုတ်ဝေလိုက်ပြီဆိုပါစို့။
သူတို့ဂရုမပြုမိလိုက်တဲ့ အရေးအသားတစ်ခုတစ်လေကိုများ ကောင်းနိုးရာရာတင်ပြတဲ့သဘောနဲ့
နိုင်ငံရပ်ခြားအသံလွှင့်ဌာနတွေက တင်ပြလိုက်တာမျိုးဖြစ်စေ။
ပြည်သူတွေကြား ပျံ့နှံ့သွားတာမျိုးဖြစ်စေ ...
သူတို့မကြိုက်တာမျိုးဖြစ်လာရင်တော့ အဲဒီစာရေးဆရာကို တစ်ခါတည်း Black List သွင်းလိုက်တော့တာပါပဲ။
နောက်နောင် သူရေးသမျှ လိုက်ပိတ်တော့တာပေါ့။
ဒါကြောင့် စာပေစိစစ်ရေး၏ အဓိက ဦးတည်ချက်သည် စာကောင်းပေမွန်များ အထွက်နည်းရေးဖြစ်သည်လို့
ပြောတာဖြစ်ပါတယ်။

ပေးပို့သော သခင်ကိုယ်တော်မှိုင်းအားကျေးဇူးတင်ရှိပါသည်။

0 မြန်မာနိုင်ငံ ဒီမိုကရေစီအစစ်ရရှိအောင် ဘယ်လိုလုပ်ကြမလဲ?

စစ်အာဏာရှင်အစိုးရက ၂၀၁၀ရွေးကောက်ပွဲလုပ်ပြီး မြန်မာနိုင်ငံကို ဒီမိုကရေစီရသွားပြီလိုလို အသံကောင်းဟစ်နေကြပါတယ်။
ဒါပေမယ့် အဲဒီ ဒီမိုကရေစီကို သူတို့က 'စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ' ဆိုပြီး နာမည်တပ်တယ်။
ဒီမိုကရေစီဆိုတာဟာ ပြည်သူ့စိတ်ကြိုက်အုပ်ချုပ်တာဖြစ်ပါတယ်။ ဒီနိုင်ငံမှာနေတဲ့ လူအများစုကြီးအလိုကျအုပ်ချုပ်တာကို ဒီမိုကရေစီခေါ်တာပါ။
ဒီတော့ ဒီမိုကရေစီဆိုတာ ဒီမိုကရေစီပါပဲ။ စည်းကမ်းပြည့်ဝသောတွေ စည်းကမ်းမပြည့်ဝသောတွေ ဘာမှမရှိဘူး။
ဒီလိုပါပဲ သန်းရွှေစိတ်ကြိုက်ဒီမိုကရေစီ။ ကြိုင်ကြိုင်စိတ်ကြိုက် ဒီမိုကရေစီ။ စစ်တပ်ခေါင်းပုံဖြတ်ဒီမိုကရေစီ ... စသဖြင့် ဘာမှမရှိဘူး။
တကယ်တော့ အခုမြန်မာပြည်ရဲ့ ဒီမိုကရေစီဟာ ဒီမိုကရေစီအတုသာလျှင်ဖြစ်တယ်။
ဂျပန့်ခေတ်က မြန်မာပြည်ကို ရွှေရည်စိမ်လွတ်လပ်ရေးပေးခဲ့သလိုပေါ့။ အခုက သေနတ်မိုးတဲ့ ဒီမိုကရေစီ။
ဘာကြောင့် ဒီလိုပြောရသလဲ။ ရှင်းပါ့မယ်။
အခုသူတို့ ပြဌာန်းတဲ့ အခြေခံဥပဒေမှာကိုက စစ်တပ်ကိုယ်စားလှယ် ဘယ်ရွှေ့ဘယ်မျှပါရမယ်ဆိုပြီး အတင်းအကြပ်ထည့်သွင်းထားတယ်။
ဒီကတည်းကိုက ဒီမိုကရေစီမဟုတ်တော့ဘူး။
မြန်မာပြည်မှာ ဘာဥပဒေကိုချမှတ်မှတ် လူနည်းစုဖြစ်တဲ့ စစ်အာဏာရှင်အကြီးအကဲတစ်စုသဘောတူညီချက်ရမှ လုပ်လို့ရမယ်ဆိုကတည်းကဒီမိုကရေစီမဟုတ်တော့ဘူး။

တကယ်တော့ စစ်တပ်ဆိုတာလည်းပြည်သူပဲ မဟုတ်ဘူးလား။ ဘာကြောင့် စစ်တပ်နဲ့ ပြည်သူကို ကတ္တားခြားနေသလဲ။
ရွေးကောက်ပွဲမှာ သူတို့ စစ်တပ်ကိုယ်စားလှယ်တွေ ၀င်ပြိုင်လို့ရတာပဲ။ နိုင်ရင် လွှတ်တော်ထဲရောက်မှာပေါ့။
(တကယ်လည်း ၀င်ပြိုင်ခဲ့ပြီး မဲခိုးလို့ လွှတ်တော်ထဲရောက်သွားပါပြီ။ လာမယ့်လွှတ်တော်ဟာ
စစ်အာဏာရှင်တွေချည်းယိမ်းကမယ့် လွှတ်တော်ဖြစ်မှာပါ)
ခုလို ရာခိုင်နှုန်းဘယ်လောက်ပါရမယ်ဆိုပြီ်း အခြေခံဥပဒေမှာပြဌာန်းတာကတော့ အရမ်းလွဲနေပြီ။
သူတို့လုပ်ပုံက ဒီမိုကရေစီနာမည်တပ်ပြီး သူတို့စိတ်ကြိုက်လုပ်နေတာ။
ဟစ်တလာလုပ်ခဲ့တဲ့ပုံစံတွေနဲ့ တော်တော်တူနေတယ်။
ဒီတော့ သူတို့လုပ်နေတဲ့ ဒီမိုကရေစီအတုကို အစစ်ဖြစ်အောင် ဘယ်လိုလုပ်ကြမလဲ?မြန်မာနိုင်ငံ ဒီမိုကရေစီလှုပ်ရှားမှုအတွက် အင်အားစု ၅စုခွဲချင်ပါတယ်။
(က) ပြည်တွင်းပြည်သူများ
(ခ) ပြည်ပရောက်ပြည်သူများ
(ဂ) လက်နက်ကိုင်အင်အားစုများ
(ဃ) ဒေါ်အောင်ဆန်းစုကြည် အမှုးပြုသော အတိုက်အခံအင်အားစုများ
(င) ရွေးကောက်ပွဲဝင်နိုင်ငံရေးပါတီများ
အဲဒီအင်အားစု ၅စုကတစ်ဘက် စစ်အာဏာရှင်တွေက တစ်ဘက်ဖြစ်ပါတယ်။
စစ်အာဏာရှင်တွေဆိုရာမှာ ထိပ်ပိုင်းဗိုလ်ချုပ်တွေ၊ ဗိုလ်ချုပ်ကြီးတွေကိုသာ ဆိုလိုတာဖြစ်ပါတယ်။
အောက်ပိုင်း တပ်မတော်သားတွေက ဒီမိုကရေစီလှုပ်ရှားမှုမှာ ပါဝင်လာတာမျိုးရှိလာနိုင်ပါတယ်။
ဒီအကြောင်း နောက်ပိုင်းမှာ ဆက်ဆွေးနွေးပါမယ်။

ဒီအင်အားစု ၅စုမှာ အင်အားအများဆုံးက နံပါတ် (က) ပြည်တွင်းပြည်သူများ ဖြစ်ပါတယ်။ အဖိနှိပ်ခံရဆုံးလူတွေလည်းဖြစ်တယ်။
ဒီအင်အားစု နံပါတ် (က) အနေနဲ့ ဘာလုပ်ရမလဲ?
ဒါပေမယ့် တစ်ခုသတိထားရမှာက ဒီအင်အားစုဟာ စစ်အာဏာရှင်တွေရဲ့ သေနတ်မိုးအုပ်ချုပ်မှုအောက်မှာရှိနေရတာပါပဲ။ဒီတော့ လှုပ်ရှားရာမှာ အရေးကြီးဆုံးက သတိဖြစ်ပါတယ်။ ပြီးတော့ တစ်လှမ်းချင်းသာ ရှေ့တိုးပြီးဆောင်ရွက်သင့်တယ်။

- ပထမဆုံး ဒီမိုကရေစီနဲ့ ညီတဲ့ အကျင့်ကိုပြင်ရမယ်။ ဘယ်သူမှ အသိအမှတ်မပြုသေးခင်မှာ ကိုယ့်လူ့အခွင့်အရေးကိုယ်အသိအမှတ်ပြုရမယ်။ မြန်မာနိုင်ငံသားတိုင်းမှာ အခွင့်အရေးတန်းတူရှိတယ်။ စစ်တပ်ကမို့ ပိုအခွင့်အရေးရတာ။
အရပ်သားမို့ အနှိမ်ခံရတာ မဖြစ်ရဘူး။ ဥပမာ ကိုယ့်မြို့မှာကိုယ်နေပေမယ့် သူငယ်ချင်းအိမ်အလည်သွားအိပ်မိတာနဲ့ဧည့်စာရင်းတိုင်ရတာမျိုး။ ဒါဟာ အသေးအဖွဲလေးပေမယ့် လူ့အခွင့်အရေးမရှိတာကို ပြတယ်။ လွတ်လပ်တဲ့ပြည်သူတစ်ယောက် ပြည်တွင်းမှာ လွတ်လပ်စွာ သွားလာခွင့်ရှိတယ်။ ဒါ ဘာပြစ်မှုမှ လုပ်တာမဟုတ်ဘူး။
ဒီတော့ ဧည့်စာရင်းကိစ္စလေးက စကြရအောင်။ ဘယ်တော့မှ ဧည့်စာရင်းမတိုင်ကြပါနဲ့။
ဒီအတွက် ထောင်ချလို့မရဘူး။ ရုံးတင်ရင် အပြစ်မရှိကြောင်းငြင်းခုန်ရမယ်။ ဒါဟာ နမူနာတစ်ခုသာဖြစ်ပါတယ်။
ဒီလိုပဲ အခြေခံအသေးအဖွဲနေရာလေးတွေတိုင်းမှာ ကိုယ့် လူ့အခွင့်အရေးကိုယ် ရယူကြပါ။
အခြေခံအကျဆုံးမှတ်ထားဖို့ကတော့ မြန်မာနိုင်ငံသားတိုင်းမှာ အခွင့်အရေးတန်းတူရှိတယ်ဆိုတာပါပဲ။

- ဒုတိယအားဖြင့် အာဏာရှင်စိတ်ကို အခြေခံကစပြီး ဆန့်ကျင်ရမယ်။ ဒီမိုကရေစီရဲ့ ဆန့်ကျင်ဘက်ဟာ အာဏာရှင်စနစ်ဖြစ်တယ်။
ပြည်သူတွေမှာလည်း အာဏာရှင်စိတ် မထားနဲ့။ အခုက ရယကဥက္ကဌကစလို့ အာဏာလေး နည်းနည်းရလာတာနဲ့အာဏာပြချင်တယ်။ ကျန်သူတွေကလည်း သူ့ကိုကြောက်ကြတယ်။ ဒါကြောင့် အာဏာရှင်စနစ်မြန်မာပြည်မှာ အမြစ်တွယ်နေတာ။
အခုကစပြီးလုပ်ရမှာက ကိုယ်အာဏာနည်းနည်းလေးရလဲ အာဏာရှင်စိတ်မထားနဲ့။ ကိုယ်က အာဏာရှင်စိတ်ထားရင် ကိုယ့်ပြန်အာဏာပြမယ့်သူ ပေါ်လာမှာပဲ။ ဒီလိုနဲ့ အဆင့်ဆင့်ဖိနှိပ်မှုတွေ ဖြစ်လာမယ်။
အာဏာမရှိတဲ့ ကျန်သူတွေကလည်း အာဏာရှိသူကို လုံးဝကြောက်ဖို့မလိုဘူး။ သူ့တာဝန်ရှိမှုကိုသာ အသိအမှတ်ပြုရမယ်။

- တတိယအားဖြင့် စည်းကမ်းရှိဖို့လိုတယ်။ ပြောရရင် နိုင်ငံကြီးသားစိတ်ပေါ့။ ဒီစကားလုံးကို အစိုးရက ထပ်တလဲလဲ သုံးနေလို့ မသုံးချင်တာ။
လူတစ်ယောက် လူ့အခွင့်အရေးရဖို့ဆိုတာ သူကိုယ်တိုင်က လူပီသအောင်နေတတ်ဖို့လဲ လိုတယ်။ အဆင့်အတန်းရှိရှိ နိုင်ငံကြီးသားပီပီသသမနေတတ်ရင် မတရားအနိုင်ကျင့်အုပ်စိုးသူနဲ့ တွေ့ရမှာပဲ။
အခုက ကျွန်တော်တို့ မြန်မာတွေမှာ ကိုယ့်တာဝန်ကိုယ်ယူတဲ့စိတ်။ကိုယ့်သိက္ခာကိုယ်စောင့်တဲ့စိတ်အားနည်းနေသေးတယ်။
ဥပမာ ဖြူနီကြားလို ကားမရပ်သင့်တဲ့နေရာမှာလဲ ရပ်တာပဲ။ ဒါက ရှေ့မှာပြောတဲ့ အာဏာရှင်က ချမှတ်ထားတာကိုဆန့်ကျင်တာမဟုတ်တော့ဘူး။ လူ့သိက္ခာကို တန်ဘိုးမထားတော့တာ။ များသောအားဖြင့် ဖြူနီကြားနေရာတွေဟာကားရပ်ရင် ယာဉ်တိုက်မှုဖြစ်စေနိုင်တယ်။ ဒါကြောင့်မရပ်သင့်တာ။
ကျွန်တော်တို့ဟာ တရားလွတ်အာဏာပြတာကိုသာ ဆန့်ကျင်ရမှာဖြစ်တယ်။ ဒီလို ဆန့်ကျင်ရာမှာလည်း ငါဟာလူ့သားဂုဏ်သိက္ခာအပြည့်ရှိတယ်။ ငါ့လူသားဂုဏ်သိက္ခာကို ထိပါးလာသမျှ ဆန့်ကျင်မယ်။ ဒီလိုစိတ်မျိုးထားပြီး ဆန့်ကျင်ရမယ်။
အခုတော့ ကျွန်တော်တို့က နေရာတော်တော်များများမှာပဲ လစ်ရင်လစ်သလိုလုပ်မယ် ဆိုတာမျိုး တွေဖြစ်နေတယ်။ အဲဒါကို ပြောင်းရမယ်။

- စတုတ္ထအားဖြင့် ညီညွတ်ဖို့လိုတယ်။ အဓိကပြောချင်တာကတော့ အန်တီစုကို ညီညီညွတ်ညွတ်ဝန်းရံဖို့ပါပဲ။
တစ်ခါတစ်လေမှာ အန်တီလုပ်တာတွေ လိုကောင်းလိုတာ ရှိမယ်။ ဒါပေမဲ့ သူ့စေတနာကို ကျွန်တော်တို့ အဓိကထားရမှာ။
အရင်က ကိုမိုးသီးဇွန်တို့ဝေဖန်ဘူးတယ်။ ကြိုးမဲ့လေတံခွန်ဆိုတာမျိုးတွေ။ ကျွန်တော်တို့လဲ သူပြောတာနဲ့ သဘောတူချင်ချင်ပဲ။
ဒါပေမဲ့ ခုအချိန်က အချင်းချင်းဝေဖန်နေရမယ့်ကာလမဟုတ်ဘူး။ လူမညီရင် ဘာသွားလုပ်ကြမလဲ။
အန်တီက မဲမပေးနဲ့လို့ တစ်ခွန်းတည်းပြောရင် ဘယ်သူမှ မဲရုံနားတောင်မသီနဲ့။
သူလုပ်တာမှားနေရင် နောက်မှရှင်း။ နောက်မှ သူနားလည်အောင်ပြောပြ။ လောလောဆယ် သူ့နောက်မှာအားလုံးရှိမှဖြစ်မယ်။
အခု စစ်တပ်ဘာလို့ အာဏာရနေလဲ။ လူညီလို့။ အဆင့်ဆင့်အကြောက်တရားနဲ့ အုပ်ချုပ်ထားပေမယ့် အထက်ကအမိန့်ကို
အောက်ခြေထိလိုက်နာရတယ်။ သူတို့နဲ့ ယှဉ်ဖို့ ကျွန်တော်တို့လည်း ညီမှဖြစ်မယ်။
နောက်ပိုင်းနိုင်ငံ့ခေါင်းဆောင်တစ်ယောက်ဟာ ပြည်သူကို တစ်ရပ်လုံးခြုံကြည့်ပြီးလုပ်ရတာ။
လူတစ်စု တစ်ဖွဲ့လောက်လေးနာတာကို ကြည့်နေလို့မရဘူး။ တစ်နိုင်ငံလုံးအတွက် လုပ်နေချိန်မှာ ကိုယ်နာလည်း အနာခံရမှာပဲ။
အခုကျွန်တော်ဆို နိုင်ငံခြားရင်းနှီးမြှပ်နှံမှုတွေပိတ်ထားတော့ အလုပ်လက်မဲ့ဖြစ်နေတာ။ တစ်ခါတစ်လေပြောရရင် စားဖို့တောင်မရှိဘူး။
ဒါပေမဲ့ ဒီလိုပဲ အနာခံရမှာပဲ။ တစ်တိုင်းပြည်လုံး သေနတ်ကျွန်ဘ၀ရောက်နေတာ ကိုယ်နာတာလောက်ကို စာဖွဲ့နေစရာမရှိပါဘူး။

- ပဉ္စမအားဖြင့် အာဏာရှင်တွေရဲ့ သတင်းအမှောင်ချမှုကို တိုက်ရအောင်။
လောလောဆယ်အင်တာနက်ကနေ အချင်းချင်းသတင်းဖလှယ်ဖြန့်ချိတာမျိုးက အကောင်းဆုံးပဲ။
ဒါပေမဲ့ မြန်မာပြည်မှာ အင်တာနက်သုံးနိုင်တာ လက်တစ်ဆုပ်စာလောက်ရှိတယ်။ ဒီထဲမှာမှ mail ထဲက ဖြန့်တာမျိုးလောက်ပဲ
အသုံးဝင်တယ်။ စစ်အစိုးရကို ဆန့်ကျင်တဲ့ Site မှန်သမျှက ပိတ်ထားတော့ ပြည်တွင်းမှာ ကြည့်လို့မရဘူး။ ကျော်ကြည့်ရင်လဲ
Connection က မကောင်းတော့ မတက်ဘူး။
ဒီတော့ ရေဒီယိုက အကောင်းဆုံးပဲ။ မြန်မာနိုင်ငံသားတိုင်းကိုယ့်အိမ်မှာကိုယ် ပြည်ပအသံလွှင့်ဌာနက ရေဒီယိုအစီအစဉ်တွေကို
အကျယ်ကြီးဖွင့်ရအောင်။ ဒါဟာ အနည်းဆုံးတော့ ကိုယ့်ရပ်ကွက်ကို လှုံဆော်တာပဲ။
ဖြစ်နိုင်ရင် RFA ရဲ့ အစီအစဉ်တွေ ဒီ့ထက်တိုးချဲ့အောင်တိုက်တွန်းကြမယ်။
BBC နဲ့ VOA ကျတော့ ကောင်းတော့ကောင်းတယ်။ ဒါပေမယ့် အစဉ်အလာအရ မြန်မာပြည်ဒီမိုကရေစီရရှိရေးတိုက်ပွဲအတွက်
သက်သက်မဟုတ်ဘဲ အသံလွှင့်ဌာနတစ်ခုပီသအောင် လုပ်နေရတဲ့အပိုင်းတွေတွေ့ရတယ်။
ကျွန်တော်တို့လိုချင်တာက မြန်မာပြည်ဒီမိုကရေစီရရှိရေးအတွက် စစ်အာဏာရှင်တွေကို တိုက်ခိုက်ဖို့သက်သက် လုပ်ထားတဲ့
အသံလွှင့်ဌာနမျိုး ဖြစ်တယ်။

ဒါတွေဟာ ပထမအဆင့်လုပ်စရာတွေဖြစ်တယ်။ ကျန်တဲ့အဆင့်တွေက နောက်ပိုင်းမှာ ဆက်တင်ပြပေးထားပါတယ်။


အုပ်စု (ခ) ကတော့ ပြည်ပရောက်ပြည်သူတွေပေါ့။ ပြည်တွင်းကထက်စာရင်တော့ အဖိအနှိပ်လွတ်ပေမယ့် လူမျိုးခြားတွေကြားမှာ
ရုန်းကန်နေရတာပါပဲ။
ဒီလိုလူတွေကို အသိပေးချင်တာလေးကတော့ ငါမြန်မာဆိုတာ မမေ့ဖို့ပါပဲ။ ကိုယ့် ဆွေမျိုး ကိုယ့်လူမျိုးတွေရှိသေးတဲ့ နိုင်ငံကြီးသေနတ်ကျွန်ဘ၀မှာ စုတ်ပြတ်သတ် ဒုက္ခတွင်းထဲရောက်နေတာ မကြည့်ရက်ကြပါနဲ့။ပြည်ပရောက် နိုင်ငံရေးလှုပ်ရှားသူတွေအနေနဲ့ အမေရိကားမှာ နော်ဝေမှာ အင်္ဂလန်မှာ ခိုလှုံခွင့်ရသွားတာမျိုးတွေရှိပါတယ်။
တစ်ချို့လဲ ဒီလိုရဖို့သက်သက်ဟန်ပြလုပ်တဲ့ တစ်ချို့လည်းရှိပါတယ်။

ပြည်ပရောက်အင်အားစုတွေကို တင်ပြလိုတာကတော့ ...

(၁) ဆန္ဒပြပွဲတွေကို နေရာရွှေ့ရအောင်။
မြန်မာသံရုံးရှေ့ပြနေလို့ကတော့ ဘာမှ မထူးပါဘူး။ ဒီသံအမတ်တွေက ဘာမှလုပ်နိုင်တာမှ မဟုတ်တာပဲ။
တရုပ်သံရုံးရှေ့ ဆန္ဒပြရအောင်။ လက်ရှိ မြန်မာစစ်အစိုးရကို ကျောထောက်နောက်ခံပေးနေတာ တရုပ်ဖြစ်တယ်။
ဒီတော့ တရုပ်ကို ကမ္ဘာ့အလည်မှာ ရုပ်ဆိုးသွားအောင်လုပ်ရမယ်။ သူတို့ဇာတိရုပ်ကို ဖော်ရမယ်။
တရုပ်သံရုံးရှေ့ဆန္ဒပြရာမှာလဲ တိုက်ခိုက်ဆန့်ကျင်လိုတဲ့သဘောထက် သူတို့ကြောင့် မြန်မာပြည်သူတွေ ဘယ်လောက်ဒုက္ခရောက်နေရလဲဆိုတာ သူတို့(တရုပ်) ကိုယ်တိုင်နဲ့ ကမ္ဘာကသိအောင်လုပ်ကြစို့။

(၂) ကုလသမဂ္ဂနဲ့ အရေးပါတဲ့အဖွဲ့တွေ အစည်းအဝေးတွေမှာ တက်ရောက်တင်ပြနိုင်ဖို့ ကြိုးစားကြပါ။
ဒီနေရာမှာလည်း တရုပ်အကြောင်းပဲ ဦးစားပေးပြောရမှာပဲ။ တရုပ်၊ ရုရှား၊ အိန္ဒိယနဲ့ အာဆီယံတွေကြောင့် မြန်မာပြည်ဒီလိုဒုက္ခရောက်နေရကြောင်းဖော်ထုတ်ရမှာပေါ့။ မြန်မာအစိုးရအကြောင်း ကမ္ဘာ့အလည်မှာ ပြောနေလို့တော့အလကားပဲ။
မြန်မာအာဏာရှင်တွေက ကမ္ဘာ့အလည်က ပုံရိပ်ကို ဂရုမစိုက်ဘူး။ ပြောရရင် မြန်မာအာဏာရှင်တွေက မရှက်တတ်ဘူး။
တရုပ်အစိုးရက နည်းနည်းတော့ အရှက်ရှိသေးတယ်။ ရှက်တတ်သူကို မျက်နှာဖုံးခွာချဖို့ကြိုးစားရမယ်။
ဒါမှ သူတို့က မြန်မာအစိုးရကို ဖိအားပေးလိမ့်မယ်။ ဒါမှမဟုတ်တောင် အနည်းဆုံး လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွေမှာ ဗီတိုသုံးတာ မလုပ်တော့ဘူးပေါ့။

(၃) မြန်မာအစိုးရကို ပြည်ပကနေဖုန်းဆက်ပြီးနှောင့်ယှက်ရအောင်
အစိုးရဌာနတွေရဲ့ ဖုန်းနံပါတ်တွေကို အလွယ်ရနိုင်ပါတယ်။ အဲဒီကတစ်ဆင့် အနည်းဆုံးဝန်ကြီးလောက်အဆင့်ကို ဖုန်းဆက်ပြီး
မြန်မာပြည်အခြေနေမှန်တွေကိုပြောဖို့ သူတို့လုပ်ရပ်အမှားတွေကို အပြစ်တင်ဖို့ ကြိုးစားပါ။
များများဝိုင်းပြောခံရရင် သူတို့စိတ်ထိခိုက်လာလိမ့်မယ်။ ဒါဟာ ပြောင်းလဲဖို့လမ်းစပဲ။
စာတွေပို့တာမျိုး။ Fax ပို့တာမျိုးတွေလဲလုပ်လို့ရပါတယ်။

(၄) မြန်မာနိုင်ငံအပေါ်နိုင်ငံတကာရဲ့ အာရုံစိုက်မှု အရေးယူမှုတွေ ဒီ့ထက်ပိုများအောင် တွန်းအားပေးပါ။
မြန်မာနိုင်ငံအပေါ်နိုင်ငံတကာရဲ့ အရေးယူမှုတွေကို စစ်အစိုးရက လန့်လဲလန့် စိတ်လည်းညစ်ပါတယ်။ ဒါတွေဟာ သူတို့အတွက်ဖိအားဖြစ်စေပါတယ်။

(၅) ဆန္ဒပြမယ့်သူတွေပြောင်းရအောင်။
မြန်မာနိုင်ငံကလာတဲ့ အနုပညာရှင်တွေကို ဆန္ဒပြတာထက် မြန်မာပြည်က အာဏာရှင်တွေ ဒါမှမဟုတ် အာဏာရှင်တွေရဲ့ ဆွေမျိုးအသိုင်းအ၀ိုင်းတွေကို အနှောင့်အယှက်ပေးကြရအောင်။
တစ်ခုတော့ ရှိပါတယ် ကြံ့ဖွံ့လွင်မိုးလို လျှပ်တပြက်မြတ်ခိုင်လိုလူမျိုးကတော့ တော်တော်ကိုလွန်တာမို့ အာဏာရှင်တွေနဲ့ တစ်တန်းတည်းသဘောထားချင်ပါတယ်။

(၆) ဖြစ်နိုင်ရင်တော့ မြန်မာပြည်ပြန်လာဖို့ ကြိုးစားပေးပါ။
စည်းဝိုင်းအပြင်ကတိုက်တာထက် စည်းဝိုင်းထဲက တိုက်တာကပိုထိရောက်မယ် ထင်ပါတယ်။
လာပါ။ ပြန်လာပြီး ကျွန်တော်တို့အားလုံး အသက်စွန့်တိုက်ရအောင်။


အုပ်စု (ဂ) ဖြစ်တဲ့ လက်နက်ကိုင်အင်အားစုကတော့ စစ်အာဏာရှင်တွေကို အဓိက ခံချနိုင်သူတွေပါ။

နယ်စပ်တနံတလျားမှာရှိနေကြတဲ့ အဲဒီအင်အားစုတွေ စည်းလုံးဖို့ အရင်လုပ်ရမယ်။
အဲဒီအတွက် ဒေါ်အောင်ဆန်းစုကြည်က တာဝန်ယူနိုင်ရင်ကောင်းပါမယ်။ သူ့ဆီက ကိုယ်စားလှယ် လွှတ်ပြီးစည်းရုံးတာမျိုးပါ။
ဒါပေမဲ့ ဒီလိုလက်နက်ကိုင်အင်အားစုအားလုံးရဲ့ခေါင်းဆောင်ကိုတော့ ဒီအင်အားစုတွေထဲကပဲ ရွေးချယ်ပါ။
ငြိမ်းချမ်းရေးယူထားတဲ့အဖွဲ့တွေကိုလည်း စည်းရုံးရမယ်။
ဖြစ်နိုင်ရင် ၁၉၈၈ တုန်းကလောက်တော့ ဆန့်ကျင်သူ အင်အားရှိဖို့ပြန်လုပ်ရမယ်။
ဒီနေရာမှာ ဆန့်ကျင်သူတွေက ဒီမိုကရေစီရတဲ့အခါ မြန်မာနိုင်ငံက ခွဲထွက်ခွင့်ကို တောင်းဆိုလာနိုင်ပါတယ်။
ဦးနုတို့တုန်းက ဒီလိုတောင်းလာတာကြောင့် စည်းလုံးမှုပျက်ပြားသွားခဲ့တဲ့သဘောရှိခဲ့တယ်။
ဒါကို ကျွန်တော်တို့ ညှိရမှာပါ။ ခွဲထွက်တယ်ဆိုတဲ့စကားလုံးကြီးကတော့ သိပ်ကြမ်းလွန်းတယ်။
အမေရိကန်လို ပြည်နယ်တွေကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးတာမျိုးနဲ့ ညှိဖို့ ကြိုးစားသင့်တယ်။
ဒါပေမယ့် နောက်ပိုင်းမှာ ခွဲထွက်သွားလည်း ဘာမှမတတ်နိုင်ပါဘူး။ ပြီးမှ ပြန်ပေါင်းဖို့ ကြိုးစားရတော့မှာပါ။
လောလောဆယ် တစ်နိုင်ငံလုံး စစ်ဖိနပ်ထမ်းပိုးအောင်က လွတ်ဖို့သည် ပဏာနဖြစ်တယ်။ ကျန်တာနောက်မှ ဖြေရှင်းဖို့ မခက်ပါဘူး။

ဒီတော့ လက်နက်ကိုင်ဆန့်ကျင်မယ့်အင်အားစုတွေကို အရင်စုရုံး။ ပြီးတော့ လူ အင်အား ထပ်ဖြည့်။
ဒီနေရာမှာ ပြည်တွင်းအင်အားစုတွေနဲ့ ပြည်ပရောက်အင်အားစုတွေလည်းပါဝင်လာရပါတော့မယ်။
ဗိုလ်ချုပ်တို့ ရဲဘော်သုံးကျိပ်နဲ့အတူ ပြည်တော်ပြန်ဝင်လာသလို ကျွန်တော်တို့စုပြီး စစ်အာဏာရှင် ဒိဠိတွေကို တိုက်ရအောင်။
ဒီစစ်ပွဲက အချိန်တော့ယူရမယ်။ လုပ်စရာအဆင့်တွေရှိဦးမယ်။ ဒါပေမဲ့ ခုကတည်းက စလုပ်ရမှာပါ။
ဒီစစ်ပွဲကို 'ဒိဠိသုတ်သင်ရေးစစ်ပွဲ' လို့ ကျွန်တော် နာမည်ပေးချင်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ နအဖဟာ ဗုဒ္ဓဘာသာဘုန်းကြီးတွေကို ပစ်သတ်တယ်။ ခရစ်ယာန်ဘုရားကျောင်းတွေကို ဖြိုချတယ်။မွတ်စလင်တွေ ဟိန္ဒူတွေကို ဖိနှိပ်တယ်။ သူတို့ဟာ သေနတ်နဲ့ အာဏာကိုသာ ကိုးကွယ်တဲ့ ဒိဠိတွေဖြစ်တယ်။


အုပ်စု (ဃ) အဖြစ် ဒေါ်အောင်ဆန်းစုကြည် အမှုးပြုသော အတိုက်အခံအင်အားစုများ အကြောင်း တင်ပြချင်ပါတယ်။

အန်တီစုနားနေတဲ့သူတွေဟာ အန်တီစုလှုပ်မှလှုပ်တတ်တာမျိုးတော့ လုပ်လို့မရဘူးပေါ့။
ဒီနေရာမှာ အန်တီစုကို ပန်ကြားချင်တာကတော့ ငြိမ်းချမ်းရေးဆိုတဲ့စကားလုံးကို နည်းနည်းလေးလျစ်လျူရှုဖို့နဲ့
ရိုးသားလွန်းတာကို နည်းနည်းလေးပြောင်းပေးဖို့ပါပဲ။
အန်တီ့ကို ကျွန်တော်တို့က နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်ဆိုတာထက် မြန်မာ့တော်လှန်ရေးခေါင်းဆောင်အဖြစ်ပဲ မြင်ချင်ပါတယ်။
ကျွန်တော်တို့လိုချင်တာ ငြိမ်းချမ်းရေးမဟုတ်ပါ။ စစ်ဖိနပ်အောက် လွတ်မြောက်ရေးသာဖြစ်ပါတယ်။
စစ်ဖိနပ်အောက်က လွတ်ဖို့ဆို ပြည်တွင်းစစ်ဖြစ်ရလည်း ကျွန်တော်တို့တော့ ချမှာပဲ။ ချလည်းချချင်တယ်။
ခုလည်း သူတို့သတ်လို့ လူတွေသေနေရတာပဲ။ သူတို့နဲ့ သူတင်ကိုယ်တင် ယှဉ်ချပြီးသေရတာမှ ကောင်းသေးတယ်။

ပြီးတော့ အန်တီစုအနေနဲ့ နအဖနဲ့ ဆက်ဆံတဲ့အခါ သိပ်မရိုးသားပါနဲ့။ သူတို့က အရမ်းကောက်ကျစ်တယ်။
အန်တီ့ဖခင် ဗိုလ်ချုပ်ကတောင် ဂျပန်ကိုရော အင်္ဂလိပ်ကိုပါ လှည့်ဖျားခဲ့ပါသေးတယ်။

အုပ်စု (င) ဖြစ်တဲ့ ရွေးကောက်ပွဲဝင်နိုင်ငံရေးပါတီတွေကိုတော့ သူတို့ကြွေးကျော်ထားသလို လုပ်နိုင်မလုပ်နိုင်စောင့်ကြည့်ရမှာပါ။

သူတို့အဓိကယှဉ်ရမှာ ကြံ့ဖွံ့နဲ့ပါပဲ။ လွှတ်တော်ထဲမှာ တကယ့်ဒီမိုကရေစီအစစ်ဖြစ်အောင်လုပ်ပေးကြပါ။
အခြေခံဥပဒေထဲက ဒီမိုကရေစီနဲ့လုံးဝမလိုက်ဖက်တဲ့ ပြည်သူကို ဖိနှိပ်ဖို့ထည့်သွင်းထားတဲ့အချက်တွေကို
ပြောင်းလဲနိုင်အောင်ကြိုးစားရမှာဖြစ်ပါတယ်။

အခု နိဂုံးချုပ်အနေနဲ့ အထက်မှာတင်ပြခဲ့သမျှအားလုံးကို စုစည်းရရင် ...
ကျွန်တော်တို့အနေနဲ့ စစ်အာဏာရှင်တွေပြုတ်ကျသွားအောင် လောလောဆယ် တတ်နိုင်ဦးမှာ မဟုတ်သေးပါဘူး။
ဒီလိုပြုတ်ကျသွားစရာက လုံခြုံရေးကောင်စီဆုံးဖြတ်ချက်နဲ့ နိုင်ငံတကာတပ်တွေဝင်တိုက်ဖို့။
ဒါမှမဟုတ် ပြည်တွင်းစစ်ဖြစ်ပွားပြီး သူတို့ရှုံးနိမ့်သွားဖို့ ... ဒီနှစ်လမ်းသာရှိပါတယ်။
ဒီနေရာမှာ နိုင်ငံတကာတပ်တွေဝင်တိုက်ဖို့ကတော့ လုံးဝမမြင်မိပါ။
မြန်မာပြည်ဟာ မဟာဗျူဟာအရ အရေးမပါလှသလို ပထ၀ီနိုင်ငံရေးအရလည်း သိပ်မထိရောက်တဲ့နေရာမှာရှိနေပါတယ်။
သယံဇာတဆိုတာကလည်း အရင်လို မပေါများလှတော့ ရေနံထွက်တဲ့နိုင်ငံတွေလို အမေရိကန်ကလည်း
အနာခံဝင်စွက်ဖက်လိမ့်မယ် မဟုတ်ပါ။
ပြည်တွင်းစစ်ဖြစ်ပွားပြီး စစ်အာဏာရှင်တွေ ရှုံးနိမ့်သွားဖို့ကလည်း ဝေးလှပါတယ်။
ဒါပေမဲ့ အဲဒီအချက်တွေအားလုံးကိုပဲ ရနိုင်သလောက်အသုံးချရမှာပါ။

နောက်ထပ်၂နှစ်လောက်အတွင်း အထွေထွေသပိတ်ကြီးဖန်တီးရမယ်။ဒါဟာ တစ်တိုင်းပြည်လုံးရဲ့ လူထုအုံကြွမှုကြီးဖြစ်စေရပါမယ်။ဒီအချိန်မှာ ပြည်တွင်းစစ်ကိုလည်းတစ်ဘက်က ဖန်တီး။
အန်တီစုဘက်ကလည်း အရေးဆို။နိုင်ငံတကာကလည်း တွန်းအားပေးရင်တော့ အခြေအနေတွေပြောင်းလဲလာနိုင်ပါတယ်။အဲဒီပန်းတိုင်ရောက်အောင် အထက်ကတင်ပြခဲ့တဲ့ အင်အားစု၅စုက လုပ်ရမှာပါ။

ဒါတောင်မှလည်း စစ်အာဏာရှင်တွေလုံးဝပြုတ်ကျသွားလိမ့်မယ်လို့ မျှော်လင့်မရနိုင်သေးပါဘူး
သူတို့ဟာ အစိုးရမဟုတ်ပါ။ နိုင်ငံကို သေနတ်ပြသိမ်းထားတဲ့ ဓားပြတွေသာဖြစ်ပါတယ်။
ဓားပြမှ အရင်စစ်တန်းလျားမှာ ငတ်ပြတ်နေတဲ့ဓားပြကို အခုပလ္လင်ပေါ်တက်ခွင့်ရတော့ အရသာသိပြီး
သေမှဆင်းမယ်ဆိုတာမျိုးဖြစ်နေပါပြီ။
ဒါပေမယ့် ခုနကတင်ပြသလို ပန်းတိုင်အထိ ရောက်အောင်လုပ်နိုင်မယ်ဆိုရင်တော့
အာဏာရူးတွေ ပြောင်းလဲလာလိမ့်မယ်လို့ ယူဆရပါတယ်။ ပြည်သူတွေကို လျှော့ပေးလာမယ်။
လွှတ်တော်ထဲမှာ ပြောရေးဆိုခွင့်ရှိလာမယ်။ တရားလက်လွတ်လုပ်နေတာမျိုးကနေ ဥပဒေနဲ့အညီလုပ်လာမယ်။
ဒီနောက်ပိုင်းမှာမှ နောက်တစ်ခေါက် ရွေးကောက်ပွဲမှာ ပြည်သူ့ဘက်သားတွေ အလုံးစုံ အောင်မြင်မှုရပြီး
တကယ့်ဒီမိုကရေစီအစစ်ဆီ ကူးပြောင်းနိုင်မှာဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။



စစ်အာဏာရှင်အစိုးရကို ဖော်လံဖားတဲ့အနုပညာရှင်တွေကို Black List သွင်းကြစို့

ဒါဟာ စိတ်ဓာတ်စစ်ဆင်ရေးအတွက် သိပ်အရေးကြီးပါတယ်။
အနုပညာသမားဆိုတာ ပြည်သူကြားမှာ Icon ဖြစ်တယ်။ သူတို့ကို ဖိအားပေးခြင်းအားဖြင့် သူတို့ဟာ
စစ်အာဏာရှင်တွေအတွက် ၀ါဒဖြန့်ချိပေးတာမျိုးကို ရှောင်ကြဉ်လာပြီး ပြည်သူ့ဘက်ကရပ်လာမယ်။
နောက်ဆုံး ပြည်သူအတွက်လုပ်တဲ့ ကိုဇာဂနာတို့၊ ကိုကျော်သူတို့လို အသိတရးမျိုးရှိလာမယ်ဆိုရင်
မြန်မာ့ဒီမိုကရေစီကြိုးပမ်းမှုအတွက် လမ်းစတစ်ခုပွင့်တာပါပဲ။

ဒီနေရာမှာ စစ်အာဏာရှင်အစိုးရကို ဖော်လံဖားတဲ့အနုပညာရှင်ဆိုရာမှာ ...
အဓိကအားဖြင့် သူတို့စိတ်ဓာတ်နဲ့သူတို့ စစ်အာဏာရှင်အစိုးရဘက်က အတင်းရပ် ကပ်မြှောင်လုပ်နေတဲ့သူတွေကိုအဓိကဆိုလိုချင်တာဖြစ်ပါတယ်။ ဥပမာ ... ကြံ့ဖွံ့လွင်မိုးတို့၊ လျှပ်တပျက်မြတ်ခိုင်တို့ပေါ့။

ပြည်သူတွေအနေနဲ့ စစ်အာဏာရှင်အစိုးရကို တိုက်ရိုက်အပြစ်ပေးချင်လို့မလွယ်ပါဘူး။
သူတို့က သေနတ်နဲ့ အတင်းခြိမ်းခြောက်ထားတယ်။ ပြီးတော့ သူတို့ဟာ ပြည်သူကျွေးတဲ့ထမင်းကို
တိုက်ရိုက်စားနေသူတွေ မဟုတ်ဘူး။
အနုပညာသမားတွေကတော့ ပြည်သူကျွေးတဲ့ထမင်းကို တိုက်ရိုက်စားနေသူတွေ ဖြစ်တယ်။
သူတို့ကို စစ်အာဏာရှင်အတွက်လုပ်ပေးလို့ ပြည်သူက ဒါဏ်ခတ်လိုက်မယ်ဆိုရင် ...
ဒါဟာ တစ်နည်းအားဖြင့် စစ်အာဏာရှင်တွေကို သွယ်ဝိုက်သောနည်းအားဖြင့် ဒါဏ်ခတ်ခြင်းလဲ ဖြစ်ပါလိမ့်မယ်။အမြင်သာဆုံးပြပါ့မယ်။
ဖော်လံဖားမြတ်ခိုင်ထုတ်နေတဲ့ဂျာနယ် ၃စောင်ရှိပါတယ်။
လျှပ်တပြက်ရယ်၊ မော်နီတာရယ်၊ First Line Up ရယ်ပါ။
အဲဒီဂျာနယ်တွေကို ပြည်သူတွေက လုံးဝအားမပေးကြနဲ့။ ဆိုင်တွေမှာလဲ တင်မရောင်းကြနဲ့။
အဲဒီဂျာနယ်ဝယ်ဖတ်တဲ့သူတွေကိုလဲ ကဲ့ရဲ့ကြမယ် ရှုံ့ချကြမယ်ဆိုရင် မြတ်ခိုင်ဘာနဲ့သွားစားမလဲ။
ဒီလို အနုပညာသမားနည်းနည်းလောက်ကို ထင်ထင်ရှားရှား ပညာပေးလိုက်ရင် အားလုံးလန့်သွားလိမ့်မယ်။

ဒီနောက်ကမှ စီးပွားရေးသမားတွေလာမယ်။ စစ်အာဏာရှင်တွေနဲ့ ပင်းတဲ့ စီးပွားရေးလုပ်ငန်းတွေကို
သပိတ်မှောက်ကြမယ်ပေါ့။
နောက်ကမှ ပညာရေးလောက၊ ကုန်သွယ်ရေးလောက၊ ... စသဖြင့် တစ်ခုစီ လာပါမယ်။
ဒီလို တစ်ဆင့်စီလုပ်သွားရင် မြန်မာပြည်ထဲမှာကိုပဲ စစ်အာဏာရှင်တွေဟာ အထီးကျန်ဖြစ်လာလိမ့်မယ်။
ပြည်ပက စီးပွားရေးပိတ်ဆို့တာကို သူတို့မမူပေမယ့် ပြည်တွင်းက ပိတ်ဆို့မှုတွေကိုရော သူတို့
ဘယ်လောက်တောင့်ခံနိုင်မလဲ ကြည့်ကြရအောင်။

သူတို့ကို တိုက်ရိုက်လုပ်တာမဟုတ်လို့ ပြင်းပြင်းထန်ထန်အရေးယူလို့မရတာကြောင့် ဒါဟာ ပြည်သူတွေအတွက်အန္တရာယ်လဲကင်းတယ်။ ဒါကြောင့် ဒီနည်းဟာ လွယ်လည်းလွယ်။ ထိလည်းထိရောက်မှုရှိလိမ့်မယ်လို့ ယူဆပါတယ်။

ဒါကြောင့် အခုကစပြီး တိုက်တွန်းပါတယ်။

စစ်အစိုးရကို ဖော်လံဖားတဲ့ သစ္စာဖောက်အနုပညာသမားတွေကို ပြည်သူက ကျဉ်ကြရအောင်။
သူတို့ လုပ်တာတွေ တစ်ခုမှ အားမပေးနဲ့။သူတို့လုပ်သမျှ ဆန့်ကျင်ကြစို့။
ဒါမှ ဒီလူတွေကို တကယ် ထမင်းကျွေးနေတာ စစ်အာဏာရှင်တွေလားပြည်သူတွေလားဆိုတာ သိမယ်။
ပြည်သူကျွေးတာစားပြီး စစ်အာဏာရှင်အစိုးရကို ဖော်လံဖားတဲ့ကောင်တွေကို မှတ်လောက်သားလောက်အောင်ပညာပေးရမယ်။

လောလောဆယ် ကြံဖွံ့လွင်မိုးနဲ့ လျှပ်ပျက်မြတ်ခိုင်ကို အဆိုပြုပါတယ်။
တခြားသူတွေလည်း အဆိုပြုကြပါ။

ပေးပို့သောသခင်ကိုယ်တော်မှိုင်းအားကျေးဇူးတင်ရှိပါသည်။။

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.